Monday, October 14, 2013

စစ်အမတ်နဲ့စကားစမြည်(အောင်မျိုးထွန်း)

0 comments
စစ်အမတ်နဲ့စကားစမြည်(အောင်မျိုးထွန်း)
(မှတ်ချက် မူရင်းရေးသူက ဖေ့စ်ဘွတ်ခ်မှာ စတေးတပ်စ်အနေနဲ့ရေးတာဖြစ်ပြီး ဘာခေါင်းစဉ်မှပေးမထားပါ။ မိမိဘာသာပေးထားတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ မျိုးမြင့်ချို)
လွန်ခဲ့တဲ့ ၁ နှစ်လောက်တွေ့ခဲ့တုန်းက သူဟာ အမတ်တစ်ဦးဖြစ်ပါတယ်ဆိုပြီး ငယ်ရင်းပေါင်းဖော်သူငယ်ချင်း မိတ်ဆက်ပေးလို့ နေပြည်တော်လွှတ်တော်စစ်အမတ်တစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခဏတာဆုံခဲ့ဖူးတဲ့သူက ကျွန်တော်နဲ့ထပ်မံတွေ့ဆုံလိုကြောင်းဆန္ဒရှိနေတာကြောင့် ဒီကနေ့မှာတော့ သူငယ်ချင်းရဲ့ယောက်ဖတော်စစ်အမတ်ကို နောက်တစ်ကြိမ်တွေ့ဖြစ်ခဲ့ကြပါတယ်။

စစ်ဘောင်းဘီချွတ်အမတ်များ၊ အာဏာရပါတီအမတ်များထက်စာရင် စစ်အမတ်နဲ့စကားပြောချင်စိတ်လည်း ကိုယ့်မှာထက်သန်နေတာကြောင့် ရန်ကုန်မြို့တစ်နေရာမှာတွေ့ဆုံတုန်း သူက ဓာတ်ပုံရိုက်ခြင်း၊ အသံဖမ်းခြင်း၊ ရေးခြစ်မှတ်သားခြင်းနဲ့ အမည်သညာထုတ်ဖော်ခြင်းမပြုဖို့ ဦးစွာ မေတ္တာရပ်တဲ့အတွက် အဆိုပါကိစ္စများကို ကိုယ့်ဘက်ကမလုပ်နိုင်ပေမယ့် အပြန်အလှန်ပြောဆိုမှုတွေအတွက် ကျေနပ်အားရ မိခဲ့ပါတယ်။

စစ်အမတ်ဖြစ်လာဖို့ဘယ်အကြောင်းများကိုအခြေခံပြီး ကာ/ချုပ် ကရွေးချယ်ခဲ့ပါသလဲဆိုတဲ့အမေး ကို နောက်တန်းအထိုင်တပ်များနဲ့ အုပ်ချုပ်ရေးပိုင်း၊ သက်မွေးမှုပညာရပ် (စစ်ဆရာဝန်၊ စစ်အင်ဂျင်နီယာ) ကျွမ်းကျင်သူတွေကို ရွေးချယ်တာဝန်ပေးတယ်လို့ယူဆကြောင်း ပြန်လည်ဖြေဆိုပါတယ်။ ဒါနဲ့တစ်ဆက်တည်း လွှတ်တော်သက်တမ်းတလျှောက် အယောက် (၂ဝ)ခန့်သောစစ်အမတ်များသာ မလှုပ်မရွှေ့နေရာတည်မြဲခဲ့ပြီး ကျန်တဲ့စစ်အမတ်အများစုဟာ ကာ/ချုပ်အမိန့်နဲ့ လွှတ်တော်ထဲ ဝင်စို့ထွက်စို့အလုပ်ခံနေရတယ်လို့ဆိုပါတယ်။

အခြားသောအမတ်များ (မဲခိုးခိုး မဲမှန်မှန်)ဟာ ဘာဘဲဖြစ်ဖြစ် ပြည်သူလူထုကရွေးချယ်လို့ အမတ်နေရာရခဲ့တာဖြစ်တယ်ဆိုပြီး အရပ်သားအမတ်များကြားမှာဂုဏ်ယူစွာပြောဆိုနေချိန်မှာ စစ်အမတ်များအနေနဲ့ ပြည်သူ့ရွေးချယ်မှုမပါဝင်ဘဲ လူတစ်ဦးတစ်ယောက်ကဂုတ်ဆွဲပြီး “အခန့်သားဝင်ထိုင်စေ” စနစ်ကြောင့် အမတ်ဖြစ်လာခဲ့ရမှုအပေါ်သိမ်ငယ်အရှက်ရစိတ်ဖြစ်နေ ပါသလားဆိုတဲ့ အမေးကို ဖြစ်စရာရှိတယ်လို့ကိုမစဉ်းစားမိတဲ့အပြင် စစ်တပ်ကိုယ်စားပြုပါဝင်မှုဟာ မြန်မာပြည်နိုင်ငံရေးကိုထိန်းကြောင်းဖို့ မဖြစ်မနေလိုအပ်မှာသေချာကြောင်းပြန်ဖြေပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရေးကိုသာအားစိုက်သင့်ပြီး အသစ်ရေးဆွဲရေးဟာ စစ်တပ်ကို အာဏာသိမ်းချင်အောင်ဖိတ်ခေါ်ဘိသကဲ့သို့ဖြစ်နေတဲ့အတွက် ပြည်သူတွေပြင်ချင်တဲ့အပိုဒ်အခန်းများကို ဆန္ဒပြုပြီးသကာလ လွှတ်တော်သို့တင်ပြရမှာဖြစ်ကြောင်းကိုလည်း ထူးမခြားနား ကြားလိုက်ရချိန်မှာဖွဲ့စည်းပုံထဲက ပြင်ဆင်ရေးအခန်းမှာပါတဲ့အချက်အလက်တွေအရ ပြင်ဆင်ရေးဟာ ပြည်သူတွေ ဘယ်လောက် ဒင်းကြမ်းပြည့်လိုလားပါစေဦး စစ်အမတ်တွေနဲ့၊ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ စစ်အာဏာရှင်စနစ်ကပါက်ဖွားသန္ဓေတည်လာတဲ့ကြံ့ဖွံ့ပါတီအမတ်တွေထောက်ခံမှုမရဘူးဆိုရင် ပြင်ဆင်ရေးဟာအလုပ်မဖြစ်နိုင်ကြောင်းနဲ့ စစ်အုပ်စုကိုထိခိုက်နစ်နာစေမှာမဟုတ်တဲ့ သာမြင်ညောင်ညပြင်ဆင်ရေးကိစ္စများအတွက်သာ စို့စို့ပို့ပို့အရာရောက်နိုင်မယ်ဖြစ်ကြောင်း ကိုယ့်ရဲ့တုန့်ပြန်မှုကို သူက နားစိုက်ထောင်နေချိန်မှာ အခုရော စစ်တပ်က ၂ဝဝ၈ ဖွဲ့စည်းပုံအားကိုးနဲ့ အနုနည်းဆန်ဆန်အာဏာသိမ်းထားတာမဟုတ်ဘူးလားလို့ ထပ်ဆင့်မေးခွန်းထုတ်လိုက်တဲ့အခ စစ်အမတ်က ရယ်မောနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အတော့်ကိုသဘောကွဲလွဲမှုကြီးမားတဲ့ အပြန်အလှန်ပြောဆိုခြင်းတွေ ရှိခဲ့ပါတယ်။ ဒါကလည်း စစ်သားတစ်ယောက်ရဲ့ခံစားမှုနဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့အရေးမို့  စစ်အမတ်ဘက်ကအမြင်တွေဟာ အရင်အာဏာရှင်စနစ် တိတိပပအုပ်စိုးတဲ့ကာလများက ပြန်ကြာရေးဌာနပိုင် ဝါဒဖြန့်ချိရေးအမျိုးမျိုးကထုတ်လွှတ်တဲ့လေသံ ရပ်တည်ချက်အမြင်အတိုင်း ဘာမှထူးထူးခြားခြားပြောင်းလဲလာတဲ့ပြောဆိုမှုမျိုးကို မကြားခဲ့ရပါ။ အပစ်မရပ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(အထူးသဖြင့် ကချင်နဲ့  ဝ)ကိုပင်းပြင်းထန်ထန် တစ်ဖက်စောင်းနင်းပြောဆိုတိုက်ခိုက်တာမျိုးကို ကြားလိုက်ရပါတယ်။ ကေအိုင်အိုနဲ့ကချင်တပ်ဟာ ကချင်လူထုကိုကိုယ်စားမပြုကြောင်းနဲ့ ငြိမ်းချမ်းရေးမဖြစ်မှသာ မိမိအကျိုးစီးပွားအတွက် အထောက်အကူပြုမှာဖြစ်ကြောင်းကို စစ်အမတ်ကပြောဆိုသွားတော့
ကိုယ်ကလည်း ဗမာစစ်တပ်ကရော ဗမာလူမျိုးတွေရဲ့ထောက်ခံလိုလားမှုဘယ်လောက်တောင်ရနေသလဲ၊ မဲပုံးထောင်ပြီး အဖြူအမည်းသိအောင်လူထုဆန္ဒခံယူကြည့်ပါလားလို့ ချက်ချင်းပြန်ပက်တော့ စစ်အမတ်က သူတို့စစ်တပ်လည်း ပြည်သူအကြိုက်စစ်တပ်မဟုတ်ဘူး ဆိုတာကိုတော့မငြင်းမဆန် လက်ခံခေါင်းညိမ့်ခဲ့တာကို ကြားလိုက်ရပါတယ်။

ဒါဆိုရင် ပြည်တွင်းစစ်အပြုတ်မတိုက်နိုင်တာ တကယ်ဘဲမနိုင်လို့လား၊ မီးမွှေးထားပြီး စစ်တပ်ရဲ့အခန်းကဏ္ဍကို ပြည်သူတွေအာရုံကျလာအောင် တမင်ရည်ရွယ်ချက်ရှိရှိ ပြည်တွင်းစစ်ကိုဆွဲဆန့်ထားချင်လို့လားလို့ ကိုယ်ကပြန်လှန်မေးတဲ့အခါ သူတို့ရဲ့နောက်မှာ တရုတ်တို့ ထိုင်းတို့က အားပေးအားမြှောက်လုပ်နေလို့ အပြတ်ရှင်း၍မရပါကြောင်း ပြောပါတယ်။ ဒီအခါ အဲဒီတရုတ်အစိုးရကဘဲ စစ်အာဏာရှင်အစိုးရနဲ့ အဖက်ဖက်က နိုင်ငံရေးစီးပွားရေးအရ ဖက်လှဲတကင်း ပလူးပလဲဆက်ဆံရေးတွေ တောက်လျှောက်ရှိခဲ့တာမဟုတ်လားလို့ ကိုယ်ကမေးတော့ ဒါဟာ နိုင်ငံတိုင်းရဲ့အစိုးရတွေဟာ သူတို့နိုင်ငံအကျိုးစီးပွားအတွက် မည်သည့်အုပ်စု၊ မည်သည့်အဖွဲ့အစည်းကိုမဆို ခပ်ပြောင်ပြောင်ဆက်ဆံနေမှာဖြစ်ကြောင်း စစ်အမတ်က ဖြေပြန်ပါတယ်။ ဒီအဖြေမှာတော့ သူနဲ့ကိုယ် အမြင်တူပါတယ်။
ဒါနဲ့ ချက်ချင်းဆိုသလိုဘဲ မိမိတို့တိုင်းပြည်ရဲ့အစိုးရတွေဟာ အထူးသဖြင့် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါ
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအကျိုးစီးပွားကို ဘာကြောင့်ဦးစားမပေးခဲ့သလဲမေးတဲ့အခါ စစ်အမတ်က သူတို့အကျိုးစီးပွားကိုသာ တစိုက်မတ်မတ်ရှေ့ရှုခဲ့လို့ဖြစ်ကြောင်းနဲ့ ဆယ်သက်ဆယ်ဘဝစားမကုန်အောင် ခိုးယူအကျင့်ပျက်ခြစားနေတာတွေကိုပြောစရာရှိတာမပြောချင်ပေမယ့် နိုင်ငံ့အခြေခံဖွံ့ဖြိုးရေးကိစ္စများဖြစ်တဲ့ တစ်တိုင်းပြည်လုံးမီးထိန်ထိန်လင်းရေး၊ လမ်းပန်းဆက်သွယ်ရေးချောမွေ့လွယ်ကူစွာ သွားလာနိုင်ရေးတို့အတွက် ကောင်းကောင်းကန်းကန်းမလုပ်ဆောင်ခဲ့တဲ့အပေါ် စစ်အမတ်ဟာ အတော်လေးမကျေမချမ်းမြည်တွန်တောက်တီးနေတာကိုတွေ့ရပါတယ်။ ဆိုလိုတာက စစ်ဗိုလ်ချုပ်တွေ ကျိကျိတက်ချမ်းသာကြွယ်မှုအပေါ်နှုတ်ပိတ်ရေငုံပေးမယ်၊“ခိုးလည်းခိုး ပြည်သူအတွက် နည်းနည်းတော့ စွန့်ကြဲပေး” ဆိုတဲ့လမ်းစဉ်ကိုလိုလိုလားလား ပေါ်ပေါက်လိုစိတ်ရှိပုံရပါတယ်။ နည်းမှန်လမ်းမှန် တရားသဖြင့်ပေးတဲ့ဝန်ထမ်းလစာအပြင် အခြားနည်းနဲ့ရတာမှန်သမျှကို လက်သင့်မခံရဘူးဒါဟာ အကျင့်ပျက်လာဘ်စားမှုမြောက်တဲ့အတွက် လုပ်ကိုမလုပ်သင့်ဘူးလို့မမြင်ဘူးလားလို့ ကိုယ်ကပြောတော့ အများမိုးခါးရေသောက်တာကိုးဆိုပြီး လှီးလွှဲချပြောဆိုသွားပါတယ်။

ကရင်လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့မန်းငြိမ်းမောင်နဲ့ ရှစ်ဆယ့်ရှစ် ငြိမ်း/ပွင့်အဖွဲ့က မင်းကိုနိုင်တို့ကို နိုင်ငံရေးလမ်းကြောင်းမှန်ကန်သင့်လျော်ပေတယ်ဆိုပြီးလည်း မှတ်ချက်ပေးသွားပါတယ်။ ရယ်ဒီကယ်လမ်းပေါ်မလျှောက်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့အတွက်
မင်းကိုနိုင်တို့အဖွဲ့အပေါ် အတော်သဘောကျနေပုံကိုသတိပြုမိတယ်။

စစ်အမတ်ပြောတဲ့စကားတွေထဲထူးခြားတာတစ်ခုက ခေတ်အဆက်ဆက်အစိုးရတွေရဲ့လုပ်ရပ်ကို “မှားခဲ့တယ်”လို့ ကြိမ်ဖန်များစွာမှတ်ချက်ပေးတာတွေ့ရပြီး စစ်အမတ်က ဒီလိုပြောပေမယ့် လက်ရှိစစ်ခေါင်းဆောင်(ခင်ဗျားတို့ ဂေါ့ဖားသားမင်းအောင်လှိုင်)အပါအဝင်၊ သမ္မတသိန်းစိန်၊ လွှတ်တော်ဥက္ကဌများ၊ အာဏာရပါတီထိပ်တန်းခေါင်းဆောင်ပိုင်းအားလုံးလိုလိုဟာတစ်ချိန်က အစိုးရများဟာ သူတို့အမြင်နဲ့သူတို့တိုင်းပြည်ကောင်းမယ်ထင်တာကိုလုပ်ခဲ့ပါတယ်ဆိုပြီး “မှားခဲ့ပါတယ်”လို့ဝန်ခံဖို့ရာ တီကောင်ဆားတွန့်သလို အကြောက်ကြီးကြောက်နေတာဘယ်လိုကြောင့်ပါလဲ ဆိုတဲ့မေးခွန်းအပေါ် စစ်အမတ်တစ်ယောက်ပန်မဖြေနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူက အရင်ကလူ ဘာဘဲလုပ်ခဲ့လုပ်ခဲ့ အခုသူ ဘာလုပ်နေသလဲဆိုတာကိုသာကြည့်ပြီးဆုံးဖြတ်ရမယ်လို့ တုံ့ဆိုင်းတုံ့ဆိုင်းပြောပြန်ပါတယ်။ ကိုယ်ကလည်း ပြည်သူတစ်ဦးအနေနဲ့ တိုင်းပြည်နဲ့လူထုကို အမျိုးမျိုးဒုက္ခပေးခဲ့တဲ့လူတွေက သူတို့လုပ်ခဲ့တဲ့အပေါ်မှားယွင်းခဲ့ကြောင်းဝန်ခံဖိ့ ငြင်းဆန်သ၍ သူတို့ရဲ့ဘယ်လိုလုပ်ဆောင်မှုမျိုးမဆိုအယုံအကြည်မရှိကြောင်း၊ ရိုးသားတယ်လို့မထင်ကြောင်း ပြောခဲ့တယ်။

စစ်အမတ်နဲ့ကိုယ်နဲ့ သဘောမျှမိကြတဲ့အချက်က အစိုးသစ်တက်လာပြီးနောက် တိုင်းပြည်မှာ လူသတ်မှုတွေ၊ မတော်မတရာပြုကျင့်မှုတွေ၊ ဘာသာရေးအခြေခံ နေအိမ်အဆောက်အအုံမီးရှို့ဖျက်ဆီးမှု အုပ်စုဖွဲ့သတ်ဖြတ်မှုတွေ စတဲ့တရားဥပဒေလက်လွတ်ထိန်းမနိုင်သိမ်းမရ အရုပ်ဆိုးအကျည်းတန်စေတဲ့ အဖြစ်အပျက်တွေ ဆတိုးဖြစ်ပွားလာနေကြောင်းနဲ့ ဆင်းရဲသားလူမွဲတွေပိုမိုတိုးပွားလာနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သူရောကိုယ်ရော ဒါကိုလက်သင့်ခံပြီး တရားဥပဒေမဲ့ဖြစ်နေတာတွေ ဟာ နောက်ကွယ်ကလက်ရှိနေတာကို သူကလက်ခံပြီး ဒီလို လှုပ်လှုပ်ရှားရှားအခြေအနေကိုနှစ်သက်နေသူတွေ အစိုးရအဖွဲ့နဲ့အာဏာရပါတီအမတ်တွေထဲရှိနေတယ်လို့ ကိုယ်ကပြောတဲ့အခါ စစ်အမတ်က ဒါကို ငြင်းဆန်သွားပြန်ပါတယ်။ ဘယ်သူကနောက်ကွယ်မှာရှိနေသလဲလို့တဲ့တိုးမေးတော့ အကျိုးစီးပွား
ဖြစ်နေသူတွေပေါ့လို့သာ မတင်မကျဖြေသွားပါတယ်။

NLD ပါတီဥက္ကဌဒေါ်စုနဲ့ပတ်သက်ပြီးလည်း ဒီကနေ့တိုင်းပြည်ကို ဒေါ်စုတို့ပါတီတက်အုပ်ချုပ်ကြည့်စေချင်စမ်းပါဘိလို့ ခပ်သောသော
ခပ်ထေ့ထေ့ပြောပြီး ဒေါ်စုတို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးသိန်းစိန်နေရာကဝင်လုပ်ကြည့်တဲ့အခါ အခုလောက်တောင် ခရီးရောက်မယ်လုံးဝမထင်ကြောင်းလည်း ပြောဆိုပါတယ်။ အခု အောင်မင်းတို့လုပ်နေတဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုကို တကယ်ယုံကြည်လားလို့မေးတော့ စစ်အမတ်က ယုံတယ်လို့ဖြေပါတယ်။ ပြည်တွင်းစစ်လုံးဝရပ်စဲပြီးလူထုမျှော်လင့်တဲ့ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်နိုင်မယ် ထင်သလားဆိုတော့ မထင်ဘူးလို့ဖြေပြန်ပါတယ်။ ဘာ့ကြောင့်လဲထပ်ဆင့်မေးတဲ့အခါ အစုအဖွဲ့အားလုံးဟာ မိမိတို့အကျိုးအတွက်လုပ်နေကြပြီး ပြည်သူတွေကိုမက်လုံးလောက်သာပေးပြီး အသုံးချနေလို့ဖြစ်ကြောင်း ဆိုပြန်ပါတယ်။ ဒီအထဲမှာ စစ်အမတ်တွေရဲ့ မိခင်ဖခင်လို့သတ်မှတ်နိုင်တဲ့ စစ်တပ်ရောပါပါသလားမေးတဲ့ အခါ “ပါတာပေါ့ဗျာ”လို့မဆိုင်းမတွပြောပြီး တိုင်းပြည်ရှေ့ရေးရင်လေးစရာလို့လည်း စစ်အမတ်က ခိုညည်းသကဲ့သို့ပျင်းရိပျင်းတွဲလေသံနဲ့ ပြောဆိုသွားခဲ့ပါတယ်။

ပြောဆိုမှုတွေဟာ ၂ နာရီနီးပါးကြာခဲ့ပြီး တွေ့ခဲ့ရတဲ့ အနှီစစ်အမတ်ဟာ သိပ်ပြီး စစ်ကြောင်ကြောင် ကြွတက်လွန်းတဲ့ စစ်ရူးစစ်မူးတစ်ယောက်မဟုတ်ချေလို့မှတ်ချက်ပေးနိုင်သော်ငြား ကိုယ့်စိတ်ထဲမှာတော့ သူ့ရဲ့အဓိက နိုင်ငံရေးရပ်တည်ချက်တွေဟာ စစ်အုပ်စု စစ်ဝါဒကြီးစိုးမှု
လျော့ပါးနောက်ဆုတ်ရေးအတွက် မျက်နှာမူမနေဘူးလို့သာ ယူဆမိတယ်။
https://www.facebook.com/aungmyo.tun.52


လင်းထင်၏ “Excerpt from အရင်းခံပြသနာအပေါ် အသိအမှတ်ပြုခြင်း”

0 comments
ကျွန်တော်တို့ဟာ နိုင်ငံရေးအရဖိနှိပ်ခံရမှုအောက်မှာ ဘာသာရေးမုန်းတီးမှုပြဿနာကို ဘယ်တုန်းကမှ အရေးတကြီးဦးစားပေးကိစ္စအဖြစ် မပြောခဲ့ကြဘူး၊
ပျက်ကွက်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ပေါ်တိုင်း စစ်အုပ်စုရဲ့နိုင်ငံရေးအာရုံလွှဲမှုအဖြစ်နဲ့ဘဲ အဖြေထုတ်သုံးသပ်ခဲ့ကြတယ်။
ဘာသာရေး လူမျိုးရေးခွဲခြားမှုကို အာဏာသိမ်း စစ်အုပ်စုက ရာစုနှစ်ထက်ဝက်မက နိုင်ငံတော် မူဝါဒအဖြစ်ကျင့်သုံးတဲ့အခါ (နိုင်ငံတော်မူဝါဒလို့ဆိုရာမှာ ကျနော်ပြောလေ့ရှိတဲ့ ဗုဒ္ဓဘာသာအခြေပြု
အမျိုးသားရေးဝါဒကိုပဲ အဓိကရည်ညွှန်းပါတယ်) အဓိကရုဏ်းများကို ကြိုးကိုင်ဖန်တီးလာခဲ့တဲ့အခါ အမြင်လွဲအယူမှား သတင်းအမှားများနဲ့အမုန်းတရားမျိုးစေ့ကို မျိုးဆက်အဆင့်ဆင့်ကြဲပက်ခဲ့တဲ့အခါ လူအများကြားမှာ ဒီအမုန်းတရားဟာ အပင်မပေါက်ဘဲနေရော့မလား။

ဒီအယူလွဲတဲ့အမုန်းတရားရန်က ကာကွယ်ဖို့ရာ ဦးနှောက်နဲ့နှလုံးသား
ကြီးမြတ်ကျယ်ပြောနိုင်အောင် လူအများမှာ လုံလောက်တဲ့အပြိုင်ဗဟုသုတနဲ့အပြိုင်အတွေးအခေါ်များ ဖြည့်တင်းဖို့အခွင့်သာခဲ့ပါသလား။  လွတ်လပ်တဲ့လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံဖူး၊ ကျောင်းပညာရဖူးသူတွေထဲကအချို့တောင်မှ ဘာသာရေးလူမျိုးရေးမုန်းတီးမှုကို မကျော်လွန်နိုင်ကြတဲ့နောက် စစ်အာဏာရှင်အောက် အနှစ်ငါးဆယ်နေရသူတွေထဲမယ်
အမုန်းအယူနဲ့ခွဲခြားခြင့်ဓလေ့ တကယ်မစွဲငြိဘဲနေပါ့မလား။
လူတွေမှာ သူတို့ရဲ့နိုင်ငံရေးအကြိုက် political preference အပေါ်မတည်မှီပဲ
ဘာသာရေးလူမျိုးရေး မုန်းတီးခြင်း၊ ခွဲခြားခြင်းအယူများရှိကြတာကိုလည်း
သတိပြုမိစေချင်ပါတယ်။

တချို့ကတော့ စစ်အလိုတော်ရိများသာ ဘာသာရေး၊ လူမျိုးရေးမုန်းတီးခွဲခြားသူများဖြစ်နေတယ်လို့ အမျိုးအစားခွဲခြားပြနေတာ တွေ့ရပါတယ်။ အုပ်စုခွဲခြားသတ်မှတ်နိုင်မှုဟာ ဒီလောက်လွယ်ကူရှင်းလင်းစွာ လုပ်လို့မရနိုင်ပါဘူး။ လူမှုရေးတက်ကြွသူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ အမျိုးသားရေးပြင်းထန်သူ၊ အဲန်အယ်လ်ဒီထောက်ခံသူ၊ သမ္မတသိန်းစိန်အားကြည်ညိုသူ အစရှိသဖြင့် အုပ်စု Set တစ်ခုချင်းစီကို စက်ဝိုင်းတစ်ခုချင်းစီအဖြစ်ယူဆကြည့်ပါ။  အဲ့ဒီ့ စက်ဝိုင်းများတစ်ခုကိုတစ်ခု intersect ဖြစ်နေတဲ့ တူညီသောလက္ခဏာများ မျှဝေပိုင်ဆိုင်မှုနယ်ပယ်အမျိုးစုံ ရှိနေနိုင်ပါတယ်။
ရှင်းရှင်းပြောရရင် ဗမာဒီမိုသမားများထဲမှာ စစ်တပ်အောက်ဆွဲများလိုဘဲ
ကုလားမုန်းအစ္စလာမ်ကြောက်များရှိနေပါတယ်။ အချို့ ဒီမိုမျိုးချစ်များရဲ့
တင်းမာတဲ့အမျိုးသားရေးစိတ်အယူဟာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီစံနှုံးများအပေါ် သက်ဝင်အဖိုးထားတတ်မှုထက် အကဲသာနေတာပါဘဲ။

ဘာသာရေး၊ လူမျိုးရေးမုန်းတီးခွဲခြားခြင်းပြဿနာဟာ၊ ခေတ်အဆက်ဆက် နိုင်ငံရေးလောင်းရိပ်မိခဲ့တာဟာ အခုလတ်တလောအခြေအနေမှာလည်း ထိုနည်းလည်းကောင်း လျစ်လျူရှုခံရဆဲဘဲ။ ပိုတောင် အခြေအနေဆိုးတယ်။ အခုလွှမ်းနေတာက နောက်ကြောင်းပြန်မလှည့်ချင်ပါဘူးရယ်လို့ တိုင်းပြည်ဟာ
သွေးနုသားနုဒီမိုကရေစီမီးနေသယ်ဆိုတဲ့ စိတ္တဇဘဲ။
ကလေးတွေအရှင်လတ်လတ်မီးအရှို့ခံရတာ ဒီမိုကရေစီမီးနေသယ်မို့လို့လား၊
ပျက်စီးခြင်းငါးပါးမကတော့တဲ့ ဖွတ်သရွတ်လိုက်အောင်ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်း ဖြစ်နေလို့လား၊ ကြပ်ကြပ်ဆင်ခြင်ကြစေချင်တယ်။

ဒီ မီးနေသယ်စိတ္တဇက ဘယ်လောက်တောင်ဖောက်ပြန်သွားစေလဲဆို
သမ္မတသိန်းစိန်ဦးဆောင်တဲ့အသွင်ပြောင်းလဲမှုအပေါ်အယုံအကြည်မရှိသူတွေတောင်၊ သူတို့ သံသယထားတဲ့အပြောင်းအလဲထိခိုက်မှာကြောက်စိတ်ဝင်လာခဲ့ပြီ။ ပြဿဿနာရဲ့အရင်းခံကို မစေ့ငုံမပိုင်းခြားနိုင်ရင်တော့ အာရုံအမှားစိတ္တဇအယူတို့နဲ့ ကိုယ့်ရပ်တည်မှု ယိုင်လဲမှာဘဲ။
ပြဿနာဟာ ဘာသာရေးလူမျိုးရေးကွဲပြားမှုအပေါ်အရင်းခံတဲ့အကြမ်းဖက်မှုဖြစ်ကြောင်း အသိအမှတ်ပြု acknowledge လုပ်ပါ။
 

မလုပ်နိုင်ရင် Holocaust ကို ငြင်းဆန်သူတွေနဲ့တစ်တန်းစားထဲထားပြီး ကျွန်တော် ရှုံ့ချတယ်။

လင်းထင်

(၂၀၁၃ မတ်လ ထုတ် ခေတ်မောင်းအွန်လိုင်းစာစောင် အတွဲ ၂၊ အမှတ် ၃ တွင်
ပါရှိသော လင်းထင်၏ “Excerpt from အရင်းခံပြသနာအပေါ် အသိအမှတ်ပြုခြင်း”
မှ ကူးယူဖော်ပြပါသည်။

ဖွဲ့စည်းပုံပျက်ခြင်း အလံလဲခြင်း(မျိုးမြင့်ချို)

0 comments
(၄၇)ဖွဲ့စည်းပုံအခြေခံဥပဒေဟာာ (၆၂)စစ်အာဏာသိမ်းမှာအသက်ငင်ပြီး (၇၄)ဖွဲ့စည်းပုံအစားထိုးတာမှာ ဇိဝိန်ချုပ်တယ်။ (၇၄)ဖွဲ့စည်းပုံဟာ (၈၈)အရေးတော်ပုံမှာအကွပ်မျက်ခံရပြီး (၂ဝဝ၈)ဖွဲ့စည်းပုံနဲ့ဖုတ်ကျည်းသင်္ဂြိုဟ်ခံရတယ်။ ခု(၂ဝဝ၈)ကတော့ (၉ဝ)ရလဒ်ကိုစတေးပြီး ဘယ်တော့ နိဌိတံမလဲ။

(၄၇)ဟာ ဗိုလ်အောင်ဆန်း အမှူးပြုတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကဆွဲတာ။ လွှတ်တော်ကိုယ်စားလှယ်တွေက (ပြဿနာအချို့ရှိတာ မှန်ပေမယ့်) လူထုကရွေးကောက်တင်မြှောက်ခဲ့တာ။ (ဖဆပလ ဆိုရှယ်ဒီမိုကရက်တွေ ခြေရှုပ်ခဲ့တာအထင်အရှားရှိပေမယ့်) ပါတီစုံ ဒီမိုကရေစီ၊ ဖက်ဒရယ်မူနဲ့ အရင်းရှင်စီးပွားရေးစနစ်ကို ဦးတည်တာ။

(၇၄)ဟာ စစ်ဗိုလ်တွေ ဆွဲတာ။ တနည်းပြောရရင် သေနတ်ခါးချိတ်ပြီးစစ်မိန့်နဲ့ဆွဲတာ။ လူထုဆန္ဒမပါ။ လူထုကိုယ်စားလှယ်တွေ ဆွဲတာမဟုတ်။ တစ်ပါတီအာဏာရှင်စနစ်၊ တစ်ပြည်ထောင်မူနဲ့ ပြည်တွင်းဖြစ် လက်လုပ်ဆိုရှယ်လစ်ဝါဒကို ဦးတည်တယ်။

(၂ဝဝ၈)ဗိုလ်သန်းရွှေစစ်နန်းဆက်က ဆွဲတာ။ သူ့လူတွေနဲ့အတူ (ခေါင်းခေါက်ရွေးထားတဲ့) လူထုကိုယ်စားလှယ်တချို့ကို သေနတ်နားထင်တေ့ပြီး ဆွဲတာ။ တနည်းပြောရရင် (၉ဝ)ရွေးကောက်ပွဲရလဒ်ကိုသားမယားပြုကျင့်ပြီး အလိုမတူတဲ့ကိုယ်ဝန် ဆောင်ခိုင်းတာ။ ပေါ်စေပျောက်စေပါတီစုံ၊ ဒီမိုကရေစီအရေခြုံ၊ တစ်ပြည်ထောင်မူနဲ့စစ်အုပ်စုစစ်ခရိုနီ အကျိုးစီးပွားကာကွယ်ရေးစနစ်ကိုဦးတည်တယ်။ ထူးခြားချက်က စစ်အာဏာကိုပါတီတွေကဦးခိုက်ရပြီး စစ်အုပ်စုမကြိုက်ရင် နောက်ပြန်လှည့် (စစ်အာဏာသိမ်း)ခွင့် တရားဝင်ယူထားတာ။

(၄၇)ဖွဲ့စည်းပုံကို စစ်ဗိုလ်တွေဖျက်တာ။ တနည်းပြောရရင် စစ်အာဏာကဖျက်တာ။ အာဏာလက်ရှိက ဖျက်တာ။

(၇၄)ကျတော့ လူထုက ဖျက်တာ။ တနည်းပြောရရင် အာဏာလက်မဲ့အာဏာ Powerless Power ကဖျက်တာ။

(၂ဝဝ၈)ကျတော့ရော ဘယ်ကြမ္မာနဲ့တိုးမလဲ။ ဘယ်သူ့အဖျက်ခံရမလဲ။

ဗမာပြည်မှာ လွတ်လပ်ရေးကာလကနေ ဒီနေ့အထိ ဖွဲ့စည်းပုံနဲ့အလံ(၃)ကြိမ်ပြောင်းတယ်။ ဖွဲ့စည်းပုံပြောင်းတာနဲ့အလံလဲတာမှာ စစ်အုပ်မှာအတွေ့အကြုံရှိသလို လူထုမှာလည်းရှိတယ်။ စစ်အုပ်စုအလိုတော်ရိတွေ၊ အကြံပေးတွေ၊ အခါတော်ပေးတွေက စစ်အာဏာအကျိုးစီးပွားကိုမထိပါးမယ့် ပြင်ရေးကိုနှပ်ကြောင်းပေးတယ်။ ဒါကို တပ်ကလည်း အကြိုက်တွေ့တယ်။ နိုင်ငံရေးပါတီတွေ (လွှတ်တော်ဝင်)ကလည်း လူထုကို မသိမသာအဲ့ဒီလမ်းကြောင်းဘက် ကြောင်းပေးနေတာတွေ့တယ်။ စဆွဲကတည်းက လူထုဆန္ဒနဲ့ဆွဲတာ မဟုတ်မှန်းလည်းသိတယ် စစ်လွှတ်တော်နဲ့စစ်အာဏာရှေ့မှောက်မှာကာကွယ်စောင့်ရှောက်ပါ့မယ် ကျမ်းကျိန်ပြီး ခုမှ (ပြင်ချင်လား မပြင်ချင်ဘူး လားကို) လူထုဆန္ဒမေးမြန်းကြည့်ရဦးမယ်လုပ်တာဟာ နိုင်ငံရေးစင်ကြယ်မှုကင်းတဲ့အပြုအမူပဲ။ (လက်နက်ကိုင်ဖြစ်ဖြစ် မကိုင်ဖြစ်ဖြစ်) လူမျိုးစုတွေနဲ့ လွှတ်တော်ပြင်ပအင်အားစုတွေက ဖျက်ပြီးအသစ်ရေးဖို့တင်တယ်။ ဘယ်အတိုင်းအတာထိဖြစ်မလဲ မဖြစ်ဘူးလဲကတော့ ဆဝါးဖို့ ခက်နေသေးတယ်။

ဒါပေမယ့် မှတ်ထားပါ။ ထပ်ပြောချင်ပါတယ်။ သမိုင်းရေးဖြစ်ပေါ်တိုးတက်မှုတွေဟာ(သမိုင်းဆိုင်ရာအလှည့်အပြောင်းတွေဟာ) အာဏာလက်ရှိတွေရဲ့စိတ်အလိုနဲ့ကင်းကွာပြီးမှဖြစ်တယ်ဆိုတာပါပဲ။ အရေးအကြီးဆုံးအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်တဲ့ အတွေ့အကြုံဟာ စစ်အုပ်စု(စစ်တပ်)မှာတင်ရှိတာမဟုတ်ဘူး။ လူထုမှာလည်းရှိတယ်ဆိုတာပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၁၄၊ ၂ဝ၁၃)


Wednesday, October 9, 2013

စာရေးဆရာကျော်ဝင်း နိုင်ငံရေးသုတေသီဦးမင်းဇင်နှင့် ဖွဲ့စည်းပုံပြင်ရေး (ထက်မြက်)

0 comments
စာရေးဆရာကျော်ဝင်း နိုင်ငံရေးသုတေသီ ဦးမင်းဇင်နှင့် ဖွဲ့စည်းပုံပြင်ရေး (ထက်မြက်)
(မှတ်ချက် အယူအဆရေးအရကြိုက်နှစ်သက်၍ တင်ခြင်းမဟုတ်ပါ။ ထိုသူတို့ အာဘော်အား လေ့လာနိုင်ရန်သာ။ မျိုးမြင့်ချို)
စာနယ်ဇင်းလောကတွင် လွတ်လပ်စွာရေးသားခွင့်ပြု လာသည်နှင့်အမျှ နိုင်ငံရေးဆောင်းပါးများကို မိမိတို့အမြင်နှင့်ရေးသားသည်များလည်း မှိုလိုပေါက်လာ၏။ နယ်ဟောပြောပွဲများတွင်ဟောပြောသောစာရေးဆရာများမှာ နိုင်ငံရေးအကြောင်းများသာ ပြောလာကြသည်။ ထိုသို့ပြောရာတွင် ယခင်က နိုင်ငံရေးဆန့်ကျင်သူများကလည်း နိုင်ငံရေးအကြောင်းပြောလာကြသည်။ စာသင်စားသောကျူရှင်ဆရာများကလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်အကြောင်း၊ ဗိုလ်ချုပ်၏သားသမီးများအကြောင်းကို သူတို့နှင့်လက်ပွန်းတတီးနေလာသလို ဟောပြောပွဲများ၌ပြောလာကြသည်။ စစ်အစိုးရလက်ထက်က ထောင်ဒဏ်နှစ်ရှည်ကျခံရသူများ (တချို့မှာ ထောင်မှလွတ်လာပြီး ပွင့်လင်းရာသီရောက်မှ နိုင်ငံရေးအကြောင်းရေးချင်ရာရေးကာ စာရေးဆရာဖြစ်လာသူများလည်း ပါသည်)မှာလည်းစာရေးလာကြ၏။ အံ့သြစရာမကောင်းလှသည်မှာ နိုင်ငံရေးလေ၊ နိုင်ငံရေးအသုံးအနှုန်း၊ စစ်အစိုးရကိုလုံးဝမထိရဲသူများက ယခုအခါ လိုအပ်သည့်ဘောင်ကိုပင်ကျော်ကာ ရုန့်ရင်းသောဆဲရေးမှုများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးများ၊ အစိုးရကိုပျစ်ပျစ်နှစ်နှစ်aဝဖန်ခြင်းမျိုးများ ရေးသားလာသည့်ဆောင်းပါးများကို ဖတ်ရလေသည်။

ထိုအခါ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းကာလတွင် ရုပ်ရှင်မင်းသား၊ မင်းသမီးများအပါအဝင် ကာတွန်းဆရာများ၊ အဆိုတော်များ၊ ပါတီများဖွဲ့ကာ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြောဆိုသည်များကို မြင်ယောင် လာမိပါသည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့စာရေးဆရာများနှင့် စာနယ်ဇင်းသမားအများအပြား နိုင်ငံရေးစိတ်ဝင်စားလာသည်မှာ မကောင်းသောအရာမဟုတ်၍ လှိုက်လှိုက်လှဲလှဲကြိုဆိုရပေမည်။ ယခင်ကသတ်မှတ်သုံးနှုန်းခြင်းမရှိသော်လည်း ယခုအချိန် နိုင်ငံရေးအကြောင်းပြောဆိုရေးသားသူများကို သတ်မှတ်သုံးနှုန်းလာသည့်ဝေါဟာရ တစ်မျိုးရှိပါသည်။ ထိုသည်မှာ ‘နိုင်ငံရေးသိပ္ပံပညာရှင်’ သို့မဟုတ် ‘နိုင်ငံရေးလေ့လာသုံးသပ်သူ’သို့မဟုတ် ‘နိုင်ငံရေးသုတေသီ’ စသည်ဖြင့် အမည်ပေးသတ်မှတ်လာခဲ့ပေသည်။ ထိုထဲတွင် စာရေးဆရာကျော်ဝင်းလည်း ပါဝင်ပါသည်။  သူသည် စံပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာ၊ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ၊ The Waves  မဂ္ဂဇင်းအယ်ဒီတာ စသည်ဖြင့် သူ၏နိုင်ငံရေးအမြင်ဆောင်းပါးများကို ထိုမဂ္ဂဇင်းများတွင်ရေးရင်း ထင်ရှားလာသူတစ်ဦးဖြစ်ပါသည်။ စာရေးဆရာကျော်ဝင်း၏ဆောင်းပါးများနှင့် အမြင်များကို အချိန်တစ်ချိန်က လူငယ်များနှင့် စာဖတ်ပရိသတ်များက အလေးထားဖတ်ရှုခဲ့ ပါသည်။ အောင်မြင်မှုလည်း အတော်ရ၏။ သူ၏မူမှာ စစ်အစိုးရကိုဆန့်ကျင်ဝေဖန်ခြင်းထက် အပြုသဘောဖြင့်ချဉ်းကပ်ကာသိမ်းသွင်းပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ပေါက်ရေးဖြစ်ပါသည်။ ထိုသို့ရေးရင်း အလျဉ်းသင့်လျှင်သင့်သလို စစ်အာဏာရှင်များကိုဆန့်ကျင်သည်ထက် ကွန်မြူနစ်ဝါဒကိုဆန့်ကျင်ပုတ်ခတ်ရေးသားခြင်းကများလေသည်။ ထို့ကြောင့် လက်ဝဲသမားများနှင့် လက်ဝဲယိမ်းဒီမိုကရေစီဘက်တော်သားများက စာရေးဆရာကျော်ဝင်းကို မနှစ်မြို့ကြပေ။ ထိုအချိန်ကတည်းက ယခုအထိ စာရေးဆရာကျော်ဝင်းပစ်မှတ်ထားသောရန်သူမှာ ကွန်မြူနစ်ဝါဒ ဗကပနှင့် လက်ဝဲယိမ်းစာရေးဆရာများ ဖြစ်လေတော့သည်။

ယခုအချိန်တွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးသို့မဟုတ် ပြင်ဆင်ရေးမှာ အဓိကပြဿနာ ဖြစ်နေသည်။

ထိုအချိန်၌ စာရေးဆရာကျော်ဝင်းက စက်တင်ဘာလ ၃ဝ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ”၂ဝဝ၈ အခြေခံဥပဒေဖျက်၊ အသစ်ပြန်ရေးရမယ်”ဆိုသော စိတ်ဓာတ်ရင်ဆိုင်ရေး ရက်ဒီကယ်ဓလေ့တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ကိုယ်တိုင်မှာပင် ရက်ဒီကယ် အစွဲသန်သောမြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း ‘အသစ်ပြန်လည်ရေးဆွဲရေး’မှာ လူကြိုက်များနိုင်သည်။ လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံများအရ အန္တရာယ်လည်းရှိလေသည်။ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ စေတနာမှန်သော အမြော်အမြင်ရှိသောခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြမည်နည်း။
တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးခေါင်းဆောင်များက လက်တွေ့ကျသောပထမလမ်းစဉ်ကို ရွေးလိုက်ကြသည်ကိုကြားရသောအခါ ကျေးဇူးတင်မိသည်။ အထူးသဖြင့် ဝါရင့်သမ္ဘာရင့်တော်လှန်ရေးသမားကြီး KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်လိုပုဂ္ဂိုလ်အချို့က ဒီမိုကရက်တစ်အဖြစ်ရပ်တည်ပြလိုက်ရာ သူ့စေတနာနှင့်အမြော်အမြင်ကိုအားကျရသည်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေထဲက နိုင်ငံရေးမီးရှူးမီးပန်းများကို မှုစရာမလိုတော့ပြီ။ တွေးမိတော့ပျော်သွားသည်”ဟုရေးထားသည်ကို ဖတ်ရသည်။ စာရေးဆရာကျော်ဝင်းသည် ထိုကဲ့သို့ သူနှင့်အမြင်မတူသူများကို ကလိလေ့၊ ရိလေ့ရှိသည်။  အသက်အရွယ်အရ ရင့်ကျက်မှုအားနည်းသောအရေးအသား၊ အမြင်များကြောင့် နှာခေါင်းရှုံ့မိပါတော့သည်။ သူဆိုလိုသည်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုတောင်းဆိုသည်က အကြောင်းမဟုတ်၊ ရက်ဒီကယ်ဖြစ်သည်ဟုဆိုလိုပါသည်။ သူ့အမြင်ဖြစ်၍ အထွေအထူးမပြောလိုပါ။ သို့သော် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထဲမှ နိုင်ငံရေးမီးရှူးမီးပန်းများ ဟု လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်တတ်သောစာရေးဆရာ၊ ကဗျာဆရာများကို သရော်လိုက်၊ ကလော်လိုက်သည်မှာ စိတ်ပျက်စရာကောင်းလှလေသည်။ ထိုလက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်သောစာရေးဆရာ၊ ကဗျာဆရာများမှာ ခွက်ပုန်းသမားများမဟုတ်ပေ။ ယခင်ကတည်းက စစ်အစိုးရကို အကြံပေး၊ နည်းပေးလမ်းပြလုပ်ခဲ့သောစာရေးဆရာများမှာ ယခုလည်း စစ်တပ်အကျိုးပြုရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခုပ်သြဘာတီးလက်ခံနေကြသူများ ဖြစ်လေသည်။

နိုင်ငံရေးသုတေသီဟု ခေါ်ဝေါ်သုံးစွဲနိုင်သည့် နိုင်ငံရေးပညာရှင်တစ် ဦးရှိပါသည်။ ထိုသူမှာ ဦးမင်းဇင်ဖြစ်၏။ သူသည် အမေရိကန်နိုင်ငံတွင် ပါရဂူဘွဲ့ယူဖို့ ပြင်ဆင်နေပြီး ယခင်စစ်အာဏာရှင်များကို အမြဲတစေဝေဖန်နေသူဖြစ်၏။ သူသည် ကျောင်းသားလှုပ်ရှားမှုများ၊ ဒီမိုကရေစီတိုက်ပွဲများတွင် ပါဝင်ခဲ့သူဖြစ်သလို စစ်အာဏာရှင်များ၏လုပ်ရပ်များကို အမြဲတစေဝေဖန်သုံးသပ် ခဲ့သူလည်း ဖြစ်ပါသည်။ မြစ်ဆုံဆည်ကိစ္စတွင် ဦးမင်းဇင်တင်ပြသောစာတမ်းမှာ အလွန်အရေးပါ၏။ သူက မြစ်ဆုံဆည်ကိစ္စတွင် တရုတ်တို့၏လုပ်ရပ်များ၊ တရုတ်တို့၏ တစ်ဖက်သတ်အကျိုးရှိဖို့အတွက်လုပ်ခဲ့သောလုပ်ရပ်များကိုစနစ်တကျလေ့လာကာ အင်တာနက်၌တင်ပြခဲ့သည်။ သူတင်ပြသောအချက်များကိုအခြေခံကာ အစိုးရကိုတင်ပြခဲ့သလို ပြည်သူများအားလည်းစည်းရုံးနိုင်ခဲ့သည်။ သူသည် စစ်အာဏာရှင်များကို အမြဲမပြတ်ထောက်ခံနေသူ မဟုတ်ပေ။ စနစ်တကျထောက်ပြ ပြောဆိုနိုင်သဖြင့် သူသည် နိုင်ငံရေးသုတေသီတစ်ဦးအဖြစ် သတ်မှတ်ခံရ သည်မှာ သင့်လျော်လှသည်။

၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တော်ဝင်နှင်းဆီခန်းမ၌ ”မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်ရမည့် အခွင့်အလမ်းနှင့်စိန်ခေါ်ချက်များ” အကြောင်းဆွေးနွေးပွဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတွင် ဦးမင်းဇင် က သူ့အမြင်နှင့်သုံးသပ်ချက်များကို ပြောဆိုခဲ့ပါသည်။
”အသွင်ကူးပြောင်းရေးကာလအတွင်း မြန်မာနိုင်ငံနဲ့ ဖွဲ့စည်းပုံခိုင်မာတဲ့အင်စတီကျူးရှင်းအဖြစ် စစ်တပ်သာရှိနေပြီး ကျန်အင်စတီကျူးရှင်းများအားနည်းနေကြောင်း ထောက်ပြ ခဲ့သည်။ မြန်မာနိုင်ငံ၏အခြေအနေသည် အင်စတီကျူးရှင်းများမရှိသည့်အပြင် Divided Society ဟုခေါ်သော မညီမညွတ်ဖြစ်နေသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်နေကြောင်းလည်း ပြောပြသည်။ နှစ်ပေါင်း များစွာဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ကံကြမ္မာတစ်ခုတည်းရှိသည်ဟု ပြည်သူများမခံယူကြကြောင်းနှင့် ထိုအခြေအနေသည် လုပ်ရကိုင်ရခက်ခဲသည်ဟု ပြောကြားသည်။ မြန်မာ့တပ်မတော်အားပြောင်းလဲရာတွင် တပ်မတော်၏လိုချင်တပ်မက်မှုများအားသိရှိရန်လိုအပ်ပြီး မြန်မာ့တပ်မတော်အနေဖြင့် နှစ်ပေါင်း ၂ဝ ကျော် တရုတ်အားမှီခိုအားထားခဲ့ရပြီး တရုတ်အားမှီခိုအားထားခြင်းဖြင့် ခေတ်မီသောတပ်မတော်မဖြစ်နိုင်ဟု တပ်မတော်ခေါင်းဆောင်များက နားလည်သည်ဟု ဦးမင်းဇင်က ပြောကြားသည်။ ယခုအခါ အနောက်နိုင်ငံများနှင့်ချိတ်ဆက်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများ ပြတ်ပြတ်သားသားမဆုံးဖြတ်နိုင်ပါက
အောက်ခြေလူတန်းစားအတွက် ဖိအားများဖြစ်လာနိုင်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် နိုင်ငံရေးပါတီအချို့၏ရုန်းထွက်မှုကြောင့် အောက်ခြေလူထု ပိုမိုဖိအားသက်ရောက် နိုင်ကြောင်း ပြောဆိုတင်ပြသွားခဲ့သည်။ ”နိုင်ငံရေးသုတေသီဟုပင် ခေါ်ခေါ်၊ နိုင်ငံရေးသိပ္ပံပညာရှင်ဟုပင်ဆိုဆို ဦးမင်းဇင်တင်ပြသွားသည်မှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကိုသာအဓိကထားပြောသွားပြီး စစ်တပ်ကိုလည်း Incentive မက်လုံးပေးကာ ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း ပြောကြားသွားခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဦးမင်းဇင်သည် သူနှင့်အယူအဆမတူသူများကို မထိတထိနှင့်သရော်ကာ ခပ်ညံ့ညံ့နိုင်ငံရေးသမားများကဲ့သို့ ဝေဖန်တိုက်ခိုက်သွားခြင်း မရှိပေ။ သူသည် စာရေးဆရာကျော်ဝင်းထက် ဆယ်စုနှစ် တစ်ခုခွဲခန့် အသက်ငယ်နိုင်သော်လည်း လူကြီးလူကောင်းဆန်ဆန်၊ ပညာရှင်ဆန်ဆန် ပြောကြားသွားသည်မှာ နည်းယူစရာ၊ လေးစားစရာကောင်းလှပေ သည်။

ကျွန်တော်တို့သည် ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်းကို သဘောကျပါသည်။ သို့သော် အခြေအနေအရပ်ရပ်သည်မိမိ သဘောအတိုင်းမဖြစ်နိုင်ပေ။ ယခုလက်ရှိအခြေအနေအရ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသာလျှင် အဆီလျော်ဆုံးဖြစ်နေသည်ကိုတွေ့ရ၏။ ပြည်ခိုင်ဖြိုးပါတီကလည်း ပြင်ဆင် လိုသည်။ အစိုးရကလည်း ငြင်းကွယ်ဆန့်ကျင်မည်မဟုတ်ဟုယူဆရပြီး လွှတ်တော်ကလည်း တက်တက်ကြွကြွရှိနေသည်။ နိုင်ငံရေးပါတီများ နှင့် NLD ကလည်း အတော်များများ ပြင်ဆင်ရေးဆွဲဖို့ပြင်နေလေသည်။ ထိုကဲ့သို့ပြင်ဆင်ရေးကို ကျွန်တော်တို့လည်း သဘောတူသည်။ စာရေးဆရာကျော်ဝင်းတို့၊ နိုင်ငံရေးသုတေသီဦးမင်းဇင်တို့လည်း သဘောတူကြပေမည်။ ကွန်တော်တို့အားလုံး တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးကိုကြည့်ကာ ဆောင်ရွက်ဖို့လို၏။ ကျွန်တော်တို့ သဘောထားကြီးဖို့လို၏။ ကလေးကလားမဆန်ဖို့၊ တစ်ဦးနှင့်တစ်ဦး လှုံ့ဆော်သလို၊ ရန်စသလို၊ သရော်ခြင်းမရှိဖို့လိုသည်။ အရေးကြီးသည်မှာ လူကြီးလူကောင်းဆန်ဖို့လိုခြင်းပင်။ ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေစဉ်တွင် ဘီယာဆိုင်ထိုင်သူများပါဖို့လိုသလို လက်ဖက်ရည်ဆိုင်တွင် မုန်တိုင်းတိုက်နေသူများလည်း ပါဖို့လို၏။ ထို့အပြင် အိမ်ခန်းထဲခွက်ပုန်းချသူများလည်း ငြိမ်းချမ်းရေးတံခါးကို အတူဖွင့်ဖို့လိုပါသည်။
ထက်မြက်
(.ူတာက ဒီနေရာကပါ)http://www.popularmyanmar.com/mpaper/2013/10/စာရေးဆရာ-ကျော်ဝင်း-နိုင်/


Tuesday, October 8, 2013

ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အေအေပီပီ၏စာတမ်း

0 comments
ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အေအေပီပီ၏စာတမ်း
ရက်စွဲ။ ။ အောက်တိုဘာလ ၄ ရက်၊ ၂ဝ၁၃ ခုနှစ်
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခြင်းနှင့်စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်း
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား အသုံးပြုပြီး တက်ကြွလှုပ်ရှာသူများအား ဖမ်းဆီးထိန်းသိမ်းကာ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများအား ချုပ်ချယ်ကန့်သတ်မှု များ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိနေပါသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီအနေဖြင့် ပုဒ်မ ၁၈မှ မြန်မာနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်ခွင့်များအား အန္တရာယ်ပြခြိမ်းခြောက်နေခြင်းနှင့် ဥပဒေပုဒ်မ ၁၈ အား အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေခြင်းအား မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှပါသတိထားမိလာစေရန် ထောက်ပြဖော်ထုတ်လိုပါသည်။
ပုဒ်မ ၁၈ အား ကျယ်ကျယ်ပြန့်ပြန့်အသုံးချကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးခြင်း၊ လုပ်ဆောင်ချက်နှင့်ပြစ်ဒဏ် မမျှတစွာ အကျဉ်းချအပြစ်ပေးခြင်းများလုပ်ဆောင်နေသည်ကို မိမိတို့ အေအေပီပီမှများစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ အခြားနိုင်ငံများတွင် ပြည်သူလူထုလွတ်လပ်ခွင့်များအား မည်သို့ခွင့်ပြုလုပ်ဆောင်ပေးသည်၊ ပြည်သူလူထုစုဝေးမှုများအား မည်သို့စီမံဆောင်ရွက်သည်ဆိုသည်ကို ယခုစာတမ်းတွင် နှိုင်းယှဉ်ထောက်ပြဖော်ပြသွားမည်ဖြစ်ပါသည်။ ထိုသို့ စုရုံးဆန္ဒပြခြင်းနှင့်ဆိုင်သည့်အခြေအနေအားကိုင်တွယ်ရန် မြန်မာအစိုးရမှအသုံးပြုနေသည့်နည်းလမ်းနှင့် အခြားဒီမိုကရေစီနိုင်ငံများတွင်အသုံးပြုသည့်နည်းလမ်းများ ကွာခြားပုံအားလည်း ယခုစာတမ်းမှ နှိုင်းယှဉ်ဖော်ပြသွားမည်ဖြစ် ပါသည်။ တက်ကြွလှုပ်ရှားသူများအား ထိမ်းချုပ်ရန်၊ အပြစ်ပေးရန်နည်းလမ်းတခုအဖြစ် ပုဒ်မ ၁၈ အား အသုံးချခြင်းသည် မြန်မာနိုင်ငံတွင်ဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းနှင့် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတရပ် အမြန်ဆုံး ဖော်ဆောင်ရန်လိုအပ်နေကြောင်း ထပ်မံဖော်ပြနေသည့်အခြေအနေတရပ်ပင် ဖြစ်ပါသည်။
ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား ပြဌာန်းလိုက်သည့် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ယခုလက်ရှိကာလအထိ ထိုဥပဒေအရပြစ်ဒဏ်ပေးခံရသူ အနည်းဆုံး ၂၉ ဦးရှိပြီး ထိုထဲမှ ၁၅ ဦးမှာ လက်ရှိကာလတွင် အကျဉ်းကျနေဆဲဖြစ်ပါသည်။ ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်ငွေ ကျပ် ၁ဝဝဝဝ မှ ၃ဝဝဝဝ အထိ ကျခံစေရန် ပြဌာန်းထားသဖြင့် ပြစ်ဒဏ်ပေးမှုမှာ ကျူးလွန်မှုနှင့် မမျှတသည့်ပြစ်ဒဏ်ပင်ဖြစ်ပါသည်။ ထို့အပြင် တက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် ခြိမ်းခြောက် နှောက်ယှက်မှုများလုပ်ဆောင်နိုင်စေရန် ထိုဥပေဒမှခွင့်ပြုထားသဖြင့် လွတ်လပ်စွာဖွင့်ဟဖော်ထုတ်နိုင်ခွင့်နှင့်ပတ်သက်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများကို သာမက မြန်မာနိုင်ငံ၏အခြေခံဥပဒေတွင် ထည့်သွင်းအတည်ပြုပေးထားသည့်စံညွှန်းများကိုပါ အတိအလင်း ချိုးဖောက်နေသည့်ဥပဒေဖြစ်ပါသည်။ ထိုဥပဒေအား တပြေးညီကျင့်သုံးခြင်းမဟုတ်ပဲ အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်၊ အကြောင်းအရာတို့ပေါ် မူတည်ကာ ပုံစံကွဲပြားစွာကျင့်သုံးခြင်းအားကြည့်ခြင်းဖြင့် အာဏာပိုင်များမှ တရားစီရင်ရေးအား ၄င်းတို့အကျိုးအတွက် လိုသလို အသုံးပြုနေကြောင်း အထင်အရှားတွေ့မြင်နိုင်ပါသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တဖက်တွင် လူ့အခွင့်အရေးလှုပ်ရှားသူများအား ထိုဥပေဒအရ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ပေးနေချိန် အခြားတဖက်တွင် အာဏာပိုင်များမှ ၄င်းတို့နှင့်အလွမ်းသင့်သူများအား လွတ်လပ်စွာ စုရုံးခွင့်ပေးထားသည့်သာဓကများ ရှိနေပါသည်။
တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းရန်အတွက်အသုံးပြုသည်သာမက ထိုပုဒ်မအရ တရားစွဲဆိုအမှုတပ်ခံရသူများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တို့အား ကန့်သတ်ထိန်းချုပ်ရန်အတွက်ပါ ပုဒ်မ ၁၈ အား အသုံးပြုသည်ကိုတွေ့ရပါသည်။ အမှုရင်ဆိုင်နေရသူများ အနေဖြင့် မြို့နယ်မတူသည့်တရားရုံးများတွင် အမှုစွဲဆိုခံရသည့်အပြင် အမိန့်မချမီ ရုံးချိန်းပေါင်းများစွာဆင့်ခေါ်ချိန်းဆိုခံရသဖြင့် ရုံးချိန်းများတက်ရန် မကြာခဏ ခရီးဝေးသွားရသည့်အခြေအနေအား ရင်ဆိုင်ကြရပါသည်။
ထိုသို့ တက်ကြွလှုပ်ရှားသူများအား တရားရုံး ရုံးချိန်းများနှင့်အလုပ်ရှုပ်နေကာ ဘယ်မှမသွားနိုင် ဘာမှမလုပ်နိုင်စေရန် ကန့်သတ်ထားခြင်း အားဖြင့် ၄င်းတို့၏နေ့တဓူဝနေထိုင်မှုဘဝအား အာဏာပိုင်တို့မှ တရားမမျှတစွာထိန်းချုပ်နိုင်ခွင့်အား ပုဒ်မ ၁၈ မှ ခွင့်ပြုထားရုံသာမက မည်သည့် နိုင်ငံရေး လူ့အခွင့်အရေးတက်ကြွသူကိုမဆို ခြိမ်းခြောက်နှောက်ယှက်ခွင့်အားလည်း တရားဝင်ဖြစ်စေရန်အပ်နှင်းထားပါသည်။
အဖမ်းအဆီးများနှင့်ပတ်သက်ပြီး မကြာခနကြုံတွေ့လာရသည့်ပုံစံသစ်တခုမှာ တက်ကြွလှုပ်ရှားသူများမှ ၄င်းတို့ဆန္ဒပြချင်သည့် အကြောင်းအရာနှင့်အချိန်ကာလမတိုင်မီ မည်သည့်အတွက် မည်သည့်အချိန် မည်သည့်နေရာတွင်ဆန္ဒပြချင်ကြောင်း ဆန္ဒပြခွင့်ရရန် ကြိုတင်ကာ လျှောက်လွှာတင်သွင်းခွင့် တောင်းကြပါသည်။ သို့သော်လည်း တက်ကြွလှုပ်ရှားသူများအနေဖြင့် ၄င်းတို့၏အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်အား ပုဒ်မ ၁၈ အားအသုံးချကာ ဟန့်တားပိတ်ပင်မှုများနှင့်သာ အများအားဖြင့်ကြုံကြရပါသည်။ ထိုသို့ ဆန္ဒပြခွင့် တရားဝင်အခွင့်အရေးမှာ မြန်မာနိုင်ငံ၏ ၂ဝဝ၈ အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားရုံသာမက လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အနိမ့်ဆုံး မရှိမဖြစ်အဖြစ်အပ်နှင်းရန်သဘောတူသတ်မှတ်ထားသည့် နိုင်ငံတကာစံချိန်စံနှုန်းများထဲတွင် တခုအပါအဝင်ဖြစ်ပါသည်။
မရှိမဖြစ် အနိမ့်ဆုံး နိုင်ငံတကာ စံချိန်စံနှုန်းများ
ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် ဆန္ဒပြချင်သူများအတွက် ၄င်းတို့အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်အား အကာအကွယ်ပေး အာမခံထားသည့်မူဝါဒများ၊ သဘောတူညီချက်များ ချမှတ်ပြဌာန်းထားပါသည်။ ဆန္ဒပြချင်သူများအနေဖြင့် မည်သည့်အတွက် ဆန္ဒပြသည်ဆိုသည့်ရည်ရွယ်ချက်အား အာဏာပိုင်များသိစေရန် အလေးထားလာစေရန်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒပြချင်သူများအနေဖြင့် စုဝေးခွင့်ဆန္ဒပြခွင့်အတွက် ခွင့်တောင်းရန်မလိုအပ်ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံတွင်မူ အကျိုးအကြောင်းညီညွတ်စွာ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တောင်းခံမှုများအားငြင်းပယ်ရန်နှင့် ခွင့်ပြုချက်တောင်းသော်လည်း မရသည့်အတွက် ခွင့်ပြချက်မရှိပဲဆန္ဒပြကြသည့်ဆန္ဒပြသူများအား ဖမ်းဆီးအရေးယူရန် ပုဒ်မ ၁၈ အား များသောအားဖြင့်အသုံးချမှုများ မကြာခဏ ဖြစ်ပွားနေပါသည်။
ဥရောပသမဂ္ဂ လူ့အခွင့်အရေးသဘောတူညီချက် အခန်း ၁၁ တွင် အစိုးရများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား ချောချောမွေ့မွေ့ဖြစ်စေ ရေးအတွက်ပံ့ပိုးပေးရမည်ဟု အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

၁။ လူတိုင်းတွင် ငြိမ်းချမ်းစွာစုဝေး၊ စုရုံးပိုင်ခွင့်နှင့် အလုပ်သမားသမဂ္ဂများဖွဲ့စည်းခြင်းအပါအဝင် မိမိအခွင့်အရေးနှင့်အကျိုးစီးပွားတို့အား ကာကွယ်ရန် အခြားသူများနှင့်စုပေါင်းကာ အဖွဲ့အစည်းအသင်းပင်းများ ဖွဲ့စည်းပိုင်ခွင့်ရှိသည်။

၂။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုတွင်း အခြားသူများ၏လွတ်လပ်ခွင့်များ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား များအားကာကွယ်ရန်အတွက်၊ ရာဇဝတ်မှုများ သို့မဟုတ် ဆူပူရမ်းကားမှုများအား ဟန့်တားရန်အတွက်၊ ပြည်သူလူထုလုံခြုံရေး သို့မဟုတ် နိုင်ငံတော်လုံခြုံရေးတို့အားကာကွယ်ရန်အတွက် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဥပဒေမှပြဌာန်းဟန့်တားထားသည်များမှလွဲ၍ ထိုအခွင့်အရေး များအားကျင့်သုံးသည်ကို ပိတ်ပင်ဟန့်တားမှုများ မရှိစေရ။ ထိုဆန္ဒပြခွင့်အခွင့်အရေးများအား အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများ သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှကျင့်သုံးခြင်းမရှိစေရန် ဥပဒေအရတားဆီးစည်းကြပ်ထားခြင်းများအား ယခု သဘောတူညီချက်မှ ဟန့်တားပိတ်ပင်ခြင်းမရှိစေရ[1]။

၁၉၄၈ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နှင့် ၂ဝ တို့တွင်လည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ပတ်သက်သည့်အခွင့်အရေးများအား အောက်ပါအတိုင်းထည့်သွင်းပြဌာန်းထားပါသည်။

အပိုဒ် ၁၉။ လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့်သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂ဝ။
၁။ လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
၂။ မည်သူကိုမျှ အဖွဲ့အစည်းတခုသို့ဝင်စေရန် အတင်းအကျပ်မပြုရ[2]။

နိုင်ငံတကာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (International Covenant on Civil and Political Rights-ICCPR) အပိုဒ် ၂၁ တွင်လည်း “လွတ်လပ်စွာစုရုံးပိုင်ခွင့်အား အသိအမှတ်ပြုရမည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုတွင်း အခြားသူများ၏ လွတ်လပ်ခွင့်များ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများအားကာကွယ်ရန်အတွက်၊ ရာဇဝတ်မှုများ သို့မဟုတ် ဆူပူရမ်းကားမှုများအားဟန့်တားရန်အတွက်၊ ပြည်သူလူထုလုံခြုံရေး သို့မဟုတ် နိုင်ငံတော်လုံခြုံရေးတို့အားကာကွယ်ရန်အတွက် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဥပဒေမှပြဌာန်းဟန့်တားထားသည်များမှလွဲ၍ ထိုအခွင့်အရေးများအားကျင့်သုံးသည်ကို ပိတ်ပင်ဟန့်တားမှုများ မရှိစေရ။[3]” ဟု အတိအလင်းထည့်သွင်းပြဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုသဘောတူစာချုပ်အား လက်မှတ်ရေးထိုး အတည်ပြုထားသည့် နိုင်ငံပေါင်း ၁၆၇ နိုင်ငံတွင်မပါဝင်သော်လည်း လွတ်လပ်သည့်ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်အားခွင့်ပြုရန် မည်မျှအရေးပါကြောင်း သဘောတူစာချုပ်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည်။

အဆိုပါ နိုင်ငံတကာကြေညာစာတမ်းများ သဘောတူညီချက်များနှင့် စာချုပ်စာတမ်းများအားလုံးအနေဖြင့် ပြည်သူလူထု၏ဆန္ဒပြခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးများတည်ရှိနေသည်ဆိုသည်နှင့် ၄င်းအခွင့်အရေးများအား မြှင့်တင်ကာကွယ်ပေးရန်လိုအပ်ချက်သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများလုပ်ဆောင်ရမည့် အခြေခံလိုအပ်ချက်ပင်ဖြစ်ကြောင်း ဖော်ပြနေကြပါသည်။ ပြည်သူလူထု၏အခြေခံအခွင့်အရေးများအား ကာကွယ်ရန်လိုအပ်ကြောင်း မည်သို့ပင် ဖော်ပြအတည်ပြုထားသည်ဖြစ်စေ မြန်မာနိုင်ငံတွင်မူ ပုဒ်မ ၁၈ သည် ၄င်းတို့၏ လူ့အခွင့်အရေးများ အား လက်တွေ့ကျင့်သုံးရန်ကြိုးပမ်းသည့် တက်ကြွလှုပ်ရှားသူများအား အရေးယူအပြစ်ပေးရန်ရည်ရွယ်ချက်ဖြင့်သာ တည်ရှိနေခြင်း ဖြစ်ပါသည်။
မြန်မာအစိုးရအနေဖြင့် လွတ်လပ်မျှတသည့်ဒီမိုကရေစီအစိုးရဖြစ်လာစေရန် အမှန်တကယ်စစ်မှန်သည့်စိတ်ဆန္ဒရှိသည်ဆိုပါက ပုဒ်မ ၁၈ ကို သာမက ၄င်း ပုဒ်မကိုအသုံးပြုသည့်နည်းလမ်းများကိုပါ ပြုပြင်ပြောင်းလဲရန်လိုအပ်ပါသည်။ စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံများအနေဖြင့် လက်ရှိ အုပ်ချုပ်သူများအားဆန့်ကျင်သူများ၊ သို့မဟုတ် စိတ်သဘောမတိုက်ဆိုင်သူများအား ခြိမ်းခြောက်အကျပ်ကိုင်ဟန့်တားနှောက်ယှက်ရန် သို့မဟုတ် အပြစ်ပေးအရေးယူရန်ရည်ရွယ်ချက်ဖြင့် ဥပဒေများအားပြဌာန်းခြင်း၊ အသုံးပြုခြင်းမျိုး မရှိသင့်ပါ။ ယခုကဲ့သို့ တက်ကြွလှုပ်ရှားသူ များအား ဖမ်းဆီးအကျဉ်းချရန်၊ ၄င်းတို့၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာစုရုံးခွင့်အား ငြင်းပယ်ကန့်သတ်ရန် ပုဒ်မ ၁၈ ကို အသုံးချနေခြင်းအားကြည့်ခြင်းအားဖြင့် လွတ်လပ်ပြီး ပြည်သူတို့၏အခွင့်အရေးများအားအာမခံပေးထားသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ရောက်ရှိရန် မြန်မာအစိုးရအနေဖြင့် များစွာအလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပါသည်။
ပုဒ်မ ၁၈ အား လိုသလိုအသုံးချမှုတွင် ဓားစာခံဖြစ်ရသူတို့၏ ဥပမာများ
အောက်ဖော်ပြပါဖြစ်ရပ်များသည် ပုဒ်မ ၁၈ အားအသုံးပြုကာ တက်ကြွလှုပ်ရှားသူများအားဖမ်းဆီးအကျဉ်းချခြင်းများမှ ထင်ရှားသည့် ဥပမာအချို့ဖြစ်ပါသည်။

အငြင်းပွားနေဆဲ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအားဆန့်ကျင်ကန့်ကွက်သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုတရပ်စီစဉ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဦးမြင့်အောင်သည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အမိန့်ချအပြစ်ပေး ခံရပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်း ဖြစ်သော်ငြားလည်း ဦးမြင့်အောင်အနေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၈ လ ချမှတ်အပြစ်ပေးခံခဲ့ရပါသည်။ ဦးမြင့်အောင်၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာလည်း ကျပ် ၃ဝဝဝဝ စီ ဒဏ်ငွေချမှတ် ခံခဲ့ရပါသည်။

ဒေါ်နော်အုန်းလှအနေဖြင့် လက်ပံတောင်းကြေးနီစီမံကိန်းအားကန့်ကွက်သည့် လူထုဆန္ဒပြပွဲတခုအတွက် ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပါ။ ခွင့်ပြုချက်တောင်းခံသည်ကို ငြင်းပယ်ခံရရုံသာမက ဒေါ်နော်အုန်းလှသည် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅ဝ၅ (ခ) တို့ကို ကျူးလွန်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါသည်။ ဒေါ်နော်အုန်းလှအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အတင်းအကျပ်အကြမ်းဖက်ဖမ်းဆီးရာတွင် အဝတ်အစားများစုတ်ပြဲကုန်သည်အထိ တွန်းထိုးဆွဲယမ်းဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ဒေါ်နော်အုန်းလှသည် ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံခဲ့ရပြီး ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသည့်အမှုအား ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

ကိုမိုးသွေးသည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လမ်းလျှောက်ချီတက်သည့်အတွက် ပုဒ်မ ၁၈ အရစွဲဆိုထားသည့်အမှုအား ရင်ဆိုင် နေရပါသည်။ ကိုမိုးသွေးသည် ၂ဝ၁၂ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်နော်အုန်းလှနှင့်အတူ ပုဒ်မ ၁၈ အရ ထပ်မံတရားစွဲဆိုခံခဲ့ရကာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကိုအောင်စိုးနှင့်အတူဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ထို့နောက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကိုဒီငြိမ်းလင်းနှင့်အတူ ထပ်မံစွဲဆိုကြားနာခံခဲ့ ရပါသည်။ ကိုမိုးသွေးသည် ပုဒ်မ ၁၈ အရ အမှုပေါင်း ၃ မှု စွဲဆိုခံထားရပါသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မီတီမှ ကိုထင်ကျော်သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုကန့်ကွက်ဆန္ဒပြသူများအား အာဏာပိုင်များမှ အကြမ်းဖက်ဖြိုခွဲရာတွင် ဒဏ်ရာရရှိခဲ့သည့်သံဃာတော်များအရေးအား ဖြေရှင်းပေးရန်အတွက် အာဏာပိုင်များအား တောင်းဆိုဆန္ဒပြသည့်အနေဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သိမ်ကြီးဈေးမှ ဆူးလေဘုရားလမ်းအထိ တကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပုဒ်မ ၁၈ အရ တရားစွဲဆိုခံခဲ့ရပါသည်။ ကိုထင်ကျော်နှင့် လုပ်ဖော်ကိုင်ဖက် ၃ ဦးမှာ အင်းစိန်အကျဉ်းထောင်တွင် အချုပ်အဖြစ် ထိန်းသိမ်းခြင်းခံနေကြရပြီး ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅ဝ၅ (ခ) တို့အရ စွဲဆိုထားသည့် နောက်ထပ်အမှုများရင်ဆိုင်နေကြရပါသည်။

မျိးဆက်လှိုင်းနှင့်လူငယ်မျိုးဆက်အဖွဲ့ဝင်များဖြစ်ကြသည့် တင်ထွဋ်ပိုင်၊ လှိုင်မင်းဦး၊ စည်သူ၊ ကျော်သူ၊ နီလာဟန်နှင့် ကျော်နေလင်းတို့သည် ခွင့်ပြုချက်မရှိပဲဆန္ဒပြသည်ဟူသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေကြရပြီး ၄င်းတို့ ဆန္ဒပြရာတွင် ဖြတ်သန်းခဲ့သည့် မြို့နယ် ၇ မြို့နယ် တရားရုံး တခုချင်းစီတို့မှ စွဲဆိုမည့် ပုဒ်မ ၁၈ စွဲဆိုချက်များအားရင်ဆိုင်ကြရဖွယ်ရှိပါသည်။ ၄င်းတို့ဆန္ဒပြခဲ့သည်မှာ ပုဒ်မ ၁၈ အား လိုသလိုအသုံးချနေခြင်းအား ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ၄င်းတို့ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပုဒ်မ ၁၈ အရ ထိန်းသိမ်းခံနေကြ ရခြင်းဖြစ်ပါသည်။ တနေ့ထဲတွင်ပင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့်အမှတ်တရအထိမ်းအမှတ်အဖြစ် လူရာပေါင်းများစွာအား ဦးဆောင်ချီတက်ဆန္ဒပြသည့်အတွက်ကြောင့် အခြားတက်ကြွလှုပ်ရှားသူနှစ်ဦးမှာလဲ ပုဒ်မ ၁၈ အရ တရားစွဲဆိုခံခဲ့ရပါသည်။

၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးထွန်းထွန်းဦးနှင့်ဦးသန်းဝင်းတို့သည် လူ ၂ဝဝ ခန့်အား ဦးဆောင်ကာဆန္ဒပြသည့်အတွက်ကြောင့် ပုဒ်မ ၁၈ အရ စွဲဆိုခံခဲ့ရပါသည်။ ၄င်းတို့အနေဖြင့် ဆန္ဒပြခွင့်ရရှိရန် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် တင်ပြတောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟူသည့်အကြောင်းပြချက်ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပါသည်။

အထက်ဖော်ပြပါ ဥပမာများသည် တရားဝင်ခွင့်ပြုထားသည့်ဆန္ဒပြခွင့်အား လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးရန်ကြိုးစားရင်း တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးထိန်းသိမ်းခံရ သို့မဟုတ် အမှုစွဲဆိုခံရသည့်ဖြစ်ရပ်များထဲမှ ဥပမာ အချို့ပင်ဖြစ်ပါသည်။ လက်ရှိကာလတွင် ပုဒ်မ ၁၈ အရ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရသူပေါင်း ၁၂၈ ဦး ရှိပါသည်။ ထိုကဲ့သို့တရားစီရင်ရေးအား ဖိနှိပ်အုပ်ချုပ်ရန်အတွက် လိုသလိုအသုံးချနေခြင်းသည် မြန်မာနိုင်ငံတွင် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတရပ်လုပ်ဆောင်ရန်နှင့် ဥပဒေစိုးမိုးမှုတရပ် ထူထောင်ရန် အမှန်တကယ်အရေးတကြီးလိုအပ်နေကြောင်း သိသာထင်ရှားစေသည့် အချက်ပင်ဖြစ်ပါသည်။
“ဒါဟာ မြန်မာနိုင်ငံရဲ့ဥပဒေစိုးမိုးမှုပါ။ အာဏာပိုင်တွေကိုအလုပ်အကျွေးပြုဖို့အတွက်ပဲအလုပ်ဖြစ်တဲ့ ဥပဒေစိုးမိုးမှုပါ။ ပြည်သူလူထုကို ကာကွယ်ဖို့ ဒါမှမဟုတ် ကျမတို့အားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကိုကာကွယ်ဖို့ရည်ရွယ်တဲ့ ဥပဒေစိုးမိုးမှုမဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုမရှိသမျှ လူ့အခွင့်အရေးအတွက်အာမခံချက်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။”
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၂ဝ၁၂[4]

အနိမ့်ဆုံးမရှိမဖြစ် လူ့အခွင့်အရေးစံချိန်စံနှုန်းများအား အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲသည် ဥပဒေစိုးမိုးရေး ဆိုသည်မှာ အုပ်ချုပ်သူများအကျိုးစီးပွားအတွက်ဦးတည်လုပ်ဆောင်သည့်လုပ်ဆောင်မှုများဖြစ်သည်ဟု အစိုးရအာဏာပိုင်များမှ ယူဆနေသည့်အချက်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အခြေခံအခွင့်အရေးများအားကာကွယ်ပေးခြင်း ကင်းမဲ့နေပါသည်။ ပြည်သူလူထု၏ အခွင့်အရေးများအတွက်ဆောင်ရွက်ပေးရန် သို့မဟုတ် ကာကွယ်ပေးရန်ဖန်တီးထားသည့်တရားစီရင်ရေးစံနစ်တရပ်မရှိလျှင် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့အကျိုးရှိမည့် အပြောင်းအလဲအစစ်အမှန်များအားလည်း ဖော်ဆောင်ရန်ခဲယဉ်းပါလိမ့်မည်။ ထို့အတွက် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခြင်းမှစတင်ကာ ဥပဒေစိုးမိုးရေးတရပ်တည်ထောင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ဆောင်ရမည့်လုပ်ငန်းတရပ်ဖြစ်ပါသည်။ ပြည်သူလူထု၏ လူ့အခွင့်အရေးအားကာကွယ်ပေးရန်ရည်ရွယ်ချက်ဖြင့်ဖော်ဆောင်သည့် ဥပဒေစိုးမိုးမှုဖြစ်ရပါမည်။ ပုဒ်မ ၁၈ ကဲ့သို့ မျှတမှုမရှိ ရည်ရွယ်ချက်မမှန်သည့်ဥပဒေများအား ပြည်သူလူထုကိုဖိနှိပ်အုပ်ချုပ်ရန် အစိုးရမှ အသုံးချခွင့်ရနေသမျှကာလပတ်လုံး ပြည်သူလူထုတရပ်လုံးသည်လည်း တရားမမျှတသည့်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ ဥပဒေစိုးမိုးမှုသည် ပြည်သူလူထုအခွင့်အရေးများအားကာကွယ်ပေးသည့်ဥပဒေစိုးမိုးမှု ဖြစ်ရပါမည်။ ပြည်သူလူထု ရင်ဆိုင်နေရသည့် အပြစ်ပေးအရေးယူခံရခြင်းအား စိုးရွံ့မှုကိုဖယ်ရှားပေးရန်ရည်ရွယ်ချက်ဖြင့်ဖော်ဆောင်သည့် ဥပဒေစိုးမိုးမှုဖြစ်ရပါမည်။ တရားစီရင်ရေးအား အုပ်ချုပ်ရေးပိုင်းမှလွှမ်းမိုးစွက်ဖက်နေသည်ကိုဖယ်ရှားကာ တရားစီရင်ရေးအားသီးသန့်ဖြစ်စေရန် သီးခြားရပ်တည် နိုင်စေရန် ဖယ်ထုတ်လိုက်ခြင်းအားဖြင့် ဥပဒေစိုးမိုးမှုသည် နိုင်ငံရေးအရအသုံးချခံ သို့မဟုတ် အစိုးရအာဏာပိုင်များ၏အကျိုးစီးပွားအတွက် အသုံးချခံအဖြစ်မှလျော့နည်းကင်းလွတ်သွားမည်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ စံချိန်စံနှုန်းများ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်းများအား ပါဝင်အတည်ပြုလက်မှတ်ရေးထိုးခြင်းအားဖြင့်လည်း မြန်မာနိုင်ငံတွင် အမှန်တကယ် လွတ်လပ်တရားမျှတသည့် တရားစီရင်ရေးမဏ္ဍိုင်တခုတည်ထောင်နိုင်ကြောင်း ဖော်ပြရာရောက်ပါသည်။ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမရှိတော့သည့် ဥပဒေဟောင်းများအားပယ်ဖျက်လိုက်သော်ငြား အသစ်ပြဌာန်းသည့် ဥပဒေများသည် ဖိနှိပ်အုပ်ချုပ်ရေးကို ဆက်လက်အထောက်အကူပြုနေသည့်ဥပဒေများဖြစ်နေပါသည်။ အမှန်တကယ် အမှီအခိုကင်း လွတ်လပ်မျှတသည့်တရားစီရင်ရေးမဏ္ဍိုင်တရပ်တည်ရှိခြင်းအားဖြင့် ရေးဆွဲပြဌာန်းသောဥပဒေများသည် အစိုးရအကျိုးစီးပွားအတွက် မဟုတ်ပဲ ပြည်သူလူထုအခွင့်အရေးများအားမြှင့်တင်ပေးရန် ကာကွယ်ပေးရန် ပိုမိုအာမခံချက်ပေးနိုင်ပါလိမ့်မည်။
ဆန္ဒပြခွင့်ဥပဒေသည် အပေါ်ယံအားဖြင့် ပြည်သူလူထု၏လွတ်လပ်စွာဆန္ဒပြခွင့်အား အသိအမှတ်ပြုကာကွယ်ပေးရန်ပြဌာန်းထားသည့် အသွင် ဆောင်သော်လည်း အတွင်းအနှစ်သာရတွင်မူ တက်ကြွလှုပ်ရှားသူများအား ချုပ်ချယ်ကန့်သတ်ရန် အပြစ်ပေးအရေးယူရန် ဇောင်းပေးထားသည့်အတွက် ထိုအချက်များအားဖယ်ရှားပြုပြင်ရပါမည်။ ထိုဥပဒေအား လက်ရှိအသုံးပြုနေသည့်ပုံစံအားကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူများအား ခြိမ်းခြောက်ဟန့်တား နှောက်ယှက် ဖိနှိပ် အပြစ်ပေးခြင်းများအား ဥပေဒမှခွင့်ပြုနေပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်လုပ်ကိုင်နေသည့်ပြုပြင်ပြောင်းလဲရေးများသည် ပြည်သူလူထုနှင့် ၄င်းတို့၏အခွင့်အရေးများအားကာကွယ်ပေးရန် လုံလောက်သည့်လုပ်ဆောင်မှုများမဟုတ်ကြောင်းဖော်ပြနေသည့် တိုက်ရိုက်ဥပမာပင်ဖြစ်ပါသည်။ ထို့ကြောင့် ပုဒ်မ ၁၈ ကို ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်နေသည့် တရားစီရင်ရေးမဏ္ဍိုင်ပြုပြင်ပြောင်းလဲရေး၏အစိတ်အပိုင်းတခုအဖြစ် လုပ်ဆောင်ရပါမည်။ အမှီအခိုကင်းပြီး လွတ်လပ်မျှတသည့်တရားစီရင်ရေးမဏ္ဍိုင်တရပ်ဖော်ဆောင်ခြင်းနှင့် တရားမျှတ ဘက်မလိုက်သည့်ဥပဒေစိုးမိုးမှုတရပ် တည်ထောင်ခြင်းတို့သည် ဒီမိုကရေစီစံနစ်ဆီသို့ချီတက်ရာတွင် အဓိကလုပ်ဆောင်ရမည့်အချက်များ ဖြစ်ကြပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်- ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှုး) ဝ၉၄ ၂၅၃ဝ ၈၈၄ဝ