Thursday, August 8, 2013

၁၉၈၈ သြဂုတ်လအရေးတော်ပုံကို ပြန်လည်သုံးသပ်ခြင်း ဗကပ (ဗဟို)(၁ - ၈ - ၂ဝ၁၃)

0 comments
၁၉၈၈ သြဂုတ်လအရေးတော်ပုံကို ပြန်လည်သုံးသပ်ခြင်း ဗကပ (ဗဟို)(၁ - ၈ - ၂ဝ၁၃)
(၁) ၈၈ အရေးတော်ပုံ ငွေရတုတိုင်တော့မည်။ ယခု ပြန်လည်သုံးသပ်ခြင်းသည် လာလတ္တံ့သော လူထုအရေးတော်ပုံအတွင်း ဆောင်ရန်နှင့်ရှောင်ရန်ကို (ဗကပ အနေဖြင့်) တင်ပြလိုသောကြောင့်ဖြစ်သည်။

(၂) အရေးတော်ပုံတိုင်းသည် အခြေအနေအရပ်ရပ်ရင့်မှည့်နေမှ ဖြစ်ပေါ်လေ့ရှိသည်။ အခြေအနေရင့်မှည့်သလား၊ မရင့်မှည့်သလားဆိုတာကို အကဲဖြတ်ဖို့အကြောင်းအချက် (၂) ခုရှိသည်။
(တစ်) အုပ်စိုးသူအာဏာရများက ပုံစံဟောင်းအတိုင်းအုပ်စိုးရန် (လုံးဝ)မဖြစ်နိုင်တော့သည့်အခါ
(နှစ်) အုပ်စိုးခံပြည်သူလူထုက အာဏာဟောင်း၏အုပ်စိုးမှုကို ဆက်လက်ပြီး သည်းမခံနိုင်တော့တဲ့အခါ ဤ (၂) ချက် ပြည့်စုံရပါမည်။
(၃) ၁၉၈၈ က အုပ်စိုးသူဘက်ကိုကြည့်ပါ။ ၁၉၆၂ ကစပြီး ၁၉၇၄ - ၇၅ - ၇၆ တို့အထိ သူတို့၏အုပ်စိုးမှုကို အကြမ်းပတမ်းနည်းဖြင့် ထိန်းသိမ်း ခဲ့သည်။ “ဆိုရှယ်လစ်မှိုင်း”တိုက်ခဲ့သည်။ တစုံတရာအောင်မြင်ခဲ့သည်။ ‘အကူးအပြောင်းကာလ’ မို့ သည်းခံကြဖို့ပြောသည်။ ဒါလည်း တစုံတရာအောင်မြင်ခဲ့သည်။ သို့သော် နောက်တော့ ပွင့်ကျသည်။

(က) ပြည်သူလူထုဘက်က ကြည့်လျှင် -
• ၁၉၆၂ ကတည်းက တတပ်ချင်းထွက်ပြီး စီးချင်းထိုးသည်။ သွေးချောင်းစီးမျှ နှိပ်ကွပ်ခံခဲ့ရသည်။ တတပ်ချင်းထွက်ပြီး စီးချင်းထိုးတိုင်း နှိပ်ကွပ်ခံရတာနဲ့ နိဂုံးချုပ်သည်။ (ကျောင်းသားတပ်၊ ကျောင်းသားနဲ့ပညာတတ်လူငယ်များတပ်၊ အလုပ်သမားတပ်၊ မြို့နေအလယ်အလတ် အလွှာနဲ့ ကျောင်းသားစုပေါင်းတပ်တို့ စီးချင်းထိုးခဲ့သည်)
• နိုင်ငံရေးဝါရင့်များနှင့်တောင်သူလယ်သမားများက ပွဲကြည့်ပရိသတ်လို ဖြစ်နေခဲ့သည်။

ဤအခြေအနေကို ‘ဗကပ’ က သုံးသပ်ပြီး
• ၁၉၈ဝ တွင် လမ်းစဉ်ပြောင်းသည်။‘၁၃ဝဝ ပြည့်အရေးတော်ပုံတပ်သားဟောင်းကြီးများ’ကို လှုံ့ဆော်သည်။ စည်းရုံးသည်။
• လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့စဉ်က မိမိတို့မျှော်မှန်းခဲ့တာနဲ့ အခုဖြစ်နေတာကို နှိုင်းယှဉ်ပြသည်။ ဗိုလ်နေဝင်း စစ်အာဏာရှင်စနစ်ကို မတိုက်ဖျက်နိုင်လျှင် မိမိတို့တာဝန်မကျေသေး၊ မိမိတို့မသေခင်မှာ ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ဖို့လုံးပန်းကြစို့ဟု ဆော်သြသည်။
• ၁၃ဝဝ ပြည့်၏ ရွှေရတုနှစ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအရေးတော်ပုံတခု ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်း သည်။
• အားလုံးလောက်က သဘောတူကြသည်။ တချို့က တက်တက်ကြွကြွတုံ့ပြန်သည်။ တချို့က သာမန်ပဲ တုံ့ပြန်သည်။ ဦးနုကတော့ သူ့ထုံးစံအတိုင်း “အရေးကြုံလာလျှင် မောင်နုကို ရှေ့ဆုံးက တွေ့စေရမည်”ဟု နှုတ်ဖြင့် ပြန်ကြားသည်။ ဦးကျော်ငြိမ်းက ဒီတခါတော့ သခင်ဗသိန်းတင်တို့နဲ့ သဘောထားချင်းကိုက်ညီသည်ဟု သူ့အတွင်းပိုင်းမှာပြောတာကို တဆင့်စကားကြားရသည်။ ပမညတ တွေက ဘာမှမတုံ့ပြန်။ ဗိုလ်အောင်ကြီးကတော့ ဗိုလ်နေဝင်းဆီသွားပြီး ‘အကြံပေးတာ လုပ်သည်’ဟု သိရသည်။ နောက်တော့ ဗိုလ်အောင်ကြီး အိတ်ဖွင့်ပေးစာများပေါ်လာသည်။

(ခ) အုပ်စိုးသူဘက်ကိုကြည့်လျှင်
• သူတို့‘လှော်ရင်းနစ်နေပြီ’ဆိုတာ သိလာသည်။ ဘာတခုမှ မအောင်မြင်ဘဲ ကျရှူံးနေတာကိုမြင်လာသည်။ အကြီးဆုံးမြီရှင်ဂျပန်ကလည်း ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LDC) လျှောက်မှ ကြွေးမြီဝန်ထုပ်ဝန်ပိုးကသက်သာမည်ဟု အကြံပေးသည်။ LDC လျှောက်ရသည်။
• သို့သော် LDC ဖြစ်လို့ ကြွေးဝန်ထုပ်ဝန်ပိုးလျော့ရုံသာ ရှိသည်။ ပြည်တွင်းစီးပွားရေးနဲ့ငွေကြေးဘဏ္ဍာအကျပ်အတည်းက ရှိမြဲ၊ ဒုက္ခပေးဆဲ ဖြစ်သည်။ ထုတ်ထားတဲ့ငွေတွေ တရားမဝင်ကြေညာရပြန်သည်။ ဤသို့ဖြင့် ဗိုလ်နေဝင်း၏ ပြင်သင့်ပြင်ရမှာပဲဆိုသောစကား ထွက်လာသည်။ သူ့မှာ အိမ်တော်ပါ ငယ်ကျွန်တွေပဲအားကိုးစရာရှိသည်။ (ဒေါက်တာမောင်မောင်ရဲ့စာအုပ် ဖတ်ကြည့်ပါ)
• ၁၉၈၈ မတ်လ၊ ဇွန်လကကိစ္စတွေ မရေးတော့ပါ။
• သြဂုတ်လရောက်တော့ အခြေအနေရင့်မှည့်ခဲ့ပြီ။ ဒါကြောင့် ပြည်လုံးကျွတ်အုံကြွမှုကြီးပေါ်တော့သည်။ လူထုလူတန်းစား၊ လူ့အလွှာစုံ ပါလာသည်။ တောင်သူလယ်သမားတွေပါလာတာက အခရာကျသည်။ နယ်မြို့တွေကလှုပ်ရှားမှုတိုင်းမှာ တောင်သူလယ်သမားတွေ ပါလာခဲ့ပြီ။

(၄) ဤနေရာတွင် ဗကပ ၏ အမြင်ကိုပြောပါမည်။
• တတပ်ချင်းထွက်တိုက်တာတွေ မရှိလျှင် ‘၈၈ သြဂုတ်အရေးတော်ပုံ’ မရှိနိုင်ပါ။
• မုချနိုင်မည့်တိုက်ပွဲကိုမှ တိုက်မည်ဆိုလျှင် ဘယ်တော့မှအရေးတော်ပုံကြီး ဖြစ်မလာနိုင်ပါ။
• သမိုင်းကို လူထုကဖန်တီးသည်ဆိုတာမှာ လွယ်လွယ်ဖန်တီးလို့မရပါ။ ရှူံးပွဲအလီလီကိုဖြတ်သန်းပြီး ဘာတွေကြိုတင်ပြင်ရမလဲဆိုတာကို နိဂုံးချုပ်ချက်လုပ်ပြီး ရှာကြံရတာချည်းဖြစ်သည်။
• မုချနိုင်မည့်တိုက်ပွဲ (ရာနှုန်းပြည့်နိုင်တဲ့တိုက်ပွဲ)ကို ဘယ်သူမှလည်း ကြိုကတင်ပြီး မတွက်ချက်နိုင်ပါ။

(၅) ၈၈ သြဂုတ်လအရေးတော်ပုံ ‘အမြတ်နဲ့အရှူံး’ကို စာရင်းချုပ်သော် -
အမြတ် -
• ဒီမိုကရေစီပါတီများ ပေါ်လာသည်။
• ယေဘုယျဒီမိုကရေစီတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် ပေါ်လာသည်။
• ပြည်သူလူထုအတွင်း ဒီမိုကရေစီအတွေးအခေါ်သွတ်သွင်းပေးနိုင်သည်။
အရှူံး-
• စစ်အာဏာရှင်စနစ်ကို အစတုံးအောင်မသုတ်သင်နိုင်ခဲ့။ ယခုအထိ ရှင်သန်ဆဲဖြစ်သည်။ ‘တော်လှန်ရေးကောင်စီ’ ‘နဝတ’‘နအဖ’ စစ်ကောင်စီများနေရာတွင် ကာ/လုံ ကောင်စီက ‘၂ဝဝ၈ အခြေခံဥပဒေ’အရ ဆက်လက်တည်ရှိနေသည်။ ‘ြုပပြင်ပြောင်းလဲရေးမှိုင်း’ မိသူတွေ များနေသည်။
• ‘၁၉၇၄ အခြေခံဥပဒေ’တုန်းက ၇၄ - ၇၅ - ၇၆ ခုနှစ်များတွင် ချက်ချင်းအန်တုနိုင်ခဲ့သော်လည်း အခုတော့ ‘၂ဝဝ၈ အခြေခံဥပဒေ’ကို (ခြွင်းချက်ဖြင့်) လက်ခံနေကြပြီ။ ၂ဝ၁၅ - ၂ဝ၂ဝ ကို မျှော်နေကြပြီ။ (ဤသို့ဖြစ်လာရသည်မှာ နိုင်ငံတကာ့အခြေအနေပြောင်းလဲလို့လည်း ဖြစ်ပါသည်။ ဒီနေရာမှာ ဒီကိစ္စရေးဖို့မရည်ရွယ်ပါ။)
• ဘာကြောင့်ရှူံးသလဲ။ နိုင်ငံရေးခေါင်းဆောင်သူ မကြံ့ခိုင်လို့ (သို့မဟုတ်)မရှိလို့ဖြစ်သည်။
• အောင်ပွဲရလျှင် မိဘတွေများတတ်သည်။ မိဘတွေမှာကလည်း ဘုံလုပ်ငန်းစဉ်မရှိ။ မညီညွတ်ကြ။
• ရှူံးပွဲဆိုလျှင် မိဘမဲ့ဖြစ်တတ်သည်။ မည်သူကမှ တာဝန်မယူ။

(၆) ဗကပ ၏ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေး။
• အတက်ရောက်ကာမှ လှည်းစည်းကုံးပြတ်ပြီး ဗကပ နောက်လန်ကျသည်။ ဗကပ ကိုယ်တိုင်၏အပြစ် ဖြစ်သည်။ ပြင်ပကို လွှဲမချ။
• ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်ညွန့်တို့ အူမြူးကြသည်။ ဗိုလ်ခင်ညွန့်က စာအုပ်နီထုတ်ပြီး ဗိုလ်အောင်ကြီးက NLD ကို ကွန်မြူနစ်စီးနေပြီ၊ ထုတ်ပစ်ရမည်ဟု လုပ်သည်။ တိုက်ဆိုင်မှု မဟုတ်ပါ။ သူတို့‘၂’ ဦးပေါင်းပြီး လော်စစ်ဟန်အကူအညီနဲ့ ဗကပ ဖြိုခွဲရေးလုပ်ခဲ့စဉ်က အစီအမံဖြစ်သည်။ (လော်စစ်ဟန်ကို ဆိုရှယ်လစ်စစ်အုပ်စုက မွေးမြူခဲ့တာဖြစ်သည်)

(၇)ဘာ့ကြောင့်ပြန်လည်သုံးသပ်သလဲ။
• စစ်အာဏာရှင်စနစ်ရှိနေသမျှ လူထုအုံကြွမှုနဲ့အရေးတော်ပုံ ပေါ်နေမှာဖြစ်သည်။ ဘယ်တော့၊ ဘယ်လိုပေါ်မည်ဆိုတာကိုကား မပြောတတ်ပါ။
• ခန့်မှန်းတွက်ချက်ကြည့်ရလျှင် (၂ဝ၁၅)နောက်ပိုင်းကျမှ တတပ်ချင်းထွက်တိုက်တဲ့ စီးချင်းထိုးတိုက်ပွဲတွေ ပေါ်မည်ထင်သည်။
• တောင်သူလယ်သမားတိုက်ပွဲတွေပေါ်မည်ဟု တွက်သည်။ အခုတော့ သူတို့လည်း စုစုစည်းစည်းလှုပ်ရှားတာတွေ တွေ့ရလို့ဖြစ်သည်။ နဝတ/နအဖ က ကျောင်းတွေကိုဖြန့်ခွဲပစ်လိုက်လို့ ကျောင်းသားကို အတော်စုစည်းရဦးမည်ဖြစ်သည်။
• တော်လှန်ရေးအတွေးအခေါ်က ဒီရေနိမ့်ဖြစ်နေသည်။ ဓနရှင်လစ်ဘရယ်ဝါဒအတွေးအခေါ်က ရေပန်းစားနေသည်။ ဒါကြောင့် ကြာလိမ့်မည်။
• သို့သော် ပြန်လည်သုံးသပ်ထားတာ မမှားပါ။ ကြိုတင်ပြင်ဆင်မထားလျှင် (၁၉၈၈)သြဂုတ်လတုန်းကလို ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုံနိုင်ငံရေးလုပ်ငန်းစဉ်မရှိလျှင် မိဘတွေများပြီး ဦးနင်းပဲ့ထောင်ဖြစ်လိမ့်မည်။
• ၁၉၄၆ စက်တင်ဘာအုံကြမှုမှာ နိုင်ငံရေးခေါင်းဆောင်မှုရှိသည်။ ဒါကြောင့် နိုင်သည်။ အဲဒီလိုဖြစ်ဖို့ အများကြီးလုပ်ကြရမည်။
• ပြုပြင်ပြောင်းလဲရေးမှိုင်း’ ရှိနေသမျှ မှန်ကန်တဲ့ခေါင်းဆောင်မှု မတည်ဆောက်နိုင်ပါ။
• စစ်အာဏာရှင်စနစ်ကို ‘မဲဆန္ဒ’နဲ့ တစတစြုပပြင်ပြောင်းလဲယူလို့ မရနိုင်ပါ။ မှန်ကန်တဲ့အတွေးအခေါ်ကို လူထုကြီးကလက်ခံအောင် အတော်ကြာကြာလုပ်ရလိမ့်မည်ဟု ဗကပ က မြော်မြင်ပါသည်။ဗကပ (ဗဟို)
(၁ - ၈ - ၂ဝ၁၃)

၈၈၈၈ (ဘိုဘိုလန်းစင်)

0 comments
8888 (ဘိုလိုလန်းစင်)30Jul13 ၈လေးလုံးအကြောင်းရေးဖို့ပြောလာ သူ ရှိလာသောအခါ လူတရုံးရုံးနှင့်ရှိခဲ့သော တလကို ပြန်စဉ်းစား ရသည်။ နယ်မြို့တချို့တွင် အုပ်ချုပ်ရေးပျက်၍ ဝန်ထမ်းများ လုံခြုံရာဇာတိရပ်ရွာ ပြန်ရသည်ကို လည်းကောင်း၊ လမ်းတလျှောက် စစ်ဆေးရေးဆိုသောပုဂ္ဂိုလ်တချို့၏ အာဏာစက်ပြင်းပုံကိုလည်းကောင်း၊ ထိုထက် ထောင်ထောင် ထောင်ထောင်လုပ်သည့် ပါတီကောင်စီ အာဏာပိုင်တချို့လက်လွန်ခြေကျွံ တွင် ပျောက်ပျက်ကုန်သည် ကိုလည်း မြင်ပါ၏။ ထိုထက် စစ်ကိုင်း၊ ရန်ကုန် စသည့်မြို့များ တွင် သွေးထွက်သံယို ကြီးစွာဖြစ်ရသောအမှုတို့မှာ လူ့သမိုင်း၏အမည်းစက်ကြီးများဖြစ်ပါသည်။ နောက်ဆုံး အာဏာသိမ်းသည့်ရက်နှင့် ပစ်တုန်းခတ်တုန်း မာရှယ်လော လများကို တချို့မေ့ကြမည်မဟုတ်ပါ။ မန္တလေးမြို့ စစ်ကိုင်းတန်းက တိုက်ကြီးတလုံးမှာ မျက်နှာစာရှိပြတင်းမှန်သမျှ ပက်ပက်စက်စက်ကွဲကျေနေသည့်ရှုခင်းမှာ စွဲနေတော့သည်။
ဆန္ဒပြပွဲ ဤမျှကြီးရသည်မှာ လူထုပိုင်ဆိုင်မှုဆုံးရှုံးချက်နာလှ၍ ဖြစ်သလား၊ ကျောင်းသားတို့ ထိခိုက်သေကြေရသည်ကို နာကြည်းကြသောကြောင့် ပူးပေါင်းလာသည်လား၊ ထိုထက် အပစ်ရပ်ချိန်တွင် အုပ်ချုပ်ရေးအပြောင်းအလဲကိုမြင်လာကြ၍လား ခွဲခြမ်းစိတ်ဖြာ လုပ်စရာများပါသည်။ ပိုသိလိုသည်က ထိုသို့အုံကြွမှုမျိုး ထပ်မပေါ်တော့သည်က ဘိနှိပ်မှုကြောင့်လား၊ လူထု စိတ်အခံပြောင်း၍လား၊ နိုင်ငံရေးဘက်ကဦးဆောင်နိုင်မှုနိမ့်သောကြောင့်လား အကြောင်းများဖြစ်ပါသည်။ ဤဖြစ်ရပ်ကို သမိုင်းနှင့် နိုင်ငံရေးလေ့လာမှု ဘက်ပေါင်းစုံမှလေ့လာခဲ့ဖူးပေါင်းများပါပီ။ လတ်တလော အီဂျစ် ဖြစ်ရပ်များက (၈)လေးလုံးကို အမှတ်ရစရာဖြစ်သလို စစ်ကြီးစိုးသောတိုင်းပြည်များက လူ့အဆောက်အအုံများကို ပို၍ထိုးထွင်းသိမြင်ဖို့လိုပုံကိုလည်း ပြောပါလို၏။
မြန်မာ၏ နိုင်ငံရေးဖြစ်ပေါ်ပုံမှာ လူလတ်တန်းစားပညာတတ်ဦးဆောင်မှုမှ လက်နက်ကိုင်နိုင်ငံရေးအုပ်စုများလက်သို့ စစ်ပီးချိန်က စရောက်ပါသည်။ စစ်ပီး ရွေးကောက်ပွဲများတွင် ယမ်းငွေ့ဝေသည်ကိုလည်း ပြောစမှတ်ဖြစ်ပါသည်။ ထိုထက် ပါလီမန်ဆိုသည်များက ဗိုလ်နာမည်ခံ အမတ်များ၊ ဦးနာမည်ခံပီး ဓားပြဂိုဏ်းကြီးထောင်ထားသူများ စသည့် ဖိလစ်ပိုင်က လူမိုက်နိုင်ငံရေးလည်း ထိုခေတ်ကပင် ရှိခဲ့ပါသည်။ ၁၉၆၂ မတိုင်ခင်ကို ဒီမိုကရေစီအုပ်ချုပ်ရေးဟု လုံးထွေးခေါ်သည်ထက် လူကြိုက်ခံအာဏာပိုင်စနစ်ဟုဆိုကသင့်မည်လား ပြောပါမည်။ ဒီမိုကရေစီသူရဲကောင်းကြီးများ၊ အခြေခံဥပဒေကိုကာကွယ်မည့် တပ်မှူးကြီးများ၊ ဆိုရှယ်လစ်ဝါဒီကြီးများအားလုံး၏ ဘုံတူချက်မှာ တော်လှန်စစ် ခင်းနေသည့်အင်အားစုများ ချေမှုန်းရေးနှင့် နောက်လိုက်တသင်းတို့ အခွင့်ထူးခံသည့်အာဏာစက် တည်ထောင်ရေးဖြစ်ပါသည်။ ထိုထဲက ထူး၍ ဗိုလ်ချုပ်ကြီး အဂ္ဂမဟာသီရိသုဓမ္မနေဝင်းက တပင်တပန်းအာဏာယူသည်မှာ အာဏာငတ်သောကြောင့်သက်သက် မဟုတ်တန်ရာ။
နိုင်ငံရေးတွင် စစ်တပ်က လက်နှေးမည်မဟုတ်သည်ကို ၄၈-၄၉ နှစ်တွေ ကထဲက သိခဲ့ပါသည်။ အီဂျစ်၊ ယူဂိုနှင့် တရုတ်ပြည်၊ ဆိုဗီယက်တို့တွင်လည်း ဗိုလ်ချုပ်ကြီးများ၊ မာရှယ်ကြီးများ ဒုတိယကမ္ဘာစစ်သူရဲကောင်းတံဆိပ်ချိတ်များ ကြီးမြင့်နေသည်ကိုလည်း သူတို့သိပါသည်။ အမေရိကန်တွင်ပင် ထရူးမင်းနှင့်မက်အာသာတို့ ကိုရီးယားရေးသဘောကွဲမှု၊ အိုက်ဆင်ဟောင်းဝါးသမ္မတဖြစ်မှု စသည့် စစ်ဘက် ကြယ်တာရာတို့နက္ခတ်စီးနေသလို သခင်ဟောင်း ဘိလပ်တခိုတွင်လည်း လော့ဒ်မောင့်ဘက်တန် အော့ဖ်ဘားမား စသည့်စစ်သားကြီးများ၏အရှိန်က သာမန်နန်းရင်းဝန်များထက် မြင့်မားပေသည်။ ဘေးချင်းကပ်ရက်တွင်လည်း ဆီးတိုး ထီးရိပ်အောက်က ဗိုလ်ချုပ်များ၏အာဏာခေတ်က အနှစ် ၃-၄ဝ ငုပ်ချည်ပေါ်ချည် ရှိလှည့်ပါသည်။ ထိုခေတ် အာရှတကြော ဒီမိုကရေစီအရပ်ဘက်အာဏာကို တူတူတန်တန်ပြနိုင်သည်က စစ်တပ်မရှိသည့်ဂျပန်နှင့် ဓနသဟာယထဲက ဒိပ်ဒိပ်ကျဲ အိန္ဒိယသာ ဖြစ်ပါသည်။
ပထမ (၂)ခါ အာဏာယူစဉ်က ထူးတလည်ကန့်ကွက်အုံကြွမှုမရှိဘဲရခဲ့သည့် မြန်မာတပ်အဖို့ အာဏာမှာနိုင်ငံရေးသမားတွေနှင့် အပြိုင်လှည့်ရသည့်လုပ်ငန်းကြီး ဖြစ်ဟန်တူသည်။ အကြောင်းမှာ အာဏာတွင် စီးပွားရေးခံကတုပ်ကိုတည်ဆောက်မှုက အမြဲရှေ့ကနေ၍ ဖြစ်ပါသည်။ ဘီအီးဒီစီ၊ ပြည်သူ့ကော်ပိုရေးရှင်း၊ ဦးပိုင် စသည့်တို့မှာ တပ်၏ခြေထောက်များဖြစ်ပါသည်။ ဘယ်တွက်ကြောင့် အာဏာယူယူ၊ တိုင်းပြည်ငွေကို ကိုယ့်အိတ်ထဲထည့်ရသည်က ဒုတိယ၊ တတိယကမ္ဘာတို့၏ ဓလေ့ပေလား မသိပါ။ ထိုငွေတွက် အာဏာကိုခိုင်အောင် ချည်ရပြန်ပါသည်။
ဆိုရလျှင် တပ်အာဏာထူသည်ကိုမခံနိုင်သည့် နိုင်ငံရေးသမားများကလည်း တပ်နှင့်ပင် အာဏာလုဖို့ကြံပါသည်။ မည်သူမျှ ပြည်သူ့အာဏာဆိုသည့်လမ်းကို မနင်းကြပါ။ ထိုတွက် (၈၈)ခုနှစ်အရောက်တွင် နိုင်ငံရေးသမားရှိပီး နိုင်ငံရေးမရှိသောတိုင်းပြည် ဖြစ်ပါရသည်။ စစ်တပ်ဘိစီးမှုကြောင့်ထက် နိုင်ငံရေးကိုယ်တိုင်က လူကြားကလာသည့်ဒီမိုကရေစီမဟုတ်သောကြောင့် ဖြစ်ပါသည်။ အထက်က ဦးဆောင်ချီတက်သည့်အလေ့မှာ ဆိုရှယ်လစ်ခေတ်ပြောင်းလောကတွင်ရော၊ သမ္မတကြီးများ၏ပြုပြင်ပြောင်းခေတ်တွင်ပါ မရိုးနိုင်စရာပါ။ ထို့ကြောင့် ပါတီစုံချင် ဒီမိုကရေစီလိုချင်သူများမှာ လိုချင်သည့်အရာကို ရနည်း လည်း မရှိ၊ နိုင်ငံရေးကလည်း မလုပ်တတ်၏ကြရကား ဂျာအေးပတ်ချာရိုက်နေပါတော့သည်။
နှစ်အစိတ်လုံးလုံး စစ်တပ်ကြောင့် ပြောသည်ထက် တိုင်းပြည်ကိုယ်နှိုက်က ကိုယ့်စိတ်သဘောကို ကိုယ်ပြန်ကြည့်သင့်ပါသည်။ ဆန္ဒခပ်သိမ်းပြည့်ဝစေဖို့က ဘယ်နိုင်ငံရေးတွင်မှ မရှိ။ လူမျိုးကြီး ဘာသာကြီးဝါဒထူထောင်မည့် ပေါ်ပျူလစ်အာဏာပိုင်စနစ် သွားမည်လား၊ ဖက်ဒရယ်နှင့် လူနည်းစုများအရေးကို မြန်မာထုက သေချာသိနိုင်သလား၊ ခရိုနီလက်ကြားက ယိုကျသမျှနှင့် လူလတ်တန်းစား အသစ် မတည်နိုင်လျှင် ပြည်နယ်လေးတွေဝယ်နိုင်သည့် မြေရှင်ကြီးစနစ်ကိုသွားမည်လား အလှူခံနိုင်ငံရေးပဲ အာရုံလာနေသူများ ခေါင်းသုံးဖို့ ကောင်းပါပီ။ အခန့်မသင့်က လွှတ်တော်အတက်အဆင်းနှင့် မင်းတိုင်ပင်ခေတ် ပြန်ရောက်ဖို့ရှိပါသည်။ ယခုပင် ပါတီအဖွဲ့အစည်းများလှုပ်ရှားပုံမှာ မနေ့တနေ့က (၉၆၉)ကို နောက်ကောက်ကျနေပီဖြစ်ရကား ဝံသာနု ဘူးအသင်းများနှင့် ဖီဆန်ခဲ့ကြသည့်၊ လူလတ်တန်းစားနိုင်ငံရေးကို စနစ်တကျဒီမိုကရေစီသုံးပီးထူထောင်ခဲ့သည့် မြန်မာအသင်းချုပ်ကြီးခေတ်ကိုမှ မမီနိုင်သေးလျှင် ပဒေသရာဇ်နှင့် မျက်နှာကြီးဗျူရိုကရက်ခေတ်လောက်ပဲရှိမည့် အမျိုး ဘာသာ နိုင်ငံရေးကိုပဲ လိုက်စားသင့်ပါသည်။
                               
Bottom of Form

ခေတ်မောင်း အယ်ဒီတာ့အာဘော်(နိုဝင်ဘာ ၂ဝ၁၂)

0 comments
၂ဝ၁၂ နိုဝင်ဘာလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ် (၇) အယ်ဒီတာ့အာဘော်
''လူ့အဖွဲ့အစည်းတခုထဲနေထိုင်တဲ့ ပုဂ္ဂလလူသားတယောက်ချင်းစီဟာ သူ့ရဲ့ ခွန်အားကို လူ့အဖွဲ့အစည်းတခုလုံးရဲ့ခွန်အားအဖြစ်စုစည်းနိုင်ပြီးသကာလ လူ့အဖွဲ့အစည်းတခုလုံးရဲ့ဆန္ဒ၊ ခွန်အားဟာ ဒီလူ့အဖွဲ့အစည်းထဲမှာရှိနေတဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံရေးအာဏာနဲ့ ကတ္တားမခြားတော့မှသာ ပုဂ္ဂလလူသားတွေဟာ သူတို့ရဲ့လွတ်မြောက်မှုကိုအပြည့်အဝရရှိနိုင်ပေမယ်။'' (Karl Marx, 'On the Jewish Question) လွတ်လပ်မှု၊ လုံခြုံမှု၊ စည်းစနစ်ကျမှု၊ တရားမျှတမှုကို လိုလားပြီး တဘက်မှာတော့ ကိုယ့်အတ္တကိုရှေ့တန်းတင်တဲ့သဘာဝရှိတယ်လို့ ယူဆကြ၊ ယုံကြည်ကြတဲ့လူသားတွေအတွက် လွတ်လပ်တရားမျှတတဲ့ လူ့အဖွဲ့အစည်းတခုကို ဘယ်သို့တည်ဆောက်မလဲဆိုတဲ့မေးခွန်းဟာ ရီနေးဆင့်ကာလကနေ ကနေ့ထိ နိုင်ငံရေးသီအိုရီသမားတွေ မေးလာကြတဲ့မေးခွန်းပဲ။ Thomas Hobbes ကနေ Locke၊ ရူးဆိုးတို့ကနေ နှစ်ဆယ်ရာစုက လစ်ဘရယ်ဝါဒီဂျွန်ရော John Ralws တို့ဟာ ဒီမေးခွန်းကို သူတို့နည်းသူတို့ဟန့်နေဲ့ဖြေ ကြည့်ခဲ့ကြတယ်။ အဲ့သလို ရီနေးဆင့်ကာလကစပြီး ကနေ့ထိ ပညာရှင်အဆက်ဆက် ကြိုးစားဖြေလာကြရာမှာ နှစ်ပေါင်းသုံးလေးရာအကြာမှာ ဒီမေးခွန်းကို သူတို့ချဉ်းကပ်ပုံကို ပုံစံခွက်တခုထဲထည့်ကြည့်လို့ ရနိုင်တဲ့အနေအထားရောက်လာတယ်။ သူတို့အားလုံး ချဉ်းကပ်ပုံကို ခေါင်းစဉ်တခုအောက်မှာထားကြည့်ပြီးလေ့လာလို့ ဖြစ်နိုင်လာတယ်။ ဟော့ဘစ၊ လော့ခနဲ့ရူဆိုး၊ ကန့်၊ မီးလနဲ့ဂျွန်ရောတို့ကြားမှာ မတူတာတွေ အများကြီးရှိတာပေါ့။ ဒါပေမယ့် သူတို့အားလုံးမှာ တူတဲ့အချက်တချက်ကတော့ လွတ်လပ်တရားမျှတမှုကို နိုင်ငံတော် state ဆိုတဲ့အရာတခုကို ဖန်တီးပြီးပြောခဲ့တဲ့ လွတ်လပ်မှု၊ လုံခြုံမှု၊ စည်းစနစ်ကျမှု၊ တရားမျှတမှုတွေအတွက် နိုင်ငံတော်ကို တာဝန်ယူခိုင်းစေတာပဲ။ ဒီချဉ်းကပ်ပုံကို ကနေ့မှာတော့ လစ်ဘရယ်နည်းလို့ ယေဘုယျသတ်မှတ်ကြတယ်။ ဒီနည်းရဲ့အဓိကအကျဆုံးအချက်တခုက state နဲ့ society နိုင်ငံတော်နဲ့လူ့အဖွဲ့အစည်းဆိုတာကို ကတ္တားခြားထားခြင်းပဲ။

လူဟာ သူ့ရဲ့ ကာယ၊ ဉာဏအားကိုအမှီပြုပြီး သူနေထိုင်တဲ့ပတ်ဝန်းကျင်ရဲ့အဟန့်အတားတွေကိုကျော်လွှား နိုင်ရင် ကျော်လွှားနိုင်သလောက် လွတ်လပ်တယ်၊ အမှီအခိုကင်းတယ်လို့ပြောနိုင်တယ်။ လွတ်လပ်မှုဆိုတာ တနည်းအားဖြင့် အမှီအခိုကင်းမှုပဲ။ သဘာဝပတ်ဝန်းကျင်ရဲ့၊ ထုံးတမ်းစဉ်လာတွေရဲ့၊ နိုင်ငံရေးစနစ်ရဲ့ အတားအဆီးတွေကိုကျော်လွှားနိုင်စေမယ့် စူးဆောက်ကိရိယာတန်ဆာပလာတွေရှိမှသာ (accessories of freedom လို့ ခေါ်မှာပေါ့) လူတိုင်းဟာ အမှီအခိုကင်းဖို့ကို ကြိုးပမ်းလုပ်ဆာင်နိုင်မယ်။ လူတွေအနေနဲ့ လွတ်လပ်မှုအတွက် လိုအပ်တဲ့စူးဆောက်ကိရိယာတွေကို ပြည့်ပြည့်ဝဝအသုံးချနိုင်ပါမှ လွတ်လပ်နိုင်မယ်။ အဲဒိအတွက် တယောက်နဲ့တယောက် အထုံ၊ ဝါသနာ၊ ကျွမ်းကျင်တဲ့အပိုင်း မတူညီသူတွေ သူတို့ရဲ့ ကျွမ်းကျင်မှုကိုအသုံးချပြီး အမှီအခိုကင်းကင်းနေနိုင်အောင် လူ့အဖွဲ့အစည်းရဲ့ရေးရာတွေကို စီမံခန့်ခွဲသူတွေက စီစဉ်ပေးသင့်တယ်။ လူ့အဖွဲ့အစည်းတခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဒီလူ့အဖွဲ့အစည်းထဲက လူသားတွေ ဘယ်လောက်လွတ်လပ်ခွင့်ရကြသလဲဆိုတာနဲ့ တိုင်းတာကြည့်မယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းတခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို လွတ်လပ်မှုအတွက်လိုအပ်တဲ့ စူးဆောက်ကိရိယာ တန်ဆာပလာတွေ ဘယ်လောက်အတိုင်းအတာထိ ဖွံ့ဖြိုးမှုရှိသလဲဆိုတဲ့အချက်ကိုကြည့်ပြီး တိုင်းတာလို့ရတယ်။ လူမှုဖူလုံရေးစနစ်၊ ကောင်းမွန်တဲ့ပညာရေးစနစ် စတာတွေဟာ လွတ်မြောက်မှုအတွက်လိုအပ်တဲ့ တန်ဆာပလာတွေပဲ။ ကနေ့ခေတ်မှာ တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းတွေကိုကြည့်ရင် သူတို့နိုင်ငံရေးစနစ်မှာ မသန်မစွမ်းတွေတောင် ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်အောင် စီစဉ်ပေးထားတာတွေ့ရမယ်။ အကျိုးဆက်အားဖြင့် ဒီနိုင်ငံတွေက ဒီလို နိုင်ငံရေးစနစ်မျိုးတွေကို သူတို့တိုင်းသူပြည်သားတွေက ယုံကြည် ကိုးစားကြတယ်။

တဘက်မှာ ဒီလိုစနစ်တွေ မရှိသလောက်အနေအထားမှာဘဲရှိနေသေးတဲ့မြန်မာနိုင်ငံ မှာတော့ ပြည်သူလူထုဟာ ကိုယ့်လွတ်လပ်မှု၊ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရမှု၊ အာမခံပေးနိုင်မှုတွေအတွက် စနစ်ထက် လူပုဂ္ဂိုလ်တွေကိုသာအားကိုးအားထားပြုနိုင်ကြရှာတယ်။ ဒါကလည်း သမိုင်းပြန်ကြည့်ရင် ပေါ်ခဲ့သမျှအစိုးရစနစ်အဖုံဖုံကို အားကိုးလို့မရတာကို မြန်မာပြည်သူ လူထုက ကိုယ်တွေ့သိမြင်ပြီးသားဖြစ်သလို လောလောဆယ်ဖော်ဆောင်နေတဲ့ လွှတ်တော်နိုင်ငံရေးဟာလည်း ပြည်သူလူထုရဲ့လိုအပ်ချက်ကို တကယ်ဖြည့်ဆည်းပေးနိုင်မှာမဟုတ်တာ ပြည်သူလူထုကမြင်တဲ့အလျောက် ဒီနိုင်ငံရေးသမားတွေ ချပေးတဲ့ပုံစံကိုအယုံအကြည်မရှိတာသဘာဝကျတယ်။ နောက်ပြီးဒါဟာ မှန်ကန်တဲ့အမြင် တိုးတက်တဲ့အမြင်လို့လည်း ခေတ်မောင်းကယူဆတယ်။ ကနေ့ခေတ်မှာ ၂ဝဝ၈ဖွဲ့စည်းပုံနဲ့ ပြည်သူတွေလိုချင်တာကို ရအောင်ယူပေးနိုင်မယ်လို့ယုံကြည်ပြီး (ယုံကြည်တယ် ဆိုတာထက် ယုံချင်ယောင်ဆောင်သူတွေဆို ပိုမှန်မယ်) လွှတ်တော်နိုင်ငံရေးလမ်း လိုက်သူတွေဟာ အင်္ဂလိပ်ခေတ်က (၉၁)ဌာနအုပ်ချုပ်ရေးနဲ့ ပြည်သူတွေလိုချင်တဲ့လွတ်လပ်ရေးကို ရအောင်ယူပေးနိုင်မယ်လို့ယူဆသူတွေနဲ့ ရပ်တည်ပုံချင်းမကွာဘူး။ (၉၁)ဌာနအုပ်ချုပ်ရေး လက်ခံသူတွေကို ခေတ်နောက်ပြန်ဆွဲသူတွေလို့ သတ်မှတ်လို့ရနိုင်သလို (၂ဝဝ၈)လွှတ်တော် နိုင်ငံရေးကိုလက်ခံသူတွေဟာလည်း အလားတူခေတ်နောက်ပြန်ဆွဲသူတွေပဲ။ အခု လွှတ်တော်ထဲဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် လွှတ်တော်ထဲမှာ ဘာများ မယ်မယ်ရရလုပ်နိုင်တာရှိလို့လဲ။

အဲဒီ့အတွက် လွှတ်တော်နိုင်ငံရေးကိုအယုံအကြည်မရှိမှုကသာတိုးတက်တဲ့အမြင်ဖြစ်ပြီး လွှတ်တော်နိုင်ငံရေးကိုအယုံအကြည်မရှိမှုကို အထင်သေးရှုံ့ချတာဟာ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်၊ ဖောက်ပြန်တဲ့အမြင်ပဲ။ ရိုဟင်ဂျာအရေးလို စစ်အုပ်စုရဲ့စီးပွားရေးအကျိုးအမြတ်နဲ့ တိုက်ရိုက်မဆက်စပ်တဲ့ကိစ္စတွေမှာတောင် ဖိနှိပ်ခံရသူတွေကိုတားဆီးဖို့ ထိထိရောက်ရောက်မလုပ်နိုင်ရင် စစ်အုပ်စုရဲ့အကျိုးစီးပွားနဲ့တိုက်ရိုက် ဆက်စပ်တဲ့ဦးပိုင်ကုမ္ပဏီကို တိုက်ရိုက်စိန်ခေါ်နေတဲ့ အခုလို လူထုရဲ့ဆန္ဒထုတ်ဖော်မှုတိုက်ပွဲမှာ လူထုဆန္ဒကိုမျက်ရည်ခံထိုးပြီးရမယ်လို့ စိတ်ကူးယဉ်တာလောက် ဖောက်ပြန်တဲ့အယူမျိုး ရှိပါ့အုံးမလား။ ပိုဆိုးတာက ကိုယ့်ဆန္ဒကိုထုတ်ဖော်ပြသဖို့ လမ်းပေါ်ထွက်ရုံမှတပါး ဘာမှလုပ်စရာမရှိတဲ့ပြည်သူလူထုရဲ့လုပ်ရပ်ကို နိုင်ငံရေးအသိခေါက်ခက်အဝင်နက်မှုအဖြစ်၊ မရင့်ကျက်မှုသက်သက်အဖြစ်မြင်တာ၊ ပြောတာဟာ လက်လွတ်စပါယ်နိုင်လွန်း၊ တာဝန်မဲ့ရာရောက်လွန်းတယ်။

ပြောခဲ့သလို ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေ လွတ်လပ်မှု၊ လုံခြုံမှုတွေကိုခံစားရရှိနိုင်ဖို့ နိုင်ငံရေးအပိုင်းကနေ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံပိုင်းကလမ်းကြောင်းတွေ ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးစနစ်တွေဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့မြန်မာနိုင်ငံမှာ ရန်သူမျိုးငါးပါးအန္တရယ်က လွတ်ကင်းဖို့ရာ ပြည်သူလူထုဟာ ဘယ်သူ့ကိုမဆို အားကိုးရှာမိမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အားကိုးရာမဲ့၊ နွံနစ်နေတဲ့ပြည်သူလူထုရဲ့ ဆွဲမိဆွဲရာလှမ်းဆွဲတာခံလိုက်ရတဲ့ ကောက်ရိုးမျှင်တမျှင်ဘဲ။ ဒါပေမယ့် သူဟာ သူ့ကိုကိုးစားယုံကြည်မှုကို နိုင်ငံတကာလှည့်ပြီး ဓာတ်ပုံရိုက်ခံ၊ ဆုယူဖို့ အချောင်ရလိုက်တဲ့ကြေးအဖြစ်သာ အသုံးချကုန်တခုအဖြစ်သာမြင်တယ်။ ပြည်သူလူထုရဲ့ အားကိုးသံမှာ တလွဲသာယာပြီး ရေပန်းစားမှုမှာ မီးကုန်ယမ်းကုန် ယစ်မူးသွားပုံရတယ်။ ပြည်သူလူထုရဲ့ မျက်စိမှိတ်ပစ်ယုံမိတာကို သူ့မွေးရာပါအခွင့်အရေးအဖြစ်ဘဲ တကိုယ်ကောင်းဆန်စွာအသုံးချပြီး၊ ဒီထောက်ခံမှုကိုရင်း ရလာတဲ့ဆုလာဘ်တွေကိုအားပါးတရလက်ခံပြီး တဘက်မှာ ကိုယ့်ဘက်ကအတုံ့အလှည့် ဘယ်လိုတာဝန်ယူပေးမလဲဆိုတာကိုတော့ စဉ်းစားတဲ့အရိပ်အယောင်တောင် မတွေ့ရဘူး။ အမေစုလို့ခေါ်တာကိုက မိဘမဲ့ဘဝရောက်နေရှာတဲ့ပြည်သူလူထုဟာ လုံခြုံမှုကိုဘယ်လောက်တမ်းတနေသလဲဆိုတာ တွေ့နိုင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေစုဆိုတာ သူ့ကိုအားကိုးသံနဲ့ခေါ်တာပါလားဆိုတာကို သိသိနဲ့ငြင်းနေတာ၊ ငြင်းဝံ့တာ၊ မသိကျိုးကျွန်ပြုရက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီအလံတော်ကို ဆက်ပြီးသယ်ဆောင်နိုင်မယ့် အစွမ်းအစရော၊ သတ္တိဗျတ္တိပါကင်းမဲ့တာကို အခွင့်အရေးကြုံတိုင်းပြသ ခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်မျှော်လင့်အားကိုးနေလို့ မရဘူးလို့ ခေတ်မောင်းကမှတ်ချက်ပေးချင်တယ်။ ဒီလို ဆက်မျှော်လင့်အားကိုးနေဖို့ကို အားပေးထောက်ခံနေတာတွေဟာ ခေတ်နောက်ပြန်ဆွဲနေမှုတွေသာဖြစ်တယ်။ ဒီတော့ ဘာဆက်လုပ်ရမလဲလို့ မေးကောင်းမေးမယ်။ အဲဒိအတွက် လောလောဆယ် စိတ်တိုင်းကျဖွယ်အဖြေ မပေးနိုင်သေးပေမယ့် လက်ရှိ status quo အတိုင်း အိမ်ဖြည့်အတိုက်အခံကို တိုင်းပြည်ဒီမိုကရေစီရေး၊ လွတ်လပ်ရေးအတွက် အားကိုးမနေသင့်ဘူးဆိုတာကိုတော့ ပြတ်ပြတ်သားသားပြောနိုင်တယ်။

နောက်ကျိန်းသေပြောလို့ရတာကတော့ ကြေးနီသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှုဟာ အင်မတန်မှကိုဗြောင်ကျတဲ့မတရားမှုကြီးဆိုတာ ဘယ်သူမှငြင်းမယ်မထင်ဘူး။ ဒီမတရားမှုကြီးကို ဘယ်သူကမှ တာဝန်သိသိနဲ့မရင်ဆိုင်ရင် မတရားမှုကို မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ လောကရဲ့အရှိတရားတခုအဖြစ်နဲ့ သဘောထားလက်ခံလာကြဖွယ်ရှိတယ်။ မတရားမှုကြီးတွေကိုလက်ပိုက်ကြည့်ဖို့တိုက်တွန်းတာဟာ လူ့ရဲ့စိတ်ဓာတ်ကို အညွန့်ချိုးပစ်တာပဲ။ လူ့အသိုက်အမြုံကို မတရားမှုကြီးစိုးတဲ့တိရိစ္ဆာန်လောကအဖြစ် ပြောင်းပစ်တာပဲ။ ဒါဟာ လူမှုအဆောက်အဦကြီးတခုလုံး ပျက်စီးခြင်းရဲ့လမ်းစပဲ။

လူ့အဖွဲ့အစည်းကိုထိန်းကျောင်းပေးထားတဲ့အရာတွေဟာ ဥပဒေတွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံတွေဆိုတာထက် တရားမျှတမှုကသာ လူ့အဖွဲ့အစည်းကိုထိန်းကျောင်းပဲ့ပြင်နေတဲ့အရေးကြီးဆုံးအရာဖြစ်တယ်။ တရားမျှတမှု justice ဟာ လူ့အဖွဲ့အစည်းတခုရဲ့အခြေခံအကျဆုံး လိုအပ်ချက်၊ အရည်အသွေးပဲ။ ဒီတရားမျှတမှုကို အခြေခံပြီးမှ အပေါ်ကအဆောက်အအုံတွေဖြစ်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ စတာတွေမှာ တရားမျှတမှုရောင်ပြန်ဟပ်နေအောင်၊ ကိန်းဝင်နေအောင်တည်ဆောက်ဖန်တီးရတာဖြစ်တယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ထောင့်ခုနှစ်ရာလောက်က အလယ်ခေတ်ရဲ့တွေးခေါ်ပညာရှင် Augustine က - ''If justice be absent, what is a kingdom but a crowd of gangsters'' ''တရားမျှတမှုကင်းမဲ့နေရင် တိုင်းပြည်ဆိုတာ လူဆိုးလူမိုက်တွေအုပ်စုဖွဲ့နေတဲ့အစုအဝေးပဲဖြစ်မှာပဲ''လို့ရေးခဲ့တယ်။ သြဂတ်စတင်းရဲ့ အပေါ်ကဝါကျကို ကနေ့ထိ အကြိမ်ကြိမ်ကိုးကားနေကြတာကိုက ဒီဝါကျကဖော်ပြနေတဲ့အမှန်တရားဟာ အလယ်ခေတ်တုန်းကလို ကနေ့ခေတ်နဲ့လည်းဆီလျော်မှုရှိတာကိုပြနေတယ်လို့ ယူဆမိတယ်။ လူမိုက်ဂိုဏ်းထဲမှာ ကျုပ်တို့၊ ခင်ဗျားတို့တွေ ဒီမိုကရေစီတို့၊ လွတ်လပ်မှုတို့၊ လူ့အခွင့်အရေးတို့ကို စိတ်ကူးတောင်ယဉ်နိုင်ကြမှာမဟုတ်ဖူး။ ဒီတော့ ကိုယ့်တိုင်းကိုယ့်ပြည်၊ ကိုယ့်လူ့အဖွဲ့အစည်းကို လူမိုက်ဂိုဏ်းဘဝ လျှောမကျရလေအောင် (၂ဝဝ၈)ဖွဲ့စည်းအုပ်ချုပ်ပုံကနေ အသက်သွင်းပေးလိုက်တဲ့ စစ်အရေခြုံအစိုးရနဲ့ ဒင်းအစိုးရကို ဆန့်ကျင်ရုံမက လူမိုက်ဂိုဏ်းအစိုးရကိုတရားဝင်အောင်လုပ်ပေးနေတဲ့ အိမ်ဖြည့်အတိုက်အခံတွေနဲ့ပါ ပြတ်ပြတ်သားသားလမ်းခွဲသင့်ပြီလို့ ခေတ်မောင်းက ယူဆတယ်။

Wednesday, August 7, 2013

ဟိုင်းဂိတ်သုဿာန် ရေးသူ-မြလူ

0 comments

လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ဖြစ်၏။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရောက်ချင်း မိတ်ဆွေအင်္ဂလိပ်လင်မယား ပထမဆုံးလိုက်ပို့သည့်နေရာကို ယခုထိ အမှတ်ထင်ထင်ရှိနေသည်။ ယင်းကား အခြားမဟုတ်။ လန်ဒန်မြို့က သင်္ချိုင်းတခု ဖြစ်၏။ မြန်မာနိုင်ငံတွင် ဧည့်သည်ကို ခရီးရောက်မဆိုက် သင်္ချိုင်းအလည်အပတ်လိုက်ပို့လေ့မရှိ။ မိတ်ဆွေအင်္ဂလိပ်လင်မယားကမူ ရောက်စေချင်လွန်း၍ထင်၏။ ထိုသင်္ချိုင်းသို့ တကူးတကန့်ကိုလိုက်ပို့၏။ သူ့ဓလေ့ကိုလေးစားပေမယ့် စိတ်ထဲတွင် အတော်ကလေးတော့ ကသိကအောက်ဖြစ်မိ၏။ မြန်မာတဦးပီပီ သင်္ချိုင်းကို သွားရောက်လည်ပတ်ထိုက်သည့်နေရာဟုလက်ခံရန် ၀န်လေးနေသည်။
မကြာခင် လန်ဒန်မြောက်ပိုင်းရှိ သင်္ချိုင်းသို့ရောက်၏။ စင်စစ် ထိုသင်္ချိုင်းမှာ သာမညသင်္ချိုင်းမဟုတ်။ မတ်ဝါဒ တီထွင်ခဲ့သူ မျက်မှောက်ခေတ် ကွန်မြူနစ်စနစ်ဖခင်ကြီး ကားလ်မတ် Karl Marx (၁၈၁၈-၁၈၈၃) ကို မြှုပ်နှံထားရာ သမိုင်းဝင် ဟိုင်းဂိတ် Highgate သုသာန်ဖြစ်၏။ ကားလ်မတ်ခေါင်းချရာ သုသာန်ဖြစ်၍လည်း ဟိုင်းဂိတ်သုသာန်မှာ ပို၍ထင်ရှား၏။ လာရောက်လည်ပတ်သူလည်းများ၏။ ကားလ်မတ်အုတ်ဂူကိုကြည့်ရင်း စောစောက ကသိကအောက်အတွေးတွေ ဘယ်ရောက်သွားမှန်းမသိ။ ဂျာမဏီနိုင်ငံဖွား ကားလ်မတ်၏ ဂုဏ်ပုဒ်တွေကို ကမ္ဘာ့စာနယ်ဇင်းတွေကဖော်ပြရာ၌ ဂျာမန်တွေးခေါ်ရှင်ကြီး၊ လူမှုပညာရှင်ကြီး၊ သမိုင်းပညာ ရှင်ကြီး၊ နိုင်ငံရေး ဘောဂဗေဒပညာရှင်ကြီး စသဖြင့် ဖော်ပြလေ့ရှိ၏။ စင်စစ် ကားလ်မတ်သည် ၁၉ ရာစုတွင် ပေါ်ပေါက်ခဲ့သည့် သြဇာကြီးမားသော ဆိုရှယ်လစ်တွေးခေါ်ရှင်ကြီးလည်း ဖြစ်၏။

သို့သော် ကားလ်မတ်၏ ဘ၀ဇာတ်သိမ်းပိုင်းမှာ မလှ။ ဥရောပကနှင်ထုတ်ခံရပြီးနောက် လန်ဒန်တွင် အခြေချရင်း သူ့မိသားစုနှင့်အတူ ကွယ်လွန်ချိန်ထိရုန်းကန်ခဲ့ရသည်။ ထိုအချိန်တွင် ပရပ်ရှား အာဏာပိုင်တွေ ကလည်း ကားလ်မတ်ကိုလက်မခံဘို့ ဗြိတိသျှအာဏာပိုင်တွေကို ဖိအားပေး၏။ သို့သော် ဗြိတိသျှဝန်ကြီးချုပ် ဂျွန်ရပ်ဆဲ John Russel က အဆိုပါဖိအားပေးမှုကို လက်မခံ။ ၀န်ကြီးချုပ်ဂျွန်ရပ်ဆဲမှာ လွတ်လပ်စွာပြောဆို ခွင့်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့် ကားလ်မတ်၏ လွတ်လပ်စွာပြောဆိုခွင့်ကို တန်ဘိုးထား၏။ ကားလ်မတ်ကို သူ့အတွေးအခေါ်သြဇာကြီးမှန်းသိလျက်နဲ့ လန်ဒန်တွင်နေခွင့်ပေးခဲ့သည်။ အာဂဝန်ကြီးချုပ် ဖြစ်၏။

ကားလ်မတ်ကိုမြှုပ်နှံသည့်နေရာမှာ သူ့အရင် ၁၅ လ စောကွယ်လွန်သည့် ဇနီးသည် ဂျယ်နီကိုမြှုပ်နှံသည့် နေရာပင်ဖြစ်၏။ ၁၈၈၃ ခု မတ်လ ၁၇ ရက်တွင် ကားလ်မတ်ကို ဟိုင်းဂိတ်သုသာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်၏။ အုတ်ဂူထက်မှ ကားလ်မတ်၏ခေါင်းပိုင်းပုံတူရုပ်ထုကိုကြည့်ရင်း ကားလ်မတ်ဈာပနတွင်ပြောခဲ့သည့် ဖရက်ဒရစ်အိန်ဂျယ်၏ မိန့်ခွန်းတပိုင်းတစကိုကြားယောင်မိ၏။ ဖရက်ဒရစ်အိန်ဂျယ်မှာ ကားလ်မတ်၏ သူငယ်ချင်းလဲဖြစ် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့်အပြင် မျက်မှောက်ခေတ်ကွန်မြူနစ်ဝါဒကို ကားလ်မတ်နှင့်အတူ စတင်တွေ့ရှိခဲ့သူ ဂျာမန်ဆိုရှယ်လစ်တဦးလည်းဖြစ်၏။ သူ့ဈာပနမိန့်ခွန်း၌ မတ် ၏ လေ့လာတွေ့ရှိချက်တွေကို ဗြိတိသျှသဘာဝဗေဒပညာရှင်ကြီး ချားလ်စ်ဒါဝင်၏လုပ်ရပ်တွေနှင့် နှိုင်းယှဉ်အမွှန်းတင်ထား၏။ “ဒါဝင်က အော်ဂဲနစ်သဘာဝနိယာမ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနိယာမတရားကို ရှာဖွေတွေ့ရှိခဲ့သလို မတ်ကလည်း လူ့သမိုင်းဖွံ့ဖြိုးမှုတရားကိုတွေ့ရှိခဲ့သူဖြစ်ပါတယ်၊ မတ်ဟာ သူ့ခေတ်မှာ အမုန်းအခံရဆုံး အသရေပျက်အောင်အပြောအခံရဆုံးပုဂ္ဂိုလ်လညိးဖြစ်ပါတယ်။ အစိုးရတွေက သူ့ကို ပြည်နှင်ဒဏ်ပေးတယ်။ ခေါင်းပုံဖြတ်ဘူဇွာလူတန်းစားက သူ့ထက်ငါ မတ်အကြောင်း မကောင်းပြောကြတယ်။ ဒါပေမယ့် သူကွယ်လွန်တော့ သန်းချီတဲ့ တော်လှန်ရေးအလုပ်သမားတွေရဲ့လေးစာမှုမြတ်နိုးမှုကို ခံရတယ်။ မတ်ကိုဆန့်ကျင်သူတွေ များကောင်းများပေမယ့် ပုဂ္ဂိုလ်ရေးမကျေနပ်တဲ့ရန်သူရယ်လို့ သူ့မှာမရှိဘူးဆိုတာ ကျွန်တော်ရဲရဲပြောဝံ့ပါတယ်” စသဖြင့် အိန်ဂျယ်က ပြောခဲ့၏။

လန်ဒန်မြို့က သမိုင်းဝင် ဟိုင်းဂိတ်သုသာန်တွင်မြှုပ်နှံထားသူများအနက် ကားလ်မတ်အပြင် အခြား ထင်ရှားသည့်ပုဂ္ဂိုလ်တွေလည်းပါ၏။ စာပို့တံဆိပ်ခေါင်း စတင်တည်ထွင်ခဲ့သူ ဆာရိုးလန်းဟေး Sir Rowland Hill (၁၇၉၅-၁၈၇၉)၊ စာရေးဆရာမကြီးဂျော့အီးလီယော့ George Eliot (၁၈၁၉-၁၈၈၀) သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေး Michael Faraday (၁၇၉၁-၁၈၆၇) စသည့်ပုဂ္ဂိုလ်တွေဖြစ်၏။ တချိန်က စာတွေနှင့်သာ ရင်းနှီးခွင့်ရခဲ့သည့် ထိုသမိုင်းဝင်ပုဂ္ဂိုလ်အားလုံးကို တပေါင်းတည်း တနေရာတည်းတွင်တွေ့လိုက်ရတော့ မိမိ ကိုယ်ကို မိမိမယုံနိုင်။ သုသာန်ကိုလည်ပတ်ရကျိုးနပ်ပြီဟုပင် သွေးနထင်ရောက်မိ၏။ အင်္ဂလိပ် သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေးဆိုလျင် အထက်တန်းကျောင်းသားဘ၀ကတည်းက ရင်းနှီးခဲ့သူဖြစ်၏။ လျှပ်စစ်ဓါတ်ထုတ်ပေးသည့် ဒိုင်နမိုကို စတင်တီထွင်သူ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီးအဖြစ်ထင်ရှား၏။ ဂျော့အီးလီယော့ဆိုလျင် The Mill on the Floss (၁၈၆၀)၊ Silas Marner (၁၈၆၁)၊ Middle March (၁၈၆၂) စသည့် ၀တ္ထုများနှင့် ကြော်ကြားခဲ့သည့် အင်္ဂလိပ်စာရေးဆရာမကြီးဖြစ်၏။ အမည်ရင်းမှာ Mary Ann Evans ဖြစ်၏။ Silas Marner ဆိုလျင် ကျောင်းသုံးအဖြစ် မြန်မာနိုင်ငံတွင် တချိန်ကပြဋ္ဌာန်းခဲ့ဘူးသဖြင့် လူသိများသည့်ဝတ္ထုဖြစ်၏။ ယနေ့ခေတ် စာပို့စနစ်အကြောင်းပြောမည်ဆိုလျင်လည်း ဆာရိုးလန်းဟေးကို ချန်ထား၍ မရ။ ဆာရိုးလန်းဟေးမှာ စာပို့တံဆိပ်ခေါင်း စတင်တီထွင်သူအဖြစ်ထင်ရှား၏။

တွက်ကြည့်လျင် စာရေးဆရာမကြီး ဂျော့အီးလီယော့က ကားလ်မတ်ထက် သုံးနှစ်စောကွယ်လွန်၏။ ဆာရိုးလန်းဟေးက ကားလ်မတ်ထက် လေးနှစ်စောကွယ်လွန်၏။ မိုက်ကယ်ဖာရာဒေးက ကားလ်မတ်ထက် ၁၆ နှစ်စောကွယ်လွန်၏။ ထိုသူတို့အနက် ကားလ်မတ်သည် မြန်မာတို့နှင့်အရင်းနှီးဆုံး ဖြစ်မည်ထင်၏။ အထူးသဖြင့် ကားလ်မတ်၏အတွေးအခေါ်အယူအဆကို အနည်းနှင့်အများဆိုသလို ဖတ်ဖူးလေ့လာဖူးသူတွေ မြန်မာနိုင်ငံ၌များ၏။

ခုတော့ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေးကို သူကွယ်လွန်ပြီး ၁၂၆ နှစ်ရှိမှ တွေ့ခွင့်ကြုံရ၏။ ဂျာမန်တွေးခေါ်ပညာရှင်ကြီး ကားလ်မတ်ကိုလည်း သူကွယ်လွန်ပြီး နှစ်ပေါင်း ၁၁၀ ရှိမှတွေ့ခွင့်ရ၏။ သို့သော် အဆိုပါပညာရှင်တွေနှင့်တွေ့ရချိန်တွင်ကား စကားပြောခွင့်မရတော့။ သူတို့ အုတ်ဂူရှေ့မှာခြေစုံရပ်ရင်း ရောက်တတ်ရာရာသာ တွေးခွင့်ရတော့၏။ စင်စစ် သင်္ချိုင်းသည် သင်္ချိုင်းသာ ဖစ်၏။ ဆင်တဝချောင်းထိပ်က သင်္ချိုင်းသည်လည်း သင်္ချိုင်းသာဖြစ်၏။ လန်ဒန်ကဟိုင်းဂိတ်သုသာန်လည်း သင်္ချိုင်းသာဖြစ်၏။ သို့သော် ဆင်တဲဝချောင်းထိပ်ကသင်္ချိုင်းကို လူတွေလာမလည်ကြ။ ဟိုင်းဂိတ်လိုသင်္ချိုင်းကိုမှ ဘာကြောင့် လူတွေ လာရောက်လည်ပတ်နေရသလဲ မေးစရာရှိ၏။ ဟိုင်းဂိတ်သုသာန်မှာ ထင်ရှားသည့်ပုဂ္ဂိုလ်များ မှုပ်နှံထား၍ ဖြစ်၏။

ဟိုင်းဂိတ်သုသာန်က ထင်ရှားသည့်ပုဂ္ဂိုလ်များသည် အသက်ရှင်စဉ်က လူ့လောကအတွက် ကမ္ဘာကျော်အောင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သူတွေဖြစ်၏။ အဆိုပါပုဂ္ဂိုလ်များတွင် အသက်ရှင်စဉ်က အားထုတ်ခဲ့သည့်လုံ့လနှင့်စေတနာမှာလည်း တဦးတယောက်အတွက် ရည်ရွယ်အားထုတ်ခဲ့သည် မဟုတ်။ လူ့လောကအတွက် ဖြည့်ဆည်းပေးဖို့ကြိုးစားခဲ့ကြသူတွေချည်းသာဖြစ်၏။ အထူးသဖြင့် ကားလ်မတ်လို ပုဂ္ဂိုလ်မျိုးဆိုလျင် သူ့နိုင်ငံရေးအယူအဆအတွေးအခေါ်ကို ထောက်ခံသူရှိသလို ဆန့်ကျင်သူလည်း ရှိ၏။ သို့သော် ထိုအချက်က အဓိကမဟုတ်။ ထိုပုဂ္ဂိုလ်များ၏မွန်မြတ်သည့်စေတနာနှင့်လုပ်ရပ်ကို နှောင်းလူတွေ အတုယူနိုင်အောင် ဂုဏ်ယူနိုင်အောင်၊ အမြဲတမ်းအမှတ်ရနေရအောင် ဟိုင်းဂိတ်လိုသုသာန်မျိုးတွေ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဟိုင်းဂိတ်သုသာန်ကို လူသိများသည့်အကြောင်းတွေအနက် ကားလ်မတ်အုတ်ဂူရှိနေသည့်အချက်က အဓိက အချက်ဖြစ်သည်ဟု မှတ်တမ်းတွေမှာတရားဝင်ဖော်ပြလေ့ရှိ၏။ ထိုအချက်ကိုထောက်လျှင် ကားလ်မတ်ကို အင်္ဂလန်က မည်မျှတန်ဘိုးထားကြောင်းပေါ် လွင်၏။

ပြောကြစတမ်းဆိုလျှင် ကားလ်မတ်သည် အင်္ဂလိပ်လူမျိုးပင်မဟုတ်။ လန်ဒန်မှာခေါင်းချခဲ့သည့် ဂျာမဏီဖွား ဂျူးအနွယ်ဝင်တဦးသာ ဖြစ်၏။ ထို့ပြင် ကားလ်မတ်သည် ကွန်မြူနစ်စနစ်၏ဖခင်ကြီးလည်း ဖြစ်၏။ ယနေ့တိုင်လည်း မတ်ဝါဒယုံကြည်သူတွေ မတ်ဝါဒီတွေ ကမ္ဘာမှာအများအပြားရှိ၏။ ကားလ်မတ် စကားနှင့်ဆိုရလျှင် ဗြိတိန်သည် အရင်းရှင်နိုင်ငံဖြစ်၏။ ကွန်မြူနစ်ဝါဒကို မထောက်ခံ။ သို့သော် ဗြိတိသျှ ၀န်ကြီးချုပ်ဂျွန်ရပ်ဆဲလက်ထက်ကတည်းက ကားလ်မတ်ကို ဗြိတိန်ကလက်ခံခဲ့သည်။ ယနေ့ ဗြိတိသျှ ၀န်ကြီးချုပ်တိုနီဘလဲယား လက်ထက်တိုင်လည်း ကားလ်မတ်အုတ်ဂူကို လန်ဒန်ဟိုင်းဂိတ်သုသာန်မှာ လေးလေးစားစားထိမ်းသိမ်းထား၏။ ကွန်မြူနစ်ဝါဒဖခင်ကြီး၏ အုတ်ဂူလက်ခံထိမ်းသိမ်းထားသည်ကို မည်သည့် အင်္ဂလိပ်လူမျိုးကမှလည်း မငြိုငြင်။

ထိုသို့ စဉ်းစားမိပြန်တော့ ကားလ်မတ်ခေါင်းချရာသုသာန်ကိုလိုက်ပို့သည့် မိတ်ဆွေအင်္ဂလိပ် လင်မယားအပေါ် စောစောက မနောမှားခဲ့သည်ကို နောင်တရမိ၏။ နေအတော်ကျသွားသဖြင့် သင်္ချိုင်းဝင်းအတွင်း လူပါးလာသည်၊ မိတ်ဆွေအင်္ဂလိပ်လင်မယားက ပြန်ချင်ပလားဟု မျက်ရိပ်ပြ၏။ သုသာန်တွင်းလျှောက်ကြည့်ရင်း ဟိုင်းဂိတ်သုသာန်၌ ကားလ်မတ်တယောက် အင်္ဂလိပ်တွေကြား မျက်နှာငယ်နေမလားဟု မဆီမဆိုင်တွေးပူမိပြန်၏။ တော်ပါသေးသည်။ အီရတ်ကွန်မြူနစ်ခေါင်းဆောင် Saad Saadi Adi နှင့် တောင်အာဖရိကကွန်မြူနစ်ပါတီဥက္ကဋ္ဌ Yusef Mohamed Dadoo တို့ကိုလည်း ဟိုင်းဂိတ်သုသာန်မှာပင် ဂူသွင်းမြှုပ်နှံထားသည်ကိုတွေ့ရသဖြင့် ကားလ်မတ်အတွက် အဖော်ရသည်ဟု ဆိုနိုင်၏။

ဟိုင်းဂိတ်ကအပြန်တွင် သုသာန်ကိုလေးစားသည့် အနောက်နိုင်ငံသားတို့ဓလေ့ကို ပို၍သဘောကျမိသလို ရှိ၏။ ထင်ရှားသည့်ပုဂ္ဂိုလ်များ မြှုပ်နှံရာမှမဟုတ်။ မည်သည့်သုသာန်မဆို ပန်းမန်တို့ဖြင့် ပသာဒရှိအောင် ပြုပြင်ထိမ်းသိမ်း၏။ မကြာခဏလည်း သွားရောက်လည်ပတ်လေ့ရှိကြ၏။ အထူးသဖြင့် ဧည့်သည်များအား သမိုင်းဝင်ပုဂ္ဂိုလ်တွေမြှုပ်နှံရာ ဟိုင်းဂိတ်လိုသုသာန်မျိုးသို့ တကူးတကန့်လိုက်ပို့ရသည်ကို ဂုဏ်ယူ၏။

မြန်မာတို့ကမူ သုဿန်ကို သွားရောက်လည်ပတ်ဖို့ ဝေးစွ။ မစည်ကားအပ်သည့်အရပ်တွင် သုဿန်ကိုပါ ထည့်သွင်းရေတွက်လေ့ရှိ၏။ မသာတခေါက်ကျောင်းဆယ်ခေါက်ဆိုသည့်စကားကိုကြည့်လျှင် သုဿန်ကိုသွားဖို့ မည်မျှဝန်လေးကြောင်းပေါ်လွင်၏။ မသာတခေါက်ပို့လို့ရနိုင်သည့် တရားဘာဝနာ ကုသိုလ်က ဘုန်းကြီးကျောင်းဆယ်ခေါက်သွားလို့ရမည့် တရားဘာဝနာကုသိုလ်နှင့်တူညီသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်၏။ မည်သို့တူညီကြောင်း အထောက်အထားမတွေ့ရပေမယ့် အရပ်ထဲ မကြာခဏသုံးနှုန်း၏။ သုဿန်ကို လူတွေသွားချင်အောင် တနည်းဆိုရရင် အသုဘလိုက်ပို့ချင်အောင် တရားဘာဝနာကုသိုလ်နှင့် မက်လုံးပေးတီထွင်ခဲ့သည့် ဆိုရိုးစကားဖြစ်နိုင်သည်ဟုပင် အချို့က ယူဆ၏။

မည်သို့ဆိုစေ ကားလ်မတ်ကိုအကြောင်းပြုပြီး လန်ဒန်တွင် သုဿန်တခေါက်ရောက်ရပြီ။ ကျောင်းဆယ်ခေါက်နှင့် မညီလည်း ကိစ္စမရှိ။
မြလူ