Friday, January 4, 2013

နောက်ဆုံးထွက်သက်အထိ ရေးသားသူ------မောင်ရိုးရှင်း

0 comments

တနှစ်ကုန်လို့ နောက်နှစ်သစ်တခုကို ပြောင်းခဲ့ပါပြီ။ နှစ်သစ်ကူးတို့ထုံးစံအတိုင်း နိုင်ငံအကြီးအကဲတွေ၊ လူထုခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးကအကြီးအကဲတွေ လူမှုရေး နိုင်ငံရေးနဲ့အနုပညာလောကက ထင်ရှားကျော်ကြားသူတွေရဲ့ နှစ်သစ်ကူးဆုတောင်းတွေကိုကြားရ ပါတယ်။ အမြင်အမျိုးမျိုး ရှုဒေါင့်အမျိုးမျိုးကနေ အမိမြန်မာပြည်ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတွေတောင်းသွားကြရာမှာ သံသယသံလေးတွေကိုလည်း နေရာအတော်များများမှာ ကြားလိုက်ရပါတယ်။ အားလုံးလိုလိုက (၂၀၁၃)ခုနှစ်မှာ အကောင်းဘက်ကို ပြောင်းလဲစေလိုတဲ့ဆန္ဒနဲ့ ဆုတွေတောင်းခဲ့ကြပါတယ်။ ဘယ်လိုဘဲ အကောင်းမြင်ပြီးဆုတွေတောင်းတောင်း တိုင်းပြည်မှာ ဒီနေ့ကြုံတွေ့နေကြ ရတဲ့ ပကတိဘာဝအခြေအနေတွေ၊ အရှိတရားတွေကိုတော့ မျက်ကွယ်ပြုလို့မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ ဆန္ဒတွေစိတ်စေတနာ တွေကိုအခြေမပြုဘဲ ပကတိအရှိတရားတွေအပေါ်အခြေခံပြီး နိုင်ငံရဲ့ရှေ့အလားအလာကိုခန့်မှန်းကြည့်ချင်ပါတယ်။ အခြေအနေတခုရဲ့ အလားအလာကိုတွက်ချက်ရာမှာ ပကတိအရှိတရားများကပေးတဲ့အဖြေတွေကသာ အမှန်ဖြစ်နိုင်ပါတယ်။ စိတ်ဆန္ဒကိုများများအခြေပြုလေ များများမှားလေ ဖြစ်မှာပါ။

 ဒီနေ့မြန်မာနိုင်ငံရဲ့ရှေ့အလားအလာကိုအဆုံးအဖြတ်ပေးမယ့်အထဲမှာ အရေးအကြီးဆုံးကတော့ စစ်အုပ်စုရဲ့အာဏာတည်မြဲနေမှုနဲ့ (၂၀၀၈)အခြေခံဥပဒေတည်ရှိနေမှုတို့ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ပြည်သူတွေရဲ့ တိုက်ပွဲတွေပါဘဲ။ ဒီလိုရေးလို့ ဒီနေ့ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေရဲ့အရှိတရားကို အသိအမှတ်မပြုတာမဟုတ်ပါ။ သို့သော် ပြည်သူတွေရဲ့တိုက်ပွဲဝင်နေမှုကသာ အဓိကကျသည့် အလားအလာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်အုပ်စု စစ်အာဏာတည်ရှိနေသရွေ့၊ (၂၀၀၈)အခြေခံဥပဒေတည်မြဲနေသရွေ့ ဒီနေ့ ဖြစ်ပေါ်နေတဲ့တိုးတက်ပြောင်းလဲမှု၊ ဒီမိုကရေစီတပိုင်းတစရရှိမှုဆိုတာတွေဟာ အပေါ်ယံပြောင်းလဲမှု (သို့) ယာယီပြောင်းလဲမှုများသာ ဖြစ်နေလို့ပါ။ ပေါ်ပေါက်လာနေတဲ့အကျိုးကျေးဇူးတွေကို ရတဲ့သူရပြီး မရတဲ့သူတွေမရဖြစ်နေသလို အချိန်မရွေးလည်း ပျောက်ကွယ်သွား နိုင်တဲ့အရာတွေပါ။ ပြည်သူတွေရဲ့တိုက်ပွဲကသာ စစ်အုပ်စု(သို့) စစ်အာဏာမပျောက်ပျက်မခြင်း၊ (၂၀၀၈) အခြေခံဥပဒေမပျက်မခြင်း တည်ရှိနေမယ့်အရာပါ။

ပြည်သူတွေရဲ့တိုက်ပွဲဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် တခြားနိုင်ငံရေးပါတီများက ပါလီမန်အတွင်းဝင်ပြီး (၂၀၀၈) အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကိုလျှောက်နေကြသလို၊ ကိုမင်းကိုနိုင်တို့ (၈၈)အုပ်စုကလည်း ပါလီမန်ပြင်ပလမ်းကြောင်းကနေ ဥပဒေတွင်းတိုက်ပွဲ ၀င်နေကြတာပါ။ ကျောင်းသားတွေကတော့ ဗကသ တကသအဖွဲ့တွေဖွဲ့ပြီး ဥပဒေတွင်းရော လိုအပ်ရင် ဥပဒေပြင်ပ လမ်းကြောင်းကိုပါရွေးပြီး တိုက်ပွဲဝင်နေကြတာပါ။ ကျေးလက်ပြည်သူတွေ၊ မြို့ပြစက်မှုလုပ်သားတွေကလည်း မိမိတို့အခွင့်အရေးတွေ အတွက်၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် ဥပဒေတွင်းရော ဥပဒေပလမ်းကြောင်းတွေကပါ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းရင်းသားပြည် သူတွေကလည်း KIA လိုလက်နက်ကိုင်တိုက်နေတဲ့သူရှိသလို အားလုံးလိုလိုက လက်နက်တွေကိုတင်းတင်းဆုပ်ထားကြတဲ့သူတွေချည်းပါ။ ဘယ်တိုင်းရင်းသားအဖွဲ့ကမှ စစ်အာဏာရှင်တွေကို မယုံကြည်ကြပါဘူး။ အခြေအနေအရသာ အပစ်အခတ်ရပ်ထားကြတာပါ။ ဘာလို့ဒီလို တိုက်ပွဲပုံစံတွေ တကွဲတပြားဖြစ်နေရတာလဲ။ ဒါကတော့ ပါဝင်ပတ်သက်နေတဲ့လူတန်းစားတွေ လူအလွှာတွေရဲ့အကျိုးစီးပွားတွေ မတူကွဲပြား နေလို့ တိုက်ပွဲပုံစံတွေလည်း ကွဲပြားခြားနားနေရတာပါ။ သဘာဝကျကျ ဖြစ်ပေါ်နေတာပါ။

စစ်အုပ်စု(သို့) စစ်အာဏာရှင်တွေဟာ ဘာဖြစ်လို့ ပြည်သူတရပ်လုံးကိုဆန့်ကျင်ပြီး အကြမ်းဘက်ဖိနှိပ်နေကြတာလဲ။ အဓိကကတော့ စစ်အုပ်စုရဲ့အကျိုးစီးပွားအတွက်ပါဘဲ။ စစ်အုပ်စုရဲ့အကျိုးစီးပွားဆိုရာမှာ စစ်အုပ်စုဝင်အဟောင်းတွေရော လက်ရှိစစ်အုပ်စုဝင်တွေရော စစ်အုပ်စုမျိုးဆက်သစ်တွေအတွက်ပါ ပါပါတယ်။ စစ်တပ်ကအာဏာကိုင်ထားနိုင် ကြိုက်သလိုစီမံခန့်ခွဲနိုင်ခဲ့လို့ စစ်အုပ်စုမျိုးဆက်ဟောင်းတို့ ဘီလီယံနာ မီလီယံနာတွေဖြစ်ခဲ့သလို လက်ရှိစစ်ဗိုလ်ချုပ်တွေကလည်း ဖြစ်ချင်မှာပါ။ မျိုးဆက်သစ်စစ်ဗိုလ်ချုပ်တွေကလည်း သွားရည်ကျ နေကြမှာပါ။ စစ်အာဏာမြဲနေမှ သူတို့ဒီအခွင့်အရေးရကြမှာပါ။ သူတို့လူတန်းစားတရပ်လုံးအကျိုးစီးပွားအတွက် သူတို့လုံးပမ်းအားထုတ်ကြ မှာပါ။ (စစ်ဗိုလ်ချုပ်တွေ ဒီလို စီးပွားမရှာချင်ပါဘူးဆိုရင် ဦးပိုင်ကုမ္ပဏီကိုဖျက်သိမ်းခိုင်းကြည့်ပါ။ အခု လက်ပံတောင်းကိစ္စဆိုတာ များမြောင် လှတဲ့  ဦးပိုင်ရဲ့လုပ်ငန်းတွေထဲက တခုဘဲရှိပါသေးတယ်။) သူတို့လုံးပမ်းမယ့် အဓိကအလုပ်ကတော့ စစ်အာဏာတည်မြဲနေဖို့(၀ါ) (၂၀၀၈) အခြေခံဥပဒေတည်မြဲနေဖို့ပါ။ စစ်အာဏာတည်မြဲနေစေဖို့ အဓိကလိုအပ်ချက်ကတော့ စစ်တပ်ဟာ တိုင်းပြည်မှာမရှိမဖြစ် အမြဲတမ်းအရေးပါ နေဖို့ပါဘဲ။ ဒီလိုဖြစ်ဖို့အတွက် တိုင်းပြည်မှာမတည်မငြိမ်ဖြစ်စေမယ့် အခြေအနေတရပ် အမြဲတည်ရှိနေအောင်ဖန်တီးထားဖို့လိုအပ်ပါတယ်။ (ဥပမာ ရခိုင်အရေးအခင်းမျိုး၊ KIAလို ကိစ္စမျိုး။) အကောင်းဆုံးကတော့ ပြည်တွင်းစစ်ပါ။ ဒီနေ့စစ်ဗိုလ်ချူပ်တွေကို စစ်အာဏာရှင်တွေဖြစ်လာ အောင် လုပ်ပေးလိုက်တာလည်း ဒီပြည်တွင်းစစ်ပါ။ တိုင်းပြည်ထဲမှာ စစ်ပွဲလုံးဝမရှိဘဲငြိမ်းချမ်းသာယာနေရင် စစ်အာဏာဟာလည်း မတည်မြဲ နိုင်ပါဘူး။ ဒါကြောင့်လည်း KIAနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်နေရတာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်လေ စစ်ခေါင်းဆောင်တွေသဘောကျလေဖြစ်မှာပါ။ စစ်ဖြစ်လို့သေကြေဒဏ်ရာရတာ စစ်ခေါင်းဆောင်တွေ မပါပါဘူး။ ဘယ်သူတွေသေကြေ ဒုက္ခရောက်နေကြတယ်ဆိုတာလဲ အားလုံးအသိပါ။ စစ်စားရိတ်တွေဘယ်လောက်ကုန်ကုန် စစ်ခေါင်းဆောင်တွေအိပ်ထဲကထုတ်ရတာ မဟုတ်ပါဘူး။ ပြည်သူတွေက စားရိတ်ခံကြရတာပါ။ ကေအိုင်အေကိုတင်မကပါဘူး တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း စစ်ခေါင်းဆောင်တွေက ဓါးကြိမ်းကြိမ်းထားတာတွေ ကြားနေရပါတယ်။ ဒီအဖွဲ့တွေကလည်း အခြေအနေအရသာငြိမ်နေကြတာပါ။

တိုင်းရင်းသားတွေအကျိုးစီးပွားဘက်က ကြည့်မယ်ဆိုရင်လည်း ဒီနေ့အထိ ဘယ်တိုင်းရင်းသားမှ တန်းတူရည်တူအကျိုးခံစားခွင့် မရခဲ့ကြသေး ပါဘူး။ ပြည်တွင်းစစ်ရဲ့ဒဏ်ကို အပြင်းထန်ဆုံးနဲ့အရှည်ကြာဆုံး(နှစ်၆၀ကျော်) ခံခဲ့ကြရတာလည်း သူတို့ပါဘဲ။ စီးပွားရေးမညီမျှမှုဒဏ်ကို ဆယ်စုနှစ်နဲ့ချီပြီးခံခဲ့ရတာလည်း သူတို့ပါဘဲ။ (လောပီတ ကလျှပ်စစ်တွေထုတ်နေတာ နှစ်(၅၀)ကျော်ပါပြီ။ ဒါပေမယ့် ကယားပြည်နယ်မှာ ဒီနေ့အထိ နေရာအများစုက မှောင်နဲ့မဲမဲပါ။ ကျောက်စိမ်းဆိုတာ ကချင်ပြည်နယ်က ထွက်တာကြာပါပီ။ ဒါပေမယ့် ဒီနေ့ကျောက်စိမ်းလုပ်ငန်းရဲ့ အကျိုးအမြတ်တွေကိုအများဆုံးခံစားနေရတာက ဦးပိုင်နဲ့ခရိုနီတွေဖြစ်နေတာ တွေ့ကြရမှာပါ။ ရခိုင်ကမ်းလွန်က သဘာဝဓါတ်ငွေ့သိုက်တွေက ရလာတဲ့အကျိုးအမြတ်တွေကို ရခိုင်အမျိုးသားတွေ အရင်ကလည်းမရခဲ့ကြပါဘူး။ အခုလည်းရစရာအကြောင်းမတွေ့ရပါဘူး)။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ဆယ်စုနှစ်(၂)ခုလောက် အပစ်ရပ်ထားပြီး နောက်ဆုံးမှာ ဘာနိုင်ငံရေးအခွင့်အရေးမှမပေးဘဲ နယ်ခြားစောင့်တပ်အဖြစ် စစ်အာဏာရှင်တွေရဲ့စစ်ဘိနပ်အောက်ဆွဲသွင်းခဲ့တဲ့လုပ်ရပ်ကလည်း တိုင်းရင်းသားတွေရဲ့ စစ်အုပ်စုအပေါ်မုန်းတီးမှု မယုံကြည်မှုတွေကို တိုးပွားစေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ တိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်နေကြတာ၊ အပစ်အခတ် ရပ်စဲရေးတွေ မကြာခဏကျိုးပေါက်နေရတာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်နေတာတွေဟာ သဘာဝကျကျ ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်ဒီအပါအ၀င် စစ်အာဏာရှင်စနစ်ကို ပါလီမန်တွင်းလမ်းကြောင်းကနေတိုက်ပွဲဝင်ဖို့လုံးပမ်းနေတဲ့ပါတီတွေ အားလုံးအနေနဲ ဒီနေ့သူတို့လုပ်ဆောင်နေတာတွေထက်ပိုပြီး ဘာမှလုပ်နိုင်ဖို့မမြင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က (၂၀၀၈) အခြေခံဥပဒေ အောက် ခေါင်းလျှိုဝင်ပြီးမှ စစ်အာဏာဖြိုဖျက်ဖို့လုပ်နေရတာမို့လို့ပါ။ သူတို့ပါတီဝင်တွေကို ဒီနေ့ပေါ်ပေါက်နေတဲ့ ဥပဒေပြင်ပကဆန္ဒပြပွဲတွေ (ဥပမာ လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ) မှာမပါဝင်ဖို့အထိ တားမြစ်မှုတွေရှိနေတာပါ။ (၂၀၀၈)အခြေခံဥပဒေကိုကျော်ပြီးလုပ်မှရမယ့်ကိစ္စမျိုးတွေမှာ သူတို့မပါဝင်နိုင်ပါဘူး။ ဒါကဘာကိုပြနေသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့အန်အယ်ဒီပါတီဟာ လူထုတရပ်လုံးကို ကိုယ်စားပြုနေတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကိုပြသနေတာပါ။ သူတို့ရဲ့ကိုယ်စားပြုမှုမှာ အကန့်အသတ်တွေရှိနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြဆိုနေတာပါ။ ဒီနေ့ စစ်အာဏာရှင်တို့အလိုကျ ကပြအသုံးတော်ခံနေပြီဖြစ်တဲ့ (၂၀၀၈)အခြေခံဥပဒေဇာတ်တော်ကြီးမှာ ဘယ်သူကမင်းသား၊ ဘယ်သူကမင်းသမီး၊ ဘယ်သူကလူကြမ်းမင်းသား၊ ဘယ်သူတွေက လူကြမ်းအဖွဲ့၊ ဘယ်သူတွေကဇာတ်ရံတွေဆိုတာကို အားလုံးမျက်ဝါးထင်ထင်တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။ ဘယ်သူတွေအကယ်ဒမီရမယ်ဆိုတာလည်း ခန့်မှန်းလို့ရနေကြပါပြီ။

မြန်မာနိုင်ငံမှာ လယ်သမားလူတန်းစား(ကျေးလက်နေပြည်သူများ)နဲ့၊ အလုပ်သမားလူတန်းစား (မြို့နေဆင်းရဲသားလူတန်းစား)တို့ရဲ့ လူဦးရေပမာဏဟာ တနိုင်ငံလုံးလူဦးရေရဲ့ (၇၀)ရာခိုင်နှုံးအထက်မှာဘဲရှိပါတယ်။ ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှု ဆိုတာတွေ ဒီမိုကရေစီအခွင့်အရေးဆိုတာတွေကိုခံစားနေရတဲ့သူတွေထဲမှာ အဲဒီလူတန်းစားတွေ မပါပါဘူး။ ရန်ကုန် နှစ်သစ်ကူးတဲ့ညက ဂီတဖျော်ဖြေပွဲတွေကိုလာတက်တဲ့သူ တသိန်းနီးပါရှိတယ်လို့သိရပါတယ်။ ဒီရွှေပွဲလာပရိတ်သတ်တွေကတော့ ဒီကနေ့ပြောနေကြတဲ့ တိုးတက်ပြောင်းလဲမှုဆိုတာတွေရဲ့အကျိုးကျေးဇူးတွေကို မိမိရရခံစားနေရတဲ့လူတန်းစားအစုဝင်တွေ၊ နိုင်ငံရဲ့အထက်လွှာပညာတတ်တွေ ဆိုတာသေချာပါတယ်။ ဒီအထဲမှာ လှိုင်သာယာစက်ရုံတွေက အလုပ်သမလေးတွေ၊ ရွှေပြည်သာတော်ဝင်သစ်ချောကိုင်စက်ရုံက အလုပ်သမားတွေ၊ ဧရာဝတီတိုင်းမှာ ဧကသိန်းနဲ့ချီပြီးစပါးတွေမိုးမိလို့ ဒုက္ခရောက်နေကြရတဲ့လယ်သမားတွေ မပါမှာကတော့သေချာပါတယ်။

(၂၀၀၈)အခြေခံဥပဒေဆိုတာ ဆင်းရဲမွဲတေလှတဲ့ကျေးလက်ပြည်သူတွေ၊ မြို့ပေါ်ကစက်ရုံအလုပ်သမားတွေဘက်က ရပ်တည်ပြီးရေးထားတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ၊ သူတို့ရဲ့ခရိုနီတွေ၊  စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအကျိုးစီးပွားဘက်က ဘက်လိုက်ပြီး ဖန်တီးရေးဆွဲထား တာပါ။ ဒါကြောင့် ဒီ(၂၀၀၈)အခြေခံဥပဒေအောက်မှာ တရားဝင်တိုက်ပွဲသာဆင်နွှဲရမယ်၊ ဥပဒေပြင်ပတိုက်ပွဲမဆင်နွှဲရဘူးဆိုရင် အလုပ်သမား တွေ လယ်သမားတွေအဖို့ ဘာအခွင့်အရေးမှ ရလာစရာအကြောင်းမရှိပါဘူး။ ထားရာနေခိုင်းတာလုပ် ပေးသလောက်ယူဆိုတဲ့အဆင့်ဘဲ ဖြစ်နေမှာပါ။ ဒါကြောင့်လည်း လက်ပံတောင်းတောင်ဒေသမှာ သပိတ်စခန်းတွေဖွင့်ပြီးဆန္ဒပြတာတွေ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမား သပိတ်တိုက်ပွဲတွေပေါ်လာရတာပါ။ ဒီလိုသပိတ်တိုက်ပွဲတွေမှာ စစ်အာဏာရှင်တွေဘက်က အကြမ်းဖက်ဖြိုခွဲမှုတွေ(ဥပမာ လက်ပံတောင်း သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲမှု) ရှိသလို ရွှေပြည်သာတော်ဝင် သစ်ချောကိုင်စက်ရုံမှာ စက်ရုံပိုင်ရှင်ဘက်က ဆန္ဒပြအလုပ်သမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင်၊ လိုအပ်လာရင် စစ်အာဏာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဖက်ကလည်း အင်အားသုံးဖြိုခွင်းနိုင်တယ်၊ ဥပဒေပြင်ပနည်းလမ်းတွေကိုသုံးလာနိုင်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အလုပ်သမားလယ်သမားတွေ ဥပဒေပနည်းလမ်းတွေသုံးပြီးဆန္ဒပြရင်သာ ဖမ်းဆီးရိုက်နှက်အကြမ်းဖက်ဖြိုခွဲသော်လည်း အာဏာပိုင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ဒီဥပဒေပြင်ပကလုပ်ရပ်တွေအတွက် အရေးယူတာမတွေ့ရပါဘူး။

ဒီအခြေအနေတွေကို အခြေခံပြီးတွက်ဆကြည့်မယ်ဆိုရင် (၂၀၁၃)ခုနှစ်နဲ့ နောက်လာမယ့်ကာလတခုအတွင်း မြန်မာနိုင်ငံမှာ စစ်မီးတွေ လုံးဝငြိမ်းမသွားနိုင်ပါဘူး။ ပိုတောင်ကြီးလာနိုင်တဲ့အလားအလာတွေကို မြင်နေရပါတယ်။ အလုပ်သမားလယ်သမားတွေရဲ့ ဘ၀ရပ်တည်ရေး၊ စားဝတ်နေရေးတွေအတွက် အခွင့်အရေးတောင်းဆိုမှုတိုက်ပွဲတွေဟာလည်း အခါမလပ်ပေါ်ထွက်နေမှာဖြစ်ပြီး တခါတရံ အကြမ်းဖက်မှုများ အထိ ဆိုက်ရောက်သွားနိုင်ပါတယ်။ ရခိုင်ပြဿနာလို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကိုလည်း အာဏာပိုင်အသိုင်းအ၀န်းက သူတို့အကျပ်အတည်းဆိုက်ရင် ဆိုက်သလိုဖန်တီးပြီး လိုရာဆွဲအသုံးချမှုများလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်ပါသည်။
ပေါ်လာနိုင်တဲ့ ရေခံမြေခံတွေကလည်း ပေါများလှပါတယ်။

စစ်အာဏာရှင်တွေဆိုတာ သူ့တို့အလိုအလျှောက် အသာတကြည် လူထုလက်ကို အာဏာပြန်အပ်တယ်ဆိုတာ မရှိပါဘူး။ သူတို့အကျိုးစီးပွားတွေကို သူတို့ နောက်ဆုံးအချိန်အထိ ကာကွယ်သွားကြမှာပါ။

၎.၁.၂၀၁၃
https://www.facebook.com/mg.yoshin

Thursday, January 3, 2013

ဦးကြည်မောင်၊ နူးရင်ဘာ့ခ်နှင့်ဥပဒေစိုးမိုးရေး (မျိုးမြင့်ချို)

0 comments
မနေ့က (ဆရာ)ဇော်ဇော်အောင်၏ “ကျနော်သဘောမတူပါ”ကိုဖတ်နေရင်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးစအချိန်ကို စိတ် ပြန်ရောက်၏။ ထိုကြားဖြတ်ရွေးပွဲပြီးစက မိတ်ဆွေတစ်ဦး၏ မေးပြောပြောသည့်စကားကိုလည်း ပြန်တွေးမိ၏။ ထိုမိတ်ဆွေက ခုမှ ကောက်ကာငင်ကာ “အမေစု” ဖြစ်သူမဟုတ်ပဲ “အန်တီစု”ခေတ်က စကာ နိုင်ငံရေးကို ခရီးသွားဟန်လွှဲစိတ်ဝင်စားသူခဲ့ဖြစ်၏။ ထောင်တန်းအကျခံပြီး လုပ်နေကြသူတွေကိုကျတော့“နိုင်ငံရေးစိတ်ဝင်စားလို့၊ နိုင်ငံရေးဝါသနာပါလို့” လုပ်နေသူတွေအဖြစ်မျှသာ သဘောထားသူဖြစ်၏။ သူနှင့်ကျနော် ခု ပြန်ဆုံတော့ အနှစ် (၂ဝ) ကျော်လာခဲ့ပြီ။ သို့သော် သူ့နိုင်ငံရေးသက်က သူ့ လူ့အသက်အရွေ့ကို မေ့နေဟန်တူ၏။ ခုတော့ သူလည်း “အမေစု”။ သူ့ဘာသာ “အမေ”ဖြစ်ဖြစ် “အန်တီ”ဖြစ်ဖြစ်က အရေးမကြီး။ အရေးကြီးသည်က သူ့ စကားများ။ စကားဆိုသည်က နောက်ကွယ်တွင် တရားရှိ၏။ ယခု ပြောချင်သည်က ထို တရား။
(၉ဝ)ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီထံ အာဏာမလွှဲခဲ့သည့်အပေါ် သူနှင့်မိမိ အတိုင်းအတာတခုအထိအမြင်တူခဲ့ဖူး၏။ ((၂ဝ၁၂) ကြားဖြတ်ရွေးကောက်ပွဲလည်းပြီးရော “အဲ့ဒီတုန်းက ဦးကြည်မောင်က ဦးခင်ညွန့်ကို နူးရင်ဘာ့ခ်ခုံရုံးတင်မယ် သွားပြောတာကိုး၊ ပြီးတော့… အာဏာကလည်းမက်သေး”ဟု ဖြစ်ကာ လေသံပြောင်းသွား၏။ ဒါက တစ်ခု။
“အမျိုးသားပြန်လည်သင့်မြတ်ရေးပြောနေပြီး အရင်အစိုးရလုပ်ခဲ့တာတွေကို ပြန်ဖော်ထုတ်ရမယ်ပြောနေတာတော့ မဟုတ်သေးဘူးနဲ့တူတယ်။ ကျနော်ကတော့ နားလည်ပါတယ်။ ခင်ဗျားတို့ဖြစ်နေတာက မဟောသဓာနဲ့ကေးဝဋ်ပုဏ္ဏားလို …….”ဟုစကားခံကာ “ချေ (၂) ချေ”တရား ဟော၏။ ဒါက နောက်တစ်ခု။
“ခေတ်က ပြောင်းနေပြီဗျ၊ ချမဟဲ့ဆော်မဟဲ့ လုပ်ရမှာမဟုတ်ဘူး၊ တိုင်းပြည်ကို ဆန္ဒပြပွဲနဲ့သေနတ်နဲ့တည်ဆောက်လို့မရဘူးဗျ” ဆိုကာ ပညာခေတ်အကြောင်း ပညာပေး၏။ ဒါကလည်း နောက်ထပ်တစ်ခု။

ထိုမိတ်ဆွေ၏ “အာဏာမက်နှင့်နူးရင်ဘာ့ခ်” ကို ကျနော်က “ဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ”အဖြစ်မြင်ထား၏။ ဦးကြည်မောင်သည် “အာဏာနှင့်ဥပဒေစိုးမိုးရေး”ကို တစ်ခုတည်းအဖြစ်တွဲမြင်သူဟု ကျနော်က အမှတ်ပြုယုံကြည်သူဖြစ်၏။ ထို့ကြောင့် ထိုကိစ္စသက်သက်ကွက်၍ ဤနေရာ၌ပြောချင်လာ၏။ ကျန်ကိစ္စများကိုတော့ နောင်တွင်ပြောမည်တွေး၏။

အရင်ဆုံး(၉ဝ)ရွေးကောက်ပွဲကို ပြောချင်၏။ နောက်ခံများသိကြပြီးသားမို့ ပြောရေးမချဲ့လိုတော့။ (၉ဝ) ပြည့်ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီဝင်ခဲ့သည်က အာဏာ(၃)ရပ်လုံးလွတ်လွတ်ကျွတ်ကျွတ်ရနိုင်ခြေရှိမှုအောက်က ဝင်ခဲ့ခြင်းဖြစ်၏။ တနည်းပြောရလျှင် အစိုးရဖွဲ့၊ လွှတ်တော်ခေါ်၊ ဥပဒေပြုဖို့(ဖွဲ့စည်းပုံဆွဲ)ဖြစ်၏။ အလွန်ရှင်း၏။ ထွေပြားစရာ ဘာမှမရှိ။ သို့သော် ဝေဝါးခဲ့ကြသည်ထင်၏။ ထိုအချိန်က နှစ်ဘက်စလုံးတွင် ပြဿနာ၏အရင်းတရားကို “ဘာမှန်း”သေချာသိမြင်သူများလောက်သာ ဗူးလုံးနားထွင်းခဲ့ကြ၏။ အချို့က “အာဏာမမက်”တို့၊ “အာဏာလိုချင်လို့မဟုတ်”တို့၊ “အမျိုးသားနိုင်ငံရေး”တို့ဟုဆိုကာ အမောင်တောင်မြောက်မကွဲ။ တကယ်တမ်းအရင်းခံက “အာဏာပြဿနာ”။ ထို့ကြောင့် “အာဏာလွှဲပေး”ဟု တင်းတင်းရင်းရင်းပြောဝံ့သူတို့ပြောခဲ့ကြ၏။ မဝံ့သူတို့က တုံဏှိဘော။ သို့တိုင် မိမိဘက်က တချက်ကလေးတွေဝေလိုက်သည်နှင့် သူ့ဘက်ကလက်ဦးမှုယူကာ တစ်သက်စာနာလံမထူအောင် ချေမှုန်းပစ်လိုက်၏။ ထိုတွင် အာဏာရယူရေးမျှော်မှန်းချက်နှင့် ဝေးသွားတော့၏။ ဗမာ့လက်တွေ့နိုင်ငံရေး၏လက်သည်မှာ အာဏာပြဿနာမှန်း ဦးကြည်မောင်လိုခေါင်းဆောင်တချို့က အလွန်အလေးအနက်ထားခဲ့၊ သိခဲ့ကြ၏။ ထိုသူတို့ ထိုသို့သိမှန်း စစ်ဗိုလ်တွေကလည်းသိထား၏။ ဤတွင် ယိုးမယ်ဖွဲ့ဖို့ရမယ်ရှာတော့ ဦးကြည်မောင်ကိုတွေ့၏။ အမှန်က ဤကိစ္စသည် ဦးကြည်မောင်နှင့်မဆိုင်၊ အာဏာနှင့်သာဆိုင်၏။ ဦးကြည်မောင်ကိစ္စမဟုတ်။ “အာဏာကိစ္စ”။ ဤမျှ သိသိနှင့်မျက်စေ့စုံမှိတ်ကာ ထို(၉ဝ) ရလဒ်ကို နိုင်ငံ့သမိုင်းထဲမှာပဲ ထားထား၊ နိုင်ငံတော်ပြန်တမ်းထဲမှာ ထားထား၊ ထားလို့ရ၏။ ထားသူတို့ ထားခဲ့လိုက်ကြပြီဖြစ်၏။ ထားခဲ့ပြီမို့ ပြောနေစရာမလိုတော့ဟုဆိုလျှင် မဟုတ်သေး။ ခုတောင် ပြောရပြီမဟုတ်လား။

(၂ဝ၁၂)ကြားဖြတ်ဝင်တာကျတော့ အာဏာယူဖို့မဟုတ်တော့။ ယူချင်လို့မရတော့။ အာဏာရနိုင်ခြေရှိမှုအောက်ကဝင်ခဲ့တာ မဟုတ်တော့။ ရှိနေသည့်အစိုးရကိုအသိအမှတ်ပြု၊ ဆွဲပြီးသားဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက်၊ ဖွဲ့ပြီးသားလွှတ်တော်ထဲ အိမ်ဖြည့်သဘောဝင်ထိုင်ပေးဖို့။ မိမိဘက်က ဤမျှသာ။ (“ဒီ့ထက်မက”ဆိုသူများလည်း ရှိနိုင်ပါ၏) သူ့ဘက်ကကြတော့ ခိုင်၏။ ချည်ပြီးသားတုတ်ပြီးသား။ “လေးစားလိုက်နာဖြစ်ဖြစ်၊ ကာကွယ်စောင့်ရှောက်ဖြစ်”အရေးမကြီး။ ဒါတောင် နောက်ဆုံး “ကာကွယ်စောင့်ရှောက်”နှင့် အနိုင်ပိုင်းခံလိုက်ရသည်မဟုတ်လား။ ဒီ့မတိုင်ခင်ကလည်း တင်ရေး/မတင်ရေးအစတွေ ပလူပျံအောင်ထွက်လာ၏။ နောက်ဆုံး တင်ရေးက ပေါက်ကောင်ပွင့်ခဲ့၏။ တခါ မှတ်ပုံတင်ပြီး ကြားဖြတ်ဝင်မယ်ဆိုတော့ မဝင်ခင်မှာ ဝင်-ပြင် နှင့် ပြင်-ဝင် အကြိတ်အနယ်။ နောက်ဆုံး ဝင်-ပြင်လိုင်းကျ၏။ အမှန်က ဝင်-ပြင်နှင့် ပြင်-ဝင်တွေတို့သည် တင်/မတင်ကာလကပင် အစပျိုးပြီးသား။ ဒီလိုနှင့် ဖွဲ့စည်းပုံပြင်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေးကြွေးကြော်သံနှင့် လွှတ်တော်ထဲဝင်သွား၏။ ပြည်တွင်းစစ်မီးလည်းတောက်ဆဲ၊ ၂ဝဝ၈ ဥပဒေလည်းစိုးမိုးဆဲ၊ ဖွဲ့စည်းပုံလည်း ပုံမပျက်။

ဆိုတော့ ကြားဖြတ်ဝင်ခြင်းသည် အာဏာကိစ္စလို့တိတိပပပြောဖို့ခက်၏။ သူ့စိတ်ကြိုက်တည်ဆောက်ပြီး၊ အထိုင်ချထားသည့်အာဏာကို ဖြိုချဖို့အသာထား ထိပါးလို့ပင်မရသေး။ သည်အနေအထားမှာ “အာဏာစကား”ပြောလို့မဖြစ်။ “အာဏာလွှဲပေး”ပြောလို့မရ။ ဒီတော့ “စစ်ဗိုလ်တွေနဲ့တည့်အောင်ပေါင်း”ပဲ ပြောရတော့မည်။ ခု “သမ္မတဖြစ်ချင်သည်၊ အာဏာလိုအပ်သည်”ဟုပြောင်းလာ၏။ ကောင်း၏။ ကြိုဆို၏။ ထိုစကားက အနှစ်နှဆယ်ကျော်အကြာကပင် ကြားချင်သည့်စကား။ စိတ္တဇနာမ်ဖြစ်သော၊ စစ်တပ်ဝါဒဖြန့်စကားလုံးဖြစ်သည့် “အမျိုးသားနိုင်ငံရေး” ဆိုသည်ကိုလွှတ်ချပြီး “အစိုးရဖြစ်ချင်တယ်၊ အာဏာလိုအပ်တယ်” ကို အတိအလင်းထုတ်ပြောလိုက်သဖြင့် ရှင်းသွားပြီဟု ယူဆ၏။ အစိုးရဖြစ်ချင်ခြင်းနှင့် နိုင်ငံရေးအာဏာကိစ္စသည်“မက်”စရာမဟုတ်။ “လိုအပ်ချက်” သာဖြစ်၏။ သို့သော် ထို လိုအပ်ချက်နှင့်ဖြစ်ချင်သည့်သမ္မတအတွက် ကျော်နင်းရမည့်ကန်သင်းတို့ကား ထူထူပြောပြော။ 

ဥပဒေပြုရေးဘက်ကကြည့်လျှင်လည်း (၉ဝ)တုန်းကလို “ဥပဒေပြုရေး”ပြောမရ။ “ဥပဒေစိုးမိုးရေး” ပြောင်းရ၏။ မပြောင်းလို့မရ။ ကိုယ့်ရွေးလမ်းနှင့်ကိုယ် ဖြစ်နေ၏။ သို့သော် ဘယ် ဥပဒေစိုးမိုးရေးလဲ။ ဘယ်ပုံစိုးမိုးအောင် လုပ်မလဲဆိုသည်ကတော့ သဲသဲကွဲကွဲမရှိလှ။ “တရား”ဥပဒေစိုးမိုးဖို့ဆိုလျှင် “စိုးမိုးမည့်” ဥပဒေသည် “တရားမှ”ဖြစ်မည်။ ဥပဒေစိုးမိုးသည့်လူ့အဖွဲ့အစည်း ကောင်းမှန်း လူတိုင်းသိသလို၊ ကောင်းသည့်(တရားသည့်) ဥပဒေစိုးမိုးမှ ဖြစ်ကြောင်းလည်း လူတိုင်းသိကြ၏။ ထို့ကြောင့် ဥပဒေစိုးမိုးရေးတွင် တိကျရှင်းလင်းသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်လို၏။ သို့မဟုတ်လျှင် “ဘယ်သူပြုသည့် ဘာဥပဒေ၊ ဘယ်သူတွေအပေါ်စိုးမိုးမှာလဲ” ဆိုသည့် အမေးတို့နှင့်သာ လုံးလည်နေလိမ့်မည်ထင်၏။ ဥပဒေစိုးမိုးရေးနှင့်ဆိုင်သည့် (ဦး) အောင်ထူး(ရှေ့နေ)ရေးသည့်စာကို ဤနေရာတွင် ကောက်နှုတ်ကိုးကားချင်၏။ သူက …. ဥပဒေစိုးမိုးရေး၏အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တန်းလိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတထားလို၍မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွား စေချင်သည့်အပြင် အခြားသူများကလည်း သင်ခန်းစာယူ၍ နောင်ကိုအလားတူပြစ်မှုများထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်။ 

ပြန်ကောက်ရလျှင် ဖြစ်ခဲ့သမျှကိစ္စတို့သည် တရားဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ။ ဦးကြည်မောင်က ထိုနှစ်ခုကို တစ်ခုတည်းဖြစ်မှန်း သေချာထားသူ။ (၉ဝ)ရွေးကောက်ပွဲအပြီး အာဏာ မအပ်ရတာက“နူးရင်ဘာ့ခ်”ကြောင့်ဟု ဦးကြည်မောင်အားလက်ညှိုးထိုးယိုးစွပ်သည့် “အာဏာမက်”သူတို့၏နှုတ်ထွက်စကားကို တရားလုပ်ပြောလာသောကျနော့်မိတ်ဆွေအား သေချာဃဏ ဖြစ်စေချင်လှ၏။

မျိုးမြင့်ချို (ဇန်နဝါရီ ၂ ရက် ၂ဝ၁၃)
လွှတ်တော်ထဲ (ဝင်)တာကအရင်၊ ဖွဲ့စည်းပုံ(ပြင်)တာကနောက်(ဝင်-ပြင်)။
ဖွဲ့စည်းပုံ(ပြင်)တာကအရင်၊ လွှတ်တော်ထဲ(ဝင်)တာကနောက်(ပြင်-ဝင်)။
စာကိုး- (ဦး)အောင်ထူး- https://www.facebook.com/ahtoo1

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃၅ (မျိုးမြင့်ချို)

0 comments
ဇန်နဝါရီ ၃ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား… လက်နက်ချနဲ့အပစ်အခတ်ရပ်စဲခြင်းကြားက ခြားနားချက် တချို့ကိုတင်ပြရင်းနဲ့ ဗမာပြည်မှာတီထွင်သုံးစွဲခဲ့တဲ့ဝေါဟာရတစ်ချို့ကို ပြန်အမှတ်ရမိ ပါတယ်။ ပထမတခုက လက်နက်နဲ့ဒီမိုကရေစီလဲတယ်..ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ ဒီစကားလုံးဟာ လူကြားကောင်းအောင်ပြောတာသာဖြစ်ပြီး လက်တွေ့မှာ လက်နက်ချတာပဲဖြစ်တယ်လို့ တချို့ကဆိုကြပေမယ့် အဲ့ဒီလဲလှယ်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ကာယကံရှင်တွေကတော့ ဒီအဆိုကိုနှစ်မြို့လိမ့်မယ်မထင်ပါဘူး။ ကိုယ့်တွက်ကိန်းနဲ့ကိုယ် လဲလှယ်ခဲ့ကြပြီးတဲ့နောက် မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ အဲဒါတွေမြင်လို့ သတင်းစာဆရာတွေက ဒါဟာ “လက်နက်နဲ့ဖော့ဦးထုတ်လဲတာပါ” လို့ဟာသမြောက်မြောက် သရော်ခဲ့တာလည်းကြားဖူးပါတယ်။ ဒီအပြောဟာ ကြားရသူတွေစိတ်ထဲပြုံးချင်စရာဆိုပေမယ့် မှတ်သားစရာတခုအနေနဲ့လည်း တွင်ခဲ့ပါတယ်။ အခု ပြန်တွေးကြည့်တော့ တကယ့်လက်တွေ့မှာ လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ခဲ့သူတွေဟာ ဒီမိုကရေစီဘယ်ရွေ့ဘယ်မျှ ရ/မရ မပြောတတ်ခဲ့ပေမယ့် တိုင်းပြည်မှာ ခုချိန်ထိ စစ်မှန်တဲ့ပြည်ထောင်စုမူနဲ့ အများစုလက်ခံနိုင်မယ့်ဒီမိုကရေစီသဏ္ဍန် မတည်ဆောက်နိုင်တာကိုတော့ အသေအချာမြင်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုတာပါပဲ။ ဒါဟာလည်း လက်နက်ချနည်းတမျိုးဖြစ်တယ်ဆိုကြပေမယ့် အဲဒီ အကောက်အယူကို လက်မခံသူတွေလည်းရှိပါတယ်။ တကယ်က ဒီစကားလုံးဟာ နိုင်ငံရေးအရဖြစ်ပေါ်လာတာပါ။ ဒါပေမယ့်  ဒီစကားလုံးကို လူတချို့က နိုင်ငံရေးသဘောထက် ဘာသာရေးသဘောဆန်ဆန်၊ လောကီရေးထက် လောကုတ္တရာရေးဆန်ဆန် အဓိပ္ပါယ်ဖွင့်နေကြတာမျိုးကိုလည်း ကြားဖူးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ဦးချင်းစီရဲ့အတွင်းသဏ္ဍန်ကနေလာတာဖြစ်လို့ တစ်ဦးချင်းငြိမ်းချမ်းမှ လူ့အဖွဲ့အစည်းကြီးငြိမ်းချမ်းနိုင်မယ်၊ တဦးချင်းငြိမ်းချမ်းဖို့ ကိုယ်ကျင့်သီလတွေ အခြေခံပြီး တရားဘာဝနာပွားများရမယ်စသည်ဖြင့် တိုက်တွန်းနှိုးဆော်ကြတာတွေလည်းရှိပါတယ်။ ဒီကိစ္စမှန်/မမှန်ကို အပြင်လူ ဝင်ပြောတာထက် ကာယကံရှင်တွေကိုယ်တိုင်က အသိဆုံးပဲနေမှာပါ။ ပြီးတော့ တကယ့်လက်တွေ့မှာ သူတို့လိုချင်တဲ့ငြိမ်းချမ်းရေးဟာ သူတို့တစ်ကိုယ်စာဘဝတွေအတွက်တောင် ဘယ်လောက်ရခဲ့ကြသလဲဆိုတာလည်း သူတို့ပဲအသိဆုံးဖြစ်ကြမှာပါပဲ။

သောတရှင်များခင်ဗျား… ကျနော့်အမြင်မှာတော့ သူတို့လိုချင်လို့လဲခဲ့ကြတဲ့ငြိမ်းချမ်းရေးဟာ သူတို့အတွက်မပြောတတ်ပေမယ့် တတိုင်းပြည်လုံးအတွက်တော့ နှမ်းတစ်စေ့မှမရခဲ့ဘူးဆိုတာကိုတော့ အခိုင်အမာပြောနိုင်ပါတယ်။ ပြောတဲ့နေရာမှာလည်း သူတို့ကိုပဲ ပြန်သက်သေထားပြီး ပြောရမယ်လို့ထင်ပါတယ်။ အပေါ်မှာပြောခဲ့သလို အလဲအလှယ်တွေလုပ်ခဲ့ပြီး ပြန်ရောက်လာကြတဲ့သူတချို့မှာ တချို့ကလည်းပါတီတွေထောင်ကြ၊ ရှိပြီးသားပါတီနဲ့အဖွဲ့အစည်းတွေထဲဝင်ကြ၊ သူတို့ ရည်မှန်းချက်တွေပေါက်မြောက်အောင် ကြိုးပမ်းကြသူတွေရှိသလို၊ နိုင်ငံရေးဘဝကနေ တခါတည်းအပြီးအပိုင်ထွက်ပြီး အေးရာအေးကြောင်းနေသွားသူတွေလည်း မနည်းလှပါဘူး။ အာဏာရအစိုးရအဆက်ဆက်ဟာ အဲသလိုနည်းနဲ့ ပြန်ရောက်လာကြသူတွေကို “လက်နက်ချတွေ၊ အညံ့ခံသူတွေ” လို့သုံးလေ့သုံးထမရှိလှပါဘူး။ အဲ့ဒီလိုသုံးရမယ့်အစား “အမြင်မှန်ရသူတွေ၊ အလင်းဝင်တွေ”သုံးပါကြတယ်။ လက်နက်ချ၊ အညံ့ခံဆိုတာထက် အလင်းဝင်၊ အမြင်မှန်ရဆိုတဲ့ဝေါဟာရဟာ နားခံသာပြီးသိမ်မွေ့တယ်လို့ထင်ရပေမယ့် တကယ်က နိုင်ငံရေးအညွန့်ချိုးလိုက်တာ၊ နံနှိမ်လိုက်တာသာဖြစ်ပါတယ်။

ခု အမြင်မှန်ရတယ်ဆိုတော့ နဂိုကအမြင်မှားနေလို့ လမ်းမှားရောက်နေဆိုတဲ့သဘောဆောင်သလို၊ အလင်းဝင်ဆိုတာကလည်း အမှောင်ထဲရောက်နေလို့ ခုမှ အလင်းထဲရောက်လာတယ်ဆိုတဲ့သဘောပါပဲ။ တကယ်တမ်းတွေးကြည့်တော့မှ ဒီစကားတွေကမှ နာမယ်ဆိုတကယ့်ကို နာကျည်းစရာလို့ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ လက်နက်ချလို့သုံးတာဟာ သူတို့အပေါ် ပိုပြီးစာနာ နားလည်ရာရောက်သလို ပကတိဘာဝနဲ့လည်း ကိုက်ညီတယ်လို့ယူဆပါတယ်။ ဒါ့ကြောင့် လက်နက်ချသူတွေလို့ပဲ သုံးစွဲချင်ပါတယ်။ ကျနော်ရှေ့မှာတင်ပြခဲ့သလို လက်နက်ချဆိုရာမှာလည်း အခြေအနေအရလက်နက်ချနဲ့ အတွေးအခေါ်အရ လက်နက်ချဆိုပြီး ခွဲထားတာရှိသလို၊ လက်နက်ချပြီးတဲ့နောက်မှာလည်း လက်နက်ချရိုးရိုးနဲ့ လက်နက်ချသစ္စာဖေါက်ဆိုပြီး ပြန်ခွဲခြမ်းစိတ်ဖြာထားတာရှိပါသေးတယ်။ အဲဒီကိစ္စဟာ အလွန်စိတ်ဝင်စားစရာဖြစ်တာမှန်ပေမယ့် ခုပြောနေတဲ့အကြောင်းအရာနဲ့ သီးခြားဖြစ်နေလို့ ချန်ထားခဲ့ပါတယ်။

အဲသလိုလက်နက်ချပြီး ပြန်ရောက်လာခဲ့ကြသူတွေထဲက နိုင်ငံရေးစိတ်မကုန်သေးသူတွေ၊ တိုင်းပြည်လူထုကောင်းစေချင်စိတ် ရှိနေကြသူတွေဟာ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကိုတင်မကပဲ နိုင်ငံတကာအခြေအနေတွေနဲ့ပါ မျက်ခြေအပြတ်မခံတတ်ကြသူတွေ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူထုအတွက် ကောင်းအောင်လုပ်ဖို့ အခွင့်အခါအခြေအနေ ပေးလိုက်တာနဲ့တပြိုင်တည်း နိုင်င်္ငရေးပင်မစီးကြောင်းကြီးထဲကို
ပြန်ဝင်ချလာပြီး ကိုယ်ကျိုးစွန့်အနစ်နာခံ လုပ်ကြတော့တာတွေလည်းရှိပါတယ်။ တချို့ကြတော့လည်း တိုင်းပြည်လူထု ကောင်းစေချင်စိတ်အပြင် မိမိရဲ့နိုင်ငံရေးဘဝကိုပြန်ထူထောင်ပြီး လက်နက်ချဖြစ်ခဲ့ရမှုကို အာပတ်ဖြေတဲ့သဘောမျိုးနဲ့ နိုင်ငံရေးထဲပြန်ပါလာတာလည်း ရှိမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီလူပုဂ္ဂိုလ်တွေဟာ သာမန်လူတချို့ထက်တော့ လေ့လာအား၊ တွေးခေါ်အားပိုကောင်းသလို နိုင်ငံရေးဆိုတဲ့သဘောသဘာဝကိုလည်း တီးမိခေါက်မိရှိပြီးသားတွေဖြစ်နေပါတယ်။ တကယ်လို့သာ တိုင်းပြည်ဟာ သူတို့လဲခဲ့တဲ့ငြိမ်းချမ်းရေးတို့ ဒီမိုကရေစီတို့ရနေတာဆိုရင် သူတို့လည်း အစိုးရအဆက်ဆက်နဲ့လူထုနဲ့ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေတိုက်ပွဲတွေမှာ ဝင်ပါစရာအကြောင်းမရှိပါဘူး။ ခုတော့ တိုင်းပြည်မှာဖြစ်ခဲ့သမျှ လူထုတိုက်ပွဲတိုင်းမှာ သူတို့တွေမပါခဲ့တဲ့တိုက်ပွဲနဲ့ လှုပ်ရှားမှုရယ်လို့မရှိသလောက်ပါပဲ။ ဗမာပြည်သူတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တနေခဲ့ကြတဲ့အရာတွေဟာ သူတို့ဘဝတွေနဲ့လဲ့ခဲ့ကြတဲ့၊ တနည်းပြောရရင် သူတို့ကို လက်နက်ချဘဝရောက်စေခဲ့ရတဲ့အရာတွေပဲဖြစ်ပါတယ်။ အဲဒါတွေကိုချုပ်ပြီးပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီရေး၊  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုးစုတန်းတူအခွင့်အရေးရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပြည်ထောင်စု တည်ဆောက်ရေးတွေပဲဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့အပစ်အခတ်ရပ်စဲရေးတွေနဲ့ ငြိမ်းချမ်းရေးကြားက ခြားနားချက်တွေကို နောက်သီတင်းပတ်တွေမှာ ဆက်လက် တင်ပြပါ့မယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

Tuesday, January 1, 2013

ကျနော်သဘောမတူပါ ။ (စာရေးဆရာ ဇော်ဇော်အောင် )

0 comments
ဒီမိုကရေစီဟာ အယူအဆတွေ၊ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။ ကားလ်ပေါ့ပ်ပါး (Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈) လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ကျွန်တော်တို့မှာအခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့အမှီအခိုကင်းတယ်၊ အစိုးရကသိမ်းယူလို့ လည်းမရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့အုတ်မြစ်တွေဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစူးစမ်းခွင့်၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်းဆက်သွယ်ခွင့် ---။ ဒေးဗစ်ဘီသမ် ‘ဒီမိုကရေစီ’ (David Beetham, ‘Democracy’,One world, Oxford,2005, စာ ၁၂-၁၃) ၁။ First Weekly သတင်း ဂျာနယ် (Vol2,No 58,14 ဒီဇင်ဘာ ၂၀၁၂) စာမျက်နှာ (၁၂) မှာ First သတင်းအဖွဲ့ကတင်ပြထားတဲ့ သတင်းတစ်ပုဒ်ပါလာပါတယ်။ သတင်းခေါင်းစဉ်က ယနေ့အချိန်သည် “ခေတ်ပြောင်း တော်လှန်ရေးကာလ တိုင်းပြည်ကိုညီညွတ်စွာပြန်လည်ထူထောင်ရမယ့်အချိန်၊ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းရမည့်ကာလ မဟုတ်”ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့လွတ်လပ်အဖွဲ့အစည်းများသုံးသပ်ပြောကြား . . .ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ အဲဒီလိုသုံးသပ်ပြောကြားတဲ့ပုဂ္ဂိုလ်တွေက . . .။
၁။ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ)
၂။ ဦးဇော်သက်ထွေး (မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ---)
၃။ ဦးမျိုးညွန့် (ဒီ/ငြိမ်းပါတီ အတွင်းရေးမှူး)
၎။ ဦးအောင်ဇင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
၅။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဒီပုဂ္ဂိုလ်ငါးယောက်လုံးရဲ့ အယူအဆမှတ်ချက်တွေကို ကျွန်တော်သဘောမတူပါ။ သဘောမတူတာကို မတူဘူးလို့ပြောပိုင်ခွင့် (ဒီမိုကရေစီအခွင့်အရေး) ကျွန်တော့်မှာရှိပါတယ်။ မတူတာကို မတူဘူးလို့ပြောတာပါပဲ။ ဒါကိုကားလ်ပေါ့ပ်ပါး Popper ကတော့ dissenting ideas လို့ သုံးပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ လက်ရှိ ဒီနေ့အထိ ဘယ်ပါတီမှဝင်မထားပါဘူး။ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ စာပေဝေဖန်ရေးဆရာဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံရေးသမား (ဂျာနယ်သတင်းထဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်များ)နဲ့ အယူအဆမတူ သဘောကွဲလွဲတဲ့အတွက် နိုင်ငံသားတစ်ယောက်၊ လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်း community မှာပါဝင်တဲ့နိုင်ငံသား citizen တစ်ယောက်ရဲ့ဒီမိုကရေစီအခွင့်အရေးကိုသုံးပြီး ဒီဆောင်းပါးကို ရေးပါတယ်။ ကျွန်တော်သဘောမတူပါ။ သူတို့ပြောစကားတွေပါဝင်တဲ့သတင်းဆောင်းပါးကို အထက်မှာ ကျွန်တော်ညွှန်းပြီးဖြစ်ပါတယ်။ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ သူတို့ငါးဦးပြောတာတွေကို သဘောအချုပ် ကောက်နုတ်တင်ပြပါမယ်။ ကောက်နုတ်ချက်တွေပဲတင်ပြတော့ မပြည့်စုံဘူး။ စကားကျန်တယ်လို့ ပြောလာနိုင်ပါတယ်။ ဒါကြောင့် မူလဆောင်းပါးကိုတိုက်ဆိုင်ကြည့်ပါလို့ ကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။

၂။ သူတို့ ငါးဦးလုံးတစ်သံတည်းထွက်တာကတော့ ခေါင်းစဉ်မှာပါတဲ့အတိုင်း . . . တိုင်းပြည်ကိုညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့်အချိန်မှာ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းဆန္ဒမပြသင့်ဘူး . . ဆိုတာပါပဲ။
ဦးသုဝေက . . . (ပြောင်းလဲတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီး လျင်လျင်မြန်မြန်လည်ပတ်နိုင်အောင် ၀ိုင်းကူကြရမှာဖြစ်ပြီး ဟိုစဉ်ကလို ထစ်ခနဲရှိ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းရမယ့်ကာလ မဟုတ်တော့ကြောင်း) ပြောပါတယ်။
ကိုဇော်သက်ထွေးက . . . (. . .ဒီမိုကရေစီမင်းသားတွေရဲ့ ဆင်ခြင်မဲ့၊ တန်ဖိုးမဲ့ပြနေတဲ့ဆန္ဒပြပွဲတွေ . . .) လို့သုံးနှုန်းပါတယ်။ ဆက်ပြီးတော့ (ဒီနေ့ကာလဟာ လက်သီးလက်မောင်းတန်းရမယ့်ကာလမဟုတ်တော့ဘူး။ တည်ဆောက်ရေးကာလဖြစ်တယ်)လို့ ပြောပါတယ်။
ဦးမျိုးညွန့် (ဒီ/ငြိမ်းပါတီအထွေထွေ အတွင်းရေးမှူး)က ---(အခုဆိုရင်နိုင်ငံရေးကို လူကြီးလူကောင်းတွေလိုလုပ်နိုင်ပြီ၊ တော်ကြာဖမ်းဟဲ့၊ တော်ကြာဆီးဟဲ့ မရှိတော့ဘူး။ . . လက်သီးလက်မောင်းတန်းဆန္ဒပြတာထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ပညာဥာဏ်နဲ့လုပ်ရမယ့်အချိန်ဖြစ်တယ်) လို့ ပြောခဲ့ပါတယ်။ (မှတ်ချက်၊ နိုင်ငံရေးကို လူကြီးလူကောင်းလိုလုပ်နိုင်ပြီဆိုတာ ဘာကိုပြောတာ လဲ။ ဘယ်တုန်းက ဘယ်သူတွေဟာ သမိုင်းမှာ နိုင်ငံရေးကိုကြမ်းပိုးသူခိုးလို လုပ်ခဲ့ကြသလဲ)
ဦးအောင်ဇင် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က (. . . ဟိုခေတ်ကလို လက်သီးလက်မောင်းတန်းပြီးလုပ်ရတာမျိုးတော့ ကျွန်တော့်အနေနဲ့မဖြစ်သင့်ဘူးလို့ ထင်ပါတယ်) လို့ ပြောခဲ့ပါတယ်။
ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က . . (ကျွန်တော်တို့ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလမှာ အဲဒါတွေက အန္တရာယ်အလားအလာကိုဖိတ်ခေါ်နေတယ်လို့ ကျွန်တော်ပြောပါရစေ) လို့ ပြောခဲ့ပါတယ်။

၃။ ဒီနိုင်ငံရေးခေါင်းဆောင်ကြီးငါးဦးလုံး တစ်သံတည်းထွက်ပါတယ်။ သူတို့ဟာ ဒီလို ‘လက်သီးလက်မောင်းတန်း’ ဆန္ဒပြတာတွေကို အချိန်ကာလနဲ့ဆုံးဖြတ်တယ်။ ကျွန်တော့်သဘောကတော့ အခြေအနေနဲ့ဆုံးဖြတ်ရမယ်။ လက်သီးလက်မောင်းတန်းရမယ့်အခြေအနေကို တွက်ဆရမယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရမယ့်ကာလမှာ ‘ဘ၀ပျက်ရမယ့်အခြေအနေ’ တွေရှိလာရင်ဘာလုပ်မလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်က (ထစ်ခနဲရှိ မလိုအပ်ဘဲလက်သီးလက်မောင်းတန်း) ဆိုတဲ့ စကားကိုသုံးတယ်။ နောက်ပုဂ္ဂိုလ်တစ်ယောက်ကတော့ (ဒီမိုကရေစီမင်းသားတွေ ဆင်ခြင်မဲ့တန်ဖိုးမဲ့ပြနေတဲ့ဆန္ဒပြပွဲတွေ) ဆိုတဲ့စကားကိုသုံးတယ်။ ဒီလိုစကားတွေသုံးသင့်မသုံးသင့် စဉ်းစားကြည့် ကြပါ။ ထစ်ခနဲရှိမလိုအပ်ဘဲဆန္ဒပြနေတာ ဘယ်ဆန္ဒပြပွဲကိုပြောတာပါလဲ။ မဆင်မခြင်တန်ဖိုးမရှိတဲ့ ‘ဆင်ခြင်မဲ့တန်ဖိုးမဲ့ဆန္ဒပြပွဲ’ဆိုတာ ဘယ်ဆန္ဒပြပွဲကိုပြောတာပါလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကလည်း (နိုင်ငံရေးကို လူကြီးလူကောင်းတွေလိုလုပ်နိုင်ပြီ)ဆိုတဲ့စကားကိုသုံးတယ်။ ဘာကိုဆိုလိုပါသလဲ။ အခုလို လက်သီးလက်မောင်းတန်းဆန္ဒပြတာဟာ လူကြီးလူကောင်းမဆန်ဘူးလို့များ ဆိုလိုတာလား။ ကျွန်တော်စဉ်းစား မိတာ ပြောတာပါ။

၎။ ဒီလိုတော့ တစ်ဖက်ကပြောဖို့ရှိပါတယ်။ ဆန္ဒပြခွင့်ဥပဒေဆိုတာ ရှိတယ်၊ ဥပဒေအတိုင်းဆန္ဒပြသင့်တယ်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီသဘောကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသွားတယ်။ သူ့စိုးရိမ်စိတ်ကို နားလည်နိုင်ပါတယ်။ ကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလည်းရှိတယ်။ . . . ၂၀၁၂ ခုနှစ်၊ ဇွန်လက ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်နှင့်ဆန္ဒထုတ်ဖော်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီး နောက် သက်ဆိုင်ရာသို့ တရားဝင်ဆန္ဒပြရန် တောင်းဆိုခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိခဲ့ပြီး အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ (သတင်း Source ရဲညီ ‘လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဘာ့အတွက်ဆန္ဒပြရတယ်’ Newsday သတင်းဂျာနယ်။ ၁၉ ဒီဇင်ဘာလ ၂၀၁၂ အချပ်ပို C) ခွင့်ပြုမိန့်ကို ဥပဒေနဲ့အညီတရားဝင်တောင်းခံတယ်။ ၁၁ ကြိမ်တိတိ၊ ခွင့်ပြုမိန့်မပေးဘူး။ အဲဒါဆိုရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှာ အဖြေရှိကောင်းရှိပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီလိုပြောတယ်။ . . . ‘ကနေ့ စိန်ခေါ်နေတဲ့ မျက်မှောက်ခေတ်မှာစိန်ခေါ်နေတဲ့စိန်ခေါ်ချက်များ’. . ဘာပြောတာလဲ။ ဆန္ဒပြပွဲတွေကိုပြောတာမဟုတ်လား။ စိန်ခေါ်ချက်တွေ ပတ်လည်ရိုက်နေမယ့်အစား ဆန္ဒပြပွဲလို့တည့် (ဒဲ့) ပြောလိုက်ရင်ရပါတယ်။ ရွာကလူတွေက သေစာရှင်စာလောက်သာ တတ်ကြတာဆိုတာ လည်း သတိပြုစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာကလူတွေအတွက် အခုလိုစိုးရိမ်မကင်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်ကို ကျေးဇူးတော့တင်ရမှာပါ။

၅။ ကျွန်တော့်စကားစဉ်ကို ပြန်ချုပ်ပါ့မယ်။ ကျွန်တော့်သဘော၏အယူအဆကို ဒီလိုတင်ပြခဲ့ပါမယ်။
၁။ ဒီနေ့ဆန္ဒပြပွဲတွေဟာ မလိုအပ်ဘဲဆူချင်ပူချင်လို့ ဆန္ဒပြနေကြတာမဟုတ်ဘူး။
၂။ ဒီမိုကရေစီကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ၀ိုင်းဝန်းဆောင်ရွက်ကြရမယ်ဆိုတာကို ထောက်ခံတယ်။
၃။ ပြန်လည်တည်ဆောက်ရေးကိစ္စအ၀၀ကိုဆောင်ရွက်တာကသပ်သပ်၊ အဲသလို ဆောင်ရွက်နေချိန်မှာကြုံတွ့ရမယ့် လူထုဘ၀အရေးကိစ္စတွေ၊ အဆင်မပြေတာတွေ၊ နစ်နာဆုံးရှုံးတာတွေကသပ်သပ်ဖြစ်တယ်။
၎။ တိုင်းပြည် ပြန်လည်တည်ဆောက်ရမယ့်အချိန်ဖြစ်လို့ လူထုရဲ့နစ်နာဆုံးရှုံးမှုတွေ၊ အဆင်မပြေတာတွေ၊ ဘ၀အရေးကိစ္စတွေကို မထုတ်ဖော်ရမတင်ပြရဘူးဆိုတာ မှားတယ်။
၅။ လူထုအမှန်တကယ်နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။
၆။ ဦးသုဝေ၊ ဦးဇော်သက်ထွေး၊ ဦးမျိုးညွန့်၊ ဦးအောင်ဇင်၊ ဦးသိန်းညွန့်တို့ပြောတာတွေကို ကျွန်တော်သဘောမတူပါ။
၆။ မိမိအယူအဆကို လွတ်လပ်စွာထုတ်ဖော်ပြသနိုင်သည်ဆိုတဲ့ အခြေခံဒီမိုကရေစီသဘောတရားအရ ကျွန်တော့်အယူအဆကို တင်ပြလိုက်ပါတယ်။ ကျွန်တော်သဘောမတူတာကို မတူဘူးလို့ပြောခဲ့ပါတယ်။ ကျွန်တော်သဘောမတူတာကို သဘောမတူတဲ့ပုဂ္ဂိုလ်များ ဆွေးနွေးတင်ပြကြရင်ကောင်းမယ်ထင်ပါတယ်။ ဒီမိုကရေစီဆိုတာဒါပဲမဟုတ်ပါလား
စာကြွင်း။ ဒီဆောင်းပါးရေးပြီး First အုပ်စုကမန်နေဂျာ ကိုကောင်းမြတ်ကျော်ကို မပေးရသေးခင်မှာပဲ First ဂျာနယ်နဲ့ First Music ဂျာနယ် နှစ်စောင်လုံးမှာ သတင်းတစ်ခုဖတ်လိုက်ရတယ်။ ကျွန်တော်တို့ငယ်စဉ်ကစွဲလမ်းခဲ့ရတဲ့ အဆိုတော်ကြီးလားရှိုးသိန်းအောင် မြန်မာနိုင်ငံကို ခေတ္တပြန်လာတယ်၊ မြန်မာပြည်ကိုပြန်ရောက်ရောက်ချင်း ခဏခဏဆန္ဒပြနေကြတာတွေဟာ အနာဂတ်အတွက်မကောင်းဘူး။ ရေရှည်မှာ တိုင်းပြည်ကိုထူထောင်နိုင်မှာမဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်မေတ္တာအကြောင်းခံပြီး တောင်းပန်ချင်တာက . . . ဒီကိုပြန်လာတုန်း သီချင်းတွေကိုဆိုပြီး ပရိသတ်ရဲ့မေတ္တာနဲ့ သြဘာလက်ခုပ်သံကိုခံယူပြီးတော့ ပြန်ပါ။ ဒီကအခြေအနေတွေမသိဘဲနဲ့ ၀င်မပြောပါနဲ့လို့ . . . တောင်းပန်လိုက်ပါတယ်ခင်ဗျား။
အဲဒီမှာတွေ့ပါတယ်။ ယူပြီး ပြန်တင်ပါတယ်ခင်ဗျား http://www.first-11.com/index.php?option=com_content&view=article&id=17091:2012-12-30-08-01-26&catid=78:2009-11-13-06-25-17&Itemid=135