Sunday, May 4, 2014

ဘဝသစ်ရောက်ဖို့ သတ္တိလိုတယ် (တူမောင်ညို)

0 comments
ဘဝသစ်ရောက်ဖို့ သတ္တိလိုတယ် (တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်)၂၀၁၄ ခုနှစ်၊ မေလ ၂ ရက်နေ့ဆိုလျှင် ဒီချုပ်ပါတီအမတ်များ ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာတော် ကျိန်ဆိုခဲ့သည်မှာ ၂ နှစ်တင်းတင်းပြည့်မြောက်ပေတော့မည်။ ဤ ၂ နှစ်တာကာလအတွင်း လွှတ်တော်တွင်း၌ ဘာတွေဆောင်ရွက် အကောင်အထည်ဖော်နိုင်ခဲ့ သည်/ မဖော်ဆောင်နိုင်ခဲ့သည်များကို ပြန်လည် ဆန်းစစ်သုံးသပ်ပြီး ပြည်သူလူထုထံတင်ပြ အစီရင်ခံသင့်ပေသည်။ ထိုစဉ်က ကျမ်းကျိန်ရေးနှင့်ပတ်သက်ပြီး အခြေအတင်ဖြစ်ခဲ့ကြသည်။ “လေးစားလိုက်နာလော”/ “ထိန်းသိမ်းကာကွယ်စောင့်ရှောက်လော” စသဖြင့်။ အဆုံးတွင် ပြည်သူလူထုဆန္ဒ၊ မဟာမိတ်များ၏ဆန္ဒ၊ ကျွန်မလစ်ဟင်းချက်တို့ကို ရောသမမွှေပြီးနောက် “၂၀၀၈ အခြေခံဥပဒေ”ကို “ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်”ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပေသည်။
 “တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”ဘယ်သောင်ဘယ်ကမ်း ဆိုက်နေပြီလဲဆိုသည်ကို ဒီချုပ်ပါတီနှင့်ဒီချုပ်အမတ်များသည် ပြည်သူလူထုထံပွင့်လင်းရိုးရှင်းစွာ အစီရင်ခံ သင့်ပါသည်။ အခက်အခဲအတားအဆီးတွေ၊ အနှောင့်အယှက်၊ အပိတ်အဆို့တွေကို မည်သူတွေက မည်သည့်ပုံစံ နည်းလမ်းတွေနဲ့လုပ်ဆောင်နေကြသည်။ မည်သို့ကြုံတွေ့ ရင်ဆိုင်နေရသည်။ မည်သို့ကျော်ဖြတ်မှဖြစ်မည် စသဖြင့် ပြည်သူထုထံအသိပေးတင်ပြဖို့လိုမည်။ ဘယ်လမ်းရွေး၍ ဘယ်နည်း ချီတက်သင့်သလဲ ဆိုသည်လည်းကို ပြည်သူလူထုထံမှ အကြံဉာဏ်တောင်းယူသင့်ပေသည်။
ကျနော့်အမြင်တွင်မူ ဒီချုပ်လုပ်ကိုနေသမျှ နည်းလမ်းများသည် ကျားသနားမှ နွားချမ်းသာမည့်နည်းလမ်း မျိုးသာဖြစ်နေသည်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊ အမတ်ချုပ်(ဗိုလ်) ဦးရွှေမန်းနှင့် ကာချုပ် ဗိုလ်မင်းအောင်လှိုင်တို့ အပေါ်မူတည်နေသည်။ သူတို့ ၃ ဦးကလည်း ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးကို အခြေခံဥပဒေဘောင်ထဲကသာ (အခန်း ၁၂  ပြဋ္ဌာန်းချက်များအတိုင်း) သူတို့ပြင်ဆင် လိုသလောက်သာပြင်ပေးမည်ဟု ပြတ်ပြတ်သားသားတိတိလင်းလင်းပြောထားပြီး ဖြစ်သည်။ ထို့အပြင် ယင်းတို့၃ ယောက်ထဲသို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဗိုလ်တင်အေးက  ဝင်၍အားဖြည့်ထားသေးသည်။
 ၄ ပွင့်ဆိုင်တွေ့ရေးဆိုသည်မှာလည်း အလားတူပင်။ အခိုက်အတန့်ကာလလေးတစ်ခုတွေ့ဆုံရပြီးနောက် “ယုံကြည်ရပါသည်” ဟုဆိုသောသမ္မတကြီးသည်လည်း သွေဖီစိမ်းကားနေရက်သည်။ “ဖြောင့်မတ်သည်” ဟုမြင်သည်ဆိုသော နာယကကြီးကမူ စဉ်းလဲသောအပြုံး၊ ကွေ့ကောက်သောစကားလုံးတို့ဖြင့် ကလူ၏သို့ မြှူ၏သို့ လုပ်နေသည်။ “သတ္တိရှိတဲ့ စစ်သားတစ်ယောက်ပဲလိုပါတယ်” ဟု ဘယ်လိုပင် ဆိုခဲ့သော်လည်း ဖေဖေ့တပ်မတော်ကြီးထဲမှ စစ်သားတစ်ယောက်ဖြစ်သည့် ကာချုပ်ဗိုလ်မင်းအောင်လှိုင် ကမူ မတ်လ ၂၇ ရက်နေ့ ပြောကြားချက်တွင်သူ၏ သူရသတ္တိကိုထုတ်ဖော်ပြခဲ့ပေပြီ။
သို့ဖြင့်ဒီချုပ်လျှောက်သောလမ်းမှန်သမျှပိတ်ဆို့ခြင်းခံနေရပေသည်။ ထိုသို့ပိတ်ဆို့ခံလိုက်ရတိုင်း ဒီချုပ်ပါတီ ကလည်း မူတစ်ခု၊ လုပ်ဟန်တစ်ခုကဲ့သို့ ပြန်ပြီးခွေဝင်သွားတတ်စမြဲဖြစ်သည်။ စကားနည်းရန်စဲမူပေလော။ အားမတန်၍မာန်လျှော့ရသည့် လုပ်ဟန်လော။
ထိုသို့သောအခြေအနေတွင် အရေးတော်ပုံတပ်တော်ဦးကတပ်မှူးကြီး ဦးဝင်းတင်သည်လည်း သဘာဝမိခင်၏ ခေါ်ဆောင်ခြင်းနောက်သို့ ပြတ်ပြတ်သားသားကြီးလိုက်ပါသွားခဲ့ပြန်သည်။
ဦးဝင်းတင်နောက်ဆုံးခရီး၌ ဦးဝင်းတင်အပေါ်လေးစားချစ်ခင်ကြသည့်၊ တန်ဖိုးထားကြသည့်ဖော်ပြချက်များ ကို အားရဝမ်းသာဖွယ်မြင်တွေ့ရပါသည်။ ဝမ်းနည်းဝမ်းသာဟု ဆိုပါရစေ။ ဦးဝင်းတင်ဈာပနကို လိုက်ပါပို့ဆောင်ကြသည့်အရေအတွက်ကိန်းဂဏန်းကို သိန်းဂဏန်းပမာဏရှိသည်ဟုဖော်ပြကြသည် ကိုလည်း သတိပြုမိပါသည်။ ယင်းအရေအတွက်ထဲတွင် ဦးဝင်းတင်ကို လူပုဂ္ဂိုလ်အရနှင့် သူရပ်တည်ယုံကြည်သည့်မူအရပါ လေးစားချစ်ခင်ကြသည့် အချိုးအစားပမာဏမည်မျှ ရှိမလဲ ဆိုသည့်အချက်ကိုလည်း တွက်ချက်နေမိပါသည်။
အရေအတွက်သည် အရေးကြီးသည်မဟုတ်ပါသလော။ အရေအတွက်မှအရည်အချင်းသို့ ပြောင်းလဲနိုင် သလို၊ အရည်အချင်းကလည်း အရည်အတွက်ကို တဖန်ပြန်လည်တိုးပွားစေနိုင်သည်မဟုတ်ပါသလော။
အမြင်သာဆုံးဘောလုံးပွဲ၌ ဂိုးအရေအတွက် အများဆုံးသွင်းနိုင်သည့်အသင်းသည် အနိုင်ရသူဖြစ်သည် မဟုတ်လော။ ထိုနည်းတူပင်ပါလီမန်နိုင်ငံရေး၏လွှတ်တော်စင်မြင့်၌လည်း အရေအတွက်သည် အရေးပါသည်။ ပါလီမန်လွှတ်တော်၏မည်သည့် အဆုံးအဖြတ်ကိုမဆို(ထောက်ခံ/ကန့်ကွက်သည့်) မဲအရေအတွက် ပမာဏများသည့်ဘက်ကသာ အနိုင်နှင့်အဆုံးအဖြတ်ပြုသည် မဟုတ်ပါလော။ ရွေးကောက်ပွဲများတွင်လည်း အလားတူပင် ပြည်သူ့ဆန္ဒမဲအရေအတွက်အများဆုံးရသည့် ပါတီ/လူပုဂ္ဂိုလ်သည်သာ အောင်ပွဲခံသည်/အနိုင်ရသည် မဟုတ်ပါလား။ ဒီမိုကရေစီ၏ အခြေခံမူမှာ  အများစု၏ဆန္ဒသဘောထား အဆုံးအဖြတ်ဖြစ်ပါသည်။
ဒီချုပ်ပါတီသည် လွှတ်တော်တွင်း၌ သူ၏ အမတ်အရေအတွက်ပမာဏသည် အရေအတွက်နည်းလှသည်။ ၁၀၉ ဦးကော်မတီ၌လည်း အနည်းစု၊ ၃၁ ဦးကော်မတီ၌လည်း အနည်းစုဖြစ်မြဲဖြစ်သည်။ သို့ဖြင့် လွှတ်တော်တွင်းနိုင်ငံရေး၌ ဒီချုပ်လှုပ်ရှားမှုသည် ကြံ့ဖွံ့ပါတီအတွက် “စည်းကမ်းရှိသောဒီမိုကရေစီ အဖြည့်ခံကလေး”သာဖြစ်နေတော့သည်။ ကြံ့ဖွံ့အမတ်များရာ၏ အနိုင်ကျင့်မှုကို အောင့်သက် သက်ဖြင့် ကြိတ်ခံနေရသည်။ မခံ၍လည်းမရ“ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်”ဟု ကျမ်းသစ္စာကျိန်ဆိုထားခဲ့သည် မဟုတ်ပါလား။ ဘယ်သူ မပြုမိမိမှုဟုဆိုလျှင်လွန်အံ့မထင်ပါ။ ဝင်လမ်းရှိလျှင်ထွက်လမ်းရှိစမြဲ။ အရေအတွက်ကို အရေအတွက်ဖြင့်သာ စကားပြောရပေလိမ့်မည်။
အင်အားဆိုသည်မှာ အရေအတွက်အစုအပေါင်း၏ပမာဏပင်မဟုတ်ပါလား။ ပြည်သူလူထု၏ ညီညွတ်သောအရေအတွက်ကို အဘယ်အစိုးရသည် ခံနိုင်အံ့သနည်း။ စည်းလုံးညီညွတ်သော ပြည်သူ့အင်အားဖြင့် ကြံ့ဖွံ့အစိုးရကိုအံတုရလိမ့်မည်။ အခြားနည်းလမ်း မရှိပါ။ တွေဝေမနေသင့်ပါ။ ပြည်သူလူထုကိုရဲရဲရှေ့ဆောင်ဖို့လိုပါသည်။
ခေါင်းဆောင်သည် သတ္တိရှိဖို့လိုပါသည်။ ခေါင်းဆောင်သည် လူထုကို မုချဦးဆောင်ရမည်။ သတ္တိရှိသောခေါင်းဆောင်၏ ပြတ်သားသောဦးဆောင်မှုနောက်သို့ ပြည်သူများသည် တညီတညွတ်တည်း လိုက်ပါချီတက်ကြမည်သာဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို ရဲရဲလျှောက်နိုင်လိမ့်မည်။ ပြည်သူများ၏ဒီမိုကရေစီခေတ်သစ်ကိုလည်း တည်ဆောက်အကောင် အထည်ဖော်နိုင်ပါလိမ့်မည်။ ကွယ်လွန်သွားရှာသူ ဦးဝင်းတင်က “သူ့မှာတမ်းသဖွယ်” ဤသို့ ပြောခဲ့ဖူးပါသည်“ဘာမှမဖြစ်တဲ့ ဒီ စစ်တပ်ကခင်းတဲ့လမ်းကို ကျွန်တော်တို့ ဆက်လျှောက်ရင်ရောဘာဖြစ်မလဲ။ သမိုင်းတရားခံဖြစ်တာပဲရှိမယ်။ နိုင်ငံရေးဘဝသစ်ကိုရောက်ဖို့ ကျွန်တော်တို့ သတ္တိရှိဖို့လိုနေပြီ”
           
            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သိက္ခာ၊
            နိုင်ငံရေးသိက္ခာ
            နိုင်ငံရဲ့သိက္ခာ
            လူသားများရဲ့ သိက္ခာတို့ကို မြှင့်တင်ပေးခဲ့တဲ့ ဆရာဦးဝင်းတင် အား ကျနော်တို့သည် (အပြောတွေ/အပြတွေ/အပြာရောင်ဝတ် ဆင်ပြရုံမျှမဟုတ်ဘဲ) လက်တွေ့လုပ်ဆောင်မှုဖြင့် ဦးညွတ်ဂါရဝပြုကြပါစို့။ အထိမ်းအမှတ်ပြုကြပါစို့။


၂ဝ၁၄၊ မေ ပထမပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
ငါးကြင်းဝမ်းပျဉ်းသားမှာအဆီဝင်းလို့ Win-Win ဖြစ်ရ (မျိုးမြင့်ချို)
ကလေးနှစ်ယောက် ကစားစရာလုရင်းရန်ဖြစ်တော့ အတန်းပိုင်ဆရာမက မိသားစုရေးရာ အတိုင်ပင်ခံဆရာမကြီးဆီခေါ်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ နားထောင်နေတဲ့ဆရာမကြီးက ဘွဲ့မရဘူး။ သူတို့ခေတ်က အထက်တန်းအောင်လောက်နဲ့ မူလတန်းပြဆရာမဘဝကနေ လုပ်သက်အရတက်လာတာ။ အတွေ့အကြုံကြီးတယ်။ သူ့သားအကြီးဆုံးကောင်တောင် ခု အထက်တန်းကျောင်းအုပ်ဖြစ်နေပြီ။ သူကတော့ မူလတန်းကျောင်း မိသားစုရေးရာအတိုင်ပင်ခံဆရာမကြီးဘဝနဲ့ လုပ်သက်ပြည့်လွန် ပင်စင်ယူတော့မယ်။ ဒီကျောင်းက ဘယ်အတန်းကဘယ်ဆရာမ ဘာစရိုက်ရှိမှန်းလည်း ငယ်ထိပ်ပေါက်အောင်သိတယ်။ ခုပြဿနာမှာလည်း ဘယ်ကျောင်းသားအလွန်နဲ့ ဆရာမဘယ်ဘက်ကပါကို ရိပ်မိတယ်။

ဒါပေမယ့် သူ မဆုံးဖြတ်သေးပဲ အတန်းပိုင်ဆရာမကို ဘယ်နည်းနဲ့ဖြေရှင်းတာကောင်းမလဲ မေးတယ်။ ဆရာမက ပညာရေးနဲ့ဘွဲ့ရပြီး ဆရာမလုပ်သက် ၃ နှစ်လောက်ရှိတယ်။ တက်ကြွပြီး ကျောင်းမှာသင်ခဲ့တာတွေအလွတ်ရနေသေးသလို ပညာရေးစာစောင်တွေမှာလည်း စာတွေရေးတယ်။ ကျောင်းမှာ မျက်နှာပွင့်တယ်ဆိုပါတော့။ ပြန်ကောက်ရရင် ဆရာမကြီးအမေးကို  သူက Win-Win Strategy ကိုအခြေခံပြီး ၂ ဘက်လုံး နိုင်မည့်နည်းနဲ့ဖြေရှင်းသင့်တယ်လို့ဆိုတယ်။ ဆရာမကြီးကပြုံးပြုံးပြုံးပြုံးနဲ့ “အဲ့ဒီနည်းနာက ၂ ယောက်ကြားမှာဖြစ်တဲ့ပြဿနာကို ရှင်းတဲ့နည်းမဟုတ်ဘူး ဆရာမရဲ့၊ တခြားနည်း စဉ်းစားကြည့်ပါဦး”တဲ့။ အခန်းထဲကထွက်လုဆဲ ကျနော့်ခြေလှမ်းတွေ တွန့်ကနဲဖြစ်သွားတယ်။ ဒါပေမယ့် ကျနော့်ကိစ္စမဟုတ်တော့ အခန်းထဲရှိမနေသင့်ဘူးထင်လို့ အပြင်ထွက်ခဲ့တယ်။ ဒါပေမယ့် ဆရာမကြီးရဲ့ “အဲ့ဒီနည်းနာက လူ(၂)ယောက်ကြားမှာဖြစ်တဲ့ပြဿနာကို ရှင်းတဲ့နည်းမဟုတ်ဘူးဆရာမရဲ့” ဆိုတဲ့စကားသံဟာ ကျနော်နဲ့ ခုချိန်ထိ ကပ်ပါလာတယ်။
ကြုံရင် ဆရာမကြီးရဲ့အတွေးအမြင်ကိုမေးမယ်။ ပြီးရင်ပြန်ရေးမယ်လို့ တေးထားလိုက်တယ်။

ကျနော်တို့ သူမနာကိုယ်မနာနည်းလို့ လက်တန်းပြောနေတဲ့ Win-Win နည်းဟာ ဆရာမကြီးအသိနဲ့အတွေ့အကြုံအရ ဘက်(၂)ကြားက ဒါမှမဟုတ် လူ(၂)ယောက်ကြားကပြဿနာကို ရှင်းတဲ့နည်းမဟုတ်ဘူး…တဲ့။

ကျနော်ကတော့ အီရတ်၊ လစ်ဗျားနဲ့ အာဖဂန်အရေးတွေမှာ အနောက်အုပ်စု(အထူးသဖြင့်အမေရိကန်)နဲ့ ရုရှားတို့ တရုတ်တို့ အမျိုးသားအကျိုးစီးပွား၊ ရေနံနဲ့နိုင်ငံရေးအမြတ်စတဲ့ တိုက်ရာပါပစ္စည်းတွေဝေစုခွဲကြတာမှာ ဘယ်သူမှမနာအောင် အဲ့ဒီ Win-Win နည်း သုံးခဲ့တာလို့မြင်ဖူးတယ်။ မတိုက်ခင်ကတည်းက ပြီးရင်ဘယ်လိုဝေပုံချကြမယ်ဆိုတဲ့ Win-Win စဉ်းစားချက် ရှိထားကြပြီးသားပါ။ ဝင်းကုန်ကြတာ စစ်တိုက်ပြီးအမြတ်ထုတ်တဲ့ကောင်နဲ့ ကျည်ဆံမကုန်ပဲအမြတ်ထွက်ကြတဲ့ ဘက်(၂)ဘက်က ကောင်တွေပါ။ ဖြစ်တာက အမေရိကန်နဲ့အီရတ်၊ အမေရိကန်နဲ့လစ်ဗျား၊ အမေရိကန်နဲ့အာဖဂန်နစ္စတန်မဟုတ်ပါ။ တကယ်တော့ အဲ့နိုင်ငံတွေဟာ ဝမ်းပျဉ်းသား အညီအမျှယူဖို့ ပါးစပ်ကနေအမြီးဖျားထိ ထောင်လိုက်အခွဲခံလိုက်ရတဲ့ ငါးကြင်းပါ။ အဲ့နိုင်ငံတွေရဲ့သယံဇာတ၊ အဲ့နိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးအရ အရေးပါမှုကို လုယက်ယူငင်ကြတာမှာ အမေရိကန်နဲ့ ရုရှား၊ တရုတ်တို့ ထိပ်တိုက်မတိုးမိအောင်ရှောင်ဖို့ “Win-Win နည်းနဲ့ ဝမ်းပျဉ်းသား ခွဲကြတာ” လို့ ခုထိမြင်နေတုန်းပါ။

တကယ်တော့ Win-Win ဆိုတာ မြေခွေး(၂)ကောင် ငါးကြင်းဝမ်းပျဉ်းသားခွဲတဲ့နည်းပါ။ ငါးကြင်းဝမ်းပျဉ်းသားမှာ အဆီမဝင်းရင် မြေခွေးတွေ Win-Win နေကြမယ်မထင်ပါ။ ဆရာမကြီးကိုမေးရင်း ကျနော့်အတွေးလည်းပြောပြမယ် တွေးထားပါတယ်။ (Win-Win အကြောင်း)

ရခိုင်တွေအနေနဲ့ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်နေအစ္စလာမ်ဘာသာဝင်တွေကို ကြိုက်သလိုလုပ် ကြိုက်သလောက်သတ် စစ်အုပ်စုက မျက်နှာလွှဲပေးမှာပဲ။ လွှဲလည်း လွှဲပေးတာခုထိပဲ။ ကာလည်း ကာကွယ်ပေးတာပဲ။ လိုအပ်ရင် အလိုတူအလိုပါပါ ကူညီပေးတာပဲ။ အေး...ရခိုင်ပြည်ကထွက်တဲ့ ဓါတ်ငွေ့၊ ရေနံနဲ့အခြားသယံဇာတတွေကို ရခိုင်တွေပဲစီမံခန့်ခွဲမယ်တို့၊ ကျောက်ဖြူကူမင်းလမ်း ရခိုင်ဘက်က အပိုင်းလည်း ရခိုင်တွေသဘောကျဖြစ်ရမယ်တို့ ဘာတို့တော့လုပ်မလာနဲ့ တို့တာဝန်အရေး(၃)ပါးနဲ့ကိုင်ပြီး အပြတ်ချေမှုန်းပစ်မှာပဲ။ ကြပ်ကြပ်သတိထား။ တောင်ကုပ်ကိစ္စအပါအဝင် လူသတ်မီးရှို့ သတ်ဖြတ်လုယက်မှုတွေမှာ ဘယ်သူတွေ ဘယ်လက်တွေ ဘယ်အထိ ပါကြောင်း စစ်အုပ်စုမှာ အထောက်အထားအကုန်ရှိပြီးသား။ နိုင်ဖဲအဖြစ်ထားတာ။ ခုနေခါ ထိုးကျွေးရမယ့်အနေအထား ချကျွေးရမယ့် အနေအထားဆို သူတို့အလွတ် ရခိုင်ချည်းသက်သက် တရားခံလုပ်ပစ်လို့ရတယ်။ နိုင်ကွက်ကိုင်အထက်စီးနဲ့ကစားနည်းကို ခင်ဗျားတို့ကို မပြောနဲ့ သူတို့အချင်းချင်းကိုတောင် မချန်တာမျက်မြင်ပဲ။ ခင်ဗျားတို့ဆီကလုယက်ထးတဲ့ ရခိုင်ပြည်နယ်အကျိုးစီးပွားဟာ စစ်အုပ်စုရဲ့ အကျိုးစီးပွားဖြစ်တယ်။ သူ့အကျိုးစီးပွားတော့သွားမထိနဲ့ မီးပွင့်သွားမယ်၊ ဝီခေါ်သွားမယ်။ လိုင်စင်မဲ့ကားတဝီဝီလုပ်နေတာ ရခိုင်လက်နက်ကိုင်တွေတင်မဟုတ်ဘူး။ (လူသတ်လိုင်စင်ရကိစ္စ)

မင်းမနိုင်လို့ကျိန်စာတိုက်လည်း Superstition ပဲဆိုရင်တောင် မိုးမရွာလို့လွန်ဆွဲတာထက်တော့ ခံစားနားလည်ပေးလို့ရတယ်။ ကျိန်စာဝလေ မောင်လှလေတွေမို့ အလကားပါကွာလို့မပြောရက်သလို ပြောလည်းမထွက်ဘူး။ ပိုပိုသာသာပြောရရင် ဒါလည်း ဖိနှိပ်သူကိုဆန့်ကျင်တဲ့ နည်းနာတစ်ခုအဖြစ်တောင်မြင်တယ်။ အင်္ဂါသမီးကြီးနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ အင်္ဂါနေ့တိုင်း ဘုရားတက်ဆုတောင်းကြ ငါးတွေငှက်တွေလွှတ်ကြတဲ့နည်းတူလို့ဆိုရင် တထပ်တည်းမကျတောင် မမှားဘူး။ (ကျိန်စာတိုက်တာမှ စူပါစတီးရှင်န်းတဲ့လား)

အောက်လင့်ခ်မှာ အောက်ကစကားကိုတွေ့လို့ရေးတာပါ။ ဒီစကားဟာ အားပေးစကားမဟုတ်ပါ။ စစ်ထောက်လှမ်းရေး စစ်ကြောရေး စခန်းတွေဖြစ်တဲ့(ရေကြည်အိုင်၊ လေတပ်ထောက်လှမ်းရေး(၁)နဲ့ထောက်(၆)တို့မှာ အနှိပ်စက်အညှဉ်းပမ်းခံရတုန်းက သွားပဲ့တဲ့အထိ အံကြိတ်ခံပေမယ့်) မခံနိုင်တဲ့အဆုံးမှာ ငယ်သံပါအောင် အော်ဟစ်ငြီးတွားဖူးတယ်။ နာလွန်းလို့ မျက်ရည်ပါ ပိုးပိုးပေါက်ပေါက်ကျခဲ့ဖူးတယ်။ မဲ့မိရုံ တွန့်မိရုံတင်မကဘူး ကွေးကောက်လှိမ့်ပိန့်နေအောင်ကိုဖြစ်ခဲ့ရတာ။ လိမ့်နေအောင်ကိုခံရတာ။ ဒါပေမယ့် အပေးအယူလုပ်စေ့စပ်ပြီး
ကိုယ်နဲ့ယုံကြည်ချက်တူသူတွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီလိုလားသူတွေကိုသစ္စာမပျက်ခဲ့ဘူး။ မဖျက်ခဲ့ဘူး။ ကိုယ်လွတ်မရုန်းခဲ့ဘူး။ ဒူးမထောက်ခဲ့ဘူး။ ထိုးမကျွေးခဲ့ဘူး။ လူထုကိုနည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်နေသူတွေနဲ့မိတ်ဖြစ်ဖို့ မိတ်ဆွေတွေကိုရန်သူမလုပ်ဘူး။ ပြည်သူကိုဖိစီးမယ့်ဘယ်ဥပဒေကိုမှ ကာကွယ်စောင့်ရှောက်မယ်လို့မပြောခဲ့ဘူး။ အဲ့ဒါမျိုးလုပ်မိရင်တော့ ရှက်စိတ်နဲ့မျက်နှာဖော်ဝံ့ပါ့မလားတော့တွေးမိတယ်။

(ဒီမိုကရေစီမိခင်ကြီး၏ ရဲရဲတောက်စိတ်ဓာတ်)
ကျမ စစ်ကြောရေးမှာ လက်သည်းခွံခွာတာမျိုး၊ မျက်နှာပိတ်ရေလောင်းတာမျိုး၊ ညှို့သကျည်းဝါးလုံးလှိမ့်တာမျိုးတွေလုပ်ခံရမှာ မကြောက်ဘူး စစ်ကြောရေးလုပ်သူတွေရှေ့မှာ နာလို့ မျက်နှာရှုံ့မိတာတို့၊ အော်သံထွက်မိမှာတို့ပဲ ကြောက်တယ်။ နာလွန်းရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်ရင် အတော်ရှက်စရာကောင်းတယ်လို့ထင်တယ်။ ကိုယ့်ကိုညှင်းပန်းနေသူတွေ ရှေ့မှာ အော်မိ ညည်းမိ မဲ့မိ တွန့်မိတာမျိုးမဖြစ်ချင်ဘူး။
လူဆိုတာ ညှဉ်းရင်နာမှာပေါ့။ နာရင် တွန့်မိ အော်မိမှာပေါ့။ ကျမကတော့ အဲဒါမျိုး ဖြစ်မိမှာစိုးတယ်။ ဖြစ်မိရင်လည်း ရှက်စရာကောင်းတယ်လို့ ထင်တယ် ။
ဒေါ်အောင်ဆန်းစုကြည်
(ဘဘဦးဝင်းတင်၏ ဘာလဲဟဲ့ လူ့ငရဲမှ)
https://www.facebook.com/min.nyo.796/posts/217038461840687?fref=nf
(ရှက်နည်းဖြင့်မတူပါလေ)

ဒီနေ့ ဖို့တ်ဝိန်းကနေ တနာရီမရှိတတ်ရှိတတ်လောက်မောင်းရင်ရောက်တဲ့ Wolf's Giant Animal Swap Meet ကိုရောက်ခဲ့တယ်။ ဘာလဲလို့မေးရင် နှစ်တနှစ်ရဲ့ မေ၊ ဂျွန်၊ ဂျူလိုင်နဲ့ သြဂုတ်လတွေမှာ တစ်ကြိမ်စီလုပ်တဲ့ အင်ဒီယားနားနွားပွဲဈေးလို့ဆိုရင် သင့်မယ်ထင်ပါတယ်။ အပ်၊ သေနတ်၊ မြက်ဖြတ်စက်ကနေ လယ်ထွန်စက်အထိ၊ ပင့်ကူအရှင်၊ ကြက်ငှက်ကနေ မြေခွေးဝက်ဝံပေါက်အထိ ငွေသားနဲ့ချရောင်းတာပါ။ ကျနော့်အဖို့တော့ ဒါပါနဲ့ဆို (၄)နှစ်မြောက်၊ အကြိမ်နဲ့ဆို(၅)ကြိမ်မြောက်ရောက်တာပါ။ ရောက်တိုင်း ရေးမယ်ရေးမယ်နဲ့ ခုထိမရေးဖြစ်သေးပါ။ ခုလည်း ရေးမလို့ မဟုတ်သေးပါ။ ပြောချင်တာက ဆောင်းပြေးတာနဲ့ ဒေါင်းမွေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒေါင်းသွားဝယ်တာ။ ဒီနှစ်အတွက် ပထမဆုံးအကြိမ်မို့လို့လား အအေးပဲမကုန်သေးလို့လားတော့မပြောတတ်ဘူး အကောင်ပလောင်ရောင်းသူတွေ နည်းနေသေးတယ်။ ဒေါင်းတွေတော့ တွေ့တယ်။ လိုချင်တဲ့အရွယ်မဟုတ်ဘူး။ ဒေါင်းလားမြောက်ပြီးသား အမွှေးအတောင်စုံတွေပဲတွေ့တယ်။ ဈေးကလည်း မနှစ်ကထက် နည်းနည်းများတယ်။ မနှစ်က အဲ့အရွယ် ဒေါင်းဖိုဒေါင်းမတစ်စုံကို ၁၆ဝ ပဲရှိတာ။ ခုတော့ တစ်ကောင် ၁ဝဝ တဲ့။ ထားပါတော့လေ။ ဂျွန်၊ ဂျူလိုင်နဲ့သြဂုတ် (၃)ကြိမ်တောင်ကျန်သေးတာ နောက်မှ ထပ်သွားမယ်တွေးတာပဲ။ နောက်ဆုံးဈေးပတ်ဖြစ်တဲ့ သြဂုတ်ဆို ဝယ်ရခြမ်းရပိုကောင်းတယ် ဈေးလည်းချိုတယ်။ ရောင်းသူတွေက သူတို့အကောင်ပလောင်တွေ ပြန်သယ်သွားတာထက် ရတဲ့ဈေးနဲ့ချရောင်းတတ်ကြတာမို့ ဈေးကွဲချိန်ဆို ဈေးပေါင်ကျိုးနဲ့ရပါတယ်။ တချို့များ အဲ့ဒီအချိန်ထိ ပုဏ္ဏားသိမ်း သိမ်းဖို့ စိတ်ရှည်လက်ရှည်ကို စောင့်ကြတာမျိုးလည်းရှိပါတယ်။ စစ်စစ်ပေါက်ပေါက်ရောက်တတ်တဲ့ ဗမာပြည်သားတွေလည်း နှစ်တိုင်းတွေ့တယ်။ ဒီနေ့လည်း မျက်နှာသိ အတော်များများတွေ့တယ်။ ကျနော် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဖို့တ်ဝိန်းကိုလာချိန်မှာ အမေရိကန်နွားပွဲဈေးက ဈေးပေါင်ကျိုးဒေါင်းတွေ အကြောင်းရေးဖူးတယ်။ ခု ဒီမှာ ဒေါင်းဈေးတက်တယ်။ တောက်လျှောက်တက်သွားမှာလား နောက်အပတ်တွေမှာ ပုံမှန်ဈေးပြန်ကျပြီး ဈေးကွဲပတ်(သြဂုတ်)ကြမှ ဈေးပေါင်ကျိုးမလား။ ရွှေပြည်ကြီးက ဒေါင်းရောင်စုံလည်း ချွန်နိုင်မြနိုင်ကြသေးရဲ့လား တွန်နိုင်ကနိုင် ကြသေးရဲ့လား။ ဗကသ ခွပ်ဒေါင်းနီနီကတော့ (ကြက်စကားနဲ့ပြောရရင်) ဘယ်တော့မှ ခွပ်လက်မကျမယ့်ဒေါင်းမှန်း သမိုင်းနဲ့ချီ သိသာလှချည်ရဲ့။ ဒီမှာ ဒေါင်းဈေးကောင်းပေမယ့် ဒေါင်းဘဝက မြင်တဲ့အတိုင်း။ တွန်ဖို့၊ ကဖို့၊ ခွပ်ဖို့မပြောနဲ့ သန်းယားရင်တောင် နှုတ်သီးနဲ့လှည့်မကိုက်အား။ (နွားပွဲဈေးကဒေါင်း)


ငါးကြင်းဝမ်းပျဉ်းသားမှာအဆီဝင်းလို့ Win-Win ဖြစ်ရ (မျိုးမြင့်ချို)

0 comments
ငါးကြင်းဝမ်းပျဉ်းသားမှာအဆီဝင်းလို့ Win-Win ဖြစ်ရ (မျိုးမြင့်ချို) ကလေးနှစ်ယောက် ကစားစရာလုရင်း ရန်ဖြစ်တော့ အတန်းပိုင်ဆရာမက မိသားစုရေးရာ အတိုင်ပင်ခံဆရာမကြီးဆီခေါ်လာပြီးဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ နားထောင်နေတဲ့ဆရာမကြီးက ဘွဲ့မရဘူး။ သူတို့ခေတ်က အထက်တန်းအောင်လောက်နဲ့ မူလတန်းပြဆရာမ ဘဝကနေ လုပ်သက်အရတက်လာတာ။ အတွေ့အကြုံကြီးတယ်။ သူ့သားအကြီးဆုံးကောင်တောင် ခု အထက်တန်းကျောင်းအုပ်ဖြစ်နေပြီ။ သူကတော့ မူလတန်းကျောင်း မိသားစုရေးရာအတိုင်ပင်ခံ ဆရာမကြီးဘဝနဲ့ လုပ်သက်ပြည့်လွန် ပင်စင်ယူတော့မယ်။ ဒီကျောင်းက ဘယ်အတန်းကဘယ်ဆရာမ ဘာစရိုက် ရှိမှန်းလည်း ငယ်ထိပ်ပေါက်အောင်သိတယ်။ ခုပြဿ     နာလည်း ဘယ်ကျောင်းသားအလွန်နဲ့ ဆရာမ ဘယ်ဘက်ကပါကို ရိပ်မိတယ်။

ဒါပေမယ့် သူ မဆုံးဖြတ်သေးပဲ အတန်းပိုင်ဆရာမကို ဘယ်နည်းနဲ့ဖြေရှင်းတာကောင်းမလဲ မေးတယ်။ ဆရာမက ပညာရေးနဲ့ဘွဲ့ရပြီး ဆရာမလုပ်သက် ၃ နှစ်လောက်ရှိတယ်။ တက်ကြွပြီး ကျောင်းမှာသင်ခဲ့တာတွေအလွတ်ရနေသေးသလို ပညာရေးစာစောင်တွေမှာလည်း စာတွေရေးတယ်။ ကျောင်းမှာ မျက်နှာပွင့်တယ်ဆိုပါတော့။ ပြန်ကောက်ရရင် ဆရာမကြီးအမေးကို  သူက Win-Win Strategy ကိုအခြေခံပြီး ၂ ဘက်လုံး နိုင်မည့်နည်းနဲ့ဖြေရှင်းသင့်တယ်လို့ဆိုတယ်။ ဆရာမကြီးကပြုံးပြုံးပြုံးပြုံးနဲ့ “အဲ့ဒီနည်းနာက ၂ ယောက်ကြားမှာဖြစ်တဲ့ပြဿ     နာကို ရှင်းတဲ့နည်းမဟုတ်ဘူး ဆရာမရဲ့၊ တခြားနည်း စဉ်းစားကြည့်ပါဦး”တဲ့။ အခန်းထဲကထွက်လုဆဲ ကျနော့်ခြေလှမ်းတွေ တွန့်ကနဲဖြစ်သွားတယ်။ ဒါပေမယ့် ကျနော့်ကိစ္စမဟုတ်တော့ အခန်းထဲရှိမနေသင့်ဘူးထင်လို့ အပြင်ထွက်ခဲ့တယ်။ ဒါပေမယ့် ဆရာမကြီးရဲ့ “အဲ့ဒီနည်းနာက လူ(၂)ယောက်ကြားမှာဖြစ်တဲ့ပြဿ     နာကို ရှင်းတဲ့နည်းမဟုတ်ဘူးဆရာမရဲ့” ဆိုတဲ့စကားသံဟာ ကျနော်နဲ့ ခုချိန်ထိ ကပ်ပါလာတယ်။
ကြုံရင် ဆရာမကြီးရဲ့အတွေးအမြင်ကိုမေးမယ်။ ပြီးရင်ပြန်ရေးမယ်လို့ တေးထားလိုက်တယ်။


ကျနော်တို့ သူမနာကိုယ်မနာနည်းလို့ လက်တန်းပြောနေတဲ့ Win-Win နည်းဟာ ဆရာမကြီးအသိနဲ့အတွေ့အကြုံအရ ဘက်(၂)ကြားက ဒါမှမဟုတ် လူ(၂)ယောက်ကြားကပြဿ     နာကို ရှင်းတဲ့နည်းမဟုတ်ဘူး…တဲ့။

ကျနော်ကတော့ အီရတ်၊ လစ်ဗျားနဲ့ အာဖဂန်အရေးတွေမှာ အနောက်အုပ်စု(အထူးသဖြင့်အမေရိကန်)နဲ့ ရုရှားတို့ တရုတ်တို့ အမျိုးသားအကျိုးစီးပွား၊ ရေနံနဲ့နိုင်ငံရေးအမြတ်စတဲ့ တိုက်ရာပါပစ္စည်းတွေဝေစုခွဲကြတာမှာ ဘယ်သူမှမနာအောင် အဲ့ဒီ Win-Win နည်း သုံးခဲ့တာလို့မြင်ဖူးတယ်။ မတိုက်ခင်ကတည်းက ပြီးရင်ဘယ်လိုဝေပုံချကြမယ်ဆိုတဲ့ Win-Win စဉ်းစားချက် ရှိထားကြပြီးသားပါ။ ဝင်းကုန်ကြတာ စစ်တိုက်ပြီးအမြတ်ထုတ်တဲ့ကောင်နဲ့ ကျည်ဆံမကုန်ပဲ အမြတ်ထွက်ကြတဲ့ ဘက်(၂)ဘက်က ကောင်တွေပါ။ ဖြစ်တာက အမေရိကန်နဲ့အီရတ်၊ အမေရိကန်နဲ့လစ်ဗျား၊ အမေရိကန်နဲ့အာဖဂန်နစ္စတန်မဟုတ်ပါ။ တကယ်တော့ အဲ့နိုင်ငံတွေဟာ ဝမ်းပျဉ်းသားအညီအမျှယူဖို့ ပါးစပ်ကနေအမြီးဖျားထိ ထောင်လိုက်အခွဲခံလိုက်ရတဲ့ ငါးကြင်းပါ။ အဲ့နိုင်ငံတွေရဲ့သယံဇာတ၊ အဲ့နိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးအရ အရေးပါမှုကို လုယက်ယူငင်ကြတာမှာ အမေရိကန်နဲ့ ရုရှား၊ တရုတ်တို့ ထိပ်တိုက်မတိုးမိအောင်ရှောင်ဖို့ “Win-Win နည်းနဲ့ ဝမ်းပျဉ်းသား ခွဲကြတာ” လို့ ခုထိမြင်နေတုန်းပါ။

တကယ်တော့ Win-Win ဆိုတာ မြေခွေး(၂)ကောင် ငါးကြင်းဝမ်းပျဉ်းသားခွဲတဲ့နည်းပါ။ ငါးကြင်းဝမ်းပျဉ်းသားမှာ အဆီမဝင်းရင် မြေခွေးတွေ Win-Win နေကြမယ်မထင်ပါ။ ဆရာမကြီးကိုမေးရင်း ကျနော့်အတွေးလည်းပြောပြမယ် တွေးထားပါတယ်။


Saturday, May 3, 2014

ပျော့ခွေပြောင်းနွဲ့မသွားစေဖို့သာ ဆုတောင်းနေပါမည် (တူမောင်ညို)

0 comments
ပျော့ခွေပြောင်းနွဲ့မသွားစေဖို့သာ ဆုတောင်းနေ ပါမည်(တူမောင်ညို)(၂၀၁၄ ခုနှစ်၊ မေလ ၃ ရက်) “ပြင်ဆင်ရေးထက် ပြည်လုံးကျွတ်ဆန္ဒခံယူရေးကို ဦးတည်သင့်ပြီ”ဟူသောခေါင်းစဉ်ဖြင့် ဒေါက်တာ ရန်မျိုးသိမ်း၏ ဝေဖန်အကြံပြုချက်ကိုဖတ်ရသည်။ ယင်းသို့ရေးသားချက်ပေါ် ကျနော့်သဘောထား အမြင်ကို ရေးသားတင်ပြလိုက်ပါ သည်။ ဒေါက်တာရန်၏ဆောင်းပါးကို ဖတ်ပြီးနောက် အောက်ပါအချက် ၂ ရပ်ကို အထင်အရှားမြင်တွေ့ သဘောပေါက်စေပါသည်။

-       “၂၀၀၈အခြေခံဥပဒေ” လွှတ်တော်တွင်းပြင်ဆင်ရေး အလုပ်မဖြစ်နိုင်။
-       လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီသည် “၁၉၉၀ ပြည့်ရွေးကောက်ပွဲ”မှာကဲ့သို့ တခဲနက်အနိုင်ရနိုင်ဖွယ်မရှိ။

တစ်စုံတစ်ရာဝေဖန်မှုပါသော ဒေါက်တာရန်၏စဉ်းစားနည်းမှာ လက်တွေ့အလုပ်မဖြစ်နိုင်သော “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” လတ်တလောကြိုးပမ်းနေမှုကို စွန့်လွှတ်ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလသို့ဦးတည်ထားသည့် စဉ်းစားမှုဖြစ်ပါသည်။
ယင်းသို့ စဉ်းစားနည်းကို ဒီချုပ်ပါတီက လက်ခံဖို့ခဲယဉ်းလိမ့်မည်ဟု ထင်ပါသည်။
“၂၀၀၈အခြေခံဥပဒေ” လွှတ်တော်တွင်းပြင်ဆင်ရေး အလုပ်မဖြစ်နိုင်ဟူသည့်အချက်နှင့်စပ်လျဉ်းပြီး ဒေါက်တာရန်နှင့် ကျနော့် အကြားဘာမျှ ကွဲလွဲစရာမရှိပါ၊ အပြည့်အဝသဘောတူပါသည်။
 ဒီချုပ်ပါတီကတော့ သူတို့လက်သုံးစဉ်းစားနည်းအတိုင်း “သင်ယူရန်ခက်ခဲသောသူများ၊ ညှိနှိုင်းဆွေးနွေးရန်ခက်ခဲသူများ၊ ခေါင်းမာသူများ”၏ “ဟင့်အင်း” ကို “ခန္တီစတရားနှင့်အညီ” ဆက်လက်ကျော်ဖြတ်နေလိမ့်ဦးမည်ဟု ထင်ပါသည်။ သို့တည်းမဟုတ် ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ဆက်စခန်းသွားမည့်ပုံလည်းရှိပါသည်။
သို့သော်လည်း လွှတ်တော်တွင်းပြင်ဆင်ရေး အလုပ်မဖြစ်နိုင်သည်ကိုမူ ဒီချုပ်ပါတီအမတ်များ၊ ဒီချုပ်ပါတီခေါင်းဆောင်ပိုင်းက အတွေ့အကြုံအရသိပြီးဖြစ်ပါသည်။ ၈၈ငြိမ်း/ပွင့်များနှင့် ပူးတွဲကြေညာချက်ထုတ်ခြင်းက လွှတ်တော်ပြင်ပလှုပ်ရှားမှုကို မျှော်မှန်းလေ သလောဟု တွေးကြည့်စရာဖြစ်သော်လည်း၊ လွှတ်တော်တွင်း/လွှတ်တော်ပ ဒီမိုပါတီများ/တိုင်းရင်းသားပါတီများနှင့် မညှိနှိုင်း/မတိုင်ပင် သည့်ကိစ္စကတော့ ထူးဆန်းနေပါသည်။
နည်းကုန်လုပ်ကြည့်ခြင်း၊ လမ်းကုန်သွားကြည့်ခြင်းကို ကျနော်လည်းနှစ်သက်ပါသည်။ လမ်းဆုံးလျှင်ရွာတွေ့မည် ဆိုသည့်စကားလည်း ရှိသည်မဟုတ်ပါလား။ ထို့အပြင် နောက်လာနောက်သားများအတွက် အတွေ့အကြုံနှင့်သင်ခန်းစာ ရရှိမည်ဖြစ်သဖြင့် အကျိုးရှိသည်ဟုလည်း မြင်မိပါသည်။

အောက်ပါအချက်များနှင့်ပတ်သက်၍မူ ဒေါက်တာရန်နှင့်ကျနော် ကွဲလွဲပါသည်။
“လူထုခေါင်းဆောင်က အဆိုပြုသော်လည်း မလှုပ်၊ နိုင်ငံရေးခေါင်းဆောင်များက အဆိုပြုသော်လည်း မလှုပ်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများက အဆိုပြုသော်လည်း မလှုပ်၊ ပြည်သူများလမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်သော်လည်း မလှုပ်” ဟု ဒေါက်တာရန်က သုံးသပ် ထားပါသည်။
ကျနော်မြင်သည်က လှုပ်လောက်အောင် အင်အားမစိုက်ထုတ်နိုင်သေးသဖြင့် မလှုပ်ခြင်းသာဖြစ်ပါလိမ့်မည်။
လူထုခေါင်းဆောင်၊ နိုင်ငံရေးခေါင်ဆောင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ကျစ်လစ်ခိုင်မာသည့်လူထုအင်အားမပါဘဲ တစ်ဦးကောင်း၊တစ်ဖွဲ့ကောင်း အဆိုပြုနေကြသဖြင့် မလှုပ်ခြင်းလည်းဖြစ်ပါလိမ့်မည်။
ပြည်သူများ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်နေသည်ဆိုသည့်အချက်မှာလည်း ပြန့်ကြဲနေပြီး၊ တစ်ခုချင်းလက္ခဏာ/ဒေသ လက္ခဏာဆောင်နေပါသည်။ သို့ပါ၍ ထိရောက်သည့်ပမာဏနှင့် အင်အားမစုဖွဲ့နိုင်ပဲရှိနေပါသည်။ ရေကို ၁၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူမပေးသမျှ ဆူပွက်မလာနိုင်သကဲ့သို့ပင်။ ယင်းသို့ထိရောက်သည့်ပမာဏနှင့် အင်အားစုဖွဲ့လာပြီဆိုလျှင် မလှုပ်ဘဲနေ၍မရ။ ထိပ်လန့် တုန်လှုပ်၍ပင် လာပါလိမ့်မည်။
တစ်ခုသာအကြံပြုလိုပါသည်။ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ် ချုပ်ကိုင်ထားသူများ၊ နိုင်ငံရေး၊ စီးပွားရေးအပေါ်စီးယူ ထားသူများ၊ ရာစုဝက်နီးပါး အာဏာ/ဘဏ္ဍာ လွှမ်းမိုးချုပ်ကိုင်ထားသူများကို ရင်ဆိုင်ယှဉ်ပြိုင်ရာတွင် ပြည်သူလူထုအကျိုးကို အစဉ်ရပ်တည် ရှေ့ရှုပါမည်ဆိုသည့် အကြင်အတိုက်အခံပါတီသည် ပြည်သူလူထုစွမ်းအားကို အဓိကအားကိုးအားထားပြုဖို့လိုပါသည်။
 ပြည်သူလူထုအင်အားကို အဓိကအားကိုးအားထားမပြုသမျှ အားနည်းနေလိမ့်မည်။ အုပ်စိုးသူများ၏ပြုသမျှကို နုမြဲနုနေရပေ လိမ့်မည်။ အုပ်စိုးသူများနှင့် တန်းတူရည်တူစကားပြောညှိနှိုင်းဖို့ဆိုလျှင် အုပ်စိုးခံများဘက်မှ ပြည်သူလူထုစွမ်းအားဆိုသည့်အင်အား လို အပ်ပါသည်။ အဓမ္မဝါဒီများ၊ စစ်အာဏာရှင်များ၊ ဖိနှိပ်အုပ်စိုးသူများကို ဆန့်ကျင်တွန်းလှန်ရာတွင် တရားသောနည်းလမ်း တစ်ခုတည်း သက်သက်ဖြင့် အနိုင်မရှိနိုင်၊ ပြည်သူလူထုအင်အားဖြင့် အကြပ်ကိုင်ဖို့လိုအပ်ပါသည်။

ဒေါက်တာရန်သည် လောလောဆယ်အားဖြင့် လွှတ်တော်တွင်းအရေးဆိုမှုကို “အလွန်အမင်းခဲယဉ်းလျက်ရှိသည်”ဟု သုံးသပ် နေသော်ငြားလည်း “၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် လွှတ်တော်တွင် ဒီချုပ်၊ တိုင်းရင်းသားပါတီများနှင့် ဒီမိုပါတီများအများစုနေရာရမည်” ဟူသော စိတ်ကူးတွက်ကိန်းဖြင့်  “၉၂ ဒသမ ၄၈ ရာခိုင်နှုန်းလူထုထောက်ခံသည်”ဆိုသောအချက်ကို ပြန်လည်ဆန်းစစ်ရန်အတွက် “၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူရေး ပြန်လည်ကျင်းပနိုင်ရေး”နည်းလမ်းကို လွှတ်တော်တင်ရန် အဆိုပြုထား ပြန်ပါသည်။
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး၊ နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည်”ဟု ကျမ်းသစ္စာကျိန်ဆိုပြီး  လွှတ်တော်တွင်းဝင်ရသည်မှာ “ပြည်သူ့ဆန္ဒနှင့် မဟာမိတ်များ၏ဆန္ဒအရ”ဟူ၍ ဒီချုပ်ပါတီဥက္ကဋ္ဌကိုယ်တိုင် ပြောခဲ့ ဖူးသည်။
ယခုအခါ ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့်တို့ပူးတွဲ၍  လွှတ်တော်ပြင်ပလှုပ်ရှားမှုဖြစ်သော “၂၀၀၈အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် ပြည်သူလူထု လက်မှတ်ရေးထိုးဆန္ဒဖော်ထုတ်ရေးဟောပြောပွဲ” ခြေလှမ်းကို မကြာခင် စတင်ပေတော့မည်။
သို့ဖြင့် မြန်မာ့နိုင်ငံရေးကြိုးဝိုင်းအတွင်း “ပုဒ်မ ၄၃၆ ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုသူများ” နှင့် “ပုဒ်မ ၄၃၆ ပြင်ဆင်လိုသူများ” ရင်ဆိုင်တွေ့ကြပေတော့မည်။ “ပုဒ်မ ၄၃၆ ပြင်ဆင်လိုသူများ” ပျော့ခွေပြောင်းနွဲ့မသွားစေဖို့သာ ဆုတောင်းနေပါမည်။