Thursday, April 3, 2014

အနုပညာအရ progressive ဖြစ်တယ်ဆိုတာဘာလဲ (လင်းထင်)

0 comments
အနုပညာအရ progressive ဖြစ်တယ်ဆိုတာ ဘာလဲ(လင်းထင်)
အနုပညာအရ progressive ဖြစ်တယ်၊ တိုးတက်သောအယူရှိတယ်ဆိုတာ ဘာလဲကိစ္စဟာ တခါတခါမှာ အတော်ပြဿနာ ရှိတယ်။ ကဗျာအကြောင်းနဲ့ယှဉ်ပြောရအောင်။
''ပန်းနီနီ မပန်လေနဲ့၊ အမယ်မှာ နတ်ပန်းပွင့်တဲ့၊ အတင့်ငယ်မှ ရဲချင်၊ ပျော်လိုအားဖြင့် ခေါင်းဖျားတင်၊ အရင်လူနဲ့လွဲတတ်တယ်'' ဆိုတဲ့ အိုင်ချင်းလေးဟာ တစ်ပုဒ်လုံး ရပ်ထဲရွာထဲက အယူသည်းမှုအပါအဝင် ပါးစပ်စကားတွေကို ရေးထားတာပဲ။ ဒါပေမယ့် ကျနော်အစွဲလမ်းဆုံး အကြိုက်ဆုံးပဲ။

ဒီကဗျာလေးကိုဖတ်ရရင် ဘာကို အဓိက လှုံ့ဆော်သမှုပြုသလဲဆို ကိုယ့်ဇာတိ၊ ကိုယ်လာရာ ယဉ်ကျေးမှုနောက်ခံ၊ ကိုယ့်ဘာသာစကားအပေါ်အဖိုးထားတတ်မှု မြတ်နိုးတွယ်တာမှုအပေါ်။ အယူသည်းမှုကိုဖြန့်ချိသမို့ ဒီကဗျာဟာ နောက်ပြန်ဆွဲကဗျာလို့ ချည်းကပ်သူ လက်ဝဲလက်ယာ မဟာပညာကျော် ကျနော်တော့ မတွေ့ဖူးသေးဘူး။

Political Poetry မဟုတ်လို့ တိုးတက်အသွင်မဆောင်ဖူးဆိုတဲ့ argument မျိုး ပေးသူရှိရင်လည်း ကျနော့်အမြင်မှာတော့ ပန်းနီနီ မပန်ခိုင်းတာဟာ အခုခေတ် အွန်လိုင်းပရိသတ်နှလုံးခွေ့တဲ့ political poem တွေလည်းဖြစ်တဲ့ အောင်ဆန်းစုကြည်သေတမ်းစာတို့၊ ဟဲ့.. ခင်ကြည် ညည်းယောက်ျား ဘာဖြစ်တယ် ညာဖြစ်တယ်ကဗျာတွေလောက် reactionary မဖြစ်ဘူးလို့ပဲ ပြောရမယ်။

ဒီတော့ ကျနော် အဆို ၂-ခု ပြုမယ်။ နံပါတ်တစ် အဆိုကတော့ political poem တိုင်း progressive မဖြစ်ဘူး။ အုပ်စိုးသူလူတန်းစားကိုဘုန်းတော်ဖွဲ့တဲ့အနုပညာမျိုးဟာ နောက်ဆုံး စစ်အုပ်စုအဆက်ဆက်အောက်မှာ အကျိုးပြုကဗျာ/သီချင်း၊ နိုင်ငံတော်(ရုပ်ရှင်)ကား အမည်အောက်မှာ ဖောက်ပြန်တဲ့အတွေးအခေါ်တွေဖြန့်ချိလိုရင်းနဲ့ဖန်တီးကြတာ မြင်သာထင်သာပဲ။ မမြင်သာ မထင်သာတာကတော့ မြင်းမူမောင်နိုင်မိုးမှ မဟုတ်ဘူး.... ဥပမာ အောင်ဆန်းစုကြည်သေတမ်းစာကဗျာမျိုးဟာလည်း စိတ်ကူးယဉ်မှုအတိနဲ့ 
အနုပညာကိုသင်းသတ်တာပဲမို့ ကျနော်ကတော့ ဒီမို-မောင်နိုင်မိုး ကဗျာမျိုးအဖြစ်စာရင်းသွင်းတယ်။

ကျနော့် ဒုတိယအဆိုကတော့ ပုံသဏ္ဍာန်ပိုင်းဆိုင်ရာလွတ်လပ်ရုံနဲ့ အနုပညာပစ္စည်းဟာ မလွတ်လပ်ဘူး။ မြင်းမူမောင်နိုင်မိုးရဲ့လေးလုံးစပ်ကဗျာမှ မဟုတ်ဘူး၊ ကာရံမဲ့ကဗျာ စကားပြေကဗျာ ကြိုက်တဲ့ပုံစံနဲ့ရေး၊ ဘုန်းတော်ဖွဲ့ရင် နောက်ပြန်ဆွဲတယ်... ဖောက်ပြန်တယ်။ မလွတ်လပ်တဲ့ အနုပညာဖြစ်တယ်။

ဗမာပြည်မှာ ခက်ကြပုံက မဆလခေတ် ဒန်လက်ဦးတချို့ ဗမာဘော်ရှီဗစ်ယောင်ဆောင်တဲ့ မဆလစစ်အစိုးရကို တိုက်ရိုက်မဆဲရဲတော့ ကွန်မြူနစ်တင်မက ဒညင်းသီးနဲ့ ကြွက်စုတ်ပါ ဓါးစာခံဖြစ်ရတာပဲ။ ဖန်ဆင်းရှင်အယူ ကားလ်ချားနောက်ခံကလာတာမဟုတ်ပဲ ဗမာမော်ဒန် ကဗျာနဲ့ဝတ္ထုတိုတွေမှာ ဘုရားသခင်စကားလုံးလှိုင်လှိုင်သုံးတာလည်းပဲ အနောက်ရဲ့ ဂေါ့ဒ်အပေါ်စမ်းစစ်ပုန်ကန်မှု ကျောင်းတော်လွှမ်းအတွေးမှရုန်းဖောက်ထွက်ခြင်းအနှစ်သာရနဲ့ ထပ်တူမကျ၊ မဆလဗဟိုဦးစီးအပေါ် ရသေ့စိတ်ဖြေတို့ထိကြတာပဲ။ နားဝေတိမ်တောင်ခေတ်ရဲ့ နိုင်ငံရေးတစ်ကိုယ်ရည်အာသာဖြေမှုတွေလို့ ကျနော်သတ်မှတ်တယ်။

နောက် ဆိုရှယ်လစ်သရုပ်မှန်ကိုမှ လက်ဝဲအနုပညာလို့ယုံမှတ်မှားအောင် မဆလ ဗမာပြည်ဟာ နားဝေတိမ်တောင်။ မော်ဒန်အနုပညာဖွံ့ဖြိုးလှုပ်ရှားမှုတိုင်းဟာ လက်ဝဲနိုင်ငံရေးအမြင်တို့နဲ့ တဆက်တစပ်တည်း၊ တသားတည်း။

ဥပမာ ဒါဒါကိုကြည့်ရအောင်။ ဒါဒါဟာ အဓိပ္ပာယ်မဲ့သညာ။ ဘာကို အဓိပ္ပာယ်မဲ့စေသလဲဆို ဘူဇွာအရင်းရှင်စံနစ်ရဲ့ ဆင်ခြင်ခြင်းနဲ့တက္ကဗေဒကိုပဲ။ ဘူဇွာအရင်းရှင်စံနစ်ရဲ့ ဆင်ခြင်ခြင်းနဲ့တက္ကဗေဒ က ဖန်တီးတဲ့အမျိုးသားရေးဝါဒနဲ့ ကိုလိုနီနယ်ချဲ့ခြင်းအပြုအမူတွေဟာ နိုင်ငံတကာစစ်ပွဲတွေကိုဖန်တီးပြီး၊ အခြေခံအကျဆုံး လူသားဂုဏ်သိက္ခာနဲ့လွတ်လပ်မှုဟာ နေရာမဲ့တော့တာပဲ။

ပထမကမ္ဘာစစ်အပြီး လူးလွန့်နိုးကြားတဲ့ ဒါဒါလှုပ်ရှားမှုဟာ ရာဒီကယ် လက်ဝဲအယူအမြင်တို့နဲ့ တသားတည်း၊ စစ် ဘူဇွာလူတန်းစား အရင်းရှင်စံနစ်အမျိုးသားရေးဝါဒ နယ်ချဲ့ဝါဒတို့အပေါ် ဆန့်ကျင်ခြင်းတို့နဲ့ တိုးတက်အသွင်တဟုန်ထိုးဆောင်တယ်။

ဒါဒါဟာ အရေးကြီးတယ်၊ ဒြပ်မဲ့ပန်းချီ အသံဗေဒကဗျာတို့ရဲ့ပန္နက်၊ ပါဖောင်မဲန့်စ် တင်ဆက်မှုအနုပညာရဲ့ စမှတ်၊ ပို့စ်မော်ဒန် အခြေအနေကြီးရဲ့ခေဆင်း၊ ပေါ့ပ်ကားလ်ချားရော အဲန်တီ-အာ့ထ်ရော ဝင်ရိုးစွန်းနှစ်ဖက်စလုံးဟာ ဒါဒါရဲ့အလွှမ်းမိုးခံ။ ဒါဒါကနေ ဆာရီရယ်ဆီ ဆက်လက်စီးဆင်းကြတယ်၊ ဒါမှမဟုတ် ဆာရီရယ်ဟာ ဒါဒါလှုပ်ရှားမှုတွေ ထဲကနေ ပုံပေါ် ထွန်ကားလာခဲ့တယ်။ လင်းထင်
https://www.facebook.com/linayehtin


ကာချုပ်ကန်တော့ပွဲ ဘာအဓိပ္ပါယ်ရှိသလဲ(တူမောင်ညို)

0 comments
ကာချုပ်ကန်တော့ပွဲ ဘာအဓိပ္ပါယ်ရှိသလဲ (တူမောင်ညို)(၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)
မတ် ၂၇ ရက်နေ့မှာ ကာချုပ် ဗိုလ်မင်းအောင်လှိုင်က အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေကို ကန်တော့ပွဲ လုပ်ခဲ့တယ်။ ဗိုလ်သန်းရွှေကို အရင်ကန်တော့ပြီးမှ ဒီပွဲဆက်လုပ်ကြတာဖြစ်လိမ့်မယ်။ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ဟာ ဗိုလ်သန်းရွှေခန့်တဲ့ ကာချုပ်ဖြစ်ပါတယ်။
ဒီပွဲက ကန့်လန့်ကာနောက်ကွယ်မှ ဗိုလ်သန်းရွှေရဲ့ဝှက်ထားတဲ့လက်ကို ဖော်ပြနေတာဖြစ်ပြီး၊ ဒီလိုပွဲမျိုးကို ဗိုလ်သန်းရွှေခွင့်မပြုဘဲ၊ သူတို့ မလုပ်ဝံ့ဘူး။ ဒီကန်တော့ပွဲက “ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေစစ်အုပ်စု”ကို သိဒ္ဓိတင်တဲ့ပွဲလည်း ဖြစ်တယ်၊ ဒါ့အပြင် ယနေ့စစ်အုပ်စုသစ်ရဲ့ ရပ်တည်ချက်နဲ့သဘောထားကို
ဖော်ပြနေတယ်။
အကန်တော့ခံသူဗိုလ်ဟောင်းအများစုဟာ (နဝတ) ဖျက်သိမ်းပြီး (၁၉၉၇ နိုဝင်ဘာ ၁၅ ရက်နေ့)မှာ အသစ်ပြန်ဖွဲ့တဲ့ (နအဖ)အဖွဲ့ဝင် ထိပ်သီးတွေဖြစ်နေတာတွေ့ရတယ်။
ဒါကြောင့် ဒီပွဲရဲ့အနှစ်သာရနဲ့အဓိပ္ပါယ်က ယခု အမတ်ချုပ်လုပ်နေတဲ့ဗိုလ်ရွှေမန်း၊ သမ္မတလုပ်နေတဲ့ ဗိုလ်သိန်းစိန်၊ ဒုတိယသမ္မတအဖြစ်မှ အနားယူသွားတဲ့ဗိုလ်တင်အောင်မြင့်ဦးတို့ကို ဗိုလ်မင်းအောင်လှိုင် ကွပ်ကဲတဲ့ တာဝန်ထမ်းဆောင်ဆဲစစ်ဗိုလ်ထိပ်သီးများက သစ္စာခံကြတဲ့ပွဲသာဖြစ်တယ်။ (ကန်တော့ခံတဲ့အထဲ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့ ဗြောင်မပါဝင်သော်လည်း)ဗိုလ်နေဝင်း (မဆလ)ခေတ် စစ်ဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်သူရစောဖြူကို သီးခြားထည့်ထားတာကတော့ သွေးနဲ့မီးခိုးမတိတ်နိုင်တဲ့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေကို လှည့်စား၊ ချနင်းဖို့ ဖြစ်မယ်လို့ယူဆပါတယ်။
 
၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့ (နဝတ)အဖွဲ့ထဲကဆိုလို့ ဗိုလ်မောင်မောင်ခင် (ကာချုပ်/ရေ)၊ ဗိုလ်အေးသောင်၊ ဗိုလ်မျိုးညွန့်၊ ဗိုလ်ထွန်းကြည်တို့ (၄) ဦးသာပါဝင်တယ်။ ဗိုလ်မျိုးညွန့်၊ ဗိုလ်ထွန်းကြည် တို့ ၂ ဦးကတော့ (နအဖ)အဖြစ် ပြန်လည်ဖွဲ့တဲ့အခါ “အကြံပေးအဖွဲ့”အဖြစ် အကျင့်ပျက် လာဘ်စားမှုတွေနဲ့ ဘေးပို့ခံရတဲ့ (နဝတ)အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း (၁၃)ဦးထဲကဖြစ်တယ်။ (အကြံပေးအဖွဲ့ကစုစုပေါင်း ၁၄ ဦးဖြစ်တယ်။ အဲဒီထဲမှာ ၁၄ ယောက်မြောက်က ဗိုလ်ချုပ်စိုးမြင့်ဖြစ်တယ်။ ကျန်တဲ့သူတွေက မူလ (နဝတ)အဖွဲ့ဝင်ဒုတိယ ဗိုလ်ချုပ်ကြီးတွေဖြစ်တယ်၊ ဗိုလ်ထွန်းကြည်က ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးအပေါ် အစာမကြေပါဘူး။ ထောက်လှမ်းရေးအပေါ်မကျေနပ်ချက်တွေကို ဗိုလ်ထွန်းကြည်က သူ့စာအုပ်( နှစ်၅၀ ကျော်ကိုယ်တွေ့များ-ပထမတွဲ)မှာ ဖွင့်ချထားပါတယ်။ (ဒုတိယတွဲ ကတော့ ဗိုလ်သန်းရွှေက တားမြစ်ထားလေသလားမသိ၊ ယခုထိထွက်မလာသေးပါ )
 
ဒီလို (နဝတ)ထဲက ဗိုလ်ချုပ်တချို့ပါတာကိုကြည့်ပြီး တာဝန်ထမ်းဆောင်ဆဲ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့က ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ အာဏာမာန်ယစ်ပြီး၊ အာဃာတနဲ့အကြမ်းဖက်ဖိနှိပ်ခဲ့တာတွေကို ပြည်ဖုံးကား ချလိုက်ပြီ၊ စစ်အုပ်စုတွင်း ဂိုဏ်းတိုက်ပွဲတွေကို သင်ပုန်းချေလိုက်ကြပြီ၊ စည်းလုံးညီညွတ်တဲ့စစ်တပ်သမိုင်း အစပြုတာဖြစ်တယ်လို့ အကဲမဖြတ်သင့်ပါဘူး။ မယူဆသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံချိတ်ရတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့တောက်ပြောင်တဲ့သမိုင်းကို ဖျောက်ဖျက်ဖို့ကြိုးစားပေမယ့် မရခဲ့ဘူး။ ဒါ့အပြင် ဒီလို ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံချိတ်လိုက်ခြင်းအားဖြင့် စစ်တပ်ထဲက တပ်ဗိုလ်တပ်သားအများစုကို လှည့်စားဖို့နဲ့ စစ်တပ်တစ်ခုလုံးကို စစ်အုပ်စုက ဂုတ်ခွစီးပြီး တစ်လက်ကိုင်လုပ်ထားတဲ့အချက်ကိုဖုံးကွယ်ဖို့အတွက် ပိုပြီး အကျိုးရှိလို့ချိတ်ရတာပါ။ သူတို့ တကယ်တန်း ချိတ်ဆွဲထားလိုတဲ့ ဓါတ်ပုံ(၂)ပုံက ဗိုလ်နေဝင်းနဲ့ဗိုလ်သန်းရွှေ တို့ပုံပဲ ဖြစ်ပါတယ်။ သဘောမှန်၊ သဘောရိုး၊ သဘောဖြောင့် သူတို့မှာရှိတယ်ဆိုရင်ဖြင့် ကာချုပ်အားလုံးရဲ့ဓါတ်ပုံတွေကို ချိတ်ရမှာမဟုတ်လား။
 
ဗိုလ်စန်းယု၊ ဗိုလ်တင်ဦး၊ ဗိုလ်ကျော်ထင်၊ ဗိုလ်စောမောင် စတဲ့ကာချုပ်တွေဟာ ဗိုလ်နေဝင်း ထားရာနေစေရာသွားခဲ့ကြရပြီး၊ ဗိုလ်နေဝင်း စိတ်ကြိုက်ခန့်ထားတဲ့ ကာချုပ်တွေသာဖြစ်ပါတယ်။
ဒီချုပ်က နာယကကြီး ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ (ဗိုလ်ချုပ်စမစ်ဒွန်းမှ ဗိုလ်မင်းအောင်လှိုင်ထိ ကာချုပ် ၈ ဦး အနက်) စတုတ္တမြောက်ကာချုပ်ဖြစ်ပါတယ်။ သူ့ဓါတ်ပုံ ဘာကြောင့်မချိတ်သလဲ။ ဗိုလ်နေဝင်းကို အံတုလို့၊ ဒီချုပ်ပါတီထဲဝင်သွားလို့ဖြစ်ပါတယ်။ ဦးတင်ဦးဟာ ၁၉၇၄ မှ ၁၉၇၆ ထိ ကာချုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ ဒီလို ကာချုပ်ဟောင်းကြီးဦးတင်ဦးအား ဗိုလ်လှဆွေလို မလောက်လေး မလောက်စားက သရော်မော်ကားပြောဝံ့တာဟာ အထက်ကပြောခိုင်းသူရှိလို့ပါ။
 
ကာချုပ်(ဟောင်း)ဗိုလ်စောမောင်ဓါတ်ပုံကို သူတို့ မချိတ်ဝံ့တာက ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်နဲ့ သက်ဆိုင်ပါတယ်။ ဗိုလ်စောမောင် ဓါတ်ပုံချိတ်လိုက်တာနဲ့ “၁၉၉၀ပြည့်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ရလဒ်”ကို မဖြစ်မနေအသိအမှတ်ပြုရတော့မှာပါ။ သူတို့အနေနဲ့ “၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်”ကို ပယ်ဖျက်နိုင်ခဲ့သော်လည်း ဗိုလ်စောမောင်ဓါတ်ပုံကိုတော့ သူတို့မချိတ်ဝံ့ပါဘူး။ ဗိုလ်စောမောင်စကားက “စစ်တပ်က စစ်တန်းလျားပြန်မယ်”ဆိုတဲ့ စကားလေ။
 
(နဝတ-နအဖ) မိုက်ဖော်ဆိုးဘက် အကန့်တော့ခံစာရင်းထဲမှာ ဗိုလ်ခင်ညွန့်ကို မပါမဖြစ်ထည့်ရမှာပေါ့။ ဒါပေမယ့် ဗိုလ်ခင်ညွန့်ကို စစ်အုပ်စုက ငယ်စာရင်းမှ ဖယ်ထုတ်ထားပါတယ်။ “၈၈ ဒီမိုကရေစီ အရေးတော်ပုံ”ကာလနဲ့ နောက်ပိုင်း အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းအရေးအဖွဲ့အပေါ် တစ်ဖက်သတ်အပြစ်ပုံချနေပါတယ်။ တကယ်တော့ ဒီလိုအကြမ်းဖက် ဖိနှိပ်မှုမှန်သမျှကို ဗိုလ်နေဝင်း-ဗိုလ်စောမောင်-ဗိုလ်သန်းရွှေ-ဗိုလ်ခင်ညွန့်တို့ တစ်ကျိတ်ထဲတစ်ဉာဏ်ထဲ အကွက်ချပြီး လုပ်ခဲ့ကြတာပါ။ ဗိုလ်နေဝင်း - ဗိုလ်စောမောင် - ဗိုလ်သန်းရွှေတို့က တိုက်ရိုက်အမိန့်ပေးတာဖြစ်ပြီး ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးအဖွဲ့က လက်တွေ့ အကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။ ဗိုလ်လှဆွေ၏ အောက်ပါစကားကဝန်ခံနေပါတယ်။
“မြန်မာထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်သည် ယခင် တပ်မတော်အကြီးအကဲက ခိုင်းတာနည်းနည်း၊ သူအပို လုပ်မိတာ များများဖြစ်ခဲ့သည်ဟု ဝန်ခံပြောကြားလိုက်ကြောင်း”
ဗိုလ်လှဆွေသည် အထက်ပါစကားများကို အထက်က ခိုင်း၍ ပြောနေရေးနေခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲဟာ ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေ စစ်အုပ်စုအား ဗိုလ်ရွှေမန်း-ဗိုလ်သိန်းစိန်တို့ကဲ့သို့ (နအဖ)မူလအဖွဲ့ဝင်များ [ဒုဗိုလ်ချုပ်ကြီး ကျော်သန်း(ကာချုပ်-လေ)၊ ဒုဗိုလ်ချုပ်ကြီးညွန့်သိန်း(ကာချုပ်-ရေ)၊ ဒုဗိုလ်ချုပ်ကြီးကျော်ဝင်း(မပခတိုင်းမှူး)၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့်(လပခ တိုင်းမှူး)၊ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်း(ရကတတိုင်းမှူး)၊ ဒုဗိုလ်ချုပ်ကြီးတင်အေး(တပခတိုင်းမှူးတိုင်းမှူး)] ကို အမှူးထားပြီး ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကွပ်ကဲတဲ့ စစ်အုပ်စုသစ်က သစ္စာခံတဲ့ပွဲ၊ သြဇာခံတဲ့ပွဲသာဖြစ်ပါကြောင်း။
ညွန်း
- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် (၁/၈၈) ၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် (၁/၉၇)၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် (၃/၉၇)၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

Tuesday, April 1, 2014

စစ်တွေသမိုင်း ရာဇဝင်မရိုင်းစေနဲ့ (တူမောင်ညို)

0 comments
စစ်တွေသမိုင်း  ရာဇဝင်မရိုင်းစေနဲ့ (တူမောင်ညို)(၂ဝ၁၄ ခုနှစ်၊ ဧပြီ ၁ ရက်) သင်္ကန်းဝတ်ဝီရသူ ရခိုင်ပြည်နယ်တခွင်လှည့်လည် သွားလာပြီး မီဒီယာသင်တန်းတွေပေးပြီးတဲ့နောက် စစ်တွေမြို့၌ အကြမ်းဖက်မှုတွေ ပေါ်ပေါက် လာတာဖြစ်ပါတယ်။ အခြား “စွမ်းအားရှင်များ”ထက် သင်္ကန်းဝတ်ထားသဖြင့် သူက ပို၍စွမ်းပါသည်။ ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ မြို့နယ်က “ရိုဟင်ဂျာ” နာမည်မထည့်သွင်းရေး သာသနာအလံထောင်ပြီး ဆန္ဒပြနေတဲ့အချိန်မှာ ဒီ အကြမ်းဖက်ဖျက်ဆီး မှုတွေ ပေါ်ပေါက်လာတာပါ။  ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ သင်္ကန်းဝတ်ဝီရသူဟာ သွေးနဲ့မီး ဆာလောင်နေသူ ဖြစ်တယ်၊ ဖန်တီးနေသူဖြစ်တယ်။ အမုန်းနဲ့အမိုက်တရားကို ဖြန့်ချိနေသူဖြစ်တယ်။ သန်းကောင်စာရင်းမှာ“ရိုဟင်ဂျာ” နာမည် မထည့်သွင်းရေးအတွက် မီးလောင်ရာလေပင့်ပေးသူ၊ ဓါတ်ဆီလောင်းပေးနေသူလည်းဖြစ်တယ်။
             အကြောင်းပြချက်က “သာသနာ့အလံ” ကို မဖွယ်မရာလုပ်လို့တဲ့။ သာသနာ့အလံက သာသနာနဲ့သက်ဆိုင်တဲ့နေရာမှာလွှင့်ပေါ့၊ ထူပေါ့။ သာသာနာနဲ့ သာသနာဆိုင်ရာပစ္စည်းတွေကို ခုတုံးလုပ်အသုံးချနေတာကို ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရဆိုသူတွေက လက်ပိုက်ကြည့်နေတယ်။ တီးတိုးကြိတ်ပြီး မြှောက်ထိုးပင့်ကော် လုပ်နေတယ်။
သင်္ကန်းဝတ်ဝီရသူ ရခိုင်ပြည်နယ်ကိုရောက်နေတာ မတ် ၁၈/၁၉  ရက်ဖြစ်ပါတယ်။ စစ်တွေအကြမ်းဖက်ဖျက်ဆီးမှုတွေ ပေါ်ပေါက်တာ မတ် ၂၆/၂၇ ဖြစ်ပါတယ်။  ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ (INGOs)ပိုင်ဆိုင်တဲ့ အဆောက်အဦးနဲ့ပစ္စည်းတွေကို ဖျက်ဆီးတဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။   
ဒီလို အကြမ်းဖက်ဖျက်ဆီးနေတာတွေကို ရဲက သေနတ်နဲ့ပစ်ခတ်ပြီးတားဆီးတော့ ၁၃နှစ်အရွယ်မိန်းကလေးတစ်ဦး အသက် ဆုံးရှုံး ရတယ်။ အကြမ်းဖက်ဖျက်ဆီးသူတွေထဲမှာ “မျက်နှာစိမ်းတွေပါတယ်”လို့လည်း စစ်တွေမြို့ခံတွေကပြောကြတယ်။ နောက်ဆုံး စစ်တွေမြို့ဟာ ကာဖျူးထုတ်ရတဲ့ဘဝ ကျရောက်သွားရတယ်။ မတ်လ ၂၈ ရက်မှာ  (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကထုံးစံအတိုင်း နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်မောင်မောင်အုန်း ကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီး “စုံစမ်းရေးအဖွဲ့” ဖွဲ့ပါတယ်။  
မတ် ၂၉ ရက်နေ့မှာ “  ဝီရသူ-မြအေးပူးတွဲကြေညာချက်” ဆိုတာထွက်လာတယ်။ ဝီရသူနဲ့ ဒိုင်းမွန်းရွှေကြည်ဆိုသူတို့တွေ့ပြီး စာတတန်ပေတတန်တွေ ထွက်ပေါ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် အကြမ်းဖက်မှုတွေလျော့မသွားတဲ့အပြင် ဆက်တိုက်ဆိုသလိုဖြစ်လာနေတယ် မဟုတ်ပါလား။  
မတ် ၂၉ ရက် သမ္မတနဲ့နိုင်ငံရေးပါတီ ၆၃ ဖွဲ့တွေ့ဆုံပွဲ၌ သတင်းထောက်တစ်ဦးက သန်းကောင်စာရင်းမှာ  “ရိုဟင်ဂျာ” အမည် စာရင်းထည့်သွင်း/မသွင်းကိစ္စ သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်အားမေးမြန်းရာ “ရိုဟင်ဂျာလို့ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ ဒါဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ်၊ တခြားသက်မှတ်ထားတဲ့ကုဒ်နံပါတ်တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာလို့ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာမဟုတ်ဘူး” လို့ ဖြေသွားပါတယ်။
            “ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်းကောက်ယူမည်မဟုတ်” ဟု (လဝက)ဝန်ကြီး ဦးခင်ရီကလည်းပြောနေပါတယ်။
စစ်တွေမြို့အကြမ်းဖက်မှုဖြစ်ပွားရခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်က ရခိုင်ပြည်နယ် အစိုးရအပေါ်ပုံချနေပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က မူ “ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီပေးမှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂါလီတို့အကြား မျှတစွာအကူညီပေးမှုမရရှိသည့်အတွက် ကျေနပ်ရာမှ ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း”ပြောပါတယ်။
 လာမည့် ဧပြီလ ၇ ရက်၌ ဗိုလ်မောင်မောင်အုန်း “စုံစမ်းရေးအဖွဲ့”က အကြောင်းရင်းကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်ထံ မည်သို့ အကြောင်းပြအစီရင်ခံလိမ့်ဦးမည်မသိပါ။ “ရခိုင်ပြည်နယ်အုပ်ချုပ်ပိုင်းမှအဓိကတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်”ဟုဆိုထား သဖြင့် တရားခံအဖြစ် ဘယ်သူထိုးကျွေးခံရမလဲ။ ရှေ့က နောင်တော်ကော်မရှင်များဖြစ်သော လက်ပံတောင်း၊ ရခိုင်ပြည်နယ်၊ ဒူးချီးရားတန်း အစရှိသော ကော်မရှင်များကဲ့သို့ “မီးလောင်ဗုံးကို မီးခိုးဗုံးပါ”ဟု ပြောကြ/ရေးကြမည့်ကော်မရှင်များသာလျှင် ဖြစ်ပါလိမ့်မယ်။
မည်သို့ပင်ဖြစ်စေ သင်္ကန်းဝတ်ဝီရသူအား စနက်တံပြု၍ လူမျိုးရေး/ဘာသာရေးအကြမ်းဖက်မှုများကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရက လုပ်ကြံဖန်တီးနေပါတယ်။ ယင်းအချက်ကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ “ဝှိုက်ကဒ်”တွေ ဖောဖောသီသီထုတ်ပေးပြီး “၂ဝဝ၈ အခြေခံဥပဒေ”ကိုထောက်ခံမဲပေးခိုင်းခဲ့တာ၊ “၂ဝ၁ဝ ရွေးကောက်ပွဲ”မှာ ကြံ့ဖွံ့ပါတီကိုမဲပေးစေခဲ့တာ၊ “ဝှိုက်ကဒ်”ကိုင်သူတွေ မဲပေးခွင့်/ ပါတီထောင်ခွင့်ပေးခဲ့သူဟာ (နဝတ-နအဖ) စစ်အစိုးရနဲ့ ကြံ့ဖွံ့အစိုးရအုပ်စိုးသူတွေပဲဖြစ်ပါတယ်။  
ယခုအခါ “စစ်တွေဆန်လုပွဲ” ဆင်နွှဲခဲ့ဖူးသော တချိန်ကစစ်တွေသားများရဲ့တောက်ပြောင်ခမ်းနားသောသမိုင်းသည် အိုးမည်းအသုတ်ခံနေရပါတယ်။ တောက်ပြောင်ခဲ့သောစစ်တွေသမိုင်း ရာဇဝင်မရိုင်းစေရန်နှင့်သမိုင်းသစ်ဖန်တီးရန်  မျိုးဆက်သစ် စစ်တွေမြို့သား၊ ရခိုင်ပြည်နယ်သားများတွင် တာဝန်ရှိပါတယ်။
ညွန်း      မဇ္ဈိမ၊( ၁၉- ၃- ၂ဝ၁၄)၊  ကေဇူး - “ဦးဝီရသူ သံတွဲတွင် မီဒီယာသင်တန်း ယနေ့ပို့ချမည်”
-       (RFA)၊(၂၉-၃-၂ဝ၁၄) သတင်း
-       (၂၉-၃-၂ဝ၁၄) ကြေးမုံသတင်းစာ
-       (၂၉-၃-၂ဝ၁၄) ဦးဝီရသူ - ကိုမြအေး ပူးတွဲကြေညာချက်


ကျိုးနွံနာခံခြင်းမှ လွတ်မြောက်ရေး(တူမောင်ညို)

0 comments
ကျိုးနွံနာခံခြင်းမှလွတ်မြောက်ရေး(တူမောင်ညို) (၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်)ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်၏လွှတ်တော်တွင်းမိန့်ခွန်းသည် ကြာဇံဟင်းကို ကြွေဇွန်းဖြင့်ကြိုးစားပမ်းစား ခပ်ပြခြင်းမျိုးသာဖြစ်ပြီး၊ လစဉ်ပြောနေကြ မိန်းခွန်းဆိုသည်များကဲ့သို့ပင် အရည်မရအဖတ်မရ၊ ဘာမျှ မယ်မယ်ရရရှိလှသည်မဟုတ်ပါ။
၃ နှစ်တာကာလဆိုသည်မှာ ပြည်တွင်းပြည်ပသို့ လှည့်ဖျားမှိုင်းတိုက်ရသည့်ကာလမျှသာဖြစ် သည်။ ပြည်တွင်းမှာဆိုလျှင် လေပျော့ကလေးနှင့် ချွဲချွဲပျစ်ပျစ်စကားတွေ တစ်ဖက်ကပြောပြီး မြစ်ဆုံအရေးအခင်း၊ လက်ပံတောင်းအရေးအခင်း၊ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ဘာသာရေးလူမျိုးရေးကြမ်းဖက်မှုများစသဖြင့်  သွေးနှင့်မီးခိုးမတိတ်နိုင်သော လူမျိုးရေး/ဘာသာရေးအကြမ်းဖက်မှုများ၊ လယ်မြေ၊ ယာမြေအတင်းအဓမ္မသိမ်းပိုက်မှုများ၊ သမီးကလေးကျေးရွာဖျက်ဆီးမှုကဲ့သို့ ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ (ကျူးလွန်နေဆဲ) ၃ နှစ်တာ ကာလလည်းဖြစ်သည်။
            ပြည်ပနှင့်ပတ်သက်လာလျှင် (မဆလ)၊(နဝတ-နအဖ)အုပ်စိုးသူအဆက်ဆက်ဆွဲချခဲ့သော အဆင်းရဲဆုံးနိုင်ငံဆိုသည့် ကြွေးမြီနွံအိုင်ထဲမှလွတ်မြောက်ရပါမည့်အရေး ဒူးဖက်တောင်းပန်ရသည့် ၃ နှစ်တာကာလဖြစ်သည်။ ဂျပန်၊ ဂျာမနီ၊နော်ဝေနှင့် ပဲရစ်ကလပ်အဖွဲ့ဝင် မြီရှင်လက်ဟောင်း/လက်သစ်များနိုင်ငံများက  ကြွေးမြီအမေရိကန်ဒေါ်လာ ၆ဝဝ၉ သန်း လျော်ပေးသည်ကိုပင် ကြံ့ဖွံ့အစိုးရ၏ မဟာစွမ်းဆောင်မှုကြီးတစ်ခုအဖြစ် ကြံဖန်ဂုဏ်ယူရသည့်ဘဝမျှသာဖြစ်ပါသည်။
            ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်လာသည်ဟုဆိုသည့်ကာလကို ကြည့်ပြန်လျှင်လည်း အရုပ်ဆိုးအကျည်းတန်လှသော “၂ဝဝ၈ အခြေခံ ဥပဒေ”ကို ဒေါ်အောင်ဆန်းစုကြည်ဟူသော နိုဘယ်ဆုရှင်နှင့်ဒီမိုကရေစီ “နှစ်ဖက်လှဖဲကြိုးကလေးဖြင့်” ချည်နှောင်ထုတ်ပိုးလာနိုင်သည့် ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကာလဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။
 သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ပြည်တွင်း၌သူတို့ရင်ဆိုင်နေရသည့် (လက်ပံတောင်းကဲ့သို့) ပဋိပက္ခများဖြေရှင်းရာတွင်“ဒိုင်း” အဖြစ် အသုံးချခဲ့ပြီး၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်မြှူဆွယ်ရာတွင်မူ “လာဘ်ခေါ် ယမင်းရုပ်ကလေး”အဖြစ်အသုံးတော်ခံစေခဲ့ပါသည်။
 ထိုသို့အသုံးချရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကိုနောက်ခံထား၍ ဒေါ်အောင်ဆန်းစုကြည်နှင့်(ဗိုလ်)ဦးသိန်းစိန်တို့ယှဉ်တွဲရိုက်ခဲ့သော ဓါတ်ပုံသည် ပြည်တွင်းပြည်ပ လာဘ်ရွှင်လှသောအပြကောင်းလှသည့်ဓါတ်ပုံပင်ဖြစ်သည်။
            တိုးလာပါသည်ဆိုသော ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ အိမ်နီးချင်းအာစီယံနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်တို့နှင့် မနှိုင်းယှဉ် နိုင်လောက်အောင်ပင် ကွာခြားလွန်းလှသည်။
            ထားဝယ်၊ သီလဝါ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံ(SEZs)ဆိုသည်များမှာလည်း ဘာမျှဟုတ်ဟုတ်ငြားငြားရှိသေးသည် မဟုတ်၊ လက်တွေ့တွင်မူ သက်ဆိုင်ရာဒေသခံပြည်သူများအတွက် မြေယာလက်လွတ်ဆုံးရှုံးရမှုများ၊ လူမှုရေး၊ ကျန်းမာရေးထိခိုက်စေနိုင်သည့် အန္တရာယ်များနှင့်နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမည့် အနေအထားသာဖြစ်သည်။
            ပန်းပဲဖိုသာသာမျှရှိသည် စက်မှုဇုံ ၂၉ ခုဆိုသည်မှာလည်း အရင်းအနှီးနှင့်အတတ်ပညာ ချို့တဲ့လွန်းသည့်အပြင် လျှပ်စစ်ဓါတ်အား ပုံမှန်မရှိခြင်း၊ လျှပ်စစ်ဓါတ်အားခတိုးမြှင့်တို့ခြင်းကြောင့် အသက်ထွက်ရမည်ကိန်း ဆိုက်နေရသည်မဟုတ်ပါလား။
            သို့သော်လည်း ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန်က “စီးပွားရေးစနစ်အခြေခံတွေ ပြောင်းသွားပြီဖြစ်သလို နှစ်ပေါင်းများစွာပျောက်ဆုံး နေခဲ့တဲ့ ဈေးကွက်နဲ့ပုဂ္ဂလိကရဲ့အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီဖြစ်ပါတယ်” လို့ ဟစ်ကြွေးသွားပါသည်။
            စီးပွားရေးစနစ်အခြေခံတွေက ဘယ်လိုပြောင်းသွားတာလဲ။ ဘယ်သူ့လက်ထဲကနေ ဘယ်သူ့လက်ထဲကို ပြောင်းသွားတာလဲ။ တိုင်းပြည်ရဲ့အသက်သွေးကြော စီးပွားရေးလုပ်ငန်းကိုင်ငန်းမှန်သမျှ ဦးပိုင်လီမီတက်နဲ့စစ်ဗျူရိုကရက်များ၊ ခရိုနီးများလက်ဝယ်မှာရှိမြဲရှိနေဆဲပဲ မဟုတ်ပါလား။
              ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်နေသူတွေရဲ့ပမာဏမှာ ခန့်မှန်းချေ ၄ သန်းခန့်ရှိပြီး၊ ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် တရားဝင်/ တရားမဝင် မြန်မာအလုပ်သမား ၂ သန်း ပတ်ဝန်းကျင်ရှိနေပါသည်။ ဒီလိုလုပ်သားတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်မည့် ရေခံမြေခံတွေပေါ်ပေါက်စေမယ့် ဘယ်လိုအစီအမံတွေ ချမှတ်ထားပါသလဲ။
            ဘယ်အစိုးရလက်ထက်မှာမှ မရှိခဲ့ဖူးဘဲ။ ကြံ့ဖွံ့အစိုးရအတွက် သီးခြားဂုဏ်ယူစရာပြည်ပပို့ကုန်ကတော့ “အိမ်ဖော်”ဆိုသော ကုန်စည်ပဲဖြစ်ပါသည်။
            ဆင်းရဲမွဲတဲမှုတိုက်ဖျက်ရေး အဘယ်မျှခရီးရောက်နေပြီလဲ။ အသေးစားငွေချေးမှုဆိုသည်များကရော တကယ်တမ်းအလုပ်ဖြစ် ရဲ့လား။ ဝန်ထမ်းလစာတိုးပေးခြင်းကို မဲဆွယ်သည့်လုပ်ရပ်တစ်ခုအဖြစ် လုပ်ဆောင်နေပြီး၊ လစာတိုးပေးခြင်းသည် ကုန်ဈေးနှုန်းတိုးလာ ခြင်းကို အခြားတစ်ဖက်မှဖော်ပြသည့်လက္ခဏာတစ်ခုသာဖြစ်သည်။ လစာတိုးသည်နှင့်အညီ ကုန်စည်းနှုန်းကလည်းလိုက်ပါတိုးမြဲဖြစ်သည်ကို ပြည်သူများ၊ ဝန်ထမ်းများက အတွေ့အကြုံအရသိရှိနေပြီးလည်းဖြစ်သည်။ “မြို့နယ်တစ်နယ်၊ ထုတ်ကုန်တစ်ခု” ဆိုသည်မှာ ကြံ့ဖွံ့လွှတ်တော် အမတ်များအတွက် တိုင်းပြည်ပိုင်ငွေဖြင့် မဲဆွယ်ခြင်းမဟုတ်ပါလော။ “မြို့နယ်တစ်နယ် ထုတ်ကုန်တစ်ခု” ဆိုသည်မှာ ပြည်ပြေး ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်၏ (one tam boom one product) ဆိုသည်ကို ပုံတူကူးယူခြင်းသာဖြစ်သည်။
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍မူ လိပ်ပြာမလုံ၍လားမသိ အချက်အလက်ကိန်းဂဏန်းနှင့် ဘာမျှတိတိကျကျ ပြောသွားခြင်းမရှိခဲ့ချေ။   
            “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ပြင်ဆင်ရေးနှင့်ပတ်သက်၍မူ စီးပွားရေးကိစ္စများကဲ့သို့ ဝေ့လည်ကြောင်ပတ်မပြော ခပ်ရင့်ရင့်ပင် ပြောသည်။
            “စစ်တပ်အခန်းကဏ္ဍဟာ ရှိနေရဦးမှာဖြစ်ပါတယ်”၊ “နိုင်ငံရေးနည်းနဲ့ညှိနှိုင်းအဖြေရှာတဲ့စားပွဲဝိုင်းတွေမှာ စစ်တပ်က ဆက်လက် ပါဝင်နေဖို့ လိုအပ်နေဆဲဖြစ်တယ်” ဟုပြောသွားပါသည်။ ဆိုလိုသည်မှာ ၂ဝဝ၈ အခြေခံဥပဒေထဲက စစ်တပ်နဲ့ဆိုင်သည့်ပြဋ္ဌာန်းချက်များကို လုံးဝမထိနဲ့ဟု ပြောခြင်းဖြစ်သည်။ သို့သော်လည်း “ဥပဒေပြုစာရင်း”ဆိုသည်ကို ပြင်ဆင်ပြောင်းရွှေ့ရမယ် ဟု ပြောသွားသည်။
            ပြင်ဆင်တဲ့နေရာမှာလည်း “၂ဝဝ၈အခြေခံဥပဒေ” အခန်း(၁၂)မှာ ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် နိုင်ရေးအလေးထားလိုက်နာကြရမယ် ဟုပြောသွားသည်။
            တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းတွေရဖို့ ဖြည်းဖြည်းမှသာရမယ်လို့လည်း ပြောသွားပါသည်။ ဤသဘောထားများကို အခြား စကားလုံးများဖြင့် ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကလည်း မတ်လ ၂၇ ရက်နေ့က အတိုင်အဖောက်ညီစွာပြောသွားခဲ့ပြီဖြစ်သည်။
            ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန် တွင်တွင်ပြောနေသော “နိုင်ငံရေးယဉ်ကျေးမှုသစ်”ဆိုသည်မှာ  ဒင်းတို့ ပြဋ္ဌာန်းထားသမျှဥပဒေ အားလုံးကို ကျိုးနွံနာခံကြရေးသာလျှင်ဖြစ်သည်။

ညွန်း
၂၆-၃-၂ဝ၁၄ ရက်နေ့၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း (၂၇-၃-၂ဝ၁၄ မြန်မာ့အလင်းသတင်းစာ)