Wednesday, March 5, 2014

(တစ်တစ်ခွခွပြောကြကြေး)မျိုးမြင့်ချို

0 comments
(တစ်တစ်ခွခွပြောကြကြေး)
ဗမာလူမျိုးကြီးဝါဒကိုင်ပြီး
မွန် ရခိုင် ချင်း ကရင် ရှမ်း ကချင် ရိုဟင်ဂျာပါမကျန်နှိပ်ကွပ်တော့
ခင်ဗျားတို့နာတယ်၊ ဆန့်ကျင်တော်လှန်တယ်။
ဗုဒ္ဓဝါဒဘာသာကြီးအယူကိုင်ပြီး
ခရစ်ယာန် အစ္စလာမ်နဲ့ နတ်ကိုးကွယ်မှုပါမကျန်ဖိစီးတော့
ခင်ဗျားတို့မခံနိုင်ဘူး၊ တုန့်ပြန်ချေဖျက်တယ်။
ယောက်ျားစိုးမိုးရေးမဟာဖိုဝါဒကိုင်ပြီး
အမျိုးသမီးကြီး/ငယ်တွေကိုချုပ်ချယ်ကန့်သတ်တော့
ခင်ဗျားတို့အမျက်ထွက်တယ်၊ ကန့်ကွက်ချေဖျက်တယ်။
စစ်မိန့်နဲ့သေနတ်နားထင်တေ့ပြီးကြီးစိုးတော့
ခင်ဗျားတို့မကြိုက်ဘူး၊ (ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အာမခံချက်ရှိတဲ့စနစ်မျိုးအတွက်)စွန့်လွှတ်စွန့်စားတယ်။
ပြောရရင် အဲ့ဒါ အားလုံးကောင်းတယ်။
ဘယ်သူက ဘယ်သူ့ကို
ဘာကိုင်ပြီးပဲနှိပ်ကွပ်နှိပ်ကွပ
ဘာကိုင်ပြီးပဲဖိစီးဖိစီး
ဘာကိုင်ပြီးပဲချုပ်ချယ်ချုပ်ချယ် ပြန်တွန်းလှန်ဖယ်ရှားရမှာပဲ။
ကျနော်လည်း ထိုနည်းနှင်နှင် ဘဝကိုရှင်သန်ဖြတ်ကူးနေတာပဲ။

ခု လိင်တူချစ်ခင်စုံမက်မှုကျမှ
ဘယ့်နှယ်လို့
ခင်ဗျားတို့က နှိပ်ကွပ်ဖိစီးချုပ်ချယ်ချင်ရပြန်သတုန်း။
ဖိစီးနေသူကိုပြန်မတွန်းလှန်ပဲ
ဖိစီးခံအချင်းချင်း နင်းကျောက်ဖို့ကြံရွယ်လေသလား။
လိင်တူစုံမက်သူတွေကို တိုက်ရိုက်/သွယ်ဝိုက်၊
ရိုင်းပြ/ယဉ်ကျေးထိုးနှက်တိုက်ခိုက်ဖို့
ဘာအကြောင်းပြချက်တွေ ထပ်ထွက်လာဦးမလဲ။
ခု ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊
နိုင်ငံရေးအခြေအနေအချိန်အခါစတဲ့အလံတွေကိုင်ပြီး
ရှေ့တန်းတက်ထိုးနှက်တာတွေမြင်လာတယ်။
ခင်ဗျားတို့ အဲ့သလိုယုံကြည်လို့ အဲ့သလိုရပ်ခံချက်နဲ့ပြောတာမို့
မှားတယ်မှန်တယ်မပြောဘူး။
မကြိုက်ကြောင်းပြောမယ်။
လက်မခံကြောင်းပြောမယ်။
ပြောတဲ့နေရာမှာ လူ့အခွင့်အရေးထောင့်က
ဇောင်းပေးဖေးမ မပြောဘူး။
လူဖြစ်ခြင်းကနေပြောမယ်။

သူတို့လည်းလူ ခင်ဗျားလည်း လူပဲ။
ခင်ဗျားကျ ခင်ဗျားအာလျရှိတဲ့ဆန့်ကျင်ဘက်နဲ့လိင်စိတ်အလိုကိုဖြည့်ပြီး
သူတို့လည်း သူတို့အာလျရှိရာနဲ့သူတို့လိင်စိတ်အလိုကို ဖြည့်ပါစေလား။

ဘာ မနာလိုစရာရှိသလဲ။
သူတို့မှာ ခင်ဗျားနဲ့ခင်ဗျားဇနီးကို ဝန်တိုမစ္ဆရိယရှိမယ်မထင်ဘူး။

ဘာ မကျေမချမ်းဖြစ်စရာရှိသလဲ။
သူတို့မှာ ခင်ဗျားနဲ့ခင်ဗျားဇနီးကို ဘာငြိုငြင်ငြူစူတာမှရှိမယ်မထင်ဘူး။

ဘာ အညှိုးအာဃာတထားစရာရှိလဲ။
သူတို့မှာ ခင်ဗျားနဲ့ခင်ဗျားဇနီးကို ဘာရန်သူလို့မှသဘောပိုက်မယ်မထင်ဘူး။

ဘာ ရှူတ်ချစရာရှိလဲ။
သူတို့မှာ ခင်ဗျားနဲ့ခင်ဗျားဇနီးကို ပြစ်တင်စောကြောနေတာရှိမယ်မထင်ဘူး။

ခင်ဗျားနဲ့ခင်ဗျားဇနီး
တယောက်ကိုတယောက်ချစ်ခင်စုံမက်သလို
မြတ်နိုးတွယ်တာသလို
လိင်မှုသာယာသလို
သူတို့လည်း တို့လိုနေမှာလို့မစာနာမိလောက်အောင်
ခင်ဗျာ့အမုန်းမီးတောက်တွေ ငြီးငြီးလျှံလှချည့်။

လူမှာ နိုင်ငံရေး၊ အနုပညာနဲ့ လိင်စိတ်ဟာ အရေးကြီးပါတယ်။ 
နိုင်ငံရေးနဲ့အနုပညာက ခုပြောတာမဟုတ်တော့ ထားလိုက်။ 
လိင်စိတ်အလိုမကျမှုကြောင့်ဖြစ်ရတဲ့ပြဿနာတွေမှ ဒင်းကြမ်းဗျာ လောကမှာ။ 
လိင်စိတ်သာယာမှုဟာ ဘယ့်လောက်ထွေပြားဆန်းကြယ်သလဲဆိုတာ 
ခင်ဗျားလည်းဖတ်ဖူးကြားဖူးမှတ်ဖူးမှာပဲ။ ခင်ဗျားကိုယ်တိုင် ခင်ဗျားဇနီး ခင်ဗျားသားသမီး ခင်ဗျားမိဘတွေမှာရော
သူများနဲ့မတူတဲ့လိင်စိတ်ယာယာမှုတွေ ထွေပြားဆန်းကျယ်မှုတွေမရှိဘူးလို့ 
မညှာကြေးပြောနိုင်မလား။ အဲ့ဒါမျိုးထုတ်ပြောရမှာကျရှက်စရာလို့မြင်ပြီး
လိင်တူစုံမက်သူတွေလိင်စိတ်သာယာမှုကျ ခင်ဗျားမို့ တစ်တစ်ခွခွပြောထွက်တယ်။

စစ်တပိုင်းအစိုးရရဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေး အပြည့်ပေးနေလေဟန်သရုပ်ကို ကူဖော်ကူလှော်ပေးနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ကန့်ကွက်တယ်ဆို 
လိုင်စင်ရဖာတန်းနဲ့အခွန်ထမ်းပြည့်တန်ဆာဥပဒေဖြစ်ရေးအဆိုပြုတာကြ
ခင်ဗျား ဘာလို့ရေငုံနှုတ်ဆိတ်ရပါသလဲ။ 
ခင်ဗျား ပြည်တွင်းထုတ်စာစောင်တွေမှာ ရေးသားနေတာ၊ 
ခင်ဗျား စာတွေပြန်ထုတ်နေတာကြတော့ ဘာပြောမလဲ။
မတူဘူးမပြောနဲ့ ရည်ရွယ်ချက်အတူတူပဲ။
မတူတာက ခင်ဗျားလိုချင်တဲ့အခွင့်အရေးနဲ့
သူတို့လိုချင်တဲ့အခွင့်အရေးပဲမတူတာ။
ကျန်တာ တူတယ်။
သူတို့လည်းခင်ဗျားလိုပဲ
ရသလောက်အပေါက်ကနေ တိုးကြည့်ရင်း၊
ဟသလောက်နေရာကနေ ချဲ့မရင်း၊
ပွင့်သလောက်နေရာကနေ ဖေါက်ချရင်း၊
ဘက်ပေါင်းစုံဆိတ်သုဉ်းနေမှုကို ကန့်လန့်ကာလှစ်ပြနေတာပဲ။
ဘာထူးသလဲ။
ဘာမတူဘူးလဲ။

မလျှော်လိင်မှုတို့ မအပ်ရာသံဝါသတို့ မတရားမေထုန်တို့ ကာမေသုမိစ္ဆာစာရာတို့ဆိုတာ ဒီနေရာမှာသုံးဖို့မအပ်ဘူးမှတ်တယ်။ လိင်စိတ်အလိုချုပ်တည်းတာနဲ့ ဘာ ကာမတဏှာမရှိမှ အာသဝေါကင်းပြတ်မှလူမြတ်လို့၊ အကျင့်မြတ်လို့မှတ်ထင်ယူဆသူတွေလည်းယူဆပါစေ။ ကျင့်ကြံပါစေ။ သူတို့လည်း သူတို့နှစ်လိုမွေ့လျော်ရာမှာပျော်ပါစေ။ လူတချို့
လိင်စိတ်ချုပ်တည်းခြင်းမှာချမ်းသာသုခတွေ့တတ်တာကို 
သီးသန့်စိတ်အခြေအနေတစ်ခုလို့ခင်ဗျားနားလည်နိုင်သေးရင်
လိင်တူတွေစုံမက်မြတ်နိုးကြတာလည်
သီးသန့်စိတ်အခြေအနေတခုအဖြစ် ခင်ဗျားဘာလို့လက်မခံနိုင်စရာရှိမလဲ။

ပြည့်တန်ဆာကိစ္စကြတော့ ဘုရားလက်ထက်တော်ကတည်းကရှိခဲ့တာဆိုတဲ့ရမယ်နဲ့ ကြံဖန်နားလည်ပေးသေးတဲ့ခင်ဗျားက သူတို့ကျမှ ဘယ့်နှယ်လို့ နင်ပဲငဆဖြစ်ရပြန်တုန်း။ 
သူတို့လည်း ဘုရားလက်မထက်ခင်ကတည်းကရှိခဲ့ကြောင်း စာဟောင်းကျမ်းဂန်တွေမှာထင်ရှားပါတယ်။ ကျနော့်မှာလည်း ပြောရရင်များလိမ့်မယ်။ ခင်ဗျားမလည်း ဒီ့ထက်မက ပြောချင်လိမ့်မယ်။ ပြောပါ။ ကျနော်လည်း ပြောမှာပါ။ သူတို့လည်း ပြောကြပါစေ။ ကျနော်၊ ခင်ဗျား၊ သူတို့၊ အားလုံးဝိုင်းပြောကြရဦးမယ့်ကိစ္စများလည်းရှိပါရဲ့။ ဗိုင်းကောင်းဖို့ဖိတဲ့ဒဏ်ကြောင်
ကျောက်ဒဏ်သင့်ရတဲ့မိန်းမသားတို့အကြောင်းနဲ့
နောက် ကျောက်တစ်တုံးဖြစ်တော့မယ့်
မျိုးစောင့်ဥပဒေအကြောင်း မပြောကောင်းရော့လားဗျာ။
မျိုးမြင့်ချို
မတ် ၂ဝ၁၄

Tuesday, March 4, 2014

၈၈ အရေးတော်ပုံစိတ်ဓာတ်(တူမောင်ညို)

0 comments
၈၈ အရေးတော်ပုံစိတ်ဓာတ်(တူမောင်ညို)(၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်) ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ဆက်ဆံရေး ရုံးခွဲများတွေ့ဆုံဆွေးနွေးပွဲ (၂၈-၂-၂၀၁၄/ ၁-၃-၂၀၁၄) ၏ ထုတ်ပြန်ချက်၊ အပိုဒ် ၅ ၌ “စိမ်ခေါ်မှုမှန်သမျှကို (၈၈)စိတ်ဓါတ်ဖြင့် ရင်ဆိုင်ကျော်လွှားသွားမည်” ဟုဖော်ပြထားပါတယ်။
(၈၈) စိတ်ဓါတ်နဲ့နှင့် “၈၈ အရေးတော်ပုံစိတ်ဓါတ်” ဆိုသည်မှာ ဘာလဲ။ အတူတူပဲလား/ကွဲပြားခြားနား သလော။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)က “(၈၈)စိတ်ဓါတ်”အား မည်သို့အဓိပ္ပါယ်ဖွင့်ဆိုသလဲ မသိပါ။ သေချာတာတော့ “ပုဒ်မ၁၈”ကန့်ကွက်ရေးအတွက် အာဏာပိုင်များထံခွင့်ပြုချက်တင်ပြတောင်းခံပြီး၊ ခွင့်ပြုချက်ရမှခွင့်ပြုတဲ့နေ့၊ သတ်မှတ်ပေးသည့်နေရာ၌ စည်းကမ်းသေဝပ်စွာဖြင့် “ဆန္ဒဖော်ထုတ်”ကြတယ်ဆိုတဲ့စိတ်ဓါတ်မျိုးသည် “၈၈အရေးတော်ပုံစိတ်ဓါတ်”နှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်း မရှိသည်ကို ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှပုဂ္ဂိုလ်ကြီးများ ပွင့်ပွင့်လင်းလင်း သဘောပေါက်နားလည်ကြလိမ့်မည်ဟု ကျနော်ယုံကြည်မျှော်လင့်မိပါတယ်။
“၈၈ အရေးတော်ပုံစိတ်ဓာတ်” ဆိုတာ ဘာလဲ။
ယေဘုယျအားဖြင့် “ဖိနှိပ်မှုကိုဆန့်ကျင်တွန်းလှန်တဲ့ ဘာမထီစိတ်ဓာတ်၊ အရေးတော်ပုံစိတ်ဓါတ်”လို့ဖြေရင် အားလုံးက ဘဝင်ကျနိုင် ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ တနည်းအားဖြင့် ၂၆ နှစ်ဖိနှိပ်အုပ်စိုးခဲ့သော(မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို ပြည်သူများက “လမ်းမပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြ”တဲ့စိတ်ဓါတ်လို့ပြောမယ်ဆိုရင် ဘယ်သူကမျှ ဆန့်ကျင်ကွက်နေကြမယ်မထင်ပါဘူး။
“၈၈အရေးတော်ပုံစိတ်ဓါတ်”အညွန့်ချိုးပစ်နိုင်ဖို့အာဏာသိမ်းစစ်အုပ်စုက“ငြိမ်ဝပ်ပိပြားရေး”ဆိုတဲ့အမည်နဲ့ လူထုအရေးတော်ပုံကို ချေမှုန်းစစ်ဆင်ခဲ့ပါတယ်။ အဲဒီလို ငြိမ်ဝပ်ပိပြားသွားအောင် အကြမ်းဖက်ဖိနှိပ်ပေမယ့် ငြိမ်၊ ဝပ်၊ ပိ၊ ပြား မသွားတဲ့စိတ်ဓါတ်မျိုးသာလျှင် “၈၈အရေးတော်ပုံစိတ်ဓါတ်” အစစ်အမှန်ဖြစ်ပါတယ်။ ထင်လွယ်မြင်လွယ်အောင်ဥပမာပြုရလျှင် တစ်ခါက ဒီချုပ် ကြွေးကြော်ခဲ့ဖူးသည့် “မတရားတဲ့အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ”ဆိုသည့် စိတ်ဓါတ်မျိုးနှင့်နီးစပ်ပါတယ်။ “၈၈ အရေးတော်ပုံသည် မပြီးဆုံးသေး” ဟူသည့်အချက်ကို လူတိုင်းနားလည်သဘောပေါက်ထားကြပါတယ်။
ယနေ့မြန်မာနိုင်ငံတွင် မတရားတကာ့ မတရားဆုံးသောအမိန့်ဥပဒေများအနက် မတရားအခေါင်အချုပ်ဥပဒေမှာ “၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ဘယ်လိုစိတ်ဓါတ်နဲ့ပြင်ဆင်ကြမလဲ။
“၈၈ အရေးတော်ပုံစိတ်ဓါတ်”လား။ အာဏာပိုင်များထံ ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်ပေးမှ ဆန္ဒဖော်ထုတ်တဲ့စိတ်ဓါတ်မျိုးလား။ ရှင်းရှင်း လင်းလင်း ကွဲကွဲပြားပြားရှိဖို့လိုပါတယ်။
 ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ အဆိုပါကြေညာချက် အပိုဒ် ၄ တွင် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ အားပြင်ဆင်နိုင်ရေးအတွက် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်သွားမည်”ဟုဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီမဟုတ်သော၊ လွှတ်တော်တွင်းကိုယ်စားလှယ်အမတ်မရှိသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)သည် မည်သို့ သောနည်းလမ်းဖြင့် အင်တိုက်အားတိုက် ပါဝင်ပြင်ဆင်မည်လဲ။ လွှတ်တော်တွင်းနည်းလမ်းတွင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် ပါဝင်ဆောင်ရွက်၍မရနိုင်သဖြင့်၊ လွှတ်တော်ပြင်ပနည်းလမ်းဖြင့် ပါဝင်ရမည့်သဘောရှိပါတယ်။
ဤသို့ဆိုလျှင် ၈၈ အရေးတော်ပုံနည်းလမ်းလား သို့မဟုတ်  အာဏာပိုင်များထံခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်ပေးမှ ဆန္ဒဖော်ထုတ်တဲ့ နည်းလမ်းမျိုးလား။ ရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားရှိဖို့လိုပါတယ်။
အခန်း ၁၂ ပုဒ်မ ၄၃၆ အား မည်သို့ပြင်ဆင်မည်နည်း။
ပုဒ်မ ၄၃၆ (က) တွင်ဖော်ပြထားသည့် ပုဒ်မ ၉၅ ခုရှိပါတယ်။
“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန် လက်ခံသဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်” ဆိုသည့်အချက်ကိုသာ “ကွက်”၍  ပြင်ဆင်မည်လော။ သို့တည်းမဟုတ် ပုဒ်မ ၄၃၆ (က) သတ်မှတ်ရေးသားဖော်ပြထားသည့် ပုဒ်မပေါင်း ၉၅ ခုအားပြင်ဆင်မည်လော။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ အဆိုပါကြေညာချက် အပိုဒ် ၁ တွင် “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး၏မျိုးဆက် နိုင်ငံရေးအင်အားစုတစ်ခုဖြစ်သည်” ဟုဖော်ပြထားပါတယ်။ အဖြစ်မှန်အခြေအနေမှန်နှင့်ကိုက်ညီစေရန်အတွက် ဤသို့ပြင် ဆင်ရေးသား ဖော်ပြပါရန်အကြံပြုပါတယ်။ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး၏ မျိုးဆက်နိုင်ငံရေးအင်အားစုများအနက် တစ်ခုဖြစ်သည်” ဟူ၍ ပြင်ဆင်စေလိုပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ပါဝင်ခဲ့ကြသော မျိုးဆက်နိုင်ငံရေးအင်အားစုများအားလုံးသည် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၌ ပါဝင်နေခြင်းမရှိသလို၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ကလည်း ၁၉၈၈ အရေး တော်ပုံကြီးတွင်ပါဝင်ခဲ့ကြသည့် မျိုးဆက်များအားလုံးကိုကိုယ်စားပြုခြင်းမရှိဟုယူဆ၍ ပွင့်ပွင့်လင်းလင်းအကြံပြုရခြင်းဖြစ်ပါတယ်။
 ၈၈အရေးတော်ပုံတပ်သားများသည် “၈၈အရေးတော်ပုံ စိတ်ဓါတ်” ကို အခိုင်အမာကိုင်စွဲကြရလိမ့်မယ်။

ညွန်း
-       ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ဆက်ဆံရေးရုံးခွဲများတွေ့ဆုံဆွေးနွေးပွဲ (၂၈-၂-၂၀၁၄/ ၁-၃-၂၀၁၄) ၏ ထုတ်ပြန်ချက်
-       ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂ဝဝ၄ မာ့ခ်ျအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝဝ၄ မာ့ခ်ျ အဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ဂျော့ခ်ျဝေါ်ရှင်တန်ကနေ အိုဘားမားအထိဟာ အမေရိကန်ပြည်ထောင်စုလို့တွင်လာမယ့်မြေကို အခြားတနေရာရာတွေကနေ ရွှေ့ပြောင်းအခြေချ လာကြတဲ့သားစဉ်မြေးဆက်တွေပဲ။ ပုံတောင်ပုံညာ ပရိုင်းမိတ်ကနေ သမ္မတဦးဗိုလ်သိန်းစိန်အထိ ဗမာပြည်လို့ဖြစ်လာမယ့်နေရာကို ရောက်လာကြ သူတွေဟာလည်း အခြားတနေရာရာတွေ ကနေ ပြောင်းရွှေ့အခြေချနေလာကြသူတွေချည်းပဲ။ အရင်ရောက်သူနဲ့ နောက်ရောက်သူပဲကွာတယ်။ လူ့အသိတရားနဲ့ဘာသာရေးများလည်း ထိုနည်းနှင်နှင်ပဲ။ ဘယ်သူက ဘယ်ဘာသာကို ဘယ်အချိန်မှာ ဘယ်ပုံဘယ်နည်းနဲ့စထွင်ထွင် မိဘဘိုးဘွားများယူတဲ့ အယူမှာလူလာဖြစ်လို့ အဲ့ဒီအယူနဲ့ကြီးပြင်းရတာ အခြားအယူနဲ့အခြားလူများထက် ပိုမြင့်သယောင်မြတ်သယောင်စိတ်ကူးတွေးထင်မှုဟာ စိတ္တဇဆန်ဆန် ဗလာသက်သက်အနှစ်မဲ့မှုသာပဲ။ ဒီနေရာမှာ အဲ့သလိုအယူအကောက်ရှိတဲ့ ဘယ်ဘာသာဝင်ကိုမဆို ဆိုလိုတာပဲ။ ဘာသာတိုင်း ဘာသာတိုင်းက ဘာသာတိုင်းဘာသာတိုင်းကို မိစ္ဆာဒိဌိလို့? အယူမှားလို့တံဆိပ်ကပ်ပြီး အခြားသူတို့ရဲ့သေသည်၏အခြားမဲ့လားရာဂတိကို မိမိစိတ်ကြိုက်တီထွင်ထားတဲ့အရပ်တွေဆီ ကြိုတင်ပြဌာန်း ပို့ပစ်ထားပြီးသားချည်းပဲ။ သူ့အယူမှာ ခင်ဗျားဟာမိစ္ဆာပဲ၊ သူ့ငရဲမှာဖြစ်မယ့် သစ်ငုတ်ပဲ။ ခင်ဗျားအယူမှာ သူဟာအဝိဇ္ဇာပဲ။ သူ့အပယ်မှာလားမယ့် တိတ္ထိပဲ။ ဘာများထူးပြီးခြားနားသလဲ။ ဘာ ဘာသာအယူမှာမှမတည်တဲ့ အတွေးအခေါ်အရ အခြောက်တရား အမြှောက်တရားကနေ လွတ်မြောက်နေတဲ့သူကို ခင်ဗျားတို့ဘုံရန်သူအဖြစ် အပြီးအပြတ်ချေမှုန်းနိုင်စွမ်း မရှိဘူးမဟုတ်လား။ ချေမှုန်းလို့လည်း ဘယ်တုန်းကမှ မရခဲ့ဘူးမဟုတ်လားလူ့အန္ဓတို့။ ခင်ဗျားတို့အချင်းချင်းအယူမြတ်/လူမြတ်ပြိုင်ရင်း ချေမှုန်းကြရင်းကြေပြုဉ်းကုန်ကြတော့မှာလို့ မတွေးမိဘူးလားလူ့အန္ဓတို့။ ဘာသာအယူတို့ရဲ့ကောင်းမြတ်တဲ့အခြားဘက်မျက်နှာစာဟာ ခင်ဗျားတို့ကြောင့်ညစ်နွမ်းခဲ့ရ အဆင်းအလှပျက်ခဲ့ရပြီလူအန္ဓတို့။ သွေးချောင်းစီးနေရတာနဲ့တင် လောကကြေပျက်ရလှ၊
သွေးဆာနေတဲ့ခင်ဗျားတို့နှလုံးသားကို သူတပါးဇီဝနဲ့ယဇ်ပူဇော်နေရတာနဲ့တင်
ကမ္ဘာနာလှပြီလူ့အန္ဓတို့။ ဘာသာအယူနောက်လိုက်ဖြစ်ကြရာမှာလည်း အရင်နောက်လိုက်ဖြစ်သူနဲ့ နောက်မှနောက်လိုက်ဖြစ်သူ ဒါပဲကွာတယ်။
ဘာများ မန်တက်ယစ်မူးစရာရှိပါသလဲ။ ဘယ်သူကအိမ်ရှင် ဘယ်သူကဧည့်သည်ရယ်လို့ မရှိ။ လောကီ/လောကုတ္တရာဆိုင်ရာမှာ အနတ္တအမြင်ခံယူသူက လူကို/ဘာသာကို အိမ်ရှင်ဧည့်သည်ဆိုလေတော့ သူယုံကြည်မှာမစူးနစ်ပဲ ဦးနှောက်နဲ့အတွေးအခေါ်မှာ လောကဖျက်အတွေး ကူးစက်နေတဲ့အတ္တဘောကြီးမျှလို့ မြင်စရာမဖြစ်ပေဘူးလား။ (မိစ္ဆာနဲ့တိတ္ထိတို့ကိစ္စ)

စက်မှုလယ်ယာမဖြစ်သေးလို့၊
စက်မှုမထွန်းကားသေးလို့၊
သီးနှံစပါးရဖို့ နွားနဲ့အတူဖက်ရုန်းရလို့၊
ယုံကြည်ရာမြစ်ဖျားဟာ
နွားသတ္တဝါကိုအထွဋ်အမြတ်ထားတဲ့အရပ်ကစီးဆင်းလာလို့၊
၅၅ဝ နိပတ်တော်ထဲ နွားလားဥဿဘအဖြစ် ဘဝတစ်ခုရှိခဲ့ဘူးလို့၊
နွားကိုကျေးဇူးရှင်အဖြစ်သဘောထားတဲ့၊
ပညာလည်းဟုတ်တိပတ်တိဆည်းပူးခွင့်မရရှာသလို
ကိုယ်တိုင်လည်းထောက်ချင့်ဆင်ခြင်နိုင်စွမ်းပါးရှားတဲ့
ရွှေပြည်ကြီးဇာတိဖွား အကြောင်းသင့်လို့ဒီရောက်လာတဲ့အမိအဖတွေနဲ့
ဒီမှာမွေးဒီမှာကြီး ဒီကပညာရေးစနစ် ဒီကလူနေမှုပုံစံ
ဒီကအတွေးအမြင်နဲ့ယဉ်ပါးတဲ့သားသမီးတို့အကြားမှာ
နွားဟာ ကျေးဇူးရှင်ဖြစ်လိုက်၊
အဟိတ်တိရိစ္ဆာန်ဖြစ်လိုက်၊
သနားစရာကောင်းလိုက်၊
စားစရာကောင်းလိုက်နဲ့၊
တမိုးအောက်မှာ
၂ နေရာ အချထားခံရရှာတဲ့နွားခမျာ
ဗျာများရရှာတယ်။ (မိဘနဲ့သားသမီးကြားကနွားကိစ္စ)

စစ်အာဏာနဲ့စစ်မင်းဆက်ကိုအတိအလင်းထူထောင်ခဲ့(ခုတိုင်လည်း ဗိုလ်ဆိုးဗိုလ်ယုတ်တွေလက်မှာ ဖွတ်ဖွတ်ကြေနေဆဲ)တဲ့ ဗိုလ်နေဝင်းနဲ့အပေါင်းအပါတသိုက်ရဲ့ တိုင်းပြည်နဲ့လူထုအပေါ် ဆိုးယုတ်တဲ့လုပ်ရပ်မှန်သမျှကိုဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနိုင်သလောက်လုပ်ပေမယ့် ခပေါင်းနဲ့ဒူးယားစီးကရက်ကို လွမ်းမိတာတော့အမှန်ပဲ။ ပြောမယ့်သာပြောရတာပါ သူ့စီးကရက်တွေနဲ့ သူ့သရုပ်သကန်ဟာတထပ်တည်းကျပါတယ်။ သူ့စီးကရက်တွေရဲ့အနှစ်သာရကြာကြာမခံသလို စစ်အာဏာမျက်နှာဖုံးလည်း တမွန်းတောင်မတည့်ဘူး ကွာကျတာပါ။ ခပေါင်းက နောက်ပိုင်းမှာ အစီခံနဲ့ထုတ်လာသလို ပုပ္ပါးဆိုပြီးလည်း နောက်တမျိုးထပ်ထုတ်တယ်။ ပရုပ်အေးဆိုပြီး တလိပ်လုံးအဖြူ ဆွတ်ဆွတ်လည်းထွက်သေးတယ်။ ပြောရင် ခပေါင်းနဲ့ဒူးယားတောင်မှ ရန်ကုန်နဲ့ပခုက္ကူဆိုပြီးကွာတယ်။ (ဘေးပိတ်နဲ့ဖင်ပိတ်ဆိုပြီးဗူးပိတ်ပုံပိတ်နည်းကွာပြီး ဈေးလည်းနည်းနည်းကွာတယ်) ဆေးစပ်နည်းနည်း
ကွာတယ်။ ရန်ကုန်က လူကြိုက်များတယ်။ တခါ အလိပ်နှစ်ဆယ်ဝင် ဒူးယားမှာဗူးပျော့ဗူးမာတွေထွက်သလို အလိပ်ငါးဆယ်ဝင် သံဗူးလည်းထွက်တယ်။ ပြောရင် ထွက်စနဲ့ ၈၈ မတိုင်ခင်ကာလတွေအထိ သောက်ကောင်းတုန်းပဲ။ ဈေးလည်းသိတ်မကြီးတော့ လူတွေဝယ်သောက်နိုင်တယ်ထားပါတော့။ နောက်ပိုင်း ထုံစံအတိုင်း မှောင်ခိုဖြစ်တော့ကြီးသွားတယ်။ တခါ အရည်အသွေးကလည်း ကျလိုက်လာတယ်။ ဆေးခေါင်းတွေပွလာတယ် မကျစ်တော့ဘူး။ ချောင်လာတယ်။ မီးညှိရုံရှိသေး တစ်ဝက်လောက်ကျိုးသွားတာမျိုး၊ ဖင်စီခံကော်တောင်မမြဲလို့ ဗူးထဲတင် အစီခံကျွတ်တွေပါ ပါလာတာမျိုးတွေဖြစ်လာတယ်။ ဒီကြားထဲ လက်လိပ်အတုတွေကလည်း ဒလမန်းကြမ်းထွက် လာတယ်။ ပြောရရင် အဲ့ဆေးလိပ်တွေဟာ လတ်သာလတ်လို့ကတော့ တယ်သောက်ကောင်းတဲ့ဆေးစပ်တွေပါ။ တဗူးလုံးဖေါက်မစစ်ခင် လတ်မလတ်မှိုတက်မတက်သိရအောင် ဗူးထောင့်လေး ရှေ့သွားဖျားနဲ့ကိုက် အပေါက်သေးသေးလေးဖေါက်ပြီး အထဲကအနံ့ကိုပါးစပ်နဲ့ရှူသွင်း လည်ချောင်းကနေတဆင့် နှာခေါင်းထဲအနံ့ခံကြည့်တဲ့အခါ ဆေးများလတ်လို့ကတော့ ရတဲ့အနံ့ဟာ တကယ့်ကိုစွဲမက်စရာ။ ဗိုလ်နေဝင်း ခပေါင်း၊ ဒူးယားနဲ့ပုပ္ဗါးမှာ ဆိုရှယ်လစ်အတုအယောင်နဲ့ စစ်အာဏာထူထောင်စက လယ်သမားညီလာခံကြီးတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပပေး၊ လယ်သမားတွေကို ဦးကြီးတွေခေါ်ပြီး”လယ်လုပ်သူလယ်လုပ်ပိုင်ခွင့်”နဲ့ ”လယ်လုပ်သူလယ်ပိုင်ခွင့်”ကို နှစ်ပေါက်တစ်ပေါက်ရိုက် အောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်စီးကရက်တွေပါ။ ၁၉၆၂ မတ် ၂ ရက်နေ့မှာ စစ်အာဏာစတည်ခဲ့တာကို တောင်သူလယ်သမားနေ့ရယ်လို့ ခုတိုင် မပြောင်းမလဲခေါ်နေတာကိုပြင်ပစ်ဖို့ ခုထက်ပို စုကြစည်းကြဝန်းကြဝိုင်းကြနိုင်ရင် ပိုကောင်းမယ်တွေးမိတယ်။ ဒီလောက် မြေသိမ်းယာသိမ်းတွေလုပ်ပြီး တောင်သူလယ်သမားတွေရဲ့ဘဝတွေကိုပါသိမ်းပြီး ဖျက်ဆီးနေတဲ့အချိန်မျိုး အစိုးရမျိုး စနစ်မျိုးအောက်မှာမို့ အင်တိုက်အားတိုက်လုပ်ရင် ပိုလွယ်ပိုမြန်မယ် ထင်တာပဲ။ လယ်သမားမှာလယ်မရှိရင် ယာသမားမှာယာမရှိရင် ဘဝမရှိတော့တာပဲ။ လယ်ယာအဖျက်ခံရတာဟာ ဘဝအဖျက်ခံရတာပဲ။ သူတို့ဘဝကိုဖျက်တာဟာ သူတို့ရှင်သန်ရပ်တည်မှုကို ဖျက်တာပဲ။ ဘဝအသက်အဖျက်ခံရသူဆိုတာ ဘဝအသက်အတွက်အသက်ဘဝတွေပေးပြီး ပြန်တိုက် ယူမှာပဲ။ ယူလည်းယူရမှာပဲ။ တရားတဲ့ကိစ္စပဲ။ လယ်သိမ်းယာသိမ်းမြေသိမ်း ခံတောင်သူလယ်သမားများရဲ့ ဘဝအတွက်အသက်ရှင်သန်မှုအတွက်တိုက်တဲ့တိုက်ပွဲတွေကို ရောက်တဲ့အရပ်ကနေ အပြည့်အဝထောက်ခံ တယ်။ အောင်ပွဲခံကိုခံရမယ်လည်း ယုံတယ်။ ခပေါင်း၊ ဒူးယားစီးကရက်တွေနဲ့အတူ မဆလစစ်အာဏာရှင် သဏ္ဍန်ကြွေလွင့်ခဲ့သလို ဦးပိုင်တံဆိပ်မျိုးစုံနဲ့အတူ အရပ်သားအရေခြုံ ဒီမိုကရေစီအယောင်ဆောင် စစ်အာဏာသဏ္ဍန်သစ်နဲ့ သူ့အနှစ်သာရလည်း မုချကျဆုံးရဦးမှာပဲ။ (မာ့ခ်ျ ၂ ရက်နဲ့ ခပေါင်းဒူးယားကိစ္စ)

မဟတ္တမဂန္ဒီကြီး လူတွေကိုဦးဆောင်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားသွားချက်တာ အကြံကုန်လို့မဟုတ်သလို ဗြိတိသျှအရှင်သခင်(ဆိုသူ)တွေဆီကလည်း ခွင့်ပြုမိန့်ယူသွားတာမဟုတ်ပါ။ အသက်မွေးမှုမှာမှမဟုတ်ဘူး နိုင်ငံရေးမှာလည်း အေးအေးချမ်းချမ်းနဲ့ပြီးမယ်ဆို ဘယ်သူ ချွေးတစ်စက် အထွက်ခံချင်ပါ့မလဲ။ (ငြိမ်း/ပွင့်တွေရဲ့အေးအေးချမ်းချမ်းကိစ္စ)

ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအဖြစ်ရပ်တည်နေသူတွေရော၊ လက်နက်နဲ့ငြိမ်း ချမ်းရေးလဲတာဆိုတဲ့အစုအဖွဲ့တွေရော၊ အပစ်ရပ်လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရော အားလုံးခမျာ စစ်အုပ်စုနဲ့သူ့အကျိုးစီးပွားတူတွေ စနစ်တကျဖန်တီးပြီး ဂွင်ထဲထည့် လှည့်တိုက်ပေးနေတဲ့ လူမျိုး/ဘာသာရေးအကြမ်းဖက်မှုတွေကို လိမ့်နေအောင်ခံနေရတာထင်ရှားတယ်။ စကားလုံးနဲ့ဖော်ပြဖို့ မစွမ်းသာအောင်ကြောက်မက်ဖွယ်ကောင်းပြီး လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်တဲ့မတရားမှုတွေမှန်း သိသိနဲ့ ရေငုံနှုတ်ပိတ်နေနေရတဲ့ဘဝပဲ။ကျင့်ဝတ်အခြေပြုနိုင်ငံရေးအရ ပြောရလုပ်ရမယ့်ကိစ္စတွေမှန်း
သိသိနဲ့ တရားမဲ့ဖိနှိပ်ပြုကျင့်ခံရသူတွေဘက်ကဝင်ရပ်ပြီး တိုက်ပေးဖို့မပြောနဲ့ ဖေးမစာနာ စကားလေးတောင် ပြောလို့မရကြတော့တဲ့အဖြစ်ပဲ။ ပြောမဝံ့ကြတဲ့အဖြစ်ပဲ။ အပြင်လူတွေ (နိုင်ငံတကာက) ပြောနေတာတောင် မကြားနိုးနားနေပေးရတဲ့အနေအထားပဲ။ မတရားပြုကျင့်ခံရသူဘက်ကဝင်ဖေးမရင်ကိုပဲ မိမိနိုင်ငံရေးဘဝ မိမိကိုယ်ကျိုးစီးပွား မိမိအန္တရာယ် (ကုန်ကုန်ပြောရရင် အသက်အန္တရာယ်အထိရှိတာသေချာတယ်) ဒါ့ကြောင့် မပြောကြတာ ပြောမရတာ
မပြောတာပဲ။ ခံနေရသူတွေသေအောင်ခံရပေ့စေ လုပ်သူကို မတရားမလုပ်နဲ့လို့ပြောဖို့မဆိုနဲ့ မုဒိန်းမှုဖြစ်တဲ့အခါ ”အကျင့်ခံရမှာပေါ့ စကပ်တိုလေးဝတ်ပြီး တစ်ယောက်တည်းအပြင်ထွက်တာကိုး”ဆိုတဲ့ မုဒိန်းကောင်ကိုရှူတ်ချအရေးမယူဝံ့ပဲ အကျင့်ခံရသူကိုအပြစ်ဖို့တဲ့လေသံတောင်ထွက်ထွက်ပေးနေရတဲ့ ရစရာမရှိအောင်ယိုယွင်းချွတ်ခြုံကျနိုင်ငံရေးဘဝအနေပဲ။ ဘာလို့အဲ့သလိုဖြစ်ရသလဲ ပြန်သတ္တုချကြည့် ”ကိုယ့်ဘက်က အပြတ်မလုပ်လို့” ဆိုတဲ့အဖြေ တန်းကနဲထွက်လာလိမ့်မယ်။ ကိုယ့်ဘက်က အပြတ်လုပ်လို့ရတဲ့အခြေအနေ၊ အချိန်အခါနဲ့အခွင့်အလမ်းရခဲ့ပါရက်နဲ့ မူအရ ရပ်တည်ချက်အရ နိုင်ငံရေးအရမပြတ်မသား တွေဝေတိမ်းမူးခဲ့ကြလို့ ခုလိုဖြစ်ရတာလို့မြင်မိတယ်။ ကိုယ်မလုပ်တော့ သူလုပ်တာခံရတဲ့သဘောဟာ ပိုသိသာလာတယ်။ အဲ့ဒီတရားဟာ ပိုထင်ရှား မှန်ကန်လာတယ်။ နောင်လည်း မှန်နေဦးမယ့်တရားပဲ။ နောင်လည်း ခံနေရဦးမယ့်သဘောပဲ။ ခု ကုလားနဲ့ထိုးပြီး ဘုန်းကြီးနဲ့လှည့်တိုက်တာကို ကဖြဲကရုန်းလိမ့်နေအောင်ခံနေရတာ၊ နောင် ဘာနဲ့ထိုးပြီး ဘာနဲ့လှည့်တိုက်တာ ခံရဦးမလဲ။ နိုင်ငံရေးမှာ(အာဏာသဘောမှာ) ကိုယ်လုပ်နိုင်ရင် လုပ်နိုင်တုန်း အပြီးအပြတ်လုပ် မလုပ်နိုင်ရင် သူလုပ်တာခံရမှာပဲ။ ဒါ လောကသဘာဝမှန်း အာဏာသဘာဝမှန်း ကမ္ဘာ့သမိုင်း ဗမာ့သမိုင်းတွေမှာတွေ့နိုင်တာပါပဲ။ (သူလုပ်ကိုယ်လုပ်အာဏာကိစ္စ)

မနေ့က အောက်မေ့ကြောင်းပြောတာနဲ့ မျှော်တုန်းမျှော်ခါပေါ်ပေါက်လာ သတ္တဝါဓလေ့စိတ်ချမ်းမြေ့ ဆိုရမလား၊ မယ်သာကီလာပြီး အငေါ်တူးတယ်။ ဝီရသူနဲ့ ဦးဝင်းတင်တွေ့တဲ့အကြောင်းရေးတဲ့ ကျနော့်စတေးတပ်စ်ဖတ်ပြီး။ “ရှင်ပဲ ပြောတယ်မဟုတ်လား၊ လူထဲတင် သူ့လူကိုယ့်လူရှိတာမဟုတ်ဘူး။ ဘုန်းကြီးထဲလည်း သူ့ဘုန်းကြီးကိုယ့်ဘုန်းကြီးရှိတယ်ဆို၊ သူလည်း သူ့ဘုန်းကြီးနဲ့သူလုပ်စရာရှိတာလုပ် ကိုယ်လည်း ကိုယ့်ဘုန်းကြီးနဲ့ကိုယ်လုပ်စရာရှိတာလုပ်ဆို၊ ခု ဦးဝင်းတင်က သူ့ဘုန်းကြီး ကိုယ့်ဘက်သားဖြစ်အောင်လုပ်တာမဟုတ်ဘူး ပြောနိုင်မလား။ သူ့ဘုန်းကြီးကိုင်ပြီး ကိုယ့်နိုင်ငံရေးလုပ်ဖို့ပြင်တာမဟုတ်ဘူးပြောနိုင်မလား၊ ဟုတ်တယ်ဆို ဒါ အလွန်အဆင့်မြင့်တဲ့ နိုင်ငံရေးကစားကွက်လို့ ပြောလို့မရဘူးလား၊ ရှင်လည်း အ သလိုလိုနဲ့ အတော် န တဲ့သူပဲ”တဲ့။
မယ်သာကီရေ ဘုန်းကြီးကိုင်ပြီး နိုင်ငံရေးကစားတာက ခုမှမဟုတ်ပါ။ အနော်ရထာကနေ စတာလို့ တုတ်ထမ်းပြီးပြောချင်တယ်။ အကောင်းအဆိုးအကျိုးအပြစ်က သမိုင်းနဲ့ချီထင်ရှားပြီးသားမို့ ထပ်ကွန့်စရာ မရှိပါ။ ကိုင်သူနဲ့အကိုင်ခံသူမှာ အကျိုးစီးပွားတူမှဖြစ်ရတဲ့အခြေအနေပါ။ သူ့လူကိုယ့်ဘက်သားနဲ့ ပဉ္စမံတပ်သားဆိုတာ နေရာတကာမှာရှိပါတယ်။ ခု ဦးဝင်တင်က ဝီရသူကိုကိုင်ပြီး နိုင်ငံရေးကစားရအောင် ဝီရသူက “ဘုန်းကြီးလို့” လား။ (မယ်သာကီနဲ့ပလီစေ့ခြောက်ချက်)

ဦးဝင်းတင်နဲ့ဝီရသူတွေ့တယ်။ အသံထွက်လာတယ်။ ငြင်းကြခုန်ကြတယ်။ ကျနော်ကတော့ ဒေါ်စုသဘောထားမပါပဲဖြစ်ခဲ့တာမဟုတ်ဘူးထင်ကြောင်းကလွဲလို့ ဘာမှ မပြောဖြစ်ခဲ့ပါ။ ပြောစရာလည်း မရှိလောက်သေးဘူးထင်လို့။ ဟုတ်/မဟုတ်ကတော့ ကာယကံရှင်တွေ ထုတ်ပြောမှအတိကျသိရမှာပါ။ ဒေါ်စုနဲ့တွေ့ချင်ကြောင်း ဝီရသူဆီက အသံထွက်ဖူးပါတယ်။ ဒေါ်စုဘက်ကလည်း ဘယ်ဘုန်းကြီးပါ ပါရင် အတွေ့ခံမယ်သဘောမျိုးသတင်းလည်း ပျံ့ခဲ့ဖူးပါတယ်။ ခု ဦးဝင်တင်က ဓါးအစမ်းထိုးခံကြည့်ဖို့ ဗိုက်လှန်ပေးသလား၊ လေးသွားပစ်တာလား၊ ခေါင်း သွားရောင်းတာလားပြောဖို့အလွန်ခက်ပါတယ်။ ဘယ်သူက ဘာ့ကြောင့်တွေ့တွေ့၊ တွေ့တာဟာ တွေ့တာ ပါပဲ။ အလွတ်သဘောတွေ့တာလို့ ပြောလို့မရပါ။ နှစ်ဘက်စလုံးမှာ ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှုတွေရှိပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စလို့ ပြောလို့မရပါ။ ကိုယ်ရေးကိုယ်တာ ပြောကြတာမဟုတ်ပါ။ တွေ့တော့ ဘာဖြစ်လဲ.. ဘယ်သူနိုင်ငံရေးအမြတ်ထွက်သလဲ တွေးစရာပါ။ ဦးဝင်းတင် မမြတ်ပါဘူး။ နိုင်ငံရေးလုပ်တာ အာဏာလိုလို့၊ အာဏာယူဖို့လုပ်တာဆိုပြီး အင်န်အယ်လ်ဒီမှာ အာဏာရယူရေးသဘောထား
ရှိတဲ့အကြောင်း တင်းတင်းရင်းရင်း တိတိလင်းလင်းမပြောခဲ့တာတွေ့ပါတယ်။ ဒေါ်စုက အာဏာလိုကြောင်း (သမ္မတဖြစ်ချင်တယ်လို့)အတိအလင်းပြောနေတဲ့ကြားက (ပါတီထောင် နိုင်ငံရေးလုပ်နေရက်နဲ့ အင်န်အယ်လ်ဒီ ရေတက်ဦးကာလများကနေ နှစ် ၂ဝ ကျော်စွဲတဲ့နိုင်ငံရေးစိတ္တဇ) “အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာမဟုတ်”ဆိုတဲ့ဆီ ပြန်လည်ထွက်သွားတာလို့မြင်မိတယ်။ အာဏာလိုလို့ ပါတီထောင်နိုင်ငံရေးလုပ်တာဖြစ်ကြောင်းပြောရတာ ဘာမှမမှားပါ။ နိုင်ငံရေးဟာ အာဏာပြဿနာပါ။ ဦးပြည်းထား သင်္ကန်းဝတ် လောကီအရှုပ်ထဲဝင်မပါ ဝိမုတ္တိအရေးနဲ့မွေ့လျော်မယ်ကြုံးဝါးသူကတောင် အာဏာကိစ္စကို ဟီရိသြတ္တပကင်းကင်းပြောတဲ့ကြားက "ဒေါ်စုက သမ္မတဖြစ်ဖို့နိုင်ငံရေးလုပ်တာမဟုတ်ဘူး" လို့ပြောတာက ဘယ်သူ့ဆီကမေတ္တာတော်များမျှော်မိလို့လည်း စဉ်းစားစရာပါ။ ပြန်ချုပ်ရရင် ဦးဝင်းတင် နိုင်ငံရေးအရမမြတ်ပါ။ “ထသွားမှကျိုးမှန်းသိ” အထိတော့ မရောက်သေးဘူးလို့ထင်ပါတယ်။ (ဝ နှစ်လုံးတွေ့ကိစ္စ)

Friend Request တွေ သတိလေးနဲ့လက်ခံတဲ့ကြားက ခရီးသွားဟန်လွှဲ အလိမ်တခုသွားဖော်မိတယ်။ အကောင့်ပရိုဖိုင်လ်က ကလေးကာတွန်းလက်ရာလေးလိုလို ဘာလိုလို၊ အကောင့်ရှင်အမည်ကလူနံမည်၊ သူ့ပုံတွေထဲမယ် ဒေါ်စုနဲ့ရှင်ဆန္ဒာဓိကပုံလည်း ညှပ်ပြီးတင်ထားသေးတယ်။ မိတ်ဆွေလည်း နည်းနည်းပဲ ရှိသေးသလို ဘာစတေးတပ်စ်မှလည်း များများစားစားတင်ထားတာမရှိ။ မိတ်ဆွေဖြစ်လက်ခံလိုက်ပြီး သိတ်မကြာဘူး ချက်တင်န်းဝင်ပြီး ”မင်္ဂလာပါ ပြည့်စုံကျန်းမာပါစေခင်ဗျား”နဲ့ အစချီ နှုတ်ဆက်တော့ ကြောင်စီစီဖြစ်သွားတယ်။ ဒါနဲ့ အလိုက်အထိုက်ပြန်ပြောရင်း ပဋိသန္ဓာရတာပေါ့။ နောက် တနေ့လည်းကျရော ဘာသာရေးအစွန်းမလွတ်တလွတ်လေးရေးပြီး ဗုဒ္ဓဘာသာသာလျှင်အမြတ်ဆုံး ဘာညာလုပ်လာတယ်။ ဒါလည်း ကိစ္စမရှိ။ နောက်တဆင့် တက်လာတော့ အခြားဘာသာတွေ မကောင်းကြောင်းဆိုလာတယ်။ ဒါလည်းပြဿနာမရှိ။ နောက်တဆင့်ကျ အခြားဘာသာအယူမှန်သမျှ မိစ္ဆာဒိဌိလုပ်လာပြန်တယ်။ ဒါလည်း စကားလုပ်ပြောစရာမလို။ နောက်တဆင့်ကျ အမျိုး ဘာသာ သာသနာနဲ့မျိုးစောင့်ဥပဒေဖြစ်လာတယ်။ ဒါတော့ ကိစ္စကရှိလာပြီ နည်းနည်းတော့ ပြောဖို့လိုတယ်တွေးပြီး ”တိုင်းပြည်ကို ကမ္ဘာပုံအလယ် မတင့်တယ်စေမယ့်ကိစ္စ”လို့ပြောလိုက်တယ်။ ချက်ခြင်းပဲ ဆတ်ကနဲဖြစ်ကာ ”မင်းတွေ ငါတွေ”ဖြစ်သွားတယ်။ ဒါနဲ့ သူက မင်းငါဆိုတော့ ကိုယ်လည်း ခင်ဗျားကျနော် မနေတော့ဘူး။ ဒီတော့မှပြောရင်း ပွင့်ကျသွားတယ် လူယောင်ဆောင်ထားတဲ့ ဘုန်းကြီးအစစ်ကြီးမှန်း။ (ထက်ရာဇာပြောတဲ့ဇာတ်လမ်းလို) လူချင်းမမြင်ဖူးပဲ တယ်လီဖုန်းနဲ့ရည်းစားဖြစ်၊ ကြားတယောက်ကထောင်လို့ ကောင်မလေးက သူ့လူ ဘုန်းကြီးဆိုတာသိတော့ ဖုန်းနဲ့ပဲ မေးတယ်...”ကိုကို သမီး အသိတယောက်ကပြောတယ် ကိုကိုက လူမဟုတ်ဘူးတဲ့၊ ဘုန်းကြီးဆို ဟုတ်လား”တဲ့။ ဒီတော့ ကိုကိုလည်း ဆတ်ကနဲဖြစ်သွားပြီး ” ဘုန်းကြီး မဟုတ်ရပါဘူး ဒကာမလေးရယ်”ဆို ပြန်ဖြေတာမျိုး ကျနော်ဖြစ်တဲ့အဖြစ်က။ (အလိမ်ဖော်ခံရတဲ့ဘုန်းကြီးဆိုးကိစ္စ)

နာခြင်းမနာခြင်း(၁) မျိုးမြင့်ချို

0 comments
ချုပ်ပြီးပြောရရင်နာကျင်ခြင်းဆိုတာ အကြားအစပ် မရှိ အစူအစဉ်မပြတ်ဖြစ်နေတဲ့အရာလည်း မဟုတ်၊ တစ်ခုချုပ်ပြီးမှတစ်ခုဖြစ်၊ တစ်ခုပြတ်ပြီး မှ နောက်တစ်ခုပေါ်တဲ့အရာလည်း မဟုတ်၊ အနာရှိနေ/ဖြစ်နေတဲ့နေရာကနာတာလား၊ ဘယ်ကနာတာလားလည်း တပ်အပ်မပြောနိင်ဘူး။ တကိုယ်လုံးဒဏ်ရာဗလဝနဲ့ နာလွန်းမက နာတဲ့ဒဏ်မခံနိုင်လို့၊ နာတယ်ဆိုတာဘာပါလိမ့် သိချင်စိတ်ဖြစ်လာလို့ ကိုယ်တိုင်လုပ်ကြည့်ရင်း အသိတခု၊ အတွေ့အကြုံတခု၊ စိတ်အခြေအနေတခု ကိုယ်တိုင်သိရကြုံရတယ်။ ခုတော့ စာနဲ့ပေနဲ့ပြန်ပြောမယ်တွေးတယ်။ ပြောချင်တာ ၁၉၈၄ ခုနှစ်ကတည်းကပါ။ ဘာသာရေးတွေ၊ သမထတွေ၊ ဈန်တွေ၊ ဉာဏ်စဉ်တွေ၊ ဝိပဿနာတွေ၊ နိရ်ဗ္ဗာနတွေ၊ တရားထိုင်တရားမှတ်တွေနဲ့ ဘာသာရေးသမားတွေခေါင်းစဉ်အမျိုးမျိုးနဲ့လာရှုပ်မစိုးလို့ ပြောဖို့မပြောဖို့ ချိန်ဆရင်း ခုလောက်ကြာနေတာပါ။ စာနဲ့သာ မပြောဖြစ်ပေမယ့် နှုတ်နဲ့ကတော့ လူနဲ့ဘုန်းကြီးတချို့ကို အပြင်မှာရောထောင်ထဲမှာပါ ပြောပြဖူးပါတယ်။ ပြုံးစိစိအကြည့်၊ လှောင်တောင်တောင်အပြော၊ မထိတထိ ကလိ၊ သရော်တော်တော်အမဲ့ စတာတွေလည်းရခဲ့ဖူးသလို တလေးတနက်နားထောင်၊ ပြန်လှန်မေးမြန်း၊ အတွေ့အသိ ဖလှယ်သူတွေလည်းရှိပါတယ်။ မှတ်မိသူတွေ မှတ်မိကြမှာပါ။

နားလည်သလိုပြန်ပြောရရင် နာတယ်ဆိုတာ တောက်လျှောက်ဖြစ်မနေဘူး။ နာတယ်၊ ပြီးတော့ နောက်တစ်ကြိမ်နာတယ်။ အဲ့ဒီ နာချိန် နှစ်ကြိမ်ကြားမှာ မနာချိန် တချိန်ရှိတယ်။ အဲ့ဒါ လုံးဝသေချာတယ်။ ဒါပေမယ့် နာချိန်တစ်ကြိမ် ဘယ်လောက်ကြာလည်းမသိ။ နာချိန် တစ်ကြိမ်နဲ့တစ်ကြိမ်အကြားရှိတဲ့မနာချိန် ဘယ်လောက်ကြာသလဲလည်း မသိ။ ပြောရရင် နာချိန်ဘယ်လောက်ကြာရော မနာချိန် ဘယ်လောက်ကြာရောမပြောတတ်။ နာချိန်နဲ့မနာချိန်ဘယ်လောက်ကြာမှတခါဖြစ်လည်း မပြောတတ်။ တစ်စက္ကန့်ရဲ့ ဘယ်နှပုံ ပုံ တစ်ပုံစာ ကြာသလဲလည်းမသိ။ ခေါင်းခတ်ပြင်းပြင်းကိုက်တဲ့အခါ နားထင်မှာသွေးတိုးသလို တဒိတ်ဒိတ်ဖြစ်နေတာမျိုးလည်းမဟုတ်။ နားထင်သွေးတိုးက အချိန်တိုင်းထွာကြည့်လို့ရနိုင်သလို ဒိတ်ဒိတ်-ဒိတ်ဒိတ်တစ်ခုနဲ့တခုကြား ဘယ်လောက်ကြာကိုလည်းပြောလို့ရတယ်။ အဲ့ဒီ ဒိတ်ဒိတ်တွေကြားက မဒိတ်တဲ့အချိန်ဟာ မနာချိန်ဟုတ်မဟုတ်တော့မပြောတတ်။ ခု ကိုယ်တိုင်သိလိုက်တဲ့ မနာ-အနာကြာချိန်နဲ့ စာရင် အဲ့ဒီ နားထင်သွေးတိုးတဒိတ်ဒိတ်ဟာ အလွန့်ကိုကြာတဲ့အချိန်အလျားကြီးလိုပဲ။ မပြီးတော့သလိုကြီးပဲ။ ခု ကျနော်ပြောတဲ့ကြာချိန်က တိုင်းထွာလို့ မရတဲ့အနေအထား။ အချိန်နဲ့လွတ်နေတာလား မလွတ်တာလားလည်းမပြောတတ်။ သေချာတာက နာကျင်ခြင်းမှာနာချိန်၊ မနာချိန်နဲ့ပြန်နာချိန်ရှိတယ်။ အဲ့ဒီအတိုင်း တကြော့ပြီးတကြော့ ပြန်ပြန်ကြော့နေတယ်။ တစ် နှစ် သုံး သဘောနဲ့ပြောရရင် ပထမ တစ်က နာချိန်ထား။ ဒုတိယနှစ်က မနာချိန်ထား။ တတိယသုံးက နာချိန်လို့ထားပြီးသိလို့ရတယ်။ တစ် နှစ် သုံး၊ တစ် နှစ် သုံး နဲ့ ဖြစ်နေတယ်။ အဲ့ဒီ တစ်နှစ်သုံး တစ်ခုလုံးကိုရော၊ တစ်ခုခြင်းစီကိုရော ဘယ်လောက်ကြာဆိုတာရေတွက်ဖို့မပြောနဲ့ ခန့်မှန်းယူလို့တောင် မရနိုင်ဘူး။ တစ်စက္ကန့်ရဲ့ အပုံတစ်သန်းပုံတစ်ပုံလည်း ဖြစ်ရင်ဖြစ်မယ်။ မသေချာဘူး။ ဒါပေမယ့် သူ့အချိန်နဲ့သူရှိတယ်။ နာခြင်းမနာခြင်း ကြာချိန်အလျား အတူတူပဲ။ အလျားအတိအကျကို ရှိကိုရှိတယ်။ ဘယ်လောက်ကြာသလဲပဲ ပြောလို့မရတာ။ အဲ့ဒီလို နာကျင်ခြင်းသဘောကို ကိုယ်တိုင်ကိုယ်ကျသိလာဖို့ တစ်ပတ်လောက် စိတ်ကို စိုက်စိုက်မတ်မတ်တည်ယူ တည့်ယူခဲ့ရတာပါ။ ကုန်ကုန်ပြောရရင် အိပ်ပျော်နေတဲ့အချိန်ကလွဲလို့ အီးပါသေးပေါက်ချိန်တောင် အလွတ်မခံပဲစူးစိုက်နေခဲ့တာပါ။ ဓာတုဆေးဝါးတွေအရှိန်နဲ့ မိန်းမိန်းမူးမူးဖြစ်နေချိန်တောင် အလွတ်မပေးခဲ့ပါ။ အပမ်းကြီးသလားဆိုတော့ ပြောရလောက်အောင်မကြီးပါဘူး။ တခါတလေ ဝန်းကျင်က ကိုယ်လိုပဲဒဏ်ရာဗလပွတွေ နာကျင်အော်ဟစ်ငြီးတွားသံတွေကြောင့်ဖြစ်ရတဲ့ အနှောင့်အယှက်တော့ရှိပါတယ်။ ဒါလည်း သိတ်မကြာဘူး ကျော်လွှားသွားနိုင်ပါတယ်။

ဒီလိုနဲ့ နာ မနာ နာ ဆိုတာကို သိမှတ်မိသွားတယ်။ နာတယ်ဆိုတဲ့သဘောသွားကို သိမိလိုက်တယ်။ ဒီတင် လူက မရပ်ချင်ဘူး။ နာနေပါရက်နဲ့ မနာအောင်လုပ်လို့ရ/မရကို သိချင်လာပြန်တယ်။ ဘာလို့လဲဆိုတော့ မော်ဖင်း/ပက်သဒိန်းတွေအပြင်အနာအကျင်အကိုက်အခဲသက်သာမယ့်ဆေးတွေ မပြတ်ပေးနေတဲ့ကြားက ဆေးရှိန်ပျယ်ရင်ပျယ်သလောက် ကျရင်ကျသလောက် အနာက ပြန်ပြန်နာတာကိုး။ သတိမေ့သွားအောင်နာတာဆိုလည်းပြဿနာမရှိ။ သူ့ဘာသာ မေ့နေသရွေ့ အနာပျောက်နေမှာပဲ။ ပြန်သတိရ ပြန်နာပေါ့။ ခုက သတိမေ့လိုက်ချင်တာလည်း မဟုတ်၊ ဆေးတန်ခိုးနဲ့ အနာသက်သာချင်တာလည်းမဟုတ်၊ နာနေမှန်းသိသိနဲ့ မနာအောင်နေလို့ ရ/မရ သိချင်တာ။ ဒီတင် စိတ်မှာ အတွေးတချက်လက်ကနဲဖြစ်တယ်။ အတွေးက “နာချိန်နှစ်ကြိမ်ကြားက မနာချိန်ကို တနည်းနည်းနဲ့ ချဲယူလို့ရင်၊ ချဲ့ယူလို့ရရင်၊ ဆွဲ့ဆန့်လို့ရရင်ရသလောက် နာချိန်တွေ ဘေးမှာကပ်ကပ်ပြီးကျုံ့သွားနိုင်တယ်၊ မနာချိန်တွေကတော့ နာချိန်နှစ်ကြိမ်ကြားမှာ ဆန့်ထွက်ပြန့်ထွက်လာမယ်၊ တဖြည်းဖြည်းချင်း ဆန့်ဆန့်ထုပ် ချဲ့ချဲ့ယူရင်း နာချိန်တွေလျော့လျော့သွားပြီး မနာချိန်တွေတိုးတိုးလာ၊ နောက်ဆုံး နာချိန်တွေကုန်စင်သွား တဲ့အခါ မနာချိန်ချည်းကျန်မယ်၊ ဒါဆို နာကျင်ခြင်းဝေဒနာကနေလွတ်မြောက်မယ်”ဆိုတာပဲ။ ဒီလို ရရင်ရနိုင်တယ်ဆိုတဲ့အတွေးကလွဲလို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းနာတော့လုံးလုံးမသိပါ။ အဲ့ဒီအတွေးဟာ သိပ္ပံနည်းကျ/မကျတွေဘာတွေလည်း မစဉ်းစားဖြစ်ပါ။ စိတ်မှာဖြစ်တဲ့အတိုင်း လုပ်စမ်းကြည့်ချင်စိတ်ပေါက် လာတယ်။ စိတ်ထဲလက်နေတဲ့အတွေးအတိုင်းလုပ်မယ် ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ လုပ်တယ်။

အရင်ဆုံး နာချိန်နှစ်ကြိမ်ကို သေချာသိအောင်လုပ်တယ်။ အကြိမ်ကြိမ်ပဲ။ နာချိန်တွေပိုပိုထင်ရှားလာအောင် လုပ်တယ်။ အကြိမ်ကြိမ်ပဲ။ သန်း ထောင်နဲ့ချီမလား မပြောတတ်၊ တွေးလည်းမတွေး၊ စဉ်းလည်းမစဉ်းစား။ ထပ်ပြန်တလဲလဲသာ နာချိန်တွေအပေါ် စူးနစ်သထက်စူးနစ်လာအောင်လုပ်တယ်။ နာချိန်တွေ ထင်းသထက် ထင်းထင်းလာတယ်။ ရှင်းသထက်ရှင်းလာတယ်။ ပိုနာတာ လျော့နာတာတော့ ဘာမှမရှိ။ နာချိန်သိမှုမှာပြက်ပြက်ထင်ထင်ရှိပြီလို့ ကိုယ့်ကိုယ်ကိုစိတ်ချချိန်ကျမှ လုပ်တာကိုရပ်လိုက်တယ်။ ပြီးတော့ အဲ့ဒီနည်းအတိုင်းပဲ မနာချိန်ကိုလည်းသိအောင်လုပ်ပြန်တယ်။ နာချိန်သိအောင်လုပ်ရတာထက် ခုဟာက ပိုခက် ပိုဖမ်းရဆုပ်ရမလွယ် ပိုအပမ်းကြီးတယ်။ ဘယ်လောက်အပမ်းကြီးသလဲဆို နေပေ့စေတော့ဆိုတဲ့ အားလျှော့စိတ်အကြိမ်ပေါင်းများစွာစိတ်မှာဖြစ်တယ်။ စိတ်ဓါတ်လည်းကျတယ်။ သတ်သေချင်တာလိုလို အားငယ်တာလိုလို ဒေါသဖြစ်တာလိုလို ဘာမှမရှိတော့တဲ့ အခွံချည်းသက်သက်အကောင်တစ်ကောင်ကောင်လိုလိုတွေလည်း ဖြစ်နေတယ်။ အော်ဟစ်ပစ်ချင်တယ်။ တချိန်လုံး တလျှောက်လုံးပဲ။ ငိုလည်း အကြိမ်ကြိမ်ငိုမိတယ်တယ်။ နောင်တ ရသလိုလည်း ခနခနဖြစ်တယ်။ မနာချိန် တစ်ခုတည်းအပေါ် သိမှုကို "တည်"ထားလို့မရဘူး။ လွတ်လွတ်ထွက်သွားတယ်။ နာချိန်နဲ့မနာချိန်တွေက သူ့အကြော့အတိုင်းပဲ လှည့်လှည့်ဝင်နေတယ်။ မနာချိန်ချည်းသက်သက် စစ်ယူလို့မရနိုင်ဘူးလို့သိမှု စိတ်မှာဖြစ်လာသလိုပဲ။

ဆက်လုပ်ရရင်ကောင်းမလား၊ ရပ်ပစ်လိုက်တာကောင်းမလားဝေခွဲရခက်ပြီး ခေါင်းကြီးတခုလုံး ပူလောင် လာတယ်။ မီးတောက်မီးလျှံကြီးတွေ ခေါင်းထဲကရော တကိုယ်လုံးကနေပါ ဝုန်းဝုန်း-ဝုန်းဝုန်းနဲ့ ထွက်နေသလိုပဲ။ လောင်နေသလိုပဲ။ ရေလည်းဆာ၊ ခံတွင်းလည်းခြောက်၊ မျက့်စေ့တွေပါအောင့် တက်လာတယ်။ အထူးသဖြင့် အဲ့ဒီအချိန်က ၃ ကြိမ်မြောက်ခွဲပြီး မိုင်းစတွေထုတ်ထားတဲ့ဘယ်ဘက်မျက်စေ့က အဆိုးဆုံးပဲ။ မခံမရပ်နိုင်အောင်ကိုပဲ။

နောက်ဆုံး ဘာမှမတွေးမိတော့ပဲ ရှိုက်ကြီးတငင်ငိုချလိုက်တယ်။ ငိုတာမှ တစ်ကိုယ်လုံး ပျောက်ထွက်သွား သလိုကို ငိုပစ်လိုက်တာ။ နာလို့ငိုတာမဟုတ်မှန်း ကိုယ့်ဘာသာကိုယ်သိနေတယ်။ ကုတင်ဘေးမှာ လူနာထိုင်စောင့်နေတဲ့အမေနဲ့ ဧည့်တွေ့လာတွေ့တဲ့အမဝမ်းကွဲလည်း မျက်စေ့မျက်နှာ အပျက်ပျက်နဲ့ ကျောဖိရင်ဖိခြေကိုင်လက်လှုပ် အားပေးစကားတွေပြောတယ်။ သူတို့ထင်နေကြတာက နာလွန်းလို့၊ နာတဲ့ဒဏ်မခံနိုင်လွန်းလို့ငိုတာလို့ ထင်နေတယ်။ တကယ်က မဟုတ်ဘူး။ ဘာလို့ ငိုတာလဲလည်း သူတို့ကိုမပြောပြချင်ဘူး။ ပြောပြလည်း သူတို့ နားလည်မှာမဟုတ်ဘူး။ နားမလည်ပဲ လည်ချင်ယောင်ဆောင်ပြီး အားပေးစကားပြောရင် စိတ်ပိုတို ဒေါသပိုထွက်များဖြစ်မလားလည်း ကိုယ့်ဘာသာစိုးရိမ်နေတယ်။

အားကုန်သလို ခြေကုန်လက်ပမ်းကျသလိုဖြစ်ပြီး ဖြတ်ထားတဲ့ခြေတွေလက်တွေ တဆတ်ဆတ်တုန်လာတယ်။ မောလည်းမောလာတယ်။ အသက်ရှူလို့မရသလိုဖြစ်လာတယ်။ အဲ့ဒီကနေ လူတကိုယ်လုံးလေထဲလွင့်ထွက်မြောက်တက်သွားပြီး အောက်ကို အမှီအတွယ်မဲ့ ခြေလွတ်လက်လွတ်ကြီးပြုတ်ကျသွားတယ်။ (ဆက်ပါမယ်)