Wednesday, May 8, 2013

PR စနစ်ကို ပြတ်ပြတ်သားသားပယ်ချလိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း

0 comments

PR စနစ်ကို ပြတ်ပြတ်သားသားပယ်ချလိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း
မေး ။ ။ အချိုးကျရွေးကောက်ခံမှု PR စနစ်ကို အခုဆိုရင် ကျွန်တော်တို့ဆီမှာ အပြောများလာကြတယ်။ ဒါပေမယ့် အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ်ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲခင်ဗျ။
ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန်တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ ပြောချင်တယ်။
မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။
ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကိုအလွန် နားလည်ကြတဲ့သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီ အယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလိုအဖွဲ့အစည်းတွေဆိုရင်ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ့်ဘာသာကိုယ်ပိုင်အယူအဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။
မေး။ ။ PR စနစ်ဆိုတာကို နားလည်အောင်ရှင်းပြပါဦးခင်ဗျ။
ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကိုမဲပေးလို့။ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေးတိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရမယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ်တစ်ယောက်ဆို၊ ခင်ဗျား ၃ ပြည်နယ်(ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာရမှာပဲ။ ဒီလိုဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ကိုယ်ပိုင်ပါတီလေးတွေ(အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။
မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။
ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ်အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ပါတီကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင်လည်းနစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ။ ဘာရည်ရွယ်ချက်မှရှိသေးတာမဟုတ်ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီထောင်တဲ့လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ပါတီထောင်ပြီး သူတို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ်တွေတစ်ယောက် နှစ်ယောက်သုံးယောက်ဆိုပြီး ကောက်သင်းကောက်
ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည်မှာ လူတွေက မဲတောင်မပေးတတ်သေးဘူး။ နောက်ပြီးတော့ တိုင်းပြည်ကိုဦးဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီလေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကိုဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်းပြည်ကိုဘယ်လိုဦးဆောင်မှာလဲ။ လွှတ်တော်ထဲရောက်ရင်လည်း အဲဒီပါတီအမတ်တွေအကုန်လုံးစုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိတဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက်ထိ လူထုထောက်ခံမှုရတဲ့ လွှတ်တော်ဖြစ်မှာလဲ။ အဲလို ပြောစရာတွေရှိပါတယ်။
မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲရောက်ဖို့။
ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေအားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ပါတီက အမတ်ရမယ်အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲလိုချင်ပါတယ်။ ဘာကြောင့်ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါစို့။ အနိုင်ရတဲ့ ပါတီက ၄၅ မဲ ရပြီးနိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စားမပြုဘူးလို့ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ်တစ်ယောက်က ဘယ်ပါတီကဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူတွေရဲ့) အကျိုးစီးပွားကိုလုပ်မပေးနိုင်ဘူးလို့ ကြေညာလို့လည်းမရဘူး။ သိလည်းသိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ်မပေးဘူး မသိနိုင်ဘူး။ ရှုံးတာနိုင်တာတော့ ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူ နိုင်မှာပေါ့ဗျာ။ ဆိုတော့ အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေအရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေကပြန့်ကျဲနေမယ်။ ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက်နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ်အတွက်သူကလုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့်ကိုမဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ်စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ်တာ။ သူက မြောက်ဥက္ကလာပမြို့နယ်အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ပြည်သူအားလုံးရဲ့အကျိုးစီးပွားကို လုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြုမှု နည်းတယ်၊ များတယ်၊ ကိုယ်စားပြုမှုမရှိဘူးဆိုတာတွေလည်းမှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက်က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီအဖွဲ့အစည်းတွေကသာလျှင်ယှဉ်ပြိုင်ပြီးတော့ ပြည်သူအကျိုးကို ဘယ်လိုထမ်းရွက်မလဲဆိုတာ ကို ဆောင်ရွက်သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင်အားကြီးတာနဲ့အတူ ပြည်သူလူထုထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာအစိုးရဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက်အခံ ပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်ကလည်း ပြည်သူ့အကျိုးကိုဆောင် ရွက်နိုင်တဲ့လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုကဒီက ကောက်သင်းကောက်သလိုထည့်ချင်တာထည့်၊ ကောက်ကြီးစပါးလည်းပါမယ်။ ဧည့်မထလည်း ပါမယ်။ ငစိန်လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင်ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင်အားကြီးတဲ့ပါတီအဖွဲ့ အစည်းတွေကသာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီးတော့ အနိုင်ရအောင်လုပ်။ လူထုထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ်တော်ထဲရောက်ရင် အင်အားကြီးရင်ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ကျွန်တော်ကတော့ သဘောထားတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ဒီမိုကရေစီအရေး၊ တိုင်းပြည်ရဲ့လူ့အခွင့်အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စုအရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုး ကိုဆောင်ရွက်နိုင်မယ်လို့ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင်မှန်တယ်လို့ ကျွန်တော်ယူဆတယ်။
မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွ ဖြစ်နိုင်မလဲခင်ဗျ။
ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ PR စနစ်ကိုကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ်တော်ထဲကိုရောက်တာနဲ့ တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော်ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခုရှိမယ်။ ဟိုအချိန်ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက်လွှတ်တော် အောက်လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာ လည်းလျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အားအကွဲကွဲအပြဲပြဲဖြစ်မယ်။ ပါတီငယ်လေးတွေ ကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြုသူတွေရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ်တော်ကသုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာမဟုတ်တော့ဘူး။
မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။
ဖြေ။ ။ ဒီလုပ်ငန်းကိုလိုလားတယ်ဆိုတဲ့သူတွေက နှစ်မျိုးရှိတယ်လို့ ကျွန်တော်ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝမရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင်သူရာတွင် ထောက်ခံမှုမရတဲ့ပါတီလေးတွေရဲ့ (PR စနစ်ကို)ထောက်ခံမှုဆန္ဒ သဘောထားလို့ထင်တယ်။ နောက်တစ်မျိုးကဘာလဲဆိုတော့ မြန်မာပြည်မှာအင်အားကြီးတဲ့ပါတီတွေ
ဦးဆောင်တာကိုမလိုလားတဲ့သဘောထားရှိတဲ့ နိုင်ငံရေးအင်အားစုတွေ သို့မဟုတ်လည်း အခြားအခြားသောအင်အားစုတွေ၊ အဲလိုအဖွဲ့အစည်းတွေက အင်အားကြီးတဲ့နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေမရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင်ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင်တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေစုထားရင် ဟိုပါတီ ဒီပါတီကိုတပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ ရတယ်။ သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလိုဟာမျိုးအတွက် အကြံအစည် သာဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာ ဆိုတော့ အခု PR စနစ် ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင်ကောင်းမယ်လို့ ထင်လဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PR စနစ်လုပ်ဆောင် မှု)ကို မလုပ်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော်တို့ နောက်ထပ် (၄)နှစ် (၅)နှစ် (၁ဝ)နှစ် ပညာပေးလုပ်ငန်းတွေလုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကိုလက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော် တိုက်တွန်းချင်တယ်။ ဒီစနစ်ကိုပယ်ချဖို့ပဲ၊ ဒီစနစ်ကို လက်မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေးနေဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာပေးဖို့အကြောင်း ကျွန်တော်မပြောချင်ဘူး။ ပြောလည်း မပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန် မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့၊ ဒီစနစ်ကိုလက်မခံပါနဲ့၊ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကိုလက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါက ကော်မရှင်နဲ့လည်းမဆိုင်ဘူး။ လွှတ်တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။
မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးနိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲစနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ရွေးကောက်ပွဲစနစ်က များရာသူကနိုင်ဖို့ပဲ။ လူထုထောက်ခံမှုများများ ရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ရှိရင် (၁၉၈၈)စက်တင်ဘာလ (၂၇)ရက်နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တိုဘာလအတွင်းမှာကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကိုတင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူတချို့ကတင်တယ်။ ဗိုလ်အောင်ကြီးတို့စစ်ဗိုလ်အုပ်စု ဘက်က တင်တာရှိတယ်။ ကျွန်တော်တို့လက်မခံဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့်ရွေးကောက်ပွဲကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိကို ဒီစနစ်ကိုလက်ခံစရာမရှိဘူး လို့ ယူဆထားတယ်။
မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့အနေအထားက ဘာများဖြစ်မလဲခင်ဗျ။
ဖြေ။ ။ လက်ခံနိုင်တဲ့အနေအထားကဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကိုနားလည်တဲ့အချိန်၊ တိုင်းပြည်က ဒီမိုကရေစီစနစ်အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလိုသုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံးကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ)ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေးကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲတွေမှာ လုပ် နောက်ပိုင်းကြရင်။ အဲဒီအချိန်ကျမှပဲ အဲဒီအဆင့်(PR အဆင့်)ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ်ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေး ဘူးလို့ ကျွန်တော်ယူဆတယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ်ဆိုရင်ရော ခင်ဗျ။
ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ်ဟာ တိုင်းပြည်အတွက် အသုံး မဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့်သေးဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့် လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦးလို့ပြောတာပါ။
မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့အားသာချက်တွေရှိတယ်လို့ ပညာရှင်အချို့က ဆိုထားတယ်ခင်ဗျ။
ဖြေ။ ။ ပညာရှင်တွေဆိုရင်တော့ သူတို့နဲ့ထပ်ပြီး (အသေးစိတ်)ဆွေးနွေးတာကောင်းပါတယ်။ ကျွန်တော် ကတော့ နိုင်ငံရေးသဘောတရားအရများရာဟာပဲ ကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။
မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက်ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။
ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါတယ်။ မလုပ်သင့်သေးဘူးထင်တဲ့ အတွက် အဆင့်ဆင့်တစ်တိုင်းပြည်လုံးအတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့်သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့အချိန်ရောက်ဖို့အတွက် ပညာပေးဖို့လိုတယ်ဆိုရင် (ကျွန်တော်တို့ကလက်မခံတဲ့အတွက် ပညာပေးလည်းမလုပ်ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကိုလက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာ ကိုယ့်လူထုကြားထဲမှာလက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ်လင်းအောင် တွေ့ဆုံမေးမြန်းသည်
https://www.facebook.com/knyo10/posts/566662990031592

ဟိုပန်က ဘာကိုအလိုမရှိပဲ ဘာကိုမကန့်ကွက်ခြင်းများလဲ (မျိုးမြင့်ချို မေ ၈ ရက် ၂ဝ၁၃)

0 comments
ဟိုပန်က ဘာကိုအလိုမရှိပဲ ဘာကိုမကန့်ကွက်ခြင်းများလဲ (မျိုးမြင့်ချို မေ ၈ ရက် ၂ဝ၁၃)
အရင်တုန်းက ဒါမျိုးဖြစ်တယ်ဆို ဘယ်သူ့လက်ချက်ဆိုပြီး အပ်ချမတ်ချပြောဖို့သိတ်မခက်လှဘူး။ ခုတော့ လက်သည်ဘယ်သူ ဘယ်လို ပြောမလဲ။ ၈၈ ငြိမ်း/ပွင့်တွေနဲ့ အာဏာလက်ရှိတွေက ပလဲနံပသင့်တယ်လို့မဆိုနိုင်သလို တဇောင်းစေးနဲ့မျက်ချေးလိုဖြစ်နေတာမှလည်း မဟုတ်တာကိုး။ လောက်ဟာ တခါတလေ အသားထဲမှာလည်းရှိတတ်တာပဲ။ ငါးခုံးမတစ်ကောင်ရော မရှိနိုင်ဘူးလား။ တလှေလုံး ငါးခုံးမချည်း မဟုတ်တာတော့သေချာတယ်။ ကိုယ့်ဘက်ကရော အဲ့ဒီနယ်မှာ ဘာပြင်ဆင်မှုတွေနဲ့ ဘယ်လောက်တည်ဆောက်ထားသလဲ၊ အလုပ်တွေ ဘာ ပြနိုင်ခဲ့ပြီးပြီလဲ။

အရင်တုန်းက အမြဲ သဲကွဲသလောက် ခုများတော့ တခါတခါ သဲရှပ်နေသလားပဲ။ အရင်တုန်းက လူလုံးကွဲသလောက် ခုများတော့ လူလုံးကွယ်နေသလားပဲ။ လူဖယ်ပြီးကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုမင်းကိုနိုင်ကို ရန်သူတော်စာရင်းက မပယ်ဖျက်သေးဘူးဆိုတာ မြင်နေရတယ်။ ခုအတိုင်းလောက် ဆက်သွားနေရင်တောင် ပယ်ဖျက်ပေးမယ်လို့ မမျှော်လင့်နိုင်ဘူး။ ဒီအပေါ် အမြင်မရှင်းသူတွေ အားသာနေချိန်မို့ ဦးသိန်းစိန်တို့အကွက်ဆိုက်ပြီး အောင်-လံ-ထူ-စစ်-သူ-ကြီး-ပွဲ ဖြစ်နေတာပါ။ မေခလာကယ်လို့ မဟုတ်တာလည်း ထင်းနေတာပဲ။

ဒုတိယ ဒီပဲယင်းမဖြစ်နိုင်ဘူးပြောဝံ့တောင် နောက်ထပ်ဟိုပန်တွေမဖြစ်ဘူး ဘယ်သူပြောနိုင်မလဲ။ မှောင်ကြီးမဲကြီးထဲ ရိုက်သတ်တဲ့နည်းထက် ခုနည်းက နိုင်ငံရေးသတ်ဖို့ လက်ရှိကာလမှာ ပိုသင့်တော်လှတယ်မဟုတ်လား။ ပြောပြောနေကြတဲ့ ဒီမိုကရေစီခေတ်မဟုတ်လား။ ခု ဒီ ဆိုင်းဘုတ်တွေကိုင်ပြီး ထွက်လာတဲ့သူတွေကို(ဘာတွေဖြစ်နေနေ) ဒေသခံတွေတို့၊ မြို့ခံတွေတို့၊ လူအများတို့ပြောလို့ရတာပဲမဟုတ်လား။ ဒီမိုကရေစီလို့ပြောလိုက်ရင် အဲ့ဒီ ဒေသခံတို့ မြို့ခံတို့ လူအများတို့ဆိုတာ ထည့်ပြောကြရတာပဲမဟုတ်လား။ သတိထားစရာပါ။

ဟိုပန်ကိစ္စဖြစ်တယ်ကြားကြားခြင်း သတင်းလှမ်းမေးတယ်။ ကိုယ့်အမြင်လည်းပြောပါတယ်။ ဖတ်ကြည့်ချင်ရင် ဒီမှာတွေ့ရမှာပါ။ https://www.facebook.com/myo.myint.77/notes ခေတ်ပြိုင်တွေဆိုပေမယ့် ကိုယ့်ထက်သာသူတွေ(အရည်အချင်းမှာ) ကိုယ့်ထက် နာသူတွေ(အနစ်နာခံရာမှာ)ဖြစ်တာမို့ (ကိုယ့်ခေါင်းဆောင်တွေ) တိုင်းပြည်ခေါင်းဆောင် နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်စေ့ချင်တာပါပဲ။

ကိုင်ထားတဲ့ဆိုင်းဘုတ်တွေကို ရသလောက်သတိထားပြီး ကြည့်မိပါတယ်။ တခုမှာက (၈၈ မျိုးဆက်သစ်ကျောင်းသားများအား ကန့်ကွက်ခြင်း မဟုတ်ပါ။ မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ ကိုကိုကြီး၊ မင်းဇေယျ ကျန်းမာပါစေ။ ဒေသခံလူထု၏ဆန္ဒကို လေးစားလိုက်နာမည်ဟု ယုံကြည်ပါသည်)လို့ ရေးထားတာတွေ့ရပါတယ်။ ၈၈ မျိုးဆက်သစ် ဆိုပြီး(သစ်)တလုံး ပိုနေတယ်။ မတော်တဆပိုတာလား။ တမင်ပိုတာလား။ တမင်ပိုတာဆို ဘာကိုပြောသလဲ တွေးလို့မရသေးပါ။ ကန့်ကွက်ခြင်းမဟုတ်ပါဆိုတာကရော ဘာကိုမကန့်ကွက်ဘူးပြောတာလဲ။ ဟိုပန် လာတာကိုပြောတာ လား၊ ဟိုပန်လာပြီးပြောမှာတွေကို ပြောတာလား။ မသဲကွဲဘူး။ ပိုဆိုးသွားတာက ၈၈ ငြိမ်း/ပွင့် ခေါင်သူကြီးတွေထဲက ဒီ (၄)ယောက်ကိုပဲ ကျန်းမာပါစေဆိုတာက ဘာလဲ။ နေရာမဆန့်လို့ အမည်အကုန်မထည့်ရတာဆိုလည်း (အားလုံးကျန်းမာပါစေလုပ်ရင်ရော) မဖြစ်လို့လား။ အခြားသူတွေ ဘာလို့ ကျန်ခဲ့ ချန်ခဲ့သလဲ။ ရွယ်တူခြင်းခေတ်ပြိုင်တွေက ဆောင်ပြီးလုပ်လို့ အမည်တွေရှေ့မှာ (ကို)တွေ(ဦး)တွေမထည့်တာများလား။
နောက်တခုမှာတော့ (၈၈ ကျောင်းသားအဖွဲ့ကိုအလိုမရှိ) ဆိုပြီးတွေ့ရပါတယ်။ အဲ့ဒီမှာလည်း ၈၈ က ကျောင်းသားအဖွဲ့မှမဟုတ်တော့တာ။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်သွားပြီပဲဟာ။ မသိလို့လား။ သိသိနဲ့လုပ်တာလား။ တဘက်ကဆိုင်းဘုတ်က ကျန်းမာပါစေ ပြောတဲ့အပြင် မကန့်ကွက်ဘူးတောင်လုပ်ထားပြီး ကပ်လျှက်ဆိုင်းဘုတ်က (အလိုမရှိ)ဆိုတော့ မျက်စေ့လည်ချင်စရာ။ ဟိုဘက် တဝက် တပျက်မြင်ရတာမှာ ကတော့…….သား မခံ-------ကိုကန့်…..ည်။ ဆိုပြီးဖြစ်ပါတယ်။ ဓါတ်ပုံကနေမြင်ရသလောက်မှာတော့ လူရွယ်လူလတ် တွေများပြီး အသက်ကြီးလို့ခန့်မှန်းနိုင်တာ တယောက်စ နှစ်ယောက်စပါ။ နောက်နားက ဆိုင်းဘုတ်အဝိုင်းလေးမှာ အင်္ဂလိပ်-မြန်မာ  ၂ ဘာသာနဲ့ ၃၆ တန် ဆိုပြီးရေးထားတော့ တံတားပေါ် ဒါမှမဟုတ် တံတားအစပ် တံတားအနီးလို့ထင်ပါတယ်။
အောက်ကလင့်ခ်မှာ (မသိနားမလည်တဲ့ ရွာသားတွေ)ဆိုတဲ့အသုံးအနှုန်းမျိုးသုံးတာကိုတော့ မနှစ်မြို့ဘူး။ အဲ့ဒီအသုံးဟာ အာဏာရှင်အဆက်ဆက်က သူတို့ရဲ့ဖိနှိပ်မှုတွေကိုဆန့်ကျင်တဲ့ အုံကြွမှုတိုင်းမှာပါဝင်ခဲ့တဲ့ အခြေခံလူထုတရပ်လုံးကို ခေါ်ဝေါ်သုံးစွဲခဲ့တာပါ။ ဒီနေရာမှာ မိမိကိုဆန့်ကျင်ရုံနဲ့ သာမန်လူထုကို ခုလိုယိုးစွပ်တာမျိုးက မဆီလျှော်ဘူးတွေးမိပါတယ်။ အဲ့ဒီ ရွာသူရွာသားတွေ ဘာလို့ အဲ့သလိုပါလာကြသလဲ ပါလာရသလဲဆိုတာကို ဂဃနဏ စိစစ်ပြီးမှ တိတိကျကျပြောကြရင် အတော်ကောင်းမယ်တွေးမိပါတယ်။

(၄ဝ၁ အပိုဒ်/၁)နှောင်ကြိုးတည်းခံများကိစ္စ (မျိုးမြင့်ချို မေ ၈ ရက် ၂၀၁၃)

0 comments

(၄ဝ၁ အပိုဒ်/၁)နှောင်ကြိုးတည်းခံများကိစ္စ
ဦးသိန်းစိန်ရဲ့ကြံ့/ဖွံ့ အာဏာလက်လွှဲယူပြီးတဲ့နောက် နိုင်/ကျဉ်းတချို့ကို စလွှတ်တော့ နှောင်ကြိုးတန်းလန်းကြီးနဲ့ ဆိုပြီး ပြောသူတွေထဲမှာ ကျနော်လည်းပါပါတယ်။ (၄၀၁- အပိုဒ် ၁) ဆိုတာဘာလဲဆိုပြီး ဆောင်းပါး (၂) ပုဒ်လောက်တောင်ရေးဖြစ်ခဲ့ပါသေးတယ်။ ခု အများနားလည်ရပိုလွယ်အောင် အရပ်သားစကားနဲ့ အတိုဆုံးချုပ်ပြီး ပြန်ပြောချင်ပါတယ်။ ခု အဲ့သဘောဆောင်တဲ့ ပူပူနွေးနွေးကိစ္စ တခုဖြစ်တယ်မြင်လို့ပါ။ ဒီလိုဗျာ...၄၀၁ အပိုဒ် ၁ သဘောက..ခင်ဗျား သူတို့ကိုဆန့်ကျင်လို့ ဒီမိုကရေစီရေးလုပ်လို့အဖမ်းခံရပြီး၊ သူတို့ပုဒ်ထီးပုဒ်မတွေနဲ့ ထောင် (၁ဝ)နှစ်ချခံလိုက်ရတယ် ဆိုပါတော့။ ထောင်ထဲမှာလည်း (၄)နှစ်နေပြီးပြီဆိုပါတော့။ (ထောင်နေသား (၄)နှစ်ရပြီလို့ပြောပါတယ်) နောက်ထပ်နေပေးဖို့ (၆)နှစ် ကျန်သေးတယ်လို့ဆိုရမယ်။ 
ဘာလို့လဲဆိုတော့ (၁၉၉၇)ကတည်းကစပြီး နိုင်/ကျဉ်းတွေကို ထောင်လျှော့ရက် မပေးတော့လို့ပါပဲ။ နေဖို့လက်ကျန် (၆)နှစ်ရှိသေးတဲ့အချိန်မှာ ခင်ဗျားကို အပေးအယူ(တရားဝင်ပြောပြီး)လာလုပ်ပါတယ်။ "ခုလွှတ်ပေးမယ်.. ထောင်ထဲနေရန်ကျန်သေးတဲ့(၆)နှစ်ကို အကြွေး(ထောင်ကြွေးလက်ကျန်အဖြစ်)မှတ်ထားမယ်...၊ နောင်ကို နိုင်ငံရေးမလုပ်ရဘူးလို့ မဆိုလိုဘူး..၊ လုပ်ချင်ရင်လုပ်...၊ လုပ်လို့ ပြန်အဖမ်းခံရ ပြန်ထောင်ကျရင် အမှုသစ်အတွက်ချမယ့်ထောင်ဒဏ်အပြင် အမှုဟောင်းကကြွေးကျန်ကိုပါ ထပ်ပေါင်းကျခံရမယ်” ဒီသဘောပါပဲ။ (ဥပမာ-နောင်အမှုက ၃ နှစ်ဆိုရင် အရင်ထောင်ကြွေးလက်ကျန်က (၆)နှစ်၊ ပေါင်းလိုက်တော့ (၉)နှစ် သွားပေတော့ပဲ။ အဲ့ဒါကိုပဲ ဗူးလုံးနားမထွင်းသူက မထွင်း။ ထွင်းသူကလည်း မထွင်းချင်ယောင်ဆောင်ပြီး ယောတောရှိနဲ့ "လွတ်ငြိမ်းချမ်းသာခွင့်"လို့ရေးနေ ပြောနေကြတာပါ။ လုံးလုံးလွဲပါတယ်။ မသိလို့လွဲတာဆို သိသူကပြန်တဲ့ပေးရင် ဖြောင့်သွားပေမယ့် သိသိနဲ့ပြောတာရေးတာဆိုရင်တော့ ဒါ "နိုင်ငံရေးမသမာမှု-နိုင်ငံရေးအကျင့်တန်မှု"လို့ပြောရမယ်ယူဆတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြုတာနဲ့ ခု ကြံ့/ဖွံ့အစိုးရ လုပ်နေတာဟာ တခြားစီပါ။ ကျနော်စိုးရိမ်တာက သူတို့ (၄ဝ၁)နဲ့ မလိမ့်တပတ်လုပ်ပြီး လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ လွတ်နီးတွေပါသလို၊ နှစ်ကြီးချခံခဲ့ရပြီး ထောင်ကြွေးလက်ကျန် မနည်းမနောတွေလည်း တပုံတခေါင်းကြီးပါတယ်။ အဲ့လူတွေ ဒီတကြိမ်ပြန် အဖမ်းခံရလို့ကတော့ (သူတို့အဆို ပြစ်မှုကြီးကို)ထောင်လေး (၁)ရက်ပဲချဦး အရင်ထောင်ကြွေးပေါင်းပေးလိုက်ရုံနဲ့တင် ကိစ္စပြီးပါတယ်။ (ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပါတယ် နိုင်ငံရေးလုပ်လို့-သူတို့ကိုဆန့်ကျင်လို့-မဖမ်းတာ့ပါဘူးလို့အာမခံထားတာမရှိသလို ဘယ်သူမှလည်း ဝင်အာမခံလို့မရပါဘူး။ ဒီတော့ ထောင်ထဲကနိုင်/ကျဉ်းလက်ကျန်တွေကိုလွှတ်တဲ့အခါမယ် "ခြွင်းချက်မရှိနဲ့အမြန်ဆုံးလွှတ်ပေးဖို့ (Immediately and Unconditionally)" အပြင် (၄ဝ၁) နဲ့အပြင်ရောက်ပြီးသားလူတွေကိုလည်း အဲ့ဒီ(၄၀၁)နှောင်ကြိုးကနေ အတိအလင်း ပြန်ဖြည်ပေးရပါလိမ့်မယ်။ အတိအလင်းလို့ဆိုရာမှာ သတင်းစာ ရေဒီယို ရုပ်မြင်သံကြားစတဲ့ အစိုးရမီဒီယာတွေကနေ သမ္မတကိုယ်တိုင် ထုတ်ဖော်ပြောကြားပေးဖို့ပါပဲ။ အခုပဲ တောင်းဆိုပါတယ်။ (၄ဝ၁)အနှောင်တည်းခံကာယကံရှင်တွေ ကိုယ်တိုင်တင်မကပဲ အခြားသူတွေကပါ ဝိုင်းဝန်းတောင်းဆိုကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အပစ်အခတ်ရပ်တာနဲ့၊ စစ်ရပ်တာနဲ့၊ စစ်ပြေငြိမ်းတာနဲ့၊ စစ်လည်းမတိုက်ငြိမ်းချမ်းရေးလည်း မရတာနဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်တာနဲ့ကြားက ကိစ္စတွေမှာလည်း ကျနော်တွေးမိတာလေးတွေ ရှေ့မှာအတော်အတန်ရေးခဲ့ပါတယ်။ ဒါပေမယ့် စာရှည်တော့ ဖတ်သူငြီးငွေ့မှာ သေချာပါတယ်။ ခုလို တိုတိုတုတ်တုတ်နဲ့ပြန်ရေးရင် ကောင်းမလားလည်းတွေးမိပါတယ်။ မျိုးမြင့်ချို။


Tuesday, May 7, 2013

ယနေ့ကာလအပြောင်းအလဲနှင့်အမျိုးသားဓနရှင် (ပြည်သူ့အာဏာဂျာနယ် အမှတ်၃၄-မှ)

0 comments
http://www.libertyjuice.com
အမျိုးသားဓနရှင်လူတန်းစားဗိုလ်ချုပ်သိန်းစိန်တို့က “အပြောင်းအလဲ”ဆိုတဲ့စကားတွေပြောလာတော့ အနိုင်နိုင်အငံငံလက်ဝဲအဖွဲ့အစည်း တွေနဲ့လှုပ်ရှားမှုတွေက ဗမာပြည်မှာ အမျိုးသားဓနရှင်လူတန်းစားအဖို့ စီးပွားရေးထွန်းကားခွင့်ရတော့မှာလားလို့ မေးတာတွေရှိလာပါတယ်။ သူတို့စိတ်ဝင်စားတာဟာ သဘာဝကျပါတယ်။ ဗမာပြည်လို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတခုမှာ အစိုးရဟာ အမျိုးသားဓနရှင်လူတန်းစားအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာ အရေးပါတဲ့စံတခုဖြစ်ပါတယ်။ ဆိုလိုတာက  အုပ်စိုးတဲ့အစိုးရကိုအကဲဖြတ်တဲ့ စံပါ။ ဒီနေရာမှာ အမျိုးသားဓနရှင်ဆိုတာဘာလဲဆိုတာကို အရင်အကျဉ်းချုံးပြောလိုပါတယ်။ ဒီအသုံးအနှုန်းဟာ ကိုလိုနီနိုင်ငံတွေ၊ ကိုလိုနီတပိုင်းနိုင်ငံတွေ ဖြစ်ပေါ်လာမှ ပေါ်ထွက်လာတဲ့အသုံးအနှုန်းဖြစ်ပါတယ်။ အဲဒီ အရင်က ဓနရှင်လူတန်းစားဆိုတဲ့အသုံးအနှုန်းရှိခဲ့ပေမယ့် အမျိုးသားဓနရှင်ဆိုတာမရှိခဲ့ပါဘူး။ နိုင်ငံတွေ ကိုလိုနီဘဝကနေလွတ်မြောက်အောင် ရုန်းထွက်ကြချိန်၊ လွတ်လပ်ရေးရပြီးကာစ အချိန်မှာမှပေါ်လာတဲ့ ဓနရှင်လူတန်းစားဖြစ်ပါတယ်။ သူတို့ဟာ မိမိတိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့စီးပွားရေးကိုလွတ်လပ်တာလိုလားပါတယ်။ မလွတ်လပ်မီကာလမှာ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးပါတယ်။ လွတ်လပ်ပြီးခါစမှာ လွတ်လပ်ရေးအချုပ်အခြာ တည်တံ့ခိုင်မြဲရေးနဲ့ စီးပွားရေးအမှီအခိုကင်းရေးကိုလိုလားပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကို အုပ်စိုးသူအာဏာရှင်တွေနဲ့ သူတို့ရဲ့မိုက်ဖော်ဆိုးဖက်ခရိုနီတွေက လက်ဝါးကြီးအုပ်ထားတာကိုဆန့်ကျင်ပါတယ်။ တနည်းပြောရရင် အာဏာရှင်တွေရဲ့ဖိနှိပ်ညစ်ပတ်မှုကို တနည်းမဟုတ်တနည်းနဲ့ ခံနေရသူတွေဖြစ်ပါတယ်။ သူတို့ရဲ့စီးပွားရေးတိုးတက်မှုဟာ အာဏာရှင်နဲ့ခရိုနီတွေရဲ့စီးပွားရေးတိုးတက်မှုနဲ့ ပဋိပက္ခဖြစ်နေပါတယ်။ ဒီနေ့ဗမာပြည်မှာဆိုရင် ခရိုနီလုပ်ငန်းရှင်မဟုတ်တဲ့၊ ပြည်ပနိုင်ငံတွေလုပ်ငန်းရှင်တွေကိုမှီခိုနေတာမဟုတ်တဲ့ လုပ်ငန်းရှင်အားလုံးကို အမျိုးသားဓနရှင်တွေလို့ဆိုနိုင်ပါတယ်။
သူတို့နဲ့ပြောင်းပြန် အာဏာရစစ်အုပ်စုနဲ့သူ့အသိုင်းအဝိုင်းတွေဟာ ပြည်တွင်းကလူတွေ၊ ပြည်တွင်းမှာစီးပွားရေး လုပ်နေကြတဲ့လူတွေဖြစ်ပေမယ့် သူတို့ဟာ သူတို့ရဲ့အာဏာကိုအကြောင်းပြုလို့ ပြည်ပအရင်းရှင်ကြီးတွေနဲ့အဆက်အသွယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ကြားခံပွဲစားလုပ်ခွင့်တွေရလာပါတယ်။ ဒီလိုနဲ့ သူတို့ဟာ ပြည်ပက အရင်းရှင်ကြီးတွေရဲ့လက်ဝေခံတွေ ဖြစ်လာပါတယ်၊ ဒီနေ့ဗမာပြည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကိုအကြောင်းပြုပြီး ဘယ်သူတွေကြီးပွားနေကြတယ်ဆိုတာကိုကြည့်လိုက်ရင် ဒီကိစ္စအင်မတန်ရှင်းလင်းပါတယ်။ သူတို့ဟာ ပြည်ပအရင်းရှင်ကြီးတွေနဲ့လက်ချင်းဆက်ပြီး ပြည်တွင်းက အလုပ်သမားတွေကို သွေးစုပ်၊ လယ်သမားတွေရဲ့မြေတွေကိုလုယက် ကြီးပွားချမ်းသာနေကြသူတွေ ဖြစ်ပါတယ်။
ဒီလိုဆိုတဲ့အတွက် အမျိုးသားဓနရှင်လူတန်းစားဟာ အလုပ်သမားတွေကိုသွေးမစုပ်ဘူးလို့ မဆိုလိုပါဘူး။ နဂိုကအမျိုးသားဓနရှင်၊ နောက်ကျတော့ တစုံတခုသောအခြေအနေအောက်မှာ လက်ဝေခံဓနရှင်အဖြစ်ပြောင်းလဲသွားတာတွေလည်း ရှိတတ်ပါတယ်။
ဗမာပြည်မှာက လွတ်လပ်ရေးဆိုတာကိုရပြီးလို့ အမျိုးသားဓနရှင်လူတန်းစားရဲ့စီးပွားရေးဟာ  အရှိန်ယူအတောင်ပံခတ်တုန်းရှိဆဲ နိုင်ငံတော်အာဏာကိုစစ်တပ်ကသိမ်းတာ ခံလိုက်ရပါတယ်။ ဒီတော့ ဒီအက်စ်အိုင်၊ ဘီအီးဒီစီ စတဲ့ စစ်အုပ်စုရဲ့စီးပွားရေးနဲ့
ထိပ်တိုက်ဖြစ်လာခဲ့ပါတယ်။ ၁ဝ နှစ်ဆိုတဲ့အချိန်ကာလဟာ ကိုလိုနီဘဝကနေရုန်းကန်ရတဲ့စီးပွားရေးတရပ်အဖို့ ခြေခြေမြစ်မြစ် ပြောင်းလဲတိုးတက်တာ မဖြစ်နိုင်ပါဘူး။ ကိုလိုနီလုပ်သွားသူတွေရဲ့စီးပွားရေးတွေလည်း ကျန်ရှိနေတတ်ပါသေးတယ်။ အထူးသဖြင့် အုပ်စိုးသူလူတန်းစားဟာ ပြည်တွင်းကအမျိုးသားဓနရှင်ထက် ပြည်ပကအရင်းရှင်ကြီးတွေကို ပိုအားထားနေတဲ့အနေအထားမှာ အမျိုးသားဓနရှင်လူတန်းစားအဖို့ ဖားလောင်းကနေ ဖားဖြစ်ဖို့ဆိုတာအတော်ကိုခက်ပါတယ်။ အဲဒီအချိန်မှာပဲ အတက်အစွယ်ပြည့်စုံနေပြီဖြစ်တဲ့ ဗိုလ်နေဝင်း - ဗိုလ်အောင်ကြီးတို့ရဲ့စစ်အုပ်စုကလည်း ဂျပန်စစ်လျော်ကြေးကတဆင့် ဂျပန်အရင်းရှင်ကြီးတွေရဲ့လက်ဝေခံ ပျော်ပျော်ကြီးလုပ်နေကြတာပါ။ သူတို့က အမျိုးသားဓနရှင်တွေကို သန့်ရှင်းရဲ့လူလား၊ တည်မြဲရဲ့လူလားဆိုတဲ့မျက်စိနဲ့ပဲ ကြည့်တတ်ကြပါတယ်။  ဒီလိုနဲ့ ၁၉၆၂ ခုနှစ်အာဏာသိမ်းတဲ့အခါကျတော့ ဗိုလ်နေဝင်းတို့စစ်အုပ်စုက မျက်စိစပါးမွေးစူးတာခံခဲ့ရတဲ့ ဗမာပြည်ကအမျိုးသားဓနရှင်လူတန်းစားဟာ “ဇူဇကာ”ဆိုင်းဘုတ်တပ်ခံရပြီး ဓနလည်းအသိမ်းခံရ၊ လူလည်းအဖမ်းခံရ ဖြစ်သွားခဲ့ပါတော့တယ်။
ဗိုလ်နေဝင်းရဲ့ “မြန်မာ့ဆိုရှယ်လစ်”ခေတ်ကိုတော့ အထူးမပြောတော့ပါဘူး။ “ပြည်သူပိုင်သိမ်းတယ်”ဆိုပြီး အမျိုးသားဓနရှင်တွေကို အနိုင်ကျင့်ရတာကိုပဲ အောင်ပွဲခံသလို ဝါဒဖြန့်ခဲ့တဲ့စစ်ဗိုလ်တွေဟာ တိုင်းပြည်အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတာတောင်မှ “ရှေ့သို့ - ရှေ့သို့” အော်နေတုန်းမဟုတ်ပါလား။ နောက်ဆုံး ရှစ်လေးလုံးအရေးတော်ပုံကြီးကပညာပေးလိုက်တော့မှပဲ အာဏာရစစ်အုပ်စုဟာ ဂီယာပြောင်းတော့တာ ဖြစ်ပါတယ်။ ဒါဟာ ဗိုလ်သိန်းစိန်တို့မတိုင်မီ (ဗိုလ်သိန်းစိန်အပါ) နဝတ - နအဖ စစ်အုပ်စုလုပ်ခဲ့တဲ့  အနှစ်နှစ်ဆယ်ကျော်ကအပြောင်းအလဲဖြစ်ပါတယ်။ လက်တွေ့မှာ အဲဒီကတည်းကလုပ်လိုက်တဲ့အပြောင်းအလဲကြောင့်မို့ တိုင်းပြည်ရဲ့စီးပွားရေး ဒီနေ့အခြေဆိုက်၊ ပြည်သူလူထုအဖို့ မီးမလာ ရေမရဘဝ ဆိုက်သွားခဲ့ပါတယ်။ ၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အုပ်စုထိပ်သီးတွေရဲ့ “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပစေ”ဆိုတဲ့မူကြောင့် ဒီကာလအတွင်းမှာ စစ်အုပ်စုထိပ်သီးတွေနဲ့မိုက်ဖော်ဆိုးဘက်ခရိုနီဓနရှင်တွေပေါ်လာတာကလွဲရင် ကျန်တာအားလုံးဟာ ဒီနေ့အထိဒုံရင်းအတိုင်းပါပဲ။ ဒီတလော နိုင်ငံအနံ့အပြားမှာ လျှပ်စစ်မီးပုံမှန်မရတာကိုဆန္ဒပြကြတဲ့လှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်လာတာဟာ ဗိုလ်သိန်းစိန်ဆောင်ကြဉ်းလာတဲ့ အပြောင်းအလဲရဲ့သင်္ကေတလို့ ဆိုနိုင်ပါတယ်။ တကယ်ကျတော့ ဗမာနိုင်ငံရဲ့စီးပွားရေးတခုလုံးဟာ ဒီကနေ့အထိ စစ်အုပ်စုနဲ့သူတို့ရဲ့သားမြေးမြစ်၊ တပည့်ငယ်သားတွေရဲ့အိတ်ထောင်ထဲမှာပဲရှိနေတယ် မဟုတ်ပါလား။ ကျန်လုပ်ငန်းရှင်တွေမှာတော့ စစ်တပ်နဲ့သူတို့အသိုင်းအဝိုင်းကမလုပ်ချင်တဲ့လုပ်ငန်းကိုမှ လုပ်ရပါတယ်။ ဒါတောင်မှ စစ်တပ်အရာရှိတွေကို လာဘ်တွေအမြောက်အမြားထိုးရပါသေးတယ်။
ဒီနေ့အခါမှာ စီးပွားရေးလုပ်ငန်း - ကြီးကြီးသေးသေး - လုပ်မယ်၊ ကုမ္ပဏီတခုထောင်မယ်ဆိုရင် စစ်တပ်အရာရှိဟောင်းတွေကို ကုမ္ပဏီမှာနာမည်ခံပေးဖို့အတွက်ငွေပေးရတဲ့အဖြစ်ကို ရောက်နေပါတယ်။ ကုမ္ပဏီဒါရိုက်တာချုပ်က စစ်အရာရှိဟောင်းဖြစ်နေရင် လိုင်စင်လျှောက်ရ၊ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ရတာလွယ်တယ်၊ ပူးတွဲလုပ်ကိုင်မယ့်ပြည်ပရင်းနှီးမြှုပ်နှံသူတွေကလည်း ပိုယုံပါတယ်။ ဒါကြောင့်ပဲ ဘန်ကောက်ကနေတင်တဲ့ မေလ ၁၇ ရက်၊ အေးရှားတိုင်းမ်စ်ကအွန်လိုင်းဆောင်းပါးတခုမှာ “အခုအခါ အမေရိကန်နဲ့အနောက် နိုင်ငံတွေကရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ဒီစစ်ဗိုလ်အမျိုးအနွယ်တွေကိုရှာရမှာပဲ” လို့ ဖော်ပြထားပါတယ်။
အာဏာရစစ်အုပ်စုရဲ့ ပထမဆုံးအသိသာဆုံးအပြောင်းအလဲကို ၁၉၉ဝ ခုနှစ်မှာ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်ထူထောင်ခဲ့တာမှာ အထင်ရှားဆုံးတွေ့မြင်ခဲ့ရပါတယ်။ တိုင်းပြည်ရဲ့မြေပေါ်မြေအောက်သယံဇာတနဲ့ ဝန်ဆောင်မှုလုပ်ငန်းအပါ စီးပွားရေးလုပ်ငန်းအားလုံးကို စစ်တပ်ကသိမ်းပိုက်လိုက်တာပါ။ ပွဲလန့်နေတုန်းဖျာခင်းတာထက် ဆိုးပါတယ်။ သူ့နောက်ကွယ်မှာ ဧရာမအရင်းအနှီး (ဒါကလည်း နိုင်ငံတော်ဘဏ္ဍာထဲက အဓိကဖြစ်ပါတယ်)ကြီးနဲ့ စစ်တပ်ကြီးကပ်ပါလာ ပါတယ်။ ဒါကို ၁၉၉ဝ ခုနှစ်၊ မေလမှာထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ် အမှတ် ၆ မှ‘စစ်တပ်စီးပွားရေး-ဦးပိုင်လီမိတက်’ဆိုတဲ့ဆောင်းပါးမှာ ဒီလိုရေးထားတာပါရှိပါတယ်။ “ဤအတိုင်းသာ ဆက်လက်တိုးချဲ့သွားပါက နောင်ဆယ်နှစ်ခန့်ကြာသောအခါ တခုသောမနက်ခင်း၌ ကြက်တွန်သံကြား၍ထကြည့်လိုက်ရာဝယ် ဗမာပြည်၏ စီးပွားရေးအသက်သွေးကြောများအား စစ်အုပ်စုနှင့်ဤဦးပိုင်လီမိတက်တို့ကချုပ်ကိုင်ထားသည်ကိုမြင်ရလျှင် မျက်စိပွတ်ပြီးထပ်ကြည့်စရာ မလိုဟုပြောလိုပါသည်” ဒီနေ့ဖြစ်နေတာတွေဟာ အဲဒီဟာနဲ့ဘာမှမကွာပါဘူး။
လက်ရှိဗမာနိုင်ငံစီးပွားရေးမှာ လူပြောများနာမည်ပျက်လှတဲ့ကိစ္စတခုကတော့ စစ်အုပ်စုထိပ်သီးပိုင်းတွေရဲ့စီးပွားရေးလုပ်ငန်းတွေဟာ ပင်လယ်ထဲကရေခဲဆောင်ကြီးတွေလို အဖျားပိုင်းလေးကိုသာ လူတွေကမြင်နေကြရတဲ့ကိစ္စဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက ကြိတ်စုဆောင်းပြီးလျှို့ဝှက်ထားခဲ့တဲ့ ထိပ်သီးတွေရဲ့ဓနဟာ ကနေ့ခါမှာ ဘယ်လောက်အထိဖြစ်နေပြီလဲ ဘယ်သူမှမပြောနိုင်သလို သူတို့တတွေ ရှောင်ခဲ့၊ လိမ်ခဲ့တဲ့အခွန်တွေလည်း ဘယ်လောက်တောင်များနေပြီလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ဗမာပြည်စီးပွားရေးလောကမှာ ဘယ်လုပ်ငန်းရဲ့နောက်ကွယ်မှာ ဘယ်ထိပ်သီးရှိနေတယ်လို့ ပြောရတာမျိုးဟာဆိုရင် ရိုးတောင်နေပါပြီ။
ဒီလိုတိုင်းပြည်ရဲ့စီးပွားရေးအခေါင်အညွန့်ကို တနင့်တပိုးစားခွင့်ရနေတဲ့စစ်အုပ်စုထိပ်သီးတွေနဲ့ သူတို့ရဲ့ဆိုးဖော်တေဖက်ခရိုနီတွေက ဖန်တီးလိုက်တဲ့ လက်ရှိ “အလှည့်အပြောင်း”ဟာ သူတို့ရဲ့ဓနတွေ ပိုပြီးတာရှည်တည်မြဲအောင်၊ ပိုမိုတိုးပွားအောင်လုပ်ဖို့သာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုလုပ်ရာမှာ အခုတော့ နိုင်ငံရေးနယ်ပယ်ကိုပါ သူတို့ခြေကုပ်မြဲအောင်လုပ်လာကြပါတယ်။ တိုင်းပြည်မှာ အာဏာရနေသူတွေက ခရိုနီတွေကိုမွေးတယ်၊ အဲဒီခရိုနီတွေက နိုင်ငံရေးသမားတွေကိုမွေးတယ်။ ရာထူးနဲ့လည်းမွေးသလို၊ ဒေါ်လာနဲ့လည်းမွေးပါတယ်။ အာဏာရှင်တွေက အထက်မှာပြောခဲ့သလို ခရိုနီတွေမွေးပါတယ် (တချို့က သူတို့ရဲ့ငွေမည်းတွေခဝါချဖို့ မွေးတာပါ) အဲဒီခရိုနီတွေဟာလည်း ဓနအင်အားကြီးထွားလာတာနဲ့အမျှ ယူနီဖောင်းဝတ်တွေအပါ နိုင်ငံရေးသမားတွေကိုပြန်မွေးပါတယ်။ ဒီလိုနဲ့ တချို့သောနိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူတဦးချင်းတွေဆိုရင် ခရိုနီလုပ်ငန်းရှင်တွေကပေးကျွေးတာတွေကို ဘိန်းစွဲသလိုစွဲပြီး မဖြတ်နိုင်ဖြစ်လာတော့တာပါပဲ။ ခရိုနီစီးပွားရေးကနေ ခရိုနီနိုင်ငံရေးပေါ်လာတတ်ပါတယ်၊
ဒီလိုသံသရာကြီးထဲမှာ အမျိုးသားဓနရှင်လူတန်းစားဟာ စီးပွားရေးကြီးထွားတောင့်တင်းလာပြီး တိုင်းပြည်ရဲ့နိုင်ငံရေးမှာလည်း အရေးပါအရာရောက်သူတွေဖြစ်ဖို့ဆိုတာ ဖားကနေ မင်းသားဖြစ်လာတယ်ဆိုတဲ့နတ်သမီးပုံပြင်လိုသာ ဖြစ်ပါလိမ့်မယ်။
မေးပါရစေ။
ဗိုလ်သိန်းစိန် သမ္မတလုပ်အာဏာယူခဲ့လို့ ၁ နှစ်ကျော်ခဲ့တဲ့ ဒီနေ့အခါမှာ စစ်အသိုင်းအဝိုင်းရဲ့အပြင်ဘက်တွေကို ထွန်းကားခွင့်ပေးမယ့်အလားအလာ၊ ဒါမှမဟုတ် လက္ခဏာ ဘယ်လောက်များတွေ့နေရပြီလဲ။ ဒါနဲ့ပြောင်းပြန်ပဲ အနောက်နိုင်ငံတွေကအရင်းအနှီးတွေဝင်လာတာနဲ့အမျှ စစ်အုပ်စုဝင်တွေ ပိုချမ်းသာ၊ ပိုဘဝင်ကိုင်၊ ပိုမောက်မာမယ့်အနေအထားကိုပဲ မြင်နေရပါတယ်။
အမျိုးသားဓနရှင်လူတန်းစားက အကြွင်းအကျန်မစားရခင် စစ်အုပ်စုအသိုင်းအဝိုင်းအတွင်း စားကျက်လုကြ၊ ခွက်စောင်းခုတ်ကြမှာကိုလည်း မြင်နေရပါတယ်။              
(ပြည်သူ့အာဏာဂျာနယ် အမှတ်၃၄ တွင် ပါရှိသော ဆောင်းပါးဖြစ်ပါတယ်)

Monday, May 6, 2013

တိုင်းဦးသားကိုတွေ့ပြီး တိုင်းရင်းသားအကြောင်းတွေးမိတာ (မျိုးမြင့်ချိ)

0 comments
တိုင်းဦးသားကိုတွေ့ပြီး တိုင်းရင်းသားအကြောင်းတွေးမိတာ (မျိုးမြင့်ချိ)
ဗမာပြည်မှာ အမျိုး/ဘာသာ/သာသနာအခြေခံ အကြမ်းဖက်ဝါဒီတွေ စိတ်ထင်တိုင်းသောင်းကျန်းခွင့်ရနေခိုက်မှာ အိမ်ရှင်/ဧည့်သည်အဟောနဲ့ မီးလောင်ရာလေပင့်မှုအကြောင်းတွေးနေတုန်း၊ တနေရာရာကနေ တနေရာရာကို အချိန်ခြားပြီး ရှေ့ဆင့်နောက်ဆင့်ဝင်ချလာကြသူချင်းအတူတူ တိုင်းရင်းသား၊ တိုင်းဖျားသား၊ တိုင်းခြားသား၊ ဌာနေသား၊ ရွှေ့ပြောင်းဝင်လာသူ၊ ဒေသခံစတဲ့ အမုန်းတရားနဲ့ ခွဲခြားအဓိပ္ပာယ်ဖွင့်ဆိုမှုတွေအကြောင်းတွေးနေတုန်း၊ လူထဲကနေ လူမျိုးဆိုပြီးလူသားရဲ့ပကတိသဘောကို သွေးနဲ့ထပ်ခွဲမှရဦးမတဲ့ဆိုတဲ့ သွေးခွဲတရားတွေအကြောင်းတွေးနေတုန်း
ဗြုန်းဆို ဝေါဟာရအသစ်အဆန်းတခု ကြားလိုက်ရတယ်။ “တိုင်းဦးသား”တဲ့။ အတော်လှတဲ့ ဝေါဟာရပဲ။ “တိုင်းရင်းသား”ဆိုတဲ့ဝေါဟာရကိုတန်ပြန်ဖို့ တီထွင်လိုက်တာလို့ထင်ရပါတယ်။ နောင်မှာ ဗမာပြည်လို့ခေါ်မယ့် “တိုင်း”နိုင်ငံထဲကို မြန်မာတွေထက်အရင် “ဦး”ဦးဖျားဖျား ရောက်လာတဲ့အမျိုး“သား”တွေကိုခေါ်ဖို့ ကြိုမျှော်မှန်းတီထွင်လိုက်တဲ့ ဝေါဟာရဖြစ်ပုံပါပဲ။ ဒါဆို ခု မြန်မာလို့ခေါ်သူတွေထက်အရင် ဒီအရပ်မှာ ဘယ်သူတွေ ရေကြည် အရင်သောက်ခဲ့သလဲ၊ ဘယ်သူတွေ မြက်နု အရင်ရှာတွေ့ခဲ့ကြသလဲ။ ဘယ်သူတွေ ဓါးမဦး အရင်စချခဲ့ကြသလဲ။ ဝတွေလား၊ ရှမ်းတွေလား၊ ကချင်တွေလား၊ မွန်တွေလား၊ ရခိုင်တွေလား၊ ကယားတွေလား၊ ကရင်တွေလား ဘာတွေများဖြစ်မလဲ။ နောင်တချိန်ချိန်မှာ “တိုင်းရင်းသား-တိုင်းဦးသားပဋိပက္ခမီး” မတောက်ဘူးပြောနိုင်မလား။ တကယ်တမ်းတော့ ဘာတွေဖြစ်ဖြစ် ဘယ်သူတွေဖြစ်ဖြစ်ပါ။ အဲ့ဒီ တိုင်းဦးသားတွေလည်း လူတွေပဲမဟုတ်လား။ လူသားပဲမဟုတ်လား။ နောင်မှာ နိုင်ငံရယ်လို့နယ်နိမိတ်တွေပေါ်လာတဲ့အခါမယ် နိုင်ငံသားရယ်လို့ဖြစ်လာကြတာပဲ မဟုတ်လား။ အဲ့သလိုမမြင်ရင် အရင်ရောက်နှင့်သူက နောက်ရောက်လာသူကို တိုင်းခြားသား တိုင်းဖျားသားဆိုပြီးခွဲခြားတာတွေ ပိုသည်းသန်ပြင်းထန်လာမယ့်အပြင် တိုင်းဦးသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေး အငြင်းအခုန်တွေလည်း ပွဲပိုကြမ်းလာစရာအကြောင်းတခု ထပ်တိုးလာမှာပါ။ ခုပြောလိုက်တဲ့ ဝေါဟာရအလှ “တိုင်းဦးသား”ဟာ ပေါ့ပေါ့တွေးလို့မရမယ့်ကိစ္စ ဖြစ်မလာဘူးလို့ ဘယ်သူတပ်အပ်ပြောနိုင်မလဲ။ မပြီးနိုင်မစီးနိုင် ငြင်းကြခုန်ကြ သတ်ကြပုတ်ကြ သွေးချောင်းစီးကြရဦးမယ့်ကိစ္စ ဖြစ်မလာဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။ “တိုင်းဦးသားနဲ့တိုင်းရင်းသား” “အိမ်ရှင်ဧည့်သည်”လုရင်း နယ်လုရင်း သူနဲ့အတူသယ်လာတဲ့အယူ ငါနဲ့အတူပါလာတဲ့တရား သင်နဲ့အတူထူထောင်ခဲ့တဲ့ဒေသနာ စတဲ့တံဆိပ်တွေထွင်ပြီး “အိမ်ရှင်/ဧည့်သည်ဘာသာ”လည်းကပ်ပါလာဦးတော့မယ်။ ဒီမှာ ပဋိပက္ခရဲ့မြစ်ဖျားခံတော့မယ်။ ရေသောက်မြစ်ဖြစ်တော့မယ်။ အုပ်စုကြီးတစုကို ကိုယ်စားပြုပြီး လူအုပ်စုကြီးဝါဒ၊ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ မှိုင်းဝအောင်တိုက်ကာ အုပ်စိုးသူတွေနဲ့ပင်းပြီး “အိမ်ရှင်အယူနဲ့အိမ်ရှင်လူ”ဆိုသူတွေချယ်လှယ်တဲ့ဒဏ် အုပ်စုငယ်တွေခံရပေဦးမယ်။ နိုင့်ထက်စီးနင်းမှုမှာ အရသာခံတတ်သူတွေ ပျော်ပါးဝမ်းမြောက်ဖို့ လူအရှင်လတ်လတ်တွေ မီးလောင်တိုက်သွင်းခံရဦးတော့မယ်။ ယုံကြည်မှုအယူလွန်သူဟာ စိစစ်တတ်တဲ့ဉာဉ်ပါးလျားပြီး ပိုင်းခြားတတ်တဲ့ဉာဏ်နုံ့နဲ့ကာ လူ့သမိုင်းဆိုတာ နိုင်သူ့သမိုင်းလို့သာ ကောက်ချက်ဆွဲတတ်လေတယ်။
မျိုးမြင့်ချို မေ ၆ ရက် ၂ဝ၁၃