Monday, May 6, 2013

ဖိုးလမင်း၊ ဖွင့်တဲ့တံခါးနှင့် ဖိသည့်လက်အရုပ် မျိုးမြင့်ချို

0 comments
ဖိုးလမင်း၊ ဖွင့်တဲ့တံခါးနှင့် ဖိသည့်လက်အရုပ် မျိုးမြင့်ချို
မေလ ၂ ရက်နေ့က ကနေဒါမှမိတ်ဆွေ ကိုသာအေးထွန်းက ယူကျူဗ်လင့်ခ်တခု အီးမေးလ်ထဲလှမ်းပို့၏။ ထူးဆန်းထူးခြားလေးတွေ ရွေးပို့တတ်သည်မို့ သူပို့တိုင်းသတိထား၏။ ခုပို့သည့်လင့်ခ်က အမေရိကန်နိုင်ငံတော်အဆင့်ခရီးသည် State Visitor of U.S.A တဦး၏ ခရီးစဉ်ကို တင်ထားသည့်မှတ်တမ်းရုပ်ရှင် အပိုင်းအစလေး။ ထိုသေးသေးလေးတွင် သမိုင်းတန်ဘိုးအကြီးကြီးကို မြင်ရ၏။ ဤမှတ်တမ်းလေး မရခင် တပတ်လောက်ကပဲ ထိုပြည်နယ်ရှိထိုမြို့လေးသို့ ရောက်ခဲ့သေးသော်လည်း ဝင်လည်ချိန်မရသဖြင့် ဖြတ်သွားဖြတ်လာ ဖျတ်ကနဲသာ။
အမေရိကန်သမ္မတက တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်းအား ၁၉၆၆ ခု စက်တင်ဘာတွင် အမေရိကန်သို့ နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ပြီး မင်းခမ်းမင်းနားနှင့်ကြိုဆိုခဲ့၏။ (အသေးစိတ်မရေးတော့ပါ။ ကြည့်ချင်လျှင်


ဤနေရာတွင်ဝင်ကြည့်ပါ)။ စစ်အာဏာခေါင်းကိုင်အား အန်ကယ်လ်ဆမ်က ဤမျှအလေးပေးအရေးထားသည်ကိုတွေ့ပြီး တချို့ မင်သက်၊ တချို့ တက်ခေါက်၊ တချို့ မျက်စေ့လည်၊ တချို့ ဓါးပြမှန်း-တောင်ပို့မှန်း ဟောကိန်းထုတ်၏။ တချို့ သိုက်စာဖတ်ရင်း စိတ်ကူးဖဲရိုက်ကြ၏။ အမျိုး၊ ဘာသာ၊ သာသနာအချို့က လက်ခမောင်း ဖြောင်းကနဲခတ်တဲ့ပြီး “သာကီမျိုး..ဒို့ဗမာ”ဆိုကာငြာသံပေး၏။ ဘာဖြစ်ဖြစ် အချိန်ကုန်ခံတင်ရကျိုး နပ်သည့်အတွက် ပီတိဖြစ်စရာ။

(United States of America Information Agency- USIA) က ဤမှတ်တမ်းကို ယူကျူ့ဗ်တွင် တင်သည့်ရက်မှာ စက်တင်ဘာ ၂၉ ရက် ၂ဝ၁၂ ခုနှစ်ဖြစ်၏။ သိတ်တော့ မကြာလှသေး။ မှတ်တမ်းဟောင်းကိုဖုန်သုတ်ပြီး ဆွဲထုတ်လာခြင်းရည်ရွယ်ရင်းကိုရိပ်စားနိုင်ကြ၏။ အခြား နေရာများတွင် ယခင်ကတင်ခဲ့ကောင်း တင်ခဲ့နိုင်သော်လည်း ယခုအခါ ယူကျူဗ်လိုနေရာမှာတင်ခြင်းကတော့ တိုက်ဆိုင်မှုမဟုတ်တန်ရာ။
ခုလ ၂ဝ ရက်နေ့တွင် (ဗိုလ်)ဦးသိန်စိန် အမေရိကန်ကို နိုင်ငံတော်ဧည့်သည်အဖြစ်လာဖို့ရှိ၏။ ထိုခရီးစဉ်နှင့်စပ်၍ လွတ်လပ်သောအာရှအသံ က တနင်္ဂနွေစကားဝိုင်းတွင် ကျနော့်အား ဝင်ပြောနိုင်မလားဟု တောက်လာ၏။ ကျနော်က မဆိုင်းမတွ “ဟုတ်ကဲ့”လိုက်ပြီး ဝင်ပါ၏။ တနေ့က လွှင့်ပြီးသွားပြီ။ နားထောင်ကြည့်ချင်လျှင်


ရပါသည်)။
မီဒီယာတိုင်းတွင် ကိုယ်ပိုင်အိုင်ဒီယာနှင့်ပေါ်လစီ ရှိကြစမြဲ။ ထုတ်လုပ်မှုတိုင်းကို ထိုအရာတို့ဖြင့်ဆန်တုတ်(ဇတုတ်)တိုက်ကာ  လက်လုပ် ဆင်ဆာအောက်ကနေ သွားကြရိုးလည်းဖြစ်၏။ နောက်တချက်က အချိန်။ အင်တာဗျူးဖြစ်ဖြစ် ဒီဘိတ်ဖြစ်ဖြစ် တော့လ်ခ်ရှိုးဖြစ်ဖြစ် အချိန် အကန့်အသတ်ရှိရသေး၏။ ပရိဂရမ်တခုလုံးအတွက်အပြင် ပါဝင်ဘက်တွေပြောချိန်မျှအောင် အချိန်ကိုသမပေးမှရ၏။ ထို့ကြောင့် သူ့မီဒီယာ တွင် ကိုယ်ပြောချင်သမျှ ပြောလိုသမျှပြောလို့မရ။ ပြောလို့မဖြစ်။ ပြောဖို့လည်း မသင့်။ သူ့အိုင်ဒီယာ၊ သူ့ပေါ်လစီ၊ သူ့အချိန် သူ့အထိုင်ပေါ်က ချိန်ဆချင့်တွက်ရ၏။ ကိုယ့်စာမျက်နှာနှင့် ကိုယ့်ဘလော့ဂ်တွင်ကား ထိုမျှလောက် ကျပ်ကျပ်တည်းတည်းမရှိတတ်။ သူ့ထံတွင် မပြောဖြစ် ခဲ့ရသည်များအား ကိုယ့်ဆီမှာ ဖြည့်ပြော ပြောချင်လာ၏။ သို့ဖြင့် ဤစာ ရေးဖြစ်၏။

ယခုအကြိမ် အမေရိကန်နှင့်စစ်အုပ်စု ရွှေလမ်းငွေလမ်းထပ်ပေါက်ခြင်းသည်လည်း ၁၉၆၆ နှင့် လုံးလုံးခြားနားသည်ဟု ပြောလို့တော့မဖြစ်။ အဝေး၊ အနီးနှင့်လတ်တလောအကြောင်းများ စုဆုံရာမှဖြစ်ထွန်းလာခြင်းပင်။ ၂ဝ၁ဝ ရွေးကောက်ပွဲ၊ အရပ်ဝတ်အစိုးရ၊ ကန့်သတ်နိုင်/ကျဉ်း လွှတ်ခြင်း၊ မြစ်ဆုံကိစ္စ၊ ၂ဝ၁၁ ကြားဖြတ်ရွေးကောက်ပွဲ၊ အင်န်အယ်လ်ဒီတင်ခြင်း/ဝင်ခြင်း၊ မီဒီယာဖြေလျှော့ခြင်း….ခြင်း…ခြင်း ထိုခြင်းပေါင်း များစွာ၏ တကယ့်အနှစ်အသားကဘာမှန်း ကာယကံရှင်တွေရော အပြင်လူတွေပါသိနေသည့်တိုင် ထိုကိစ္စတို့သည် ပြန်ပေါင်းထုတ်မင်္ဂလာ၏ စေ့စပ်လက်စွပ်များဖြစ်ခဲ့ရ၏။ ပုဏ္ဏားဖြူ ပုဏ္ဏားညိုတွေနှင့် နေ့ကောင်းရက်သာရွေးအခါတော်ပေးချိန်မို့ နတ်ရေးငယ်ရွှေစာ တကြော့ပြန်ဝင်၏။ ယင်းတို့သည် ဖွင့်ချင်သူက တံခါးကို အတွင်းမှတွန်းပြီး “ဟ”ပေးသည့် အခြေအနေနှင့်အခင်းအကျင်း။ တံခါးမည်သည် အထဲကမည်မျှပင် ပွင့်ချင်စေကာမူ အပြင်က တွန်းဖိပိတ်ထားလျှင် ဖွင့်မရ။  

စစ်အေးပြီးပြီးချင်း အမေရိကန်နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ် Foreign Policy Focus ပြောင်းဖို့ အသံထုတ်လာ၏။ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းမှလက်ရုပ်ပြီး အာရှနှင့်ပစိဖိတ်ဒေသကို ခြေချရန်ပြင်နေတုန်း ဗြုန်းဆို ၉/၁၁ ပေါ်လာပြီး စစ်နွံထဲကျွံကျသွား၏။ ငွေကုန်၊ လူပမ်း၊ ကြွေးခိုက်ပြီးစီးပွားပျက်ကာ မရှူနိုင်မကယ်နိုင်။ ပေါက်ဖော်ကြီးကမ္ဘာပတ်ပြီးစီးပွားရှာနေချိန်မှာ အန်ကယ်လ်ဆမ်က ကမ္ဘာလှည့်ပြီး စစ်တိုက်၏။ သူ့ ရန်တွေကုန်သလောက်ရှိတော့မှ ရန်ကုန်ကိုလှမ်းကြည့်ပြီး ထိတ်ထိတ်ပြာပြာဖြစ်ကာ ခြေမကိုင်မိလက်မကိုင်မိ။ တရုတ်၏ စီးပွားရေးနှင့်နိုင်ငံရေးသြဇာက ပတ်လည်နိုင်ငံများတွင်သာမက ဒေသတွင်းနှင့်ကမ္ဘာတလွှားသို့ပါ တစတစကျက်စားလျှက်။ ကြွယ်ဝလာသည့် ပေါက်ဖော်ကြီးက စည်းရိုးပြင်၏။ ကာကွယ်ရေးအသုံးစရိတ်မြှင့်သလို မိုးပေါ်သို့ လူပါသည့်ယဉ်တွေပါတင်၏။ ဤတွင် အမေရိကန်တို့ စိုးရိမ်စိတ်ဝင်လာ၏။ “တရုတ်အန္တရာယ်”တို့ “တရုတ်ခြိမ်းခြောက်မှု”တို့ဖြစ်လာ၏။ စစ်အေးခေတ်မဟာမိတ်ကို ယခုအခါ ပြိုင်ဘက်မျှမက “ခွာရာလာတိုင်းမယ့်ကောင်”အဖြစ် စာရင်းသွင်းလိုက်၏။ သည်တွင် ကွန်တိန်းမင့်နှင့်အင်ဂေ့ဂ်ျမင်န့် Containment and Engagement တွေ ဟာ့ဒ်၊ ဆော့ဖ်၊ စမတ်ပါဝါ Hard, Soft and Smart Power တွေနှင့် နိုင်ငံခြားရေးပေါ်လစီသစ်ချရ၏။
တရုတ်ကို(ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး)တခုခုလုပ်မည်ဆိုလျှင် သူစိုးမိုးထားသည့်ရေပြင်ကြီးများ၊ ထိုရေပြင်ကြီးထဲနှင့် အစပ်တွင်ရှိသည့်တိုင်းပြည်များသာမက ကုန်းတွင်းပိုင်းထိစပ်နေသည့်နိုင်ငံများနှင့်ပါ အလွမ်းသင့်မှဖြစ်လိမ့်မည်။ ထိုအထဲတွင် တရုတ်နှင့် ငြှိုးသူရန်ဘက်ဖြစ်ဖူးသူများရော၊ တဇောင်းစေးနှင့်မျက်ချေးဖြစ်နေသူများရော၊ ပြဒါးတလမ်းသံတလမ်းတွေရော၊ ရင်ခွင်ပိုက်များရော အားလုံးပါ၏။ ထိုသူအားလုံး အရေးရှိက “ကိုယ့်လူကိုယ့်ဘက်သား”ဖြစ်မှရတော့မည်။

ဗမာပြည်သည် တရုတ်နှင့်ကုန်းတွင်းပိုင်း မိုင်ထောင်ချီထိစပ်နေ၏။ တရုတ်နောက်ကျောဘက်က ပင်လယ်ထွက်ပေါက်လည်းဖြစ်၏။ ဤတွင် အလွမ်းသင့်ရမည့်အထဲ ဗမာပြည်ထိပ်ဆုံးသို့ရောက်လာ၏။ ကိုယ့်လူဖြစ်ရမည့်သူထဲ ပါ၏။ ကိုယ့်လူဖြစ်ရေးကလည်း သိတ်အခဲအယဉ်း မဟုတ်လှ။ ပြန်ခွာ၍သွေးထွက်စရာ သမိုင်းအနာဖေးများကလည်း အနမတဂ္ဂ။ ဦးတီဘွားတို့၊ ထုံး ၃ ရစ်တို့၊ တရုတ်ပြေးမင်းတို့မှစကာ ဖိမော်၊ ဂေါ်လန်နှင့်ဂန်ဖန်အထိရှိ၏။ ဗကပကို တိုက်ရိုက်ကူညီထောက်ပံ့ခဲ့ဖူးတာတွေရှိ၏။ ဝသုနြေ္ဒလက်ရေးနှင့် နန်းမြို့ရိုးကြီးရှိ၏။ ပြည်တွင်းပေါက် နှင့်မိုးကျရွှေကိုယ်တရုတ်တို့၏ ဓနဥစ္စာကျိကျိတက်မှုကလည်း မျက်စောင်းခဲချင်စရာရှိ၏။ စစ်အာဏာ၏အထောက်အမဖြင့် စီးပွားရေးအရ ထင်တိုင်းကြဲနေခြင်းကလည်း မျက်မုန်းကျိုးစရာရှိ၏။ စစ်အာဏာ၏ပုံသွင်းမှုအောက်က ဖွားမြောက်ရင့်သန်နေသည် လူမျိုးခြားမုန်းတီးရေး စိတ်အခံလည်းအဆင်သင့်ရှိ၏။ အခြားလည်း ဆွဲထုတ်မည်ဆိုလျှင် ထုတ်၍ရနိုင်သေးသည့် အစများ၊ ဆွဲဆန့်မည်ဆိုလျှင် ဆန့်နိုင်သေးသည့် အဆန့်များရှိနိုင်သေး၏။

ဤတွင် အလွမ်းသင့်ရမည့်ကိုယ့်လူအတွက် အပြင်မှဖိပိတ်ထားသည့်လက်ကို ပြန်ရုပ်ရတော့မည်။ ဖြည်မှလျှော့မှရတော့မည်။ ဆိုတော့ အထဲကလူကိုလည်း အတွန်းပြခိုင်း၊ ကိုယ်တိုင်ကလည်း အဖိလွှတ်ပေးကာ တံခါးက ဝုန်းကနဲပွင့်စေ၏။ ဖွင့်ချလိုက်၏။ ချုပ်ရလျှင် တံခါးပြန်အပွင့်မှာ အတွင်းမှအတွန်းထက် အပြင်ကအဖိကိုအရုပ်က ပိုအခရာကျ၏။
သို့သော် နှစ်ဖက်လုံးအတွက် အရှက်ပြေနှင့်လူအမြင်တင့်ဖို့ Matchmaker ရှာရ၏။
ထိုအခါ ဖိုးလမင်းသည် အောင်သွယ်တော်ဖြစ်၏။
မျိုးမြင့်ချို မေ ၆ ရက် ၂ဝ၁၃



ကန်နှင့်တရုတ်စစ်တလင်းကြားကမြန်မာ ရေးသားသူ- ဘာတေးလင့်တနာ

0 comments
ကန်နှင့်တရုတ်စစ်တလင်းကြားက မြန်မာရေးသားသူ- ဘာတေးလင့်တနာ
မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကိုပွင့်လင်းစေရန်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာပင် သရုပ်မှန်များကပေါ်ထွက်လို့လာနေပါပြီ။ တရုတ်နှင့်နီးကပ်လှသောဆက်ဆံရေးမှဖယ်ခွာ၍ အနောက်ကိုလှမ်းနေသော မြန်မာနိုင်ငံ၏လုပ်ရပ်က အာရှအခင်းအကျင်းကိုပြောင်းလဲလိုက်ကြောင်းပြသလိုက်သဖြင့် ၀ါရှင်တန်နှင့်ဘေဂျင်းတို့၏အကျိုးစီးပွားပဋိပက္ခ စတင်လာတော့သည်။ ထိုအခါ မြန်မာနိုင်ငံသည် အန္တရာယ်ကြီးသည့်အင်အားကြီးနှစ်နိုင်ငံတို့၏ အားပြိုင်မှုအကြားရောက်နေသည့်အဖြစ်ကို တွေ့ရနိုင်သည်။ ဤအခြေအနေအောက်တွင် အစဉ်အဆက်အာဏာကြီးခဲ့သည့် မြန်မာစစ်တပ်က နိုင်ငံရေးနှင့်လူမှုအသိုင်းအ၀ိုင်းအတွင်း ၄င်းတို့၏ချုပ်ကိုင်မှုအခန်းကဏ္ဍကို အချိန်အတော်ကြာထိန်းသိမ်းထားဦးမည်ဟု ယူဆရသည်။
ဝါရှင်တန်သတင်းရပ်ကွက်၏အဆိုအရ အမေရိကန်သမ္မတအိုဘားမားအစိုးရအဖွဲ့သည် မြန်မာနိုင်ငံအား ၄င်းတို့၏နိုင်ငံခြားရေးမူဝါဒတွင် ထိပ်တန်းဦးစားပေးနေရာ၌ထားရှိသည်ဟုဆိုသည်။ ကုန်သွယ်မှုနှင့် အခြားဖလှယ်ရေး အစီအစဉ်များကိုအားပေးနေပြီး ဧပြီ ၂၅ ရက်တွင် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ်ယွန်းက မြန်မာနိုင်ငံ၏နိုင်ငံရေးအရ ဆက်လက်ပြုပြင်ပြောင်းလဲမှုကိုအားပေးသည့်အနေဖြင့် မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် နည်းလမ်းများကိုပင်စဉ်းစားနေကြောင်း ကွန်ဂရက်ကိုပြောဆိုခဲ့သည်။
အမေရိကန်သည် မြန်မာနိုင်ငံအတွင်း သတင်းအချက်အလက်များစုဆောင်းနိုင်မှုအခြေအနေကိုလည်း အလျင်အမြန် မြှင့်တင်နေလေသည်။ ရန်ကုန်မြို့ရှိအမေရိကန်သံရုံးသည် အရှေ့တောင်အာရှတစ်ခွင်လုံးတွင်ရှိသည့် သံတမန်မစ်ရှင်အားလုံးထက် ထောက်လှမ်းရေးလုပ်ငန်းပိုမိုကျယ်ပြန့်နေသည်ဟု ယူဆရသည်။ ဘေဂျင်းက ဤအခြေအနေကို မနှစ်သက်လှတာကတော့ အဆန်းမဟုတ်ပါ။ နေပြည်တော်အစိုးရကို နိုင်ငံရေးဖိအားပေးရုံသာမကတော့ဘဲ မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏လွှမ်းမိုးမှုကိုရပ်တန့်ရန်အတွက် ခပ်ကြမ်းကြမ်းခြေလှမ်းအချို့ကို တရုတ်အစိုးရက စတင်လာသည်။
ပြီးခဲ့သည့်နှစ်က တရုတ်လက်နက်ကုန်သည်များက တရုတ်-မြန်မာနယ်စပ်တစ်လျှောက်လှုပ်ရှားနေသည့် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်(UWSA)ကို လက်နက်ပံ့ပိုးရာတွင် သာမန်ရိုင်ဖယ်သေနတ်၊ စက်သေနတ်၊ ဒုံးကျည်နှင့် HN-5 အတွဲမှ လူကသယ်ယူနိုင်သည့် ဝေဟင်ပစ်လက်နက်၊ (သို့မဟုတ်) MA-NPADS အဆင့်မဟုတ်တော့ဘဲ PTL-02 6x6 wheeled "Tankdestroyers" ခေါ် တင့်ကားဖျက်လက်နက်အပါအ၀င် အခြား တရုတ်လုပ်လက်နက်တပ်ဆင်ထားသော 4x4 ZFB-05s စစ်ပွဲသုံးယာဉ်များကိုပေးပို့ခဲ့သည်။ Jane's Defence အပတ်စဉ်က ဧပြီ ၂၉ ရက်ထုတ်ဂျာနယ်၌ဖော်ပြထားသည့်သတင်းတွင် တရုတ်က UWSA ကို TY-90 အမျိုးအစား ဝေဟင် အချင်းချင်းပစ်နိုင်သည့်ဒုံးကျည် (TY-90 airto air missiles) များ တပ်ဆင်ထားသော 17 medium-transport ရဟတ်ယာဉ်အများအပြား ပေးပို့ခဲ့ကြောင်းပါရှိလာသည်။
ဤဖြစ်စဉ်အားလုံးသည် ၀ါရှင်တန်နှင့် နေပြည်တော်အကြားဆက်ဆံရေး သိသိသာသာနွေးထွေးလာချိန်တွင် ဖြစ်ပေါ်လာသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံသည် နိုင်ငံတကာ၏အပယ်ခံဖြစ်ခဲ့သည်။ ၄င်း၏ ဆိုးရွားလှသောလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်နှင့်ဥရောပနိုင်ငံများက စီးပွားရေးနှင့်သံတမန်ရေး ပိတ်ဆို့မှုများဖြင့် အနောက်နိုင်ငံများ၏အကြဉ်ခံခဲ့ရသည်။ ထိုစဉ်က မြန်မာ၏တစ်ဦးတည်းသော နီးနီးကပ်ကပ်မဟာမိတ်မှာ တရုတ်သာရှိခဲ့သည်။ ဘေဂျင်းအပေါ်မှီခိုမှုများလွန်းသဖြင့် မြန်မာကို ဘေဂျင်း၏လက်ဝေခံ ပြည်နယ်တစ်ခုအဖြစ်
ဖော်ပြတတ်ကြသည်။
ထိုအရာအားလုံးသည် ၂၀၁၁ ခုနှစ်တွင် သိသိသာသာပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံ သမ္မတသစ်ဦးသိန်းစိန် တက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်သည့်လုပ်ရပ်များဖြင့် အပြောင်းအလဲများလုပ်ပြီး အနောက်နိုင်ငံကိုလက်ကမ်းခဲ့သည်။ သတင်းဆင်ဆာကို လျှော့ပါးပေးခဲ့သည်။ နိုင်ငံရေးအတိုက်အခံများကို စည်းဝေးခွင့်များပေးခဲ့သည်။ နိုင်ငံခြားသတင်းထောက်များကို ယခင်ကကဲ့သို့ လျှို့ဝှက်ရဲများစောင့်ကြည့်မှု(သို့မဟုတ်) ပိတ်ပင်တားဆီးမှုများမရှိဘဲ ပြည်တွင်းမှသတင်းပေးပို့ခွင့်ပြုခဲ့သည်။
အနောက်ကလည်း အလားတူတုံ့ပြန်ခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ၀ါရှင်တန်မှ ဤအဆင့်ရှိ အစိုးရအရာရှိတစ်ဦးလာရောက်ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် အိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သည့် အမေရိကန်သမ္မတအဖြစ် မြန်မာနိုင်ငံသို့ရောက်လာခဲ့သည်။ ယခုနှစ် ဧပြီလ ၂၂ ရက်တွင် ဥရောပယူနီယံက လက်နက်မှလွဲ၍ကျန်စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားခဲ့သည်။ ဥရောပ၀န်ကြီးချုပ်များနှင့် အခြားဥရောပမှအကျော်အမော်များ မြန်မာပြည်ကိုစုပြုံရောက်ရှိလာခဲ့ကြသည်။ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ကလည်း အလားတူလုပ်ရပ်များလုပ်ရန်ရှိသော်လည်း ဥရောပနှင့်မတူသည့်အချက်မှာ အမေရိကန်၏ချဉ်းကပ်မှုတွင် စစ်ရေးအကြောင်းအချက်များ ပါဝင်နေခြင်းဖြစ်သည်။ ပထမ ခြေလှမ်းတစ်ရပ်အဖြစ် ယခုနှစ် ဖေဖော်ဝါရီလတွင်ထိုင်းနိုင်ငံ၌ပြုလုပ်သော Cobra Gold စစ်ရေးလေ့ကျင့်မှု၌ မြန်မာစစ်တပ်ကို အမေရိကန်က ပထမဆုံးအကြိမ်ဖိတ်ခေါ်ခဲ့သည်။ အိုဘားမား၏အာရှဆုံလည်ဟုခေါ်သောဗျူဟာအရ ၀ါရှင်တန်သည် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ စသည့် မဟာမိတ်များကိုထပ်မံအတည်ပြုခဲ့သည်။ ရန်သူဟောင်းဗီယက်နမ်ကိုလည်း ဆက်ဆံရေးတိုးမြှင့်ခဲ့သည်။ သို့ရာတွင် အာရှတွင်း အမေရိကန်၏သြဇာဖြန့်ကြက်မှုတွင် မြန်မာနိုင်ငံတစ်ခုတည်းကသာ တရုတ်အပေါ်ရိုက်ခတ်မှုရှိခဲ့သည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးပံ့ပိုးကူညီရန် အမေရိကန်ကအကြိမ်ကြိမ်ပြော ဆိုနေပြီး မြန်မာနိုင်ငံကလည်း ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ လုပ်နေသည်ဆိုသော်လည်း မည်သူမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောသည့်အချက်မှာ တရုတ်၏အင်အားကြီးထွားလာမှုနှင့် လွှမ်းမိုးမှုအကြောင်းဖြစ်သည်။ ဤနေရာတွင် အမေရိကန် နိုင်ငံရေးသမားမျာနှင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ စိတ်သဘောချင်းတိုက်ဆိုင်ကြပုံရသည်။
၂၀၁၁ ခုနှစ်ခန့်က စာရေးသူထံ မြန်မာစစ်တပ်တွင်းကပေါက်ကြားလာသောမှတ်တမ်းများအရ အမျိုးသားရေးပြဿနာများနှင့်အရေးပေါ်ဆွေးနွေးချက်များပါရှိရာ တရုတ်က မြန်မာနိုင်ငံကိုစီးပွားရေးအရလွှမ်းမိုးရယူနေပြီး နိုင်ငံရေးအရလည်း စတင်၍ချုပ်ကိုင်လာနေသည့်အကြောင်း၊ မြန်မာနိုင်ငံသည်လွတ်လပ်ရေးဆုံးရှုံးသွားနိုင်သည့် အန္တရာယ်နှင့်ကြုံတွေ့နေကြောင်း၊ ထို့ကြောင့် မြန်မာအနေနှင့် အနောက်ကိုကမ်းလှမ်းဖို့လိုလာကြောင်း မှတ်တမ်းများ၌ပါရှိသည်။
တရုတ်နှင့်နီးကပ်လှသော မြန်မာ့ဆက်ဆံရေးကို မနှစ်သက်လှသဖြင့် ၀ါရှင်တန်အတွက်ကတော့ ဤသတင်းက နားဝင်ချိုလှသော်လည်း တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယားနှင့် နေပြည်တော်က ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးတည်ဆောက်နေသည့်အဖြစ်ကြောင့် မြန်မာကိုလက်မခံနိုင်ခဲ့ပေ။
ဝါရှင်တန်သတင်းအရ ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် အိုဘားမားအစိုးရအဖွဲ့က အခြေခံမူဝါဒပြောင်းလဲရန် လိုအပ်ကြောင်းဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ သံတမန်များက မြန်မာနိုင်ငံနှင့် စိတ်ဝင်တစားဆက်သွယ်လာကြပြီး တရုတ်စက်ကွင်းကဆွဲထုတ်နိုင်ရေး ပါဝင်လုပ်ဆောင်လာခဲ့သည်။ မြောက်ကိုရီးယားကိုလည်း အနောက်အာရှနှင့် အရှျေ့တာင်အာရှတွင် စစ်ရေးမဟာမိတ်မရှိအောင် စီမံခဲ့သည်။ မြောက်ကိုရီးယားနှင့် မဟာမိတ်ပြတ်တောက်သွားစေခြင်းက ရေတိုတွင်အဓိကအကြောင်းတစ်ရပ်ဖြစ်သော်လည်း ရေရှည်တွင်မူ တရုတ်နိုင်ငံ၏သြဇာတက်လာမှုက အဓိကအကြောင်းရပ်ဖြစ်နိုင်သည်။
မြန်မာနိုင်ငံကအပြောင်းအလဲတစ်ခုခုရှိမှသာ ၀ါရှင်တန်က မူဝါဒပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် ပေါ်ပေါ်ထင်ထင် မရိုးသားသော ၂၀၁၀ ပြည့်ရွေးကောက်ပွဲအပြီး အရပ်သားတစ်ဝက်အစိုးရတက်လာချိန်တွင် အကြောင်းပြစရာတစ်ခုရခဲ့သည်။
သို့သော် အဓိကအတားအဆီးကြီးတစ်ခုက ကျန်ရှိနေပါသေးသည်။ ဒီမိုကရေစီပြယုဂ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သူ့ကို နေအိမ်အကျယ်ချုပ်မှလွှတ်ပေးခဲ့သည်။ လွှတ်ပြီးသည်နှင့် မြန်မာတိုင်းရင်းသားအရေးဖြေရှင်းရန် စတင်လှုပ်ရှားခဲ့သည်။ ဖခင်ဖြစ်သူလုပ်ကြံမခံရမီနှင့် လွတ်လပ်ရေးမရမီ တနှစ်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်သဘောတူညီချက်များရခဲ့သည့် ပင်လုံကိုရည်ညွှန်းပြီး သူက ဒုတိယပင်လုံဟုခေါ်ဆိုသည်။ ဤလုပ်ရပ်အတွက် အစိုးရနှင့်နီးစပ်သည့်ဘလော့ဂါများက သူ့အား သစ္စာဖောက်ဟု ခေါ်ဆိုတိုက်ခိုက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ခုနှစ်တွင် ပြည်လုံးကျွတ်အောင်နိုင်ခဲ့ပြီး ယှဉ်ပြိုင်သည့်နေရာ ၄၄ နေရာ အနက် ၄၃ နေရာကိုရရှိခဲ့သည်။ သူ့မိန့်ခွန်းကိုနားထောင်ရန် သောင်းနှင့်ချီသောပြည်သူများက စုဝေးခဲ့ကြသည်။ သူ့မိန့်ခွန်းကိုသောင်းသောင်းဖြဖြအားပေးခဲ့ကြသည်။ သို့သော် ထို့နောက်တွင်မူ သူ့ကိုနှစ်ရှည်လများ နေအိမ်အကျယ်ချုပ်ချထားခဲ့သော ဆိုးရွားလှသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်တာဝန်ရှိသည်ဟု သူကိုယ်တိုင် ကြိမ်ဖန်များစွာပြောဆိုခဲ့သောစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က စတင်ချီးကျူးလာသည်ကိုတွေ့ရပြန်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဘီဘီစီနှင့်မေးမြန်းခန်းတွင် စစ်တပ်ကို သူ့ဖခင်တပ်ဟုအမြဲမှတ်ယူပြီး နှစ်သက်သဘောကျကြောင်း၊ ယခုကဲ့သို့ ပြောဆိုမှုအတွက် လူအများကမနှစ်သက်ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ယူနီဖောင်းဝတ်စစ်ဗိုလ်ချုပ်ကြီးများကြား၌ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ရှေ့ဆုံးတန်းမှနေပြီး တပ်မတော်၏နောက်ဆုံးပေါ်စစ်ရေးပြအခမ်းအနားကိုတက်ရောက်ကြည့်ရှုခဲ့ပြန်သည်။
ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့်သဘောတူညီချက်ရယူပြီးဖြစ်သည်မှာ ထင်ရှားလာနေသည်။ အမေရိကန်ကဲ့သို့သော ပြင်ပစစ်ခေါင်းဆောင်များနှင့် အလွမ်းသင့်အောင်ပေါင်းရန် ဖိအားရှိလာဟန်တူသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသိန်းစိန်အကြား နိုင်ငံရေးအရနှစ်ခြမ်းကွဲနေသောမြန်မာနိုင်ငံကို အမေရိကန် မလိုလားပါ။ ဤကိစ္စကို အင်န်အယ်လ်ဒီအဖွဲ့ဝင်များကလည်း တိုးတိုးတိတ်တိတ်ဝန်ခံခဲ့ကြသည်။
၂၀၁၁ခု၊ သြဂုတ်လ ၁၉ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်တွေ့ဆုံခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့်အစိုးရကိုဝေဖန်မှုများ မပြုလုပ်တော့ပါ။ ထိုနည်းတူ တိုင်းရင်းသားတိုက်ပွဲများနှင့်ပတ်သက်၍လည်း မည်မည်ရရပြောဆိုခြင်း မရှိတော့ပါ။ နိုင်ငံတော်လုံခြုံရေးကိစ္စဟုယူဆပြီး စစ်တပ်၏တာဝန်ဟုသာသတ်မှတ်ထားလိုက်သည်။
၂၀၁၁ စက်တင်ဘာလတွင် ကချင်ပြည်နယ်တွင် တရုတ်အထောက်အပံ့နှင့်ဆောက်လုပ်မည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံဆည်ကိုရပ်တန့်ရန်အစိုးရ၏ဆုံးဖြတ်ချက်ထွက်ပေါ်လာသည်။ အောက်ခြေလူထုအထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာကြသောဤလှုပ်ရှားမှုတွင် ရန်ကုန် အမေရိကန်သံရုံးကအကူအညီပေးထားသောသူများ လည်းပါဝင်ခဲ့သည်ဟု ၀ီကီလိခ်ကဖော်ပြသည်။ တရုတ်နိုင်ငံအတွက်မှာ မြန်မာနိုင်ငံသည် စီးပွားရေးနှင့်မဟာဗျူဟာအရ အရေးပါလှသည်။ မြစ်ဆုံအပြင် တရုတ်၏မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုများမှာ ရေအားလျှပ်စစ်၊ ကြေးနီနှင့်အခြားရှားပါးသော သတ္တုများတူးဖော်ရေးတို့ဖြစ်သည်။ ပင်လယ်ရေကြောင်းကုန်သွယ်ရာလမ်းကြောင်းပေါက်သည့် ကြားခံပြည်လည်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားပင်လယ်အော်နှင့်အရှေ့အလယ်ပိုင်းမှ မလက္ကာရေလက်ကြားကိုရှောင်လွှဲပြီး စွမ်းအင်တင်သွင်းနိုင်မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လိုင်းကိုလည်း ဖောက်လုပ်ရန်စီစဉ်နေသည်။ ပြောရမည်ဆိုလျှင် တရုတ်သည် မြန်မာကို အမေရိကန်လက်ထဲ ထည့်မပေးနိုင်ပါ။ အကျိုးရလဒ်အနေနှင့် တရုတ်က နေပြည်တော်နှင့် သံတမန်ရေးရာ ကစားတော့သည်။ UWSA ကို ပံ့ပိုးနေသည့် တချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အေနှင့် ငြိမ်းချမ်းရေးတွင် ကြားဝင်ဆောင်ရွက်ပေးသည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖုယင် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီး ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်တွေ့ဆုံသည်။ တရုတ်ကစီစဉ်ပေးသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရုတ်နယ်စပ်မြို့ရွှလီတွင် ကျင်းပပေးခဲ့သည်။ ကချင်နှင့်မြန်မာနှစ်ဖက်စလုံးကို ကြားဝင်စေ့စပ်ပေးမည့်အကြောင်း စကားပါးသည်။ မြန်မာအစိုးရကို ဆောက်လုပ်ရေနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ ၅၂၇ သန်းချေးငှားမည့် အကြောင်းနှင့် ကချင်နှင့်ဖြစ်ပွားသည့်စစ်ပွဲများကိုဖြေရှင်းပေးမည်ဟု ရေမှုတ်ကမ်းပေးနေချိန်တွင် UWSAကို ထောက်ပံ့ပေးမည့်အစီအစဉ်က တရုတ်၏ကြီးမားသော မီးစတစ်ခုဖြစ်နေသည်။
UWSA က အမှန်တကယ် အစိုးရကိုစစ်ဆင်နွှဲရန် တရုတ်တို့ကလိုလားလိမ့်မည်မဟုတ်ဟု လေ့လာသူအချို့ကက ယူဆခဲ့ကြသည်။ MAN-PADS လက်နက်တပ်ဆင်ထားသောစစ်သုံးယာဉ်နှင့် ဒုံးကျည်တပ်ဆင်ထားသော ရဟတ်ယာဉ်ထောက်ပံ့မှုတို့ကလည်း မြန်မာအစိုးရက “၀”တပ်ကို တိုက်ခိုက်မှုမရှိစေရန်ရည်ရွယ်သည်ဟူ၍ ယူဆကြသည်။ ဤလုပ်ရပ်က တရုတ်သည် အမေရိကန်ကဲ့သို့မဟုတ်ဘဲ မြန်မာနှင့်ကပ်လျက်ရှိနေကြောင်း၊ ပြည်တွင်းတိုက်ပွဲများတွင် ပါဝင်ပတ်သက်၍နေကြောင်း၊ နေပြည်တော်က အမေရိကန်ဆီကို ပို၍နီးကပ်သွားမည်ဆိုလျှင် ဤသို့ပါဝင်ရန် ရှိကြောင်း တရုတ်တို့ကသတိပေးလိုက်ခြင်းလည်းဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်သတင်းရပ်ကွက်က အိုဘားမား၏ မြန်မာနိုင်ငံတစ်ရက်တာခရီးစဉ်ဖြစ်သော နိုဝင်ဘာလ ၁၉ ရက်ခရီးစဉ်တွင် တရုတ်တို့က နယ်စပ်တစ်လျှောက်လုံး လုံခြုံရေးအင်အားတိုးမြှင့်ချထားသည်ဟုဆိုသည်။ ဤလုပ်ရပ်သည် လုံခြုံရေးအရလိုအပ်ခြင်းမရှိပါ။ သို့သော် သတင်းရပ်ကွက်တစ်ခုကပြောသကဲ့သို့ဆိုရလျှင် အမေရိကန်က အဝေးမှာရှိနေချိန်တွင် တရုတ်ကအနားတွင်ကပ်လျက်ရှိနေကြောင်း လှမ်းသတိပေးလိုက်ခြင်း ဖြစ်နိုင်သည်။ မြန်မာနိုင်ငံအနေအထားသည် ၄င်း၏အနောက်နှင့်ဆက်ဆံရေးနှင့် အနီးရှိအင်အားကြီးနိုင်ငံ အကျိုးစီးပွားနှစ်ခုအကြား မြေစာပင်လိုဖြစ်လာခဲ့သည်။
Jane's လေ့လာဖော်ပြချက်အရ ရဟတ်ယာဉ်ရရှိခဲ့ပြီး တပ်တွင်းနောက်ဆုံးအဆင့် သိသိသာသာတိုးမြှင့်ဖြည့်တင်းထားသော UWSA သည် အာရှမဆိုထားနှင့် ကမ္ဘာတစ်ဝန်းမှာပင်လျှင် အင်အားအကြီးဆုံးနှင့် အကောင်းဆုံးလက်နက် တပ်ဆင်ထားသည့် သူပုန်တပ်ဖြစ်လာသည်ဟု ဆိုသည်။ တရုတ်က နောက်ခြေလှမ်းတစ်ရပ်ကို မည်သို့လှမ်းမည်နည်း။ အမေရိကန်ကလည်း ထိုအချက်ကိုတုံ့ပြန်ရန် ပြင်ဆင်သောအားဖြင့် မြန်မာအစိုးရကို စစ်တပ်အကြားဆက်သွယ်ဆောင်ရွက်မှုအပါအ၀င် ၄င်း၏အကူအညီကိုတိုးမြှင့်မလား၊ စောင့်ကြည့်ရန်သာလိုပါတော့သည်။ သို့သော် လမည်ကဲ့သို့သောခြေလှမ်းပင်ဖြစ်စေကာမူ မြန်မာနိုင်ငံသည် အင်အားကြီးနှစ်နိုင်ငံအားပြိုင်မှုအကြား ဆွဲသွင်းခံလိုက်ရပြီး နှစ်ဖက်စလုံးက အားပြိုင်လွှမ်းမိုးနေသောကြောင့် အခြေအနေကိုကိုင်တွယ်နိုင်ရန် မလွယ်ကူသည်ကတော့အသေအချာပင်ဖြစ်တော့သည်။
(ဤဆောင်းပါးရှင် မြန်မာအရေးကျွမ်းကျင်သူ ဘာတေးလင့်တနာသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့ရာ Burma in Revolt: Opium and Insurgency, Land of Jade: A Journey from India through northern Burma to China, The Kachin: Lords of Burma's Northern Frontier, စသည့်စာအုပ်များကို ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။ ဘာတေးသည် Asia Pacific Media ၏ ပင်တိုင် ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သည်။ Asia Time တွင် ပုံနှိပ်ဖော်ပြပြီးဖြစ်သော ယခုဆောင်းပါးမူရင်းအား ဆောင်းပါးရှင်ထံမှ 7Day Daily က ခွင့်ပြုချက်ရယူကာ ခင်မေဇော်က ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)
Photo- AFP
7Day News Journal
http://www.facebook.com/photo.php?fbid=10200937257850460&set=a.10200777047805309.1073741828.1136199939&type=1&theater

(တိုက်ဆိုင်စစ်ဆေးဖတ်ရှူဖို့ အင်္ဂလိပ်လို မူရင်းလင့်ခ်) http://www.atimes.com/atimes/Southeast_Asia/SEA-01-020513.html#.UYJNpy1dxEM.facebook

Sunday, May 5, 2013

ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ပြုတဲ့ရေစင် သို့မဟုတ် နိုင်ငံ့စွမ်းဆောင်ရည်ဆု (တူမောင်ညို)

0 comments
ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ပြုတဲ့ရေစင် သို့မဟုတ် နိုင်ငံ့စွမ်းဆောင်ရည်ဆု (တူမောင်ညို)(၂၀၁၃ ခုနှစ်၊ မေလ ၄ ရက်) လာပြန်ပြီ  “နိုင်ငံ့စွမ်းဆောင်ရည်ဆု”တဲ့။ ဆုက ၃မျိုးဖြစ် ပါတယ်။ နိုင်ငံတော်သမ္မတ၏ဂုဏ်ထူးဆောင် လက်မှတ်၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ်ဆိုပြီး ဖြစ်ပါတယ်။ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ “ထွင်”လိုက်ပြန်တဲ့“နိုင်ငံ့စွမ်းဆောင်ရည်ဆု”ဆိုတာတွေပေးတဲ့အထဲမှာ “နိုင်ငံရေး”ဆောင်ရွက်ချက်ကို ဦးတည်ပြီးပေးတဲ့ဆု မပါဘူးဆိုတာ ပြည်သူအားလုံးသတိပြုမိလိုက်ကြမှာပါ။
ဗိုလ်နေဝင်း (မဆလ) ထွင်ခဲ့တဲ့ “နိုင်ငံ့ဂုဏ်ရည်ဆု၊ လွတ်လပ်ရေးမော်ကွန်းဝင်” စတဲ့ ဆု/ဘွှဲမျိုးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့မှုနဲ့ ပါဝင်ခဲ့သူပုဂ္ဂိုလ်များကိုပေးတာဖြစ်ပါတယ်။ ဗိုလ်နေဝင်းပေးတဲ့ဆုကို  နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တိုင်းက လက်ခံခဲ့တာမဟုတ်ပါဘူး။
နိုင်ငံရေးဆောင်ရွက်ချက်ကိုဦးတည်ပြီးပေးတဲ့ဆုကို (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအနေနဲ့ပေးလို့ မဖြစ်ပါဘူး။ အကြောင်း ၂ ချက်ရှိပါတယ်။ ပထမအကြောင်းအချက် (အဓိကလည်းဖြစ်ပါတယ်) က “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်ကာလအတွင်း အဓိကကျတဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”နဲ့ နောက်ဆက်တွဲနိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်မှာပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ်ရှားသူများကို(နဝတ-နအဖ)စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်ချေမှုန်းခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဒုတိယအကြောင်းအချက်က (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဟာ  (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးမှုမှာ ပါဝင်ခဲ့ကြသူများဖြစ်ပြီး။ (နဝတ-နအဖ)စစ်အစိုးရရဲ့ အာဏာအမွေခံ စစ်တပိုင်းအစိုးရဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီအကြောင်းအချက် ၂ ခုကြောင့် နိုင်ငံရေးဆိုင်ရာဆုပေးလို့မဖြစ်ပါဘူး။ ဖိနှိပ်အုပ်စိုးသူက တော်လှန်ပုန်ကန်သူကို ဂုဏ်ပြုဆုပေးစရာအကြောင်း လုံးဝမရှိပါဘူး။ ကြီးလေးတဲ့ပြစ်ဒဏ်တွေပဲ ပေးလေ့ရှိပါတယ်။  ပြစ်မှုကျူးလွန်သူလို့ပဲသတ်မှတ်ပါတယ်။ ပြစ်ဒဏ်ကျအကျဉ်းသားလို့သာ သတ်မှတ်ပါတယ်။ “နိုင်ငံရေးအကျဉ်းသား”လို့မသတ်မှတ်ပါဘူး၊ အသိအမှတ်မပြုဘူး။ ဒါကြောင့် (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက သူတို့ပေးတဲ့“ ဆု” အမျိုးအစားတွေထဲမှာ “နိုင်ငံရေး”ဆောင်ရွက်ချက်နဲ့သက်ဆိုင်တဲ့ဆု တစ်ခုမျှ မပါရှိတာပါပဲ။ တကယ်တန်း ဘွဲတို့၊ ဆုတို့၊ တံဆိပ်တို့ ပေးကြမယ်ဆိုရင်လည်း “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”နဲ့ နောက်ဆက်တွဲ နိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်မှာ အသက်ခန္ဓာနဲ့ဘဝကို စွန့်လွှတ်အနစ်နာခံကာပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ်ရှား သူများနဲ့ ကျန်ရစ်သူမိသားစုဝင်များကိုသာ ပေးအပ်ကြရမှာမဟုတ်ပါလား။
ဒီကနေ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများဘက်ကပြောရရင် ဆုတို့၊ ဘွဲ့တံဆိပ်တို့၊ ဒီမိုကရေစီလှုပ်ရှားမှုအထိမ်းအမှတ် ၊ အဆောက်အအုံစတာတွေကို ပေးနိုင်၊ တည်ဆောက်နိုင်ဖို့နေနေသာသာ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများဘက် စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ခွင့်လွှတ်ကျေအေးပါကြောင်း “သင်ပုန်းချေသပြေပန်း” ကမ်းပြီး၊ “ပြန်လည်သင့်မြတ်ရေးခြေလှမ်းတွေ”  ဘယ်လိုပင်ကမ်းနေ၊ လှမ်းနေခဲ့သော်လည်း  (နဝတ-နအဖ) အစိုးရရဲ့အာဏာအမွေခံ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက သူတို့ကျူးလွန်ခဲ့သမျှ နိုင်ငံရေးရာဇဝတ်မှုကြီးတွေအတွက် တောင်းပန်စကားမဟတဲ့ အပြင် “၂၀၀၈အခြေခံဥပဒေကတ္တီပါ”အုပ်ထားတဲ့ စစ်အာဏာရှင်သံလက်သီး ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမြဲ၊ ဆုပ်ထားဆဲအနေအထားဖြစ်ပါတယ်။  အဲဒီလိုဘွဲ့တို့၊ဆုတို့၊ ဒီမိုကရေစီလှုပ်ရှားမှုအထိမ်းအမှတ် အဆောက်အအုံတို့ ဆိုတာမျိုးကလည်း တကယ့်စစ်မှန်တဲ့ဒီမိုကရေစီ အစိုးရမျိုးကသာပေးသင့်တာပါ၊  တည်ဆောက်သင့်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရမျိုးကပေးမှ၊ တည်ဆောက်မှလည်း ဂုဏ်နဲ့ဒြပ် ကိုက်ညီပါလိမ့်မယ်၊ မဟုတ်ရင် ဗိုလ်နေဝင်းပေးတဲ့ နိုင်ငံ့ဂုဏ်ရည်တို့ လွတ်လပ်ရေးမော်ကွန်းဝင်ဆုတွေလို ဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် အဓိကကျတဲ့အချက်တစ်ခုကလည်း  ဒီမိုကရေစီအရေးမှာ အသက်ခန္ဓာနဲ့ဘဝကိုစွန့်လွှတ်ပြီးပါဝင်ခဲ့ကြသူတွေဟာ မျှော်လင့်ချက်၊ မျှော်ကိုးချက်နဲ့ပါဝင်ခဲ့ကြတာ မဟုတ်ပါဘူး။ “နိုင်ငံရေးဆိုတာ မစားကောင်းတဲ့အသီး”ဆိုပြီး ဝေးဝေးရှောင်နေခဲ့ကြတာ မဟုတ်ဘဲ။ မိမိပခုံးပေါ်ကျရောက်လာတဲ့သမိုင်းပေးတာဝန်ကို ရဲဝံ့ပြတ်သားစွာထမ်းဆောင်သွားကြတဲ့သဘော၊ ထမ်းဆောင်ခဲ့ကြတဲ့ သဘောသာဖြစ်ပါတယ်။ ဘွဲ့တွေ၊ ဆုတွေ၊ တံဆိပ်တွေရဖို့ နည်းနည်းမှ မျှော်မှန်းခဲ့ကြတာမဟုတ်ပါဘူး။ ထို့အပြင် လူမှုရေး/ကျန်းမာရေး နယ်ပယ်မှာ လူမှုကူညီရေးလုပ်နေကြသူတွေကလည်း ဘွဲ့၊ တံဆိပ်၊ ဂုဏ်ပုဒ်တွေ ရမှရပါစေတော့ဆိုတဲ့မျှော်လင့်ချက်နဲ့လုပ်နေကြတာ မဟုတ်ပါဘူး။ လူမှုရေး/ကျန်းမာရေးနယ်ပယ်မှာ မြင်မကောင်းရှုမကောင်းဖြစ်နေတဲ့ လူမှုရေးကျန်းမာရေးအနိဌာရုံတွေကို တစ်ဖက်တစ်လမ်းကနေ လူမှုတာဝန်သိစိတ်နဲ့ တတ်နိုင်သမျှကူညီကြတဲ့သဘောမျှသာဖြစ်ပါတယ်။  
ပြည်သူအားလုံးရဲ့ပင်မရည်ရွယ်ချက်က (မဆလ)တစ်ပါတီ အာဏာရှင်စနစ် ၊(နဝတ-နအဖ)စစ်အာဏာရှင်စနစ်၊ စစ်တပိုင်း အာဏာရှင်စနစ်ဖျက်သိမ်းပြီး တိုင်းပြည်မှာ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့သာ ပဓါနဖြစ်ပါတယ်။  
ဒါကြောင့် “ နိုင်ငံရေးလှုပ်ရှားမှုနဲ့ နိုင်ငံရေးသမားများအပေါ် အညှိုးအာဃာတကြီးမားတဲ့။ “ "နိုင်ငံရေးအကျဉ်းသားမရှိဘူး”လို့ တွင်တွင်ငြင်းဆိုနေတဲ့(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ “လွတ်ငြိမ်းချမ်းသာခွင့်”မပေးလိုတဲ့၊ မပေးချင်တဲ့၊ ပေးဖို့စိတ်ဆန္ဒလုံးဝမရှိတဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအဖို့ နိုင်ငံရေးဆိုင်ရာဆု မပေးဝံ့တာမဆန်းပါဘူး။
ဒါက နိုင်ငံရေးနဲ့ဆိုင်တဲ့အပိုင်းကို တင်ပြခဲ့တာပါ။ “နိုင်ငံစွမ်းဆောင်ရည်ဆု” ဆိုတာကို ဘယ်လိုပေးသလဲ လေ့လာကြည့်ကြပါစို့။
“နိုင်ငံစွမ်းဆောင်ရည်ဆု” ဆိုတာကို စိုက်ပျိုးရေးဆိုင်ရာ (၂) ဆု၊ မွေးမြူရေးဆိုင်ရာ (၃)ဆု၊ လူမှုရေးဆိုင်ရာ (၁) ဆု၊ အားကစား ဆိုင်ရာ (၁) ဆု၊ စီးပွားရေးဆိုင်ရာ (၅) ဆု ဆိုပြီး စုစုပေါင်း (၁၂) ဆုပေးပါတယ်။ လူပုဂ္ဂိုလ် ၁၂ ဦးကိုပေးတာပါ။
ဆုရရှိသူများအနေဖြင့် “နိုင်ငံစွမ်းဆောင်ရည်ဆု”တံဆိပ်၊ လက်မှတ်တွေအပြင်အောက်ပါအခွင့်အရေး ၂ ခုကိုလည်းသက်တမ်း အကန့်အသတ်မရှိ ခံစားရရှိမှာဖြစ်ပါတယ်။
-သံတမန်နိုင်ငံကူးလက်မှတ် (Diplomatic Passport)
-ပို့ကုန်သွင်းကုန် အခွင့်အရေး ( Green Channel)
“နိုင်ငံစွမ်းဆောင်ရည်ဆု” ၅ ဆု ပေးထားတဲ့ စီးပွားရေးဆိုင်ရာကိုလေ့လာကြည့်တဲ့အခါ (နဝတ-နအဖ) စစ်အစိုးရနဲ့ လက်ရှိ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရရဲ့ တစ်လှေထဲစီးတခရီးထဲသွား၊ အမြီးစားဖက်ခေါင်းစားဖက်၊ ခမည်းခမက်ခရိုနီကြီးတွေဖြစ်တဲ့(“ထူး” ဦးတေဇ၊ “ဇေကမ္ဘာ”ဦးခင်ရွှေ၊ “အေရှားဝေါလ်”ဦးထွန်းမြင့်နိုင်၊ “ပတ္တမြားနဂါး”ဦးနေဝင်းထွန်း၊ “အာရှဓန”ဦးအိုက်ထွန်း၊ “ရွှေသံလွင်”ဦးကျော်ဝင်း၊ “ယုဇန”ဦးဌေးမြင့်)တို့လို “စူပါခရိုနီကြီး”များမပါဝင်တာသတိထားမိပါတယ်။
အခုပေးတဲ့ “နိုင်ငံ့စွမ်းဆောင်ရည်ဆု”ဆိုတာထက် စူပါခရိုနီကြီးတွေကိုပေးထားပြီးဖြစ်တဲ့ “မဏိဇောတ”၊“သုဓမ္မသိင်္ဂီ”စတဲ့ဘွဲ့တွေက ပိုပြီးအဆင့်အတန်းမြင့်လို့မပေးဘဲ ချန်ထားခဲ့သလား၊ ဒါမှမဟုတ် လိပ်ပြာမသန့်လို့ တမင်ချန်ထားခဲ့လေသလား မပြောတတ်ပါ။ သို့တည်းမဟုတ် ဒီထက်မြင့်မားတဲ့အခွင့်အလမ်းတွေပေးအပ်ထားပြီးဖြစ်လို့ ဒီလိုစာရင်းထဲ မထည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“သရေစည်”တဲ့ဘွဲ့၊ “သီရိပြန်ချီ”တဲ့ ဘွဲ့တွေကတော့ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်စိုးဝင်း၊ ဗိုလ်လှဌေးဝင်း၊ ဗိုလ်ခင်ဇော်ဦးစတဲ့ စစ်တပ်ထဲက စစ်ဗိုလ်များကိုပေးထားပြီးပါပြီ။
စဉ်းစားစရာတစ်ခုက စူပါခရိုနီတွေအားလုံးအနက်မှ ဘဏ်လုပ်ငန်းရှင်စူပါခရိုနီတစ်ဦးဖြစ်တဲ့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း (ဆရာကျောင်း)နဲ့  Golden Delta Co.,Ltd. ပိုင်ရှင် ဦးချစ်ခိုင်တို့ကိုကွက်ပြီး“နိုင်ငံ့စွမ်းဆောင်ရည်ဆု” ပေးအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအား (နိုင်ငံတော်အခွန်ဘဏ္ဍာတာဝန် အများဆုံးသယ်ပိုးထမ်းဆောင်ခဲ့သည့်လုပ်ငန်းရှင်ဆု -ပထမဆု) ပေးလိုက်တော့  အခြားသောစူပါခရိုနီကြီးတွေက အခွန်တာဝန်မကျေလို့လား၊ အခွန်ရှောင်လို့ဆုမပေးလေသလား။ “နိုင်ငံ့စွမ်းဆောင်ရည်” မရှိလို့များလားဆိုတဲ့ စဉ်းစားစရာပေါ်လာပါတယ်။  မက်စ်မြန်မာကုမ္မဏီလီမီတက်ဥက္ကဋ္ဌဦးဇော်ဇော်သည်ပင် “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်”ရတယ်မဟုတ်လား။   
အုပ်စိုးသူကနှင်းတဲ့ဆုတွေ၊ တံဆိပ်တွေ၊ ဘွဲ့တွေဆိုတာ အုပ်စိုးသူက သူ့အကျိုးပြုသူကိုချီးမြှင့်မြှောက်စားတာပါ၊ မွေးမြူတာပါ။ စစ်အာဏာရှင်စနစ်အောက်မှာ ခရိုနီတွေအပြိုင်းအရိုင်းပေါ်ပေါက်လာတာပါ။ နေ့ချင်းညချင်း“ ဘိန်းဘုရင်”ကနေ “စီးပွားရေးလုပ်ငန်းရှင်”ဖြစ်သွားတဲ့ ခေတ်ကာလပါ။ ထိုကာလတွင် “ငွေမည်း”များသည်  “ငွေဖြူ” ဖြစ်လာပါတယ်။ စစ်အာဏာသည် ခရိုနီတွေရဲ့ဥစ္စာဓနဆိုတာတွေကို တိုးပွားခိုင်ခံ့စေခဲ့ပြီး၊ ခရိုနီတွေရဲ့ဥစ္စာဓနနဲ့လည်း စစ်အာဏာရှင်တွေရဲ့ အာဏာစက်ကိုတဆင့်တိုး ခိုင်မြဲစေခဲ့ပါတယ်။ အာဏာနဲ့ဥစ္စာဓနဟာ ၂ ပင်လိမ်ကြိုးတစ်ချောင်းပမာ ပူးပေါင်းသွားတာပါ။ စစ်အာဏာရှင်တွေကခရိုနီတွေကိုသူကောင်းပြုပြီး။ အပြန်အလှန်အားဖြင့် ခရိုနီတွေကစစ်အာဏာရှင်တွေကိုသစ္စာခံပါတယ်။ သစ္စာစောင့်သိပါတယ်။
(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ယခုပေးတဲ့ “နိုင်ငံ့စွမ်းဆောင်ရည်ဆု”ဆိုတာ စစ်တစ်ပိုင်းအစိုးရက သစ္စာရှိခရိုနီများနဲ့ ခရိုနီအလောင်းအလျာများအပေါ် ချီးမြှင့်မြှောက်စားမှုပုံသဏ္ဍာန်တွေထဲက တစ်မျိုးသာလျှင်ဖြစ်ပါတယ်။
စစ်အာဏာရှင်များက ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ပြုတဲ့ရေစင်လည်းဖြစ်ပါတယ်။
ညွန်း
- ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ

သမိုင်း၊ ယဉ်ကျေးမှု၊ ပညာရေးစတာတွေကို အထဲသွင်းခြင်းနဲ့ အပြင်ထုတ်ခြင်းအပေါ် ကိုဝတုတ်ရဲ့အမြင်။

0 comments
သမိုင်း၊ ယဉ်ကျေးမှု၊ ပညာရေး စတာတွေကိုအထဲသွင်းခြင်းနဲ့အပြင်ထုတ်ခြင်းအပေါ် ကိုဝတုတ်ရဲ့အမြင်။
ကိုယ့်အဝန်းအဝိုင်းကွက်ကွက်လေးကလွဲပြီး တခြားမှာဖြစ်ပျက်နေတာတွေကို စိတ်မဝင်စားသူတွေဟာ conservative ဖြစ်ဖို့အခွင့်အလမ်း ပိုများပုံရတယ်။ အကောင်းဆုံးဥပမာအဖြစ် ဂျပန်နဲ့အမေရိကန်ကို ပြရဖွယ်ရှိတယ်။ ဂျပန်ကျောင်းသူကျောင်းသားတွေ အပြင်ထွက်စာသင်တဲ့ဦးရေနဲ အမျိုးသားရေးဝါဒကိုထောက်ခံမှုရေချိန်နှစ်ခုက ပြောင်းပြန်အချိုးကျတယ်လို့ စစ်တမ်းတခုမှာဖတ်ရဖူးတယ်။ အမေရိကန်ဆို ပြောမနေနဲ့တော့။ အပြင်လောကကိုစိတ်မဝင်စားတဲ့နေရာမှာနံမယ်ကြီးလှတဲ့ Texas နဲ့(အကောင်းဆုံးဥပမာအဖြစ် သမ္မတဟောင်း GWB ကိုကြည့်၊ တက္ကဆက်ဟာ ရီပတ်ဗလစ်ကန်ပြည်နယ်) mid-west ခေါ်တဲ့ ကုန်းတွင်းပိုင်းကပြည်နယ်တွေဟာ ပြောခဲ့တဲ့ရီပတ်ဗလစ်ကန် အမာခံနေရာတွေ။ နောက် ဗမာပြည်ကိုကြည့်အုံးမလား။ ဂျပန် အမေရိကန်လို ကျကျနနသုတေသနလုပ်ထားတာရှိပုံမရပေမယ့် ဗမာတွေထဲမှာ အပြင်လောကအကြောင်းစိတ်ဝင်စားသူနည်းလှတယ်။ မြန်မာနိုင်ငံက ကျောင်းသူ
ကျောင်းသားတွေထဲလည်းမြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျးမှု၊ မြန်မာ့ပညာရေး၊ မြန်မာ့လိင်လောက
လေ့လာတဲ့လူတွေပဲများသလိုပဲ။ ကိုယ့်တိုင်းပြည်နဲ့ပတ်သက်တာ သိသင့်သိထိုက်တာကို မငြင်းပါဘူး။ ဒါပေမယ့် အထဲကဟာတွေကို အပြင်ထုတ်ပြတာတွေချည်းလုပ်တာထက် တဘက်မှာ အပြင်ကဟာတွေကို အထဲကိုယူလာပေးဖို့လည်းအရေးကြီးတယ်။ ပိုတောင်အရေးကြီးသလားပဲ။
နှစ်ဆယ်ရာစုကမ္ဘာ့သမိုင်းရဲ့အဓိကအဖြစ်အပျက်ကြီးတွေ၊ အဓိကအဖြစ်အပျက်ဆိုတာ နှစ်ဆယ်ရာစုထဲမှာ ကမ္ဘာကြီးတခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကိုပုံလောင်းတဲ့အဖြစ်အပျက်တွေဟာ ဥရောပနဲ့အမေရိကန်မှာ ဖြစ်ပွားခဲ့တယ်။ နောက်ဆုံး ဒုတိယကမ္ဘာစစ်မဖြစ်ရင် ဒါမှမဟုတ် ဂျပန်မြန်မာနိုင်ငံကိုမသိမ်းခဲ့ရင် ရဲဘော်သုံးကျိပ်ဆိုတာ ဘယ်နားနေမယ်မှန်းမသိ၊ ဗိုလ်အောင်ဆန်းလည်း လွတ်လပ်ရေးဗိသုကာဆိုတဲ့ဘွဲ့ကိုရလာဖို့ အခွင့်အလမ်းမရှိသလောက်ပဲ။ တနည်းအားဖြင့်၂ဝ ရာစု မြန်မာ့သမိုင်းကိုလေ့လာတဲ့အခါ (မြန်မာနိုင်ငံလွတ်လပ်ရေးရလာပုံ၊ နေဝင်းစစ်အာဏာရှင်စနစ် တည်တံ့ပုံ စတာတွေကိုလေ့လာတဲ့အခါ) တကမ္ဘာလုံးကအဖြစ်အပျက်တွေနဲ့ကင်းပြီးလေ့လာရင် ပြည့်စုံတဲ့လေ့လာသုံးသပ်ချက်မျိုးရမှာမဟုတ်ဘူး (နေဝင်းစစ်အာဏာရှင်စနစ်တည်တံ့ပုံဟာ စစ်အေးတိုက်ပွဲကာလမှာ ဒီကောင် အာဏာရလာလို့ပဲ။ စစ်အေးတိုက်ပွဲကာလထဲလောက် နိုင်ငံသေးသေးလေးတွေမှာ အာဏာရှင်လုပ်လို့ကောင်းတာ၊ အနေချောင်တာ မရှိ) ကိုယ့်နိုင်ငံကကိစ္စအကြောင်းအရာ ကွက်ကွက်လေးတွေကိုပဲလေ့လာနေတာအပြင် တခြားက၊ အပြင်ကအကြောင်းအရာတွေကိုပါ ဖြန့်ကျက်သင့်တယ်။ ဒါဟာ euro-centric ဖြစ်တာမဟုတ်။ ဥရောပကို (နောက်ပိုင်းမှာ အမေရိကန်နဲ့ဥရောပ) အခြေပြုထားတဲ့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးစနစ်မှာအပေါ်မှာပြောခဲ့တဲ့ အဓိကအဖြစ်အပျက်ကြီးတွေဟာ ဥရောပ၊ အမေရိကန်မှာဖြစ်တာဆိုရင် ဒီအကြောင်းတွေရေးသားတဲ့စာအုပ်တွေမှာ ဥရောပအမေရိကန်အကြောင်းတွေက အဓိကနေရာကပါမှာပဲ။ ကနေ့ခေတ်မှာ မြန်မာနိုင်ငံထဲက နိုင်ငံရေးစိတ်ဝင်စားသူ၊ အက်တိဗစ်တွေထဲမှာ အာဖရိကနိုင်ငံတွေလူးလွန့်လာတဲ့အခြင်းအရာကို စိတ်ဝင်စားသူဘယ်နှစ်ယောက်ရှိမလဲ၊ ဗင်နီဇွဲလားရွေးကောက်ပွဲအကြောင်း စိတ်ဝင်စားသူ၊ ဆိုက်ပရပ်ကို အီးယူနိုင်ငံကြီးတွေဘယ်လိုဖျံကျလဲ စိတ်ဝင်စားသူဘယ်နှစ်ယောက်များရှိမလဲ။ ရုတ်တရက်ကြည့်ရင်တော့ ဒီအကြောင်းတွေဟာ ကိုယ့်တိုင်းပြည်ထဲ ကိုယ်ဖြစ်စေချင်တဲ့အရေးကိစ္စတွေနဲ့ဘာမှဆိုင်ပုံမရဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ကြီးသုံးကြီးစာချုပ်တွေကို လေ့လာစိတ်ဝင်စားသူဟာ ဗိုလ်နေဝင်းအာဏာသိမ်းတဲ့အခါ ရာသက်ပန်အာဏာသိမ်းထားနိုင်မှာကို (ဒီအဖြစ်နှစ်ခုဟာ ဘာမှဆိုင်ပုံမရပေမယ့်) ကြိုတွက်မိကောင်းတွက်မိနိုင်စရာရှိတယ်။ နောက်တခါ ကိုယ့်ဆီမှာမရှိတဲ့ သုတရတနာကို အထဲကိုယူလာတဲ့အခါ ကိုယ့်အထဲကရှိတာနဲ့ပေါင်းစပ်နိုင်ရင် သုတပွားစီးပြီး အကျိုးအများကြီးရှိနိုင်မယ်။ ဥပမာအနေနဲ့ပြောရရင် လောဂျစ်ဆိုတာ (စနစ်တကျ formalized လုပ်ထားတဲ့ ပညာရပ်) အပြင်မှာဘဲရှိတယ်။ ဦးရွှေဇံအောင်တို့၊ ပီမိုးနင်းတို့ကအမြင်ကျယ်လို့ ဒါတွေကို အထဲယူလာရကောင်းမှန်းသိတယ်။ အဲဒီလောဂျစ်ကနေ ဥပမာတခုပြချင်တယ်။ အင်ဂလိပ်လို or ဆိုတာ လောဂျစ်မှာဘာအဓိပ္ပါယ်ထွက်လည်းဆိုတော့ A or B ဆိုတာ at least one of them လို့ အဓိပ္ပါယ်ထွက်တယ်၊ နှစ်ခုလုံးလည်းဖြစ်နိုင်တယ်။ အဲဒီ or ကို ဗမာလိုပြန်တော့ သို့မဟုတ်၊ ဒါမှမဟုတ် လို့ပြန်ကြတယ်။ A ဒါမှမဟုတ် B ဆိုတာကို ဗမာတွေနားလည်ပုံက 'A နဲ့ B ထဲက အနည်းဆုံးတခု' လို့နားမလည်ကြဘူး၊ A ဒါမှမဟုတ် B ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်ပြီး 'A ရော B ပါ' ဆိုတဲ့အဓိပ္ပါယ်မျိုးပေးပုံမရဘူး၊ အနည်းဆုံး ambiguous ဖြစ်တယ်။ Or ဆိုတဲ့ သင်္ကေတဟာ လောဂျစ်မှာတော့ အခြေခံအကျဆုံးသင်္ကေတွေထဲ တခုအပါအဝင်ပဲ။ ကျနော်တို့စကားက 'သို့မဟုတ်' ကို အင်ဂလိပ် Or က 'at least one of them' ဆိုတဲ့အဓိပ္ပါယ်မျိုးထွက်အောင် ဘယ်လိုလုပ်မလဲ။ လုပ်လို့ မရဘူးဆိုရင် (ဒါမှမဟုတ်ဆိုတဲ့စကားစုရဲ့ literal meaning က နှစ်ခုစလုံးပြိုင်ဖြစ်နိုင်တဲ့ဖြစ်နိုင်ခြေကို လက်ခံပုံမရဘူး) ဒါဘာ့ကြောင့် လုပ်လို့ မရသလဲဆိုတာကိုလိုက်လေ့လာရင်း အရင်ကမတွေ့သေးတဲ့ သုတတခု တိုးလာပြီး ကိုယ့်စာစကားအတွက်ပါ အကျိုးများမှာပဲ။ မဟုတ်ဘဲ ကိုယ့်စာ၊ စကားကိုချည်း သဲကြီးမဲကြီးလုပ်နေတဲ့ ဗမာစာပိဋကတ်အိုးကွဲဟာ philosophy of language၊ linguistic စတာတွေကို သတိမမူမိဘဲ 'ဘာသာစကားရဲ့ အခြေခံယူနစ်ဟာ စကားလုံးမဟုတ်၊ ဝါကျ' ဆိုတဲ့ အဆိုနဲ့တိုးတဲ့အခါ ခွေးအ လှည်းနင်းသလို ဖြစ်မှာပဲ။
https://www.facebook.com/ko.watote/posts/549852498400335