Monday, April 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၄)
တတိယပိုင်း
အထူးဗိုလ်သင်တန်း

မကြာမီ ဘယ်လှည့် ညာလှည့် စသည့်အခြေခံစစ်ရေးပြတို့ကို ကျွမ်းကျင်လာသောအခါ၌ ကျနော်တို့သည် မေမြို့တွင် အထူးဖွင့်လှစ်သော ဗိုလ်သင်တန်းတခုကို တက်ကြရသည်။

ကျနော်တို့အမှတ် ၃-၄-၅ ဗမာ့သေနတ်ကိုင်တပ်ရင်းတို့မှ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျနှင့် ကျနော်ဗိုလ်ကျော်ဇောတို့အသီးသီးခေါင်းဆောင်သော အရာရှိဆယ်ဦးစီနှင့် ဗိုလ်အောင်ရွှေခေါင်းဆောင်သော မိတ္ထိလာ၊ မေမြို့မှ မြန်မာအရာရှိအချို့တို့ဖြစ်သည်။ ထိုသင်တန်းသို့ ဗိုလ်မှုးကြီးလက်ျာ လည်း တက်ရောက်သည်။

မျိုးချစ်ဗမာ့တပ်မတော်ကိုဖျက်သိမ်းပြီးနောက် အင်္ဂလိပ်အုပ်ချုပ်သော အမြဲတမ်းစစ်တပ်သို့ဝင်ရောက်ခဲ့ကြပြီးမှ မထမဆုံးအကြိမ်အဖြစ် ကျနော်တို့ တစုတဝေးပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။

ကျနော်တို့၏ သင်တန်းမှုးမှာ မေဂျာဟတ်ဖို့ဒ်ဆိုသူဖြစ်သည်။ ၎င်းမှာ အင်္ဂလိပ်စစ်ပညာအခြေခံများလည်း အတော်ကျွမ်းပုံရသည်။ လေ့ကျင့် ရေးများတွင် အပြေးဝါသနာပါပြီး မကြာခဏပြေးခိုင်းတတ်သည်။ သင်တန်းမှာ ခြေလျင်တပ်ရင်းတခုအတွင်းရှိ စစ်အရာရှိတဦး အထူးသဖြင့် တပ်ခွဲမှုး၊ တပ်စုမှုးအဖြစ်လုပ်ဆောင်ရမည့် စစ်ပညာသင်ကြားရေးများကို အဓိကထား သင်ကြားရသည်။

သင်တန်းမှာ တနှစ်ခန့်သင်ကြားရမည့်သင်တန်းဖြစ်သော်လည်း သုံးလနှင့် တက်သုတ်ရိုက်ပြီးသင်ကြားရသည်။ ကျနော်တို့ ဗိုလ်သင်တန်း ပြီးဆုံးသောအခါ ကျနော်တို့မိမိတပ်ရင်းရှိရာ သံလျှင်မြို့ရှိ ခြေလျင်တပ်ရင်း(၃) သို့ ပြန်လာကြပါသည်။

ဗြိတိသျှတို့ဦးစီးသောစစ်တပ်တွင် စစ်ဗိုလ်ရာထူး ၂ မျိုး ၂ စားရှိသည်။ တမျိုးမှာ ဘုရင့်ကော်မရှင်၊ ထိုကော်မရှင်ရာထူးကို မျက်နှာဖြူများကို သာ ပေးလေ့ပေးထရှိသည်။ ဒုတိယအမျိုးအစားမှာ ဘုရင်ခံချုပ်နှင့်ဘုရင်ခံကော်မရှင်တို့ ဖြစ်သည်။ ထိုကော်မရှင်ရာထူးသည် တိုင်းရင်းသား မျက်နှာဝါ၊ မျက်နှာညို၊ မျက်နှာမဲတို့အတွက်ဖြစ်သည်။ သီးခြားတီထွင်ထားခြင်း ဖြစ်သည်။

ထို ၂ မျိုးမှာ ကွာခြားလှသည်။ လခအားဖြင်း များစွာကွာခြားသည်။ နေထိုင်မှုအဆင့်အတန်း ကွာခြားသည်။ သီးခြားရိပ်သာတွင် ခွဲခြားနေထိုင် ကြရသည်။ ထို့အပြင် အခေါ်အဝေါ်အားဖြင့်လည်း ခြားနားသည်။ ဘုရင့်ကော်မရှင်စစ်ဗိုလ်ကို စက္ကင်းလက်ဖတင်နင်၊ လက်ဖတင်နင်၊ ကပ္ပတိန်စသဖြင့်ခေါ်သည်။ ဘုရင်ခံချုပ်နှင့် ဘုရင်ခံကော်မရှင်စစ်ဗိုလ်ကို ဂျမဒါ၊ ဆူဗဒါ စသဖြင့်ခေါ်သည်။ သို့ရာတွင် တာဝန်ထမ်းဆောင်ရာ မှာတော့ အတူတူပင်ဖြစ်သည်။

ကျနော်တို့ မျိုးချစ်ဗမာ့တပ်မတော်မှလာသောစစ်ဗိုလ်များမှာ ဘုရင့်ကော်မရှင်စစ်ဗိုလ်တွေ ဖြစ်သည်။

နောင်မြန်မာအစိုးရ အာဏာတဖြည်းဖြည်းရလာသောအခါ ထိုသို့အရာရှိနှစ်မျိုးကွဲနေမှုကို ဗိုလ်ချုပ်အောင်ဆန်းတို့ကဖျက်သိမ်းလိုက်ပြီး အားလုံး စက္ကင်းလက်ဖတင်နင်၊ လက်ဖတင်နင်၊ ကပ္ပတိန်တို့ဖြစ်စေသည်။ ဂျမဒါ၊ ဆူဗဒါ စစ်ဗိုလ်တွေကို လက်ဖတင်နင်၊ ကပ္ပတိန်ရာထူးများ သို့ ပြောင်းပေးပြီး လခတွေလည်းတန်းတူရစေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်

ထိုစဉ်အတွင်း ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတလုပ်ကြံခံလိုက်ရပြီဆိုသောသတင်းဆိုးကြီး ကျနော်တို့ကြားရပါ တော့သည်။ ကျနော်တို့ကြီးစွာ တုန်လှုပ်သွားကြပါသည်။

ခြေလျင်တပ်ရင်း(၃) တပ်ရင်းမှုးဒုဗိုလ်မှုးကြီး ဖရစ်ဇယ်သည် ချက်ချင်းလိုပင်တပ်ရင်း၏ အရာရှိအားလုံးတို့ကို သူ့ရုံးခန်းသို့ခေါ်ယူပြီး ဗိုလ်ချုပ်တို့လုပ်ကြံခံရပုံကိုပြောပြပြီး ရဲဘော်များကို ထိန်းသိမ်းကြရန် ပန်ကြားသည်။ သူ့မျက်နှာလည်း မကောင်းပေ။

ကျနော်တို့ ခြေလျင်တပ်ရင်း(၃) သည် သံလျှင်မြို့မှ ရန်ကုန်မြို့ ဂေါ်ရာကုန်းသို့ အပြီးအပိုင်အမြန်ပြောင်းရွှေ့ရပြီး ဗိုလ်ချုပ်တို့ကျဆုံးခဲ့ရခြင်း ကြောင့် မတည်ငြိမ်သောရန်ကုန်မြို့၏အခြေအနေကို ထိန်းရန်တာဝန်ပေးခြင်းခံရပေသည်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရသဖြင့် ဗမာပြည်သူတွေများစွာတုန်လှုပ်ပြီး ဘယ်သူလုပ်ကြံတာလည်း၊ ဘာကြောင့်လည်းဆိုတာ အားလုံးကသိချင်ပြီး တဖက်က ဒေါသထွက်နေကြကာ တဖက်ကလည်းအလွန်ဝမ်းနည်းနေကြပါသည်။

ထိုအတွင်း ကျနော်တို့နှင့်တကွ ပြည်သူအများကို အသိပညာတိုးတက်ပွင့်လင်းစေသောအချက်ကြီးတချက် ပေါ်ထွက်လာသည်။ ၎င်း မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏အတွင်းရေးမှုးသခင်သန်းထွန်းက ဗိုလ်ချုပ်တို့လုပ်ကြံခံရတာဟာ ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့လက်ချက်ဖြစ်သည်ဟု ကြေညာလိုက်ခြင်းဖြစ်ရာ ပြည်သူအားလုံးမှာ နိုင်ငံရေးအရမျက်စိပွင့်သွားလေသည်။

ဗြိတိသျှအစိုးရကလည်း ဗိုလ်ချုပ်တို့ကိုလုပ်ကြံသူမှာ ဂဠုန်ဦးစောတို့ဖြစ်သည်ဆိုပြီး တကယ်လည်းလုပ်ကြံခဲ့သောဦးစောတို့ကို အလျင်အမြန်
ဖမ်းဆီးအရေးယူနေပေသည်။

ပြည်သူအများကတော့ အရင်းခံလက်သည် သည် ဗြိတိသျှနယ်ချဲ့ဆိုသည်ကိုနားလည်ပြီး ဗြိတိသျှတို့အပေါ် အလွန်မုန်းတီးလာကြသည်။ ပြည်သူတို့က ဗြိတိသျှတို့ကိုမောင်းထုတ်ပြီး လွတ်လပ်ရေးတခါတည်း ကြေညာနိုင်ကြသည်။ သို့သော် တကယ်လက်တွေ့လုပ်ကြံသူ ဂဠုန်ဦးစောတို့ခံနေ၍သာ ဗြိတိသျှတို့သက်သာတော့သည်။

ဂဠုန်ဦးစောမှာ ဂျပန်နှင့်တိတ်တဆိတ်ဆက်သွယ်သဖြင့် ဗြိတိသျှတို့က သူ့ကို ဒုတိယကမ္ဘာစစ်ကြီးတခုလုံးအတွင်း အာဖရိက ယူဂန္ဓာသို့ပို့၍ ချုပ်နှောင်ထားသဖြင့် ဒုစစ်ကြီးအတွင်း ဗမာပြည်သူတို့၏နိုင်ငံရေးအသိအလွန်မြင့်သွားခဲ့ပြီဆိုသည်ကို သူမခံစားရ မသိရပေ။ သူ့အနေဖြင့် စစ်မဖြစ်မီ ဗမာပြည်၏ ၉၁ ဌာနအုပ်ချုပ်ရေးအတွေ့အကြုံသာရှိပြီး အတွေးအခေါ်လည်းအလွန်နောက်ကျနေပုံရသည်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတော့ရင် ဦးစောကဝန်ကြီးချုပ်အဖြစ်နှင့် ဦးစောအစိုးရဖြစ်နိုင်ချေရှိသည့်သဘော နယ်ချဲ့ဗြိတိသျှတို့၏အသံကိုလည်း ဦးစောယုံကြည်မျှော်လင့်နေပုံရသည်။

ဗြိတိသျှတို့အပေါ် သခင်သန်းထွန်း၏စွပ်စွဲချက်သည် နိုင်ငံရေးအရ တရားခံအစစ်ကိုစွပ်စွဲခြင်းဖြစ်သည်။ ဗြိတိသျှတို့က ဦးစောတို့ကို အရေးယူခြင်းမှာ တိုက်ရိုက်ရာဇဝတ်ကြောင်းအရဖြစ်သည်။ ဗြိတိသျှအစိုးရတို့က ဗိုလ်ချုပ်လုပ်ကြံခံရမှုကိစ္စတွင် သူတို့ပါဝင်သည်ဟူသော စွပ်စွဲမှုကို အပြင်းအထန်ငြင်းဆိုပြီး အကြောင်းတိုက်ဆိုင်တိုင်း ထိုကိစ္စကို ကာကွယ်ပြောဆိုခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရမှု အနှစ်ငါးဆယ်မြောက် အထိမ်းအမှတ်အတွက် ၁၉၉၆ ခုနှစ်ကုန် ၁၉၉၇ ခုနှစ်ဆန်းလောက်တွင် အင်္ဂလန်၊ လန်ဒန်မြို့ဘီဘီစီအသံလွှင့်ဌာနမှ ကျနော်နှင့်တွေ့ဆုံမေးမြန်းပါသည်။ ထိုမေးခွန်းများအနက် ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတွေလုပ်ကြံ သနည်းဆိုသောမေးခွန်းအပေါ်  ကျနော့်၏ ပြန်လည်ဖြေကြားချက်ကို ယခုဖေါ်ပြပါမည်။
ဘီဘီစီ၏ မေးခွန်းအမှတ် (၁)။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန်သတ်သူဟာ ဘယ်သူလို့ခင်ဗျားထင်မြင်ပါသနည်း။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန်သတ်သူဟာ ဗြိတိသျှအစိုးရဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ကြံမှုကြီး ဖြစ်ပါတယ်။

ဘီဘီစီ၏ မေးခွန်းအမှတ် (၂)။ ဘာကြောင့်ဒီလိုပြောနိုင်ပါသနည်း။
ဖြေ။ အဘယ်ကြောင့်ဆိုသော် - ဗိုလ်ချုပ်အသတ်ခံရတာမှာ အကြောင်းရင်း (၄)ခုရှိတယ်လို့ ကျနော်ထင်မြင်ပါသည်။

(က) ပထမအကြောင်းကတော့ ဗိုလ်ချုပ်သည် တိုင်းပြည်တပြည်လုံးကို စည်းလုံးညီညွတ်အောင်လုပ်နိုင်သူခေါင်းဆောင် ဖြစ်ပါသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် မြန်မာပြည်တပြည်လုံးစည်းလုံးညီညွတ်သွားမှာကို ကြောက်ကြပါသည်။ ဤသည်မှာ အဓိကအကြောင်းရင်း ဖြစ်သည်။
(ခ) ဒုတိယအကြောင်းမှာ ဗိုလ်ချုပ်သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပြန်ပြီးစည်းလုံးင်္ညီညွတ်သွားနိုင်ပါသည်။ ဗြိတိသျှတို့သည် ဤအချက်ကို လည်း ပူပန်စိုးရိမ်ကြသည်။
(ဂ) တတိယအကြောင်းမှာ ဗြိတသျှတို့အနေနဲ့ ဗိုလ်ချုပ်ကိုဖယ်ရှားနိုင်လိုက်ရင် ဗမာပြည်ကို လွယ်ကူစွာကိုင်တွယ်သွားနိုင်မည်ဟု ယူဆကြသည်။
(ဃ) စတုတ္ထအချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မှာ ဗြိတိသျှတို့၏အုပ်စိုးမှုကို “လက်နက်ကိုင်” ပြီး လွတ်လပ်ရေးအတွက် တိုက်ခဲ့သူဖြစ်သဖြင့် နောင် ဤကဲ့သို့မျိုး ဗြိတိသျှအင်ပါယာမှာမပေါ်ရဲအောင် လက်စားချေဆုံးမရန်အတွက် တန်ပြန်သတ်ဖြတ်လိုခြင်း ဖြစ်ဟန်ရှိသည်။

ဤအဖြေအတွက် အထောက်အထားအချက်အလက်များ ထင်မြင်ချက်များပေးရန်လိုတဲ့အတွက် အောက်ပါအတိုင်း အချက်တချို့ကို တင်ပြ လိုက်ပါသည်။

၁။ ပထမအထောက်အထား။
ဦးစော လက်နက်ကိုင်ရာဇဝတ်မှုကြီးတခုအတွက် စီစဉ်လှုပ်ရှားနေသည်များကို ဗြိတိသျှအစိုးရက ကြိုတင်သိရှိနေခဲ့ပါသည်။ ထိုလှုပ်ရှားမှု များသည် ဗိုလ်ချုပ်အောင်ဆန်းကိုဦးတည်နေသည်ဆိုသည်ကိုလည်း ၎င်းတို့နားလည်နိုင်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ ကျနော်မှတ်မိနေတာ (၂)ချက်လောက် ရှိပါသည်။

ပထမအချက်။ အစိုးရပုလိပ်အဖွဲ့က ဗိုလ်ချုပ်တို့လုပ်ကြံမှုအရေးအခင်းမပေါ်ခင်ကတည်းက ဦးစောရဲ့အိမ်ကို အိမ်နီးချင်းခြံတခြံအတွင်းက သစ်ပင်ပန်းပင်တွေအကြား အမြဲစောင့်ကြည်ဖို့အလှည့်ကျတာဝန်ချပြီး စောင့်ကြည့်ရတဲ့အထဲမှာ ကျနော်နှင့်ဆွေမျိုးနီးစပ်တော်သူ ပုလိပ်ကလေးမောင်မောင်ဆိုသူ (နောင် စစ်တပ်တွင်းပြောင်းလာသည်။) က ကျနော့်ကိုပြောပြဖူးတာတွေရှိပါသည်။ ဦးစောနှင့် ခြံအတွင်း လှုပ်ရှားနေပုံတွေကို အခင်းမဖြစ်မီတပတ်အလို သူစောင့်ကြည့်တာဝန်ကျစဉ် တွေ့ရသမျှကိုအထက်ကိုအစီရင်ခံရကြောင်း သူတာဝန်မကျစဉ် အချိန်ကတည်းက စောင့်ကြည့်နေကြတာဖြစ်လို့ ဒီလိုစောင့်ကြည့်နေတာဟာ တပတ်မကဖြစ်နိုင်ကြောင်း ဆိုပါတယ်။

ဒုတိယအချက်။ ၁၉၆ဝ ခုနှစ်နှင့် (၇ဝ)ခုနှစ်များအတွင်း ဗိုလ်ချုပ်တို့ကျဆုံးသောအာဇာနည်နေ့မှာ မြန်မာသတင်းစာတစောင်ထဲတွင် ထိုနေ့ အတွက် ဆောင်းပါးတစောင်ပါလာပါသည်။ ဦးစောနေထိုင်သည့် အေဒီလမ်းနှင့်ဆိုင်သည့် မရမ်းကုန်းပုလိပ်ဌာနမှာ ထိုစဉ်ကဌာနအုပ်ဖြစ်ခဲ့သူ ပင်စင်စားပုလိပ်အရာရှိကြီးတဦး ရေးသားသည့်ဆောင်းပါးထဲတွင် ဖွင့်ချထားသည်မှာ - ဗိုလ်ချုပ်တို့အရေးအခင်းမဖြစ်မီ ဦးစောအိမ်ခြံအတွင်း လှုပ်ရှားဖြစ်ပျက်နေမှုတွေကို သူတို့ပုလိမ်ဌာနကထောက်လှမ်းသိရှိပြီး အထက်သို့အစီရင်ခံစာတွေရေးနေရသည်မှာ အတော်ကြာကြောင်း သူတို့ လှုပ်ရှာသွားလာနေတာတွေ တွေ့ပြီး တခုခု ရာဇဝတ်မှုကြီးလုပ်တော့မည်ဆိုသည်ကိုသိနိုင်သော်လည်း အဘယ်ကြောင့်အရေးယူ ဖမ်းဆီးမှုတွေလုပ်ရန်အမိန့်မပေးသနည်းဆိုသည်ကို နားမလည်ကြောင်း ရေးသားထားပါသည်။

ဤကိစ္စတွင် ဦးစောလှုပ်ရှားမှုတွေက ရာဇဝတ်မှုကြီးတခုခု လုပ်တော့မည်ဆိုသည်ကို ဗြိတိသျှအစိုးရအနေနှင့် တော်တော်စောစောကတည်း က သိနေပြီး၊ ၎င်းသည်လည်း ဘာကိုရည်ရွယ်သည်ဆိုတာလည်း သိနားလည်နိုင်ပါလျက် ထိထိရောက်ရောက်ကြိုတင်အရေးယူမှု ဘာမှ မလုပ်ကြသည်မှာ ထင်ရှားပါသည်။

၂။ ဒုတိယအထောက်အထား။
က။ ထိုကာလထုတ်ဝေသော သတင်းစာ၊ စာနယ်ဇင်းနှင့်စာအုပ်များအရသိရှိချက်များ ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုး ကပ္ပတိန်ဗီဗီယန်းနှင့် ဘရင်းဂန်းအလက်(၂ဝဝ) လက်နက်မှုကြီးဖြစ်ပါသည်။ ဗီဗီယန်းသည် စစ်ဘက်မှ ပုလိပ်ဘက်သို့ မကြာမီကမှ ပြောင်းလာသူဖြစ်ပါသည်။ ပုလိပ် လက်နက်ပစ္စည်းထောက်ပံ့ရေးဌာန ရာဇဝတ်ဝန်ကလေးဖြစ်သည်။ ဗီဗီယန်းက ဦးစောကို ဘရင်းဂန်းအလက်(၂ဝဝ) ထုတ်ပေးခဲ့သည်။ ၂၄ /၆ /၄၇ နေ့တွင် ဦးစော၏လူရင်း ဖော်ကောင်ဘညွန့်နှင့်အဖွဲ့က ပုလိပ်ယောင်ဆောင်၍ ဗိုလ်တထောင် အမှတ် ၂၂၆ (BOD) အခြေစိုက် လက်နက်တိုက်မှ ဗီဗီယန်းနှင့်ဦးစောတို့၏စီစဉ်ပေးမှုဖြင့် လာရောက်ထုတ်ယူသွားခဲ့သည်။ ထိုစဉ်က ထုတ်ယူသွားသည့်လက်နက်များမှာ ဘရင်းဂန်းသေနတ် အလက်(၂ဝဝ)၊ ပြောင်းတို(၂ဝဝ) နှင့် မဂ္ဂဇင်းကျည်ကပ်(၈ဝဝ)တို့ကို အလွယ်တကူထုတ်ယူသွားခဲ့ကြသည်။

ခ။ ဒုတိယအကြိမ် ဗီဗီယန်းက ဦးစောအား ခဲယမ်းကျည်ဆန်များ နောက်ထပ်ထုပ်ပေးပြန်ရာ အရင်တခေါက်အတိုင်း ဦးစော၏လူရင်း ဖော်ကောင်ဘညွန့်နှင့်အဖွဲ့က ၁ဝ/၇/၄၇ နေ့က (၁၆)မိုင်ရှိ မင်္ဂလာဒုံအခြေစိုက် ခဲယမ်းမီးကျောက်တပ်မှ သွားထုတ်ယူခဲ့သည်။ ထုတ်ယူ သွားခဲ့သောပစ္စည်းများမှာ ပွိုင့်(၃ဝ၃)ရိုင်ဖယ်နှင့် ဘရင်းသေနတ်ကျည်ဆံ(၁ဝဝဝဝဝ)၊ စတင်းကျည်ဆံ(၂၅၆ဝဝ) (စစ်တပ်ထုတ် တပ်မတော် သမိုင်းတတိယတွဲ-နှာ ၁၄၉ တွင် ၎င်းကျည်ဆံ(၂၅၆ဝဝ)လို့သာဆိုထားရာ ထိုဂဏာန်း ပိုမှန်နိုင်) လက်ပစ်ဗုံး(၂ဝဝ)တို့ဖြစ်သည်။ ထိုစာရင်းတွင် စတင်းဂန်းမည်မျှဟုမပါသော်လည်း အရေးအခင်းကြီးပြီးစ (၂၁ /၇/၄၇) နေ့တွင် ဦးစောအိမ်အနီးရှိရေကန်ထဲတွင် သတင်းအရရှာဖွေရာတွင် ရေကန်အတွင်း ရေအောက်လေလုံသေတ္တာတွေအတွင်းတွင်ထည့်ထားသော ဘရင်းဂန်းအလက်(၁၇ဝ)နှင့် စတင်းဂန်းအလက်(၁ဝဝ)တို့ကို တွေ့ရှိရမိသည်ဟု ထိုကာလစာနယ်ဇင်းများတွင် ဖော်ပြခဲ့ပါသည်။

ဂ။ ထိုဘရင်းဂန်း အလက်(၂ဝဝ)နှင့်ကျည်ဆံများကိစ္စမှာ လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း ကြီးမားသော အထောက်အထား ကြီး ဖြစ်ပေသည်။ ဤမျှလောက်များပြားသော (အစိုးရခြေလျင်တပ်ရင်း ၆ ရင်းစာခန့်ဖြစ်ပြီး ထိုကာလ ဗမာ့တပ်မတော်တပ်ရင်းများ၏ ထက်ဝက်စာဖြစ်သည်။) လက်နက်များကို ဦးစောဝယ်ယူတာလည်းမဟုတ်၊ ဗီဗီယန်းက ထုတ်ပေးတာသာဖြစ်သည်။ ဤမျှလောက် များပြားသောလက်နက်ခဲယမ်းများကို အထက်အာဏာပိုင်တို့၏သဘောထားမပါဘဲ ထုတ်ပေးတာမဖြစ်နိုင်။ ဗီဗီယန်းအတွက် ကိုယ်ကျိုး ငွေကြေးရရှိတာလည်း မရှိပေ။ အလွန်ထင်ရှားသည့်အချက်ကြီး ဖြစ်ပေသည်။

ဃ။ ထိုလက်နက်မျာုးတ်ပေးခဲ့ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းတို့ကိုလုပ်ကြံသတ်ဖြတ်ရေးအတွက် တွန်းအားပေးခြင်းသာမက ၎င်းနောက်တွင် ကြီးမားသော ကြံစီချက်ကြီးတခုလည်းရှိနေသည်ကို ကျနော်တို့မြင်နိုင်ပေသည်။ ဤမျှများပြားသောလက်နက်ခဲယမ်းများကြောင့် ဦးစောက ဗိုလ်ချုပ်တို့ကိုလုပ်ကြံသတ်ဖြတ်ရုံမျှမက နောက်ထပ်ဆက်ပြီး ဗမာပြည်တွင် သူအာဏာရရှိရေးအတွက် ပုန်ကန်ထကြွမှုကြီး ဖြစ်သွားနိုင်အောင်အတွက်ပါ ရည်ရွယ်ချက်နှင့်ပေးသည်ဟုလည်း ကောင်းစွာထင်ရှားသိနိုင်သည်။ သို့ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ပြည်တွင်းစစ်ကြီးဖြင့်ပြိုကွဲအားနည်းသွားစေရန် ကြံစည်အားထုတ်ခဲ့ကြောင်းလည်း ခန့်မှန်းသိရှိနိုင်ပေသည်။

၃။ တတိယအထောက်အထား။

က။ ဦးစောသည် လုပ်ကြံမှုကြီးအတွက် ၁၉၄၆ ခုနှစ် ကစပြီး လက်နက်ခဲယမ်းများစုဆောင်းနေရာ ကုက္ကိုင်း အမှတ်(၁) ဘီအီးအမ်အီးတပ်မှ တပ်မှုး အင်္ဂလိပ်လူမျိုး မေဂျာ စီ၊ အိပ်ခ်ျ၊ အိပ်ခ်ျ၊ ရန်းနှင့် ရင်းနှီးကြပြီး ၎င်းထံမှ ဆပ်မရှင်းဂန်းတလက်၊ အမေရိကန်ကာဘိုင်(၃) လက်၊ စတင်သေနတ်(၁) လက်၊ တော်မီသေနတ်(၂) လက်၊ လူဂါပစ္စတို(၁) လက်၊ ခြောက်လုံးပြူးသေနတ်(၂)လက်နှင့် ယမ်းတောင့်များကို ရယူခဲ့သည်။

ခ။ ထို့်ပြင် အင်္ဂလိပ်လူမျိုး ဗိုလ်မှုးလန်းစ်ဒိန်းထံမှလည်း စပရင်းဖီးရိုင်ဖယ်သေနတ်(၁) လက်၊ တော်မီသေနတ်(၂) လက်၊ ကာဘိုင်သေနတ် (၁)လက်နှင့် ယမ်းတောင့်များကိုရရှိခဲ့သည်။ (၎င်းလက်နက်များမှာ အချို့ကို ငွေပေးဝယ်ယူပုံရသည်။)

ဂ။ ထို့ပြင်သတင်းစာများအဆိုအရ ဗိုလ်ချုပ်ကိုပစ်သတ်သောကျည်ဆံမှာ ဒန်ဒန်ခေါ် အလွန်ပြင်းထန်ပြီး အဆိပ်ပါသောကျည်ဆံဟု ဆိုကြ သည်။ မိုင်းပွန်စော်ဘွားကြီး ဒဏ်ရာမပြင်းဘဲသေဆုံးရသည်ဟု ဆိုသည်။

ဃ။ ၎င်းလက်နက်များမှာ လုပ်ကြံမှုကြီးအတွက် အင်္ဂလိပ်ဗိုလ်မှုးနှစ်ဦးထံမှ ဦးစောကအခိုင်အမာ ကြိုတင်ရရှိထားခြင်းဖြစ်သည်။
အထက်ပါဒုတိယနှင့် တတိယအထောက်အထားကြီးနှစ်ခုသည် လုပ်ကြံမှုတွင် ဗြိတိသျှအစိုးရပါဝင်ကြောင်း အလွန်ထင်ရှားသော အထောက် အထားများဖြစ်သည်။

၎။ နောက်အထောက်အထားအချို့ကတော့၊ ဗိုလ်ချုပ်လုပ်ကြံခံရမှု လိုက်လံစုံစမ်းစစ်ဆေးရာမှာပါဝင်ခဲ့တဲ့ ထိုစဉ်က ဒုတိယပုလိပ်မင်းကြီး ဖြစ်ခဲ့သူ ကွယ်လွန်သူ ဦးထွန်လှအောင်၏သား ဦးခင်အောင်က ၁၉၉၃ ခုနှစ်လောက်ကရေးခဲ့တဲ့ “အောင်ဆန်းကို ဘယ်သူသတ်သလည်း စာအုပ်မှ လိုရင်းကို ဘီဘီစီက ၁၉၉၃ ခုနှစ်အတွင်းအသံလွှင့်ချက်များကို ကျနော်ရရှိထားရာ ထိုအထဲမှ အတောက်အထားအချို့ကို ဆက်လက် တင်ပြသွားပါမည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၃)
တတိယပိုင်း
ကန္ဒီအစည်းအဝေးနှင့်စာချုပ်

၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သီဟိုကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့တွင် အရှေ့တောင်အာရှဒေသဆိုင်ရာ မဟာမိတ်တပ်များ၏စစ်သေနာပတိချုပ် မောင့်ဘက်တန်နှင့် မျိုးချစ်ဗမာ့ တပ်မတော်ကိစ္စကိုတွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေးကို သဘောတူကြောင်းဆုံးဖြတ်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ရွေးခြယ်ခဲ့ပါသည်။
၁။ ဗိုလ်ချုပ်အောင်ဆန်း - စစ်သေနာပတိချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်။
၂။ ဗိုလ်လကျာ် - ဒုတိယစစ်သေနာပတိချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်။
၃။ ဗိုလ်နေဝင်း - ရှေ့တန်းစစ်ဌာနချုပ်မှူး၊ မျိုးချစ်ဗမာ့တပ်မတော်။
၎။ ဗိုလ်ဇေယျ - စစ်ဦးစီးချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်။
၅။ ဗိုလ်ဇော်မင်း - (ဦးမောင်မောင်ကျော်ဝင်း)စစ်ရေးဌာန၊ မျိုးချစ်ဗမာ့တပ်မတော်။
၆။ ဗိုလ်ကျော်ဇော - တိုင်းမှူး၊ မျိုးချစ်ဗမာ့တပ်မတော်။
၇။ ဗိုလ်မောင်မောင် - တိုင်းမှူး၊ မျိုးချစ်ဗမာ့တပ်မတော်။
၈။ ဦးဘဖေ - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်။
၉။ စောဘဦးကြီး - ဗဟိုကောင်စီဝင်၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်။
၁ဝ။ ကိုညိုထွန်း - ရခိုင်ပြည်နယ်၊ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်။
၁၁။ သခင်သန်းထွန်း - အထွေထွေအတွင်းရေးမှူး၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်။

ကန္ဒီအစည်းအဝေးခေါ်ယူရခြင်းမှာ မျိုးချစ်ဗမာ့တပ်မတော်မှတောင်းဆိုသကဲ့သို့ ဗြိတိသျှအာဏာပိုင်များအနေဖြင့်လည်း မျိုးချစ်ဗမာ့ တပ်မတော်အရေးကို အပြီးသတ်ဖြေရှင်းနိုင်ရန် မခေါ်လျှင်မဖြစ်သောအခြေအနေကြောင့် ခေါ်ယူကျင်းပရခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကျနော်တို့ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ၁၉၄၅ ခုနှစ် စက်တင်ဘာ (၄)ရက်နေ့တွင် လေယာဉ်ဖြင့်ထွက်ခွာလာခဲ့ရာ ကာလကတ္တားမြို့တွင် ညအိပ်ရပ်နားပြီးနောက် ကန္ဒီမြို့သို့ စက်တင်ဘာ (၅)ရက်နေ့တွင် ရောက်ရှိခဲ့သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာ (၆)ရက်နေ့တွင် အရှေ့တောင်အာရှဒေသဆိုင်ရာမဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့ဒ်လူဝီ မောင့်ဘက်တန်၏ရုံးခန်းမဆောင်၌ ကန္ဒီအစည်းအဝေးကိုစတင်ကျင်းပကြပါသည်။

ထိုအစည်းအဝေးသို့ ကျနော်ပါသွားစဉ် မှတ်မိသောအကြောင်းအရာတခုမှာ ကျနော့်အိတ်ထဲတွင် ကိုယ်ပိုင်ငွေ ၂ ကျပ်သာပါသွားတာကို မှတ်မိပါသည်။ နောက် ကျနော်ငွေသုံးရန်နည်းနည်းလိုသောအခါ ဦးဘဖေကြီးဆီမှတောင်းယူသုံးစွဲခဲ့ရပါသည်။ ကန္ဒီမှပြန်လာသောအခါ တချို့ ကိုယ်စားလှယ်တွေ အိန္ဒိယမှ နိုင်ငံခြားပစ္စည်းတွေဝယ်လာနိုင်ကြသော်လည်း ကျနော်က ဘာလက်ဆောင်ပစ္စည်းမှ ဝယ်မလာနိုင်ချေ။

အစည်းအဝေးတွင် မြန်မာဘက်မှ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၁၁)ဦးနှင့် ဗြိတိသျှတို့ဘက်မှ လော့ဒ် မောင်ဘက်တန်၊ ဒုတိယဗိုလ်ချုပ်ကြီးဆလင်းတို့ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၂၅)ဦး တက်ရောက်ကြသည်။ ထိုအထဲတွင် မြန်မာပြည်အစိုးရအဖွဲ့ဝင် အိုင်စီအက်စ်ဦးတင်ထွဋ် ပါဝင်ပါသည်။
အစည်းအဝေးတွင် လော့ဒ်မောင့်ဘက်တန်ကစ၍ ဗြိတိသျှတို့၏ မြန်မာနိုင်ငံ ပြန်လည်သိမ်းပိုက်ရေးအတွက် ဆင်နွှဲခဲ့သည့် တိုက်ပွဲစဉ် တလျှောက်လုံးတွင် ဖတပလ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပုံ၊ ဗမာ့တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီမှုနှင့် ကြိုးပမ်းဆောင် ရွက်ချက်များကို မည်သို့မည်ပုံ ဝါဒဖြန့်ချိပေးခဲ့ပုံတို့ကိုပြောကြားပြီး  အမှတ် (၁၄)တပ်မတော်စစ်သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆလင်း အား မြန်မာနိုင်ငံတိုက်ပွဲစဉ်တွင် ဗမာ့တပ်မတော်အင်အားစုများထံမှ ရရှိခဲ့သောအကူအညီနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားစေသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း မိမိတို့ဘက်က ဗြိတိသျှတိုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်၊ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ တွေ့ရှိ ရသည့်အခက်အခဲများကို တင်ပြဆွေးနွေးပါသည်။

စက်တင်ဘာ (၇)ရက်နေ့တွင် နှစ်ဘက်ကိုယ်စားလှယ်များ အပြီးသတ်တွေ့ဆုံဆွေးနွေးပြီး မျိုးချစ်ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် ကန္ဒီစာချုပ်ကိုလက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်သန်းထွန်းတို့က လက်မှတ်ရေးထိုးပြီး ဗြိတိသျှတို့ဘက်မှ မောင်ဘက်တန်ကရေးထိုးသည်။

ထိုစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ တပ်သားဦးရေ(၅၂ဝဝ)နှင့်အရာရှိ(၂ဝဝ)ကို အမြဲတမ်းမြန်မာနိုင်ငံတပ်မတော် Burma Regular Army ထဲသို့ ပူးပေါင်းထည့်သွင်းရန်ဖြစ်ပါသည်။ ကန္ဒီစာချုပ်ကို ထိုအချိန် ဘရောက်ဒါဝါဒဝင်နေစဉ်ကာလမှာချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေးကို ငြိမ်းချမ်းသည့်နည်းနဲ့ တောင်းဆိုနိုင်သည်ဆိုသောအယူအဆအောက်မှာ လက်နက်ကိုင်နှစ်သောင်းကျော်ရှိသည့် မျိုးချစ်ဗမာ့ တပ်မတော်ကို ဖျက်သိမ်းပေးလိုက်ရပါသည်။ သို့သော် တဖက်တွင်လည်း ထိုအထဲမှ လူပေါင်းငါးထောင်ကျော်ကို အမြဲတမ်းတပ်အတွင်းသို့ သွတ်သွင်းလိုက်နိုင်ပါသည်။ ဤသည်ကတော့ အရှုံးထဲကအမြတ် ဖြစ်ပါသည်။

ဤသို့ဖြင့် ကန္ဒီစာချုပ်သဘောတူညီချက်အရ မျိုးချစ်ဗမာ့တပ်မတော်ကို  အမြဲတမ်းမြန်မာနိုင်ငံတပ်မတော်ထဲသို့ ပူးပေါင်းသိမ်းသွင်းဖွဲ့စည်း ခဲ့ပြီး အမှတ် (၃)ဗမာ့သေနတ်ကိုင်တပ်ရင်းကို သံလျင်မြို့၌လည်းကောင်း၊ အမှတ် (၄)ဗမာ့သေနတ်ကိုင်တပ်ရင်းကို ပြည်မြို့၌လည်းကောင်း၊ အမှတ် (၅)ဗမာ့သေနတ်ကိုင်တပ်ရင်းကို ပျဉ်းမနားမြို့၌လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

အမှတ် (၃)တပ်ရင်းတွင် ကျနော်၊ အမှတ် (၄)တပ်ရင်းတွင် ဗိုလ်နေဝင်း၊ အမှတ် (၅)တပ်ရင်းတွင် ဗိုလ်ဇေယျတို့က ဗိုလ်မှူး (မေဂျာ)ရာထူးဖြင့် ဒုတိယတပ်ရင်းမှူးများ ဖြစ်ကြပါသည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးများမှာ မျက်နှာဖြူအင်္ဂလိပ်လူမျိုးများ ဖြစ်သည်။

မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိ၊ အကြပ်တပ်သားတို့ကိုလည်း ကန္ဒီစာချုပ်တွင်သတ်မှတ်ထားသည့် အရေအတွက်အတိုင်း စစ်ဌာနချုပ်များ၊ လေ့ကျင့်ရေးတပ်များ၊ မိတ္ထီလာရှိအမြောက်တပ်နှင့် အထက်ပါသေနတ်ကိုင်တပ်ရင်း (၃)ရင်းတို့သို့ ဖြန့်ဝေခဲ့ပါသည်။

သံလျင်စခန်း အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် အိုင်းရစ်လူမျိုး ဒုဗိုလ်မှူးကြီးသန်းဒါးကတပ်ရင်းမှူးဖြစ်ပြီး ကျနော်က ဒုတပ်ရင်းမှူး ဖြစ်ပါသည်။ ကျနော် သံလျင်ခြေလျင်တပ်ရင်း(၃) ဒုရင်းမှူးဖြစ်စဉ်ကာလတွင် ဂျပန်ခေတ် အထူးသဖြင့် ဂျပန်တော်လှန်ရေးကာလ ဆင်းရဲဒုက္ခ ဒဏ်တို့ကြောင့် ကျနော်အနည်းငယ် မကျန်းမမာဖြစ်နေပါသည်။

တပ်ရင်း(၃) ၏ တပ်ခွဲမှူးများမှာ ဗြိတိသျှစစ်တပ်နှင့်ပါလာသော မျက်နှာဖြူများ၊ ကပြားများဖြစ်ကြ၍ ကျနော်တို့ မြန်မာအရာရှိများမှာ ဒုတပ်ခွဲမှူးနှင့်တပ်စုမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထိုဗြိတိသျှတို့နှင့် ပါလာသည့်တပ်ခွဲမှူးတို့က ဒုရင်းမှူနေရာတွင် ကျနော့်ကို ဖယ်ရှားပြီး သူတို့လိုချင်လာပါသည်။ ထို့ကြောင့် ကာနယ်သန်းဒါးနဲ့ကျနော့်အကြား တိုက်ခိုက်ကြသဖြင့် ကာနယ်သန်းဒါးက ကျနော့်ကို မလေးမစားဆက်ဆံလာကာ မသင့်မတင့်ဖြစ်လာပါသည်။ ကျနော်လည်း စိတ်ညစ်လာသဖြင့်၊ နောက် အင်္ဂလိပ်များကိုလည်း မုန်းတီး နေသဖြင့် ၎င်းတို့အောက် မနေတော့ဘဲ တပ်မှထွက်ရန်အထိစိတ်ကူးပြီး ဗိုလ်ချုပ်အောင်ဆန်းထံသွား၍ တပ်ကထွက်လိုကြောင်းနှင့် ကာနယ်သန်းဒါးနှင့် မသင့်မမြတ်ဖြစ်ပုံတို့ကို ပြောပြပါသည်။

ဗိုလ်ချုပ်က ခင်ဗျားဟာ တပ်နှင့်သင့်တော်သူ ဖြစ်တယ်။ တပ်မှာ ဆက်နေပါ။ မသင့်တာတွေကတော့ ခင်ဗျားဟာ ရဲဘော်သုံးကျိပ်ဝင်လည်း ဖြစ်၊ ကန္ဒီစာချုပ်ကိစ္စမှာလည်းပါဝင်ခဲ့သူဖြစ်လို့ ဒါတွေသူတို့သိလို့ ဖိနှိပ်တာပဲ။ ခဏတော့သည်းခံပါ။ ရေရှည် သူတို့အာဏာရနေမှာ မဟုတ် ပါဘူးဟုဖျောင်းဖျပြောဆိုသဖြင့် ကျနော်တပ်ကမထွက်ဖြစ်ဘဲ တပ်ထဲတွင်ပင် ဆက်နေရန်ဆုံးဖြတ်လိုက်ပါသည်။ သန်းဒါးလို အမှုထမ်း တယောက်ကဗိုလ်ကျတာကို ခေတ္တတော့သည်းခံရမည်ဟု နားလည်လာပါတော့သည်။
တပ်ရင်း(၃) ၏ ဒုတပ်ခွဲမှူးများမှာ ဗိုလ်ကြီးစိန်မှန် (နောင် ဗိုလ်မှုးကြီးစိန်မှန်) ၊ ဗိုလ်ကြီးသောင်းကြည် (နောင် ဗိုလ်မှုးကြီးသောင်းကြည်)၊ ဗိုလ်
ကြီးကျော်ထွန်း (နောင် ဗိုလ်မှုးကျော်ထွန်း)၊ ဗိုလ်ကြီးချစ်မြိုင် (နောင် ဗိုလ်မှုးကြီးချစ်မြိုင်)၊ ဗိုလ်ကြီးစိန်ဝင်း (နောင် ဗိုလ်မှုးချုပ်စိန်ဝင်း)၊ ဗိုလ်ကြီးတင်မောင် (နောင် ဗိုလ်မှုးကြီးတင်မောင်) တို့ ဖြစ်ကြပါသည်။

ထိုစဉ်ကဒုတပ်ခွဲမှုးများအားလုံးမှာ ဗိုလ်ကြီးရာထူးများနှင့် ဖြစ်ပါသည်။

ကျနော်တို့မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိများသည် မိမိတို့တပ်ရင်းအလိုက် ဂေါ်ရခါးတပ်ကြပ်ကြီးများထံမှ ဗြိတိသျှလက်အောက်ခံတပ်များ ၏ စစ်လေ့ကျင့်ရေးအခြေခံစစ်သင်တန်းများကို လေ့ကျင့်သင်ယူရပါသည်။


Thursday, April 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၂)

တတိယပိုင်း

နေသူရိန်လူထုအစည်းအဝေးကြီး
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးသမိုင်း၏ မှတ်တိုင်တတိုင်ဖြစ်သော နေသူရိန် လူထုအစည်းအဝေးကြီးကို ရန်ကုန်မြို့တွင် ဖတပလအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့ပါသည်။ ဗဟန်းရှိ နေသူရိန်ရုပ်ရှင်ရုံတွင်ကျင်းပပြီး ရပ်ကွက်အလိုက်ပြည်သူလူထုများနှင့် တပ်မတော်သားအများအပြား အလံကိုင်ဆောင်ပြီး ကြွေးကြော်သံများတိုင်ကာ တခဲနက်ညီညွတ် တက်ကြွစွာ ကျင်းပခဲ့ကြပါသည်။ ကြွေးကြော်သံများမှာ လွတ်လပ်ရေးစိတ်ဓာတ်အပြည့် အားမာန်အပြည့်ပင်ဖြစ်သည်။ ရုပ်ရှင်ရုံထဲတွင် လူပရိသတ်မှာမဆန့်တော့ဘဲ ဘေးတဝိုက်ရှိကွက်လပ်မှန်သမျှတွင် ပြည့်နေပါတော့သည်။ အနီခံပေါ်တွင်ကြယ်ဖြူရှိသော တော်လှန်ရေးအလံနီများလည်း တလူလူလွင့်နေပါသည်။ အသံချဲ့စက်များလည်း တပ်ဆင်ထားပါသည်။



ဖတပလ အဖွဲ့ချုပ်မှ ဥက္ကဌဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသောဦးစီးအဖွဲ့ဝင် မျိုးချစ်ဗမာ့တပ်မတော်မှတပ်မှူးများအားလုံး စုံစုံညီညီတက်ရောက် ကြပါသည်။ အစည်းအဝေးသဘာပတိမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး အတွင်းရေးမှူးမှာသခင်သန်းထွန်းဖြစ်ကာ အခမ်းအနားမှူးမှာ သခင်ချစ် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိမိန့်ခွန်းပြောကြားပါသည်။ ဗိုလ်ချုပ်က ဖတပလ ဖွဲ့စည်းရသည့်အကြောင်းအရာများ၊ တပ်မတော်နှင့် ပြောက်ကျားတပ်များ၏ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများ၊ ရှေ့လျှောက်လုပ်ရမည့် လွတ်လပ်ရေးလုပ်ငန်းစဉ်များ စသည်များကို ပရိသတ်လက်ခုပ်သံများကြားမှ ပြောကြားသွားပါသည်။ ထို့နောက် အဆိုအများအပြားတင်သွင်းပြီး ထောက်ခံဆွေးနွေး သူများကလည်း ထောက်ခံပြောဆိုသွားကြပါသည်။



ထိုအစည်းအဝေးကြီးတွင် ကျနော်က မျိုးချစ်ဗမာ့တပ်မတော်ကိုယ်စား တိုင်း (၄)တိုင်းမှူး ဗိုလ်မှူးကျော်ဇောအနေဖြင့် အဆိုအမှတ် (၃) ဖြစ်သော တနိုင်ငံလုံးညီညွတ်ရေးအဆိုကို တင်သွင်းခဲ့ပါသည်။



၎င်းညီညွတ်ရေးအဆိုတွင် ကျနော်တင်ပြခဲ့သောအကြောင်းအရာတချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

“ကျနော်တို့အားလုံးရဲ့ ရှေ့ရည်ရွယ်ချက်ဟာ ဘာလဲ။ လွတ်လပ်ရေးပဲ။ အဲဒီလွတ်လပ်ရေးစခန်းကိုမရောက်ခင် ဒီစစ်အခြေအနေအရ ပထမက တကယ်အာဏာရှိအမျိုးသားယာယီအစိုးရ၊ ဒုတိယက အရွယ်ရောက်သူတိုင်းတင်မြှောက်တဲ့ တိုင်းပြည်ြုပလွှတ်တော်ကြီး တည်ဆောက်ဖို့ပဲ။ နောက် အဲဒီလွှတ်တော်ကြီးကနေပြီး ဗမာပြည်အနာဂတ်အုပ်ချုပ်ရေးကို ဆွဲဖို့ပဲ။ ဒီအချက်တွေဖြစ်မြောက်ဖို့ဆိုလျှင် အရေးအကြီးဆုံးအချက်က နိုင်ငံညီညွတ်ရေးပဲ။ ကျနော်တို့နိုင်ငံမညီညွတ်ရင် လွတ်လပ်ရေးဟာ ဝေးသထက်ဝေးမှာပဲ။ ကျနော်တို့ဝမ်းထဲမှာ ဒီအချက်ဟာ မီးတောက် နေပါတယ်။ ဒါကြောင့် ကျနော်ဝမ်းထဲရှိသမျှ ထုတ်ဖော်ပြောပါရစေ



“ကျနော်တို့ ဒီလိုဒုက္ခတွေခံရတာ၊ အသေအကျေခံရတာတွေကိုထောက်ထားပြီး ညီညွတ်ကြစေချင်လို့ ယခု ကျနော်တို့တိုက်ပွဲမှာ တစိတ်တပိုင်းဖြစ်တဲ့ ကျနော်တွေ့ကြုံသမျှ လွတ်လပ်ရေးတိုက်ပွဲတွင်း ကျနော်နဲ့အတူတိုက်ခဲ့တဲ့ရဲဘော်တွေရဲ့ကိုယ်စား အစီရင်ခံပါရစေ” ဟု ကျနော်ကပြောကြားပြီး ကျနော်နှင့် သခင်ချစ်တို့ခေါင်းဆောင်တဲ့ စစ်တိုင်း (၄)အတွင်း ၁၉၄၅ ခုနှစ်က ကျနော်တို့တိုက်ခဲ့ရတဲ့ ဖက်ဆစ်ဂျပန် ဆန့်ကျင်တော်လှန်ရေးတိုက်ပွဲအချို့အကြောင်းကို ဦးစွာတင်ပြပြောဆိုခဲ့ပါသည်။



ထိုအကြောင်းအရာများကို ကျနော်သည် ကျနော့်အတ္ထုပ္ပတ္တိဒုတိယပိုင်း ဖက်ဆစ်တော်လှန်ရေးကာလအကြောင်းအရာများ ရေးသားစဉ်က ထည့်သွင်းဖော်ပြပြီးဖြစ်သဖြင့် ထပ်မံမရေးသားတော့ပါ။ ယခု ထိုစဉ်က ကျနော်တင်သွင်းသောညီညွတ်ရေးအဆို၏ အရင်းခံစာသားပိုဒ်သာ တင်ပြပါတော့မည်။ ထိုအဆိုမှာ -



“ထို့ကြောင့် ဤအစည်းအဝေးကြီးက ဗမာနိုင်ငံတွင် ခေါင်းဆောင်မည့်ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းတို့က စိတ်ဝမ်းကွဲပြားခြင်း အလျဉ်းမရှိဘဲ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးအတွင်းသို့ ထိရောက်စွာဝင်ရောက်လုပ်ကိုင်ကာ ဗမာနိုင်ငံ လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအရပ်ရပ်တို့ကို တညီတညွတ်တည်း နှောင့်နှေးဆိုင်းငံ့ခြင်းအလျဉ်းမရှိဘဲ ဆောင်ရွက်ကြရန် ဤအစည်းအဝေးကြီးမှ လေးနက်စွာတိုက်တွန်းပါကြောင်း



ထိုအဆိုစာပိုဒ်ကို ကျနော်က ဖတ်ကြားတင်သွင်းပါသည်။ ထိုအဆိုကို ဗိုလ်မှူးရဲထွဋ်နှင့် ပျော်ဘွယ်ဦးမြတို့က ပြောဆိုထောက်ခံသွားလေသည်။ ကရင်အမျိုးသားခေါင်းဆောင်တဦးဖြစ်သော ဆရာသာထိုနှင့် ဦးဘိုးမြတို့ကလည်း ဗမာနိုင်ငံလွတ်လပ်ရေးအတွက် တမျိုးသားလုံးညီညွတ် ကြဖို့လိုကြောင်း ညီညွတ်ကြမှသာ ဗမာပြည်ကျွန်ဘဝမှလွတ်မြောက်မည်ဖြစ်ကြောင်းတို့ကို ပြောကြား၍ “တနိုင်ငံလုံးညီညွတ်ရေးအဆို”ကို ထောက်ခံဟောပြောသွားသည်။ ရုံတွင်းရုံပြင်ရှိ လူထုပရိသတ်ကြီးကလည်း သြဘာလက်ခုပ်များတီးပြီး ကြွေးကြော်သံများဟစ်ကြွေးလျက် တခဲနက်ထောက်ခံကြလေသည်။ တညီတညွတ်တည်း အတည်ပြုလိုက်ကြပါသည်။



ထို့နောက် ဖတပလလုပ်ငန်းစဉ်များ၊ ဦးစီးအဖွဲ့ဝင်အမည်စာရင်းများ စတာတွေဖတ်ကြားပြီး နောက်ဆုံးတွင် သဘာပတိ ဗိုလ်ချုပ် အောင်ဆန်းက အစည်းအဝေးနိဂုံးချုပ်ပြောကြားပါသည်။ ထိုအစည်းအဝေးကြီးကို နောက်ဆုံးတွင် လူထုပရိသတ်ကြီးက ကြွေးကြော်သံများ ဟစ်ကြွေးပြီး စိတ်အားတက်ကြွစွာဖြင့် အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပါသည်။



ယခု ကျနော်တို့နှင့်အတူ ကွန်မင်းမြို့မှာနေထိုင်လျက်ရှိသော ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒုဥက္ကဌဟောင်းတဦးဖြစ်သူ ဦးခင်မောင်ကြီးက သူကြုံတွေ့ခဲ့ရသော ထိုနေသူရိန်အစည်းအဝေးကြီးနှင့်ပတ်သက်ပြီး ကျနော့်ကို ပြန်လည်ပြောပြဖူးသည်မှာ သူ ထိုအစည်းအဝေးကြီးကို ဗမာပြည်အာရှလူငယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့ဖူးကြောင်း၊ ကျနော့်မိန့်ခွန်းကိုလည်း ကြားဖူးကြောင်း၊ အလွန်စိတ်အားတက်ကြွဖွယ် ဖြစ်ကြောင်း၊ အစည်းအဝေးကြီးကလည်း အလွန်ကြီးကျယ်စည်ကားကြောင်း ပြောပြဖူးပါသည်။

ဤတက်ကြွဖွယ် အစည်းအဝေးကြီးက ဗမာပြည်၏လွတ်လပ်ရေး ရှေ့ရေးအလားအလာကို ထွန်းပြောင်စေလိုက်ပါသည်။ တနိုင်ငံလုံးရှိ ပြည်သူအပေါင်းကိုလည်း လွတ်လပ်ရေးတိုက်ပွဲတွင်း နိုးကြားစွာပါဝင်လာကြရန် လှုံ့ဆော်လိုက်ပါတော့သည်။ ကျနော်တို့တွင် နိုင်ငံရေး အရလည်း ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ကျန်နိုင်ငံရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ညီညွတ်စွာဖွဲ့စည်းထားသည့် ဖတပလအဖွဲ့ချုပ်ကြီး ရှိနေပြီဖြစ်သည်။ စစ်ရေးအရလည်း လွတ်လပ်ရေးကို မရအရတိုက်ပေးမည့် လက်နက်ကိုင်တပ်မတော်လည်း ရှိနေပြီဖြစ်သည်။

လွတ်လပ်ရေးအတွက် အဆင်သင့်ဖြစ်ကြပေပြီ။