Saturday, September 20, 2014

ဆွန်ယက်ဆင်၏ အရေးသုံးပါး (ဘိုဘိုလန်းစင်)

0 comments
အမျိုးသားစည်းလုံးရေး
ဒီမိုကရေစီရေး
စားဝတ်နေရေး
ဗမာပြည်မှာ လူမျိုးစုံဘာသာစုံဆွေးနွေးပွဲ ဝပ်ရှော့ဆိုတာတွေ တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ ကြီးမှူးလုပ်တာပါ။ အဲဒီမှာ တိုင်းရင်းသားစုံဘာသာစုံက လူငယ် လူကြီးအစုံအလင် သိရ ပြောဆိုရဖူးပါတယ်။ အဲဒိကတခါ နိုင်ငံခြားမှာ ဒီလိုမျိုး ငြိမ်းချမ်းရေးစခန်းသွင်းပွဲတွေ သွားတက်ရပါတယ်။ အဲဒိတိုင်းပြည်မှာ လူမျိုးဘာသာက ဗမာပြည်လိုပဲများပြားတော့ အဓိကရုဏ်းတွေဖိနှိပ်မှုတွေဖြစ်ခဲ့လေတော့ ဘေးဆီးရန်ကာ လူထုလှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေလည်း တော်တော်စုံနေပါပီ။ သူတို့ဆီက ပညာတတ်လူငယ်အမျိုးသမီးတွေကလည်း ဒီအရေးကို အတော်ထက်ထက်သန်သန် ပြောနိုင်ကြတာတွေ့ရပါတယ်။ အစိုးရအုပ်ချုပ်ပုံပြောင်းပီး နိုင်ငံတကာနဲ့အထိအတွေ့ဆိုတာတွေသိပ်များလာတော့ သူတို့ဆီမှာ ဒီလိုအဓိကရုဏ်းတွေဖြစ်တာနည်းလာပီး ခွဲခြားနှိမ်ချမှုဆိုတာ ရှက်ရမှန်းသိလာတဲ့လက္ခဏာ တွေ့ရပါတယ်။ ဒါကြောင့် မွတ်ဆလင်နိုင်ငံကြီးပေမယ့် အတော်သည်းခံ လွတ်လပ်ခွင့်ကျင့်သုံးနိုင်ကြတယ်။
ကျနော်တို့ဆီမှာလည်း အရင်က ပတ်သက်စရာမရှိတဲ့အသိုင်းအဝိုင်း လူမျိုးစုံစကားပြောခိုင်း နာကြည်းမှုတွေဖွင့်ပြောကြတော့ အပြန်အလှန် နားလည်မှုတမျိုးရှိလာတာကို တွေ့ရပါတယ်။ ဒါကလည်း ပွဲပီးမီးသေပါပဲဆိုလည်း ဟုတ်နိုင်တာပဲ။ နေ့စဉ်ဘဝမှာ ဒီလိုခွဲခြားမှုတွေ ဆင်ခြင်ရပ်တန့်သွားဖို့က အစိုးရနဲ့ လူ့အဖွဲ့အစည်းတခုလုံးပါဝင်လာမှ ဖြစ်တာကိုး။ အန်ဂျီအိုတချို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းလေးတွေ စာဖတ်တဲ့လူစုတွေမှာလောက်ကွက်ကွက်မှာ ကျင့်သုံးနိုင်တာက တကယ့် ရပ်ကွက်ထဲရွာထဲ ဖေ့စ်ဘုတ်ထဲရောက်တယ် မပြောနိုင်ပါ။
အဲဒိ ဆွေးနွေးပွဲတွေဆီခေါ်သွားတဲ့ စာပေနယ်ကတချို့ မြစ်ဆုံကိစ္စမှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွနေတာမြင်တော့ ရှက်မိပါတယ်။ တို့လူတွေလည်း မဆင်ခြင်ကြဘူး၊ မစောင့်စည်းဘူးလို့ပဲ အောက်မေ့မိတယ်။ ဒိကိစ္စမျိုးဟာ အမုန်းဆန့်ကျင်ရေးနဲ့ ပီးသွားမှာ မဟုတ်၊ ရပ်တည်ချက်မှန်တဲ့ ဘယ် နိုင်ငံခြားသွေးစုပ်မှုမဆို ဝေဖန်တွန်းလှန်တဲ့အလေ့နိုးကြားမှသာ လူမျိုးရေးကွက်ကွက်က ကျော်မြင်နိုင်ကြမှာပါ။ ဗမာဟာ တရုတ်လိုနိုင်ငံကြီးကိုဆန့်ကျင်နေလို့ အကျိုးအမြတ်ရှိစရာ မမြင်ပါဘူး။ ပြည်တွင်းက တရုတ်လူနည်းစုကိုလည်း မျိုးနွယ်တူမှုနဲ့ ပုတ်ခတ်နေရင် ဒီလူတွေဟာ မြန်မာအများစုနဲ့ ပိုလို့ အဟပ်ကွာရုံ ရှိမှာပေါ့။ ဒီအကြောင်း အမြင်ကျယ်တဲ့နိုင်ငံရေးသမားတွေ လက်ခံကြတာပဲ။ ဘန်ကောက် ဖိုရမ်မှာ ကန်-တရုတ် စီးပွားရေးအားပြိုင်မှုမှာ ဗမာ ကြားညှပ်စရာမဖြစ်ဖို့ ဒေါ်စု သတိပေးတာ ကြည့်ပေါ့။
လူမျိုးရေး ဘာသာရေး သွေးထိုးပီး အမြတ်ထုတ်တာဟာ ယုတ်ညံ့တဲ့လက်ျာစွန်းသမားတွေလုပ်တဲ့ ရှေးရိုးနည်းကြီးပါ။ သို့သော်လည်း တိုင်းပြည်က သိပ်နနေတော့အခါမျိုးမှာ ဒီလိုအကွက်တွေကြောင့် အင်မတန်ထိခိုက်ပါတယ်။ စစ်မဖြစ်ခင် အိန္ဒိယလွှမ်းမိုးတဲ့ခေတ်က အဓိကရုဏ်းတွေဟာ စစ်ပီး သူတို့သြဇာကျသွားချိန်မှာပျောက်သွားပေမယ့် ဒီအမာရွတ်ကို အမုန်းမျိုးချစ်စိတ်အနေနဲ့ တခြားကိုလိုနီလွန်နိုင်ငံတွေမှာ လုပ်တတ်သလို ဆွပီး အမြတ်ထုတ်တဲ့နိုင်ငံရေးလူတန်းစားက ဆက်သုံးနေပါတယ်။ အိန္ဒိယမှာလည်း ဘာသာရေးအစွန်းရောက်ပါတီတွေ ဒီလို အဓိကရုဏ်းတွေ သွေးထိုးနေတာပါပဲ။ ဒါကို ဗမာပြည်က ဒီမိုကရေစီသူရဲကောင်းဆိုသူတချို့က ပေါ်တင် အမျိုးသားရေးအလံထူလာတော့ အတိမ်အနက်သိသူတွေက လာမယ့်ခြေလှမ်းတွေကိုရိပ်မိပီး ပူပန်ကြပါတယ်။ တိုင်းပြည်တပြည်ဟာ လူမျိုးဘာသာစုံနေနေတာကို အမျိုးသားရေးဆိုပီး အင်အားကြီးတစုက ချယ်လှယ်လက်ဝါးအုပ်မှာကို ဘယ်လူနည်းစုကမှ လက်ခံမှာမဟုတ်ပါ။ ခုနေမှာ ဟိုလူအုပ်ဒီလူအုပ်ကို စွပ်စွဲတိုက်ခိုက်နေသူတွေဟာ တခြားလူတွေကိုလည်း ဒီလို စုန်းယိုးဘို့ဝန်လေးမှာ မဟုတ်ပါဘူး။
တိုင်းပြည်လူမျိုးဆိုတဲ့ အနောက်တိုင်းနိုင်ငံရေးသတ်မှတ်ချက်တွေကို ကိုလိုနီအမွေလက်ခံရလိုက်တဲ့နိုင်ငံသစ်တွေမှာ ခေတ်ဟောင်း အစွဲအလမ်းတွေနဲ့တုပ်နှောင်မိပီး ဒီသတ်မှတ်ချက်တွေနဲ့ လူအချင်းချင်းခွဲခြားကန့်သတ် တံဆိပ်ခတ်တာမျိုးဟာ နယ်ချဲ့ဟောင်းတွေလုပ်ခဲ့တဲ့ မျိုးစွဲသွေးခွဲမှုမျိုးပါပဲ။ အဘ ဖက်ဆစ်နိုင်ငံတော်ကြီးအတွက်ဆိုပီး အသေခံမယ့် မျက်ကန်းလေးတွေပေါ်လာဘို့ပဲ ရှိပါတယ်။ အလံ မြေပုံ သမိုင်းစာအုပ် ဝတ်စုံ လူမျိုးခွဲခြားရေတွက်ပုံ စတာတွေနဲ့သတ်မှတ်တဲ့ ခေတ်သစ်နိုင်ငံတည်ဆောက်ပုံသဘောကိုနားလည်မှ ဘယ်သူတွေကို ဘယ်လိုနိုင်ငံရေးအကွက်မှာ ဖယ်ထုတ်နှိမ်ချခဲ့တယ်ဆိုတာ မြင်တတ်မှာပါ။ အိန္ဒိယမှာ ဇာတ်စနစ်ဟာ ကိုလိုနီခေတ်လွန်မှ ပိုအားကောင်း ပြင်းထန်လာတယ်ဆိုသလို လူမျိုးရေးပြိုင်ဆိုင်မှုဟာလည်း အာရှ အာဖရိက လွတ်လပ်တဲ့နိုင်ငံတွေ သွားပေါက်ချိန်မှာ ကြုံခဲ့တဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေအဖြစ် ပေါက်ကွဲလာတတ်ပါတယ်။ ဆက်ပီး မြုံခဲတင်းကျပ်ကျန်ခဲ့တာတွေကလဲ ဗုံးဟောင်းလို အစရှာသူတွေလက်ချက်နဲ့ ပြန်ပွင့်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲ တင်းမာမှုပြေလျော့ဘို့မှာ တစုနဲ့တစု ရန်မွေး သရဲမွေး ခြောက်စားနေတာတွေ ရပ်ပီး လူလူချင်း လူမျိုးဘာသာ နိုင်ငံရေးရပ်တည်ပုံ စတဲ့နောက်ခံတွေနဲ့ ခွဲခြားဆက်ဆံမှုကင်းတဲ့ ဒီမိုကရေစီစနစ်ကိုသွားနိုင်မှသာ တန်းတူညီမျှ လွတ်လပ်နိုင်ကြမှာပါ။ မဟုတ်ရင် ချာချီ နိမိတ်ဖတ်ခဲ့သလို သူတို့မရှိတာနဲ့ သွေးချောင်းစီးတဲ့ဗမာပြည် ဆက်ဖြစ်တာပဲလို့ ပြောနိုင်တဲ့ လူတန်းစားတွေကို ခေါင်းပေါ်တင်နေရပါလိမ့်မယ်။
တိုင်းရင်းသား နိုင်ငံခြားသား လူမျိုးစု ၁၃၅ မျိုး စတဲ့ အုပ်စိုးသူတွေ ဖန်တီးတဲ့ နိုင်ငံရေး ဇာတ်သွင်းတာတွေကို ဝေဖန်ပိုင်းခြားတဲ့မျက်စိနဲ့ မြင်တတ်ကြပါစေ။
ဒီနေရာက ယူပါတယ်။ http://bobolansin.wordpress.com/


၂ဝ၁၄ စက်တင်ဘာ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
(ချေ ၂ ချေဆိုတာ ကိုယ်ဘာသာလုပ်မရ)
ခုတလော မျက်စေ့ဒုက္ခပေးနေတာနဲ့ ဘာမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ဘူး။ လုပ်လည်း အာရုံကြာကြာစိုက်မရဘူးဖြစ်နေတာ။ စာဖတ်မယ်ဆိုပြီး စာမျက်နှာ ၁၆၃ မျက်နှာပဲရှိတဲ့ ဆင်ဖြူကျွန်းအောင်သိန်းရဲ့ မြန်မာ့ရိုးရာပုံပြင်စာအုပ်ပါးလေးတောင် တနေကုန်ဖတ်တာ မပြီးဘူး။ လူကဖတ်နေရင်း စိတ်က မျက်စေ့ဆီပဲ ရောက်ရောက်သွားတယ်။ ဆေးသောက်လည်း ခနပဲခံတယ်။ မျက်စဉ်းခတ်တော့လည်း မျက်လုံးထဲချော်ကျိကျိ ဝေတေတေနဲ့မို့ စာဖတ်လို့မရပြန်ဘူး။ ဒါနဲ့ မထူးဘူးကွာဆိုပြီး စာအုပ်ကို စင်ပေါ်ပြန်ထား၊ ညတရေးနိုးကတွေးမိတဲ့အကြောင်းချရေးတာ တထိုင်တည်းနဲ့ပြီးသွားတယ်။ (မျောက်အချောက် သဂျိံင်းတူးခြင်းနှင့် တိုက်ရာမပါ ဝေစု) အရေးနည်းနည်းအဆက်ပြတ်သွားလို့လားမသိဘူး စာရိုက်တာမသွက်ဘူး။

ဒီနေ့တော့ ဂျွန်နီအက်ပယ်လ်စိဒ်ပွဲတော် သွားမယ်တွေးထားတယ်။ အရင် ၄ နှစ်လောက်က အဲ့ဒီပွဲတော်အကြောင်း ဆောင်းပါး(၃)ပုဒ်ဆက်ရေးဖူးပါတယ်။ ဒီနေ့တော့ မျက်လုံးအခြေအနေပေါ်တည်ပြီး အဲ့ဒီမှာ အချိန်ဘယ်လောက်သုံးမလဲ ဆုံးဖြတ်ရမယ်ထင်တယ်။ နေပူကြီး ကွင်းပြောင်ကြီးထဲမှာတော့မဟုတ်ပါဘူး။ ပွဲတော်နေရာက သစ်ရိပ်ဝါးရိပ်တော့ရှိပေမယ့် အမိုးအကာရုံထဲကပွဲမဟုတ်တော့ ပူတော့ပူတာပဲ ဖုန်လည်းထူတာပဲ၊ ချွေးလည်းပြိုက်တာပါပဲ။ တနှစ်တကြိမ်လုပ်တဲ့ပွဲဖြစ်တာကတကြောင်း၊ နှစ်စဉ်ကျနော်တွေ့နေကြ အမေရိကန်ဌာနေ လူနီရက်အင်ဒီးယန်းအကြီးအကဲလည်းအကြီးအကဲ၊
ဆေးဆရာလည်းဆေးဆရာရဲ့သားကြီးသြရဿဿ ဖြစ်တဲ့ ဝက်ဝံကလေးဦးလူနီနဲ့လည်း တွေ့ချင်ပြန်တယ်။ သူ ရှိရောရှိသေးရဲ့လား၊ ရှိရင်ရော နေထိုင်ကောင်းပါ့မလား၊ နေထိုင်ကောင်းဦးတောင် ဒီနှစ်လာနိုင်ပါ့မလားတွေလည်းတွေးနေတာ မိုးလင်းကတည်းကပဲ။ အင်း..သူလည်း အသက်ကြီးပြီမဟုတ်လား။ သူနဲ့ကျနော် ပြောခဲ့သမျှစကားတွေထဲမှာ ကျနော့်ရင်ထဲ တစ်သက်စာငြိသွားတဲ့စကားက "လူမျိုးတမျိုးလုံးအပေါ်မှာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုကို လက်စားချေတာပဲပဲဖြစ်ဖြစ် သင်ပုန်းချေတာပဲဖြစ်ဖြစ် လူတစ်ယောက်က ဒါမှမဟုတ် လူတစုစုကလုပ်လို့ မရဘူး"ဆိုတာပါပဲ။ ကျနော်က သူ့ကို မင်းတို့ရက်ဒ်အင်ဒီးယန်းတွေအပေါ် လူဖြူတွေကျူးလွန်ခဲ့တဲ့အမှုတွေအတွက် မင်းစိတ်ထဲမှာ လက်စားချေလိုစိတ် ဒါမှမဟုတ် သင်ပုန်းချေလိုစိတ် ဘယ်စိတ်မျိုးရှိသလဲလို့ ကျနော်မေးတုန်းက သူပြန်ဖြေခဲ့တဲ့စကားပါ။ ရှိသေးတယ် ကျန်းမာရေးကောင်းသေးလို့ လာလည်လာတယ်ဆို စကားလေးဘာလေးပြောပြီး ဓါတ်ပုံရိုက်ခဲ့မယ်တွေးတာပါပဲ။

(လူမျိုးဘာသာအရိုးစွဲ)
တလောက ဒီရောက်တာသိတ်မကြာသေးတဲ့ ဗမာပြည်သား(ပညာတတ်)စုံတွဲတတွဲနဲ့တွေ့ ခရီးသွားဟန်လွှဲတွေ့မိတယ်။ ရောက်တတ်ရာရာပြောကြရင်း"ဘာကိုးကွယ်လဲ"လို့ ကျနော်နဲ့အတူပါလာတဲ့အမေရိကန်မိတ်ဆွေကိုမေးတော့ ဟိုက ဘာမှပြန်မပြောပဲ ပြုံးပဲနေတယ်။ ကိုယ်တော်က ဒါကိုသဘောမပေါက်ဘူး "ငါကတော့ သာမန် မိရိုးဖလာဗုဒ္ဓဘာသာပါ၊ ငါ့မိန်းမကတော့ Strong ဗုဒ္ဓဘာသာလေ"လို့ ဆက်ပြီးပြောတော့ ဟိုလူ မျက်မှောင်ကြုပ်သွားတယ်။ ဘာမှတော့ မေးနေပြောမနေဘူး။

သူတို့ထွက်သွားတော့မှ ကျနော်က"ဆောရီးကွာ သူ ဒီရောက်တာမကြာသေးဘူး။ ဒီက ယဉ်ကျေးမှုကိုလည်း သိတ်တီးမိခေါက်မိ မရှိသေးလို့နေမယ်"လို့ မိတ်ဆွေအမေရိကန်ကို ဖြည်ပြော ပြောတယ်။ ဒီတော့ သူက "ဘာသာ မေးတာကကိစ္စမရှိပါဘူး။ သူ့မိန်းမက Strong ဗုဒ္ဓဘာသာလို့ပြောတာတော့ အတော်ဆိုးတယ်ကွ။ အင်္ဂလိပ်စကားသေချာမတတ်လို့လား၊ ဒါမှမဟုတ် တတ်ရဲ့သားနဲ့ သူ့ဘာသာတော့လာမထိနဲ့ မီးပွင့်သွားမယ်လို့ ခြိမ်းခြောက်တာလားမသိဘူးကွ။ သူ့မိန်းမ ဘာသာရေးလေးနက်တယ်လို့ ပြောချင်တာဆိုရင်တော့ တခြားစကားလုံးသုံးလည်းရတာပါပဲ။ များသောအားဖြင့် အဲ့သလိုပြောတတ်သူမှာ ဘာသာလူမျိုးအယူသီးတတ်ပြီး သူတပါးယဉ်ကျေးမှုထဲ မဝင်ဆန့်တာမျိုးတွေရှိတတ်တယ်"ဆိုပြီး သူ့ဖာသာပြောတာလိုလို ကျနော့်ကိုပြောတာလိုလို လေအေးအေးနဲ့ပြောတယ်။ ကျနော်လည်း ခေါင်းပဲညိမ့်နေမိတယ်။

ပညာတတ်အလယ်အလတ်လွှာက မြို့နေသူတွေတောင် ဒီလောက် သူတပါးယဉ်ကျေးမှုကို တီးမိခေါက်မိနည်းတယ်ဆို ပညာဗဟုသုတပါးရှားသူတွေ လူတွေ့တိုင်း "ကျုပ်တို့က ဘာလူမျိုး ဘာ ဘာသာလေ"လို့ အပြောလေ့ကြတာ ဘာဆန်းတော့မလဲ။ အရိုးစွဲနေကြသမို့လား။

(နိုင်ငံပြိုရင် ငွေပါပြိမလား)
ကမ္ဘာ့သမိုင်းမှာ ပြိုကွဲသွားတဲ့ အင်ပါယာကြီးတွေ နိုင်ငံတွေအများကြီးပါ။ နောက်ဆုံးနဲ့အကြီးဆုံးပြိုကွဲတဲ့လူ့အစုအအစည်းကြီးဟာ ဆိုဗီယက်ယူနီယံဖြစ်မယ်မှတ်တာပဲ။ ထားပါတော့ ကြီးတာသေးတာ နောက်ဆုံးရှေ့ဆုံးဖြစ်တာတွေ။ ကျနော် သိချင်တာက နိုင်ငံတွေအဲ့သလိုပြိုကွဲကြတဲ့အခါ မပြိုကွဲခင်က သူတို့နဲ့ ကုန်သွယ်စီးပွားဘက်တွေကို
ပေးရန်ရှိနဲ့ ရရန်ရှိကြွေးမြီတွေကို ဘယ်ပုံရှင်းကြသလဲဆိုတာပဲဗျ။ ဆိုဗီယက်ကြီးပြိုတော့ ရုရှားဆိုတာတခုပဲ တောင့်တောင့်တင်းတင်းနဲ့ ထောင်ထောင်မတ်မတ်ကျန်တာ။ ဒါတောင် သိတ်ဟုတ်လှတာ မဟုတ်သေးဘူး ပြိုကာစကဆို သာခွေယိုင်ဆိုသလိုပဲ။ ဆိုဗီယက်ယူနီယံနဲ့ ကုန်သွယ်စီးပွားပြုခဲ့တဲ့ နိုင်ငံ-နိုင်ငံခြင်းပေးရန်ရရန်အကြွေးတွေ ဘယ်လိုရှင်းခဲ့သလဲ။ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့လို ဒေသကြီးတွေအလိုက် တိုက်ကြီးတွေအလိုက် သီးခြား ငွေကြေးအင်စတီကျူးရှင်န်းကြီးတွေဆီက
ချေးငှားထားတဲ့ငွေတွေကတော့ လျှော်တန်တာလျှော် လျော်တန်တာလျော်တယ်ပဲထားပါ။ ပုဂ္ဂလိကနိုင်ငံတွေက ချေးငွေတွေ ကြွေးမြီတွေကို အကွဲကျန်နိုင်ငံသစ်တွေက ဘယ်ပုံဖြေရှင်းခဲ့ကြသလဲဆိုတာပါ။ တွေးမိတာက ခုနေ တရုတ်ကြီးပြိုကွဲတယ်ဆိုပါတော့ဗျာ သူနဲ့စီးပွားကုန်သွယ်ဘက်နိုင်ငံတွေဆီကနေ တရုတ်ကရရန်ရှိတဲ့အကြွေးတွေကို ဘယ်လိုလုပ်ကြမှာလဲလို့ တွေးမိလို့ပါ။ ရွှေပြည်ကြီးစစ်ဗိုလ်ယုတ်တွေလုပ်သလို ခင်ညွန့်နဲ့လုပ်ခဲ့တာ လာပြောမနေနဲ့။ ခု ခင်ညွန့်မရှိတော့ဘူးဆိုပြီးလုပ်ရင်ရော မခက်ပါလား။

(ပယ်ပယ်နယ်နယ်နဲ့ပြစ်ပြစ်နှစ်နှစ်)
ရယ်စရာပြောတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ရယ်စရာလိုဖြစ်နေလို့ပါ။ ဒီလိုပါ ကျနော်ရေးတာပြောတာတွေဖတ်ပြီး စာတိုင်းနီးပါးလောက်ကို မအေနှမ ဘာမှမကျန်အောင် ချက်တ်ဘောက်စ်ကနေ မက်ဆေ့ဂ်ျပို့ပို့ပြီး မကြားဝံ့မနာသာဆဲ့တဲ့သူတယောက်ကို ဘလော့က်တော့မယ်လို့ဆုံးဖြတ်ပြီး အသိပေးတဲ့အနေနဲ့ သူ့ကိုမေးကြည့်တယ် "ခင်ဗျားကို ကျနော် Block တော့မလို့ဗျ။ ဒါနဲ့နေပါဦး မဘလော့က်ခင် မေးစရာရှိလို့ မေးပါရစေ"ဆိုတော့ "ဘာလဲ...ပြော"တဲ့။ "ခင်ဗျား ကွန်မန့်မှာဝင်မဆဲပဲ ချတ်ဘောက်စ်ကနေဆဲနေလို့ ကျနော် ခုထက်ထိ ဘာမှမလုပ်ဖြစ်သေးတာပါ။ ဟိုမှာလာပြီး အဲ့သလောက်ဆဲရင်တော့ ထုပ်ပြစ်လိုက်တာကြာပြီ။ သူများတွေမြင်လည်း မကောင်းသလို ကျနော့်မလည်း မအေတွေနှမတွေနဲ့လေ။ ဘာဖြစ်လို့ ခင်ဗျား အဲ့သလောက်ဆဲဆိုနေရသလဲဗျာ"ဆိုတော့ "မင်းလို မရေးတတ်လို့ပေါ့ကွ၊ ရေးတတ်မှတော့ ပါးစပ်အသနခံပြီး မင်းလိုကောင်မျိုးကို ဆဲနေပါ့မလား လခွီးတဲ့မှပဲ"တဲ့။ ဒါနဲ့ ကျနော်လည်း ဘလော့က်မယ်လို့ဆုံးဖြတ်ထားတာကို ပြင်လိုက်တယ်။ ဟုတ်သားပဲ ကျနော်တောင် သူရိုသေလေးမြတ်လှတဲ့လူတွေ ပုဂ္ဂိုလ်တွေကို ပယ်ပယ်နယ်နယ်ပြောနေသေးတာပဲ သူလည်း ကျနော့်ကို ပြစ်ပြစ်နှစ်နှစ်ဆဲချင်ပေမပေါ့။


ရွှေစည်းခုံလှူပါ၏ဘုရား (မျိုးမြင့်ချို)

0 comments
ဒဏ်ရာရတုန်းက ဘယ်မျက်စေ့ထဲ အစတွေဝင်တယ်။ ဗမာပြည်မှာ စုစုပေါင်း ၃ ကြိမ် ခွဲစိတ်ခံရတယ်။ နောက်ဆုံးအကြိမ်မှာ အတွင်းမှန်ဘီလူးထည့်ရတယ်။ အတွင်းမှန်ဘီလူးထည့်တာက ၂ဝဝ၄ ခုနှစ်မှာ။ ထောင်ထဲကနေအပြင်ထုတ်ပြီး ကန်တော်ကြီးစောင်းက မျက်စေ့ဆေးရုံကြီးမှာလုပ်တာပါ။ ဒီတုန်းက ဒေါက်တာသန်းငြိမ်း၊ ဒေါ်မေဝင်းမြင့်တို့နဲ့အတူ အပြင်ဆေးရုံ ထွက်ထွက်ပြနေချိန်ပဲ။ ခုဆို ၁ဝ နှစ်ရှိပြီ အတွင်းမှန်ထည့်ထားတာ။ မှန်ထည့်လို့ ပြန်မြင်ရသလားဆိုတော့လည်း အရင်ကထက်ထူးပြီး မမြင်ရပါဘူး။ အလင်းအမှောင်၊ နေ့ညနဲ့ မျက်စေ့ရှေ့တခုခုလာလှုပ်ပြရင် ရိပ်ရိပ်-ရိပ်ရိပ်ပဲ မြင်တော့တယ်။ တခါတလေ အောင့်တယ် မျက်ရည်တွေကျတယ်။ ဒီလောက်ပဲ။ အဲ့ဒီအတိုင်းနေလာတာ၁၉၈၄ ကနေ ဒီနေ့အထိ။ မျက်စေ့ကတော့ နည်းနည်းပါးပါးပုံပျက်သွားတာကလွဲလို့ မသိသာဘူး။ ကိုယ်ကပြောပြမှ သိရမယ့်အနေအထားပဲ။ အတွင်းသိတွေကလွဲလို့ ဒီမျက်စေ့အကြောင်း အခြားသူတွေကို မပြောဖြစ်တာများတယ်။ ခုတော့ ပြောချင်လာတယ်။ မိတ်ဆွေတွေလည်း သိရအောင်ပါ။

ခုတလော ဘာဖြစ်တယ်မသိ။ ခွဲထားတဲ့မျက်စေ့က အောင့်တယ်နာတယ်၊
တချက်ချက် အပ်ဖျားလေးနဲ့ဆွသလို စူးကနဲစူးကနဲကျင်ကျင်တက်သွားတယ်
အဲ့သလိုဖြစ်ရင် လူကပါ ဆိုးကနဲဆတ်ကနဲတွန့်တွန့်သွားတာ သတိထားမိတယ်။
တခါတလေ ကိုက်တယ်။ ခေါင်းနောက်ပိုင်းကြီးကနေ ဦးနှောက်ကို တယောက်ယောက်က လက်နဲ့လာဆွဲပြီးညှစ်နေသလိုလိုလည်း ခံစားရတယ်။ တချို့ညတွေဆို မအိပ်ရဘူး။ အိပ်ရေးပျက်တာများတော့ အစားလည်းပျက်ပြီး လူလည်း စိတ်နည်းနည်းကျချင်သလိုဖြစ်တယ်။ စိတ်အားနေရင် လူအားနေရင် ဟိုတွေးဒီတွေးတွေတွေးဖြစ်မစိုးလို့ စာဖတ်တာနဲ့ခြံအလုပ်လုပ်တာကိုပဲ ဖိလုပ်နေတယ်။ စာတောင်မရေးဖြစ်ဘူး။ စာရေးရင် စိတ်ပိုပိတယ် မဟုတ်လား။ အထူးသဖြင့် စစ်ကြောရေးနဲ့ထောင်ထဲကအကြောင်းတွေ ဒဏ်ရာရတုန်းကအကြောင်းတွေ ပြန်မတွေးမိအောင် စိတ်ထဲဝင်မလာအောင် သတိနဲ့နေနေရတာပါပဲ။

နောက်တခုက အနာအကျင်(ဝေဒနာနုပဿနာပဲထားပါတော့)ကို စိတ်နဲ့တည့်တည့်ကြည့်ဖို့ စိတ်ကိုစုပြီး ဖမ်းမိသွားတော့မှ တဖြည်းဖြည်းနဲ့ အနာအကျင်မှတ်ရာကနေ စိတ်ကလေးအေးနေကြည်နေအောင် ကူးသွားပြီးနေတဲ့နည်းပဲ။ ကူးတယ်ဆိုတာလည်း သတ်သတ်ကြီး လူကလိုက်ကူးရတာမျိုးမဟုတ်ပဲ သူ့ဟာသူစိတ်က သိမှုကရွေ့သွားတဲ့သဘောပဲ။ တချို့လည်း ဒါကို တရားထိုင်တယ်တို့ တရားမှတ်တယ်တို့ ဝိပဿနာရှူတယ်တို့ ဘာတို့ညာတို့ အမည်အမျိုးမျိုးတပ်ပြီးပြောနေကြတာပဲ။ တချို့များဆို နိဗ္ဗန်တို့ဘာတို့
သံသရာကလွတ်ကြောင်းတို့ ဆိုတာမျိုးတွေအထိတောင်ပြောကြတာပဲ။ ကျနော်ကတော့ စိတ်ခွန်အားရဖို့ စိတ်ကလေးကြည်နေအေးနေဖို့နဲ့ ခန္ဓာကိုယ်အေးအေးလူလူလေးဖြစ်နေရငကျေနပ်စရာလို့ပဲမှတ်ပြီး လုပ်ပါတယ်။ ရှေ့ဘဝနောက်ဘဝနဲ့ သံသရာဆိုတာယုံပြီး လုပ်သူတွေလည်း လုပ်ကြပေါ့။
သူ့နည်းနဲ့သူ သူ့ယုံကြည်မှုနဲ့သူ ကြည်မွေ့နေပြီးတာပါပဲ။ ကျနော်ကတော့ ထောင်ထဲတုန်းက ၇ နှစ်လောက် Meditation လုပ်ခဲ့တဲ့နည်းတူ ခုလည်းပြန်လုပ်ဖြစ်တယ်။ အကျင့်ရှိခဲ့ဖူးတော့ စိတ်စုပြီးတည်နေအောင်ထားရတာ သိတ်မခက်လှဘူး။ ဒါပေမယ့် ပြဿနာက အပြင်မှာက ထောင်ထဲမှာလိုမဟုတ်ဘူး။ မိသားစုကိစ္စအပြင်ကိစ္စ လူမှုရေးကိစ္စ၊ ထမင်းရှာစားရတဲ့ကိစ္စ၊ ကိစ္စပေါင်းသောင်းခြောက်ထောင်ဆိုတော့ မဒီတေးရှင်းလုပ်ချိန် နည်းတာပဲ။
စိတ်ထွေးချိန် စိတ်ပိချိန်များပြီး စိတ်အနားနည်းတာပဲ၊

အမေရိကားကို ၂ဝဝ၈ မှာရောက်တယ်။ သိတ်မကြာဘူး တော်ပေ့ဆိုတဲ့ မျက်စေ့သမားတော်တွေနဲ့ရော ကျွမ်းပေ့ဆိုတဲ့မျက်စေ့ခွဲစိတ်ဆရာဝန်ကြီးနဲ့ရော ၃ ကြိမ်လောက်တွေ့တယ်။ အမျိုးမျိုးစမ်းသပ်ကြည့်ရှူကြပြီး နောက်ဆုံး "မင်းမျက်စေ့ကိုခွဲပြီး အတွင်းမှန်ဘီလူးပဲပြန်လဲလဲ၊ တခြားတနည်းနည်းနဲ့ပဲ ခွဲခွဲ ပြန်မြင်ရဖို့အလားအလာက ၁ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ဒါပေမယ့် နောက် ၁ဝ နှစ်လောက်ရှိလို့ ဆေးဝါးသစ်၊ နည်းပညာသစ်၊ ကိရိယာသစ်တွေပေါ်လာလို့ မင်းမျက်စေ့ကိုခွဲကြည့်ရင်တော့ မြင်ရင်မြင်လာနိုင်မှာပါ။ ခုကတော့ ဒီ့ထက်ပိုဆိုးမလာအောင် မျက်လုံးပုံပျက်ပန်းပျက်ဖြစ်မသွားအောင် မျက်စဉ်း၊ သောက်ဆေး စတာတွေနဲ့ထိန်းထားလို့ပဲရမယ်" လို့ပြောတယ်။ ကျနော်က "ဒါဆိုလည်း ကိစ္စမရှိဘူး၊ ထားလိုက်ပါတော့၊ ခွဲလည်းမနေပါနဲ့တော့၊ နောက် ၁ဝ နှစ်မှာ ခွဲလို့ရတယ်ဆိုဦးတောင် ငါလည်းအသက်ကြီးပြီ။ ခုလည်း ဒီဘက်တလုံးနဲ့ တကမ္ဘာလုံးကိုမြင်နေရတာပါပဲ၊ ကောင်းသေးတဲ့တဘက်ကို ထိန်းထိန်းသိမ်းသိမ်း ဂရုတစိုက်လေးနေလိုက်မယ်၊ တခုပဲ မသေခင်စပ်ကြား ဆေးပညာအတွက်နဲ့ပတ်သက်လို့ သုတေသနသဘောမျိုးလုပ်ဖို့ ငါ့လိုမျက်လုံးမျိုးကိုမှ ခွဲဖို့စိတ်ဖို့လိုတယ်ဆို အချိန်မရွေးခွဲပါ၊ မသေခင်က ကြိုလှူထားမယ်"လို့ပြောပြီး တခါတည်း လက်မှတ်ထိုးပေးခဲ့တယ်။ ဒီရောက်ပြီး တပတ်အကြာ မှတ်ပုံတင်သွားလုပ်တုန်းကလည်း သေရင်အလောင်းလှူမယ်(ဒီမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှူတယ်လို့သုံးတယ်)လို့ တခါတည်းလက်မှတ်ထိုးလှူခဲ့တာပါပဲ။
ခု မျက်စေ့ကတော့ မသေခင်ပေါ့လေ။

ခု မသေသေးဘူး။ မျက်လုံးကိုဆေးပညာအတွက်စမ်းသပ်ခွဲဖို့ကလည်း မဖြစ်သေးဘူး။ မျက်လုံးကတော့ ဖေါက်လာပြီ။ မနေ့ကတော့ မျက်စေ့ဆရာဝန်ကြီးနဲ့တွေ့ပြီးပြဖို့ အပွိုင်မင်န့် ယူလိုက်တယ်။ အောက်တိုဘာ (၁)ရက်နေ့မှတွေ့ရမယ်..တဲ့။ လူနာတွေအတော်များနေပုံပဲ။ မတတ်နိုင်ဘူး စိတ်ရှည်ရှည်စောင့်ရတော့မှာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုလို့ကတော့ ကြိုက်တဲ့ပါရဂူကြိုက်တဲ့အချိန် သွားပြရုံပဲ။ ခုက တိုင်းပြည်ကခွင့်ပြုထားတဲ့ဆေးဝါးကုသခွင့် (ဒီမှာတော့Disability Medicaid လို့ခေါ်ပါတယ်)နဲ့ ဆိုတော့။ ကျနော်က ဒီ အခမဲ့ဆေးဝါးကုသဝယ်ယူခွင့်ကို မဖြစ်နိုင်လွန်း မတတ်သာလွန်းတဲ့အခါတွေမှသုံးပါတယ်။ ဒါရထားတဲ့ ၆ နှစ်ကျော်မှာ (၈)ကြိမ်ထက်ကျော်ပြီး မသုံးဘူး။ သာမန်ဖျားတာနာတာနဲ့ တော်ရုံတန်ရုံကိစ္စတွေဆို Over the Counter ဆေးတွေဝယ်သောက်၊ ပိုက်ဆံပေးကုလို့ရတဲ့ ဈေးနှုန်းချိုသာဆေးခန်းတွေပြေးတာများတယ်။ ခုတော့ မတတ်နိုင်ဘူး။ မျက်စေ့ပါရဂူနဲ့တွေ့တယ်ပြုတယ် ခွဲမယ်စိတ်မယ် တခုခုလုပ်မယ်ဆို ငွေကုန်ကြေးကျက အများကြီးလေ။ ကိုယ်မှမတတ်နိုင်တာ။ စောင့်ရမှာပဲ အောက်တိုဘာအထိ။ ကြားထဲ မခံနိုင်ရင်တော့ အောင့်အီးခံတန်ခံ၊ ဆေးသောက်တန်သောက်၊ ဆေးခန်းပြေးတန်ပြေးနဲ့ ကြိတ်မှိတ်စောင့်ရုံပဲ။

ခုလိုပြောတော့ ရွှေပြည်ကြီးက ထမင်းနပ်မှန်ဖို့အရေး ဘဝဆင်းရဲဒုက္ခခံနေရသူတွေကို အားနာတယ် မျက်နှာလည်းပူတယ်။ ကိုယ့်အပူကို အဲ့လိုလူတွေရှေ့ သွားပြောရမှာလည်း စိတ်မလုံဘူး။ ဆရာမောင်ဆေးနီမှုန့် ကွမ်းရွက်ပြုတ်ရည် အပ်ပုန်းရမ်းကုဆရာ ဥုံဖွအပ်ချလောင်း ရေမန်းဆီမန်းထုံးမန်းတွေနဲ့ ဘဝဒဏ်ရာတွေ စိတ်အနာတွေ ခန္ဓာကျန်းမာရေးကို ယုံမှတ်ပုံအပ်နေရတဲ့အဖြစ်တွေဟာ နာကျင်ကြေကွဲစရာ။

မျိုးမြင့်ချို ၂ဝ၁၄ စက်တင်ဘာ


Thursday, September 18, 2014

မျောက်အချောက် သင်္ဂျီုင်းတူးခြင်းနဲ့ တိုက်ရာမပါ ဝေစု(မျိုးမြင့်ချို)

0 comments
အမေရိကန်ဟာ ၂ဝ ရာစုအနှောင်းနဲ့ ၂၁ ရာစုအဆန်း ကာလတွေတလျှောက်လုံး သူမွေးတဲ့မျောက် သူ့ပြန် အချောက်ခံခဲ့ရတာချည်းပဲ။ ကွန်မြူနစ်ရန်ကြောက်ပြီး သူပြုစုပျိုးထောင်ခဲ့တဲ့တာလီဘန်နဲ့ အိုစမာဘင်လာဒင်ကနေ ဆီးရီးယားက ဘာရှားအယ်လ်အာဆာဒ်ဖြုတ်ချဖို့၊ ဆွန်နီရှအာ အင်အားချိန်ခွင်လျှာညှိဖို့၊ အရှေ့အလယ်ပိုင်းကရေနံ လက်ဝါးကြီးအုပ်ထားဖို့၊ အစ္စရေးလ်ကိုကာကွယ်ဖို့ အစရှိတဲ့အကြောင်း များစွာနဲ့သူမွေးခဲ့တဲ့ အစ္စလမ်ဘာသာဝင် အာရဗ်အာဏာရှင်တွေကနေ အစ္စလမ်မစ်နိုင်ငံတော် IS ဆိုတဲ့ မျောက်တွေအထိ။

ကွန်မြူနစ်ဆန့်ကျင်ရင်ပြီးရော ဘာကောင်ဗိုလ်လုပ်လုပ်မူနဲ့ နိုင်ငံငယ်တွေက စစ်အာဏာရှင်တွေကို ကျကျနန ရေလောင်းပေါင်းသင်ပေးခဲ့တာလည်း အထင်အရှားပဲ။ ပြဿနာက သူမွေးတဲ့မျောက်တွေက သူ့ကိုမချောက်ခင် သက်ဆိုင်ရာနိုင်ငံတွေက ပြည်သူတွေကို အတောမသတ်ဖိနှိပ်တာတွေပဲ။ အဲ့ဒါမျိုးတွေ နိုင်ငံတကာမှာ ဟိုးလေးတကြော်ဖြစ်လွန်းမကဖြစ်ပြီဆိုမှ သူ့လူသူပြန်ပြီး လူကြားကောင်းရုံ ဟန့်တာလောက်ဘာလောက်လုပ်တာမျိုးပဲ။ သူ့ပြန်မလှည့်မခြင်း ဒါမှမဟုတ် လှည့်မယ့်ခြေလှမ်းမပြင်မခြင်း ဘယ်သူ့ဘာလုပ်လုပ် ဖြစ်နိုင်သမျှ မျက်နှာလွှဲနေခဲ့တာချည်းပဲ။ နောက်ဆုံး သူ့လာထိတော့မှ ဒီကောင်တွေ ဘယ်တုန်းက ဘာတွေမဟုတ်တာလုပ်ခဲ့တယ်တို့၊ သူ့ပြည်သူတွေကို ဘယ်ပုံဖိနှိပ်တယ်တို့၊ ပတ်ဝန်းကျင်နိုင်ငံတွေကို ဘယ်လိုဒုက္ခပေးဖို့ကြံစည်တယ်တို့၊ ဘာလက်နက်တွေစုဆောင်းနေတယ်တို့၊ လူ့အဖွဲ့အစည်းအတွက် ဘယ့်လောက်အန္တရာယ်ရှိတယ်တို့ဆိုပြီး သင်္ဂျီုင်းပြန်ဖော်တော့တာပဲ။ ပုတ်သင်ဥဖယ်ပြီး ညောင်မြစ်ချည်း တူးပြတော့တာပဲ။ ကျားစီးဖားစီးလုပ်တော့တာပဲ။ အတင်းဝင်တိုက်ဖြုတ်ချ ကြိုးစင်ပို့၊ သူ့စိတ်ကြိုက် နောက်အစိုးရတင်ပြီး၊ ကယ်တင်ရှင်ကြီး ကမ္ဘာ့ပုလိပ်ကြီးလုပ်ပြတော့တာပဲ။ 

ဒါတောင် အရင်ကလို လက်ဖျားငွေသီးနေတဲ့ကာလ မဟုတ်တော့လို့။ အရင်ကဆို အပေးအကမ်းကလည်း ရက်ရော၊ သြဇာကလည်းညောင်း၊ မျက်နှာကလည်းပြောင်ဆိုတော့"ဘယ်သူမှဝင်မပါနဲ့ ငါ့ဘာသာလုပ်မယ်"ဆိုပြီး ကုလသမဂ္ဂရော၊ နေတိုးရော၊ နိုင်ငံတကာကိုရောဘေးချိတ်ပြီး ထင်တိုင်းကြဲခဲ့တာချည်းပဲ။ လုပ်တိုင်းဖြစ်ခဲ့တာပဲ။ ဆင်သွားလမ်းဖြစ်ခဲ့တာချည်းပဲ။ ခုတော့ အထည်ကြီး ပျက်စပြုချိန်မို့ အရင်လောက် လက်လည်း မဖွာနိုင်တော့သလို စွာလည်းမစွာနိုင်တော့ပဲ နေတိုးလည်းဝင်ပါဦး၊ ဥရောပသမဂ္ဂလည်း ကြည့်မနေပါနဲ့၊ ဒေသတွင်းနိုင်ငံတွေလည်း တဘက်တလမ်းဝိုင်းကြဟဆိုပြီး တခြားသူတွေနဲ့ဝိုင်းလှော်ရတဲ့ကိန်း ဆိုက်နေတာပဲ။ တဘက်တလမ်းဝင်ကူ မယ်လို့ဆိုကြတဲ့နိုင်ငံတွေကလည်း တကယ့်လက်တွေ့မှာ ဘယ်လောက် လူအားငွေအားပါပါ့မယ်လို့ ကတိကဝတ်ပြုထားတာမဟုတ်ဘူး။ အပြည့်အဝအားကိုးယုံမှတ်လို့ မဖြစ်ချေဘူး။

ပြည်တွင်းကြည့်ပြန်တော့လည်း ဘတ်ဂျက်လိုငွေအကြီးအကျယ်ပြတာ၊ နိုင်ငံခြားကြွေးမြီ
(အထူးသဖြင့် တရုတ်ကိုပေးရမယ့်ကြွေး)၊ အလုပ်လက်မဲ့ပြဿနာတွေနဲ့ အမယ်ဘုတ်ကယ်သူ့ချည်ခင်ပဲ။ ဒါပေမယ့် ငွေကြေးရော၊ ဘဏ္ဍာရော၊ ကုန်ထုပ်လုပ်မှုနဲ့ကုန်သွယ်မှုရော တကမ္ဘာလုံးနဲ့ တိုင်ချည်ဖေါက်ချည် ယက်ရှယ်ထားတာဆိုတော့ ကဖြဲကရုန်းဖြစ်ဦးတောင် ဆိုဗီယက်ယူနီယံကြီးလို ဘုန်းဘုန်းလဲကျသွားဖို့တော့မရှိဘူး။ နောက်တချက်က ဖြစ်လာတဲ့ပြဿနာတိုင်းလိုလိုကို သူ့ပုံစံသူ့ဘောင်ထဲက လူတိုင်းရနေတဲ့တစ်ဦးချင်းဆိုင်ရာအခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့် စတာတွေနဲ့ထိန်းညှိပြီး ကိုင်တွယ်ဖြေရှင်းလို့ရနေတယ်။ ပုံစံပြရရင် ကမ္ဘာလှည့်ပြီး အစ္စလမ်အစွန်းရောက်တွေကို တိုက်ပြနေတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဘယ် ဘာသာဝင်ကမှ ဘယ်ဘာသာဝင်ကို သရော်မော်ကားလုပ်ခွင့် မပေးဘူး။ ဘာသာရေးလွတ်လပ်ခွင့်ကို တရားဥပဒေစိုးမိုးမှုနဲ့ထိန်းထားတယ်။ လူတချို့ကသာ ကိုယ်စီရည်ရွယ်ချက်တွေနဲ့ ဘာသာရေးစစ်ပွဲလို့ အသံထုတ်ပေမယ် သူကတော့ ဘယ်တော့မှ အဲ့သလို မသမုတ်ဘူး။ ရေနံကြောင့်ဆိုတာလည်း မပေါ်အောင်ထိန်းထားနိုင်တယ်။

ဖြစ်နေတဲ့အခြေအနေတွေကို ပြန်ကြည့်ရင်လည်း ခု အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာမှာ အမေရိကန်နဲ့ဖြစ်နေတဲ့ပြဿနာတွေ(စစ်ပွဲတွေ)က ရေနံ(လောင်စာ)ကိစ္စအရင်းခံတာပဲ။ ကမ္ဘာ့အန္တရာယ်တို့၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိစ္စတို့၊ တရားမျှတမှုတို့ဆိုတာတွေက တိုက်ကောင်းအောင်ပြရတဲ့ဆင်ခြေနဲ့ ကာဗာမျှသာပဲ။ အမေရိကန်ဟာ ရေနံနဲ့လျှပ်စစ်မီးမရှိရင် နေမရတဲ့ပြည်ပဲ။ စစ်ဖြစ်နေတဲ့ ကမ္ဘာ့ဒေသတွေကလည်း ရေနံတွင်းဖင်ခုထိုင်ထားတဲ့ နေရာတွေချည်းပဲ။ ရုရှားနဲ့တရုတ်တို့လည်း မျက်စေ့ကျနေတဲ့အရပ်တွေပဲ။ ရေနံဝေစု သူတို့လည်းလိုချင်တာပဲ။ ရတန်သလောက်ရနေတာမှန်ပေမယ့် အမေရိကန်နဲ့ဥရောပရဲ့ ရေနံလက်ဝါးကြီးအုပ်မှုကို လှန်မရသေးလို့ နေသေးသပချုံထဲက လုပ်နေကြတာပဲ။ တချိန်ချိန်မှာ သူတို့ဝေစု ခုထက်ပိုယူဖို့ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ တိုက်ရာ မပါကြတာခြင်းအတူတူ ဝေစုယူတဲ့နေရာမှာ တရုတ်ကြီးက ရုရှားထက်အရည်လည်တယ်ဆိုရမယ်မှတ်တယ်။ ကဒါဖီမျိုးကန်းတော့ လစ်ဗျားရေနံတွင်းတွေစီးမိပြီး ရေနံလုပ်ငန်းမှာ အများကြီးရင်းနှီးမြှုတ်နှံခဲ့တာတရုတ်ပဲ။ ခုလည်းကြည့် IS တွေကိုတိုက်မယ့်ကိစ္စမှာ ရုရှားက ကုလသမဂ္ဂမပါပဲလုပ်ရင် ပြဿနာရှိတယ်ဘာညာပြောပေမယ့် တရုတ်ကတော့ တုတ်တုတ်တောင်မလှုပ်ဘူး။ လူ အမုန်းမခံဘူး။ အမေရိကန်တွေ ကမ္ဘာလှည့်ပြီး အကြမ်းဖက်စစ်ပွဲနွှဲနေချိန်မှာ တရုတ်က ကမ္ဘာပတ်ပြီးအမြတ်ရှာကောင်းနေတာ။ ခုဖြစ်တဲ့စစ်ပွဲမှာ အမေရိကန် နိုင်နိုင်/မနိုင်နိုင် ပွဲပြီးရင် တရုတ်က အမြတ်ထွက်စရာရှိနေတယ်။ ခုတောင် ဟိုဘက်လှည့်နေတော့ သူ့ရန်အလုပ်ခံရတဲ့ဒဏ်ကနေ ခဏတဖြုတ် သက်သာနေတာပဲမဟုတ်လား။

ဒီစစ်ပွဲမှာ အမေရိကန်နိုင်ဦးတောင်(မနိုင် နိုင်အောင်လုပ်မယ်တော့ထင်တယ်) အမြတ်အစွန်းထွက်နိုင်ခြေ အလွန်နည်းတယ်။ အမေရိကန် လက်နက်တွေ ပြည်ပနိုင်ငံတွေနဲ့အရောင်းအဝယ်ဖြစ်ဖို့အကြောင်း သိတ်မမြင်မိဘူး။ ပြည်တွင်း စစ်လက်နက်ကုမ္ပဏီကြီးတွေ(လော့ဟိခ် မာတင်၊ နော့သရော့ပ်ကရူးမင်န်း၊ ဘိုးအင်း စတဲ့)ဆီမှာ ပုံနေတဲ့အဟောင်းတွေဝယ်ပြီး ဖြုန်းပေးတဲ့သဘောလောက်ပဲလို့တွက်ရတယ်။ စွမ်းရည်ပြရင်းဈေးခေါ်ကြောငြာဖို့ လက်နက်အသစ်အဆန်းသုံးမယ် ဘာညာလည်း မကြားမိသေးဘူး။ အဟောင်းတွေစုပုံရှင်းတယ်ဆိုရင် စစ်နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီတွေလည်ပတ်နှုန်း ပြန်သွက်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပြန်ပေါ်လာမယ်၊ အလုပ်လက်မဲ့ပြဿနာ  နည်းနည်းနားပူသက်သာမယ်။ အစိုးရဘဏ္ဍာတိုက်တဲ့ အခွန်အကောက်နည်းနည်း ဝင်လာမယ်။ ဒါပေမယ့် အဲ့ဒါကနောက်မှ၊ ခုလောလောဆယ်က အဲ့ဒီပိုက်ဆံ ဘယ်ကရမလဲဆိုတာပဲ။ 

ကာကွယ်ရေးအသုံးစရိတ်ထဲက ထုတ်သုံးရုံကလွဲလို့ ဘာရှိမလဲ။ နဂိုကမှ လိုငွေပြနေတဲ့ဘတ်ဂျက်နဲ့ အတော်အတန်ဖေါင်းပွနေတဲ့ငွေကြေးကလည်းရှိနေတယ်။ ဒါဆို ဘာလုပ်မလဲ ရွှေထုတ်ရောင်းမလား၊ ပြည်တွင်းနှစ်ရှည်ငွေချေးစာချုပ်တွေ ထုတ်ရောင်းမလား၊ ငွေစက္ကူတွေအသစ်တွေ ထပ်ရိုက်ဦးမလား ဒါဆို ဗဟိုဘဏ်၊ အစိုးရနဲ့ငွေကြေးအင်စတီကျူးရှင်န်းတွေကြားမှာ ပွက်လောရိုက်လာမယ်တွေးမိတယ်။ ထင်တာကတော့ နိုင်ငံခြားကနေ ငွေချေးရမယ့်ကိန်းတော့မြင်မိတာပါပဲ။ 

အဲ့သလိုချေးမယ်ဆို ဘယ်က ချေးမလဲ။ ဥရောပသမဂ္ဂလား၊ တရုတ်ဆီကလား၊ ဒါမှမဟုတ် တခြား ဘယ်ကများဖြစ်မလဲ။ ဥရောပသမဂ္ဂကနေတော့ သိတ်မလွယ်လှဘူး။ ခမျာများလည်း တောင်မင်းမြောက်မင်းမကယ်နိုင် မြောက်မင်းတောင်မင်း မကယ်နိုင်။ ဒီကြားထဲ ဥရောပဆင်ကြီးတကောင်ဖြစ်တဲ့ဂျာမဏီကလည်း အမေရိကန်နဲ့ သိတ်ကြည်တာမဟုတ်ဘူး။ အဲ့ဒီကနေ ရဦးတောင် လိုသလောက်ဖြစ်မယ်မထင်ဘူး။ ဒါဆို ရှေ့မျက်နောက်ထားပြီး တရုတ်ဘက် လှည့်ရဦးမယ်ထင်တယ်။ အဲ့သလိုလှည့်လာလို့ကတော့ တရုတ်ကြီး ရွှေသွားတဝင်းဝင်းနဲ့ အိတ်ပုတ်ပုတ်ပြပြီး ငွေချေးစာချုပ်တွေ အုပ်လိုက်အုပ်လိုက် ဝယ်လိုက်မယ့်ဖြစ်ခြင်း။ အဲ့ဒီအတိုင်းသာဆိုလို့ကတော့ အမေရိကန်တွေဘက်ကလည်း ကြွေးထူမပူတို့၊ နောင်မှ ရောက်လျားတို့၊ ရှင်ဘုရင်ဆပ်တို့နှလုံးပိုက်ရပေမယ့် ကြွေးတင်ကျွန်ဖြစ်တို့ ကြွေးနွံနစ်လို့ဘဝနဲ့ထိုးဆပ်လိုက်ရတာတို့လည်း
မေ့မယ်မထင်ဘူး။ ခုတောင် အမေရိကန်ရဲ့အကြီးဆုံးမြီရှင်က တရုတ်ကြီးလို့ဆိုကြတယ်မဟုတ်လား။ 

ဒီစစ်ကြောင့် ငွေထပ်လှည့်ရဦးမယ်ဆို ကြွေးပူကြွေးအညှာ အကိုင်ခံထိပြီး တရုတ်အပေါ်ရန်လုပ်အား ကျချင်ကျသွား ဒါမှမဟုတ် တခုခုလက်ညှိုးထိုးပြီး စစ်ပြုရင်ပြုပဲ။ တိုက်ရိုက်စစ်ပြဖို့ အခြေအနေကတော့ နည်းတာပါပဲ။ တရုတ်ကလည်း အကင်းပါးမယ်ထင်တာပဲ။ အမေရိကန်နဲ့ထိပ်တိုက်တွေ့တာထက် ပူးတုံခွာတုံလေးကနေ ရသလောက်အမြတ်ထုတ်တဲ့နည်းနဲ့ပဲ သွားမယ်ထင်တယ်။ နယ်မြေကိစ္စ ကျွန်းကိစ္စ သူပိုင်ကိုယ်ပိုင် တရုတ်နဲ့ပြင်းခုန်နေကြတဲ့ ပြည်ငယ်လေးတွေကို မြှောက်မြှက်ပေးပြီး ပြဿနာကြီးလာတော့မှ ကိုယ်တိုင်ဝင်ပါတဲ့နည်းလည်း မသုံးဘူးမပြောနိုင်ဘူး။ အဲ့ဒီနည်းသုံးလို့ ဖြစ်ကြပဟေ့ဆို တရုတ်နဲ့ ကုန်းတွင်းပိုင်းနယ်မြေ မိုင်ထောင်ချီထိစပ်နေတာ ဗမာပြည်ပဲ။ စစ်အုပ်ကလည်း ကြားနေရေမူဆိုပြီး ခု ကြားညပ်နေပြီ။ အနေမတတ်ရင် မြေဇာပင်ဖြစ်မယ့်အရေးပဲ။ ပူမယ်ဆို ပူချင်စရာတွေချည်းပဲ။

ဘာပဲဖြစ်ဖြစ်ပါ ဒီစစ်ပွဲကို အမေရိကန်နိုင်အောင်တိုက်ရမှာပဲ။ သူမွေးတဲ့မျောက်ကို သူပြန်လက်စတုန်းရမှာပဲ။ မျောက်သတ်တဲ့ ဒေသန္တိယစစ်ကို အကန့်အသတ်နဲ့ထားနိုင်ဖို့ပဲ စိတ်စောမိတယ်။ မကန့်သတ်နိုင်လို့ ဟိုနိုင်ငံဒီနိုင်ငံတွေပါ ပါလာရင် တကမ္ဘာလုံး ရင်မကြရတော့မှာပဲ။ ခုတောင် ဖင်တကြွကြွနဲ့ မဟုတ်လား။
မျိုးမြင့်ချို
စက်တင်ဘာ ၂ဝ၁၄