Tuesday, August 12, 2014

လူထုအင်အားနဲ့ ဖိအားပေးအကြပ်ကိုင်ရန် ပျက်ကွက်နေသမျှ ကျိုးနွံနာခံနေရလိမ့်မည် (တူမောင်ညို)

0 comments
လူထုအင်အားနဲ့ ဖိအားပေးအကြပ်ကိုင်ရန် ပျက်ကွက်နေသမျှ ကျိုးနွံနာခံနေရလိမ့်မည် (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ သြဂုတ် ၁၂ ရက် )
ပြည်သူအများစုနဲ့အတူ ကျနော်မျှော်လင့်ထားတာက “ပုဒ်မ၄၃၆ပြင်ဆင်ရေးဆန္ဒပြု လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှု”ရလဒ်တွေ အတိအကျရေတွက်ပြီးတဲ့နောက်  တိုင်းပြည်နဲ့လူထုထံ တင်ပြ၊ ရှင်းလင်း၊ အသိပေးတဲ့အခါမှာ ဒီချုပ်ပါတီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက် ပြီး“၂ဝဝ၈အခြေခံဥပဒေပြင်ဆင်ရေး”ဘယ်လို ရှေ့ခရီးဆက်ကြမယ်ဆိုတာကိုပါ ပြတ်ပြတ်သားသား ညွန်ပြပြောဆိုလိမ့်မယ်လို့ မျှော်လင့်မိတာဖြစ်ပါတယ်။
ဘာကြောင့်ဒီလို မျှော်လင့်သလဲဆိုတော့ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စ”က  ဒီချုပ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က တိုင်းပြည်နဲ့ လူထုထံတင်ပြခဲ့တဲ့ လုပ်ငန်းတာဝန် ၃ ရပ်ထဲက အချက်အချာကျတဲ့လုပ်ငန်းတာဝန်တစ်ခုဖြစ်တဲ့ “၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး”ကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ကိစ္စဖြစ်တယ်။ ဒီချုပ်ပါတီ လွှတ်တော်ထဲ “ဝင်”သွားတာဟာ “ ပြင်”ဖို့ ဝင်သွားတာ မဟုတ်ပါလား။
“၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သော့ချက်အကျဆုံး ပြင်ဆင်မှုဖြစ်တယ်လို့ ဒီချုပ်ဥက္ကဋ္ဌ အပါအဝင် ဟောပြောသူအများစုက အတန်တန်ဟောပြောနေတဲ့ကိစ္စဖြစ်နေတာကလည်း တကြောင်းပေါ့။ ဒါကြောင့်ဒီလို အချက်အချာ ကျတဲ့ကိစ္စကြီးတစ်ခုကို အဓိကကျတဲ့ပုဂ္ဂိုလ်က တက်ရောက်ပါဝင်ရှင်းလင်းမှာပဲဆိုတာ သဘာဝကျတဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ရှင်းလင်းတဲ့အခါမှာတော့ ဒီချုပ်ပါတီဥက္ကဋ္ဌပါဝင်ခြင်းမရှိဘဲ ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းနဲ့ ၈၈ ငြိမ်းပွင့်က တာဝန်ရှိသူတစ်ဦး တက်ရောက်ရှင်းလင်းတာ တွေ့ရပါတယ်။ အဖြစ်က ဘာနဲ့တူနေသလဲဆိုတော့ အမေတွေ့ချင်ဇောနဲ့ပြန်လာတဲ့ အဝေးရောက်သားကို မြေပဲနှုတ်စရာရှိနေလို့ဆိုပြီး အမေကိုယ်တိုင် ဘူတာဆင်းမကြိုဘဲ၊ ဘဒွေးနဲ့နွားလှည်းပဲလွှတ်ပြီး ကြိုခိုင်းလိုက်သလိုမျိုး ဖြစ်နေပါတယ်။
ဦးဉာဏ်ဝင်းက ဘယ်လိုရှင်းသလဲဆိုတော့ “အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စောင့်ကြည့်လို့ကတော့ ဘယ်လိုမှ ပြင်လို့လည်းမရဘူး။ ဘာမှလည်းလုပ်လို့မရဘူး။ လုပ်လို့မရအောင်လည်း ပြဋ္ဌာန်းထားတယ်။ သို့သော် ပြည်သူအများဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာပါ။ အဲဒီလို နည်းလမ်းကို ကြိုးစားဖော်ထုတ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” တဲ့။
အထက်မှာဖော်ပြထားတဲ့ ဦးဉာဏ်ဝင်းပြောစကားကို ၂ ပိုင်းခွဲပြီး တစ်ပိုင်းစီအပေါ် ကျနော့်အမြင်ကို သုံးသပ်တင်ပြပါရစေ။
ပထမအပိုင်း (“အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စောင့်ကြည့်လို့ကတော့ ဘယ်လိုမှပြင်လို့လည်းမရဘူး။ ဘာမှလည်း လုပ်လို့မရဘူး။ လုပ်လို့မရအောင်လည်း ပြဋ္ဌာန်းထားတယ်” )တဲ့။ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ကိုယ်တိုင် ဥပဒေပညာရှင် တစ်ဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဥပဒေရှုဒေါင့်အရရော၊ ဒီချုပ်ပါတီ လွှတ်တော်ထဲဝင်သွားပြီးတဲ့နောက်ရရှိလာခဲ့တဲ့ မနည်းလှတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေအပေါ်ကနေရော  နိဂုံးချုပ်ပြီးပြောတာမို့ ထင်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးသမားတွေ ရင်ဆိုင်တွေ့ကြုံ နေရတဲ့ ပကတိအခြေအနေဟာ ကွက်ကွက်ကွင်းကွင်းပေါ်လွင်လှပါတယ်။
ဒုတိယအပိုင်း၊ ဒီအပိုင်းက  ပကတိရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်အပိုင်းလို ဖြစ်တာကြောင့် ပိုပြီးတိကျရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဦးဉာဏ်ဝင်းက ရှေ့လုပ်ငန်းစဉ်ကို အခုလိုပြောပါတယ်။ (“ပြည်သူအများ ဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာပါ။ အဲဒီလိုနည်းလမ်းကို ကြိုးစားဖော်ထုတ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်”)တဲ့။  
ဒီလိုပြောလိုက်တာကိုတော့  ဒီချုပ်ပါတီထုံးစံလို့ပဲ ရှေ့မျက်နှာနောက်ထားပြီး အားနာနာနဲ့ပြောရပါလိမ့်မယ်။ ဒီချုပ်ပါတီဟာ “သဝေထိုး (ေ)ကဲ့သို့” အတွင်းထဲဝိုက်ခွေ ဝင်သွားတာကို တွေ့ရပါလိမ့်မယ်။
ဒီချုပ်ပါတီက ဦးစီးဆောင်ရွက်ခဲ့သော  “၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ”တွေမှာ ပြည်သူတွေက ပြင်ဆင်ရေး ဆန္ဒကို ဖော်ထုတ်ခဲ့ကြပြီးပြီ။ အခုလည်း “ပုဒ်မ ၄၃၆ပြင်ဆင်ရေး”အတွက်လည်း လက်မှတ်ထိုးဆန္ဒပြုခဲ့ကြပြီ၊ မလုံလောက်သေးဘူးလား။
ဦးဉာဏ်ဝင်းအပြောအရဆိုရင် ပြည်သူအများဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာမို့ ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားမှု ထပ်မံပြီးလုပ်ကြရဦးမယ့် သဘောဖြစ်နေပါတယ်။ 
သြဂုတ်လ ၁ ရက်နေ့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့စပ်လျဉ်းပြီး  ဒေါ်အောင်ဆန်းစုကြည် ကနဦးရှင်းလင်းပြောကြားတဲ့အခါက “ကျမ ရဲရဲဝံ့ဝံ့ပြောနိုင်တာက ဒီနိုင်ငံရဲ့သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်က ကိစ္စတခုကိုလက်မှတ်ထိုးပြီးတော့ မိမိတို့ဆန္ဒအရ လျှို့ဝှက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်း လက်မှတ်ထိုးပြီးထောက်ခံခဲ့တယ်ဆိုတာ တခါမှ မရှိခဲ့ဖူးဘူး။ ဒါဟာ ဒီနိုင်ငံမှာ ပထမဦးဆုံးပဲ”လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။  
ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပထမဦးဆုံး ဟုတ်ချင်လည်း ဟုတ်မှာပါ။ ဒီကိစ္စတွေက နိုင်ငံရေးဗေဒသုတေသီတွေ လုပ်ကြပါလိမ့်မယ်။ ဒီနေရာမှာ အတိအကျပြောနိုင်တဲ့အချက် တစ်ခုတော့ရှိပါတယ်။ အရေးကြုံလာတဲ့အခါတိုင်း ပြည်သူတွေဟာ သူတို့ဆန္ဒကို ဗြောင်ရော/လျို့ဝှက်ရော စွန့်စွန့်စားစား၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသစမြဲဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။  

“၂ဝဝ၈ အခြေခံဥပဒေ” ပြည်သူ့ဆန္ဒခံယူစဉ်မှာလည်း ပြည်သူတစ်သန်းကျော် (၁ ၃၇၅ ၄၈ဝ )ဟာ နာဂစ်မုန်းတိုင်းကြီး ကြုံနေရတဲ့ကြားထဲကနေ ရဲရဲဝံ့ဝံ့ “ကန့်ကွက်မဲပေး” ပေးခဲ့ကြပါတယ်။ အဲဒီတုန်းက ဒီချုပ်ပါတီကကန့်ကွက်မဲပေးဖို့ ပြည်သူတွေကို ဆော်သြခဲ့တယ် မဟုတ်ပါလား။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း ပြည်သူ ၅ သန်းနီးပါး ( ၄ ၉၄၁ ၉၉၈ )က လက်မှတ်ထိုးဆန္ဒပြုခဲ့ကြပြီ။ ပြည်သူလူထုဘက်က တာဝန်ကျေပါတယ်။  တာဝန်ပျက်ကွက်တာ မရှိခဲ့ပါဘူး။
(နဝတ-နအဖ) စစ်အစိုးရဟာ လူထုဆန္ဒကို ဘယ်တုန်းကမှ မလေးစားခဲ့ပါဘူး။ အရေးမထားခဲ့ပါဘူး။ လက်မခံခဲ့ဘူး။ လူထုဆန္ဒကို ဗြောင်ဖျက်သိမ်းပစ်ဖို့ဝန်မလေးသလို၊ အဓမ္မရယူဖို့ကလည်း သူတို့အတွက် ထမင်းစားရေသောက်ကိစ္စသာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖိနှိပ်ချေမှုန်းခဲ့ပြီး၊ ပြည်သူလူထုတစ်ရပ်လုံးက လက်နဲ့ရေးဖော်ပြခဲ့ကြတဲ့ “၁၉၉ဝ ရွေးကောက်ပွဲရလဒ်” ကို (နဝတ-နအဖ) စစ်အစိုးရက ခြေနဲ့ဖျက်ခဲ့ကြပြီးဖြစ်တယ် မဟုတ်ပါလား။ ဒီလိုနဲ့ (နဝတ-နအဖ) စစ်အစိုးရဟာ “ထန်းလျက်ခဲ ခွေးလျက်တဲ့”နည်းနဲ့ “၁၉၉ဝ ရွေးကောက်ပွဲရလဒ်နဲ့ ဒီချုပ်ပါတီ”ကို လုံးပါး ပါးစေခဲ့ပြီးဖြစ်တယ် မဟုတ်ပါလား။
ဗိုလ်နေဝင်းစစ်အုပ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)ကို ဖျက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)ကို စိတ်ကြိုက်ရေးခဲ့တယ်။ (နဝတ-နအဖ) စစ်အုပ်စုက ဘမျိုးဘိုးတူဆိုသလို “၁၉၉ဝ ရွေးကောက်ပွဲ” ဖျက်သိမ်းပြီး၊ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုခဲ့ကြတယ်။ ၂ဝ၁ဝ နိုဝင်ဘာရွေးကောက်ပွဲမှာ စိတ်ကြိုက်ရလဒ်ထွက်အောင်“ကြိုတင်မဲ” တွေနဲ့ (ကြံ့ဖွံ့ပါတီအနိုင်ရအောင်) လုပ်ဆောင်ပြခဲ့တယ်မဟုတ်ပါလား။
လူထုဆန္ဒဆိုတာနဲ့ပတ်သက်လာရင်“စိတ်ကြိုက်ရလဒ်မဟုတ်လျှင် မျက်ကွယ်ပြုဖျက်သိမ်း၊ စိတ်ကြိုက်ရလဒ်ဖြစ်အောင် အဓမ္မလုပ်ကြံဖန်တီး”ဆိုတာ ယနေ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအပါအဝင် (နဝတ-နအဖ)စစ်အစိုးရတို့ရဲ့ အရင်းခံမူဝါဒနဲ့အခြေခံ သဘောထားပဲဖြစ်ပါတယ်။
ဒါကြောင့် လူထုဆန္ဒဆိုတာကို ထိုက်သင့်သလိုဆောင်ရွက်ပေးပါမည့်အကြောင်း အသနားခံတင်ပြနေလို့ မဖြစ်တော့ပါဘူး။ လူထုဆန္ဒကို အုပ်စိုးသူအစိုးရကလေးစားကျိုးနွံ၊ နာခံလာတဲ့အထိ လူထုအင်အားနဲ့ဖိအားပေးအကြပ်ကိုင်ကြရမှာပါ။
ဆောင်းပါးနိဂုံးကို  သြဂုတ်လ ၁၁ ရက်နေ့၊ သတင်းစာရှင်းလင်းပွဲမှာ အမတ်ချုပ် (ဗိုလ်)ဦးရွှေမန်းပြောတဲ့စကားကိုကောက်နုတ်ပြီး နိဂုံးချုပ်ပါရစေ။
အမတ်ချုပ်ကြီးက လူထုဆန္ဒ၊ လူထုဆန္ဒလက်မှတ်ရေးထိုးဖော်ပြမှု စတဲ့စကားလုံးတွေကိုတမင်ရှောင်ရှားပြီး “signature campaign”၊ “ပြည်သူများရဲ့အသံ”လို့သာ သုံးနှုန်းပြောသွားခဲ့ပြီး။ “လွှတ်တော်ကဖွဲ့စည်းထားတဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဆိုင်ရာ ကော်မတီ(၃၁ ဦးကော်မတီ)အပေါ်မှာ အကျိုးသက်ရောက်မှုမရှိပါဘူး”ဆိုတဲ့အချက်ကို  ဒုတိယအကြိမ်ထပ်မံအတည်ပြုပြောဆို သွားပါတယ်။
ဒါပေမယ့်“လွှတ်တော်ဆောင်ပုဒ် သို့မဟုတ် မူဝါဒနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ပြည်သူများရဲ့အသံကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားဆောင်ရွက်နိုင်တဲ့အတွက် ထိုက်သင့်တဲ့အကျိုးသက်ရောက်မှုတော့ ရှိနိုင်တယ်လို့ဖြေလိုပါတယ်” လို့ ဖြေကြားသွားတာ ကြားလိုက်ကြရမှာပါ။
လူထုဆန္ဒ ၅ သန်းနီးပါးဟာ လွှတ်တော်ထဲက ကြံ့ဖွံ့အမတ်အများစုနဲ့ စစ်သားအမတ်များရဲ့ စဉ်းစားပေးမယ့်အပေါ်မှာ တည် တယ်လို့ ပြောတာပါ။ လွှတ်တော်ထဲမှာ “ထိုက်သင့်တဲ့အကျိုးသက်ရောက်မှုကလေးရရှိဖို့အရေး” ကြံ့ဖွံ့အမတ်တွေကိုဒူးဖက်ပြီး လော်ဘီ လုပ်ရမယ့်ကိန်း ဖြစ်နေပါတယ်။ ဒီချုပ်ကတော့ ၄၃၆ ပြင်ဆင်ရေးဆန္ဒတွေ လွှတ်တော်တင်ပြမယ်ဆိုတဲ့အချက်ကို တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ သဘောကတော့ လွှတ်တော်ထဲကအများစုဖြစ်တဲ့ ကြံ့ဖွံ့အမတ်တွေ (စစ်သားအမတ်တွေ)က စဉ်းစားဆုံးဖြတ်ပေးလိုက်ကြလို့ (ဗိုလ်) ဦးရွှေမန်းက ညွန်ကြားတာပါ။
“လူထုဆန္ဒ”ဆိုတာ ထိုက်သင့်တဲ့အကျိုးသက်ရောက်မှုရှိဖို့ အုပ်စိုးသူများထံ ဒူးထောက်အသနားခံရမယ့်ကိစ္စမဟုတ်။ အုပ်စိုးသူ အစိုးရများ လေးစား၊ကျိုးနွံ၊ နာခံလာစေရန်အတွက် လူထုအင်အားနဲ့ ဖိအားပေးအကြပ်ကိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။


Tuesday, August 5, 2014

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ(ဝါ)မှိုင်းဗေဒ (ရေးသူ- ဒဂုန်တာရာ)

0 comments
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ (ဝါ) မှိုင်းဗေဒ (ရေးသူ- ဒဂုန်တာရာ)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ (ဝါ) မှိုင်းဗေဒကိုဖော်ပြရန်မှာ ကျမ်းကြီးကျမ်းခိုင်တဆူတဖွဲ့ ဖြစ်ရပါလိမ့်မည်။ ဆရာကြီး ရေးခဲ့သမျှသော ကဗျာ၊ စကားပြေများကို ပြည့်စုံ ခိုင်လုံကျယ်ပြန့်စွာ ကိုးကားညွှန်ပြရန်လိုပါလိမ့်မည်။ သို့သော် ယခု စာတမ်းငယ်တွင် ဆရာကြီး၏ စာပေအနုပညာသဘောကို နိဒါန်းပျိုးရုံလောက်၊ မိတ်ဆက်ပေးရုံလောက်၊ အဓိပ္ပါယ်ဖွင့်ဆိုရုံမျှလောက်သာလျှင် တတ်နိုင်မည်ဖြစ်၍ ခွင့်လွှတ်ရန်တောင်းပန်လိုပါသည်။

(၁)
ရှေးဦးစွာ 'သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ' ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို ရှင်းပြရပေမည်။ အနုပညာဆိုသည်မှာ လူ့စိတ်ကူးဖြင့် လူတို့၏ဘဝကို ရသပေါ်အောင်ဖွဲ့နွဲ့သော အာရုံခံစားမှုပုံသဏ္ဍာန်ဖြစ်ပါသည်။ တနည်းပြောရရင် လူတို့၏ဘဝတွင်ထိတွေ့ခံစားရသော အာရုံခံစားမှုအတွေ့အကြုံ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဘဝအတွေ့အကြုံ တို့ကို ပိရိသတ်အား မိမိကဲ့သို့ခံစားရလေအောင် ရသအမူအရာဖြင့် လှပစွာတင်ပြဖော်ကျူးသောအရာသည်အနုပညာဖြစ်သည်ဟု အဆိုရှိပေသည်။ အသံဖြင့် သီဆိုတီးမှုတ်ဖော်ပြသည်။ ကိုယ်လက်လှုပ်ရှားမှုကပြမှုတို့ဖြင့် ဖော်ပြသည်။ အရောင်အဆင်း၊ မျဉ်းကြောင်းတို့ဖြင့် ဆေးရေးဖော်ပြသည်။ အဝန်း အပြား အလုံး အကြွ တို့ဖြင့် သွန်းထုဖော်ပြသည်။ စကားလုံးတို့ဖြင့် သီကုံးဖော်ပြသည်။ ယင်းသို့သော ဂီတအနုပညာ၊ အကအနုပညာ၊ သဘင်အနုပညာ၊ ပန်းချီပန်းပုအနုပညာ စသဖြင့် အနုပညာများရှိသည့်အနက် စာပေအနုပညာသည်လည်း အနုပညာတရပ်အဖြစ်ပါဝင်ပေသည်။


စာပေ၌လည်း စကားပြေ၊ ကဗျာဟူသောစာပေပုံသဏ္ဍာန်များရှိလေရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် စကားပြေရော ကဗျာပါ စာပေပုံသဏ္ဍာန်နှစ်မျိုးစလုံး အသုံးပြုသူဖြစ်ပေသည်။ စကားပြေ၌ ဝတ္ထု၊ ပြဇာတ်နှင့် ဋီကာ၊ ဂဏ္ဍိဟုခေါ်သော ဆောင်းပါးအမျိုးအစားများ ရေး၍ ကဗျာ၌ လေးချိုးကြီးကို အများဆုံးအထူးပြုရေးခဲ့ပေသည်။

ယင်းသို့ ဆရာကြီးသည် စာပေများကိုရေးသားရာတွင် ဆရာကြီး၏စာပေ၌ မည်သူနှင့်မျှ မတူအောင်ထူးခြားဆန်းသစ်သော၊ သမိုင်းခေတ်အဆက်ဆက် ပြည်သူများ နှစ်သက်စွဲလန်းနိုင်သော အာရုံခံစားနိုင်သောရသပညာရှိသည်။ ယင်းသို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းတည်းဟူသောပုဂ္ဂိုလ်သာလျှင် ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားခြင်းရှိသော၊ အနုပညာဝိသေသဂုဏ်ထူးကိုအစွဲပြုလျက် သခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာဟူသော စာဝေါဟာရသစ်ဖြင့် သုံးနှုန်းလိုက်ရခြင်းဖြစ်ပေသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာသည် မည်သို့ထူးခြားလေသလဲ။ အခြားသောစာအနုပညာတို့နှင့် ကွာခြားပါသလား၊ မည်မျှထူးကဲပါသလဲ။

(၂)
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏အနုပညာသည် မည်သည့်ခံစားမှုဝေဒနာမှ ဆင်းသက်လာပါသလဲ။ ဤအချက်မှာ ထင်လင်းလှပေသည်။
ဆရာကြီး၏စာပေအနုပညာသည် ဆရာကြီး၏ဘဝခံစားမှုဝေဒနာမှ ဆင်းသက်လာပေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ဘဝသည် တကိုယ်တော်ဘဝ မဟုတ်။ အုပ်စိုးသောလူတန်းစားများနေထိုင်ရာ မှန်စီရွှေချစံအိမ်တော် မဟုတ်။ အဖိနှိပ်ခံ အအုပ်စိုးခံပြည်သူတို့၏ ဘဝအောက်ခြေ မြေဇာမြက်ပင်များ၏ဘဝနှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏အနုပညာသည် ဆရာကြီး ဖြတ်သန်း ကြီးပြင်းလာရသော မျက်မှောက်ခေတ်နှင့်ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏စာပေအနုပညာသည် ယနေ့မျက်မှောက် ခေတ်၏ အခြင်းအရာတရပ်ဖြစ်သော ပြည်သူတို့၏အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးမှ ဆင်းသက်လာခြင်းဖြစ်သည်။
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ကျယ်ပြန့်လှပေသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဟူ၍ တိုက်ပွဲအခန်းခန်းရှိပေသည်။ ဆရာကြီးသည် ယင်း လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ ညီညွတ်ရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်ရေး ဦးတည်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ပြီး၊ ယင်းတိုက်ပွဲအခန်းခန်းတို့ကို စာပေ၌ထင်ဟပ်သော အနုပညာကား ဆရာကြီး၏အနုပညာဖြစ်ပေသည်။
ဆရာကြီးသည် မှန်ခန်းဆောင်၌ ငိုက်မှေးရီဝေနေသူ မဟုတ်။ စိန်ပန်းပြာရိပ်အောက်၌ ခိုနားနေသူမဟုတ်၊ အဖိနှိပ်ခံပြည်သူတို့၏ တိုက်ပွဲအဆက်ဆက်၌ အမြဲတမ်းပါဝင်သူဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှေးဝံသာနုခေတ်မှ ယနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုခေတ်အထိ အရွယ်အားဖြင့် အသက် ၈ဝ ကျော်မှ ဆယ်ကျော်သက်လူငယ်များအထိ အကြည်ညိုခံရဆုံး ပြည်သူ့ခေါင်းဆောင် စာပေပညာရှင်ကြီးအဖြစ် ရပ်တည်နေခြင်းဖြစ်၏။
ဆရာကြီးသည် တိုးတက်သောလူငယ်များနှင့် ခေတ်အဆက်ဆက်လက်တွဲခဲ့သည်။ မနေ့က တိုးတက်သောလူငယ်သည် ယနေ့ဖောက်ပြန်လာလျှင် ယင်းလူငယ်ဟောင်းနှင့်လက်တွဲဖြုတ်ခဲ့ကာ နောက်တခေတ် တိုးတက်သောလူငယ်အသစ်နှင့် လက်တွဲပြန်သည်။ သမိုင်းခေတ်အဆက်ဆက်တွင် အဖိနှိပ်ခံပြည်သူဘက်မှ အစဉ်ရပ်တည်ခဲ့သူဖြစ်သည်။ ယင်းသို့ တိုးတက်သော၊ တော်လှန်သော၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်မှရပ်တည်သဖြင့်လည်း ယင်း ဆရာကြီး၏နိုင်ငံရေးခံစားမှုဝေဒနာကိုဖွဲ့နွဲ့သော စကားပြေနှင့်ကဗျာများသည် ပြည်သူတို့၏ ခံစားမှုအသံ (ဝါ) ပြည်သူ့အသံဖြစ်လာတော့သည်။ ယင်းသည်ကား ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အနုပညာဖြစ်သည်။

(၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အနုပညာဝါဒသည်ကား ဘာလဲ။ ဆရာကြီး၏ အနုပညာဝါဒသည်ကား ဘက်လိုက်ရေး (ဝါ) ပြည်သူ့ဘက်လိုက်ရေးဖြစ်သည်။
အောင်မြန်မာသတင်းစာ (၁၉၂၉)သို့ပေးသောဆောင်းပါးအမှာစာ၌ 'အမောင်တပည့်တို့၊ ယခုထုတ်ဝေလတ္တံ့သော အောင်မြန်မာသတင်းစာမှာ (မည်သည့်ဂိုဏ်း ဂဏ ဝါဒ တို့တွင်မှ ပါဝင်ခြင်းမရှိဘဲ)ဟူသောအချက်ကို စာမျက်နှာ ၂ တွင် တွေ့မြင်ရကြောင်း၊ ၎င်းကဲ့သို့ အချင်းအရာကို ဆရာဖြင့် မနှစ်မျို့နိုင်ပေ။ အကြောင်းကိုဆိုချေလျင် အကြင် လောကီသူလောကီသားတို့ကြီးပွားဖို့၊ လွတ်လပ်ဘို့ စသော ဂီဟိကမ္မလူတို့ကိစ္စဟူသမျှတို့မှာ မူလအားဖြင့် အများတည်းဟူသော အသင်းအပင်းဂိုဏ်ဂဏတို့နှင့် ဝိုင်းမှ ရုန်းဆောင်မှသာလျှင် အောင်မြင် ထမြောက်နိုင်ရာသည်' စသည်ဖြင့်ဖော်ပြပါရှိရာ ဆရာကြီး၏ဘက်လိုက်ရေးဝါဒမှာ ယနေ့ ကမ္ဘာ့ဆိုရှယ်လစ်နိုင်ငံရေးသဘောတရား သုခမိန်များ၏ဝါဒနှင့် တသားတည်းကိုက်ညီနေသည်ကို တွေ့ရပေသည်။
ဆရာကြီး၏ အခြားအနုပညာဝါဒမှာ ယနေ့ဝေါဟာရအားဖြင့်ခေါ်ဝေါ်နေကြသော သရုပ်ဖော်စာပေဝါဒပင်ဖြစ်သည်ကို ဆရာကြီး၏ဝတ္ထုနှင့် လေးချိုးကြီးများတွင် ထင်ရှားစွာတွေ့နိုင်ပေသည်။ တနည်းပြောရလျှင် ဆရာကြီးသည် ဆရာကြီးနှင့်ခေတ်ပြိုင်လှုပ်ရှားမှုကို အမြဲတမ်းဖွဲ့နွဲ့ သရုပ်ဖော်သော သရုပ်ဖော်ဝါဒကိုကိုင်စွဲသူ ဖြစ်ပေသည်။ ခေတ်ပြိုင်လှုပ်ရှားမှုကား အခြားမဟုတ်၊ အဖိနှိပ်ခံရသူက ဖိနှိပ်သူကို တော်လှန်ခုခံသောလှုပ်ရှားမှုဖြစ်သည်။ ထိုအခါ၌ ဆရာကြီးသည် အာဏာရသွားသောသူ (ဝါ) ဖိနှိပ်သူကိုကဲ့ရဲ့ရှုတ်ချပြီး အဖိနှိပ်ခံရသူ၏ တော်လှန်ခုခံရေးကိုချီးမွမ်းဂုဏ်ပြုသည်။ ယင်းသည်ကား ဆရာကြီး၏သရုပ်ဖော်စာပေ၌သုံးသော အနုပညာဝါဒတရပ်ပင်ဖြစ်ပေသည်။
ယင်းသဘောကို ဆရာကြီး၏လေးချိုးကြီးများ၌ အထင်အရှားတွေ့ရပေသည်။ ဆရာကြီး၏ဝတ္ထုများ၌ လူ့ဘဝ လူ့သဘာဝအဖွဲ့အနွဲ့တို့ကို တွေ့နိုင်ပေသည်။ ဆရာကြီး၏ ဋီကာ၊ ဂဏ္ဍိ စသော ဆောင်းပါးများတွင် ဆရာကြီးနှင့် ခေတ်ပြိုင်တော်လှန်ရေးလှုပ်ရှားမှုများ၏မှတ်တမ်းကို ရသဟန်ဖြင့်ဖွဲ့နွဲ့ဖော်ပြထားသည်ကို တွေ့နိုင်ပေသည်။
ဆရာကြီးသည် သူ၏အနုပညာပေါ်၌ ရိုးသားဖြောင့်မတ်သည်။ လုပ်သလိုပြော၍ ပြောသလိုလုပ်သည်။ အကျင့်တခြား အရေးတခြားမဟုတ်။ ထို့ကြောင့်ပင်လျှင် ပြည်သူတို့က သခင်ကိုယ်တော်မှိုင်းတည်းဟူသော အဖိနှိပ်ခံပြည်သူ့ဘက်တော်သားလူပုဂ္ဂိုလ်ကိုခင်သဖြင့် သူ၏ တရားကိုလည်း မင်ခြင်း ဖြစ်ပေသည်။ ယင်းဆရာကြီး၏ အနုပညာအပေါ်၊ ခေတ်အဆက်ဆက် ပြည်သူ့အပေါ်ရိုးဖြောင့်သော သဘောထားသည် ဆရာကြီး၏အနုပညာဟန် ဖြစ်လာသည်။ ဆရာကြီး၏လေးချိုးကြီးများသည် ရပ်ရွာထဲမှ ပြည်သူတို့၏အသံ၊ အမျိုးသားဟန်တို့ဖြင့်ထုံမွှမ်းသည်ဖြစ်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာဟူ၍ ယနေ့ တော်လှန်သောပြည်သူ့စာပေသစ်၌ ကဏ္ဍကြီးတရပ်အဖြစ် ထူထောင်ကျော်ကြားရခြင်းဖြစ်ပေသည်။ ယင်း ဆရာကြီး၏အနုပညာစာပေအစဉ်အလာ၊ စာပေရေစီးကြောင်းကြီးသည် ယနေ့ခေတ်၌ စွမ်းသန်သောအင်အားအဟုန်ဖြင့်စီးဆင်းလျက် ရှိနေဆဲဖြစ်ပေသည်။

(၁၉၇၂ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ (၉၆) နှစ်မြောက်မွေးနေ့အခမ်းအနားမှာ ဒဂုန်တာရာ ဖတ်ကြားတဲ့စာတမ်း ဖြစ်ပါတယ်။ ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုးနှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။)

https://www.facebook.com/kyawnaing111?fref=photo


Monday, August 4, 2014

စပွန်ဆာပါတီ - စပွန်ဆာအမတ် (တူမောင်ညို)

0 comments
စပွန်ဆာပါတီ - စပွန်ဆာအမတ်(တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်)
 အလျဉ်းသင့်လျှင် ဒီချုပ်လွှတ်တော်အမတ်များ အနေဖြင့် “လွှတ်တော်ဆောင်ပုဒ်” ကို အောက်ပါအတိုင်းပြောင်းလဲပေးရန် အဆိုတင်သင့်ပါတယ်။
ဗိုလ်ရွှေမန်းအသံ - လွှတ်တော်အသံ
ဗိုလ်ရွှေမန်းဆန္ဒ - လွှတ်တော်ဆန္ဒ
ဗိုလ်ရွှေမန်း ညွန်ကြားချက် - လွှတ်တော်က ဖော်ဆောင်ရွက်

ဗိုလ်ရွှေမန်းတို့ကြံ့ဖွံ့ပါတီက “လွှတ်တော်”မှန်သမျှကို စီးနင်းသိမ်းပိုက်ထားတာလည်းဖြစ်နေတော့ ဒီလိုဆောင်ပုဒ်ပြောင်းလဲလိုက်ခြင်းအားဖြင့် ယနေ့“လွှတ်တော်”အဖို့လည်း ဂုဏ်နဲ့ဒြပ်ကိုက်ညီသွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း “အမတ်အများဆုံးပါ”လို့ဆိုတဲ့ (ယခင် RNDP)ယခု ရခိုင်အမျိုးသားပါတီ (RNP)က လွှတ်တော်အမတ်တွေဟာ ဗိုလ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်ခန့်တဲ့ကိစ္စမှာ ကိုယ့်ပါတီထုတ်ပြန်ကြေညာထားတဲ့ သဘောထားရပ်တည်ချက်အတိုင်း မရပ်တည်ဝံ့ကြပဲ။ လက်ခုပ်တီးကြိုဆိုခဲ့ကြရတယ်မဟုတ်ပါလား။ (သံပုံးတီးမယ့်သူတွေဘယ်သွားပုန်းနေသလဲ)
ဇူလိုင်လ ၃၁ ရက်နေ့က “ပြည်သူ့လွှတ်တော်”မှာ လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းပါးစပ်က“ကြောင်းပေးတဲ့” အဆုံးအဖြတ်နဲ့အညီ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့်လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန်
လေ့လာသုံးသပ်ရေးကော်မရှင်”(၂၄ ဦးကော်မရှင်)ဖွဲ့စည်းလိုက်ပါပြီ။

ဒီချုပ်ပါတီကတော့ “ဦးအောင်ဇင်အဆိုကို ထောက်ခံခြင်း မဟုတ်ဘဲ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ရှင်းလင်းအဓိပ္ပါယ်ဖော်ပြခဲ့သည့်အတိုင်းသာ ထောက်ခံခြင်းဖြစ်ကြောင်း”
ကြေညာချက်ထုတ်ပြန်ထားပါတယ်။ [အဆိုပါ “၂၄ ဦးကော်မရှင်” ၌ ဒီချုပ်ပါတီမှအမတ် ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။ အမျိုးသားလွှတ်တော်ကကိုယ်စားလှယ်တွေနှုတ်ထွက်သကဲ့သို့ ဘယ်တော့ထွက်လာကြရဦးမလဲ မသိပါ - ဤကား စကားချပ်]

တကယ်တော့မူလအဆိုရှင်ဦးအောင်ဇင်ခမျာ သူ့အဆိုနဲ့ပတ်သက်ပြီး သူ့သဘောထားကိုပင်တိတိကျကျမေးမြန်းခြင်းမခံရဘဲ။ ဗိုလ်ရွှေမန်းကဆုံးဖြတ်ပေးခြင်းကို ငြိမ်ခံ/ငုံ့ခံသွားခြင်းဖြစ်ပါတယ်။ လွတ်လပ်တဲ့၊ အမှီအခိုကင်းတဲ့ပါတီတစ်ခု၊ လွတ်လပ်အမှီခိုကင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆိုရင် ဒီလိုလုပ်ရပ်မျိုးဟာ ဘယ်လိုမှ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ဖြစ်ရပ်မျိုးဖြစ်ပါတယ်။ ရှက်တတ်မယ်ဆိုရင်တော့ အင်မတန်ရှက်စရာကောင်းတဲ့အဖြစ်ပါ။ ကိုယ်ယုံကြည်လို့ ကိုင်စွဲတင်ပြထားတဲ့အဆိုတစ်ရပ်အပေါ် ရဲရဲရပ်တည်ရဲရမှာပေါ့။

ဒီပြဿနာ အကြောင်းရင်းနဲ့ဇစ်မြစ်ဟာ ဦးအောင်ဇင်တစ်ဦးချင်းပြဿနာလား။
(NDF)ပါတီရဲ့ပြဿနာလား။ သို့တည်းမဟုတ် ၂ ခုစလုံးပဲလား ဆိုတာကိုတော့ ကာယကံရှင်နဲ့သက်ဆိုင်ရာပါတီတို့ကသာ အသေအချာသိပါလိမ့်မယ်။
သို့တည်းမဟုတ် ငွေနဲ့လုပ်ပိုင်ခွင့်က လေလို၊ရေလိုပေါနေတဲ့ ကြံ့ဖွံ့ပါတီကြီးက ပါတီငယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တိတ်တိတ်ပုန်းဝယ်ယူ ပိုင်ဆိုင်ထားလေသလား၊ သြဇာလွှမ်းမိုးချုပ်ကိုင်ထားလေသလား၊ သို့တည်းမဟုတ် ကြံ့ဖွံ့ပါတီသြဇာခံခရိုနီ တစ်ဦးကနေ ဘောလုံးအသင်းနဲ့ဘောလုံးသမားကိုဝယ်ထားသလို ဝယ်များထားလေသလား၊ ဒီလိုတိတ်တိတ်ပုန်းဝယ်ယူထား၊ သြဇာလွှမ်းမိုးချုပ်ကိုင်ထားတွေဘယ်လောက်များများရှိနေပြီလဲ။
ပြည်တွင်းခရိုနီပိုင်“စပွန်ဆာပါတီ/စပွန်ဆာအမတ်”တင်မကပဲ။ ပြည်ပပိုင်“စပွန်ဆာပါတီ/စပွန်ဆာအမတ်”
တွေကရော ဘယ်လောက်များရှိနေပြီလဲ။ ယခုဖြစ်ရပ်အပေါ်ကနေမူတည်ပြီး ကျနော်တို့ပြည်သူတွေ စေ့စေ့စပ်စပ်လေ့လာ စူးစမ်းကြည့်ကြရမှာပါ။ ကြံ့ဖွံ့ပါတီကြီးရဲ့ခြေလှမ်းတွေကိုလည်း မျက်စေ့ဒေါက်ထောက် ကြည့်နေကြရမှာဖြစ်သလို၊ တပြိုင်နက်ထဲမှာလည်း သူတို့ဝယ်ထားတဲ့ အဆွယ်အပွားတွေ၊ သူ့ခရိုနီတွေကတဆင့် တစ်ဖက်လှည့်နဲ့(သဏ္ဍာန်မျိုးစုံ/ပုံစံပေါင်းစုံနဲ့) ဝယ်ထားတဲ့၊ ကိုင်ထားတဲ့ အဆွယ်အပွားတွေကိုလည်း မျက်ခြည်မပြတ်ကြည့်နေကြရမှာပါ။
ဖော်ထုတ်ဖွင့်ချနေကြရမှာပါ။

ပုံမှန်သွေးရိုးသားရိုးသာဆိုရင် ဦးအောင်ဇင်အနေနဲ့ သူယုံကြည်လို့တင်ထားတဲ့ “အဆို”ဘက်က သူရပ်တည်ပြီး ပြတ်ပြတ်သားသားခုခံကာကွယ်ရမှာပါ။ ဒါမှမဟုတ်လည်း လောလောဆယ်မှာ “ကော်မရှင်ဖွဲ့ရေး”ဆိုပြီး သဝေထိုးသွားရပေမယ့်၊ မူလဦးတည်ချက်ဖြစ်တဲ့ “အချိုးကျကိုယ်စားပြုစနစ် (PR)” သို့ ဒုတ်ဒုတ်ထိရောက်ရှိသွားစေနိုင်မယ့်လက်နက်ပုန်းတွေ၊ အကွက်ကောင်းတွေ လွှတ်တော်ဥက္ကဋ္ဌကြီး လက်ထဲမှာရှိထားပြီးသားမို့ အသာချိုထားလိုက်ကြတာလားဆိုတာလည်း ထည့်သွင်း စဉ်းစားစရာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က “ဥပဒေအကြောင်းအရာကိစ္စဖြစ်သည့် အတွက် ပြည်ထောင်စုလွှတ်တော်တွင်သာဆုံးဖြတ်သွားရမည်”လို့ နှပ်ကြောင်းပေးထားတယ်မဟုတ်ပါလား။ တကယ်တော့ (PR)ကိစ္စဟာ ကြံ့ဖွံ့အစိုးရ၊ စစ်တပ်၊ ဗိုလ်ရွှေမန်း တို့ကြံ့ဖွံ့ပါတီ၊
ဗိုလ်တင်အေးကော်မရှင်နဲ့သူတို့သြဇာခံအဆွယ်အပွားတွေရဲ့ ပူးပေါင်းကြံစည်မှုတွေထဲက တစ်ခုသာလျှင်ဖြစ်ပါတယ်။

ဒါပေမယ့်(NDF)ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်တို့ရဲ့ ချိနဲ့နုံချာလှတဲ့အဖြစ်နဲ့ သြဇာလွှမ်းမိုးချုပ်ကိုင်ခြင်းခံထားရတဲ့အဖြစ်ကတော့ လယ်ပြင်မှာဆင်သွားသလိုပေါ်လွင်နေပါတယ်။

ဒါဟာ ပါတီတစ်ခုကနေ ပဲ့စင်သွားတဲ့၊ မူလမိခင်ပါတီအဖွဲ့အစည်းကနေ ပုံစံတမျိုးမျိုး၊ အကြောင်းပြချက်တမျိုးမျိုးနဲ့ ပဲ့ထွက်၊ လွင့်ထွက်သွားတဲ့သူတွေ သွားရာလမ်းအတိုင်း လိုက်သွားတာမျိုးပါပဲ။ သိပ်တော့မဆန်းကျယ်လှပါဘူး။ သူခိုးဓါးမြဟာ ပုလိပ်ဖမ်းဆီးခြင်းခံသွားရပြီးတဲ့နောက် ပုလိပ်သတင်းပေး ဖြစ်သွားသလိုမျိုးပါပဲ။ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာလည်း ပါတီအဖွဲ့အစည်းတစ်ခုခုကနေ အုပ်စိုးသူထံဒူးထောက်အညံ့ခံပြီး၊ ခယဝပ်တွား၊ အလုပ်အကျွေးပြုသွားကြသူတွေ အနီးအဝေးသမိုင်းမှာ များမှများပါ။ “အကြံပေး”ဆိုတာ သူတို့အတွက် အလှဆုံးအမည်ကလေးတစ်ခုပေါ့။
လုပ်ရတဲ့အလုပ်ကတော့ အုပ်စိုးသူကြိုက်လုပ်ကြတာပါပဲ။

နိုင်ငံရေးနယ်ပယ်မှာ အယူအဆရေးရာနယ်ပယ်မှာ အခြေခံအယူအဆကွဲလွဲကြလို့ လမ်းခွဲကြတာဟာ သဘာဝကျတဲ့ အချင်းအရာတစ်ခုပါ၊ မယုံကြည်တော့လို့၊ သဘောမတူနိုင်တော့လို့လမ်းခွဲကြတယ်ဆိုတာ သက်ဆိုင်သူတွေအတွက် ဒီမိုကရေစီအခွင့်အရေးတစ်ခုပါ။ သူယုံကြည်တဲ့အယူအဆနဲ့
သူယုံကြည်တဲ့နိုင်ငံရေးကို သူစိတ်ကြိုက်ရွေးချယ်လုပ်နိုင်ပါတယ်။ လုပ်ခွင့်ရှိပါတယ်။ ဒီကိစ္စ သက်ဆိုင်သူရဲ့ကိုယ်ပိုင်အခွင့်အရေးဖြစ်တာမို့ ဘာမှ ပြောစရာမရှိပါဘူး။

ဒါပေမယ့် အုပ်စိုးသူထံခယဝပ်တွားပြီး ပြည်သူဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုဆန့်ကျင်ရေး ပြောဆို၊ ရေးသား၊ လုပ်ကိုင်နေတဲ့လုပ်ရပ်တွေ၊ ထိုလုပ်ရပ်မျိုးနဲ့ သခင်အားရလုပ်နေသူတွေကိုတော့ ပြတ်ပြတ်သားသားဖွင့်ချ၊ ဝေဖန်တိုက်ခိုက်သွားကြရမှာပဲဖြစ်ပါတယ်။

Saturday, August 2, 2014

အတွင်းဝင်အပြင်ထွက်(မျိုးမြင့်ချို)

0 comments
အတွင်းဝင်အပြင်ထွက်(မျိုးမြင့်ချို)
အပြင်လူအတွင်းလူကိစ္စပြောရန် အကြောင်း (၂)ချက်ပေါ်လာသည်။ အပြင်လူများ အတွင်းဝင်သွားခြင်းနှင့် အတွင်းလူများ အပြင်ထွက်လာခြင်းက ပထမအကြောင်း။
“ခင်ဗျားတို့လို အဝေးကအပြင်လူတွေမပြောနဲ့ ကျုပ်တို့လို အတွင်းကအနီးကပ် လုပ်နေသူတွေတောင် ဒီကောင်တွေလုပ်တဲ့အချိုးကြောင့် တခါတခါမျက်စေ့လည်တယ်”ဆိုသည့်အပြောက ဒုတိယအကြောင်းဖြစ်သည်။
ပြောမည့်အကြောင်းက အပြင်လူအတွင်းလူမို့ အပြင်လူအတွင်းလူဟုပဲ သုံးသွားပါမည်။

နိုင်ငံရေးတွင် မည်သည့်နည်းနှင့်ဝင်ပါပါ ပါနေသရွေ့နိုင်ငံရေးလူဖြစ်ပါသည်။
အပြင်လူအတွင်းလူ မရှိပါ။ ကြားလူ မရှိပါ။
ရန်သူ၊ မိတ်ဆွေနှင့် ကြားထားရမည့်လူသာ ရှိပါသည်။
ကြားထားရမည့်သူဆိုသည်မှာ တိုက်စရာမလို၊ စည်းချဆက်ဆံ၊ သိမ်းသွင်းရမည့်သူဟုနားလည်လျှင် လုံလောက်မည်ထင်ပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအပြီးတွင် မိမိလူတို့ဆီမှ“အပြင်လူအတွင်းလူ”ဝေါဟာရ ကျယ်ကျယ်လောင်လောင်ထွက်လာ၏။ ထို့မတိုင်မီက မိမိတို့ကြားတွင်“ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ”သာ ရှိပါသည်။ ထိုအင်အားစုများမှာ စစ်အုပ်စုပြောသည့် ”ပြည်တွင်းပြည်ပ အဖျက်သမား”များလည်းဖြစ်ပါသည်။ ဦးတည်ရန်သူသတ်မှတ်ချက်ထားပြီး အပြတ်ချေမှုန်းခံရမည့်သူများဟု အနက်ထွက်ပါသည်။ ခု ပြောပြောနေသည့် အတွင်းလူအပြင်လူ၏အဓိပ္ပါယ်မှာ သူဝင်မချေမှုန်း၊ မိမိတို့အချင်းချင်း ဥသျှစ်သီးဆိုင်ရိုက်သလိုရိုက်ကြရန် ရည်ရွယ်ခြင်းဖြစ်၏။ အိမ်ကြက်တို့အကြားက အိုးမဲဖြစ်၏။ ကိုယ့်တပ် ကိုယ်ပြန်နင်းခိုင်းခြင်းဖြစ်၏။

စစ်တပ်ကစနစ်တကျနောက်ဆုတ်နေပြီ အတွင်းပြန်ဝင်ကြ အထဲကနေလာလုပ်ကြဆိုကာ အပြင်ထွက်လာသည့် ထင်ရှားသည့်အတွင်းလူမှာ ဦးသုဝေ။ ဒီ့မတိုင်ခင်ကတည်းက စစ်အုပ်စုနှင့်နိုင်ငံရေးခြေပုန်းခုတ်၊  ပယောပယီလုပ် ဝင်လိုက်ထွက်လိုက်လုပ်နေသည့်အပြင်လူတွေ မနည်းလှ။ နောက်တော့ အတွင်းလူတွေ တာကျိုးသလိုသလိုသွန်ထွက်လာကြပြီး အပြင်လူတွေလည်း အုံနှင့်ကျင်းနှင့်ဒလဟော ဝင်ချသွားကြ၏။ ဒိုနာတွေကန်ထည့်လို့ မဝင့်ချင်ဝင်ချင်ဝင်ရသည့် နောက်ဆံတငင်ငင်တွေလည်း ရောကောသောကောပါသွား၏။ မျက်နှာပျားရည်လိမ်းပြီးအပြင်ထွက်ကာ အလှူရှင်ရှာသူတို့လည်း ခြေကျင်းတလိမ်လိမ်။ ပိုက်ဆံမရှိရင် ဘာမှလုပ်မရနိုင်ငံရေးသည် ကိုယ့်စားရိတ်နဲ့ကိုယ်ထောင်ကျခံနိုင်ငံရေးနှင့် ကိုယ့်ထမင်းကိုယ်စားနိုင်ငံရေးအား မိန့်မိန့်ကြီးသိမ်းပိုက်လိုက်၏။ ငွေနိုင်ငံရေးဖြစ်လာတော့ ငွေရှိသူတို့ရှေ့တန်းရောက်လာ၏။ ငွေနှင့်အခြားကိစ္စများအတွက် အပြင်ထွက်အတွင်းဝင်တွေပျားပန်းခတ်သဖြင့် ဒီမိုကရေစီအင်အားစုများရှေ့ကနာမဝိသေသနဖြစ်သည့်“ပြည်တွင်းပြည်ပ”သဘော ပျောက်သွားပြီလားဟု ထင်စရာပေါ်လာ၏။ လက်တွေ့အရ ပျောက်မသွား ပြောင်းသွား၏။ အတွင်းလူ အပြင်လူဖြစ်သွား၏။ စည်းခြားပြီး စည်းလည်းထူသွား၏။

၈၈ နောက်ပိုင်း လူအမြောက်အများ ရည်ရွယ်ချက်ကိုယ်စီဖြင့် လူမျိုးစုဒေသများ၊ နယ်စပ်ဒုတိယနိုင်ငံနှင့် တတိယနိုင်ငံများသို့ထွက်ချလာပြီး အနှံ့အပြားပြန့်ကြဲသွားကြ၏။ ရရာအလုပ်လုပ်၊ ရောက်ရာတိုင်းပြည်အခြေချကာ ကိုယ့်ထမင်းကိုယ်စားနိုင်ငံရေးလုပ်သူလုပ်ကြ၏။ အချို့က နယ်စပ်ဒေသများတွင် တုံးပေကပ်သတ်နေရင်း ပါတီ၊ အဖွဲ့အစည်းနှင့်အင်န်ဂျီအိုစုံတည်ထောင်ကာ နိုင်ငံရေးနှင့်နိုင်ငံရေးတပိုင်းလူမှုရေးများ လုပ်ကြ၏။ ထိုလူများအားလုံးသည် “တချိန်က ပြည်ပဒီမိုကရေစီအင်အားစုများ”ဖြစ်ခဲ့ပြီး“ယနေ့ခေတ်အပြင်လူများ”ဟုဆိုရမည်ဖြစ်၏။ ၈၈ နောက်ပိုင်း ဘယ်အခြေအနေမှာမှ ဘယ်အပြင်ကိုမှ မထွက်၊ နိုင်ငံရေးအရအကြမ်းမဖက်သည့်နည်းဖြင့်အာခံအန်တုရင်း ကိုယ့်စရိတ်နှင့်ကိုယ် ထောင်တန်းအကျခံလုပ်နေသူများလည်း တပုံတပင်။ ထိုသူများအား “တချိန်က ပြည်တွင်းဒီမိုကရေစီအင်အားစုများ”ဖြစ်ခဲ့ပြီး“ယနေ့ခေတ် အတွင်းလူများ”ဟု ဆိုရမည်ဖြစ်၏။ ယခုအတွင်းလူအပြင်လူဟု ကွဲထွက်သွား၏။ စည်းခြားသွား၏၊ ထို အတွင်းလူ အပြင်လူအချင်းချင်း ထိုးနှက်ချက်သည် ဝမ်းနည်းစရာကောင်းသလောက် မထိတ်သာမလန့်သာလည်းဖြစ်လာ၏။ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများကြား ရှိခဲ့ဖူးသည့်ညီညွတ်ရေး အစည်းပြေသွားပြီလားဟု တွေးစရာဖြစ်လာ၏။ တချိန်က ပြည်တွင်းပြည်ပပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်တိုက် ဖျက်ရေးအတွက်တွဲခဲ့ကြသည့်လက်များ ပြည်မထွက် ပြုတ်ထွက်မသွားသေးသော်လည်း ဆုတ်ဆုတ်ကိုင်ကိုင် သိတ်မရှိချင်တော့။

အထဲဝင်သွားသည့်အပြင်လူနှင့် အပြင်ထွက်လာသည့်အတွင်းလူတို့ကြားတွင် ကွဲလွဲချက်တွေရှိလာ၏။ အတွင်းလူတချို့သယ်ထုတ်လာသည့် မက်ဆေ့ဂ်ျနှင့် အပြင်လူတချို့မယူသွားသည့်စိတ်ကူးများ တိုးမိတိုက်မိတွေဖြစ်ကုန်၏။ စစ်အုပ်စုက ထိုအဟ ပိုကျယ်သွားစေရန် သဏ္ဍန်စုံဖြင့် သပ်လျှိုပေးနေတာတွေလည်း မြင်ရ၏။ ဤတွင် ဝင်သွားသူနှင့်ထွက်လာသူများ အစေးပိုမကပ်ချင်တော့။ ဆန်ကွဲကြဲလာကြ၏။

နောက်တချက်ဖြစ်သည့် မျက်စေ့လည်ခြင်း/မလည်ခြင်းသည် ဝေးခြင်းနီးခြင်း၊ အတွင်းအပြင်ဖြစ်ခြင်း/မဖြစ်ခြင်းနှင့်မဆိုင်လှ။ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ စစ်အုပ်စုအပေါ်မည်သို့သဘောထားသလဲ၊ မည်သို့အကဲဖြတ်သလဲနှင့်တိုက်ရိုက်ဆိုင်၏။ မတရားမှုကိုမုန်းတီးခြင်းနှင့် ဆန့်ကျင်ခြင်းမှာကောင်း၏။ မရှိမဖြစ်လိုအပ်ချက်လည်းဖြစ်၏။ သို့သော် နိုင်ငံရေးလုပ်မည့်သူအဖို့ ထိုမျှနှင့်မလုံလောက်သေး။ အာဏာနှင့် ဓနမှန်သမျှ လက်ဝါးကြီးအုပ်ထားသည့်စစ်အရင်းရှင်စနစ်ကို နိုင်ငံရေးအရသဘောတရားရေးအရ သေချာဃသိမြင်မှဖြစ်၏။ ထိုသို့မဟုတ်လျှင် အပြင်/အတွင်း၊ အဝေး/အနီး ကြိုက်သည့်နေရာနေ နိုင်ငံရေးမျက်စေ့လည်မှာ မြေကြီးလက်ခတ်မလွဲ။ တချို့ တကယ့်ကို ရိုးရိုးသားသား မျက်စေ့လည်တာဖြစ်နေ၏။ တချို့က ဖိုးသူတော်မျက်စေ့လည်ပြခြင်းဖြစ်နေ၏။ တချို့က ရုံဝင်ခပေးဝင်ကြည့်ပြီးမျက်စေ့အလည်ပြခြင်း ဖြစ်နေ၏။

မည်သူက မည်သို့ အတွင်းလူအပြင်လူခွဲခွဲ/မခွဲခွဲ၊ မည်သူတွေ မည်သို့မျက်စေ့လှည့်လှည်/မလှည့်လှည့် ကျနော်တို့ မကွဲဖို့ မလည်ဖို့လို၏။ ကျနော်တို့ လူလုံးကွဲဖို့လို၏။ ကျနော်တို့အချင်းချင်း ထောက်ပြဝေဘန်တာတွေ ရဲရဲတင်းတင်းလုပ်ဖို့လို၏။ ပွင့်ပွင့်လင်းလင်းပြောဖို့လို၏။ တပြိုင်တည်းမှာ လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်အား နိုင်ငံရေးအရသဘောတရားရေးအရသိမြင်ပြီး ဆုံးဖြတ်ချက်ရှိရှိဆန့်ကျင်ရင်း အပြီးတိုင်ဖျက်သိမ်းရန်ဖြစ်၏။

“အတွင်းလူအပြင်လူ”နေရာတွင် “ပြည်တွင်းပြည်ဒီမိုကရေစီအင်အားစုများ”ကို စကားလုံးအရရော အနှစ်သာရအရပါ ပြန်တည်ဆောက်နိုင်မှ ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်များအား အတွင်းအပြင်နှစ်ဘက်နည်းဖြင့် အပြီးသတ်ရည်မှန်းချက်ဆီ ခရီးတွင်တွင်သွားနိုင်ကြမည်ဖြစ်၏။
မျိုးမြင့်ချို (ဂျူလိုင်၊ ၂ဝ၁၄)


Friday, August 1, 2014

၂ဝ၁၄ သြဂုတ်မှာ စရေးတဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ သြဂုတ်မှာ စရေးတဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(ဖြစ်စေ့ချင်တဲ့သမ္မတ) အရင်းရှင်ဒီမိုကရေစီပြောပြော လစ်ဘရယ်လ်ဒီမိုကရေစီဆိုဆို အဲ့နိုင်ငံတွေနဲ့အဲ့စနစ်တွေမှာ အစိုးရ၊ လွှတ်တော်၊ တရားရုံး(အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) အာဏာ ၃ ရပ်ကို အတိအကျပြဌာန်းခွဲဝေကျင့်သုံးတယ်တို့၊ တစ်ခုနဲ့တခုအပြန်အလှန်ထိမ်းညှိထားတယ်တို့ ဘာတို့ညာတို့ ဘယ်လိုပြောပြော တကယ့်တကယ် တိုင်းပြည့်ကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်တဲ့ပါဝါက အစိုးရ(အုပ်ချုပ်ရေးယန္တယား)ဆီမှာပဲ ရှိတယ်။ အစိုးရဆိုတာမှာလည်း အစိုးရအဖွဲ့ကိုဝန်ကြီးချုပ်ပဲဦးဆောင်ဆောင် သမ္မတပဲဗိုလ်လုပ်လုပ် အတူတူပဲ။ ရွေးပုံရွေးနည်းလောက်သာ ကွာတာ။ နိုင်ငံတော်တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ဆိုတာကလည်း(များသောအားဖြင့်) အစိုးရကပဲ အမည်စာရင်းတင်သွင်းရတာ။ သူ့ပြန် ကလန်ကဆန်လုပ်မယ့်ကောင် ဘယ်သူက တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ ဖြစ်စေ့ချင်ပါ့မလဲ။ ဖွဲ့စည်းပုံနဲ့ညီအောင်တို့ ဒီမိုကရေစီ ကျအောင်တို့ ဘာတို့ညာတို့ကတော့ ဝိနည်းလွတ်လုပ်ကြတာမျိုးပဲ။ ဝိနည်းတတ်ရင် ကြက်သတ်စားလို့တောင် ရရဲ့မဟုတ်လား။ လွှတ်တော်တို့ ကွန်ဂရက်စ်တို့ ပါလီမန်တို့ဆိုတာကလည်း တကယ်တမ်းပြောကြကြေးဆို နိုင်ငံရေးသမားတွေ လူကြားကောင်းအောင်ပြောကြ လူမြင်ကောင်းအောင် လူလုံးပြကြတာလောက်ပါပဲ တချို့ဒီမိုကရေစီနိုင်ငံတွေမှာဆို။

ဆိုတော့ အစိုးရသာ အခရာပဲ တိုင်းပြည့်ကြမ္မာကိုဆုံးဖြတ်တဲ့နေရာမှာ။ အစိုးရခေါင်းဆောင်ဖြစ်နေတဲ့ကောင်ပါတီကများ လွှတ်တော်မှာ ကွန်ဂရက်စ်မှာ ပါလီမန်မှာ အများစုအမတ်နေရာရထားလို့ကတော့ ဘာပြောကောင်းမလဲ ဘောင်းတော်ညှိတ် စိတ်တော်သိပဲ။ အစိုးရလုပ်သမျှ မှန်ပါ့ဖုရားပေါ့။

ဆိုတော့ နိုင်ငံရေးလုပ်တာ အာဏာယူဖို့ပဲ။ အာဏာယူတယ်ဆိုတာ အစိုးရလုပ်ဖို့ပဲ။ အစိုးရလုပ်တယ်ဆိုတာ သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ် ဖြစ်ဖို့ပဲ။ ဒါမှ တိုင်းပြည့်ကြမ္မာကို ပြောင်းလဲနိုင်မှာပဲ။ ကျန်တာတွေကတော့ အာဏာယူချင်လို့လုပ်တယ်ဆိုတာကို ဖုံးဖိဖို့ စကားလုံးတွေနဲ့ ဖာတာထေးတာပဲ။ စစ်တပ်က ရှင်းတယ်၊ ခင်ဗျားကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတို့ယူမယ်ကွာဆိုပြီး ဗြောင်ပြော ဗြောင်တောင်း ဗြောင်လု ဗြောင်ယူထားတာပဲ။ အာဏာသဘောနိုင်ငံရေးအရကြည့်ရင် ဘာမှမဆန်းဘူး။ သူတို့အသက်အိုးအိမ် စည်းစိမ်တွေအားလုံးက လက်နက်အခြေပြုစစ်အာဏာပဲ ရှင်းတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ခင်ဗျား အဲ့ဒါမကြိုက်ရင် ဆန့်ကျင် တော်လှန် ဖြတ်ချဖယ်ရှားဖို့လုပ်ရုံပဲ။ ဘာမှ သွားပြီး စကားနာထိုးနေစရာ မလိုတမာပြောနေစရာမလိုဘူး။ အရပ်တကာလှည့် အတင်းအဖျင်း ပြောသလို ပြောနေစရာကို မလိုတာ။ လူတွေက သိတယ်။ ပြည်သူက သိတယ်။ သိတာမှ ခင်ဗျားထက်တောင်သိသေး တချို့နေရာတွေမှာ။
ခင်ဗျားလောက်သာ စာတတ်ချင်မှ တတ်လိမ့်မယ် ခင်ဗျားလောက်သာ စကားပြောတတ်ချင်မှပြောတတ်လိမ့်မယ်။

ခုရွှေပြည်ကြီးမှာ သမ္မတဖြစ်ချင်သူကတစ်ယောက်၊ သမ္မတထက်ကြီးတာရှိရင်တောင်ဖြစ်ချင်တာက တစ်ယောက်၊ နောက်သက်တမ်းတခု သမ္မတထပ်လုပ်ဦးမယ်မလုပ်ဘူး မတင်မကျလုပ်ထားတာက တစ်ယောက်။ အဲ့ ၃ ယောက်လုံးကြည့် လက်ရှိသမ္မတရွေးချယ်တဲ့စနစ်နဲ့စပ်လို့ ဘယ်တယောက်မှ ကိုယ့်အမြင်ကိုယ် ရဲရဲမဟကြဘူး။ လက်ရှိသမ္မတရွေးတဲ့စနစ်ရဲ့အပြစ်အနာအဆာနဲ့ အာဏာလက်ဦးမှုယူ ကြိုတင် ကြံစည်ကွက်ဖြစ်ကြောင်း စစ်ဗိုလ်ဟောင်းတွေမပြောဘူး။ မပြောတာလည်း သဘာဝကျတာပဲ။ သူတို့ဆင်တဲ့အကွက် သူတို့ချိုးထားတဲ့ ဖဲပဲ။ သူတို့ပြန်ဖျက်ရင် သူတို့တစုလုံး တစုံလုံးအကျိုးစီးပွားပျက်မှာပဲ။ တစုံလုံးဆိုတာ တစ်ယောက်ချင်းစီရဲ့ကိုယ်ကျိုးစီးပွားအခြေခံပေါ်မှာ တည်ထားတာပဲ။ ဒေါ်စု ပြတ်ပြတ်သားသား ထောက်မပြတာတော့ ဘဝင်မကျဘူး။ မိမိသမ္မတ ဖြစ်ဖြစ်/မဖြစ်ဖြစ် ခုကျင့်သုံးနေတဲ့ သမ္မတရွေးတဲ့စနစ်ကြီးက နိုင်ငံရေးအသာစီးယူလုပ်ကြံမှုကြီးဆိုတာ ဖွင့်ကိုဖွင့်ချပြရမယ်တွေးတယ်။

ခုနေ ဒေါ်စုက လက်ရှိသုံးနေတဲ့သမ္မတရွေးတဲ့စနစ်ဖျက်ပြီး လူထုကတိုက်ရိုက်ရွေးတဲ့စနစ်ကျင့်သုံးဖို့ စပြီးထောက်ပြမယ်ဆိုရင် စစ်အုပ်စုဘက်ကသာ ဘာသံထွက်မယ်မပြောတတ်သေးတာ နိုင်ငံရေးအင်အားစုတွေကြား လူထုအကြား နိုင်ငံတကာအကြား အကောင်းဘက်ကလှုပ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့တွေးမိတယ်။ ဖွဲ့စည်းပုံထဲကပြင်ရမယ့် ပြင်သင့်တဲ့အအချက်အလက်တွေထဲ ထည့်ထားတာလည်း ထည့်ထားပေါ့။ တိုက်ရိုက်နဲ့အတိအလင်း နိုင်ငံရေးအရပြောတာလည်းပြောပေါ့။ နှစ်လမ်းပေါ့။

ဒေါ်စုကို ဘာလို့ သမ္မတတိုက်ရိုက်ရွေးတဲ့စနစ်အကြောင်းပြောစေ့ချင်တာလဲဆိုတော့ လက်ရှိစနစ်အတိုင်းသာသွား ၄၃၆ မကလို့ (၅၉-စ) မကလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကြီး တစ်အုပ်လုံးပြင်ပြင် သမ္မတရွေးတဲ့စနစ်ကလေးတစ်ခုပဲကွက်ချန်ထား ဒေါ်စုဘယ်တော့မှ တိုင်းပြည့်သမ္မတမဖြစ်ဘူးလို့ ယုံလို့ပဲ။ ခုသွားနေတဲ့ သမ္မတစနစ်က ဟိုးပါလီမန်ခေတ်တုန်းက ဒေါက်တာဘဦးတို့၊ စဝ်ရွှေသိုက်တို့၊ မန်းဝင်းမောင်တို့လို နိုင်တော်အကြီးအကဲဆိုပြီး ဧည့်ခံသမ္မတ ပွဲတက်သမ္မတ ရုပ်ပြသမ္မတသက်သက်မျှ မဟုတ်လို့ပဲ။

(အပိုင်စားတွေ များတဲ့မြေ)
ဖြောင့်ဖြောင့်ကြီးပိုင်စိုးရာလွှတ်တော်က မြန်မာနိုင်ငံနဲ့သင့်လျော်မည့်
ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်ရေးအတွက်
ပြည်သူ့လွှတ်တော်က ကော်မတီ ကော်မရှင်ဖွဲ့မယ်ဆိုပဲ။
အဲ့ဒီကော်မတီ ကော်မရှင်က လာမည့်လွှတ်တော်ရွေးကောက်ပွဲတွေမှာ
ဘယ်လိုပီအာရ်စနစ်မျိုးကိုကျင့်သုံးရင်ကောင်းမလဲဆိုတာကို ဆွေးနွေးအကြံပြုတင်ပြပြီး လွှတ်တော်အဆုံးအဖြတ်အတိုင်းသွားရမယ်ဆိုတဲ့သဘောပဲ။

အဲ့ဒီ ဖွဲ့လာမယ့် ကော်မတီ၊ ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ပါ ဝင်ပါပေးပါဆို ဒေါ်စုဘယ်လိုဆုံးဖြတ်မလဲ။ ယုံတော်မူသမ္မတကြီးနဲ့တုန်းက လက်ပန်းတောင်းစုံ/ကော်မှာ နှာခေါင်းကျည်ပွေ့တည့်တည့်တွေ့ဖူးပြီ။ ဒါတောင် ဖြောင့်ဖြောင့်ကြီးမှာ ယုံတော်မူကြီးလို(တရားဝင်အနေနဲ့)အကြံပေးတွေ၊ အခါတော်ပေးတွေ၊ ပုဏ္ဏားဖြူ ပုဏ္ဏားညိုတွေထားတာမဟုတ်ဘူး။
တခေါင်းတည်းနဲ့ ကြိတ်နေတယ်ဆိုတဲ့အပေါက် ချိုးထားတာ။
ခုပဲကြည့် ပီအာရ်ကိစ္စ လွှတ်တော်မှာကစားသွားတာ အတိုက်ခံတဲ့အမတ်မင်းတွေ
ကိုယ့်ဘာသာ ဘာထောက်ခံလို့ထောက်ခံမိမှန်း ဘာကန့်ကွက်လို့ကန့်ကွက်မိမှန်း မသိတွေဖြစ်ကုန်တယ်..မျက်စိသူငယ်နားသူငယ်နဲ့။
ဒေါ်စုမေးလို့ ပြန်ဖြေတော့လည်း ဝေ့လည်ဝေ့လည်နဲ့ တိုင်ပတ်ပြလိုက်တယ်။
ဟိုလိုလိုဒီလိုလိုနဲ့ကိစ္စပြတ်သွားတယ်။

၆၂ ခုကတည်း လက်နက်နဲ့အာဏာယူပြီး ဆွေစဉ်မျိုးဆက်ကြီးပွားရေးအတွက် လက်တစ်လုံးခြားနိုင်ငံရေး လုပ်စားလာတာအံခွနေပြီ။ မျိုးဆက်အလိုက် နိုင်ငံရေးကလိန်ခြုံနည်းတွေ လက်ဆင့်ကမ်းရင်းဆင့်ပွားရင်း
နည်းနာသစ်တွေထိုးထွင်းကြံဆရင်း ခုဆို စစ်အာဏာရှင်ကြီးတွေကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကျေးဇူးတော်ရှင်ကြီးတွေလိုတောင် အမှတ်တွေရလို့၊ အမှတ်ပေးသူပေးလို့။

ကျနော်ကတော့ အဲ့ဒီဖွဲ့လာမယ့် ကော်မရှင်တို့ကော်မတီတွေကိုကိုင်ပြီး တင်အေးကြီးစိုးရာရွေးကောက်ပွဲကော်မရှင်နဲ့ ရွှေမန်းစားကျက်လွှတ်တော်တို့
ပုဒ်မ(၄၃၆)လည်းမပြင်ရအောင် ပီအာရ်လည်းအံကျဝင်သွားအောင် ဘယ်ပုံဘယ်နည်း အပေးအယူရှိရှိ၊ ခြေလှမ်းရှိရှိ၊ အစီအစဉ်ရှိရှိ ထပ်ကစားပြမလဲကိုတွေးနေတယ်။
ဘာလို့လဲဆိုတော့ကာ ရွေးကောက်ပွဲစနစ်ကိုပြင်မယ်ဆိုရင်
အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းနဲ့ဆိုင်တဲ့ ပုဒ်မ ၁၄၁ကို အရင်ပြင်မှ ရွေးကောက်ပွဲစနစ်ကို ပြောင်းလို့ရမှာကိုး။

ပုဒ်မ ၁၄၁ ပြင်ဖို့ကလည်း ထင်သာထင်မဝင်ဘူး..ဒကာ ဆိုတဲ့အပေါက်ပဲ။
ဘာ့ကြောင့်ဆို ပုဒ်မ ၁၄၁ က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းပုဒ်မ ၄၃၆(က)ထဲမှာ သွားပါနေပြန်တယ်။ ဆိုတော့ ရွေးကောက်ပွဲစနစ်ကိုပြင်ချင်ရင်
ပုဒ်မ ၁၄၁ ကို အရင်ပြင်ရမယ်။ ပုဒ်မ ၁၄၁ က ခြေဥပြင်ဆင်ခြင်း ပုဒ်မ၄၃၆(က)ထဲမှာပါနေတယ်။ ၄၃၆(က) ပြင်ဖို့ဆို
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းက ပြင်လိုတဲ့ဥပဒေမူကြမ်းကို လွှတ်တော်မှာတင်ပြ၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဖို့သဘောတူ၊ ပြီးရင် ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲကြီးလုပ်၊ ဆန္ဒခံယူပွဲကြီးမှာ မဲပေးပိုင်ခွင့်ရှိသူ(မဲလာပေးသူမဟုတ်ဘူးနော်) အားလုံးရဲ့ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲရမှပြင်ရမှာဆိုတော့ကာ
တင်အေး၊ ရွှေမန်းတို့ ဘယ်လို နားလှည့်ပါးရိုက်လေမလဲ။

စစ်အမတ်တွေအတွက်ကတော့ ဘာမှ ပူနေစရာမလိုဘူး။ ဗိုလ်မင်းအောင်လှိုင်နဲ့လက်ဝါးရိုက်လိုက် ပွဲပြတ်တာပါပဲ။

ရှစ်ပူး-ငြိမ်း/ပွင့်တွေတော့ ခုတလော ခြေလည်းငြိမ် အသံလည်းထိမ်လှတယ်။