Monday, July 27, 2015

၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၆(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၆(မျိုးမြင့်ချို)
(သေ ပျော်ခြင်း)
စစ်ဗိုလ်တွေ
ရှေ့တန်းမှာ သောက်သောက်လဲသေပွဲဝင်တော့လည်း ပျော်လိုက်ရတာ..
စောင်မန်ခုတ်ရင်း အချင်းချင်းဖြုတ်ကြတော့လည်း ပျော်လိုက်ရတာ...
ကျန်းမာရေးဆိုးလို့ မျိုးပြုတ်တော့လည်း ပျော်လိုက်ရတာ...
အကြောင်းအမျိုးမျိုးနဲ့ မျိုးကန်းတော့လည်း ပျော်လိုက်ရတာ...
ကိုယ့်လက်နဲ့မှ
တရားမစီရင်နိုင်သေးတာ
ဒီအပျော်တွေကို
ဒဏ်ရာနဲ့လူတွေကလွဲလို့
ဘယ်သူခံစားနိုင်မလဲ
ဇူလိုင် ၉ ၂ဝ၁၅

(ဆုံးရှူံးဖို့ကျန်သေးတယ်)
တနေ့က မိုးနည်းနည်းစင် လေနည်းနည်းကင်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူတွေအကုန် အချိန်မကျသေးပဲ နှုတ်လိုက်ရတယ်။ မနှုတ်လို့မဖြစ်တော့ဘူး။ မိုးများပြီးမြေကျစ် ရေပါဝပ်တော့ ဥတွေ ဆက်မကြီးနိုင်တော့အပြင် ရေလောင်ပြီး ရိကုန်တာတွေလည်း မနည်းလှဘူး။ အကောင်းအတိုင်းရလိုက်တာက ၃ ပုံတပုံလောက်ပဲရှိတယ်။
အာလူးခင်းလေးဘက်ကြည့်တော့လည်း မိုးများလို့ အမြစ်ရင်းတွေ ရေဝပ်ပြီး အရွက်မှန်သမျှ ဝါကျင်ကျင် ကိုင်းမှန်သမျှ ပျော့အိတွဲရရွဲနဲ့ အားပြတ်သွားတဲ့လူမမာကြီးတွေ မြေပြင်ပေါ် အတုံးအရုံး ပစ်စလက်ခတ် ချထားတဲ့အတိုင်းပဲ မြင်ကွင်းကြီးက။ အလဲလဲအပြိုအပြို ကယိမ်းကယိုင် ခနော်ခနဲ့အာလူးခင်းလေးကြည့်ရင်း တပ်ထဲနေတုန်းက ရှေ့တန်းမှာမြင်ခဲ့ကြုံခဲ့တဲ့ တိုက်ပွဲပြီးစ ရွာပျက်ကြီးတွေကို ပြန်မြင်တယ်။ ထိုင်ချလိုက်ပြီး တခြမ်းပေါ်နေတဲ့ အာလူးတလုံးကို လက်နဲ့ အသာထိုးဖိကြည့်တော့ လက်ချောင်းက ဇွိကနဲကျွံဝင်သွားတယ်။ အာလူးပုတ်နံ့ ထောင်းကနဲ ထွက်လာတယ်။ သွားပြီ ဒါဆို အာလူးတွေလည်း ဒီနေ့ ဖော်ရတော့မှာပဲ။ ရွှေပစ္စုန်အမ္ဗုန်ရှင်က မကြေနပ်နိုင်သေးဘူးလား မပြောတတ် ညကလည်း ၂ လက်မလောက် ထပ်ရွာပြန်တယ်။
ပြောရရင် ဒီခြံလေး ဒီယာလေးနဲ့ ဒီဘဝလေးကို ၂ ယောက်သား ခြေသုံးချောင်း လက် ၃ ချောင်း မပြည့်တပြည့်နဲ့ စခဲ့ကြတာပဲ။ ဘာစက်ကိရိယာမှမဝယ်နိုင်တာမို့ ကိုယ့်ခြေကိုယ့်လက်နဲ့ ထွန်ယက်ကြဲဖြန့်ခဲ့တာပါပဲ။ မိမိကြဲဖြန့်သမျှ စိုက်ပျိုးသမျှ ပြန်ရိပ်သိမ်းမခဲ့ရတာအတွက်တော့ ရင်ထဲသိတ်မချိလှဘူး။ မှန်းချက်နဲ့ရလာဒ်ထွက်မကိုက်တော့ အချိန် လုပ်အား ငွေကြေးနဲ့ မျှော်လင့်ခြင်းပါ ကြက်သွန်ပေါင်တွေထဲ ပဲ့ပါသွားသလို ခံစားမိလိုက်သေးတယ်။ ဒါပေမယ့် “ဘဝမှာ မျှော်လင့်ချက်ကအစ ဆုံးရှူံးစရာဘာမှမကျန်အောင် ဆုံးရှူံးသွားရသူတွေနဲ့စာရင် ကျနော့်မှာ ဆုံးရှူံးစရာတွေကျန်သေးတယ်။ ထပ်ကြိုးစားရဦးမှာပဲ”ဆိုတဲ့အတွေးနဲ့ “မသေသေးရင်တော့ ရှေ့နှစ်တွေမှာ ထပ် ထွန်ယက်ကြဲဖြန့် စိုက်ပျိုးမယ်”လို့ အားခဲမိလိုက်တယ်။
ဇာတိဇရာဗျာဓိမရဏာကို ဆင်းရဲခြင်း(ဒုက္ခ)လို့မမြင်ပဲ သဘာဝတရားရဲ့အရွေ့သဘောအဖြစ်မျှသာ သိမြင်နားလည်ခံစားတတ်ဖို့ ဖတ်ခဲ့ရစာတွေ ဖြတ်ခဲ့ရတဲ့ဘဝတွေအတွက် ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးအခါခါတင်ရတယ်။
အသက်ရှင်နေရတာကိုကောင်းတယ်ဆိုတဲ့စိတ်အခံနဲ့ မိမိဘဝနည်းတူ အခြားဘဝတွေကိုလည်း တွယ်တာစွာချစ်တတ်ဖို့သွန်သင်တဲ့အမေ့ကိုလည်း တိုးလို့သာမြတ်နိုးရတာပါပဲ။
ကျနော် ရှေ့နှစ်လည်း ထွန်ယက်ကြဲဖြန့်စိုက်ပျိုးဦးမှာပါ။
ဇူလိုင် ၉ ၂ဝ၁၅

(ပွဲလုပ်နဲ့လုပ်ပွဲ)
ဆဲဗင်န်ဂျူလိုင်ပွဲကို ဇေယျာလွင်ထွက်လာတယ်။ စည်သူမောင်က ဗီဒီယိုရိုက်တယ်။ အပြန်မှာ အဖမ်းခံရတယ်။ ခု အဲ့ဒီဗီယိုအပိုင်းအစတချို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့ရတယ်။ ဇေယျာလွင်ကို ကုန်ပစ္စည်းကြော်ငြာသလို အပြောနဲ့ပြကွက်တွေ ခင်းကျင်းတဲ့သဘောတွေလည်းတွေ့ရတယ်။
စစ်တမတ်သားလွှတ်တော်ထဲကထွက်သွားနဲ့ ဖွဲ့စည်းပုံအမြန်ပြင်ရပ်ခံချက်က သူ့မူမို့ အကြိုက်မညီတောင် ဘာမှပြောစရာမရှိပါ။ ထူးတော့ ထူးဆန်းနေသလိုပဲ။ ဟိုတပတ်က ထွက်လာတယ် ပြောတယ်ပြတယ် ပြန်ပျောက်သွားတယ်။ ဖမ်းဝရမ်း အထုတ်ခံရတယ်။ဝရမ်းပြေးနေရသူ ခုပြန်ထွက်လာတယ်။ ဗီဒိုတွေဘာတွေရိုက်ဖို့တောင် ကြိုညှိချိန်ရသလား မှတ်ရတယ်။ အချက်အလက်အခိုင်အမာတော့ ကျနော့်မှာလည်းမရှိသေးပါ။ သိုးသိုးသန့်သန့်တွေ နားစွန်နားဖျားတွေကတော့ နားလျှံအောင်အာင်ကြားရပါတယ်။ မိမိအတ္တနောမတိနဲ့ တောရမ်းမယ်ဖွဲ့လည်း မပြောအပ်ပါ။ သံသယအတွေးအခံနဲ့ မသင်္ကာစိတ်ကို ဘေးချိတ်ထားပါတယ်။
သူ့နိုင်ငံရေးနဲ့ကိုယ့်နိုင်ငံရေးသီလတွေစာရိတ္တတွေလည်း စောင့်ထိန်းရမှာပါ။ အချိန်နဲ့အချက်အလက် စောင့်ရဦးမှာပါ။ အချိန်တန်တော့လည်း အချက်အလက်တွေက ထွက်လာမှာပါ။
ဇူလိုင် ၇ ၂ဝ၁၅
(ဖက်ဆစ်ကောင်းကြီးတွေ)
စစ်ဗိုလ်စစ်ဗိုလ်ချင်း အာဏာနဲ့ဓန ခွက်စောင်းခုတ်ရင်း လက်ဦးတဲ့ကောင် စားကြတာပါ။
ဗိုလ်အောင်ရွှေတို့အုပ် အောင်ကြီး တင်ဖေတို့အုပ် သိန်းစိန် ထွန်းလင်း တင်ဝင်းညိုတို့အုပ် ဗိုလ်နေဝင်းနဲ့အပေါင်းအပါများ ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်မှသည် ဗိုလ်လွန်းမောင်အထိ လူထုအတွက်တိုင်းပြည်အတွက် ချအနင်းခံရတဲ့ကောင် တကောင်တမြီးမှမပါပါ။ ဒါကို ဘယ့်နှယ် စစ်ဗိုလ်ကောင်းကြီးများသဖွယ် အမွှမ်းတင်ချီးပနေကြသူများအနက် "စစ်အာဏာရှင်စနစ် ဆန့်ကျင်တယ်" ဆိုသူတွေပါ ပါနေပါရောလား။
အဆိုးထဲကအကောင်းရှာကြည့်တာတို့ အကောက်ထဲက အကွေးထုတ်ကြည့်တာတို့ဆိုတဲ့ ဆင်ခြေနဲ့ကန်ပြီး အကိုင်ခံလိုက်ရတဲ့စစ်ဗိုလ်ဆိုးတွေကို သွားမြှူချင်တာဆိုရင်တော့ မှားမှာပဲ။ နေဝင်းမကောင်းဘူး စောမောင်မကောင်းဘူး သန်းရွှေမကောင်းဘူး မင်းအောင်လှိုင် မကောင်းဘူး ဘယ့်လောက်ပြောနေပြောနေ စစ်အာဏာရှင်စနစ်မကောင်းဘူးတို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တယ်လို့ ဘယ်သကောင့်သားပါးစပ်ကမှ မထွက်သလို နှလုံးသားထဲမှာ အကျိုးစီးပွားနဲ့ယှဉ်ပြီးကို နှစ်ခြိုက်တတ်ကြတာကလား။ ကြိတ်ထောက်ခံတဲ့ကောင်နဲ့ ဗြောင်ထွက်မိုက်ဂုဏ်ပြတဲ့ကောင်ပဲကွာတယ်။
ခင်ညွန့်ဟာ ဗြောင်ထွက် မိုက်ဂုဏ်ပြတဲ့ကောင်တွေထဲက တကောင်ဖြစ်တယ်။
စစ်တပ်ကိုစိတ်နဲ့တောင်မပြစ်မှားနဲ့ဆိုလေသူကိုတောင် ကယောင်ကတမ်းနဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး တင်တော့ ဘာတွေဖြစ်ခဲကြသလဲလည်း မမေ့ကြစေချင်ပါ။
အီလျာအာရင်ဘတ်ပြောသလို "'ဒီအချိန်ဟာ ဖက်ဆစ်တွေထဲက ဖက်ဆစ်ကောင်းတယောက် ရှာနေရမယ့်အချိန်မဟုတ်ဘူး"ဆိုတာအပြင် ဖက်ဆစ်မှာ ဖက်ဆစ်ကောင်းရယ်လို့ ရှိရိုးထုံးစံလားဗျာ။
ဇူလိုင် ၇ ၂ဝ၁၅

(ကြက်ဘသ)
ဒီနေရာမှာတော့ ကင်န်တပ်ကီကြက်ကြော်က အော်ရီဒူးထက် ထူတယ်။ မဘသ ဘုန်းကြီးဆိုးဘုန်းမိုက်တွေကို ကြက်ကြော်ဆွမ်းကပ်လိုက်။ ကပ်တဲ့အခါ ဒီလိုတော့လျှောက် “ဒီကြက်တွေက အမျိုး ဘာသာ သာသနာအတွက် အသက်စွန့်သွားတဲ့ ကြက်အာဇာနည်တွေပါဖျာ့”ဆိုပြီး။
ဇူလိုင် ၆ ၂ဝ၁၅

(ဘုန်းကြီးသမ္မတ တို့ကစ)
ကျနော်ကတော့ ဘုန်းကြီးတွေရော သင်္ကန်းဝတ်တွေရော သင်္ကန်းခြုံတွေပါမကျန် နိုင်ငံရေးထဲဝင်ပါတာ ပိုကြိုက်တယ်။ ဖြစ်နိုင်ရင် သူတို့ကို ပါတီထောင် ရွေးကောက်ပွဲပါ ဝင်စေ့ချင်တယ်။ လူချင်းအတူတူ နိုင်ငံသားချင်းအတူတူ ဆံပင်လေးမထားရုံ အရောင်မတူ ဒီဇိုင်းမတူတဲ့အဝတ်အစားလေးဝတ်ရုံနဲ့ မဲပေးခွင့်လေးတောင်မပေးတာမျိုး ပင်မနိုင်ငံရေးစီးကြောင်းတွေထဲကနေ ဖယ်ထုတ်ထားတဲ့သဘောမျိုးကို မနှစ်မြို့ဘူး။ ထောင်ကျနေသူတွေ စိတ်ပေါ့သွမ်းရုးနှမ်းနေသူတွေနဲ့ တဂိုဏ်းတည်းထားတာကိုလည်း ဘဝင်မကျဘူး။ သူတို့ မခံချင်ဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ။ တွေးကြည့်လေ အကန်တော့ခံတွေကို အရူးတွေနဲ့တတန်းတည်းအထားခံရတာ စိတ်နာစရာ မကောင်းပေဘူးလား။
တခုပဲ နိုင်ငံရေးထဲပါနေတဲ့ အရွေးခံနေတဲ့ ရွေးခွင့်ရှိနေတဲ့အခြားလူတွေလို သူတို့လည်း ကိုယ့်ထမင်းကိုယ်ရှာစား အလုပ်လုပ် ဝင်ငွေရှာ အခွန်ဆောင် (အိမ်ယာထူထောင်တာ မထူထောင်တာကတော့ သူတို့စိတ်ကြိုက်ထားပါ) နိုင်ငံ့ကုန်ထုတ်စွမ်းအားစုထဲတော့ ဝင်ပါပေါ့။
အဲ့ဒါတွေတော့မလုပ်ပါရစေနဲ့ဆို စားပြီးအိပ်နေဘိက္ခဝေက ပိုမကောင်းဘူးလား။
ဇူလိုင် ၆ ၂ဝ၁၅

(သမ္မတ မေမေ)
“အမေ့”ကို သမ္မတထက်ကြီးတာရှိတောင် ဖြစ်စေ့ချင်သူတွေထဲ ကျနော်လည်း ထိပ်ဆုံးကပါပါတယ်။ အမေနိုင်ငံရေး “စန်း”က ဘယ်သူမှတုနှိုင်းမသာအောင် ပွင့်လန်းလွန်းလှတာလည်း အရှိတရားပါ။ အမေ သမ္မတဖြစ်မဖြစ်နဲ့ (အနိမ့်ဆုံး) သံအမတ်လောက်ဖြစ်မဖြစ်ကိုတောင် အတပ်မဟောဝံ့ပါ။ အမေ့နိုင်ငံရေးကံဇာတာကို စံဇာဏီဘိုလိုလည်း မပြောချင်ပါ။ ဗေဒင်ဆရာတိုင်းမှာ အမှားဖြည်စရာ နက္ခတ်တွေ ဂြိုလ်တွေ ဇာတာဂွင်တွေရှိပါတယ်။ မှားသွားလည်း လူလိမ်လို့ အသမုတ်ခံ အယိုးစွပ်ခံ တရားအစွဲခံအဖြစ်က ကင်းလွတ်ခွင့်ရနေတာ ဗေဒင်ဆရာပါ။ ကျနော်ကတော့ အစိတ်သားရှိရှိ မရှိရှိ၊ ၄၃၆ ပြင်ပြင် မပြင်ပြင်၊ ၅၉(စ) ဖျက်ဖျက်မဖျက်ဖျက် ဒီတချီတော့ စံဇာဏီဘို မှန်သွားစေချင်ပါတယ်။ အမေ့ကိုလည်း “သမ္မတမေမေ”လို့ အားပါးတရ ခေါ်ချင်စမ်းလှပါတယ်။
တပြိုင်တည်းမှာပဲ စိတ်ဒွိဟတွေလည်း ဖြစ်ရပါတယ်။ အမေ့ကို အဲ့သလို ဘာတက်လမ်းမှမရှိတဲ့အလုပ်တွေလည်း မလုပ်စေချင်ပါ။ ဒါပေမယ့် အမေကိုယ်တိုင်က အဲ့ဒီအလုပ်ကို လုပ်ချင်နေတော့ မခက်ပါလားဗျာ။ တွေးကြည့်ပါ သမ္မတထက်ကြီးတဲ့အလုပ် ဗမာပြည်မှာ ရှိသေးသလားဗျာ။ သမ္မတဆိုတာ ဘာမှ ထပ် တက်လမ်းမရှိတော့တဲ့ တက်လမ်းကုန်တဲ့အလုပ် မဟုတ်လားဗျာ။ နောက်တချက်ထပ်တွေးစရာက အဲ့ဒီ တက်လမ်းမရှိတဲ့အလုပ်ကိုခန့်ပိုင်ခွင့်က ပြည်သူတွေလက်ထဲမှာပါ။ အမေက အလုပ်ရှင်ဆီ အလုပ်မတောင်းပဲ ဘယ်သူ့ဆီများ သွားတောင်းနေပါလိမ့်။ ခက်တယ်အမေရယ် ခက်တယ်။
ဇူလိုင် ၆ ၂ဝ၁၅

(ဒေါက်တိုင်ကြီးများ)
စစ်အာဏာရှင်ကို စစ်အာဏာရှင်မှန်းသိပြီး
အဦးဆုံးဆန့်ကျင်တိုက်ပွဲဝင်ခဲ့တာ ဗကသ ပဲ။
ဗကသကို ဦးတည်ရန်သူအဖြစ်
အငြှိုးအာဃာတနဲ့ သတ်မှတ်ချေမှုန်းနေတာ စစ်အာဏာရှင်ပဲ။
စစ်အာဏာရှင်ကို မျက်နှာလိုမျက်နှာရလုပ်တဲ့
သခင်အားရကျွန်ပါးဝတွေလည်း ခေတ်တိုင်းမှာရှိတာပဲ။
စစ်အာဏာရှင်နဲ့တကွ သခင်အားရကျွန်ပါးဝမှန်သမျှကို
ဗကသနဲ့အတူဆန့်ကျင်တယ်။
ဇူလိုင် ၆ ၂ဝ၁၅


(သစ်ပင်လည်း Stress ရှိဆိုပဲ)
ဟိုတလောက ဥတုံးကြက်မကြီးတွေနဲ့ ကြက်ဖတချို့ထုတ်ရောင်းလိုက်ဖြစ်တယ်။ လာဖမ်းတာက ညဘက်ကြီးပါ။ လက်နှိပ်ဓာတ်မီးထိုးပြီး တတ်နိုင်သမျှ တိုးတိုးညင်သာ ဖမ်းကြတာဆိုပေမယ့် အဖမ်းမခံရတဲ့ကောင်တွေက သိပါတယ်။ မနက်ကြတော့ နေ့စဉ်ဥနေကြ ကြက်မဒန်းတွေ ဥ အအု ကျသွားတာသိသိသာသာပဲ။ နောက်တရက်ကျော်မှ ပုံမှန်ပြန်ဥကြတယ်။ ဒါကို ဇနီးက ကြက်တွေ Stress ရသွားလို့ လို့ပြောတော့ ရုတ်တရက် ရယ်မိတော့မလို့ဖြစ်သွားတယ်။ နောက်တော့မှ သူပြောတာ ဟုတ်သားပဲ။ ကြက်ဆိုတာလည်း သက်ရှိပဲ။ ညက ဖမ်းသံဆီးသံတွေကြားပြီး မနက်လည်းကြရော သူတို့အဖော်တချို့ ပျောက်ချင်းမလှပျောက်သွားတော့ စိတ်ဖိစီးမှုဖြစ်နိုင်တာပဲလို့ လူ့စိတ်နဲ့ယှဉ်ပြီးတွေးမိတယ်။ “တိရိစ္ဆာန်တွေမို့ Stress အစား တခြားတခုခုသုံးရင်ရော မရဘူးလား”လို့ မေးကြည့်တော့ “ရရင်တော့ရမှာပေါ့လေ။ ဒါပေမယ့် ဒီအခြေအနေဟာ စိတ်ဖိစီးမှုဒဏ် ခံရနိုင်တဲ့အနေအထား မဟုတ်လား”လို့ပြန်ဖြေတယ်။ ပြီးတော့ “ဗမာလိုကြတော့ အဲ့လိုဖြစ်တာကို ဘယ်လိုပြောရသလဲ” လို့မေးတယ်။ “တို့ ဗမာမှာတော့ ကြက်တွေလန့်သွားလို့ ဥနှုန်းကျသွားတာလို့ဆိုရင် ရပါတယ်”လို့ပြန်ဖြေတော့ “သြော်”တဲ့။ ဒါကတခု။
မနက်က ခြံဘေးနဲ့နောက်ဖက် မြေနည်းနည်းပြန်သွေ့လာတာနဲ့ ၂ ယောက်သား ပန်းပင်လေးတွေ သီးနှံပင်လေးတွေ လျှောက်ကြည့်ကြတယ်။ တနေရာရောက်တော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က တပင်လုံးရှိသမျှအရွက်တွေကြွေ အပင်လည်း ငိုက်ကျညှိုးယော်ပြီး အစိမ်းရောင်ပြယ်သွားတဲ့ ပန်းပင်လေးတပင်ကို ကျနော်ကသေပြီပြောပြီး ဆွဲနှုတ်မလို့ လုပ်နေတုန်း “မနှုတ်နဲ့ မနှုတ်နဲ့၊ ထားလိုက် ထားလိုက်။ သုံးလေးရက်လောက် ကြည့်ပြီးမှ သေတယ်ဆို နှုတ်တာပေါ့”ဆိုလို့ ထားခဲ့တဲ့အပင်လေးနားရောက်တော့ “ဒီမှာလာကြည့် တွေ့လား ရွက်နုသစ်ဖြစ်လာမယ့် အဖုလေးတွေ”လို့ပြတာနဲ့ အနီးကပ်ကြည့်တော့ ဟုတ်သားပဲ။ တပင်လုံးရိုးတံပြိုင်းပြိုင်းနဲ့ အပင်တဝိုက်မလည်း ရွက်ကြွေခြောက်တွေနဲ့အပင်လေးက နဂိုနေအတိုင်း ပြန်လန်းလန်းဆန်းဆန်းအပြည့် ဖြစ်မလာသေးပေမယ့် နည်းနည်းတော့ ထူထူထောင်ထောင်ဖြစ်လာမှန်း သိသာတယ်။ “ဟိုတပတ်က တပတ်လုံးလုံး အပင်ခြေမှာ ရေဝပ်တယ်မဟုတ်လား။ ပြီးလည်းပြီးရော ၂ ရက်ဆက်တိုက် နေလည်းအရမ်းပူ ရေငွေံပြန်ဆလည်း မြင့်တက်သွားတယ်မဟုတ်လား။ ဒါ့ကြောင့်ဖြစ်တာ။ သစ်ပင်တွေလည်း ရာသီဥတုရုတ်ချည်းပြောင်းရင် Stress ဖြစ်တာပဲ။ အဲ့သလိုဖြစ်ရင် အရွက်တွေကြွေ အပင်ချုံးကျပြီး သေသလိုကြီးဖြစ်သွားတာ။ တချို့ ခံနိုင်ရည်ရှိလောက်အောင်မရင့်သေးတဲ့ အပင်နုတွေက သေသွားတတ်ပေမယ့် အပင်ရင့်သွားရင်တော့ Stress ကုန်တာနဲ့ ပြန် နလန်ထလာတာပဲ”လို့ပြောတော့ ကျနော်ပြုံးမိတယ်။ “ဘာလဲ မယုံလို့လား။ ငါ သစ်ပင်ပန်းပင် ပျိုးပင်ပေါက်အလုပ်မှာ ၇ နှစ်လောက် လုပ်ဖူးတယ်လေ။ Landscaping အလုပ်လည်း လုပ်ဖူးတာပဲ၊ ပြီးတော့ ကိုယ်တိုင်လည်း ခုထိ စိုက်နေပျိုးနေတုန်း”ဆိုပြီး မကြေမချမ်းဟန် လေသံနဲ့ပြောတယ်။ ကျနော်လည်း မျက်နှာပြန်တည်လိုက်ပြီး ဘာမှ ဆက်မပြောဖြစ်တော့ဘူး။
၂ ယောက်သား ရေမိုးချိုး နေ့လည်စာစားပြီးထိုင်တော့ သစ်ပင်တွေမှာ အနာအကျင်ဝေဒနာကို ခံစားနိုင်စွမ်းရှိမရှိနဲ့သိမသိကို သိပ္ဗံဆရာတယောက်က လက်တွေ့ စမ်းသပ်ပြတဲ့ဗီဒီယိုလေး ကြည့်ဖြစ်ကြတယ်။ ဗီဒီယိုထဲမှာ ထိကရုန်းပင်လေးတွေကို ထိလိုက်ပုတ်လိုက်တဲ့အခါ အိပ်သွားတာကို လေးငါးကြိမ်ပြတယ်။ အပင်လေးတွေ ပြန်နိုးလာတဲ့အထိစောင့်ပြီးမှ ဆရာသမားက ထုံဆေးကို ဆေးထိုးအပ်သေးသေးလေးနဲ့ အပင်ရင်းတွေကနေ ဖြည်းဖြည်းခြင်းထိုးသွင်းတယ်။ အပင်တွေ လုံးဝမလှုပ်စေရဘူး။ ထုံဆေးထိုးပြီး ခနနေတော့ အပင်လေးတွေကို ပထမတုန်းကအတိုင်း ထိလိုက်ပုတ်လိုက် လုပ်ပြတယ်။ အပင်တွေက အိပ်မသွားဘူး။ ခတ်ကြမ်းကြမ်းလေး ထိလိုက်ရင်တော့ နည်းနည်းပါးပါး ရမ်းခါသွားတယ်။ တပင်မှတရွက်မှတော့ အိပ်မသွားဘူး။
ဆက်ကြည့်နေကြတယ်။ (တနာရီကြာပြီးနောက်လို့ စာတမ်းဝင်လာတယ်) ဆရာသမားက အပင်တွေ ထုံဆေးပြယ်ပြီလို့ပြောပြီး လိုက်လည်းထိပြပုတ်ပြရော ထိကရုန်းပင်လေးတွေ အိပ်ကုန်ကြတာတွေ့ရတယ်။ “တွေ့လား အပင်တိုင်းမဟုတ်တောင် အပင်တချို့တတွေမှာ နာကျင်ခံစားမှုရှိတယ်ဆိုတာ၊ အပင်တွေမှာ ရာသီဥတုဒဏ်ကြောင့်အဖိစီးခံရတာမျိုးလည်း ရှိတာပဲ။ အပင်အနုအရင့် ခံရတဲ့အတိုင်းအဆ ခံနိုင်ရည်တွေကွဲပြီး သေတာသေ ပြန်ရှင်တာရှင်ဖြစ်ကြတာ” လို့ ဆရာမကြီးအိုက်တင်ဖမ်းပြီး လက်ချာပေးတော့တာပါပဲ။ ပြီးတော့ “ဗမာလိုကြတော့ ဘယ်လိုပြောရသလဲ”တဲ့။ ကျနော်က “အပင် နာသွားတာလို့ပြောရင် ရပါတယ်”လို့ဆိုတော့ “အင်း မှတ်ထားရမယ်”တဲ့။
ကျနော်သူ့ကို ဘာမှပြန်မပြောဖြစ်ပေမယ့် မြတ်ဗုဒ္ဓက သူ့နောက်လိုက်ဘိက္ခူတွေကို သစ်ပင်တွေမသတ်ရ အညွန့်အဖူးတွေကို မချိုးရမဖဲ့ရ စတဲ့ပညတ်တော်ထားခဲ့တဲ့ အကြောင်းဆီ စိတ်အတွေးကရောက်သွားပါတယ်။ ဒီ ပညတ်ပုဒ်ကို တိုတိုပြောရင် သစ်သီးလိုဟာမျိုး ဘိက္ခူကဘုဉ်းပေးမယ်ဆိုတောင် လူကအရင် ကပ္ဗိပေးရတာ ရှိတယ်မဟုတ်လား။ ဆန်းထွန်း(မန်းတက္ကသိုလ်)ရေးခဲ့တာထဲမတော့ မြတ်ဗုဒ္ဓက ဒီပညတ်ပုဒ်ထားခဲ့ရတာဟာ သစ်ပင်တွေမှာ အသက်ရှိခြင်းမရှိခြင်းကို အလေးအနက်ပြုလိုလို့ ဆိုတာထက် သူ့ခေတ်မတိုင်မီ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုက လောကဥတ္တရလမ်းကြောင်း လျှောက်လှမ်းနေကြတဲ့ သူတော်သူမြတ်ရသေ့ရဟန်းတွေက ဗုဒ္ဓနောက်လိုက်ရဟန်းတွေ အညွန့်ချိုးအပင်ဆိတ် လုပ်နေတာတွေကိုတွေ့ပြီး ကဲ့ရဲ့ကြလွန်းလို့ လိုက်လျောညီထွေဖြစ်အောင် လူအကဲ့ရဲ့လွတ်အောင်လို့ ပညတ်ခဲ့တာလို့ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဇနီးနဲ့ စကားပြောရင်း တခါတခါတွေးစရာတွေတော့ ရတာအမှန်ပါပဲ။ အဲ့လိုပြောဖြစ်လို့လည်း ဝမ်းသာရတာပါပဲ။
ဇူလိုင် ၄ ၂ဝ၁၅


၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၇(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၇(မျိုးမြင့်ချို)
(မဖတ်တတ်ရင် ကျမ်း)
ထောင်ထဲကနေ အပြင်။ အပြင်ကနေ ထိုင်း၊ ထိုင်းကနေ အမေရိကန်အထိ ကိုယ်နဲ့မကွာဆောင်လာတဲ့ ဗမာစာအုပ်တွေထဲမှာ ဓမ္မဟောင်းဓမ္မသစ်လည်းပါတယ်။ ဘုရားစာအနေနဲ့ ကျမ်းစာအနေနဲ့မှတ်တာမဟုတ်ပဲ စာအနေနဲ့ဖတ်တာပဲ။ ရသအနေနြ့ဖတ်တာပဲ။ ဒဿနအနေနဲ့ ဖတ်တာပဲ။
မနေ့ကနဲ့တနေ့က ၂ ရက်လုံးလုံး စာဖတ်မယ်ဆိုထုတ်ကြည့်မိတာ အဲ့ဒါဖြစ်နေတယ်။ ကောင်းတယ်။ စာဟာ စာပဲ။ စာကို စာလိုဖတ်ပြီး စိတ်မှာအတွေးနယ်ဖြန့်ကျက်ဖို့ပဲ။ အယုံစိတ်နဲ့ဖတ်မိရင် စာဟာ ကျမ်း ဖြစ်သွားတတ်တာကို သတိပြမိဖို့ပဲ။
ပိဋကတ်သုံးပုံပဲဖြစ်ဖြစ်၊ ကိုရ်အန်ပဲဖြစ်ဖြစ်၊ ဓမ္မဟောင်းဓမ္မသစ်ပဲဖြစ်ဖြစ်၊ ဝါလ်မီကီးနဲ့ တူလ်ဆီဒါးသ်အပြင် စာဏကျပဲဖြစ်ဖြစ်ဖြစ်၊ ဂျူဒါအစ်ဇင်မ်းပဲဖြစ်ဖြစ် အခြားအခြားသော ဘုရားဖွဲ့တွေဖြစ်ဖြစ် စာကို စာလိုဖတ်ဖြစ်နေဖို့ပဲ။
စာကို ကျမ်းအဖြစ် သဒ္ဒါသစိတ်နဲ့ရွတ်ရင် လွတ်မြောက်ရာလမ်းလို့ ထင်တတ်ကြတာမဟုတ်လား။
ဇူလိုင် ၁၃ ၂ဝ၁၅

(ဒီမိုကရေစီလေး တဖဲ့လောက်တော့ကျွေးကြပါ)
မနေ့ညက သောက်ကြမယ်ကောင်းကောင်းဆိုပြီး ဘီယာနည်းနည်းဝယ်ခဲ့ကြတယ်။ အိမ်ရောက်တော့ တောက်တိုမယ်ရတွေလုပ်ကြ၊ ရှေ့နောက် နှစ်ယောက်နင်းစက်ဘီးကို ခြေသုံးချောင်းနဲ့ ၈ မိုင်လောက်နင်းကြ၊ ပြန်ရောက်တော့ ကြက်သွန်ဖြူ/နီတွေရှင်းကြ၊ မြက်ရိပ်ကြနဲ့ အတော်လေး ခြေကုန်လက်ပမ်းကျသွားတယ်။ ဒါနဲ့ သောက်မဟဲ့ဆိုကာ ဝယ်ထားတဲ့ဘီယာလည်း လျှာဖျားနဲ့တောင် မတို့နိုင်ကြ။ စောစောအိပ်ယာဝင်ကြ။ ထုံးစံအတိုင်း လင်းကြက်မတွန်မီ အိပ်ယာထကြ။ လင်အားကြီးမှာ ရေခဲသေတ္တာဖွင့်တော့ အမေ့ခံဘီယာတွေခမျာလည်း မခဲရုံတမယ် သွေးခဲအေးစက်လို့။ သနားချင်စရာ။
ဒါနဲ့ အလုပ်သွားတော့မယ့်ဇနီးကို "ဒီနေ့ ငါ အပြင်ထွက် အလုပ် လုပ်စရာမရှိဘူး၊ ငွေရမယ့်အပေါက်လမ်းလည်း မမြင်ဘူး၊ တနေကုန် အိမ်မှာတယောက်တည်း ပျင်းစရာနေရော့မယ်"လို့ပြောတော့ "စာရေးစာဖတ်နေပေါ့။ ခွေးလေးတွေလည်း ရှိသားပဲ၊ ကြက်တွေလည်းကြည့်ပေါ့၊ ကြက်သွန်ဖြူကြက်သွန်နီတွေကို လှန်လှန်ပေး။ ဘီယာတွေလည်း ရှိတယ်လေ"တဲ့။ အင်း ဟုတ်သားပဲ။ သူပြောမှ သွေးခဲဘီယာတွေဆီ စိတ်ရောက်တယ်။
ဒါနဲ့ ခွေးလေးတွေ ဗိုက်ဖြည့်၊ ကြက်တွေ အစာကျွေး၊ ကြက်သွန်နီ/ဖြူတွေ အထက်အောက်လှန်ပြီးနောက် ဗျစ်ရည်နည်းနည်းအာဆွတ်ရင်း ဘာနဲ့မြည်းရကောင်းပ တွေးနေတုန်း မယ်မင်းကြီးမဆီက ဖုန်းလာတယ် "ဟဲ့ ဘေ့စ်မင်န့်ထဲမှာ ဆိတ်နို့ချိစ်အဆိမ့်တွေရှိတယ်။ ငါမေ့နေလို့။ မငံတော့ ဘီယာနဲ့လိုက်မယ်ထင်တယ်"တဲ့။
ဒါနဲ့ပဲ အဲ့ဒါတွေ နည်းနည်းဖဲ့ပြီး ဘီယာနဲ့မြုံ့ကြည့်တော့ အဟုတ်သား။ အနံ့ကြောင့်ထင်တယ် ခွေးလေး ၂ ကောင်က အနားလာအမြီးနံ့တယ်။ အရက်ဘီယာဆို ဒီ ၂ကောင် အနံ့တောင်မခံဘူး။ အရက်မသောက်တိုင်း သူတော်ကောင်းကြေးဆို ဒီ ၂ ကောင်ဟာ ခွေး သူတော်ကောင်းလေးတွေ။ ချိစ်လေးတွေ နည်းနည်းစီဖဲ့ဖဲ့ကျွေးတော့ အငမ်းမရစားလိုက်ကြတာ။ ကိုယ့်ဟာလေးကုန်သွား ခက်ရချည်သေးအတွေးနဲ့ "မင်းတို့က အရက်ဘီယာကြတော့ မသောက်ဘူး။ အမြည်းကြတော့ တယ်စားချင်တယ်။ မသောက်ပဲ အမြည်းစားတာကြတော့ မဟုတ်သေးဘူးနဲ့တူတယ်ကွ၊"လို့ အသံမာမာနဲ့ပြောတော့ မျက်နှာလေးတွေငယ်လို့။
သနားတာနဲ့ ဘာမှဆက်မပြောတော့ပဲ တိုရည်ရှားရည်လေး ဖဲ့ဖဲ့ကျွေးနေမိတယ်။ သူတို့ခမျာလည်း အဲ့ဒီ မသဒ္ဓါရေစာလေးကိုပဲ အမြီးတနံ့နံ့နဲ့စားကြတယ်။ သွားရည်လေးတွေလည်း တမြားမြားနဲ့။ စိတ်က အဲ့ဒီမှာတင်ရပ်ရင် ကိစ္စမရှိဘူး။
ခုက စစ်ဒီမိုကရေစီလေး ဖဲ့ဖဲ့ကျွေးတာကို နိုင်ငံရေးသမားဆိုသူတွေက သွားရည် တမြားမြားဖြစ်နေကြတာများလားလို့ မဆီမဆိုင်လျှောက်တွေးမိတာပဲ။ စိတ်များ ပြောပါတယ်။
ဇူလိုင် ၁၃ ၂ဝ၁၅

(ကြက်မတဝပ်စာ ရွေးကောက်ပွဲ)
မနက်က ထုံးစံအတိုင်း ၆ ချက် မတီးခင် ကြက်အိမ်တံခါးဖွင့် အစာထည့်ရေလဲလုပ်ပေးခဲ့တယ်။ စက်ရှေ့ထိုင် တောရေးတောင်ရေးတွေရေးနေရင်း ကြက်မတွေ တင်းရှာသံညံလှချည်လား ဘာများဖြစ်ပါလိမ့်လို့ထင်ပြီး ကြက်ခြံတံခါးလေးဖွင့် ဝင်လိုက်တယ်ဆိုရင်ပဲ ကြက်မကြီးတကောင်က ဝုန်းကနဲပြေးချလာပြီး ကျနော့်ကို ခွပ်တော့မလိုလုပ်တယ်။ ရှူးရှူးလုပ်တာတောင် နောက်မဆုပ်ပဲ ခြေသလုံးကို ဆုပ်ပစ်တော့တာ။ ကြက်မဆုပ်ပစ်ခွပ်တယ်ဆိုတာ ဒါနေမယ်။
ဒါနဲ့ သူ့ကို အသာဖယ်ပြီး ကြက်အိမ်ထဲဝင်ကြည့်တော့မှ လားလား ဥတင်းနေရာတွေမှာ ရံကာထားတဲ့ ပလပ်စတစ်ဇကာကျဲကို မနက်ကတည်းက ဖွင့်ထားပေးဖို့မေ့ခဲ့တာကိုး။ ဒါနဲ့ ဖွင့်ပေးလိုက်တော့ သုံးလေးကောင် ကမူးရှူးတိုးအပြေးအလွှား ဝပ်တင်းထဲဝင်ပြီး ဥကြတော့တာပဲ။ ခမျာများ ဝပ်တင်းကလွဲလို့ တခြားနေရာတွေမှာ မဥတတ်ကြတော့ဘူး။
သားသည်မိခင် သားမြတ်မှာ နို့ရည်တင်းပြီး မခံနိုင်တဲ့အခါနာကျင်သလို သူတို့လည်း ဥချိန်တန်ရက်နဲ့ တင်းခံထားရလို့ ဝေဒနာပြင်းပြင်းခံနေရတာပဲလို့ထင်တယ်။ စိတ်ထဲက ဆောရီးလို့ပြောမိရင်း ၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ အင်န်အယ်လ်ဒီဖြစ်နေတာ ငါ့ကြက်မကြီးတွေနဲ့များ တူနေမလားမသိဘူးလို့တွေးမိပြန်တယ်။
စိတ်များပြောပါတယ်။
ဇူလိုင် ၁၃ ၂ဝ၁၅

(နိုင်ငံနဲ့ချက်မြုပ်)
ဗမာပြည်အလွမ်းဖျောက်ရင်း "သင်္ကြန်စိတ်"အဆာဖြေရင်း ဖို့တ်ဝိန်း ဇေတဝန်ကျောင်းက (ဖြူဖြူကျော်သိန်း အသံဟန်တို့ဖြင့်ဖတ်ပါ) ဝေါ်ထောပါထီကို ရောက်ပါတယ်။ ကျနော်က ဘုန်းတော်ကြီးကျောင်းမှာ ဗမာလုပ်တဲ့ဂျပန်ဆူရှီးကို သင်္ကြန်စာအဖြစ်အားပေးရင်း စားခဲ့ပါတယ်။ ဇနီးက ဗမာတို့ဟူးသုတ်စားရင်း အိမ်မှာ တခါလောက် လုပ်စားရအောင်လို့ပြောတယ်။ သူ အခု မုန့်ဟင်းခါးမှာ လက်သုတ်မှာ ငံပြာရည်မပါရင် ပုဇွန်ခြောက်နိုင်းချင်းမဖြစ်ရင် ပဲမှုန့်မနိုင်ရင် ဆီချက်မရွှဲရင် ချဉ်ငံစပ်မဟုတ်ရင် ဗမာစာမဟုတ်မှန်းသိနေပါပြီ။
တခါတလေ ကျနော်က ငါတို့တိုင်းပြည်မှာ.....လို့ အစချီချိပြီး တခုခုပြောတတ်လေ့ပါတယ်။ အဲ့နေ့ကလည်း သူစားနေတဲ့တို့ဟူးသုတ်ကို တဇွန်းကော်မြည်းရင်း တခုခုလိုနေသလိုဖြစ်တာနဲ့ "မင်းအကြိုက်သုတ်ပေးလိုက်တာနေမယ်။ ငါတို့တိုင်းပြည်မှာဆို တို့ဟူးသုတ်က......" ပဲရှိသေးတယ် "ဒါရော နင်တို့တိုင်းပြည်မဟုတ်လို့လား၊ ဟိုဟာက နင်တို့ ချက်မြုပ်မြေ Native Land လေ။ ခု နင်တို့က ဒီနိုင်ငံသားဆိုတော့ ဒါ နင့်တို့တိုင်းပြည် Your Country မဟုတ်လို့ ဘာလဲ"လို့ဆိုတယ်။ ဟုတ်သား သူပြောမှ နောက်ဆို အပြောအဆိုဆင်ခြင်မှ။
ဇူလိုင် ၁၃ ၂ဝ၁၅

(မြွေမသေတုတ်မကျိုး)
ကြံ့ဖွံ့ထဲမှာဖြစ်နေတာက တစ်လ ငွေဆယ်သိန်းအတွက် အမတ်နေရာလုနေကြတာမဟုတ်။ လူ လုနေကြတာ လူစုနေကြတာသာဖြစ်တယ်။ ဆယ်သိန်းဟာ သူတို့အတွက် ကလေးမုန့်ဖိုးတောင် ရှိပါ့မလားမသိဘူး။
ဘယ်လောက် တသွေးတသံတမိန့်နဲ့ ထက်အောက် နာခံရသည်ဖြစ်စေ မင်းလည်းသေနတ်မရှိ ငါလည်းတပ်မရှိဆိုတော့ နည်းနည်းပါးပါး ကလန်ကဆန်တော့ လုပ်လို့ဖြစ်တာပါပဲ။ ကတောက်ကဆလေးတွေလည်း ဖြစ်ကြမှာပါပဲ။ အရပ်ဝတ်နဲ့ ပါတီအထောင်ပြ ထားတာလည်းဖြစ်တော့ ပါတီဆန်ဆန် လူမွေးတာ လူစုတာ အုပ်စုဖွဲ့တာတွေလည်းရှိမှာပဲ။
နောက်တချက်က မဆလလို တပါတီပုံစံမဟုတ်တော့ ခု အတွေ့အကြုံက သူတို့အတွက် အသစ်ပဲ။ အလားတူပဲ ကျနော်တို့အတွက်လည်း အစစ်မဟုတ်ပေမယ့် အသစ်တော့အသစ်ပဲ။
အင်န်အယ်လ်ဒီမှာတော့ ခုချိန်ထိ ဒေါ်စုပြီး ပြီးတဲ့သဘော မီးသေတုန်းဆိုပေမယ့် နည်းနည်းတော့ လျော့တိလျော့ရဲဖြစ်လာတဲ့ သဘောလေးတွေတွေ့လာရတယ်။ သူတို့မှာလည်း ပါတီခေါင်းဆောင်မှုပိုင်းမှာ အထိအခတ်လေးတွေ အငြိအပြုလေးတွေရှိနေတယ်။
ရွှေမန်းတို့ သိန်းစိန်တို့ပါတီအကိုင်ကျင်လည်တာမှာ နိုင်ငံရေးအဝါးဝတာမှာ မီဒီယာနဲ့ပြောတတ်ဆိုတတ်တာမှာ ဌေးဦးခြေဖျားတောင် မမီဘူး။ စီနီယာဖြစ်လို့သာ ဥက္ကဌလုပ်ကြတာ။ တကယ်တမ်း ပါတီကိုကိုင်ထားတာက ဌေးဦးပဲ။
နောက်ပြီး ၂ဝဝ၈ နဲ့အထိုင်ကြနေသရွေ့ ဘယ်သူ ဘာပြီး ဘာလုပ်ဆိုတဲ့နေရာချထားမှုနဲ့ မျိုးဆက်မွေးထားတာလည်း အခိုင်အမာရှိတယ်။ အင်န်အယ်လ်ဒီကြတော့ ဒေါ်စုကွယ်လွန်ရင် ဘာဖြစ်မလဲတွေးကြည့်တော့ ရင်ခံစရာနဲ့ ရင်လေးစရာကြီးလိုဖြစ်နေတယ်။
စစ်တပ်ထဲက ရွှေမန်းကို သိတ်မကြိုက်ကြဘူးဆိုတဲ့အသံ ထုတ်ပေးထားလည်း ရည်ရွယ်ချက်ပါတယ်လို့မြင်တယ်။ တကယ်က ရွှေမန်းကိုကြိုက်တယ်မကြိုက်ဘူး စစ်တပ်ကပြောရအောင် စစ်တပ်နဲ့ရွှေမန်းဆိုတာ စစ်အုပ်စုဒင်္ဂါးတပြားတည်း မဟုတ်တာကြနေတာပဲ။ လူထုအမြင်မှာ စစ်တပ်(မင်းအောင်လှိုင်)က သတ်သတ်
အစိုးရ( သိန်းစိန်)က သတ်သတ်၊ လွှတ်တော်(ရွှေမန်း)က သတ်သတ်ပုံမျိုးဖော်ထားတာ ပိုပီပြင်အောင် အလှုပ်ပြပေးတာပါ။
တခုတော့ရှိတယ် ရွှေမန်းသားအဖတွေ စားခွက်အလုကြမ်းတာကတော့ စစ်အုပ်ထဲမှာတောင် ပြောစမှတ်တွင်တယ်။ စီးပွားရေးအင်ပါယာကြီးလိုဖြစ်လာလို့ ကျန်စစ်ဗိုလ်ဟောင်းသစ်တွေတောင် မလိုတမာဖြစ်လာတာလည်းရှိတယ်။ နောက်ပြီး ဒေါ်စုနဲ့ ပလူးကောင်းတဲ့အချိန်က ဒေါ်စုမျက်နှာနဲ့ရလိုက်တဲ့ အခွင့်အလမ်းတချို့လည်းရှိတယ်။ ဒါ့ကြောင့် သန်းရွှေကပါ “ကိုရွှေမန်း စီးပွားရေးက မင်းတို့သားအဖတွေချည်းလုပ်နေတာ မဟုတ်ဘူး”ဆိုပြီး ခေါ် ဘရိတ်အုပ်ရတဲ့အထိဖြစ်တယ်။ ဒေါ်စုကလည်း သိန်းစိန်နဲ့ပျားရည်ဆမ်းပြယ်ချိန် ရွှေမန်းနဲ့ပလီချိန်မှာ အတင်းလိုက်လုံးတာ များသွားတယ်။ ဗိုလ်သန်းရွှေ ခေါ်မာန်မှ ရွှေမန်း နည်းနည်းကိုယ်ရှိန်သတ်သွားတာ။
ဖွဲ့စည်းပုံပြင်ကိစ္စလွှတ်တော်ထဲမှာ မဖြစ်သွားတာက အဲ့ဒါနဲ့တော့မဆိုင်ဘူး။ ပလူးတာပလူးတာပဲ။ သားအဖစီးပွားရေးအင်ပါယာကြီးအတွက် မျက်နှာရူးထတာ ထတာပဲ။ မူလအခြေခံကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်ရေးပဲ။ ကြားရသလောက်ပြောရင်တော့ ရွှေမန်းပါတီပြန်ရမယ့်ကိန်းပဲ။ သမ္မတမျှော်ဖို့မလွယ်ဘူး။ ပါတီပြန်ရင် ဌေးဦးနဲ့ ပါတီတွင်းတိုက်ပွဲ Inner Struggle လေးတွေ ကြားရမယ်ထင်တယ်။
သိန်းစိန်သမ္မတနေရာထားပြီး ဆက်သွားဖို့ နည်းနည်းပါးပါး မျက်နှာပျက်စရာရှိပေမယ့် နောက်သက်တမ်းမှာ သိန်းစိန်ပဲအသင့်ဆုံးလူဖြစ်နေတယ်။ တပြိုင်တည်းမှာ “စစ်တပ်ထဲက သိန်းစိန်ကို ကြိုက်တယ်”ဆိုတဲ့အသံလည်း ထုတ်ထုတ်ပေးတယ်။ ကြားတဲ့အချက်အလက်လေးတွေပေါ်အခြေခံပြီး တွေးမိတွေးရာတွေးကြည့်တာပါ။
ဇူလိုင် ၁၂ ၂ဝ၁၅

(အမေရိကန် ယူနီယံ)
အမေရိကန်ကအလုပ်သမားသမဂ္ဂဆိုတာတွေက ရှင်းတယ်ဗျာ။ အလုပ်သမားဘက် နည်းနည်းအလိုက်ပြတဲ့ အလုပ်ရှင်အလုပ်သမားကြားက ပွဲစားတွေပါ။ မရှိရင် ပိုကောင်းမကောင်းမပြောတတ်ပေမယ့် ရှိနေလို့ နည်းနည်းကောင်းနေတာလေးတွေတော့ ရှိပါတယ်။ ပွဲစားထုံးစံအတိုင်း ပွဲညွန့်ပွဲခ နှစ်ဖက်ခွအပြင် ဘာကြေးညာကြေး သဒ္ဒါကြေးလေးနဲ့များနဲ့ဆိုတော့ သမဂ္ဂခေါင်းဆောင်တွေ အူစိုပါတယ်။ တချို့များ သူဌေးပေါက်စလေးတွေတောင်ဖြစ်လို့။ ပွဲစားဆိုတာ ပွဲရှိမှ စားရတာမဟုတ်လား။ ဘယ့်နှယ်လို့ ပွဲပျက်အောင်လုပ်ပါ့မလဲ။ ပွဲစားဆိုတာ ပွဲပျက်မှာအကြောက်ဆုံးပါ။
ဇူလိုင် ၁၂ ၂ဝ၁၅

(ကိုကိုကြီး ရွှေ့ဇယား)
ထောင်စကားနဲ့ပြောရရင် ကလေးကစားကွင်းကိစ္စဟာ အသေအချာချိန်ပြီး “ဇယားရွှေ့”ကြည့်ကြတာပါ။ ကိုကိုကြီးဟာ “ဇယား သမား”ပါ။ ထောင်စကားနဲ့ပဲပြောရရင် ဇယားသမားဆိုတာ“ဇယားညပ်”တတ်ပါတယ်။ ကလေးကစားကွင်းကိစ္စဟာ ဇယားရွှေ့တာပါ။ ကလေးကလားမဟုတ်သလို ကလေးကစားတာလည်း မဟုတ်ပါ။ စစ်အုပ်စုဟာ ကလေးကွက်နဲ့ မ ပလေးပါ။ ပွဲပြီးမဟုတ်တောင် မီးမသေမချင်း ကစားပါတယ်။ အာမခံမယူ အယူခံမဝင်လှန့်လုံးဟာ ပွဲမဆူပါ။ လူမစည်ပါ။ ၂ဝ၁၅ ရွေးကောက်ပွဲ(ဖြစ်မယ်ဆို)နီးပါပြီ။ ထောင်ကျဆိုတာ အမတ် ဝင်အရွေးခံမရပါ။
ဇူလိုင် ၁၁ ၂ဝ၁၅

(ပွဲပြီးတဲ့အထိ မီးသေစေ့ချင်)
ဒေါ်စုပြောထားတာတွေရှိပါတယ် “ပြည်သူကိုကိုယ်စားပြုတဲ့ပါတီမို့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ပါတီမို့ အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ဖြစ် မဖြစ်ဖြစ် ပါတီကိုကိုယ်စားပြုပြီး ဝင်ပြိုင်မယ်ဆိုလည်းဖြစ်တယ်”ဆိုတဲ့သဘော။ ဒီနေရာမှာတွေးစရာက အင်န်အယ်လ်ဒီတဖြစ်လဲ သန်းငြိမ်းတို့ ခင်မောင်ဆွေတို့ဆီက မြတ်ညာဏစိုးတွေ ဘယ်လောက်များ ပါလာမလဲပေါ့ဗျာ။ နောက်တချက်က အင်န်အယ်လ်ဒီမှာ အင်န်အယ်လ်ဒီအဖြစ်နဲ့ တဘဝလုံးစွန့်ပြီး “အန်တီ့”နောက်လိုက်ဖြစ်ခဲ့သူတွေထက် ရွှေကြာပင် “မေမေ့”သားတွေ ဘယ်မျှ အရေးပါနေပြီလဲပေါ့ဗျာ။
ခက်တာက နိုင်ခြေရှိတဲ့ပါတီကနေ အထက်ကြေးနဲ့ဝင်ပြိုင် ဆယ်သိန်းစားဖြစ်ပြီးမှ ကာလပေါက်ဈေးနဲ့ ဝယ်ရောင်းဖြစ်ပြီး ကူးကြပြောင်းကြမှာတွေကလည်း တည့်တွက်ရမှာပါ။ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းနဲ့ဖြုတ်ချလို့ရတယ်ဆိုပေမယ့် မဲဆန္ဒရှင်တွေရဲ့ဆန္ဒက ကော်မရှင်က “ကောက်ကြည့်စေ”ဆိုမှ ရမှာပါ။ ကူးသွားတဲ့အခါ ၅ နှစ်စာခံဒဏ်ရပြီး “သာကူးတွေ”လို့ အောင့်သီးအောင့်သက် စကားနာထိုးရုံမှတပါးအခြားမရှိပြီဆို ကျောချမ်းစရာပါ။
ဘာပဲဖြစ်ဖြစ်ပါ တဘဝစာအင်န်အယ်လ်ဒီတွေဖြစ်ဖြစ် ရွှေကြာပင်မေမေ့သားတွေဖြစ်ဖြစ် မြတ်ညာဏစိုးတွေဖြစ်ဖြစ် အမတ်ဖြစ်သွားပြီဆိုရင် လွှတ်တော်ထဲရောက်သွားပြီဆိုရင် “ဒေါ်စုလူ”လို့ပြောဖို့ခက်သွားမှာပါ။ ခုရှိနေတဲ့ အမတ်လက်တဆုပ်စာကိုတောင် ပုဂ္ဂိုလ်ရေးသြဇာနဲ့ တချက်တချက် မီးမသေချင်တာတွေလည်း တွေ့နေရပါပြီ။ နိုင်ငံရေးအိုရင် ကြောင်အိုထက် ဆိုးပါတယ်။ ရွေးကောက်ပြီးသွားလို့ လွှတ်တော်ထဲရောက်သွားတဲ့အခါ “လွှတ်တော်ထဲက ဒေါ်စုလူ”ဆိုပြီး သြဖာညောင်းလိမ့်မယ်လို့ အပိုင်တွက်လို့မရနိုင်ပါ။
ကိုယ့်ဆိုင်းဘုတ် လည်ပင်းချိတ်ဝင်မယ့် ဆယ်သိန်းတန်အမတ်တွေဟာ ကိုယ့်လူတွေဖြစ်မယ်လို့ ဘယ်သူမှ အာမ မခံပါ။ ပါတီဝင်အစစ်တွေတောင် ထိန်းဖို့ခက်မှဆို ဟိုလူ့လူတွေနဲ့ သွားရမယ့်နှစ်ပါးက မိုးရောလင်းပါ့မလားလည်း တွေးစရာပါ။
ကျနော်ကတော့ ၂ဝ၁၅ ရွေးပွဲကို ထွက်ပေါက်လို့ မျှော်လင့်ချက်လို့မမြင်ပါ။ ဆန့်ပါ ဆန့်ကျင်သူပါ။
ဒါပေမယ့် ခင်ဗျားတို့ “အမေ”ကို သမ္မတထက်ကြီးတာရှိတောင်ဖြစ်စေ့ချင်သူပါ။
ဇူလိုင် ၁၁ ၂ဝ၁၅


၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၈ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၈ (မျိုးမြင့်ချို)

(ဖွတ်တွယ်တဲ့ လယ်သူမလေး)
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ၂ဝဝ၈ စစ်ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ စစ်လက်ဝါးကြီးအုပ်ဓနရှင်စနစ် တိုက်ဖျက်ရေးတွေလုပ်ကြလို့ အထိန်းသိမ်းခံရ ဖမ်းဆီးထောင်ချတွေခံရတာကို ဘယ်သူ ဘယ်ဝါ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမခွဲခြားပဲ စာနာစိတ်နဲ့ ထောက်ခံဝန်းရံ တတ်နိုင်သလောက် စိတ်ဓာတ်ရေးရာအရ ရုပ်ဝတ္ထုပစ္စည်းအရကူညီကြတာ ကောင်းတဲ့ကိစ္စ မွန်မြတ်တဲ့ကိစ္စပါပဲ။
တခုပဲ အဲ့သလိုလူတွေထဲမှာ စစ်အုပ်စုနဲ့ နိုင်ငံရေးပရောပယီလုပ်လိုက်၊ စစ်အုပ်စုလက်သပ်မွေး မဘသတွေနဲ့ ပလူးပလဲတွေလုပ်ရင်း အဖမ်းရတာတွေလည်း လက်တွေ့မှာရှိနေတာ ငြင်းမရဘူး။ အဲ့သလိုလူတွေ အဖမ်းခံရတာအတွက် စိတ်မကောင်းဖြစ်ဦးတောင် စာနာစိတ်တော့ တစက်ကလေးမှ မဖြစ်ဘူး၊ မပေါ်ဘူး။ ဝန်းရံဖို့ကူညီဖို့တော့ ဝေလာဝေးပဲ။
စစ်အုပ်စုဟာ သူလူကလွဲလို့ ဘယ်သူ့မှ မယုံဘူး။ သူ့ကို အလုပ်အကြွေးပြုရတဲ့ အပြင်ကသူ့လက်သပ်မွေးလူတွေထဲကတောင် သူ့ပြန်ပြီး မထေမဲ့မြင်လုပ်လာရင် သည်းမခံဘူး။ ဒါတောင် သူ့လူနော်။ သူ့အတွက် လုပ်ပေးနေတာနော်။ ပရောပယီသမား ပလူးပလဲသမားမဟုတ်သေးဘူး။ ဒါပေမယ့် မရဘူး။ ကျူပင်ခုတ် ကျူငုတ်မကျန်စေရဘူး။
ဇူလိုင် ၂၄ ၂ဝ၁၅

(ပုဇွန့်ခေါင်းတွေပေါလှချည့်)
စစ်အုပ်စုငါးတကာယိုတဲ့ချီးဟာ နေဝင်းအပေါ် စောမောင်တို့အုပ်အပေါ် ခင်ညွန့်တို့ဂိုဏ်းအပေါ် ပုံချခဲ့သလို ခုလည်း အောင်သောင်းပေါ်ပုံချဖို့အခွင့်ရပြန်ပြီ။ ဒီလိုနဲ့ နေဝင်းလည်း တော်လှန်ရေးကောင်စီနဲ့လမ်းစဉ်ပါတီဥက္ကဌကြီးဖြစ်ခဲ့ ဒီလိုနဲ့စောမောင်လည်း ပြည်ထောင်မင်းဖြစ်ခဲ့ ဒီလိုနဲ့ ခင်ညွန့်လည်း စစ်ဗိုလ်ဒီမိုကရေစီချန်ပီယံဖြစ်ခဲ့ ဒီလိုနဲ့ သိန်းစိန်လည်း ပြုပြင်ပြောင်းလဲရေးသမားကြီးဖြစ်ခဲ့ ဒီလိုနဲ့ရွှေမန်းလည်း ဒီမိုကရက်တစ် စစ်သားကောင်းကြီးဖြစ်ခဲ့။
ခုအောင်သောင်းလည်း စစ်အုပ်စုအဖို့ အလောင်းနင်းပြီး အပြလှတဲ့ ပုဇွန့်ခေါင်းပဲ။
ဒီလိုနဲ့ မင်းအောင်လှိုင်လည်း ငြိမ်းချမ်းရေးခေါင်းကိုင်ကြီးမဖြစ်ဘူး ခင်ဗျားပြောနိုင်မလား။
ဇူလိုင် ၂၃ ၂ဝ၁၅

(အမတ် ရောင်းရန်ရှိသည်)
မူရှိရှိမရှိရှိ လူပုဂ္ဂိုလ်ဆိုင်ရာလွှမ်းမိုးမှုတခုတည်းနဲ့ ပါတီ့သစ္စာစောင့်သိသူပါတီဝင်ထုအပေါ် လွှတ်တော်အမတ်တွေဖြစ်သွားသည့်တိုင် သြဇာလည်းညောင်း မီးလည်းသေပေမယ့် ကာလပေါ် အမတ်ကတက်အတွက် ဘက်ပြောင်းလာသူ ခြံခုန်လာသူ ညောင်ရေလာလောင်းသူတွေအပေါ် ဘယ်ရွေ့ဘယ်မျှ အုပ်အုပ်စီးစီးလုပ်နိုင်ပါ့မလဲက ထောက်ချင့်တွေးဆစရာပါ။ အမတ်ဖြစ်မှ ရာထူးနဲ့ရော ဌာနန္တရနဲ့ပါ မြှူဆွယ်လို့ရတာမဟုတ်လား။ အမတ်ဆိုတာ ကြေးစားဘောလုံးသမားလို စာချုပ်စာတမ်းနဲ့ချုပ်ဖို့တောင်လိုတာမှ မဟုတ်တာ။
တခါ ဒေါက်တာညိုညိုသင်းတို့လိုလူတွေ တိုင်းပြည်လူထုအတွက် အကျိုးရှိတဲ့အဆိုတွေကိုတောင် မျက်နှာရိပ်မျက်နှာကဲကြည့်ပြီးမှ ထတင်ရတော့တယ်ဆို မခက်ပါလား။
ဇူလိုင် ၂၃ ၂ဝ၁၅

(အောင်ဇာနည်)
အောင်သောင်းရာ သေစရာရှားလို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်တဲ့နေ့မှ လာသေရတယ်လို့ကွာ။ အေးပေါ့လေ တဖက်ကပြန်ကြည့်တော့လည်း အာဇာနည်နေ့မှာ မသေစေ့ချင်သူတွေ ရင်မခံရတော့ဘူးပေါ့။ ဦးသန့်ကွယ်လွန်တော့ စစ်အုပ်စုနဲ့ကျောင်းသားလူထု အလောင်းလုပွဲ(ဦးသန့်အရေးအခင်း) ဖြစ်တယ်။ အောင်သောင်းသေတော့ အခေါင်းပေါ် ဘာအလံအုပ်ချမလဲ။ အမတ်တွေကတော့ ဝမ်းနည်းရမှာပဲ။ သန်းရွှေ သိန်းစိန်တို့ကတော့ မသေခင်ကတည်းက အလောင်းနဲ့အခေါင်း မီးရို့ခံရအခါခါ။
ဇူလိုင် ၂၃ ၂ဝ၁၅

(လည်ပင်းများ ယားရော့မလား)
ဒီတခါလည်း ၁၉၉ဝ တုန်းကလို အင်န်အယ်လ်ဒီဆိုင်းဘုတ် လည်ပင်းဆွဲပေးလိုက်ရင် အရွေးခံမှာပဲဆိုတဲ့အတွက်အချက်နဲ့ ညောင်ရေလာလောင်းသူတွေ ပတ်ထမ်းနဲ့တွေ့ရင် မခက်ပါလား။ ဟိုတုန်းက ဧည့်သည်လိုနေရဦးတောင် ခိုစရာတောနဲ့ ရပ်စရာမြေရှိပါတယ်။
၉၀ ရွေးကောက်ပွဲဟာ ၈၈ လူထုတိုက်ပွဲအရှိန်အဟုန် ညီးညီးတောက်နေချိန်ဖြစ်သလို စစ်အုပ်စုကလည်း သေနတ်ကိုင် ဗိုလ်ကျနေချိန်ပဲ။ တော်လှန်ရေးသေနတ်သံနဲ့ လူထုတိုက်ပွဲတွေ တအုန်းအုန်းထခဲ့ချိန်။
ခုက လူထုသွေးမအေးပေမယ့် နိုင်ငံရေးသမားဆိုသူတွေ သွေးကျဲနေချိန်။ စစ်အုပ်စုကလည်း ဥပဒေ(ဖွဲ့စည်းပုံ)နဲ့ ဖိနှိပ်နေချိန်ပဲ။ ကားပါမစ်နှပ်ပစ်ခံတွေရဲ့နှပ်ညစ်သံနဲ့ Case by Case ဂါထာစုပ်ကာ သပိတ်မစုံရအောင် တန်ခိုးပြာဋိဟာပြနေချိန်။
ရန်သူဟာ ပြင်ဆင်မှုရှိနေပါတယ်။ လက်ဦးမှု ယူထားပါတယ်။ နည်းမျိုးစုံနဲ့ ကောက်ကျစ်ဖို့ အကွက်ချထားပါတယ်။ အချိန်မရွေး ထ ဖေါက်ခွဲလို့ရတဲ့ယမ်းအိုးနဲ့ စနက်တံလည်း ကိုင်ထားပါတယ်။ ဒီတချီဟာ တောင်ပြိုကမ်းပြိုနဲ့ သိုးကာသီကာ ကိစ္စများဖြစ်လေမလား တွေးစရာပါ။
မနိုင်လည်း အရှူံးမရှိပါဘူးဆိုတာ ပညာရှင်တွေပြောတတ်ကြပါတယ်။ အာဏာသဘောမှာ သူနိုင်ကိုယ်နိုင်မရှိပါ။ သရေပွဲမကျပါ။ အနိုင်အရှူံးဟာ အဆုံးအဖြတ်ပါ။ နိုင်ငံရေးသမားဆိုတာ ပေါ်လစီချ Policy Making နဲ့ ဆုံးဖြတ်ချက်ချ Decision Making လုပ်ရသူပါ။ ပညာရှင်တွေ နိုင်ငံရေးသမားမဖြစ်ရင် မဲနိုင်ဦးတောင် မမဲနိုင်ပါ။ နိုင်ငံရေးမဖြစ်ပါ။
ဇူလိုင် ၂၂ ၂ဝ၁၅

(ဇေယျာလွင့်ကို ဒဏ်တပ်ပါ)
ခုနေ တကသခေါင်းဆောင် ကိုဇေယျာလွင်ကို အမိန့်ချဖို့ရုံးထုတ် အပြစ်ရှိလားမရှိလားတွေ မေးမနေနဲ့။ ထောင်ဒဏ်နဲ့ငွေဒဏ် စတိလောက်ရွေးခိုင်း။ အဲ့ဒီအခြေအနေမှာ အမည်မသိပြည်သူတယောက်က ဘယ်သူမှ မသိလိုက်ရအောင် တိတ်တိတ်လေး ဒဏ်ငွေကို ကြားကနေဝင်ဆောင်ပေးပြီး နိုင် နိုင်ခြေပါတီကနေ ဝင်ပြိုင်ခိုင်းလို့ နိုင်ခဲ့တယ်ဆို မြန်မာ့အသက်အငယ်ဆုံးအမတ်မင်းလေးဆိုပြီး တဆောင်တယောင်တောင် ထားဖို့ကောင်းတော့တယ်။
ဇူလိုင် ၂၂ ၂ဝ၁၅

(အမတ်ခုန် အမတ်ကူး)
ဒီမိုကရေစီနဲ့အမတ်ကာလနာတိုက်ကာ အင်န်အယ်လ်ဒီဆိုင်းဘုတ် လည်ပင်းအချိတ်ခံပြီး အရွေးခံမယ့် ကာလပေါ်ဆယ်သိန်းတန်အမတ်များဟာ စစ်လွှတ်သဘင်မှာ ဒေါ်စုသြဇာညောင်းဖို့ မဖြစ်နိုင်င်ပါ။ အထဲရောက်မှ မီးမသေမယ့်သူတွေပါ။ တက်ထောင်မောင်းနင်း လုပ်ရမှာပါ။ ဇေယျာသော်တွေ မဟုတ်ပါ။ အကျိုးစီးပွားနဲ့ယှဉ်လာသူ ယုံကြည်ချက်နဲ့ရပ်တဲ့သူတွေကြား ရန်ပုံငွေက စကားပြောပါတယ်။ အမတ်ဆိုတာ မျောက်လိုခုန်လို့ဖြစ်ပါတယ်၊ ပါတီကုးလည်း ဆိုင်းဘုတ်ထားခဲ့မှာပါ။
ဇူလိုင် ၂ဝ ၂ဝ၁၅

(ဗိုလ်ဖြစ်ချင်ရင် ဗိုလ်သင်တန်းတက်)
ကျနော် မဲဆောက်ရောက်တော့ Leadership သင်တန်းတက်နေတဲ့သူတွေတွေ့တယ်။ ခု သူတို့ မဲဆောက်မှာပဲ။ အထည်ချုပ်ရုံတွေမှာ စက်ချုပ်နေတုန်းပဲ။ ခေါင်းဆောင်မှုသင်တန်းတက်တိုင်း ဗိုလ်ကျလို့ မရပါလားဆိုတာ ခုမှသိတာ။ ကျနော်တို့မျိုးဆက်ကလူတချို့လည်း လီဒါရှစ်ပ်ကို့စ်တွေ တက်နေသတဲ့။ လူဖြစ်ပြီး လူ့အခွင့်အရေးစာအုပ်တွေဖတ်ရတာလောက် ရင်နာစရာကောင်းတာ ဘာရှိမလဲ။
ဇူလိုင် ၂ဝ ၂ဝ၁၅

(အဘ သရဏံလည်း ကုန်းသီစာမိတာပဲ)
အလဲဗင်န်းမီဒီယာဂုရု ဒေါက်တာသန်းထွဋ်အောင် ရန်အပြုခံရတာနဲ့ပတ်သက်လို့ ကျနော်တော့ ဒီလိုကောက်ချက်ချမိတယ်။ ဒေသစွဲ လူမျိုးစွဲ ဘာသာအစွဲကြီးစိတ်ကိုအရင်းတည် လူတွေကိုစတေးပြီး အဘတို့အာဏာတည်မြဲရေးအတွက် ဘယ်လောက်ပံ့ပိုးပံ့ပိုး ဘယ်လောက် ဒေါက်ထောက်ထောက် ”အဘ”တို့ကို ကလန်ကဆန်လုပ်ဖို့ ယောင်လို့တောင် စိတ်ကူးမယ်တော့မကြံနဲ့ဆိုတဲ့ သတိပေးချက်ရယ် မြို့နားမြို့နေမီဒီယာသမားတွေကိုလည်း ဖမ်းဆီးထောင်ချနှိပ်ကွပ်ရုံမက တောထဲမှာကိုပါကြီးကို သတ်တာလောက်အသာထား မြို့လည်ကောင်မှာပါ သတ်ပစ်လို့ရတယ်လို့ ဗြောင်ကျကျခြိမ်းခြောက်လိုက်တာပဲလို့ မြင်ပါတယ်။
ဇူလိုင် ၁၅ ၂ဝ၁၅

(ပေးပစ်သူလေး ဘယ်ရောက်နေ)
တကသ ကျောင်းသား(ခေါင်းဆောင်)လေး ကိုဇေယျာလွင်အဖမ်းခံရတယ်ဆိုတာ ဟုတ်ရောဟုတ်လို့လားဗျာ။ ဒါမှမဟုတ် ဖမ်းသွားပြီး တခုခုများ လုပ်လိုက်ကြပြီလား။ သူ အဖမ်းခံရပြီးနောက် “လွှတ်ပေး လွှတ်ပေး”တောင်းဆိုသံတွေ ညံမလာတော့ အဖမ်းခံရတာရောဟုတ်ရဲ့လားလို့တောင် ထင်ချင်စရာဖြစ်ရပါတယ်။
နောက်ပြီး ဖမ်းသွားပြီးနောက်ပိုင်း သူဘယ်မှာလဲ ဘယ်မှာ(ချုပ်ထားတယ်ဆိုလည်း) ချုပ်နှောင်ထားလဲ။ ရမန်တွေဘာတွေရော မယူဘူးလား။ ရဲနဲ့ဆိုင်တဲ့ တရားရုံးနဲ့ဆိုင်တဲ့ အချက်အလက် အကြောင်းခြင်းရာတွေလည်း ဘာမှတက်မလာဘူး။ ပိုဆိုးတာက မီဒီယာတွေမှာ ကိုဇေယျာလွင့်ကိစ္စ ကျယ်ကျယ်ပြန့်ပြန့်ပြောကြဆိုကြ ရေးကြသားကြ အာဏာပိုင် (အစိုးရ)တွေကို မေးကြမြန်းကြတာတွေလည်း မမြင်မိသလိုပဲ။
တကယ်အဖမ်းခံရတာဆိုရင် ကျနော်လည်း စိတ်မကောင်းဘူး။ ထောင်တွေဘယ်လောက် ကောင်းလာတယ်ပြောပြော ထောင်ဟာထောင်ပဲ။ ကိုယ်လည်း ၁၅ နှစ်လောက် နေခဲ့ဖူးတော့ ထောင်ထဲနေရသူရဲ့ဒုက္ခဆင်းရဲကို ကိုယ်ချင်းစာတယ်။
နိုင်ငံရေးကြောင့် ဘယ်သူမှထောင်မကျစေချင် အဖမ်းမခံရစေချင်ပေမယ့် ထောင်အကျခံ အဖမ်းခံလုပ်မှရမယ့် နိုင်ငံရေးအခင်းအကျင်းရှိနေသမျှ အဖမ်းခံထောင်ကျခံနိုင်ငံရေးရှိနေမှာပဲ။
မျက်နှာ နုနုငယ်ငယ်လေးနဲ့ တခါတခါ အားငယ်လေဟန်မျက်ဝန်းလေးတွေနဲ့ ကလေးဆန်ဆန် ဒီကျောင်းသား(ခေါင်းဆောင်)လေး ဘာတွေများဖြစ်နေပါလိမ့် သိချင်စိတ်ဇောကြီးရပါတယ်။
ဇူလိုင် ၁၄ ၂ဝ၁၅

(မဝင်ဘူးပဲပြောတာပါ)
သိန်းစိန်ပြောတာက သူ ရွေးကောက်ပွဲမဝင်တော့ဘူးလို့ပြောတာ။ သမ္မတမလုပ်ဖူးလို့ မပြောပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ "သမ္မတလုပ်မယ့်သူဟာ ရွေးချယ်တင်မျြောက်ခံစရာမလို"လို့ ဆိုထားပါတယ်။ ရွေးကောက်မခံရုံနဲ့ သမ္မတလုပ်ခွင့်မရှိလို့ပြောထားတာမဟုတ်မှန်း သတိချပ်ဖို့ပါ။ ကိုကိုကြီး အမတ်ဝင်လုပ်မယ်ကြားပေမယ့် ဒေါ်စုက သူ့ကို အထာမထားပါ။ မင်းကိုနိုင် ဝင်အရွေးမခံဘူးပြောနေပေမယ့် မြှောက်သူရှိရင် သမ္မတအဖြစ် အကောက်ခံလို့ရတာလည်း မမေ့ဖို့ပါ။ သူ သမ္မတများဖြစ်ခဲ့ရင် သင်္ကြန်နဲ့ဇာတ်တွေ စည်ကားမှာ လောင်းရဲတယ်။ ကိုကိုကြီးထက်ယှဉ်ရင် ကျနော် ကိုမင်းကိုနိုင်ဘက် ယိမ်းပါတယ်။
ဇူလိုင် ၁၃ ၂ဝ၁၅

(ဗမာလိုဖြစ်)
လင်မယားရန်ဖြစ်ရင် ဗမာလိုဖြစ်ကြဗျာ။ ဒါမှမဟုတ်လည်း အင်္ဂလိပ်လိုဖြစ်ကြ။ အဲ့ဒါဆို အရသာအပြည့်ရမှာ သေချာတယ်။ ဆဲတော့ မဆဲကြနဲ့ပေါ့လေ။ လက်ပါခြေပါလည်း မပါရင်ကောင်းတယ်ဗျ။
ဟိုနေ့က ကျနော်တို့ ရန်ဖြစ်တယ်။ ဖြစ်နေရင်းတန်းလန်း You are the guy who is not able to think rationally. လို့ အင်္ဂလိပ်လိုရန်ထောင်တော့ ကျနော်က သူငါ့ကို ဘယ်လို နာအောင်ပြောတာပါလိမ့်လို့ စိတ်နဲ့ဘာသာပြန်နေမိတာ။ ဘာမှပြန်မပြောဖြစ်ဘူး။
သူက ကျနော့ ဇဝေဇဝါမျက်နှာကိုကြည့်ရင်း "အဲ့ဒါဗမာလို ဘယ်လိုပြောလဲ"လို့မေးတယ်။ ကျနော်က "ခေါင်းမရှိတဲ့ကောင် ဗောင်စောက်ရိုးကြီး"ဆိုတော့ ဘာလဲ ဗောင်စောက်ရိုး ဆိုတာတဲ့။ ဗိုလ်စောက်ရမ်းကိုပြောတာပါကွာဆိုတော့ ဗိုလ်စောက်ရမ်းဆိုတာ ဘာလဲတဲ့။
တွေးကြည့်ဗျာ အဲ့ဒီ စကားတခွန်းလိုက်ရှင်းဖို့ ဒစ်ရှင်နရီတွေ ထလှန်ရ စကားလိမ်တွေဖြည်ရနဲ့ ရန်ဖြစ်ရတဲ့အရသာက ဘယ့်နှယ်လို့ ရှိတော့မတုန်း။
ဇူလိုင် ၁၃ ၂ဝ၁၅

(ဖာသည်လေးတွေကိုလည်း စောင့်ပေးပါ)
ရဲက ဖောက်သည်ယောင်ဆောင်ပြီး ဖာသွားခေါ်တယ်။ ငွေပေးပြီး ဆက်ဆံတယ်။
ပြီးတော့ ဖမ်းတယ်။ ရုံးတင်တရားစွဲတယ်။
ရုံးမှာ ရဲက တရားလိုပြသက်သေ၊ ကောင်မလေးက ပြည့်တန်ဆာမှုနဲ့ ထောင်ကျတယ်။
ဒါ ဗမာပြည်ကရဲတွေ Under Cover လုပ်ပြီး ဖာထောင်ဖမ်းတဲ့ ဇာတ်လမ်း။
အမေရိကားမှာ ယောက်ျားတယောက်ကို ပြည့်တန်ဆာနဲ့လက်ပူးလက်ကြပ်မိရင် ၂ ယောက်လုံး အရေးယူခံရပါတယ်။ ဗမာပြည်မှာ ပြည့်တန်ဆာမိန်းကလေးအဖမ်းခံရရင် တန်းလန်းမိတဲ့ငနဲက ကောင်မလေးထောင်ကျဖို့ တရားလိုပြသက်သေ။
လိင်ရောင်းသူနဲ့ အာသာဆန္ဒကိုငွေနဲ့ဝယ်သူ နှစ်ဦးအလိုတူတဲ့ကိစ္စမှာတောင် ဖာကိုပဲ ကွက်ဖိနှိပ်တာကိုတရားလုပ်တဲ့ပြည်မှာ မျိုးစောင့်ဥပဒေတို့၊ ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဥပဒေတို့ထွန်းကားတာ ဘာဆန်းမလဲ။
ဇူလိုင် ၁၃ ၂ဝ၁၅