Monday, July 27, 2015

၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၉(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၉(မျိုးမြင့်ချို)
(ခက်တာလိုက်လို့)
အောင်သောင်းတော့ ပြာဖြစ်သွားပြီ။ အောင်ကိုရော ဆေးရုံကဆင်းပြီလား။ ဟိုအမျိုးကောင်းသားကြီးကတော့ စာတွေဖတ်ကောင်းတုန်း။ မှော်ဝန်းသားလည်း ဘဘ ဘဘ နဲ့ အစွယ်တပြပြလုပ်နိုင်တုန်း။ အမျိုးသားရင်ကြားစေ့မန္တန်နဲ့ ဒီမိုကရေစီရွှေပေလွှာဟာ အကြောက်ကြီးသလား သဘောထားကြီးသလား သူ့ဘာသာဝေခွဲမရ။ ရွှေဇီးကွက်ကတော့ နံမည်မှားသွားတဲ့ယဉ်ကို ကိုယ်တိုင်မောင်းသတဲ့။
ဇူလိုင် ၂၇ ၂ဝ၁၅

(မတော်တဆသမ္မတဖြစ်ရင်)
ဧရာဝတီတိုင်း ကျိုက်လတ်မြို့ လူထုဟောပြောပွဲတွင် အမေစုအနေနဲ့ သမ္မတကြီးဖြစ်ရင် ဘာကို အရင်လုပ်မလဲဟု ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦး၏မေးမြန်းမှုကို အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို နံပါတ်(၁) အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားခဲ့.... ဆိုတာဖတ်မိပြီးတွေးကြည့်တာပါ။ ကိုမင်းကိုနိုင်တော့ ရဲလုပ်မယ်လို့ ရွှတ်တွတ်တွတ်ပြောတာပဲ။ မိတ်ဆွေရဲ့သူငယ်ချင်းတယောက်ကတော့ သမ္မတတို့ဘာတို့ဆိုတာ တက်လမ်းမရှိတဲ့အလုပ်တွေမို့ စိတ်တောင် မကူးမိဘူးတဲ့။ ရွှေမန်းကတော့ သမ္မတထက်ကြီးတာတောင် လုပ်ချင်ပြန်သတဲ့။ အမေရိကန်မူကြိုကျောင်းသားလေးတယောက်ကတော့ သမ္မတအလုပ်က ပျင်းစရာကြီးတဲ့။ တချို့ကတော့ သမ္မတလုပ်တဲ့သူ President Maker လုပ်မယ်တဲ့။
ကဲ ခင်ဗျားရော...
ဇူလိုင် ၂၇ ၂ဝ၁၅

(ပြည်သူဟာ တာဝန်အကျေလွန်လှပြီ)
ရည်ရွယ်ချက်ပါပါ မဲစာရင်းအမှားလုပ်ပေးထားတာတွေကို ချက်နဲ့လက်နဲ့ထောက်ပြကန့်ကွက် ဆန့်ကျင်တာမျိုး၊ အမှန်ဖြစ်အောင်ပြင်ပေးဖို့ပြောတာမျိုး၊ ဒါမှမရရင် ရွေးကောက်ပွဲမဝင်ဘူး သပိတ်မှောက်တယ်ဆိုတာမျိုးတွေကိုရှောင်ပြီး ရပ်ကွက်အထဲထိဆင်းကာ မဲစာရင်းကူစစ်တာမျိုး၊ မဲစာရင်းမှန်ဖို့ပြည်သူတွေမှာတာဝန်ရှိတယ်ဆိုပြီး စစ်အုပ်စုကလိန်ကကျစ်ကို ပြည်သူဘက်အပြစ်ချသလိုပြောတာမျိုးတွေ ဘာ့ကြောင့်လုပ်သလဲဆိုတာ နားလည်ဖို့မခက်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဒီမိုကရေစီမကျတဲ့ ပုဒ်မတချို့ကိုတောင် ပြင်ပြင်မပြင်ပြင်ဝင်ပါရစေ ဇွတ်တင်ထားမင့်ပြီကိုး။ စစ်အုပ်စုဘက်ကတော့ မဝင်လေကြိုက်လေပဲ။ မဝင်ပဲ ဘာမှလုပ်မှာမဟုတ်တာလည်း သိထားနှင့်ပြီးသားပဲ။ စစ်အုပ်ဟာအင်မတန်ပါးနပ်ကောက်ကျစ်တယ်ဆိုတာထက် ပိုပါတယ်။
အင်န်အယ်လ်ဒီမဝင်လို့ ဘယ်နိုင်ငံကမှ အင်န်အယ်အယ်လ်ဒီကို ပစ်ထောက်ခံမှာမှမဟုတ်ပဲ။ ဖြစ်ခြင်းဖြစ် အပြစ်တောင်တင်မှာ။ တခြားမကြည့်နဲ့ ဝင်မယ်လည်းပြောရော အရင်ဆုံးကြေညာချက်ထုတ် ထောက်ခံပြတာ အန်ကယ်လ်ဆမ်ကြီး။ နောက်တချက်က မဝင်ရင် အပြင်က ပြစ်တင်တာမတင်တာ ခနထား အရင်ဆုံးပြန်ဆန့်အကျင်ခံရမှာက ကိုယ့်အတွင်းကပဲ။ကိုယ့်လက်သပ်မွေး ခေါင်းခေါက်ရွေး (ခေါင်းကောက်ရွေးမဟုတ်ပါ)တွေပဲ။ အမေသိပါတယ် ကိုယ့်အနေအထားကို။
ကဲထားတော့ ခု အဲ့ဒီမဲစာရင်းအမှားကြီးနဲ့ပဲ ဝင်ပါပြီတဲ့။ စာရင်းလိမ်တခုတည်းနဲ့တင် တချို့နေရာတွေမှာ ကျိန်သေးပေါက်ပေါ်မယ့်ပြဿနာတွေလည်း တပုံတခေါင်းကြီးပဲ။ နိုင်ရက်နဲ့ရှူံးသွားရတာမျိုး၊ မရှူံးသင့်ပဲ ရှူံးသွားရတာမျိုးတွေ ကြုံကိုကြုံရမှာပဲ။ ဒါစာရင်းလိမ်ပဲပြောတာ။ မဲခိုး၊ မဲလိမ်နဲ့ အခြား မသမာမှုတွေလည်း လာဦးမယ်တွေးမိတယ်။ အဲ့သလိုတွေဖြစ်တော့မှ မျက်ရည်ခံထိုးသလိုလို၊ စကားနာထိုးသလိုလိုလုပ်လည်း လုပ်တာပဲရှိမှာပါ။ စာထုတ်ပြီးကန့်ကွက်ရင်“စာရင်းမှားကြီးမှန်းသိသိသိနဲ့ ဝင်တုန်းကဝင်ပြီး ခုမှ ဘာလာပြောနေတာလဲ”လို့ တင်အေးက ငေါက်ငန်းမထုတ်ရင်ပဲတော်လှပြီ။ တခါတုန်းလည်း မဲပြားဖယောင်းသုတ်တာကို “ဖယောင်းသုတ်တယ်”ပြောလို့ ဒဏ်ငွေတထောင်ဆောင်ရဖူးတယ် မဟုတ်လား။ ချိန်ဆဆင်ခြင်ဖို့ပါ။ ဒီတခါတော့ ကော်မရှင်က စကားနာတောင် အထိုးခံမယ့်ကိန်း မမြင်မိဘူး။
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူးတို့ လွှတ်တော်ထဲမဝင်ဘူးတို့စတာတွေ မပြောတော့မယ်မှန်း မလုပ်တော့မယ်မှန်းလည်း စစ်အုပ်စုကသိပါတယ်။ လုပ်လည်း အရာထင်စရာတော့ မမြင်မိသေးပါ။
အဲ့ဒီအခါကြတော့လည်း “အမတ်အရေအတွက် လိုသလောက်မရလိုက်လို့ လွှတ်တော်ထဲမှာ ဘာမှမလုပ်နိုင်တာ”ဆိုတဲ့စကားကြားရလိမ့်မယ်တွေးပါတယ်။
စာရင်းမှားကြီးမှန်းသိသိနဲ့ဝင်ပြီး အရေးမလှတော့မှ ပြည်သူတွေတာဝန်မကျေလို့ လို့ မပြောဘူးမှန်းသိပါတယ်။ ပြောလို့မရမှန်းလည်း သိထားပြီးသားနေမှာပါ။
ပြည်သူဟာ သမိုင်းခေတ်အဆက်ဆက်မှာ တာဝန်အကျေလွန်လှပြီ။
ဇူလိုင် ၂၆ ၂ဝ၁၅


(နိုင်ငံရေးလက်လီလက်ကား)
ဟိုနေ့က ပြည်တွင်းက လူငယ်တယောက်နဲ့ စကားပြောဖြစ်တယ်။ သူက လာမယ့် ရွေးကောက်ပွဲအပေါ် အားသန်သူ။ ပြီးတော့ အင်န်အယ်လ်ဒီလူငယ်။ စာလည်း ဖတ်သလောက် ဖတ်တယ်။ ဆင်လည်း ဆင်ခြင်တယ်။ တွေးလည်း တွေးတတ်တယ်။ ဖေ့စ်ဘွခ်ကမေမေ့သားတွေထဲမှာထူးခြားတာက “အမေစွဲ”ပါးသူဖြစ်တယ်။ အမြင်မတူတာတွေ အတော်ပြောတယ်၊ အပြောလည်း ခံတယ်။ သူ့အမြင် သူ့နိုင်ငံရေးရပ်ခံချက်ကိုလည်း ခိုင်ခိုင်ကြည်ကြည် တည်တည်တန့်တန့်ပြောတယ်။ အမေ့သားတွေထဲမတော့ ရှာမှရှားသူလို့ ကိုယ့်ဘာသာ အမှတ်ပေးမိတယ်။ ရွေးကောက်ပွဲနဲ့ ဘယ်သူ့ကို ဘယ်ပါတီကို ဘယ်ပုံရွေးချယ် မဲပေးကြမလဲဆိုတဲ့ဆီရောက်တော့ သူ့ဆီက ထူးထူးဆန်း နိုင်ငံရေးဝေါဟာရတခု ထွက်လာတယ်။ သူ့ကိုယ်ပိုင်လား။ အသုံးတွင်ကျယ်နေတဲ့ဟာလား။ လူသိနည်းတဲ့ စကားလားတော့ မပြောတတ်ဘူး။ ကျနော်တော့ တခါမှ မကြားဘူးတာအမှန်ပါ။
”ကျနော်ပြောတဲ့ လက်လီနိုင်ငံရေးနဲ့ လက်ကားနိုင်ငံရေးဆိုတာက ဒီလိုဦးလေးရာ.. တယောက်ချင်းတော်တဲ့သူတွေ တသီးပုဂ္ဂအနေနဲ့ဝင်ပြိုင်ကြမှာကို လူထုက ကောက်သင်းကောက်သလို လိုက်မဲပေးရွေးချယ်နေရတာကလက်လီနိုင်ငံရေး။
အဲ့ဒီလူတွေအကုန် အင်န်အယ်လ်ဒီအနေနဲ့ဝင်အရွေးခံ ပါတီတခုတည်းကလူတွေအကုန်လုံးကို ပုံအောမဲပေးရွေးချယ်တာက လက်ကားနိုင်ငံရေးပေါ့ဗျာ” တဲ့။ သူပြောတာတွေက အဲ့ဒါနဲ့စပ်လို့အများကြီးပါပဲ။ ဒီနေရာမှာ ကျနော်ပြောချင်တာနဲ့ တယ်မဆိုင်လှဘူးထင်လို့ ထားခဲ့ပါရစေ။
ကျနော်က အင်္ဂလိပ်လိုကြတော့ ဘယ်လိုပြောမလဲဗျ၊ အဲ့ဒီ လက်လီလက်ကားနိုင်ငံရေးကို”ဆိုတော့ “ကျနော်လည်းမပြောတတ်ဘူး ဦးလေးရ ဒါပေမယ့် Wholesale and Retail Politics ဆိုရင်တော့ သိတ်မမိုက်ဘူးနဲ့တူတယ်”လို့ပြောပြီး ရီနေတယ်။
ဇူလိုင် ၂၆ ၂ဝ၁၅

(မြူကျတဲ့ မင်းကျင့်)
နံနက်ခင်းပြတင်းဖွင့်တော့ ခြံနောက်တပြင်လုံး မြူ Fog တွေ ကျနေလိုက်တာမှ နေခြည်တောင် ခတ်နောက်နောက်ကြီး ဖြစ်နေတာပါပဲ။ နွေဦးတုန်းကလည်း နှင်း Snow တွေ ၁၄ လက်မလောက်အထိကျလိုကျ၊ နွေခေါင်ခေါင် မိုးကြီးလေကြီး ကျလိုကျ၊ ခုလည်းကြည့် နွေလည်ကောင်ကြီး မြူတွေဆိုင်းလိုဆိုင်းနဲ့။
မြူတွေကြည့်ရင်း မဆီမဆိုင် ကမ္ဘာပြားဆရာပြောတဲ့ ဘရာဇေးလ်ကလိပ်ပြာတောင်ပံတွေ ဘာတွေလည်း တွေးမိလိုမိ၊ မင်းတွေ မင်းကျင့်တရားအညီမအုပ်ချုပ်ရင် ရာသီဥတုတွေ ဖေါက်ပြန်တယ်ဆိုတဲ့ အိန္ဒုမြစ်ဝှမ်းသားလူလည်လူနပ်တွေစကားလည်း တွေးမိလိုမိနဲ့နေတုန်း လက်ကိုင်ဖုန်းက အသံမြည်လာတယ်။
ကြည့်လိုက်တော့ ပူလို့ဆိုပြီး ညက အပေါ်ထပ်တက်အိပ်တဲ့ဇနီးဆီက ဖြစ်နေတယ်။ အိပ်ယာမဝင်ခင်က ပြောသေးတယ် “မနက်ဖြန် တနင်္ဂနွေ ဘုရားကျောင်းလည်း သွားမနေတော့ဘူး၊ နေဖင်ထိုးတဲ့အထိအိပ်မယ်”ဆိုပြီး။ ခု ဘယ့်နှယ် နေက ဖင်မပြောနဲ့ ဘယ်မှတောင် မယ်မယ်ရရ မထိုးရသေးဘူး သူက နိုးလာပြီ။
ဖုန်းကိုင်တော့ “အပြင်ကိုကြည့်လိုက် အပြင်ကို၊ မြူတွေကျနေတယ်။ လှမှလှပဲ”ဆိုပြီး ဖုန်းချသွားတယ်။ တချို့ကတော့ ထင်လိမ့်မယ် အပေါ်ထပ်နဲ့အောက်ထပ်များ လှမ်းအော်လိုက်လည်းရတာပဲဟာ ဖုန်းခေါ်ပြောရတယ်လို့ဆိုပြီး။ တခုက ကျနော်တို့အိမ် ဖွဲ့စည်းပုံနဲ့ အခန်းတံခါးတွေတပ်ဆင်ထားပုံက ထူးတယ်။ အပေါ်ထပ်အိပ်ခန်းကနေ အောက်ထပ်အိပ်ခန်းကို အိပ်ခန်းတံခါးတွေမဖွင့်ပဲ လှမ်းအော်ပြောရင်မကြားရဘူး။ နောက်တခုက အဲ့လို ဖုန်းနဲ့လှမ်းပြောတဲ့အလေ့က အသားကျနေသလိုဖြစ်တာလည်းပါမယ်။
တခါတလေ ကျနော် အပြင်အလုပ်ရှိလို့သွား၊ အိမ်သော့ယူသွားဖို့မေ့ခဲ့၊ အိမ်ပြန်လာချိန် သူ အိမ်ထဲမှာရှိနေတာဆို အိမ်ရှေ့တံခါး တဝုန်းဝုန်းထုပြီး ဖွင့်ခိုင်းရတာထက် တံခါးရှေ့မတ်တပ်ရပ် ဖုန်းလေးလှမ်းခေါ်ပြီး ဖွင့်ဖက်ခိုင်းရတာက ပိုအဆင်ပြေတာကိုး။ တနေ့ကဆိုလည်းကြည့် ကျနော့်ကို အာဖရိကန် ရိုးရာအစားအသောက်များပွဲတော်ဖိတ်စာ အီးမေးလ်ထဲရောက်လာတယ်။
အဲ့အချိန်မှာ ကျနော်က အိပ်ခန်းထဲမှာ၊ သူက ဧည့်ခန်းထဲမှာ လက်ပ်တော့ပ် ပေါင်ပေါ်တင်လို့။ ကျနော်က “ဖိတ်စာရထားတယ် သွားကြမလားဆိုတော့ ဘယ်နေ့ဘယ်နေရာဘယ်အချိန်လဲ”တဲ့။ ဒါနဲ့ “အီးမေးလ်ထဲထည့်လိုက်မယ်၊ ဖတ်ကြည့်”ဆိုတော့ ပွဲကပြီးသွားတယ်။ ဘာမှ လှမ်းအော်နေစရာ ထသွားပြောနေစရာမလိုတော့ဘူး။ အချိန်ကုန်လူပမ်း သက်သာတာပဲ နည်းပညာများကျေးဇူးနဲ့။ ထားပါတော့ အဲ့ဒီအကြောင်းတွေ။ ပြောချင်တာချော်ထွက်သွားမှာ စိုးတယ်။ နောက် သတ်သတ်ရေးဦးပါမယ်။
ခနနေတော့ မယ်မင်းကြီးမက အောက်ဆင်းလာပြီး နောက်ဘက်ထွက်တဲ့ တံခါးကိုဖွင့်ပြီး မြူအထိသွားခံတယ်။ ပြန်ဝင်လာတော့ “အရသာရှိလိုက်တာ”လို့ပြောတယ်။ ကျနော်က “တို့ဆီမှာတော့ အဲ့သလိုမျိုးတွေဖြစ်ရင် ရာသီဥတုဖေါက်ပြန်တယ်ပြောပြီး မင်းတွေ မင်းကျင့်တရားနဲ့မညီလို့ဖြစ်တာလို့ ယုံတတ်ကြတယ်ကွ”ဆိုတော့ သူမျက်မှောင်ကြုပ်သွားတယ်။ ပြီးတော့မှ “ဘာဆိုင်လို့တုန်း”တဲ့။ ကျနော်က လူတတ်ကြီးအထာနဲ့ ဆိုင်တာပေါ့ဆိုပြီး “အစိုးရတွေ ကိုယ်ကျိုးနဲ့လောဘဇောတိုက်ပြီး သစ်တွေနင်းကန်ခုတ် တောတွေပြုန်း တောင်တွေပြို မြေဆီလွှာတွေခမ်းခြောက် မြစ်တွေထဲမြေတွေပြိုကျ မြစ်ရေတွေကြီး ဘာတွေညာတွေ တသီတတန်းကြီးလျှောက်ပြောပြီး ကိုယ့်လူတွေယုံတတ်တဲ့အယုံကို အမှန်တရား မဖြစ်ဖြစ်အောင် ဇွတ်ဖျစ်ညှစ်ပြောမိတာပေါ့။
ကျနော့်စကားလည်းဆုံးရော စပ်ဖြဲဖြဲနဲ့ “အင်း ဒါဆို မြူကျလို့ရတဲ့အရသာလေးဖျောက်ပြီး အိုဘားမားအစိုးရဆန့်ကျင်ရေးနဲ့ ဖြုတ်ချရေးလုပ်မှတော်မယ်နဲ့တူတယ်”လို့ပြောပြီး မြူတွေထဲပြန်ထွက်သွားလေရဲ့။
ဇူလိုင် ၂၅ ၂ဝ၁၅

(ကိုယ့်ဘာသာ မသနားတဲ့ကောင်)
ဘယ်လ ဘယ်အပတ်က ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေဆိုပြီး ဟိုအကြောင်းအရာပေါ် ထုံ့ပိုင်းထုံ့ပိုင်း ဒီကိစ္စအပေါ် တို့တိတို့တိ ချချရေးဖြစ်တာလေးကို ကိုယ့်ဘာသာ ခေါင်းစဉ်ငယ်လေးတွေပေး အေဖိုး ၃ မျက်နှာစာလောက်ရရင် တခါပြန်စုစုပြီးတင်တာမျိုး မလုပ်ဖြစ်တာကြာသွားပြီ။ ဒီနေ့တော့ လုပ်မလားတွေးတာပါပဲ။
ပျင်းကလည်းပျင်း၊ စိတ်ကလည်းဖမ်းမရဆုပ်မမိ၊ လူကလည်း နည်းနည်းမအီမသာဖြစ်နဲ့ဆိုတော့ ကိုယ့်ကိုယ်ကို ပြစရာအကြောင်းနဲ့ ဆင်ခြေဆင်လက်ကရှိနေပြီးသား။ ဒီကြားထဲ လူတခုပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတဲ့အတိုင်း အနီးဆုံးလူတွေကနေ ဟိုးကမ္ဘာ့အစွန်အဖျားကလူတွေအထိ (ဘာမှ လုပ်မပေးနိုင်ပေတဲ့) ကိုယ်နဲ့ဆိုင်တယ်လို့တွေးတတ်တာကလည်း တမှောင့်။
စာရေးတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့လေ တခုခုကိုလုပ်နိုင်သွားတဲ့အခါ ငါကွလို့ လက်မထောင်မာန်တက်တတ်ပေမယ့် မလုပ်နိုင်တဲ့အခါ လုပ်မရတဲ့အခါ “ငါ့ခမျာ သနားစရာ”လို့ တခါမှတော့ မတွေးမိသေးဘူး။ လူတိုင်းမှာ လုပ်နိုင်စွမ်းဆိုတာကလည်း အကန့်အသတ်နဲ့ မဟုတ်လား။ ကိုယ့်လို ခြေပြတ်လက်ပြတ် မျက်လုံးတဘက်ပျက်နေတဲ့သူမှာ ပိုတောင် အကန့်အသတ်ကြီးတာကလားဆိုတာကို အမြဲနှလုံးသွင်းရတာပါပဲ။
အဲ့သလိုသွင်းနိုင်မှုအကျိုးက ကိုယ့်အကန့်အသတ်ကိုယ်သိပြီး ကိုယ့်ကိုယ်ကို “ငါ့ခမျာ သနားစရာ” အတွေးကနေလွတ်မြောက်ပြီး မလုပ်နိုင်တဲ့အခါမျိုးတွေမှာ စိတ်လက်ပေါ့ပါးစွာ နေထိုင်တတ်စေတာပဲ။
ဇူလိုင် ၂၅ ၂ဝ၁၅

(တောင်သာဆီက အောင်ဇာနည်)
ဗမာပြည်လောက် အာဇာနည်၊ အမျိုးသားနေ့နဲ့ အမျိုးသားသစ္စာဖေါက်ပေါတဲ့ပြည်များ ရှိဦးမလား။ လူမျိုးစုအားလုံးမှာ အာဇာနည်တွေ အမျိုးသားနေ့တွေ အမျိုးသားသစ္စာဖေါက်တွေ တန်းတူရည်တူကိုယ်စီကိုယ်ငှရှိကြပေမယ့် အများတကာ့အများစုကြီးသဘောဖြစ်နေတဲ့ လူများလို့ဗိုလ်ကျတဲ့သဘောပါတဲ့ အမျိုးသားသစ္စာဖောက်သတ်မှတ်ချက်ကြတော့ စစ်တပ်၊ မဘသ သင်္ကန်းခြုံအကြမ်းဖက်သမားတွေနဲ့ လူကြိုက်များနိုင်ငံရေးပါတီဝင်တချို့က လုပ်ကြပုံပဲ။
တို့တာဝန်အရေးသုံးပါးကို လက်မခံရင်လည်း အမျိုးသားသစ္စာဖောက်၊
မျိုးစောင့်ဥပဒေမထောက်ခံရင်လည်း အမျိုးသားသစ္စာဖေါက်
အောင်သောင်းအလောင်းရှုသွားတာ မကြိုက်ကြောင်းပြောလည်း အမျိုးသားသစ္စာဖောက်။
သူတို့အဖို့ရာ အောင်သောင်းဟာ သူရဲကောင်း။
တိုင်းပြည်အဖို့ရာ အောင်သောင်းဟာ ပြည်သူ့သစ္စာမထောက်သူ။
ဇူလိုင် ၂၅ ၂ဝ၁၅

(သေနတ် အပစ် ခံရသူ)
မူတူးဆေးဖိုး+မန်းငြိမ်း ခေါင်းထောင်ထလာကတည်းက ကရင့်တော်လှန်ရေးအပေါ် စိတ်မပျက်စိတ်မကွက်ပေမယ့် အဲ့ဒီ နှစ်ဦးဂိုဏ်းကိုတော့ အတော့်ကိုစက်ဆုပ်မိတာအမှန်ပါ။ ဟိုးရှေ့ပိုင်းက ဒီကေဘီအေနဲ့ ကေအင်န်ယူကွဲပြီး ကရင့်လက်နက်နဲ့ ကရင်ကရင်ခြင်း ပြန်သတ်ကြတာလည်း စိတ်ထဲ သိတ်အံ့သြတကြီးမဖြစ်သလို သိတ်လည်းမခံစားမိပါ။ လက်နက်ကိုင်တော်လှန်ရေးတချို့ရဲ့ ကျချိန်တွေမှာဖြစ်တတ်တဲ့သဘာဝလောက်လို့ပဲ မြင်ပါတယ်။ ကရင်ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှူံးရတာတွေအတွက်တော့ စိတ် အကြီးအကျယ်ထိခိုက်မိသလို ရင်လည်းနာပါတယ်။ ခုနောက်ပိုင်း ဗိုလ်ကျော်သက် ဗိုလ်ဆန်းအောင်တို့ကို အဖွဲ့အစည်းနဲ့တပ်ထဲ ထုတ်လိုက်သွင်းလိုက် လုပ်နေတာမြင်တော့ ခေါင်းဆောင်ဆိုသူတွေကို နှလုံးပါနာလာတယ်။
လက်ထဲ သေနတ်ရှိနေသေးလို့ ကိုယ့်ကို အရေးလုပ်စကားပြောနေသေးတာ၊ လူဟာ လက်ထဲသေနတ်မရှိရင် ကြက်ငှက်ထက် ဖမ်းရလွယ်တာ၊ သေနတ်ရှိနေတုန်းတောင် ဒီ့လောက် နိုင့်ထက်စီးနင်းအလုပ်ခံနေရတာ မရှိများမရှိတော့ရင်ဆိုတဲ့သဘောတွေကို လက်နက်ကိုင်တော်လှန်ရေးအတွေ့အကြုံကြီးမားလှတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ ကျနော်တို့ထက် ကရင်ပြည်သူတွေထက် ပိုသိမြင်နားလည်ပေမယ့် ခေါင်းဆောင်တချို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖွဲ့အစည်း၊ တပ်နဲ့မိမိပြည်သူကို စတေးပစ်တာမျိုးကြ ကျနော်တို့ရော ကရင်ပြည်သူတွေကပါ လက်မခံပါ ဆန့်ကျင်ပါတယ်။
ခုနပဲ သတင်းတခုကြားရပြန်ပါတယ် “ဗိုလ်ကျော်သက်နဲ့ဗိုလ်ဆန်းအောင်ကို KNU ဗိုလ်ချုပ်ဂျော်နီနဲ့ ဗိုလ်ချုပ်ဘော့ကျော်ဟဲတို့က ပြန်လက်ခံလိုက်ပြန်”လို့ဆိုပါတယ်။ အရင်းအမြစ်က သိတ် Reliable မဖြစ်လို့ ကျိန်းသေပေါက်တော့ မပြောနိုင်သေးပါ။
ဇူလိုင် ၂၅ ၂ဝ၁၅


“ကျန်တဲ့ဟာတွေကို အန်တီတို့ ကြည့်လုပ်ပါ့မယ်” ဆိုတာထက် ပိုမိုလေးနက်တဲ့ တာဝန်ယူမှု

0 comments
“ကျန်တဲ့ဟာတွေကို အန်တီတို့ ကြည့်လုပ်ပါ့မယ်” ဆိုတာထက် ပိုမိုလေးနက်တဲ့ တာဝန်ယူမှု(တူမောင်ညို)
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
ယခုတလော သတင်းစာ၊ ဂျာနယ်တွေရဲ့ အာဘော်တွေနဲ့ အာဘော်ဆောင်းပါးတွေကိုပဲ ဖတ်နေမိပါတယ်။ လက်လှမ်းမီသမျှ ဖတ်ရတဲ့အထဲက တချို့သော အာဘော်တွေ၊ အာဘော်ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြောချင်တာတွေရှိလာပါတယ်။ ပြောပါရစေ။

            ဒီလှိုင်းစာစောင်အာဘော်ကို ဒီမိုကရေစီအာဘော်တွေထဲက အဓိကကျတဲ့အာဘော်တစ်ခုလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဒီလှိုင်း စာစောင်ဆိုတာ တိုင်းသိကမ္ဘာသိ အတိုက်အခံဒီမိုကရေစီပါတီကြီးတစ်ခုရဲ့ စာစောင်လည်းဖြစ်နေတယ် မဟုတ်ပါလား။ (ပါတီအာဘော် မဟုတ်၊ တာဝန်ခံအယ်ဒီတာရဲ့အာဘော်သာဖြစ်တယ်ဆိုရင်တော့ တမျိုးပေါ့)

            ၁၃ ဇူလိုင် ၂၀၁၅ ရက်နေ့မှာ ထုတ်ဝေတဲ့ အတွဲ ၄၊ အမှတ် ၂၆ ၊ ဒီလှိုင်းစာစောင်ရဲ့အာဘော်နိဂုံးမှာ အခုလို ရေးထားပါတယ်။ “မည်သို့ပင်ဆိုစေ ယခုအကြိမ်တွင်လည်း ဒီမိုကရေစီလှိုင်းလုံးများက အာဏာရှင်ကမ်းခြေကို ဆေးကြောသုတ်သင် ရှင်းလင်းပစ်လိမ့်ဦး မည်ဖြစ်ပေသည်” ဟု ပုဒ်မ ချကာ အဆုံးသတ်ထားပါတယ်။

            ထိုအဆုံးသတ်နိဂုံးကိုဖတ်ရတဲ့အခါ “ဒီမိုကရေစီရေစီးသည်အာဏာရှင်ကမ်းပါးနှစ်ဖက်အကြားစီးဆင်းနေရရှာသော ရေအလျဉ် ပင်ဖြစ်နေပါကလား” ဟူသောအချက်ကို မြင်လာမိစေပါတယ်။

            အာဘော်ရှင်က ဘယ်လိုရည်ရွယ်ချက်နဲ့ရေးသလဲတော့ မသိပါ။ သူရဲ့အနုပညာဖြင့် ညွန့်လိုက်၊ကွန့်လိုက်ခြင်း သက်သက် လော၊သို့မဟုတ် ဒီကနေ့ စစ်တပိုင်းအစိုးရရဲ့ “စည်းကမ်းပြည့်ဝဒီမိုကရေစီ”သရုပ်သကန်ကိုပဲ ဖော်ညွန်းလိုတဲ့ သဘောလားမသိနိုင်ပါ။ သေချာတာတစ်ခုကတော့ ဒီကနေ့ ပြောနေကြတဲ့ “၂၀၀၈ အခြေခံဥပဒေ” ပါ ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ “စစ်တပ်” ဆိုသော ကမ်းပါးနှင့် “အစိုးရ/လွှတ်တော်” ဟူသော ကမ်းပါးနှစ်ဖက်အကြား ဆင်းဆင်းရဲရဲ တိုးဝှေ့စီးဆင်းနေရရှာသော နွေရာသီ ချောင်းချောက် ကလေးတစ်ခုရဲ့ ရေအလျဉ် မျှသာဖြစ်ပါတယ်။

            ကျနော်တို့တိုင်းပြည်နဲ့လူထုဟာ “အခြေခံဥပဒေမရှိတဲ့ စစ်အာဏာရှင်စနစ်” ကိုလည်း ကြုံခဲ့ရဖူးသလို “အခြေခံဥပဒေရှိတဲ့  စစ်အာဏာရှင်စနစ်”ကိုလည်း မြည်းစမ်းဖူးပါတယ်။ စစ်အာဏာရှင်စနစ်ဆိုသည်မှာ အခြေခံဥပဒေ ရှိသည်ဖြစ်စေ/ မရှိသည်ဖြစ်စေ တိုင်းပြည်နဲ့လူထုအတွက် ဘာမျှမထူးခြား၊ အခြေခံဥပဒေရှိလည်း ဖိနှိပ်ခံရပြီး၊ အခြေခံဥပဒေ မရှိပြန်တော့လည်း ဖိနှိပ်ခံနေရမြဲပင်ဖြစ် ပါတယ်။ ဒီတော့ အရင်းစစ်လိုက်ရင် အခြေခံဥပဒေရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ တိုင်းရင်းသား ပြည်သူများတွင် ဒီမိုကရေစီလုံးဝမရှိ တာတော့ အလွန်ကို သေချာသော အချက်တစ်ခုဖြစ်နေပါတယ်။

 ပြောရလျှင် အခြေခံဥပဒေ မရှိဘဲ ဖိနှိပ်တဲ့ပုံစံက စစ်ဖိနပ်နဲ့ရင်ဝကန်ပြီး အထုပ်ထမ်းခိုင်းတာနဲ့တူပြီး။ အခြေခံဥပဒေရှိတဲ့ ဖိနှိပ်မှုကတော့ ကတ္တီပါဖိနပ်နဲ့နရင်းအုပ်ပြီး အထုပ်ထမ်းရတာ အပြင် ပိုလာတဲ့ အချက်က ဒီလိုထမ်းရတာဟာ “နိုင်ငံသူနိုင်ငံသားများဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော အခွင့်အရေးနှင့်တာဝန်အရဖြစ်တယ်” ဆိုတဲ့ စကားကြီး စကားကျယ်တွေကို ဂါထာရွတ် သလို  ပြည်သူတွေ အာပေါက်အောင် ရွတ်ဆိုကြရခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် အခြေခံဥပဒေရှိနေတာက ပိုလို့တောင် ဆိုးသွမ်းနေပါသေးတယ်။ “ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် - လွှတ်တော်ကဖော်ဆောင်ရွက် ”  စတဲ့  ဆောင်ပုဒ်တွေကို လူကြားကောင်းရုံ မစားရဝခမန်း ရေးသား၊ အော်ဟစ်ပြောဆိုနေတဲ့အသံတွေဟာ နားထဲ သံရေပူလောင်းထည့်သလို ခံစားနေကြရပြီးနောက် လယ်သိမ်းမှု၊ယာသိမ်းမှု၊ မြေ သိမ်းမှု စတဲ့ ဖိနှိပ်အကြမ်းဖက်မှုပေါင်းစုံကို ငုံ့ခံနေကြရပါတယ်။

 “ရွေးကောက်ပွဲ”လို့ဆိုပြန်တော့လည်း အမှောင်တွင်းထဲကနေ ထွက်ရပ်လမ်းတစ်ခုပေပဲဆိုပြီး ပြည်သူတွေဟာ အသည်းကြား က မဲတစ်ပြားကို [၁၉၉၀ မှာထောက်ခံမဲ၊ ၂၀၁၀ မှာ ကန့်ကွက်မဲ ၂၀၁၂ မှာ ထောက်ခံမဲ] စသဖြင့် ပုံအော ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ပုံအောပေးခဲ့၊ ပေးခဲ့ ထူးခြားမလာခဲ့ပါ။ စစ်အာဏာရှင်စနစ်ဆိုတာ အခြေခံဥပဒေဘယ်လို ရှိရှိ၊ ရွေးကောက်ပွဲတွေ ဘယ် လောက်ပဲလုပ်နေနေ ဒို့အတွက် ဘာမျှမထူးခြားပါဘူးဆိုတာကို တိုင်းပြည်နဲ့လူထုဟာ များပြားလှတဲ့နာကျင်ခါးသီးစရာ အတွေ့အကြုံတွေ အရ သိမြင် နားလည်သဘောပေါက်လာခဲ့ကြပါတယ်။

အခုလည်း တနိုင်ငံလုံးအနှံ့ မီးခိုးမဆုံး မိုးမဆုံး ညစ်ပတ်မှုတွေနဲ့ လုံးထွေးထားတဲ့ မဲစာရင်းနဲ့အတူ “၂၀၁၅ ရွေးကောက်ပွဲ” ဆိုတာ လာနေပြန်ပါပြီ။
 အခြေခံမဲစာရင်းမှာတောင် ရုပ်ပျက်ဆင်းပျက် မှားယွင်းနေမှတော့ “၂၀၁၅ ရွေးကောက်ပွဲ” တရားမျှတ၊သန့်ရှင်းပါ့မယ်လို့ ဘယ်သူက အာမခံ ရဲပါသလဲ။ မဲစာရင်းနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်မဝင်စားတာ မဆန်းပါဘူး။ ပြည်သူတွေဟာ တရားတာနဲ့ မတရားတာ၊ သမာဓိရှိသူနဲ့ သူခိုးကို ခွဲခွဲခြားခြားသိမြင်တဲ့ ပြည်သူတွေဖြစ်ပါတယ်။ (ဖဆပလ)အစိုးရရဲ့ “ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ” ကိုလည်း သိခဲ့မီခဲ့တဲ့ပြည်သူတွေဖြစ်ပါတယ်။ ဘယ်သူ့ကိုမဲထည့်ရမယ်။ ဘယ်သူ့ကိုမဲမထည့်ရဘူးဆိုတာကို ရှင်းရှင်းပြတ်ပြတ် နားလည် ထားကြတဲ့ ကြီးမြတ်တဲ့ ပြည်သူတွေဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေဟာ ဇာတ်တော်ထဲက မဟောသဓါသုခမိန်နဲ့တူတဲ့ ပြည်သူတွေ လည်းဖြစ်ပါတယ်။

ဒါ့ပေမယ့်  မဲပေးပြီးနောက် ပေးလိုက်တဲ့မဲတွေဟာ သူတို့ လိုလားချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တဲ့ မဲတွေဖြစ်စေချင်တဲ့ ဆန္ဒလည်းအပြည့်အဝရှိကြပါတယ်။ အဲလိုလည်း အစဉ်သဖြင့် မျှော်လင့်ခဲ့ကြတယ်၊ အားကိုးယုံကြည်ခဲ့ကြပါတယ်။  ဒါပေမယ့် ပြည်သူတွေပြန်လည်ရရှိခဲ့တဲ့ ရလဒ်တွေက သူတို့ဆန္ဒတွေ၊ သူတို့ယုံကြည်မျှော်လင့်တာတွေနဲ့ ဗြောင်းပြန်ဖြစ်ခဲ့ရပါတယ်။  သူတို့ ပေးခဲ့တဲ့ မဲတွေ အချည်းအနှီးအလဟဿ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကလည်း တခါမက၊  နှစ်ခါကမ မဟုတ်ပါလား။

အခုလည်း ပြည်သူ့အရေးဂျာနယ်ကြီးရဲ့ အယ်ဒီတာ့အာဘော်ကလည်း  “အာဏာရှင်စနစ်ကိုဖယ်ချ ဒီမိုကရေစီကို မဲပေးကြ” လို့ လှုံ့ဆော်ထားပါတယ်။ ပြည်သူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီကို မဲပေးကြအုံးမှာပါ။ (စစ်) အာဏာရှင်စနစ်ကို ဖယ်ချဖို့ ပေးခဲ့တဲ့ မဲတွေကိုရယူသွားကြမယ့် “ဒီမိုကရေစီတွေ”ကလည်း အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဖယ်ချပေးဖို့အတွက် တိတိကျကျ တာဝန်ခံဖို့/တာဝန်ယူဖို့တော့ လိုပါလိမ့်မယ်။ အခုကြားနေရတဲ့ တုန့်ပြန်သံက “အဖွဲ့ချုပ်ကို မဲနိုင်အောင်သာ မဲပေးပါ၊ ကျန်တဲ့ဟာတွေ ကို အန်တီတို့ကြည့်လုပ်ပါ့မယ်” တဲ့။

 ဆရာဝင်းထွဋ်ဇော်ကတော့ သူ့ဆောင်းပါးထဲကနေ အခုလိုရေးသားပါတယ် - “တကယ်တော့ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ဖို့ဆိုတာဟာ မိမိလက်ဝယ်မှာ အာဏာရရှိမှသာ ထိရောက်အောင်ဆောင်ရွက်နိုင်ပါ့လိမ့်မယ်” တဲ့။  တစ်ချက်ပဲဖြည့်စွက် ချင်တာက ကန့်သတ်ပြီးရတဲ့အာဏာကတော့ အကန့်အသတ်နဲ့သာဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲမှာ ဘယ်လို မဲရလဒ်ပမာဏနဲ့ပဲနိုင်ပါစေ၊ “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှကာလပတ်လုံး ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ)ကို ပြင်လို့/ဖျက်လို့ မရနိုင် ပါဘူး။

 ဒီတော့ ဒီချုပ်ပါတီဥက္ကဋ္ဌနဲ့ ဒီချုပ်ပါတီဟာ ထက် လေးနက်တည်ကြည်တဲ့၊ တာဝန်ခံတဲ့၊ တာဝန်ယူတဲ့ ကတိမျိုး၊ စကားမျိုးကို ရှင်းရှင်းပြတ်ပြတ် ပြောစေချင်တာပါ။ “ရွေးကောက်ပွဲအောင်နိုင်ရေး အဓိကဝါဒ သက်သက်” မဖြစ်စေလိုပါ။ ရွေးကောက်ပွဲမှာ အပြတ် အသတ်နိုင်ခဲ့သော်လည်း လွှတ်တော်ထဲမှာ ၂၅% ကို အရှုံးပေးနေရတဲ့အဖြစ်ကို မလိုလားပါဘူး။

ဒီမိုကရေစီရေအလျဉ်ဟာ “စစ်တပ်” နဲ့ “အစိုးရ/လွှတ်တော်” ဆိုတဲ့ ကျဉ်းမြောင်းလှတဲ့ ကမ်းပါးနှစ်ဖက်အကြားမှာ “၂၀၀၈ အခြေခံဥပဒေ”က ခွင့်ပြုပေးသနားထားတဲ့ အရှိန်နဲ့သာ စီးဆင်းမြဲစီးဆင်းနေကြရမယ်ဆိုရင် ပြည်သူတွေ အနှစ်နှစ် အလလတောင့်တနေ ခဲ့ကြတဲ့ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စု မုခ်နန်းကို ဘယ်တော့မှ ရောက်ရှိနိုင်လိမ့်မယ်မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ် ဝဲဂယက်မှာ ရေစုန်မြောမြဲမြောနေရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လွတ်မြောက်ရေး လမ်းကို ကိုယ်တိုင်ချီတက်ကြရတော့မယ်။


ညွန်း
-       ဒီလှိုင်းစာစောင်၊ အတွဲ (၄) ၊ အမှတ် (၂၆) တနင်္လာနေ့ (၁၃-၇-၂၀၁၅)
-       ပြည်သူ့အရေးဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၄၂) (၁၄-၂၀ ဇူလိုင် ၂၀၁၅)



Monday, July 6, 2015

၂ဝဝ၈ အခြေခံဥပဒေဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား (တူမောင်ညို)

0 comments
၂ဝဝ၈ အခြေခံဥပဒေဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား (တူမောင်ညို)
(၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် )

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းများနဲ့ပတ်သက်ပြီး အမတ်လောင်းရွေးချယ်မယ့် ဒီချုပ်ပါတီရဲ့ အခြေခံမူနဲ့သဘောထားကို ကြားရပါတယ်။  သိပ်ကောင်းမွန်တဲ့ အခြေခံမူနဲ့သဘောထားလို့မြင်ပါတယ်။

            တိုင်းပြည်နဲ့လူထုက “လူ့စည်းနဲ့သူခိုးစည်း” ရှင်းရှင်းပြတ်ပြတ်မြင်နိုင်ပြီး ပိုင်ပိုင်နိုင်နိုင်ရွေးချယ်ဆုံးဖြတ်နိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေလှတဲ့တိုင်းပြည်ထဲမှာ ဘယ်သူတွေဘယ်လိုနည်းနဲ့ ဘယ်လိုချမ်းသာကြွယ်ဝလာကြတယ်ဆိုတာ ပြည်သူတွေက ကောင်းကောင်း သိပါတယ်။ သမာအာဇီဝလား၊ မသမာအာဇီဝလားဆိုတာ ခွဲခွဲခြားခြားသိကြပါတယ်။ အာဏာဆုပ်ကိုင်ထားသူတွေက အာဏာနဲ့ချမ်းသာမှု ရှာခဲ့ကြသလို ငွေကြေးရှိသူတွေကလည်း အာဏာရှိသူတွေနဲ့အပြန်အလှန်ပေါင်းဖက်ကြပြီး သူတို့ဥစ္စာဓနကို တိုးပွားအောင်၊ တိုးလာသမျှကို ခိုင်မာအောင် ကြံစီကြတယ်။ ဘယ်သူသေသေ ငတေမာဖို့၊ ငတေချမ်းသာဖို့ပဲ။ ငတေအာဏာမြဲဖို့သာအဓိက။

            အာဏာကိုင်ထားသူတွေက ငွေကြေးရှိသူတွေအတွက်  ဂွင်တွေဖန်တီးပေးမယ်။ ငွေရှိတဲ့သူတွေက အာဏာရှိတဲ့သူတွေကို ငွေနဲ့ပြန်ဝယ်တယ်။ ဒီလိုနဲ့ခရိုနီလက်သစ်တွေဟာ မကြုံဖူးမကြားဖူးတဲ့ ပမာဏတွေနဲ့ ကြီးထွားလာတယ်။ အာဏာရှိစစ်ဗိုလ်ထိပ်သီးတွေရဲ့ သားသမီးတွေလည်း သူဋ္ဌေးသူကြွယ်တွေဖြစ်လာကြတယ်။ ကုမ္ပဏီတွေထောင်လာကြတယ်။ တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေး  လုပ်ငန်းမှန်သမျှ အုပ်စီးဝါးမျိုထားကြတယ်။ သူတို့ချည်းအုပ်စီးထားတာတွေရှိသလို သူတို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် ခရိုနီတွေနဲ့ဖက်စပ် ပိုင်တာတွေလည်းရှိပါတယ်။

 ဒီတော့ “ပွင့်လန်းလာတယ်” ဆိုတဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်” မှာ အာဏာရစစ်ဗျူရိုရက်လူတန်းစားနဲ့ စစ်ခရိုနီ တစ်သိုက်ဟာ  စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားရုံတင်မက ပုံနှိပ်နဲ့ ရုပ်သံမီဒီယာလုပ်ငန်းတွေကိုပါ တဆင့်တိုးချုပ်ကိုင် လာခဲ့ကြတယ်။ ဒါ့အပြင် သူတို့လက်တံတွေကို နိုင်ငံရေးလောကထဲပါ ဖြန့်ကျက်လာပြီး နိုင်ငံရေးပါတီတွေကို ဘောလုံးအသင်းထောင်သလို လုပ်လာခဲ့ကြတယ်။ ဒီလိုနဲ့စပွန်ဆာနိုင်ငံရေးပါတီတွေ၊ စပွန်ဆာနိုင်ငံရေးသမားတွေ၊ စပွန်ဆာအမတ်တွေပေါ်ပေါက်လာတယ်။ စပွန်ဆာပါတီတွေ၊ စပွန်ဆာနိုင်ငံရေးသမားတွေ၊ စပွန်ဆာအမတ်တွေကို ၂ဝ၁၅  ရွေးကောက်ပွဲမှာ ဝင်ပြိုင်စေမှာပဲဖြစ်တယ်။

၂ဝ၁၅ ဇွန် ၃ဝ ရက်နေ့အထိ မှတ်ပုံတင်ပြီးတဲ့နိုင်ငံရေးပါတီပေါင်း ၈၁ ပါတီရှိပါတယ်။ ဒီကနေ့ကာလ နိုင်ငံရေးပါတီ ထူထောင်တာမှာ ဝါဒတွေ၊ ယုံကြည်ချက်တွေ၊ အယူအဆတွေထက် စပွန်ဆာကောင်းကောင်းရဖို့သာ အဓိကဖြစ်ပါတယ်။ ဒီလောက်ပေါများနေတဲ့ပါတီတွေဟာ ဒီချုပ်ကိုဝန်းရံဖို့၊ ဒီချုပ်နဲ့မဟာမိတ်ဖွဲ့ဖို့ မဟုတ်ပါဘူး။ ညှပ်ပူးညှပ်ပိတ်လုပ်ဖို့ပါ။ ဖျက်မြင်းလုပ်ဖို့ပါ။  ပြည်သူတွေ ဝေဝါးစေဖို့၊ မဲတွေပြားစေဖို့ပါ။ ဘာသာ၊ သာသနာ၊ လူမျိုးရေးခုတုံးလုပ်ဖို့၊ မှိုင်းတိုက်သွေးခွဲဖို့ စတဲ့ အောက်လမ်းနည်းမျိုးစုံက သူတို့ရဲ့မိုက်ဖော်ဆိုးဖက်တွေပဲဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေဖန်တီးဖို့ဟာ သူတို့ရဲ့အဓိကတာဝန်ပါ။

ဒီလိုအခြေအနေတွေအောက်မှာ ဒီချုပ်ပါတီက အမတ်လောင်းရွေးချယ်မယ့် အခြေခံမူနဲ့သဘောထားက လူနဲ့သူခိုးကို ထင်ရှားအောင် စည်းသားပေးလိုက်သလိုဖြစ်ပါတယ်။ ဒါကြောင့် သိပ်ကောင်းပါတယ်လို့ပြောတာပါ။

ဒါပေမယ့် လူ့စည်း/သူခိုးစည်းပြတ်သားရုံနဲ့ ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလိုအနိုင်ရဖို့မလွယ်သေးပါဘူး။ ဖြတ်သန်းရမယ့် ရှေ့ခရီးမှာ အခက်အခဲတွေ၊ ကောက်ကျစ်ညစ်ပတ်မှုမျိုးစုံက ရှေ့မှာကြိုဆိုစောင့်ဆိုင်းနေပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ ဘယ်နေ့ဖြစ်မလဲ၊ တကယ်ဖြစ်လာမှာလား၊ စတဲ့ မရေရာမသေချာမှုတွေ ပြည့်နှက်နေပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးနိုင်ရုံတစ်ခုထဲနဲ့ အနိုင် မရနိုင်ပါဘူး။ ဒီအတွက် သာဓကကို ရှည်ရှည်ဝေးဝေး မပြတော့ပါဘူး၊ ထင်ရှားတဲ့သာဓက နှစ်ခု ပြပါ့မယ်။

၁။  “၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်” ကိုကြည့်ပါ။
 ပြည်သူတွေက “စုနဲ့ခမောက်”ကို တခဲနက်မဲပေးခဲ့တာပဲ။ ဒါပေမယ့် ဒီချုပ် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။

၂။  “ပုဒ်မ ၄၃၆” ပြင်ဆင်ရေး လက်မှတ်ငါးသန်းနီးပါးကိစ္စကိုကြည့်ပါ။
 “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” လို့ ဆိုပေမယ့်  လွှတ်တော် အသိအမှတ်မပြုပါဘူး။ ဒါ့အပြင် ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းထားဖို့ ဇွန်လ ၂၅ ရက်မှာ လွှတ်တော်ကြီးက စိမ်းစိမ်းကားကား ဆုံးဖြတ်ခဲ့တယ်မဟုတ်ပါလား။ စစ်သားအမတ်များက လွှတ်တော်ထဲမှာ တညီတညာထဲ မဲပေးကြရုံ မျှမက အူမြူးဂျိုကြွပြီး လက်ခုပ်လက်ဝါးတီးခဲ့ကြတယ် မဟုတ်ပါလား။

ပြည်သူ့ဆန္ဒကို လွှတ်တော်ကလည်း အသိအမှတ်မပြုသလို၊ စစ်တပ်ကလည်းအရေးမထားဘူးဆိုတာ သိပ်ထင်ရှားပါတယ်။
ဒါကြောင့်  ပြည်သူတွေအောင်နိုင်ဖို့၊ နိုင်ငံအောင်နိုင်ဖို့ဆိုတာ “၂ဝဝ၈ အခြေခံဥပဒေ”ဘောင်ထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ဆိုတာ ပြည်သူ့ဆန္ဒကို စစ်အုပ်စုနဲ့စစ်တပ်က ထာဝစဉ်ဗိုလ်ကျအနိုင်ယူထားတဲ့ဥပဒေ ဖြစ်ပါတယ်။ ဒီအချက်ကို ဇွန်လ ၂၅ ရက်နေ့ မှာ အထင်အရှားသက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုအခါမှာ ရွေးကောက်ပွဲကော်မရှင်ကလုပ်ဆောင်နေတဲ့ ဗြောင်အကျဆုံးညစ်ပတ်မှုနဲ့မသမာမှုဖြစ်တဲ့ “အခြေခံ မဲစာရင်း မှားယွင်းမှု” ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ တမင်တကာလုပ်ကြံထားတဲ့၊ ကောက်ကျစ်ဖန်တီးထားတဲ့မှားယွင်းမှု ဖြစ်ပါတယ်။ ဒါဟာ အခြေခံ မဲစာရင်းပဲ ရှိပါသေးတယ်။ အမှားရဲ့ပမာဏဟာ အနည်းဆုံး ၃ဝ ရာခိုင်နှုန်းကနေ အများဆုံး ၈ဝ ရာခိုင်နှုန်းထိရှိတယ်လို့ ဆိုပါတယ်။ မွေးနေ့ သက္ကရာဇ်တွေထပ်နေတာ၊ ကွယ်လွန်သူတွေ မဲစာရင်းထဲပါနေတာ၊ ဒီချုပ်ပါတီဝင်တွေ မဲစာရင်းထဲမပါတာ စသဖြင့် နည်းစုံလမ်းစုံနဲ့ညစ်ပတ် ထားတဲ့ မှားယွင်းမှုတွေ တသီတတန်းကြီးဖြစ်နေပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ မားစ်ရောဂါဖြစ်ပွားနေတာကို စိုးရိမ်ထိတ်လန့်နေကြရ သလို၊ ကျနော်တို့တိုင်းပြည်မှာတော့ အခြေခံမဲစာရင်း တမင်လုပ်ကြံမှားယွင်းမှုကပ်ရောဂါဆိုးကြီး  နိုင်ငံနဲ့အဝှမ်း ပေါ်ပေါက်ဖြစ်ပွားနေပါတယ်။ ပြောထားသလိုသာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ကြားမှာ ၄ လ ခန့်သာ လို ပါတော့တယ်။

တမင်လုပ်ကြံမှားယွင်းထားမှုကြီးကို အချိန်မီ ပြီးစီးအောင်ဘယ်လို ပြင်ဆင်ကြမလဲ။ မဲပေးခွင့်ရှိသူတိုင်း၊ အသက်၁၈ ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခွင့် ရရှိပါ့မလား။

ဒါ့အပြင် နောက်ထပ် အကွက်ချ ဇယားရှုပ်ဖို့ ဖန်တီးလာချက်တစ်ခုက၊ “ပုဒ်မ ၅၉(ဃ)” အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တပေါင်းထဲတပြိုင်ထဲလုပ်ဖို့ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်း လှမ်းလိုက်တဲ့ခြေလှမ်းပဲဖြစ်ပါတယ်။ ဒီခြေလှမ်းက ရွေးကောက်ပွဲမှာ လူထုက ပါတီတစ်ခုထဲကို အာရုံစုစည်းနေမှာကို အကြံယုတ်နဲ့ တမင်ရှုပ်ထွေးအောင်လုပ်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲနဲ့ဆန္ဒခံယူပွဲကို သီးသန့်လုပ်သင့်တာပါ။ အခုတော့ မဲပေးတာကို ဆန္ဒခံယူပွဲတွဲလုပ်မယ်ဆိုတော့ ပြည်သူများ အတွက် ဝေဝါးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ချုချာရူပါနဲ့လိုက်ဖက်တဲ့ ဗျူဟာယုတ်/ဗျူဟာစုတ်တွေကိုချနေတာတော့ မကောင်းပါဘူး။

“၂ဝဝ၈အခြေခံဥပဒေ”မပြင်ဆင်ဘဲ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ချင်လွတ်လပ်မယ် တရားမျှတမှုတော့ရှိမှာ မဟုတ်ဘူးဆိုတဲ့ ဒီချုပ်ဥက္ကဋ္ဌပြောထားဖူးတဲ့စကားရှိပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲဆိုတာ “ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၄၃၆”  တို့ကို နေမြဲအတိုင်းရှိတဲ့အနေအထားအောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီကိုမဲထည့်ရမယ်ဆိုတာ ကြိုတင်အမိန့်ပေးပြီးသားဖြစ်မှာပါ။ အထူးသဖြင့်ဗိုလ်မှူးအဆင့်နဲ့ အထက်တွေပေါ့။

ရွေးကောက်ပွဲမှာ ဘယ်လိုပဲအနိုင်ရပါစေ၊ လွှတ်တော်ထဲမှာ သပိတ်ဝင်အိတ်ဝင် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က  ထာဝစဉ် အနိုင် ယူထားပြီးသားဖြစ်ပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်း (၄၉၈ နေရာ) ကို နိုင်ငံရေးပါတီ (၈၁) ပါတီက ယှဉ်ပြိုင်ကြရမှာပါ။

ဒါကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ  ဒီချုပ်ပါတီက ဇကာတင်ပြီးရွေးသန့်ထားတဲ့ အမတ်လောင်းလူပုဂ္ဂိုလ်တွေဟာ သူခိုးတွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီပဲ မဲထည့်ရမယ်လို့ ကြိုတင်အမိန့်ပေးပြီးသား ဖြစ်မှာပါ။ အထူးသဖြင့်ဗိုလ်မှူးအဆင့်နဲ့ အထက်အဆင့်တွေကတော့ ဘယ်ပါတီမဲပေးရမယ်ဆိုတဲ့ အမိန့်ရပြီးသားဖြစ်နေလောက်ပါပြီ။

အနူးအညွတ်တောင်းပန်ခြင်တာကတော့ (ခံနေရတဲ့) အတွေ့အကြုံတွေလည်းများလှပါပြီ။ ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ နာကျင်မှုတွေကလည်း ခါးသီးလှပါပြီ။ ၁၉၉ဝ မှာ ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးခဲ့ကြတယ်။ အစိုးရမဖွဲ့နိုင်ခဲ့ဘူး။ ၂ဝ၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးပြန်ပါတယ်။ “အခြေခံဥပဒေ”လည်း မပြင်နိုင်၊ “ ငြိမ်းချမ်းရေးက ဘယ်ဆီဘယ်ဝယ်မသိ” ၊ “တရားဥပဒေစိုးမိုးရေး”ဆိုတာက ဗလာနတ္တိ၊ “ပုဒ်မ၄၃၆” ပြင်ဆင်ရေး လက်မှတ်ငါးသန်းကလည်း အဟောသိကံ ဖြစ်ခဲ့ရပြီ။ ဒီတော့ ရွေးကောက်ပွဲဝင်တမ်း ကစားသလို၊ ဆန္ဒခံယူပွဲလုပ်တမ်း ကစားသလိုမျိုးတော့ ဆက်မဖြစ်စေချင်တော့ပါဘူး။

အကယ်၍  ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက မဲရလဒ်ပမာဏတစုံတရာနဲ့ အနိုင်ရခဲ့ရင်လည်း  “၂ဝဝ၈ အခြေခံဥပဒေ” တည်မြဲ နေသမျှ စစ်တပ်၊ ကြံ့ဖွံ့ပါတီနဲ့မဟာမိတ်များက  ဒီချုပ်ကို လွှတ်တော်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်း ထားနိုင်အုံးမှာလို့ပဲမြင်ပါတယ်။ လွှတ်တော်ထဲမှာ ဒီချုပ်ပါတီရဲ့တိုင်းပြည်နဲ့လူထုအတွက်အကျိုးရှိမယ့်အဆိုတွေဟာ ကန့်ကွက်မှုမျိုးစုံနဲ့ ရင်ဆိုင်မြဲရင်ဆိုင်နေရမှာပဲဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေ မဖျက်သိမ်းနိုင်သမျှ ရွေးကောက်ပွဲတွေမှာအနိုင်ရနေလည်း အနိုင်ရသူဟာ ထာဝစဉ်တစ်ဖက်သတ် ရှုံးမြဲ ရှုံးနေပါလိမ့်မယ်။ သူခိုးတွေဘက်မှာ သူခိုးတွေကို ဘက်စုံအကာအကွယ်ပေးထားတဲ့ “ဥပဒေ”တွေအခိုင်အခံ့ရှိနေတယ်၊ သူခိုးတွေဟာ မိတ်ကပ်ကောင်းကောင်း လိမ်းနိုင်တယ်၊ မိတ်ကပ်စားတယ်၊ သူခိုးတွေကို ပြည်တွင်းပြည်ပ မိတ်ကပ်ဆရာတွေက သူမတူအောင် လိမ်းခြယ် ပုံသွင်းပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း သတိထားပါ။ အခြေခံဥပဒေမရှိတာထက်စာရင် ရှိတာကပိုကောင်းတယ်၊ ရေမရှိတာထက် ရေတစ်ဝက်ရှိတာက ပိုကောင်းတယ်ဆိုတဲ့ လောဂျစ်နဲ့ ဒီထောင်ချောက်ထဲရောက်ခဲ့/တိုးဝင်ခဲ့ကြတာပဲ။ အဝင်ရှိရင် အထွက်ရှိပါတယ်။ ထွက်ပေါက်မရှိရင် ဖောက်ထွက်ကြရမှာပေါ့။ ဆရာဦးဝင်းတင်ရဲ့ အရေးတော်ပုံစိတ်ဓါတ် ကိုင်စွဲနိုင်ကြပါစေ။