Tuesday, October 14, 2014

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၁) (မေလင်းခ)

0 comments
ငယ်စဉ်ဘဝတုန်းက နိုင်ငံရေးဆိုတဲ့စကားလုံး အဘ(အမေ့အဖေ) ပြောလို့ကြားခဲ့ရပါတယ်။ နိုင်ငံရေးအခြေအနေတွေ၊ ဗမာပြည်နိုင်ငံရေး သမိုင်းအချိုးအကွေ့တွေ၊ နိုင်ငံရေးပါတီတွေအကြောင်းတွေ အုပ်စုံမသိခဲ့ရပေမယ့်  နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ စစ်တပ်ကအာဏာသိမ်းပုံ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ တောခိုအဖွဲ့အစည်းများ၊ မဆလတစ်ပါတီစနစ်၊ ပမညတ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…၊ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း၊ ဦးနေဝင်း၊ ဒေါက်တာာမောင်မောင် …စတာတွေကို အိပ်ရာဝင်ပုံပြင်တွေလို စိတ်ဝင်တစား နားထောင်ခဲ့ပါတယ်။ အဖေနဲ့အမေအပါအဝင် ဦးလေး၊ အဒေါ်များက ကလေးကို နိုင်ငံရေးအကြောင်းတွေမပြောပါနဲ့လို့ တားဆီးပိတ်ပင်တဲ့ကြားထဲက အဘက အလစ်မှာပြောပြပါတယ်။ အဘကိုယ်တိုင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမှာလည်း အဘတို့အဖေ၊ အကို၊ ဦးလေးတွေ ပါဝင်ခဲ့ကြပါတယ်။ ဘယ်လိုပဲ သားသမီးတွေက တားဆီးတားဆီး ဒီမြေး(ကျွန်မ)ကိုတော့ သူပြောပြမြဲ ရှင်းပြမြဲပါ။ ရှေးလူကြီးမို့ အသက်ကြီး ပြီမို့ ရှေးရိုးစွဲတချို့ရှိပင်ရှိသော်လည်း အမျိုးသမီးတွေကိုတော့ ဘယ်တော့မှချိုးနှိမ်ဖိနှိပ်လေ့မရှိ..သူ့မြေးဦး(ကျွန်မ) မိန်းကလေးမို့ နိုင်ငံရေးနဲ့ မဆိုင်ဘူး၊ ဘောင်းဘီရှည် မဝတ်ရဘူး၊ ပြိုင်ဘီးမစီးရဘူး၊ အိမ်တွင်းမှုလုပ်ကိုင်တတ်ရမယ်ဆိုတဲ့အမြင်မျိုး တစ်စက်ကလေးမှ မရှိတာ အံ့သြစရာပါ။

ဒီနေရာမှာ ကျွန်မဆိုလိုချင်တာ ကျွန်မအဘအကြောင်းသက်သက် မဟုတ်ပါ။ ကျွန်မကို နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ကျောင်းသားအရေး၊ လူတန်းစားဆိုတဲ့အတွေးတွေကို စတင်သိစေတွေးစေခဲ့တဲ့ပုဂိုလ်ကို ရည်ညွှန်းပြချင်တာပါ။ မှတ်မှတ်ရရ ကျွန်မကိုးတန်းမှာ (၂ဝဝ၇) ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို ညီညွတ်စွာတော်လှန်ခဲ့တဲ့ တော်လှန်ရေးတစ်ရပ်ကို ကျွန်မနဲ့အဘ DVB မှတဆင့် တွေ့မြင်ခဲ့ရပါတယ်။ ကျန်းမာရေးမကောင်းတဲ့အဘက အိပ်ရာထဲကနေ အံကြိတ်တောက်ခေါက်နေသလို လူငယ်ကျွန်မလည်း သွေးတွေဆူပွက်ပြီး ကိုယ်တိုင်ဝင်ရောက်ကာ စစ်အာဏာရှင်ကို တော်လှန်လိုမိခဲ့၊ ဖြစ်ချင်ရာဖြစ် အိမ်ကနေခိုးထွက်ပြီး ဆန္ဒပြသူတွေနဲ့အတူ သေသေကြေကြေတိုက်ပွဲဝင်လိုစိတ်တွေ ပြင်းထန်နေမိခဲ့ပါတယ်။ တစ်ရက် DVB ကြည့်ရင်း အလံတစ်လက်ကို ကျွန်မတွေ့မိပါတယ်။ အနီရဲရဲမှာ ခွပ်ဒေါင်းနဲ့ စက်ဝိုင်းပုံပါတဲ့အလံဟာ ကျွန်မစိတ်ကို ဖမ်းစား ခဲ့ပါတယ်။

အဘကိုမေးကြည့်တော့ ဒါဟာ ကျောင်းသားအလံလို့ ပြောပါတယ်။ ခွပ်ဒေါင်းကိုဝိုင်းထားတာ စက်ဝိုင်း မဟုတ်၊ ကျော့ကွင်းသာဖြစ်တယ်.. ဒေါင်းကကျော့ကွင်းကို ရုန်းကန်နေပုံကို ကျောင်းသားတွေ အာဏာစနစ်ကိုတွန်းလှန်နေပုံနဲ့ နှိုင်းယှဉ်ပြတော့ ကျွန်မလည်း ဒီအလံအောက်မှာ ရပ်ချင်စိတ်တွေ၊ အလံကိုအလေးပြုချင်စိတ်တွေ ပေါ်လို့လာပါတယ်။ ဒါတင်မကသေး ဒီအလံဟာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ရဲ့ ကျောင်းသားဘဝ ကျောင်းသားသမဂဆိုတာကိုလုပ်ကြတုန်းက ကိုင်စွဲခဲ့ကြတဲ့အလံ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂရဲ့ အလံတော် ဖြစ်တယ်ဆိုတာကိုပါ ထပ်ဆောင်းသိလိုက်ရတဲ့အချိန်မှာတော့ သမဂဆိုတဲ့စကားလုံးကို ကျွန်မစွဲလမ်းခဲ့ရသလို ကျွန်မကိုယ်တိုင် ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ခိုလှုံခဲ့တဲ့အလံအောက်မှာ ထာဝရခိုလှုံချင်ခဲ့မိပါတယ်။ မိသားစုက (အဘမှလွဲ၍) နိုင်ငံရေးကိုစိတ်မဝင်စားကြ၊ တစ်လျှောက်လုံးစစ်အာဏာရှင်ရဲ့ ဖိနှိပ်ခံလာခဲ့ကြရတာကြောင့် နိုင်ငံရေးဆိုရင် ကြောက်စရာသတ္တဝါတစ်ကောင်လို့ မြင်နေကြပါတယ်။

ဒီလိုနဲ့ အဘလည်းအခုဆိုရင် ဆုံးပါးသွားခဲ့ပါပြီ။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကိုပြောင်းပါပြီလို့အော်နေကြတဲ့ ယနေ့ခေတ်ကို အဘလည်း မမှီလိုက်ရှာပါ။ အဖေနဲ့အမေကတော့ ခေတ်ပြောင်းလာပြီဆိုပြီး ကျွန်မရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုကို တားဆီးကန့်ကွက်တာမျိုး မလုပ်တော့ပါ။ ဒီလိုနဲ့ အဘဆုံးပြီးနောက် ကျွန်မ တက္ကသိုလ်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်တတ်ရင်း အပေါင်းအသင်းတွေကြားမှာ ကျွန်မနိုင်ငံရေးဆိုတာကို ယောင်ယောင်လေးတောင် သတိမရမိတော့ပါ။ ကျောင်းလစ်လို့ရ၊ ကျူရှင်တက်ရင်အောင်၊ ဆရာတွေနဲ့ အဆင်ပြေအောင်ပေါင်းသင်း၊ အချိန်တန် မဖြေနိုင်ရင်သွားကန်တော့လို့ရနေတဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ကျွန်မအားလုံးကိုမေ့ပြီး ပျော်ချင်တိုင်း ပျော်နေမိပါတော့တယ်။ နိုင်ငံရေးဆိုတာ ဘာလဲမသိချင်၊ ကျောင်းသားအရေးဆိုတာ ကိုယ်နဲ့ဆိုင်တာမှတ်လို့ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မတက္ကသိုလ်မှာ နှစ်နှစ်တိတိ အယောင်ဆောင်လွတ်လပ်ရေးကြီးထဲမှာ နစ်မျောနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးနှစ် အရောက်မှာ ကျွန်မဟာ ကျောင်းမှန်မှန်လစ်၊ ဘော်ဒါများနဲ့ပျော်ပါးရင်း သတင်းတစ်ပုဒ်ကိုကြားမိလိုက်ပါတယ်။ ရတနာပုံတက္ကသိုလ်မှာ “ကျောင်းသားသမဂဖွဲ့လိုက်ပြီ”ဆိုတဲ့သတင်းပါပဲ။ ဒါနဲ့ ကျောင်းသားသမဂဆိုတာဘာလဲဆိုတာကို ကျွန်မ အပြင်းအထန် စဉ်းစားမိပါတယ်။ ပြင်ပစာပေတွေကို မလေ့လာဖြစ်၊ အဘစကားတွေနဲ့ ဝေးတာလည်းကြာပြီဖြစ်တော့ ကျွန်မရင်ခုန်မြတ်နိုးလေးစားခဲ့ရတဲ့အလံနဲ့သမိုင်းကို ဘယ်လိုမှ ပြန်အစဖေါ်လို့ မရခဲ့ပါဘူး။

တစ်ရက် ကျွန်မတို့သူငယ်ချင်းတွေနဲ့ စတုဒီသာဖျော်ရည်တိုက်ကြတဲ့ပွဲလေးတစ်ခုမှာ ကျောင်းသားနှစ်ယောက်က လာပြီးကူညီတာနဲ့ ကြုံရပါတယ်။ ဒီကျောင်းသားနှစ်ယောက်ထိုးထားတဲ့ ရင်ထိုးကအလံကိုမြင်လိုက်ရတဲ့တခဏမှာတော့ ကျွန်မ တော်တော်လေးကို တုန်လှုပ်သွားမိပါတယ်။ သူတို့ထိုးထားတဲ့အလံဟာ ကိုးတန်းကျောင်းသူဘဝက ကျွန်မစပြီး တောင့်တခဲ့ရတဲ့ အလံပါလား…။ ကျွန်မရဲ့ ရှေ့ဆောင်တွေခိုလှုံခဲ့တဲ့ ကျောင်းသားသမဂအလံပါလားဆိုပြီး ကျွန်မတော်တော်လေး ရင်ခုန်သွားခဲ့တယ်။ ဒါနဲ့ အဲဒီကျောင်းတွေကို မေးကြည့်လိုက်တော့ တစ်ယောက်က ရှင်းပြပါတယ်။ သူတို့ဟာ ကျွန်မတို့တက္ကသိုလ်က ကျောင်းသားသမဂအဖွဲ့ဝင်တွေဖြစ်တဲ့အကြောင်း၊ ကျောင်းသားထုအရေး၊ ပြည်သူလူထုအရေးကိုဆောင်ရွက်နေတဲ့ ကိုအောင်ဆန်းတို့မျိုးဆက်၊ ကိုဗဟိန်းတို့မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ(ဗကသ) အဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဗကသရဲ့မူဝါဒငါးချက်အကြောင်းနဲ့ လက်ရှိမှာတော့ (ကျွန်မကိုနိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းလို့ပြောရင် ကျွန်မကြောက်သွားမှာစိုးလို့လို့ သူကပြန်ပြောပါတယ်) ပရဟိတအလုပ်တွေလုပ်နေကြောင်း တစ်နာရီနီးပါးလောက် သူကရှင်းပြပါတယ်။ အဲဒီမှာပဲ ကျွန်မက အဖွဲ့ဝင်ဖြစ်ချင်ပါတယ်လို့ မရည်ရွယ်ဘဲ ပြောမိလိုက်ပါတယ်။ သူကတော့ ချက်ချင်းမဆုံးဖြတ်ပါနဲ့ အပတ်စဉ် သမဂအစည်းအဝေးရှိတယ်၊ အဲဒီမှာ လေ့လာသူအနေနဲ့လာတက်ပါ၊ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မ လည်း သူနဲ့စကားပြောအပြီး သူတို့အဖွဲ့ ဈေးရောင်းပွဲတော်မှာ ရန်ပုံငွေဈေးရောင်းနေတယ်ဆိုလို့ လိုက်ကြည့်မိပါတယ်။ တကယ်ပါပဲ… ဈေးဆိုင်ခန်းရဲ့ရှေ့မှာ ကျွန်မ မြတ်နိုးနှစ်သက်ခဲ့တဲ့အလံတော်ဟာ တလူလူလွင့်လို့… ကျွန်မ လေးစားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကတော့ လူတစ်ရပ်စာ ဗီနိုင်းဓာတ်ပုံထဲကနေ ကျွန်မကို မိန့်မိန့်ကြီးကြည့်လို့ပေါ့…။

ဒီလိုနဲ့ ကျွန်မဟာ ကျောင်းသားသမဂနဲ့ စတင်ထိစပ်ခဲ့ပါတယ်။ လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မဟာသမဂရဲ့မူဝါဒငါးရပ်ကို ကျေလည်လာတဲ့အပြင်၊ အမျိုးသားနိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့အမြင်ကိုပါ ထပ်လောင်းရရှိခဲ့ပါတယ်။ ကျွန်မကိုစည်းရုံးခဲ့တဲ့ ရဲဘော်ကလည်း အစမှာ ကျောင်းသားတွေဟာ နိုင်ငံရေးဆိုရင်ကြောက်ကြတဲ့အတွက် ဗကသရဲ့အမျိုးသားရေး/အမျိုးသားနိုင်ငံရေးကို သေချာမပြောပြခဲ့ဘဲ လူငယ်တွေစိတ်ဝင်စားမှုများတဲ့ ပရဟိတနဲ့သာ အရင်ဆုံးမိတ်ဆက်ပေးရကြောင်းပြောပါတယ်။ ဒါဟာ ကျွန်မနဲ့ ကျောင်းသားသမဂ(ဗကသ)ရဲ့ မိတ်ဆက်နိဒါန်းပဲဖြစ်ပါတယ်။ နောက်ဆောင်းပါးမှာတော့ ဗကသကြောင့် ပြောင်းလဲသွားရတဲ့ ကျွန်မရဲ့ ကျောင်းသားဘဝနဲ့ အတွေးအမြင်သဘောထားတွေကို ဆက်လက်တင်ပြပါမယ်။    

(မေလင်းခ)
https://www.facebook.com/may.mon.509


ငြိမ်းချမ်းအေးရဲ့အပျိုရည်ပျက်တဲ့ကိစ္စ(ငြိမ်းချမ်းအေး)

0 comments
အခု အွန်လိုင်းအရောက် မျက်စိထဲကိုးရိုးကားရားဖြစ်စရာ စာတပုဒ် တန်းတွေ့ရတယ်။ အပျိုရည်ဂုဏ်အပေါ် အလေးအနက် မထားလာတော့တဲ့အကြောင်း ပညာပေးလိုလို၊ ဆုံးမစာလိုလို ရေးသားထားတယ်။
ဆောင်းပါးက အသိပညာပေးဆိုရင်လည်း စာနယ်ဇင်းပီပီ ဘက်ပေါင်းစုံအမြင်၊ ပညာရှင်အမြင်၊ သာမန်လူအမြင်၊ တက်ကြွလှုပ်ရှားသူ (ဥပမာ ဒီကိစ္စမှာဆိုရင် အမျိုးသမီးအရေး)အမြင် အားလုံးကိုထည့်ရမှာပါ။ ဒါတွေအားလုံး မဲ့နေတယ်။
အဆိုးဆုံးက အပျိုရည်ပျက်ခြင်းကို အမျိုးသမီးများအပေါ် အပြစ်လုံးလုံးပုံချထားတဲ့ လိင်ခွဲခြားမှုအမြင်ပေါ်လွင်နေတာပါ။ မိန်းမဆိုရင် ဗိုင်းကောင်းကျောက်ဖိ၊ ယောကေ်ျာကောင်း မောင်းမတစ်ထောင်ဆိုတတ်တဲ့ဘဝ မှာ အပျိုရည်ကို ကိုယ်တိုင်အကြိမ်ပေါင်းများစွာဖျက်ခဲ့ဖူးတဲ့ ယောက်ျားကြီးဝါဒီတွေရဲ့ အောက်ကလိအာ အသံမျိုးပေါ့။
မဟာဖိုဝါဒကြီးစိုးရာတိုင်းပြည်ဆိုတော့ နားလည်ခွင့်လွှတ်ပေးရမလိုပါပဲ။
ဒါပေမယ့် ဒီလို မကျက်တကျက် အန်ချင်ဖွယ်အတွေးအခေါ်အမြင်တွေ စာတွေနဲ့ ဗမာတွေ အထူးသဖြင့်လူငယ်တွေ မှိုင်းတိုက်ခံဖြစ်နေရတာ အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်။
စာနယ်ဇင်းဆိုတာ လူထုကို ဦးဆောင်လမ်းပြရမှာပါ။ ဒီကိစ္စ အကျယ်ရေးဖြစ်ရင်တော့ အဲ့ဒီဆောင်းပါးဖော်ပြထားတဲ့ မီဒီယာကိုပဲ ပို့ကြည့် ပါဦးမယ်။
ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့အမျိုးသမီး အကြီး၊ အငယ်များဆိုရင် ဒီတရားတွေ အနည်းနဲ့အများ နာဖူးကြတယ်၊ သိကြတယ်။ အတွေးအခေါ် ယုံကြည်မှုနဲ့နေသူဖြစ်လို့ ဒီတရားတွေဟာ သူငယ်ချင်း၊ ချစ်သူ၊ ရည်းစား၊ နောင် အိမ်ထောင်ကျရင် အိမ်ထောင်ဖက်နဲ့ သမီးမွေးလာရင် သမီးအထိ အကျုံးဝင်တယ်။
အခု အတို ဆိုရရင် --
အပျိုရည် လူပျိရည်ဟာ တန်ဖိုးထား ထိန်းသိမ်းစရာ မဟုတ်ပါ။ လူသားချင်းတန်ဖိုးထားမှု၊ လေးစားမှု၊ ချစ်မြတ်နိုးမှုကိုသာ တန်ဖိုးထားရမှာပါ။ အပျိုစစ်ခြင်း မစစ်ခြင်းထက် လူသားစစ်ခြင်း မစစ်ခြင်း၊ လူပီသခြင်း ပပီသခြင်းက ပိုအရေးကြီးပါတယ်။
ဒီ ပြဿနာရင်းမြစ်က လက်ထပ်ရင် “ကာမပိုင်” လင်မယားဖြစ်တယ်ဆိုတဲ့ အစွဲအမြင် Notion က လာတယ်။
တကယ်တော့ လက်ထပ်ခြင်းနဲ့ သူတပါး တဦးတယောက်ရဲ့ကာမကို မပိုင်ပါ။ တရားဝင်လက်ထပ်ပြီး ကာမကို မပေးဘဲငြင်းဆန်ခွင့်ရှိတယ်။ ကာမဆက်ဆံခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာပေါင်းစည်းမှုက အပေါ်ယံပါ။ စိတ်ပိုင်းဆိုင်ရာ စပ်ယှက်မှုက အဓိကပါ။ နှစ်ဦးသဘောတူ အလိုတူ မျှတ ချစ်ကြည်သာယာမှုကနေ စတင် အရင်းတည်ပါတယ်။
ဒါ့အပြင် အိမ်ထောင်မှုပြုခြင်းဟာ ကာမကိုရယူလိုမှုက အဓိက မကျပါ။ လောကဓံကို နှစ်ဦးသားအတူတကွရင်ဆိုင်ဖြတ်သန်းပြီး ဘဝတခု တည်ဆောက်လိုခြင်းပါ။ ကာမဆိုတာ အိပ်ခြင်း၊ စားခြင်းလို သဘာဝရဲ့တုံ့ပြန်မှုအစိတ်အပိုင်း ကလေးရယ်သာပါ။ ဘဝ မဟုတ်ပါ။
ဒီ ကာမပိုင်အယူအဆကြောင့် ယောက်ျားများအိမ်ထောင်ပြုရာမှာ ပစ္စည်းဝယ်လိုသလိုပဲ အသစ်ပဲလိုချင်တယ်ဆိုတဲ့စိတ် မသိစိတ်မှာ မတရားကြီးစိုးလာတယ်။
ဒီ ကာမပိုင်အယူအဆကြောင့် ဗမာပြည်မှာ ဇနီးမယား အမျိုးသမီးများ တရားဝင်ယောက်ျားဖြစ်သူရဲ့ အဓမ္မပြုကျင့်မှုကို ခံနေရတယ်။
အဲ့ဒီဆောင်းပါးမှာ လုံးဝ ဆွေးနွေးမထားတဲ့ ပညာပေးမှုကဏ္ဍမှာ အဲ့ဒါမျိုးတွေကိုပညာပေးရမှာပါ။
အဓိက ပညာပေးဖို့လိုနေတာက ဗမာပြည်က ကျားကြီးဝါဒီ ယောက်ျားများပါ။ ကျားများ မှိုင်းတိုက်ပုံသွင်းထားတဲ့ ပုံစံခွက်ထဲက အမျိုးသမီးများကိုလည်း လိင်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာ ဘယ် အတိုင်းအတာမျိုးအထိပါတယ် ဆိုတာမျိုးတွေကို အသိမြှင့်တင် ကိုယ့်အခွင့်အရေးကို သိစေရပါမယ်။
မိမိခန္ဓာကိုယ်အတွက် ရွေးချယ်ခွင့်ဟာ ကိုယ့်အပေါ်မှာ လုံးလုံးတည်မှီတယ်ဆိုတဲ့အသိကို မြှင့်ရပါမယ်။ လိင်ဆက်ဆံခြင်း၊ ကလေးမွေးခြင်း၊ ကလေးဖျက်ချခြင်းအားလုံးဟာ သူတပါးလွှမ်းမိုးခံ မပါ၊ မိမိရဲ့တကိုယ်ရည်ဆန္ဒသက်သက်နဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။
နောက် ပညာပေးမှုတခုက ကျန်းမာရေး ဆက်စပ်ပါ။ လိင်ကျန်းမာရေးပညာပေးမှုတွေကို လူပျိုပေါက်၊ အပျိုပေါက်အရွယ် အလယ်တန်း ကျောင်းမှာကတည်းက စနစ်တကျသင်ကြားပေးရပါမယ်။ စိတ်ချရတဲ့လိင်ဆက်ဆံမှုနည်းလမ်းတွေ အန္တရာယ်နည်း ပဋိသန္ဓေတားနည်းတွေ အတွက် မှန်ကန်တဲ့ဗဟုသုတပေးရမယ်။
အလေးအထား လုပ်ရမယ် နောက်တခုက တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်အတွက် ဥပဒေရေးရာတိုက်ပွဲဝင်မှုပါ။ နိုင်ငံရေးသမားများမှာ တာဝန်ရှိပါတယ်။
သဘာဝကိစ္စက တားလို့မရပါ။ မှန်ကန်တဲ့ဗဟုသုတ ပညာပေးမှု၊ တရားမျှတတဲ့အခွင့်အရေးကာကွယ်မှု၊ လူသားပီသ ညီမျှတဲ့အတွေးအခေါ်တွေမြှင့်တင်ပေးဖို့ပဲ လိုပါတယ်။
အခု လူငယ်စုံတွဲများ ဟိုတယ် သွား အိပ်ကြတာကိုပဲ အပြစ်မြင်ချင်ကြတယ်။ ဟိုတယ်သွားခြင်းဟာ အများပိုင်ပန်းခြံမှာ တွေ့ခြင်းထက် ပိုကောင်းပါတယ်။ ဟိုတယ်သွားပါ။ နှစ်ဦးသဘောတူသာ ဖြစ်ပါစေ။ သကောင့်သား ယောက်ျားကလေးများကို လိင်အကြမ်းဖက် အဓမ္မ မယူမိစေဖို့၊ ကာမရယူပြီးရင် အပြင်မှာ သူငယ်ချင်းများအကြားမှာ မြိန်ရည်ရှက်ရည် အသားယူမပြောဖို့၊ မှတ်တမ်းတင်ရိုက် မဖြန့်ဖို့စတဲ့ လူသားချင်းတန်ဖိုးထားလေးစားမှုအသိကိုသာ မြှင့်တင်ပေးရမှာပါ။ အမျိုးသမီးမိန်းကလေးငယ်များကိုလည်း မှန်ကန်တဲ့အကာအကွယ် စိတ်ချရတဲ့နည်းလမ်းတွေသုံးစေဖို့ကိုသာ ပညာပေးရမှာပါ။
ရေးရင်းနဲ့ အကျယ်ဖြစ်လာပြီ အချိန်ရလို့ ဆောင်းပါးရေးဖြစ်ရင် ဘာကြောင့် လူနေမှုပုံစံ ဓလေ့တွေ၊ တန်ဖိုးထားမှုတွေပြောင်းလာရတယ်၊ လက်မထပ်မီအတူနေခြင်း (Living Together Before Marriage) အိမ်ထောင်မပြုမီလိင်ဆက်ဆံခြင်း (Premarital Sex) ကျယ်ပြန့် လာရတယ်ဆိုတဲ့ နောက်ခံလေးလည်း ထည့်ဆွေးနွေးချင်ပါတယ်။
အခု ယောက်ျားကြီးများကို အဓိကပေးချင်တဲ့အသိကတော့ အမျိုးသမီးတယောက်ကိုတန်ဖိုးထားမှုမှာ ပေါင်ကြားထဲအရာ က အဓိက မကျ အတွေးအခေါ်၊ ဦးနှောက်နဲ့ စိတ်နှလုံးသာ အဓိက ဆိုတာပါ။
တန်ဖိုးထားမှု မှန်ကန်နိုင်ကြပါစေ။
ငြိမ်းချမ်းအေး
၁၄ အောက်တိုဘာ၊ ၂၀၁၄
https://www.facebook.com/nyeinchanaye81?fref=nf


ယင်းမာပင် စုစည်းမှုမှသည်…

0 comments
ယင်းမာပင် စုစည်းမှုမှသည်…

မတရားမှုတွေကို တွန်းလှန်ဆန့်ကျင်တဲ့ သေးငယ်တဲ့တိုက်ပွဲလေးတွေ ဗမာပြည်မှာဖြစ်နေတာ အချိန်တခုကြာခဲ့ပြီ။

ဒီတိုက်ပွဲတွေ အဆင့်တခုတော့တက်လာခဲ့တယ်။

မတရားမှုကိုဆန့်ကျင်ရင်း အဖမ်းခံရတဲ့သူတွေအတွက် သူတို့ရဲ့မိသားစုနဲ့ပြည်သူတွေက ဂုဏ်ယူတယ်လို့ပြောလာကြတယ်။ ဒါဟာ တိုက်ပွဲဝင်ရင်းအဖမ်းခံရသူတွေအတွက် အကောင်းဆုံးအားပေးစကားပဲ။ ဒီနမူနာစိတ်ဓာတ် တပြည်လုံးမှာ ပျံ့နှံ့လွှမ်းမိုးပါစေ။

နောက်တချက်က တိုက်ပွဲဝင်ကျောင်းသားတွေ အလုပ်သမားတွေ သက်ကြီးရွယ်အိုတွေ လူငယ်တွေဟာ အဖမ်းခံရမှာမကြောက်။ ထောင်တန်းကျမှာမကြောက်တဲ့စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတာပဲ။ ဒီနမူနာစိတ်ဓာတ် တပြည်လုံးမှာ ခိုင်မာဖွံ့ဖြိုးပါစေ။

ကိုလိုနီခေတ်က (အမေကမွေး ထောင်ကကျွေး)ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ ဗမာလူငယ်တွေ ကိုလိုနီစနစ်ကိုအန်တုတိုက်ပွဲဝင်ခဲ့ကြတယ်။ ဗမာပြည်အနှံ့ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာမှတ်ပါ- ဆိုတဲ့စိတ်ဓာတ်ကလည်း ကိုလိုနီစနစ်ကိုအန်တုရင်း ဗမာပြည်တဝန်းလုံး ဒေသအသီးသီးကို မှီခိုမယ်၊ လက်တွဲမယ်၊ ပူးပေါင်းနေထိုင်မယ်-ဆိုတဲ့အဓိပ္ပာယ်မျိုးလည်း ပါဝင်ပါတယ်။ မျက်မှောက်အခြေအနေမှာလည်း ဒီလိုတိုက်ပွဲဝင် စိတ်ဓာတ်တွေ တပြည်လုံးမှာ ပိုမို ပျံ့နှံ့လာဖို့လိုတယ်။

အခု ဗကသရဲဘော် ဖြူနှင်းထွေးကိစ္စနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အကျိုးဆက်ရလဒ်တွေ ပေါ်ထွက်လာတယ်။

ဗကသရဲဘော်က အလုပ်သမား၊ လယ်သမားတွေနဲ့အတူနေထိုင်ရင်း ပူးပေါင်းတိုက်ပွဲဝင်တာကို ဗကသ အဖွဲ့အစည်းကရော၊ ပြည်သူလူထုကပါ အတိအလင်းအသိအမှတ်ပြုထောက်ခံလိုက်တာ ဖြစ်တယ်။ လယ်သမားတိုက်ပွဲတွေမှာ ဗကသနဲ့ ကျောင်းသားတွေ ပိုမိုတိုးတက်ပူးပေါင်းလက်တွဲလာကြတာ တိုက်ပွဲတဆင့်မြင့်လာတာကိုပြတယ်။ အရင်က တိုက်ပွဲဝင်လယ်သမားတွေနဲ့အတူနေ၊ အတူတိုက်ပွဲဝင်ဖို့သွားခဲ့ကြသူ ရဲဘော်တွေ ရှိခဲ့တယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ အခုလည်း ဖြူနှင်းထွေးတယောက် ပေါ်ထွက်ခဲ့ပြီ။ မလုံလောက်သေးဘူး။ အခု ပိုစတာကိုင်ဆန္ဒပြသူလူငယ်တွေ အမျိုးသမီးတွေ ထပ်မံပေါ်ထွက်လာနေပြီ။

အခု ဖြူနှင်းထွေးရုံးချိန်း ဆန္ဒပြပွဲတွေမှာ ကျောင်းသားတွေ၊ အခြေခံလူတန်းစား ပြည်သူတွေ၊ လယ်သမားတွေလက်တွဲမိပြီ။ ဗကသနဲ့ လူထု ဝမ်ပေါင်ကုမ္ပဏီရှေ့ သွားရောက်ဆန္ဒပြလိုက်တာဟာ လယ်သမားအရေးမှာ ကျောင်းသားထုပါဝင်လက်တွဲတာကို နောက်တဆင့်တက် ဖော်ပြလိုက်တာပဲ။

ကမ္ဘာပေါ်က ဘယ်တော်လှန်ရေးတိုက်ပွဲမဆို အစပိုင်းမှ သေးငယ်တဲ့လှုပ်ရှားမှုလေးတွေက အစချီခဲ့တာချည်းဖြစ်တယ်။ သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေပေါင်းစည်းမိပြီး အင်အားစုစည်းမိလာတဲ့အခါ တော်လှန်တိုက်ပွဲဝင်မှုတွေ အရေးအခင်းကြီးတွေ ဖြစ်ပေါ်လာတာပဲ။

ဒါပေမယ့် သေးငယ်တဲ့တိုက်ပွဲတွေဟာ သူ့အလိုအလျောက်ပေါင်းစည်းသွားမှာတော့ မဟုတ်ဘူး။ စည်းရုံးရမယ်။ စုစည်းရမယ်။ အဲသလို စည်းရုံးစုစည်းဖို့ တော်လှန်မှန်ကန်တဲ့အတွေးအခေါ်တရပ်က ခေါင်းဆောင်မှုပေးနိုင်တာတော့ ရှိရမယ်။

တော်လှန်မှန်ကန်တဲ့အတွေးအခေါ်ကို ပြည်သူလူထုကြီးကဆုပ်ကိုင်လာမိရင် မိုးအောက်မြေပြင်မှာ အပြောင်းအလဲတွေ ဖော်ဆောင်လာနိုင်မယ်ဆိုတာယုံကြည်ရင် ကြိုးစားစည်းရုံးသွားကြဖို့ပဲ။

ဒီကနေ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေမှာ တိုင်းပြည်ကိုကယ်တင်နိုင်မယ့်၊ တိုင်းပြည်ကောင်းကျိုးဆောင်ကြဉ်းနိုင်မယ့် မူဝါဒနဲ့လမ်းစဉ် ရှိရမယ်ဆိုတဲ့အချက်ကို ထောက်ပြလာကြတယ်။ မှန်တယ်။ ဘယ်တိုင်းပြည်မှာမဆို တော်လှန်သူတွေဟာ ကိုယ့်တိုင်းပြည်ကို ကယ်တင်နိုင်မယ့်ဝါဒလမ်းစဉ်နဲ့လမ်းကြောင်းကို ကျားကုပ်ကျားခဲ ရှာဖွေခဲ့ရတာချည်းပဲ။ ဒီနေ့ဗမာပြည်မှာ နိုင်ငံရေးအင်အားစုအားလုံးလိုလို အဲသလို မူဝါဒလမ်းစဉ်တွေမရှိဘူးလို့သိမ်းကျုံးပြောလို့တော့ မရဘူး။ ကိုယ့်မူဝါဒလမ်းစဉ်နဲ့ကိုယ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတချို့ရှိတာကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။

အဓိကအချက်ကတော့ တော်လှန်မှန်ကန်တဲ့အတွေးအခေါ်လက်နက်ကို ပြည်သူလူထုထံပေးအပ်နိုင်ရေးဖြစ်တယ်။ တော်လှန်မှန်ကန်တဲ့ အတွေးအခေါ်ဟာ လူထုအတွက် လွတ်မြောက်ရေးလမ်းကြောင်းကိုညွှန်ပြနိုင်တဲ့အတွေးအခေါ်ကိုဆိုလိုတာ ဖြစ်တယ်။ ဒါအတွက် နိုင်ငံရေးအင်အားစုတွေမှာ တာဝန်ရှိတယ်။ ဦးသိန်းစိန်စစ်အစိုးရရဲ့မှိုင်းတိုက်မှုအောက်မှာ မျောပါဝေဝါးနေမှာလား။ အဲသလို ထိုင်းမှိုင်းတွေဝေတဲ့အတွေးအခေါ်တခုကို အချိန်ကြည်ရှည်ကြာမြင့်ဖက်တွယ်ထားလေ တပြည်လုံးက ပြည်သူလူထုကြီးအတွက် နစ်နာဆုံးရှုံးမှုတွေ ပိုကြီးလေပဲ။ ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်၊ ပြည်သူတွေ ဆင်းရဲမွဲတေစွာအဖိနှိပ်ခံနေရတဲ့တိုင်းပြည်မှာ အရေးအခင်းတခုအတွင်း လူထုသေကျေဆုံးရှုံးတဲ့ဒုက္ခထက် နေ့စဉ်တတိတိ သေကျေဆုံးရှုံးနေမှုတွေက အချိန်ကြာမြင့်လာတာနဲ့အမျှ ပိုမိုကြီးမား၊ ပိုမိုအရေအတွက်များပြားလာတယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်တွေက အတိအလင်းဖော်ပြနေပြီ။

အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ အခြေခံလူတန်းစားနဲ့ ပြည်ချစ်ပုဂ္ဂိုလ်များ ပိုမိုညီညွတ်စည်းရုံးသွားကြဖို့လိုတယ်။ စစ်အစိုးရရဲ့ မဟာဗမာလူမျိုးကြီးဝါဒကို အဓိကထားတိုက်ပွဲဝင်ရင်း အဖိနှိပ်ခံဗမာပြည်သူတွေနဲ့ အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတွေ လက်တွဲပေါင်းစည်းဖို့ လိုတယ်။

ယင်းမာပင်ပေါင်းစည်းညီညွတ်မှုမှသည် ပိုမိုကြီးမားတဲ့ ပေါင်းစုမှုကြီးအဖြစ်စုစည်းနိုင်စေဖို့ နိုင်ငံရေးအင်အားစုများ ကျားကုပ်ကျားခဲ လုပ်ဆောင်သွားဖို့လိုအပ်နေတဲ့အချိန်ပဲ။ တိုးပွားလာတဲ့မျိုးဆက်သစ်များကို တိုက်ပွဲအတွင်းပြုစုပျိုးထောင်ရေးလုပ်ရမှာဖြစ်သလို တိုက်ပွဲဝင်မျိုးဆက်များပြတ်တောက်မသွားရေးနဲ့ တဗိုလ်ကျ တဗိုလ်တက် ဆက်လက်တိုက်ပွဲဝင်သွားနိုင်ရေးအတွက်လည်း ကြိုတင်မြော်မြင်စီစဉ်ထားဖို့လိုအပ်ပါတယ်။

ကိုယ်ရင်ဆိုင်နေရတဲ့ရန်သူဟာ ဖက်ဆစ်အဆန်ဆုံး၊ အကောက်ကျစ်ဆုံး၊ အရက်စက်ဆုံးရန်သူဖြစ်တယ်ဆိုတာတော့ အမြဲသတိပြုသင့်တယ်။

(ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ ရယူပါသည်)

၂ဝ၁၄ အောက်တိုဘာအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၃(မျိုးမြင့်ချို)

0 comments
တလောက ဒီရောက်တာသိတ်မကြာသေးတဲ့ ဗမာပြည်သား(ပညာတတ်)စုံတွဲတတွဲနဲ့တွေ့ ခရီးသွားဟန်လွှဲတွေ့မိတယ်။ ရောက်တတ်ရာရာ ပြောကြရင်း"ဘာကိုးကွယ်လဲ"လို့ ကျနော်နဲ့အတူပါလာတဲ့အမေရိကန်မိတ်ဆွေကိုမေးတော့ ဟိုက ဘာမှပြန်မပြောပဲ ပြုံးပဲနေတယ်။ ကိုယ်တော်က ဒါကိုသဘောမပေါက်ဘူး "ငါကတော့ သာမန် မိရိုးဖလာဗုဒ္ဓဘာသာပါ၊ ငါ့မိန်းမကတော့ Strong ဗုဒ္ဓဘာသာလေ"လို့ ဆက်ပြီးပြောတော့ ဟိုလူ မျက်မှောင်ကြုပ်သွားတယ်။ ဘာမှတော့ မေးနေပြောမနေဘူး။ သူတို့ထွက်သွားတော့မှ ကျနော်က"ဆောရီးကွာ သူ ဒီရောက်တာမကြာသေးဘူး။ ဒီက ယဉ်ကျေးမှုကိုလည်း သိတ်တီးမိခေါက်မိ မရှိသေးလို့နေမယ်"လို့ မိတ်ဆွေအမေရိကန်ကို ပြေရာပြေကြောင်းပြောတယ်။ ဒီတော့ သူက "ဘာသာ မေးတာကကိစ္စမရှိပါဘူး။ သူ့မိန်းမက Strong ဗုဒ္ဓဘာသာလို့ပြောတာတော့ အတော်ဆိုးတယ်ကွ။ အင်္ဂလိပ်စကားသေချာမတတ်လို့လား၊ ဒါမှမဟုတ် တတ်ရဲ့သားနဲ့ သူ့ဘာသာတော့လာမထိနဲ့ မီးပွင့်သွားမယ်လို့ ခြိမ်းခြောက်တာလားမသိဘူးကွ။ သူ့မိန်းမ ဘာသာရေးလေးနက်တယ်လို့ ပြောချင်တာဆိုရင်တော့ တခြားစကားလုံးသုံးလည်းရတာပါပဲ။ များသောအားဖြင့် အဲ့သလိုပြောတတ်သူမှာ ဘာသာလူမျိုးအယူသီးတတ်ပြီး သူတပါးယဉ်ကျေးမှုထဲ မဝင်ဆန့်တာမျိုးတွေရှိတတ်တယ်"ဆိုပြီး သူ့ဖာသာပြောတာလိုလို ကျနော့်ကိုပြောတာလိုလို လေအေးအေးနဲ့ပြောတယ်။ ကျနော်လည်း ခေါင်းပဲညိမ့်နေမိတယ်။ ပညာတတ် အလယ်အလတ်လွှာက မြို့နေသူတွေတောင် ဒီလောက် သူတပါးယဉ်ကျေးမှုကို တီးမိခေါက်မိနည်းတယ်ဆို လူတွေ့တိုင်း "ကျုပ်တို့က ဘာလူမျိုး ဘာ ဘာသာလေ"လို့ လူတချို့ ပြောလေ့ကြတာ ဘာဆန်းတော့မလဲ။ အရိုးစွဲနေကြသမို့လား။

(ဒဏ်ရာနဲ့မျက်စေ့)
ဒဏ်ရာရတုန်းက ဘယ်မျက်စေ့ထဲ အစတွေဝင်တယ်။ ဗမာပြည်မှာ စုစုပေါင်း ၃ ကြိမ် ခွဲစိတ် ခံရတယ်။ နောက်ဆုံးအကြိမ်မှာ အတွင်းမှန်ဘီလူးထည့်ရတယ်။ အတွင်းမှန်ဘီလူးထည့်တာက ၂ဝဝ၄ ခုနှစ်မှာ။ ထောင်ထဲကနေ အပြင်ထုတ်ပြီး ကန်တော်ကြီးစောင်းက မျက်စေ့ဆေးရုံကြီးမှာလုပ်တာပါ။ ဒီတုန်းက ဒေါက်တာသန်းငြိမ်း၊ ဒေါ်မေဝင်းမြင့်တို့နဲ့အတူ အပြင်ဆေးရုံ ထွက်ထွက်ပြနေချိန်ပဲ။ ခုဆို ၁ဝ နှစ်ရှိပြီ အတွင်းမှန်ထည့်ထားတာ။ မှန်ထည့်လို့ ပြန်မြင်ရသလားဆိုတော့လည်း အရင်ကထက်ထူးပြီး မမြင်ရပါဘူး။ အလင်းအမှောင်၊ နေ့ညနဲ့ မျက်စေ့ရှေ့တခုခုလာလှုပ်ပြရင် ရိပ်ရိပ်-ရိပ်ရိပ်ပဲမြင်တော့တယ်။ တခါတလေ အောင့်တယ် မျက်ရည်တွေကျတယ်။ ဒီလောက်ပဲ။ အဲ့ဒီအတိုင်းနေလာတာ
၁၉၈၄ ကနေ ဒီနေ့အထိ။ မျက်စေ့ကတော့ နည်းနည်းပါးပါးပုံပျက်သွားတာကလွဲလို့ မသိသာဘူး။ ကိုယ်ကပြောပြမှ သိရမယ့်အနေအထားပဲ။ အတွင်းသိတွေကလွဲလို့ ဒီမျက်စေ့အကြောင်း အခြားသူတွေကို မပြောဖြစ်တာများတယ်။
ခုတော့ ပြောချင်လာတယ်။ မိတ်ဆွေတွေလည်း သိရအောင်ပါ။
ခုတလော ဘာဖြစ်တယ်မသိ။ ခွဲထားတဲ့မျက်စေ့က အောင့်တယ်နာတယ်၊
တချက်ချက် အပ်ဖျားလေးနဲ့ဆွသလို စူးကနဲစူးကနဲကျင်ကျင်တက်သွားတယ်။
အဲ့သလိုဖြစ်ရင် လူကပါ ဆိုးကနဲဆတ်ကနဲ တွန့်တွန့်သွားတာ သတိထားမိတယ်။
တခါတလေ ကိုက်တယ်။ ခေါင်းနောက်ပိုင်းကြီးကနေ ဦးနှောက်ကို တယောက်ယောက်က လက်နဲ့လာဆွဲပြီးညှစ်နေသလိုလိုလည်း ခံစားရတယ်။ တချို့ညတွေဆို မအိပ်ရဘူး။ အိပ်ရေးပျက်တာများတော့ အစားလည်းပျက်ပြီး လူလည်း စိတ်နည်းနည်းကျချင်သလိုဖြစ်တယ်။ စိတ်အားနေရင် လူအားနေရင် ဟိုတွေးဒီတွေးတွေတွေးဖြစ်မစိုးလို့ စာဖတ်တာနဲ့ ခြံအလုပ်လုပ်တာကိုပဲ ဖိလုပ်နေတယ်။ စာတောင်မရေးဖြစ်ဘူး။ စာရေးရင် စိတ်ပိုပိတယ် မဟုတ်လား။ အထူးသဖြင့် စစ်ကြောရေးနဲ့ထောင်ထဲကအကြောင်းတွေ ဒဏ်ရာရတုန်းကအကြောင်းတွေ ပြန်မတွေးမိအောင် စိတ်ထဲဝင်မလာအောင် သတိနဲ့နေနေရတာပါပဲ။
နောက်တခုက အနာအကျင်(ဝေဒနာနုပဿနာပဲထားပါတော့)ကို စိတ်နဲ့တည့်တည့်ကြည့်ဖို့ စိတ်ကိုစုပြီး ဖမ်းမိသွားတော့မှ တဖြည်းဖြည်းနဲ့ အနာအကျင်မှတ်ရာကနေ စိတ်ကလေးအေးနေကြည်နေအောင် ကူးသွားပြီးနေတဲ့နည်းပဲ။ ကူးတယ်ဆိုတာလည်း သတ်သတ်ကြီး လူကလိုက်ကူးရတာမျိုးမဟုတ်ပဲ သူ့ဟာသူစိတ်က သိမှုကရွေ့သွားတဲ့သဘောပဲ။ တချို့လည်း ဒါကို တရားထိုင်တယ်တို့ တရားမှတ်တယ်တို့ ဝိပဿနာရှူတယ်တို့ ဘာတို့ညာတို့ အမည်အမျိုးမျိုးတပ်ပြီးပြောနေကြတာပဲ။ တချို့များဆို နိဗ္ဗန်တို့ဘာတို့
သံသရာကလွတ်ကြောင်းတို့ ဆိုတာမျိုးတွေအထိတောင်ပြောကြတာပဲ။
ကျနော်ကတော့ စိတ်ခွန်အားရဖို့ စိတ်ကလေးကြည်နေအေးနေဖို့နဲ့ ခန္ဓာကိုယ်အေးအေးလူလူလေးဖြစ်နေရင်
ကျေနပ်စရာလို့ပဲမှတ်ပြီး လုပ်ပါတယ်။ ရှေ့ဘဝနောက်ဘဝနဲ့ သံသရာဆိုတာယုံပြီး လုပ်သူတွေလည်း လုပ်ကြပေါ့။
သူ့နည်းနဲ့သူ သူ့ယုံကြည်မှုနဲ့သူ ကြည်မွေ့နေပြီးတာပါပဲ။
ကျနော်ကတော့ ထောင်ထဲတုန်းက ၇ နှစ်လောက် Meditation လုပ်ခဲ့တဲ့နည်းတူ ခုလည်းပြန်လုပ်ဖြစ်တယ်။ အကျင့်ရှိခဲ့ဖူးတော့ စိတ်စုပြီးတည်နေအောင်ထားရတာ သိတ်မခက်လှဘူး။ ဒါပေမယ့် ပြဿနာက အပြင်မှာက ထောင်ထဲမှာလိုမဟုတ်ဘူး။ မိသားစုကိစ္စအပြင်ကိစ္စ လူမှုရေးကိစ္စ၊ ထမင်းရှာစားရတဲ့ကိစ္စ၊ ကိစ္စပေါင်းသောင်းခြောက်ထောင်ဆိုတော့ မဒီတေးရှင်းလုပ်ချိန် နည်းတာပဲ။
စိတ်ထွေးချိန် စိတ်ပိချိန်များပြီး စိတ်အနားနည်းတာပဲ၊
အမေရိကားကို ၂ဝဝ၈ မှာရောက်တယ်။ သိတ်မကြာဘူး တော်ပေ့ဆိုတဲ့ မျက်စေ့သမားတော်တွေနဲ့ရော ကျွမ်းပေ့ဆိုတဲ့မျက်စေ့ခွဲစိတ်ဆရာဝန်ကြီးနဲ့ရော ၃ ကြိမ်လောက်တွေ့တယ်။ အမျိုးမျိုးစမ်းသပ်ကြည့်ရှူကြပြီး နောက်ဆုံး "မင်းမျက်စေ့ကိုခွဲပြီး အတွင်းမှန်ဘီလူးပဲပြန်လဲလဲ၊ တခြားတနည်းနည်းနဲ့ပဲခွဲခွဲ ပြန်မြင်ရဖို့အလားအလာက ၁ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ဒါပေမယ့် နောက် ၁ဝ နှစ်လောက်ရှိလို့ ဆေးဝါးသစ်၊ နည်းပညာသစ်၊ ကိရိယာသစ်တွေပေါ်လာလို့ မင်းမျက်စေ့ကိုခွဲကြည့်ရင်တော့ မြင်ရင်မြင်လာ နိုင်မှာပါ။ ခုကတော့ ဒီ့ထက်ပိုဆိုးမလာအောင် မျက်လုံးပုံပျက်ပန်းပျက်ဖြစ်မသွားအောင် မျက်စဉ်း၊ သောက်ဆေး စတာတွေနဲ့ထိန်းထားလို့ပဲရမယ်" လို့ပြောတယ်။ ကျနော်က "ဒါဆိုလည်း ကိစ္စမရှိဘူး၊ ထားလိုက်ပါတော့၊ ခွဲလည်းမနေပါနဲ့တော့၊ နောက် ၁ဝ နှစ်မှာ ခွဲလို့ရတယ်ဆိုဦးတောင် ငါလည်း အသက်ကြီးပြီ။ ခုလည်း ဒီဘက်တလုံးနဲ့ တကမ္ဘာလုံးကိုမြင်နေရတာပါပဲ၊ ကောင်းသေးတဲ့တဘက်ကို ထိန်းထိန်းသိမ်းသိမ်း ဂရုတစိုက်လေး နေလိုက်မယ်၊ တခုပဲ မသေခင်စပ်ကြား ဆေးပညာအတွက်နဲ့ပတ်သက်လို့ သုတေသနသဘောမျိုးလုပ်ဖို့ ငါ့လိုမျက်လုံးမျိုးကိုမှ ခွဲဖို့စိတ်ဖို့လိုတယ်ဆို အချိန်မရွေးခွဲပါ၊ မသေခင်က ကြိုလှူထားမယ်"လို့ပြောပြီး တခါတည်း လက်မှတ်ထိုးပေးခဲ့တယ်။ ဒီရောက်ပြီး တပတ်အကြာ မှတ်ပုံတင်သွားလုပ်တုန်းကလည်း သေရင်အလောင်းလှူမယ်(ဒီမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှူတယ်လို့သုံးတယ်)လို့ တခါတည်းလက်မှတ်ထိုးလှူခဲ့တာပါပဲ။
ခု မျက်စေ့ကတော့ မသေခင်ပေါ့လေ။
ခု မသေသေးဘူး။ မျက်လုံးကိုဆေးပညာအတွက်စမ်းသပ်ခွဲဖို့ကလည်း မဖြစ်သေးဘူး။ မျက်လုံးကတော့ ဖေါက်လာပြီ။ မနေ့ကတော့ မျက်စေ့ဆရာဝန်ကြီးနဲ့တွေ့ပြီးပြဖို့ အပွိုင်မင်န့် ယူလိုက်တယ်။ အောက်တိုဘာ (၁)ရက်နေ့မှတွေ့ရမယ်..တဲ့။ လူနာတွေအတော်များနေပုံပဲ။ မတတ်နိုင်ဘူး စိတ်ရှည်ရှည်စောင့်ရတော့မှာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုလို့ကတော့ ကြိုက်တဲ့ပါရဂူကြိုက်တဲ့အချိန် သွားပြရုံပဲ။ ခုက တိုင်းပြည်ကခွင့်ပြုထားတဲ့ဆေးဝါးကုသခွင့် (ဒီမှာတော့Disability Medicaid လို့ခေါ်ပါတယ်)နဲ့ ဆိုတော့။ ကျနော်က ဒီ အခမဲ့ဆေးဝါးကုသဝယ်ယူခွင့်ကို မဖြစ်နိုင်လွန်း မတတ်သာလွန်းတဲ့အခါတွေမှသုံးပါတယ်။ ဒါရထားတဲ့ ၆ နှစ်ကျော်မှာ (၈)ကြိမ်ထက်ကျော်ပြီး မသုံးဘူး။ သာမန်ဖျားတာနာတာနဲ့ တော်ရုံတန်ရုံကိစ္စတွေဆို Over the Counter ဆေးတွေဝယ်သောက်၊ ပိုက်ဆံပေးကုလို့ရတဲ့ ဈေးနှုန်းချိုသာဆေးခန်းတွေပြေးတာများတယ်။ ခုတော့ မတတ်နိုင်ဘူး။ မျက်စေ့ပါရဂူနဲ့တွေ့တယ်ပြုတယ် ခွဲမယ်စိတ်မယ် တခုခုလုပ်မယ်ဆို ငွေကုန်ကြေးကျက အများကြီးလေ။ ကိုယ်မှမတတ်နိုင်တာ။ စောင့်ရမှာပဲ အောက်တိုဘာအထိ။ ကြားထဲ မခံနိုင်ရင်တော့ အောင့်အီးခံတန်ခံ၊ ဆေးသောက်တန်သောက်၊ ဆေးခန်းပြေးတန်ပြေးနဲ့ ကြိတ်မှိတ်စောင့်ရုံပဲ။
ခုလိုပြောတော့ ရွှေပြည်ကြီးက ထမင်းနပ်မှန်ဖို့အရေး ဘဝဆင်းရဲဒုက္ခခံနေရသူတွေကို အားနာတယ် မျက်နှာလည်းပူတယ်။ ကိုယ့်အပူကို အဲ့လိုလူတွေရှေ့ သွားပြောရမှာလည်း စိတ်မလုံဘူး။ ဆရာမောင်ဆေးနီမှုန့် ကွမ်းရွက်ပြုတ်ရည် အပ်ပုန်းရမ်းကုဆရာ ဥုံဖွအပ်ချလောင်း ရေမန်းဆီမန်းထုံးမန်းတွေနဲ့ ဘဝဒဏ်ရာတွေ စိတ်အနာတွေ ခန္ဓာကျန်းမာရေးကို ယုံမှတ်ပုံအပ်နေရတဲ့အဖြစ်တွေဟာ နာကျင်ကြေကွဲစရာ။



၂ဝ၁၄ အောက်တိုဘာအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)

0 comments
(ပဋိဇီဝဆေးနဲ့ပါဏာတိပါတံ)
ထောင်ထဲတုန်းက နိုငိငံရေးနဲ့ကျလာတဲ့ဘုန်းကြီးတပါး ဝမ်းအကြီးအကျယ်ကိုက်ရော။ ကိုယ့်အချင်းချင်းထဲကဆရာဝန်က အန်တိုင်ဘိုင်အိုးတစ်စ်(ပဋိဇီဝဆေး) စားမှရမယ်လို့ပြောပြီး ဒါကို ပိုးသတ်ဆေးလို့လည်းခေါ်ပါတယ်။ အရှင်ဘုရားခန္ဓာကိုယ်ထဲက ဝမ်းကိုက်ရောဂါဖြစ်စေတဲ့ ပိုးတွေကိုသတ်ဖို့ပါ။ ကိုယ်တိုင်သောက်ရပါလိမ့်မယ်။ တပည့်တော်လည်း သောက်ဖို့မသောက်ဖို့ ဘာမှ တိုက်တွန်းတာ တားမြစ်တာမလုပ်ပါဘူး။ သောက်မယ်ဆိုလည်း ကိုယ့်လက်နဲ့ကိုယ့်စိတ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲလုပ်ပါ၊ တော်ကြာနေ တပည့်တော်ကြောင့် ပါဏာတိပါတာတွေ ဘာတွေဖြစ်နေပါဦးမယ်လို့ လျှောက်တယ်။ ကိုယ်တော်လည်း ဝမ်းကိုက်ဒဏ်မခံနိုင်တော့ဘူး လူလည်း ပမ်းနေပြီ။ သူက ထောင်ထဲမှာ ရှစ်ပါးသီလမပျက်ဘူးလို့ ကြွေးကြော်ထားသူ၊ စာတတ်ပေတတ်ဆိုပြီလည်း လူတွေသိကြတယ်။ ဒီတင် ကိုယ်တော်က ကိစ္စမရှိဘူး ဒကာ။ ဒီ ဗက်တီးရီးယားဆိုတဲ့ကောင်တွေ ဗိုင်းရပ်စ်ဆိုတဲ့ကောင်တွေက သက်ရှိဟုတ်သလား မဟုတ်သလား ငါလည်းမပြောတတ်ဘူး။ မြင်လည်းမြင်ရတာမဟုတ်ဘူး။ ဟုတ်တယ်ဆိုလည်း ကိုယ့်လက်နဲ့တိုက်ရိုက်သတ်တာမှ မဟုတ်တာပဲ ဆေးကသတ်တာပဲ။ ကိုယ်က အဲ့ဒီပိုးတွေကို သေစေ့ချင်တဲ့စေတနာနဲ့မသောက်ပဲ ရောဂါသက်သာဖို့သောက်တာပဲ။ ရတယ်သောက်မယ်ဆိုပြီးသောက်လိုက်တာ တပတ်လောက်အတွင်းပဲ ဝမ်းကိုက်ပျောက်ပြီး ပြန်ထူထူထောင်ထောင်ဖြစ်လာတယ်။

(နွားညှော်မိတဲ့ပြည်)
ပဒေသရာဇ်ညှော်ဝဆဲ ရွှေပြည်ကြီးမယ်
ကျေးဇူးရှင်များတယ်။
မင်းလည်း ကျေဇူးရှင်ပဲ။
ဘုန်းကြီးလည်း ကျေးဇူးရှင်ပဲ။
စစ်တပ်လည်း ကျေးဇူးရှင်ပဲ။
နွားလည်း ကျေးဇူးရှင်ပဲ။
ဆင်တောင် ကျေးဇူးရှင်ဖြစ်တော့မလို့ သီသီလေးကပ်လွတ်သွားတာ။
(မဆလခေတ်တုန်းက သစ်ထုတ်လုပ်ရေးကဆင်တွေကို ဆင်လုပ်သားတဲ့)
ထားပါတော့လေ ကျေးဇူးရှင်စာရင်းက ပြုစုရင် ရွှေပေလွာနေမှာပါ။
နွားကလွဲလို့
ကျန်တဲ့ကျေးဇူးရှင်တွေက
ကျေးဇူးရှင်နေရာကို
ကိုယ့်ဘာသာဖန်တီးတီထွင်ယူထားတယ်။
လူ့အဖွဲ့အစည်းကို ဂုတ်ခွစီးတယ်။
ကျေးဇူးခံတွေလုပ်အားအမြိန့်သားထိုင်စားရင်း
ဘဝနဲ့ဓနကြွယ်ဝခိုင်ဖြီးတယ်။
ခမျာမတော့
နဖါးကြိုးလည်း အထိုးခံရ
မသေမချင်းလည်း နွားလိုရုန်းရ
သေခါနီးကြ သားသတ်ရုံအပို့ခံရ
သေပြန်တော့လည်း
သားရေပါမကျန် ဖိနပ်လုပ် အစီးခံရ
ပြီးတော့
ကျေးဇူးအစားဆုံးတွေက
သနားကြသတဲ့။


(မိကျောင်းသမီးလေးများနဲ့သိုးမွှေးရိပ်ခြင်း)
Kendallville Apple Festival ကို မရင်နှစ်ခေါ်ပြီး ဇနီးနဲ့အတူသွားဖြစ်တယ်ဗျ။ ရှေးအမေရိကန်ကြီးတွေ ကျေးလက်တွေမှာ ဘယ်လို နေခဲ့ထိုင်ခဲ့ကြ စတာတွေကို ခင်းကျင်းပြရင်း အစားအစာတွေ၊ အကအခုန်အတီးအမှုတ်တွေ၊ သရုပ်ပြတွေနဲ့ စည်ကားလေ့ရှိတဲ့ပွဲတွေထဲက တစ်ခုလို့သာ လောလောဆယ် အလွယ်မှတ်ထားဗျာ။ တနေရာမှာ လူကြီးတယောက်က သိုးမွှေးဘယ်လိုရိပ်ရကြောင်း၊ သိုးတကောင်ကနေ တခါရိပ်ရင် သိုးမွှေးဘယ်လောက်ရကြောင်း၊ အမွှေးရိပ်သိုးတွေကို ဘယ်လိုမွေးမြူရကြောင်း ဘာညာတွေ ရှင်းလည်းရှင်းပြ လက်တွေ့လည်း ရိပ်ပြတဲ့ဆီရောက်ရော ရိုးပြတ်ထုံးကြီးတွေပေါ်မှာ ပါးစပ်လေးတွေအဟောင်းသားလေးတွေနဲ့ မျက်လုံးလေးတွေကလယ်ကလယ်နဲ့ ကလေးတွေမှ အများကြီးပဲ။ ဟိုလူကြီးခမျာ လက်ကလည်းအရိပ်မပျက် ပါးစပ်ကလည်း ကယားရေသွန်နဲ့ မမောနိုင်ရှာပြီ၊ ရိပ်လို့ပြီးတော့ သိုးတစ်ကောင်ကနေရိပ်လိုက်တာ ဟောသလောက်တောင်ရကြောင်းပြောပြီး သိုးမွှေးပြန့်ကြီးကိုဖြန့်လည်းပြလိုက်ရော ကလေးတွေဆီက အိုးမိုင်ဂေါ့တွေဘာတွေနဲ့ ဝိုင်းတီးလိုက်တဲ့လက်ခုပ်သံတွေညံကနဲပဲ။ ”ကဲ..ရိပ်တဲ့ကိစ္စတော့ပြီးပြီ၊ မင်းတို့သိချင်တာမေး ဖြေမယ်”ဆိုတော့ တယောက်စ နှစ်ယောက်စကလွဲပြီး ကျန်တဲ့ကလေးတွေက ကျေးဇူးတင်ကြောင်းပြောပြီး ထပြန်ကြတယ်။ ကျန်နေတာက မရင်နှစ်နဲ့ အခြားကလေး ၃ ဦးပါတဲ့မိသားစုလေးတစုပဲ။ မရင်နှစ်က ခတ်တည်တည်နဲ့ လက်ညှိုးထောင်ပြီး”အမွှေးတွေ အဲ့လိုရိပ်တော့ သူတို့ မနာဘူးလား..”တဲ့။ ဟိုဆရာကြီးက”မနာပါဘူး၊ မင်းဆံပင်တွေရှည်လာတဲ့အခါ ညှပ်ရတယ်မဟုတ်လား..”ဆိုတော့ ရက်စ်တဲ့။ ”အဲ့ဒီအခါ နာသလားဆိုတော့ မနာဘူး..တဲ့။ ”အဲ့သလိုပဲလေ။ နောက်တချက်ကလည်း သိုးတွေမှာ အမွှေးတွေရှည်ထွက်လာတဲ့အခါ အမွှေးကျွတ်ချိန် အမွှေးသစ်လဲချိန်လည်း ရှိသေးတယ်။ အမွှေးတွေရှည်လာလို့ မညှပ်ပဲထားလိုက်ရင် အများစုကကျွတ်ထွက်သွားပြီး အလဟသဖြစ်ကုန် တာမျိုးလည်းရှိတယ်”လို့ ရှင်းပြတာလည်းဆုံးရော မချောကဆက်ပြီး ”အဲ့သလို အမွှေးတွေကျွတ်တော့ရော သူတို့မနာဘူးလား”လို့ မေးပြန်တယ်။ ဟိုလူကြီးက ”မင်းရေချိုးပြီးရင် ဆံပင်တွေဖီးလား”လို့မေးတယ်။ မေမေဖီးပေးတယ်လို့ပြန်ဖြေတယ်။ ”အဲ့ဒီအခါ မင်းဆံပင်တွေ ဘီးထဲပါကျွတ်ပါသွားတာတွေ့ဖူးလား”ဆိုတော့ တွေ့ဖူးတယ်..တဲ့။ ”အဲ့ဒီအခါ မင်းနာလား”ဆိုတော့ မနာဘူးတဲ့။ ”အေးအဲသလိုပဲ သိုးတွေလည်း မနာကြပါဘူး။ သူတို့က တနှစ်တခါ ဆောင်းတွင်းဝင်တော့မယ်ဆိုရင် အမွှေးဟောင်းတွေအကုန်နီးပါးကျွတ်ပြီး အမွှေးသစ်တွေ လဲတယ်။ ဒါမှ အမွှေးသစ်ထူထူထဲထဲနဲ့ သူတို့ မချမ်းမှာပေါ့လေ။ သူတို့မှာ မင်းတို့လို သိုးမွှေးဆွယ်တာတွေ အနွေးအကျီင်္တွေမှမရှိတာ”..တဲ့။ မရင်နှစ်က တခုခုဆက်မေးမလို့ပြင်နေတုန်းပဲ သူ့ဘေးက ၅ နှစ်သမီးလောက်လေးက ”ဆောင်းတွင်းဆို တို့လည်းအေးတယ် သူတို့လည်း အေးတယ်..မင်းတို့က သူတို့အမွှေးတွေ သူတို့အနွေးအကျီင်္တွေကို ခုလို ချွတ်လိုက်တော့ သူတို့အေးမှာပေါ့..ဘာဝတ်မလဲ”လို့မေးတော့ ကျနော်အပါအဝင် ဘေးကလူတွေပါပြုံးကြတယ်။ ”ရိပ်ရိပ်လိုက်ချင်းတော့အေးတာပေါ့။ ဒါပေမယ့် ခနပဲလေ အမွှေးသစ်တွေပြန်ထွက်လာတာ။ နောက်ပြီး ခြံထဲရှိသမျှသိုးအကုန်လုံးလို တကြိမ်တည်း အပြီးရိပ်တာမဟုတ်ဘူး။ အလှည့်ကျရိပ်တာပါ။ အကောင်တဝက်လောက်က အမွှေးနဲ့ကျန်နေတယ်လေ။ သူတို့ ညဘက်အိပ်ကြတော့ အတူတူပူးကပ်ပြီးအိပ်ကြတာဆိုတော့ သိပ်မအေးပါဘူး။ နောက်ပြီး အိပ်တဲ့နေရာက လုံတယ်လေ...အရမ်းကြီးမအေးပါဘူး။ နေ့ခင်းဘက်ကြတော့လည်း တနေကုန် ခြံကျယ်ကြီးထဲမှာ ပြေးလွှားစားသောက်နေကြတော့ လေ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီး ချွေးတွေပါပြန်နေကြတာ”ဆိုတော့မှ သူ့အမေကို တချက်ပြန်မော့ကြည့်ပြီး ”မေမေလေ့ကျင့်ခန်းလုပ်ရင်လည်း ချွေးတွေထွက်တယ်နော် မေမေ”လို့ပြောလည်းပြောရော အားလုံးလည်း တပြုံးပြုံးနဲ့။ အင်း ဒီ မိကျောင်းသမီးလေးနှစ်ယောက်နဲ့ ဟိုဆရာကြီး အမေးအဖြေတွေနားထောင်ရင်း ကိုယ်စီအတွေးတွေနဲ့ နေကြမယ်ထင်တာပါပဲဗျာ။

(စက်မှုပညာနဲ့ဂိုဒေါင်ရွှေ့ခြင်း)
၁၀x၁၂ ပေ ပတ်လည် သစ်သားထည် သွပ်မိုး သစ်ကြမ်းခင်း အိမ်သုံးဂိုဒေါင်လေးတလုံး မှာထားတာ မနေ့မနက်ကရောက်လာတယ်။ Carriage House စတိုင်လ်လို့ခေါ်တယ်တဲ့။ လူတယောက် ယဉ်တင်နောက်တွဲထရပ်တစင်းတည်းနဲ့ ရောက်ချလာတာ။ ဒီလောက်ကြီးတဲ့ အဆောက်အဦးကို သူ့တယောက်တည်း ဘယ့်နှယ်များနောက်တွဲပေါ်ကချပြီး ဘယ်လိုများ သတ်မှတ်နေရမှာ တည်ပေးမလဲလို့တွေးမိပြီး သူလုပ်တာရပ်ကြည့်နေမိတယ်။ အကူအညီလိုရင်ပြောနော်ဆိုတော့ ရတယ်၊မလိုပါဘူးလို့ပြောပြီး လမ်းသွယ်ကနေ အိမ်ဘေး ကပ်သီးကပ်သတ် နေရာအဝအထိ ဂိုဒေါင်တင်ထားတဲ့နောက်တွဲကားကို ဘက်ခ်ဆုတ်ပြီး ဝင်ချလာတာများ လက်နဲ့တွန်းဝင်လာတာ ကြနေတာပဲ။ ၁၆ ပေပဲကျယ်တဲ့နေရာကြတော့မှ ကားရပ်ပြီး၊ နောက်တွဲဟိုက်ဒရောလစ်လေးနဲ့ ဦးထောင်ပြီး ဖေါ့ရ်က်ကလစ်ပ်လို ၂ ဘီးတပ် မတ်တပ်မောင်းယဉ်ကလေးနဲ့ ဂိုဒေါင်တစ်လုံးလုံးကို ဆွဲပြီးအောက်ချ။ ပြတဲ့နေရာအထိ ဖြည်းဖြည်းချင်းသယ်ယူ၊ သတ်မှတ်နေရာရောက်တော့ နေရာကျအောင် ဟိုလှည့်ဒီလှည့်လုပ်၊ စက်နဲ့ဂိုဒေါင်ကိုပင့်မထားပြီး ထောင့် ၄ ထောင့် အညီအမျှနေရာကျအောင် ကွန်ကရိဘလောက်တုံး တွေကို မြေကြီးပေါ်စီတန်တာစီ၊ ပြီးတော့ ဂိုဒေါင်ကိုကျကျနနချ၊ လယ်ဗယ်ညီမညီကို ရေချိန်နဲ့ ချိန်ကြည့် အားလုံးကွက်တိ။ ပြီးတော့ သူ့ မတ်တပ်မောင်းယဉ်လေး နောက်တွဲပေါ်ပြန်တင်”သွားတော့မယ်နော် နောင်လိုတာရှိလည်း ကျနော်တို့ဆီမှာပါ” ပြောပါလိုဆိုပြီး ထရပ်ကားလေး ဝူးကနဲမောင်းထွက်သွားတော့ နာရီကြည့်မိတယ်။ ၁၁ နာရီ ၄၅ မိနစ်။ မနက်အစောကြီး သူဖုန်းခေါ်တော့ ငါ မင်းတို့အိမ်ကို ၁၁ ခွဲမှာရောက်မယ်တဲ့။ သူတကယ်ရောက်တော့ မခွဲခင် ၅ မိနစ်အလိုပဲ။ ပြန်တော့ ၁၁ နာရီ ၄၅။ စုစုပေါင်းကြာချိန်က မိနစ် ၅ဝ ဆိုပေမယ့် နောက်တွဲပေါ်က စက်နဲ့အိမ်ကို ဆိုင်းထားတဲ့ကြိုးတွေဖြည်တာ၊ မလုပ်ခင်နေရာကြည့်တာ၊ လုပ်ပြီး တော်ကီနည်းနည်းပွားတာတွေ ပြန်နှုတ်လိုက်တော့ သူ တကယ်လုပ်ချိန်က မိနစ် ၂ဝ ပဲ။ ဒီ ဂိုဒေါင်တစ်လုံးလုံးကို လာနေရာချပေးသွားတာ။ သူ့ကြည့်တော့လည်း မောလို့ ဟောဟဲလိုက်ဖို့မပြောနဲ့ ချွေးလေးတစ်စက်တောင်ထွက်မသွားဘူး။
သူလုပ်ကိုင်နေတာကြည့်ရင်း ငယ်ငယ်က ၃ တန်းလား ၄ တန်းမှာလားမသိဘူး သင်ရတဲ့ ”လူအားဖြင့်တနေကုန်လုပ်ရသောအလုပ်ကို စက်အားဖြင့်တနာရီအတွင်းပြီးနိုင်ပါသည်”ဆိုပြီး။ မြေထိုးမြေကော်စက်ကြီးတွေပုံလေးနဲ့ တွဲသရုပ်ဖော်ထားတယ်မှတ်တာပဲ။ စက်မှုထွန်းကားပြီးတဲ့ပြည်တွေမှာ လူကို သက်သာနိုင်သမျှသက်သာအောင် စီစဉ်ပေးထားတာလည်း အမှန်ပဲ။ တကယ်လည်း သက်သာတာပဲ။ အဲ့သလိုပဲ ကွန်ပြူတာရိုက်ဇ် စက်ခါးပတ်ကြိုးကြီးတွေနဲ့လည်ပတ်နေတဲ့ အလုပ်ရုံ စက်ရုံတွေမှာလည်း စက်ကို လူကအမီလိုက်လုပ်ရတဲ့ လူ့ဒုက္ခကကြီးလှတယ်။ ပင်ပမ်းလွန်းလှတယ်။ ”စက်နောက်လူပါ” ဖြစ်ဖို့ဆို လူကို စက်လိုမောင်းမှရတာမဟုတ်လား။ စက်ဆိုတာ ပျက်ခါမှပျက်ကရော၊ ချုံးချုံးကျခါမှကျကရော လူလို့တော့မပမ်းဘူးလေ။

(ဝမ်းခါးအလှနဲ့ဒီမိုကရေစီ)
ကွန်မြူနစ်တွေကတော့ ရှင်းတယ်။
သူတို့ဒီမိုကရေစီက ပြည်သူ့ဒီမိုကရေစီ..တဲ့။
အလုပ်သမားလယ်သမား
အခြေခံလူတန်းစားတွေကိုပဲ ပေးမယ်..တဲ့။
အရင်းရှင်တွေကိုတော့ ဆောရီးပဲ...တဲ့။
ကျနော်တို့ဒီမိုကရေစီကြတော့ ဒီမိုကရေစီ..တဲ့။
စစ်မှန်သောဒီမိုကရေစီ...တဲ့။
စည်းကမ်းပြည့်ဝသောဒီမိုကရေစီ...တဲ့။
နောက်လည်း ရှိသေးတယ်။
ထားပါတော့ ဘာဒီမိုကရေစီပဲဖြစ်ဖြစ်
ဘယ်သူပဲ အာဏာကိုင်ထားနိုင် ကိုင်ထားနိုင်
အတန်းအစားတခု ဒီမိုကရေစီရသွားတယ်ဆိုတာ
အတန်းအစားတခု ဒီမိုကရေစီရုပ်သိမ်းခံလိုက်ရတဲ့သဘော
ဗေဒင်မေးစရာမလိုမယ့်ကိစ္စ
ခုရွှေပြည်ကြီးမှာ
ဒိမိုကရေစီရနေပြီလို့ပြောသူကပြောတယ်
မရသေးဘူးလို့ပြောသူကပြောတယ်
ရတယ်ပြောတဲ့သူတွေ ရနေတာဟုတ်မှာပဲ
မရသေးဘူးပြောသူတွေ မရသေးတာဟုတ်မှာပဲ
ရသလိုလို မရသလိုလိုစကားနာထိုး
ခနိုးခနဲ့အပြနဲ့
ဝမ်းဝခါးလှနေကြသူတွေလည်း
ဝနေလှနေတာဟုတ်မှာပဲ

သြော်...ဒါနဲ့
ခင်ဗျားရော
တဝမ်းတခါးမှ ဝရဲ့လား
ဒီမိုကရေစီမှ ရရဲ့လား

၂ဝ၁၄ အောက်တိုဘာအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments


၂ဝ၁၄ အောက်တိုဘာအဆန်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(ဟုတ်တယ်ဆိုသနားရင်သနားမယ် စာတော့မစာနာဘူး)
ဘယ်နိုင်ငံသားက ဘယ်နိုင်ငံသားကိုသတ်သတ်၊ ဘယ်လူမျိုးက ဘယ်လူမျိုးကိုသတ်သတ်၊ ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို သတ်သတ် လူသတ်တာဟာ လူသတ်တာပဲ။ လူသတ်သမားကို ရုံးတင်တရားစွဲပြီး ပြစ်မှုထင်ရှားတယ်ဆို တရားသူကြီးက သေစားသေစေ စီရင်တာကြ လူသတ်မှုမမြောက်ပါလား။ ဘာအခြေခံနဲ့ဖြစ်ဖြစ် ဖြစ်တဲ့စစ်တိုင်းမှာ ရန်သူဆိုပြီး အပြန်အလှန်လူတွေသတ်နေကြတာပဲ မဟုတ်လား။ ဆန်းသလားဆိုတော့လည်း  ဧရာမစစ်ပွဲကြီး/ငယ်တွေနဲ့ လူတွေမရေတွက်နိုင်လောက်အောင် သတ်ဖြတ်ရင်း လူ့သမိုင်းကြီးတခုလုံး သွေးချောင်းစီးနေတာပဲမဟုတ်လား။ ဒီလိုလူသတ်သမားတွေကြတော့ ဘက်သဘောအရ သူရဲကောင်းဖြစ်လိုဖြစ် ရန်သူဖြစ်လိုဖြစ် ဖြစ်နေကြတာပဲမဟုတ်လား။ လူကလူကိုသတ်တာကြတော့ လူသတ်တာဆိုပြီး၊ စစ်နဲ့တရားရုံးမှာသတ်တာကြ လူသတ်တာ မဟုတ်သလို ပြောဆိုနေကြတာကြားတိုင်း စစ်နဲ့ဥပဒေအပေါ်မြင်တဲ့စိတ်အနေနဲ့ ထားတဲ့စိတ်သဘော မတူညီမှုလို့ပဲမှတ်တယ်။ လူမှာ စိတ်အနေကောင်းဦးတောင် စိတ်အထားတတ်မှု/မတတ်မှုပေါ်တည်ပြီး သူ ဘယ်လိုလူလို့ သူသူငါငါပြောကြတယ်မဟုတ်လား။

ခု ထိုင်းမှာ အင်္ဂလိပ်လူမျိုး ဗြိတိန်နိုင်ငံသားစုံတွဲအသတ်ခံရတာ ဗမာပြည်သားတွေလက်ချက်ဆိုပြီး ပြောသံဆိုသံတွေ ကျယ်လောင်လာတယ်။ ဟုတ်တယ်မဟုတ်ဘူး အထောက်အထားအတိအကျတွေ၊ လူ/ပစ္စည်းသက်သေ သက်ကာယတွေပေါ်လာပြီး ဟုတ်တယ်ဆို ဟုတ်တဲ့အတိုင်း သူ့နိုင်ငံဥပဒေအရအရေးယူမှာပဲ။ သက်ဆိုင်ရာတရားသူကြီးက သူ့ရှိတဲ့ဥပဒေအတိုင်းဆောင်ရွက်မှာပဲ။ နောက်ပိုင်းကြမှ ၂ နိုင်ငံ ဘာရေး ညာရေးတွေပြောပြီး အကျဉ်းသားလဲတာ လွှတ်တာတွေလုပ်ရင်လုပ်မှာပဲ။ မဟုတ်ဘူး၊ မတရားအမှုအဆင်ခံရတာဆို အမှုမှန်ပေါ်ပေါက်ဖို့ ဖော်ထုတ်ဖို့သွားဖို့ပဲ။

ဟုတ်ရဲ့သားနဲ့ ငါ့လူမျိုး ငါ့ဘာသာမို့ ငါနာရမှာပဲဆိုပြီး မျိုးချစ်ပြ၊ ထိုင်းလူမျိုးတွေကို ဆဲရေးတိုင်းထွာကြတာဆို မလုပ်အပ်တဲ့ကိစ္စလို့မြင်တယ်။ မဟုတ်ဘူးဆို အမှုမှန်ပေါ်ဖို့ဝိုင်းဝန်းကြဖေးမကြဖို့ပဲရှိတယ်။ မဟုတ်ပဲလုပ်ကြံမှုဆိုပေါ်လာရင်တော့ ပြစ်တင်ရှုတ်ချရုံတင်မကဘူး မှားယွင်း လုပ်ဆောင်မိကြောင်း ဗမာပြည်သားတွေနဲ့ ဗမာပြည်ကိုပါ ထိုင်းတာဝန်ရှိသူတွေကို အတိအလင်းတရားဝင်တောင်းပန်ခိုင်းတာမျိုး လျော်ကြေး နစ်နာကြေးပေးခိုင်းတာမျိုးတွေလုပ်လို့ရတယ်။ အဓိကတာဝန်ရှိတာက ထိုင်း-ဗမာအစိုးရနှစ်ရပ်ပဲ။ အမှုနဲ့ပတ်သက်လို့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေ၊ အခြေအနေတွေ၊ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးရမယ့်တာဝန်ရှိတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တာ သတင်းထုတ်ပြန်တာတွေ အတိအကျနဲ့တာဝန်ခံမှုရှိရှိ လုပ်ကိုလုပ်ရမယ်။ ခုအဲ့သလိုမဟုတ်ပဲ ဘယ်ရဲအရာရှိကိုကိုးကားပြီး ဘယ်သတင်းစာကြီးက ဘယ်သတင်းဌာနကြီးက ဘယ်လိုပြောပါသည်ဆိုတာချည်းပဲတွေ့ရတယ်။ ဗဟိုအစိုးရအဆင့်ရှိတဲ့ တရားရေးနဲ့ ပြည်ထဲရေးလို ပြန်ကြားရေးလိုဌာနတွေက သတင်းအတိအကျထုတ်ပြန်တာ မရှိသေးဘူးမှတ်တာပဲ။

အဲ့သလိုတရားဝင်မထုတ်ပြန်တဲ့အပြင် ထိုင်းမှာလာပြီး မဆီမဆိုင်အသတ်ခံရတဲ့စုံတွဲကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က မတော်မလျော် မှတ်ချက်ပေးလိုပေး။ ပြီးတော့ ကျနော်မှားပါတယ်ပြန်ဝန်ခံလိုခံ။ ဗမာအစိုးရကလည်း ၂ နိုင်ငံအစိုးရအစိုးရခြင်း ဘယ်ပုံ Deal လုပ်နေတယ်ဆိုတာ လူထုကိုမပြော။ တလွဲစွန်းမျိုးချစ်စိတ်နဲ့မွှန်ထွန်နေသူ ဗမာပြည်သားတချို့ကလည်း ထိုင်းအာဏာပိုင်တွေကိုတင်မက ထိုင်းလူမျိုးတွေပါ ဆဲရေးတိုင်းထွာလိုတိုင်းထွာ ဦးအောင်ဇေယျတွေရော ဝါးရင်းတုတ်တွေရော အမနာပတွေပြောလိုပြောနဲ့ ကြားရမြင်ရသူတွေအဖို့ စိတ်သက်သာစရာတကွက်မှမရှိ။

ဟုတ်တယ်ဆို လူသတ်တာဟာ လူသတ်တာပဲ။ ဘယ်သူက ဘယ်သူ့ကိုသတ်သတ် လူသတ်တာဟာ သတ်တာပဲ။ ဟုတ်တယ်ဆို ကိုယ့်လူမျိုးမကလို့ ကိုယ့်အဖေဖြစ်နေပေ့စေ သူ့လမ်းသူသွားပဲ။ သနားရင်သာ သနားလိုက်မယ်။ စာတော့ ဘယ်တော့မှ မစာနာဘူးမှတ်ပါ။

(စကားပြန်ရန်အလုပ်ခံရမယ့်ကိန်း)
ခု ထိုင်းနိုင်ငံဆိုင်ရာ ဗမာသံရုံးက တာဝန်ရှိသူတယောက် အမှုကျူးလွန်သူလို့စွပ်စွဲခံထားရတဲ့ ကိုယ်တိုင်လည်းဝန်ခံထားတယ်ဆိုတဲ့ လူ ၂ ယောက်ကိုရော၊ ထိုင်းဘက်ကတာဝန်ရှိသူတွေကိုရော သွားတွေ့မယ်ကြားတယ်။ ပြီးရင် သံရုံးကနေ ထုတ်ပြန်ချက်တခုခုထွက်လာ လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ ခုတော့ လူတချို့က ပြဿနာမြားဦးကို အမှုမှာ ထိုင်းမြန်မာစကားပြန်တွေအဖြစ်လုပ်ပေးတဲ့ ကိုကမန်နဲ့ ကိုရဲဆိုသူဘက် မသိမသာရော သိသိသာသာပါလှည့်ပေးလာတာ သတိပြုမိတယ်။ ဒီလူတွေက တရားဝင်စကားပြန် အရည်အချင်းပြည့် လက်မှတ်ရတွေလား၊ ရဲ၊ တရားရုံးနဲ့အစိုးရဌာနဆိုင်ရာတွေမှာ တရားဝင်သုံးတဲ့ (လိုင်စင်ရ)တွေလား မပြောတတ်ဘူး။ ကြားတာတော့ ကျွန်းမှပဲနေထိုင် လုပ်ကိုင်စားသောက်နေတဲ့ မြန်မာပြည်သားတွေလို့ဆိုတယ်။
ကျနော်ထိုင်းနေတုန်းက ထိုင်းရဲ၊ ထိုင်းလူဝင်မှု၊ ထိုင်းထောက်လှမ်းရေးအတွက်အပြင် ကိုယ့်လုပ်ငန်းရှင်(သူဌေး)အတွက် ကိုယ့်လိုဘဝတူ အလုပ်သမားတွေကိုပြန်ပြီး သတင်းပေးလုပ်နေတဲ့၊ ဒလျှိုလုပ်နေတဲ့၊ သူ့လူကိုယ့်ဘက်သားလုပ်နေတဲ့၊ အချင်းချင်းချနင်းပြီးကိုယ်ကျိုးရှာနေတဲ့ မြန်မာပြည်သားတွေ တွေ့ဖူးကြုံဖူးတာတော့ အမှန်ပဲ။ လူမျိုးစုံပဲ၊ တိုင်းရင်းသားတွေလည်း မနည်းလှဘူး အဲ့ဒီအထဲမယ်။ သူတို့ ထိုင်း မြန်မာ ကရင် မွန် စတဲ့စကားတွေကို တကယ့်ပရော်ဖက်ရှင်နယ်လ် တတ်သလားဆိုတော့ မဟုတ်ဘူး။ ဘယ် ဘာသာစကားဆိုင်ရာကျောင်းတွေ အဖွဲ့အစည်းတွေကမှ အသိအမှတ်ပြုအောင်လက်မှတ် ရထားသူတွေမဟုတ်ဘူး။ အဲ့ဒါက ဒီလောက်ကိစ္စမရှိသေးဘူး တချို့ ဘာလက်မှတ်မှ မရှိပေမယ့် တကယ်တတ်သူတွေရှိတာကိုး။ ပြဿနာက သူ့မှာ ထိုင်းအာဏာပိုင်တွေက အသိအမှတ်ပြုထုတ်ပေးထားတဲ့ တရားဝင်စကားပြန် လက်မှတ် မရှိဘူး။ ပြီးတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက် စကားပြန်က စကားပြန်ကျင့်ဝတ်နဲ့အညီလုပ်/မလုပ်ဆိုတာကပြဿနာပါ။ တချို့ဆို ပြောတော့သာစကားပြန် ကိုင်ထားတာက ထောက်လှမ်းရေးနဲ့ ပုလိပ်သတင်းပေးလက်မှတ်တွေ။ တကယ်လည်းပေးတယ်။ ပြီးတော့ လီဆယ်လုပ်ကြံမှုတွေမှာလည်း ပါဝင်ပတ်သက်နေပြန်တယ်။ ပြောမယ်ဆိုခုစကားပြန်တွေနဲ့ပတ်သက်လို့လည်း တွေးစရာနဲ့ပြောစရာတွေ များပါတယ်။ စကားပြန်လုပ်သူတွေနဲ့ သတင်းဌာနတွေ ပေးတွေ့ဖို့လိုမယ်တွေးတယ်။ သူတို့ ဘာပြောမလဲလည်း နားထောင်ကြည့်ရမယ်။ အခြား အေးအေးချမ်းချမ်းနည်းနဲ့ သူတို့ဆီကအသံ ထွက်လာအောင်လုပ်တဲ့နည်းတွေလည်း ရှိမှာပါပဲ။ အဲ့သလိုမဟုတ်ပဲ စကားပြန်တွေကို အွန်လိုင်းကနေဖြစ်ဖြစ် စာရေးပြီးဖြစ်ဖြစ် နှုတ်နဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် တိုက်ရိုက် သွယ်ဝိုက်ခြိမ်းခြောက်မှုဆန်ဆန် ပြောဆိုရေးသားလှုံ့ဆော် နေကြတာတော့ မကောင်းဘူးထင်တယ်။ တော်ကြာနေ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ထပ်ငြိကုန်ကြဦးမယ်။ ဟိုစကားပြန်တွေက ခုနေခါမှာ ဘာပဲဖြစ်ဖြစ် ထိုင်းအာဏာပိုင်တွေက အန္တရာယ်ကင်းအောင် လုံခြုံအောင်တော့ အကာအကွယ်ပေးထားမှာသေချာတယ်။ စဉ်းစားဖို့ပါပဲ။

Monday, October 13, 2014

ငြိမ်းချမ်းရေးလိုချင်သောပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်။

0 comments

ငြိမ်းချမ်းရေးလိုချင်သောပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်။

ငြိမ်းချမ်းရေးလိုချင်သောပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်။

(၁)
သမ္မတဖြစ်သူက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမလား၊ မထိုးဘူးလား၊ မထိုးရင်တော့ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်၊ ဒီမိုကရေစီလည်းရမှာမဟုတ်၊ နိုင်ငံရေးဆွေးနွေးပွဲလည်း ဖြစ်လာမှာမဟုတ်၊ ၂ဝ၁၅ရွေးကောက်ပွဲလည်း မျှောလင့်မနေကြနဲ့-လို့ ခပ်မာမာ ပြောချလိုက်ပါပြီ။
ဗမာပြည်နဲ့ပတ်သက်တဲ့နိုင်ငံတကာ့အခြေအနေက ကောင်းလှတာမဟုတ်။ တခုတည်းသောအင်အားလွန်နိုင်ငံကြီးအမေရိကန်က အာရှပစိဖိတ်ဒေသထဲဝင်လာပြီး ပြဿနာတွေတခုပြီးတခု မီးမွှေးပေးနေချိန်။ ယူကရိန်းပကိစ္စ၊ အိုင်ဇစ်ကိစ္စ၊ အကြမ်းဖက်သမား ဇဝါဟာရီကြေညာချက် စတာတွေကလည်း ရှေ့ဆင့်နောက်ဆက် ပေါ်လာနေတယ်။ ထိုင်းအာဏာသိမ်းဗိုလ်ချုပ်ကြီးက ဗမာစစ်အုပ်စုနဲ့ ရွှေလမ်းငွေလမ်းဖောက်ချိန်လည်းဖြစ်တယ်။
ဒီအချိန်ဟာ နိုင်ငံကာကွယ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အားသွန်လုပ်ရမယ့်အချိန်ဖြစ်တယ်။ ကွဲလွဲချက်တွေကို အပေးအယူရှိရှိလုပ်ရမယ့်အချိန်ပဲ။
ဒါပေမယ့် ပြည်တွင်းမှာ ခရိုနီတွေကစီးပွားရေးသောင်းကျန်း၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ မြို့နေဆင်းရဲသား အခြေခံလူတန်းစားတွေနဲ့ သူတို့ကိုကူညီနေတဲ့တက်ကြွလှုပ်ရှားသူတွကို ဖမ်းဆီးထောင်ချမှုတွေ တိုးသထက်တိုးလာနေတယ်။

(၂)
ဒါပေမယ့် စစ်အုပ်စုဘာလုပ်နေသလဲ၊ ဗိုလ်သိန်းစိန်အစိုးရ ဘာပြဿနာတွေဖော်ထုတ်နေသလဲ။
ကာချုပ်မင်းအောင်လှိုင်က အချက်(၆)ချက်ဆိုတာ ထုတ်ပြန်လိုက်ပြီး ၂ဝဝ၈ အခြေခံဥပဒေပါအချက်အလက်တွေကိုလိုက်နာကြဖို့နဲ့ စစ်တပ်ကတော့ အခြေခံဥပဒေကို ကာကွယ်သွားမှာပဲဆိုပြီး အခွင့်သင့်တိုင်းပြောနေတာ တွေ့ရတယ်။
တကယ်က ဒီအခင်းအကျင်း ဒီတောင်းဆိုချက်တွေဟာ အသစ်အဆန်းတွေ မဟုတ်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ၊ ၈၁ ခုနှစ် ၂ဖက်တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဗကပကို-ဗိုလ်နေဝင်းတောင်းဆိုခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးတောင်းဆိုချက်တွေပဲ ဖြစ်တယ်။ အချက်အလက်သစ်တွေ၊ ဝေါဟာရသစ်တွေပြောင်းလာပေမယ့် အနှစ်သာရမပြောင်းပါဘူး။ လက်နက်ချဖို့ပဲဖြစ်တယ်။ လက်နက်ချပြီး ၂ဝဝ၈ အောက်ကို ဝင်ဖို့ပဲဖြစ်တယ်။
ဗိုလ်ခင်ညွန့်လက်ထက်ကတည်းက အခိုင်အမာစာချုပ်တွေမလုပ်ပဲ “လူကြီးလူကောင်းနားလည်မှု”ဆိုတာနဲ့လုပ်လာရင်းက ပြောစကားတွေ လက်တွေ့မဖြစ်လာတော့-စစ်အုပ်စုအပေါ် တိုင်းရင်းသားတွေကယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။
စစ်အုပ်စုက အဖွဲ့အစည်းတွေကို ကွဲအောင်လုပ်တယ်။ ကွဲအက်ရေးမှ ခွဲထွက်ရေးတွေဖြစ်လာအောင် ကြံဆောင်တယ်။ ခုတော့ မကွဲတဲ့အဖွဲ့ရယ်လို့ မရှိသလောက်ရှားသွားပြီ။
၂ဝ၁၅-ရွေးကောက်ပွဲ မနိုင် နိုင်မှန်းသိလာတော့ PR စနစ်ကို ပွဲထုတ်လာတယ်။ နောက်ဆုံး ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက စနစ်(၇)မျိုးထိတင်ပြကြဖို့ ဆော်သြလာခဲ့တယ်။ လုပ်လာတယ်။ တကယ်က ဗမာပြည်မှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်ဆိုတာက မနုသီဟလို သတ္တဝါမျိုးသာဖြစ်တယ်။ ပါးစပ်တပေါက်ကမျိုချလိုက်တာတွေကို ကိုယ်ခန္ဓာ ၃ ခုက ဝေမျှစားနေကြတာသာဖြစ်တယ်။
တိုင်းရင်းသားတွေဘက်က တွေ့ဆုံဆွေးနွေးပွဲအောင်မြင်အောင် ကျားကုတ်ကျားခဲကြိုးစားတာ တွေ့ရတယ်။ တန်းတူရေး၊ တရားမျှတမှု ရရှိရေး၊ စိတ်ရင်းစေတနာမှန်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး စတဲ့အချက်တွေကိုတင်ပြခဲ့တယ်။
ဒါပေမယ့် အုပ်စိုးသူတွေဘက်မှာ ရှေ့ကအချက်(၃)ချက် မရှိခဲ့ဘူး။ ပွင့်လင်းမြင်သာမှုဆိုတာကိုတော့ ပေါ်ပေါ်ထင်ထင်ကြီးပြခဲ့ပြီ။ တပ်ပေါင်းစုတွေထဲ၊ အဖွဲ့အစည်းတွေထဲ သပ်လျှိုတဲ့အလုပ်ကိုလည်း အောင်အောင်မြင်မြင်လုပ်ခဲ့ပြီ။ နိုင်ငံရေးပါတီတွေလည်း လွှတ်တော်ထဲမှာခြေချုပ်မိနေကြပြီ။
အဲ့ဒီတော့ စားပွဲဝိုင်းမှာမရနိုင်တဲ့တောင်းဆိုချက်တွေတောင်းပြီး တချိန်တည်းလိုလို နိုင်ငံအနှံ့သေနတ်သံတွေပေးလာခဲ့တယ်။ တိုက်ကွက်တွေဖော်ပြီး တကွက်ပြီးတကွက်၊ တဖွဲ့ပြီးတဖွဲ့စားဖို့လုပ်လာတယ်။ အဲ့ဒီတော့ သူတို့ပြီးရင် ငါတို့ဆီ “တုတ်ဆက်”တော့မှာပဲဆိုတာကိုမြင်လာတဲ့ ဝနဲ့မိုင်းလားအဖွဲ့တွေက ကြိုတားတဲ့အနေနဲ့ ထိုးစစ်တွေရပ်ဖို့ တောင်းဆိုလာတာတွေ့ရတယ်။
ပြည်သူတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ တိုင်းပြည်တိုးတက်စေချင်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေက ငြိမ်းချမ်းရေးကိုတောင်းဆိုလာကြတယ်။ ဒါတွေဟာ ကောင်းတဲ့ကိစ္စတွေဖြစ်လို့ ဗကပက ကြိုဆိုတယ်။ ထောက်ခံတယ်။

(၃)
ဒီမိုကိုရေစီပြဿသနာနဲ့ ပြည်ေထာင်စုပြဿနာဟာ ပြဿနာကြီးတွေဖြစ်တယ်။ ခု-ပါးစပ်ကပဲ ပြောဆိုနေကြပြီး သေနတ်နဲ့ပြောရမယ့်အချိန်တချိန် ရောက်လာနိုင်တယ်ဆိုတာတွက်ဆမိလို့ ဗကပက ၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့ (၄၊ ၁၊ ၂ဝ၁၃)မှာ “ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျှင် ပြဿနာ(၂)-ခုကို ရှင်းရမယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာချက်တစောင် ထုတ်ခဲ့တယ်။ ဖြည့်စွက်ရှင်းလင်းဖို့လိုလို့ (၂၂၊၁၊၂ဝ၁၃)မှာ “စစ်မနှ်သောဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ”လို့ ခေါင်းစဉ်တပ်ပြီး ဗကပရဲ့တင်ပြချက်ကို ထုတ်ပြန်ခဲ့တယ်။
အတွင်းသဘောက-
ဆန္ဒအလျှောက်စုစည်းတဲ့ ပြည်ထောင်စုဖြစ်ရေး၊ စစ်မှန်တဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားမျှတတဲ့အာဏာခွဲဝေမှုရရှိရေး၊ ပွင့်လင်းမြင်သာတဲ့ သဘာဝသယံဇာတတူးဖော်ရေး၊ အကျိုးစီးပွားကိုမျှဝေခံစားရေး၊ လုံခြုံရေးအတွက် လက်လက်ကိုင်တပ်ဖွဲ့ သင့်တင့်တဲ့အင်အားနဲ့ထားရှိရေးတို့လိုကိစ္စတွေမှာ ၂ ဖက်သဘောတူသည်အထိ ထိစေ့စပ်ညှိနှိုင်းကြရလိမ့်မယ်လို့ တင်ပြခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ပြည်ထောင်ပြဿသနာ၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးပြဿနာတွေဟာ ဆက်စပ်နေတယ်။
(၄)
တိုင်းပြည်အနှံ့၊ ကမ္ဘာအနှံ့ ဗမာပြည်သူတွေရဲ့ငြိမ်းချမ်းရေးအသံတွေပြန့်လွင့်လာခဲ့ပြီ။
ဒါပေမယ့် စစ်အုပ်စုရဲ့အာဏာရမ္မက်က တစက်ကလေးမှ လျော့ပါ့းမသွား၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖော်ထုတ်လာခဲ့သလို ပြည်မမှာ ညစ်နည်းပေါင်းစုံသုံးပြီး အာဏာကို ဆက်ထိန်းနိုင်ဖို့လုပ်နေတယ်။ ကိုယ်ကျိုးအတွက် ပြည်ပနိုင်ငံချို့နဲ့ ချိတ်ဆက်လုပ်လာတာတွေ များလာတယ်။ သူတို့ကို သတိပေးချင်တယ်။
-ပြည်ပကိုမှီခိုပြီး မိမိလူတန်းစားအကျိုးအတွက် ကစားကွက်ထွင်တဲ့နိုင်ငံရေးဟာ အန္တရာယ်ရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတောင် ရအောင်မလုပ်နိုင်တဲ့သူတွေဟာ ပြည်ပရန်ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပဲ။
ငြိမ်းချမ်းရေးလိုချင်တဲ့ပြည်သူများအနေနဲ့ကတော့ ရရင်ရ၊ မရရင် ကုပ်ပေါ်ကမကောင်းဆိုးဝါးကို စည်းစည်းလုံးလုံးနဲ့တွန်းချလိုက်ဖို့ပဲ ကျန်ပါတော့တယ်။ ။
၁၃၇၆-ခု၊ သီတင်းကျွတ်လဆုတ် ၃-ရက် ဗဟိုစည်းရုံးရေးကော်မတီ ၂ဝ၁၄-ခု၊ အောက်တိုဘာ ၁၁-ရက် ဗမာပြည်ကွန်မြူနစ်ပါတီ။

ဒေါ်အောင်ဆန်းစုကြည်၏အသံများသည် “လူငယ်အင်အား အောင်လက်နက်” အတွက် အားမာန်ဖြစ်ပါစေ (တူမောင်ညို)

0 comments
မှိုင်း ၂ ခုဖြင့် လှည့်စားမှိုင်းတိုက်ခဲ့ကြသည်။ ပထမတစ်ခု (အရင်းခံ ကျသည့်မှိုင်း)သည် အုပ်စိုးသူ(နဝတ-နအဖ)စစ်အုပ်စုက ဖန်တီးသည့် မှိုင်းဖြစ်သည်။ ထိုမှိုင်းသည် “၂၀၀၈ အခြေခံဥပဒေ” ပင်ဖြစ်သည်။
ဒုတိယတစ်ခု (လက်အောက်ခံမှိုင်း) သည် အုပ်စိုးသူဖန်တီးသည့်မှိုင်းကို အမှီသဟဲပြုပြီး အတိုက်အခံတွေထဲမှ အချို့က မိမိကိုယ်ကိုလှည့်စားသည့်မှိုင်းပင်ဖြစ်သည်။ “အခြေခံဥပဒေ မရှိတာထက် ရှိလာတာကောင်းသည်၊ ဖန်ခွက်ထဲ လုံးဝ ရေမရှိတာထက် ခွက်တဝက် ရှိနေတာကောင်းတယ်”၊ “စပေ့ဆိုတာ တဖြည်းဖြည်းချဲ့ယူရင်ရတယ်”ဆိုသူတို့၏ မှိုင်းပင်ဖြစ်သည်။ ယခုအခါ ထိုမှိုင်း ၂ ခု ပျက်ပြယ်စပြုလာနေပြီ။
သမ္မတ(ဗိုလ်)ဦးသိန်းစိန်၏ အပြောင်းအလဲဆိုသည်မှာ “၂၀၀၈ အခြေခံဥပဒေ” နဲ့အညီ သူတို့အုပ်စိုးမှုအာဏာကိုပိုမိုခိုင်ခံ့ပြီး အထာကျအောင်၊ လိုအပ်သလိုနေရာချမွမ်းမံနေသည့် လုပ်ရပ်တစ်ခုမျှသာဖြစ်ကြောင်း ပို၍ထင်ရှားသိမြင်လာခဲ့ကြပေပြီ။
ဒုတိယမှိုင်းဖန်တီးသူများ၏ “လွှတ်တော်တွင်းနိုင်ငံရေးလှုပ်ရှားမှု”ဆိုသည်ကလည်း ထင်သလောက်အလုပ်မဖြစ်မှန်း ဝင်ရောက်လုပ်ကိုင်သူအများစုကိုယ်၌က တစထက်တစ နားလည်သဘောပေါက်လာသည့်အနေအထားလည်းဖြစ်ပါသည်။ လွှတ်တော်ထဲမှာ (မေးခွန်းထုတ်ခြင်း/ကန့်ကွက်ခြင်းတို့မှအပ)သူတို့ဘာမှမလုပ်နိုင်ကြောင်း အာဏာရကြံ့ဖွံ့ပါတီနှင့် ကာချုပ်စစ်သားအမတ်များလွှမ်းမိုးမှုကို ငုံ့ခံနေကြသည့် အခြေအနေလည်းဖြစ်သည်။
ယင်းသို့ လွှတ်တော်တွင်း/လွှတ်တော်ပ အီထိုင်းလေးလံနေသည့်အခြေအနေမှ ရုန်းထွက်/ဖောက်ထွက်လိုကြသည်။ အားမလိုအားမရဖြစ်နေကြသည်။ ထိုသို့ အီထိုင်းလေးလံနေသည့်အခြေအနေထဲမှ ဖောက်ထွက်လိုသူများထဲတွင် လူငယ်ထုက ပို၍စိတ်ဇောထက်သန်ပါသည်။ လူငယ်ဆိုသည်မှာ ခေတ်ကာလတိုင်း၏လှုပ်ရှားမှုများတွင် လှံသွားအခန်း၊ တံခွန်အခန်းက ပါဝင်ကြသူတွေမဟုတ်ပါလား။ လူငယ့်သဘာဝကိုယ်၌က ထုံထိုင်းလေးကန်မှုကို မနှစ်သက်မခုံမင်၊ မီးတောက်လို လှုပ်ရှားတောက်ပလောင်ကျွမ်းနေ လိုကြသည်။ လာမယ့်ဘေးပြေး တွေ့ချင်ကြသည်။ တုံးဆိုတိုက်၊ ကျားဆိုကိုက်လိုက်ချင်ကြသူများ လည်းဖြစ်သည်။ ကျနော်ဆိုလိုသည့်လူငယ်မှာ အလုပ်သမားလူငယ်၊ လယ်သမားလူငယ်၊ ကျောင်းသားလူငယ်များ၏လူငယ်ထုကို ပြောဆိုနေခြင်းဖြစ်ပါသည်။
ထိုသို့ အီထိုင်းလေးလံနေချိန်တွင် ဟောင်ကောင်ကျွန်းမှ“ထီးလှုပ်ရှားမှု” ပေါ်ပေါက်လာသည်။ ထီးလှုပ်ရှားမှုသည် ဟောင်ကောင်ကျွန်းအုပ်ချုပ်ရေးကို ကျောင်းသားလူငယ်များကဦးဆောင်ပြီး လူထုအင်အားဖြင့်ဖိအားပေးအကြပ်ကိုင်သည့်လှုပ်ရှားမှု ဖြစ်သည်။ လမ်းမပေါ်ထွက်ပြီး အရေးဆိုသည့် လှုပ်ရှားမှုစစ်စစ်ကြီးလည်းဖြစ်သည်။
ဟောင်ကောင်၏ထီးလှုပ်ရှားမှုက အီထိုင်းနေသော “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်” ထဲမှာ ကျနော်တို့လူငယ်များကို လှုပ်ရှားအားတက်သွားစေပါသည်။ လူငယ်ထုအင်အား၊ လူထုအင်အားဖြင့် မိမိတို့လိုလားချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည် ဆိုသည့်ယုံကြည်မှုကို တွန်းအားပေးနေသည်။ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဖြစ်စေ၊ ၄ပွင့်ဆိုင်တွေ့ ဆုံရေးဖြစ်စေ၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးဖြစ်စေ၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးဖြစ်စေ” လူထုအင်အားဖြင့် ဖိအားပေးတောင်းဆိုလျှင် ယခု အခြေအနေထက်ပို၍ ခရီးရောက်နိုင်မည်ဆိုသည့်အချက်ကိုမြင်ကြသည်။
ဟောင်ကောင်ထီးလှုပ်ရှားမှုပေါ်လာတော့ “လမ်းမပေါ်တိုက်ပွဲခေတ်ကုန်ပြီ”ဟု ဆိုခဲ့ကြသူများက ဟောင်ကောင်လှုပ်ရှားမှုကိုထောက်ခံကြောင်း ခါတော်မီ အသံပေး လာကြသည်။ သူတို့ပေးသည့်အသံထဲတွင် လမ်းမပေါ်တိုက်ပွဲ၏ထိရောက်မှု၊ လူထုအင်အားနှင့် ဖိအားပေးအကြပ်ကိုင်ရမည်ဆိုသည့်အချက်ကို တမင်ဖုံးကွယ်ထားကြပြီး၊ “စည်းကမ်းရှိဖို့နဲ့ ငြိမ်းချမ်းစွာလှုပ်ရှား” ဖို့အရေးကို ဟန်တလုံးပန်တလုံးပြောနေသည်မှာ ရယ်စရာကောင်းလှသည်။
ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှု၊ လယ်သမားလှုပ်ရှားမှုများသည် ပြည်တွင်း မှာဖြစ်စေ နိုင်ငံတကာအတွေ့အကြုံအရဖြစ်စေ၊ စတင်ကပေါ်ပေါက်လာတည်းက ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာပေါ်ပေါက်လာသည့် လူထုလှုပ်ရှားမှုပင်ဖြစ်သည်။ လူငယ်ထု၊ ကျောင်းသားထု၊ ပြည်သူလူထုမှစတင်ပြီး ဘယ်တုန်းကမှ အကြမ်းမဖက်ခဲ့။ ပြည်သူ့အင်အား တစထက်တစများပြားလာပြီး၊ စည်းလုံးညီညွတ်ပေါင်းစည်း လာသောအခါ ကြောက်ဒူးတုန်လာသည့်အုပ်စိုးသူများသည် လုံထိန်းရဲ၊ စစ်တပ်တို့ဖြင့် ဒိုင်းလွှား၊ ဒုတ်၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး၊ မီးသတ်ပိုက်၊ သေနတ်ကျည်ဆံတို့ဖြင့် အကြမ်းဖက် ဖိနှိပ်ဖြိုခွဲခဲ့ကြသည်ချည်းဖြစ်သည်။
လူငယ်ထုက နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲ၊ ပညာရေးအပြောင်းအလဲ စဖြင့် စစ်မှန်တဲ့အပြောင်းအလဲများ ကို အလျှံညီးညီးဆာလောင်မွတ်သိပ်စွာတောင်းဆိုနေ ကြတာဖြစ်သည်။
လူငယ်ထုက ဒီချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား၊ အားကိုးကြသည်၊ တန်ဖိုးထားကြသည်၊ အချို့လူငယ်များဆိုလျှင် အမေစုအတွက် အသက်ကိုပင်စွန့်ရန် အသင့်ရှိနေကြသည်။ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးတွင် အမေစုအတွက် မိမိအသက်ကို ပဓါနမထားပဲကာကွယ်ခဲ့ကြသည့်လူငယ်တွေ ပေါ်ပေါက်ခဲ့သည်မဟုတ်ပါလား။ အမေစုစကားသည် သူတို့အတွက် ဗျာဒိတ်တော်လာစွမ်းအား၊ ခွန်အားသတ္တိကဲ့သို့ပင်။ ဤမျှ ချစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်အင်အားကို အဓိကကျတဲ့ “အောင်လက်နက်” ဟု လှပစွာကဗျည်းထိုးမှတ်တမ်းပြုထားသည်။ ထို “လူငယ်အင်အား အောင်လက်နက်” ဖြင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင်အောင်ပွဲခံနိုင်ခဲ့ကြောင်း “ဒီစကား”မှာ ချီးမွမ်းထောမနာပြု ထားသည်။
“လူငယ်အင်အား အောင်လက်နက်များသည်” အမေ၏အသံကိုနားစွင့်နေကြသည်။ အမေ၏အမိန့်သံကိုနာခံပြီး တိုက်ပွဲဝင်ရန်အသင့်ရှိနေကြသည်။
ထိုစဉ် အမေ၏ အောက်တိုဘာ ၄ ရက် (ဗဟိုလူငယ်ဦးဆောင်အဖွဲ့၊ ပထမအစည်းအဝေး) မိန့်ခွန်းသည် လူငယ်ထုမျှော်လင့်ထားသလို အပြည့်အဝမဟုတ်ခဲ့။ လူငယ်ထုမျှော်လင့်သည်မှာ လူငယ်ဦးဆောင်အဖွဲ့အစည်းအဝေးမှာ လူငယ်ထုလျှောက်လှမ်းရမည့်လမ်းကြောင်း၊ ကိုင်စွဲရမည့်စိတ်ဓါတ်၊ သဘောထား၊ လုပ်ငန်းလမ်းစဉ်တို့ကို ယခင့်ယခင် မိန့်ခွန်းများထက် ရှင်းလင်း၊ ပြတ်သား၊ ထက်မြက်၊ ကြည်လင်စွာမြွက်ကြားလိမ့်မည်ဟု ထက်သန်စွာမျှော်လင့်ခဲ့ကြတာလည်းဖြစ်သည်။
သို့သော်လည်း ဒီတခါကြားရသည့်မိန့်ခွန်းမှာ ထက်သန်တက်ကြွမှုဆိုတဲ့ အသက်မာန်ပါဝင်မှု အားဖျော့နေသော မိန့်ခွန်းဖြစ်နေပါသည်။ “အားမာန်” အစား “တရားသံ” တွေက ပို၍များနေသလိုဖြစ်နေပါသည်။ ဓါးလှံလေးမြားတွေကိုင်ကြလို့ ပြောစေချင်တာမဟုတ်ပါ။
မိန့်ခွန်းကိုအနှစ်ချုပ်လိုက်တော့ “အတ္တပရမျှတကြ၊ အချိန်ကိုအကျိုးရှိစွာအသုံးချ၊ ကုသိုလ်စိတ်ကိုမွေး၊ ပေးကမ်းစွန့်ကြဲတတ်အောင်သင်ယူ၊ သိက္ခာရှိရှိရှုံးတတ်ဖို့လေ့လာ၊ ရှုံးတတ်သူတွေဟာ နောင်မှာနိုင်ဖို့အလားအလာတွေရမယ်၊ ကိုယ့်ကိုယ်ကိုပြုပြင်၊ ကိုယ်တိုင် တိုးတက်အောင်လုပ်” ဆိုတာပဲရရှိလိုက်ပါသည်။
အသက် ၃၀ - ၃၅ သတ်မှတ်ချက်ကိစ္စမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စတစ်ခုမျှသာဖြစ်ပါသည်။ အသက်သတ်မှတ်ချက်ဆိုသည်မှာ မိမိ (နိုင်ငံ၊အဖွဲ့အစည်း၊အခြေအနေ)၏ ကိုယ်စီထူးခြားချက် များအရ သင့်တော်သလိုသတ်မှတ်ကြရတာဖြစ်ပြီး ပြောင်းလဲပြင် လွယ်လုပ်၍ရသောကိစ္စဖြစ် ပါသည်။ အရေးကြီးဆုံးအရာကိစ္စမှာ လူငယ်ထု၏အစဉ်မပြတ်ပေါက်ကွဲနေသော အားမာန်နှင့် ထက်သန်မှုအင်ဂျင်အား တိကျသောဦးဆောင်မှုဖြင့် မှန်ကန်သည့်ထွက်ပေါက်ပေးရန်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏အသံများသည် “လူငယ်အင်အား အောင်လက်နက်” အတွက် အားမာန်ဖြစ်ပါစေ။ တံတိုင်းခတ် ကာထားသော “၂၀၀၈ အခြေခံဥပဒေ”အား ပိုင်းဖြတ်ကာ သွားနိုင်မည့် ဓါး၊ လှံ လက်နက်များလည်း ဖြစ်ပါစေ။
ညွန်း -
- “ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအစည်းအဝေး တွင်ပြောကြားသည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း” စာမျက်နှာ (၁၂) ၊ ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၃၉၊ ၆-၁၀-၂၀၁၄ (တနင်္လာနေ့)
- ဒီစကား - စာမျက်နှာ (၁၃) ၊ ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၃၉၊ ၆-၁၀-၂၀၁၄ (တနင်္လာနေ့)