Monday, June 9, 2014

“အစိုးရက တကယ်မပြင်ချင်ဘူး၊ အစ်မတို့က တကယ်ပြင်ချင်တယ်”(တူမောင်ညို)

0 comments
“အစိုးရက တကယ်မပြင်ချင်ဘူး၊ အစ်မတို့က တကယ်ပြင်ချင်တယ်”(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်)
ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ (မေ ၁ဝ)မအူပင်မိန့်ခွန်း၊ (မေ၁၇) ဗိုလ်စိန်မှန်ကွင်းမိန့်ခွန်း၊ (မေ ၁၈)အောင်ပင်လယ်ကွင်းမိန့်ခွန်း ၃ ခုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုစာတမ်း” (ဒီချုပ်က  ပြင်ဆင်ပယ်ဖျက်လိုတဲ့ ပုဒ်မ ၁၆၈ ခု) ဆိုတာတို့ကို အတူတွဲပြီးဖတ်ရှုလေ့လာဖြစ်ပါတယ်။
            ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အဆိုပါမိန့်ခွန်း ၃ ခုကို ဖတ်ကြည့်တဲ့အခါ “၂ဝဝ၈ အခြေခံဥပဒေ”အပေါ် ရှင်းလင်း ပြတ်သားစွာဝေဖန်ဆန်းစစ်ပြထားတာကို တွေ့ရပါတယ်။ ထိုအချက်များ မြင်သာအောင် အချို့ကို ကောက်နုတ်ဖော်ပြပါရစေ။

သိက္ခာမဲ့တဲ့ဥပဒေ၊ ကတိမတည်မှုအပေါ်အခြေခံထားတဲ့ အခြေခံဥပဒေ

-       အဲဒီတုန်းက စစ်အစိုးရ (နဝတ) က စိတ်ကြိုက်ရွေးထားတဲ့ပုဂ္ဂိုလ်တွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တာပါ၊ အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ဥပဒေဖြစ်ပါတယ်။
-       ပြည်သူလူထုကိုပေးထားတဲ့ ကတိကဝတ်တွေချိုးဖောက်ပြီးတော့ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်ဆိုတာ ပြောချင် ပါတယ်၊
-       ကတိမတည်မှုအပေါ်မှာအခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လို ကျွန်မတို့ယုံကြည်နိုင်မှာလဲ၊
-       အစကတည်းက ကတိမတည်ချင်လို့၊ ပြောထားတဲ့စကားကိုဖျက်ချင်လို့ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ၊  
-       ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုကတည်းက ကျွန်မတို့ ကန့်ကွက်ခဲ့တယ်၊ အတည်မပြုခင်ကတည်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ထုံးလုပ်နည်းတွေကို ကန့်ကွက်ခဲ့တယ်၊ တရားဝင်ကန့်ကွက်ခဲ့တယ်၊
-       ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ကျွန်မတို့နိုင်ငံနဲ့အနာဂတ်ဟာ ကောင်းနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်မတို့သိထားလို့ အစဉ်တစိုက် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်၊
-       ၂ဝဝ၈ မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့လူထုဆန္ဒခံယူပွဲကိုလည်း ကျွန်မတို့ကန့်ကွက်ခဲ့ပါတယ်၊ ကျွန်မတို့ အသိအမှတ်မပြုခဲ့ပါဘူး၊
-       အဲဒီတုန်းက ၉၂ ရာခိုင်နှုန်းနဲ့ ပြည်သူလူထုကနေပြီးတော့ သဘောတူခဲ့တယ်လို့ ပြောတဲ့သူတွေကိုတော့ ပြောရက်လိုက်တာပဲလို့ ကျွန်မပြောချင်ပါတယ်၊
-       ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့မကိုက်ညီတဲ့ ----၊  တန်းတူညီမျှမှုမရှိအောင်ရေးဆွဲထားတဲ့ ----  ၊ အဖွဲ့အစည်းတစ်ခု၊ အစုအဖွဲ့တစ်ခုကိုအထူးအခွင့်အရေးပေးထားတဲ့  -----၊
-        မသင့်တော်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာနေရတာ ရာသီဥတုထက်ပိုပြီးပြင်းထန်တယ်လို့ ကျွန်မသတိပေးချင်တယ်၊
-       မှန်ကန်တဲ့ဥပဒေရဲ့အရိပ်အာဝါသမရှိရင်တော့ ကျွန်မတို့ဟာ ဆက်လက်ပြီးတော့ တနှစ်၊ နှစ် နှစ်မဟုတ်ဘူး၊ ဆယ်နှစ် အတွင်းလည်း ဆက်ပြီးတော့ ပင်ပန်းနေရပါမယ်၊
-       ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင် တန်းတူညီမှုမရှိတဲ့ပုဒ်မတွေ အများကြီးပါနေပါတယ်၊ ဒီလိုတန်းတူညီမျှမှု မရှိသရွေ့တော့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။
-       အခု ဖွဲ့စည်းပုံအခြေခံဥပဒေဟာဆိုရင် ကျွန်မတို့ သာမန်အရပ်သားပြည်သူတွေနဲ့ တပ်မတော်သားများကြားမှာ ခွဲခြားထားတဲ့ တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေပါတယ်၊

ထိုအချက်များကို သိပါ၊ မြင်ပါ၊ နားလည်ပါလျက်နဲ့ အသိအမှတ်မပြု၊ အစဉ်တစိုက် ကန့်ကွက်ခဲ့ပါလျက်နဲ့ (ထိုအချက်များကို လျစ်လျူရှုပြီး) “ပြည်သူ့ဆန္ဒ၊ မဟာမိတ်များ၏ဆန္ဒ္ဒ”၊  “ကျမရဲ့လစ်ဟင်းချက်” ဆိုတဲ့အကြောင်းပြချက်တွေနဲ့ “၂ဝဝ၈ အခြေခံဥပဒေ”ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ ကျမ်းကျိန်ပြီး လွှတ်တော်ထဲ ဝင်သွားတဲ့အချက်ကိုတော့ဖြင့်  “ ဝင်သွားရက်လိုက်တာပဲ” လို့ ကျနော့်အနေနဲ့ ပြောပါရစေ။ အဲဒီတုန်းက အခြားနည်းလမ်းတွေမရှိတော့လို့လား၊ ဘာကြောင့်လဲ။ 

ဒီလိုလည်းပြောပါသေးတယ်။ အနည်းငယ်ကောက်နုတ်ဖော်ပြပါစေဦး။

-       ကျွန်မတို့ ဒီမိုကရေစီရရှိရေးအတွက်လှုပ်ရှားခဲ့တာဆိုရင် အနှစ်သုံးဆယ်နီးပါးရှိသွားပါပြီ၊ ဒီအနှစ်သုံးဆယ်နီးပါးမှာ အမျိုးမျိုးလည်း ကျွန်မတို့ဖြတ်ကျော်ခဲ့ရပါတယ်၊ အဲဒီတော့ ဒီမိုကရေစီရပြီလားဆိုရင်တော့ မရသေးဘူးလို့ပဲ ကျွန်မတို့ ပြောရမှာပါပဲ၊
-       အခုလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတာဟာ တကယ်တော့ ပြည်သူကို မုသားစကားပြောတာပဲလို့ ကျွန်မယုံကြည်ပါတယ်။

“ဒီမိုကရေစီလမ်းကြောင်းသွားနေပါတယ်” လို့ပြောနေသူတွေထဲမှာ  သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပါအဝင် ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့ပါတီ ထိပ်သီးခေါင်းဆောင်များပါဝင်နေပါတယ်။
သို့သော်လည်း ဒီလို “မုသားစကား” တွေပြောနေကြသူတွေကို “သမ္မတကြီးကို ကျမယုံတယ်/ နာယကကြီးကတော့ ဖြောင့်ဖြောင့်မတ်မတ်ပါပဲ”လို့ မှတ်ချက်စကားတွေ ပြောနေတာကိုဖြင့်လည်း ကျနော့်နားကို ကျနော်မယုံနိုင်အောင်ပဲဖြစ်ရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုစာတမ်း (ဒီချုပ်က  ပြင်ဆင်ပယ်ဖျက်လိုတဲ့ ပုဒ်မ ၁၆၈ ခု)

ဒီစာတမ်းရဲ့နိဒါန်းမှာ အခုလိုရေးသားဖော်ပြထားပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု၏ဆန္ဒသဘောထားများကို ပြည်နယ်တိုင်း ဒေသကြီးများ၊ ခရိုင်ပေါင်း (၆ဝ) ၊ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်တို့တွင်ရယူခဲ့ရာ ၊ ပျမ်းမျှ (၉၇) ရာခိုင်နှုန်းက ပြင်ဆင် ပြောင်းလဲလိုကြောင်း ဆန္ဒပြုကြပါသည်။”
ဒီအချက်က (နအဖ) စစ်အစိုးရရဲ့ ၂ဝဝ၈ အခြေခံဥပဒေ ကို (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းကထောက်ခံတယ်ဆိုတဲ့အချက်ကို (မိန့်ခွန်းတွေထဲမှာ စိန်ခေါ်ချက်တွေ တော်တော်များများပါဝင်နေတာမို့ ) စိန်ခေါ်လိုက်တာလို့ မြင်မိပါတယ်။

၂ဝဝ၈ အခြေခံဥပဒေကို အခန်း (၁) အခန်းမှ အခန်း (၁၅)အထိ ဒီချုပ်က ပြင်ဆင်လိုသည့်အချက်များအား အခန်းစဉ်နှင့် ပုဒ်မအလိုက် “ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ဖြည့်စွက်ရန်” အကြံပြုချက်များကို ကျိုးကြောင်းဖော်ပြချက်နှင့်တကွ စနစ်တကျတင်ပြထား တာကိုတွေ့ရှိရပါတယ်။

အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

-       အခန်း (၁) ပုဒ်မ ၆ (ဃ) မှ “၍ စည်းကမ်းပြည့်ဝသော” ဟူသောစာသားကို ဖြုတ်ပယ်သင့်ပါသည်၊ ကျိုးကြောင်းဖော်ပြချက်၌ (ဒီမိုကရေစီကို ဝိဂြိုလ်ပြုရန်မလိုပါ)
-       ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက်ဦးတည်သည်၊ (ပယ်ဖျက်သင့်ပါသည်) ကျိုးကြောင်းဖော်ပြချက်၌ ( ပုဒ်မ ၄ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပါသည်၊ အမျိုးသားနိုင်ငံရေးကို အဖွဲ့အစည်းတစ်ခုက အစဉ်တစ်စိုက်ဦးဆောင်သည်ဆိုသည်မှာ မဖြစ်သင့်ပါ)
-       ပုဒ်မ ၈ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည် (ပြင်ဆင်သင့်ပါသည်) ကျိုးကြောင်းဖော်ပြချက်၌ (ဖက်ဒရယ်ပြည်ထောင်စုပုံစံ ရှင်းလင်းထင်ရှားစေရန်ဖြစ်ပါသည်၊ စစ်မှန်သောပြည်ထောင်စုစနစ်ဟု မူလပြဌာန်းချက်တွင် တိကျစွာဖော်ပြနိုင်မှုမရှိပါ)
-       ပုဒ်မ ၁၄ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့်တပ်မတော်သားများ ပါဝင်သည်။ (ပြင်ဆင်သင့်ပါသည်) ကျိုးကြောင်းဖော်ပြချက်၌ (ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်ပါသည်၊ အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန်ဖြစ်ပါသည်)
           
ဒုတိယသမ္မတ တစ်ဦးသာထားရှိရေး၊ ပုဒ်မ၅၉(စ) ပယ်ဖျက်ရေး၊ သမ္မတရာထူးတစ်ကြိမ်သာ ထမ်းဆောင်ရေး၊ ပြည်ထောင်စု နှင့်ပြည်နယ် ပူးတွဲဥပဒေပြုရေး (concurrent list) သတ်မှတ်နိုင်ရေး၊ ကာလုံတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့ကို  ထည့်သွင်းဖွဲ့စည်းရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးတွင် “ပြည်ထောင်စုလွှတ်တော်” ဆိုသည့်စကားရပ်ကို ထည့်သွင်းရေး၊ “ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခံရသော တပ်မတော်သားများ”သည် အငြိမ်းစားယူရေး ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ခုတည်းကိုသာလျှင် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံး အဖြစ်ထားရှိရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် “ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန်သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်”ဟူ၍ပြင်ဆင်ရန်၊ ပုဒ်မ ၄၂၁(ခ) ကာချုပ်နှင့်ကာလုံ၏ (အခန် ၁၁ အရေးပေါ်ကာလ)တာဝန်များနှင့်ပတ်သက်၍လည်း “ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရမည်” စသဖြင့် အခန်းစဉ်အလိုက်၊ ပုဒ်မအလိုက် ပြင်ဆင်ဖြည့်စွက်ရမည်များကို ဖော်ပြထားပါတယ်။

ကျနော့်အနေဖြင့်  “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု”ကိုမူ  ၂ဝဝ၈ အခြေခံဥပဒေကို ထိထိမိမိဝေဖန်ဆန်းစစ် ပြသနေကြခြင်း၊ ပြည်သူအများက စိတ်ဝင်တစားပါဝင်မှုရှိနေခြင်းဆိုသည့် အချက်၂ ချက်အပေါ်မူတည်၍ မလွဲမသွေ ဖြတ်သန်းကြရမည့် အဆင့်တစ်ခုအဖြစ် ကြည့်မြင်သဘောထားကာ  နှစ်ထောင်းအားရဖြစ်မိပါတယ်။ အားပေးပါတယ်။
မျက်နှာပူပြီးအားနာရမယ့်စကားဖြစ်သော်လည်း မျက်နှာအပူခံပြီးအားနာနာနဲ့ ကျနော်ပြောပါ့မယ်။ ဤစကားသည် (နဝတ-နအဖ) စစ်အစိုးရခေတ် နှစ်ပေါင်း ၂ဝ ကျော်နှင့် လက်ရှိကြံ့ဖွံ့အစိုးရကပေးအပ်ခဲ့တဲ့ လက်တွေ့ဘဝကလာသော မယုံကြည်နိုင်မှုသံသယများ၌ မြစ်ဖျား ခံပါတယ်။ ကျနော့်အနေဖြင့် (နဝတ-နအဖ) စစ်အစိုးရ၏ အမွေစားအမွေခံဖြစ်သောကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွတ်တော်၊ စစ်တပ်တို့အပေါ် ကြီးစွာသောသံသယ ရှိပါတယ်။ ယုံကြည်မှု အလျဉ်းမရှိပါ။ ပြည်သူအများ လက်မှတ်ရေးထိုးဆန္ဒပြုကြသော ပုဒ်၄၃၆ ပြင်ဆင်ရေးကို သူတို့ အသာတကြည်/ အညွတ်အနူး  လက်ခံလာလိမ့်မယ်လို့လည်း ကျနော် မယုံရေးချမယုံပါ။
“ပုဒ်၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု”အပေါ် သူတို့ လက်တွေ့တုန့်ပြန်နေသော နည်းမျိုးစုံလုပ်ရပ်များက ကျနော်ဘာကြောင့် မယုံကြည်ရသလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အထင်အရှားသက်သေခံနေပါတယ်။ ဤအချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဒီစကား” တွင် “ယခု (၄၃၆) ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ပြည်သူတွေမထောက်ခံအောင် နည်းအမျိုးမျိုးသုံးလာတာတွေ့နေရပါတယ်၊ အတိတ်မှာထားခဲ့ပါပြီဆိုတဲ့ စစ်အာဏာရှင်စနစ်တုန်းက သုံးခဲ့တဲ့နည်းမျိုးတွေပါပဲ”လို့ မှန်ကန်တိကျစွာ ထောက်ပြထားပါတယ်။
 နိဂုံးချုပ်၍တင်ပြရလျှင် ဒီချုပ်က  ပြင်ဆင်ပယ်ဖျက်လိုတဲ့ ပုဒ်မ ၁၆၈ ခုဟာ အဆိုပြုညှိနှိုင်းလိုတဲ့သဘော၊ ကမ်းလှမ်းချက်သဘော၊ အပေးအယူပြုလုပ်လိုသည့်သဘောထားများကို ပျော့ပြောင်းစွာ အစပျိုးဖော်ပြထားခြင်းမျိုးသာ ဖြစ်ပါတယ်။
သို့သော်လည်း မိမိတို့ဘက်မှ အဆိုပြုကမ်းလှမ်းမှုမှန်သမျှဟာ တစ်ဖက်လိုက်လျောမှုမပြုသမျှ အကောင်အထည်ဖြစ်မလာနိုင်ပါ။ (နဝတ-နအဖ) စစ်အစိုးရခေတ် နှစ်ပေါင်း ၂ဝ ကျော်ကာလအတွင်း တွေ့ဆုံဆွေးနွေးရေးကို ဒီချုပ်အနေဖြင့် အကြိမ်ကြိမ်အလီလီ တောင်းဆို ခဲ့ဖူးပါတယ်။ ယနေ့အထိ တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ် မလာခဲ့ပါဘူး။ ဖြစ်ပေါ်ခဲ့သမျှသော “တွေ့ဆုံမှု” ဆိုတာတွေကလည်း အိမ်ချုပ်ချခံထားရသူနဲ့ အိမ်ချုပ်ချထားသူတွေရဲ့တွေ့ဆုံမှု၊ တနည်းအားဖြင့် အချုပ်အချယ်ခံထားရသူနဲ့ ချုပ်ချယ်သူများရဲ့တွေ့ဆုံမှုမျိုးသာ ဖြစ်ပြီး၊ ပြည်တွင်းနဲ့နိုင်ငံတကာကိုလှည့်စားဖို့နဲ့ ၄င်းတို့ရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပဖိအားတွေလျှော့ချနိုင်ရေးအတွက်သာ အဓိကဖြစ်ခဲ့ပါတယ်။ “စိမ်းလဲ့ကန်သာတွေ့ဆုံမှု”ဆိုတာလည်း ဒီလိုပါပဲ အချုပ်အချယ်ခံထားရသူနဲ့ချုပ်ချယ်သူများရဲ့ ဆက်သားတွေ့ဆုံပြီး အလ္လာပ၊ သလ္လာပစကားပြောရခြင်းမျိုးသာ ဖြစ်ပါတယ်။
ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန်နဲ့တွေ့ဆုံတယ်ဆိုတာကလည်း ဓါတ်ပုံတစ်ပုံအတူရိုက်ခဲ့ကြတာသာအဖတ်တင်ခဲ့ပြီး၊ ဘာမျှရေရေရာရာမရှိခဲ့ဖူးဆိုတာတော့ ဒီနေ့မြင်တွေ့နေရတဲ့ အချက်တွေကသက်သေပါပဲ။

ဒါကြောင့် “အခြေခံဥဒေပြင်ဆင်ရေး ဥပဒေဘောင်အတွင်းကဆောင်ရွက်ရမယ်” လို့အစိုးရဘက်နဲ့ အတိုက်အခံဘက်က ပြောနေတာထဲမှာ ဘယ်နေရာမှာ ဘယ်လိုလွဲနေသလဲဆိုတဲ့ (RFA)က မေးတာကို ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေတဲ့စကားလိုပါပဲ။  “အစိုးရက တကယ်မပြင်ချင်ဘူး၊ အစ်မတို့ကတကယ်ပြင်ချင်တယ်”။
           
ညွန်း
-       ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၁၉)
-       ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၂ဝ)
-       ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၂၁)
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုစာတမ်


Friday, June 6, 2014

လူထုအင်အားနဲ့သင်ကြားမှသာ သူတို့ ယဉ်ပါးလိမ္မာလာကြလိမ့်မယ်(တူမောင်ညို)

0 comments

"ကျမဟာ ဒီအခြေခံဥပဒေကို လွှတ်တော်အတွင်းက ပြင်ချင်တယ်”
“ကျမတို့ပြည်သူရဲ့အင်အားကို အလွဲသုံးစားလုပ်ဖို့မဟုတ်ပါဘူး၊ ကျမတို့ရဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒဟာ အစ ကတည်းက အကြမ်းဖက်မှုကိုလုံးဝအားမပေးဘူး၊ လုံးဝမသုံးဘူး၊ ပြည်သူလူထုရဲ့အင်အားကို ပြည်သူလူထုတိုးတက်မှုအတွက်ပဲ ကျမတို့ရယူပြီးတော့ စည်းရုံးပြီးတော့ ကျမတို့အတူသုံးစွဲတာဖြစ်ပါတယ်” (ဒေါ်အောင်ဆန်းစုကြည်)

“ကျွန်တော်တို့က အရေအတွက်အင်အားပြပြီးတော့ ခြိမ်းခြောက်တာမျိုးမဟုတ်သေးပါဘူး၊ ဘာကိုပြလဲဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့အရည်အချင်းကိုပြတာပါ” (မင်းကိုနိုင်)

“ယနေ့လုပ်ဆောင်နေသာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒပြင်ဆင်ရေးဆိုင်ရာ လုပ်ဆောင်မှုများသည် တိုက်-ပြင်လမ်းမဟုတ်ဘဲ ပေါင်း-ပြင် လမ်းစဉ်သာဖြစ်တယ်” (ကိုကိုကြီး)

[ကိုကိုကြီးအနေနဲ့ “၈၈ မျိုးဆက်” ဆိုတဲ့စကားလုံးကို မျက်နှာပြောင်တိုက်ပြီးပြောတယ်ထားပါအုံး၊ “တိုက်-ပြင် လမ်းစဉ်” မဟုတ်။ “ပေါင်း- ပြင်လမ်းစဉ်” ဖြစ်တယ်လို့ပြောတာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲ (backdrop) နီရင့်ရင့် နောက်ခံကားချပ်ကြီးထဲက ရွှေဝါရောင်လက်သီးဆုပ်ကြီးကိုတော့ “စတိ” ပဲဖြစ်ဖြစ် အားနာသင့်ပါတယ်။
ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ တောင်းယူ/ပေါင်းယူ၍ရရိုးမဟုတ်၊ တိုက်ယူမှသာရပါတယ်၊ “တိုက်ယူသည်”ဆိုသည်မှာ လူထုလှုပ်ရှားမှုတိုက်ပွဲများကို ဆိုလိုပါတယ်။
အဝေးခေတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းတို့ (ဖတပလ)ကို ဘုရင်ခံကောင်စီထဲ ဗြိတိသျှအစိုးရက (ဆာဟူးဘတ်ရန့်စ်) ဖိတ်ခေါ်သည်မှာ နေသူရိန်ု၊ စက္ကူဖြူဆန့်ကျင်ရေး၊ ထန်းတပင်အရေးအခင်း၊ စက်တင်ဘာလူထုအုံကြွမှု စတဲ့ လူထုတိုက်ပွဲများကြောင့်ဖြစ်ပါတယ်။
အနီးခေတ်သမိုင်းကိုကြည့်ပြန်တော့ ၁၉၈၈ မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ (နဝတ) စစ်အစိုးရက ကြေညာပေးရတာဟာ “၈၈လူထုတိုက်ပွဲကြီး” ကြောင့်ဖြစ်တယ်ဆိုတာတော့ ကိုကိုကြီးနားလည်သဘောပေါက်ပြီးသား ဖြစ်လိမ့်မယ်ထင် ပါတယ်။ ကိုကိုကြီးက “ပေါင်း-ပြင်” ချင်တယ်ဆိုရင် လူထုတိုက်ပွဲအရှိန် မြှင့်ရပါလိမ့်မယ်၊ လူထုတိုက်ပွဲများနဲ့ ကြံ့ဖွံ့အစိုးရနဲ့လွှတ်တော်ကို အကြပ်ကိုင်ရလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် သူတို့ပြင်ပေးသလောက်ပဲ လက်ခံရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပြောရရင် “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာတပ်မတော်က ပေးသလောက်ပဲရမှာပါ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျမတို့လွှတ်တော်သက်တမ်းက ရှိမှာပါ” ဆိုတဲ့စကားလိုပေါ့ဗျာ။
ဒါ့အပြင်လောလောဆယ်မှာ ကိုကိုကြီးမှာ“မှတ်ပုံတင်နိုင်ငံရေးပါတီ”မရှိ၊ “လွှတ်တော်အမတ်”လည်းမဟုတ်သေးတဲ့အတွက် ကျနော်တို့ ပေါင်းဖို့ခက်နေပါတယ်လို့ ကြံ့ဖွံ့ပါတီဘက်ကများ အားနာပါနာငြင်းခဲ့ရင်မခက်ပါလား။
ဒေါ်အောင်ဆန်းစုကြည်၊ (ဦး)မင်းကိုနိုင်၊ (ဦး)ကိုကိုကြီးတို့က တောင်းပန်၊ချော့မော့၊ ပန်ကြားပြောဆိုနေသော်ငြားလည်း၊ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရတို့ဘက်မှတုန့်ပြန်မှုများဟာ ရိုင်းစိုင်းကြမ်းတမ်းလွန်းလှပါတယ်။
မေလ ၁၀ ရက် မအူပင်ဟောပြောပွဲနှင့် မေလ ၁၇/၁၈ (ဗိုလ်စိန်မှန်/အောင်ပင်လယ်ဟောပြောပွဲများ)မှ ယခု ဇွန်လဆန်းပိုင်းအထိ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု”အပေါ် ပုံစံမျိုးစုံဟန့်တားနှောင့်ယှက်မှုတွေကို ပြည်သူအားလုံးကသတိပြုမိပါတယ်။ အခုလို ပုံစံမျိုးစုံ ဟန့်တားနှောင့်ယှက်မှုတွေကို နောက်ကွယ်မှ ကြံ့ဖွံ့ပါတီနဲ့ကြံ့ဖွံ့အစိုးရ ကြိုးကိုင်စီမံဖန်တီးနေတယ်ဆိုတဲ့အချက်ကိုလည်း ပြည်သူအားလုံးက ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ထားကြပါတယ်။
မေလ ၁၈ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာထဲမှာ ပထမဆုံး ဘပွဲထွက်လာသူက သင်္ဃန်းကျွန်းအမတ်ဦးသိန်းညွန့် ဖြစ်ပါတယ်။ သူနဲ့အမေးအဖြေကို ဖော်ပြပေးတယ်။ မေလ ၂၀ ရက်နေ့ ၊ မြန်မာ့အလင်းသတင်းစာထဲမှာတော့ ဝံသာနုပါတီအထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာကို စင်တင်ပေးထားတယ်။
မေလ ၂၂ ရက်မှာတော့ ဒီချုပ်ပါတီထံလိပ်မူထားတဲ့ “အခြေခံဥပဒေကိုလေးစားလိုက်နာ/တည်ဆဲဥပဒေနဲ့အညီဟောပြော” ဆိုတဲ့ ဗိုလ်တင်အေးကော်မရှင်ရဲ့သတိပေးစာ။
“ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)” ဆိုတာကို မေလ ၂၇ ရက်နေ့မှာချိန်ကိုက်ပြီး သတင်းစာကနေ ထုတ်ပြန်ပေးလိုက်ပါတယ်။
(RSO) တွေကပဲ ရခိုင်ပြည်နယ်မှာ ဝင်ရောက်တိုက်ခိုက်နေသလိုလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ပဲ စစ်ခင်းရတော့မှာလိုလိုသတင်းတွေနဲ့ ပွဲလှန့်ပေးတယ်။ ဒါ့အပြင် လေးမျက်နှာ၊တပ်ကုန်း၊ လယ်ဝေးစတဲ့ မြို့နယ်အချို့မှာ “ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉ (စ)မပြင်ဆင်ရေး” ဆိုင်းဘုတ် လေးတွေထောင်စေပြီး တန်ပြန်ဆန္ဒပြခိုင်းတယ်။
ဒီလောက် ဟန့်တားနှောင့်ယှက်နေရုံနဲ့ မလုံလောက်သေးဘူးလို့ ယူဆလို့ရော၊ ပေါ်ပေါက်နေတဲ့ ဟန့်တားနှောင့်ယှက်မှုမျိုးစုံနဲ့ တစ်ကျိတ်ထဲ တစ်ဉာဏ်ထဲ၊ တစ်သွေးထဲတစ်သားထဲရှိတယ်ဆိုတာကိုဖော်ပြဖို့ သမ္မတဗိုလ်သိန်းစိန်ကိုယ်တိုင် ပွဲထွက်လာခဲ့ပါတော့တယ်။
“ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေပြုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသောသဘောတူညီချက်များအပေါ်မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်” တဲ့။
ဒီလိုနှောင့်ယှက်ဟန့်တားမှုတွေကို ကျော်လွှားပြီး လွှတ်တော်ထဲမှာ “ပုဒ်မ ၄၃၆” ကို ဒီချုပ်နဲ့ ၈၈ ငြိမ်းပွင့်တို့ ဘယ်လိုနည်းနဲ့ ဖြစ်မြောက်အောင် ပြင်ဆင်ကြမလဲ။
သင်ကြားရခက်ခဲတဲ့ အမျိုးအစားတွေထဲမှာ စစ်ဗိုလ်ဟောင်း/သစ်တွေဟာ ထိပ်ဆုံးကရှိပါလိမ့်မယ်။
ထိုသူတို့ကို လူထုတိုက်ပွဲအင်အားနဲ့ သင်ကြားယဉ်ပါးစေခြင်းဖြင့်သာလျှင် သူတို့သည် အလွယ်တကူသင်ယူတတ်မြောက်၊ ယဉ်ကျေး၊လိမ္မာလာကြလိမ့်မည်ဟု ယုံကြည်ယူဆပါကြောင်း။

၂ဝ၁၄ ဇွန် ပထမပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် ပထမပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)
ကော်မရှင်ပြောတာကို ဖွဲ့စည်းပုံခုံရုံးနဲ့လှည့်ကိုင်တာ ဘာနဲ့တူသလဲဆိုတော့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားကို ထောင်အာဏာပိုင်ကရိုက်တော့ စစ်ထောက်လှမ်းရေးခေါ်ပေး စစ်ထောက်လှမ်းရေးနဲ့ တိုင်မယ်ဆိုတဲ့ အပေါက်မျိုး။ ကော်မရှင်ဟာ စစ်အုပ်စုဘောင်းတော်ညိတ် စိတ်တော်သိတွေဖြစ် သလို ဖွဲ့စည်းပုံခုံရုံးဆိုတာလည်း ဗိုလ်သိန်းစိန် ဗိုလ်ရွှေမန်းတို့ ရုပ်သေးတွေမျှသာပဲ။ အားလုံးကို ချုပ်ထားတာက ကာ/လုံ။ ကာလုံကိုမပြောပဲ (စစ်အုပ်စုကိုမပြောပဲ)ကော်မရှင်ကိုပြောတာ၊ ဖွဲ့စည်းပုံခံရုံးကနေတဆင့်ပြောတာမှာ ထောင်က ရိုက်လို့ စစ်ထောက်လှမ်းရေး ခေါ်တိုင်မယ်ပြောတာနဲ့ ခြားနားလှတယ် မမြင်မိဘူး။ နောက်တချက်ကလှည့်အပေါ်ကပြောင်းနေပါပြီ အောက်ခြေက မပြောင်းသေးလို့ပါဆိုပြီး အောက်ခြေဝန်ထမ်းတွေကို လှည့်ပတ်ရန်လုပ်ပြရင်း ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်စနစ်ကို လိုက်ကာကွယ်ပေးနေသလိုမျိုး ခတ်ဆန်ဆန်ပဲ။ ထောက်လှမ်းရေးက(တနည်းပြောရရင် စစ်အစိုးရက) ရိုက်ခိုင်းလို့ ထောင်ကရိုက်တာ။ အပေါ်က အောက်ကို(တနည်းပြောရရင် အစိုးရက သူ့အစိုးရယန္တယားကို) ဒီအတိုင်းလည်ပတ်နေစေ့ချင်လို့သာ ဒီအတိုင်းမောင်းနှင်နေတာပဲ။ ဒီတုတ်တွေနဲ့ တဘက်လှည့်ရိုက်ပြီး လူထုနဲ့ ရန်မီးမွှေးထားရတာ ဒါကို နားလည်သိမြင်ဖို့လိုမယ်တွေးတယ်။ အောက်ခြေဝန်ထမ်းလေးတွေကို လှည့်ပတ်ရန်လုပ်ရင်း အထက်ကပြောင်းနေပြီ မင်းတို့မပြောင်းလို့ ပြည်သူတွေနစ်နာတာဆိုပြီး တဘက်လှည့်နဲ့အစိုးရအတွက် ဝါဒဖြန့်ပေါ်ပြူလာနိုင်ငံရေးနဲ့ အကျိုးစီးပွားဖြစ်ထွန်းနေသူကို ဘယ့်နှယ့်လို့ လူထုနိုင်ငံရေးသမား လူထုအကျိုးဆောင်သူလို့ ခေါ်နိုင်မလဲ။ အဲ့သလိုလုပ်တဲ့ပေါ်ပြူလာနိုင်ငံရေးသမားတွေ စစ်အာဏာရှင်အကြိုက် ဘယ့်လောက်ဝါဒကူဖြန့်ဖြန့် ဘယ့်လောက်ထောက်ထောက်ကူကူ ဂျိုနည်းနည်းထောင်လာရင်တော့ ငါ့ကောင်ကြီးတော်ရှာတယ်ဆိုတာ မေ့ပြစ်လိုက်တာ လက်တွေ့တွေမှအများကြီး။ အဲ့လူမျိုးတွေ ခနတဖြုတ်အထိန်းသိမ်းခံရတာကို လူထုသူရဲကောင်းလိုလိုပုံဖော်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မယ်ဆို ရေရှည်မှပြောစရာတွေရှိလာလိမ့်မယ်။

နောက်ဆုံးပြောချင်တာက စစ်အာဏာရှင်ဟာ စစ်ထောက်လှမ်းရေး(အစိုးရ)က မရိုက်နဲ့ဆို ထောင်ကလက်ဖျားနဲ့တောင် မတို့ဝံဘူး။ ဒီအတိုင်းပဲ လူထုကိုအနိုင်မကျင့်ရဆို အောက်ခြေဝန်ထမ်းက လူထုကို မော်တောင်မကြည့်ဘူး။
ခုက အပေါ်ကပေါ်လစီကို အတိအကျအကောင်အထည်ဖော် လိုက်နာနေရတဲ့ ထောင်အာဏာပိုင်နဲ့အောက်ခြေဝန်ထမ်းကို ရန်လိုက်လုပ်ပြနေတာ စစ်အာဏာရှင်တွေကို ကာကွယ်တဲ့လုပ်ရပ်မျှသာပဲ။ လူထုကိုမဖိနှိပ်ရလို့ ဥပဒေထုတ်ထားတဲ့ကြားထဲကမှဖေါက်ပြီး ကိုယ့်ဆန္ဒအလျှောက်လုပ်လာရင် လုပ်တဲ့ ထောင်အာဏာပိုင်ဖြစ်ဖြစ် အောက်ခြေဝန်ထမ်းကိုဖြစ်ဖြစ် တိတိကျကျအရေးယူပြလိုက် နောင်လုပ်ဝံ့ဦးမလား။ (ကယ်ပါယူပါ တစာစာ)

အင်န်အယ်လ်ဒီ့ဘက်က ရှင်းတယ်။ သူပြင်ချင်တာ ဒါ..ဒါ...ဒါ ဆိုပီး ၁၆၈ ချက် ထုတ်ပြတယ်။ ပြင်ပေးနိုင်တဲ့ပါဝါက စစ်အုပ်စုပါတီနဲ့ စစ်အမတ်တွေလက်ထဲမှာ။ ကြံ့ဖွံ့က ထက်အောက် အမိန့်နာခံမှုခေါက်ရိုးကျိုး။ စစ်အမတ်တွေက ဗိုလ်မင်းအောင်လှိုင် တသွေးတသံတမိန့်။ အားလုံးက တူတဲ့ကျိုးစီးပွားကို မတူတဲ့လုပ်ဟန်နဲ့ နည်းပရိယယ်ရှိရှိ စုပေါင်းကာကွယ်ရေးအောက်မှာ ကာ/လုံနဲ့ ဝိုင်းကြီးချုပ် ချုပ်ထားတဲ့စနစ်။ ဘာပဲဖြစ်ဖြစ် ပြင်ဖို့ဝင်တဲ့အင်န်အယ်လ်ဒီ ပြင်ဖို့လုပ်တာတော့ နိုင်ငံရေးဝန်တာနဲ့ ကတိတည်ကြည် စောင့်စည်းမှုလို့ပြောရမယ်။ ပြင်ရေးဘယ်လွယ်/မလွယ်ကတော့ နိုင်ငံရေးနွေလည်နေ့ခင်းအိပ်မက်ဆန်ဆန်မို့ စိတ်ကူးယဉ်မကြည့်ချင်ဘူး။ လက်မှတ်လာထိုးကြတဲ့ ပြည်သူတွေမျက်နှာဟာ ရွှင်လန်းအားရမျှော်လင့်ချက်အရည် ရွှမ်းရွှမ်းမှည့်ဝင်းဝင်းမို့ သီးကင်းတွေလည်း တဖြိုက်ဖြိုက်မကြွေပါစေနဲ့။ ပြင်မပေးရင် မပြင်ရင် ဘာလုပ်မယ်ဆိုတဲ့မဟာဗျူဟာကို လူထုနဲ့နိုင်ငံတကာကို ချပြထားရမယ့်အချိန်လည်းရောက်ပြီ မှတ်တယ်။ ဘယ်လိုလုပ်မယ်ဆိုတဲ့ နည်းဗျူဟာ (ဝါ)နည်းနာကတော့ ချပြဖို့ခက်တာမို့ ရှိစေတော့။ (ဝေ့လည်ကြောင်ပတ်လို့မရတော့ပြီ)

ဒေါက်တာမတင်ဝင်းကြီးကို စစ်ဗိုလ်တွေလူရာသွင်းတုန်းက ထိုင်းနဲ့ဗမာကိစ္စမှာ အတော်စွာခဲ့တာပဲ။ ခု ဘင်္ဂလားဒေ့ရှ်နဲ့ကိစ္စကြတော့ ဘယ်ကြေးစားပညာတတ်တကောင်မှ ထွက်မဟောင်ခိုင်းသေးပါလား။ (ယိုးဒယားကလော် ဒေါ်တင်ဝင်း)

အလိုလေး...စစ်ဖြစ်ရင် ဘယ်ဘက်ကဝင်တိုက်မလဲ လာလာမေးလို့ ကျနော် (ကို)မင်းကိုနိုင်ဆီမှာ စာရင်းမသွင်းရသေးကြောင်းပြောပြရတယ်။ ခု လာပြန်ပြီ အောင်တပ်မတော်ကြီးအတွက် စစ်စရိတ်ရန်ပုံငွေအလှူခံတဲ့။ ပြောသေးတယ် ရဲဘော်သုံးကျိပ်ဝင်လာတော့ ဆင်းရဲသားအမယ်အိုကြီးတယောက်က နားကပ်လေးချွတ်လှူတာတဲ့။ ခင်ဗျားရော လက်ပတ်နာရီလေး ချွတ်မပေးလိုက်ချင်ဘူးလား။ (စစ်စရိတ်ရန်ပုံငွေ)

ဝက်စ်ပွိုင့်မှာ ဘရက်ခ်အိုဘားမားပြောတာကို တခွန်းတည်းနဲ့ရှင်းအောင်ပြောရရင် “ဗမာကို ငါတို့ရပြီ”လို့ တရုတ်ကို လက်မထောင်ပြတာ။ (ဝက်စ်ပွိုင့်ကပြတဲံ့ဇာတိ)

ဒီနေ့ တယောက်ကမေးတယ် "ခင်ဗျားရော ၄၃၆ ပြင်ရေး လက်မှတ်မထိုးဘူးလား"ဆိုပြီး။ မထိုးဘူး။ ကျနော့်အတွက် ထိုးစရာလည်းမဟုတ်ဘူး။ ထိုးရအောင် ကျနော်က အဲ့ဒါကြီးကို အသိအမှတ်မှ မပြုခဲ့တာ။ အရှိကိုအရှိအတိုင်းလည်း မမြင်ခဲ့တာ။ စကတည်းက ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးတစုံလုံးဖျက်သိမ်းရေးရပ်ခံချက်နဲ့ တောက်လျှောက်ဆန့်ကျင်နေတာ။ ဘာကိစ္စ ပြင်ဖို့လေးကပ်ပြီး ကွက်ပြီးထိုးနေရဦးမလဲ။ သမိုင်းဝင်ဖို့ ကမ္ဗည်းတင်ဖို့ လိုသူတွေလည်းရှိကြမှာပါ။ (ဦး)ချမ်းအေးတောင် ထိုးသေးတာပဲဟာ။ တင်ပါဝင်ပါ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။ လူတချို့အတွက်တော့ လုပ်လို့မရချိန်မှာမလုပ်ခဲ့တာထက် လုပ်လို့ရချိန်မှာမလုပ်မိတာက ပိုတောင် နောင်တနဲ့အချိန်မစီးဖြစ်မှာမို့လား။ ကျနော်ကတော့ လေးစားလိုက်နာမယ်လည်း မပြောခဲ့ဘူး။ ကာကွယ်စောင့်ရှောက်မယ်လည်း ကျမ်းကျိန်မထားဘူး။ ဘာ့ကြောင့် ကျနော် လက်မှတ်ထိုးဖို့လိုဦးမလဲ။ တွေးမိတာက ခုနေ ဆရာဦးဝင်းတင်ရှိရင် လက်မှတ်ထိုးမလား မထိုးဘူးလားဆိုတာပဲ။ (၄၃၆ ကို မထိုးဘူး)

သူ့ဘာသာစကားနဲ့ မူရင်းအမည်တွေကို ဗမာလိုပီအောင်ခေါ်ဖို့ဆိုတာ တခါတခါမှာ အတော်ခက်ပါတယ်။ ဗမာအမည်ကိုလည်း သူတို့အခေါ်ရခက်တာပါပဲ။ ကျနော့်အမည်ကို ကျနော့်ဇနီး ခုထိ ပီအောင်မခေါ်နိုင်သေးပါ။ ဒါတောင် အိမ်ထောင်သက် ၄ နှစ်ရှိပြီ။ ဒါ ဘာမှထူးဆန်းတဲ့ကိစ္စလည်းမဟုတ် အကျယ်တဝင့် ငြင်းခုန်နေစရာလည်းမရှိ။ အရေးကြီးတာက ဘုံသဘော စုနားလည်ထားတဲ့အမည်တခုခု တွင်နေတယ်ဆို ပြီးတာပါပဲ။ ဥပမာ--Socrates ဆိုပါတော့။ တချို့က ဆိုကရေတီး။ တချို့က ဆိုကရေးတီးစ်။ တချို့က ဆော့ခရေးတီးစ်။ တချို့က ဆော့ကရပ်တိစ်။ တချို့က ဆော့ခရတ္တိစသည်ဖြင့်ပေါ့လေ။ တခုနဲ့တခု အများကြီး ကွာမသွားပေမယ် ဆိုကရေးတီးစ်ဆိုတာကတော့ အများနားယဉ်ပြီးသားလိုဖြစ်နေတော့ ပိုပေါက်တယ်။ တန်းကနဲ နားထဲဝင်သွားတယ်မဟုတ်လား။ အဲ့သလိုမျိုး နိုင်ငံခြားအမည်တွေကိုဘာသာပြန်ရင်း အသံထွက်ကိစ္စ ငြင်းကြခုန်ကြတာတွေကြည့်ပြီး အောင်ကျော်စည်တယောက် နားကလောလာဟန်ပဲ။ ဒီတင် သူကလုပ်ချလိုက်တယ် (စုံပဒတ်သီး)တဲ့။ အေးရော။ (အောင်ကျောစည့်စုံပဒတ်သီး)

အပြင်မှာလူတွေကိုလှုံ့ဆော်ရှင်းပြပြီး ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးပွဲလုပ်။ ပြီးတော့လက်မှတ်တွေ အထဲယူသွားပြပြီးဖွဲ့စည်းပုံပြင်ရေးလုပ်မယ်ဆိုတဲ့လုပ်ဟန်ဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်မလဲတော့ ခုထိမပြောတတ်သေး။ ဒါပေမယ့် အရင်အကြိမ်တွေလို ဒီတကြိမ်လည်း အဖျားမရှူးဖို့တော့ စိတ်စောမိတယ်။ ဒီတခါ ရှူးရင် နောက်တခါအတွက် ရှူးစရာအဖျား ကျန်ပါတော့မလားလည်း စိတ်ပူတယ်။ ပြောရရင် ဒေါ်စု လွှတ်တော်ထဲဝင်သွားပြီးနောက် ဒါဟာ အကြီးဆုံးစွမ်းဆောင်မှုပဲ။ ဒီမှာ ရှူံးရင် နိုင်စရာကျန်ပါဦးမလား။ ဒီ ပေါင်း-ပြင်ဟာ သင်္ကြန်အမြောက်ဆိုရင်၊ ဒီပေါင်း-ပြင်ဟာ နိုင်ငံရေးမီးရှူးမီးပန်းဆိုရင် တကယ့်ကိုလိုလိုလားလား တက်တက်ကြွကြွနဲ့ လက်မှတ်လာထိုးကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်စိတ်ပြတ်တဲ့လူထုအဖို့
ကြေကွဲစရာတွေဆောင်ကျဉ်းလာတဲ့
စကားလုံးမျက်လှည့်ပွဲသာဖြစ်လိမ့်မယ်ထင်တယ်။ (ရှူံးစရာမကျန်အောင်ရှူံး)

ဟိုနေ့က အမေရိကားရောက်(ကို)မင်းဇေယျနဲ့ ရဲမော်ထူးအိမ်မှာထိုင်ပြီး လူချင်းအေးအေးဆေးဆေး စကားပြောဖြစ်တယ်။ ၄ နာရီလောက်ကြာတယ် ထင်တာပဲ။ ထုံးစံအတိုင်း ထောင်ထဲတုန်းကအကြောင်းတွေနဲ့ ရီရီမောမောစပြီး နိုင်ငံရေးအရအမြင်မတူမှုမှာ အဆုံးသတ်အကြိတ်အနယ်ပြောရင်း ရင်းရင်းချာချာကွဲလွဲကြတာပေါ့။ ပြောရရင် များမှာပါ။ အမြင်မတူတာတွေထဲက တခုတောပြောချင်သား ဒေါ်စုနဲ့ပတ်သက်လို့။

သူက ဒေါ်စုက ဗမာ့ယဉ်ကျေးမှုကို နားမလည်ဆိုတဲ့သဘော၊ နိုင်ငံခြားမှာနေခဲ့ ပညာသင်ခဲ့ပြီး အဲ့ဒီစံတွေနဲ့ နေရာတကာလိုက်တိုင်းတော့ အလွဲတွေချည်းထွက်ပြီး တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကျသွားတယ်လို့မြင်နေတယ်။ ရခိုင်-ရိုဟင်ဂျာကိစ္စ ဥပမာထုတ်ပြီး ရခိုင်တွေ ဒေါ်စုကိုလအထောက်အခံလျော့သွားတာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံတွေကိုကိုင်ပြီးပြောလို့၊ ရခိုင်တွေရဲ့ယဉ်ကျေးမှု၊ နစ်နာမှု၊ အခွင့်အရေးချိုးဖေါက်ခံရမှုတွေကို ဗမာ့စံ ဗမာ့ယဉ်ကျေးမှုထောင့်ကနေမကြည့်ပဲ
နိုင်ငံတကာ့စံ နိုင်ငံတကာနှုန်းတွေနဲ့ကိုင်ပြောလို့ လို့သူကထောက်ပြတယ်။

ကျနော်က ကချင်ကိစ္စကိုထုတ်ပြပြီး ဒေါ်စုအပေါ် လူမျိုးစုတွေရဲ့ ကိုးစားအားထားမှုကျသွားတာ ဒေါ်စုရဲ့ကျင့်ဝတ်နိုင်ငံရေး ဒါမှမဟုတ် နိုင်ငံရေးကျင့်ဝတ် ယိုယွင်းမှုကြောင့်လို့မြင်ကြောင်းနဲ့ နိုင်ငံရေးမှာ ဖြစ်နိုင်ခြေရှိတာတွေချည်းရွေးလုပ်တဲ့နိုင်ငံရေး၊ လက်တွေ့အခြေပြုစဉ်းစားချက်အခြေခံနိုင်ငံရေးနဲ့ ကျင့်ဝတ်နိုင်ငံရေးသဘောကို ချုပ်ပြီးဆွေးနွေးတယ်။ ကျင့်ဝတ်နိုင်ငံရေးမှာ အဖိနှိပ်ခံဘက်ကရပ်တည်ပေးလို့ လူကြိုက်နည်းတာ၊ လူမုန်းခံရတာ၊ နောက်ဆုံး အလုပ်ကြံခံရတာတွေပါရှိတတ်တယ်။ အန္တရာယ်လည်း အလွန်များတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာအာဏာဝေစုခွဲတာနဲ့ လူထုဘက်ရပ်တဲ့ကိစ္စဟာ သီးခြားစီလို့မြင်ကြောင်းပြောတယ်။ ကျင့်ဝတ်နိုင်ငံရေးရဲ့ နိုင်ငံရေးကျင့်ဝတ်ထောင့်ကနေဆို ကချင်ကိစ္စမှာ စစ်အာဏာရှင်ကိုပြစ်တင်ရှူတ်ချတာ၊ ကချင်လူမျိုးစုတွေဘက်က နိုင်ငံရေးအရထောက်ခံပေးတာ၊ လူသားစိတ်အရ စာနာမှုပေးတာမျိုးလုပ်ဖို့ပျက်ကွက်ခဲ့တာ အသံတိမ်ခဲ့တာတွေကြောင့် ကချင်တွေ
ဒေါ်စုအပေါ် အရင်လို အားကိုးအားထားပြုလိုစိတ် လျော့သွားတာလို့မြင်ကြောင်းပြောတယ်။

သူလည်း သူ့အမြင် သူ့ရပ်ခံချက်နဲ့၊ ကျနော်လည်း ကျနော့်အမြင် ကျနော့်ရပ်ခံချက်နဲ့ပါ။ တယောက်ကိုတယောက် ချေဖျက်ဖို့အထိတော့ မကြိုးစားကြဘူး။ သူနဲ့ကျနော် ရန်သူမှ မဟုတ်တာ။ (မင်းဇေယျနဲ့ အလ္လပ သလ္လာပ)

အီလျာအာရင်ဘတ်ရေးပြီး ဆရာမြသန်းတင့်ဘာသာပြန်တဲ့ လူများ သက္ကရာဇ်များ ဘဝ ကို သူများဆီက ငှားဖတ်ပြီးပြီးချင်း တန်းဝယ်ဖြစ်တယ်။ အဲ့သလို တန်းဝယ်ဖြစ်တဲ့စာအုပ်တွေ သူများပြန်ငှားဖတ်ရင်း လက်စပျောက်ကုန်တာများတယ်။ ထားပါတော့ စာအုပ်အပျောက်ရိုက်သူကို သူခိုးလို့ ခုထိ စိတ်ထဲအမှတ်မထားဘူး။ ပြောချင်တာက တနေရာမှာ အီလျာအာရင်ဘတ်ကပြောတယ်။ (ခုချိန်ဟာ ဖက်ဆစ်နာဇီတွေထဲက နာဇီကောင်းတစ်ယောက်ရှာနေရမယ့်အချိန်မဟုတ်ဘူး)တဲ့။ ခင်ဗျားရော စိတ်ကောင်းရှိတဲ့ စစ်အာဏာရှင်တစ်ယောက်တလေများ ရှာမိလေသလား။ တွေ့ရင် အီလျာအာရင်ဘတ်ကို လက်တို့လိုက်ပါဦး။ (စိတ်ကောင်းရှိတဲ့ နာဇီ)

လုပ်ပြန်ပြီ...ဘုန်းကြီးဆိုးတွေက မဲမဲမြင်ရာအမျိုးသားသစ္စာဖေါက်လုပ်လို့မှ မကြာသေးဘူး ခု...၄၃၆ ပြင်ရေးလက်မှတ်မထိုးရင်ကိုပဲ အမျိုးသားသစ္စာကဖေါက်ရပြန်ပြီ။ ဘာထူးလဲ အဲ့သလိုဆင်းသွားတော့ တတန်းတစားတည်းဖြစ်ကရောမဟုတ်လား။ စည်းရုံးရေးကျတယ်ဆိုတာ (ထောက်ခံသူ လျော့သွားတာကိုပြောတာမဟုတ်ဘူး၊ ထောက်ခံသူ တက်မလာကိုပြောတာ) ထောက်ခံသူ ဒုံရင်းဒုံရင်းအတိုင်းရှိနေတယ်ဆို အဲ့ဒါ စည်းရုံးရေးကျနေတာပဲ။ ကိုယ့်ဘာသာ ကျနေသလား/တက်နေသလားမသိရင် မိတ်ဆွေတွေကိုပါ ရန်လုပ်မိတတ်တာပဲ။ (မဲမဲမြင် ရန်သူထင်ခြင်း)

၂ဝ၁၄ ဇွန် ပထမပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် ပထမပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)
ပဒေသရာဇ်ခေတ်ကြီးတလျှောက် တရုတ်လည်း စက္ကူနဲ့ယမ်း စ တွေ့ပြီး လက်မထောင်နိုင်ခဲ့တာပဲ။
အာရဗ်တွေလည်း အဂ္ဂိရတ်ထိုးရင်း ဓါတုဗေဒမှာထိပ်ဆုံးရောက်ခဲ့တာပဲ
အီဂျစ်တွေလည်း ဗိသုကာအတတ်မှာ ပြိုင်စံရှားခဲ့တာပဲ။
ဟိန္ဒူတွေလည်း စာပေအနုပညာအဖွဲ့အနွဲတွေနဲ့
ဒဿနဆိုင်ရာတွေနဲ့ ခေတ်ရှေ့ပြေးခဲ့တာပဲ။
မြန်မာတွေမှာ အဲ့သလိုသာ ပြောစရာမရှိပေသိ သူ့ခေတ်နဲ့သူ လူလူသူသူတော့ရှိခဲ့တာပါပဲ။
အဲအချိန်မှာ ဥရောပကြီးက အမှောင်ခေတ်ထဲ မွန်းကောင်းတုန်း။

နောက်တော့ တယ်မကြာလိုက်ဘူး။ ဥရောပက နှာအဖျားပေါင်းများစွာ ကျော်တက်ရုံတင်မကဘူး ရှေ့ဆောင်နွားလားကြီးတွေရဲ့ နှာအဖျားကိုဖေါက်ကာ နဖါးကြိုးပါထိုးနိုင်သွားတယ်။ အဲ့ဒါကို တခွန်းတည်းပြောရရင် ခေတ်မီခြင်းပဲ။ အာရှမှာ ဂျပန်တနိုင်ငံသာ အချိန်မီထိန်းညှိနိုင်လွန်းလို့ မင်ဂျီခေတ်ပြုပြင်ပြောင်းလဲရေးလုပ်ပြီး စက်မှုနိုင်ငံဆီရွေ့ရွေ့ဝင်ခဲ့တာ

အဲ့ဒီအချိန် ပဒေသရာဇ်ခြင်းအတူတူ ဥရောပပဒေသရာဇ်စနစ်မှာတော့
ဘယ်သူသေရင် ဘယ်သူဘုရင်။ ဘယ်သူပြီး ဘယ်သူမင်းလုပ်ဆိုပြီး သတ်မှတ်ပေးနိုင်တဲ့အနေအထားအထိယဉ်ကျေးလာတယ်။
နောက်တော့ ဘုရင်ကို ဘုရားခန့်ပါဝါကနေ လွှတ်တော်အပ်အာဏာထဲသွင်းပြီး လခစားစည်းမျဉ်းခံအထိ ဆွဲချလိုက်နိုင်တယ်။

အဲ့ဒီအချိန် ကိုယ်တွေဆီပြန်ကြည့်တော့ ထီးမွေနန်းမွေအတွက်
သားအဖချင်း ရန်စောင်တုန်း၊ ညီအကိုချင်းသတ်ကောင်းတုန်း။
ဒါကိုပဲ နန်းတွင်းအရေးတော်ပုံဆိုကာ ဘုံမြှောက်သူက မြှောက်တုန်း။
တိုင်းပြည်ကိုလိုနီဖြစ်ခဲ့တာမှာ လက်နက်အင်အားခြင်းမမျှလို့ပေါ့ကွာဆိုတဲ့
ရုပ်ဝတ္ထုပစ္စည်းအခြေခံမယှဉ်သာမှုတချက်တည်း ကွက်ပြီးကောက်ချက်ချတာဟာ
ခုဖြစ်နေတဲ့ အစွန်းရောက်ဘာသာရေးလူမျိုးရေးအတွေးအခေါ်ရဲ့ သန္ဓေတည်ရာပဲ။
ကာလလရေကြည်ပဲ။ စစ်အာဏာတည်ဖို့ရာ ရေခံမြေခံပဲ။

အတွေးအခေါ်အရခေတ်မီတယ်ဆိုတာ ကမ္ဘာကြည့်ကြည့်မြင်တတ်ခြင်းပဲ။
ကမ္ဘာကြည့် ကြည့်မြင်တတ်ဖို့ဆို ဝါးလုံးခေါင်းထဲ လသာမနေမိဖို့အရေးကြီးတာပဲ။
ဒေသ လူမျိုး ဘာသာစတာတွေကိုကျော်ပြီး ကြည့်မြင်နိုင်စွမ်းရှိမှုပဲ။ (ကမ္ဘာကိုဘယ်လိုကြည့်သလဲ)

ဒေါ်အောင်ဆန်းစုကြည် စစ်တွေသွားမယ်ဆိုတဲ့အသံ တခါပြန်ထွက်လာတယ်။ လူတွေ သောင်းသောင်းဖြဖြကြိုဆိုကြမယ်ထင်သလားမေးတော့ အာရ်အင်န်ဒီပီက ဦးအေးမောင်က (မသိဘူး)တဲ့။ လူထုဟောပြောပွဲလုပ်တာဆိုရင်ရော တက်မလားဆိုတော့ (၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီတွဲလုပ်တဲ့ ၄၃၆ ပြင်ရေးအတွက်ဆိုရင်တော့ မတက်ဘူး)..တဲ့။ ရှင်းတယ် သူတို့က။ မူတူးဆေးဖိုးတို့ကတော့ ၂ဝဝ၈ ပြင်ရေးက အရေးမကြီးဘူး..တဲ့။ မန်းငြိမ်းက နောက်သက်တမ်းတခုလောက် သမ္မတကြီးဆက်လုပ်ပါဦးလို့ တိုက်တောင်တွန်းခဲ့သေးသတဲ့။ ရှင်းတယ် မူတူးတို့အုပ်ကလည်း။ ဟို သေနတ်နဲ့ ကားပါမစ်တို့ အရက်သွင်းခွင့်ပါမစ်တို့၊ ဘာပါမစ်ညာပါမစ် ဘာတူးခွင့် ဘာခုတ်ခွင့်တို့နဲ့ လဲလဲစားနေတဲ့ တခြားတခြားသောအဖွဲ့အစည်းတွေဆီကလည်း ခု လုပ်နေတဲ့ ၄၃၆ ပြင်ရေးမှာ ဘာသဘောထားမှထွက်မလာကြတာ ဘာသဘောများလဲ။ သိတ်မရှင်းတာလား ဒါမှမဟုတ် နောက်ထပ်ပါမစ်တခုခုထပ်ပေးမှ ထုတ်ပြောမှာလားမပြောတတ်သေး။ အရက်မူးပြီးကားမောင်းရင်တောယ့ အမေရိကန်မှာအပြစ်ကြီးတာပဲ။ (ကရင်ဗိုလ်နြ့ဗမာဗိုလ်တွေ)

ဒေါ်အောင်ဆန်းစုကြည် စစ်တွေသွားမယ်ဆိုတဲ့အသံ တခါပြန်ထွက်လာတယ်။ လူတွေ သောင်းသောင်းဖြဖြကြိုဆိုကြမယ်ထင်သလားမေးတော့ အာရ်အင်န်ဒီပီက ဦးအေးမောင်က (မသိဘူး)တဲ့။ လူထုဟောပြောပွဲလုပ်တာဆိုရင်ရော တက်မလားဆိုတော့ (၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီတွဲလုပ်တဲ့ ၄၃၆ ပြင်ရေးအတွက်ဆိုရင်တော့ မတက်ဘူး)..တဲ့။ ရှင်းတယ် သူတို့က။ မူတူးဆေးဖိုးတို့ကတော့ ၂ဝဝ၈ ပြင်ရေးက အရေးမကြီးဘူး..တဲ့။ မန်းငြိမ်းက နောက်သက်တမ်းတခုလောက် သမ္မတကြီးဆက်လုပ်ပါဦးလို့ တိုက်တောင်တွန်းခဲ့သေးသတဲ့။ ရှင်းတယ် မူတူးတို့အုပ်ကလည်း။ ဟို သေနတ်နဲ့ ကားပါမစ်တို့ အရက်သွင်းခွင့်ပါမစ်တို့၊ ဘာပါမစ်ညာပါမစ် ဘာတူးခွင့် ဘာခုတ်ခွင့်တို့နဲ့ လဲလဲစားနေတဲ့ တခြားတခြားသောအဖွဲ့အစည်းတွေဆီကလည်း ခု လုပ်နေတဲ့ ၄၃၆ ပြင်ရေးမှာ ဘာသဘောထားမှထွက်မလာကြတာ ဘာသဘောများလဲ။ သိတ်မရှင်းတာလား ဒါမှမဟုတ် နောက်ထပ်ပါမစ်တခုခုထပ်ပေးမှ ထုတ်ပြောမှာလားမပြောတတ်သေး။ အရက်မူးပြီးကားမောင်းရင်တော့ အမေရိကန်မှာ တယ်အပြစ်ကြီးတာပဲ။ (လက်နက်ကိုင်တွေ နှုတ်ဆိတ်နေ)

PR လို့ဆိုတဲ့ အချိုးကျကိုယ်စားလှယ်စနစ်ကတော့ ချီလာပါပြီ။ အင်န်အယ်လ်ဒီက ပီအာရ်ပုံစံလက်မခံကြောင်း ဦးဝင်းတင်အတိအလင်းပြောထားတာရှိတယ်။ ဒေါ်စုလည်း ပြောဖူးတယ်မှတ်တယ်။ သိတ်တော့မသေချာဖူး။ ကျနော့်ဆီ သူပြောခဲ့/မပြောခဲ့မှတ်တမ်းမှတ်ရာ မရှိဘူး။ ရှိရှိ/မရှိရှိ သိတ်တော့လည်း အရေးမကြီးဘူး။ ပြင်ပြင် မပြင်ပြင်ဝင်မှာပဲဆိုတာ ရှိထားပြီးသားမို့လား။ ဗကပပျက် စာရေးဆရာကျော်ဝင်းကတော့ ငေါက်လားငန်းလားလုပ်နေပြီ ဗိုလ်ချုပ်သမီးကို ”သမီးဗိုလ်ချုပ်”ဆိုပဲ။ အမြော်အမြင်နည်းရန်ကောတော့ မလုပ်နဲ့..တဲ့။ပြင်ပြင်မပြင်ပြင်ဝင်မယ်ဆိုတဲ့ သံပစုံ့ကြုံး မိုးသို့ချုံးစကားထဲမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုပြင်လည်း ဝင်မှာပဲဆိုတဲ့အနက်များ ပါလေရော့သလား။ ဒီမနက်ထွက်တဲ့ တိုက်ရိုက်မဟုတ်တဲ့စကားထဲမှာ ရိပ်ဖမ်းသံဖမ်းတွေ့လိုက်တယ်။ ဘာတဲ့ PR စနစ်ကိုတော့ မကြိုက်ဘူး။ ဒါပေမယ့် ရဲရဲရင့်ရင့်တော့ ဖြတ်သန်းရမှာပဲဆိုပါ့လား။ (ပီအာရ်ကို ကျော်နင်းမယ်ဆိုပါ့လား)

တိတ်တိတ်နေ ၂ ယောက်စီသွားနဲ့ မိန်းဂျေးလ်လမ်းမကြီးကိစ္စကက အင်းစိန်ထောင်နဲ့ အခြားထောင်တွေမှာနေဖူးသူတိုင်း သိမယ်ထင်တယ်။ ထောင်ထဲမှာ စကားမပြောရတဲ့နေရာ၊ တိတ်တိတ်နေရတဲ့နေရာနဲ့ စကားကျယ်ကျယ်မပြောရနေရာတွေရှိတယ်။ စကားမပြောရနေရာကတော့ ရှင်းတယ်။ ဘာမှကို မပြောရတာ။ တိတ်တိတ်နေ နေရာက မေးရင်ပြောခေါ်ရင်ထူး ဒါပဲ။ ကျန်တာမပြောနဲ့ တိတ်တိတ်ကလေးနေ။ ကျယ်ကျယ်မပြောရကတော့ တိုးတိုးပြောရင်ရတဲ့သဘောပဲ။ ဒီလောက်ဆို တိတ်တိတ်နေရဲ့သဘောသွားကို ဆဝါးလို့ရမယ်ထင်တယ်။

မိန်းဂျေးလ်လမ်းဆိုတာ ထောင်အရှေ့ဗူးကနေ ထောင်အနောက်ဗူးအထိ တန်းနေအောင်ဖြောင့်နေအောင်၊ ဘာအကာအကွယယ်မှ မရှိအောင်ဖေါက်ထားထားတဲ့ လန်းဖြူးဖြူးကြီးကိုခေါ်တယ်။ ကျည်ကွယ်ရောမျက်ကွယ်ပါ မရှိတာ။ ဘေးက နေရာတွေထက် ပိုမြှင့်ထားတယ်။ ပြောရရင် မင်းလမ်းဆိုပါတော့။ အကျဉ်းသားဆို ဘာအမှုနဲ့ကျကျ အဲ့လမ်းကြီးပေါ် တက်လျှောက်ခွင့်မရှိဘူး။ ထောင်ဝါဒါ ထောင်မှူးထောင်ပိုင်နဲ့ အခြားတာဝန်ရှိတွေပဲလျှောက်ခွင့်ရှိတယ်။ ထောင်သားတွေက ဘေးက နှစ်ယောက်လက်တွဲလျှောက်သာရုံကျယ်တဲ့ လမ်းနိမ့်ကလေးကနေပဲလျှောက်ရတယ်။
လူတွေ လမ်းပေါ်ထွက်လာမှာ နှစ်ဘက်လုံး လန့်နေမှန်းသိသာတယ်။ ဒေါ်စုက လူတွေထွက်လာရင် သူ့ကြောင့်လို့အပြောခံရမှာ အတော်စိုးနေတယ်။ အပြန်အလှန် တယောက်တခွန်းပြောတော့ ဟိုလူကြီးလည်း လူတွေ လမ်းပေါ်မထုတ်နဲ့..တဲ့။
ဒေါ်စုကလည်း လာခွင့်ရှိတယ်..တဲ့။ ဟိုလူကြီးပြောတဲ့ လမ်းပေါ်မထုတ်နဲ့က လူထုလှုပ်ရှားမှုကိုရည်ရွယ်တာဖြစ်ပြီး ဒေါ်စုပြောတဲ့လာခွင့်ရှိတယ်က(သူ့စကားအတိုင်း) တိတ်တိတ်နေတယ် နှစ်ယောက်စီသွားတယ်။ မိန်းဂျေးလ်လမ်းမကြီးပေါ် မလျှောက်ဘူးဆိုတာမျိုး။

နောက်တချက်အရေးကြီးတာက အမေ့အမယောက်ျားနဲ့ နိုင်ငံရေးဆွေမျိုး ဇွတ်စပ်ပြစ်လိုက်တာ (ဗကပ တူမဆိုပြီးတော့)။ ဗိုလ်အောင်ဆန်း သူ့အဖေကိုသတ်တယ်လို့စွဲတာကတော့ အခြေအမြစ် မရှိဘူး။ ဘီအိုင်အေက သတ်တာလောက်မပြောနဲ့ ဂျပန်နဲ့အတူဝင်လာတော့ ထားဝယ်ဘက်က ရွာလူကြီးတယောက် အင်္ဂလိပ်ဒလျှိုမှုနဲ့ ဗိုလ်တေဇကိုယ်တိုင် ကင်န်ဒိုဒါးနဲ့ ဆာမူရိုင်းပိုင်း ပိုင်းခဲ့တဲ့ကိစ္စကို အင်္ဂလိပ်ပြန်ဝင်တော့ အင်္ဂလိပ်လူ(သခင်ဗစိန် သခင်ထွန်းအုပ်တို့ ဂိုဏ်းသားတွေ)တွေက လူသတ်မှုနဲ့တရားစွဲဖို့ ချောက်တွန်းတာမျိုးတောင် ရှိခဲ့ဖူးတာပဲ။ နောက်ဆုံး ဘာဖြစ်သွားသလဲ။ ခုကိစ္စမှာ ဗကပနဲ့ဆွေမျိုးစပ်ပြလို့ ဒေါ်စုနိုင်ငံရေးဘဝ ဘာမှ အပွန်းအပဲ့မဖြစ်နိုင်ပေမယ့် ဒီလူကြီးဟာ မဆလလက်ဟောင်း စစ်အုပ်စုလက်သပ်မွေး ကွန်မြူနစ်မုန်း ခေါင်းအကိုင်ခံနိုင်ငံရေးသန္ဓေဆိုးမှန်းတော့ ထင်းကနဲတွေ့ရတယ်။

ဒေါ်စုခမျာလည်း လူတွေ သူ့ကြောင့်
လမ်းပေါ်ထွက်လာတယ်ဆိုတာမျိုး အပြောခံရမှာကို
အကြောက်အကန်ငြင်းနေရတဲ့အဖြစ်။
ဥပဒေချိုးဖေါက်ရင်အရေးယူဖို့ ကျမကိုယ်တိုင်ပြောထားတယ်က
မပြေးသော်လည်း ကန်ရာရှိခဲ့ပြီမဟုတ်လား။ (လူတွေထွက်မှာကြောက်တဲ့ နှစ်ယောက်)