Sunday, December 2, 2012

မြို့တော်ခန်းမထက်ကအလံတော် အပိုင်း၆ (မောင်လှဝင်း-မြင်းခြံ)

0 comments
အင်္ဂလိပ်တို့နှင့်တိုက်ရာမှာ ပထမတွင် ပြင်သစ်တို့ကအသာရခဲ့သော်လည်း နောက်ပိုင်း ကျတော့ ကိုလိုနီနယ်ပယ်များပါ ဆုံးရှုံးကုန်သည်။ (၁၇၆၃)ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပဲရစ်ငြိမ်းချမ်းရေးစာချုပ်အရ အိန္ဒိယတွင်ရှိသောပြင်သစ်ပိုင် ကိုလိုနီနယ်များကိုလည်း အင်္ဂလိပ်တို့ထံလွှဲပေးလိုက်ရသည်။ ဤသို့ဖြင့် ပြင်သစ်တို့၏ နယ်ချဲ့ရန်ကြိုးပမ်းမှုသည် (၁၈)ရာစုတွင် အရှုံးနှင့်ရပ်တန့်သွားခဲ့ရသည်။ (၁၉)ရာစုရောက်တော့မှ သူ၏ ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို ပြန်လည်စတင်ခဲ့ ရတော့သည်။

အမေရိကန်တော်လှန်ရေးတွင် ပြင်သစ်တို့ကို အမေရိကန်တို့ကစစ်ကူတောင်းသဖြင့် ဝင်တိုက်ပေးခဲ့ရသည်။ စပိန်တို့ ဟော်လန်တို့ကလည်း ပြင်သစ်ဘက်မှဝင်တိုက်ပေးခဲ့ရပါသည်။ အင်္ဂလိပ်တို့လက်နက်ချသွားရသည်။ (၁၇၈၃)စက်တင်ဘာလ (၃)ရက်နေ့တွင် ပဲရစ်မြို့၌ အင်္ဂလိပ်နှင့်အမေရိကန်တို့ စာချုပ် ချုပ်ဆိုခဲ့သည်။ အင်္ဂလိပ်တို့က အမေရိကန်လွတ်လပ်ရေးကို အသိအမှတ်ပြုပေးရသည်။ အင်္ဂလိပ်နှင့်စပိန်၊ ပြင်သစ်တို့လည်း စစ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြသည်။ ဤစစ်ပွဲများကြောင့် ပြင်သစ်အုပ်စိုးသူဘုရင်များအနေဖြင့်  ကိုလိုနီနယ်ပယ်များဆုံးရှုံးကုန်သည့်အပြင် စီးပွားရေးဘက်မှာလည်းဆုတ်ယုတ်လာကာ စစ်ကြွေးတွေတင်လာခဲ့ခြင်းဖြစ်သည်။ အခြားတဖက်တွင် လူဝီ(၁၆) ဘုရင်နှင့် မိဘုရားများ၊ မှူးမတ်များအသုံးအဖြုန်းကြီးစည်းစိမ်ခံခဲ့ကြသည့်အတွက်လည်း ပြင်သစ်ပြည်၏ဘဏ္ဍာရေး ပိုမိုခန်းခြောက်လာခဲ့ရခြင်းဖြစ်သည်။
ဤသို့ဆိုးဝါးသောဘဏ္ဍာရေးအခြေအနေကိုပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်။ ထို့ကြောင့် တာဂိုး (Turgot) နက်ကာ (Necker) နှင့် ကလွန်း (Calonne) တို့ကို ဘဏ္ဍာရေးဝန်ကြီးများအဖြစ် ခန့်အပ်ဖြေရှင်းစေခဲ့သည်။ Calonne က အခွန်တော်ကိုအသစ်ကောက်ခံဖို့ ဥပဒေမူကြမ်းတခုရေးဆွဲတင်ပြခဲ့သည်။ Calonne က ဓနရှင်လူတန်းစား၏ အထက်လွှာပိုင်းက ဖြစ်သည်။ (ဓနရှင်များထဲတွင် Calonne ၏အထက်လွှာ ဂိုဏ်းနှင့် ဂျက်ကိုဘင်၏အောက်လွှာဂိုဏ်းဟူ၍ ကွဲခဲ့ကြသည်။ နောက်ပိုင်းတွင်လည်း ဤဂိုဏ်းတို့၏တိုက်ပွဲများဆက်လက်တည်ရှိခဲ့သည်)
အခွန်အတုတ်တို့သည် လူထုအပေါ်အတော့်ကိုဝန်ထုပ်ဝန်ပိုးပိနေခဲ့ပါပြီ။ (၁၇၇၄)ခုနှစ်မှသည် (၁၇၈၉)ခုနှစ်အတွင်း အခွန်တော် (၃)ဆတိုးမြင့်လာခဲ့သည်။ လူထုမကျေမနပ်ဖြစ်နေရုံသာမက ပဒေသရာဇ်များကလည်း မကျေမနပ်ဖြစ်လာကြသည်။ (လူဝီ-၁၆ လက်ထက်တွင် ပဒေသရာဇ်အသစ်နှင့်အဟောင်းတို့လက်တွဲပြီး ဆုံးရှုံးးသွားခဲ့ရသောပဒေသရာဇ်အာဏာများ ကို ပြန်လည်ရယူဖို့အတွက် ဘုရင်ကိုဆန့်ကျင်ရန်လှုပ်ရှားကြိုးပမ်းခဲ့ကြသေးသည်။ ထို့ကြောင့် လူဝီ(၁၆) က အစည်းအဝေးတက်ရောက်ဖို့ မင်းမျိုးမင်းနွယ်များနှင့်ပဒေသရာဇ်များကို ဆင့်ခေါ်သည့်အခါ ပဒေသရာဇ်များသည် အစည်းအဝေးသို့တက်ရောက်ခြင်းပင်မပြုခဲ့ပေ။)
Calonne ၏ အခွန်တော်သစ် ဥပဒေကြမ်းတင်ပြချက်ကို ဘုရင်ကသဘောတူသည်။ ၄င်း ဥပဒေကြမ်းကို ဘုရင်ကရွေးချယ်ထားသည့် ပုဂ္ဂိုလ်များအဖွဲ့ Assembly of Notable သို့ တင်ပြခဲ့သည်။ ၄င်းအဖွဲ့က ဥပဒေမူကြမ်းကိုအတည်ပြုပေးဖို့ငြင်းဆိုလိုက်သည်။ ထိုမျှမက ပြည်သူ့လွှတ်တော် Estate of General ကိုခေါ်ဆိုပေးဖို့တောင်းဆိုလိုက်ကြသည်။
လူဝီ(၁၆) က ပြည်သူ့လွှတ်တော်ကို မခေါ်ဆိုချင်ပါ။ (၁၆၁၄)ခုနှစ်ကတည်းက ပြည်သူ့လွှတ်တော်ကို မခေါ်ဆိုဘဲထားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် အတန်းအစားကြီး(၃)ကို ကိုယ်စားပြုကာအခြေခံထားသော လွှတ်တော်(၃)ရပ် ပါဝင်နေသည်။ ပထမလွှတ်တော်တွင် ဘာသာရေးအလွှာ (၂)လွှာကကိုယ်စားလှယ်များပါဝင်သည်။ ဒုတိ ယလွှတ်တော်တွင် ပဒေသရာဇ်ကိုယ်စားလှယ်များ…. တတိယလွှတ်တော်တွင်မူ သာမန်လူတန်းစားကိုယ်စားလှယ်များပါဝင်ကြသည်။
ပြည်သူ့လွှတ်တော်တွင် ဥပဒေပြုခွင့်အာဏာမရှိပါ။ ဘုရင်ကိုအကြံဉာဏ်ပေးရသောအဖွဲ့အစည်းမျှသာ ဖြစ်ပါသည်။ ထိုမျှမက လွှတ်တော်ကျင်းပသည့်အခါတွင်လည်း လွှတ်တော်(၃)ရပ်စလုံး တပေါင်းတစည်းတည်းကျင်းပရသည် မဟုတ်ပါ။ လွှတ်တော်တခုချင်းခွဲပြီးကျင်းပရသည်။ လွှတ်တော်တခုလျှင် မဲ (၁)မဲ၊ ပေါင်း (၃)မဲမှာ မဲများသောဆုံးဖြတ်ချက်ကအနိုင်ရသည်။ ထို့ကြောင့် ပထမလွှတ်တော်နှင့် ဒုတိယ လွှတ်တော်ပေါင်းစည်းလိုက်လျှင် တတိယလွှတ်တော်ကို နိုင်စမြဲပင်ဖြစ်နေ၏။ ဓနရှင်၊ အလုပ်သမား၊ လယ်သမားများသည် အမြဲတမ်းအရှုံးဘက်ကချည်းဖြစ်နေသည်။
ဤတကြိမ် လွှတ်တော်ခေါ်ဆိုသည့်အခါ ဤကိစ္စကိုတော်လှန်ပစ်ရန် တတိယလူတန်းစားတွေက ပြင်ဆင်ထားကြသည်။

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း -၅)
၂။ (၁၇၈၇-၈၉) နှစ်များအတွင်း ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးဘက်တွင် အကျပ်အတည်းကပ် ဆိုက်ရောက်လာခဲ့ခြင်း။
ဤသို့ ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးဘက်တွင် အကျပ်အတည်းဆိုက်မှုနှင့်တချိန်တည်း (၁၇၈၈) ခုနှစ်တွင် လယ်ယာသီးထွက်အကြီးအကျယ် ကျဆင်းလာခဲ့သည်။ မိုးသီးများလည်း ကျခဲ့သည်။ လေမုန်တိုင်းဒဏ်ကိုလည်း ခံရသည်။ လူထုမှာ မသေရုံကလေးစားသောက်ရပြီး အငတ်ဘေးဆိုက်ရောက်နေရသည့်အချိန်ပင်ဖြစ်၏။
၃။ လူထုအုံကြွမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်း။
(၁၇၈၉)ခုနှစ်၊ တနှစ်တည်းမှာပင်လျှင် လယ်သမားနှင့်မြို့နေဆင်းရဲသားတို့၏အုံကြွမှု၊ ပုန်ကန်မှုများဖြစ်ပေါ်ခဲ့သည်မှာ အကြိမ်အရေအတွက် (၃ဝဝ) ကျော် ရှိခဲ့သည်။
အလုပ်သမားတို့၏ကြွေးကြော်သံများထဲတွင်…
- ပဒေသရာဇ်များကို ချေမှုန်းကြ။
- မှောင်ခိုသမားများကို ချေမှုန်းကြ။
- ဘာသာရေးထိပ်သီးများကို ချေမှုန်းကြ…ဆိုသောအချက်များပါဝင်ခဲ့သည်။  ပိုစတာများလည်းကပ်ခဲ့ကြသည်။
တတိယအတန်းအစားထဲမှလူတန်းစားများသည် လူတန်းစားအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ကိုယ်စားလှယ်များစေလွှတ်ပြီး တောင်းဆိုချက်များ တင်ပြတောင်းဆိုခဲ့သည်။
ဒေသအသီးသီးတွင် အစည်းအဝေးအများအပြားလုပ်ခဲ့ကြသည်။
အစပိုင်း လူဝီ(၁၆)သည် လွှတ်တော်ခေါ်မပေးဘဲ ငြင်းဆန်ခဲ့သည်။ အထူးခုံရုံးဆိုသည်ကိုသာဆင့်ခေါ်ပြီး အခွန်တော်ဥပဒေသစ်ကို အတည်ပြုလိုက်သည်။
သို့ရာတွင် လူထု၏မကျေနပ်မှုများ၊ အတိုက်အခံတို့၏တောင်းဆိုမှုတွေက အလွန်တရာပြင်းထန်လာသည်။ ထို့ကြောင့် လွှတ်တော်မခေါ်ဘဲ နေ၍မရတော့ပါ။ လူဝီ(၁၆)သည် (၁၇၈၉)ခုနှစ်၊ မေလ (၁)ရက်နေ့တွင် လွှတ်တော်ကိုဆင့်ခေါ် လာရတော့သည်။
•                                          •                                          •                                          •
မေလ (၅)ရက်နေ့တွင် လွှတ်တော်(၃)ရပ်အစည်းအဝေးကို စတင်လိုက်သည်။ လူတန်းစားအသီးသီးတို့သည် လွှတ်တော်အပေါ် ကိုယ်မျှော်လင့်ချက်နှင့်ကိုယ် အသီးသီးရှိနေခဲ့ကြသည်။
ပဒေသရာဇ်တွေက လွှတ်တော်(၃)ရပ်အစည်းအဝေးများကို အစည်းအလာအတိုင်းတခုစီခွဲ၍ကျင်းပရန်၊ သို့ဖြင့် ပထမလွှတ်တော်နှင့် ဒုတိယလွှတ်တော်မှ မဲ (၂)မဲပေါင်းကာ တတိယလွှတ်တော်ကို သူတို့ အလွယ်တကူအနိုင်ရရှိစေဖို့ စိတ်ကူးထားသည်။ (အခွန်တော်သစ်ကောက်ခံရေးတွင် သူတို့က အခွန်မပေးရသည့်လူတန်းစားဖြစ်နေကြသည့်အတွက် ဤသို့ စိတ်ကူးကြခြင်းပင်) တတိယလူတန်းစားကမူ လွှတ်တော်(၃)ရပ်အစည်းအဝေးများကို တပေါင်းတစည်းတည်းကျင်းပပေးဖို့၊ ကိုယ်စားလှယ်အလိုက် တဦးချင်းစီကမဲပေးခွင့်ရရှိအောင် သတ်မှတ်ပေးဖို့၊ ပထမလွှတ်တော်နှင့်ဒုတိယလွှတ်တော်တို့၏ကိုယ်စားလှယ်အရေအတွက်နှင့် တတိယလွှတ်တော်၏ကိုယ်စားလှယ်အရေအတွက်ကို တန်းတူညီစေဖို့( အမှန်တွင် တတိယအတန်းအစားထဲတွင်ပါဝင်သူများက စုစုပေါင်းလူဦးရေ၏ (၈ဝ)ရာခိုင်နှုန်းကျော်ဖြစ်သည့်အတွက် သူတို့၏ကိုယ်စားလှယ်အရေအတွက်ကပိုများသင့်သည်) တောင်းဆိုခဲ့ကြသည်။ သည်အခါ ဘုရင်က တတိယလွှတ်တော်၏ ကိုယ်စားလှယ်အရေအတွက်ကိစ္စတွင်အလျှော့ပေးလိုက်လျောမှုပြုခဲ့သည်။ ကိုယ်စားလှယ်ဦးရေကို (၆ဝဝ)အထိ တိုမြှင့်ပေးလိုက်သည်။ သို့ရာတွင် လွှတ် တော်(၃)ရပ်တပေါင်းတစည်းတည်းကျင်းပရေးတောင်းဆိုချက်နှင့်စပ်လျဉ်း၍မူ အချိန်ရွှေ့ဆိုင်းသည့်နည်းပရိယာယ်ကိုကျင့်သုံးလာသည်။ ပဒေသရာဇ်လူတန်းစားအသစ်သူကောင်းမျိုးတွေလွှမ်းမိုးထားသောပဲရစ်ပါလီမန်က လွှတ်တော်(၃)ရပ်ကို အစဉ်အလာအတိုင်း တသီးတခြားစီခွဲပြီးကျင်းပဖို့၊ လွှတ်တော်အလိုက်သီးခြားမဲဆန္ဒပေးကြဖို့ ဆက်လက်ရပ်ခံလိုက်သည်။ ပဒေသရာဇ်ကိုယ်စားလှယ်များက ပဒေသရာဇ်အကျိုးအတွက် ဗြောင်ရပ်တည်ကြောင်းဖော်ပြလိုက်သည့်ဆုံးဖြတ်ချက်ဖြစ်သည်။ တတိယလွှတ်တော်ကလည်း လွှတ်တော်(၃)ရပ်တပေါင်းတည်းကျင်းပရေးမူအပေါ်တွင် အလျှော့မပေးဘဲ ကြံ့ကြံ့ခိုင်ခိုင်ဆက်လက်ရပ်တည်မြဲ ရပ်တည်နေသည်။ ဤအနေအထားမှာပင် ဗာဆိုင်းနန်းတော်တွင် လွှတ်တော်(၃)ရပ် သီးခြားခွဲ၍ကျင်းပနေသည်။ တတိယလွှတ်တော်ကတော့ လွှတ်တော်(၃)ရပ်တပေါင်းတည်းကျင်းပပေးရေးကို ဤ အနေအထားမှာပင် ဆက်လက်တောင်းဆိုနေသည်။ ဤတောင်းဆိုချက်မရရှိပါက သူတို့၏လွှတ်တော်ဆိုသည်မှာ ဘာအဓိပ္ပာယ်မျှရှိမည် မဟုတ်ပါ။
ယင်းသို့ဖြင့် လွှတ်တော်(၃)ရပ်သည် ဤကိစ္စငြင်းခုံပွဲကြီးလုပ်ရင်း အချိန်တလကျော်ကြာလာသည်။ ဘာမှ ပြီးပြတ်ခြင်း မရှိပါ။ ပြီးပြတ်ခြင်းမရှိသည့်အခြေအနေမှာ တတိယလူတန်းစားတို့၏တောင်းဆိုချက် မရရှိသည့်အဓိပ္ပာယ်ဖြစ်နေပါသည်။ ဤတွင် တတိယအတန်းအစားဖြစ်သောပြည်သူများသည် ရှေ့တဆင့်တက်ဖို့ခြေလှမ်းသစ်ကို ပြင်ဆင်လာရပါတော့သည်။ ဇွန်လ(၇)ရက်နေ့တွင် ဆန္ဒမဲနှင့်ဆုံးဖြတ်ပြီး တတိယလွှတ်တော်ကို အမျိုးသားလွှတ်တော် (National Assembly)အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ကြေညာချက်ပါထုတ်ပြန်လိုက်သည်။ ဤလုပ်ဆောင်ချက်သည် (၁၇၈၉)တော်လှန်ရေး၏ ပဏာမခြေလှမ်းပင်ဖြစ်တော့သည်။ ဤတွင် ဘုရင့်ဘက်မှလည်း မဆိုင်းမတွတုံ့ပြန်ခြင်း ပြုလာသည်။ ဗာဆိုင်းနန်းတော်တွင် အမျိုးသားလွှတ်တော်မကျင်းပနိုင်အောင် အစည်းအဝေးခန်းမများကိုပိတ်ပစ်လိုက်သည်။ တော်လှန်သော လူထုဘက်မှာကလည်း နည်းနာအမြောက်အမြားရှိ၏။ နည်းနာကြွယ်ဝကြပါသည်။
လူထုသည် ဗာဆိုင်းနန်းတော်အနီးရှိတင်းနစ်ကစားကွင်းနေရာတွင် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ဆက်လက်ကျင်းပကြပါသည်။ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ရေးဆွဲမပြီးမချင်း အမျိုးသားလွှတ်တော်ကိုရုပ်သိမ်းခြင်းမပြု”ဟူသောဆုံးဖြတ်ချက်ကို ကိုယ်စားလှယ်များကမဲဆန္ဒပေးကာ ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချလိုက်ကြသည်။ ထိုမျှသာမက ရန်သူ့အင်အားကိုဖြိုခွဲပြီး မိမိအင်အားကိုတိုးချဲ့သည့် နည်းပရိယာယ်အဖြစ် အခြားလွှတ်တော် (၂)ရပ်မှအင်အားစုများ အမျိုးသားလွှတ်တော်နှင့်လာရောက်ပူးပေါင်းရန်ဖိတ်ခေါ်လိုက်သည်။ အမျိုးသားလွှတ်တော်၏တံခါးကို အမြဲဖွင့်ပေးထားခဲ့သည်။ ဤနည်းပရိယာယ်သည် အကျိုးသက်ရောက်မှုရှိလာခဲ့သည်။ တပတ်အကြာတွင် ပထမလွှတ်တော်ထဲမှ အောက်တန်းလွှာသာသနာ့ဝန်ထမ်းများသည် တင်းနစ်ကစားကွင်းအတွင်းရှိ အမျိုးသားလွှတ်တော်နှင့် လာရောက်ပူးပေါင်းကြတော့သည်။ (စင်စစ်တွင်မူ သူတို့သည်လည်း အခွန်တော်ပေးဆောင်ရသည့်ဆင်းရဲနွမ်းပါးသူများသာပင်)
ဤပဋိပက္ခသည် ကြာလေကြီးလေ ဖြစ်လာသည်။
အုပ်စိုးသူများအတွင်းမှာလည်း သူ့ပဋိပက္ခနှင့်သူရှိနေသည်။
ဘဏ္ဍာရေးဝန်ကြီး ‘နက်ကာ’က နန်းတွင်းအသုံးစရိတ်နှင့်စစ်စရိတ်လျှော့ပေါ့ရေးကိုတင်ပြတောင်းဆိုလိုက်သည်။ ဤတင်ပြချက်သည် လူထုဆီကအခွန်တိုးကောက်ပြီး ဘဏ္ဍာရေးပြဿနာဖြေရှင်းသည့်နည်းလမ်းကိုဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ ဘုရင်က ဝန်ကြီး ‘နက်ကာ’ကို ရာထူးမှ ချက်ချင်းဖြုတ်ပစ်လိုက်သည်။ သည့်နောက်တွင် ဘုရင်က တပ်များကိုစုစည်းပြင်ဆင်ခြင်း ပြုလုပ်လာသည်။ လက်နက်ရှိသည့်အုပ်စိုးသူက အကြမ်းဖက်နည်းလမ်းကို စတင်ရွေးချယ်ခဲ့ခြင်းပင်။ ဘုရင်နှင့်ပဒေသရာဇ်တွေက အမျိုးသားလွှတ်တော်ကို အကြမ်းဖက်နှိမ်နင်းဖို့စီမံစိုင်းပြင်းကြတော့သည်။ တပ်များဖြင့် အမျိုးသားလွှတ်တော်ကို ရင်ဆိုင်ထားသည်။ အမျိုးသားလွှတ်တော်က ဘုရင့်တပ်များကို ပြန်လည်ရုပ်သိမ်းရန်တောင်းဆိုသည်။ ဘုရင်က ငြင်းဆန်သဖြင့် လူထုက တော်လှန်ရေးကိုစတင်ဆင်နွှဲလိုက်ပါတော့သည်။
(၁၇၈၉)ဇူလိုင် (၁၂)ရက်နေ့။ ပဲရစ်မြို့ လူထုချီတက်ပွဲ။
(၁၇၈၉)ခုနှစ် ဇူလိုင် (၁၃)ရက်နေ့။ ပဲရစ် လူထုပုန်ကန်မှု၊ လူထုက အကြမ်းဖက်မှုကို လက်နက်ကိုင်စွဲပြီးတော်လှန် ပုန်ကန်လိုက်ခြင်းပင်ဖြစ်သည်။
ဇူလိုင် (၁၄)ရက်နေ့တွင် ဘာစတီး (Basstile) အကျဉ်းထောင်မှအပ ပဲရစ်တမြို့လုံး လူထုလက်တွင်းရောက်ခဲ့ပြီ။ ဘာစတီးထောင်သာကျန်တော့သည်။
ဘာစတီးထောင်သည် (၁၄)ရာစုကတည်းက ဆောက်လုပ်ခဲ့သည်ဖြစ်၏။ တံတိုင်း (၈)ဆင့်နှင့် အခိုင်အခန့်တည်ဆောက် ထားခြင်းဖြစ်သည်။ ကျုံးရေပြင်က (၂၅)မီတာခန့်ရှိသည်။ ဘာစတီးထောင်ထဲတွင် လူထုခေါင်းဆောင်နိုင်ငံရေးအကျဉ်းသားများ ရှိနေကြသည်။ အခိုင်အခန့်ကာကွယ်ထားသောဘာစတီးအကျဉ်းထောင်ကို လူထုကသိမ်းပိုက်နိုင်လိမ့်မည်မဟုတ်ဟု အုပ်စိုးသူများဘက်မှတွက်ဆထားပုံရသည်။ ထောင်ကို တပ်များဖြင့်စောင့်ကြပ်ထားသည်။
လူထုကော်မတီထဲမှာပါသောဓနရှင်များက ထောင်စောင့်ဗိုလ်ချုပ်နှင့် စေ့စပ်ကမ်းလှမ်းရေးလုပ်ဖို့ကြိုးစားသည်။ ဤနည်းလမ်းကို လူထုကြီးက လက်မခံခဲ့ပါ။ လူထုသည် ကျုံးကို ရေကူးပြီးဖြတ်ကြသည်။ ဘာစတီးထောင်ကို တိုက်ခိုက်ခြင်းနည်းနာဖြင့်သာ သိမ်းပိုက်သည်။ လူထုကြီးက ထောင်စောင့်ဗိုလ်ချုပ်ကိုလည်း သေဒဏ်ပေးလိုက်ကြသည်။
ဘာစတီးထောင်ကျဆုံးခြင်းသည် ဘုရင်၏အကြွင်းမဲ့အာဏာနှင့်ပဒေသရာဇ်တို့၏အခွင့်အရေးများ ကျဆုံးခြင်းပင်ဖြစ်သည်။ (ဤ “ဇူလိုင်လ ၁၄ ရက်”နေ့ကို ပြင်သစ်နိုင်ငံ၏အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး ယခုထက်တိုင် အထိမ်းအမှတ်နေ့များ ဆင်နွှဲနေကြဆဲဖြစ်သည်) လူထုကြီးသည် ဤအောင်ပွဲ၏အခြေခံပေါ်မှနေ၍ ရှေ့ခြေလှမ်းများဆက်လှမ်းသည်။ “ပဲရစ်မြို့အုပ်ချုပ်ရေးအဖွဲ့”ကို ဖွဲ့စည်းလိုက်သည်။ ထိုမျှမက အမျိုးသားကာကွယ်ရေးတပ် (National Guard)ကိုပါဖွဲ့စည်း လိုက်ပြန်သည်။ ထပ်ဆင့်အောင်ပွဲရသည်ဟုဆိုနိုင်သည်မှာ ဒုတိယလွှတ်တော်က အမျိုးသားလွှတ်တော်နှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်။ ဤသို့ဖြင့် ဇူလိုင်လ (၁၇)ရက်နေ့တွင် ဘုရင်က “အမျိုးသားလွှတ်တော်”၊ “အမျိုး သားကာကွယ်ရေးတပ်”နှင့် “ပဲရစ်မြို့အမြဲတမ်းကော်မတီ”(တတိယအတန်းအစား၏ကိုယ်စားလှယ်များ)တို့ကို အသိအမှတ်ပြုလက်ခံလိုက်ရတော့သည်။ သို့သော်လည်းဘုရင်သည် တဖက်တွင်သူ့အာဏာကို ပြန်လည်ထိန်းသိမ်းဖို့ပြင်ဆင်မှုတွေ ကြိတ်ပြီးကြံစည်နေသည်။ ပဲရစ်မြို့မှာသာမက တပြည်လုံးတွင်လည်း လယ်သမားပုန်ကန်မှုများဆက်လက်ဖြစ်ပေါ် ပျံ့နှံ့နေလေသည်။ လယ်သမားတို့သည် ပဒေသရာဇ်ရဲတိုက်များ၊ သာသနာကျောင်းတိုက်များကို ဖျက်ဆီးပစ်ကြသည်။ လယ်သမားများ (၂)လအတွင်း အောင်ပွဲများဆက်တိုက်ရရှိနေသဖြင့် ပဒေသရာဇ်အများအပြား ပြည်ပသို့ထွက်ပြေးကုန်ကြသည်။ အရင်းရှင်ကြီးများသည်လည်း လူထုအုံကြွမှုတို့ကိုကြောက်ရွံ့ကာ ယိမ်းယိုင်တုန်လှုပ်လာကြသည်။
ဘုရင့်အစိုးရသည် တိုင်းပြည်၏အခြေအနေကိုထိန်းသိမ်းနိုင်စွမ်းမရှိတော့သောကြောင့် အမျိုးသားလွှတ်တော်က ငြိမ်ဝပ်ပိပြားရေးကို တာဝန်လွှဲပြောင်းယူလိုက်သည်။ အမျိုးသားလွှတ်တော်၏ခေတ်ကာလကို စတင်လိုက်ပါပြီ။
•                                          •                                          •                                          •
အမျိုးသားလွှတ်တော်က (၁၇၈၉)သြဂုတ်လအတွင်း နိုင်ငံသားအခွင့်အရေးနှင့်လူ့အခွင့်အရေးကြေညာစာတမ်း (Declaration of Rights of Man and Citizen) ကိုထုတ်ပြန်ကြေညာလိုက်သည်။ (၁၇၈၉)သြဂုတ်လ (၁၁)ရက်နေ့တွင် မြေရှင်ပဒေသရာဇ်နှင့် ပဒေသရာအခွင့်အရေးများအားလုံး ဖျက်သိမ်းလိုက်ကြောင်းကြေညာသည်လည်းရှိသည်။ ဘုရင်က ဤကြေညာချက် (၂)ခုစလုံးကို အသိအမှတ်မပြုပါ။ တကယ် တမ်းတွင် ဤကြေညာချက်များသည် နံမည်မျှသာရှိပါသည်။ လက်တွေ့အရ လယ်ကျွန်စနစ်နှင့်ဘာသာရေးအခွန်တွေလောက်သာ ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ မင်းညီမင်းသားတို့၏မြေယာများကိုသိမ်းယူ၍ ခွဲဝေပေးရေး၊ လယ်ရိုင်းများအခမဲ့ခုတ်ထွင်စိုက်ပျိုးရေးတို့ကို လူထုကတောင်းဆိုခဲ့သော်လည်း ခေါင်းဆောင်မှုက ဤသည်ကိုနည်းနည်းမျှ ဂရုမစိုက်ခဲ့ကြပါ။ ဘာသာရေးမြေများကိုဆိုလျှင် အကွက်ကြီးလိုက်ရောင်းချရေးကိုသာ ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ လယ်သမားများအနေဖြင့် ထိုမြေကွက်ကြီးများအားဝယ်ယူရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ ထိုနည်းတူစွာ အလုပ်သမားများသည်လည်း ဘာအကျိုးကျေးဇူးကိုမျှ မရခဲ့ကြ။ (၁၇၈၉)ခုနှစ်၊ သြဂုတ်လထဲတွင် အလုပ်သမားသပိတ်များ စတင်ပေါ်ပေါက်ခဲ့သည်။ ထို့နောက် (၁၇၉ဝ)တွင် အလုပ်သမားအပြန်အလှန်ကူညီရေးအဖွဲ့များ တည်ထောင်လာကြသည်။ (၁၇၉၁)ခုနှစ်ကျတော့ အလုပ်သမားအဖွဲ့အ စည်းများဖွဲ့စည်းခွင့်နှင့်သပိတ်မှောက်ခွင့်တို့ကိုတားဆီးသောဥပဒေများ ထုတ်လာကြသည်။
(၁၇၈၉)အောက်တိုဘာလ (၁)ရက်နေ့တွင် ဘုရင်က တပ်မှူးကြီးများအစည်းအဝေးတခုလုပ်ခဲ့သည်။ တော်လှန်ရေးကိုဆန့်ကျင်ဖို့ ကြံစည်ကြိုးပမ်းလိုက်ခြင်းသာဖြစ်၏။ သည့်အတွက် အောက်တိုဘာလ (၅)ရက်နေ့တွင် ပဲရစ်မြိ့လူထုကချီတက်ပွဲလုပ်ပြီး ဗာဆိုင်းနန်းတော်ကို သွားဝိုင်းသည်။
(ထိုစဉ်က အမျိုးသားလွှတ်တော်ကို အဓိကအားဖြင့်ဓနရှင်လူတန်းစားကိုယ်စားလှယ်များနှင့် လစ်ဘရယ်မင်းညီမင်းသားတို့၏ လက်ယာဂိုဏ်းက လွှမ်းမိုးထားသည်။ ထို့ကြောင့် လူတန်းစားတိုက်ပွဲတွင် လူတန်းစားအသီးသီး၏ပါဝင်ကပြမှုအခန်းများကို စိတ်ဝင်စားဖွယ် မြင်တွေ့လာရသည်။ အမျိုးသားလွှတ်တော်ကိုစတင်ဖွဲ့စည်းခဲ့စဉ်က တတိယအတန်းအစားထဲပါဝင်သော လူတန်းစားအားလုံးက ဘုရင်နှင့်ပဒေသရာဇ်လူတန်းစားတို့ကိုဆန့်ကျင်တိုက်ခိုက်ရေးရည်ရွယ်ချက်နှင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ အနေအထားသည်တမျိုးတဖုံပြောင်းလဲလာသည်) လူထုက ဗာဆိုင်းနန်းတော်ကို သွားဝိုင်းသည့်အခါ အမျိုးသားလွှတ်တော်မှဓနရှင်ကြီးဂိုဏ်းသည် ဘုရင်ကိုအကာအကွယ်ပေးကြ သည်။ ဘုရင်ကို ပဲရစ်သို့ရွှေ့ပြောင်းပေးလိုက်သည်မှာလည်း ထိုသူများသာဖြစ်သည်။ ထိုမျှမက အမျိုးသားလွှတ်တော်အစိုးရသည် လူထု၏ ပုန်ကန်မှုများဆက်လက်တည်ရှိနေခြင်းကို ပြင်းထန်စွာနှိမ်နင်းပါတော့သည်။ လူထုကိုပစ်သတ်သည်အထိလုပ်ခဲ့သည်။ တော်လှန်ရေးကိုသစ္စာဖောက်မှုကြီးပါ။
အမျိုးသားလွှတ်တော်သည် နိုင်ငံကိုအုပ်ချုပ်ရးနယ်မြေ(၃)ခုခွဲပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းကာ အုပ်ချုပ်သည်။ တရားရုံးဖွဲ့စည်းရာတွင် ဆန္ဒမဲဖြင့်ရွေးကောက်တင်မြှောက်ခြင်းပြုသည်။ အမျိုးသားလွှတ်တော်သည် ဘဏ္ဍာရေးပြဿနာဖြေရှင်းဖို့ ကျောင်းတော်ပိုင်မြေယာများနှင့် ကျောင်းတော်ပိုင်ပစ္စည်းဥစ္စာများကိုသိမ်းပိုက်သည်။ အာမခံထားပြီးငွေစက္ကူများ ထုတ်ဝေသည်။ (၁၇၉ဝ)ခုနှစ်တွင် သာသနာရေး ဥပဒေပြဋ္ဌာန်းပြီး ကျောင်းတော်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းပစ်လိုက်သည်။ သာသနာ့ဝန်ထမ်းများကို မဲဆန္ဒနှင့်ရွေးချယ်ပြီး ပုံသေလစာပေးထားသည်။
(၁၇၉၁)ခုနှစ်တွင် အမျိုးသားလွှတ်တော်ကို တိုင်းပြုပြည်ပြုလွှတ်တော် (Constituent Assembly)ဟု အမည်ပြောင်းလိုက်သည်။ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲစေသည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူနှင့် အရွေးခံပိုင်ခွင့်ရှိသူများကို အခွန်ထမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး သတ်မှတ်ထားသည်။ ထိုအချက်များကြောင့် အမျိုးသားလွှတ်တော်သည် အရင်းစစ်လိုက်လျှင် ဓနရှင်လူတန်းစားအကျိုးပြုလွှတ်တော်သာဖြစ်နေကြောင်းတွေ့ရသည်။ ဓနရှင်တို့အကျိုးအတွက် ကူးသန်းရောင်းဝယ်ရေးဘက်မှာအဟန့်အတားဖြစ်နေသော ဥပဒေများနှင့်ရောင်းဝယ်မှုအခွန်အကောက်စနစ်တို့ကို ဖျက်သိမ်းပစ်သည်။ တဖက်မှာကျတော့ အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့်၊ သပိတ်မှောက်ခွင့်တို့ကိုတားဆီးသောဥပဒေများထုတ်ခဲ့ရုံမျှမက အလုပ်သမားများ၏နစ်နာကြေးတောင်းဆိုချက်များကိုလည်း လက်ခံခွင့်ပြုခြင်းမရှိခဲ့။ အမျိုး သားလွှတ်တော်အစိုးရ၏ဥပဒေများ သည် ပြည်သူလူထုအတွက်မဟုတ်ခဲ့။ ဥပဒေတွင်ပါရှိသောတန်းတူမှုနှင့်လွတ်လပ်မှုတို့ဆိုသည်မှာ လက်တွေ့အရ ဓနရှင်လူတန်းစားတို့သာခံစားခွင့်ရှိသောအခွင့်အရေးများဖြစ်နေသည်။ ၎င်းဥပဒေအရ ကိုယ်စားလှယ်သစ်များရွေးချယ်ပြီး (၁၇၉၁) အောက်တိုဘာ(၁)ရက်နေ့တွင် ဥပဒေပြုလွှတ်တော် (Legislative Assembly) ကို ဖွဲ့စည်းခဲ့ပြန်သည်။ ဤလွှတ်တော်တွင်မူ ပဒေသရာဇ်များမပါရှိတော့ပါ။ ဓနရှင်လက်ယာဂိုဏ်းကကိုယ်စားလှယ် (၂ဝဝ)၊ အလယ်အလတ်ဂိုဏ်းက (၃ဝဝ)နှင့် လက်ဝဲ(ဂျက်ကိုဘင်) ဂိုဏ်းက (၁ဝဝ)တို့ ပါဝင်ကြသည်။ လူဝီ(၁၆)က အခြေခံဥပဒေနှင့်ဥပဒေပြုလွှတ်တော်တို့ကို အသိအမှတ်ပြုလိုက်သည်။
တော်လှန်ရေးကြီးပြီးဆုံးပြီဖြစ်ကြောင်း ဘုရင်ကကြေညာသည်။ တော်လှန်ရေးသမားများကကြေညာခြင်းမဟုတ်ဘဲ တော်လှန်ရေးမှာ အတိုက်ခံရသည့် တော်လှန်ရေး၏ပစ်မှတ်ဖြစ်သူကကြေညာလိုက်သောကြေညာချက်ပင်တည်း။
တော်လှန်ရေးကြီး တကယ်ပဲပြီးဆုံးသွားခဲ့ပါသလား။
•                                          •                                          •                                          •
(၁၇၉၁)အခြေခံဥပဒေတွင် ဆင်းရဲသားများအတွက်အခွင့်အရေးများ မပါရှိပါ။ မြေယာပြဿနာနှင့်ကြွေးမြီပြဿနာတို့ကိုလည်း ဖြေရှင်းမပေး ခဲ့ပါ။ ၎င်းအခြေခံဥပဒေသစ်အရ အမျိုးသားလွှတ်တော်ထဲပါဝင်ခဲ့ဖူးသောကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုလွှတ်တော်သစ်တွင် အရွေးခံ ပိုင်ခွင့်မရှိပါ။ ဥပဒေပြုလွှတ်တော်သစ်ကိုယ်စားလှယ်များထဲတွင်လည်း ထပ်မံ၍ဂိုဏ်းကွဲနေကြပြန်သည်။ အလယ်အလတ်ဂိုဏ်းနှင့် လက်ဝဲ ဂိုဏ်းပါ။ လက်ဝဲဂိုဏ်းမှာ ဂျက်ကိုဘင်အသင်းဝင်များဖြစ်ကြသည်။ ၎င်းအသင်းသည် ပြင်သစ်ပြည်အနှံ့အပြားတွင် အသင်းခွဲများထူထောင်နိုင် ခဲ့ပြီး အထက်မြက်ဆုံးအင်အားစုတခု ဖြစ်လာသည်။ လူထုအုံကြွမှုနှင့်အတူ သူ့အင်အားလည်းကြီးထွားလာခြင်းဖြစ်သည်။ ၎င်းတို့အနက် အထင်ရှားဆုံးခေါင်းဆောင်များမှာ မားရတ် (Marat) ဒန်တွန် (Danton)  ရိုဗက်စပီးယဲ (Rovespire) တို့ ဖြစ်ကြသည်။ မားရတ်(၁၇၄၃-၁၇၉၅)က ဆရာဝန်လည်းဖြစ်သလို ရူပဗေဒပညာရှင်တဦးလည်းဖြစ်သည်။ ဒန်တွန် (၁၇၅၉-၁၇၉၄) မှာ ရှေ့နေတဦးဖြစ်ပြီး အစပိုင်းတုန်းက တော်လှန်ရေးကိုတက်တက်ကြွကြွလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ စီးပွားရေးဘက်လိုက်သွားခဲ့သည်။ ရိုဗက်စပီးယဲကမူ ရူဆိုး၏အတွေး အခေါ်ကို လက်ခံထားသူပါ။

Saturday, December 1, 2012

မြို့တော်ခန်းမထက်ကအလံတော် အပိုင်း ၅ (မောင်လှဝင်း-မြင်းခြံ)

0 comments

ပရိုတက်စတင့်အယူဝါဒသည် ခြိုးခြံချွေတာရေး၊ သိက္ခာသမာဓိတည်ကြည်ရေး၊ အလုပ်ကြိုးစားရေး(အလုပ်သမားများအတွက်ရည်စူးချက်)တို့ကို ဟောပြောသွန်သင် သည်။ ထိုခေတ်က ရာနှင့်ထောင်နှင့်ချီ၍သေဆုံးသူတွေရှိခဲ့ရသော ဘာသာရေးစစ်ပွဲ များဆိုသည်ကို အရင်းစစ်ကြည့်လိုက်လျှင် ဥစ္စာဓနထုတ်လုပ်ရေးအတွက် မတူညီ သည့်စည်းရုံးရေးနည်းနာ (၂)ရပ်အပေါ်အခြေခံထားကြသော၊ လုံးဝကွဲပြားခြားနား သည့် လူ့အဖွဲ့အစည်းအသွင်သဏ္ဌာန် (၂)ရပ်အကြားကတိုက်ပွဲတွင် ဘယ်ဘက်က အနိုင်ရမလဲဆိုသည်ကို အသက်များပေးအပ်၍ လောင်းကြေးထပ်ကြရသည့် လောင်း ကစားပွဲကြီးများဟုဆိုနိုင်ပါသည်။ ဗြိတိန်မှာဆိုလျှင် ဓနရှင်လူတန်းစားက သိသာစွာ အနိုင်ရလိုက်သည်။ သေကြေခဲ့ကြရသည်ကတော့ ပြည်သူများသာ။ စစ်ပွဲထဲဆွဲသွင်းခြင်းခံလိုက်ကြရသည့် ပြည်သူများသာ။ ဥရောပအရင်းရှင်စနစ်ခေတ် ဦးမှာ ရာနှင့်ချီကာတိုက်ခိုက်ခဲ့ရသော ဤစစ်ပွဲတွေ…. ပြည်သူတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရသည့် ဤစစ်ပွဲတွေ …. ဥရောပအရင်းရှင်စနစ်ခေတ်ဦးအကြောင်းပြောမည်ဆိုပါက ဤအကြောင်းအရာများကို ဖယ်ချန်ထားခဲ့၍မရပါ၊ နောက်ပြီး ယင်းပဋ္ဋိပက္ခများသည် ဘာသာရေးသက်သက်တိုက်ပွဲများမဟုတ်ဘဲ အရင်းခံအားဖြင့် လူတန်းစားတိုက်ပွဲများသာဖြစ်ကြကြောင်း သတိပြုစေလိုပါသည်။

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း-၃)
ပုပ်ရဟန်းမင်းကြီး၏သြဇာအာဏာကိုတိုက်ဖျက်ရာတွင်လည်း ဘုရင်နှင့်ဓနရှင်လူတန်းစားတို့ တသဘောတည်းညီညွတ်ခဲ့ကြဖူး သည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဓနရှင်လူတန်းစားတို့လိုလားခဲ့ကြသော လွှတ်တော်နှင့်ပါလီမန်တို့သည် အင်္ဂလိပ်တို့၏ ပါလီမန်လောက်အရေးပါမှု မရှိပါ။ မျက်မှောက်ခေတ် ပြင်သစ်ပြည်သည် လူဦးရေ (၅၆)သန်းကျော်ရှိပြီး မြို့နေလူဦးရေက (၇၄)ရာခိုင်နှုန်းရှိသည်။ သူ၏မြို့တော်က ပဲရစ်။
ပြင်သစ်တော်လှန်ရေးစတင်ဖြစ်ပွားခဲ့သည့် (၁၇၈၉)ခုနှစ်တုန်းကမူ ပြင်သစ်၏လူဦးရေသည် (၂၅)သန်းသာရှိခဲ့သည်။ (၂၃)သန်းသော လူဦးရေတို့သည် ကျေးလက်များတွင်နေထိုင်ကြသည်။ တော်လှန်ရေးမတိုင်မီက ပြင်သစ်ပြည်သည် ပဒေသရာဇ်သက် ဦးဆံပိုင်စနစ်နိုင်ငံဟုဆိုနိုင်သည်။ ဥရောပတိုက်၏နိုင်ငံတခုဖြစ်သော ပြင်သစ်ပြည်သည် ထိုစဉ်က ဥရောပအရင်းရှင်စနစ်ဖြစ်ထွန်း တိုးတက်မှုလမ်းကြောင်းအတိုင်း သူသည်လည်း လိုက်ပါလျှောက်လှမ်းခဲ့သည်။
ဥရောပဓနရှင်လူတန်းစားသည် ပဒေသရာဇ်အာဏာကိုဖြိုချရာတွင် ပထမဆင့်အနေဖြင့် ဘုရင်နှင့်မဟာမိတ်ဖွဲ့ကြရသည်။ ပဒေသရာဇ်များနှင့်ဘုရင်အကြားကပဋိပက္ခသည် ကြီးမားလှပါသည်။ လယ်ယာမြေပိုင်ဆိုင်မှုကဲ့သို့သော စီးပွားရေးဘက်မှာပြိုင်ဆိုင် မှုရှိရုံသာမက အုပ်ချုပ်မှုအာဏာပြိုင်ဆိုင်မှုကလည်း အထွဋ်အထိပ်တွင်ရှိသည်။ ပဒေသရာဇ်အာဏာသည် ဘုရင့်အာဏာထက်ပို ကြီးခဲ့ပါသည်။ ဤအချက်ကို တွေ့ရှိထားသူဓနရှင်လူတန်းစားသည် ပဒေသရာဇ်များကိုဖြိုချရေးတွင် ဘုရင်ကိုသူ့ဘက်ပါအောင် ဆွဲယူအသုံးချလိုက်ခြင်းဖြစ်သည်။ ဘုရင်ကလည်း ပဒေသရာဇ်များကိုတိုက်ခိုက်ပြီး သူ့အာဏာပိုမိုတောင့်တင်းအောင်လုပ်ရေးတွင် ဖြစ်ထွန်းစဓနရှင်လူတန်းစား၏ထောက်ခံမှုနှင့်အကူအညီတို့ကို ရယူလိုက်ခြင်းဖြစ်သည်။ ၄င်းတိုက်ပွဲတွင် ကက်သလစ်ဘာသာရေး ဂိုဏ်းများ၊ ဘာသာရေးထိပ်ပိုင်းအလွှာနှင့်ပုပ်ရဟန်းမင်းကြီးတို့က ပဒေသရာဇ်တွေဘက်ကရပ်တည်ခဲ့ကြသည်။ တိုက်ပွဲများတွင် ဘုရင့်ဘက်ကအနိုင်ရရှိခဲ့သည့်အတွက် ဥရောပတိုက်သည် အမျိုးသားဘုရင်စနစ် နိုင်ငံတော်များဖြစ်တည်လာခဲ့ကြသည်။ ယင်းဘုရင်စနစ်နိုင်ငံတော်များသည် သက်ဦးဆံပိုင်အကြွင်းမဲ့ဘုရင့်အာဏာကို ကျင့်သုံးခဲ့ကြသည်။ ဥပမာအားဖြင့် အင်္ဂလန်နှင့်ပြင်သစ်။
ဓနရှင်လူတန်းစားသည် အရင်းရှင်စနစ်တိုးတက်ကြီးထွားရေးတွင် အဟန့်အတားဖြစ်နေသည့်အတွက် ပဒေသရာဇ်များကိုတိုက်ခဲ့ ရသည်။ အမျိုးသားဘုရင်စနစ်ပေါ်ပေါက်လာပြန်တော့လည်း၊ ၄င်းသည် အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်သာ ဖြစ်နေပြန်သည်။ ဓနရှင် လူတန်းစားသည် တဖြည်းဖြည်းချင်းကြီးထွားဖွံ့ဖြိုးလာသည်။ သူ၏သြဇာအာဏာမှာလည်း စီးပွားရေးအရ ပိုမိုကြီးမြင့်လာသည်။ လုပ်ငန်းများလည်း ပိုမိုတိုးတက်လာသည်။ သူသည် စီးပွားရေးအရတစုံတရာလွတ်လပ်ခွင့်ရှိခဲ့သော်လည်း နိုင်ငံရေးနှင့်အုပ်ချုပ်ရေး ဘက်တွင်မူ သြဇာအာဏာမရှိရုံမျှသာမက ပါဝင်ခွင့်ပင်မရှိသောအဖြစ်မျိုးနှင့် ကြုံတွေ့လာရသည်။ အမှန်တကယ်က စီးပွားရေးဘက် တွင်လည်း အပြည့်အဝလွတ်လပ်ခွင့် ရှိသည်တော့မဟုတ်ပါ။ (ပြင်သစ်ပြည်တွင် ဤအချက်သည် ပိုမိုပေါ်လွင်သည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဘုရင်သည် ပဒေသရာဇ်စနစ်ကိုလုံးဝကုန်စင်အောင်ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ ပြင်သစ်ဘုရင်များသည် ဘာသာရေးဂိုဏ်းတို့ကို ဆက်လက်အားကိုးအားထားလုပ်နေရဆဲ ဖြစ်သည်။ ဓနရှင်လူတန်းစားအနေဖြင့် သူ၏အရင်းရှင်စနစ်ကို အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်လိုသည်ဆိုပါက သူ့တိုးတက်ရာလမ်းခရီးရှိ အတားအဆီးမှန်သမျှကိုတိုက်ဖျက်ပစ်ရတော့မည်ဖြစ်သည်။ သူကိုယ်တိုင်က နိုင်ငံရေးအာဏာနှင့်အုပ်ချုပ်ရေးအာဏာတို့ကိုရရှိမှသာလျှင် သူ၏အရင်းရှင် စနစ်ကိုအစွမ်းကုန်ဖွံ့ဖြိုးတိုး တက်စေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ပဒေသရာဇ်သက်ဦးဆံပိုင် အကြွင်းမဲ့အာဏာကို ကျင့်သုံးနေသော ဘုရင်ကိုပါ တိုက်ဖျက်ပစ်ရမည့်အခြေအနေ ဖြစ်လာသည်။ ဤသည်မှာ ဓနရှင်အာဏာရှင်စနစ်သို့ သွားရာလမ်းခရီးပင်ဖြစ်သည်။
အင်္ဂလန်မှာရော ပြင်သစ်ပြည်မှာပါ ဘုရင်နှင့်ဓနရှင်လူတန်းစားတို့၏တိုက်ပွဲကို အခိုင်အမာအားဖြင့် ဘုရင်၏အကြွင်းမဲ့အာဏာရှင် စနစ်နှင့် ဓနရှင်လူတန်းစားတို့၏ပါလီမန်(သို့မဟုတ်) လွှတ်တော်တို့၏တိုက်ပွဲများအသွင်ဖြင့် မြင်တွေ့ရပါသည်။ ပြင်သစ်ပြည်တွင်မူ ဤဖြစ်စဉ်သည် ရှည်လျားသည်။ တပွဲပြီးတပွဲ ဆက်တိုက် တိုက်လာခဲ့ရသောတိုက်ပွဲများသာတည်း။ ပြင်သစ်ပြည်၏ပထမဦးဆုံးသောဓနရှင်တော်လှန်ရေးတိုက်ပွဲသည် (၁၇၈၉) ခုနှစ်တွင် ဖြစ်ပွားခဲ့ပါသည်။ ရှေးဦးစွာ ပြင်သစ်အုပ်စိုးသူဘုရင်များ၏ဖြစ်စဉ်များကို လေ့လာကြည့်ဖို့လိုပါလိမ့်မည်။ ပြင်သစ်ဘုရင်များသည် ရှေးဦးစွာ မှူးကြီးမတ်ကြီး များနှင့်အာဏာလုပွဲတွေအကြိမ်ကြိမ်လုပ်ခဲ့ရသည်။ ဘုရင်က အနိုင်ရရှိခဲ့သည်။ ဖိလစ်သြဂတ်စတတ်(Philip Augustus) (၁၁၈ဝ-၁၂၂၆) လက်ထက်ရောက်ရှိသောအခါတွင် ဘုရင်သည် နိုင်ငံရေးစစ်ရေးဘက်မှာပိုပြီး သြဇာကြီးလာပါသည်။ အမျိုးသား ဘုရင်စနစ် ပိုပြီးအသာစီးရလာသည်ဟုဆိုနိုင်သည်။ ၄င်းဘုရင်လက်ထက်တွင် ဖွံ့ဖြိုးလာသောစီးပွားရေးအချက်အချာမြို့များမှ ခိုင်မာလာသော ဗျူရိုကရေစီအင်အားစုများ တနည်းအားဖြင့် ပေါ်ထွန်းစဓနရှင်လူတန်းစားနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ဤနည်းဖြင့် ဂျာမဏီနှင့်အီတလီတို့အထိ သူ၏တန်ခိုးအာဏာဖြန့်ကြက်နိုင်အောင်ကြိုးစားခဲ့သည်။ (၁၂)ရာစုမှသည် (၁၅)ရာစုအထိ ပြင်သစ် ဘုရင်နှင့်ပုပ်ရဟန်းမင်းကြီးတို့အားပြိုင်ခဲ့ကြသည်။ ဘုရင်က အနိုင်ရခဲ့သည်။ အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် (၁၃၃၇)မှသည် (၁၄၅၃) ခုနှစ်အထိ အနှစ်တရာစစ်ပွဲဖြစ်ခဲ့ကြသည်။ ၄င်းစစ်ပွဲများအနက် (၁၃၄၈)ခုနှစ် ကရီစီစစ်ပွဲ (Crecy)၊ (၁၃၅၆)ခုနှစ်ပွိုင့်တိးယားစစ်ပွဲ (Piontier) တို့သည် ကျော်ကြားသောစစ်ပွဲများဖြစ်ခဲ့သည်။ (ပြင်သစ်က ဂျုန်းအော့ဖ်အတ် Joan of Arc ဆိုသော အာဇာနည်အမျိုး သမီးသည် ဤစစ်ပွဲများအတွင်း အသတ်ခံခဲ့ရခြင်းဖြစ်၏)
ဤတိုက်ပွဲအပြီး ပြင်သစ်နိုင်ငံရရှိလိုက်သောအကျိုးကျေးဇူးများအနက်တခုမှာ ပြင်သစ်နိုင်ငံအား သိမ်းပိုက်ရေးအကြံအစည်ကို အင်္ဂလိပ်တို့ စွန့်လွှတ်လိုက်ရခြင်းပင်ဖြစ်သည်။ နောက်ရလဒ်တခုမှာကား ပြင်သစ်ပြည်၏အမြဲတမ်းတပ်မတော်သည် ဘုရင့်လက်အောက်သို့ လုံးဝကျရောက်သွားသည်။ ဘုရင်၏အကြွင်းမဲ့အာဏာ ပိုမိုခိုင်မာလာသည်။ ယခင်က လွှတ်တော် Estate ဆိုသည်မှာရှိခဲ့သော်လည်း ၄င်းနောက်ပိုင်းတွင် ဘုရင်ကလွှတ်တော်ကိုခေါ်ဆိုခြင်း မပြုတော့။ ဘုရင်နှင့်ဘုရင့်ကောင်စီကသာ အုပ်ချုပ်ရေးတွင်စီမံကိုင်တွယ်ခဲ့ကြသည်။ သို့ရာတွင် လွှတ်တော်နှင့်ဘုရင့်အကြားကအားပြိုင်မှုသည် ဆက်လက်တည်ရှိနေဆဲ
ဟင်နရီ (၄) (Henery 4) လက်ထက်ရောက်သည့်အခါ လွှတ်တော်ကိုလုံးဝအလေးမထားတော့ဘဲ ဘုရင်တဦးတည်း၏အာဏာနှင့် နိုင်ငံတော်ကိုအုပ်ချုပ်တော့သည်။ လူဝီ(၁၃) (Louis (13)  ၁၆၄၃-၁၇၁၅)လက်ထက်တွင် ပြင်သစ်ပြည်မှာ မကျေနပ်မှုတွေ၊ ဆူပူမှုတွေပေါ်ပေါက်လာသည်။ သည်အခါ လွှတ်တော်ကို မခေါ်လျှင်မဖြစ်တော့သည့်အခြေအနေသို့ဆိုက်ရောက်လာသဖြင့် (၁၆၁၄)ခုနှစ်မှာ လွှတ်တော်ကို ပြန်လည်ခေါ်ယူရတော့သည်။
လူဝီ(၁၄)(Louis (14) ၁၆၄၃-၁၇၁၅) လက်ထက်တွင် ပြင်သစ်အမျိုးသားဘုရင်စနစ်အထွဋ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ဆိုကြ သည်။ လူဝီ(၁၄) က  I am the state “နိုင်ငံတော်ဆိုတာ ကျွန်ုပ်ပဲဖြစ်တယ်”ဟူ၍ အတိအလင်းကြွေးကြော်ခဲ့သူပါ။ တချက်လွှတ် အမိန့်အာဏာကိုကျင့်သုံးခဲ့သူဖြစ်သည်။ ဘုရင်က နိုင်ငံ၏အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့်ငြိမ်ဝပ်ပိပြားရေးတို့ကိုတာဝန်ယူပါသည်။ အချုပ်အခြာအာဏာပိုင်ဟာ ဘုရင်သာဖြစ်သည်။ ဘုရင်သည် အမိန့်စာချွန်တော်တွေထုတ်ပြီး မည်သူ့ကိုမဆိုဖမ်းဆီးနိုင်သည်။ အပြစ်ပေးနိုင်သည်။ သေဒဏ်ပေးနိုင်သည်။
(၁၆၄၈)ခုနှစ်နှင့် (၁၆၅၃)ခုနှစ်ကြားတွင် ဘုရင်နှင့်မှူးမတ်များ၊ ပါလီမန်အဖွဲ့ဝင်များအကြား တိုက်ပွဲတကြိမ်ဖြစ်ခဲ့သော်လည်း ဘုရင်ကသာ အနိုင်ရခဲ့သည်။ ၄င်းဘုရင်လက်ထက်တွင် (၁၆ဝ၈)ခုနှစ်က ကနေဒါ….(၁၆၂၆)ခုနှစ်က ကာရစ်ဘီယံနိုင်ငံများ….(၁၆၇၄)ခုနှစ်က အိန္ဒိယအမြဲတမ်းကိုလိုနီနိုင်ငံထူထောင်နိုင်ခဲ့သည်။
ပင်လယ်ရပ်ခြား၌ ကိုလိုနီနိုင်ငံထူထောင်ရေးဘက်မှာ ပြင်သစ်တို့သည် အခြားဥရောပနိုင်ငံတွေလောက်ခြေမသွက်ပါ။ အစွမ်းလည်း မထက်ပါ။ အကြောင်းရင်းကတော့ စီးပွားရေးဖူလုံသောနိုင်ငံတနိုင်ငံဖြစ်သည့်ပြင်သစ်ပြည်သည် သူ့အတွက် ဥရောပဈေးကွက်နှင့် လုံလောက်နေ၍ဖြစ်သည်။ ထို့ကြောင့် သူသည် ဥရောပတိုက်တွင်းကူးသန်းရောင်းဝယ်ရေးကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့သည်။ သို့ရာတွင် ကိုလိုနီနိုင်ငံချဲ့ထွင်ရေး လုံးဝမလုပ်ခဲ့သည်တော့ မဟုတ်။ စီးပွားရေးပြိုင်ဆိုင်မှုနှင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်တက်ရေးအတွက် ကိုလိုနီ နယ်ပယ်ချဲ့ထွင်မှုလုပ်ခဲ့သည်များရှိသည်။ တခါတရံတွင်မူ ပြည်ပနှင့်ကူးသန်းရောင်းဝယ်နေရသောဓနရှင်လူတန်းစားက ကိုလိုနီ နယ်ပယ်ချဲ့ထွင်ဖို့လိုလားခဲ့သော်လည်း ဘုရင်က စိတ်မပါ။ အားမပေး။ ဤအဖြစ်မျိုးများလည်း ရှိသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ မှာ အင်္ဂလိပ်တို့နှင့်ယှဉ်ပြိုင်ပြီး ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို ဘုရင်ကအားမပေးပါ။
(၁၉)ရာစု အနှောင်းပိုင်းကာလရောက်တော့မှသာ ပြင်သစ်တို့အနေဖြင့် ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို အသစ်တဖန်ပြန်လည် စိတ်ဝင်စားလာကြခြင်းဖြစ်သည်။ လူဝီ (၁၄)လက်ထက်တွင် ဘုရင်ကလွှတ်တော်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူ့နောက်ပိုင်း ဘုရင်များလက်ထက်တွင် ဖြစ်ထွန်းတိုးတက်လာသည့်ဓနရှင်လူတန်းစားသည် ဘုရင့်အာဏာကိုကန့်သတ်ဖို့ ပြန်လည်အားစုလာ ကြပြန်သည်။ ပြင်သစ်နိုင်ငံမှ ဖြစ်ထွန်းစဓနရှင်လူတန်းစားသည် ဘုရင်နှင့်လုံးဝမပူးပေါင်းဘဲနေခဲ့သည်တော့ မဟုတ်ပါ။ ဖိလစ်ဘုရင်လက်ထက်တွင် ပြည်ပမှာ သြဇာဖြန့်ကြက်နိုင်ရေးအတွက် သူတို့ ပူးပေါင်းခဲ့ကြဖူးသည်။ မဟာမိတ်ဖွဲ့ခဲ့ကြဖူးသည်။ ပဒေသရာဇ်လူတန်းစားကိုကိုယ်စားပြုသောမှူးမတ်များနှင့် ဘုရင်တို့ အကြားအားပြိုင်ပွဲတွင် ဓနရှင်လူတန်းစားက ဘုရင်ဘက်မှရပ် တည်ခဲ့ဖူးသည်။ ပုပ်ရဟန်းမင်းကြီး၏သြဇာအာဏာကိုတိုက်ဖျက်ရာတွင်လည်း
ဘုရင်နှင့်ဓနရှင်လူတန်းစားတို့ တသဘောတည်းညီ ညွတ်ခဲ့ကြဖူးသည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဓနရှင်လူတန်းစားတို့လိုလားခဲ့ကြသော လွှတ်တော်နှင့်ပါလီမန်တို့သည် အင်္ဂလိပ်တို့၏ပါလီမန်လောက် အရေးပါမှုမရှိပါ။
ပြင်သစ်ပါလီမန်၏အဓိကတာဝန်မှာ ဘုရင်၏အမိန့်နှင့်ဥပဒေတို့ကို မှတ်တမ်းတင်ရခြင်းသာဖြစ်နေပါသည်။ သို့ရာတွင် ဘုရင်၏ အမိန့်ကို ပါလီမန်ကကန့်ကွက်နိုင်သောအခွင့်အရေးတော့ရှိပါသည်။ ပါလီမန်အဖွဲ့ဝင်များအတွင်း ပြုပြင်ရေးကိုလိုလားသည့် ပဒေသရာဇ်အသစ်များ ပါဝင်နေကြပါသည်။ သူတို့က သူကြွယ်မျိုးရိုးကဆင်းသက်လာသူတွေပါ။ ပါလီမန်သည် ဘုရင်၏အကြွင်းမဲ့ အာဏာရှင်စနစ်အောက်မှာ အခွင့်အရေးများကိုပြည့်ဝထိရောက်စွာအသုံးချနိုင်ခွင့်မရှိကြပါ။ လူဝီ(၁၄)လက်ထက်မှာ ပါလီမန်၏ ခွင့်ပြုချက်မရှိဘဲအခွန်ကောက်ခွင့်မရှိစေရဟူသော အဆိုကိုတင်ခဲ့ဖူးသည်။ မအောင်မြင်ခဲ့ပါ။ လူဝီ(၁၅)လက်ထက်တွင်လည်း ပဲရစ်တရားရုံးက ဘုရင်၏ဘဏ္ဍာရေးပြန်တမ်းတရပ် မှတ်ပုံတင်ခြင်းကို ငြင်းဆိုခဲ့ဖူးသည်။ ယင်းပဲရစ်တရားရုံးကို သူကောင်းမျိုးတွေ က လွှမ်းမိုးထားခဲ့သည်။ ဤကဲ့သို့သော အခွန်အကောက်လုပ်ငန်းများ၊ ဘုရင်၏ဘဏ္ဍာရေးပြန်တမ်းများ စသည်တို့မှာ တိုင်းပြည်၏ စီးပွားရေးနှင့်တိုက်ရိုက်ဆက်စပ်နေသောကိစ္စများ ဖြစ်သည်။
အမျိုးသားဘုရင်စနစ်သည် ဓနရှင်လူတန်းစားတို့၏ကူးသန်းရောင်းဝယ်မှုအတွက် တစုံတရာအကူအညီပေးခဲ့သည်။ အချိန် အတွယ်နှင့် ငွေကြေးစနစ်ကို တညီတည်းဖြစ်အောင်လုပ်ပေးခဲ့သည်။ ရောင်းဝယ်ရေးတွင် ပိုမိုလွယ်ကူစေရန်အတွက် ပဒေသရာဇ်ခေတ်တုန်းကထက် အခွန်များ ပိုမိုလျှော့ပေးခဲ့သည်။ နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့် ပိုမိုရှိလာသည်။ သို့ရာတွင် အရင်းရှင်စနစ် သည့်ထက်ပိုမိုကြီးထွားရေးအတွက်ကျတော့ ဤမျှလောက်နှင့်မလုံလောက်။ အကန့်အသတ်များရှိနေဆဲဖြစ်သည်။ ဘုရင်တွေဆိုသည်က စီးပွားရေးတောင့်တင်းမှ နိုင်ငံရေးနှင့်စစ်ရေးမှာတန်ခိုးအာဏာအပြည့်အဝရှိသည်ဟူ၍ ယုံကြည်ကြသူတွေ။ သူတို့က စီးပွားရေးအင်အားတောင့်တင်းအောင် ရွှေငွေဘဏ္ဍာစုဆောင်းကြသည်။ ရွှေငွေဘဏ္ဍာစုဆောင်းရေးတွင် ပြည်ပကုန် သွယ်ရေးသည် တစုံတရာအရေးပါအရာရောက်သည်ဟူ၍ သူတို့ ထင်မြင်ယူဆကြသည့်အတွက် အားပေးခြင်းပြုသည်။ တိုင်းပြည် စီးပွားရေးတောင့်တင်းဖို့ဆိုလျှင် သွင်းကုန်ထက် ပို့ကုန်ကပိုမိုအရေးပါသည်ဟု ဘုရင်က ထင်သည်။ ထို့ကြောင့် ပြည်ပကို ပို့နိုင်ဖို့ အတွက် ပြည်တွင်းကလက်မှုထုတ်လုပ်ရေးလုပ်ငန်းကို အားပေးလာရသည်။ ဘုရင်တို့က ပြည်ပကုန် သွယ်ရေးကိုအားပေးခဲ့ သည်ဖြစ်စေကာမူ ရရှိသောရွှေငွေဘဏ္ဍာများကို တိုင်းပြည်အတွက်ပုံအောခဲ့ကြသည်မဟုတ်ပါ။ ဘုရင်၊ မိဘုရားနှင့်မှူးမတ်များတို့ သည် ဤဘဏ္ဍာများအပေါ်စည်းစိမ်ခံကာ သုံးကြဖြုန်းကြခြင်းများ ဓမ္မတာအတိုင်းရှိနေပါသည်။ ထိုအခါ ဘုရင်၏ဘဏ္ဍာရေးကို ထိန်းချုပ်ဖို့လိုအပ်လာသည်။ သည့်အတွက် ဘဏ္ဍာရေးဖြင့်ဘုရင်ကိုထိန်းချုပ်မှုတွေလုပ်ဖို့ ကြိုးပမ်းလာကြခြင်းဖြစ်သည်။ လူဝီ(၁၆)ဘုရင်၏ လက်ထက်ရောက်သောအခါတွင် ဘုရင်နှင့်ဓနရှင်လူတန်းစားတို့၏တိုက်ပွဲသည် အထွဋ်အထိပ်သို့ရောက်ရှိလာပြီး တော်လှန်ရေးကြီးပေါက်ကွဲ လာခဲ့လေသည်။

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း-၄)
ပြင်သစ်ပြည်တော်လှန်ရေးများအကြောင်းကိုလေ့လာမည်ဆိုပါက ဘုရင်များအကြောင်းသာမက Estate ဟု ခေါ်ဆိုသော အတန်း အစားကြီး (၃) ရပ် ရှိနေသည့်အကြောင်းကိုလည်း နားလည်ဖို့လိုသည်။
ပထမအတန်းအစားအဖြစ်သတ်မှတ်ထားသည်က ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များဖြစ်သည်။ ပြင်သစ်ဘုရင်များသည် ဘာသာရေး ဂိုဏ်းများကိုအားကိုးအားထားပြုသည်။ ဘာသာရေးဂိုဏ်းများကလည်း အခွင့်အာဏာကြီးမားကြသည်။ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် ဘဏ္ဍာရေးဘက်တို့တွင် အခွင့်အာဏာကြီးခြင်းဖြစ်သည်။ ဆင်းရဲလယ်သမားစုစုပေါင်းတို့ပိုင်ဆိုင်ကြသောလယ်မြေပမာဏအချိုးအစား၏ (၁ဝ)ရာခိုင်နှုန်းကို အထက်တန်းလွှာဘာသာရေးဝန် ထမ်းအနည်းစုတို့ကပိုင်ဆိုင်ထားကြသည်။ ၄င်းမြေယာများကို သီးစားချထားသည်။ အခွန်ကောက်သည်။ ထိုမျှသာမက အလှူခံတာ လည်းလုပ်ကြသေးသည်။
အထက်တန်းလွှာဘာသာရေးပုဂ္ဂိုလ်များကို မြေရှင်ကြီးများ၊ ပဒေသရာဇ်ကြီးများဟုလည်းဆိုနိုင်သည်။ သူတို့သည် နန်းတော်တွင်း သို့လည်း တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်သူများဖြစ်၏။ သူတို့၏နေထိုင်မှုဘဝတွင်လည်း ပုပ်သိုးဆွေးမြေ့မှုတွေပြည့်နှက်နေ သည်။ ဤအတန်းအစားထဲတွင် ဘာသာရေးဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်နှင့်အထက်တန်းလွှာသာသနာရေးဝန်ထမ်းများသာ ပါဝင်နေ ကြခြင်းဖြစ်သည်။ ကျေးလက်နေ သာသနာရေးဝန်ထမ်းများကတော့ ဆင်းရဲနွမ်းပါးကြပြီးအောက်တန်းလွှာထဲ ပါဝင်နေကြသူများ သာဖြစ်၏။
ပထမအတန်းအစားကြီးထဲမှာပါသော သာသနာ့ဝန်ထမ်းအထက်လွှာသည် အခွန်ကင်းလွတ်ခွင့်ရှိသည်။ အောက်လွှာကဘုန်းကြီးရဟန်းများ၊ သာသနာ့ဝန်ထမ်းများကမူ သာမန်လူတန်းစားများနည်းတူ အခွန်လည်းပေးဆောင်ရသည်။ အခွင့်အရေးလည်း ဘာမျှမရကြ။ ဒုတိယအတန်း အစားကြီးဆိုသည်မှာမူ ပဒေသရာဇ်များဖြစ်ကြသည်။ ၄င်းပဒေသရာဇ်များထဲတွင်လည်း နှစ်မျိုးနှစ်စားကွဲပြားခြားနားနေသည်။ ပဒေသရာဇ် အဟောင်းနှင့်အသစ်ဟု ဆိုနိုင်သည်။ ပဒေသရာဇ်အဟောင်းတို့သည် ပဒေသရာဇ်ဘိုးဘွားဘီဘင်များထံက အမွေဆက်ခံလာကြသူများဖြစ် သည်။ သူတို့ကို ဘုရင်အဆက်ဆက်က သူကောင်းပြုလာခဲ့ကြသဖြင့် ဘိုးစဉ်ဘောင်ဆက်သူကောင်းမျိုး Nobles of the sword ဟုလည်း ခေါ်ကြပါသည်။ သူတို့သည် အုပ်ချုပ်ရေးဘက်တွင် အခွင့်အရေးအမျိုးမျိုးရရှိပြီး နန်းတွင်းမှာလည်း အရေးပါသူများဖြစ်ကြသည်။ သူတို့သည် သွယ်ဝိုက်ခွန်အနည်းအပါးပေးရသည်ကလွဲပြီး အခွန်ကင်းလွတ်ခွင့်ရရှိသူများဖြစ်သည်။ 
ပဒေသရာဇ်အသစ်ဆိုသူများမှာမူ တဖြည်းဖြည်းချမ်းသာကြွယ်ဝလာရင်းက ပဒေသရာဇ်စာရင်းဝင်လာသူများ ဖြစ်သည်။ သူတို့ထဲက တချို့ကိုလည်း ဘုရင်က သူကောင်းမျိုး Noble of the Robe ခန့်ပါသည်။ သူတို့က အတွေးအခေါ်သစ်ကိုလက်ခံကြ သည်။ ပြုပြင်ပြောင်းလဲရေးကိုလိုလားကြသည်။ ထို့ကြောင့် သူတို့သည် ပါလီမန်ဟုခေါ်သော ဒေသန္တရတရားရုံး အဖွဲ့ဝင်များဖြစ် လာကြသည်။
တတိယအတန်းအစားကြီးထဲတွင်မူ ဓနရှင်လူတန်းစားများ(အသိပညာရှင်၊ အတတ်ပညာရှင်များအပါအဝင်)၊ မြို့နေအလုပ် သမားများ၊ ဆင်းရဲသားများနှင့် ကျေးလက်တောင်သူလယ်သမားများပါဝင်ကြသည်။ ပြင်သစ်ဓနရှင်လူတန်းစားကိုကြည့်လျှင် ပြင်သစ်ပြည်အရင်းရှင်စနစ် ဖြစ်ထွန်းတိုးတက်လာမှုနှင့်ဆက်စပ်တွဲဖက်ကြည့်မြင်ရပေလိမ့်မည်။ ပြင်သစ်ဓနရှင်များသည် ပြည်ပကုန်သွယ်ရေးဘက်တွင် ကိုလိုနီနယ်ပယ်များ စတင်တိုးချဲ့လာနေကြပြီ။ အင်္ဂလန်မှာကဲ့သို့ လယ်ယာလုပ်ခင်းကြီးများလည်း ပိုင်ဆိုင်နေကြပြီ။ စက်မှုဘက်တွင်မူတိုးတက်ထွန်းကားမှုနှေးကွေးသည်။ ပြင်သစ်ပြည်တွင် စက်မှုတော်လှန်ရေးပေါ်ပေါက်ခြင်းသည် အင်္ဂလန်ထက်နောက်ကျခဲ့သည်။ ပထမအကြိမ် (၁၇၈၉)ဓနရှင်တော်လှန်ရေးပေါ်ပေါက်ပြီးနောက်ပိုင်းမှ ပြင်သစ်ပြည်မှာ စက်မှုတော်လှန်ရေးဖြစ်လာခဲ့ခြင်းသာဖြစ်၏။ စက်မှုတပိုင်းလက်မှုလုပ်ငန်းများကတော့ ထွန်းကားနေပါပြီ။ (၁၇၅၇)ခုနှစ်ကျမှ ကျောက်မီးသွေးကုမ္ပဏီစတင်ပေါ်ပေါက်လာခြင်း ဖစ်သည်။ အလုပ်သမား (၄ဝဝဝ)ခန့်ရှိသောလုပ်ငန်းဖြစ်၏။ ၄င်း ကျောက်မီးသွေး ကုမ္ပဏီနှင့်အတူ သံမဏိအရည်ကြိုလုပ်ငန်းလည်းတွဲဖက်ထားသည်။ စက်မှုလုပ်ငန်းအတွက်အစပျိုးမှုဟု ဆိုရမည်။ ထိုအချိန်တွင် ပြည်သစ်ပြည်ပဒေသရာဇ်စနစ်ဟောင်းပုံစံက ဆက်လက်အားကောင်းဆဲရှိနေတုန်းပင်။ ဓနရှင်လူတန်းစားသည် စီးပွားရေးလုပ်ငန်းများတွင် ချုပ်ကိုင်ခွင့်နှင့်လွတ်လပ်စွာလုပ်ခွင့် တစုံတရာရှိနေသော်လည်း နိုင်ငံရေးဘက်နှင့်အုပ်ချုပ်ရေးဘက်တွင်မူပါဝင်ခွင့် မရကြပေ။ ဤကိစ္စအပေါ် သူတို့က ကျေနပ်မှုမရှိကြ။ အရင်းရှင်စနစ် သည့်ထကပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဘက်မှာပါ သူတို့ ပါဝင်နိုင်မှဖြစ်ပေမည်။ စီးပွားရေးဘက်တွင် ဓနရှင်တို့ချုပ်ကိုင်ခွင့်ရှိသည်ဆိုသည်မှာလည်း အကန့်အသတ်နှင့်သာဖြစ်သည်။ စက်မှုလုပ်ငန်းတွင် ကန့်သတ်ချက်တွေများခဲ့သည်။ ကုန်သွယ်ရေးအခွင့်အာဏာနှင့်အဿပြာသုံးစွဲမှုတွင်လည်း ကန့်သတ်ချက်များရှိနေသည်။ ကုန်ပစ္စည်းအခွန်၊ အမြတ်တော်ခွန် စသည့် အခွန်အတုတ်အမျိုးမျိုးကလည်း အရင်းရှင်စနစ်ဖွံ့ဖြိုးကြီးထွားရေးလမ်းကြောင်းတွင် အတားအဆီး အနှောင့်အယှက် များဖြစ်နေကြသည်။
အလုပ်သမားများ၊ မြို့နေဆင်းရဲသားများသည် စီးပွားရေးကျပ်တည်းလွန်း၍ အခွန်တော်ထမ်းဆောင်နိုင်သည့် အခြေအနေပင် မရှိကြပါ။ အောက်ဆုံးလွှာ၏ အောက်အကျဆုံးအလွှာဟုပင်ဆိုရမည်။ ပဒေသရာဇ်ဖိနှိပ်မှုကိုရော၊ ဓနရှင်ဖိနှိပ်မှုတွေကိုပါခံစားကြရ သူများဖြစ်သည်။ တောင်သူလယ်သမားများကမူ တတိယအတန်းအစားကြီး၏ (၉၉)ရာခိုင်နှုန်းခန့်ရှိသည်အထိ အရေအတွက် များပြားစွာပါဝင်သူများဖြစ်ကြသည်။ လယ်ယာလုပ်ခင်းကိုင်ခင်းကြီးများပေါ်ပေါက်လာပြီးသည့်နောက်တွင် သူတို့၏ လယ်ယာမြေ များကို လုယက်ယူငင်သွားခြင်းခံရသည်။ သူတို့အားလုံး၏လယ်မြေပိုင်ဆိုင်မှုသည် လယ်ယာမြေစုစုပေါင်း၏ (၁ဝ)ရာခိုင်နှုန်းလောက်တောင် မရှိကြ။ ပဒေသရာဇ်တွေကသာ မြေယာပိုင်ဆိုင်မှုကိုကြီးစိုးထားကြသည်။ လယ်သမားများအတွင်း လယ်ကျွန်စနစ်ကအဓိကမဟုတ်တော့ဘဲ သီးစားဆက်ဆံမှုကအဓိကဖြစ်သည်ေ(၁၈)ရာစုသို့ရောက်ရှိသည့်အခါတွင်မူ လယ်သမားအများစုသည် မြေယာနှင့်ကုန်ထုတ်ကိရိယာများကိုပိုင်ဆိုင်လာကြပြီ။ သို့ရာတွင် မြေရှင်ဟောင်းကို မြေခွန်များပေးနေ ရဆဲ။ အစဉ်အလာအတိုင်း လယ်မြေရောင်းဝယ်ခွန်များပေးနေရဆဲ။ ထိုမျှသာမက မြေရှင်များပိုင်ဆိုင်သော ကြိတ်ဆုံကြီးများ၊ မီးဖိုကြီးများကိုအသုံးပြုနေရသည့်အတွက်လည်း အခွန်တော်ပေးနေရဆဲ။ တောင်သူလယ်သမားများက မြေရှင်ပဒေသရာဇ် အတွက် အခမဲ့အလုပ်အကျွေးပြုပေးကြရသည်။ ၄င်းတို့အတွက်လိုအပ်သော လမ်း၊ တံတားစသည်တို့ဖောက်လုပ်ပေးရသည်။ ကိုယ်ပိုင်သော မြေယာများတွင် ပဒေသရာဇ်တို့အမဲလိုက်ခြင်းကိုခွင့်ပြုပေးရသည်။ ခြုံလိုက်လျှင် လယ်သမားတို့အတွက် ကြီးမားသည့်နစ်နာချက်များရှိနေသည်။
ထို့ကြောင့် (၁၇)ရာစုနှင့် (၁၈)ရာစုအတွင်းတွင် လယ်သမားပုန်ကန်မှုများ အဆက်ပြတ်သည်ဟူ၍ မရှိခဲ့။ တတိယအတန်းအစားကြီး ထဲတွင်ပါဝင်ကြသည့် လူတန်းစားအားလုံးသည် အခွန်ထမ်းများချည်းဖြစ်သည်။ ပစ္စည်းခွန်၊ အမြတ်ခွန်နှင့်လူခွန်တို့အပြင် အကောက်ခွန်၊ ဆားခွန်နှင့်သာသနာရေးအခွန်တို့ကိုပါ ထမ်းဆောင်ရသည်။ ထို့ကြောင့် သူတို့သည် စီးပွားရေးအရ ဝန်ထုံ့ဝန်ပိုအပိ အခံရဆုံးလူတန်းစားများဖြစ်၏။ တတိယအတန်းအစားထဲထည့်သွင်းထားသည့် ကုန်သည်နှင့်စက်မှုတပိုင်းလက်မှုလုပ်ငန်းအရင်း ရှင်များကတော့ (လယ်သမားများ) ပိုပြီး သြဇာကြီးကြပါသည်။ တတိယအတန်းအစားကြီးထဲတွင်ပါဝင်နေကြသော လူတန်းစားများအနက် အရင်းရှင်စနစ်ဆက်လက်ဖွံ့ဖြိုးရေးအတွက် အတားအဆီးမရှိ အခွင့်အလမ်းများရယူလိုပြီး နိုင်ငံရေး အာဏာကိုပါရည်မှန်းသောဓနရှင်လူတန်းစားက တော်လှန်ရေးရည်ရွယ်ချက်ပိုမိုကြီးမားသောလူတန်းစားဖြစ်နေသည်။ အလုပ် သမားများနှင့်မြို့နေဆင်းရဲသားများသည်လည်း စီးပွားရေးကျပ်တည်းမှုအရသော်လည်းကောင်း၊ ဘဝအရသော်လည်းကောင်း တော်လှန်ရေးတွင်အကြမ်းဖက်ရုန်းကန်မှုပြုသည်အထိပါဝင်လာကြခြင်းဖြစ်သည်။ အခွန်ထမ်းသက်သက်ဘဝမှာသာနေရပြီး မည်သည့်အခွင့်အလမ်းမှမရှိသည့်အတွက်  လယ်သမားများသည်လည်း တော်လှန်ရေးကိုလိုလားကြပါသည်။ ပြင်သစ်ဓနရှင်လူတန်းစားထဲမှာပါဝင်နေကြသော အသိပညာရှင်၊ အတတ်ပညာရှင်နှင့်အတွေးအခေါ်ပညာရှင်တို့၏ နိုင်ငံရေးအတွေးအခေါ်များကလည်း ပြည်သူလူထုထဲမှာ ပျံ့နှံ့နေပါပြီ။ 
(၁၈)ရာစု ပြင်သစ်ဒဿနဆရာများသည် အသိဉာဏ်ပွင့် လင်းမှုကိုရှေ့တန်းတင်ခဲ့ကြသည်။ ဉာဏ်သစ်လောင်းလှုပ်ရှားမှုလုပ်ခဲ့ကြသည့်အထဲမှာ ထင်ရှားပေါ်လွင်သောအတွေးအခေါ် ပညာရှင် မွန်တက်စကျု (၁၆၈၉-၁၇၅၅)သည် ဥပဒေတရားသူကြီးချုပ်လုပ်ခဲ့ဖူးသလို ပြင်သစ် တက္ကသိုလ်တွင်ကျောင်းအုပ်ကြီး လည်း လုပ်ခဲ့ဖူးသည်။ သူက ဗြိတိသျှသမိုင်းကိုသက်သေပြုပြီး ကန့်သတ်ချက်ချက်ဖြင့်ကြပ်မတ်ထားသော အစိုးရများသဘော တရားကိုတင်ပြသည်။ စည်းမျဉ်းခံဘုရင်စနစ်ကို သူက ပိုနှစ်သက်သည်။ နိုင်ငံတခုတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တည်းဟူသောအခြေခံမဏ္ဍိုင် (၃)ရပ်သည် တခုကိုတခု အပြန်အလှန်ထိန်းချုပ်ထားရမည်ဟုဆိုသည်။ “ပါရှားတို့၏ယုံကြည် ကိုးကွယ်မှု” “တရားဥပဒေစိတ်ဓာတ်” “ရူမေးနီးယား စည်ပင်ဖွံ့ဖြိုးခြင်းနှင့်ကျဆုံးသွားရခြင်းအကြောင်းရင်းများ” စသည့် စာအုပ်များကိုရေးသားခဲ့သည်။ ဘာသာရေးလွတ်လပ်ခွင့်ကိုလည်း တင်ပြခဲ့သည်။
ဗော်လ်တဲယား (Voltaire ၁၆၉၄ – ၁၇၇၈) ကမူ အကြွင်းမဲ့အာဏာပိုင်စနစ်ကိုပယ်ဖျက်ပြီး ဓနရှင်တို့ဦးဆောင်သောသမ္မတနိုင်ငံကို လိုလားခဲ့သည်။ လူသားတို့၏မွေးရာပါအခွင့်အရေးကို မည်သူမျှထိပါးခွင့်မရှိဟူ၍ ရေးသားခဲ့သည်။ သူ၏မှတ်တမ်းများနှင့် ဝတ္ထုများတွင် ပညာတတ်တို့၏စိတ်နေသဘောထားကိုရေးဖွဲ့ထားသည်။ ရူးးဆိုး  (Rousseau ၁၇၁၂-၁၇၇၈)သည် တိုင်ကပ်နာရီ လုပ်စားသူ ဆင်းရဲသားအိမ်ထောင်စုမှဆင်းသက်လာသူဖြစ်သည်။ “လူသားတို့ တန်းတူမှုမရှိခြင်း၏အခြေခံအုတ်မြစ်” “လူ့အဖွဲ့အစည်း၏သဘောသဘာဝ”နှင့်“လူမှုပဋိညာဉ်”စသည့်ကျမ်းများတွင် လွတ်လပ်ရေးနှင့်တန်းတူရေးတို့ကို ထည့်သွင်း တင်ပြခဲ့သည်။ ဆင်းရဲသားများဘက်မှ ရပ်တည်ခဲ့သည်။ နိုင်ငံတော်နှင့်တရားဥပဒေတို့သည် ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်၏အခြေခံပေါ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟူ၍ တင်ပြခဲ့သည်။ သူက လူသာမာန်တို့၏ စိတ်သဘောထားကောင်းမွန်ပုံ၊ ဖြူစင်ပုံတို့ကိုရေးဖွဲ့ပြ လိုက်သည့်အခါ စာဖတ်သူတို့မှာ မင်းဧကရာဇ်များကိုဆန့်ကျင်လိုသောစိတ်ဓာတ်များပေါက်ဖွားလာသည်။ ရူးဆိုးက “အချုပ် အခြာအာဏာဆိုတာ ပြည်သူတွေထံမှာရှိတယ်။ အစိုးရဆိုတာ ပြည်သူ့ကိုယ်စားလှယ်ပဲ။ ပြည်သူတွေက မကျေနပ်ရင် အစိုးရ ကိုဖြုတ်ချပိုင်ခွင့်ရှိတယ်”ဟု ရေးသားလှုံ့ဆော်ခဲ့သည်။ သူ့အတွေးအခေါ်မှာ ဒီမိုကရေစီစနစ်အပေါ်အခြေခံသည်။ တကယ် ဆန်းစစ် ကြည့်လျှင်မူ သူ့အတွေးအခေါ်သည် “သမိုင်းစိတ်ဝါဒ”သာဖြစ်သည်။ သို့ရာတွင် သူသည်အဖိနှိပ်ခံများဘက်မှရပ်တည်ခဲ့ သူဖြစ်ကြောင်းကိုမူ အသိအမှတ်ပြုရပေမည်။
(၁၇၅၁-၇၂) တွင် စွယ်စုံကျမ်းတစောင် ပေါ်ထွက်လာသည်။ ပြုစုတည်းဖြတ်သူများမှာ ဒီဒါရို Diderot (၁၇၁၃-၈၄)နှင့် အယ်လင်ဘာ  Alenbert တို့ပါ။ ဤစွယ်စုံကျမ်းသည် လက်တွေ့စက်မှုနည်းပညာကိုအသားပေးဖော်ပြထားခြင်း ဖြစ်သည်။ သည့်နောက်တွင်မူ ‘စွယ်စုံကျမ်းဂိုဏ်း’ဟူသောအဖွဲ့တဖွဲ့ ပေါ်ပေါက်လာသည်။ ဤအတွေးအခေါ်သစ်များနှင့်အတူ နိုင်ငံရေးအတွေး အခေါ်သစ်များနှင့် စီးပွားရေးအတွေးအခေါ် သစ်များထပ်မံပေါ်ထွက်လာကြပြန်သည်။ ဘုရင်နှင့်ဓနရှင်လူတန်းစားတို့ ကူးသန်းရောင်းဝယ်ရေးဟောင်း Mercantilism ကို ဓနရှင်တို့က မကြိုက်တော့။ ဖျက်သိမ်းပစ်ချင်လာသည်။ ဓနရှင်လူတန်းစားသည် စီးပွားရေးဘက်တွင်မည်သည့်အတားအဆီးကိုမျှ အလိုမရှိတော့။ အင်္ဂလိပ်ဘောဂဗေဒပညာရှင် အဒမ်စမစ် Adamsmithတင်ပြသော ‘စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်ပြိုင်ဆိုင်လုပ်ကိုင်ခွင့်ပေးတာအကောင်းဆုံးပဲ’ဆိုသော အယူအဆကို သဘောကျနှစ်သက်လာသည်။ ဤအတွေးအခေါ်များသည်လည်း ပြင်သစ်တော်လှန်ရေးကိုတွန်းအားပေးသည့် အချက်များဖြစ်၏။ ဉာဏ်သစ်လောင်းလှုပ်ရှားမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းရေးအတွေးအခေါ်များသည် ပြင်သစ်တော် လှန်ရေး၏ အခြေခံအတွေးအခေါ်များဖြစ်လာသည်။
ဤသို့ဖြင့် တော်လှန်ရေးပေါက်ကွဲချိန် နီးကပ်လာသည်။
လူဝီ(၁၆) (၁၇၇၄-၁၇၉၂)၏လက်ထက်သို့ ရောက်ရှိလာသည်။
(၇၈၉ )ုနှစ် ပြင်သစ်တော်လှန်ရေးပေါက်ကွဲလာခြင်းကို အောက်ပါအချက်များဖြင့်ခွဲခြားကြည့်မြင်နိုင်ပါသည်။
၁။    ။ အုပ်စိုးသူလူတန်းစားအတွင်း ပဋိပက္ခများ ပိုမိုသည်းသန်ပြင်းထန်လာခြင်း။
(၁၈)ရာစုအတွင်း ပြင်သစ်ပါဝင်ခဲ့သည့် (၇)နှစ်စစ်ပွဲ(၁၇၅၆-၁၇၆၃)နှင့်အမေရိကန်တော်လှန်ရေးစစ်ပွဲ(၁၇၇၆-၁၇၈၃)တို့ကြောင့် ပြင်သစ်ပြည် သည် စစ်ကြွေးများတင်ပြီးရင်း တင်နေသည်။ သည့်အတွက် ဘဏ္ဍာရေးပြဿနာပေါ်လာသည်။ ပြင်သစ်နှင့်အင်္ဂလိပ်တို့သည် (၁၈)ရာစု အတွင်း တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။ စစ်ပွဲ၏ အဓိကအကြောင်းအချက်မှာ ကိုလိုနီလုယက်ခြင်းဖြစ်သည်။ (၁၇၄ဝ-၄၈)စစ်ပွဲအပြီး အင်္ဂလိပ်က အမေရိကတိုက်မှ ပြင်သစ်ပိုင်ကိုလိုနီနယ်များကိုလုယက်သွားသည်။ (၁၇၅၆-၁၇၆၃)အမေရိကန်နှင့်ပြင်သစ် (၇)နှစ်စစ်ပွဲကာလ အတွင်းမှာလည်း အရင်းရှင်စနစ်အင်္ဂလိပ်က ပဒေသရာဇ်ပြင်သစ်ကိုအနိုင်ရသွားခဲ့သည်။ အင်္ဂလိပ်တို့သည် (၁၆၈၈)ခုနှစ်ကတည်းက ဓနရှင် တော်လှန်ရေးအောင်ပြီးခဲ့ပေပြီ။ (၇)နှစ်စစ်ပွဲအပြီး အမေရိကတိုက်တွင်ရှိသည့်ပြင်သစ်ကိုလိုနီများထဲမှ လူဝီစီးယားနား Louisina မှအပ ကျန် ကိုလိုနီနယ်ပယ်များကို အင်္ဂလိပ်အားပေးခဲ့ရသည်။ ယင်း‘လူဝီစီးနား’ကိုလည်း (၁၈ဝ၃)ခုနှစ်တွင် ပြင်သစ်တို့က အမေရိကန်ပြည်ထောင်စုကို ရောင်းချပေးခဲ့သည်။

မြို့တော်ခန်းမထက်ကအလံတော် အပိုင်း-၄ (မောင်လှဝင်း-မြင်းခြံ)

0 comments

အာဖရိကတိုက်မှနေ၍ နီဂရိုးများကိုကျွန်များအဖြစ် အတ္တလန္တိတ်သမုဒ္ဒရာ ကိုကျော်ဖြတ်ပြီးသယ်ဆောင်လာရာတွင် လမ်းခရီးမှာပင် နီဂရိုး ကိုးသန်းခန့်သေဆုံး သွားခဲ့ကြသည်။ (၁၅)သန်းလောက်သာ အသက်ရှင်ပါလာခဲ့သည်ဟုဆိုသည်။ ၄င်း ကျွန်များ၏ တဝက်လောက်သော အရေအတွက်ကို ဗြိတိသျှသင်္ဘောများနှင့် သယ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှဓနရှင်တို့၏လုပ်ငန်းကြီးများ ဖြစ်ထွန်းကြီးပွား လာခြင်း၏ ပထမဆုံးအကြောင်းရင်းမှာ ဤအချက်ပင်ဖြစ်သည်။ ထို့ကြောင့် ဆိုရိုး စကားတခုရှိခဲ့ဖူးသည်။ “ဗြိတိသျှတို့၏နယ်မြေအုတ်ရိုးတံတိုင်းများကို နီဂရိုးအမျိုးသား တို့၏သွေးများဖြင့် အင်္ဂတေကိုင်ပြီးတည်ဆောက်လာခဲ့ခြင်းဖြစ်သည်”တဲ့။ ဤသို့ဆိုလျှင် ဥရောပတိုက်၏ အရင်းရှင်စနစ်ခေတ်ထလာမှုကို မည်သို့ကြည့်မြင်သုံးသပ်သင့်ပါသနည်း၊ ဥရောပတိုက်ဓနရှင်လူနည်းစုလက်တွင်း စုပြုံရောက်ရှိသွားသောအရင်းအနှီးများဆိုသည်မှာ…. အမေရိကတိုက်မှအင်ဒီးယန်းအမျိုးသားများနှင့် အာဖရိကတိုက်မှနီဂရိုးများ၊ တိုင်းရင်းသားများတို့၏သွေးတုံးသွေးခဲများပင်ဖြစ်သည်။ ကိုလိုနီအဖြစ်ကျွန်ပြုခြင်းခံရသည့် အရှေ့တိုင်းသားများ၏သွေးတုံးသွေးခဲ များလည်းဖြစ်သည်။ ၄င်းအပြင် ဥရောပတိုက်မှာပဲ ပင်တိုင်အဆက်မပြတ်သွေးစုပ်ခံခဲ့ကြရသည့် ဥရောပတိုက်သားတို့၏သွေး တုံးသွေးခဲများလည်း ကြီးမားသောအတိုင်းအတာဖြင့်ပါဝင်သည်၊ ဥရောပတိုက်၏ အရင်းရှင်စနစ်ကို ဤလူသားတို့၏သွေး ရည်သွေးခဲများဖြင့် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

၂၊ ပစ္စည်းမဲ့လူတန်းစား ကြီးထွားဖွံ့ဖြိုးလာခြင်း
ဥရောပအရင်းရှင်စနစ်ခေတ်ထပြီး ဖွံ့ဖြိုးတိုးတက်လာသည့်အကြောင်းကိုဖော်ပြရာတွင် ပစ္စည်းမဲ့လူတန်းစားကြီးထွားဖွံ့ဖြိုးလာပုံ အကြောင်း မပါဘဲပြည့်စုံနိုင်လိမ့်မည်မဟုတ်ပေ၊ အရင်းရှင်စနစ်သည် ပစ္စည်းမဲ့လူတန်းစားအပေါ်သွေးစုပ်ဖိနှိပ်မှုနှင့်အတူကြီးထွား လာသည်ဟူသောသုံးသပ်ချက်သည် အခြေခံကျသောအချက်ပင်ဖြစ်၏။ ဓနရှင်လူတန်းစားသည် အနာဂတ်သူ့သင်းချိုင်းကိုတူးပေး မည့်သူ တနည်းအားဖြင့် သူ့ကိုမြေမြုပ်သင်္ဂြီုဟ်မည့်သူကို သူကိုယ်တိုင်မွေးဖွားပေးခဲ့ခြင်းဖြစ်၏။ ဓနရှင်လူတန်းစားဆိုသည်မှာ လူမှုထုတ်လုပ်ရေးပရိဘောဂများကိုပိုင်ဆိုင်ပြီး  အခစားအလုပ်သမားများအားခိုင်းစားနေသူ ခေတ်သစ်အရင်းရှင်လူတန်းစားကို ဆိုလိုသည်။ ပစ္စည်းမဲ့လူတန်းစားဆိုသည်မှာ မိမိကိုယ်ပိုင်ထုတ်လုပ်ရေးပရိဘောဂများမရှိကြသောကြောင့် မိမိတို့အသက်ရှင်ရပ် တည်နိုင်ရေးအတွက် မိမိလုပ်အားကိုမလွှဲမရှောင်သာ ရောင်းစားနေကြရသော ခေတ်သစ်အလုပ်သမားလူတန်းစားပင်ဖြစ်သည်။ ဓနရှင်လူတန်းစားများ(တနည်းအားဖြင့်-အရင်းအနှီး)တိုးများလာသည့်အချိုးအစားနှင့်အညီ ပစ္စည်းမဲ့လူတန်းစားတိုးများ လာခြင်းဖြစ်သည်။ ဤအလုပ်သမားလူတန်းစားသည် အလုပ်ရှိမှသာလျှင်အသက်ရှင်နေထိုင်နိုင်စွမ်းရှိသည်၊ သူတို့၏အလုပ်က အရင်းအနှီးကိုတိုးပွားစေမှသာ သူတို့အလုပ်ရနိုင်သည်။ အလုပ်ဆက်လက်လုပ်ကိုင်နိုင်သည်။ အလုပ်သမား လူတန်းစားသည် မိမိကိုယ်မိမိ အလီလီရောင်းစားရသည်။ အခြားအရောင်းအဝယ်ပစ္စည်းများနည်းတူ အလုပ်သမားများသည်လည်း ကုန်စည်တမျိုးပင်ဖြစ်၏။ ထို့ကြောင့် အရင်းရှင်တို့၏ပိုင်ဆိုင်မှုစနစ်ဖြစ်ပေါ်လာသည့်အပြောင်းအလဲအားလုံး၊ ဈေးကွက်၏မတည်ငြိမ်မှုအားလုံး၊ အားလုံးသောအခြင်းအရာတွေ၏ဂယက်ရိုက်မှုကို သူ ခံရသည်။ အရင်းရှင်တွေခံရသည့်နည်းတူ အလုပ်သမားလည်းခံရသည်။ ဓမ္မတာအတိုင်းပင် အလုပ်သမားများမှာ အလုပ်ရှိမှအသက်ရှင်ရသူဖြစ်သောကြောင့် ဤသိုသော ဂယက်ရိုက်မှုဒဏ်ကိုပိုမိုခံရသည်။ သို့ဖြင့် အလုပ်သမားများသည် စက်ရုံ၏အဆွယ်အပွားများဖြစ်လာသည်။ သူ့အား အရိုးဆုံး၊ အပြောင်းအလဲမရှိဆုံး၊ အလွယ်ကူဆုံးဖြစ်သောကျွမ်းကျင်မှုရှိဖို့ကိုသာတောင်းဆို(သူ့တွင်လိုအပ်သည်)သည်။ ထို့ကြောင့် အလုပ်သမားတယောက်၏ထုတ်လုပ်ရေးစရိတ်ကို သူ အသက်ရှင်နေထိုင်နိုင်ဖို့နှင့်မျိုးဆက်ပြန့်ပွားရေးတို့အတွက်လိုအပ်သော ဘဝတည်မြဲရေးပစ္စည်းများရရှိစေရုံလောက်သာ ကန့်သတ်ထားသည်။ သို့ရာတွင် တဘက်က ကုန်ဈေးနှုန်းများတက်လာသည်နှင့် အမျှ လုပ်ခသည်လျော့ပါးလာသည်။ အလုပ်ချိန်ကတော့ ပိုတိုးလာသည်။ သတ်မှတ်ထားသည့်အလုပ်ချိန်အတွင်း အလုပ်ပမာဏ တိုးလာသည်။ အလုပ်၏ဝန်ထုပ်ဝန်ပိုး(ဝန်ထုံ့ဝန်ပို)များ အလုပ်သမားအပေါ် ပိုမိုကျရောက်လာခြင်းဖြစ်သည်။ စက်ရုံမှာစုပြုံနေသော အလုပ်သမားထုကြီးကို စစ်သားများကဲ့သို့စုစည်းဖွဲ့စည်းလိုက်သည်။ စက်မှုတပ်မတော်ကြီး၏သာမန်တပ်သားများအဖြစ် တပ်မှူး တပ်ကြပ်အဆင့်ဆင့်တို့၏ကွပ်ကဲအုပ်ချုပ်မှုအောက်မှာ စနစ်တကျထားရှိလိုက်သည်။ သူတို့သည် ဓနရှင်လူတန်းစား၏ကျေးကျွန်ဖြစ် ရုံသာမက ဓနရှင်နိုင်ငံတော်၏ကျေးကျွန်များလည်းဖြစ်ကြသည်။ ထိုမျှသာမက စက်ကိရိယာ၊ ကြီးကြပ်သူနှင့်အဓိကအားဖြင့် တဦးချင်းစက်ပိုင်ရှင် ဓနရှင်ကိုယ်တိုင်၏ကျွန်ပြုမှုကို နေ့စဉ်နှင့်အမျှ နာရီနှင့်အမျှခံကြရသည်၊ ဓနရှင်လူတန်းစားက အမြတ်အစွန်း ရရှိရေးကိုသူ၏အဆုံးစွန်ရည်ရွယ်ချက်အဖြစ် ပိုမိုဗြောင်ကျစွာဖော်ထုတ်လာသည်နှင့်အမျှ စက်ရုံအတွင်း ဓနရှင်၏မင်းမူအုပ်စိုးမှု၊ နိုင်ငံတော်၏မင်းမူအုပ်စိုးမှုတို့သည် ပိုပြီး ပိုပြီး မုန်းတီးစရာကောင်းလာသည်။ ပိုပြီးရက်စက်လာသည်။ ခေတ်သစ်စက်မှုလုပ်ငန်း ပိုမိုတိုးတက်လာသောအခါ ကာယအလုပ်မှာ ကျွမ်းကျင်မှုသိပ်မလိုတော့ပါ။ အားစိုက်ရမှုနည်းလာသည်။ သည်အခါ ယောင်္ကျားသားတို့၏အလုပ်ကို မိန်းမသားများနှင့်အစားထိုးလာသည်။ အလုပ်သမားလူတန်းစားအတွက် အသက်ခြားနားမှု၊ ကျားမခြားနားမှုများသည် မည်ကဲ့သို့သောထင်ရှားသည့်(တမူခြားနားသည့်) လူမှုရေးအဓိပ္ပာယ်မှရှိမနေတော့။ အားလုံးတို့သည် အလုပ်ကိရိယာများဖြစ်ကုန်ကြတော့သည်။ အလုပ်သမားများသည် စက်ရုံပိုင်ရှင်များ၏သွေးစုပ်မှုကိုခံရပြီးနောက် လုပ်ခကိုလက်ငင်းရလိုက်သည်။ ဤသည်မှာ သွေးစုပ်ပြီးသားလုပ်ခငွေကိုရရှိခြင်းဖြစ်သည်။ ယင်းသို့ လုပ်ခရပြီးသည်နှင့် တပြိုင်နက် ဓနရှင်လူတန်းစား၏တခြားသောအစိတ်အပိုင်းဖြစ်သည့် အိမ်ပိုင်ရှင်ကြီးများ၊ဆိုင်ပိုင်ရှင်ကြီးများ၊ အပေါင်ခံစားသူ များသည် အလုပ်သမားများအပေါ် ထပ်မံသွေးစုပ်လိုက်ကြပြန်သေးသည်။ (ပဲရစ်ဘုံအဖွဲ့က သူတို့ အာဏာရရှိလိုက်သည့်အချိန်တွင် အပေါင်ဆိုင်များကိုပိတ်ပင် တားမြစ်လိုက်ခြင်းသည် ဤအချက်အပေါ်တွင်မူတည်သည်) အလယ်အလတ်အောက်လွှာ (Lower Middle class)လူတန်းစားများဖြစ်ကြသော လုပ်ငန်းပိုင်ရှင်ကလေးများ၊ ဆိုင်ပိုင်ရှင်ကလေးများ၊ လုပ်ငန်းမှအနားယူသွားရသည့် (ဓနရှင်စနစ်ကြီးထွားဖွံ့ဖြိုးမှုက ဖျက်သိမ်းမောင်းထုတ်ခြင်းကိုခံလိုက်ရသော)လုပ်ငန်းပိုင်ရှင်အားလုံးနီးပါး၊ လက်မှုပညာသည်များ၊ ၄င်းအပြင် လယ်သမားများတို့သည် တစတစနှင့် ပစ္စည်းမဲ့လူတန်းစားတပ်ဖွဲ့အတွင်းသို့ ကျရောက်သက်ဆင်းလာကြသည်။
လယ်သမားလူတန်းစားထဲမှတစိတ်တပိုင်းသည် ဘာကြောင့် ပစ္စည်းမဲ့လူတန်းစားအတွင်းသို့ရောက်ရှိလာကြရပါသနည်း။ ဥရောပတိုက်မှလယ်သမားများသည် လယ်မြေများလုယက်ခြင်းခံခဲ့ကြရသည်၊ လယ်မြေကို မွေးမြူရေးစားကျက်မြေများ အဖြစ်ပြောင်းကာ သိုးမွှေးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသောဓနရှင်များကြောင့်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေလုပ်ငန်း အတွင်းမှာလည်း ဓနရှင်နည်းနာတွေရောက်ရှိလာခဲ့သည်။ လယ်ယာလုပ်ငန်းတွင် ဓနရှင်များကဲ့သို့မြှုပ်နှံစရာအရင်းအနှီး မရှိကြသောကြောင့် လယ်သမားများက သူတို့၏လယ်သမားဘဝကိုစွန့်လွှတ်လိုက်ကြသည်လည်းရှိသည်။ ဓနရှင်လူတန်းစားသည် ကျေးလက်များအား မြို့များ၏စိုးမိုးမှုအောက်တွင်ထားရှိခြင်းသည်လည်း အကြောင်းအချက်တခုဖြစ်သည်။ မြို့ကြီးများကို အသစ်တည်ထောင်လာကြသည်။ မြို့နေလူဦးရေကိုအလွန်အမင်းတိုးပွားလာစေပြီး ကျေးလက်လူဦးရေအတော်များများကို ထိုင်းမှိုင်းသည့်ကျေးလက်ဘဝမှ ဆွဲထုတ်ပစ်လိုက်သည်။
နောက်ထပ်အကြောင်းအချက်တခုလည်းရှိသေးသည်။ လယ်သမားများကြုံတွေ့ရသည့်အုပ်စိုးသူလူတန်းစား၏ဖိနှိပ်မှုများ၊ ပဒေသရာဇ်အနှောင်အဖွဲ့များနှင့်စီးပွားရေးဘေးဒုက္ခများကြောင့် လယ်သမားတို့က သူတို့၏လယ်သမားဘဝမှရုန်းထွက်ဖို့ ကြိုးစားကြည့်ကြခြင်းဖြစ်သည်၊။
ထို့အပြင် ဥရောပတိုက်၏အရှေ့ဘက်မှနေ၍ ပုလိပ်ရောဂါကူးစက်ကျရောက်လာသဖြင့် (၁၃၄၈)ခုနှစ်မှသည် (၁၃၅ဝ)ခုနှစ်အထိ ဥရောပတိုက်၏လူဦးရေထက်ဝက်လောက် သေကြေပျက်စီးကုန်ကြသည်။ ထို့ကြောင့် လျော့ပါးလစ်လပ်သွားသည့်အလုပ်သမား များ၏နေရာတွင် လယ်သမားများဝင်ရောက်လုပ်ကိုင်လာကြသည်လည်းရှိသည်။
ဤသို့ဖြင့် ဓနရှင်လူတန်းစားသည် ပြန့်ကျဲနေသည့်လူဦးရေကို စုစည်းပြွတ်သိပ်စေလိုက်သည်။ အသေးစားထုတ်လုပ်ရေးပရိဘောဂနှင့် ပိုင်ဆိုင်မှုအသေးစားများကို ပို၍ပို၍ဖျက်ဆီးပစ်သည်။ သည်အခါ ထုတ်လုပ်ရေးပရိဘောဂများစုစည်းခြင်းဖြစ်လာရသည်။ တနည်းအားဖြင့် ထုတ်လုပ်ရေးပရိဘောဂများ လူနည်းစုလက်တွင်းသို့ စုစည်းရောက်ရှိသွားသည်။ ယင်းသို့ ထုတ်လုပ်ရေးပရိဘောဂများကို ခေတ်သစ်စက်မှုလုပ်ငန်းက စုစည်းလာသည်နှင့်အမျှ လုပ်ငန်းများပိုမိုကြီးထွားလာသည်။ အရင်းအနှီးပို၍များပြားလာရသည်။ ပိုမိုများပြားသောအရင်းအနှီးရရှိဖို့အတွက် သွေးစုပ်မှုနည်း နာများချဲ့ထွင်ရှာကြံလာရသည်။ ရှာကြံရရှိသည့်အခါတွင် ထပ်မံရင်းနှီးမြှုပ်နှံမှုပြုသည်။ အရင်းအနှီးမြှုပ်နှံမှု ပိုမိုကြီးမားလာသည်နှင့် အမျှ လုပ်ငန်းကလည်းပိုမိုကြီးထွားလာပြန်ပါသည်။ ဤအခါတွင် အလုပ်အတွက် လိုအပ်သောအလုပ်သမားများထပ်မံစု ဆောင်းခြင်း ပြုလုပ်ရပြန်တော့သည်။
၎င်းအပြင် ပစ္စည်းမဲ့လူတန်းစားသည် အရေအတွက်တိုးများလာရုံသက်သက် မကပါ။ ပိုကြီးသောထုထည်အဖြစ် စုစည်းလာသည်။ သူ့အင်အား တနေ့တခြား ပိုမိုကြီးမားလာပြီး ဤသို့ကြီးမားလာကြောင်းကိုလည်း မိမိတို့ကိုယ်တိုင် ခံစားသိရှိလာကြသည်။ အစပိုင်းတွင် အလုပ်သမားများသည် မိမိတို့ကိုတိုက်ရိုက်သွေးစုပ်နေသောဓနရှင်တဦးချင်းကိုပဲ တိုက်ပွဲဆင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းကျတော့ ဓနရှင်နှင့်ပစ္စည်းမဲ့လူတန်းစားတို့အကြားကတိုက်ပွဲသည် ပို၍ပို၍ လူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲလက္ခဏာဆောင်လာသည်။ အလုပ်သမားတို့သည် မိမိလုပ်ခကိုကာကွယ်ရေးအတွက် အလုပ်သမားအချင်းချင်းပူးပေါင်း လာကြရသည်။ တဆင့်တက်၍ ပိုမိုစည်းကမ်းရှိသောအလုပ်သမားသမဂ္ဂများ ဖွဲ့စည်းလာကြရသည်။ ရံဖန်ရံခါဖြစ်ပေါ်လာတတ်သော ပုန်ကန်မှုများအတွက် အမြဲတမ်းအစည်းအရုံးများတင်ကြိုပြီးတည်ထောင်ထားရသည်။ တချို့နေရာများ၌ ဓနရှင်နှင့်ပစ္စည်းမဲ့လူတန်း စားတို့အကြားအားပြိုင်မှုသည် အတိအလင်းပုန်ကန်မှုအဖြစ် ပေါက်ကွဲသွားတတ်သည်လည်းရှိသည်။
ဤအဆင့်မတိုင်ခင်ကမူ အလုပ်သမားများပေါင်းစည်းရေးအတွက် ဓနရှင်လူတန်းစားကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ဓနရှင်လူတန်းစားသည် ပဒေသရာဇ်လူတန်းစားအပေါ်အနိုင်ရရှိဖို့နှင့် အရင်းရှင်အချင်းချင်းပြိုင်ဆိုင်မှုများတွင် အနိုင်ရရှိရေးတို့အတွက် အလုပ်သမားလူတန်းစားတရပ်လုံးကိုအကူအညီတောင်းခံရသည့်အဖြစ်လည်း ဆိုက်ရောက်လာသည်၊ တနည်းဆိုလျှင် ဓနရှင်လူတန်းစားကအလုပ်သမားတို့အင်အားကို အသုံးချလိုက်ခြင်းပင်။
ထိုအဆင့်မှာဆိုလျှင် ပစ္စည်းမဲ့လူတန်းစားသည် သူ၏တိုက်ရိုက်ရန်သူဖြစ်သော ဓနရှင်လူတန်းစားကိုတိုက်ပွဲဆင်တာမဟုတ်တော့ဘဲ “မိမိရန်သူ၏ရန်သူများဖြစ်ကြသော” သက်ဦးဆံပိုင်အကြွင်းအကျန်များ၊ မြေရှင်များ၊ စက်မှုလုပ်ငန်းမလုပ်သည့်ဓနရှင်နှင့် ဓနရှင်ပေါက်စလူတန်းစားများတို့ကို တိုက်ပွဲဆင်ခဲ့ကြရသည်။ ပြင်သစ်ပြည်ဓနရှင်တော်လှန်ရေးများတွင် ရှုပ်ထွေးလှသောအဖြစ် အပျက်များအကြား ဤသို့သောတိုက်ပွဲဆင်ခြင်း ဖြစ်စဉ်များကိုတွေ့ရှိနိုင်သည်။ ယင်းခေတ်ကာလက သမိုင်းလှုပ်ရှားမှုတရပ်လုံးသည် ဓနရှင်လူတန်းစား၏လက်တွင်းတည်ရှိနေခဲ့သည်။ ရရှိသောအောင်ပွဲတိုင်းသည်လည်း ဓနရှင်လူတန်းစား၏အောင်ပွဲများသာ။
သည့်နောက်ပိုင်းကာလရောက်ရှိတော့မှ….
အထက်ပါအကြောင်းအချက်များသည် ဥရောပတိုက်ဓနရှင်လူတန်းစား ကြီးထွားလာသည့်ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ကြည့်မြင်ခြင်း ပဲဖြစ်သည်။
၎င်းအပြင် နောက်ထပ်ထပ်မံရှင်းလင်းဖို့လိုအပ်နေသောအကြောင်းအချက်မှာ အရင်းရှင်စနစ်ခေတ်ထလာမှုနှင့်အတူ လယ်သမားများ
မြေယာလုယက်ခံရသည့်အကြောင်းအချက်များပင် ဖြစ်သည်။ ဓနရှင်စနစ်ဖြစ်ထွန်းတိုးတက်လာမှုက လယ်သမားများ၏ဘဝကိုဖျက်ဆီးပစ် ခဲ့ကြောင်းပုံပေါ်စေလို၍ ဖြစ်သည်။
လယ်သမားများမြေယာလုယက်ခံကြရသည့်ကိစ္စတွင် အဓိကကျသောသဏ္ဌာန် (၂)မျိုးရှိသည်။
ပထမသဏ္ဌာန်မှာ (၁၅)ရာစုအကုန်ကာလက အင်္ဂလန်တွင် သိုးနွားတိရစ္ဆွာန်မွေးမြူရေးအတွက် စားကျက်ကြီးများလိုလာခြင်းဖြစ်သည်။ ထို့ကြောင့် လယ်သမားများကို လယ်ယာမြေတွေကနေ အနုနည်းရောအကြမ်းနည်းပါ
(၂)မျိုးစလုံးသုံးပြီး မောင်းထုတ်ပစ်ခဲ့သည်။ သည်အခါ လယ်ယာလုပ်ခင်းကိုင်ခင်းကြီးတွေ ပေါ်လာသည်။ ယင်းလယ်ယာလုပ်ခင်းကြီးများကို သူဌေးကြီးများနှင့်မင်းညီမင်းသားတွေက ပိုင်ဆိုင်ကြသည်။
လယ်ယာလုပ်ငန်းတွင် ဓနရှင်နည်းနာများဝင်ရောက်နေရာယူမှုဟုလည်း ဆိုနိုင်ပါသည်။ စားကျက်များဆိုသည်မှာလည်း ဓနရှင်တို့၏ သိုးမွှေးထုတ်လုပ်ရေးလုပ်ငန်း၊ အသားထုတ်လုပ်ရေးလုပ်ငန်းတို့အတွက် ဖြည့်ဆည်းပေးရခြင်းဖြစ်သည်။ လယ်ယာမြေများတွင် ကောက်စိုက်စက်များ (၁၇ဝ၁)ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည်၊ လယ်ကွင်းအကျယ်ကြီးတွေကို ခြံကြီးများကဲ့သို့ကာရံပြီး အသားစားဖို့တိရစ္ဆွာန်အများအပြားမွေး မြူလာကြသည်။ မွေးမြူရေးတခေတ်ဆန်းလာသည်။ ဓနရှင်တို့သည် နိုင်ငံခြားနှင့်ကုန်သွယ်ရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလည်း အမြတ်အစွန်းစို့စို့ပို့ပို့ရရှိခဲ့ကြသည်။ ဤအမြတ်အစွန်းများ ပေါင်ငွေ (၅၄)သန်းခန့်စုဆောင်းမိလာသောအချိန်တွင် ဘဏ်များ၊ စတော့ ဈေးဖလှယ်ရာဌာနများ စတင်ထူထောင်ကြတော့သည်။ ဤနည်းဖြင့် စက်မှုအရင်းရှင်များဘဝမှ ဘဏ်အရင်းရှင်များဘဝသို့ စတင်ကူးပြောင်း လာကြခြင်းဖြစ်သည်။ လယ်သမားများ မြေယာလုယက်ခံခဲ့ရခြင်း၏ နောက်သဏ္ဌာန်တခုမှာ ကိုလိုနီနယ်မြေများအဖြစ်သိမ်းပိုက်လုယက် ခြင်းခံရခြင်း ဖြစ်သည်။ ဤကိစ္စကို အထက်တွင်တင်ပြပြီးပါပြီ)
ဥရောပတိုက်တွင် အရင်းရှင်စနစ်ခေတ်ထလာမှုနှင့်အတူ ဥရောပယဉ်ကျေးမှုသည်လည်း ထွန်းကားလာခဲ့လေသည်။ (၁၄)ရာစုနှင့် (၁၅) ရာစုတို့တွင် အီတလီပြည်သည် ဥရောပယဉ်ကျေးမှုအထွန်းကားဆုံးတိုင်းပြည်ဖြစ်လာခဲ့သည်။ ဥရောအရင်းရှင်စနစ်ခေတ်ဦး တွင် စာပေ၊ ပန်းချီပန်းပုအနုပညာ၊ ဒဿနိကဗေဒစသည့် ယဉ်ကျေးမှုတို့ဘက်စုံဖွံ့ဖြိုးတိုးတက်လာသည်။ ပဒေသရာဇ်ခေတ်မှာလည်း စာပေ၊ ပန်းချီပန်းပုနှင့်အတွေးအခေါ်၊ ယဉ်ကျေးမှုတို့ပေါ်ပေါက်ဖြစ်ထွန်းခဲ့သည်ပင်ဖြစ်၏။ သို့ရာတွင် ပဒေသရာဇ်တို့သည် သူ့လူတန်းစားအကျိုးနှင့်ကိုက်ညီသည့်ယဉ်ကျေးမှု(သို့မဟုတ်) သူ့လူတန်းစားအကျိုးကိုမထိခိုက်သည့် ယဉ်ကျေးမှုတို့ကိုသာခွင့်ပြုသည်။ ပဒေသရာဇ်တို့မလိုလားသော စာပေအနုပညာနှင့်ယဉ်ကျေးမှုတို့သည် ပိတ်ပင်တားဆီးခြင်း ခံခဲ့ရသည်၊ လူတန်းစားအကျိုးနှင့်မကိုက်ညီသည့်အရာတွေအပေါ်ဖိနှိပ်ချုပ်ချယ်မှုသည် ကျွန်ပိုင်ရှင်ခေတ်ကတည်းက တည်ရှိလာခဲ့ခြင်းဖြစ်သည်။ ‘ဆိုကရေးတီး’သည် သူ့ယုံကြည်ချက်၊ သူ့အယူအဆအတွက် အသက်ပေးသွားခဲ့ရသည်။ ဤသည်မှာ ယင်းခေတ်ယင်းအခါက ထူးဆန်းသောအယူအဆသစ်ဖြစ်သည့် သူ့အတွေးအခေါ်ကို သက်ဦးဆံပိုင်တွေက လက်မခံနိုင်သည့် အတွက် ဖိနှိပ်ပစ်ခဲ့ခြင်းဖြစ်သည်။ အလားတူ ဥရောပတိုက်တွင် ဘီစီ (၅၂၇)နောက်ပိုင်း ပလေတို၏အကယ်ဒမီကျောင်းကို ပိတ်ပစ်ခဲ့ခြင်းမှာလည်း ဤသဘောအတိုင်းပင်ဖြစ်သည်။ ဓနရှင်စနစ်ခေတ်ဦးရောက်တော့လည်း သူတို့၏ဓနရှင်စနစ်ဖြစ်တည်ဖို့နှင့် ကိုလိုနီလုယက်ဖို့အတွက် အမေရိကတိုက်မှ အဆင့်အတန်းမြင့်မားခဲ့သည့် ‘မာယာ’(Maya) ‘အင်ကာ’(Inca)ယဉ်ကျေးမှုတို့ကို မြေမြှုပ်ဖျက်ဆီးပစ်ခဲ့ကြသည်။
သို့ရာတွင် နှိုင်းယှဉ်ခြင်းအရပြောရလျှင် ပဒေသရာဇ်လူ့အဖွဲ့အစည်းထက် အရင်းရှင်လူ့အဖွဲ့အစည်းက ပိုမိုတိုးတက်ခဲ့သည်။ ပိုမိုလွတ်လပ်ခွင့်ရှိသည်။ ထို့ကြောင့် စာပေအနုပညာနှင့်ယဉ်ကျေးမှုတို့သည် အရင်းရှင်စနစ်ခေတ်ဦးကာလတွင် နှိုင်းယှဉ်ချက် အရပိုမိုလွတ်လပ်ပြီး ပိုမိုတိုးတက်လာခြင်းဖြစ်သည်၊ ထိုစဉ်က ဥရောပတိုက်တွင် အီတလီ။ ဂျာမနီနှင့်ဒတ်ခ်ျတို့တွင် ပန်းချီနှင့်ပန်းပုပညာများ အားကောင်းကောင်းနှင့်ဖွံ့ဖြိုးတိုးတက်လာသည်။ ဥရောပတိုက်၏ အနုပညာအကျော်အမော်တဦးဖြစ်သော မိုက်ကယ်အင်ဂျလို(၁၄၇၅-၁၅၆၄) ပေါ်ထွန်းခဲ့သည်။ ကဗျာလင်္ကာဘက်တွင် အင်္ဂလန်က စပင်ဆာ(၁၅၅၂-၉၉)သည် ထင်ရှားသည်၊ ပြဇာတ်ဘက်တွင်မူ ရှိတ်စပီးယား(၁၅၆၄-၉၉) သည် ဥရောပတိုက်အကန့်အသတ်ဘောင်ကိုကျော်လွန်ပြီး ကမ္ဘာ့အတိုင်းအတာဖြင့် ယနေ့ထက်တိုင်ကျော်ကြားသြဇာကြီးမားသူ ဖြစ်လာသည်။ (၁၅)ရာစုက ဂျာမနီမှ ပန်းချီပန်းပုလက်ရာ များသည် ကက်သလစ်ဘာသာဝင် အုပ်စိုးသူလူတန်းစား၏သြဇာအာဏာကို ပြည်သူလူထုအကြားရောက်ရှိပျံ့နှံ့အာင် ဖြန့်ချိပေးခဲ့ရခြင်းသာဖြစ်သည်။
(၁၄)ရာစုနှစ်နောက်ပိုင်းတွင် ဂျာမနီလူမျိုး ဂူတင်ဘတ်ဆိုသူက ပုံနှိပ်စက်ကိုတီထွင်နိုင်ခဲ့သည့်အတွက် စာပေဖြန့်ချိရေးကို ကြီးမားစွာတွန်းဆော်ပေးလိုက်သည်။ ၄င်းပုံနှိပ်စက်ကိုအတုယူပြီး ပြင်သစ်၊ အီတလီနှင့်အင်္ဂလန်တို့က ပိုမိုကောင်းမွန်အောင်ပြုပြင် ကာ ထွန်းကားစေခဲ့ခြင်းဖြစ်သည်။ ပုံနှိပ်စက်ကြောင့် (၁၇)ရာစုဂျာမနီတွင် ဝတ္ထုစာပေတို့သည် အကျယ်အပြန့်နေရာယူလာနိုင်ခဲ့ ကြသည်။ သို့ရာတွင် ယင်းဝတ္ထုစာပေအများစုမှာ ဓနရှင်လူကုံထံလောကကို အမွှန်းတင်ထောက်ခံအားပေးသည့်ဝတ္ထုစာပေများသာ ဖြစ်ခဲ့သည်။ ဓနရှင်လူတန်းစား၏တော်လှန်ရုန်းကန်မှုက စာပေယဉ်ကျေးမှုအပေါ်ရိုက်ခတ်ထင်ဟပ်ချက်ဟုတော့ဆိုနိုင်သည်။ ဤသို့သော ယဉ်ကျေးမှုဘက်မှ တိုးတက်လာမှုတွေကို ကားလ်မာ့က်စ်က အောက်ပါအတိုင်းခြုံငုံသုံးသပ်ခဲ့သည်။
“ဥရောပတိုက်၏ယဉ်ကျေးမှုနှင့် အသိပညာဖန်တီးမှုများသည် ဓနရှင်လူတန်းစား ကြီးထွားလာမှုနှင့်တိုက်ရိုက်ဆက်စပ်မှုရှိခဲ့သည်။ ထိုမျှသာ မကပါ။ အမျိုးသားတရပ်၏ အသိပညာဖန်တီးမှုသည် အများပိုင်ပစ္စည်းဖြစ်လာခဲ့သည်။ ဓနရှင်တို့၏ထုတ်လုပ်ရေးပစ္စည်းများကမ္ဘာ့လွှမ်းခြုံမှု၊ ဓနရှင်တို့အတွက်ကုန်ကြမ်းကို ကမ္ဘာ့ဒေသအသီးသီးမှဖြည့်တင်းပေးရမှု ဒေသအသီးသီး၊ ဈေးကွက်အသီးသီးတို့၏လိုအပ်မှုအသစ်ကိုဓနရှင်လူတန်းစားကလိုက်လံနေရမှု….ဤသည်တို့ကြောင့် အမျိုးသား(တိုင်းပြည်)အသီးသီးတို့သည် တဦးနှင့်တဦးဆက်သွယ်လာခဲ့ကြရသည်၊ အပြန်အလှန်မှီခိုမှု ဖြစ်လာကြရသည်။ အမျိုးသား တဘက်သတ်ကျမှု(အစွန်းရောက်မှု)နှင့်အမျိုးသားအမြင်ကျဉ်းမှုတို့သည် ပို၍ ပို၍အကန့်အသတ်ခံလာခဲ့ကြရသည်။ အရေအတွက်များပြားလှသော အမျိုးသားနှင့်ဒေသဆိုင်ရာစာပေယဉ်ကျေးမှုမှ ကမ္ဘာာ့စာပေယဉ်ကျေးမှု ပေါ်ထွန်းလာစေခဲ့သည်”
(၁၆)ရာစုတွင် ပဒေသရာဇ်ကိုးကွယ်ယုံကြည်မှုနယ်ပယ်တွင်လည်း ထိုးဖောက်ဆန့်ကျင်မှုများ ပေါ်ထွက်လာခဲ့သည်။ “လူ့တန်ဖိုးကို လေးစားသင့်တယ်”ဟူသော အယူအဆပေါ်လာသည်။ လူ့အင်အား၊ လူ့တန်ဖိုးကိုဝါဒဖြန့်ရင်းက“ဘုရားသခင်က အရာရာကို ဖန်ဆင်းသည်”ဆိုသော ခရစ်ယာန်ဘာသာကိုလည်း ဆန့်ကျင်လာကြသည်။ လူသာ Luther (၁၄၈၃-၁၅၄၆)က ‘တရားကျင့်တာတို့၊ ကောင်းမှုပြုတာတို့ဟာ လွတ်မြောက်မှုဆီသို့ မပို့ဆောင်နိုင်။ ယုံကြည်မှုကသာ လွတ်မြောက်မှုဆီပို့ဆောင်နိုင်လိမ့်မယ်’ဟု ဟောပြောခဲ့သည်။ သူက (၁၅၂၅)ခုနှစ်မှာ သမ္မာကျမ်းစာကိုဘာသာပြန်ခဲ့သူ ဖြစ်သည်၊ ဘာသာရေးစာတမ်း (၉၅)စောင်ကိုလည်း တင်သွင်းခဲ့သည်။ ထို့ကြောင့် သူ့ကို ခရစ်ယာန်အသင်းတော်က ဝိုင်းပယ်ခဲ့ကြသည်၊ (၁၅၂၄-၂၅)ခုနှစ်များက ဂျာမနီတွင်ပဒေသရာဇ်ဆန့်ကျင်ရေး၊ ခရစ်ယာန်ဘာသာဆန့်ကျင်ရေးလယ်သမားစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၄င်းလှုပ်ရှားမှုသည် ဘာသာရေးထိပ်သီ်းများနှင့် မင်းမျိုးမင်းနွယ်များကိုဦးတည် ဆန့်ကျင်ခဲ့ကြခြင်းဇြစ်သည်။ ၄င်းတိုက်ပွဲအတွင်း လယ်သမားဦးရေ၏ သုံးပုံ နှစ်ပုံပါဝင်ခဲ့ကြသည်။ ၄င်းအရေးတော်ပုံ ရှုံးနိမ့်သွားခဲ့ရသော်လည်း ဘာသာရေးပြုပြင်ပြောင်းလဲမှုများကိုဖြစ်စေခဲ့သည်။ ယင်းလယ်သမားသူပုန်ကို “လူသာ”၏အကူအညီနှင့် နှိမ်နင်းခဲ့ခြင်းဖြစ်ပါသည်။ ခရစ်ယာန်အသင်းတော်က ဝိုင်းပယ်ခြင်းခံခဲ့ရသော လူသာသည် လယ်သမားသူ ပုန်ကန်မှုကျတော့ ဘယ်ဘက်ကရပ်သွားသလဲဆိုတာ သင်ခန်းစာယူစရာဖြစ်သည်၊ လယ်သမားများရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်။
အလယ်ခေတ်ခရစ်ယာန်လောကတွင် ဘာသာရေးအချေအတင်ဆွေးနွေးပွဲများ၊ ဆန့်ကျင်တိုက်ခိုက်မှုများ ပေါ်လာခဲ့သည်။ ဘုန်းကြီးများ၏လာဘ်စားမှုတွေပွင့်ကျကုန်သည်။ မကျေနပ်သူတွေက ဆန့်ကျင်ဆူပူတာတွေဖြစ်လာသည်။ (၁၅၃၄)ခုနှစ် အင်္ဂလန်တွင် အဋ္ဌမမြောက်ဟင်နရီဘုရင်ကြီးက အင်္ဂလိပ်အမျိုးသားအာဏာပိုင်တို့ကို ကက်သလစ်ဘုရားရှိခိုးကျောင်းနှင့် အဆက်ဖြတ်ခိုင်းလိုက်သည်။ ဘုရားကျောင်းပိုင်ပစ္စည်းတွေကိုသိမ်းယူသည်၊ ပရိုတက်စတင့်ကျင့်ဝတ်များကို ပြဋ္ဌာာန်းသတ်မှတ်ပေးသည်။
ဂျာမနီပြည်မှာလည်း ဟက်စ်ဘတ် (Hapsburg)မင်းဆက်က ကက်သလစ်အယူဝါဒကို ပြန်လည်အသက်သွင်းသည့်အခါ (၂၅)နှစ်ကြာတိုက်ပွဲများဖြစ်ပွားခဲ့ရသည်။ အနှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၄၈)ပြီးဆုံးသွားသည့်အခါကျမှ (၁၅၅၅)ခုနှစ်တုန်းက ဆုံးဖြတ်ခဲ့သော ငြိမ်းချမ်းရေးစာချုပ်အရ ဒေသန္တရမင်းညီမင်းသားများနှင့်ပြည်သူများအား ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့သည်။ ဂျာမနီတပြည်လုံးသည် ဘာသာရေးစစ်ပွဲများကြောင့်ယိုယွင်းပျက်စီးမှုများ ဖြစ်ခဲ့ရသည်။ ကက်သလစ်တို့က ဘာသာရေးပြုပြင်ပြောင်းလဲရေးကို ကိုင်တွယ်ထိန်းချုပ်လာသည့်အခါတွင် ပရိုတက်စတင့်ဘာသာ၏ဆန့်ကျင်မှုတို့နှင့် ရင်ဆိုင်ရသည်။ ပိုလန်၊ ဟန်ဂေရီ၊ ဂျာမနီတောင်ပိုင်းတို့မှာ ဘာသာရေးပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့ရသည်။ ဤသို့ဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာစစ်ပွဲများသည် နှစ်ပေါင်း (၁၅ဝ)တိုင်ရှည်ကြာခဲ့သည်။ ဤသို့သောကိစ္စမျိုးတွေ အရင်းရှင်စနစ်ခေတ်ဦးမှာ ဘာကြောင့်ပေါ်ထွက်လာခဲ့ရတာပါလဲ။ ဒါဟာ ဘာသာရေးသက်သက်လား။ အရင်းရှင်စနစ် သို့မဟုတ် ဓနရှင်လူတန်းစားတို့နှင့် ဆက်စပ်မှုရှိသလား။
ပုပ်ရဟန်းမင်းကြီးကဲ့သို့သော ဘာသာရေးအကြီးအကဲများသည် ပဒေသရာဇ်လူတန်းစားဘက်က ရပ်တည်လာခဲ့ကြသူတွေ သာဖြစ်၏။ မြေရှင်ပဒေသရာဇ်ခေတ်တုန်းကဆိုလျှင် ဥရောပတဝန်းလုံးတွင် ဘာသာရေးဘက်မှာသာမက နိုင်ငံရေးဘက်မှာပါ ပုပ်ရဟန်းမင်းကြီိးက အထွဋ်အထိပ်ဖြစ်သည်။ သူက အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားတိုင်းပြည်များတွင် တက်သစ်စဓနရှင်လူတန်းစားကို အားပေးထောက်ခံသောအမျိုးသားဘုရင်နှင့် ပဒေသရာဇ်တို့ဘက်ကရပ်တည်သော ဘာသာရေးအကြီးအကဲများ ထိပ်တိုက်တွေ့ကြရတော့သည်။
(၁၂)ရာစုမှသည် (၁၅)ရာစုအထိ ပြင်သစ်ပြည်မှာ ဘုရင်နှင့်ပုပ်ရဟန်းမင်းကြီးတို့အားပြိုင်ခဲ့ရာတွင် ဘုရင်ကအနိုင်ရရှိခဲ့သည်။ (အင်္ဂလန်မှာ ၁၅၃၄ ခုနှစ်တုန်းက ဟင်နရီဘုရင်က ကက်သလစ်ဘာသာကိုဆန့်ကျင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးပြီ။) ပရိုတက်စတင့်ဘာသာအကြောင်းကိုလည်း အကြမ်းဖျင်းနားလည်ထားဖို့လိုအပ်သည်။ ဂျာမနီနိုင်ငံတွင် (၁၅၁၇)ခုနှစ်နောက်ပိုင်းမှာ ပရိုတက်စတင့်ဂိုဏ်း စတင်ပေါ်ထွက်လာခဲ့ပါသည်။ ဘုရင်နှင့်ဘူဇွာ(ဓနရှင်လူတန်းစား)တို့က ပရိုတက်စတင့်ဘာသာကို ထောက်ခံလိုက်ကြသည်။ ဤသည်မှာ ပုပ်ရဟန်းမင်းကြီးနှင့် ရောမကျောင်းတော်၏သြဇာအောက်မှ ရုန်းထွက်လိုက်ခြင်းပင်ဖြစ် သည်။ ထိုခေတ်ထိုအခါတုန်းက ဘာသာရေးသင်းအုပ်ဆရာတော်များနှင့် ကျောင်းထိုင်ဘုန်းတော်ကြီးများဦးစီးသည့် ခရစ်ယာန်ဘုရားကျောင်းများသည် ပေါ်ထွန်းစမြို့နေဓနရှင်လူတန်းစား၏လှုပ်ရှားမှုအတော်များများကို “ဒုစရိုက်မှုများ”အဖြစ် တိုက်ခိုက်ခဲ့ကြသည်။ ပဒေသရာဇ်စနစ်ကို ထောက်ခံအားပေးသောအမြင်များကို ဖြန့်ဖြူးပေးခဲ့ကြသည်။ ထို့ကြောင့် (၁၆) ရာစုနှင့် (၁၇)ရာစုနှစ်များတုန်းက ဂျာမနီ၊ ဟော်လန်၊ ဗြိတိန်နှင့်ပြင်သစ်တို့တွင် အလယ်အလတ်လူတန်းစား (စက်မှုလုပ်ငန်းပိုင်ရှင်များ ကိုဆိုလိုသည်။ ယင်းတို့သည် လက်ဝါးကြီးအုပ်စုစည်းမှုရှိကြသည့် ခေတ်မီအကြီးစားစက်မှုလုပ်ငန်းပိုင်ရှင်များအဆင့်သို့ မရောက်ကြသေးပါ။) သည် သူတို့ကိုယ်တိုင်၏ဘာသာရေးအသစ်တရပ် ဖြစ်တည်လာအောင်ဝိုင်းဝန်းဖန်တီးခဲ့ကြသည်။ အလယ်ခေတ်ပဒေသရာဇ်တို့ ယုံကြည်လာခဲ့ကြသည့်ဘုရားသခင်နှင့်ဆန့်ကျင်ပြီး သူတို့ကိုယ်တိုင်၏ဘုရားတဆူကိုဖန်တီးခဲ့ကြခြင်းပါ။ ပရိုတက်စတင့်ဘာသာသည် ဤနည်းဖြင့် ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်။