Sunday, November 2, 2014

၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)
(မချိုးဖေါက်တဲ့အစိုးရ)
လူ့အခွင့်အရေးကို နိုင်ငံတိုင်း အစိုးရတိုင်း ချိုးဖေါက်တာပဲ။ မချိုးဖေါက်ဘူးမပြောနဲ့။ ချိုးကို ချိုးဖေါက်တယ်။ မချိုးဖေါက်တဲ့အစိုးရ မရှိဘူး။အပြင်းအပျော့ အတိမ်အနက်နဲ့ အတိုင်းအဆပဲကွာတာ။ အစိုးရဆိုတာ ထောင်၊ တရားရုံး၊ ရဲ၊ စစ်တပ်စတာတွေကိုင်ပြီး အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်တဲ့အတန်းအစားကို နှိပ်ကွပ်ရတာမျိုးပဲ။ အစိုးတရလုပ်ခွင့်(အာဏာ)ရှိလို့လည်း အစိုးရခေါ်တာပဲ။ နို့မို့ဆို အစိုးမရဖြစ်ကုန်မှာပေါ့။ ဒါဆို အစိုးရတိုင်း လူ့အခွင့်အရေးချိုးဖေါက်နေတာပဲ ဘာထူးလဲလို့ ဘာကွာလို့လဲလို့ အမေးပေါ်တယ်။ ထူးတယ်။ ကွာတယ်။
တရားတဲ့ဥပဒေလည်းရှိ စိုးလည်းစိုးမိုး မျှတလျောက်ပတ်တဲ့တရားစီရင်ရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးလည်းရှိတဲ့နိုင်ငံတွေမှာ(အလွယ်ပြောရရင် ဒီမိုကရေစီနိုင်ငံတွေမှာ) ချိုးဖေါက်သူကို ဖော်ထုတ်အရေးယူအပြစ်ပေးတယ် (ဒီမှာပြောရမှာတွေတော့ရှိတယ် ခုပြောတာမှာပါကုန်ရင် ချော်ထွက်မစိုးလို့ ချန်ထားပါမယ်) တာဝန်ခံထားတဲ့အကြီးအကဲ (သမ္မတအထိ)အမှုကြီး ကြီးသလို တာဝန်ခံပေးရတယ်။ နှုတ်ထွက်တာဘာတာတွေအထိဖြစ်ရတာပဲ။
အပေါ်ကပြောတဲ့လက္ခဏာမရှိတဲ့ပြည်တွေ အစိုးရတွေ(ရွှေပြည်ကြီးက စစ်အုပ်စု စစ်အစိုးရလို) အုပ်စိုးတဲ့ပြည်တွေမှာတော့အချိုးဖေါက်ခံရသူဟာ အချိုးဖေါက်လည်းခံရသေး တရားပါပြန်စွဲခံရသေးတဲ့အပြင် ထောင်ပါပြန်အကျခံရတာပဲ။ အကောင်းဆုံး တချက်ကလေးကိုပဲ ပြမယ်။ ဒီပဲရင်း(ဒဘရင်း) လုပ်ကြံမှုနဲ့ ဒေါ်စုကိုကြည့်။ ဗမာပြည်သူတရပ်လုံးကိုကြည့်။ အဲ့ဒါကွာတယ်။ အဲ့ဒါထူးတယ်။

(ဒေါ်စုကယ်ပါမလုပ်စေ့ချင်)
တကယ်သတ်တာ ဖြစ်နေဦးတောင် ကလေးတွေမူးမူးရူးရူးနဲ့ လုပ်မိလုပ်ရာလုပ်တာဆိုပြီး ကရုဏာလေးသက်ပေးလို့ရတယ်။ မသတ်ဘူးဆို ဘာပြောကောင်းမလဲ။ လုပ်ကြံလီဆယ်တဲ့ ထိုင်းအာဏာပိုင်တွေကို အတိအလင်းရှုတ်ချပြစ်တင်ရုံမက ကမ္ဘာသိဝန်ချတောင်းပန်ပါခိုင်းရမှာပဲ။ ကလေးတွေကို နှိပ်စက်ဖြောင့်ချက်ယူ ဝန်ခံခိုင်းတာအတွက် တိုက်ရိုက်ကျူးလွန်သူတွေကို တရားပြန်စွဲတဲ့အပြင် နစ်နာကြေးလျော်ကြေးပါပေးဖို့ တောင်းဆိုရမှာပဲ။ စစ်အုပ်စုကလည်း တကယ့် တရားတဘောင် အမှန်ဖြစ်ရေး မဖြစ်ရေးထက် နိုင်ငံရေးအမြတ် ဘယ်လောက် ထွက်နိုင်မလဲထောင့်ကနေ ဖိဖိစီးစီးလုပ်တယ်ဆိုဦးတောင် လုပ်ပေးတာအတွက် ကာယကံရှင်တွေရော ထိုင်းကမြန်မာတွေအတွက်ရော အားတက်စရာတော့ဖြစ်သေးတယ်။ စိတ်သက်သာရာလေးတော့ ရသေးတယ်။ လောလောဆယ်မှာကို သတ်သတ်မသတ်သတ် ဟုတ်ဟုတ်မဟုတ်ဟုတ် ရေခြားမြေခြားမှာ အနိုင့်ကျင်ခံဘဝတွေမို့ ကြားရသူတိုင်း စုပ်တော့သပ်တာပဲ ကရုဏာလည်းထားကြတာပဲ။ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဂွင်ဝင်တုန်း တွန်းထည့်လိုက်မယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂျောက်တွန်းဖို့ သင်ထားတဲ့အတိုင်းပြောတာဆို ရှိနေတဲ့ဂရုဏာလေးပြန်ရုပ်သိမ်းရုံတင်မက မျက်မုန်းအကျိုးပါခံရမှာ။ ခုတောင် မေတ္တာအတော်ပျက်သွားပြီ၊ လူပြောအတော်များလာပြီ။

(သော့ပြင်ဆရာများ)
အန်အယ်လ်ဒီကလည်း (၅၉/)ပြင်ဖို့အသံထုတ် လူထုလည်း လမ်းပေါ်ထွက်ပြီး ပြင်ပေးလို့တောင်း။ စစ်အုပ်စုကလည်း ဘုန်းကြီးဆိုးနဲ့လူ့အန္ဓတွေကိုင်ပြီး တန်ပြန်တိုက်။
ပွဲက သည်းသည်းလှုပ်လှုပ်မဟုတ်တောင် စစ်အုပ်စုဂဏှာမငြိမ်တော့ဖြစ်တယ်။
ဒီတင် ၈၈-ငြိမ်းပွင့်တွေနဲ့ အင်န်အယ်လ်ဒီတွေ့ပြီး ၄၃၆ ပြင်ရေးလိုင်း ကျသွားတယ်။
ဒါ ကိုကိုကြီး အိုင်ဒီယာမှန်း လူတိုင်းသိတယ်။ ဘာ့ကြောင့်ဆို အဲ့မတိုင်ခင် အစောပိုင်းကာလတွေထဲက ၄၃၆ ပြင်ရေးကို ဘယ်ကမှ အသံမထွက်ခင်ကတည်း ကိုကိုကြီးပြောနေနှင့်တာ။ ၄၃၆ ပြင်ရေးက ပိုနိုင်ငံရေးကျတယ် ပိုနိုင်ငံရေးဆန်တယ် ပိုလည်းအညှာနဲ့သော့ချက်ကိုင်ပြီး လုပ်တာလို့ပြောလို့ရတယ်။ ကိုကိုကြီးပြောသလို ဒါဟာပြင်ရေးအတွက်ပိတ်ထားတဲ့တံခါးကိုဖွင့်ဖို့သော့ပဲ..တဲ့။ တစုံလုံးဝင်ပြင်ဖို့ တံခါးမကြီးကသော့ကို အရင်ပြင်တဲ့သဘောပဲ..တဲ့။ မဆိုးပါဘူး ပြောတာဆိုတာ ဥပမာပေးတာ။
ကျနော်လည်း (၅၉/)ပြင်ရေးတခုတည်း ကွက်ပြောနေတာတွေကို ဘဝင်မကျဘူး။ မကျတဲ့အကြောင်းလည်း ပြောတယ်။ ဒေါ်စုကို သမ္မတဖြစ်စေ့ချင်ခြင်း မဖြစ်စေ့ချင်ခြင်းတွေနဲ့ မဆိုင်ဘူး။ ပုဂ္ဂိုလ်တဦးတယောက်အတွက် ရည်ရွယ်ပြီးပြဌာန်းထားတာကို အဲ့ဒီရည်ရွယ်ချက် ပိုပြည့်မြောက်အောင်(တွေ့လား ငါတို့မပြောဘူးလား ဒေါ်စုလူတွေတောင်ထွက်ပြောနေကြပြီ ဘာညာနဲ့ တဘက်လူတွေယိုးစွပ်လို့ရအောင်) သူ့လူတွေဝင်ပြီး တမင်များတဘက်လှည်နဲ့ လုပ်နေကြတာလား ဆိုတဲ့အထိတောင်တွေးမိသေးတယ်။ ထားပါတော့။
အဲ့သလိုနဲ့ တစုံလုံးဆိုင်ရာအရ နိုင်ငံရေးပိုဆန်ပိုကျတဲ့ ၄၃၆ ပြင်ရေးလိုင်း တက်လာတော့ သဘောတွေ့တာပါပဲ။ ပိုကြိုက်တာပါပဲ။ ဘာပဲပြောပြော ၄၃၆ နဲ့ (၅၉/)ကို ဖလှယ်လိုက်နိုင်တဲ့အတွက် စစ်အုပ်စုလည်း ဒေါ်စုကို ပုဂ္ဂိုလ်ရေးထိုးနှက်တဲ့အကွက် ပျက်သွားတယ်။ နေမျိုးဝေတို့ ခင်ဝိုင်းကြည်တို့ ဝီရသူတို့အုပ်ကို ခနပြန်သိမ်းလိုက်ရတယ်။ ကိုကိုကြီးလည်း သော့ပြင်ဆရာဆိုပြီး နံမည်ပိုထွက်လာတယ်။
အပူးတွေနဲ့အင်န်အယ်လ်ဒီတွဲပြီး လက်မှတ်ကောက်တာတွေ လူထုဟောပြောပွဲတွေ လုပ်လာတယ်။ တနေရာရာက မီးစိမ်းပြလို့လုပ်ရတယ်ဆိုတာတော့ လူတိုင်း တွက်မိပြီးသားပါ။ ဘယ်သူတွေနဲ့ ဘယ်လို နိုင်ငံရေးခြေပုန်းခုတ်တာတွေ ရှိတယ်ဆိုလည်း နောက်တော့ပေါ်မှာပါ။ ၄၃၆ ပြင်ရေးလုပ်တဲ့ပွဲတွေမှာ လူပရိသတ်ကြီးကြည့်ရတာ မျှော်လင့်ချက်တွေ အားတွေမန်တွေနဲ့ အလွန်အားရကြည်နူးစရာပဲ။ တချို့များ လက်မှတ်ထိုးစေ့ချင်လွန်းလို့ စည်းရုံးရာမှာ သွေးတွေကြွစကားတွေကျွံကျက်ပြီး "လက်မှတ်ထိုးတာပဲ သူရဲကောင်းလိုလို မထိုးရင်ပဲသစ္စာဖေါက်လိုလို"တွေအထိဖြစ်ကုန်လို့ လူကြီးတွေ မနည်းလိုက် ဘရိတ်အုပ်ယူရတဲ့အထိပဲ။
ခုတော့ စစ်အမတ်တွေက ပြောလိုက်ပြီ အစိတ်သားလျှော့ချရေးမပြင်ဘူးတဲ့။ မပြင်ရုံတင်မကဘူး သမ္မတကိုလွှတ်တော်ဖျက်ဖို့သိမ်းဖို့/မသိမ်းဖို့
အကြံပေးခွင့်အာဏာ ကာ/လုံကိုပေးတဲ့။ ဒါနဲ့ပြီးသလားဆိုတော့ မပြီးဘူး
ဒေါ်စုကို ထမင်းခေါ်ကြွေးပြီး ပြင်ချင်ရင်လွှတ်တော်ထဲကပြင် ယီးတီးယားတာတော့မလုပ်နဲ့ ဆိုတဲ့အပေါက်ပါ ထပ်ချိုးပြလိုက်ပြီ။ ဆိုတော့ လူတွေ နေပူကြီးထဲလာပြီးတီးတဲ့ လက်ခုပ်သံတွေနားထောင်၊ လက်မှတ်တွေထိုးခိုင်း၊ တကူးတက စိတ်အားထက်သန်စွာနဲ့ထိုးခဲ့တဲ့ လူ သန်းလက်မှတ်နဲ့ အဲ့ဒီလက်ခုပ်သြဘာသံတွေ သဲထဲရေသွန်သလို အရာမထင်ဖြစ်သွားပြီလား။
ကဲ...ဘယ်ခြေလှမ်းလှမ်းဦးမလဲ။ လူထုဘက်ကတော့ အသင့်ရှိတယ် မကြောက်ဘူး။ တိုက်ပွဲခေါ်သံ စီကနဲထွက်လိုက်တာနဲ့ ရှေ့ဆုံးက ထီကနဲထွက်ခဲ့တာချည်းပဲ။ ဒါပေမယ့် နောက်တခါထပ်ပြီး ဖွဲ့စည်းပုံပြင်ဖို့ကိစ္စလုပ်မယ်ဆိုရင်တော့ လူတွေစဉ်စားကြတော့မယ် ဒီခေါင်းဆောင်မှုနဲ့ ဒီခေါင်းဆောင်ဆိုသူတွေအပေါ်။ တိုက်ပွဲခေါ်သံမဟုတ်ပဲ ဖြဲရုံလောက်ဖြဲကြည့်တာဆို လူထုအော့နှလုံးနာလာလိမ့်မယ်။ ဒီအတိုင်းဆက်သွား အရေးဟဲ့အကြောင်းဟဲ့ဆိုပြီး လူထုကို တိုက်ပွဲခေါ်သံပေးကြည့် ရှေ့ထွက်တိုက်ခိုက်ဖို့မပြောနဲ့ လူထုထောက်ခံပါဝင်မှုတောင် ကျသွားဦးမယ်။
အဲ့ဒါ လူထုကြောက်လို့မဟုတ်ဘူး။
လူထုသတ္တိမရှိလို့မဟုတ်ဘူး။
ခေါင်းဆောင်မှုကို မယုံလို့။
ခေါင်းဆောင်ကို မယုံကြည်လို့ပဲ။
ခုကိုပဲကြည့် ကြီး ၁၄ ကြီးတွေ့တာကို လူတွေဘယ်လောက်စိတ်ဝင်စားမှုကျသွားပြီလဲ။ လူတွေအရင်ကလောက် မျှော်လင့်ချက်နဲ့ အားကိုးသမှုရှိသေးရဲ့လား ပြန်ဆန်းစစ်ကြည့်ဖို့ပါပဲ။ လူတွေကြောက်နေလို့တို့ လူထုနစ်နာမှာစိုးလို့တို့ မဟုတ်တမ်းတရားတွေထူထောင်ပြီး လူထုဘက်မငဲ့ရင် လူထုမျက်နှာမကြည့်ရင် လူထုခတ်တဲ့နိုင်ငံရေးဒဏ်က ပိုပြင်းတာပဲ။ တသက်စာဘယ်တော့မှ နိုင်ငံရေးနာလန်မထူဘူးမှတ်ပါ။
ရန်သူသတ်လို့သေတဲ့နိုင်ငံရေးက ပြန်ရှင်တယ်။
လူထုခတ်လို့သေတဲ့နိုင်ငံရေးဒဏ်က ဝိဉာဉ်ကိုအပြီးနှုတ်တာပဲ။
ကဲ....သော့ပြင်ဆရာတို့ တံခါးမကြီးကသော့ကြီးပြင်မရလည်း
ခွေးတိုးပေါက်ကနေပဲဝင်ကြစို့ကြွေးကြော်ပြီး

၂ဝ၁၅ ကိုဖြတ်သန်းဖို့ ပြင်ကြပြီလား။

(စစ်တပ်ရဲ့ဘီလူးပါးစပ်ကို ခြေမနဲ့ဖြဲပြီး အစွယ်တွေပြသခဲ့တဲ့ ကိုပါကြီး)

0 comments
(စစ်တပ်ရဲ့ဘီလူးပါးစပ်ကို ခြေမနဲ့ဖြဲပြီး အစွယ်တွေပြသခဲ့တဲ့ ကိုပါကြီး)
By admin | October 30, 2014 0 Comment
ကိုပါကြီးကို ကျွန်တော်မသိ။ မတွေ့ဖူး၊ ၀န်ခံရရင် နာမည်တောင် မကြားဖူးပါဘူး။ ဒါပေမဲ့ အခုတော့ သူ့နာမည်၊ သူ့ဘ၀ဟာ ကျွန်တော့်အာရုံထဲမှာ အမြဲထိပ်ဆုံးနေရာ ရောက်နေပါတယ်။
မဖြူနှင်းထွေး၊ ကိုပါကြီး၊ တလတောင်မကြာဘူး၊ ဒီအစိုးရလက်ထက်မှာ မတရားချုပ်ချယ်သတ်ဖြတ်တယ်ဆိုတာတွေဟာ စိပ်သထက်စိပ်လာနေတာ သတိထားမိကြပါလိမ့်မယ်။ ဒါ့အပြင် ဗိုလ်သိန်းစိန်စစ်အစိုးရက သူတို့နဲ့မတူသူတွေအပေါ် ကိုင်တွယ်မှုတွေဟာ ကြမ်းသထက်ကြမ်းလာ၊ ဖမ်းဆီးသတ်ဖြတ်ခွင့်တွေကိုလည်း အတိုင်းမသိခွင့်ပြုတာ ပိုပြီးများသထက်များလာတာ တွေ့နေရပါတယ်။
ထွက်ပြေးလို့ပစ်သတ်လိုက်ရတယ်ဆိုတဲ့ဆင်ခြေကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့
အနှစ် ၅၀ ကျော်က ဗမာပြည်ရဲ့ပထမဆုံးစစ်အစိုးရ (သူတို့အခေါ်အိမ်စောင့်အစိုးရ”) လက်ထက်မှာ ဗိုလ်အာဠာဝကကိုသတ်လိုက်တဲ့ကိစ္စကို ပြန်သတိရမိပါတယ်။ ဗိုလ်အာဠာကို ဖမ်းမိတာက စစ်ကိုင်းတောင်ပေါ်မှာ ဗိုလ်အာဠာက ဆေးလာကုနေတုန်းဖမ်းခဲ့တာပါ။ အဲဒီနောက်မှာ သူ့ကို မန္တလေးနန်းတွင်းထဲကစစ်ထောင်ထဲမှာ ချုပ်ထားပြီးစစ်ဆေးပါတယ်။ ဗိုလ်အာဠာဆိုတာက ဂျပန်ခေတ်တလျှောက်လုံး မန္တလေးမှာရှိတဲ့ ဘီအိုင်အေတပ်နဲ့နေလာခဲ့တာဆိုတော့ သူဟာဗိုလ်မှူးဗထူးလိုပဲ မန္တလေးက မြို့မျက်နှာဖုံးတွေ၊ သံဃာတော်တွေကအစ မန္တလေးသူ မန္တလေးသားတွေနဲ့ အင်မတန်ရင်းနှီးသူ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီတုန်းက နန်းတွင်းမှာရှိတဲ့တိုင်းမှူးက သူကိုယ်တိုင်မဆုံးဖြတ်ဝံ့လို့ ဗိုလ်နေ၀င်းဆီကို လှမ်းတင်ပြလိုက်ပါတယ်။ ဒီတော့မှ ဗိုလ်နေ၀င်းကအာဠာ့မျက်နှာ ငါမမြင်ချင်ဘူးလို့ တခွန်းတည်းပြောလိုက်တာနဲ့ ဗိုလ်အာဠာကို ညမှာ မန္တလေးနန်းတွင်းထဲကနေ ကားပေါ်တင်ထုတ်သွားပြီး မန္တလေးတောင်ရဲ့မြောက်ဘက်က ရွှေကျင်ဂိတ်အလွန်မှာ သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။ ဗိုလ်အာဠာကို အဲဒီလိုထုတ်သွားစဉ်မှာ ဗိုလ်အာဠာက သူ့ကိုထုတ်သွားသူတွေကိုမင်းတို့ငါ့ကို သတ်ပစ်မလို့မဟုတ်လားလို့ မေးသေးတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။
ပြောချင်တာက ဗိုလ်နေ၀င်းတို့သန္ဓေချ မွေးထုတ်လိုက်တဲ့ စစ်အုပ်စုလက်ကိုင်တုတ်စစ်တပ်ဟာ အခုမှမဟုတ် အရင်ကတည်းက ဒီလိုပဲ တရားမရှိဓားမရှိလုပ်လေ့ရှိတယ်ဆိုတာ ဖြစ်ပါတယ်။ စစ်မြေပြင်မှာအရှင်ဖမ်းမိတာကို သတ်ပစ်ကြတာကတော့ ပြောဖို့တောင်မလိုပါဘူး။ မန္တလေးက ဦးမောင်လေးကိစ္စလို ထောက်လှမ်းရေးမှာစစ်ဆေးရင်း သတ်ဖြတ်တာမျိုးကလည်း အများကြီးပါ။ ဒါ့အပြင် ထောင်ထဲမှာ တမင်သေအောင် အေအိုင်ဒီအက်စ်ရောဂါ ကူးအောင်လုပ်တာအပါအ၀င် နည်းအမျိုးမျိုးနဲ့သတ်ခဲ့၊ သတ်နေတာလည်း ရေတွက်လို့တောင် မရတော့ပါဘူး။
အခုတော့ သတ်တယ်၊ အလောင်းဖျောက်တယ်၊ ပြီးတော့ပြောင်ပဲ- သေပြီလို့ ကြေညာလိုက်တယ်၊ ဒါဟာ သတ္တိပြတာလား၊ စိန်ခေါ်တာလား၊ ဘယ်သူ့မှဂရုမစိုက်ဘူးလို့ ပြောချင်တာလား၊ အားလုံးပဲလား။ ရိုးသားတာကလွဲရင် ဘာမဆို ဖြစ်နိုင်ပါတယ်။
အဆိုးထဲကအကောင်းလို့ပဲ ဆိုကြပါစို့။ ကိုပါကြီးကိုသတ်ဖြတ်မှုသတင်း ထွက်လာတဲ့နောက်မှာ ဗမာပြည်အရပ်ရပ်မှာ မကျေနပ်လို့ဆန္ဒပြတာ၊ အချင်းချင်း ပို-ပိုစုစည်းမိလာကြတာ၊ နိုင်ငံတကာမှာ ဗိုလ်သိန်းစိန်အစိုးရရဲ့သရုပ်သကန်ကို အမှန်အတိုင်း ပိုမြင်လာကြတာ၊ ဗမာပြည်နိုင်ငံရေးလောကက ပုဂ္ဂိုလ်တချို့ရဲ့ရပ်တည်ချက်တွေ ပိုပြီးပွင့်ကျလာတာတွေ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။
တခုတော့ သေချာပါတယ်။ ဗိုလ်သိန်းစိန်တို့စစ်အစိုးရဟာ သူတို့ရဲ့အဓိကကျောရိုး အင်အားလည်းဖြစ်၊ သူတို့ထိပ်ပိုင်းတွေအကြားက ညီညွတ်မှုကိုထိန်းထားသူလည်းဖြစ်တဲ့ သူတို့ရဲ့အစဉ်အလာလက်ကိုင်တုတ် ဒီစစ်တပ်ကိုတော့ နည်းနည်းမှအထိပါးခံမှာ မဟုတ်ပါဘူး။ စစ်တပ်ကမှားတယ်လို့ ဘယ်တုန်းကမှဝန်မခံခဲ့သလို နောင်မှာလည်း ၀န်ခံမှာမဟုတ်ပါဘူး။ ဒီနှစ် အဦးပိုင်းလောက်တုန်းက ဗိုလ်အောင်မင်းက သူတို့စစ်တပ်အတွင်းပေးနေတဲ့သူရ”“သီဟသူရစတဲ့ဘွဲ့တွေကို ထိပါးပြောဆိုသလို ပြောလိုက်မိလို့ လူသိရှင်ကြား သူ့အထက်ဆရာသမားတွေကို ၀န်ချတောင်းပန်ကြောင်ကြေညာခဲ့ရတာကို မှတ်မိကြမယ်ထင်ပါတယ်။
သူတို့က ဗမာပြည်ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဘယ်လိုလှည့်စားမလဲ၊ အာရုံပြောင်းစရာ ဘာလှည့်ကွက်ဖန်တီးလာဦးမလဲဆိုတာကို စောင့်ကြည့်ကြရပါလိမ့်မယ်။
အခုတော့ ကျွန်တော် ကိုပါကြီးကို သိပါပြီ။ တပြည်လုံးနဲ့တကမ္ဘာလုံးကလည်း သိပါပြီ။ သိရုံမက ဘယ်တော့မှလည်း မေ့တော့မှာ မဟုတ်ပါ။
ပြောရရင် ကိုပါကြီးကတော့ တာဝန်ကျေသွားပါပြီ။ ရှင်ကျန်ရစ်တဲ့လူတွေက တာဝန်ကျေဖို့သာလိုပါတော့တယ်။ (ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ

ကူးယူဖော်ပြပါသည်)