Monday, April 13, 2015

၂ဝ၁၅ မတ်နဲ့ဧပြီထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မတ်နဲ့ဧပြီထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)
(မျိုးတေဇာမောင်သမ္မတ) ဧပြီ ၁၃၊ ၂ဝ၁၅။
၅၉(စ)တွေ၊ ၃၄၆ တွေ ဘာတွေညာတွေခနထား၊ ကုန်ကုန်ပြောမယ် ၂ဝဝ၈ ဖွဲ့စည်းပုံကြီးပါဘေးချိတ်ပြီး လူထုက သမ္မတကိုတိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့စနစ် ခုနေခါ ဗမာပြည်မယ်လုပ်ကြည့်........
မျိုးတေဇာမောင်သမ္မတကို လူထုမေတ္တာဘယ်လောက်တုံးမှန်း၊
စစ်အုပ်စုကို လူထုဘယ့်လောက် တူးတူးခါးခါးမုန်းမှန်း၊
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ့်လောက်မျှော်လင့်ကိုးစားယုံကြည်ကြမှန်း လယ်ပြင်မှာဆင်သွားတာထက်တောင် ရှင်းထွက်သွားမယ်။
(ကျန်တာတွေကတော့ ရှင်းတယ်ဗျာ မျိုးတေဇာမောင်သမ္မတဆိုတာကဘာလဲဗျ ဆိုလို့။ ဘီဘီစီနဲ့အင်တာဗျူးမှာ လက်ပံတန်းကိစ္စ စစ်သမဍ္ဍမတသိန်းစိန်ဖြေတာကို ကဗျာဆရာမျိုးတေဇာမောင်က "လုပ်တော့သမ္မတ၊ ပြောတော့ခွေးစကား၊ ငါလိုးမသား"တဲ့ဗျ။ ဒါနဲ့ ကျနော်လည်း အဲ့ဒီကတည်းက ဒီ စစ်သမ္မတကို မျိုးတေဇာမောင်သမ္မတလို့ပဲခေါ်ရတော့တာဗျ။ သမ္မတဘရက်ခ်အိုဘားမားလို့ခေါ်ရတာ ပြဿ နာမရှိပေမယ့် ဗမာသမ္မတကိုကြ သမ္မသိန်းစိန်လို့ခေါ်ရင် မကောင်းဘူးလေ။ နောက်ပြီး သူများတွေခေါ်သလို သမ္မတကြီး သမ္မတကြီးခေါ်ရအောင်ခေါ်ကြတော့ အမြင်မတော်ဆင်တော်နဲ့ခလောက်ဗျ.။ ဒါနဲ့ ဘယ့်နှယ်ခေါ်ရကောင်းပါမလဲတွေးနေတုန်း ဗြုန်းဆို လိုက်ဖက်မယ့် Noun in Apposition တခုရသွားတာဗျ။ ကဗျာဓာတ်လေးလည်း ပါတာပေါ့လေ)


(၂ဝ၁၅ ထင်ရာပြောများ) ဧပြီ ၁၃၊ ၂ဝ၁၅
“၂ဝ၁၅ ရွေးပွဲ(ဖြစ်ခဲ့ရင်)ဘာဖြစ်မယ်ထင်လဲဗျ”ဆိုတာက ဖလှယ်ချင်တဲ့သဘော တီးခေါက်ကြည့်တဲ့သဘောဆန်ပါတယ်။ ပြီးတော့ ဘာဖြစ်မယ် “ထင်”သလဲဗျ ဆိုတော့ ထင်တာတွေပြောကြည့်မိတာဖြစ်ပါတယ်။
ကျနော်က ၂ဝ၁၅ ဟာ ဗမာ့အနာဂတ်(၅)နှစ်စာကို အဆုံးအဖြတ်ပေးမယ့်နှစ်လို့မမြင်ဘူး။ စစ်လွှတ်တော်လူရွေးပွဲနဲ့ သမ္မတဘယ်သူလုပ်ပြီး ၂ဝဝ၈ ကို ဘယ်လို ဆက်ကာကွယ်သွားဖို့ထက်ပိုတဲ့ရည်ရွယ်ချက် မမြင်မိသေးဘူး
ပြီးတော့ ၂ဝ၁၂ တုန်းကလို ခြံထဲမဝင် ဝင်အောင် ချော့သွင်းမြှူသွင်းရမယ့်အကြောင်းလည်း မရှိတော့ဘူး။ နိုင်ငံတကာစောင့်ကြည့်ခွင့်(အကန့်အသတ်နဲ့)ပေးမယ်ဆိုပေမယ့် ညစ်မယ်ဆို သဏ္ဍန်စုံနည်းစုံနဲ့ ညစ်လို့ရတယ်။ မနိုင်ရင် လူချတဲ့နည်းနဲ့ အချိန်မရွေးကောက်ကိုင်ပြီး ပွဲဖျက်ပစ်လို့ရတဲ့ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုတွေဖန်တီးမယ့် ခြေလှမ်းပြင်ထားတာလည်းရှိနေတယ်။ အပစ်ရပ်ငြိမ်းချမ်းရေးကိစ္စလောက်နဲ့တော့ အချိန်ဆွဲတာရွှေ့တာ မလုပ်လောက်ဘူးထင်တယ်။ “နိုင်ငံတကာစောင့်ကြည့်”ဆိုတာကလည်း “စောင့်ကြည့်ပြီး ကြေညာချက်ထုတ်”တာထက် ဘာမှ ပိုမစွမ်းဆိုတာလည်း လူတိုင်းသိတာပါပဲ။
နောက်တချက်က အနောက်၊ ဥရောပနဲ့ ဂျပန်အပါအဝင်နိုင်ငံတွေက ဒေသတွင်းကိစ္စအကြောင်းပြပြီး “အတိုက်အခံ”ဆိုသူများထက် စစ်အုပ်စုကို “ပင်း”နေတဲ့အချိန်ဖြစ်တယ်။ တရုတ်ဟာကွန်မြူနစ် ဟုတ်တုတ် မဟုတ်ဟုတ် စီးပွားရေးအရ အနောက်ရဲ့ ရန်သူတော်နံပတ်တစ်ဖြစ်နေပြီ။ ဒီမိုကရက်တွေအာဏာရလာရင် တရုတ်ဆန့်ကျင်ရေး ဘယ်လောက်သေချာလုပ်မယ်မလုပ်ဘူး မပြောနိုင်ပေမယ့် ကိုယ်ကျိုးနဲ့ယှဉ်ရင် တိုင်းပြည်ကို သစ္စာဖေါက်ပြီး ရှူးတိုက်တိုင်းကိုက်မယ့်ခွေးဖြစ်နေတဲ့“စစ်အုပ်စု”ကမှ သူတို့အဖို့ နည်းနည်းရေရေရာရာရှိသေးတယ်။ တလျှောက်လုံး ယူအင်န်အပါအဝင်နေရာတကာမှာ ဒင်းတို့ကို ဖေးမခဲ့သူကိုတောင် အနောက်ကိုမြှူဖို့ ထိပ်ပုတ်ခေါင်းပုတ်နဲ့ မရဲတရဲနားရွက်တံတွေး သွားဆွတ်ပြသေးတာပဲ မဟုတ်လား။
သူနဲ့မိုင်သောင်းချီဝေးတဲ့နိုင်ငံတနိုင်ငံမှာ သူ့ယိမ်းတဲ့အာဏာတရပ်ရပ်ဖြစ်ထွန်းနေဖို့ အမေရိကန်ဘက်ကလိုလားတယ်ဆို နယ်စပ်ဒေသကုန်းတွင်းပိုင်း မိုင်ထောင်ချီထိစပ်နေတဲ့ တရုတ်ကလည်း သူ့အိမ်နီးခြင်းတိုင်းပြည်မှာ(အနည်းဆုံး) သူ့ မဆန့်ကျင်တဲ့အစိုးရမျိုး ရှိစေ့ချင်မှာပဲ။ ဆိုတော့ အမေရိကန်ဘက်ကကြည့်ကြည့် တရုတ်ဘက်ကကြည့်ကြည့် စစ်အုပ်စုဟာ အဆီတဝင်းဝင်း သဲတရှပ်ရှပ်ဝက်သားတုံးပဲ။ အကိုင်အတွယ်တတ်ရင် သဲဖယ်ပြီး အဆီစားအသားမြိုလို့ရမယ်လို့ ၂ ဘက်လုံးကတွေးပေမယ့် စစ်အုပ်စုဟာ သူတို့ထင်သလောက် မ “အ”ဘူး။ ကြားညပ်ကာမှညပ်ရော တိုင်းပြည်မြေဇာပင်ဖြစ် ကာမှဖြစ်ရော (ခုချိန်ထိတော့) ၂ ဘက်လုံးကို “တည်”ပေးထားပေမယ့် “ကွင်း”က ငါ့ကွင်းနော်။ “အိမ်ရှင်ဟာ ငါဖြစ်တယ်” ဆိုတာကိုပြထားနိုင်တယ်။ ရေရှည်မှာ မကောင်းပေမယ့် ၂ဝ၁၅ ဖြတ်ဖို့အတွက်ကြတော့ ဒါဟာ အကောင်ဆုံး ကိုင်ကစားနိုင်တဲ့ နိုင်ဖဲပဲ။ Win Card ပဲ။ ၂ ဘက်လုံးအတွက်တော့ စစ်အုပ်စုဟာ သေချာသလောက်ရှိတဲ့ “အိပ်ထောင်ထဲက တမတ်”ပဲ။
အင်န်အယ်လ်ဒီကလည်း ဝင်မှာပဲ။ ညစ်လည်း အများစုနေရာနဲ့နိုင်မှာပဲ။ ၉ဝ လို၊ ၂ဝ၁၂ ကြားဖြတ်လို တောင်ပြိုကမ်းပြိုတော့ မဟုတ်လောက်ဘူး။ ပွဲပြီးရင် လွှတ်တော်နေရာ၊ အစိုးရအဖွဲ့ဝင်နေရာနဲ့ အခြား အာဏာရဲ့အချက်အခြာနေရာတွေအတွက် အပေးအယူ အလျှော့အတင်းတွေလုပ်ကြမှာပဲ။ ကျန်တာတွေမှာ အကန့်အသတ်နဲ့လိုက်လျောနိုင်ပေမယ့်
ကာ/လုံကိုတော့ သူတို့ချည်း “စီး”ထားနိုင်အောင်လုပ်မှာပါ။ အာဏာရဲ့တကယ့်သော့ချက်ဟာ ဒါကိုး။ သေနတ်ကို အမိန့်ပေးနိုင်တာ ဒီနေရာကိုး။ ကာ/လုံအချက်မပြရင် သမ္မတတောင် အီးကျယ်ကျယ်ပေါက်လို့မှမရပဲကိုး။
လူထုဘက်ကလည်း “လူတည်မြဲ မဲသန့်ရှင်း”လုပ်မှာပဲ။ စစ်အုပ်စုကလည်း “ရှူံးလည်း နိုင်ရမယ်” လုပ်မှာပဲ။ ရွေးကောက်ပွဲသက်သက်လေးရဲ့ မဲအနိုင်အရှူံးအဆုံးအဖြတ်ဟာ လူထုအပေါ်တည်တယ်ဆိုပေမယ့် လူထုလိုချင်သူသမ္မတဖြစ်ဖို့ လူထုကြိုက်အစိုးရဖြစ်လာဖို့ဆိုတာက လူထုအား လူထုလှုပ်ရှားမှုကြီးတွေမပါပဲ ဖြစ်ကိုမဖြစ်ဘူး။ အဲ့ဒါမပါရင် ဘာမှ မဖြစ်ကြောင်း နှစ်ပေါင်းအစိတ်ကျော်က သက်သေရှိနေနှင့်ပြီ။
အဲ့ဒါ ခင်ဗျားတီးခေါက်ကြည့်တဲ့ ကျနော့် “အထင်”တွေပါ။ နောက်တော့ ဖြည်ဖြည်ဖြန့်ဖြန့်လေး ပြောပါဦးမယ်။
တကွက်ချင်းစီလေးတွေ ကွက် ကွက် ပြီးတော့ပေါ့။

(ကော်ကောင် အောင်သောင်း) ဧပြီ ၁၃၊ ၂ဝ၁၅
တောင်သာဗိုလ်အောင်သောင်းကိုကွက်ပြီး လူမျိုးရေးဘာသာရေးအကြမ်းဖက်မှုတွေအတွက် ဆန်ရှင်လုပ်တယ်ဆိုတော့ အစိုးရကထွန့်ထွန့်လူးပြီး လွှတ်တော်က ဆတ်ဆတ်ခါတယ်။ အမတ်ထီးအမတ်မအပေါင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးမို့ ဘယ်စစ်ဗိုလ်မှမထိနဲ့ဆိုကာ မဲတပြားမကျန် ပွက်ပွက်ညံအောင် ကန့်ကွက်ခဲ့ကြတယ်။ ခေါင်းဆောင်ဆိုသူတချို့ မျက်နှာပြောင်တိုက်ပြီး ထွက်တောင် ဗြောင်လိမ်ရန်ထောင်ခဲ့ကြသေးတယ်။
ဘာအမျိုးသားပြန်လည်သင့်မြတ်ရေးမှမဟုတ်ဘူး “ငါ့တော့ တောက်လျှောက် ပစားပေးနေမှာပဲ”လို့ ထင်တလုံးနဲ့အားကိုးမိရာကနေ နိုင်ငံရေးအရအဖက်လုပ်မခံရတော့တဲ့အခါ အရွဲ့တိုက်ပြ စိတ်ကောက်ပြတဲ့သဘောပဲ။
ခုလည်း လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲရာမှာတာဝန်ရှိသူဆိုပြီး ပြည်ထဲရေးဝန်စစ်ဗိုလ်ကို ပုဇွန်ခေါင်းလုပ်ပြဖို့ စစ်အုပ်စုတစုလုံးကိုကာကွယ်ပေးဖို့ရည်ရွယ်ချက်နဲ့ အနောက်ဖက်က ခြေလှမ်းပြင်တယ် နိမိတ်ပြတယ်။ တကယ်လုပ်မလုပ်တော့ ရေရေရာရာဘာမှမရှိသေး။ ဒီတခါလည်း လွှတ်တော်ကြီးက တူးတူးခါးခါးကန့်ကွက်ကြဦးမလားက တွေးစရာပဲ။
အနောက်အုပ်စုကျင့်သုံးတဲ့ နိုင်ငံရေးနည်းပရိယာယ်တွေထဲမှာ ဒီလို တကောင်ချင်းဖဲ့ထုတ် ဟိုင်းလိုက်တ်လုပ်ပြီး တစုလုံးကိုကာကွယ်ပေးတဲ့နည်းလည်းပါတယ်။ တိုင်းပြည်နဲ့လူထုအပေါ် ကျူးလွန်သမျှအကြမ်းဖက်မှုတိုင်း၊ မတရားမှုတိုင်း၊ ဖိနှိပ်မှုတိုင်းဟာ ကာ/လုံရဲ့သဘောထား
ကာ/လုံရဲ့မူကိုအကောင်အထည်ဖော်ရတာချည်းပဲ။ ကိစ္စသေးသေးတွေမှာ တာဝန်ရှိသူဟာ တကောင်ချင်း သဘောထားနဲ့ ဗိုလ်ကျရမ်းကားတာရှိပေမယ့် တစုံလုံးဆိုင်ရာပေါ်လစီ ကိစ္စတွေကြတော့ ကာ/လုံမီးစိမ်းမပြရင် ဘယ်ဝန်ကြီးမှ အမြီးမလှုပ်ဝံ့ နားရွက်မခတ်ဝံ့ဘူး။
ဒါကို အန်ကယ်လ်ဆမ်ကြီး မသိဟုတ်သိတယ်။ သိတာမှ ကိုယ်တွေထက်တောင်သိသေး။ သူလည်း ဒီအတိုင်းသွားနေတာပဲ။ တခါတလေ သိတ်ကြီး ဟိုးလေးတကြော်ဖြစ်မှ စီအိုင်အေကို ထိုးကျွေးလိုက်တာမျိုး၊ ကာကွယ်ရေးဝန်ကိုဖယ်လိုက်တာမျိုး သံအမတ်အစားထိုးတာမျိုး စတာတွေ လုပ်လာခဲ့တာပဲ။ ထူးဆန်းသလားဆိုတော့ မဆန်းဘူး။ သူ့နိုင်ငံ သူ့အခြေအနေ သူ့နိုင်ငံရေး သူ့လူထုနဲ့သူ အသားကျနေပြီမို့ ဘယ်သူမှစကားလုပ်ပြောမနေကြဘူး။
“မထူးဆန်းဘူးဆို မင်းက ဘာလို့ အထူးအဆန်းလုပ်ပြောနေရသလဲ”ဆိုတော့ ဒါက ဗမာပြည်ဖြစ်နေလို့ပဲ။ ဒါက တိုင်းပြည်ရဲ့ပဋိပက္ခမှန်သမျှကို အဓိကဖန်တီးနေတဲ့ တရားခံလက်သည်လည်းဖြစ်တဲ့၊ ရက်စက်ယုတ်မာမှုနဲ့ သွေးစုပ်မှုကမ်းကုန်တဲ့ စစ်အုပ်စုကြီးတစုလုံးနဲ့ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စီးပွားရေးစနစ်ကြီးတခုလုံးကို ကာကွယ်ပေးဖို့၊ ဗမာပြည်သူတွေ နိုင်ငံရေးမျက်စေ့လည်စေဖို့၊ တရားခံအစစ် ကူဖျောက်ပေးဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ကြံမှုဖြစ်နေလို့ပဲ။
လူထုက မျက်စေ့မလည်ဘူး။ မျက်ခြေလည်းမပြတ်ဘူး။ တရားခံလည်း မပျောက်ဘူး။.လည်နေ ပြတ်နေ ပျောက်နေတာက ဒီမိုကရေစီတို့ အတိုက်အခံတို့အမည်ခံပြီး စစ်လွှတ်တော်ထဲဝင် စစ်အုပ်စုနဲ့ပလူးပလဲလုပ် ၂ဝဝ၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်နေသူတွေပဲ။


(ခြောက်ပွင့်ဆိုင်နဲ့ကြုပ်ကြက်လိပေါ်လစီ) ဧပြီ ၁ဝ၊ ၂ဝ၁၅
ခြောက်ပွင့်ဆိုင်ဆိုပြီး စစ်အုပ်စုက သူတို့ မလိမ့်တပတ်လုပ်ထားတဲ့ အပစ်ရပ်မူကြမ်း အင်န်စီစီအေအဆင့်သဘောတူညီချက်အဂျင်ဒါထဲ ဒေါ်စုကိုဆွဲစေ့တဲ့ခြေလှမ်းပဲ။ ကျန်တာ ဘာမှ ရေရေရာရာမတွေ့ရ။ အင်န်အယ်လ်ဒီကတော့ ဘယ်ခြောက်သလိုလို ညာလှမ်းသလိုလို လှမ်းပြပေမယ့် "၂ဝ၁၅ အပြီးမှာ လုပ်ရင်လုပ်မယ်ဆိုတဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်ထားပြီးပြီ" ဆိုတဲ့လေသံ ပစ်လာတာကိုထောက်ချင့်ရင် ရွေးကောက်ပွဲသပိတ်မှောက်တန်မှောက်တာပေါ့ဆိုတဲ့ "နိုင်ငံရေးနွဲ့ဆိုး" ဆိုးကြည့်တာ အလုပ်မဖြစ်နိုင်မှန်းသဘောပေါက်သွားပုံပဲ။ ခုတလော အင်န်အယ်လ်ဒီ့ကြည့်ရတာ အခိုင်အမာ "မူ"တခုခု ဆုပ်ဆုပ်ကိုင်ကိုင်မရှိမှန်း ပိုသိသာလာတယ်။
အရင်ကလည်း လုပ်စရာရှိတာတွေလုပ်နေပါတယ်တို့ အချိန်တန်ရင်သိရမှာပေါ့တို့။ ခုပြောလိုက်ရင် နောင်ပြောစရာမကျန်မစိုးလို့တို့ပါပဲ။
ခုကြတော့ ဖြစ်နေတဲ့အခြေအနေပေါ်ကြည့်ပြီး လုပ်ရမှာပေါ့လို့ ထပ်ပြန်တလဲလဲဆိုနေတယ်။
ဆိုတော့ သဘောက နိုင်ငံရေးရပ်ခံချက်တိတိကျကျ ပိုင်းပိုင်းဖြတ်ဖြတ် ရှိမထားမှန်း သိသာနေတယ်။ အဲ့ဒါမျိုးကို စစ်အုပ်စုကလည်း သဘောခွေ့မှာပဲ။
နိုင်ငံရေးသဘောမှာ မူပိုင်း ပေါ်လစီပိုင်း တနည်းပြောရရင် သေနင်္ဂဗျူဟာပိုင်းဆိုတာ လူထုကို ချကိုပြထားနိုင်ရတယ်။ လူထု မသိ သိအောင်တောင် တွင်တွင်ဝါဒဖြန့်ပေးနေရတယ်။ ပါတီတွင်းမှာလည်း ညက်နေအောင် ကျင်းပေးထားရတယ်။
အဲ့ဒီမူကို ပေါ်လစီကို သေနင်္ဂဗျူဟာကိုပေါက်အောင်သွားမယ့်နည်းနာ တနည်းပြောရရင် နည်းဗျူဟာကတော့ လျှို့ဝှက်တန်လျှို့ဝှက်ရတာပဲ။ ကြိုချပြပြီး ပါတီဝင်ထုနဲ့ လူထုကို ပြင်ပေးထားရတာမျိုးလည်း ရှိတတ်တာပဲ။
သေနင်္ဂဗျူဟာက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွဲ့စည်းပုံပြင်ရေးဖြစ်တာမှန်းတော့ လူတိုင်းသိနေတာပဲ။ ဒါတောင် အင်န်အယ်လ်ဒီက အဲ့ဒါတွေဟာ ရွေးကောက်ပွဲကြွေးကြော်သံတွေလောက်ပါလို့ ဖလော်ဖလှယ်ပြန်လုပ်သေးခဲ့တာပဲ။
တံတွေးပြန်မြိုခဲ့သေးတာပဲ။ ဒါပေမယ့် လူထုက ဒီ ၃ ချက်ကို အင်န်အယ်လ်ဒီရဲ့မူလို့ပဲ နားလည်သိမြင်ပြီး ဝန်းရံကြထောက်ခံကြ အားပေးကြလုပ်နေတာပဲ။
နည်းနာဗျူပိုင်းက အကြမ်းမဖက်လူထုလှုပ်ရှားမှု တနည်းပြောရရင် လူထုတိုက်ပွဲနဲ့သွားမှာဆိုရင်တော့ ရှင်းတယ်။ အပေါ်က ၃ ချက် ခရီးပေါက်ဖို့ အစိုးရဘက်က ဝေ့လည်ကြောင်ပတ်လုပ်နေရင် လူထုတိုက်ပွဲနဲ့သွားမယ်လို့ အတိအလင်းပြောပြီး လုပ်ရုံပဲ။ ဒါ လွှတ်တော်ပြင်ပနိုင်ငံရေးထဲက တခုပဲ။
ခု အင်န်အယ်လ်ဒီလုပ်နေတဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာက
လူတွေခေါ်တရားဟောတာ၊ လက်မှတ်တွေထိုး၊ ပြီးလည်းပြီးရော အဲ့ဒီလက်မှတ်တွေ လွှတ်တော်ထဲပြန်သယ်သွားတာကိုဆိုလိုတာဖြစ်နေတယ်
ဆိုတော့ အဲ့ဒါကို ဘယ်လို လွှတ်တော်ပြင်ပနိုင်ငံရေးလို့။
ဘယ်လို လူထုအားကိုးနိုင်ငံရေးလို့ပြောနိုင်ပါ့မလဲ။
စစ်အုပ်စုက ဖုတ်လေတဲ့ငပိလိုသဘောထားတာလည်းမပြောနဲ့။
နိုင်ငံရေးဆိုတာ မီးစင်ကြည့်ကရတဲ့ပွဲလိုဟာမျိုးဆိုရင်တော့ အကောင်းသား။

(ဗကသ ဖြစ်တယ်)
ဗကသ ဟာ “ကျောင်းသားအရေးပဲလုပ်ပါ့မယ်”လို့ ဘယ်တုန်းကမှ မပြောဘူး။ ဗကသမှာ မူအရရော လက်တွေ့အရရော အဲ့သလိုလုပ်ခဲ့ရိုးမရှိဘူး။ ဗကသ ဟာ “နိုင်ငံရေး၊ တိုင်းပြည်အရေး၊ လူထုအရေး”ပါလုပ်မယ်လို့ အတိအလင်းပြောပြီးသား။ ဗကသ မူတွေကိုကြည့် သိသာတာပဲ ရှင်းနေတာပဲ။
ပညာရေးဟာ တိုင်းပြည်အရေး လူထုအရေး အနာဂတ်အရေးပဲ။ ပညာရေးပဲလုပ်မယ်ဆိုရင်တောင် တိုင်းပြည်အရေး နိုင်ငံ့အရေး(နိုင်ငံရေး)က လုပ်ကိုလုပ်ရမှာ သေချာတယ်။ ဘယ်လိုနိုင်ငံရေးလဲ ဘယ်လူထုအတွက်အရေးလဲ ဘာအနာဂတ်ကိုရှေးရှုသလဲဆိုတာက “မူ”ကိစ္စ။
“ကျောင်းသားမို့ ကျောင်းသားအရေးပဲလုပ်မယ်”ဆိုသူတွေ သမိုင်းခေတ်နိုင်ငံရေးအဆက်ဆက်မှာ ဘယ်လို ကိုယ်ကျိုးရှာကြ ဘယ်ပုံအာဏာအဝန်းအဝိုင်းဆီဒူးထောက်ကြ ဘယ်နည်း ပလဲနံပသင့်အောင်လုပ်ပြီး ဓနနဲ့အာဏာအရိုးအရင်းကိုက်ကြတွေ အထင်အရှားရှိခဲ့တာပဲ။
ဝေးဝေးမကြည့်နဲ့ အာဏာမသဓာရေစာလေး ဓနပေးစာကမ်းစာလေးအတွက် ကျောင်းသားအရေးပဲလုပ်မယ်ဆိုသူတွေ ဘာဖြစ်နေကြသလဲ။
ဘယ်ဘက်မှာ သွား စုကြသလဲ။

ဗကသ (ကျောင်းသားသမဂ္ဂ)ကို အစိုးရအဆက်ဆက်
ပြီးတော့အဲ့ဒီအစိုးရတွေနဲ့ နိုင်ငံရေးပရောပယီလုပ်ပြီး ကိုယ်ကျိုးရှာသူမှန်သမျှ ဘာ့ကြောင့် ကြောက်ရွံ့မုန်းတီး ခါးသီးကြသလဲ။
လူနဲ့အဖွဲ့အစည်းကိုမဆိုနဲ့ဦး သမဂ္ဂဆိုတဲ့ဝေါဟာရကိုတောင်
မကြားရဲလောက်အောင် ဘာ့ကြောင့်တုန်လှုပ်ကြသလဲဆိုတော့ “ဗကသ ဟာ အစိုးရအာဏာယူရေးသဘောထားမရှိတဲ့ ကိုယ်ကျိုးရှာအခွင့်အရေးနောက်
ကောက်ကောက်ပါအောင်လိုက်တဲ့အဖွဲ့အစည်းမဟုတ်တဲ့အပြင်
လုပ်ရဲသလိုခံရဲတဲ့စိတ်ဓာတ်နဲ့ “တည်”ထားလို့ပဲ”
အာဏာယူရေးသဘောထားရှိသူကို အာဏာနဲ့မြှူဆွယ်ရလွယ်သလို
ကိုယ်ကျိုးရှာသူကို ငွေနဲ့ရာထူးမျှားရမခက်ဘူး။
အခွင့်အရေးသမားကိုလည်း အခွင့်အရေးနဲ့ဖျားယောင်းလို့ရတယ်။
ဗကသကို အဲ့ဒါတွေ တခုနဲ့မှ ဖျက်ဆီးလို့ မရဘူး။
အာဏာလက်ရှိ၊ အာဏာလက်ရှိနဲ့နသားပါယားတွေ အကြောက်ဆုံးကတော့
“ဖိနှိပ်မှုမှန်သမျှကို လူထုဘက်က ကျောင်းသားထုဘက်ကရပ်ပြီး ပြတ်ပြတ်သားသား တောင်းဆိုတိုက်ပွဲဝင်တယ်။ လုပ်ရဲတယ်။ မတရားအလုပ်ခံရမယ်ဆိုလည်း မတရားမှုကိုဖွင့်ချရင်း သတ္တိပြောင်ပြောင် ရဲရဲဝံ့ဝံ့ခံတယ်။ ဒူးမထောက်ဘူး။
အဝေးကြီးမကြည့်နဲ့
ခုလက်ပံတန်းအကြမ်းဖက်အဖမ်းဆီးခံ ဗကသတွေကိုပဲကြည့်။
အဲ့ဒါ ဗကသ ဖြစ်တယ်။
ဒါ့ကြောင့် ဗကသ ဖြစ်တယ်။

(ဘုန်းကြီးတဲ့ပြည်) ဧပြီ ၉၊ ၂ဝ၁၅
အာရှနဲ့ အရှေ့တောင်အာရှ(၇)နိုင်ငံကို (၃)လလောက်လည်ပတ်ပြီးပြန်လာတဲ့ အမေရိကန်မိတ်ဆွေတယောက်ကပြောတယ် "သီရိလင်္ကာ၊ ကမ်ပူးချားနဲ့ဗမာပြည်မှာ ဘုန်းကြီးနဲ့စစ်သား ဘယ်နားသွားသွား ရှောင်မလွတ်ဘူး။ တိုင်းပြည်လူဦးရေတွေနဲ့ကြည့်တော့ အဲ့ဒါတွေက များလွန်းမနေဘူးလား။ တိုင်းပြည်ဆင်းရဲပြီးအလုပ်အကိုင်မရှိလို့ ဘုန်းကြီးနဲ့စစ်သားလုပ်စားကြတာဆိုရင်တော့ အဲ့ဒီတိုင်းပြည်တွေ ပိုဆင်းရဲ ပိုဒုက္ခရောက်ဖို့ပဲရှိတာပေါ့။ ပြီးတော့ကွာ အဲ့နိုင်ငံတွေကလူတွေကြည့်ရတာ စစ်သားနဲ့ဘုန်းကြီးမြင်ရင် ကြောက်လည်းကြောက်နေကြရပုံပဲ"တဲ့။
(ကျည်ထောက်ကောင်ဦးမြင့်) ဧပြီ ၉၊ ၂ဝ၁၅
ခုတလော ပညာရှင်ဆိုတဲ့၊ သမ္မတအကြံပေးဆိုတဲ့၊ ဒေါ်စုနဲ့နီးစပ်တယ်ဆိုတဲ့ ဆရာကြီးဦးမြင့်ဂယက် အတော်ထသွားသတိထားမိတယ်။ ဂယက်ဆိုတဲ့အတိုင်း ခနနေတော့ ပြန်ငြိမ်သွားမှာပဲ။ တခုပဲ ဒီ ထလိုက်တဲ့ဂယက်ဟာ ဒီအကြိမ်အတွက်ပဲငြိမ်မှာမှန်ပေမယ့် ဦးမြင့်ဘာလဲဆိုတာ ပွင့်ကျသွားခဲ့တာ မျက်နှာဖုံးကွာကျသွားတာကတော့ အမြတ်ပဲ။ ဒေါ်စုနဲ့နီးစပ်တယ်ဆိုတိုင်း မျက်စေ့မှိတ်ထောက်ခံနေကြသူတွေအဖို့တော့ ဒီလိုပညာရှင်ဆိုသူတွေဟာ တိုင်းပြည်အတွက်ပိုင်းဖြတ်ပြီး လူထုဘက်မျက်နှာမူပြီးလုပ်နေကြတာမဟုတ်ဘူး၊ ငါနဲ့ငါသာနှိုင်းစရာဆိုတဲ့ ပညာမုန်ယိုနေသူတွေသာဖြစ်တယ်ဆိုတဲ့အသိနဲ့ သင်ခန်းစာတော့ ရလိုက်ကြတာပဲ။ ကြောင်ကြာကြာ ရေမငုတ်ဘူးဆိုတာ ဦးမြင့်နဲ့ပတ်သက်ရင် မမှားဘူး။ ကျည်ထောက်စွပ်လို့ပြောရအောင်ကြတော့လည်း ကျည်တောက်ထဲမှာတင် ကောက်နေတာမဟုတ်လား။


Friday, April 10, 2015

လျှောမွေးကို ဗာရာဏသီချဲ့နေတဲ့ ဆင်ဖြူတော်ငြိမ်းချမ်းရေး(တူမောင်ညို)

0 comments
လျှောမွေးကို ဗာရာဏသီချဲ့နေတဲ့ ဆင်ဖြူတော်ငြိမ်းချမ်းရေး(တူမောင်ညို)
(၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်)

သမ္မတဦးသိန်းစိန်ရဲ့အပြောကဒီလိုပါ
“ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တင် မကပါဘူး၊ အလင်းတန်းတွေပေါ်လာပြီဖြစ်တယ်လို့ ကျွန်တော်တို့ပြောလို့ရပါပြီ။ မကြာခင် ငြိမ်းချမ်းရေးရဖို့လည်း အားလုံးဝိုင်းပြီး ဆုတောင်းပေးကြပါ”တဲ့။

တကယ်မြင်တွေ့နေရတာကတော့ စစ်လေယာဉ်ပေါ်ကနေကြဲချနေတဲ့ ငရဲဗုံးတွေရဲ့အလင်းတန်းတွေ၊ အမြောက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပေါ်လာထွက်လာနေတဲ့ သေမင်းရဲ့အလင်းရောင်တန်းတွေသာဖြစ်ပါတယ်။ ဒီအလင်းတန်းတွေထဲကနေ ဖျက်ကနဲမြင်နေရတာတော့ နေ့စဉ်နဲ့အမျှ အတုံးအရုံးသေဆုံး၊ ဒဏ်ရာရနေကြတဲ့ အောက်ခြေတပ်ဗိုလ်တပ်သားတွေ၊ ကျန်ရစ်သူမိသားစုဝင်များရဲ့ မျက်ဝန်းတွေထဲမှ မျက်ရည်စတွေသာဖြစ်ပါတယ်။

ပြန်ကြားဝန်ကြီးအပြောက ဒီလိုပါ
“ဒီနေ့မှာတော့ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ ရှားရှားပါးပါးနိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များအဖြစ် သမိုင်းဝင်သွားပြီပြောလို့ရပါတယ်” တဲ့။

ပြန်ကြားရေးဝန်ကြီးပြောတာကို ဖတ်လိုက်ရတဲ့အခါ ရှားပါးပြီး မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်နဲ့ပန်ဒါနီဝက်ဝံ ၂ ကောင်ရဲ့ဓါတ်ပုံတွေကို မျက်စေ့ထဲပြေးမြင်မိပါတယ်။ ရှားရှားပါးပါး နိုင်ငံခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်ဖြစ်တဲ့  သမ္မတနဲ့ကာချုပ် ကိုလည်း မျိုးတုန်းပျောက်ကွယ်မသွားဖို့ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ကြမလဲဆိုတာ (WWF)နဲ့ အခုကတည်းကစတင်ပြီး အလျှင်အမြန် ဖိတ်ခေါ်ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သင့်ပြီလို့မြင်ပါတယ်။

အားမနာတမ်းပြောရရင် စာချုပ်မူကြမ်း လက်မှတ်ထိုးကြတာကို “ငြိမ်းချမ်းရေး” မနက်ဖန်ရတော့မလောက် လျှာအရိုးမရှိတိုင်း လျှောမွေးကို ဗာရာဏသီချဲ့ ပြောဆိုနေကြတာပါ။

သူတို့ စစ်တပိုင်းအစိုးရထိပ်ပိုင်းတွေ အာတွေ့ပြီးပြောနေတဲ့ “ထာဝရငြိမ်းချမ်းရေး”ဆိုတာက ထာဝရဝေးကွာနေဆဲဖြစ်ပါတယ်။ တကယ်တော့ မတ်လ ၃၁ ရက်နေ့က (NCA)စာချုပ်မူကြမ်းကို (NCCT)နဲ့ (UPWC)တို့ သဘောတူ လက်မှတ် ထိုးကြတာသာဖြစ်ပါတယ်။ ဒီထက် ဘာဆို ဘာမှ မပိုပါဘူး။ အဖြစ်မှန်ကိုဖုံးကွယ်ပြီး၊ လိုသလို ပုံကြီးချဲ့ပြောနေလုပ်နေတာတွေဟာ လိမ်ညာကောက်ကျစ်မှုဖြစ်ပါတယ်။ မျှော်လင့်ချက် မှားတွေပေးပြီး မှိုင်းတိုက်နေတာဖြစ်ပါတယ်။

သူတို့ ပြောနေတဲ့ ပြည်တွင်းပြည်ပ၌ အလွတ်သဘော(၂၂) ကြိမ်၊ တရားဝင်(၇)ကြိမ် ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ တစ်နှစ်နဲ့ငါးလဆိုတဲ့ အချိန်တို အတွင်းကိုပဲ မူတည်ပြောရရင် အပစ်အခတ် တကယ်မရပ်စဲနိုင်သေးပါဘူး။ မပစ်မခတ်ပဲ ရက်ပေါင်း၃ဝ ကြာအောင် နေခဲ့တဲ့ရက် မရှိခဲ့ပါဘူး။ (၇)ကြိမ်မြောက်ဆွေးနေစဉ်အတွင်းမှာလည်း အပစ်အခပ်မရပ်စဲနိုင်ခဲ့သလို၊ မတ်လ ၃၁ ရက်နေ့ (NCA)စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ရက်သတ္တပတ်အတွင်းမှာလည်း အပစ်အခတ်ရပ်စဲသွားတယ်လို့မရှိခဲ့ပါ။

ရေရှည်တည်တံ့နိုင်မယ့် အပစ်အခတ်ရပ်စဲကိုတောင် ပီပီပြင်ပြင် မဆောင်ရွက်နိုင်သေးဘဲ၊ “ငြိမ်းချမ်းရေး အလင်းတန်းတွေပေါ် လာပြီ” လို့ပြောနေဟာ အိပ်မပျော်တဲ့ညတွေများပြီး စိတ်ကစဥ့်ကလျားဖြစ်လို့ စိတ်ကူးပေါက်ရောက် လျှောက်ပြောနေတာမျိုးနဲ့တူပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ တည်ရှိနေတဲ့နိုင်ငံရေးပြဿနာတွေကို ဘယ်လောက်အတိုင်းအတာအထိဖြေရှင်း၊ ပြေလည်စေနိုင်ခဲ့သလဲ ဆိုတဲ့အချက်အပေါ်မှာ ငြိမ်းချမ်းရေးရဲ့နယ်နိမိတ်အဝန်းအဝိုင်း၊ ငြိမ်းချမ်းရေးတည်တံ့နိုင်တဲ့ကာလ အကန့်အသတ်က တည်နေတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ မိုးပေါ်ကကျလာမှာ မဟုတ်သလို၊ မြေကြီးထဲကနေ အလိုအလျောက်ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ ပြည်သူများအတွက် ရာစုနှစ်ဝက်ကျော်ကြာထိခိုက်နစ်နာနေရတဲ့ ပြည်တွင်းစစ် နာတာရှည်ရောဂါဆိုးကြီးရဲ့ဇစ်မြစ်ကို ခုတ်ဖြတ်ပြီး၊ ဒီမိုကရေစီလည်းရှိ၊ တန်းတူသွေးစည်းမှုလည်းရှိတဲ့အခြေခံအပေါ်မှာ ငြိမ်းချမ်းရေးကိုအခိုင်အမာ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။  တန်းတူမှုလည်းရှိ၊ ဒီမိုကရေစီလည်းရှိမှ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်၊ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးရှိမှ တိုင်းပြည်နဲ့ ပြည်သူခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ရေးဆိုတဲ့လမ်းကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီနဲ့တန်းတူမှုကို အခြေခံကျကျ ဖြေရှင်းပြေလည်စေနိုင်မှသာလျှင် ရေရှည်တည်တံ့ပြီး အာမခံချက်ရှိစေမယ့် ငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်နိုင်ပါလိမ့်မယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ဟာ ဒီမိုကရေစီစံနှုန်းလည်းမပြည့်ဝ၊ တန်းတူရည်တူ လည်းမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို အတင်းအဓမ္မလက်ခံစေခြင်း၊ ၂ဝဝ၈ အခြေခံဥပဒေဘောင်ထဲ ဇွတ်အတင်းသွတ်သွင်းနေခြင်းတို့ဟာ ငြိမ်းချမ်းရေးရရှိစေနိုင်မည့် မှန်ကန်သောဖြေရှင်းနည်းမဟုတ်ပါ။

“၂ဝဝ၈ အခြေခံဥပဒေ” ဘောင်ထဲဇွတ်အတင်းသွတ်သွင်းနေခြင်း၊ အဓမ္မလက်ခံစေခြင်းတို့ဟာ နိုင်ငံရေးပြဿနာကို တစ်ဖက်သတ် အနိုင်ကျင့်ဖြေရှင်းနည်း၊ နိုင်ငံရေးပြဿနာကို အပေါ်ယံဟန်ပြဖြေရှင်းနေသည့် နည်းလမ်းများသာဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကို အပေါ်ယံပဲဖြေရှင်းနိုင်ခဲ့တယ်ဆိုရင် ရရှိလာတဲ့ငြိမ်းချမ်းရေးဆိုတာကလည်း  လူကြားကောင်းရုံ၊ ဝါဒဖြန့်ကောင်းရုံ၊ ကုလ၊ ဂျပန်၊ နော်ဝေ အစရှိတဲ့ ပြည်ပနိုင်ငံအချိ့ထံမှ ပရိုပိုဆယ်တင် ပိုက်ဆံလက်ဖြန့်တောင်းနိုင်တဲ့ ၊ အပေါ်ယံဟန်ပြငြိမ်းချမ်းရေး၊ တနပ်စား ငြိမ်းချမ်းရေးပဲ ဖြစ်နေမှာပါ။

“တပ်မတော်ရဲ့သဘောထားရပ်တည်ချက် ၆ ချက်” ဆိုသည်ကို စစ်တပ်က၊ စစ်အုပ်စုက၊ စစ်တပိုင်းအစိုးရက အမြဲစွဲကိုင်ထားသမျှ ကာလပတ်လုံး “ထာဝရငြိမ်းချမ်းရေး”သည် ထာဝစဉ်ကွာဝေးနေမှာပဲဖြစ်ပါတယ်။ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးကင်းဝေးနေတဲ့တိုင်းပြည်မှာ ဒီမိုကရေစီလည်းမရှိနိုင်သလို၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ပါ။  (၆၇) နှစ် ကြာမြင့်လာပြီဖြစ်တဲ့ လွတ်လပ်ရေး သတ်တမ်း - ပြည်တွင်းစစ်သက်တမ်းကာလဖြစ်ရပ်များက ဤအချက်ကို အထင်အရှားသက်သေခံနေပါတယ်။

(ဗိုလ်) ဦးသိန်းစိန်စစ်တပိုင်းအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့တန်းတူမှုရှိတဲ့အခြေခံအပေါ်မှာ ပြည်တွင်းစစ်ကိုရပ်ဆိုင်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့လိုပါတယ်။ “တပ်မတော်ရဲ့သဘောထားရပ်တည်ချက် ၆ ချက်” အလျှင်အမြန် စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ သို့မှသာ “ထာဝရငြိမ်းချမ်းရေး”ဆိုတဲ့ အဆင့်သို့ တက်လှမ်းနိုင်ပါလိမ့်မယ်။


Thursday, April 9, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၅)
တတိယပိုင်း

၅။ စတုတ္ထအထောက်အထားမှာ။

က။ ဦးခင်အောင်စာအုပ်ဖော်ပြချက်အရ၊ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီး တပတ်လောက်တွင် ဇူလိုင်(၂၅)ရက်နေ့လောက်တွင် ဗြိတိသျှအစိုးရ ဤလုပ်ကြံမှုကြီးမှာပါဝင်ပတ်သက်နေသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့နေခဲ့မှုကြောင့် ဦးနုအစိုးရသည် ဗြိတိသျှတို့၏ဆန္ဒနှင့်လည်း ကိုက်ညီအောင် အောက်ပါကြေညာချက်တခုထုတ်ရန်စီစဉ်ခဲ့သည်။ ၎င်းမှာ “ဤလုပ်ကြံမှုကြီးတွင် အင်္ဂလိပ်ကိုလိုနီအစိုးရတို့ မပါဝင်ကြောင်း၊ အင်္ဂလိပ်အစိုးရနှင့်အတူ ဤလုပ်ကြံမှုကြီး၏တရားခံအစစ်ကိုရဖို့ ကြိုးစားရှာဖွေလျက်ရှိကြောင်း”ဆိုသော တရားဝင်ကြေညာချက်ထုတ်ဖို့ပင် စီစဉ်ခဲ့ရသည်အထိ ဖြစ်ခဲ့ပါသည်။

ခ။ သို့သော် ၂၈/၇/၄၇ နေ့ထုတ် ရန်ကုန်လမ်းညွှန်သတင်းစာကြီးတွင်ပါလာသော သတင်းတပုဒ်ကြောင့် အခြေအနေပိုဆိုးဝါးလာခဲ့ရသည်။ ၎င်းသတင်းဖော်ပြချက်မှာ “ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ၁၉၄၇ ခုနှစ် ဇန္နဝါရီလ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုဖို့အတွက် အင်္ဂလန် ရောက်ခဲ့စဉ်က ဦးစောနှင့်သခင်ဗစိန်တို့က လက်မှတ်ထိုးဖို့ငြင်းပယ်ခဲ့ကြသည်။ ဦးစောသည် ဖဆပလကြီးအား ဖြိုခွဲရန်ရည်ရွယ်ချက်ဖြင့် အင်္ဂလန်မှာနေရစ်ခဲ့ကြောင်း၊ ထို့အပြင် လူဖြူများ၏အကူအညီဖြင့် ဦးစော ငွေ(၅)သိန်း လက်ခံရရှိခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်အချို့က ဦးစောအား ငွေအမြောက်အမြားပေးခဲ့ကြောင်း စသဖြင့်ရေးသားထားပါသည်။ ထိုသတင်းကြောင့် ဦနုအစိုးရ၏ အထက်ပါကြေညာချက်ထုတ် ရေးအစီအစဉ်ကို မပြုလုပ်ဖြစ်ဘဲရုပ်သိမ်းခဲ့ရပါသည်။

ဂ။ ထိုကိစ္စမှာ ဗြိတိသျှအစိုးရနှင့်ပဋိပက္ခမဖြစ်လိုတဲ့အပြင် ဗြိတိသျှတို့အပေါ် ကောလာဟလဖြစ်မှုတွေမှ ကာကွယ်ပေးလိုသော ဦးနုအစိုးရသည်ပင်လျင် ထိုကာလက ဗြိတိသျှတို့နှင့်ပတ်သက်နေတဲ့ အထက်ပါလိုသတင်းအမျိုးမျိုးများကြောင့် ကာကွယ်ပေးတဲ့ ကြေညာချက်မျိုးတောင်မထုတ်ရဲအောင်ဖြစ်ခဲ့ရသည်မှာလည်း ထင်ရှားတဲ့အချက်တခု ဖြစ်ပါသည်။

၆။ ပဉ္စမအထောက်အထား၊ ဤတွင်အချက်နှစ်ချက် ပါဝင်ပါသည်။
က။ ပထမ - ဦးစောသည် လက်စားချေရေးသက်သက်သာရည်ရွယ်ပါက ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းသာ သတ်ဖြတ်ဖို့ဖြစ်နိုင်သည်။ ယခုမူ ဗိုလ်ချုပ်သာမက အစိုးရတဖွဲ့လုံးနှင့် ဦးနုကိုပါ လုပ်ကြံသတ်ဖြတ်တာဖြစ်သည် (ဗိုလ်ချုပ်အပါဝန်ကြီး(၇)ဦး၊ အတွင်းဝန်(၁)ဦးနှင့် သက်တော်စောင့်(၁)ဦးတို့ကျဆုံးရပြီး ကျန်ဝန်ကြီးအချို့ ကျည်ဆံမထိလို့ လွတ်မြောက်ရသည်) ထို့ကြောင့် လက်စားခြေရေး သက်သက် မဟုတ်နိုင်၊ ပြီးရင်အစိုးရသစ်ရာထူးအတွက်ပါ ရည်ရွယ်သည်မှာထင်ရှားပါသည်။
ခ။ ထိုလုပ်ကြံမှုကြီးပြီးလျင် ဘုရင်ခံက ဦးစောကို အစိုးရသစ်ဖွဲ့ဖို့ဖိတ်ခေါ်လိမ့်မည်လို့ ဦးစောကမျှော်လင့်ချက် ရှိနေသည်။ ဦးစောကိုဖမ်းရာ တွင် သူ့အိမ်၌ “ဦးစော၊ ဝန်ကြီးချုပ်”ဆိုသောစာတန်းနှင့်လုပ်ထားသော တံဆိပ်တုံးကိုပင်တွေ့ရကြောင်း ဦးခင်အောင်စာအုပ်အရ သိရသည်။ ထိုကိစ္စကို သတင်းစာများနှင့် ဘီဘီစီအသံလွှင့်ချက်များတွင်လည်း ဖော်ပြကြသည်။ ထိုသို့ဖြစ်လျှင် ဤကဲ့သို့မျှော်လင့်ချကရှိလာအောင် မည်သူတွေက လမ်းခင်းပေးသနည်း။ ဤသည်မှာ ဦးစောကလုပ်ကြံလာဖို့ လှုံ့ဆော်တိုက်တွန်းပေးသည့်အချက်ကြီးမဟုတ်ပါလား။ ဤသည်မှာ လုပ်ကြံမှုကြီးဖြစ်လာအောင် မြှောက်ပင့်လှုံ့ဆော်ပေးတဲ့မက်လုံးကြီး မဟုတ်ပါလား။
အထက်ပါအချက် (၂)ချက်ကြောင့်လည်း ဤလုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို သိရှိနိုင်သည်။

၇။ ဆဋ္ဌမအထောက်အထား။
ဦးခင်အောင်စာအုပ်တွင် အချက်နှစ်ချက်ထပ်တွေ့ရပါသည်။
က။ ပထမက ဦးစော၏ရှေ့နေဖြစ်သူ အင်္ဂလန်မှ အင်္ဂလိပ်လူမျိုးရှေ့နေ “ဖရက်ဒရစ်ဟင်နရီ”သည် အင်္ဂလန်ရှိ သူ့အခန်းတွင် ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခံရသည်။
 ခ။ ဒုတိယက ဗိုလ်ချုပ်တို့လုပ်ကြံမှုကြီးကို အလွတ်စုံထောက်နေသူ အင်္ဂလိပ်လူမျိုး “အက်ဖ်ကိုလင်”မှာလည်း သူ၏စာရွက်စာတမ်းများ ပျောက်ဆုံးသွားကာ သူလည်း ရုတ်တရက်သေဆုံးသွားရသည်။ ထိုနှစ်ဦးသေဆုံးကြောင်း ယခင်က ကျနော်တို့မသိခဲ့ရ၊ ဦးခင်အောင်စာအုပ် အရသာ သိရသည်။ အလွန်စဉ်းစားကြည့်စရာများ ဖြစ်ပါသည်။ အမှုကြီး၏အရင်းခံအဖြစ်အပျက်အချို့ကို သူတို့သိနေသဖြင့် နောင် ပေါက်ကြားမှာစိုး၍ ယခုလို အဆုံးစီရင်လိုက်ပုံရသည်။
ဤကိစ္စသည်လည်း လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို များစွာသံသယဝင်ဖွယ်ဖြစ်သည်။

၈။ သတ္တမအထောက်အထား။
ဦးခင်အောင်စာအုပ်အရသိရသည်မှာ ဦးစောသေဒဏ်စီရင်ချက်ချခံရပြီးနောက် ကြိုးမိန့်ပေးခံရသူများ၏ အကျဉ်းထောင်အခန်းတွင်းနေရစဉ် သူလွတ်မြောက်ထွက်ပြေးရေးအတွက် ဗြိတိသျှအရာရှိများထံ အကူညီတောင်းခံမှုဖြစ်သည်။ ဦးစောသည် ထိုကာလတွင်းက ထောင်မင်းကြီး ဦးစံတင်ကို လွတ်မြောက်မှုအတွက် ငွေအမြောက်အမြားပေးမည်ဟုဆိုပြီး ချဉ်းကပ်ခဲ့ဖူးသည်။ ဦးစံတင်က ဦးထွန်းလှအောင်နှင့်တိုင်ပင်ပြီး စီမံချက်တခုလုပ်ကာ ငွေပေးရင်လုပ်ပေးမည်ဟုပြောရာ ထိုမှစပြီး ဦးစော၏ငွေရှာပုံတော်ကြောင့် ဦးစောနှင့်ဆက်စပ်သူ အင်္ဂလိပ်များ အကြောင်း အံ့သြဖွယ်တွေ့ရတော့သည်ဟု ဆိုထားပါသည်။ ၎င်းငွေတောင်းစာများတွင် နာမည်ဝှက်များနှင့် စကားလုံးတွေပါရေးထားသည်။

က။ ပထမဆုံး ဦးစောငွေတောင်းသူကတော့ ကပ္ပတိန်ဗီဗီယန်း ဖြစ်ပါသည်။ (ဦးစောကို ဘရင်းဂန်း ၂ဝဝ နှင့် ခဲယမ်းများ ထုတ်ပေးသူ ဖြစ်သည်) ဦးစောသည် ၎င်းဗီဗီယန်း - လက်နက်ထုတ်ပေးမှုဖြင့် ထောင်ထဲရောက်နေမှန်း မသိပေ။ ဗီဗီယန်းက ဦးစောထံပြန်ပေးစာတွင် “ငါတို့အားလုံး စီစဉ်ပေးနိုင်သည်။ မင်းဘာလို့ လူရှည်ကြီးကို မဆက်သလည်း”ဟု ရေးထားသည်ဟု ဆိုထားသည်။

ခ။ ဦးစော ဒုတိယအရေးတကြီးဆက်သွယ်သူမှာ ရန်ကုန်မြို့၊ ဗြိတိသျှကောင်ဆယ်က မစ္စတာဂျွန်စတီးဝပ်ဘင်ကလင်ဖြစ်ပြီး ငွေတောင်းစာ ရေးပြီး ဆက်သွယ်တာဖြစ်သည်။ (၎င်းမှာ ဗြိတိသျှသံတမန်ဖြစ်၍ နိုင်ငံရေးအရ ပိုအရေးကြီးသူဖြစ်သည်) ဘင်ကလင်က ထိုစာကိုဖတ်လိုက်ရ တော့ သိပ်ခြောက်ခြားပြီး စာကိုဖျက်ဆီးကာ စာလာပို့သူပုလိပ်အရာရှိကို မောင်းထုတ်လိုက်သည်။ နောက်ဦးစောက ၎င်းဘင်ကလင်ထံ သြဂုတ်လ ၂၂ - ၂၃ ရက်နေ့များမှာ စာတွေထပ်ပို့သည်။ ငွေတောင်းတာသာမက ခြိမ်းခြောက်သည့်စာများပါရေးခဲ့သည်ဟု ဆိုပါသည်။ သို့ရာတွင် ဘင်ကလင်ထိုစာများ မရတော့ပါ။ အကြောင်းမှာ ဦးစော၏ ပထမစာရပြီးကတည်းက သူဗမာပြည်မှ ထွက်ခွာဖို့ပြင်ဆင်ပြီး နေအိမ်မှ ကမ်းနားလမ်းဟိုတယ်သို့ ပြောင်းနေခဲ့သည်။ သူထွက်ခွာဖို့စီစဉ်နေတုန်း သူ့ကိုဖမ်းဖို့ ဦးထွန်းလှအောင်က ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံအကြောင်းကြားခဲ့သည်။ ဦးကျော်ငြိမ်းက ဘုရင်ခံထံတင်ပြရာ ဘုရင်ခံက သက်သေအထောက်အထားတွေ ထပ်မံတောင်းဆို သည်ဟုဆိုသည်။ နောက်တနေ့ ဦးထွန်းလှအောင်က သူမထွက်ခွာမီ ရုတ်တရက် ထပ်သွားပြီး ဦးစော၏နောက်ဆုံးစာကို ပြသည်။ ဘင်ကလင်က ထိတ်လန့်ကြောက်ရွံ့သွားပြီး သူကိုဖမ်းလို့မရကြောင်း သူ့အနေဖြင့် သံတမန်ရေးရာ အကာအကွယ်မရှိထားကြောင်း ပြောပါသည်။ ဤကိစ္စအပေါ် ဦးခင်အောင်ရေးထားသည်မှာ “အမှန်ကတော့ မစ္စတာဘင်ကလင်အနေနှင့် ဗိုလ်ချုပ်တလုပ်ကြံခံရမှုမှာ ၎င်း ဘယ်လိုပတ်သက်သလဲဆိုတာ အသေအချာသိလို့ပဲ ဖြစ်တယ်” ဟု ဆိုထားပါသည်။ ဦးထွန်းလှအောင်က သူ့ကိုမြန်မာနိုင်ငံမှအပြီးအပိုင် ထွက်သွားရန်ပြောခဲ့သည်ဟုဆိုပါသည်။ ထိုနေ့ ၄/၉/၄၇ နေ့ကစပြီး ၎င်းဘယ်ရောက်သွားသည် အစမပေါ်တော့ဟုဆိုသည်။

ဂ။ ဗီဗီယန်သည် ဘရင်းဂန်း (၂ဝဝ)နှင့် ကျည်ဆံများစွာ ဦးစောကိုထုတ်ပေးခဲ့သူဖြစ်၍ ဤလုပ်ကြံမှုနှင့်ပတ်သတ်ရာတွင် အရေးအပါဆုံးသူ ဖြစ်သည်။ နောက် ဘင်ကလင်ဆိုသူမှာလည်း ဗြိတိသျှသံတမန်ဖြစ်၍ အရေးပါသူပင်ဖြစ်သည်။ ဗိုလ်မှုးယန်းကို ဖမ်းဆီးပြီးစစ်ဆေးသော အခါတွင်လည်း ၎င်း၏ ဖြောင့်ချက်အရ ဦးစောနှင့် ဗြိတိသျှကောင်ဆယ်မှ ဘင်ကလင်တို့၏ဆက်သွယ်မှုသည် သာမန်ထက်ပို၍ ဆက်သွယ်မှု ရှိကြောင်း ဆိုထားပါသည်။ ဗြိတိသျှအစိုးရမှ ထိုအရေးပါသူ (၂)ဦးထံသို့ ဦးစောက အရေးကြုံသောအခါ ငွေတွေအတင်းလှမ်းတောင်းယူပုံ တွေကိုထောက်ရှု၍ ထိုလုပ်ကြံမှုတွင် ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို သိမြင်ယူဆနိုင်ပေသည်။

၉။ နောက်ဆုံး အဋ္ဌမအထောက်အထားမှာ -
ဦးခင်အောင်စာအုပ်အရ အထက်ပါဗီဗီယန်း၏ နောက်ဆုံးအဖြစ်အပျက်ပင် ဖြစ်ပေသည်။ ဖော်ပြထားပုံအရ ဗီဗီယန်းသည် ၁၉၄၉ ခုနှစ် မေလ အင်းစိန်တိုက်ပွဲမှ ကရင်များဆုတ်သွားရာတွင် အင်းစိန်ထောင်မှလိုက်ပါသွားပြီး ၁၉၅ဝ ခုနှစ်အထိ ကော့ကရိတ်မြို့အနီးတွင် စောဘဦးကြီးနှင့် အတူရှိနေခဲ့သည်။ မြန်မာအာဏာပိုင်များက သူ့ကိုသတ်လိုက်ပြီဟုဆိုသော်လည်း သူသည် ၁၉၅ဝ ခုနှစ် အလယ်ပိုင်းလောက်တွင် ထိုင်းနိုင်ငံ မှတဆင့် အင်္ဂလန်သို့ပြန်သွားပြီး ၁၉၈ဝ ခုနှစ်လောက်တွင်မှ ကွယ်လွန်သွားသည်ဟုဆိုထားပါသည်။ အမှုကြီးအတွက် အရေးကြီးပုဂ္ဂိုလ် လွတ်မြောက်သွားပုံဖြစ်ပါသည်။ ဤတွင်လည်း ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို ထင်ဟပ်သည်။

အထက်ဖော်ပြပါ အထောက်အထားများကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း ကျနော်ကောင်းစွာထင်မြင် ယူဆပါသည်။ အထက်ဖော်ပြပါ အထောက်အထားများအနက် နံပါတ် (၂)ဗီဗီယန်းက ဦးစောအား ဘရင်းဂန်း အလက်(၂ဝဝ)နှင့် ကျည်ဆံများ ထုတ်ပေးမှုသည်။ ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း အထင်အရှားဆုံးအချက်ကြီးဖြစ်သည်။ ဒုတိယထင်ရှားသည့်အချက်မှာ နံပါတ်(၃)အရ လုပ်ကြံရေးအတွက် လက်နက်များကျည်ဆံများရောင်းတဲ့ ဗိုလ်မှုးယန်းနှင့် လန့်စဒိန်းတို့အမှုဖြစ်သည်။ ဗီဗီယန်း၏ ဘရင်းဂန်း(၂ဝဝ) နှင့် ကျည်ဆံများ ဦးစောအားထုတ်ပေးမှုသည် လုပ်ကြံမှုကြီးဖြစ်ရန် တွန်းဆော်ပေးရုံမျှမက နောက်ပိုင်းဦးစော အာဏာရရေး ပုန်ကန်ထကြွရေး အတွက်ပါရည်ရွယ်သည်ဖြစ်သဖြင့် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလတပ်ပေါင်းစုကြီးအောက်တွင် စည်းလုံးညီညွတ်လာနေသော မြန်မာပြည်ကြီးကိုလည်း ပြည်တွင်းစစ်ဖြင့် ဖြိုခွဲအားနည်းသွားစေရန်လုပ်သောလုပ်ကြံမှုကြီးတခုလည်းဖြစ်သည်။ ၎င်းမှဆက်၍ တွေးခေါ် နိုင်သည်မှာ ဦးစော လုပ်မသွားနိုင်သည့် နောက်ပိုင်းဖြစ်လာသော ဗမာပြည်၏ ပြည်တွင်းစစ်များဖြစ်လာအောင်လုပ်ရာတွင်လည်း ဗြိတိသျှ အစိုးရတို့ တနည်းတဖုံပါဝင်ကြသည်ကို မျှော်မှန်းသိမြင်နိုင်ပေသည်။

အထက်ပါအကြောင်းများကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်ကြီးများလုပ်ကြံသတ်ဖြတ်မှုတွင် ဗြိတိသျှအစိုးရတို့ပါဝင်သည်ကို ကျနော် ထင်မြင်ယုံကြည်ရုံမျှမက ယခုနှစ် (၅ဝ)ကျော်ကြာ ဗမာပြည် ပြည်တွင်းစစ်ကြီးဖြစ်လာအောင် ဖန်တီးကြရာတွင်လည်း ဗြိတိသျှအစိုးရ တို့ တနည်းတဖုံပါဝင်နိုင်ကြောင်းလည်း ကျနော်ထင်မြင်ယူဆပါသည်။

ဤသည်များမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု အနှစ် (၅ဝ)မြောက် အထိမ်းအမှတ်အတွက် ဘီဘီစီအသံလွှင့်ဌာနမှ ကျနော်နှင့် တွေ့ဆုံ မေးမြန်းခန်းမှ မေးခွန်း အမှတ်(၁) (၂) နှင့် ၎င်းတို့အပေါ် ကျနော်၏ဖြေကြားချက်များ ဖြစ်ပါသည်။

ထိုမေးမြန်းခန်းတွင် မေးခွန်းပေါင်း (၁၃)ခု မေးခဲ့ရာ တချို့မေးခွန်းများမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ရော ထိုခေတ်ထိုကာလ (၁၉၄၇/၄၈) အတွင်းက နိုင်ငံရေးအခြေအနေများနှင့်ပါပတ်သတ်နေရာ ထိုမေးခွန်းများနှင့်အဖြေများကိုလည်း ယခုထည့်သွင်းဖော်ပြလိုက်ပါသည်။


ဖုန်ကြားရှင်အရေးတော်ပုံ၌ ကျဆုံးနေရသူများ(တူမောင်ညို)

0 comments
ဖုန်ကြားရှင်အရေးတော်ပုံ၌ ကျဆုံးနေရသူများ(တူမောင်ညို)
(၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် ခွဲခြမ်းစိတ်ဖြာပြလိုက်တော့မှ လောက်ကိုင်ကိစ္စ ရှင်းလင်းသွားတော့သည်။ ဦးခင်အောင်မြင့်ပြောသမျှထဲတွင် ရှက်ဒေါသနဲ့ဝန်ခံရတာတွေပါဝင်သကဲ့သို့ ရှေ့နောက်မညီ လိုရာဆွဲပြောနေတာတွေလည်း ထုံးစံတိုင်း အမြောက်အများပါဝင်နေပါသည်။

ဒေါသလည်းထွက် ရှက်ရှက်နဲ့ဝန်ခံရတာတွေ

ဦးခင်အောင်မြင့်က ဖုန်ကြားရှင်၏ကောက်ကြောင်းကို ဤသို့ဆွဲပြသည်။
ဖုန်ကြားရှင်သည် ကူမင်တန်တရုတ်ဖြူလက်ကျန်၊ ဗကပ(၄ဝ၄)တပ်ရင်းမှူး၊ ဖြူကြောင်ကျား၊ မူးယစ်ရာဇာဖြစ်သည်။ ဝန်မခံဘဲ မြှုပ်ထားသည့် အချက်မှာ (ဗကပ)ထံမှခွဲထွက်ခဲ့သဖြင့် သူတို့(နဝတ-နအဖ)စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ “ဦးဖုန်ကြားရှင်”ဟူ၍ သူကောင်းပြုခဲ့သည့်အချက်ပင်ဖြစ်သည်။

ဖုန်ကြားရှင်သည် (ကူမင်တန်)ဘဝ၊ (ဗကပ)ဘဝ၌လည်းဘိန်းကုန်ကူးခဲ့သည်၊ (ဗကပ)နှင့်လမ်းခွဲပြီး တပ်မတော်အစိုးရနှင့် ပူးပေါင်းကာ (ဦးဖုန်ကြားရှင်)ဘဝ ဖြစ်လာသည့်အခါတွင် မူးယစ်ဆေးဝါးအကြီးအကျယ် ထုတ်လုပ်ရောင်းချခဲ့သည်ဆိုသောအချက်ကိုမူ  ဦးခင်အောင်မြင့် ဝန်ခံထားပါသည်။

တကယ်တော့ ဖုန်ကြားရှင်နှင့်လောက်ကိုင်ပြဿနာဆိုသည်မှာ စစ်အုပ်စုအတွက် ကိုယ့်ရှူးကိုယ်ပတ်နေသည့်ပြဿနာတစ်ခုသာဖြစ်သည်။ စစ်အုပ်စု၏ မိုက်ကန်းလှသည့် တပွဲထိုးတနပ်စားဉာဉ်ဖြင့်လုပ်ဆောင်ခဲ့မှုများ၏ အကျိုးဆက်ရလဒ်လည်းဖြစ်သည်။

           
ရှေ့နောက်မညီလိုရာဆွဲပြောတာတွေ

သမ္မတဆိုသူကလည်း လက်ပံတန်းအကြမ်းဖက်မှု၌ ရှေ့ဆောင်လမ်းပြ ဗြောင်လိမ်ညာပြခဲ့ပြီ။ သို့ပါ၍ အတိုင်ဖောက်ညီစွာပင် လွှတ်တော်ဥက္ကဋ္ဌကလည်း ရှေ့နောက်မညီလိုရာဆွဲပြော၍လိမ်တော့သည်မှာ ဘာမျှမဆန်းပါချေ။ “လိမ်သလေ၊ လိမ်နေကျ၊ လိမ်မေက ဝမ်းနံပတ်ဆောင်”ဆိုသည့် ဦးပုညစာချိုးအတိုင်းပင်။
           
ဦးခင်အောင်မြင့်က လောက်ကိုင်တိုက်ပွဲကို “အချုပ်အခြာအာဏာကာကွယ်သည့်တိုက်ပွဲ၊ အမျိုးသားရေးတိုက်ပွဲ၊ အရေးတော်ပုံ”တစ်ခုဟု မရှက်မကြောက်မလျော်မကန် ဆိုပြန်ပါသည်။ ဖုန်ကြားရှင်အရေးတော်ပုံဟုဆိုလျှင် တော်ပေသေးသည်။

“နိုင်ငံရေးအယူဝါဒ”ကြောင့်လည်း မဟုတ်၊“လူမျိုးရေးအမြင်”ကြောင့်လည်း မဟုတ်၊ “မူးယစ်ရာဇာတစ်ဦး၏နယ်မြေလုတိုက်ပွဲ”ဟု ခွဲခြမ်း စိတ်ဖြာပြခဲ့ပြီး အဘယ့်ကြောင့် “အချုပ်အခြာအာဏာကို ကာကွယ်သည့်တိုက်ပွဲ၊ အမျိုးသားရေးတိုက်ပွဲ၊ အရေးတော်ပုံ”တစ်ခုဟု ပြောဆို နေပြန်ပါသနည်း။

“မူးယစ်ရာဇာတစ်ဦး၏ နယ်မြေလုတိုက်ပွဲ”ကိုပင် တိုက်လေယာဉ်ပျံများ၊ အမြောက်ကြီးများ၊ တင့်ကားများအသုံးပြု၍ မီးကုန်ယမ်းကုန် တိုက်နေရသည်မှာလည်း အမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုတာကဲ့သို့ပင် ဖြစ်နေသည်။ အဖြစ်မရှိတာတော့ ပေါ်လွင်ပါသည်။

အသေအချာပြောနိုင်သည့်အချက်များမှာ အောက်ခြေစစ်ဗိုလ်စစ်ဗိုလ်စစ်သားများ အတုံးအရုန်း နေ့စဉ်သေနေကြရသည်။ ဒဏ်ရာရနေ ကြရသည်။ တရုတ်ပြည်နယ်နိမိတ်ထဲ ဗုံးကျသဖြင့် တရုတ်အစိုးရထံဝန်ချတောင်းပန်ရသည်၊ သေဆုံးထိခိုက်မှုများအတွက် လျှော်ကြေးပေး ရသည်။ တပ်မမှူး ၃ ယောက် ဖြုတ်ပစ်ရသည် စသည့်အချက်များဖြစ်သည်။ ဤကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်တွင်မေးမြန်းကြရမည်။

သို့ပါ၍လောက်ကိုင်တိုက်ပွဲသည် အရေးတော်ပုံတစ်ခု ဟုတ်သည်/မဟုတ်ထက် “အလောင်းတော်ပုံ” ဖြစ်နေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
           
ရှေ့နောက်မညီ လိုရာဆွဲပြောသွားသည့်အချက်များအနက် အဆိုးဝါးဆုံးအချက်မှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို လိုရာဆွဲ၍အသုံးချခြင်း ဖြစ်ပါသည်။ (နဝတ-နအဖ)စစ်အစိုးရခေတ်၌ ဗိုလ်ချုပ်ဓါတ်ပုံ၊ ဗိုလ်ချုပ်သမိုင်း၊ ဗိုလ်ချုပ်မိန့်ခွန်းများကို ပိတ်ပင်ကန့်သတ် ခြင်း၊ မှိန်ဖျော့ထားခြင်းတို့ဖြင့် စစ်အုပ်စုက အသုံးချခဲ့ကြသည်။

ယနေ့အခြေအနေ၌ စစ်အုပ်စု(ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ တပ်မတော်)အတွက်  ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ၊ မိန့်ခွန်း စသည့် သမိုင်းဝင် အထောက်အထားများသည် ပြည်သူလူထုအတွင်း၌သော်လည်းကောင်း၊ စစ်တပ်အောက်ခြေအတွင်း၌သော်လည်းကောင်း လှည့်စားအသုံးချ စရာကောင်းလှသည့်အချိန်အခါဖြစ်နေပါသည်။ ယင်းကဲ့သို့သော အခွင့်အခါကောင်းကို လက်မလွတ်စတမ်း ယနေ့ စစ်အုပ်စုက အသုံးချ နေပါသည်။            

စည်းကမ်းပြည့်ဝသောဒီမိုကရေစီခေတ်၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများ၊ မိန့်ခွန်းများသည် စစ်အုပ်စုအတွက် မျက်နှာပန်းလှ၍ ဈေးကွက်ဝင်လှသောကုန်ပစ္စည်းတစ်ခု ဖြစ်နေပါတော့သည်။

သို့ပါ၍ ဗိုလ်ချုပ်ပြောခဲ့သည့်မိန့်ခွန်းများမှ လိုသည့်ချင်အပိုဒ်၊ လိုချင်သည့်စကားများကို ဖြတ်ညှပ်ယူ၍ သတင်းစာထဲတွင်ထည့်သွင်း၍ အသုံးချပါသည်။ ဤသို့အသုံးချသည်မှာ သူတို့၏အကြမ်းဖက်လုပ်ရပ်များ၊ လိမ်ညာမှုများကို ဖုံးကွယ်ဖာထေးရန်နှင့် လှည့်စားရန် အတွက်သာဖြစ်ပါသည်။

ဦးခင်အောင်မြင့်ကလည်း ကာကွယ်ရေးဘတ်ဂျက်ဆိုသည့်ဇီးသီးဗန်းကြီးအား ဗိုလ်ချုပ်မိန့်ခွန်းကိုမဆီမလျော်ကိုးကား၍ ကြံဖန်ကာကွယ် သွားပါသည်။ ၁၉၆၂ မှ ယနေ့အထိ တိုင်းပြည်အာဏာကိုအဓမ္မရယူခဲ့ကြသောစစ်အုပ်စုသည် တိုင်းပြည်ကာကွယ်ရေးတွင်လည်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်မှာ ဘိန်းဘုရင်နှင့်စစ်ခင်းနေသည့်ပွဲ၌ စစ်တပ်၏ညံ့ဖျင်းနုံချာလှသည့်စွမ်းရည်က အထင်အရှား သက်သေခံနေပါသည်။ တကယ်တော့ ၁၉၆၂ မှ ယနေ့အထိ အဆက်ဆက်သောစစ်အုပ်စုသည် စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် အသုံးချပြီး၊ အောက်ခြေစစ်ဗိုလ်စစ်သားများ၏ အသက်သွေးချွေးများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စတေးကာ စီးပွားဖြစ်နေခြင်း ဖြစ်ပါသည်။ ချမ်းသာကြွယ်ဝလာကြခြင်း ဖြစ်ပါသည်။
             
သွေးရိုးသားရိုး အမျိုးသားရေးတိုက်ပွဲ၊ အချုပ်အခြာအာဏာကို ကာကွယ်သည့်တိုက်ပွဲဟုဆိုလျှင် ပြည်သူတစ်ရပ်လုံးကို စည်းရုံးလှုံ့ဆော်၍ တိုက်ပွဲဆင်ကြရမည်သာဖြစ်သည်။ ယခုတော့ စစ်တပ်ထဲ၊ ပြည်သူထဲတွင် ပြည်ပကျူးကျော်စစ်ဖြစ်နေသယောင် လိမ်ညာဝါဒဖြန့်မှိုင်းတိုက်ပြီး သေတွင်းတွန်းပို့နေခြင်းသာဖြစ်သည်။ လက်တွေ့မှာတော့ တရုတ်ပြည်သို့သွား၍ ဝန်ချတောင်းပန်ရပါသည်။ သေဆုံးထိခိုက်ခဲ့ရသည့် တရုတ်နိုင်ငံသားများအတွက် လျော်ကြေးပေးနေရပါသည်။

အရင်းစစ်လိုက်လျှင် လောက်ကိုင်စစ်ပွဲဆိုသည်မှာ စစ်အုပ်စုနဲ့ဘိန်းဘုရင်တို့ အပြန်အလှန် လည်ပင်းညှစ်ကြသည့် အခဲမကျေပွဲသာ ဖြစ်ပါသည်။ ထိုမကျေပွဲ၌ အောက်ခြေစစ်ဗိုလ်စစ်သားတွေ မြေစာပင်ဖြစ်နေကြရခြင်းသာဖြစ်သည်။
ညွန်း
-       (၅-၄-၂ဝ၁၅) မြန်မာ့အလင်းသတင်းစာ