Monday, September 21, 2015

(ထောင်မင်းသား) မျိုးမြင့်ချို

0 comments
(ထောင်မင်းသား)
နောက်ဆုံးအကြိမ်ထောင်ကမလွတ်ခင် အိုင်စီအာရ်စီကောင်းမှုနဲ့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို မျက်စေ့ခွဲဖို့ ပြောင်းရတယ်။ အင်းစိန်ရောက်တော့ ထောင်ဆေးရုံမှာ ထားတယ်။ ဒေါက်တာသန်းငြိမ်း၊ ကိုကြည်တင်ဦး၊ ဦးအုန်းမောင်၊ ကိုမင်းသိန်း၊ ဗိုလ်သာဂေါင်၊ ဦးသုဝေတို့အပါအဝင် အခြားနိုင်ကျဉ်းတွေနဲ့အတူနေရတယ်။ စကော်ပီယန်ဆိုတဲ့ ဘိန်းစား အေကိုက်နေတဲ့အကောင်တွေနဲ့လည်း တွေ့ခဲ့ခင်ခဲ့ပါတယ်။
အဲ့ဒီမှာ ထောင်က၊ အစိုးရက၊ စစ်ထောက်က တရေးတယူအလုပ်ခံရတာ ၂ ယောက်ပဲရှိတာ။ တယောက်ကဦးအုန်းမောင်(ဘဏ်အုန်းမောင်ဆို နိုင်ငံရေးထဲကလူတွေ သိကြပါတယ်) နောက်တယောက်က ဒေါက်တာသန်းငြိမ်း။ ခင်ညွန့် ဘုန်းမီးနေလတောက်နေချိန်ဆိုတော့ ဒေါက်တာသန်းငြိမ်းလည်း ထောင်ထဲမှာ ဘုရားပဲ။ ရေချိုးရင်တောင် ဆေးရုံထောင်မှူးနဲ့ လိုင်းသမားတွေချိုးတဲ့ ကန်သန့်သန့်မှာချိုးရတာ။ အံမယ် တခါတလေ ရာဇဝတ်အကျဉ်းသား တယောက်က(ထောင်မှူးလေးခိုင်းလို့ လို့ ပြောတာပဲ)နောက်ကနေ ဆပ်ပြာခွက်တို့ တဘက်တို့ ရေလဲပုဆိုးတို့ ကိုင်လိုက်ပေးရတာ။ ထမင်းလည်း ဆန်ဖြူဆန်ချောပဲစားတာ။ ဇွန်းတွေ ခက်ရင်းတွေတောင်ပါလား မသိပါဘူး။ ဝန်ကြီးတို့ ညွှန်ချုပ်တို့ ထောင်ပိုင်တို့ လှည့်တဲ့အခါ လိုတာရှိရင်ပြောပါဆရာ အားမနာနဲ့နော်လို့ ခါးလေးတွေ ကိုင်းကိုင်းပြီး ပြောကြတာကလား။ ခင်ညွန့်အရှိန်နဲ့ ဖိန့်ဖိန့်တုန်ပြီး ပစားပေးတာမျိုးပဲ။ ကြောက်တာ ခန့်ငြားတာမျိုးတော့လည်း ဟုတ်ဟန်မတူပါဘူး။ ဦးအုန်းမောင်ကိုတော့ နိုင်ငံရေးအရ ကြောက်တာ။ ရပ်တည်ချက်အရ လန့်တာ လေးစားတာမျိုးမှန်းတော့ သိသာတယ်။ အဲ့ဒီဘိုးတော်ကြီးက ထောင်ထဲမှာ ဘယ်လောက် ဘယ်လို အဖိအနှိပ်ခံနေရနေရ ခြင်္သေ့လိုနေတဲ့လူ။ နိုင်ငံရေးသမားရဲ့သတ္တိဆိုတာ သူနဲ့တွေ့မှ ကျနော် သဘောပေါက်သွားတာ။ မကြောက်တာမှ သူ့မှာ သေစရာအသက် မရှိတဲ့အတိုင်းပဲ။
ကျန်တဲ့လူတွေထဲကတော့ ဦးနုရဲ့ဒီမိုကရေစီဗျာဒိပ်ခံဦးသုဝေလိုလူမပြောနဲ့ ကျနော်တို့လည်း အာပလာတွေပဲ။ ဘာရုပ်မှမပေါက်တဲ့ကောင်တွေပဲ။ ရေချိုးရင်လည်း အေအိုင်ဒီအက်စ်တွေ ဝဲထူတွေ သာတီးဒီတွေနဲ့အတူ ချိုးရတာ။ သိတ်တော့ ကိစ္စမရှိပါဘူး။ အဲ့ဒါတွေက ရေကတဆင့်ကူးတာမှ မဟုတ်တာ။ ထမင်းစားတော့လည်း တန်းစီတိုးစား ပုံစံများနဲ့ပေါ့။ ဆေးရုံထမင်းပေါ့ ဆေးရုံဆန်ပေါ့ ဘဲဥအရည်ကျဲပေါ့၊ ပုံစံပဲပေါ့။ ဒါလည်း ဖြစ်ပါတယ်။ ရိုးရိုးအဆောင်နဲ့ တိုက်ထဲကနဲ့စာရင် ဆေးရုံထမင်းဆိုတာ နတ်သုဒ္ဒါမဟုတ်လား။
တနေ့တော့ ထောင်ထဲမှာ သတင်းတခုထွက်လာတယ် အတော် ကျယ်ကျယ်လောင်လောင်ပဲ။ အမှတ်မမှားဘူးဆို ကျနော် အရင်ဆုံးကြားတာ ဒေါက်တာသန်းငြိမ်းဆီကပဲ။ သတင်း အပြင် မပေါက်ခင်ကတည်းကပဲ။ သူ ရေချိုးဆင်းလာရင်း ထောင်မှူးရှေ့တင် ဒဲ့ကြီးပြောသွားတာ။ အဲ့အချိန်မှာ ကျနော်တို့ အခြား ၅(ည)တွေက ထောင်မှူးမပြောနဲ့ ဝါဒါရှေ့မှာတောင် စကားပြောခွင့်မရှိဘူး။ လစ် လစ်သလို ခိုးခိုးပြောကြ လက်ဟန်ခြေဟန်နဲ့ဆွဲကြရတဲ့ အချိန်ကြီးကိုး။ သူပြောတာမှာ သီတဂူဆိုတဲ့ ဇဒေါ်ကြီးလာမယ်တဲ့၊ ဒန်ပေါက်တွေလည်း တယောက်တထုပ်ကျွေးမယ်တဲ့။ တရားလည်းနာရမတဲ့။ ဘယ်ရောက်ကြောင်းမှန်းတော့ သူလည်း ရှင်းရှင်းလင်းလင်းမပြောပါဘူး။ ကိုယ်တွေကလည်း သိတ်ကိစ္စမရှိပါဘူး။ နိဗ္ဗန်ပဲမရောက်ရောက် ရောက်ရောက်ရောက်ပေါ့။ ဒန်ပေါက်စားရမယ်ဆိုတော့ မဆိုးပါဘူးဆိုပြီး ကြိတ်အူမြူးနေတာပေါ့။
အဲ့သတင်းထွက်ပြီး တနေ့သား ညကြီးမင်းကြီး ဆေးရုံဆောင်ကို ဆောင်းဘောက်စ်တွေ စပီကာတွေ ဝါယာကြိုးတွေ ပလာယာတွေနဲ့လူတွေရောက်လာပြီး ကမန်းကတမ်း တူတွေထုကြ ဖြတ်ကြတောက်ကြနဲ့ လုပ်တော့တာပဲ။ ကိုယ်တွေကိုတော့ ခေါင်းချထားဆိုလို ချထားရတာပေါ့လေ။ ဘယ်ထောင်ရဲပါ့မလဲ။ လင်းအားကြီးတော့ အဲ့လူတွေ ပြန်ကြတယ်။ မနက်ကြတော့ ကိုယ်တွေနေတဲ့ အခန်းကျယ်ကြီးထောင့်လေးထောင့်မှာ ဆောင်းဘောက်စ်ကြီး ၄ လုံးနဲ့။ တန်းစီထောင်ဖွင့်ချိန်လည်းကြရော အရှေ့အရပ်နှိုက်ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ဆိုပြီး စကြားရတော့တာပဲ။ အံမယ် တချို့များ အဲ့ဒါကြားလို့ မျက်ရည်မဆယ်နိုင်အောင်ဖြစ်ပြီး နိုင်ငံတော့်ကျေးဇူး ကြီးမားလှပေတယ်တွေ ဘာတွေတောင်ဖြစ်ကြတာပဲ။ ထားပါတော့လေ ဒါနဲ့ သီတဂူဆိုတဲ့ဘုန်းကြီး ရောက်လာတယ်။
ကိုယ်က သီတဂူက အရင်က သဲကုန်းဉာဏိဿရ၊ နောက်တော့ သဲအင်းဂူဘာညာနဲ့ ရာဇောဝါဒသုတ္တံလေး ၈၈ အဦးပိုင်းမှာ ထွက်ခဲ့ဖူးကြောင်းနဲ့ ခုတော့ ခင်ညွန့်ကို ဦးခိုက်နေတယ်ကြားတာပါပဲဗျာလို့ ကဗျာဆရာကိုကြည်တင်ဦးကိုပြောတော့ ဟဲဟဲ တုတ်မကြောက်ဒါးမကြောက် ဒန်ပေါက်မျက်နှာလေးတော့ထောက် ဆရာမျိုးလို့ပြောတယ်။ ဒါနဲ့ကိုယ်လည်း ဟုတ်သားဆိုပြီး အရှိန်တန့်လိုက်တယ်။
နောက်တော့ သိတ်မကြာဘူး ဆရာတော်ကြီးကြွလာပြီ ဆရာတော်ကြီးကြွလာပြီဆိုပြီး အော်တာဗျာ။ ထောင်မှူးလေးစန်းမြင့်ရော၊ အကြပ်ကြီးရော၊ ဝါဒါတွေရော၊ တန်းစီး ဘာယာတွေရော စုံနေတာပဲ။ မိုးနတ်မင်းကြီးကြွလာသလိုမျိုး။ လူတွေက ထပဲရပ်ရတော့မှာလိုလို၊ လက်အုပ်ပဲချီရတော့မှာလိုလို၊ ဖင်ဗူးတောင်းထောင်ပြီးပဲ ဦးချရတော့မှာလိုလို၊ မှန်လှပါဘုရား မှန်လှပါဘုရားနဲ့ ကုန်းကက်ပဲကန်တော့ရတော့မှာ လိုလိုတွေဖြစ်ကုန်တာပေါ့။
(နောက်မှဆက်ရေးမယ်ဗျာ။ ကျနော်လည်း ကိုယ့်ဘာသာပြန်ပြီး ခုမှ အဲ့ဒီအကြောင်းတွေဟာ စိတ်ဝင်စားရကောင်းမှန်းသိတာဆိုတော့)
သြဂတ်စ်၂၆၊ ၂ဝ၁၅

(ဆေးလိပ်တောင်းသူများ)မျိုးမြင့်ချို

0 comments
(ဆေးလိပ်တောင်းသူများ)မျိုးမြင့်ချို
အမေရိကန်မှာ လူတွေ့ရင် ဆေးလိပ် လိုက်လိုက်တောင်းသောက်သူတွေ အရင်ကထက် များများလာတယ်။ ဒါ့ကြောင့် လူကြားထဲ ဆေးလိပ်မသောက်မိအောင် နေနေရတာပဲ။ မြို့ကြီးတွေမှာဆို ကားမှတ်တိုင်နား မယောင်မလည်နဲ့ ဆေးလိပ်စောင့်တောင်းနေသူတွေကိုရှိတာ။ ကိုယ်က ဆေးလိပ်ဗူးလေးထုတ်လိုက်တာနဲ့ တလိပ်လောက်ဆိုပြီး ပေါက်ချလာတာပဲ။ ပေးများပေးလိုက်လို့ကတော့ မပြီးတော့ဘူး။ နောက်မှာ နောက်တယောက် နောက်တယောက်တွေနဲ့
ဆက်ဆက်ကုန်တော့တာ။
တခေါက် မိတ်ဆွေမိသား ၂ စုနဲ့ ချီကားဂိုးသွားတော့ တိရိစ္ဆာန်ရုံဘက်ရောက်တယ်။ ကလေးတွေကို အထဲလိုက်ပို့မယ်ဆိုတော့ လိုက်မသွားချင်တာနဲ့ အပြင်က ပန်းခြံခုံတန်းရှည်လေးမှာ တယောက်တည်းထိုင်ပြီးနေခဲ့တယ်။
ဆေးလိပ်ကလည်း သောက်ချင်နေတယ်။ မီးခြစ် ကားထဲကျန်ခဲ့တာ။ သွားယူရအောင်ကြတော့လည်း ကားပါကင်န်နဲ့က ၄ ဖာလုံလောက်ဝေးတယ်။ ဆေးလိပ်ကရှိရက်နဲ့ မသောက်ရတာ။ မရှိလို့ဆိုတော်သေးတာပေါ့။ ခံတွင်းကလည်း ချဉ်လှပြီ။ ပါးစောင်လည်း တံတွေးစိုလှပြီ။ အိနြေ္ဒမပျက်သာထိုင်နေတာ စိတ်ထဲ ကသိကအောက်နဲ့။ ထိုင်နေတဲ့ ၁၅ မိနစ်လောက်အတွင်းမှာ ကိုယ့်ရှေ့က ဖြတ်သွားဖြတ်လာပေါင်းက အယောက်(အနည်းဆုံး) ၅ ရာလောက်တော့ ရှိမယ်ထင်တာပဲ။ ဆေးလိပ်သောက်သွားတဲ့သူ တယောက်မှမတွေ့ဘူး။ မီးခိုးနံ့လေးတောင် မရဘူး။ ဆေးလိပ်သောက်လာတဲ့လူမြင်တာနဲ့ မီးတတို့လောက်လုပ်မလို့ပဲ။
ခနနေတော့ အသက် ၃ဝ လောက်ရှိမယ်ထင်ရတဲ့ မိန်းမတယောက် ကိုယ့်ထိုင်ခုံ တဘက်စွန်းမှာ လာထိုင်တယ်။ အရပ်က ကိုယ့်ထက်တောင်မြင့်မလားပဲ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း သိတ် သွယ်သွယ်ပါးပါးကြီးမဟုတ်တော့ အရပ်နဲ့ကိုယ်နဲ့က အတော်လိုက်တယ်ပြောရမှာပဲ။ စကပ်က တိုသလားမမေးနဲ့။ ဖင်လှန် မပြရုံတမယ်ပဲ။ အပေါ်ပိုင်းမှာလည်း ဘယာစီယာလေးပဲပါတယ်။ နေလှမ်းလာတာနဲ့တူတယ်။ ဆံပင်တွေက အော်ရီဂျင်နယ်လ်ရွှေရောင်နုနု။ ရေမွှေးနံ့လိုလို မိတ်ကပ်နံ့လိုလို နေလာင်ခံအဆီနံ့လိုလို နောစော်လိုလိုအနံ့တွေနဲ့ လုံးထွေးလို့။ လွတ်လွတ်လပ်လပ်ထိုင်ရပါစေသဘောနဲ့ အိပ်က်စ်ကျုစ်ဘာညာပြောပြီး ကိုယ်နဲ့သူ့ကြားမှာချထားတဲ့ ကိုယ့်ကင်မရာလေး ကိုယ့်ဘက်အသာပြန်ယူတော့ မျက်လုံးခြင်းဆုံမိတယ်။ မျက်လုံးတွေက အပြာကြည်ကြည်စစ်စစ်တွေ။ လှတော့အတော်လှတဲ့မိန်းမလို့ စိတ်ထဲဖြစ်မိတာပဲ။ သူကလည်း အမေရိကန်မတွေထုံးစံအတိုင်း မျက်လုံးချင်းဆိုင်ပြီး ရဲရဲတင်းတင်းပြန်ကြည့် ပြုံးပြတာပေါ့။ ပြီးလည်းပြီးရော မင်း စစ်သားဟောင်းလားလို့မေးတယ်။ ကိုယ်ကလည်း စစ်သားဟောင်းတော့ စစ်သားဟောင်းပဲ ဒါပေမယ့် အမေရိကန်တပ်က မဟုတ်ဘူးဆိုတော့ ဘယ်တပ်ကလဲ ဘယ်နိုင်ငံကလဲတဲ့။ ဒါနဲ့ ကိုယ်လည်း နည်းနည်းပါးပါးပြောပြတော့ သူ အတော်စိတ်ဝင်စားဟန်နဲ့ ကိုယ့်ဘက်တိုးတိုးလာတယ်။ သူ့အနံ့တွေကလည်း ကိုယ့်နှာခေါင်းထဲအလုအယက်ကို တိုးတက်ဝင်တော့တာပဲ။
ခနနေတော့ သူက ဘေးတိုက်အနေအထားနဲ့ ခါးဆန့်ပြီး မတ်မတ်ထိုင်စကားပြောရတာ အားမရလို့လား မသိဘူး။ ခုံတန်းနောက်မှီပေါ် လက်တဘက်ပစ်တင်လိုက်ပြီး အပေါ်တပိုင်းလုံးလှည့်ပြီး ပွားတော့တာပဲ။ ကိုယ်လည်း အလိုက်သင့် ကိုယ်လှည့်ထိုင်တော့ မျက်နှာချင်းဆိုင်လိုဖြစ်သွားတာပေါ့။ ဟုတ်တယ် သူ ကိုယ့်ထက် အရပ်ပိုမြင့်မှန်းသေချာသွားတယ်။ သူက ကိုယ်ပြောတာနားထောင်ရင်း ကိုယ်ကိုရှေ့နည်းနည်းလေး ကိုင်းပြီး နားထောင်တယ်။ ကိုယ်က သူ့မျက်နှာသာကြည့်ပြီးပြောပေမယ့် ကိုယ်ကိုင်းလိုက်လို့ စွင့်ကနဲပေါ်လာတဲ့ သူ့ရင်သားအစုံဆီလည်း မျက်စေ့ကရောက်ရောက်သွားတယ်။ သူကလည်း အဲ့သလိုအကြည့်ခံရတာ အတော်ကြေနပ်ပုံပေါ်တယ်။ ပိုတောင် ကိုင်း ကိုင်းပေးသလား မှတ်ရတယ်။ ပြီးတော့ ကိုယ်ကို တမင်လှုပ်လှုပ်ပြီး နားထောင်တယ်။ လှုပ်လေလေ လှလေလေပဲဆိုပါတော့။ ရီစရာများပြောမိလို့ကတော့ တကိုယ်လုံးသိမ့်သိမ့်ခါသွားအောင်များ လှုပ်မလားမသိဘူးလို့ မဆီမဆိုင်တွေးမိလိုက်သေးတယ်။
စကားပြောကြရင်း ငါက နင်တို့လို့ အာရှသားတွေရဲ့အသားအရည်မျိုး သိတ်ကြိုက်တာ။ နေ သပ်သပ်လှမ်းနေစရာမလိုပဲ ညိုပြီးညက်နေတာ ဆံပင်ကိုလည်း အနက်ရောင်ကြိုက်တယ် မျက်လုံးလည်း ညိုတိုတိုနက်တက်တက်လေးဖြစ်ချင်တာဘာညာနဲ့ ဆက်တိုက် သူချည်း လွှတ်တော့တာ။ ကိုယ်က သူနဲ့ပြောရင်း တချက်တချက် မျက်လုံးက ဖြတ်သွားဖြတ်လာတွေထဲက ဆေးလိပ်သမားကိုရှာရှာနေတာ။ ဒီတော့ သူက နင် တယောက်ယောက်ကို ရှာနေတာလား စောင့်နေတာလားတဲ့။ မဟုတ်ပါဘူး ဆေးလိပ်သမားများ တွေ့မလားကြည့်နေတာဆိုတော့ ဘာလို့လဲတဲ့။ ဆေးလိပ်သောက်ချင်နေလို့ဆိုတော့ ဘာမပြောညာမပြောနဲ့ ဇတ်ကနဲမတ်တပ်ထ ရှေ့ကဖြတ်သွားတဲ့လူတွေနားသွားပြီး ဟိုလူက ဗမာတပ်က စစ်သားဟောင်းပဲ။ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့စစ်ထွက်ပဲ။ ဒီကို ဒုက္ခသည်အနေနဲ့ရောက်လာတာ။ သူအခု ဆေးလိပ်သောက်ချင်လို့ အဲ့ဒါဆေးလိပ်ပါရင် တလိပ်လောက်ပေးခဲ့ပါလားဆိုပြီး ကျနော့်လက်ညှိုးထိုးပြလိုက် ဟိုလူတွေကို ပြုံးပြက်ပြလိုက်နဲ့ လူတွေဆီက ဆေးလိပ်လိုက်တောင်းတော့တာပဲ။ ကိုယ်လည်း စိတ်အတော်ညစ်သွားတယ်။ ရှက်လည်းရှက်တယ်။ အတော့်ကို မနေတတ်မထိုင်တတ်ကြီးလည်းဖြစ်နေတယ်။ ကိုယ်ပြောတဲ့ ဆေးလိပ်သောက်ချင်နေလို့က ဝါကျမှ မဆုံးလိုက်တာ။ ကိုယ်ပြောတာကတမျိုး သူနားလည်သွားတာကတမျိုးဖြစ်သွားတယ်။ တခုခုတော့ပြောပြီး သူ့ကိုတားဦးမှလို့ စိတ်ထဲချက်ခြင်းဖြစ်ပေမယ့် မတားဖြစ်လိုက်ဘူး။ ကြည့်ကောင်းကောင်းနဲ့ပဲ ကြည့်နေလိုက်တယ်။ ဘာများဆက်ဖြစ်မလဲလို့ဆိုပြီး။ ပြီးတော့ သူ့စေတနာကို အပျက်အပြယ်လည်း မခံချင်တာလည်းပါတယ်။ အတွေ့အကြုံသစ်လည်းရချင်နေတယ်။ ဒါနဲ့ ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်တာပါပဲ။
ဆေးလိပ်အတောင်းခံရတဲ့လူတွေက မပါကြောင်း ဆေးလိပ်သမားမဟုတ်ကြောင်း သူ့ကို ယဉ်ယဉ်ကျေးကျေးပြောသလို ကိုယ့်ကိုယ်လည်း လက်လှမ်းပြပြီး ဆောရီးဘာညာနဲ့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြတာပဲ။ ကိုယ်လည်း အလိုက်အထိုက် ဟဲလိုတွေဘာတွေ ရပါတယ်တွေဘာတွေ လုပ်တော့တာပေါ့။ လူတွေစိတ်ထဲ ဒီမိန်းမချောအမေရိကန်မက ဟိုခြေပြတ်လက်ပြတ် အသားညိုညို အာရှသားစစ်ပြန်နဲ့ ဘာအထာလဲ ဘာဇာတ်လမ်းလဲလို့တော့ ထင်ကြမလားမသိဘူးဆိုပြီး ကိုယ့်ဘာသာ သဘောတွေကြကြက်ပြီး ပြုံးတောင်ပြုံးမိသေးတယ်။ အထင်ခံရမနည်းဘူးဆိုတဲ့စိတ်ကြောင့်နေမှာပဲ။
ဆယ့်လေးငါးယောက်လောက် တောင်းလည်းပြီးရော နောက်ဆုံးတယောက်က သူ့မှာပါတယ်လို့ပြောရုံတင်မကဘူး ကျနော့်အနားထိလာပြီး ခါးလေးကိုင်း ဗူးထဲကဆေးလိပ်ကို အဖျားဘက်ကကိုင်ပြီး ဖင်စီခံကျနော့်ဘက်ထားပြီး ပေးလည်းပေး မီးခြစ်လည်းခြစ် မီးပါ ညှိပေးသေးတာ။ ကျနော်က ကျေးဇူးတင်ပါတယ် ငါသောက်ချင်နေတာကြာပြီလို့ပြောတော့ ရပါတယ် ယူအာရ်ဝဲလ်ကမ်းတွေဘာတွေပါ လုပ်သွားသေးတာပဲ။
အဲတော့မှ မယ်မင်းကြီးမက အောင်မြင်သူ့အပြုံးနဲ့ ကူညီလိုက်ရလို့ကြေနပ်သွားတဲ့မျက်နှာနဲ့ ကဲ အဆင်ပြေပြီမဟုတ်လား၊ ငါလည်း ညောင်းလို့ ခနဝင်ထိုင်တာ သွားတော့မယ်ဆိုပြီး လစ်တော့တာပဲ။
ကျနော်လည်း ဆေးလိပ်လေးဖွာရင်း မစ်ရှီဂန်ကန်ကြီးတွေဘက်စိတ်မှန်းနဲ့ ငေးကျန်ခဲ့တာပါပဲ။
သြဂတ်စ် ၂၆၊ ၂ဝ၁၅


(ဧကနဲ့ဗဟုအိမ်ထောင်ရေး) မျိုးမြင့်ချို

0 comments
(ဧကနဲ့ဗဟုအိမ်ထောင်ရေး) မျိုးမြင့်ချို
အမေရိကန်မှာ လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့်ရရေး ကြိုးပမ်းနေကြချိန်က ထောက်ခံသူဆန့်ကျင်သူတွေကြား စကားလုံးစစ်ပွဲတွေမှ ကြောက်ခမန်းလိလိကို ဖြစ်ခဲ့တာကလား။ ကိုယ်ဝန်ဖျက်ချရေး မချရေးတုန်းကလည်း အလားတူပါပဲ။ ခုလည်း လာပြန်ပါပြီ လင်အများမယားအများတဲ့။ တောင်းဆိုသံတွေလည်း ဟိုနားဒီနား ခတ်သဲ့သဲ့ကြားလာနေရတယ်။ တလင်တမယားကို ဧကအိမ်ထောင်လို့ ပါဠိသံလေးစွက်ပြောရင် ဒါကိုတော့ ဗဟုအိမ်ထောင်လို့ပြောမလား မသိပါဘူး။ ဘာသာပြန်ကျင်လည်သူတွေ စကားလုံးသစ်တည်ထွင်ကြဖို့သာပါပဲ။ အမေရိကန်မှာက ဥပဒေကြောင်းအရ တလင်တမယားစနစ်ပဲ ပြဌာန်းထားတာပါ။ ဥပဒေကြောင်းအရတော့ မယားတယောက် လင်တယောက်ကိုသာ တရားဝင်လက်ထပ်ယူလို့ရပါတယ်။ ၂ ယောက်ကို လက်ထပ်လို့မရပါဘူး။ တရားဝင်အိမ်ထောင်ရှိရက်နဲ့ ဘွိုင်းဖရင်န်းဒ် ဂရဲလ်ဖရင်န်းဒ် ထားတာတွေကတော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲသဘောထားပြီး ရပ်ထဲရွာထဲ သိတ် ရေးကြီးခွင်ကျယ် လုပ်မနေကြတာမျိုးပါပဲ။
ဒါကို အိမ်ထောင်ရေးကျင့်ဝတ်အရ၊ မိသားစုဘဝတည်ဆောက်ရေးအရ၊ ဘာသာရေးအဆုံးအမ အရ၊ လူမှုပဋိညာဉ်သဘောအရ စတဲ့ထောင့်ပေါင်းစုံကနေကြည့်ပြီး မဖြစ်သင့်ဘူးဆိုသူတွေရှိသလို ဘယ်သူမှ ဘယ်သူ့ကာမကိုမှ ပိုင်ခွင့်မရှိဘူး၊ အိမ်ထောင်ပြုတယ်ဆိုတာ သူ့ကာမ ကိုယ့်ကာမ လဲလှယ်ကြတဲ့သဘောထက် မပိုသင့်ဘူး၊ ကာမပိုင်တယ်ဆိုတဲ့သဘောက လူကိုပါ ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို သဘောထားချင်တဲ့စိတ်အခြေခံကလာတာ ဘာညာတွေနဲ့ ခုခံကာကွယ်သူတွေလည်း ရှိနေဆဲပါပဲ။ ဒါပေမယ့် သိတ်ကြီးတဲ့ပြဿနာကြီးလို့တော့ ဇွတ်တင်ငြင်းခုန်နေကြတာတော့လည်း မဟုတ်တော့ပါဘူး။
ဟိုးတလောလေးက ဝေါ်ရှင်တန်ဒီစီအပါအဝင် မြို့ကြီးတချို့မှာ ဗဟုအိမ်ထောင်သမားတွေ ဆန္ဒပြကြပါတယ်။ မိန်းမတွေရော ယောက်ျားတွေပါ ပါတယ်။ တချို့အမျိုးသမီးတွေများ အပေါ်ပိုင်း ဗလာတောင် ကျင်းထားလိုက်သေး။ ခုထိတော့ ဒီကိစ္စဟာ နိုင်ငံရေးထဲတော့ ရောက်မလာသေးပါဘူး။ နိုင်ငံရေးထဲရောက်မလာသေးဘူးဆိုတာက ကွန်ဂရက်စ်ထဲအထိ ကျမလာသေးဘူး ဥပဒေပြုအမတ်တွေကြား ခွန်းကြီးခွန်းငယ် မများရသေးဘူးလို့ပြောတာပါ။ ဒါပေမယ့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့အပိုင်စားနယ်မြေတွေမှာ ပြောဆိုနေကြတာတချို့ ရှိတယ်တဲ့။ လူသိများစကားလုံးနဲ့ လော်ဘီနေကြတယ်ပေါ့ဗျာ။ လော်လီချင်လို့ လော်ဘီနေကြတာများလားလို့တောင် တွေးချင့်စရာပါ။
သမိုင်းနဲ့ချီပြောရရင် အမေရိကန်ဆိုတာကလည်း ဘယ်ဖိနှိပ်ချိုးနှိမ်မှုမှ မခံနိုင်လို့ မခံချင်လို့ ထွက်ချလာကြသူတွေစုဆက်ပြီး တိုင်းပြည်ထောင် ကိုယ့်မင်းကိုယ့်ချင်းလုပ်နေသူတွေ မဟုတ်လား။ တခုခု ဥပဒေပြုမယ်ဆိုတိုင်း ကမ္ဘာနဲ့ချီ အုတ်အော်သောင်းတင်းတွေ ဟိုးလေးတကြော်တွေ အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်တဲ့နိုင်ငံကိုး။ ဘယ်သူတွေ ဘာပြောနေပြောနေ နောက်ဆုံးတော့ သူ့လူ သူ့စကား သူ့တရားနဲ့ သူ့လမ်းသူသွားတာပါပဲ။
ခုပဲကြည့် လိင်တူလက်ထပ်ခွင့်ပြဌာန်းပြီးတော့ ဘုရားကျောင်းတွေက “လိင်တူတွေလာလက်ထပ်ရင် ထိမ်းမြားမပေးဘူးတဲ့၊ ဘုရားသခင်အလိုအရ လက်ထပ်ထိမ်းမြားတယ်ဆိုတာ မိန်းမနဲ့ယောက်ျားကြားကကိစ္စတဲ့” လိင်တူဆရာတွေကလည်း “မပေးရင်နေ၊ နင်တို့ပေးမှ ငါတို့ညားရမှာမဟုတ်၊ တရားရုံးသွားလက်မယ် သောက်ရေးမပါတာ လာမပြောနဲ့”ဆိုပြီး ပြန်ပက်တယ်။ တရားဥပဒေနဲ့(နိုင်ငံတော်) ဘုရားနဲ့(ကျောင်းတော်)တန်းညှိထားတဲ့ပြည်ဆိုတော့ ဘုရားလူကြီးတွေခမျာလည်း ဗျစ်ဗျစ်တောက်ဗျစ်တောက်လုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ရှာကြဘူး။
ဒီမနက် စက်တင်ဘာ ၂၁၊ ၂ဝ၁၅ တိုင်မ်းမဂ္ဂဇင်းမျက်နှာဖုံးလေးတွေ့ပြီး ပြောမိတာပါ။ မျက်နှာဖုံးဆောင်းပါးက Is Monogamy over? တဲ့။ ဗမာလိုတော့ ဧကအိမ်ထောင်ရေး နိဌိတံပြီလော ဆို သင့်မယ်မှတ်တာပါပဲ။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅


(စာခြောက်ထောင်းစားသူများ ၂) မျိုးမြင့်ချို

0 comments
(စာခြောက်ထောင်းစားသူများ ၂)
တခါတခါ ဒုတိယတန်းခေါင်းဆောင်က နိုင်ငံရေးဆိုတာဘယ်သို့ဘယ်ချမ်းသာ၊ ဘယ်ဖီလော်ဆော်ဖာက ဘာပြောတာ၊ လူဆိုတာ ဘာ ဆိုတာမျိုးတွေအစချီပြီး အင်္ဂလိပ်လိုတွေညှပ်ကာညှပ်ကာ အလုံးကြီးတွေပစ်လျှင် ဦးဇင်းက ထောက်ထောက်ခံခံလေး ဝင်ဝက်ပြောတတ်ပြီး၊ ကျနော်က ဘာသိဘာသာနေကာ သခင်လူငယ်က နှာတင်းနေတတ်၏။ ဘာမှ ပြန်မပြောသော်လည်း သိတ်ကြည်ပုံမရ။ ကွယ်ရာတွင် ခေါင်းဆောင်ကြီးဟု အငေါ်တူး၏။ သူနှင့်စကားပြောရင်း ဟိုလူ့ကိုညွှန်းရမည့်အခါ ကျနော်လည်း ခေါင်းဆောင်ကြီးဟုလိုက်ပြောရင်း နောက်တော့ ခေါင်းဆောင်ကြီးဟုပဲ ကွယ်ရာတွင် အခေါ်ရအသားကျသွား၏။ သခင်လူငယ်ကား ခေါင်းဆောင်ကြီးအပေါ် အမြင်မကြည်တာမှန်သော်လည်း အခန်းတွင်းနေထိုင်မှု ခန္တီစကောင်းကောင်းနှင့် ထေရ်ကြီးသူဝတ်မပျက်။ ကျနော်ကတော့ မေတ္တာခတ်ပျက်ပျက်။

တကြိမ်တွင် နှစ်ယောက်သား အပေါက်ဝထိုင်ရင်း “ဦးဇင်းက ခေါင်းဆောင်ကြီးကို ဖော်လိုသာလိုက်နေတာဗျ၊ တကယ်က ဘာမှသိတာ မဟုတ်ဘူး။ ဖောရှော၊ ပေါ်လစ်တစ်ကိုတောင်မှ အက်စ်သံပါအောင် မထွက်နိုင်ပဲ ပေါ်လစ်တစ်ပေါ်လစ်တစ်နဲ့လုပ်နေတာကြည့်ပါလား”ဟု မဲ့ကာရွဲ့ကာပြောဖူး၏။ “ခေါင်းဆောင်ကြီးလည်း သိတ်သိတာမဟုတ်ပါဘူး။ ကြားဖူးနားဝတွေ လျှောက်ပြောနေတဲ့သဘောပါ၊ နိုင်ငံရေးစာတအုပ် ဆုံးအောင် ဖတ်ဖူးပုံမရဘူး”ဟု ကျနော်ကလည်း အတိုင်အဖေါက်ညီညီ ကိုယ်ရည်သွေး၏။ ဤသို့ဖြင့် ထို ၂ ယောက် ဘုရားဝတ်ပြုချိန်သည် ကျနော်တို့ အတင်းပြောရန်အခွင့်သင့်ချိန်ပင်။ ၄၅ မိနစ် ရေချိုး၊ အဝတ်လျှော်၊ ပန်းကန်ဆေး၊ မိလ္လာချချိန်လေးတွင်ပင် မရ ရအောင် အတင်းပြောသည့်အခါလည်းပြောကြ၏။
သူတို့နှစ်ဦးက ကျနော်တို့လို အတင်းမပြောကြ။ ကွန်မြူနစ်ဝါဒက ဘယ်ပုံအာဏာရှင်ဆန်သည်၊ ဘယ်ပုံဆိုးသည်၊ ဒီမိုကရေစီနှင့်ကွန်မြူနစ်က ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်၊ ဗကပတွေ သမိုင်းမှာ ဘယ်သို့လူလည်ကျသည်၊ ပဲခိုးရိုးမမှာ ဖြုတ်ထုတ်သတ်သည်၊ ရုပ်ဝါဒဆိုသည်မှာ ဘာသာတရားတိုင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်၊ ဓမ္မန္တရာယ်ဖြစ်သည်၊ ဗမာပြည်လို ထေရဝါဒထွန်းကားသည့်တိုင်းပြည်တွင် ကွန်မြူနစ်တွေ ကမ္ဘာဆုံးတောင် အာဏာမရနိုင်စတာမျိုးတွေအပြင် ဗုဒ္ဓဝါဒသည် ဓမ္မဖြစ်ကြောင်း၊ သမ္မာဒိဌိဖြစ်ကြောင်း၊ သိပ္ပံနည်းကျကြောင်း၊ ဘယ် သိပ္ပံပညာရှင်ကပင် ဘယ်လိုပြောကြောင်း၊ ဖန်ဆင်းရှင်ဆိုသည်မှာ ယုံမှတ်မှားမှုဖြစ်ကြောင်း၊ မိစ္ဆာဒိဌိဖြစ်ကြောင်းစတာတွေကို အခန်းထဲတွင် ကျယ်ကျယ်လွင့်လွင့် ဝံ့ဝံ့ရဲရဲ ပြောဆိုဆွေးနွေးတတ်၏။
နားမထောင်လည်း ကြားနေရသည့်အတူတူ ကျနော်က အရည်ထူထူနေနိုင်ဖို့ကြိုးစားသော်လည်း သခင်လူငယ်က “ကမ္ဘာပေါ်မှာ ဘုရားဟာ တစ်ဆူတည်းဗျ၊ လူတွေကွဲလို ဘုရားတွေလိုက်ကွဲနေကြတာ၊ ဘုရားတိုင်းက လူတွေကို ကောင်းတာလုပ်ဖို့ မကောင်းတာမလုပ်ဖို့ပဲဟောတာ၊ အဲ့ဒါ လူတွေကလိုက်ပြီး သူ့ဘုရား ငါ့ဘုရားပြိုင်နေကြတာ၊ အဲ့လိုတွေ လျှောက်ပြိုင်ရင်း ထချကုန်ကြတာဗျ၊ ဘာသာရေးစစ်ပွဲတွေ အဲ့ဒါကြောင့် ဖြစ်နေကြတာ”ဆိုကာ အချက်အလက်မရှိဘာမရှိ လေသံမာမာ မျက်နှာထန်ထန်နှင့် ဝါးလုံးရှည်သိမ်းရိုက်တတ်၏။ ထိုအခါမျိုးဆို ထို ၂ ယောက်လုံး ထိုနေ့အတွက် ဆွေးနွေးပွဲပျက်တတ်၏။ ဘာမှပြန်မပြောတာကြတာက လန့်တာလည်းပါနိုင်သလို ကျေးဇူး စူးနေသည်မို့ မလှန်နိုင်တာလည်း ပါနိုင်၏။
တပတ်တကြိမ် အသားစားရက်ရောက်လျှင် အမဲမစား ဝက်မစားများအား ဘဲဥပြုတ်တလုံးနှင့် မန်ကျည်းမှည့်ချဉ်ရေ ဆယ်ဇွန်းစာမျှရ၏။ အသားစားဆိုသည်မှာ အမဲသားဝက်သားကိုဆိုခြင်းဖြစ်၏။ ထိုအသားကို ပုံစံအသားဟုခေါ်၏။ ပုံစံအမဲသားဆိုသည်မှာ အသားအတုံးလိုက်ထက် အသားစလေးများနှင့်အတူ အကြောအရွတ်များအား နှီးကြိုးဖြင့်တွဲချည်ထားသည့် အကြောထုံးပြုတ်သက်သက်၊။ ဘယ်လိုမှ ညက်အောင်ကိုက်ဝါးမရ ကိုက်ရင်းဝါးရင်း တပိုင်းတစနှင့် ထွေးထုတ်ရင်ထုတ် မထုတ်ရင် အတင်းမြိုမြက်ချလိုက်ရသည်သာများ၏။ ဝက်သားကြည့်ပြန်တော့လည်း လေးဂွသရေလုပ်လျှင်ရလောက်သည့် မနူးအောင်ပြုတ်ထားသည့် အမွှေးကြမ်းတချို့ထိုးထိုးထောင်ထောင်နှင့် အခေါက်ထုံထုံကြီးနှင့် အဆီလေး ပြက်ကာသီကာကပ်နေသည့် ဆနွင်းရောင်အတုံး။ ပြီးတော့ အရည်ကြည်အသားပြုတ်ရည် နည်းနည်း။
ထောင်တွင် အသားစား စာရင်း တရက်ကြိုကောက်၏။ ကောက်ကတည်းက ဒီတပတ်တော့ ၄ ယောက်လုံးအမဲသား သို့မဟုတ် ၄ ယောက်လုံးဝက်သားဆိုကာ စာရင်းပေး၏။ ထိုသို့ပေးရခြင်းမှာလည်း သခင်လူငယ်၏ အစီအမံနှင့်ဇယားဖြစ်၏။ ၂ တုံးကို ဆေးလိပ်နှင့် လဲသည့်အခါလဲပြီး အချိုမှုန့်နှင့်လဲသည့်အခါလဲ၏။ ကျန် ၂ တုံးကို စည်ပတ်သံပြားပြတ်လေးဖြင့် သေးသေးလေးတွေဖြစ်အောင် ကြိတ်ကြက်လှီးကာ ပုံစံငါးပိ၊ ပဲဟင်းရေပေါ်ဆီ၊ ဟင်းချိုမှုန့်နှင့် ညစောင့်ဝါဒါ အဆောင်တောင်ယာမှလစ်လာသည့် ကိုက်လန်၊ ဂေါ်ဖီရွက်၊ ဆလတ်ရွက်၊ မုန်လာဥ၊ ဟင်းနုနယ်ရိုး တခုမဟုတ်တခု အစိမ်းအတိုင်းထည့်ကာ နယ်နယ်ဖတ်ဖတ်နှင့် အသုတ်တပွဲဖြစ်အောင် သခင်လူငယ်က စီမံ၏။ ကျနော်တို့က လက်တိုလက်တောင်းသမားများ။ ကံကောင်းသည့်အခါ ငရုပ်သီးမှုန့်လေးနှင့် ပူတူတူစပ်တတ်တတ်။ ထိုဟင်းလျာကို အနည်းဆုံး ၂ နပ်စာဖြစ်အောင် နေ့ဖို့ညစာချန်စား၏။ ထိုနေ့မျိုးကား အသားသုတ်နှင့်စွပ်ပြုတ်နှင့် ဇရက်မင်းစည်းဇိမ်ယူကာ ဗိုက် ခွေးနမ်းလောက်၏။ ညကြတော့လည်း ဆေးလိပ်က ခါတိုင်းထက် အဖွာပိုရ၏။ မီးခိုးငွေ့ အပိုအလျှံရှိသောနေ့များပင်။
ထောင်ပိတ်သံချောင်း ဒေါင်ကနဲမည်သံနှင့်တူ အခန်းအသီးသီးမှ မီးတတို့လောက်ဆရာရေဆိုသည့်အသံတွေ စီကနဲထွက်လာတတ်၏။ ကျနော်တို့အခန်းမှ မီး ဒိုင်ခံတောင်းသူမှာ သခင်လူငယ်။ မီးတို့ပြီးသည်နှင့် တယောက် ၃ ဖွာနှုန်းနဲ့ လှည့်မယ်၊ ဦးဇင်းအရင်ဖွာဘုရားဟုဆိုကာ သနပ်ပင်မကျင်လှနွားဆေးလိပ် သို့မဟုတ် ကျားမသန်းဌေးဆေးပေါ့လိပ်အား ဦးဇင်းထံကမ်းပေးလိုက်၏။
ထောင်တွင်း ဆေးလိပ် လှည့်သောက်ခြင်း၌လည်း လူ့စရိုက်သဘာဝကို အကြမ်းသဘောအကဲခတ်၍ရနိုင်၏။
(ဆက်ပါဦးမယ်) စက်တင်ဘာ ၂၁၊ ၂ဝ၁၅


(စာခြောက်ထောင်းစားသူများ ၁) မျိုးမြင့်ချို

0 comments
(စာခြောက်ထောင်းစားသူများ ၁)
၁၂ ပေ ၈ ပေ ကျယ်သည့်အခန်းလွတ်ထဲသို့ ဘုန်းကြီးတပါးနှင့် လူသုံးယောက်ကိုထည့်ထားပြီး တနေ့လျှင် ၂၃ နာရီနှင့် ၁၅ မိနစ် ပိတ်လှောင် ထား၏။ ဤနေရာတွင် ဘုန်းကြီးကိုလည်း လူဟူ၍မှတ်ပါက လူ လေးယောက်ဟုပြောမှရပါလိမ့်မည်။

ဤအခန်းသို့ ဘယ်သူအရင်ရောက်နှင့် တိုင်းပြီး ဝါကြီးကြကြေးဆို အသက်အငယ်ဆုံး အကောင်အငယ်ဆုံး ဒလဘက်ကမ်းမှ သခင်လူငယ်သည် ထေရ်ကြီးဖြစ်၏။ သူက ၈၈ အတွင်း ဖွဲ့စည်းလှုပ်ရှားခဲ့သော တို့ဗမာသခင်လူငယ်များအစည်းအရုံးဝင် လူငယ်ပေတည်း။ ယခု ရောက်လာသည်က သံလျှင်ရေနံချက်စက်ရုံဗုံးခွဲမှုမသင်္ကာ စွဲချက်နှင့်။ “အလကားပါဗျာ၊ ကျနော်နဲ့ ဘာမှမဆိုင်ပါဘူး၊ သိလည်း မသိပါဘူး၊ ၈၈ ပြီးကတည်းက ဘာနိုင်ငံရေးနဲ့မပတ်သက်တော့ပဲ ကိုယ့်ဘာသာကို ဓနိရည်လေးရောင်းစားနေတာ၊ ဗုံးခွဲဖို့မပြောနဲ့ ကိုယ့်ဟာကိုယ်တောင် ဘောခွဲထားရလို့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တာ ဒီမှာကြည့်ပါလား”ဟု နီရဲယောင်ကိုင်းနေသည့် သူ့ဘောကြီးအားလှန်လှန်ပြရင်း မကြေမချမ်းဖြစ်နေသူ။
ကျနော်ကား အသက်အကြီးဆုံးနှင့် ဝါအနုဆုံးရှင်သာမဏေမျှ။ ဒုက္ခိတစစ်သားလူထွက် ငြိမ်းချမ်းရေးလိုချင်လို့ဆိုပြီး ကွန်မြူနစ်တွေနှင့်တိတ်တိတ်ဆက်သွယ်ကာ ၈၈ တွင် ဝင်ပါပြီး အင်န်အယ်လ်ဒီ၏ အာဏာဖီဆန်ရေးကိစ္စဖြင့်ရောက်လာသူ။ ပြောရလျှင် နိုင်ငံရေးတောက်တိုမယ်ရနှင့် ဗကပကိုင်းဖျားကိုင်းနား။
အလယ် ၂ ယောက်ဖြစ်သော ဘုန်းကြီးနှင့်လူတွင် ဘုန်းကြီးကား သူ့အမှုသူပြန်ပတ်သူဖြစ်၏။ ၈၈ အပြီး တောအပျော်တမ်းခိုကာ ရွာပြန် သင်္ကန်းစည်းဆွမ်းခံစားရင်း အေးအေးမနေပဲ ပြောက်ကြားယူနီဖေါင်းနှင့် သေနတ်နှင့်
ရိုက်ခဲ့သည့်ဓါတ်ပုံလေး တပြပြလုပ်မိသဖြင့် ချွန်တွန်းအလုပ်ခံရပြီးရောက်လာသူ။
နောက်ဆုံးတယောက်က ထိုအချိန်က ဗမာပြည်တွင် ဒုတိယအင်အားအကြီးဆုံးပါတီ၏ ဒုတိယတန်းခေါင်းဆောင်ဆို၏။ သူကား မယ်မယ်ရရ ပြစရာသိတ်မရှိလှ။ သူ့စကားအတိုင်းဆိုလျှင် စောက်မြင်ကပ်ပုဒ်မ။ သို့သော် ဤလေးယောက်တွင် သူကား နိုင်ငံရေးစကားအပြောဆုံး ရဲရဲအတောက်ဆုံး အစိုးရကိုအဆန့်ကျင်ဆုံး အတိုက်ဆုံး။
အသစ်တယောက် ရောက်လာတိုင်း နံမည်ဘယ်သူ ဘယ်အဖွဲ့အစည်းကဟု မိတ်ဆက်ပြီးပြီးချင်း ဘေးဘယ်ညာအခန်း ၂ ဘက်သို့ သခင်လူငယ်က သတင်းပို့၏။ ပြီးတော့ ဘယ်အခန်းမှာ ဘယ်သူတွေရှိတယ်ဟုဆိုကာ ထိုသူများမှာ သူနှင့်ငယ်ပေါင်းကြီးဖော်များပမာ လူမပါပဲ တဆင့်ခံမိတ်ဆက်ပေး၏။ ကျေးဇူးလည်းတင်ရ စောက်မြင်လည်းကပ်ရ၏။
သို့သော်သူကား စီနီယာပီပီ အငယ်တွေကိုတာဝန်ယူ၏။ ကျန်သူတွေအပေါ် ကျေးဇူးကြီး၏။ မိလ္လာဘုတ်ကိုင်၊ အမြဲဆင်း၊ ဘောက်ဆင်းတွေကိုသာမက ဝါဒါတချို့ကိုပင် ဘာထောင်ဝင်စာမှမရှိပဲ တော်ကီသက်သက်ဖြင့် ချုပ်ထားနိုင်၏။ တခါတလေ ထောင်မှူးအလစ် အကြပ်တွေအလစ်ဆို အမြဲဆင်းနှင့်ဘောက်ဆင်းလေးတွေ သူ့တော်ကီနာလိုသဖြင့် အခန်းပြင်လှေကားထစ်တွင် အကျထိုင်ကာ ရသစုံပေါ်သည့်မျက်နှာတွေနှင့် လက်ရှိဘဝမှ တခနလွတ်မြောက်နေကြ၏။ ညဘက်ဆို ညစောင့်ဝါဒါတချို့ ထန်းညက်ခဲလေး မြေပဲဆန်လေး ဆေးပေါ့လိပ်လေး အဆောင်တောင်ယာက အသီးအရွက်လေးတွေ မ လာကာ ရော့ရော့ ဒိုင်ထားလိုက်။ မနက်တလာရှိလို့ မိရင်တော့ ကိုယ့်ဘဝနဲ့ကိုယ်ပဲဆိုကာ စွန့်ကြဲပြီး သူပြောသမျှတွေ တဟီးဟီးတဟားဟားနှင့် ပွဲကျမဆုံးတတ်။
သူကား ဟာသဓါတ်ခံရှိသလို စကားအပြောလည်းကျင်လည်၏။ နှိုက်နှိုက်ချွတ်ချွတ်ညစ်တီးညစ်ပတ်တွေကို ကြည်ကြည်စင်စင် ရယ်ရွှင်စရာဖြစ်အောင်ပြောတတ်၏။ လူတိုင်းသိပြီးသား နံမည်ကြီးတချို့၏အဖြစ်အပျက်တွေကို သူ့ကိုယ်တွေ့လုပ်ကာ ပြောပြတတ်၏။ ပြောရလျှင် သူ့ကြောင့် ဆေးလိပ်လေးတညို၊ ပဲလှော်လေးလတဆုပ်၊ ငါးပိကျော်လေးတတို့၊ ပဲဟင်းရေပေါ်ဆီလေးတဇွန်း၊ ပုံစံငါးပိထဲက ငရုပ်သီးလေးတဖတ်စနှစ်ဖတ်စ စသည်တို့ရတတ်သည့်အပြင် ဘုန်းကြီး မနက်အာရုံဆွမ်းအတွက် ပဲထမင်းလေးလည်း မနက်တိုင်း ခိုးကြောင်ခိုးဝှက်ပုံမှန်ရနေ၏။
“ကျုပ်က ခင်ဗျားတို့လိုပညာတတ်တော့ မဟုတ်ဘူး ကျောင်းလေး ၉ တန်းလားပဲနေဖူးတာ” ဟုဆိုသော်လည်း တနေ့ သောက်ပြီးသားဆေးလိပ်ဖင်စီခံမှ ဂဲသြမေထရီဆိုသည့် စာလုံးတွေ့တော့ ဘုန်းကြီးဘက်လှည့်ပြီး အဲ့ဒါဘာလဲဦးဇင်းဟုမေး၏။ ဘုန်းကြီးက ဂျီအိုမက်တရီဆိုတာ အဲ့ဒါလေ၊ အက္ခရာသင်္ချာလို့ ခေါ်သလားပဲဟုပြန်ဖြေတော့ “တပည့်တော်ကမသိပါဘူး ပါဠိစကားများလားလို့၊ ဂျီအိုမက်တရီဆို တပည့်တော်လည်း သိတာပဲဟာ၊ ကျောင်းတုန်းက သင်ခဲ့ရတာပဲ။ လူတွေများ အတော်အဆန်းထွင်တယ်၊ သူတို့လုပ်တာနဲ့ သိပြီးသားတွေတောင် မသိဖြစ်ဖြစ်ကုန်တယ်”ဆိုတော့ ဒုတိယအကြီးဆုံးပါတီက ဒုတိယတန်းခေါင်းဆောင်က တဘက်လှည့်ပြီးပြုံး၏။ ကျနော်က မသိချင်ယောင် ဆောင်နေ၏။ (ဆက်ပါဦးမယ်) စက်တင်ဘာ ၂၁၊ ၂ဝ၁၅