Monday, September 15, 2014

သက်ရှိပင်လုံမှတ်တမ်း(သို့မဟုတ်) အသက် ၁ဝဝ ပြည့် ကားဒရိုင်ဘာ (ဂျွန်ချစ်ငြိမ်း)

0 comments
သက်ရှိပင်လုံမှတ်တမ်း(သို့မဟုတ်) အသက် ၁ဝဝ ပြည့် ကားဒရိုင်ဘာ(ဂျွန်ချစ်ငြိမ်) ကိုယ်ပိုင်ဂျစ်ကားငယ်လေး တစ်စီးကို တောင်ကြီးမြို့ကနေ ပင်လုံဆိုတဲ့မြို့လေးဆီ ကိုရောက်အောင် အသက် ၃ဝ အရွယ် လူငယ်တစ်ဦးက ကျွမ်းကျင်စွာမောင်းနှင်နေပါ တယ်။ တောင်တက်တောင်ဆင်း ချောက်ကမ်းပါး၊ တောတွေတောင်တွေကို အချိန် လေးနာရီကျော် ဖြတ်သန်းမောင်းနှင်ပြီးတဲ့နောက်မှာတော့ ဂျစ်ကားငယ်လေးရဲ့ဦးတည်ရာ ပင်လုံမြို့လေးကို ရောက်ရှိလို့လာခဲ့ပါပြီ။ ရှမ်းအိုးစည်တီးသံတွေဟာ ရှမ်းနဲ့ တိုင်းရင်းသားပေါင်းစုံတို့ ခရီးဦးကြိုပြုနေကြတဲ့မြင်ကွင်းကို ပိုလို့ အသက်ဝင်စေ၊ လှပစေခဲ့ပါပြီ။ ဂျစ်ကားမောင်းသူနဲ့အတူ အသားညိုညို မျက်နှာလေးထောင့်ကျကျ အသက်(၃ဝ) အရွယ်လူငယ်က အပြုံးနဲ့အတူ လက်ဝှေ့ပြရင်း ကားပေါ်ကဆင်းလိုက်ပါတယ်။
ဒါဟာ ၁၉၄၇ ခုနှစ်ဆိုတဲ့ အချိန်ကာလ မြန်မာ့လွတ်လပ်ရေးအတွက် တောင်တန်း ပြည်မပူးပေါင်းရေး ပင်လုံစာချုပ်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းနေတဲ့ သူနဲ့ သက်တူရွယ်တူရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်ပိုင်ဂျစ်ကားနဲ့ လိုက်လံပို့ဆောင်ပေးခဲ့သူ တောင်ကြီးသား ဦးခန်းက ပြောပြခဲ့တာပါ။
၁၉၁၅ ခုနှစ်၊ မတ်လအတွင်းက တောင်ကြီးမြို့မှာ ဦးခန်းကိုမွေးဖွားခဲ့ပြီး အခုအချိန်မှာ အသက် ၁ဝဝ ရှိပြီဖြစ်တဲ့ဦးခန်းက သူ့အိမ်ရဲ့ ဧည့်ခန်းထဲမှာချိတ်ဆွဲထားတဲ့ အဖြူအမည်းဓာတ်ပုံတွေကို ပြန်ငေးကြည့်ရင်း အသက်ပြင်းပြင်းရှူကာ လွန်ခဲ့တဲ့ နှစ် ၇ဝ က အတိတ်တွေကို တက်တက်ကြွကြွ ပြောပြနေတာပါ။
“ခင်ဗျားတို့ ကျုပ်တို့ဆီကို ၁ဝ နှစ်လောက် ပေါင်းကြည့်ပါ။ မကျေနပ်ရင် ပြန်ခွဲထွက်ပါ”လို့ ပင်လုံမှာ ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့စကားကို ဦးခန်းက မှတ်မှတ်ရရပြန်ပြောပြတယ်။ အဲဒီအချိန်ဟာ တောင်တန်း ပြည်ပ မကျန် တစ်ပေါင်းတည်းလွတ်လပ်ရေးယူနိုင်ဖို့ ဗိုလ်ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်းနိုင်ခဲ့ကြပြီး သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့တာလည်း ဖြစ်ပါတယ်။

“ဟဲ့ ဗိုလ်ချုပ် ပေါင်းတောင်မပေါင်းရသေးဘူး၊ ခွဲတဲ့ စကားမပြောနဲ့၊ ရှမ်းပြည်က ဘယ်တော့မှခွဲမထွက်ဘူးလို့” ညောင်ရွှေစော်ဘွားကြီးက ဗိုလ်ချုပ်ကို ပြန်ပြောခဲ့တဲ့အကြောင်းကိုလည်း ဦးခန်းက အမှတ်ရနေပါသေးတယ်။
“ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်နဲ့ ရှမ်းစော်ဘွားတို့ပြောဆိုခဲ့တာ၊ သဘောတူခဲ့တာတွေ၊ ညှိနှိုင်းရတဲ့အချက်တွေကို နားနဲ့ဆတ်ဆတ်ကြားခဲ့ရတဲ့ သက်ရှိသမိုင်းစာအုပ်ကြီး တစ်ခုပေါ့” လို့ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(တောင်ကြီး)မှ ဦးနေမျိုးက ဦးခန်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

တောင်ကြီးမြို့ရဲ့ လူကုံထံနဲ့ချမ်းသာကြွယ်ဝသူ အများစုသာ နေထိုင်နိုင်တယ်လို့ အများကယူဆထားတဲ့ ရေအေးကွင်းရပ်ကွက်နေအိမ်မှာ ဦးခန်းက နေထိုင်နေပါတယ်။ သူ့ကို မေးမြန်းဖို့သွားချိန်မှာ ဦးခန်းဟာ ဒီအသက်အရွယ်မှာတောင် တုတ်ကောက်မလို၊ ခါးမကုန်းဘဲ တွေ့ခဲ့ရလို့ အံ့သြခဲ့ရပါတယ်။ အရပ်ရှည်ရှည်ဆံပင်ဖြူဖြူ နဖူးပြောင်ပြောင်နဲ့ အသက် ၁ဝဝ အဖိုးအိုတစ်ဦးရဲ့ သတိကြီးမှုနဲ့ မှတ်ဉာဏ်ဟာလည်း အံ့မခန်းပါ။

“အဲဒီအချိန် အန်ကယ်က ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဝင်”လို့ ဦးခန်းက သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ လွတ်လပ်ရေး ရပြီးချိန်မှာလည်း ကိုယ်ပိုင်ကန်ထရိုက်လုပ်ငန်း စီးပွားရေးလုပ်ငန်းများကိုသာ ဇောက်ချလုပ်ကိုင်ခဲ့ပြီး အစိုးရအိမ်တော် (လက်ရှိ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေအိမ်)၊ ကုန်စည်ရုံး၊ ရဲဌာန၊ ခရိုင်အတွင်းဝန်ရုံး(လက်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး)နဲ့ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များစွာ ဆောက်လုပ်ပေးနိုင်ခဲ့သူလို့ ဦးခန်းက ပြုံးပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ လက်မထောင်ကာပြောပါတယ်။

ဦးခန်းဟာ ၁၉၅ဝ ခုနှစ်မှာ တောင်ကြီးမြို့ရဲ့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ်မှာလည်း နောက်ထပ် ငါးနှစ်သက်တမ်း ဆက်ထမ်းဆောင်ခွင့်ရခဲ့ပြီး စုစုပေါင်း ၁ဝ နှစ် တာဝန်ယူခဲ့ဖူးသူပါ။ မြို့တော်ဝန်သက်တမ်းနှစ်ခုမှာ ကိုယ့်မြို့ သာယာလှပရေးအတွက် ကြိုးစားလုပ်ကိုင်ပေးခဲ့သလို၊ ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း လိုက်ပါဆောင်ရွက်ပေးခဲ့တယ်လို့ ဦးခန်းက ဆိုပါတယ်။ “ပအိုဝ်းတွေ ငြိမ်းချမ်းရေးရတာ အန်ကယ်လုပ်ပေးခဲ့တာ၊ ပအိုဝ်းအဖွဲ့က ဗိုလ်ချန်ဇုန်ကအန်ကယ်နဲ့ ကျောင်းနေဘက်မိတ်ဆွေ”လို့ သူက ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဝန်ကြီးချုပ်ဦးနုတို့အတူတူ ညစာသုံးဆောင်နေတဲ့ပုံကို လက်ညိုးထိုးရင်း ပြောပါတယ်။

ဦးခန်း တောင်ကြီးမြို့တော်ဝန်ဖြစ်ခဲ့တဲ့ ကာလအတောတွင်း တရုတ်ပြည်သူ့သမ္မတကြီး လူရှောက်ရှီ လာရောက်လည်ပတ်ခဲ့သလို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦးဘဦး၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု တို့လည်း ရောက်လာဖူးပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အစိုးရအာဏာသိမ်းလိုက်ချိန်မှာတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ဆိုကာ ရှမ်းစော်ဘွားတွေနဲ့ ရှမ်းပြည်ကနိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး အင်းစိန်ထောင်ထဲ နှစ်ရှည် ထည့်ထားလိုက်ပါတယ်။ အဲဒီအထဲ ဦးခန်းလည်းပါသွားခဲ့ပြီး ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံခဲ့ရကာ အင်းစိန်ထောင်မှာ ခုနစ်နှစ်၊ ရန်ကုန်မှာ နေအိမ်အကျယ်ချုပ် သဘောမျိုး ၆ နှစ်နေခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
အချုပ်အနှောင်က လွတ်ပြီးနောက်မှာတော့ ကိုယ့်မွေးရပ်ဇာတိမြေကိုပဲပြန်လာခဲ့ပြီး စီးပွားရေးပြန်လုပ်ပါတော့တယ်။

ရှမ်းပြည်တောင်ပိုင်း နိုင်ငံရေးအကျဉ်းသားကွန်ရက်ရဲ့ စာရင်းထဲမှာလည်း ဦးခန်းဟာ အသက်အကြီးဆုံး နိုင်ငံရေးဝါအရင့်ဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးလာရောက် တွေ့ဆုံခဲ့တယ်လို့ ဦးတင်ဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘဝတုန်းက အတူတွဲရိုက်ထားဖူးတဲ့ဓာတ်ပုံကိုပြရင်း ဦးခန်းက ပြောတယ်။

အခုအချိန်မှာတော့ နိုင်ငံရေး၊ စီးပွားရေးတို့နဲ့ဝေးဝေးနေပြီး ကျန်းမာရေးကိုပဲ ဂရုစိုက်တော့တယ်လို့ ပြောပြတယ်။ သူ့ရဲ့အချိန်တွေကို စာဖတ်ခြင်း၊ ရေဒီယိုနားထောင်ခြင်းတို့နဲ့ ကုန်လွန်တယ်လို့ဆိုတယ်။ ဒီနေ့အထိ ကားကိုယ်တိုင် မောင်းနေဆဲဖြစ်တယ်။ လိုင်စင်သက်တမ်း ထပ်တိုးခွင့်ကို သက်ဆိုင်ရာဌာနကခွင့်မပြုတော့ပေမယ့် မျက်စိလည်းကောင်း၊ သတိလည်းကောင်းနေသေးတယ်လို့ သူက ပြောတယ်။

သားသုံးယောက်၊ သမီးတစ်ယောက်ရဲ့ဖခင် ဦးခန်း၊ တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း၊ ပင်လုံစာချုပ်ဖြစ်မြောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ခဲ့သူ ဦးခန်း၊ နိုင်ငံရေးသမားဟောင်း ဦးခန်း၊ အောင်မြင်တဲ့စီးပွားရေးသမား ဦးခန်းတစ်ယောက် တောင်ကြီးမြို့ပေါ်မှာ အသက် ၁ဝဝ ပြည့်တော့မယ့်အချိန်အထိ ဦးတည်ရာလမ်းအတိုင်း လွန်ခဲ့သောနှစ် ၇ဝ ကလို မော်တော်ကား မောင်းနှင်နေဆဲပါပဲ။
ယူတာက ဒီနေရာကပါ http://mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/27901-2014-09-15-14-46-43


“၂၁ ရာစု ရခိုင်နိုင်ငံရေးသမားများ” အား ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား (တူမောင်ညို)

0 comments
“၂၁ ရာစု ရခိုင်နိုင်ငံရေးသမားများ” အား ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်)

ပျံလွန်လေပြီးသော ဆရာတော်ဦးဥတ္တမ (၁၈၈ဝ ဒီဇင်ဘာ ၂၈  - ၁၉၃၉ စက်တင်ဘာ ၉ ) သည်၊  “ကရက်ဒေါက် ဂဲဒေါက်”  (Craddock get out !)  ဆိုသည့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ရဲရဲတောက်လှုံ့ဆော်သံပေးခဲ့သော တိုင်းချစ်ပြည်ချစ် ရဟန်းတော်တစ်ပါး ဖြစ်ပါသည်။

သူတို့ကိုယ်သူတို့ “အမျိုးသားနိုင်ငံရေး”လုပ်သူများဟု ကြော်ငြာလေ့ရှိသော (နဝတ-နအဖ)စစ်အစိုးရသည် ဆရာတော်အားဂုဏ်ပြုသည့် အခမ်းအနားများကို ပိတ်ပင်တားမြစ်ထားခဲ့သည်။ ယခုအခါ (နဝတ-နအဖ)စစ်အစိုးရ၏ အာဏာအမွေစားအမွေခံ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက ဆရာတော်ဦးဥတ္တမ အခမ်းအနား ကျင်းပခွင့်ပြုလိုက်ပြီဖြစ်သည်။

ဆရာတော်ဦးဥတ္တမအား အောက်မေ့သတိရခြင်း၊ အထိမ်းအမှတ်ပြုကြခြင်းသည် မွန်မြတ်သောဆောင်ရွက်ချက်ဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမအား “လူမျိုးရေးဘာသာရေးမုန်းတီးမှု၊အကြမ်းဖက်မှု”အတွက် ကာဗာတစ်ခု၊ လက်နက်တစ်ခု၊ စင်မြင့်တစ်ခုအဖြစ် ခါတော်မီ အသုံးမချသင့်ပါ။

“အမျိုးသားနိုင်ငံရေး” ကို (နဝတ-နအဖ) စစ်အစိုးရသည် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီး” ဖွဲ့စည်း၍ လုပ်ခဲ့သည်။ ယခုအခါထိုသို့ “အမျိုးသားနိုင်ငံရေး”လုပ်သည်ဆိုသောအသင်းကြီးသည် “နိုင်ငံရေးပါတီ” ဖြစ်လာခဲ့ပြီ။ “အမျိုးသားနိုင်ငံရေးလုပ်သူများ အတွက် လောကဓံအတက်ချည်းပဲရှိတယ်” ဆိုသည်မှာ ဤအချက်ကို ဦးဝီရသူ ဆိုလိုချင်တာပဲဖြစ်လိမ့်မည်။

ဆရာတော်ဦးဥတ္တမ ပျံတော်မူခြင်း ၇၅ နှစ်ပြည့် အခမ်းအနားစင်မြင့်ထက်တွင် သင်္ကန်းဝတ်ဦးဝီရသူ အားနေရာပေး ဟောပြောစေခြင်းသည် ဦးစွာအားဖြင့် ပျံလွန်လေပြီးသောဆရာတော်ဦးဥတ္တမ၏ ဆောင်ရွက်ချက်များကို ကံသုံးပါးစလုံး (ကာယ၊ ဝစီ၊မနော)ဖြင့် မိုက်မိုက်မဲမဲ စော်ကားလိုက်ခြင်းဖြစ်သည်။

ဒုတိယအချက်အဖြစ် အထင်အရှားပေါ်လွင်နေသည်မှာ ဤပွဲကို စီစဉ်သူများ၏ မိုက်မဲသောကြံစည်လုပ်ဆောင်ချက် (ဦးဝီရသူအား ဟောပြောစေသည့်အချက်)ပင်ဖြစ်သည်။ နတ်သုဒ္ဓါထဲ မစင်တစ်ပဲသားရောထည့်လိုက်ကြသည့် အကြံဆိုး၊ အကြံရိုင်းဖြစ်သည်။ ဆွမ်းဆန်တော်ထဲ ကြွက်ချေးရောထည့်ကြသည့် လုပ်ရပ်ဖြစ်သည်။

တတိယအချက်အားဖြင့် ဤအစီအစဉ်နှင့်ဤလုပ်ရပ်ကို သိက္ခာသမာဓိရှိကြသော ရခိုင်သံဃာတော်များ၊ ရခိုင်လူကြီးသူမများ၊  ဂုဏ်သိက္ခာ ရှိသော ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်နိုင်ငံရေးပါတီများက ကန့်ကွက်၊ တားဆီးခြင်းမပြုသည့်အချက်ဖြစ်ပါသည်။ ကြိုတင်မသိရှိကြ၍လော၊ သို့တည်းမဟုတ် သိရှိသော်ငြားလည်း တွန်းလှန်ခြင်းငှာ (ဗိုလ်မောင်မောင်အုံးအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်ကို မလွန်ဆန်နိုင်ကြသလို) မစွမ်းသာကြ၍ လော။

ထို့အပြင် “၇၅ နှစ်ပြည့် ဦးဥတ္တမအခမ်းအနားစင်မြင့်” ပေါ်မှ လူမျိုးရေးဘာသာရေးအစွန်းရောက် အကြမ်းဖက်လှုံ့ဆော်ဟောပြော သွားမှုများကို “လုံးဝသဘောမတူကြောင်း/ရှုံ့ချကြောင်း” အခြားသောဘာသာရေး/နိုင်ငံရေးနယ်ပယ်မှ သမာသမတ်ရှိသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့်လည်း လေးလေးနက်နက် ကန့်ကွက်ဆန့်ကျင်ရန် လိုအပ်သည်။ ဤသို့ ငြိမ်ခံနေကြမည်ဆိုလျှင် လူမိုက် အားပေးသည့်လုပ်ရပ်ဖြစ်ပြီး၊ အကြမ်းဖက်ဟောပြောမှုကို အားပေးအားမြှောက်ပြုရာရောက်နေပါသည်။

အခမ်းအနားရှေ့တန်းနေရာတွင် ဒီချုပ်နာယကကြီးဦးတင်ဦးနှင့် ထင်ရှားသော ရခိုင်နိုင်ငံရေးသမားဦးအေးသာအောင်တို့ တက်ရောက် နေသည်ကို အထင်အရှားတွေ့မြင်ရပါသည်။ ဤပုဂ္ဂိလ်ကြီး ၂ ဦးအနေဖြင့်လည်း ဦးဝီရသူပြောနေသည်များကို (အနည်းဆုံး “စတိ”ဖြစ်ဖြစ်) မတ်တပ်ရပ်၍ကန့်ကွက်တားဆီး၊ ရပ်တန့်စေသင့်ပါသည်။ သို့တည်းမဟုတ် (အခမ်းအနားတစ်ခုလုံးကို အားနာသည်ဟုဆိုလျှင်) ဦးဝီရသူ ပြောနေသည့်အစီအစဉ်မှ ထ၍ ခေတ္တခဏဖြစ်ဖြစ် ထွက်ခွါသွားသင့်သည်ဟု ယူဆပါသည်။

(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဦးဝီရသူအပါဝင် “သင်္ကန်းဝတ်စွမ်းအားရှင်များ”နှင့် “ဘယ်ကမှန်းမသိတဲ့လူအုပ်ကြီးများ” သည် “လူမျိုးရေး ဘာသာရေးအကြမ်းဖက် သုံးပွင့်ဆိုင်အုပ်စု”ဖြစ်သည်။ ဖြစ်ပွားခဲ့သမျှသော/ ဖြစ်ပွားလတ္တံ့သော လူမျိုးရေးဘာသာရေး အကြမ်းဖက် လူသတ် မီးရှို့မှုများ၏ အဓိကလက်သည်များ၊ ပူးပေါင်းကြံစည်ခဲ့ကြသူများလည်းဖြစ်ပါသည်။

မြင့်မြတ်ရာဘုံဘဝမှ ဆရာတော်ဦးဥတ္တမ ကြားသိနိုင်မည်ဆိုလျှင် ယခုလို လျှောက်ထားပန်ကြားလိုပါသည်။ “ကရက်ဒေါက် ထွက်သွား” ဆိုသည့် ဆရာတော်၏ “စစ်မှန်သည့်တိုင်းချစ်ပြည်ချစ်စိတ် (ဝါ) ရဲရဲတောက်သတ္တိခွန်အား” မျိုး  “၂၁ ရာစု ရခိုင်နိုင်ငံရေးသမားများ” အား ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား။
ညွန်း-
-၁ဝ စက်တင်ဘာ ၂ဝ၁၄ ၊ ဗုဒ္ဓဟူးနေ့ ၊ ကမာရွတ်မီဒီယာ


Thursday, September 11, 2014

ဗိုလ်တင်အေးတို့လုပ်သမျှ ငုံ့ချည်းခံနေကြတော့မှာလား (တူမောင်ညို)

0 comments
ဗိုလ်တင်အေးတို့လုပ်သမျှ ငုံ့ချည်းခံနေကြတော့မှာလား (တူမောင်ညို)“ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူး”လို့ ဗိုလ်တင်အေးက စက်တင်ဘာ ၇ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒီပြောဆိုချက်အပေါ် ဒီချုပ်ပါတီ အီးစီတစ်ဦးဖြစ်တဲ့ဦးထွန်းထွန်းဟိန်က “သဘောတူတယ်”လို့ ပြောတယ်။ ဒီစကားက အခြေအနေမဟန်လို့၊ မတတ်သာလို့ နောက်ဆုတ်သွားတဲ့လူမိုက်ကို နောက်တစ်ခါ ဒုတ်ဓါးပြင်ဆင်ပြီးလာတဲ့အခါ ဒူးထောက်ပေးမယ်/စိတ်ကြိုက်ရိုက်ပါလို့ ပြောလိုက်တာမျိုးသာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် အလဲဗင်းမီဒီယာသတင်းမှာ စက်တင်ဘာလ ၆ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ဒီချုပ်ပါတီဥက္ကဋ္ဌတို့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံတိုးတက်ရေးကိစ္စတွေပြောဆိုခဲ့ကြတယ်လို့ ဖော်ပြထားတယ်။

ပထမဦးစွာ ဒီဖြစ်ရပ်က “နိုင်ငံရေးပါတီတွေနဲ့ရွေးကောက်ပွဲတွေ”ဟာ ဗိုလ်တင်အေးလက်ခုပ်ထဲက ရေပါလား။ ဗိုလ်တင်အေးစိတ်ကြိုက် သွန်လိုသွန်၊ မှောက်လိုမှောက် ထင်ရာလုပ်နိုင်တယ်ဆိုတဲ့အချက်ကို ဖော်ပြနေတယ်။

ဒုတိယအချက် ဗိုလ်တင်အေးက “ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူး ၊ ဖျက်သိမ်းလိုက်ပြီ”ဆိုတဲ့အပေါ် အတိုက်အခံနိုင်ငံရေး ပါတီတွေက “သဘောတူတယ်”ဆိုပြီး ငြိမ်ခံနေကြတာ၊ မှိန်းနေကြတာတွေကတော့ မကောင်းလှဘူး။ ရုံးတစ်ရုံး၊ ဓါးတစ်စင်း အာဏာပိုင်သူများရဲ့ပဗိုလ်ကျမှု၊ ငါတကော ကောမှုတွေကို အတိုက်အခံပါတီတွေက ဝေဖန်ဖွင့်ချမှု မပြုဝံ့ဘဲ၊ ခံချည်းနေရတဲ့ မိမိတို့ရဲ့ အတိုက်အခံမပီသမှုကို ထုတ်ဖော်ဝန်ခံ အသိအမှတ်ပြုနေသလိုပဲ။ အခုတော့ “အတိုက်အခံပါတီ”ဆိုတာရဲ့အဓိပ္ပါယ်က “တိုက်လာသမျှ ငုံ့ခံနေရတဲ့ပါတီ”ဆိုတဲ့ အဓိပ္ပါယ်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။ ဒါလည်း “ရွေ့နေတယ်”၊ “ပြောင်းလဲနေတယ်”လို့ ပြောနေဆိုနေတာတွေထဲက “အရွေ့တစ်ခု”၊ “ အပြောင်းအလဲတစ်ခု”ပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့။

တကယ်တော့ လွန်ခဲ့သော ဇူလိုင်လဆန်းပိုင်းမှာထုတ်ပြန်ခဲ့တဲ့“ဗိုလ်တင်အေးကော်မရှင်ရဲ့ညွန်ကြားချက်အမှတ် (၁/၂ဝ၁၄)” ဆိုတာ ဒီချုပ်ပါတီဥက္ကဋ္ဌရဲ့ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးသြဇာရှိမှုအပေါ် အဓိကပစ်မှတ်ထားတဲ့ကန့်သတ်တားမြစ်ချက် ဖြစ်ပါတယ်။ အခုတော့ “ကြားဖြတ်ရွေးကောက်ပွဲ”ကျင်းပပေးလိုက်ရင် ရရှိလာမယ့်ရလဒ်နဲ့အကျိုးဆက်တွေက ကြံ့ဖွံ့ပါတီအတွက် ဘယ်လိုမှ ကောင်းနိုင်စရာ အကြောင်း လုံးဝမမြင်လေတော့လို့ “ကြားဖြတ်ရွေးကောက်ပွဲ”ကို မကျင်းပတော့ဘူးဆိုပြီး ဖျက်သိမ်းလိုက်တာပဲဖြစ်မယ်။

ကြံ့ဖွံ့ပါတီဘက်ကကြည့်ရင် ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲ(၂ဝ၁၂)မှာ အပြတ်အသတ် ရှုံးခဲ့ပြီးပြီ။ ယခုတစ်ခါ ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ(၂ဝ၁၄)မှာလည်း တစ်ခါထပ်ပြီး ရှုံးပြန်ဦးမယ်ဆိုရင်(ရှုံးဖို့ကသေချာသလောက်ပဲ) အရပ်ရပ်နေပြည်တော် မြင်လို့ ကြားလို့ မတော်ဘူးဖြစ်မယ်။ နှစ်ကြိမ်နှစ်ကြိမ်ခါ ဝက်ဝက်ကွဲရှုံးရရင် ကြံ့ဖွံ့ပါတီကြီးအဖို့ သိပ်ရှက်ဖို့ကောင်းပြီ။ မနိုင် နိုင်အောင်ညစ်ရမယ် ဆိုရင်လည်း ဗိုလ်တင်အေးကော်မရှင်အဖို့ ပြည်တွင်းပြည်ပဝေဖန်မှုတွေ ပိုပြီးသည်းသန်လာအောင် ဖိတ်ခေါ်သလိုရှိတော့မယ်။ ညစ်ပြီး အနိုင်လည်းမရ၊ နာမည်လည်းပျက်မယ်ဆိုတဲ့လမ်းကို ကြံ့ဖွံ့ပါတီနဲ့ဗိုလ်တင်အေးကော်မရှင်တို့ အသေအချာတွက်ချက်မိခဲ့ကြပုံပေါ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲလောက်မှာ ညစ်ရတာ သိပ်မတန်ဘူးလို့တွက်ပုံလည်းရတယ်။ ဒီတော့ မဟန်နိုင်တဲ့ ဒီပွဲကို ဖျက်လိုက်တာသာ အကောင်းဆုံးဖြစ်တယ်ဆိုပြီး ဒီလမ်းကိုရွေးချယ်ခဲ့ကြဟန်တူပါတယ်။

ဒါ့အပြင် သူတို့ဖော်ထုတ်မပြောတဲ့ အခြားအချက်တစ်ခုကလည်း ဒီချုပ်ပါတီက ၂ နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ၂ ကြိမ်မှာ ၂ ကြိမ် စလုံး သူတို့အပေါ်အနိုင်ယူသွားတယ်ဆိုတဲ့အချက်ကို ပြည်တွင်းပြည်ပက ရှင်းရှင်းလင်းလင်းတွေ့မြင်၊ ကြားသိသွားစေချင်ပုံ မရဘူး။ ဒီအချက်က နိုင်ငံရေးအရကြည့်ရင် အရေးပါတယ်။ ဒီတော့ ရွေးကောက်ပွဲစနစ်တွေ၊ ရွေးကောက်ပွဲနည်းဥပဒေတွေ ရေပက်မဝင်အောင် စိတ်ကြိုက်ပြင်ဆင်ပြဋ္ဌာန်းပြီး ၂ဝ၁၅ မှာ ပွဲကြီးပွဲကောင်းနွှဲနိုင်ဖို့ သူတို့နောက်တစ်လှမ်းဆုတ်လိုက်ကြတဲ့ပုံပါပဲ။ အဲဒီအချက်ကို ဗိုလ်တင်အေးရဲ့စက်တင်ဘာလ ၇ ရက် ရှင်းလင်း ချက်၊ “အချက်အမှတ် ၆” ကို ဖတ်ကြည့်ရင် အရှင်းသားတွေ့ရပါလိမ့်မယ်။ (ရှင်းလင်းချက်ကို ပူးတွဲတင်ပေးထားပါသည်)

မကြာခင်မှာ “အချိုးကျကိုယ်စားလှယ်စနစ်”(PR) အပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ဖက်ပေါင်းစုံဖိနှိပ်ကန့်သတ်ရေးဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်လာလိမ့်မယ်။ အဲဒီတာဝန်တွေကို ဗိုလ်ရွှေမန်းနဲ့ဗိုလ်ခင်အောင်မြင့်တို့က သူတို့အပိုင်စားရာလွှတ်တော်တွေထဲမှာ ဖန်တီးလုပ်ဆောင်ကြလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှာလည်း စစ်ဗိုလ်လူထွက်တွေတိုးချဲ့ခန့်ထားရမယ်။ ဒါ့အပြင် အခြားတစ်ဖက်မှာလည်း အခြေအနေမဟန်တဲ့အခါ ရွေးကောက်ပွဲဖျက်သိမ်းနိုင်ဖို့ “ဘယ်ကလာမှန်းမသိတဲ့လူအုပ်တွေ”ကို လေ့ကျင့် သင်တန်းပေးရဦးမယ်။ သွေးထိုးရန်တိုက်ပေးရဦးမယ်။ ဒါမျိုးတွေဖြစ်လာမှ ဗိုလ်တင်အေးပါဝါတွေစိတ်ကြိုက်ပြပြီး ကန့်သတ်တားမြစ်နိုင်မှာ မဟုတ်လား။

ဒီလိုတားမြစ်နိုင်ဖို့ “၂ဝဝ၈ အခြေခံဥပဒေ” ၊ ရွေးကောက်ပွဲနည်းဥပဒေနဲ့ အခြားတည်ဆဲဥပဒေတွေနဲ့ လိုအပ်ရင်လိုအပ်သလို ထုတ်ပြန် ညွန်ကြား၊ ပိတ်ပင်၊ တားမြစ်၊ ကန့်သတ်နိုင်တဲ့အခွင့်အာဏာတွေ”နဲ့ ဗိုလ်တင်အေးစိတ်ကြိုက် ထင်ရာစိုင်းနိုင်ဖို့ ပေးထားပြီးသားဖြစ်တယ်။

“၂ဝဝ၈ အခြေခံဥပဒေ” ပုဒ်မ ၃၉၉ နဲ့ ပုဒ်မ ၄ဝ၂ တို့ဆိုတာဟာ ဗိုလ်တင်အေးအတွက် စိတ်ကြိုက်ထင်ရာစိုင်းနိုင်တဲ့ တချက်လွှတ် အာဏာတွေဖြစ်တယ် မဟုတ်ပါလား။

အခုလို “၂ဝဝ၈ အခြေခံဥပဒေ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွန်ကြားချက်၊ အခြားတည်ဆဲဥပဒေများ”စတဲ့ မတရားတဲ့ဥပဒေတွေ အတင်းအဓမ္မလွှမ်းမိုး၊ စိုးမိုးထားတဲ့အခြေအနေအောက်မှာ ဒီချုပ်ပါတီဥက္ကဋ္ဌကြီးပါးစပ်မှ “တရားဥပဒေစိုးမိုးရေး”ဆိုတဲ့စကားကို တွင်တွင်ကြီး ပြောနေ၊ ဆိုနေတာကိုတော့ ဘယ်လိုမှ နားမလည်နိုင်အောင်ပဲဖြစ်နေရပါတယ်။

“၂ဝဝ၈ အခြေခံဥပဒေ”နဲ့ အခြားဖိနှိပ်ကန့်သတ်ထားတဲ့ “တည်ဆဲဥပဒေ”ဆိုတာတွေ တည်ရှိနေသမျှကာလပတ်လုံး ဗိုလ်တင်အေးကို ဖယ်ရှားပစ်လိုက်ရုံ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ပြောင်းလဲရုံမျှနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။

စစ်အုပ်စုမှာ “၁၉၉ဝ ရွေးကောက်ပွဲရလဒ်” အသိအမှတ်မပြုဘဲ၊ ဖျက်သိမ်းပစ်တဲ့အတွေ့အကြုံ၊ “ကြိုတင်မဲ”တွေနဲ့ အနိုင်ယူထားဖူးတဲ့ “၂ဝ၁ဝရွေးကောက်ပွဲ”အတွေ့အကြုံ၊ ယခုတဖန် သူတို့ရှုံးမှာသေချာနေတဲ့ “ရွေးကောက်ပွဲ”ကို ဖျက်သိမ်းပစ်တဲ့ အတွေ့အကြုံတွေ ရှိထားပြီးပြီဖြစ်ပါတယ်။

မနိုင်/နိုင်အောင် ညစ်နည်မျိုးစုံနဲ့အနိုင်ပိုင်းတတ်ပြီး၊ သူတို့နိုင်ဖို့ မသေချာတဲ့အခါ ပွဲဖျက်တတ်တဲ့ ပတ်မကြီးထိုးဖောက်ဖို့ ဘယ်တော့မှ လက်မရွံတဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်ခင်အောင်မြင့်၊ ဗိုလ်တင်အေး၊ ဗိုလ်မင်းအောင်လှိုင်တို့ စစ်အုပ်စုနဲ့ “၂ဝဝ၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေ” ဆိုတာတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရလိမ့်မယ်။
(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)

Wednesday, September 10, 2014

၂ဝ၁၄ စက်တင်ဘာအဆန်းမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ စက်တင်ဘာအဆန်းမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
(အမျိုးသားရေးမောင်စွမ်းရည်)
ရိုဟင်ဂျာမရှိဘူးလို့ စစ်တပိုင်းအစိုးရက အာဘော်ဖန်တီးတော့ အမေရိကန်ရောက် ကဗျာဆရာကြီးမောင်စွမ်းရည်လည်း ရိုဟင်ဂျာမရှိဘူးဆိုပြီး ထအော်တယ်။ မရှိဘူးအော်ရုံနဲ့တင်အားမရဘူး လိုအပ်ရင်လက်နက်စွဲကိုင်တိုက်ရမယ်ဘာညာနဲ့ နူးယော့ခ်ကနေ အမျိုးသားရေးလက်မောင်းကြွက်သား ညှစ်ပြလိုက်သေးတယ်။
ခု စစ်တပိုင်းအစိုးရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိဒုက္ခသည်စခန်းတွေက ဗမာပြည်သားရိုဟင်ဂျာတွေကို စိစစ်ပြီးပထမအသုတ် ပြန်လက်ခံဖို့သဘောတူလိုက်တော့ ဘယ်လမ်းကိုသွားမလဲ ဆရာစွမ်း။ တခါတုန်းက တယောက်သားပြောခဲ့ဖူးသလို လာလမ်းကိုများလား။

ခု ရိုဟင်ဂျာတွေကို ပြန်လက်ခံတာလည်း သွေးရိုသားရိုးဖြစ်တယ်လို့ပြောဖို့စောသေးတယ်။ ဘာအကွက်ချပြီး ဘယ်လိုကစားဦးမလဲတော့ မပြောတတ်သေးဘူး။ ရိုးရိုးသားသားမဟုတ်ဘူးလို့တော့ပြောနိုင်တယ်။ အမျိုးသားရေးမို့ တပ်မတော်နဲ့လက်တွဲတိုက်မယ်တို့ဘာတို့ဆိုပြီး စစ်တပ်ကြိုက်လုံးနဲ့ ဝင်ဖျာခင်းတဲ့မောင်တွေလည်း ခုတော့ စစ်ဗိုလ်တွေသေးခွက်ထဲ ပက်လက်မျော။

(အတူတူ ဒါပေမယ့် အနူနူမဟုတ်)စူပါစတီးရှင်းန်းခြင်းအတူတူ
လက်ပတောင်းတောင်ပြည်သူတွေနဲ့အတူ
တပြည်လုံးကမြေသိမ်းခံလယ်သိမ်းခံပြည်သူတွေရဲ့ကျိန်စာတိုက်ပွဲကို နားလည်သိမြင်ခံစားပေးလို့ရတယ်။
သူတို့ဘဝတွေအသိမ်းခံရတဲ့ပွဲမို့
မနိုင် နိုင်ရာနဲ့လုပ်မယ်ဆိုပြီး ကြံရာမရတဲ့အဆုံး
အားကိုးတကြီးထလုပ်ကြတဲ့သဘောမျိုးထက်
နိုင်ငံရေးအရတိုက်ပွဲဆင်မှုတခုသဘော ပိုကဲတယ်လို့ မြင်တယ်။

စံလင်းတို့ ခေါင်းလောင်းနဂါးကိစ္စမျိုး၊
အဝေးပြေးလမ်းပေါ်က မကျွတ်လွတ်သေးတဲ့တစ္ဆေသူရဲကိစ္စမျိုးတွေကြတော့
လူထုကို အသိဉာဏ်၊ တွေးခေါ်မြော်မြင်မှုနဲ့
ကမ္ဘာကြည့် ကြည့်မြင်တတ်မှုတွေပိတ်ဆို့ကာဆီးဖို့၊
အယူသီးအစွဲလမ်းကြီးမှုနွံထဲမှာနှစ်ထားဖို့
မှိုင်းတိုက်ခြင်းသက်သက်မျှလို့မြင်တယ်။

(မကွေးကျောင်းက အောက်ကလိအာ)
"အဲ့ဒီ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂကနေ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံတွေကိုပို့လိုက်"...တို့။ "တို့နိုင်ငံမှာ ဒီပြဿနာတွေဖြစ်နေတာမမြင်ချင်ရင် အဲ့ဒီလူတွေကို မင်းတို့နိုင်ငံခေါ်သွားပေါ့"..တို့ဆိုပြီး ဗိုလ်သိန်းစိန် ဉာဏ်တိမ်တိမ်နဲ့ လူရမ်းကားဆန်ဆန်ပြောလိုက်တော့ "သမ္မတကြီးကိုထောက်ခံပါတယ်"ဘာညာနဲ့ ဘုန်းကြီးဆိုးဘုန်းကြီးမိုက်တွေ သောင်းချီပြီး လမ်းပေါ်ထွက်လာကြတယ်။ ဘာ ဆန္ဒပြခွင့်မှမပါဘူး။ ဘာအရေးယူမှုမှ မရှိဘူး။ ဒါမှ တို့သမ္မတကြီး၊ ဒါမှ တို့ဘုန်းကြီးကွဆိုပြီး ပုလင်းတူဗူးဆို့တွေ ဆရာဒကာညီညွတ်ခဲ့ကြတယ်။ ခု ဗိုလ်သိန်းစိန်တို့က ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ စစ်အစိုးရဒဏ်မခံနိုင်လို့ သွားခိုလှုံနေကြရတဲ့ ဗမာပြည်သားရိုဟင်ဂျာတွေကိုစိစစ်ပြီး လက်ခံနေပြီ။ နောက်လည်း ထပ်စိစစ်လက်ခံသွားမယ်လို့လည်းဆိုရော မကွေးကျောင်းဆရာတော်လို့ဆိုတဲ့ဘုန်းကြီးပဲ အသံသေးသေး ကြောင်ကြောင်နဲ့ မရဲတရဲလေးထွက်လာတာတွေ့တယ်။ အဲ့ဒီအသံထွက်လာကို ထောက်ခံခြင်း ကန့်ကွက်ခြင်းနဲ့ ပြောနေတာမဟုတ်ပါ။
(ဖတ်ကြည့်ဖို့ စခရင်န်ရှော့တ် တွဲပေးထားပါတယ်)
စစ်အုပ်စုကိုထောက်ခဲတဲ့ပွဲမျိုးလုပ်လို့ကတော့ ဘုန်းကြီးမိုက်တွေသောင်းချီမဟုတ်ဘူး သန်းချီလာလည်းကြိုက်တယ် ဘာခွင့်ပြုမိန့်မှမလိုဘူး။ အေး.. သူတို့ကို ဆန့်ကျင်တဲ့ပွဲမျိုး လူထုဘက်ကရပ်တည်တဲ့ပွဲမျိုးသာလုပ်ကြည့်။ ဘာဖြစ်မလဲ သိချင်ရင် မဂ္ဂင်ဆရာတော်ကြီးတို့ တိပိဋကဆရာတော်ဦးသုမင်္ဂလတို့၊ ရှင်ဂမ္ဘီရတို့ကနေ လက်ပန်းတောင်တောင်အရေးမှာ မီးသင်္ကန်းအကပ်ခံရရှာတဲ့ ကိုယ်တော်တွေအထိ ကြည့်ပါ။
လူတွေ လှူတန်းတဲ့ဆွမ်းကိုစားပြီး လူထုဆန့်ကျင်ရေးလုပ်ရင်၊ ထမင်းရှင်ကို၊ ကျေးဇူးရှင်ကိုပြစ်မှားရင်၊ လူထုကိုဖိနှိပ်နေတဲ့ အစိုးရဘက်ကရပ်ရင် ဘာဖြစ်မလဲလည်းတွေးကြည့်စရာတောင် လိုမယ်မထင်ပါ။ ခု အစိုးရဆန့်ကျင်ရေး ထွက်မလုပ်ရဲတာ စစ်အုပ်စုရန် ကြောက်လို့မလုပ်မှန်း လူတိုင်းသိတယ်။ အစိုးရကိုကြောက် ကြောက်တယ် ရဲရဲဝန်ခံပါ။ “လူသားခြင်းစာနာရမယ်တို့၊ လူတိုင်းအပေါ် မေတ္တာ အညီအမျှထားရမယ်”တို့ဆိုတဲ့စကားမျိုးကို
လူသတ်အမုန်းတရားဖြန့်ချိ အစွန်းရောက်အကြမ်းဖက်ဘုန်းကြီးတွေနဲ့ လူတွေဆီကကြားရတော့ ခွေးပါးစပ်ကနတ်စကားထွက်တာဆိုတဲ့ဆိုရိုးကို သတိရမိတာပါပဲ။
ဒီရိုဟင်ဂျာတွေပြန်လက်ခံတဲ့ကိစ္စနဲ့စပ်လို့ စစ်အုပ်စုဆန့်ကျင်ရေးလုပ်ရမယ်/မလုပ်ရဘူးတို့၊ လုပ်သင့်တယ်/ မလုပ်သင့်ဘူးတို့ ပြောနေတာမဟုတ်ပါ။ အဲ့ဒါကို သေချာနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်အုပ်ကို စစ်ဝါဒီ၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်အရင်းရှင်၊ စစ်လက်ဝါးကြီးအုပ်ဖိနှိပ်သူမှန်း အတွေးအခေါ်အရ သဘောတရားအရသိမြင်ပြီး အပြီးတိုင်ဖျက်သိမ်းဖို့ ဆန့်ကျင်တိုက်ခိုက်သွားဖို့ပဲလိုတာ။
ခုရိုဟင်ဂျာတွေ ပြန်လက်ခံတဲ့ကိစ္စကလည်း သွေးရိုးသားရိုး လူသာခြင်းစာနာစိတ်နဲ့ဖြစ်နေတာ မဟုတ်ဘူး။ အစိုးရရွှေ့နေတဲ့ဇယားပဲ။ ကစားနေတဲ့အကွက်ပဲ။ လိုအပ်ရင် ရိုဟင်ဂျာမှမဟုတ်ဘူး ဘုန်းကြီးလည်း ထိုးကြွေးပစ်ခဲ့တာချည်းပဲ။ အဲ့ဒါ စစ်အုပ်စုသန္ဓေပဲ ဉာဉ်ပဲ စရိုက်ပဲ လုပ်ရိုးလုပ်စဉ်ပဲ။


တကယ်ပြောင်းလဲနိုင်မယ့်လမ်း - ညွန်ပြ - ဦးဆောင်ပါ (တူမောင်ညို)

0 comments
လွတ်လပ်ရေးရပြီးစကတည်းက ဗမာပြည်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တာ ဒီကနေ့အထိ ပြည်တွင်းစစ်ကြီးဖြစ်နေဆဲပါ။ ပြည်တွင်းစစ်ဆိုတာ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးပြဿနာပဲဖြစ်ပါတယ်။ ဒီပြဿနာကို ဒီနေ့ထိ မဖြေရှင်းနိုင်သေးပါဘူး။ ဒီအခြေခံပြဿနာကြီး မပြေလည်သေးသမျှ ဗမာပြည်ပြောင်းလဲနေပြီလို့ပြောနေတာဟာ လိမ်ညာပြောဆိုတာမဟုတ်ရင်၊ လှည့်ဖျားပြောဆိုတာပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုမှမဟုတ်သေးဘူးဆိုရင်လည်း တစုံတခုသောအကျိုးစီးပွားအတွက်မြော်မြင်ပြီး(အဂတိ တမျိုးမျိုးနဲ့)ကြံရွယ်ပြောဆိုနေတာပဲ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဗမာပြည်မှာ လွတ်လပ်ရေးရစကနေ ကနေ့အထိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးအတွက်ဦးတည်တဲ့ တိုးတက် ပြောင်းလဲမှုဆိုတာ တစ်ခါဆို တစ်ခါမှမရှိခဲ့ပါဘူး။ အုပ်စိုးသူအစိုးရတွေသာ တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားခြင်းသာရှိခဲ့၊ ဖြစ်ခဲ့ပါတယ်။
လက်ရှိပြောဆိုနေကြတဲ့ “အပြောင်းအလဲ”ဆိုတာကလည်း တကယ်တော့ စစ်ဗိုလ်တွေ အရပ်ဝတ်လဲတဲ့အပြောင်းအလဲ၊ စစ်အုပ်စုကို “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ၊ လွှတ်တော်” စတဲ့ အဖုံးအကာတွေနဲ့ ကိုယ်ရောင်ဖျောက်ပေးတဲ့၊ အလှခြယ်ပေးတဲ့အပြောင်းအလဲကလွဲပြီး ဘာအပြောင်းအလဲမရှိခဲ့ပါဘူး။
အမေရိကန်၊ အီးယူ၊ ဂျပန် နဲ့ အိမ်နီးချင်းတရုတ်ပြည်တို့က “ဗမာပြည်ပြောင်းလဲနေပြီ၊ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အပြောင်းအလဲ တကယ်လိုလားတယ်” စသဖြင့် ဘာဘာ၊ညာညာ ပြောဆိုနေကြတာကလည်း သူတို့အကျိုးစီးပွားနဲ့အညီ၊ နိုင်ငံတကာဆက်ဆံရေး အနေအထားတစ်ခုအရ ပြောဆိုနေကြတဲ့သဘောပါ။ ဒီအပေါ်မှာ မျှော်လင့်ချက်ကြီးပြီး အတွက်အချက်မှားကြရင်တော့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစပျောက်နေကြဦးမှာဘဲဖြစ်ပါတယ်။
ဒါကြောင့် ဘာမှမပြောင်းလဲပါဘူး။ စစ်အုပ်စုဟာ စစ်အုပ်စုပါပဲ။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်စနစ်ပါပဲ။ ဗိုလ်နေမြဲကျားနေမြဲမို့ ရှေ့တက်ဖို့လည်းမရှိသလို၊ နောက်ပြန်ဆုတ်စရာလည်း အကြောင်းလည်းမမြင်မိပါဘူး။

-“ကျမတို့နိုင်ငံရဲ့ တကယ့်ပကတိအခြေအနေ၊ ဒီနိုင်ငံဟာ တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေသေးတာမဟုတ်ဘူးဆိုတာကို ထင်ရှားအောင်လို့၊ သိသာအောင်လို့၊ ကျမတို့ စာပေအနုပညာရှင်တွေကလည်း ဝိုင်းပြီးတော့ကူညီကြဖို့လိုပါတယ်”။
-“ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေမှာ ကျွန်မတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ လုပ်သင့်သလောက်မလုပ်သွားဘူးဆိုတာ ဒါလည်း ဝန်ခံပါတယ်” တဲ့။
သြဂုတ်လ ၂၅ ရက်နေ့က စာပေအနုပညာရှင်များနဲ့ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဒီချုပ်ပါတီဥက္ကဋ္ဌက “အကူအညီတောင်းခံခြင်းတစ်ဝက်၊ ဝန်ခံခြင်းတစ်ဝက်”ပါတဲ့ အထက်ပါစကားတွေကို ပြောသွားပါတယ်။

“၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ” အထင်အရှားတည်ရှိနေပါတယ်။ ဒါပေယ့် ဒီအခြေအနေကို ကိုယ်တိုင် ကလည်း ရွေးချယ်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူအများက လေးစားချစ်ခင်ယုံကြည်တဲ့ခေါင်းဆောင်တစ်ဦးက “တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေသေးတာမဟုတ်ဘူး”ဆိုတဲ့ အကဲဖြတ်ချက်ကို “အရှိကို အရှိအတိုင်း” ပွင့်ပွင့်လင်းလင်း ပြောသွားတာဖြစ်လို့ အလေးထား မှတ်သားထားစရာကောင်းပါတယ်။
ဒါပေမယ့် ဒီချုပ်ပါတီဥက္ကဋ္ဌဟာ စကားကိုတစ်ဝက်ပဲပြောသွားတယ်လို့ ကျနော်ထင်မြင်ယူဆနေမိပါတယ်။
တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဘယ်လိုအခြေခံတွေလိုတယ်၊ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်း ကြမှသာ တိုင်းပြည်နဲ့လူထု သက်သာကောင်းမွန်မယ်၊ ဒီလိုအခြေခံတွေမရှိဘဲ။ လက်ရှိပုံစံနည်းလမ်းတွေနဲ့ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် တိုင်းပြည်နဲ့လူထုအတွက် ဘယ်လိုဆိုးကျိုးတွေ ကြာရှည်သက်ရောက်နေစေလိမ့်မယ်။ ဒါကြောင့်တိုင်းပြည်နဲ့လူထုအကျိုးကိုဦးတည်တဲ့ ဟောဒီလမ်းကြောင်းကို တိုင်းပြည်နဲ့လူထုက ကျွန်မတို့ပါတီနဲ့အတူ ဦးထမ်းပဲ့ထမ်း၊ ညီညီညွတ်ညွတ်၊ တည့်တည့်မတ်မတ်လျှောက်လှမ်း ကြပါဆိုတဲ့ ဦးဆောင်မှုပေးတဲ့၊ လမ်းပြတဲ့စကား (ပညာရှိ သတိဖြစ်ခဲဆိုတာလို) တစ်ဝက်ကျန်နေခဲ့တယ်လို့ ယူဆမိပါတယ်။

ဦးထွန်းမြင့်(တောင်ကြီး) က (a leader must lead) “ခေါင်းဆောင်ဟာ ခေါင်းဆောင်ရမယ်”ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားတစ်ခွန်းကို ဒေါ်အောင်ဆန်းစုကြည်ထံပေးတဲ့ စာတစ်စောင်မှာ ထည့်သွင်းရေးသားဖူးပါတယ်။
လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်နေရာ ရောက်ရှိနေသူဟာ တိုင်းပြည်နဲ့လူထုကို ခေါင်းဆောင်ရမှာပါ။ ဒီမိုကရေစီလမ်းကြောင်း /ပြည်တွင်းငြိမ်းချမ်းရေးလမ်းကြောင်း/ အမျိုးသားသွေးစည်းညီညွတ်ရေးလမ်းကြောင်း/ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားသား ဦးဆောင်ညွန်ပြရမှာပါ။ စာပေအနုပညာရှင်များအပါဝင် အခြားသောပညာရပ်နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်များရဲ့သဘောထားအမြင်တွေ၊ အကူအညီတွေကိုတောင်းခံတာ၊ စုစည်းတာကတော့ သီးခြားကိစ္စရပ်တပိုင်းပေါ့။
တိုင်းသူပြည်သားတွေ၊ နိုင်ငံသူနိုင်ငံသားတွေမှာ တာဝန်ရှိသလိုပါပဲ။ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်အနေအထား ရောက်ရှိနေသူတွေမှာလည်း တိကျရှင်းလင်းပြီး ပြတ်သားတဲ့ဦးဆောင်မှုပေးဖို့ ပိုပြီးတာဝန်ရှိပါတယ်။ သင်္ဘောဆိုတာ မုန်တိုင်းထန်တဲ့ သမုဒ္ဒရာခရီးကြမ်းကြီးတွေကို ဖြတ်သန်းတဲ့အခါမှာ မာလိန်မှူးကောင်းလိုတယ်။ တက်ကြွရဲရင့်တဲ့ လှေလှော်သား/လှေထိုးသားတွေလည်း လိုအပ်ပါတယ်။ လှေလှော်သား/လှေထိုးသားတွေချည်းပဲ လှော်နေ/ထိုးနေလို့ ရည်မှန်းချက်ခရီးကို ဖြောင့်ဖြောင့်တန်းတန်း ဘယ်လို ရောက်ရှိ နိုင်မှာလဲ။ မာလိန်မှူးရဲ့ မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်ဆုံးဖြတ်မှုနဲ့ ပြတ်သားတဲ့ညွန်ပြမှုလိုအပ်ပါတယ်။

“သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လိမ့်ကာသာ ဓမ္မတာတည်း”ဆိုတာ သူနဲ့သူ့ဘုရင်သခင်အကြားက အဖြစ်ကို အနန္တသူရိက သူ့ခေတ်သူ့အမြင်၊ သူ့ခံစားချက်၊ သူ့အတ္တတစ်ခုတည်းကိုသာ ဗဟိုပြုပြီးရေးတာမို့ပါ။ ပဒေသရာဇ် မင်းခစား မှူးမတ်တစ်ဦးရဲ့ “ပဲ့ပြားပင်ပေါ်လစီ ကျင့်ခဲ့မိတဲ့ နောင်တသံဝေဂ”သာဖြစ်ပါတယ်။
အနန္တသူရိယလို မျက်ဖြေလင်္ကာတွေ ဒီကနေ့ခေတ်မှာလည်း ရေးသားဆက်သွင်းနေကြဆဲပါပဲ။ ခေတ်ချင်းမတူညီကြတော့လို့သာ အရေးအသားတွေကွာခြားသွားပေမယ့် အနှစ်သာရကတော့အတူတူပါပဲ။
ဗိုလ်အောင်ကြီးရဲ့ “စာတိုစာရှည်တွေ” ဟာ ဗိုလ်နေဝင်းထံဆက်သွင်းတဲ့ “အမျက်ဖြေလင်္ကာ”တွေပါပဲ။ ဗိုလ်ထွန်းကြည်ရဲ့“နှစ်(၅၀) ကျော်ကိုယ်တွေ့များ”ဆိုတဲ့ ပေရှည်ထားတဲ့စာအုပ်တွဲတွေဟာ ဗိုလ်သန်းရွှေစစ်အုပ်စုထံဆက်သွင်းတဲ့ ဗိုလ်ထွန်းကြည်ရဲ့ခေတ်သစ် မျက်ဖြေလင်္ကာတွေ၊ အသနားခံစာတွေဖြစ်ပါတယ်။ ဗိုလ်ထွန်းကြည်နာကျည်းချက်ထားသူဆိုလို့ “ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးဂိုဏ်း”ပဲ ရှိတာပါ။ ပြည်သူ့အကျိုးစီးပွားဘက်ကရပ်တည်ပြီးဖြစ်ရတဲ့ ပဋိပက္ခမဟုတ်ပါဘူး။ စစ်အုပ်စုတွင်းက အာဏာစားခွက်လုတဲ့/ ဂိုဏ်းတိုက်ပွဲ /အုပ်စုတိုက်ပွဲသာဖြစ်ပါတယ်။ ဒါကြောင့် သေချာအောင် သူတို့အမြောက်တပ်ဆောင်ပုဒ် “once a gunner always a gunner”ကို ကိုးကားပြီး ဘယ်တော့မဆို “စစ်အုပ်စုရဲ့ထာဝရသစ္စာခံ/အရှင့်သစ္စာခံပါ” လို့ ရေးပါတယ်။ ပြောပါတယ်။ ဒီချုပ်ပါတီထဲ ရောက်သွားတဲ့ “တပ်မှူးကြီးဟောင်းများ”ကိုလည်း စစ်အုပ်စုကို မပြစ်မှားဖို့၊ သူ့လိုသစ္စာရှိကြဖို့ တရားပြ/ချထားပြီး၊ ၁၉၈၈ ခုနှစ်မှာ (မဆလ) ပါတီနဲ့အစိုးရ ပြုတ်ကျရတာဟာ “နွားကွဲလို့ ကျားကိုက်ခံရတာပါ”လို့ ဗိုလ်ထွန်းကြည်က ဝန်ခံထားပါတယ်။ (တတိယတွဲ၊ နှာ ၂၅၉ -၂၆၀)

တကယ်တော့ ဟစ်တလာ၊ တိုဂျို၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ တကိုယ်ချမ်းသာကိုယ်ဖို့ရှာတော့ ပြည်သူအပေါင်းဆင်းရဲကြောင်း ဖြစ်ခဲ့တာတွေကတော့ ရွံမုန်းနားကျည်းဖွယ်အတိပြီးတဲ့ ပကတိအမှန်တရားပါ။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုတစ်သိုက် ထားစရာမရှိအောင် ကြီးပွားချမ်းသာလာတာနဲ့အမျှ ကျနော်တို့တိုင်းပြည်ဟာ အဆင်းရဲဆုံးတိုင်းပြည်(LDC)ဘဝ၊ ပြည်သူတွေ ဖွတ်ကျော ပြာစု၊ ခရုဆံကျွတ်ဘဝကျရောက်သွားခဲ့ရတယ် မဟုတ်ပါလား။
သူတို့ဟာ အာဏာကြောင့် ကြွယ်ဝချမ်းသာလာခဲ့ကြပြီး၊ သူတို့ရဲ့သားစဉ်မြေးဆက်ကြွယ်ဝချမ်းသာမှုတည်တံ့ခိုင်မြဲမှုအတွက် အာဏာကို လက်မလွှတ်လိုကြပါဘူး။ သူတို့ဟာ သူတို့သိမ်းယူထားတဲ့အာဏာနဲ့ ပြည်သူလူထုကို ဖိနှိပ်သွေးစုပ်ပါတယ်။ ဒီလိုဖိနှိပ်သွေးစုပ်လို့သာ ချမ်းသာလာတာပါ။ ပြည်တွင်းစစ်ကြီးရှည်ကြာခဲ့ပြီး ပြည်သူတွေက ဆင်းရဲတွင်းနစ်သထက်နစ်ရကာ အုပ်စိုးသူစစ်အုပ်စုကတော့ မိုးထိအောင်ချမ်းသာကြွယ်ဝနေတာကို ဘယ်လိုသူတော်ကောင်းတွေက “မုဒိတာထားနေ/ပွားနေကြပါသလဲ”။
သူတို့ ကုသိုလ်ကံနဲ့ သူတို့၊ ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုပြီး မုဒိတာပွားနိုင်ကြတယ်၊ မေတ္တာထားနိုင်ကြတယ်၊ ခွင့်လွှတ်သည်းခံ နိုင်ကြတယ်ဆိုရင် အဲဒီလိုလူတွေဟာ အနှစ်နှစ်အလလ နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ခံစားနေကြရတဲ့ပြည်သူတွေရဲ့သောက၊
ဒုက္ခအဝဝကို ရက်ရက်စက်စက် လျစ်လျူရှူရက်နိုင်သူတွေပဲဖြစ်ပါလိမ့်မယ်။
ပြည်သူတွေဆင်းရဲမွဲတေနေကြရတာဟာ အုပ်စိုးသူအဆက်၊ စစ်အုပ်စုအဆက်ဆက်ရဲ့ပုံစံမျိုးစုံနဲ့ ဖိနှိပ်သွေးစုတ်မှုတွေကြောင့်ပါ။ ဒီလိုဖိနှိပ်သွေးစုတ်မှုတွေကို အကုန်အစင် တွန်းလှန်ပယ်ရှားနိုင်မှသာ ပြည်သူတွေဘဝတကယ်တန်း လွတ်မြောက်နိုင်မှာပါ။ တကယ့် အပြောင်းအလဲဟာ အဲဒီတော့မှပေါ်ထွက်နိုင်လာမှာပါ။ ပြည်သူတွေရဲ့ တကယ့်အပြောင်းအလဲအတွက် ဦးဆောင်လမ်းပြစေလိုပါတယ်။
လူမျိုးပေါင်းစုံပြည်သူတွေဟာ တီထွင်ဖန်တီးမှုရှိသော၊ ဒုက္ခနဲ့အခက်အခဲကို အလံမလှဲစတမ်းရင်ဆိုင်ဖြတ်ကျော်ဝံ့သော သူရဲကောင်း ပြည်သူတွေလည်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေကတော့ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားမှာပါ။ ပြည်သူတွေကတော့ အစဉ်ထာဝရတည်ရှိနေမှာပါ။ ပြည်သူတွေရဲ့သမိုင်းကို ပြည်သူတွေကပဲဖန်တီးကြရတာ မဟုတ်ပါလား။

တကယ်ပြောင်းလဲနိုင်မယ့်လမ်း - ညွန်ပြ - ဦးဆောင်ပါ (တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်)

နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ကံကြမ္မာဟာ ဗိုလ်တင်အေးလက်ခုပ်ထဲမှာ

0 comments
နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ကံကြမ္မာဟာ ဗိုလ်တင်အေးလက်ခုပ်ထဲမှာ
အခြေအနေက ဒိုင်အကြီးအကျယ်လျှော်ရမယ့်ပွဲ။ ထိုးသားတွေကလည်း တစ်ကွက်ထဲ အပိုင်ပုံအောထားကြတယ်။ ဖဲသုံးချပ်ဒိုင်ကလည်း သူအရှုံးကြီးရှုံးတော့မယ်ဆိုတာ အတွေ့အကြုံအရ ကောင်းကောင်းသိနေပြီ။ ထွက်ပေါက်ကလည်း တခြားမရှိတော့ဘူး။ ဒီတော့ ဖဲသုံးချပ်ဒိုင်ဟာ စားပွဲပေါ်ဓါးမြှောင်စိုက်တဲ့ လူမိုက်နည်းသုံးပြီး ဒီပွဲကိုမပျက် ပျက်အောင် ဖျက်ရတော့တာပေါ့။

မကြာမီ “ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမယ်” လို့ လွှတ်တော်ထဲမှာ သူကိုယ်တိုင်ဖြေကြားပြောဆိုထားတဲ့ ဗိုလ်တင်အေးလည်း ဖဲသုံးချပ်ဒိုင်လိုပဲ “ ကြားဖြတ်ရွေးကောက်ပွဲ” ဖျက်သိမ်းလိုက်ပြီ။

တကယ်တော့ နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ကံကြမ္မာဟာ ဗိုလ်တင်အေး လက်ခုပ်ထဲမှာရှိတာပါ။ “၂၀၀၈ အခြေခံဥပဒေ” ၊ ပုဒ်မ ၃၉၉ နဲ့ ပုဒ်မ ၄၀၂ တို့ဆိုတာဟာ ဗိုလ်တင်အေး စိတ်ကြိုက်စီရင်ပိုင်ခွင့်တွေ ဖြစ်တယ်။

တချို့တွေ ပြောနေကြသလို၊ ထင်မြင်ယူဆနေကြသလို “ဗိုလ်တင်အေးကော်မရှင်”ဖျက်သိမ်းပြီး အခြားကော်မရှင်တစ်ခုနဲ့အစားထိုးရုံလောက်နဲ့ လုံးဝမဖြစ်နိုင်ဘူး။ “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှ “လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ”ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံရေး၊ စည်းရုံးဖွဲ့စည်းနဲ့ဘဏ္ဍာရေး အဖက်ဖက်က အမှီအခိုကင်းပြီး၊ လွတ်လပ်နေရမယ်။ ဗိုလ်တင်အေးကော်မရှင်က ငြိုငြင်မှာကို တထိထ်ထိတ်နဲ့စိုးရိမ်သောကပွားနေရတဲ့ နိုင်ငံရေးပါတီဘဝမျိုးတော့ ဘယ်လိုမှ မဖြစ်သင့်/မဖြစ်ထိုက်ပါဘူး။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ နေ့စွဲနဲ့ ထုတ်ခဲ့တဲ့ “ဗိုလ်တင်အေးကော်မရှင်”ရဲ့ညွန်ကြားချက်အမှတ် (၁/၂၀၁၄) ဆိုတာဟာ “ကြားဖြတ်ရွေးကောက်ပွဲ”မှာ သူတို့ ကြံ့ဖွံ့ပါတီ ပြတ်ပြတ်သားသားအရေးသာနိုင်ဖို့ အသေအချာပြင်ဆင်ခဲ့တဲ့ ခြေလှမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီခြေလှမ်းတွေ၊ ဆင်ကွက်တွေ ထွက်ပေါ်လာတော့လည်း နိုင်ငံရေးပါတီတွေဘက်က အကျိုးအကြောင်းပြပြီး ကော်မရှင်ထံ ကန့်ကွက်အရေးဆိုခဲ့ကြပြီပဲ။ အခုလည်း ဒီခြေလှမ်းတွေနဲ့တင် အရေးမလှတော့လို့ “ကြားဖြတ်ရွေးကောက်ပွဲ”ကို ကမန်းကတန်း ဖျက်သိမ်းပစ်လိုက်တာာပဲဖြစ်တယ်။

မနိုင်မယ့် “၂၀၁၄ကြားဖြတ်ရွေးကောက်ပွဲ”မနွှဲတော့ဘူး။ ၁၉၉၀ မှာ တစ်ခါ၊ ၂၀၁၂ မှာ တစ်ခါ ရှုံးထားဖူးတဲ့အတွေ့အကြုံ ရှိထားပြီ။ ၂၀၁၅ ပွဲကြီးအတွက် အတိတ်ကရှုံးပွဲတွေကိုသုံးသပ်ပြီး ပိုင်မယ့်နိုင်မယ့်သတ်ကွင်းမှာ ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီး ပြင်ဆင်ရွေးချယ်တိုက်မယ်။

ဗိုလ်တင်အေးရဲ့ စက်တင်ဘာ ၇ ရက်၊ ရှင်းလင်းချက် “အချက်အမှတ် ၆” အရဆိုရင်တော့ ၂၀၁၅ မှာ “အချိုးကျ ကိုယ်စားပြုစနစ်” (PR) ဆိုတာ မုချပေါ်ပေါက်လာမှာ သေချာသလောက်ဖြစ်နေပြီ။ ဒါ့အပြင် နိုင်ငံရေးပါတီအတွက် ရွေးကောက်ပွဲကော်မရှင်ကထပ်မံရေးသားအုံးမယ့် ခလုတ်ကန်သင်းအသစ်တွေ၊ ထောင်ချောက်အသစ်အဆန်းတွေ ပေါ်လာဖို့ကလည်း အသေအချာပါပဲ။

“၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ နိုင်ငံရေးပါတီများနဲ့ရွေးကောက်ပွဲတွေရဲ့ကံကြမ္မာဟာ (ဗိုလ်တင်အေး မရှိတော့ရင်တောင်မှ) နောက်လာမယ့် မောင်ပုလဲကော်မရှင်လက်ထဲမှာ ရှိမြဲရှိနေပါလိမ့်မယ်။

“နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်သည်”တဲ့။ ထိုအာဏာကို (၄ နှစ်သို့မဟုတ် ၅ နှစ် တကြိမ်) ရွေးကောက်ပွဲများကျင်းပ၍ ရယူရမယ်တဲ့။ အခုတော့ ထိုရွေးကောက်ပွဲများကျင်းပခြင်း/ဖျက်သိမ်းခြင်းတို့အတွက် တချက်လွှတ်အာဏာကို ဗိုလ်တင်အေးက ပိုင်ဆိုင်နေပါကလား။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “၂၀၀၈ အခြေခံဥပဒေ”အရ အချိန်မရွေးအာဏာသိမ်းနိုင်သလို၊ ဗိုလ်တင်အေးကလည်း “၂၀၀၈ အခြေခံဥပဒေ”အရ ရွေးကောက်ပွဲတွေကို အချိန်မရွေးကျင်းပစေနိုင်တယ်/ဖျက်သိမ်းပစ်နိုင်တဲ့ အာဏာပိုင်တယ်။

ဒီတော့“၂၀၀၈ အခြေခံဥပဒေ”ကို ပြင်ဆင်ရုံလောက်နဲ့ မရနိုင်၊ အကုန်အစင်ဖျက်သိမ်းရလိမ့်မယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။

Friday, September 5, 2014

ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားသောအမျိုးသားပညာရေးဥပဒေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်

0 comments


ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားသော အမျိုးသားပညာရေးဥပဒေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက် ။ ရက်စွဲ ။ ။ သြဂုတ်လ (၂ဝ) ရက် ၊ ၂ဝ၁၄ ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် အစိုးရအဖွဲ့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သော အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို အကြိမ်ကြိမ် ထောက်ပြဝေဖန်ကန့်ကွက်ခဲ့ပြီး အတည်မပြုရန် တိုက်တွန်းပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ဗကသများအဖွဲ့ချုပ်အနေဖြင့် မိမိတို့တစ်ဖွဲ့တည်းသော်လည်းကောင်း၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ၏ အခြားအဖွဲ့ဝင်များဖြင့်လက်တွဲ၍သော်လည်းကောင်း ယင်းဥပဒေ(မူကြမ်း)ကို ထုတ်ဖော်ကန့်ကွက်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ဝေဖန်ကန့်ကွက်နေသည့်ကြားမှ အငြင်းပွားဖွယ်ရာဖြစ်နေသည့် အမျိုးသားပညာရေးဥပဒေကြမ်းကို ၃၁.၇.၂ဝ၁၄ တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။ ကျောင်းသားပြည်သူတို့၏လွတ်လပ်ခွင့်နှင့်အကျိုးစီးပွားကို မျက်ကွယ်ပြု၍ တဖက်သတ်ရေးဆွဲပြဌာန်းထားသော အမျိုးသားပညာရေးဥပဒေကို အတည်ပြုလိုက်ခြင်းကား ကျွန်ုပ်တို့အပါအဝင် တစ်တိုင်းပြည်လုံးရှိကျောင်းသားထုကို မထီမဲ့မြင်လုပ်လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း အတိအလင်းပြောကြားလိုပါသည်။

အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားထုအခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို အတိအလင်းထည့်သွင်းထားခြင်းမရှိသည့်အချက်က လုံးဝ ဒီမိုကရေစီမဆန်သောဥပဒေတစ်ရပ်ဖြစ်ကြောင်း သက်သေခံလျှက်ရှိပါသည်။ အနာဂတ်ခေါင်းဆောင်သစ်များမွေးထုတ်ပေးမည့် သမဂ္ဂ၏အခန်းကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ပယ်ဖျက်ထားသည့်လုပ်ရပ်ဟု ရှုမြင်သုံးသပ်ပါသည်။

“ကျောင်းများတွင် နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာစွက်ဖက်မှုများမှ ကင်းလွတ်စေရေး”ဟု ထည့်သွင်းပြဌာန်းထားခြင်းသည်လည်း ကျောင်းသားထု၏ လွတ်လပ်စွာတွေးခေါ်ကြံဆခွင့်နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်များကို ဆုံးရှုံးနေစေပါသည်။ အမှန်တကယ်အားဖြင့် မည်သည့်ကျောင်းသားမဆို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိပြီး မိမိနှစ်သက်ရာ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအသင်းအဖွဲ့များသို့ လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟုပြဌာန်းမှသာ ဒီမိုကရေစီပညာရေးနှင့်နီးစပ်လိမ့်မည်ဖြစ်သည်။

“ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့သည် သက်ဆိုင်ရာ အဆင့်မြင့်ပညာကျောင်းများကို ဤဥပဒေ၊ တည်ဆဲဥပဒေတို့နှင့်အညီ စီမံခန့်ခွဲရမည်။” ဆိုသော ပုဒ်မသည်လည်းကောင်း၊ “အခြေခံပညာအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှုတို့ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်” ဆိုသော ပုဒ်မသည်လည်းကောင်း၊ “ဗဟိုဦးစီးချုပ်ကိုင်မှု အပြည့်အဝထားရှိရေး”ကို ဦးတည်စေသည့်ဥပဒေပုဒ်မများဖြစ်နေသည့်အတွက် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဆရာ/ဆရာမများ၏လုပ်ပိုင်ခွင့်ကို အကြီးအကျယ်ကန့်သတ်ထားသောပြဌာန်းချက်များဖြစ်သည်ဟု ထောက်ပြဝေဖန်ပြီး ကန့်ကွက်ရှံ့ချလိုက်ရပါသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် “အမျိုးသားပညာရေးကော်မရှင်”ဖွဲ့စည်းမှုကိုလည်းကောင်း ၊ ယင်းကော်မရှင်၏ လုပ်ပိုင်ခွင့်များဖြစ်သည့် အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ပိုင်ခွင့်ကိုလည်းကောင်း လုံးဝလက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ဖော်ကန့်ကွက်လိုက်ရပါသည်။ အမျိုးသားပညာရေးဥပဒေတစ်ရပ်လုံးကို ခြုံငုံသုံးသပ်လိုက်သည့်အခါ ဒီမိုကရက်တစ်မဆန်သောအယူအဆများ၊ လုပ်ထုံးလုပ်နည်းများသာ လွှမ်းမိုးနေသည်ကိုတွေ့ရပြီး ကျောင်းသားထုအခွင့်အရေးနှင့် ဒီမိုကရေစီပညာရေးကို လုံးဝအာမခံ မထားသည့်အတွက် ကျွန်ုပ်တို့ဗကသများအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်ကျောင်းသားသမဂ္ဂရဲဘော်အပေါင်းသာမက လက်တွဲဖော် ကျောင်းသားကျောင်းသူ ညီအစ်ကိုမောင်နှမများအားလုံး မိမိတို့ ဘုံအကျိုးစီးပွားအတွက် ကျောချင်းကပ်၍ ခိုင်မာပြတ်သားစွာ တောင်းဆိုလှုပ်ရှားပြီး ယင်းဥပဒေကိုဖျက်သိမ်းသွားရန် အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ဗဟိုလုပ်ငန်းကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။