Monday, January 6, 2014

ရွေးကောက်ပွဲကော်မရှင်ဆိုသည်မှာ(ဇော်လတ်)

0 comments
ရွေးကောက်ပွဲကော်မရှင်ဆိုသည်မှာ(ဇော်လတ်) ၂၀၁၄ ဇန်နဝါရီ (၁)ရက်နေ့ထုတ် အရေးတော်ပုံဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)မှ။

“ရွေးကောက်ပွဲကော်မရှင်”ဆိုသည်မှာ ပုလိပ်နှင့်တရားသူကြီး၏လုပ်ပိုင်ခွင့်အာဏာကို တပေါင်းတည်း တပြိုင်တည်းရရှိထားသည့် အဖွဲ့အစည်း၊ ကျင့်သုံးနေသည့်အဖွဲ့အစည်း တရပ်သာ ဖြစ်ပါသည်။“ရွေးကောက်ပွဲကော်မရှင်” သည် ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် နိုင်ငံရေး ပါတီများဆိုင်ရာကိစ္စအားလုံးတို့တွင်  ပုလိပ်စုံထောက်ကဲ့သို့ စုံစမ်းထောက်လှမ်းစစ်ဆေးနိုင်ပြီး၊ တရားသူကြီးကဲ့သို့လည်း စီရင်ချက် ချမှတ်နိုင်ပါသည်။

“၂ဝဝ၈ အခြေခံဥပဒေ”ပုဒ်မ ၃၉၉ နှင့် ပုဒ် မ ၄ဝ၂ တို့ကို တခေါက်မျှသာဖတ်ကြည့်လျှင်“ရွေးကောက်ပွဲကော်မရှင်”သည် ပုလိပ်နှင့်တရား သူကြီးကဲ့သို့ လုပ်ပိုင်ခွင့်အာဏာများရှိထားသည့်အချက်ကို လွယ်လင့်တကူ နားလည်သဘောပေါက်သွားပါလိမ့်မည်။ ရိုးရိုး စစ်ဆေး စီရင်ပိုင်ခွင့်အာဏာ မျိုးမဟုတ်။ “အပြီးအပြတ် အတည်ဖြစ်စေရမည်”ဟူသော စေတလုံး အာဏာမျိုးဖြစ်သည်။

သို့ပါ၍“ ရွေးကောက်ပွဲကော်မရှင်” ဥက္ကဋ္ဌဆိုသည်မှာလည်း “ပုလိပ်တရားသူကြီး”ပင်ဖြစ်ပေတော့သည်။

အဆိုပါ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ပုလိပ်တရားသူကြီး)အပါအဝင်အဖွဲ့ကို ၂ဝဝ၈ အခြေခံဥပဒေ၊ ပုဒ်မ ၃၉၈ အရ သမ္မတက စိတ်ကြိုက် ခန့်နိုင်သည်။

ပုလိပ်တရားသူကြီးသည် “ပြည်ပငွေကြေးအထောက်အပံ့ယူသည်” ဆိုသည့်ကိစ္စဖြင့် နိုင်ငံရေးပါတီများကို ခြိမ်းခြောက်နေသော်လည်း သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် အိမ်နီး/အိမ်ဝေးနိုင်ငံများထိသွား၍ အကူအညီမှန်သမျှပေးပါရန် ခွက်ထိုးခံနေရှာပေသည်။

“ ရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင်အလုပ် မလုပ်ဘဲ ပုလိပ်အလုပ် လုပ်နေသည်” ဟူ၍ ဒီချုပ်ဥက္ကဋ္ဌတခါက ပြောဖူးပါသည်။ တကယ်တော့  “ရွေးကောက်ပွဲကော်မရှင်” သည် ပုလိပ်အလုပ်သာမက တရားသူကြီး၏အလုပ်ကိုလည်း လုပ်ပါသည်။

“၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ”တွင် ဖယောင်းသုတ်ထားသည့်ဆန္ဒမဲလက်မှတ်များကိစ္စနှင့်ပတ်သက်ပြီး ဒီချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်းအား နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ် ၁၈/၂ဝ၁၃ ၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၂ “ မမှန်သတင်းပေးမှု ”ဖြင့် ငွေဒဏ် ကျပ်တစ်ထောင် သို့မဟုတ် ထောင်ဒဏ် တစ်လကျခံစေရန် စီရင်ချက်ချခဲ့ပြီမဟုတ်ပါလော။

ဒီချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဤသို့ပြောရှာသည်။ “ ကျွန်တော့်သဘောနဲ့ ကျွန်တော်မဟုတ်ဘူး။ ဒါ ပါတီကို ပြန်တင်ပြတယ်။ ပါတီက အမှားလုပ်တာမဟုတ်လို့ တောင်းပန်ဖို့မလိုဘူးဆိုတော့ ကျွန်တော်အကြောင်းပြန်တယ်။ ဒါကို မကျေနပ်လို့ ကျွန်တော့်ကိုတရားစွဲပါတယ်။ တစ်နှစ်ကျော်ပါပြီ။ နေပြည်တော်ကို အခေါက်ခေါက်အခါခါ လာရပါတယ်။ တရားရုံးနဲ့ တရားဥပဒေစိုးမိုးရေးကိုယုံကြည်တဲ့အတွက် ဒါကို လုံးဝ Complaint  မလုပ်ဘူး။ ကျွန်တော့်ကို ဒီနေ့ အမိန့်ချပါတယ်။ ဒဏ်ငွေတစ်ထောင် ချပါတယ်။ တကယ်လို့ မဆောင်နိုင်ခဲ့ရင် ထောင်ထဲ တစ်လ သွားနေရပါမယ်။ ကျွန်တော် ဆောင်လိုက်ပါပြီ”

ယခုတော့ မောင်ကိုယု၏ တချိန်က စာအုပ်တအုပ်၏နာမည်မှာကဲ့သို့ ဦးဉာဏ်ဝင်းဖြစ်ရပြီ။ “တရားခံဖြစ်သွားသောရှေ့နေ”။

လက်ရှိတည်ဆဲဥပဒေများနှင့်တရားရုံးစနစ်မှာ ဦးဉာဏ်ဝင်းတို့ယုံကြည်နေကြသော တရားဥပဒေစိုးမိုးရေး (လုံးဝ)မဟုတ်သည်ကို ဦးဉာဏ်ဝင်း ကောင်းစွာသိရှိပါလိမ့်မည်။

မတရားသည့်ဥပဒေများ စိုးမိုးနေသည်ကို မပယ်ဖျက်နိုင်သေးသမျှကာလပတ်လုံး ဦးဉာဏ်ဝင်းကိုယ်တိုင်ကြုံတွေ့လိုက်ရသည့် ခါးသီးဖွယ်ရာ အတွေ့အကြုံများကို ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရဦးမည်သာ ဖြစ်သည်။

“ရွေးကောက်ပွဲကော်မရှင်”သည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲနှင့် ၂ဝ၁၂ ခုနှစ်၊ ဧပြီတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

“၂ဝ၁ဝ ရွေးကောက်ပွဲ”၌ “ရွေးကောက်ပွဲကော်မရှင်”သည် “ကြိုတင်မဲ”နှင့် အခြားသော မဲလိမ်မဲခိုး၊ ညစ်ပတ်မှုမျိုးစုံ ကျူးလွန်ခဲ့ကြသည်။ ယင်းကို မျက်နှာပြောင်တိုက်ဖုံးကွယ်၍ လက်ရှိကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးက “၂ဝ၁ဝ ရွေးကောက်ပွဲကို ရက်ပေါင်း ၈၉ ရက်အတွင်း ကျင်းပခဲ့ရသဖြင့် တိကျမှန်ကန်မှု အားနည်းခဲ့ရခြင်းဖြစ်သည်”ဟု ထမင်းရည်ပူလာ လျှာလွှဲ တာဝန်မဲ့စကားပြောခဲ့သည်။

“၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ” ကိုမူ “လွတ်လပ်လွန်ပြီး တရားမျှတမှု မရှိခဲ့”ဟု ကော်မရှင်ဥက္ကဋ္ဌဆိုသည်ကိုပင် သတိမပြုနိုင်တော့ဘဲ ဒီချုပ်အနိုင်ရမှုကို ပြက်ရယ်ပြုသည့်စကားဆိုခဲ့သည်။

တကယ်တော့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် လစ်လပ်သွားသည့်ကြံ့ဖွံ့အမတ်နေရာများတွင်ကျင်းပခြင်းဖြစ်ပြီး ဒီချုပ်အတွက် အဓိက ယှဉ်ပြိုင်ဘက်မှာ ကြံ့ဖွံ့ပါတီနှင့်သာဖြစ်သည်။ ပါတီငယ်များမှာ မပြောပလောက်ချေ။ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ၌  “ပါတီငယ်များ နစ်နာခဲ့ရသည်” ဟု ပြောသည့်အချက်မှာလည်း ဒီချုပ်နှင့် အခြားသောပါတီငယ်များကိုရန်တိုက်ပေးခြင်းသာဖြစ်သည်။ သမာသမတ်ကျသော ကော်မရှင် ဥက္ကဋ္ဌကြီးပါပေ။

လာမည့် “၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ”ကို လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲအဖြစ်ကျင်းပပေးမည်ဟု စကားဦးသန်းထား လိုက်သေးသည်။

၂ဝဝ၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတည်ရှိနေသမျှ မပယ်ဖျက်နိုင်သမျှ၊ သက်သက်ညှာညှာပြောရလျှင် “လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ”ဆိုသည်ကို မျှော်လင့် စိတ်ကူးနိုင်လိမ့်မည်ကားမဟုတ်ချေ။ အနိမ့်ဆုံးအားဖြင့် မကြာမီက ပြည်တော်ပြန်ခဲ့သော ကမ္ဘောဒီးယားမှ ဆမ်ရိန်ဆီ ကြုံတွေ့ရသည့် အတွေ့ အကြုံမျိုးသာ မြန်မာ့အတိုက်အခံပါတီများ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြရပါလိမ့်မည်။

နိုင်ငံ့ရေးမဟုတ်တဲ့နိုင်ငံရေး (မျိုးမြင့်ချို)

0 comments
ဤနေရာတွင် “နိုင်ငံရေး”စကားလုံးအဓိပ္ပါယ် ဖွင့်ရန် မဟုတ်ပါ။ ပြောချင်သည်မှာ နိုင်ငံရေးအကြောင်းသာဖြစ်ပါသည်။ Politics ကို နိုင်ငံရေးဟု မည်သူပြန်ပြန် ကျနော် နှစ်ခြိုက်မှုသိတ်မရှိတော့ပါ။ မကြိုက်သည့်တိုင် ကာယကံမြောက်ပါသဖြင့် ထိုဝေါဟာရကိုပင် သုံးရပါသည်။ သို့သော် ကျနော်ပြောမည့်နိုင်ငံရေးကို နိုင်ငံ့အရေးဟုသဘောပေါက်လျှင်မူ တက်တက်စင်လွဲပါလိမ့်မည်။



ရှေးတုန်းက ကျနော်တို့ လူ့အစုအရုံးသည် ကျနော်တို့အား ကြက်ဥအရောင်တိမ်တောင်သဖွယ်မင်းရေးကျယ်တို့။ ပြည်ထဲအရေး ပေါက်နှင့်ကျေးတို့၊ ရာဇပရိယယ်တို့ဆိုကာ အရပ်ထဲကလူတွေနှင့်နိုင်ငံရေးကတ္တားခြားခဲ့ပါသည်။ တခါ နိုင်ငံရေးသည်လူတိုင်းနှင့်ဆိုင်သည်၊ သင်က မဆိုင်သလိုနေလျှင် နိုင်ငံရေးက သင့်ကိုလာဆိုင်လိမ့်မည်ဟု လူနှင့်နိုင်ငံရေး မိဘလင်ပေးစားသလို ပေးစားသည့်ခေတ်လည်း ဖြတ်ခဲ့ရပါသည်။ နောက်ပိုင်းကြတော့ တပ်မတော်သည်တိုင်းပြည်အတွက်တို့၊ အာဇာနည်ခေါင်းဆောင်ကြီးများတိုင်းပြည်အတွက် အသက်စွန့်ကြသည်တို့၊ တိုင်းပြည်ကောင်းစားရေးတို့ဆိုကာ နိုင်ငံရေးနှင့်တိုင်းပြည် ခွဲတွေးခိုင်းသည့်ခေတ် ရောက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်အတွက်အသက်စွန့်တို့၊ နိုင်ငံတော်၏စေတနာတို့၊ နိုင်ငံတော်အကြီးအကဲတို့ဆိုကာ နိုင်ငံရေးနှင့်နိုင်ငံတော် အပင်းသွင်းခေတ်ကိုရောက်ပြန်ပါသည်။ နိုင်ငံသားတို့၏နိစ္စဓူဝ စားဝတ်နေရေးသည် နိုင်ငံရေးဖြစ်သည်ဟုဆိုသည့်ခေတ်တခေတ်လည်း ဖြတ်သွားဖြတ်လာရှိခဲ့ပါသည်။ ထိုခေတ်တွင် လူတို့အားနိုင်ငံရေးကို နိုင်ငံ့အရေးထက် ပိုမတွေးစေချင်သည်မှာသေချာခဲ့ပါသည်။ ယခု မျက်မှောက်ခေတ်နိုင်ငံရေးကား အထက်တွင်ဆိုခဲ့သည့်ကိစ္စများသာမကတော့ပါ။ လမ်းမပေါ်အမြင်မတော်သဖြင့် အမှိုက်လိုက်ကောက်ခြင်း၊ ပရဟိတလုပ်ငန်းတခုခုအတွက်ရံပုံငွေရှာခြင်း၊ တီရှပ်ကိုယ်စီဝတ် စီတန်းလမ်းလျှောက်ခြင်း၊ အလံနှင့်ရင်ထိုးတံဆိပ်များလိုက်ရောင်းခြင်း၊ ဟိုသင်တန်းဒီသင်တန်းများတက်ခြင်း၊ စင်မြင့်ပေါ်က သရော်တော်တော်ကလိခြင်း၊ အထိမ်းအမှတ်အခမ်းအနားနေ့များ ဝှဲချီးကျင်းပခြင်း၊ လက်မှတ်ကောက်ယူစုဆောင်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆီမီနာများ၊ နှီးနှောဖလှယ်ပွဲများ၊ စစ်တမ်းကောက်ယူခြင်းများ၊ ကြိုဆိုဧည့်ခံပွဲများ၊ ရှေ့နေရှေရပ်များထံမှ ဥပဒေစကားများအပြင် လူထုသဘောထားကောက်ယူခြင်းများသည်လည်း နိုင်ငံရေးစာရင်းထဲပါလာ ပါသည်။



ဤသို့နိုင်ငံရေးသည် လူထုကြားထဲကျလာပါသည်။ 
ဤသို့နိုင်ငံရေးသည် လူထုနှင့်ချဲသွားပါသည်။ 
ဤသို့နိုင်ငံရေးသည် လမ်းမပေါ်ထွက်လာ ပါသည်။ 
ဤသို့နိုင်ငံရေးသည် ဟော်တယ်တက်သွားပါသည်။ 
ဤသို့နိုင်ငံရေးသည် အလှမ်းကျယ်လာပါသည်။ 
ဤသို့နိုင်ငံရေးသည် အလယ်လတ်သွားပါသည်။ 
ဤသို့နိုင်ငံရေးသည် အာဏာသဘောမှ အရွှေ့ခံလာရပါသည်။ 
ဤသို့နိုင်ငံရေးသည် တရားခံနှင့်လက်သည် ဖျောက်သွားပါသည်။ ဤသို့နိုင်ငံရေးသည် ဗြမ္မစိုရ်တရားများထွန်းကားလာကာ စိတ်အယားပြေစရာဖြစ်သွားပါသည်။ ဤသို့နိုင်ငံရေးသည် စကားလုံးမျက်လှည့်ဆန်လာပါသည်။



သို့သော် ထို ဤသို့နိုင်ငံရေးများသည် လူထုအား မျက်စေ့လည်မသွားစေနိုင်ပါ။ ဥပမာတခု ပြချင်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဘယ်အပိုဒ်ဘယ်အပိုဒ် ဘယ်အခန်းဘယ်အခန်းတွေ ဘယ်လိုပြင်ရမယ်ဘာညာနှင့် စင်ပေါ်က အာဘောင်အာရင်းသန်သန်ပြောဟောနေသူအား စင်အောက်ပရိသတ်ထဲက လူတယောက်က အဲ့ဒါတွေပြင်မပေးရင် ဘာလုပ်ရမတုန်း၊ ဘာလုပ်ကြမတုန်းဟုပြန်မေးသည့်အခါ စင်ပေါ်ကလူ အာစေးမိသွားသည်ကို မြင်ရပါသည်။ ထိုကိစ္စသည် နိုင်ငံရေးဖြစ်ပါသည်။ စင်အောက်ကလူသည် အာဏာသဘောကိုသိ၍သာ ဤနှယ် မေးခြင်းဖြစ်ပါသည်။ မေးစရာမရှိကြံဖန်မေးခြင်းမဟုတ်မှန်း အလွန်သိသာပါသည်။



နိုင်ငံရေးသည် အပေါ်တွင်ဆိုခဲ့သည့်အရာကိစ္စအားလုံးအား လုပ်ရန်/မလုပ်ရန် ဆုံးဖြတ်ပေးသည့်ကိစ္စဖြစ်ပါသည်။ ဆုံးဖြတ်ပေးသည့် လုပ်ပိုင်ခွင့်ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်ဆိုသည်မှာ အာဏာဖြစ်ပါသည်။ အာဏာဆိုသည်မှာ အကောင်းလုပ်ချင်လျှင်လိုအပ်သလို၊ အဆိုးလုပ်ချင်လျှင်လည်း လိုအပ်ပါသည်။ အာဏာကိစ္စသည်နိုင်ငံရေးကိစ္စဖြစ်သလို နိုင်ငံရေးကိစ္စသည်အာဏာကိစ္စဖြစ်ပါသည်။ အာဏာမရှိလျှင်အကောင်း/အဆိုး ဘာမျှလုပ်မရသည်မှာ သေချာပါသည်။ နိုင်ငံရေးတွင် အာဏာသည်လိုအပ်ချက်ဖြစ်ပါသည်။ အာဏာတွင်နိုင်ငံရေးသဘောမှလွဲ၍ ဘာမှမရှိပါ။



ထို့ကြောင့်နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေးလောက်ဟုတွေးခြင်းထက်ပိုသောအနှစ်သာရ နိုင်ငံရေးတွင်ရှိပါသည်။

ထို့ကြောင့် နိုင်ငံရေးကို အာဏာအရေးဟုဆိုမှကောင်းမလားတွေးမိပါသည်။



နောက်တနေရာတွင် နိုင်ငံသား Citizen ကိစ္စပြောမလားတွေးနေပါသည်။

အအေးလွန်ကဲ၍ မီးပျက်မည်ကြေညာထားသဖြင့် ဆက်ရေးရန်ခက်နေပါသည်။

အဝေးက ပေးစာတစောင် (ယာတောက သာဗြော)

0 comments
အဝေးက ပေးစာတစောင် (ယာတောက သာဗြော)၂၀၁၃ခုနှစ်။ ဒီဇင်ဘာ ၇ရက်၊
ကိုဟိုဒင်းရေ-နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဗိုလ်ခင်ညွန့်တယောက် ပြောမယ့်ပြော ထွက် လာတော့ “အဖေကြီးဦးနေဝင်း- ဝမ့်စွေ့”။ “ဗိုလ်သိန်းစိန်- ဝမ့်စွေ့”ဆိုပြီး လက်သီးလက်မောင်း တန်းထွက်လာပါကလားဗျ သတ္တိရှိပါပေတယ် (မျက်နှာပြောင်ပါပေတယ်)လို့ ပြောရမှာပါပဲ။ တပါတည်းမှာ ရှေ့မီးနောက်မီးကြည့်ရှောင်ရာမှာ အကင်းပါး ပါပေတယ်လို့လည်း အသိအမှတ်ပြုရမယ်ဗျ၊ သူတို့ အစိမ်းအစိမ်းချင်းတော့ ဘယ်သူ့ကိုရှောင်။ ဘယ်သူ့ကိုဆောင်။ ခြေမြင်တယ်လို့ဆိုရမယ် ထင်ပါတယ်။ တချို့လူတွေအဖို့ တချိန်ကဘာကြီးပဲလုပ်ခဲ့၊ လုပ်ခဲ့၊ မျက်နှာပြောင် တိုက်နိုင်ရင် ပွဲထွက်လို့ရသလိုဖြစ်နေကြတဲ့ကာလကိုး။

သူ ဒီလိုပြောတာတွေနဲ့ မရှေးမနှောင်းမှာ ဦးနေဝင်းသမီးများနဲ့ မြေးများကလည်း လှုပ်ရှားလာလေတော့ တချို့က ဒါဦးနေဝင်းလိုင်းက နိုင်ငံရေးနယ်ပယ်ထဲပြန်ဝင်ကြမလို့လားလို့ တွေးဆပြောတာဆိုတာတွေ လည်းတွေ့ရ၊ ကြားရသဗျ။ ဗိုလ်ခင်ညွန့်ရဲ့စာအုပ်ကို ပွဲထုတ်ရာမှာလည်း သူတို့က အုံနဲ့ကျင်းနဲ့ ထွက်လာကြတာကိုး။ ဒီတော့ လူတွေ သို့လောသို့လောတွေးတာလည်း မလွန်ဘူးထင်ပါတယ်။ အခုအချိန် ဗမာပြည်နိုင်ငံရေးက နေရာဦး၊ ဖျာခင်းနေကြတဲ့ကာလဆိုတော့ ဦးနေဝင်း အဝန်းအဝိုင်းကလူတွေလည်းပဲ အကြံအစည်နဲ့ထွက်လာကြလေသလားလို့ တွက်ကြဟန်တူပါတယ်။ 

ဒါပေမယ့် ကိုဟိုဒင်းရေ့-ကျွန်တော်ကြားမိသလောက်ကတော့ အဲဒီလိုပြောသူတွေအားလုံးဟာ စိုးရိမ်တဲ့လေသံတွေနဲ့ချည်းပြောကြ တာဗျ။ ဘယ်သူကမှ ဝမ်းသာအားရနဲ့ ဗမာပြည်ရဲ့နိုင်ငံရေး အတွက် ကောင်းတဲ့အလားအလာအဖြစ်ပြောကြတာမဟုတ်ဘူး။ တကယ်က ထောက်လှမ်းရေးတာဝန်ခံ တယောက်ကနေ ဝန်ကြီးချုပ်ဖြစ်ခဲ့၊ ဗိုလ်ချုပ်ကြီးဖြစ်တယ်ဆိုတာဟာ ကမ္ဘာ့သမိုင်းမှာတောင် အတော်ရှားတဲ့အဖြစ်ပါ။  ဗမာပြည်လို စစ်အာဏာရှင်တွေကြီးစိုးတဲ့၊ ထောက်လှမ်းရေးက အရာရာရဲ့ အထက်မှာရောက်နေတဲ့နိုင်ငံမျိုးတွေမှာမှ တွေ့ရတတ်ပါတယ်။ ဂျာမနီ နာဇီခေတ်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဂက်စတာပိုခေါင်းဆောင် ဟင်းမလား(Heinrich Himmler)တောင် မှ ပြည်ထဲရေးဝန်ကြီးပဲ ဖြစ်ခဲ့တာပါ။ မျှော်မှန်းချက်ကြီးလှတဲ့ဗိုလ်ခင်ညွန့်ဟာ “ဗိုလ်ချုပ်ကြီးတို့”၊ “ဝန်ကြီးချုပ်”တို့လောက်နဲ့မကျေနပ်နိုင်ဘဲ ကျန်တဲ့ မိုက်ဖော်ဆိုးဖက်စစ်ဗိုလ်ချုပ်တွေကို သူ့ထောက်လှမ်းရေးအချက်အလက်တွေနဲ့ ဇာတ်တူသားစားဖို့လုပ်တယ်ဗျ၊ ဒီလိုအခါမှာ အားလုံးသိတဲ့အတိုင်းပဲ ‘ဓားပါတဲ့ကုလားကစားသွားတာ’ ဖြစ်ပါတော့တယ်။ သူ့တသက်မှာ ဒီတကွက်ပဲမှားတာ၊ ဒီတကွက်ကပဲ သူ့ရဲ့ဒီတသက်ကံကြမ္မာကိုပြဋ္ဌာန်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။

အခုတော့“သူပြန်လာပြီ”လေ။ ပြန်လာတဲ့အခါမှာ သူက သူနိုင်ငံရေးမလုပ်တော့ဘူးလို့ တွင်တွင်ကြီးငြင်း ပါတယ်။ အဲဒါကိုတော့ နားလည်နိုင်ပါတယ်။ သူ့လို သူများအပေါ် အင်မတန်ရက်စက်ခဲ့တဲ့လူမျိုးတွေဟာ ကိုယ့်အလှည့်ကျလည်း ထိပ်တချက်ခေါက်ခံရတာနဲ့ အမြီးကုပ်သွားလေ့ရှိတာ သမိုင်းမှာအများကြီးပါ။ ဒါပေမယ့်သူက နိုင်ငံရေးစကားတော့ ပြောတယ်ဗျ။ သူဖမ်းခဲ့၊ နှိပ်စက်ခဲ့၊ ထောင်သွင်းခဲ့တဲ့၊ သေအောင် လုပ်ခဲ့တဲ့ နိုင်ငံရေးသမားမှန်သမျှမှာ အပြစ်ရှိတယ်တဲ့။ အချုပ်က ဒါပဲ။ ဒါဟာ လက်ရှိ သူ့နိုင်ငံရေး ရပ်တည်ချက်ကိုဖော်ပြလိုက်တာပဲ။ အဓိပ္ပာယ်က သူဟာ စစ်အုပ်စုအစဉ်အဆက်ကို ကာမပြန်၊ ရောင်းမစားဘူး။ သစ္စာရှိတယ်။ သစ္စာရှိတာမှ အရင်ကစစ်အုပ်စုတွေကိုရော၊ လက်ရှိ စစ်ခေါင်းဆောင်တွေကိုပါ ဦးဆွေးဆံမြေ့ခစားလျက်ရှိပါကြောင်းဆိုတာပါပဲ။

ဗိုလ်ခင်ညွန့်ဟာ သူ့သတ္တိလို့ပဲပြောရမလား။ ခေါင်းမာမှုလို့ပဲပြောရမလား။ ဒီနေ့အခါမှာ အမေရိကန်မျက်နှာကိုကြည့်နေရတဲ့ဗိုလ်သိန်းစိန်တို့တောင် မပြောဝံ့တဲ့ “ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး”ဆိုတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့လက်သုံးစကားကို အတုံးလိုက်အတစ်လိုက် ပြောထွက်ခဲ့ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် နိုင်ငံရေးကြောင့်အဖမ်းခံခဲ့ရသူချင်းအတူတူ၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးလှုပ်ရှားမှုကြောင့် ထောင်ကလွတ်လာသူချင်းအတူတူ၊ သူဟာ အဲဒီနိုင်ငံရေးအကျဉ်းသားများအတွက်တောင်းဆိုနေသူများနဲ့ ပြဒါးတလမ်းသံတလမ်း သွားနေတာသာဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ အဲတော့ ဒီလိုကြေညာတာဟာ သူ့ရပ်တည်ချက်ကို ကျွန်တော်တို့တတွေသိစေချင်တာထက် ဘယ်သူတွေကို ပိုသိစေချင်တယ်ဆိုတာတော့ ခင်ဗျားလည်း အလွယ်ပဲတွေးမိမှာပါ။

သူပြောတဲ့စကားတွေထဲမှာ ပေါ်လွင်ထင်ရှားနေတဲ့နောက်တချက်ကတော့ စစ်အစိုးရတွေလုပ်တာ ဘယ်တော့မှ မမှားဘူး။“နိုင်ငံရေးပြစ်မှု”ကျူးလွန်သူတွေကသာမှားတယ်ဆိုတဲ့အချက်ပဲဗျ။ သူဆိုလိုတဲ့“နိုင်ငံရေးပြစ်မှု”ကျူးလွန်သူတွေကိုသတ်တာ၊ သေအောင်လုပ်တာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ နောက်ယောင်ခံလိုက်တာ အဲ-အဲ- အဲဒါကတော့ ခြွင်းချက်ဗျ။ တတိုင်းပြည်လုံးက နိုင်ငံသူနိုင်ငံသားတွေကို တစ္ဆေလိုနောက်ယောင်ခံလိုက်ခဲ့တဲ့ထောက်လှမ်းရေးအဖွဲ့ရဲ့ အဓိကတာဝန်ခံကြီးက သူ့သမီးခမျာ ဗိုလ်သိန်းစိန်တို့ရဲ့စုံထောက်တွေက နောက်ယောင်ခံလိုက်လို့တဲ့။ စိတ်ဝေဒနာတောင်ရနေပါတယ်တဲ့။ ဂယောင်ဂတမ်းတွေ ထ’အော်တယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်းပဲ ဒါကိုဖတ်သိ၊ ကြားမိကြသူတွေက ဖေ့စ်ဘုတ်တွေ၊ဂျာနယ်တွေထဲမှာ ဗိုလ်ခင်ညွန့်ကို သူ့အလှည့်ကျမှ ဖြစ်နေလိုက်တာဆိုပြီး မေတ္တာပို့လိုက်ကြတာများဗျာ၊ ဝက်ဝက်ကိုကွဲရောမဟုတ်လား။

သူ့စကားတွေထဲမှာ သူတို့ လုပ်ခဲ့တာတွေအတွက် နောင်တရတယ်၊ မှားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး၊ လေသံမျိုးတောင် မပါဘူးနော်။ သူတို့ ဖမ်းခဲ့တာ၊ နှိပ်စက်ညှဉ်းပမ်းခဲ့တာ၊ သတ်ဖြတ်ခဲ့တာအားလုံးဟာမှန်တယ်။ ဒါပေမယ့် အဲဒီအတွက် သူ့မှာတာဝန်မရှိဘူးလို့လည်းပြောတယ်။ အထက်ကခိုင်းလို့လုပ်တာလို့ချည်းပဲ ပြောနေတယ်။ သူ့စကားအတိုင်းဆိုရင် သူ့မှာ မှန်တဲ့လုပ်ရပ်တွေအတွက် တာဝန်မရှိဘူးလို့ပြောရာကျနေတယ်။ နည်းနည်းဆန်းနေတာပေါ့ဗျာ၊ နော။

ဒါ့အပြင် အဲဒါတွေအတွက် တောင်းပန်စကားလည်းတခွန်းမှမပြောရုံမက “ကျွန်တော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”လို့တောင် ရိုင်းရိုင်းပျပျ ပြောခဲ့သေးတယ်။ သူ့ကို ထောင်ဒဏ်(၄၄)နှစ် ချမှတ်ထားရာက လွှတ်ပေးတဲ့ ဗိုလ်သိန်းစိန်ဗိုလ်ရွှေမန်းတို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူပြောတဲ့စကားအတိုင်းဆိုရင် သူ့အတွက်လုပ်ဆောင်ပေးကြလို့ ထောင်ထဲမှာ ဆက်နေနေကြရတဲ့ထောက်လှမ်းရေးဟောင်းတွေဟာ အဖမ်းခံသင့်လို့ ဖမ်းထားတာခံရရာ ရောက်သွားတာပေါ့ဗျာ။ တနည်း၊ မလွတ်သင့်သေးလို့ မလွတ်သေးတာပေါ့ဗျ။

တကယ်က ဗိုလ်ခင်ညွန့်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှု၊ ဖောက်ဖျက်ခဲ့တဲ့လူ့အခွင့်အရေးတွေဟာ သူတို့သုံးလေ့ရှိတဲ့အသုံးအနှုန်းအတိုင်း မိုးလုံးပြည့်ပါ။ သူတို့ရဲ့တည်ဆဲဉပဒေကြောင့် သေဆုံးခဲ့၊ ဒုက္ခိတဖြစ်ခဲ့၊ ဘဝပျက်ခဲ့တဲ့လူစာရင်းမှာ ဆင်းရဲသား၊ ပညာရှင်၊ စာရေးဆရာ၊ အနုပညာသည်၊ သူဌေး၊ အလွှာတိုင်းကပါဝင်သလို ဗမာ၊ ရှမ်း၊ ဝ၊ ကရင်၊ ကချင် ဗမာပြည်ကတိုင်းရင်းသားအားလုံးပဲ ပါပါတယ်။ လူသန်းပေါင်း ၄-၅ ဆယ် အပေါ်မှာ နှစ်ပေါင်း(၂ဝ)လောက် အဲဒီလိုရက်စက်ယုတ်မာခဲ့တဲ့လူတယောက်ကို ဘယ်သူက၊ ဘယ်အကျိုးမျှော်ကိုးလို့ဖြစ်ဖြစ် စင်တင်ပေး၊ ပွဲထုတ်ပေးနေတာကတော့ စိတ်ပျက်စရာအမှန်ပဲ မိတ်ဆွေကြီးရေ၊ အင်းလေ၊ ဒါကိုက ဗမာပြည်နိုင်ငံရေးလို့ဆိုရမလားမသိပါဘူး။

တကယ်က ဗမာပြည်မှာ ဒီချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကြည်မောင်ပြောခဲ့တဲ့ နူရင်ဘတ်ခုံရုံး ဆိုတာသာပေါ်ပေါက်ခဲ့ရင် တရားရုံးက ဝက်ခြံထဲမှာ ဗိုလ်ခင်ညွန့်ဟာ ထိပ်ဆုံးကရပ်နေရမယ့် လူတယောက်ပါ။ ဂိုအာရင်း၊ ဟင်းမလားတို့လို သတင်းစာမျက်နှာဖုံးတွေမှာ တရားခံအဖြစ် ဓာတ်ပုံကြီးတွေ၊ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြခံရမှာပါ။

ကျွန်တော်တို့ မမေ့သင့်တာက ဗိုလ်ခင်ညွန့်ဟာ ဗိုလ်နေဝင်းမျိုးဆက်တရားခံတွေထဲက ရှားရှားပါးပါးကျန်ရစ်တဲ့တရားခံတယောက် ဖြစ်တယ်ဆိုတာပဲဗျ။ သူ့ကို“ခွင့်လွှတ်”လိုက်၊ “စာနာ”လိုက်တယ်ဆိုရင် အဲဒီသမိုင်းတရားခံတွေအားလုံးကို ကွင်းလုံးကျွတ်လွတ်စေလို့ အမိန့်ချလိုက်တာဖြစ်သွားမယ်။  ဒါဟာ လက်ရှိအစိုးရရဲ့ဖွဲ့စည်းပုံအခြေခံဉပဒေ၊ ပုဒ်မ ၄၄၅ မှာ ပါတဲ့ “ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို့အားတရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ” ဆိုတဲ့သဘောထားနဲ့ တထပ်တည်းဖြစ်သွားမှာပဲ။

နောက်ဆုံးပြောရရင် ဗိုလ်ခင်ညွန့်ရဲ့ယုတ်မာရက်စက်မှုကို ကိုယ်တိုင်ခံစားခဲ့ရသူ အသောင်းအသိန်းထဲက တယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ကတော့ သူနဲ့ သူလိုလူတွေကို ခုံရုံးတင်နိုင်မယ့်နေ့ရက်ကို မျှော်လင့်နေကြောင်းပါခင်ဗျား။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

Sunday, January 5, 2014

၂၀၁၄ခုနှစ်ရဲ့ပွဲကြီးပွဲကောင်း (ရဲဘော်ဖိုးသံချောင်း)

0 comments

၂၀၁၄ခုနှစ်ရဲ့ပွဲကြီးပွဲကောင်း (ရဲဘော်ဖိုးသံချောင်း)
ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးမှာ“ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းဆိုက်နေတယ်”ဆိုတဲ့ အသုံး အနှုန်းခေတ်စားနေပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက သူ့ဖာသာသူ တည်ရှိနေတာပါ။ အကြပ်အတည်းဆိုက်ရအောင် သူက လှုပ်ရရှားရတဲ့ သက်ရှိအရာဝတ္ထုမဟုတ်ပါဘူး။ အကြပ်အတည်းဆိုက်နေတာက ဒီ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောဆို ငြင်းခုံ၊ နိုင်ငံရေးလုပ်နေကြသူတွေနဲ့ နိုင်ငံရေးပါတီတွေဖြစ်တယ်လို့ဆိုမှ ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့် ဒီလိုအကြပ်အတည်းဆိုက်နေတာလဲ။
အဓိကအကျဆုံးအကြောင်းရင်းကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ ကိုယ့်ရပ်တည်ချက်ကို တိတိပပ၊ ပြောင်ပြောင် တင်းတင်းပြောရတော့မယ့်အချိန်ကိုရောက်လာလို့ ဖြစ်ပါတယ်။ ဒါဟာ လပိုင်းပဲလိုပါတော့တယ်။
ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ သိသာတဲ့ ထူးထူးခြားခြားလက္ခဏာနှစ်ခုရှိပါတယ်။ နံပတ်တစ်ကတော့ လက်ရှိနိုင်ငံရေး  ပြဿနာအ၀၀ရဲ့ဆုံချက်ဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်နေတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲဖြစ်ဖြစ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲဖြစ်ဖြစ် ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ မတော်မလျော်အချက်တွေကိုမဖယ်ရှားပဲ ဘယ်လိုမှ ထိရောက်အောင် မဖြေရှင်းနိုင်ပါဘူး။ ဒီမိုကရေစီရေး၊ ၂၀၁၅ရွေးကောက်ပွဲ၊ တရားဥပဒေစိုးမိုးရေး စတဲ့ကိစ္စတွေကတော့ ပြောနေဖို့တောင် မလိုပါဘူး။ ဒီတော့ ဒီနေ့နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို အဓိကစမ်းသပ်တော့မှာကတော့ ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဘယ်လို သဘောထားသလဲဆိုတာပါပဲ။ ဒါကိုနည်းနည်း ပိုပြီး အသေးစိပ်ပြောရရင် ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအထဲက ဘယ်အချက်တွေအပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာပဲ ဖြစ်ပါတယ်။
လက်ရှိဗမာပြည်နိုင်ငံရေးရဲ့ ဒုတိယထူးခြားချက်က ဗိုလ်ချုပ်ကြီးသိန်းစိန်အရပ်သားအစိုးရရဲ့ “ဒီမိုကရေစီ”ကြောင့် ဗမာပြည်နိုင်ငံရေးသမားလောကမှာ ပြောဆိုတာမှန်သမျှဟာ တ၀က်ချန်ပြောတာချည့်လိုဖြစ်နေပါတယ်။ အစားအကုန် စား၊ စကားအကုန်မပြောနဲ့ဆိုသလို ပြတ်ပြတ်သားသားပြောတာကြားရခဲလှပြီး “ဒါပေမယ့်”တလုံးခံတဲ့ သံတမန်ဆံဆံ ဝေ့လည်လည် စကားမျိုးတွေပဲ ကြားနေရလေ့ရှိပါတယ်။ ပြတ်ပြတ်သားသား အများဆုံးပြောကြတာဆိုလို့ အာဏာရနေတဲ့ဗိုလ်မင်းအောင်လှိုင်လိုလူနဲ့ ကြံ့ဖွတ်ပါတီက လူတွေလောက်ပဲရှိတာကို သတိထားမိပါတယ်။ သူတို့များကတော့ ‘ပြောလိုက်ရင်အပြတ်ချည့်ပဲ’လို့တောင် ပြောရမလိုဖြစ်ပါတယ်။
သမ္မတကို စစ်ဗိုလ်မှတပါး ဘယ်သူမှမဖြစ်နိုင်အောင်လုပ်ထားတာ၊ လွှတ်တော်ထဲကို စစ်ဗိုလ်တမတ်သားက သာလာယံဇရပ်ပမာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရအောင်လုပ်ထားတာ၊ စစ်တပ်ကအချိန်မရွေး“အာဏာသိမ်း”လို့ရအောင်လုပ်ထားတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အရေးပါတဲ့အချက်တွေကို စစ်တပ်ကသဘောမတူပဲ ပြင်လို့ဖျက်လို့မရအောင်လုပ်ထားတာ စတဲ့အချက်တွေကို အထင်အရှားသိရက်နဲ့ စစ်အစိုးရလို့မပြောနိုင်ပဲ၊ ဒီမိုကရေစီလမ်းကို တက်လှမ်းနေတာဖြစ်ပါတယ်လို့ နှစ်ပေါင်းများစွာ မျက်စိမှိတ်ပြောနေကြရတဲ့ဝဋ်က မကျွတ်ချင်ကြသေးဘူးလား။  
အခုတော့ ဆင်ဝှေ့ရန်ရှောင်တွေလုပ်လို့ မရတော့ဘူး။ ဘူးဆိုဘူး၊ ဖရုံဆိုဖရုံ ရှင်းရှင်းပြတ်ပြတ် ပြောကြရပါတော့မယ်။ ဒီတော့ အကြပ်အတည်းတွေ့တော့တာပေါ့။
ဦးစွာအားဖြင့် ဗိုလ်သိန်းစိန်တို့အနေနဲ့ သူတို့တောင်းဆိုလို့ပေါ်လာတဲ့ “အကြံပြုချက်”သုံးသိန်းကျော် (သူတို့အဆို)ကို တုန့်ပြန်ရ၊ အဖြေပေးရတော့မယ်။ ရှင်းရှင်းပြတ်ပြတ်ပြောရတော့မယ်။ ဒေါ်စုကိုသမ္မတမဖြစ်နိုင်အောင် တမင်လုပ်ထားတာဖြစ်ကြောင်း အတည်ပြုဝန်ခံရတော့မယ်။ အနည်းဆုံးတော့ “ဟုတ်တယ်ကွာ၊ ဘာဖြစ်သေးလဲ”ဆိုတာမျိုးပြောရပါတော့မယ်။ သူတို့ကတော့ ပြောဝံ့မှာပါ၊ သံသယ ရှိစရာမလိုပါဘူး။ သူတို့ပြောသမျှကို တံဆိပ်တုံးရိုက်အတည်ပြုပေးမယ့် “လွှတ်တော်ကြီး”ကလည်း အသင့်ရှိနေသကိုး။  
ဒီအခါမှာ သူတို့တုန့်ပြန်ချက်တွေကို တခြားလူတွေ-အဖွဲ့အစည်းတွေက ဘယ်လိုတုန့်ပြန်မှာလဲ။ စစ်ဗိုလ်ချုပ်တွေရဲ့တုန့်ပြန်ချက်ဆိုတာက ကိုယ့်“အကြံပြုချက်”နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေရင် ဘာဆက်လုပ်မှာလဲ။ “ဒါဖြင့်လည်းပြီးတာပဲဗျာ”လို့ဆိုပြီး ပြုသမျှနု၊ ပုသွားမှာလား။
ဒီတော့ကာ ဒီနှစ်အတွင်း လွယ်လွယ်ပြောရင်ပဲ နိုင်ငံရေးအင်အားစုတွေကိုစမ်းသပ်မှာ အဆင့်နှစ်ဆင့်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမအဆင့်က ဘယ်အချက်တွေကို ဘယ်လိုတောင်းဆိုမှာလဲ ဆိုတာ။ နောက်တဆင့်က ကိုယ်တောင်းဆိုတာတွေကို ဗိုလ်ချုပ်တွေက ငြင်းပယ်လိုက်ရင် ဘာဆက်လုပ်မှာလဲဆိုတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပင်ဖို့တင်ပြတယ်ဆိုတာဟာ ကံစမ်းမဲနှိုက်သလို ကိုယ့်အဆိုအောင်မြင်ရင်အမြတ်၊ မအောင်မြင်လည်းအရေးမကြီးဘူးလို့ လုပ်မရဘူးဆိုတာ သတိပြုသင့်ပါတယ်။
ပြင်ဆင်ဖို့တင်ပြတယ်ဆိုရင် စစ်ဗိုလ်တွေနဲ့ကဏ္ဋကောစဖြစ်မယ့်အချက်တွေ တင်ပြ၀ံ့ပါ့မလား။ ဒါမှမဟုတ် ပြင်ဆင်ဖို့တင်တယ်ဆိုတဲ့ နာမည်လေးရရုံ အပေါ်ယံအချက်တွေပဲတင်မှာလား။ အခုအခါမှာ စစ်အစိုးရနဲ့ကြံ့ဖွတ်ပါတီတို့ကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်သင့်တာတွေရှိတယ်၊ ပြင်ရမယ်လို့ ပြောနေတာမဟုတ်ပါလား။ ဒါပေမယ့် သူတို့ပြင်မယ်ဆိုတာတွေက တိုင်းပြည်ကို စစ်အုပ်စုက ဆွေစဉ်မျိုးဆက် ချုပ်ကိုင်နိုင်အောင်ပြဋ္ဌာန်းထားတဲ့အချက်တွေကို ပြင်မှာမဟုတ်ပါဘူး။
ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားရတယ်ဆိုတာမှာ သာမန်အရပ်သားနဲ့ နိုင်ငံရေးသမား မတူပါဘူး။ သာမန်အရပ်သားကတော့ မတတ်သာလို့ဆိုပြီး သူနဲ့မဆိုင်သလိုနေလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားဆိုသူကတော့ တာဝန်ရှိပါတယ်။ အရှုံးပေးပြီး ဒါကြီးနဲ့ ဆက် နှစ်ပါးသွားနေရင် အဓိပ္ပာယ်က တော်တော်ဆိုးပါတယ်။
ပြောရရင် ဇာတ်လမ်းတွဲက ရှည်မယ့်သဘောပါ။ နိုင်ငံရေးသမားတွေဘက်က ဘာလုပ်မလဲ။ အဲဒီလိုလုပ်လာရင် အရပ်ဝတ်စစ်အစိုးရက ဘာလုပ်မလဲ။ ဗိုလ်ဌေးဦးပြောခဲ့တဲ့စကားအတိုင်း ကာလုံက အာဏာသိမ်းဖို့လိုတယ်ဆိုပြီး သိမ်းမှာလား။ သိမ်းရင် ဘယ်လိုတုန့်ပြန်မှာလဲ။
ဆရာဗန်းမော်တင်အောင်ပြောတဲ့ သမိုင်းကပေးလာတဲ့တာဝန်ကြီးကတော့ နိုင်ငံရေးလောကသားအားလုံးရဲ့ပုခုံးပေါ်မှာ ရောက်နေပါပြီ။ ဦးသိန်းစိန်စစ်အစိုးရကတော့ စစ်အုပ်စုအဆက်ဆက်ကပေးထားတဲ့တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ပါလိမ့်မယ်။ ကျန်နိုင်ငံရေးလောကသားတွေကရော- ဘယ်သူပေးတဲ့တာဝန်ကိုထမ်းမှာလဲ။ ဒါမှမဟုတ် ခေါင်းရှောင်မှာလား။

ရဲဘော်ဖိုးသံချောင်း

အရေးတော်ပုံစာတည်းအဖွဲ့မှ အလုပ်သမားလယ်သမား တိုက်ပွဲဝင်ပြည်သူများထံပေးစာ

0 comments
တရားတဲ့တိုက်ပွဲကိုထောက်ခံတယ်
ရဲဘော်တို့ရင်ဆိုင်နေရတာက ၂ဝဝ၈ နဲ့ စစ်ခရိုနီ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်၊ သူတို့မှာ အာဏာ ဓန ဥပဒေ စစ်ဗျူရိုကရက်အုပ်ချုပ်ရေးယန္တရား တစုံလုံးရှိတယ်။ မိမိတို့က ဘဝနဲ့ရင်းတိုက်နေရ တယ်။ မတိုက်ရင် ဘဝပျက်မယ်။ တိုက်ရင် အနှိပ်ကွပ်ခံရမယ်။ ငုံ့မခံတဲ့တိုက်ပွဲ လမ်းကြောင်းကိုရွေးတာမှန်တယ်။ ငုံ့ခံနေရင် အညွန့်ကျိုးမယ်၊ ပိုဆိုးမယ်။ ဒါ့ကြောင့် ရဲဘော်များ ပြည်သူများနဲ့အတူမျှဝေခံစားပြီး ဒီစာကို ရေးပါတယ်။

တိုက်ပွဲကို တပွဲတိုးနဲ့အနိုင်ရမယ်လို့ မတွက်သင့်၊ ဘာဖြစ်လို့လည်းဆိုတော့ တကွင်းတကွက်ထဲ ဖြစ်နေတာမဟုတ်ဘဲ အနှံ့အပြားဖြစ်နေလို့ ဖြစ်တယ်၊ ဒါ့ပြောင့် အဆုတ်အတက်နဲ့ တိုက်တတ်ဖို့လိုတယ်။ တလှမ်းချင်း လှမ်းတတ်ဖို့လိုတယ်။ အကျိုးအကြောင်းရှိ၊ အကန့်အသတ်ရှိ၊ အကျိုးအမြတ်ရှိဆိုတဲ့ ‘က’သုံးလုံးပေါ်လစီရှိရမယ်။ တောင်းဆိုချက်ကို အမြင့်ကြီးစပြီး မတင်သင့်ပါ။  အမြင့်ဆုံးတောင်းဆိုချက်ရှိမှာဖြစ်သလို၊ အနိမ့်ဆုံးတောင်းဆိုချက်လည်း ပါရမယ်။ ဘယ်ဟာ ရှေ့ထားမလဲ၊ ဘယ်ဟာနောက်ထားမလဲဆိုတာ တွက်ချက်စဉ်းစားဖို့လိုတယ်။ ဒါပေမယ့် ဦးတည်ချက်ကို မပျောက်ဖို့လိုတယ်။ မချော်သင့် မလွဲသင့် ဘေးမရောက်သင့်ဘူး။ မျက်နှာချင်းဆိုင်နေရသူက တဦး၊ နောက်ကွယ်မှလွှမ်းမိုးထားသူက တဦးဆိုတာကိုလည်း မမေ့သင့်။ အားလုံးဟာ ၂ဝဝ၈ နဲ့အတူ အဆင့်နေရာရလာတဲ့ စစ်ခရိုနီစနစ်ကပေါက်ဖွားလာတာဆိုတာ မမေ့သင့်ဘူး။ တိုက်ပွဲပစ်မှတ် အထွေထွေအပြားပြားဝေဝါးမနေဘဲ ဗမာပြည်မှာဖြစ်ပေါ်နေတဲ့အနိဋ္ဌာရုံအလုံးစုံကိုမွေးဖွားပေးတဲ့ လက်သည်တရားခံဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့စစ်ဗျူရိုကရေစီယန္တရားပဲဆိုတာ အမြဲ မမေ့မလျော့ရှိသင့်ပါတယ်။

တောင်းဆိုတာရှိသလို စေ့စပ်တာလည်းရှိမှာပဲ။ ဒါဟာလူထုတိုက်ပွဲ သဘာဝပဲ။ တောင်းဆိုရာမှာလည်း စုပေါင်းအားနဲ့အာဏာဖီဆန်တာဖြစ်သလို စေ့စပ်တာမှာလည်း အားလုံးအကျိုးစီးပွားပေါ်မှစေ့စပ်တာဖြစ်ဖို့ လိုတယ်။ ဘယ်အဆင့်မှာ ဘယ်လောက်နဲ့စေ့စပ်မလဲပေါ်မှာ တွက်ကိန်းရှိထားသင့်တယ်။ စေ့စပ်ပြီး ကိုယ့်အခြေအနေပျက်သွားရင်၊ ပိုဆိုးသွားရင်၊ တိုးတက်မှုမရှိရင် ဒီစေ့စပ်မှုဟာ ရလဒ်ကောင်းမထွက်တာသေချာတယ်။ ရလဒ်ဆိုတာ စိတ်ခွန်အားရုပ်ခွန်အား နှစ်မျိုးစလုံးပါတယ်။ ဒါ့ကြောင့် စေ့စပ်ရာမှာ တညီတည်းတသံတည်း တစည်းတလုံးတည်းရှိဖို့ ဂရုစိုက်သင့်တယ်။

တိုက်ပွဲကြောင့် ကိုယ့်ဘက်တင်မက သူ့ဘက်ကလည်း လှုပ်ရှားမှုရှိလာလိမ့်မယ်။ တိုက်ပွဲရှည်လာတာနဲ့အမျှ မိမိတို့ကို ပြိုကွဲချည့်နဲ့သွားအောင် တဖက်မှ အပျော့နည်းအမာနည်း နည်းပေါင်းစုံနဲ့ကြိုးပမ်းလာလိမ့်မယ် ဆိုတာ သတိမပေါ့သင့်။ တဖက်က မတုံ့ပြန်တာကလည်း တုံ့ပြန်ခြင်းတမျိုးပဲဆိုတာ သိဖို့လိုတယ်။ မိမိအတွင်း အစဉ်အမြဲပညာပေးနှိုးဆော်၊ တဖက်က ဆင်ကွက်ကို တွက်ချက်ရှောင်ရှား၊ ဘဝတူချင်း ကျောချင်းကပ်ထားဖို့လိုတယ်။ မိမိဘက်ကလည်း တိုက်ပွဲအခြေအနေကိုကြည့်ပြီး မိမိရင်ဆိုင်နေရတဲ့ အခိုင်အမာ စစ်အုပ်စုခိုင်းစေထားတဲ့ စစ်တပ်၊ ပုလိပ်တပ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုလည်း တရားတဲ့ပြည်သူ့တိုက်ပွဲအပေါ် ထောက်ခံစာနာလာအောင် ဆွဲဆောင်တာစည်းရုံးကြိုးပမ်းတာ လုပ်ရမယ်။

မိမိတို့တစုတဖွဲ့ တနေရာတည်း တိုက်နေတာမဟုတ်ကြောင်း သိထားဖို့လိုတယ်။ ဘဝတူအလုပ်သမားတိုက်ပွဲ လယ်သမားတိုက်ပွဲတွေနဲ့လည်း ချိတ်ဆက်ပေါင်းစပ်ဖို့ကြိုးစား ရမယ်။ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ အမှုထမ်းအရာထမ်းများ စတဲ့ ပြည်သူအလွှာပေါင်းစုံ ပြည်သူ့တိုက်ပွဲများနဲ့ဆက်စပ်တာ၊ အပြန်အလှန်ထောက်ခံအားပေးတာ လုပ်ရမယ်။ ဒီနည်းနဲ့ လူမှုအင်အားစုအမျိုးမျိုးရဲ့ စာနာထောက်ခံ ဝန်းရံမှုရအောင်လည်း ဂရုစိုက်ရမယ်။ တရားရှိရင် ကူသူများတယ်။ မရှိရာမှရှိရာ နည်းရာမှများရာ သေးရာမှကြီးရာသို့ ဖြစ်ပေါ်လာလိမ့်မယ်။ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂချင်း အပြန်အလှန်ချိတ်ဆက်မိအောင်လုပ်ရမယ်။ အင်အားတောင့်တင်းပြီး တစည်းတလုံးတည်းစည်းရုံးတဲ့ အလုပ်သမားသမဂ္ဂနဲ့ လယ်သမားသမဂ္ဂများဖြစ်ပေါ်လာအောင်လုံးပမ်းသွားရမယ်။ တိုက်ပွဲတွင်းမှ စိတ်ဓာတ်ခိုင်မာသူ။ ထူးချွန် ထက်မြက်သူများကို ဂရုတစိုက်စောင့်ရှောက်ကာ အားပေးမြှင့်တင်တာလုပ်သွားရမယ်။

တိုက်ပွဲကို တပြည်လုံးမှ ပိုမိုစာနာထောက်ခံလာရေးအတွက်ဆိုရင် ဝါဒဖြန့်ချိမှုကို အစွမ်းကုန်လုပ်ပြရမယ်။ တိုက်ပွဲတပွဲနဲ့တပွဲကြား သင်ခန်းစာထုတ်ယူပြီး ရှေ့တိုက်ပွဲအတွက် ပိုကောင်းအောင်ပြင်ရမယ်။ ပြောင်းလဲတဲ့အခြေအနေအလိုက် ဆီလျှော်ကိုက်ညီတဲ့ကြွေးကြော်သံများ ပြောင်းလဲတင်ပြရမယ်။ မအောင်မြင်နိုင်သေးတဲ့ ကြွေးကြော်သံတွေတင်ပြီး တိုက်စည်တိုက်မောင်းနှက်သလို အသံပေးတိုက်တာမျိုးဟာ ရန်သူဖြိုခွဲနိုင်အောင် အချိန်နဲ့အခါအခွင့်ပေးလိုက်သလိုမျိုး ဖြစ်တတ်တယ်။ မိမိတို့ဘဝ၊ လုပ်ငန်းခွင်အတွင်းမှ အခိုင်အမာနစ်နာချက်များကိုကိုင်စွဲပြီးတိုက်တာက အစချီသင့်တယ်။
ရှုံးနိမ့်မှုလည်း ကြုံရမယ်။ အနိုင်အရှုံးဆိုတာ ဘတပြန်ကျားတပြန်ပဲ။  အရှုံးမရှိဘဲ အမြဲနိုင်နေတဲ့စစ်သူကြီးဆိုတာမရှိဘူး။ အညံ့ခံအရှုံးမပေးသူမှန်သမျှ ဘယ်တော့မှမရှုံးဘူး။ အားနည်းချက်ကိုသင်ခန်းစာထုတ်၊ အားကောင်းချက်ကိုထွန်းကားအောင်လုပ်ပြီး အရှုံးထဲကအမြတ်ကို ယူတတ်ဖို့လိုတယ်။ တကွက်တနေရာထိခိုက်မှုရှိပေမယ့် တခုလုံးအနေနဲ့ရှုံးတာမဟုတ်ကြောင်း မြော်မြင်တတ်ဖို့လိုတယ်။

တိုက်ပွဲတွင်းမှာပဲ ရဲဘော်တို့ဟာ အားသစ်အင်သစ် လူသစ်စိတ်သစ်နဲ့ သံခဲတင် ရင့်ကျက်ကြီးထွားလာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ယုံတယ်။

စိန်ရတုအခါသမယသို့ရောက်ရှိပြီဖြစ်တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးနဲ့အတူ ပြည်သူတရပ်လုံး စည်းလုံးညီညွတ်နိုးကြားလာကာ ဗမာပြည်လွတ်လပ်ရေးအရယူနိုင်ခဲ့တဲ့ ဂုဏ်ပြောင်တဲ့သမိုင်းဖြစ်စဉ်ကို အလေးအမြတ်ပြုရင်း ရဲဘော်တို့ရဲ့ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်မှုကို ဂုဏ်ပြုအပ်ပါတယ်။
သစ္စာဖြင့်
အရေးတော်ပုံဂျာနယ် စာတည်းအဖွဲ့
၁ ရက် ဇန်နဝါရီ ၂ဝ၁၄