Sunday, January 5, 2014

သမိုင်းကိုဖျောက်ဖျက်လို့မရပါ (အရေးတော်ပုံဂျာနယ်ခေါင်းကြီး)

0 comments
သမိုင်းကို ဖျောက်ဖျက်လို့မရပါ
၂၀၁၄ ဇန်နဝါရီ (၁)ရက်နေ့မှာထွက်လာတဲ့ အရေးတော်ပုံဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂) ရဲ့ ခေါင်းကြီးဆောင်းပါးဖြစ်ပါတယ်။

‘ကြ’ နဲ့ ‘ရ’
ဗမာပြည်ပြည်တွင်းစစ်က မျိုးဆက် ၃ ဆက်တောင်ကျော်ခဲ့ပြီ။ ပြေငြိမ်းမယ့်အလားအလာ မမြင်သေး။
ဖဆပလ ဆိုရှယ်လစ်ဦးကျော်ငြိမ်းတို့က ‘တိုင်းတပါး၏ ညွှန်ကြားချက်ဖြင့် ကွန်မြူနစ်များကတောခိုပြီး ဆူပူသောင်းကျန်း (ကြ)သည်’ ဟု ပြောင်းပြန်လုပ်ပြောခဲ့ကြတယ်။
ကွန်မြူနစ်ပါတီကမူ ‘ဖဆပလအစိုးရက တပြည်လုံးရှိ ကွန်မြူနစ်များကို စတင်ဖမ်းဆီးခဲ့ခြင်းကြောင့် မလွှဲမရှောင်သာတောခို၍ တော်လှန်တိုက်ခိုက်ခဲ့(ရ)ခြင်းဖြစ်တယ်’ဟု ဆိုခဲ့တယ်။
ဖြစ်စဉ်
၁၉၄၈ ခုနှစ်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဝင်ဦးရေဟာ ၂ဝဝဝ ကျော်ကျော်ရှိခဲ့တယ်၊ ဥပဒေတွင်းပါတီဖြစ်လို့ လျှို့ဝှက်ထားစရာ မလို။ မြို့နယ်၊ ခရိုင်လိုက် ပါတီဝင်အစည်းအဝေးတွေ ဗြောင်ကျင်းပနေတာဖြစ်တယ်။ ပုလိပ် (CID)က ရုံးနားထိုင်စောင့်ကြည့်နေရုံနဲ့ ပါတီဝင်စာရင်းလွယ်လွယ်နဲ့ရနိုင်တဲ့ခေတ်။
ကွန်မြူနစ်ပါတီရဲ့ စည်းရုံးရေးကောင်းမွန်မှုကြောင့် ပါတီဝင်တွေတရိပ်ရိပ်တက်နေတာ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်း မသိချင်မှအဆုံး။
ဒါကြောင့် ပုခက်တွင်းမှာ လည်ပင်းညှစ်သတ်ဖို့ ဝန်ကြီးချုပ်ဦးနုကိုသွေးဆောင်တာဖြစ်တယ်၊ ပထမ ငြင်းပယ်တယ်။ အကြိမ်ကြိမ်လိမ်ညာ နားပူနားဆာတိုက်တော့မှ သဘောတူလိုက်တာဖြစ်တယ်။ ဒီဖြစ်စဉ်ကို ဦးနုရော၊ ဦးကျော်ငြိမ်းပါ ဝန်ခံထားကြပြီးဖြစ်တယ်။
၁၉၄၈ ခု မတ်လ ၂၈ ရက်နေ့မှာ တပြည်လုံးအနှံ့ ပိုက်စိတ်တိုက်ဖမ်းလိုက်တာ ပါတီဝင်တဝက်ကျော် အဖမ်းခံထိကုန်တယ်။

မုန်တိုင်းကို ခြေရာခံခြင်း
တလောကတော့ မျိုးဆက်ဟောင်း သခင်အုန်းမြင့်ကျေးဇူးကြောင့် ဦးကျော်ငြိမ်းရဲ့အကြံအစည်ကို ပါတီဌာနချုပ်ဆီ အချိန်မီသတင်းပေးခဲ့တဲ့ ဗိုလ်သက်ထွန်းရဲ့ရေးသားချက်ပေါ်လာတယ်။ •ဖဆပလ အစိုးရက စတင်ဖမ်းဆီးသတ်ဖြတ်သဖြင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရသလော၊
• ကွန်မြူနစ်များက တို့၏ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရသလော၊ - လို့ မေးခွန်းထုတ်ပြီး ပြည်တွင်းစစ်မုန်တိုင်းကို ခြေရာခံသူက ခံလာတယ်။
• တခွန်းတည်းပဲ ဖြေပါမယ်။ ဦးကျော်ငြိမ်းပြောသလို တောခိုဖို့ပြင်နေကြတယ်ဆိုရင် လာဖမ်းတာနဲ့သေနတ်သံထွက်မှာပေါ့။ အနည်းဆုံး သတိနဲ့နေကြမှာပါ။ ဒီလောက် အဖမ်းခံရဖို့ အကြောင်းမရှိ။
တကယ်က ဖမ်းမယ်ဆီးမယ်လို့ လှန့်သံပေးပြီး တောထဲခြောက်ထုတ်နေတာ ဦးကျော်ငြိမ်းတို့ကိုယ်တိုင်ပဲဖြစ်တယ်။ ဒီသတင်းထွက်လာတိုင်း ကွန်မြူနစ်တွေရှောင်ကြတိမ်းကြရတာလည်း များပြီ။ မယုံကြတော့ဘူး။ ဒါ့ကြောင့်လည်း တကယ်ဖမ်းတဲ့အခါ ဘာမှမတတ်နိုင်ဘဲ အဖမ်း ခံလိုက်ကြရတာပါ။ ဘယ်မှာလဲ မိတဲ့လက်နက် - ဘယ်သူကမှ ‘လက်နက်ကိုင်တိုက်ဖို့ ကျုပ်တို့ပြင်ပါတယ်’လို့ ဖြေသူမရှိ။
ဌာနချုပ် PB တွေ လွတ်သွားတာက ဖမ်းမယ့်တပ်ထဲကသတင်းပေါက်သွားလို့ လွတ်ကုန်ကြတာဖြစ်တယ်။

ဝဋ်လည်ခြင်း
ဖမ်းမိတဲ့ကွန်မြူနစ်တွေ ရက်ရက်စက်စက် အနှိပ်စက်ခံကြရတယ်။ “သာယာဝတီထောင်မှ ငရဲခန်းများ”ဆိုတာ ပေါ်လာတယ်။ ဦးကျော်ငြိမ်းကိုယ်တိုင်ကွပ်ကဲပြီး အမိန့်ပေးစေခိုင်းတာပါ။
သမိုင်းကာလတခု ဖြတ်သန်းပြီးတဲ့နောက် ကာလဝိပါက်နောက်ပိုးတက်ပြီး သူကိုယ်တိုင် ငရဲခန်းမှာဒုက္ခခံခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်  ကြိုးဆွဲချသေဖို့လုပ်ခဲ့တဲ့အထိပဲ။
ဒီလုပ်ဟန်ကို ဗိုလ်နေဝင်းနဲ့မျက်မှန်ကြီးတင်ဦးတို့က အမွေဆက်ခံခဲ့တယ်။ သူတို့လည်း ဇာတ်သိမ်းမကောင်း၊ တယောက်က အိမ်ချုပ်၊ တယောက်က ရေကြည်အိုင်မှာဇာတ်သိမ်းခဲ့ကြရတယ်။

ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်
အခု လက်နက်ကိုင်တိုက်နေရဆဲဖြစ်တဲ့တိုင်းရင်းသား များနဲ့ ABSDF ကျောင်းသားတပ်မတော်ကရော (ကြ) နဲ့ (ရ) ဘယ်အထဲမှာပါသလဲ။ ပြန်မတိုက်မဖြစ်လို့ တိုက်ကြရသူချည်းလို့ မပြောနိုင်ဘူးလား။
ဗိုလ်သိန်းစိန်အစိုးရကတော့ ခုပဲ ပြည်တွင်းစစ်ချုပ်ငြိမ်းတော့မလိုလို လေသံတွေပစ်နေကြတယ်။ သူမနာကိုယ်မနာ ကျေကျေလည်လည်နဲ့ ပြည်တွင်းစစ်ရပ်နိုင်ကြရင် ဗကပ က ဝမ်းသာပါမယ်။ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးလိုက်ကြရင်ရပါပြီဆိုတဲ့အပြောမျိုးနဲ့တင် ရပ်စဲထား လို့မရ။
အုပ်စိုးသူအဆက်ဆက်ကိုင်စွဲထားခဲ့ကြတဲ့ ‘လက်နက်အရင်ချပါ’ ဆိုတဲ့ပေါ်လစီကို အနှစ်သာရမပြောင်း ဝေါဟာရသာပြောင်းနေလို့ကတော့ အလုပ်ဖြစ်မှာမဟုတ်။
တဖက်က စကားပြော - တဖက်က တပ်တွေတိုးချပြီး ခြောက်လှန့်ထား၊ တချိန်တည်း စီးပွားရေးအခွင့်အလမ်းတွေ သာသာထိုးထိုးပေး၊ ငွေတွေပုံပေး၊ စည်းစိမ်ခံစားခွင့်တွေပေး၊ ကား၊ အိမ်၊ လစာနဲ့ တချို့ဆို ပြောရေးဆိုခွင့်တွေတောင်ပေးထားပြီး ဘုံမြှောက်ထားလိုက်သေးတယ်။
ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်ဆိုတာ ဒီနေ့ခေတ် စစ်တပိုင်းအစိုးရရဲ့လုပ်နည်းလုပ်ဟန်ပါကလား။
(၂၈၊ ၁၂၊ ၂ဝ၁၃)


“နိုင်ငံရေးစစ်ပုလိပ်”၊ “နိုင်ငံရေးကင်ပေတိုင်” ကော်မရှင်ထဲသို့ စစ်ဗိုလ် ၆၁ ဦး အင်အားဖြည့်တင်းလိုက်ပြီ(တူမောင်ညို)

0 comments
“နိုင်ငံရေးစစ်ပုလိပ်”၊ “နိုင်ငံရေးကင်ပေတိုင်” ကော်မရှင်ထဲသို့ စစ်ဗိုလ် ၆၁ ဦး  အင်အားဖြည့်တင်းလိုက်ပြီ(တူမောင်ညို)
(၂ဝ၁၄ ဇန်နဝါရီ  ၅ ရက်)
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်”(တင်အေးကော်မရှင်)ဆိုသည်မှာ စည်းကမ်းပြည့်ဝသောဒီမိုကရေစီခေတ်၌ “နိုင်ငံရေးစစ်ပုလိပ်” အခန်း၊  “နိုင်ငံရေးကင်ပေတိုင်”အခန်းမှ အသုံးတော်ခံနေသည့် ဒေါက်တိုင် တစ်ခုသာဖြစ်သည်။ ထို “နိုင်ငံရေးစစ်ပုလိပ်”၊ “နိုင်ငံရေးကင်ပေတိုင်” သည် ရွေးကောက်ပွဲနှင့်နိုင်ငံရေးပါတီများ၏ကံကြမ္မာအပေါ် စီရင်ပိုင်ခွင့် အာဏာအပြည့်အဝရ ရှိထားသော ဖိနှိပ်ရေးအကြပ်ကိုင်ရေးယန္တယား တစ်ခုလည်းဖြစ်သည်။ “၂ဝဝ၈ အခြေခံဥပဒေ”ပုဒ်မ၊ ၄ဝ၂ ဖြင့်လည်း ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်း အားလုံးနှင့် နိုင်ငံရေးပါတီများနှင့်သက်ဆိုင်သည့် လုပ်ငန်းအဝဝအား ဖိနှိပ်ကွပ်ညှပ်နိုင်ရန် အာဏာကုန်ပေးအပ်ထား၏။ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်” ဟု ဆို၏။
ထို့ပြင် “ကော်မရှင်”သည်  အခါအားလျော်စွာ သူ၏ချုပ်ချယ်ဖိနှိပ်ရေးတင်းပုတ်ဖြင့် “မှတ်ပုံတင်နိုင်ငံရေးပါတီများ”အပေါ် ခြိမ်းခြောက်လျက် ရှိသည်။“သောင်းကျန်းသူအဖွဲ့အစည်းများနှင့်ဆက်သွယ်သည်”၊ “နိုင်ငံခြားမှငွေကြေးအစရှိသောအထောက်အပံ့ရယူသည်” စသည်တို့သည် ကော်မရှင်၏ အဓိကခြိမ်းချောက်သံများပင်ဖြစ်သည်။
ထို့အပြင် ကော်မရှင်ကို “၂ဝဝ၈ အခြေခံဥပဒေ” ပုဒ်မ ၃၉၈ (က) အရ သမ္မတက စိတ်ကြိုက်ခန့်အပ်ခွင့်ရှိနေ၏။
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို ပြည်သူများက လေးစားယုံကြည်သူများဖြင့်သာ ဖွဲ့စည်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် (ပြည်ထောင်စု၊ပြည်နယ်နှင့်တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်) အဆင့်ဆင့်ရှိ အမှုထမ်းအားလုံးသည် မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်အစုအဖွဲ့၏သြဇာခံမျှ မဖြစ်စေရ။
လက်ရှိဖွဲ့စည်းထားသည် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်” (တင်အေးကော်မရှင်)သည် အထက်ပါအချက်များဖြင့် လုံးဝကိုက်ညီခြင်း မရှိချေ။ လက်ရှိကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးသည် သမ္မတ(ဗိုလ်)ဦးသိန်းစိန်နှင့် တပူးပူတတွဲတွဲရှိလှသည်။
၏ထိုအခြေအနေ၌  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် (၄၇/၂ဝ၁၃)ဖြင့် “စစ်ဗိုလ် ၆၁ ဦး”အား ပြည်ထောင်စု ကော်မရှင်ရုံးခွဲအသီးသီး၌ လက်ထောက်ညွန်မှူးအဆင့်ခန့်အပ်ခဲ့ကြောင်း (ဘီဘီစီ)သတင်းတစ်ရပ်တွင် ပါရှိလာပါသည်။
သို့ပါ၍ဤဖြစ်ရပ်မှ ယခုကဲ့သို့ ကောက်ချက်ချနိုင်ပါမည်။
ကာချုပ်သည် လွှတ်တော်အရပ်ရပ်သို့ အချိန်မရွေး သူ့စိတ်ကြိုက်စစ်သားအမတ်များစေလွှတ်နိုင်/ပြန်လည်ရုပ်သိမ်းခေါ်ယူနိုင်သကဲ့သို့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်”သို့လည်း “စစ်သားဝန်ထမ်းများ”စေလွှတ်ခန့်အပ်နိုင်သည့်သဘောဟု ယူဆရသည်။
ကော်မရှင်သည် သော့ချက်ကျသည့် “ လက်ထောက်ညွန်မှူး” အဆင့်နေရာများကိုခန့်အပ်ခြင်းဖြင့်“၂ဝ၁၅ ”အတွက်ကြိုတင်အားဖြည့် လိုက်ခြင်းလည်းဖြစ်သည်။
ထိုသို့ “စစ်ဗိုလ် ၆၁ ဦးအားကော်မရှင်၌ခန့်အပ်မှုအပေါ်”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး၊ စီအီးစီလူကြီး၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကော်မရှင်မှာ ကိုယ်ပိုင်ဝန်ထမ်းရရှိသွားတဲ့အတွက် ကြိုဆိုကြောင်း” ထို့အပြင် စစ်ဗိုလ်တွေကို ယခုလိုခန့်အပ်တာကို သူမသိ ကြောင်း၊ သမ္မတနဲ့ကာချုပ်တို့သဘောထားအပေါ်မှာမူတည်ကြောင်း စသဖြင့် ပြောကြားသွားပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး၊ စီအီးစီလူကြီး၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းသည် “ဖရောင်းသုတ်သည့်ကိစ္စ”အတွက် ဒဏ်ငွေ အဿပြာကျပ်တစ်ထောင်ပေးဆောင်ပြီးနောက်  “ကော်မရှင်”အား အကြောက်ကြီးကြောက်သွားပုံ ပေါ်ပါသည်။
တိုင်းသိပြည်သိအတိုက်အခံပါတီကြီးတစ်ခု၏ ပြောခွင့်ရပုဂ္ဂိုလ်ကြီးသည် “စစ်ဗိုလ် ၆၁ ဦးအား ကော်မရှင်၌ခန့်အပ်မှုအပေါ်” ဤသို့ အိယောင်ဝါးမလုပ်သင့်ပါ။ မလုပ်ထိုက်ပါ။
ပြည်သူများအတွက် ဒီမိုကရေစီအရေးကို ပြည်သူများနှင့်အတူတိုက်ပွဲဝင်ပါမည်ဟု ကြွေးကြော်လှုပ်ရှားနေသည့် အတိုက်အခံပါတီကြီး၏ ဂုဏ်သိက္ခာကိုထောက်ထားလျက် ၄င်းတို့ပါတီ၏ မူပေါ်လစီများအပေါ် တာဝန်ခံမှုရှိရှိပြောဆိုရမည်လည်းဖြစ်ပါသည်။
ဦးဉာဏ်ဝင်းသည် ဒီမိုကရေစီကိုယုံကြည်လိုလားသူတစ်ဦး၊ ဥပဒေပညာသည်တစ်ဦးဖြစ်ပြီး၊ ထိုပညာဖြင့် အသက်မွေးရပ်တည်ခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ သို့ပါ၍ အဆိုပါ “စစ်ဗိုလ် ၆၁ ဦးအားကော်မရှင်၌ခန့်အပ်မှုအပေါ်” နိုင်ငံရေးအရ/ဥပဒေကြောင်းအရ/မိမိပါတီ၏ မူပေါ်လစီရှုဒေါင့်အရ အမြင်၊သဘောနှင့်ရပ်တည်ချက်ကို တိတိကျကျရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားရန် ပို၍ လိုအပ်လှပါသည်။ ယခုပြောဆိုချက်သည် အတိုက်အခံပါတီတစ်ရပ်က ပြည်သူများအပေါ် တာဝန်ပျက်ကွက်မှုတစ်ခုဖြစ်ပါသည်။
“၂ဝဝ၈အခြေခံဥပဒေ ပြင်ပြင်/မပြင်ပြင်၊ ဝင်ကို - ဝင်မယ်” ဟု ဝင့်ကြွားမှုအပြည့်ဖြင့်ပြောသကဲ့သို့ ဤနေရာတွင် ဦးဉာဏ်ဝင်း အဘယ့်ကြောင့် မပြောပါသနည်း။ အနိမ့်ဆုံးအားဖြင့် ကော်မရှင်၏သမာသမတ်ကျမှုဆိုသည်ကို ပြင်းပြင်းထန်ထန်မေးခွန်းထုတ်သင့်ပါ သည်။
“၂ဝဝ၈ အခြေခံဥပဒေ”ကို ပြင်ဆင်သကဲ့သို့၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အစရှိသော မတရားသည့်တည်ဆဲဥပဒေများကို ထိထိရောက်ရောက်ပြုပြင်ကြရမည်ဖြစ်ပါသည်။ထို့အပြင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းကြရမည်ဖြစ်ပါသည်။
ထိုသို့ပြင်ဆင်ဖွဲ့စည်းရာတွင် လက်ရှိကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးကဲ့သို့ တစ်ချိန်က(နအဖ)ဝင် ထိပ်သီးစစ်ဗိုလ်ဟောင်းများ၊ ကြံ့ဖွံပါတီ၏သြဇာခံများ လုံးဝမပါသင့်ပါ။ အထူးသဖြင့်ပြည်ထောင်စုကော်မရှင်အဆင့်တွင် ပို၍ပင်မပါဝင်စေသင့်ပါ။
ထို့ပြင် ဦးသောင်းညွန့်တို့ကဲ့သို သစ္စာခံအရိုးရင့်အမွှေးရှည် ဗျူရိုကရက်ဥပဒေဝန်ထမ်းဟောင်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဗျူရိုကရက်ဝန်ထမ်းဟောင်းများ/လက်ရှိတာဝန်ထမ်းဆောင်နေသူများလည်း မပါဝင်စေသင့်ပါ။ 
ယခုအခါ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် “နိုင်ငံရေးစစ်ပုလိပ်”၊ “နိုင်ငံရေးကင်ပေတိုင်” ကော်မရှင်ထဲသို့ စစ်ဗိုလ် ၆၁ ဦးအင်အားဖြည့်တင်း လိုက်ပြီဖြစ်သည်။
ဆက်စပ်ဖတ်ယူရန် http://www.thithtoolwin.info/2014/01/blog-post_6461.html#.UsmsD7STbK3


Wednesday, January 1, 2014

၂ဝ၁၃ ဒီဇင်ဘာ နောက်ဆုံးပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
၁၉၈ဝ ဝန်းကျင်များဆီက ဆရာဝန်တွေနဲ့ ဆေးတက္က သိုလ်ကျောင်းသား/သူ တချို့ စာအတော်ရေးကြတယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေထဲမလဲ သူတို့စာတွေ အလုအယက်ဖော်ပြလိုက်ကြတာမှ ရှောင်မလွတ် ဆိုသလိုပဲ။ စာရေးကောင်းတဲ့သူနဲ့ စာကောင်းရေးတဲ့သူတွေလည်း မနည်းလှပါ။ ဘယ်လောက်တောင် ဆရာဝန်နဲ့ဆရာဝန်လောင်းတွေ စာရေးကြသလဲဆိုတော့ ကာတွန်းနဲ့ကို လှောင်ယူ ရတဲ့အထိပဲ။ ကာတွန်းဆရာတော့မေ့သွားပြီ။ ကာတွန်းကတော့ တစ်ကွက်ကာတွန်းပဲ။ မဂ္ဂဇင်းမှာဖော်ပြ ထားတာ။ ကလေးလေးတစ်ယောက်က လူကြီးတစ်ယောက်ကိုမေးတယ် "စာရေးဆရာဖြစ်အောင် ဘာလုပ်ရမလဲဟင်"..တဲ့။ လူကြီးက ပြန်ဖြေတယ် "ဆရာဝန်ဖြစ်အောင်အရင်လုပ်"..တဲ့။ ကဲ ခုလည်း အမတ်ဖြစ်ချင်ရင် အဆိုတော်၊ ရုပ်ရှင်မင်းသား/မင်းသမီး၊ ကဗျာဆရာ စတာတွေဖြစ်အောင်အရင်လုပ် လို့ပြောရမလိုလား။ လူထုအရေးမို့ တိုင်းပြည်အရေးမို့ ထောင်တန်းအကျခံ (မကျပေမယ့်လည်း ဘဝ အနာခံပြီး)လုပ်ခဲ့တဲ့ လုပ်နေတဲ့ အဆိုတော် မင်းသားမင်းသမီး ကဗျာဆရာ(ကြီးငယ်လတ်)တွေနဲ့ ခုပြောတဲ့ ခါတော်မီအမတ်မင်းတွေက ပြဒါးတစ်လမ်း သံတစ်လမ်းမှန်းတော့ ကွဲပြားပါတယ်။ ဘာတဲ့.. "လုပ်လို့မရတဲ့ အချိန်က..မလုပ်ခဲ့တာထက် လုပ်လို့ရတဲ့အချိန်မှာ.. မလုပ်တာက ပိုမဆိုးလား"ဆိုတဲ့စကားတောင် ကိုးကားစာရင်းဝင်မှတော့ ဒီ့ထက်နာစရာဇာတ် ဘယ်မှာလာရှိပါတော့မလဲ။ ကဗျာအမတ်ကိစ္စ

ဝင်ပါ ၂ဝ၁၅ လည်း ဝင်ပါ။ မျှော်ပါ ကြားဖြတ်တုန်းကလိုဖြစ်မယ်လို့လည်း မျှော်ပါ။ ပီအာရ်လို့ဆိုတဲ့ အချိုးကျကိုယ်စားလှယ်စနစ် ဟိုဘက်ကတင်လာတော့ ဘာပြောလေဦးမလဲ။ ချုပ်ကွက်က တစ်ကွက်ခြင်း တိုးတိုးချုပ်နေတာ အပ်ကွက်ဖြစ်လိမ့်မယ်လို့တော့မထင်။ နိုင်ငံရေးအာဏာလုတယ်ဆိုတာ စစ်တုရင်ပွဲမှ မဟုတ်တာ။ စစ်တုရင်ထိုးတာ ရွေးကောက်ပွဲဝင်တာမှမဟုတ်တာ။ အဲ့သလိုပဲ ဂျိမ်းစ်ဘွန်းကားကြိုက်ရင် ခွက်တိုက်ရင်းဉာဏ်ရည်ယှဉ်တာကို စိတ်ကူးယဉ်လို့ရမယ်။ ကားပါမစ်နဲ့အပစ်အခတ်ရပ်တာဟာ ရုပ်ရှင်ရိုက်တာမှမဟုတ်တာ။ နိုင်ငံရေးမှာ ခြေပုန်းခုတ်တယ်ဆိုတာ ကြောင်ကြာကြာရေမငုတ် သလိုပဲ။ ကြောင်ရေငုတ်ကိစ္စ

အင်န်အယ်လ်ဒီဗဟိုကော်မတီအစည်းအဝေးအပြီး ရှေ့နေကြီးဦးဉာဏ်ဝင်းပြောတော့မှ စာဖတ်နေသူကြီးက ဒီအတိုင်းပဲဖြစ်ရမလေဆိုကာ စာအုပ်လေးဘေးချ။ ကျော်ဝင်း ဒူးလေးနှံ့အမြီးလေးနှံ့။ အမေစုတွေ ဇာတ်တော်လာသားတရားစီရင်ခန်း ချီးမွမ်းခန်းဖွင့်ကြ။ ၉၆၉ ဗုဒ္ဓဝါဒီအကြမ်းဖက်သမားတွေ ၂ဝ၁၄ ပွဲသိမ်း ခန်းနဲ့ဇာတ်သိမ်းခန်းကကြ။ ၂ဝ၁၅ ကို ကြားဖြတ်ရွေးကောက်ပွဲလိုဖြစ်မယ်လို့ မျှော်သူတွေပေါ်လာကြ။ ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်ကဗျာဆရာဘာညာတွေလည်း အမတ်လောင်းခြေလှမ်းပြင်ကြ ခြေထိုးကြ ခြေချော်ကြ ချီးမွမ်းခြေကျောက် ကျောက်ကြ။ ဘာမှမဖြစ်လို့ ၂ဝ၁၅ ရွေးကောက်ပွဲဖြစ်တယ်ထား၊ အင်န်အယ်လ်ဒီလည်း အများစုနေရာနိုင်တယ်ထား၊ နိုင်ငံရေးအာဏာ ရမယ်လို့ ခင်ဗျားပြောနိုင်မလားဗျာ။ ပြောဖို့ကျန်နေတာက ပီအာရ်ကိစ္စ။ ဘယ်တော့ တစ်စခန်းထလာလေ မလဲ။
ပီအာရ်ခေါင်းထောင်မယ့်ကိစ္စ

(ဒါရေးနေတုန်းပဲ ဦးဉာဏ်ဝင်းထွက်ပြောတယ် ၂ဝ၁၅ ကို ဝင်ဖြစ်အောင်ကိုဝင်မှာဆိုပြီး)ဒီ/ချုပ် ဗဟိုကော်မတီအစည်းအဝေးလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ မတက်နိုင်ဘူး လို့ဆိုတယ်။ ဟိုတလောက ခြေမမှာ ခွဲစိတ်ကုသမှုခံရတာသိတယ်။ ပြီးတော့ ဟိုနေ့ကပဲ သူ့ကိုယ်ရေး အတွင်းရေးမှူး (ဒေါက်တာတင်မာအောင်) နဲ့ မိတ္ထီလာအမတ်(ဦးဝင်းထိန်)တို့ကို နေရာကိုယ်စီ ခန့်အပ် တာဝန်ပေးကြောင်း ကြေငြာချက်ဖတ်ရတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ(ပြင်ရေး)ကိစ္စက ထိပ်တက်နေတယ်။ မြစ်ဆုံ ကိစ္စ တရုတ်ဘက်က အသံပြန်ထွက်လာတယ်။ ရခိုင်ပြည်နယ်မှာ (၉၆၉) ဗုဒ္ဓဝါဒီအကြမ်းဖက်ခေါင်းဆောင် (သင်္ကန်းဝတ်နဲ့လူဝတ်တွေ) တရားပွဲတွေတခြိမ်းခြိမ်း လုပ်နေတယ်။ ၂ဝဝ၈ မပြင်ရင် အခြားပါတီတွေ (ကြံ့ဖွံ့ကိုအဓိကဦးတည်) ၂ဝ၁၅ ရွေးကောက်ပွဲ မဝင်သင့်ဘူးလို့ပြောထားတာရှိတယ်။ အင်န်အယ်လ်ဒီ ကတော့ ဝင်မယ်ဆိုတောင် စွန့်စားပြီးဝင်ရမှာဆိုပြီး သောင်မတင်ရေမကျနိုင်ငံရေးစကားပြောထားတာ ရှိတယ်။ လေးပွင့်ဆိုင်တွေ့ဖို့မေတ္တာရပ်ခံထားတာလည်း သဲထဲရေသွန်လိုဖြစ်နေတယ်။ စစ်အုပ်စုက တွေ့စရာမလိုဆိုတာကို အတိအလင်းသဘောပြောထားတယ်။ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ လုပ်တဲ့နေရမှာလည်း အောင်မင်းတို့ သိန်းစိန်တို့ လှမောင်ရွှေတို့ စစ်အလိုတော်ရိပြည်တော်ပြန်တွေ တစ်အုပ်လုံးပေါင်းတောင် ခင်ညွန့်တစ်ခေါင်းစာကလိမ်ကကျစ်ဉာဏ်မှာ မမီဘူး။ ပြဿနာတွေ တက်လိုက် ရှေ့ကဖုံးလိုက် နောက်ကပေါ်လိုက်နဲ့။ ဆီးဂိမ်းမှာ မီးရှို့ရမ်းကားဆဲဆိုသူတွေကို မျိုးချစ်တွေဆိုပြီး စားရိတ်ပေးအိမ်ပြန်ဖို့ ရဲအချုပ်ကနေ ခရိုနီဇော်ဇော်က သွားထုတ်ပေးတယ်။ (အဲ့ငနဲနဲ့ ဒေါ်စု ဘောအတူ ထိုင်ကြည့်ခဲ့တယ်) မလေးရှားဘက်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြဿနာဖြစ်နေတယ်။ အရင်တခါတုန်းကလောက် ဇာမချဲ့လာသလို ကယ်တင်ရှင်မျိုးချစ်ခရိုနီကြီးတွေလည်း သိတ်စွာတာ မကြားရဘူး။ ရှစ်ပူး-ငြိမ်း/ပွင့်အင်န်ဂျီအိုကတော့ မှတ်ပုံတင်ပြီးမှ ဆန္ဒပြရမယ့်ဥပဒေပုဒ်မ(၁၈)ကိုဖျက်ပေးဖို့ အဲ့ဒီပုဒ်မ(ဥပဒေ)နဲ့အညီ ဆန္ဒပြခွင့်ရတယ်ကြားတယ်။ ဒေါ်စု အသက်ကြီးပြီ။ အင်န်အယ်လ်ဒီမှာ သူ့တသြဇာနဲ့ မီးသေခဲ့တာငြင်းမရဘူး။ အင်န်အယ်လ်ဒီမှာ(စစ်အုပ်စုလို-တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ကောင်းမွေ/ဆိုးမွေခံဖို့) စနစ်နဲ့ပြင်ဆင်မှုမမြင်ရသေးဘူး။ ဦးဝင်းတင်ခမျာလည်း သူ့ကိုယ်သူ သူ့ယုံကြည်ရပ်ခံချက်မှာအထိုင်ချပြီး သတင်းစာသမားပြောလိုက် နိုင်ငံရေးသမားပြောလိုက်နဲ့ဖြစ်နေတယ်။ အန်အယ်လ်ဒီအတွက် ဖိဖိစီးစီးလုပ်နိုင်တဲ့အခွင့်အလမ်းနဲ့အခွင့်အာဏာဟာ ပါတီတွင်းမှာ လျှော့ချ ဒါမှမဟုတ် လျော့ကျသွားခဲ့ရတာ ပါတီမှတ်ပုံပြန်တင် နာယကနေရာအပို့ခံရ ကြားဖြတ်ဝင်ပြီးကတည်းက။ ပါတီပြောခွင့်ရနဲ့အတွင်းရေးမှူးကြီးဦးဉာဏ်ဝင်း ဘာတွေများပြောလေမလဲ တွေးစရာပဲ။ ၂ဝ၁၅ ကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စ။ ရှေ့နေကြီးကဥပဒေစကားပြောတော့ ဘယ်လောက်ကျင်လည် မလည်မပြောတတ်။ နိုင်ငံရေးစကားကတော့ မဲပြားဖယောင်းသုတ်နဲ့တင် ခန့်မှန်းယူလို့ရတယ်ဆိုတဲ့ပြောသံ ထွက်ဖူးတယ်။ ဒေါ်စု ကျန်းမာရေးသတင်းကြားရတာ စိတ်မကောင်းဘူး။ လူအများစိုးရိမ်နေကြသလို(ဒေါ်စုမရှိတဲ့အင်န်အယ်လ်ဒီ) ဘယ်ပုံဆက်ချီတက်မလဲတော့ အလေးအနက်တွေးနေမိတယ်။ ခုနေခါ ပါတီအတွက် မျိုးဆက်ခေါင်းဆောင်နေရာချမယ်ဆို မနှောင်းသေးဘူးထင်တယ်။ တမိုးလုံးဖျောက်ဆိပ် မြင်းတစ်စီး ဓါးတစ်လက်နိုင်ငံရေးဟာ နိုင်ငံရေးစန်း မကုန်သေးသရွေ့တော့ လုပ်ဖြစ်ရုံဖြစ်ခဲ့မှာပဲ။ ဒေါ်အောင်ဆန်း စုကြည်လည်း ကျန်းကျန်းမာမာဆက်ရှိနေနိုင်ပါစေ။ အင်န်အယ်လ်ဒီလည်း မာမာချာချာရှိပါစေ။ ၂ဝ၁၃ အကုန်တောင်တွေးမြောက်တွေးကိစ္စ

အရင်က အားနာလို့ ခါးပါတယ်..ပဲကြားဖူးတာ စကားပုံလိုလိုနဲ့။ ခုက အားနာလို့ ကားပါလာတာ..ဆိုပဲ။ ဘာစာအိပ်မှန်းမသိဘူး တွေ့တုန်းကပေးလိုက်လို့ ယူလာမိတာ။ ပြန်ရောက်မှဖွင့်ကြည့်တော့ ကားပါမစ်တွေဖြစ်နေတယ်။ ပြန်ပေးရမှာလည်း အားနာတာနဲ့ ယူထားလိုက်ရတာ..ဆိုတဲ့သဘောအပြောက ၂၀၁၄ အတွက် တာစားမယ့်စကား။ အားနာလို့ကားပါလာရတဲ့ကိစ္စ

အမေးခံရလိမ့်မယ်လို့ တခါမှမတွေးဖူးတဲ့ မေးခွန်း ဒီမနက်အမေးခံရတယ်။ မေးခွန်းက “ဒေါ်အောင်ဆန်းစုကြည်ကို မသနားဘူးလား”တဲ့။ “ဘာဖြစ်လို့လဲဗျ”ဆိုတော့ “သူ..ဒီလောက် စွန့်လွှတ် အနစ်နာခံပြီးလုပ်နေတာလေ”တဲ့။ ဒါနဲ့ “ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုသဘောထားသလဲဆိုတာနဲ့ သူ့အပေါ် ဘာအဖြစ်သဘောထားသလဲဆိုတဲ့အပေါ်တည်ပြီး အဖြေအမျိုးမျိုးထွက်မယ်ထင်တယ်” လို့ပြန်ဖြေတော့ “စကားကို ဝေ့လည်ကြောင်ပတ်မလုပ်ပဲ (ဒဲ့)ဖြေပါ”လို့ ထပ်တောင်းဆိုပြန်တယ်။ ဒါနဲ့ပဲ “မသနားဘူး/ သနားတယ်ဆိုတာထက် သနားစရာကိစ္စအဖြစ်ကို မမြင်မိတာပါ။ ဘာလို့လဲဆို လူတိုင်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဆုံးဖြတ်ပြီး လုပ်ကြရတာပဲမဟုတ်လား။ သူများတိုက်တွန်းလို့၊ အားနာလို့၊ ဖိအားပေးခံရလို့၊ ကြောက်လို့၊ မလွဲသာလို့ဆိုတဲ့အကြောင်းတွေကြောင့် လုပ်နေရတာဆိုရင်တော့ သနားစရာပါ။ ဒေါ်စုကလည်း သူ အဲ့သလို အကြောင်းကြောင်းတွေကြောင့် လုပ်နေရတာပါလို့ပြောသံ တခါမှမကြားမိပါဘူး။ စွန့်လွှတ်လို့သနားရမယ်ဆိုရင် သနားစရာစာရင်းကြီးက တနံတလျားဖြစ်သွားမှာပါ။ သူ့နည်းတူ၊ သူ့ထက်မလျော့၊ သူ့ထက်မကစွန့်လွှတ်ခဲ့ကြသူတွေ အရင်ကရော၊ ခုရော ဒုနဲ့ဒေးများလှပါတယ် ဗမာ့သမိုင်းမှာ။ နောက်တချက်က ခင်ဗျား သူ့ကို ဘယ်လိုသဘောထားသလဲ။ နိုင်ငံရေးခေါင်းဆောင် အဖြစ်လား၊ လူမှုပြုပြင်ရေးအတွေးအခေါ်သမားအဖြစ်လား၊ ပါတီတစ်ခုရဲ့ခေါင်းဆောင်အဖြစ်လား၊ လူထုခေါင်းဆောင်အဖြစ်လား၊ ရပ်ကွက်ထဲကသာမန်အိမ်ရှင်မ/မိခင်တစ်ယောက်အဖြစ်လား၊ ဗုဒ္ဓဝင် ဇာတ်တော်ထဲကပဋာစာရီလိုလား စသည်ဖြင့်ပေါ့။ နောက်တချက်က ခင်ဗျားကိုယ်ခင်ဗျားရော ဘယ်လို သဘောထားသလဲ၊ အဲ့ဒါက အရေးအကြီးဆုံးမေးခွန်းဖြစ်ပြီး ကိုယ့်ဘာသာပြန်တွေး၊ ပြန်မေးပြန်ဖြေရမယ် ထင်တယ်ဗျ”လို့ပြောတော့.. “ခင်ဗျားလည်း သနားစရာသတ္တဝါပဲ”လို့ပြောပြီး လိုင်းပေါ်ကဆင်းသွားတယ်ဗျ။ ကျနော်လည်း ကိုယ့်ကိုယ်ကိုပဲ သနားရမှာလိုလို၊ သူ့ပဲသနားရမှာလိုလို၊ ဒေါ်စုပဲသနားရမှာ လိုလိုနဲ့ ကြောင်တက်တက်ကျန်ခဲ့တယ်။ ဒေါ်စုသနား/မသနားကိစ္စ

လက်ရှိ အင်န်အယ်လ်ဒီနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့က ပြဒါးတလမ်းသံတလမ်းပါ။ လူထုတိုက်ပွဲကျတော့ လည်း ရွေးလမ်းအရံအဖြစ်တောင် ထား/မထားမသေချာဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ကိုယ့်ပါတီဖွဲ့စည်းပုံပြင်ကာ လွှတ်တော်ထဲဝင်သွားပြီး မှန်းချက်အတိုင်းနှမ်းမထွက်တော့ (ကြီး(၄)ကြီးပဲ ထား)တွေ့ဖို့မေတ္တာရပ်ခံတယ်။ စစ်အုပ်စုဘက်က တုံဏှိဘာဝေလုပ်နေတယ်။ လွှတ်တော်အမတ် တယောက်က အဲ့ကြီး(၄)ကြီးကိစ္စ လွှတ်တော်ထဲတင်လာရင် ဆန့်ကျင်ကန့်ကွက်မယ်ဆိုပြီး ကြိုဟန့် ထားတယ်။(တင်စရာကိစ္စနဲ့ တင်မယ့်ကိစ္စလည်းမဟုတ်ဘူးထင်တာပဲ) ဆိုတော့ (ထည့်စဉ်းစားစရာမလိုတဲ့ လက်နက်ကိုင်နည်း၊ လူထုတိုက်ပွဲနည်းတွေတော့ ထားလိုက်ပါတော့) လွှတ်တော်ထဲကနည်း၊ ကြီး(၄) ကြီးတွေ့ပါရစေနည်း၊ နိုင်ငံတချို့ဆီက(စီးပွားရေး၊ နိုင်ငံရေးနဲ့သံတမန်နည်းလမ်း အကူအပံ့နဲ့သွားတဲ့နည်း) ဘယ်နည်းတွေမှ အရာမထင်လာသေးဘူး။ ဆိုတော့ သဲထဲရေသွန်ရင်း အလကားမတ်တင်းပွဲစားလုပ်ရင်း နိုင်ငံရေး”စန်း”နဲ့ နိုင်ငံရေးအိုမင်းတွင်းဆုံးချိန် မတိုင်ခင်မှာ လမ်းရှင်းဖို့ လိုင်းရှင်းဖို့ ဘာလုပ်မယ်၊ ဘယ်လမ်းနဲ့သွားမယ် တိတိပပသိရမှ ”ဒေါ်စုလမ်းကြောင်းကို ဝိုင်းထောက်ခံကြ”ဆိုတဲ့ ဆွဲဆောင်သံကို မှန်မှန်ကန်ကန်တုန့်ပြန်နိုင်ကြလိမ့်မယ်။ ခုလို ဘာလုပ်မယ်မှန်း ဘယ်သွားမယ်မှန်း လိုင်းမရှင်း/ လမ်းမရှင်းခင်မှာထောက်ခံခိုင်းတာ နိုင်ငံရေးအရည်မလည်ရာ အဝါးမဝရာရောက်တယ်လို့ မထင်ဘူးလား။ ဒေါ်စုလမ်းကြောင်းထောက်ခံကြကိစ္စ

ယုံကြည်ရပ်ခံချက်ကို ဟိုဟာနဲ့လဲစား..ဒါနဲ့လဲစားခဲ့ပြီးနောက် အရင်လို စကားကိုတည်ကြည်စွာ ဆိုဖို့ပြောဖို့ မဝံ့တော့တဲ့အခါ ကလေးလိုလို ပေါချာချာလိုလိုနဲ့ အရူးကွက်သာနင်းရလေတော့ တယ်။ ထောင်စကားတခု ရှိတယ်။ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတာ...ခေတ်လည်းကောင်းရော ရူးလည်း တကယ်ရူးရောပဲ.. တဲ့။ ခုနေခါ အယောင်ဆောင်လို့ရသေးတယ်။ တဘက်က လက်နက်ချမလား မချဘူးလား အတိအလင်းမေးလာတဲ့အခါ ပွင့်ကျမယ့်အတွင်းကရုပ်တွေ မမြင်ပါရစေနဲ့။ ခုများတော့ ရန်သူလို့ တချိန်ကသူတို့ကြွေးကြော်စူးရဲခဲ့သူတွေနဲ့ အလဲအလှယ်ပွဲမှာနောက်ကျကျန်ခဲ့မစိုးလို့ မီရာကားနဲ့လိုက် ရရာဈေးနဲ့ချရောင်းခဲ့ပြီးနောက် ခွက်ချင်းတိုက်လိုက် လဲလို့ရတာလေးရောင်းစားလိုက် အရက်ခွဲတမ်းလေးတန်းစီလိုက်နဲ့ အငုံ့စိတ်နဲ့ရွှေပြည်ဟာ လူတောမတိုးဝံ့စွာနဲ့ ဘယ်လောက်ကြာကြာ သာနေလိမ့်မလဲ။ ခေတ်မကောင်းလို့ရူးဟန်ဆောင်ကိစ္စ

စင်္ကာပူမှာ အိန္ဒိယပြည်က ဟိန္ဒူအမျိုးသားတစ်ယောက်ကို ဘစ်ကားဒရိုင်ဘာက ထိုးကြိတ်ရာကနေစပြီး လစ်တဲလ်အင်န္ဒိယားလို့ဆိုတဲ့အရပ်မှာ ကားမီးရှို့တာတွေ ရဲကားတွေမှောက်လှန်ပစ်တာတွေဖြစ်ကုန်တယ်။ ဘယ်ကစလို့ ဘယ်သူမှန်လို့ ဘယ်သူမှားတောင် မသိရသေးပါဘူး ရခိုင်မှာမသီတာထွေးကိစ္စဖြစ်တုန်းက မျိုးချစ်စိတ်တွေဟုန်းဟုန်းတောက်ပြီး ကုလားတွေသတ်ပစ်ရမယ်တို့ အမျိုးဘာသာ သာသနာတို့ကြုံးဝါး ခဲ့လေသူက ခုတော့ "ကျနော်တို့ ဒီမှာလာ ကျွန်ခံသလို အလုပ်လာလုပ်နေကြတာ ကိုယ့်ရည်မှန်းချက် အတွက် ကိုယ့်မိသားစုဘဝအတွက်ပဲ။ ခု ဖြစ်နေတာက လူမျိုးရေးဆန်တဲ့ခွဲခြားမှုကြောင့်ဖြစ်ရတာပဲ။ ကိုယ်တွေက ကုလားတွေလိုပဲ ဒီမှာလာ အလုပ်လုပ်နေကြတာဆိုတော့ ကုလားတွေနဲ့သင့်အောင်ပေါင်း စင်္ကပူရီယာန်တွေ အမြင်မစောင်းအောင်လည်းနေတတ်ဖို့လိုမယ်။ လူမျိုးရေးခွဲခြားပြီး တရုပ်သွေးပါတဲ့ စင်္ကာပူတွေ ကျုပ်တို့ကို ရင့်သီးလာတာကြာပြီ။ ဂွင်ဝင်တုန်းလေးဆိုပြီး အနှိမ်ခံတွေအချင်းချင်းဆိုပြီး ကုလားတွေဘက်ကလည်း သွားမပါကြပါနဲ့။ သွားပါလိုက်ရင် စင်္ကာပူပုလိပ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးက ကျုပ်တို့ဘက်ပါ မြားဦးလှည့်လာလိမ့်မယ်။ ကိုယ့်ဘဝအတွက် ကိုယ်ရုန်းနေကြတာဆိုတော့ ဘယ်သူဘာဖြစ်ဖြစ်မတတ်နိုင်ဘူးလို့ ဥပက္ခာစိတ်နဲ့သာနေကြပါ" ဆိုပြီး နှိုးဆော်နေတာတွေ့ရပါတယ်။ ကျနော့်သဘောကတော့ဗျာ လူမျိုး ဘာသာ အသားအရောင်ခွဲခြားရန်လိုတတ်တဲ့အရပ်မှာ လူ့အခွင့်အရေးမထွန်းကားသလို လူသားရဲ့ဂုဏ်သိက္ခာနဲ့တန်ဘိုးဟာလည်း ချချအနင်းခံရတာချည်းပါ။ ပိုက်ဆံတွေအကုန်ခံပြီး ပိုက်ဆံရှာဖို့ မိသားစုဘဝလေးလှအောင်တည်ဆောက်ဖို့ရာ သွားရုန်းကန်နေရရှာသူတွေ ဒုက္ခတွေကြုံပြီး အချိန်မတန်ခင်၊ ရည်မှန်းချက်မပြည့်ခင် မပြန်ချင့်ပြန်ချင်နဲ့ ပြန်ရောက်မလာကြစေချင်ပါဘူး။ စင်္ကာပူလစ်တယ်လ်အင်န္ဒိယကိစ္စ

၂ဝ၁၃ ဒီဇင်ဘာ နောက်ဆုံးပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
“လူတွေ ဘာသာတစ်ခုကနေတစ်ခုကိုပြောင်းကြတာ ဘယ်လိုထင်သလဲနဲ့ ဦးဆန်းလွင်ကိုရော ဘယ်လိုမြင်သလဲ”လို့ (၂) ကြိမ်မြောက်မေးလာတဲ့မိတ်ဆွေလေးရေ “ဘာသာပြောင်း တာ ရာသီပြောင်းလို့ အဝတ်ပြောင်းဝတ်တာထက် ပိုခက်တဲ့ကိစ္စလို့မမြင်ပါ၊ ဦးဆန်းလွင်ကိုတော့ တစ်ခုခုကို မကိုးကွယ်ရမနေနိုင်သူလို့ မြင်ပါတယ်” ဘာသာပြောင်းနဲ့ဦးဆန်းလွင်ကိစ္စ

နှစ်ထောင့်ဆယ့်လေးမှာ စစ်ကြောရေးစခန်း ပဲ့ပြားပင်ဇာတ်လမ်းနဲ့ ဧည့်ခန်းမှာလူမစည်ပါစေသား..(ရေကြည်အိုင်က တပ်ကြပ်မောင်မြင့်အဆောင်မှာ (၁၉၈၉ ခုက)ညတိုင်းနီးပါးကြားရတဲ့အသံက "ဒီည ဧည့်သည်ရောက် မယ်"ဆိုတာပဲ။ ချစ်သူခင်သူမိသားစုတွေရဲ့ဘဝထဲ ကနေ ခေါင်းစွပ်နဲ့လက်ထိပ်နောက်ပြန်ခတ်ပြီး ဆွဲထုတ်ခံလာကြရတဲ့ဧည့်သည်တချို့ ဘယ်တော့မှ အိမ်ပြန်မရောက်ကြတော့ဘူး။ ဘယ်သူ့မှအပြစ်မတင်နဲ့၊ ဝဋ်ရှိလို့ခံရတာ၊ ရန်ကိုရန်ခြင်းမတုန့်နှင်းတွေနဲ့ တရားခံဖျောက်ဒေသနာအောက်မှာ နရသိန်ထဲ ဇိဝိန်ကြွေခဲ့ရသူတွေရဲ့မျက်နှာတွေသာ မြင်နေတယ်။ နှစ်ယောက်ပေါင်းလောင်းကျော်တဲ့ကာလ တခု ရှိခဲ့ဖူးတယ်။ ခင်ညွန့်နဲ့သဲကုန်းကိစ္စ

ဒီနေ့ ဒီမှာ ၂ဝ၁၃ ခု ဒီဇင်ဘာ ၃၁ ရက်နေ့ပါ။ မနက်ဖြန်ဆို ၂ဝ၁၄ ခု ဇန်နဝါရီ ၁ ရက်နေ့ပဲ။ အဲ့ဒါ ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါ။ ဘာမှမဖြစ်တာက ခုမှမဟုတ်ပါ။ ဘာများဖြစ်တော့မလဲ ဘာများဖြစ်တော့မလဲနဲ့ တစ်ဘဝလုံးနေလာခဲ့ရတာကိုက ခုချိန်ထိတော့ အရသာ။ အထဲတုန်းကလည်း ဟိုလူ လာပြန်ပြီ၊ ဒီလူ လာပြန်ပြီနဲ့ ၁၅ နှစ် လွတ်ရက်သာစေ့ရော လာလိုက်သွားလိုက်နဲ့။ လောက ဆိုတာကလည်း လာလာသသူ သွားသသူနှင့်မဟုတ်လား...Alfred Lord Tennyson ရဲ့ The Brook စမ်းချောင်းလေးပြောသလို men may come and men may go, but I go on forever. လို့ပြောရအောင်လည်း ကိုယ်က လူဖြစ်နေတော့ လာလာသသူ သွားသသူထဲ ပါလေပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာရှိတဲ့အခါတိုင်း နည်းနည်းချင်းချွေတာပြီး ညစ်တတ်တဲ့၊ စိတ်ပျက်အားငယ်စရာတွေ့ တိုင်း ဖြည်းဖြည်းချင်းမျှဉ်းပြီး စိတ်ပျက်အားငယ်တတ်တဲ့အလေ့မှာ အထုံစွဲသူမို့ လာဦးမယ့် သက္ကရာဇ်ကိုလည်း ဘာများဖြစ်ဦးမလဲ ဘာများဖြစ်ဦးမလဲနဲ့ ဖြတ်ရမှာပါ။ ဘာမှမဖြစ်လည်း ဘာမှတော့မဖြစ်ပါ။ နှစ်သစ်ကူးတော့ဘာဖြစ်လဲကိစ္စ

တလောက ရှစ်ပူး-ငြိမ်း/ပွင့်တွေထဲက ကိုကိုကြီးနဲ့မင်းဇေယျ ဖွဲ့စည်းပုံပြင်ရေးကိစ္စနဲ့စပ်လို့ ဘာတွေပြောကြ ဘယ်လိုတုန့်ပြန်ကြတွေ ကြားကြသိကြမှာပါပဲ။ အဓိကထားပြောကြတာက ကိုကိုကြီးကိုပါ။ အကောင်းဆိုး၊ ချီးမွမ်းရှူတ်ချ (၂)ထောင့်ကပြောကြတာပါ။ (ကျနော်လည်း ပြောတဲ့အထဲပါပါတယ်) မင်းဇေယျကိုတော့ သိတ်မပြောကြဘူး။ ပေယျာလကံထားကြသလားမပြောတတ်။
ကိုကိုကြီးနဲ့ အတွေးအခေါ်ရပ်ခံချက်နီးစပ်ပုံရတဲ့တစ်ယောက်က ကိုကိုကြီးကို လူတွေက
"သစ္စာဖေါက်၊
အသားထဲကလောက်၊
ရန်သူ့အလိုတော်ရိ၊
ဖေါက်ပြန်ရေးသမား
ကိုယ်ကျိုးရှာနေရာမျှော်သူ
စစ်အုပ်စုဘောမ"
စသည်ဖြင့် စွပ်စွဲကြ ထိုးနှက်ကြတဲ့အကြောင်းလေး
ရှာဖွေစုဆောင်းပြီးတင်ပေးတယ်။

ကိုကိုကြီးကို ချီးမွမ်းထောက်ခံ ထောမနာပြုကြသူတွေပြောတာကို စုပြီးတင်ဖို့တော့
သူ မေ့လျော့သွားဟန်ပါပဲ။
"လက်တွေ့ကျကျစဉ်းစားတတ်သူ၊
အမြော်အမြင်ကြီးသူ၊
တိုင်းပြည်အတွက် အနာခံပြီးပြောသူ၊
ကိုယ်ကျိုးမငဲ့သူ၊
မှန်မှန်ကန်ကန်အကဲဖြတ်နိုင်သူ
တပ်မတော်နဲ့တိုင်းပြည်အကျိုးလိုလားသူ" စတာမျိုးတွေပါ။
စွပ်စွဲထိုးနှက်ကြသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူတွေ၊ ပါဝင်နေ သူတွေနဲ့ ရှစ်ပူးတွေအပေါ်(ခုထက်တိုင်) တစုံတရာ မျှော်လင့်ချက်ထားသူတွေဖြစ်တာတွေ့ရပြီး၊ ချီးမွန်းထောမနာပြုသူတွေ ဘယ်သူတွေဆိုတာ ပြောဖို့လိုမယ်မထင်ပါ။ ရှစ်ပူးတွေအပေါ်မျှော်လင့်ချက် ထားကြတာခြင်းတူတာကလွဲလို့ အဲ့ဒီ(၂)စု ဘယ်နေရာမှမတူပါ။ မျှော်လင့်ချက်ထားကြတာခြင်းတူပေမယ့်
မျှော်လင့်ပုံမျှော်လင့်နည်းမှာ ကွဲပါတယ်။
နိုင်ငံရေးမှမဟုတ်ပါ နေရာတိုင်း အရေးတိုင်းမှာ ဘက်သဘောကတော့ ရှိရမှာပဲ။
ဘက်သဘောပြောရင်း ဗန်းမော်တင်အောင်ရဲ့ "ကျနော်"ကိုလည်း သတိရတယ်။
မောင်သာရရဲ့ "တို့ဘက်ကကြည့်တော့သူရဲကောင်း သူတို့ဘက်ကကြည့်တော့သစ္စာဖေါက်"
ကိုလည်းသတိရတယ်။ ကိုကိုကြီးနဲ့ဘက်ကိစ္စ

ဗဟိုကော်မတီအစည်းအဝေးအပြီးမှာ အင်န်အယ်လ်ဒီအတွင်းရေးမှူး ရှေ့နေကြီးဦးဉာဏ်ဝင်းကပြောတယ် “ဖွဲ့စည်းပုံ ပြင်ပြင်/မပြင်ပြင် ဝင်မယ်တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို။ ခု ဒီအစည်းဝေးမှ ဒါဆုံးဖြတ်တာ မဟုတ်ဘူး”တဲ့။ ညလည်းကျရော ဗီအိုအေနဲ့အင်တာဗျူးမှာ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်ကြီး ဦးဝင်းမြင့်က “ဝင်ရေး မဝင်ရေးနဲ့ပတ်သက်လို့ စီအီးစီ/စီစီအစည်းအဝေးတွေမှာ တရားဝင်ဆုံးဖြတ်ချက် ချထားတာမျိုးတော့ မရှိဘူး”လို့ပြောပြန်တယ်။ အမြီးအမောက်မတည့်ဘူး။ အဆီအငေါ်မတည့် ဘူး။ ရှေ့လူပြောစကားက အပြီးအပြတ်ဆုံးဖြတ်ချက်ထချပြီးသားကြီးကို ခု ဒီအစည်းပြီးမှ သူ့နှုတ်က တရားဝင်ထုတ်ပြောရတဲ့အပေါက်မျိုး။ နောက်လူပြောတာကြ တရားဝင်ဆုံးဖြတ်ထားတာတော့ မရှိဘူးဆိုတော့ တရားမဝင်ဆုံးဖြတ်ထားတာရှိတယ်ဆိုတဲ့သဘောပဲ။ တရားဝင်ဝင် မဝင်ဝင်၊ ခုမှဆုံးဖြတ်ဖြတ် မဖြတ်ဖြတ် နှစ်ယောက်လုံးပြောစကားမှာ တူတာက ဘာလဲဆိုတော့ “၂ဝ၁၅ ရွေးကောက်ပွဲဝင်ရေးသဘောထားရှိတယ်ဆိုတာပဲ” ပါတီတစ်ခုရဲ့ ထိပ်တန်းဆုံးဖြတ်ချက်ကို တစ်ယောက်တစ်ပေါက်ပြောကြတယ်ဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်မှန်းလူတိုင်းသိမှာပဲ။
တွေးမိတာက အဲ့နှစ်ယောက်လုံး ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်မူနဲ့ကိုယ်၊ ကိုယ့်ရပ်ခံချက်နဲ့ကိုယ် ပါတီကိုယ်စားပြု ဗဟိုကော်မတီကိုယ်စားပြု ပြောကြတာလား၊ ပြောဝံ့ကြသလားဆိုတာ မသဲကွဲသေးဘူး။ အင်န်အယ်လ်ဒီမှာ အဲ့လိုပြောဝံ့တဲ့ရဲရင့်မှုမျိုး ဦးဝင်းတင်တစ်ယောက်မှာသာ ရှိတယ်။ ပြင်ပြင်မပြင်ပြင်ဦးဉာဏ်ဝင်းနဲ့ဦးဝင်းမြင်ကိစ္စ

အမေရိကားမှာ အော်စကာဆုတို့ ဘာဆုညာဆုတို့ရကြတဲ့အခါ ဆုရတဲ့သူတွေက သမ္မတကြီးကိုကျေးဇူး တင်ပါတယ်...တို့။ နိုင်ငံတော်အကြီးအကဲကို ကျေးဇူးတင်ပါတယ်.. တို့ ထည့်ပြောတာ မကြားမိ ပါဘူး။ ရွှေပြည်ကြီးကျမှ ဘယ့်နှယ်။ အကယ်ဒမီဆုပေးလည်း သမ္မတကြီးကိုကျေးဇူးတင်ရ။ ရပ်ကွက်ထဲ ကရေဆိုးမြောင်းဖော်လည်း သမ္မတကြီးကိုကျေးဇူးတင်ရ။ ရထားသံလမ်းအခမဲ့ကင်းစောင့်ချိန်လျှော့ပေး လည်းတင်ရ။ တစ်ရွာတစ်ယောက်ပဲ စစ်သားသစ်တောင်းလို့လည်း တင်ရ။ နေရာတကာကျေးဇူး တင်နေရ။ ကျေးဇူးမတင်မနေရအလုပ်ခံထားရတာများပြီး တချို့လည်း ကျေးဇူးမတင်ရမနေနိုင်တွေ များ ဖြစ်ကုန်သလားတောင်မှတ်ရတယ်။ ကိုယ့်ဆီကပိုက်ဆံကောက် တစ်ဝက်လောက်ဘုံးပြစ် ကျန်တာနဲ့ ခနော်နီနော်နဲ့တံတားလေးဆောက်ပေးလည်း တင်လိုက်ရတဲ့ကျေးဇူး။ ထားလိုက်ရတဲ့ နိုင်ငံတော်၏စေတ နာကြီး။ မတရားသဖြင့်ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်ပြီး ခြေမန်းကွပ်စွပ်လွှတ်ပေးလိုက်လည်း တင်လိုက်ကြတဲ့ကျေးဇူး။ သေနတ်ကိုင်အာဏာယူပြီးစီးပွားရှာ၊ စစ်တပ်ကိုင် တိုင်းပြည်ဓါးမြတိုက်လို့ရတဲ့ ဓနဥစ္စာတွေ ထိန်းသိမ်းကာကွယ် ဆက်ခံတိုးချဲ့ရင်း ကျိကျိတက်ကြွယ်ဝနေသူတွေကို တမင်းနပ်မမှန်တွေ ကရော နပ်မှန်တွေကပါ အလကားနေအလကား ကျေးဇူးချည်းသာတင်ရလေတယ်။
အကယ်ဒမီနဲ့ကျေးဇူးတင်ကိစ္စ

ငယ်ငယ်ကတည်းက ကြားဖူးပြီး နားရည်ဝနေတာ ”အမိန့်ရထန်းရည်ဆိုင်” ”အမိန့်အပေါင်ဆိုင်”ဆိုတာတွေ ပဲ။ ခုတော့ မတရားတဲ့ဥပဒေတွေဖျက်ပေးဖို့ ဥပဒေနဲ့အညီခွင့်ပြုမိန့်ရမှဆန္ဒပြမှာ..တဲ့။ အင်းဒါဆို အသစ် တိုးပြီပေါ့။ ”အမိန့်ရဆန္ဒပြပွဲ” ဆိုတဲ့ဝေါဟာရတစ်လုံး။ နိုင်ငံကြီးသား ပီသပေတယ်။ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်လိုက်ကျင့်ကြံပြရုံမက အခြားသူတွေပါစံပြနမူနာဖြစ်အောင်နေတတ်ပေတယ်။ ဒီလို ကျင့်ကြံပြ ရဖို့များ ထောင်ထဲ ဆယ့်လေးငါးနှစ်သွားနေရတယ်လို့။ ဒါလေးယူဖို့များ အနှစ်အစိတ်လောက် တောင်းနေ /တိုက်နေရတယ်လို့။ ကျော်မကောင်း ကြားမကောင်း။ အမိန့်ရဆန္ဒပြကိစ္စ

ခုနေ ဒေါ်နော်အုန်းလှက ဘာခွင့်ပြုချက်မှ ဘယ်သူ့ဆီမှ မတောင်းပဲ ဇန်နဝါရီလ ၄ ရက်နေ့မှာ ”မတရားတဲ့ ဥပဒေတွေမို့လို့ဖျက်ပေး”ဆိုပြီး တစ်ကိုယ်တော်ဆန္ဒပြတယ်ဆိုပါတော့...။ ဒါမှမဟုတ်လည်း (တဆင့်လျှော့ ပြီး)ဆန္ဒပြမယ်လို့အသံထွက်လာတယ်ဆိုပါတော့..။ ဒါမှမဟုတ်သေးလည်း (နောက်တဆင့် ထပ်လျှော့ပြီး)ဆန္ဒပြဖို့ခြေလှုပ်လက်လှုပ်လေး လှုပ်တယ်ဆိုပါတော့ ဘာဖြစ်မယ်ထင်လဲ။ ခင်ဗျား ကတော့ ပြောမှာပေါ့ ”ဘာမှမ မဖြစ်တဲ့ဟာ ဘာဖြစ်မယ် ဘယ်လိုထင်ရမတုန်း”လို့။ ဒါလည်း ဟုတ်တာပဲ။ ဒါဆို ခု ရှစ်ပူး-ငြိမ်း/ပွင့်အန်ဂျီအိုတွေ ဆန္ဒပြမယ်..(၄)ရက်နေ့က လွတ်လပ်ရေးနေမို့လို့ ဗန္ဓုလပန်းခြံမို့လို့ အမိန့်ရဆန္ဒကို (၅)ရက်နေ့မှာ ပြောင်းပြမယ်ဆိုတာကျ ခင်ဗျားက ဘာလို့ စိတ်မဝင်စားရပြန် တုန်း။ နော်အုန်းလှလက်လှုပ်ခြေလှုပ်ကိစ္စ

ဘာဆိုင်လို့လဲဗျ...လို့ ခင်ဗျားက ပြောချင်ပြောလိမ့်မယ်။ အမှန်က ဘာမှလည်းမဆိုင်ပါဘူး။ ဦးဥာဏ်ဝင်းကြီး မုဆိုးဘိုအောင်ဇေယျလေသံနဲ့ ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲလို့ ပြောသံကြားပြီး ရဲယိုရွက်ငါးခူဆီပြန်၊ သရက်သီးစိမ်းသုတ်၊ ဆူးပုတ်ရွက်ပဲဝါလေးအရည်ကျဲဟင်းချို၊ ငြုပ်စိမ်းမီးသင်းထောင်းငါးမီးဖုတ်ငါးပိရည်ဖျော်၊ ပင်ကျသခွားညှက်ကွေးတို့စရာနဲ့ ထမင်းတနပ်လောက် အားရပါးရလွေးချင်မိတယ်။ ထောင်ထဲတုန်းကလည်း ခနခန အဲ့လို စားချင်စိတ်ပေါက်တယ်။ တခါမှ မစားခဲ့ရဘူး။ အပြင်ရောက်တော့ အမေ ချက်ကျွေးတယ်။ စားချင်တယ်ပြောလို့။ ဒါပေမယ့် စားမယ်လည်း လုပ်ရော ထမင်းပန်းကန်ထဲမှာ အထဲကျန်နေသူမျက်နှာတွေပေါ်လာလို့ မျက်ရည်တွေတွေကျပြီး တစ်လုပ်တောင်မစားရက်ခဲ့ဘူး။ အခု ပြန်စားချင်နေပြန်ပြီ။ ဘာလို့လဲတော့မသိဘူး။ အန်င်အယ်လ်ဒီနဲ့ချဉ်ခြင်းကိစ္စ

ဘာမှမလုပ်ပဲ ဘာမှမပြောပဲ ဒီအတိုင်းထိုင်နေတာကမှ(နိုင်ငံရေးအရ) သူ့ကို အလုပ်ပေးထားတဲ့သဘော၊ ကိုယ်ဘာမှ လုပ်မရဘူးဆိုတဲ့သဘောပေါ်လွင်ပြီး နိုင်ငံရေးအရထောက်ခံမှု၊ စာနာမှုနဲ့ ဂရုဏာအသက် ခံရရင် ခံရနိုင်ပါတယ်။ ခုက လေတစ်လုံးမိုးတစ်လုံးတွေပြောပြီး အဆုံးကျ လျှောမွေးဖြစ်ပေါင်းများလှပြီ လို့မြင်တယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘာမှမလုပ်ပဲ(ဘာ ရပိုင်အခွင့်အတွက်မှ မတိုက်ပဲ ဘာဂုဏ်သိက္ခာအတွက်မှမတိုက်ပဲ)ဒီအတိုင်း ထိုင်နေကြရတာကိုက အလုပ်လုပ်နေတာဖြစ်တယ်။ ”ကျနော်တို့ကို ဘာမှလုပ်မရအောင်လုပ်ထားလို့ ဒီအတိုင်းထိုင်နေကြရတယ်”ဆိုတာကိုက ”နိုင်ငံရေး အလုပ်”ဖြစ်နေတယ်။ ကိုယ်က ဘာမှမလုပ်နိုင်တဲ့အခါ (အနည်းဆုံး)သူ့ကို အလုပ်ပေးထားဖို့တော့လိုပါ တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲရှိနေတာ(တခါတခါ) ဘာမှမလုပ်ပဲထိုင်နေတာကိုက သူ့ကို အလုပ်ပေးထားပြီးသားဖြစ်နေတယ်။ အင်န်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံပြင်ရေးအတွက် လူတွေခေါ်ပြီး ကိုယ့်ကိုထောက်ခံခိုင်း၊ လူထုနိုင်ငံရေးနိုးကြားလာမှုကိုဇက်ဝင်သပ်ပြီး ကိုယ့်လက်အောက်ဆွဲသွင်းကာ လွှတ်တော်ထဲတင်သွင်းဖို့ကြံစည်ချက်လည်းပျက် တွေ့ပါရစေမေတ္တာရပ်ချက်လည်း အဖက်လုပ် မခံရနဲ့ နောက်ဆုံးတော့”ဖွဲ့စည်းပုံပြင်ပြင်/မပြင်ပြင်ဝင်မှာပဲ”ဆိုကာ နိုင်ငံရေးမျက်နှာချရတဲ့ ကိန်းဆိုက် သလိုဖြစ်ရတယ်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတာ နေရာတိုင်းမမှန်ဘူး။ ထိုင်နေမှ ဖြစ်သွားတဲ့ အလုပ်ဆိုတာ နိုင်ငံရေးမှာတင်မက အခြားနေရာတွေမှာလည်းရှိပါတယ်။ တခုပဲ ”အထိုင်” တတ်ဖို့တော့ လိုမယ်မြင်တယ်။ အထိုင်မတတ်ရင်တော့ ထသွားမှကျိုးမှန်းသိထက်ဆိုးတဲ့အဖြစ်နဲ့တိုးမှာပဲထင်တယ်။
ထိုင်တာကိုကအလုပ်ကိစ္စ