Tuesday, December 8, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၁)

ထိုအတောအတွင်းက ကျွန်တော်နှင့်နယ်ခရီးလိုက်သူများလည်း များပါသည်။ ကျုံမငေးသခင်တင်မောင်၊ ဒေးဒရဲမှ ဦးခင်မောင်မြင့်၊ ပြည်သူ့ရဲဘော်ခေါင်းဆောင်ဟောင်းများ စသဖြင့် အတော်များများပါဝင်ရာ၊ ကျွန်တော်လည်း ထိုလှုပ်ရှားမှုကို အတော်ပင် အားရကျေနပ် ခဲ့ပါသည်။ နယ်များက တရားပွဲများသာမက ရန်ကုန်မြို့တွင်းတရားပွဲများကလည်း ကြာလေ အရှိန်ကောင်းလေဖြစ်လာပါသည်။ ဒီကြားထဲတွင် တက္ကသိုလ်တွင် တကသ မှ ကြီးမှူး၍ကျင်းပသည့်ဟောပြောပွဲများတွင်လည်း ကျွန်တော့်ကိုဖိတ်ကြားတတ်သဖြင့် မကြာခဏသွားရောက် ဟောပြောခဲ့ရပါသည်။ ဤသို့ စည်းရုံးလှုပ်ရှားလာခဲ့ရာ ပထမအကြိမ်ငြိမ်းချမ်းရေးအဖွဲ့ (ဆရာကြီးမှိုင်းဦးစီးခဲ့သော ၁၉၅၄ ခုနှစ် အစောပိုင်းများ ကာလ လှုပ်ရှားမှုများ)၏ အရှိန်အဝါမျိုး လှုပ်ရှားအုံကြွလာပြီး၊ ရန်ကုန်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေးအင်အားပြပွဲကြီးလုပ်ရန် တာစူနေစဉ် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း၏ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုကြီး ပေါ်ပေါက်လာပါတော့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ညက ကျွန်တော်တို့တတွေ ကမာရွတ်မြို့နယ်အတွင်း ဟောပြောပွဲလုပ်နေသည့်နေရာကို ကမာရွတ်ရဲစခန်းက ရဲအဖွဲ့ဝင်အချို့ရောက်လာပြီး ကျွန်တော်တို့ဟောပြောပွဲကို စောစောသိမ်းရန်ပြောခဲ့ပါသည်။ ကျွန်တော်တို့လည်း ဟောပြောပွဲပြီးလျှင် လုပ်နေကျဆွေးနွေးပွဲမလုပ်တော့ဘဲ တရားပွဲကိုရုပ်သိမ်းပြီးအိမ်ပြန်လာခဲ့ကြပါသည်။ ကျွန်တော် အိမ်ပြန်ရောက်ချိန်တွင် ဗိုလ်မှူးအောင် အိမ်မှရော၊ ဗိုလ်မင်းခေါင်ဆီမှရောလွှတ်လိုက်သည့်လူများ ရောက်ရှိနေပြီး ကျွန်တော့်ကို စောင့်နေကြပါသည်။ ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီးဖြစ်ကြောင်း၊ ဝန်ကြီးများအားလုံးကိုဖမ်းသွားပြီဖြစ်ကြောင်း၊ ဝင်ဒါမီယာကိုလည်း စစ်တပ်နဲ့ဝိုင်းထားကြောင်း ပြောပြကြ ပါသည်။

၁၉၆ဝ ခုနှစ်၊ ရွေးကောက်ပွဲအပြီး ဦးနုရဲ့ ပထစအစိုးရ တက်လာသည့်အခါ ဦးနုအနေနှင့် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရကို အာဏာလွှဲပေးရသည့် ဖြစ်ရပ်အပေါ်သင်ခန်းစာယူပြီး နိုင်ငံရေးသမားများအချင်းချင်းအကြား ပြန်လည်ညီညွတ်ဖို့အားထုတ်မှုများ လုပ်လာပါသည်။ ပြည်တွင်းစစ်ရှိနေသဖြင့် စစ်တပ်အနေနှင့် အင်အားကြီးနေတာကိုလည်း သဘောပေါက်ပုံရပါသည်။ ထို့ကြောင့် တောတွင်း အင်အားစုများနှင့် စေ့စပ်ရန်အားထုတ်မှုများလည်း လုပ်ဆောင်လာပါသည်။ သို့သော် ဦးနုနှင့် သူ၏ ပထစအဖွဲ့ဝင်များမှာ ပြည်သူလူထု အကျိုးထက်၊ မိမိတို့ကိုယ်ကျိုးစီးပွားပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်မှုကြောင့် သူတို့အချင်းချင်းအကြား အကွဲအပြဲများကလည်း မထိန်းနိုင် မသိမ်းနိုင်ဖြစ်ကာ အပြန်အလှန်အပုပ်ချမှုများကြောင့်လည်း ထိုခေတ် ဖဆပလ၊ ပထစနိုင်ငံရေးသမားများ ဂုဏ်သိက္ခာအကြီးအကျယ် ကျဆင်းခဲ့ရပါသည်။ ကွဲရပြဲရသည့်အခြေခံများမှာလည်း စားခွက်လုမှုများက စပါသည်။

စစ်တပ်အနေနှင့်ကလည်း ပြည်တွင်းစစ်ဖြစ်မှုကြောင့်ရော၊ တရုတ်ဖြူကျူးကျော်မှုကိုတိုက်ပေးနေရမှုကြောင့်ပါ ဗမာပြည်နိုင်ငံရေး လောကတွင် နိုင်ငံရေးအင်အားစုတရပ်ဖြစ်လာရပါသည်။ ထို့အပြင် စစ်တပ်ကို ၁၉၅ဝ ခုနှစ်နောက်ပိုင်းတွင် ဆိုရှယ်လစ်တပ်မှူးများက အုပ်စီးသွားပါသည်။ စစ်တပ်ထဲက နေရာကောင်းဟူသမျှကို ဆိုရှယ်လစ်တပ်မှူးများက ရယူသွားပါသည်။

စစ်တပ်အနေနှင့် ပြည်တွင်းစစ်ကိုတိုက်ရင်း စစ်တပ်ကို သက်သာချောင်ချိရေးဆိုတာကိုအကြောင်းပြကာ ဒီအက်စ်အိုင်လုပ်ငန်းများနှင့် ဘီအီးဒီစီလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်လာကြပါသည်။ ဤတွင် စစ်တပ်အာဏာနှင့်ပေါင်းပြီး စစ်ဗိုလ်များစီးပွားရေးလုပ်လာကာ စစ်ဗျူရိုကရေစီစနစ်အစို့အညှောက်များ ပေါ်ပေါက်လာပါတော့သည်။ ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် စစ်တပ်က အထက်လွှာများ ဤလုပ်ရပ်၏အရသာကို မြိုးမြိုးမြက်မြက်ခံစားမိသွားပါတော့သည်။

ဖဆပလ၊ ပထစခေတ်များတွင်လည်း ၎င်းတို့၏စီးပွားရေးပေါ်လစီအရ လိုင်စင်သူဋ္ဌေးများနှင့်ပေါင်း၍ နိုင်ငံရေးသမားများက အရင်းအနှီး စုဆောင်းကြီးထွားလာရာ စစ်တပ်၏စီးပွားရေးလုပ်ငန်းများနှင့် ပဋိပက္ခများ ဖြစ်လာပါတော့သည်။ ဤတွင် စစ်တပ်က မခံမရပ်နိုင်ဖြစ်လာပြီး စီးပွားရေးလည်း လုပ်လို့ရ၊ စစ်တပ်အာဏာလည်းလက်လွှတ်စရာမလိုတဲ့ စစ်အာဏာသိမ်းမှုတွေ ဖြစ်လာရခြင်းဖြစ်ပါသည်။

နိုင်ငံတကာ့အခြေအနေအရကလည်း အာရှတိုက်တွင်ကွန်မြူနစ်ဒီလှိုင်းကြီး (ထိုခေတ်က ဗီယက်နမ်စစ်ပွဲ ခြိမ့်ခြိမ့်သဲသဲဖြစ်နေသည့်ကာလ)ကို တားဆီးနိုင်သည့်၊ ကွန်မြူနစ်ကိုအပြတ်အသတ်မုန်းပြီးတိုက်နေသည့် ပြည်တွင်းက ဖောက်ပြန်ရေးအင်အားစုများ အာဏာရမှုကို ဖောက်ပြန်သည့်အင်အားကြီးနိုင်ငံများက လိုလားနေသည့်အခြေအနေ ဖြစ်ပါသည်။ ထိုကဲ့သို့သော အင်အားစုများကို ဝိုင်း၍ပုံ၍ အားပေးနေချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။

ဗမာပြည် ပြည်သူလူထုကလည်း အတော်နိုးကြားတက်ကြွနေပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများကို တောင်းဆို လှုပ်ရှားလာကြရာ စီးပွားရေးကလည်း ဘက်စုံချွတ်ခြုံကျလာသဖြင့် ပိုမိုမတည်မငြိမ်ဖြစ်နေပါသည်။ ဝန်ကြီးချုပ်ဦးနုသည် နယ်ချဲ့အလိုကျ လက်ယာသမားကြီးတဦးပင်ဖြစ်သော်လည်း ဤတက်ကြွလာနေသောပြည်သူလူထုကြီးကို ပြတ်ပြတ်သားသား ရက်ရက်စက်စက် နှိမ်နင်းဖို့ဆိုတာကိုတော့ လုပ်နိုင်မည် မထင်ပါ။ ပစ်သတ်ဖို့ဆိုတာတော့ ပို၍ပင် မဖြစ်နိုင်ပါ။

ဤကာလတွင် ပြည်တွင်းစစ်ကြောင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိနေသည့် စ်တပ်က အာဏာသိမ်းလိုက်ပြီး ပြည်သူလူထုကို စစ်အာဏာရှင်စနစ်နှင့် အပြတ်နှိမ်နင်းဖိနှိပ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ကိုယ်ရေးကြီးပွားလိုစိတ်ပြင်းထန်လှသည့် ဗိုလ်နေဝင်းသည် စစ်အာဏာရှင်စနစ်ကိုထူထောင်လိုက်ပါတော့သည်။ ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲများအပြီး၊ အတိုက်အခံ ပမညတ အမတ်များ၊ အတော်များများအရွေးခံလာရသောအချိန်က ဗိုလ်နေဝင်းကိုယ်တိုင် ကျွန်တော့်ကိုပြောသည်မှာ “ဒီအတိုင်းဆက်သွားရင်တော့ ဒီကောင်တွေ (ပမညတများကို ဆိုလိုသည်)နောက်ရွေးကောက်ပွဲ နှစ်ကြိမ်လောက်ဆိုရင် အစိုးရဖွဲ့သွားနိုင်တော့မှာ”ဟု ဖြစ်ပါသည်။ ဗိုလ်နေဝင်း၏အခြေခံစိတ်နေစိတ်ထားမှာ ဤကဲ့သို့ပင် ဖြစ်ပါသည်။ သူ၏ အကျင့်သီလစာရိတ္တမှာလည်း ဒီမိုကရေစီအလင်းရောင် အောက်တွင် နေနိုင်သူတဦးမဟုတ်သဖြင့် ဤကဲ့သို့သော ဒီမိုကရေစီစနစ်ကိုလည်းမကြိုက်နိုင် ဖြစ်ပုံရပါသည်။

တော်လှန်ရေးကောင်စီအစိုးရသည် စထွက်ကတည်းက ယဉ်သကိုဆိုသလိုပင် တက်လာလာခြင်းပင် အာဏာရ ပထစခေါင်းဆောင်များကို သာမက လူမျိုးစုခေါင်းဆောင်များ၊ မြေပေါ်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်အများအပြားကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ပါသည်။ ထို့ပြင် စစ်တပ်အာဏာသိမ်းတက်လာခြင်းကိုကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့် ကျောင်းသားအဖွဲ့အစည်းများကိုလည်း ဖိဖိစီးစီးဖိနှိပ်ဖို့ ကြိုးပမ်းလာပါသည်။ ကျောင်းသားခေါင်းဆောင်များ သြဇာကြီးနေမှုများကိုလည်း ထိန်းသိမ်းတားဆီးလိုကြပါသည်။ ထို့ကြောင့်ပင် အဆောင်စည်းကမ်းအမျိုးမျိုးထုတ်ပြန်လာပြီး ရန်စလာပါတော့သည်။

ထို့ကြောင့် တဖက်သတ်ထုတ်ပြန်သည့်အဆောင်စည်းကမ်းများရုပ်သိမ်းပေးရန် ဆန္ဒပြပွဲများကို ကျောင်းသားအဖွဲ့အစည်းများ (ဗကသ၊ တကသ၊ ရကသ)ဦးစီး၍ ၁၉၆၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင်းပေါ်ထွက်လာရာမှ ကျောင်းသားများအပေါ် ရန်ငြိုးကြီးစွာ ထားရှိနေသည့် ဗိုလ်နေဝင်းဦးဆောင်သောစစ်အုပ်စုဝင်များသည် ဗမာပြည်သမိုင်းတွင် ထိုအချိန်အထိမပေါ်ဖူးသေးသည့် ကြမ်းတမ်း ရက်စက်လှသော “ဇူလိုင် ၇ ရက် ပစ်သတ်မှုကြီး”ကို ကျူးလွန်လိုက်ကြပါတော့သည်။ ထို့ပြင် နောက်နေ့ ဇူလိုင် ၈ ရက်နေ့ မနက် လင်းအားကြီးအချိန်တွင် ကျောင်းသားအများအပြား ပုန်းအောင်းခိုလှုံနေသည်ဟူသေ အကြောင်းပြချက်ဖြင့် တက္ကသိုလ်သမဂ္ဂအဆောက်အအုံ ကြီးကိုလည်း ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ပါတော့သည်။

စစ်အစိုးရက သူ့ဘီလူးရုပ်ကို အထင်အရှားဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ သို့သော် ဤအဖြစ်အပျက်ကြီးမှာ အလွန်အရုပ်ဆိုး အကျည်းတန် လှသဖြင့် ထိုအချိန်က တော်လှန်ရေးကောင်စီဝင်ခေါင်းဆောင်များအနေဖြင့် သူ့တာဝန်၊ ကိုယ့်တာဝန်ပုံချပြောဆိုနေမှုများကို ဤ အရေးအခင်းကြီးပြီးနောက် နှစ်ပေါင်းများစွာဆက်လက်ပေါ်ထွက်နေသည်ကို တွေ့ရှိနိုင်ပေသည်။ (၁၉၈၈ ခုနှစ်မတိုင်ခင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ အိတ်ဖွင့်ပေးစာများကို ကြည့်ပါ။ ဦးနေဝင်း၏ လွှတ်တော်တွင်းပြောဆိုချက်များကိုလည်း ကြည့်ပါ။)

ဤဇူလိုင် ၇ ရက် လူသတ်ပွဲကြီးနှင့် သမဂ္ဂအဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးလိုက်မှုများပြုလုပ်ပြီးနောက် တော်လှန်ရေးကောင်စီ အစိုးရသည် မိမိတို့၏ဆိုးဝါးလှသောပုံရိပ်ကို ပြင်ဆင်နိုင်ရန်အလို့ငှာ ၁၉၆၃ ခုနှစ်၊ ဇွန်လတွင် တောတွင်းလက်နက်ကိုင်အင်အားစုများသို့ “ငြိမ်းချမ်းရေးကမ်းလှမ်းချက်”ကို ထုတ်ပြန်လိုက်ပါသည်။ ထို့အပြင် ကျွန်တော်တို့ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း သူတို့နှင့်အတူ တက်တက်ကြွကြွ ဖိတ်ခေါ်ရန်တိုက်တွန်းသည့် ပြောဆိုမှုများ၊ လုပ်ရပ်များလုပ်ဆောင်လာပါသည်။ သို့သော် ဆရာကြီးအပါအဝင် ကျွန်တော်တို့ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ဝင်များသည် ဗိုလ်နေဝင်းစစ်အုပ်စု၏ ကောက်ကျစ်လှည့်ဖျားတတ်သောအမူအကျင့်ကို သတိရှိ၊ သတိထားမိကြသဖြင့် ရဲရဲကြီးရှေ့ထွက် ဖိတ်ခေါ်ခြင်းမပြုဘဲ၊ ခပ်မှန်မှန်ပင်ရပ်တည်ခဲ့ပါသည်။ ကျွန်တော်တို့တတွေ လက်နက်ကိုင်တောတွင်းအဖွဲ့များကို ဗိုလ်နေဝင်းလက်သို့ ဝကွက်ပေးအပ်လိုက်သလိုဖြစ်မှာ၊ သမိုင်းကြွေးတင်ခံရမှာကို အလွန်စိုးရိမ်ကြပါသည်။

ဤကာလအတွင်းမှာပင် ဇူလိုင် ၇ ရက် တနှစ်ပြည့် အခမ်းအနားရောက်ရှိလာပါသည်။ ကျောင်းသားအချို့က ဖြိုချဖျက်ဆီးခြင်းခံထား လိုက်ရသော သမဂ္ဂအဆောက်အအုံနေရာတွင် ကျောက်တိုင်ငယ်လေးတတိုင်ထူလိုက်ပြီး ဓာတ်ပုံပြပွဲများ၊ အထိမ်းအမှတ်အခမ်းအနားများ လုပ်လာကြပါသည်။ ကျောင်းသားများလှုပ်ရှားမှုအရှိန် မြင့်တက်လာပြီး တညမှာတော့ အဆောင်တံခါးများကိုပိတ်ပြီး တောင်းဆိုချက်များ တင်၍ ဆန္ဒပြပွဲစတင်လိုက်ပါတော့သည်။ အာဏာပိုင်များကလည်း အဆောင်တံခါးများကို ဖွင့်ခိုင်းပါသည်။ ကျောင်းသားများကလည်း ၎င်းတို့ တောင်းဆိုချက်များမရပါက တံခါးမဖွင့်ဟုတင်းခံနေရာ ဝိုင်းထားသောစစ်တပ်က အတင်းအကျပ်ဝင်ရောက်စီးနင်းမည့်လက္ခဏာ ပေါ်ပေါက်လာရာ တင်းမာမှုများမြင့်မားလာပါသည်။


Thursday, December 3, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁ဝ)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁ဝ)
၂။ လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်။      ။ ဦးထွန်းတင်မှာ အတော်စောစွာကပင် စတင်၍ ဆရာကြီး၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသူ ဖြစ်ပါသည်။ ကျွန်တော် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ စတင်လေ့လာသည့်အချိန်တွင်မှ သူနှင့်သိရှိလာခြင်း ဖြစ်ပါသည်။ စတင်သိရှိချိန်ကစ၍ (သူအကျဉ်းကျခံသွားသည့် အချိန်များကလွဲလို့) တောက်လျှောက် ကျွန်တော်နှင့် ရင်းရင်းနှီးနှီးဆက်ဆံ နေခဲ့ကြသည်မှာ ကျွန်တော်တောခိုခဲ့သည့် ၁၉၇၆ ခုနှစ်အချိန်ထိပင် ဖြစ်ပါသည်။

ကျွန်တော်နှင့် ဦးထွန်းတင်တို့နှစ်ဦး ဤမျှရင်းနှီးချစ်ခင်ကြရခြင်းမှာ ကျွန်တော်တို့၏နိုင်ငံရေးရည်မှန်းချက်ချင်းတူညီသည့်အပြင် ကျွန်တော်တို့ နှစ်ဦး၏ အိမ်ချင်းနီးသည့်အကြောင်းလည်း ပါဝင်ပါသည်။ သူ၏ အိမ်မှာ စမ်းချောင်းလမ်းတွင်ရှိပြီး ကျွန်တော့် ဆီဆုံလမ်းအိမ်နှင့် ဟိုဘက်လမ်း သည်ဘက်လမ်းသာ ဖြစ်ပါသည်။ ထို့ပြင် သူ့တွင် ကိုယ်ပိုင်ကားလည်းရှိရာ ကျွန်တော်တို့ သွားစရာလာစရာရှိတိုင်း သူနှင့်ပင် သွားရလာရ ပါသည်။

ဦးထွန်းတင်သည် တရုတ်သွေးပါရှိပြီး၊ ဖခင်မှာ အလွန်နာမည်ကြီးသည့် ရှေ့နေတဦးလည်းဖြစ်ပါသည်။ သူတို့ညီအစ်ကိုအားလုံးလည်း ပညာတတ်ကြီးများ ဖြစ်ကြကာ ကျွန်တော်တို့အကြား စီးပွားရေးအရ သူက အချောင်လည်ဆုံးဖြစ်ပါသည်။ သူ့ ဇနီးဖြစ်သူမှာလည်း ပညာတတ်တဦးဖြစ်ကာ အရာရှိကြီးတဦးလည်း ဖြစ်ပါသည်။

ဦးထွန်းတင်မှာ သူ၏ ရှေ့နေလုပ်ငန်းလုပ်ဆောင်ရာတွင်လည်း ငွေရေးကြေးရေးကိုပဓာနမထားဘဲ ငွေကြေးမတတ်နိုင်သည့် နိုင်ငံရေးသမားများ၊ ပြည်သူများဘက်မှ လိုက်ပါပေးလေ့ရှိပါသည်။ ဤနေရာတွင် အကောင်းဆုံးသာဓကမှာ သူကွယ်လွန်ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေအမှုကို လိုက်ပါဆောင်ရွက်နေဆဲဖြစ်ကြောင်းတွေ့ရခြင်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက်အစိုးရများ၏ မတရားစွဲဆို၊ အမှုဆင်ခြင်းခံရသည့်အမှုများဘက်မှ ထာဝစဉ်လိုက်ပါဆောင်ရွက်ပေးတတ်ပြီး တခါတရံ ရှေ့နေခပင် မရရှာပါ။ သူက အိတ်စိုက်ပင် လုပ်ရပါသေးသည်။

ဤအတွက်ကြောင့်ပင် အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်များတွင် ဖမ်းဆီးထောင်ချခြင်းခံရပြီး ကိုကိုးကျွန်းသို့ပင် ပို့ဆောင် အကျဉ်းချခံရဖူးပါသည်။ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း တက်တက်ကြွကြွပါဝင်လုပ်ဆောင်ပေးမှုများကို ကြားသိရပါသည်။
           
၃။ တော်ဘုရားလေး (သို့မဟုတ်) မင်းသားကြီး။     
နောက်ပိုင်း ဦးအောင်ဇေဟုအမည်ပြောင်းခဲ့သော သီပေါမင်း၏မြေးတော်၊ တော်ဘုရားလေးမှာ ကျွန်တော်နှင့်စတင်သိရှိချိန် ၁၉၆ဝ ခုနှစ်များ အတွင်းက ဦးသန့်ဇင်ဟုခေါ်ပါသည်။ ကျွန်တော်က သူနှင့်စတင်သိရှိကတည်းက မင်းသားကြီးဟုခေါ်ရာ ဤအမည်တွင်သွားပြီး အားလုံးက ဤအတိုင်းပင်လိုက်ခေါ်ပြီး သူကလည်း ကျေနပ်ပုံရပါသည်။

ကျွန်တော်တို့တတွေ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆရာကြီးမှိုင်းအိမ်မှာ အစည်းအဈေးများထိုင်ကြသည့် အခါများတွင် ဆရာကြီးက သူတို့ တို့ဗမာအစည်းအရုံးအတွက် နယ်များကိုလှည့်လည်စည်းရုံးရာမှာ သခင်ထိပ်တင်ကိုယ်တော်ကြီးကို ထိပ်ဆုံးကနေရာပေး၍ လူထုကိုစည်းရုံးရပုံ၊ အထူးသဖြင့် ကျေးလက်လူထုများက မင်းသားပါလာတယ်ဆို၍ ဝမ်းသာအားရ လာရောက် နှုတ်ဆက်ကန်တော့ကြပုံများကို ပြန်လည်စားမြုံ့ပြန် ပြောပြတတ်ပါသည်။ တဆက်တည်း ဆရာကြီးက “အေး-မင်းတို့လည်း ဂရုစိုက်ကြ၊ တော်ဘုရားလေးကိုရှေ့တင်ပြီး စည်းရုံးရေးဆင်းကြကွာ”လို့ ရယ်ရွှန်းဖတ်ရွှန်းနှင့် တော်ဘုရားလေးကို စတတ်နောက်တတ်ပါသည်။ တကယ်လည်း ကျွန်တော်တို့နယ်ဘက် စည်းရုံးရေးဆင်းရာတွင် သီပေါမင်း၏မြေးတော်ပါလာသည်ဟူသောသတင်း ပျံ့နှံ့ရောက်ရှိသည့် ကျေးလက်များက လူထုများ တခုတ်တရ မြို့ပေါ်တက်လာပြီး တရားပွဲတက်ကြပါသည်။

မင်းသားကြီးမှာ လူပုံပန်းကလေးက နွဲ့နွဲနောင်းနောင်း ပုပုပျပ်ပျပ်ကလေးသာ ဖြစ်သည်။ စကားပြောအလွန်ချိုသာအေးဆေးပြီး ရိုးသား ပွင့်လင်းသူလည်း ဖြစ်ပါသည်။ အလွန်ချစ်စရာကောင်းသူ ဖြစ်ပါသည်။ လူပုံက အေးအေးပျော့ပျောင်းသော်လည်း၊ စိတ်ဓာတ်ကတော့ အလွန်မာကြောခိုင်မာသူဖြစ်ပြီး သူ့တသက်တာလုံး ပြည်သူများဘက်က တစိုက်မတ်မတ်ရပ်ခံသွားသူသာ ဖြစ်ပါသည်။ ဖမ်းဆီးထောင်ချ၊ ညှဉ်းပန်းမှုများလည်း ခံခဲ့ရသူ ဖြစ်ပါသည်။

၎။ ဒေါက်တာဆင်ဖိုး။      
ကျွန်တော်တို့အကြားတွင် နိုင်ငံရေးသမားမဟုတ်ဘဲ အမြဲတန်းကန့်လန့်ကန့်လန့်ပါနေသူတဦး ရှိပါသေးသည်။ သူကတော့ ဒေါက်တာဆင်ဖိုး ဖြစ်ပါသည်။ သူသည် ဆရာကြီးမှိုင်းအား ပုဂ္ဂိုလ်ရေးအရအလွန်လေးစားကြည်ညိုသူတဦးဖြစ်ကာ၊ ဆရာကြီး၏ ပုဂ္ဂိုလ်ရေးဆရာဝန်ကြီးအဖြစ် မေတ္တာဖြင့် သူဘာသာသူသတ်မှတ်ပြီး လာရောက်စောင့်ရှောက်ကုသပေးနေသူ ဖြစ်ပါသည်။

သူသည် လန်ဒန်သို့ ပညာတော်သင် စေလွှတ်ခြင်းခံရသော်လည်း လန်ဒန်ရှိ “ကားလ်မာ့က်စ်” ၏အုတ်ဂူကို သွားရောက်အလေးပြုမိသဖြင့် ဘွဲ့မရရှိဘဲ ပြန်လာရသူဖြစ်ပါသည်။ နောက်ပိုင်း ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ထားရာ နိုင်ငံရေးသမားများ၊ တောပြန်များနှင့် သူတို့မိသားစုများ စသည့် ငွေရေးကြေးရေးမချောင်လည်သူများအားလုံး၏ အားထားမှီခိုရာဆေးခန်းလေးဖြစ်လာ ပါတော့သည်။ သူက ဆေးအလကား ကုသ ပေးရုံသာမက တချို့လူနာများကို ဆိုက်ကားခပင် ဆီးပေးရသည့်အဖြစ်မျိုး မကြာခဏကြုံရပါသည်။ အလွန်စေတနာကြီးသည့် ဆရာဝန်တဦး ဖြစ်ပါသည်။

ဆရာကြီးမှိုင်းအား ပုံမှန်လာရောက်ကြည့်ရှုစစ်ဆေးပြီး အချိန်မှန်မှန် အားဆေးထိုး၊ အားဆေးသွင်းနှင့် လုပ်ကိုင်ကုသပေးပါသည်။ ဆရာကြီး ဤမျှအထိ အသက်ရှည်၍အနာမဲ့စွာ နေထိုင်သွားနိုင်မှုမှာ ဒေါက်တာဆင်ဖိုး၏ကျေးဇူးပင် ဖြစ်ပါသည်။ ဆရာကြီး၏ နိုင်ငံခြားခရီးများတွင် လည်း သူက လိုက်ပါစောင့်ရှောက်ပေးပါသည်။

သူ မကြာခဏ ပြောတတ်သည့်စကားတခွန်း ရှိပါသည်။ “လောကမှာ ရေမချိုးလို့သေတဲ့မသာ မရှိဘူး။ ရေချိုးမှားလို့ သေတဲ့မသာပဲရှိတယ်။ ဒါကြောင့် ကျွန်တော် လန်ဒန်မှာနေခဲ့တဲ့ကာလတလျှောက် တခါမှ ရေမချိုးခဲ့ဘူး” ဆိုသောစကား ဖြစ်ပါသည်။ ကျွန်တော် မကြာခဏ သတိရနေမိပါသည်။

ကျွန်တော် ယခုနေရသောအရပ်မှာ ဆောင်းတွင်းမှာ အလွန်အေးတတ်သဖြင့် (ဒါတောင် တရုတ်ပြည်တွင် အတော်နွေးသောအရပ် ဖြစ်သည်) ကျွန်တော် ရေချိုးကြောက်သောကြောင့် ရေချိုးခါနီးတိုင်း သူ့စကားကို သတိရနေတတ်မိခြင်း ဖြစ်ပါသည်။

၅။ ဦးတင်ရွှေ (မုံရွာ)။      
ကိုတင်ရွှေကို ကျွန်တော် ငြိမ်းချမ်းရေးလုပ်ငန်းများပါဝင်လုပ်ဆောင်ရန် စတင်လေ့လာချိန်ကစ၍ ကျောင်းသားခေါင်းဆောင်ဟောင်း တယောက်အဖြစ် သိရှိခဲ့ရပါသည်။ လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်နှင့်တော့ အစောကတည်းက သိရှိရင်းနှီးပြီးဖြစ်ဟန်တူပါသည်။ နောင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းရာမှာလည်း ထိုအဖွဲ့ကြီးကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေးဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်ပြီး အတွင်းရေးမှူးအဖွဲ့တရပ်ကိုဖွဲ့စည်းရာ ထိုအဖွဲ့တွင် ကိုတင်ရွှေပါဝင်လာပါသည်။ ထိုအဖွဲ့ထဲတွင် ထူငယ်များဖြစ်ကြသော ကိုတင်ရွှေနှင့်ဦးစိုးမင်း(ဗလစ)တို့မှာ အသွက်လက်ဆုံး၊ အလုပ်အများဆုံးဖြစ်ကာ အထွေထွေတာဝန်များကို အသေးအမွှားအထိ အားလုံး သိမ်းကျုံးလုပ်ဆောင်ကြသူများ ဖြစ်ကြပါသည်။ ကျွန်တော်တို့အားလုံး အတော်ပင်အားထားရသူ ဖြစ်ပါသည်။

ကျွန်တော် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွင် ဝင်လှုပ်ရှားသောအချိန်တွင် ဆရာကြီးမှိုင်းမှာ ကျန်းမာရေးအရ အတော်ကျဆင်းစပြုလာပြီ ဖြစ်သဖြင့် အဖွဲ့၏အစည်းအဈေးများကို ကျွန်တော်၏ စမ်းချောင်း၊ ဆီဆုံလမ်းအိမ်တွင်သာ ပြုလုပ်တာများလာပါတော့သည်။ တခါတရံ ကျွန်တော်တို့ နယ်များမှပြန်လာသည့်အခါ (သို့မဟုတ်) ဆရာကြီး စိတ်ရွှင်လန်းစေချင်သည့်အခါများတွင်သာ ဆရာကြီး၏ ချမ်းသာလမ်းအိမ်၊ ဆရာကြီး၏အိပ်ရာဘေးတွင်ပြုလုပ်ကြပြီး အကြောင်းအရာအားဖြင့်လည်း ပေါ့ပေါ့ပါးပါး အကြောင်းအရာများသာ ဆွေးနွေးကြပါသည်။ များသောအားဖြင့် နယ်များမှ လူထုများက ဆရာကြီးအား ဆုတောင်းမေတ္တာပို့သည့်အကြောင်းအရာများ၊ လက်ဆောင်ပစ္စည်းများ၊ လမ်းခရီးအတွင်းကြုံရသည့် ရယ်စရာ၊ မောစရာများသာ ပြောဆိုကြပါသည်။

ဤသို့ဖြင့် ကိုတင်ရွှေသည် ကျွန်တော့်အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာရာမှ ကျွန်တော့်မိသားစုများနှင့်ပါ သိကျွမ်းခင်မင်ရင်းနှီးလာ ပါသည်။ ကျွန်တော့်ဇနီးက တခါတရံ နောက်ပြောင်ပြီး သူ့ကို လူပျိုကြီးဟု ခေါ်လာပါသည်။ ဦးထွန်းတင်ကလည်း တခါတရံ ခေါ်ဝေါ် နောက်ပြောင်တတ်ပါသည်။ ဤလို နောက်ဖန်များလာတော့ သူက ကျွန်တော့်မှာ လက်ထပ်မယ့်ဇနီးလောင်း ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရပြီးမှလက်ထပ်မယ်လို့ စီစဉ်ထားပါတယ်လို့ ကျွန်တော်တို့ကို ရင်းရင်းနှီးနှီးပြောပြပါသည်။
ထိုစဉ်က ကိုတင်ရွှေသည် ရန်ကုန်ရှိ ဆိုဗီယက်သံရုံးတွင် ဘာသာပြန်တဦးအဖြစ်ဝင်ရောက်လုပ်ကိုင်နေပါသည်။ သို့ရာတွင် ထိုအချိန်က ဆိုဗီယက်ရုရှားမှာ ပြန်လည်ပြင်ဆင်ရေးသမားဟု နာမည်ဆိုးနှင့်ကျော်ကြားနေသဖြင့် ကမ္ဘာ့လက်ဝဲလောက၏ ဝေဖန်ရှုတ်ချခြင်းကိုခံနေရရာ ကိုတင်ရွှေမှာ ပြန်လည်ပြင်ဆင်ရေးသမားများလက်အောက်တွင် မနေလို၊ အလုပ်မလုပ်လိုသဖြင့် ရတောင့်ရခဲ ထိုအလုပ်မှ နုတ်ထွက်လိုက် ပါတော့သည်။

ထိုဆိုဗီယက်သံရုံးအလုပ်မှနုတ်ထွက်ပြီးလျှင်ပြီးချင်း ကျွန်တော့်အိမ်သို့ ရောက်လာကာ အလုပ်ထွက်လာပြီဖြစ်ကြောင်း အားရပါးရ ပြောပြ ပါသည်။ ကျွန်တော်လည်း ဤလုပ်ရပ်မှာ ချီးကျူးဖွယ်ဖြစ်သော်လည်း သူ့စီးပွားရေးအတွက်ပူပန်မိရာ ခင်ဗျားဘာလုပ်စားမလည်းဟု မေးမိရာ သူက ရှေ့နေလိုက်မည်ဟု ဆိုပါသည်။

သူရှေ့နေလိုက်ရာတွင်လည်း နိုင်ငံရေးသမား အမှုသည်များ၊ ငွေကြေးမတတ်နိုင်သူများထံမှ အခကြေးငွေမယူရုံမက ထိုသူများအတွက် စားဖွယ်သောက်ဖွယ်များပင် ဝယ်ခြမ်းပေးတတ်သေးသည်ဟု ကြားသိရပါသည်။ သူက တဖက်က ရှေ့နေလိုက်ရင်း၊ တဖက်က စာပေစာတမ်း၊ ဘာသာပြန်များ ရေးသားထုတ်ဝေရာ အတော်အောင်မြင်တာကို တွေ့ရပါသည်။

သူနှင့်ကျွန်တော် ရန်ကုန်ခရိုင်အတွင်းရော နယ်မြို့များသို့ပါ အတူတူခရီးထွက် စည်းရုံးရေးဆင်းရဖူးသဖြင့် ပိုမိုရင်းနှီးလာပါသည်။ သူနှင့် သူ၏ဇနီးလောင်းမမြသူတို့ ငြိမ်းချမ်းရေးရမှ လက်ထပ်ကြမည်ဟုစီစဉ်ထားသော်လည်း ၁၉၆၃ ခုနှစ်၊ ဗိုလ်နေဝင်း၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားသောအခါတွင်မူ လက်ထပ်လိုက်ကြရပါတော့သည်။ သူတို့ လက်ထပ်ပြီးနောက် သူတို့ဇနီးမောင်နှံ ကျွန်တော်တို့အိမ်သို့ လာရောက် လည်ပတ်ကြပါသည်။ ကျွန်တော့်သမီးများက ကိုတင်ရွှေ၏ဇနီးကို မမ-မမဟု ခေါ်ဝေါ်နှုတ်ဆက်ရာ ကိုတင်ရွှေက ကျွန်တော့်သမီးများကို မင်းတို့က ငါ့ကိုတော့ဦးလေးခေါ်ပြီး သူ့ကိုတော့ မမ-မမနဲ့ခေါ်နေတာ မတရားဘူးဟုပြောရာ ကျွန်တော့်သမီးများက ဒါကတော့ မမက လှတာကိုးလို့ ပြန်ပြောပါသည်။ ဒါကိုတော့ သူက သဘောကျပုံရပါသည်။ တဟဲဟဲရယ်နေတာ တွေ့ရပါသည်။

ကျွန်တော် တောခိုလာပြီးနောက် သူနှင့်ဈေးကွာသွားရာ ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲအပြီး ကိုတင်ရွှေအဖမ်းခံရပြီးနောက် ထောင်ထဲမှာပင် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။ ပြည်သူ့ဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး စကားပြောဆိုရာတွင် ပြုံးပြုံးပြုံးပြုံးနှင့် အလွန်သဘော သကာယကောင်းလှသည့် သူ့ကို ကျွန်တော်အမြဲအမှတ်ရနေမိပါသည်။
ကျွန်တော် သူတို့အားလုံးကို အမှတ်ရနေမိပါတော့သည်။


ကျွန်မ ဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။ ဆောင်းပါးအမှတ်(၃၈)။ ခင်ဆွေဦးရဲ့“ဒို့တိုင်းဌာနီ”

0 comments
ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ။ ဆောင်းပါးအမှတ်(၃၈)။
ခင်ဆွေဦးရဲ့ --- “ဒို့တိုင်းဌာနီ”
 
ဖေဖေတပ်က ပင်စင်ယူရပြီးနောက် ၁၉၅၇ခုနှစ် ဇွန်လမှာ ကျွန်မတို့မိသားစု မင်္ဂလာဒုံကနေ စမ်းချောင်းရပ်ကွက်ထဲ ပြောင်းရွှေ့နေထိုင် ခဲ့ကြရပါတယ်။ တိုင်းမှူးကြီးဘဝက တခမ်းတနား ကင်းနဲ့ အလံတိုင်နဲ့နေနေတော့ တော်ရုံတန်ရုံလူ မလာရဲကြပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်က များတယ်လေ။

သာမန်အရပ်သားဘဝနဲ့ ရပ်ကွက်ထဲရောက်လာတော့ မိတ်ဆွအပေါင်းအသင်း ရောင်းရင်းဟောင်းတွေ တယောက်ပြီးတယောက် တသုတ်ပြီး တသုတ် လာရောက်လည်ပတ်ကြပါတယ်။

ဒီလိုနဲ့ စနေ-တနင်္ဂနွေ ရက်အားတရက်မှာ မိသားစုကြီးတစုရောက်လာပါတယ်။ ကွယ်လွန်သူ မျိုးချစ်ပြည်ချစ် စာရေးဆရာကြီးမဟာဆွေရဲ့ ကျန်ရစ်သူဇနီး ဒေါ်ကြည်ကြည်နဲ့ သမီးကြီးဒေါ်ခင်ဆွေဦးတို့ မိသားစုပါ။ အဲဒီတုန်းက မမခင်ဆွေဦးရဲ့သမီးကလေး ပုလဲက ၄-၅ နှစ် အရွယ် ကလေးပါ။

မမ ကလည်း ဗိုလ်ချုပ်လမ်းက စိန်ဂျွန်းကွန်ဗင့်(မိန်းခလေးကျောင်း)မှာ ဆရာမလုပ်ယင်း တဖက်က စာတိုပေစလေးတွေရေးနေပါတယ်။ နံမည်သိပ်မကြီးသေးပါဘူး။ ဖေဖေကို ဒေါ်ကြည်ကြည်က-ကိုရွှေ-လို့ ခေါ်ပြီး မမ ကတော့ ကိုကိုရွှေတဲ့။ ကျွန်မတို့မောင်နှမတတွေက ဒီအခေါ်ကို ထူးဆန်းနေပါတယ်။ ဖေဖေထက်အငယ် ဆွေမျိုးတစုက အစ်ကိုရွှေလို့ပဲခေါ်ကြတာလေ။ သူတို့ပြန်သွားမှ ဖေဖေက သူတို့
မိသားစုနဲ့ ရန်ကုန်မှာလာကျောင်းနေစဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြောင်းပြောပြပါတယ်။ ဖေဖေတသက်လုံးမှာလည်း သူ့ကို-ကိုကိုရွှေ-လို့ခေါ်တာ မမခင်ဆွေဦးတို့ညီအစ်မနှစ်ယောက်ပဲ ဖြစ်ဟန်ရှိပါတယ်။

မမခင်ဆွေဦးက အဲဒီအခေါက်ကစပြီး အကြိမ်ကြိမ်လာရောက်ပြီး ဖေဖေနဲ့စကားတွေပြော မှတ်တမ်းတွေရေး လုပ်ပါတယ်။ ဖေဖေကလည်း သူ့မှတ်တမ်းတွေ စာအုပ်စာတမ်းတွေ ငှားရမ်းပေးတာတွေလည်းတွေ့ရပါတယ်။
 
နောက်မကြာခင်မှာဘဲ မမခင်ဆွေဦးရဲ့ ပထမဆုံးလုံးချင်းဝတ္ထုရှည်အဖြစ် -“ဒို့တိုင်းဌာနီ”ဆိုတဲ့စာအုပ် ထွက်လာပါတယ်။ ထွက်ထွက်ချင်းပဲ မမခင်ဆွေဦးကိုယ်တိုင် စာအုပ်ကိုလက်မှတ်ထိုးပြီး လာပို့ပါတယ်။

ပထမအကြိမ်ထုတ်ဝေတဲ့ စာအုပ်(၁၉၆၁)အဖုံးက ပုသိမ်ထီးလေး ပုခုံးပေါ်တင်ဆောင်းထားတဲ့ အမျိုးသမီးလေးပုံ ပန်ချီကားလေးနဲ့ပါ။ စာရေးသူရဲ့အမှာစာက ကျေးဇူးတင်ရသူများစာရင်းမှာ--- စစ်မှတ်တမ်းရှည်ကြီးများကို   စိတ်ရှည်လက်ရှည် ရှင်းလင်းပြောဆိုပေးခဲ့တဲ့   “ကိုကိုရွှေ(ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော)ကို၎င်း--လို့ ဖေါ်ညွှန်းရေးထားတာတွေ့ရပါတယ်။ (နောက်ပိုင်း ထွက်တဲ့စာအုပ်များမှာတော့ အဲဒီ အမှာစာဖြုတ်ပေးရတယ်-တဲ့။)
   
စာအုပ်ထွက်ထွက်ချင်းပဲ ချက်ချင်းကုန်သွားလို့ ဒုတိယအကြိမ် ပြန်ရိုက်ရပါတယ်။ နောက်ပိုင်းလည်း အကြိမ်ပေါင်းများစွာ ပြန်ရိုက်ရပါတယ်။ စာအုပ်ဝေဖန်ရေးအခန်းများမှာလည်း ဒီစာအုပ်ကိုပဲ တခမ်းတနားချီးကျူးထားတာတွေ ဖတ်ရပါတယ်။ မမခင်ဆွေဦးကိုယ်တိုင် နောက်ပိုင်း ပြောပြဖူးတာတခုလည်း ရှိပါသေးတယ်။ အဲဒီစာအုပ်ကို စာပေဗိမာန်စာပေဆုပေးဘို့ အားလုံးသဘောတူ ရွေးချယ်ပေးပြီးသားတဲ့။

နောက်ဆုံးအဆင့်ကျမှ “ဗိုလ်ကျော်ဇောကို မွှန်းလွန်းတယ်--ဆိုပြီး ပယ်ချခံလိုက်ရတာ”တဲ့။

မမခင်ဆွေဦးလည်း တခါတည်း နံမည်ကြီးစာရေးဆရာစာရင်း ဝင်သွားပါတော့တယ်။ ဝင်လည်း ဝင်လောက်ပါတယ်။ နှစ်တွေနဲ့ချီပြီး အချိန်ယူ ရေးခဲ့တာကိုး။ ဒါ့အပြင် တကယ့်ဖြစ်ရပ်မှန်တွေနဲ့ ရောယှက်ပြီး စိတ်ကူးယဉ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ရေးဖွဲ့ထားမှုဟာ တကယ့်ကို လက်ရာမြောက်ပါတယ်။

နိုင်ငံရေးအနှစ်သာရ(မျိုးချစ်ပြည်ချစ်စိတ်)လည်း မသိမသာလေး ပါသေးတယ်လေ။ မမက အဲသလိုမျိုးဇာတ်လမ်းဖွဲ့တာမှာ အတော် တော်တယ်။ နောက်ပိုင်း အဲသလိုမျိုးဝတ္ထုတွေ တော်တော်ထွက်သေးတယ်။

မမခင်ဆွေဦးက သူတို့မိသားစုတစိတ်တပိုင်း ဖေဖေ့ဘဝဖြတ်သန်းမှုတွေကို ဇာတ်အိမ်ဖွဲ့ပြီး ဗမာ့ပြည် နိုင်ငံရေးခရီးစဉ်ကြီး နောက်ခံထားပြီး ရေးခဲ့တာပါ။ အဲဒီစာအုပ်ထဲပါတဲ့ ကိုသူရရဲ့ရုပ်ရည်ဖော်ပြချက်ကိုကြည့်လိုက်ယင် ဖေဖေရဲ့ ဘီ-အိုင်-အေခေတ် ဗိုလ်မှူးလေးကျော်ဇော (အသက်-၂၂-၂၃ အရွယ်)ဓာတ်ပုံနဲ့ တူမှတူပဲ။ အဲဒီစာအုပ်ဇာတ်လမ်း ဘယ်လောက်အောင်မြင်သလဲဆိုရင် ကျွန်မ သူငယ်ချင်းတွေက… ယူ့မာမီက “မိ”လားတဲ့။ ဒို့တိုင်းဌာနီထဲက အဓိက အမျိုးသမီးဇတ်ကောင်က “မိ”လေ။

ဒီစာအုပ်ကို အစောပိုင်းမှာ အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခွင့်ရခဲ့ပေမယ့် ကျွန်မတို့ တောခိုသွားတဲ့နောက်ပိုင်း ၁၉၇၆ ကစလို့ ကာလတပိုင်း ပိတ်ထားတာခံရသေးတယ်လို့ ကြားရပါတယ်။

နောက်ပိုင်းစာပေစီစစ်ရေးက ဖြုတ်ခိုင်းတာတွေဖြုတ်ပြီး နအဖခေတ်မှာ ပြန်ထုတ်ခွင့်ရလာပါတယ်။
      
ကွှန်မတို့ ဒီစာအုပ်အကြောင်း ပြန်ကြားလာရတာကတော့  ဒီချုပ်ကကြီးမှူးပြီးပြုလုပ်တဲ့ စာဖတ်ဝိုင်းအကြောင်းရေးထားတဲ့ အစိုးရ သတင်းစာထဲက ဆောင်းပါးတစောင်မှာပါ။ အဲဒီဆောင်းပါးကို ကျွန်မ မှတ်မိသလောက်ပြောပြပါဦးမယ်။  …. ခင်ဆွေဦးရဲ့“ဒို့တိုင်းဌာနီ”… စာအုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စာဖတ်ဝိုင်းမှာ ဦးတင်ဦးက ဦးစီးပြီးဟောပြောပို့ချရာမှာ ဦးတင်ဦးဟာ ဗိုလ်ကျော်ဇော (တောခို ဗကပ)ရဲ့ အခန်းကဏ္ဍကို အလွန်အလေးပေး ဟောပြောသွားကြောင်း  အထူးသဖြင့်-တရုတ်ဖြူတိုက်ပွဲများမှာ ရွပ်ရပ်ချွံချွံတိုက်ခဲ့ပုံတွေကို အသားပေးပြောဆိုသွားကြောင်းတွေ  အပြည့်အစုံ ရေးထားတာတွေ့ရပါတယ်။
     
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ နာယကကြီးဦးတင်ဦးကို ကျေးဇူးစကားဆိုရပါဦးမယ်။ ဖေဖေက သူ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိကို ရေးတော့ အသက် ၈ဝ-ကျော်နေပါပြီ။ အတော်မေ့လျော့ကုန်ပါပြီ။ သတိတရ ရေးသားထားတာတွေလည်း ၁၉၈၉ ခုနှစ် ပန်းဆန်း က ထွက်လာရစဉ်က ကျန်ခဲ့ပါပြီ။ ဒါကြောင့်ဖေဖေ့ စာအုပ်မှာ-တရုတ်ဖြူ တိုက်ပွဲများအကြောင်းရေးတော့ အသေးစိတ်တွေမပါနိုင်တော့ပါဘူး။ ဒါပေမယ့် ဦးတင်ဦးက ဒီအပိုင်းတွေကိုမှတ်တမ်းတင်ပေးခဲ့ပါတယ်။ အသက်အရွယ်နဲ့မမျှအောင် မှတ်ဥာဏ်ကောင်းမှုဟာ အံ့သြအတုယူ လောက်စရာဖြစ်ပြီး ကျေးဇူးလည်းအထူးတင်ရမှာပါ။
    
ဖေဖေကွယ်လွန်တော့(၂ဝ၁၂-အောက်တိုဘာ-၁ဝရက်) ဗွီ-အို-အေ-တပ်မှူးတပ်သားပြောစကားအစီအစဉ်က ဦးရော်နီငြိမ်း ကအထူးဂုဏ်ပြု အစီအစဉ် ၄ ပတ်ဆက်တိုက်တင်ဆက်ပါတယ်။ ဦးတင်ဦးနဲ့တရုတ်ဖြူတိုက်ပွဲများအကြောင်း ဆက်သွယ်မေးမြန်းထားတာတွေပါ။ အဲဒီအသံခွေဟာ တနာရီကျော်ကြာပါတယ်။ ဖေဖေကွယ်လွန်တာ-တနှစ်မြောက်အထိမ်းအမှတ်အဖြစ် စာအုပ်ထုတ်ဖို့စီစဉ်တော့ ကျွန်မက အချက်အလက်တွေတောင်း--စုဆောင်းရာမှာ ဦးရော်နီငြိမ်းက အဲဒီအသံခွေ ပို့ပေးခဲ့ပါတယ်။

အသံလွှင့်စဉ်က အချိန်အခက်အခဲကြောင့် အကုန်မထုတ်လွှင့်နိုင်ခဲ့ပါဘူး။ အဲဒီအသံခွေရမှ အပြည့်အစုံစာနဲ့ပေနဲ့ -- သူတို့ရင်ထဲက ဗိုလ်ကျော်ဇော အတွဲ(၂)မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဖေဖေ ကွယ်လွန်တာ(၃)နှစ်မြောက် (၁ဝ-၁ဝ-၂ဝ၁၅) အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ “ဗိုလ်ကျော်ဇောပုံရိပ်များ” သတင်းမှတ်တမ်းခွေမှာတော့ အဲဒီအခွေကြီးတခုလုံး ထည့်သွင်းထားပါတယ်။

ဒါတွေအားလုံးအတွက် ဒီချုပ်နာယကကြီးဦးတင်ဦးကို ဖေဖေရဲ့ကျန်ရစ်သူ ကျွန်မတို့မိသားစုဝင်အားလုံးက ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ဦးတင်ဦးကြီးအနေနဲ့လည်း အနာရောဂါကင်းစင်၊ အသက်ရာကျော်ရှည်ပြီး တိုင်းပြည်အကျိုးကို ပိုမိုထမ်းဆောင် နိုင်ပါစေကြောင်း မေတ္တာပို့ရပါတယ်။

အဲဒီ အစိုးရသတင်းစာဆောင်းပါး အဆုံးသတ်ကလေးမှာရေးထားတာ ကျန်ပါသေးတယ်။ “ဦးတင်ဦးအနေနဲ့ ဒီဗိုလ်ကျော်ဇောလို ဗမာ့တပ်မတော်ရဲ့ နံပါတ်(၁)သစ္စာဖောက်ကြီးကို ဘာ့ကြောင့် ဒီလောက် အမွှန်းတင်နေရပါသလဲ”တဲ့။

ဦးတင်ဦးကိုလည်း စောင်းချဟန်တူပါတယ်။ အဲ… သစ္စာဖောက်ဆိုလို့ - ဖိလစ်ပိုင်မှာ သမ္မတတာဝန်ယူသွားဘူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း
ရာမို့စ် ဟောပြောပွဲတခုမှာ ပြောသွားတဲ့အကြောင်းအရာတခုကို သတိရမိပါတယ်။ ရာမိုစ့်ဟာ သမ္မတရာထူးသက်တမ်း ၇ နှစ်ပြည့်ပြီး နောက်ပိုင်း အနားယူပြီးနောက် ဖိလစ်ပိုင်နိုင်ငံကိုယ်စား နိုင်ငံတကာကပြုလုပ်တဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ နှီးနှောဖလှယ်ပွဲတွေကို တက်တတ်ပါတယ်။ တခါတော့ တရုတ်ပြည်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားများနဲ့တွေ့ဆုံဆွေးနွေးခန်း လုပ်ပါတယ်။ ဒီမှာ ကျောင်းသူတယောက်က-ဒီလိုမေးပါတယ်။--“သမ္မတကြီးရှင့်-ကျွန်မတို့ ကြားဖူးထားတာတခုရှိပါတယ်။ ယခင်သမ္မတ မာကိုစ့်က ပြောတာပါ။ ဖီလစ်ပိုင်မှာ လူထုလှုပ်ရှားမှုဖြစ်တော့ ရာမိုစ့်က ငါ့ကို သစ္စာဖောက်တာလို့ ပြောဖူးပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းချက် ပေးချင်ပါသလဲ”တဲ့။ ဒီတော့ ရာမိုစ့်က “ကျုပ်က ဘယ်သူ့ကို သစ္စာရှိရမှာလဲ။ ပြည်သူကိုလား။ ပြည်သူ့အကျိုးကို သစ္စာဖောက်တဲ့ မာကိုစ့်ကိုလား”လို့ ပြန်မေး ပါတယ်။ “မားကိုစ်လို တိုင်းပြည်ရောင်းစားပြီး ပြည်သူ့အကျိုးကို တစက်မှ ထည့်သွင်းစဉ်းစားခြင်းမပြုတဲ့သူတွေက ကျုပ်ကို-သစ္စာဖောက်လို့ ခေါ်တာတော့ ခေါ်စမ်းပါစေဗျာ”---တဲ့။

ဟုတ်ပါတယ်။ သစ္စာတရားဆိုတာ ပြည်သူအပေါ်မှာပဲ ထားဖို့လိုပါတယ်။

ဒေါ်ခင်ဆွေဦးအကြောင်းလည်း ဆက်ရပါဦးမယ်။ မမခင်ဆွေဦးက သူငယ်ငယ်လေးထဲက စွဲလမ်းကြည်ညိုခဲ့တဲ့ သူရဲ့သူရဲကောင်းကြီး ဖေဖေ့အပေါ် အလွန်သစ္စာရှိပါတယ်။ ဖေဖေအကြောင်းတွေပိတ်ပင်ထားချိန်မှာ သူရရာနေရာက ဖေဖေ့သတင်းကို အဆက်မပြတ်နားစွင့် ရှာပါတယ်။ ကျွန်မတို့တောထဲက ပြန်သွားသူများနဲ့ဆုံရင် “ကိုကိုရွှေနဲ့ တွေ့ခဲ့သလား။ ဘယ်လိုနေသလဲ။ ဘယ်မှာရောက်နေသလဲ” နဲ့ မေးလေ့မြန်းလေ့ရှိတယ်လို့ ပြန်ကြားရပါတယ်။
   
ဖေဖေအကြောင်းတွေ တစုံတရာရေးလို့ရလာတဲ့--ဖေဖေကွယ်လွန်ပြီးချိန်မှာတော့ -သူရေးနေကျ ကလျာမဂ္ဂဇင်းမှာ ဖေဖေ့အတွက် အမှတ်တရဆောင်းပါးတွေ ရေးလာတာတွေ့ရပါတယ်။

ဒါ့အပြင်ဖေဖေအတွက်ရည်စူးပြီး ရန်ကုန်ရှိ ဆွေမျိုးတွေကပြုလုပ်တဲ့ ဆွမ်းကျွေးပွဲများကိုလည်း သွားရောက်ပြီး ဝမ်းနည်းခြင်းမှတ်တမ်း စာအုပ်မှာလည်း  အခုလိုရေးသားထားခဲ့ပါတယ်။

“ကိုကိုရွှေ(ဗိုလ်ကျော်ဇော)ဟာ ကျမအကိုရင်းပါပဲ။ ကျမ ‘ဒို့တိုင်းဌာနီ’ လုံးချင်းဝတ္တု ကိုကိုရွှေကြောင့် ထွက်ပေါ်လာတာအမှန်။ ကျမစိတ်ထဲ ကိုကိုရွှေကွယ်လွန်မယ်လို့ ဘယ်တော့မှမထင်တော့ပါဘူး။ ခင်ဆွေဦး။

မမခင်ဆွေဦးရယ်----အားလုံး အားလုံးအတွက် ကျေးဇူးတင်ပါတယ်။
လှကျော်ဇော။ ၃-၁၂-၂ဝ၁၅။
၃-၁၂-၂ဝ၁၅--ဖေဖေအသက်(၉၆)နှစ်ပြည့်မွေးနေ့
၎-၁၂-၂ဝ၁၅--မေမေကွယ်လွန်တာ(၁၆)နှစ်ပြည့် အတွက် အမှတ်တရရေးဖွဲ့ပါတယ်။
ဓာတ်ပုံအောက်ကစာတန်း။
၁၉၄၂-ဘီ-အိုင်-အေ ခေတ် က ဗိုလ်မှုးလေးကျော်ဇော။

Wednesday, December 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၉)
ကျွန်တော်တို့၏ ညဆွေးနွေးပွဲများကလည်း အလွန်စည်ကားပါသည်။ အထူးသဖြင့် ကျေးလက်တောရွာကတက်လာသည့် လူထုများက သူတို့ဒေသများတွင် နံမည်အမျိုးမျိုးနှင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်များ (ပြူစောထီးများ၊ ကာကွယ်ရေးများ)၏ အနိုင်ကျင့်မှုအမျိုးမျိုး၊ ဒုက္ခအဖုံဖုံတို့ကို ပြောပြတတ်ပါသည်။ အထူးသဖြင့် အိမ်စောင့်အစိုးရလက်ထက် စစ်တပ်၏အမိန့်ဖြင့်ထုတ်ခဲ့သည့်အမိန့်အမျိုးမျိုး၊ လူထုအား အတင်းအကျပ်လုပ်ဆောင်စေခိုင်းသည့် အမှုများစတာတွေ ပါတတ်ပါသည်။ တခါတရံ အမိန့်ထုတ်သည့်တပ်မှူးကြီးများ၏ ကလေးကလား စဉ်းစားနည်းများ၊ ရှေ့နောက်မညီသည့်အမိန့်များစတာတွေ ပြောဆိုကြရင်း ငိုအားထက်ရယ်အားရသည့်အဖြစ်များလည်း ရှိပါသည်။ ပြည်သူများ၏ ဒုက္ခ ဆင်းရဲများကို ကြားရသည်မှာ အလွန်ရင်မောဖွယ်ရာ၊ ရင်နာဖွယ် ဖြစ်ပါတော့သည်။ အလွန်ကြင်နာဖွယ် ဖြစ်ပါသည်။
           
ကျွန်တော် ပုသိမ်မြို့ကိုရောက်စဉ်က ထိုကဲ့သို့သော ညဆွေးနွေးပွဲများတွင် ပုသိမ်ကလူတချို့က အိမ်စောင့်အစိုးရလက်ထက် သူတို့ပုသိမ်မြို့မှ အိမ်တိုင်းရှိ အိမ်သာများကို သန့်ရှင်းရေးအတွက်ဆိုကာ ချောင်းများ၊ မြစ်များဘက်လှည့်ဆောက်ခိုင်းသဖြင့် ချောင်းရေ၊ မြစ်ရေများ အညစ် အကြေးများဖြင့် ရောနှောသွားကာ သုံးမရဖြစ်သွားရပုံများအကြောင်းပြောပြီး ထိုအမိန့်ထုတ်သည့်အနောက်တောင်တိုင်းမှူး (ထိုစဉ်က ဗိုလ်မှူးကြီးကြည်မောင် ဖြစ်ပါသည်)အကြောင်း ပြဿနာများကို သေသေချာချာမလေ့လာဘဲ အမိန့်ချလုပ်ဆောင်ပုံတွေအကြောင်းပြောပြီး တသောသော ရယ်မောကြရပါသည်။

နောင် ဗိုလ်မှူးကြီး ကြည်မောင်တပ်ကထွက်ရပြီးနောက် ကျွန်တော့်ဆီ မကြာခဏလာလည်ရာ တနေ့စကားစပ်မိ၍ ထိုအကြောင်းများကို ကျွန်တော်က သူ့ကိုပြောရာတွင် သူက ဘာမှပြန်မပြောဘဲ ရယ်ကျဲကျဲပဲလုပ်နေပါသည်။

တကယ်တော့ ဗိုလ်မှူးကြီးကြည်မောင်မှာ တိုင်းချစ်ပြည်ချစ်စိတ်ပြင်းထန်သူ ဖြစ်ပါသည်။ သို့သော် စစ်သားသာဖြစ်သဖြင့်  တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်း၊ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်တတ်၊ မကျွမ်းကျင်ပါ။ ထို့အပြင် ဒီမိုကရေစီလုပ်ဟန်လည်း မရှိပါ။ ထို့ကြောင့် မိမိစေတနာနှင့်လုပ်တာပဲဟုသဘောထားကာ အကျိုးဆက်ဘယ်လိုရှိမရှိ၊ လူထုကိုလည်း မမေး၊ မစဉ်းစား စွတ်လုပ်မိခြင်း ဖြစ်ပါသည်။ တကယ်လည်း ကြိုးစားပန်းစား သူတတ်သမျှ၊ မှတ်သမျှလုပ်ရှာပါသည်။

သို့သော် ဤကဲ့သို့သော စစ်သားလူရိုးကြီးမျိုးကိုပင် ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်က မကြိုက်နိုင်ခဲ့ပါ။ ကိုကြည်မောင်သည် နှစ်မစေ့ခင်ပင် ပင်စင်ယူခဲ့ရပြီး ပင်စင်လစာလေးဖြင့် အတော်ချို့ချို့တဲ့တဲ့နေရှာပါသည်။ မိသားစုအသိုင်းအဝိုင်းတောင့်တင်း၍သာ အပေါ်ယံ ဟန်မပျက် နေနိုင်ခြင်းဖြစ်ပါသည်။

သူပင်စင်ယူပြီးနောက် ကျွန်တော့် စမ်းချောင်း၊ ဆီဆုံလမ်းအိမ်ကိုလည်း မကြာခဏလာလည်တတ်ပါသည်။ တခါတရံ သူ့ဇနီး ကြည်ကြည် ရော သားသမီးများပါ ပါလာတတ်ပါသည်။ တခါတော့ သူရောက်လာပြီး “ဗိုလ်ချုပ် ကျွန်တော် ဒီနေ့ ဘာနဲ့လာခဲ့သလဲသိလား” ဟု မေးပါသည်။ ကျွန်တော်က “ဘာနဲ့လာခဲ့သလဲဗျ”ဟု ပြန်မေးတော့၊ သူက “ကျွန်တော် အိမ်ကထွက်တော့ MI နှစ်ကောင် အိမ်ရှေ့မှာ ကားနဲ့ ထိုင်စောင့်နေတာ တွေ့တယ်။ ဒါနဲ့ ကျွန်တော်လည်း အဲဒီကားပေါ်တက်ပြီး ကဲ - မင်းတို့လည်း ငါသွားမယ့်နေရာကိုလိုက်မှာပဲ၊ ဒီတော့ ငါ့ကိုအဲဒီနေရာသာလိုက်ပို့ကွာလို့ ပြောပြီး ကျွန်တော် ဗိုလ်ချုပ်အိမ်လိုက်ပို့ခိုင်းလိုက်တာ”ဟု ပြောပြီး တဟားဟားရယ်နေပါတော့သည်။

သူက အဲသလို လူမျိုးဖြစ်သည်။ ဗိုလ်နေဝင်းကိုလည်း မကြိုက်၊ မကြည်ညို၊ ဗိုလ်နေဝင်းလုပ်နေသည့် မဆလဆိုတာကိုလည်း မကြိုက်။ သူ့တိုင်းမှာ ဗိုလ်နေဝင်းတို့ကလာကျင်းပသည့် လယ်သမားဆွေးနွေးပွဲကြီးများကိုလည်း မတက်ရောက်၊ ရှောင်နေတတ်တာတွေကို ဗိုလ်နေဝင်းကငြိုးထားပြီး သူ့ကို တပ်ကထုတ်ပစ်ခဲ့တာဖြစ်ပါသည်။

ကိုကြည်မောင်အနေနှင့် ကွန်မြူနစ်ကိုဆန့်ကျင်တာလည်း ကွန်မြူနစ်တွေမှာဒီမိုကရေစီမရှိဟု ထင်မြင်နေတာကြောင့်လည်း ဖြစ်ပါသည်။ ထို့ပြင်သူက အမေရိကန်ဒီမိုကရေစီကိုလည်း အတော်အထင်ကြီးပါသည်။ သူ၏ အဓိကအားနည်းချက်မှာ ဗမာပြည်သူတွေ နိုင်ငံရေးအရ တိုးတက်လှည့်ပြောင်းသွားသည့်ခေတ် ၁၉၄၂ - ၄၅ အတွင်း သူ ဗမာပြည်မရှိဘဲ၊ ဂျပန်တွင် စစ်ပညာသင်သွားနေရသည့်အတွက် ဗမာပြည်သူများ၏နိုင်ငံရေးနှင့် သူမကျွမ်းဝင်၊ မရင်းနှီးဖြစ်သွားရခြင်း ဖြစ်ပါသည်။ သို့သော်လည်း ပြည်သူလူထုအပေါ် သူ၏စေတနာကိုမူ ကွယ်လွန်သွားချိန်အထိ တတ်စွမ်းနိုင်သမျှ၊ စွမ်းအားရှိသမျှ ဖော်ပြသွားခဲ့ပါသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌအဖြစ်နှင့် အပြတ်အသတ်အနိုင်ရအောင် စွမ်းဆောင်ပေးသွားခဲ့ပါသည်။ ထိုအချိန်က ဒီချုပ်၏ ကျန်ခေါင်းဆောင်များအားလုံး အကျဉ်းကျနေပါသည်။

ထိုအချိန်က ဗိုလ်မှူးကြီးကြည်မောင်လိုပင် ကျွန်တော့်ဆီကို မကြာခဏလာတတ်သည့်တပ်မှူးကြီးတဦးမှာ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) ဖြစ်ပါသည်။ သူက ရှမ်းပြည်တောင်ကြီးတွင် တပ်မင်းလုပ်နေစဉ် ဗိုလ်စကြာရောက်လာပြီး ခေတ္တတည်းခိုကာ သူ့အိမ်မှတဆင့် ထိုင်းသွားပြီး ဦးနုတို့နှင့်ပူးပေါင်းသွားသဖြင့် ဗိုလ်နေဝင်းအကြီးအကျယ်စိတ်ဆိုးကာ ဖမ်း၊ ဖြုတ်၊ ထောင်ချပြီးမှ အငြိမ်းစား ပေးခြင်းခံရသူ ဖြစ်သည်။ တကယ်တော့ ဗိုလ်စကြာ၏အကြံအစည်ကို သူဘာမှ သိတာမဟုတ်။ သူတို့တတွေ ဂျပန်စစ်တက္ကသိုလ်တက်နေစဉ် ဗမာပြည်မှာ ဂျပန်တော်လှန်ရေးပေါ်ပေါက်ပြီး ဂျပန်စစ်ရှုံးကာ လက်နက်ချရသည်။ ထိုစဉ် ဂျပန်တွင်သောင်တင်နေသော သူတို့အားလုံးကို ထိုစဉ်က ဂျပန်ပြည်ရှိ ဗမာပြည်၏စစ်သံမှူးဗိုလ်စကြာက ကယ်ထုတ်ခေါ်လာ၍ ရန်ကုန်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ ဤကျေးဇူး မျက်နှာဖြင့် သူ့ဆီဝင်လာသောဗိုလ်စကြာကို သူက ဧည့်ခံလိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်နေဝင်းက ကိုတင်မောင်ကိုသာ ဖမ်းဆီးထောင်ချရုံမက သူ့ဇနီးကိုပါ ဖမ်း၊ ထောင်ချပစ်သည်။ ကိုတင်မောင်ကို ကျွန်တော်သည် အစောပိုင်းကတည်းက ရင်းနှီးသိရှိပြီးဖြစ်သည်။ ကျွန်တော်တို့ ကန္ဒီစာချုပ်အပြီး ဖွဲ့စည်းခဲ့သည့် အမှတ် ၃ ဗမာ့သေနတ်ကိုင်တပ်ရင်းမှာ ကျွန်တော် ဒုရင်းမှူးဖြစ်စဉ် သူက ဒုတပ်ခွဲမှူးဖြစ်ခဲ့ပြီး၊ ကျွန်တော်တို့အတူတူပင် မေမြို့၌ဖွင့်လှစ်သော အထူးစစ်သင်တန်းကို တက်ခဲ့ကြရ ပါသည်။ (ဤအကြောင်းအရာ တော်တော်များများကို သူ၏ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်စာအုပ်တွင်ရေးသားပြီး ဖြစ်ပါသည်။)

ထိုစဉ်က ကျွန်တော်တဦးတည်း အိမ်ထောင်ကျသေးပြီး ကျန်အရာရှိများမှာ လူပျိုလူလွတ်များဖြစ်သည်။ ထိုစဉ်က ကိုတင်မောင် (သူ့ ပထမဇနီး) မေပယ်လ်နှင့် မေတ္တာရှိနေကြသော်လည်း မိန်းကလေးမိဘများကသဘောမတူသဖြင့် လက်မထပ်ရသေးဘဲရှိနေပါသည်။ ထိုစဉ်က ချစ်ဒုက္ခရောက်နေသူနောက်တဦးကတော့ ကိုလှဖေ (နောက်ပိုင်း တောခိုသွားသူ)ပါ။ ကိုလှဖေကလည်း တင်တင် (လူထုဒေါ်အမာ ညီမ)နှင့် မိဘများကခွင့်မပြုသဖြင့် လက်မထပ်နိုင်ဖြစ်နေရပါသည်။ ကျွန်တော့်ဇနီးမှာ သူတို့၏ပုဏ္ဏားတိုင် ဖြစ်နေပြီး၊ တနေ့တမျိုး အမျိုးမျိုးဖြင့် မရိုးနိုင်အောင် သူတို့၏သောကအတက်အကျကို နားထောင်နေရပါသည်။ နောင်တော့လည်း သူတို့နှစ်တွဲစလုံး ဘေးဘီအကူအညီဖြင့် လက်ထပ်ဖြစ်သွားကြပါသည်။ သို့သော် မေပယ်လ်မှာ သက်ဆိုးမရှည်ပါ။ သူ၏ နောက်ဇနီးမှာ ရှမ်းအမျိုးသမီး ဖြစ်ပါသည်။

ကျွန်တော့်အိမ်တွင် ကိုကြည်မောင်၊ ကိုတင်မောင်နှင့် နောက်တဦး ကိုတင်ထွန်း (ဗိုလ်မှူးကြီးတင်ထွန်း)တို့ဆုံမိကြလျှင် ရှေးဟောင်း နှောင်းဖြစ်သာမက ဗိုလ်နေဝင်းအကြောင်း၊ သူ့ဇနီးခင်မေသန်းအကြောင်း သူတို့သိလာသမျှကြားလသမျှ ကောလာဟလအစုံပြောပြီး တဝေါဝေါနှင့် ပွဲကျနေတတ်ကြပါသည်။ ဗိုလ်စိန်ဝင်း ဝန်ကြီးချုပ်ဖြစ်လာတော့ ဖွတ်-မိကျောင်းဖြစ်၊ မြစ်မချမ်းသာဆိုပြီး ဗိုလ်စိန်ဝင်း ကို့ရိုးကားယားလုပ်သမျှတွေကိုပြောပြီး ရယ်နေတတ်ကြပါသည်။ ထိုပြင် ထိုစဉ်က ဗိုလ်နေဝင်းအနီး အနားပြာလုပ်နေသော ဗိုလ်စန်းယု အကြောင်းလည်း ပါတတ်ပါသည်။

ထိုကာလမျိုးတွင် ကျွန်တော့်အိမ်ပတ်လည်ရှိထောက်လှမ်းရေးများ အလွန်အလုပ်ရှုပ်သွားတတ်ကြပါသည်။
ကျွန်တော် ဤကာလအတွင်းက ရင်းနှီးခဲ့သည့်အခြားရဲဘော်ရဲဘက်များကိုလည်း ဤနေရာတွင် မှတ်တမ်းတင်ရေးသားလိုပါသည်။ သူတို့အား ကျွန်တော် အထူးပင်သတိရလွမ်းဆွတ်မိပါသည်။

၁။ ဗန်းမော်တင်အောင်။    ။ ကျွန်တော် သူ့ကို ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများလုပ်ဆောင်နေစဉ်ကာလမှာ စတင်သိရှိရခြင်း ဖြစ်ပါသည်။ ကျွန်တော် တပ်ကထွက်ခါနီးနှင့်ထွက်ခါစကာလများတွင် သူ၏လင်းယုန်ဂျာနယ်က ကျွန်တော့်အကြောင်း တော်တော်များများ ရေးသားခဲ့တာ တွေကို သတိထားမိသည်။ ကျွန်တော်က သူ့ကို ဦးတင်အောင်လို့ပဲ ခေါ်ပါသည်။

သူသည် ကျွန်တော် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီတွင် ဒုဥက္ကတဦးအဖြစ် နှင့်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွင် အတွင်းရေးမှူးများအဖွဲ့ဝင်တဦးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရာ ကျွန်တော်တို့ အတူတကွ အစည်းအဈေးများထိုင်ခြင်း၊ နယ်များသို့ခရီးထွက်ဟောပြော စည်းရုံးခြင်းများလုပ်ဆောင်ကြရသဖြင့် ရင်းနှီးခင်မင်လာမိ ကြပါသည်။

ကျွန်တော် သူ့အပေါ်သတိပြုချက်မှာ တိုင်းပြည်နှင့် ပြည်သူအပေါ် များစွာချစ်မြတ်နိုးပြီး သူ့ဆောင်ပုဒ်ဖြစ်သော မိမိခေတ်မှာ မိမိပခုံးပေါ် ကျလာတဲ့တာဝန်တွေကို ကျေပွန်အောင်လုပ်ဆောင်ရေးကို များစွာအလေးထားပြီး၊ အမှုကိစ္စတာဝန်တွေကို ကြိုးကြိုးစားစားဆောင်ရွက်ပုံကို တွေ့ရသည်။ ပင်ကိုယ်စိတ်နေစိတ်ထားကလည်း အလွန်ကောင်းမွန်ပြီး ကျွန်တော့်အပေါ် အလွန်ညှာတာလေးစား ဦးစားပေးဆက်ဆံတာ တွေကို ခရီးသွားစဉ်တလျှောက်လုံး တွေ့ခဲ့ရသည်။

အလွန်ကျော်ကြားသည့်စာရေးဆရာကြီး ဖြစ်သော်လည်း စာပေရေးသားခြင်းထက် နိုင်ငံရေးတာဝန်တွေကို မပျက်မကွက်ဦးလည်မသုန် ဆောင်ရွက်ခဲ့သည့်သူတဦးလည်း ဖြစ်သည်။ ထိုနိုင်ငံရေးယုံကြည်ချက်ဖြင့် ပြည်သူ့ဘက်ကရပ်တည်ပြီး ရေးသားမှုများကြောင့် အကြိမ်ကြိမ် ဖမ်းဆီး ထောင်ချ၊ နောက်ဆုံး ကိုကိုးကျွန်းသို့ပင် ပို့၊ အကျဉ်းချခြင်းခံရပေသည်။ စီးပွားရေးအရလည်း ခက်ခဲကျပ်တည်းပုံရပါသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူသည် လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံရေးတာဝန်၊ တော်လှန်ရေးတာဝန်မှန်သမျှကို မတွန့်မဆုတ်၊ ဇွဲသတ္တိ ကြီးမားစွာ မဆုတ်မနစ် လုံးပန်းအားထုတ် လုပ်ဆောင်သွားခဲ့သူဖြစ်ကြောင်း သိနိုင်ပါသည်။ နောက်ဆုံး ကိုကိုးကျွန်းက လွတ်လာချိန်တွင် သူ့ကျန်းမားရေး သိသိသာသာဆိုးဝါးကျဆင်းနေသည်ကို တွေ့ရပါသည်။

သူ့တွင် တာဝန်သိစိတ်လည်း ကြီးမားပါသည်။ ကျွန်တော်နှင့်အတူ ရေနံချောင်းဘက်တွင် ညတရားပွဲဟောနေစဉ်အတွင်း လူတစုက စစ်ဝတ်စစ်စားများနှင့် တရားပွဲအားနှောင့်ယှက်ရန် ရောက်လာခဲ့ကြပါသည်။ ဦးတင်အောင်ဟောပြီး၍ ကျွန်တော်ဟောနေစဉ် ဖြစ်ပါသည်။ ဦးတင်အောင်သည် တရားဟောစင်မြင့်ပေါ်မှ မသိမသာဆင်းချသွားပြီး တရားပွဲကြီးကြပ်သူများနှင့်အတူ ထိုလူစုကို တနေရာသို့ခေါ်သွားကာ အကျိုးအကြောင်းမေးမြန်းဖြေရှင်းပြီး သူတို့ကို ပြန်သွားစေခဲ့ပါသည်။ ကျွန်တော်သည်လည်းကောင်း၊ တရားပွဲလာ ပရိသတ်သည် လည်းကောင်း တစုံတရာ သိရှိခြင်းလည်းမရှိ၊ ထိခိုက်ခြင်းလည်းမရှိဘဲ တရားပွဲချောမောစွာ ပြီးဆုံးသွားခဲ့ပါသည်။ နောက်နေ့ကျမှ ကျွန်တော်သိခြင်း ဖြစ်ပါသည်။ ထိုနှောင့်ယှက်သူများမှာ တည်မြဲများဖြစ်ကြသည်ဟု သိရပါသည်။ တရားပွဲမထိခိုက်အောင် ဦးတင်အောင်က ကြားဝင်ပြီး ပြေလည်အောင်ဖြေရှင်းပေးခဲ့သည်။

သူ့တွင် သည်းခံစိတ်လည်း ကြီးမားပါသည်။ သူ၏ “ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း”စာအုပ်ကို တချို့သူများက ဤကိစ္စမှာ သမိုင်းကိစ္စ ဖြစ်သည်။ စာပေနယ်ပယ်ကိစ္စမဟုတ်ဘဲ မကျွမ်းကျင်သည့်သမိုင်းကိစ္စကို ဝင်ရေးရမလားဟု ပြစ်တင်ဝေဖန်ကြပါသည်။ သူက ပြန်ချေပခြင်း မပြုသော်လည်း စိတ်ကောင်းပုံမရပါ။ ကျွန်တော့်အမြင်အရတော့ ဦးတင်အောင်မှာ လက်ဝဲနိုင်ငံရေးသမားကြီးတဦးဖြစ်သဖြင့် ထူးခြားသည့် နိုင်ငံရေးအမြင်များပါနိုင်ပြီး၊ သမိုင်းပညာအနေနှင့် ပိုမိုကြွယ်ဝလာနိုင်သည်ဟု ကျွန်တော့်အမြင်ကို တင်ပြပြောဆိုပေးသည့်အခါတွင်တော့ သူစိတ်သက်သာရာရ၊ ကျေနပ်သွားပုံရပါသည်။

ကျွန်တော်သူ၏ ထူးခြားချက်ကြီးတခု ထပ်မံတွေ့ရှိရသည်မှာ သူသည် ပြည်သူလူထု၏ရန်သူရန်ဘက်များကို ပြတ်ပြတ်သားသား တင်းတင်း မာမာသဘောထားပြီး ဝေဖန်တိုက်ခိုက်တတ်သော်လည်း တခြားပြည်သူပြည်သားများ၊ မိမိနှင့်လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်များအပေါ် တွင်မူ လွန်စွာစိတ်ရှည်ပြီး နူးညံ့ပျော့ပျောင်းစွာဆက်ဆံတတ်ပါသည်။ ကျွန်တော်တို့နယ်ခရီးများတွင် သူ၏စာဖတ်ပရိသတ်ကလည်း တတပ်တအားပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။

၁၉၇၈ ခုနှစ် သူကွယ်လွန်ချိန်တွင် ကျွန်တော် တောတွင်းရောက်နေပါပြီ။ ရန်ကုန်တွင်ကျန်ခဲ့သော ကျွန်တော့်ဇနီးက သူ့ဈာပန အလွန် စည်ကားကြောင်းပြောပြ၍ နောက်မှ ကျွန်တော်သိရပါသည်။ အချိန်မတန်မီ ကွယ်လွန်သွားခဲ့ရသည့် သူ့အား ကျွန်တော်နှမြောမိပါသည်။