Tuesday, August 12, 2014

ဖြစ်စေ့ချင်တဲ့သမ္မတ (မျိုးမြင့်ချို)

0 comments
အရင်းရှင်ဒီမိုကရေစီပြောပြော လစ်ဘရယ်လ်ဒီမိုကရေစီဆိုဆို အဲ့နိုင်ငံတွေနဲ့အဲ့စနစ်တွေမှာ အစိုးရ၊ လွှတ်တော်၊ တရားရုံး(အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး)
အာဏာ ၃ ရပ်ကို အတိအကျပြဌာန်းခွဲဝေကျင့်သုံးတယ်တို့၊ တစ်ခုနဲ့တခုအပြန်အလှန်ထိမ်းညှိထားတယ်တို့ ဘာတို့ညာတို့ ဘယ်လိုပြောပြော တကယ့်တကယ် တိုင်းပြည့်ကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်တဲ့ပါဝါက အစိုးရ(အုပ်ချုပ်ရေးယန္တယား)ဆီမှာပဲရှိတယ်။ အစိုးရဆိုတာမှာလည်း အစိုးရအဖွဲ့ကိုဝန်ကြီးချုပ်ပဲဦးဆောင်ဆောင် သမ္မတပဲဗိုလ်လုပ်လုပ် အတူတူပဲ။ ရွေးပုံရွေးနည်းလောက်သာ ကွာတာ။ နိုင်ငံတော်တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ဆိုတာကလည်း(များသောအားဖြင့်)
အစိုးရကပဲ အမည်စာရင်းတင်သွင်းရတာ။ သူ့ပြန် ကလန်ကဆန်လုပ်မယ့်ကောင် ဘယ်သူက တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ ဖြစ်စေ့ချင်ပါ့မလဲ။ ဖွဲ့စည်းပုံနဲ့ညီအောင်တို့ ဒီမိုကရေစီကျအောင်တို့ ဘာတို့ညာတို့ကတော့ ဝိနည်းလွတ်လုပ်ကြတာမျိုးပဲ။
ဝိနည်းတတ်ရင် ကြက်သတ်စားလို့တောင် ရရဲ့မဟုတ်လား။
လွှတ်တော်တို့ ကွန်ဂရက်စ်တို့ ပါလီမန်တို့ဆိုတာကလည်း တကယ်တမ်းပြောကြကြေးဆို နိုင်ငံရေးသမားတွေ လူကြားကောင်းအောင်ပြောကြ လူမြင်ကောင်းအောင် လူလုံးပြကြတာလောက်ပါပဲ တချို့ဒီမိုကရေစီနိုင်ငံတွေမှာဆို။

ဆိုတော့ အစိုးရသာ အခရာပဲ တိုင်းပြည့်ကြမ္မာကိုဆုံးဖြတ်တဲ့နေရာမှာ။ အစိုးရခေါင်းဆောင်ဖြစ်နေတဲ့ကောင်ပါတီကများ လွှတ်တော်မှာ ကွန်ဂရက်စ်မှာ ပါလီမန်မှာ အများစုအမတ်နေရာရထားလို့ကတော့ ဘာပြောကောင်းမလဲ ဘောင်းတော်ညှိတ် စိတ်တော်သိပဲ။ အစိုးရလုပ်သမျှ မှန်ပါ့ဖုရားပေါ့။

ဆိုတော့ နိုင်ငံရေးလုပ်တာ အာဏာယူဖို့ပဲ။ အာဏာယူတယ်ဆိုတာ အစိုးရလုပ်ဖို့ပဲ။ အစိုးရလုပ်တယ်ဆိုတာ သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ် ဖြစ်ဖို့ပဲ။ ဒါမှတိုင်းပြည့်ကြမ္မာကို ပြောင်းလဲနိုင်မှာပဲ။ ကျန်တာတွေကတော့ အာဏာယူချင်လို့လုပ်တယ်ဆိုတာကိုဖုံးဖိဖို့ စကားလုံးတွေနဲ့ဖာတာထေးတာပဲ။
စစ်တပ်က ရှင်းတယ်၊ ခင်ဗျားကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ တို့ယူမယ်ကွာဆိုပြီး ဗြောင်ပြော ဗြောင်တောင်း ဗြောင်ကြေငြာ
ဗြောင်လုယူထားတာပဲ။ အာဏာသဘောနိုင်ငံရေးအရကြည့်ရင် ဘာမှမဆန်းဘူး။ သူတို့အသက်အိုးအိမ်စည်းစိမ်တွေအားလုံးက လက်နက်အခြေပြုစစ်အာဏာပဲ ရှင်းတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ခင်ဗျား အဲ့ဒါမကြိုက်ရင် ဆန့်ကျင် တော်လှန် ဖြတ်ချဖယ်ရှားဖို့လုပ်ရုံပဲ။ ဘာမှ သွားပြီး စကားနာထိုးနေစရာ မလိုတမာပြောနေစရာမလိုဘူး။ အရပ်တကာလှည့် အတင်းအဖျင်းပြောသလို ပြောနေစရာကို မလိုတာ။ လူတွေက သိတယ်။
ပြည်သူက သိတယ်။ သိတာမှ ခင်ဗျားထက်တောင်သိသေး တချို့နေရာတွေမှာ။
ခင်ဗျားလောက်သာ စာတတ်ချင်မှတတ်လိမ့်မယ် ခင်ဗျားလောက်သာ စကားပြောတတ်ချင်မှပြောတတ်လိမ့်မယ်။

ခုရွှေပြည်ကြီးမှာ သမ္မတဖြစ်ချင်သူကတစ်ယောက်၊
သမ္မတထက်ကြီးတာ ရှိရင်တောင်ဖြစ်ချင်တာက တစ်ယောက်၊
နောက်သက်တမ်းတခုသမ္မတထပ်လုပ်ဦးမယ်မလုပ်ဘူး မတင်မကျလုပ်ထားတာက တစ်ယောက်။
အဲ့ ၃ ယောက်လုံးကြည့် လက်ရှိသမ္မတရွေးချယ်တဲ့စနစ်နဲ့စပ်လို့ ဘယ်တယောက်မှ ကိုယ့်အမြင်ကိုယ် ရဲရဲမဟကြဘူး။
လက်ရှိသမ္မတရွေးတဲ့စနစ်ရဲ့အပြစ်အနာအဆာနဲ့ အာဏာလက်ဦးမှုယူ ကြိုတင်ကြံစည်ကွက်ဖြစ်ကြောင်း စစ်ဗိုလ်ဟောင်းတွေမပြောဘူး။
မပြောတာလည်း သဘာဝကျတာပဲ။ သူတို့ဆင်တဲ့အကွက် သူတို့ချိုးထားတဲ့ ဖဲပဲ။ သူတို့ပြန်ဖျက်ရင် သူတို့တစုလုံး တစုံလုံးအကျိုးစီးပွားပျက်မှာပဲ။
တစုံလုံးဆိုတာ တစ်ယောက်ချင်းစီရဲ့ကိုယ်ကျိုးစီးပွားအခြေခံပေါ်မှာတည်ထားတာပဲ။
ဒေါ်စုအနေနဲ့ ပြတ်ပြတ်သားသား ထောက်မပြတာတော့ ဘဝင်မကျဘူး။
မိမိသမ္မတ ဖြစ်ဖြစ်/မဖြစ်ဖြစ် ခုကျင့်သုံးနေတဲ့ သမ္မတရွေးတဲ့စနစ်ကြီးက နိုင်ငံရေးအသာစီးယူလုပ်ကြံမှုကြီးဆိုတာ ဖွင့်ကိုဖွင့်ချပြရမယ်တွေးတယ်။

ခုနေ ဒေါ်စုက လက်ရှိသုံးနေတဲ့သမ္မတရွေးတဲ့စနစ်ဖျက်ပြီး လူထုကတိုက်ရိုက်ရွေးတဲ့စနစ်ကျင့်သုံးဖို့ စပြီးထောက်ပြမယ်ဆိုရင် စစ်အုပ်စုဘက်ကသာ ဘာသံထွက်မယ်မပြောတတ်သေးတာ နိုင်ငံရေးအင်အားစုတွေကြား လူထုအကြား နိုင်ငံတကာအကြား
အကောင်းဘက်ကလှုပ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့တွေးမိတယ်။
ဖွဲ့စည်းပုံထဲကပြင်ရမယ့် ပြင်သင့်တဲ့အချက်အလက်တွေထဲ ထည့်ထားတာလည်း ထည့်ထားပေါ့။
တိုက်ရိုက်နဲ့အတိအလင်း နိုင်ငံရေးအရပြောတာလည်းပြောပေါ။
နှစ်လမ်းပေါ့။

ဒေါ်စုကို ဘာလို့ သမ္မတတိုက်ရိုက်ရွေးတဲ့စနစ်အကြောင်းပြောစေ့ချင်တာလဲဆိုတော့ လက်ရှိစနစ်အတိုင်းသာသွား ၄၃၆ မကလို့
(၅၉-စ) မကလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကြီး တစ်အုပ်လုံးပြင်ပြင် သမ္မတရွေးတဲ့စနစ်ကလေးတစ်ခုပဲကွက်ချန်ထား
ဒေါ်စုဘယ်တော့မှ တိုင်းပြည့်သမ္မတမဖြစ်ဘူးလို့ ယုံလို့ပဲ။
ခုသွားနေတဲ့ သမ္မတစနစ်က ဟိုးပါလီမန်ခေတ်တုန်းက ဒေါက်တာဘဦးတို့၊ စဝ်ရွှေသိုက်တို့၊ မန်းဝင်းမောင်တို့လို
နိုင်တော်အကြီးအကဲဆိုပြီး ဧည့်ခံသမ္မတ ပွဲတက်သမ္မတ ရုပ်ပြသမ္မတသက်သက်မျှ မဟုတ်လို့ပဲ။
သမ္မတရွေးတဲ့စနစ်က နိုင်ငံရေးဗိုလ်ကျစိုးမိုးမှု ဖြစ်နေလို့ပဲ။

အာဇာနည်တွေမနေတဲ့တိုင်းပြည်(မျိုးမြင့်ချို)

0 comments
နိုင်မြန်မာ ဝင်ကစွပ်တဲ့ ကမ္ဘာမကြေဘူးကိုညည်းမိတိုင်း 
"သူရဲကောင်းတို့ရေ အာဇာနည်တွေနေတဲ့တိုင်းပြည်" ဆိုတဲ့နေရာရောက်ရင် 
ချန်ဆို ဒါမှမဟုတ် ကျော်ဆိုဖြစ်ခဲ့တာချည်းပဲ။ 
အာဇာနည်တွေနေတဲ့တိုင်းပြည်မှာ 
အာဏာအဝေမတည့်မှုအခြေခံ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု၊ ကမ္ဘာကျော်ပြည်တွင်းစစ်၊ ကြောက်ခမန်းလိလိ လူမျိုးရေးဘာသာရေးနှိပ်ကွပ်မှုနဲ့ 
ပဋိပက္ခစုံနဲ့သတ်ဖြတ်သွေးချောင်းစီးပြည့်နှက်နေတော့တယ်။ 
နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ လူမျိုးစုရပိုင်ခွင့်လှုပ်ရှားသူ၊ ဒီမိုကရေစီရေးတန်းတူရေး၊ လူ့အခွင့်အရေးတွေစတာတွေအတွက် 
သဏ္ဍန်စုံနဲ့တိုက်ပွဲဝင်ရင်း အာဏာလက်ရှိကသတ်လို့သေရတဲ့သူတွေကြ 
ဘယ့်တော့မှ တပြည်လုံးလက္ခဏာဆောင်တဲ့၊ တပြည်လုံးကိုယ်စားပြုတဲ့အာဇာနည်ဖြစ်ခွင့်မသာရ။ တကယ်ဆို စောဘဦးကြီးနဲ့ဖဒိုမန်းရှာတို့လည်း ကရင်အမျိုးသားတွေအဖို့ အာဇာနည်တွေပဲမဟုတ်လား။ တမြေတည်းနေချင်းပြန်သတ်ပြီး ပြည်တွင်းဖြစ်အာဇာနည်တွေထဲမှာမှ ဘယ့်နှယ်လို့ 
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူအသတ်ခံရသူတွေမှကွက်ပြီး အာဇာနည်ရတာလဲ။ 
ဆန်းသလိုမရှိဘူးလား။ 
အချင်းချင်းသတ်လို့သေရတဲ့ ပြည်တွင်းဖြစ်အာဇာနည်တွေကို 
အလေးပြုပြုနေရတဲ့တိုင်းပြည်မျိုးမှာနေရတာထက်စာရင် 
ဘာပြည်တွင်းဖြစ်အာဇာနည်မှမရှိတဲ့ပြည်မှာနေရတာ ပိုကောင်းတယ်မထင်ဘူးလား။ 
ဉာဏ်ပညာ၊
အမြော်အမြင်ကြီးမှု၊
တွေးခေါ်မြော်မြင်မှု၊
ဆင်ခြင်တုံတရားဈ
မတူကွဲပြားမှုအပေါ်စိတ်ရှည်သီးခံမှုကြီးတဲ့ပြည်သူတွေနဲ့ခေါင်းဆောင်တွေနေတဲ့ပြည်မျိုးသာ လိုလားအပ်တယ်မို့လား။


အစိုးရသာ(မျိုးမြင့်ချို)

0 comments
လူမျိုးရေး ဘာသာရေးပဋိပက္ခဆိုတာ
မတူသူတွေစုနေတဲ့လူ့အဖွဲ့အစည်းတိုင်းမှာဖြစ်တတ် တာ ယေဘုယျသဘောပဲ။ 

ပြဿ နာဖန်တီးတတ်တဲ့အထဲမှာ
ဒါမှမဟုတ်
ဖစ်လာတဲ့ပြဿ နာပေါ်ကနေအမြတ်ထုတ်တဲ့အထဲမှာ
(အာဏာရ/အာဏာမရ)နိုင်ငံရေးသမားတင် မဟုတ်ဘူး၊ စီးပွားရေးသမားတွေလည်းပါတယ်။

စီးပွားရေးသမားနဲ့အာဏာလက်မဲ့ နိုင်ငံရေးသမားက
ဒါတွေဖြစ်လာအောင်သာလုပ်တတ်တာ၊ လုပ်ကြတာ။
ဒါတွေ ပိုကြီးထွားကျယ်ပြန့်သွားအောင်ကြတော့
အာဏာရနိုင်ငံရေးသမား
တနည်းပြောရရင်
အစိုးရမပါပဲလုပ်မရဘူး။
အစိုးရခွင့်မပြုပဲ
အစိုးရပယောဂမပါပဲလုပ်မရဘူး။

ပဋိပက္ခတစ်ခုခုဖြစ်လာတယ်
ကြီးထွားကျယ်ပြန့်သွားအောင်ဆို
အစိုးရကပဲလုပ်နိုင်တယ်။
အစိုးရပဲ တတ်နိုင်တယ်။

နောက်တချက်က လူထု။
အတူနေကြသူတွေမှာ
အားကြီးသူကငယ်သူကို၊
အများစုကအနည်းစုကို
နိုင့်ထက်စီးနင်းဖိနှိပ်တတ်တဲ့ ဉာဉ်ဆိုးနဲ့စိတ်မိုက်
အမုန်းတရားနဲ့အာဃာတ စတာတွေမရှိရင်
ဒါမှမဟုတ် နည်းပါးရင်လည်း
အဲ့ဒီပဋိပက္ခတွေဖြစ်ဖို့ အခွင့်အလမ်းနည်းတယ်
အဲ့ဒီစိတ်မိုက်ဉာဉ်ဆိုးဟာ
ချိုးနှိပ်ဖယ်ရှားဖို့မလွယ်သလောက်
ဆွပေးပြီး သွေးမြေကျအောင်လုပ်ဖို့ကြ တယ်လွယ်တာပဲ။

အဲ့ဒီ စိတ်မိုက်ဉာဉ်ဆိုးတွေ
သန္ဓေတည်လာအောင် 
ပေါက်ဖွားလာအောင်
ကြီးထွားလာအောင်
အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုတွေ
ကာယကံမြောက်ကျူးလွန်လာအောင်
သက်ဆိုင်ရာလူ့အစုအစည်းကို
ဘာသာရေးသမားနဲ့လူမျိုးရေးဝါဒီတွေကသာ
စနစ်တကျ သွပ်သွင်းနိုင်စွမ်းတယ်။ 

ရွှေပြည်ကြီးမှာဖြစ်နေတဲ့ကိစ္စက ဒါပဲ။
ဘာသာရေး/လူမျိုးရေးအခြေခံ
အစွန်းရောက်ဝါဒီတွေက
အာဏာရအစိုးရအဆက်ဆက်ရဲ့အကူအညီနဲ့
လူမျိုးရေးဘာသာရေးအမုန်းတရားတွေကို
လူထုခေါင်းထဲလူထုစိတ်ထဲ ဆယ်စုနှစ်ပေါင်းများစွာရိုက်သွင်းပေးတယ်
လူထုကြားထဲမှာ(အတိုင်းအဆတခုအထိ)
ဒီစိတ်မိုက်ဉာဉ်ဆိုးတွေ
ကြောက်စရာကောင်းလောက်အောင်ကို
တစတစဖြစ်တည်ကြီးထွားလာတယ်။ 

နောက်ဆုံး ဘယ်တုန်းကနဲ့မှမတူတဲ့
နိုင့်ထက်စီးနင်းမှု
လုယက်မှု
သတ်ဖြတ်မှု လူမဆန်မှဲု့သွေးမြေကျအကြမ်းဖက်မှုတွေဖြစ်လာတယ်။

ဒါတွေ
ကြီးထွားသထက်ကြီးထွားအောင်
ကျယ်ပြန့်သထက်ကျယ်ပြန့်အောင်
အစိုးရက စနစ်တကျ မူချပြီးကိုလုပ်တာ
ဘယ်သူမှငြင်းမရဘူး။

အစိုးရလက်ချက်မှန်း
ဗူးပေါ်သလိုပေါ်မ
ပြည်တွင်းပြည်ပ နိုင်ငံတကာက ပြစ်တင်ပြောဆိုလာတော့မှ
လူထုအပေါ်အပြစ်တင်တာလိုလို
ဘာသာရေးသမား၊ လူမျိုးရေးဝါဒီနဲ့
နိုင်ငံရေးသမားတွေအပေါ်အပြစ်ဖို့တာလိုလို
ကယ်တင်ရှင်လေသံနဲ့
အာဏာသိမ်းလိုက်မယ်ဆိုကာ
အစိုးရဘက်ကပင်းပြီး
အလံရှူးလေသံနဲ့
ခြိမ်းခြောက်သလိုလို လုပ်တော့တာပဲ။

ဒီနေရာမှာ
ဘာသာရေးလူမျိုးရေးအမုန်းတရားတွေ
(အစိုးရအကူအညီပါပါ/မပါပါ) ဖြန့်ချိနေတဲ့
ဘာသာရေးခေါင်းဆောင်၊
လူမျိးရေးဝါဒီ၊
စီးပွားရေးသမားစတဲ့သူတွေနဲ့အတူ
အရင်းလက်သည်ဖြစ်တဲ့
အရပ်ဝတ်စစ်အာဏာအခြေပြု
ဗိုလ်သိန်းစိန်အစိုးရကိုပါ 
ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ပဲ။

ရွှေနွယ်ရိုးနဲ့ရေလောင်ရွက်(မျိုးမြင့်ချို)

0 comments
ဖွဲ့စည်းပုံပြင်ပြင်/မပြင်ပြင်ဝင်ပါမယ်လို့ပြောထားတာ မမေ့စေချင်ပါ။ 
၂ဝ၁၅ ကို သပိတ်မှောက်မယ်တို့ဘာတို့
ဆိုတာမျိုးနဲ့(တကယ်ထင်လို့ ဆွေးနွေးငြင်းခုန်တာဖြစ်ဖြစ် ဒါကိုင်ပြီးဝါဒဖြန့်ရင် အမေရိကန်အပါအဝင် ခု ဝင်လာမစဲတသဲသဲဖြစ်နေသူတွေနဲ့ စစ်အုပ်စု ခုထက်ပိုအစေးကပ်သွားစရာရှိတယ်... အင်န်အယ်လ်ဒီကို ၂ဝ၁၅ ဝင်ရေးနဲ့ သပိတ်မမှောက်ရေးအတွက် ဖိအားအပေးခံရနိုင်ဖွယ်ရှိတယ်၊ 
ဘုန်းကြီးဆိုးတွေနဲ စစ်တပ်ထဲက ဒေါ်စုဆန့်ကျင်သံတွေ ပိုပြီးဆွဲထုတ်လို့ရနိုင်တယ် စတာမျိုးတွေ တွေးပြီးပြောတာပဲဖြစ်ဖြစ်)အချိန်ကုန်မခံစေချင်ပါ။ 
ခုထိရှိထားတဲ့အချက်အလက်တွေအရ ဝင်ကိုဝင်မှာပါ။ 
မဝင်မှာ ပူစရာမရှိသေးပါ။ 
အင်န်အယ်လ်ဒီခေါင်းဆောင်မှုမှာ မူနဲ့ပတ်သက်လို့ ခုစာကလေးကြော် ခုဆီထမင်းလုပ်တတ်တဲ့ဉာဉ်ရှိတာမှန်ပေမယ့် 
သူ့မှာ ဝင်ရေးပဲ အဓိကရွေးချယ်စရာဖြစ်ပါတယ်။ 
အခြား အရံရွေးလမ်းမမြင်မိပါ။ 
လိုက်ပါရစေရွှေနွယ်ရိုးရယ် ဒါမှမဟုတ် တို့လည်းလိုက်မယ်ချန်မထားနဲ့ဆိုတဲ့လမ်းကိုပဲ 
ဆက်လျှောက်နေဦးမယ်လို့တွေးမိပါတယ်။

ညက မိုးကြီးတယ်။ ရေအတော်ပါတယ်။ 
မနေ့ညနေက ရွက်စားမုန်လာတွေ နှုတ်မယ်လို့စိတ်ကူးတာ အချိန်မရလို့ မလုပ်ဖြစ်ခဲ့ဘူး။ 
ခုမနက်ကြည့်လိုက်တော့ ကျန်တဲ့အခင်းတွေ မိုးရေနဲ့စိုစွတ်လန်းဆန်းနေပေမယ့် မုန်လာခင်းကလေးကတော့ စစ်လမ်းကြောင်းကကျန်ခဲ့တဲ့ရွာပျက်လို ဖရိုဖရဲ အတုန်းအရုန်းနဲ့ မြင်မကောင်းဘူး။ 
မိုးပေါက်ပြင်းကြောင့်လွင့်စင်ထွက်လာတဲ့မြေစမြေနတွေက အရွက်တိုင်းရဲ့မျက်နှာပြင်ကို လေးလံပေကျံလို့။
ရေလောင်ရွက်တွေ ယော်လို့။ ကိုင်းလို့ ကွေးလို့ ညွှတ်လို့ ကျိုးလို့ ကြေလို့။ 
ခနနေမှဆင်းပြီး တခင်းလုံးနှုတ်ရမယ်။
ရေစင်စင်ဆေးပြီး မန်ကျည်းမှည့်နဲ့မုန်လာချဉ်ရည်ဟင်းလေးတခွက်စာချန်ပြီး ကျန်တာအကုန် ဆိုင်ပို့ရမယ်။ 
ဟိုတပတ်က ကြက်သွန်နီတွေနှုတ်၊ အမြိတ်ရင့်တွေဖြတ်ပြီး မုန်လာခင်းထဲကြဲထားတော့ ဘာလိပ်ပြာမှ မလာ၊ ဘာ ပေါက်ဖတ်နဲ့ခူကောင်မှ မကိုက်မဝါးမို့ အရွက်လေးတွေတဖါးဖါးနဲ့ ပိုးပေါက်ကင်းတဲ့မုန်လာခင်းလေးဆိုပြီး မနေ့ကအထိကြည်နူးစိတ် ဒီမနက်တော့ မိုးရေနဲ့ပြယ်တယ်တယ်။ 

ဟိုတလောကလည်း ပြောင်းချိုခင်း လေပြင်းထိလို့ အိပ်မက်တဝက်လောက် ကျိုးကြေခဲ့သေးတယ်။ 
လေပြင်းမိတဲ့ပြောင်းပင်တွေရော
တအိအိပြိုကျချင်တဲ့ကိုယ့်ကိုယ်ကိုယ်ရော 
ဖြည်းဖြည်းခြင်းပြန်ထူထောင်ပြီးစလေးမှာမှဖြစ်ရလေတယ်လို့အတွေးတော့မဝင်မိဘူး။ 
ရသရွေ့နဲ့ကျေနပ်ရမှာပဲ။
တတ်နိုင်တာက စိတ်ဓါတ်ကိုထိမ်းမတ်ထားနိုင်တာပဲ။


ကျသွားနိုင်မယ့် ပီအာရ်(မျိုးမြင့်ချို)

0 comments
ပုံကြည့်ရတာ ဒီအတိုင်းဆို ပီအာရ်က လိုင်းကျသွားမယ့်သဘောပဲ။ 
ဒဿ ဂီရိတောင် မင်းသားလုပ်လို့ရသေးတာပဲဟာ။ ပီအာရ်ရဲ့အားနည်းချက် အားကောင်းချက်တွေလည်း တောသုံးတောင်မကပြောလို့ရကြမှာပဲ
မကြိုက်ဘူးလို့ပြောနေတာက ပီအာရ်ကို ခုလောက်တက်သုတ်ရိုက်တင်လာတဲ့ နောက်ကွယ်ကရည်ရွယ်ချက်နဲ့ လက်ကိုပဲ။
မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ကြံစည်ချက်မှန်းထင်ရှားနေတယ်။
ပီအာရ်လည်းပေါက်သွားအောင် ဖွဲ့စည်းပုံထဲက ၄၃၆(က)လည်းမပြင်ရအောင်
ရွှမန်း သိန်းစိန် တင်အေး အောင်ခင်မြင့်တို့ ဘာတွေကြိတ်ကြံနေမှန်း မကြာဘူးပေါ်လာတော့မယ် ကြည့်နေ။
၂ဝ၁၄ ကြားဖြတ်လည်း လုပ်ဖို့ပြင်နေပြီ
ရွေးကော်ကထုတ်တဲ့စည်းကမ်းအသစ်တွေနဲ့ လက်မောင်းလှဲကြည့်ဖို့ပဲ။ 
အရင်ကြားဖြတ်တုန်းကလို စိတ်ကူးယဉ်ရင်တော့ ငါးပါးတင်မကဘူးသံဃာစင်ပါမှောက်မယ်။ 
အဲ့ဒီတုန်းက မဝင်မှာစိုးလို့ ချော့မြှူပြီး(တင်အေးစကားအတိုင်းပြောရရင်)လိုတာထက်တောင် ပိုလွတ်လပ်ပေးပြီး လွှတ်တော်ထဲမောင်းသွင်းလိုက်တာ။
ခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကထွက်တဲ့အဖြေပေါ်ကြည့်ပြီး ၂ဝ၁၅ ကို
ဘယ်လိုစခန်းသွားမလဲဆုံးဖြတ်မှာပဲ။
၂ဝ၁၄ ကြားဖြတ်ဟာ အင်န်အယ်လ်ဒီအတွက်သာ ဘာလို့ပြောဖို့ခက်ပေမယ့် 
စစ်အုပ်စုအတွက်တော့ အခြားသူတွေကိုအစမ်းစာမေးပွဲဖြေခိုင်းတာဖြစ်ပြီး
သူတို့အတွက်တော့ ပွဲဝင်ဖို့ လက်သပ်မွေးတွေနဲ့ လက်သွေးကြည့်တာပဲ။
အင်န်အယ်လ်ဒီနဲ့ ၈၈-ငြိမ်း/ပွင့်များခင်ဗျား
လက်မှတ် ၅ သန်းလည်း ရပါ။
၄၃၆ ကိစ္စလည်းပြောပါ။
သမ္မတရွေးချယ်ပုံစနစ်ပြောင်းပစ်ဖို့လည်း တွေးကြပါ။
ပီအာရ်ကိစ္စလည်း အတွဲညီညီလုပ်ကြစေချင်ပါတယ်။
လူထုလက်ကို စောင့်မနေစေချင်ပါ။
ကြားဖြတ်က နီးပြီ။
၂ဝ၁၅ က မဝေးတော့ဘူး။
လွှတ်တော်တွင်းကနေပဲလုပ်မယ်ဆို
လှေကားတွေတက်လိုက်ဆင်းလိုက် လုပ်ရင်း၊
အစည်းအဝေးမှတ်တမ်းစာအုပ်ထဲလက်မှတ်တွေထိုးရင်း၊ 
ကန့်ကွက်ပါတယ် ထောက်ခံပါတယ်တွေအသံပြာအောင် အော်ရင်း 
စည်းကမ်းပြည့်ဝသောဒီမိုကရေစီမှာ သူခိုးသေဖော်ညှိရင်း၊
စီးပွားရေးသမားတွေ သံတမန်တွေဧည့်ကြိုဧည့်ထောက်လုပ်ရင်း၊
ဟိုကော်မရှင် ဒီကော်မရှင်တွေမှာ လက်ဝင်ဝင်လျှိုရင်း၊
စစ်အုပ်စုအကျိုးကို ဦးပဲ့ညီညီထမ်းပိုးရင်း
နိုင်ငံရေးလုံးပါးပါးသွားမှာ မမြင်ချင်ဆုံး။