Monday, March 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း။ အခန်း(၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း။ အခန်း(၂)
ဒုတိယပိုင်း

၁၉၄၃ ခုနှစ်လောက်တွင် ထင်သည်။ မိမိတို့ ဗမာ့တပ်မတော်တွင် ခြေလျင်တပ်ရင်း (၃)ရင်းသာ ရှိသည်။ ပထမတပ်ရင်းကို ဗိုလ်နေဝင်းက ပျဉ်းမနားဗိုလ်ကိတ်ကျောင်း၌ ကိုင်ပါသည်။ ဒုတိယတပ်ရင်းကို ဗိုလ်ရန်နိုင်က ပျဉ်းမနားမှာပင် ကိုင်ပါသည်။ တတိယတပ်ရင်းကို ပျဉ်းမနား - သစ်တောကျောင်းတွင် ဗိုလ်ဇေယျက ကိုင်ပါသည်။

ထိုနှစ်တွင် နောက်ထပ်ခြေလျင်တပ်ရင်းသစ် (၄)။ (၅) နှင့် (၆) - တပ်ရင်း(၃)ရင်း တိုးချဲ့ဖွဲ့စည်းသည်။ ခြေလျင်တပ်ရင်း(၄) ကို ကျနော် ဗိုလ်မှူးကျော်ဇောကိုလည်းကောင်း။ ခြေလျင်တပ်ရင်း(၅) ကို ဗိုလ်မှူးအောင်ကိုလည်းကောင်း။ ခြေလျင်တပ်ရင်း(၆) ကို ဗိုလ်မှူးရန်အောင် ကိုလည်းကောင်း တပ်ရင်းမှူးများခန့်ထားပြီး ကိုင်စေပါသည်။ ပျဉ်းမနားတွင်ပင် ဖြစ်ပါသည်။

အားလုံးပင် မိမိတို့ကိုင်ရသောတပ်ရင်းကို တပ်ရင်းကောင်းတွေဖြစ်အောင် ကြိုးစားကြပါသည်။
ကျနော်ကိုင်ရသောတပ်ရင်း(၄) သစ်ကို ကျနော်ကိုယ်တိုင် စစ်သင်တန်းများ အစအဆုံးသင်ကြားပေးပါသည်။ တပ်ရင်းမှာ စုစုပေါင်းလူ အကြပ်နှင့်အရာရှိများအပါ (၈ဝဝ ရှစ်ရာ) ကျော်လောက်ရှိမည် ထင်ပါသည်။

တနေ့တာ စစ်ပညာသင်ကြားသော အချိန်ဇယားအကြမ်းမှာ နံနက်ပိုင်းအချိန်တွင် ပထမ ကျနော်ကိုယ်တိုင်က တပ်ရင်း(၄) ရှိ အကြပ် - အရာခံဗိုလ်နှင့်အရာရှိဗိုလ်တွေ စုစုပေါင်း ရှစ်ဆယ်(၈ဝ) မျှလောက်ကို တနေ့သင်ရမည့်စစ်လေ့ကျင့်ခန်းများကို ကျနော်ကိုယ်တိုင် စုဆောင်းလေ့လာထားပြီး သင်ကြားလေ့ကျင့်မှုကို ပြသသင်ကြားပါသည်။ ၎င်းမှာ သင်တန်းအားလုံး၏ အဓိကသင်တန်း ဖြစ်ပါသည်။

၎င်းနေ့ နံနက်ပိုင်းတွင်ပင် ဒုတိယသင်တန်းတခုမှာ ကျနော်ပထမတနေ့ကသင်ကြားထားသော အကြပ်အရာရှိတချို့က တပ်ရင်းရှိ စစ်သားများကို စစ်ပညာသင်ကြားပေးပါသည်။
၎င်းပထမနေ့ - နေ့လည်နှင့်ညနေပိုင်းတွင် ယင်းပထမနေ့ နံနက်ပိုင်းတွင် ကျနော်၏သင်ကြားပေးမှုကိုခံယူရသော တပ်ရင်း(၄) အကြပ်နှင့် အရာရှိများက တပ်ရင်းရှိစစ်သားများကို ချက်ချင်းပင် နံနက်ပိုင်းက ကျနော်သင်ကြားပေးသော စစ်ပညာကို ပြန်၍သင်ကြားပေးရပါသည်။

၎င်းပထမနေ့ - နေ့လည်ပိုင်းနှင့်ညနေပိုင်းတွင် ဒုတိယလုပ်ငန်းမှာ ကျနော်ကိုယ်တိုင်မှ နောက်နေ့နံနက် တပ်ရင်း(၄) အကြပ်အရာရှိများကို သင်ကြားမည့်စစ်ပညာများကို လေ့လာပြင်ဆင်ခြင်းနှင့် လိုအပ်ချက်တို့ကိုလည်းကောင်း။ ကျနော်ထပ်မံသိလိုသောအချက်တို့ကို တပ်ရင်း(၄) ရှိ ဂျပန်အကြံပေးအရာရှိထံမှ မေးမြန်းလေ့လာခြင်းပြုလုပ်ရပါသည်။

ကျနော့်တပ်ရင်း(၄) မှ ဂျပန်အကြံပေးစစ်အရာရှိမှာ ဂျပန်စစ်တပ်မှ လက်ဖတင်နင်ဗိုလ် ဖြစ်ပါသည်။ သူသည် ဂျပန်စစ်တပ်၏ အမြဲတမ်း တပ်သားမဟုတ်။ စစ်အတွင်း အရေးပေါ်သင်တန်းဆင်း စစ်ဗိုလ်ဖြစ်သော်လည်း စစ်ပညာကိုဂရုစိုက်ပုံရပါသည်။ ကျနော်မေးသမျှ မေးခွန်းများကို သူ၏သားရေလွယ်အိတ်ထဲမှ ဂျပန်စစ်တပ် စစ်ပညာလက်စွဲစာအုပ် ၂ အုပ် ၃ အုပ်ကိုဖွင့်ပြီး ဖတ်ပြရှင်းပြပါသည်။

ကျနော်တို့၏ စကားပြန်မှာ တပ်ရင်း(၄)သို့ရောက်လာသူ အရာရှိများတွင် ဗိုလ်လောင်းအရာရှိ ၂ ဦး ၃ ဦး ပါဝင်ရာ ထိုဗိုလ်လောင်းအားလုံး တို့သည် ဂျပန်စကားအတော်တတ်ကျွမ်းသူများ ဖြစ်ကြသည်။ ထိုအထဲမှ စကားအတတ်ဆုံး ဗိုလ်စိုးလှိုင်ဟု ကျနော်မှတ်မိနေသောသူက စကားပြန်လုပ်ပေးပါသည်။ ထိုဗိုလ်စိုးလှိုင်မှာ နောက်ပိုင်း ကျနော့်အတွင်းရေးမှူး ဖြစ်ခဲ့ပါသည်။

ထိုသို့ ကျနော်က စစ်ပညာများကို ကျနော်ကိုယ်တိုင်အထပ်ထပ်လေ့လာပြီးမှ တပ်ရင်း(၄) မှ အရာရှိ။ အကြပ်နှင့်တပ်သားများကို ဖိဖိစီးစီး သင်ကြားပြသပေးပါသည်။ နောက်ထိုကာလတွင် ကောင်းမွန်ချက်တခုမှာ ဗမာ့တပ်မတော်မှ အရာရှိ။ အကြပ်တပ်သားတိုင်းတို့သည် စစ်ပညာကို အားတက်သရော သူ့ထက်ငါ လိုက်စားလေ့လာနေသောကာလဖြစ်၍ ကျနော့်တပ်ရင်း(၄) တတပ်လုံးမှာ စစ်ပညာလေ့လာ တတ်ကျွမ်းမှုဖြင့် စိတ်အားထက်သန်တက်ကြွနေပါတော့သည်။

ထိုသို့သင်ကြားနေစဉ် (၃)လလောက်အကြာတွင် တပ်မတော်အထက်မှ ဗမာ့တပ်မတော်ဗိုလ်သင်တန်းဖွင့်မည်ဖြစ်၍ ခြေလျင်တပ်ရင်းတိုင်းမှ သင့်တော်ကောင်းမွန်သော အကြပ်တပ်သား ၂ဝ စီမျှ ရွေးချယ်ပြီး ပေးပို့ခိုင်းပါသည်။

ကျနော်သည် တပ်ရင်း(၄) မှ စစ်လေ့ကျင့်ခန်းတွင်ထူးချွန်သော တပ်ကြပ်တပ်သား (၃ဝ)ကျော်လောက်ကို ရွေးစေပြီး။ ထိုအထဲမှ ဗိုလ်သင်တန်းပို့ဖို့ လူ(၂ဝ)ကို ဗိုလ်သင်တန်းရွေးချယ်ရေးကော်မတီကို ကျနော်ကိုယ်တိုင်ဦးစီးဖွဲ့ပြီး ရွေးချယ်ပါသည်။

ထိုရွေးချယ်ရေးကော်မတီက ထိုဗိုလ်လောင်းများ၏ယဉ်ကျေးမှု။ ပညာရေးရေချိန်။ နောက်နိုင်ငံရေးအသိနှင့် မျိုးချစ်စိတ်။ တော်လှန်ရေး စိတ်ဓာတ်တို့ကိုသိရှိရန် နှုတ်မေးခွန်းများမေးမြန်းစစ်ဆေးပြီး ကျနစွာရွေးချယ်ပါသည်။

ထိုအင်တာဗျူးမေးမြန်းစစ်ဆေးပွဲတွင် ကျနော်ယခုတိုင်မှတ်မိနေသောကိစ္စတခု ရှိပါသည်။
စစ်သားတယောက်ကိုမေးမြန်းနေစဉ် ကော်မတီဝင်တဦးက ထိုသူ၏ယဉ်ကျေးမှုရေချိန်ကိုသိနိုင်ရန် ဗမာပြည် “မူလတန်း”များတွင် သင်ကြားရသော ကမ္ဘာ့တိုက်ကြီး(၅)တိုက်အကြောင်းမေးရန်။ သူ့အား “ကမ္ဘာပေါ်တွင် တိုက်ကြီးဘယ်နှတိုက်ရှိသလည်း” ဟုမေးရာ ထိုစစ်သားမှာ ဗြုန်းကနဲ ကုလားထိုင်မှမတ်တပ်ရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် - “ဒီပျဉ်းမနားမြို့ပေါ်မှာတောင် တိုက်ကြီးဘယ်လောက် ရှိတယ်ဆိုတာ မသိနိုင်ဘဲ။ ကမ္ဘာပေါ်မှာ တိုက်ကြီးဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူသိနိုင်မလည်း”လို့ ပြန်ပြောပါသည်။

ရွေးချယ်ရေးကော်မတီဝင်များက ထိုစစ်သားမှာ မူလတန်းပညာပင် မသင်ကြားခဲ့ရ၍ လူနေတိုက်များနှင့်အထင်မှားပြီး ပြန်ရန်တွေ့နေသည်ကို ရိပ်မိ၍ သူရှက်မသွားစေရန် တခြားမေးခွန်းများဆက်မေးရပါသည်။ သို့ဖြင့် ဗိုလ်လောင်းများရွေးပြီး အထက်သို့ ပို့လိုက်ပါတော့သည်။

နောက်မကြာခင် သတင်းကြားရပါသည်။ ရန်ကုန်တွင် တပ်အသီးသီးကပို့လိုက်သောဗိုလ်လောင်းများကိုစစ်ဆေးရာ ကျနော်၏တပ်ရင်း(၄)မှ ဗိုလ်လောင်းများက စစ်ဆေးသောဘာသာရပ်(၁၃) ခုတွင် ဘာသာရပ်(၁၁) ခု၌ပထမစွဲပြီး ဘာသာရပ်(၂) ခုတွင် ဒုတိယစွဲကာ အားလုံးတွင် ပထမစွဲကြောင်းနှင့် ကျနော့်တပ်ရင်း(၄)၏သတင်း ပျံ့နှံ့ကျော်ကြားလာပါတော့သည်။ ကျနော်တို့အားလုံး ဝမ်းသာကြပါသည်။ ကျနော်တို့ ကြိုးစားချက် ကောင်းမွန်အောင်မြင်ကြောင်း သိရပါတော့သည်။
ဤတွင် (၃)လ မျှသာ စစ်သင်တန်းပေးရသောတပ်ရင်းသစ်က နှစ်အချို့ကြာပြီဖြစ်သော တပ်ရင်းဟောင်းများအပေါ်တွင် တက်ပြီး ပထမစွဲသဖြင့် ဂျပန်အရာရှိအချို့လည်း တော်တော်အံ့အားသင့်ကြသည်။ ထို့ကြောင့် ဂျပန်စစ်အရာရှိတဦး ကျနော့်ထံလာပြီး ဒါလောက် အောင်မြင်တာဟာ ကျနော်ဘယ်လိုများ စစ်ပညာသင်ကြားပေးပါသလည်းဟု လာပြီးမေးမြန်းစုံစမ်းပါသည်။

ကျနော်က သင်ကြားမည့်စစ်ပညာကို ကျနော်ကိုယ်တိုင်ကျကျနနလေ့လာပြီး။ ကျနော်ကိုယ်တိုင် အချိန်ဇယားဆွဲပြီး။ အထက်တွင် ဖော်ပြ ထားသော အချိန်ဇယားအတိုင်း ကျနော်ကိုယ်တိုင်ဦးစီးပြီး သင်ကြားပေးကြောင်း ပြောပြသည်။

ကျနော်က ကျနော့်တပ်ရင်း(၄) မှ စစ်သားများမှာ အထက်ဗမာပြည်သားတွေ ဖြစ်ကြသည်။ ယေဘုယျအားဖြင့် အထက်ဗမာပြည်သားများ သည် အထက်အမိန့်ကိုနာခံတတ်ပြီး။ ပို၍ စည်းကမ်းလိုက်နာတတ်ကြသူတွေများကြသည်ဟု ပြောပြပါသည်။ အဓိကအကြောင်းမှာ ကျနော်၏ စစ်ပညာသင်ကြားပေးပုံနည်းစနစ်ကြောင့်လည်း ဖြစ်ပုံရသည်ဟုပြောပြီး ကျနော်၏စစ်ပညာသင်ပုံနည်းကို သူ့ကိုရှင်းပြပါသည်။

ကျနော်ပြောပြတာက ကျနော်တော်လှန်ရေးစစ်သားမဖြစ်မီက ရန်ကုန်မြို့ “ဟိုင်းယားဂရိတ်”ခေါ် အထက်တန်းဆရာဖြစ်သင်ကျောင်း တက်ခဲ့ရသည်။ ဤတွင် ဆရာက တပည့်များကိုပညာသင်ကြားပေးပုံနည်းစနစ်ကို သင်ကြားခဲ့ရပါသည်။ ၎င်းမှာ အခြေခံအကျဆုံး ၃ - ၄ ချက်ကို ကျနော် နည်းယူပါသည်။

၎င်းတို့မှာ ပထမအားဖြင့်။ ပညာသင်ကြားရာတွင် ဆရာက တပည့်များကို သင်ခန်းစာ၏အဖြေကို တိုက်ရိုက်ပြောမပြဘဲ။ တပည့်များကို သူတို့သိပြီးသားအကြောင်းအရာများမှ တဖြည်းဖြည်း သူတို့စိတ်တွင် မသိမထင်ရှားသေးသောအကြောင်းအရာများကို မေးခွန်းများ စနစ်တကျ အဆင့်ဆင့်မေးခြင်းဖြင့်ဖော်ထုတ်သွားပြီး အဖြေကို သူတို့ဟာသူတို့ ဖော်ထုတ်လာနိုင်အောင် မေးမြန်းဖြေဆိုသွားစေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသင်ခန်းစာကို တပည့်များကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့်သိမြင်လာပြီး ပိုမို၍ ကိုယ်ပိုင်ဉာဏ် ပွင့်လင်းထွန်းကားလာစေပါသည်။

၎င်းမှာ လူတိုင်းသည် အခြေခံအသိအမြင်ပညာများ ရှိထားသည်။ ၎င်းကို စနစ်တကျဖော်ထုတ်တတ်ဖို့သာလိုသည်ဆိုသော ဂရိပညာရှင် ဆိုကရေးတီး၏ ကမ္ဘာကျော်ယူဆချက်ဖြစ်သည်။ ၎င်းမှာ တပည့်များသိရာက မသိရာသို့ တဖြည်းဖြည်းမေးမြန်းသွားစေခြင်းဖြင့် ဖော်ထုတ်ပြီး။ သူတို့ ပညာဉာဏ်ထွန်းကားလာစေခြင်း ဖြစ်သည်။

ဒုတိယမှာ မိမိသင်ကြားမည့်သင်ခန်းစာ၏ အကြောင်းရင်းဇာစ်မြစ်ကို ဖော်ပြပြီး တတိယမှာ ၎င်းတို့ကို တစုတပြုံလုံး မသင်ကြားဘဲ အရင်းခံ အကြောင်းရင်းကစပြီး တစစီတခုချင်းစီအဆင့်ခွဲ၍ တဖြည်းဖြည်းသင်ကြားသွားခြင်း စသည်တို့ကို ပြောပြပါသည်။

သို့ဖြင့် တပည့်များ၏အသိဉာဏ်ကို သူတို့ဦးနှောက်မှဆွဲထုတ်ယူပြီး။ တစတစ သူတို့အသိဉာဏ်ထွန်းကား သိရှိလာစေသောနည်းဖြစ်သည်ဟု ပြောပြပါသည်။

ဥပမာ - စစ်တပ်တွင်း “သတိ ”ဟူသော စစ်ပုံစံကိုသင်ကြားမည်ဆိုလျှင် ပထမ စစ်တပ်မှာ စစ်မိန့်တခုကိုလိုက်ပြီး တပြိုင်တည်း တညီတည်း လုပ်နိုင်ဖို့ မူလပထမစစ်ပုံစံတရပ် ရှိဖို့လိုသည်။ ယင်းပထမ ပုံစံကနေပြီး စစ်မိန့်ဘာကိုပဲပေးပေး လိုက်လုပ်နိုင်ရမည့်ပုံစံ ဖြစ်ဖို့လိုသည်။

ယင်းမူလပုံစံသည် နောက်ထပ်ဘာမိန့်ပေးပေး လိုက်လုပ်နိုင်သောပုံစံ ဖြစ်ရမည်၊ ၎င်းမှာ သတိပုံစံပဲ ဖြစ်ရမည်၊ ၎င်းပုံစံမှ နောက်ထပ်စစ်မိန့် “နောက်လှည့်”ဟုသော်လည်းကောင်း။ “ပစ်ရန်ဝပ်” ဟုသော်လည်းကောင်း။ “ချီတက်”ဟုသော်လည်းကောင်း ဘယ်အမိန့်လာလာ အလွယ်တကူ လုပ်နိုင်ရမည် ဖြစ်သည်။

နောက်ထပ် ဘာစစ်မိန့်လာလာ လုပ်နိုင်ဖို့အတွက် “သတိ ” ပုံစံဟာ “ထိုင်” နေသည့်ပုံ မဖြစ်နိုင်၊ မြေပြင်ပေါ်တွင် သဘာဝကျစွာ မတ်တပ်ရပ် နေသောပုံသာ ဖြစ်ရမည်၊ သို့မှသာ နောက်ထပ်ဘာအမိန့်လာလာ လုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် “သတိ”ဟူသောစစ်ပုံစံသည် နောက်ထပ် ဘာအမိန့်လာလာ လုပ်နိုင်ရမည့်မြေပေါ်တွင် သဘာဝကျစွာ မတ်တပ်ရပ်နေသောပုံစံ ဖြစ်ရမည်၊ စစ်တပ်တွင် စစ်မိန့်တစုံတရာပေးဖို့အတွက် တပြိုင်နက်လိုက်ပြီးလုပ်လာနိုင်အောင် ကြိုတင်ပြီး အသင့်အနေအထားဖြစ်ရန် ပေးသောအမိန့်ဖြစ်ပြီး။ နောက်ထပ်ဘာအမိန့်မဆို လုပ်နိုင်ရန် မြေပေါ်တွင် သဘာဝကျစွာရပ်နေဖို့ပေးသောအမိန့်ဖြစ်သည်ဟု ရှင်းပြရမည်၊
နောက်ထပ် ဘာအမိန့်ပေးပေး တညီတည်းလုပ်နိုင်ဖို့အတွက် မြေပေါ်တွင် သဘာဝကျစွာရပ်နေဖို့အတွက် သတိပုံစံသည် လုပ်ရမည်ဖြစ်ရန် ဟူသော “သတိ” စစ်ပုံစံ၏ မူလအကြောင်းရင်းများကို စစ်သားများကိုရှင်းပြပြီးနောက် -

စစ်သားတဦးကို “သတိ” ပုံစံလုပ်စေပြီး။ စစ်သားများရှေ့တွင် ရပ်တည်စေပြီး ပြသရမည်၊
နောက် ထို “သတိ” ရပ်နေသောစစ်ပုံစံမှ “နောက်လှည့်”။ “ပစ်ရန်ဝပ်”။ “ချီတက်” စသော ဘာစစ်ပုံစံမဆို လုပ်နိုင်ပုံကိုလည်း ရှင်းပြရမည်၊
နောက် “သတိ”ပုံစံကို စစ်သားများ မိမိကိုယ်တိုင်လွတ်လပ်စွာ လိုက်ပြီးလုပ်စေရမည်၊
ဤတွင် စစ်သားများကို “သတိ”ပုံစံကို တဆင့်စီ တခုပြီးတခုသင်ကြားသွားရမည်၊

ပထမမှာ။ “သတိ”ပုံစံတွင် ခြေထောက် ၂ ဘက်သည် မြေပေါ်တွင် သဘာဝကျစွာ တည့်မတ်စွာရပ်တည်နေရန် အရေးကြီးသည်။ ထိုအတွက် ခြေဖဝါး ၂ ဘက် မြေပေါ်ရပ်တည်ပုံမှာ သဘာဝကျရမည်၊ သိပ်လည်း ကွဲမနေရ၊ နောက် သိပ်လည်းပူးမနေရ၊ သဘာဝကျစွာ ၄ဝ ဒီဂရီမျှ ခွဲပြီး ရပ်နေဖို့အရေးကြီးသည်ဆိုပြီး ၎င်းတို့ကိုယ်တိုင် လိုက်လုပ်စေရမည်၊

နောက် ခြေခွဲပုံမှန်။ ခြေထောက်ရပ်ပုံမှန်ပြီးနောက် ဒုတိယအဆင့်တွင် ထိုခြေထောက် ၂ ဘက်အပေါ်တွင် လူ၏ခန္ဓာကိုယ် တည့်မတ်ဖြောင့် တန်းစွာ ကျနေရမည်ကိုပြောပြပြီး လိုက်လုပ်စေရမည်၊

နောက် တတိယအဆင့်တွင် လူ၏ကိုယ်ထည် ဖြောင့်တန်းတည့်မတ်နေဖို့ လူ၏ရင်ဘတ်ကိုဖွင့်ပြီး ကော့နေစေရမည်၊
နောက် စတုတ္ထတွင် လူ၏ဦးခေါင်းသည် ရှေ့တည့်တည့်တူရူကို ဦးတည်ပြီး ကြည့်နေရမည်၊
နောက် ပဉ္စမတွင် လူ၏ဇက် -လည်ပင်းကိုဆန့်ထုတ်ပြီး ရှေ့တည့်တည့်တူရူကို ကြည့်နေရမည်၊
နောက် ဆဌမတွင် လူ၏မေးစေ့ကို အောက်သို့အနည်းငယ်ဆွဲဆန့်ထားရမည် ဖြစ်သည်။ နောက်လက် ၂ ဘက်ကို လူ၏ပေါင်တံပေါ် ဆန့်ချထားပြီး လက်ဖဝါးတွေက ပေါင်ပေါ်ဖိအပ်ထားရမည်၊

ဤသို့ဖြင့် စစ်သားရဲဘော်များကို လွတ်လပ်စွာ တဦးစီလိုက်၍“သတိ”ပုံစံကို မိမိတို့ဘာသာ မိမိတို့လိုက်ပြီး သီးခြားစီလုပ်စေရမည်၊
၎င်းတို့ ပုံစံကျလာမှ အားလုံးတန်းစီပြီး သတိအမိန့်ပေးပုံစံကို တညီတည်းလုပ်စေရမည်၊

သို့ဖြင့် ရဲဘော်များ “သတိ”စစ်ပုံစံကို တညီတည်းလုပ်တတ် ပုံစံကျလာပြီးနောက် အခြားဘယ်စစ်အမိန့်ပေးပေး တညီတညွတ်တည်း လုပ်နိုင်ကြမည် ဖြစ်ပါသည်။

ဤသို့ ကျနော်က စစ်ပညာသင်နည်းကို ဂျပန်အရာရှိအားပြောပြရာ ဂျပန်အရာရှိက များစွာစိတ်ဝင်စားပြီး ကျေနပ်စွာဖြင့် ကျနော့်အတွက် သူတို့ဂျပန်စစ်ပညာအခြေခံစာအုပ် ၂ အုပ်ရှိသည်ကို ရှာဖွေပြီးပေးပါမည်ဟု ဝမ်းမြောက်စွာပြောသွားသည်။
နောက် စာအုပ်ရှာမရ ထင်သည်။ ကျနော့်အား မပေးဖြစ်ပေ၊


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း။ အခန်း(၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း။ အခန်း(၁)
ဒုတိယပိုင်း
ဖက်ဆစ်ဂျပန်တော်လှန်ရေး
(၁၆)
ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဘီအိုင်အေတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပါသည်။ ဘီအိုင်အေတပ်မ (၁)ကို ဗိုလ်မှူးကြီးဇေယျကို ဦးစီးစေ၍လည်းကောင်း။ တပ်မ (၂)ကို ဗိုလ်မှူးကြီးနေဝင်းကို ဦးစီးစေ၍လည်းကောင်း။ တပ်မ(၂)တပ်ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုဌာနချုပ်ကဦးစီးပြီး အထက်ဗမာပြည်သို့ ဆုတ်ခွာထွက်ပြေးနေသောအင်္ဂလိပ်တပ်များကို ဂျပန်စစ်တပ်နှင့်ပူးပေါင်းပြီး လိုက်၍တိုက်မည်၊ ရန်ကုန်တွင် ကျနော်၏တပ်သာချန်ထားပြီး အောက်ဗမာပြည် ဘီအိုင်အေတပ်ဖွဲ့များကို အုပ်ချုပ်ထိန်းသိမ်းရန်နှင့် ရန်ကုန်တွင် ကျနော်က ဗိုလ်သင်တန်းတခုဖွင့်ပြီး စစ်ဗိုလ်လောင်းများကို သင်တန်းပေး၍ နောင်တပ်သစ်များဖွဲ့ရာတွင် ဗိုလ်လောင်းများရရှိအောင် စုဆောင်းထားရန် တာဝန်ပေးပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေတပ်ဖွဲ့များ ဗိုလ်မှူးကြီးဇေယျနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ဦးစီးသောတပ်မ (၂)တပ်တို့ အထက်ဗမာပြည်သို့ အင်္ဂလိပ်တပ်များနောက်သို့ လိုက်တိုက်ရန်ချီတက်ကြပါသည်။

ကျနော်သည် ကျနော့်တပ်ကို ရန်ကုန်မြို့ကြည်မြင်တိုင်လုံခြုံရေးကိုကာကွယ်ရန် တပ်စွဲရပါသည်။ အောက်ဗမာပြည်ဘီအိုင်အေရုံးကို ရန်ကုန်တွင်ဖွင့်လှစ်ပြီး တဖက်က ဂေါ်ရာကုန်းတွင် ဗိုလ်သင်တန်းဖွင့်ပြီးသင်ကြားရပါသည်။ ထိုအချိန် ဂျပန်ဗိုလ်မိုးကြိုး(ဆူဇူကီး)တို့လည်း ရန်ကုန်တွင် ရှိနေပါသည်။

ထိုအချိန်က ကျနော်အလုပ် အလွန်များပါသည်။ နံနက်ပိုင်းတွင် စစ်ဗိုလ်လောင်းသင်တန်းတွင် ကိုယ်တိုင်သင်တန်းပေးပြီး နေ့လည်နှင့် ညနေတွင် အောက်ဗမာပြည် ဘီအိုင်အေတပ်များအုပ်ချုပ်ရေးတာဝန်ကို ဘီအိုင်အေရုံးဖွဲ့ပြီးလုပ်ကိုင်ရသည်။ ညအခါတွင် နောက်နေ့ ဗိုလ်သင်တန်းတွင်သင်ရန် မှတ်စုများပြင်ဆင်ရခြင်းနှင့် အလုပ်ကြွေးများကိုလုပ်ရခြင်းဖြင့် မအားမလပ်တာဝန်တွေ များပြားလှပါသည်။

ထိုကာလအတွင်းမှာ အောက်ဗမာပြည် မြစ်ဝကျွန်းပေါ်ဒေသတွင် ဘီအိုင်အေတပ်များက ကရင်များကိုသတ်ဖြတ်ခြင်းဆိုတဲ့ကိစ္စဖြစ်ပေါ် လာခဲ့ပါသည်။ ထိုကိစ္စ ကျနော်မှတ်မိသလောက် ယခုပြန်ပြီးရေးသားပါမည်၊

ဒီကိစ္စတွင် ကျနော်ဗိုလ်ကျော်ဇော တာဝန်မကင်းခဲ့ပါ၊ ဖြစ်ပွားတဲ့နေရာဟာ ဗမာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ် မြောင်းမြခရိုင် အတွင်းဖြစ်သည်။ ကာလက ၁၉၄၂ ခုနှစ် အလယ်လောက်မှာဖြစ်ပြီး အင်္ဂလိပ်တပ်များက ဂျပန်တပ်နှင့်ဘီအိုင်အေတပ်တို့ရဲ့ထိုးစစ်ကြောင့် အိန္ဒိယသို့ အပြင်းဆုတ်ခွာနေချိန်ဖြစ်ပါသည်။ ၎င်းတို့က သူတို့ရဲ့ဆုတ်ခွာမှုကိုအထောက်အကူပြုစေရန်ဝါဒဖြန့်ခဲ့တာက တို့မတတ်သာလို့ ဆုတ်ခွာရတယ်၊ (၃)လအတွင်း ပြန်လာကြမယ်၊ ဒီအတွင်း မင်းတို့ ဂျပန်ကိုတတ်နိုင်သလောက် ဆန့်ကျင်တိုက်ခိုက်ကြဟု လှုံ့ဆော်ခဲ့ကြ သည်။ လက်နက်တချို့ကိုလည်း ထုတ်ပေးထားခဲ့သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ဗြိတိသျှတို့ကို လိုလားအားကိုးကြသော ကရင်အမျိုးသားအများရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်ပုန်ကန်မှုစတင်ဖြစ်ပွားခဲ့သည်။ သူပုန်ခေါင်းဆောင်က ကရင်အမျိုးသား ရွှေထွန်းကြာ ဖြစ်ပါသည်။

ထိုစဉ်က ရွှေထွန်းကြာတို့ ကရင်သူပုန်တပ်ဖွဲ့ဟာ လက်နက်ကိုင် (၁ဝဝ)ခန့်လောက်သာ ရှိသေးသည်ထင်ပါသည်။ မြောင်းမြမြို့မှာ ဂျပန်တပ် မရှိပါဘူး၊ ဒေသခံဘီအိုင်အေတပ်ကလေးသာ ရှိပါသည်။ သူတို့ ကရင်သူပုန်သွားတိုက်ရာ မနိုင်ပါ၊ ဗမာရွာတချို့လည်း အတိုက်ခံရမှာ ကြောက်ရွံ့နေကြသည်။ နောက်ပိုင်း မြောင်းမြမြို့မှာပင် မြန်မာအများ ကရင်လာတိုက်မှာပူပန်နေကြသည်။ မြို့ပေါ်ရှိ ကရင်အနည်းစုကလည်း မြန်မာတွေက သူတို့ကိုလာတိုက်မှာ စိုးကြသည်။ မြောင်းမြ ဘီအိုင်အေအုပ်ချုပ်ရေးတာဝန်ခံတွေကရော စစ်ဘက်တာဝန်ခံတို့ကပါ ကျနော့်ထံ အကူအညီတောင်းကြသည်။

ကျနော့်မှာလည်း တပ်မဟာဆိုပေမယ့် တပ်ရင်း (Battalion) တရင်းသာရှိသည်။ ကျနော့်တပ် အားလုံးနီးပါးမှာလည်း ထိုင်းနယ်စပ်က ဖွဲ့လာသည့် ထိုင်းရှမ်းနှင့်ထိုင်းဗမာမျိုးဆက်တွေဖြစ်ပြီး မြန်မာစကား အားလုံးလိုလိုမတတ်ကြ၊ တပ်ခွဲမှူးများသာ မြန်မာစကားတတ်ကြသည်။ တပ်ကူလွှတ်သင့် မလွှတ်သင့်စဉ်းစားနေစဉ် ထိုကာလက ကျနော့်ရုံးကို မကြာခဏလာတတ်ပြီး ကျနော့်ကို အကူအညီများ။ အကြံဉာဏ်များ ပေးနေတတ်သည့်သခင်ဗိုလ်ဆိုသော သခင်ခေါင်းဆောင်နှင့်တွေ့စဉ် ထိုကိစ္စတိုင်ပင်ကြည့်တော့ “ဒီတပ်မျိုးတွေ မလွှတ်နှင့် ဒီကိစ္စငြိမ်းချမ်းစွာ ဖြေရှင်းတာကောင်းတယ်၊ ရန်ကုန် သရက်တောဘုန်းကြီးကျောင်းတိုက်မှာ ကရင်ဘုန်းကြီးဦးပ္ဂဝ ဆိုတာရှိတယ်၊ သူဟာ နိုင်ငံရေးလည်း နားလည် ကရင်အမျိုးသားလည်းဖြစ်ပြီး ကရင်တွေအပေါ်လည်း အတော်သြဇာရှိတယ်၊ ထိုဆရာတော်ကိုကာကွယ်ဖို့ တပ်နည်းနည်းပေးပြီး ထိုဒေသအတွင်းလှည့်ပြီး ငြိမ်းချမ်းရေးတရားဟောပြောနားချရင် ငြိမ်းချမ်းနိုင်တယ်”လို့ အကြံပြုပါသည်။ ထိုစဉ်သခင်ခေါင်းဆောင်များ ထောင်ထဲရောက်နေသော်လည်း သခင်ဗိုလ်ဟာ နံမည်သိပ်မကြီးသေးလို့ အပြင်မှာကျန်ရစ်ပြီး လုပ်စရာရှိတာလုပ်နေရာမှာ ကျနော် တာဝန်ကြီးမှန်းသိလို့ မကြာခဏအကူအညီတွေပေးနေတာ ဖြစ်ပါသည်။ (ကျနော် ၁၉၉ဝ လောက်မှာသိရတာက သခင်ဗိုလ်ဟာ ၁၉၃၉။ သြဂုတ်လမှာ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ခေါင်းဆောင် ၄ ။ ၅ ဦးနှင့် စတင်ဖွဲ့စည်းရာမှာပါဝင်ခဲ့သည့်ပုဂ္ဂိုလ် ဖြစ်ပါသည်)

ကျနော်သည် ကျနော့်တပ်မှ သင့်တော်မည့်တပ်စု (လူသုံးဆယ်ခန့်)တစုကိုဆွဲထုတ်ပြီး ကျနော်၏ ဗိုလ်သင်တန်းမှ အတော်မွန်ရည် ပျော့ပျောင်းတဲ့ တက္ကသိုလ်ကျောင်းသားတဦးကို လက်ဖတင်နင် ဗိုလ်ရာထူးပေးပြီး တပ်စု၏အကြီးအကဲခန့်ကာ သခင်ဗိုလ်အစီအစဉ်အတိုင်း ဆရာတော်ဦးပ္ဂဝနှင့် ထိုကရင်ဒေသများသို့ လွှတ်လိုက်ပါသည်။ ရွာတွေလှည့်ပြီး တရားဟောကြသည်။ ဒီကြားထဲ သူပုန်ခေါင်းဆောင် ရွှေထွန်းကြာက တပ်မှူးနှင့်စကားပြောလိုကြောင်းခေါ်၍ တပ်သားနှစ်ယောက်လွှတ်လိုက်ရာ သတ်ပစ်ခြင်းခံရပါသည်။ နောက်တကြိမ် တဦးလည်း ဒီလိုပဲအသတ်ခံရပါသည်။ ဆရာတော်က စိတ်မပျက်ဘဲ ဆက်ဟောပြောနေသည်။ ထို့ကြောင့် အခြေအနေ အတော်အေးချမ်း လာစပြုလာသည်။

ထိုအချိန်မှာ ဗိုလ်မိုးကြိုးတို့ရဲ့ မီနာမီကီကန်မှဂျပန်တွေ ထိုကိစ္စသိသွားပြီး ဒီငြိမ်းချမ်းရေးကိစ္စကို သူတို့လုပ်မည်ဆိုကာ ဆရာတော်မပါတော့ဘဲ (ဟိုင်နန်ကျွန်းမှာ ကျနော်တို့ဆရာမဟုတ်ခဲ့တဲ့) စစ်တပ်ရာထူး လက်ဖတင်နင်ဗိုလ်နှင့် ဘီအိုင်အေတပ်ရာထူး (ဗိုလ်မှူးကြီး)ကာနယ်ဖြစ်သူ (နံမည်ကောင်းစွာမမှတ်မိ) “အီဂျီမား”ထင်သည်။ သူကိုယ်တိုင်ခေါင်းဆောင်ပြီး ကျနော့်တပ်စုကလေးနှင့် ငြိမ်းချမ်းရေးတရားဟောဖို့ ဆရာတော်သွားတဲ့ဒေသတွေဆီ ထွက်သွားပါသည်။

(၁၉၄၂) မေလဆန်း တညမှာ ကျနော်အိပ်ပျော်နေစဉ် မီနာမီကီကန်မှဗိုလ်မိုးကြိုးက လွှတ်လိုက်သည့်ဂျပန်နှစ်ယောက် ကျနော့်အိမ်ကင်းကို အတင်းဆွဲလာပြီး ကျနော့်ကိုနှိုးပြီး ပြောပြသည်မှာ - မြောင်းမြဒေသမှာ လှည့်လည်သွားနေတဲ့ကာနယ်အီဂျီမား ကျဆုံးသွားပြီ။ နယူးဒေလီ ရေဒီယိုက ဂျပန်တပ်တတပ်ကို ဗြိတိသျှလိုလားသောကရင်ပျောက်ကြားတွေက ချုံခိုတိုက်ခိုက်ရာ ဂျပန်ကာနယ်တဦးကျဆုံးသွားကြောင်း အသံလွှင့်လို့ တိုကျိုက သက်ဆိုင်ရာကတဆင့် ကာနယ်ဆူဇူကီး (ဗိုလ်မိုးကြိုး)ကို အမြန်ဒီကိစ္စ အရေးယူခိုင်း၍ မနက်ဖန် ဗိုလ်မိုးကြိုး ဒီဒေသ သွားမယ်၊ ခင်ဗျားပါလိုက်ရမယ်၊ ခင်ဗျားတပ်တွေ ချက်ချင်း နက်ဖန်ထွက်နိုင်အောင်လုပ်ရမယ်ဆိုလို့ ကျနော့်တပ်ခွဲသုံးခွဲကျော်လောက် တပ်ပြင်ပြီး နောက်နေ့ဗိုလ်မိုးကြိုးနဲ့ လိုက်ရပါသည်။

မြောင်းမြသွားပြီး တိုက်ပွဲဖြစ်ရာနေရာကို သွားကြည့်ပါသည်။ ကျဆုံးသွားသော ဂျပန်ကာနယ်၏အလောင်းကို ရှာဖွေရယူပြီး မီးသဂြိုဟ်ကာ အရိုးအိုးကိုယူပါသည်။ ထိုနောက် ဗိုလ်မိုးကြိုးသည် ကရင်သူပုန်များအခြေစိုက်ရာဒေသရွာများကို လက်စားချေတိုက်ခိုက်ရန် နှစ်ပတ်မျှ ချီတက်သွားလာခဲ့ပါသည်။ ထိုအတွင်း ငြိမ်းချမ်းရေးလုပ်နေသော ကျနော့်တပ်စုကလေးသည် အတော်အထိနာပြီး ခေါင်းဆောင် ဗိုလ်ကလေးလည်း ကျဆုံးသွားပြီထင်ပါသည်။

ဗိုလ်မိုးကြိုးက သူပုန်ရှိသည်ဟုယူဆရသောရွာများကို အတင်းတက်သိမ်းပိုက်ခိုင်းပြီး ခုခံရင် အားလုံးကိုတိုက်ခိုက်သတ်ဖြတ်ဖို့ ကျနော့် တပ်မှူးတွေကို တိုက်ရိုက်အမိန့်ပေးသည်။ တခါတရံ ကျနော်ကတဆင့် အမိန့်ပေးသည်။

ဒီလိုနဲ့တပတ်လောက်ကြာအောင် တိုက်ခိုက်သတ်ဖြတ်ပွဲတွေ ဖြစ်ပါတော့သည်။ ကျနော်က ခုခံတဲ့ရွာသားတွေကိုသာတိုက်ခိုက်ဖို့ မခုခံရင် တရားဟောပြီး လက်နက်တွေအပ်ခိုင်း သိမ်းခဲ့ဖို့ တပ်မှူးတွေကို ပြောပါသည်။
တိုက်ခိုက်သတ်ဖြတ်မှုများ သိပ်များလိမ့်မည်ဟု ကျနော်မထင်ခဲ့ပါ၊ နောက်ရန်ကုန်ပြန်ရောက်ပြီး လအချို့ကြာမှ ရွာသားများ အတော် သေကြေကြောင်း ကြားရပါသည်။

ထိုသို့ဖြစ်ရသည်မှာ ဗိုလ်မိုးကြိုးအမိန့်ကြောင့်ဖြစ်ရသော်လည်း ထိုစဉ်က ကျနော့်တပ်အားလုံးနီးပါး မြန်မာစကားမတတ်ကြဘဲ အတွေ့အကြုံ အလေ့အကျင့်လည်း သိပ်မရှိသေးလို့ ပိုဆိုးရသည်ဟုထင်ပါသည်။

ထိုစဉ်က ဗိုလ်မိုးကြိုးက တပ်မှူးကြီးဖြစ်ပြီး ကျနော်က သူ့ရဲ့စစ်ဦးစီးအဖြစ်မျိုးဆောင်ရွက်ခဲ့ရတာ ဖြစ်ပါသည်။ သူသည် ထိုစဉ်က ဘီအိုင်အေ တပ်ရဲ့ စစ်သေနာပတိချုပ်လည်းဖြစ်ပါသည်။ ကျနော်သည် ထိုနှစ် (၅ဝ)ကျော်ကာလက အသက် (၂၃)နှစ်အရွယ် ကျောင်းသားမျိုးချစ် တော်လှန်ရေးစစ်သားတဦးမျှသာ ဖြစ်ပါသည်။ စစ်သားအဖြစ် အမိန့်နာခံရေးသာ အဓိကထားခဲ့ရပါသည်။

သို့သော် ကျနော့်တာဝန် မကင်းခဲ့ပါ၊ ထိုစဉ်က ကျနော်သာ နိုင်ငံရေးအသိတစုံတရာသာရှိပါက ထိုကိစ္စကို အတော်ရှောင်နိုင်မည်ဖြစ်သည်။ ခုခံတဲ့ရွာသားတွေကို သတ်ဖြတ်တဲ့အထိမရောက်စေဘဲ ဗိုလ်မိုးကြိုးကျေနပ်အောင် ရွာအချို့မီးရှို့ပြတာလုပ်ပစ်လျှင် ပြီးနိုင်မည်ဖြစ်သည်။

ဤကား ကရင်အမျိုးသားများ မြစ်ဝကျွန်းပေါ်တွင်သတ်ဖြတ်ခံရသည့်ကိစ္စ ဖြစ်ပါသည်။ ကျနော်ထိုစဉ်က တပ်မတော်ဗိုလ်မှူးရာထူးနှင့် ဖြစ်ပါသည်။ 

ဤနေရာတွင် ထိုကာလအဖြစ်အပျက် တခုကို သတိရလာ၍ ပြောပြချင်ပါသေးသည်။
ဗိုလ်ဇေယျက သူကွန်မြူနစ်ပါတီဝင်မဖြစ်မီကကိစ္စတခုကိုပြောပြသည်မှာ သူသင်္ဘောနှင့်တနေရာခရီးထွက်ရာ မျက်နှာချင်းဆိုင်မှလာနေသော သင်္ဘောတစီးပေါ်တွင် ဂျပန်စစ်ဗိုလ်တဦးကိုတွေ့ရာတွင် ထိုစစ်ဗိုလ်ကိုကြွားပြသည့်အနေနှင့် မိမိသင်္ဘောပေါ်ရှိ အငြိမ့်မင်းသမီးကိုဆွဲပြီး ခါးကို ဖက်ပြလိုက်သည်။ သင်္ဘောချင်းဖြတ်မိတော့မှ သူ ဂျပန်စစ်ဗိုလ်ဟုထင်သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေသဖြင့် သူချောက်ကျသွားကြောင်း ကျနော့်ကို ပြောပြဖူးပါသည်။

ဗိုလ်ဇေယျမှာ ကွန်မြူနစ်ပါတီမဝင်ခင်က ဤသို့ ပျော်ပျော်ပါးပါးနေထိုင်လာခဲ့သူဖြစ်သည်။ နောက် ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဖြစ်လာပြီးနောက် သူ့ဘဝ အကြီးအကျယ်ပြောင်းလည်းကောင်းမွန်သွားသည်။ ဗမာပြည်ကွန်မြူနစ်ပါတခေါင်းဆောင်တယောက်အဖြစ် ပါတီ၏ညွှန်ကြားချက်အရ ၁၉၄၈ ခုနှစ်တွင် တောခိုပြီးနောက် အစိုးရစစ်တပ်များနှင့်တိုက်ပွဲဖြစ်ရာတွင် ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဗမာပြည်တောတွင်းတနေရာတွင် ကြေကွဲစွာ ကျဆုံးသွားရသော ပြည်သူတို့၏ခေါင်းဆောင်တဦး ဖြစ်ပါသည်။

ကျနော်တို့ ၁၉၄၃ ခုနှစ်လောက်က ပျဉ်းမနားမြို့တွင်နေထိုင်နေကြစဉ် ဗိုလ်မြင့်အောင်ကြီးလည်း လေယာဉ်ပစ်စက်အမြောက် တပ်ရင်းမှူး အဖြစ်ရှိနေရာ တနေ့တွင် ဗိုလ်မြင့်အောင်ထံသို့ သူ့မိခင်ကြီးလာ၍ လည်ပတ်နေသည်ဟု ကျနော်ကြားရသည်။ ဗိုလ်မြင့်အောင်က ယခင်က သူ့မိခင်အကြောင်းလည်း ကျနော့်အားပြောထား၍ သူ့မိခင်အကြောင်းကျနော်သိနေရာ ထိုသားအမိကို ကျနော်က ညစာထမင်းစားပွဲ ကျွေးလိုသဖြင့် ကျနော့်ကို တလျှောက်လုံးစောင့်ရှောက်ပြုစုကျွေးမွေးနေသော ကိုပါကို ထမင်းတနပ် ကောင်းစွာကျွေးရန်ညွှန်ကြားပြီး ဗိုလ်မြင့်အောင်တို့သားအမိကို ကျနော်က ထမင်းစားဖိတ်ကာညစာကျွေးမွေးပါသည်။

ထမင်းစားပွဲတွင် ကျနော်က ဗိုလ်မြင့်အောင်မိခင်ကို ကျနော်နှင့်ဗိုလ်မြင့်အောင်မှာ အလွန်ရင်းနှီးသောမိတ်ဆွေကြီးတွေဖြစ်ကြောင်း ပြောပြသည်။ မိခင်ကြီးကလည်း သူသိနေကြောင်းပြောပြသည်။ ထမင်းစားပွဲတွင် အားလုံးပျော်ပျော်ပါးပါး စားသောက်ကြသည်။ သူတို့သားအမိ အတော်ချစ်ခင်ကြပုံရသည်။ ဗိုလ်မြင့်အောင်မိခင်မှာ ကျေးလက်သူဖြစ်သော်လည်း အသားအရည်ဖြူပြီး ဝဝဖြိုးဖြိုးနှင့် အရပ်အမောင်းလည်းကောင်းသည်။ စကားပြောရာတွင်လည်း မွန်မွန်ရည်ရည်ရှိသည်။

၁၉၄၅ ခုနှစ်တွင်ဟု ယူဆရသည်။ ကျနော်တို့မိတ်ဆွေ ရဲဘော်ကြီးဗိုလ်မြင့်အောင်အတွက် အလွန်ကြေကွဲဖွယ်ရာကိစ္စ ဖြစ်ခဲ့ရသည်။ ဖြစ်ရပုံမှာ ဗိုလ်မြင့်အောင်ကြီးသည် သူငယ်စဉ်ဘဝက ပညာရေးမလိုက်စားနိုင်ခဲ့သဖြင့် တခါတရံသိမ်ငယ်စိတ်ဝင်ပြီး စိတ်မကောင်းဖြစ်ပုံရသည်။ ထို့ကြောင့် သူ အရက်နည်းနည်းမူးသည့်အခါ တစုံတရာအနာအဆာတွေ့ရလျှင် စိတ်ဆိုးပြီးဆူဆူပူပူလုပ်တတ်ရာ ရဲဘော်တွေ စိတ်ညစ် ရသည်။ ဗိုလ်လရောင်ကြီးရှိလျှင် ဗိုလ်လရောင်ကြီးက ဗိုလ်မြင့်အောင်ကိုချော့မော့ပြီး ပြေပြစ်စေရသည်။
တခါတွင် ဗိုလ်မြင့်အောင်ကြီးဤကဲ့သို့ စိတ်ဆိုးပြီးဆူဆူပူပူ လုပ်မိသည်။ ထိုကိစ္စ ဗိုလ်ချုပ်အောင်ဆန်းသိသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ထိုကိစ္စမျိုး ဗိုလ်မြင့်အောင်ကြီးမှပပျောက်သွားအောင်ရည်ရွယ်ပြီး ဗိုလ်မြင့်အောင်ကြီးအားခေါ်ကာ ပြစ်တင်ဆူပူလေသည်။ ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ဆူပူဖူးသည်မရှိခဲ့ဖူးသဖြင့် အားလုံးကဝိုင်းပြီး ထိုကိစ္စသိကြသည်။

ဗိုလ်မြင့်အောင်ကြီးသည် သူများစွာကြည်ညိုလေးစားသောဗိုလ်ချုပ်အောင်ဆန်းက သူ့ကို ပထမဆုံးခေါ်ယူပြီး ပြစ်တင်ဆူပူသည်ကို များစွာ နာကြည်း များစွာရှက်သွားပုံ ရသည်။ မျက်ရည်တွေနှင့်ငုံ့ခံပြီး ဗိုလ်ချုပ်အခန်းမှထွက်လာသည်။

မကြာမီ ဗိုလ်မြင့်အောင်ကြီးအခန်းမှ သေနတ်သံကြားရ၍ ကျနော်တို့ပြေးဝင်သွားသောအခါ ဗိုလ်မြင့်အောင်ကြီးမှာ ဦးခေါင်းမှ သွေးတွေ ထွက်နေပြီး အားလျှားမှောက်သေဆုံးနေသည်ကို ကျနော်တို့ ဝမ်းနည်းကြေကွဲဖွယ်တွေ့ရတော့သည်။ ဗိုလ်မြင့်အောင်ကြီးသည် သူ့ခြောက်လုံးပြူးသေနတ်ကြီးဖြင့် သူ့နားထင်တေ့ပြီး သူ့ကိုယ်သူပစ်သတ်လိုက်ပုံရသည်။ ကျနော်တို့အားလုံး မျက်ရည်တွေနှင့် ယူကြုံးမရ ဝမ်းနည်းကြေကွဲရပါတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းလည်း အလွန်ကြေကွဲစွာနှင့် အခြားဘက်လှည့်ထွက်သွားပါသည်။ ထိုမှစပြီး ဗိုလ်ချုပ်အောင်ဆန်းသည် တဦးတယောက် ကိုမျှ ခေါ်ယူပြီး ပြစ်တင်ပြောဆိုခြင်းများလုပ်သည်ဟု မကြားရတော့ချေ၊

ထိုစဉ်က ကျနော်တို့ရဲဘော်အားလုံးမှာ ဗိုလ်မြင့်အောင်ကြီးအတွက် ဝမ်းနည်းကြေကွဲ စိတ်ထိခိုက်ကြရပေသည်။ ရဲဘော်အားလုံးမှာ ဗိုလ်မြင့်အောင်ကြီး တိုက်ပွဲတွင်မဟုတ်ဘဲ ယခုလို မတော်တဆကျဆုံးရခြင်းကို များစွာနှမြောဝမ်းနည်းကြသည်။

ကျနော့်စိတ်တွင် ဗိုလ်မြင့်အောင်၏မိခင်ကြီးက သူ့သားကွယ်လွန်ရသောကိစ္စကို ဘယ်လိုရင်ဆိုင်လေမလည်းဟုတွေးပြီး စိတ်ပူနေမိသည်။ သူ့မိခင်ကြီးနှင့်ကျနော်မှာ သူ့ဈာပနပြီးသည့်နောက် နောက်ထပ်တခါမျှ မတွေ့ရတော့ချေ၊ ဗိုလ်မြင့်အောင်ကြီးမှာ ကျနော့်ဇာတိ သာယာဝတီ။ သုံးဆယ်မြို့။ ဆိုင်းစုရွာရှိ ကျနော့်မိဘများအိမ်သို့ ကျနော်တခါခေါ်သွား၍ ရောက်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၉)
(၁၅)

ကျနော်တို့ဘီအိုင်အေတပ်ဖွဲ့များသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ၁၉၄၂ ခုနှစ်ဆန်းတွင် ဗမာပြည်အတွင်းသို့ မော်လမြိုင်စစ်ကြောင်း။ ထားဝယ်စစ်ကြောင်း။ ရေကြောင်းချီစစ်ကြောင်း။ အတွင်းသူပုန်တပ်ဖွဲ့စစ်ကြောင်း။ စစ်သည်စစ်ကြောင်းများဖွဲ့ပြီး ချီတက်ဝင်ရောက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုဌာနချုပ်လည်း ဝင်ရောက်သွားပြီဖြစ်သည်။

ကျနော့်တပ်ခွဲသာ နောက်ခံတပ်အဖြစ် နောက်ဆုံးမှ ဗမာပြည်တွင်းဝင်ရောက်ရပေသည်။

ထိုင်းနိုင်ငံမှ ၃ - ၄ ရက်ခရီး ဗမာပြည်တွင်းဝင်ပြီးနောက်တနေ့တွင် ကျနော့်ကိုယ်ရံ ရဲဘော်ကိုထွန်းတင်က ကျနော့်ကို အထူးသတင်းတခု ပြောလို၍ဟုဆိုပြီး လူရှင်းသောတနေရာခေါ်သွားပြီးပြောသည်မှာ ကျနော့်တပ်ဖွဲ့မှ လူတော်တော်များများကသိကျွမ်းသော ထိုင်းလူမျိုး တပ်စုမှူးသည် ကျနော့်တပ်မှ အခြားထိုင်း ရှမ်းကပြားလူမျိုးတပ်စုမှူးတယောက်နှင့် တိုင်ပင်ဆွေးနွေးနေသောစကားများကို သူကြားသိသမျှ ပြန်ပြောပြပါသည်။

ထိုင်းလူမျိုးတပ်စုမှူးကပြောတာက လက်ရှိတပ်ဖွဲ့တွင် ဦးစီးနေသောတပ်မှူး (ကျနော်ဗိုလ်ကျော်ဇော)ဟာ မြန်မာလူငယ်ကလေး ခပ်ပိန်ပိန်လေးသာဖြစ်သည်။ ငါတို့သူကိုလုပ်ကြံပြီး ဒီတပ်ကိုအပိုင်စီးကာ ဒီနယ်စပ်ဒေသမှာ လုယက်တိုက်ခိုက် စားသောက်ရသော် ငါတို့များစွာ ချမ်းသာကြီးပွားလာမည်ဟု ကြံစည်ပြောဆိုနေကြပုံကို ပြောပြပါသည်။ ကျနော့်မှာ ထိုစဉ်က နယ်ချဲ့တော်လှန်ရေးစိတ်ဓာတ် များစွာတင်းမာနေသဖြင့် ထိုစကားကြားရသောအခါ များစွာစိတ်ဆိုးဒေါသထွက်မိသည်။ နောက်မှ မိမိတပ်ဖွဲ့တွင် မြန်မာလူမျိုးက      အနည်းစုကလေးသာဖြစ်သဖြင့် ထိုကိစ္စ ပညာသတိဖြင့်ဖြေရှင်းရမည်ဟုနားလည်လာပြီး ကျနော့်ကိုယ်ရံကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း လက်ဆွဲချီးကျူးလိုက်ပြီး ဆက်ပြီးမသိမသာ ထောက်လှမ်းသွားရန်ပြောကာ လူချင်းခွဲလိုက်သည်။

ကျနော့်တပ်ဖွဲ့တွင် လက်နက်အပိုအသစ် ၁ ဒါဇင်မျှလည်း သေတ္တာ ၂ လုံးနှင့်ထည့်ပြီး သယ်ယူလာကြသည်။ နောက်တပ်တိုးချဲ့သောအခါ သုံးရန်ဖြစ်သည်။ ထိုလက်နက်များကိုပါ သူတို့လိုချင်နေပုံရသည်။

ကျနော်သည် ထိုကိစ္စမဆိုင်းမတွ မိမိကလက်ဦးအောင်လုပ်မှဖြစ်မည်ယူဆပြီး ထိုတပ်စုမှူး ၂ ဦးကို နောက်နေ့တွင် ဖမ်းဆီးလိုက်သည်။ မိမိတပ်ဖွဲ့ကို ပုန်ကန်ရန်ကြံစည်၍ဖြစ်သည်ဟုလည်း ကြေညာလိုက်သည်။

နောက်နေ့တပ်ချီတက်၍ ညနေခရီးဆုံးခါနီး သစ်ပင်နှစ်ပင်ကို ကျနော့်ကိုယ်ရံရဲဘော်အားပြထားပြီး ညကျလျှင် ဖမ်းထားသူတွေကို ချည်နှောင်ထားရန်အတွက်ဟု မှာထားပါသည်။

ထိုညဦးပိုင်းတွင် ဖမ်းထားသောတပ်စုမှူး (၂)ယောက်ကို လုပ်ကြံသတ်ဖြတ်ပစ်ရန် စီမံပြုလုပ်ထား၏၊ ထို (၂)ဦးက တပ်တွင်းပုန်ကန်ရန် ကြံစည်သဖြင့် ငါတို့တပ်မှ လုံးဝထုတ်ပစ်ပြီး အနီးဆုံးထိုင်းရွာတရွာသို့ပို့ထားခဲ့မည်ဟုကြေညာပြီး ညဦးပိုင်းတွင် ထိုင်းရွာတရွာသို့ ပြန်ပို့ရန် အစီအစဉ်ဖြင့် နောက်ပိုင်းသို့ အချုပ်ဖြင့်ပြန်ခေါ်သွားစေပါသည်။ ကျနော်နှင့်ကျနော့်တပ်မှ တပ်မှူးတချို့က နောက်ပိုင်းမလှမ်းမကမ်းအကွာမှ တိတ်တဆိတ် မှောင်ထဲမှလိုက်သွားခဲ့ပါသည်။

အချုပ်နှင့်ခေါ်သွားသူတို့မှာ ကျနော်စီစဉ်ထားသည့်အတိုင်း လမ်းခရီးသစ်ပင် (၂)ပင်သို့ရောက်သောအခါ ထိုညဒီမှာပဲ ခေတ္တအိပ်နားမည်ဆိုပြီး တပ်စုမှူး (၂)ဦးကို ကျနော်ညနေကပြထားသော သစ်ပင် ၂ ပင်တွင် ကပ်ပြီး ကြိုးဖြင့်ချည်နှောင်စေကာ အိပ်ဖို့လုပ်ကြပါသည်။

ထိုစဉ်အတွင်း နောက်ကလိုက်လာသောကျနော်က သူတို့လက်ဆွဲမီးအိမ် မီးရောင်အတွင်းဝင်ရောက်လိုက်ရာ အကျဉ်းသား (၂) ယောက်မှာ သူတို့၏ကံကြမ္မာကိုရိပ်မိပြီး စိုးရိမ်ကြောက်ရွံ့စွာ အော်ဟစ်ကြပါတော့သည်။

ကျနော်က မှန်အိမ်မီးရောင်အောက်တွင် သူတို့အား သေဒဏ်ပေးသောအမိန့်စာကို ဖတ်ပြပါသည်။ “သင်တို့သည် တပ်မတော်ကို ပုန်ကန် သစ္စာဖောက်ရန် လုပ်ကိုင်ကြသည်။ ဤသည်မှာ မြန်မာပြည်သူတို့၏ နှစ်ပေါင်းများစွာကြိုးစားခဲ့သော အင်္ဂလိပ်တို့အောက်မှလွတ်မြောက်ရေး။ အင်္ဂလိပ်တော်လှန်ရေးကြီးကို ပထမဆုံး သစ္စာဖောက်လိုက်ရာကျပေသည်။ သင်တို့ (၂)ယောက်ကို ဗမာ့တော်လှန်ရေးကောင်စီကိုယ်စား ကျွန်ုပ်က သေဒဏ်ပေးလိုက်သည်” ဟုဆိုပြီး ကျနော်နှင့်ပါလာသော ကျနော့်တပ်မှူးများရှေ့မှောက်တွင် အစောင့်ရဲဘော်တယောက်ထံမှ လှံစွပ်တပ်ထားသောသေနတ်တလက်ကို ဆွဲယူလိုက်ပြီး ဒေါသနှင့်ကျနော်အော်ဟစ်ပြီးပြေး၍ တပ်စုမှူးပထမခေါင်းဆောင်ကို လှံစွပ်ဖြင့် ၂ ချက် ၃ ချက် ဆင့်ထိုးပြီး သတ်ဖြတ်လိုက်သည်။

ဤတွင် ၎င်းပထမတပ်စုမှူးပျော့အိပြီး သစ်ပင်တွင်ကပ်လျက် တွဲလောင်းကျသွားတော့မှ မနီးမဝေးရှိအော်ဟစ်နေသော ဒုတိယတပ်စုမှူးရှိရာကို ကျနော်ထပ်သွားပြီး လှံစွပ်ထိုးသတ်ဖြတ်လိုက်ပါသည်။ သတ်ပြီးသူ့အလောင်းကို အနီးရှိရေမြောင်းတခုထဲ ဆွဲယူပစ်ချစေပါသည်။

ပထမတပ်စုမှူးအလောင်းကိုလည်း အလားတူသစ်ပင်မှခွာယူပြီး ရေမြောင်းထဲပစ်ချရန်သွားရာ ထိုတပ်စုမှူးမှာ သစ်ပင်တွင်မရှိတော့ဘဲ သူ့ကိုချည်ထားသောကြိုးသာ တွဲလောင်းကျန်နေပါသည်။

ဤတွင်ကျနော်သည် အနည်းငယ်လန့်ဖြန့်သွားပြီး ထိုလွတ်သွားသောတပ်စုမှူးကို နာရီဝက်ခန့် အနီးတဝိုက်တွင် ရှာဖွေကြသော်လည်း မတွေ့ရတော့ပါ၊

ထိုတပ်စုမှူးမှာ လှံစွပ်ဒဏ်ရာဖြင့် ပျော့ကျသွားစဉ် ချည်ထားသောအုန်းဆံကြိုးရှည်ထွက်လာပြီး ကြိုးကွင်းရှည်ဖြစ်လာရာမှ မျောနေသော တပ်စုမှူး သတိရပြီး ကြိုးကွင်းမှလျှိုထွက်ပြီး သွေးရူးသွေးတန်းထွက်ပြေးသွားပုံရသည်။

ကျနော်တို့သည် ထိုတပ်စုမှူး တနေရာတွင်သေနိုင်သည်ဟုယူဆပြီး ကျနော်၏ သေဒဏ်အမိန့်ကို ထပ်ပြီးဖတ်ပြလိုက်ကာ တပ်ဖွဲ့သို့ ပြန်လာကြသည်။

နောက်တနေ့ တပ်ဆက်လက်ခရီးချီတက်ပြီး ညနေနားပြီး၍ ညစာစားကြရာတွင် ကျနော့်တပ်မှူးငယ်များ ခါတိုင်းလို ကျနော်တို့ထမင်းဝိုင်းသို့ ဝင်မစားကြတာတွေ့ရသဖြင့် ကျနော်က သူတို့ဘယ်မှာစားကြသလည်းမေးမြန်းတော့မှ ဗိုလ်လှဖေက သူတို့ တပ်မှူးကြီးဗိုလ်ကြီးကို ကြောက်ရွံ့ သဖြင့် ထမင်းအတူမစားရဲတော့ဘဲ တနေရာမှာစားကြတာပါဟုပြောသည်။

သည်နောက်နေ့များတွင် ကျနော့်တပ်ဖွဲ့ငြိမ်းချမ်းစွာ ဗမာပြည်တွင်းသို့ချီတက်ကြပါတော့သည်။
           
နာက်တနေ့ ကျနော်တို့ခရီးဆက်ထွက်ရာ မကြာမီလမ်းတွင် ဗိုလ်စောနောင်၏တပ်ခွဲနှင့် ဆုံစည်းမိပါသည်။ သူ့တပ်ထဲတွင် ကောင်းစွာ မကျန်းမာသဖြင့် ရှေ့တန်းဗဟိုတပ်ဖွဲ့နှင့်မလိုက်နိုင်သော ဗိုလ်စကြာလည်း ပါလာပါသည်။ နောက် ဂျပန်တပ်များနှင့်ဆက်သွယ်ရန် ဘီအိုင်အေ တပ်မတော် ဗိုလ်ကြီးရာထူးပေးထားသော ဂျပန်တပ်ကြပ်တဦးလည်း ပါလာပါသည်။

ကျနော်တို့ကို ၎င်းဂျပန်တပ်မှူးတိုက်တွန်းသည့်အတိုင်း တပ် (၂)တပ်ကို ကော်လံတပ်ဖွဲ့တခု ဖွဲ့စည်းပါသည်။ လက်တွေ့ ကျနော်ကပင် ဦးဆောင်ပါသည်။
ကျနော်သည် ဖြစ်ပျက်ခဲ့သော သေဒဏ်ပေးလိုက်သော တပ်စုမှူး(၂)ဦး၏ အဖြစ်အပျက်ကို ဗိုလ်စင်္ကြာအားပြောပြရာ ဗိုလ်စကြာက ထိုထွက်ပြေးသူတပ်စုမှူးဟာ မုချပင်သေဆုံးရမည်။ သွေးရူးသွေးတန်းထွက်ပြေးရာမှ လည်းပြိုပြီး ပြန်မထနိုင်ဘဲသေဆုံးရမည်ဟု ပြောပါသည်။ ဗိုလ်စကြာမှာ ဆေးကျောင်းသားဆရာဝန်လောင်းတဦးဖြစ်၍ ကျနော်လည်း ပိုမိုယုံကြည်မိပါသည်။

ကျနော်တို့ ဆက်လက်ချီတက်ကြရာ ဗမာပြည်အတွင်းပိုင်း သံလွင်မြစ်အရှေ့ဘက်ရောက်လာကြ၏၊ ကျနော်တို့၏ ရှေ့ဘက်မလှမ်းမကမ်းတွင် အင်္ဂလိပ်တို့၏တပ်ဖွဲ့တခုရောက်နေကြောင်း ရွာသားများကတဆင့်သိကြရာ ကျနော်တို့က များစွာ တိုက်ခိုက်လို၍အမြန်လိုက်ကြသည်။ အင်္ဂလိပ်တပ်မှာ ကျနော်တို့တပ်ဖွဲ့သတင်းကြားကာ ကြောက်ရွံ့သဖြင့်အတင်းဆုတ်ခွာပြီး ဗမာပြည်အတွင်းပိုင်းသို့ ပြန်ပြေးတာမြန်ဆန်သဖြင့် မမီလိုက်၍ မတိုက်လိုက်ရပါ၊

မတိုက်လိုက်ရသော်လည်း ကျနော်တို့တပ်ဖွဲ့မှာ စိတ်အားတက်ကြွလျက်ရှိပါတော့သည်။ ကျနော်တို့တပ်ဖွဲ့မှလူများက ကျနော်တို့ကို လူပင် ငယ်သော်လည်း ရဲစွမ်းသတ္တိရှိသောတော်လှန်ရေးတပ်မှူးများ ဖြစ်သည်။ စစ်ပညာလည်းတတ်သူတွေ။ မျိုးချစ်ပုဂ္ဂိုလ်တွေ။ သေမှာမကြောက်သော တော်လှန်ရေးသမားကြီးတွေဟုံကြည်ယူဆပြီး လေးစားအသိအမှတ်ပြုခြင်း ခံလာရသည်။

ဗိုလ်စကြာက ခင်ဗျားတို့တပ်ဖွဲ့ဟာ မနေ့ကအင်္ဂလိပ်တို့၏တပ်နှင့် မတိုက်လိုက်ရသော်လည်း တကယ်တိုက်မည့်ပုံသဏ္ဍန် အမြန်ပြင်ဆင် လိုက်ရသဖြင့် များစွာအတွေ့အကြုံရှိသွားပြီဟု ပြောပါသည်။

ကျနော်တို့တပ်ဖွဲ့သည် ဖာပွန်အောက်မှ တဖြည်းဖြည်း ဗမာပြည်တွင်းသို့ချီတက်လာရာ နောက်ဆုံးစစ်တောင်းမြစ်ကမ်းပေါ်ရှိ “ကွင်းဆိပ်” ဟူသော မြန်မာရွာကြီးသို့ ဆိုက်ရောက်ပါသည်။ ပထမဆုံးတွေ့ရသော မြန်မာရွာကြီးဖြစ်သဖြင့် ကျနော်တို့ များစွာပျော်ရွှင်ကြပါသည်။ ရွာသားများကလည်း ကောင်းစွာကြိုဆို ချက်ပြုတ်ကျွေးမွေးကြပါသည်။ အချို့လည်း ကျနော်တို့တပ်သို့ တပ်သားအဖြစ်ဝင်ရောက်ကြပါသည်။ ကျနော်တို့ ထိုမြန်မာရွာကြီးတွင် တရက်မျှအနားယူကြပါသည်။ အင်္ဂလိပ်တပ်များလည်း ဗမာပြည်မှ အထက်ဗမာပြည်နှင့် အိန္ဒိယပြည်ဘက်သို့ ဆုတ်ခွာနေကြသည်။

ကျနော်တို့တပ်ဖွဲ့ နောက်နေ့တွင် ပဲခူးမြို့ဘက်ဆက်လက်ချီတက်ရာ နောက်နေ့တွင် ပဲခူး မန္တလေးကားလမ်းပေါ်ရှိ “တာဆုံ” ဟူသော ရွာကြီးသို့ဆိုက်ရောက်ပြီး ပဲခူးသို့ ဆက်လက်ချီတက်ကြပါသည်။

ကျနော်တို့တပ်မှာ လာခဲ့သောလမ်းတွင် “လား” တကောင်ကိုဖမ်းမိရာ ကျနော်စီးဖို့ပြင်ဆင်ပေးသဖြင့် ခရီးလမ်းအတော်များများမှာ ကျနော် မပင်ပန်းတော့ချေ၊

ကျနော်တို့တပ်ဖွဲ့ ပဲခူးသို့ရောက်သောအခါ လွန်ခဲ့သောနေ့က ဗိုလ်ဗလနှင့် ဂျပန်ဗိုလ်ကဝါရှီးမာတို့တပ်ဖွဲ့ ပဲခူးတွင် တရက်ဝင်နားပြီး ရန်ကုန်ဘက်ကို ဆက်ပြီးချီတက်ကြသည်ဟု ဝမ်းမြောက်စွာကြားသိရပါသည်။ အင်္ဂလိပ်တပ်ဖွဲ့များလည်း ရန်ကုန်မှာ မခုမခံတော့ဘဲ အထက်ဗမာပြည်မှ အိန္ဒိယသို့ဆုတ်ခွာရန် ချီတက်နေကြပြီဟု သိရပါသည်။

ကျနော်တို့တပ်ဖွဲ့ ပဲခူးတွင်ညအိပ်ပြီး နောက်နေ့ဆက်လက်ပြီး ခြေလျင်ချီတက်ပါသည်။ ထိုအချိန်ဗမာပြည်တွင် စစ်ဖြစ်နေ၍ မော်တော်ကားပြေးဆွဲခြင်းများ မရှိသလောက်ဖြစ်နေပါသည်။ ကျနော်မှတ်မိသည်မှာ လမ်းတွင် “လှည်းကူး” ဟူသော ကျေးလက်မြို့ ကလေးတွင် ကျနော်တို့တပ်ဖွဲ့ကို လူထုကကြိုဆိုချက်ပြုတ် ကျွေးမွေးကြခြင်း ဖြစ်ပါသည်။

ကျနော်တို့နောက်နေ့ “လှည်းကူး”မှ ရန်ကုန်မြို့သို့ ဆက်လက်ချီတက်ကြပါသည်။ နောက်ဆုံးကျနော်တို့ ရန်ကုန်ရောက်ပြီး ကန်တော်ကြီး “ဘုတ်ကလပ်” တွင် ကျနော်တို့တပ်ဖွဲ့ တပ်စွဲပါတော့သည်။ ရန်ကုန်တွင် လူသိပ်မရှိ ကျိုးတိုးကျဲတဲသာရှိပါသည်။

ကျနော်မှတ်မိတာတခုမှာ ကျနော်တို့ လအချို့ရက်ပေါင်းများစွာ မြေကြီးပေါ်တွင်အိပ်ခဲ့ရပြီး ရန်ကုန်ဘုတ်ကလပ်ရောက်မှ ခုတင်များနှင့် သန့်သန့်ရှင်းရှင်းအိပ်ရသောအခါ မအိပ်တတ်သလိုဖြစ်နေတာ မှတ်မိနေပါသည်။ ကျနော့်ရဲဘော်များက ဘုတ်ကလပ်ထဲဝင်ရှာကြဖွေကြပြီး တွေ့လာသည့် ခုတင်နှင့်မွေ့ရာများကိုယူလာပြီး ကျနော့်အတွက်ခင်းကျင်းပေးခြင်း ဖြစ်ပါသည်။ တချို့ရဲဘော်များမှာ အင်္ဂလိပ်မများဝတ်သည့် ဂါဝန်ရှည်ကြီးများ။ ငှက်မွေးနဲ့ဦးထုပ်များ စတာတွေ ရှာဖွေတွေ့ရှိကာ ဝတ်ဆင်လာတာများလည်းရှိ၍ ငိုအားထက် ရယ်အားသန်ရပါသည်။ အင်္ဂလိပ်များက မဆုတ်ခွာခင် ဘုတ်ကလပ်အနီး ကန်တော်ကြီးထဲမှာ ချပြီးဝှက်ထားသည့် အရက်အကောင်းစားများ တချို့ကရှာတွေ့ပြီး မူးယစ်သောက်စားကြတာလည်း မှတ်မိနေပါသည်။ တချို့ရဲဘော်များက တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်များကိုသွားရောက် ပစ်ခတ် ယူဆောင်လာပြီး ဟင်းချက်စားကြတာလည်း ရှိပါသည်။

ကျနော်တို့ ဗမာပြည်မှ ၁၉၄၁ ခုနှစ် အလယ်လောက်က ဂျပန်သို့ စစ်ပညာသင်သွားခဲ့ရာ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သို့ မသေမပျောက် မထိမခိုက်နှင့် ကောင်းစွာပြန်ရောက်လာပြီဖြစ်လို့လည်း အလွန်ဝမ်းသာနေမိပါသည်။    ၊
အပိုင်း (၁) ဆုံး၊


Sunday, March 1, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဗကပ ပြောရေးဆိုခွင့်ရှိသူရဲ့ထုတ်ပြန်ချက်

0 comments
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဗကပ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်
(၁၊၂ဝ၁၅)
(၁ဝ-၂ - ၂ဝ၁၅)
၁။ ကျောင်းသားတွေ တင်ပြတောင်းဆိုတာတွေဟာ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတိုင်း၊ အမျိုးသားရေးစိတ်ရှိသူတိုင်းနဲ့ တိုင်းရင်းသား ပြည်သူအားလုံးကထောက်ခံကြတဲ့ တောင်းဆိုချက်ပါ။ လေးလေးနက်နက်တွေးကြရင် အာဏာရပါတီထဲမှာတောင် ဝိဝါဒတွေကွဲစေနိုင်တဲ့ တောင်းဆိုချက်ဖြစ်တယ်။
ဗကသ၊ တကသ တလျှောက်လုံးစွဲကိုင်လာကြတာက ‘အမျိုးသားဒီမိုကရေစီပညာရေး’ ပါ။ ခုလှုပ်ရှားမှုဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်တာဖြစ်တယ်။
ဒီနေ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေက ကြိုဆိုကြ၊ အားပေးကြတာ ဖြစ်တယ်။
၂။ ကျောင်းသားတွေက ကျောင်းသားအလုပ် လုပ်ကြတယ်။ သူတို့ချင်းတွေ့ဆုံပွဲကို (ဘေးအမြင်အရ)ပြောရရင် ကျောင်းသားတွေက တည်တည်ငြိမ်ငြိမ်နဲ့ ပညာရေးကိစ္စပဲ တင်ပြဆွေးနွေးကြတယ်။ ကလေးက လူကြီးတွေလုပ်သင့်တဲ့အလုပ်ကိုတင်ပြတာ တွေ့ရပြီး လူကြီး (ဝန်ကြီး)ဆိုသူတွေက ကလေးကလားဆန်ဆန်ပြုမူခဲ့ကြတယ်။
ရရာအကွက်က နည်းနည်းလေးဖြစ်ဖြစ် ညစ်လိုက်ကြတယ်။ နောက်တခါ တမျိုးလှည့်ပြီး ညစ်ဖို့လုပ်လာပြန်တယ်။ ပြည်ထဲရေးဝန်ကြီးဆိုသူက “နောက်ကွယ်က ကြိုးကိုင် နေကြတဲ့သူတွေ အားပေးအားမြှောက်လုပ်နေတဲ့သူတွေရှိတယ်။ စောင့်ကြည့် ဖော်ထုတ်မယ်”လို့ပြောတော့ သူတို့တရားခံရှာမရဖြစ်နေတာ ပေါ်လာတယ်။ ပြောင်းပြန်ဖြစ်နေတယ်။ တကယ်က အားပေးအားမြှောက်ပြုနေသူတွေဟာ
နောက်ကွယ်မှာ မနေ၊ ရှေ့ထွက်ပြီး ပွင့်ပွင့်လင်းလင်း ထောက်ခံနေကြတာပါ။
တဖက်မှာ ခရီးတလျှောက် အင်အားတွေစုပြီး လေးခင်းပြခြိမ်းခြောက်တာတွေ အဆက်မပြတ်လုပ်ပြန်တယ်။ သူတို့လုပ်ပေါက်တွေကို ကျောင်းသားတွေက မယုံဘူး - မယုံဘူးပြောနေတာ အဲဒါကြောင့်ပါ။
၃။ အုပ်စိုးသူတွေဘက်က (ဘယ်လိုပဲ) လမ်းကြောင်းလွဲသွားအောင် စွပ်စွဲခြိမ်းခြောက် အကျပ်ကိုင်တာတွေလုပ်လုပ် ကျောင်းသားတွေကတော့ တုန်လှုပ်မှုကင်းကင်းနဲ့ ကိုယ့်လမ်း ကိုယ်လျှောက်နေတာ တွေ့ရတယ်။ ကျောင်းသားများ၊ ပြည်သူများ သတိမပေါ့ကြပါနဲ့။ သူတို့တတွေဟာ လိုအပ်လာရင် ပုံသဏ္ဌာန်တမျိုးမျိုးနဲ့ အကြမ်းဖက်ဖို့ နေရာစေ့ ကွက်ပြည့်နင်းထားကြတယ်။
သူတို့ကြောက်တာဟာ ပြည်သူအားပါ။ ကျောင်းသားတွေရဲ့လုံခြုံမှုဟာ ပြည်သူတွေရဲ့လက်ထဲမှာ ရှိတယ်။ ပြည်သူများ ဝန်းရံပေးကြပါ။ နိုင်ငံရေးအဖွဲ့အစည်းများက (ကျောင်းသားတွေကို အစိုးရက အကြမ်းမဖက်ဖို့) တောင်းဆိုပေးကြပါ။
မီဒီယာလောကသားများ အမှန်ဘက်က ရပ်တည်ပေးကြပါ။

(ကျားနာခဲ ခဲလာမှာကို သတိထားကြပါ)

0 comments
Google
(ကျားနာခဲ ခဲလာမှာကို သတိထားကြပါ)
အခု နောက်ဆုံးထုတ်လာတဲ့ဖဲချပ်က ကိုးကန့်ပြဿနာ။
ဒီနေ့ ဗမာပြည်နိုင်ငံရေး၊ မီဒီယာလောက စတာတွေမှာ ဖုံးလွှမ်းနေတဲ့အကြောင်းအရာကတော့ ကိုးကန့်တိုက်ပွဲတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စပေါ်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတွေစိတ်ဝင်စားနေကြတဲ့ ကျောင်းသားသပိတ်ကိစ္စဟာ နောက်တန်းကိုရောက်သွားပါတယ်။ သူတို့စစ်အုပ်စုကပဲ ကျောသပ်ခဲ့တဲ့ ကိုးကန့်ဦးဖုန်ကြားစင်းအဖွဲ့ကအတိုက်ခံရတာကို သံသေးသံကြောင်တွေနဲ့ တကမ္ဘာလုံးကြားအောင်အော်ဟစ်၊ ပြည်တွင်းက သူတို့လက်ကိုင်တုတ်အဖွဲ့အစည်းတွေနဲ့ သူတို့မွေးထားတဲ့ဖေ့စ်ဘုတ်မြေခွေးတွေကနေ အမျိုးမျိုးဖော်ပြနေတာတွေကိုက ကြည့်လိုက်ရင် ဦးသိန်းစိန်စစ်အစိုးရဟာ အကြံအစည်တခုခုနဲ့လုပ်နေတာဖြစ်တယ်လို့ လူတိုင်းရိပ်မိကြပါတယ်။
ဗမာပြည်သားတွေမမေ့သင့်တဲ့ အချက်တချက်က လက်ရှိအစိုးရဟာ သူတို့ အာဏာရပြီးကတည်းက တိုင်းပြည်မှာ နိုင်ငံရေးလေထု တင်းတင်းမာမာနဲ့ အထိတ်တလန့်ဖြစ်နေအောင် အမြဲဖန်တီးနေတယ်ဆိုတာပါ။ နောက်ပြီး ဘာသာရေး- လူမျိုးရေးပဋ္ဋိပက္ခတွေ နေရာတကာမှာဖန်တီး၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်တာလို၊ ကိုပါကြီး-ဒေါ်ခင်ဝင်းတို့ကို သတ်ပြတာမျိုးတွေကို တခါပြီးတခါ ဖော်ထုတ်နေပါတယ်။ ဒါ့အပြင် သပိတ်ဖြိုခွဲဖို့ ဘယ်နေရာမှာဖြင့် ဘယ်လောက်ကြီးတဲ့ တပ်တွေ၊ လက်နက်ကိုင်တွေစုထားတယ်စတဲ့ ကောလာဟလတွေကိုလည်း မပြတ် ထုတ်လွှင့်နေပါတယ်။ ဒါပေမယ့် တခုလုံးအခြေအနေကို ပြန်ကြည့်လိုက်တော့ လက်ပံတောင်းအရေးအခင်းအပါအဝင် ဘယ်ကိစ္စကိုမှ ပြီးပြတ်အောင်မဖြေရှင်းဘဲ ပြဿနာတန်းလန်းလုပ်ထားတာဟာလည်း သူတို့ရဲ့ နည်းပရိယာယ်တစ်မျိုးဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီနည်းနဲ့ ဒီနိုင်ငံကို စစ်တပ်ကအုပ်ချုပ်နေမှ၊ တိုင်းပြည်ကိုအုပ်ချုပ်မှုမှာ စစ်တပ်ရဲ့အခန်းကိုအသိအမှတ်ပြုမှ ဆိုတာကို မဖြစ်မနေလက်ခံအောင်လုပ်နေတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ တမတ်သားနေရာယူထားတာမပြောနဲ့ တနိုင်ငံလုံးကို အာဏာသိမ်းလိုက်ရင်တောင်မှ သူတို့မလွန်ဘူးလို့ပြောနေတဲ့သဘောပါ။ နောက်ပြီး အရပ်သားနိုင်ငံရေးသမားတွေကိုလည်း ဒီလိုဆူပွက်နေ၊ ပြဿနာတွေ ဗရပွတက်နေတဲ့နိုင်ငံကို မင်းတို့အုပ်ချုပ်လို့ရမလားလို့ မေးထိုးသတိပေးသလို လုပ်နေတာပါ။
တကယ်က ဒီနေ့အခါ ဗမာပြည်မှာ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးအရ ခံစစ်ဘဝကို စပြီးရောက်နေတာပါ။ သူတို့နဲ့ ပြည်တွင်းပြည်ပရှိ သူတို့ကို ဆေးရောင်တင် ပွဲထုတ်ပေးနေသူတွေ၊၊ ကိုယ်ကျိုးအတွက် စစ်ဖိနပ်တိုက်ပေးနေသူတွေက ဒီနိုင်ငံမှာ အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေပြီဆိုတဲ့မှိုင်းလုံးနဲ့စတင်ခဲ့တဲ့ စစ်အစိုးရရဲ့နိုင်ငံရေးထိုးစစ်ဟာ လွှတ်တော်သက်တမ်းတခုစာအတွင်းမှာပဲ ခံစစ်ဘဝကို ရောက်မှန်းမသိရောက်နေရပါပြီ။ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲမျိုးစုံကို အသေအလဲ ခုခံကာကွယ်နေရပါတယ်။ သူတို့အပေါ် ပုံအောခဲ့တဲ့ ပြည်ပကအင်အားစုတွေတောင် အခုအခါ မှာ ဂွအကျကြီးကျလာနေပါတယ်။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ အခက်အခဲဆုံးလို့ မဆိုနိုင်တောင် သူတို့ကျော်လွှားလို့မရတဲ့ နိုင်ငံအခက်အခဲကြီးတခုလည်း ရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ အဲဒါကတော့ လာမယ့်ရွေးကောက်ပွဲပါ။ ဒီရွေးကောက်ပွဲကို ပုံမှန်ရိုးရိုးသားသားကျင်းပရင် သူတို့ဒုက္ခလှလှကြီး တွေ့မယ်ဆိုတာကို သူတို့သိကြပါတယ်။ ဒီနေ့ ဒီတိုင်းပြည်ထဲမှာ သတင်းလုပ်ငန်းကို ခွင့်ပြုပေးထားရတာ၊ နောက်ပြီး သူတို့ပင့်လာတဲ့ အနောက်နိုင်ငံက အဖွဲ့အစည်းပေါင်းစုံလည်းရှိနေတာ စတဲ့အခြေအနေအောက်မှာ အရင်တခါ ၂၀၁၀ ရွေးကောက်ပွဲနဲ့၊ ၂၀၀၈-ဖွဲ့စည်းပုံအတည်ပြုတုန်းကလို အပြတ်ဗြောင်ညစ်ပတ်လို့ မရဘူးဆိုတာ သူတို့သိနေပါတယ်။
ဒါကြောင့် စစ်ဗိုလ်ချုပ်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို ဖျက်တာ၊ ဒါမှမဟုတ် ရွှေ့ဆိုင်းတာတွေလုပ်လာနိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ တိုင်းပြည်တွင်းမှာ မငြိမ်မသက်အောင်လုပ်ထားတာ၊ လူမျိုးရေး-ဘာသာရေးအဓိကရုဏ်းတွေ အချိန်မရွေး ဖောက်ခွဲဖော်ထုတ်လို့ရအောင် ပြင်ဆင်ထားတာ၊ စစ်အုပ်ချုပ်ရေး၊ ညမထွက်ရအမိန့် စတာတွေကို နေရာအကန့်အသတ်၊ အချိန်အကန့်အသတ်နဲ့ပြဋ္ဌာန်းပြနေတာ စတာတွေဟာ လူတိုင်းသိနေတဲ့ သူတို့ရဲ့“ဝှက်ဖဲ”တွေပါ။ နောက်ပြီး စစ်ဗိုလ်ချုပ်တွေဟာ “စစ်တပ်ကို အာဏာသိမ်းခိုင်းသလိုဖြစ်လိမ့်မယ်”ဆိုတဲ့စကားကို မကြာခဏပြောနေတာကိုလည်း သတိပြုသင့်ပါတယ်။
ဒါ့အပြင်မှာ သူတို့မှာ ကြံ့ဖွတ်လို၊ စွမ်းအားရှင်လို ကြေးစားလူမိုက်တွေလည်း လက်ထဲမှာရှိနေပါတယ်။ အခုကိုပဲ ကျောင်းသားဆန္ဒပြပွဲတွေကိုဖျက်ဆီးဖို့ “မခံမရပ်နိုင်တဲ့လူထု” အဖြစ် အသုံးချနေတာ မကြာခဏပဲ မဟုတ်ပါလား။ ကိုးကန့်ပြဿနာကို နိုင်ငံတကာအရေးအခင်း ဖြစ်သယောင်ယောင် အကြီးအကျယ် ဝါဒဖြန့်နေတာဟာ ဒီစီမံကိန်းထဲက တပိုင်းလို့ဆိုရင် မမှားပါဘူး။
လက်ရှိ အရပ်ဝတ်စစ်အာဏာရှင်တွေဟာ အာဏာရှင်စနစ်ကိုကျင့်သုံးရင်းကနေ ဗိုလ်နေဝင်းတို့တုန်းကလို ကျားပေါ်က ပြန်မဆင်းရဲတဲ့အခြေအနေကို ရောက်နေပါပြီ။ ဆင်းလိုက်ရင် သူတို့တလျှောက်လုံး ဂုတ်ခွစီး အနိုင်ကျင့်တာခံနေရတဲ့လူထုတွေက ပြန်ဆုံးမမှာကို ကြောက်နေကြပါပြီ။
ချောင်ပိတ်ရိုက်ခံရရင် ပြန်ကိုက်မှာပါ။
ဒီတရက်နှစ်ရက်အတွင်းမှာပဲ ကျောင်းသားတွေရဲ့လှုပ်ရှားမှုက အရပ်ဝတ်စစ်အစိုးရရဲ့ “ဒီမိုကရေစီနဲ့ အပြောင်းအလဲ”ဆိုတာတွေကို မျက်နှာဖုံးခွာချပြပါတော့မယ်။
စစ်အာဏာရှင်ဆိုတာ သူတို့ရဲ့အာဏာကို အန်တုလာတယ်ထင်ရင် “သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာ မဟုတ်ဘူး၊ တည့်တည့်ပစ်တာ”ဆိုတဲ့စကားမျိုး ပြန်ပြောကြပါလိမ့်မယ်။ တောထဲတောင်ထဲမှာတင်မက၊ ထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ၊ မြို့လယ်ခေါင်လမ်းမပေါ်မှာ သတ်ဖြတ်ရဲတဲ့အကြောင်း ပြသပါလိမ့်ဦးမယ်။
ပြည်သူလူထုဘက်ကတော့ သတိဝိရိယကြီးကြီးနဲ့စည်းလုံးကြဖို့ လိုပါတယ်။
(ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)