Sunday, April 14, 2013

မြနန္ဒာနေညိုညိုရစ်ကာသန်း၊ ပါတိတ်ကိုယ်စီနဲ့ ကမန်းကတမ်းရွှေမန်းတောင်ရိပ်ခိုသူတွေလည်း ဖတ်မိပါစေ (မျိုးမြင့်ချို)

0 comments
မြနန္ဒာနေညိုညိုရစ်ကာသန်း၊ ပါတိတ်ကိုယ်စီနဲ့ ကမန်းကတမ်းရွှေမန်းတောင်ရိပ်ခိုသူတွေလည်း ဖတ်မိပါစေ (မျိုးမြင့်ချို)
ညအိပ်ယာမဝင်ခင်က သင်္ကြန်နဲ့စပ်ပြီး စာလေးတပုဒ်လောက်ရေးမယ်ဆိုပြီး လက်ထဲရှိတဲ့မဂ္ဂဇင်းဟောင်းတွေ ပြန်လှန်လှောကြည့်မိတယ်။ အကြောင်းအရာအဆက်အစပ်ရှာရင်း စိတ်တိုင်းမကျတာနဲ့ မနက်မှဆက်ရှာမယ်ဆိုပြီး အိပ်ခဲ့တယ်။ မနက်ကျတော့ ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ်တက်ရင်း ဘိုဘိုလန်းစင်ကောက်နှုတ်ထုတ်ပြထားတဲ့စာသားတချို့ဖတ်မိပြီး စိတ်ဝင်စားတာနဲ့ သူပေးတဲ့လင့်ခ်အတိုင်း ဝင်ဖတ်တော့ ဒီဆောင်းပါးကို ပီဒီအက်ဖ်ဖိုင်လ်နဲ့တွေ့တယ်။ အဆုံးထိဖတ်လည်းဖတ်လည်းပြီးရော ရာသီစာ စာတပုဒ်ကိုယ်တိုင်ရေးတာထက်အကျိုးများ အဖိုးတန်တဲ့စာမို့ ကိုယ်တိုင်ပြန်ရိုက်ပြီးပြန်တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ပီဒီအက်ဖ်ကနေ မိုက်ခရိုဆော့ဖ်ဝေါ့ဒ်ကို ဆော့ဖ်ဝဲနဲ့ပြောင်းပြီး ဖေါင့်အရွေ့နဲ့ ဟိုတိဒီတိလေးတွေလုပ်၊ လိုတဲ့နေရာတွေပြန်ပြက်ညှိ ခုတော့ပြီးပြီ။ တင်လိုက်ပါတယ်။ ဒီစာစုမှာ သီချင်းတပုဒ်ရဲ့ နောက်ကြောင်းနဲ့ကောက်ကြောင်းကိုသာမက ဂီတအနုပညာမှုသမိုင်းအဖြစ်မှတ်ရမယ့်ကိစ္စပါဖြစ်လို့ အကျိုးများမှာ သေချာပါတယ်။ အမှန်ပြောရရင်တော့ ဒီစာစုကို သင်္ကြန်ရောက်တိုင်း ယူနီဖေါင်မ်းတွေချွတ် ပါတိတ်တွေကိုယ်စီဝတ်ပြီး မြန္ဒာနေညိုညိုရစ်ကာသန်း ကမန်းကတမ်းထထလုပ်တတ်သူတွေကို ပိုဖတ်စေ့ချင်လှပါတယ်။
သူတို့ချစ်တဲ့အနုပညာကမ္ဘာ
(မြနန္ဒာသင်္ကြန်သီချင်း) ဝင်းကိုကို
ပျော်စရာကောင်းတဲ့သင်္ကြန်တွေထဲမှာ မန္တလေးကသင်္ကြန်ကတော့ တမူထူးလှပါတယ်။ နာမည်ကျော် မန္တလေးသင်္ကြန်မှာ အလှပြကားတွေ၊ ရေပက်မဏ္ဍပ်တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင် ပျော်စရာကောင်းခဲ့တာ ဟိုတုန်းကတည်းက အစဉ်အလာပါ။ အလှပြကားတွေပေါ်မှာ တီးဝိုင်းတွေနဲ့၊ တူညီဝတ်စုံတွေနဲ့ လက်ခုပ်သံမြိုင်မြိုင်တီးကြတဲ့အထဲမှာ ‘မြို့မ’အသင်းက နံမည်အကြီးဆုံးပါပဲ။ သူတို့ကားမှာ အသင်းအမှတ်တံဆိပ်အဖြစ်နဲ့ လှပတဲ့ငွေငန်းဖြူကြီးပုံစံကို အလှဆင်ထားတတ်ပါတယ်။
မြို့အသင်းရဲ့သီချင်းအလှအပတွေကို အစဉ်တစိုက်ဖန်တီးခဲ့သူကတော့ ချစ်သောပေဖူးလွှာသစ်ကလေးများ ခုထက်တိုင် နားဆင်နေကြရ သေးတဲ့ သစ်ဆန်းတေးတွေရဲ့လက်ရာရှင်ဆရာမြို့မငြိမ်းပါပဲ။ ဆရာကွယ်လွန်ခဲ့ပေမယ့် ဒီနေ့ထက်ထိ ဆရာ့လက်ရာ တေးသီချင်းတွေကတော့ ပျံ့လွင့်ရှင်သန်နေဆဲပါပဲ။ ဒီနေ့ စတီရိယိုခေတ်ရောက်လာာချိန်မှာသင်္ကြန်နီးတာနဲ့တစ်ပြိုင်နက် သင်္ကြန်သီ ချင်းစီးရီးတွေမြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာကြစမြဲပါ။ ဒီနှစ်စီစဉ်နေကြတဲ့သင်္ကြန်စီးရီးတွေထဲမှာ ထူးခြားတဲ့စီးစီးတစ်ခုကတော့ ‘ရေမွှန်းတောင်ရိပ်ခို’လို့အမည်ပေးထားတဲ့ စီးရီးပါပဲ။ ဒီစီးရီးကိုစီစဉ်သူက မြို့မကိုပေါဖြစ်ပြီး ဆရာမြို့မငြိမ်းရဲ့တေးကို ရုပ်ရှင်မင်းသားသုမောင်က သီဆိုပေးထားပါတယ်။
‘ရွှေမန်းတောင်ရိပ်ခို’လို့ နံမည်ကြားတာနဲ့တစ်ပြိုင်နက် ပေဖူးလွှာသစ်များရဲ့အတွေးမှာ အဆိုကျော်ကြီးဦးအံ့ကြီးနဲ့ကွယ်လွန်သူ စတီရိယိုအဆိုကျော် စိန်လွင်တို့ရဲ့-‘‘မြနန္ဒာရေညိုညိုရစ်ခါသန်း ရွှေမန်းတောင်ရိပ်တူတူခိုမယ်ပျိုဖြူတွေရယ်...ပျော် ခင်းလေးသာပါဘိတယ်... နိမိတ်ကောင်းယူမယ်...နှစ်ဦးသင်္ကြန်တော်ဝယ်...”ဆိုတဲ့တေးသံကို ကြားယောင်မိကြပါလိမ့်မယ်။
ဒါပေမယ့်စီစဉ်သူမြို့မကိုပေါနဲ့ ကျွန်တော်ဆုံလိုက်မိတဲ့အခါမှာတော့ ကျွန်တော်တွေးထင်ခဲ့မိတာတွေနဲ့ တလွဲစီဖြစ်ကုန်တာမို့ တေးချစ်တဲ့ ပေဖူးလွှာသစ်များကိုယ်စား မေးမြန်းခဲ့ရတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
“ဆရာပေါ အခုစီစဉ်တဲ့သင်္ကြန်စီးရီးခေါင်းစီးက ‘ရွှေမန်းတောင်ရိပ်ခို’ ဆိုတော့ ဆရာမြို့မငြိမ်းရေးခဲ့တဲ့သီချင်းပေါ့”
‘‘ဟုတ်ပါတယ်”
‘‘ဒီသီချင်းကို ဦးအံ့ကြီးဆိုခဲ့ပြီးတဲ့နောက် အခုစတီရီယိုခေတ်မှာ စတီရီယိုအဆိုကျော်စိန်လွင် ပြန်ဆိုထားပြီးသားမဟုတ်လား”
‘‘မဟုတ်ဘူးခင်ဗျ”
‘‘ဘာဖြစ်လို့လဲ ဆရာပေါ” “ဘာဖြစ်လို့လဲဆိုတော့ ဒီသီချင်းကိုဒီဘက်ခေတ်မှာ ဘယ်သူမှမဆိုရသေးလို့ပါပဲ” ‘‘ဘယ်လို...ဘယ်လို...အခုသွင်းတဲ့သီချင်းက ဦးအံ့ကြီးတို့၊ စိန်လွင်တို့ဆိုခဲ့တဲ့ သီချင်းမဟုတ်ဘူးလား...”  
“မဟုတ်ပါဘူး ကိုဝင်းကိုကိုတို့ လူငယ်တွေကြားဖူးကြတာ ဒီသီချင်းရဲ့သံပြိုင်အပိုဒ်တစ်ခုတည်းပါ။ တခြားအပိုဒ်တွေက လုံးဝမဟုတ်ပါဘူး...”
“ဒါဆို...ကျွန်တော်တို့ကြားဖူးတဲ့မန်းတောင်ရိပ်ခိုက အစစ်မဟုတ်ဘူးပေါ့...”
“မဟုတ်ပါဘူး ကိုအံ့ကြီးတို့ဆိုခဲ့တဲ့ မန်းတောင်ရိပ်ခိုက ဆရာငြိမ်းရဲ့သီချင်းတွေထဲက ကောင်းနိုးရာရာသံပြိုင်အပိုဒ်တွေကို ဆက်ဆိုထားတာပါ။ အဲဒီသီချင်းရဲ့အပိုဒ်တိုင်းကို သီချင်းတစ်ပုဒ်စီက ယူထားတာပဲ။ (ချိုပြုံးရွှင်သောနှမပျိုငယ်)ဆိုတဲ့အပိုဒ်က တစ်ပုဒ်၊ (မြနန္ဒာရေညိုညိုရစ်ကာသမ်း) က တစ်ပုဒ်၊ (ခါးသေးနွဲ့မူရာကြွယ်)က တစ်ပုဒ်ပဲ။ ဒါတွေကို ကိုအံ့ကြီးတို့က ပေါင်းဆိုခဲ့တာပါ”
“သူတို့ပေါင်းဆိုတာ မကောင်းဘူးလားဆိုတော့လည်း ကောင်းပါတယ်၊ သူ့ဟာနဲ့သူ လိုက်ဖက်နေတာကိုး။ နောက်ပြီး ဒီသီချင်းတွေဟာလည်း မြို့မငြိမ်းသီချင်းတွေချည်း ဖြစ်နေတာကိုး”
“ဒါပေမယ်...ကိုဝင်းကိုကိုတို့သိထားတဲ့မန်းတောင်ရိပ်ခိုနဲ့ အခုကျွန်တော်စီစဉ်ပြီးသွင်းထားတဲ့ရွှေမန်းတောင်ရိပ်ခိုက စာသားရော သံစဉ်ပါ ကွာပါတယ်။ ဒီရွှေမန်းတောင်ရိပ်ခိုက ဆရာငြိမ်းရေးပြီးတဲ့အချိန်မှာ ရန်ကုန်က ကစာရေးဆရာဆရာညှာရောက်လာပြီးတော့ ဟာ...ဆရာ့သံစဉ်လေးကောင်းလိုက်တာ စာသားပြောင်းပြီး ဓာတ်ပြားသွင်းလိုက်ရရင် ကောင်းမယ်၊ ဒီသံစဉ်ကျွန်တော့်ကိုပေးပါလို့ တောင်းတော့ ဆရာငြိမ်းကပေးလိုက်ပါတယ်။ ဒါကြောင့် ဆရာညှာက ရန်ကုန်ရောက်တော့အဲဒီသံစဉ်ထဲမှာ“အိစက်ညက်ညောတဲ့...ဖဲမွေ့
ရာပေါ်ဝယ်...”ဆိုတဲ့စာသားထည့်ပြီး “ချစ်ဗျူဟာ”ဆိုတဲ့ဓာတ်ပြား ထုတ်လိုက်တာပဲ။ ဒါကြောင့် ချစ်ဗျူဟာရဲ့သံစဉ်ဟာ အခု ကျွန်တော် ပြောတဲ့ရွှေမန်းတောင်ရိပ်ခိုရဲ့သံစဉ်မူရင်းပဲ”
“အခု ဆရာပေါပြောတဲ့အတိုင်းဆိုယင် ကျွန်တော်တို့သိထားတဲ့မန်းတောင်ရိပ်ခိုက  သီချင်းသုံးပုဒ်လောက်ကသံပြိုင်တွေကို ပေါင်းထားတာဆိုတော့ ဒါတွေကို ဆရာငြိမ်းကိုယ်တိုင်ပေါင်းပေးခဲ့တာလား”
“မဟုတ်ပါဘူး၊ ကိုအံ့ကြီးတို့က ပေါင်းဆိုကြတာပါ”
“အခုသွင်းမယ့် ရွှေမန်းတောင်ရိပ်ခို မူရင်းကဘယ်သူဆိုခဲ့တာလဲ”
“ကျွန်တော်တို့မြို့မအသင်းသားတွေပဲ သင်္ကြန်မှာဆိုခဲ့ကြတာပါ၊ ရေသဘင်ဆိုတော့ထုံးစံအတိုင်း ကားပေါ်မှာလက်ခုပ်တီးပြီး ဝိုင်းဆိုခဲ့ကြတာပေါ့၊ ခုလိုအသံသွင်းတာတွေဘာတွေ မရှိခဲ့ဖူးပါဘူး”
“ဒါဆို အခု ကျွန်တော်တို့ကြားရမယ့်ရွှေမန်းတောင်ရိပ်ခိုက ချစ်ဗျူဟာသံစဉ်ပဲပေါ့”
“အဲဒါကိုကျွန်တော်ပြောချင်တာပါ။ ခေတ်ကလေးတွေအနေနဲ့ ဒီမူရင်းကိုမကြားဖူးတော့၊ ဟာ...ဒါကချစ်ဗျူဟာအလိုက်ပဲလို့ ပြောကြလိမ့်မယ်၊ အမှန်ကတော့ ချစ်ဗျူဟာကသာ မန်းတောင်ရိပ်ခိုကို ယူသွားတာပါ၊ ဒီလိုပဲဖြစ်တာကို ကျွန်တော်တို့လက်တွေ့ကြုံနေရတယ်။ ဒီလိုဖြစ်တာကို ကျွန်တော်တို့လက်တွေ့ကြုံနေရတယ်။ ဆရာငြိမ်းရဲ့(စောင်းသံ)ဆိုတဲ့သီချင်းထဲက စာသားတော်တော်များများနဲ့သံစဉ်ကို ဖြူသီဆိုတဲ့ (လွမ်းငွေ့ဝေဝေ)မှာ တွေ့ရပါတယ်၊ ဒါကို ဆရာငြိမ်းရဲ့(စောင်းသံ)ကို ကြားဖူးခြဲ့ကသူတွေကတော့ ဒီသံစဉ်တွေဟာ (စောင်းသံ)သီချင်းရဲ့ သံစဉ်ရယ်လို့သိကြပေမယ့် အချို့ကတော့ မသိကြပါဘူး။ ဆိုသူရေးသူရဲ့သံစဉ်လို့ပဲ ယူဆကြပါတယ်”
“မြို့မအသင်းထောင်ခဲ့တာ ဘယ်လောက်ရှိသွားပြီလဲ”
“၁၉၂၈ ခုနှစ်က ထောင်ခဲ့တာပဲ။ နှစ်ငါးဆယ်ကျော်သွားပြီပါ့”
“အဲဒီတုန်းကတော့ မြို့မအတွက် သီချင်းမှန်သမျှ ဆရာငြိမ်းပဲရေးခဲ့မှာပေါ့”
“သူပဲ ရေးပါတယ်။ သူ ပျက်စီးသွားပြီးတဲ့နောက် ကိုဘိုခင်(အခု မိုးကေသီအဖွဲ့)က ရေးခဲ့ပါတယ်။ နောက်ပိုင်း ရေးနိုင်တဲ့လူတွေလည်း ရေးကြပါတယ်။ ဒါပေမယ့် ဆိုကြတီးကြတဲ့နေရာမှာတော့ ဆရာငြိမ်းသီချင်းတွေပဲများပါတယ်။ ဒီ့ပြင်တီးဝိုင်းတွေကလည်း မြို့မသီချင်းပဲ လိုက်တီးကြတာပဲ။ မင်္ဂလာဆောင်တို့ဘာတို့ဆိုယင်(မင်္ဂလာမောင်မယ်)ကို ဝိုင်းတိုင်းကတီးကြတာပဲ။ ကောင်းလည်းကောင်းတာကိုး”
“အခု ဆရာပေါ မြို့မဝိုင်းပဲလား”
 “ကျွန်တော်က အခု မိုးကုတ်က တီးဝိုင်းတစ်ခုမှာ နည်းပြလုပ်နေပါတယ်။ မိုးကုတ်ဈေးဟောင်း တီးဝိုင်းမှာပါ။ ဆရာငြိမ်းမရှိတော့တဲ့နောက် ကိုဘိုခင်နဲ့ကျွန်တော် မြို့မကို ဆက်ထိန်းခဲ့ကြပါသေးတယ်။ နောက် ကိုဘိုခင် သူ့ဝိုင်းနဲ့သူဖြစ်သွားတော့ ကျွန်တော် ရှစ်နှစ်လောက် ဆက်ထိန်း ပါသေးတယ်။ နောက်တော့ ကျွန်တော်လည်း ဝမ်းရေးအတွက် မိုးကုတ်မှာ သွားအလုပ်လုပ်နေရတာပါ။ ခုတော့ ဆရာငြိမ်းသားက ဆက်လုပ် နေပါတယ်။ အမှန်က ကျွန်တော့်အသက်မွေးဝမ်းကျောင်းအလုပ်က ရုပ်ရှင်ဓာတ်ပုံဆရာပါ။ ဂီတကိုဝါသနာအလျောက်သာလုပ်တာပါ။ နောက်မန္တလေးရုပ်ရှင်က ရုပ်ရှင်ကားတွေအတွက် ဆရာငြိမ်းက တေးဂီတစီစဉ်ပေးရာကနေ ဂီတဘက်ကိုကူးခဲ့ရတာပါ”
“ဆရာပေါအနေနဲ့ဆိုရင် ဆရာငြိမ်းတို့ခေတ်ကိုလည်း မီခဲ့တယ်။ ဆရာငြိမ်းမရှိတော့တဲ့နောက် စတီရီယိုခေတ်မပေါ်မီ ဂီတလောကကကို  လည်း မီခဲ့တယ်။ အခုတခါ စတီရီယိုခေတ်ကိုလည်း ဝင်လုပ်နေတယ်ဆိုတော့ ဂီတနဲ့ပတ်သက်ပြီး ခေတ်သုံးခေတ်မီတလို့ ဆိုရမှာပေါ့”
“ဟုတ်ကဲ့”
“အဲဒီခေတ်သုံးခေတ်ရဲ့ဂီတလောကအပေါ် ဘယ်လိုမြင်ပါသလဲ”
“ပြောရင်တော့ ဂီတနဲ့ပတ်သက်ြပီး ဒီဘက်ခေတ်မှာ တိုးတက်လာတာရယ်လို့ မမြင်ပါဘူး။ ဘာကိုမက်မောလာကြသလဲဆိုတော့ တိုးတက်တာထက် အောင်မြင်ကျော်ကြားဖို့သာ ကြိုးစားလာကြတယ်။ ပေါ်ပြူလာဖြစ်ချင်လာကြတယ်။ ဒါပဲ ကြိုးးစားနေကြတယ်။ တိုင်းတစ်ပါးကလာတဲ့သီချင်းတွေနားထောင်ကြပြီး ဒီထဲကိုစာသားတွေထည့်ကြတယ်။ နားထောင်တဲ့ပရိသတ်ကသဘောကျလို့ ဝိုင်းလက်ခုပ်တီးကြရင် ဒါအောင်မြင်သွားတာပဲ။ ဒါပေမယ့် ခဏလေးနဲ့ ပျောက်သွားတာပဲ။ ဒီလူဆင်းသွားရင် နောက်တယောက်တက် လာတာပဲ။ ဒီလိုပဲ လုပ်နေကြတာပဲ”
“ဂီတရဲ့အရသာကို ဘယ်လိုကောင်းအောင်ဖန်တီးမယ်။ ဘယ်လိုစီစဉ်မယ်။ ဘယ်လိုခံစားမယ်ဆိုတဲ့ကြိုးစားမှုမျိုး ကျွန်တော်တော့ တွေ့ကိုမတွေ့မိသေးဘူး”
“ဆရာပေါပြောသလိုပဲ ဒီနေ့သီချင်းတွေကလည်း ခဏလေးပဲခံတယ်။ ဒီနေ့ နံမည်ကြီးတဲ့အဆိုကျော်တွေကလည်း ခဏလေးပဲခံတယ်။ ဆရာငြိမ်းတို့ရေးခဲ့တဲ့သီချင်းတွေကျတော့ ဒီနေ့ထက်ထိ ကောင်းနေတုန်းပဲ။ ဆိုနေကြတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလဲ”
“ခြားနားချက်ကတော့ သီချင်းရဲ့ရသ မမြောက်မှုပဲ။ ဆရာငြိမ်းကို ကျွန်တော်ကပြောဖူးတယ်။ ဆရာ…လို့ တစ်ချို့ သီချင်းရေးတာသိပ်မြန်တာပဲလို့၊ ဆရာကပြောတယ်။ ငါရေးတဲ့သီချင်းတွေက တစ်သက်စာရေးတာကွတဲ့။ ဒါကို မင်း အခုပြောလို့ မင်း နားလည်မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ တကယ်လည်း ကျွန်တော်နားမလည်ခဲ့ပါဘူး။ ဘယ်လို တသက်စာလဲလို့တွေးမိတယ်။ အခု ကိုယ်တွေ့ကြုံလာတော့ သိလာတယ်။ ဆရာ့သီချင်းကို ဒီတစ်ယောက်က ဆိုပြီးပေမယ့်လည်း နောက်တစ်ယောက်က ထပ်ဆိုနေတာပဲ။ ရိုးမှ မရိုးနိုင်ပဲကိုး။ ကျွန်တော်တို့ နှစ်ပေါင်းနှစ်ဆယ်အစိတ်တီးခြဲ့ကပြီးတဲ့ မင်္ဂလာမောင်မယ်ကိုကြည့်။  ခုထက်ထိလည်း ဆိုကြတီးကြတုန်းပဲ။ အဲဒီတော့ ဒီသီချင်းတွေဘာကြောင့်မရိုးနိုင်သလဲလို့ ပြန်ဆန်းစစ်ကြည့်ယင်သီချင်းရဲ့ရသ Arrangement ရဲ့ရသ ပြောင်မြောက်မှုကြောင့်ပဲဆို တာတွေ့ရမယ်။ ဒီနောက်ပိုင်းမှာက ဒီလို ရသမြောက်တာ ရှားပါးသွားလို့ပါပဲ။ “လူချွန်လူကောင်း”သီချင်းကြားဖူးမှာပေါ့။ ဒီသီချင်းဆိုရင် ၁၉၄၈ ခုနှစ်လောက်က ရေးခဲ့တာပဲ။ နောက်“ကျေးရွာဝါဒ”လည်းဒီလိုပဲ။ ဒီသီချင်းနှစ်ပုဒ်ဆိုရင် ဒီနေ့ခေတ်စနစ်နဲ့အံကိုက်ပဲ။ ဆရာငြိမ်းသီချင်းတွေက အဲဒီလို ရသတွေကြောင့်နှစ်ပရိစ္ဆေဒကြာရှည်တဲ့အထိခံနိုင်တာပေါ့”
“ဆရာငြိမ်းက သီချင်းသံစဉ်ရှာတဲ့အခါမှာ ဘာတူရိယာကို သုံးပါသလဲ”
“သူကျွမ်းတာကတော့ဘင်ဂျိုပဲ။ ဒါပေမယ့် သံစဉ်ကိုမယ်ဒလင်နဲ့ပဲရှာလေ့ရှိပါတယ်။ သူရေးတဲ့အခါမှာ တေးသွားနဲ့စာနဲ့ညှိရေးပါတယ်။ တေးသွားချည်းလည်း အရင်ရေးမထားပါဘူး။ စာချည်းလည်း အရင်ရေးမထားပါဘူး။ ညှိပြီးရေးပါတယ်။ ဒါကြောင့် သူ့သီချင်းတွေ ခေတ်မီ နေတယ်။ သူ့စာသားတွေက ကော့ဒ်နဲ့ကိုက်နေတယ်။ ဒီနေ့သီချင်းတွေမှာက ဒီကော့ဒ်ပြီးရင် ဟိုကော့ဒ်တီးလို့မကောင်းဘူးဆိုတာရှိတယ်။ သူ့သီချင်းတွေမှာကျတော့ ကိုက်နေတာပဲ။ နောက်ပြီးတော့“ဘား”တွေဘာတွေကလည်း အပြည့်ပဲ။ ဗမာလို“နရည်းစည်း” တီးတီး “ဝါးလတ်” ပဲတီးတီး၊ ဝါးပြေးပဲတီးတီး ကိုက်နေတာပဲ။ တချို့သီချင်းတွေ ကျွန်တော်တို့တွေ့ရတာက ဝါးလတ်တီးလို့ရပြီး ဝါးပြေးကျတော့ မကိုက်တော့ဘူး။ ဆရာငြိမ်းသီချင်းတွေကျတော့ တီးချင်သလိုတီးကိုက်တယ်။ ဘားလည်း ကိုက်တယ်။ ဆရာငြိမ်းက မြူးဇစ်နုတ်စ်နဲ့ရေးတာဆိုတော့ ကြိုက်သလိုတီး ရတယ်။ တစ်ချို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ရေးကြတော့ မကိုက်တာတွေရှိတယ်”
“အဲဒီခေတ်ကတည်းက မြို့မအသင်းက မြူးဇစ်နုတ်စ်နဲ့တီးနေပြီပေါ့”
“ဟုတ်ပါတယ်။ ပတ်ကားမြူးဇစ်နုတ်စ်နဲ့တီးတာပါ။ ကျွန်တော်တို့မြန်မာပြည်မှာ မြန်မာသီချင်းကိုမြူးဇစ်နုတ်နဲ့စ်တီးတာ မြို့မက စခဲတ့ာပါ။ အဲဒီတုန်းကတည်းက ရန်ကုန်မှာလည်း နုတ်စ်တတ်တဲ့လူတွေရှိပါတယ်။ ဒါပေမယ့် ဗမာသီချင်းကို ဘယ်လိုလုပ်ရမှန်း မသိကြသေးဘူး။
နိုင်ငံရေးအစိုးရလက်ထက်က ပန်တျာကျောင်းတည်ထောင်ဖို့ ယဉ်ကျေးမှုဝန်ကြီးဦးထွန်းဖေ မန္တလေးလာတော့ ဗမာသီချင်းတစ်ပုဒ်ကို ပတ်ကားနုတ်စ်နဲ့ ဘယ်လိုတီးမှုတ်မယ်ဆိုတာ မြို့မငြိမ်းကိုလုပ်ပြခိုင်းတော့ ကျွန်တော်တို့ပဲတီးမှုတ်ပြရတယ်။ လေမှုတ်ကိရိယာတွေဖြစ်တဲ့ ဆက်ဆိုဖုန်းတို့၊ ကလဲရီနက်တို့ လေးငါးခြောက်လက်လောက်နဲ့ ‘စံရာတောင်ကျွန်း’သီချင်းကြီးကို တီးမှုတ်ပြကြတယ်။ ဝန်ကြီးက သဘောကျသွားပြီး ရန်ကုန်မှာတည်ထောင်မယ့် ပန်တျာကျောင်းအုပ်လုပ်ဖို့ခေါ်တယ်။ ဒါပေမယ့် မြို့မငြိမ်းက ကျောင်းအုပ်မလုပ်ချင်လို့ မန္တလေးကို ပြန်လာတယ်။ အဲဒီခေတ်ကစပြီး ဗမာသီချင်းကြီးတွေကို ပတ်ကားနုတ်စ်နဲ့စတီးကြတာပါ။ ကျွန်တော်တို့ မြို့မက စပြီးတီးတော့ သတင်းစာတွေမှာ အကျယ်တဝင့်ရေးကြပါတယ်။ သူက ဘယ်ပစ္စည်းကိရိယာတီးမှုတ်တယ်။ မြို့မက ဗမာသီချင်းတွေကို ပတ်ကားနုတ်စ်တွေနဲ့ တီးမှုတ်နေပြီဆိုတဲ့အကြောင်း ရေးကြတယ်”
“ဆရာငြိမ်းတို့ခေတ်က သီချင်းတစ်ပုဒ်ရေးခ ဘယ်လောက်ရကြပါသလဲ”
“ဆရာငြိမ်းကတော့ ကြေးသတ်မှတ်ချက်မရှိပါဘူး၊ သူက တောင်းလည်း မတောင်းပါဘူး။ သူက သူလုပ်ချင်တာကိုလုပ်နေရရင် ကျေနပ်နေတဲ့ သူပဲ။ ဆရာငြိမ်းကတော့ အနုပညာအတွက်သက်သက် မွေးလာတဲ့သူပါပဲ။ သူ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ မြန်မာတူရိယာပစ္စည်းတွေနဲ့ ‘အောခ်ကစ်ထရာ’ဝိုင်းကြီး ထူထောင်ချင်တာပဲ။ သူ့ရည်ရွယ်ချက်မပြည့်ဝခင်မှာ ပျက်စီးခဲ့ရတာကိုး။ သူ့ကို ကူညီပေးခဲ့တဲ့သူက ဓားတန်းဦးသန့် ပါပဲ။ ဒါမျိုးကလည်း ကျွန်တော်ပြောရဲပါတယ်။ အဲဒီတုန်းကတော့ (ကျွန်တော် စကားရိုင်းရင်ခွင့်လွှတ်ပါ) မြို့မငြိမ်းနဲ့ဦးသန့်ကလွဲရင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ခုတော့ဖြစ်ချင်ဖြစ်ကြမှာပေါ့။ ဟိုတုန်းကတော့ ရန်ကုန်ကလူတွေ စိတ်မဝင်စားခဲ့ကြတာအမှန်ပဲ။ ကျွန်တော်တို့ အဖွဲတို့ ကြာမကြာရန်ကုန်လာပြီး တီးပြကြပါတယ်။ ရန်ကုန်က ဦးမောင်ကို(ဂီတလုလင်မောင်ကိုကို) ဆိုရင်လည်း ဂီတပညာရှင်တွေပါပဲ။ သူတို့လည်း ကျွန်တော်တို့ တီးတာမှုတ်တာလာကြည့်ကြပြီး တော်ပါပေတယ်လို့ ချီးကျူးမှတ်ချက်ချခဲ့ကြပါတယ်။ ခုနောက်ပိုင်းမှာတော့ ပတ်ကားနုတ်စ်နဲ့တီးတဲ့ တီးဝိုင်းဆိုတာကလည်း မရှိတော့သလောက်ပါပဲ။ အဲဒီတော့ ဆရာငြိမ်းရည်မှန်းသလို ဝိုင်းကြီးဖြစ်လာဖို့ရာဆိုတာ မလွယ်ပါဘူး။ အခုလုပ်ကိုင်စားသောက်နေကြတဲ့ပုံစံကလည်း ဆူလွယ်နပ်လွယ် မြန်မြန်ဆန်ဆန်ပြီးအောင်သာ တီးမှုတ်နေကြတာကိုး။ ဂီတအရသာဆိုတာ သိပ်ခံစားမှုမရှိကြတော့ပါဘူး။ နိုင်ငံခြားရုပ်ရှင်ကားတွေကိုကြည့်ရင် နောက်ခံတီးလုံးဆိုတာရှေ့အရုပ်ကို အများကြီး အထောက်အကူပြုရပါတယ်။ ကြောက်စရာပြကွက်ဆိုရင်လည်း ကြောက်အောင်၊ လန့်စရာပြကွက်ဆိုရင်လည်း လန့်အောင်၊ ကြည်နူးစရာ ပြကွက်ဆိုယင်လည်း ကြည်နူးအောင်ဖန်တီးပေးရပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ ပိတ်ကားပေါ်ကြည့်ပြီး ချက်ချင်းကောက်ရေး၊ ချက်ချင်းကောက်တီးဆိုတော့ ဘယ်လိုမှ ရသမမြောက်နိုင်ပါဘူး။ တခါတလေများ ဘာမှသိပ်ရှာမနေတော့ဘူး။ ပျော်ပျော်ပါးပါး သင်္ကြန်သီချင်းတွေဘာတွေ နောက်ခံ တီးချင်တီးချလိုက်တာပဲ။ အဲဒီလိုဖြစ်နေတယ်။ ဂီတကို ရသမြောက်အောင်ဖန်တီးဖို့ရာဆိုတာ အချိန်ယူလုပ်ဖို့လိုပါတယ်။ နိုင်ငံခြားမှာ ဂီတပညာလေလ့ာခဲ့တဲ့ပညာရှင်တွေရှိပါတယ်။ ဒါကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ Conductor နဲ့ဘာနဲ့ စနစ်တကျတီးပြနိုင်လောက်တဲ့အထိ မြင်ချင်တွေ့ချင်ပါတယ်”
“ကျေးဇူးပါပဲ ဆရာပေါ၊ အခုစီးရီးထဲမှာ ဆရာငြိမ်းသီချင်းဘယ်နှပုဒ်သလဲ”
“ကျွန်တော်တို့ (ရွှေမန်းတောင်ရိပ်ခို)စာသားကလေးကြည့်လိုက်ရအောင်...”
ရေး-မြို့မငြိမ်း
ဆို-သုမောင်
ရွှေမန်းတောင်ရိပ်ခို
ရွှေပိတောက်တွေပွင့်ချပ်ဝင့်ကာရယ်...ယိမ်းနွဲ့ကာ ပန်းမှုန်ဝတ်စီခြယ်...မာလာထုံ ရည်ပျံ့မွှေးရနံ့ကြူတယ်...မြို့လုံးနယ်လုံးရယ်။ သင်္ကြန်ပွင့်လန်းပါတယ်။
ပိတောက်တွေ ဝေလို့ရယ်။ ဝင်းပပပျိုရယ်...ချစ်ရေစင်ဖျန်းမယ်...ရွှဲလို့သာစိုစေကွယ်...ငွေငန်းဖြူရယ်...ရွှေမန်းသူရယ်...ဖြစ်လေရာဘဝတိုင်း တွေ့ချင်တယ်။
(ပက်စမ်းပါခင်ရဲ့...ရွှဲချင်တိုင်းရွှဲပေ့စေကွယ်...ဘယ်သူဘယ်ဝါ ပက်လိုပက်ပက် မြို့မက ရယ်တယ်) (၂) နတ်ဘိုးတော်သူက မှာတယ်...ပက်ချင်တိုင်းလည်း ပက်နိုင်တယ်။ သင်္ကြန်ပျိုသက်လယ် ကိုယ်ဘာကိုယ်ပက်မယ် ...ခေါ်ဦးရေလယ်...။
မြနန္ဒာရေညိုညိုရစ်ကာသန်း...ရွှေမန်းတောင်ရိပ် တူတူခိုမယ်...ပျိုဖြူတွေရယ်... ပျော်ခင်းလေးသာပါဘိတယ်။ နိမိတ်ကောင်းယူမယ်... နှစ်ဦးသင်္ကြန်တော်ဝယ်...။
အို...အတာတော်ကူးချိန်မို့ ရွှင်မြူးကာပျော်ပျော်လို့ရယ်...မယ်တို့တတွေမာစေ ကြောင်း ဆုတောင်းပါတယ်...မန်းမြို့သူရယ်၊ ရေကြည်ဥ ဆံနုမှာစီခြယ်...မြင်သူတွေငေး လောက်ပေတယ်...ပပဝတီ၊ ရောဟဏီ၊ ဘရဏီလြူ့ပည်မှာတုန်း ဆုခြွေသလား...နှမများ၊ အစ်မများတို့ရယ်... ညီညာစုံကြတယ်...လှဂုဏ်များကြွယ်...။
(မြနန္ဒာ......................................နှစ်ဦးသင်္ကြန်တော်ဝယ်)
“ကျေးဇူးတင်ပါတယ်ဆရာပေါ။ ခုလိုရှားပါး လူသိနည်းတဲ့ဆရာငြိမ်းသီချင်းတစ်ပုဒ်ကိုဖော်ထုတ်ပေးတဲ့အတွက်ရော၊ ဖော်ပြမှတ်တမ်းတင်ခွင့်ရတဲ့အတွက်ပါဝမ်းသာပါတယ် ခင်ဗျာ”
ဝင်းကိုကို
မှတ်ချက်။  ။ပေဖူးလွှာမဂ္ဂဇင်း ၊၁၉၈၃-ခုနှစ် ဧပြီလ၊ အမှတ်(၂၃)၊စာမျက်နှာ(၁၈၃-မှ ၁၈၇-၁၉၃ အထိ)လာသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည။်

Saturday, April 13, 2013

New Haven က မီးရထားတွေ တုသွားတဲ့အကြောင်း (မျိုးမြင့်ချို)

0 comments
ကျနော်တို့မြို့လေးနဲ့ မနီးမဝေးမှာ New Haven ဆိုတဲ့ မြို့ဂျင်ကလည်လေးတခုရှိတယ်ဗျ။ မိနစ် ၂၀ မပြည့်တတ် ပြည့်တတ်လောက်မောင်းရတယ်။ လူ/ကားမရှုပ်ဘူး။ အေးချမ်းပြီး တိတ်ဆိတ်တယ်။ တိရိစ္ဆာန်ဦးစီးနဲ့ ကျန်းမာရေးဋ္ဌာနကစစ်ဆေးပြီး ပိုးမွှားနဲ့ကူးစက်ရောဂါမရှိထောက်ခံချက်ရရင် ကိုယ့်အိမ်ကိုယ့်ခြံလေးထဲ ဥစားကြက်/ငုံး/ဆိတ်/မြင်းပုစတဲ့ အကောင်လေးတွေ နည်းနည်းပါးပါးမွေးခွင့်ရှိတယ်ဗျ။ မွေးကြတာလည်းတွေ့တယ်။ ခုတလော ၅ လလောက်ရှိပြီ၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အကျယ်ချုပ်ခံကလေးတွေ ရုံးချိန်းကိစ္စနဲ့ အဲ့မြို့လေးကို သွားသွားနေရတယ်ဗျ။ ကလေးထောင်က ဖို့ဝိန်းမှာဆိုပေမယ့် ကလေးထောင်/ကလေးအကျယ်ချုပ် စတာနဲ့စပ်တဲ့ရုံးက အဲ့မြို့လေးမှာလေ။ အရင်ကတော့ အဲ့မြို့လေးကို ဗမာပြည်သားမိသားစုတွေထဲက ဝင်ငွေနည်း/နိမ့်/မရှိတဲ့သူတွေအတွက် မြို့နယ်ကထောက်ပံ့တဲ့ မီးလခ/အိမ်လခနဲ့ အခြားအသုံးစရိတ်လေးတွေ ကူလျှောက်လျှောက်ပေးရင်း စကားပြန်နဲ့ဘာသာပြန်ကူလုပ်ပေးရင်း နေ့တိုင်းလိုလိုရောက်ခဲ့ရတာပါ။ ဒီမှာ စာလုံးပေါင်းတဲ့ Haven နဲ့ ဟို ကောင်းကင်ဘုံ Heaven နဲ့မရောမိနဲ့နော်။ စာလုံးကွာသလို အဓိပ္ဗါယ်လည်းခြားပါတယ်။ ဒီ Haven က (A place of Safety or Refuge) ဘေးကင်းခိုလှုံရာလို့ ထားပါတော့ဗျာ။ အဲ့ဒီမြို့လေးက အမေရိကန်မှာ မီးရထားခေတ်ကောင်းတုန်းက ရထားလမ်းပေါ်တည်ခဲ့တဲ့ရွာလေးဗျ။ မြို့လည်ကောင်ကနေ ရထားလမ်းကဖြတ်နေတာ။ ခုလည်း ရထားတွေဖြတ်တုန်းပါပဲ။ ဒါပေမယ့် ကုန်ရထားတွေပဲများပါတယ်။ ခရီးဝေးလူစီးရထားကတော့ အမေရိကားမှာ ခေတ်သိတ်မစားတော့ဘူးပဲဆိုပါတော့။ ရှိတော့ရှိပါတယ်။ ဟိုနေ့ကရောက်တော့ စိတ်ထဲအတွေးပေါ်တယ် ရထားလမ်းပေါ်ကရွာဆို အနည်းဆုံး တောဘူတာလေးတော့ ရှိတန်ကောင်းရဲ့ပေါ့။ ဗမာပြည်အညာကျေးလက်က တောဘူတာလေးတွေလို တမာပင်လေးနဲ့ ထနောင်းပင်လေးနဲ့ ရေအိုးစဉ်လေးနဲ့ဘူတာရုံလေးလိုတွေ့မယ်တော့ မမျှော်လင့်ထားပါဘူး။ တွေ့တော့တွေ့ချင်တယ်။ ဒါနဲ့ ဇနီးကို အကြိုအကြား ကားပတ်မောင်းဖို့ပြောပြီးလိုက်ရှာတော့ တွေ့တယ်ဗျား။ တွေ့တော့ စိတ်ထဲတမျိုးပဲ။ ဘူတာလေးက အိုမှမအိုတာကိုး။ ဒါနဲ့ စပ်စုကြည့်တော့ ”ဒီရွာက ဒီဘူတာမှာ လူစီးရောကုန်ရထားရော မရပ်တော့တာ ကြာပြီ””တို့တွေ ရထားစီးဖို့လိုရင် ဝါတာလူးဘူတာကနေ သွားသွားစီးနေရတာလေ” ”ရထားမှ မရပ်တော့တာကွာ ဘူတာလည်း ဘယ့်နှယ်လူစည်မလဲ” ”ရထားတွေကလည်း တို့ငယ်ငယ်တုန်းကလို ကျောက်မီးသွေးရေနွေးငွေ့နဲ့မောင်းတဲ့ စက်ခေါင်းမဲမဲကြီးတွေ ဟုတ်တော့ဘူး” ”မီးသွေးမှုံတွေကြားက သံဘီးကြီးတွေနဲ့ချိတ်ထားတဲ့ စတီးရောင်ပြောင်ပြောင် ဘီးဝင်ရိုးကြီးတွေ ရှေ့တိုးနောက်ဆုတ်လုပ်ရင်း ဂျုံးဂျုံး..ဂျက်ဂျက်အသံလည်း မကြားရတော့ဘူး” ”ဥသြသံကအစ မတူတာကွာ” ”ဟိုဟာတွေကမှ ရထားအစစ်ကွ” ”လူတွေကွာ...မီးရထားကိုတောင်  အတုလုပ်ပြစ်လိုက်ကြတာ” ”ပြောင်းကုန်ပါပြီကွာ၊ ပြောင်းတာမှ အကုန်ကိုပြောင်းပြစ်လိုက်ကြကတာလေ၊ ဘယ်လောက်ပြောင်းသွားလဲဆို မီးရထားတောင် အစစ်မရှိတော့ဘူး၊ ရှားသွားပြီ၊ ကပြားတွေဖြစ်ကုန်ပြီလေ” ”ဘူတာရုံလေးကတော့ကွာ ဒို့မြိုခံတွေ ချက်မြုတ်တွေက အလွမ်းပြေကြည့်ရအောင် လက်ရာမကျက် ပြန်ပြင်ဆင်မွမ်းမံထားတာပေါ့” ”ငါလည်း ညနေညနေ ဒီမှာ လာလာထိုင်တယ်လေ သူငယ်ချင်းတွေနဲ့ပေါ့” အသက်အတော်ကြီးပြီး လက်ကိုင်တုတ်နဲ့ နံပြားဦးထုပ်လေးဆောင်းလို့ လည်ပင်းမှာမာဖလာထူထူပတ်လို့ အသံတုန်တုန်-တုန်တုန်နဲ့ ကြေကြေကွဲကွဲ ဆွေးဆွေးမြေ့မြေ့ပြောရှာတဲ့ အမေရိကန်လူဖြူအဖိုးအိုရဲ့မျက်ဝန်းအစုံမှာ အရည်ကြည်လေးတွေလည်လို့ ဝေဝေသီသီနဲ့ တခုခုကို အောက်အောက်မေ့မေ့ဖြစ်လို့ ကြေကွဲရိပ်တွေသန်းလို့။ ”ဒါနဲ့ နေပါဦး မင်းက စစ်သားဟောင်းလား ဘယ်ကလဲ”...လို့ဆိုတဲ့ သူ့အမေးကိုဖြန်ဖြေတော့မှ သူက ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ခဲ့ဖူးတဲ့ အမေရိကန်စစ်ပြန်ကြီးဖြစ်နေပါပေါ့လား။ မျိုးမြင့်ချို ဧပြီ ၁၃  ၂၀၁၃

Friday, April 12, 2013

ခေတ်ကဖတ်တဲ့စာနဲ့ခေတ်ကိုဖတ်တဲ့စာ (မျိုးမြင့်ချို)

0 comments
ခေတ်ကဖတ်တဲ့စာနဲ့ခေတ်ကိုဖတ်တဲ့စာ (မျိုးမြင့်ချို)
မနေ့ မနက်စောစောက အွန်လိုင်းမိတ်ဆွေလေးတယောက်နဲ့ ပြည်တွင်းက လတ်တလော ကသောင်းကနင်းတွေအကြောင်း ပြောဖြစ်တယ်ဗျ။ ကျနော်က “ကသောင်းကနင်း”လို့ပဲပြောရသေးတယ် သူက “ဦးလေးကလည်း ဘုမသိဘမသိနဲ့ပြောနေပြန်ပြီ ဘယ်ကလာ ကသောင်းကနင်းရမှာလဲဗျ အားလုံးစနစ်တကျနဲ့ ကွက်တိဖြစ်နေတာပါ၊ ကသောင်းကနင်းတွေကိုက စနစ်တကျဖြစ်နေတာဗျ၊ အဲ့ဒါကိုက သီအိုရီဗျ၊ ကသောင်းကနင်းသီအိုရီဆိုတာရှိတယ်လေ၊ ဦးလေးကြားဖူးလား”..တဲ့။ “အင်းကြားဖူးတယ်”ဆိုတော့ “ဦးလေးက ဘယ်ဆိုးလို့တုန်း ခေတ်မီသားပဲ”တဲ့။ ဒါနဲ့ “ဟုတ်ပါပြီ စနစ်တကျပဲထားပါ၊ ဘာ့ကြောင့်ဖြစ်ရတယ်ထင်လဲ၊ ခင်ဗျား အမြင်လေးသိလို့ရမလား”လို့ မေးမိတယ်ဗျ။ “ဦးလေးအမြင်ကရော”တဲ့။ “ကျနော့်အမြင်ကတော့ ကျနော်ရေးတဲ့စာတွေသာ ဖတ်ကြည့်ပါဗျ”လို့ ပြောတော့ “ကျနော်တို့မှာ အလုပ်တဘက် ကျောင်းတဘက် နိုင်ငံရေးကတဘက်နဲ့ဗျ၊ အချိန်အားသိတ်မရှိဘူးလေ၊ စာဖတ်ချိန်သတ်သတ်မရှိဘူး”တဲ့။ ဒါနဲ့ ကျနော်အံ့အားသင့်ပြီး “စာမဖတ်ပဲ မလေ့လာပဲ ခင်ဗျား နိုင်ငံရေးဘယ်လိုလုပ်လို့ရသလဲဗျ”လို့ မေးကြည့်မိတယ်။ “ဒီလိုပဲ လုပ်ရတာပေါ့ ဦးလေးရာ။ မလုပ်လို့မှ မဖြစ်တာ၊ သူများတွေအခြေအနေလည်း ကြည့်ရတာပေါ့၊ ကိုယ့်ဖာကိုယ်ကြီးတော့ စွပ်ရွတ်လုပ်တာတော့ မဟုတ်ပါဘူး၊ အွန်လိုင်းနဲ့ဖေ့စ်ဘွတ်ခ်မှာလည်း အချိန်ရသလောက် လေ့လာရတာပေါ့၊ ကျနော်ပြောတဲ့ စာဖတ်ချိန်မရှိဘူးဆိုတာ တကယ့်စာအုပ်ကြီးတွေကိုင်ပြီး ဖတ်နေချိန်မရှိဘူးလို့ပြောတာ ဦးလေးရ၊ ဒီခေတ်မှာ စာအုပ်ကိုင်ဖတ်နေဖို့က လိုလည်းမလိုဘူးလေ၊ အောက်လည်းအောက်တယ် ဦးလေးရ၊ နေရာတကာ စာအုပ်တကိုင်ကိုင်နဲ့အလုပ်မဖြစ်ဘူး၊ စာအုပ်မှန်သမျှ အွန်လိုင်းမှာရနေတာပဲဟာ၊ ကျနော်ဆို အင်တာနက်ရတဲ့တယ်လီဖုန်းပဲ ဆောင်ထားတာလေ၊ တခါတလေလောက်မှ ကွန်ပြူတာသုံးတာလေ၊ ဘယ်သွားသွားဘယ်နားရောက်ရောက် ကိုယ်သိချင်တာလေး ကောက်ဖွင့်လိုက်ရနေတာပဲဟာ၊ စာအုပ်သယ်ရတာကမှ လေးဦးမယ်၊ လှန်နေရဦးမယ်၊ နောက်ပြီး မသယ်ချင်ရင် ခေါင်းထဲထည့်ထားရဦးမယ်၊ အင်တာနက်ကျတော့ အဲ့ဒါတွေမလိုဘူးလေဦးလေးရာ၊ နောက်ပြီး ခေတ်က ဦးလေးတို့လိုခေတ်မဟုတ်တော့ဘူးဗျ၊ နေရာတကာ အကုန်ခေါင်းထဲထည့်မှတ်တဲ့ခေတ် မဟုတ်ဘူးလေ၊ မှတ်လည်း မမှတ်နိုင်တော့ဘူးဗျ၊ ခေါင်းလေးတယ်၊ ခေတ်က ခေါင်းစားစရာတွေကလည်း များမှများပဲဟာ၊ နောက်ပြီး နိုင်ငံရေးဆိုတာကလည်း ဦးလေးတို့တုန်းကလို တခုခုက တခါဖြစ်ရင် အကြာကြီးဖြစ်နေတာမဟုတ်ဘူးဗျ၊ ခနခန တခုပြီးတခု ပြောင်းပြောင်းဖြစ်နေတာလေ၊ တခုနဲ့ပြောင်းပြောင်းသွားတာက ခနလေးဗျ၊ ခေတ်က ကွန်ပြူတာခေတ် အင်တာနက်ခေတ်လေဦးလေးရာ၊ သတင်းအချက်အလက်တွေ ခေါင်းဆောင်တွေပြောတာတွေက သူတို့ပါးစပ်ကထွက်လိုက်တာနဲ့ အွန်လိုင်းပေါ်တန်းရောက် တန်းတက်လာတာလေ၊ ဘာသတင်းစာ ဘာရေဒီမှတောင် မမီပါဘူး၊ မြန်မှမြန်ပဲ၊ တခါတခါ ကျနော်တို့တောင် လိုက်မမီဘူး၊ မျက်စေ့တော့မလည်ပါဘူး၊ ဘာကြီးဖြစ်ဖြစ် အကြာကြီးဖြစ်တာ ရှိမှမရှိတော့တာလေ၊ ကျနော်တို့က တခုခုကို ခေါင်းထဲထည့်ပြီး အကြာကြီးအသေမှတ်ထားဖို့မှ မလိုတော့တာ၊ မှတ်ထားလို့ နောက်အသစ်ထပ်ဖြစ် အသစ်ထပ်မှတ်နဲ့သာဆို သေဖို့ပဲရှိတယ်ဦးလေးရ၊ အဲ့ဒီတော့ မှတ်မနေတော့ဘူး၊ ဖုန်းထဲကြည့်ပြီး ပြောလိုက်လုပ်လိုက်ရုံပဲလေ”တဲ့။ သူပြောတာလေးတွေနားထောင်ရင်း ခေတ်ကိုမြင်ကြည့်နေမိတယ်။ နောက်တော့ကျနော်က “ကျနော့်စာလေးတွေလည်း အွန်လိုင်းမှာပါ ဖေ့စ်ဘွတ်ခ်မှာပါ။ အွန်လိုင်းနဲ့ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံရေးအတွေးအခေါ်အသိအမြင်ဝမ်းစာဖြည့်ဖို့  ဘယ်လိုဟာတွေအဓိကထားပြီး လေ့လာရေးလုပ်သလဲဗျ..ပြောပြပါဦး”လို့ ထပ်မေးဖြစ်ပါတယ်။ အဓိကကတော့ ဦးလေးရာ တရားဥပဒေစိုးမိုးရေးပေါ့၊ အဲ့ဒါကို အဓိကထားလေ့လာတာဗျ၊ ကျနော်တို့တိုင်းပြည်အတွက် သိတ်အရေးကြီးတယ်လေအဲ့ဒါက၊ အခုဖြစ်နေတာတွေအားလုံးက အဲ့ဒါ(တရားဥပဒေစိုးမိုးမှု) မရှိလို့ဖြစ်ရတွေချည်းပဲ ဦးလေးရ”တဲ့။ ဥပဒေစိုးမိုးရေးကို သူဘယ်ပုံနားလည်ထားသလဲဆိုတာသိချင်တာနဲ့ “ဆက်ပြောပါဦးဗျ၊ ခုခင်ဗျားပြောနေတဲ့ ဥပဒေစိုးမိုးရေးကိစ္စ၊ ကျနော်လည်း စိတ်ဝင်စားတာအမှန်ပါ”လို့ မေးရင်း စကားထောက်လုပ်ပေးနေမိတယ်။ သူက အာဘောင်အာရင်းသန်သန်နဲ့ တရားဆိုတာဘာ..၊ ဥပဒေဆိုတာကဘာ..၊ တရားဥပဒေဆိုတာကဘာ..၊ တရားဥပဒေရှိတယ်/မရှိဘူးဆိုတာကဘာ..၊ တရားဥပဒေစိုးမိုးတယ်/မစိုးမိုးဘူးဆိုတာကဘာ…စသည်ဖြင့် ရှင်းပြတာများ ငယ်ငယ်ကစာမေးပွဲဖြေဖို့ စာကျက်ခဲ့တာတောင် ပြန်အောက်မေ့မိတယ်။ စကားထစ်သွားတာ ထောင့်သွားတာ အဆီမငေါ်မတည့်ဖြစ်တာ တနေရာမှမရှိဘူးဗျာ။ ဖြူးနေတာပဲ။ ဦးဉာဏ်ဝင်းတို့ ဦးသိန်းညွန့်တို့ ဦးအောင်သိန်းတို့တောင် သူ့လောက်ချက်ချက်ချာချာ ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်မယ့်ပုံမရှိပါဘူး။ ပြောရင်း လိုအပ်မယ်ထင်တဲ့တချို့နေရာတွေမှာ အင်္ဂလိပ်လိုလေးတွေလည်း ညှပ်ညှပ်ပြောပါသေးတယ်။ ပြောရင်း သူ့စကားအဆုံးသတ်ပေးရင် သင့်မယ်ထင်တဲ့နေရာရောက်တော့ “ခင်ဗျား ပြောသလို တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ရတယ်ဆိုတာ ကျနော် မငြင်းပါဘူး။ ဒါပေမယ့် အဲ့ဒီ တရားဥပဒေက ဘာ့ကြောင့်မစိုးမိုးရတာလဲ၊ စိုးမိုးဖို့ဘာအရင်လုပ်ရမလဲဗျ”လို့မေးရင်း စကားစသတ်ပေးမိတယ်။ “ဟာ..ဦးလေးကလည်း တရားဥပဒေမစိုးမိုးလို့ ခုဟာတွေဖြစ်နေပါတယ်ဆိုမှ၊ တရားဥပဒေစိုးမိုးဖို့ဆိုတာ တရားဥပဒေစိုးမိုးမှဖြစ်မှာလေ၊ မစိုးမိုးပဲ တရားဥပဒေက ဘယ့်နှယ်လုပ်စိုးမိုးမှာလဲဗျ၊ အဲ့ဒါ အရေးအကြီးဆုံးပဲလေ၊ လေ့လာကြည့်ဦးလေးရ စိတ်ဝင်စားစရာကောင်းတယ်၊ ကျနော်လည်း လုပ်စရာရှိသေးတယ် နောက်တော့ပြောကြတာပေါ့ဗျာ”လို့ နှုတ်ဆက်ပြီး ဆင်းသွားပါတယ်။ သူနဲ့ပြောရင်း ခေတ်တိုင်းမှာ လူငယ်တွေရှိတယ်။ ကျနော်တို့လည်း ကျနော်တို့ခေတ်ရဲ့လူငယ်တွေဖြစ်ဖူးတာပဲ၊ ကျနော်တို့ဘာတွေ ဖန်တီးနိုင်ခဲ့ပြီလဲလို့တွေးရင်း ခေတ်ကိုလှမ်းမြင်လိုက်တာ လား၊ ခေတ်လူငယ်ကို တွေ့လိုက်တာလား၊ ဒါမှမဟုတ် ခေတ်တခေတ်ထဲက သီးသန့်လူငယ်လေးတယောက်ကို မြင်လိုက်ရတာလား ဇဝေဇဝါနဲ့ကျန်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခေတ်ဟာ သူတို့လက်ထဲမှာစီးဆင်းနေမှာပါ။ မျိုးမြင့်ချို ဧပြီ ၁၂ ရက် ၂ဝ၁၃

ဘာသာရေးဟာလောကီကြောင်းမှာ စပ်ယှက် သင့်မသင့်-လင်းထင်

0 comments

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်(လင်းထင်)ဒီရက်ပိုင်းမှာ အတွေးအများမိဆုံးကတော့ ဘာသာရေးဟာလောကီကြောင်းမှာ စပ်ယှက်သင့်မသင့်ဆိုတဲ့ ကိစ္စရပ်ပဲ။ ကျနော် တစ်သက်လုံးယုံကြည်ယူဆလာခဲ့တာ ဘာသာရေးဟာလူ့အကြောင်းပြောရမယ်၊ စီးပွား လူမှုနိုင်ငံရေးရာအကြောင်းချင်းရာတွေမှာ မှတ်ချက်ပြုရမယ် ဝေဖန်ရမယ်၊ လိုရင်းကတော့ ဘာသာရေးဟာ ပလ္လင်စင်မြင့်ပေါ်မှာသာ ခွဲခြားထားရမယ့်အရာမဟုတ်ပဲ စင်ပေါ်ကဆင်းပြီ လူ့အကျိုးဆောင်ဖို့ရာပဲ။ ဒီအယူအဆဟာ နိုင်ငံရေးနဲ့ဘာသာရေးမရောထွေးပဲ Secular State အဖြစ် ပီပီပြင်ပြင်ထူထောင်ရန်အလိုရှိမှုနဲ့ ၀ိရောဓိဖြစ်စေသလား။ ကျနော့်ကိုယ်ကျနော် သေချာဖို့လိုတယ်။ ကျနော်ရှုံ့ချတဲ့ လင်္ကျာစွန်းရောက်အမျိုးသားရေးကို အမုန်းတရားများဟောကြားဖြန့်ဝေနေတဲ့ ဘာသာရေးပုဂ္ဂိုလ်များကြောင့် ဘာသာရေးဟာလူ့အရေးလုပ်ရမယ်ဆိုတဲ့ ကျနော့်ခံယူချက်ယိမ်းယိုင်ရမှာလား၊ ကျနော့်ကိုယ်ကျနော် ရှင်းဖို့လိုတယ်။
နိုင်ငံရေးနဲ့ဘာသာရေး မရောယှက်ရဘူးဆိုတာဘာလဲ။ အခုဖွဲ့စည်းပုံအရ စစ်တပ်က ဥပဒေပြုအာဏာရဲ့ ၂၅ ရာခိုင်နှုံးကို ရွေးကောက်တင်မြောက်ခြင်းခံစရာမလိုပဲ၊ အလိုအလျောက်နေရာရယူတာမျိုးလို ဘာသာရေးသာသနာပိုင်တို့ရဲ့ကိုယ်စားလှယ်များကို အုပ်ချူပ်ရေးနဲ့ဥပဒေပြုအာဏာတို့ အလိုအလျောက်အပ်နှင်းရတာမျိုးကိုမှ ဘာသာရေးဟာ နိုင်ငံရေးအပေါ်စွက်ဖက်ချယ်လှယ်မှုအနေနဲ့ ကျနော်အဓိပ္ပာယ်ဖွင့်လိုတယ်။ တရားစီရင်မှုအာဏာနဲ့စပ်လျဉ်းပြီးတော့ ဗမာနိုင်ငံရဲ့တရားစီရင်ရေးမှာ အိမ်ထောင်ခန်းနဲ့အမွေမှုတို့လို ကိစ္စခြင်းရာများမှာ သက်ဆိုင်ရာဘာသာတရားရဲ့ဓမ္မသတ်များနဲ့ဆုံးဖြတ်ဖို့ရာ ဓလေ့ထုံးထမ်းစဉ်လာဥပဒေသများကို အသိအမှတ်ပြုထားတယ်။ ဒါဟာ parallel jurisdiction to the civil law ဖြစ်စေတယ် မဖြစ်စေဘူးဆိုတာ ဆိုင်ရာပညာရှင်များဆွေးနွေးသုံးသပ်ကြဖို့ပဲဖြစ်တယ်။
ဗမာပြည်ဟာ Secular State ဖြစ်နေနှင့်ပြီလား။ ၄၇- ဖွဲ့စည်းပုံအတိုင်းပဲ လက်ရှိအခြေခံဥပဒေဟာ ဗုဒ္ဓဘာသာကို လူအများစုကိုးကွယ်တဲ့ ၀ိသေသထူးကဲတဲ့ဘာသာကြီးအဖြစ် အသိအမှတ်ပြုသကဲ့သို့ ကျန်ဘာသာကြီးများနှင့်တကွ ရိုးရာနတ်ကိုးကွယ်မှုဓလေ့များကိုပါ တည်ရှိကြောင်းအသိအမှတ်ပြုတယ်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံတယ်။ ဒီနေရာမှာ သမိုင်းကြောင်းနည်းနည်းပြန်လှန်ရမယ်။ အခုလည်း အခြေခံဥပဒေထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအနေနဲ့ထည့်ဖို့ရာကိစ္စနဲ့စပ်လျဉ်းပြီးသဘောမတူတဲ့ ဗိုလ်ချူပ်အောင်ဆန်းက ဦးဘချိုကို ဘယ်လိုပြောတယ်ဆိုတာ ဟိုလူဒီလူတွေ လက်ဆင့်ကမ်းနေကြတာတွေ့ရတယ်။
ဦးနုက သူ့ရဲ့ တာတေစနေသားထဲမှာ ဒီလိုရေးတယ်။ ”ဗိုလ်ချုပ်အောင်ဆန်းဟာ အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဘာသာရေးပါလာမှာကို မူအားဖြင့်မကြိုက်ဘူး။ တချို့အမတ်တွေက ဘာသာရေးကို တနည်းနည်းဖြင့်ထည့်ပေးစေချင်တယ်။ တချို့ကျတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ထည့်ပေးစေချင်တယ်။ အဲဒီလိုရှိနေပေတဲ့ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ်ဟာ အင်မတန် ပြင်းပြင်းထန်ထန်ကြီးဆန့်ကျင်နေတဲ့အတွက် ဘယ်အမတ်ကမှ အမတ်ပေါင်းစုံညီလာခံမှာ ဒီကိစ္စကိုမပြောရဲကြဘူး။ ဒါပေမယ့် အမတ်ပေါင်းစုံညီလာခံကျင်းပတဲ့နေ့ရက်အတွင်းမှာ ရဟန်းတော်အချို့နဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်အချို့ အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဗုဒ္ဓသာသနာကိုနိုင်ငံတော်ဘာသာအဖြစ်ထည့်ပေးဘို့ သတင်းစာထဲမှာတောင်းဆိုလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ့ အမတ်ပေါင်းစုံညီလာခံရဲ့နေ့တနေ့မှာ စကားပြောနေတုန်း သတင်းစာတွေထဲကတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ”ခွေးဟောင်တိုင်း ထကြည့်မနေနိုင်ဘူး”လို့ လွှတ်ကနဲပြောလိုက်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ သတင်းစာတွေကိုပြောတာပါဘဲ။ ဒါပေမယ့် သတင်းစာတွေက ဗိုလ်ချုပ်အောင်ဆန်းဟာ ရဟန်းတော်တွေကိုပုပ်ခတ်သလို လှည့်ပြီးရေးကြတဲ့အတွက် ဗုဒ္ဓဘာသာလောကမှာ အတော်ကလေးစိတ်မချမ်းမသာဖြစ်သွားတယ်။ အဲဒါကြောင့် စိတ်ပူသွားတဲ့ဘုရင်ခံဆာဟူးဘတ်ရန်စ့်က သခင်နုကို ချက်ချင်းခေါ်လိုက်တယ်။ တွေ့လျှင်တွေ့ချင်း ဆာဟူးဘတ်ရန်စ့်က အမတ်ပေါင်းစုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောလိုက်တဲ့စကားကြောင့် ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတော်စိတ်မချမ်းမသာဖြစ်နေတယ်လို့ ကျနော်သတင်းကြားရတယ်။ ခင်ဗျားလည်း ဒီသတင်းကိုကြားပြီးရောပေါ့ လို့သခင်နုကို ပြောလိုက်တယ်။ ကျနော် မကြားရသေးဘူးလို့ သခင်နုကဖြေတယ်။ (သခင်နုဟာ သတင်းစာတွေကို အင်မတန်ဖတ်ခဲတယ်) ရဟန်းတွေနဲ့ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ အတော်စိတ်မချမ်းမသာဖြစ်နေတယ်လို့ ကျနော် အစီရင်ခံစာဖတ်ရတယ်။ အဲဒီတော့ ဒီကိစ္စကို ခင်ဗျားဝင်ဦးမှပဲ။ အခုလို လျစ်လျူရှုထားလို့မဖြစ်ဘူးလို့ပြောပြီး ဆာဟူးဘတ်ရန်စ့်က သခင်နုကို စားပွဲခုံပေါ်က အိုင်ယာလန်နိုင်ငံရဲ့ အခြေခံအုပ်ချုပ်ရေးဥပဒေစာအုပ် ပေးလိုက်တယ်။ အဲဒီ့ဥပဒေရဲ့တနေရာမှာ ဘာသာရေးကဏ္ဍကိုတွေ့ရတယ်။ အဲဒီ့ကဏ္ဍအောက်မှာ ကက်လသစ်ဂိုဏ်းဟာ အိုင်ယာလန်တွင် အများဆုံးလက်ခံသောဂိုဏ်းဖြစ်တယ်။ ပရိုတက်စတင့် ဂိုဏ်းဝင်များလည်း အိုင်ယာလန်မှာရှိကြတယ်လို့ အဓိပ္ပါယ်ပါတဲ့စာပိုဒ်တွေကိ သခင်နုတွေ့ရတယ်။ အဲဒီတော့ ဆာဟူးဘတ်ရန်စ့်က ဆက်ပြီး အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဘာသာရေးလုံးဝမပါဘူးဆိုရင်တော့ ရဟန်းတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ထဲ အတော်ထိခိုက်လိမ့်မယ်။ အိုင်ယာလန်အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာလို ဗမာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများဆုံး ကိုးကွယ်တဲ့ဘာသာဖြစ်တယ်။ တခြားဘာသာတွေလည်းရှိတယ်ဆိုတာလောက်တော့ ထည့်ပေးသင့်တယ်။ အမတ်တွေထဲကတော့ ဘယ်သူမှ ဗိုလ်ချုပ်အောင်ဆန်းကိုပြောရဲမှာမဟုတ်ဘူး ပြောရင်လည်း ဗိုလ်ချုပ်အောင်ဆန်းက နားထောင်မှာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို သခင်နုပြောမှရမှာဘဲလို့ ဆာဟူးဘတ်ရန်စ့်က စိုးရိမ်နေတဲ့စိတ်တွေနဲ့ သခင်နုကိုပြောပြတယ်။ သခင်နုလဲ အိုင်ယာလန်အခြေခံအုပ်ချုပ်ရေး ဥပဒေစာအုပ်ကိုယူပြီး ဗိုလ်ချုပ်အောင်ဆန်းအိမ် တန်းသွားတယ်။ မြန်မာနိုင်ငံတော်အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဘာသာရေးကဏ္ဍပါလာတာတွေ့တော့ ဖဆပလအမတ်တွေဟာ အတော်အံ့အားသင့်နေကြတယ်”

ဦးနုဝန်ကြီးချူပ်လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်တဲ့ လွှတ်တော်ဥပဒေပြဌာန်းခဲ့ပေသိ၊ ဆိုရှယ်လစ်တော်လှန်ရေးအသွင်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဆလ ၇၄ ဖွဲ့စည်းပုံအရ ဗမာပြည်ဟာ secular state အသွင် စာရွက်ပေါ်မှာရှိတယ်။ စာရွက်ပေါ်မှာရှိတယ်လို့ပြောရချင်းဟာ ဗိုလ်နေ၀င်းနဲ့အပေါင်းအပါတသိုက်တီထွင်သမျှ မြန်မာ့နည်းမြန်မာ့ဟန်တွေထဲမှာ ဗမာနည်းဆိုရှယ်လစ်စံနစ်နဲ့တကွ ဘုံအမျိုးသားရေးဝါဒ ပါပါတယ်။ အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးအနှစ်သာရကိုဖျက်ဖို့၊ ပလပ်ဖို့၊ တိုင်းရင်းသားအခွင့်အရေးကိုဖိနှိပ်ဖို့ရာ ခေတ်သစ်ဗမာပြည်ဟာ ရှေးဗမာဘုရင်များရဲ့လက်နက်နိုင်ငံများအသွင် ပြည်ထောင်ကိုစုစည်းမိခြင်းအသွင်အဖြစ် ခံယူတော့တာပဲ။ ဗိုလ်ချူပ်အောင်ဆန်းကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားအသွင်ပုံဖော်တော့တာပဲ။ ဒီ ဘုံအမျိုးသားရေးဝါဒဟာ အောင်မြင်တယ်။ ဘာလို့အောင်မြင်သလဲဆို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအတွက် စုစည်းနိုးကြားခဲ့ရတဲ့အမျိုးသားရေးစိတ် နမိတ်ပုံကိုလည်း စစ်အာဏာရှင်က ကောင်းကောင်းအသုံးချနိုင်ခဲ့လို့ပဲ။  စစ်အာဏာရှင်အောက်က ဘာသာရေးကဏ္ဍအကြောင်း နည်းနည်းကြည့်ကြရအောင်။ စစ်အာဏာရှင်အောက် ဘာသာမရွေးလူမျိုးမရွေး နိုင်ငံရေးအရဆန့်ကျင်လာရင် နှိပ်ကွပ်ခံရတာပဲဆိုတာမမှားဘူးဆိုပေသိ ဘယ်အချက်တွေကြောင့် ဘာသာကြီးလူမျိုးကြီးစိတ်ဖြစ်ပေါ်လာအောင် တွန်းအားပေးစေခဲ့တာလဲ။ ကျနော်ပြောလေ့ရှိတဲ့ ၈၀ ပြည့်နှစ် ထေရ်ရ၀ါဒဂိုဏ်းပေါင်းစုံညီလာခံရဲ့အကျိုးဆက်ဟာ အတော်သက်ရောက်ခဲ့တယ်ထင်တယ်။ ညီလာခံရဲ့အဆုံးအဖြတ်တွေက အသိအမှတ်ပြုဂိုဏ်းတွေကအပ ဂိုဏ်းသစ်မထောင်ရ၊ ပိဋကတ်၃-ပုံနဲ့ သွေဖီမဟောရ။ ၆၂ ပုံနှိပ်ဥပဒေနဲ့စာပေစီစစ်ရေး ပေါ်လာကတည်းက ဗမာပြည်မှာ စာပေလွတ်လပ်ခွင့်အပါအ၀င် Freedom of Expression ဟာ နှိပ်ကွပ်ခံခဲ့ရပြီးဖြစ်တာကို ဘာလို့ ၈၀-ဂိုဏ်းပေါင်းစုံညီလာခံအပေါ် လက်ညှိုးထိုးနေရသလဲဆိုတာ ရှင်းရမယ်။ ဘာသာရေးစာပေလွတ်လပ်မှုဟာ ဗုဒ္ဓဘာသာအတွင်းမှာကိုဆုံးရှုံးသွားရတာကြောင့်ဖြစ်တယ်။ ခင်ဗျားဟာ ပေါ်ပေါ်တင်တင် မဂ္ဂဇင်း သတင်းစာ စာအုပ်တွေအပေါ်မှာ ဖန်ဆင်းခြင်းအယူကိုဝေဖန်နိုင်တယ်၊ ဗြဟ္မာဏ၀ါဒကို ရှုံ့ချနိုင်တယ်၊ ငါတို့က အနတ္တကျန်တာအကုန် အတ္တ၀ါဒတွေလွဲတဲ့လမ်း မှားတဲ့အယူ ဆိုပြီးရေးနိုင်တယ် ပြောနိုင်တယ်။ ဦးဆန်းလွင်ရဲ့ ”ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတယောက်အကြောင်း”စာအုပ်ကို ထုတ်ဝေဖြန့်ချိနိုင်တယ်၊ ဒီလို ဘာသာရေးအရဝေဖန်ခွင့်စမ်းစစ်ခွင့်ဟာ တစ်လမ်းသွားပဲ။

ဒီ့ပြင့်ဘာသာတွေမပြောနဲ့ ဗုဒ္ဓဘာသာအတွင်းမှာကို မူရင်းမှ သွေဖီသူ၊ မတူသောအယူအဆနဲ့ ချည်းကပ်မှုအသစ်တို့ကို အကြံပြုသူတွေပေါ်လာရင်တော့ သည်းမခံ၊ မှားကြောင်းဝန်ခံရတယ်၊ အကြိမ်ကြိမ် အခါခါထောင်ချတဲ့အထိအပြစ်ယူတယ်။ ဒီလို ပြစ်ဒဏ်ချနိုင်အောင် ၈၀ ညီလာခံမှာ မဆလပြည်ထဲရေးနဲ့ သာသနာရေးက ဓမ္မစက်နဲ့မရရင အာဏာစက်နဲ့ကူညီပါ့မယ်ဆိုပြီး ပဋိဥာဉ်ပြုခဲ့ပြီးဖြစ်တယ်။ န၀တ နအဖ စစ်အစိုးရအဆက်ဆက်ကလည်း ၈၀ ညီလာခံရဲ့ရလာဒ် သံဃမဟာနာယကအဖွဲ့အပေါ်အသိအမှတ်ပြု ဆရာဒကာဆက်ဆံရေးကိုထိန်းသိမ်းတယ်။ ၂၀၀၇ ရွှေဝါရောင်အလွန်ကာလတွေမှာ နိုင်ငံတကာမှာ သံဃအစုအဝေးပေါ်ပေါက်လာတဲ့ အခါမှာလည်း နအဖဟာ မဟနနဲ့တွေ့ဆုံတိုင်း မဟနသာ တစ်ခုတည်းသောသံဃအပေါင်းအစုဖြစ်ပါကြောင်း အကြိမ်ကြိမ်ပြောခဲ့တယ်။ ဗမာပြည်ရဲ့သာသနာရေးဝန်ကြီးဌာနကရော ဘာသာအားလုံးကိုကိုယ်စားပြုပါသလား။ မေရီချပ်မင်မှာ ဆန်အိတ်လှူပြီး တစ်နှစ်တစ်ခါ ဟာ့ဂ်ျလုပ်ဖို့ လွှတ်ရုံကလွဲလို့ သာသနာထွန်းကားပြန့်ပွားရေးဟာ သာသနာရေးဝန်ကြီးရဲ့ ဦးစီးဌာနတစ်ခုဖြစ်တယ်။

ဒီတော့ ဗမာပြည်ဟာဖွဲ့စည်းပုံကဘာပြောပြော secular state မဟုတ်ဘူး။ ဓမ္မစက်အာဏာအရှိဆုံးဆိုတဲ့ မဟနကလည်း အစိုးရမင်းများမျက်နှာကိုကြည့်လို့ လူ့အရေးကိုပြောရန် အင်မတန်ဝန်လေးသော ဘာသာရေးအဖွဲ့ကြီးအနေနဲ့သာ နေတော့တယ်။ ကျနော့်အနေနဲ့ကတော့ ရွှေဝါရောင်တော်လှန်ရေးလို လက်ပဒေါင်းတောင်အရေးလို ခေတ်အဆက်ဆက်သံဃာများ လူ့အရေးလူ့အကျိုးအတွက်ဆောင်ရွက်မှုကို အမုန်းတရားဖြန့်ဝေနေတဲ့လှုပ်ရှားမှုနဲ့ တဇာတ်ထဲမသွင်းနိုင်ဘူး။ အခုထိအောင် ဘာသာရေးသမားများ လူ့အရေးလူ့ကောင်းကျိုးကိုဆောင်သင့်ကြောင်း အခိုင်အမာယုံကြည်တယ်။ ဘာသာကြီးလူမျိုးကြီး အယူချွတ်ဖို့ကတော့ နိုင်ငံရေးဆိုင်ရာပြောင်းလဲမှုတွေ အခြေခံကစမလုပ်ပဲနဲ့တော့ ငါတို့ဟာအိမ်ရှင်ဆိုတဲ့ စိတ်ထားအပေါ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ လင်းထင်