Monday, February 17, 2014

ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ (တူမောင်ညို)

0 comments
ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ (တူမောင်ညို)
၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၇ ရက်
မတရားမှုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုမှန်သမျှကို သမ္မတပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ကာချုပ် ပဲဖြစ်ဖြစ်၊ ခေါင်းပေါင်း ပေါင်းထားတဲ့ပြည်ထောင်စု ဝန်ကြီးက ကျူးလွန်တာပဲဖြစ်ဖြစ်၊ ယူနီဖောင်းဝတ် ထားတဲ့ စစ်ဗိုလ်စစ်သား၊ ရဲဗိုလ်ရဲသားက ကျူးလွန်းတာပဲဖြစ်ဖြစ်၊ သင်္ကန်းခြုံထားတဲ့သူက ကျူးလွန်တာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရ ပါလိမ့်မယ်။  

စွမ်းအားရှင်ပြည်ထောင်စုဝန်ကြီးက ရိုင်းစိုင်းရမ်းကားပြီးတဲ့နောက် သင်္ကန်းဝတ်စွမ်းအားရှင်တွေရဲ့ ခြိမ်းခြောက်ရမ်းကားမှုတွေ အစီအရီပေါ်ပေါက်လာပါတယ်။ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ ဗိုလ်ရွှေမန်းလွှတ်တော်က ဒီဖြစ်ရပ်တွေကို အရေးယူဆောင်ရွက်မှုမပြုတဲ့အပြင် ရိုင်းစိုင်းရမ်းကားသူတွေဘက်ကနေ အကာကွယ်ပေးနေပါတယ်။ သဘောရိုးနဲ့ပြောတာပါတဲ့။ ဒီလိုပြောတာဟာ ရိုင်းစိုင်းရမ်းကားမှုတွေကို အားပေးထောက်ခံတာပါပဲ။

မြောက်ဥက္ကလာမှာ သင်္ကန်းဝတ်စွမ်းအားရှင်တစ်စုက မောင်ကိုနီနဲ့ကိုမြအေးတို့ကို ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြည်ထောင်စုနေ့စာပေဟောပြောပွဲ မဟောပြောရဘူးဆိုပြီး ဟောပြောပွဲကို ဖျက်ဆီးပစ်ခဲ့တယ်။

အကြောင်းပြချက်က  “ပြည်ထောင်စုဖွားတိုင်းရင်းသားမဟုတ်တဲ့ မူဆလင်နှစ်ဦးဖြစ်လို့”တဲ့။
ယခုတခါ မန္တလေးကစာပေဟောပြောပွဲတစ်ခုကို သင်္ကန်းဝတ်စွမ်းအားရှင်တစ်စုလာရောက်ပြီး ကိုမြအေးအား “အစ္စလာမ်ဘာသာဝင်” ဖြစ်လို့ဆိုတဲ့ မတရားတဲ့၊ အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ ဟောပြောသူတွေထဲကနေဖယ်ရှားပေးရမယ်လို့  ခြိမ်းခြောက်အနိုင်ကျင့်ခဲ့ပြန်တယ်။ 

ဒီလို ခြိမ်းခြောက်အနိုင်ကျင့်တာကို ဟောပြောပွဲစီစဉ်သူတွေက အဖက်ဖက်တွက်ချက်ပြီး ကြောက်ရွံ့ခြင်းကို အဓိကအခြေခံထားတဲ့အမြော်အမြင်နဲ့ ကိုမြအေးကိုဖယ်ရှားပြီး လူစားထိုးပေးခဲ့ရတယ်။ ခြိမ်းခြောက်အနိုင်ကျင့်တာကို ငြိမ်ပြီးငုံ့ခံနေရင်၊ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ခြိမ်းခြောက်အနိုင်ကျင့်သူတွေ ဆက်လက်ပြီး မိုက်ရိုင်းရမ်းကားနေမှာပဲ။ ဒါကြောင့် ခြိမ်းခြောက်အနိုင်ကျင့်မှု သဘောထား၊ အပြုအမူနဲ့လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသားဝိုင်းဝန်းဆန့်ကျင်ကြရပါမယ်။

ဒီလို ဆိုးသွမ်းရမ်းကားတဲ့လုပ်ရပ်တွေကို သမာသမတ်ကျတဲ့ဘာသာရေးပုဂ္ဂိုလ်တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ လူမှုအခြေပြုလူထုအဖွဲ့အစည်းတွေ၊ စာပေအနုပညာအသင်းအဖွဲ့တွေအားလုံးက တညီတညွတ်ထဲ ကန့်ကွက်ဆန့်ကျင်ဖို့လိုပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအလံကိုင်ပါတီကြီးဖြစ်တဲ့ဒီချုပ်ပါတီက ဒီကိစ္စအပေါ် အလေးအနက်ဆန့်ကျင်ကန့်ကွက်ဖို့ လိုပါတယ်။ “၈၈ ငြိမ်းပွင့်” နဲ့ စာပေစာနယ်ဇင်းဆိုင်ရာအဖွဲ့တွေကလည်း အလေးအနက်ဆန့်ကျင် ကန့်ကွက်ကြဖို့လိုအပ်ပါတယ်။

ဒီလို မိုက်မဲဆိုးသွမ်းတဲ့လုပ်ရပ်က အောက်ပါကိစ္စရပ်  ၂ ခုကို တပြိုင်နက်ထဲ ကျူးလွန်ဖောက်ဖျက်စော်ကား တာဖြစ်ပါတယ်။
- လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု
- လွတ်လပ်စွာဟောပြောမှု
“၂၀၀၈ အခြေခံဥပဒေ” အရပြောမယ်ဆိုရင် ပုဒ်မ ၃၄၊ ပုဒ်မ ၃၄၇၊ ပုဒ်မ ၃၄၈၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၅၄၊ ပုဒ်မ ၃၆၂ ၊ ပုဒ်မ ၃၆၄တို့ကို အတိအလင်းချိုးဖောက်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရာဇသတ်ကြီး ပုဒ်မ  ၂၉၅ (က) ကိုလည်း ချိုးဖောက်ကျူးလွန်နေတာဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရက စွမ်းအားရှင်တွေကိုသင်္ကန်းစီးပေးပြီး လက်ကိုင်ဒုတ်လုပ်အသုံးချနေပါတယ်။
“သင်္ကန်း” မြင်ပြီး၊ ငြိမ်ခံနေကြမယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုပြီး စိတ်ရှည်သည်းခံနေကြမယ်၊ ရေငုံနှုတ်ပိတ်နေကြမယ်၊ လက်ပိုက်ကြည့်နေကြမယ်၊ နှာစေးနေကြမယ် ဆိုရင်ဖြင့် “သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ” က လက်ခမောင်းခတ်၊ အတင့်ရဲဆိုးသွမ်းနေကြပါလိမ့်မယ်။

“မောင်ကိုနီနဲ့ကိုမြအေး”ကို တားမြစ်ပိတ်ပင်ရာကနေတဆင့်  အစ္စလာမ်ဘာသာတားမြစ်ပိတ်ပင်ရေး၊  အဲဒီကနေ “ပုဒ်မ ၅၉ (စ) မပြင်ရေး”၊  နောက်ဆုံး “၂၀၀၈ အခြေခံဥပဒေမပြင်ဆင်ရ” ၊ “မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေး”ဆိုတဲ့အဆင့်ထိ  တဆင့်ပြီးတဆင့် ရောင့်တက်မလာခင် ပြတ်ပြတ်သားသား ဝိုင်းဝန်းကန့်ကွက်ဆန့်ကျင်ကြဖို့လိုပါတယ်။ သံဃာ့မဟာနာယကအဖွဲ့ကြီးက နှာစေးသောတေမိဇာတ်တော်ကြီး ခင်းမနေဘဲ၊ သောင်းကျန်းချင်တိုင်းသောင်းကျန်းနေသောဒုဗ္ဗစများကို အရှင်ဘုရားတို့ လက်ပိုက်ကြည့်နေကြပါသလား။ ဒုဗ္ဗစတွေကို ထုတ်ပယ်၊ သန့်ရှင်းဖို့အချိန်တန်ပါပြီ။ အတိုက်အခံပါတီအမတ်များအနေဖြင့်လည်း မိုက်မဲဆိုးသွမ်းမှုများအပေါ် လွှတ်တော်တွင်းတိုက်ပွဲ ဆင်နွှဲသင့်ပါတယ်။

မတရားမှုနဲ့ခြိမ်းခြောက်အနိုင်ကျင့်မှုကို လစ်လျူရှုထားမယ်ဆိုရင် အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကာယကံမြောက် အားပေးကူညီတာပဲဖြစ်ပါတယ်။ လစ်လျူရှုထားတဲ့ပုဂ္ဂိုလ်နဲ့ပါတီ၊ အသင်းအပင်းအဖွဲ့အစည်းတွေဟာ အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကာယကံမြောက်အားပေး ကူညီနေသူနဲ့အားပေးကူညီနေတဲ့ ပါတီအဖွဲ့အစည်းအသင်းအပင်းတွေပဲဖြစ်ပါလိမ့်မယ်။
           
ဒီကနေ့ တိုင်းပြည်နဲ့အဝန်းမှာပေါ်ပေါက်ဖြစ်ပွားနေတဲ့ ဘာသာရေးလူမျိုးရေးသွေးခွဲ၊ ရန်တိုက်၊ အကြမ်းဖက်နေမှု၊ အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်၏ အကြမ်းဖက်များ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်နေသူတွေထဲမှာ ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အစိုးရတို့ နက်နက် ရှိုင်း ရှိုင်းပါဝင်ပတ်သက်နေတဲ့အချက်ကိုလည်း လေးလေးနက်နက်သတိပြုမိကြဖို့လိုအပ်ပါတယ်။


Sunday, February 16, 2014

ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင်ကိစ္စ (မျိုးမြင့်ချို)

0 comments
ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင်ကိစ္စ (မျိုးမြင့်ချို)
အခု ၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီ နိုင်ငံရေးအရ ဒုတိယအကြိမ်တွေ့ကြတယ်။ လိုလားအပ်တဲ့ကိစ္စကောင်း လို့ မြင်တယ်။ တရားဝင် မျက်နှာချင်းဆိုင်ကြတာဖြစ်လို့ တရားမဝင်သဘော(အလွတ်သဘော)အပြင်မှာပြောတာတွေ 

စဲသွားရုံမက တရားဝင်ထုတ်ပြန်မှုတွေလည်း ထွက်လာလိမ့်မယ်။ နှစ်ဖက်ထုတ်ပြန်ချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးမှာခက်ခဲတင်းကျပ်နေတဲ့ အခန်း(၁၂)ပါ (ပုဒ်မ-၄၃၆)ကိုပြင်ဖို့ ပူးပေါင်းဆောင် ရွက်မယ်လို့ အတိအလင်းပြောတယ်။ ပထမအကြိမ်တွေ့တုန်းက ငြိမ်းချမ်းချောမွေ့စွာပြုပြင်ပြောင်းလဲရေး ပူးပေါင်းမယ် ဘာညာ ပြောပေမယ့် ဘယ်နည်းနဲ့ပြင်မလဲကို အရင်ကလည်း မပြော ခုလည်းမပြောဘူး။ ဆိုလိုတာက လွှတ်တော်တွင်း/ပ ဘယ်နည်းမှလို့မပြောဘူး။ လွှတ်တော်တွင်းနည်းလို့ပြော ရအောင်ကြတော့လည်း ၈၈-ငြိမ်း/ပွင့်က လွှတ်တော်ထဲတစ်ယောက်မှမရှိသလို နိုင်ငံရေးပါတီလည်း မဟုတ်ပြန်ဘူး။ လွှတ်တော်ပြင်ပနည်းလို့ ပြောရအောင်ကြလည်း လူထုတိုက်ပွဲလို့ တဘက်ကမြင်သွားမလားကြောင့်ကြနေဟန်ပဲ။

သူတို့ပြောတဲ့ (အခန်း-၁၂) ပါ (ပုဒ်မ-၄၃၆)က…
(ပုဒ်မ ၄၃၆ ပုဒ်မ ၄၃၆(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့်ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏(၇၅)ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်)လို့ဆိုလို တာ ဖြစ်ပါတယ်။

“အနီရောင်ပြထားတဲ့ပုဒ်မတွေပြင်ချင် အရင်ဆုံး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅)ရာခိုင်နှုန်းကျော်က လွှတ်တော်ထဲမှာ ထောက်ခံရုံနဲ့တင်မရသေးဘူး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး မဲလာပေးသူတွေရဲ့ထက်ဝက်ကျော်ထောက်ခံမှုပါရမှ ပြင်”လို့ ဆိုတာပါပဲ။ ချုပ်ပြီးမြင်လွယ်အောင်ပြောရရင် ဖွဲ့စည်းပုံပါဥပဒေတွေကို ပြင်ချင်သပဆိုရင် ပြင်နည်း(၂)နည်းရှိတယ်။ တနည်းက လွှတ်တော်ထဲတင် ပြီးတဲ့နည်း၊ နောက်တနည်းက လွှတ်တော်ထဲတင်မပြီးသေးဘူး ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ်
ထောက်ခံမဲတဝက်ကျော်ရမှပြင် ဆိုတဲ့နည်းပဲ။ လွှတ်တော်ထဲတင် ပြင်လို့ရနိုင်မယ်ဆိုတဲ့ ပုဒ်မတွေကို “၇၅ ပလပ်စ် ဝမ်း” လို့ပြောပြီး၊ လွှတ်တော်ထဲနဲ့တင်မပြီးသေးဘဲ လူထုဆန္ဒခံယူပွဲ မဲထက်ဝက်ကျော်ရမှပြင်ပုဒ်မတွေကိုတော့ “၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ်ထက်ဝက်ကျော်”လို့ အတိုချုပ်သုံးပါရစေ။

၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီက အဲ့ဒီပုဒ်မ(၄၃၆)ကိုပြင်ရေးမှာ ပူးပေါင်းမယ်လို့ဆို တာက ပြင်သင့်သောပုဒ်မများပြင်ရေး ကောက်သင်းကောက်ပြောနေတာကို လွှတ်ချလိုက်ပြီး “ကောက်ပင်ရိတ်လှီး အပြီးအပြတ်”လုပ်မယ်လို့ အဓိပ္ပါယ်ဖြစ်ပါတယ်။ တနည်းပြောရရင် တစ်ခုခြင်းပြောမနေတော့ဘူး တစ်ခုချင်းတွေအားလုံးကို တစ်ခုတည်းနဲ့ပြင်ပစ်မယ့်လမ်းပါ။ အဲ့ဒီလမ်းအတိုင်းလျှောက်ရင် ခုပြောပြောနေကြတဲ့ (ပြင်သင့်သောပုဒ်မများပြင်ရေးအသံ) အပေါ်(ပြင်နည်းများအရင်ပြင်ရေးအသံ) လွှမ်းလာမှာသေချာပါပြီ။ အင်န်အယ်လ်ဒီကပြင်ချင်တဲ့ပုဒ်မတွေ ထဲမှာ တချို့က ၇၅ ပလပ်စ် ဝမ်း တွေဖြစ်ပြီး တချို့ကတော့ ၇၅ ပလပ်စ် ဝမ်းနှင့် ပြည်လုံးကျွတ်ထက် ဝက်ကျော်တွေလည်းပါနေတာတွေ့ရပါတယ်။ ကောက်သင်းကောက် ဟိုဟာပြင်မယ် ဒီဟာပြင်မယ်ပြောနေတာထက်စာရင် ခုလိုမျိုး ပြင်နည်းအရင်ပြင်မယ်လို့ပြောတာ နိုင်ငံရေးပိုဆန်ပြီး ကစားကွက်လည်း ပိုကျယ်သွားပါတယ်။ ကျယ်တယ်ဆိုပေမယ့် သူ့ကွင်းထဲမှာ ကစားရမှာဖြစ်ပြီး ကစားဘက်တွေက တပြိုင်တည်းမှာ ဒိုင်လည်းဖြစ် စည်းကြပ်လည်းဖြစ်တာ ထင်ရှားပါတယ်။ မိမိက ကီးပလေယာဟုတ်/မဟုတ်လည်း ရှိပါသေးတယ်။

ဒီအိုင်ဒီယာကို အရင်ဆုံးစပြောချပြတာ ကိုကိုကြီးလို့ ကျနော်မှတ်မိနေတယ်။ ဖွဲ့စည်းပုံပြင်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးက ပိုအရေးကြီးတယ်ဆိုတဲ့စကား မပြောခင်ကတည်းကလို့ မှတ်မိနေပါတယ်။ ဒီအိုင်ဒီယာကို ၈၈-ငြိမ်း/ပွင့်ထဲမှာ ကျအောင်အရင်လုပ်ပြီးမှ အပြင်ထုတ်ယူလာတာလို့ ဆိုနိုင်မှာပါ။ အပြင်မထုတ်ခင်မှာ အတွင်းကြိတ် ကြိတ်နေရတာတွေ အခြားဘက်တွေနဲ့အပေးအယူလုပ်ခဲ့ရ တာတွေလည်း မုချရှိမှာပါ။ (မှတ်ချက်-ဒီနေရာမှာဆိုတဲ့အခြားဘက်တွေထဲမှာ စစ်အုပ်စုထိပ်သီးတွေဖြစ်တဲ့ ဗိုလ်ရွှေမန်းတို့ ဗိုလ်သိန်းစိန်တို့မပါဘူးလို့ တပ်အပ်သေချာတော့မပြောနိုင်ပါ) ခု အပြင်ထုတ်လာတဲ့အခါ အင်န်အယ်လ်ဒီနဲ့ဒီအခြေခံပေါ်ပေါင်းလုပ်ကြမယ်ဆိုတဲ့အဆင့် အနေထိ သိမ်းယူသယ်မသွားနိုင်ခဲ့တာဟာ ၈၈-ငြိမ်း/ပွင့်တွေရဲ့ နိုင်ငံရေးကျင်လည်မှုလို့ဆိုရင် မှားမယ်မထင်ပါ။ ဒါနိုင်ငံရေးပါ။
မကြိုက်ရင် ဆန့်ကျင်ရုံရှိပါတယ်။

အင်န်အယ်လ်ဒီဘက်ကကြည့်ပြန်တော့လည်း ဒီအပေးအယူဟာ သူ့အတွက် ကိုယ့်ရှူးကိုယ်ပတ်ချောင်ပိတ် မိနေရာကနေ အသက်ရှူချောင်စေခဲ့တာပါ။ အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်မယ်သာပြောတာပါ ဘယ်နည်းနဲ့ပြင်မယ်လို့တိတိကျကျမပြောနိုင်တာမျိုး၊ ပြင်မပေးရင်ဘာလုပ်မလဲမေးလာတိုင်း

ဝေ့လည်ကြောင်ပတ်အဖြေမျိုးနဲ့ရှောင်ထွက်ပြီး အီလည်လည်လုပ်နေရတာကြာပါပြီ။ လူထုနည်း (လွှတ်တော်ပြင်ပနည်း)လည်း မသွား၊ လွှတ်တော်ထဲကစိတ်ကောင်းရှိတဲ့ စစ်သားတစ်ယောက်မျှော်တော်ပုံကလည်း အလုပ်မဖြစ်၊ ဗိုလ်သိန်းစိန်နဲ့ဗိုလ်ရွှေမန်း အလှည့်ကျတွဲကတဲ့ဇာတ်ကလည်း တခန်းရပ်လုလု၊ လေးဦးလေးဖလှယ်မေတ္တာရပ်ခံချက်ကလည်း သဲထဲရေသွန်ဖြစ်၊ ဒီကြားထဲ လက်တောက်လောက်လေးတွေနဲ့တန်းညှိအတိုက်လည်းခံရ၊ သင်္ကန်းဝတ်တွေနဲ့လှည့်တည်ပေး စတာတွေ အတောမသတ်နဲ့လုံးလည်ချာလည်လိုက်နေ တာပါ။ ရှေ့လည်းဆက်တိုးစရာမရှိနောက်လည်းပြန်ဆုတ်ဖို့ခက်နဲ့ လေထဲတန်းလန်းကြီးဖြစ်နေတဲ့အဖြစ်ကနေ ခုမှလွတ်သွားပါတယ်။

စစ်အုပ်စုဘက်ကလည်း ခုလို ပြင်နည်းအရင်ပြင် လိုင်းကျသွားတာ ကြိတ်ဝမ်းသာလက်ခမောင်းခတ်နေမှာ

မလွဲပါပဲ။ လက်ရှိပြောနေတဲ့ ကောက်သင်းကောက်ပြင်ရေးတွေကို တစ်ခုချင်းလိုက်ပြော လိုက်လိုက်ရှင်းနေရတဲ့ဒုက္ခက လွတ်သွားပါတယ်။ သူတို့ နိုင်ငံတကာကို ထွက်ထွက် နိုင်ငံတကာကပဲအထဲလာလာ တွေ့လို့ မေးကြပြောကြပြီဆို ပုဒ်မ ၅၉/စ က မပါမပြီးပါ။ မီဒီယာတွေက တည်ပြီးမေးလည်း ဒီပုဒ်မက ရှေ့ဆုံးကပါ။ ခုလို “ပြင်နည်းအရင်ပြင်” လိုင်းကျသွားတော့ စစ်ဗိုလ်တွေ တယောက်တပေါက် တယောက်တနေရာအမျိုးမျိုးခွဲပြီး ကလိန်စေ့ငြမ်းစင်နေရတာတွေကနေလည်း အသက်သာကြီးသက်သာသွားရပါပြီ။ လွှတ်တော်ပြင်ပပြင်ရေး(လူထုလှုပ်ရှားမှုနည်း)နည်းကို အင်န်အယ်လ်ဒီနဲ့ ၈၈-ငြိမ်း/ပွင့်ပေါင်းပြီး ဇက်သတ်ပေးတာလို့ယူဆပြီး ဝမ်းအသာကြီးသာကာ
ဒီလမ်းကြောင်းကို နှပ်ကြောင်းပေးဇောင်းတင်ပြီး ပြောကြတော့မှာ သေချာသလောက်ပါ။

လူထုဘက်ကကြည့်ရင်တော့ ဇဝေဇဝါမရေမရာအတွေးတွေနဲ့ပဲ ချာချာလည်နေရဦးမယ့်ကိန်းပါ။ 

၈၈ ငြိမ်း/ပွင့်တွေနဲ့ ဒေါ်စုတွေ့ကြတယ်ဆိုတော့ ဝမ်းအသာကြီးသာ မျှော်အလင့်ကြီးလင့်ခဲ့ကြတဲ့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒေါ်စုအပေါ်မေတ္တာထားချစ်ခင်မှုကြောင့် ဒေါ်စု တိမ်းခဲ့ခြေလှမ်းတွေ၊ ယိမ်းခဲ့တဲ့ကတိတွေ၊ ကျွံခဲ့တဲ့စကားကို ခွင့်လွှတ်နားလည်ရုံမက စာနာဂရုဏာပိုတောင်သက်ခဲ့ကြတာလည်း လက်တွေ့ပါ။ ဒီမေတ္တာဂရုဏာတွေကြောင့်ပဲ လူထုဟာ စကားလုံးတွေနဲ့နှစ်သိမ့်မှုကို စိတ်အရှည်ကြီး ရှည်ခဲ့ကြတာပါ။ ခုလည်း စိတ်အရှည်ကြီးရှည်နေလိမ့်ဦးမယ်လို့ထင်ရပါသေးတယ်။
ဘက်ပေါင်းစုံ မတရားမမျှတမှုတွေ မကျေနပ်ချက်တွေနဲ့ပွင့်ထွက်အုံကြွလာမယ့်လူထုဘက်ကလည်း တခုခုများဖြစ်လာလေဦးမလားအတွေးနဲ့ စောင့်တော့ကြည့်ကြမှာပါ။

ပြန်ချုပ်ရရင် ဒီလမ်းကြောင်း ဘယ့်လောက်အောင်မြင်/မမြင်က စစ်အုပ်စု (ကာ/လုံနဲ့ကြံ့ဖွံ့) လက်ထဲမှာပဲရှိနေတယ်ဆိုငြားလည်း လေးဦးလေးဖလှယ်(၈၈/အင်န်အယ်လ်ဒီ/စစ်အုပ်စု/လူထု) ယာယီဘဝင်ကျစရာမို့ ထီးလိုမင်းလိုသဘောတော့ ပါပါတယ်။ နောက်မှ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်တာတို့  ဆင့်ခေါင်းခွေးမချီနိုင်တို့ဆိုကာ ငြိုငြင်ခံရမယ့်အရေးလည်း မြင်ရမလားတွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါနိုင်ငံရေးပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်အုပ်စုရဲ့အသက်ဗူးပါ။ ၂ဝဝ၈ ဟာ အာဏာပြဿနာပါ။ ၂ဝဝ၈ ကိုမရှင်းရင် ဗမာ့နိုင်ငံရေးဟာ ရှင်းလင်းလွယ်ကူစရာ မမြင်ပါ။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၄)



Thursday, February 13, 2014

၂ဝ၁၄ ဖေဖော်ဝါရီအဆန်းကတိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဖေဖော်ဝါရီအဆန်းပိုင်းက တိုနန့်နန့်လေး
တွေ-၁-(မျိုးမြင့်ချို)ဗိုလ်ချုပ်အောင်ဆန်းကိုသတိ တရရှိကြတာ ကိစ္စကောင်းပါ။ ဗိုလ်ဆိုးဗိုလ် ယုတ်တွေကြောင့် ဗိုလ်ချုပ်ကိုသာမန်ထက် ပိုလို့ တောင့်တတမ်းတကြတာလည်း သဘာဝ ပါ။ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးထဲရှိလို့မို့ ပိုတောင်အမှတ်ရစဖွယ်ဖြစ်တာလည်း ငြင်းကွယ်လို့ မဖြစ်ပါ။ ဗိုလ်ချုပ်လို့ဆိုရင် အောင်ဆန်းကလွဲလို့ ဘယ်စစ်ဗိုလ်ယုတ်ကိုမှ မခေါ်ချင်တာလည်းဖြစ် ထိုက်ပါတယ်။ သူ့ဂုဏ်ကိုဖော်တဲ့နေရာမယ် စစ်ဝါဒီတွေဖော်သလိုဖော်ရင်တော့ တပ်မတော်သာအမိတပ်မတော်သာအဖဘဝထဲက ဒီတိုင်းပြည်တက် လာဖို့လမ်းမမြင်ပါ။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်”ဆိုတာက တပ်ကိုင်ပြီး သေနတ်ခါးကြားထိုးပြီးလုပ်ရတဲ့နိုင်ငံရေးသဘာဝအရ ပြောခဲ့တာမှန်းနဲ့ ဒီမိုကရေစီနိုင်ငံအတွက် ဒါမှမဟုတ် စစ်အာဏာပယ်ရှားလိုတဲ့လူ့အဖွဲ့အစည်းအတွက် မသင့်တော်မအပ်စပ်တဲ့ အကောက်အယူဖြစ်မှန်းတော့ သိဖို့လိုမယ်တွေးပါတယ်။ (ဗိုလ်အောင်ဆန်းအလွဲဂုဏ်ဖော်တဲ့ကိစ္စ)

မွေးနေ့ဆုမွန်ပေးကြသူတစ်ဦးချင်းအလိုက် ကျေးဇူးထားသိမှတ်ကြောင်းစာပြန်ခဲ့ပါတယ်။ ထူးခြားချက်က မွေးနေ့ကဒ်ပါ။ တူမချော မရင်နှစ်ထူး က ဘဘအတွက်မွေးနေ့ကဒ် သမီးလုပ်ထားတာ ဆိုပြီး ပြလည်းပြပေးလည်းပေးတယ်။ ဘဝမှာ ဒါပထမဆုံးအကြိမ်ရဖူးတဲ့ကဒ် မဟုတ်ပေမယ့် စိတ်ထဲစွဲသွားအောင် အမှတ်ရစရာပါ။ အေဖိုးဆိုက်စာရွက်လွတ်ကို အလည်က နှစ်ခေါက် ခေါက်ပြီး ရှေ့ဘက်တခြမ်းမျက်နှာစာမှာ အသဲနှလုံးပုံနဲ့ ငှက်ကလေးတစ်ကောင်နဲ့ ရယ်ကျဲကျဲမျက်နှာလေးနဲ့ “ပျော်ရွှင်စရာမွေးနေ့ပါ ဘဘ”တဲ့။ အတွင်းဘက်မတော့ “နေ့ကောင်းရက်သာ ရှိမယ်လို့ မျှော်လင့်ပါတယ် ဘဘ”ဆိုကာ သူစိတ်ကူးရရာလေးတွေဆွဲပြီး အောက်နားလေးမှာတော့ “ဘဘကိုချစ်တယ်” လို့ စာတမ်းလေးထိုးလို့။ နောက်တကဒ်က ယောက္ခမကြီးများပေးတာပါ။ “သားမက်”..တဲ့။ “မင်းအိမ်ထောင်ပြုပြီး တို့မိသားစုထဲကို ရောက်လာတဲ့နေ့ဟာဖြင့် တကယ့်ကို လက်ဆောင်မွန်ပါ”လို့ပြန်ရင်ချောမလားပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီကဒ်လေးနှစ်ခုဟာ ကျနော့်အဖို့တော့ ဘကြီးတစ်ယောက်အနေနဲ့ရော သားမက်တစ်ယောက်အနေနဲ့ပါ သိမ်းဆည်းမှတ်မိနေစရာတွေပါပဲ။ (မွေးနေ့ကဒ်ကိစ္စ)

ဒီမနက် ဘယ်ကဘယ်လို ပါးစပ်ဖျားကို နိုင်ငံတော်သီချင်းက စီးဆင်းလာသလဲမပြောတတ်။ နှုတ်ကနေ ကမ္ဘာမကြေ ဗမာပြည် ဘာညာနဲ့ ဖွဖွရွတ်သံ ကိုယ့်ဘာသာပြန်ကြားပြီး မင်သက်မိသွားတယ်။ ဒါနဲ့ ဇနီးဆီ လွန်ခဲ့တဲ့၃-၄ နှစ်လောက်က သူ မြန်မာစာလေ့လာတုန်းဖတ်ခဲ့တဲ့ ပထမတန်းမြန်မာစာ ဖတ်စာအုပ်လေးပြန်တောင်းပြီး ငယ်ဘဝကစားဖော်တွေနဲ့ ကျောင်းအလွမ်းလေးပြန်ဖြေမိတယ်။ နိုင်ငံတော်သီချင်း စာမျက်နှာကိုလည်း သေချာစေ့ငုသတိထားပြီးကြည့်မိတယ်။ ဒီတော့မှ ဘုရားတမိတော့တာပဲ။ ကျနော် တစ်သက်လုံး (ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ) ဆိုပြီး ရွတ်လာတာ ပါလား။ ခုန စာအုပ်မကြည့်မိခင် ရွတ်တုန်းလေးကတောင် (တို့ပိုင်တဲ့မြေ)လို့ပဲ ရွတ်ခဲ့မိပါကလား။ တကယ်က ပိုင်တဲ့မြေမဟုတ်ပဲ(ပိုင်နက်မြေ)ဆိုပြီးသိလိုက်ရတဲ့အခိုက်အတံ့မှာ တစစ်စစ်နာကျင်မှုကြီးသာ အစိုင်အခဲရင်ထဲဖြစ်ထွန်း ကျန်ခဲ့တယ်။ အမျိုးအမည်မဖော်သာတဲ့ခံစားမှုတခုခု ဖမ်းဆုပ်ကိုင်မိလိုက်သလို ထိတ်လန့်တကြား အယောင်ယောင်အမှားမှားနဲ့ ရုတ်ကနဲလူဆွံ့အလိုဖြစ်ရတယ်။ အသက် ၅၁ နှစ်သားကြီး အထိ “ပိုင်နက်မြေကို ပိုင်တဲ့မြေ”လို့ အဖတ်မှားခဲ့ရုံမက အတွေးအမြင်ပါမှောက်မှားမိခဲ့တဲ့ အဖြစ်ပါလား။ စာနှစ်လုံးအကြားကကွာခြားမှုအနက်က တစ်ဘဝစာပါလား။ ဘဝပေါင်းမြောက်များစွာတွေအတွက်ပါလား။ ဉာဏ်နည်းပြီး အသိနုချိန်မှာ အသက်မွေးဝမ်းကြောင်းဖို့တပ်ထဲဝင်ပြီး ပိုင်တဲ့မြေလို့ထင်ပြီး ကာကွယ်ခဲ့ ကာကွယ်ခဲ့၊ ပိုင်နက်မြေမို့ကာကွယ်ခဲ့ကာကွယ်ခဲ့ လုံးဝအဆိုင်အပိုင်မခံခဲ့ရတဲ့ဘဝနဲ့ပါလား။ ကာကွယ်ခဲ့တယ်လို့ထင်ခဲ့ဖူးတဲ့ ပိုင်နက်မြေအတွက်ပဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် အကျဉ်းစံ ၁၅ နှစ်တိုင်နေခဲ့ရပေမယ့် ပြန်လွတ်တဲ့အခါ နိုင်ငံသားအဖြစ် အငြင်းပယ်ခံခဲ့ရတဲ့၊ မွေးဖွားကြီးပြင်းခဲ့ရုံမျှမက ဘဝတစ်ခုလုံးစာစုံမက်၊ ပုံအပ်ခဲ့ရာမြေမှာ နိုင်ငံမဲ့သား တစ်ယောက်အဖြစ်နေထိုင်ရခြင်းရဲ့ နာကျင်ခါးသီးမှုတွေဟာ ဒို့ပိုင်တဲ့မြေနဲ့ တို့ပိုင်နက်မြေ စာလုံးနှစ်လုံးအကြား လူးလာခေါက်တုန့်ရင်း ဉာဏ်အလင်းသစ်ရတော့တယ်။ (တို့ပိုင်တဲ့မြေကိစ္စ)

ပေါက်ပွင့်တွေမြင်တော့ ပြည်ထဲအရေး ပေါက်နှင့်ကျေးသို့ဆိုတာကိုတွေးမိတယ်။ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ကိုလည်း ဆင်ခြင်မိတယ်။ အဆင်းလှဆန်းလူ့ပေါက်ပန်းဆိုတာလည်း သတိသွားရတယ်။ (စိတ်ပြန်ဖော်ပေးတဲ့ ကိုအောင်နိုင်မိုးကိုကျေးဇူးစကားဆိုပါတယ်)။ အမေ့ဘက်က အဖိုးအဖွားတွေလုပ်ခဲ့ဖူးတဲ့ အင်းငယ်တခုရဲ့စောင်းမှာ ပေါက်ပင်ကြီးတွေရှိတယ်ဗျ။ အဲ့ဒီနယ်ဘက်က လက်ဘက်ခြောက်ချည်း သက်သက် ရေနွေးမခပ်နိုင်တဲ့ဆင်းရဲသားလယ်သမားအချို့နဲ့ ဆေးဘက်ဝင်သောက်လိုသူ အချို့က ပေါက်တွေများပွင့်ပလားဆို ပွင့်ကြွေတွေ လာကောက်ကြ အရိပ်အောက်မှာ သွေ့အောင်လှမ်းကြ၊ ဝါးဗိုးဝါးဆစ်ဗူးတွေထဲထည့်သိမ်းပြီး နှစ်ပေါက်အောင်သောက်ကြရတဲ့အကြောင်း လူကြီးတွေပြန်ပြောပြတာ ကြားဖူးတဲ့အပြင် ကျနော်ငယ်ကငယ်က အင်းဖော်ချိန် အဲ့ဒီပေါက်ပင်ကြီးတွေက ပေါက်ပွင့်ခြောက် ခတ်ရေနွေးကြမ်း ကိုယ်တိုင်သောက်ခဲ့ဖူးတာလည်း ပြန်အမှတ်ရတယ်။ သူ့အနံ့ ရွှေတေတေကို သိတ်မကြိုက်လှပေမယ့် သူ့ဆင်းကြောင့်ဝင်းဝင်းထိန်နေတဲ့ ကြွေပန်းကန်လုံးထဲကရေနွေးကိုတော့ နှစ်သက်မိသား။ ပေါက်များပွင့်ပလားဆို လှချက် ကမ်းကုန်တယ်။ ငှက်တွေ ကျေးတွေ (ကြက်တူရွေးတွေ) က ပေါက်တွေနဲ့အတူပင်လုံးဝေပြီး ညံနေတော့တာ။ လက်ပံပင်ပင်ဇရက်ကျသလောက်တော့ ညံလှတယ် မထင်ဘူး။ ခု ရွှေပြည်ကြီးက ပြည်ထဲအရေးက ပေါက်နဲ့ကျေးဟုတ်/မဟုတ်တော့မပြောတတ်ဘူး။ အဆင်လှဆန်းလူ့ပေါက်ပန်းတချို့ စင်တွေထောင်ကြ စင်ပေါ်တက်ကြနဲ့ လက်ခုတ်သံတဖြောက်ဖြောက် တခါတလေ တဖြောင်းဖြောင်းလည်းကြားရတယ်။ပြီးတော့ လက်ပံပင်ဇရက်ကျသလိုလည်း တချက်တချက် စီစီညံညံရှိလှတယ်။ အင်း..ဆင်းရဲသားတွေ ရေနွေးခတ်သောက်ဖို့ ပေါက်ပင်တွေရော လုံလုံလောက်လောက်ရှိသေးရဲ့လား။ ဗျိုင်းတွေရော နားကြသေးရဲ့လား။ မြွေတွေကရော ငါ့ဝမ်းအမြဲပူဆာနေတုန်းပဲလား။  ပုံကို ကို Aung Naing Moe ဆီကတွေ့ပြီး စိတ်က ရွာဘက်ရောက်သွားတာ။ နောက်မှဖြည်ဖြည်ဖြန့်ဖြန့်လေးရေးမလားတွေးတာပါပဲ) (ပေါက်ပင်ကိစ္စစိတ်ပေါက်ပေါက်)

ခင်ဗျားထက် အသက်အရွယ်အရ ဘယ့်လောက်ငယ်ငယ်၊ ကောင်းသတင်းဂုဏ် ဘယ့်လောက်ပဲ နည်းပါးနည်းပါး၊ ကိုယ်ကျင့်တရား ဘယ့်လောက်ပဲ ပျက်စီးပျက်စီး၊ စိတ်အနေနဲ့စိတ်အထားမှာ ဘယ့်လောက်ပဲ သိမ်ဖျဉ်းသိမ်ဖျဉ်း၊ တွေးခေါ်မြော်မြင်မှုနဲ့ ဆင်ခြင်တုံတရား ဘယ့်လောက်ပဲ နိမ့်ပါးနိမ့်ပါး၊ မျိုးရိုးစာရိတ္တနောက်ခံ ဘယ့်လောက်ပဲ နုံချာနုံချာ၊ ခေတ်ပညာ ဘယ့်လောက်ပဲ မတတ်တတ်၊ ကိုယ်ရည် ကိုယ်သွေး ဘယ့်လောက်ပဲ အကျင့်တန်တန်၊ ဥပဓိရုပ် ဘယ့်လောက်ပဲ ညံ့ဖျင်းညံ့ဖျင်း၊ လူ့အသိုင်းအဝန်း အပေါ် ဘယ့်လောက် ဝန်တာမကျေကျေ၊ လူ့အဖွဲ့အစည်းအပေါ် ဘယ့်လောက် ဝန်ထုံ့ဝန်ပိုဖြစ်ဖြစ်၊ အဲဒီလူဟာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာကိုယ်စားလှယ်မို့၊ ဆန်းစစ်ဝေဘန်ဖို့မဆိုနဲ့ စိတ်နဲ့ပြစ်မှားရင်တောင် အပြစ်ဖြစ်တယ်လို့ဆိုတဲ့အကွပ်အညပ်မျိုးနဲ့ ကျနော်နဲ့ ဖီလာကန့်လန့်ဖြစ်ခဲ့တာ မနက်ဖြန်ဆို
၂၅ နှစ်တင်းတင်းပြည့်ပြီ။ အဟောတဝ။ (ရိုသေခြင်းကိစ္စ)

နိုင်ငံရေးနဲ့သမိုင်းကိစ္စတွေကို IF ခံပြီးပြောတာ ဘာအဓိပ္ပါယ်မှမရှိမှန်းတော့သိတယ်။တကယ်လို့ ပြင်သစ်လို ရုရှားလို (အခြားနိုင်ငံတွေလည်းရှိပါ့) ပဒေသရာဇ်စနစ်ဆိုးကို ကိုယ့်အားနဲ့ကိုယ် ဖြိုလှဲချနိုင်ခဲ့ရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းကနေ မျိုးစောင့်ဥပဒေအထိ၊ မင်းလောင်းမောင်သန့်ကနေ ဒေါ်အောင်ဆန်းစုကြည်အထိ၊ သက် ဦး ဆံပိုင်ကနေ ဦးပိုင်အထိ ဘယ်သို့ရှိနေလိမ့်မလဲဆိုတာတော့ IF ခံပြီး တွေးမိပါကြောင်း။ (အကယ်၍သာကိစ္စ)

ဆရာဒဂုန်တာရာက ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း (ရုပ်ပုံလွှာအဖွဲ့အနွဲ့)ဖြင့် အောက်ပါအတိုင်းပုံဖော်စာကို လူအများဖတ်ဖူးကြလှပြီ။ "သူ့တွင် နိုင်ငံရေးဝိဉာဉ်က ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောလူတစ်ဦးဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှဂုဏ်သရေရှိလူကြီးလူကောင်း မလုပ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာပြုလုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ"  ယခု ရွှေပြည်ကြီးမှ နိုင်ငံရေးမြင်ကွင်းကျယ်ထဲတွင် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းဟန်နှင့် ငွေစကြေးစနှင့်အဿပြာစွန့်ကြဲတတ်သူတို့အား ဧည့်ထောက်ခံနေရသူအချို့ ကွင်းကွင်းကွက်ကွက်ပေါ်လာ၏။ ထိုသူတို့အား ဧည့်ခန်းဆောင်မှဂုဏ်သရေရှိလူကြီးလူကောင်းများဟု ကင်ပွန်းတပ်ရမည်လော ဧည့်ခန်းဆောင်မှအကြိုတော်များဟု သမုတ်ရကောင်းလောဟုတွေးနေမိ၏။

၂ဝ၁၄ ဖေဖော်ဝါရီလဆန်းက တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဖေဖော်ဝါရီအဆန်းပိုင်းက တိုနန့်နန့်လေးတွေ -၂-(မျိုးမြင့်ချို)
(ဦးအေးမောင်နဲ့အပေါင်းအပါတွေအပါတွေ မလေးမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့စပ်လို့ တိုတိုတုတ်တုတ်) အကြမ်းဖက်မှုနဲ့ နိုင်ငံရေးလုပ်ကြံမှုဟာ သီးခြားစီဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အသတ်ခံရတာ နိုင်ငံရေးလုပ်ကြံမှုပဲ။ အာဏာရှိနေချိန်(လို့ပဲထားပါ)မို့ နိုင်ငံတော် လုပ်ကြံမှုခေါင်းစဉ်တပ်ပြီး လူထုချစ်မြတ်နိုးတဲ့ တိုင်းပြည်ခေါင်းဆောင်မို့ အာဇာနည်စာရင်းသွင်း ကမ္ဗည်းတင်ရတာပဲ။ အမှန်က နိုင်ငံရေးအရလုပ်ကြံမှုသာပဲ။ ဒေါ်စု ဒီပဲယင်းမှာတိုက်ခိုက်ခံရတာ နိုင်ငံရေးလုပ်ကြံမှုပဲ။ ခု ဦးအေးမောင်တို့အုပ်စု အသက်ရန်ရှာခံရတာ(တကယ်အစစ်အမှန် အသက်ရန်ရှာ ခံရတာဖြစ်စေဦး) နိုင်ငံရေးအရလုပ်ကြံမှု ဒါမှမဟုတ် နိုင်ငံရေးသုတ်သင်သတ်ဖြတ်မှုသာပဲ။ တခုတော့ရှိတယ် လုပ်ကြံမှုဟာ လံကြုပ်ဇာတ်လမ်းလိုဖြစ်ခဲ့တာဆိုရင် ဒါလည်း လုပ်ကြံမှုလို့ပြောရလိမ့်မယ်။ အကြမ်းဖက်မှုလို့ပြောလို့မရဘူး။ ဒီလုပ်ကြံမှု အထမြောက်သည်ဖြစ်စေ မမြောက်သည်ဖြစ်စေ (မူမှန်မှန်/မမှန်မှန်)လက်သည်ကို ရအောင်စုံစမ်းဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံကပြဌာန်းထားတဲ့ ဥပဒေကြောင်းအရ စီရင်အပြစ်ပေးရမှာပဲ။ ပြစ်တင်ရှုတ်ချချင်သပဆိုလည်း ဘက်သဘောအရလုပ်လို့ဖြစ် တာပါပဲ။ တခြားနိုင်ငံရောက်နေတဲ့ ကိုယ့်နိုင်ငံသားမှန်သမျှကို သံတမန်နည်းအရ၊ နှစ်နိုင်ငံဆက်ဆံရေးအရ၊ ဥပဒေကြောင်းအရအကာကွယ်ပေးရမှာ အစိုးရတိုင်းတာဝန်ပဲ။ ဘယ်သူ့ကျမှ အကာအကွယ်ပေးဖို့ပြောလို့ မရသလို ထိုယ့်လာထိ(တယ်ပဲထားပါ)မှ လူ့အခွင့်ချိုးဖေါက်တယ် ဘာညာပြောလို့မရဘူး။ လူ့အခွင့်အရေးဆိုတာ လူလိုသူလိုတွေးတတ်လုပ်တတ် တွေးချင်လုပ်ချင်တဲ့ကမ္ဘာသူကမ္ဘာသား အားလုံးကိစ္စ။ သူတပါးကိုလုပ်တုန်းကတော့ ”လူ့အခွင့်အရေးလာမပြောနဲ့ အမျိုးသားရေး၊ နိုင်ငံတော် လုံခြုံရေး”ဆိုကာ အသံကောင်းဟစ်ခဲ့တာလည်း မမေ့ဖို့လိုတယ်။ လုပ်ကြံသတ်ဖြတ်မှုဟာ ဘာအရေး (စီးပွားရေး၊ လူဆိုးဂိုဏ်းဗိုလ်လု။ မယားလုစတာမျိုး)ပေါ်အခြေခံခံ ဥပဒေရေးရာကိစ္စမျှသာပဲ။ အကြမ်းဖက်မှုကျတော့ သက်ဆိုင်ရာနိုင်ငံ တနိုင်ငံငံတည်းနဲ့သက်ဆိုင်တဲ့အရေးမျှ မဟုတ်တော့ဘူး။ ဥပဒေရေးရာထက်လွန်သွားတယ်။ လူ့ကျင့်ဝတ်နဲ့ဆိုင်တယ်။ ကမ္ဘာ့လူသားထုနဲ့ဆိုင်တယ်။ အလုပ်ကြံ (တကယ်ခံရတယ်ပဲထား) လူ့အခွင့်အရေးချိုးဖေါက်ခံရတယ်လို့ပြောလို့မရဘူး။ လုပ်ကြံသတ်ဖြတ်မှုမျှသာပဲ။ လူသတ်မှုမျှသာပဲ။ ရာဇဝတ်မှုမျှသာပဲ။ လက်သည်ဖော်ပြီးရာဇဝတ်မှုနဲ့တရားစွဲ ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူ။ ဒါပဲ ဒီ့ထက်ပိုစရာ ဘာအကြောင်းမှ မမြင်မိဘူး။ အကြမ်းဖက်မှုဘာလဲကတော့ သိကြပြီးသားမို့ပြောစရာမလိုဘူးမှတ်တာပဲ။ (လုပ်ကြံမှုနဲ့လူ့အခွင့်အရေး)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပြန်ထူထောင်လာခြင်းဟာ ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်စနစ် အတွက် မရဏမောင်းဖြစ်ပြီး၊ အင်န်အယ်လ်ဒီ၊ ၈၈-ငြိမ်း/ပွင့် အပါအဝင် ဒီမိုကရေစီအင်အားစုတွေ အတွက် အောင်စည်ဖြစ်တယ်ဆိုဘယ့်လောက်ကောင်းလိုက်မလဲ။ ဘယ်အထိ အတိုင်းမသိ ပီတိဖြစ်ရမလဲ။ ဘယ်မျှ နိုင်ငံရေး သာဓုအနုမောဒနာခေါ်စရာလဲ။ နိုင်ငံရေးသဘောအရဖြစ်ကြတာကတော့ နိုင်ငံရေးမို့ နားလည်သိမြင်လို့ရပါရဲ့။ (လူ့ဘောင်ကိစ္စ)

ရှစ်ဆယ့်ရှစ်-ငြိမ်း/ပွင့်ခေါင်သူကြီးတချို့နဲ့ ဒေါ်စုတွေ့တယ်။ တချို့ပါမသွားဘူး။ ကျန်ခဲ့သလား/ချန်နေ သလားက သူတို့ကိစ္စ။ နောက်တချက်က တွေ့တဲ့နေရာ။ နေရာဆိုတာက "နယ်"ကိုပြောတာ။ ကိုယ့်နယ်ဟုတ်ရဲ့လားလို့တွေးကြည့်တာပါ။ တွေ့တဲ့နယ်က ဘယ်လောက်လုံခြုံစိတ်ချမှုရှိမလဲနဲ့ ဘယ်လောက်ပေါက်ကြားစေနိုင်မယ့် အနေအထားရှိသလဲဆိုတာလည်း တွေးစရာပါ။ ဘာလို့ ဒီနယ်မှာ ဒီလိုပုံ စီစဉ်တွေ့ကြသလဲပေါ့။ တွေ့စရာအခြားနယ်ဆို ဘာများဖြစ်လို့လဲတွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် တွေ့တာကောင်းပါတယ်။ မတွေ့တာထက်စာရင်တော့။ ခြေမခွဲပြီးလို့ လမ်းကြုံတာနဲ့ လူနာသတင်းဝင်မေးတာမှ မဟုတ်ပဲ။ ဒီ့အရင်(လွတ်လာကာစတွေတုန်းက) ပထမအကြိမ် ခုလို ဆုံတော့ ဒေါ်စုက သူတို့ကိုမှာတဲ့အထဲမယ် အိမ်ထောင်ပြုကြဖို့လည်းပါတာ မှတ်မိနေတယ်။ မပြုရသေးသူတွေ ပြုမယ်ဆိုလည်းကောင်းတာပါပဲ။ ဦးလေးဟိုတွေမှ မဟုတ်ကြတာ။ တွေ့တာနဲ့ စပ်လို့ပြောကြတဲ့ထဲမှာ "နှစ်ဘက်သဘောတူညီချက်" ထုတ်ပြန်မယ်ဆိုတာပါတယ်။ ဒီမှာ သုံးထားတဲ့ "နှစ်ဘက်"ဆိုတာအတော်တာသွားသလို အတွေးပွားစရာစကားလုံး မှတ်တယ်။
နှစ်ဘက်လို့ပြောတဲ့အတွက် တဘက်တည်းမဟုတ်ဘူးလို့ဆိုသလား ဒါမှမဟုတ် ဘက်တဘက်တည်းမှာရှိနေတဲ့ နှစ်ဘက်လို့ပြောသလား။ ဒါမှမဟုတ် ဘက်ကိုက နှစ်ဘက်ဖြစ်သွားတယ်လို့ဆိုသလားကတော့ နှစ်ဘက်သဘောတူညီမှုထုတ်ပြန်မှ တပ်အပ်ပြောနိုင်မယ်ထင်ပါတယ်။ ဆွေးနွေးတာတွေထဲမယ် ဖွဲ့စည်းပုံကိစ္စထိပ်ရောက်မှာမှန်ပေမယ့် လက်တွေ့နိုင်ငံရေးအခင်းအကျင်းထဲက အခြားကိစ္စတွေလည်း ပါမှာပါပဲ။ ထောင်ထဲကို လူ့အခွင့်အရေး ကိုယ်စားလှယ်လာတုန်းက စားပွဲအောက်မှာ အသံဖမ်းစက်ခိုးတပ်တာမိလို့ စစ်အစိုးရမျက်နှာပြောင်တိုက်ရ ဖူးတဲ့သာဓကလက်တွေ့ရှိတော့ ဒီတွေ့ပွဲမှာရော အသံခိုးမဖမ်းထားဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အဲ့သလိုလုပ်ရင် လုပ်သူကိုပြစ်တင်ရှူတ်ချရမှာမှန်ပေမယ့် (သူတို့သိစေချင်သလောက်) ပေါက်ကြားပေး လိုက်မယ့်အရေး၊ အထုတ်ဖြည်ပြမယ့်အရေးတွေးမိတာကြောင့် လူထုသိခွင့်သာမယ်လို့ ထင်တယ်။ ရှေ့မှာ တွေ့ခဲ့သမျှတွေ(ဒေါ်စု-သိန်းစိန်)အပါအဝင် ဘယ်တုန်းကမှ အတိအလင်းမထုတ်ပြန်ပဲ တိုင်းပြည်ကို "နှစ်ဘက်သဘောတူ မလိမ့်တပတ်"လုပ်ခဲ့တာချည်းပဲ။ ပွင့်လင်းမြင်သာမှုစကားလုံးကို
ဆီမန်း မန်းသလို တတွတ်တွတ်ရွတ်နေပေမယ့် နိုင်ငံရေးအမှောင်ချမှုကိုလက်တွေ့ကျင့်သုံးကြတော့ လူတွေအကြား သို့လောသို့လောတွေနဲ့ သံသသယတိုးလို့သာပွားတယ်။ ဒီတစ်ကြိမ် ဘာတွေထုတ်ပြန်မလဲ။ အကန့်အသတ်ဘယ်လောက်နဲ့ထုတ်ပြန်ထုတ်ပြန် အတိအလင်းတော့ပြောကြရတော့မှာပဲ။ ထုတ်ပြန်မှုမှာ လုပ်စရာရှိတာများလုပ်နေပါသည်.. အကောင်းဆုံးကိုရွေးကာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်သွားမည် ဆိုတာမျိုးလောက်ဆို တွေ့ကြတာမြင်ပြီး အားတက်မျှော်လင့်နေကြသူတွေအတွက် စိတ်အပျက်ကြီး ပျက်ကာ "မျှော်သာမျှော်သည်မယုံကြည်"တို့ "ခဲလေသမျှသဲရေကျ"တို့ "ထင်သာထင်မဝင်ပါ့လား ကိုယ်တော်"ဇာတ်လမ်းတို့ တစ်ကြော့ပြန်ရစ်ရမလိုမဖြစ်စေချင်။ ကျနော်ကတော့ "နှစ်ဘက်"ကို အတော်စိတ်ဝင်စားမိပါကြောင်း။ (အပူးတွေနဲ့ဒေါ်စုတွေ့တဲ့ကိစ္စ)

သမ္မတကြီးကိုယုံတယ်တို့၊ ဗိုလ်ချုပ်ကြီးတွေကို သဘောကျတယ်တို့၊ လွှတ်တော်ကြီးက ထင်တာထက်တောင် ဒီမိုကရေစီကျသေးတို့၊ ဥပဒေချိုးဖေါက်ရင်အရေးယူဖို့ ကျွန်မကိုယ်တိုင်ပြောထားတယ်တို့ဆိုတဲ့ အစိုးရကို/လွှတ်တော်ကို ကိုယ်စားပြုသယောင် မှတ်ထင်စရာစကားတွေရဲ့သက်ရောက်မှု ဘယ်လောက်ရှိမှန်း ခုဆိုပြက်ပြက်ထင်ထင်ရှိကြပြီ။ ဖွဲ့စည်းပုံပြင်ချင်သလား တကူးတကန့်သွားမေးရမယ့်လူထုမဟုတ်မှန်းက ”မပြင်ပေးရင်ဘာလုပ် မလဲ”မေးခွန်းကြည့်ရုံနဲ့ မြင်သာပြီ။ ပြင်ချင်သလားမေးတာရပ်ပြီး ပြင်မပေးရင်ဘာလုပ်မယ်ကို တိကျရှင်းလင်းတဲ့အဖြေနဲ့ အုပ်အုပ်စည်းစည်းကျစ်ကျစ်လစ်လစ် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ဖို့လိုမှန်းလည်း သိမြင်ကြပြီ။ (မပြင်ပေးရင်ဘာလုပ်မလဲကိစ္စ)

တွေးစရာပေါ်လာလို့ဗျာ။ တခြားကိစ္စတွေခနထားပါဦး သတင်းသမားဆိုသူတွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအမျိုးသားတွေကိစ္စနဲ့စပ်ပြီးမေးစရာရှိရင် သမ္မတဗိုလ်ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးကော် မတီဥက္ကဌဒေါ်စု စတဲ့သူတွေကိုပဲ တမေးထဲမေးမေးနေပြီး ဗိုလ်ရွှေမန်းကျဘာလို့မမေးကြတာ တုန်းဗျာ။ မေးရင် သူလည်းဖြေမယ်ထင်ရဲ့။ သူလည်း ဟိုတလောက အင်န်အယ်လ်ဒီကပြော တဲ့ လေးဦးလေးဖလှယ်ဆိုတဲ့ ထိပ်သီးထဲပါတယ်ဆို။ ဗိုလ်မင်းအောင်လှိုင်ကတော့ထားပါတော့၊ မမေးကြတာ စစ်သားမို့လို့ ဘာလို့ညာလို့ဆိုပြီး။ (ရွှေမန်းကိုမမေးတဲ့ကိစ္စ)

ကြိုတင်စကားပလ္လင်ခံပါရစေ။ မိတ်ဆွေဖြစ်ကမ်းလှမ်းချက်ပို့မယ်ဆို မပို့ခင်အရင် ကျနော့်ပေ့ဂ်ျကို ဝင်ဖတ်စေလိုပါတယ်။ ပါ့ဘလစ်က်လုပ်ထားတာပါ။ ဖတ်ကြည့်ပြီးလက်ခံနိုင်မှ ပို့စေချင်တယ်ဗျာ။ ကျနော့်ဘက်ကလက်ခံလိုက်ပြီးကာမှ မိတ်ဆွေဘက်က မှန်းချက်နှမ်းထွက်မကိုက်လို့ ကျနော့်ကို ပြန်ဖယ်ထုတ်ရတော့ မိတ်ဆွေမှာအလုပ်ပိုတယ်မဟုတ်လား။ ကျနော်လည်း မိတ်ဆွေဖြစ်ကမ်းလှမ်းလာရင် သူ့ပေ့ဂ်ျကိုဝင်ကြည့်ပါတယ်။ လက်ခံဖို့အဆင်ပြေတယ်ဆို လက်ခံပါတယ်။ လက်ခံပြီးကာမှ အဆင်မပြေဖြစ်တဲ့အခါလည်း ပြန်ဖယ်ထုတ်ရပါတယ်။ သိတ်တော့လည်း ရေးကြီးခွင်ကျယ်ပြောနေရမယ့်ကိစ္စမဟုတ်ဘူးပဲ မှတ်ပါတယ်။ ဒါပေမယ့် အလုပ်တော့ရှုပ်တာပေါ့လေ။ သူ့ပေ့ဂ်ျကိုယ့်ပေ့ဂ်ျဝင်ဖတ်ပြီး ကမ်းလှမ်း/လက်ခံလုပ်တာတောင် တခါတရံအဆင်မပြေဖြစ်တော့ စလယ်ဝင်ဖင်မမည်းခင် ကွဲရသေးတာမဟုတ်လား။ မဖတ်ပဲကမ်းလှမ်း/လက်ခံရင်ပိုဆိုးတော့မပေါ့။ နှစ်ဦးနှစ်ဖက် အလုပ်မပိုဖို့ဆို ကြိုသိအောင်လုပ်ကြတာ ပိုမကောင်းလားဗျာ။ (မိတ်ဆွေဖြစ်တဲ့ကိစ္စ)

ကမ္ဘာပေါ်မှာ မြေဘယ်နှမျိုးရှိလဲ ကျနော်လည်းသေချာမသိဘူး။ ရွှေပြည်ကြီးမှာတော့ အစိုးရပိုင်၊ နိုင်ငံတော်ပိုင်၊ တပ်ပိုင်နဲ့ ဦးပိုင်ဆိုတဲ့မြေမှန်သမျှဟာ မောင်ပိုင်အစီးခံအမည်ပေါက် တခုတည်းအောက် သွင်းရင် လူကြားမကောင်းဖြစ်မစိုးလို့ ခေါင်းစဉ်ခွဲ သွင်းထားရတဲ့သဘောပါ။ ပန်းအိုးထဲမြေတောင် မပိုင်နိုင်ရှာသူတွေ ဒုနဲ့ဒေးဖြစ်နေချိန်မှာ မြို့အငယ်စားတစ်ခုစာမြေပိုင်နေတဲ့စစ်ဗိုလ်တွေနဲ့ စစ်ခရိုနီတွေလည်း ရိုက်သတ်လို့မကုန်အောင်ပါ။ နောက်ဆို မြိ့ကြီးတမြို့စာ ပြည်နယ်အသေးစား တစ်ခုစာလောက်ပိုင်လာမယ့် မြေပိုင်ရှင်ကြီးတွေ နယ်စားပယ်စားကြီးတွေလည်း ဖြစ်ထွန်းလာဦးမှာပါ။ ဒါနဲ့စပ်လို့ ငယ်ငယ်ကလူကြီးတွေပြောပြလို့သိခဲ့တဲ့အဖြစ်တခု ပြန်ပြောပြချင်တယ်။ ဂျပန်အပြေး အင်္ဂလိပ်ပြန်အဝင်မှာ ဂုတ်သွေးကိုဥပဒေနဲ့စနစ်တကျစုပ်ရာမှာအံခွနေတဲ့ဗြိတိသျှအစိုးရဟာ ဗမာပြည်ကိုအရပ်ဘက်နဲ့စစ်အာဏာ ၂ မျိုး ရောသမမွှေပြီး ကက်စ်ဘီလို့ခေါ်တဲ့ ယာယီစစ်အုပ်ချုပ်ရေး လုပ်ခဲ့တာရှိပါတယ်။ ကက်စ်ဘီအုပ်ချုပ်ရေး အစိုးရဗျူရိုကရက်အရာကြီးများဟာ တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့ ငြိမ်ဝပ်ပိပြားရေးတို့ဆိုတဲ့ခေါင်းစဉ်ခွဲအမျိုးမျိုးနဲ့ လူထုပိုင်မြေယာနဲ့ဓနဥစ္စာတွေအပေါ် အသိမ်းဘယ်လောက်ကြမ်းသလဲဆို အငြိမ့်တစ်ခုမှာ ပြောင်ယူပြက်ယူရတဲ့အထိ နံမည်ကြီးခဲ့ဘူးပါတယ်။ မင်းသမီးကိ လူရွှင်တော်တွေ အပြိုင်ကြိုက်အပြိုင်ပိုးရင်း မင်းသမီးကတခြားတဘက်ပါသွားလုလု ဖြစ်နေ ချိန်မှာ ကျန်ရစ်ဖြစ်ရရှာတော့မယ့်လူရွှင်တော်က ခတ်တည်တည်နဲ့ ကက်စ်ဘီလို့ အင်္ဂလိပ်စာလုံး နဲ့ရေးထားတဲ့ဆိုင်းဘုတ်လေး မင်းသမီးလည်မှာဆွဲချလိုက်တော့ ဟိုလူရွှင်တော်လက်မှိုင်ချသွား၊ မင်းသီးကမျက်နှာလေးငယ်၊ မောင်ကျန်ရစ်က လက်မတထောင်ထောင်လုပ်တော့ ပရိသတ်လည်း လက်ခုပ်တဖြောင်းဖြောင်းဖြစ် ပတ်တုတ်မရအောင် ပွဲကျသွားတယ်လို့ဆို။ ခု စစ်ဗျူရိုကရက် အရင်းရှင်တွေမြေအသိမ်းကြမ်းပုံက ဘာအရေးမှတောင်ပြောမနေပဲ သိမ်းတယ်ကွာဘာဖြစ်လဲဆိုကာ လုယက်ယူငင်လေတော့ ကက်စ်ခေတ်လောက်ကတော့ ပျင်းသေးလို့ပြောရမလိုပါ။ ပုံရတာက ကိုစောမောင် ကိုဖြိုးဆီကပါခင်ဗျား။ (ကက်စ်ဘီနဲ့စစ်ဗိုလ်မြေလုကိစ္စ)