Tuesday, July 2, 2013

ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း (အောင်မြင့်ဦး-မဟာဝိဇ္ဇာ)

0 comments
ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း (အောင်မြင့်ဦး-မဟာဝိဇ္ဇာ) ရနံ့သစ်၊ ၂ဝ၁၂ မတ်လဖက်ဆစ်တော်လှန်ရေးလို့ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ရဲဘော်သုံးကျိပ်တို့အကြောင်း၊ ဗမာ့တပ်မတော်အကြောင်း၊ တိုက်ပွဲများအကြောင်း အစရှိသည့်တို့ကိုသာ ရေးသားခဲ့ကြ၊ ပြောဆိုခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ ဖက်ဆစ်တို့ကို တော်လှန်လိုစိတ် ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြည်သူလူထုနားလည်လာအောင်၊ တော်လှန်ရေးသဘောတရားကို သိရှိလာအောင် ဟောပြောပို့ချမှု၊ စနစ်တကျစည်းရုံးတတ်မှု၊ တော်လှန်တတ်မှုတို့ကိုဆောင် ရွက်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အကြောင်းတွေကို ရေးသားဖော်ပြမှုဟာ အင်မတန်နည်းပါးနေပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးလက်အောက်ခံပါပဲ။ စစ်ရေးကိုဦးဆောင်သွားတာ နိုင်ငံရေးပါပဲ။ ၁၉၄၅ ခုနှစ်မှာ ပြည်သူလူထုတရပ်လုံးပါဝင် ဆင်နွှဲခဲ့တဲ့ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ်ဆန့်ကျင်ရေးသဘော တရားတွေးကိုနားလည်လာအောင်၊ စနစ်တကျတော်လှန်တတ်လာအောင် နိုင်ငံရေးနည်း အရစည်းရုံးပို့ချလမ်းညွန်ပြခဲ့တဲ့ သခင်ဗဟိန်းရဲ့လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြလိုက် ပါတယ်။
သခင်ဗဟိန်းကို စစ်ကိုင်းခရိုင် အင်းဝမြို့မှာ မြန်မာသက္ကရာဇစ် ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အဘ ပွဲစားကြီးဦးမှင်၊ အမိပွဲကတော် ဒေါ်ဒေါ်ဦးတို့မှဖွားမြင်ခဲ့ပါတယ်။ ငယ်စဉ်အခါက အင်းဝမြို့ မူလတန်းကျောင်း မှ လေးတန်းအောင်မြင်ခဲ့ပြီး မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းကနေ အင်္ဂလိပ်မြန်မာဆယ်တန်းစားမေးပွဲကို အင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင်ဘာသာရပ်များနဲ့ဂုဏ်ထူးဆွတ်ခူး အောင်မြင်ခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝ ကတည်းက ကျောင်းသားများရဲ့ ချစ်ကြည်လေးစားမှုကိုခံရပြီး ပေါ်ပေါက်လာသမျှ ကျောင်းသားအရေးတော်ပုံများ မှာ ရှေ့တန်းကနေ မားမားမတ်မတ်ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် မန္တလေးမြို့ စိုက်ပျိုးရေးကောလိပ်သိပ္ပံကျောင်းကို ပြောင်းရွှေ့ပြီးပညာသင်ကြားခဲ့တယ်။ အိုင်အေစာမေးပွဲမှာ မြန်မာတနိုင်ငံလုံးပထမရပြီး ပါဠိဘာသာဂုဏ်ထူး ဆွတ်ခူးခဲ့ပါတယ်။ အိုင်အေအထက်တန်းပညာများကိုသင်ကြားနေစဉ် မန္တလေးမြို့ စိုက်ပျိုးရေးကောလိပ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်မှာ ကိုဗဟိန်းတယောက် ရန်ကုန်တက္ကသိုလ်ကိုရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကိုသင်ကြားနေစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်မှာ အထက်မြန်မာနိုင်ငံ ရေနံမြေမှာလူတန်းစားတိုက်ပွဲအသွင်ကူးပြောင်းပြီး ရေနံမြေ အလုပ်သမားသပိတ်ကြီးဖြစ်ပွားခဲ့တယ်။ ရန်ကုန်ကို ချီတက်အရေးဆိုအောင်ပွဲခံနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင်တဲ့ကျောင်းသားတွေက ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီလိုပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကိုဗဟိန်းကို မကွေးမြို့ ရေနံမြေအလုပ်သမားသပိတ်တပ်သားများကိုတရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” လို့ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။ ကိုဗဟိန်းပြောခဲ့တဲ့အတိုင်းပါပဲ၊ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးပေါ်ပေါက်လာပြီး သပိတ်မီးဟာ တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်သွားတဲ့အထိပြန့်ပွားသွားခဲ့ ရပါတယ်။ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးပြီးဆုံးသွားတဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂညီလာခံကြီးတခုကို ကျင်းပခဲ့ကြတယ်။ အဲဒီ ညီလာခံကြီးက ကိုဗဟိန်းကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့တယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးအခြေအနေတို့ကြောင့် ဘီအေအထက်တန်းစာမေးပွဲကိုမဖြေဆိုနိုင်တော့ဘဲ ဒို့ဗမာအစည်းအရုံးအတွင်းသို့ဝင်ရောက်ခဲ့ပြီး သခင်အမည်ကိုခံယူကာ သခင်ဗဟိန်းဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ မြေအောက်တော်လှန်ရေးလုပ်ငန်းများကိုခေါင်းဆောင်ပြီး ပြည်သူ့အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ ဗမာ့တော်လှန်မှုစာတမ်းများကို လျှို့ဝှက်ရေးသားထုတ်ဝေခဲ့တယ်။
များမကြာမီနယ်ချဲ့အစိုးရရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီး မန္တလေးထောင်ပွင့်သွားတော့မှ သခင်ဗဟိန်းလည်း လွတ်မြောက်လာခဲ့ရတယ်။ ထောင်မှလွတ်မြောက်လာပြီးတဲ့နောက်မှာ သခင်ဟိန်းဟာ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ သခင်ဗဟိန်းဟာ တဖက်ကလည်း ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံရေးဝန်ကြီး သခင်နုရဲ့လက်အောက်မှာ ဒုတိယအတွင်းဝန်အဖြစ်ဆောင်ရွက်ခဲ့တယ်။
ဂျပန်ခေတ်ကာလတွင် ရန်ကုန်မြို့ဂွတ္တလစ်ရပ်ကွက်ရှိ ဒို့ဗမာဆင်းရဲသားအစည်းအရုံးဋ္ဌာနချုပ်ရုံးသည် ဖက်ဆစ်စနစ်ဆန့်ကျင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် အကောင်းဆုံးနေရာဌာနတခုပါပဲ။ တို့ဗမာဆင်းရဲသားအစည်းအရုံးဆိုတာ သခင်ကိုယ်တော်မှိုင်း၊ သခင်မြခေါင်းဆောင်သောတို့ဗမာအစည်းအရုံး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်ခေါင်းဆောင်သောတို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော်ခေါင်းဆောင်သောဆင်းရဲသားဝံသာနုအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ပါပဲ။ ဂျပန်ခေတ်၏ တခုတည်းသောတရားဝင်နိုင်ငံရေးဖွဲ့အစည်းဆိုရင်မမှားပါဘူး။
ဒို့ဗမာဆင်းရဲသားအစည်းအရုံးဌာနချုပ်သို့ သခင်ဗဟိန်းသည် မကြာခဏလာလေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်ခဲ့တယ်။ သခင်မြအိမ်မှအပြန် တညတွင် ဒို့ဗမာဆင်းရဲသားအစည်းအရုံးဌာနချုပ်သို့ရောက်လာခဲ့ပြီး ဖက်ဆစ်တို့၏ဒဏ်ကိုလူတွေမခံမရပ်နိုင်ဖြစ်နေကြကြောင်း၊ အရှေ့ရိုးမရှိ ကရင်လူထုမှာ ဖက်ဆစ်တို့၏ညှဉ်းပန်းနှိပ်စက်မှုကို အလူးအလိမ့်ခံနေရကြောင်း၊ တပ်မတော်တွင်း၌လည်း တိုင်းအသီးသီးတွင် ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ၊ တော်လှန်လိုသောစိတ်ဓာတ်များပေါက်ကွဲလုဆဲဆဲ ဖြစ်နေကြကြောင်း လူကြီးတွေကလည်း အဲဒီအခြေအနေကိုသိရှိခဲ့ကြပြီး အချင်းချင်းညှိနှိုင်းလို့ရတန်သလောက် ရခဲ့ပြီးဖြစ်ကြောင်း၊ တောင်ငူနယ်က အခြေအနေကိုသိချင်ကြောင်း လာရောက်မေးမြန်းခဲ့ပြီး တောင်ငူဘက်ကိုဆင်းဖို့ စီစဉ်ခဲ့တယ်။

တောင်ငူဘက်သို့မဆင်းမီ သခင်ဗဟိန်းဟာ သူ့ရဲ့ဇနီးသည်မခင်ကြီးနဲ့သခင်ဗသိန်းတင်တို့ကိုခေါ်ယူပြီး ကွမ်းခြံကုန်းမြို့နယ် အင်ဂလုံးရွာကလေးသို့ သွားရောက်ခဲ့တယ်။ အဲဒီရွာကလေးမှာ သခင်စိုးနဲ့အခြားရဲဘော်များကိုတွေ့ဆုံခဲ့ပြီး ရက်ပေါင်း ၂ဝ ကျော် သဘောတရားရေးရာသင်တန်း တက်ခဲ့ကြတယ်။ ရန်ကုန်ပြန်ရောက်ပြီး ၁၅ ရက်ခန့်အကြာ သူနေထိုင်သောသခင်နုနေအိမ်မှ သူတို့လင်မယားနှစ်ယောက်ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်ဘက်ကိုထွက်ခဲ့ကြတယ်။ ပဲခူးမြို့ စံပြတပ်ရင်းမှာ ၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိကျင်းပခဲ့တဲ့အစည်းအဝေးက ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ချုပ်ကြီးက ဖက်ဆစ်တော်လှန်ရေးနီးကပ်လာချိန်မှာ ဖက်ဆစ်တို့ကိုတော်လှန်တိုက်ခိုက်ရန် အတွက် တော်လှန်ရေးစစ်တိုင်းများကိုသတ်မှတ်ပြီး တိုင်းအလိုက် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များကိုရွေးချယ်သတ်မှတ်ခဲ့တဲ့ အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ်ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကိုရွေးချယ်သတ်မှတ်ခဲ့တယ်။
သခင်ဗဟိန်းတို့လင်မယား ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူဘက်သို့လျှို့ဝှက်ဆင်းလာခဲ့အချိန်က ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းပိုင်း ဖြစ်ပါတယ်။ သခင်ဗဟိန်းတို့လင်မယားဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နှင့် ကိုယ်ယောင်ဖျောက်နေခဲ့ကြတယ်။ မော်လမြိုင်မှရောက်လာသောကုန်သည်လင်မယားအသွင်နှင့် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်တဝိုက်တွင်လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ ဖက်ဆစ်တို့၏ဖိနှိပ်မှုအောက်မှာ မျက်စိကန်း၊ နားကန်းဖြစ်နေတဲ့လူငယ်လူရွယ်တွေကို မျက်စိပွင့်၊ နားပွင့်ဖြစ်စေခဲ့တယ်။ ဖက်ဆစ်လက်အောက်မှ လွတ်မြောက်ဖို့အတွက်ထွက်ရပ်လမ်းကို ရစေခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်မြော်မြင်ရေး သဘောတရားသစ်၊ တရားမှန်များကိုအခြေခံပြီးစည်းရုံးနိုင်ခဲ့တယ်။ အဲဒီအတွက် သင်တန်းများကို မရပ်မနားပို့ချခဲ့တယ်။ သင်တန်းများမှာ သခင်ဗဟိန်းပို့ချခဲ့တဲ့ဘာသာရပ်တွေကတော့…
- လွပ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂
- တော်လှန်ရန် စိုင်းပြင်ကြစို့
- ကရင်-ဗမာသွေးစည်းရေး
- စစ်၏ နည်းသစ်များ
- လျှို့ဝှက်ရေးကိုမည်သို့ကျင့်သုံးမည်နည်း စသော စာတမ်းများဖြစ်ကြတယ်။
သခင်ဗဟိန်းဟာ ကျောင်းသားခေါင်းဆောင်တယောက်၊ အလုပ်သမားခေါင်းဆောင်တယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ သူ့မှာ စစ်ရေးအတွေ့အကြုံလုံးဝမရှိလို့ စစ်ရေးကိုခေါင်းဆောင်နိုင်လိမ့်မယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်များက လုံးဝ မထင်ခဲ့ကြဘူး။ ဒါပေမယ့် သခင်ဗဟိန်းပို့ချတဲ့ “စစ်၏နည်းသစ်များ”သဘောတရားဟာ အရင်းရှင်စစ်ရေးနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေ တဲ့ ပြည်သူ့စစ်အခြေခံသဘောတရားများ၊ ပြောက်ကျားစစ်ဆင်ရေးနည်းများဖြစ်ကြတယ်။ အရင်တုန်းက မကြားဘူးမသိဘူးကြတဲ့ စစ်ရဲ့သဘောတရားသစ်များ၊ နည်းပညာသစ်များဖြစ်ကြတယ်။ ဖက်ဆစ်တော်လှန်ရေးကာလအတွင်းရရှိခဲ့တဲ့ ပြည်သူ့စစ်ပွဲရဲ့အောင်ပွဲရလဒ်များဟာ သခင်ဗဟိန်းပို့ချခဲ့တဲ့ “စစ်၏နည်းသစ်များ” ရဲ့အကျိုးဆက်များပဲ ဖြစ်ကြတယ်။ သခင်ဗဟိန်းရဲ့ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံဟာ မင်းသားဟန် နုနုနယ်နယ်ပင်ဖြစ်တယ်။ တကယ့်လက်တွေ့မှာတော့ သခင်ဗဟိန်းဟာ မင်းသားမဟုတ်တော့ဘဲ ကြမ်းတမ်းတဲ့စစ်ရေးကို နိုင်နိုင်နင်းနင်းခေါင်းဆောင် မှုပေးနိုင်စွမ်းရှိတဲ့ စစ်ရေးခေါင်းဆောင်တယောက်ဖြစ်ခဲ့တယ်။ အဲဒီအချက်ကို တောင်ငူခရိုင် ပြောက်ကျားတိုက်ပွဲများကသက်သေပြခဲ့တယ်။ သခင်ဗဟိန်းရဲ့ နောက်ထပ်အောင်မြင်မှုတခုကတော့ သူကိုတိုင်ပြုစုရေးသားပြီးသင်ကြားပို့ချခဲ့တဲ့ “ကရင်-ဗမာသွေးစည်းရေး” စာတမ်းပါပဲ။ ဒီစာတမ်းကတော့ သမိုင်းဝင်စာတမ်း တစောင်ပဲဖြစ်တယ်။ အဲဒီစာတမ်းကြောင့် အရှေ့ရိုးမမှာ ကရင်-ဗမာညီညွတ်ရေးသာမက လူမျိုးစုံညီညွတ်ရေးအင်အား ကောင်းခဲ့ တယ်။ အဲဒီအချက်ကို အရှေ့ရိုးမမှာရှိတဲ့ကရင်လူမျိုးအကြီးအကဲများ၊ လူထုများက ကောင်းစွာသိရှိနားလည်ခဲ့ကြတယ်။ ပဲခူးရိုးမမှာ ကရင်-ဗမာချစ်ကြည်ရေးဟာ သခင်ဗဟိန်းရဲ့ကြိုးပမ်းမှုကြောင့် ခိုင်မြဲခဲ့တယ်။ သခင်ဗဟိန်းရဲ့ချစ်ကြည်ရေးခေါင်းဆောင်မှုသဘောတရားကိုကြားရရုံနဲ့ ကရင်လူထုက သခင်ဗဟိန်းကိုလေးစားခဲ့ကြတယ်။ လူကိုယ်တိုင်တွေ့တဲ့အခါ ချစ်ခင်နှစ်သက်ကြတယ်။ အချို့က ထူးထူးကဲကဲကို ချစ်ခင်ခဲ့ကြတယ်။
သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေးအင်အားစုများကို တော်လှန်ရေးသဘောတရားများသင်ကြားပေးခဲ့တယ်။ အဲဒီ သဘောတရားဟာ လူထုကိုချုပ်ကိုင်မိတာနဲ့အမျှ တော်လှန်တဲ့အင်အားစုကြီးတရပ် ဖြစ်ပေါ်လာခဲ့ရတယ်။ အထက်ပါသဘောတရားကိုယုံကြည်သက်ဝင်တဲ့ သခင်ဗဟိန်းအနေနဲ့ ဖက်ဆစ်တော်လှန်ရေးသဘောတရားများ ကို တောင်ငူခရိုင်တခုလုံး နေရာအနှံ့အပြား မရပ်မနားပို့ချခဲ့တယ်။ စိုက်ပျိုးရေး ညောင်ပင်သာရွာ၊ စစ်တောင်းကမ်းပါးရှိ မွေတွင်းရွာ၊ ပဲခူးရိုးမ ကျီးမနိုးချောင်းဖျားစခန်း၊ ဆင်ပချပ်ရွာ၊ ကြူအင်းရွာ၊ စစ်တောင်းကမ်းပါးရှိ သရက်တောရွာ၊ ဘွားအေစုရွာ၊ ဘုမ္မတီးတောင်ခြေရှိ မြောက်ငိုကုန်းရွာ အစရှိတဲ့ရွာများဟာ သခင်ဗဟိန်း သဘောတရားပို့ချရာနေရာများ ဖြစ်ခဲ့ကြတယ်။ သခင်ဗဟိန်းစခန်းမှာ ဆင်ပချပ်ရွားအနီးတောင်ခြေတွင်ရှိခဲ့တယ်။ အဲဒီနေရာဟာ ပြောက်ကျားတပ်များရဲ့ဗဟိုဌာနချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာကစပြီး ဖက်ဆစ်များကိုအလစ်ဝင်စီးဖို့စီစဉ်ခဲ့တယ်။ အဲဒီနေရာကနေပြီး ဖက်ဆစ်ဆက်သွယ်ရေးလမ်းဖြစ်တဲ့ ကားလမ်းများ၊ မီးရထားလမ်းများကိုဖြတ်တောက်ပစ်ရန် အမိန့်ပေးခဲ့တယ်။ အဲဒီနေရာကနေပြီး တော်လှန်ရေးလုပ်ငန်းများကို ညွန်ကြား ခဲ့တယ်။ ၁၉၄၅ ခုနစ် မတ်လ ၆ ရက်နေ့ညမှာ ဗိုလ်မှူးဗထူးဟာ ဖြူးမြို့နယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနဲ့လျှို့ဝှက်တွေ့ဆုံခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲမည့်ဆဲဆဲမှာ ဗိုလ်မှူးဗထူးဟာ သခင်ဗဟိန်းကို ခက်ခက်ခဲခဲလာရောက်တွေ့ဆုံခဲ့ပြီး တော်လှန်ရေးကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြတယ်။ အထက်ဗမာပြည်တိုင်းမှူးတဦးဖြစ်တဲ့ဗိုလ်မှူးဗထူးအနေနဲ့ သခင်ဗဟိန်းကို ဤမျှအထိ တန်ဖိုးထား လေးစားပြီးလာရောက်တွေ့ဆုံခြင်းပဲဖြစ်တယ်။ အဲဒီလိုတွေ့ဆုံပြီး ၂ ရက်အကြာ မတ်လ ၈ ရက်နေ့မှစတင်ပြီး ဗိုလ်မှူးဗထူးခေါင်းဆောင်တဲ့ ဗမာ့တပ်မတော်အနေနဲ့ ဖက်ဆစ်ဂျပန်တို့ကိုစတင်၊ တော်လှန်ရေးစာစောင်တွေဟာ အဆက်မပြတ်ထွက်ခဲ့ကြတယ်။
ဖက်ဆစ်တော်လှန်ရေးမှာ အသေးစိတ်လုပ်ငန်းများကိုရေးခဲ့တယ်။ ကရင်-ဗမာသွေးစည်းရေးလုပ်ငန်းများကိုလည်း ရေးသားခဲ့တယ်။ အဲဒီစာတမ်းဟာ ဗမာလူမျိုးများအပေါ်မှာတင်ရှိနေတဲ့ ကရင်လူမျိုးများရဲ့သံသယကို ရှင်းစေခဲ့တယ်။ အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးနဲ့ချပေးတဲ့စာအုပ်များအနက် “ပြင်သစ်ပြည်လွတ်လပ်ရေးတိုက်ပွဲ”ကို ဘာသာပြန်ခဲ့တယ်။ စာအုပ်ဘာသာပြန်ပုံမှာ သူက အင်္ဂလိပ်စာအုပ်ကိုကြည့်ပြီး ဗမာလိုတောက်လျှောက်ဖတ်သွားခဲ့တယ်။ မောင်မြင့်ဆိုတဲ့ရဲဘော်က လက်ရေးတိုနဲ့ရေးခဲ့တယ်။ ဖယောင်းစက္ကူပေါ်မှာ စာရှည်ပြန်ရေးပြီး စာကူးစက်နဲ့လှည့်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ ဗမာပြန်စာအုပ်များဖြစ်လာခဲ့ကြတယ်။ လီနင်ရေး “အစိုးနှင့် တော်လှန်ရေး”စာအုပ်ကိုဘာသာပြန်ပြီး သဘောတရားရေးအခြေခံရှိသောရဲဘော်များကို သင်တန်းပေးခဲ့တယ်။
သခင်ဗဟိန်းဟာ အလုပ်များကိုမရပ်မနားလုပ်ကိုင်ခဲ့တယ်။ စစ်ရေးစစ်ရာများးကို အချိန်တိုင်းစီမံနေခြင်း၊ စာတမ်းများကို အဆက်မပြတ်ရေး နေခြင်း၊ နိုင်ငံရေးမှာ သခင်သန်းထွန်းနဲ့အဆက်မပြတ်အမြဲတိုင်ပင်နေခြင်း၊ တော်လှန်ရေးကိစ္စအရပ်ရပ်ကို အခြားနေရာဒေသမှာရှိတဲ့ ရဲဘော်များနဲ့ အဆက်မပြတ်ဆက်သွယ်နေခြင်းစတဲ့တခုပြီးတခု ထပ်နေတဲ့အလုပ်တွေကြားမှာ နစ်မြုပ်ခဲ့တယ်။ အလုပ်တွေဟာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာဖိစီးခဲ့တယ်။ အစားအသောက်မကောင်း၊ အားရှိသော ကောင်းမွန်သောအစားအစာများကိုလည်း မစားရ၊ အအိပ်အနေလည်းမမှန်ခဲ့ဘူး။ မိုးရွာတဲ့အခါမှာ နေထိုင်တဲ့တဲအိမ်ကမလုံတဲ့အတွက် ထထိုင်နေရပေါင်းများနေခဲ့တယ်။ သခင်ဗဟိန်းရဲ့ အသားမှာ ဝါထိန်နေခဲ့တယ်။ သူ့ဘေးနားမှာ သူ့ချစ်ဇနီးမရှိ။ ကာဘိုင်သေနတ်တလက်သာ ရှိခဲ့တယ်။ အဲဒီ ကာဘိုင်သေနတ်ဟာ သူ့ အဖော် ဖြစ်နေတယ်။
တော်လှန်ရေးသဘောတရားဟာ ဖက်ဆစ်တော်လှန်ရေးအတွက် “အား”တခုဆိုတာကိုယုံကြည်တဲ့သခင်ဗဟိန်းဟာ “ဂျူးရင်းအားချေပချက်” “လုဒွစ်ဖြူးဝါးဘက်”အစရှိသောကျမ်းများကို ထန်းတပင်မြို့နယ် သရက်တန်း၊ ဂွအိုင် အရှေ့ဘက်မှာရှိတဲ့ ယာတဲများမှာ ဘာသာပြန်ခဲ့တယ်။ အဲဒီကျမ်းများကိုအခြေပြုရင်း ပြည်သူ့စစ်သဘောတရားကို သခင်ဗဟိန်းက အသက်ပါပါထူထောင်ပေးခဲ့တယ်။ မြန်မာ့ရေမြေနဲ့ကိုက်ညီတဲ့ ပြောက်ကျားစစ်၏နည်းသစ်များကိုလည်း ပြုစုခဲ့တယ်။

(၁) အင်အားကြီးသောရန်သူကိုချေမှုန်းရာတွင် ပြည်သူ့ပြောက်ကျားမပါလျှင် မပြီးနိုင်ချေ
(၂) ပြောက်ကျားစစ်သည် လူထုများ၏စစ်ဖြစ်သည်။
(၃) ပြည်သူ့ပြောက်ကျား၏စစ်ကိုဆင်နွှဲနိုင်ရန် မြန်မာနိုင်ငံတွင် ကျေးလက်ကိုအခြေခံရန်လိုသည်။
(၄) တိတိကျကျအားဖြင့် လယ်သမားထုနှင့် လူမျိုးစုများကိုအခြေခံ၍ ဖော်ထုတ်ရန်လိုသည်။
(၅) ပြောက်ကျားစစ်တွဲဖက်မှုမရှိဘဲ ဗမာ့တပ်မတော်က အောင်ပွဲမဆင်နိုင်။
(၆) ပြည်သူလူထုကို စစ်အမြင်အရ စည်းရုံးလေ့ကျင့်တိုက်ပွဲသွင်းရမည်။
(၇) ပြည်သူကို လက်နက်တပ်ဆင်ရဲရမည်။ (ရန်သူ့လက်နက် ဒို့လက်နက်၊ တိုက်ရဲသူ လက်နက်ကိုင်စေရမည်။)
(၈) တိုက်ပွဲအတွင်း တပ်ကိုစည်းရုံးဖွဲ့စည်း။ (တပ်ခွဲစည်းရုံးနိုင်သူ ခွဲမှူးဖြစ်သည်)
(၉) ပြည်သူလူထု၏စွမ်းရည်ကို ချွန်းဖွင့်ပေးရမည်။
(၁ဝ) ဂျပန်ဖက်ဆစ်ချေမှုန်းရေးပြောက်ကျားစစ်ပွဲကို လူထုပွဲတော်အဖြစ်ဆင်နွှဲလျှင် မုချအောင်ရမည်။

အထက်ဖော်ပြပါအကြောင်းအရာတို့ဟာ ပြောက်ကျားစစ်ရဲ့နည်းသစ်များဖြစ်ကြတယ်။ အဲဒီနည်းသစ်များကို သခင်ဗဟိန်းက ပြုစုပို့ချ ပေးခဲ့တယ်။ အရင်ဦးဆုံး စည်းရုံးရေးမှူးများကို သဘောတရားရေးအရးအခြေခံ၍ သင်တန်းများပို့ချခဲ့တယ်။ ဖက်ဆစ်ဂျပန်တို့ဟာ အမြင်အားဖြင့်အင်အားကြီးမားတယ်။ ဒါပေမယ့် ဖက်ဆစ်တို့ရဲ့ဒီမိုကရေစီကင်းမဲ့သောလက္ခဏာ၊ လူထုဆန့်ကျင်သောလက္ခဏာတို့ကြောင့် ဖက်ဆစ်တို့ကို လူထုကထောက်ခံမှုမရှိဘူး။ မထောက်ခံရုံမျှမက အုံကြွဆန့်ကျင်မည်မှာ မလွဲဧကန်ဖြစ်တယ်။ လူထုကို ဖက်ဆစ်စိုးမိုးလာချိန် ကြာညောင်းလာတာနဲ့အမျှ တနေ့တခြား ပြင်းထန်လာရမည်မှာရှောင်လွှဲမရသောအချက်ပဲဖြစ်တယ်။ မြန်မာတိုင်းရင်းသားပြည်သူများ စည်းရုံးကြမယ်၊ နိုးကြားထကြွကြမယ်ဆိုရင် ဖက်ဆစ်တို့ဟာ လူထုနဲ့ကင်းကွာပြီး အထီးကျန်ဖြစ်လာနိုင်တယ်။ ဒါကြောင့် လူထုရဲ့ ချေမှုန်းခြင်းကိုခံရနိုင်တယ်။ ဖက်ဆစ်တို့ရဲ့စိုးမိုးမှုအောက်မှာ လူထုတိုက်ပွဲမျိုးကိုဆင်နွှဲရန်မှာမဖြစ်နိုင်ဘူး။ လူထုတိုက်ပွဲနည်းကိုကျင့်သုံးပါက ချေမှုန်းခံရမည်သာဖြစ်တယ်။ ဖက်ဆစ်လက်အောက်ကနေ လွတ်မြောက်ရန်နည်းလမ်းမှာ ပြည်သူလူထုက စည်းရုံး ထကြွပြီး လက်နက်ကိုင်ပုန်ကန်သောနည်း၊ ပြောက်ကျားစစ်ဆင်သောနည်းကသာလျှင် တခုတည်းသောနည်းလမ်းဖြစ်တယ်။ အထက်ဖော်ပြပါ သဘောတရားကို သင်တန်းများမှာအလေးထားပို့ချခဲ့တယ်။

စည်းရုံးရေးမှူးများက အဲဒီတော်လှန်ရေးသဘောတရားကိုခံယူမိတာနဲ့ ယုံကြည်ချက်ပြင်းပြလာကြတယ်။ အားတက်လာကြတယ်။ အဲဒီလို ယုံကြည်အားတက်လာတာနဲ့အမျှ ခရိုင်အတွင်း မြို့နယ်ခေါင်းဆောင်များကို သဘောတရားရေးသင်တန်းများ ဆက်လက်ပို့ချခဲ့တယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးသင်တန်းတိုင်းဟာ လျှို့ဝှက်ရေးအခြေခံပေါ်မှာ ဖွင့်လှစ်ခဲ့ကြရတယ်။ အဲဒီအခါတုန်းက လျှို့ဝှက်ရေးကျင့်သုံးရန်မှာ ထိပ်တန်းလိုအပ်ချက်ပဲဖြစ်တယ်။ ဖက်ဆစ်ဂျပန်များ၊ စစ်ပုလိပ် (ကင်ပေ)များ၊ ဖက်ဆစ်တို့၏လက်ပါးစေ ဗမာဖောက်ပြန်ရေးသမားတို့ဟာ သူတို့အုပ်စိုးမှုကိုအတိုက်အခံပြုမယ့်အင်အားစုများကိုဖော်ထုတ်ဖို့ နေ့မအားညမအား လိုက်လံထောက်လှမ်း လျက်ရှိခဲ့တယ်။ တနေရာရာမှ လျှို့ဝှက်မှုပေါက်ကြားသွားပြီဆိုရင် တနွယ်ငင်တစင်ပါနှိပ်ကွပ်ခံရတတ်တယ်။ ဒါကြောင့် လျှို့ဝှက်ထိမ်းသိမ်းမှု ဟာ အသက်တမျှအရေးကြီးတယ်။ သခင်ဗဟိန်းက လျှို့ဝှက်ရေးထိန်းသိမ်းမှုနဲ့ပတ်သက်ပြီးအတွေ့အကြုံများကိုအခြေခံလျက် စာတမ်းတခုပြု စုခဲ့တယ်။ “လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း” စာတမ်းဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အလွန်အရေးပါတဲ့လျှို့ဝှက်လက်စွဲတခု ဖြစ်ခဲ့တယ်။
တောင်ငူခရိုင်တော်လှန်ရေးဋ္ဌာနချုပ်ဟာ သခင်ဗဟိန်းနဲ့ခွဲခွာမရခဲ့ဘူး။ သခင်ဗဟိန်းရှိတဲ့နေရာဟာ ခရိုင်ဌာချုပ်ဖြစ်ပြီး ခရိုင်ဋ္ဌာနချုပ်ဆိုရင် သခင်ဗဟိန်းရှိမှ ဖြစ်တယ်။ တော်လှန်ရေးအတွက်ပြင်ဆင်စအချိန်မှာ ဖြူးမြို့နယ် စစ်တောင်းကမ်းပါးမှာရှိတဲ့ ကမ်းနားဘန်းလောင်းရွာမှာ လယ်ယာဦးကြီးမောင်နှံ ဦးစံဖြေ၊ ဒေါ်သန်းညွန့် ဇနီးမောင်နှံတို့နေထိုင်ခဲ့ကြတယ်။ သူတို့အိမ်ဟာ နှစ်ထပ်တိုက်ခံဖြစ်ပြီး သူတို့မှာ  သားသမီး မရှိကြဘူး။ အဲဒီအိမ်မှာ သခင်ဗဟိန်းတို့လင်မယားဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နဲ့လျှို့ဝှက်နေထိုင်ခဲ့ကြတယ်။ သဘောတရားရေး စာတမ်းများကို အဲဒီအိမ်ကြီးရဲ့အပေါ်ထပ်မှာ လက်နှိပ်စက်ရိုက်ပြီး စာကူးစက်နဲ့မူပွားခဲ့ကြတယ်။ လက်နှိပ်စက်ရိုက်ရင် လက်နှိပ်စက်သံကို ရွာတွင်း ဘေးအိမ်များကကြားနိုင်တယ်။ အဲဒါကြောင့် လက်နှိပ်စက်ရုက်သံမကြားရအောင် လက်နှိပ်စက်ကို မွေ့ရာပေါ်မှာတင်ရိုက်ရတယ်။ မွေ့ရာပေါ်မှာတင်ရိုက်လို့ အသံအနည်းငယ်တိုးသွားခဲ့တယ်။ တချိန်တည်းမှာ အိမ်ပေါ်က လက်နှိပ်စက်ရိုက်တာနဲ့ အိမ်အောက်က စကောအတွင်းမှာ ပဲစေ့တွေကို ပုလင်းနဲ့လှိမ့်ပေးရတယ်။ ပဲစေ့ကို ပုလင်းနဲ့လှိမ့်တဲ့အသံနဲ့ လက်နှိပ်စက်သံရောသွားပြီး လက်နှိပ်စက်သံ ပျောက်သွားခဲ့တယ်။ အဲဒီလို လက်နှိပ်စက်ရိုက်နေတုန်းမှာ ပဲကို ပုလင်းနဲ့လှိမ့်ပေးရတဲ့အလုပ်က ချွေးဒီးဒီးကျအောင်ပင်ပန်းလှပါသည်။ အဲဒီတာဝန်ကို ဦးစံဖြေရဲ့ဇနီးမသန်းညွန့်က မမောမပန်း အမြဲတမ်း ထမ်းဆောင်ခဲ့တယ်။ ဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်လိုက်တဲ့ သာဓကပါပဲ။
တောင်ငူခရိုင်ကို သခင်ဗဟိန်းရောက်ရှိလာခဲ့ပြီး သဘောတရားအရ၊ လက်တွေ့အရ ကိုယ်ဖိရင်ဖိခေါင်းဆောင်နိုင်ခြင်းကြောင့် ဖက်ဆစ် ဆန့်ကျင်ရေးသဘောတရားဟာ လူထုအတွင်း နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်ပျံ့နှံ့လာခဲ့တယ်။ တော်လှန်ရေးအင်အားသစ်တရပ် ဖြစ်ပေါ်တိုးပွား လာခဲ့တယ်။ လူငယ်လူရွယ်များ၊ အမျိုးသမီးများအတွင်းမှခေါင်းဆောင်များကို မွေးထုတ်နိုင်ခဲ့တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတိုင်းဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်ကိုင်ရခြင်း၊ အချိန်ကိုလု၍ လုပ်ကိုင်ရခြင်းတို့ကြောင့် နိုင်ငံရေးသင်တန်းကို တနေ့လျှင် ၁၂ နာရီအထိ အချိန်ယူသင် ကြားခဲ့ရတယ်။ သင်တန်းနေရာကိုလည်း ဖက်ဆစ်သူလျှိုတို့ရဲ့အန္တရာယ်ကြောင့် တနေရာမှာ ၁ဝ ရက် ၁၅ ရက် အလွန်ဆုံး ဖွင့်ပြီးတာနဲ့ တနေရာပြီးတနေရာ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ကြတယ်။ အဲဒါကြောင့် သင်တန်းနေရာအသစ်များကို ကြိုတင်ပြီး အစီအစဉ်တကျပြင်ဆင်ထားကြရ တယ်။ တနေ့လျှင် ၁၂ နာရီလုံးလုံး နိုင်ငံရေးလေ့လာရခြင်းဟာ မလွယ်ကူလှဘူး၊ ပင်ပန်းလွန်းလှတယ်။ ကျန်းမာရေးကိုလည်း ထိခိုက် စေတယ်။ ဒါ့ကြောင့် သင်တန်းတက်နေစဉ်ကာလအတွင်း တနေ့ကိုနှစ်ကြိမ် အဆောက်အအုံအတွင်းမှာ ကျန်းမာရေးလေ့ကျင့်မှုကို ပြုလုပ်ကြရတယ်။ သခင်ဗဟိန်းရောက်ရှိခဲ့ပြီး သဘောတရားရေးသင်တန်း အနှံ့အပြားပေးစွမ်းနိုင်မှုကြောင့် နိုင်ငံရေးသင်တန်းတက်ပြီး ရောဂါဝေဒနာဖိစီးခြင်းကို ခံနေခဲ့ရတယ်။
သခင်ဗဟိန်းဟာ တောင်ငူခရိုင်စစ်ရေးတာဝန်ခံဖြစ်သလို ဇေယျဝတီ၊ ဖြူး၊ ကညွတ်ကွင်းနယ်များရဲ့ တိုက်ခိုက်ရေးတာဝန်ခံလည်းဖြစ်ခဲ့တယ်။ ဖက်ဆစ်တို့ကိုတော်လှန်တိုက်ခိုက်ရာမှာ ထင်ရှားတဲ့တိုက်ပွဲများကတော့ ကွင်းချောင်းဝတိုက်ပွဲ၊ ရှမ်းကုန်းတိုက်ပွဲ၊ ယင်းတိုက်စိမ့်တိုက်ပွဲ၊ ရေအိုးစင်တိုက်ပွဲ၊ ဆင်ပချပ်တိုက်ပွဲများပဲ့ဖြစ်ကြတယ်။ တောင်ငူပြောက်ကျားတို့၏အောင်ပွဲကို အောက်ပါစာရင်းဇယားအရကြည့်ရင် သိသာထင်ရှားပါတယ်။
တိုက်ပွဲကာလ-ဧပြီလ ၂ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ။
ရန်သူအကျအဆုံး ၇၁၅၉ ယောက်
ရန်သူဒဏ်ရာရ ၂၇၇၃ ယောက်
သုံ့ပန်း ၅၃၈ ယောက်

မိမိဘက်မှ
ကျဆုံး ၆၇ ယောက်
ဒဏ်ရာရ ၆၅ ယောက်

သိမ်းဆည်းရမိသော လက်နက်များ
အမြောက် ၂ လက်နှင့် အမြောက်ဆန်များ
အင်္ဂလိပ်၊ ဂျပန်၊ ဂျာမနီလက်နက်မျိုးစုံ ၂၉ဝဝ လက်။
ဝိုင်ယာလက်စက် တစုံ၊ တယ်လီဖုန်းကိရိယာများ၊ မှန်ပြောင်းနှင့်ဆေးပစ္စည်းများ၊ စစ်မြင်းများ ဆင်များ စသည်တို့ကိုသိမ်းပိုက်ရှိခဲ့ကြတယ်။
ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း သမိုင်းကသက်သေခံနေပါတယ်။ အဲဒီလို ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားတို့ရဲ့ အောင်ပွဲအလီလီဆင်နိုင်ခြင်းဟာ.

(၁) အမျိုးသားစည်းလုံးညီညွတ်မှုကို အထွတ်အထိပ်ရောက်အောင် မြှင့်တင်နိုင်ခဲ့ခြင်း
(၂) လူထု၏အစွမ်းအစကို ဖော်ထုတ်နိုင်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါတယ်။
လူထုကြီးစည်းရုံးလာမိသည်နှင့်အမျှ ဖက်ဆစ်တိုက်ဖျက်ရေးကို မိမိတို့ မလုပ်မဖြစ်သေ အလုပ်အဖြစ်သဘောပေါက်လာကာ လူထုက ဖက်ဆစ်တို့ကို ကိုယ့်အစွမ်းကိုယ့်အစနဲ့တော်လှန်ခဲ့ကြခြင်းဖြစ်တယ်။ လူထုတော်လှန်ရေးကြီးတခု ဖြစ်ခဲ့တယ်။ လူထုကိုစည်းရုံး၊ လူထုရဲ့ စွမ်းရည်ကိုမြှင့်တင်၊ လူထုအောင်ပွဲကိုရယူ အစရှိတဲ့ လူထုနဲ့ပတ်သက်တဲ့လှုပ်ရှားမှု၊ လူထုနဲ့ပတ်သက်တဲ့အောင်မြင်မှုတို့ကို တောင်ငူခရိုင်မှာ ရယူနိုင်ခဲ့ခြင်းဟာ ဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့သဘောတရားတွေကို လူထုက အသက်စွန့်လုပ်ကိုင်လာအောင်ဆောင်ရွက်ခဲ့တဲ့ သခင်ဗဟိန်းရဲ့ဆောင်ရွက်ချက်ကြောင့်ဆိုရင် လုံးဝမမှားနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းကလက်ခံနေလို့ပါပဲ။

အောင်မြင့်ဦး (မဟာဝိဇ္ဇာ)
ရနံ့သစ်၊ ၂ဝ၁၂ မတ်လ

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁၁-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁၁-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
လူတို့သည် မိမိတို့၏လွတ်လပ်မှုကို အလဲအလှယ်လုပ်ရန် အမြဲတမ်းကြိုးပမ်းကြ၏။ မိမိ၏ပုဂ္ဂလဘဝ စစ်မှန်စွာဖြစ်တည်မှု၊ လွတ်လပ်မှုကြောင့်ရင်ဆိုင်လာရမည့် တာဝန်ယူရခြင်း၊ စိုးရိမ်ပူပန်သောကရောက်ရခြင်းတို့ကို ရှောင်ချင်ကြ၏။ ဘာမျှ ပူပန်သောကမရောက်ရသော၊ ဘာမျှ တာဝန်လည်းမရှိသော ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ် နေထိုင်လိုကြ၏။ ရုပ်ဝတ္ထုပစ္စည်းကဲ့သို့ မပြောင်းမလဲ၊ ပုံသေအဖြစ်မျိုးသို့ရောက်ချင်ကြ၏။ ဘဝတခု၊ အဖြစ်တခုတွင်သတ်မှတ်ပြဌာန်း ခံပြီး အပူအပန်မရှိ သက်တောင့်သက်သာကလေး နေထိုင်ချင်ကြ၏။ စိုးရိမ်ပူပန်သောကများနှင့်ပြည့်နေသည့်လွတ်လပ်သောဘဝကို မလိုချင်ကြပေ။ ထို့ကြောင့် လူသားပီပီသသစစ်မှန်စွာဖြစ်တည်နေသော ဘဝနှင့်ပုံသေပြဌာန်းသတ်မှတ်ထားသောရုပ်ဝတ္ထု ပစ္စည်းကို အလဲအလှယ်လုပ်ချင်ကြ၏။ အခွင့်ရသမျှ လုပ်လည်းလုပ်ကြ၏။ ဤသို့ဖြင့် လူသားတို့သည် လူစင်စစ်ဘဝမှ ရုပ်ဝတ္ထုပစ္စည်းဘဝသို့ကူးပြောင်းသွားကြရင်း လူ့ဘဝဆုံးပါးသွားလေတော့သည်။ ရှင်လျှက်နှင့် သေဆုံးသွားကြသည်ဟု ဆာ့တ်နှင့်ဖရွမ်းတို့က ဆိုခဲ့ကြပေသည်။
လူ့သမိုင်းတလျှောက်လုံးတွင် လူသားတို့သည်လွတ်လပ်မှုကိုရှာဖွေခဲ့ကြ၏။ သို့ရာတွင် လွတ်လပ်မှုကိုရှာတွေ့ကြသော အခါ နောက်တွန့် သွားကြ၏။ လွတ်လပ်မှုဒဏ်ကို ကြောက်ရွံ့ထိတ်လန့်သွားကြကာ စွန့်ခွာထွက်ပြေးသွားကြ၏။ ဤသဘောကို ရုရှစာရေးဆရာကြီး ဒေါစ့်တိုယက်စကီးကသူ၏“ကရာမာဇော့ညီနောင်များ(Brothers Karamazov)” ဝတ္ထုတွင် သရုပ်ဖော်ပြခဲ့၏။
ထိုဝတ္ထုထဲတွင် ဇာတ်ဆောင်တဦးဖြစ်သော သက်ဦးဆံပိုင်တဦးက သူ့တိုင်းသူပြည်သားတို့သည် လွတ်လပ်မှုလမ်းကြောင်းထက် မိမိဘဝလုံခြုံမှုလမ်းကြောင်းကို အမြဲတမ်းဦးစားပေးရွေးချယ်လေ့ရှိကြကြောင်းဟု မှတ်ချက်ချ၏။
“နောက်ဆုံးမှာတော့ကွာ ဒီလူတွေက သူတို့ရဲ့လွတ်လပ်မှုကို ငါတို့ခြေဖဝါးအောက်ထိုးသွင်းလာကြရမှာပါ။ ပြီးတော့ “ကျွန်တော်မျိုးတို့ကို အစားအသောက်ပေးသနားပြီး ကျွန်ပြုတော်မူပါ”လို့လည်း တောင်းပန်တိုးလျှိုးကြရဦးမှာပါ” ဟုဒေါ့စ်တိုယက်စကီး၏ဇာတ်ဆောင်က ကြွေးကြော်ခဲ့၏။
ဤသို့လျှင် မိမိလွတ်လပ်မှုကို အလဲအလှယ်လုပ်သူများ၊ လွတ်လပ်မှုကိုရင်မဆိုင်ဝံ့သူများ(ဝါ) လွတ်လပ်မှုထွက်ပြေးသွားသူများသည် လူမပီသသူများဖြစ်ကြ၏။ စစ်မှန်သော ဘဝဖြစ်တည်မှုမရှိကြသူများဖြစ်၏ဟု ဆိုပေသည်။ ထိုနည်းတူ ဂျာမန်ဖြစ်တည်မှုဝါဒီ ဟိုင်ဒေဂါကလည်း ဤသို့စစ်မှန်သောဘဝဖြစ်တည်မှုမရှိသူများသည် လူ့လောကတွင် ရေလိုက်ငါးလိုက်အသက်ရှင်နေကြသူများသာဖြစ်၏။ အများမိုးခါးရေသောက်၍ လိုက်သောက်ကြသူများဖြစ်၏။ လူပုံပျက်နေသော(ဝါ)လူမျက်နှာပျောက်နေသောလူ (Faceless man)ဖြစ်၏ဟု သတ်မှတ်ခဲ့လေသည်။

လွတ်လပ်မှု၏ဖွားဖက်တော်များ။
ယန်းပေါဆာ့တ်က စစ်မှန်စွာဖြစ်တည်နေသောလူသားဟူသည် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သဘောတရား၊ မည်သည့်သြဝါဒတို့၏ လမ်းညွှန်ပြဌာန်းမှုကို ခံယူသူမဟုတ်။ မိမိဘဝကို မိမိဘာသာ ရဲရဲဝံ့ဝံ့ရွေးချယ်ဆုံးဖြတ်ပြီး တည်ဆောက်ယူသူဖြစ်သည်။ မိမိဘဝတွင် ရွေးစရာရှိသည်များကို မိမိဘာသာမိမိ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သူဖြစ်သည်။ အမှန်စင်စစ် လွတ်လပ်မှုသည် လူသား၏ပြုမူဆောင်ရွက်ချက်အားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ လူ့ဘဝဟူသည်မှာလည်း အပြုအမူဆောင်ရွက်ချက်တို့၏အစုအဝေးမျှသာဖြစ်သည်။ ထို့ကြောင့် လူ့ဘဝကို လူသား၏လွတ်လပ်မှုဖြင့် တည်ဆောက်ထားသည်ဟုပင် ဆိုနိုင်ပေသည်။
ဆာ့တ်အလိုအရ ပုဂ္ဂလလူသားသည် လွတ်လပ်သောသတ္တဝါဖြစ်သည်။ ထို့ကြောင့် သူသည် မိမိဘဝအတွက်ရွေးချယ်စရာများကို လွတ်လပ်စွာ ကောက်နှုတ်ရွေးချယ်ဆုံးဖြတ်ကာ ပြုမူဆောင်ရွက်ခြင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်သဖြင့် ကိုယ်ဘ့ဝအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရမည်သာဖြစ်၏။ တနည်းအားဖြင့် လူသားသည် မိမိဘဝ၏အနှစ်သာရဂုဏ်ရည်တို့ကို မိမိကိုယ်တိုင် လွတ်လပ်စွာပြုမူတည်ဆောက်ဖန်တီးရ၏။ ထို့ကြောင့် မိမိဘဝအတွက် မိမိတွင် လုံးဝတာဝန်ရှိပေသည်။ တဖန် လူသည် မိမိအတွက်သာတာဝန်ရှိသည်မဟုတ်ဘဲ အခြားသောလူများအတွက်ပါ တာဝန်ယူနေရပေသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လွတ်လပ်စွာရွေးချယ်ပြုမူချက်သည် မိမိတဦးတည်းနှင့်သာသက်ဆိုင်သည်မဟုတ်ဘဲ အခြားလူသားနှင့်ပါ တနွယ်ငင်တစင်ပါဆိုသလို သက်ဆိုင်နေသောကြောင့် ဖြစ်ပေသည်။
ဤသို့လွတ်လပ်မှုဖြင့် ဘဝဖြစ်တည်လာသောလူသားသည် ကိုယ့်တာဝန်ကိုယ်ယူနေရသည့်အပြင် အခြားသများအတွက်ပါ တာဝန်ရှိသောကြောင့် ပြင်းထန်လှသော စိတ်ဝေဒနာများကိုခံစားလာရ၏။ ၎င်းတို့အမှာ (က)ပူပန်သောကရောက်ရခြင်း (Anguish)၊ (ခ)စွန့်ပစ်ခံလိုက်ရခြင်း(Abandonment)၊ (ဂ)မျှော်လင့်ချက်ကင်း စိတ်ပျက်ရခြင်း(Despair) တို့ဖြစ်ကြ၏။
(က)ပူပန်သောက။ ­ဆာ့တ်သည် လူကိုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် လူမှုရေးသတ္တဝါဖြစ်သည်ဟုမဆိုခဲ့ပေ။ အကြောင်းမှာ လူဟူသည် လူမှုရေးသတ္တဝါဖြစ်သည်ဟုဆိုလိုက်ပါက “လူမှုရေးသတ္တဝါဖြစ်ခြင်းဟူသော” အနှစ်သာရသဘောက လူ၏ဖြစ်တည်မှုထက် ပို၍အခြေခံကျသည့်သဘော သက်ရောက်သွားမည်ဖြစ်ပေသည်။ သူ့အလိုအားဖြင့် လူသည် အပြုအမူတို့၏ပေါင်းဆုံရာဖြစ်၏။ သို့ရာတွင် လူတဦးသည် အပြုအမူတရပ်ကိုပြုမူဆောင်ရွက်ရာ၌ မည်သည့်အာမခံချက်မျှမရှိပေ။ မိမိအပြုအမူ ကောင်းမကောင်း၊ မှန်မမှန်ကို မည်သို့မျှမသိရပေ။ မိမိကသာ ကောင်းသည်မှန်သည်ဟုထင်မြင်ယူဆပြီး လုပ်နေသောအမှုဖြစ်ပေသည်။ ဤသို့ပြုလုပ်ရာ၌ မိမိတဦးတည်းအတွက်သာလုပ်ဆောင်နေခြင်းမဟုတ်ဘဲ အခြားလူသားများအတွက်ပါ တာဝန်ယူဆောင်ရွက်နေရသော အလုပ်တခုဖြစ်နေပြန်၏။ ထို့ကြောင့် လူသားသည် မိမိအပြုအမူအတွက် ပူပန်သောကဝေဒနာကို ခံစားလာရမည်သာဖြစ်၏။ တိုက်ပွဲတခုကိုဦးဆောင်ဆင်နွှဲတိုက်ပွဲဝင်နေသော စစ်ဗိုလ်တယောက်ပမာ ဖြစ်၏။ စစ်ဗိုလ်သည် မိမိရင်ဆိုင်ရသောတိုက်ပွဲအတွက် အရေးကြီးသောဆုံးဖြတ်ချက်များကို ချရ၏။ မိမိရဲဘော်များအား တိုက်ပွဲဝင်ရန်အမိန့်ပေးရ၏။ ထိုဆုံးဖြတ်ချက်၊ အမိန့်များမှသက်ရောက်မည့်ရလဒ်အားလုံးအတွက် မိမိမှာတာဝန်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအမိန့်သည် မိမိကိုယ်တိုင် လွတ်လပ်စွာရွေးချယ်၍ပေးလိုက်သောအမိန့်ဖြစ်၏။ အထက်အမိန့်အရပြုမူသည်ဟု ဆင်ခြေတက်၍မရပေ။ အထက်အမိန့်ကို မိမိကသာဆက်လက်ခံယူပြီး အဓိပ္ပါယ်ဖွင့်ဆိုကာ ဆက်လက်အမိန့်ပေးရန် မိမိဘာသာ လွတ်လွတ်လပ်လပ်ရွေးချယ်ခြင်းသာဖြစ်၏။ ထို့ကြောင့် မိမိ၌သာ လုံးဝတာဝန်ရှိသည်။ ထို့ပြင် မိမိဆုံးဖြတ်ချက်အမိန့်သည် မိမိတဦးတည်းနှင့်သာဆိုင်သည်မဟုတ်ပေ။ မိမိ၏ရဲဘော်အတွက်ပါ အကျုံးဝင်နေပြန်၏။ သို့ရာတွင် မိမိဆုံးဖြတ်ချက်၊ အမိန့်ပေးချက်သည် မှန်မမှန်ကို မည်သို့မျှကြိုတင်မသိနိုင်ပေ။ မိမိတိုက်ပွဲအောင်မြင်မည်/ဆုံးရှူံးမည်ကို မပြောနိုင်ပေ။ ထို့ကြောင့် ယင်းစစ်ဗိုလ်မှာ ပူပန်သောကဝေဒနာကို ခံစားနေရမည်သာ ဖြစ်သည်။ ထိုနည်းတူ လူသားတို့သည် မိမိတို့၏ ပုဂ္ဂလပြုမူဆောင်ရွက်ချက်များကို နေ့စဉ်ဘဝတွင် ရွေးချယ်ဆုံးဖြတ်ပြုမူဆောင်ရွက်ကြရာ၌ တိုက်ပွဲဝင်စစ်ဗိုလ်ကဲ့သို့ပင် ပူပန်သောကရောက်နေကြရသည်ဟု ဆာ့တ်ဖွင့်ဆိုခဲ့၏။

(ခ)စွန့်ပစ်ခံလိုက်ရခြင်း ­ ဆာ့တ်အလိုအားဖြင့် လူကို မည်သည့်အရာကမျှ မပြဌာန်းမဆုံးဖြတ်နိုင်ပေ။ လူကို ထာဝရဘုရားကလည်း ဖန်ဆင်းသည်မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုကိုရရှိလာသောအခါ၌လည်း မည်သူ့ကိုမျှအားမကိုးနိုင်ဘဲ မိမိဘဝကိုမိမိဘာသာ ဖန်တီးတည်ဆောက်ယူရ၏။ ကိုးကွယ်အားထားရာ ထာဝရဘုရားမရှိတော့လေပြီဟု ခံယူလာသည်နှင့် လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရားတန်ဖိုးများ၊ နှုန်းစံများလည်း ပျောက်ကွယ်သွားလေတောသ့ည်။ ကောင်းခြင်း၊ ဆိုးခြင်းအတွက် မည်သည့်သတ်မှတ်ချက်မျှ မရှိတော့။ ထို့ကြောင့် လူသည် မည်သည့်အပြုအမူကိုမဆို ပြုလုပ်နိုင်သောလွတ်လပ်ခွင့်ရလာ၏။ မိမိအပြုအမူကို ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည်ဟု မည်သူကမျှ ဝေဖန်၍မရပေ။ မိမိကလည်း တခြားသူတစ်ဦးတယောက်၏အပြုအမူကို အကောင်း/အဆိုးဆုံးဖြတ်မပေးနိုင်ပေ။ သို့ဖြင့် ပုဂ္ဂလလူသားသည် မိမိဘာသာ လွတ်လွတ်လပ်လပ် ပြုမူနေထိုင်နိုင်သောသတ္တဝါဖြစ်လာ၏။ ထို လွတ်လပ်မှုကြောင့် လူသည် မိမိဘဝသည် အထီးတည်းရပ်တည်နေရသောဘဝဖြစ်ပါတကားဟု သိရှိလာ၏။ ယင်းခံစားမှုနှင့်အတူ မိမိသည်လူ့လောကအတွင်း စွန့်ပစ်ခံရသူဖြစ်နေကြောင်း ခါးသီးပြင်းပြစွာဝေဒနာ ခံစားလာရပေသည်။ ထို့ကြောင့် လူသည် လွတ်လပ်မှုနှင့်အတူ စွန့်ပယ်ခံနေရသူဖြစ်သဖြင့် လူတို့သည် လူ့ဘဝအတွင်း ခိုကိုးရာမဲ့ဖြစ်နေရသည်ဟု ဆာ့တ်ကသတ်မှတ်ခဲ့ပေသည်။

(ဂ) မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်း။ လူသည် မိမိအသက်ရှင်နေထိုင်ရစဉ် မိမိကောင်းမည်ထင်သောအလုပ်များကို လွတ်လပ်စွာ ရွေးချယ်ပြုမူဆောင်ရွက်၏။ သို့ရာတွင် မိမိ၏ဆောင်ရွက်ချက်များကို အခြားသူများက ဝိုင်းဝန်းကူညီကြလိမ့်မည်ဟု မျှော်လင့်ကိုးစား၍ မရနိုင်။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည်လည်း သူတို့ဘာသာသူတို့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင်၊့ ပြုမူနေထိုင်ခွင့်ရှိနေကြသောကြောင့် ဖြစ်ပေသည်။
ထို့ပြင် မိမိလုပ်ဆောင်ချက်များကို မိမိကွယ်လွန်သွားသောအခါ ကျန်ရစ်သူများက ဆက်လက်အကောင်အထည်ဖော်ကြလိမ့်မည်ဟုလည်း မမျှော်လင့်အပ်ပေ။ ဆက်၍ လုပ်ချင်မှလုပ်ကြလိမ့်မည်။ မိမိ အားကျိုးမာန်တက် ဝိရီယစိုက်ထုတ်လုပ်ကိုင်ထားခဲ့သောလုပ်ငန်းများသည် ဘာမျှအရာမထင်ဘဲ လူ့လောကမှပျောက်ကွယ် သွားကောင်းသွားပေမည်။ ထို့ကြောင့် နက်နက်နဲနဲတွေးကြည့်ပါလျှင် လူ့ဘဝသည်စိတ်ပျက်ဖွယ်ရာကြီးဖြစ်၏။ တချိန်တခါက အရိုးကြေကြေ၊ အရေခန်းခန်း၊ ကျားကုတ်ကျားခဲကြိုးပမ်းဆောင်ရွက်ချက်များကို တချိန်ချိန်တွင် အခြားလူသားတို့က တန်ဖိုးမဲ့ အလကားဟာကြီးပါဟု သဘောထားကာ စွန့်ပစ်ကောင်းစွန့်ပစ်ကြမည်ဖြစ်သည်။ သို့ဖြစ်၍ လူတို့၏ပြုမူ ဆောင်ရွက်ချက် လူတို့၏ဘဝတွင် ဘာမျှမျှော်လင့်မထားအပ်ပေ။ ထို့ကြောင့် မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်းသည် လူ့ဘဝ၏ဖြစ်ရပ်တခုဖြစ်သည်ဟု ဆာ့တ်က ဆိုလေသည်။
ထို့ကြောင့် လူသား၏လွတ်လပ်မှုနှင့်အတူ လူတို့သည် ပူပန်သောကရောက်ကြရ၏။ စွန့်ပစ်ခံလိုက်ရခြင်း အားငယ်မှုဝေဒနာကိုခံစားရ၏။ မျှော်လင့်ချက်ကင်း စိတ်ပျက်ရခြင်းဖြစ်ရ၏။ ယင်းတို့ကား လွတ်လပ်မှု၏ဖွားဖက်တော်များဖြစ်ကြ၏။
လူ့ဘဝတွင် ဤသို့သောပြင်းပြသည့်ဝေဒနာဆိုးများကို ခံစားရသော်လည်း လူပီသသည့်လူတဦး(ဝါ)စစ်မှန်စွာဖြစ်တည်မှုရှိနေသည့်လူတဦးအနေဖြင့် လူ့ဘဝတွင်ရွေးချယ်စရာရှိသည်များကို တိတိပပ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်လိုက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ရမည်ဟု ဆာ့တ်က ဆိုလေသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဘဝဟူသည် လူ့အပြုအမူအားလုံး၏အစုအပေါင်းမှ ထွက်ပေါ်လာခြင်းသာဖြစ်၏။ လူပုဂ္ဂိုလ်တဦး၏အောင်မြင်မှု၊ ဆုံးရှူံးမှုဟူသည်မှာ သူ၏အပြုအမူများမှ ပေါ်ထွန်းလာသောရလဒ်ဖြစ်၏။ လူ့ဘဝကိုတည်ဆောက်ကြရာ၌ မိမိတို့ယုံကြည်မျှော်လင့်ချက်များ၊ လိုအင်ဆန္ဒများ၊ စိတ်ကူးယဉ်မှုများနှင့် ဖော်ဆောင်၍မရ။ မိမိ၏အပြုအမူနှင့်သာ မိမိဘဝသည် ရုပ်လုံးပေါ်ဖြစ်တည်နေခြင်းဖြစ်သည်ဟု ဆာ့တ်က ခံယူပေသည်။

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁ဝ-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁ဝ-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို) လွတ်လပ်မှုမှထွက်ပြေးခြင်း။
လူတဦးတယောက်သည် စားပွဲထိုးဖြစ်သည် (သို့မဟုတ်) မန်နေဂျာ ဖြစ်သည် (သို့မဟုတ်) ဆီးမိုက်လူမျိုးဆန့်ကျင်ရေးသမား (Anti­ Semite) ဖြစ်သည်ဟု ပြောဆိုလိုက်ခြင်းနှင့် ဤလူသည် မျက်လုံးပြာ၏။ အသားဖြူ၏ (သို့မဟုတ်) ဤလူသည် ဆီးမိုက်လူမျိုးဖြစ်၏ဟုပြောဆိုခြင်းတို့မှာ ခြားနားကြပေသည်။ မျက်လုံး ပြာခြင်း၊ အသားဖြူ့ခြင်း၊ ဆီးမိုက်လူမျိုးဖြစ်ခြင်းတို့သည် လူတဦးကို နဂိုမူလ လူ့ဘဝဖြစ်တည်လာကတည်းက သတ်မှတ်ပြီးသားဖြစ်၏။ ပကတိအတိုင်း ရှိနေကြခြင်းသာဖြစ်၏။ သို့သော် စားပွဲထိုးဖြစ်ခြင်း၊ မန်နေဂျာ ဖြစ်ခြင်း၊ ဆီးမိုက်ဆန့်ကျင်ရေးသမား ဖြစ်ခြင်းတို့ကမူ နဂိုမူလကတည်းက သတ်မှတ်ထားသည် မဟုတ်ပေ။ လူတဦးတယောက်အနေဖြင့် မိမိဘာသာမိမိ ရွေးချယ်ဆောင်ရွက်၍ ဖြစ်ပေါ်လာသော ဂုဏ်အရည်အချင်း သဘောလက္ခဏာများသာ ဖြစ်ပေသည။်
လူတဦးတယောက်သည် သူ့မျက်လုံး အရောင်ကိုမနှစ်သက်သော်လည်း ရှိနေသည့်အတိုင်းသာ လက်ခံထားရသည်။ အခြားအရောင်သို့ပြောင်းပစ်၍မရနိုင်ပေ။ သို့သော် သူ၏အကျင့်စရိုက်၊ လက္ခဏာ၊ ဂုဏ်အရည်အသွေး၊ အရောင်အဆင်းကိုမူ ပြုပြင် ပြောင်းလဲယူနိုင်ပေသည်။ မျက်စိ အရောင်၊ အသားအရောင်တို့သည် မျိုးရိုးဗီဇသဘောအရ ပုံသေသတ်မှတ်ထားပြီးသားဖြစ်၏။ မိမိဘာသာ မိမိ ပကတိတည်ရှိနေသောအရာများဖြစ်၏။ စရိုက်၊ လက္ခဏာ၊ ဂုဏ်အရည်အသွေးကမူ ပုံသေသတ်မှတ်ထားသောအရာများ မဟုတ်ကြပေ။ အမြဲတမ်းရှင်သန် ပြောင်းလဲနေ၏။ လူပုဂ္ဂိုလ်၏အပြုအမူ ဆောင်ရွက်ချက် အလုပ်အကိုင်ကိုလိုက်၍ ပြောင်းနေမည်သာဖြစ်၏။ မိမိဘာဖြစ်သည်ဆိုသည်မှာ မိမိ၏လုပ်ဆောင်မှုသာ ဖြစ်၏။ ဘယ်သူမပြုမိမိမှုသာ ဖြစ်ပေ၏။ လူသည် မိမိကိုယ်ကိုမိမိ တန်ဖိုးဖြတ်သတ်မှတ် နေကြသည်သာဖြစ်၏။ ထို့ကြောင့်လည်း ဖြစ်တည်မှုဝါဒီတို့က ဤလောကတွင် လူ့သဘောလူ့သဘာဝကဲ့သို့သောအရာဟူသည် လုံးဝမရှိဟု ဆိုကြခြင်းဖြစ်၏။ မျက်မှောက်ခေတ် စပိန် ဒဿနဆရာ အော်တေဂါအီဂါဆေ (Ortegay Gasset) က “လူသားတွင် သဘောသဘာဝ လက္ခဏာဟူသည်မရှိ၊ ဖြစ်စဉ်သမိုင်းသာ ရှိ၏”ဟု မိန့်ဆိုလေသည်။
လူသားသည် ကိုယ့်ဘဝကိုယ် တည်ဆောက်ရ၏။ ကိုယ့်လမ်းကိုယ်ရွေးပြီး ကိုယ့်သမိုင်း ကိုယ်ရေးကြရ၏။ ကိုယ်ရွေးသော လမ်း၊ ကိုယ် ရေးသောသမိုင်းတွင်လည်း တာဝန်ယူရ၏။ ကိုယ့်သမိုင်းကိုယ်ရေး၍ ကိုယ့်ဘဝ ကိုယ်တည်ဆောက်ကြရာတွင် ရလာ ရောက်လာသော ဘဝနှင့်ပိုင်ဆိုင်လာသောဂုဏ်ရည်တို့သည် တည်မြဲကြသည်မဟုတ်ပေ။ လုပ်ဆောင်ချက်အပြုအမူကိုလိုက်၍ အစဉ်ပြောင်းနေမည်သာဖြစ်၏။ ထို့ကြောင့်လည်း လူ့ဘဝသည် တည်ငြိမ်မှုရှိသည် မဟုတ်ပေ။ လုံခြုံမှုရှိသည် မဟုတ်ပေ။ မတည်ငြိမ်မလုံခြုံသောဘဝ၊ ကိုယ့်တာဝန်ကိုယ်ယူနေရသောဘဝဟူသည် လူတို့ မုချရင်ဆိုင်ရမည့်အခြေအနေသာ ဖြစ်သည်။ မည်သူမျှရှောင်လွှဲ၍ရမည်မဟုတ်ပေ။ အရေးကြီးသည်မှာ မိမိဘဝအတွက် မိမိဘာသာတာဝန်ယူဆောင်ရွက်စိတ်မွေးကြရန် ဖြစ်သည်။ ကိုယ့်လမ်း ကိုယ်ရွေးပြီး ကိုယ့်သမိုင်း ကိုယ်ရေးမည်ဟူသောအယူရှိကြရန် ဖြစ်သည်။ သို့မှသာ လူသားသည် မိမိ၏လွတ်လပ်မှုကို ဖောေ်ဆာင်နိုင်ပေမည်။ မိမိဘဝဖြစ်တည်မှုကို စစ်စစ်မှန်မှန်တည်ဆောက်နိုင်မည် ဖြစ်၏။ ယန်းပေါဆာ့တ်က လူသည် ထာဝရဘုရား၏ဖန်ဆင်းမှုကြောင့် လူ့ဘဝသို့ရောက်ရှိလာသည် မဟုတ်။ မိမိဘာသာမိမိ လွတ်လွတ်လပ်လပ်ရောက်ရှိလာခြင်းဖြစ်၏။ မည်သို့သောအရာ၏ အကြောင်းပြုပြဌာန်းမှုကြောင့်မျှမဟုတ်ပေ။ ထို့ကြောင့် လူသည် လွတ်လပ်သူဖြစ်၏။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရသူဖြစ်၏။ ထို့ပြင် လူ၏ လွတ်လပ်ခြင်းသည် လူဖြစ်လာပြီးနောက်မှ ပေါ်လာသည့်အရာ မဟုတ်ပေ။ လူဖြစ်ခြင်း၌ပင် လွတ်လပ်ခြင်းသည် ထက်ကြပ်မကွာရှိနေ၏။ လူဖြစ်ခြင်းသည်ပင် လွတ်လပ်ခြင်းဖြစ်၏။ လူဖြစ်ခြင်းနှင့်လွတ်လပ်ခြင်းသည် ထပ်တူထပ်မျှသဘောဖြစ်၏ဟု ဆိုခဲ့ပေသည်။
သို့သော် လူအတော်များများသည် မိမိ၏လွတ်လပ်မှုကိုမျက်ကွယ်ပြုကြ၏။ ငြင်းပယ်ကြ၏။ အဘယ်ကြောင့်နည်း။
ဖြစ်တည်မှုဝါဒီတို့အလိုအရ လူ့ဘဝဟူသည် ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ကိုယ်ကိုယ်တိုင်တည်ဆောက်ထားသည့်အရာ ဖြစ်၏။ ထို့ကြောင့်လည်း မိမိဘဝအတွက် မိမိသာတာဝန်ယူရ၏။ လွတ်လပ်မှုနှင့်အတူ တာဝန်သည် ကပ်ပါလာ၏။ မိမိဘဝ မလုံခြုံမှု အတွက် စိုးရိမ်ပူပန်သောကရောက်ကြရ၏။ ဘဝ မတည်ငြိမ်မှုအတွက် ဝမ်းနည်း ကြေကွဲရ၏။ စိုးရိမ်အားငယ် ရ၏။ ယင်းတို့သည် လွတ်လပ်မှု၏ ဖွားဖက်တော်များဖြစ်ကြ၏။ ဤသို့သော လွတ်လပ်မှု၏ရက်စက် ဖိစီးမှုဒဏ်ကို လူသားများသည် ကြံ့ကြံ့ခံရင်မဆိုင်ဝံ့ကြပေ။ ထို့ကြောင့် လူတို့သည် စစ်မှန်သည့်လူ့ဘဝကို မရရှိကြ။ လူသား၏လွတ်လပ်မှုအရသာကို မခံစားကြရဟု ဆာ့တ်က ဆိုပေသည်။
ပြီးခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း လူသားတို့သည် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများနှင့် နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရ၏။ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုလည်း မချိမဆန့်ခံစားကြရ၏။ ထိုအခြေအနေတွင် မိမိတို့သည် လွတ်လပ်မှုအတွက်တိုက်ပွဲဝင်ရင်း အသက် စွန့်ကြသည်။ လွတ်လပ်ရေးအတွက်တိုက်ခိုက်ရင်း သေဆုံးခဲ့ကြသည်ဟုပြောဆိုခဲ့ကြ၏။ အသံကောင်းဟစ်ခဲ့ကြ၏။ ထိုအချိန်မှာပင် အမှန်စင်စစ်လူတို့သည် လွတ်လပ်မှုမှရှောင်ပြေးသည့်အတွက်(ဝါ) လွတ်လပ်မှုကိုငြင်းပယ်ခဲ့ကြသည့်အတွက်ကြောင့်သာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟုအဆိုပြုထားသော စာအုပ်တစ်အုပ်ထွက်လာခဲ့သည်။ ထိုစာအုပ်၏ အမည်အမှာ “လွတ်လပ်မှုမှထွက်ပြေးခြင်း(Escape From Freedom)” ဖြစ်၏။ စာရေးသူမှာ စိတ်ပညာရှင် အားရစ်ဖရွမ်း (Erich Fromm) ဖြစ်၏။
ယန်းပေါဆာ့တ်သည် ဖရွမ်းနှင့်သဘောထား တူမျှခဲ့၏။

Monday, July 1, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ် (အပိုင်း၉-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၉-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)ပြင်ပအရာဝတ္ထုများတွင်သူ့ ပကတိအတိုင်းရှိခြင်းသဘောသာ ပါရှိ၏။ လူတွင်မူ သူ့ ပကတိအတိုင်းရှိခြင်းရော၊ ကိုယ့်တွက်ကိုယ်ရှိခြင်းပါ ပါရှိပေသည်။ လူသားတွင် ပြင်ပရုပ်ဝတ္ထုများ၌လုံးဝမရှိသည့် သိစိတ်ရှိ၏။ လွတ်လပ်မှုရှိ၏။
“သိစိတ်သည်ဖြစ်တည်မှု၏ကိုယ်စားပြုဖော်ဆောင်ချက်ဖြစ်သည်။ နတ္တိဘဝ (ဝါ) သုည ဘဝ (Nothingness) သည် သိစိတ်၏ အကြောင်းတရားဖြစ်သည်။ သို့ဖြစ်၍ သိစိတ်၏ကိုယ်ပိုင်တည်ရှိမှုအတွက်အကြောင်းတရားမှာ သိစိတ်ပင်ဖြစ်ပေသည်” ဟု ဆာ့တ်က ဖွင့်ဆိုသည်။
ဆာ့တ်၏အမြင်အရ လူ၏သိစိတ်တွင် မည်သည့်အကြောင်းရင်းခံမျှမရှိပေ။ မည်သည့်အနှစ်သာရ ဂုဏ်ရည်လက္ခဏာမျှလည်းမရှိပေ။ ထို့ကြောင့်သိစိတ်သည်သုညဘဝ သုညသဘော ဖြစ်သည်။ သိစိတ်ပါဝင်နေသော လူသား၏ဘဝမှာလည်း သုညဘဝ၊ သုညအဖြစ်ပင် ဖြစ်ချေတော့သည်။
လူသည် မည်သည့်ပြဌာန်းချက်၊ မည်သည့်ဂုဏ်ရည်အနှစ်သာရမျှမရှိဘဲ ဖြစ်တည်လာရသောသတ္တဝါ ဖြစ်၏။ မိမိဘဝ၏အတွက် မိမိဘာသာမိမိ ဖြစ်တည်နေရသောသတ္တဝါဖြစ်၏။ မိမိဘဝဖြစ်တည်မှုကိုရရှိပြီးမှသာလျှင် ကိုယ်နှစ်သက်ရာဘဝကို ကိုယ်ကိုယ်တိုင်ရွေးချယ်၍ တည်ဆောက်ယူရသောသတ္တဝါ ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် လူ့သိစိတ်၏သုညဘဝ၊ နတ္တိသဘောရှိနေမှုသည် ကျွန်ုပ်တို့လူသားများ၏လွတ်လပ်မှုအတွက် ရေခံမြေခံ အခြေအနေပေးချက်ဖြစ်၏။ လူသား၏လွတ်လပ်မှုသည် သူ၏ ဖြစ်တည်မှု၏ အစိတ်အပိုင်းတရပ် မဟုတ်၊ ဂုဏ်ရည်မဟုတ်ပေ။ လူသား၏ဖြစ်တည်မှုကိုယ်ကပင် လွတ်လပ်မှုဖြစ်သည်။ လူဟူသည် လွတ်လပ်မှုပင်ဖြစ်ပေသည်။ ပြုမူဆောင်ရွက်ခြင်းဟူသည် လူ့လောကကြီးတခုလုံး၏ ပုံသဏ္ဍန်အနေအထားကို ပြုပြင်ဖန်တီးလိုက်ခြင်းဖြစ်ပေသည်။
လွတ်လပ်မှုနှင့် လူသည် ထပ်တူထပ်မျှဖြစ်ကြောင်းကို စစ်အတွင်းကရေးသားခဲ့သောယင်ကောင်များ(The Flies)ပြဇာတ်တွင်ဆာ့တ်က တင်ပြခဲ့သည်။ ယင်းပြဇာတ်တွင် မမိမိကိုအာခံသောအောရက်စ်တေး(Crestes)ကို ဇီးယု(Zeus)နတ်မင်းကြီးက “မင်းကို ဘယ်သူဖန်ဆင်း ခဲ့သလဲဆိုတာ သိတယ်မဟုတ်လား” ဟုခြိမ်းခြောက်သည်။ ထိုအခါ အောရက်စ်တေးက “မှန်ပါတယ်။ ခင်ဗျား ကျုပ်ကိုဖန်ဆင်းခဲ့တာပါ။ ဒါပေမယ့် ခင်ဗျား အအမှားတခုကျူးလွန်ခဲ့တယ်လေ။ ဒါကတော့ ခင်ဗျားက ကျုပ်ကို လွတ်လပ်သူအဖြစ်ဖန်ဆင်းခဲ့တာပဲ” ဟုဆိုကာ ဇီးယု၏ပြဌာန်းမှုကိုငြင်းဆိုပြီးသူ၏ လွတ်လပ်မှုကို ကြွေးကြော်ခဲ့သည်။
သို့ရာတွင်ဤ လွတ်လပ်မှုသည် ပျော်ရွှင်ချမ်းမြေ့၏ဖွယ်ရာမင်္ဂလာတပါးတော့ မဟုတ်ပေ။ အဘယ်ေ့ကြာင့်ဆိုသော် ရှင်သန်သောအသိစိတ်ရှိနေသည့်လူသားသည် မိမိမဖြစ်သေးသောအလားအလာဖြစ်ခြေများဆီသို့ မည်သည့် အထိန်းအချုပ်မျှမရှိဘဲ လွတ်လပ်စွာရှေူဦးတည် ပြောင်းလဲနေကြသည့်အတွက်ကြောင့် ဖြစ်၏။ ထို့ကြောင့် လူ၏ ဘဝဖြစ်တည်မှုသည် တည်မြဲမှုမရှိပေ။ လုံခြုံမှုလည်း မရှိပေ။ လူသားသည် လွတ်လပ်မှုကိုရရှိလိုက်သည်နှင့်အတူ မိမိဘဝလုံခြုံမှုကိုလည်း စွန့်လွှတ်လိုက်ရပေသည်။ “လွတ်လပ်မှုအတွက် တန်ရာတန်ကြေးကိုပေးဆပ်ရသည်”ဟု ဆာ့တ်က ဆိုပေသည်။ လူသားတွင် လွတ်လပ်မှုနှင့်အတူ တာဝန်ယူရခြင်းဟူသော ဝန်ထုပ်ဝန်ပိုးသည် ထက်ကြပ်မကွာ လိုက်ပါလာသည်သာ ဖြစ်၏။
ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်သောကျောက်တုံးကမူလူကဲ့သို့မဟုတ်၊ ကျောက်တုံးတွင်သိစိတ်မရှိ၊ ပြဌာန်းသတ်မှတ်
ခံထားရသည်ဖြစ်၍လည်း လွတ်လပ်မှုမရှိပေ။ ထို့ကြောင့် ကျောက်တုံးတတုံးတွင် မည်သည့်တာဝန်မျှမရှိ၊  မည်သည့် စိုးရိမ်သောကမျှ မရှိ၊ ၎င်းတွင် ကျောက်တုံးဘဝမှ အခြားအရာတခုသို့ မိမိဘာသာကူးပြောင်းရောက်ရှိ မသွားနိုင်၊ တနည်းအားဖြင့် ကျောက်တုံးတွင် မည်သည့် ဖြစ်စရာအလားအလာ မရှိပေ။ ထို့ကြောင့် ကျောက်တုံးဘဝသည် တည်မြဲ၏။ လူကဲ့သို့ သေဆုံးခြင်းလည်းမရှိပေ။ သို့ဖြစ်၍ “ကျောက်တုံးဘဝသည် လုံခြုံအပြည့်ရှိသည်”ဟု ဆာ့တ်က ဆိုခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ စားပွဲတလုံးတွင်လည်း မည်သည့် စိုးရိမ်စရာမျှရှိမည် မဟုတ်ပေ။ စားပွဲဟူသည် ပြဌာန်းခံအရာဝတ္ထုဖြစ်သည်။ လက်သမားက ပြုလုပ်ဖန်တီး၍ ဖြစ်ပေါ်တည်ရှိလာရခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတွင်ဘာ တာဝန်မျှမရှိ။ မိမိ ရပ်တည်မှုအတွက်လည်း ဘာမျှစိုးရိမ်စရာမလိုပေ။ မလုံခြုံစရာလည်း မရှိပေ။
သို့သော် လူသားကမူ မိမိဘဝကို မိမိဘာသာမိမိဖန်တီး တည်ဆောက်ယူရပေသည်။ ဤကမ္ဘာလောကကြီးအတွင်း “လူ” ဟူ၍ ဖြစ်တည်လာကတည်းက သူ ပြုမူဆောင်ရွက်သမျှအားလုံးအတွက် သူ့တွင်တာဝန်ရှိလာ၏။ ကိုယ့်ဘဝအတွက် ကိုယ့်မှာသာ တာဝန်အပြည့်အဝရှိ၏။ လူသားသည် ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ပြီးလျှောက်လှမ်း ချီတက်ရပေသည်။ ထို့ကြောင့် လူသားတွင်သိစိတ်ရှိရုံမျှမက လွတ်လပ်မှုလည်းရှိ၏။ ဤလွတ်လပ်မှုအတွက် ပေးဆပ်ရမည့်တန်ဖိုးမှာလည်း တပါတည်း ကပ်၍ပါလာ၏။ ယင်းကား ကိုယ့်တာဝန် ကိုယ်ခံယူလိုက်ခြင်း(ဝါ) မိမိဘဝလုံခြုံကင်းမဲ့ခြင်းဖြစ်၏ဟု ဆာ့တ်က ဖွင့်ဆိုပေသည်။
ထို့ကြောင့် ယန်းပေါ့ ဆာ့တ်က “လူ၏လွတ်လပ်မှုသည် ဒဏ်ခတ်ခံလွတ်လပ်ခြင်းဖြစ်သည်” ဟု ဆိုခဲ့ခြင်းဖြစ်၏။ “ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလှသောလွတ်လပ်မှု” ဟုလည်း သတိပေးခဲ့၏။
ဤသို့ ဒဏ်ခတ်ခံရခြင်းမှာ တစုံတဦးက ပြဌာန်းချမှတ်ပေး၍ မဟုတ်ပေ။ ဤကမ္ဘာလောကကြီးအတွင်း လူသားအဖြစ် ဖြစ်တည်လာရခြင်းကသာ လူကို ဒဏ်ခတ်လိုက်ခြင်းဖြစ်၏။ ဤသို့သောဒဏ်ခတ်ခံရခြင်းမှာ လူသားတွင်ပကတိရှိနေသော အဖြစ်တရပ်၊ အခြေအနေတခုသာဖြစ်၏ဟု ဆာ့တ်ကဖွင့်ဆိုခဲ့၏။