Monday, October 27, 2014

ကိုပါကြီးနဲ့ပတ်သက်လို့ပြောခဲ့တာတွေ(၁)(မျိုးမြင့်ချို)

0 comments
ကိုပါကြီးနဲ့ပတ်သက်လို့ပြောခဲ့တာတွေ(မျိုးမြင့်ချို)
(ကိုပါကြီးသတင်းသမားမစစ်စစ် စစ်စစ်၊ စစ် စစ်စစ်)
ကိုပါကြီး သတင်းထောက်စစ်တယ် မစစ်ဘူးပြောနေတာထက် သူ့လိုသတင်းယူရင်း စစ်တပ်ကသတ်လို့သေရတဲ့လူ(သတင်းသမားစစ်စစ်ကြီး)ဘယ်နှယောက်ရှိသလဲ။ သူ့ဟာသူ သတင်းသမားစစ်စစ်/မစစ်စစ် သူ့လိုမျိုး စစ်တလင်းကို ကိုယ်တိုင်သွားပြီး သတင်းထောက်တဲ့သူ ဘယ်နှယောက်များရှိသလဲ ခုပြောနေကြတဲ့စတုတ္ထမဏ္ဍိင်ဆိုသူတွေထဲမှာ။ လွှတ်တော်မှာ မြို့တော်မှာ ရပ်ကွက်ထဲမှာ ဖါတန်းမှာ အရက်ဘားမှာ ဖက်ရှင်ရှိုးမှာ ရံပုံငွေပွဲမှာ ဧည့်ခံပွဲမှာ အစည်းအဝေးတွေမှာ ဆယ်လစ်ဗရတီတွေကြား သတင်းလိုက်သူ အတင်းအဖျင်းလိုက်သူမှာလည်း သူ့သတင်းတန်ဖိုးနဲ့ သူ့သတင်းသမားတန်ဖိုးရှိတာပါပဲ။ ကိုပါကြီးလည်း သူ့တန်ဖိုးနဲ့သူပဲ။ သူ့သတင်းတန်ဖိုးကတော့ လူ့အသက်တချောင်းပေးရတဲ့အထိ ကြီးတာပဲ။ သူ့မှတ်တမ်းမှတ်ရာ (ဓါတ်ပုံ ဗီဒီယို စသည်ဖြင့်)တွေထဲမှာ စစ်တပ်က လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမားတွေအပေါ် အရပ်သူအရပ်သားတွေအပေါ် လူမဆန်တဲ့လုပ်ရပ်တွေ လူ့အခွင့်အရေးချိုးဖေါက်တာတွေ သတ်ဖြတ်ညှဉ်းပမ်းတာတွေမပါဘူးလို့ ခင်ဗျားပြောနိုင်မလား။ အနည်းနဲ့အများပါမှာတော့ သေချာတယ်။ အဲ့ဒါတွေ အပြင်ထွက်လာရင် ပြန့်ထွက်သွားရင် နဂိုကမှနံမည်ပျက်ပြီးသားတပ် ရစရာမရှိအောင်ထပ်ပွင့်ကျဦးမှာပဲ။ ပြောရရင် ပါကြီးသတင်းသမားစစ်မစစ်ထက် သူ့အသက်နဲ့ရင်းပြီး သတင်းရင်းမြစ်အထိလိုက်ခဲ့သူပဲ။ စစ်သတင်းထောက်လို စစ်ပွဲရှိရာကိုသွားခဲ့သူပဲ။ သူ့အကြောင်း နိုင်ငံတကာသတင်းမီဒီယာတွေ နယ်စည်းမခြား သတင်းသမားတွေ ခုထက်ပိုသိလာအောင် ဝိုင်းပြောကြစို့ ဝိုင်းအရေးဆိုကြစို့။
(ကိုပါကြီးတွေကို ပိုအလေးထားတယ်)
ထိုင်းမှာ ဗြိတိန်စုံတွဲကိုသတ်တယ်လို့ စွပ်စွဲခံထားရသူနှစ်ယောက်ကိစ္စ ကျနော်လည်း စိတ်ဝင်စားတယ်။ စိတ်ဝင်စားတယ်ဆိုတာထက် ထိုင်းအစိုးရ ထိုင်းတရားစီရင်ရေး ထိုင်းရဲဌာန ထိုင်းလူ့အခွင့်အရေး ထိုင်းရှေ့နေများအဖွဲ့စတဲ့ဘက်တွေက ဆက်ပြီး ဘယ်လို ကိုင်တွယ်မလဲ၊ နောက်ဆုံး ဘာအဖြေထွက်လာမလဲဆိုတာကိုပဲ။ ဒီနေရာမှာ ထိုင်းရဲ ထိုင်းထောက်လှမ်းရေး ထိုင်းတရားစီရင်ရေးစတာတွေနဲ့ ဒွေးရောယှက်တင်ဖြစ်တဲ့အခါဖြစ်တဲ့ ထိုင်းဂိုဏ်းဖွဲ့ရာဇဝတ်ကောင်တွေ ထိုင်းမာဖီးယားတွေကိစ္စလည်း ထည့်တွက်ကိုတွက်ရမှာပဲ။ အတွက်ရဆုံးစာရင်းထဲမှာထည့်ထားတာက ထိုင်းစစ်အာဏာရှင်အုပ်စိုးသူတွေကိုပဲ။ ပြဿနာရဲ့ဆုံချက်နဲ့ အခရာအကျဆုံးနေရာကထိုင်ပြီး အဆုံးအဖြတ်ပေးမှာကသူပဲ။
စစ်အာဏာရှင်ဆိုတာ သေနတ်တေ့ပြီးလူသတ်ဝါဒနဲ့သာ အရာရာကိုဆုံးဖြတ်လုပ်ကိုင်တာပဲ။ ယင်လတ်အစိုးရကို မကြိုက်ဘူး။ ယင်လတ်ဆီကနေအာဏာသိမ်းတဲ့ စစ်အစိုးရကိုပိုမကြိုက်ဘူး။ စစ်အာဏာရှင်ဆို ဘယ်နိုင်ငံကဖြစ်ဖြစ် ဆန့်ကျင်တယ်။ အခြေအနေတွေ ခုလောက်ခုလို ရှုပ်ထွေးကုန်ရတာက မြင်သာထင်သာမရှိတဲ့ထိုင်းရဲတွေ ထိုင်းအာဏာပိုင်တွေ(သမာတယ် မသမာဘူးဘာမျမှတ်ချက်မပေးလိုသေး)လုပ်ရပ်ကြောင့် ဖြစ်လေ့ရှိတဲ့ရာဇဝတ်မှုတခုကနေ
ကျော်ကျက်ပွင့်ပက်ထွက်လာပြီးဟိုးလေးတကြော်ဖြစ်ရတာပဲ။
ဒေသရဲ့နိုင်ငံရေးအိတ်ရှူးအထိ ဖြစ်မလာဘူးမပြောနိုင်ဘူး။ ခုကိုပဲကိစ္စက လူသတ်ရာဇဝတ်မှုတခုထက် ပိုလာပြီ။ ပြောကြဆိုကြရပြီ။ ဒါပေမယ့် ဒီအစွပ်စွဲခံ ၂ ယောက်လုံး ဟုတ်တဲ့မှန်တဲ့တရားအတိုင်းပဲဖြစ်စေ့ချင်တယ်။ ဟုတ်ရင်မှန်ရင် ခံပေ့စေ။ မဟုတ်ရင်မမှန်ရင် လွတ်သွားပါစေ။ ခက်တာက ဟုတ်တယ်မှန်တယ် မဟုတ်ဘူးမမှန်ဘူးကို ဘယ်သူက ဘာနဲ့ဘယ်လို သက်သေပြနိုင်မလဲ၊ ကာကွယ်နိုင်မလဲ စစ်အာဏာဓါးမိုးထားတဲ့နိုင်ငံမှာ။
ခုပဲကြည့် ရွှေပြည်ကြီးမှာ ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်က ကိုပါကြီးကို (သူတို့အကြောင်းပြချက် ဘယ်လောက်ဟုတ်ဟုတ်/မဟုတ်ဟုတ်) ဖမ်းဆီးစစ်ကြော နှိပ်စက်ညှဉ်းပမ်းပြီး သတ်ပစ်လိုက်ပြီ။ ဒါတောင် အခြေခံဥပဒေတို့ တရားဥပဒေစိုးမိုးရေးတို့ လွှတ်တော်တို့ဘာတို့ညာတို့တွေ အပြသဘောရှိနေသေးတာ။ အရင်တုန်းက သေနတ်ခါးချိတ်ပြီး ကျည်ဆန်နဲ့အဆုံးအဖြတ်ပေးနေချိန်ကဆို တွေးသာကြည့်။ ခက်နေတာက ရွှေပြည်ကြီးက ဒီမိုကရေစီရေးလုပ်နေတယ်ဆိုတဲ့ မျက်နှာကြီးနိုင်ငံရေးသမားတွေပဲ။ ဟောင်ကောင်ကိစ္စမျိုး၊ ထိုင်းအမှုကိစ္စမျိုးတွေကြ အဲ့ဒီလူတွေ အသံကောင်းကို သူ့ထက်ငါအဦးပြိုင်သလားတောင် မှတ်ရတယ် မသိမသာရော သိသိသာသာရော ဟစ်ကြတာမျိုး.။ လက်ပန်းတောင်ကိစ္စ၊ မြေသိမ်းယာသိမ်းကိစ္စ၊ ဖြူနှင်းထွေးကိစ္စစတာတွေအပြင် ခုနောက်ဆုံးဖြစ်တဲ့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စမျိုးကြတော့ ရေငုံနှုတ်ပိတ်နေကြတာပဲ။ ပြောပါ ခင်ဗျားတို့ပြောကြပါ အရေးဆိုကြပါ။ ဒါ လူသားတယောက်ကို နိုင်ငံသားတယောက်ကို တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တဲ့ကိစ္စပဲ။ ကိုယ့်နိုင်ငံသား အသတ်ခံရတဲ့ကိစ္စပဲ။ ဘက်သဘောအရ (ကိုပါကြီးကို ကိုယ့်လူ ပြည်သူဘက်ကလူလို့မမြင်ဘူးပဲထားဦး) အသတ်ခံရတာကို နိုင်ငံရေးအရလို့မြင်ပြီး နှုတ်ဆွံ့ချင်ဦးတောင် ဒါ လူသတ်မှုပဲ။ လူအသတ်ခံရတာပဲ။ အစိုးကျူးလွန်တဲ့လူသတ်မှုပဲ။ အစိုးရစစ်တပ်လုပ်တဲ့ လုပ်ကြံမှုပဲ။ မတရားမှုပဲ။
ဒီ့ထက်ပိုပြောရရင် လူတယောက်အသတ်ခံရရုံသက်သက်ကိစ္စမဟုတ်ဘူး။ လူ့အဖွဲ့အစည်းကို(အထူးသဖြင့် နိုင်ငံရေးနဲ့ မီဒီယာကို)မိုက်ဂုဏ်ပြလိုက်တာပဲ။
ပြောပါ ဟောင်ကောင်ကိစ္စလည်း။
ပြောပါ ထိုင်းကလူသတ်မှုကိစ္စလည်း။
ပြောပါ ကိုပါကြီးတို့လို နိုင်ငံရေးကျောမွဲတွေကိစ္စကို။
ပြောပါ ကိုပါကြီးတို့လို နိုင်ငံရေးမျက်နှာမွဲတွေကိစ္စကို။
ခင်ဗျားတို့မပြောရင် ခင်ဗျားတို့ကိုပြောကြမှာပဲ။
ခင်ဗျားတို့မပြောရင် ခင်ဗျားတို့အပြောခံရမှာပဲ။
ကျနော်တော့ ထိုင်းလူသတ်မှုထက် ကိုပါကြီးတွေကို ပိုအလေးထားတယ်။

(ကိုပါကြီးလိုမခံစေ့ချင်ဘူး)
ဘယ်လောက်ဟုတ်သလဲ မဟုတ်သလဲသာ အတည်မပြုနိုင်သေးတာ ကိုပါကြီး(လို့ထင်ရသူရဲ့)သတင်းတွေကြားရတာ စိတ်မချမ်းသာစရာပဲ။ ကိုပါကြီးမဟုတ်ပါစေနဲ့လို့လည်း
ဆု( တောင်းလို့ရရင်)တောင်းပေးချင်တယ်။
ကိုပါကြီးမှမဟုတ်ပါဘူး ဘယ်သူမှ အနှိပ်စက်အညှဉ်းပမ်း မခံရစေ့ချင်ပါ။ ကိုယ်တိုင်အနှိပ်စက်အညှဉ်းပမ်းခံဖူးလို့ ကိုယ်ချင်းစာတတ်သွားတာပါကွာလို့ပြော၊
မငြင်းဘူး အမှန်ပဲ။
လူလူချင်း ဘာအကြောင်းနဲ့ဖြစ်ဖြစ် နှိပ်စက်ညှဉ်းပမ်းတာကို ဆန့်ကျင်တယ်။ တရားတာမတရားတာ မှန်တာမှားတာခနထား
ဘက်သဘောအရ အပြတ်အသတ်လုပ်ရမယ့်အနေအထားမို့လုပ်ပစ်ရတယ်ဆိုလည်း
အသေလုပ်။
တချက်တည်းနဲ့အပြတ်လုပ်။
နားထင် နဖူး နောက်စေ့ ရင်ဝတည့်တည့် ပစ်သာထည့်လိုက် တတောင့်တည်းနဲ့ကိစ္စချောသွား အေးရော။
အဲ့သလိုမဟုတ်ပဲ
တတိတိ တရိရိ စိတ်ပိုင်းရုပ်ပိုင်းညှဉ်းပမ်းခံနေရချိန်မှာ
လူ့စိတ်ဘာဖြစ်နေသလဲ
ဘယ်လောက်ထိတ်လန့်တုန်လှုပ်နေမလဲ
ဘယ်လောက်သွေးပျက်နေလိမ့်မလဲ
ဘယ်လောက်ချောက်ခြားနေလိမ့်မလဲဆိုတာ စစ်ထောက်လှမ်းရေးစစ်ကြောရေးဖြတ်သန်းဖူးသူတိုင်းနဲ့
ရှေ့တန်းလို့ခေါ်တဲ့နေရာတွေကို
ကိုယ်တိုင်ကိုယ်ကြရောက်ဖူးကြုံဖူးသူတိုင်း
တကယ့်နှလုံးသားနဲ့ အသွေးအသားထဲကကိုသိတယ်။
တကယ့်နှလုံးသားနဲ့ အသွေးအသားထဲကကိုမုန်းတယ်။
ကျနော် စစ်သားဖြစ်ခဲ့တယ်။
ကျနော် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တယ်။
ကျနော် ရှေ့တန်းသွားခဲ့တယ်။
ကျနော် စစ်ကြောရေးဖြတ်သန်းခဲ့တယ်။
စစ်ကြောရေးဖြတ်သန်းတာမှ
ဗကပ ယူဂျီဆိုတဲ့အဖြစ်နဲ့
စစ်သားလုပ်ခဲ့ဖူးပြီး
စစ်တပ်ကိုပြန်သစ္စာဖေါက်ရပါ့မလားဆိုတဲ့
စစ်တပ်သစ္စာဖေါက်အဖြစ်နဲ့။
ဗကပနဲ့
စစ်တပ်သစ္စာဖေါက်ဆိုတာ
စစ်အာဏာရှင်ကအမုန်းဆုံးသူတွေထဲမှာမှ
ထိပ်ဆုံးက။

ကိုပါကြီးကတော့
စစ်သားလည်း မဖြစ်ခဲ့ဖူးဘူး
ဗကပလည်း မဟုတ်ခဲ့ဖူးဘူး
မဖြစ် ဖြစ်ဖြစ်
မဟုတ် ဟုတ်ဟုတ်
အနှိပ်စက်အညှဉ်းပမ်း မခံရစေချင်ဘူး

Thursday, October 23, 2014

မြေနီကုန်း ဘော်လုံး အရူးနဲ့ သတင်းပေး (မျိုးမြင့်ချို)

0 comments
အရင်တုန်းက သတင်းပေး (Informer) ဆိုတာ မွေးယူမှရတယ်။
ခုတော့ အမွေးခံပါရစေဖြစ်သူဖြစ်လာပြီ။
အရင်တုန်းကသတင်းတန်ဖိုးနဲ့ သူ့သက်ဆိုင်ရာနေရာရဲ့အရေးပါမှုအလိုက် ကြေးကစကားပြောတယ်။ ခုတော့ ငွေကြေးပိုက်ဆံရရ/မရရ အချင်းချင်းနှိပ်ကွပ်ဖို့ သခင်အားရကျွန်ပါးဝလောက်လုပ်ရလည်း မနည်းဘူးဆိုတာတွေရှိလာတယ်။
အရင်တုန်းကကျောင်းသားထဲ၊ နိုင်ငံရေးပါတီထဲ၊ လက်နက်ကိုင်အဖွဲ့အစည်းထဲ၊ ရပ်ကွက်ထဲစသဖြင့်ပေါ့လေ နေရာထိုင်းထောင့်တိုင်းမှာ သတင်းပေးယန္တယားကြီးခိုးကြောင်ခိုးဝှက်ရှိတယ်။
ခုလည်းရှိတယ် ဒါပေမယ့်ဗြောင်ကျကျကိုရှိလာတာ။
အရင်တုန်းက သတင်းပေးဆိုတာ လူသိမခံရဲဘူး။
ခုတော့ သတင်းပေးဟာ လူမသိမှာတောင်ကြောက်နေပုံပဲ။
ခုမြေနီကုန်းကိစ္စမှာ သိချင်ရင်ကျနော့်မေး
ဒီကောင်တွေဘယ်သူလဲဆိုတာပြောပြမယ်လို့
မဆိုရုံတမယ်ဈေးခေါ်နေသူရှိနေပြီ။
ကြည့်ကျက်လည်းလုပ်ဦး ကိုရင်လေး
သမိုင်းဆိုတာ စီးနေတဲ့မြစ်လိုပဲ
အမှိုက်သရိုက်တွေကို ကြာကြာလက်ခံထားလေ့မရှိဘူး။

ဟိုးတလောက မြန်မာတိုင်း သိုင်းတတ်ရမည်ဆိုတဲ့ ကျပ်မပြည့်တဲ့အမျိုးကောင်းသားလေး ခုတော့ ဘောလုံး ၉၆၉ ဖြစ်နေပြန်ပါရော။ မြန်မာနိုင်လို့မြန်မာတွေပျော်တာ ဦးလေးရော မပျော်ဘူးလားတဲ့။ တပြည်လုံးပျော်နေကြတာမှ ဝက်ဝက်ကွဲပဲတဲ့။ ဘယ်ပွဲမှာ ဘယ်သူနဲ့ကန်လို့ မြန်မာအသင်းနိုင်တာကိုရည်ညွှန်းပြီးပြောနေမှန်း ကျနော်သိပါတယ်။ ဒါပေမယ့် သိချင်တာနဲ့ ဘယ်သူနဲ့ကန်လို့နိုင်တာလဲကွဆိုတော့ ဦးအေအီးနဲ့ပွဲလေ ဦးလေးရတဲ့။ ကျနော် ရုတ်တရက် မျက်စေ့နည်းနည်းလည်သွားတယ် သူပြောတဲ့ ဦးအီးအေဆိုတာ ဘာလဲဆိုပြီး။ နောက်မှ UAE ကိုပြောတာမှန်းသဘောပေါက်တော့ ရယ်ချင်မိတယ်။ ဒါပေမယ့်မရယ်ပဲ ငါက ဘာကိစ္စပျော်ရ/ပျင်းရမှာတုန်းကွာ။ ငါမှ ဘောလုံးဝါသနာ မပါတာ။ နောက်ပြီး မင်းလိုလည်း မောင်သာကီမဟုတ်ရပေါင်ကွာ..ဆိုတော့။ ဦးလေးတို့ အဲ့ဒါကြောင့် ခက်တာပေါ့၊ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကိုအားမပေးပဲ အချောင်သမားလိုနေလို့ပေါ့၊ ခုနေ ဒေါ်စုသာသမ္မတဖြစ်လို့ကတော့ ဦးအေအီးတွေကိုပဲ အားပေးမှာဗျ။ သူတို့က ကုလားတွေကိုး..တဲ့။ အဲ့ဒီတော့မှ ကျနော် အားရပါးရရယ်ဖြစ်တော့တယ်။

ဘုရင်ရူး၊ မင်းသားရူး၊ စစ်ဗိုလ်ရူး၊ ဆရာဝန်ရူးစသဖြင့် အဲ့သလိုမျိုးစိတ်မနှံ့ဖြစ်နေသူပေါင်းများစွာကို ခင်ဗျားတွေ့ဖူးမှာပဲ။ ဒါပေမယ့် ခင်ဗျား အရူးရူး ရူးနေသူတော့ တွေ့ဖူးမယ်မထင်။ ကျနော်တော့ ကံကြီးတယ်ပြောမလား ကံကောင်းတယ်ဆိုမလားမပြောတတ်ဘူး။ အရူးရူး ရူးနေတဲ့လူတယောက်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ဖူးတယ်။ သူ့ကိုယ်သူအရူးလို့သတ်မှတ်ထားတယ်။ သူ့စိတ်ထဲ အရူးတွေလုပ်တယ်လို့ထင်တာမှန်သမျှအကုန် လိုက်လုပ်တယ်။ ဆရာဝန်လို၊ စစ်ဗိုလ်လို၊ မင်းသားလို၊ ရှင်ဘုရင်လိုတွေစတာမျိုးတွေတင်မကဘူး တယောက်က မင်းက နတ်မင်းကြီးဇိယုပဲကွလို့ပြောလိုက်ရင်း ချက်ခြင်းထထက်ပြီး ဇိယုလိုက်တာပါပဲ။ သူ့စိတ်ထဲ သူဟာ အရူး ဒါ့ကြောင့်လူကောင်းတွေမလုပ်တာမှန်သမျှ လိုက်လုပ်ရမယ်လို့ ယုံကြည်ထားတယ်ထင်တယ်။ လူတွေက သူ့ကို မရူးဘူးလို့အထင်ခံရမှာ သေမလောက်ကြောက်တယ်။ လူတွေကလည်း ဒီလူမရူးဘူး စားကောင်းအောင်ရူးပြနေတာ၊ လက်ကြောတင်းတင်းလုပ်မစားချင်လို့ ရူးပြနေတာလို့ထင်နေတယ်။ တရက် သူ့ကို သောက်မြင်အတော်ကပ်တဲ့လူကြီးတယောက်က အရူးဆိုတာ ခွေးချီးစားတယ်ကွလို့ပြောတော့ ဒီလူ တကယ်ပဲ ခွေးချီးတွေကောက်စားတော့တာပဲ။ ဆိုတော့ အဲ့ဒီလူကို ကျနော်က အရူးရူး ရူးနေတဲ့အရူးလို့ခေါ်မိတာပါပဲ။
တခုတော့ရှိပါတယ် ခုပြောတဲ့အရူးက ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတဲ့အရူးတော့မဟုတ်ပါဘူး။ အဲ့ဒီ ရူးချင်ယောင်ဆောင်သူတွေဟာ ခေတ်လည်းကောင်းရော တကယ်လည်းရူးသွားတယ်လို့ကြားဖူးတာပါပဲ။ ဒီ အရူးရူး ရူးနေတဲ့အရူးကတော့ ခေတ်ကောင်းကောင်း မကောင်းကောင်း ရူးနေမယ်ပဲထင်ရတယ်။

၁၉-၁ဝ မြေနီကုန်း လျှပ်တပြက်ဆန္ဒပြမှုအကြောင်း သေချာဃဏမသိရသေး။ အခိုင်အမာအချက်အလက်များလည်း မရသေး။ မသိသေးမရသေးလို့ တစုံလုံးဆိုင်ရာကိစ္စ ယတိပြတ်ဘာမှမပြောနိုင်ဆိုပေမယ့် ပြောလို့ရတာတော့ပြောချင်ပါတယ်။
လမ်းလည်ကောင်မှာ စစ်အုပ်စုဆန့်ကျင်ရေးစာတမ်းပါပိုစတာမီးရှို့တာ ဘာဖြစ်သလဲ။ ဘာမှရေးကြီးခွင်ကျယ်ပြောနေစရာမလိုတဲ့ကိစ္စ။
တပြည်လုံး လှည့်ပတ်သတ်ဖြတ်လူသတ်မုဒိန်းကျင့်နေတဲ့စစ်အာဏာရှင်စနစ်ကိုတောင်
ပြာတစမကျန်အောင် ဖုတ်ကျည်း မြေမြှုတ်သဂြိုပစ်ရဦးမှာပဲ။
တပြည်လုံးလှည့်ပတ် အမုန်းတရားဟော ပစ္စည်းယူလူသတ်မီးရှို့နေတဲ့ ဘာသာရေးလူမျိုးရေးအစွန်းရောက်အကြမ်းဖက်သမားတွေကိုလည်း ဘယ်သောအခါမှ နွားလန်ပြန်မထနိုင်အောင် နှိပ်ကွပ်ပစ်ရဦးမှာပဲ။


အားကစားတကာ့ အားကစားမှာ ကျနော်မကြိုက်ဆုံးက လက်ဝှေ့၊ လက်ဝှေ့မှာမှ ဗမာ့လက်ဝှေ့တို့ ထိုင်းကစ်ဘောက်ဆင်န်တို့လိုဟာမျိုးဆို ပိုတောင်ဆိုးသေး။ ဂေါက်သီးရိုက်တာကိုလည်း အားကစားလို့ မြင်လို့မရသေးဘူး။ နောက်တခုက အုပ်စုလိုက်ကစားနည်းထဲမှာ အမေရိကန် ဖွတ်ဘောလ် American Football ဆိုတဲ့ကစားနည်း။ မကြိုက်တာမှ အတော့်ကိုမကြိုက်တာ။ ကြမ်းတမ်းလွန်းတယ်ထင်တာပဲ။ ဇနီးကတော့ ဖွတ်ဘောမဟုတ်ဘူး ဘူးလီးဘောလ် Bullyball လို့ အရွဲ့တိုက်ပြီးခေါ်တယ်။ အားကစားတစ်ခုဖြစ်တယ်မဖြစ်ဘူးဆိုတာ ကိုယ်ကြိုက်တာ/မကြိုက်တာ၊ ကိုယ့်အမြင် ဘယ်လိုရှိတာ/မရှိတာနဲ့တော့မဆိုင်ဘူး။ ကြိုက်တဲ့အားကစားမျိုးတော့ ပရိသတ်အဖြစ်နဲ့အားပေးတာပါပဲ။ အားပေးဖို့အတွက် ဘဝထဲက အချိန်နည်းနည်းပါးပါး အပွန်းပဲ့ခံတာလောက်ပါပဲ။ သိတ် ရူးသွပ်စွဲလမ်းတဲ့အားကစားတော့ ခုထိ တခုမှ မရှိသေးပါဘူး။ အဲ့သလိုမရှိမဖြစ်ရတွေထဲမှာ "အားကစားတခုခုကို သန့်သန့်ရှင်းရှင်း အားကစားစိတ်ဓာတ်နဲ့ယှဉ်ပြိုင်အနိုင်ယူတာ အရှူံးအနိုင်ပေါ်ခံစားတာထက် ပိုလွန်လွန်ကဲကဲဖြစ်လာပြီဆိုရင်၊ အနိုင်အရှူံးကြောင့် ကိုယ်တိုင်နဲ့ဝန်းကျင် ထိခိုက်စရာတွေထိဖြစ်လာပြီဆိုရင်တော့ အားကစားစိတ်ဓာတ်ကြောင့်လို့ ပြောဖို့ခက်တယ်" လို့ထင်တာကြောင့်လည်းပါတယ်။

Wednesday, October 22, 2014

နိုင်လေတိုင်းရှူံး(မျိုးမြင့်ချို)

0 comments
လောကုတ္တရာယုံကြည်မှု တနည်းပြောရရင် ဘာသာကိုးကွယ်ယုံကြည်မှုဆိုတာ လူတိုင်း ကိုယ်ယုံကြည်တာပိုကောင်းတယ် ထင်နေကြတာမျိုးချည်းပါ။ ဘယ်ဟာပိုကောင်းတယ် မကောင်းဘူးပြောရအောင် စံသတ်မှတ်ချက်လည်းရှိလို့မှမရတာ။ နောက်ပြီး ကိုယ့်ယုံကြည်မှုမှာ မဖြစ်နိုင်ဘူးဆိုတာလည်း မရှိဘူးမဟုတ်လား။ ဘာသာတရားကို မဖြစ်နိုင်ဘူးဆိုတဲ့သံသယနဲ့ သွားချည်းကပ်ရင် စစ်မှန်တဲ့သဒ္ဒါသဘောပျောက်သွားမှာပဲ။ သိပ္ပံဆိုတဲ့ပေတံလည်း ဘာသာတရားကိုတိုင်းစရာ အတိုင်းအတာမဟုတ်ဘူး။ သိပ္ပံနည်းကျတယ် မကျဘူးတွေလည်း အချိန်ကုန်ခံပြောနေလို့မဖြစ်ချေဘူး။ သိပ္ပံနည်းကျမှတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ကြိုတင်စွဲမှတ်ထားမှု ပျောက်သွားတော့မပေါ့။ အဲ့ဒါပျောက်မှတော့ ခင်ဗျားယုံကြည်မှု ပွန်းပဲ့ပါးလျားသွားတော့မပေါ့။ လောကီအခြေပြုတွေးခေါ်ဆင်ခြင်တုံတရားတွေ
တွေးနည်းကားတွေနဲ့လည်း သွားမတွေးနဲ့။ အလကားပဲ။ လောကီအခြေပြုတွေးခေါ်မြော်မြင်မှုနဲ့ဆင်ခြင်တုံတရားကိုလည်း ယုံကြည်ရာကိုအမှန်ပြုဖို့ လက်ကိုင်သွားမပြုနဲ့။ လွဲမှာပဲ တက်တက်စင်အောင်ကို။ ဆိုတော့ ကောင်းတယ်မကောင်းဘူးလည်း ပြောမနေနဲ့၊ မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်တွေလည်း ငြင်းမနေနဲ့။
သိပ္ပံနည်းအကျလည်းပြိုင်မနေနဲ့။ ကိုယ်ယုံကြည်ရာကို ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်လေးယုံကြည်ခွင့်ရှိရုံမက သူတပါးယုံကြည်တာကိုလည်းလွတ်လွတ်လပ်လပ်လေး ကိုးကွယ်ခွင့်ရအောင်ဆောင်ကျဉ်းပေးနိုင်ဖို့ပဲ။ ယုံကြည်မှုမှာ သည်းခံစိတ်မွေးဖို့ပဲ။
စိတ်အနေရော စိတ်အထားပါကောင်းဖို့ပဲ။ အဲ့သလောက်လေး စိတ်အနေကောင်းပြီး
စိတ်အထားလေးတတ်မယ်ဆိုရင်တောင် ကိုယ်ယုံကြည်ရာဘာသာကပြောတဲ့
နတ်ပြည်တို့ နတ်သမီးလေးတွေတဘက်လေးငါးရာတို့ ထာဝရအသက်တာတို့ နောင်ဘဝဇိမ်ကျမယ်တို့တွေ မျှော်လို့ရမယ်ထင်တာပဲ။
အဲ့သလိုမဟုတ်လို့ကတော့ ကိုယ်ယုံကြည်ရာဘာသာတရားကပြောတဲ့ ငရဲအိုးထဲဇောက်ထိုးကျကြမှာပဲ။ တချို့ကလည်း ဒီဘာသာဝင်ဖြစ်ရလို့ဂုဏ်ယူတယ်တို့ ဒီဘာသာဝင်မိဘတွေဆီ သန္ဓေတည်လို့ ကံကောင်းတယ်တို့ ပြောကြတာရှိတယ်။
ဟိုး...သံသရာတို့၊ နောက်ဘဝရှေ့ဘဝတို့၊ ဘုရားသခင်အလိုတော်ကျတို့ ဘာတို့ညာတို့ဆိုပြီး ဘာအကြောင်းပြပြ ဒီအမိဒီအဖယုံကြည်ရာကို မိမိမှာ ဘာရွေးချယ်ဆုံးဖြတ်မှုမျိုးမှလုပ်ခွင့်မရပဲ မပါပဲ ဒီဘာသာဝင်ဖြစ်ရတာတွေပါ။
ဘာဂုဏ်ယူစရာ ဘာဝင့်ကြွားစရာလိုလိမ့်မလဲ။ လူဖြစ်ရခြင်း လူပီပီ လူလိုသူလိုနေရခြင်း လူ့လောကကောင်းကျိုးသယ်ပိုးနိုင်ခြင်း ကျန်းမာပျော်ရွှင်အသက်ရှည်ရခြင်း စတာမျိုးတွေအတွက်တော့ ယူစမ်းပါ အဲ့ဒီဂုဏ်ကြီး။
အဘိဓမ္မာတွေဘာတွေခဏထား ရိုးရိုးပဲတွေးကြည့် ဘာသာတိုင်းဟာ သူ့အယူသာသမ္မာဒိဌိ သူနဲ့မတူတာမှန်သမျှ မိစ္ဆာဒိဌိလို့ပဲဆိုတယ်မဟုတ်လား။ သူ့အယူ ယူတဲ့သူတွေ သူ့အယူကသတ်မှတ်တဲ့အတိုင်းသာ နေထိုင်ကျင့်ကြံပြုမူ သေချာတယ် အနည်းဆုံး သူ့ငရဲတော့ မကျဘူး။ နတ်ပြည်တို့ဘာတို့ ထာဝရအသက်တို့လည်း ရဦးမှာပဲ။ အေး..သူ့အယူနဲ့မတူသူတွေကတော့ သူ့အယူက
သတ်မှတ်ထားတဲ့ငရဲထဲသွားရမှာပဲ။ သေချာတယ်။
ဆိုတော့ ဒီဘာသာဒီအယူကိုးကွယ်သူဟာ ဟိုဘာသာဟိုအယူ့ငရဲထဲ တန်းကနဲအလိုလိုကျပြီးသား။ ဘာအယူခံမှဝင်လို့မရဘူး။ တခုတော့ရှိတယ် ငရဲချင်းအတူ အခံရသက်သာတဲ့ငရဲကိုရွေးတဲ့သဘောနဲ့ ဒီဘာသာကနေ ဟိုဘာသာပြောင်းလို့တော့ ရမယ်ထင်တာပဲ။ အဲ့ဒါလည်း သေချာသလားဆိုတော့ သေချာတယ်လို့ ဘယ်သူဖြေနိုင်မလဲ။

အဲ့တော့ ဘာမှ ငြင်းခုန်မနေကြနဲ့ ခင်ဗျားလည်း ဟိုအယူကနေဆို ငရဲကျမယ့်လူပဲ။
သူလည်း ဒီအယူကနေဆို ငရဲကျမယ့်သူပဲ။ ငရဲကျမယ့်သူအချင်းချင်း ငရဲသားလောင်းလေးတွေအချင်းချင်း ငရဲအိုးဇောက်ထိုးမဆင်းခင်လေး
ချစ်ချစ်ခင်ခင်နေကြတာ မကောင်းဘူးလားဗျာ။
(ရေးတာတော့ ရီစရာပဲ မရီရဘူးဆိုရင် ကျနော် ဟာသမရေးတတ်သေးဘူးလို့ဆိုရမှာပါ)

မရွှေမပြောင်းအလုပ်သမားတွေအရေး(မျိုးမြင့်ချို)

0 comments
ရွှေ့ပြောင်းအလုပ်သမား အနှိပ်ကွပ်မခံရတဲ့ပြည် ရှိလို့လား။ နည်းတာနဲ့များတာပဲကွာတယ်။ မခံရတဲ့ပြည် မခံရတဲ့နေရာမရှိဘူး။ ပြည်တွင်းမှာ/ဇာတိရပ်ရွာမှာ အလုပ်မရှိလို့ ဒါမှမဟုတ် ပိုအနှိပ်ကွပ်ခံရလို့ ပြောင်းပြီးလုပ်တာပဲ။ မိမိအလုပ်သမားရင်းတွေအတွက် တစုံတရာ အလုပ်သမားအခွင့်အရေးရှိတဲ့ပြည်တွေမှာတောင်မှ ရွှေ့ပြောင်းအလုပ်သမားကို ခွဲခြားဆက်ဆံတာမလုပ်ရဘူးလို့ ဘယ်လိုပဲဥပဒေနဲ့ပြဌာန်းပြဌာန်း တကယ့်လက်တွေ့မှာ လုပ်ငန်းခွင်မှာ နိုင့်ထက်စီးနင်းလုပ်တာ ကျားစီးဖားစီးလုပ်နေတာတွေ ငြင်းလို့မရဘူး။ တပြည်ပြည်ကို တရားဝင်အလုပ်သမားအဖြစ်နဲ့ရောက်လာသူတွေကိုတောင် ဒီလိုလုပ်သေးတာ တရားမဝင်ရောက်လာသူတွေဆို ဘယ်လိုနေမလဲ ပြေးကြည့်နေစရာတောင် လိုမယ်မထင်ဘူး။ ဒါလည်းပြောရမှာပဲ အရေးဆိုရမှာပဲ တိုက်ပွဲဝင်ရမှာပဲ။

ဒီ့ထက်ဆိုးတာလည်းရှိသေးတယ်။ အဲ့ဒါက ဘယ်နိုင်ငံနဲ့ဘယ်အရပ်ဒေသကိုမှလည်း ပြောင်းရွှေ့အလုပ်လုပ်နေတာမဟုတ်ရပါပဲ ကိုယ့်နေရပ်ရင်းမှာ ကိုယ့်ပြည်မှာ ကိုယ့်အမျိုးသားချင်းပြန်ပြီး ခွဲခြားဆက်ဆံခံရတာနဲ့ နိုင့်ထက်စီးနင်းလုပ်ခံနေတာပဲ။ တပြည်ထဲသားချင်း ဘာသာမတူလို့ လူမျိုးမတူလို့ဆိုပြီး အလုပ်ရှာဖွေတဲ့နေရာနဲ့ လုပ်ငန်းခွင်တွေမှာ ခွဲခြားဖိနှိပ်ဆက်ဆံတာမျိုး ရှိတယ်။ ဒါလည်း ရေငုံနှုတ်ပိတ်နေရမယ့်ကိစ္စမဟုတ်ဘူး။ ပြောရမယ် ဖွင့်ချရမယ် ဆန္ဒပြတောင်းဆိုရမယ် လိုအပ်ရင် တရားစွဲတာမျိုးအထိ သွားတန်သွားရမှာပဲ။

အဆိုးဆုံးကတော့ ကိုယ့်နေရင်းဒေသ တိုင်းပြည်ကိုလာပြီး ရင်းနှီးမြှုတ်နှံတာပဲဖြစ်ဖြစ် ဈေးဆိုင်လာဖွင့်တာပဲဖြစ်ဖြစ် ကုန်လာသွယ်တာပဲဖြစ်ဖြစ် တခုမဟုတ်တခုလာလုပ်ကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့လုပ်ငန်းရှင်တွေက ကိုယ့်နိုင်ငံသားအားလုံးအပေါ် ခွဲခြားဆက်ဆံတာ နိုင့်ထက်စီးနင်းလုပ်တာ ဖိနှိပ်ချိုးနှိမ်တာမျိုးပဲ။ 

တကယ်က အဲ့သလိုလုပ်မရအောင် လာမလုပ်ခင်ကတည်းက အခိုင်အမာစာချုပ်စာတမ်းတွေ ဥပဒေတွေ နည်းဥပဒေတွေနဲ့ မိမိတိုင်းသူပြည်သားကိုလည်းအကာအကွယ်ပေးရမယ့် လာလုပ်တဲ့သူကိုလည်းမနစ်နာစေရအောင် အာမခံပေးရမယ့်တာဝန်ဟာ အစိုးရတာဝန်ပဲ။ တိုင်းပြည့်ဝင်ငွေရပြီးရော ငါ့နိုင်ငံသားကိုဘာလုပ်လုပ်ဆိုတာမျိုးက အုပ်ချုပ်ရေးကျင့်ဝတ်နားလည်တဲ့ ဘယ်အစိုးရမျိုးမှ မလုပ်ဘူး။ အခြေအနေအရ တိုင်းပြည်မှာငွေသိပ်လိုနေလို့ မလွဲမရှောင်သာ လုပ်ရတာမျိုးဆိုရင်တောင် လျှော့ချိန်တန်ပြန်လျှော့ ဖြည်ချိန်တန်ပြန်ဖြည် တင်းချိန်တန်ပြန်တင်းရတာပဲ။ အဲ့ဒီအခါ တိုင်းပြည်ကို လူထုကို အလုပ်သမားထုကို တရားဝင် ဝန်ချတောင်းပန်ရတာပဲ။ ရွှေပြည်ကြီးက စစ်အစိုးရအဆက်ဆက်ဟာ အဲ့သလောက်လေး တိုင်းပြည်အပေါ် ကောင်းခဲ့ဖူးတယ်ဆိုရင်တောင် ကြံဖန်ခွင့်လွှတ်လို့ရသေးတယ်။ သြော်..သူတို့ကိုယ်ကျိုးအတွက်လုပ်နေတာမဟုတ်ပါလားဆိုပြီး ဖြေတွေးတွေးပေးလို့ရသေးတယ်။

ခုဖြစ်နေတာက တိုင်းပြည့်သယံဇာတအကုန်ရောင်းစား အိပ်ထဲထည့်၊ နိုင်ငံခြားရင်းနှီးမြှုတ်နှံလို့ရတဲ့ငွေအကုန် ကိုယ်ပိုင်ဘဏ်စာရင်းထဲထည့်၊ နိုင်ငံတကာကရတဲ့ ဖွံ့ဖြိုးရေးအကူအညီမှန်သမျှ အကုန်ဘုံး၊ ကမ္ဘာ့ဘဏ်အပါအဝင် တသီးပုဂ္ဂလနိုင်ငံတွေဆီကပါ တိုင်းပြည်နံမည်နဲ့ ငွေတွေလှည့်ပတ်ချေး ကိုယ်ကျိုးသုံးပြီးဝေစားမျှစားလုပ်၊ တင်တဲ့ အကြွေးမှန်သမျှက တိုင်းပြည်အမည်ပေါက်နဲ့ဖြစ်ရတာက အစိုးရအမည်ခံပြီး ချေးခဲ့တာချည်းကိုး။ သူတို့ခိုးဝှက်ဒမြတိုက်လို့ တိုင်းပြည်ကြွေးတင်နွံနစ်တော့ အကြွေးတွေလျှော်ပေးပါလို့ တိုင်းပြည်နဲ့လူထုအမည်သုံးပြီး ကမ္ဘာလှည့်မျက်ရည်ခံထိုး ခွက်လက်စွဲ ဖုန်းတောင်းယာစကာလုပ်။ ဒါကိုပဲ သမ္မတကြီးသနားပါတယ်၊ သမ္မတကြီးမျက်နှာငယ်ရှာတယ်၊ သမ္မတကြီး တိုင်းပြည်အတွက် မျက်နှာအောက်ချ ရို့ကျိုးနေရတယ်ဆိုတဲ့အပေါက်နဲ့ ကျေးဇူးရှင်ပြန်လုပ်ပြသေးတာ။ သူ့လူနဲ့သူ သူ့ဖဲသူချိုးပြီး သူတို့ကောင်းစားရေးလုပ်နေတာကိုပဲ ကိုယ့်လူအမည်ခံတွေကပါဝိုင်းပြီး သမ္မတကြီးကျေးဇူးရှင်လုပ်နေတော့ မခက်ဘူးလား။

ဆိုတော့ နိုင်ငံခြားမှာ မိမိနေရင်းရပ်မဟုတ်တဲ့နေရာတွေမှာ အဖိနှိပ်ခံ အနိုင်ကျင့်ခံ အစော်ကားခံ မတရားအလုပ်ခံနေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးလည်း လုပ်ပါ ပြောပါ ဆိုပါ တောင်းဆိုပါ။ မိမိပြည်မှာ နေရပ်ရင်းမှာ တနိုင်ငံတည်းသားချင်းအတူတူ လူမျိုးဘာသာခွဲခြားဆက်ဆံ မတရားနိုင့်ထက်စီးနင်း အလုပ်ခံနေရတဲ့ အလုပ်သမားတွေ အရေးလည်း ပြောပါဆိုပါ ကူညီပါ။ မိမိပြည် မိမိနေရင်းရပ်ဆီလာပြီး မိမိပြည်သား အလုပ်သမားတွေကို မတရားသဖြင့်နှိပ်ကွပ်နေတဲ့ နိုင်ငံခြားလုပ်ငန်းများကုမ္ပဏီများကိုလည်း ပြောပါ ဆိုပါ တိုက်တွန်းပါ တောင်းဆိုပါ ဖွင့်ချပါ။

နောက်ဆုံးပြောချင်တာကတော့ လူတင်ပါလို့နွားကျားကိုက်တဲ့ကိစ္စမှာ ကျားကိုချည်းပြောနေလေတော့ လူတင်လာသူ အနေအစားချောင်ပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေ ကိုယ့်နိုင်ငံသားအလုပ်သမားတွေကို ဖိနှိပ်အနိုင်ကျင့်နေတာ အာဏာလက်ရှိအစိုးရ ခွင့်ပြုထားလို့ပဲ။ 
မသိလို့မှမဟုတ်ပဲ။
မသိချင်ယောင်ဆောင်နေတာမှ မဟုတ်ပဲ။

ပြည်တွင်းအလုပ်သမားတွေ ဒီဝဋ်ဒီဒုက္ခတွေကကျွတ်ဖို့ဆို အစိုးရကောင်း၊ လူထုဘက်မျက်နှာမူတဲ့အတိုက်အခံနိုင်ငံရေးကောင်းတွေတင်မကဘူး 
လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂကောင်းတွေအပြင် 
တိုင်းပြည်ဘက် လူထုဘက်ကနေ အတိအကျဘက်လိုက်မှုတဲ့ မီဒီယာကောင်းတွေလည်း လိုကို လိုပါတယ်။

ဒီမနက် ခွေးလေး ၂ ကောင် အိမ်မှာဖြစ်တဲ့အကြောင်းပြောမလို့ပါ။

0 comments
ဒီမနက် ခွေးလေး ၂ ကောင် အိမ်မှာဖြစ်တဲ့အကြောင်းပြောမလို့ပါ။
ကျနော့်မှာ Izzy နဲ့ Rocky ဆိုတဲ့လူ့စွန့်ခံခွေးလေး ၂ ကောင်ရှိကြောင်း၊ တကောင်ခြင်းစီရဲ့စိတ်နေစိတ်ထားနဲ့ အကြိုက်/မကြိုက်တွေအကြောင်း တိုတိုထွာထွာပြောဖူးပါတယ်။ အဲ့ဒါတွေထဲမှာ အဇ္ဇီကကြောက်တတ်ကြောင်း၊
အနေသန့်ပြီး ဇီဇာ နည်းနည်းကြောင်ကြောင်း လူအပေါ်မှီတွယ် အားထားလွန်းကြောင်း၊ ရော့ကီကတဇွတ်ထိုးနိုင်ပြီးသတ္တိကောင်းကြောင်း ပေတလူး
တုံးပေကပ်သပ်ဖြစ်ကြောင်း လူနဲ့ ဖာသိဖာသာနေတတ်ကြောင်းလေးတွေလည်းပါပါတယ်။ ၂ ကောင်လုံး တယ်ရီယာစပ်အထီးလေးတွေဖြစ်ပြီး အသက်အရ ရော့ကီကကြီးပေမယ့် အရွယ်အရ အဇ္ဇီကကြီးပါတယ်။
အဇ္ဇီအိမ်ရောက်တာ ရော့ကီထက် ၅ လလောက်စောပါတယ်။ အဲ့ဒီ ၅ လအတွင်း တခါမှ အိမ်အပေါ်ထပ်ကို တကောင်တည်း တက်မကြည့်သလို ဘေ့စ်မင်န့်ထဲလည်း မဆင်းပါဘူး။ နောက်ဘက်ခြံထဲသွားပေမယ့် ခြံစည်းရိုးစပ်နားရောက်ပလားဆို လူကိုပြန်ကြည့်ပြီး လှည့်လှည့်လာတတ်ပါတယ်။ တခါ ဇနီးက အပေါ်ထပ်ထိ သူ့ကိုပွေ့ချီပြီးခေါ်သွားပြတော့ မျက်စေ့နှစ်လုံးစုံပိတ် နားရွက်လေးတွေကုပ် အမွှေးတွေဆောင်းပြီး တကိုယ်လုံး ကြောက်တုန် တုန်နေရှာတပါ။ အဲ့ဒီကတည်းကစပြီး ကျနော်တို့ ဘယ်တော့မှ သူ့ကို အိမ်ပေါ်ထပ် တက်ဝံ့သွားအောင် မကြိုးစားကြတော့ပါဘူး။
တခါ အိမ်မှာ မိတ်ဆွေတချို့နဲ့ ညနေခင်းဧည့်ခံပွဲလေးလုပ်တုန်းကလည်း အနှောက်အယှက်ဖြစ်မစိုးလို့ ဘေ့စ်မင်န့်ထဲမှာ ၂ ကောင်လုံးသွားထားပါတယ်။ စစခြင်း အဇ္ဇီကြောက်လန့်တကြားဟောင်သံ နည်းနည်းကြားရပေမယ့် နောက် ဘာသံမှမကြားတော့တာနဲ့ စိတ်ချလက်ချထားလိုက်ပါတယ်။ ညနေပြန်လည်းထုတ်ရော ခမျာလေး သွေးဆုတ်နေတဲ့မျက်နှာနဲ့ ပျော့ခွေခွေလေးဖြစ်နေရှာတယ်။ အဲ့ဒီညက အစာမစားရေမသောက် ဖျတ်ဖျတ်လတ်လတ်လည်းမရှိ။ ဒါနဲ့ တရေးနိုးလို့ သူ့နားရွက်လေးတွေ စမ်းလည်းကြည့်ရော ခြစ်ခြစ်တောက်ပူနေပါရောလား။ ကြောက်ဖျား ဖျားတယ်ဆိုတာဒါများလားလို့ ထင်စရာပါ။ ရော့ကီကတော့ အေးဆေးပါ။
အနေအစားမပျက် အဆော့အကစားမပျက်။ ဒါပေမယ့် အဇ္ဇီနားတော့ တချက်တချက်လာလာပြီး နားရွက်ကလေးတွေ လျှာနဲ့လျက်ပေးလိုက် နှာခေါင်းလေးရှူံ့ပွရှူံ့ပွလုပ်လိုက် ပြီးတော့ပြန်ထွက်သွားလိုက်နဲ့ပါပဲ။ လူမမာသတင်းမေးတာနဲ့တူပါတယ်။ နောက်ပြီး အဇ္ဇီက ကားသံကလွဲလို့ စက်သံ မော်တာလည်သံမှန်သမျှလည်း လန့်တတ်ပါတယ်။ ဖုန်စုပ်စက်သံ၊ စားပွဲတင်ကော်ဖီမှုန့်ကြိတ်စက်သံ၊ ဖျော်ရည်စက်သံတွေလည်း အလွန်ကြောက်တဲ့ကောင်ပါ။ တခါတခါ ကျနော်တို့က သူ့ကို ပေါတာလေးလို့ ခေါ်တတ်ပါတယ်။
ရော့ကီအိမ်ရောက်တဲ့နေ့က တံခါးဖွင့်ပြီးကြမ်းပေါ်ချပေးလိုက်တယ်ဆိုရင်ပဲ တအိမ်လုံးအနှံ့ အနံ့တွေလိုက်လိုက်ခံ၊ စေ့ထားတဲ့အပေါ်ထပ်တံခါး လက်နဲ့ကုပ်ကက်ဖွင့်ပြီး အပေါ်အထိ သူ့ဘာသာသူတက်၊ ဘေ့စ်မင်န့်တံခါးဖွင့်ပြတော့ တကောင်တည်းဆင်းချသွားပြီး ဟိုနမ်းဒီနမ်းတွေ လုပ်တော့တာပါပဲ။ အနှစ်နှစ်အလအလကကွဲနေတဲ့ သူ့အိမ်သူ့ယာ ခုမှပြန်ရောက်လာတဲ့အချိုးမျိုးနဲ့ပါ။ လူအိပ်ခန်း သူ့ညအိပ်လှောင်အိမ်နဲ့ မီးဖိုချောင်ခန်းကိုတော့ သာမန်ကာလျှံကာလောက်ကြည့်ပြီး နောက်ဖေးတံခါးလည်းဖွင့်ပေးရော ခြံထဲလွှတ်ထားတဲ့ကြက်တွေကိုကြည့်လိုက် လူကိုကြည့်လိုက်လုပ်နေပါတယ်။ လူက ဘာမှမပြောမှန်းလည်းသိရော ထိုးထိုးဟောင်ပြီးကြက်တွေကို အိမ်နားအထိ ပြန်မောင်းချလာပါတယ်။ ကျနော်တို့ သူ့ကြည့်ပြီး အံ့အားလည်းသင့် ပျော်လည်းပျော်ရတာပါ။ တယ်ရီယာပီပီ ကျင်းကလည်း တူးသလားမမေးနဲ့ဆိုတဲ့ကောင်မျိုးပါ။ မိုးဖွဲဖွဲရွာပလားဆို ဟောင်ပြီး တံခါးဖွင့်ခိုင်း မိုးရေထဲရွှံ့တွေဗွက်တွေထဲ ပြေးလွှားခုန်ပေါက် တကိုယ်လုံးရွှံ့နဲ့ရေနဲ့ ညစ်ပတ်ပေတလူးဖြစ်ပြီး ချမ်းတုန်လာမှ အထဲပြန်ဝင်ချင်တဲ့ကောင်မျိုးပါ။ အိမ်ညစ်ပတ်မစိုးလို့ အထဲပေးမသွင်းပဲ Breezeway မှာ ခြောက်တဲ့အထိထားလည်း နေတာပဲ။ အဇ္ဇီကတော့ မိုးရွာထဲ ဘယ်တော့မှ မထွက်သလို ရွှံ့ဗွက်နဲ့အညစ်အကြေးလည်းရွံတတ်ပုံပါပဲ။
အဲ..ဆောင်းတွင်း နှင်းတွေ ကျပြီဆိုရင်တော့ ၂ ကောင်သားပျော်တာမှ မြင်မကောင်းပါ။ လူ့ဒူးလောက်ပေါင်လောက် ဆွတ်ဆွတ်ဖြူမွရွနေတဲ့နှင်းသန့်တောကြီးထဲ လိုက်တမ်းပြေးတမ်း ကစားကြ၊ ပြေးကြ လွှားကြ၊ လူးကြလှိမ့်ကြ ပစ်လှဲချကြနဲ့ မချမ်းမတုန်ပဲ တကိုယ်လုံး နှင်းခဲနှင်းဖတ်တွေဖုံးတဲ့အထိ နေတတ်ကြပါတယ်။ နှင်းက ဘယ်လောက်ပဲ သူတို့အမွှေးတွေအပေါ် တင်နေတင်နေ အိမ်ထဲဝင်ကာနီး ခတ်ပြင်းပြင်းလှုပ်ခါချလိုက်ရုံနဲ့ အကုန်ပြောင်သလင်းခါသွားတာ မဟုတ်လား။ ရေလိုလည်း အမွှေးတွေမှာစိုပြီးကပ်မနေဘူး အနံ့အသက်လည်းမရှိဘူး အပေအပွလည်း မရှိဘူးဆိုတော့ အဇ္ဇီက နှင်းတော့ အတော်ကြိုက်ပုံပေါ်ပါတယ်။ ရော့ကီက တခါတလေ ပြေးရင်းလွှားရင်းအရှိန်လွန်ပြီး
ဘေးအိမ်နားအထိရောက်သွားပလားဆို
အဇ္ဇီခမျာ ဒီဘက်ကနေ ဟိုကောင့်ကိုအော်ခေါ်လိုက် အိမ်ကိုလည်ပြန်ကြည့်လိုက် လူကိုစစ်ကူတောင်းတဲ့အသံပြုလိုက်နဲ့ ဗျာများတော့ပါပဲ။ ပြန်လာတာနဲ့ အနားသွားပြီး ခေါင်းကိုလျှာလေးနဲ့လျက်ပေးလိုက် ကိုယ်ကိုလက်ကလေးနဲ့သပ်ပေးလိုက် လုပ်တတ်ပါတယ်။ “နောက် အဲ့လိုမသွားနဲ့နော် ရော့ကီ..”လို့ပြောနေသလားတောင် ထင်ချင်စရာပါ။
အသံဗလံတွေနဲ့ပတ်သက်ရင်လည်း ရော့ကီက ဒုတ်မကြောက် ဒါးမကြောက်ကောင်ပါ။ ကြောက်ဖို့မပြောနဲ့ ဆူချင်သလောက်ဆူပေ့စေ သိုးနေအောင်အိပ်တာများ ဆင်တက်နင်းတောင် နိုးမယ့်ပုံမပေါ်ဘူး။ အဇ္ဇီကိုလည်း အသံတွေမကြောက်ဖို့ အားမပေးတတ်ပေမယ့် ဟိုကောင်ကြောက်နေရင် သူအနားလာပြီး ဖေးမတတ်တာတော့ရှိပါတယ်။ တရက် မီးဖိုချောင်မှာ ဇနီးက လှော်ပြီးသားကော်ဖီစေ့တွေကို ကြိတ်စက်လေးထဲထည့်ပြီး ကြိတ်တယ်။ ကြိတ်စက်လေးက သေးပေမယ့်အားကောင်းတော့ အသံအတော်ကျယ်ပါတယ်။ အဲ့ဒီအသံကို ဧည့်ခန်းကနေကြားလိုက်တဲ့အဇ္ဇီက လူအိပ်ခန်းထဲပြေးပြီး ကုတင်အောက် ဝင်ပုန်းပါတယ်။ ရော့ကီက မီးဖိုချောင်ထဲဝင်ချသွားပြီး စက်တင်ထားတဲ့ခုံကို မမှီမကမ်း ပဒပ်ရပ်တက်လိုက် ဇနီးသည်ကိုဟောင်လိုက်နဲ့ တအိမ်လုံးဆူညံပွက်နေတော့တာပါပဲ။ ဒါနဲ့ ဇနီးက စက်ပိတ်ချလိုက်တယ်။ ဒီတော့ သူလည်း အဟောင်ရပ်လိုက်တယ်။ ပြီးတော့ ကုတင်အောက်မှာပုနေတဲ့ အဇ္ဇီဆီကိုသွားပြီး သူ့ကိုယ်လုံးပုတက်တက်လေးနဲ့ တိုးလိုက်ဝှေ့လိုက် ပွတ်လိုက်သပ်လိုက်လုပ်တယ်။ ပြီးတော့ ခေါင်းကိုလျှက်ပေးတယ်။ “မကြောက်နဲ့အဇ္ဇီ၊ ဘာမှ မကြောက်နဲ့တော့၊ ဘာမှမဟုတ်ဘူး အဲ့ဒါကော်ဖီကြိတ်စက်ပဲ၊ နင့်ကို ဘာမှ လုပ်လို့မရဘူး၊ ခု ငါသွားပြောလိုက်လို့ သူတို့ စက်ပိတ်လိုက်ပြီ” ဆိုပြီးပြောနေတာများလားလို့ ကျနော်တွေးပြီး ကြည့်ရင်း ကြည်နူးနေမိတာပါပဲ။ ဒီတော့မှ အကြောက်နည်းနည်းပြေသွားတဲ့အဇ္ဇီလည်း ခုတင်အောက်ကထွက်ပြီး လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားပါတယ်။ ဒီမနက်ဖြစ်တာလည်း အဲ့နည်းနှင်နှင် အသံကိစ္စပါပဲ။
ဒီနေ့ အိမ်ကို ဧည့်သည်လာစရာရှိတာမို့ ဇနီးက အလုပ်မသွားခင် ဖုန်စုပ်စက်အသေးနဲ့ ဆိုဖါခုံရှည်တွေကို ဖုန်စုပ်တယ်။ ကျနော်နဲ့အဇ္ဇီက အနားက ဆိုဖါပေါ်မှာ ထိုင်နေတယ်။ ရော့ကီက အိပ်ကောင်းတုန်း။ ဖုန်စုပ်စက်အသေးက အသံစူးစူးနဲ့ သွားကြိမ်းချင်စရာအသံမျိုး၊ အူထဲအသည်းထဲကျလိကျလိ ဖြစ်ချင်စရာအသံမျိုး။ စက်ဖွင့်လိုက်လို့ အသံစီကနဲထွက်လိုက်တာနဲ့ ကျနော့်ပေါင်ပေါ်ခေါင်းတင်မှိန်းနေတဲ့ မောင်အဇ္ဇီ လန့်ဖြန့်ပြီးထခုန်တော့တာပါပဲ။ ကျနော့်ကိုယ်ပေါ်အတင်းတက်ဖို့လုပ်တော့ ကျနော့်ပေါင်ပေါ်က လက်ပ်တော့ပ်ကို နင်းမိမှာလည်းစိုး လူလည်းဟန်ချက်ပျက်ပြီး ခလုပ်တွေလျှောက်ဖိမိနဲ့ ကသောင်းကနင်းတွေဖြစ်ကုန်တယ်။ ရုတ်တရက်ဘာလုပ်ရမှန်းမသိတာနဲ့ လှန့်တဲ့သဘော တော်တော်ကျယ်ကျယ် အော်ထည့်လိုက်တယ်။ သူလည်း လန့်ပြီး ခြေမကိုင်မိလက်မကိုင်မိနဲ့ ဧည့်ခန်းထဲပတ်ပြေးနေတယ်။ ဇနီးကလည်း စက်ပိတ်ချလိုက်ဖို့ သတိမရသေးဘူး။
အဲ့ဒီအချိန်မှာပဲ အခန်းထဲမှာ ဇရက်မင်းစည်းဇိမ်နဲ့နှပ်နေတဲ့ရော့ကီ ဘယ်ကနေဘယ်လို ပေါက်ချ လာသလဲမသိဘူး။ အဇ္ဇီကိုလည်းမြင်ရော အခြေအနေကိုသဘောပေါက်သွားဟန်နဲ့ ကျနော့်ဇနီးကိုထိုးဟောင်လိုက်၊ ဖုန်စုပ်စက်လေးကို ပြေးဟပ်လိုက်၊ ကျနော့်ဆီပြေးလာလိုက်နဲ့ တကောင်တည်း ပျာယာ့ကိုခတ်တော့တာပါပဲ။ အဇ္ဇီကတော့ ထုံးစံအတိုင်း အိပ်ခန်းထဲပြေးဝင်ပြီး ကုတင်အောက် ပုန်းတော့တာပါပဲ။ ဒီတော့မှ ဇနီးလည်း သတိဝင်ပြီး စက်ပိတ်ချလိုက်တယ်။ စက်သံလုံးဝပျောက်သွားတော့မှ ရော့ကီက အိပ်ခန်းထဲဝင်ပုနေတဲ့အဇ္ဇီကို အပြင်ခေါ်ထုတ်၊ ပါးတွေနားတွေလျက်ပေး၊ သူ့ကိုယ်လုံးပုတက်တက်လေးနဲ့ ပွတ်ပက်ပေးပြီး “ဘာမှမပူနဲ့အဇ္ဇီ ငါတယောက်လုံးရှိတယ်၊ ဘာမှ မကြောက်နဲ့”လို့ပြောနေတယ်ထင်တာပါပဲ။ အဇ္ဇီကလည်း မျက်ရည်တွေဝိုင်းပြီး အားငယ်နေတဲ့မျက်လုံးနက်ကြီးတွေ ကလယ်ကလယ်နဲ့ ကျေးဇူးတင်ကြောင်းပြန်ပြောနေသလိုပဲလို့ ကျနော်ထင်နေတယ်။ နောက်တော့ ရော့ကီလည်း သူ့နေရာသူပြန်ပြီး အိပ်သွားတယ်။ အဇ္ဇီလည်း ဧည့်ခန်းထဲပြန်ထွက်လာပြီး ကျနော့်ဘေး ပြန်ထိုင်တယ်။ ဇနီးလည်း ဖုန်စုပ်ရက်တန်းလန်းနဲ့ စက်ပိတ်ပြီးပြန်သိမ်းလိုက်တယ်။ ပြီးတော့ You are little poor thing, Izzy, Rocky always protects you. Be brave Izzy, be brave boy. ဆိုပြီး ရေမိုးချိုး အဝတ်အစားလဲ အလုပ်ထွက်သွားလေရဲ့။ ကျနော်နဲ့ သူတို့ ၂ ကောင်ကတော့ ဒီနေ့အိမ်လာမယ့် ဧည့်သည်တွေကို မျှော်ရင်း စိုးဝင်းအချိုခြောက်နဲ့လဘက်ရည်ဖျော်တော့မယ်။
မျိုးမြင့်ချို။ အောက်တိုဘာ ၂ဝ၁၃

Monday, October 20, 2014

“ဗကသ အဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကိုနှင့်အင်တာဗျူး”

0 comments
(Messenger ဂျာနယ် အတွဲ ၅၊ အမှတ် ၂၁ တွင်ပါရှိသော “ဗကသ အဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကိုနှင့်အင်တာဗျူး” မှ ထုတ်နုတ်ဖော်ပြပါသည်)

ကျနော်တို့ကျတော့ နိုင်ငံရေးအဖွဲ့အစည်းတခုရဲ့ရုံးခန်းကိုသွားမယ်ဆိုရင် အကျိုးအကြောင်းဆီလျော်မှ သွားမှာ၊ ဆွေးနွေးစရာကိစ္စရှိရင် သွားမယ်။ အဲဒီလိုမဟုတ်ဘဲ ကျနော်တို့က ခဏခဏသွားနေရင် ပတ်ဝန်းကျင်အမြင်မှာ ၈၈ က ဗကသကို ကြိုးကိုင်ထားတယ်မြင်ရင် ၈၈ အတွက်လည်းမကောင်းဘူး။ ဗကသ အတွက်လည်းမကောင်းဘူး။ NLD ရုံးချုပ်ဆိုလည်း ကျနော်တို့ ခဏခဏသွားလေ့မရှိဘူး။ ကျနော်တို့ဘဝမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးဖို့တစ်ခါ (၄၅ မိနစ်တာ)ရောက်ဖူးတယ်။ ကျန်တဲ့အချိန်ပိုင်းမှာ တခါမှ NLD ရုံးကိုမသွားဖူးဘူး။ နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်လာလို့ သွားဆွေးနွေးတယ်။

ဗကသ ဗဟိုလုပ်ငန်းကော်မတီအနေနဲ့ အဲဒီအချိန်က သွားသင့်လို့သွားတဲ့အချိန်၊ ကျန်တဲ့အချိန်သွားနေရင် အဓိပ္ပာယ်တမျိုးဆောင်သွားမယ်။ နိုင်ငံရေးအရစဉ်းစားရင် အဖွဲ့အစည်းအချင်းချင်းဆက်ဆံရေးဆိုတာ ရှိရတယ်။ လူပုဂ္ဂိုလ်ဆက်ဆံရေးနဲ့ရောယှက်ရင် အဲဒီအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာ နည်းနည်းတော့အပွန်းအပဲ့တော့ ရှိမှာဘဲ။

၈၈ နဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ကျနော်တို့နဲ့ဝေးကွာသွားတယ်ဆိုတာ လုပ်ငန်းစဉ်ချင်းလည်း ခြားနားတယ်။ အယူအဆချင်းလည်း ခြားနားတယ်။ အမြင်ချင်းလည်း ခြားနားတယ်။ မတူဘူး။ ကျနော်တို့က လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေကို အတိုင်းအတာတခုအထိ ကိုယ်စားပြုတယ်။ သူတို့က လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေကို ကိုယ်စားပြုတာမရှိတော့ဘူး။ သူတို့က အခု ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့သဘောက နိုင်ငံရေးပါတီလည်းမဟုတ်သလို ကျောင်းသားသမဂ္ဂလည်း မဟုတ်ဘူး။ သူတို့က ကြားကျနေတဲ့အဖွဲ့အစည်းတခုပေါ့။ NGO လို့အမည်တပ်လည်းရသလို CSO လို့ပြောရမယ်ဆိုရင်လည်း ဖြစ်တယ်။ အဲဒီလို အဖွဲ့အစည်းတွေရဲ့လုပ်ငန်းစဉ်တွေက ရှင်းရှင်းပြောရရင် ကျနော်တို့ကျောင်းသားသမဂ္ဂတွေလို တောင်းဆိုတိုက်ပွဲဝင်တာတော့ ရှိမှာတော့မဟုတ်ဘူး။ သူတို့က အသွင်သဏ္ဍာန်တမျိုးနဲ့ ရပ်တည်နေတာ။

အဲဒီတော့ လုပ်ငန်းစဉ်မတူတော့ သွားမယ့်လမ်းကြောင်းလည်း တူမှာမဟုတ်ဘူး။ ဒါပေမယ့် ပန်းတိုင်တူချင်ရင်တူမယ်။ ကျနော်တို့က အဲဒီလို ရည်မှန်းချက်တူတယ်အကျိုးစီးပွားတူတယ်ဆိုတဲ့အဖွဲ့အစည်းတွေကို လက်တွဲမဖြုတ်ပါဘူး။

မဖြူနှင်းထွေးကို ပုဂ္ဂိုလ်ရေးအရကြည့်ရင် ဖြူနှင်းထွေးက ဖြူနှင်းထွေးဘဲ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရမကြည့်ဘဲ နောက်ကွယ်ကအကြောင်းတွေကို နှိုက်နှိုက်ချွတ်ချွတ်ကြည့်မယ်ဆိုရင် ဒါ တရားမှုနဲ့မတရားမှု၊ ဓမ္မနဲ့အဓမ္မတိုက်ပွဲဘဲ။ အဲဒါကို သုံးသပ်လေ့လာတတ်တဲ့သူဆိုရင် မဖြူနှင်းထွေးဘက်က ထောက်ခံရပ်တည်ပေးမှာဘဲ။ သူတို့အနေနဲ့ နှုတ်ဆိတ်နေတာ၊ နှောင့်နှေးနေတာ၊ ကြန့်ကြာနေတာရှိတယ်ဆိုရင် အကြောင်းတခုခုရှိလို့ဘဲလား။ ကျနော်လည်း စဉ်းစားမိတယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့ဆန္ဒက ဒါ ရှေ့မျိုးဆက်တွေဖြစ်တယ်။ ၈၈ မှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ စစ်အာဏာရှင်ရဲ့အကျဉ်းထောင်တွေထဲမှာ နှစ်ပေါင်းများစွာဖြတ်သန်းလာရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ အကိုတွေ၊ အမတွေက အခုလက်ရှိနိုင်ငံရေးလှုပ်ရှားမှုနဲ့ထောင်ကျတဲ့ညီမငယ်လေးကို စာနာစွာနဲ့ တစုံတရာ
ထုတ်ဖော်ပြောကြားဖို့ ဝန်မလေးနေခဲ့သင့်ဘူး။

ဟောင်ကောင်ကိစ္စက မီဒီယာတွေကတဆင့် ပေါ်ပြူလာဖြစ်လာတာ။ ဒါကို ဒီကနေ့ ထောက်ခံတယ်ဆိုတဲ့အတွက် သူတို့လည်း ဒီမိုကရေစီဘက်တော်သားတွေလို့ သူတို့ကိုယ်သူတို့ရော၊ ပတ်ဝန်းကျင်ကရော သတ်မှတ်ချင်သတ်မှတ်မှာပေါ့။ အထူးသဖြင့်တော့ ဟောင်ကောင်အရေးကိုလိုလားတဲ့ အနောက်အုပ်စုတွေကတော့ ပိုပြီးသတ်မှတ်ကြလိမ့်မယ်။ ဒါကတော့ အလုပ်ကို သေးသေးလုပ်ပြီးတော့ အသိအမှတ်ပြုမှုကို များများရတာဘဲ။ မဖြူနှင်းထွေးကိစ္စကကျ ဒီလိုမဟုတ်ဘူး။ အသိအမှတ်ပြုခွင့်ရဖို့ မလွယ်ဘူး။ ပြဿနာတခုကိုရင်ဆိုင်ရဖို့ ပိုများတယ်။ မဖြူနှင်းထွေးကိစ္စကိုထောက်ခံပြီးပြောမယ်ဆိုရင် နောက်ကနေ အက်ရှင်တခုလုပ်ရမယ်။ အက်ရှင်တခုလုပ်တဲ့အခါမှာ အစိုးရရဲ့ငြိုငြင်မှုကိုတော့ အနည်းဆုံးခံရမယ်။ ဒီကိစ္စမျိုးကို ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို စဉ်းစားမှာပါ။ မဖြူနှင်းထွေးရုံးထွက်တွေမှာ လာဝန်းရံတဲ့အဖွဲ့အစည်းတွေဆိုတာ ခမ်းခမ်းနားနားကြီးတွေ မဟုတ်ပါဘူး။ ကျနော်တို့အပါအဝင် သမိုင်းကြောင်းဆိုင်ရာအဖွဲ့အစည်းကြီးဖြစ်ပေမယ့် ငွေရေးကြေးရေးကအစ အခက်အခဲအများကြီးရှိပါတယ်။ နည်းနည်းလေးအသံထွက်ပြီး အများကြီးအသိအမှတ်ပြုခံရတာထက် အများကြီးလုပ်ပြီး သိပ်ပြီးအသိအမှတ်ပြုမခံရဘဲ ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ရမှာကိုယှဉ်ပြီး ပါးပါးနပ်နပ်နဲ့ရွေးသွားတယ်လို့ထင်ပါတယ်။

သူတို့သွားတဲ့လမ်းကြောင်းက နိုင်ငံရေးအသွင်သဏ္ဍာန်ဆောင်တာနည်းပြီး လူမှုရေးအသွင်သဏ္ဍာန်တွေ ပိုများနေတယ်။ ဘယ်အချက်တွေကို ဝေဖန်ချင်သလဲဆိုရင် အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အရမ်းနီးနီးကပ်ကပ်ဆက်ဆံတယ်။ ရှစ်လေးလုံးငွေရတုအခမ်းအနားတုန်းက ကျနော်တို့ ကန့်ကွက်ပြီးနုတ်ထွက်ခဲ့ကြတာက ကျနော်တို့က အတိုက်အခံအဖွဲ့အစည်းစစ်စစ်ကို လိုချင်တာ။ အဆင်ပြေရေးလမ်းကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းသွားနေရင်တော့ ကျနော်တို့လိုချင်တာ ဖြစ်မလာတော့ဘူး။ ဒီလိုမျိုး ခရိုနီတွေရဲ့ငွေကြေးတွေနဲ့အခမ်းအနားလုပ်တာမျိုး၊ အစိုးရတာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီးစကားပြောခွင့်ပြုတာ၊ သဝဏ်လွှာဖတ်တာတို့ကို ကျနော်တို့က ပြတ်ပြတ်သားသား ပြောပြီးသား။

ဒီနေ့လည်း ဒီသဘောထားကို စွဲကိုင်ထားတယ်။ ပြီးရင် ပုဒ်မ ၁၈ ကို ကျနော်တို့က မတရားဘူးလို့ မြင်တယ်။ အဲဒီပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး ဘာမှလိုက်နာစရာမလိုဘူးလို့ ကျနော်တို့ကမြင်တယ်။ လွတ်လပ်စွာဆန္ဒပြခွင့်ရှိရမယ်လို့တောင်းဆိုတယ်။ သူတို့ကျတော့ ပုဒ်မ ၁၈ ကို ခွင့်ပြုချက်ယူပြီးဆန္ဒပြတဲ့လမ်းကြောင်းကို သွားတယ်။ ဥပဒေကို လေးစားလိုက်နာတယ်ဆိုတာမျိုးပေါ့။ အဲဒီအပြင် အယူအဆတွေကတော့ ကွာပါတယ်။ (နိုင်ငံရေး)ခရိုနီဖြစ်ခြင်း၊ မဖြစ်ခြင်းကိုတော့ ကျနော်မပြောလိုဘူး။ ပြောဖို့လည်းဆန္ဒမရှိဘူး။ ခရိုနီဆိုတဲ့ဝေါဟာရက အစိုးရနဲ့ပူးပေါင်းပြီးမှ လုပ်ကွက်တွေရယူပိုင်ဆိုင်ပြီး ကြွယ်ဝချမ်းသာသူတွေ၊ တရားတာ မတရားတာ၊ မျှတတာ မမျှတတာတွေမကြည့်ဘဲ ဂုတ်သွေးစုတ်တဲ့လူတန်းစားကိုပြောတာ။ ခရိုနီဆိုတဲ့ဝေါဟာရနဲ့ ၈၈ ငြိမ်း/ပွင့်ဆိုတဲ့အဖွဲ့အစည်းကိုတွယ်ကပ်ပြီးပြောတာကတော့ သူတို့အဖွဲ့ကို တိုက်ခိုက်တဲ့သူတွေ ပြောတာတွေပါ။ ကျနော်တို့ကတော့ အဲဒီလိုတိုက်ခိုက်လိုတဲ့သဘောထား မရှိဘူး။ ဒါပေမယ့် သူတို့ကိုတော့ အားမရတာတော့ အမှန်ဘဲ။
ကျော်ကိုကို
(Messenger ဂျာနယ် အတွဲ ၅၊ အမှတ် ၂၁ တွင် ပါရှိသော “ဗကသ အဖွဲ့ချုပ် ဥက္ကဌ
ကိုကျော်ကိုကို နှင့် အင်တာဗျူး” မှ ထုတ်နုတ်ဖော်ပြပါသည်)

ယူတာက ကိုအောင်မျိုးထွန်းဆီကဖြစ်ပါတယ်။

ငှက်မွှေးသပ် (မျိုးမြင့်ချို)

0 comments
(ငှက်မွှေးသပ်)
လူပြောများတဲ့ လူလတ်တန်းစား Middle Class ဆိုတာကို ကျနော်ကတော့ အလယ်အလတ်လွှာလို့ခေါ်ရတာ အာပိုတွေ့ပါတယ်။ အလယ်အလတ်လွှာမှာမှ Upper and Lower Middle Class ဆိုပြီး ဓနအင်အားပေါ်တည်ကာ အလွှာ ၃ လွှာ ပြန်ခွဲတာလည်းတွေ့ရတယ်။ အဲ့ဒီ သူတို့ခွဲတဲ့အလယ်အလတ် ၃ လွှာစလုံးက ဓနအင်အား၊ ပိုင်ဆိုင်မှု၊ အခွန်ဆောင်တဲ့ပမာဏစတာတွေအပြင် အခြား ချိန်ထိုးတွက်ချက်ကြတဲ့ အချက်အလက်နဲ့အကြောင်းခြင်းရာတွေလည်း ရှိပါသေးတယ်။ တပြည်နဲ့တပြည် တိုင်းပြည့်ဆင်းရဲချမ်းသာပေါ်လိုက်ပြီး အလယ်အလတ်လွှာ ပိုင်းခြားသတ်မှတ်ချက်လည်း ကွာနေတာတွေ့ရမှာပါ။
ထားပါတော့ ဘယ်လိုပဲပြောပြော ခုပြောတဲ့ အလယ်အလတ်လွှာဆိုတာ ဓနအင်အားသာကွာချင်ကွာမယ် အဓိကသတ်မှတ်ချက်ကတော့ ဓနဥစ္စာနဲ့ပိုင်ဆိုင်မှုတွေအပေါ်အခြေခံတာဖြစ်ပြီး အတွေးအခေါ်အပေါ် အခြေခံပိုင်းခြားချက်မဟုတ်ဘူးလို့လည်း အကြောက်အကန်ငြင်းသူတွေ ငြင်းကြပါတယ်။ ဆိုတော့ ဒီလူ့အလွှာတွေမှာ သီးသန့်အတွေးအခေါ် အတွေးအမြင်နဲ့ ခံယူမှုတွေမရှိဘူး၊ သူတို့လည်း အခြားသူများနည်းတူ တွေးတယ်ခေါ်တယ်၊ ခံစားတယ်၊ တုန့်ပြန်တယ်၊
(ဒီ့ထက်ပို ပြောကြတာတွေမှာဆို) သူတို့က ဆင်းရဲသားတွေအတွက်ကယ်တင်ရှင် လူသားချင်းစာနာစိတ်အရှိဆုံးလူ နင်းပြားတွေနဲ့နီးစပ်စာနာသူစတာတွေအထိ အမွှမ်းတင်ကြတာလည်းရှိပါတယ်။ ကျနော်ကတော့ သူတို့မှာ သူတို့အလွှာရဲ့ဉာဉ် စရိုက်နဲ့အတွေးအခေါ် ရှိကိုရှိတယ်လို့ သတ်မှတ်ခံယူထားပါတယ်။
နောက်တချက်က ဘူဇွာ Bourgeoisie ပါ။ မြန်မာစကားလုံးနဲ့တော့ သီးသန့်ပြန်တာမရှိပဲ ဘူဇွာကို ဘူဇွာလို့ပဲ နားအလည်များကြပါတယ်။ စကာလုံးရင်းမြစ်ဘယ်ကလာ ဘာအဓိပ္ပါယ်ဆောင်ရာကနေ ဘယ်တော့မှ ဘာတွေဖြစ် စတာတွေကတော့ အများသိပြီးသားဖန်တရာထေမို့ ထားခဲ့ပါတော့။ မြန်မာမှုမှာ စူဇကာပုဏ္ဏားဆို လူမုန်းများပါတယ်။ ဒီကြားထဲ ဗိုလ်နေဝင်းက စူဇကာစစ်ဆင်ရေးဆိုပြီး ပုဂ္ဂလိကအရပ်သားပိုင် စီးပွားနဲ့ဓနဥစ္စတွေကို စစ်ဒမြတိုက်ချလိုက်တော့ စူဇကာနဲ့ဘူဇွာဟာ လူမုန်းပိုများရတဲ့ကိန်း ပိုဆိုက်ရတာပါ။ ဒီကြားထဲ စကားလုံးကိုက ပါးစပ်ကအသံထွက်ဖတ်ကြည့်ရင် အတော်သောက်မြင်ကပ်စရာအသံလည်း ထွက်ပါတယ်။ ဘူဇွာမှာလည်း အလယ်အလတ်လွှာလို ဘူဇွာဘုစုခရုလေးတွေရှိပြီး ဘူဇွာကြီးရင်တော့ အရင်းရှင်ကြီးဖြစ်တာပါ။ ဘူဇွာချွတ်တားလေးကို Petty-Bourgeoisie လို့ဆိုပြီး ဗမာလိုတော့ ဓနရှင်ပေါက်စလို့ပြန်ပါတယ်။ လူထုကြားထဲကျတဲ့ စကားလုံးပါ။ ဘူဇွာချွတ်တားလေး(ဓနရှင်ပေါက်စ)ကနေ ဘူဇွာဘူဒါးကြီး(လက်ဝါးကြီးအုပ် ဓနရှင်ကြီး) ဖြစ်လာရင်တော့ ဓနဥစ္စာအပေါ် အလွန်အမင်းလောဘဇောတိုက်မှု၊ အာဏာရမ္မက်ငန်းဖမ်းမှု၊ အပျော်အပါးအလွန်အကျူး လိုက်စားမှုစတဲ့လက္ခဏာတွေပေါ်လာပြီး ငတေမာအတွေးအခေါ်နဲ့ ပြည်ဖျက်ကောင်လူ့အန္ဓကနေ ကမ္ဘာဖျက်ရာဇဝတ်ကောင်ကြီးတွေအထိ တက်သွားတတ်တာ ကမ္ဘာစစ်ကြီးတွေကြည့်ရင် သိသာမှာပါ။
ဒီနေရာမှာပြောမယ်တွေးတာက Petty-Bourgeoisie ဓနရှင်ပေါက်စအတွေးအခေါ်ကိစ္စပါ။ အလယ်အလတ်လွှာတွေက သူတို့အကြောင်း စောင်းမြောင်းပြောတာလို့ထင်ရင် မှားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ တည့်(ဒဲ့)ပြောနေတာဖြစ်လို့ပါပဲ။ ဟုတ်ပါတယ် သူတို့အကြောင်းဆိုတာ ကျနော့်အကြောင်းလည်း ဖြစ်ပါတယ်။ ကျနော့်မှာလည်း ဓနရှင်ပေါက်စအတွေးအခေါ်နဲ့အစွဲအလမ်းရှိနေလို့ပါပဲ။ ဓနရှင်ပေါက်စ အတွေးအခေါ်ဆိုတာ အခြေခံအားဖြင့်တော့ ဓနရှင်အတွေးအခေါ်လို့ပဲဆိုပါတော့။ အပေါ်မှာဆိုခဲ့တဲ့ ဓနလောဘဇော၊ အာဏာရမက်နဲ့အပျော်အပါးလိုက်စားလွန်းခြင်းစတာတွေမှာ ဓနရှင်ကြီးတွေနဲ့ သူမသာကိုယ်အသုဘတွေပါ။ ဒါပေမယ့် သူက ဓနရှင်ကြီးတွေထက်စာရင် ဘာနည်းနည်းသာသလဲဆိုတော့ လူထုအကျိုးတိုင်းပြည်အကျိုးကို တချက်တချက် ထည့်တွက်ဖော်လှည့်ကြည့်ဖော် အထိုက်အလျှောက်ရပါသေးတယ်။ အဲ့သလို လူထုအတွက်တိုင်းပြည်အတွက်လုပ်နေရင်းက ဂွင်လေးများပေါ်လာလို့ကတော့ ကိုယ်ကျိုးလေးပါ ကျွဲကူးရေပါ လုပ်ယူသွားတတ်တဲ့ဉာဉ်မျိုးရှိတာတွေ့ရမှာပါ။ တချို့ပြောသလို ဆီကိုင်တဲ့လက် ဆီပေတယ်..တို့။ ဒီလောက်ကြီးကိုယ်ကျိုးတွေစွန့်ခဲ့တာ ဒီလောက်လေးတော့ ခံစားသင့်ပါတယ်..တို့။ အများမိုးခါးရေပဲလေ…တို့ စတဲ့ စကားနဲ့တရားထူထောင် ကာကွယ်တာတွေလည်းတွေ့ရမှာပါ။
လူတယောက်ယောက်မှာ ဓနရှင်ပေါက်စအတွေးအခေါ် ဉာဏ် စရိုက် လုပ်ရပ်စတာတွေရှိခြင်းမရှိခြင်းဟာ သူမွေးဖွားကြီးပြင်းလာခဲ့တဲ့ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်ဆိုတာမှန်သလို၊ တကယ့်ကို ဆင်းရဲသားနင်းပြား ကျောမွဲအဝန်းအဝိုင်းကလာသူတချို့မှာလည်း အဲဒီစရိုက် ဉာဉ် အလေ့ စိတ်နဲ့လုပ်ရပ်တွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျဆိုရရင်တော့ ဓနရှင်ပေါက်စလို့ပြောပြော အလယ်အလတ်လွှာလို့ဆိုဆို အဲ့ဒီအလွှာကလူတွေမှာ အဲ့ဒီဉာဉ်မျိုးရှိတတ်တာများပါတယ်။
သမိုင်းဆရာဒေါက်တာသန်းထွန်းကတော့ “ဘူဇွာစိတ်ဆိုတာ ကုန်သည်ပွဲစားစိတ်၊ ငါ့အတွက် ဘယ်လောက်ကျန်မလဲကို အမြဲတမ်း တွက်ထားတဲ့စိတ်၊ ကိုယ်တွက်ချေနဲ့ကိုယ်။ သူများစကား နားမဝင်၊ သြဇာမပေးနဲ့၊ ငါလုပ်ချင်မှလုပ်မယ်၊ အဲဒါမျိုးကို ဘူဇွာစိတ်လို့ ခေါ်တယ်”ဆိုပြီးပြောခဲ့တာမှတ်သားဖူးပါတယ်။ ကျနော်အနေနဲ့ အဲ့သလောက်ထိ မပြောဝံ့ပါ။ သူက ဒေါက်တာသန်းထွန်းပါ။
ကျနော်ကတော့ အများအကျိုးလုပ်ရင်းကိုယ်ကျိုးရှာတဲ့စိတ်၊ ကိုယ်ကျိုးရှာတဲ့လုပ်ရပ်၊
ကိုယ်ကျိုးရှာတဲ့အတွေးအခေါ်ကို ဓနရှင်ပေါက်စစိတ်၊ ဓနရှင်ပေါက်စအလုပ် ဓနရှင်ပေါက်စနဲ့အတွေးအခေါ်လို့ပဲ ငှက်မွှေးနဲ့သပ်ပါတယ်။ (မှတ်ချက်။ အရေးတော်ပုံဂျာနယ်ကရတဲ့ အတွေးအမြင်နဲ့စကားလုံးများ)

Tuesday, October 14, 2014

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၄)(မေလင်းခ-ဗကသ)

0 comments
ဗကသဟာ ဗမာပြည်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပြည်သူနဲ့အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီအစဉ်အလာ ကောင်းကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ စစ်အာဏာရှင်စနစ်တဖြစ်လဲ အခြေအနေအောက်မှာ ကျောင်းသားဟာ ကျောင်းသားအရေးပဲလုပ်ရမယ်ဆိုတဲ့အတွေးအခေါ်ဟာ တစ်ခေတ်ဆန်းလာခဲ့ပြန်ပါတယ်။ ကျောင်းသားနိုင်ငံရေးလုပ်ရင် ထောင်ကျမယ်၊ ဘဝပျက်မယ်ဆိုတဲ့ ခြောက်လုံးတွေအောက်မှာ ကျောင်းသားလူငယ်တွေဟာ ကျောင်းသားအရေးသက်သက်ပဲ လုပ်ရမယ်ဆိုတဲ့အတွေးမှားကို လက်ခံကျင့်သုံးလာကြပါတယ်။ ဒါဟာလည်း အာဏာရှင်စနစ်ရဲ့ စနစ်တကျသင်းသတ်ခံထားရတဲ့ ကျောင်းသားလူငယ်တွေရဲ့ အတွေးအခေါ်တွေကြောင့်လို့ပြောရပါမယ်။ ကျောင်းစာကလွဲပြီး ပြင်ပဗဟုသုတစာပေတွေကို လေ့လာလိုစိတ်တွေ ကုန်ဆုံးအောင်၊ လေ့လာခဲ့ရင်လည်း လေ့လာရတဲ့စာပေတွေဟာ အာဏာရှင်စနစ်ကိုပဲယုံကြည်ကိုးစားစေတဲ့စာပေတွေဖြစ်အောင် ဖန်တီးခဲ့မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။

ကျောင်းသားဟာ ကျောင်းသားအရေးပဲလုပ်ရမယ်ဆိုတဲ့အတွေးအခေါ်ဟာ သာမန်လူပြိန်းတွေးနည်းမျိုးနဲ့ တွေးကြည့်ရင်တော့ မှန်သယောင်ယောင် ဖြစ်နေပါလိမ့်မယ်။ ဟုတ်တာပေါ့.. ကျောင်းသား ကျောင်းသားအရေးပဲလုပ်သင့်တာပေါ့. နိုင်ငံရေးနဲ့ဘာဆိုင်တာမှတ်လို့ ဆိုတဲ့ အဖြေမျိုးပဲထွက်လာပါလိမ့်မယ်။ ကျွန်မတို့ဗမာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း နယ်ချဲ့အစိုးရခေတ်ကတည်းက ကျောင်းသားဟာ ကျောင်းစာကိုမှန်မှန်လုပ်၊ စာမေးပွဲအောင် အရာရှိဖြစ်၊ ဘဝတိုးတက်ဖို့သာအဓိကဆိုတဲ့ကျောင်းသားတွေ ဒုနဲ့ဒေးရှိခဲ့တာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အဲဒီကျောင်းသားတွေဟာ နယ်ချဲ့အစိုးရရဲ့ကျွန်ပညာရေးစနစ်မှာ အသုံးချခံတွေဖြစ်ခဲ့တယ်ဆိုတာ၊ ရာထူးကိုသာ မြင်ခဲ့လို့ တိုင်းတပါးကျွန်ဘဝနဲ့သာ နိဂုံးချုပ်ခဲ့ရတယ်ဆိုတာကိုလည်း ပိုလို့တောင်ငြင်းလို့မရပြန်ပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဦးနေဝင်းရဲ့စစ်အစိုးရလက်ထက်မှာလည်း ကျောင်းသားလူငယ်အချို့ဟာ ဆံပင်တိုတိုညှပ် လည်ကတုံး သေသေသပ်သပ်ဝတ်၊ မဆလ တစ်ပါတီစနစ်ကြီးကို ထောက်ခံ၊ အတိုက်အခံနိုင်ငံရေးကိုစိတ်မဝင်စားမှ အမှန်ဆိုပြီး စစ်အစိုးရလုပ်သမျှအကောင်းပြော၊ အလိုလိုက် အကြိုက်ဆောင်ခဲ့ကြပြန်ပါတယ်။

အာဏာရှင်ရဲ့ လက်ကတုံးတောင်ဝှေးဖြစ်ရတာကိုပဲ ကြီးမြတ်သူကြီးတွေလိုလို စိန်နားကပ်ရောင်နဲ့ ပါးတွေပြောင်ပြီးရင်းပြောင်ခဲ့ကြသူတွေဟာ အသုံးမလိုတော့တဲ့တစ်နေ့မှာတော့ တောင်ဝှေးဘဝကနေ ထင်းဘဝရောက်ကြရမှာကိုများ မသိလေရော့လားလို့ ထင်မိပါတယ်။ စစ်အစိုးရဟာ အတိုက်အခံနိုင်ငံရေးသမားများ၊ ကျောင်းသားများကိုသာမက နောက်ဆုံးတစ်နေ့မှာတော့ လူယုံကိုတောင် လူပုံအလယ်မှာ သတ်ပစ်ဖို့ဝန်မလေးသူတွေဆိုတာ သမိုင်းအဆက်ဆက်ကသက်သေခံခဲ့တာ ဦးနေဝင်းအစိုးရကနေ ယနေ့အထိလို့ပဲ တိတိကျကျ ပြောချင်ပါတယ်။ စစ်မှန်တဲ့အသွင်ပြောင်းမှုလို့ လက်ခံလို့မရသေးတဲ့ဒီနေ့အခြေအနေမှာ ကျောင်းသားလူငယ်တွေအနေနဲ့ ကောင်းမွန်တဲ့ အစိုးရလို့ တထစ်ချယုံမှတ်နေမှာကိုလည်း စိုးရိမ်စရာလို့သတ်မှတ်ရပါလိမ့်မယ်။

ယခင်အစိုးရခေတ်များက ရေပေါ်ဆီလူတန်းစားကပေါက်ဖွားလာပြီး အယူတိမ်းခဲ့ကြတဲ့ကျောင်းသားဟောင်းတွေထဲက အတော်များများဟာ ဇာတ်သိမ်းမှာ နတ်စိမ်းထက်ဆိုးတဲ့ဘဝမျိုးမှာ ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျောခဲ့ကြရတယ်။ ဒါကိုတောင် လက်ကျန်အနည်းစုဟာ ဒီအတွေးအခေါ်တွေကိုစွန့်လွှတ်ပစ်ဖို့မစဉ်းစားပဲ မျိုးဆက်သစ်ကျောင်းသားတွေကိုဆီကိုပါ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ပြန်ပါတယ်။ ပိုပြီး အပြကောင်းတာ တစ်ခုက ဒီကနေ့ဟာ ဒီမိုကရေစီရွှေရည်စိမ်ခေတ်ကြီး ဖြစ်နေတာပါပဲ။ နိုင်ငံရေး လုပ်စရာမလိုလောက်အောင် ပြောင်းလဲတိုးတက်နေကြောင်း မစားရဝခမန်းပြောဆိုစည်းရုံးပြီး ကျောင်းသားအရေးသက်သက်ဆိုတဲ့အတွေးအခေါ်ကိုရိုက်သွင်းဖို့ တကျော့ပြန် ကြိုးစားလာကြပြန်ပါတယ်။ ကျွန်မတို့လို လူငယ ကျောင်းသားတွေအဖို့တော့ ဒါဟာ အထူးဂရုပြုရမယ့် အဓိကအချက်ပဲ ဖြစ်ပါတယ်။

ကျွန်မတို့ကျောင်းသားတွေဟာ မိဘရဲ့ထောက်ပံ့မှုနဲ့ ပညာသင်ကြားနေရတဲ့သူတွေသာ ဖြစ်ပါတယ်။ အင်မတန်နည်းပါးတဲ့ ပမာဏရှိတဲ့ ကျောင်းသားတွေလောက်သာ ကိုယ်တိုင်အလုပ်လုပ်ပြီး ကျောင်းတက်နေကြရတာပါ။ ခေတ်အဆက်ဆက် တော်လှန်ခဲ့တဲ့ ကျောင်းသားတွေ ဟာလည်း မိဘတွေရဲ့ပံ့ပိုးမှုနဲ့ပညာသင်ခဲ့ကြသူတွေပါ။ အစိုးရတစ်ရပ်က ကောင်းမွန်တဲ့ပညာရေးစနစ်ကိုဖန်တီးပေးပြီး အစိုးရရဲ့ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုနဲ့ပညာသင်ကြားခဲ့ရသူတွေ တစ်ယောက်မှမရှိခဲ့ပါ။ ဒါ့အပြင် ကျွန်မတို့မိဘတွေကိုယ်တိုင်ကလည်း (ခရိုနီများနှင့်စစ်အစိုးရမှအပ) ကောင်းမွန်တဲ့စီးပွားရေးစနစ်အတွင်းမှာ ရှာဖွေစားသောက်နေကြရတာမဟုတ်ပါ။ အစိုးရနှင့်ခရိုနီများ၏ ဈေးကစားမှုများ၊ ဈေးကွက်ကို ဖိနှိပ်ထိန်းချုပ်မှုများကြားကနေ ပင်ပမ်းကြီးစွာနဲ့စီးပွားရှာပြီး သားသမီးကို ပညာအမွေပေးနေကြရတာပါ။ အစိုးရက ဖိနှိပ်နေတဲ့ကြားကနေ ထပ်ကာထပ်ကာဖိနှိပ်နေတယ်ဆိုရင် သမာအာဇီဝနည်းနဲ့ရှာဖွေစားသောက်နေကြတဲ့ ဘယ်အလုပ်သမား လယ်သမားမှ ရေရှည် ရပ်တည် နိုင်မှာမဟုတ်ဘူးဆိုတာ အားလုံးအသိပါ။
(၈၇) ငွေစက္ကူအရေးအခင်း၊ ၇၄-၇၅-၇၆ အလုပ်သမား-ကျောင်းသားအရေးအခင်း၊ ကျွန်းဆွယ်အရေးအခင်းတွေမှာ အတွေးမှန်တဲ့ လူ့အဖိုးတန်ကျောင်းသားတွေဟာ ပြည်သူတွေဘက်ကနေ အသက်အသေခံပြီး ဘာကြောင့်တိုက်ပွဲဝင်ရလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းလင်းပြတ်သားနေတာကို တွေ့ရမှာပါ။ မိမိပညာသင်ဖို့အဓိကပံ့ပိုးပေးသူ မိဘတွေ စားဝတ်နေရေးခက်ခဲကျပ်တည်းအောင် မတရားတဲ့အစိုးရတစ်ရပ်ရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုတွေကိုခံရတဲ့အခါ မိမိတို့ကိုယ်တိုင်က မိဘပြည်သူတွေဘက်ကမရပ်တည်ဘဲ ပြည်သူ့အရေးဟာ ကျောင်းသားအရေးမဟုတ်ဘူးဆိုပြီး ဇွတ်အတင်းပေငြင်းမယ်ဆိုရင် အမေကျော်ဒွေးတော်လွမ်းတာထက်ဆိုးတဲ့ ဘဝမျိုးကိုရောက်နေတယ်ဆိုတာ မြင်သာထင်သာရှိလှပါတယ်။

ကျွန်မတို့ ဗကသများအဖွဲ့ချုပ်မှာ ပြည်သူ့ဘက်ရပ်တည်ရမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။ ဒါဟာ ဘယ်နိုင်ငံရေးသမားကမှ စည်းရုံးသိမ်းသွင်းခဲ့လို့ မူဝါဒရေးဆွဲထားတာမဟုတ်ပါ။ ကျောင်းသားရဲ့ပင်ကိုယ်အသိအရ ပြည်သူကိုချစ်ရမယ်ဆိုတာ အသွေးအသားထဲကနေ ဖြစ်ထွန်းလာခဲ့ တာပါ။ ယနေ့ခေတ် ကျွန်မတို့ ဗကသရဲဘော်အားလုံးဟာလည်း ဒီအယူအဆနဲ့တစ်ထပ်တည်းတူညီသူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်လို့ ကျွန်မတို့ကိုထောင်ချဦးမယ်ဆိုလည်း ကျွန်မတို့ မကြောက်သလို ဖိနှိပ်ခံပျက်ဆီးယိုယွင်းနေတဲ့ ပညာရေးစနစ်ကနေ ကျောင်းထုတ်ပစ်မယ် ခြိမ်းခြောက်လည်း ကျွန်မတို့တုန်လှုပ်နေမှာ မဟုတ်ပါဘူး။ ပြည်သူကမွေးတဲ့ ပြည်သူ့ရင်သွေး ကျွန်မတို့ကျောင်းသားတွေဟာ ပြည်သူ ဒုက္ခရောက်ရင်တော့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ပြည်သူဒုက္ခရောက်တာဟာ ကျွန်မတို့မိဘဒုက္ခရောက်တာပါပဲ။ မိဘဒုက္ခရောက်မှတော့ သားသမီးလည်း ချမ်းသာမှာလား။ ဒီလောက်ရိုးရှင်းတဲ့ဖြစ်စဉ်ကို လက်ရှိမှာ အချို့သောကျောင်းသားလူငယ်များဟာ အာဏာရှင်ကျွန်လက်ကျန်လူနည်းစုရဲ့ မြှောက်ပင့်ပေးမှုကြောင့် ကျောင်းသားအရေးသက်သက်လို့ မျက်စိမှိတ်အော်ဟစ်နေကြတာဟာ အင်မတန်ရှက်စရာကောင်းတယ်လို့ ပြောချင်ပါတယ်။

ကျောင်းသားဟာ ပညာသင်သားတွေပါပဲ။ ဘယ်လောက်ပဲ အောက်ကျနောက်ကျတဲ့ပညာရေးစနစ်မှာရှိတယ်ပဲပြောပြော အခြေခံအသိတော့ ရှိကြသူတွေလို့ယူဆပါတယ်။ ကိုယ့်မိဘဒုက္ခရောက်တာကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူရှုနိုင်ကြသူ ဘယ်နှယောက်ရှိပါသလဲ။ တပ်အပ် ဒုက္ခကို မတွေ့ကြရသေးတော့ ကျောင်းသားအရေးသက်သက်လို့ အော်နိုင်ကြမှာပါ။ ဒါပေမယ့် မိဘတွေ တကယ့်အခက်အခဲကြား
ရောက်ပြီဆိုရင်ကော နိုင်ငံရေးကျောင်းသားနဲ့မဆိုင်ဘူးလို့ အော်နေကြဦးမှာပဲလားရှင်…။ ကျွန်မကတော့ လူပီသတဲ့လူတိုင်း ဘယ်သူသေသေ ငတေမာပြီးရောတော့ လုံးဝလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။ ကျွန်မကိုယ်တိုင်လည်း ပြည်သူ့အရေးဆိုတာကို ဗကသများအဖွဲ့ချုပ်မှာ ပါဝင်ပြီးမှ သေချာနားလည်လက်ခံလာသူပါ။ ကိုယ်တိုင်လေ့လာပြီးမှ လက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မဟာ ဗကသရဲ့ မူဝါဒတွေကို နှလုံးသားထဲကနေ ယုံကြည်ခဲ့ခြင်းဖြစ်သလို၊ ဗကသအလံတော်ကိုလည်း ထာဝရသစ္စာစောင့်သိဖို့ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ အများယောင်လို့လိုက်ယောင်ပြီး တောင်မှန်းမြောက်မှန်းမသိတဲ့အဖြစ်မျိုးမဖြစ်အောင် ကျွန်မတို့ကျောင်းသားလူငယ်တွေ ကိုယ်ကိုယ်တိုင် စနစ်တကျလေ့လာတွေးခေါ်ကြဖို့အချိန်တန်ပြီဆိုတာကို ဗကသအလံတော်ကိုတိုင်တည်ပြီးပြောရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက် ပါရစေ………။
မေလင်းခ (ဗကသ) 

https://www.facebook.com/may.mon.509

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၃) (မေလင်းခ-ဗကသ)

0 comments
ဗကသများအဖွဲ့ချုပ်မှာ ရဲဘော်တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ကာစကာလဟာ ကျွန်မအတွက်တော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ အားမာန်တက်ကြွစွာ ဖြတ်သန်းခဲ့ရသလို အားလျော့စိတ်ပျက်မှုတွေကြားကနေ အတင်းတွန်းပြီး ရှေ့ကိုမရောက်ရောက်အောင် မနည်းအားစိုက်ရွှေ့ခဲ့ရတဲ့အချိန်တွေလည်း အများကြီးကြုံခဲ့ရတာအမှန်ပါ။ ဒါ့အပြင် ဗကသဆိုတာကလည်း သမိုင်းတန်ဖိုးကြီးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မူဝါဒတွေကိုလက်တွေ့အကောင်အထည်ဖေါ် လိုက်နာရခြင်းဟာ ပျော်သလိုနေလာခဲ့တဲ့ကျွန်မအတွက်တော့ အမှန်ကိုပြောမယ် ဆိုရင် တော်တော်ခက်ခဲခဲ့ပါတယ်။

ပြည်သူ့အကျိုးအတွက်ဆောင်ရွက်နေတဲ့ သမဂအဖွဲ့ဝင်ကျောင်းသူတစ်ယောက်အနေနဲ့ ကျွန်မဟာ KTV မှာ သီချင်းသွားဆိုဖို့ သူငယ်ချင်းတွေ လာခေါ်ချိန်မှာ ဒွိဟပေါင်းများစွာနဲ့လွန်ဆွဲခဲ့ရပါတယ်။ ကျွန်မအနေနဲ့ သမဂအဖွဲ့ဝင်ဖြစ်တာက တစ်ကြောင်း၊ အများအကျိုးအတွက် အမှန်တကယ်ပေးဆပ်ပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်အရက တစ်ကြောင်း မလိုက်သင့်ဘူးဆိုတာကိုသိပေမယ့် တစ်ချိန်က သွားလာပျော်ပါးခဲ့ဖူးတဲ့ အပျော်တွေလည်း ပြန်ပြီးသတိရနေပြန်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မမျက်စိရှေ့မှာပေါ်လာခဲ့တဲ့ သမဂအလံတော်ဟာ ကျွန်မရဲ့တွေဝေမှုတွေကို ပြန်လည်ကြည်လင်လာစေခဲ့ပါတယ်။ သမဂအဖွဲ့ဝင်ကျောင်းသူတစ်ယောက်အနေနဲ့ ကျောင်းသားတွေကြားမှာ စံပြအဖြစ်မနေနိုင်ရင်တောင်မှ ကျွန်မဟာ သမဂကိုသိက္ခာကျစေမယ့်အလုပ်မျိုး မလုပ်သင့်ဘူးဆိုတာကို အလံက ညွှန်ပြခဲ့ပါတယ်။ အခြားသော ပျော်ပွဲရွှင်ပွဲများ၊ ပါတီပွဲများ၊ ကလပ်သွားရန်ကိစ္စများကိုလည်း အတွင်းစိတ်နဲ့ အခြေအတင် လွန်ဆွဲမှုတွေ ကြားကနေ ကျွန်မ ငြင်းပယ်နိုင်ခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေဟာ အပြင်ပန်းကြည့်ရင်တော့ ဘာမှမဟုတ်သလိုထင်ရပေမယ့် ကျွန်မ အတွက်တော့ တော်တော်လေးကြီးမားတဲ့အခက်အခဲတွေလို့ ပြောချင်ပါတယ်။

ဒါတင်မကသေးပါဘူး…။ ပေါင်းနေကျ အပေါင်းအသင်းတွေထဲကမှ ကျွန်မသမဂဝင်ဖြစ်လို့၊ အထူးသဖြင့် ဗကသဟာ ကျောင်းသားအရေး သာမက ပြည်သူ့အရေးပါဆောင်ရွက်တဲ့ နိုင်ငံရေးလုပ်တဲ့အဖွဲ့ထဲကိုဝင်လို့ ဆိုပြီး ကျွန်မကိုရှောင်ဖယ်သွားကြတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံရေးလုပ်ရင် ကျောင်းထွက်ရမယ်၊ ထောင်ကျမယ်၊ ဘဝပျက်တယ်…နင်နဲ့ပေါင်းရင် ငါတို့ပါအမှုပတ်မှာစိုးရတယ်ဆိုပြီး အဆက်ဖြတ်သွားကြတဲ့ သူငယ်ချင်းတွေကြောင့်လည်း ကျွန်မရဲ့ယုံကြည်ချက်တွေကို တွေဝေစေခဲ့ပါတယ်။ သမဂကို ဝင်ကာစဖြစ်တဲ့အပြင် သမဂအဖွဲ့ဝင် ရဲဘော်တွေဆိုတာကလည်း ကျွန်မနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းခင်မင်ဖူးတဲ့သူတွေ မဟုတ်ကြပါဘူး။ ဒီသမဂကိုဝင်လိုက်လို့ ငါ့သူငယ်ချင်း အရင်းခေါက်ခေါက်တွေက ငါ့ကိုပစ်သွားတယ်ဆိုတဲ့အတွေးတွေနဲ့ ကျွန်မတုန်လှုပ်ခဲ့ရပါတယ်။ ဒီဗကသက ရဲဘော်တွေကရော ငါ့အပေါ် ငါ့သူငယ်ချင်းတွေလောက်မှကောင်းပါ့မလားဆိုပြီး အတွေးတွေများစွာနဲ့ အပြင်းအထန်စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မစာအုပ်တွေကိုဖတ်ရင်း၊ ကျောင်းသားခေါင်းဆောင်-ဗကသခေါင်းဆောင်ကိုအောင်ဆန်းကိုလေ့လာရင်း စိတ်ပင်ပမ်းမှုတွေဟာ အတန်ငယ်လျော့ပါးခဲ့ရပါတယ်။ သို့ပေမယ့် လုံးဝတော့ သဲလဲစင်ဖြစ်မသွားခဲ့ပါဘူး။ ဒီလမ်းကိုရွေးပြီးမှတော့ မထူးတော့ပါဘူးဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ်ဖြေသိမ့်ပြီး ဆက်လျှောက်ခဲ့ရတာပဲဖြစ်ပါတယ်။
           
ဒီလိုမထူးဇာတ်ခင်းပြီးနေလာခဲ့တဲ့ကျွန်မအတွက် အတွေးအခေါ်တွေ၊ မကျေလည်မှုတွေ၊ မတင်မကျ မကျေနပ်မှုတွေကို ပြောင်းပြန် လှန်ပစ်ခဲ့တာကတော့ ၂ဝ၁၂ခုနှစ် ဂျူလိုင်(၇)ပါပဲ။ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်နေ့နီးလာပြီဖြစ်တဲ့ကာလတစ်ခုမှာ ကျွန်မတို့ ဗကသ ရဲဘော်တွေအားလုံးဟာ SB တွေရဲ့စောင့်ကြည့်မှုကို အနည်းနဲ့အများခံခဲ့ရပါတယ်။ (၁၉၆၂)က အာဏာလဲသိမ်းဖို့ မဟုတ်၊ အကြမ်းဖက် တိုက်ခိုက်ဖို့လည်း လုံးဝကိုစိတ်ကူးမထားခဲ့တဲ့ ကျွန်မတို့နောင်တော်ကျောင်းသားတွေဟာ စစ်အာဏာရှင်နေဝင်းရဲ့ အာဏာတပ်မက်မှု အားကြီးတဲ့ လူမဆန်မှုကြောင့် ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ကြရပါတယ်။ သမဂအဆောက်အအုံကြီးဟာလည်း ဒိုင်းနမိုက်နဲ့ဖြိုခွဲခံရပြီး တုံရုံးပြိုလဲခဲ့ရတာ လူတိုင်းအသိပါ။ (၂ဝ၁၂) ခုနှစ်မှာတော့ ဒီသမိုင်းဟာ နှစ်(၅ဝ)ပြည့်ခဲ့ ပါပြီ။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ဗကသ ရဲဘော်တွေဟာ အထိမ်းအမှတ် အမှတ်ရပွဲများပြုလုပ်ဖို့ လုံးပမ်းနေကြပါတယ်။

အထက်ဗမာပြည် မုံရွာခရိုင်ကျောင်းသားများသမဂကရဲဘော်တွေကတော့ ဇူလိုင်(၇)ရက်မှာ အကြောင်းကြောင့်ကြောင့် ပွဲမလုပ်ဖြစ်ပဲ ရက်ကိုရှေ့တိုးပြီး ကြိုတင်ကာ အထိမ်းအမှတ်ပွဲကိုကျင်းပခဲ့ပါတယ်။ အဲဒီပွဲအတွက် ကျွန်မနဲ့အတူ မန္တလေးမှ ဗကသရဲဘော် (၅)ဦး မုံရွာကို သွားခဲ့ကြပါတယ်။ စုစုပေါင်း ကျွန်မ အပါအဝင် ရဲဘော်မ(၂)ဦး ရဲဘော်လေးဦးတို့ဟာ ညနေပိုင်းကားနဲ့ သွားခဲ့ပါတယ်။ အစိုးရဘက်က အချိန်တိုင်းလိုလို လိုက်လံစောင့်ကြည့်နေတဲ့အချိန်ဖြစ်သလို အိမ်ကိုလည်းလိမ်ညာပြောဆိုပြီး ညအိပ်ခရီးထွက်လာခဲ့ရတဲ့အတွက် ကျွန်မအနေနဲ့ အတော်လေးကိုထိတ်ထိတ်လန့်လန့်ဖြစ်နေပါတယ်။ မုံရွာကိုရောက်တဲ့အခါမှာတော့ တော်တော်လေးမိုးချုပ်နေပါပြီ။ ရောက်ရောက်ချင်းမှာပဲ ကြားလိုက်ရတဲ့စကားက ဗကသတွေပွဲလုပ်မယ့်ဘုန်းကြီးကျောင်းကို ခရိုင်မှူးကသွားနေပြီ၊ မြို့ထဲမှာလည်း SB တွေ ခြေချင်းလိမ်နေတယ်ဆိုတာပါပဲ ။ဒါ့အပြင် မုံရွာမြို့ခံရဲဘော်တွေကလည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီးအိပ်လို့မရတော့တဲ့အထိ မလုံခြုံတော့ပါဘူး။ အခြေအနေတွေက တော်တော်လေးကိုတင်းမာနေတဲ့အချိန်ပါပဲ။ ကျွန်မလည်း ကျွန်မနဲ့အတူပါလာတဲ့ ကျောက်ဆည် နည်းပညာ တက္ကသိုလ်သမဂက ရဲဘော်မလေးလက်ကိုကိုင်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါဘူး။ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး ကျွန်မတို့ရဲဘော်တွေ ခေါင်းချင်းရိုက် တိုင်ပင်ကြအပြီးမှာတော့ ယောက်ျားလေးတွေက အိမ်တွေကိုမပြန်တော့ပဲ အဆင်ပြေမယ့်နေရာတွေမှာရှောင်ကြဖို့နဲ့ ကျွန်မတို့ နှစ်ယောက်ကိုတော့ မြို့ခံရဲဘော်တစ်ယောက်အိမ်မှာတည်းခိုဖို့ စီစဉ်ခဲ့ကြပါတယ်။

ကျွန်မတို့ပါ သူတို့နဲ့အတူ ပုန်းရှောင်မယ်ဆိုတာကိုလည်း သူတို့လက်မခံခဲ့ကြပါဘူး။ အကယ်၍ အဖမ်းခံရမယ်ဆိုရင်တောင် သူတို့ပဲခံမယ် ကျွန်မတို့ကတော့ နောက်နေ့မှာကျင်းပမယ့်ပွဲကို မဖြစ်ဖြစ်အောင်ဆက်လုပ်ကြဖို့ ရဲဘော်တွေက ပြောပါတယ်။ ကျွန်မရင်ထဲမှာ လေးနက်စွာ ခံစားမိလိုက်တာကတော့ အဖမ်းခံရမယ့်အရေးမှာတောင် ရဲဘော်ရင်းစိတ်ဓာတ်ဆိုတာ ဒါပါလား… ဒါဟာ ငါတို့ဗကသရဲဘော်တွေနဲ့ တစ်ယောက်အတွက်တစ်ယောက် အနစ်နာခံပေးဆပ်ရဲတဲ့ ဗ စိတ်ဓာတ်ပါလား… အရင်က ငါထင်ထားခဲ့တာတွေနဲ့ တစ်ခြားစီပါလားဆိုပြီး ကျွန်မ မျက်ရည်လည်မိပါတယ်။ ဒီလိုနဲ့ ဆိုင်ကနေလူစုခွဲပြီး ကျွန်မတို့တည်းရမယ့် ရဲဘော်ရဲ့အိမ်ကို ရောက်ခဲ့ပါတယ်။ တကယ့်ကို ထင်မထားခဲ့ပါဘူးရှင်…။ သားသမီးက နိုင်ငံရေး၊ ကျောင်းသားရေးလုပ်နေတာကို မိဘတော်တော်များများက အပြင်းအထန်ကန့်ကွက် ကြပေမယ့် အခုကျွန်မတို့ရောက်သွားတဲ့ရဲဘော်ရဲ့မိဘများကတော့ ကျွန်မတို့နှစ်ယောက်ကို တကယ့်ကိုနွေးနွေးထွေးထွေး ဆီးကြို ခဲ့ကြပါတယ်။ သမီးရင်းနဲ့မခြား ကိုယ်ချင်းစာတရားတွေနဲ့ ကျွန်မရဲ့ကြောက်စိတ်တွေကို သူတို့ဖြေလျော့ပေးခဲ့ပါတယ်။ သူတို့ကြောင့် ကျွန်မထပ်နားလည်လိုက်ရတာက ဗကသရဲဘော်တွေဟာ တကယ့်မောင်ရင်းနှမတွေပါလား။ သူ့မိဘဟာ ကျွန်မတို့မိဘတွေပါပဲလားဆိုပြီး ကြည်နူးဝမ်းသာခဲ့ရပါတယ်။

အဲဒီညက ကျွန်မနဲ့ ကျွန်မရဲဘော်မတို့ဟာ လုံးဝအိပ်မပျော်ခဲ့ပါဘူး။ ကောင်းကောင်းမွန်မွန် အိပ်ခန်းကိုသေချာပြင်ဆင်ပြီး သိပ်ခဲ့ပေမယ့် ကျွန်မတို့ အိပ်လို့မရပါဘူး။ ဘာမှန်းမသိရသေးတဲ့အခြေအနေမှာ တခြားကိုရောက်နေတဲ့ရဲဘော်တွေကို စိတ်ပူနေကြသလို အိမ်တွေကိုလိမ်ပြီး ထွက်လာကြတာဖြစ်တဲ့အတွက် တစ်ခုခုဖြစ်သွားရင်တောင် အိမ်တွေက မသိလိုက်ဖြစ်မှာကိုလည်း တော်တော်ပူပန်နေမိခဲ့ကြတယ်။ တစ်ညလုံး တစ်ယောက်လက်တစ်ယောက်ကိုင် တစ်ယောက်ကိုတစ်ယောက်အားပေးရင်း မိုးလင်းပေါက် ကျော်ဖြတ်ခဲ့ရပါတယ်။ နောက်တစ်နေ့မနက်အစောပိုင်းမှာတော့ ကျဆုံးသွားတဲ့ကျောင်းသားရဲဘော်တွေအတွက် အရုဏ်ဆွမ်းကပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ညက ရဲဘော်အားလုံး ဘေးကင်းခဲ့ကြပြီး အထိမ်းအမှတ်ပွဲပြုလုပ်မယ့်ဘုန်းတော်ကြီးကျောင်းကို ရဲဘော်အားလုံး စုံစုံညီညီ  လာရောက်နိုင်ခဲ့ကြ ပါတယ်။ ဆရာတော်များကို အရုဏ်ဆွမ်းကပ်ပြီးနောက် ကျောင်းနေစာသင်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းရှေ့-နောက်-ဝဲ-ယာ မှာတော့ လာရောက်သတင်းယူနေသူနဲ့ ပြည့်နေပါတယ်။ ကျောင်းရှေ့မျက်နှာစာမှာ ခွပ်ဒေါင်းအလံ ထောင်ကာ အလှူကိုပြုချင်ပေမယ့် ကျောင်းထိုင်ဆရာတော်ရဲ့ခွင့်ပြုချက်မရသောကြောင့် ကျောင်းဘေးဘက် အပေါက်မကြီးမှာသာ အလံကို တိုင်တစ်ဝက် လွှင့်ထူခဲ့ကြပါတယ်။ ရဲဘော်အားလုံးရဲ့ရင်ထဲမှာတော့ ကျဆုံးလေပြီးသော နောင်တော်ရဲဘော်အပေါင်းအတွက် နှမျော  တသခြင်း၊ ဂုဏ်ယူခြင်းတွေအပြည့်နဲ့ပါပဲ…။

မုံရွာခရိုင်က ရဲဘော်တို့ရဲ့ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်ပွဲဟာ ကျွန်မအတွက် ဖြေဆေးကောင်းတစ်ခွက်ဖြစ်ခဲ့ပါတယ်။ ကျွန်မရင်ထဲက ရဲဘော်ရင်းစိတ်ဓာတ်ဆိုတာအပေါ်မှာမတင်မကျဖြစ်မှုတွေကို လုံးဝကျေလည်သွားစေတဲ့၊ ဗကသတွေဆိုတာ ဒါပဲဆိုပြီး ဂုဏ်ယူစေမိတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဗကသကျောင်းသားတွေဟာ နေရပ်မတူ၊ ဘာသာလူမျိုးမတူ၊ မွေးမိဘတွေချင်းမတူကြပေမယ့် ခွပ်ဒေါင်းအလံတော် အောက်မှာတော့ တစ်မိတည်းမွေး ခွပ်ဒေါင်းသွေးတွေပါပဲ…။ ကိုယ်ပိုင် အယူအဆ၊ အယူဝါဒတွေ ဘယ်လောက်ကွဲပြားကွဲပြား ဗကသများ အဖွဲ့ချုပ်ရဲ့မူများကိုတော့ တညီတည်းလိုက်နာ တစ်သံတည်းထွက်ကြသူတွေပါ။ ကျွန်မဟာ သံသယတွေကင်းစင်ပြီး အမှန်ကိုသေချာစွာ မြင်မိလာချိန်မှာတော့ ဗကသရဲဘော်တွေနဲ့အတူ ခွပ်ဒေါင်းအလံတော်အောက်မှာရပ်ရတာကို အင်မတန်ဂုဏ်ယူဝမ်းမြောက်ခဲ့ရပါတယ်။ ငါဟာ ဗကသလို့ စိတ်ထဲကနေရေရွတ်ကြည့်မိတဲ့အခိုက်မှာ ကြက်သီးမွေးညင်းထမိတဲ့အထိ ကျေနပ်ခဲ့ရပါတယ်။ ကျွန်မဟာ တစ်ချိန်တည်းမှာပဲ ရှေ့ဆက်လျှောက်မယ့်လမ်းတွေအတွက် စိတ်ကို သေချာပိုင်းဖြတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗကသများအဖွဲ့ချုပ်အပေါ်မှာ ကျွန်မ သစ္စာစောင့်သိစေခဲ့တဲ့အကြောင်းအရာများထဲမှ တစ်ခုပဲဖြစ်ပါတယ်။ အခြားသော အကြောင်းအရာများကိုလည်း အခါအခွင့်သင့်ရင် ဆက်လက်တင်ပြသွားပါမယ်။
မေလင်းခ(ဗကသ) 
https://www.facebook.com/may.mon.509



ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၂) မေလင်းခ-ဗကသ

0 comments
ကျောင်းသားသမဂမှာအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေရင်း ကျွန်မရဲ့တက္ကသိုလ်ကျောင်းသူဘဝဟာ တဖြည်းဖြည်းပြောင်းလဲမှန်းမသိ ပြောင်းလဲလို့လာပါတော့တယ်။ အရင်က အတန်းလစ်တိုင်း သူငယ်ချင်းများနဲ့သာအချိန်ကုန်တတ်တဲ့ကျွန်မဟာ နောက်ပိုင်းမှာ အတန်း မတက်ချိန်တိုင်း ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ပြီး စာအုပ်တွေကိုသာ ဖတ်လာပါတော့တယ်။ ကျွန်မကောင်းစွာမသိခဲ့တဲ့ ကျောင်းသားသမိုင်း အကြောင်းတွေ၊ ဗမာပြည်ရဲ့ နိုင်ငံရေးသမိုင်းဆိုင်ရာစာအုပ်စာတမ်းတွေကို အပြင်ဆိုင်များမှရော အင်တာနက်ဝဘ်ဆိုက်များမှရော ရှာဖွေ ဖတ်ရှု ဖြစ်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ကျွန်မထပ်ဆောင်း နားလည်လိုက်ရတာကတော့ ကျွန်မအရင်က ထင်ခဲ့မြင်ခဲ့တဲ့ လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသူဘဝဟာ အမှန်မှာတော့ ကျောင်းသားလူငယ်တွေရဲ့ တိုးတက်လာမယ့်အတွေးအမြင်တွေကို လှည့်ဖျား၊ ကိုယ်ရည်ကိုယ်သွေးတွေကို မှောက်မှားစွာအသုံးချစေဖို့ စစ်အာဏာရှင်အစိုးရရဲ့ စနစ်တကျ အကွက်ချစီမံမှုများ ဖြစ်တယ်ဆိုတာပါပဲ။ ကျောင်းသားရှိရင် ကျောင်းသားသမဂရှိရမယ်ဆိုတဲ့အတွေးအခေါ်တွေ ပြန့်ပွားမလာအောင် တောင်သမန်အင်းက လေညှင်းတွေနဲ့တိုက်ထုတ်ခဲ့သလို ကျောင်းသားမှာလည်း ကျောင်းသားအခွင့်အရေးရှိရမယ်ဆိုတာတွေ၊ တက္ကသိုလ်ရဲ့ အုပ်ချုပ်စီမံမှုတွေမှာ ကျောင်းသားကိုယ်စားလှယ်တွေ ပါသင့်တယ်ဆိုတာတွေ၊ ဆရာတွေသင်ပေးလိုက်တဲ့စာတွေနဲ့တင်မလုံလောက်ပဲ ပြင်ပဗဟုသုတစာပေတွေ ကိုလည်း လေ့လာဖို့လိုအပ်တာတွေ….စတာတွေဟာလည်း တောင်သမန်ရဲ့ထန်းတောကြီးများထဲက ဖဲဝိုင်းများ၊ ထန်းရည်ဆိုင်များကြားမှာ တိမ်မြုပ်သွားခဲ့ရတာကိုတွေ့လာရပါတော့တယ်။

ဒါ့အပြင် တက္ကသိုလ်မှာ စတင်ပြီးကျောင်းအပ်ကတည်းက နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့အချက်ကို ကျောင်းသားတိုင်း လက်မှတ်ထိုးခဲ့ ရပါတယ်။ ဒါဟာလည်း နိုင်ငံကိုဦးစီးဦးဆောင်ပြုနိုင်မယ့် မျိုးဆက်သစ်လူငယ်တွေကို အာဏာရှင်တွေဖက်က လုံးဝပေါ်ထွက်မလာစေချင်တာ အသေအချာလို့ ကျွန်မယုံကြည်မိပါတယ်။ နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့အပြင်  နောင်တစ်ချိန် ခေါင်းဆောင်နေရာတွေကို ရောက်လာမယ့် ကျောင်းသားလူငယ်တွေနဲ့ ပိုလို့တောင်ပတ်သက်နေတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ငယ်စဉ်ဘဝက နီးစပ်မှုကြောင့် နိုင်ငံရေးကိုစိတ်ပါဝင်စားခဲ့ဖူးပေမယ့်လည်း မီးဝေးချိပ်မာ ဖြစ်ခဲ့ရတဲ့အခါ၊ လွတ်လပ်လှပါတယ်ဆိုတဲ့ တက္ကသိုလ်ကို ရောက်လာတဲ့အခါမှာတော့ နိုင်ငံရေးလည်းမရှိ၊ ကျောင်းသားရေးလည်းမရှိ၊ ဆုံးရှုံးတယ်ဆိုတာလည်း မသိ၊ တောင်းဆိုရမယ်ဆိုတာဟာ အဝေးကြီးမှာ၊ ဒီလောက်လွတ်လပ်တဲ့ကျောင်းမှာ ကျွန်မရဲ့ကိုယ်ပိုင်အတွေးတွေသေဆုံးခဲ့ပြီး လူညွန့်မတုံးရုံတမယ်သာ ဖြစ်ခဲ့ရပါတယ်။
ဒီလိုပါပဲ ကျွန်မလိုမျိုး ငါးမျှားချိတ်ကိုမမြင်ပဲ အတုအယောင် လွတ်လပ်မှုငါးစာတွေကြောင့် အရည်အချင်းရှိတဲ့လူငယ်ဘယ်နှယောက်ကိုများ ကျွန်မတို့နိုင်ငံအနေနဲ့ ဆုံးရှူံးခဲ့ပြီးပါပြီလဲ…။ ဦးပိန်တံတားပေါ်မှာ၊ ထန်းရည်ဆိုင်-ဖဲဝိုင်းမှာ၊ အင်းစောင်းကအတွဲများထိုင်တဲ့ သစ်ပင်အုပ်အုပ် ဆိုင်အစုတ်လေးတွေထဲမှာ လူငယ်ဘယ်နှယောက်များ ဘဝပျက်ခဲ့ရပြီးပြီလဲ။ အသက်မွေးမှုအတွက် ဘာအထောက်အကူမှမရနိုင်တဲ့ ဘွဲ့အတုတွေကြောင့် ဒုက္ခရောက်ရသူလူငယ်တွေ ဘယ်လောက်များများရှိခဲ့ပြီလဲဆိုတာ ခန့်မှန်းလို့ရနိုင်မယ်မထင်ပါဘူး။

ဗကသရဲဘော်တစ်ယောက်အနေနဲ့ ကျွန်မဟာ စည်းရုံးရေးလုပ်ငန်းကိုလည်း အခွင့်သင့်တိုင်းလုပ်ခဲ့ပါတယ်။ ထန်းတောထဲက ကျွန်မသူငယ်ချင်းတွေ၊ ဦးပိန်တံတားပေါ်က ကျွန်မသူငယ်ချင်းစုံတွဲတွေကို စည်းရုံးကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မပြန်ရလိုက်တဲ့ အကျိုးအမြတ်ကတော့ ရူးနေလားဆိုတဲ့အကြည့်တွေပါပဲ။ ဒီလောက်လွတ်လပ်နေတာ ငါတို့အခွင့်အရေးဘယ်မှာဆုံးရှူံးလဲ။ ပိုလျှံတောင် နေပါသေးတယ်ဟာဆိုတဲ့စကားသံတွေသာ ကျွန်မရခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မဟာ လူငယ်မာနနဲ့ ငါ့ယုံကြည်ရာကို သူတို့ကတောင် လှောင်ပြောင်သေးတာ ငါကဘာလို့ အချိန်ကုန်ခံစည်းရုံးနေရမှာလဲဆိုပြီး လှည့်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မကိုယ်ကျွန်မ သေသေချာချာပြန်ပြီး ဝေဖန်သုံးသပ်ကြည့်တော့ ငါဟာ တော်တော်မှားခဲ့ပါလားဆိုတာကို ပြန်မြင်လာပါတယ်။ ကျွန်မဟာ အများအကျိုး ကျောင်းသားထုအကျိုးအတွက်ဆောင်ရွက်ချင်လို့ ဗကသကို ဝင်ခဲ့တာပါ။ ဗကသအတွက် ရဲဘော်အသစ်တိုးပွားလာဖု့အရေးမှာ ကျွန်မဟာ ဘာမဟုတ်တဲ့တစ်ကိုယ်ကောင်းမာနကြောင့်ပျက်ဆီးခဲ့ရတာကို ကွက်ကွက်ကွင်းကွင်းပြန်မြင်မိပါတယ်။ ဒီလိုနဲ့ ကျွန်မ နောက်တစ်ကြိမ် စည်းရုံးရေးအတွက် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။

ကျွန်မဟာ အဲဒီအချိန်ကာလက ရတနာပုံတက္ကသိုလ်မှာတင်မက မနလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှာလည်း ဒီပလိုမာတန်းတစ်ခုကို တက်နေခဲ့ပါတယ်။ အဲဒီကျောင်းမှာပဲ ကျွန်မဟာ သူငယ်ချင်းတစ်ယောက်က တဆင့်မိတ်ဆက်ပေးလို့ မန္တလေးကွန်ပြူတာ တက္ကသိုလ် (ဒဟတ်တော)က ကျောင်းသားတစ်ယောက်နဲ့ သိခဲ့ရပါတယ်။ အဲဒီအချိန်ကာလက ကွန်ပြူတာတက္ကသိုလ်မှာ သမဂ္ဂမရှိသေးတဲ့အတွက် ကွန်ပြူတာကျောင်းသားတစ်ယောက်နဲ့မိတ်ဆွေဖြစ်ရတာဟာ ကျွန်မအတွက်တော့ တကယ့်ဝမ်းသာစရာပါ။ ဗကသအဖွဲ့ဝင်သစ်တွေရဖို့၊ သမဂ္ဂတစ်ခုကိုဖွဲ့နိုင်ဖို့ စည်းရုံးလိုက်မယ်ဟဲ့ဆိုပြီး အားတက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မရဲ့အားတက်မှုတွေဟာ အဲဒီကျောင်းသားရဲ့အမေးစကားတွေအောက်မှာ ခမ်းခြောက်လုနီးပါး ဖြစ်ခဲ့ရပြန်ပါတယ်။ ခင်ဗျားတို့ ကျောင်းသားသမဂ္ဂမှာလုပ်လို့ ပိုက်ဆံဘယ်လောက်ရမှာလဲ၊ အချိန်ကုန်တာသာ အဖတ်တင်တယ်၊ နိုင်ငံရေးနဲ့ကျောင်းသား တခြားစီပါလေ၊ ကျွန်တော့်ဟာကျွန်တော် အရက်သောက်တာကမှ ပိုကောင်းဦးမယ်လို့ သူကဆိုခဲ့ပါတယ်။ အရင်တုန်းကစိတ်နဲ့ဆို ကျွန်မရှေ့ဆက်ဘာမှ ပြောတော့မှာမဟုတ်ပေမယ့် အရင်တစ်ခါကအမှားကို သင်ခန်းစာယူဖို့ဆုံးဖြတ်ထားတဲ့အချိန်ဆိုတော့ ကျွန်မ အားမလျော့ဘဲ ဆက်ပြီး စည်းရုံး ဖြစ်ခဲ့ပါတယ်။ သမဂမူဝါဒတွေကို ကျွန်မအလွတ်ရွတ်ပြနေတဲ့အချိန်မှာ သူကတော့ မကောင်းတတ်တဲ့ပုံစံနဲ့သာ နားထောင်နေပါတယ်။ သမိုင်းဆိုင်ရာတွေကို ပြောပြစည်းရုံးနေရင်း လက်ရှိတက္ကသိုလ်ကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းကို ရောက်တဲ့ အချိန်မှာတော့ သူတော်တော်လေး စိတ်ပါဝင်စားလာပါတယ်။ နောက်ဆုံးမှာတော့ ကျောင်းသားအခွင့်အရေးတွေ ဘယ်လောက်တောင် ဆုံးရှုံးနေရတယ်၊ မှန်ကန်တဲ့လွတ်လပ်မှုဆိုတာ လုံးဝမရှိဘူးဆိုတာကို သူကောင်းကောင်းနားလည်လက်ခံလာခဲ့ပါတယ်။ နှစ်နာရီနီးပါး အတန်းမတက်ပဲစည်းရုံးအပြီးမှာတော့ (ခံစားချက်တူကြတဲ့ ကျောင်းသားချင်းဖြစ်တာကတစ်ကြောင်း) သူတော်တော်လေးကို ပြောင်းလဲ သွားပါတယ်။

နောက်ဆုံးမှာတော့ ကျွန်မဟာ အဲဒီရဲဘော်ဆီကနေ “မလင်း ကျွန်တော်လုပ်မယ်ဗျာ..ဒါပေမယ့် သမဂဖွဲ့ဖိုကတော့ အာမမခံနိုင်သေးဘူး၊ ကျောင်းက တခြားသူတွေကိုပါ စည်းရုံးတော့ကြည့်မယ်”ဆိုပြီး ပြောလာခဲ့ပါတယ်။ ဒါဟာ ကျွန်မ ဘဝအတွက်တော့ ငယ်ငယ်ကဆုတွေ ရခဲ့တုန်းက အောင်မြင်တယ်လို့ခံစားဖူးတဲ့ ခံစားချက်တွေထက် သာလွန်တဲ့ခံစားချက်အသစ်နဲ့ ရှေ့ဆက်ဖို့လမ်းအတွက် အားသစ်တွေကိုပါ တနင့်တပိုး ရလိုက်တာပါပဲ။ ကျွန်မရဲ့ ယုံကြည်ရာ ဗကသကနေ ကျွန်မအတွက် ရှေ့ဆက်ရမယ့်အားအင်တွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်မယ့် ရဲဘော်သစ်ကိုပါ ရလိုက်ပါတယ်။

နောက်ဆုံးမှာတော့ ရဲဘော်တစ်ယောက်တည်းသာမက တက္ကသိုလ်ကျောင်းသားသမဂအသစ် တစ်ခုကိုပါ ကျွန်မတို့ အထက်ဗမာပြည်က ဗကသရဲဘော်တွေအားလုံးက ကြိုးစားပြီးဖွဲ့နိုင်ခဲ့ပါတယ်။ မန္တလေးမြို့နဲ့ အင်မတန်ဝေးကွာလှတဲ့နေရာက တက္ကသိုလ်တစ်ခုမှာ ဗကသဟာ ယုံကြည်ရာတူတဲ့ သမဂရဲဘော်အသစ်တွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်မရဲ့ ဗကသအဖွဲ့ဝင်အနေနဲ့ အားထုတ်ကြိုးပမ်းခဲ့မှုရဲ့နိဒါန်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်မဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့၊ လုပ်ဆောင်ခဲ့တဲ့အရာတွေကနေတဆင့် ကျွန်မဘာကြောင့် သမဂအလံကို သစ္စာခံခဲ့ရတယ်ဆိုတာ၊ ဘာကြောင့်ထာဝရ ပေးဆပ်သွားမယ်လို့ဆုံးဖြတ်ခဲ့ရတယ်ဆိုတာတွေကို နောက်ဆောင်းပါးများမှာ ဆက်လက် တင်ပြသွားပါမယ်။    
(မေလင်းခ)  
https://www.facebook.com/may.mon.509