Monday, August 24, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၉)
တတိယပိုင်း
                                               
တီဘီအဆုတ်ရောဂါ ကုသနေစဉ်အတွင်း အဖြစ်အပျက်များ                                             
ကျနော်တီဘီအဆုတ်ရောဂါကုသနေစဉ် တိုင်းပြည်တွင်အရေးကြီးသော အဖြစ်အပျက်အချို့ ဖြစ်ခဲ့ပါသည်။
ထိုကာလအတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ယခု ၁၉၄၈ ခုနှစ် ဇန္နဝါရီလ(၄)ရက် လွတ်လပ်ရေးမှာ မစစ်မှန်မပြည့်စုံကြောင်း ဝေဖန်သုံးသပ်ချက်များကြားသိလာရသဖြင့် ထိုမပြည့်စုံသောလွတ်လပ်ရေးအတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။

ထိုအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ လွတ်လပ်ရေးအပေါ် ဝေဖန်မှုမှအစပြုပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖဆပလအဖွဲ့မှ ဆိုရှယ်လစ်ပါတီတို့ အကြီးအကျယ်စကားများကြပြီး အာဏာရဆိုရှယ်လစ်ပါတီမှ ကွန်မြူနစ်ပါတီခေါင်းဆောင်များကို သိမ်းကြုံးဖမ်းဆီးသဖြင့် ကွန်မြူနစ်ခေါင်းဆောင်များ ရှောင်တိမ်းနေရသည်။

ထိုနောက်ပိုင်း ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့က ဗိုလ်နေဝင်းနှင့်ပေါင်းပြီး လက်ဝဲင်္ညီညွတ်ရေးရဖို့ ပြန်ပေါင်းရေးကြိုးစားကြသော်လည်း မရတော့ပေ။ ထို့ကြောင့် ကွန်မြူနစ်ပါတီမှ ကွန်မြူနစ်များအဖမ်းမခံဘဲ တောခိုရန်ညွှန်ကြားချက်ထုတ်ရသည်။ နောက်ဗမာ့တပ်မတော်တွင်းရှိ ကွန်မြူနစ်ပါတီဝင်အားလုံးကိုလည်း တောခိုကြရန် တောတွင်းကျမှ လက်နက်နှင့်ပြန်လည်ခုခံကြရန်ညွှန်ကြားသဖြင့် တပ်မတော်တွင်းရှိ ကွန်မြူနစ်များ ၁၉၄၈ ခုနှစ် သြဂုတ်လတွင် တောခိုကြပါသည်။

သို့သော် ကျနော့်အတွက် ထိုတောခိုလက်နက်ကိုင်ရန်ညွှန်ကြားချက်မှာ အခက်အခဲကြီးဖြစ်နေပါသည်။ ကျနော့်မှာ တီဘီအဆုတ်ရောဂါကြီး စွဲကပ်နေပြီး ဒီအတိုင်းတောခိုသွားခဲ့သော် တောတွင်းဆင်းရဲပင်ပန်းသောဒဏ်ဖြင့် မကြာမီအိပ်ရာထဲ ဘုန်းဘုန်းလဲပြီးမကျန်းမမာဖြစ်ကာ ဘာမျှလုပ်နိုင်မည်မဟုတ်ဘဲ နောက်မကြာခင်မှာပင် သေဆုံးသွားနိုင်သည်ဟုကျနော်မြင်ပါသည်။

ထိုစဉ်က ကျနော့်အသက်မှာ (၃ဝ)ဝန်းကျင်မျှလောက်သာရှိသေးသဖြင့် သာမန်ရောဂါနှင့်လည်း မသေချင်သေးပါ။ တောတွင်းလိုက်သွားပြီး ကြာကြာဘာမှမလုပ်နိုင်ဘဲ မကြာခင်လူမမာကြီးဘဝအဖြစ်လည်း မရောက်ချင်ပေ။

နောက်ဆုံး ထိုကိစ္စကျနော်များစွာ စိတ်ဆင်းရဲပြီးနောက် ကျနော် တောမခိုတော့ရန် စိတ်နာကြည်းစွာဖြင့် ဆုံးဖြတ်လိုက်ပါတော့သည်။

ယခုမှကျနော် ပြန်စဉ်းစားမိသည်မှာ ကျနော်ယခုလို ပါတီ၏ညွှန်ကြားချက်ကိုမလိုက်နာ ပယ်လှန်ခဲ့သောကိစ္စမှာ အကြောင်းကြီး ၂ ချက်ကြောင့်ဟု ယူဆမိပါသည်။ ပထမနှင့် အဓိကအကြောင်းကြီးမှာ ကျနော့်တွင် မကျန်းမမာဖြစ်ပြီး သေသွားနိုင်သော တီဘီအဆုတ်ရောဂါ ကြီးရှိနေပြီဖြစ်၍ သူများကိုဒုက္ခမပေးချင် ဒီရောဂါနှင့်လည်းမသေချင်၍တကြောင်း ဖြစ်ပါသည်။ ထိုအချိန်က ကျနော်၏ ဖခင်နှင့်ညီငယ်တဦးမှာ လည်း တီဘီရောဂါများနှင့်ကွယ်လွန်ပြီးဖြစ်သည်။ နောက်တကြောင်းမှာ ကျနော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီလူကြီးတဦး ဖြစ်နေသော်လည်း ကွန်မြူနစ်ပါတီအတွင်း ကလာပ်စည်းများတွင် စနစ်တကျစည်းကမ်းတကျ နေထိုင်ခဲ့ရခြင်းမရှိခဲ့ပေ။ တသီးပုဂ္ဂလိက ကွန်မြူနစ်ကြီးတယောက်လိုနေထိုင်လာခဲ့ရသဖြင့် ကွန်မြူနစ်ပါတီ၏ စည်းရုံးရေးစည်းကမ်းများကို ကောင်းစွာမသိ မလေးနက်ခဲ့ပေ။ ပေးသည့်တာဝန်ကို မလုပ်နိုင်သည့်အခြေအနေကြောင့် မလုပ်ဆောင်နိုင်ကလည်း ဤမျှအရေးမကြီးလှဟု သာမန်နိုင်ငံရေးသမားတဦးလို တွေးခေါ်မိပါသည်။ အမှန်မှာ ဘာပဲဖြစ်ဖြစ်ညွှန်ကြားချက်အတိုင်း လိုက်နာရမည်ကို ဤမျှမလေးနက်ခဲ့ပေ။ ထို့ကြောင့်လည်း ကျနော်သည် ထိုအမှားကိုကျူးလွန်မိခဲ့ခြင်း ဖြစ်သည်။

ကျနော့်ကို ပါတီကခိုင်းသည့်အတိုင်း တောမခိုဘဲနေသဖြင့် တချို့ရဲဘော်များက ပါတီမှထုတ်ပစ်ရန် သခင်သန်းထွန်းကို တိုက်တွန်းသော်လည်း သခင်သန်းထွန်းက ကျနော့်ကို ပါတီမှမထုတ်ပစ်ပေဟု နောင်မှကျနော်သိရသည်။
ထို့နောက် ကျနော်ပါတီနှင့် အဆက်အသွယ်ပြတ်သွားပါတော့သည်။


၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)

0 comments
၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)
(နတ်ကြီးတဲ့ ဖြောင့်ဖြောင့်ကြီး)
ရွှေမန်းဟာ ဗြဟ္မခေါင်းတော့မဟုတ်ဘူး။ ဒါပေမယ့် ကိစ္စတော့ နည်းနည်းရှိတယ်။
အောင်ကြီး၊ တင်ဖေ၊ သိန်းစိန်၊ ထွန်းလင်း၊ တင်ဝင်းညို၊ မျက်မှန်ကြီးတင်ဦးတို့ကို နေဝင်းရှင်းသလိုမျိုး။ နေဝင်း၊ ခင်ညွန့်ကို သန်းရွှေရှင်းသလိုမျိုးရှင်းရုံနဲ့ မပြီးမှာတွေ အငုတ်ကျန်မှာတွေရှိနေတယ်။
နောက်တချက်က မဆလပါတီတွင်းကိစ္စနဲ့ ခုကိစ္စကို ထပ်တူပြုတွေးလို့လည်းမဖြစ်ဘူး။ ဟိုဟာတွေက တပ်တွင်းနဲ့ပါတီတွင်းမီးသေရင် ပြီးတယ်။ ဘယ်အကောင်မှ နားရွက်မခတ်ဝံ့ အမြီးမလှုပ်ဝံ့ဘူး။ ခုက ဟုတ်ဟုတ်မဟုတ်ဟုတ် စစ်အုပ်စုက “ငါတို့လည်း ဒီမိုကရေစီ” လုပ်ထားတဲ့ခေတ်။ ဂျနီဖာလှဆွေလိုလူတောင် အာချောင်လို့ကောင်းတဲ့ခေတ်။
၂ဝဝ၈ နဲ့အားလုံးကိုချုပ်ထားတယ်ဆိုပေမယ့် လွှတ်တော်တို့၊ အခြားမှတ်ပုံတင်ပါတီများတို့ ဘာတို့တွေကလည်းရှိတယ်။ မီဒီယာကိုလည်း တကွက်ချန်ပြီး ဟပေးထားချိန်ကြီး။ နိုင်ငံတကာဆိုတာတွေလည်း အဝင်အထွက်စိတ်စိတ် အပေးအယူဒင်းကြမ်းနဲ့ ဘုံးပေါလအောဖြစ်နေချိန်။ အဲ့ဒါတွေက အနည်းဆုံး ပွစိပွစိလုပ်လာနိုင်စရာရှိနေတယ်။ ခုတောင် လုပ်သလောက်လုပ်နေကြပြီ။
လုပ်ဖို့ပြတဲ့ အကြောင်းအချက်ကောက်ကိုင်တော့လည်း ဟုတ်တုတ်တုတ်နဲ့ ခိုင်လုံသလိုတော့ရှိသား။ ရွှေမန်းဟာ “လူထုကရွေးကောက်ထားတာ”ဆိုတဲ့အနေအထားအပြင် ”လွှတ်တော်ဥက္ကဌ”ဆိုတာကခံနေသေးတယ်။ ပိုပြီး သာသာထိုးထိုးလေးပြောရရင် သိန်းစိန်နဲ့ခွာပြီး ဒေါ်စုနဲ့တွဲလုံးအဖြစ်ကစားဖို့ အန်ကယ်လ်ဆမ်တို့ မသိမသာသူကောင်းပြုထားတဲ့ “မင်းလောင်း”။ တခြားအကြောင်းတွေလည်း ရှိဦးမှာပါပဲ။
ကျနော်တွေးမိတာက ပါတီဥက္ကဌနေရာက ကန်ထုတ်တာက အသေးအဖွဲပါ။ ပါတီတွင်းကိစ္စလောက်ပဲ ချပြီးမြင်ကြည့်လို့ရမှာပါ။ အမတ်အဖြစ်ကနေ လွှတ်တော်ဥက္ကဌအဖြစ်ကနေ ဘယ်ပုံဖယ်ရှားမလဲ ဒါအရေးကြီးပါတယ်။ ခုပဲကြည့် သူတို့ချင်းစောင်မန်ခုတ်တာကို ရွှေမန်းကို ဓားပါတဲ့ကုလားကစားသွားတာလို့မြင်တဲ့သူ နည်းသလောက် “လွှတ်တော်ဥက္ကဌကြီးကို”ဆိုတဲ့ အသံတွေထွက်လာနေပြီမဟုတ်လား။
ဗြဟ္မခေါင်းတော့မဟုတ်ဘူး။ ဒါပေမယ့် ခင်ညွန့်လို “နိုင်ငံရေးမလုပ်တော့ပါဘူး” အာမဘန္တေရဖို့ ဘယ်အထိလုပ်ရမလဲ အဲ့ဒါကတွေးစရာပါ။ ထပ်ဖြည့်တွေးကြည့်မိတာက ဒေါ်စုအပါအဝင် ဒီမိုကရက်တစ်ဆိုသူတချို့ကလည်း ရွှေမန်းနဲ့ပင်းပြီးသာ ပလေးလိုက်လို့ကတော့ ဒီမိုကရေစီရွှေစည်ကြီး တီးသမျှ ဖိန့်ဖိန့်တုန်ဆိုတဲ့အကောက်အယူတွေကလည်း ရှိသမို့မဟုတ်လား။
ကြည့်ရဦးမှာပါပဲ။
(သြဂတ်စ် ၁၄၊ ၂ဝ၁၅)

(ကလေးမချီတဲ့ရွှေမန်း)
ရွေးကောက်ပွဲအသံပေးလိုက်တာနဲ့ ခလေးအာပေတူးလေးတွေ မရမကလိုက်ရှာ မရွံမရှာမျက်နှာပေးနဲ့ ချီဟယ်ပွေ့ဟယ်နဲ့ အတင်းနသားပါယားလုပ်ကြတာတွေကတော့ ရိုးနေပါပြီ။ ရွှေမန်းကတော့ ဘယ်ကဘယ်က လယ်သူမကြီးတွေသွားရှာပြီး ဖက်လားရမ်းလားနဲ့ ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့် အထာနဲ့သွားလုံးနေတုန်း တပ်နဲ့ဝိုင်းပြီး ပါတီဥက္ကဌခုံ စားခွက်အနှိုက်ခံလိုက်ရတယ်။ အမတ်၊ လွှတ်တော်ဥက္ကဌကြီးဘာညာတွေလည်း မကြာတော့ဘူးထင်တယ်။ ကျန်းမာရေးမကောင်းတာတို့ ရဟတ်ယဉ်ပျက်ကျတာတို့ လဘ်စားတယ်တို့ဘာတို့လည်း ရိုးပြီဆိုတော့ ဗိုလ်တင်အေးနဲ့လှည့်ကြပ်ပေးပြီး "ဥပဒေနဲ့အညီ"နှုတ်ထွက်ခွင့်ပြုလိုက်သည်များ လာလေမလား။ သူလည်း ဂျင်ထိပ်ကထုံး ရှစ်စပ်ကဂျင်ခြေလည်ဆိုတော့ သေနတ်နဲ့နားထင်မတေ့မချင်း ကြောက်ပါပြီဗျအော်မယ့်သူမဟုတ်ဘူး။ နောက်ပြီး နိုင်ဖဲတချပ်လောက်လည်း ကိုင်မထားဘူးမပြောနိုင်ဘူး။ ဘာနိုင်ဖဲရှိရှိပါ သေနတ်ဆိုတာ ခလုပ်ဖြုတ်မယ့်လက်ရှိရင် ကျည်ထွက်မှန်း သူလည်းသိတာပါပဲ။ တည့်တည့်ပစ်ရင် သေတတ်မှန်းလည်း သိတာပဲ။ သူလည်း တသက်လုံး သေနတ်နဲ့လုပ်စားခဲ့သူပဲ။ အာဏာသော့ချက် ဘယ်နားရှိမှန်းမသိရလောက်အောင် တုံးအသူတော့လည်း မဟုတ်တန်ရာ။
လူရွှင်တော်တွေပြောတဲ့ ဒီမယ်ရာမ ဗိုလ်လုပ်ချင်တဲ့ကောင်ဟာ ဗိုလ်သင်တန်းတက်ရတယ်ကွဆိုတာလေး တွေးမိပြီးပြုံးမိတယ်။ ဗိုလ်သင်တန်းလည်းတက်ခဲ့တယ် ဗိုလ်လည်းလုပ်ခဲ့တယ်။ ဒါပေမယ့် တပ်မရှိရင် ဗိုလ်က ကျလို့မှမရတာကိုး။

(ကန်တူးခြင်း)
တောဘဲမောင်နှံ လာလာနေကတည်းက၊ ရေဝပ်ကွက်လေးတွေမှာ ဖားလက်တက်လေးတွေ ဖားစိမ်းစိမ်းလေးတွေ လာဥချကြ ဖားလောင်းငါးလောင်းတွေပေါက်ကြ၊ ရုတ်တရက် နေ ၄-၅ ရက်လောက်ဆက်တိုက်ပူချလိုက်လို့ ရေခမ်းပြီး ဖားဘဝမရောက်ရပဲ မျက့်စေ့ရှေ့တင် ပါးစပ်လေးတွေဟစိဟစိနဲ့ ပိုးလိုးပက်လက်သေကြေကုန်တာ တွေ့ကတည်းက၊ ခြံနောက်ဖက်မှာ ကန်လေးတကန်လောက် တူးကြရအောင်ဆိုတဲ့စိတ်ကူး နှစ်ယောက်လုံးမှာရှိပေမယ့် လက်တွေ့ ဖြစ်မလာခဲ့။
ဒီနွေမှာ မိုးကစံချိန်တင်လုနီးနီးရွာပြီး စိုက်ပျိုးသမျှသီးနှံတွေရေမြုပ်ပြီးဆုံးရှူံးရတော့မှပဲ ဒီနှစ်မှ မတူးရင် ရှေ့နှစ်လည်း ရေဝပ်တဲ့ဒဏ်ကြောင့် စိုက်ပျိုးသမျှမရိပ်သိမ်းရတဲ့အဖြစ် ကြုံရဦးမယ်ဆိုတဲ့အတွေးက ကန်တူးဖို့အဓိကတွန်းအားဖြစ်လာခဲ့ပြီ။ တူးတာတော့ ဟုတ်ပြီ၊ ဘယ်လို တူးမလဲ၊ ဘယ်လောက်ကြီးကြီးတူးမလဲ၊ ဘယ်လောက်နက်နက်လဲ၊ ဘယ်နေရာတူးမလဲ စတာတွေသာတွေးကြစိတ်ကူးကြ စီမံချက် ချကြပေမယ် ကန်ထဲမှာဘာမွေးမလဲ ဘာထည့်မလဲဆိုတဲ့စိတ်ကူးတော့ နှစ်ယောက်လုံးကိုယ်စီရှိပေမယ် ပြောဖြစ်တဲ့ဆီမရောက်ခဲ့။ စိတ်ကူးတူမှာလို့ နှစ်ယောက်ကိုယ်စီတွေးထင်ခဲ့ကြတာလည်း ပါမယ်ထင်ရဲ့။ ခု ပြီးသလောက်ရှိမှ သူက အလှမွေးငါးအကြီးစားတွေထည့်ချင်ပြီး ကိုယ်က ဟင်းစားငါးထည့်ချင်တာဖြစ်နေတယ်။ နောက်ဆုံးတော့ ညှိလို့ရသွားကြတယ်။ ဟင်းစားငါးပဲထည့်ကြမယ်ဆိုပြီး။
ဒီလိုနဲ့ ဘယ်သူ့အကူအညီမှ မတောင်း၊ ဘာစက်ကိရိယာမှမပါ၊ အရွယ်မတူ ပုံစံမတူဂေါ်ပြား ၄ လက်၊ ပေါက်တူးတချောင်း၊ ခြေသုံးဖက် လက်သုံးဖက်နဲ့ ခြံရဲ့ ရေအဝပ်ဆုံးနေရာမှာ ကိုးရက်လောက်ဆက်တိုက်တူးလိုက်ကြတာ နောက်ဆုံးတော့ ကန်ပုံပေါ်လာတာပါပဲ။ ကိုးရက်ဆိုပေမယ့် အချိန်ပြည့် ထိုင်တူးနေကြတာတော့မဟုတ်၊ အပြင်အလုပ် လုပ်စရာရှိတာလုပ်၊ သူလည်း ရုံးတက်ရုံးဆင်း တပတ် နာရီ ၄ဝ အချိန်ပြည့်အလုပ် လုပ်၊ ကိုယ်လည်း ကိုယ်အဆိုင်းမင်န့် အပွိုင်မင်န်တွေမပျက်စေရပဲ ထမင်းဖိုးရှာရင်းပေါ့။ သူပြန်ရောက်တဲ့အချိန် သူနိုင်သလောက်၊ ကိုယ် ပြန်ရောက်တဲ့အချိန် ကိုယ်နိုင်သလောက် မောင်တပေါက် မယ်တကော် ပေါက်ရင်းကော်ရင်းဆိုပါတော့။
ကန်အနက်က ၂ ပေနဲ့ ၈ လက်မ၊ အလယ်တည့်တည့်မှာ ဆောင်းတွင်း ငါးခိုကျင်းက အချင်း ၃ ပေ မရှိတတ်ရှိတတ်၊ အနက် ၁ ပေ လောက်ပေါ့။ ကန်အကျယ်က စတုဂံပုံ မဟုတ်ပေမယ့် ခန့်မှန်းချေ ဆယ်ပေ ၂၅ ပေတော့ ရှိမှာပါ။ ၂ ပေသာသာနက်ရင် အောက်ကလည်း ရွှံ့စေးဖြစ်ရင် တနွေလုံး ရေမခမ်းအောင်ထိမ်းထားနိုင်တာကိုး။ တခါ ဆောင်းတွင်း အပေါ်ယံ တပေလောက်ရေခဲပေမယ့် အောက်ပိုင်းရေက မြေအနွေးဓာတ်နဲ့ ရေမခဲသမို့ ငါးတို့ရှင်သန်နိုင်လေတော့ ခုတူးလိုက်တဲ့အနေအထားက သိတ်ပူစရာမလိုမယ့်သဘောပါပဲ။
ကန်အတွင်းပိုင်းကိစ္စ တူးတာကော်တာ ကန်အခြေညှိတာ ဘာတာညာတာတွေကတော့ လက်စသတ်ပြီ။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ တူးထုတ်လိုက်လို့ ထွက်လာတဲ့မြေစာတွေကတော့ တောင်လိုပုံမို့မောက်နေတာကလား။ ရှစ်လက်မလောက်အမြင့် ၂ ပေခွဲလောက်အကျယ် ကန်ပေါင်လေးလုပ်မယ်။ ကန်ပေါင်အပေါ်နဲ့အပြင်ဘက်အခြမ်းမှာတော့ သားမွေးကောင်းတဲ့မြက်နုနုတွေစိုက်ပြီး အတွင်းကန်ပေါင်နဲ့ ရေအစပ်မှာ Cat Tail ကြောင်မြီးလို့ခေါ်တဲ့ မြက်စိမ်းရှည်ကြီးတွေ စိုက်မယ်။ ကန်ပေါင်မြေလည်းထိမ်းပြီးသား ငါးလေးဖားလေးတွေလည်း အရိပ်ရ၊ အဖျားမှာကြောင်မြီးပွကြီးလို မြက်ပွင့်လုံးရှည်ကြီးတွေနဲ့ လေယူရာယိမ်းနေမှာ မျက်စေ့ထဲမြင်ကြည့်တာပါပဲ။ ကြာဖြူကြာနီလေးတွေ ထည့်ချင်ပေမယ့် ကန်သေးသေးမယ် အပွားမြန်ပြီးပြည့်ပြည့်ကုန်လို ခနခနရှင်းရဆယ်ရမယ့်ဒုက္ခတော့ ရှောင်ချင်ကြတာနဲ့ ကြာထည့်မယ့်အတွေး ရပ်လိုက်ကြရတယ်။
ကန်ကြမ်းတော့ စခမ်းသိမ်းပြီ။ မနက်ဖြန်ကစပြီး ကန်ချောလောင်းရတော့မှာပါလား။ ကန်ပေါင်နား နှစ်ယောက်သားရပ်ရင်း အမောဖြေကြရင်း ကန်ချောလောင်းဖို့ကိစ္စပြောနေတုန်း ကန်ရေစပ်စပ်ထဲကို ဖားလေး ၂ ကောင် ရှေ့ဆင့်နောက်ဆင့် ပလုံ ပလုံနဲ့ ခုန်ချလာပါရောလား။ မိတ္ထီလာကန်တော်အောက်က မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေးလား၊ ရေအိုင်အိုကြီးပါ၊ ဖားလေးတကောင် ခုန်ဆင်းသွား၊ ပလုံရေသံမြည် ဆိုလေသလား။ ဘာပဲဖြစ်ဖြစ် ဒါလေး ၂ ကောင်ဟာ အဦးဆုံးခိုဝင်လာသူတွေမို့ ဝမ်းပမ်းတသာကြိုဆို ထိုက်တာပဲ။ ကူးကခပ်ကြ ပျော်ကြမြူးကြ ပေါက်ကြဖွားကြပါစေ။
တကယ်တော့ သူတို့လည်း ကျနော်တို့နည်းတူ ကမ္ဘာမြေရဲ့ဧည့်သည်တွေမဟုတ်လား။ ချစ်ချစ်ခင်ခင် ရင်းရင်းချာချာနေကြဖို့သာပါပဲ။
(သြဂတ်စ် ၁၆၊ ၂ဝ၁၅)

(ပဲကြီးလှော်ကြိုက်တဲ့သားအမိ)
အမေ့ ၈၃ နှစ်မွေးနေ့မှာ အမှတ်တရတခုခုပြောချင်လာလို့ပါ။ လူအတော်များများက ကျနော်ဟာ အမေတူသားလို့ပြောကြတယ်။ ဟုတ်မယ်လို့လည်း ယုံပါတယ်။ လူတော်များများမသိတဲ့ အမေနဲ့တူတာတခု ကျနော့်မှာရှိသေးတယ်။ အဲ့ဒါက ငယ်ငယ်လေးကတည်းက ကျနော်ဟာ ပဲကြီးလှော်အလွန်ကြိုက်တဲ့ကောင်။ ဘယ်လောက်ကြိုက်သလဲဆို ခြင်ထောင်ထဲအထိသွင်း ခေါင်းအုံးအောက်ထားပြီး မအိပ်မခြင်း စားတတ်တဲ့ကောင်။
စာရေးလေးကုန်ခြောက်ဆိုင်(ခုတော့ ဖိုက်စတားကုန်စုံဆိုင်ကြီး)မှာ တခုခု သွားဝယ်ခိုင်းရင် ရာဝင်စဥ့်အိုးကြီးထဲကနေ ပဲကြီးလှော်လက်တဆုပ်တော့ အနည်းဆုံးနှိုက်ခဲ့တာချည်းပဲ။ တခါတလေ ထညက်တောင်ပါသေး။ ခိုးစရာမလိုဘူး။ စာရေးလေးဆိုင်က ကလေးတွေဈေးလာဝယ်ရင် ကလေးကမသိတောင် ပဲကြီးလှော်အိုး လက်ညှိုးထိုပြပြီး လက်ဟန်နဲ့ နှိုက်နှိုက်လို့ပြတဲ့ဆိုင်။ အမေက ဘာလေး ဝယ်ခိုင်းဝယ်ခိုင်း နီးတဲ့ဆိုင်တွေမှာရတောင် မဝယ်ပဲ စာရေးလေးဆိုင်ပဲ ခြေအညောင်းခံပြီးသွားဝယ်တာ ကျနော်က။ ပဲကြီးလှော် အလကားရသကိုး။
ဟိုး လေးငါးပတ်လောက်က မရင်နှစ်တို့အိမ်သွားတယ်။ ကျနော်ကြိုက်တဲ့ “သခွားသီးရင့်နဲ့ ပုဇွန်ဆိတ်လေးတွေ အရည်သောက်လေးချက်တယ် လာစား”လို့အမေခေါ်တာနဲ့ သွားစားတယ်။ နေ့လည်လည်းကြရော ကျနော်က ထမင်းစားပွဲမှာ ကွန်ပြူတာတလုံးနဲ့။ အမေက ကျနော်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လို့ ပဲကြီးလှော်တွေ တဖြောက်ဖြောက် ဝါးနေတယ်။ အွန်လိုင်းကစာတွေဖတ်နေတုန်း အမေ့ပဲကြီးလှော်ဝါးသံတဖြောက်ဖြောက်က တချက်တချက် အနှောင့်အယှက် အတော်ဖြစ်တာမှန်ပေမယ့် ဘာမှမပြောမိအောင်ထိန်းပြီးနေတယ်။
ဒါပေမယ့် စိတ်ထဲအတွေးတချက် လက်ကနဲပေါ်လာတယ်။ ကျနော်တော့ ဒီအရွယ်ရောက်တော့ ဒီလောက်ကြိုက်တဲ့ပဲကြီးလှော်ကို တတ်နိုင်သမျှ မစားပဲနေတယ်။ မနေနိုင်လို့ သိတ်စားချင်ရင် ပဲကြီးလှော်အာသာပြေ တောင်ကြီးပဲကြော်ပွပွကြီးတွေ ဝယ်စားတယ်။ သွားအနာလည်း မခံချင်သလို သွားတွေတခုခု ထပ်ဖြစ်မှာလည်းစိုးတယ်။ မိုင်းထိတုန်းက ရှေ့သွားတချောင်း အရင်းကနေပြတ်ထွက်သွားတာ၊ အတွင်းကသွားတချို့ ပဲ့ထွက်ကုန်တာတွေအပြင် ခုထိ ပါးစောင်နဲ့သွားဖုံးတွေမှာ မိုင်းစသေးသေးလေးတွေ တပုံကြီးရှိသေးတယ်။ ရောက်စက သွား Clean တော့ သွားတွေတချောင်းချင်းရော အကုန်လုံးရော ဓာတ်မှန်တွေတပုံကြီးရိုက်ရတယ်။ သွား မ Clean ခင် ဆရာဝန်က ဓာတ်မှန်တွေဖတ်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ “အဲ့ဒါတွေက ဘယ်လိုဖြစ်တာလဲ။ သတ္တုစလေးတွေပါလား”ဆိုလို့ ရှင်းတောင်ပြရသေးတာ။ ထားပါတော့လေ။
အဲ့လို ကိုယ့်အကြောင်းကိုယ်တွေးမိတော့ အမေ့ကို “အမေရယ် ပဲကြီးလှော်တွေ ဝါးနေလိုက်တာ သွားတွေလည်း ပဲ့ပက်ထွက်ကုန်ပါဦးမယ်”လို့ ပြောမိတယ်။ အမေက “အမေ့မှာ နှုတ်ထားတဲ့သွား ၂ ချောင်းကလွဲလို့ ကျန်တဲ့သွားတွေက အကောင်းချည်းပဲ။ ပြီးတော့ ဒီပဲကြီးလှော်က ရွှေကြက်တို့ ဘာတို့လို အစေ့ကြီးကြီး ပွပွကြီးတွေသာ မဟုတ်တာ၊ ရွနေတာ သားရဲ့၊ အဲ့လောက်ရွလို့ အမေဝါးနိုင်တာပေါ့၊ အသံလည်း ဒါ့ကြောင့် အတော်မြည်တာနေမယ်”လို့ပြောပြီး ပဲလှော်လေး တဖြောက်ဖြောက်နဲ့ နာရီတကြည့်ကြည့်နဲ့ သူ့မြေးမ ကစားရာကပြန်လာမယ့်အချိန်ကို စောင့်နေတယ်။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(သင်ရခက်တဲ့ကောင်)
“ခုပွဲက ရွှေမန်းနဲ့သိန်းစိန် ငြိကြတာဗျ။ တကယ်လို့ ကျနော်တို့က တယောက်ယောက်ကို ရွေးရမယ်ဆို၊ တဘက်ဘက်ကနေ ရပ်ရမယ်ဆို ဘယ်သူ့ဘက်ကရပ်မလဲဗျ”ဆိုပြီး (ဗမာတိုင်းသိုင်းတတ်ရမည်) ပြောဖူးတဲ့ပုဂ္ဂိုလ်လေးက မေးတယ်ဗျာ။
ပွဲက သူမြင်သလို ရွှေမန်းနဲ့သိန်းစိန်ငြိတာလို့ မမြင်တဲ့အကြောင်းနဲ့ “နှစ်ယောက်စလုံးဟာ တဘက်တည်းကကောင်တွေချည်းမို့ ဘယ်သူ့ဘက်ကမှရပ်စရာမလို ဘယ်အကောင်မှ ရွေးစရာမလို၊ လူထုအကျိုးတိုင်းပြည်အကျိုးနဲ့ယှဉ်ပြီး စစ်အုပ်စုတစုလုံးကို ဆန့်ကျင်တိုက်ဖျက်ရမှာပဲဗျ”လို့လည်း ပြောရော “ခင်ဗျားတို့လိုလူတွေ ဘယ်တော့မှ နိုင်ငံရေးသမားဖြစ်မှာ မဟုတ်ပါဘူး”လို့ မှတ်ချက်လေးနဲ့တကွဆုံးမတယ်ဗျာ။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(လူလိုနေပါ့စေ)
မနက်က ပို့စ်တခုမှာတွေ့လိုက်တယ်။ မှတ်မထားမိလိုက်ဘူး။ ဘယ်မြို့မှာဆိုလား ကောင်မလေးတယောက်က ဈေးဝယ်နေတုန်း သင်္ကန်းဝတ်တယောက်က မိန်းကလေးဗိုက်ကိုဓားနဲ့ထိုးသတဲ့။ သေတဲ့အထိစောင့်ကြည့်ပြီးမှ သူ့လည်ပင်းသူ အဲ့ဒီဓားနဲ့ပဲ မွှမ်းသတဲ့။ တချို့ကလည်း အဲ့အကောင်သေပြီတဲ့။ တချို့ကလည်း မသေ သေးဘူးတဲ့။ ကောင်မလေးကို ဓားနဲ့ထိုးပြီး သေမသေစောင့်ကြည့်နေတုန်း အဲ့ဒီ ငနဲက ဓားတရမ်းရမ်းလုပ်နေလို့ ဘယ်လူမှဝင်မဆွဲရဲဘူးဆိုလားမသိဘူး ပါသေးတယ်။
ထားပါတော့ ဘာကိစ္စ ဘယ်အကြောင်းကြောင့် ခုလိုဖြစ်တာ ကိုယ်လည်းမသိပါဘူး။ ပြီးတော့ ဆန်းတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ တနေ့တနေ့ ကမ္ဘာပေါ်မှာ လူတွေ သေနေသတ်နေကြတာမှ နည်းလား။ ဆန်းတာက အဲ့ပို့စ်အောက်က ကွန်မန့်တွေ။ ဒါဘုန်းကြီး အစစ်မဟုတ်ဘူးတို့၊ ဒါဘုန်းကြီးအတုပဲဖြစ်မယ်တို့။
ဘုန်းကြီးလည်း လူပဲဟာ၊ လူမှာ အတုအစစ်ရှိလို့လား။ ဘုန်းကြီးကြမှ အတုနဲ့အစစ် ခွဲနေရအောင် ဘုန်းကြီးက လူမဟုတ်တာကြနေတာပဲ။ သူ့ဟာသူ လူသတ်ချင်သတ်၊ မုဒိန်းကျင့်ချင်ကျင့်၊ ဖာတန်းသွားချင်သွား၊ အရက်သောက်ချင်သောက်၊ အပြာကားကြည့်ချင်ကြည့်မှာပေါ့၊ ကိုယ့်အပူ ဘာပါလို့တုန်း၊ သူလည်း လူပဲဟာ။ ခင်ဗျား မကြည်ညိုရင် မကိုးကွယ်နဲ့ပေါ့။ မသဒ္ဓါရင်မလှူနဲ့ပေါ့။
ကိုယ်ကြတော့ လူလုပ်နေပြီး သူ့ကြမှ လူမဟုတ်သလိုလိုတွေပြောလိုပြော ဘုန်းကြီးအတုဆိုပြီး နှိမ်လိုနှိမ်တော့ မလုပ်ကောင်းပါဘူး။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(တုစရာရှားလို့)
ကြက်ဥအတုတို့ ဘဲဥအတုတို့ဆိုတာ ဘယ်လိုဟာများလဲဗျ။
ကျနော့် ကြက်မဒန်းလေးတွေ ဥစမ်းချိန်မှာ တင်းထဲမဥပဲ တခြားသွားဥမစိုးလို့ ကြက်ဥအတုလေးတွေဝယ်ပြီး တင်းထဲ ယောင်ပြလေးထည့်ပေးရတယ်။ ဥအစစ်မှတ်ပြီး ဝင်ဝင်ဥရင်း အသားကျသွားတော့မှ တင်းကိုတင်းမှန်းသိသွားတော့မှ ဥအတုကိုပြန်ထုတ် ရေဆေးပြီးပြန်သိမ်းထားရတာ။
ဥအစစ်က တဒါဇင်မှ ၂ ဒေါ်လာခွဲပဲရတာ။ ဒါတောင် အော်ဂဲနစ်နော်၊ အိမ်ကြက်ဥနော်။ ဥအတုကြတော့ ၄ လုံးပါတဲ့ဗူးလေးတဗူးတောင် ၉ ဒေါ်လာပေးရတယ်။ ဒီမှာတော့(ကြက်ဥ) အစစ်ထက် အတုက ပိုတောင်ဈေးကြီးသေး။
(သြဂတ်စ်၂၂၊ ၂ဝ၁၅)


၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)

0 comments
၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)
(တရားအစွဲသန်ကြတာ)
အမေရိကားမရောက်ခင်တုန်းက အမေရိကန်တွေဟာ တရားစွဲအလွန်ဝါသနာပါပြီး ကမ္ဘာပေါ်မှာ တရားအစွဲဆုံးလူမျိုး ဘာညာနဲ့ မကြားချင့်တဆုံးကြားရတယ်။ ဒီရောက်တော့ သူတို့ပြောတာ ဟုတ်ရုံတင်မကဘူး လိုတောင်လိုသေးတယ်ဆိုတာ သွားတွေ့ရတယ်။
နောက်ပြီး သူတို့မသိတာတခုရှိသေးတယ်။ အဲ့ဒါကတော့ အမေရိကန်တွေဟာ အတိုင်အတောလည်း အလွန်ထူကြတယ်ဆိုတာပဲ။ လူသတ်မှုလို ဓားမြမှုလို လုယက်မှုလို အမှုကြီးအမှုကျယ်တွေမပြောနဲ့ ဘာလေးဖြစ်လိုက်ဖြစ်လိုက် တရားတန်းစွဲ တရားတဘောင်နဲ့ ရုံးပြင်ကန္နားနဲ့ရှင်းကြသလို ထစ်ကနဲရှိ ရဲခေါ်တိုင်ရတာနဲ့ အုပ်ချုပ်ရေးပိုင်းကို တိုင်ရတာနဲ့။ ဘေးအခန်းက Smoking Detector အသံမြည်နေလို့၊ ဘေးခြံကခွေး ကိုယ့်ဝင်းထဲရောက်လာလို့၊ ဘေးအိမ်က သီချင်းအကျယ်ကြီးဖွင့်လို့၊ အိမ်ရှေ့ကလင်မယား ဆဲဆိုသတ်ပုတ်နေသံတွေကြားလို့၊ ကလေးတွေကို လူကြီးမပါပဲ လမ်းပေါ်လွှတ်ထားလို့၊ အပေါ်ထပ်က တဒုံးဒုံးနဲ့ စားပွဲတင်အသားကြိတ်စက် ညကြီးသန်းကောင်ထကြိတ်လို့၊ ဘေးအိမ်က ခြံစည်းရိုးလေးခတ်တာ ကိုယ့်အိမ်နည်းနည်းကွယ်သွားလို့၊ ကိုယ်ကိုယ်တိုင် မဲပေးရွေးချယ်တင်မြှောက်ထားတဲ့ အမတ်တွေ မဟုတ်မဟတ်လုပ်လို့၊ မြို့အစိုးရဝင်တွေ မြို့တော်ဝန်တွေ မြာပွေလို့ ငွေဇယားရှုပ်လို့စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်တွေနဲ့ ဘာမဟုတ်တဲ့ ကိစိကွစလေးတွေကအစ တိုင်ကြတောကြတာကလား။
တိုင်ပြီတောပြီဟေ့ဆိုတာနဲ့ မိနစ်ပိုင်းအတွင်း ဥသြသံတစီစီနဲ့ ရဲကား သူနာပြုနား မီးသတ်ကားတွေပါ လိုရင်လိုသလို တသီတတန်းကြီး ကိုယ့်အိမ်ရှေ့ရာက်လာ မေးဟယ် မြန်းဟယ် စစ်ဟယ်ဆေးဟယ် လိုအပ်ရင် ဖမ်းဟယ်ဆီးဟယ်တွေပါလုပ်သကိုး။ တချို့ကိစ္စလေးတွေကြတော့ ရဲနဲ့သက်ဆိုင်ရာဌာနကလူတွေ အုပ်ချုပ်ရေးပိုင်းကလူတွေက အတိုင်ခံရသူတွေဖြစ်တဲ့ အမှုအလေးအပေါ့ပေါ်ကြည့်ပြီး သတိပေးတန်တာပေး။ ဒဏ်တပ်တန်တာတပ်၊ ရုံးတင်တရားစွဲတန်စွဲ၊ အများပြည်သူရှေ့ကြားနာ ရုံးကချမှတ်တဲ့ပြစ်ဒဏ် ခံတန်ခံ စသည်ဖြင့်သွားကြတာပေါ့လေ။
ကျနော်လည်း ရောက်စက ဒီလောက် အတိုင်အတောထူတဲ့လူမျိုး ဒီလောက် တရားအစွဲသန်တဲ့လူမျိုးဆိုပြီး စောက်မြင်အတော်ကပ်ခဲ့ဖူးပါတယ်။ “ဒါလေးများကွာ ကိုယ့်အိမ်နီးချင်း ကိုယ့်ရပ်ကွက်သားချင်း သည်းခံတန်ခံလိုက်၊ မခံနိုင်လည်း ရပ်ဆွေရပ်မျိုးတွေပဲဟာ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း တိုးတိုးတိတ်တိတ်ပြောလိုက်လည်း ပြီးတာပဲဟာ။ ဒါနဲ့မှမပြီးလည်း ရပ်မိရပ်ဖလို လူရိုသေရှင်ရိုသေတွေနဲ့ ပြောပြပြီး တောင်းပန်သူကလည်း တောင်းပန်လိုက် ကြေအေးသူကလည်းကြေအေးပေးလိုက် နောက်မဖြစ်အောင် နောက်မလုပ်အောင် တားခိုင်းလိုက်လည်းရတာပဲဟာ”ဆိုတာတွေလည်း တွေးမိဖူးတယ်။
ခု နည်းနည်း အနေကြာလာတော့မှသိတာ ဒီလူတွေ ဘာ့ကြောင့် တရားအစွဲသန်ကြသလဲနဲ့ အတိုင်အတောထူကြသလဲဆိုတာရဲ့အဖြေကို။ အမေရိကန်မှာ(ယေဘုယျသဘောပြောရရင်) တရားဥပဒေစိုးမိုးမှုဟာ နေရာတိုင်းမှာရှိနေလို့ပဲ။ တရားဥပဒေဟာ လူတိုင်းအပေါ် အညီအမျှသက်ရောက်နေလို့ပဲ။ အုပ်ချုပ်ရေးပိုင်းကလူတွေကလည်း တိုင်လာတန်းလာတွေတိုင်းကို အရေးတယူပြုပြီး တရားစီရင်ရေးအပိုင်းကလည်း ဥပဒေနဲ့အညီစီရင်ဖြေရှင်းပေးလို့ပဲ။ လူတွေကိုယ်တိုင် တရားဥပဒေကိုယုံကြည်နေလို့သာ၊ ဥပဒေစိုးမိုးရေးကိုစိတ်ချနေလို့သာ၊ တရားစီရင်ရေးကို ကိုးစားနေလို့သာ၊ အုပ်ချုပ်ရေးကို အားထားနေလို့သာ တရားစွဲတာ တိုင်တာတောတာတွေလုပ်ကြတာပဲလို့ အကြမ်းသဘော ကောက်ချက်ဆွဲလို့ရလာပါတယ်။
တရားဥပဒေကို၊ တရားဥပဒေစိုးမိုးရေးကို၊ တရားစီရင်ရေးကို၊ အုပ်ချုပ်ရေးပိုင်းကို မယုံကြည်မကိုးစား အားမထားရင် ဘာတရားစွဲနေစရာလိုမလဲ ဘာတိုင်တောနေစရာလိုမလဲ ထစ်ကနဲရှိ တုတ်ဆွဲဓားဆွဲ သေနတ်ဆွဲတွေချည်းဖြစ်ကုန်တော့မပေါ့။ ယုံလို့ ကိုးစားလို့ အားထားလို့ စိတ်ချလို့ စွဲနေဆိုနေတိုင်နေတောနေကြတာမဟုတ်လား။ အဲ့လိုမှမဟုတ်ရင် လူတိုင်းလက်ထဲသေနတ်ရှိတဲ့တိုင်းပြည် အချိန်တိုင်း တဒိုင်းဒိုင်းပစ်နေကြတော့မပေါ့။
ကျနော်တို့ ရွှေပြည်ကြီးမှာ ရာဇဝတ်မှုတွေထူပြောတာလည်း မပြောနဲ့ ယုံကြည်စရာ တရားဥပဒေ၊ ကိုးစားစရာ ဥပဒေစိုးမိုးမှု၊ စိတ်ချစရာ တရားစီရင်ရေး၊ အားထားစရာ အုပ်ရေးစနစ်တွေမှ အခိုင်အခံ့မရှိပဲကိုး။ နေရာတကာ ခြစားအကျင့်ပျက်နေကြသကိုး၊ စနစ်ကြောင့်ပျက်တာ ရှိသလို၊ စနစ်က စနစ်တကျဖျက်ထားလို့ပျက်တာတွေရှိသလို အကျင့်ပျက်တာနဲ့အသားကျလာတဲ့လူတွေရဲ့စနက်လည်းပါပါတယ်။ ဒီတော့ သာမန်လူတွေစိတ်ထဲ တခုခုဖြစ်ရင် “ဘာမှ တရားစွဲမနေနဲ့ တိုင်တန်းလည်းမနေပဲ အပိုပဲ၊ အချိန်ကုန်တယ်၊ ငွေများတရားနိုင်ရင်နိုင် မြေနိမ့်ရာလှံစိုက်ချင်စိုက်ဖြစ်မယ့်တူတူ၊ မထူးဘူး ကိုယ့်နည်းနဲ့သာ ရှင်းပလိုက်ကွာ ကြာတယ်”ဆိုပြီး လက်စားချေရင်းချေရင်း စာရင်း ရှင်းရင်းရှင်းရင်း အတောမသတ်နိုင်တဲ့ရာဇဝတ်မှုတွေ ထူပြောသထက်ပြောလာတာပဲ မဟုတ်လား။
ကျနော်လည်း ရွှေပြည်ကြီးကလူတွေကို တရားအစွဲသန်စေ့ချင် အတိုင်အတောထူစေ့ချင်လှပြီ။ စိတ်တိုင်းကြတရားစွဲနိုင် တိုင်နိုင်တောနိုင်မယ့်ခေတ်ကိုလည်း ရောက်စေ့ချင်လှပြီ။ ဒါပေမယ့် စစ်လက်ဝါးကြီးအုပ်အာဏာရှင်စနစ်ဆိုး အမြစ်တွယ်နေသမျှတော့ ခင်ဗျားတို့ တရားစွဲဖို့ တိုင်ဖို့တောဖို့ခက်နေဦးမှာဆိုတာတွေးတိုင်းလည်း စိတ်ထဲနာကျင်ရတာပါပဲ။
(ဂျူလိုင် ၃ဝ၊ ၂ဝ၁၅)


(အပယ်ခံအပူး)
၈၈ ငြိမ်းပွင့်တချို့ NLD ဆိုင်းဘုတ်ဆွဲပြီးဝင်ဖို့လုပ်တာ ပါမလာတော့ အကန့်ခံလိုက်ရတာလားလို့ တွေးချင့်စရာပါ။ ထူးဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး။ ပရော်လ်ဖက်ရှင်နယ်လ်ကျတဲ့ ပရဂ်မက်တစ်ဆန်တဲ့နိုင်ငံရေးသဘောအရတော့ ဒါတွေက ခွေးလှေးခုန်တဲ့သဘောလောက်ပါပဲ။ တသီးပုဂ္ဂတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ချင်သပဆိုရင်တော့ အချိန်မနှောင်းသေးဘူး ထင်တာပဲ။ မီဦးမယ်ထင်တာပဲ။ အခြားသူတွေ အဝင်ခံတာမခံတာ ဘာမှပြောစရာမရှိပေမယ့် ကိုကိုကြီးကို ဝင်အလုံးမခံတဲ့ အပတ်သက်မခံတဲ့ အင်န်အယ်လ်ဒီရဲ့အဆုံးအဖြတ်ကိုတော့ လွှတ်ကြိုက်တယ်လို့ ပြောပါရစေ။ ဒေါ်အောင်ဆန်းစုကြည်မူကို အခြားနေရာတွေမှာ ကြိုက်တာမကြိုက်တာ သဘောကျတာမကျတာတွေရှိပေမယ့် လူ့အခွင့်အရေး အခြေခံမူတွေနဲ့စပ်လို့ရပ်ခံချက်တွေမှာ နှစ်သက်မိပါတယ်။ ကိုကိုကြီးသာ အင်န်အယ်လ်ဒီဆိုင်းဘုတ် လည်ပင်းဆွဲပြီးဝင်ခဲ့လို့ နိုင်ခဲ့ရင် ပြည်တွင်းပြည်ပက လက်ခံသိမှတ်ပြုထားတဲ့ အင်န်အယ်လ်ဒီရဲ့ လူ့အခွင့်အရေး လူနည်းစုအခွင့်အရေးကာကွယ်မှုပုံရိပ်ကို ထိခိုက်မှာဖြစ်သလို ဘာသာရေးလူမျိုးရေးအခြေခံ အစွန်းရောက်သမားကြီးကို ပါတီကိုယ်စားပြုခိုင်းတယ်ဆိုပြီး လူတကာ့လက်ညှိုးထိုး အကဲ့ရဲ့လည်းခံရမှာမလွဲပဲ။ ခုတော့ ဒီဆုံးဖြတ်ချက်ကြောင့် အဲ့သလိုအဖြစ်တွေကနေ လွတ်မြောက်သွားစေတာပဲ။ အင်န်အယ်လ်ဒီရဲ့ ဒီဆုံးဖြတ်ချက်ကို တကိုယ်ရည်အနေနဲ့ အမြော်အမြင်ကြီးတဲ့ဆုံးဖြတ်ချက်လို့တွေးမိပြီး ကြိတ်ကြိုက်မိကြောင်းတော့ ဗြောင်ဝန်ခံပါတယ်။
ကောင်းတာကတော့ ကိုကိုကြီးအနေနဲ့ လူသတ်ဝါဒီဝီရသူဆီ နောက်တခေါက်သွား ခြေတော်ရင်းဦးခိုက်ပြီး သူတော်ချင်းချင်းသတင်းလွေ့ကြည့်ပါ။ ဒါမှမဟုတ်လည်း ကလေးကစားကွင်းတွေ ဘယ်နေရာမှာ အသိမ်းခံနေရသလဲစုံစမ်းကြည့်ပါ။
(သြဂတ်စ် ၁၊ ၂ဝ၁၅)

(ဝင်းခိုင်တဲ့ဉာဏ်ဝင်း)
ကျနော် ညာဏ်ဝင်း ၄ ဝင်းနဲ့သိတယ်။ ၂ ဝင်းနဲ့က လူချင်းပါသိတာ။ နောက် ၂ ဝင်းနဲ့က ပတ်ပြီးသိတာ။ အဲ့ဒီ ၂ ဝင်းအနက် တဝင်းက အင်န်အယ်လ်ဒီက၊ နောက်တဝင်းက ပဲခူးတိုင်းဝန်ကြီးချုပ်တဲ့။ ၂ ယောက်လုံး မြို့မေတ္တာခံယူမယ့်သားတွေချည်း။
လူချင်းသိတဲ့ ညာဏ်ဝင်း ၂ ဝင်းအနက် တဝင်းက သထုံဘက်က။ ထောင်ထဲမှာကျဆုံးသွားပြီဖြစ်တဲ့ မန်းဒါဝတ်တို့၊ ခု မြောက်ကယ်ရိုလိုင်းနားက ကိုသိန်းဖိုးတို့အမှုတွဲ။ နောက်တဝင်းက မစုစုနွေးတို့နဲ့တရွာတည်းသား အင်န်အယ်လ်ဒီက ကိုညာဏ်ဝင်း။ ထန်းမနိုင်သား။ ထမ်းလို့ကို မနိုင်တာ။ စာရွက်ပိုင်းလေး လက်ထဲထားရင်တောင် ထောင် ၇ နှစ်လောက်ကျတဲ့ခေတ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေအော်ပြီး ထောင်ထဲရောက်လာသူ။ ခုနပြောတဲ့ ဖထီးမန်းဒါဝတ်အမှုတွဲ ကိုညာဏ်ဝင်းကြ ငိုအားထက်ရီအားသန်ပြောစရာရှိတယ်။
တနေ့ ထောင်ကို ညွှန်ချုပ်ဇော်မင်းဆိုတဲ့အကောင်လာတော့ ကိုညာဏ်ဝင်းက နေမကောင်းဘူး။ ဒါနဲ့ သတင်းထပို့တယ်။ ညွှန်ချုပ်က “နောက်မှာဆရာဝန်(စိုးကြည်ဆိုတဲ့လူသတ်ကောင်)ပါတယ် ဆရာဝန်ကိုပြော”တဲ့။ ဒါနဲ့ သူ ဆရာဝန်ကိုပြောတော့ ဆေးမှူးပါတယ် ဆေးမှူးကိုပြောတဲ့။ ဒါနဲ့ဆေးမှူးကိုပြောတော့ ဆေးတပ်သားပါတယ် ဆေးတပ်သားကိုပြောတဲ့။ ဒါနဲ့ ဆေးတပ်သားကို သူ့နံမည် အချုပ်သားအမှတ် အဖအမည်စတာတွေကနေစပြီး သူ့ဝေဒနာတွေ ခါးနာတာ ဗိုက်အောင့်တာ ကျောအောင့်တာ အိပ်မရတာတွေအဆုံး ပြောပြတယ်။ သူပြောတာတွေအကုန် ဆေးတပ်သားက စာအုပ်ထဲလိုက်မှတ်တယ် ပြီးလည်းပြီးရော “ခင်ဗျား ဝင်းခိုင်လား”လို့မေးတယ်။ ကိုညာဏ်ဝင်းက “ညာဏ်ဝင်းပါ”လို့ ပြန်ပြောတယ်။ ဆေးတပ်သားက “မဟုတ်ဘူး ခင်ဗျား ဝင်းခိုင်လားလို့မေးတာ”ဆိုပြီး စိတ်မရှည်တဲ့လေသံနဲ့ထပ်ပြောတယ်။ ကိုညာဏ်ဝင်းကလည်း “ညာဏ်ဝင်းလို့ အစကတည်းက ခင်ဗျားကိုပြောထားတယ်လေ”လို့ ခတ်ဆတ်ဆတ်ပြန်ဖြေတယ်။ ဆေးတပ်သားက “ခင်ဗျား ညာဏ်ဝင်းမှန်းသိတယ်။ ခင်ဗျားကို မေးနေတာက ဝမ်းခိုင်လား ချီးပါရချက်လား၊ ဝမ်းချုပ်တတ်လားလို့မေးတာ”ဆိုမှ ကိုညာဏ်ဝင်းလည်း စိတ်ပြေသွားပြီး “ခင်ဗျားက ဝင်းနဲ့ဝမ်းကို ကွဲအောင်မှမပြောတာကိုး”ဆိုပြီး “ဝမ်းတော့ နည်းနည်းချုပ်တတ်တယ်ဗျ” လို့ပြန်ဖြေရင်း ဟီးဟီးဟားဟားနဲ့ ပွဲကျခဲ့ဖူးတာ ပြန်အမှတ်ရတယ်။
ခုလည်း အင်န်အယ်လ်ဒီညာဏ်ဝင်းနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ညာဏ်ဝင်းတို့ ဝမ်းခိုင်နေကြသလားမပြောတတ်။
(သြဂတ်စ် ၂၊ ၂ဝ၁၅)

(တောကြက်လို အသက်အောင့်သေ)
ဒီနေ့ ဗမာပြည်သားအများစုနေကြတဲ့ အပါ့တ်မင်န့်ကွန်းပလက်စ်ကြီးတခုထဲ ကိစ္စတခုအပွိုင်မင်န်ရလို့ သွားခဲ့တယ်။ ထင်တာထက် ပိုမြန်မြန်ပြီးသွားတော့ ပြန်လာကြိုမယ့်ဇနီးကိုစောင့်ရင်း ဗမာပြည်သားကြီးတွေနဲ့ မြက်ခင်းပေါ်တင်ပလ္လင်တွေခွေပြီး စကားလက်ဆုံကျ ကြတယ်။ ရေနွေးကြမ်းရော ချဉ်ငံစပ်တို့ဟူးသုတ်ရော လဘက်သုတ်ရော။
ဗမာပြည်သားကြီးတွေလို့ပြောရတာက ကိုယ့်ထက်အသက်ကြီးတာအပြင် စကားတွေ အပြိုင်အဆိုင်အလုအယက်ပြောရင်း တနေရာရောက်တော့ သူ့မိန်းမနဲ့ အပေါက်လမ်း မတည့်တွေဖြစ်လာတဲ့အခါ ဘိုးတော်က "မိန်းမရာ နင့်မလဲ ပြောလိုက်တိုင်း အမြီးအမောက် မတည့်တွေချည်းပဲ၊ ခါးတောင်းကျိုက်တလွဲ ဖင်တလွဲတွေချည်း နင့်အမေကလွှားဒဲ့မှပဲ"လို့ ဆိုသံကြားရတာလည်း ပါပါတယ်။ ပြောရတဲ့စကားတွေမှ အရသာရှိလိုက်ပုံများမပြောနဲ့။
ကျနော်တို့စကားလက်ဆုံအသံတွေကြောင့် ဘေးအခန်းက တံခါးပွင့်လာတယ်။ နင့်အမေကလွှားဘိုးတော်က လှည့်တောင်ကြည့်မနေပဲ "ဟေ့ ငမြား ဒီမှာ အင်္ဂလိပ်မယောက်ျား ရောက်နေတာဟေ့၊ လာကွ"လို့ လှမ်းအော်တယ်။ ဒီတင် ညှပ်ဖိနပ်နဲ့ ပလေကပ်လုံချည်နဲ့ စွပ်ကျယ်လက်ပြတ်နဲ့ ကြွေရည်သုတ် မတ်ခွက်လေးတခွက်ကိုင်လို့ နောက်ထပ်ဘိုးတော်တယောက် ပြုံးပြုံး-ပြုံးပြုံးနဲ့ ပေါက်ချလာတယ်။ စွပ်ကျယ်လက်ပြတ်ဘိုးတော်က"ဘယ့်နှယ်လဲဆရာ နေကောင်းလား"ဆိုပြီး သူ့ခွက်လေးကိုမော့တယ်။ မျက်နှာ မဲ့တီးမဲ့ရှူံ့နဲ့။ ဒါနဲ့ ကျနော်က "စောစောစီးစီး တွယ်နေပါရောလား"လို့ နောက်တော့ "နည်းနည်းပါဆရာ။ ဒီနေ့ အလုပ်နားတယ်လေ"တဲ့။
သြော် ဒီအသက်ဒီအရွယ်ထိ အလုပ် လုပ်တုန်းကိုးလို့စိတ်ထဲတွေးရင်း "ဘယ်မှာ လုပ်သလဲဗျ" မေးတော့ "ကြက်ရုံမှာလေဆရာ"တဲ့။ ကြက်ရုံဆိုတာက အသားစားကြက်တွေ စီးပွားဖြစ်မွေးတဲ့ မွေးမြူရေးခြံကြီးကိုပြောတာပါ။ "အဆင်ရောပြေရဲ့လားဗျ အဲ့မှာလုပ်ရတာ" ဆိုတော့ 'မပြေလည်းပြေရတာပဲဆရာရေ၊ တော်တော့ တော်သေးတယ် ဗမာပြည်သားတွေ အများစုလုပ်တာဆိုတော့ အင်္ဂလိပ်လိုမတတ်လည်း အေးဆေးပဲ၊ နို့မို့ဆို မလွယ်ဘူး။ ကျန်တာတွေကတော့ ပြေပါတယ်"လို့ပြောပြီး သူ့အခန်းထဲပြန်ဝင် နောက်တခွက် ငှဲ့ယူလာပြန်တယ်။ အနားရောက်တော့ "ဒီခွက်နဲ့ဆိုတော့ အပြင်မှာထိုင်သောက်လည်း အေးဆေးပဲ။ ဘယ်သူမှ ဒါမှန်းမသိဘူးလေ ဟဲဟဲဟဲ"ဆိုပြီး သူ့ဘာသာ သဘောတွေကြနေတယ်။
ကျနော်က "အေးဗျာ ဘာသာစကားပြဿနာကလည်း တမှောင့်နော်။ တခါတလေ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိနဲ့ လုပ်ရကိုင်ရတာ အတော့်ကို အဆင်မပြေတာ" လို့ပြောတော့ နင့်အမေကလွှားဘိုးတော်က ဖြန်းကနဲလက်ဝါးချင်းရိုက်တဲ့ပြီး "အဲ့ဒါပြောတာပေါ့ကိုယ့်လူရ အမေရိကန်မှာလာနေရတာ တခါခါ တောကြက်တွေလို အသက်အောင့်သာ သေလိုက်ချင်တယ်"လို့ ပြောချလိုက်တယ်။
ကျနော်လည်း တခါမှ မကြားဖူးတဲ့စကားမို့ မူရင်းအကြောင်းအရာကနေချော်ထွက်ပြီး "တောကြက်က ဘယ်လို အသက်အောင့်သေတာလဲဗျ ပြောပြပါဦး"လို့မေးမိတယ်။ "ဒီလိုဆရာရဲ့ တောကြက်အရှင်ကို ထောင်ဖမ်းပြီးမိလာတော့ အိမ်ရောက်တဲ့အခါ ထွက်မပြေးအောင် ခြင်းထဲထည့် လှောင်ရတာမဟုတ်လား။ တောကြက်က တသက်လုံး တောထဲနေလာတဲ့အကောင် လွတ်လွတ်လပ်လပ်၊ ခုလည်းကြရော ခြင်းထဲအထည့်ခံရတော့ စိတ်ကညစ်လာတာပေါ့။ ပျံပြေးလို့ကလည်းမရ ကျွေးတဲ့ဆန်စေ့လည်း မကြိုက်ဆိုတော့ ညစ်ညစ်နဲ့ နောက်ဆုံး အသက်ရှူတာကိုအောင့်လိုက်ပြီး သူ့ဘာသာသူ သတ်သေသွားတာပဲ။ အဲ့ဒါကို တချို့ကပြောတယ် မှတ်လား။ တောကြက် အိမ်ရောက်ရင် ချက်ခြင်းသေတာပဲ ကြာကြာမခံဘူးဆိုတာ။ အမှန်က ကြာကြာက သူ့ဟာသူမခံတာမဟုတ်ဘူး ဆရာရဲ့၊ တောကြက်ကစိတ်ညစ်ပြီး အသက်ရှူအောင့်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတာလေ၊ ကြက်ဆိုတာ လူလို ဇွဲကြိုးတွေဘာတွေမှ ချမရတာကိုး"တဲ့။
ကျနော်လည်း "သြော်"တလုံးသာ တမိပေမယ့် စကားမပေါက်တဲ့အခက်အခဲ ဘယ့်လောက်ကြီးမှန်းပိုသိသွားပြီး ဟင်းချမိတာပါပဲ။
(သြဂတ်စ် ၄၊ ၂ဝ၁၅)

(ခေါင်ညွန့်ချိုးခြင်း)
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်သာ တွဲကစားလိုက်လို့ကတော့"တွေ
"ဦးသိန်းစိန်နဲ့အမေသာ နှစ်ပါးကြည်လို့ကတော့"တွေ
"အမေစုနဲ့ရွှေမန်းသာ တွဲပလေးလိုက်ကတော့"တွေ နောင်ကျဉ်မှဖြစ်တော့မယ်ထင်တယ်။
အင်း တပင်တိုင်မင်းသမီးက သမ္မတကြီးကို ယုံတော်မူကျဲခဲ့လေတော့ နှစ်ပါးခွင်အတွက် ဗိုလ်ဌေးဦးထွက်လာပြီထင်ပါ့။ မြို့မေတ္တာခံယူမယ့်သားတွေ။
အမှန်ကတော့ ရွှေမန်း အာဏာအရူးအမူး ပိုဖြစ်လာတဲ့ကိစ္စပါ။ သမ္မတထက်ကြီးတာရှိတောင်လုပ်ချင်သူအတွက် သမ္မတထက်ကြီးတာ သေနတ်ဖြစ်ကြောင်းထုတ်ပြတာပါ။ အုပ်စုလိုက်ကစားတဲ့ပြကွက်မှာ သားအဖတတွေရဲ့ စီးပွားရေးအင်ပိုင်ယာကြီးကိုပဲ အာဏာနဲ့ပိုလုံကောင်ကာမယ်ဆို
ဒီကြမ္မာဟာ လူတိုင်းဆီလာမယ်လို့ အချက်ပြရုံလေးပါ။ နံပတ်ဝမ်းရှိတယ်မရှိဘူး အငြင်းပွားနေသူတွေအဖို့တော့ ဓားရှိတဲ့ကုလား စားသွားတဲ့အကွက်ပါ။
အမေနဲ့ ပလူးလို့မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးသမားကြီးမို့ မဟုတ်ပါ။

ဗိုလ်နေဝင်း လက်ဖျားခါတယ်
ဗိုလ်စောမောင် ကျောချမ်းတယ်
သန်းရွှေကတော့ စာအုပ်သစ်ထုတ်ဖတ်တယ်
ခင်ညွန့် ပြုံးနေတယ်
သိန်းစိန် ထွန်းလင်း တင်ဝင်းညိုတို့သံဝေဂ
ဥပဒေအထက်မှာရော အောက်မှာရောဘယ်သူမှမရှိပဲ
ကိုယ်တိုင် “နိုင်ငံတော်”
ကိုယ်တိုင် “ဥပဒေ”
ကိုယ်တိုင် “အာဏာပါးကွက်”တွေ
အကွက်ရွှေ့တဲ့ပွဲ
ဘယ်တုန်းကမှ
ပြည်သူ့မျက်နှာတိုင်းပြည်မျက်နှာ ထောက်ညှာတဲ့ကောင်တွေမဟုတ်
ဘာပြုပြင်ပြောင်းလဲလိုသူဖြစ်လို့မှမဟုတ်
ဘာမှန်ကန်တဲ့ကောင်တွေမို့ “ကွဲ”တာမဟုတ်
တူတဲ့အကျိုးစီးပွားကိုနည်းနာခွဲပြီးကာကွယ်နေသူ
တယောက်အမြီးနဲ့တယောက်ပြန်ချည်ထားတဲ့မျောက်အုပ်
ကိုယ်ကျိုးစီးပွားခြင်းခွက်စောင်းခုတ်တဲ့အခါ
လက်နှေးတဲ့ကောင်
အမြီးအဖြတ်ခံရခြင်းပဲ
"အမေ"သိတယ်သားလို့
နတ်သံတော့ နှောမလာနဲ့။
(သြဂတ်စ် ၁၃၊ ၂ဝ၁၅)

ရပ်ကွက်ထဲမှာ ဒီလိုပဲ ၃ (မျိုးမြင့်ချို)

0 comments
(ရပ်ကွက်ထဲမှာ ဒီလိုပဲ ၃)
မနေ့က ရပ်ကွက်ထဲက အိုင်စပိသရီးစပိအကြောင်းပြောရင်း “မနေ့က ဦးလေးကိုတွေ့ရဖို့ လူနှစ်ခုလာခဲ့တယ်”က စိတ်ထဲပေါ်လာပြန်တယ်။ ဖြစ်ပုံ ကျနော်ဒီရောက်ပြီး သိတ်မကြာခင်မှာ မိတ်ဆွေတယောက်အိမ်မှာ ကိစ္စတခုရှိလို့ ၃ ရက်လောက် သွားသောင်တင်တယ်။ ပြန်ခါနီးတော့ ကိုယ့်ဖုန်းနံပတ်ပေးခဲ့ပြီး အကြောင်းရှိရင်ဆက်ဖို့မှာခဲ့တယ်။ အိမ်ပြန်ရောက်ပြီး ၃ ရက်လောက်ကြာတော့ မိတ်ဆွေရဲ့သား အသက် ၁၅ နှစ် လောက်ရှိမယ့်ခလေးက ကျနော့်ကို “အဖေက ပြောခဲ့တယ်၊ မနေ့က ဦးလေးကိုတွေ့ရဖို့ လူနှစ်ခုလာခဲ့တယ်”လို့ ဖုန်းနဲ့ပြောတယ်။
ဒီကို ဘာ လူဝင်မှုအနေအထားနဲ့ပဲရောက်ရောက် ရောက်လာကြတဲ့ ဗမာပြည်သားမိဘတွေမွေးတဲ့ အမေရိကန်ပေါက် ဗမာခလေးတွေ၊ ဒါမှမဟုတ်လည်း အမေရိကန်ကို ငယ့်ငယ်လေးနဲ့ရောက်လာပြီး ဝလုံးတန်းကနေ ကျောင်းစနေရတဲ့ခလေးတွေအတွက်တော့ အင်္ဂလိပ် စကားက First Language ၊ ဗမာစကားက Second Language ဖြစ်သွားကြတာပါ။ အင်္ဂလိပ်လိုပြောရဆိုရတာ ပိုလွယ်ပိုကောင်းပိုပီပြီး ဗမာလိုပြောရတာ ခက်လည်းခက် အာလည်းမတွေ့သလို ပီလည်းမပီကြတာများပါတယ်။ ဒါလည်း သူတို့ကို အပြစ်ဆိုစရာမရှိပါဘူး။ သူတို့နေတာ ဗမာပြည်မှ မဟုတ်တာကိုး။ (ယေဘုယျပြောရရင်) သူတို့ကိုယ်၌ကလည်း ဒီမှာ ဗမာစာ ဗမာစကားမတတ်လည်း နေလို့ဖြစ်တယ်ဆိုတဲ့အသိက သိစိတ်မှာရော မသိစိတ်မှာပါ စွဲနေကြတာမျိုးလည်းရှိကြပါတယ်။
ဒါဆို မသင်ပေးရကောင်းလားလို့ မိဘနဲ့ဝန်းကျင်ကို ယိုးမယ်ဖွဲ့စရာကျန်ပါတယ်။ ဒါလည်း ကျနော့်အတွေ့အကြုံအရပြောရရင် သိတ်တော့မဟုတ်သေးဘူးလို့ ထင်တာပါပဲ။ အမေရိကန်လူနေမှုဘဝ(ဒီနေရာမှာ ကျနော်ဆိုလိုတာက စက်ရုံအလုပ်ရုံတွေမှာ အလုပ် လုပ်နေကြတဲ့ သူလိုငါလိုလူတွေကိုဖြစ်ပါတယ်) အစစ်အမှန်ထဲကို ထဲထဲဝင်ဝင်ရောက်ဘူးသွားရင် “သြော် ဒါ့ကြောင့်ကိုး”လို့ အဖြေရသွားမယ်လို့ ထင်ပါတယ်။ မိဘတွေအနေနဲ့လည်း စားဝတ်နေရေးဘဝ အထိုင်လေးကျအောင် မယိုယွင်းရအောင်လုံးပမ်းနေရတာနဲ့တင် စိတ်ဖိစီးမှုဒဏ် ရုပ်နွမ်းနယ်တဲ့ဒဏ်တွေ ပိနေကြရှာတာပါ။ သားသမီးတွေကို စာနဲ့စကားသင်ဖို့မပြောနဲ့ တချို့ဆို တအိမ်တည်းနေပြီး မိဘနဲ့သားသမီး တပတ်တကြိမ် ထမင်းလက်ဆုံစားဖို့တောင်အနိုင်နိုင်ပါ။ ထားပါတော့လေ အဲ့အကြောင်းလည်း နောက်ပိုင်းတွေမှာ ထည့်ထည့်ပြောသွားပါ့မယ်။
နောက်တခုက ဝန်းကျင်။ ဒီမှာလည်း “ဘုန်းကြီးကျောင်းတွေ၊ ချာ့ခ်ျတွေ၊ ဗလီတွေရှိနေတာပဲဟာ အဲ့ဒီမှာ သင်ပေးပေါ့။ ဘုန်းကြီးတွေလည်းရှိ ဆရာတွေလည်းရှိတာပဲ။ သူတို့ သင်ပေးနိုင်တာပဲ။ မသင်ပေးနိုင်လို့ရှိရင်လည်း ဆရာငှားသင်ခိုင်းပေါ့။ နောက်ပြီး ကွန်မြူနတီအဖွဲ့အစည်းတွေ၊ တဦးခြင်းဗော်လံတီယာလုပ်နေသူတွေလည်းရှိတာပဲဟာ”လို့ဆိုရင်တော့ နည်းနည်းရှင်းပြပါရစေ။ တစ်တချက်က ဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေမှာသင်တဲ့အခါ ဘာသာမတူတဲ့မိဘများက သူတို့ကလေးတွေကို မလွှတ်ချင်ပါဘူး။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူတချို့ ဒီသာ ရောက်နေကြတာ ခုထိ တွေးပုံ နေထိုင်ပုံ ကျင့်သုံးပုံ ကောက်ယူပုံတွေက လူမျိုးနဲ့ဘာသာ သာမတူကြတာ သာမန်အားဖြင့်တော့ ဗမာပြည် ဆန်လွန်းတုန်း၊ ဗမာပြည်အငြိ ဗမာပြည်အတွယ် တွယ်နေတုန်း မဟုတ်လား။ ကိုယ့်ကျောင်းလာ ကိုယ့်ဂါထာရွတ်ရမယ်လို့ မပြောရုံတမယ် ကိုယ့်ဘာသာရေးယဉ်ကျေးမှုအထိုင်ကနေ ဗမာစာအရေးအဖတ်ကို သင်ကြတာမဟုတ်လား။ ဒါက သင်ပေးသူနဲ့ မိဘတွေဘက်က သဟဇာတသိတ်မဖြစ်ရတဲ့အကြောင်းရင်းတခုပါ။ ဆိုတော့ စာသင်တာမှာတောင် ဘာသာလူမျိုးတူရာစုစက်ပြီး သင်ကြတဲ့သဘောပဲ ဖြစ်သွားပါတယ်။
တခါ ခလေးတွေဘက်ကကြည့်ပြန်တော့လည်း ယဉ်ကျေးမှုစုံ လူမျိုးစုံ ဘာသာစုံ ယုံကြည်မှုစုံယဉ်ကျေးမှုစုံ ရောနှောနေထိုင်ခြင်းကိုအားပေးတဲ့လူ့အဖွဲ့အစည်းမှာ ကြီးပြင်းရတာဆိုတော့ လူမျိုးအစွဲက မိဘများထက် ပါးပါတယ်။ ခွဲခြားအဆက်ဆံကို သူတို့လည်းမခံချင်၊ သူတပါးလည်း မလုပ်ချင်တဲ့စိတ်က အခြေခံအားဖြင့်ကို စွဲငြိနေတာများပါတယ်။ တချို့မိဘတွေက ဗမာပြည်ပြည်တွင်းစစ်ကြီးရဲ့ ဆိုးကျိုးတွေအနက် အဆိုးဆုံးဖြစ်တဲ့ လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့လူမျိုးစွဲအမြင်တွေကို ဒီအထိယူလာပြီး ကိုယ်တိုင်လည်း အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားကြပြီး ခုထိတိုင် တယောက်နဲ့တယောက် တစုနဲ့တစု မုန်းတီးနာကျည်းရေးတွေ ဆန့်ကျင်မပတ်သက်ရေးတွေပြောပလားဆို ခလေးတွေက မကြိုက်ကြတာများပါတယ်။ မိဘမို့သာ ပြန်မပြောရင်ရှိမယ် သူတို့စိတ်ထဲမှာတော့ မိဘတွေကိုပါ အထင်အမြင်သေးတာ စက်ဆုပ်ရွံရှာတာတွေဖြစ်ကြတာများပါတယ်။ ဆိုတော့ ဘာသာတူလူမျိုးတူတွေစုသင်တဲ့နေရာမှာ သွားတက်ရစေဦး ဆရာတွေက သင်ရင်းသင်ရင်း အတိတ်အနာဖေးခွာမုန်းတီးရေးတွေ မသိမသာရော သိသိသာသာပါသွင်းလာပလားဆို ခလေးတွေ မနှစ်မြို့တော့ပါဘူး။ အဲ့ဒီမှာ စာသင်ရတာ မပျော်တော့ပါဘူး။ ဒီတင် စာသင်ရမှာကို ငြီးငွေ့စိတ်ကုန်သွားတတ်ကြပါတယ်။ ဒါက ခလေးတွေနဲ့ သင်ကြားသူတွေ ကြားက စေ့စပ်ရခက်တဲ့ အဟကျယ်ရတဲ့ကိစ္စတခုပါ။
နောက်တခုက တဦးခြင်းဗော်လံတီယာသင်ပေးသူတွေပါ။ သူတို့ကတော့ လွတ်လပ်ပါတယ်။ စာသင်ခန်းထဲကို ဘယ်ဘာသာရေးယဉ်ကျေးမှုမှ အယူလာမခံသလို သူတို့ကိုယ်၌ကလည်း ဘာသာတွေနဲ့ ခတ်ကင်းကင်းနေသူတွေများပါတယ်။ တချို့ဆို ဘာ ဘာသာမှမယုံကြည်သူတွေပါ။ အဲ့သလိုနေရာတွေမှာတော့ ခလေးတွေ အထိုက်အလျှောက်ပျော်ပေမယ့် ရေရှည်သင်ပေးသင်ယူဖို့တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ရတာက သင်ပေးသူရဲ့စားဝတ်နေရေးဘဝနဲ့ ခလေးတွေရဲ့ကျောင်းချိန်၊ အိမ်စာလုပ်ချိန်၊ ကျောင်းပြင်ပ လုပ်ငန်းဆောင်တာသွားရချိန်၊ အားကစားချိန်၊ ရပ်ကွက်ထဲကအဖော်တွေနဲ့ လည်ချိန်ပတ်ချိန် ကစားချိန်၊ တီဗီကြည့်ချိန်၊ ကွန်ပြူတာ၊ အင်တာနက်နဲ့ ဂိမ်းကစားချိန်တွေရှိနေလို့ပါပဲ။
တဦးခြင်းသင်ပေးသူတွေက အဲ့ဒီအချိန်တွေကို သူတို့နေ့စဉ်ဘဝထဲကနေ သွားဖဲ့ယူဖို့မဖြစ်နိုင်သလို လုပ်လည်းမလုပ်ကြပါဘူး။ ဘာသာရေး အခြေခံတဲ့နေရာတွေမှာတော့ အဲ့ဒီအချိန်တွေကို နည်းနည်းတင်းကြပ် လိုတိုးပိုလျှော့ကို ဖိအားလေးနည်းနည်းသုံးပြီး ညှိလို့ရကောင်းရပေမယ့် တကယ့်လက်တွေ့ကြတော့ ရေရှည်မှာမဖြစ်ပါဘူး။ ဒီမှာက ငါမိဘ ငါဆရာ ငါဘာဆိုပြီး ဘယ်ကလေးကိုမှ ကွပ်ညပ်ခွင့်မရှိတာက အဓိကဖြစ်နေလို့ပါပဲ။ ဆိုတော့ သင်ပေးမယ့်သူက သူအားမယ့်အချိန်၊ ခလေးတွေအားမယ့်အချိန်၊ လူအတတ်နိုင်ဆုံးစုံမယ့်အချိန် စတာတွေ ချိန်ရင်းညှိရင်းသင်ရင်း နောက်ဆုံးတော့ လုံးပါးတဲ့ကိန်း ဆိုက်ပြီး တံခါးပိတ် ဂျိတ်တွေဖြစ်ကုန်တာများပါတယ်။ ကျနော်ကိုယ်တိုင် ခလေး ၁၉ ယောက်ကို တပတ်ကို ၄ ရက်နှုန်းနဲ့ ၂ နှစ်လောက် ဗမာစာ ဗမာစကားသင်ပေးခဲ့ဖူးပါတယ်။ ခုတော့ နားသွားပါပြီ။ ဒါက ဗော်လံတီယာ သင်ပေးသူနဲ့ခလေးတွေကြား ညှိဖို့ခက်တဲ့အချိန်ပြဿနာပါ။
နောက်ဆုံးတချက်ကတော့ ဘာသာရေးအခြေခံပဲဖြစ်ဖြစ် တဦးခြင်းဗော်လံတီယာပဲဖြစ်ဖြစ် အတူတူကြုံရတဲ့ ဘုံပြဿနာပါ။ ကျောင်းကြီး တက်ရတဲ့ကာလတွေမှာ အချိန်ညှိဖို့ခက်သမို့ နွေကျောင်းပိတ်ချိန်တွေမှာ တပတ် ၇ ရက်(အနည်းဆုံး ၅ ရက်) တနေ့ ၄ နာရီလောက် တောက်လျှောက်သင်တဲ့နည်းပါ။ ဒီနည်းက မထိရောက်ဘူးလားဆိုတော့ တနှစ်စာထိရောက်တယ်။ အလုပ်ဖြစ်လားဆိုတော့ တသက်စာအလုပ်မဖြစ်ဘူး။ ဘာ့ကြောင့် ခုလိုပြောရသလဲဆိုတာ ရှင်းပြပါရစေ။
ခလေးတွေလည်းနွေကျောင်းပိတ်ချိန် မိဘများလည်း အလုပ်က ဗကေးရှင်န်းရချိန်ဆိုတော့ တနှစ်လုံးပမ်းသမျှ မိသားစုစုံညီ အပျော်ခရီးထွက်တာ၊ လည်တာပတ်တာတွေခနဖယ်ထားပြီး ခလေးတိုင်း တနေ့ ၄ နာရီ တပတ် ၅ ရက် မပျက်မကွက်တက်ကြတယ်လို့ပဲ တွေးပါဦး။ ကိစ္စက ရှိပါတယ်။ ဒီနွေအပိတ်မှာ ကကြီးရေက ကနေစ ကကညစ် ပေမှာခြစ်အလယ် ညအခါလသာသာအဆုံး သင်ပေးနိုင် သင်ယူနိုင်သွားကြတယ်ဆိုပါတော့။ ကျောင်းကြီးပြန်ဖွင့်တော့ ကျောင်းကြီးပြန်တက်။ ကျောင်းကြီးကိစ္စနေ့တဓူဝနဲ့ပဲ အချိန်ပြန်ကုန်ရတာပါ။ ကိုယ့်ဘာသာ အိမ်နေရင်း ဗမာစာပြန်နွှေးချိန် မရှိတော့ပါဘူး။ တနွေစာသင်ခဲ့သမျှလည်း မေ့မက်ကုန်ကြတာပါပဲ။ ဒီက ကျောင်းသားဆိုတာ တကယ်အလုပ်များပလားဆို ဖင်ယားလို့တောင် မကုပ်အားတဲ့အထိ ရှိတတ်ပါတယ်။
ဆိုတော့ နောက်နှစ်နွေကျောင်းပိတ်လို့ ဇကာတင်ကျန်တာလေးတွေ စသင်ဖို့ပြန်ရောက်လာပလားဆို ကကြီးရေ ပြန်က၊ ကညစ် ပေမှာ ပြန်ခြစ်၊ ညအခါ လလည်း ပြန်ပြန်သာနေရတာပါပဲ။ အဲ့သလိုနဲ့ နွေရာသီတိုင်းနွေရာသီတိုင်းမှာ ကကြီးက ကနေ ပြန်ပြန်စရင်းစရင်း ရှေ့ဆက်မတိုးပဲ သင်ယူသူရော သင်ပေးသူပါ အလိုလိုနောက်ဆုတ်မိရက်သားတွေဖြစ်ကုန်ကြတာပါပဲ။
ဒီမှာတင် “အဖေက ပြောခဲ့တယ်၊ မနေ့က ဦးလေးကိုတွေ့ရဖို့ လူနှစ်ခုလာခဲ့တယ်”တွေ ဖြစ်ကုန်တော့ပါပဲ။

ရပ်ကွက်ထဲမှာ ဒီလိုပဲ ၂ (မျိုးမြင့်ချိ)

0 comments
(ရပ်ကွက်ထဲမှာ ဒီလိုပဲ ၂)
ပြောဖူးပါသကော ကျနော်တို့ပြောတဲ့အမေရိကန်အင်္ဂလိပ်အသံထွက်က ငါးပိသံတင်ပေါက်တာမဟုတ်ဘူး တခါတခါ လုံးကောက်သဘောပါပြောတော့ အတော်လေးဂွကျတယ်ဆိုရမှာပဲ။ တခါ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့ ဗြိတိသျှအသံထွက်ကလည်း တချို့နေရာတွေမှာ ကွာပါတယ်။ ဥပမာ ဗမာပြည်ကို Burma လို့ ပေါင်းကြတာခြင်းတူပေမယ့် ဗြိတိသျှတို့က ဘားမားလို့ထွက်ပြီး ကိုရွှေအမေရိကန်များက ဘားရ်မားလို့ အာရ်သံအပီထည့်ပြီးထွက်သကိုး။ အလားတူပဲ Girl ကို ကျနော်တို့ တသက်လုံး ဂဲလ်လို့ထွက်လာတာ ဒီရောက်မှ အာရ်သံကြီးပါထည့်ပြီး ဂရဲလ်လို့ထွက်ရတော့ အစပိုင်းတွေမှာ အတော့်ကိုသတိထားရတာပါ။ ဘားမားလို့ ထွက်မိလို့ သြော် မင်းက ဘဟားမားကကိုးလို့ မှတ်အချက်အချ ၂ ကြိမ်လောက် ကျနော်ခံခဲ့ရဖူးပါတယ်။ အသံထွက်သိတ်မပီတာက စကားပြန်လုပ်တဲ့သူအတွက် ခြွင်းချက် အထိုက်အလျှောက်ရှိပေမယ့် သိတ်ကြီးတဲ့ပြဿနာတော့လည်း မဟုတ်ပါဘူး။ ကိုယ့်နယ်ပယ်ဆိုင်ရာသီးသန့်ဝေါဟာရတွေ အသုံးအနှုန်းတွေကိုတော့ နှစ်ဦးနှစ်ဖက်နားလည်သဘောပေါက် အလုပ်ဖြစ်တဲ့အထိတော့ သိမှရပါတယ်။ သိလည်း သိကြပါတယ်။
ဗမာစကားတတ်လှချည်ရဲ့ ဗမာစာဗမာစကားနဲ့ ဘာဘွဲ့ညာဘွဲ့ရခဲ့တာဆိုတဲ့ အမေရိကန်တွေတောင် ကျနော်တို့လို ဗမာအသံထွက်အပီအသ သဒ္ဒါကျကျ နေရာတကာပြောနိုင်တာမှ မဟုတ်တာကိုး။ နည်းနည်းပါးပါးတတ်တဲ့သူတွေဆို ပိုတောင်ဆိုးသေး။ ဒါပေမယ့် သူတို့ပြောတာကို ကျနော်တို့ ဖြည့်နားလည်ပေးလို့ရတာပဲ မဟုတ်လား။ ချော်နေတာဆို တည့်တောင်ပေးရသေးသမို့လား။ အဲ့သလိုပါပဲ ကျနော်တို့ကိုလည်း ဖြည့်နားလည်ပေး ဖြောင့်ပေးတာလည်းရှိပါတယ်။ “ဒီကောင့် အသံထွက်ကြီးကလည်းကွာ”လို့ ကိုယ့်အချင်းချင်း ကဲ့ရဲ့ရယ်ပွဲ့ဖွဲ့ကြပေမယ့် အမေရိကန်တွေကတော့ အဲ့သလိုမလုပ်သလောက်ပါပဲ။ ကျနော်တို့အတွက် အင်္ဂလိပ်စကားက ဒုတိယဘာသာစကားဖြစ်ပြီး သူတို့အတွက်ကြတော့ ဗမာစကားဟာ(သင်ယူနေသူအဖို့)ဒုတိယစကား မဟုတ်လား။
စကားပြန်လုပ်မယ့်သူမှာ သက်ဆိုင်ရာစကားပြန်လုပ်ငန်းအတွက် သင်တန်းဆင်းလက်မှတ်လိုဟာမျိုးရှိမှလည်းဖြစ်သလို ဆေးရုံဆေးခန်း၊ ရဲဌာန၊ တရားရုံး၊ ထောင်၊ ကျောင်း၊ အေဂျင်စီတွေနဲ့အလုပ်လုပ်တဲ့အခါမှာ သူတို့ဘက်ကလည်း စိတ်တိုင်းမကျဘူးထင်ရင် ခေါ်မသုံးပါဘူး။ သူတို့ရှေ့မှာ လူတယောက်ကို စကားပြန်ပေးနေတာ ဗမာစကားနားမလည်ပေမယ့် မျက်နှာရိပ်မျက်နှာကဲ အမူအယာ ခြေဟန်လက်ဟန်တွေကြည့်ပြီး ဒီစကားပြန် ဘယ်လောက်စွံမစွံကို အတွေ့အကြုံအရ ခန့်မှန်းတတ်ကြတာပါပဲ။ သိတ်စွံပုံမရဘူးလို့ထင်ရင် အသံဖမ်းစက်ချထားပြီး ကွယ်ရာမှာ အခြားစကားပြန်တယောက်ယောက်ကိုခေါ် စက်ပြန်ဖွင့်ပြီး ဟိုလူပြန်တာ မှန်မမှန် အတည်ပြုတာတွေလည်းရှိတတ်ပါတယ်။ အထူးသဖြင့် ကလေးအခွင့်အရေးကာကွယ်ရေး၊ အိမ်တွင်းအကြမ်းဖက်မှု၊ တရားရုံး၊ ထောင်လိုဟာမျိုးတွေမှာ ပိုလုပ်တတ်ပါတယ်။ တွေးကြည့်တော့လည်း ဆေးရုံဆေးခန်း စကားပြန်မှားရင် လူနာသေတဲ့အထိဖြစ်နိုင်သလို တရားရုံးစကားပြန်မှားရင်လည်း ငယ်တဲ့အမှု ကြီးသွားတတ်တာ မဟုတ်လား။
အရင် သုံးလေးနှစ်လောက်ကအထိ ဗမာစကားတတ်ရင် ဗမာစာလည်းတတ်မယ်လို့ သူတို့နဲ့ယှဉ်ပြီးတွေးတတ်တဲ့အမေရိကန်တွေ ခုတော့ “ဗမာဆိုတိုင်း ဗမာစကားတတ်တိုင်း ဗမာစာတတ်ချင်မှတတ်တာ”ဆိုတာကို သဘောပေါက်သွားကြပုံပါပဲ။ တိုင်းရင်းသားလူမျိုးစုတွေ (ချင်း၊ ကရင်၊ မွန်စသည်ဖြင့်)ကတော့ ရှင်းတယ်။ သူတို့မိခင်စကားတတ်တယ်၊ အင်္ဂလိပ်လိုတတ်တယ်ဆို ပြီးတာပါပဲ။ ဗမာလိုမတတ်လို့လည်း ဘာမှမဖြစ်ပါဘူး။ လူမျိုးစုတူစုဝေးနေထိုင်ရာ တချို့ပြည်နယ်တွေက တချို့မြို့တွေမှာ စကားပြန်ဆိုတာ ဗမာလိုတတ်ဖို့မလိုဘူးလို့ဆိုရမှာပါ။
ဖို့တ်ဝိန်းလိုနေရာကြတော့ စကားပြန်ဟာ ဗမာစကားပြောတတ်ရုံမက ဗမာစာပါတတ်ဖို့လိုပါတယ်။ ဒါ့ကြောင့် ဖို့တ်ဝိန်းကစကားပြန်ဟာ ဘာသာပါပြန်တတ်ရပါတယ်။ ဌာနဆိုင်ရာစာရွက်စာတမ်းတွေ၊ ညွှန်ကြားချက်တွေ၊ ကြေညာချက်တွေ၊ အသိပေးအကြောင်းစာတွေ စတာမျိုးတွေကို ချင်းလို မွန်လို ကရင်လို ဘာသာပြန်တာတွေရှိပေမယ့် ဗမာကိုအဓိကထားပြီး ဘာသာပြန်ထုတ်ဝေကြတာပါ။ တချို့ စကားပြန်လုပ်နေပေမယ့် ကွန်ပြူတာမှာ ဗမာဖေါင့်နဲ့ရိုက်တတ်ဖို့ဝေးစွ ဗမာစာ မရေးတတ် မဖတ်တတ်တွေတောင် ရှိတတ်ကြတာကိုး။ ခုတော့ ဗမာပြည်သားတွေနဲ့ အလုပ် လုပ်နေတဲ့အေဂျင်စီတွေ၊ ဆေးရုံဆေးခန်းတွေ၊ တရားရုံး၊ ထောင် စတာတွေက ဗမာစာမတတ်တဲ့စကားပြန်ဆို ငြင်းပါတယ်။ ဒီစကားပြန် ဗမာစာတတ်မတတ်လည်း အေဂျင်စီအချင်းချင်းစုံစမ်းကြည့်လို့ ခက်တာမှမဟုတ်တာကိုး။ ထားပါတော့လေ ဒီ စကားပြန်နဲ့ဘာသာပြန်အကြောင်း နောက်မှ သတ်သတ် လက်ပေါက်စိပ်စိပ်လေးပြောပြပါဦးမယ်။
ခုတော့ ကျောင်းမနေခဲ့ စာမသင်ခဲ့ဖူး၊ ဘုရားလည်းကြောက်ရ ဘုရားလူကြီလည်းကြေက်ရ၊ သူပုန်လည်းကြောက်ရ စစ်တပ်လည်းကြောက်ရ၊ ပေါ်တာလည်းလိုက်ရ ဆက်ကြေးလည်းသရ၊ သေနတ်နဲ့ယူနီဖေါင်းပါရင် ဗိုလ်ကြီးဗိုလ်ကြီးခေါ်ခဲ့ရတဲ့ဘဝကနေ ဒီကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ အသက် ၅ဝ ဝန်းကျင်၊ လုံးကြီးပေါက်လှ၊ ရွက်ကြမ်းရည်ကျိုရုပ်ရည်နဲ့ ရပ်ကွက်ထဲကအမျိုးသမီးတယောက်အကြောင်း ပြောပြပါ့မယ်။ နံမည်တော့ ထားလိုက်ပါတော့။ ကျနော်နဲ့ သူတို့တမိသားစုလုံးနဲ့လည်း ရင်းရင်းချာချာရှိပါတယ်။ သူ့မှာ တခုကောင်းတာက စာမတတ်ပေမယ့် လူမလန့်တတ်တာပါပဲ။ အမေရိကန်ဆိုင်တွေမှာ ဈေးဝယ်တာ၊ အိမ်လခ မီတာခ ဘာညာတွေဆောင်တာ၊ ဆေးစတိုးကြီးတွေမှာ ဆေးသွားထုတ်တာ စတာမျိုးတွေ ကိုယ်တိုင်လုပ်နေတာပါပဲ။ အပွိုင်မင်န်ဆို ဘယ်တော့မှနောက်မကျ ဘယ်တော့မှ မပျက်ဆိုတဲ့နံမည်ကောင်းလည်း ထွက်ပါတယ်။ ရပ်ကွက်ထဲက မိန်းမချင်းတချို့ကတောင် မနာလိုတဝက်အားကျတဝက်နဲ့ “ဒီကောင်မ စာသာ မတတ်တာ၊ ရဲတော့အတော်ရဲ့တဲ့ဟာမ” ဘာညာပြောကြတာလည်း ရှိပါတယ်။ သူတို့ကတော့ သူ့လိုဘဝနောက်ခံခြင်းတူပေမယ့် အဲ့သလို ကိစ္စလေးတွေကအစ တခြားလူ အားကိုးနေကြရတာကိုး။
တနေ့တော့ ခလေးကျောင်းကိစ္စရှိလို့ ဆရာမကြီးနဲ့ကျနော် သူ့အိမ်သွားတွေ့၊ လိုတာမေးမြန်း၊ စာရွက်စာတမ်းဖြည့်လုပ်ရပါတယ်။ ပထမ ၂ ရက်တည်းက ရက်ချိန်းယူထားတာဆိုတော့ သူလည်း အသင့်စောင့်နေပုံပါပဲ။ တံခါးလည်းဖွင့်လိုက်တယ်ဆိုရင်ပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ သနပ်ခါးနံ့အုန်းဆီနံ့တလှိုင်လှိုင်နဲ့။ လာပါဝင်ပါကိုအင်္ဂလိပ်လိုပြောပြီး ဆီးကြိုနှုတ်ဆက်တာပါ။ ဆရာမကြီးလည်း သဘောတွေကြလို့ပေါ့။ သုံးယောက်သား မျက်နှာချင်းဆိုင်ဆိုဖာတွေပေါ် ထိုင်မိလိုက်တယ်ဆိုရင်ပဲ သူက “ကိုမျိုးမြင့် တချို့ဟာတွေ ကျမနားလည်ရင် ကျမဘာသာ ဖြေမယ် ပြောမယ်နော်၊ နားမလည်တာကြမှ ကိုမျိုးမြင့်ကိုမေးမယ် ပြန်ပေးပေါ”တဲ့။ ကျနော်ကလည်း “ရပါတယ်”ပြောပြီး ဆရာမကြီးကို သူ အင်္ဂလိပ်လို နည်းနည်းပါးပါး တတ်တဲ့အကြောင်း၊ သူနားလည်တာကြ သူ့ဘာသာဖြေချင်ပြောချင်ကြောင်း ပြောပြပါတယ်။ ဆရာမကြီးကလည်း အိုကေပေါ့။ ဒါနဲ့စ ဖို့လုပ်ကြတယ်။
မစခင်လေးမှာ ကျနော်က သူ့ကို ကိုယ့်ဘာသာနည်းနည်းမိတ်ဆက်ပေးပါလားလို့ပြောတော့ သူက သူ့နံမည်၊ ဗမာပြည်ကသူနေခဲ့တဲ့ ပြည်နယ်အမည်၊ ပြီးတော့ ဒုက္ခသည်အဖြစ် ဒီရောက်လာကြောင်းတွေ ပြောပါတယ်။ ချောချောမောမောပါပဲ။ ဆရာမကြီးက ထုံးစံအတိုင်း“နင် အင်္ဂလိပ်စကားပြောတာ ကောင်းသားပဲ၊ ဘယ်လို သင်ယူခဲ့သလဲ၊ ဒီ့ပြင် ဘာစကားတွေရော တတ်သေးလဲ”လို့ စူးစူးစမ်းစမ်းပုံလေးနဲ့မေးတော့ သူက “I Burma, I Burma speak. I Thailand, I Thailand speak. I America, I English speak. I speak three speak.”ဆိုပြီး တောက်လျှောက် လွှတ်တော့တာပဲဗျာ။ ကျနော်လည်း ရုတ်တရက် ဟားကနဲ ရီမိတော့မလိုဖြစ်သွားတယ်။ တော်သေးတယ် အချိန်မီ ထိန်းလိုက်နိုင်ပေလို့။ စိတ်ထဲတော့ အားရပါးရပြုံးမိတာပါပဲ။ သူကတော့ ပြောပြီး မင်နဲ့မောင်းနဲ့ ခတ်တည်တည်ပဲ။
ဆရာမကြီးကလည်း သူပြောတာနားလည်တဲ့အကြောင်းအပြင် “သြော် နင်က ငါ့ထက် သာတာပဲ၊ ငါက ၂ ဘာသာတည်းတတ်တာ။ အင်္ဂလိပ်လိုနဲ့ ပိုလန်လိုနည်းနည်းပါးပါးပဲ၊ နင်က စကား ၃ မျိုးတောင်ဆိုတော့ ဟန်ကျတာပေါ့”ဘာညာနဲ့ချီးကျူးတော့ ကျနော့်ဘက်လှည့်ပြီး “ဒါတောင် ကျမ ကရင်လိုတတ်တာ မပြောရသေးဘူး”ဆိုပြီး ဗမာလိုပြောတယ်။ ဒါနဲ့ကျနော်က “သူ ကရင်လိုလည်း တတ်တယ်လေ”လို့ ဆရာမကြီးကိုပြောပြတော့ “တယ်ဟုတ်ပါလား၊ နင့်ကလေးတွေကိလည်း အဲ့ဒီစကားတွေသင်ပေးနော်၊ အမေရိကားမှာ ဘာသာစကား များများတတ်လေလေ အလုပ်အကိုင်အခွင့်အလမ်းက ပိုလေလေမဟုတ်လား”လို့ တိုက်တွန်းအားပေးစကားလေးတောင် ပြောသေးတယ်။
သူ့ခမျာလည်း ကျောင်းအုပ်ဆရာမကြီးလိုလူကတောင် ငါ့ကိုချီးမွမ်းတာဆိုပြီး ကြေနပ်ပီတိတွေအထင်းသားနဲ့ တမျက်နှာလုံးလည်း အပြုံးတွေ ပြည့်လို့လျှံလို့။ အဲ့သလိုနဲ့ အစကနေအဆုံးအထိ ဘယ်လိုမှပျင်းစရာမကောင်းတဲ့ Home Visit တခုပြီးမြောက်ခဲ့တာပါပဲ။
(သူပြောတာကို ဗမာလိုရေးပြတာဖတ်ရရင် ပို အူရွှင်စရာဖြစ်မယ်ထင်လို့ ရေးပြပါမယ်။ အိုင်ဘားမား အိုင်ဘားမားစပိ၊ အိုင်ထိုင်းလင်း အိုင်ထိုင်းလင်းစပိ၊ အိုင်အမေရိကား အိုင်အင်္ဂလိပ်စပိ၊ အိုင်စပိ သရီးစပိ..လို့ဖြစ်ပါမယ်)

ရပ်ကွက်ထဲမှာ ဒီလိုပဲ ၁ (မျိုးမြင့်ချို)

0 comments
(ရပ်ကွက်ထဲမှာ ဒီလိုပဲ ၁)
ကျနော့်ယောက္ခမများနေတဲ့ရပ်ကွက်ထဲမယ် ဗမာပြည်သား အစ္စလာမ်ဘာသာဝင်တွေ အိမ်အဝယ်များများလာတယ်။ သူတို့လုံ့လ သူတို့ကြောင့်ကြနဲ့ဆောက်နေတဲ့ ဝတ်ကျောင်း(ဗလီ)လည်း ရှိသကိုး။
အရင်ကတော့ အဲ့ရပ်ကွက် အနားသတ်တဝိုက်မှာ ကရင်အမျိုးသား နည်းနည်းပါးပါးပဲ ရှိကြတာပါ။ ခုတော့ ကရင်ရော ဗမာမွတ်စလင်မ်တွေရော ရောနှောနေကြတာပါ။ ယောက္ခမများက အဲ့ရပ်ကွက်ထဲနေလာတာ နှစ် ၅ဝ နီးနီးပဲ။ ဘိုးတော်က လူမျိုးစုံ တွေ့သိဆက်ဆံဖူးသူဆိုတော့ ဗမာပြည်သားတွေ တိုးတိုးမြင်ရလို့လည်း သိတ်အဆန်းတပြား မဖြစ်ပါဘူး။
အစားအသောက်ဆိုလည်း ဘိုးတော်က အကုန်တွယ်တာ။ ဘယ်တိုင်းပြည်က ဘာလူမျိုးစားတဲ့အစားရယ်ဘာရယ် ခွဲနေတာမဟုတ်ဘူး။ စားရင်း အကြိုက်လေးများတွေ့ ခံတွင်းလေးများလိုက်သွားပလားဆို “နောက်တကြိမ်လောက်တော့ ထပ်စားဦးမှ”ဆိုပြီး ပြုံးပြုံးပြုံးပြုံးနဲ့ပြောတတ်တာကလား။ ဘွားတော်ကတော့ တကယ့် အိုင်းရစ်ရှ်ဆန်တဲ့ အစားအစာတွေကလွဲလို့ ကျန်တာ စားတယ်လို့ကိုမရှိဘူး။
တမြန်နှစ်ကထင်တယ် ကျနော့်တူမ မရင်နှစ်မွေးနေ့လုပ်တော့ သူ့အမေက အုန်းနို့ခေါက်ဆွဲ၊ ဗမာထမင်းဟင်းနဲ့၊ ကျောက်ကြောတို့ သာကူတို့ဘာတို့လည်းလုပ်ပြီး လူတွေဖိတ်ကျွေးတယ်။ ကျနော့်ယောက္ခများလည်းလာကြတယ်။ ဘွားတော်ကတော့ အမေရိကန်မုန့်အချိုလေး တတို့နှတို့ တို့ပြီး ပြီးသွားတာပဲ။ ဘိုးတော်က “ထမင်းစားမယ်”တဲ့။ ဒါနဲ့ ကျနော့်ညီမကလည်း သိတ်မစပ်မယ့်ဟင်းလေးဘာလေး ချချက်ပေးတာပေါ့။
ဟင်းအရံသဘောက ချဉ်ပေါင်ကို ကြေနေအောင်မွှေပြီး ပုဇွန်ခြောက်နဲ့ ငရုပ်သီးစိမ်းနဲ့ ငံပြာရည်နဲ့ ဆီနိုင်နိုင်ကြော်ထားတာလည်း တခွက်ပါတယ်။ ဘိုးတော်က အမဲသားနှပ်ဆွဲလိုက် ပဲဟင်းသောက်လိုက် သခွားသီးသုပ်ခပ်တီးလိုက် ဗူးသီးကြော်ချက်ဖဲ့လိုက်နဲ့ မြိန်ရည်ရှက်ရည်ပဲ။ ချဉ်ပေါင်ကျော်တွေ့တော့ “ဘာလဲ”တဲ့။ ကျနော်က ရှင်းပြရင်း “အခန့်မသင့်ရင် ဝမ်းပျက်တယ်”ပါ တခါတည်း ပတ်တောပိတ်ပြောလိုက်တယ်။ “ငါနည်းနည်းတော့ စားကြည့်ချင်တယ်”ပြောပြီး ဆွဲလိုက်တာမှ မနည်းဘူး။ ကျနော်တို့က ဘေးကကြည့်ပြီး “အသက်ကလည်းကြီးပြီ သူတခါမှ မစားဖူးတဲ့ဟင်း၊ ဗိုက်နဲ့မတည့်လို့ မတော်တဆ ဝမ်းတွေဘာတွေပျက်လို့လျှောလို့ တခုခုဖြစ်ရင်တော့ပြဿနာ”ဆိုပြီး ရင်တမမနဲ့။ ထမင်းလည်း လက်စသတ်ရော ဘိုးတော်က “ဒါ အတော်စားလို့ကောင်းတယ်။ ပြန်ရင် နည်းနည်းထည့်ပေးလိုက်လို့ရမလား”ဆိုတာနဲ့ ပါဆယ်ပါ ထုပ်ပေးလိုက်ရသေးတာ။ တော်သေးတယ် အဲ့သလောက်သာ စားသွားတာ နောက်နေ့ ဘာမှမဖြစ်ဘူး။
ပြီးခဲ့တဲ့ အီးဒ်နေ့တုန်းကလည်း ဗမာမွတ်စလင်မ်တွေက ထုံးစံအတိုင်း ဗမာပြည်မှာလိုပဲ စမိုင်ကျိုကြ၊ ရွှေကြည်ဆနွင်းမကင်း၊ ဟလဝါ၊ ပလာတာနို့ဆမ်းဘာညာစတဲ့ မုန့်အချိုတွေလုပ် ဆွေမျိုးမိတ်သဟာယ အိမ်နီးပါးခြင်းတွေ ရပ်ကွက်သူရပ်ကွက်သားတွေကို ဖိတ်ကျွေး၊ အိမ်ပေါက်စေ့ ဗူးလေးဂျိုင့်လေးတွေနဲ့ လိုက်လက်ဝေတာပေါ့။ သူတို့ကိုလည်း ကျနော့်ယောက္ခမတွေဆိုပြီးသိထားတော့ အိမ်ရှေ့တံခါးဘဲလ်လေးခေါက်ပြီး တော်ကြာနေ ဟိုအိမ်ဒီအိမ်တွေက စမိုင်၊ ရွှေကြည်၊ ရွှေရင်အေး၊ ဖွာလူဒါ ဘာညာတွေ လာလာပေးတာပဲ။ ဘိုးတော်ကတော့ တံခါးလာခေါက်တာနဲ့ တန်းဖွင့်ပြီး ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ် ဟဲလို ဟိုင်း ဘာညာနဲ့နှုတ်ဆက်ပြီး ပေးသမျှအကုန်ယူထားလိုက်တယ်။ ပြီးတော့ ကျနော့်ဇနီးကို ဖုန်းဆက်ပြီး “လာပေးသွားတဲ့မုန့်တွေထဲက ဘယ်မုန့်ကတော့ ဘယ်လိုလေး ဘာအရောင်လေး ဘယ်ပုံစံလေး အဲ့ဒါ ဘယ်လိုစားရသလဲ ဘာနဲ့ရောစားရသလဲ”တွေ မေးတယ်တဲ့။ ဇနီးကလည်း ကိုယ့်မျက်စေ့နဲ့မမြင်ရတော့ “ဗမာမုန့်အများစုက စားတာကတော့ ဒီအတိုင်း စားလိုက်ရုံပဲ၊ ဘာမှလုပ်စရာမလိုဘူး၊ ရေခဲပါတဲ့အေးတဲ့ဟာတွေတော့ ဘာမှ မလုပ်ရပေမယ့် စမိုင်လိုဟာကြတော့ ပြန်နွှေးစားရတယ်” ဘာညာနဲ့ ဆရာမကြီး လုပ်သေးတာ။ ဒါပေမယ့် တချို့မုန့်တွေတော့ ဘိုးတော်ပြောပြတာ သူသဘောမပေါက်တာနဲ့ “ညနေကြ မျိုးနဲ့ငါ အိမ်ဘက်လာခဲ့မယ်၊ အဲ့ဒီတော့မှ ကြည့်ရတာပေါ့” လို့ သူ့ကိုစကားဖြတ်ပြီး ကျနော့်ဆီဖုန်းခေါ်တယ် “ညနေကြ အမေတို့အိမ် သွားရအောင်”တဲ့။
ညနေစောင်း ကျနော်တို့ သူတို့အိမ်ဘက်ရောက်တော့ ဘိုးတော်က ရေခဲသေတ္တာထဲကနေ ပလပ်စတစ်ဗူး လေးငါးခြောက်ဗူး ထုတ်ချလာတယ်။ ဒါတောင် သူက “၃ ဗူးလောက် စားပလိုက်ပြီးပြီကွ၊ တကယ်အရသာရှိတာပဲ၊ အုန်းနို့နဲ့ထောပတ်နံ့နဲ့ အမွှေးအကြိုင်အနံ့တွေ အစုံပဲ”လို့ပြောပြီး “ဒါတွေကို ဘယ်လိုခေါ်လဲ ဘယ်လိုစားရမလဲ”လို့မေးတယ်။ ကျနော် ရှင်းပြနေတုန်း ဘွားတော်က လှမ်းပြီး “အုန်းနို့ပါတယ်ဆို သတိထားနော် Lynn၊ သွေးတိုးနဲ့ မကိုက်ဘူး”လို့ ဟန့်တယ်။ ဘိုးတော်က ကျနော့်ဘက် မျက်စေ့တဖက်မှိတ်ပြပြီး “နည်းနည်းပါးပါး တခါတလေစားတာကတော့ ဘာမှမဖြစ်ပါဘူးကွာ”လို့ လေပြေပြန်သွေးတယ်။ ကျနော်တို့ကိုလည်း စားခိုင်းတယ်။
သူစားနေတုန်း ကျနော်က အီတီဆိုတာဘာဖြစ်ကြောင်း၊ ဒီလို့နေ့မှာ မုန့်လာဝေတဲ့ခလေးတွေကို အိမ်ရှင်လူကြီးတွေက အီတီပေးလေ့ရှိတဲ့အကြောင်းပြောပြတော့ “ဟေ..ဟုတ်လား ငါမှမသိပဲ၊ ဒါဆို မနက်ဖြန်ကြ အဲ့ခလေးတွေအိမ် အီတီသွားပေးလို့ရလား” လို့မေးတယ်။ ကျနော်က “ထားလိုက်ပါ အီးဒ်က ပြီးသွားပြီပဲ။ နောက်ပြီး ဘယ်ခလေး ဘယ်အိမ်ကမှန်းရော သိဖို့မှ မလွယ်ပဲ”ဆိုတော့ “အေး မင်းပြောတာ ဟုတ်တယ်။ ဒီနှစ်တော့ ထားလိုက်တော့ ရှေ့နှစ်ကြ မုန့်လာပေးတဲ့ခလေးတိုင်းကို အီတီပေးမယ်ကွာ”ပြောရင်း အုန်းနို့ကျောက်ကြောစားလိုက် ဖွာလူဒါခပ်သောက်လိုက်နဲ့။
ဘွားတော်ကတော့ မျက်စောင်းထိုး ဗမာပြည်သားအိမ်က ပြူတင်းပေါက်လိုက်ကာတွေချ၊ မီးတွေ တီဗီတွေပိတ်ပြီး အပြင်ထွက်သွားတဲ့မိသားစုအကြောင်းပြောရင်း “သူတို့ အဲ့သလို လုပ်သွားတော့ သူခိုးတို့ ဖေါက်ထွင်းမယ့်ကောင်တို့က သိတာပေါ့ ဒီအိမ်မှာ လူမရှိဘူးဆိုပြီး၊ မင်း သူတို့ကို နည်းနည်းပြောပြထားပါ၊ အိမ်သားတွေအကုန်အပြင်ထွက်ရင် လိုက်ကာတွေတင်ခဲ့၊ မီးလေး တပွင့်နှပွင့်ဖွင့်ခဲ့၊ တီဗီလေးဘာလေး ဖွင့်ဖက်ထားခဲ့ဖို့၊ နို့မို့ဆို လူမရှိမှန်းသိပြီး သူခိုးဝင်မှ ရှိတာလေး တက်တက်ပြောင်ဦးမယ်”တဲ့။ ကျနော်လည်း “အင်း အင်း”ပဲလုပ်နေခဲ့တယ်။
(ဘာမှ မဟုတ်ပါဘူး။ ဘီယာလေး တလုံးနှလုံးသောက်ပြီး ထွေတေတေလေးရှိတာနဲ့ ရပ်ကွက်ထဲကလူတွေအကြောင်း ချရေးကြည့်တာပါ။ ရေးမယ်ဆိုပြောမယ်ဆို ရပ်ကွက်ထဲကဇာတ်လမ်းတွေ ကျနော့်မလည်း မနည်းလှဘူး)

Monday, August 10, 2015

ကျောင်းတော်နှင့် နိုင်ငံရေး (လူ့ဘောင်သစ်ဂျာနယ်မှယူပါသည်)

0 comments
ကျောင်းတော်နှင့် နိုင်ငံရေး
မြန်မာပြည် ရန်ကုန်မြို့ထုတ် မြန်မာသမိုင်းသုတေသနစာစောင် ဒီဇင်ဘာ ၂ဝ၁၃ တွင် စိတ်ဝင်စားစရာ စာတမ်းတစောင် ပါလေသည်။ မန္တလေးမြို့ အရှေ့ပြင် မဟာအတုလဝေယန် အတုမရှိကျောင်းကြီးတည်ဆောက်မှုနှင့် ထိုကျောင်းပေါ်တွင် သံဃာတချို့၏ သီးခြားသင်္ဂါယနာတင်ပွဲအကြောင်း ဖြစ်ပါသည်။ မြို့တည် ၇ ဌာန အဝင် ဤကျောင်းတော်ကြီးမှာ မြန်မာရှင်ဘုရင်များ လက်ထက် တည်ဆောက်သမျှ ဘုန်းကြီးကျောင်းများထဲတွင် အကြီးဆုံး ကျောင်းကြီးဟုဆိုနိုင်ပါသည်။ ၁၈ နှစ်ကြာ တည်ဆောက်ချိန်ကြာမြင့်ပြီး မင်းတုန်းမင်း နတ်ရွာစံခါနီးမှ ကျောင်းရေစက်ချနိုင်သည်ဟု သိရပါသည်။ ထိုထက် ဤကျောင်းမှာ မူလပန္နက်ပုံစံများအရ အဆောင် ၄ ဆောင် ထည့်သွင်းဆောက်လုပ်ရန်ရှိသော်လည်း ဆောင်မကြီးနှင့်သာ ပြီးခဲ့ရသည်ကို မန္တလေးပြတိုက်ရှိ ပုရပိုက်မူအရသိရကြောင်း စာတမ်းရှင် ဒေါက်တာတင်မိုးလတ်၊ မန္တလေးတက္ကသိုလ်က ရေးသားသည်။ ပတ်ပတ်လည် ပေ ၃ဝဝ ဝန်းကျင်ခန့် တဘက်စီရှိသော ဤကျောင်းကြီးကို မင်းတုန်းမင်း၏ ပိဋကတ်ကျမ်းစာများသိုမှီးရာအဖြစ် သုံးသည်ဟုလည်းသိရပြီး သေနတ်ကိုင် ၁ဝ ယောက်အပါ အစောင့်အမှုထမ်း ၆ဝ ထားရှိသည်ဟု ဆိုသည်။
နိုင်ငံတော် ကျောင်းတော်အဖြစ် အင်မတန်ခမ်းကြီးနားကြီး အမွှမ်းတန်ဆာနှင့် တည်ဆောက်ခြယ်လှယ်ထားသည့် ကျောင်းတော်ကြီးဖြစ်၍ အဖိုးများစွာထိုက်ပြီး ၃၂ ရတီ စိန်လုံးကြီးတပ် ဆင်းတုတော်ကြီးလည်း ထားရှိပူဇော်သည်ဟု ဆို၏။ မင်းတုန်းမင်းလက်ထက် မြို့တော် ရွှေ့ပြောင်း၊ ကျောင်းဘုရားဆောက်တည်၊ ပိဋကတ် ကျောက်စာတင် စသည့် အစုစု သာသနာရေးအလှူငွေတော် ၂၂ ကုဋေ ၆ သန်း ကုန်သည်ဟုလည်း ရေးထားသည်။ ဤမျှ မင်းတုန်းမင်းက စိုက်ထုတ်ကုန်ကျခံသည်မှာ သာသနာရေးဖြင့် နိုင်ငံစည်းရုံးရေးလုပ်လိုသည်ဟု စာတမ်းရှင်က ယူဆသည်။ နန်းတက်စကပင် တိုင်းပြည်တဝက် အင်္ဂလိပ်လက်ပါခြင်း၊ နန်းတွင်းဆူပူမှုများ၊ စိုက်ပျိုးရေးကျဆင်းမှုများကြောင့် ပြည်သူများ အင်္ဂလိပ်လက် ခိုဝင်ကြခြင်း စသည်တို့ကို ပြန်လည်စည်းရုံးသည့်အနေနှင့် ထိုသို့ စည်းရုံးသည်ဟုယူသည့်အမြင်များလည်း ယခင်က တွေ့ရပါသည်။
မင်းတုန်းမင်းသည် စက်ရုံတည်၊ သတင်းစာတည်၊ လစာပေး၊ အခွန်စနစ်ပြင် စသည့် ပြုပြင်ပြောင်းလဲရေးကြီးများကို မြန်မာဘုရင် အဆက်ဆက်ထက် ထူးကဲသာလွန် လုပ်ခဲ့သူမှန်ပါသည်။ သို့သော် ခေတ်သစ် အရင်းရှင်နယ်ချဲ့နှင့်ယှဉ်ရသည့် ခေတ်ဟောင်းပဒေသရာဇ်အဖို့ အကွက်ချင်းယှဉ်ဖို့ ခက်ပါသည်။ ဘေးတော် ဗဒုံမင်းလက်ထက် မင်းကွန်းပုထိုးတော်ကြီး မပြီးမပြတ်နှင့် တိုင်းပြည်တွင် အငတ်ဘေး၊ ရောဂါများဘေးကြားမှ မနည်း ရုန်းခဲ့ရသည်ကို သူ သင်္ခန်းစာယူဟန်မတူပါ။ တိုင်းပြည်ထူထောင်မှု မူလပင်မ စားဝတ်နေရေးပြေလည်ဖို့ အရင်းမခံဘဲ မြို့သစ် နန်းသစ်တည်လိုစိတ်၊ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်အဖြစ် မော်ကွန်းတင်လိုစိတ်တို့က တိုင်းသူပြည်သားတို့အတွက် ကြည့်သည့်စိတ်ထက် လွှမ်းမိုးခံခဲ့ရပုံ ရှိပါသည်။ တနည်း တိုင်းပြည်တွင် သာယာဝပြော၍ တိုင်းပြည်လူထု တည်သည့်ဘုရားက ဘုရင်ကုသိုလ်တွေနှင့် အပြိုင်များသည့် ပုဂံခေတ်လိုမျိုး မဟုတ်ဘဲ အာဏာဘုရား ၊ ယတြာဘုရားများ ပိုများခဲ့ပုံပေါ်ပါသည်။ အောက်ပြည်ရောက်၍ စီးပွားရေးကောင်းလာသည့်မြန်မာများ ကျောင်းဘုရားတို့ကို အညာနှင့်အပြိုင် တည်ကြသည်မှာ ထိုခေတ်က စပါသည်။
ယခု ပို၍ ထူးသည်မှာ ဤမျှ မင်းအာဏာဖြင့်တည်ခဲ့သော ကျောင်းတော်ကြီးပေါ်တွင် သံဃာများအစီအမံနှင့် သင်္ဂါယနာတကြိမ် တင်ခဲ့သည့် အချက်ဖြစ်ပါသည်။ ထိုအချက်မှာ ကုန်းဘောင်ဆက်၊ မှန်နန်းစသည့် ရာဇဝင်အစောင်စောင်တွင် မပါခဲ့သည့် အချက်ဖြစ်ပါသည်။ ရှေးရှေး သင်္ဂါယနာတို့မှာ သံဃာညီညွတ်ရေး၊ ကျမ်းဂန်တည်တံ့ရေးတို့အတွက် သံဃာများကြီးကြပ်မှုနှင့် တည်ရလေ့ရှိသည်ဟု စာတမ်းရှင်ကဆိုပါသည်။ ပေထက် ကျောက်ထက် ပိဋကတ်တို့ကို ရေးကူးပြီးဖြစ်၍ နှုတ်ငုံဆောင်သော မင်းတုန်းမင်း၏ ပဉ္စမသင်္ဂါယနာမှာ မလိုဘဲ ဘုရင့်ဆန္ဒသဘောနှင့် နိုင်ငံရေးဗန်းပြတင်သော သင်္ဂါယနာဟု ဆိုသည်။ အသိအမှတ်မပြုသည့် သံဃာများလည်းရှိပါသည်။ အတုမရှိတွင် သင်္ဂါယနာထပ်တင်သည့် ကြိုးပမ်းမှုရှိခဲ့ကြောင်း စာတမ်းရှင်က ပုရပိုက်အကိုးအကားနှင့် ဖော်သည်။ ပရက္ကမဆရာတော်ဦးဆောင်၍ သံဃာများ အတုမရှိကျောင်းတော်တွင် သံဃာအပါး ၁၉၂ဝ နှင့် သင်္ဂါယနာတင်လိုကြောင်း ဘုရင်ထံသို့ ၁၈၇၇ ခုနှစ်တွင် စာသွင်းပါသည်။ နောက် သံဃာများအတွက် သင်္ဂါယနာတင်စဉ် ဆွမ်းကပ်ဖို့ ၁၈၇၈ တွင် စာတင်သည်ကို တွေ့သည်ဆိုသည်။ ထိုအကြိမ်ကိုလည်း ပဉ္စမဟုပင် ရေတွက်ပါသည်။ မင်းတုန်းမင်း ပထမတင်သောသင်္ဂါယနာနှင့် ၇ နှစ်ကွာပါသည်။ နောက်တကြိမ်ကို မင်းမိန့်ရမရ မသိဆိုသည်။ ဤကား မင်းကုသိုလ် ကျောင်းပေါ်တွင် သံဃာအားနှင့်ဖီဆန်မှု ဟု ပြောလောက်ပါသည်။
ကျောင်းတော်ကြီးကား ပျက်ယွင်းခဲ့လေပြီ။ မူလ လက်ရာအနုပညာ တို့ကို ဗြိတိသျှမှတ်တမ်းတင်တို့ကောင်းမှုနှင့် အင်တာနက် ဝက်ဆိုက်တို့တွင် ကြည့်နိုင်ပါသည်။ ဆိုခဲ့ပြီးသော ကျောင်းတော်ကြီး အကြောင်းတွင် အဖိုးများစွာစိုက်ထုတ်ပြီး တိုင်းပြည်ငွေနှင့် ခက်ခက်ခဲခဲတည်ခဲ့သော်ငြား ထိန်းသိမ်းစောင့်ရှောက်မည့်အာဏာပိုင် မရှိလျှင် အဖျက်အဆီး လောင်မီးတို့နှင့် ကြုံရတတ်ပါသည်။ မန္တလေးမြို့တွင် ဘုရင်မရှိသည့်နောက် ပျက်စီးသော ကျောင်းဘုရားဇရပ်တန်ဆောင်း ကုသိုလ်များ များပါသည်။ နောက်ဆုံး ဘုရင်နန်းတော်ပင် ပျက်ရပါသေးသည်။ ဆိုလိုသည်မှာ ဘုန်းကြီးသခိုက် ဘုန်းတန်ခိုးပြလိုသူတို့သည် သူတို့ပြုသမျှလုပ်ရပ်အစုံကို တိုင်းပြည်အကျိုးထက် ပကာသနနှင့်အာဏာစွမ်းပြဖို့ လုံ့လထုတ်လေလျှင် တိုင်းပြည်လည်းပင်ပန်း၊ လုပ်ရပ်လည်း ရေရှည် မတည်တတ်သည်ကို ၁၅ နှစ်ခံ အတုမရှိကျောင်းတော်ကြီး က ပြနေသည်ပါတကား။
မှတ်ပါရစ်စေ မှာခဲ့ပေအံ့။