Thursday, April 11, 2013

၉၆၉ အကြမ်းဖက်ဂိုဏ်းနှင့်စင်္ကာပူရောက်မြန်မာများ (အုန်းညွန့်)

0 comments

၉၆၉ အကြမ်းဖက်ဂိုဏ်းနှင့် စင်္ကာပူရောက်မြန်မာများ
စင်္ကာပူနိုင်ငံသည် ဗုဒ္ဓဘာသာဗမာ ပညာတတ်အမြောက်အများ လာရောက်အခြေချနေထိုင်သော နိင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုအထဲတွင် စင်္ကာပူနိုင်ငံသားကူးပြောင်းထားသူအများအပြားရှိသကဲ့သို့ လာရောက်အလုပ်လုပ်ကိုင်သူ ကျောင်းတက်နေသူများ အလွှာမျိုးစုံပါဝင်ပါသည်။ ပညာတတ်များဖြစ်သည့်အားလျော်စွာ စစ်အစိုးရကြောင့်အောက်ကျနောက်ကျဖြစ်နေသောနိုင်ငံအား အစစအရာရာ စီးပွားရေးအဆင်ပြေနေသောစင်္ကာပူနိုင်ငံနှင့်နှိုင်းယှဉ်၍ အားမလိုအားမရဖြစ်နေသူကအများအပြားဖြစ်ကြသည်။ စင်္ကာပူနိုင်ငံရောက်ဗမာများသည် အမျိုးသားရေးလွန်စွာမှနိုးကြားကြသည်။ နှစ်စဉ်နှစ်တိုင်း စင်္ကာပူတက္ကသိုလ်များ၊ ပိုလီများတွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲများကျင်းပကာ သင်္ကြန်သံချပ်များဖြင့် စစ်အစိုးရဆန့်ကျင်ရေးကို တက်ကြွစွာ ဘာသာရေးအကြောင်းပြ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ငွေရေးကြေးရေးအလုံးအရင်းနှင့်ထောက်ပံ့ပေးနေသောသူများ စုဝေးရာအရပ်ဟုဆိုလျင်လည်း မမှားပေ။ နိုင်ငံရေးအရ လူစုလူဝေးလုပ်ခွင့်လုံးဝမရှိသော စင်္ကာပူနိုင်ငံတွင် ဦးထုပ်နီလှုပ်ရှားမှုဖြင့် မြန်မာသံရုံးကိုဆန္ဒပြရဲခဲ့သည်အထိ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်ကြပါသည်။ ထိုမျှမကသေး မြစ်ဆုံအရေးအတွက် မြန်မာပြည်တွင်းမှစာရေးဆရာများ၊ အနုပညာနယ်ပယ်မှတက်ကြွလှုပ်ရှားသူများကို စင်္ကာပူသို့ကုန်ကျစရိတ်ခံပင့်ဖိတ်၍ မြစ်ဆုံအရေးကိုစာပေဟောပြောပွဲပုံစံဖြင့် ဆန္ဒထုတ်ဖေါ်နိုင်ခဲ့ကြပါသည်။ တဖက်တွင်လည်းကြည့်လိုက်လျှင် ဤသို့ စစ်အစိုးရဆန့်ကျင်ရေးကို ထောက်ခံအားပေးနေကြသော စင်္ကာပူမှစီးပွားရေးသမားအများစုသည် စစ်အစိုးရသက်တမ်းတစ်လျောက် စစ်ဗိုလ်ချုပ်ကြီးများ၏အခွင့်ထူးခံများ၊ စီးပွားဖက်မကင်းသူများဖြစ်ကာ စီးပွားရေးအမြတ်ထုတ်နေကြသောသူများသာတည်း။ ပါးစပ်က ဒီမိုကရေစီအော်နေကြသော်လည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် အပေးအယူမကင်းသောသူများပင်ဖြစ်ပေသည်။ ထိုအထဲတွင် စစ်အစိုးရလက်ဝေခံများလည်း အမြောက်အများရှိနေသည်။ စစ်အစိုးရအာဏာရှိစဉ်အချိန်ကာလက အစိုးရဆန့်ကျင်သူနှင့်အစိုးရလက်ဝေခံဟု အုပ်စု ၂ ခု ကွဲကွဲပြားပြားရှိခဲ့သော်လည်း ယခု အချိန်ကာလတွင် သူ ငါ သိပ်မကွဲကြတော့ပဲ တိုင်းပြည်ကောင်းစားရေးအတွက်ခေါင်းစဉ်ဖြင့် လက်တွဲကြသူများလည်း ရှိလာကြသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အစိုးရပြောင်းပြီးနောက်ပိုင်း ပြန်လည်အရှိန်မြင့်လာသော တိုင်းရင်းသားများ၏စစ်ပွဲများနှင့် သယံဇာတခွဲဝေမှုအပေါ် စိုးရိမ်စိတ်များကြောင့်ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင်အင်တာနက်မြန်နှုန်းအကောင်းဆုံး ၁၀ နိုင်ငံတွင်ပါဝင်နေခြင်းသည်လည်း စင်္ကာပူရောက်ဗမာများအတွက် လွန်စွာမှအထောက်အကူဖြစ်စေခဲ့ရပေသည်။ စစ်အစိုးရဆန့်ကျင်ရေးဆိုက်များ ဆိုရှယ်ဂရုပ်များ နောက်ပိုင်း ဖေ့စ်ဘွတ်ဂရုပ်များအများစုအခြေစိုက်ရာဌာနကား စင်္ကာပူနိုင်ငံဖြစ်လာပေသည်။ မြစ်ဆုံအရေးကို အင်တာနက်ပေါ်မှ လူမှုရေးကွန်ယက်များသုံး၍ ထိထိရောက်ရောက်ဝါဒဖြန့်ကာ အရှိန်တန့်ထားအောင် ပြုလုပ်လာနိုင်ခဲ့သည်။ အစိုးရကိုယ်တိုင်က အရေးတယူဆောင်ရွက်ရသည်အထိ အောင်မြင်မှုရရှိခဲ့သည်။ မြစ်ဆုံအရေးနောက်ပိုင်း ရခိုင်အရေးအခင်းမတိုင်မှီ ရိုဟင်ဂျာများကိစ္စအား စတင်ဝါဒဖြန့်သူများသည် စင်္ကာပူနိုင်ငံသားမြန်မာများကို စတင်ချည်းကပ်ခဲ့ကြသည်။ ထိုဝါဒဖြန့်သူများသည် စစ်အစိုးရနှင့်ပတ်သက်ဆက်နွယ်သူများဖြစ်ကြသော်လည်း မဟာဗမာတို့၏စိုးရိမ်မှုက ဒီမိုကရေစီရေးကြွေးကြော်နေသူများကိုယ်တိုင် ထိုသူများကိုအကူအညီပေးခဲ့ကြလောက်အောင် မဟာဝါဒအတွက် စိုးရိမ်မှုများကိုကြီးထွားစေနိုင်ခဲ့ကြပေသည်။ စင်္ကာပူနိုင်ငံရောက်ရခိုင်နွယ်ဖွားအရေအတွက်များမှုကလည်း အဆိုပါအရေး ၀ါဒဖြန့်သူများအတွက် အခွင့်ကောင်းတစ်ရပ်ရခဲ့သည်ဟုဆိုရမည်ပင်ဖြစ်သည်။ ၀ါဒဖြန့်သူများသည် စင်္ကာပူနှင့်မလေးရှားကို အကျိုးရှိစွာအသုံးချနိုင်ခဲ့သည်။ ဘက်စုံထောင့်စုံမှအုပ်စုများအတွင်းစိမ့်ဝင်ကာ စိုးရိမ်မှုများပြားလာစေရန်စည်းရုံးနိုင်ခဲ့သည်။ ရလာဒ်ကား ရခိုင်အရေးကိုအောင်မြင်စွာလုပ်ကြံနိုင်ခဲ့ခြင်းတည်း။ ထိုလှုံ့ဆော်သူများသည် ယခင်ကတည်းက အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သော စင်္ကာပူရောက်ဗမာများအား စင်္ကာပူနိုင်ငံရှိတရုတ်များနှင့်မလေးများ၏ အတိတ်ကဖြစ်ရပ်များ၊ စင်္ကာပူရီယန်းမလေးတို့၏ လက်ရှိအခြေအနေများအား အဆိုးမြင်ရှုထောင့်မှမီးမောင်းထိုးပြခဲ့ပေသည်။ ဒီလုပ်ရပ်များက ဒီမိုကရေစီရေးလှုပ်ရှားမှုတွင်အားကောင်းသော စင်္ကာပူနိုင်ငံသားဗမာများနှင့် စင်္ကာပူရောက်ဗမာများအား အမျိုးသားရေးဝတ်ရုံနက်ကို အနီးကပ်လွှမ်းခြုံပေးခဲ့ခြင်းပင်တည်း။ ပညာရှိများသတိဖြစ်ခဲသောအခြေအနေတစ်ရပ် စင်္ကာပူရောက်ဗမာများ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပေသည်။ ဒီအခြေအနေအားအရှိန်မြှင့်ပေးသောအချက် Catalyst များကတော့ နဂိုကတည်းက မုန်းတီးမှုအစွဲပြင်းထန်သောရခိုင်များ၊ ထိုရခိုင်များနှင့်နီးစပ်ဆက်နွယ်သောသူများပင်ဖြစ်သည်။ စင်္ကာပူရောက်ဗမာများသည် နိုင်ငံကိုပြန်လည်ထူထောင်ရန်အတွက်စဉ်းစားရာတွင် အနောက်တိုင်းစံချိန်စံနှုန်းများထက် စင်္ကာပူစီးပွားရေးတိုးတက်မှုကိုအားကျကြသည်။ လူနည်းစုမလေးများအပေါ် ဥပဒေများဖြင့်ချုပ်ကိုင်ထားနိုင်မှုကိုစံပြုလိုကြသည်။ တချိန်တည်းမှာပဲ မလေးရှားအစိုးရ၏ လူများစုကိုတဖက်သတ်အကာအကွယ်ပေးထားသည့်အခွင့်ထူးများလိုမျိုး ရယူလိုကြသည်။ မိမိတို့ဗမာများကို မလေးလူမျိုးများနှင့်ယှဉ်ထိုးကြည့်ကြသည်။ ဗမာများက ရောင့်ရဲတင်းတိမ်ကြပုံအား မလေးများ၏လေးဖင့်ပုံနှင့် ဥပမာပေးပြောတတ်ကြသည်။ ကုလား/တရုတ်များ၏ အလုပ်လာဘ်မြင်မှုအပေါ်အားကျကြသလို စိုးရိမ်ကြသည်ကား ရှေးဦးမဆွ နိုင်ငံရပ်ခြားသို့ စတင်လာရောက်အလုပ်လုပ်သူတိုင်းသိကြသည့်အချက်ပင်ဖြစ်သည်။ အဆိုပါစိုးရိမ်စိတ်ကိုသိသော စိတ်ဓါတ်စစ်ဆင်ရေးဆရာကြီးများကလည်း သေချာစွာသင်ပေးလိုက်သည်က တရုတ်နှင့်အိန္ဒိယ ဘင်္ဂလားဒေရှ့်တို့၏ လူဦးရေကိုမီးမောင်းထိုးပြီး ဗမာတို့၏စိုးရိမ်စိတ်ကို မြင့်တက်စေရေးဖြစ်သည်။ ဒီမိုကရေစီရေးဘုံရပ်တည်ချက်ဖြင့် စုစည်းလာခဲ့သည်ပြည်သူများအား အယောင်ပြဒီမိုကရေစီပေးကာ မူလဦးတည်ချက်ရောက်ပြီးပြီဟု ထင်ယောင်ထင်မှားလုပ်ကာ နောက်ထပ် သူတို့လိုသောဦးတည်ချက်သွင်းပေးခဲ့ခြင်းပင်ဖြစ်သည်။ လွန်စွာမှစနစ်ကျလှပေသည်။ ယခုအချိန် အားလုံး၏စိုးရိမ်မှုက ဒီမိုကရေစီမဟုတ်တော့၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားအားလုံးကိုချုပ်ကိုင်ထားနိုင်ရေးနှင့် ဗမာတို့၏အချုပ်အချာ အာဏာတည်တံ့ခိုင်မြဲရေးပင်ဖြစ်ပေသည်။ စင်္ကာပူမြန်မာများ အမျိုးသားရေးစိတ်ဓါတ်အား အဓိကပဲ့ကိုင်လျက်ရှိသောနေရာများမှာ စင်္ကာပူနိုင်ငံရှိဗမာဘုန်းတော်ကြီးကျောင်းများဖြစ်သည်ဟုဆိုက လွန်မည်မထင်ပါ။ ဗမာတို့ကား မူလကပင် နိုင်ငံရပ်ခြားသို့ထွက်လာချိန်၌ စိုးရိမ်စိတ်များလွှမ်းမိုးခဲ့သူများဖြစ်ကြပါသည်။ ဘာသာစကားအခက်အခဲ တိုးမပေါက်ခြင်းကလည်း ရောက်ကာစဗမာများအတွက် ကြီးစွာသောစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပါသည်။ အဆိုပါစိုးရိမ်မှုအား ကောင်းစွာအသုံးချခဲ့သူများမှာ စင်္ကာပူနိုင်ငံရှိဗမာဘုန်းတော်ကြီးများပင်ဖြစ်သည်။ အန္တရာယ်ကင်းစေရန်အဆောင်လည်းဖြစ် ဗမာအချင်းချင်း အကူအညီပေးလို့ရတာပေါ့ဆိုတဲ့စကားများနဲ့ပဲဖြစ်ဖြစ် ပရိတ်ကြိုးအဝါရောင်ကလေးများအား လက်ကောက်ဝတ်တွင် ပတ်စေခဲ့သည်။ ယင်းကဲ့သို့ ပရိတ်ကြိုးလက်တွင်ချည်သည့်အစဉ်အလာသည် မြန်မာပြည်တွင်းဗုဒ္ဓဘာသာဂိုဏ်းအချို့ကသာ ပြုလုပ်လေ့ရှိသော်လည်း စင်္ကာပူသို့ရောက်သူများက အန္တရာယ်ကင်းစေရန်အဆောင်သဘောနဲ့ဟုဆိုကာ ဗမာဗုဒ္ဓဘာသာဝင်အားလုံးနီးပါး ပတ်ကြပါသည်။ အမှန်ကား ယင်းသည်လည်း ဗမာဗုဒ္ဓဘာသာဝင်များကို အခြားဘာသာခြားများနှင့် တသီးတခြားစီခွဲခြားပေးလိုက်ခြင်းဖြစ်ပေသည်။ အဆိုပါ အဆောင်ဝတ်သူအနေဖြင့်လည်း မူလက အန္တရာယ်ကင်းဝတ်သော်လည်း နောက်ပိုင်း အုပ်စုဖွဲ့သူများ၏စည်းရုံးမှု မိမိကိုယ်ကို မ၀တ်ထားသူများနှင့်ကွဲပြားသည်ဟု ထင်လာကြပေသည်။ စိတ်သဘောအတွင်း ငါသည် သူများနှင့်မတူဟုထင်လာစေပါသည်။ အုပ်စုတူအချင်းချင်းသာ ချစ်ခင်မှုပိုလာခြင်း မိမိကဲ့သို့မ၀တ်သူများကို မိမိနှင့်မတူသူများဟုထင်လာခြင်း သိစိတ်ကဖြစ်စေ မသိစိတ်ကဖြစ်စေ သူဟာ ငါနှင့်မတူသူဟုခွဲခြားသည့်စိတ်များ ကိန်းအောင်လာစေခဲ့ပါသည်။ အဆိုပါအချက်များသည်လည်း စင်္ကာပူရောက်ဗမာများအား တခြားသောသူများနှင့်မတူ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လာစေရခြင်း၏ နောက်ကွယ်မှအခြေခံအချက်များဖြစ်ပါသည်။ ထိုသို့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သောသူများ၏သင်္ကေတတစ်ရပ်မှာ အားနည်းသူများအား ကိုယ်ချင်းစာနာမှု နည်းပါးလားခြင်းပင်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ဗမာစစ်တပ်နှင့်တိုက်ပွဲများပြင်းထန်လာသောအခါ မိမိတို့တိုင်းရင်းသားကချင်များကို ကိုယ်ချင်းစာစိတ်ဖြင့်သတင်းမေးခြင်းထက် ကချင်စစ်ပွဲအား စီးပွားရေးလုသည့်စစ်ပွဲတစ်ပွဲဟု ခံယူခဲ့ကြကာ မသိကျိုးကျွန်ပြုခဲ့ကြသည်။ မြစ်ဆုံတွင်တက်ကြွစွာလှုပ်ရှားခဲ့ကြသောဗမာများ ကချင်စစ်ရပ်တန့်ရေးအတွက် အသံမထွက်ခဲ့ကြ။ ကချင်တွေခွဲထွက်ဖို့လုပ်နေကြသည်ဟု ခံယူခဲ့ကြပေသည်။ တိုင်းရင်းသားအားလုံးကို ချုပ်ကိုင်ထားနိုင်ရေးဆိုသည့်စိုးရိမ်မှုက ပိုပြီးကြီးခဲ့ကြပေသည်။ သို့နှင့် လက်ပန်းတောင်းတောင်အရေးအခင်း အစီးရင်ခံစာထွက်အပြီးတွင် မည်သူ့ကို ယိုးမယ်ဖွဲ့ရမည်မရှင်းလင်းတော့၊ စင်္ကာပူကဗမာများ ”အား”မပြင်းနိုင်ကြတော့၊ ယခုအချိန်အားလုံး၏စိတ်ထဲတွင် မဟာဗမာပြည်ကြီးအတွက် ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲမှဖြစ်မည်ဆိုသော ”မှိုင်း”က လက်ပန်းတောင်းတောင်က မီးလောင်သံဃာများကိုဖုံးလွှမ်းသွားခဲ့ကြပေသည်။ တညီတညွတ်ထဲ ဟန်ဝင်းအောင်ကို ဗီလိန်စာရင်းသွင်းလိုက်ကြသည်။ ကွန်မြူနစ်တံဆိပ် ရဲရဲဝံ့ဝံ့ကြီးကပ်လိုက်ကြသည်။ သို့နှင့် ၉၆၉ လှုပ်ရှားမှုကြီးပေါ်ပေါက်လာသောအခါ စင်္ကာပူရောက်ဗမာများ လွန်စွာမှအားရကြသည်။ ငါတို့ဘာသာကိုကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဟု ခံယူလိုက်ကြသည်။ တဆက်တည်းမှာပဲ သီရိလင်္ကာကဘုန်းကြီးများအား ချက်ခြင်း အတုယူလိုက်ကြသည်။ ဘုန်းကြီးများကသာလျင် သာသနာကိုကာကွယ်နိုင်မည်ဖြစ်သည်။ ဒါကြောင့် ထောက်ပံ့ဖို့လိုသည်ဟု လက်ခံလိုက်ကြခြင်းဖြစ်သည်။ ၀ိနည်းနှင့်မညီမှန်းသိသိနှင့် စိုးရိမ်စိတ်ကြောင့် ပုံအောထောက်ခံလိုက်ကြခြင်းပင်တည်း။ လှူလိုက်ကြသည့်ငွေ လွှဲလိုက်ကြသည်ပမာဏမှာလည်း မနည်းမနော၊ နဂိုက သာမန်သင်္ကန်းနှင့်ဦးဝိရသူ သိန်းကျော်တန်သင်္ကန်း ရုံဖြစ်သွားသည်အထိဖြစ်သည်။ သို့နှင့် တချိန်က ရိုဟင်ဂျာများကို ဘင်္ဂလီခိုးဝင်သူများဟုစွပ်စွဲပြီး ရခိုင်အရေးကိုအားပေးခဲ့ကြသည့်စင်္ကာပူဗမာများ ယနေ့ ဘင်္ဂလီသွေးတစ်စက်မှမရှိသော မိမိတို့နှင့်အတူနေလာသောမြန်မာပြည်အလည်ပိုင်းနေကုလားများကို မျိုးဖြုတ်သတ်ဖြတ်ဖို့လုပ်လာကြသောအခါ အသံမထွက်ကြတော့။ ယနေ့အခြေအနေသည် တနိုင်ငံလုံးရှိကုလားများ ကျီးလန့်စာစားဖြစ်နေရချိန် အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လှသောဗမာများ တစ်ချက်မှအသံမထွက်၊ ဒီပွဲက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရလာသည့်အမြတ်က ငါတို့လူမျိုးအတွက်ပဲဟုခံယူကာ ရေငုံနုတ်ပိတ်လျက်၊ ကိုယ်ချင်းစားတရား မထားနိုင်ခဲ့ကြ။ စင်္ကာပူရောက်ဗမာများ၏စိုးရိမ်မှုက ခေါင်ခိုက်ခဲ့ပြီဖြစ်သည်။ စင်္ကာပူရီယန်းဗမာဘိုးအေကြီးများအပါအ၀င် ကြီးကြီးသေးသေးအားလုံး စုလိုက်ကြသည်။ ဘာလုပ်ကြမည်နည်း။ ငါတို့မှမလုပ်လျှင် မဖြစ်တော့၊ လူငယ်များကိုအကြံပေးကြသည်။ ကုလားများသည် ဘာသာရေးအစွဲကြီးသည် သည်းခံနိုင်သည့်အားနည်းသည်။ ကုလားများ၏သည်းခံမှု အဆုံးတိုင်ရောက်အောင် လုပ်မှဖြစ်မည်။ ကုလားများတန်ပြန်လာလျင် ၂ ဖက်ဖြစ်သည်ဟုဆိုကြမည်။ FB ပေါ်တွင်ကုလားများကိုဆွပေးတော့ဟု ဘိုးတော်ကြီးများက ငြာသံပေးခဲ့ကြသည်။ သို့သော် ကုလားများကား အင်အားနည်းသူများဖြစ်ကြကား ထင်သလိုပြန်မတုံ့ပြန်ခဲ့ကြပဲ ဖွတ်ဖွတ်ညက်ညက်အကြေသာခံခဲ့ရပေသည်။ ဤတွင် နောက်တစ်နည်းပြောင်းရန် ကြိုးစားကြပြန်သည်၊ ကုလားပုံစံဖမ်းပြီး ဗမာများအားသတ်ဖြတ်ဟူသောဆောင်ပုဒ်များဖြင့် ၀ါဒဖြန့်ရန်တည်း။ သို့မှသာ အဆိုပါဆောင်ပုဒ်များကိုပြပြီး နိုင်ငံတကာကို အဖတ်ပြန်ဆယ်နိုင်မည်ဟု ကြိုးစားနေလျက်ရှိနေပေသည်။ တဖြည်းဖြည်းနှင့် မိတ္ထီလာလူသတ်မှုကြီးကား တိုင်းသိပြည်သိအဆင့်မှ ကမ္ဘာသိဖြစ်လာခဲ့လေပြီ၊ ဗမာပြည်ဗုဒ္ဓဘာသာနှင့် ဘုန်းကြီးများလည်း ကမ္ဘာ့အလယ် ရစရာမရှိအောင် အရှက်ဗျန်းဗျန်းကြီးကွဲကြရပြီး၊ စင်ကာပူတစ်ခုထဲတွင်ပင် Straight Time,Today, My Paper, Asia One စသည့် စင်္ကာပူသတင်းစာများက ၀က်ဝက်ကွဲဖေါ်ပြခဲ့လာပြီ။ ရခိုင်အရေးအခင်း မိတ္ထီလာအရေးအခင်းအစပိုင်းနှင့် ကုလား-ဗမာ အရေးအခင်းတိုင်း ရေငုံနုတ်ပိတ်နေသောစင်္ကာပူရောက်ဗမာများ နိုင်ငံတကာအလည်တွင် ဗျန်းဗျန်းကွဲနေသောအရှက်အား မီဒီယာဖြင့်အဖတ်ဆယ်ဖို့ ကုလားအသင်းအဖွဲ့များနှင့်အတူ ဆုတောင်းပွဲလုပ်ကာ အဖတ်ပြန်ဆယ်ဦးမည်ဟုကြားနေပေသည်။ တကယ်တန်းလုပ်ရမည်က အကြမ်းဖက်လုပ်ရပ်များအားရှုတ်ချရမည်မှန်သော်လည်း အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သောစင်္ကာပူဗမာများအတွက် ဗမာဗုဒ္ဓဘာသာအား ကမ္ဘာ့အလည်တွင် ပြန်အဖတ်ဆယ်ရေးက ယခုအချိန်တွင် သေရေးရှင်ရေးတမျှအရေးကြီးလျက်ရှိနေပေသည်။ ဘိုးသိကြားဘဘမြင့်
တွေ့တာနဲ့ယူတာက https://www.facebook.com/ohn.nyunt

ဦးတည်ချက်၃ရပ်ဖြင့် “၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေး (တူမောင်ညို)

0 comments
ဦးတည်ချက် ၃ ရပ်ဖြင့် “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေး (တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဧပြီ ၁၀ ရက်) လွှတ်တော်ထဲတွင် “၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေးဆိုသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ လွှတ်တော်အမတ် “၃၉” ဦးက ပြင်ဆင်လိုသည့်ဆန္ဒရှိယုံမျှဖြင့်လည်း ပြင်ဆင်ဖို့မဖြစ်နိုင်ပါ။ လွှတ်တော်ထဲတွင်  “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးဆိုသည်မှာ ကြံ့ဖွံ့ပါတီနှင့်ဗိုလ်မင်းအောင်လှိုင်၏ စစ်သားအမတ်တွေ (ဦးဝင်းတင်စကားနဲ့ပြောရလျှင်“မရွေးအမတ်”တွေ) လက်ထဲမှာရှိနေသည့်အရာဖြစ်သည်။  
မည်သူမဆို/မည်သည့်ပါတီမဆို “၂၀၀၈အခြေခံဥပဒေ”ကို အခြေခံကျကျပြင်ဆင်မည်ဟုဆိုလျှင် ကြံ့ဖွံ့ပါတီနဲ့ အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ဗိုလ်မင်းအောင်လှိုင်နှင့်လည်း အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ထိထိမိမိပြင်ဆင်မည်ဆိုလျှင် ပီပီပြင်ပြင် ထိပ်တိုက်တွေ့ကြရလိမ့်မည်။ မည်သို့မျှ ရှောင်လွှဲ၍မရနိုင်။
“၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်သည့်အခါ အောက်ပါဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက်အောင်မြင်စေရလိမ့်မည်။  
၁။ လွှတ်တော်များကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်၊ လွှတ်တော်ကိုယ်စားလှယ်မှန်သမျှကို သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ပြည်သူများကဆန္ဒမဲပေး ရွေးချယ်ထားသူများသာဖြစ်ရမည်။ သမ္မတ၊ ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ကို  လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်။
၂။ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တန်းအာမခံနိုင်သော (ဖက်ဒရယ်)ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းကြရမည်။
၃။ လွှတ်တော်များတွင်ရှိသော“ စစ်သားအမတ်၂၅%”ကို ဖယ်ရှားရမည်။ စစ်တပ်သည် အစိုးရအဖွဲ့၏ ဝန်ကြီးဌာနများအနက် ဝန်ကြီးဌာနတစ်ခုဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်သာရှိရမည်။ ဖေါ်ပြပါအချက် ၃ ချက်မပါဝင်သောပြင်ဆင်ရေးသည် မည်ကာမတ္တပြင်ဆင်ရေး၊ အပေါ်ယံသနပ်ခါးလိမ်းသည့်ပြင်ဆင်ရေး၊ အတုအယောင်ပြင်ဆင်ရေးမျှသာလျှင် ဖြစ်ပေလိမ့်မည်။
ယခုအခါ “၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး”၊ “ ပြင်ဆင်ရေး”ဆိုသည်ကို ကြံ့ဖွံ့ပါတီအမတ်များကပြောလာကြပြီ။ သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးဆိုသည်မှာ အဘယ်နည်း။
သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးကိုသိလိုလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပြင်ဆင်မှု”ကိုကြည့်လျှင် သူတို့သဘော၊ သူတို့ဆန္ဒနှင့် သူတို့၏လုပ်နည်းကိုင်နည်းကို ရှင်းလင်းစွာသိနိုင်သည်။
သူတို့သည် သူတို့လိုအပ်သည့်ပြင်ဆင်မှုကို ပြုလုပ်လိုသည့်အခါတွင် သူတို့စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မအတည်ပြုခဲ့သော “၂၀၀၈ အခြေခံဥပဒေ”ပါ ပြဋ္ဌာန်းချက်များကိုပင် သွေဖီချိုးဖောက်ရန် ဝန်မလေးသူများ၊ လက်မရွံ့သူများဖြစ်သည်။ လတ်တလောပြင်ဆင်ဖွဲ့စည်းခဲ့သောခုံရုံးအဖွဲ့ (ခုံရုံးဥက္ကဋ္ဌဦးမြသိန်းအပါအဝင် ၉ ဦး)နှင့် ခုံရုံးဥပဒေပြင်ဆင်ချက် (၂၀၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၄ ) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၉၈ ၊ ပုဒ်မခွဲ (က)ပါပြဋ္ဌာန်းချက်ကို သွေဖီချိုးဖောက်၍ ဖွဲ့စည်း/ပြင်ဆင်ထားခြင်းဖြစ်သည်။
သို့အတွက် ယခုဖွဲ့စည်းပေးခဲ့သော ခုံရုံးဥက္ကဋ္ဌဦးမြသိန်းအပါအဝင် ၉ ဦးသည် ၄င်းတို့ကို ဖွဲ့စည်းပေးခဲ့မှုနှင့် ခုံရုံးဥပဒေပြင်ဆင်မှုသည် တည်ဆဲဥပဒေတစ်ခုဖြစ်သော၊ တည်ဆဲဥပဒေအားလုံး၏ (Parent law) ဖြစ်သည်ဟုဆိုသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”နှင့် ညီညွတ်ခြင်းရှိ/မရှိ စိစစ်နိုင်မည်လော။ ခုံရုံးဥက္ကဋ္ဌသစ်ဦးမြသိန်းအပါအဝင် ၉ ဦးသည် (ဗိုလ်) ဦးရွှေမန်းစိတ်ကြိုက်ရွေးထားသူများသာဖြစ်သဖြင့် “ခုံရုံးဖွဲ့စည်းမှုနှင့် ခုံရုံးဥပဒေပြင်ဆင်မှု” ကို “၂၀၀၈အခြေခံဥပဒေနှင့်ညီညွတ်ပါသည်” ဟုသာ စိစစ်ဖွင့်ဆိုကြရပေလိမ့်မည်။ မညီညွတ်ပါဟု စိစစ်ဖွင့်ဆိုခဲ့မည်ဆို လျှင် “ခုံရုံးဥက္ကဋ္ဌဦးသိန်းစိုး အပါအဝင် ၉ ဦး” တို့သွားရာလမ်းသို့ မြန်းကြရပေလိမ့်မည်။ ဤသည်မှာ “၂၀၀၈ အခြေခံဥပဒေ”၏ သန္ဓေပါ အကြပ်အတည်းတွေထဲက တစ်ခုဖြစ်သည်။ မည်သူမဆို/မည်သည့်ပါတီမဆို “၂၀၀၈ အခြေခံဥပဒေ” ကိုပြင်ဆင်မည်ဆိုလျှင် ၂၀၀၈ အခြေခံ ဥပဒေ၊ အခန်း(၁) “နိုင်ငံတော်အခြေခံမူများ”အခန်းရှိ ပုဒ်မအားလုံး(၄၈ ခုရှိသည်)ကို အခြေခံကျကျ ပြင်ဆင်ရလိမ့်မည်။ ယင်းသို့ ပြင်ဆင်ရာတွင် ဆောင်းပါးအစ၌တင်ပြခဲ့သောဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက်အောင်မြင်စေရပေလိမ့်မည်။ သို့မှသာ အခြေခံကျကျ ပြင်ဆင်ရေးဟုခေါ်ဆိုနိုင်ပေလိမ့်မည်။ “အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်ကပါဝင်ထမ်းဆောင်ရေး”ဆိုသည်မှာ စစ်အုပ်စုက “နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးသမားများအပေါ်  ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးသာလျှင်ဖြစ်သည်။ ၂၀၀၈အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတို့သည် စစ်အုပ်စုက နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအပေါ် ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးအတွက် ယန္တယားနှင့်အစီအမံများသာဖြစ်ပေသည်။ ထိုသို့သော ယန္တယားနှင့်အစီအမံများရှိနေသ၍ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့်စစ်မှန်သောပြည်ထောင်စုဆိုသည်မှာ အမည်ခံသက်သက်၊ အတုအယောင်သက်သက်မျှသာ ဖြစ်နေပေလိမ့်ဦးမည်။ “၂၀၀၈ အခြေခံဥပဒေ”ကို တကယ်တမ်းပြင်ဆင်လိုလျှင် လွှတ်တော်ပြင်ပ ပြည်သူလူထုစွမ်းပကားကို အခြေခံကျကျ စည်းရုံးပြင်ဆင်ရလိမ့်မည်။
ညွန်း
-  ၂၀၀၈ အခြေခံဥပဒေ
-  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၃
- မြန်မာ့အလင်းသတင်းစာ ၂၆ ဖေဖေါ်ဝါရီ ၂၀၁၃ 

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား။ သာလွန်ဇောင်းထက်

0 comments
ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား။ သာလွန်ဇောင်းထက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁ဝ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့်ရှေ့လုပ်ငန်းစဉ်များကိုထုတ်ပြန်လိုက်ရာ မဝါဒသဘောထားများတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။
၂ဝ၁၂ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေးအပါအဝင် ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ်ကျင်းပသောညီလာခံအပြီးထုတ်ပြန်သော မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဆင်ရေးမပါဝင်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအုတ်မြတ်ခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင်အခြေခံသော ဖွံ့ဖြိုးတိုးတက်ရေးတို တည်ဆောက်မည်ဟူသော မူဝါဒများသာပါဝင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုစွန့်လွှတ်ခြင်း မဟုတ်၊ သို့ရာတွင် အဖွဲ့ချုပ်၏နိုင်ငံရေးသဘောထားနှင့်ရှ့လုပ်ငန်းစဉ်တွင် အဘယ်ကြောင့်မထည့်သွင်းထားသနည်း ဆိုသည်ကိုမူ မိမိနားမလည်ဖြစ်ရကြောင်း ဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။
“ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမပါလာတာလည်း မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းစဉ်ကို မပစ်ပယ်ဘူး။ ရိုးရိုးချွတ်ချော်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း အကြိမ်ကြိမ်ပြောနေတာပဲ။ ဒီသဘောထားပြောင်းတာမျိုး မဟုတ်ဘူး။ ကျနော်လည်း ဆွေးနွေးတဲ့အထဲမှာ မပါဘူး။ ဗဟိုအလုပ်မှုဆောင်တွေပဲဆွေးနွေးကြတာ”ဟု ဦးဝင်းတင်က ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီပြင်ဆင်ရမည်ဖြစ်ပြီး လူထုလူတန်းစားအသီးသီးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး လူထုသဘောထားထုတ်ဖော်ကာ လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်သို့အသိပေးရမည်ဖြစ်ကြောင်း ဦးဝင်းတင်ကဆိုသည်။
“အခြေခံဥပဒေပြင်ရေးကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီလုပ်ရမယ်။ ဒုတိယအချက်က လမ်းပေါ်ထွက်ရမယ်။ လမ်းပေါ်ထွက်ဆိုတာ ဆန္ဒပြဖို့မဟုတ်ဘူး။ လမ်းဘေးတွေမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးရှင်းလင်းပွဲတွေ လုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလည်းလုပ်ရမယ်။ ဒါမှသာလျှင် လူထုအကြံပြုချက်တွေ ပေါ်လာမယ်။ ဆုံးဖြတ်ချက် ပေါ်လာမယ်။ လူထုထောက်ခံတာတွေ ပေါ်လာမယ်။ သူတို့သဘောထားတွေ ပေါ်လာမယ်။ ဒါတွေ အကုန်လုံးက ပြည်သူ့အသံတွေပဲ။ ဒီအသံတွေကို လွှတ်တော်ထဲပို့ရမယ်။ တိုင်းပြည်ရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့သဘောထားတွေလွှတ်တော်ထဲရောက်သွားရင် လွှတ်တော်ကသိပ်ငြင်းလို့မရတော့ဘူး” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲပချုပ်၏ အရန်ဗဟိုအလုပ်မှုဆောင်လည်းဖြစ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖစ်သူ ဒေါ်ဖြူဖြူသင်းကလည်း အဖွဲ့ချုပ်နာယကဦးတင်ဦးကိုယ်တိုင် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလေးပေးပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် မည်သည့်အတွက်ကြောင့် မူဝါဒတရပ်အဖြစ်မပါဝင်လာမှုကို မသိရှိကြောင်းပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံနှင့်ဗဟိုအလုပ်အမှုဆောင်ဦးအုန်းကြိုင်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ရွေးကောက်ပွဲကြေညာစာတမ်းသာဖြစ်ပြီး အဖွဲ့ချုပ်၏နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့ဆက်လုပ်ငန်းစဉ်တွင်မပါဝင်သော်လည်း ထိုမူဝါဒကိုစွန့်လွှတ်ခြင်းမဟုတ်ကြောင်း ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များတွင် နိုင်ငံရေးဝါဒ၊
နိုင်ငံခြားရေး၊ တိုင်းရင်းသားလူမျိုးများ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာလုပ်ငန်း၊ အလုပ်သမား၊ ကျောင်းသားလူငယ်၊ လူထုဘဝသက်သာချောင်ချိရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော၊ ရိုးရာဓလေ့ထုံးတမ်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့ပါဝင်သည်။
ကာကွယ်ရေးနှင့်လုံခြုံရးအပိုင်းတွင် တပ်မတော်အပေါ် အဖွဲ့ချုပ်၏သဘောထားများရှင်းလင်းဖော်ပြထားပြီး  တပ်မတော်သည် နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သောအဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်ကိုကာကွယ်ဖြည့်ဆည်းသော အင်အားစုဖြစ်ရေး၊ ခေတ်မီတပ်မတော်ဖြစ်ရေး၊ ပြည်သူချစ်ခင်သောတပ်မတော်ဖြစ်ရေး၊ တပ်မတော်နှင့်ကာကွယ်ရေးယန္တရားတရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင်ရှိရေးတို့ကို အဖွဲ့ချုပ်၏သဘောထားအဖြစ်ထုတ်ပြန်ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံလုံးဆိုင်ရာညီလာခံက ဗဟိုကော်မတီဝင် ၁၂ဝ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးတို့ကိုရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင်တို့ဖြစ်သည်။
ယူတာက ဒီကပါhttp://burma.irrawaddy.org/archives/35391

မိထ္ထီလာမြို့က ရိုင်းစိုင်းရမ်းကားမှုကြီး (တူမောင်ညို)

0 comments
မိထ္ထီလာမြို့က ရိုင်းစိုင်းရမ်းကားမှုကြီး (တူမောင်ညို)၂၀၁၃ ခုနှစ်၊ မတ်လ ၂၄ ရက်
မိထ္ထီလာမြို့ပေါ်တွင် မတ်လ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သောဖြစ်ရပ်သည် လူမဆန်မှုကို ရိုင်းစိုင်းယုတ်မာမှု၊ ရက်စက်ရမ်းကားမှု၊ အကြမ်းဖက်မိုက်မဲမှုသရဖူဆောင်းပေးလိုက်သည့် အကျည်းတန်အရုပ်ဆိုးမှုကြီးဖြစ်ပါသည်။ သိမ်မွေ့ပါသည်၊ ယဉ်ကျေးပါသည်ဟုဆိုသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် ရှက်ဖွယ်လိလိ အမည်းစက်ကြီးလည်းဖြစ်သည်။“တရားဥပဒေစိုးမိုးရေး”ဟု အာဘောင်အာရင်းသန်သန်ပြောဆို လုပ်ကိုင်နေကြသူများကို လှောင်ပြောင်ပျက်ရယ်ပြုလိုက်သောဖစ်ရပ်လည်း ဖြစ်ပါသည်။
ဤကဲ့သို့သော အပြုအမူရိုင်းနှင့်လုပ်ရပ်ဆိုးကို ယဉ်ကျေးသောလူမှန်သမျှ တစ်စိတ်တစ်ဝမ်းတည်းသောစိတ်ထားဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ရမည်၊ ကန့်ကွက်ရမည်။ တားဆီးကာကွယ်ကြရမည်။
(ဗိုလ်)ဦးသိန်းစိန်အစိုးရသည် ပြဿနာကြီးထွားကျယ်ပြန့်ပွားသွားပြီးမှ ဝင်ရောက်ကိုင်တွယ်လေ့ရှိသည်၊ မလောင်ခင်/မဖြစ်ခင်က ကြိုတင်တားဆီးကာကွယ်မည့်အစီအမံနှင့် စိတ်ကူးစိတ်သန်းပင်ရှိပုံမရချေ။ ဤသို့သောပြဿနာများကို အစိုးရကပင် တစ်ဖက်လှည့်နှင့်လုပ်ကြံဖန်တီးနေသည်ဟုယူဆသည်။ ရွှေအရောင်းအဝယ်ပြုကြရာမှဖြစ်ပွားခဲ့သော သာမန်အချင်းများမှုနှင့်လက်ရောက်မှုသည် အကွက်ချောင်း အကောက်ကြံလိုသူများအတွက် “စနက်တံ”သဖွယ် ဖြစ်ခဲ့ရခြင်းဖြစ်သည်။ အချင်းများမှုနှင့်လက်ရောက်မှုဆိုသည်မှာ ရာဝတ်ဇဝတ်မှုခင်း အသေးအမွှားမျှသာဖြစ်သည်။
ယင်းသို့သော အမှုသေးအမှုမွှားသည် မိထ္ထီလာမြို့ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကိုဆုံးရှုံးစေခဲ့ရပြီ၊ ပျက်စီးစေခဲ့ရပြီ။ ပို၍ ဆိုးဝါးသည်မှာ နှစ်ပေါင်းများစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော မိထ္ထီလာမြို့ရှိပြည်သူများအကြားက ယုံကြည်မှုထိခိုက်ပျက်ပားစေခဲ့ရခြင်း ဖြစ်သည်။
စနစ်တကျလေ့ကျင့်ထားသူ တုတ်ဓါးကိုင်လူရိုင်းအုပ်သည် ပြည်သူများ၏အသက်အိုးအိမ်နှင့် ယုံကြည်ကိုးကွယ်ရာဘာသာရေးအဆောက်အအုံများကို နာရီပိုင်းမျှအချိန်ကာလအတွင်း မယုံကြည်နိုင်လောက်အောင် ဖျက်ဆီးနိုင်ခဲ့ကြသည်။ သတ်ဖြတ်ခဲ့ကြသည်၊ မီးတင်ရှို့ခဲ့ကြသည်။
မိထ္ထီလာမြို့သည် စစ်တပ်မြို့တစ်မြို့ဖြစ်သည်။ သို့သော်လည်း  ရဲနှင့်စစ်တပ်အပါအဝင်အုပ်ချုပ်ရေးပိုင်းသည် ယင်းသို့ ဒုတ်ဓါးကိုင်လူရိုင်းအုပ်များ၏ သတ်ဖြတ်မှု၊လုယက်ဖျက်ဆီးမှု၊ မီးတင်ရှို့နေမှုများကိုအချိန်မီ တားဆီးခြင်းမပြုခဲ့၊ လက်ပိုက်ကြည့်နေခဲ့ကြသည်။
ဤလုပ်ရပ်သည် စီမံချက်တစ်ရပ်အဖြစ်အကွက်ချလုပ်ဆောင်နေသောအကြံကြီးမှုထဲမှ အစိတ်အပိုင်းတစ်ခုဟုယူဆပါသည်။ သို့အတွက် မြန်မာနိုင်ငံအခြားသောအရပ်ဒေသများတွင်လည်း ယင်းကဲ့သောသောလုပ်ရပ်ဆိုးများ ဖြစ်ပွားပေါ်ပေါက်နိုင်ဖွယ်ရာအလားအလာများရှိပါသဖြင့်
မြန်မာနိုင်ငံအရပ်ရပ်ရှိလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြည်သူများ သတိရှိကြဖို့လိုပါသည်။
ဘာသာရေး/လူမျိုးရေးဗန်းပြလှုံ့ဆော်ရန် စအကြမ်းဖက်ဖျက်ဆီးသူ လူရမ်းကားအုပ်များ၏ဘေးအန္တရာယ်မှ ထိရောက်စွာဟန့်တားကာကွယ်နိုင်ရန် လူမျိုးပေါင်းစုံပြည်သူများ၊ ဘာသာပေါင်းစုံပြည်သူများ တစ်စိတ်တစ်ဝမ်းတည်းသောစိတ်ဖြင့် ကျောချင်းကပ်ရင်ချင်းကပ်ကာ ဆောင်ရွက်ကြရပါလိမ့်မည်။
(ဗိုလ်) ဦးသိန်းစိန်အစိုးရကို အားကိုးယုံကြည်နေ၍မဖြစ်ပါ။ “ရခိုင်ပြည်နယ်ပဋိပက္ခ”တွင်လည်းကောင်း၊ ယခု“မိထ္ထီလာဖြစ်ရပ်”တွင်လည်းကောင်း (ဗိုလ်)ဦးသိန်းစိန်အစိုးရ၏ လက်ပိုက်ကြည့်နေသော၊ တစ်ဖက်သို့ပင်းသောသဘောထားနှင့်အပြုအမူကို မြင်တွေ့ခဲ့ကြရပြီ ဖြစ်သည်။ သို့အတွက် လူမျိုးစုံပြည်သူများ/ဘာသာပေါင်းစုံပြည်သူများအချင်းချင်း ဥစ္စာရင်လိုဥစ္စာရင်ခဲကြရလိမ့်မည်။
ဘာသာတရားတိုင်းသည် အများသူငါအပေါ်မတ္တာထားကြရန်၊ သည်းခံစိတ်မွေးမြူကြရန်  အခြေခံအားဖြင့် ဟောပြောသင်ကြမြဲဖြစ်သည်။ ဗုဒ္ဓဘာသာကလည်း ဝေနေယျသတ္တဝါများအပေါ် မေတ္တာထားရန်၊ သည်းခံခြင်းတရားကိုလက်ကိုင်ထားရန်၊ မေတ္တာတရားနှင့်သည်းခံခြင်း တရားကို သူတော်ကောင်းတရားအဖြစ်ကျင့်ကြံအားထုတ်ရန် ဟောပြောမြဲပါသည်။
သို့သော်လည်း “အိမ်ရှင်ဘာသာ” ၊ “ဧည့်သည်ဘာသာ”အဖြစ် ခွဲခြားပြောဆိုနေမှုသည် ဘာသာရေးရှော်ဗင်ဝါဒဆန်လွန်းပြီး၊ ပြည်သူများကို “ဘာသာရေးလူများစုနှင့်ဘာသာနေရေးလူနဲစု”အဖြစ် ခွဲခြားချိုးနှိမ်သည့်သဘောသက်ရောက်ပါသည်။ ဖြူဖြူမည်းမည်း ဝေနေယျများသတ္တဝါများအပေါ် ရင်ဝယ်သားပမာမတ္တာထားရမည်ဟု ရှေ့ဆောင်ညွန်ပြဆုံးမနေသူများအနေဖြင့်၊ သူတော်ကောင်းတရားလက်ကိုင်ထားသူများအနေဖြင့် စကားနှင့်တရားကိုလက်လွတ်စပယ်မပြောသင့် မဟောသင့်ပါ။
ဤသို့ပြောဆိုမှုသည် ဘာသာရေးအရေခြုံ၊“ဘာသာရေးဖက်ဆစ်”များအတွက် လှုံ့ဆော်သွေးထိုးပေးသလို ဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ/ဘာသာပေါင်းစုံပြည်သူများ အတူယှဉ်တွဲနေထိုင်လာခဲ့သောတိုင်းပြည်ဖြစ်ပါသည်။ ယင်းသို့ လူမျိုးပေါင်းစုံ/ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် “ဟာမိုနီ”ကို ထိခိုက်မပျက်ပြားစေသင့်ပါ။
ယင်းသို့ အတူယှဉ်တွဲနေထိုင်လာခဲ့သည့် “ဟာမိုနီ”ကို ထိခိုက်ပျက်ပြားစေမည့် ရေးသားဟောပြောနေမှုမှန်သမျှကို တားမြစ်ဆန့်ကျင်ကြရမည်။ ယင်းသို့ အတူယှဉ်တွဲနေထိုင်လာခဲ့သည့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြည်သူများအကြား လူမျိုးရေးဘာသာရေးသွးကွဲစေမှုသည် အုပ်စိုးသူများအကြိုက်ပင်ဖြစ်သည်။ စစ်မှန်သောဒီမိုကရေစီအရေးနှင့် စစ်မှန်သည့်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အနှောင့်အယှက်အတားအဆီးဖြစ်ပါသည်။ လူမျိုးပေါင်းစုံပြည်သူများ အထူးသတိရှိကြပါရန်မတ္တာရပ်ခံအပ်ပါသည်။(တူမောင်ညို) ၂၀၁၃ ခုနှစ်၊ မတ်လ ၂၄ ရက်

Wednesday, April 10, 2013

မိတ်ဆွေဖြစ်ခြင်းအရင်းခံ (မျိုးမြင့်ချို)

0 comments
မိတ်ဆွေဖြစ်ခြင်းအရင်းခံ (မျိုးမြင့်ချို)ရခိုင်-ရိုဟင်ဂျာကိစ္စနဲ့ မိတ္ထီလာပြဿနာမတိုင်ခင်က ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ မိတ်ဆွေဖြစ်ကြပြီဆိုရင် မေးလေ့ရှိတာက “အဲ့ဒီမှာနေရတာဘယ့်နှယ်လဲ” တို့၊ “ပျော်စရာကောင်းလား”တို့၊ “ဗမာပြည်ပြန်လာဖို့ အစီအစဉ်ရှိလား”တို့၊ “ဟိုလူ့သိလား ဒီလူ့သိလား”တို့၊ “ဗမာပြည်သားတွေအများကြီးလား”တို့၊ “ငါးပိရည်ရလား”တို့၊ စတာမျိုးလေးတွေများပါတယ်။ မေးခွန်းလေးတွေလေးတွေကြည့်ရုံနဲ့ ကျနော့်စာမျက်နှာ အရင်ဝင်ဖတ်ထားမှန်းသိသာပါတယ်။ ပြီးရင် ပြောတာက“ဘယ်မြို့ကပါ” “ခုဘယ်နိုင်ငံမှာပါ” “ဘာလုပ်ပါတယ်” “ဘယ်သူနဲ့ဘယ်လိုတော်ပါတယ်”စတာမျိုးတွေဖြစ်တတ်ပါတယ်။ မေးတာပြန်ဖြေရင်း ခင်မင်သွားကြသူတွေများပါတယ်။ ပြောတာနားထောင်ရင်း စာနာစိတ်နဲ့ပိုတောင်ရင်းချာသွားရတယ်။ တချို့များဆို မိတ်ဆွေတွေရဲ့ကလေးတွေ ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ ခင်မင်သွားကြရင်း လက်ဆောင်ပစ္စည်းလေးတွေ အပြန်အလှန်ဝယ်ခြမ်းပို့ကြတဲ့အထိပါပဲ။ တခါတရံမှာ စာပေ၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့လောကီဒဿနတွေ တလေးတနက်တွေပြောပြီး တခါတလေကျ(သူတို့)ချစ်မှုရေးရာနဲ့ အချစ်ဒဿနလေးတွေ နားထောင်ပေးရပါတယ်။ နုနုညံ့ညံ့လေးတွေနဲ့ ချစ်စရာခင်စရာပါ။

ခုနောက်ပိုင်း မိတ်ဆွေဖွဲ့လာသူတချို့ အမေးများတဲ့မေးခွန်းတွေမှာ “ဘာ သာသာကိုးကွယ်လဲ”တွေများလာတာ သတိထားမိတယ်။ ပြီးရင် ပြောတာက “ဘာလူမျိုး ဘာ ဘာသာကိုးကွယ်ပါတယ်” ဖြစ်ဖြစ်နေတတ်ပြန်တယ်။ မေးတာပြန်ဖြေရင်း စကားဆက်မရတော့သူတွေများပါတယ်။ ပြောတာနားထောင်ရင်း စိုးရွံ့စိတ်နဲ့ အထိတ်တလန့်ဖြစ်ရတယ်။ စကားလုံးတိုင်းမှာ မျိုးချစ်စိတ်မွှန်ထူပြီး သွေးသံတွေသာ ပေကျံစွန်းထင်းနေတယ်။ ဘုရားပထမဆုစကားရည်လုပွဲမှာ ဉာဏ်ရည်အတိမ်အနက်ကို ချင့်တွက်မိလို့ မင်သက်မှုနဲ့သက်ပြင်းချဖြစ်တယ်။ ရှိလက်စ နှစ်လိုစိတ်ပါးလျသွာပြီး လိုင်းပေါ်တွေ့ရင် ထပ်နှုတ်မဆက်ဖြစ်တာများတယ်။ ချစ်မှုရေးရာမှာတောင် အမျိုး/ဘာသာကရှေ့ဆုံးကပါနေတယ်။ အဲဒီ ၂ ခုထပ်မှ အချစ်စစ်အချစ်မြတ်လို့မှတ်သူဟာ မေတ္တာဓါတ်ကိုသဘောပေါက်ပါ့မလားတွေးမိတယ်။ ချစ်ခြင်းတရားကို လှလှပပ သိမြင်ခံစားနိုင်ပါ့မလားတွေးရတယ်။ ကြမ်းကြမ်းရှရှတွေနဲ့ ခက်ထန်မှုသာအတိပြီးတယ်။

တယောက်ကိုတယောက်မသိပဲ ဘာ ဘာသာကိုးကွယ်လဲလို့မေးခြင်းဟာ မလျှောက်ပတ်တဲ့အပြုအမူဖြစ်ကြောင်းသိဖို့ 
အချိန်တွေဘယ်အထိကုန်ရဦးမလဲ။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရော လွတ်လပ်စွာမကိုးကွယ်မယုံကြည်ခွင့်ပါ လူသားရဲ့မွေးရာပါအခွင့်အရေးဖြစ်တယ်ဆိုတာသိမှတ်ဖို့ လူ့နှလုံးသားကို ဘယ်အထိခန္တီစနဲ့ဖွံ့ထွားစေမလဲ။ ကောင်းခြင်း၊ လှခြင်း၊ မှန်ခြင်းဟာ ဘာသာတရားထဲမှာမှရှိတာမဟုတ်ဆိုတာသိမြင်ဖို့ အတွေးစက်ဝိုင်းကို ဘယ်အထိဆန့်ထုတ်နိုင်မလဲ။ ဧကရာဇာက တဆူဘုရားကိုင်ပြီး လူသားကိုနိုင့်ထက်စီးနင်းလုပ်တဲ့ခေတ်ဟာ တောင့်တအပ်ရာမဟုတ်ကြောင်းလက်ခံဖို့ သမိုင်းအသိဘယ်အထိလေးနက်ဖို့လိုဦးမလဲ။

ကိုယ်ဘာလူမျိုးလို့အပ်ချမတ်ချပြောဖို့ အဆက်ဆက်လိုက်ရင်း အဆုံးမှာတွေ့မယ့် လူရဲ့မူလအစဘာလဲဆိုတာသိရင် ဘယ့်နှယ်ခံစားမလဲ။ သိပ္ပံဟုဆိုအပ်သောမိစ္ဆာအတတ်လို့ယိုးစွပ်ရင်း သိပ္ပံနည်းကျကြောင်းအတည်ပြုချက်ယူဖို့ အချိန်တွေ ဘယ်လောက်တောင်ပြုန်းတီးခံနေမှာလဲ။ ဗီဇနဲ့ဝန်းကျင်ရဲ့အပြုအပြင်ကြောင့် အသွင်သဏ္ဍန်ကွဲတာကလွဲလို့ သွေးမှာလူမျိုးမရှိကြောင်းသိဖို့ ဉာဏ်အရာမှာ ဘယ်လောက်ကြီးမြင့်ဖို့လိုမလဲ။ ဘာလူမျိုးဖြစ်တဲ့အတွက် ဘာလူမျိုးထက်ပိုမြတ်တယ်ဆိုသူတွေ ကမ္ဘာမြေကိုဘယ်လိုစတေးခဲ့ကြောင်းသိဖို့ လောကအမြင် ဘယ်လောက်မျှတဖို့လိုမလဲ။ လူတမျိုးကိုချစ်တဲ့စိတ်နဲ့ လူသားကိုချစ်တဲ့စိတ်ကြားမှာ ဘာခြားနားလဲသိဖို့၊ မျိုးချစ်စိတ်နဲ့ ပြည်ချစ်စိတ်၊ မျိုးချစ်ဝါဒနဲ့ပြည်ချစ်ဝါဒကြားကခြားနားမှုဘာလဲမြင်ဖို့ ဘယ်လောက်ဆည်းပူးရဦးမလဲ။

နောက်ဆုံးပြောချင်တာက ဖန်ဆင်းရှင်ရှိတယ်ဆိုတာကိုငြင်းပယ်တဲ့အဘိဓမ္မာမှာစွဲဝင်သူမိဘများကမွေးဖွားခဲ့ရုံမက အဲ့ဒီအဝန်းအဝိုင်းမှာ အဲ့ဒီအယူနဲ့ကြီးပြင်းနေသူက Atheist ပါလို့ကြွေးကြော်ပြီဆိုရင် သူဟာ သူ့အဘိဓမ္မာမှာ ထဲထဲဝင်ဝင်မရှိသူဖြစ်မှန်း ပေါ်လွင်လာတာကိုပါပဲ။ Atheism ဆိုတာ ဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့အယူသာဖြစ်တယ်။ အဲ့ဒါနဲ့ပြောင်းပြန်က ဖန်ဆင်းရှင်ရှိတယ်လို့ယုံကြည်တဲ့အယူသာ ဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ ဗုဒ္ဓဖြစ်ပြီ ဉာဏ်အလင်းပေါက်ပြီ ဓမ္မကိုကိုယ်တိုင်ထိုးထွင်းသိမြင်ပြီလို့ အနေကဇာတိရံသချီပြီး ကြွေးကြော်ခြင်းမှာ “ငါဟာ Atheist” လို့ ကြေညာတာပါမှန်းသိဖို့ ဘယ်လောက်နက်နဲဖို့လိုလေဦးမလဲ။
ဧပြီ ၁ဝ ရက် ၂ဝ၁၃

Monday, April 8, 2013

ကိုဒေဝတို့ဖတ်ဖို့စာ(မျိုးမြင့်ချို)

0 comments
(ဒါ ကိုဒေဝရဲ့ ကျနော့်အပေါ်အမြင်ကိုတုန့်ပြန်ချက်ဖြစ်ပါတယ်။ အကိုသေချာဖတ်မယ်လို့လည်း မျှော်လင့်ပါတယ်)ကိုဒေဝခင်ဗျား။ ဒီ့ထက်ပိုကျယ်ကျယ်ပြန့်ပြန့်လေးမြင်ပြီး ဒီ့ထက်ပိုပွင့်ပွင့်လင်းလင်းလေး ပြောစေချင်ပါတယ်။ ကျနော် ဘယ်အင်န်ဂျီအို ဘယ်ဘာသာရေး ဘယ်လူမျိုးရေး ဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ အဆက်အစပ်မရှိသလို အထောက်အပံ့ခံလည်းမဟုတ်ပါဘူး။ ငွေကြေးနဲ့ အခြားအထောက်အပံ့မျိုး ယခင်၊ ယခုနဲ့ ဘယ်တုန်းကမှ မယူခဲ့ မရခဲ့ဖူးပါဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ရောက်တဲ့နေရာကနေ မတရားမှုကို ရသလောက်တိုက်ဖျက်ရေးပဲတွေးတယ်..ကြိုးစားတယ်..လုပ်ပါတယ်။ မတရားမှုမှာ ဘာသာ/လူမျိုး/ အသားအရောင်/ဒေသနဲ့ကျား-မဆိုတာ မရှိပါ။ ကျနော့်မှာလည်း အဲ့ဒါတွေခွဲပြီးမှဆန့်ကျင်တာမျိုးမရှိပါ။ ကိစ္စနဲ့ဖြစ်စဉ်တွေကို တခုခြင်းအလိုက်ရော တစုံလုံးအပေါ်မှာရောရှူမြင်ချက်ရှိပါတယ်။ အစိုးရသတ်သတ် လူထုသတ်သတ်ခွဲမြင်ချက်နဲ့ အစိုးရနဲ့အလိုတူလူတစုဆိုတာကို ခွဲမြင်တွဲမြင် မြင်ပါတယ်။ (နောက်ကြောင်းပြန်လှည့်လိုက်မှာနော်)ဆိုတဲ့တစ္ဆေခြောက်သံက စစ်အုပ်ထဲကထွက်တာမဟုတ်ပါ။   လှည့်ခဲ့ရင်အကျိုးနည်းရချည်ရဲ့ဆိုတဲ့အထိုင်ပေါ်က အကျိုးစီးပွားထုထယ်အကြီးအသေးအလိုက် ကျယ်ကျယ်တမျိုး တိုးတိုးတစ်ဖုံထွင်လုံးပါ။ စစ်အုပ်စုဘက်ကတော့ မလှဲ့မယ့်အကြောင်း ရေပက်မဝင်ပြောသလို ၂ဝဝ၈ နဲ့ အထိုင်ကျ အဆင်လှနေသရွေ့ ဇွတ်ဆွဲလှဲ့တောင် လည်ထွက်မသွားပါဘူး။ သူတို့အကင်းပါးပါတယ်။ နှစ်(၆)လောက် အာဏာကိုင်တဲ့စစ်အာဏာရှင် အဲ့သလောက်ထူရင် ကြိုးစင်ပေါ်ရောက်တာကြာပါပြီ။ သူတို့အာဏာနဲ့အကျိုးစီးပွားသွားထိရင်တော့ သိကြားမင်းဆင်းတားရင် နားကင်းပါအဖြောင်ခံရမှာပါ။ သူတို့စီးပွား/အာဏာကို တိုက်ရိုက်ထိပါး စိန်ခေါ်မှုလို့မသတ်မှတ်ရင် သေနတ်ကိုင်ပြီးအာဏာထဲကိုနောက်တကြိမ် မဝင်သေးပါ။ ဘာဖြစ်ဖြစ်လွှတ်ထားပေးဦးမှာပါ။ တိုက်ရိုက်ထိပါးစိန်ခေါ်မှုလို့ယူဆရင် ဘာသော ညာသော လူသောနတ်သောဘုန်းကြီးသော မရှောင်ပါ။ (၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၀၇ ရွှေဝါရောင်ကိစ္စတွေကိုကြည့်ပါ) အပြတ်ဖြိုခွင်းပြီး ဘီလူးဆိုင်းနဲ့ပြန်ထွက်လာမှာပါ။ ”နောက်ကြောင်းပြန်လိုက်မယ်”ဆိုတာ ”နောက်ကြောင်းမအေး/မရှင်းသူတွေ”ဆီက အံကျလာတာလို့မြင်ပါတယ်။ ကျနော့်အနေနဲ့ ဒီကိစ္စကို ဒီလိုမြင်ထားလို့ တစ္ဆေကူခြောက်ပေးသူတွေဆို သံသယနဲ့ချဉ်းကပ်ပါတယ်။ ”ခဲအကြိမ်ကြိမ်မှန်ဖူးတဲ့..ရှင်ကြီးရှင်ငယ်ဝမ်း” ဝင်ဖူးတဲ့တိုင်းပြည်မို့ ”လေးသံညောင်သီးနဲ့အခါတော်ပေးတွေ”အရိပ်အကဲကို အကင်းပါးပါပြီ။ ထူနေတာက ပြည်သူမဟုတ်ပါ။ ကမ္ဘာပေါ်က မည်သည့်နိုင့်ထက်စီးနင်းမှုမျိုးမှာမဆို (အစိုးရလို့အလွယ်ပြောတဲ့) အာဏာရဲ့အကာအကွယ်မပါရင် ဘာမှမဖြစ်တာအစဉ်အလာပါ။ လိုရင်အညှာကောက်ကိုင်နိုင်ဖို့ လူတချို့ရဲ့ခေါင်းထဲမှာ အစွန်းရောက်အစွဲအလမ်းတွေနဲ့ အညှာလွယ်ပြီးအစွဲကြီးဖို့ ပြင်ထားပေးရပါတယ်။ ခုဖြစ်တာက အဲ့ဒီအညှာလွယ်အစွဲကြီးမှုအခြေခံအကြမ်းဖက်ခြင်းဖြစ်တယ်။ အရိုးစွဲအသားကျနေတဲ့ ”ဘာသာ/လူမျိုးအခြေခံအမျိုးသားရေးအစွန်းရောက်အတွေးအခေါ်”မှာ သန္ဓေတည်တာဖြစ်တယ်။ ခုချိန်ဟာ ပျက်သွားတဲ့မျက်နှာပေါင်းတင်ဖို့ထက် မတရားကိုမတရားမှုအဖြစ် အကြမ်းဖက်မှုကိုအကြမ်းဖက်မှုအဖြစ် ဖွင့်ချဖော်ထုတ်ရှူတ်ချပြီး တရားမျှတမှုနဲ့လွတ်လပ်တဲ့လူ့ဘောင်ကို ရှေးရှူရမယ့်အချိန်လို့မြင်ပါတယ်။ ခွင့်လွှတ်ခြင်း/မလွှတ်ခြင်း၊ လက်စားချေခြင်း/သင်ပုန်းချေခြင်းဆိုတာတွေဟာ တဘက်ထဲကလုပ်ရတဲ့အကြောင်းခံမဟုတ်သလို တဦးချင်းလုပ်ရတဲ့/လုပ်လို့ ရတဲ့ကိစ္စလည်းမဟုတ်ပါ။ လက်စားကိုလက်စားနဲ့ပြန်ချေမယ်တာဟာ အဓိပ္ပါယ်တခုကို နောက်အဓိပ္ပါယ်တခုနဲ့ဖွင့်သလို မပြီးနိုင်မစီးနိုင်အဆိုးကျော့သံသရာထဲမျောပြီး လူ့ဖွဲ့အစည်းသာ အဆုံးအရှူံးကြီးနေရမှာပါ။ သွေးချောင်းစီးနာကျင်ကြေကွဲနေရမှာပါ။ ရန်ကိုရန်ခြင်းမတုန့်နှင်းဖို့တိုက်တွန်းတာမှာ တဦးခြင်းကိစ္စလား အများကိစ္စလားခွဲဖို့လိုပါမယ်။ စဉ်းစားပုံတထပ်ထဲနဲ့ မရလောက်ပါဘူး။ တဦးခြင်းငြိမ်းချမ်းမှကမ္ဘာကြီးငြိမ်းချမ်းမယ်ဆိုတဲ့လောဂျစ်လောက်နဲ့တော့ ဒီပြဿနာကိုချဉ်းကပ်လို့မရနိုင်ပါ။ ရွှေစည်းမျဉ်းတွေဆိုတာ လှသလောက် လိုက်လျှောက်ဖို့ခက်ကြောင်း လူ့သမိုင်းကအကြိမ်ကြိမ်ပြပါတယ်။ မတရားမှုကိုခုခံချေပတာနဲ့ လက်စားချေမှုကြားကစည်းက အလွန် ပါးလွှာပါတယ်။ ပေါက်ထွက်သွားဖို့ အလွန်လွယ်ကူပါတယ်။ မရောထွေးမိဖို့ ဉာဏ်လိုပါတယ်။ သူမြတ်တို့သီးခံခြင်းနဲ့ မနိုင်၍သီးခံရခြင်းကို ဉာဏ်နဲ့ယှဉ်ဆင်ခြင်မှမြင်ပါမယ်။ ခုဖြစ်တဲ့အနာဟာ ပြင်းသလောက် အကင်းသေဖို့ခဲယဉ်းပါတယ်။ ကုရမှာက ရောဂါရဲ့ဇစ်မြစ်ကိုပါ။ ရေမန်းဆီမန်း ဆေးမြီတို ဥုံဖွအပ်ချလောင်းတွေနဲ့ အနာမငြိမ်းပါ။ ယုံကြည်ခံ၊ ယုံကြည်သူ၊ ယုံကြည်ရာတရားတွေကြားမှာတည်ဆောက်ရမယ့် ခန္တီစပါ။ ခေါင်းဆောင်အမည်ခံ စစ်အာဏာအလိုတော်ရိတွေကြားကနားလည်မှုဟာ မတူသူတွေအတူနေရေးဇောင်းပေးတာထက် ကိုယ်ကျိုးမပျက်ဖို့လုပ်ကြတာဖြစ်ပါတယ်။ ပါတီအကျိုး အဖွဲ့အစည်းအကျိုး ကိုယ်ကျိုးတွေဖယ်ပြီး ပြည်ချစ်စိတ်နဲ့ နိင်ငံသားအားလုံးရဲ့ အရေးတွေးရမှာပါ။ တရုတ်ဗမာအရေးအခင်းဆိုတာ အမေရိကန်ဆီကဆုလဘ်များရလေမလားလို့တွေးပြီး ကွန်မြူနစ်တရုတ်ကို ဆန့်ကျင်ပြတဲ့အခင်းအကျင်းပါ။ ဗိုလ်နေဝင်း နိုင်ငံရေးထွက်ပေါက်ပိတ်နေလို့ သွေးရူးသွေးတမ်းထလုပ်တဲ့ နိုင်ငံရေးကစားကွက်မဟုတ်ပါ။ ဘာသာ/လူမျိုး/အသားအရောင်/ကျား-မ ဘာအပေါ်အခြေခံခံ အစွန်းရောက်မှုမှန်သမျှနဲ့ကျနော်က ပြဒါးတလမ်းသံတလမ်းပါ။ အကိုပြောသလို အစ္စလာမ်အစွန်းရောက်တွေကိုကာကွယ်ဖို့ ၉၆၉ ဖြစ်ရတယ်ဆိုတဲ့အမြင်ဟာ အကို့အနေနဲ့ လူမှန်သမျှကို လူသိမ်လူဖျဉ်းတွေလို့တွက်ပြီးပးတဲ့အကြောင်းပြချက်ဖြစ်ကျနော်မြင်ပါတယ်။ ကျနော်တင်တဲ့ဟာတွေ (ဓါတ်ပုံ ဗီဒီယို စာနဲ့အခြားအထောက်အထားတွေ) မှန်သမျှအတွက် ကျနော်တာဝန်ယူနိုင်/ခံနိုင်လို့ တင်တာဖြစ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေအတွက် အခိုင်အမာသက်သေတွေအဖြစ် တင်ကျန်ရစ်စေချင်တာက အဓိကပါခင်ဗျား။ ကိုရဲမင်းဦးက ဗကသကျောင်းသားမဟုတ်ပါ။ ၉၆၉ နဲ့သူ ဆက်စပ်/မစပ် လူမျိုးရေးအစွန်းရောက်/မရောက်ပေါ်စိတ်ဝင်စားတာထက် အချက်အလက်တခုအဖြစ်ပဲ ကျနော်သဘောထားပါတယ်။ ( စကားဖြတ် - ၉၆၉ ဆရာတော်ကြီးများလို့ အကိုသုံးစွဲတာကို မနှစ်မြို့ပေမယ့် အကို့မှာပြောခွင့်ရှိတာ ကျနော်မကန့်ကွက်ပါ) ကိုရဲမင်းဦးလုပ်ခဲ့တာတွေဖြတ်သန်းခဲ့တာတွေဟာ သမိုင်းအဖြစ်ကျန်ရှိနေမှာပါ။ သမိုင်းဆိုတာ စိတ်ဆန္ဒနဲ့ရေးလို့ရတဲ့အရာထဲမပါပါ။ နောက်ဆုံးတချက်က ကျနော်နဲ့ ဘာသာတရားတွေ အနေဝေးသွားတာ အသက် ၂၆ နှစ်သားက စပါတယ်။ လူကိုလူအဖြစ်မြင်ရာမှာ ဘာသာလူမျိုးအသားအရောင် ကျားမ နေရာဒေသစတဲ့အစွဲတွေကင်းအောင် နိုင်သမျှအားထုတ်ပါတယ်။ လူ့အဖွဲ့အစည်းကြီးတခုလုံးအေးချမ်းဖို့ လွတ်လပ်ဖို့ တရားမျှတဖို့ဆိုတာ လူသားရဲ့တွေးခေါ်မြော်မြင်နဲ့ ဆင်ခြင်တုံတရားကလွဲလို့ အခြားဘာကမှ ဆောင်ကျဉ်းမပေးနိုင်ဘူးလို့ယုံကြည်တတ်သွားချိန်မှာ ကျနော်နဲ့ဘာသာတရား ခွာပြဲပါတယ်။ ကျနော် ဘုံရန်သူကိုမျက်ခြေပြတ်ရင် (နောက်ပြန်ဆွဲမှာကြောက်တယ်တို့၊ နောက်ကြောင်းပြန်လှည့်မှာစိုးတယ်တို့)ဆိုတဲ့ တရားနာပရိသတ်ထဲ ဝင်ထိုင်နေလောက်ပြီထင်ပါရဲ့။ အယူအဆမှာအတွေးအခေါ်မှာမတူခွင့် ကွဲလွဲခွင့် ဆန့်ကျင်ခွင် ချေဖျက်ခွင့် အကို့မှာရှိသလို ကျနော့်မှာ သူတပါးမှာ လူတိုင်းမှာရှိပါတယ်။ ဒါကို သိမှတ်ပေးတဲ့စိတ်ကို လေးစားမြတ်နိုးတန်ဖိုးထားပါတယ် ကိုဒေဝခင်ဗျား။ (ကွန်မန့်အောက်ကနေပြန်ရေးဖို့ ပထမတွေးပါတယ်။ အကို့အရည် ဘယ်လောက်ထူ/မထူမခန့်မှန်းနိုင်တာပါသလို မဆိုင်သူတွေဖတ်ပြီး ဝိုင်းထဲဝင်လာရင် အကို့ဘက်က ဘယ်လိုသဘောရှိမယ်မှန်းမသိတာမို့ မက်ဆေ့ဂ်ျနဲ့ပို့တာပါ။ အကိုဖတ်ပြီး(ရပါတယ် တင်လိုက်ပါ)ဆိုရင်တော့ ခုအတိုင်း ၏/သည်မလွဲတင်ပါမယ်။ လေးစားစွာဖြင့်။ (ခု သူနဲ့လိုင်းပေါ်မှာတွေ့ပါတယ်။ ထပ်မေးပါတယ် တင်ရေးကိစ္စကို။ တုံဏှိဘာဝေလုပ်ပြီး ဘာမပြောညာမပြောဆင်းသွားပါတယ်။ သူ့မှာ အချိန်မရလို့ဘာညာအပြင် အခြားကိစ္စတွေလည်းရှိနိုင်ပါတယ်။ ကျနော်တွေးမိတာက ကိုဒေဝလည်း သူ့အမြင်အတွေး တခြားလူတွေအသိခံနိုင်လို့ ကျနော့်ဆီတောင် တကူးတကန့်ကွန်မန့်လာရေးပေးရတာပါပဲ။ ကျနော့်ပြန်လည်ချေပချက်ကို သူနဲ့အခြားသူတွေသိသင့်တယ်ထင်ပါတယ်။ ဒါ့ကြောင့် ခု တင်ပါတယ်ခင်ဗျား။ မျိုးမြင့်ချို

https://www.facebook.com/kodewa

Friday, April 5, 2013

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ကို ဆန့်ကျင်သူနဲ့လိုလားသူထိပ်တိုက်တွေ့ခြင်း (တူမောင်ညို)

0 comments

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ကို ဆန့်ကျင်သူနဲ့လိုလားသူထိပ်တိုက်တွေ့ခြင်း (တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ ရက်) ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်မင်းအောင်လှိုင် ထိပ်တိုက်တွေ့ကြပြီဟုပြောလျှင် ရမည်ထင်သည်။ ယခုထိပ်တိုက်တွေ့မှုသည် အပေါ်ယံသဘောထိပ်တိုက်တွေ့ကြခြင်းမဟုတ်။ အခြေခံအယူအဆခြင်းထိပ်တိုက်တွေ့ကြသည့်သဘောဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က “စစ်အစိုးရအဆက်ဆက် ထောက်ခံကာကွယ်ပြောကြားခဲ့သော စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုသည်ကို တစ်လျှောက်လုံးဆန်ကျင့်ခဲ့တယ်/နောင်လည်းအမြဲတန်း ဆန့်ကျင်သွားမှာဖြစ်တယ်”လို့ ပြောခဲ့ဖူးသည်။
မတ်လ ၂၇ ရက်နေ့၊  ၆၈နှစ်မြောက် “တပ်မတော်နေ့”မိန့်ခွန်းတွင် ဗိုလ်မင်းအောင်လှိုင်က “တို့တပ်မတော်အနေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးကို လိုလားတယ်”လို့ ပြောခဲ့သည်။ သို့အတွက် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ကို ဆန့်ကျင်သူနဲ့လိုလားသူတို့ ထိပ်တိုက်တွေ့ကြရပြီ။  ဗိုလ်မင်းအောင်လှိုင်၏ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီကိုလိုလားတယ်”လို့ ပြောလိုက်ခြင်းသည်။
၁။ ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုချက်ကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
၂။ “၂၀၀၈ အခြေခံဥပဒေ”ကိုဖျက်သိမ်းပြီး အသစ်ရေးအစားထိုးချင်သူတွေနဲ့  ဒီမိုကရေစီမကျတဲ့အချက်များကိုပြင်ဆင်လိုသူတွေကို တုန့်ပြန်ခြင်းဖြစ်သည်။
(၂၀၀၈ အခြေခံဥပဒေစာအုပ်ကို “မျက်နှာဖုံးကစပြီး ပြင်ရမယ်”ဟုပြောကြားနေသူများကိုလည်း တုန့်ပြန်လိုက်ခြင်းဖြစ်သည်)
၃။ စစ်သားအမတ် (၁၆၆) ဦး လွှတ်တော်ထဲမှာဘယ်လိုရပ်တည်ပြီး/ဘယ်လိုမဲပေးရမယ်ဆိုတဲ့ အမိန့်လည်းဖြစ်သည်။ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုသည်မှာ အမြင်ဖေါ်ပြမှုနှင့်အသွင်သဏ္ဍာန်အရပြောရမည်ဆိုလျှင် “တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု”နှင့် “၂၀၀၈အခြေခံဥပဒေ”ဖြစ်သည်။/
အနှစ်သာရသဘောပြောရမည်ဆိုလျှင် စစ်အုပ်စုအဆက်ဆက် သိမ်းပိုက်ထိန်းချုပ်ထားခဲ့သောအာဏာနှင့်ဘဏ္ဍာကို မျိုးဆက်သစ်စစ်အုပ်စုက ဆက်ခံထိန်းသိမ်းတိုးချဲ့ရေးပင်ဖြစ်သည်။ ဤထိပ်တိုက်တွေ့မှုသည် ဗိုလ်မင်းအောင်လှိုင်ဘက်ကပြောလျှင် သူတစ်ဦးတည်း၏ဆန္ဒသဘောထားကို ထုတ်ဖေါ်ပြောကြားခြင်းမဟုတ်။ စစ်အုပ်စုအဆက်ဆက်၏ သဘောထားခံယူချက်ကို ဆက်ခံရပ်တည်ကြောင်း ထုတ်ပြောခြင်းဖြစ်သည်။ ဤသဘောထားခံယူချက်သည် ကြံ့ဖွံ့ပါတီ၏သဘောထားနှင့်လည်း ထပ်တူထပ်မျှဖြစ်သည်။ ထို့အပြင်လွယ်လွယ်နှင့် နောက်ဆုတ်အလျှော့ပေးမည့်သဘောထားလည်း မဟုတ်ပါ။ ထို့ကြောင့် ဤထိပ်တိုက်တွေ့မှုအား“အရှိကိုအရှိတိုင်း” ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ဘက်က
လျှော့ရမည့်သဘောဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း“၂၀၀၈အခြေခံဥပဒေဘောင်”
ထဲသို့ လျှော့ပြီးဝင်ခဲ့ရတာဖြစ်သည်။ “ကျိမ်းကျိန်ရေး”မှာလည်း လျှော့ခဲ့ရသည်။ သို့အတွက် လျှော့လက်စနှင့်ဆက်လျှော့သွားလိမ့်ဦးမည်ဟု ထင်ပါသည်။ အခုလည်း နိုင်ငံခြားမီဒီယာတွေက ဗိုလ်မင်းအောင်လှိုင်ပြောတဲ့အချက်တွေထဲက အခြေခံဥပဒေကိုစောင့်ရှောက်ရမယ်ဆိုတဲ့အချက်ပဲ မီးမောင်းထိုးကြည့်တာဟာ ချိန်ခွင်လျှာညီမျှမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က “ဆင်ဝှေ့ရန်ရှောင်” ပြောတာကြားလိုက်ရပါသည်။ (၆၈) နှစ်မြောက်“တပ်မတော်နေ့”  ဒေါ်အောင်ဆန်းစုကြည်တက်ရောက်သည့်သတင်းနှင့်ဓါတ်ပုံကို အစိုးရပိုင်သတင်းစာများ (ကြေးမုံ/ မြန်မာ့အလင်း/NLM) တွင်မဖေါ်ပြသလို၊ စစ်တပ်ပိုင် “မြဝတီသတင်းစာ”မှာလည်း ဖေါ်ပြတာမတွေ့မိပါ။
“နိုင်ငံခြားမီဒီယာချိန်ခွင်လျှာညီမျှမှုမရှိဘူး”ဆိုသည့်အချက်ကိုပြောရမည်ဆိုလျှင်လည်း (နဝတ-နအဖ) စစ်အစိုးရခေတ်မှ ယနေ့ကာလအထိ eိုင်ငံခြားမီဒီယာများသည် “ဒီမိုကရေစီထိပ်ထား”ကို အစွမ်းကုန်လှလှပပချယ်သပေးခဲ့ပြီး၊ စစ်အာဏာရှင်“သေနာ”များကို အရေခွာခဲ့သည်မဟုတ်ပါလော။ ယင်းအချက်များကို မည်သို့ပြောမည်နည်း။ ၁၉၆၂ မှ ၁၉၇၄ အထိ အခြေခံဥပဒေမရှိဘဲအုပ်ချုပ်ခဲ့ပြီး၊ စိတ်ကြိုက်ရေးဆွဲခဲ့သော “၁၉၇၄အခြေခံဥပဒေ”ဖြင့် ၁၉၇၄ မှ ၁၉၈၈ အထိ စိုးမိုးခဲ့သည်။ ဆိုရှယ်လစ်ရေပန်းစားချိန်ဖြစ်သဖြင့် “မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်”ခဲ့ကြသည်။ ၁၉၈၈ မှ ၂၀၁၁ အထိလည်း (နဝတ-နအဖ) စစ်အုပ်စုက အခြေခံဥပဒေမရှိဘဲအုပ်ချုပ်ခဲ့ပြီး၊  စိတ်ကြိုက်ရေးဆွဲခဲ့သော “၂၀၀၈အခြေခံဥပဒေ”ဖြင့် အုပ်ချုပ်နေပြန်သည်။ ဒီမိုကရေစီရေပန်းစားချိန်ဖြစ်သဖြင့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” အရေခြုံနေခြင်းဖြစ်သာသည်။
စစ်အုပ်စု(၁၉၆၂ ခုနှစ် မှယနေ့အထိ) သည်ရာစုနှစ်ဝက်ကျော်အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်။ အာဏာသိမ်းသည့် အတွေ့အကြုံရော၊ အာဏာထိန်းသည့်အတွေ့အကြုံပါရှိသည်။ ချော့မြှူလှည့်စားနိုင်သလိုအကြမ်းဖက်ဖိနှိပ်နိုင်သည်။
လိုရင်းကိုချုပ်ပြောရလျှင် စစ်အုပ်စုသည် စစ်တပ်ကိုခါးပိုက်ဆောင်တပ်သဖွယ်ချုပ်ကိုင်ပြီး နိုင်ငံရေးလုပ်နေခြင်းဖြစ်သည်။ “၂၀၀၈အခြေခံဥပဒေ”သည် “စစ်အုပ်စုနိုင်ငံရေး”၏ အပေါ်ယံအသွင်သဏ္ဍာန်နှင့် စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းကာကွယ် သယ်ဆောင်သွားမည့် ယာဉ်ယန္တယားသာလျှင်ဖြစ်သည်။
ညွန်း
- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၅၊ စာမျက်နှာ ၂၇
- ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၊ ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်း အပြည့်အစုံ၊  မြဝတီဝဘ်ဆိုဒ်
- ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်၊ RFA  သတင်းဌာန၊