Sunday, November 3, 2013

၂ဝ၁၃ နိုဝင်ဘာဆန်းဆန်းခြင်းရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၃ နိုဝင်ဘာဆန်းဆန်းခြင်းရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
ဟိုနေ့ညနေက အေးသိန်းထွေးတို့ အကောင်းစားဆိုင်မှာစားဖို့ ဆိုင်ထဲအဝင် အထဲကပြန်ထွက်လာတဲ့အမေရိကန်မိတ်ဆွေ (ဗမာစကားထိုက်လေက်တတ်)နဲ့ အပေါက်ဝမှာ သွားတိုးတယ်။ သူက လက်အုပ်လေးခပ်ဖွဖွချီပြီး ”မင်္ဂလာပါ”လို့ နှုတ်ဆက်တယ်။ ကျနော်က ”နေကောင်းလား”လို့ပြန်မေးတော့ သူ တချက်ကြောင်သွားတယ်။ ဒါပေမယ့် ချက်ခြင်းပဲ လက်အုပ်လေးပြန်ဖြည်ပြီး”ကောင်းတာပေါ့..ခင်ဗျားရော” တဲ့။ ”ကောင်းပါတယ်။ ထမင်းလာစားတာလား” ဆိုတော့ ”ဟုတ်တယ် ဒီညနေစာ အပြင်မှာထွက်စား တာလေ” လို့ပြောပြီး ရယ်နေတယ်။ ဒါနဲ့ ”ဝင်လိုက်ဦးမယ်နော်၊ ကျနော်တို့ တနေ့လုံးလိုလို ဘာမှ မစားရသေးဘူး၊ ဗိုက်နည်းနည်းဆာနေပြီ၊ နောက်မှ အေးဆေးတွေ့ကြတာပေါ့”ဆိုတော့ သူက ”အေးကွာ မင်းနဲ့ပြောရတာ တမျိုးပဲ”လို့ပြောရင်း ရယ်ပြီး လမ်းဖယ်ပေးတယ်။ ဗမာတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဘယ်လိုစ နှုတ်ဆက်ကြသလဲမေးတဲ့ အမေရိကန်တွေကို ”ငါတို့မှာ မင်းတို့လို တယောက်ကိုတယောက် သိသိ/မသိသိ How are you doing တို့ How have you been တို့ How are you today တို့ စသည်ဖြင့်ပြောလေ့ မရှိသလောက်ပဲ”လို့ပြောပြတတ်တယ်။ လူချင်းလည်းသိ၊ ရင်းလည်းရင်းဆိုရင်တမျိုး၊ ကြီးသူ/ငယ်သူဆိုတမျိုး၊ ရာထူးဂုန်သိန်မြင့်သူ/နိမ့်သူဆိုတမျိုး၊ ဘုန်းကြီး/မယ်သီလဆိုတမျိုး စသည်ဖြင့်လည်း နည်းနည်းပြောပြတတ်ပါတယ်။ အပြင်မှာ၊ အရပ်ထဲမှာ လူတယောက်နဲ့တယောက်တွေ့ရင် သိသိ/မသိသိ လက်အုပ်လေးတွေချီပြီး ”မင်္ဂလာပါ”လို့ နှုတ်ဆက်တဲ့ အလေ့မရှိတဲ့အကြောင်း၊ အိမ်နီးခြင်းထိုင်း၊ အိန္ဒိယနဲ့သီရိလင်္ကာတို့မှာတော့ အဲ့သလိုနှုတ်ဆက်လေ့ ရှိကြောင်း၊ ဗမာပြည်က တီဗီတို့ရေဒီယိုတို့ ဇာတ်တို့အငြိမ်တို့ စတာမျိုးတွေမှာတော့ပြောလေ့ရှိကြောင်း၊ လက်ရှိစစ်အာဏာရှင်တွေခေတ်ဦးကစပြီး ကျောင်းတွေမှာနဲ့ သူတို့ရောက်ရာနေရာတွေမှာ လူတွေကို လက်အုပ်ချီနှုတ်ဆက်ခိုင်းပြီး အဲ့ဒါကိုသာယာတတ်ကြကြောင်းတွေလည်းပြောဖြစ်ပါတယ်။ ထိုင်းမှာနေတုန်း ကတော့ ထိုင်းအလေ့မို့ ထိုင်းနေဗမာတွေလည်း လက်အုပ်လေးတွေချီပြီး ဆဝါရီခပ်ဘာညာလုပ်တာ မြင်စကတော့ အမြင်ဆန်းပေမယ့် နောက်တော့ အပြန်အလှန် ကြီးသူငယ်သူ၊ လူမျိုးဘာသာမခွဲပဲနှုတ်ဆက်ကြတာဆိုတော့ ကြည့်ရမြင်ရတာ လှတောင်လှပနေသလိုပါပဲ။ ဒီ အမေရိကန်မှာ နိုင်ငံခြားသားတွေကို ဘယ်ဗမာပြည်သားကများစပြီး ဗမာတွေနှုတ်ဆက်ရင် လက်အုပ်လေးချီပြီး ”မင်္ဂလာပါ”လို့နှုတ်ဆက်ကြောင်းသင်ပေးခဲ့မှန်း သင်ပေးနေမှန်း ကျနော်မသိတာတော့ အမှန်ပါ။ အဲ့သလိုနှုတ်ဆက်တာကောင်း/မကောင်းပြောခြင်း မဟုတ်ပေမယ့် အဲ့သလိုနှုတ်အဆက်ခံရတိုင်း မနေတတ်မထိုင်တတ်နဲ့ ရှက်တက်တက်ကြီးတော့ဖြစ်ရတယ်။ လုပ်ချင်လို့ ကိုယ့်ဘာသာကိုယ် လုပ်ချင်လည်းလုပ်ပေါ့လေ။ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် အဲ့ဒါ ဗမာ့ယဉ်ကျေးမှုလို့ပြောနေတာတော့ သိတ်ပုံမကျဘူးမှတ်တာပဲ။ (မင်္ဂလာပါနဲ့စပ်လို့)

ဘယ်လူမျိုးစု(တိုင်းရင်းသားပဲထားပါ)ကမှ ”ငါတို့က လူနည်းစုဖြစ်လို့ မင်းတို့ထက်အခွင့်အရေး
ပိုရသင့်တယ်တို့၊ ပိုပေးရမယ်တို့ဆိုပြီးတောင်းဆိုနေတာပြောနေတာ ဘယ်တုန်းကမှမရှိဘူး။ သူတို့ပြောနေတာက တို့လည်း မင်းတို့လို လူမျိုးစုတစုပဲ၊ တို့လည်း မင်းတို့နဲ့တန်းတူအခွင့်အရေးရှိရမယ်..ပေးလို့ပြောနေတာ” လူနည်းစုမို့အခွင့်အရေး ပိုပေးစရာမလိုသလို လူများစုမို့အခွင့်အရေးပိုယူစရာလည်းမလိုဘူး။ တန်းတူညီမျှဆိုတာ အရည်အချင်းတူညီမှုမှာအခြေခံရတယ်။ အရေအတွက်နဲ့မဆိုင်ဘူး။ ဗမာဟာလည်း လူမျိုးစု (၈)စုထဲက (၁)စုပဲဖြစ်တယ်။ အရည်အချင်းမှာတူတယ်။ (တန်းတူရေးနဲ့စပ်လို့)

ဒေါ်စုက ဟိုလိုပြော ပြောပြန်လို့၊ ဒီလိုပြော ပြောပြန်လို့ သူ့အပြောတွေလိုက်ခံစားရင်း ဝေဒနာမျိုးစုံဖြစ်နေ ကြသူတွေကိုနားလည်ဖို့ ပိုပိုခက်လာတယ်။ သိတ်ကြီးလည်း ဆွေ့ဆွေ့မခုန်စေချင်ပါ။ အရင်အနေအထား (လူထုခေါင်းဆောင်တို့ ဒီမိုကရေစီခေါင်းဆောင်တို့) တုန်းကပြောတာဆိုရင် ထိရောက်သလောက် ခံလည်း ခံစားသင့်တယ်ထင်တယ်။ သူ့ဆီကထွက်တဲ့အသံဆို နိုင်ငံတကာနဲ့ပြည်တွင်းကလည်း အလွန့်ကို အလေးထားခဲ့ကြတယ်။ ခုက လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဆန့်ကျင်နေတဲ့(တချို့ပြောတဲ့ စာမတတ်ပေမတတ်) တောသူမတွေတောင် နင်တစ်ခွန်းငါတစ်ခွန်း ရန်ဖက်ဖြစ်လို့ရနေပြီပဲဟာ။ နောက်ပြီး စကားလည်း ပြန်အပြင်တတ်နေပါပြီ။ ပရော်ဖက်ရှင်နယ်လ်နိုင်ငံရေးသမား မဟုတ်လား။
ခင်ဗျားတို့လိုက်ခံစားနေ မောရင်းသာသေဖွယ်ရှိတယ်။ ခု ဒီချုပ်ပါတီဥက္ကဌ၊ စစ်တပိုင်းလွှတ်တော်ရဲ့အမတ်နဲ့ တရားဥပဒေစိုးမိုးရေးဥက္ကဌဆိုတာလည်းမမေ့စေချင်။ (အပြောင်းအလဲ ဗလောင်းဗလဲနဲ့စပ်လို့)

ငယ်ငယ်က စာလေးဘာလေးဖတ်ရင်း "ပြစားခြင်း"ဆိုတဲ့အသုံးတွေ့တော့ ဘာပြောမှန်းမသိဘူး။ ဘာကို ပြစားတာလဲပေါ့။ ပြီးတော့ပြောသေးတယ် "ပြစားခြင်းမပြုရ"ဆိုပြီး။ ပြောတာကလည်း ဘာသာရေးစာတွေထဲမှာ။ ဘာသာရေးဆိုတာကိုလည်းကောင်းတယ်မှတ်တော့ ဘာသာရေးကမလုပ်ရ ဆိုတာလည်း မကောင်းလို့မလုပ်ခိုင်းတာပဲလောက်တော့ ရိပ်မိတယ်။ ဘာမှန်းတော့ အသေအချာ မသိခဲ့ဘူး။
နောက်တော့ အဲ့ဒီ "ပြစား"နဲ့မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တာ အတော်ကြာသွားတယ်။ ကြာဆို ၂ဝ၁၁ ခုရောက်မှပြန်သတိရတယ်။ ဒါလည်း ခနပဲခံတာပါ။ တခါပြန် မေ့မေ့ပျောက်ပျောက်။ ခုအပစ်အခတ် ရပ်မယ်တို့ ဘာတို့တွေဖြစ်လာတော့မှ ရေရေလည်လည် သဘောပေါက်တော့တယ်။ "ပြစား"တယ် ဆိုတာကို။
လက်စသတ်တော့ "အခယူရုံသွင်းပြတာကိုး" ငယ်ငယ်က ဘုရားပွဲမှာ မျောက်လိမ္မာလေး ဘာလုပ်တတ်တယ်ညာလုပ်တတ်တယ်နော် တစ်ခါကြည့် ၅ ပြားဆိုပြီး မောင်းကလေးထုပြီး ရုံပြင်ကနေဖေါက်သည်ဆွယ်တဲ့အသံရယ်၊ ကျုဖျာလေးကာထားတဲ့ ယာယီပြပွဲတဲကလေးတောင် သတိရချင်စရာ။ (ပြစားခြင်းနဲ့စပ်လို့)

ခုတလော "အဖွဲ့အစည်းကျေးဇူးမသိတတ်ဘူး..တို့၊ အဖွဲ့အစည်းကိုကျေးဇူးကန်းတယ်..တို့" ဆိုတဲ့အသံများ တစ်ချက်တစ်ချက်ထွက်ထွက်လာတယ်။ အဲ့ဒါကြားတော့ ဘာသွားသတိရသလဲဆိုတော့ "နိုင်ငံတော်၏စေတနာ...တို့၊ တပ်မတော်၏ကျေးဇူးတရား..တို့" ဆိုတာတွေကိုပဲ။ အဖွဲ့အစည်းကျေးဇူး မသိတတ်ဘူး ကျေးဇူးကန်းတယ်ဆိုတာရယ်၊ နိုင်ငံတော်၏စေတနာနဲ့ တပ်မတော်၏ကျေးဇူးဆိုတာရယ်မှာ ဘာများခြားနားသလဲဆိုတော့(ပြောသူ့ရေချိန် စိတ်အနေနဲ့စိတ်အထား တထပ်တည်းဖြစ်တာတွေ့တယ်) ဘာမှမခြားနားဘူး။ အတူတူပဲ။ အဖွဲ့အစည်းရဲ့သစ္စာအဖေါက်ခံရတဲ့၊ အဖွဲ့အစည်းဝင်တွေအပေါ်သစ္စာ ပျက်ကြတဲ့ ကိုယ်ကျိုးကြည့်ခေါင်းဆောင်တွေက ကျေးဇူးရှင်နေရာခတ်တည်တည်ဝင်ထိုင်ပြီး "နတ်စကား" ထွက်ပြတာမျိုးပဲမှတ်ရဲ့။

အဖွဲ့အစည်းတစ်ခုခုမှာအဖွဲ့ဝင်ဖြစ်ကြတယ်ဆိုတာ ခေါင်းဆောင်ဖြစ်ဖြစ် နောက်လိုက်ဖြစ်ဖြစ် ယုံကြည်ရာတူလို့စုကြတဲ့အနှစ်သာရပဲ။ ကျေးဇူးခံကျေးဇူးစားမဟုတ်ဘူး။ မရှိတဲ့ကျေးဇူးမို့ ကန်းစရာလည်း ဘာမှမရှိဘူး။ ထမင်းတစ်လုပ်လောက် အိပ်စိုက်ကျွေးဖူးလို့ ငခင်ညိုကို ငေါတ်တယ်ငန်းတယ်ဆိုလည်း လူကြားကောင်းသေး။ ခုများတော့ ကိုယ်ကျိုးဖက်သစ္စာပျက်တွေရဲ့ နှုတ်ထွက်စကားလို့သာ မှတ်ထားမိတော့တယ်။ ကိုယ်ကျိုးဖက်သစ္စာပျက်တွေရဲ့ နှုတ်ထွက်စကားလို့သာ မှတ်ထားမိတော့တယ်။ (ကျေးဇူးခံကျေးဇူးစားနဲ့စပ်လို့)

Halloween ကို ”သရဲည”ပဲထားပါတော့။ ဒီကသရဲတွေက ဖရုံသီးအဝါရောင်ရင့်ကြီးတွေကို မျက်ပြူးဆန်ထောင်သွားကျိုးကျဲပုံ အပေါက်ဖေါက်လှီးထွင်းပြီး အထဲကအူတိုင်အစေ့တွေထုတ် ဖယောင်းတိုင်မီးလေးထည့်ထွန်း အမှောင်ထဲချထား။ လူကြောက်မယ်ထင်တဲ့ဝတ်စုံကြောင်ကြား ဆန်းဆန်းလေးတွေဝတ် ပုံးလှလှခွက်လှလှလေးတွေ ကိုယ်စီကိုင် Trick or Treat ”ပေးရင်ပေးနော် မပေးရင်ခြောက်မှာ”လို့ ချစ်စရာ့အသံလေးတွေတစာစာနဲ့ ချိုချဉ်သကြားလုံးလိုက်တောင်းကြနဲ့ နှင်းဖွဲဖွဲ ချမ်းချမ်းစီးစီးထဲ ပျော်စရာကလေးပွဲတော်ပါ။ သရဲတွေက ကြောက်ဖို့ထက် ချစ်ဖို့သာတိုးလို့ကောင်းသေး။ စီးပွားရေးသမားကတော့ အကွက်မြင်သလားမမေးနဲ့ သရဲတောင်မှ ဖက်နမ်းချင်စရာကောင်းအောင် လုပ်တတ်ပလေ။ သရဲအတုလေးတွေပဲဆိုပါတော့။ ကလေးတို့ခမျာလည်း သရဲအစစ်နဲ့မတွေ့ဖူးတော့ သရဲဆိုတာချစ်စရာလို့မှတ်ကြပုံပေါ်တယ်။ ကြောက်ရကောင်းမှန်းကိုမသိတာ။
ဗမာပြည်က ဒုက္ခသည်အဆင့်အတန်းနဲ့ဒီကိုရောက်လာရှာကြတဲ့ ကလေးတွေမှာတော့ ပုလိပ်ဖမ်းလိမ့်မယ် လို့ပြောလည်းကြောက်ရ၊ စစ်သားတွေပေါ်တာဆွဲလိမ့်မယ်လို့ပြောလည်းကြောက်ရ၊ ဆက်ကြေး လာကောက်တာပြောလည်းကြောက်ရ၊ ဘုန်းကြီးရိုက်လိမ့်မယ်လို့ပြောလည်းကြောက်ရ၊ ကုလားကြီး ပဲလှော်နဲ့လဲစားမယ်ပြောလည်းကြောက်ရ..ကြောက်ရ ကြောက်ရ ကြောက်ရတွေ များလှချည်ရဲ့။ အကြောက်နဲ့မွေး၊ အကြောက်နဲ့နေ၊ အကြောက်နဲ့သေတွေအဖို့တော့ ချစ်စရာသရဲတွေတွေ့တော့ တခွိခွိနဲ့သာရီမောနေလေရဲ့။
အင်းလေ သူတို့က သရဲအစစ်တွေနဲ့ တစ်ဘဝလုံးနေခဲ့ရတာကိုး။ ခု ပြောတဲ့ဟောလိုးဝင်းသရဲလောက်တော့ ပျင်းတောင်ပျင်းသေး။
(သရဲညနဲ့စပ်လို့)

ရေးသူတွေရေးတော့ ရေးတယ်ပြောကြတယ်။ သူတို့က ရေးရုံပဲရေးတာ။ ”အရေးမခံချင်ရင် အရေးမခံရအောင်နေပေါ့” လို့ ဘယ်ရေးသူကမှပြောသံ မကြားမိဖူးဘူး။ ကျနော့်လည်း ရေးချင်ရင် ရေးစရာတွေ့ရင်ရေးပါ ပြောပါ။ နောက်ဆုံး ဆဲချင်သပဆိုလည်း ဆဲပေါ့ဗျာ။ ဘာဖြစ်လဲဗျ။ တယောက်ကိုတယောက် မတရားသဖြင့်နိုင့်ထက်စီးနင်းလုပ်တာ ထိုးတာကြိတ်တာ ထပြီးသတ်တာပုတ်တာ အာဏာရှင်ဆန်ဆန်လုပ်တာထက် ပိုမကောင်းဘူးလား။
ဒီမိုကရေစီလို့ပြောတဲ့နိုင်ငံတွေမှာရနေတဲ့လွတ်လပ်ခွင့်ဆိုတာ အခြေခံအားဖြင့်ပြောရရင် အဲ့ဒါပဲဗျ။ ခင်ဗျားရော မလိုချင်ဘူးလား။ လွှတ်တော်အမတ်တွေ နိုင်ငံရေးသမားတွေ ပါတီတွေ အဖွဲ့အစည်းတွေ လူတွေ သမ္မတဝန်ကြီးချုပ်တွေ တယောက်နဲ့တယောက် အပြန်အလှန်ပြောဆို ရေးသားဝေဘန် တိုက်ခိုက်နေကြတာ ခင်ဗျား အားမကျဘူးလား။ အဲ့လို ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတာ မကောင်းဘူး ထင်လို့လား။ ဒါဆို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ပြောမနေနဲ့ဗျာ။ မရေးနဲ့၊ မပြောနဲ့၊ မဝေဘန်နဲ့ပြောမယ့်အစား ပြန်ရေးပါ ပြန်ပြောပါဗျား။ ကျနော်တော့ ဒီမိုကရေစီလိုချင်တယ် လွတ်လပ်ခွင့်လိုချင်တယ်။ (အပြောမခံရအောယင်နေနဲ့စပ်လို့)

ဒေါ်စု ဇော်ဇော်နဲ့ဘောပွဲကြည့်တုန်းက ဒစ်ပလိုမေစီတို့ ခရိုနီစည်းရုံးရေးတို့ စစ်အာဏာကိုဖေါက်ဝင်ဖို့ တံတားခင်းတယ်တို့ဆိုခဲ့သူတွေထဲကတချို့က ဘိုကြည်တို့ ဂျင်မီတို့ မြအေးတို့ (နိုင်/ကျဉ်းဟောင်းတွေ) ဘောကန်တာကျ အသံထွက်လာကြပါလား။ ဘာလဲ ဘောပွဲကြည့်တာနဲ့ ဘောကန်တာမှာ လူမတူလို့”မတူဘူး”လို့ပြောချင်တာလား။ ကျနော်ကတော့ ဘောပဲကြည့်ကြည့် ဘောပဲကန်ကန် ဘောပဲမမ အဲ့ဒါတွေဟာ ဘောကြည့် ဘောကန် ဘောမကိစ္စတွေထက် ပိုမပြောပါဘူး။ (ဘောကြည့် ဘောကန် ဘောမတွေနဲ့စပ်လို့)

ကိုယ့်ယုံကြည်မှု ကိုယ့်ရပ်ခံချက်နဲ့ ကိုယ့်ရွေးချယ်လုပ်ဆောင်ခဲ့မှုတွေအတွက် ပေးဆပ်တယ် စွန့်လွှတ်တယ်လို့ မပြောသလို၊ မတရားသဖြင့်ခံခဲ့ရသမျှအတွက်လည်း နောင်တမရဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ လုပ်ခဲ့သူတွေကို(ဘာမှ မလုပ်နိုင်သေးရင်တောင်)ခွင့်တော့မလွှတ်ဘူး။ ခွင့်မလွှတ်ဘူးပြောလို့ မေတ္တာတရားအားနည်းသူပြောပြော အာဃာတအားကြီးသူဆိုဆို ဆိုနိုင်ပြောနိုင် ပါတယ်။ ကျနော် သူတော်ကောင်းတရားကျင့်ခဲ့တာ မဟုတ်ဘူး။ ကျနော် သူတော်စင်အခေါ်ခံဖို့လုပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် ခန္တီပါရမီဖြည့်ခဲ့တာ မဟုတ်ဘူး။
တရားဥပဒေအရ မျှတတဲ့စီရင်ချက်မျိုး ချနိုင်ပေးနိုင်မယ့်တနေ့ကို မသေမချင်းစောင့်မယ်။ ထိုင်စောင့်ရုံ သက်သက်တော့ မစောင့်ဘူး။ လုပ်နိုင်တဲ့အလုပ်ကို ရောက်တဲ့နေရာက ရသလောက်လုပ်မယ်။ ကျနော် မတရားအလုပ်ခံခဲ့ရတာတွေအတွက် ဘယ်သူကမှ ကြေအေးပေးဖို့၊ ခွင့်လွှတ်ပေးဖို့၊ သင်ပုန်းချေပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒဏ်ရာအနာတရနဲ့ သေကွဲရှင်ကွဲတွေအတွက် လူသူတော်အသံကောင်းဟစ်ဖို့၊ ကိုယ်ကျိုးရှာဖို့၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ရာ ခင်ဗျားတို့နှုတ်ဖျားမှာ ကျနော့်နံမည် မကြားပါရစေနဲ့။ (ပါမစ်ရခွင့်လွှတ်သူတွေနဲ့စပ်လို့)

(၁၉၀၈)မတရားသင်းဥပဒေကိုဖျက်ပေးဖို့ကိစ္စက ပိုအဓိကကျပြီး တစ်စုံလုံးအရေး တစ်ပြည်လုံးကိစ္စနဲ့ အဖွဲ့အစည်းအားလုံးနဲ့ဆိုင်တဲ့အကြောင်းလို့ မှတ်ပါတယ်။ ပါတီစုံခြင်းမစုံခြင်းထက် ရှိနေတဲ့ပါတီတွေ ကိုတောင် ပါတီလုပ်ငန်းစုံအောင်လုပ်ခွင့်ရဖို့ ပိုအလေးထားရမယ်ထင်ပါတယ်။ ၂၀၀၈ ကို လက်ခံခြင်း/မခံခြင်းက တစ်ဖွဲ့ချင်းစီရဲ့အရေးမျှသာဖြစ်တယ်လို့ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ်လူစုရလိမ့်မယ်ဆိုတဲ့ စကားမှာ တရားမပါတဲ့အပြင် အားမပါတဲ့ဟိန်းသံတွေသာ ညံနေတယ်ထင်ပါတယ်။ ဒေါက်တာဇော်မင်း စကားနဲ့စပ်လို့တွေးမိတာ။ (ဒေါက်တာဝူးဝါးစကားနဲ့စပ်လို့)

ပါတီပြန်မှတ်ပုံမတင်ခင်ကလေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲမဝင်ခင်လေးမှာ မှတ်ပုံတင်သင့်မတင်သင့်နဲ့ ကြားဖြတ်ဝင်သင့်မဝင်သင့်ကိုများ ခု ၂ဝဝ၈ ပြင်သင့်မပြင်သင့် လိုက်မေးသလိုမေးကြည့်ခဲ့ရင် ဘယ့်လောက်ကောင်းမလဲဆိုပြီး မဖြစ်နိုင်တာတွေးမိတဲ့စိတ်ကို ဘရိတ်အုပ်မရတာနဲ့ မနေနိုင်မထိုင်နိုင်ချရေးဖြစ်သွားပါတယ်။
ခုလည်း မေးတာတော့မေးနေပြီ လူထုကလည်းပြောနေပြီ ဘာလုပ်စေ့ချင်ကြောင်း။ ဒါပေမယ့် ဆီသည်မလက်သုတ်ကြီးဆွဲထုတ်လာပြီး "တိုင်းပြည်အတွက်အကောင်းဆုံးလုပ်သွားမယ်" ဆိုပြီး စစ်ကိုင်းဘက် ပဲခူးဘက်ရောက်မသွားဘူးလို့ ခင်ဗျားအာမခံနိုင်မလား ကျနော်အာမခံနိုင်မလား ဘယ်သူအာမခံနိုင်မလဲ။ ဒါလည်း မဖြစ်နိုင်တာတွေးမိပြီး မနေနိုင်မထိုင်ရေးတာလို့ ကိုယ့်ဘာသာကိုယ် မထင်မိသေးပါ။ (တင်/ဝင်/ပြင်တွေနဲ့စပ်လို့)


Saturday, November 2, 2013

သူခိုးကြီးတော့ ဓမြ။ ဓမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။ မျိုးမြင့်ချို

0 comments
သူခိုးကြီးတော့ ဓမြ။ ဓမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။
သူခိုး။ လူတိုင်းသိပြီးသားဆိုပေမယ့် တိုင်းပြည်ဘဏ္ဍာခိုးတဲ့သူခိုးကြီးက သူခိုးလေးတွေငတ်လို့ သူ့ပစ္စည်းနည်းနည်းခိုးမိတော့ “မင်းဘဏ္ဍာ ကိုယ့်ဟာမမှတ်နဲ့”လို့ ဆိုပြန်တယ်။ နောက်ပြီး ရန်သူမျိုး(၅)ပါးထဲက (၄)ပါးမြောက်မှာယူထားတယ်။ သူက ရန်သူစာရင်းသာပေါက်တာ ရန်သူချင်းတွေမိတ်ဆွေလုပ်ဖို့ကြ သေဖော်ညှိပြီး ပြီးပျောက်သွားတတ်ပြန်တယ်။ ခုအပေါ်ကတန်းစီဇယားထဲမှာ သူက အငယ်ဆုံး အရေး မပါဆုံး။ ဒါတောင် ရန်သူစာရင်းဝင်ဖြစ်နေသေးတယ်။ သူက အခြားသူတွေရဲ့ပစ္စည်းဥစ္စာကို မသိအောင်ယူတယ်။

ဓမြ။ ရန်သူမျိုးစာရင်းထဲသူ့မသွင်းတာမှာ အကြောင်းတော့ရှိမယ်။ ဒါပေမယ့် “ခိုးသူ”လို့ ဆိုရာမှ သူပါအကြုံးဝင်ကြောင်းဖတ်ဖူးတယ်။ သူက လက်ထောက်ချမယ့်သူလိုတယ်။ တိုက်လို့ရတာကို ဝေစုခွဲရတယ်။ ဗိုလ်ကအများဆုံးယူတယ်။ ဝေစုမတည့်တဲ့အခါ ဗိုလ်လုရတတ်တယ်။ ဓမြရိုးရိုးနဲ့ လူသတ်မုဒိန်းဓမြတွေလည်းရှိသေးရဲ့။ ပြီးတော့ ဓမြမှာ အေးဓမြဆိုတာလည်းရှိသေးဆိုတယ်။ ဓမြကသူ့နယ်နဲ့သူတိုက်တယ်။ သူ့ဂွင်ထဲက သူခိုးသေးလေးတွေကိုနှိပ်ကွပ်ပြီး နည်းနည်းကြီးလာတဲ့ကောင်ကိုမွေးတယ်။ နောက်တော့ သူခိုးပါးဝ ဓမြသားမွေးတွေက ဓမြပြန်ဖြစ်လာတာလည်းရှိတယ်။ သူက တခြားသူတွေရဲ့ပစ္စည်းဥစ္စာကို ဗြောင်လုယက်ယူတယ်။

သူပုန်။ ဒီဝေါဟာရတော့ ပဒေသရာဇ်စနစ်အောက်ကနေ ပေါက်လာတာလို့မှတ်ဖူးတယ်။ ဘုရင်ကိုပုန်ကန်လို့ ပုန်ကန်သူကနေ သူပုန်လို့ ရွေ့လာတာလို့ဆိုတယ်။ ဆိုတော့ အစိုးရ(အုပ်ချုပ်ရေးပုံစံသစ်)ဟာ ပဒေသရာဇ်စနစ်အချုပ်မှာပေါ်ပြီး၊ သူပုန်ကတော့ အစိုးရမပေါ်ခင်တည်းက ပေါ်နှင့်ပြီးသားလို့ဆိုရမယ်မှတ်တာပဲ။ ”သူပုန်”လို့ဆိုတာနဲ့ မကောင်းတဲ့အနက်နဲ့ထွက်အောင် အလုပ်ခံထားရခြင်းပဲ။ “တိုင်းစွန်ကျေးဖျားတွင် ခိုးသားဓမြများပုန်ကန်ထကြွနေသဖြင့်”တို့ ”သူပုန်သူကန်တို့အားနှိမ်နင်းရန် ရွှေနန်းရှင်မှစေလွှတ်တော်မူသော”တို့ စတဲ့အသုံးနှုန်းတွေဟာ ”သူပုန်ဆိုတာမကောင်း”ဆိုတဲ့အနက်ကောက်ကိုတိုက်ရိုက်ရတာပဲ။ သူပုန်မှာ (၂)မျိုးရှိတယ်မှတ်တာပဲ။

တစ်မျိုးက “မင်းသားသူပုန်”၊ နောက်တစ်မျိုးက “လူသူပုန်”ဖြစ်မယ်။ ပဒေသရာဇ်အုပ်စိုးမှုအောက်မှာ နန်းတွင်းကနေထတဲ့သူပုန်က မင်းညီမင်းသားနန်းလုကြတာထက် ဘာမှမပို။ နန်းတွင်းလုပ်ကြံမှု(အရေးတော်ပုံ၊ နန်းတွင်းပုန်ကန်မှု၊ အရေးအခင်း)လို့ဆိုသကိုး။ နန်းတွင်း လုပ်ကြံမှုမအောင်မြင်လို့ နောက်လိုက်နောက်ပါ (ငယ်ကျွန်)တချို့နဲ့ ထွက်ပြေးလာတဲ့မင်းသားလည်း လူထုအခြေခံနဲ့ဘုရင်ဖြစ်အောင် ကြံဆောင်တာမရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် ဘုရင်သတ်နိုင်မှ ဘုရင်ဖြစ်တဲ့ခေတ်မှာ ဘုရင့်သတ်ဖို့ရာ ဘုရင်နဲ့အနီးဆုံးလူ (နန်းတော်ထဲကျန်ခဲ့/ချန်ခဲ့တဲ့ ဒါမှမဟုတ် မင်းဟောင်းနေညိုချိန်ကိုမှန်းနိုင်ပြီး မင်းသစ်အောက်မှာအမြှောက်စားခံဖို့ အကွက်မြင်အရည်လည် အပါးဝမင်းလူယုံဖြစ်တဲ့ အတွင်းလူအခါတော်ပေး)ရဲ့အားက အဓိကကျနေတတ်တယ်။ အဲ့ဒါမပါပဲ အထမြောက် သွားတဲ့လုပ်ကြံမှုတစ်ခု ရှိတယ်လို့ မကြားမိသေးဘူး။ အဲ့သလို သူပုန်မျိုးက(အရေးတော်အောင်လျှင် မောင်မင်းများလည်း အဖိုးဝေစုပါစေ့မည်ဆိုကာ)လူသူ လက်နက်စုပြီး လက်ကိုင်တုတ်တပ်ဖွဲ့တာလောက်တော့ရှိတယ်။ နန်းရရေးလုပ်တာဖြစ်လို့ အောင်ရင် ရွှေထီးပဲ။ မအောင်ရင် အသုတ်သင် အကွပ်မျက်ခံရပြီး ကံကောင်းလို့လွတ်ရင် တနယ်ခြားမှာပြေးဝင်ခိုလှုံ။ နောက်ဆုံး လူမသိသူမသိနဲ့ဇာတ်သိမ်း။ မအောင်မြင်လို့ ”မှားပါပြီ အရှင့်သစ္စာခံပါတော့မယ်”ဆိုကာ ပြန်ဒူးထောက်အောက်ကြို့တဲ့မင်းညီမင်းသား မရှိသလောက်ရှားတယ်။ ပြန်ကြို့လည်း ဘယ်အချက် ဇက်ပေါ် ဓါးကျလာလေမလဲစိတ် တထိတ်ထိတ်နဲ့သစ္စာခံပြရင်း သေနေ့ထိုင်စောင့်ရမယ့်အဖြစ်မျိုး ဘယ်သူရွေးချင်ပါ့မလဲ။ နန်းပြင်ထွက် ပုန်ကန်ပြီး မအောင်မြင်တဲ့”မင်းသားသူပုန်တွေ”ဟာ “သူပုန်မင်းသားတွေ”အဖြစ်နိဌိတံကြတာများတယ်။ အဝေးကြီးမကြည့်နဲ့ မြင်ကွန်း မြင်းခုံတိုင်အရေးလောက်ကြည့်ရုံနဲ့မြင်ပါတယ်။

လူသူပုန်(လူထုအခြေခံ)ကျတော့ သူပုန်လည်းလူထု၊ လူထုကပဲသူပုန်ခေါင်းဆောင်ပြန်လုပ်တာမျိုး။ တခုတော့ရှိတာပေါ့ ခေါင်းဆောင်က နောက်လိုက်တွေထက် ခေါင်းတစ်လုံးတော့ပိုမြင့်မှရတာမျိုး။ အဲ့ဒီခေါင်းဆောင်မှုမျိုးနဲ့ ထတဲ့သူပုန်ဟာ ဘုရင်လုပ်ဖို့ထက် အဆင့်ဆင့်သော အုပ်ချုပ်ရေးယန္တရားကြီးရဲ့ ဖိစီးဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ရတဲ့လက်နက်စွဲပြီး ဖြစ်တဲ့နည်းနဲ့ပြန်ခံချရတာပဲ။ အရင်းခံသဘောကိုက စနစ်ကိုဆန့်ကျင်တာပဲ။ အခြေခံတာလည်း လူထုပဲ။ အတန်းအစားသဘောအရသာ ကွာရင်ကွာမယ်။ ဆိုတော့ အနှစ်သဘောကတော့ စနစ်ကိုအရှိုက်ထိုးတာပဲ။ သူပုန်မှန်ပေမယ့် သူပုန်ချင်းမတူဘူး။ ဒီသူပုန်(၂)ပုန်ကို ကွဲအောင် “မင်းသားသူပုန်”နဲ့“လူသူပုန်”လို့မှတ်ထား မိတာပါပဲ။ ဘယ်သူပုန်မှာဖြစ်ဖြစ် ဘက်ပြောင်း၊ သစ္စာဖေါက်တွေရှိသလို ပဉ္စမံတပ်သားတွေလည်းရှိကြတာချည်းပါ။ မနက်ဖြန်မှာ အရေးတော်ကြီးအောင်မယ်ဆိုရင်တောင် ဒီနေ့ဘက်ပြောင်းသူရှိတတ်တယ်။ ထားပါတော့။ သူပုန့်သဘာဝက သူအာဏာမရခင်စပ်ကြား သူ့အပိုင်စားမြေမှာ သူဗိုလ်ပဲ။ သူ့ကို ထောက်ပံ့ကျွေးမွေးသူကို ကာကွယ်မယ်။ အဲ့ဒီလူတွေအားကိုယူပြီး အာဏာလက်ရှိကို တိုက်မယ်။ သူအာဏာရရင် “ဘယ်လူတန်းစားအတွက်”ဆိုတဲ့ နိုင်ငံရေးစနစ်နဲ့စီးပွားရေးစနစ်တခုခုရှိတယ်။ အဲ့စနစ်အခြေခံတဲ့ အဘိဓမ္မာတခုခု မလွဲမသွေရှိမှရတယ်။ အဲ့စနစ်အတွက် အသေခံရဲသွားအောင် လူတွေကိုအတွေးအခေါ်သွပ်သွင်းတယ်ဆိုတာ တော်ရုံခေါင်းဆောင်မှုနဲ့ တော့မရ။ အဲ့ဒါမျိုးကိုကျ တော်လှန်ရေးလုပ်တယ်လို့ဆိုတယ်။ ကိုယ့်ခေါင်းထဲ နဂိုရှိနေတဲ့အတွေးအခေါ်ဟောင်းကို ကိုယ်တိုင်ပြန်လှန်ပြီးမှ ကျန်တာတွေ ဆက်လို့ရတတ်တာမျိုး။ ဆိုတော့ တော်လှန်တဲ့အတွေးအခေါ်မရှိရင် အပျော်တမ်းသူပုန်ထတာလောက်နဲ့တင် ကိစ္စပြတ်ပြတ် သွားတယ်လို့ဆိုတာများ ကြားဖူးတယ်။ သူပုန်ဟာ သူ့နယ်ကဓမြကို သူပုန်ဖြစ်အောင် အတွေးအခေါ်အရမွေးရတယ်။ သူပုန်ဖြစ်မလာတဲ့ ဓမြကိုတော့ နာနာနှိပ်ကွပ်ပစ်ရတယ်။ ဒါ့ကြောင့် သူပုန်အားကောင်းရင် ဓမြခေါင်းထောင်လို့မရဖြစ်တာပဲ။ အရင်တုန်းကတော့ သူပုန်လို့ ပြောရင် လူတွေမကြိုက်ကြဘူး။ ခုတော့ သူပုန်ဆိုပြီး ပါးစပ်အရသာခံပြောသူတွေ ဒုနဲ့ဒေး။ သူပုန်ခေါ်မှကြိုက်တဲ့သူလည်း သိတ်မရှား။
သူမှာကျ ပထမတစ်မျိုးက တခြားသူတွေရဲ့ပစ္စည်းဥစ္စာကို နိုင့်ထက်စီးနင်းခြိမ်းခြောက်လုယက်ယူတယ်။ ဒုတိယတစ်မျိုးကတော့ စည်းရုံးသိမ်းသွင်းပြီး လူတွေကပေးလာအောင်လုပ်ယူတယ်။

အစိုးရ။ သူက ရန်သူမျိုး(၅)ပါးမှာ နံပတ်(၃)။ “ဘယ်မင်းမျိုးကိုသာရန်သူစာရင်းသွင်းရာတယ်”ဆိုပြီး ဇာတ်တော်နိပတ်တော်လာ၊ ဒဏ္ဍာရီလာ၊ ဟိုကျမ်းလာ ဒီကျမ်းလာတွေထဲကအဆိုအမိန့်တွေ၊ ပုံတိုပတ်စတွေနဲ့ ဖန်တစ်ရာထေအောင်အနက်ဖွင့်ကြတာတွေလည်း လူတိုင်းသိကြရဲ့။ “အစိုးရ”ဆိုတဲ့စကားက ဘုရင်တို့(ပဒေသရာဇ်စနစ်)နေဝင်ချိန်၊ အစိုးရ (စက်မှုအရင်းရှင်စနစ်နဲ့အမျိုးသားအစိုးရ)များ အရုံဦးမှာပေါ်ခဲ့တာလို့ ဆိုတယ်။ အစိုးရမပေါ်ခင်တုန်းကတော့ လူတွေကို “အစိုးတရ”ထင်တိုင်းကြဲခွင့်ရှိတာက ပဒေသရာဇ်နဲ့ဧကရာဇ်ပဲ။ အဲ့ဒီစနစ်ထက် မကောင်း ရင် “အစိုးရ”ပေါ်စရာအကြောင်းကို မရှိဘူးလို့ဆိုရမယ်။ အစိုးရဆိုတာကို “အစိုးမရ”ဆိုတာနဲ့ ထပ်ကြည့်ဟပ်ကြည့်ရင် ထင်းကနဲပေါ်တယ်။ သူပုန်နိုင်လို့(တော်လှန်ရေးအောင်လို့)ဖြစ်တဲ့အစိုးရမျိုးရှိသလို နိုင်ငံရေးကစားတတ်လို့ဖြစ်တဲ့အစိုးရလည်းရှိတာပဲ။ ဒါပေမယ့် လူ့သမိုင်းကို ပြန်ကြည့်တော့ စနစ်တစ်ခုကတစ်ခုကိုပြောင်းတာဟာ တော်လှန်ရေး(သူပုန်နိုင်တာ)ဖြစ်ပြီး၊ စနစ်တစ်ခုအထိုင်ကျပြီး အထိုင်ထဲကပုံစံနဲ့ အပြောင်းအလဲဖြစ်တာကတော့ “အစိုးရ”ပဲ။ အစိုးရပြောင်းတာပဲ။ စနစ်ကတော့ ဒီစနစ်ပဲ။ ဟိုနေရာ ဒီနေရာ နည်းနည်းပါး ဖါထေးတာတော့ ရှိမှာပဲ။ အစိုးရပြောင်းသက်သက်နဲ့ စနစ်တစ်ခုလုံးပြောင်းတာ မတူမှန်း လူတိုင်းသိကြတာပါပဲ။ လုံးရိုက်လို့မှ မရတာ။ အစိုးရဆိုတာက လိုအပ်လို့ကို ရှိနေရတာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွှဲနဲ့တစ်ဖွဲ့၊ တစ်စုနဲ့တစ်စုကြားကလူ့လွတ်လပ်ခွင့်ကို အာမခံဖို့၊ တရားမျှတမှုနဲ့တန်းတူမှုရှိဖို့ အစိုးရက ဝင်တာဝန်ခံပေးရတာပဲ။ လူတွေအတွက်ပဋိဉာဉ်ကိုလူတွေကရေးပြီး၊ လူတွေကရွေးတဲ့သူအစိုးရလုပ်ပြီး အုပ်ချုပ်တာပါပဲ။ သူကကျ သူခိုး၊ ဓမြ၊ သူပုန်ပါမကျန် နှိပ်ကွပ်ရတာပဲ။ (ဒီနေရာမှာ ပြောစရာတွေများပေမယ့် ခုပြောတဲ့အကြောင်းကနေ ဘေးချော်သွားမစိုးလို့ ချန်ခဲ့ပါမယ်။ ရှေ့မှာလည်း ချန်ခဲ့ရတာတွေအများကြီးရှိပါတယ်)သူကကျတော့ တိုင်းပြည်ရဲ့ဓနကိုတင်မက တိုင်းသား ပြည်သူရဲ့လုပ်အား(ငွေအား၊ ဉာဏ်ပညာအားတွေ)ပေါ်ကနေ အခွန်စည်းကြပ်တယ်ဆိုကာ ဥပဒေအရယူတာပဲ။

ထားပါတော့ သူခိုးဖြစ်ဖြစ်၊ ဓမြဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်ပါ၊ လူတွေရဲ့ဥစ္စာပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ယူယူပါ။ ကျနော် ပြောချင်တာက အဲ့ဒါမဟုတ်ပါ။ ပြောချင်တာက တစ်ခုကတစ်ခုကို နိုင်အောင်မထောင်းပဲ သူခိုးက ဓမြနဲ့ပေါင်း၊ ဓမြက သူပုန်နဲ့ပေါင်း၊ သူပုန်က အစိုးရနဲ့ပေါင်းပြီဆို လူတွေခမျာ သူခိုးဒဏ်၊ ဓမြဒဏ်၊ သူပုန်ဒဏ်နဲ့အစိုးရဒဏ်ပါရောပြီး ဒဏ်(၄)ဒဏ်ခံရတော့တာပါပဲ။ ပြည်နာတော့တာပါပဲ။ နိုင်ငံ ထောင်းလမောင်းကြေတော့တာပါပဲ။
မျိုးမြင့်ချို (နိုဝင်ဘာ ၂ ရက်၊ ၂ဝ၁၃)


ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (နိဂုံးပိုင်း)

0 comments
ကိုလိုနီခေတ်မတိုင်မီ ဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(နိဂုံးပိုင်း)
(၇)လွတ်လပ်ရေးရပြီးနောက် အလုပ်သမားလူတန်းစားများအခြေအနေ
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရလျှင်ရချင်းပင် အလုပ်သမားလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေးရပြီး အစောဆုံး မှတ်တမ်းတင်ထားတာတွေ့ရသည့်သပိတ်မှာ (၁၉၄၈)ခုနှစ် မတ်လဆန်းပိုင်းကဖြစ်ပေါ်ခဲ့သော ဖူးကား၊ အဖောင်သစ်စက်များ၊ ဒလဧရာဝတီ သင်္ဘောကျင်း၊ ဓနိတောဘီအိုစီ စသည့် အလုပ်ဌာန ၇ ခုမှ အလုပ်သမား(၃၅ဝဝ)ကျော်ပါဝင်သော သပိတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ သပိတ်ကို ဗဟိုအလုပ်သမားသမဂ္ဂ (အေဘီတီယူစီ)ဦးဆောင်ဆင်နွှဲခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးရက်ပေါင်း(၈ဝ)ကျော်ကြာသည့်အခါ ပြည်တွင်းစစ်မီး တောက်လောင်တော့သည်။ ပြည်တွင်းနိုင်ငံရေးအခြေအနေကလည်း အာဏာရ ဖဆပလအစိုးရလက်ထက်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းမှုများ တစတစတိုးပွားလာခဲ့သည်။ တိုင်းရင်သားလူမျိုးစုများအပေါ် တန်းတူရေးမရှိသဖြင့် လူမျိုးစုများစွာက မိမိတို့လူမျိုးစုများ အခွင့်အရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲခဲ့ကြသည်အထိ နိုင်ငံရေးပဋိပက္ခများ ပြင်းထန်သည်းသန်လာခဲ့သည်။  ထိုနိုင်ငံရေးအခြေအနေအောက်တွင်  အလုပ်သမားတိုက်ပွဲများနှင့်လူတန်းစားပဋိပက္ခများကလည်း အဆက်မပြတ် ဖြစ်ပေါ်တိုးပွားလျက် ရှိသည်။
လွတ်လပ်ရေးရပြီး (၁ဝ)စုနှစ်တခုအတွင်း အုပ်စိုးသူလူတန်းစားများ၏အတွင်းပိုင်းပဋိပက္ခမှာ ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးမှာတော့ စစ်အုပ်စုက ၁၉၅၈ ခုနှစ်တွင် အာဏာကိုအတင်းအဓမ္မတောင်းယူပြီး တိုင်းပြည်၏ နိုင်ငံရေးအာဏာအဝဝကို ချုပ်ကိုင်လိုက်တော့သည်။ ၁၉၆ဝ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး အရပ်သားအစိုးရသို့အာဏာပြန်ခဲ့သည်။ သို့သော် (၁၉၆၂)ခုနှစ်မှာတော့ စစ်တပ်က အပြီးအပိုင် နိုင်ငံရေးအာဏာများကို သိမ်းယူလိုက်တော့သည်။ ဗိုလ်နေဝင်းဦးစီးပြီး စစ်အာဏာသိမ်းပိုက်ပြီးနောက် နှစ်နှစ်အကြာ ၁၉၆၄ ခုနှစ်၊ မတ်လတွင် အမျိုး သားစည်းလုံးညီညွတ်ရေးကိုကာကွယ်သည့်ဥပဒေတရပ် ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ အခြားနိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့များနည်းတူ အလုပ်သမားအဖွဲ့အစည်းအားလုံးကိုလည်း ဖျက်ဆီးပစ်လိုက်တော့သည်။
၁၉၆၄ ခုနှစ် မေဒေးနေ့တွင် ၆၂ အာဏာသိမ်းစစ်အစိုးရ၏ တော်လှန်ရေးကောင်စီက အလုပ်သမားကောင်စီ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေနှင့် အလုပ်သမားများ၏အခြေခံရပိုင်ခွင့်နှင့် တာဝန်များကိုပြဌာန်းသည့်ဥပဒေကို ထုတ်ပြန်လိုက်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် မတ်လအထိ အလုပ်သမားလူတန်းစားများ၏လှုပ်ရှားမှုများ မှတ်တမ်းများတွင် မရှိသလောက်ဖြစ်သည်။ အလုပ်သမားလှုပ်ရှားမှုမပေါ်ခဲ့ရခြင်းမှာ စစ်အစိုးရ၏ အလုပ်သမားများအပေါ်တင်းတင်းကြပ်စွာဖိနှိပ်ထားမှုကြောင့်လည်းကောင်း၊ အလုပ်သမားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ အတွက် စည်းရုံးလှုံ့ဆော်ပေးပြီးတိုက်ပွဲဝင်ပေးမည့်အဖွဲ့အစည်းများ မတည်ဆောက်နိုင်မှုကြောင့်သော်လည်းကောင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ သို့သော် (၁၉ရ၄) ခုနှစ်ဂျန္နဝါရီ ၃ ရက်နေ့တွင် စစ်ကောင်စီသည် အတုအယောင်ဆိုရှယ်လစ်စနစ်သို့ချီတက်မည်ဟု လမ်းစဉ်ချမှတ်ပြီး ရေးဆွဲထားသည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းလိုက်သည်။ ထို ဖွဲ့စည်းပုံအတည်ပြုပြီး ၅ လခန့်အကြာတွင် မြန်မာတနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများက ဆန္ဒပြသပိတ်မှောက်လိုက်ကြသည်။ စစ်အစိုးရ လက်အောက်က အလုပ်သမားတို့၏နေထိုင်မှုဘဝကို မခံမရပ်နိုင်ခြင်းကြောင့်လည်းကောင်း၊ စစ်အစိုးရ၏ဖိနှိပ်မှုကို ရွံရှာမုန်းတီးမှုကြောင့် လည်းကောင်း ပေါ်ထွက်လာသည့် အလုပ်သမားများ၏ တောင်းဆိုတိုက်ပွဲဝင်မှုပင်ဖြစ်သည်။
ရ၄ မေ -ဇွန် အလုပ်သမားအရေးအခင်းဟုကြော်ကြားခဲ့သော အလုပ်သမားတိုက်ပွဲအစသည် (ရ၄ ခု မတ်လ၂၅ရက်နေ့) တွင် စဥ့်ကိုင် ပုလိပ်ချည်မျှင်၊ အထည်နှင့်အချောကိုင်စက်ရုံမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့်တပြည်လုံးရှိ အလုပ်ရုံ၊ စက်ရုံများသို့ ကူးစက်ပြန့်နှံခဲ့သည်။ အလုပ်သမားများ၏တောင်းဆိုတိုက်ပွဲဝင်မှုကို လေ့လာကြည့်မည်ဆိုလျှင် အပိုင်း ၃ ပိုင်းတွေ့နိုင်သည်။
(က) စားဝတ်နေရေးအတွက်တောင်းဆိုမှုများ၊
(ခ) လုပ်ငန်းခွင်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုစနစ်များအပေါ်မကြေနပ်ချက်များ
(ဂ) နိုင်ငံရေးအရ တောင်းဆိုတိုက်ပွဲဝင်ခြင်း စသည်တို့ ဖြစ်သည်။
အလုပ်သမားများ၏တောင်းဆိုချက်များနှင့်ပတ်သက်၍ အစိုးရမှ အနည်းငယ်သာ လိုက်လျောခွင့်ပေးခဲ့သည်။ နောက်ဆုံးတွင် အလုပ်သမားလှုပ်ရှားမှုအား စစ်အစိုးရက စစ်တပ်အင်အားကိုအသုံြးုပပြီး လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွဲလိုက်တော့သည်။ အလုပ်သမားများစွာ သေဆုံးခဲ့သည်။ အမြောက်အများဒဏ်ရာရခဲ့သည်။ အချို့ နှစ်ရှည်ထောင်ဒဏ်များ အပေးခံရသည်။ အလုပ်သမားအများအပြား အလုပ်မှထုတ်ပယ်ခြင်းခံရသည်။ စစ်အစိုးရ၏အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် အလုပ်သမားလှုပ်ရှားမှုသည် အရှုံးဖြင့်နောက်ဆုတ်လိုက်ရတော့သည်၊
ရ၄ မေ - ဇွန် အလုပ်သမားလှုပ်ရှားမှုအရေးနိမ့်ပြီးနောက် အလုပ်သမားလူတန်းစား၏ လှုပ်ရှားမှုတိုက်ပွဲသည် ၁၄ နှစ်တိတိရပ်တန့်နေ ခဲ့သည်။ ၁၉၈၈ ခုနှစ် ပြည်သူတရပ်လုံးပါဝင်ဆင်နွှဲခဲ့သည့် ဒီမိုကရေစီရေးတိုက်ပွဲ သို့မဟုတ် အထွေထွေသပိတ်ကြီးဖြစ်ပေါ်လာသည့်အခါမှ ထိုလှုပ်ရှားမှုကြီးထဲသို့ ပူးပေါင်းပါဝင်လာနိုင်တော့သည်။ အလုပ်သမားလူတန်းစားက ထိုအထွေထွေသပိတ်ကြီးအတွင်း ပူးပေါင်းလိုက် ခြင်းသည် ပြည်သူများတောင်းဆိုတိုက်ပွဲဝင်နေသော ဒီမိုကရေစီအရေးတော်ပုံအတွက် အရေးကြီးသောတွန်းအားတရပ်ကို ဖြစ်ပေါ်စေ ခဲ့သည်။ မဆလ စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများကို ပျက်စီးစေသည့်အထိ သြဇာသက်ရောက်မှုရှိခဲ့သည်။
(၁၉၈၈) ခုနှစ်တွင် ပြည်သူများ၏ ဒီမိုကရေစီရေးတောင်းဆိုတိုက်ပွဲဝင်မှုကြောင့် မဆလပါတီနှင့် မဆလအစိုးရပြုတ်ကျခဲ့သည်။ မဆလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း စက္ကူစုတ်များအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။  သို့သော် လူထုလက်ထဲတွင် အုပ်ချုပ်ရေးအာဏာ မရလိုက်ပါ။ တိုင်းပြည်၏အုပ်ချုပ်ရေးအာဏာကို စစ်တပ်ကလွဲပြောင်းယူလိုက်သည်။ ယနေ့အထိ  စစ်အုပ်စု၊ စစ်အစိုးရက စစ်အာဏာရှင်စနစ်ကျင့်သုံးပြီး တိုင်းပြည်၏ကိစ္စအဝဝကို စီမံအုပ်ချုပ်နေသည်မှာ ဆယ်စုနှစ် ၂ စုကျော်လွန်ခဲ့ပြီ။ ထိုစစ်အာဏာရှင်စနစ်အောက်တွင် အခြားပြည်သူလူထု များနည်းတူ အလုပ်သမားလူတန်းစားသည်လည်း နိုင်ငံရေးအရဖိနှိပ်ခံရမှုဒဏ်နှင့် စီးပွားရေးအရသွေးစုတ်မှုဒဏ်တို့ ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။

နိဂုံးဗမာပြည်လူ့အဖွဲ့အစည်းတွင် အလုပ်သမားလူတန်းစားဖြစ်တည်လာကတည်းက အလုပ်သမားလှုပ်ရှားမှုများ၊ သပိတ်တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်လာခဲ့သည်။ ဤဖော်ပြမှုသည် သမိုင်းဖြစ်ပေါ်တိုးပွားမှုတရားအရကြည့်မည်ဆိုပါက သွေးစုပ်သူနှင့် သွေးစုပ်ခံရသူ တို့၏တိုက်ပွဲ၊ အုပ်စိုးသူနှင့်အုပ်စိုးခံတို့၏တိုက်ပွဲသမိုင်းများပင်ဖြစ်သည်။ တိုက်ပွဲသမိုင်းများမှ သင်ခန်းစာကိုထုတ်ယူကြည့်မည်ဆိုပါက အလုပ်သမားလူတန်းစားသည် လူအဖွဲ့အစည်းအတွင်းရှိဖိနှိပ်မှုနှင့်သွေးစုပ်မှုကို လူတန်းစားတိုက်ပွဲနည်းဖြင့်လွတ်မြောက်အောင် မလုပ်နိုင်လျှင် မိမိကိုယ်မိမိလွတ်မြောက်အောင်လုပ်နိုင်မည် မဟုတ်တော့ပေ။ ထိုကြောင့် အလုပ်သမားများ၏လွတ်မြောက်ရေးသည် အလုပ်သမားများကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်ဖြစ်ရမည်။
အုပ်စိုးသူလူတန်းစား၏ စုစည်းထားသည့်အာဏာကိုဆန့်ကျင်တိုက်ပွဲဝင်ရာတွင် စည်းရုံးစုစည်းထားသည့်အလုပ်သမားလူတန်းစား၏ ကိုယ်ပိုင်ပါတီ၊ အဖွဲ့အစည်းတခုရှိဖို့လိုအပ်သည်။ ထိုပါတီအဖွဲ့အစည်းကသာလျှင် ဟောင်းနွမ်းဖောက်ပြန်သည့်နိုင်ငံရေးပါတီများကို ဆန့်ကျင်တိုက်ခိုက်ရေးတွင် အသက်ဝင်တက်ကြွစေမှာဖြစ်သည်။ သို့သာ် လူထုလက္ခဏာဆောင်သည့်ပါတီတရပ်ကိုတော့ နေ့ချင်းညချင်း တည်ဆောက်လို့မရနိုင်ပါ။ ပါလီမန် သို့မဟုတ် လွှတ်တော်ဥပဒေနည်းနာများဖြင့်လည်း ပုံစံခွက်ချပြီးတည်ဆောက်၍မရနိုင်ပါ။ ပါတီ၊ အဖွဲ့အစည်းတခုတည်ဆောက်ရေးအတွက် အလုပ်သမားလူတန်းစားများ၏ ရှေးဦးလိုအပ်ချက်မှာ -
(က) သွေးစည်းညီညွတ်မှသာလျှင် ကိုယ့်ဘဝအခြေအနေပြောင်းလဲဖို့နည်းနာတွေရလာမည်ဆိုတာကို အလုပ်သမားများအား
သဘောပေါက်အောင်လုပ်ပေးရပါမည်။
(ခ) ကိုယ့်အင်အားကို ကိုယ်တိုင်မြင်လာစေရပါမည်။
(ဂ) မိမိတို့အခြေအနေ ဘာကြောင့် ဆိုးဝါးနေရတယ်ဆိုတာကို မြင်လာစေရပါမည်။
(ဃ) အလုပ်သမားများ၏ပြဿနာများကို အရင်းရှင်စနစ်က ဘယ်တော့ဖြေရှင်းပေးမှာမဟုတ်ဘူးဆိုတာကို မြင်လာစေရပါမည်။
(င) ဆိုရှယ်လစ်စနစ်ကသာလျှင် အလုပ်သမားတွေအတွက် ဘာတွေကောင်းတယ်ဆိုတာ သိမြင်လာစေရပါမည်။
ထိုအချက်များကို တခွန်းတည်းနှင့်ပြောရလျှင် အလုပ်သမားများအား နိုင်ငံရေးအသိနိုးကြားလာစေရပါမည်။
နိုင်ငံရေးအသိနိုးကြားနေသည့်အလုပ်သမားလူတန်းစားများကသာလျှင် နောက်အဆင့်ကိုတက်လှမ်းနိုင်ပါလိမ့်မည်။ ထိုအဆင့်သည် မိမိ၏ အခွင့်ရေးများကိုကာကွယ်ရန် စည်းရုံးမှုရှိရှိ တောင်းဆိုတိုက်ပွဲဝင်ခြင်းအဆင့်ဖြစ်ပါသည်။ မျက်မှောက်ဗမာ့နိုင်ငံရေးအခြေအနေသည် အလုပ်သမားလူတန်းစာများအတွက်သာမက အခြားလူထု၊ လူတန်းစားများ၊ လူ့အလွှာများအတွက် ကောင်းမွန်သည့်နိုင်ငံရေးအခြေအနေ မဟုတ်ပါ။ စစ်အာဏာရှင်စနစ် ကြီးစိုးလွမ်းမိုးနေပြီး၊ ဒီမိုကရေစီဆိတ်သုဉ်းနေသည့်ကာလဖြစ်သည်။ ထိုအခြေအနေအောက်တွင် မိမိတို့၏ နိုင်ငံရေးလုပ်ငန်းများကို ပြောင်တရားဝင်လုပ်ဆောင်လုပ်ဆောင်ခွင့် မရနိုင်ပေ။ အလုပ်သမားလူတန်းစားသည် မိမိတို့ဘဝလွတ်မြောက်ရေး အတွက် နိုင်ငံရေးလုပ်ငန်းများပြုမူလုပ်ဆောင်ချက် (ဝါဒဖြန့်ခြင်း၊ စည်းရုံးဖွဲစည်းခြင်း၊ တိုက်ပွဲဆင်ခြင်း) များလုပ်ဆောင်ရာတွင် တည်ရှိနေသောနိုင်ငံရေးအခြေအနေကို မုချထည့်သွင်းစဉ်းစားပြီးမှလုပ်ဆောင်ကြရပေလိမ့်မည်။ ပြောင်တရားဝင် နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်မရနိုင်သောအခါ လျှို့ဝှက်ပြီးလုပ်ဆောင်နိုင်ရန် ရွေးလမ်းတခုအဖြစ်ထားရှိပြီး လုပ်ဆောင်ရပေလိမ့်မည်။ အထက်ပါနိုင်ငံရေး အခြေအနေများကြောင့် အလုပ်သမားလူတန်းစားသည် မိမိတို့၏နိုင်ငံရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အလုပ်အဖွဲ့များ တည်ဆောက်ကြရန်လိုအပ်သည်။ အလုပ်အဖွဲ့များတည်ဆောက်ရေးကို  မြေပေါ်မြေအောက်ကွန်ရက်တည်ဆောက်ရေးစနစ်ကို အခြေခံလုပ်ငန်းများအဖြစ် အသုံးပြုသင့်သည်။ အဖိနှိပ်ခံအလုပ်သမားများ သွေးစည်းညီညွတ်စွာဖြင့် မိမိတို့ဘဝလွတ်မြောက်ရေး လမ်းကြောင်းအတိုင်း ချီတက်နိုင်ကြပါစေ။
-အချက်အလက်ကိုးကားစာရင်း- သခင်လွင်၏ အလုပ်သမားလှုပ်ရှားမှုသမိုင်း
- ဦးလေးမောင်၏ မြန်မာ့နိုင်ငံရေးသမိုင်း
- ဗမာပြည်ကွန်မြူနစ်ပါတီမှထုတ်ဝေသည့် ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ
- ရဲဘော်ထွန်းဦး (၇) ရက် ဂျူလိုင်၊ ၂ဝဝ၉


Friday, November 1, 2013

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-ဆ)

0 comments
ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(အပိုင်း၃-ဆ)
ကာကွယ်ရေးဌာန(အရပ်သား) အလုပ်သမားသမဂ္ဂသပိတ် (၁၉၄၇)
Defense Department (Civilian Personal) Employee Federation ဒုတိယကမ္ဘာစစ်ပြီးခါးနီး တွင် ဗြိတိသျှနယ်ချဲ့သည် မြန်မာနိုင်ငံအားပြန်လည် သိမ်းပိုက်ပြီး၊ ကျွန်ပြုလုပ်ရန် ကြည်း၊ ရေ၊ လေစစ်အင်အားဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။ စစ်တပ်အသီးသီးတွင် စစ်သားမဟုတ်သည့်အမှုထမ်း(အရပ်သားအလုပ်သမား) ထောင်ပေါင်းများစွာကိုခန့်ထားပြီး ခိုင်းစေခဲ့သည်။ စစ်အာဏာပိုင်များသည် စစ်စည်းကမ်းများဖြင့်တင်းကြပ်စွာချုပ်ကိုင်ထားသည်။
ထိုအချိန်က မြန်မာနိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းအားထုတ်မှုတိုက်ပွဲများက နေရာအနှံ့ဖြစ်နေချိန်ဖြစ်သည်။ စစ်အာဏာပိုင်များအတွက် စိုးရိမ်ရချိန်ဖြစ်သည်။ ထိုအကြောင်းအချက်ကြောင့် တပ်တွင်းအမိန့်များ၊ စည်းကမ်းများ တင်းကြပ်စွာထုတ်ပြန်ထားရသည်။ ထိုတင်းကြပ်သည့် အမိန့်များစည်းကမ်းများကို လစ်လျှူထားပြီး ကာကွယ်ရေးဌာန(အရပ်သား)အလုပ်သမားသမဂ္ဂကို (၁၉၄၆)ခုနှစ်တွင် ဖွဲ့စည်းလိုက်ကြသည်။
စစ်ဖက်အာဏာပိုင်တို့၏အဆင့်ဆင့်ဖိနှိပ်မှုကို မခံနိုင်တော့ခြင်း၊ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေရခြင်းကြောင့် ကန်တော်မင်ပန်းခြံတွင် ၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အင်အား (၁ဝဝဝဝ)ကျော်တို့ဖြင့် စုဝေးဆန္ဒပြကြသည်။ ထိုနေ့မှာပင် သပိတ်တိုက်ပွဲကိုဆင်နွှဲလိုက်ကြပြီး ရွှေတိဂုံ အလုပ်သမားသပိတ်စခန်းနှင့်ဆက်သွယ်ပူးပေါင်းလိုက်ကြသည်။ ဗြိတိသျှစစ်အာဏာပိုင်များက စစ်ရေးသက်သက်အမြင်ဖြင့် အလုပ်သမား(၂ဝဝဝ)ကျော်ကို စစ်တပ်အင်အားအသုံးပြုပြီး ဖမ်းဆီးခေါ်သွားသည်။ အလုပ်သမားများကလည်း ငြိမ်သက်မနေဘဲ ဖမ်းဆီးခေါ်ဆောင်သွားသောနေရာ သို့ ကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒပြကြသည်။ အာဏာပိုင်များက အဖမ်းဆီးခံအလုပ်သမားများအား ချက်ခြင်းလွှတ်ပေးလိုက်ရတော့သည်။
တိုက်ပွဲဝင်စိတ်ဓါတ်များဖြင့် တက်ကြွနေသော ကာကွယ်ရေးဌာနမှအလုပ်သမားများ၏အရေးကိစ္စကို ကိုင်တွယ်ရန် ဘုရင့်အတိုင်ပင်ခံaကာင်စီ(အစိုးရ)အဖွဲ့တွင် လုံးဝအာဏမရှိချေ။ အကြောင်းမှာ ထိုအလုပ်သမားများကို စစ်ဌာနချုပ်၊ ဗဟိုစစ်ဦးစီးအဖွဲ့က တိုက်ရိုက်အုပ်ချုပ်ထားသောကြောင့်ဖြစ်သည်။  သပိတ်တိုက်ပွဲတွင် အလုပ်သမား ၉၅ ရာခိုင်နှုန်းကျော်၏ညီညွတ်ရေးစွမ်းအားကြောင့် စစ်အာဏာပိုင်များကလက်လျှော့လိုက်ရပြီး ဘုရင်ခံမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းအကူအညီကို ရယူလိုက်ရတော့သည်။ အာဏာပိုင်များသည် စေ့စပ်ဖြေရှင်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး သပိတ်ကိုယ်စားလှယ်များနှင့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်စေသည်။ သပိတ်၏တောင်းဆိုချက်များ အသင့်အတင့် ပြေလည်မှုရှိခဲ့သည်။ ကျန်ရှိသောတောင်းဆိုချက်များကို အစိုးရမှ ဆက်လက်ဖြေရှင်းပေး မည်ဟုဆုံးဖြတ်လိုက်သည်။ ထိုနောက်  ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံတွင်ပြုလုပ်သော လူထုအစည်းအဝေးမှ သပိတ်လှန်ရန်ဆုံးဖြတ်လိုက်ကြသည်။ (၁၉၄၇)ခုနှစ် နိုင်ငံခြားကုမ္ပဏီကြီးများ သပိတ်(၁၉၄၆ )ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်၊ ကျုံးကြီးလမ်းမစ္စက်လှအောင်ကျောင်း၌ ဥက္ကဌဦးသာကြွယ်၊ အတွင်းရေးမှုးဦးကျော်ငြိမ်းတို့ဦးစီးသည့်အလုပ်သမားအစည်းအရုံး(United Trade Union Organization)ယူတီယူအို ကိုဖွဲ့စည်းတည်ထောင်လိုက်သည်။ နိုင်ငံခြားလက်ဝါးကြီးအုပ်အရင်းရှင်ကြီးများပိုင် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီများမှ စာရေး၊ စာချီ၊ မင်းစေ၊ ဒရဝမ်တို့ပါဝင်သော အမှုထမ်း၊ အလုပ်သမား (၁ဝဝဝ)ကျော်တို့ဖြင့်ဖွဲ့စည်းခြင်းဖြစ်သည်။
(၁၉၄၇) ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ စုံညီလူထုအစည်းအဝေးကြီးတရပ် ကျင်းပခဲ့သည်။ အထွေထွေသပိတ်ကြီး၏aတာင်းဆိုချက် (၂၄)ချက်ကိုထောက်ခံခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီအမှုထမ်းများနှင့် တိုက်ရိုက်သက်ဆိုင်သော စစ်ပြေးလစာအပါ တောင်းဆိုချက်(၁၇)ချက်ကို တင်သွင်းဆုံးဖြတ်ခဲ့ကြသည်။ ထိုတောင်းဆိုချက်ကို(၂၇ရက်) ဂျန္နဝါရီ ၄၇ ရက်စွဲဖြင့် သက်ဆိုင်ရာကုမ္ပဏီများ (ဗြိတိသျှ၊ အိန္ဒိယ၊ တရုတ်ကုန်သည်ကြီးများအသင်း)သို့ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ (၁၅) ရက်အတွင်းပြန်ကြားရန်  အချိန် သတ်မှတ်ပေးထားသည်။ သို့သော် မည်သို့မျှတုန့်ပြန်မှုမရှိသဖြင့် (၁၂ ဖေဖော်ဝါရီ ၄၇)နေ့တွင် သပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။ ဦးစွာအတွင်းဝန်ရုံးကို တပတ် ပတ်ဆန္ဒပြကြွေးကြော်ပြီး ရွှေတိဂုံ အလယ်ပစ္စယံတွင် စုဝေးစခန်းချတိုက်ပွဲဝင်လိုက်ကြသည်။ ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်များနှင့် သပိတ်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြပြီးနောက် သဘောတူညီချက်ရလိုက်သည်။ ထိုနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သပိတ်လှန် လိုက်သည်။
ဤသို့ဖြင့် (၁၉၄၇)ခုနှစ်သည် အထွေထွေသပိတ်ကြီးများ၏ နှစ်တနှစ်ဖြစ်ခဲ့တော့သည်။  အလုပ်သမားများ၏ အခွင့်ရေးနှင့်ရပိုင်ခွင့်များ အတွက်တောင်းပွဲ၊ တိုက်ပွဲများနှင့် ပြည့်နှက်နေမှုကြောင့် စစ်ပြီးနယ်ချဲ့အစိုးရသည် အကြပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရတော့သည်။ အလုပ်သမားများ၏ တောင်းပွဲ၊ တိုက်ပွဲများသည်လည်း လွတ်လပ်ရေးရသည်အထိ အဆက်မပြတ်ဖြစ်ပေါ်တိုးပွားခဲ့သည်။ ယခုတင်ပြခဲ့သော အကြောင်းအရာများသည်၊ မြန်မာနိုင်ငံအလုပ်သမားလူတန်းစားများ မည်သို့ပေါ်ပေါက်လာခဲ့ပုံ၊ ကိုလိုနီခေတ် အလုပ်သမား လူတန်းစားများ၏အခြေအနေနှင့် အလုပ်သမားလူတန်းစား၏ တော်လှန်တိုက်ပွဲဆင်မှုများအကြောင်းကို အကြမ်းဖျဉ်းဖော်ပြခြင်းမျှသာဖြစ်ပါ သည်။ ဆက်လက်၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း အလုပ်သမားလူတန်းစားအခြေအနေနှင့် အလုပ်သမားလူတန်းစား၏ တိုက်ပွဲအခြေ အနေများကို ဆက်လက်လေ့လာသင့်သည်ဟု ယူဆပါသည်။