Tuesday, December 3, 2013

ပြည်သူ့ဆန္ဒ၊ ပုံမှားနဲ့ပုံမကျပန်းမကျဖြစ်သွားတဲ့ကိစ္စ (မျိုးမြင့်ချို)

0 comments
ပြည်သူ့ဆန္ဒ၊ ပုံမှားနဲ့ပုံမကျပန်းမကျဖြစ်သွားတဲ့ကိစ္စ (မျိုးမြင့်ချို)
ပြည်သူ့ဆန္ဒဂျာနယ်။ အတွဲ(၁)၊ အမှတ်(၃၈)။ ဒီဇင်ဘာ ၅-ရက်နေ့ထုတ် မျက်နှာဖုံးဆောင်းပါး။ အမည် ဗိုလ်ချုပ်တိုက်ဆောက်၊ ပြည်သူဗိုက်မှောက်၊ စစ်သားဂျိုင်းထောက်။ အတွင်းဖော်ပြစာမျက်နှာ(မျက်နှာဖုံးဆောင်းပါး-စာမျက်နှာ-၉-) ရေးသူ- ရေနံ့သာခင်မောင်ထွေး
ပြောစရာဖြစ်လာတယ်မြင်လို့ရေးပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ပုံနှိပ်မှတ်တမ်းပါအကြောင်းအရာက ကျနော်နဲ့တိုက်ရိုက်ဆက်စပ် နေတဲ့အတွက်ပါ။ အကြောင်းအရာနဲ့ ပုံကိစ္စလောက်ပဲပြောပါမယ်။ စာနယ်ဇင်းကျင့်ဝတ်တို့ သတင်းသမားစည်းတို့ဘာတို့ ကျနော်နားမလည်တာကတကြောင်း ကျင်လည်ထဲဝင်သူများပြောရမယ့်အရေးဖြစ်တာကတကြောင်းမို့ ချန်ခဲ့ပါမယ်။

ပုံကိစ္စအရင်ပြောပါ့မယ်။ ပုံက ၂ ပုံပါ။ တစ်ပုံက မျက်နှာဖုံးက ဂျိုင်းထောက်နဲ့၊ လက်တဘက်ပြတ်နဲ့၊ ထိုင်းတိုက်ပုံအင်္ကျီပြာလည်ပြတ်နဲ့၊ အောက်ကပုဆိုးဝတ်နဲ့၊ တိုယိုတာဗင်န်ကားတစ်စီးနားကပ်လျက်သား ရပ်နေတာက ကျနော့်ပုံပါ။ ရိုက်တဲ့အချိန်က ၂ဝဝ၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့(လောက်)ကပါ။ နေရာက အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖိုပတ်ဝိန်းမြို့ကလေးက ညီတော်မောင်(အရင်း ၂ နှစ်ခွဲကြီး/ငယ်)ရဲ့ အိမ်ရှေ့မှာပါ။ အပြင်ထွက်ကြဖို့ ကားပေါ်တက်မယ်လုပ်တုန်း အမှတ်မထင်ရိုက်လိုက်တဲ့ ပုံဖြစ်ပါတယ်။ နောက်တစ်ပုံက ထိုင်းရောက်စက အေအေပီပီရုံးခန်း အိမ်သာတံခါးနောက်ခံနဲ့ ရိုက်ထားတဲ့ပုံပါ။ သစ်သားဂျိုင်းထောက်နဲ့ပါ။ အရပ်ဝတ်အင်္ကျီလက်ရှည် မဖြူ့တဖြူ လက်မောင်းလိပ်တင်ပြီး ပုဆိုးနဲ့ပုံပါ။ ဆံပင်ကတော့အတိုပါ။ ခုလည်း အတိုပါ။ သန့်သန့်ရှင်းရှင်းသုံးပါ၊ အိမ်သာသွားပြီးရေလောင်းပါ စာတမ်းလေးတောင်မထင်မရှားတွေ့မှာပါ။ အဲ့ဒါကို ဖိုတိုရှော့ပ်နဲ့ဖြတ်ညှပ်ကပ်လုပ်တဲ့ပြီး စစ်ဝတ်နဲ့၊ ဂျန်းဂဲလ်ဟက်တ်နဲ့၊ အီကွပ်မင်န့်နဲ့ဘာနဲ့လုပ်ထည့်လိုက်တော့ ကိုယ့်ပုံ ကိုယ့်ဘာသာကိုယ်ကြည့်ပြီး ရီချင်စိတ်ပေါက်တယ်။ ကျနော့်အကြောင်းကို နည်းနည်းများပိုသိဖို့လိုရင် ကျနော့်ဘလော့ဂ် http://www.myo-myo-myintcho.blogspot.com/ မှာ ဝင်ကြည့်စေလိုပါတယ်။ ကျနော့်မှာ စစ်ဝတ်နဲ့ပုံဆိုလို့ တပ်ထွက်လက်မှတ်ထဲက ဆံပင်စစ်သားပုံမကျ ဘာမကျ လိုင်စင်ပုံလေးတစ်ပုံသာ လက်ဝယ်ရှိတော့တာပါ။ စစ်သားဘဝ သင်တန်းတစ်ခုမှာသူငယ်ချင်းတွေနဲ့ရိုက်ဖူးတဲ့ဓါတ်ပုံလည်း ဘယ်ရောက်လို့ရောက်မှန်းမသိတော့ပါ။ ခုပုံကတော့ ဂရပ်ဖစ်ဒီဇိုင်းဆရာ လက်စွမ်းပြဖို့ရာ အယ်ဒီတာမင်းနဲ့ဆောင်းပါးရှင် ဉာဏ်ကွန့်လေရော့သလား မပြောတတ်ပါ။ ပြုံးတော့ ပြုံးချင်စရာပါ။

ကားနဲ့တွဲလျက်ဓါတ်ပုံကို ရိုက်တာက Nic Dunlop ဆိုတဲ့ အိုင်းရစ်ရှ်လူမျိုး၊ ဓါတ်ပုံသတင်းသမား၊ ယူကေဓါတ်ပုံအသင်းဝင်၊ စာရေးဆရာနဲ့ ဘားမားဆိုးလ်ဂျား မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာဖြစ်ပါတယ်။ ကျနော့်မိတ်ဆွေလည်း မိတ်ဆွေပါ။ မကြာသေးခင်ကပဲ New Brave Burma ဓါတ်ပုံမှတ်တမ်း စာအုပ်ထုတ်ခဲ့ပါတယ်။ The Lost Executioner လို့ဆိုတဲ့ ကမ်ပူးချားမှာ ပိုပေါ့လက်ထက်က ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ခမာနီခေါင်းဆောင်ဟောင်းတစ်ဦးပုန်းနေတဲ့နေရာကို ခြေရာခံဖော် ထုတ်ပေးခဲ့တဲ့စာအုပ်ပါ။ အတော်အောင်မြင်ခဲ့ပါတယ်။ သူ့အကြောင်းက Nic Dunlop weas born in Ireland in 1969. His work has appeared in numerous publications worldwide. In 1999, he received an award for Excellence in International Journalism from John Hopkins for exposing the head of the Khmer Rouge secret police, Comrade Duch. He lives in Bangkok, Thailand. ဒီ့ထက်ပိုသိဖို့လိုရင် အွန်လိုင်းမှာ သူ့အမည် သူ့စာအုပ်အမည်တွေ ရိုက်ထည့်ရှာဖွေကြည့်စေ ချင်ပါတယ်။ အေအေပီပီရုံးအိမ်သာခန်းနောက်ခံပုံကတော့ ဘယ်သူရိုက်မှန်း မမှတ်မိတော့ပါ။

ဒီဂျာနယ် ရပုံရနည်းပြောပါရစေ။ ဂျာနယ်မျက်နှာဖုံးနဲ့ အကြောင်းအရာကို(လူချင်းမမြင်ဖူးကြပေမယ့် စာချင်း ရပ်ခံချက်ခြင်း ညီရင်းအစ်ကိုလို ဖြစ်နေတဲ့) ပြည်တွင်းက မိတ်ဆွေစာနယ်ဇင်းသမား၊ စာရေးဆရာတစ်ယောက်က ပို့ပေးတာပါ။ သူ့ကျေးဇူးကို အထူးတလည်အမှတ်ပြု ပါတယ်။ ပို့သာပေးပေမယ့် ဘာမှတ်ချက်မျှ သူ မပေးခဲ့ပါ။ အကို့ဓါတ်ပုံနဲ့ဆောင်းပါးတစ်ပုဒ်တွေ့လို့ဗျ။ ဖတ်ကြည့်ပါလား။ ဒီလောက် ပါပဲ။ ကျနော့်ဘက်က ပုံမရှင်း စာမရှင်းလို့ အကြိမ်ကြိမ်ပြန် ဂျီတိုက်တာနဲ့ နောက်ဆုံး ဂျာနယ်ကိုယ်တိုင်သွားဝယ် စကင်န်ဖတ်ပြီး တကန်တက ဆိုးမျိုးခံလုပ်ပေးတာပါ။ ကျေးဇူးစကား ထပ်ပြောပါရစေ။

ဆောင်းပါးရှင်အာဘော်၊ သူပြောချင်တာနဲ့ ဖတ်သူကိုပေးချင်တဲ့မက်ဆေ့ဂ်ျတွေ ကောင်းပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဇောင်းပေးပြီး တည်ရေးတာမှန်းလည်း ပေါ်လွင်ပါတယ်။ လူတွေသိပြီးသားဖြစ်ဦးတောင် အချက် အလက်စုံစုံတိတိကျကျနဲ့ မပြတ်ထောက်ပြ ဒီ့ထက်ပိုရှူတ်ချနေရမယ့်အရေးလို့မြင်ပါတယ်။ ကျနော့်ဖတ်အားပေါ်အခြေခံပြီးပြောရရင် လက်ရာ အရေးအသား တင်ပြပုံ ကောက်ချက်ဆွဲပြမှုစတာတွေမှာ ပထမတန်းစားဝါရင့်စာနယ်ဇင်းသမားတစ်ဦးလို ကျင်လည်ပါးနပ်မှုမရှိလို့ ထင်ပါတယ်။ အချက်အလက်ရှာဖွေတင်ပြပေးတာမှာတော့ ကျနော် သူ့လောက်မနှံ့စပ်လို့ ဘာမှပြောလို့မဖြစ်ပါ။ ဒီအထိဘာကိစ္စမှမရှိပါ။ ကိစ္စက ဘယ်ကျမှရှိလာသလဲဆိုတော့ တလျှောက်လုံး စစ်ဗိုလ်တွေရဲ့အာဏာထောင်စီးပွားရှာ စည်းစိမ်ကြွယ်ဝနေကြတဲ့အကြောင်း ကောင်းဘိကောင်းရက်ရေးနေရာကနေ ကျနော့်ပုံကိုညွှန်းပြီး ဝေဝေဝါးဝါးရေးသားချက်ရောက်မှ ရုပ်ပျက်ဆင်းပျက် အာဘော်ပျက် ဖြစ်သွားရတာပါ။ ကျနော့်လည်း နံမည်ဖျက်ဖို့ရည်ရွယ်တဲ့သဘောတော့ ဟုတ်ဟန်မတူပါ။ ဒါပေမယ့် ကျနော်နဲ့စပ်တဲ့ အချက်အလက်က အကုန်မှားပါတယ်။ ကားကလည်း သူပြောတဲ့ကားအမျိုးအစားမဟုတ်သလို ကျနော်ကလည်း အများသုံးကားပါကင်မှာ အသက်နဲ့လဲကာကွယ်ပေးခဲ့တဲ့တပ်ရင်းမှူး (ဗိုလ်ချုပ်ဖြစ်လာပြီးနောက်)ရဲ့ဇိမ်ခံကားကြီးကို ဂျိုင်းထောက်နှစ်ဖက်အားကိုးပြီး ဆက်လက်ကာကွယ်နေဆဲ မဟုတ်ပါ။ ပုံ၊ ကားနဲ့လူက ကျနော်အစစ်။ ပြောထားတာက တက်တက်စင်လွဲ။

ဒုတိယပြောချင်တာက စစ်အာဏာရှင်တွေ၊ သူတို့ဆွေမျိုးသားချင်းတွေ၊ သူတို့အမြီးစားဘက်ခေါင်းစားဘက်ခရိုနီတွေ၊ ပြည်တွင်းစစ်နဲ့ ကြွယ်ဝနေကြတဲ့ လက်နက်ဝယ်ရောင်း ကြားပွဲစား(ပြည်တွင်းပြည်ပ)တွေကို ဖွင့်ချတိုက်ခိုက်တဲ့အခါမယ် အောက်ခြေထု စစ်သည်တွေရဲ့ စစ်သားဘဝ၊ စစ်ထွက်ဘဝအခက်အခဲတွေနဲ့ထုံမွှမ်းပေးမှ သရုပ်မှန်ပုံပိုပေါ်တာအမှန်ပါ။ ကျနော်လည်း အခါသင့်တိုင်းရေးနေ ပြောနေပါတယ်။ ဒီမှာကြည့်ရင် တစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဒါ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင်ကမှ လုပ်ထားတာပါ http://www.youtube.com/watch?v=isrcBzWVSOo ကိုယ်ကျိုးစီးပွားနဲ့ယှဉ်ပြီး သေတဲ့အထိစစ်အာဏာရှင်စနစ်ကို ဖက်တွယ်ကာကွယ် တဲ့စစ်သည်တွေရှိပါတယ်။ မရှိမဟုတ်ပါ။ မနည်းပါ။ မရှိမဟုတ်ပါ။ ခြွင်းချက်ထားပြောရမယ့် အနေအထားတောင်မဟုတ်ပါ။ ဒါပေမယ့် ဘာအကျိုးခံစားခွင့်မှလည်း မရရှာ(ဆောင်းပါးရှင်တင်ပြတဲ့ဘဝမျိုးနဲ့စစ်ထွက်တွေမှ ရေတွက်လို့ပင်ကုန်နိုင်ဖွယ်မမြင်ပါ)တဲ့ ခြေပြတ်လက်ပြတ် ဘဝပါပြတ်နေရရှာတဲ့ စစ်သည်ဟောင်းနဲ့သူတို့မိသားစုတွေလည်း အနမတဂ္ဂပါ။ ဘယ်လို အောက်ခြေစစ်သည်မျိုးကို တိုက်မယ်။ ဘယ်လိုမျိုးကို ကြားထားမယ်၊ ဘယ်လိုမျိုးကို စည်းရုံးမယ်ဆိုတာက နိုင်ငံရေးအမြော်အမြင်နဲ့ဆိုင်ပါတယ်။ ဆောင်းပါးရှင်ဟာ နိုင်ငံရေးအရ ထောက်ပြပြီး နိုင်ငံရေးစကား ကျကျနနပြောချင်ပုံတော့ရပါတယ်။ ဒါပေမယ့် အချက်အလက်ချော်သွားတော့ တိုက်ရမယ့်သူ၊ ကြားထားရမယ့်သူ၊ စည်းရုံးရမယ့်သူမှားပြီး စကားလုံးမှာ(ဆက်လက်ကာကွယ်နေဆဲပဲ) ရန်လုပ်သံလေးကဲသွားဟန်တူပါတယ်။ အတ္တနောမတိတော့ နောမတိပေါ့လေ။ အချက်အလက်မှန်မှာသာ နောမတိရင် ဘယ်လောက်ထိလိုက်မယ့် ပစ်ချက်လဲတွေးချင်စရာပါ။

တတိယပြောချင်တာက မော်စီတုန်းစကားနက်နဲ့အဓိပ္ပါယ်ကို သူနားလည်သလိုအမှန်ကောက်ပြီး စစ်အာဏာရှင်နဲ့ကွန်မြူနစ်ကို ကြေးတန်းတိုက်ပြတာလို့ ထင်ပါတယ်။ ဒါကလည်း သူ့နိုင်ငံရေးအတွေးအခေါ်ရေချိန်ကိစ္စပါ။ နားလည်လို့ရပါတယ်။ ကိစ္စမရှိပါ။ သိသူက သိသလို မြင်တတ်မှာပါ။

နောက်ဆုံးတချက်ကတော့ စင်္ကာပူဘာလဲ၊ ဘယ်လိုကြွယ်ဝလာသလဲ၊ နိုင်ငံရေးမှာ စီးပွားရေးမှာ ဘယ်စံနဲ့ဘယ်စနစ်ကျင့်သုံးသလဲ၊ စစ်ဗိုလ်တွေနဲ့စစ်ခရိုနီတွေလျှို့ဝှက်ဘဏ်စာရင်း၊ စစ်ဗိုလ်နဲ့ဆွေတော်မျိုးများဆေးရုံတက်နဲ့ဈေးဝယ်ထွက်၊ အခြားငွေကြေးအရှုပ်အထွေးများ အမယ်စုံလှတဲ့ခြင်္သေ့မြို့တော်လိုတိုင်းပြည် ထူထောင်ကြပါစို့ဆိုတဲ့ ကြွေးကြော်သံတိုင်ပေးတာကတော့ (စင်္ကာပူဆင်ဒရုမ်း) ဝေဒနာလက္ခဏာချက်လို့များ ဆိုရမလားမှတ်တယ်။
မျိုးမြင့်ချို။ ဒီဇင်ဘာ ၃ ရက်၊ ၂ဝ၁၄


Monday, December 2, 2013

(ဗိုလ်)ခင်ညွန့်မလုပ်တဲ့နိုင်ငံရေး (မျိုးမြင့်ချို)

0 comments
(ဗိုလ်)ခင်ညွန့်မလုပ်တဲ့နိုင်ငံရေး
ဗိုလ်ခင်ညွန့်ရဲ့ ”နိုင်ငံရေးမလုပ်တော့ပါ”နဲ့ပါ ပတ်သက်လို့ ကျနော်မြင်တာပြောပါ့မယ်။ မပြောခင် ဒီလူဟာ လူကောင်းမဟုတ်ဘူးဆိုတာနဲ့ မကောင်းဆိုးရွားတွေထဲက ”အဆိုးနည်းမကောင်းဆိုးရွား”ဆိုတာလက်မခံကြောင်း အရင် ပြောပါတယ်။ ”လူတော်”ဆိုလည်း အာဏာအတွက် တိုင်းပြည်ကိုနှိပ်ကွပ်ရာမှာတော်တဲ့ ”မသူတော်” လို့ ပြောမှရပါလိမ့်မယ်။ သူ့ကိုအပြင်ထုတ်ပေးလိုက်ချိန်မှာ သူတို့အကြားအကြီးအကျယ် အားပြိုင်မှုတခုခုရှိပြီးမှ၊ အကြောက်အကန်နယ်လုပြီးမှ၊ အကန့်အသတ်ကြီးကြီးနဲ့စည်းချ နားလည်မှုယူပြီးမှထုတ်ပေးလိုက်မှန်းတွေးကြည့်လို့ ရနိုင်တယ်။ ခင်ညွန့်ဘုန်းမီးနေလတောက်စချိန်တွေက ရွှေမန်းတို့ သိန်းစိန်တို့ဆိုတာ နိုင်ငံတကာရှေ့ လူလုံးတောင်ထွက်ပြနိုင်ကြသူတွေ မဟုတ်။ အငံ့လေးတွေပါ။ မင်းအောင်လှိုင်ဆို ဓါးမနောက်ပိတ်ခွေး သာသာပဲ။ ခင်ညွန့်အဖြုတ်ခံရတာ နံပတ်ဝမ်းဖြစ်လာမှာစိုးလို့ရှင်းတာမဟုတ်ပဲ သူတို့ ခိုးဝှက်လုယက်တာတွေကို စာရင်းမှတ်ပြီးအချက်အလက်စုကာ တချိန်ချိန်ကျ ဖော်ကောင်လုပ်မလာနိုင်အောင် လူ၊ ဂိုဏ်းနဲ့ အထောက်အထားမှန်သမျှလက်စဖျောက်ဖို့ လက်ဦးမှုယူအပျောက်ရှင်းပွဲပါ။လာဘ်စားလို့ဖြုတ်ကြေးဆိုစစ်အုပ်စုမှာ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် မကျန်ပါ။ နေဝင်းမြေးတွေနဲ့တွဲပေးပြီးအာဏာသိမ်းဖို့ကြံတယ်ဆိုရအောင်လည်း တပ်ကြီးတစ်ခုလုံးမပြောနဲ့ တိုင်းတစ်တိုင်းစာ လူနဲ့သေနတ်တောင်အမိန့်ပေးနိုင်သူမဟုတ်ဘူး။ ”လာဘ်စားနဲ့အာဏာသိမ်း”ဟာ ခင်ညွန့်ကို”ကိုင်”ဖို့ တပ်တွင်းနဲ့ တိုင်းပြည်ကိုပေးတဲ့အကြောင်းပြချက်သက်သက်မျှလို့မြင်တယ်။

အာဏာကိစ္စမှာ တိုင်းပြည်အုပ်ချုပ်ရာမှာ ထောက်လှမ်းရေးနဲ့ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်ရဲ့ အရေးပါမှုဘယ်လောက်ကြီးမှန်း ပြောနေစရာလိုမယ်မထင်ပါ။ ခင်ညွန့်ဓါးထက်နေတုန်းက နိုင်ငံတကာနဲ့ ဘယ်လိုကစားသွားသလဲ၊ အပြန်အလှန် ဘာထောက်လှမ်းရေး သတင်းတွေဖလှယ်သွားကြ သလဲ၊ ခေါင်းဆောင်ပိုင်းအတွင်းရေးတွေ၊ တပ်တွင်းအခြေအနေတွေ၊ အစိုးရထိပ်တန်းလျှို့ဝှက်ချက်တွေ အပါအဝင် ဘာတွေဘယ်လိုဖလှော်ဖလှယ်ခဲ့သလဲဆိုတာ ကာယကံရှင်တွေသာသိလိမ့်မယ်။ ခင်ညွန့်ရဲ့ အရည်လည်မှုအကင်းပါးမှု ကွက်ကျော်မြင်တတ်မှုဟာ အဲ့ဒီအချိန် စစ်အာဏာနိုင်ငံရေးနဲ့ အဟပ်ကျတဲ့လျှော်ညီတဲ့ အခင်းအကျင်းပဲ။ ၂ဝဝ၈ ရဲ့ခေါင်းကိုင်ဖခင်နဲ့ Road Map ၇ ချက်လမ်းကို ချမှတ်ကြောင်းလမ်းပေးခဲ့တာ ခင်ညွန့်ပါ။ တစ်ခေါင်းတည်းနဲ့ တစ်အုပ်လုံးကိုကျောင်းခဲ့တဲ့အနေအထားပါ။ အဲဒီအချိန်မှာ ခင်ညွန့်ထက် လက်စောင်းထက်သူမရှိနိုင်ဘူး။ နိုင်ငံတကာဆိုတဲ့အင်အားကြီးနိုင်ငံတွေက ခင်ညွန်ရဲ့ အကင်းပါးလူရည်လည် ကွက်ကျော်နင်းနိုင်မှုကို ကောင်းကောင်းသတိပြု၊ အသိအမှတ်ပြုခဲ့ တာလည်းအထင်အရှားရှိတယ်။ ဒေါ်စုနဲ့ခင်ညွန့် နှစ်ယောက်ပေါင်းလက်ထဲသာ အာဏာအပ်လိုက်လို့ ကတော့ ကောင်းလိုက်မယ့်ဖြစ်ခြင်းလို့ လှော်ကြည့်တဲ့သဘောအသံထုတ်ပေးခဲ့ဖူးတာ၊ လူထုအတွင်းမှာလည်း အဲ့ဒီနှစ်ယောက်ပေါင်းမိလို့ကတော့ ဒီမိုကရေစီလမ်းကြီးကတော့ ဖြူးနေတော့မှာ ဆိုတဲ့အမြင်တချို့ပေါ်ခဲ့ဖူးတာလည်းငြင်းမရဘူး။ အရာအချခံရတာတွေထဲမှာ အဲ့ဒါတွေလည်း ထိပ်ဆုံးကပါတယ်။ အရာချခံရတာ “အ”လို့ “မနပ်”လို့ နှပ်ပစ်ခံရတာလို့မထင်ပါ။ တပ်ကိုင်ထားနိုင်သူကို လွန်မရမှန်းသိပေမယ့် သူ့ နိုင်ငံတကာနဲ့ပြည်တွင်းပေါက်ရောက်မှု(နိုင်ငံရေး)နဲ့လှည့်ပြီး ချုပ်လို့ရတန်ကောင်းရဲ့အတွေးနဲ့ မျှောလိုက်နေတုန်း အငိုက်မိသွားတာမျိုးပါ။

ခုလွတ်ပြီ။ လွတ်တော့ ဘာဖြစ်လဲ။ သူ”ကြည့်ရှူ”ခဲ့ဖူးသူတွေက ဂုဏ်ထူးဆောင်နာယကကြီးတို့၊ အထူးအကြံပေးပုဂ္ဂိုလ်ကြီးတို့ စတဲ့ ရာထူးနေရာတွေတည်ထွင်ပြီး ခရိုနီကုမ္ပဏီကြီးတွေဆီက ဆက်ကြေးမှန်မှန်ရနေတယ်။ သူ့အဖို့ ငွေကြေးစုဆောင်းဖို့ သိတ်မခက်လှပါ။ နိုင်ငံတကာကနေ အထောက်အမလေးများလည်း(ခွပ်လက်ကောင်းမယ့်ပုံပေါ်ရင်)ရဖို့မခဲယဉ်းပါ။ နိုင်ငံကြီးတချို့အတွက် ခင်ညွန့်ဟာ တချိန်က ကျေးဇူးရှိခဲ့ဖူးသူပါ။ နိုင်ငံကြီးသားတွေဟာ လူယဉ်ကျေးတွေပီပီ သူတပါးကျေးဇူး မမေ့တတ်ကြပါ။ သူလုပ်ခဲ့တဲ့ အပစ်ရပ်လူမျိုးစု(တချို့)ဆီကလည်း ”သူရဲကောင်းလူစွန့်စားကြီး” သူမရှိလို့ ဒို့ အဖိခံရတာဆိုတဲ့အမြင်လေးများလည်း ပြူတစ်ပြူတစ်ဖြစ်နေတာကြားတယ်။ ဗိုလ်အောင်ဒင်ပြန်လာမယ်ဆို လာခဲ့ပါလက်ကမ်းကြိုမယ့်ယောင်။ ခင်ညွန့်က လည်ပါတယ်။ သူနဲ့ “ခေါင်”တချို့အချိုင်ခံရပေမယ့် တပ်ထဲမှာ ကိုင်းဖျားကိုင်းနားတချို့ အငုတ်အတက်တချို့ချန်ခဲ့နိုင်မှာပါ။ (အနည်းဆုံး အတွေးအခေါ်အရဖြစ်ဖြစ်ပေါ့) ကျူပင်ခုတ်ခံရပေမယ့် ကျူငုတ်တွေ ကျန်မှာပါ၊ ချန်မှာပါ။ တင်ဦး(မျက်မှန်ကြီး)အရှင်းခံရတုန်းကလည်း ဗိုလ်နေဝင်းလက်သံပြောင်ပေမယ့် လက်ကျန်တွေ မနည်းရှင်းယူရတာပဲမဟုတ်လား။ ဟိုတုန်းက တစ်ပါတီအောက်မှာမို့ မြင်ကွင်းကျဉ်းပြီး ထင်းကနဲမြင်သာတယ်။ ခုက စစ်ဝတ်အရပ်ဝတ်နဲ့နေရာစုံ(လွှတ်တော်၊ အစိုးရ၊ ကော်မရှင်များ၊ တရားစီရင်ရေး၊ စစ်တပ်)မှာ အတည်ပေါက်ဝင်ထိုင်နေတာဆိုတော့ သူ့လူမှန်းသိဦးတောင် သိတ်မထင်းဘူး။ ပစ်ကွင်း မရှင်းလှဘူး။ ဒီကြားထဲ ဒီမိုကရေစီနဲ့ပါတီစုံအရေကခြုံထားရသေးတာပါ။ ဆိုတော့ လုပ်ရခက်တယ်။ နောက်တခုက တပ်။ တပ် “ကိုင်” ထားတယ်လို့ပြောတဲ့ မင်းအောင်လှိုင်က အရပ်ဝတ်နဲ့အကိုကြီးတွေကို လွန်ဆန်ဖို့ခက်နေတယ်။ စီနီယာဂျူနီယာသဘောတင်မကဘူး ဝိုင်းကြီးချုပ်စနစ် (အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ)နဲ့ခံထားတယ်။ ဘယ်သူမှ နံပတ်ဝမ်းမဖြစ်ရဆိုတဲ့မူပဲ။ အဲ့ဒီမူကြောင့်ပဲ နေရာတိုင်းမှာ ထီးပြိုင်နန်းပြိုင်တွေ တစ်ဗိုလ်တစ်မင်း ထီးတစ်စင်းရုံးတစ်ရုံးဖြစ်နေတာ။ ဒါတွေကိုက အားနည်းချက်။ ဒါတွေကိုက ဟာကွက်။ ဒီဟာကွက်တွေထဲ ထိုးထည့်ခွဲနိုင်ရင် သူ လူဖြစ်ပြီမှန်း ခင်ညွန့်မသိဘူးလို့ ထင်လို့မရပါ။ ဒီဟာကွက်တွေဟာ ခင်ညွန့်အတွက်တော့ အညှာကိုင်ရမယ့်နေရာတွေမှန်း မသိပဲမနေပါ။ ဒီဟာကွက်ထဲ ထိုးထည့်ခွဲနိုင်ရင် သူ လူဖြစ်ပြီမှန်း ခင်ညွန့်မသိဘူးလို့ထင်လို့မရပါ။ ဆိုတော့ သေနတ်မပါတဲ့လူတွေစုဖို့ ခင်ညွန့်အတွက် သိတ်မခက်လှဘူးထင်ရတယ်။

ထွက်ထွက်ခြင်း “နိုင်ငံရေးမလုပ်တော့ပါ အမျိုးသားရေးပဲလုပ်မယ်”ဆိုပြီး ချောင်းဟန့်လိုက်ရုံရှိသေး လန့်သူတွေလန့်ကုန်ကြတယ်။ ဝီရသူဆီပြေးပြီး ဟိုဟာလေးဒီဟာလေးကပ်တယ်။ “ဘုရာ့တပည့်တော်” လုပ်ပြလိုက်တယ်။ “သိန်းစိန်တို့လည်း တော်ရှာသား၊ ကိုယ့်ကောင်လေး မဆိုးပါဘူး” အပေါက်မျိုးလေး ချီးမွမ်းခြေကျောက်တယ်။ ဒေါ်စုလည်း”ညီမလေးစုက မဆိုးရှာပါဘူး၊ စိတ်ကောင်းရှိသားပဲ၊ တိုင်းပြည်ကောင်းကျိုးလုပ်နေတာ”ဘာညာနဲ့ လေသံလောက်ပစ်တယ်။ ရောတော့မရောဘူး။ ခွာထားတယ်။ နောက်သိတ်မကြာဘူး ”ဒီပဲယင်း”ညောင်မြစ်ပြန်တူးမယ်ဆိုလုပ်တော့ ပုတ်သင်ဥပေါ်မှာ စိုးသူတွေ ပြာပြာသလဲရှေ့ထွက်လာကြ၊ ဟန့်ကြတားကြလုပ်ရတယ်။ ခင်ညွန့်ကလည်း ”သူမပြောမိပါလား”ဆိုပြီး ကွယ်တယ်။ နောက်တော့ “နိုင်ငံရေးမလုပ်တော့ဘူး”ဆိုကာ ကော်ဖီဆိုင် ပန်းချီအရောင်းပြခန်းဖွင့်တယ်။ ဆိုင်ဖွင့်တာ အလကားမဟုတ်ပါ။ ကော်ဖီဆိုင်နဲ့ပန်းချီပြခန်းဆိုတာ နိုင်ငံခြားသားတွေအပါအဝင် ဘယ်သူမဆို တံခါးမရှိဓါးမရှိ ဝင်ထွက်သွားလာလို့ရပါတယ်။ လာဝယ်သူ လာလည်သူနဲ့”လာကြည့်သူ” အလွယ်တကူခွဲလို့ရပါတယ်။ အခု နေဝင်းမြေးတွေ ဘီလူးကြိမ်း ကြိမ်းပြီးလွတ်လာပြီ။ ခင်ညွန့်လူအချို့(၂၂ယောက်)ထောင်ထဲကျန်သေးတယ်။ ပြန်လွှတ်ပေးဖို့ သိန်းစိန်ဆီစာရေးထားတယ်။ တစ်ကွက်ခြင်း နင်းနေတယ်။ ဖြည်းဖြည်းချင်း လှမ်းနေတယ်။ ဘုရားတရားတွေ အလုပ်ပြနေတယ်။ ပွဲထုတ်သူကလည်း ထုတ်ပေးနေတယ်။ မြတ်ခိုင်က ခင်ညွန့်စာတစ်အုပ်ထုတ်တော့ မိတ်ဆက်ပွဲမှာ “နိုင်ငံရေးအကျဉ်းသားမရှိ ရာဇဝတ်သားတွေမျှ”လို့ပြောတာ ဘယ်လောက် လူအမုန်းများမယ်မှန်းမသိလို့ပြောတာမဟုတ်။ အလွှတ်မဲ့ထွက်ကျသွားတဲ့စကားလုံးမဟုတ်။ “ဘယ်သူ့တောင်းပန်ရမှာလဲ”ဆိုတာ ရိရုံကလိရုံ သက်သက်မျှမဟုတ်။ ဗြောင်စိန်ခေါ်တာ။ အမောက်ထောင်ပြတာပါ။ နိုင်/ကျဉ်းနဲ့ပတ်သက်ရင်”တည်ဆဲဥပဒေချိုးဖေါက်သူတွေ” လို့လောက်ပဲ ပြောဝံ့တဲ့သိန်းစိန်တို့တစ်အုပ်စုလုံး “ရဲဝံ့လှချည်ရဲ့”ဆိုကာ မင်သက်ချီးမွမ်းမိကုန်တယ်။ “အပြစ်တွေဝန်ချတောင်းပန်ပါဆိုတိုင်း”တာဝန်အရပါလောက်နဲ့ ပြည်ဖုံးကားချအပြစ်ရုန်းတဲ့ စစ်အုပ်စုတစ်စုလုံး “ဟုတ်သားပဲ ဘယ်သူ့သွား ဘာကိစ္စတောင်းပန်နေစရာလို လို့လဲ”ဆိုတဲ့အတွေး ဝင်သွားစေတယ်။ အဲ့ဒါ နိုင်ငံရေးပဲ။ အဲ့ဒါ နိုင်ငံရေးလုပ်နေတာပဲ။ အဲ့ဒါ မိုက်ဂုဏ်ပြစားပြီး အတွေးအခေါ်နိုင်ငံရေး “ကျောင်း”တာပဲ။ လွတ်ပြီးနောက် ခင်ညွန့်ပြောလိုက်တဲ့စကားတိုင်းကို လိုက်လိုက်ပြောနေရှင်းနေရတာကိုက ခင်ညွန့်ဘာလဲဆိုတာ ဘယ်လောက် အစွယ်ထက် အတက်ချွန်နေသေးတယ်ဆိုတာကိုပြတာပဲ။ သူတို့ဘက်မှမဟုတ်ဘူး ကျနော်တို့ဘက်မှာလည်း ဒီအတိုင်းပဲ။ သူ့စကားတွေကို အရေးတယူလုပ်နေတာမဟုတ်ဘူးဆိုရင်တောင် လွှတ်ထားလို့တော့မဖြစ်သေးဘူး မဟုတ်လား။

ချုပ်ရရင် ခင်ညွန့်မလုပ်တော့ဘူးဆိုတဲ့နိုင်ငံရေးက သိန်းစိန်တို့ ရွှေမန်းတို့ ခင်အောင်မြင်တို့ တင်အေးတို့ မင်းအောင်လှိုင်တို့ (ကာ/လုံ)တစ်အုပ်လုံးကို “မင်းတို့ဆီလာ၊ မှတ်ပုံတင်၊ ပါတီဖွဲ့၊ မင်းတို့အောက်က ပေါ်စေပျောက်စေနိုင်ငံရေးပါတီမျိုးထောင်၊ ရွေးကောက်ပွဲဝင်နိုင်ငံရေးမျိုး လုပ်မယ့်ကောင်မဟုတ်ဘူး”လို့ပြောတာပဲမှတ်တယ်။ ခင်ညွန့်လုပ်တဲ့နိုင်ငံရေးဟာ ကြံ့ဖွံ့လုပ်တဲ့နိုင်ငံရေးမဟုတ်တာတော့သေချာတယ်။
မျိုးမြင့်ချို ဒီဇင်ဘာ ၂ ရက်၊ ၂ဝ၁၄


Sunday, December 1, 2013

တောင်တန်းသားမိတ်ဆွေ အဟောင်းနဲ့အသစ် (ကောက်နှုတ်ချက် အပိုင်း-၁/၂)

0 comments
တောင်တန်းသားမိတ်ဆွေ အဟောင်းနဲ့အသစ် (ကောက်နှုတ်ချက် အပိုင်း-၁)
ယူတာကဒီနေရာကပါ။ စာရိုက်တင်ပေးသူကို ကျေးဇူးစကားအထူးဆိုပါရစေ။ https://www.facebook.com/yebaw.aung
(မျက်မှောက်ခေတ်ဗမာ့နိုင်ငံရေးမှာ ပိုပြီးတော့အံဝင်လာတဲ့သုံးသပ်ချက်တခုပါ။ မဖတ်ရသေးတဲ့ လူကြီး၊ လူငယ်၊ လူလတ်အကုန်ဖတ်သင့် မှတ်သင့်သည်ဟုယူဆလို့တကူးတကစာရိုက်တင်ပေးလိုက်ပါတယ်။ ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၂ (အောက်တိုဘာလ ၂ဝဝ၂) မှ ထုတ်နှုတ်သည်)
တောင်တန်းသား မိတ်ဆွေများအကြောင်း
၁၉၄၈ တွင် မလွဲမရှောင်သာ လွတ်လပ်ရေးပေးရတော့မည့်အခြေအနေတွင် "တောင်တန်းသားမိတ်ဆွေများအဖွဲ့" အင်္ဂလိပ်အုပ်စိုးသူ အသိုင်းအဝိုင်းတွင်ပေါ်သည်။ နာမည်ကျော် ချာချီကိုအမှူးပြုပြီး ဘုရင်ခံဟောင်းဒေါ်မန်စမစ်ခေါင်းဆောင်သည်။
အင်္ဂလိပ်ဗျူရိုကရက်ကြီးများ ပါကြသည်။ "မိတ်ဆွေများ"က တောင်တန်းသားများကို အကူအညီပေးတော့မလိုလို ပြောသည်။ တောင်တန်းသားများကလည်း အကူအညီရတော့မလိုလို ထင်ယောင်မှားကြသည်။ သို့သော် ခေတ်ကြီးက ပြောင်းခဲ့ပြီ။ နယ်ချဲ့ ကမ္ဘာ့အခင်းအကျင်း ကုန်ဆုံးသွားပြီ။ နယ်ချဲ့များနောက်ဆုတ်နေရပြီ။ အင်္ဂလန်တွင် ချာချီအစိုးရပြန်တက်တော့လည်း ဗမာပြည်ဘက် လှည့်မကြည့်အားပါ။ အင်္ဂလိပ်နယ်ချဲ့က စူးအက်တူးမြောင်းအရှေ့ဘက် ခြေမချဝံ့တော့။
"အင်္ဂလိပ် တောင်တန်းသားမိတ်ဆွေများ" တဇာတ်သိမ်းခဲ့ပြီ။ ယနေ့ပေါ်နေသည်က "ဗမာပြည်အရေး ကျွမ်းကျင်သူပါရဂူ"များ၏ "တောင်တန်းသားမိတ်ဆွေများ" အသစ် ဖြစ်သည်။ သူတို့က အာဏာပိုင်များမဟုတ်၊ နိုင်ငံရေးပွဲစား၊ လက်သစ်စီအိုင်အေ၊ နိုင်ငံရေး ဒေါက်တာရမ်းကုများဖြစ်သည်။ ထိုအထဲတွင် ဘာတီးလင့်တနာဆိုသူ ပါသည်။
ဘာတီးလင့်တနာသည် အခြား "ပါရဂူ"များထက် တလုံး ပိုရှုနိုင်သည်။ သူက "ပန်ဆန်းပြန်"။ သူ ပန်ဆန်းရောက်ရသည်မှာ မိတ်ဆွေကြီး ဘရန်ဆိုင်း၏တောင်းပန်ချက်အရ ရောက်ခြင်းဖြစ်သည်။ စာအုပ် တစ်အုပ်နှစ်အုပ်ရေးပြီး "ဗမာပြည်အကြောင်းကျွမ်းကျင်သူပါရဂူ" လုပ်နေသည်မှာ သူတယောက်တည်းမဟုတ်။ များသည်။ သူတို့က စာအုပ်ရေးကြသည်။
သူတို့ရေးသမျှက တောင်တန်းသားကို ချီးကျူးစရာ ရှာချီးကျူးသည်။ ဗမာဆိုလျှင် နီသော ဖြူသောမရွေး ဆန့်ကျင်သည်။ ဘာတီးလင့်တနာ ရန်ကုန်ရောက်ပြီးပြန်လာတော့ ဗိုလ်ခင်ညွန့်က သူ့ကို အင်္ဂလိပ်လို"ကျုပ်တို့တွေ့ကြပြီ"ဟုပြောကြောင်း၊ ထိုအင်္ဂလိပ်စကားကိုအလွတ်ကျက်ပြီး ပြောဟန်တူကြောင်း ကျွန်တော်တို့ထံစာရေးဖူးသည်။
ဗမာဆိုလျှင် နှိမ်စရာမရှိ ရှာပြီးနှိမ်သည်။ တောင်တန်းသားလည်းဖြစ် ခရစ်ယာန်လည်းဖြစ်လျှင် သူတို့အတွက် ချီးကျူးစရာချည်း။ အင်္ဂလိပ် စစ်သားဟောင်းကြီးက စကော့တလန် ချိုင်းညပ်(ဂျိုင်းညှပ်)လေသွင်းပုလွေမှုတ်တာကိုပင် ချီးမွမ်းခန်းဖွင့်သည်။ နယ်ချဲ့လက်ကျန်ကို ထိန်းသိမ်းသဖြင့် ကျေနပ်သည်။
စစ်အေးလွန်ခေတ် "တောင်တန်းသား မိတ်ဆွေများ"အကြောင်းကို အဓိကရေးချင်သည်မှာ ဤကိစ္စများမဟုတ်ပါ။ သူတို့လုပ်ပေါက်ကို မိတ်ဆက်ပေးလိုခြင်းသာ ဖြစ်သည်။ သူတို့ဆေးမြီးတို ပေးခဲ့သည်၊ ပေးနေသည်။ "အကြမ်းမဖက်ရေး" ဆေးမြီးတိုကြောင့် မြော့မြော့ကျန်တော့သည့်လူနာကို ယခု "ရတဲ့ဈေးနဲ့ထုတ်ရောင်း ချေးများမနေနဲ့"ဟု ဆေးမြီးတိုပေးနေကြပြန်ပြီ။ ရဲဘော်များ၊ မိတ်ဆွေများ သတိရှိကြစေချင်သည်။
ကျွန်တော်တို့တွင် အားနည်ချက်ရှိသည်။ ပြည်တွင်းနိုင်ငံရေးသတင်းကို ထို "ပါရဂူ"များထံမှယူနေရသည်။ ပြည်တွင်းရှိ နိုင်ငံရေးပုဂ္ဂိုလ်များ ကလည်း လွတ်လပ်စွာပြောဆိုရေးသားခွင့်မရှိ၍ လူသိများစေချင်သည့်နိုင်ငံရေးသတင်း၊ အသံလွှင့်ပေးစေချင်သည့်သတင်းကို သူတို့ကို ပေးနေရသည်။ တောင်တန်းသားမိတ်ဆွေ အဟောင်းဖြစ်စေ အသစ်ဖြစ်စေ "ပြည်ထောင်စုပြဿနာ"ကို ကူညီဖြေရှင်းပေးနိုင်သူများ မဟုတ်ကြ။ သို့သော် သူတို့ တွင်ကျယ်နေသည်။ ခြေရှုပ်နေသည်၊ ခြေရှုပ်တာကနေ ခြေထိုးလိမ့်မည်။
၁၉၈၈ သည် အလှည့်အပြောင်းနှစ် ဖြစ်သည်။ အလှည့်အပြောင်းတခုမှာ"ခွဲထွက်ရေး"တို့ "သီးခြားတိုင်းပြည်ထူထောင်ရေး"တို့ကို အဓိကလူမျိုးစုအင်အားစုများကအတိအလင်းစွန့်ပယ်ပြီး၊ ဒီမိုကရေစီနှင့်ပြည်ထောင်စုဘက်သားများ ဖြစ်သွားကြသည်။ ခွဲထွက်ရေး၊ သီးခြားတိုင်းပြည်ထူထောင်ရေးကို ကရင်နီတိုးတက်ရေးပါတီကပင် သိပ်မပြောတော့။ နော်ဝေးပြည် အော်စလို (OSLO)တွင် ပြောတာ ဖတ်ရသည်။ ပြည်ထောင်စုဘက်သားဖြစ်လာသူတိုင်းကို ကြိုဆိုရမည်။

လက်သစ် "တောင်တန်းသားမိတ်ဆွေများ"
သူတို့က အဟောင်းနှင့် လုံးဝ မတူပါ။ အဟောင်းများက ဗျူရိုကရက်ကြီးများ သပ်သပ်ဖြစ်သည်။ ရှင်းသည်။ အသစ်က ဂျာနယ်လစ်၊ NGO၊ လူ့အခွင့်အရေးသမား အရေခြုံထားကြသည်။ အစစ်အမှန်များကြားတွင် ရောနေသည်။ "နိုင်ငံရေးပွဲစား" "နိုင်ငံရေးရမ်းကု"များလုပ်သည်။ သူတို့အကြောင်းရေးရင်း ရှုပ်နေများလည်းရှင်းချင်သည်။
တောင်တန်းသားမိတ်ဆွေ အဟောင်းနဲ့ အသစ် (ကောက်နှုတ်ချက် အပိုင်း-၂)
ဗကပ ယူဂျီ ၄၈၂၈ ကိုဖမ်းမိတော့ ဗိုလ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲများ ကမန်းကတန်းလုပ်သည်။ လုပ်သည့်ရည်ရွယ်ချက်က ရှင်းသည်။ သူလည်း ပြောထားပြီးဖြစ်၍ ရေးစရာမရှိပါ။ သူ၏ဖုံးကွယ်ထားသောရည်ရွယ်ချက်ကိုသာ ရေးမည်။ ကွန်မြူနစ်ဆန့်ကျင်ရေးသည် အမေရိကန်၏သည်းခြေကြိုက်ဖြစ်သည်။ ဒါကို ဗိုလ်ခင်ညွန့်သိသည်။ ထို့ကြောင့် ထိုအချက်ကိုကောက်ကိုင်လိုက်သည်။ တချက်ခုတ် နှစ်ချက်သုံးချက်ပြတ်ရန် ရည်ရွယ်သည်။
- ဒီချုပ်သည် ဗကပနှင့်မကင်းဟု စွပ်စွဲရန် (ဤစွဲချက်မှာ အောင်ကြီးစွဲချက်နှင့်တူသည်)
- နဝတသည် ဗကပကို အမြစ်ပြတ်ချေမှုန်းနေသည်ဟု အမေရိကန်ကိုသတင်းပေးရန်။
- ထိုင်းနယ်စပ်ရောက်ကျောင်းသားလူငယ်များကို မယုံနှင့်၊ ကွန်မြူနစ်အဆက်အသွယ်တွေ ဖြစ်သည်။ လက်နက်မကူညီနှင့်ဟု ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲစာအုပ်များကိုကြည့်လျှင် တွေ့နိုင်သည်။

ဖြစ်စဉ်ကိုပြန်လှန်လျှင်
လူထုအုံကြွမှုကြီးအရှိန်တက်နေစဉ်က တက်ကြွသည့်လူငယ်များ (ရဟန်းသံဃာတော်များပင်ပါသည်)အတွင်း၌ ရလျှင်ရ မရလျှင်ချ စိတ်ဓာတ်ရှိသည်။ ချလျှင် လက်နက်လိုမည်။ လက်နက် ထိုင်းနယ်စပ်တွင် ဂိုဒေါင်နှင့်အပြည့်ထည့်ပြီး စောင့်နေသည်။ အမေရိကန်က ပေးလိမ့်မည်။ အန္ဒိယကလည်း တပ်မဟာ(၂)ခုစာ လက်နက်ကူညီရန်ပြင်ထားသည်။ ချင်းတွင်းမြစ်အထိပို့ပေးမလိုလို သတင်းတွေ ဖြစ်နေသည်။ (ဗိုလ်ခင်ညွန့်တို့လည်း ကြားလိမ့်မည်။ ဟောပြောပွဲတွင် ထည့်ဟောနေသည်ပဲ) ထိုထင်ယောင်မှားမှုဖြင့် ထိုင်းဘက် အထွက်များသည်။ အိန္ဒိယဘက် အတော်အသင့်သွားသည်။ ဗကပ၏သဘောထားမှာ ဒီမိုကရေစီတော်လှန်ရေး၊ စစ်အစိုးရတိုက်ရေး အတွက်ဆိုလျှင် ဘယ်ကရရ ယူသင့်သည်။ မပေးလျှင် တောင်းရမည်။ ပါစပ်နဲ့ချည်း မကူပါနဲ့၊ လက်နက်ကူပါ ပြောရမည်။ လက်နက်ဟူသည် “အဖြူ-အနီ” မရှိ၊ လက်နက်ထမ်းသူသာ “အဖြူ-အနီ”ရှိသည်ဟုသဘောထားပြီးသွားကြတာကို အားပေးခဲ့သည်။
မှန်းချက်နှင့်နှမ်းထွက် ပါစင်အောင်လွဲသည်။ ထိုအခါ ဗကပ “နိုင်ငံရေးဦးဆောင်အဖွဲ့” (နိုင်/ဦး) အရေးပေါ်အစည်းအဝေးထိုင်သည်။ တညီတညွတ်တည်းဆုံးဖြတ်သည်မှာ
- ကျောင်းသားများ အမေရိကန်ဆီက မရလျှင် ဗကပ က ပေးရမည်။ လက်နက်ရလျှင် သူတို့ ဧရာဝတီမြစ်ဝှမ်းအခြေခံရန် သွားကြလိမ့်မည်။ လူထုကလည်းကြိုဆိုမည်။ လူထုနှင့်ခွဲခဲ့တာ မကြာသေး။
- ကိုယ့်တပ်ရှိလျှင် ကိုယ့်လွတ်မြောက်နယ်မြေရှိမည်။ လူထုကိုမှီခိုလျှင် အဝတ်အစား၊ ဘဏ္ဍာ ကိုယ့်အားကိုယ်ကိုးလုပ်နိုင်ကြမည်။ နဝတ၏အာဏာမခိုင်မြဲသေးခင် ဧရာဝတီမြစ်ဝှမ်း အမြန်ဆင်းနိုင်ဖို့လိုသည်။ ထို့်ကြောင့်
- လက်နက်တသောင်းတိတိ ကူညီရန်၊ ကျောင်းသားတပ်ကို နာမည်ပေးချင်ရာပေး။ “ဒီမိုကရေစီပြည်ချစ်တပ်မတော်”(DPA) ဆိုလျှင် ကောင်းသည်။ ကျောင်းသားများအသက်ကြီးသွားလည်း ဒီနာမည်နှင့်လိုက်သည်။ ဖြန့်ခွဲထားသောဂိုဒေါင်များထဲက ထုတ်ယူပြီး အလွယ်တကူလာပြီး ထုတ်ယူနိုင်သောနေရာများတွင်စုစည်းထားရန်။
- ဖက်ဆစ်တော်လှန်ရေးတုန်းကလို ပါတီက နိုင်ငံရေးမှူးများတွဲပေးလိုက်ရန် ပြင်ဆင်သည့်အနေဖြင့် “DPA နိုင်ငံရေးသင်တန်း” တခု အမြန်ဖွင့်ရန်။ အရေးကြီးသောဆုံးဖြတ်ချက်ဖြစ်၍ ဗဟိုကော်မတီစုံညီအစည်းအဝေးသို့ နိုင်/ဦး အဖွဲ့က တင်ပြသည်။ အများစုကြီးက လက်ခံသည်။

သို့သော် (နောင်အခါ ခွဲထွက်ကြမည့်) ဗဟိုကော်မတီအနည်းစုကလေးက မရဲတရဲ စောဒကတက်သည်။ နိုင်/ဦး အဖွဲ့၏သြဇာကိုလန့်၍ ဗြောင်တော့မကန့်ကွက်ရဲ။ ပါတီရဲ့“ပြည်သူ့တပ်မတော် ရှိနေပြီပဲ၊ ကျောင်းသားတပ် ဖွဲ့စရာလိုသေးသလား”ဟု စောဒကတက်ခြင်းဖြစ်သည်။ (ခွဲထွက်တော့ ဗမာအိုကြီးတွေက ဗမာကျောင်းသာတွေကိုလက်နက်ပေးမလို့လုပ်တာကြောင့် ဆန့်ကျင်ရတာဟု သူ့အောက်ခြေသို့ပြောသည်) ဟုတ်သည်။ ပြည်သူ့တပ်မတော် ရှိပြီးဖြစ်သည်။ သို့သော် သူတို့က ဧရာဝတီမြစ်ဝှမ်းသို့ မဆင်းနိုင်၊ ၁၉၆၈ မှ ၁၉၈၈ ထိ အကြိမ်ကြိမ်ဆင်းဖို့ ကြိုးစားဖူးသည်။ မြစ်ဖျားဘက်သို့ဆင်းရန် လုပ်စဉ်က KIO ခံနေသည်။ စစ်တိုက်ရသည်။ နောက်မဟာမိတ်ဖြစ်ကြတော့ သူတို့ကိုမှီခိုပြီး ဆင်းသည်။ သတင်းပေါက်နေသည်။ အခြေအနေမရင့်မှည့်သေး၍ အကျအဆုံးများကာ မအောင်မြင်ခဲ့၊ ကေဒါကောင်းအများအပြား ကျဆုံး ခဲ့ရသည်။ ၁၉၈၉ မှာ ကျွန်တော်တို့ အောက်ဘက်ကိုဆင်းလို၍ လမ်းပြပေးရန်သူတို့ကိုပြောတော့ သူတို့နှင့်နဝတ ကြိတ်ဆွေးနွေးနေသည်ကို မပြောပြဘဲ ကျွန်တော်တို့တောင်းဆိုတာကို ပယ်ချခဲ့သည်။
အဓိကဆင်းချင်သည်မှာ ပါတီဗဟိုရှိရာပဲခူးရိုးမတောင်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဖြစ်သည်။ အင်းလေး ပေါင်းလောင်းအထိဆင်းသွားဖို့မှာ လွယ်သည်။ ပြဿနာမရှိ။ တောင်ငူ-ကျောက်ကြီးလွိုင်က်ာလမ်း၏မြောက်ဘက်အထိလည်း ပြဿနာမရှိ။ (နေဝင်းဆီ အောင်ကြီးစာရေးစဉ်က သုံးနှုန်းသည့် “ဟိုချီမင်းလမ်း”ဖောက်ခြင်း ဖြစ်သည်) ရန်သူက ထိုအကြံအစည်ကို သိသည်။ အပြင်းအထန် မီးကုန်ယမ်းကုန်ဖျက်သည်။ သခင်တင်ထွန်း၊ ဗိုလ်စိုးမောင်၊ ရဲဘော်လှမောင် (တောင်ငူ)၊ ရဲဘော်ဘမောင်(မုံရွာ)တို့ ရှမ်းပြည်အလယ်ပိုင်းတွင် ကျဆုံးခြင်း၊ ၁၉၇၅ ခုနှစ်တွင် သခင်ဇင်၊ သခင်ချစ် စသူတို့ကျဆုံးခြင်းမှာ ဗကပ၏စီမံကိန်းကိုဖျက်ရန်လုပ်သည့်ရန်သူ့ထိုးစစ်များတွင် ကျဆုံးခြင်းဖြစ်သည်။

မြစ်ဝကျွန်းပေါ် ပြန်လည်ဖော်ထုတ်ရေးစီမံကိန်းကို ယူဂျီနည်းနှင့် စပြီးလုပ်သည်။ သစ္စာဖောက်ကြောင့် တပြုံလုံးရန်သူ့လက်ရောက်သည်။ လမ်းကြောင်းချောမောရန် တပ်ပေါင်းစုလုပ်ငန်းကောင်းအောင်လုပ်ရာတွင် တခြားအဖွဲ့များနှင့်ချောမောသော်လည်း KNU နှင့် မချောမော၊ ဆရာစကောလယ်တောတို့ KNUP ကိုယ်စားလှယ်အဖွဲ့နှင့်ဆွေးနွေးရာတွင်လည်း အဆင်မပြေခဲ့ပါ။ အဆင်ပြေလျှင် လက်နက်ထောင်နှင့်ချီပြီး ကူညီရန်ပြင်ထားသည်။ သူတို့က လက်နက်အကူအညီကိုပင် လက်မခံပါ။ သူတို့တွင်လည်း သူတို့စဉ်းစားချက်ရှိပါလိမ့်မည်။
နောက်တော့ KNU တပေါင်းတစည်းတည်း ဖြစ်သွားသည်။ တပ်ပေါင်းစုစည်းဝေးပွဲ မရှိတော့။ မဒတ-ဗကပ ပန်ဆန်းစည်းဝေးပွဲကျမှ ပြန်တွေ့ ကြသည်။ ပန်ဆန်းစည်းဝေးပွဲတွင် “မြို့ပေါ်မှာ လူထုအုံးကြွမှု”ဖြစ်တော့မယ်ဟု (၂ ကြိမ်တိတိ ပြောခဲ့သည်။ အခိုင်အမာပြောလို့မဖြစ်၍ ဤမျှလောက်ပြောခြင်းဖြစ်သည်။ သူတို့ စိတ်မဝင်စားပါ။
‘အောင်မာဃထိုးစစ် လာတော့မယ်’ဟု သခင်စိုးကိုပြောဖူး၍ ဒုက္ခရောက်သည့်သင်ခန်းစာရှိသည်။ ဗိုလ်ကျော်ဇောကိုမသင်္ကာဖြစ်ပြီး နေဝင်းက တပ်မှထုတ်သည်။ ထိုသင်ခန်းစားရှိနေ၍ စောင်းပါးရိပ်ခြည်သာပြောဝံ့သည်။ တိုက်ရိုက်ပြောလည်း စိတ်ဝင်စားမည့်ပုံ မပေါ်ပါ။ မဆလ၏ “ဆိုရှယ်လစ်စီးပွားရေးစီမံကိန်း”ပိုလုပ်လေ-မှောင်ခိုဈေးကွက်ပိုကြီးထွားလေ-ဂိတ်ဖွင့်အခွန်ပိုကောက်နိုင်လေဖြစ်နေသည်။
အောင်ကြီးပြောသည့် “ဟိုချီမင်းလမ်း”ဖောက်ရေးကို ပြည်သူ့တပ်မတော်က လုပ်ရခက်သည်။ “ပြည်တွင်းစစ် ပြဿနာ”တွင်တင်ပြခဲ့သလို ကျွန်တော်တို့တပ်မှာ ဝများ၊ ကိုးကန့်များ၊ အခါများ၊ ကချင်များဖြင့်ဖွဲ့ထားရရာ တပ်သုံးစကားမှာ တရုတ်စကားဖြစ်သည်။ ဗမာစကား မတတ် ကြပါ။ အတွင်းပိုင်းထိုးဝင်လျှင် စကားပြန်နှင့်သွားရသည်။ သွားရမည့်နေရာက ဗမာဒေသ။ KNU နှင့် တပ်ပေါင်းစုကလည်း မချောမောတော့ အခက်အခဲအလွန်များသည်။ အကြိမ်ကြိမ်လန်ကျလာသောအခါ ပြည့်သူ့တပ်မတော်တပ်မှူးကြီး (ဝ အမျိုးသား)များက ဝ တောင်တန်းမှာသာ တိုက်ခိုင်းပါ။ ဒီတောင်ကုန်း ရန်သူ့လက်မကျစေနဲ့ဆိုရင် မကျအောင်အသေခံတိုက်မယ်။ ဗမာဒေသတွေတော့ စကားမပေါက်ဘာမပေါက်နဲ့ မသွားပါရစေနဲ့တော့ဟု တင်ပြကြသည်။ ဗဟိုစစ်ကော်မရှင်နှင့်ဆွေးနွေးရင်း သူတို့က နည်းလမ်းတခုတင်ပြသည်။ လက်နက် ၂ လက်စီ ထမ်းပြီးဆင်းမည်။ ဟိုမှာရှိတဲ့ဒေသခံပြောက်ကျားတပ်ကိုလက်နက်ပေးခဲ့ပြီးပြန်လာမည်ဟု တင်ပြသည်။ “မြစ်ဝကျွန်းပေါ်စီမံကိန်း” မှာ ထိုအကြံအစည်ဖြင့်လုပ်ခြင်း ဖြစ်သည်။ သူတို့တင်ပြချက်မှာ အလွန်အကျိုးအကြောင်းဆီလျော်ပါသည်။ ဗကပ ဗဟိုကလည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။ တသက်မှာ တခါကြုံမည့် အခါအခွင့်ပေးခိုက်ကြိုးစားချင်သည်။ ဗဟိုနှင့်တပ်မှူးကြီးများ ဤသို့ပဋိပက္ခဖြစ်နေသည်မှာ နှစ်ချီပြီးကြာခဲ့ပြီ။
ဗမာကျောင်းသားတွေကို လက်နက်တသောင်းပေးရေးဆုံးဖြတ်သောအခါ ပဋိပက္ခအထွတ်အထိပ်သို့ရောက်တော့သည်။ လက်နက်တသောင်း မပေးနိုင်ခင် သူတို့ကလက်ဦးမှုယူပြီးခွဲထွက်ကြတော့သည်။ သူတို့ကို အနှစ်(၂ဝ)တိုက်ခိုင်းခဲ့ပြီးမှ ဗမာကျောင်းသားတွေကို လက်နက်တသောင်းပေးရမည်ကို နှမြောတွန့်တိုကြသည်မှာလည်း သဘာဝကျပါသည်။ ဤမျှရေးနေရခြင်းမှာ ပန်ဆန်းတွင် နှစ်ရက်တမွန်းတည့်နေခဲ့ရုံ၊ ဥက္ကဌနှင့်တွေ့ခဲ့ရုံနှင့် ဗကပအကြောင်း နောကြေအောင်သိသူအဖြစ်ကြွားဝါနေသော ဘာတီးလင့်တနာဆိုသူ ပြောသမျှအဟုတ်ထင်သူတချို့ ရှိနေ၍ ဖြစ်သည်။
ဗိုလ်ခင်ညွန့်က သူတို့ နဝတအကျိုးကျေးဇူးအတွက် ၁၉၈၈ လူထုအုံကြွမှုကို ဗကပလက်သို့ထိုးအပ်သောအခါ(၄၈၂၈)နှင့်မဆက်သွယ်မိသော ကျောင်းသားခေါင်းဆောင်များက ‘ဗကပနဲ့ဘာမှမဆိုင်ဘူး၊ ငါတို့လုပ်တာ’ဟု ဖြေရှင်းကြသည်။ ဟုတ်ပါသည်။ ဗကပ က ဆိုင်သည်ဟု မပြော ခဲ့ပါ။ ဗိုလ်ခင်ညွန့်ပြောနေတာပါ။ ဗကပ ကလည်း ဟုတ်နေလျှင်တောင် မပြောသင့်ဟုထင်ပါသည်။
ကျောင်းသားများကပြောမိလျှင် အမေရိကန်ထံမှလက်နက်ရရေးမျှော်လင့်ချက်သာမက ငွေရရေးပါလုံးဝပိတ်သွားလိမ့်မည်။ ထို့ကြောင့် မပြော သင့်ပါ။ ပြောလျှင်ပင် မပြောသင့်ကြောင့် ဗကပ က အကြံပေးမည်။ နောက်တကြောင်းမှာ ထိုင်းနယ်စပ်တွင် ဗကပပါဟုပြောလျှင် သက်သာမည် မဟုတ်။ ခေါင်းကောင်း၍ ဓားတောင်းခြင်းဖြစ်သွားမည်။
ကာယကံရှင်ကျောင်းသားခေါင်းဆောင်များပြောသည်ကို ဗွေမယူပါ။ မဆီမဆိုင် ဘာတီးလင့်တနာကသူ့စာအုပ်တွင် ဗကပနှင့်(၁၉၈၈)အုံကြွမှု မဆိုင်ဟု အတော်ကလေးရေးသည်။ စာအုပ်ထွက်ကတည်းက ဖတ်ရပါသည်။ အရေးမဟုတ်၍ အလေးမထားခဲ့ပါ။
ယခုရေးနေသည်မှာ “လက်သစ်တောင်တန်းသားမိတ်ဆွေများ”၏အန္တရာယ်ကိုသတိပေးလို၍ဖြစ်သည်။ သူတို့သည် “အကြမ်းမဖက်ရေး” ဆေးမြီးတိုပေးပြီး ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို သားလျှောစေခဲ့ပြီးပြီ။ ယခု မြော့မြော့သာကျန်သောလူမမာကို “ဈေးမကိုင်နဲ့ ရတဲ့ဈေးနဲ့ရောင်းထုတ်”ဟု ပေးနေကြပြန်ပြီ။ ဤဆေးမြီးတိုစားမိလျှင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်တော့မည်။ နေဝင်း၊ အောင်ကြီး စစ်အုပ်စုကိုမြေမြှပ်သင်္ဂြိုဟ်ပြီး သုံးချောင်းထောက်(နအဖ)စစ်အုပ်စုကိုအလဲထိုးရမည့်အချိန်ဖြစ်နေ၍ ဤသို့တင်ပြနေခြင်းဖြစ်သည်။ (ဖွင့်ပြောရန်အချိန် ရောက်နေ၍လည်း ဖွင့်ပြောပါသည်။)(ပြည်သူ့အာဏာ အမှတ် ၂၂ မှ ကောက်နှုတ်ဖော်ပြသည်။)
တောင်တန်းသားမိတ်ဆွေလက်သစ်များကို အထူးသတိပြုရှောင်ရှားနိုင်ကြပါစေ။
ယူတာကဒီနေရာကပါ။ စာရိုက်တင်ပေးသူကို ကျေးဇူးစကားအထူးဆိုပါရစေ။ https://www.facebook.com/yebaw.aung

နိုဝင်ဘာနှောင်းပိုင်းမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
နိုဝင်ဘာနှောင်းပိုင်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
မျိုးစောင့်ဥပဒေဆိုပြီး ဗုဒ္ဓဝါဒီအမျိုးသမီးတွေကိုပစ်မှတ်ထားနှိပ်ကွပ်ဖို့၊ အမျိုး ဘာသာ သာသနာဆိုကာ ဘာသာအယူ မတူသူကို အညှိုးအတေးထားကွပ်ညပ်ဖို့ ဝီရသူနဲ့ ၉၆၉ အကြမ်းဖက်ဝါဒီလူမသမာနဲ့ သင်္ကန်းဝတ် တချို့ရဲ့ လှုံ့ဆော်မှုနဲ့လက်တွေ့ကျူးလွန်မှုတွေကို လက်ခုတ်တဖြောင်းဖြောင်းနဲ့ နှစ်ထောင်းအားရဖြစ်နေကြသူတွေထဲမယ် တချိန်က လူ့အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့ကို အာဘောင်အာရင်း သန်သန်ပြောခဲ့ကြဖူးသူ လူတချို့နဲ့ဘုန်းကြီးတချို့လည်းပါတာတွေ့စက အံ့သြမင်သက်ဖြစ်လိုက်သေးတယ်။ ၁၉၈ဝ သာသနာတည်တန့် ပြန့်ပွားရေးနဲ့ မိမိအယူဝါဒအတွင်းမှာပင် အချင်းချင်းပြန်နှိပ်ကွပ်ကာ၊ မိမိအယူဝါဒအတွင်းမှာပင် လွတ်လပ်ခွင့်ဆိတ်သုဉ်းသွားရတာကို မသိရလောက်အောင် ညံ့ဖျင်းနုံချာပြီလားဆို၊ အသိပညာတွေးခေါ်မြော်မြင်မှုနဲ့ဆင်ခြင်တုံတရားအရာမှာ သုညအောက်ရောက်နေပြီလားဆို လူဝတ်နဲ့ဖြစ်ဖြစ် သင်္ကန်းဝတ်ဖြစ်ဖြစ် အကြမ်းဖက်သမားဖြစ်သွားဖို့၊ အကြမ်းဖက်မှုမှာမွေ့ရော်နှစ်ခြိုက်ဖို့ရာမခက်လှဘူး။ ဝီရသူနဲ့ သူ့အန္တေဝါသိကသင်္ကန်းခြုံတွေ ဒီလိုလုပ်တော့ တချို့ကဆိုတယ် ဒါဘုန်းကြီးအလုပ် မဟုတ်ဘူး..တဲ့။ ဟုတ်တယ် ဒါဘုန်းကြီးအလုပ် မဟုတ်ဘူး။ ဘုန်းကြီးဟာ ဒီအလုပ်မလုပ်ဘူး။ ဒါဆို ဒီအလုပ် လုပ်နေသူဟာ ဘုန်းကြီး ဟုတ်ကိုမဟုတ်ဘူး။ ကျနော်မြင်တာကျတော့ ဒါဟာ ဘုန်းကြီးအလုပ်မဟုတ်သလို လူ့နှလုံးသားနဲ့ဆင်ခြင်တုံတရားရှိသူ ဘယ်သူ့အလုပ်မှ မဟုတ်ဘူး။ ဒါဆိုဘာလို့ ဒီဘုန်းကြီးလည်းမဟုတ် လူ့နှလုံးသားနဲ့ဆင်ခြင်တုံတရား
ည်းမရှိ ဒီအရိုင်းအစိုင်းအကြမ်းဖက်သမားကို မီယီယာတွေကပွဲထုတ်နေကြသတုန်း။ ဒေါ်စုဆန့်ကျင်ရေး လုပ်ဖို့အတွက် ဝီရသူအာဘော်ကို မီဒီယာက ကူလှော်ပေးတာလား။ စစ်အာဏာရှင်တွေအလိုကျ ဒေါ်စုနဲ့လူထုကြားရန်တိုက်ပေးဖို့ရည်ရွယ်သလား။ ကျနော်လည်း တစ်ယောက်ခြင်းသဘောအရဆို ဒေါ်စုရဲ့နောက်ပိုင်းနိုင်ငံရေးကို မနှစ်မြို့လှဘူး။ အပြည့်အဝလက်ခံလို့ မရတော့ဘူး။ တစိတ်တပိုင်းတောင် မနည်းချင့်ချင့်ချိန်ချိန်ရယ်။ ဒါပေမယ့် စစ်အာဏာအလိုကျ မီဒီယာသမားတွေ ဝီရသူပွဲထုတ်၊ ဝီရသူအသံကို လူထုအသံလိုလို၊ ဗမာပြည်ကသံဃာထုအသံလိုလို အာဘော်ဖန်တီးပေးနေကြတာကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ (အကြမ်းဖက်ဘုန်းကြီးနဲ့မီဒီယာ)
စစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ် စစ်မြေပြင်မှာရော စစ်မြေပြင်မဟုတ်တဲ့နေရာမှာရော အရပ်သူအရပ်သားတွေအပေါ်၏ ရာဇဝတ်မှုမြောက်တဲ့အမှုစုံကျူးလွန်ခဲ့သူကို စစ်ကြီးပြီးတော့ စစ်နိုင် နိုင်ငံတွေကဖွဲ့တဲ့ခုံရုံးမှာတင်ပြီး တရားစွဲရော။ “ဘာလို့ ဒီလိုအမှုတွေကျူးလွန်ခဲ့ရသလဲ”ဆိုတော့ “စစ်သားမို့ အထက်အမိန့်နာခံရတာပါ”လို့ဖြေတယ်။ “အမိန့်ကို မနာခံလို့ရောရလား မနာခံရင်ရောဘာဖြစ်မလဲ” ဆိုတော့၊ “မနာခံလို့လည်း ရတယ်၊ မနာခံရင်စစ်ဥပဒေအရ အမိန့်မနာခံမှုနဲ့အရေးယူခံရမယ်”လို့ဆိုတယ်။ “ဒါဆို ဒီအမှုတွေကျူးလွန်ခဲ့ရတာဟာ အထက်အမိန့်ကိုလွန်ဆန်ရင် မိမိအရေးယူခံရမှာစိုးလို့ နာခံဖို့ရွေးချယ်ခဲ့တာမှန်လား”ဆိုတော့ “မှန်ပါတယ်”..တဲ့။ “စစ်သားတစ်ယောက် အနေနဲ့ အမိန့်ကို နာခံခွင့်ရော မနာခံခွင့်ရောရှိသလား”ဆိုတော့ “ရှိပါတယ်”..တဲ့။ “နာခံခြင်းမနာခံခြင်းဟာ မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရတာရော ဟုတ်ရဲ့လား”ဆိုတော့ “ဟုတ်ပါတယ်”..တဲ့။ “ဒါဆို စစ်သားပေမယ့်လည်း စစ်မိန့်ကိုနာခံမယ် မနာခံဘူးဆိုတာဟာ မိမိရဲ့ရွေးချယ်မှုလို့ဆိုနိုင်မလား”ဆိုတော့ “ဆိုနိုင်ပါတယ်”..တဲ့။ “မနာခံတဲ့သူတွေရောစစ်တပ်ထဲမှာရှိသလား မြင်ဖူး/ကြားဖူးလား”ဆိုတော့ ရှိပါတယ်၊ “မြင်ဖူးကြားဖူးပါတယ်”..တဲ့။ “သူတို့ဘာ့ကြောင့် မနာခံဖို့ရွေးချယ်ကြတယ်ထင်သလဲ”ဆိုတော့ “ပေးလာတဲ့ အမိန့်ကို အကောင်အထည်မဖော်နိုင်လို့ ဒါမှမဟုတ်လည်း အမိန့်ဟာ မနာခံသင့်ဘူးထင်လို့ ဖြစ်နိုင် ပါတယ်”..တဲ့။ “ဒါဆို သင့်အနေနဲ့ ဒီအမိန့်ကိုနာခံပြီး အကောင်အထည် ဖော်ခဲ့တာဟာ အမိန့်ဟာ အကောင်အထည်လည်းဖော်နိုင်တယ် နာခံဖို့လည်းသင့်တယ်လို့ယူဆပြီး လုပ်ခဲ့ကိုင်ခဲ့တာလား” ဆိုတော့ “ဟုတ်ပါတယ်”..တဲ့။ “ဒီအပြုအမူတွေဟာ ရာဇဝတ်မှုမြောက်တယ်ဆိုတာရောသိသလား”ဆိုတော့ “အထက်အမိန့်ကို အကောင်အထည်ဖော်ရတာဖြစ်လို့ ရာဇဝတ်မှုမြောက်ခြင်း/မမြောက်ခြင်းဟာ စဉ်းစားရမယ့်ကိစ္စမဟုတ်သလို ရာဇဝတ်မှုမြောက်တယ်ဆိုလည်း မိမိကိုတာဝန်ခံထားတဲ့ အထက်က အမိန့်ပေးသူရဲ့တာဝန်သာဖြစ်တယ်” လို့ပြန်ဖြေတယ်။ “စစ်ဥပဒေနဲ့အရေးယူခံရမယ်မှန်းသိသိနဲ့ မနာခံဖို့ဆုံးဖြတ်တာရော၊ အကောင်အထည်ဖော်သင့်/နာခံသင့်တဲ့အမိန့်လို့ယူဆပြီး နာခံဖို့ဆုံးဖြတ်တာပါဟာ စစ်သားတစ်ယောက်အတွက် မိမိရဲ့ကိုယ်တိုင်ဆုံးဖြတ်ချက် ဟုတ်ပါသလား”ဆိုတော့ “ဟုတ်ပါတယ်”..တဲ့။ “ဒါဆို သင်ဟာ ဒီကိစ္စတွေကျူးလွန်ခဲ့တာ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ လုပ်ကိုင်ဆောင်ရွက်ခဲ့တာလို့ဆိုရင်ရော ဘာပြောလိုပါသလဲ” ဆိုတော့ ခေါင်းငိုက်စိုက်ကျသွားတယ်။ သိတ်မကြာဘူး စစ်နိုင်သူတွေရဲ့ထောင်မှာ တစ်သက်တစ်ကျွန်း ကျသွားတယ်။ တချို့လည်း ကြိုးစင်တက်ရ၊ လျှပ်စစ်ကုလားထိုင်တင်ခံရတော့တာပါပဲ။
ပြောချင်တာက စစ်သားမို့အမိန့်နာခံရပါတယ်ဆိုသူတွေစဉ်းစားဖို့နဲ့ စစ်သားဟာလည်း လူမို့ လူသားဟာ ဘဝနဲ့ဆိုင်တဲ့အရာရာကို မိမိသိစိတ်ရှိရှိနဲ့ရွေးချယ်ခွင့်ရှိတဲ့အခါမျိုး၊ ရွေးချယ်နိုင်ပါရဲ့နဲ့ ကိုယ်တိုင်ရွေးချယ်မှု အတွက် ဘယ်သူ့ကိုမှအပြစ်ဖို့၊ ထမင်းရည်ပူလျှာလွဲလုပ်ဖို့၊ သူတစ်ပါးလက်ညှိုးထိုးအပြစ်ဖို့ဖို့၊ ကိုယ်လွတ်ရုန်းဖို့ဆိုတာ လက်တွေမှာဖြစ်နိုင်ခြေ နည်းပါးလွန်းလှတယ်။ နောက်တခုက စစ်။ စစ်မှာ နိုင်သူတရားလို၊ ရှူံးသူတရားခံပါပဲ။ နိုင်တိုင်းလည်း မှန်တယ်ပြောမရသလို ရှူံးသွားလို့မှားတယ်လည်း အခါခပ်သိမ်းမှာယတိပြတ်မဆိုသာဘူး။ စစ်မှာ မှန်တယ်မှားတယ်ရှိသလို တရားတယ်မတရားဘူးလည်း ရှိတာပါပဲ။ အားဘယ်လောက်ကြီးကြီး မှားရင် တရားမဲ့ရင် ဘယ်စစ်မှ အနိုင်တိုက်လို့မရပါ။ အားကြီးလို့ ယာယီသဘောအသာစီးရနေတာမျိုးတော့ ဟစ်တလာလို့ မူဆိုလိုနီတို့ ဂျပန်ဖက်ဆစ်တို့လည်း ရခဲ့ကြဖူး ပါတယ်။ အဆုံးသတ်ကျတော့မှ အဆုံးအဖြတ်ဘာမှန်းသိသွားကြတာပါ။ ငြိမ်းချမ်းရေးသမားဆိုပြီး စစ်မှန်သမျှဆန့်ကျင်နေကြတာဟာ ဖိနှိပ်သူနဲ့အဖိနှိပ်ခံကို တတန်းတည်းထားပြီး နှစ်ဖက်လုံးမှားတယ် ဆိုကာ နင်တန်နင်တန်ပန်းကန်ကွဲနဲ့ ကြောင်သူတော်ဆန်တဲ့၊ ကိုယ်ကျိုးနဲ့ယှဉ်အမြတ်ထုတ်ချင်တဲ့ အပြုအမူနဲ့စိတ်အရင်းခံကလာတဲ့လုပ်ရပ်လို့ပဲမှတ်ပါတယ်။ စစ်ကိုတကယ်မုန်းတယ်ဆို စစ်မက်သူတွေ၊ စစ်နဲ့ကြီးပွားသူတွေ၊ စစ်ကိုဖန်တီးသူတွေ၊ စစ်ဝါဒီတွေကိုသာ ဆန့်ကျင်ရမှာမဟုတ်သေး၊ စစ်လက်နက်ပစ္စည်းတွေထုတ်ပြီး ချမ်းသာကြွယ်ဝနေကြသူတွေ၊ စစ်ကုန်သည်လက်နက်ကုန်သည်တွေကိုပါ ဆန့်ကျင်ရမှာပါ။ မိစ္ဆာအာဇီဝလို့ဆိုတဲ့အထဲမှာ လူသတ်လက်နက်ထုတ်လုပ် ရောင်းဝယ်ဖြန့်ချိတာလည်း ပါတယ်မဟုတ်လား။ (စစ်သား၊ စစ်နဲ့ငြိမ်းချမ်းရေး)

သွေးဆာနေတဲ့ဘုန်းကြီးရူးရယ်
သွေးလန့်နေတဲ့ဘုရင်ရူးရယ်
သွေးစမ်းနေတဲ့သမ္မတအရူးရယ်
သွေးဆူတဲ့လူအုပ်ကြီးရယ်
သွေးဆိုးမျိုးဆက်ယုတ်တွေရယ်
သွေးသဖုံးစွဲအပစ်ရပ်ရယ်
သွေးဆုံးနိုင်ငံရေးရယ်
သွေးကြောင်ငါးခုံးမပုတ်ပြည့်လှေလူးရယ်
သွေးမအေးပြည်သူတွေရယ်
သွေးဆောင်မီဒီယာ(တချို့)ရယ် ယက်လိုက်တော့
သွေးကြီးမွေးကြီးခဲ့ဖူးတဲ့ရွှေပြည်ကြီးမှာ
သွေးနဲ့မျက်ရည်ဟာ
တိတ်ရတယ်လို့ကိုမရှိ။ (သွေးရူးသွေးတမ်းတွေ)

၂ဝ၁၄ ဆိုရင် ပထမကမ္ဘာစစ်လို့ဆိုတဲ့ အရင်းရှင်နယ်ချဲ့တွေ စားကျက်လုနယ်မြေသိမ်းအဝေမတည့်လို့ စားခွက်လုရင်းစစ်ထတိုက်ပြီး နိုင်သူအကုန်ယူစတမ်းလုပ် ဝေစုခွဲခဲ့ကြတာ နှစ် (၁ဝဝ)ပြည့်ပြီ။ အဲ့ဒီ နယ်ချဲ့သမားတို့ရဲ့ခွက်စောင်းခုတ်ပွဲကြီးမှာ အပြစ်မဲ့လက်နက်မဲ့ အကာအကွယ်မဲ့လူတွေမှ သေလိုက်ကြတာသောက်သောက်လဲ။ ဆုံးရှူံးလိုက်တဲ့ အိုးအိမ်စည်းစိမ်တွေမှ ဝက်ဝက်ကွဲ။ မိတကွဲဖတကွဲ သေကွဲရှင်ကွဲတွေမှ ရေလို့မနိုင်။ ဘက်အသီးကဝင်တိုက်ကြတဲ့ စစ်သားတွေလည်းအတုံးအရုံး၊ ခြေပြတ်လက်ပြတ် ဘဝပြတ်။ စစ်ကြီးပြီးတော့ ဘာဖြစ်လဲ။ စစ်မြေပြင်မှာ အပုတ်ကောင်စားတဲ့လင်းတငှက်တွေနဲ့ မြေပုံမို့တွေ၊ မေးသိုင်းကြိုးပြတ်သံခမောက်တွေ၊ မီးကျိုးမောင်းပျက်သေနတ်အကျိုးအပျက်တွေ၊ ကျည်ဆံခွံတွေ၊ ကျည်သင့်ယမ်းသင့်မြေစာ ဗလဝဖွရရာကြဲတွေ၊ ခံကတုတ်ဟောင်းတွေထဲက ပုတ်ပွနေတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ စစ်ရေဗူး ဟန်းကောနဲ့ ချစ်သူဆီ မိခင်ဆီမိတ်ဆွေတွေဆီရေးပြီး မပို့လိုက်ရတဲ့စာတွေ၊ သွေးစွန်းနေတဲ့ရေးလက်စ ဒိုင်ယာရီစာအုပ်တွေကျန်ခဲ့တယ်။ မြို့ကြီးတွေမှာကျတော့ စစ်သားမယားမုဆိုးမတွေ၊ သားပျောက်ရှာနေတဲ့ မိခင်အိုတွေ၊ ဖခင်မဲ့သွားတဲ့သားသမီးတွေ၊ (တခါတခါ လမ်းကြိုလမ်းကြားနဲ့ အရက်ဘားပြည့်တန်ဆာ ခန်းတွေမှာ တခါတခါလမ်းမတွေပေါ်မှာ တောင်းရမ်းစားနေရတဲ့) ဂျိုင်းထောက်တကားကားနဲ့ ဒုက္ခိတ စစ်သားပျို/အိုတွေအပြည့်။ စစ်နိုင်အရင်းရှင်ကြီးတွေ၊ လက်နက်ကုမ္ပဏီပိုင်ရှင်တွေ၊ လက်နက်ပွဲစားတွေ၊ စားကောင်းသောက်ဖွယ်အာဟာရတွေမှီဝဲရင်း မီးရောင်ပြိုးပြက်အောက်မှာ ရွှေကြယ်ငွေကြယ် ပခုန်းထက်တင်တဲ့စစ်ဗိုလ်ကြီးတွေ အတူတကွအောင်သေအောင်သားစားရင်း ခန္ဓာလှုပ်ရုံမျှအကတွေ ကရင်း တေးဂီတငြိမ်ငြိမ့်မူးမူးယစ်ရွှေရည်ရီဝေရင်း မြို့ပျက်ပြည်ပျက်ကြီးတွေအပေါ် လူ့အသွေးအသား စုပ်ယူဝါးမြိုဖို့ လုယက်ရရှိလာတဲ့စားကျက်အသစ်ကို မြေပုံအသစ်ပြန်ဆွဲရင်း ယဉ်ယဉ်ကျေးကျေးချီးယားစ် လိုက် ခွက်ချင်းတိုက်လိုက်လက်ဆွဲနှုတ်ဆက်လိုက်နဲ့ စည်ကားလှလေတယ်။ တကယ်တော့ စစ်ကြီးတစ်ပွဲ ပြီးသွားတယ်ဆိုတာ စားခွက်လုပွဲတစ်ပွဲအဆုံးသတ်ပြီး စားကျက်နယ်မြေဝေစုခွဲဖို့ ကမ္ဘာ့မြေပုံအသစ်ပြန်ဆွဲ တာလို့ပြောလည်း မမှားဘူး။ ကဲ..ကမ္ဘာပေါ်မှာသက်တမ်းအရှည်ဆုံးပြည်တွင်းစစ်လို့ဆိုရမယ့် ကျုပ်တို့ရွှေပြည်ကြီးကရော ဘာများထူးသလဲ အပေါ်မှာဆိုခဲ့တာနဲ့။ ဆိုတော့ တတိယအကြိမ်မြောက် (စားခွက်လုပွဲကြီး၊ စားကျက်လုပွဲကြီး၊ မြေပုံအသစ်ပြန်ဆွဲပွဲကြီး)ဖြစ်မလာအောင်တားဖို့လိုသလို ရွှေပြည်ကြီး က သက်ဇိုးရှည်ပြည်တွင်းစစ်မီးငြိမ်းဖို့လည်းဝိုင်းဝန်းကြရမှာပါပဲ။ (ပထမကမ္ဘာစစ်နဲ့စပ်လို့)

၂ဝဝ၈ ဖွဲ့စည်းပုံအလိုမရှိဆိုတာမျိုး၊ မိမိတို့ရပိုင်ခွင့်နဲ့နစ်နာချက်တွေအတွက် ဆန္ဒဖော်ထုတ်ကြဆိုတာမျိုး၊ အမြီးစားဘက်ခေါင်းစားဘက်ခရိုနီ အနိုင်ကျင့်မှုတွေကိုအံတုအာခံကြဆိုတာမျိုး စသည်ဖြင့် နယ်ပယ် အလိုက်၊ အလွှာအလိုက်၊ အတန်းအစားအလိုက် လှုပ်ရှားမှုလေးတွေ ကွက်ကွက်ဖြစ်ရုံရှိသေး မျက်သလဲ ဆန်ပြာနဲ့ စစ်အုပ်စုရှေ့ကမားမားရပ်ကာ “နိုင်ငံရေးမယဉ်ကျေး”ရကောင်းလား၊ “စေ့စပ်ဆွေးနွေးညှိနှိုင်းတဲ့ အလေ့ နုံ့နဲ့” ရကောင်းလားဆိုတဲ့ဝေါဟာရတွေနဲ့ သွန်သင်တာလိုလို ညွှန်ပြတာလိုလို ချေချွတ်တာလိုလိုနဲ့ လူထုကိုသဟောက်သဟမ်းပြုတဲ့ခေါင်းဆောင်ဆိုသူတွေရဲ့ နိုင်ငံရေးလားရာဟာ ဘာဖြစ်လေမလဲ။ သူတို့မျှော်လေတဲ့ “ယဉ်ကျေးမှုနဲ့ စေ့စပ်ညှိနှိုင်းရေး” လမ်းကြောင်းဟာ ဘာဖြစ်နေလဲ။ စစ်အာဏာသဏ္ဍန်ပြောင်းနဲ့တရားဝင်ဖြစ်မှုအတွက်၊ လူထုနဲ့တိုင်းပြည်အပေါ်ကျူးလွန်လေခဲ့သမျှ ခဝါကူချပေးဖို့အတွက်၊ “နိုင်ငံရေးပေးစာကမ်းစာ”လက်ဖြန့်ဖို့၊ “ဒီမိုကရေစီ မသထာရေစာ”အစားတစ်လုပ် တုတ်တစ်ချက်ဝါးမြိုဖို့နဲ့ “စီးပွားရေးအရိုးအရင်း”ကိုက်ရဖို့အတွက် ဒူးအကြိမ်ကြိမ်ထောက် အောက်အခါခါ မျက်နှာချ မျက်နှာချိုအလီလီသွေးပြီး မိမိနိုင်ငံရေးဘဝဂုဏ်သိက္ခာကို စစ်အာဏာဖဝါးအောက် ချခင်းပေးရဲမှတော့ မပြောဝံ့တဲ့စကား မလုပ်ဝံ့တဲ့အလုပ် မပြုဝံ့မယ့်အပြုအမူရှိပါဦးမလား။ ပေးစာကမ်းစာ မသထာရေစာနဲ့အရိုးအရင်းကိုက် ရုံမျှဆိုတော့ နိုင်ငံရေးလည်း ဘယ့်နှယ်လို့ မာမာချာချာရှိနိုင်ပါ့မလဲ။ စကားလည်း ဘယ့်နှယ်လို့တည်တည်ကြည်ကြည်ပြောနိုင်ပါတော့မလဲ။ ပြီတီတီမျက်နှာပေးနဲ့ အမြီးတစ်ခွန်းခေါင်းတစ်ခွန်းသာဖြစ်ရမှာပဲ။ ဝဋ်ဆိုတာအခါခပ်သိမ်းမမှန်လေတော့ နိုင်ငံရေးအတုံ့အလှဲ့သဘောနဲ့ လူထုမေတ္တာစူးတာဟာ ပိုလို့တောင်ခံရခက်မယ်ထင်တာပဲ။ (နိုင်ငံရေးယဉ်ကျေးသူများ)

မနက်ဖြန်ဆို ကြက်ဆင်တွေသန်းချီသေပွဲဝင်(အမှန်ကဝင်ပြီးသားကအများစု) မယ့်နေ့ပဲ။ ကျေးဇူးတော်ကို ကြက်ဆင်ကောင်လုံးကင်တို့ ကောင်လုံးပေါင်းတို့နဲ့ ဝိုင်ဖြူဝိုင်နီလေးများနဲ့ ချီးမွမ်းကြတာမျိုးပေပ။ စားကြသောက်ကြ၊ မိသားစုတွေဆုံကြ၊ ပျော်ကြရွှင်ကြ၊ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြနဲ့ဆိုတော့ အငတ်ဘေးကျနေတဲ့ပြည်တွေကလူတွေကို အားနာစရာပဲ။ သို့ပေသိ သူ့ဓလေ့သူမွေ့ကြတဲ့အခါသမယမယ် လူငတ်တွေကိုစာနာဦးတောင် နှုတ်ကဖွင့်ဟမသင့်အပ်တာမျိုးရှိသလို၊ (သူ့အသားကိုမောင်းထောင်း သွင်းသလို ဝါးမြိုပြီးသကာလ) သူ့အသက် သတ်တာမကောင်းဘူးလို့ တွင်တွင်ပြောတတ်တဲ့ကြောင်သူတော် တရား မပြောတာလည်း ကိုယ်၊ နှုတ်၊ နှလုံးယဉ်ကျေးရာရောက်တယ်လို့ မှတ်ရမှာပဲ။ (ကျေးဇူးတော်နေ့နဲ့စပ်လို့)

သေနတ် ကျည်ထွက်ဖို့ဆို
လူလိုတယ်
တော်လှန်ရေးသမားဖြစ်ဖြစ်
စစ်သားဖြစ်ဖြစ်
ရန်သူ့လက်နက်ဖြစ်ဖြစ်
ကိုယ့်လက်နက်ဖြစ်ဖြစ်

ကျည်ဆန် ပစ်မှတ်မထိဖူးဆို
သမြောဖို့ကောင်းတယ်
တစ်တောင့်ချင်းဖြစ်ဖြစ်
အတွဲလိုက်ဖြစ်ဖြစ်
မိုးပေါ်ထောင်ပစ်ပစ်
ရင်ဝချိန်ပစ်ပစ်

စစ်
မနိုင်သေးလို့ပဲတိုက်တိုက်
မရှူံးချင်လို့ပဲတိုက်တိုက်
တိုက်ပြီဆိုရပ်မရတော့ဘူး
မနိုင်မချင်း မရှူံးမချင်း

စစ် ၂ ပွဲ ကြားချိန်ဟာ
ချိုးကူသံနားမြိန်တယ်ဆို
ရှည်သမျှ ဆန့်ကြရုံ (ကျည်မထွက်တော့တဲ့လူတွေအကြောင်း)

အခွန်ထမ်းပြည့်တန်ဆာများနဲ့ လိုင်စင်ရဆောင်ကြာမြိုင်ကိစ္စလည်း ပြောပါ။ စစ်အာဏာအကိုင်ခံနေရတဲ့ ပချုပ်ဆိုင်နိုင်ငံရေးလည်းပြောပါ။ လိင်တူချစ်သူများအရေးနဲ့ အိပ်ခ်ျအိုင်ဗီအေအိုင်ဒီအက်စ်ကိစ္စလည်းပြော ပါ။ ဘာသာလူမျိုးမတူလို့ အကြမ်းဖက်ခံနေရသူများကိစ္စလည်း ပြောပါ။ (ပြည့်တန်ဆာစကား အေအိုင်ဒီအက်စ်စကား)

အမျိုးသားနေ့ပြောပြော အမျိုးသားအောင်ပွဲနေ့ဆိုဆို အဲ့ဒီနေ့ဟာ ကိုလိုနီပညာရေးစနစ် ကျွန်ပညာရေးစနစ်တစ်ခုတည်းကို ကွက်ကွက်လေးဆန့်ကျင်တိုက်လှန်ခဲ့တာမဟုတ်ပါ။ ပညာရေးကို အမျိုးသားပညာရေးပုံစံနဲ့သွားဖို့၊ စီးပွားရေးကို အမျိုးသားဓနရှင်များ (တနည်းပြည်ချစ် ဓနရှင်များ)က တိုင်းပြည်စီးပွားဓနနဲ့ သယံဇာတကိုဖန်တီးဖို့၊ နိုင်ငံရေးကို အသစ်သဘောခေါင်းပြူဖြစ်ထွန်းလာတဲ့ အမျိုးသားဓနရှင်ပေါက်စများနဲ့ ဓနရှင်မကြီးတကြီးများကပါ (ကိုလိုနီတဆင့်ခံပဲဆိုဆို) နိုင်ငံရေးအာဏာ ထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်ဖို့ စတဲ့လက္ခဏာတွေပါတာ တွေ့ရမှာပါ။ အမျိုး ဘာသာ သာသနာဆိုတာကြီး ကွယ်လုံးကြီးနေတော့ကာ ခုနပြောတဲ့ စီးပွားရေးနဲ့နိုင်ငံရေးသဘောက မှိန်သယောင်ဖြစ်ရပြီး
ကောလိပ်ကျောင်းသားပညာတတ်လူလတ်တန်းစားဦးဆောင်တဲ့ ပညာရေးသက်သက်တိုက်ပွဲမျှ အရောင်ဖျော့ခံရတာလို့မြင်တယ်။ ခုတော့ သန္ဓေစွဲကာလပေါ်ဘာသာလူမျိုးအစွန်းရောက် အကြမ်းဖက်ဝါဒီတွေက အဲ့ဒီ အမျိုးသားလက္ခဏာ/ပြည်ချစ်လက္ခဏာဆောင်တဲ့ လှုပ်ရှားမှုကြီးနဲ့ အဲ့ဒီနေ့ထူးကို အခြားအဓိပ္ပါယ်နဲ့ဖွင့်ကြပြန်ပြီ။ သွေးချောင်းစီးပွဲလူသတ်ပွဲတွေဖြစ်ဖို့ အမုန်းတရားဖြန့်ချိဟောပြောနေသူ လှုံ့ဆော်နေသူတွေထဲကထိပ်ဆုံးမှာ ပါဏာတိပါတာဝေရာမဏိသိက္ခာပဒံသမာဓိယမ္ပိ (သူ့အသက်ဆို ဘာသက်ရှိမှမသတ်ပါလို့ ကိုယ်တိုင်လည်းရွတ် သူများလည်းနှုတ်တိုက်ချပေးနေတဲ့၊ သတ္တဝါတွေအပေါ်မေတ္တာထားတယ်လို့ ကိုယ်တိုင်လည်းပြော/ထားရမယ်လို့ သူတပါးလည်းဟောနေတဲ့) သင်္ကန်းခြုံ(တချို့)ဗြောင်ကျကျ ပါဝင်နေတာလည်း အထင်အရှားမြင်နေတယ်။ အမျိုးသားနေ့ဟာ တတိုင်းပြည်ထဲမှာနေပြီး ပြည်ချစ်စိတ်ရှိသူအားလုံးနဲ့ဆိုင်တဲ့နေ့ အားလုံးပိုင်တဲ့နေ့ အားလုံးပါဝင်ခဲ့တဲ့နေ့ပဲ။ အဲ့ဒီနေ့ကို အမျိုး ဘာသာ သာသနာခေါင်းစဉ်နဲ့ အကြမ်းဖက်လူသတ်သမားတွေလက်ထဲကနေ ဆွဲထုတ်ဖို့သာပဲ။ (အမျိုးသားနေ့နဲ့စပ်လို့)



နေဝင်းမြေးတွေလွတ်လာတာကို သန်းရွှေမြေးဖိုးလပြည့်နဲ့ ပွဲကြီးပွဲကောင်းတွေ့ကြပြီလို့လောက်သာမှတ်ရင် နိုင်ငံရေးအရပြောတာလို့ သတ်မှတ်ဖို့ မလွယ်ဘူးထင်တယ်။ သန်းရွှေမြေးက ယဉ်ထိန်းရဲလောက် ပါးရိုက်တာ၊ သူဌေးသမီးကောင်မချောချောလေးတွေလောက် ခြေတော်တင်တာ၊ ငွေကို လေလိုဖြုန်း တာ။ နေဝင်းမြေးတွေက ကိုယ့်ကိုယ်ကို ”စစ်ခွေး”လို့အတိအလင်းကြေညာပြီး ”နိုင်ငံရေးမှမဟုတ်ဘူး စစ်တပ်ခိုင်းရင်ဘာမဆိုလုပ်မယ်” ဆိုကာ အမျိုး ဘာသာ သာသနာလို့ကြုံးဝါးပြီး ဘီလူးဆိုင်းနဲ့ဘီလူးကြိမ်း ကြိမ်းပြီးထွက်ချလာတာ အလကားမဟုတ်ဘူးမှတ်တယ်။ ပြောဝံ့လို့ ပြောရဲလို့ ပြောရလို့ပြောတာ။ လေထဲပျောက်သွားရုံလောက်ပြောတာ မဟုတ်ဘူး။ ဒီစကားမျိုးပြောတာ အခန့်မသင့်ရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာမသိလို့ မျက်ကန်းတစ္ဆေမကြောက် လျှောက်ပြောနေတာမဟုတ်ဘူးလို့ ယူဆတယ်။ စစ်တပ်ကို ဖာဆွယ်ဖေါက်သည်ဆွယ်သလို အပြိုင်ဆွယ်နေကြတဲ့အထဲမှာ ခုဆို နေဝင်းမျိုးဆက်လည်းပါလာပြီဆိုတဲ့အကြောင်း လူသိရှင်ကြားပြောတာလို့မြင်တယ်။