Wednesday, June 11, 2014

၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)
(တမလွန်ကြောင့်ကြလွန်)
ခင်ဗျားဟာခင်ဗျား သေပြီးနောက် ဘာရှိတယ် ဘာမရှိဘူး ဘာပဲယုံယုံ ဘယ်သူ့အပူမှမပါသလို ဘယ်သူ့ကိစ္စမျှမှလည်း မဟုတ်တာ။ ခင်ဗျားကိုယ်တိုင် ဘယ့်နှယ်မှမသိနိုင်တဲ့ကိစ္စမို့ ရှိခြင်းမရှိခြင်းအပေါ်ယုံတယ်ဆိုတာ ယုံကြည်မှုခြင်းရာကိစ္စသက်သက်မျှပဲ မဟုတ်လား။ ယုံနေစမ်းပါ ကိုယ့်ဘာသာကိုယ် ဘယ့်လောက်ကောင်းသလဲ။ ယုံစရာတခုခုရှိနေတယ်ဆို နေလို့ထိုင်လို့ကောင်းတာပဲမဟုတ်လား။
ရှိတယ်လို့ယုံတာလည်း ယုံလောက်တဲ့သူပြောလို့ ယုံကြတာပဲ၊ မရှိဘူးလို့ယုံတာလည်း ယုံလောက်တဲ့သူပြောလို့ ယုံကြတာပဲမဟုတ်ဘူးလား။ ယုံအောင်ပြောနိုင်တဲ့သူမရှိမှ ယုံစရာရှားပြီး ဒုက္ခများမယ်။ သိဒ္ဓတ္ထထဲမှာ ဟာမန်းဟက်စ်ကပြောတယ် "သိဒ္ဓတ္ထ...သင်ကား ရှာမှီးလွန်း၏"တဲ့။

(နွားပွဲဈေး ပန်းရောင်းခြင်း)
ဒီနေ့ မနက်အစောကြီးထပြီး လင်မယားနှစ်ယောက် တနှစ် ၅ ကြိမ်လုပ်အမေရိကန်နွားပွဲဈေး သွားတယ်။ ဒီနှစ်အတွက် ဒါ ဒုတိယအကြိမ်ပဲ။ နောက် ၃ ကြိမ်ကျန်သေးတယ်။ နှစ်တိုင်းလည်း အကြိမ်စေ့နီးနီးသွားကြတယ်။ မျက်စိရှေ့တွေ့လို့ လိုချင်တာလေးများရှိရင် ဝယ်တယ်။ ဘာမှဝယ်စရာမရှိပဲ ပြန်ခဲ့တဲ့အခါတွေလည်း မနည်းလှဘူး။ အမေရိကန်ရနံ့ပြည့်ဆိုပေမယ့် နွားချေးနံ့ မြင်းချေးနံ့နဲ့ ကြက်တွန်သံတွေကတော့ ဗမာပြည်အတိုင်းမို့ ရွှေပြည်ကြီး ခနပြန်သလိုခံစားတယ်။ ဈေးက ဧက ၄ဝဝ လောက်ရှိမယ့်ကွင်းကြီးထဲမှာ ရွက်ဖျဉ်တဲတွေထိုးပြီး ရောင်းကြဝယ်ကြတဲ့
လေဟာပြင်ဈေးကြီးဆိုပါတော့။ သက်ရှိအလှမွေးအကောင်ဆို လက်သည်းဖျားလောက်ပင့်ကူလေးကနေ ပေါင်လုံးလောက်မြွေကြီးတွေအထိရှိတယ်။ တွားသွားအကောင်ထဲကဆို လက်သန်းလောက်ပုတ်သင်ညိုလိုလေးကနေ မိကျောင်းနီးနီးကြီးတဲ့ ဖွတ်ကြီးတွေအထိရှိတယ်။ ငှက်ကြက်လိုအကောင်ထဲကဆို နှံပြည်စုပ်ထက်သေးတဲ့ကြက်တူရွေးလိုဟာလေးကနေ ကြက်ဆင်ကြီးတွေ ဒေါင်းကြီးတွေအထိရှိတယ်။ ခြေလေးချောင်းထဲကဆို နို့ခွဲကြောင်လောက်ခွေးပုတက်ကလေးကနေ လယ်ထွန်မြင်းကြီးတွေအထိရှိတယ်။ ခြေနှစ်ချောင်းကတော့ ကွင်းလုံးပြည့်ပဲ။

ဝယ်ဝယ်မဝယ်ဝယ် ကွင်းထဲဝင်တာနဲ့ လူတယောက် ၅ ဒေါ်လာ၊ ကားတစီး ၅ ဒေါ်လာပဲ။ ဈေးရောင်းသူတွေကြတော့ နေရာတကွက်ကို ဒေါ်လာ ၂ဝ။ ကားအတွက် လူအတွက် ဘာမှသတ်သတ်ထပ်ပေးစရာမလိုဘူး။ ဒီအတိုင်းသွားလည်း ၁၅ ဒေါ်လာကျတဲ့အတူတူ ၅ ဒေါ်လာပိုအကုန်ခံပြီး တခုခုယူသွားပြီးရောင်းကြည့် ဘယ့်နှယ်နေမလဲလို့ နှစ်ယောက်လုံးသဘောကြိုက်ညီတယ်။ ဒါနဲ့ ဘာရောင်းရပါ့ကြည့်တော့ အိမ်နောက်ခြံဝင်းထဲက နှင်းဒဏ်ခံလေကာပေါင်းမိုးခုံးလေးထဲမှာ တပင်တအိုးကျပျိုးထားတဲ့ လက်ကျန် လီလီပန်းရောင်စုံတွေ ဖူးတာဖူး ငုံတာငုံ အာတာအာ ပွင့်တာပွင့်တွေကို မျက်စေ့ကျကြတယ်။ ဒါနဲ့ ပန်းအိုးတချို့ မတယ်။ ကော်ဖီဓါတ်ဗူးတဗူးအပြည့်ဖျော်တယ်။ ကြက်မဒန်းလေးတွေဝယ်ရအောင် ကြက်ခြင်းကြီးပါ သယ်ချသွားတယ်။

၆ နာရီနေပြူစကနေ ကော်ဖီလေးကျိုက်လိုက် တော်ကီလေးပွားလိုက်နဲ့ နှစ်ယောက်သား နေထန်းတဖျားရောက်တဲ့အထိထိုင်တော့ ဈေးကလူကွဲချင်ပြီ။ ပန်းရောင်းရငွေကြည့်တော့ ၄၈ ဒေါ်လာ အတိ။ မဆိုးဘူး။

ဒါနဲ့ ဂျာမန်နွယ်ဖွားတွေရောင်းတဲ့ဆိုင်တွေဘက်လိုက်လျှောက်ကြည့်တော့ ၈ ပတ်ခွဲသားကနေ ၁၂ ပတ်သားအထိ ကြက်မဒန်းလေးတွေတွေ့တယ်။ တွေ့တာမှ အများကြီးပဲ အမျိုးစုံပဲ အရောင်စုံပဲ။ ဥတုန်း ကြက်မအိုကြီးတွေ ကြက်ဖကြီးတွေ ကြက်ပေါက်စနလေးတွေလည်း တပုံတခေါင်းကြီးပဲ။ ကိုယ်လိုချင်တဲ့အရွယ်နဲ့အမျိုးအစား ကွက်တိတော့မမြင်ဘူး။ မဒန်းလေးတွေက ဥဖို့နည်းနည်းဝေးသေးတော့ မျက်နှာလေးတွေက ပန်းရောင်မသန်းသေးဖူး။ အပျိုဖော်မဝင်သေးတော့ အလှသွေး မကြွယ်သေးတာနေမယ်။ လိုချင်တာက ၃ မျိုး။ တမျိုး ၄ ကောင်နဲ့ ၁၂ ကောင်။ ခုက အရွယ်လေးတွေနည်းနည်းကွာနေတယ်။ ဥချိန်ကြ ဥကျ မညီမှာတော့သေချာတယ်။

ဒါနဲ့ ဈေးမေးကြည့်တော့ ဆေးပြင်းလိပ်ကြီးခဲထားတဲ့ မုတ်ဆိပ်ပါးသိုင်းမွှေးထူထူထဲထဲ မျက်လုံးပြာပြာဂျာမန်ကြီးက ဒေသိယအင်္ဂလိပ်သံဝဲဝဲနဲ့ "တကောင် ၉ ဒေါ်လာ"တဲ့။ "လျှော့ဦးမလား ၁၂ ကောင်တောင်ယူမှာ"ဆိုတော့ "၈ ဒေါ်လာပေး" လို့လေသံပြတ်ကြီးနဲ့ပြောတယ်။ မျက်နှာကတော့ပြုံးလို့ရွှင်လို့၊
သူ့နားနှစ်ဖက်ထဲ သူ့လက်မတွေထိုးကာ ကျန်တဲ့လက်လေးချောင်းကို နားထင်ဘေးတွေကပ်ထောင် ကြက်တောင်ပံခတ်သလိုခတ်ပြီး ဘေးက ကလေးတယောက်ကို ကြက်ဖလိုတောင် တွန်ပြနေသေးတယ်။ ကျနော်တို့ တိုးတိုး-တိုးတိုးပြောနေတာမြင်တော့ "ဘယ်လောက်ပေးချင်လို့လဲ"လို့ လက်မနဲ့လက်ညှိုးလေးဝိုင်းပြပြီးမေးတယ်။
ကျနော်က "တကောင် ၆ ဒေါ်လာပဲထားလိုက်ပါ၊ ၁၂ ကောင်မဟုတ်ဘူး၊ ဒီခြင်းထဲရှိတဲ့ ၁၃ ကောင်လုံးယူမယ်လေ"ဆိုတော့ မျက်လုံးပေကလပ်ပေကလပ်နဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး တွတ်တွတ်-တွတ်တွတ် လုပ်တယ်။ ပြီးလည်းပြီးရော ကျနော့်ကို မျက်စေ့တဘက်မှိတ်ပြပြီး ပြောင်ချော်ချော်မျက်နှာပေးနဲ့ "ဘုရားသခင်ကပြောတယ် ပေးလိုက်တဲ့"။ အဲ့ဒါနဲ့ အပြန်မှာ ကြက်မဒန်းလေး ၁၃ ကောင်နဲ့ပြန်လာတယ်။ အိမ်ရောက်လို့ ခြင်းဖွင့်ပြီး ခြံထဲလည်းလွှတ်လိုက်ရော မယ်မင်းကလေးမလေးတွေခမျာ ရေ နင်မတတ်သောက်၊ အစာလေး တပေါက်နှစ်ပေါက်ကောက်ကက်စားကြပြီး ပြေးလိုက်လွှားလိုက် ခုန်လိုက်ပေါက်လိုက်နဲ့ မျောက်ရှူံးရော။ လူလည်း ကြောင်ချီးရုပ်နဲ့ကြက်ချေးစော်နံရော။

(ကျနော်ရေးတဲ့စာ)
ကျနော်ရေးခဲ့သမျှထဲကတချို့ကို ပြည်တွင်းထုတ်စာစောင်တချို့နဲ့
ပြည်ပထုတ်ဂျာနယ်လ်တချို့မှာ ဖော်ပြနေတာလေးတွေတွေ့ရပါတယ်။
ဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ဝမ်းသာမိတာအမှန်ပါ။
ခွင့်ပြုချက်တောင်းပြီး ယူသုံးတာလည်းရှိ မတောင်းပဲသုံးတာလည်းရှိပါတယ်။ ကိစ္စမရှိပါ။ ကျနော့်စာကို ၏ သည် မလွဲဖော်ပြရင်ပဲတော်လှပါပြီ။

ကျနော်စာရေးတာက မရေးရမနေနိုင်လို့ပါ။ နေနိုင်တဲ့အခါများ မရေးပဲနေပါတယ်။ ဘယ်သူ့အတွက် ဘာအတွက်တို့လည်း သတ်သတ်ကြီးမထားပါဘူး။
ထမင်းစားဖို့က တခြားအလုပ်တွေ လုပ်ပါတယ်။
စာရေးခြင်းတခုတည်းနဲ့ အသက်မွေးမှုပြုနေကြသူတွေကို ချီးမွမ်းအားကျမိပေမယ့်
အဲ့သလောက် အဖြစ်မရှိမှန်းလည်း
ကိုယ့်ဘာသာအကဲခတ်မိ အကဲဖြတ်မိပါတယ်။

စာမူခနဲ့ပတ်သက်လို့လည်း ကျနော်ပြောဖူးပါတယ်၊
တစ်ပြားမှ ပေးစရာမလိုတဲ့အကြောင်း။
ကျနော့်ဘက်က တောင်းလည်းမတောင်းဖူးသလို
ဘယ်သူကမှလည်း မပေးဖူးကြောင်းပါ။

အတွေးတစ်စ ခေါင်းထဲကနေလက်ထဲကျလာပြီး စာတစ်ကြောင်းအဖြစ်
ထွက်သွားပြီဆိုတာနဲ့ ကျနော်နဲ့မဆိုင်တော့သလိုပဲ သဘောထားပါတယ်။
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်၊ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊
ဘယ်သူဆဲဆဲ မဆဲဆဲ၊ ဘယ်သူချီးမွမ်းမွမ်း မမွမ်းမွမ်းနဲ့ နောက်ဆုံး ဘယ်သူ ယူသုံးသုံး မသုံးသုံးပေါ့ဗျာ။ လက်ထဲကထွက်သွားပြီးနောက် ကျနော့်စာပါအတွေးအခေါ် အကောက်အယူအတွက် ကျနော့်မှာဝန်တာရှိတာကို အတိအလင်းယူပါတယ်။
ဒါပေမယ့် လက်ကလွှတ်လိုက်တဲ့စာအတွက်တော့ ကျနော်ခေါင်းထဲမထားတော့ဘူး။ ပံ့သကူပဲမှတ်လိုက်ပါတယ်။

ကျနော့်စာလေးတွေ ယူပါ သုံးပါ ဖော်ပြပါ။ ခွင့်ပြုချက်လည်း တောင်းစရာလိုတယ်မှတ်ရင်တောင်းပါ
မလိုဘူးထင်ရင်မတောင်းပါနဲ့။ စာမူခလည်းပေးစရာမလိုပါ။
ကုန်ကုန်ပြောပါ့မယ် ကျနော့်ကလောင်အမည်(မျိုးမြင့်ချို)ဆိုတာတောင်
မထည့်ချင်မထည့်ပါနဲ့။ တခုပဲ မေတ္တာရပ်ခံပါရစေ
ကျနော့်အရေးအသားမှာ စာပြင်ချင်တယ် သတ်ပုံသတ်ညွှန်းပြင်ချင်တယ်ဆိုရင်တော့ အသိပေးပါခင်ဗျား။

(မူချတယ်ဆိုတာ ရန်သူ မိတ်ဆွေသတ်မှတ်တာ)
မူချတယ် တနည်းပြောရရင် လမ်းစဉ်ချတယ်ဆိုတာကို အတိုဆုံးချုပ်ပြောရရင် ဘယ်ဟာရန်သူ ဘယ်ဟာမိတ်ဆွေ ဘယ်ဟာကြားထားရမယ့်သူဆိုတာကို သတ်မှတ်တာပဲ။ မူ(လမ်းစဉ်)ဆိုတာ နိုင်ငံရေးမှာမှမဟုတ် လူမှုရေးမှာ မိသားစုမှာ ပေါင်းသင်းဆက်ဆံရေးတိုင်းမှာရှိရပါတယ်။ မူမရှိဘူးလို့ပြောရင် အပြောခံရတဲ့သူ သို့မဟုတ် ပါတီအဖွဲ့အစည်းမှာ ရန်သူ မိတ်ဆွေ ကြားလူမရှိဘူးလို့ အဓိပ္ပါယ်ကောက်လို့ရသလို ဦးတည်ရာမဲ့ပြီး စစ်ကိုင်းနဲ့ပဂိုး(ပဲခူး) တလှည့်စီရောက်ရင်း အကွပ်မဲ့ကာ နောက်ဆုံး လူလုံးမလှနဲ့ နိဌိတံတာများတယ်။

၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)
(ပြည်တွင်းဟာ ပြည်တွင်းစစ်)
ပြည်တွင်းစစ်ဟာ ပြည်တွင်းစစ်ပဲ။ ကချင်-ဗမာပြည်တွင်းစစ်။ ကရင်-ဗမာပြည်တွင်းစစ်၊ မွန်-ဗမာပြည်တွင်းစစ်ရယ်လို့ ခွဲပြောလို့မရဘူး။ ဖြစ်နေတာ ကချင်နဲ့ဗမာမဟုတ်ဘူး။ လက်ဝါးကြီးအုပ်စစ်အရင်းရှင်တွေနဲ့ ကချင်နဲ့အတူ တပြည်လုံး(ဗမာအပါအဝင်) လူမျိုးစုတိုင်းရင်းသားတွေနဲ့ဖြစ်နေတာဖြစ်တယ်။ "၃ နှစ်ကြာအပစ်ရပ်ပြီးမှ တကြော့ပြန်အတိုက်ခံရတဲ့ ကချင်လူမျိုးစု လွတ်မြောက်ရေးတပ်ဖွဲ့များ"ဆို တော်သေးတယ်။ ခုက ကချင်နဲ့ဗမာပဲ တိုက်နေကြသယောင်။ ခုမှ စတိုက်တာ ၃ နှစ်ပဲရှိသေးသယောင်။ ဗမာ့ပြည်တွင်းစစ် နှစ်(၇ဝ)ပြည့်အကြိုကဗျာရွတ်ပွဲဆို နားဝင်များကောင်းမလားပဲ။ ဗမာ့ပြည်တွင်းစစ်ရာပြည့်ပွဲမကြုံချင်ရင် စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်မှရပေလိမ့်မယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ရသမျှနေရာက ရသလောက်တိုးဝင်လှုပ်ရှားနေတာ အလွန်မွန်မြတ်တာပဲ။ ပြည်တွင်းစစ်ရာပြည့်ဆိုကာ ကဗျာရွတ်ပွဲတွေ ဟိန်းဟိန်းထနေမှာတော့ မြင်ရမယ်တော့မထင်ဘူး။

(ရေနံချောင်းသားကို ပြန်ပြောတဲ့စကား)
ဆောင်းပါးရှင်ဟာ စစ်အာဏာရှင်စနစ်နဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိုမကြိုက်သူမှန်ပေသိ စစ်အာဏာရှင်စနစ်ဆိုတာဘာဆိုပြီး အတွေးအခေါ်အရ နိုင်ငံရေးအရသိမြင်ဆန့်ကျင်နေသူမဟုတ်မှန်းသိသာတယ်။ စင်္ကာပူသူငယ်နာသမားမှန်း ဖြောင့်ချက်ပေးထားတာ သူ့ဆောင်းပါးအဆုံးမှာ ပေါ်နေတယ်။ အံခွနေတဲ့ စစ်ဗိုလ်စစ်သားမပြောနဲ့ မနေ့ကမှ စုဆောင်းရေးစာရင်းသွင်းလိုက်တဲ့ တပ်သားသစ်လေးတောင်မှ သူ့စာဖတ်ပြီး နားကျမယ်မမြင်ဘူး။
ကျနော့်ပုံတွေယူသုံးတာလည်း ဂျာနယ်လ်လစ်ကျင့်ဝတ်ဖေါက်မှုဖြစ်နေတယ်။ ရုပ်ပျက်ဆင်းပျက်သေးသိမ်မှုဖြစ်နေတယ်။ သူ မသိလို့ ဒီပုံသုံးသလား၊ ဘယ်သူမှမသိလောက်ဘူးထင်ပြီး ကလိန်ကျသလား၊ အယ်ဒီတာ့လက်ရာလားကတော့ ကာယကံရှင်တွေမှသိပေလိမ့်။ သစ်သားဂျိုင်းထောက် အိမ်သာနောက်ခံနဲ့ရိုက်ထားတဲ့ကျနော့်ပုံရင်းက ပုဆိုးနဲ့အပေါ်အင်္ကျီနဲ့ အတွင်းက တီရှပ်နဲ့။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ (နယ်စပ်မြို့)မဲဆောက်က အေအေပီပီရုံးခန်းထဲမှာ ဒီသတင်းဌာန http://www.ideastream.com/news/npr/209919791 က ရိုက်ခဲ့တဲ့ပုံ။ ပုံရင်း ဖော်ပြပေးလိုက်ပါတယ်။ ဘယ့်နှယ်ဘယ်လို ဂျန်းဂဲလ်ဟက်တွေဆောင်း ယူနီဖေါင်မ်းတွေဝတ် အီကွပ်မင်န့်တွေလွယ်နဲ့ ဖိုတိုရှော့ပ် လုပ်ပြစ်လိုက်ရသတုန်း။ ကို ဂျွန်ဂလင်းရဲ့လက်ရာ (အသုံးပြုပြီး ရေများများ…..)ဆိုတဲ့ သတိပေးစာလေးတောင်ပါသေး။

နောက်တချက် “သိန်း သုံးထောင်တန် လဲဆပ်စ်ကားနက်ကြီးကို အများသုံးပါကင်မှာ ဂျိုင်းထောက်နှစ်ဘက်အားကိုးပြီး ကာကွယ်နေဆဲ”က ပိုတောင်ဆိုးသွားတယ်။ အဲ့ပုံက နစ်က်ဒန်လော့ပ်လို့ခေါ်တဲ့ ဓါတ်ပုံသတင်းသမား စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ရိုက်ခဲ့တဲ့ပုံ။ ပုံရင်းလည်းရှိပါ့။ နေရာက အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မြောက်ဘက်ခြမ်းက လူနေရပ်ကွက်ထဲမှာ။ အပေါ်က ထိုင်းအမျိုးသား တိုက်ပုံနဲ့ အောက်က ကချင်ပုဆိုးနဲ့။ ကားက တိုယိုတာ ဗင်န်၊ (၈)ယောက်စီး။ အမေရိကားမှာ ချီးပေါသေးပေါ ပေါတဲ့ကား။ တစ်နာရီ ၇ ဒေါ်လာ ၂၅ ဆင့် ပုံမှန်ဝင်ငွေရှိရင် လူတိုင်းစီးနိုင်တဲ့ကားမျိုး။ ညီတော်မောင့်အိမ် ကားဂိုဒေါင်အဝင်လမ်းမှာ။ ရိုက်လိုက်တာက ကားပေါ်တက်ကာနီးဆဲဆဲ တံခါးမဖွင့်တတ်လို့ အူကြောင်ကြောင် ဖြစ်နေတုန်းကြီး။

နောက်မှ ဖြည်ဖြည်ဖြန့်ဖြန့် ရေးပါဦးမယ်။ ကျနော့်နည်းတူ အလွဲသုံးစားလုပ်ခံသူတွေလည်း ဘယ့်လောက်ရှိနေပြီလဲ မပြောတတ်။ ကြည့်ကျက်လည်းလုပ်ကြပါဦး
ဆရာသမားအမျိုးကောင်းသားတို့။ တော်ကြာနေ ခွန်းကြီးခွန်းငယ်ဖြစ်ပလားဆို ရုံးပြင်ကန္နားရောက်ပလားဆို ရှက်စရာကြီး။

အတွဲ(၁)၊ အမှတ်(၃၈)၊ ၅လပိုင်း ၁၃ ရက်၊ ၂ဝ၁၃ (ကြဿပတေး)နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ်လ်ပါ ရေနံ့သာခင်မောင်ထွေးရေး (ဗိုလ်ချုပ်တိုက်ဆောက်၊ ပြည်သူဗိုက်မှောက်၊ စစ်သားဂျိုင်းထောက်) မျက်နှာဖုံးဆောင်းပါးမှ ကောက်နှုတ်ချက်။
“တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့ဆောင်ပုဒ်ကိုဦးထိပ်ပန်ဆင်ပြီး အမိန့်ကိုနာခံတတ်တဲ့စစ်သားတစ်ယောက်ဟာ တပ်မတောိအပေါ် သူစောင့်သိခဲ့တဲ့သစ္စာတရားကို သူရဲ့ခြေတစ်စုံနဲ့အလဲအထပ်လုပ်ခဲ့ရပါပြီ။တချိန်က ရှေ့တန်းတနေရာမှာ သူ့တပ်ရင်းမှူးရဲ့အသက်ကို သူ့အသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တဲ့ရဲဘော်ဟာ အဲ့ဒီတပ်ရင်းမှူး ဗိုလ်ချုပ်ဖြစ်တဲ့ဘဝမှာစီးနေတဲ့ သိန်း ၃ ထောင်တန် Lesus 570 ကားနက်ကြီးကို ဂျိုင်းထောက်နှစ်ဘက်အားကိုးပြီး အများသုံးကားပါကင်မှာ ဆက်လက်ကာကွယ်နေဆဲပဲ ဖြစ်ပါတယ်”တဲ့။



(ပေါင်းစားတဲ့ ပုန်ကန်သူများ)
သူခိုးကြီး ဒမြ၊ ဒမြကြီး သူပုန်။ သူပုန်ကြီး အစိုးရ။ လူတိုင်းကြားဖူးပြီးသား။ အကြီးကအငယ်ကို အပြတ်ကိုင်ကို ကိုင်ရတဲ့အမျိုးပဲ။ မကိုင်နိုင်လို့ ကြီးလာရင် ကိုယ့်လာ ခွာတိုင်းမှာကိုး။ လူ့သမိုင်းမှာ ဒီအတိုင်း ကိုင်ခဲ့တာချည်းပဲ။ တခါတလေ မကိုင်နိုင်သေးခင်မှာ ဆွဲစားထားရတာရှိတယ်။ အဲ့ဒါကို အပစ်အခတ်ရပ် ဒါမှမဟုတ် စစ်ပြေငြိမ်းရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တခုခု တပ်ရတာပဲ။ ခုရွှေပြည်ကြီးကိစ္စကြတော့ တမျိုး တဘာသာ။ ဆွဲစားတာမဟုတ်ပဲ ပေါင်းစားတာ။ သူပုန်နဲ့အစိုးရပေါင်းတယ်။ အတိုက်အခံ(လိုလို)နဲ့ အစိုးရ ပေါင်းတယ်။ ပုန်ကန်သူနဲ့ အပုန်ကန်ခံ၊ အတိုက်အခံ(လိုလို)နဲ့အစိုးရပေါင်းကြပြီဆိုကတည်းက လွဲတာသေချာပြီ။ တိုင်းပြည်နဲ့ လူထုနာတာ သေချာပြီ။ သူမနာကိုယ်မနာ (ဘိုလိုဆို Win-Win)ဆိုမှ သူရောကိုယ်ပါ နာပါတော့မလား။ သူတို့နာစရာ ရှိပါ့မလား။ နာစရာရှိ ပြည်သူနာ တိုင်းပြည်နာ။ ဒီလိုနဲ့ တိုင်းပြည်မလဲ အိုင်းအနာကြီးတွေစွဲလို့။ လူထုမလဲ နူရာဝဲစွဲ လဲရာသူခိုးထောင်းလို့။

(ဘူးသီးတို့အကြောင်း)
ဘူးသီးအကြောင်းရေးမယ်ဆိုမှ ဗူးသီးလား ဘူးသီးလား မသေချာဘူး။ ဒါနဲ့ မြန်မာအဘိဓာန် ကောက်လှန်တော့ ဘူးသီး..တဲ့။ အသံထွက်ခိုင်းတော့ ဗူးသီး..တဲ့။ ဥပမာ ဘူးလည်သီးခတ်ကို ဗူးလည်သှီးဂတ်...လို့ ထွက်ရမတဲ့။ သူလုပ်ခါမှ ရှုပ်ကုန်ရော။ ကိုယ့်ဘာသာကိုယ် ဘူးလည်သီးခတ်..နေတာကောင်းရဲ့သားနဲ့။ ထားပါတော့။ ကျနော့် ဘူးပင်တွေ အညွန့်စလူပြီ။ ဘူးနှာမောင်းလေးတွေ လန်းလန်း-လန်းလန်းနဲ့ မှီရာတွယ်ရာစမ်းပြီ။ မှီရာတွယ်ရာဖမ်းမရ စမ်းမမိတဲ့ကောင်ကတော့ စပရင်လို လိမ်ကွေးကွေးလေးဖြစ်သွားမယ်။ အင်္ဂလိပ်လို Spring ကို မြန်မာတွေက စပလိန်လို့ခေါ်တယ်ဟုတ်။ တချို့ကြ ဘူးနွယ်လို့ခေါ်တယ်။ အတော်လှတဲ့စကားလုံးလေး။ ဒီဗူးနှာမောင်းလေးတွေ သိတ်မကြာဘူး စင်သာထိုးပေးလိုက်လို့ကတော့ နွယ်သွားမှာပဲ။ တက်သွားမှာပဲ။ စင်မထိုးတော့ဘူး။ မနှစ်က ဓါတ်ကြိုးမလွတ်လို့ လျှပ်စစ်ကုမ္ပဏီက အလကားလာခုတ်ချပေးသွားတဲ့ သစ်ကိုင်းခြောက်တွေရှိတယ်။ အဲ့ဒါတွေ အပင်ခြေနားကပ် ထောင်တန်တာထောင် လှဲတန်တာလှဲပြီး သဘာဝစင်လေးလုပ်ပေးမယ်။ ဒါနဲ့မှ အားမရလို့အပင်တွေသန်ပြီး ဟိုတက်ဒီတက် တက်လည်း တက်ပေ့စေ။ လွှတ်ပေးလိုက်မယ်။ ခေါင်ညွန့်ထွက်လာရင်တော့ ဖြတ်ပေးရမှယ်။ ဒါမှ အညွန့်ပွားမယ်။ ဖြတ်လိုက်တဲ့အညွန့် နုထွားထွားကြီးတွေကို အမေ့ဆီယူသွားပြီး ကြော်ချက်လေးချက်ခိုင်းပြီး အမေနဲ့အတူတူစားမယ်။ ငရုပ်သီးအညာထောင်းလေးနဲ့ ငါးခူဆီပြန် ပင်စိမ်းရွက်အုပ်လေးနဲ့ဆို ဘာပြောကောင်းမလဲ ကောင်းချက်က ထောင်းထည့်လိုက်သလိုနေမှာပဲ။
ဘူးနဲ့ပတ်သက်လို့ မြန်မာမှုဆိုရိုးတွေမနည်းလှသလို ထင်ရှားတဲ့အဖြစ်တွေလည်း ဗမာ့နိုင်ငံရေးမှာရှိတယ်။ ဒါပေမယ့် ဒီ ဘူး က ဘူးသီးက ဘူးနဲ့တော့မဆိုင်ဘူး။ ဒီ ဘူး က မလုပ်ဘူး မစားဘူး မပြောဘူးဆိုတဲ့ ဘူး။ အဝေးခေတ်ဗမာ့နိုင်ငံရေးမြင်ကွင်းကို လှမ်းမျှော်ကြည့်တော့ ကိုလိုနီခေတ်ဦးမှာ အင်္ဂလိပ်နယ်ချဲ့ကို နိုင်ငံရေးအရစီးပွားရေးအဆက်အဆံမလုပ်ဖို့ လူခွန်နဲ့သဿမေဓခွန်မပေးရေးအတွက်ဦးတည်ပြီး ဘူးအသင်းတွေဖွဲ့ဖူးတယ်။ ခေတ်လည်း အတော်စားခဲ့တယ်။ နောက်တော့လည်း စက်မှုလုပ်ငန်းတွင်ကျင်နေရာယူလာမှုနဲ့ နယ်ချဲ့ရဲ့ အုပ်ချုပ်ရေးပရိယာယ်ကြွယ်ဝမှုတွေကြောင့် ဘူးအသင်းတွေ ဘူးတောင်းမြုတ် ဇောင်းချမ်းပေါ်ဖြစ်ကုန်တယ်။ တခါ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ အင်န်အယ်လ်ဒီဦးဉာဏ်ဝင်းက ဒေါ်စုဆီကနေ အမှုကိစ္စတိုင်ပင်ပြီး ပြန်ထွက်လာတော့ ဘူးသီးကြီးယူလာတယ်ဆိုလား ဒေါ်စုကပေးလိုက်တယ်ဆိုလား လူပြောများလှတယ်။ အဓိပ္ပါယ်က ဒေါ်စုက အင်န်အယ်လ်ဒီအပါအဝင်အခြားသူတွေကို ဒီရွေးကောက်ပွဲ မဝင်ဘူးလို့အချက်ပြလိုက်တာ..တဲ့။ နောက်တခါ ထိုင်း-ဗမာနယ်စပ်မှာလည်း ခေတ်ပေါ် ဘူးအသင်းသဘောပေါ်ဖူး ဖော်ဖူးတယ်။ ခု အဲ့ ဘူးဆရာတွေ ဘာဖြစ်နေတယ်မပြောတတ်။ ထားပါတော့ ဘူးနဲ့ ဗမာ့နိုင်ငံရေးက။
ဘူးကောင်းမှစင်ခံ လင်ကောင်းမှစံဆိုတဲ့စကားကိုကြည့်ရင် တခေတ်တခါက မြန်မာ့လူ့အဖွဲ့အစည်းမှာ လင်ဆိုတဲ့အိမ်ဦးနတ်ရဲ့အနေအထားနဲ့ မိန်းမဆိုတဲ့ပါရမီဖြည့်ဘက်အနေအထားကို ကွက်ကွက်ကွင်းကွင်းပေါ်တာပဲ။ ခုခေတ်လို လင်ရောမယားပါ အိမ်ဦးနတ်တွေဖြစ်ကြတော့ လင်ကောင်းကောင်း မကောင်းကောင်း စံဖို့ဆိုတာ မိမိရွေးချယ်မှုအဖြစ် လျှောကျမသွားပေဘူးလား။ ဘူးသီးမှအရီးတော်တို့၊ ဘူးတောင်းနစ် ဇောင်းခြမ်းပေါ်တို့အပြင် နေ့စဉ်လူမှုဘဝမှာ ဘူးနဲ့ပတ်သက်တာတွေ အများကြီးရှိမှာပါ။ တချို့ကြ ဒေသိယအနေနဲ့သာသုံးကြပြီး မကျယ်ပြန့်ဘူး မဟုတ်လား။ ကဲဗျာ နိုင်သလောက် ဝိုင်းကြပါဦး။ ဘူးနဲ့ပတ်သက်တာတွေ ကွန်မန့်မှာ ဝိုင်းရေးကြပါဦး။ မရေးနိုင်ဘူးလို့တော့ မပြောပါနဲ့နော။ အလုပ်များရတဲ့ကြားထဲ ခင်ဗျားက ဘူးလေးရာဖရုံဆင့် မလုပ်ပါနဲ့ဗျာတို့၊ ဘူးနဲ့ပတ်သက်လို့ ဘာမှမသိဘူးတို့ဆိုပြီး ဘူးခံမငြင်းကြပါနဲ့ဗျာ။

ကျနော် ညီလိုခင်တဲ့ ထောင်ထွက် ဘူးသီးကတော့ နော်ဝေမှာ။ ဦးမင်းဆိုပဲ။ အကြံတော့ပေးလိုက်ပါတယ် မတောင်းပေမယ့်။ ကလေးအမည်ကို ဘူးမင်းလို့မှည့်လိုက်ဆိုပြီး။




(ဥတွေကွဲကာမှ….)
စိုင်းခမ်းလိတ်သီချင်း စိုင်းထီးဆိုင်ဆိုတဲ့(သံလွင်ချောင်းခြား)နားထားလိုက်လို့ပြောရမယ် မှတ်တာပဲ။ သီချင်းက လူမျိုးစုတွေ တိုက်ရိုက်သွယ်ဝိုက် ၂ မျိုးလုံးခံစားနေရတဲ့ ပြည်တွင်းစစ်ကို မသိမသာလှစ်ပြတာ။ ချစ်သူ ၂ ယောက်ဆုံဖို့ သံလွင်မြစ်ကြီးခြားနေတာ။ မြစ်ရေတွေကုန်မှ ခမ်းမှပဲ တို့နှစ်ယောက်ဆုံခွင့်တွေ့ခွင့် ရတော့လေမလားဆိုတဲ့ကြောင့်ကြစိတ်ကို အရဖော်သွားတာ။ ခုပဲ ရွှေပြည်ကြီးက နိုင်ငံရေးဇ မသေးတဲ့ ထောင်ထွက်မတယောက်နဲ့ ရောက်တတ်ရာရာပြောရင်း ပြန်လာလည်ဖို့စိတ်ကူးမရှိဘူးလား..လို့မေးတယ်။ လည်ဖို့တော့ရှိတဲ့အကြောင်း ဒါပေမယ့်လောလောဆယ်မှတော့ မဖြစ်လောက်သေးကြောင်း။ ကျနော်ပြောတာတွေတွေ့ပြီး မောင်မျိုးချစ်နဲ့ မယ်သာကီတွေက ဓါးကြိမ်း ကြိမ်းနေကြကြောင်းပြောတော့ သူက "ခြေဥနဲ့ မျိုးဥတွေကွဲမှ ပြန်လာမှာပေါ့"လို့ပြောတယ်။ ဟုတ်ပါ့ သူပြောမှ။ အရင်ကဆို "နိုင်ငံရေးလေနဲ့ဝမ်းမကွဲတဲ့ကောင်"လို့ ပြောတတ်တယ်မှတ်လား...ရပ်ခံချက်နဲ့ အတွေးအခေါ်အရ အူကြောင်ကြားဖြစ်နေတယ် ဆိုရင်။ ခုက အဲ့သလိုလူမျိုးတွေ့ရင် "နိုင်ငံရေးခြေဥနဲ့မျိုးဥမကွဲတဲ့ကောင်"လို့များ ပြောင်းပြောရင်ကောင်းမလားပဲ။ နောက်တခုက
ခြေဥမျိုးဥကွဲကာခါ နီးရမလား ခြေဥမျိုးဥကွဲသွားမှ တွေ့ရမလားလို့ထင်တာပဲ။

(ပြောင်းချိုတွေအကြောင်း ပြန်ပြောင်းပြော)
တညလုံး မိုးလေးတစိမ့်စိမ့်နဲ့။ ပျိုရွယ်စဉ်ခါ ရွှေပြည်ကြီးမှာလိုဆို အိပ်ယာထဲကွေးပြီး စာဖတ်နေမိမလားပဲ။ ခုတော့ ကွေးဖို့နေနေသာသာ ကိုယ်တွေလက်တွေနာလို့ မနည်းကြီး ပြန်ဆန့်ဆန့်ယူနေရတယ်။ ဆေးတွေချည်းလှိမ့်သောက် လှိမ့်လိမ်းနေရတယ်။ အထူးသဖြင့် ဂျိုင်း။ ဂျိုင်းမှာမှ ထောက်စရာလက်ဖနောင့်မရှိတဲ့ ညာဘက်ဂျိုင်းက ပိုနာတယ်။ မနေ့က တနေကုန် နွားပွဲဈေးမှာ ခြေတိုမတတ် လမ်းသလားခဲ့တာ ပါတယ်။ တခါတခါ နာဖျားရိပ်ကလေးများသန်းရင် ခြေလက်ဖြတ်ထားတဲ့နေရာနဲ့ ဟို အမျိုးကောင်းသားတွေ နှိပ်စက်ဒဏ်ထိခဲ့တဲ့ခါးက နာတယ်။ ဒဏ်ပြန်ပေါ်တယ်ဆိုမလားပဲ။ လက်ကောက်ဝတ်နာက စာမရိုက်နိုင်။
ခုမနက်လင်းတော့ မိုးလေးစွက်စွက်အောက်မှာ မနေ့ကဝယ်လာတဲ့ကြက်သစ်လေးတွေနဲ့ ကြက်ဟောင်းတွေ အကြောင်းပေါင်းသင့်/မသင့် သွားကြည့်တော့ မဆိုးပါဘူး။ နည်းနည်းပါးပါး ဗိုလ်ကျတာကလွဲလို့ အေးဆေးပဲ။ ရှစ်စိတ်ကွဲပြောင်းဆန်နဲ့ ဥကြက်မစာ ရောသမပြီးကျွေးတော့ သိတ်မကြိုက်ဘူးလားမသိ မက်မက်စက်စက်စားတာမဟုတ် တို့ကနန်းဆိတ်ကနန်းလုပ်နေတယ်။
ပြောင်းဆန်ကျွေးရင်း ပြောင်းချို၊ု ပေအစိတ်ပတ်လည်တကွက်စာ ချထားတာ ဘယ့်နေတုန်းသိချင်တာနဲ့ အခင်းလေးဘက်သွားကြည့်တယ်။ ထွက်နေပြီ ပြောင်းပင်လေးတွေ စီရရီတန်းနေတာပဲ။ တမိုက်တောင်ကျော်ပြီ။
ဒီမှာ ပြောင်းကို အဓိကအားဖြင့် ၅ မျိုးခွဲတယ်။ မျက်စေ့တဆုံးမြင်ရတဲ့ကွင်းကျယ်ကြီးတွေထဲက လူ့ လက်တဖေါင်မကမြင့်တဲ့ ပြောင်းခင်းကြီးတွေက ပြောင်းက ပြောင်းကြမ်း။ ဒီမှာ Field corn လို့ခေါ်တယ်။ အဖူးထွားသလောက် အဆံကြီးတယ်။ တိရိစ္ဆာန်အစာနဲ့ ပြောင်းမှုန့်လုပ်တာမှာသုံးတယ်။ နောက်တမျိုးက ပြောင်းချို။ ဒီမှာ Sweetcorn လို့ခေါ်တယ်။ သူက လူစာသက်သက်ပဲ။ ပြုတ် ဖုတ် ကြော် စားတယ်။ အမှုန့်လုပ်ပြီး ကိတ်ဖုတ်တယ်။ တခြားလည်း အမျိုးမျိုးလုပ်စားကြတယ်။ နောက်တမျိုးက ပေါက်ပေါက်ဖေါက်တဲ့ပြောင်း။ သူ့ကို Popcorn လို့ခေါ်ပြီး ပြောင်းဖူးပေါက်ပေါက်ဖေါက်တဲ့နေရာမှာပဲသုံးတာ။ ပေါက်ပေါက်ကိုလည်း အနံ့အရသာအမျိုးမျိုးနဲ့ ဖေါက်စားတဲ့နေရာမယ် အမေရိကန်တွေလောက်စုံတာရှိပါ့မလားတောင် ထင်ရတယ်။ စားလည်း တကယ်စားတဲ့လူမျိုး။ ရွှေပြည်ကြီးမှာ ပြောင်းဖူးပေါက်ပေါက်ဆိုတာ ကျနော်တို့ငယ်ငယ်က ကလေးစာလေ။ ဒီမှာတော့ လူတကာစာ ဆိုပါတော့။ နောက်တမျိုးက ရွှေပြည်ကြီးမှာ ဟော်တယ်လ်ပြောင်းလို့ခေါ်တဲ့ ပြောင်းပိစိကွေးလေးတွေ။ သူ့ကြ အစေ့အဆန်စားတာမဟုတ်ပဲ တဖူးလုံးစားတာ။ အမယ် အစိမ်းလိုက် သုတ်စားတာတောင်ရှိသေး။ ကောင်းမှကောင်း ချိုမှချိုပဲ။ ပါးစပ်ထဲ ဝါးလိုက်ရင် ဂျိုးဂျိုးဂျွတ်ဂျွတ်လေးမို့ ကြက်ရိုးနုလေးများကိုက်ရသလို။ နောက်တမျိုးက Broom corn သူက တံမျက်စည်းလုပ်ဖို့ အိမ်ဧည့်ခန်းအလှဆင်ဖို့ စတာတွေမှာသုံးတာပဲ။ တံမျက်စည်းက ဗမာပြည်မယ် ကိုင်းတံမျက်စည်း မြက်တံမျက်စည်း အုန်းတံမျက်စည်း စသည်ဖြင့်ရှိသလို ဒီကိုတော့ ပြောင်းတံမျက်စည်းလို့ခေါ်မှသင့်မယ်ထင်တာပဲ။ ဒီ ပြောင်းတံမျက်စည်းကို မြို့ကြီးသူတွေမသုံးကြဘူး။ ဖုံစုပ်စက်နဲ့ ပလပ်စတစ်မွှေးတံမျက်စည်းနဲ့ပြီးကြတာမဟုတ်လား။ တောနယ်တွေမှာနဲ့
ခေတ်အသုံးအဆောင် လျှပ်စစ်မီးမသုံးတဲ့လူတွေဆီမှာတော့ အများဆုံးသုံးကြတယ်။ အရောင်စုံဆိုးထားတဲ့ ပြောင်းတံမျက်စည်းတွေက သိတ်လှတယ်။ နိုင်ငံခြားအိပ်စပို့တ်လုပ်တာ များတယ်။ နောက်ဆုံးတမျိုးက နှံစားပြောင်း။ သူ့ကြ အနှံကထွက်တဲ့ပြောင်းဆန်ကို လူလည်းစား လို့ရတယ်။ မုန့်တွေဘာတွေထဲလည်း ထည့်တယ်။ ကြက်စာလည်းလုပ်တယ်။ ဒါပေမယ့် များသောအားဖြင့် ငှက်စာကုမ္ပဏီကြီးတွေက ငှက်စာလုပ်ရောင်းတယ်။ နိုင်ငံခြားလည်း အိပ်စပို့တ်လုပ်တယ်။ ငှက်စာလုပ်ရောင်းတယ်ဆိုလို့ ပေါ့ပေါ့တော့မမှတ်လေနဲ့။ အဲ့ကုမ္ပဏီကြီးတွေက ဒေါ်လာမီလီယံချီကြီးကျယ်သလို ကိုယ်ပိုင်စိုက်ခင်း မြေဧကသိန်းချီပိုင်ပြီး သူများထွက်သမျှ ချုပ်ထားကြတာ။ ရွှေပြည်ကြီးမှာ ငှက်စာက ကျနော်တို့ငယ်ငယ်ကလိုဆို စပါးနှံလေးတွေကိုစုစည်းထားတဲ့ စပါးခက် အဖျားကားကားလေး။ အိမ်တံစက်မြိတ်မှာချိတ်လို့ မိုးလင်းမျိုးချုပ်စာကလေးတွေ တကျီကျီတကျာကျာနဲ့ တည်စည်ကားသကိုး။ နောက်ပြီး ဆူးလေလမ်းမကြီးပေါ်က မြို့တော်ခမ်းမရှေ့ကခိုတွေအတွက်တော့ ခိုစာက ကုလားပဲခြမ်း။ ခု ဆင်းရဲသားတွေတောင် ကုလားပဲစားနိုင်ဖို့ခက်နေပြီလား မပြောတတ်။ ပဲထဲမှာ ကုလားပဲက စားကောင်းသလို အာဟာရလည်းပြည့်ပြီး ဈေးလည်းသိတ်မှမကြီးပဲကိုး။ နောက်ပြီး အမျိုးမျိုးလုပ်စားလို့လည်း ရတယ်မဟုတ်လား။ ခုတော့ အမျိုးဘာသာ သာသနာ လူ့အကျင့်တန်တွေနဲ့ မင်းဆိုးမင်းညစ် ဘုန်းကြီးယုတ်တချို့မွှေးတဲ့မီးကြောင့် ကုလားဆိုတဲ့ မွန်မြတ်တဲ့အနက်အဓိပ္ပါယ်ပါ အသရေကင်းရပြီမဟုတ်လား။ ကုလားပဲခြမ်းလို့တောင် လူတွေခေါ်ကြသေးရဲ့လားမသိ။ အိမ်မှာတော့ အမေက ထမင်းကြမ်းခဲလေးတွေ အိုးဆေးပန်ကန်ဆေး ကပ်ကျန်ထမင်းစေ့လေးတွေ အမြဲတမ်းပက်ပက်ကျွေးတာမှတ်မိတုန်း။ ငှက်စာလို့ပြောရင် ဒါပဲမြင်တာ ဒီရောက်မှသိရတာ ဒီကစာကလေးတွေ ဆန်စေ့မစားတတ်ဘူး။ ထမင်းလုံးကတော့ ဝေလာဝေးပဲ။ အဲ..ပေါင်မုန့်ကတော့ ကြိုက်သလောက်ကျွေး ပြိုက်ကနဲပဲ။ မဖဲ့အားလို့ အလုံးလိုက်ကြီးပစ်ချလိုက်တောင် အုံခဲထိုးဆွပြီးစားပြစ်လိုက်တာများ မျက်စေ့အောက်တင် စက္ကန့်ပိုင်းအတွင်း ပျောက်ထွက်သွားတယ်။

ကျနော်စိုက်ထားတာက ပြောင်းချိုတွေ။ များတော့မများလှဘူး။ ပေအစိတ်ပတ်လည် အပင်နဲ့ဆို ၃ဝဝ လောက်ရှိမယ်မှတ်တယ်။ နည်းတော့လည်း သိတ်အနည်းကြီးမဟုတ်ဘူး။ ပြောင်းဖူးတွေမရင့်ခင်မှာချိုးပြီး ပြုတ်စားစား ဖုတ်စားစား ဘေးတိုက်ဒေါင်လိုက် ဓါးနဲ့လှီးလှီးချပြီး ကြက်သွန်နီလေးနဲ့ဆားလေးဖြူး ထောပတ်လေးဆီသတ်ပြီးကြော်စားစား စားကောင်းတယ်။ အချိုမှုန့်ထည့်ဖို့မလိုဘူး။ မွှေးပြီးချိုနေတာပဲ။ မနှစ်က သူများခြံမှာ ကိုယ်တိုင်ချိုးပြီးသွားဝယ်တာ တစ်ဒါဇင်ကို ၄ ဒေါ်လာပေးရတယ်။ ဒီနှစ်တော့ ဝယ်စားဖို့ မလိုတော့ဘူး။ ကိုယ်လည်းစားမယ်။ ချစ်သူခင်သူတွေလည်း ဝေတန်သလောက်ဝေမယ်။ စားလို့ ဝေလို့ပိုရင် ရောင်းမယ်။ ကြက်ကလေးတွေအစာ ပြောင်းကြမ်းရှစ်စိတ်ကွဲတွေ ပြန်ဝယ်ရမယ်။ သူက ပေါင် ၅ဝ ပါ တစ်အိပ်ကို ၁ဝ ဒေါ်လာလောက်ပေးရတယ်။ ပြန်တွေးကြည့်တော့ ကုန်ထုတ်လုပ်ငန်းဆိုတာ ဘာဆိုပြီး ရေးရေးထင်လာတယ်။ ဆန်နဲ့ဆေးလဲလှယ်တဲ့စနစ်ကိုလည်း ပိုသိလာသလိုပဲ။ ကျနော်လည်း ပြောင်းဖူးစိုက်တာပဲ။ ကျနော်လည်း ပြောင်းဆန်ဝယ်ရတာပဲ။

အင်း...ပြောရင်းနဲ့ ဟောဒီပိုင်းကပြောင်းဖူးပြုတ်ဆိုတဲ့အော်သံနဲ့အတူ အုပ်ထားတဲ့ပိတ်စကြီးများလှန်ထည့်လိုက်ရင် အငွေ့နဲ့အနံ့ တထောင်းထောင်းထွက်တဲ့ ပြောင်းဖူးပြုတ်တောင်းကြီး ခေါင်းရွက်လို့၊ မြင်လိုက်တိုင်း ခုပဲ ရေမိုးချိုး ဖီးလိမ်းပြီးထွက်သလာမျိုး အမြဲတမ်းသန့်ပြန့်နေတဲ့ခန္ဓာ ကြည်လင်နေတဲ့အပြုံး အေးချမ်းတဲ့မျက်နှာနဲ့ ရာသီပေါ်သွားရည်စာမှန်သမျှ ၁၂ ရာသီ လည်လည်ရောင်းတဲ့ ဘောလုံးကွင်းရပ်ကွက်က ဒေါ်လေးမသန်းစိန်ကို သတိရတယ်။ ခုလောက်ရှိ ဆုံးပြီမှတ်တယ်။ မချမ်းသာတဲ့တိုင်းပြည်က ဆင်းရဲသားတွေဆိုတော့ အသက်လည်း တိုကြတယ်မဟုတ်လား။


Tuesday, June 10, 2014

စစ်ကျွန် နစ်သထက်နစ်ဦးမည် (ငြိမ်းချမ်းအေး)

0 comments
စစ်ကျွန် နစ်သထက် နစ်ဦးမည်(ငြိမ်းချမ်းအေး)
အွန်လိုင်းမှာ စစ်လော်ဘီများ ဖြန့်ခဲ့ကြတဲ့ ဘင်္ဂါလီစစ်သား အလောင်းပုံဆိုတာ မနှစ်က ကိုမီလာမှာသေတဲ့စစ်သားပုံ၊ ဗမာပြည်နဲ့ မပတ်သက်၊ အခု ကိစ္စနဲ့ ဘာမှ မဆိုင်။  (Google Image Search မှာ ဓာတ်ပုံ ကို ထည့် ရှာကြည့်ပါ၊ အလွယ်ကလေးပါ။)လိမ်ဆင်တွေနဲ့ သွေးထိုးချင်ရင်လည်း ကြည့်လုပ်ကြပါ။  အဲ့ဒီ စစ်သားလက်မောင်းမှာ BGB နယ်ခြားတပ် တံဆိပ်ကြီးက ထင်းလို့၊ ခင်ဗျားတို့အဘ အစိုးရတင်ထားတဲ့လမ်းကြောင်း ဘင်္ဂလားနယ်ခြားစောင့်တပ်ယူနီဖောင်းမဟုတ်လို့ ဘယ်ကမှန်းမသိလို့ပစ်တာပါနဲ့ အခုဖြန့်တဲ့ပုံကွဲနေရင် အထောင်းခံထိနေပါဦးမယ်။  စစ်အုပ်စုနောက်မြီးဆွဲစစ်သွေးကြွများ အွန်လိုင်းမှာ ဇွတ်တရွက်သာ အမုန်းပွားလေသေနတ်ပစ်နေကြတာ အမှန်တော့ သူတို့ကိုယ်တိုင် အမောင် တောင်မှန်းမြောက်မှန်းမသိဘူး၊ ဖွချင်တာပဲသိတယ်။
တကယ်တော့ တံဆိပ် ပါ/မပါ၊ BGB ယူနီဖောင်း ဟုတ်/မဟုတ် ငြင်းစရာ အကြောင်း မရှိ၊ အကြောင်း ပြ ချက်လည်း ပေးစရာ မလိုဘူး။  တကယ် ကိုယ့် နယ်နိမိတ်စည်းကို လက်နက်ကိုင်အဖွဲ့ ဝင်လာတယ် ဆိုရင်ဘယ်သူ ဘယ်ဝါဖြစ်ဖြစ် ပစ် ရမှာပဲ၊ အနည်းဆုံး သတိပေး ကျည်ပစ် လှန့်ရမှာပဲ၊ ပစ်ပြီ ဆိုကတည်းက တကယ်ထိ ပြီး သေရင်လည်း သေနိုင်တာပဲ။  ဒီ့ အတွက် ကိုယ့် ဘက် က အမှန် ဆိုရင် ဘာမှ ဒီလို မှားပစ်မိတဲ့ သဘော ဆိုစရာ မလိုဘူး။

ကလိမ်စေ့ ငြမ်းဆင် ငြိမ်းပိ လမ်းစဉ် ယုတ္တိမတန်တာတွေ လှည့်ပတ် အမြဲ ဆိုနေကျဆိုတော့ အလိမ်၊ အညာတွေဟာ ဗမာ့ စစ်အုပ်စု ရဲ့ ဓလေ့ ဖြစ်နေပြီ။

မြို့လယ်ကောင်မှာ ဘုန်းကြီး ပစ်တာ ဂျပန်သတင်းထောက် ချော် ထိသွားပါတယ် လုပ်သလို “မှားပစ်ပါတယ်၊ မသိလို့ပါ၊ ကျနော်တို့က ရန်မများချင်လို့ သူတို့ BGB လို့ ဆိုတဲ့ အတိုင်း လက်ခံပြီး ပြန်ပေးလိုက်တာပါ၊ တကယ်တော့ BGB ယူနီဖောင်း မဟုတ်ပါဘူး”  လုပ်ချင်လို့ မရဘူး။  ဘယ် တပ်သား ဖြစ်ဖြစ် ကိုယ့် နယ် ကျူးဝင်လာလို့ ပစ်တယ် ဒီလိုပဲ ခပ်မာမာ တုံ့ပြန်နိုင်ရမှာပေါ့။
အခုတော့ ဖြစ်စဉ် အပြီး (၃) ရက်အကြာမှ၊ အွန်လိုင်းမှာ လံကြုတ် ချဲ့ကား သတင်းတွေ ဗရပွ ထ နေတော့ မှ၊ လူ သာမန် အများလည်း တခြား အာရုံကျမှုတွေ ပျောက် ဒီ စစ်ကိစ္စပဲ စိတ်ဝင်စားမှု ရှိလာတော့မှ၊ ပြည်တွင်း နိုင်ငံရေး ရေချိန် သတင်းလည်း အထိုက်အလျောက် ဟန့်သွားတော့မှ စစ်တပိုင်းအစိုးရက သတင်းထုတ်ပြန်ချက် ဆိုပြီး မပြည့်မစုံ၊ ဝေတေဝါးတာ ထုတ်တယ်။

ဒီအချိန်မှာ တဖက် နိုင်ငံ က လုပ်သင့်တဲ့ မီဒီယာ နဲ့ သံတမန် အလုပ်တွေ အကုန် လုပ်ပြီး တရားဝင် သတင်းတွေ ထုတ်၊ စာတွေ ပို့ပြီးနေပြီ။

“အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင် မှုကို ထိပါးရင် လုံးဝလက်ခံမည်မဟုတ်” ဆိုရင် စ ဖြစ်ကတည်းက ပိုင်ပိုင်နိုင်နိုင် လက်ဦးမှု ယူ သတင်း မီဒီယာ မှာ ဖွင့်ချ၊ အချိန်နဲ့ တပြေးညီ အထောက် အထား ပြည့်ပြည့်စုံစုံ နဲ့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်၊ နိုင်ငံတကာ သတင်းထောက်တွေ ခေါ်ပြပါတော့လား။  “ဟေ့ ဒီမှာ ဘင်္ဂလာဒေ့ရှ် နယ်စပ် ကနေ လက်နက်ကိုင် စစ်သား ဗမာ နယ်ဘက်ကို ဝင်လာလို့ ကျူပ်တို့ ပစ်သတ်လိုက်တယ်” ဆိုရဲ ရမှာပေါ့၊ ဆိုနိုင်ရမှာပေါ့။

ဟို အရင် ရေပိုင်နက် ပြဿနာ မှာ တုန်းကလည်း ထောက်ပြခဲ့ဖူးတယ်။  နိုင်ငံတကာ သတင်းတွေမှာ “ဘင်္ဂလားဒေ့ရှ် နိုင်” ဆိုတဲ့ သတင်း ဘာကြောင့် ဖြစ်သလဲ ဆို သူတို့ အစိုးရ တာဝန် ရှိသူများ၊ ဝန်ကြီးချုပ် အဆင့်၊ ဝန်ကြီး အဆင့် ကိုယ်တိုင် မီဒီယာ တွေနဲ့ ချက်ချင်း တွေ့ဆုံ တိုက်ရိုက် Live အမေး၊ အဖြေ တွေ လုပ်နိုင်စွမ်းတယ်၊ ဖြေနိုင်စွမ်းတယ်၊ ဖြေရဲတဲ့ သတ္တိ ရှိတယ်၊ ဖြေနိုင်စွမ်းတဲ့ အရည်အချင်းရှိတယ်။  ဒီတော့ ဟုတ်သည် ရှိ၊ မဟုတ်သည် ရှိ၊ ဒါတွေဟာ တရားဝင် ထုတ်ပြန်ချက် ဖြစ်၊ နိုင်ငံတကာမှာ သတင်း ဖြစ်တယ်။

ဗမာ ပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခု ဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊  အမြဲတမ်း ရေငုံ နှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့် က မပျောက်ဘူး။  ပြောရင်လည်း သူများ ရေးပေးတာ၊  အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်း ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ် ပြတာထက် မပိုဘူး။  ဒါ့အပြင် ဘာ လုပ်တတ်သလဲ ဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင် တိုက်မယ်။  ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။

ဒီတခါ တေမိ လုပ်ရခြင်း ကလည်း တကယ်တော့ သုံးနေကျ နိုင်ငံရေး အောက်လမ်းနည်း ခါးအောက်ပိုင်း ဖြတ်ထိုးမှု တခုပါပဲ။  ပြည်တွင်းမှာ ကောလာဟလတွေ ပျံ့၊ လူအများ ယုံထင်ကြောင်ထင် ဖြစ်အောင်၊ အမုန်းပွားအောင် ရည်ရွယ်ချက် ရှိရှိ ပါးစပ် မဟခြင်းပါ။

လွန်ခဲ့တဲ့ (၂) နှစ် “အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ” ဆောင်းပါး မှာ ရေးခဲ့ဖူးတယ်။  အာဏာရှင် နိုင်ငံတိုင်းမှာ “အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ” ကို လိုအပ်တာထက်ပို အလွန်အကျွံ မြှင့်တင်ထားတတ်ကြတယ် ဆိုတဲ့ အကြောင်းကို အာဏာရှင် ရဲ့ စရိုက် လက္ခဏာ အဖြစ် ထည့် ဆိုခဲ့တယ်။

“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်” ဆောင်ပုဒ်ကို ခပ်ကြီးကြီး နေရာတကာ မှာ ချိတ်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာ  အာဏာ ကို ပြည်ပကနေ ခြိမ်းခြောက်နေပြီ၊ စစ်တပ်ကို ဗဟိုပြုတဲ့ အာဏာရှင်စနစ်ကသာ တိုင်းပြည်ရဲ့ ပြည်ပ ရန်တွေကို တွန်းလှန် ဖယ်ရှားနိုင်မှာ ဖြစ်တယ်ဆိုကာ လူထု ကို ဝါဒဖြန့် ယုံမှတ်မှားစေတယ်၊ ဒီလိုနဲ့ အာဏာသက်တမ်းကို ဆွဲဆန့်လေ့ရှိကြတယ်။

ပြည်တွင်းမှာ တိုင်းပြည့် ဘုံရန်သူ အဖျက်သမား အဖြစ် ပုံဖော်ထားတဲ့ နိုင်ငံရေး အတိုက်အခံ၊ လူနည်းစု လူမျိုးစု၊ ဘာသာဝင် အစရှိတဲ့ “အာဏာအသက်ဆက်ဆေး” ဆယ်လူကော့တက်စ် တွေနဲ့ ပြည်သူကို မှိုင်းတိုက်ရတာ မလုံလောက်တဲ့ အတွက် ပြည်ပ ရန်သူကိုလည်း ထပ်မံ မွေးမြူ ရတယ်။  (စကားချပ် - လူထု အာရုံလွှဲဖို့ လွယ်တဲ့ လွယ်ကူ အားနည်း ပစ်မှတ် ဗမာ-မွတ်ဆလင် ခေါင်းဆောင်များ လက်ရှိ အခြေအနေကို သတိကြီးစွာ ထားသင့်တယ်၊ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်။)
ဒီလိုနဲ့ အာဏာရှင် တိုင်းပြည်တွေမှာ နိုင်ငံခြားအမုန်းရောဂါ စွဲကပ်လာတယ်၊ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်၊ တံခါးပိတ်ဝါဒကျင့်သုံးရင်း နိုင်ငံတကာမှာ ရင်ဘောင်တန်း လူဝင်ဆန့် နိုင်မှု နည်းပါးလာတယ်၊ အကျိုးဆက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ယုတ်လျော့ ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား အလုံးစုံ ချွတ်ခြုံကျ ပျက်စီးရတယ်။

လွန်ခဲ့တဲ့ ဆယ်လေးငါးနှစ်လာက်ကလည်း ဒီလိုပဲ ထိုင်း နဲ့ နယ်စပ် ပြဿနာ တွေ ဖြစ်တာ စစ်ပဲ ဖြစ်တော့မလိုလို၊ ချင်းမိုင်၊ ဘန်ကောက် ပဲ နေ့ချင်း ညချင်း တက်သိမ်းမလိုလို တွေ  ဗမာ စစ်ဗိုလ်ကြီးများ လေသံပစ်ဖူးခဲ့တယ်။  အဲ့တုန်းက ပညာတတ် စစ်ကျွန်ခံ စာရေးဆရာမကြီး တယောက်ကလည်း ထိုင်း မုန်းတီးရေး တွေ လှိမ့်ရေးတယ်။  ပြည်သူပြည်သား များကလည်း၊ အထူးသဖြင့် အကျိုးအကြောင်း စဉ်းစားနိုင်စွမ်းမရှိတဲ့ လူငယ်များကလည်း လိုက်ပြီး စစ်သွေးကြွ ထိုင်း မုန်းရောဂါ ထခဲ့ကြတာ ဒီကနေ့ အထိပဲ။

လက်တွေ့ ပကတိ မှာ တော့ ဘာဖြစ်နေသလဲ။  အထက်တန်း၊ အလယ်တန်း အလွှာ က ဗမာများ ဘန်ကောက် ကို ဆေးကု၊ ကျောင်းတက် သွားနေရဆဲ ပဲ (သူတို့ အလိုအရဆို ရန်သူ - ယောက်ဖ ကြက်ဥတိုက်ပေါ့)၊ အခြေခံလူတန်းစား ဗမာများမှလည်း ထိုင်း ထွက် ကျွန်ခံနေရမြဲပါပဲ။

အခုလည်း ဆိုပြန်ပါပြီ၊ “ကျူးကျော်လာသူ ရန်သူကို ပြန်လည် တုံ့ပြန်ရန် အင်အား အပြည့်အဝရှိ” ဆိုပဲ။ 

ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဆိုး ရဲ့ ရလဒ် မလုပ်၊ မရှုပ်၊ မပြုတ် ဓလေ့ ထွန်းကားရင်း အရာရာမှာ အကျင့်ပျက် ခြစား ချွတ်ခြုံကျလာခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပြီ၊ တပ်မတော် က ကော ဘာသားနဲ့ ထုတားတယ်မို့လို့လဲ။

တည်သမျှ လက်နက်စက်ရုံတွေ၊ ဝယ်သမျှ  လက်နက်တွေ အားလုံး ဟာ အလွဲသုံးစားလုပ်မှု ဒဏ် ခံရင်း အရည်အချင်းပြည့်မီ တဲ့ အကောင်းက တဝက် အသားတင် မရှိပါဘူး။  ရှိတဲ့ တရုတ်လက်နက်၊ ရုရှား လက်နက် ဆိုတာ နွားမရွှံ့ပိတ်ရောင်းခံ ထိခဲ့တာက အများစုပါ။  လက်နက်ပွဲစား သူဌေးကြီးများ နဲ့ ဗိုလ်ချုပ်ကြီးများ အိတ်ကပ်ဖောင်းသွားတာက အဓိကပါ။  ရှိတဲ့ စစ်လေယာဉ်တွေဆိုတာ လေ့ကျင့်ရင်း ပျက်ကျနေတာ များပါတယ်။  ဗမာ့ လေသူရဲများ စစ်ပွဲ တိုက်ရင်း သေရတယ် ဆိုတာ မရှိသလောက်ပေမယ့် လေ့ကျင့်ရင်း ပျက်ကျ သေရတာကတော့ ခဏခဏ ပါပဲ။

ဗမာ့ တပ်မတော် မှာ အပျက်ဆုံး က စည်းကမ်းပါ၊ အကျဆုံး က စိတ်ဓာတ်ပါ။  ဗမာ စစ်တပ် ဟာ “ဗိုလ်တစ်ထောင်” တပ်ပါ။  “တပ်သား လေးဆယ်၊ ဗိုလ်ခြောက်ဆယ်၊ ကျန်တာ တပ်ရင်းမှူး” ဆိုတဲ့ ဖွဲ့စည်းပုံ နဲ့ တပ်မျိုးချည်းပါ။  စီးပွား၊ အာဏာ လုပ်ပိုင်ခွင့် အတွက် ဗိုလ်ဖြစ်ချင်သူ များလှပေမယ့် အောက်ခြေမှာ မနေချင်လို့ / မနေနိုင်လို့ ထွက်ပြေးနေတဲ့ စစ်သားငယ် တပ်ပြေးများ နေ့စဉ် အောတိုက်နေတာမျိုးပါ။  စစ်ဗိုလ် ရာထူးလို ဘာမက်လုံးမှ မရှိတော့ တပ်သားသစ်က စုစောင်းမရ၊ ဒါနဲ့ပဲ ခေတ်အဆက်ဆက် ကလေးစစ်သားချည်း လှိမ့်ဖမ်း၊ ပေါ်တာချည်း လှိမ့်ဆွဲနေရတာ ဟာ ဗမာ စစ်တပ် ရဲ့ ပကတိ အနေအထားပါ။  အခြေမခိုင်တော့ ယိုင်လဲရတာ၊ နုံခြာ မစည်ပင် ဖြစ်ရတာဟာ ဗမာပြည်မှာ ဘောလုံးအသင်းက အစ ဗမာ့တပ်မတော် အဆုံးပါ။

ဒီလို လူလိုလည်း မနေရ၊ လူစဉ်မီ စားနပ် ရိက္ခာ အထောက်အပံ့၊ လစာ ငွေကြေး လည်း မခံစားရ၊ တရားမျှတမှုလည်း မရှိ၊ ကြီးနိုင်ငယ်ညှဉ်း အထက်အောက် ဆက်ဆံမှု အပြည့်နဲ့ ဗမာ့တပ်မတော် က အခြေခံ အကြပ်၊ တပ်သားများရဲ့ ရင်နင့်ဖွယ် ဘဝ အခြေအနေ ဟာ တိုင်းတပါး နိုင်ငံတခုခု နဲ့ သူတင်၊ ကိုယ်တင် ယှဉ် တိုက်နိုင်စွမ်း ရှိဖို့ အင်မတန် ခဲယဉ်းလှတယ်။  အထက်အမိန့်ကြောက်လို့ မဖြစ်မနေ တိုက်နေရတဲ့ ပြည်တွင်းစစ်ပွဲတွေမှာတောင် အကျအဆုံးများလှတာ မျက်မြင်ပါ။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူ့ပြဿာနဲ့ သူ ဗျာများနေတဲ့ တိုင်းပြည်မျိုး၊  ဒါပေမယ့် သူတို့မှာ ခိုင်မာတဲ့ တပ်မတော် တခု ရှိတယ်၊ ပါကစ္စတန် လို စစ်အင်အားကြီး နိုင်ငံမျိုးကို (အိန္ဒိယ က မြှောက်ပေး ကူညီခဲ့လို့ပဲ ဖြစ်ဖြစ်) တော်လှန် လွတ်လပ်ရေး ယူနိုင်ခဲ့တဲ့ အလှမ်းမဝေးတဲ့ သမိုင်း ရှိတယ်။  ဒါတွေ ထားလိုက်ပါဦး။  တကယ်တော့ တိုက်ရင် နိုင်/မနိုင် ဆိုတာ ထည့်ကို ပြောစရာ၊ စဉ်းစားစရာ မလိုပါ။  စစ်ဖြစ်စရာ ဘာအကြောင်း မှ ကို မရှိတာပါ။

ကျူးကျော်စစ်ကို ခုခံရမယ် ချည်းပဲ ဝါဒဖြန့်နေကြတာ တကယ်တမ်း ဒီခေတ်သစ် ကမ္ဘာ မှာ ဘာမှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ သူများ ကို ကျူးကျော် ရန်စတယ်ဆိုတာမျိုးက မလွယ်ပါ။  ဘယ်သူမှ အဖြစ်မခံပါ။

ဗမာ စစ်တပိုင်း အစိုးရ၊ စစ်အုပ်စုကသာ ပြည်တွင်း နိုင်ငံရေး အလှည့်အပြောင်း ဖြစ်အောင်၊ ဒီမိုကရေစီ အင်အားစု နဲ့ လူထု နိုင်ငံရေး ဒီရေလှိုင်းလုံး ကျအောင်၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ မဲဆန္ဒရှင်တွေ ဝေဝါးအောင် ရည်ရွယ်ချက် ရှိရှိနဲ့ မကြီးတဲ့ နယ်စပ် ပြဿနာ ရန်မီး ကို မီးတောက် အောင် မလုပ်ရင် ဘာမှ အကျယ် အကျယ် ဖြစ်လာနိုင်မှာ မဟုတ်ပါ။

ဒိ အနေအထား မှာ ဝမ်းနည်းစရာ အကောင်းဆုံးက စစ်အုပ်စု ရဲ့ အမြဲတမ်း သုံးနေကျ ဝှက်ဖဲ ထုတ်သုံးတာ သိသာလှပေမယ့် ဘင်္ဂလား ဆိုတာရယ်ကြောင့်လည်း ပါတယ်၊ တသက်လုံး စစ်သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံထားရတာကြောင့်လည်း ပါတယ် အခု လူသာမန် အများစု စစ်သွေးတွေကြွနေကြတယ်။  စစ်အာဏာရှင် လက်ကိုင်တုတ်များ သွေးထိုးလှုံ့ဆော် မြှောင့်ပင့် တဲ့ အတိုင်း ရောယောင် လိုက်၊ အသံတူ ထွက်နေကြတာမှာ ဒီမိုကရေစီ အင်အားစု ဆိုတဲ့ “ထောင်ကျခံ နာမည်ကျော် နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ” တောင် ပါတယ်။  သူတို့ ကိုယ်တိုင် အခု “အောင် တပ်မတော်ကြီးလည်း ချီ လာပါပြီ” ဟစ်ကြွေးနေကြတယ်။  ဗမာ့ နိုင်ငံရေး နဲ့ အနာဂတ် ရင်လေးစရာပါပဲ။

ဟိုတလောက “အခြေခံ အတွေးအခေါ် ပြောင်းလဲမှု” ဆောင်းပါး မှာ “စစ်ဘုရင် သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံ ထိထားလို့ စစ်ဘင်ခရာ သံလေးကြား၊ စစ်ချီတေးလေးများ ဟစ်ရင် စစ်သွေးလေး ကြွချင်၊ အလံကလေး တလူလူ လွှင့်ရင် အမျိုးဂုဏ် ဇာတိ မာန် တွေ ထ ချင် တဲ့ မိမိ စိတ်ကို မိမိ အရင် ပြောင်းပါ” ရေးခဲ့တုန်းက လူတချို့ ဘဝင်မကျချင်ကြဘူး။

အခု မျက်မြင်ပဲ စစ်အုပ်စု မှိုင်းတိုက်တာ ဘယ်လောက် အောင်မြင်သလဲ ဆိုတာ။  အကွက် ဟောင်းကြီးပါ၊ ရိုးနေပါပြီ ဘယ်လောက်ပဲ အော်နေနေ လူအများ တကယ့် အတွင်း သဘောမှာတော့ ကုလားမုန်း စိတ်အခံလေးကလည်း ရှိ၊ “ကြီးမြတ်လေသော မဟာ မြန်မာ” စိတ် မပျောက်ဆိုတော့ စစ်လိုလားသံတွေ ဖိတ်လျှံနေတယ်။  ဒီလို ပုံမျိုး နဲ့ဆို ဗမာပြည်မှာ စစ်ဝါဒသာ ရေရှည် လွှမ်းမိုးနေနိုင်ဦးမှာပါ။

စဉ်းစားကြပါ။  တိုင်းပြည်ချစ်ကြောင်း ပြနိုင်ဖို့ ရာ စစ်ပွဲ ကို လက်ယပ်ခေါ် ကြိုဆိုပြစရာ အကြောင်းမရှိပါ၊ မျိုးချစ်စိတ် သက်သေတည်ဖို့ ရာ လူသတ်ချင်ကြောင်း အော်ပြစရာ မလိုပါ။  ဗမာပြည် မှာ ပြည်ပရန်တွေ ဝန်းရံနေတယ် ဆိုတာ စစ်အင်အား နဲ့ ရန်ပြု ကျူးကျော်ခံရမှုမျိုး၊ ခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပါ။  တိုင်းပြည် မှာ ရာစုဝက် ကြီးစိုးနေတဲ့ စစ်ခေါင်းဆောင်ကြီးများ အုပ်ချုပ်မှု မကောင်း၊ အကျင့် သီလ မမှန်၊ အမြော်အမြင် မရှိတော့ နိုင်ငံ့စနစ် ပျက်ပြားပြီး နိုင်ငံခြား တိုင်းပြည် အဖြူ၊ အမည်း၊ အညို၊ အဝါ ပေါင်းစုံ ရဲ့ စီးပွား၊ ပညာ၊ ကျန်းမာ၊ လူမှု၊ အားကစား ကျူးကျော် အသာရမှု ခံနေရခြင်းပါ။

နိဂုံးချုပ်ရရင် ပြည်သူလူထု ရဲ့ ဘုံရန်သူ ဟာ ပြည်ပ မှာ မရှိ၊ အနောက်တံခါးမှာ မရှိ၊ အရှေ့အရပ်မှာလည်း မရှိ၊ ပြည်တွင်း တိုင်းပြည် အလယ်ကောင် ကြတ်ပြေး အရပ်မှာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေး ဖော်ဆောင်နေတဲ့ စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နဲ့ စစ်ဖွဲ့စည်းပုံ သာ ဖြစ်ပါတယ်။  ဒီ (၃) ချက်ကို ဗမာပြည်မှာ အလုံးစုံ ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် နိုင်အောင် တိုက်ဖျက်ခြင်းဟာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြောင်း အကောင်းဆုံး သက်သေပြမှုပါ။  ဒီ (၃) ချချက်ကို ပြင်နိုင်ရင် ဗမာပြည် အပေါ် နိုင်ငံစုံ က အဖက်ဖက် အသာစီးရနေတာတွေလည်း လျော့သွား တိုင်းပြည် လည်း စစ်အင်အား အပါအဝင် ကဏ္ဍ စုံမှာ လူစဉ်မီ၊ အရည်အချင်းပြည့် လာမှာသာ ဖြစ်ပါတယ်။  ဒါကို မျက်ကွယ်ပြုပြီး စစ်အုပ်စု နှပ်ကြောင်း ပေးသလို ကြိုးဆွဲရာ လိုက်ကချင်နေကြရင် ဗမာပြည် ဟာ စစ်ကျွန် နစ်သထက် နစ်နေဦးမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။
ငြိမ်းချမ်းအေး
၀၂ ဇွန်၊ ၂၀၁၄

၀၂၊ ဇွန်၊ ၂၀၁၄ မိုးမခ မီဒီယာ တွင် အွန်လိုင်း စတင် ဖော်ပြခဲ့သည်။
The Ladies ဂျာနယ် အတွဲ (၂)၊ အမှတ် (၁၆)၊ ဇွန် ၈-၁၄၊ ၂၀၁၄ တွင် ထပ်မံ ပုံနှိပ်သည်။




အနိမ့်ဆုံးလုပ်ခတိုးတာ မဲမြှူရုံသက်သက်မဟုတ်ပါ(မျိုးမြင့်ချို)

0 comments
အနိမ့်ဆုံးလုပ်ခတိုးတာ မဲမြှူရုံသက်သက်မဟုတ်ပါ(မျိုးမြင့်ချို)
ဘရက်ခ်ဟူစိန်အိုဘားမား မတိုင်ခင်ကတည်းက တရုတ်ငွေဈေးကို တင်ခိုင်းတယ်။ ဆိုဗီယက်ကိုရန်ရှာတဲ့အချိန်က တရုတ်ကိုလဘ်ထိုးတဲ့အနေနဲ့ပေးခဲ့တဲ့ အထူးကုန်သွယ်ဘက်နိုင်ငံအဆင့်အတန်းကို ဖြုတ်တော့မယ်လည်းပါတယ်။ တတိယကမ္ဘာ့နိုင်ငံအဆင့်(ဖွံ့ဖြိုးဆဲနိုင်ငံ) သတ်မှတ်ချက်ပြင်ရမယ်လို့လည်း ကြပ်ပေးတယ်။ တရုတ်သွင်းကုန်တွေကို(အခွန်အပါအဝင်) စည်းကြပ်တာတွေလုပ်တယ်။ တရုတ်ကနေ အမေရိကန်လာ မြှုတ်နှံတာတွေထဲကတချို့ကို (လုံခြုံရေးအပါအဝင်)အကြောင်းပြချက်တချို့နဲ့ ကန့်သတ်တယ်။ တရုတ်သွား ရင်းနှီးမြှုတ်နှံမယ့်စီးပွားရေးသမား၊ နည်းပညာ၊ စက်ရုံအလုပ်ရုံ၊ ကုန်လုပ်ကိရိယာ၊ ပညာရှင်တွေနဲ့ ငွေစီးကြောင်းကြီးကိုတော့ တားမရဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖရီးထရိတ်ကခံနေတယ်။

ကိုယ့်အလိုပါဖို့ အချော့အခြောက်နည်းစုံသုံးတယ် မအောင်မြင်ဘူး။ တရုတ်ကိုပေးစရာနဲ့ ပြန်ဆပ်ရမယ့်ကြွေးကခေါင်ခိုက်ပြီး လည်ပင်းမြုတ်နေပြီ။ ကြွေးတင်
ရှင်ဘုရင်ဆပ်/မဆပ်တော့မပြောတတ်ဘူး ကြွေးတင်ကျွန်ဖြစ်ဘဝမျိုးနဲ့ စကားပြောရင်ဟန်ကိုယ့်ဖို့ဆိုပေမယ့် တရုတ်ဖရဲသီးကြီးကို အရင်လို ထင်သလိုခွဲစိတ်စားလို့မရတော့မှန်း သိသွားပုံပေါ်တယ်။ ဟိန်းလားဟောက်လားတွေ နည်းလာတယ်။ ကြွေးအေးကြွေးပူနဲ့ ရင်ခံရရုံတင်မကဘူး အတိုးပြန်သတ်သတ်နေရတာချည်း တနှစ်တနှစ် နည်းတာမှတ်လို့။ တချိန်က အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့ ယူရိုငွေနဲ့ဥရောပသမဂ္ဂကိုပါ ကယ်ပါယူပါတစာစာလုပ်ရတဲ့အဖြစ်။

တရုတ်ကလည်း ဒေါ်လာကျရိပ်နဲ့လားရာကိုမှန်းပြီး သူ့နိုင်ငံခြားအရံငွေရဲ့ ရာခိုင်နှုန်းအတော်များများကို ယူရိုနဲ့ပြောင်းထားတယ်။ ရွှေကို အပြတ်လှောင်တယ်။ ပတ်လည်နိုင်ငံတွေကတင်မက (အရင်ဆိုဗီယက်ကွဲလို့ထွက်လာတဲ့) စတန်နိုင်ငံတွေက လောင်စာအရင်းအမြစ်တွေရော ကုန်ကြမ်းနဲ့ဈေးကွက်တွေပါ ကဲ့ယူတဲ့အခါယူ၊ သဲ့ယူတဲ့အခါယူနေတယ်။ သပိတ်ဝင်အိတ်ဝင်ဆိုတဲ့စကား ဒီနေရာမှာကွက်တိပဲ။ အမေရိကန်က လူအသေခံ ပိုက်ဆံအကုန်ခံ နံမည်အပျက်ခံပြီး ကမ္ဘာ့ပုလိပ်ကြီးလုပ်လိုက်ရတာသာ အဖတ်တင်တယ်။ တိုက်ရတဲ့ပစ္စည်းကို ကြံရာပါမဟုတ်တဲ့တရုတ်က ဝေစုအများဆုံးရသွားတော့ ခံပြင်းဒေါသနဲ့ မင်းသမီးကင်းကိုက်ဖြစ်ရတယ်။ မရ ဒဿကချိုင်စိတ်မွေးပြီး ချိုင်ရုံအပြင် ဘာမှမတတ်နိုင်ဖြစ်ရတယ်။ ဘ နဖူးကြတော့လည်း သိုက်က သူများတူးလို့ပြောင်ပြီ။

ဘွန်းတွေ (ငွေချေးစာချုပ်)ထုတ်ရောင်းတယ်။ စတော့ဈေးကွက်နဲ့ ငွေကစားတယ်။ ပြည်တွင်းမှာ အလုပ်လက်မဲ့ဦးရေက ထူပြောသထက် ထူပြောလာတယ်။ ရာဇဝတ်မှုပွားနှုန်း တက်လာတယ်။ သေနတ်တွေလည်းပစ်လိုက်တာမှ တဒိုင်းဒိုင်းနဲ့။ ကောင်းဘွိုင်တွေကျနေတာပဲ။ တော်ကြာနေ ကလေးတွေသေပြန်ပြီ။ တော်ကြာနေ ဆရာ/ဆရာမတွေ သေပြန်ပြီ။ တော်ကြာနေ ကုန်တိုက်ထဲဈေးဝယ်သူတွေ သေပြန်ပြီနဲ့။ လူမှုဖူလုံရေးထောက်ပံ့ကြေးလျှေက်စားသူတွေ ကြောက်ခမန်းလိလိဖြစ်လာတယ်။ အဲ့ဒီအပေါ် မှီခိုသူတွေများလာတယ်။ များလွန်းတော့ လူမှုဖူလုံရေးကြေးတွေ ဟိုနားတိတိဒီနားတိတိဖြတ်တယ်။ ဖြတ်လည်း ဖြတ်တာပဲရှိတယ်။ ဖြတ်လို့ထွက်လာတဲ့ငွေပိုက အစိုးရကြွေးဆပ်ဖို့ မကာမိဘူး။ စစ်တိုက်ဖို့ မလောက်ဘူး။ ဒီတင် တသက်လုံး သုံးဟဖြုန်းဟ ဝယ်ဟခြမ်းဟပေါ်အခြေခံတဲ့ ဈေးကွက်စီးပွားရေးခေါင်းကိုင်ဖခင်ကြီးဆီက ချွေတာရေးလုပ်ဖို့ ပြည်တွင်းဖြစ်ကိုအားပေးဖို့ဆိုတဲ့အသံတွေ ထွက်လာတယ်။ “အမေရိကန်မှာ ဒီအသံကြားဖို့ဆိုတာ စီးပွားပျက်ကပ်နဲ့ကြုံမှ” လို့ ၁၉၃ဝ တဝိုက် စီးပွားပျက်ကပ်ကိုဖြတ်ခဲ့ဖူးသူတွေဆီက ကြားရတယ်။ ဒီလိုနဲ့ ကုန်ဈေးနှုန်းနဲ့ဝင်ငွေကြားပြတဲ့ညွှန်းကိန်းတွေ ကဘောက်တိကဘောက်ချာ ဖြစ်လာတယ်။

စစ်တပွဲပြီးတပွဲဆက်တိုက် တိုက်၊ နှစ်ပွဲတပြိုင်တည်းတိုက် တိုက်ပြပြီး လက်နက်ဆန်းနဲ့တိုက်လေယဉ်တွေ ကြော်သာကြော်ငြာရတာ ငွေကုန်လူပမ်း နံမည်ကလည်းပျက်သေး။ ဝယ်လက်က ထင်သလောက်လိုက်မလာဘူး။ လက်နက်ဘယ့်လောက် စွမ်း/မစွမ်းဆိုတာ လူဘယ်လောက် သတ်နိုင်/မသတ်နိုင်နဲ့ ဘယ့်လောက် ဖျက်ဆီးနိုင်/မဆီးနိုင်အပေါ် တည်ပြီး ဆုံးဖြတ်ရတာမဟုတ်လား။ မြန်မြန်နဲ့များများသေတယ် ဖျက်နိုင်တယ်ဆို ဒါအစွမ်းထက်လက်နက်ပဲ။ တခြားကုန်ပစ္စည်းနဲ့မတူတာက လက်နက်ကြော်ငြာမယ်ဆို စစ်ပွဲတွေဖန်တီးရ တိုက်ပြရတာပဲ။ ပစ်မှမပြရင် အဲ့လက်နက်ဘယ့်လောက်စွမ်းတာ လူဘယ့်နှယ်လုပ် သိနိုင်မတဲ့တုန်း။ ဆိုတော့ အနည်းဆုံး ဒေသန္တိယစစ်၊ အကန့်အသတ်စစ်လေးတွေ တိုက်မှရတာပဲ။ ငြိမ်းချမ်းရေးစကားကလည်း နှုတ်တက်ရွရွပြောရသလို ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ အကြမ်းဖက်မှုအပေါ်နွှဲတဲ့စစ်တို့ ဘာတို့ညာတို့လည်း အာဂုံဆောင်ရတာပဲ။ အမေရိကန်လက်နက်တွေ လူသတ်ပြင်းတာ၊ ဖျက်စွမ်းကြီးတာ၊ ထိရောက်မှန်းသိတာမှန်ပေမယ့် ဈေးကြီးတော့ ဝယ်သူတွေက ရုရှားနဲ့ဥရောပဘက်ရောက်ကုန်တယ်။ လော့ဟိဂ်မာတင်တို့၊ နော့သရော့ကရူးမန်းတို့၊ ဘိုးရင်းတို့ အလုပ်သမားတွေလျှော့ချရတယ်။ စစ်နဲ့ထူထားတဲ့စစ်စီးပွား အခြေနည်းနည်းယိုင်ချင်တယ်လို့ ဆိုရမလားပဲ။ ကမ္ဘာ့လက်နက်တင်အပို့ဆုံး အရောင်းဆုံးနိုင်ငံစာရင်းမှာ နံပတ်တစ်ဖြစ်ပေမယ့် ကမ္ဘာ့စစ်စရိတ်အသုံးဆုံးမှာလည်း နံပတ်ဝမ်းဆိုတော့ ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးလို့ ကုန်တာပါပဲ။
လက်နက်ဈေးကွက်ကလည်း အလုပ်သိတ်မဖြစ်။


နောက်ဆုံး ဘာကြံရာမှ မရလည်းမရတော့ရော အမေရိကန်ဒေါ်လာငွေစက္ကူတွေ မတန်တဆရိုက်ထုတ်ပြီး တရုတ်ငွေဈေးမချရင် ကိုယ့်ငွေဈေးကျအောင်ဆိုကာ ဗဟိုဘဏ်နဲ့ ကွန်ဂရက်စ်နဲ့ အစိုးရနဲ့သဘောတူသွားတယ်။ ဗဟိုဘဏ်ဥက္ကဌဟောင်း (အလန်ဂရင်န်းစပင်န် အပါအဝင်) ဘဏ်အကြောင်း ငွေအကြောင်းနားလည်သူတွေ (ပြည်တွင်းပြည်ပါမကျန်)မလုပ်နဲ့သတိပေးတဲ့ကြားက ငွေတွေ ပုံနှိပ်စက်ကစာအုပ်ရိုက်သလိုရိုက်ထုတ်ပြီး ဈေးကွက်ထဲ ဒလဟောသွန်ချလိုက်တယ်။ (တရုတ်ကလာတဲ့)သွင်းကုန်တွေ ဈေးတက်သွားတယ်ဆိုပေမယ့် ယှဉ်လိုက်ရင် ဈေးသက်သာနေဆဲတရုတ်ပစ္စည်းတွေတော့(အမေရိကန်အလံကအစ အိမ်သာသုံးစက္ကူအထိ) အဝယ်ကျမသွားဘူး။ ဝယ်လက်က ကောင်းတုန်းပဲ။ နဂိုကမှ ဈေးကြီးတဲ့ပြည်တွင်းထုတ်နဲ့ ဥရောပဘက်ကလာတဲ့အကောင်းစားပစ္စည်းတွေ ဈေးမြောက်ကုန်တယ်။ လူတွေလိုက်မမှီတော့ဘူး။ လူတွေအဖို့တော့ ယှဉ်လိုက်ရင် ဈေးသက်သာတဲ့တရုတ်ပစ္စည်းဘက်ပဲ ပြန်လည်ကုန်တယ်။

အခြေခံစားကုန်တွေဈေးတက်ကုန်တာ လက်လုပ်လက်စားတွေ အထိအနာဆုံးပဲ။ အခြေခံလူတန်းစားတွေ ဗူးလေးရာဖရုံဆင့်ကုန်တာပဲ။ လုပ်ခ(ဝင်ငွေ)နဲ့ လူနေမှုစရိတ် မလောက်ငှမှုတွေ ညည်းညူသံတွေ၊ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေ(ဝေါစထရိကိုသိမ်းကြ)တွေအထိ ဖြစ်လာတယ်။ ကျနော် ရောက်စက(လွန်ခဲ့တဲ့ ၅ နှစ်ကျော်က) ဖို့တ်ဝိန်းတမြို့လုံး တနေကုန်ကားပတ်မောင်းပြီး ကြည့်တာတောင်မှ ”အိုးမဲ့အိမ်မဲ့ပါ၊ စစ်ထွက်ပါ၊ အကူအညီလိုနေသူပါ”ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကိုင်ပြီး တောင်းစားသူတယောက်တွေ့ဖို့ မနည်းပဲ။ အတော်ခဲယဉ်းတာပဲ။ ခုများတော့ ဟိုနားဒီနား မီးပွိုင့်တွေနားတွေမှာ မိုးတိုးမတ်တပ်နဲ့ ကျား/မအရွယ်စုံတွေ မြင်ကွင်းထဲများများလာတယ်။ အရင်ကဆို သူတို့နဲ့စကားပြောဖို့ ဓါတ်ပုံရိုက်ယူဖို့ အတော်မလွယ်တာပဲ။ စကားအပြောခံတောင် ဓါတ်ပုံအရိုက်မခံဘူး။ အရိုက်ခံတောင် မျက်နှာကိုလက်နဲ့ကွယ်ထားတယ်။ ခုများတော့ မရိုက်တောင် လက်ယပ်ခေါ်မယ့်အပေါက်။ (ကျနော့်မှာ သူတို့နဲ့အတူတွဲရိုက်ထားတဲ့ပုံတွေရှိတယ်။ သူတို့နဲ့ပြောခဲ့တဲ့စကားတွေလည်းရှိတယ်။ သူတို့နဲ့စကားပြောဖို့ ဓါတ်ပုံရိုက်ဖို့ မုန့်လေးပဲလေးဝယ်ကျွေး ဖွတ်ကလိဒင်္ဂါးလေး နည်းနည်းပါးပါးပေး။ လမ်းဘေးပလက်ဖေါင်းမှာ အကျအနဖင်ချ၊ တင်ပလ္လင်ခွေအတူထိုင်ပြီး စကားတွေအကြာကြီး ပြောဖူးတယ်။ ကျနော်ကိုယ်တိုင်လည်း ဟိုနေ့က အပင်စိုက်ရင်းတန်းလန်း လိုတာလေးနည်းနည်းရှိလို့ မီနာ့ဒ်စ်မှာ နည်းနည်းပြေးဝယ်ရင်း ပစ္စည်းတွေကားပေါ်တင်ဖို့ ဆိုင်အပြင်ကခုံတန်းလေးပေါ် ရွှံ့ပေဗွက်ပေ အိမ်နေရင်းအဝတ်အစားနဲ့ ဂျိုင်းထောက်ဘေးချ ခြေပေါ်ခြေတင်ထိုင်နေတုန်း တောင်းရမ်းစားနေတဲ့စစ်ထွက်မှတ်ပြီး ခင်မင်နှစ်လိုဖွယ်အပြုံးကိုယ်စီနဲ့လူတွေ ပိုက်ဆံလာပေးတာ ၂ ကြိမ်တောင် ကြုံရတယ်။ ပိုက်ဆံမယူလိုက်ပေမယ့် သူတို့စေတနာကိုကျေးဇူးတင်ကြောင်း ရင်းရင်းချာချာပြန်ပြောပြီးငြင်းလိုက်တော့ အားတုံ့အားနာဖြစ်သွားဟန်ပြန်တွေ ခုထိ မျက်စေ့ထဲရှိနေတုန်း။ ပြန်သာ မရေးဖြစ်သေးတာ)

ကျောင်းသားတွေဘက်ကြည့်ပြန်တော့လည်း မိဘတွေမှာ ထမင်းစားဖို့တောင်အနိုင်နိုင်ရုန်းရတာဆိုတော့ သားသမီးတွေကျောင်းစရိတ်နဲ့ မုန့်ဖိုးပဲဖိုးလေးတောင် (အများကြီးထောက်ပံ့တာ မဟုတ်ပေမယ့်)မနည်း ခြစ်ခြစ်ခြုတ်ခြုတ်ဖြစ်လာတယ်။ ကျောင်းတွေမှာလည်း ဗဟိုအစိုးရကရော ပြည်နယ်တွေအလိုက်ရော ပညာသင်စရိတ်ဖြတ်တာ။ ကျောင်းစရိတ်ချေးငွေလျှော့တာ ဖြတ်တာ၊ အခြားစရိတ်စကတွေ မြှင့်တာတွေလုပ်တော့ တက္ကသိုလ်ကောလိပ်ကျောင်းသားတွေ ကျောင်းဝင်းထဲဆန္ဒပြနေရာကနေ လမ်းပေါ်ထွက်လာတယ်။ ဝေါစထရိ အထိရောက်လာကြတယ်။ အဲ့လိုတွေဖြစ်လာတော့
အစိုးရလည်း ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ ဖရီးဒမ်းတွေ ဘေးခနချပြီး အကြမ်းပတမ်း ကိုင်တော့တာပဲ။ နံမည်လည်းအတော်ပျက် ရုပ်လည်းအတော်ပျက်။ ခု လွှတ်တော်ရွေးကောက်ပွဲတွေ နီးလာပြီ။ အထက်အောက်လွှတ်တော်အမတ်မင်း အမတ်မလုပ်မယ့်သူတွေ ပြည်သူကိုမြှူတဲ့အထဲ လုပ်ခတိုးရရေးလည်းပါနေတယ်။ ကုန်းဈေးနှုန်းတက်တာကို ကျအောင်လုပ်မပေးနိုင်လေတော့ လုပ်ခလစာတိုးပေးမယ်ဆိုကာ ကတိကဝတ်တွေပေးကြ။ ဥပဒေတွေပြုကြနဲ့ တခြိမ်းခြိမ်းပဲ။ ပြည်နယ်တခုနဲ့နဲ့တခု (ဆင်းရဲချမ်းသာ၊ ထုတ်ကုန်၊ လုပ်ငန်း၊ လူဦးရေ၊ သယံဇာတ၊ လူနေမှုစရိတ်စတာတွေအများကြီး တွက်ချက်ပြီး) အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်က မတူဘူး။ ကျနော်တို့ပြည်နယ်ရဲ့ အနိမ့်ဆုံးလုပ်ခက တစ်နာရီ ၇ ဒေါ်လာ ၂၅ ဆင့်ပဲ။ ကျနော်တို့ဆီမလည်း ဟိုနားဒီနား ဆိုင်းဘုတ်လေးတွေကိုင် လူစုစု-စုစုနဲ့  ဖြိုးဖြိုးဖြောက်ဖြောက် ဆန္ဒပြပွဲလေးတွေမြင်နေရပြီ။ ဖြိုးဖြိုးဖြောက်ဖြောက်ကနေ ဖြိုးဖြိုးဖြောင်းဖြောင်း ဖြစ်မလာအောင် အနည်းဆုံး တန့်ဆေး ဟန့်ဆေးတော့ပေးရမှာပဲ။ တန့်ဆေးက လုပ်ခနည်းနည်းတိုးပေးတာ၊ ဟန့်ဆေးက အဓိကရုဏ်းနှိမ်ပုလိပ် ထုတ်ထုတ်ပြတာ။ ပြောရင်း ရှည်ကုန်ပြီ။

ချုပ်ရရင် အမေရိကန်မှာ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်တွေပြင်နေတာ တိုးပေးနေတာမှန်တယ်။ အလုပ်သမားကိုတိုးပေးရရင် အလုပ်ရှင် (အရင်းရှင်ဘက်ကလည်း တနည်းနည်းနဲ့)လုပ်အားကို တိုးယူမှာပဲ။ ဒါမှမဟုတ် ကုန်စည်မှာ ဈေးတင်မှာပဲ။ သူက ဝေသန္တရာ မဟုတ်ဘူး။ စတုဒီသာကျွေးနေတာ မဟုတ်ဘူး။ အကြွေး၊ ငွေဖေါင်းဖွမှု၊ လုပ်ခတိုး၊ ကုန်ဈေးနှုန်းတက် စတဲ့ ဝဲသြဃထဲကနေ လူတွေကိုဆွဲတင်ဖို့ရာက အစိုးရရဲ့စီမံခန့်ခွဲမှု အခရာပဲ။ တနည်းနည်းနဲ့တော့ အစိုးရတာဝန်ယူဖြေရှင်း ကျော်နင်းနိုင်သွားမှာပါပဲ။ အလုပ်ရှင်/အလုပ်သမား ဆင်းရဲသား၊ အခြေခံလူတန်းစားပြဿနာဟာ ကျကျနနမကိုင်တွယ်တတ်ရင် ပြည်ပျက်ကိန်း ဆိုက်တတ်တာသိလို့ပဲ နိုင်ငံသက် နှစ် ၂ဝဝ ကျော်ထိ အမေရိကန် အလံထူနေတာပဲ။ ဆိုဗီယက်ယူနီယံလို စီးပွားရေးနဲ့နိုင်ငံရေးစနစ်ကြီးတခုလုံး ကဖြဲကရုန်းနဲ့လဲပြိုဖို့ ဖြစ်နိုင်ချေမရှိတဲ့ ပြည်ပဲ။ အရင်းရှင်စီးပွားရေးစနစ်ရဲ့ အပြစ်အနာအဆာတွေနဲ့ ဘယ့်လောက်ပဲ ပြည်ပုတ်သွေးပုတ်တွေညှီနေပေ့စေ သူ့မှာ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးအပြန်အလှန် ထိမ်းကျောင်းမှုတွေရှိတဲ့အပြင် လူတစ်ဦးချင်းစီရဲ့ မွေးရာပါအခွင့်အရေး၊ လွတ်လပ်မှု၊ ရပိုင်ခွင့်နဲ့ လူ့တန်ဘိုးအပေါ် အလွန်အလေးပေးတဲ့နိုင်ငံပဲ။ ပြည်နယ်တွေ ဖွဲ့စည်းထားတဲ့စနစ်ကလည်း (အားနည်းချက် ရှိတန်သလောက်ရှိပေသိ) အလုပ်တော့ အတော်ဖြစ်နေတာပဲ။ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နိုင်ငံရေးသမားကြားမှာ(တနည်းပြောရရင် အမေရိကန်စစ်တပ်နဲ့အရပ်သားအစိုးရ) ထားတဲ့ပဋိညာဉ်ကလည်း အတော်ကျနပုံရတယ်။ သမ္မတဟာ စစ်သေနာပတိပဲ။

ခု အနိမ့်ဆုံးလုပ်ခတိုးပေးတဲ့ဟာကို ရွေးကောက်ပွဲနီးလို့ မဲမြှူရုံသက်သက်လောက်ပဲလို့တွက်ရင် မှန်ဖို့တော့ ဝေးစွခြောက်ပါး။
(မျိုးမြင့်ချို) ဇွန် ၂ဝ၁၄