Tuesday, December 4, 2012

လူမှုကွန်ယက် လူထုမီဒီယာနှင့် စည်းကမ်းမပြည့်ဝသော……..(မျိုးမြင့်ချို)

0 comments
၂ဝ၁ဝ နှစ်ဆန်းပိုင်းက ဖြစ်မည်ထင်၏။ ဂျာမဏီမှမိတ်ဆွေတစ်ဦးက “ခင်ဗျား. .ဖေ့စ်ဘွတ်ခ် ဘာလို့မသုံးတာလဲ”ဟုမေး၏။ ပြီးနောက် ဖေ့စ်ဘွတ်ခ်အကြောင်း၊ ယင်း၏အစွမ်းနှင့်အကျိုးအပြစ်တို့အကြောင်း တဆက်တည်းရှင်းပြ၏။ အမှန်ပြောရလျှင် ထိုမတိုင်မီက ဖေ့စ်ဘွတ်ခ်အကြောင်း ကြားဖူးနားဝမျှ။ စိတ်လည်းသိတ်မဝင်စား။ ကလေးတွေလုပ်တဲ့အလုပ်။ အပျော်တမ်းလူမှုကွန်ယက် တစ်ခုလောက်ဟုသာ ထင်မှတ်ထားချိန်။ သူပြောတော့ နည်းနည်းစိတ်ဝင်စားစပြု၏။ သို့ဖြင့် တစေ့တစောင်းကြည့်ဖြစ်၏။ သို့သော် စေ့စေ့ငုငုကားမဟုတ်ခဲ့။ ဒါက ပထမအကြိမ် ဖေ့စ်ဘွတ်ခ်ကို ဖျတ်ကနဲမျက်နှာမူမိခြင်း။ ပြီးတော့လည်း ဘာသိဘာသာ။


ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ နောက်ဆုံးအကြိမ် လွတ်မလာသေးမီကာလများ။ ရှေ့နေကြီးဦးဉာဏ်ဝင်း ခြံအမှတ် ၅၄ သို့ အဝင်အထွက်များ ခတ်စိတ်စိတ်။ သူပြန်လာလျှင်  ဒေါ်စုပါးလိုက်သည့် မက်ဆေ့ဂ်ျလေးများကြားရတတ်၏။ ထို အထဲတွင်တစ်ကြိမ်မှာ “ဒေါ်အောင်ဆန်းစုကြည်က သူအပြင်ပြန်ရောက်ရင် တွတ်တာသုံးချင်တယ်”ဟု ဆိုကြောင်းလည်းပါ၏။ မိမိစိတ်ထဲ “ဒေါ်စုကလည်း ကလေးမဟုတ်သူငယ်မဟုတ်”ဟု သရော်စိတ်ဖြင့်မဲ့မိ၏။ လူငယ်တယောက်က (အမေစု..တွတ်တာမသုံးနဲ့ဖေ့စ်ဘွတ်ခ်သုံးပါ။ မြန်မာပြည်ကလူငယ်တွေ ဖေ့စ်ဘွတ်ခ်ပဲသုံးကြတာ)ဟု တိုက်တွန်းစကားဆို၏။ ဤတွင် ဖေ့စ်ဘွတ်ခ်ကို ဒုတိယကြိမ်စောင်းငဲ့ကြည့်မိပြန်၏။ သို့သော်လည်း သမန်ကာရှံကာမျှ။ ထို့ထက်မပိုသေး။

နောက်တော့ သိတ်မကြာလိုက် ဒေါ်စုလည်းလွတ်လာ၏။ (ဒေါ်စု ခုချိန်ထိတော့ မတွတ်တာနိုင်သေးဟုထင်၏) ကွန်ယက်ဖေါင်းပွမှုလည်း အတောမသတ်ဖြစ်လာ၏။ ခေါင်းစဉ်တွေကလည်း အမယ်စုံစုံ။ ရည်ရွယ်ချက်တွေကလည်း ထွေထွေပြားပြား။ “ရေတက်ဦးငါးဇင်ရိုင်းတွေ”ဟု အသိတယောက်ပြောဖူးတာလည်း ခုတိုင်မှတ်မိနေသေး၏။ နေရာတိုင်း ကွန်ယက်။ ရှောင်မလွတ်။ လူတချို့က ကျနော့်လည်း သူတို့နှင့်အတူ ဝင်ယက်ရန်ဖိတ်၏။ အချိန်ကလည်း ကျနော့်စိတ် ဖေ့စ်ဘွတ်ခ်ဘက်လည်ချိန်။ မျက်စေ့ကျနေချိန်။ ဤတွင် မစွမ်းယင်းနှင့်ကန်စွန်းခင်းငြိတော့၏။ သို့သော် သူ့ကို ဘယ်အနေနှင့်သုံးမလဲဆိုသည်ကိုချိန်ဆရင်း၊ အဲ့ဒီမှာ ဘယ်သူတွေရှိနေသလဲ.. ဘာလုပ်ဖို့ရှိနေကြသလဲ ဆိုသည်ကိုစူးစမ်းရင်း၊ ထုံ့ပိုင်းထုံ့ပိုင်းလေး ခရမ်းစပျိုးတော့၏။

နောက်တော့ အာရပ်နွေဦးပေါ်လာ၏။ ယခုတိုင်မဆုံးနိုင်သေးသည့်နွေဦး။ အလွန်ရှည်လျားသည့်နွေဦး။ ထိုနွေဦးတွင် ဖေ့စ်ဘွတ်ခ်အတော်ပင်မျက်နှာပန်းပွင့်၏။ စန်းထ၏။ ထိုနွေဦးအစပျိုးချိန်၊ ရင့်မှည့်ချိန်နှင့်ပေါက်ကွဲချိန်တို့တွင် ဖေ့စ်ဘွတ်ခ်ကဏ္ဍအဓိကဟု ဆိုသူဆို၏။ ဒီလောက်ကြီးလည်းမဟုတ်ဟု ပြောသူပြော၏။ တချို့ကဆို ဖေ့စ်ဘွတ်ခ်ကြောင့် အာရဗ်ကမ္ဘာက စေတလုံးသရဖူတွေမြေခရသည်ဟုပင် ဖေ့စ်ဘွတ်ခ်ဘုန်းတော်ကို ဖွဲ့ကြသည်လည်းကြားရ၏။ တချို့လည်း တကယ့်ကိုအားကိုးတကြီး။ တချို့လည်း ဆက်သွယ်ရေးမို့သာသုံး၏။ သိတ်တော့လည်း မျက်နှာသာမပေး။ ရွှေရေးပန်းကန်တက်မှာစိုးတာလည်း ပါမည်ထင်၏။ မည်သို့ပင်ဆိုစေ ထိုနွေဦးကား ဖေ့စ်ဘွတ်ခ်ကို သိက္ခာထပ်ပေးလိုက်၏။ ဤတွင်အခြားလူမှုကွန်ယက်များထက် ဖေ့စ်ဘွတ်ခ်က နှာအဖျားပေါင်းများစွာ ဖြတ်တက်သွား၏။ ကြော်ငြာတွေ လက်မလည်တော့။ လူတွေနှုတ်ဖျားဖေ့စ်ဘွတ်ခ်ပွင့်ပြီး။ ဇူကာဘာ့ဂ်လက်ဖျားမှာ ငွေတွေသီးပြန်၏။

ဖိလစ်ပိုင်အာဏာရှင်မားကို့စ်အား နန်းထက်မှဆွဲချချိန် မိုဘိုင်းလ်ဖုန်းများခေတ်ဆန်းစ။ အဓိကရုဏ်းနှင့်လူထုလှုပ်ရှားမှုများလည်း ဒွေးရောယှက်တင်။ လှုပ်ရှားမှုတွေမီးတောက်နေစဉ် လူငယ်တဦးနှင့်သတင်းဋ္ဌာနတခု အမှတ်မထင်အင်တာဗျူးလေးတခုလုပ်၏။ ဆန္ဒပြနေသည့်လူအုပ်ထဲကလူငယ်ကို သတင်းသမားက “မားကို့စ်ကိုဖြုတ်ချနိုင်ဖို့ဘာတွေလိုမလဲ”ဟု မေး၏။ လူငယ်က လက်ထဲကလက်ကိုင်ဖုန်းလေးမြှောက်ပြပြီး “ဒါလေးပဲလိုတာပါ”ဟု ပြန်ဖြေ၏။ အတိုင်အဖေါက်လုပ်ထားသလားပင် ထင်ချင်စရာ။ နောက်တော့သိတ်မကြာလိုက် မားကို့စ် ခလုပ်မထိဆူးမငြိနှင့် ကယ်တင်ရှင်အထံတော်ပါးတွင် နားနားနေနေ။ အီမယ်လ်ဒါလည်း ဖိနပ်တစ်ရံမျှသဲကြိုးမပြတ်ခဲ့။ ထိုအခင်းကြီးပြီးတော့ အရှိန်အစော်ရှိသည့် နိုင်ငံရေးဂုရုတချို့က နည်းပညာအကြောင်းပြောတာလိုလို နိုင်ငံရေးတရားဟောတာ လိုလိုနှင့် ရေးသည့်စာတချို့ကဖုန်းကြော်ငြာဆန်ဆန်။ Information Technology and Mass Movement ရောသမမွှေများ ပလူပျံလာ၏။ ခုန အင်တာဗျူးလေးကိုလည်း မကြာမကြာညွှန်းကြ၏။ ဤတွင် ဖုန်းကုမ္ပဏီတွေက တတိယနိုင်ငံတွေဆီဦးတည်ကြ၏။ ဈေးကွက်သစ်တွေလည်း မှိုလိုပေါက်လာ၏။ ဖုန်းတွေလည်း ထုတ်မလောက်။ ရောင်းမလောက်။ ဖုန်းကုမ္ပဏီတွေ ဖုတ်သွင်းရထားဆိုက်သလို။ အာဏာရှင်နိုင်ငံတွေမှာလည်း အရောင်တော်လှန်ရေးတွေ အစီအရီအလုအယက်။ ဓါးထက်ထက်နှင့်လူစွမ်းကောင်းများလည်း အပြိုင်းအရိုင်း။

ဤတွင်တွေးစရာပေါ်လာ၏။ ဤ မချမ်းသာသည့်နိုင်ငံများတွင် ဤမျှများသောဖုန်းတွေကို မည်သူတွေကဝယ်၍ မည်သူတွေကသုံးကြသနည်း။ ဤမျှများသော ဖုန်းတွေရောင်းရရုံ၊ ကုမ္ပဏီတွေကြီးပွားသွားရုံဖြင့် အာဏာရှင်ဘယ်နှဦး အစိုးရဘယ်နှခု ပြုတ်ကြသွားခဲ့သနည်း။ ဖြုတ်ချနိုင်ခဲ့ကြသနည်း။ မည်မျှသော အဖိနှိပ်ခံပြည်သူတွေတွေ လွတ်မြောက်လာကြသနည်း။ ပြုတ်ကျသော၊ အဖြုတ်ချခံရသော အာဏာရှင်တွေဘာဖြစ်ကြသနည်း။ တက်လာသည့်အစိုးရသစ်တွေ ဘယ်လိုဆက်စခန်းသွားခဲ့ကြနည်း။ အမြောက်တောင်မချိန်လိုက်ရပဲ ပွင့်သွားသည့်တံခါးပေါက် များမှမည်သူတွေဝင်ပြီး မည်သူတွေထွက်လာကြသနည်း။ အသေအချာစစ်တမ်းပြုကြည့်နိုင်လျှင်ကောင်းလေစွဟု စိတ်တွင်ဖြစ်မိ၏။ ထားတော့။

နောက်တချက်က ဤဖြစ်ခဲ့လေသမျှ လူထုလှုပ်ရှားမှုတို့တွင် ဤ ဖုန်းတွေ ဤနည်းနာတွေ ဤကွန်ပြူတာအင်တာနက်တွေ ဤဖေ့စ်ဘွတ်ခ်တွေကို လူထုကချည်းသုံးနေတာမဟုတ်။ အစိုးရတွေ၊ အာဏာရှင်တွေကလည်းသုံးနေသည်ဆိုခြင်းအား လူအချို့မျက်စေ့လျှမ်းကြသည်ထင်၏။ ကိုယ့်ဘက်ကသုံးပြီး အခွင့်သာအောင်လုပ်မည်ဟုသာ တေးထားတွေးထားနေချိန်တွင် တဘက်မှ နိုင်ငံပိုင်မီဒီယာတွေအပါအဝင် အားလုံးကိုစီးမိပြီးသားဖြစ်နေတာကို ဂရုပြုမှုနည်းနေသလားဟုတွေးမိ၏။ “လူထု”ဆိုသည်က တဦးချင်းစုဖွဲ့ပြီးမှဖြစ်လာရသည့် လူအစုအဝေးကြီးဖြစ်ပြီး ဦးတည်ရည်မှန်းချက်တခုကိုဆုံးသည်ထိ အတူသွားကြသူများသာဖြစ်၏။ ခရီးဆုံးလျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြရ၏။ ထိုခရီးသွားနေစဉ်မှာပင် မိမိတို့ကိုယ်စီဘဝတွေအတွက် ရုန်းရကန်ရသေး၏။ စားဝတ်နေမှုရှိသေး၏။ ထို့ကြောင့် တချို့ဆို ဘုံခရီးကိုဆုံးသည်ထိပင် လိုက်ပါနိုင်စွမ်းမရှိတတ်။ ဤခရီးကြီးထဲသွားနေခြင်းအတူမှာပင် ဤနည်းပညာတွေ ဖုန်းတွေကွန်ပြူတာတွေကိုသုံးနိုင်သူကရော မည်မျှရှိမည်နည်း။ ဒါလည်းတွေးစရာဖြစ်၏။ “အစိုးရ”ဆိုသည်ကတော့ လူထုလိုမဟုတ်။ သူ့မှာက အာဏာရှိပြီးတိုင်းပြည်ဘဏ္ဍာကို သုံးခွင့်ရှိ၏။ အစိုးရဝန်ထမ်း၊ စစ်တပ်၊ ရဲစသည့် အမှုထမ်းတွေကိုလည်း သုံးနိုင်သေး၏။ သုံးသေး၏။ သုံး၏။ ထို့ကြောင့် ဤနည်းပညာ ဤပစ္စည်းကိရိယာတို့အား သုံးကြတာချင်းတူလျှင်တောင် အစိုးရကပို၍သုံးနိုင်သည့်အခွင့်အလမ်းရှိ၏။ သုံးလည်းသုံးနေသည်မှာ မျက်မြင်။ ဒါလည်း ထည့်တွက်ရမည်ထင်၏။

ဤတွင် အစိုးရကဲ့သို့ ကိုယ်ပိုင်မီဒီယာမရှိသည့် လူတို့(တိုင်းသူပြည်သားတို့)အနေနှင့် ဆက်သွယ်ဖို့ဝါဒဖြန့်ဖို့ မီဒီယာလိုလာ၏။ ထိုတွင် ကွန်ပြူတာအင်တာနက်နှင့်ချိတ်ဆက်သုံးစွဲရသည့်ကိရိယာများနှင့်အတူ “လူမှုကွန်ယက်”တွေကို “လူထုမီဒီယာ”အဖြစ်တွေ့သည်ထင်၏။  အချိန်နှင့်တပြေးညီသုံးရင်း ကိုယ်မပိုင်သည့်မီဒီယာတွေကို ကိုယ်ပိုင်ဖြစ်ရေးလုပ်ရတော့၏။ သည်တော့ “လူမှုကွန်ယက်”သည် “လူထုမီဒီယာ” ဖြစ်လာ၏။ သို့သော် ကိုယ်ပိုင်မီဒီယာမဟုတ်သဖြင့် ကိုယ့်လက်ကိုယ့်ခြေတော့လုပ်လို့မရ။ သူ့အကန့်အသတ်အတွင်းကနေ ကိုယ်လုပ်လို့ရသလောက်လုပ်ရေးသာ ဇောင်းပေးဇန်းတင်တွေးရင်း ဇက်ကုန်ဖွင့်ကာဒုန်းစိုင်းရတော့၏။ ထို မီဒီယာတို့တွင် အယ်ဒီတာမရှိ၊ စာပေစိစစ်ရေးမရှိ၊ ကြီးကြပ်သူဟုမရှိ၊ ပရိသတ်သဘောမရှိ၊ ရေးသူဖတ်သူ သတ်သတ်စီဖြစ်မနေ၊ အထက်အောက်သဘော၊ ထောင်လိုက်သဘော၊ အလျားလိုက်သဘော၊ ပိရမစ်သဘောတွေ ဘာသဘောမျှမရှိတော့။ လွတ်လပ်၏။ သူ့ဥပဒေသကိုမကြိုက်လျှင် သူ့အသင်းအပင်းထဲ မဝင်ရုံသာ။ ထိုမီဒီယာအမျိုးအစားကို စည်းကမ်းမပြည့်ဝသည့်မီဒီယာဟု ကင်ပွန်းတပ်ချင်သူများလည်းရှိ၏။ “စည်းကမ်းပြည့်ဝသော”တွေ ခေတ်စားသည့်ကာလမို့ ဖြစ်မည်ထင်၏။

သို့ဖြင့်ကျနော်လည်း ဖေ့စ်ဘွတ်ခ်ထဲဝင်၏။ လှိုင်လှိုင်သုံး၏။ တွင်တွင်သုံး၏။ စည်းကမ်းမပြည့်ဝသောလူထုမီဒီယာစစ်ကို နှစ်သက်နေ၏။

ဖေ့စ်ဘွတ်ခ်ဘာလို့မသုံးတာလဲဟုမေးခဲ့ဖူးသည့် ဂျာမဏီမှမိတ်ဆွေနှင့် တနေ့ကအွန်လိုင်းမှာဆုံတော့  “ခင်ဗျား ဖေ့စ်ဘွတ်အတော်သုံးတာပဲနော် ပို့စ်တွေလည်း အမြဲလိုလိုတင်တင်နေတာ သတိထားမိတယ်”ဟုပြော၏။ ဤတွင် ကျနော် ဘာ့ကြောင့်ဖေ့စ်ဘွတ်ခ်သုံးခြင်းအား ချပြရန်လိုလာပြီထင်ပြီး “အေးဗျ ဟုတ်တယ်။ ကျနော်ရေးသမျှစာရော၊ ကျနော်ကြိုက်သမျှအကြောင်းအရာတွေရောတင်ပါတယ်။ ဒါလည်း ဝါဒဖြန့်တာပေါ့ဗျာ။ ဝါဒဖြန့်တယ်ပြောတော့ တချို့ကနှာခေါင်းရှူံကြတယ်ဗျ။ ဒါပေမယ့် လက်တွေ့ကျတော့ လူတိုင်းဒါလုပ်နေကြတာပဲမဟုတ်လား။ ဝါဒဖြန့်မယ်ဆို မီဒီယာလိုတယ်ဗျ။ ကျနော့်မှာ ကိုယ်ပိုင်မီဒီယာမရှိဘူးလေ။ ဖေ့စ်ဘွတ်ခ်ကို လူအမျိုးမျိုးကရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးကြတာပဲမဟုတ်လား ကျနော်လည်း ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ပေါ့ဗျာ”ဟုတနံတလျားပြန်ပြောမိ၏။ ဤတွင်မိတ်ဆွေက “ဒါဆို ခင်ဗျားက အဲဒါကို လူမှုကွန်ယက်အဖြစ်သုံးတာမှမဟုတ်တာ။ လိပ်ပြာရောသန့်ရဲ့လား”ဟုဆက်ပြော၏။ ကျနော်လည်း ရှင်းရှင်းလင်းဖြစ်မှကောင်းမည်ထင်၍ “ကျနော် ဖေ့စ်ဘွတ်ခ်ကို စသုံးကတည်းကနေ ခုချိန်ထိ ကျနော့်ပေ့ဂ်ျကို “ကျနော်ပိုင်လူထုမီဒီယာ”အဖြစ်နဲ့လိပ်ပြာသန့်သန့်သုံးလာခဲ့တာပါ” ဆိုတော့ ထိုမိတ်ဆွေက “သြော်”တစ်လုံးဆိုကာ နှုတ်ဆိတ်သွား၏။ ဘာမှမဆက်ဖြစ်တော့။

ခုတော့ ကျနော်လည်း ဖေ့စ်ဘွတ်ခ်လှိုင်းစီးရင်း လူထုမီဒီယာဆိုသည့်သဘော Citizen Journalist ဆိုသည့်သဘောတို့အား ရေးရေးထင်ရာမှ ပြက်ပြက်မြင်လာသည်ဟု ဆိုရမည်ထင်၏။
မျိုးမြင့်ချို

Monday, December 3, 2012

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်း အပိုင်း၇ (မောင်လှဝင်း-မြင်းခြံ)

0 comments

အစိုးရသစ်က ပြည်တွင်းပြဿနာများဖြေရှင်းဖို့ကြိုးစားနေ ဆဲမှာပင် ပြည်ပပြဿနာများက ထပ်မံဝင်ရောက်လာ သည်။ တော်လှန်ရေးကာလတုန်းကထွက်ပြေးသွားခဲ့ကြသော ပင်သစ် ပဒေသရာဇ်များသည် သြစတီးရီးယားနှင့်ပရပ်ရှားတိုင်းပြည်များတွင် သွားရောက်ခိုလှုံနေကြသည်။ ထိုတိုင်းပြည်များတွင် သူတို့က ခိုလှုံရုံ သက်သက်နေထိုင်ကြခြင်းမဟုတ်ဘဲ ပြင်သစ်တော်လှန်ရေးကိုဖြိုချပြီး လူဝီဘုရင်ကိုကယ်တင်ဖို့ စည်းရုံးလှုပ်ရှားမှုပြုကြသည်။ ဥရောပတိုက်ရှိ တခြားနိုင်ငံများမှဘုရင်တွေ ကလည်း ပြင်သစ်တော်လှန်ရေးသည် ပြင်သစ်ပြည်တွင်းမှာ မုန်တိုင်းရိုက်ခတ်ရုံသာမက ပြည်ပနိုင်ငံများရှိသူတို့၏တန်ခိုးအာဏာနှင့်ရာဇာပလ္လင်ကိုပါ လှုပ်ခတ်စေသည်ဟုယူဆပြီး တော်လှန်ရေး၏အရှိန်အဟုန်ကို ကြောက်လန့်နေကြသည်။
တော်လှန်ရေးသဘောတရားတွေ သူတို့နိုင်ငံဆီသို့ပျံ့နှံ့ရာက်ရှိလာမည်ကိုလည်း စိုးရိမ်သည်။ ထို့အပြင်
သြစတီးရီးယားကဧကရာဇ် လီယိုပို(၂) (Leopold -2) သည် ပြင်သစ်ပြည်တွင်မိဖုရားဖြစ်နေသော သူ့နှမ၏အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေသည်။
ထို့ကြောင့် (၁၇၉၁)ခုနှစ် သြဂုတ်လတွင် သြစတီးရီးယားဘုရင်သည် ပရပ်ရှားဘုရင်နှင့်ပူးပေါင်းပြီး သူတို့အနေဖြင့် ပြင်သစ်ပြည်၏ ပြည်တွင်းရးအခြေအနေကိုထိန်းသိမ်းဖို့ စစ်ရေးအရအရေးယူဆောင်ရွက်သွားမည်ဟု ကြေညာလိုက်သည်။ သည်အခါ ၎င်းကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ပြင်သစ်ဥပဒေပြလွှတ်တော်က (၁၇၉၂)ခုနှစ် ဧပြီလတွင် သြစတီးရီးယားကိုစစ်ကြေညာလိုက်သည်။ ထို့ကြောင့် သြစတီးရီးယားနှင့် ပရပ်ရှားတပ်များက ပြည်သစ်ပြည်ကိုလာရောက်တိုက်ခိုက်တော့သည်။ စစ်ဖြစ်လာသည့်အတွက် စစ်တပ်တိုးချဲ့ရေးဥပဒေကို ပြဋ္ဌာန်းရသည်။ သည်အခါ ဘုရင်က ဤဥပဒေကိုပယ်ချလိုက်သည့်အတွက် ပဲရစ်လူထုကြီးက အကြမ်းဖက်ဆန္ဒပြကြရပြန်သည်။ (၁၇၉၂)ခုနှစ်၊ ဧပြီလ (၁ဝ) ရက်နေ့တွင် ဓနရှင်တော်လှန်ရေးဂိုဏ်းကခေါင်းဆောင်ပြီး နိုင်ငံခြားကျူးကျော်မှုကိုဆန့်ကျင်ကြောင်းကြေညာချက်ထုတ်သည်။ ဘုရင်မှာ ခုခံရေးအတွက်မတက်မကြွဖြစ်နေရုံသာမက တိုင်းပြည်၏တဝက်ကိုပင် သြစတီးရီးယားလက်တွင်း ထိုးအပ်လိုက်ဖို့လုပ်နေသည်။ သူတို့၏စစ်တပ်ဟောင်းက ဗိုလ်ချုပ်တွေ၊ မင်းညီမင်းသားတွေလည်း ထွက်ပြေးကုန်ကြသည်။ ဓနရှင်လူတန်းစားအတွင်းရှိ ဓနရှင်ကြီးဂိုဏ်းကလည်း အညံ့ခံရေးနှင့်တော်လှန်ရေးကိုသစ္စာဖောက်ရေးတို့အတွက် ကြံစည်မှုပြုလာသည်။ အခြေအနေမှာလည်း ပြင်သစ်စစ်တပ်သည် တဆင့်ချင်းနာက်ဆုတ်နေရသည်။ ယင်းသို့ ပြင်သစ်တပ်များအရေးနိမ့်နေသဖြင့် လွှတ်တော်အတွင်းရှိဂိုဏ်းအုပ်စုတိုက်ပွဲများသည် ပိုမို ပြင်းထန်လာသည်။
ဤအခြေအနေအောက်တွင် လူထုကိုလှုံ့ဆော်ပြီး တော်လှန်ရေးစစ်တပ်ကိုဖွဲ့စည်းသည်။ (၁၇၉၂)ခုနှစ်၊ သြဂုတ်လ (၁ဝ)ရက်နေ့တွင် လူထုကပုန်ကန်ပြီး အာဏာသိမ်းလိုက်သည်။ အလယ်အလတ်ဂိုဏ်းက အာဏာရသွားခြင်းဖြစ်သည်။ ဝန်ကြီး (၆)ဦးအနက် (၅)ဦးမှာ အလယ်အလတ်ဂိုဏ်းကဖြစ်ပြီး ဂျက်ကိုဘင် (Jacobin)ဂိုဏ်းက တဦးသာပါသည်။ ဤသြဂုတ်လ လူထုပုန်ကန်မှုအတွင်း ပဲရစ်တော်လှန်ရေးကွန်မြွန်း (Paris Revolutionary Commune)(၁၈၇၁ ပဲရစ်ဘုံအဖွဲ့မဟုတ်ပါ။ သီးခြားဖြစ်ပါသည်) လွှတ်တော်နှင့်ဘုံအဖွဲ့၏ပဋိပက္ခသည် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ဤကာလတွင် ဘုံအဖွဲ့ကော်မတီကို (၈၉) ဦးမှ (၂၈ဝ)ဦးအထိတိုးချဲ့ဖွဲ့စည်းလိုက်သည်။ ဘုံအဖွဲ့သည် ဓနရှင်အစိုးရဝန်ကြီးများကိုဖမ်းဆီးရုံသာမက ၎င်းတို့၏သတင်းစာတိုက်တွေကိုလည်း ပိတ်ပစ်လိုက်သည်။ လက်နက်တွေအကြီးအကျယ်လုပ်ပြီး လူထုကိုတပ်ဆင်သည်။ သြဂုတ်လ (၁၇)ရက်နေ့တွင် တန်ပြန်တော်လှန်ရေးသမားများကို တရားခွင်သို့တင်ခဲ့သည်။ ဘုရင်၏ရုပ်ပုံကားချပ်များကိုလည်း ဖျက်ဆီးပစ်ဖို့အမိန့်ထုတ်ခဲ့သည်။ ဘုရင့်အမည်ပေးထားသောလမ်းကိုလည်း ပြည်သူ့အခွင့်အရေးလမ်းဟူ၍ အမည်ပြောင်းလိုက်ကြသည်။
သြဂုတ်လ (၁၉)ရက်နေ့တွင် သြစတီးရီးယားနှင့်ပရပ်ရှားတပ်တို့သည် ပြင်သစ်ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ကြသည်။ ဤသည်တွင် (Calona) ၏ဂိုဏ်းအစိုးရသည် ထွက်ပြေးဖို့လုပ်သည်။ ထို့ကြောင့် လက်ဝဲဂျက်ကိုဘင်ဂိုဏ်းက ကြံ့ကြံ့ခံပြီးတိုက်ခဲ့ရသည်။ စက်တင်ဘာလ (၂ဝ) ရက်နေ့တွင် ပြင်သစ်တို့ကအောင်ပွဲရလိုက်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးကိုတာဝန်ယူဖို့ ဥပဒေပြုလွှတ်တော်အစား အမျိုးသားညီလာခံ (National Convention)ကို ဖွဲ့စည်းလိုက်သည်။ ကိုယ်စားလှယ် (၇၅ဝ)တက်ရောက်ခဲ့ကြသည်။ (Calonne) ဂိုဏ်းက ကိုယ်စားလှယ် (၁၆၅) ဦး။ အလယ်အလတ်ဓနရှင်ဂိုဏ်းက (၅ဝဝ)ခန့်။ လက်ဝဲဂိုဏ်းကိုယ်စားလှယ်က (၈ဝ)ခန့်ဖြစ်သည်။ အခြေခံဥပဒေကိုလည်း ဒုတိယအကြိမ်အဖြစ် ပြန်လည်ရေးဆွဲသည်။
(၁၇၉၂)ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် အမျိုးသားညီလာခံက ဘုရင်စနစ်ကိုဖျက်သိမ်းပြီး ပြင်သစ်သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်သည်။ (၁၇၉၃)ဇန္နဝါရီလတွင် တော်လှန်ရေးခုရုံးကိုဖွဲ့စည်းသည်။ (၁၉၇၃)ခုနှစ် ဇန္နဝါရီလ (၂၁)ရက်နေ့တွင် အမျိုးသားညီလာခံ၏ဆန္ဒမဲအရ လူဝီ(၁၆)ဘုရင်ကို သေဒဏ်ပေးလိုက်သည်။
•                                          •                                          •                                         
ပြင်သစ်ကို သမ္မတနိုင်ငံအဖြစ်ကြေညာပြီးသည့်နောက်တွင် နယ်သာလန်နှင့်ဘယ်လ်ဂျီယံနိုင်ငံတို့ကိုသိမ်းပိုက်ပြီး သူတို့ကိုလည်းသမ္မတနိုင်ငံများအဖြစ် တည်ထောင်လိုက်ကြောင်းကြေညာလိုက်ပြန်သည်။ တဆက်တည်း ဥရောပတိုက်ရှိ လွတ်လပ်ရေးလိုလားသောတခြားနိုင်ငံများကိုလည်း ပြင်သစ်ပြည်ကအကူအညီပေးသွားမည်ဖြစ်ကြောင်းကို
ကြေညာလိုက်သည်။ ယင်းအခါ ဥပရောပတိုက်ရှိအခြားနိုင်ငံများသည် ပြင်သစ်တော်လှန်ရေး၏ အန္တရာယ်ကိုစိုးရိမ်ကြောက်ရွံ့လာကြသည်။ ပြင်သစ်ကို တိုက်မှဖြစ်တော့မယ်-ဟု ထင်လာကြသည်။ သြစတီးရီးယားနှင့်ပရပ်ရှားနိုင်ငံတို့က ပြင်သစ်ကိုတိုက်ရေးအတွက် အခိုင်အမာပြင်ဆင်မှုလုပ်လာကြသည်။ အင်္ဂလန်နှင့်ဟော်လန်နိုင်ငံတို့က ထောက်ခံသည်။ ဤတွင် ပြင်သစ်က ဟော်လန်ကိုစစ်ကြေညာပြီးတိုက်ခိုက်သည်။ ထိုအခါ (၁၇၉၃)ခုနှစ် ဖေဖော်ဝါရီလတွင် ဥရောပမဟာမိတ်နိုင်ငံများပူးပေါင်းပြီး ပြင်သစ်ကိုဝိုင်းတိုက်ကြသည်။
ပြင်သစ်စစ်ရှုံးသွားသည်။ သူတို့သိမ်းပိုက်ထားသော ဘယ်လ်ဂျီယံနိုင်ငံမှ ပြန်လည်ဆုတ်ခွာပေးရသည်။ သည်တခါမှာလည်း အစိုးရတွင်းမှ (Calonne)၏ ဓနရှင်ဂိုဏ်းသည် ရန်သူကိုအညံ့ခံရေးလုပ်လာပြန်သည်။ ထို့ကြောင့် မေလ (၃၁)ရက်နေ့တွင် ဂျက်ကိုဘင်ဂိုဏ်းက အာဏာသိမ်းလိုက်သည်။ ဂျက်ကိုဘင်ဂိုဏ်း အာဏာရလာပြီးသည့် (၁၇၉၃)ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် မြေယာတော်လှန်ရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ လယ်သမားတချို့ မြေယာရရှိကြသည်။ သို့ရာတွင် ချမ်းသာလယ်သမားတွေသာ အကျိုးခံစားခွင့်ရှိပြီး လယ်ကူလီတွေကတော့ကျိုးခံစားခွင့်သိပ်မရှိလှပါ။ သူတို့က ဤသို့ မြေယာပြဿနာဖြေရှင်းနေဆဲတွင် ပြည်ပနိုင်ငံတို့၏တိုက်ခိုက်မှုကလည်း ပိုမိုကြီးလာသည်။

အင်္ဂလိပ်၊ ဂျာမဏီနှင့်သြစတီးရီးယားတို့က အရှေ့မြောက်ဘက်ကနေဝင်လာသည်။ အနောက်တောင်ဘက်မှ ဝင်ရောက်လာသူတို့က စပိန်များ။ အရှေ့တောင်ဘက်မှဝင်လာသူက အီတလီ။ ဂျက်ကိုဘင်ဂိုဏ်းသည် ပြင်သစ်တပ်မတော်ကိုပုံစံသစ်ဖြင့်ဖွဲ့စည်းလိုက်သည်။ ခေါင်းဆောင်မှာ ဂျက်ကိုဘင်ဂိုဏ်းက ကာနိုး  (Carnot) ဖြစ်သည်။ အသက် (၁၈)နှစ်နှင့် (၂၅)နှစ်အကြားက အမျိုးသားတိုင်းစစ်ထဲဝင်ရမည်ဟုသတ်မှတ်လိုက်သည်။ ၎င်းတပ်သည် ရုပ်ဝတ္ထုအခက်အခဲ မပြည့်မစုံဖြစ်နေသောတပ်ဖြစ်သည်။ စစ်မှုထမ်းအမိန့်ကိုမကျေနပ်သည့်အတွက် ခရိုင်ပေါင်း (၈၃) ခုအနက် ခရိုင်(၆ဝ)လောက်က ဂျက်ကိုဘင်ဂိုဏ်းကို ဆူဆူပူပူဆန့်ကျင်လာသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဤဆန့်ကျင်မှုကို နှိမ်နင်းရန်အတွက် အမျိုးသားလုံခြုံရေးကောင်စီကိုအာဏာအပ်နှင်းလိုက်သည်။ လုံခြုံရေးကောင်စီ၏ခေါင်းဆောင်ဆိုသူများမှာ ဒန်တွန်၊ ရိုဗက်စပီးယဲနှင့် ကာနိုးတို့ဖြစ်သည်။
၎င်းတပ်သည် (၁၇၉၄)ခုနှစ်ရာက်သောအခါ စစ်သည်အင်အား (၈)သိန်းရှိသောတပ်ကြီး ဖြစ်လာသည်။ ဥရောပတိုက်တွင်အကြီးဆုံးတပ်ကြီး ဖြစ်သွားသည်။ ပဲရစ်မြို့တွင်လည်း သိန်းသန်းချီသောလူထုကြီးသည် ပန်းပဲသမားများအဖြစ် အမိုးအကာမဲ့ကွင်းပြင်ကြီးများတွင် လက်နက်များထုလုပ်နေကြသည်။ (၁၇၉၄)ခုနှစ် ဇူလိုင်လတွင် နိုင်ငံခြားတပ်များအရေးနိမ့်သွားပြီး စစ်ပြေငြိမ်းရေးလုပ်ကာ အတိုက်အခိုက်ရပ်စဲခဲ့ကြသည်။
စစ်ပြီးသွားသောအခါတွင် ဂိုဏ်းအသီးသီးတို့သည် ခေါင်းဆောင်နေရာလုကြ၊ အာဏာလုကြနှင့် ရှုပ်ထွေးမှုတွေဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ တန်ပြန်တော်လှန်ရေးသမားများကိုနှိမ်နင်းရခြင်း၊ ပြည်တွင်းဆူပူမှုကိုနှိမ်နင်းရခြင်း၊ ဂိုဏ်းအသီးသီး အာဏာလုခြင်း စသည့်တိုက်ပွဲတွေနှင့် ပြည်သစ်ပြည်သည်သွေးချောင်းစီးခဲ့ရလေသည်။ ဒန်တွန်က သတ်ဖြတ်မှုတွေ ရပ်တန်းကရပ်ကြဖို့တင်ပြလိုက်သည့်အခါ သူ့ကို သစ္စာဖောက်ဆိုပြီး သေဒဏ်ပေးလိုက်ကြသည်။ မာရတ်ကတော့ (၁၇၉၃)ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ကတည်းက အသတ်ခံသွားခဲ့ရသည်။
အမျိုးသားညီလာခံက အခြေအနေကိုစိုးရိမ်ပြီး လုံခြုံရေးကောင်စီ၏အာဏာကိုပန်လည်သိမ်းယူ လိုက်သည်။ (၁၉၇၄)ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် ဂျက်ကိုဘင်ဂိုဏ်းက ခေါင်းဆောင်ရိုဗက်စပီးယဲကသေဒဏ်ပေးပြီး ဂျက်ကိုဘင်ဂိုဏ်းကိုပါ ဖျက်သိမ်းပစ်လိုက်သည်။ အမျိုးသားညီလာခံ၏အုပ်ချုပ်မှုကာလသည် (၁၇၉၂)ခုနှစ်မှ (၁၇၉၅)ခုနှစ်အထိသာ တည်တံ့ခဲ့သည်။ (၁၇၉၅)ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို တတိယအကြိမ်အဖြစ်ရေးဆွဲပြန်သည်။ ၎င်းအခြေခံဥပဒေအရ ပြင်သစ်ပြည်တွင် ဒါရိုက်တာအစိုးရသစ်ဆိုသည်ကို ဖွဲ့စည်းခဲ့သည်။ တတိယအကြိမ်မြောက်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နှင့်အောက်လွှတ်တော်တို့ ကို ဖွဲ့စည်းသည်။ ၎င်းလွှတ်တော် (၂)ရပ်က ဒါရိုက်တာ (၅)ဦးအဖွဲ့ကိုရွေးချယ်ပြီး အုပ်ချုပ်ရေးအာဏာအပ်နှင်းပေးလိုက်သည်။ (၁၇၉၅)အခြေခံဥပဒေအရ ဓနရှင်များသာ မဲပေးနိုင်ခွင့်နှင့်အရွေးခံနိုင်ခွင့်ရှိသည်။ အလုပ်သမားလယ်သမားတွေ မဲပေးခွင့်ပင်မရှိသည့်အတွက် မကျေမနပ်ဖြစ်ပြီး (၁၇၉၅)မေလတွင် အကြမ်းဖက်အုံကြွမှုကြီးတရပ် ဖြစ်ပွားလာသည်။ သို့ရာတွင် ယင်းအုံကြွမှုသည် အောင်မြင်ခြင်းမရှိခဲ့ပေ။ ဤနေရာတွင် ထူးထူးခြားခြားဖော်ပြရမည့် ပုဂ္ဂိုလ်တဦးအကြောင်းတင်ပြဖို့လိုလာသည်။ သူသည်ကား (F. Noel Babeaf) (၁၇၆၆-၁၇၉၇) ဖြစ်သည်။ ဘာဖက်သည် ဆင်းရဲသားအိမ်ထာင်မှမွးဖွားလာသူဖြစ်ပြီး တော်လှန်ရေးထဲသို့ (၁၅)နှစ်သားအရွယ်မှာ စတင်ဝင်ရောက်လာသူ။ “တန်းတူရေးလှုပ်ရှားမှု”ကို ဦးဆောင်ပြီး အခြေခံလူထုအကျိုးစီးပွားဘက်မှ ရပ်တည်ခဲ့သူဖစ်သည်။ သူသည် သူခေတ်ကာလ၏အခြေအနေအရ စိတ်ကူးယဉ်ကွန်မြူနစ်တဦးသာ ဖြစ်ခဲ့သည်။ သူ့အတွေးအခေါ်များကို ပဲရစ်မြို့ဆင်ခြေဖုံးနှင့်ကျးလက်ကာကွယ်ရေးတပ်ဖွဲ့များသို့ သွားရောက်ဝါဒဖြန့်ခဲ့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှု စနစ်ဆန့်ကျင်ရေး၊ မြေယာဘုံလုပ်ရေး၊ အကြမ်းဖက်တော်လှန်ရေးတို့ကို ဝါဒဖြန့်သည်။ (၁၇၉၅)ခုနှစ်၊ လူထုအုံကြွမှုအတွင်းမှာ သူထောင်ကျခဲ့သည်။ ထောင်ကလွတ်အပြီး နောက်တခါ ပုန်ကန်မှုတွင်ထပ်မံပါဝင်သဖြင့် (၁၇၉၆)မေလ (၁၁)ရက်နေ့မှာ ထပ်မံအဖမ်းခံရပြီး ငါးဦးဒါရိုက်တာ အစိုးရလက်ထက်တွင် သေဒဏ်အပေးခံရ၍အသက်ဆုံးရှုံးခဲ့ရသည်။
ကားလ်မာ့က်စ်က သူ့အပေါ်ကြီးမားစွာတန်ဖိုးဖြတ်ခဲ့သည်။ ကွန်မြူနစ်ကြေညာစာတမ်းထဲမှာပင် ‘ဘာဖက် ၏ ရေးသားချက်များသည် ပစ္စည်းမဲ့လူတန်းစား၏တောင်းဆိုချက်များကို ဖော်ထုတ်သည့် စာပေများဖြစ်သည်’ဟူ၍ အကဲဖြတ်ရေးသားခဲ့သည်။ ယင်းအချိန်တွင် ပြည်ပနိုင်ငံများ နှင့် ပြင်သစ်ပြည်တို့၏စစ်ပွဲများ ထပ်မံပေါ်ပေါက်လာပြန်သည်။ ရုရှား၊ ဂျာမဏီနှင့်သြစတီးရီးယားတို့သည် ပိုလန်နိုင်ငံကိုခွဲဝေရယူရေးကိစ္စ တွင်အလုပ်များနေကြဆဲအချိန်။ ဤသည်ကိုအခွင့်ကောင်းယူပြီး စစ်တပ်အင်အားကြီးမားနေသောပြင်သစ်က အီတလီကိုဝင်တိုက်သည်။ ဗိုလ်ချုပ်နပိုလီယံဘိုနာပတ် (Napoleon Bonaparte)ဦးစီးပြီးတိုက်ခဲ့ရာတွင် အောင်မြင်မှုကြီးခဲ့သည်။ (၁၇၉၈)ခုနှစ်တွင် နပိုလီယံသည် တပ်အင်အား (၃)သောင်းနှင့် တူရကီပိုင်အီဂျစ်ကိုဝင်သိမ်းသည်။ ဆီးရီးယားကိုသိမ်းပိုက်ခဲ့သေးသော်လည်း သြဂုတ်လတွင် အင်္ဂလိပ်က ရေတပ်နှင့်ပြန်တိုက်သဖြင့်ဆုတ်ခွာလာခဲ့ရသည်။ (၁၇၉၉)ခုနှစ်တွင်မူ ပြင်သစ်ပြည်၏ပြည်တွင်းရေးအခြေအနေများကလည်း မငြိမ်မသက်ပန်ဖြစ်လာပြန်ပြီ။ ပြည်ပတွင်လည်း အင်္ဂလိပ်ဘက်မှ ရုရှားကဝင်ကူလာပြီ။ သည်အခါ အစိုးရသည် မတတ်သာတော့သည့်အလျောက် အီဂျစ်မှရှိသာ နပိုလ်ီယံအားပြန်လည်ခေါ်ယူပြီး ပြင်သစ်ပြည်၏နိုင်ငံရေးဇာတ်ခုံပေါ်သို့ ထိုးတင်ပေးလိုက်သည်။ နပိုလီယံသည် စီးပွားပျက်ပဒေသရာဇ်အိမ်ထောင်မှဆင်းသက်လာသူ။ ဉာဏ်သစ်လောင်းလှုပ်ရှားမှုတွင်လည်း သူ ပါဝင်ခဲ့ဖူးသည်။ သူ့အပေါ် ရူဆိုး၏အတွေးအခေါ်များက များစွာ သြဇာသက်ရောက်ခဲ့သည်၊ ဂျက်ကိုဘင်၏တပ်ဖွဲ့တွင်လည်း ဗိုလ်ကြီးလုပ်ခဲ့ဖူးသည်၊ အမြောက်တပ် ဗိုလ်ကြီးဖြစ်၏။ သူက (၁၇၉၉)ခုနှစ်၊ နိုဝင် ဘာလ (၉)ရက်နေ့တွင် စစ်တပ်နှင့်အာဏာသိမ်းပြီး လွှတ်တော်ကိုဖျက်သိမ်းလိုက်သည်၊  သူ့ကိုယ်သူ နံပါတ်(၁) ကောင်ဆယ် (အာဏာရှင်) အဖြစ်ကြေညာခဲ့သည်၊ ယင်းနှစ်တွင်ပင် စစ်ပွဲများတိုက်ခိုက်အောင်မြင်ပြီး ဗြိတိန်နှင့်စစ်ပြေငြိမ်းရေးလုပ်ခဲ့သည်။

(၁၈ဝ၂)ခုနှစ်မှစပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ (၁၈ဝ၄)ခုနှစ်တွင် ဧကရာဇ်ဘွဲ့ကိုခံယူသည်။ ပြင်သစ်နိုင်ငံကိုလည်း သမ္မတနိုင်ငံအဖြစ်မှ ဧကရာဇ်နိုင်ငံအဖြစ်ပြောင်းလဲကြောင်း ကြေညာလိုက်ပါတော့သည်။
•                                          •                                          •                                         
ပဒေသရာဇ်အကြွင်းမဲ့အာဏာရှင်စနစ်ကိုကျင့်သုံးသည့်ဘုရင်စနစ်ကို တော်လှန်တိုက်ခိုက်ခဲ့သော
ပြင်သစ်တော်လှန်ရေးသည် နပိုလီယံ၏ အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ ပြန်လည်ဆိုက်ရောက် သွားခဲ့လေပြီ။
သို့ရာတွင် ထိုဓနရှင်တော်လှန်ရေးသည် အကျိုးကျေးဇူးများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။
ပထမဆုံးအချက်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို တော်လှန်ရေးကဖြိုလှဲပစ်နိုင်ခဲ့ခြင်းဖြစ်သည်၊ နပိုလီယံကျဆုံးသွားပြီးသည်၏နောက်ပိုင်းတွင်လည်း ဘော်ဘွန် (Bourbon)မင်းဆက်ပြန်တက်လာခဲ့သေးသည်။ ၎င်းအပြင် နပိုလီယံကဲ့သို့ပင် သူ၏တူတော်သူဘိုနာပတ်ကလည်း ဧကရာဇ်အကြွင်းမဲ့အာဏာရှင်စနစ်ကိုကျင့်သုံးခဲ့သေးသည်။ သို့သော်လည်း သက်ဦးဆံပိုင်စနစ်ဟာင်းအုပ်စိုးမှုကို ပြန်လည်အသက်သွင်း၍ကားမရနိုင်တော့ချေ။
နောက်တချက်မှာဘာသာရေးအဖွဲ့အစည်းများနှင့်နိုင်ငံရေးအဖွဲ့အစည်းများ
ရောထွေးယှက်တင်ဖြစ်မနေတော့ဘဲ သီးခြားအဖွဲ့အစည်းများအဖြစ် ရပ်တည်လာစေအောင်ဖန်တီးပေးလိုက်နိုင်သည်။
(၁၇၈၉)ပြင်သစ်တော်လှန်ရေးသည် ဓနရှင်တော်လှန်ရေးဖြစ်သည့်အတိုင်း သဘာဝကျစွာပင် အကြီးမားဆုံးအကျိုးရလဒ်ကို ဓနရှင်လူတန်းစားက ခံစားကြရသည်။ ထိုတော်လှန်ရေး၏အဆင့်တိုင်းတွင် အမျိုးသားလွှတ်တော်ကာလ ဖြစ်စေ၊ အမျိုးသားညီလာခံကာလ ဖြစ်စေ၊ ဂျက်ကိုဘင်တို့လွှမ်းမိုးခဲ့သည့်ကာလမှာပဲ ဖြစ်စေ ကာလအားလုံးတွင် ဓနရှင်လူတန်းစားတို့ကသာ အခွင့်နေရာရခဲ့သည်၊ ၎င်းတော်လှန်ရေး၏အကျိုးဆက်အဖြစ် နပိုလီယံခေတ်တွင် ဓနရှင်တို့၏အခြေအနေ တည်တံ့ခိုင်မြဲလာခဲ့သည်၊
နပိုလီယံသည် အကြွင်းမဲ့အာဏာရှင်စနစ်ကိုကျင့်သုံးသည်ဆိုသော်လည်း ဓနရှင်လူတန်းစား၏ အကျိုးစီးပွားကိုကား သူလုပ်မပေးဘဲနေမဖြစ်၊ စီးပွားရေးအပိုင်းမှာ ဓနရှင်များလိုလားသောပြုပြင်ပြောင်းလဲရေးများကို သူ လုပ်ပေးခဲ့ရသည်။ အိန်ဂယ်ပြောခဲ့သည့်အတိုင်း (၁၇၈၉)ခုနှစ်ကစပြီး ပြင်သစ်တော်လှန်ရေး၏အတွေ့အကြုံများသည် ဥရောပသမိုင်းတခုလုံးအပေါ်တွင် လွှမ်းမိုးခဲ့သည်။ နပိုလီယံက အင်ပါယာချဲ့ထွင်ရေးစစ်ပွဲများတိုက်ခဲ့ရာမှာ သူ့စစ်တပ်ကြီးနှင့်အတူ ပြင်သစ်ဓနရှင်တော်လှန်ရေးအတွေ့အကြုံများ ပါသွားခဲ့လေသည်။ ဓနရှင်လူတန်းစားက အနှစ်သာရအရ တော်လှန်ရေးကို သူတို့အကျိုးစီးပွားအတွက် အသုံးချခဲ့သော်လည်း တော်လှန်ရေး၏ကြွေးကြော်သံ (၃)ရပ်ဖြစ်သော လွတ်လပ်ရေး၊ တန်းတူရေးနှင့်ချစ်ကြည်ရေးဟူသောအချက်တို့သည် ဥရောပတဝန်း ရိုက်ခတ်သွားခဲ့သည်၊ တခြားဥရောပနိုင်ငံတို့၏ အကြွင်းမဲ့အာဏာပိုင်ဘုရင်စနစ်ဆန့်ကျင်ရေးကို တွန်းဆော်ပေးနိုင်ခဲ့သည်၊
(၁၇၈၉)ပြင်သစ်တော်လှန်ရေးသည်  အဖိနှိပ်ခံလူတန်းစားတို့၏ ဖိနှိပ်မှုကိုတွန်းလှန်လိုသောစိတ်ဓာတ်ကို အခြေခံပြီးတိုက်ခဲ့ခြင်းဖြစ်သည်၊ လွတ်လပ်ရေးနှင့်တန်းတူရေးကိုအခြေခံပြီးတိုက်ခဲ့ခြင်းပါ။ ဤစိတ်ဓာတ်သည် အခြားနိုင်ငံများရှိ အဖိနှိပ်ခံလူတန်းစားကို နိုးကြားစေလိုက် သည်။ ကိုလိုနီနိုင်ငံများတွင် ကျွန်ရောင်းဝယ်ရေးစနစ်ကိုဖျက်သိမ်းသည့်ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ရခြင်းသည် (၁၇၈၉)ခုနှစ် တော်လှန်ရးအတွင်းမှာပင်ဖြစ်သည်။ ဤသည်မှာလည်း ကြီးမားသောတိုးတက်မှုမှတ်တိုင် တခုပဲဖစ်သည်။ ပဒေသရာဇ်စနစ်ကိုတွန်းလှန်တိုက်ခိုက်ရသော ယင်းဓနရှင်တော်လှန်ရေးကြောင့် လယ်သမားများသည် ပဒေသရာဇ်များကိုအလုပ်အကျွေးပြုရသောထမ်းပိုးအောက်မှလွတ်မြောက် ခဲ့ရသည်။ တောင်သူလယ်သမားတွေ မြေပိုင်ခွင့်ရလာကြသည်။ ဤသည်မှာလည်း အကျိုးကျေးဇူးတရပ်ပင်။ တော်လှန်ရေးကြောင့် တိုက်ရိုက်အကျိုးကျေးဇူးခံစားခွင့်မရရှိသူမှာ အလုပ်သမားလူတန်းစားဖြစ်သည်။ ထိုမျှသာမက အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ကိုပင်ပိတ်ပင်သောဥပဒေ ထုတ်ပြန်လိုက်ကြသေးသည်။ လုပ်ခတိုးပေးရေး အရေးဆိုသည့်အခါတွင်လည်း အစိုးရကဥပဒေအရဆိုပြီး နှိမ်နင်းပါသည်။ ၎င်းတော်လှန်ရေးအတွင်းတွင် အဖိနှိပ်ခံလူတန်းစားအားလုံး တို့သည် အုပ်စိုးသူဆန့်ကျင်ရေးဟူသော ဘုံရည်မှန်းချက်အတွက်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြရသည်။ သို့ရာတွင် တော်လှန်ရေး၏အောင်သီးအောင်ပွင့်များကိုသိမ်းပိုက်သွားသူများမှာကား ဓနရှင်လူတန်းစားပါ။ တော်လှန်ရေးအောင်မြင်ပြီးစအချိန်အတွင်းမှာပဲ လူတန်းစားအသီးသီးတို့သည် ကိုယ့်လူတန်းစားအကျိုးစီးပွားအတွက် ဆက်လက်ရုန်းကန်မှုပြုကြသောမြင်ကွင်းကို တွေ့မြင်ရလသည်။ ၎င်းတို့အနက်မှ အာဏာကိုဖက်တွယ်ရယူထားနိုင်သူမှာကား ဓနရှင်လူတန်းစားဖြစ်၏။ သို့ရာတွင် သူ့ လူတန်းစားအတွင်းမှာလည်း ဂိုဏ်းကွဲမှုများဖြစ်လာခဲ့လေသည်၊
သွေးချောင်းစီးကာလတရပ်သည်လည်း ဓနရှင်လူတန်းစားအာဏာရထားသောအချိန် ကာလအတွင်း ဖြစ်ပွားလာခဲ့ရသည်- ဆိုသည်ကိုလည်း သတိပြုဖို့လိုပေသည်။ အိန်ဂယ်၏အမြင်အရဆိုလျှင်…“ပထမဆုံးအကြိမ် ကြီးမားသောအောင်မြင်မှုရရှိပြီးသည့်အခါ အောင်ပွဲရလူနည်းစု လူတန်းစားထဲတွင် ကွဲပြဲမှုများ ယေဘုယျဖြစ်လေ့ရှိသည်။ သူ့လူတန်းစားထဲမှတစိတ်တပိုင်း(အစိတ်အပိုင်းအချို့)က သူရရှိထားသည့်အာင်မြင်မှုရလဒ်တွေကိုကျေနပ်မှုရှိသည်။ သူ့လူတန်းစားထဲမှ နောက်တစိတ်တပိုင်းကတော့ ရှေ့သို့ဆက်လက်ချီတက်လိုသေးသည်။
တောင်းဆိုချက်အသစ်တွေ ဆက်တင်ချင်သေးသည်၊ သူ့တောင်းဆိုချက်များသည် အစစ်အမှန်ဖြစ်ကောင်းမှဖစ်မည်။ သို့မဟုတ် ဟန်ပြအတုအယောင် ဖြစ်ကာင်းဖြစ်မည်။ သို့ရာတွင် အများစုလူထုအကျိုးစီးပွားအတွက်ဆိုပြီး သူက တောင်းဆိုချက်တွေဆက်လက်တင်လိုသောစိတ်ကား ရှိနေသည်”

ပြင်သစ်ဓနရှင်လူတန်းစားအတွင်းမှာလည်း အိန်ဂယ်ပြောသည့် ထိုသဘောထားမျိုးကိုတွေ့ရသည်။
(၁၇၈၉)ခုနှစ်တော်လှန်ရေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။
တိုက်ပွဲကတော့မပြီးဆုံးသေးပါ။ ဆက်လက်တိုက်ပွဲဝင်သွားကြရဦးမှာပါ။
ဆက်လက်တိုက်ပွဲဝင်ရေးသည် ဓနရှင်လူတန်းစားအတွက်လိုအပ်ဆဲဖြစ်နေသလို….
ဆက်လက်တိုက်ပွဲဝင်ရေးသည် ပစ္စည်းမဲ့တို့အတွက်လည်း မုချသဘောဖြစ်နေပါသည်။

ဗမာပြည်ကစစ်အာဏာရှင်နဲ့လူထုသတင်းစာ (ရဲဘော်ဖိုးသံချောင်း)

0 comments
ရွှေဥဒေါင်းက ၄၉ ခု မန္တလေးနှင့်ပတ်သက်၍ ရွှေမန်းဖြစ်ထွေဟု မရှေးမနှောင်းပင် ရှုမဝတွင်ရေးရာ မန္တလေးမြို့တွင်း ပြေးလွှားပုန်းရှောင်ခဲ့ရပုံ၊ မိတ်ဆွေများက လက်မခံရဲပုံပါရှိသည်။ လူထုတိုက်ဗုံးခွဲသည့်ကိစ္စတွင် လက်နက်ကိုင်တစုဟုသာ သုံးနှုန်းသည်ဟုမှတ်မိသည်။ နောက်အခြေအနေတည်ငြိမ်ပီး ၁၉၆၁ တွင်မှ “ဗုံးခွဲပီးနောက် ဝင်းလိုက်ရုံထဲပုန်းနေသောဦးလှကို ခေါ်ခိုင်းပုံ၊ မအမာနှင့် ညီမများက သူတို့မိဘကိုထည့်ဘို့သတိမရပဲ သူ့ကိုနန်းတွင်းထဲလိုက်သွားခိုင်းပုံ (အမှန်တော့ ခြေလွန်လက်လွန်ဖြစ်မည်စိုး၍ စာရေးဆရာဝါကြီး လူကြီးသူမအနေနှင့်အားကိုးခြင်းဖြစ်သည်)၊ ခင်ဗျားတို့ရေးတာလွန်တယ်ဟု စစ်ဗိုလ်လေးတယောက်က ကြိမ်းပုံ၊ ဗိုလ်မှူးကြင်နှင့်တွေ့ပုံ”တို့ တသက်တာမှတ်တမ်းတွင် ထည့်ရေးသည်။ ဇေယျကျော်ထင် ဗိုလ်မှူးကြင်မှာ အင်္ဂလိပ်တပ်ကပါလာသူဖြစ်ပီး ဆိုရှယ်လစ်ပါတီဝင်စစ်ဗိုလ်မဟုတ်ပါ။

ကရင်ဝင်စဉ်က လူထုမိသားစုလည်း အခြားမန္တလေးမြို့ခံများနှင့်အတူ အာရမ်တံတိုင်းထုထည်ကောင်းသော စိန်ပန်းမစိုးရိမ်တိုက်၌ခိုလှုံကြသည်။ မြို့ကို တပ်ကပြန်သိမ်းပီးနောက် သတင်းစာပြန်ထုတ်နေစဉ် ကျောက်သွေးတန်း လူထုတိုက်ပေါ်မှ စစ်တပ်ကိုသေနတ်နှင့် လှမ်းပစ်သည်ဆိုပီးဝင်လာသော စစ်သားသေနတ်ကိုလက်ကကိုင်၍ “မဟုတ်ထာမပြောနဲ့၊ အပေါ်တက်ကြည့် ဘယ်သူမှမရှိဘူး” ဆိုကာ ခေါ်ပြသည်ဟု ဒေါ်အမာက ပြန်ပြောင်းပြောဘူးသည်။ “ငါက သိပ်သတ္တိကောင်းလို့တော့မဟုတ်ဘူး၊ မဟုတ်ပဲစွပ်စွဲတာ စိတ်ဆိုးလို့”။ ထို့နောက် လူထုမိသားစုနှင့် တောခိုစစ်ဗိုလ် ဗိုလ်ကြီးလှဖေမိသားစု၊ အိမ်ဖော်မအံ့ (ဦးလှ၏ ကျွန်တော်စတီးပွဲစားမှ ဝါစက်အလုပ်သမ) စသူတို့ကို သေနတ်နှင့်ပစ်သတ်ရန်ပြင်စဉ် ဘုန်းကြီးကဝင်ကယ်သည်။ အငယ်ဆုံး ကလေးများမှာ ၂ နှစ်ခန့်ရှိမည်။ သတင်းစာဗုံးခွဲခံရပီးနောက်တနှစ်ကျော်မှ ပြန်ထုတ်နိုင်သည်။
ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူကို (ဖဆပလဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း သတင်းစာဆရာတဦးနှင့် မေမြို့စစ်ကျောင်းနည်းပြဟောင်းတဦး၏ မိသားစုများ) ပစ်ခတ်ရန်ကြံမှု၊ သတင်းစာပုံနှိပ်စက်များဖောက်ခွဲမှုကို အထက်ကမည်သူအမိန့်ပေးသည် သေချာမသိရ။ ထိုအချိန်က စစ်သေနာပတိ လက်ဖတင်နင်ဗိုလ်ချုပ်နေဝင်း၊ နန်းရင်းဝန်သခင်နုနှင့် အစိုးရမှနှုတ်ထွက်ထားသော်လည်း စစ်တပ်ကိုသြဇာလွှမ်းသည့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ၊ တာဝန်ကျတပ်မင်းများ လူ့ပြည်တွင်မရှိတော့သည်ကများသော်လည်း တချိန်တွင် ထွက်လာပေမည်။ ကွယ်လွန်သူတင်သန်းဦး၏ဝါဒဖြန့်ကားတကားတွင် လူထုသတင်းစာက တောတွင်းကွန်မြူနစ်များအတွက်ပုံနှိပ်ပေးနေ၍ဖြိုခွဲသည်ဟု တုံ့ပြန်ထားသည်ကိုလည်း ကြားလိုက်ရသည်။ တိုက်ပွဲအတွင်း သတင်းစာထုတ်နေစဉ် ဦးလှက အယ်ဒီတာချစ်ညိုကို ဗီယက်နမ်လွတ်လပ်ရေးတိုက်ပွဲအတွင်း ဟနွိုင်က ညံဇံသတင်းစာကြီး တရက်မှမပိတ်ပဲ သတင်းမှန်များ လူထုဆီအရောက်ပို့ပေးခဲ့၍ ပြည်သူတွေ သတင်းမှန်ရပီး အားတက်ခဲ့ရသည်ဟု ဥပမာပြအားပေးသည်ဆိုသည်။ သခင်အုန်းမြင့်ပြောဘူးသော ကိုလှ မအမာတို့က သည်းခံမြိုသိပ်တတ်လို့ လူမသိတာပါဆိုသည့်စကားကိုလည်း ကြားနေမိဆဲ။
*****
ကျနော် တခါတခါ ကိုယ့်ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ အထူးသဖြင့် အဖမ်းခံနေရတဲ့ ကာလအတွင်း၊ တိုက်ထဲမှာတယောက်တည်းနေရတုန်းမှာ ကိုယ့်အကြောင်းတွေကိုယ် ပြန်စဉ်းစားကြည့်တဲ့အခါ ငါ့ဘ၀ရဲ့ အစောဆုံးဘယ်အပိုင်းကို မှတ်မိသလဲလို့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ကျနော့်ခေါင်းထဲမှာ မှတ်မှတ်ရရပေါ်လာတာတခုက မန္တလေးမြို့ကို သူပုန်တွေကသိမ်းတဲ့အချိန်၊ ကျနော်တို့ မိသားစုကို သတ်ဖို့စီစဉ်ကြတဲ့ကိစ္စ၊ ကျနော်တို့အိမ်က ပုံနှိပ်တိုက်ကြီးကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စ၊ အဲဒါ ကျနော်အစောဆုံးမှတ်မိတာပဲ။ ကျနော်တို့ မိသားစုကိုသတ်ဖို့ပြင်တယ်ဆိုတဲ့ကိစ္စဟာ အခုအခါမှာ ကြားဖူးသူအတော်ရှားမယ်ထင်တယ်။ သိတဲ့သူလည်း နည်းမယ်ထင်တယ်။ စာတွေဘာတွေထဲမှာ သိပ်ပြီးမပါဖူးဘူး။
အဲဒီတုန်းက သတ်မယ်လုပ်သူဟာ အဲဒီတုန်းက မန္တလေးမြို့ထဲကိုဝင်ကြတဲ့ သူပုန်တွေမဟုတ်ပါဘူး။ မန္တလေးမြို့ကိုဝင်တဲ့ သူပုန်တွေကမျိုးစုံပါ။ ကျနော် သိသလောက်ဆိုရင် ကွန်မြူနစ်ပါတီလည်း ၀င်တယ်။ ကရင်လည်းဝင်တယ်။ ရဲဘော်ဖြူလည်း ၀င်တယ် (ရဲဘော်ဖြူဆိုတာက ပြည်သူ့ရဲဘော်ကို ပြောတာပါ) ဒါပေမဲ့ သူတို့ကသတ်ဖို့လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ မိသားစုကိုသတ်ဖို့လုပ်တာက အစိုးရတပ်ပါ။
ကျနော့်မျက်စေ့ထဲကမထွက်နိုင်တဲ့ အဲဒီတုန်းကအဖြစ်အပျက်တွေကို ကျနော် ပြန်ပြောပြပါ့မယ်။ အဲဒီတုန်းက ကျနော်တို့နေကြတာဟာ အခု ၈၄လမ်း နဲ့ ၃၃ လမ်းထောင့်ကလူထုတိုက်နေရာ မဟုတ်ပါဘူး။ လက်ရှိနေရာမှာက အဲဒီတုန်းက ဒုတိယကမ္ဘာစစ်တုန်းကဗုံးကျထားတဲ့ တိုက်ပျက်အုတ်ခဲပုံကြီး။ အဲလို အုတ်ခဲပုံကြီးပေါ်မှာတဲလေးတလုံးထိုးပြီး ဘလောက်လုပ်ငန်းလုပ်နေတဲ့ မြသီတာဘလောက်တိုက်ဆိုတာပဲ ငုတ်တုပ်ရှိပါတယ်။ ကျနော်တို့က အခု ၀င်းလိုက်ရုပ်ရှင်ရုံရဲ့တောင်ဘက်က တအိမ်ခြား၊ နောင်မှာ ဦးချမ်းစားသောက်ဆိုင်ဆိုတာဖြစ်လာတဲ့ ရွှေကုန်သည်ဦးသိန်းမောင်တို့ရဲ့တိုက်ကို အောက်ထပ်မှာငှားပြီး နေကြတာပါ။ သူတို့အိမ်ရှင်များက အပေါ်ထပ်မှာနေကြပါတယ်။ ကျနော်တို့တိုက်မျက်နှာစာမှာတော့ အမေတို့အဖေတို့က စာအုပ်ဆိုင်လေးလို လုပ်ထားပါတယ်။ ကိုယ့်တိုက်ကထုတ်တဲ့စာအုပ်တွေရော အခြားစာအုပ်တွေပါရောင်းပါတယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက ကျနော့်အဖိုးအဖွားများရဲ့ ဂုန္တန်းဝင်းထဲမှာပါ။ ၀ါးကပ်တဲအရှည်ကြီးတခုထဲမှာ ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်တုန်းကပါ၊ ကျနော်ထင်တယ် (၄၉) ခုနှစ် အစောပိုင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်မှာ နွေခေါင်ခေါင်ကြီးမဟုတ်သေးပါဘူး။ နွေဦးပေါက်စ ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ ကျနော်အသက် သုံးနှစ်ကျော်ပေါ့၊ ဒါပေမဲ့ မန္တလေးဆိုတော့ ရာသီဥတုက နေ့လယ်မှာပူပါတယ်။ အဲဒီရက်က ကျနော့်မိဘတွေက ဘယ်ကနေ ဘာသတင်းရထားတယ် ကျနော် မသိပါဘူး။ ကျနော်က သိပ်ငယ်ပါတယ်။ ကျနော်တို့ မိသားစုတစုလုံး တထိတ်ထိတ် တလန့်လန့်နဲ့နေကြတာကိုပဲ ကျနော်မှတ်မိနေတယ်။ အဲဒီနေ့မှာကျတော့၊ ကျနော်တို့အိမ်ထဲကို အစိုးရစစ်သားတွေ ခဏခဏ ၀င်-၀င်လာတာလည်း ကျနော်မှတ်မိနေတယ်။ နောက်တခါ ကျနော်တို့တတွေ အဖေနဲ့အမေအိပ်တဲ့မင်္ဂလာဆောင်ခန်းဝင် ကုတင်ကြီးရဲ့နောက်မှာ အားလုံးထိုင်ပြီးပုန်းနေကြတယ်။ အဖေနဲ့အမေတို့က မင်္ဂလာဆောင်တာ မန္တလေးမှာဆောင်တာ၊ ဒါပေမယ့် အဖေက ခန်းဝင်ပစ္စည်းတွေကို ရန်ကုန် ဘုံဘေဘားမားကုမ္ပဏီကနေ ၀ယ်လာတာ။ ခုနကပြောတဲ့ကုတင်ကြီးက ဧရာမကျွန်းကုတင်ကြီး။ ခေါင်းရင်းပိုင်းကအကာဟာ ငါးပေလောက်မြင့်မယ်ထင်တယ်။ အဲဒီအကာကြီးနဲ့ အုတ်နံရံအကြားမှာ ကျနော်တို့မိသားစုခြောက်ယောက်။ အဲဒီတုန်းက ကျနော်ညီအငယ်ဆုံး မမွေးသေးပါဘူး။
ကျနော်တို့အားလုံးထိုင်ပြီးပုန်းနေကြတာ။ အတော်ကြာပါတယ်။ ဘယ်နှနာရီရှိမလဲတော့ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အစိုးရစစ်သားတွေ အိမ်ထဲကိုဝင်လာတာ ထပ်ကြားတယ်။ ကျနော်တို့တတွေမျက်ရိပ်ပြပြီး တိတ်တိတ်ကလေး ထိုင်နေကြတယ်။ ကျနော်တို့အခန်းက ခပ်မှောင်မှောင်ရယ်၊ ဒါပေမဲ့ အခန်းသုံးခန်းထဲသာရှိတဲ့အဲဒီနေရာမှာ ကျနော်တို့ကို အဲဒီစစ်သားတွေက ခဏနဲ့ပဲ ရှာတွေ့သွားတယ်။ သူတို့လက်ထဲမှာ သေနတ်တွေနဲ့ စစ်မြေပြင်ဆင်းတဲ့ပုံစံအပြည့်ပဲ။ ဗိုလ်လုပ်တဲ့သူက ကျနော်တို့ အားလုံးထွက်ခဲ့ပေါ့။ သူတို့နဲ့လိုက်ခဲ့ဖို့ပြောတယ်။ အဲ့တော့ ပုန်းနေတဲ့ကုတင်နဲ့နံရံကြားကကျဉ်းကျဉ်းလေးမို့ အဖေတို့အမေတို့ တယောက်ချင်းထွက်ကြရတယ်။ ဒီအခါမှာ ကျနော်နဲ့ကျနော့်အကိုဟာ တူတူပုန်းတဲ့အခါကစားလေ့ရှိတဲ့အတိုင်း တယောက်ကိုတယောက်လှမ်းကြည့်ပြီး အဲဒီကုတင်ကြီးရဲ့အောက်ထဲကို အသာလှည့်ဝင်ပြီးပုန်းနေလိုက်ကြတယ်။ အခန်းက ခပ်မှောင်မှောင်ဆိုတော့ စစ်သားတွေလည်းသတိမထားမိလိုက်ကြဘူး။ အဖေနဲ့အမေနဲ့၊ အမနဲ့နှမပေါ့လေ သူတို့ကိုပဲခေါ်သွားပြီးတော့ ကျနော်တို့နှစ်ယောက်တည်းကျန်နေခဲ့ကြတယ်။ ကျနော်တို့နှစ်ယောက် ကုတင်အောက်မှာ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးနခဲ့ကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကလေးပြုံးပြုံးကြတာပဲ။
နောင်မှာ ကျနော်တို့ကြီးလာကြတော့လည်း ဒီကိစ္စဘာမှ ပြန်မမေးဖြစ်ဘူး။ တယောက်နဲ့တယောက် ဒီအကြောင်း စကားမစပ်ကြတော့ဘူး။ ကျနော်တို့မိဘတွေနဲ့တောင် ပြန်မပြောမိကြတော့ဘူး။ ပြန်မစဉ်းစားချင်တော့တဲ့ ကိစ္စတခုလိုဖြစ်သွားတယ်။ ဒီလိုနဲ့ အတော်လေးနေတော့မှ “နှစ်ယောက်လိုသေးတယ်၊ နှစ်ယောက်လိုသေးတယ်” ဆိုပြီး စစ်သားတွေပြန်ဝင်လာတယ်။ အဲဒီကျတော့ ကျနော်တို့ပုန်းလို့မရတော့ဘူး။ တွေ့သွားတော့ ကျနော်တို့နှစ်ယောက်ကို ကုတင့်အောက်က ထွက်လာခိုင်းတယ်။ နောက် အပြင်ကိုထုတ်လာတော့ အပြင်မှာ ကျနော့်အဖေ၊ ကျနော့်အမေ၊ ကျနော့်အမနဲ့ ကျနော့်နှမတို့ကိုတွေ့ရတယ်။ ၀င်းလိုက်ရုပ်ရှင်ရုံနဲ့မျက်နှာချင်းဆိုင် ကျနော့်အဖိုးနဲ့အဖွားပိုင်တဲ့ အောင်မြန်မာစက္ကူဆိုင် ဆိုတာရှိတယ်။ တထပ်တိုက်တန်းကြီးတခုပါ။ အဲဒီ တထပ်တိုက်တန်းဟာ အုတ်ခုံအမြင့်ခံပြီးဆောက်ထားတာပါ။ အဲဒီအရှေ့မှာပဲ အားလုံးကိုတန်းစီပြီး ရပ်ခိုင်းထားတာတွေ့ရတယ်။ ကျနော်တို့ညီအစ်ကိုလည်း ကျန်တဲ့မိသားစုတွေနဲ့ဝင်ပြီး ၀င်ပြီးတန်းစီရတာပေါ့။ ကလေးဆိုတော့ ကျနော်တို့ကိုပစ်သတ်ဖို့ပြင်နေတယ်ဆိုတာ သိပ်ပြီးရှင်းရှင်းလင်းလင်း သိတာမဟုတ်ဘူး။ သဲသဲကွဲကွဲ သိတာမဟုတ်ဘူး။ သဘောတော့ပေါက်တဲ့ပုံရှိတယ်။ ဒါပေမဲ့ ကြောက်ရမှန်းမသိတာ အမှန်ပဲ။

အစိုးရစစ်သားတွေက သေနတ်ကိုကျည်ထိုးပြီး ပစ်မိန့်ကိုစောင့်နေကြပြီ။ အဲဒီတုန်းက ကျနော်တို့ပတ်ဝန်းကျင်မှာ ဒီအဖြစ်တွေကို ၀ိုင်းပြီးကြည့်နေကြတဲ့လူ(၃၀-၄၀) လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ အဲဒီဘေးကကြည့်နေတဲ့သူတွေ၊ အထူးသဖြင့် သံဃာတွေက စစ်သားတွေကို ဒီလိုမလုပ်ဖို့ ၀ိုင်းပြီးမေတ္တာရပ်ခံကြတယ်။ သူတို့အချိန်အတော်လေးပြောရတယ်။ ဘယ်လောက်ကြာလဲတော့ အတိအကျမမှတ်မိတော့ဘူး။ အဓိက ဖြောင်းဖြတဲ့အထဲမှာက ဘုရားကြီးအနောက်ဖက် (တောင်ထီးလင်းတိုက်) ပေပင်ကျောင်းကဆရာတော်ဦးကောဝိဒပါတယ်၊ အဲဒီတုန်းကတော့ ဦးဇင်းပေါ့။ နောက်ဆုံးကျတော့ အဲဒီစစ်ဗိုလ်ကလက်ခံသွားပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တယ်။ ကျနော်တို့မိသားစုဟာ အဲဒီဆရာတော်ကို တသက်လုံး ကျေးဇူးရှင်လိုသဘောထားပြီး ကျနော်တို့အိမ်က သူ့ဆီကိုအပတ်တိုင်းဆွမ်းပို့ပေးပါတယ်။ စစ်သားက ကျနော်တို့ကို ပြန်လွှတ်ပေးတဲ့နောက်မှာ သံဃာတော်တွေကိုကန်တော့ကြ၊ ၀ိုင်းပြောပေးကြတဲ့ ရပ်ကွက်ထဲကလူတွေကို ကျေးဇူးတင်စကားပြောကြ၊ အဲဒါတွေတော့ ကျနော်မှတ်မိနေတယ်။ အဲဒီတုန်းက ကျနော်တို့က ဘာမှပြောတတ်တာ၊ သိတတ်တာမဟုတ်တဲ့အခါကျတော့ အမေအဖေတို့ရဲ့လှုပ်ရှားမှုမှန်သမျှကို မျက်စိအ၀ိုင်းသားနဲ့ ကြည့်နေကြတာ။
ကျနော်တို့အိမ်မှာ ကျနော်တို့တွေရဲ့ဓာတ်ပုံတွေကိုထည့်ထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်အညိုရောင်လေး တအုပ်ရှိတယ်။ အတော့်ကိုဟောင်းနေပြီ။ အထဲက ဓာတ်ပုံတွေကလည်း ၀ါတာဝါနေပြီ။ ကျနော်တို့နည်းနည်းကြီးလာတဲ့အခါကျတော့ အဲဒီ အယ်လဘမ်လေးကို မကြာခဏလှန်ကြည့်တတ်ကြတယ်။ ဒါဘယ်သူပဲ ဒါဘယ်သူပဲဆိုပြီး ကိုယ့်ပုံကိုယ်လည်းကြည့် အင်မတန် စိတ်ချမ်းသာကြတာပေါ့။ အဲဒီ လူရုပ်ပုံအမျိုးစုံပါတဲ့ အဲ့ဒီအယ်လ်ဘမ်ထဲမှာ လက်ရေးမူစာတစောင်ကိုလည်း ဓာတ်ပုံရိုက်ပြီးတော့ ညှပ်ထားတာ ထူးထူးခြားခြားတွေ့ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီစာပါအကြောင်းအရာက ဦးလှနဲ့ဒေါ်အမာတို့ကို ဒုက္ခမပေးဖို့ တပ်တွေကိုညွှန်ကြားထားတဲ့ဟာပါ။ လက်မှတ်ထိုးထားတာက အဲဒီတုန်းက မန္တလေးမြို့သိမ်းတပ်မှူး ဗိုလ်မှူးကြင်ပါ။ ဗိုလ်မှူးကြင်ဆိုတာက ဆိုရှယ်လစ်ပါတီနဲ့ဘာမှမပတ်သက်ဘူး။ လူရိုးလူကောင်းဆိုပြီး တပ်ထဲမှာနာမည်ကြီးတဲ့ပုဂ္ဂိုလ်။ နောက်ကျတော့ ပြည်တွင်းစစ်မှာပဲ သူကျဆုံးသွားတယ်။ ဗိုလ်မှူးကြင်လက်မှတ်နဲ့ အဲဒီစာလေးရှိပါတယ်။ ဒီစာကို ကျနော်တို့အိမ်ထဲ အစောပိုင်းဝင်သွားတဲ့ စစ်သားတွေကပေးသွားတာပါ။ ဒီစာရှိလျက်နဲ့ နောင်မှာဘာဖြစ်လို့ ထုတ်သတ်ဖို့ ဖစ်လာလဲဆိုတာတော့ ကျနော်လည်း ကျနော့်အဖေ အမေကိုမမေးမိလို့ မသိတော့ဘူး။

အဲဒီနောက်မှာတော့ ကျနော်တို့ လူထုသတင်းစာတိုက်ရဲ့စာပုံနှိပ်စက်ကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စဖြစ်တာပဲ။ ကျနော်ထင်တာတော့ အထက်ကအဖြစ်အပျက်တွေပြီး နောက်တနေ့လောက်လို့ထင်တယ်။ ဆက်တိုက်ပဲ။ ကျနော်တို့ စာပုံနှိပ်စက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ခွဲတော့မယ်ဆိုတဲ့အကြောင်း အိမ်ကိုကြိုတင်အကြောင်းကြားထားတဲ့ သဘောရှိတယ်။ ကျနော်တို့အိမ်က လူတွေအားလုံး ကြိုသိနေကြတယ်။ ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ ကျနော်တို့နားစွင့်နေတုန်းမှာပဲ ‘၀ုန်း’ ဆိုတဲ့အသံကြီးတသံ ကြားလိုက်ရတယ်။ အဖေနဲ့ အမေတို့ မျက်နှာတည်သွားတာကျနော် အခုထိ မှတ်မိနေတယ်။ ညနေပိုင်းကျတော့ ကျနော် အဲဒီကို သွားကြည့်တယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက ဂုန္တန်ဝင်းထဲမှာ။ အဲဒီတုန်းက ပုံနှိပ်စက်အဆောက်အဦးထဲမှာ ဝါးကပ်တဲကြီးထဲမှာက သတင်းစာရိုက်တဲ့ အင်္ဂလန်နိုင်ငံလုပ် ‘ပိန်း’ စက်ကြီးရှိတယ်၊ နောက် ‘ချန်ဒလာ’ ဆိုတဲ့ပုံနှိပ်စက်အငယ်လေးတွေရှိတယ်။ နောက် စက္ကူဖြတ်စက်ရှိတယ်။ နောက် စာစီခုံတွေအများကြီးရှိတယ်။ ကျနော်ရောက်သွားတဲ့အခါ ကျတော့ကပ်တဲကြီးလည်း ပြိုနေပြီ။ သတင်းစာရိုက်တဲ့စက်ကြီးလည်းပျက်လို့။ စာစီခုံတွေနဲ့ခဲစာလုံးတွေကလည်းဖရိုဖရဲနဲ့ အင်မတန်ကို ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ ဒေါသဖြစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။
ကျနော့်အသက်က ခုနက ပြောခဲ့သလိုပဲ (၃) နှစ်ကျော်လေးပဲ၊ ငယ်ငယ်လေးပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာကို အနိုင်ကျင့်တာပဲလို့တော့ ခံစားမိတယ်။ ၀မ်းလည်းနည်း ဒေါသလည်းအင်မတန်ဖြစ်ခဲ့တယ်။ အခုရေးခဲ့တာဟာ ၃- ၄ နှစ်သား တဦးက ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဒါ ကျနော် မှတ်မိသလောက်လေးပဲဖြစ်တယ်။ လပ်နေတဲ့ ကွက်လပ်တွေကို ကျန်တဲ့သူတွေ၊ ခုနက ကျနော့်မိသားစုတွေ ဖြည့်နိုင်ပါလိမ့်မယ်။ အဲဒီလပ်နေတာဟာ ကျနော် ပြောတာရဲ့ (၁၀) ဆလောက်ရှိမယ်လို့ ထင်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
http://bobolansin.wordpress.com/2011/04/23/%E1%80%97%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%80-%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC/

နှင်းခဲပျော်ချိန်နောက်ဆုံးအိပ်မက် (မျိုးမြင့်ချိ)

0 comments
ညက Chicago ကနေပြန်ရောက်ပါတယ်။ ဒီမနက်တော့ ပြန်ပါလာတဲ့အရှုပ်တွေရော အိမ်ထဲကအရှုပ်တွေကိုပါရှင်း၊ ရေမိုးချိုးပြီး စက်ရှေ့မထိုင်ခင်လေး အိမ်နောက်ဖေးတံခါးပေါက်ကို ဖွင့်ကြည့်လိုက်တော့ နှင်း (Snow)ရဲ့ရှေ့တော်ပြေး မြူခိုး Fog တွေကို တွေ့လိုက်ရတယ်။ ပြောရရင် ဒီတံခါးလည်း မဖွင့်ဖြစ်တာ တလလောက်ရှိပြီ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကအထိ အရွက်တဖါးဖါးနဲ့စိမ်းမြနေခဲ့တဲ့ ပင်မအို့တအိုလည်း ခုတော့ ဟေမန္တရဲ့ ကနဦးထိုးစစ်မှာတင်ပဲ ကျဆုံးသွားသယောင်။ ဝတ်လစ်စလစ်..တရွက်ဆိုတရွက်လေးတောင်မကျန်တော့။ အကုန်ကြွေကျ အကုန်ချွေချ။ စိမ်းမြသစ်ရွက်တို့ကြွေနေတုန်း...(နောက်ဆုံးအိပ်မက်)ကိုတိုးတိုးလေးငြီးမိတယ်။
အိမ်နောက်ကန်စောင်းက တနွေလုံး ဆောင်းခိုရင်း သားပေါက်ကြတဲ့ငန်းရိုင်းတွေ အုပ်လိုက်အုပ်လိုက် လမ်းကြောင်းမှန်ရွေးပြီးပျံကုန်ပြီ။ မိုင်ထောင်ချီခရီးပေါ့..နွေးထွေးရာအရပ်မှာ ဆောင်းခိုဖို့။ အရင်ဆောင်းကို ဒီမှာခိုရင်း မျိုးဆက်သစ်ကိုမွေးဖွားခဲ့ကြပြီ။ ခုဆောင်းကို ဟိုမှာခိုရင်း မျိုးဆက်သစ်ကိုမွေးဖွားဦးပေါ့။ ဒီမှာပေါက်ခဲ့တဲ့ မျိုးဆက်သစ်တွေက အတောင်စုံပြီမို့ မျိုးဆက် ၂ ဆက်အတူ ပျံသန်းကြတော့မှာ။ နောက်နှစ်နွေမှာပြန်လာတဲ့အခါ အခုပြန်သွားတဲ့ကောင်တွေထဲက ဘယ်နှစ်ကောင်ပြန်ပါလာလေမလဲတော့ မပြောတတ်။
အင်း..နှင်းတွေလာတော့မယ်။ နှင်းတွေ လာရင်လား။ နှင်းတွေလာရင်ရှိသမျှသစ်ပင်တွေအရွက်အချွေခံရမှာပဲ။ ကောက်ပဲသီးနှံတွေလည်း မသီးနိုင်မပွင့်နိုင်နဲ့။ (ဒီလောက်နှင်းတွေထူနေမှတော့ ပဲပင်လေးတွေအညှောင့်ထွက်နိုင်ပါဦးမလား) အဲ့ကဗျာတပိုင်းစတလည်းခေါင်းထဲဝင်လာတယ်။ မထွက်နိုင်ပါဘူး ဘယ်ပဲပင်လေးတွေမှ အညှောင့် မထွက်နိုင်ပါဘူး။ နှင်းဖိလို့ မြက်ခင်းစိမ်းတွေပါနှင်းပိပြီး သေဆုံးကြရဦးတော့မှာ။
နှင်းခဲနှင်းဖတ်နှင်းပွင့်တွေက မချွေနိုင်တာဆိုလို့ Evergreen လို့အမေရိကန်တွေခေါ်တဲ့ ထင်းရှူးပင်တမျိုးရဲ့အရွက်တွေပဲရှိတယ်။ ကျနော်တို့ ရွှေပြည်တော်ကြီးမှာလဲ Evergreen လို အပင်တွေဆက်ရှင်သန်ကြပါစေ။ ကျနော်တို့ ရွှေပြည်ကြီးမှာ ပဲပင်လေးတွေ အညှောင့်ပေါက်နိုင်ကြပါစေ။ ကျနော်တို့ ရွှေပြည်ကြီးမှာ ငန်းရိုင်းတွေ မျိုးဆက်သစ်တွေပေါက်ဖွားကြပါစေ။ လွတ်လွတ်လပ်လပ်ပျံသန်းကြပါစေ။ နှင်းတွေမကျပါနဲ့တော့.. နှင်းတွေမကျပါစေနဲ့တော့.. နှင်းတွေနောက်ထပ်မကျပါစေနဲ့တော့။ ကျပြီးခဲ့တဲ့နှင်းတွေလည်း အရည်ပျော်သွားပါစေ။ နှင်းခဲပျော်ချိန် မြန်မြန်ရောက်ပါတော့။

ခိုးမှုမသင်္ကာနှင့်ရာဇဝတ်သား..တဲ့။ (မျိုးမြင့်ချိ)

0 comments
ဒါတွေ့တော့ ကျနော်တို့အဖမ်းခံခဲ့ရတဲ့အချိန်တွေဆီ စိတ်ပြန်ပြေးတယ်။ စစ်ထောက်လှမ်းရေးတွေက ကျနော်အပါအဝင် နိုင်ငံရေးမှုနဲ့အဖမ်းခံရသူတွေကိုလာဖမ်းတာ ဖမ်းဝရမ်းမပါဘူး၊ ရှာဖွေပုံစံမပါဘူး၊ ရပ်ကွက်လူကြီး ပါတဲ့အခါ ပါတယ်။ မပါတဲ့အခါမပါဘူး။ ပါပါ မပါပါ ဘာမှမဖြစ်ဘူး။ ဖမ်းသွားပြီးရင် ရေကြည်အိုင် ဒါမှမဟုတ် စစ်ထောက်လှမ်းရေးစခန်းတွေမှာ စစ်ကြောရေးလုပ်တယ်(ဒီနေရာမှာ စစ်ကြောရေးအကြောင်းပြောမှမဟုတ်သေးပါ)။ ပြီးရင် ထောင်ကိုပို့တယ်(အဲ့နေ့ဟာ အလွန်ပျော်ရတဲ့နေ့ပါ) ထောင်ရောက်တော့ သိတ်မကြာဘူး အက်စ်ဘီလားရဲလား ဘာလားညာလားတော့မသိပါဘူး။ အရပ်ဝတ်နဲ့၊ လွယ်အိပ်နဲ့(တခါတလေ ကချင်ပုဆိုးနဲ့၊ လည်ကတုံးအဖြူနဲ့၊ ကတ္တီပါဖိနပ်နဲ့)လူတွေရောက်လာပြီး စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းတယ်။ (ပေးတော့မဖတ်ဘူး။ ခေါင်းစွပ်ကိုမျက်လုံးပေါ်ရုံလောက်လေးမတင်ပေးပြီး ဒီမှာထိုးလို့ ပြောပြီးထိုးခိုင်းတာ။ ထိုးရတာ။) နောက်တော့ ရုံးတင်တယ်(ပထမအကြိမ်မှာ စစ်ခုံရုံး(စစ်ဗိုလ်တွေ၊ တရားခံတွေကိုယ်တိုင်က တရားသူကြီးလုပ်ပြီး တရားလိုကိုထောင်ပြန်ချတဲ့ဇာတ်ဝင်ခန်း)။ တခါတလေ အထူးတရားရုံးကိုတင်တယ်။ (အရပ်သားတရားသူကြီးတွေကို စစ်အစိုးရကချိတ်ပိတ်စာအိပ်ထဲ စီရင်ချက်ရေးပြီး ပေးထားတာ။ တရားသူကြီးတွေ အပြစ်ရှိ/မရှိတစ်ခွန်းမေးတယ်။ ရှိတယ်ပြောပြော မရှိဘူးပြောပြော အတူတူပဲ။ ပြီးတာနဲ့ စာအိပ်ဖွင့်ဖေါက်ပြီး စီရင်ချက်ဖတ်ပြတယ်။ ပြီးတာနဲ့ ကျနော်တို့က ဘာမှတောင်ပြန်မပြောရသေးဘူး။ တရားသူကြီးထိုင်ခုံ (နောက်မှီမြင့်ကြီးနဲ့)ကနေ ဖြုတ်ကနဲထပြီး နောက်ခန်းထဲဝင်ပြေးတာပဲ) ထားပါတော့ အဲ့အကြောင်း။ ကျနော် တတိယအကြိမ်အဖမ်းခံရတော့ အရပ်ဝတ်နဲ့ထောင်ထဲလာပြီး ကျနော့်ကိုလက်မှတ်ထိုးခိုင်းတဲ့လူကိုမေးတယ် (ဘာလုပ်ဖို့ အဲ့စာရွက်တွေမှာ ကျနော်က လက်မှတ်ထိုးရတာလဲ) တရားရုံးကနေ၊ တရားသူကြီးဆီကနေ ရမန်ယူတာပါ (ဖမ်းချုပ်ထားခွင့်နဲ့နောက်ရုံးချိန်း)တဲ့။ ဒါနဲ့ ကျနော်က(ဘာပုဒ်မနဲ့ဖမ်းတာလဲဗျ) ဆိုတော့ (၃၈ဝ/၅၄)တဲ့။ ကျနော်လည်း သြော်..အဲဒါနိုင်ငံရေးမှုကိုထောင်မချခင် ယာယီတပ်တဲ့ပုဒ်မပဲနေမှာလို့တွေးပြီးနေလိုက်တယ်။ နောက်တော့ ဘယ်ဟုတ်မတုန်း (သူခိုးတွေ ပြောပြမှသိတာ) အဲဒါ (ခိုးမှုမသင်္ကာ)တဲ့။ ကျနော်လည်း(အယ်)ကနဲတချက်ဖြစ်သွားတာပေါ့။ ခုလည်း လုပ်ပြန်ပြီး ကိုယ်တော်တွေ(ရာဇဝတ်မှု)တဲ့