Wednesday, September 23, 2015

၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၃)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၃)
(တာဝန်မရှိသူများ)
မဲပေးခွင့်ဆိုတာ ပဲပေးပိုင်ခွင့်ရှိသူတိုင်း ရကိုရရမယ့် နိုင်ငံသားတိုင်းရဲ့မူလအခွင့်အရေးပဲ။
မဲစာရင်းလိမ်မဲစာရင်းမှားအောင်လုပ်ထားတာက စစ်အုပ်စု။ ဒီနှစ်ခုဟာ ဘယ့်နှယ်လို့မှ ဆက်စပ်တွေးပေးလို့မရနိုင်ဘူး။
မဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားအခွင့်အရေးအရ မဲပေးခွင့်ရအောင် မဲစာရင်းစစ်ဆေးကြစို့တို့ မဲစာရင်းမှန်ကန်ရေးအတွက် ပြည်သူတွေမှာတာဝန်ရှိတယ်တို့ဆိုတာနဲ့က ဘယ်လို အဆက်အစပ်လုပ်လို့ရသလဲ။
မဲစာရင်း တမင်မှားတမင်ညစ်ထားတာကို ဖွင့်ချဖော်ထုတ်အရေးဆိုကန့်ကွက် (သိတ်လိုအပ်လာရင်) ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်တာထိတောင် လုပ်ရမှာဖြစ်ရက်နဲ့ ဘယ့်နှယ် နိုင်ငံသားတိုင်းရဲ့မူလရပိုင်ခွင့်ကိုခုတုံးလုပ်ပြီး မဲစာရင်းသွားစစ်ခိုင်းရပြန်သတုန်း။
ဘယ့်နှယ် ကိုယ့်ဝန်တာ ပြည်သူအပေါ် လာပုံချရပြန်သတုံး။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅

(ဧကနဲ့ဗဟုအိမ်ထောင်ရေး) မျိုးမြင့်ချို
အမေရိကန်မှာ လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့်ရရေး ကြိုးပမ်းနေကြချိန်က ထောက်ခံသူဆန့်ကျင်သူတွေကြား စကားလုံးစစ်ပွဲတွေမှ ကြောက်ခမန်းလိလိကို ဖြစ်ခဲ့တာကလား။ ကိုယ်ဝန်ဖျက်ချရေး မချရေးတုန်းကလည်း အလားတူပါပဲ။ ခုလည်း လာပြန်ပါပြီ လင်အများမယားအများတဲ့။ တောင်းဆိုသံတွေလည်း ဟိုနားဒီနား ခတ်သဲ့သဲ့ကြားလာနေရတယ်။ တလင်တမယားကို ဧကအိမ်ထောင်လို့ ပါဠိသံလေးစွက်ပြောရင် ဒါကိုတော့ ဗဟုအိမ်ထောင်လို့ပြောမလား မသိပါဘူး။ ဘာသာပြန်ကျင်လည်သူတွေ စကားလုံးသစ်တည်ထွင်ကြဖို့သာပါပဲ။ အမေရိကန်မှာက ဥပဒေကြောင်းအရ တလင်တမယားစနစ်ပဲ ပြဌာန်းထားတာပါ။ ဥပဒေကြောင်းအရတော့ မယားတယောက် လင်တယောက်ကိုသာ တရားဝင်လက်ထပ်ယူလို့ရပါတယ်။ ၂ ယောက်ကို လက်ထပ်လို့မရပါဘူး။ တရားဝင်အိမ်ထောင်ရှိရက်နဲ့ ဘွိုင်းဖရင်န်းဒ် ဂရဲလ်ဖရင်န်းဒ် ထားတာတွေကတော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲသဘောထားပြီး ရပ်ထဲရွာထဲ သိတ် ရေးကြီးခွင်ကျယ် လုပ်မနေကြတာမျိုးပါပဲ။
ဒါကို အိမ်ထောင်ရေးကျင့်ဝတ်အရ၊ မိသားစုဘဝတည်ဆောက်ရေးအရ၊ ဘာသာရေးအဆုံးအမ အရ၊ လူမှုပဋိညာဉ်သဘောအရ စတဲ့ထောင့်ပေါင်းစုံကနေကြည့်ပြီး မဖြစ်သင့်ဘူးဆိုသူတွေရှိသလို ဘယ်သူမှ ဘယ်သူ့ကာမကိုမှ ပိုင်ခွင့်မရှိဘူး၊ အိမ်ထောင်ပြုတယ်ဆိုတာ သူ့ကာမ ကိုယ့်ကာမ လဲလှယ်ကြတဲ့သဘောထက် မပိုသင့်ဘူး၊ ကာမပိုင်တယ်ဆိုတဲ့သဘောက လူကိုပါ ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို သဘောထားချင်တဲ့စိတ်အခြေခံကလာတာ ဘာညာတွေနဲ့ ခုခံကာကွယ်သူတွေလည်း ရှိနေဆဲပါပဲ။ ဒါပေမယ့် သိတ်ကြီးတဲ့ပြဿနာကြီးလို့တော့ ဇွတ်တင်ငြင်းခုန်နေကြတာတော့လည်း မဟုတ်တော့ပါဘူး။
ဟိုးတလောလေးက ဝေါ်ရှင်တန်ဒီစီအပါအဝင် မြို့ကြီးတချို့မှာ ဗဟုအိမ်ထောင်သမားတွေ ဆန္ဒပြကြပါတယ်။ မိန်းမတွေရော ယောက်ျားတွေပါ ပါတယ်။ တချို့အမျိုးသမီးတွေများ အပေါ်ပိုင်း ဗလာတောင် ကျင်းထားလိုက်သေး။ ခုထိတော့ ဒီကိစ္စဟာ နိုင်ငံရေးထဲတော့ ရောက်မလာသေးပါဘူး။ နိုင်ငံရေးထဲရောက်မလာသေးဘူးဆိုတာက ကွန်ဂရက်စ်ထဲအထိ ကျမလာသေးဘူး ဥပဒေပြုအမတ်တွေကြား ခွန်းကြီးခွန်းငယ် မများရသေးဘူးလို့ပြောတာပါ။ ဒါပေမယ့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့အပိုင်စားနယ်မြေတွေမှာ ပြောဆိုနေကြတာတချို့ ရှိတယ်တဲ့။ လူသိများစကားလုံးနဲ့ လော်ဘီနေကြတယ်ပေါ့ဗျာ။ လော်လီချင်လို့ လော်ဘီနေကြတာများလားလို့တောင် တွေးချင့်စရာပါ။
သမိုင်းနဲ့ချီပြောရရင် အမေရိကန်ဆိုတာကလည်း ဘယ်ဖိနှိပ်ချိုးနှိမ်မှုမှ မခံနိုင်လို့ မခံချင်လို့ ထွက်ချလာကြသူတွေစုဆက်ပြီး တိုင်းပြည်ထောင် ကိုယ့်မင်းကိုယ့်ချင်းလုပ်နေသူတွေ မဟုတ်လား။ တခုခု ဥပဒေပြုမယ်ဆိုတိုင်း ကမ္ဘာနဲ့ချီ အုတ်အော်သောင်းတင်းတွေ ဟိုးလေးတကြော်တွေ အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်တဲ့နိုင်ငံကိုး။ ဘယ်သူတွေ ဘာပြောနေပြောနေ နောက်ဆုံးတော့ သူ့လူ သူ့စကား သူ့တရားနဲ့ သူ့လမ်းသူသွားတာပါပဲ။
ခုပဲကြည့် လိင်တူလက်ထပ်ခွင့်ပြဌာန်းပြီးတော့ ဘုရားကျောင်းတွေက “လိင်တူတွေလာလက်ထပ်ရင် ထိမ်းမြားမပေးဘူးတဲ့၊ ဘုရားသခင်အလိုအရ လက်ထပ်ထိမ်းမြားတယ်ဆိုတာ မိန်းမနဲ့ယောက်ျားကြားကကိစ္စတဲ့” လိင်တူဆရာတွေကလည်း “မပေးရင်နေ၊ နင်တို့ပေးမှ ငါတို့ညားရမှာမဟုတ်၊ တရားရုံးသွားလက်မယ် သောက်ရေးမပါတာ လာမပြောနဲ့”ဆိုပြီး ပြန်ပက်တယ်။ တရားဥပဒေနဲ့(နိုင်ငံတော်) ဘုရားနဲ့(ကျောင်းတော်)တန်းညှိထားတဲ့ပြည်ဆိုတော့ ဘုရားလူကြီးတွေခမျာလည်း ဗျစ်ဗျစ်တောက်ဗျစ်တောက်လုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ရှာကြဘူး။
ဒီမနက် စက်တင်ဘာ ၂၁၊ ၂ဝ၁၅ တိုင်မ်းမဂ္ဂဇင်းမျက်နှာဖုံးလေးတွေ့ပြီး ပြောမိတာပါ။ မျက်နှာဖုံးဆောင်းပါးက Is Monogamy over? တဲ့။ ဗမာလိုတော့ ဧကအိမ်ထောင်ရေး နိဌိတံပြီလော ဆို သင့်မယ်မှတ်တာပါပဲ။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅

(မလာချင်ပဲရောက်ရသူ)
ဟိုတလောက အမေရိကန်အသားဖြူမိတ်ဆွေတယောက်နဲ့ ဗမာဆိုင်သွားစားကြရင်း ပွားကြရင်းကနေ ခုနှစ်ပိုင်းအတွင်းအဖြစ်များလှတဲ့ အာဖရိကန်အမေရိကန်တွေနဲ့ လူဖြူအမေရိကန်ပုလိပ်တွေကိစ္စဆီရောက်သွားတယ်။ ပြောကြတာတွေကတော့ အများသားပဲ ကျွန်ကုန်ကူးသင်္ဘောကြီးတွေရော ဦးလေးတွမ်ရဲ့တဲကလေးရော အေဗရာလင်ကွန်းရော မယ်လ်ကွန်အိပ်က်စ်ရော မာတင်လူသာကင်းရော ဘရခ်အိုဘားမားရော အစုံပဲ။
ပြန်ခါနီး စကားလက်စသတ်တော့ မိတ်ဆွေက “မင်းတို့ ငါတို့က ဒီကို ကိုယ့်သဘောနဲ့ကိုယ် လာပါရစေဆိုပြီး ရောက်လာခဲ့ကြတာကွ။ သူတို့ခမျာက အနှိပ်စက်အညှဉ်းပမ်းခံရဖို့ အရောင်းစားခံရဖို့ မတရားအလုပ်ခံရဖို့ ကုန်ကုန်ပြောရရင် လူမဆန်ဆုံးရက်စက်မှုတွေ သားစဉ်မြေးဆက်ခါးစည်းခံရဖို့ အဓမ္မခေါ်ယူခံခဲ့ရတာ”လို့ ပြောရင်း မျက်ရည်တွေဝဲလို့ အသံတွေတုန်လို့။
စက်တင်ဘာ ၁၆၊ ၂ဝ၁၅

(အထဲကလူ သတ္တိပို၏)
လူဟာ မိမိကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်စီခရီးနှင်နေကြတာမဟုတ်လား။ အထူးသဖြင့် နိုင်ငံရေးလိုဟာမှာ ပိုထင်ရှားပါတယ်။ အထဲကနေပဲလုပ်လုပ် အပြင်ထွက်ပြီးပဲလုပ်လုပ် ခွထိုင်ပြီးပဲလုပ်လုပ် ဘာမှပဲမလုပ်လုပ် မိမိရွေးချယ်မှုပဲအခြေခံကြတာပါ။
ဘယ်သူကတော့ ဘယ်ကနေလုပ်နေလို့မို့ သတ္တိပိုရှိတယ် မရှိဘူးပြောဖို့ရာအကြောင်းမရှိသလို မလုပ်နိုင်တော့သူတွေကိုလည်း ငြိုငြင်စိတ်ကလေးတောင် မဝင်မိဖို့အရေးကြီးပါတယ်။ ကုန်ကုန်ပြောရရင် ဘာမှမလုပ်ပဲထိုင်နေသူတောင် တိုင်းပြည်ဖျက်နေသူထက်တော့ သာတာပဲမဟုတ်လား။
“ငါကတော့ ကိုယ်ကျိုးတွေစွန့်ပြီးလုပ်လိုက်ရတာ” လူတွေရှေ့သွားပြောကြည့် ဘယ်သူကမှ ခင်ဗျား ကိုယ်ကျိုးစွန့်မှုကို အသိအမှတ်မပြုချင်ကြတော့မှာတွေ့ရလိမ့်မယ်။ ထောင်ထဲ သွားနေခဲ့တာလည်း ကိုယ်ပိုင် သိစိတ်ရှိရှိရွေးချယ်မှုနဲ့လုပ်ခဲ့တဲ့ကိစ္စပဲ။ ဘယ်သူ့အတွက်မှ စွန့်လွှတ်တာမဟုတ်ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာပဲ။ ဒီ့အတွက် ဘာမှ မဏ္ဍပ်တိုင်တက်ပြဖို့မလိုဘူး။ ဖြတ်သန်းမှုကို သူ့အရှိအတိုင်း အခြားသူတွေပြောကြမှာပဲ။
ခုတလော နိုင်ငံရေးနဲ့ ဒါမှမဟုတ် နိုင်ငံရေးနဲ့ တိုက်ရိုက်သွယ်ဝိုက်ဆက်စပ်တဲ့အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းနေကြသူတွေထဲကြား “ဒို့က ပြည်တွင်းထဲကနေ သတ္တိရှိရှိလုပ်နေတာ” ဆိုတဲ့စကားဟာ မဏ္ဍန်လိုလိုကို ဂါထာလိုလို စုပ်ကြရွတ်ကြနဲ့ ခေတ်ထနေပုံရတယ်။
ခုချိန်ထိ ကိုယ့်ထမင်းကိုယ်စားပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးကို ယုံကြည်ချက်အပေါ် မြဲမြဲမြံမြံရပ်ခံပြီး တစိုက်မတ်မတ်လုပ်နေသူတွေ အမြောက်အမြားရှိနေသေးတာတော့ စိတ်ထဲနှစ်ထောင်းအားရဖြစ်လှတယ်။
အဲ့ဒီလူတွေက သူတို့ဟာ သတ္တိရှိရှိစွန့်လွှတ်နေကြတယ်လို့ တခွန်းမှပြောသံမကြားဖူးဘူး။
စက်တင်ဘာ ၁၆၊ ၂ဝ၁၅

(ဆေးသုတ်သမားများ)
ရှစ်တန်းအောင်၊ စစ်ထဲဝင်၊ ဘာအပြစ်ဒဏ်မှမခံဖူး၊ နှစ်အပိုင်းအခြားဝင်ချိန် တပ်ကြပ်ဖြစ်ဆို ဗိုလ်သင်တန်းတက် စစ်ဗိုလ်လုပ်လို့ရတဲ့ခေတ်ရှိဖူးတယ်။ တောင်ငူထောင် ထောင်ပိုင် ဘီလူးရုပ်နဲ့အောင်နိုင် (မင်းဘူး စကုသား) ဟာ အဲ့သလိုနဲ့ ဖြစ်လာတဲ့စစ်ဗိုလ်ပဲ။ စစ်တပ်အသွင်ပြောင်း ထောင်ပိုင်ပဲ။ ဘာပညာမှမတတ် ဘာအရပ်ဘက်အုပ်ချုပ်ရေး အဆင့်အတန်းမှမရှိသူပဲ။
ကွန်မြူနစ်ကို ဘယ့်လောက်မုန်းသလဲဆို ကွယ်လွန်ရှာပြီဖြစ်တဲ့ကိုမျိုးသန့် စာကဗျာရေးတော့ ဘာသာပြန်တော့ ခွန်းခ ကျနော်တို့ခေါ်တော့ ဂျပ်ကြီး(သူက တရားသူကြီးကနေ ဗကပ ယူဂျီနဲ့ထောင်ကျလာသူ)နဲ့ ကိုအာဂျစ်ဟိန်းတို့ ထောင်တွင်းတိုက်ပွဲ(အငယ်စားလေးပဲ ထားပါ)တခုဖြစ်တော့ “ဟေ့ ငါက ကွန်မြူနစ်အသဲ မီးကင်စားလာတဲ့အကောင်ကွ”ဆိုပြီး သည်းသည်းမဲမဲချေမှုန်းခဲ့သူ။ အရည်ရွှပ်ပက်နဲ့ထမင်း ၄၅ ကျပ်သား ချိန်ခွင်နဲ့ချိန်ကျွေးခိုင်းသူ။ တနင်္လာထောင်ပိုင်တန်းစီမှာ ထောင်ပုံစံ(၁ဝ)စာရွက် လက်နဲ့ထောင်မပြလို့ နိုင်ကျဉ်းမှန်သမျှကို တယောက်ချင်း တန်းစီပါးရိုက်ခဲ့သူ။ တောင်ငူမှာ လယ်မြေတွေသိမ်းပြီး မင်းကြီးညိုအမည်နဲ့ ကွက်သစ်ရိုက်ပြီး စစ်ဗိုလ်တွေဝေစားတော့ အိမ်ကြီးရခိုင်ဆောက်ခဲ့သူ။
အဲ့ဒီအချိန် ကျနော်တို့တတွေ ထောင်ထဲ ကျောကော့အောင် သူ့အနှိပ်အစက်ခံနေရပေမယ့် ထောင်ပြင်ထွက် မင်းကြီးညိုကွက်သစ်က ထောင်ပိုင်အိမ် ဆေးသွားသုတ်တာတာပါ အကြောင်းပြချက်နဲ့ ညအိပ်ညနေထွက် ထောင်ဝင်စာအပြင်မှာတွေ့ စာလေးဖတ်လိုက် အအေးလေးသောက်လိုက်နေခဲ့သူ ၂ယောက်ဟာ ဘယ်သူတွေလဲ။ အဲ့အချိန်ထောင်ထဲမှာ နိုင်ကျဉ်းတွေကို အလုပ်ကို နွားလိုခိုင်းနေချိန်မို့ Anti-Labour ခေါင်းတင်ပြီး တိုက်နေရချိန်ကြီး။ တောင်ငူထောင်ခေတ်ပြိုင်တွေသိကြပါတယ်။
စက်တင်ဘာ ၁၄၊ ၂ဝ၁၅


(မချိုးရင် မကျိုးဘူး)
ဖေ့စ်ဘွတ်ခ်ကရော အပြင်ကတည်းကရော သိကျွမ်းဖြတ်သန်းခဲ့သူများခင်ဗျား ကျနော့်စိတ်မအားလူမအား ရက်သတ္တနှစ်ပတ်နီးပါးကတော့ တိမ်ကောသွားပြီမှတ်တာပါပဲ။
ဘာမှမရေးဖြစ်ပေမယ့် အချိန်ရသမျှလေးတွေမတော့ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ဖတ်ဖြစ်နေပါတယ်။ တွေးဖြစ်နေပါတယ်။
မတူတဲ့အတွေးတွေချပြကြရင်း မိတ်ဖြစ်ဆွေဖြစ်ဖြစ်မယ့်သူတွေ ရလာမှာဖြစ်သလို မိတ်ပြတ်ဆွေပြတ်ပြတ်ကြမယ့်သူတွေလည်း ထုံးစံအတိုင်းဖြစ်မှာပါပဲ။
မိတ်ဟောင်းတယောက်ပြတ်တယ်ဆိုတာ မိတ်သစ်တယောက်ရဖို့အကြောင်းရင်းခံ မဟုတ်လားဗျာ။
အစဉ်အလာတို့ ဓလေ့တို့ဆိုတာ ချိုးဖေါက်မယ့်သူမရှိသရွေ့ အသစ်မဖြစ်ထွန်းတဲ့အရာပေပဲ။
အတွေးအခေါ်ဆိုတာ အသေဆုပ်ကိုင်ထားသရွေ့ ရှေ့မရောက်မယ့်အရာပေပဲ။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုတာ အာဏာသဘောမှာ ရှိမှမရှိတဲ့အရာပဲ။
စက်တင်ဘာ ၁၄၊ ၂ဝ၁၅

(ဒါ့ကြောင့်နေမယ်)
ဘုန်းကြီးနံမည်ခံထားပြီး ဖေ့စ်ဘွတ်ခ်သုံးတဲ့လူတယောက်နဲ့ ပွားမိကြရင်း စကားက နွားဆီရောက်သွားတော့ “ဒီမှာ နွားကို နဖားကြိုး မထိုးရဘူးဗျ။ ထိုးရင် တိရိစ္ဆာန်ညှဉ်းဆဲမှုနဲ့ အရေးယူလို့ရတယ်”လို့ပြောပြတော့ သူက “ဒါဆို လယ် ဘယ့်နှယ်လို့ ထွန်ရပါ့မလဲ”တဲ့။ “ဒီမှာ လယ်က နွားနဲ့မထွန်တော့ဘူးဗျ”ဆိုတော့ "ဘာနဲ့ ထွန်လဲ”တဲ့။ “စက်နဲ့”ဆိုတော့ “ဒါဆို လယ်သမားတွေ နွားမမွေးကြတော့ဘူးလား။ အနည်းဆုံး နို့စားနွားမလေး ဘာလေးလောက်တော့”တဲ့။ “လယ်သမားက နွားမမွေးဘူးဗျ။ နွားခြံသမားကြီးတွေပဲ မွေးကြတာ။ မွေးတာတောင်မှ အသားစားနွားနဲ့နို့စားနွား သတ်သတ်ခွဲမွေးကြတာ၊ ပြီးတော့ နွားသားဖေါက်ခြံတွေလည်း သတ်သတ်စီရှိကြတယ်”လို့ပြောတော့ “သြော် ဒါဆို အဲ့မှာက နွားကို သတ်စားဖို့နဲ့ နို့သောက်ဖို့ပဲပေါ့”တဲ့ “ဟုတ်ပါတယ် ဒါပေမယ့် နွားကနေအခြားထွက်ကုန်တွေလည်း ရှိပါတယ်။ သားရေလုပ်ငန်း နို့ထွက်ပစ္စည်းလုပ်ငန်းတွေရောပေါ့ဗျာ”ဆိုတော့ သူက အဆုံးသတ်သဘော ကောက်ချက်ချလေတယ် “အင်း ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်းမသိတဲ့လူမျိုးတွေနေတဲ့ပြည်မို့ သာသနာမထွန်းကားတာနေမယ်”တဲ့။ ကျနော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့တာ။ သြော် မေ့တော့မလို့ သူကလယ်တီဘုန်းတော်ကြီးရဲ့တပည့်ရဲ့ တပည့်အရင်းခေါက်ခေါက်တဲ့ဗျ။
စက်တင်ဘာ ၂၊ ၂ဝ၁၅
               


၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)
(လင်မယားပဲတော်တဲ့ တစိမ်းတွေ)
အိမ်ဖော်ဆိုတာထက် အိမ်စေဘဝလုံးလုံးကျနေရရှာတဲ့မအုန်းသန်း ကိုသန်းအောင်နဲ့ညားတော့ အသက်က ၁၇ နှစ်လောက်ရှိဦးမယ်မှတ်တာပဲ။ ဥတလုံးတကောင်ကြွက် ဆွေမရှိမျိုးမရှိ။
အိမ်စေဆိုပေမယ့် ရွဲကုန်သည်ပြဇာတ်ထဲကလို(တော်ကွာ တော်ကွာ အသာနေစမ်းပါ မိန်းမရာ အိမ်စေဆိုတာ အောက်တန်းကျပေမယ့် မြှောက်စားရတဲ့အခါလည်း မြှောက်စားရမှာပါ)ဆိုတာမျိုး အိမ်ကြီးရှင်တွေ မြှောက်စားချင်စရာ ရုပ်ရည် ကိုယ်ခန္ဓာအချိုးအဆက်နဲ့ အသားလေးဝင်းလို့ ဖြူဖြူသန့်သန့်ရယ်။ ကိုသန်းအောင်တို့လို ပေစုတ်စုတ် မွဲခြောက်ခြောက် အကြမ်းစားမှမဟုတ်တာ။
လင်မယားသာဆိုတာ အသက်ချင်းက ၂ဝ လောက်ကွာမယ်။ အုတ်ကားလိုက် ဂဝံကျောက်တူး အရက်မူးတိုင်း “ခေတ်ပျက်လို့ကတော့ ပိုက်ဆံရှိတဲ့အိမ်တွေ တက်လုမယ်ကွ”လို့ ရမ်းကားခြိမ်းခြောက်လေ့တဲ့ ကိုသန်းအောင်ဟာ မအုန်းသန်းနဲ့ညားပြီးကတည်းက မူးတိုင်း ရန်လုပ်စရာ ရိုက်စရာ ထိုးကြိတ်စရာတခုရသလိုကို ပြုမူတော့တာ။ တဘက်သတ်အနိုင်ကျင့်နှိပ်စက်ခံရတဲ့ မအုန်းသန်းအဖြစ်ကို “လင်မယားရန်ဖြစ်တာ” လို့ပြောလို့ကို မရဘူးမှတ်တယ်။
မအုန်းသန်း ငိုသံမကြားတဲ့ရက် ထီထိုးရင်ပေါက်နိုင်တယ်လို့ မျက်စောင်းထိုးအိမ်က တရုတ်ကလေးတောင် ပြောယူရတဲ့အဖြစ်။ လမ်းထိပ်က အပ်ပုန်းဆရာကတော့ ကိုသန်းအောင်ဟာ Sadist တဲ့။ နို့ နေပါဦး အဲ့ဒီ ဆဒစ်က ဘာတုန်းလို့ ကြက်သမား
ကိုသန်းထွန်းကမေးတော့ “သူများရိုက်ပြီးမှ ရီးတောင်တဲ့ကောင်ကွာ”လို့ပြန်ဖြေတော့ ရေစည်လှည်းတွန်းတဲ့ ဦးချမ်းသာကြီးက ဘေးကနေ “ဟီးဟီး”ဆိုပြီး ဆရာလေးကလည်း ပြောရော့မယ်တဲ့။
မူးရင်းရမ်းရင်း ထိုးရင်းကြိတ်ရင်း ကလေး ၃ ယောက်လားရတယ်။ အကြီးမိန်းကလေး ၂ ယောက် အငယ်လေးကသားလေး။ သမီးတွေချည်းပဲ မွေးရကောင်းလားဆိုပြီး ရိုက်စရာ ရမယ်အသစ်ရှာတွယ်နေတုန်း ဗြုန်းဆို သားလေးလည်းမွေးချလိုက်ရော ကိုသန်းအောင် ရမယ်တခု ခနပျောက်သွားတာမို့ မအုန်းသန်းခမျာ ဟင်းနည်းနည်းလေးတော့ချသာ သွားတယ်။
ဒါပေမယ့် ခနပါပဲ ကျည်တောက်ထဲတောင်ကောက်တဲ့ကိုသန်းအောင်ဟာ သူ့သားက သူနဲ့မတူရကောင်းလားဆိုပြီး နေ့ရှိသရွေ့ရန်လုပ်ပြန်တာပါပဲ။ ဟုတ်လည်းဟုတ်တယ် ကလေးက မအုန်းသန်းလို ဖြူဖြူသန့်သန့်လေး။ အကြီးမလေး ၂ ယောက်က မဲမဲသည်းသည်း ပေတလူးလေးတွေ ကိုသန်းအောင့်စက်ရုံထွက်တွေမှန်း လူတိုင်း မပြောလည်းသိတယ်။ အငယ်လေးကြ ရုပ်ကကွဲသကိုး။ “ဘုရားပေးပေး ကျမ်းကျမ်းပေးပေးပါ ကိုသန်းအောင်ရယ်၊ ဒါရှင့်သားအစစ်ပါ၊ ကျမ ဘယ်သူနဲ့မှလည်း လင်ငယ်မနေပါဘူး၊ လင်ငယ်နေရအောင်လည်း ဒီလောက် စုတ်ပြတ်သတ်နေတဲ့ရုပ် ဘယ်သူကရော သုံးချင်ပါ့မလဲ၊ ဖာထွက်ခံရင်တောင် ခေါ်မယ့်သူ ရှိပါ့မလားမသိဘူး”လို့ ဘုရားတိုင်တည် ကျမ်းကိုင်တွယ်ပြီးကို သစ္စာစကား ဆိုပါတယ်။
ဒါပေမယ့် ကိုသန်းအောင်ကတော့ ဒီကလေးကို“ကြားကားစာလေး ကြားကားစာလေး”ဆိုပြီး မူးမူးနဲ့ ချီဟယ်ပွေ့ဟယ် ဖက်ဟယ်နမ်းရယ်ပါ။ အမှန်က သူသိပါတယ် ဒါ သူ့သားမှန်း။ ကိုသန်းအောင်များ သိတ်မမူးသေးခင် အဲ့ဒီကြားကားစာလေးကို အဲ့သလို ချီပိုးနမ်းရှုတ်နေရင် မအုန်းသန်းခမျာ ပျော်လို့မော်လို့။ ကလေးကဖြင့် စကားတောင် မတတ်သေးဘူး “သားလေး ဖေဖေကြီးကို ချစ်တယ်လို့ပြောလိုက်လေ ပြောလိုက်လေ”နဲ့ ဘေးကနေသင်ပေးတော့တာပဲ။ ဟိုလူ သောက်ရင်း ရေချိန်တက်လာလို့ အမူးကြမ်းလာရင်တော့ ကြားကားစာလေး စွေ့ကနဲပွေ့ပြီး မအုန်းသန်းတယောက် လက်နဲ့ဝေးရာပြေးတော့တာပဲ။
တနေ့ ကျနော်က ဝရံတာမှာထိုင်ပြီး စာဖတ်နေတယ်။ ဖတ်တဲ့စာက ရှေးကစပြီး မြန်မာများဆွေမျိုးစပ်အခေါ်အဝေါ်များအကြောင်း၊ စာပေဗိမာန်ထုတ်စာအုပ်ပါးပါးလေး ထင်တာပဲ။ သိတ်တော့ မမှတ်မိတော့ဘူး။
အဲ့ထဲမယ် တစ်အူထုံ့ဆင်းမောင်ရင်းနှမဆို အကိုဖြစ်သူက ကိုယ့်အောက်မွေးတဲ့ မိန်းကလေးကို နှမလို့ခေါ်ရပြီး မိန်းကလေး မိန်းကလေးချင်းကြ ညီမလို့ခေါ်ရတယ်တဲ့။ နောက် သားသမီး မိဘ၊ လင်မယား၊ နှစ်ဘက်အဆွေအမျိုး စတာတွေလည်းပါတယ်။ ကျနော်သိထားခဲ့သမျှ ဒါမှမဟုတ် ကျနော်တို့ နေ့စဉ်ခေါ်ဝေါ်သုံးစွဲနေတာတွေဟာ ရှေးကနဲ့ လွဲနေတာတွေတွေ့တော့ မှတ်စုလေးထုတ်နေတုန်း မအုန်းသန်း သူ့သားလေးကို မြှူနေသံကြားလိုက်ရတယ်။ ပထမတော့ စာဖတ်အနှောင့်အယှက်လိုဖြစ်သွားတာနဲ့ စိတ်ထဲခုလိုက်သေးတယ်။ နောက်တော့ ဘာဆိုင်လဲ သူ့ခမျာ ကိုသန်းအောင်လစ်တုန်းလေး သူ့သားနဲ့သူပျော်မွေ့နေတာလေး ကိုယ်တောင် ဝင်ကြည်နူးအပ်တာလို့ စိတ်ထဲတွေးပြီး နားထောင်နေမိတာပဲ။
“အမေ့သားလေး အမေချစ်မှချစ်ပဲ၊ အမေ့မှာ အသက်ကြီးရင် အားကိုးစရာ ဒီသားလေးပဲရှိတာ၊ ဒီလောကမှာ ဆွေမျိုးဆိုလို့ အမေ့မှာ ဒီသားလေးပဲရှိတာ။ သားအဖေက အမေနဲ့ ဘာမှ ဆွေမျိုးတော်တာ မဟုတ်ဘူး၊ တစိမ်းပဲ၊ သားကမှ အမေ့ဆွေမျိုး အမေ့သွေးသား” ဆိုပြီးပြောသံကြားတော့ နားထဲဆန်းသွားတယ်။ တခါမှ မကြားဖူးတဲ့စကား။
နောက်တော့ ချက်ခြင်းလေးပဲ ကျနော့်ခေါင်းထဲ အသိတချက်လင်းထွက်သွားတယ်။
ဘာမှသွေးမတော်သားမစပ်တဲ့ တစိမ်းပြင်ပြင် အဖေနဲ့အမေ ညားမှ ကျနော်တို့မှာလည်း ဆွေရယ်မျိုးရယ်လို့ ရှိလာဖြစ်လာကြရတာခမဟုတ်လား။ ချစ်ချစ်ခင်ခင် ရင်းရင်းချာချာနေကြဖို့သာပါပဲ။
စက်တင်ဘာ ၁၉၊ ၂ဝ၁၅

(ဝေဒနာ ၂၇)
လွန်ခဲ့တဲ့ ၂၇ နှစ် ဒီအချိန်က ကျနော့်စိတ်တွေ လေးလံဖိစီးယောက်ရက်ခတ်နေခဲ့တာ။ ဘာဆက်လုပ်ကြမလဲဆို အခြေအနေစောင့်ကြည့်ရမှာပဲ၊ တယောက်နဲ့တယောက်တော့ အဆက်မပြတ်အောင်နေကြပါ၊ ခေါင်းဆောင်တွေ ဘာလုပ်မလဲစောင့်ကြည့်ရမှာပဲလို့ မရေမရာပြောရင်း အလံတွေ စာရွက်စာတမ်းတွေ တံဆိပ်တုံးတွေ ဆိုင်းဘုတ်တွေနဲ့ သတင်းစာတွေ အိပ်ကြီးတလုံးနဲ့ထည့် မြေကြီးထဲမြှုတ်ခဲ့ရတာပဲ။ တောခိုပြီးပြန်ချမယ်ဆိုသူကိုလည်း မခိုနဲ့ကွာမတားဖြစ်သလို ခိုကွာလို့လည်း ရဲဆေးတင်မပေးဖြစ်ခဲ့။ ကိုယ်တိုင်လည်း သူများအိမ်ထပ်ခိုးမှာ ပုန်းအောင်းအိပ်ခဲ့ရတွေ အကာလညများပေပဲ။ ညနက်သန်းကောင် ခွေးတကောင်ကြောင်တမြီးမှမရှိတဲ့ တစပြင်လိုလမ်းမတွေ လူနေရပ်ကွက်တွေထဲ စစ်ဖိနပ်ခွာသံတွေနဲ့ တံခါးတဒုန်းဒုန်းထုဖွင့်ခိုင်းပြီး လက်နောက်ပြန်လက်ထိပ်ခတ် ငါတွေမအေနှမတွေမိုးမွှန်အောင်ဆဲ ထိုးကြိတ်ကန်ကျောက်ပြီး အဆွဲခံသွားရရှာတဲ့ ကိုယ်နဲ့အတူ ၈၈ မှာ မတူတဲ့နေရာတွေကနေပါခဲ့သူတချို့ အိမ်ကို ဘယ်တော့မှ ပြန်မရောက်တော့တဲ့အဖြစ်တွေဟာ ခုထိ တစ္ဆေလိုခြောက်တုန်း။
စက်တင်ဘာ ၁၈၊ ၂ဝ၁၅

(သံဝါသသွားတဲ့ မဘသ)
ဝီရသူလို သီတဂူလို ပါမောက္ခလိုဘုန်းကြီးတွေနဲ့အတူ မဘသပေါ်လာတာ တခုတော့ကောင်းသွားတယ်။ အရင်တုန်းကဆို ဦးပြည်းနဲ့သင်္ကန်းစည်းထားရင် သံဃာစင်ပေါ်တင် အထွဋ်အမြတ်ထားရတဲ့ရတနာတစ်ပါးမို့ မှန်မှန် မမှန်မှန် “မှန်ပါ့ ဘုရား”ချည်းလုပ်ခဲ့ရတဲ့ လူမိန်းမလူယောက်ျားတွေမယ် ရန်ဖြစ်ဖော်ဖြစ်ဘက်တယောက် တိုးလာတဲ့သဘောပဲ။ အံမယ် ဘာနဲ့ညာနဲ့တိုင်းထွာဆဲချင်တောင် ဆဲလို့ရသေးတယ်။
အဲ့ဒါပဲ အလှူခံစားသောက်ထိုက်တဲ့ပုဂ္ဂိုလ် ကုသိုလ်မျိုးစေ့ကြဲဖြန့်ရာ မြေကောင်းတဲ့လယ်ဆိုပြီး သံဃာစင်ပေါ်တင်ထားတာကို မြင့်တယ်ထင်ပြီး လူ့သံဝါသထဲအထိခုန်ချတော့ မှောက်ပြီပေါ့ငါးပါး။ နည်းတောင် နည်းသေးတယ်။

မဘသ ဦးပြည်းတွေအနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းမဟုတ်တောင် အချိုးတခုခုလောက်တော့ တောင်းဆိုသင့်တာပဲ။ ထမင်းစားဖို့အလုပ် လုပ်စရာမလိုတော့ အချိန်ပိုတွေမှာ လွှတ်တော်ထဲဝင်ထိုင်နေရင်း တလဆယ်သိန်းလည်းရမယ် အကုသိုလ်ဖြစ်မယ့် တောင်တောင်အီအီတွေလည်းမကြံစည် မတွေးတောဖြစ်ဘူးပေါ့။ အခြေအနေကောင်းရင် သမ္မတလေးဘာလေး တက်လုပ်ပေါ့။ ကမ္ဘာ့ပထမဆုံး ဘုန်းကြီးသမ္မတဆိုပြီး ဂုဏ်ယူချင်သူတွေလည်း ဝမ်းမြောက်ပျော်ရွှင်ကြမှာပါပဲ။ သီရိလင်္ကာက စံနက်ကျော်တွေထက်တောင် နှာအဖျားတရာ သာသွားဦးမယ်။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅


၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)
(သုံးပိုင်းမကျိုးတဲ့ချစ်ခြင်း)
မနေ့က နှစ်စဉ်ဝတ်မပျက် ဂျွန်နီအက်ပယ်လ်စိဒ်ပွဲတော်သွားခဲ့တယ်။ ပွဲတော်လာတွေ ကားရပ်ရအဆင်ပြေအောင်နဲ့ သွားရေးလာရေးလွယ်အောင် IPFW တက္ကသိုလ်နဲ့ ဟိုဘက်ခြမ်းက ပွဲတော်ကွင်းနေရာကို အဲကွန်းဘာ့စ်တွေ လွန်းပြန် အခမဲ့ဆွဲပေးတယ်။
အပြန်ကားစောင့်တန်းစီနေတုန်း နောက်နားက “ခွမ်”ကနဲ တခုခုကျကွဲအသံနဲ့အတူ “ဟာ ဟင်”အသံတွေထွက်လာတယ်။ လှည့်ကြည့်လိုက်တော့ အသက် ၆ နှစ်လောက်ရှိမယ့် ချာတိတ်လေးတယောက် ငိုမဲ့မဲ့မျက်နှာနဲ့ “သွားပြီ မေမေ သွားပြီ”ဆိုပြီး အောက်ကိုကြည့်နေတယ်။
သူ့မျက်လုံးအတိုင်းလိုက်ကြည့်တော့ ကြွေသား အစိမ်းတောက်တောက် မိကျောင်းရုပ်ကလေး ကွန်ကရိလမ်းပေါ်မှာ သုံးပိုင်းကျိုးကြေလို့။ သူ့နောက်က မတိမ်းမယိမ်း ချာတိတ်မလေးက “ဟယ် နှမျောစရာကြီးနော် အရုပ်ကလေးက လှလိုက်တာ”ဆိုတော့ ငိုချင်ရက်လက်တို့ဖြစ်သွားတဲ့ ချာတိတ်ရဲ့ မျက်ဝန်းအစုံက မျက်ရည်တွေ တွေတွေစီးပြီး “မေမေ သား မတော်တဆ လွတ်ကျသွားတာ၊ တမင်လုပ်တာ မဟုတ်ဘူးနော်”လို့ ငိုသံပါနဲ့ပြောတယ်။
အဲ့အချိန်မှာ အသက် ၃ဝ လောက်ရှိမယ့် မိန်းမလှမိခင်က သုံးပိုင်းကျိုးအရုပ်စလေးတွေကို တစစီကောက်ပြီး ပြုံးရွှင်တဲ့မျက်နှာ ချိုသာတဲ့ပကတိလေသံနဲ့ “အမေ့သားက မဆိုးဘူးပဲ။ လွတ်ကျပြီး အရုပ်ကျိုးတာတောင် ကြေမသွားဘူး။ သုံးပိုင်းပဲ ပိုင်းသွားတာ၊ ဘယ် တော်ရုံတန်ရုံလူ လုပ်နိုင်ပါ့မလဲ၊ တချို့ဆို ကြေမွကုန်တာ၊ ဒါတော့ ဒီမှာကြည့် အမြီးတပိုင်း၊ ကိုယ်တပိုင်း၊ ခေါင်းတပိုင်း သုံးပိုင်းတိတိပဲ၊ ဒါ လွယ်လွယ်လေးသားရဲ့ စူပါဂလူးနဲ့ ပြန်ဆက်လိုက်ရင် အကောင်းပြန်ဖြစ်သွားတာ၊ ဒီလိုလုပ် ခုအပြန်လမ်းမှာ မေမေတို့ စူပါဂလူး ဝယ်သွားမယ်၊ အိမ်ရောက်ရင် ဖေ့ဖေ့ကို ပြန်ကပ်ခိုင်း၊ ဖေဖေက ဒါမျိုးဆို သိတ်ကျွမ်းတာ၊ နေဦး မေမေ ဖေဖေ့ကိုဖုန်းခေါ်လိုက်မယ်၊ သားကပြောပြထား” ဆိုပြီးဖုန်းခေါ်ပေးတယ်၊
ဖုန်းဝင်သွားတော့ သားတော်မောင်က အကျိုးအကြောင်းပြောတယ်၊ အမေက အရုပ်ကျိုးလေးသုံးပိုင်းကို လက်ပွေ့အိပ်ထောင့်လေးထဲ တယုတယထည့်တယ်။ အဲ့အချိန်မှာ အဖေနဲ့ဖုန်းပြောနေတဲ့သားက ဖုန်းကိုနားကခွာရင်း မျက်ရည်တွေကြားကနေ အားရပါရပြုံးပြီး “မေမေ ဖေဖေကပြောတယ် အသစ်ထက်ကောင်းအောင် လုပ်ပေးနိုင်တယ်”တဲ့ဆိုတော့ ကျနော်တို့အားလုံး ပြိုင်တူအပြုံးတွေဝေလို့။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(တပြည်လုံးစစ်မြေပြင်)
စစ်မြေပြင်လို့သတ်မှတ်ထားတဲ့နေရာမှာ ဗိုလ်ပေါက်စလေးကနေစပြီး ဗိုလ်ချုပ်အကြီးကြီးတွေအထိ “ငါတို့ ကိုယ့်ဝေစုအတွက် ကိုယ်တိုက်နေရတာ”ဆိုတဲ့အသိ ဝင်နေအောင်စွဲနေအောင် လုပ်ထားနိုင်တဲ့စစ်တပ်မျိုးကို လူတန်းစားအတွေးအခေါ် သက်သက်လောက်နဲ့၊ ပြည်ချစ်စိတ်သက်သက်လောက်နဲ့၊ လူမျိုးစုရပိုင်ခွင့် သက်သက်လောက်နဲ့ ယှဉ်တိုက်ဖို့မလွယ်ကြောင်း ဗမာ့ပြည်တွင်းစစ်ဟာ အကောင်းဆုံးသက်သေပဲ။ ဒီနေရာမယ်သုံးတဲ့ “စစ်မြေပြင်”ဆိုတာ “ဗမာတပြည်လုံး”ကို ဆိုလိုတာပါပဲ။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(ဗိုလ်ပန်းစွပ်)
စစ်ဗိုလ်ဟောင်းတယောက် အရင်တိုင်းမှူးအဆင့်နဲ့ စစ်ဘုရင်အလတ်စားထိဖြစ်ခဲ့သူ၊ အာဏာကိုသေနတ်လိုခါးကြားထိုးထားခဲ့သူ၊ စစ်အာဏာနဲ့ရှာရတဲ့ဓနနဲ့ခိုင်ဖြီးနေသူ၊ ခု အထက်အမိန့်အရရော မလုပ်ရင် ”ကိုယ့်ဘဝကိုယ်တွေးထား”ဆိုပြီး သူ့ဓနပုံကြီး မျက်စောင်းထိုးပြီး တဘက်လှည့်အကြပ်ကိုင်မှုနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြုအမတ် ဝင်အရွေးခံရမယ်ဆိုတော့ “ရှက်စရာကြီးဗျာ တွေးကြည့်ပါဦး တိုက်ပုံကြီးဝတ်ပြီး လည်ပင်းမှာပန်းကုံးတွေဆွဲပြီး တွေ့သမျှလူတွေလိုက်ပြုံးပြ ဘာရုပ်မှမပေါက်တဲ့လူတွေနဲ့ ဓာတ်ပုံတွေတွဲရိုက် မြို့လည်ကောင်ကြီး စပ်ဖြီးဖြီးနဲ့ကြောင်တောင်တောင်လမ်းလျှောက်ပြီး “ကျနော့် မဲပေးပါ ကျနော့ မဲပေးပါနဲ့”လိုက်ပြောနေရတာဗျာ၊ ဘယ်လောက်အောက်သလဲ။ တပ်မတော်မှာ အနှစ် ၃ဝ ကျော် တိုင်းပြည်တာဝန်ထမ်းခဲ့တဲ့လူက၊ ဒါတောင်နော် ကိုယ့်လူတွေလက်ထဲ တဘက်လှည့်နဲ့အာဏာကိုင်ထားနိုင်လို့၊ ကိုင်များ မထားနိုင်လို့ကတော့ ကိုယ်တွေကို လူတောင် ထင်ပါ့မလားမသိဘူး။ ကိုယ့်အနေက ဆရာသမားတွေ လူကြီးတွေမျက်နှာကလည်းရှိနေ မကင်းရာမကင်းကြောင်းတွေကလည်းဖြစ်နေလို့သာ ဒီ ကြံ့ဖွံ့ပြောင်းပြီး အမတ်လုပ်ပေးရတာ၊ တကယ်က ကိုယ်က ကိုယ့်ပင်စင်လေးနဲ့ စာလေးဘာလေးဖတ် သစ်ပင်ပန်းပင်လေးတွေစိုက် တရားလေးဘာလေးထိုင်နဲ့ အေးဆေးနေချင်တာကွာ၊ ဒီခေတ်ကြမှပဲ တိုင်းမှူးဟောင်းက လူ့အောက်လိုက်ကျို့ရမယ့်အပေါက်ကွာ”ဆိုပြီး မူးမူးနဲ့ရင်ဖွင့်တာ။ (မိတ်ဆွေဟောင်း သူ့လူသူ့ဘက်သားပေးတဲ့ ပါတီတခုမှာ လာမူးတဲ့ စစ်ဗိုလ်စီးပွားရေးသမားတယောက်ကပြောတဲ့စကား)
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(မိုးကျ နေကျရွှေကိုယ်များ)
ရာဟုလာသံကိစ္စည်းရေးပြီး ဆရာဆန်းထွန်းနဲ့ဆရာပါရဂူဘာသာပြန်တဲ့ ဗော်လဂါမှဂင်္ဂါသို့ ထဲက အခန်း(၂) ဒီဝါ က ခရစ်မပေါ်မီအနှစ် ၃၅ဝဝ ဝန်းကျင်ကိုဖွဲ့တာဗျာ။ ဒီနေ့လူ့အဆက်ကနေဆိုတာ ၂၂၅ ဆက်ကျော်ပေါ့။
ပြောချင်တာက အဲ့ဒီအခန်းမှာပါတဲ့ ကေင်မလေးအမည်က ဒိဝါ။ ကောင်လေးအမည်က သူရဿဝါ..တဲ့။ သူရဿဝါဆို နေကျရွှေကိုယ်လို့အဓိပ္ဗါယ်ရသတဲ့။ ဖဲကြိုးသင်္ကေတနဲ့ အရပ်ဘက် နယ်တကာမှာဗိုလ်ကျလာတဲ့ စစ်မိုးကျရွှေကိုယ်တွေကို ဆန့်ကျင်ပြကြတယ် မဟုတ်လား အလွန်ကောင်းတဲ့ ပညာတတ်အလွှာက သိမ်သိမ်မွေ့မွေ့အာခံမှုပေါ့ဗျာ။ ဒီ့ထက်ပိုပါလာအောင် ဒီ့ထက်ပိုကျယ်ပြန့်လာအောင်လုပ်ရင်း နောက်ဆုံး လူထုလှုပ်ရှားမှုကြီးအထိ မြှင့်တင်တွန်းတင်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။
ဒါပေမယ့် ခု တပြန် ပြန်တွေးကြည့်တာ(ခေတ်ပေါ်စကားနဲ့ဆို အခြားတဘက်မှ ဆင်ခြင်ခြင်းပေါ့လေ) ခု ဒီမိုကရေစီဆိုပြီး အတိုက်အခံသဘောနဲ့ အမတ် ဝင်အရွေးခံကြသူတွေထဲမယ် ဆရာဝန်တွေမှမနည်းဘူး။
ဆရာဝန်နိုင်ငံရေးမလုပ်ရဘူးလို့ မဆိုလိုပါဘူး။ လူထုမှာစွဲကပ်နေတဲ့ဆင်းရဲနာကို နိုင်ငံရေးနဲ့မှ ကုလို့ရမှာကိုး။ နိုင်ငံရေးဆိုတာ တော်လှန်ရေးပါပဲ။ ခါတော်မီ အမတ်ဝင်လုပ်တာကိုတော့ နိုင်ငံရေးတို့ တော်လှန်ရေးတို့ မပြောအပ်ဘူးတွေးတာပါပဲ။ ရွှေမန်းကလည်းပြောထားတယ် မဟုတ်လား လွှတ်တော်ထဲမှာ နိုင်ငံရေးစကားတွေမပြောကြပါနဲ့ဆိုပြီး။ ထားပါတော့လေ။
ပြောချင်တာက အဲ့ ဆရာဝန်တွေအမတ်ဖြစ်ကုန်ကြတယ်ဆိုပါတော့။ တချိန်မှာ လွှတ်တော်ထဲမှာ နိုင်ငံရေးသမားက နိုင်ငံရေးမလုပ်ရပဲ (ဒီနေရာမယ် စစ်ဗိုလ်အမတ်တွေတော့ စကားလုပ်ပြောနေတာ မဟုတ်လေတော့) ဆရာဝန်တွေက အမတ်လုပ်ပြီး နိုင်ငံရေးထဲဝင်ပါတော့ နိုင်ငံရေးသမားတွေက “နေကျရွှေကိုယ်”ဆန့်ကျင်ရေး ပဋိသူရဿဝါ ဖဲကြိုးတပ် ဆန့်ကျင်ရေးလုပ်လာရင်မခက်ပါလား။
ဒါဆို မိုးကျရွှေကိုယ်နဲ့ နေကျရွှေကိုယ်ကြေရော။
စက်တင်ဘာ ၁၉၊ ၂ဝ၁၅


ဖင်လှန်စိန်ပြောင်း (မျိုးမြင့်ချို)

0 comments
(ဖင်လှန်စိန်ပြောင်း)
ဒါတွေ့တော့ တပ်ထဲနေတုန်းက တပ်မ(၉၉)လက်အောက်ခံ ခလရ-၉(လင်းခေး)ကတပ်နဲ့ တွဲပြီး ရှမ်းပြည်မြောက်ပိုင်း(ဗမာပြည်မြေပုံအရအဆို အရှေ့မြောက်ဒေသ) စီစီဝမ်တာပန်မှာနေခဲ့တာ သွားသတိရတယ်။
စီစီဝမ်နဲ့တာပန်ဆိုတာက စခန်းကုန်းအခြေနား မရောက်တတ်ရောက်တတ်မှာ ရှိခဲ့ဖူးတဲ့ရွာ ၂ ရွာရဲ့နံမည်။ ၁၉၇၆ လောက်ကတည်းက ဗကပနဲ့တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး ပျက်သွားတဲ့ရွာပေါင်းများစွာထဲက ရွာ ၂ ရွာဆိုပါတော့။ စီစီဝမ်တာပန်ကုန်းကို တက်ရင် အောက်ခြေမှာ တင်ရွှေကုန်းဆိုတာရှိတယ်။ ဗကပနဲ့ချတဲ့ပွဲတပွဲမှာ ကြွသွားတဲ့ စစ်ဗိုလ်တယောက်ကိုဂုဏ်ပြုပြီး မှဲ့ထားတဲ့ကုန်း၊ တပ်ခွဲမှူးရုံးနဲ့ တပ်စုတစု ထိုင်တယ်။
အဲ့ဒီကနေဆက်တက်ရင် ကြားစခန်း တစ် နှစ် သုံးဆိုပြီး တပ်စိတ်အဆင့်ထိုင်တဲ့ စခန်းကုန်းလေး ၃ ကုန်းရှိတယ်။ အဲ့ဒါတွေလွန်တော့မှ စစ်ကြောင်း(၂)စစ်ကြောင်းမှူးရုံးထိုင်တဲ့ ဘိန်းမုန့်ကုန်း၊ ဘိန်းမုန့်ကုန်းမှာက ရိက္ခာရုံရှိသလို ဘော်လီဘောကွင်းလည်းရှိတယ်၊ ၇၅ မီလီမီတာနောက်ပွင့်တို့၊ ၈၁ မီလီမီတာစိန်ပြောင်းတို့လည်း ဆင်ထားတယ်။
ဘိန်းမုန့်ကုန်း ဘယ်ဖက် ကိုက်တစ်ထောင်လောက်မှာ မိကျောင်း တစ် နှစ် သုံး လေး ဆိုပြီး တပ်စိတ်အဆင့်ထိုင်တဲ့ ခံစစ်ကုန်းလေး လေးခုရှိတယ်။ စုမှူးရုံးလည်းရှိတယ်။ တခါ ဘိန်းမုန့်ကုန်းကနေ ရှေ့ဆက်ပြီး ကိုက် ၅ဝဝ လောက်သွားရင် ဇော်ဝင်းကုန်းဆိုတာရှိတယ်။ ဒါလည်း တိုက်ပွဲကြွစစ်သည်တယောက်အမည်ကို ဂုဏ်ပြုမှဲ့ထားတာပဲ။ သူလည်း ခွဲမှူးရုံးနဲ့ တပ်စုတစုထိုင်ထားပြီး ၈၁ မီလီမီတာစိန်ပြောင်းနဲ့ ၃ လက်မစိန်ပြောင်းလည်းထားတယ်။
အဲ့ဒီ ဇော်ဝင်းကုန်းကနေ ရှေ့ ကိုက် ၄ဝဝ လောက်မှာတော့ ရှေ့ကာကုန်း(ရင်ဆိုင်ကုန်း လို့လည်းခေါ်တယ်)ဆိုတာရှိတယ်။ သူနဲ့ ကိုက် ၄ဝဝ လောက်က ဗကပ ခံစစ်ကုန်းတွေနဲ့ ဆိုင်ထားတာ။ မြူကင်း နှင်းရှင်း မိုးသားစင်ရင် ဟိုဘက်ကလူတွေ တချက်တချက် သွားလာနေတာတောင် မြင်ရတယ်။ မှန်ပြောင်းနဲ့ဆို အတော်လေးကို လူရိပ်ကွဲတာပဲ။ ဒီကုန်းက ရှေ့ကာကုန်းဆိုပေမယ့် စစ်ရေးအရ အရေးကြီးတော့ တပ်စုတစုလုံး ထိုင်တယ်။ မြေပေါ်မှာ အိပ်တဲမရှိဘူး။ ဘန်ကာ၊ အိုဗာဟက်ဒ်နဲ့ မြေခွေးကျင်းအကျယ်ကြီးတွေထဲမယ် အိပ်ရ စားရချက်ရတာ။ အီအီးပါတော့ ကုန်းနောက်စောင်း မိုင်းကွင်းတွေနားမှာ အိမ်သာရှိတယ်။ စခန်းတွင်း တနေရာက တနေရာသွားရင် မြေပေါ်လမ်းထက် ရင်စို့သာသာနက်ပြီး ၂ ပေခွဲလောက်ကျယ်တဲ့ ဆက်သွယ်ရေးမြောင်း (လျှောက်လမ်း)ပဲ သုံးကြရတယ်။
အဲ့တုန်းက တပ်စုမှူးက ဗိုလ်တင်မြင့်၊ တပ်ကြပ်ကနေဖြစ်လာတဲ့ဗိုလ်။ စိတ်အနေရော စိတ်အထားရောကောင်းတယ်။ ရိုးလည်းရိုးတယ်၊ သူအကြပ်ဘဝတုန်းက သူ့မိန်းမက တပ်တွင်းရဲဘော်ဈေးမှာ အကြော်ရောင်းတာ ပဲပြုတ်နံပြားရောင်းတာလည်း သူပြောပြလို့ သိရတယ်။ အကြပ်စစ်သည်တွေအပေါ်လည်း အတော်ညှာတယ်။ သူ့တပ်စုကရဲဘော်တိုင်း သူ့ဆို ချစ်ကြတယ်။
တခါတလေ တပ်စုမှူးလစ်ရင် နေ့ကင်းကျနေတဲ့ ဒီဘက်ကရဲဘော်နဲ့ ဟိုဘက်က ဗကပကုန်းကလူတွေ လှမ်းလှက်အော်အက်ပြီး ယောက်ဖရေ စားပြီးပြီလား၊ မင်းနှမကို သတိရလိုက်တာကွာဘာညာနဲ့ ရိကြကလိကြ၊ တခါတလေလည်း ဟိုဘက်ဒီဘက် ဗမာတွေချည်းပဲဆို စကားပြောရလည်းအဆင်ပြေဆို ငါက ဗမာပြည် ဘယ်မြို့ဘယ်ရွာကကွ ဘာနဲ့ကျောင်းပြီးတာကွ ဗမာပြည်မှာ မိန်းမ သားသမီး မိဘတွေကျန်ခဲ့တာသတိရတယ်ကွ မဆလကိုမကြိုက်လို့သာ တောခိုလာတာကွ အိမ်တော့ပြန်ချင်နေတာပဲ ဘာညာတွေလည်းပါတတ်တယ်။
ဒီဘက်ကလည်း ငါတို့ကစစ်သားကွ အဲ့ဒါတွေနားမလည်ဘူး တိုက်ဆိုရင်တိုက်ရမှာပဲ မင်းနံမည်ပြော မင်းအိမ်လိပ်စာပေးလိုက် ဒီတခေါက်နောက်တန်းပြန်ရင် မင်းမိသားစုကို မင်းရှိသေးတဲ့အကြောင်း သွားပြောပေးမယ်တို့ ဘာတို့လည်းပါတယ်။ တခါတလေ အဲ့သလိုပြောနေကြရင်းနဲ့ အပေါက်လမ်းမတည့်တော့ဘူးဆို ဗြုန်းဗြန်းနဲ့ ထထက်ပစ်ပြက် ကုန်ကြတာပါပဲ။ ထိတော့ ဘယ်ထိပါ့မလဲ။ နှစ်ဘက်စလုံးက ဘန်ကာထဲကနေ ပစ်နေ ပြောနေကြတာကိုး။
တရက် ရှေ့ကာကုန်းက မိုင်းကွင်းတွေပြန်စစ် ပြန်ခင်းဖို့ စစ်ကြောင်းမှူးအမိန့်ရတာနဲ့ ကျနော် ဗိုလ်တင်မြင့်ဆီသတင်းပို့ပြီး တမနက်ခင်းလုံး ရင်ဆိုင်ကုန်းသွားပြီး အခြေအနေ အကဲခတ်တယ်။ မြေပုံတွေနဲ့ မြေပြင်အခြေအနေက အတော်ကွာနေပြီ။ နောက်ပြီး မိုင်းကွင်းသာဆိုတယ် မြက်တွေသက်ငယ်တွေက ရင်စို့တောင်မကတော့ဘူး အပြိုင်းအရိုင်း တောထနေပြီ။
စစ်ကြောင်းတကြောင်းလုံးမှာ အဲ့အချိန် အင်င်္ဂျင်နီယာစစ်သည်ဆိုလို့ ကျနော်ပဲရှိတယ်။ ကျနော်နဲ့တွဲပြီး အတူပါလာတဲ့ စန်းဝင်းက ငြှောင့်ကျင်းထဲချော်ကျပြီး မူဆယ်ဆေးရုံလား လားရှိုးဆေးရုံလား ရောက်နေတာ။ တယောက်တည်းလုပ်မယ်ဆို အနည်းဆုံး ၆ ရက်လောက် လုပ်ရမယ်လို့ စစ်ကြောင်းမှူးကို ပြန်သတင်းပို့တော့ “မင်း အဲ့မှာသွားနေပြီး မပြီးမချင်း လုပ်ပါ။ အေးအေးဆေးဆေး အချိန်ယူလုပ်ပါ။ မလောပါနဲ့၊ သေချာအာင်လုပ်ပြီး စိတ်ချရပြီဆိုမှ ပြန်လာပါ။ ၆ ရက်မဟုတ်ဘူး၊ ပြီးမှပြန်လာ”လို့ အမိန့်ရတယ်။
ဒါနဲ့ အဲ့ဒီမှာပဲ ရိက္ခာပါတွဲပြီး လုပ်စရာရှိတာလုပ်တယ်။ ဗိုလ်တင်မြင့်က သူ့တပ်သားတွေတင် မကဘူး သူကိုယ်တိုင်ပါလုပ်အားပေးတယ်။ ကျနော် မိုင်းရှင်းပြီးသားနေရာတွေက သက်ငယ်တွေ မြက်တွေရိပ်တာ၊ သစ်ပင်ငယ်တွေခုတ်တာကအစ နေ့လည်နေ့ခင်း ကျနော်တယောက်တည်း အလုပ် လုပ်နေချိန်ဆို လက်ဘက်ရည်လေး အအေးလေးပါ ယူယူ လာပေးတယ်။
သူ့တပ်စုက ရဲဘော်တွေအားလုံးလိုလိုနဲ့လည်း ကျနော်နဲ့ ခင်သွားတယ်။ ညနေညနေဆို ကိုယ်အဆင်ပြေရာပြေရာလေးတွေစုပြီး ဘန်ကာထဲမှာ သောက်ဝိုင်းတွေချည်းပဲ။ တခြားလည်း ထွေထွေထူးထူးအလုပ်မှ မရှိကြတာကိုး။
အဲ့ဒီလူတွေထဲမယ် ခုထိမှတ်မိနေတာက တပ်စုတပ်ကြပ်ကြီးထွန်းရင်၊ စကားပြောရင် ပြုံးပြုံးပြုံးပြုံးနဲ့။ ကညွှတ်ကွင်းသား၊ သခင်သန်းထွန်းနဲ့တောင် အမျိုးတော်သလိုလို ပြောဖူးတယ်။ ပေလည်း အတော်ပေပုံပဲ။ တပ်စိတ်မှူးတယောက်ပြောတာက “ဆရာကြီးသာ ရသမျှအရစ်တွေ မပြုတ်ရင် ခုလောက်ရှိ လက်ကောက်ဝတ်ထိတောင်ရောက်မယ် ကိုဘီအီးရဲ့”တဲ့။
ဒီအကြပ်ကြီးက စစ်သားအစစ်။ စစ်တိုက်တဲ့အကြောင်းကလွဲလို့ သူ့မှာ ပြောစရာ သိတ်မရှိတဲ့လူ။ အရက်ကလေးများ ထွေလာပလားဆို “တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့” ကနေ စလိုက်တာ “ကိုယ်တိုင် လှရာရာရွေးလို့ ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့ပူဗျာဝေ တတွေးတွေးနဲ့ ဆွေးရှာရော့မယ်လေ”လည်းရောက်ရော သောက်လိုက်ဆိုလိုက်နဲ့ မျက်ရည်တွေဝဲပြီး သီချင်းလည်း တောင်ရောက်မြောက်ရောက် အသံကလည်း “ဒတ်ဒေါ်အူးဆီ မျှောလိုက်ပြန်ဒေါ့” တွေဘာတွေဖြစ်ကုန်တာပါပဲ။
မနက်ကျ အရက်နာအကျလေး ရေနွေးကြမ်းနဲ့ဖြေရင်း “ဆရာကြီး ညက အတော် ကြွေသွားတာပဲ”လို့ဆိုရင် “အေးဗျ”ဆိုပြီး မျက်နှာကြီးနီပြီး ရှက်ရှက်နေတတ်တာပဲ။ ဒါကလည်း တခါတလေ မဟုတ်ဘူး။ သောက်တဲ့ညနေတိုင်းပဲ။ ညနေတိုင်းလိုလိုကလည်း သောက်ဖြစ်ကြတာပဲ။ ဆရာကြီးလည်း မနက်တိုင်း ရှက်အမ်းအမ်းကြီးဖြစ်ရတာပဲ။ ဒါပေမယ့် ဘယ်တော့မှ ဘယ်သူမှ ရိုးအီမသွားကြတဲ့ ဖြစ်စဉ်ပဲ။
နောက်တယောက်က ၆ဝ မီလီမီတာစိန်ပြောင်းကိုင်တဲ့ကောင်။ နံမည်တော့မေ့သွားပြီ။ လူနောက်။ တပ်ထဲကစကားနဲ့ဆို စောက်ခွက်ပြောင်တဲ့အကောင်။ ခင်ဖို့ကောင်းတယ်။ အနှမျောမရှိဘူး။ နောက်တန်းက ပေးအဖွဲ့လာလို့ လစာပါလာရင် တပတ်မခံဘူး ကုန်တာပဲ။ ရှေ့တန်းမလဲ သူ့မှာ လဘက်ရည်သောက်ရတယ်လို့ကိုမရှိဘူး။ ရိက္ခာနို့ဆီက အရက်နဲ့လဲလဲသောက်တာနဲတင် ကုန်တာ။ နောက်တန်းက အိမ်ထောင်သည် သူငယ်ချင်းရဲဘော်တွေမိန်းမတွေက သူ့တော့ အတော်ခင်ပုံပဲ။ မိန်းမသာမရှိတာ မိန်းမရှိတဲ့လူတွေထက်တောင် သူ့မှာ ငါးပိကျော် ငါးခြောက်ကြော် လဘက် ဂျင်း ဆေးပေါ့လိပ် ပဲကြီးလှော် ညဘာညာ့ကို စုံနေတာပဲ။ တလတလ နောက်တန်းက အိမ်ထောင်သည်လိုင်းကလူတွေ ဝိုင်းဝက်ထည့်ထက်ပေးလိုက်ကြတာမှ မနည်းဘူးပဲ။ သူကလည်း ပါသမျှ ဟိုလူ့တဖဲ့ ဒီလူ့တဖတ်နဲ့ ဝေပြစ်တာပါပဲ။ ကြာကြာမခံပါဘူး။ ကျနော့်လည်း အတော်ခင်တယ်။
အဲ့ကောင်က အရက်ကလေး နည်းနည်းဝင်သွားရင် ထုံးစံအတိုင်း ဗကပကုန်းဘက်ကို ကိုယ်ပိုင်နံပတ် ဘယ်လောက်ဘယ်လောက်ကွ၊ နံမည်ဘယ်သူကွ၊ မိုးညိုသားကွ၊ ၆ဝ မမ စာ မိသွားချင်သလားကွ ဟေ၊ မင်းတို့ကောင်တွေကို မကြောက်လို့ ဒီမှာ လာစခန်းထိုင်တာကွ ဘာညာနဲ့ အသံဗြဲကြီးနဲ့အော်တော့တာပဲ။ တခါတလေ နှမတွေ အဒေါ်တွေ ကြီးဒေါ် အပျိုကြီးတွေဘာတွေရှိလားမေးပြီး "ရှိရင် ငါ့တယောက်လောက်တော့aပးကွာ” ဘာညာနဲ့ လှမ်းကတောင်းသေးတာ။ ဟိုဘက်ကပြန်ပြောရင်တော့ သူ့အကြိုက်ပဲ။ ပြောတော့တာပဲ တလစပ်။
ဟိုဘက်က ဘာမှပြန်မပြောဘူးဆို သူ နှာတင်းပြီး ဘန်ကာထဲကနေထွက် မြေပေါ်တက် ခါးပတ်ချွတ် စစ်ဘောင်းဘီချွတ် အတွင်းခံဘောင်းဘီကို ဒူးအောက်အထိလျှောချ အဲ့ဒီ့ဘက် ဖင်ကုန်းပြပြီး ဟေ့ကောင်တွေ မင်းတို့ကို ဒါပဲထင်တယ်ကွ။ ရှေ့က ဟာနဲ့မင်းတို့က မတန်ဘူး၊ အဲ့ဒါ ငါမိန်းမရရင် ငါ့မိန်းမဖို့ထားရမယ်၊ မင်းတို့ကိုတော့ ဒါပဲ”ဆိုပြီး ဖင်ကုန်းပြလိုက် အော်လိုက် ဖင်ကုန်းပြလိုက်တွေလုပ်တော့တာပဲ။ ဒါလည်း တနေ့မဟုတ်ဘူး၊ နေ့တိုင်းလိုလို မြင်ရကြားရတဲ့မြင်ကွင်း။
တနေ့တော့ ကျနော်အလုပ်လုပ်နေရင်း မိုင်းကွင်းထဲက ဖြူ ၂ ကောင်ရထားတာနဲ့ အလုပ်တွေ စောစောလက်စသတ်ပြီး ဖြူအူချက်နဲ့အရက်နဲ့ကိုင်မယ်ဆိုပြီးလုပ်တော့ ခုနပြောတဲ့ စိန်ပြောင်းမောင်က “ကိုဘီအီး အေးဆေးနေ ကျနော်ချက်မယ် ဘေးက အရက်သာငှဲ့ပေး”ဆိုပြီး အူတွေကိုင်တော့တာပဲ။ ကျနော်ကလည်း ဝမ်းတွင်းသားတို့ အူတို့သာကြိုက်တာ ကိုင်ရမှာတော့ အတော်ရွံတာ။ ဒါနဲ့ ဟန်ကျသွားတယ်။ အရက်လေးမော့လိုက် ဖြတ်လိုက် ခွဲလိုက် ဆေးလိုက်ကြောလိုက် တုံးလိုက်တစ်လိုက်နဲ့ နောက်ဆုံး အမယ်စုံထည့်ပြီး အိုးလည်း ဖိုပေါ်ရောက်ရော ကျနော်ရောသူပါ အတော်ကောင်းနေကြပြီ။ “ကိုဘီအီး ဟင်းအိုး တချက်ကြည့်ထား တပွက်နှစ်ပွက် ပွက်တာနဲ့ ဆားမြည့်ကြည့်ပြီး အနေတော်ဆို ချထားလိုက်တော့။ ဖိုပေါ်မှာ အိုးကို အကြာကြီးတည်မထားနဲ့။ ဖြူအူက ကြာလေကျက်လေ မာလေပဲ။ အကျက်များလေလေ ဝါးမရလေပဲ”လို့ပြောပြီး တခွက်ထပ်မော့တယ်။ ပြီးတော့ “ကျနော် ဗကပတွေကို သွားစလိုက်ဦးမယ်၊ ပြီးရင် ကစ်ကြမယ်” ဆိုပြီး ထွက်သွားတယ်။
ကျနော် မီးဖိုရှေ့ထိုင်ရင်း သူမြေပေါ်တက် အော်ဟစ်နေသံတွေ ကြားနေရတယ်။
နောက်တော့ သိတ်မကြာဘူး ဟိုဘက်က လှမ်းပစ်သံ ဆယ့်လေးငါးချက်ကြားလိုက်တယ်။ ဒီဘက် ကင်းသမားကလည်း ပြန်ပစ်တယ်။ ကျည်တဘောက်စ်လောက်တော့ ရှိမယ်။ နောက်တော့ ပြန်ငြိမ်သွားတယ်။ ခနလည်းနေရော တပ်စုဆေးတပ်သားကို ခေါ်တဲ့အသံ ကြားတယ်။ တခုခုတော့ တခုခုပဲဆိုပြီး ကျနော်လည်း အသံတွေကြားတဲ့ဘက်ဆီ လျှောက်မြောင်းအတိုင်း လျှောက်သွားတော့မှ
ရှေ့ကင်းဘန်ကာဘေးက လျှောက်မြောင်းထဲမှာ ပေါင်ခြံကြားထဲလက်အုပ်ပြီး “အံမယ်လေးဗျ လုပ်ကြပါဦး ကျနော့်ဂွေးစိ ပြတ်ထွက်သွားပလား မသိဘူး။ လုပ်ကြပါဦး”ဆိုပြီး ဖင်တုံးလုံးနဲ့ မျက်စေ့မျက်နှာအပျက်ပျက်နဲ့ ပေါင်ရောဖင်မှာပါ သွေးအလိမ်းလိမ်းနဲ့လဲနေတဲ့ မောင်စိန်ပြောင်း။
ကျနော့်လည်း မြင်ရော “ကိုဘီအီးရေ သွားပြီနဲ့တူတယ်ဗျ ဂွေးဥပြုတ်သွားပလားမသိဘူး၊ နာလိုက်တာဗျာ၊ သေမလား မသိဘူး၊ မိန်းမရရင် ကလေးတော့ရတော့မှာ မဟုတ်ဘူး၊ အဲ့လိုမှန်းသိရင် -ီးလှန်ပြပါတယ်ဗျ၊ ဒီ မအေလိုး ဗကပတွေကို၊ ဖြူအူရော ကျက်ပြီလား”ဆိုပြီး ဂယောင်ဂတမ်းတွေ ထပြောသေးတာ။ ကျနော်လည်း ဘာဖြစ်လို့ ဖြစ်မှန်းလည်းမသိ၊ သူကြည့်ပြီး သူပြောတာကြားပြီး သနားရမှာလိုလို ရီရမှာလိုလိုဖြစ်နေတုန်း ဆေးတပ်သား ရောက်ချလာတယ်။ မောင်စိန်ပြောင်းကတော့ ရှူံ့မဲ့အော်ဟစ်ငြီးတွားလို့၊ အကြပ်ကြီးလည်း ရောက်လာတယ်။
ဆေးတပ်သားက အတင်းလှန်လှောစစ်ဆေးကြည့်ပြီး ပြုံးပြုံးပြုံးပြုံးနဲ့ “ငါလိုးမသားရယ် ဘာမှ မဖြစ်ပါဘူးဟ၊ ငြှောင်ရှပြီး ကပ္ပါယ်အိပ်ကွဲသွားရုံပဲ။ ဘာမှမဖြစ်ဘူး၊ ငါပြန်ချုပ်ပေးမယ်၊ မင်းဂွေးဥလည်း မထွက်ပါဘူးဟ”ဆိုတော့ “တကယ်လား”တဲ့။ တကယ်ဟလို့ ဆေးတပ်သားကပြောတော့ ဘေးကကြည့်နေတဲ့ တပ်ကြပ်ကြီးက “ဘန်ကာထဲသွင်း ဒီမအေလိုးကို၊ အတော် ဖင်ယားတဲ့ကောင်၊ သူ့ပထွေးတွေကို အားအားရှိ ဖင် သွားကုန်းကုန်း ပြနေတာ၊ ဟို မနီးလို့။ နီးရင် စစ်တိုက်လို့မသေပဲ ဖင်အလိုးခံရပြီးသေမယ့်အကောင်”လို့ ပြောလည်းပြော ဆဲလည်းဆဲ ရီလည်းရီပြီး ဘန်ကာထဲဆွဲသွင်း၊ ထုံဆေးထိုးပြီး အစိမ်းချုပ်ပဲ ချုပ်ပေးလိုက်တယ်။
ခနနေတော့ စစ်ကြောင်းရုံးကပြန်လာတဲ့တပ်စုမှူးကို အကြပ်ကြီးက “ဒီကောင် ဟိုဘက်ကို ဖင်သွားလှန်ပြတာဗိုလ်ကြီး၊ မူးကလည်းမူးနေတော့ ခုန်ခုန်ပြီး ဖင်ကုန်းကုန်းပြရင်း သူ့ဟာသူ မထိန်းနိုင်ပဲ လျှောက်မြောင်းထဲ နောက်ပြန်လျှောပြီး မြောင်းထဲက ငြှောင့်စည်းတွေပေါ် ဖင်ထိုင်ရက်ကျတာ၊ ကပ္ပါယ်အိပ် ငြှောင့်ရှပြီး ခွဲလိုက်သလိုဖြစ်သွားတာ၊ သိတ်မများပါဘူး၊ ၃-၄ ချက်လားပဲ ချုပ်ရတာ၊ ဂွေးဥတော့ မထိဘူး”ဆိုပြီးသတင်းပို့သံကြားတော့ ကျနော်လည်း တယောက်တည်း ပြုံးမိတာပါပဲ။
ဒါနဲ့ အဲ့ဒီညနေ မောင်စိန်ပြောင်းရဲ့ဖြူအူချက်ဟာ ဆရာကြီးထွန်းရင်နဲ့တွဲပြီး အမြည်း ဖြစ်သွားခဲ့တာပါပဲ။ စက်တင်ဘာ ၂၃၊ ၂ဝ၁၅