Wednesday, December 16, 2015

ခင်ဗျား လာပေးမှာမို့လို့လား..တဲ့ (မျိုးမြင့်ချို)

0 comments
ဒေါ်အောင်ဆန်းစုကြည် လက်ထိုးဆွယ်တာလေး လေလံတင်ပွဲမတိုင်မီကလား ပြီးမှလားတော့ မမှတ်မိတော့ဘူး။ ”ခရိုနီတွေက အင်န်အယ်လ်ဒီကို ရန်ပုံငွေတွေထည့်တယ် အင်န်အယ်လ်ဒီကလည်းယူတယ်”ဆိုပြီး အကျယ်အကျယ်တွေဖြစ်ကြတော့ ဦးအုန်းကြိုင် ရေဒီယိုအင်တာဗျူးမှာပြောခဲ့တာ မှတ်မိနေတယ်။ “သူတို့ပေးတာမယူလို့ ခင်ဗျားတို့က လာပေးမှာမို့လို့လား”ဆိုပြီး။

အင်း ဟုတ်တော့လည်း ဟုတ်သား။ ဓနရှင်ဒီမိုကရေစီမှာ ဓနရှင်လူတန်းစား အကျိုးစီးပွားအတွက်အလုပ်လုပ်ရမယ့် နိုင်ငံရေးပါတီဆိုတာ ဓနရှင်အထောက်အပံ့မယူလို့ ဘယ်သူ့ဆီက ယူရမလဲ။ ပြည်သူတွေကလည်း ဆင်းရဲမွဲတေပါသဘိနဲ့။ ဒီကြားထဲ ပါတီဝင်တွေကလည်း ပါတီဝင်လစဉ်ကြေး မှန်မှန်မပေး၊ စာစောင်ထုတ် ရန်ပုံငွေလေးဘာလေးရှာမလားမှတ်တယ်၊ အချင်းချင်းပြန် ဖျံကျ လက်တလုံးခြားလုပ်ရတာနဲ့။ ဒေါ်စုခမျာတော့ သူ့နံမည်နဲ့ ဆုနဲ့တွဲပြီးရတဲ့ငွေမှန်သမျှ ပါတီအတွက် ဖေါင်ဒေးရှင်းအတွက် ပညာရေးအတွက် ကျန်းမာရေးအတွက် ပါတီစည်းရုံးရေးတွေအတွက် အကုန်ထုတ်သုံးနေတယ်ကြားတာပါပဲ။ တပြားမှ သူ့ကိုယ်ကျိုးအတွက် သုံးပလိုက်တယ်လို့တော့ မကြားမိသေးဘူး။

နောက်ပြီး စဉ်းစားရမှာက ဒေါ်စုကိုယ်တိုင် ခင်ရွှေ့မဲဝယ်တာနဲ့ပတ်သက်ပြီး ဗြောင်ကျကျပြောထားတာလည်းရှိတယ် “ပေးရင် ပေးသမျှ အကုန် ယူသာယူ၊ မဲထည့်ရင်သာ ကျမတို့ကိုထည့်”ဆိုပြီး။ ခေတ်စကားနဲ့ဆို သဘောကတော့ “စားပြီး နားမလည်”လုပ်ကြဆိုတဲ့အနက်ပဲ။ ပြဿနာက ခရိုနီပြောပြော ခေတ်ပျက်သူဌေးဆိုဆို ကော်ဇောအိပ်သမားယိုးယိုး အမြီးစားဘက်ခေါင်းစားဘက် စွပ်စွဲစွပ်စွဲ အဲ့သလို လူလည်လူနပ်တွေကို စားပြီးနားမလည်လုပ်လို့ရ/မရပဲ။ သာမန်မဲဆန္ဒရှင်အနေနဲ့ကတော့ ဟုတ်တာပေါ့။ ပေးတာယူပြီး မဲကြ ကိုယ်ထည့်ချင်သူ ထည့်လို့ရတာပဲ။ ဗြောင်လုပ်ရတာမှ မဟုတ်တာ။ နောက်ပြီး ပေးတဲ့လူကလည်း စီးပွားပျက်လောက်အောင် ဒါမှမဟုတ် စီးပွားကြီးတက်လောက်အောင်တော့လည်း မပေးမကျွေးပါဘူး။ အာဏာနဲ့တွဲပြီး စီးပွားဥစ္စာရှာတယ်ဆိုတာ သူတော်ကောင်းတရားပွားများပြီး နိဗ္ဗာန်ရောက်ကြောင်း ကျင့်နေတာမှ မဟုတ်တာ။

နိုင်ငံရေးကြတော့ လူတန်းစားရှိတယ်။ လူတန်းစားအကျိုးစီးပွားရှိတယ်။ ချည်နှောင်မှုရှိတယ်။ ပါတီတခုရဲ့ မူဆိုတာ ဘယ်လူတန်းစားအကျိုးစီးပွားအတွက်လုပ်မှာလဲဆိုတဲ့အထိုင်ပေါ်ကနေမှ ချရတာ။ သမန်မဲဆန္ဒရှင်လို ဒန်ပေါက်ထုတ်နဲ့ရေသန့်ပုလင်းယူပြီး မဲရုံထဲရောက်မှ လုပ်ချင်ရာလုပ်လို့မရဘူး။ ပေးသူက ပေးကတည်းက ချည်ပြီးတုတ်ပြီးပေးတာပဲ။ ကိုယ်ပေးထားရက်နဲ့ ကိုယ့်အတွက်ကျန်အောင်လုပ်မပေးရင် ဂွင်ချမပေးရင် ပြန်ကိုင်လို့ရမယ့်ဇယား တခါတည်း အပြီးဆွဲပြီးသားပါ။ နှောင်ကြိုး ဘယ်သောအခါမှ မမဲ့ပါ။ ဓနရှင်နိုင်ငံတွေက အဝယ်ခံထားတဲ့  အရောင်းအဝယ်ဖြစ်ပြီးသား နိုင်ငံရေးပါတီနဲ့နိုင်ငံရေးသမားရဲ့ နိုင်ငံရေးဘဝတွေကို ရစရာမရှိအောင် ဖျက်ဆီးနိုင်စွမ်းဟာ တကယ်တော့ ပြည်သူတွေလက်ထဲမှာ မဟုတ်ပါ။ ဓနရှင်တွေက ကိုင်ထားတာပါ။

အင်န်အယ်လ်ဒီနဲ့ ခရိုနီတချို့ ပလဲနံပသင့်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် ခုချိန်ထိတော့ အင်န်အယ်လ်ဒီနဲ့ ဒေါ်စုမှာ ရန်ပုံငွေလိုအပ်မှုအတွက်၊ စစ်အုပ်စုမျက်နှာသာပေးနိုးနိုးအတွက် ခရိုနီတွေကို ဝင်ပလူးရတာထက်ပိုတဲ့ ပြောစရာဆိုစရာ ဘာမှတော့မရှိသေးပါ။ ဟိုလူတွေဘက်ကလည်း ရင်းစားဘာမှတော့ ပြန်မရကြသေးပါဘူး။ ဒါကလည်း အာဏာရပါတီ အစိုးဖြစ်နေတဲ့ပါတီ မဟုတ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ သဘောကတော့ လုပ်ပိုင်ခွင့်မရှိသေးသလို လုပ်စားပိုင်ခွင့်လည်း ဘယ်သူ့မှ ပေးမရသေးတဲ့အနေအထားမို့လို့ လို့ တွေးလည်းဖြစ်တာပါပဲ။

အင်းကြည့်တော့ကြည့်ရမှာပါပဲ။ ဒေါ်စုကလည်း ပြောထားတယ် “သန့်ရှင်းသောအစိုးရ လဘ်ပေးလဘ်ယူ နည်းနိုင်သမျှနည်းတဲ့အစိုးရ”မျိုး ဖြစ်ရမယ်ဆိုပြီး။

ပြောမယ့်သာပြောတာပါ။ သိန်းစိန်က စကားလုံးပိုတောင်ပြောင်သေး။ သူ့နဖူးလိုပဲ ”သန့်ရှင်းသောအစိုးရ၊ ပွင့်လင်းမြင်သာသော အစိုးရ၊ လဘ်ပေးလဘ်ယူတိုက်ဖျက်ရေး၊ ဆင်းရဲသားပပျောက်ရေး”တွေဘာတွေရော စုံနေတာပဲ။ လက်တွေ့မှာကြတော့ ဘာတွေဖြစ်နေမှန်း လူတိုင်းအသိပဲဟာ။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၆၊ ၂ဝ၁၅

Sunday, December 13, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၃)
ဆရာကြီးမှိုင်း၏ နောက်ဆုံးနေ့ရက်များ
ဆရာကြီး သက်တော် ၁၃ဝ ပြည့် စာစောင်ထုတ်ဝေဖို့ပြင်ဆင်နေသည့်ရဲဘော်များက ကျွန်တော့်ကို ဆရာကြီးနှင့်ပတ်သက်၍ ဆောင်းပါး တိုလေးတစောင်ရေးသားပေးပါရန် တောင်းဆိုလာပါသည်။

၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁ နာရီ (သန်းခေါင်ကျော်ချိန်)တွင် ကွယ်လွန်သွားသောဆရာကြီးသည် ကျွန်တော်၏လက်ပေါ် ကျွန်တော့်မျက်စိအောက်တွင်ပင်ဖြစ်သဖြင့် ထိုမမေ့နိုင်ဖွယ်အကြောင်းကိုသာ ကျွန်တော်ရေးရပါတော့မည်။

ဆရာကြီးသည် တသက်တာပတ်လုံး သူအင်မတန်ချစ်မြတ်နိုးသောဗမာပြည်သူများ၏အရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရာတွင် သူ၏ နောက်ဆုံးဆောင်ရွက်ချက်များမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဖြစ်ပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ဆရာကြီးသည် ၁၉၅၆ ခုနှစ်မှစ၍ ပထမ(၈)ဦးကော်မတီဖွဲ့ပြီး ဆောင်ရွက်ပါသည်။ ထိုအဖွဲ့ ပျက်ပြီးသောအခါ ၁၉၆၁ ခုနှစ်တွင် ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကိုထပ်မံဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါသည်။ ထိုအဖွဲ့တွင် ဆရာကြီးက ဥက္ကဋ္ဌဖြစ်ပါသည်။ ကျွန်တော်သည် ထိုစဉ်က တပ်မတော်မှ ပင်စင်အနားပေးခံထားရပြီးဖြစ်သဖြင့် ထိုအဖွဲ့တွင် ဒုဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့ပါသည်။ မကြာမီက ကွယ်လွန်သွားသူ လွှတ်တော်ရှေ့နေကြီးဦးထွန်းတင်မှာ ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်ပါသည်။ ဦးထွန်းတင်မှာ ပထမ (၈)ဦးကော်မတီတွင်လည်း အတွင်းရေးမှူးတာဝန်ယူခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အတွေ့အကြုံအတော်ရှိနေသူ ဖြစ်ပါသည်။ တခြားသူများလည်း အများအပြားပါဝင်ရာ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ တော်ဘုရားလေး၊ မုံရွာဦးတင်ရွှေ၊ ဦးစိုးမင်း (ဗလစ)၊ ဦးလှကျော်၊ ဦးဘကျော်၊ ဦးလှတင်စသည့် လွှတ်တော်ရှေ့နေကြီးများဖြစ်ကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်များဖြစ်သော မန်းကျော်အုံး၊ စောကျော်စိန်တို့လည်း ပါဝင်ပါသည်။

ထိုဒုတိယ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးကို လူအင်အားများများနှင့်ဖွဲ့စည်းပြီး တပြည်လုံးတွင် လှည့်လည်စည်းရုံးလှုံ့ဆော်နိုင်သဖြင့် နယ်ခရိုင်တော်တော်များများတွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ခွဲများ တည်ထောင်နိုင်ပြီး ရန်ကုန်ခရိုင်တွင်း တိုက်နယ်တိုင်းလိုလိုတွင် အဖွဲ့ခွဲများ ဖွဲ့စည်းတည်ထောင်လာနိုင်ပါသည်။ ဤကဲ့သို့ အရှိန်ကောင်းကောင်းနှင့်လှုပ်ရှားနေစဉ်မှာပင် ၁၉၆၂ ခု၊ မတ်လ ၂ ရက် ဗိုလ်နေဝင်း အာဏာသိမ်းမှုပေါ်ပေါက်ကာ တော်လှန်ရေးကောင်စီအစိုးရ တက်လာပါတော့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းလည်း တုံ့နှေးသွားရ ပါတော့သည်။

ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီက ၁၉၆၃ ခုနှစ်တွင် တောတွင်းအဖွဲ့များနှင့် ဟန်ပြစေ့စပ်ဆွေးနွေးပွဲများလုပ်ပြီး ၁၉၆၃ နိုဝင်ဘာတွင် စေ့စပ်ဆွေးနွေးပွဲများပျက်ကာ၊ မကြာမီမှာပင် အဖွဲ့အစည်းအားလုံးဖျက်သိမ်းသည့်အမိန့် ထုတ်ပြန်လိုက်သဖြင့် ကျွန်တော်တို့ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့လည်း လှုပ်ရှားမှုရပ်လိုက်ရပါတော့သည်။

ဆရာကြီးမှာ ထိုကာလတွင် အတော် အင်အားချည့်နဲ့နေပြီဖြစ်သဖြင့် ကျွန်တော်တို့က ထိုအဖွဲ့အစည်းများဖျက်သိမ်းသည့်အမိန့်အကြောင်း တလုံးတပါဒမျှမပြောဘဲ ဖုံးဖိထားကြပါသည်။ ဆရာကြီး၏နေအိမ်၊ စမ်းချောင်း၊ ချမ်းသာလမ်းသို့ ကျွန်တော်တို့တတွေ သွားမြဲသွားကာ ဆွေးနွေးကြ၊ တိုင်ပင်ကြတွေလုပ်နေပါသည်။

ထိုကာလက ဆရာကြီးအိမ်တွင် အစဉ်အမြဲ မပြတ်ဝင်ထွက်သွားလာနေသူများထဲတွင် အများဆုံးနှင့် ပုံမှန်အကျဆုံးလူသုံးဦး ရှိပါသည်။

ပထမ တဦးမှာ ဆရာကြီး၏ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပြုစုနေသော ဒေါက်တာဆင်ဖိုး ဖြစ်ပါသည်။ ဒေါက်တာဆင်ဖိုးမှာ ဆရာကြီးနှင့်ဆွေမျိုးတော်စပ်သူမဟုတ်သော်လည်း၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်၍ ဆရာကြီး၏ဆောင်ရွက်ချက်များကို ကြည်ညိုလေးစားပြီး ဆရာကြီး၏ သမားတော်ကြီးတာဝန်ကို မိမိဆန္ဒနှင့်မိမိဘာသာ လာခံယူထားသူ ဖြစ်ပါသည်။ တချိန်တွင် ဒေါက်တာဆင်ဖိုးအား အစိုးရက နယ်ပြောင်းဖို့စီစဉ်ရာ၊ ကျွန်တော်က ထိုစဉ်က တော်လှန်ရေးကောင်စီ ကျန်းမာရေးဝန်ကြီး၊ ဗိုလ်မှူးကြီးလှဟန်ထံ ပုဂ္ဂိုလ်ရေးစာတစောင်ရေး၍ ဒေါက်တာဆင်ဖိုးမှာ ဆရာကြီး၏ကိုယ်ရေးဆရာဝန်ကြီးဖြစ်နေ၍ တတ်နိုင်လျှင် မပြောင်းဘဲထားပေးပါရန်ပန်ကြားရာ၊ ဗိုလ်မှူးကြီးလှဟန်က သဘောတူညီပြီး ဒေါက်တာဆင်ဖိုးအား ရန်ကုန်မှာပဲထားပေးခဲ့ပါသည်။ ဗိုလ်လှဟန်မှာ ကျွန်တော်တပ်ရင်း(၄ )တပ်ရင်းမှူးဖြစ်စဉ်က ဆေးမှူး တာဝန်ယူခဲ့ဖူးသဖြင့် ကျွန်တော်နှင့် တစုံတရာရင်းနှီးမှု ရှိပါသည်။

ဒုတိယမှာ လွှတ်တော်ရှေ့နေကြီးဦးထွန်းတင် ဖြစ်ကာ၊ တတိယမှာ ကျွန်တော် ဗိုလ်ကျော်ဇော ဖြစ်ပါသည်။ ကျွန်တော်တို့နှစ်ဦးမှာ စမ်းချောင်း ရပ်ကွက်ထဲမှာသာ နေသူများဖြစ်သဖြင့်တကြောင်း၊ ကျန်လူအတော်များများမှာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲပျက်သွားပြီးနောက် အဖမ်း အဆီးများခံကြရသဖြင့်တကြောင်း ဖြစ်ပါသည်။

ကျွန်တော်တို့သုံးဦးသည် ဆရာကြီးဆီ အမြဲဆိုသလိုသွားရောက်ကြပြီး၊ ဆရာကြီးနှင့်စကားစမြည်ပြောဆိုကြ၊ ဆွေးနွေးကြ လုပ်ကြပါသည်။ ဆရာကြီးကလည်း ကျွန်တော်တို့သုံးဦး အဖမ်းအဆီးခံရမှာအလွန်စိတ်ပူသဖြင့် သတိဝီရိယနှင့်နေရန် မပြတ်သတိပေးတတ်ပါသည်။ ကျွန်တော်တို့ တရက်နှစ်ရက် သူ့အိမ်မရောက်လျှင် သူ့သမီးမြေးများကိုလွှတ်၍ ကျွန်တော်တို့အခြေအနေကို မေးလေ့ရှိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့ကလည်း မပြတ်သွားရောက်နေရပါသည်။

ဆရာကြီးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပျက်သွားကတည်းက အတော်စိတ်ထိခိုက်သွားပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့က အဖွဲ့အစည်းများဖျက်သိမ်းသည့်အကြောင်း မပြောပြခြင်း ဖြစ်ပါသည်။ သို့သော် တနေ့ ဆရာကြီးအတွက် ကွမ်းသီးဝယ်ရာတွင် ကွမ်းသီး ထုတ်လာသည့်သတင်းစာရွက်တွင် ထိုသတင်းပါရှိရာမှ ဆရာကြီးသိရှိသွားပါတော့သည်။

ဆရာကြီးက တိုင်းပြည်တော့ ပိုဆိုးတော့မှာပဲဟုဆိုကာ အိပ်ရာတွင် လဲသွားပါတော့သည်။ ထိုအချိန်ကစ၍ ဆရာကြီး ထူထူထောင်ထောင် ဖြစ်မလာတော့ဘဲ၊ တရွေ့ရွေ့ ကျန်းမာရေးဆုတ်ယုတ်လာပါတော့သည်။ ကျွန်တော်တို့တတွေ ဆရာကြီးအိပ်ရာဘေးတွင်ပင် ဝိုင်းဝန်းထိုင်ပြီး ဆရာကြီးအား စိတ်သက်သာရာသက်သာကြောင်း ပေါ့ပေါ့ပါးပါးကိစ္စများသာ ပြောဆိုဆွေးနွေးကြရပါသည်။

တခါက ကျွန်တော်ဆရာကြီးအိပ်ရာဘေး ထိုင်နေစဉ် ဆရာကြီးက ကျွန်တော့်လက်ကို လျှောက်စမ်းကြည့်ပြီး လက်စွပ်လည်းမရှိပါကလားဟု ပြောပါသည်။ ကျွန်တော်က ကျွန်တော်တခါမှ လက်စွပ်မဝတ်ဖူးကြောင်းပြောရာ သူက အေး-ငါလည်း မဝတ်ဖူးဘူးကွဟု ပြန်ပြောပါသည်။
ဆရာကြီးမှာ မှတ်ဉာဏ်ကောင်းလှပြီး၊ ရွှတ်နောက်နောက်လည်း ပြောတတ်ဆိုတတ်ပါသည်။ တခါက ကျွန်တော်တို့ရောက်သွားစဉ် သူက ခရီးရောက်မဆိုက် ကျွန်တော်တို့ကို “ငါ့ဆီ မနက်က သခင်တင် လာသွားတယ်ကွ”ဟုပြောပါသည်။ ကျွန်တော်တို့ကလည်း ရုတ်တရက် ဖြစ်သဖြင့် “ဘယ်သခင်တင်လည်း ဆရာကြီး”ဟု ပြန်မေးရာ၊ သူက ရယ်ရွှန်းဖတ်ရွှန်းဖြင့် “ဘယ်သခင်တင် ဖြစ်ရမလည်းကွ။ မီးခွက်မှုတ် သခင်တင်ပေါ့”ဟု ဆိုလိုက်ပါသည်။ ကျွန်တော်တို့လည်း ဝိုင်းဝန် ရယ်မောကြရပါသည်။

၁၉၆၄ ခုနှစ်၊ ဇူလိုင်လဆန်းလောက်ကစ၍ ဆရာကြီးအခြေအနေ အတော်ဆိုးဝါးလာပါသည်။ ကျွန်တော်တို့သုံးဦးမှာ တနေကုန် ဆရာကြီး အိမ်မှာပင်နေရပြီး ညအတော်မိုးချုပ်မှအိမ်ပြန်ကြရပါသည်။ အခြေအနေမကောင်းသောနေ့များတွင် ညတောင် အိမ်မပြန်ဖြစ်ကြပါ။

ဒေါက်တာဆင်ဖိုးမှာလည်း နေ့ရောညပါ ဆရာကြီးနားတွင်နေ၍ ပြုစုပါသည်။ အာဇာနည်နေ့နှင့်လည်းနီးနေသဖြင့် ရက်မထပ်အောင် အထူးကြိုးစားပြီး ဆေးဝါးများသွင်းကာ ဆွဲနိုင်သမျှအချိန်ကိုဆွဲပါသည်။

ဇူလိုင်လ ၂၂ ရက်တွင်တော့ ဆရာကြီး သတိသိပ်မရှိတော့ပါ။ ဒေါက်တာဆင်ဖိုးက ကျွန်တော့ကို ဆရာကြီး၏လက်မောင်းသွေးကြောကို ဖိကိုင်ထားစေပြီး၊ အခြေအနေထူးခြားရင်ပြောဖို့ ပြောထားပါသည်။ သူလည်း အသက်ကယ်ဆေးအမျိုးမျိုး ထိုးပေးနေပါသည်။ ဆရာကြီး၏ ပတ်လည်တွင် ဆရာကြီး၏မိသားစုများအပြင် ကျွန်တော်တို့သုံးဦး ရှိနေပါသည်။

ကျွန်တော်လည်း ဆရာကြီးလက်မောင်းသွေးကြောကိုကိုင်ပြီး သွေးခုန်နှုန်းကိုသတိထားနေရာ ရုတ်တရက်သွေးခုန်တာ ဟိုရောက်၊ ဒီရောက် ဖြစ်ကာ ရပ်သွားပါတော့သည်။ ကျွန်တော်လည်လန့်ပြီး တချက်အော်လိုက်ရာ ဒေါက်တာဆင်ဖိုး အပြေးအလွှားစမ်းသပ်စစ်ဆေးပြီး ကွယ်လွန် သွားပြီဖြစ်ကြောင်းပြောချလိုက်ပါသည်။ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက် ၁ နာရီအချိန် ဖြစ်ပါတော့သည်။

ဤတွင် အနီးရှိ ဆရာကြီး၏သမီးငယ် ဒေါ်မြသီက တချက်ဟစ်၍ငိုလိုက်ရာ၊ အနီးအနား အိမ်ပတ်ဝန်းကျင်တွင်စောင့်နေသော ကြေးမုံ သတင်းထောက်က သတင်းစာတိုက်ပြေးပြီးသတင်းပို့သဖြင့် နောက်နေ့မနက်အစောထုတ် ကြေးမုံသတင်းစာမျက်နှာဖုံးပြည့် ဆရာကြီးပုံဖြင့် အထူးထုတ်ထွက်လာပါတော့သည်။ မြန်မာ့အသံကလည်း နံနက်ရှစ်နာရီသတင်းတွင် ဆရာကြီးကွယ်လွန်ကြောင်းထုတ်ပြန်ပေးရာ ထိုသတင်း တပြည်လုံး ပျံ့နှံ့သွားပါတော့သည်။

ဤသည်မှာ ဆရာကြီး ကျွန်တော်၏လက်ပေါ်တွင် ကွယ်လွန်သွားခဲ့သည့် အကြောင်းအရာများကို ကျွန်တော်မှတ်မိသလောက် ပြန်လည် ရေးသားပေးပို့လိုက်ခြင်း ဖြစ်ပါသည်။
၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်
ခွန်မင်း။
           
ဆရာကြီး ကွယ်လွန်သည့်သတင်း ပြန့်သွားပြီးနောက် ဆရာကြီး၏ ချမ်းသာလမ်းအိမ်လေးမှာ လူများလာရောက်ဂါရဝပြုကြသဖြင့် ပြည့်နှက် နေပါတော့သည်။ ဆရာကြီး၏ ရုပ်ကလာပ်ကို ဆရာကြီးခါတိုင်းအိပ်နေကျ အိမ်ရှေ့ခန်းကလေးမှာပင် ပြင်ဆင်ထားပါသည်။ ဆေးရုံကြီး ရေခဲတိုက်မှလူများကိုခေါ်၍ မပုပ်သိုးအောင် ဆေးများထိုးရပါသေးသည်။ အိမ်ရှေ့တွင်ပင် မဏ္ဍပ်တခုထိုးထားရပါသည်။ နယ်များမှ သတင်း ကြားကြားချင်း တပည့်တပန်းများ ရန်ကုန်သို့ရောက်ချလာကြပါသည်။

အစောဆုံး ရောက်လာကြသူများထဲတွင် မန္တလေးမှ လူထုဦးလှသည် ထိုကွယ်လွန်သည့်နေ့မှာပင် ရောက်ချလာပါသည်။ ကျွန်တော်တို့လည်း ဆရာကြီးဦးယောကိုအမှူးပြု၍ ဈာပနကော်မတီဖွဲ့လိုက်ပါတော့သည်။ ထိုစဉ်က ငြိမ်းချမ်းရေးအဖွဲ့ဝင်များ လူစုံတက်စုံမပါနိုင်တော့ချေ။ တချို့လည်း အဖမ်းခံရပြီးဖြစ်ကာ၊ တချို့လည်း တိမ်းရှောင်နေရချိန်နှင့်သွားတိုးနေပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တဖက်သတ်ရပ်ပစ်လိုက်မှုအတွက်ရော၊ ဆွေးနွေးပွဲပျက်ပြီး လူဖမ်းပွဲကြီးများ တရစပ်ဆက်လက်လုပ်နေမှု အတွက်ရော လက္ခဏာပုံရိပ်ဆိုးဝါးနေသည့် တော်လှန်ရေးကောင်စီသည် ဆရာကြီးကွယ်လွန်သည့်ကိစ္စတွင် ဝင်ရောက် အမြတ်ထုတ်လာပါ တော့သည်။ ကွယ်လွန်သည့်နေ့တွင်ပင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်း၏သဝဏ်လွှာနှင့်အတူ အသုဘကူညီငွေ ကျပ်တသောင်းကို ပို့လာပါသည်။ ထိုစဉ်က ပြန်ကြားရေးဌာနအတွင်းဝန်ဦးစောဦးက ဆရာကြီးအိမ်သို့ရောက်ရှိလာပြီး ဆရာကြီးဦးယောကို လာရောက်ပေးအပ် ပါသည်။ သူကပင် ဆရာကြီး၏ ဈာပနကို နိုင်ငံတော်ဈာပနလုပ်လျှင် သိပ်ကြီးမားကျယ်ပြန့်သွားမှာကြောင့် ဈာပနကော်မတီဖွဲ့ပြီး ထိုကော်မတီ ကပင် ကြိုက်သလိုစီစဉ်ရန် လိုအပ်သည့်အကူအညီများကို သူတို့ကပေးပါမည်ဟု ကမ်းလှမ်းပြောကြားလာပါသည်။
ဆရာကြီး၏ဈာပနကို တမျိုးသားလုံးနှင့်ဆိုင်သည့် ဈာပန၊ ပြည်သူ့ဈာပနအဖြစ်ကျင်းပရန် ကော်မတီကဆုံးဖြတ်ပါသည်။ ချမ်းသာလမ်း အိမ်တွင် ရက်သတ္တတပတ်ထားပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် စမ်းချောင်းဘော့လုံးကွင်းတွင် အများဂါရဝပြုနိုင်ရန် ပြောင်းရွှေ့ထားရှိပြီး သြဂုတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်ရန် ဆုံးဖြတ်ကြပါသည်။

ကျွန်တော်တို့လည်း ဈာပန ခမ်းခမ်းနားနားကျင်းပနိုင်ရေး၊ ဂူဗိမာန်ကောင်းကောင်း တည်ဆောက်နိုင်ရေးအတွက် အလှူခံထွက်ကြပါသည်။ ကျွန်တော်သည် ဝိဓူရသခင်ချစ်မောင်၊ လူထုဦးလှတို့နှင့်အတူ နိုင်ငံရေးသမားဟောင်းများ၊ ဆရာကြီး၏လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ စာနယ်ဇင်းလောကမှလူများ စသူများဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်အလှူခံကြရာ အလှူငွေများ ရက်ရက်ရောရောပေးလှူကြပါသည်။ သတင်းစာများထဲမှ ကြေးမုံ၊ လူထုစသည့် သတင်းစာတိုက်များကလည်း အလှူငွေကိုကူညီလက်ခံပေးရာ နယ်များမှ အလှူငွေများ ရောက်ရှိ လာပါသည်။ ကျွန်တော်တို့သည် တပတ်နှစ်ပတ်အတွင်းမှာပင် အလှူငွေ ကျပ်ငွေတသိန်းကျော် ရရှိလာပါသည်။

သတင်းစာတိုင်းလိုလိုမှာလည်း ဆရာကြီး၏ဂုဏ်အင်္ဂါများကိုဖော်ပြကြပြီး ဆရာကြီးကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြကြ ပါသည်။ အနိုင်နိုင်ငံက ဝမ်းနည်းကြောင်းသဝဏ်လွှာတွေလည်း ရောက်ရှိလာပါသည်။ တရုတ်သံရုံး၊ ဆိုဗိယက်သံရုံး၊ ကိုရီးယားသံရုံး၊ ဟန်ဂေရီသံရုံး၊ ဗီယက်နမ်သံရုံး စသည်တို့မှ သံရုံးတာဝန်ခံများလည်းရောက်ရှိလာကြပြီး သူတို့နိုင်ငံများမှပို့သည့် ဝမ်းနည်းသဝဏ်လွှာများ လာရောက်ပေးအပ်ကြပါသည်။

ဆရာကြီး၏ရုပ်ကလာပ်ကို ချမ်းသာလမ်းမှာ တပတ်ထားပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ အစိုးရကပေးတဲ့စမ်းချောင်းဘော့လုံးကွင်း(ပဒုမ္မာကွင်း) ထဲရွှေ့ပြီး၊ တပြည်လုံး ပြည်သူတွေဂါရဝပြုနိုင်ဖို့ ၁ဝ ရက်ထားပါသည်။ ထိုကွင်းထဲက မဏ္ဍပ်မှာ အစိုးရကပင် ဆောက်ပေးထားပါသည်။ အလှူငွေလည်း နောက်ထပ် ငါးထောင်ကျပ်ထပ်ပေးသွားပါသည်။ ထိုမဏ္ဍပ်ထဲတွင်ပင် ပြခန်းလေးတခုထားရှိပြီး ဆရာကြီးအသက်ရှင်စဉ်က ဆောင်ရွက်ခဲ့သည့်သတင်းဓာတ်ပုံ၊ မှတ်တမ်း၊ ဆရာကြီး၏အသုံးအဆောင်ပစ္စည်းများ၊ နိုင်ငံခြားခရီးစဉ်အတွင်း ရရှိခဲ့သည်လက်ဆောင်များ အတော်စုံစုံလင်လင် ပြသထားပါသည်။

ကျွန်တော်တို့ ဈာပနကော်မတီက ညပိုင်းတွေမှာ ဟောပြောပွဲတွေလုပ်ရန်စီစဉ်ပါသည်။ အဓိကစီစဉ်သူက လူထုဦးလှပါ။ လူထုဦးလှမှာ အလွန် ဆက်ဆံရေးညက်ညောပျော့ပျောင်းသူ ဖြစ်သည်။ သူ၏ ကြိုးပမ်းမှုကြောင့်ပင် ကျန်စာပေနယ်မှ အကျော်အမော်ကြီးများအားလုံး ဝိုင်းရံလာကြပါသည်။ တချို့လူကြီးများသည် ဆရာကြီးအား စာပေဖခင်ကြီးအဖြစ်လေးစားကြည်ညိုသော်လည်း နိုင်ငံရေးအရ အစိုးရငြိုငြင် သည့်အလုပ်ကိုလုပ်နေသဖြင့် (အထူးသဖြင့် ကျွန်တော်တို့လိုလူမျိုးများ၊ လက်ဝဲသမားများနှင့်တွဲလွန်းသဖြင့်)ဆရာကြီးကိစ္စတွင် အတော် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြပါသည်။ ထိုသူများအားလုံး ဤဆရာကြီးဈာပနကိစ္စတွေ ဝိုင်းရံပါဝင်လာအောင် လူထုဦးလှက စည်းရုံး လုပ်ဆောင်နိုင်ခဲ့ပေသည်။ ကျွန်တော်တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်သွားပြီး တဦးအပေါ်တဦးနားလည်သွားအောင် သူပင်လုပ်ဆောင်ပေး ခဲ့ပါသည်။

ထိုညများက ဟောပြောပွဲများသည် အလွန်ပင်စည်ကားပါသည်။ ဆရာကြီး၏ဘဝဖြစ်စဉ်များ၊ ဆရာကြီး၏စာပေကဗျာ လေးချိုးကြီးများ အကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးခရီးများထွက်စဉ်ကအကြောင်းအရာများ အတော်စုံလင်ပါသည်။ ဟောပြောသူများ၊ စာတမ်းဖတ်ကြား သူများ မှာလည်း နိုင်ငံရေးလောက၊ အနုပညာလောကနှင့် စာပေလောကတို့မှ နာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြရာ လာရောက်နားထောင်သူများ အတော်ပင်များပြားပါသည်။
           
တည လူထုဦးလှဟောပြောနေစဉ် ဆရာကြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပျက်သွားသော်လည်း နောက်ထပ် အိုးအိမ် ထူထောင်ခြင်းမပြုတော့ဘဲ ငါတခါပဲမိုက်တော့မယ်၊ နောက်ထပ်မမိုက်တော့ဘူး - ဟုပြောဖူးသည့်အကြောင်းအရာကို ထည့်သွင်း ဟောပြောရင်း လူထုဦးလှက “ဆရာကြီး ဦးရန်အောင်လိုပေါ့”ဟု ထည့်သွင်းဟောပြောလိုက်ပါသည်။ ထိုစဉ်က စာရေးဆရာကြီး ဦးရန်အောင်မှာ ဘယ်နှယောက်မြောက်မှန်းမသိရသော ဇနီးအသစ်လက်ထပ်ပြီးခါစ အချိန်ဖြစ်နေပါသည်။ နားအလွန်ထိုင်း၍ နားကြပ်ကလေး တပ်ထားရသော ဆရာကြီးဦးရန်အောင်မှာ ဟောပြောပွဲရှေ့ဆုံးတန်းတွင်ပင်ထိုင်နေပြီး၊ ဦးလှဟောပြောချက်ကို ပွဲကျသွားသော လူထုကြီးနှင့် အတူ ဘာမှန်းမသိ ညာမှန်းမသိ တပြုံးပြုံးနားထောင်နေရာ လူတွေက ပို၍ပွဲကျနေပါတော့သည်။

တခါမှာလည်း ဆရာကြီး၏လေးချိုးကြီးတပုဒ်ကိုရွတ်ဆိုရာတွင် ပဲခူးဘူတာရုံတွင် ခါးပိုက်နှိုက်အကြောင်းပါရာ၊ ပဲခူးသား သခင်ဟောင်း တဦးက ထ၍၊ ထိုရွတ်ဆိုသူကို ပဲခူးသားများကိုနှိမ်ရကောင်းလားဟုဆိုကာ ရန်တွေ့ပါတော့သည်။ ထိုသူမှာ အရက်မူးနေဟန်လည်း ပေါက်ပါသည်။ ဘေးကဝိုင်းဝန်းထိန်းသိမ်းလိုက်၍သာ ပွဲမပျက်သွားခြင်းဖြစ်သည်။ အဖြစ်အပျက်များကတော့ စုံလင်လှပါသည်။
ထိုဘော့လုံးကွင်းကြီးထဲတွင် ဈာပနမဏ္ဍပ်ကိုဆောက်လုပ်ထားရာ လွမ်းသူ့ပန်းခွေများ အဖွဲ့အစည်းအသီးသီးက လာရောက်ချကြပါသည်။ တချို့ တရားမဝင်အဖွဲ့အစည်းများလည်း ဘယ်အချိန်လာချမှန်း မသိပါ။ လာချတုန်းကတော့ နာမည်တမျိုးနှင့်ဖြစ်ပြီး လူလစ်မှ အပေါ်ယံ ကပ်ထားသည့်စာရွက်ခွာလိုက်ရာ အောက်မှာက တရားမဝင်အဖွဲ့အစည်းများရဲ့အမည်များ ဖြစ်နေပါသည်။ စစ်စုံထောက်များ ခြေချင်းလိမ် နေသည့်ကြားမှပင် လုပ်ဆောင်ကြခြင်း ဖြစ်ပါသည်။

သြဂုတ် ၈ ရက်နေ့မှာတော့ အစိုးရပေးသည့် ရွှေဂုံတိုင်ဘုရားလမ်းရှိ၊ ကန်တော်မင်ပန်းခြံမှာ ဂူသွင်းမြှုပ်နှံပါတော့သည်။ ကျွန်တော်တို့က ထိုနေရာတွင် ယာယီဂူဗိမာန်ဆောက်လုပ်ထားပြီး ထိုဂူဗိမာန်ပေါ်တွင် ဆရာကြီးရုပ်ကလာပ်ကို မြှုပ်နှံခဲ့ပါသည်။

ထိုနေ့က ဈာပနမှာ လူထုတရပ်လုံးပါဝင်လှုပ်ရှားသည့် ပြည်သူ့ဈာပနကြီး ဖြစ်ခဲ့ပါသည်။ ဆရာကြီးရုပ်ကလာပ်ကို ခြေလျင်သယ်ဆောင်ရာ လမ်းတလျှောက် ဦးဝိစာရလမ်းဘေးတဖက်တချက်မှာရော၊ ရွှေတိဂုံကုန်းပေါ်မှာရော လူများကြိတ်ကြိတ်တိုးနေပါတော့သည်။ ကန်တော်မင် ပန်းခြံထဲမှာတော့ ရုပ်ကလပ်ကို သယ်ဆောင်လို့မရနိုင်အောင်ပင် လူတွေပြည့်လျှံနေပါတော့သည်။

ကျွန်တော်တို့ ဈာပနကော်မတီဝင်များမှာ ဈာပနကာလအတွင်း ပြဿနာမပေါ်ပေါက်ရန် အတော်ပင်ကြိုးစားခဲ့ရပါသည်။ တော်လှန်ရေး ကောင်စီအစိုးရမှာ လူထု၏စိတ်နေသဘောထားကိုသိသဖြင့် အပေါ်ယံရွှေမှုန်ကြဲ လာရောက်အကူအညီများပေးနေသော်လည်း ကျွန်တော်တို့ ဈာပနကော်မတီထဲတွင်ရော၊ ဘေးပတ်ဝန်းကျင်ပတ်ပတ်လည်မှာရော စုံထောက်များ၊ သတင်းပေးများ၊ မျက်နှာလိုအားရလုပ်လိုသူများနှင့် ပြည့်နှက်ရောထွေးယှက်တင်ဖြစ်နေပြီး ထိုသူများက နည်းသဏ္ဌာန်ပေါင်းစုံနှင့် ဖျက်လိုဖျက်ဆီးလုပ်ကြရာ ကျွန်တော်တို့မှာ အတော်ပင် ဂရုစိုက်သတိထားနေကြရပါသည်။

ဤနေရာတွင်လည်း ပြည်သူများ၏ တာဝန်သိစိတ်ဓာတ်ဖြင့် ကျွန်တော်တို့နားရောက်အောင် အသိပေးမှု၊ သတင်းပေးမှုများ ရှိပါသည်။ ဥပမာ - မဏ္ဍပ်အတွင်းအလှူငွေလက်ခံနေသူ ဘယ်သူဟာ ဘယ်တုန်းက စစ်ထောက်လှမ်းရေးဖြစ်ခဲ့ကြောင်း၊ ကင်းလှည့်ပေးနေသူ ဘယ်သူဟာ ဘယ်ရပ်ကွက်က သတင်းပေးဖြစ်ကြောင်းစသဖြင့် စာနှင့်သော်လည်းကောင်း၊ လူကိုယ်တိုင်အနားကပ်၍လည်းကောင်း ပြောဆိုသတိပေးသွား ခြင်းများ ရှိခဲ့ပါသည်။
           
ထို့အပြင် ကျွန်တော်တို့အတွက် အကြီးဆုံးအခက်အခဲတွေ့ရခြင်းမှာ ဈာပနကော်မတီထဲရော၊ နောက်ပိုင်းဖွဲ့သည့်ဂူဗိမာန်တည်ဆောက်ရေး ကော်မတီထဲမှာရော ပါဝင်လာကြသည့် တချို့နိုင်ငံရေးသမားဟောင်းများ၏လုပ်ဟန်များ ဖြစ်ပါသည်။ ထိုစဉ်က တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖွဲ့တော့မည့်ကိစ္စပေါ်ပေါက်နေပြီး၊ နိုင်ငံရေးသမား(အထူးသဖြင့် လက်ဝဲသမား)အများအပြားကိုလည်း အထူးအရာရှိများပေးစပြုနေရာ ထိုနေရာ ရနိုးနိုးဖြစ်နေသည့်သူအတော်များများ ကျွန်တော်တို့ကော်မတီများထဲပါလာနေရာ သူတို့က တော်လှန်ရေးကောင်စီရှေ့ မျက်နှာကောင်းရရေးအတွက် ကျွန်တော်တို့လုပ်ငန်းတွေကို ကပျက်ယပျက်လုပ်လာကြပါသည်။

ဂူဗိမာန်တည်ဆောက်ရေးအတွက် အလှူခံငွေများကလည်း အတော်လုံလုံလောက်လောက်ရထားရာ တချို့သူများမှာ ထိုငွေများကို မျက်စိကျနေဟန်လည်း ရှိပါသည်။ ဆရာကြီးသမီးအကြီး ဒေါ်မြရီက ကျွန်တော် ဤကိစ္စများ မရိပ်မိ၊ မသိရှိဟုထင်ဟန်ရှိပြီး ကျွန်တော့်ကို သတိပေးစကားပြောပါသည်။ ဆရာကြီး စတာလင် ငြိမ်းချမ်းရေးဆုရစဉ်ကလည်း တချို့လူများ ဤကဲ့သို့ဝိုင်းဝန်းပြီး စားသောက်ပစ်ဖူးကြောင်း ဒေါ်မြရီက ပြောပြဖူးပါသည်။

ထို့ကြောင့် ကျွန်တော်တို့မှာ အတော်ပင် စိတ်ရော၊ လူရောပင်ပန်းကြရပါသည်။ အစိုးရကပေးသည့်မြေနေရာလေးကလည်း မဖြစ်စလောက် ဖြစ်ရာ ထိုရသည့်နေရာလေးမှာပင် ဆရာကြီး၏ဂုဏ်သိက္ခာနှင့်ကိုက်ညီမည့် ထယ်ဝါခံ့ညားသောဂူဗိမာန်တည်ဆောက်ရေးကို ကျွန်တော်တို့ ကြိုးစားခဲ့ရပေသည်။

ဂူဗိမာန်အတွက် ဗိသုကာရှာရာတွင် ကျွန်တော့်ဆီကို ကျွန်တော့်မိတ်ဆွေကြီး ဗိုလ်မှူးကြီးကြည်မောင် (ထိုစဉ်က သူ စစ်တပ်မှပင်စင်ယူပြီး ဖြစ်သည်)ခေါ်လာသည့်သူ့မိတ်ဆွေ၊ အမေရိကန်ပြန် ဗိသုကာဦးကျော်မင်းကို ရရှိခဲ့ပါသည်။ ဦးကျော်မင်းသည် သူ့အတတ်ပညာပိုင်းဖြစ်သည့် ဗိသုကာပညာရပ်တွင်ကျွမ်းကျင်ရုံမက အခြေခံနိုင်ငံရေးအရလည်း မျိုးချစ်စိတ်ပြင်းပြပြီး ဆရာကြီးအားလည်း ကြည်ညိုလေးစားသူဖြစ်သဖြင့် ကျွန်တော်တို့တတွေ ဆရာကြီးဂူဗိမာန်ကိစ္စကို သူ့အား ပုံအပ်ခဲ့ရပါတော့သည်။
ဦးကျော်မင်းက ဆရာကြီး၏ဂူဗိမာန်ကို အမေရိကန်သမ္မတလင်ကွန်း၏ဂူဗိမာန်ပုံစံကိုအခြေခံယူပြီး ဆရာကြီး၏ဘဝဖြတ်သန်းမှုများ၊ ဆရာကြီး၏စိတ်နေစိတ်ထားစတာများပါ ပေါ်လွင်အောင် ပုံစံဆွဲပါတော့သည်။ ကယားကျောက်ပြာများကအစ ယွန်းရွှေချည်ထိုးများအဆုံး အစစအရာရာ အသေးစိတ်စီစဉ်ဆောင်ရွက်ပါတော့သည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၂)
ဤသတင်းကို ကျွန်တော်တို့ကြားသိရသောအခါ ကျွန်တော်နှင့်ဦးထွန်းတင်တို့နှစ်ဦး ဆရာကြီးမှိုင်းအိမ်သို့သွားရောက်ကာ ဆရာကြီးကို အကျိုးအကြောင်းတင်ပြ ခွင့်တောင်းပြီး ကျောင်းသားအရေး ဆရာကြီး၏ညွှန်ကြားချက်ဖြင့် ဝင်ရောက်ဖြန်ဖြေပေးရန် ဦးထွန်းတင်၏ ကားလေးဖြင့် ရန်ကုန်တက္ကသိုလ်သို့သွားရောက်ခဲ့ပါသည်။
မြန်မာ့အသံရှေ့ရောက်သည့်အချိန်တွင်မူ မည်သည့်ကားကိုမှဆက်သွားခွင့်မပြုဘဲ စစ်တပ်က တားဆီးပိတ်ဆို့ထားတာ တွေ့ရပါသည်။ ကျွန်တော်က ကင်းတာဝန်ခံကို ကျွန်တော်ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ဆရာကြီးမှိုင်း၏ညွှန်ကြားချက်ဖြင့် ကျောင်းသားများထံ သွားရောက်ပြီး တံခါးများဖွင့်ပေးရန် မေတ္တာရပ်ခံဖို့သွားမှာဖြစ်ကြောင်း ပြောပြလိုက်ပါသည်။ ကင်းတာဝန်ခံစစ်ဗိုလ်လေးလည်း ကပျာကယာ မြန်မာ့အသံအဆောက်အအုံအတွင်း ပြေးဝင်သွားပါသည်။ ထိုအထဲတွင် တော်လှန်ရေးကောင်စီဝင်အချို့ ရှိနေပြီး၊ ကျောင်းသားများအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးပွဲထိုင်နေကြောင်း နောက်မှ ကျွန်တော်သိရပါသည်။

မကြာမီမှာပင် စစ်ဗိုလ်လေး ပြန်ထွက်လာပြီး ကျွန်တော်တို့ကိုသွားခွင့်ပြုလိုက်ပါသည်။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း တံခါးမကြီးရှေ့ရောက်သောအခါ တံခါးကြီးကိုပိတ်ထားပြီး ကျောင်းသား ၁၄ - ၅ ယောက် ကင်းစောင့်နေတာတွေ့ရပါသည်။ ကျွန်တော်က ဦးထွန်းတင်၏ မောရစ်မိုင်းနားကားကလေးပေါ်တက်ကာ ကျွန်တော်တို့ကားရောက်လာသံကြား၍ အဆောင်အသီးသီးမှ စုဝေးထွက်လာ ကြသောကျောင်းသားများကို ကျွန်တော်တို့လာရောက်ရသည့်အကြောင်းရင်းကိုပြောပြပြီး သူတို့၏ခေါင်းဆောင်များနှင့် ဆွေးနွေးလိုကြောင်း ပြောသော်လည်း နာမည်ကြီးကျောင်းသားခေါင်းဆောင်အတော်များများကို သူတို့ ပုန်းရှောင်ထားခိုင်းပြီး ဖြစ်သည်။ ကျွန်တော်တို့ကို ထွက်မတွေ့ပါ။ ကျောင်းသားများကတံခါးဖွင့်ဆိုလျှင် ဖွင့်ပေးမည်ဖြစ်ကြောင်း သို့သော် သူတို့တံခါးဖွင့်ပေးပြီးလျှင် ကျောင်းဝင်းထဲသို့ စစ်သားများ ဝင်မလာဖို့လိုကြောင်း၊ ကျောင်းသားများကိုလည်းမဖမ်းဆီးရန် ကတိပေးဖို့လိုကြောင်းပြောသဖြင့် ကျွန်တော်နှင့် ဦးထွန်းတင် မြန်မာ့အသံကိုတခေါက်ပြန်ကာ ကျောင်းသားများပြောဆိုချက်ကို ကျွန်တော့်အားထွက်တွေ့သည့် စစ်ဗိုလ်(ဗိုလ်ကြီးတဦး)အား ပြောပြလိုက်ပါ သည်။ မကြာမီပင် ထိုစစ်ဗိုလ်ပြန်ထွက်လာပြီး ကျောင်းသားတွေတောင်းဆိုသည့်အချက်နှစ်ချက်ကိုလက်ခံကြောင်း ပြောပါသည်။
ထို့ကြောင့် ကျွန်တော်တို့ ကျောင်းသို့ပြန်သွားကြပြီး အကျိုးအကြောင်းပြောပြကာ တံခါးများကိုဖွင့်ခိုင်းလိုက်ပါတော့သည်။ ကျွန်တော်တို့ ပြန်လာသောအခါ ကျောင်းသားခေါင်းဆောင်ကိုတင်မောင်ဝင်းဆိုသူကို ကျွန်တော်တို့ကားထဲထည့်ပေးလိုက်ကြပါသည်။ ကျွန်တော်တို့ သူ့ကို ကားနောက်ခန်းတွင်ဝှက်၍ ခေါ်လာခဲ့ရပါသည်။

ကျွန်တော်တို့ကား မြေနီကုန်းသို့ ရောက်သောအခါ လမ်းပေါ်ကလူတဦးက မျက်နှာကိုလက်ဝါးနှင့်အုပ်၍ ကားရပ်ရန်လက်ပြပါသည်။ ကျွန်တော်တို့ကားကိုရပ်ပေးသောအခါ ထိုသူသည် မျက်နှာကို လက်ဝါးနှင့်အုပ်လျက်ပင်ကားနားကပ်လာပြီး ကျွန်တော်တို့အိမ်ရှိရာ လမ်းထိပ်များတွင် စစ်တပ်က ကားများနှင့်ပိတ်၍စောင့်နေကြောင်း၊ ဆီးဖမ်းမှာဖြစ်ကြောင်းပြောဆိုကာ အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ် သွားပါသည်။ အချိန်ကလည်း လင်းအားကြီးအချိန်နီးနေပြီဖြစ်သဖြင့် ကျွန်တော်တို့အိမ်မပြန်ကြတော့ဘဲ၊ ဆရာကြီးအိမ်ရှိရာချမ်းသာလမ်းသို့ သွားလိုက်ကာ နံနက်မိုးစင်စင်လင်းမှ ကျွန်တော်တို့အိမ်များသို့ ပြန်လာနိုင်ပါတော့သည်။ ထိုစစ်ကားများ မိုးမလင်းခင်ပင် ပြန်သိမ်းသွား ကြောင်း သတင်းရပြီးမှ ကျွန်တော်တို့အိမ်ပြန်နိုင်ခြင်း ဖြစ်ပါသည်။ နောင်မှ ကျွန်တော်တို့သိရသည်မှာ ကျွန်တော်တို့ကားထဲ ကျောင်းသား ခေါင်းဆောင်တချို့ပါသွားကြောင်း သတင်းအစအနရသွားသဖြင့် ထိုသူများကိုဖမ်းဆီးရန် စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်နှင့်ပါလာသော ကျောင်းသားခေါင်းဆောင်မှာ ကျွန်တော့်အိမ်တွင်နှစ်ရက်ခန့်နေပြီးမှ အဆက်အသွယ်ရရာ လူတချို့ လာရောက် ခေါ်ယူသွားပါသည်။ နောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရမ်းအမတ်ဦးတင်မောင်ဝင်းဖြစ်လာသူမှာ ထိုသူပင် ဖြစ်ဟန်ရှိပါသည်။ ကျွန်တော် သိပ်မသေချာပါ။

ထို့နောက်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကောင်စီကကမ်းလှမ်းသဖြင့် စေ့စပ်ဆွေးနွေးရန် တောတွင်းအဖွဲ့အစည်းများ တသုတ်ပြီးတသုတ်ရောက်ရှိလာရာ၊ ရောက်ရှိသည့် အဖွဲ့တိုင်းလိုလိုကလည်း ဆရာကြီးမှိုင်းအား ဦးစွာပထမလာရောက်တွေ့ဆုံ နှုတ်ဆက် ကြရာ၊ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်များမှာ မအားမလပ်နိုင်အောင် အလုပ်များသွားပါတော့သည်။

ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ အလံနီကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး ရဲနီကျော်ဝင်းဦးဆောင်လာပါသည်။ နောက်မှ သခင်စိုး လိုက်လာခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် ငြိမ်းချမ်းရေးတောင်းဆိုသည့်လူထုလှုပ်ရှားမှုကြီးလည်းတခြိမ့်ခြိမ့် တနိုင်ငံလုံး ပေါ်ထွက်လာနေပါသည်။ ပမညတ၊ ပထစ၊ ဖဆပလ စသည့် နိုင်ငံရေးအင်အားစုအားလုံးလောက်နီးနီး ပူးပေါင်းဆောင်ရွက်ကြသဖြင့် အတော်ညီညွတ်သည့်လှုပ်ရှားမှုဟု ပြောဆို နိုင်ပါသည်။

လူမျိုးစု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်အဖွဲ့များလည်း ရောက်ရှိလာပါသည်။

ထို့နောက် ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပဏာမကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ လာပါသည်။ ရဲဘော်ဌေးဦးဆောင်ပြီး ဗိုလ်ဇေယျလည်း ပါလာပါသည်။ သြဂုတ်လ ၃၁ ရက်နေ့တွင် ဆရာကြီးအား လာရောက်ဂါရဝပြုမည်ဟု ထောက်လှမ်းရေးကအကြောင်းကြားထားသဖြင့် ကျွန်တော်နှင့်ဦးထွန်းတင်အပါအဝင် လူအချို့ ဆရာကြီးအိမ်တွင်သွားစောင့်နေကြပါသည်။ သူတို့က ဆရာကြီးအား ဦးသုံးကြိမ်ချကန်တော့ကြပြီးနောက် ကျွန်တော်တို့တတွေ ရှေးဖြစ်နှောင်းဖြစ်တွေပြောဆိုမိကြပါသည်။

ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ်က အထူးသဖြင့် ဗိုလ်ဇေယျနှင့်တွေ့ဆုံပြီး တဦးနှင့်တဦးဖက်ပြီး နှစ်ယောက်စလုံး မျက်ရည် ကျမိပါသည်။ ဤကျွန်တော်တို့နှစ်ဦး တဦးနှင့်တဦးဖက်၍မျက်ရည်ကျနေသည့်ပုံကို သတင်းထောက်တဦးက ဓာတ်ပုံရိုက်လိုက်ပြီး နောက်နေ့သတင်းစာထဲပါလာရာ တွေ့မြင်ဖတ်ရှုရသည့်လူအတော်များများလည်း မျက်ရည်ကျကြသည်ဟု ကြားရပါသည်။ နောက်ပိုင်း ငြိမ်းချမ်းရေးပျက်သွားပြီးနောက် ငြိမ်းချမ်းရေးကာလအတွင်းကရိုက်ကူးခဲ့သည့် ဓာတ်ပုံပြပွဲနှင့်ဓာတ်ပုံပြိုင်ပွဲတွင် ထိုဓာတ်ပုံသည် တတိယဆုရကြောင်း သိရပါသည်။ ပထမဆုရသည့်ပုံမှာ ငြိမ်းချမ်းရေးပျက်သွားပြီးနောက် ထိုဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ပေါက်ခေါင်းချောင်းကိုဖြတ်ကူး၍ တောတွင်းသို့ပြန်သွားသည့်ပုံဖြစ်ပြီး၊ ထိုပုံကို ပြည်သူကို ကျောခိုင်းကြလေပြီဟူသောခေါင်းစဉ်ဖြင့် ရှုဒေါင့်ဂျာနယ်က မျက်နှာဖုံးအဖြစ်ဖော်ပြခဲ့သည့်ပုံ ဖြစ်ပါသည်။

ထိုကိုယ်စားလှယ်အဖွဲ့ရန်ကုန်မှာရှိနေစဉ် ကျွန်တော်က ကျွန်တော့်အိမ်ကိုဖိတ်၍ ထမင်းတနပ်ကျွေးပါသည်။ ဥက္ကဋ္ဌသခင်သန်းထွန်း ဆီမှလည်း ကျွန်တော့်ထံ ပုဂ္ဂိုလ်ရေးစာတစောင်ပါလာရာ၊ သူတို့၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်သဘောထားများ၊ အဓိကဆွေးနွေးမည့် အကြောင်းအရာများကို ထည့်သွင်းရေးသားပြောပြထားပါသည်။ စာ၏နောက်ဆုံးပိုဒ်တွင်မူ ကျွန်တော့်ဇနီးအား နှုတ်ဆက်ကြောင်း၊ သူတို့ကြောင့် ကျွန်တော်တို့မိသားစုဒုက္ခရောက်သွားရသည့်အတွက် ကျွန်တော့်ဇနီးကိုတောင်းပန်ကြောင်း ရေးသားထားပါသည်။

တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်သည့်ရည်ရွယ်ချက်ကိုက သူတို့စစ်ဘီလူးပုံရိပ်ကို လျှော့ချသွားရန်အတွက်သာ ဖြစ်သဖြင့်တကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်သူလူထုကို တစုံတရာ လွတ်လပ်ခွင့်ပေးထားရသဖြင့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက (စစ်အာဏာရှင်စနစ်အန္တရာယ်ကို မြင်လာသဖြင့်) ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်လာနိုင်ပြီး၊ လူထုကလည်း တခဲနက်အုံကြွလာကာ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုကြီး ကျယ်ပြန့်ကြီးမား လာမှုကြောင့်တကြောင်း၊ စေ့စပ်ဆွေးနွေးပွဲကာလလတချို့ (၄ - ၅ လအတွင်း)အကြာမှာပင် တော်လှန်ရေးကောင်စီက ဆွေးနွေးပွဲများကို တဖက်သတ်ရပ်ဆိုင်းပစ်လိုက်ပါတော့သည်။

တောတွင်းမှ လာရောက်ဆွေးနွေးသည့်ကိုယ်စားလှယ်များ ပြန်သွားပြီးနောက် ထိုကာလအတွင်း တက်တက်ကြွကြွလှုပ်ရှားခဲ့သည့် နိုင်ငံရေး သမားများအားလုံးကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခဲ့ပါသည်။

ကျွန်တော်တို့ ငြိမ်းချမ်းရေးအဖွဲ့လည်း လုပ်ငန်းအားလုံးရပ်ဆိုင်းသွားပါတော့သည်။ ဆရာကြီးလည်း စိတ်အတော်ထိခိုက်သွားပြီး အိပ်ရာထဲ လဲသွားပါတော့သည်။ ထိုအချိန်မှစ၍ ဆရာကြီးသည် ထူထူထောင်ထောင်ဖြစ်မလာတော့ဘဲ တရှောင်ရှောင်ဖြစ်နေရာမှ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားပါတော့သည်။ ဤအဖြစ်အပျက်အသေးစိတ်များကို ကျွန်တော်က “ဆရာကြီးမှိုင်း၏ နောက်ဆုံးနေ့ရက်များ”ဟူသောခေါင်းစဉ်နှင့် ဆောင်းပါးတစောင် မကြာမီကပင်ရေးသားထားရာ ထိုဆောင်းပါးကိုပင် ပြန်လည်ဖော်ပြလိုက် ရပါတော့သည်။

Saturday, December 12, 2015

မိုက်ခ်ပန့်စ်ရဲ့ မိုက်ချက်(မျိုးမြင့်ချို)

0 comments
အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ခ်ပန့်စ်လည်း တချို့ပြည်နယ်တွေက ရီပါဘလီကင်န်အုပ်ချုပ်ရေးမှူးတွေလို “ဆီးရီးယားဒုက္ခသည် တို့လက်မခံ”ဆိုသူပဲ။

၏အဲ့စကားမျိုး သူပြောလို့ရတယ် ပြောခွင့်ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာမှလုပ်လို့မရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကန့်အသတ်တွေရှိတယ်။ အဲ့ဒါတွေကို သူလွန်ဆန်ခွင့်မရှိဘူး။ လွန်ဆန်ရင် ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ရာရောက်သလို ချိုးဖေါက်တာလည်းဖြစ်တယ်။ (ဒီမိုကရက်ထဲကလည်း တယောက်စနှစ်ယောက်စ အဲ့သလိုပြောတာရှိတယ်)

တရားဝင်လမ်းကြောင်းအရ သက်ဆိုင်ရာနိုင်ငံတွေ အစိုးရတွေ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်း အသီးသီးတွေ စိစစ်အသိအမှတ်ပြုပြီး အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်ကို လာအခြေချနေထိုင်မယ့်သူကို လက်မခံဘူးလုပ်ဖို့မဖြစ်နိုင်သလို လက်ခံပြီးသားလူကိုလည်း ဘယ်ကိုမှ မောင်းထုတ်လို့မရဘူး။ အဲ့သလိုတွေလုပ်ရင် ဖွဲ့စည်းပုံနဲ့ ငြိပြီ။

ခုပဲ အိမ်ဦးချီးသွားပါမိတဲ့ ဒေါ်နယ်လ်ထရမ့်ကိုပဲကြည့်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပါ ထွက်ပြီး “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့စကား”ပြောတာဖြစ်လို့ သမ္မတမဖြစ်ထိုက်ဘူးလို့ ပြောနေပြီ။

နောက်တချက်က အမေရိကန်မှာ လူတိုင်း တပြည်နယ်ကတပြည်နယ် လွတ်လပ်စွာပြောင်းရွှေ့နေထိုင်ခွင့် ရှိတယ်။ ဒီနေ့ ကင်န်တပ်ကီကို ဒုက္ခသည်အနေနဲ့ရောက်လာသူဟာ နောက်နေ့ တက္ကဆက်ကို ပြောင်းချင်ရင်ပြောင်းနေလို့ရတယ်။ ပြောင်းနေခွင့်ရှိတယ်။ ဒါလည်း ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့အခွင့်အရေး။ အဲ့နည်းနဲ့ သူ့ပြည်နယ်ထဲကို ပြောင်းဝင်လာမယ့်ဆီးရီးယားဒုက္ခသည်ကို “ငါ့ပြည်နယ်ထဲ မလာနဲ့”လို့ သူမှ မဟုတ်ဘူး ပြည်ထောင်စုသမ္မတကတောင် လုပ်ခွင့်မရှိဘူး။

နောက်တချက်က ဒုက္ခသည်ပြန်လည်နေရာချထားရေး အစိုးရအေဂျင်စီတွေ အစိုးရအထောက်ပံ့ခံအေဂျင်စီတွေ အင်န်ဂျီအိုတွေ ဘာသာရေးနဲ့နွယ်တဲ့လူမှုကူညီရေး အဖွဲ့အစည်းတွေအေဂျင်စီတွေရဲ့ သြဇာအရှိန်အဝါနဲ့ လုပ်ပိုင်ခွင့်တွေကလည်း မသေးလှဘူး။ ဒါတွေကို ကဏ္ဍကောစလုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ မိုက်ခ်ပန့်စ်လည်း ဒါတွေသိပါတယ်။

နိုင်ငံရေးသမားပဲဟာ သိလို့ပဲ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင်ဖြစ်နေပြီပဲ။ ဒါပေမယ့် နိုင်ငံရေးသမားဆိုတာက သိတဲ့အတိုင်း ဘယ်အစ်ရှူးဟော့တ်ဖြစ်နေသလဲ ဘယ်အစကောက်ဆွဲရင် နောက်က မဲဘယ်နှပြားပါမလဲကိုတွက်ပြီး လူတွေသွေးဆူနေတုန်း ”ဝုန်း”ကြရတာ မဟုတ်လား။ သူလည်း ဟော့တ်အစ်ရှူးကိုင်ပြီး ဝင်ဝုန်းတာမျိုးပါ။

ဆီးရီးယားဒုက္ခသည်တွေ ငါ့ပြည်နယ်ကိုမလာနဲ့ လက်မခံဘူးလို့ ”ဝုန်း”နေတဲ့ကြားကပဲ မနေ့ညက အင်ဒီယားနားပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးမိုက်ခ်ပန့်စ်ရုံးစိုက်ရာ ပြည်နယ်မြို့တော် အင်ဒီယားနားပိုးလီးစ်ကို ဆီးရီးယားဒုက္ခသည် မိသားစုတစုရောက်ချလာပြီ။ လေဆိပ်မှာ ဝက်ဝက်ကွဲပဲ။
သတင်းသမားတွေရော အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေရော ပြန်လည်နေရာချထားရေးကရော လူထုလုံခြုံရေးအေးဂျင့်တွေရော စုံမှစုံပဲ။ ပွဲပဲ။ အားလုံး ဖျတ်ဖျတ်လတ်လတ် ပေါ့ပေါ့ပါးပါးပဲ။

ပြည်နယ်အုပ်ချုပ်ရေးမှူးကြီးအပေါ် အောင်ပွဲခံတဲ့သဘော အပြောတွေအပြုံးတွေ ဘယ်မျက်နှာမှ မတွေ့ရ ဘယ်ပါးစပ်ကမှမကြားရပေမယ့် အမေရိကန်ပြည်သူတွေဟာ အမေရိကန်ဖွဲ့စည်းပုံကခွင့်ပြုထားတဲ့ လူ့အခွင့်အရေး နိုင်ငံသားအရေး ပြောင်းရွှေ့ဝင်ရောက်လာသူအခွင့်အရေး ဒုက္ခသည်များဆိုင်ရာ အခွင့်အရေးနဲ့ လူတယောက်ခြင်းစီရဲ့လွတ်လပ်ခွင့်တွေ အမေရိကန်စံတွေတန်ဖိုးတွေကိုဖော်ပြဖို့ အခွင့်အလမ်းကောင်းတခုကို လက်အလွတ်မခံခဲ့ကြဘူးဆိုတာကို စကားတလုံးမှမပါပဲ အများကြီးပြောလိုက်သလိုပဲ။

ပြည်နယ်အုပ်ချုပ်ရေးမှူးမိုက်ခ်ပန့်စ်တယောက်တော့ နှာခေါင်းကျည်ပွေ့တွေတယ်ပြောမလား ဒေါသဆိပ် ငယ်ထိပ်တက်တယ်ဆိုရမလားပဲ ရှူးရှူးရှားရှားဖြစ်နေတယ်လို့ ဆိုတယ်။ ဒီည ၁၁ နာရီမှာ သူ့တုန့်ပြန်ချက်ကို ချယ်နယ်လ် ၁၅ ကနေထုတ်လွှင့်ပေးမယ်လို့ ခုပဲကြေငြာသွားတယ်။

လင်းအေးထင်ရဲ့စာ

0 comments
အင်း… လူ့အခွင့်အရေး ကြေညာစာတမ်းထုတ်တာ ၆၅ နှစ် ပြည့်ပြီဆိုတော့ ဒါလေး ပြန်တင်ဦးမှ…
ပညာဆိုတဲ့စကားလုံးဟာ အရှေ့တိုင်းဒဿနလွှမ်းတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းမှာ လွတ်မြောက်ရာချုပ်ငြိမ်းရာကို မျက်မှောက်ပြုနိုင်တဲ့အသိဆိုပြီး တော်တော်လေး သိမ်သိမ်မွေ့မွေ့ နက်နက်နဲနဲရှိတယ်။
ဒါပေမယ့် ပင်မရေစီးဖြစ်နေတဲ့ဘာသာအသီးသီးက ဆရာတွေက အဲဒီ့ သိမ်မွေ့နက်နဲမှုကို မထင်ဟပ်ပဲ လောကီဟာ စက်ဆုပ်စရာ ရွံစရာမုန်းစရာအဖြစ် ဇွတ်တရွတ် ဖွင့်ဆိုကြတယ်။
နောက်လိုက်နောက်ပါတွေကလည်း အဲ့ဒါကို သံယောင်လိုက်ပြီး လူ့အသိုင်းအ၀ိုင်းဆို မမက်စက်သင့်တဲ့အရာ တန်ဖိုးမထားသင့်တဲ့အရာအဖြစ် ပုံဖော်ကြပြန်တယ်။

ကျနော့်အလိုအရတော့ လူ့သမိုင်း လူ့ဖြစ်အင်ဟာ အလွန်မှတန်ဖိုးထားဂုဏ်ယူသင့်တဲ့အရာ ဖြစ်တယ်။
လူဆိုတဲ့အမျိုးဟာ သတ္တဝါတွေထဲ အင်မတန်မှ သေလွယ်ပျက်စီးလွယ် နုနယ်ရာက ဒီ့နေ့ဒီအချိန် အဆင့်မျိုးရောက်အောင် လက်ဆင့်ကမ်းတည်ဆောက်ခဲ့တာမို့ လူ့သမိုင်းဟာ မသေအောင် အသက်ကိုမွေးနိုင်ခဲ့ကြတဲ့ အောင်သမိုင်းကြီး ဖြစ်တယ်။ ဒီအဖြစ်ကို ကျနော်တို့ အင်မတန်မှအဖိုးထားသင့်တယ်။ ၀မ်းမြောက်ဂုဏ်ယူသင့်တယ်။ မွေးမြူ စောင့်ရှောက်သင့်တယ်။
တစ်ဘက်မှာလည်း လူဟာ တိရိစ္ဆာန်ဗီဇစိတ်အပြည့်နဲ့ သတ်ဖြတ်တာ နိုင်ရာစားတာ စတဲ့ မယုံနိုင်စရာယုတ်ကန်းမှုတွေ ကျူးလွန်တတ်ကြတာမို့၊ ကျနော်တို့ဟာ အဲဒီ့ယုတ်ကန်းမှုကို အလိုက်သင့် လက်သင့်မခံဖို့ရာ၊ ကျနော်တို့ရဲ့ လူ့ အောင်သမိုင်းကြီးကို ပိုလို့တောင် ဂုဏ်ယူ အဖိုးထားထိုက်တယ်။ ဒီလို အဖိုးထားတတ်မှလည်း ကာကွယ်စောင့်ရှောက်လိုစိတ်ရှိမှာ ဖြစ်တယ်။ နီတိတရားတွေထုတ်နှုတ်ပြီး ကျင့်ဝတ်စာရိတ္တတရားတွေချမှတ်ပြီး လူ့ဂုဏ်သိက္ခာကိုဖန်တီးတတ်မှာ ဖြစ်တယ်။
ဒီတော့ ပညာဆိုတာ လူတွေမသေအောင် အသက်ကိုမွေးတဲ့အတတ် ဟုတ်သလို၊ လူတွေ အဆိုးအကောင်း အမှားအမှန် ဝေဖန်ပိုင်းခြား စမ်းစစ်နိုင်စွမ်းဆိုလည်း မမှားဘူး။
လူ့အသိုင်းအ၀ိုင်းကြီးကို သိပ်မုန်းတီး စက်ဆုပ်ပြတဲ့လမ်းကြောင်းဟာ အင်မတန်လွဲတယ်။ တရားမျှတခြင်း ဖော်ဆောင်ဖို့နဲ့ မော်ရဲလတီရှိစေဖို့ကိုလည်း တွန်းအား မဖြစ်စေဘူး။ (လင်းထင်)
ကိုလင်းအေးထင်ပို့စ်ကို ကူးယူဖော်ပြတာဖြစ်ပါတယ်

ဘီဘီစီခေါင်းစဉ်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ(မျိုးမြင့်ချို)

0 comments
ဘီဘီစီခေါင်းစဉ်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုနားလည် သိမြင်ခံယူသလဲနဲ့ ဘယ်ပုံအဓိပ္ဗါယ်ဖွင့်သလဲ ဆိုတဲ့အပေါ်မှာတည်တာပါ။

ဗမာပြည်မှာရှိနေတဲ့အမျိုးသား(လူမျိုးစုတွေ) တစုနဲ့တစု သူတပြန်ကိုယ်တပြန် ချနေကြတာ မရှိဘူး။ နယ်စပ်ခြင်းထိစပ်နေမို့ သိတ်မပြောပလောက်တဲ့ပြဿနာတချို့ရှိခဲ့တာ ဝါဒရေးရာကိစ္စနဲ့ ကွဲကြပြဲကြတာရှိပေမယ့် တလျှောက်လုံး မပြီးနိုင်မစီးနိုင် တိုက်ခိုက် သတ်ဖြတ်နေတာမရှိ။

ဗမာပြည်တွင်းစစ်ဆိုတာလည်း ဗမာလူမျိုးနဲ့ အခြားလူမျိုးစုတွေ ဖြစ်နေကြတာမဟုတ်ပဲ ”ဘာသာရေး လူမျိုးရေးအခြေခံ ဗမာလူမျိုးကြီးဝါဒီ လက်ဝါးကြီးအုပ်စစ်အရှင်းစနစ်”ကို ကိုယ်စားပြုတဲ့ စစ်အုပ်ကတဘက် ဗမာအပါအဝင်အခြားလူမျိုးစုတွေကတဘက် ဖြစ်နေတဲ့ပြဿနာပဲ။

ဆိုတော့ မသင့်မမြတ်ဖြစ်နေကြတာ လူမျိုးစုတစုနဲ့အကြားမှမဟုတ်သလို ဗမာလူမျိုးနဲ့ အခြားလူမျိုးစုတွေကြားမှာ ဖြစ်နေတာလည်းမဟုတ်ဘူး။

ဖြစ်နေတာက ”ဘာသာရေးလူမျိုးရေးအခြေခံ ဗမာလူမျိုးကြီးဝါဒီစစ်အရင်းရှင်အုပ်စု”ကတဘက် အခြားရှိသမျှသော လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ မြေပေါ်ဒီမိုကရက်တစ် အင်အားစုများကတဘက် အဲ့သလို ဘက်ကြီး ၂ ဘက်မှာဖြစ်နေတာ။

ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အုပ်နဲ့ အစုတစုစု ဒါမှမဟုတ် အဖွဲ့တဖွဲ့ဖွဲ့ ဒါမှမဟုတ် နိုင်ငံရေးတပါတီတီ ပြေလည်ရေး အပေးအယူတည့်ရေးမဟုတ်ဘူး။ အဲ့သလို ၂ စုကြား ၂ ဖွဲ့ကြား ၂ ပါတီကြားကိစ္စလောက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်သွင်းပြီး ပြေလည်အောင်လုပ်ရင် သူတို့ကြားမှာ သင့်မြတ်ပြေလည်ကောင်း ပြေလည်နိုင်စရာရှိပေမယ့် သမိုင်းနဲ့ချီပြီးဖိနှိပ်ခံနေရလို့ သမိုင်းနဲ့ချီပြီး တော်လှန် ခုခံနေရမှုတွေကတော့ ပျောက်သွားပြေလည်သွားဖို့ မဖြစ်နိုင်ဘူး။  ဆက်ရှိမြဲရှိနေမှာသေချာတယ်။ ဖိနှိပ်မှုတွေ တွန်းလှန်ခုခံမှုတွေ၊ စစ်တွေ သွေးထွက်သံယိုတွေ ပြဿနာတွေနဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေဦးမှာပဲ။


နောက်တချက်က တရားဥပဒေစိုးမိုးရေးဆိုတာ အတိုဆုံးချုပ်ပြောရရင် ”လူဟာ သူကျူးလွန်ခဲ့တဲ့ပြစ်မှု အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်အပေး ခံကိုခံယူစေရမယ်” နောက်မှ သက်ညှာတဲ့သဘောနဲ့(အစိုးရ) အမိန့်ထုတ်ပြန်ပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာတို့ဘာတို့ လုပ်တန်လုပ်ရမှာပဲ။

တိုင်းပြည်နဲ့ချီပြီးကြီးမားတဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေတောင် တရားအစီအရင် မခံရဘူးဆို အဲ့ဒီ တရားဥပဒေစိုးမိုးရေးမိုးကို ဘယ် သာမန်ရာဇဝတ်သားလေးကတောင် ဂရုစိုက်အလေးထားနေမယ် မဟုတ်ဘူး။ ဗမာပြည်မှာ ရာဇဝတ်မှုဒီလောက်ထူပြောပြီး ကျူးလွန်သူတွေ ဒီလောက် လွတ်မြောက်နေတာကိုပဲကြည့်။ ဘယ်နှလောင်းပြိုင်သတ်မှုကြီးတွေ လက်သည်မပေါ်တာ၊ မူးယစ်ဆေးဝါးတန်နဲ့ချီ ပြီးမြို့လည်ကောင်ကြီးမိလည်း ပိုင်ရှင်မရှိတာ၊ ရဲ ၂ ယောက် သတ်ပလိုက်တဲ့ ရာဇဝတ်ကောင်ကလည်း သေဒဏ်ကျတာများအဆန်းလိုက်လို့ လို့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို လှောင်ပွဲဖွဲ့သွားတာတွေကိုကြည့်။

ပြစ်မှုကျူးလွန်ခဲ့သူကို တရားဥပဒေနဲ့အညီ တရားစီရင်တယ်ဆိုတာ လက်စားခြေတာမဟုတ်သလို အာဃာတထားပြီး အညှိုးနဲ့ခြေမှုန်းတာလည်းမဟုတ်ဘူး။ ကျူးလွန်ခဲ့သူအေဖို့ နောင်ကျဉ်စေရေးနဲ့ နောက်နောင် အလားတူကျူးလွန်သူတွေ ထွက်ပေါ်မလာရေးကိုရှေးရှုတဲ့ မျှတတဲ့တရားစီရင်ရေးဖြစ်ဖို့ လုပ်ရတာမျိုးပဲ။ ဒါမှ တရားဥပဒေဆိုတာလည်းတည်သလို တည်တဲ့တရားဥပဒေလည်း လူတိုင်းအပေါ် အညီအမျှစိုးမိုးမှာပဲ။

အဲ့သလိုမဟုတ်လို့ကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ တရားဥပဒေစိုးမိုးရေးဆိုတာ စကားလုံးတွေအနေနဲ့ပဲ ပြောဖို့ကာင်းပါတယ်။ နားထောင်လို့ပဲကောင်းပါတယ်။
၁၂/၁၁/၂ဝ၁၅

လာပြန်ပြီလား.....ဦးကြည်မောင်ဆင်ဒရုန်း(ဇော်ဝင်း-၈၈ ကျောင်းသားဟောင်း)

0 comments
လာပြန်ပြီလား.....ဦးကြည်မောင်ဆင်ဒရုန်း
ရှစ်လေးလုံးအရေးအခင်းကြီးဟာ တိုင်းပြည်ကိုဒုက္ခပေးတဲ့ဆူပူမှုကြီး လူသတ်ပွဲကြီးလား။ ထိန်းမနိုင်သိမ်းမရတဲ့ ကြောက်စရာအဖြစ်အပျက်ကြီးလား။
ဟုတ်တယ်လို့ တချို့ကထင်နေကြတယ်။ အဲဒါဟာ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိချက်သက်သက်၊ မဟုတ်မတရား ပြောဆိုချက်သက်သက်ပဲဆိုတာကို မသိနားမလည်တဲ့သူတွေ အများကြီးရှိတယ်။
စစ်အာဏာရှင်တွေက ၉၀ မှာ ဒီချုပ်ကို အာဏာမလွှဲခဲ့တာဟာ ဦးကြည်မောင်က နျူရင်ဘတ်ခုံရုံးအကြောင်းပြောလိုက်လို့ ကြောက်ပြီး မလွှဲခဲ့တာလား။
အဲဒါကို ယုံတဲ့လူတွေတော်တော်များတယ်။ ဒီနေ့ ဒီချုပ်ထိပ်သီးတချို့ကပါ ယုံကြတာ တော်တော်အံ့အားသင့်စရာကောင်းတယ်။ အဲဒါဟာ စစ်အာဏာရှင်တွေ ဘာပြောရမှန်းမသိတော့လို့ ပေးတဲ့ဆင်ခြေဆိုတာ နားမလည်တဲ့သူတွေ အလွန့်အလွန်ကို များတယ်။ အံ့သြစရာကောင်းလောက်အောင် များတယ်။ ဆင်ခြေတခုဆိုတာ မတွေးတတ်ကြဘူး။ လုပ်ချင်လို့ လုပ်တဲ့သူက သူလုပ်ချင်ရာလုပ်ပြီးရင် ဆင်ခြေတခုခုရှာပေးမှာပဲ ဆိုတာ သဘောမပေါက်ဘူး။
ဘီဘီစီရဲ့ ခရစ္စတိုဖာဂန်းနက်စ်အင်တာဗျူးကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ခဲ့တာလား။
အဲဒါကိုလည်း အမှန်ပဲလို့ ထင်တဲ့သူတွေ တပုံတပင်ကြီးပဲ။ ဒါဟာ လောင်စာအများအပြားအနက်က နောက်ထပ် သေးသေးလေးတခုပဲဆိုတာကို နားမလည်တဲ့သူတွေ သိပ်ကိုများတယ်။
စစ်အာဏာရှင်တွေရဲ့ နှစ်ပေါင်းအစိတ်ကျော် ဦးနှောက်ဆေးတဲ့ ဝါဒဖြန့်ချိချက်တွေကို ဒီနေ့အထိ ယုံကြည်နေကြသူတွေထဲမှာ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေပါ ဆိုတဲ့သူအများအပြားဟာ ရှေ့ဆုံးကပါနေတာကို အံ့မခန်းတွေ့ရတယ်။
ဒီလို အတွေးတိမ်တိမ်လေးတွေကြောင့် အခုဘီဘီစီက သန်းရွှေကို အရေးယူသင့်မယူသင့် ခေါင်းစဉ်ဆွေးနွေးမယ်ဆိုတော့ ကြောက်သေး တဖြန်းဖြန်းပါကြသူတွေဟာ ဗိုလ်သန်းရွှေမဟုတ်ဘဲ ဒီမိုကရေစီသမားဆိုသူတွေ ဖြစ်နေကြတာကို တွေ့ရတာပါပဲ။
ဘီဘီစီက အဲဒီခေါင်းစဉ်တင်လို့ ဘာမှ မဖြစ်ဘူး။ မတင်လည်း ဘာမှ မဖြစ်ဘူး။ ဘီဘီစီက အဲဒီခေါင်းစဉ်တင်လို့ သန်းရွှေကိုမုန်းတဲ့သူတွေနဲ့ သန်းရွှေနဲ့ပြေလည်ချင်သူတွေက သူတို့ အမြင်သူတို့ပြောကြတာကို ဘာမှ ကြောက်ရွံ့ တုန်လှုပ်နေစရာ အကြောင်းမရှိဘူး။
လူတွေမှာ ပြောခွင့်ရှိတယ်။ ပြောကြပေါ့။ ဘာဖြစ်လဲ။ ဘာလို့ လူတွေရဲ့ပါးစပ်ကို စိုးရိမ်တကြီးနဲ့ လိုက်ပိတ်ချင်နေတာလဲ။ ကိုယ့်ကိုယ်လည်း ပြန်မေးကြည့်ကြပါဦး။ ခင်ဗျားတို့ ဘာကို ကြောက်နေကြတာလဲ။
ဘီဘီစီကို ကျနော်ချစ်လည်း မချစ်ဘူး။ မုန်းလည်း မမုန်းဘူး။ ရိုင်းရိုင်းပြောရရင် သောက်ဂရုကို မစိုက်ဘူး။ ဗမာ့နိုင်ငံရေးမှာ ဘီဘီစီရဲ့အခန်းကဏ္ဍဟာ တခြားမီဒီယာတွေထက် ဘာမှ ထူးထူးခြားခြား ပိုအရေးပါတယ်လို့လည်း မထင်ဘူး။
ဒါပေမယ့် လူတွေရဲ့ပါးစပ်ကိုပိတ်ထားမှ ဒီမိုကရေစီရမယ်ဆိုရင်တော့ ခင်ဗျားတို့ ဒီမိုကရေစီကို ခင်ဗျားတို့ ပြန်စစ်ဆေးကြည့်ကြဦး။ ခေါင်းပေါင်းကြီး တိုက်ပုံကြီးဝတ်ထားပြီး အောက်ငုံ့ကြည့်တော့ ပုဆိုးမပါတဲ့ဒီမိုကရေစီမျိုးဖြစ်နေဦးမယ်။
ဗိုလ်သန်းရွှေမငြိုငြင်မှ ဒီမိုကရေစီရမှာဆိုရင် ခင်ဗျားတို့ဟာဒီမိုကရေစီကို သူတောင်းစားလို ခွက်ထိုးခံတောင်းနေရတဲ့ဘဝ ရောက်နေပြီလားဆိုတာ ပြန်စဉ်းစားကြဦး။ အဲသလို တောင်းလို့ရလာမယ့်ဟာက ဘာလဲဆိုတာကိုလည်း ပြန်တွေးကြည့်ကြဦး။
ကြောက်ရမယ့်လူက မကြောက်၊ မကြောက်ရမယ့်လူတွေက ပြာပြာသလဲ ကြောက်နေ၊ စိုးရိမ်နေကြတာဟာ ဟာသတောင်မြောက်တယ်။ လှံဖျားပုစဉ်းနား၊ ကျီးကန်းကချေးပါဆိုတာမျိုးပဲ။
သမိုင်းနားမလည်ရင် အ-တယ်လို့ ပြောတာ ဒါမျိုးတွေကြောင့် ဖြစ်မှာပဲ။
သမိုင်းနားမလည်ရင် အ-တတ်တယ်ဆိုရင် နိုင်ငံရေးနားမလည်ရင် လူညွန့်တုံးတတ်တယ်လို့တောင် ပြောရမယ်ထင်တယ်။
(ဇော်ဝင်း ၈၈ ဗကသ ကျောင်းသားဟောင်း)ရဲ့စာကိုကူးယူဖော်ပြတာဖြစ်ပါတယ်။

အရေးယူသင့်ပါတယ်၊ အရေးယူရမယ်(ကျော်မော်)

0 comments
အရေးယူသင့်ပါတယ်၊ အရေးယူရမယ်
နိဒါန်း
(ဘီဘီစီ) ရဲ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် ခေါင်းစဉ်က
မူလခေါင်းစဉ် - “ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား”
ပြောင်းသွားတဲ့ခေါင်းစဉ် - “ ဦးသန်းရွှေကို ကင်းလွတ်ခွင့်ပေးသင့်သလား”
(ဘီဘီစီ)ရေဒီယိုကနေ ကျနော်ပါဝင်ဆွေးနွေးခဲ့ပေမယ့် အချိန်အကန့်အသတ်၊ ဆွေးနွေးသူ အရေအတွက်များပြားမှု စတာတွေကြောင့် မိမိထင်မြင်ယူဆချက်ကို လိပ်ပတ်လည်အောင်တင်ပြနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် အခုလိုဖြည့်စွက်ရေး သားတင်ပြရတာပါ။
ဒါ့အပြင် အရေးယူသင့်သလားဆိုတဲ့ ခေါင်းစဉ်အပေါ် တုန့်ပြန်ချက်တွေရဲ့ အတိုင်းအတာကလည်း ကြီးမားကျယ်ပြန့်ပါတယ်၊ သဘောမတူညီမှု၊ တိုက်ခိုက်မှု၊ ထိုးနှက်မှုတွေအကြားကနေ (ဆွေးနွေးတဲ့ခေါင်းစဉ်ပြောင်းလဲလိုက်သော်လည်း) လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်ဘက်ကနေရပ်တည်ပြီး ထုတ်လွှင့်ခဲ့ကြတဲ့ဘီဘီစီ (မြန်မာပိုင်း) တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘီဘီစီမြန်မာဌာန အတွင်းမှာလည်း ဒီဂယက်ရိုက်ခတ်မှုဟာ သေးကွေးမှာ မဟုတ်ပါဘူး။
“ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား”
(မောင်ကျော်မော်)
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)
ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား
အရေးယူသင့်ပါတယ်၊ အရေးယူရမယ်။ အပိုင်း ၃ ပိုင်းခွဲတင်ပြပါ့မယ်။
(ပထမပိုင်း )
အောက်ပါ အခြေခံအချက် ၃ ချက်အပေါ်က နေရပ်တည်ပြီး အရေးယူသင့်တယ်၊ အရေးယူရမယ်လို့ ကျနော်ပြောတာပါ။
၁။ မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှဉ်းပန်းမှုတွေကို မတရားကြောင်း၊ လက်မခံကြောင်း အပြစ်ပေးအရေးယူရမယ်ဆိုတာကို အတွေးအခေါ်အရ ပြောကိုပြောရဲရမယ်။ ဒါက ပထမအချက်ပါ။
၂။ ဒီလို မတရားပြုမှု၊ အကြမ်းဖက် ဖိနှိပ်ညှဉ်းပန်းမှုတွေကိုဖြစ်ပေါ်စေတဲ့ စနစ်ဆိုး၊ စနစ်ရိုင်းတွေ ထပ်မံပေါ်ပေါက်မလာနိုင်အောင် တရားဥပဒေအရလည်း ထိထိရောက်ရောက် အပြစ်ပေးရေးယူရမယ်။ ဒါက ဒုတိယအချက်ပါ။
၃။ မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှဉ်းပန်းမှုတွေကို အရေးယူသင့်တယ်၊ အရေးယူရမယ်ဆိုတာကို အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများဘက်က ရပ်တည်ပြီးပြောတာပါ။ အဲဒီအဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေထဲမှာ (နဝတ-နအဖ) စစ်အစိုးရနဲ့ ယခင်အစိုးရရဲ့အဆက်ဆက်ရဲ့ အကြမ်းဖက်ဖိနှိပ်မှု၊ မတရားပြုမှုတွေကြောင့် မိမဲ့ဘမဲ့ဖြစ်သွားရသူတွေ၊ သားသမီးဆုံးရှုံးသွားရတဲ့သူတွေ၊ လင်ယောက်ျား၊ ဇနီးမယား ဆုံးပါးသွားရသူတွေ၊ အသက်နဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ စွန့်လွှတ်ခဲ့ရသူတွေ၊ ကုသလို့မပျောက်ကင်းတော့ဘဲ သေရာပါ ရုပ်ဒဏ်ရာ၊ စိတ်ဒဏ်ရာ၊ စိတ်ဝေဒနာ ဖြစ်သွားရသူတွေ စသဖြင့် စီးပွားရေးအရ၊လူမှုအရေးအရ နာလံမထူနိုင်လောက်အောင် ဘဝပျက်သွားခဲ့ရတဲ့ ပြည်သူတွေ၊ ပြည်ပနိုင်ငံတွေဆီထွက်ပြေးခိုလှုံခဲ့ကြရတဲ့ပြည်သူတွေ ပါဝင်ပါတယ်။ ဒါက တတိယအချက်ဖြစ်ပါတယ်။
(ဒုတိယပိုင်း)
မတရားမှုနဲ့ အကြမ်းဖက်မှုကိုဖြစ်ပေါ်စေခဲ့တဲ့ လူ၊ မူနဲ့ စနစ်ယန္တယားကိုပါ အရေးယူရမယ်။ အကုန်အစင်ဖျက်သိမ်းရမယ်။ မတရားမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပုဂ္ဂိုလ်တစ်ဦးချင်းစီ ပုဂ္ဂိုလ်ရေးမုန်းတီးမှု၊ အညှိုးအာဃာတစ်ခုတည်းက စေ့ဆော်လို့ ပြုလုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ စစ်အုပ်စုအကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားကို အသုံးပြုပြီးကျူးလွန်ခဲ့ကြတာပါ။ ဒါကြောင့် အရေးယူအပြစ်ပေးတယ်ဆိုတဲ့နေရာမှာ ဒီလို မတရားမှု အမူအကျင့်အတွေးအခေါ်နဲ့ ဒီအတွေးအခေါ်အမူအကျင့်တွေကို ဖြစ်ပေါ်စေတဲ့ သက်ဝင်လှုပ်ရှားစေတဲ့ ဆိုးသွမ်းရိုင်းပြလှတဲ့ စနစ်ယန္တယားကိုပါ နောင်ပေါ်ပေါက် မလာအောင် အကုန်အစင်ဖျက်သိမ်း ပစ်ရမှာပါ။ မတရားမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေတစ်ဦးထဲ ကျူးလွန်ခဲ့တာမဟုတ်ပါဘူး။
(နဝတ-နအဖ)စစ်ကောင်စီနဲ့စစ်အစိုးရထိပ်သီးများလည်း အလိုတူအလိုပါ ကျူးလွန်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာအဓိက တာဝန်ရှိနေသူတွေကို ပုဂ္ဂိုလ်အရ တန်းစီပြောရရင် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့ကို ထိပ်ဆုံးကနေ ဖော်ပြရမှာပါ။
ဒါက ၁၉၈၈ ခုနှစ် ကနေယနေ့အထိကာလပိုင်းကိုသာ ကွက်ပြီးပြောနေတာပါ။
၁၉၄၈ ခုနှစ်၊ သို့မဟုတ် ၁၉၆၂ ခုနှစ်ကစပြီး ပြောရမယ်ဆိုရင် ပြစ်မှုကျူးလွန်သူတွေနဲ့ ပြစ်မှုအတိုင်းအတာဟာ ဒီထက်အများကြီး ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါလိမ့်မယ်။ သမိုင်းတရားခံစာရင်း ပိုပြီးရှည်လျားပါလိမ့်မယ်။
ဒီနေရာမှာ မကြာသေးခင်က (The Washington Post)နဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်တာဗျူးထဲက အချက် တစ်ချက်ကို ဖော်ပြပြောဆိုပါရစေ။ ဝါရှင်တန်ပို့စ်က အတိတ်က ဖမ်းဆီးဖိနှိပ်မှုတွေအတွက် “ဝမ်းနည်းကြောင်း” ပြောဖို့ ရှိပါသလားလို့ မေးတဲ့အခါ အခုလိုဖြေပါတယ်။ “ဒီလိုတော့ ပြောစရာအကြောင်းတော့ မရှိဘူးထင်တယ်။ ဒါဟိုဘက်ကနိုင်ငံရေး အခြေအနေနဲ့လုပ်ခဲ့တဲ့ နိုင်ငံရေးစနစ်တုန်းက အခြေအနေ အရလုပ်ခဲ့တာပဲဖြစ်တယ်။ ဒါကတော့ တစ်ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်နဲ့တော့ ဘာမှမဆိုင်ဘူး” တဲ့။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဒီအဖြေဟာ တကယ်တော့ ယခင် အုပ်စိုးသူနဲ့အုပ်စိုးမှုကို လွှဲချပြီးကိုယ်လွတ်ရုန်းတာပါ။ သူနဲ့ဘာမှမဆိုင်ဘူးတဲ့။ သူတောင်းပန်စရာ မလိုဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ ပြီးတော့“ယခင်နိုင်ငံရေးစနစ်အရ၊အခြေအနေအရ” လုပ်ခဲ့တာလို့ဝန်ခံထားတယ်။ သွယ်ဝိုက်သောအားဖြင့် ဒီကိစ္စတွေနဲ့ပတ်သက်ရင် (နဝတ-နအဖ)စစ်အစိုးရတွေရဲ့တာဝန်သာဖြစ်တယ်လို့ ပြောတာပါပဲ။
(တတိယပိုင်း)
လက်တွေ့ တကယ်အရေးယူနိုင်သလားနဲ့ အမျိုးသားပြန်လည်းရင်ကြားစေ့ရေး
ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးတွေကို ထိခိုက်သွားမှာမို့ အခုအချိန်မှာ အရေးယူတဲ့စကားတွေ မပြောသင့်သေးဘူးဆိုတာဟာ မှားယွင်းတဲ့၊ အညံ့ခံတဲ့ တွေးခေါ်စဉ်းစားနည်းတစ်မျိုးသာဖြစ်ပါတယ်။ လက်တွေ့အရေးယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သေးသည်ဖြစ်စေ မတရားမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ပတ်သက်လာရင် အတွေးအခေါ်အရ ပြတ်ပြတ်သားသားမတရားကြောင်း၊ အပြစ်ပေးအရေးယူရမယ် ဆိုတဲ့အကြောင်းကို အချိန်မရွေးပြောဝံ့ရမယ်။
လက်တွေ့မှာ ဦးသန်းရွှေရဲ့ အာဏာအမွေစားအမွေခံတွေလက်ထဲမှာ လက်နက်နဲ့အာဏာတွေ ရှိနေသေးတယ်၊ ၂၀၀၈အခြေခံ ဥပဒေ၊ ပုဒ်မ ၄၄၅ ရှိနေလို့ အရေးယူလို့မရဘူးလို့ပြောနေတာဟာ လက်တွေ့ကြောင်း/ဥပဒေအကြောင်းအရထက် အတွေးအခေါ်အရအညွန့်ကျိုးနေတာနဲ့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားအပေါ် စိုးရိမ်ထိတ်လန့်နေရတာကို ဖော်ပြနေတဲ့အချက်ပဲဖြစ်ပါတယ်။
အခြားတစ်ဖက်ကလည်း စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တယားဆိုတဲ့ အရိပ်မည်းကြီးအောက်က မလွတ်မြောက်နိုင်သေးဘဲ၊ ဒီအရိပ်မည်းကြီးဟာ ကျနော်တို့လူတွေအပေါ်မှာ စိုးမိုးမြဲစိုးမိုးနေသေးတယ်ဆိုတာတဲ့အချက်ကိုဖော်ပြနေတဲ့ အချက်ပါပဲ။
မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုကိုပြုခဲ့ကြသူတွေက သူတို့ကျူးလွန်ခဲ့ကြတဲ့ မတရားမှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကနေ သူတို့ကို အရေးမယူနိုင်အောင် သူတို့ကိုယ်သူတို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့/ကာကွယ်ထားတဲ့ ဥပဒေပုဒ်မဆိုတာတွေကို ကျနော်တို့ အရေးထားစဉ်းစားနေစရာ ဘာအကြောင်းမှ မရှိပါဘူး။
ဒါဆို သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး မလုပ်တော့ဘူးလား
တကယ့်သင့်မြတ်ရေးနဲ့ တကယ့်ရင်ကြားစေ့ရေးကို ကျနော်အလေးထားတယ်။ လိုလားတယ်။ အမျိုးသားသွေးစည်းညီညွတ်မှုရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ကျနော် အလေးအနက်ယုံကြည်တယ်။
စနစ်ဆိုးစနစ်ရိုင်း၊ အဲဒီ စနစ်ဆိုးစနစ်ရိုင်းအပေါ်ကနေ တစ်ဖဝါးမှမခွာပဲ ရပ်တည်ကိုယ်စားပြုနေသူတွေ၊ စနစ်ဆိုးစနစ်ရိုင်းကို အထိခိုက်မခံနိုင်သူတွေနဲ့တော့ သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး လုပ်လို့မဖြစ်နိုင်ပါဘူး၊ မရနိုင်ပါဘူး။
ဒါကြောင့် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် ပထမဆုံးစတင်ရမယ့်အချက်က စနစ်ဆိုးစနစ်ရိုင်းကို ကိုယ်စားပြုရပ်တည် ဆောင်ရွက်ခဲ့ကြသူတွေဟာ သူတို့ရပ်တည် ခုတ်မောင်းခဲ့တဲ့စနစ်ဆိုး စနစ်ရိုင်းဟာ ဆိုးသွမ်းမှားယွင်းပါကြောင်း၊ ဒီစနစ်ဆိုးကြောင့် လူမျိုးစုံ ပြည်သူများရဲ့အကျိုးစီးပွားကို ဆယ်နှစ်များစွာ ကြီးကြီးမားမားထိခိုက် နစ်နာစေခဲ့ပါကြောင်း၊ ဒီစနစ်ဆိုးစနစ်ရိုင်းအပေါ်ကနေပြုမူခဲ့သမျှတွေဟာ မိုက်မဲပြီး၊ မှားယွင်းပါကြောင်း၊ ဒီလိုမိုက်မဲတဲ့မှားယွင်းမှုတွေအတွက် အလေးအနက် အနူးအညွတ် တောင်းပန်ပါကြောင်း၊ နောင် ဒီလို စနစ်ဆိုးစနစ်ရိုင်းတွေ ထပ်မံမပေါ်အောင်၊ ပြန်မလာစတမ်း ဖျက်သိမ်းပစ်ဖို့ အပြီးအပိုင်ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း လူမျိုးပေါင်းစုံ ပြည်သူများအပေါ် ဝန်ချတောင်းပန်ရပါလိမ့်မယ်။
ဒီလိုလေးနက်တဲ့၊ တည်ကြည်တဲ့ တာဝန်ယူမှုနဲ့ ဝန်ချတောင်းပန်မှုတွေရှိလာတဲ့အခါမှသာ လူမျိုးပေါင်းစုံပြည်သူများဘက်က ပြစ်မှုတွေကိုမေ့ဖျောက်ပစ်ဖို့၊ ဘယ်တော့မှ၊ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းနဲ့ အတိတ်ရဲ့ခါးသီးမှုတွေကို နောင်မျိုးဆက်ရာထောင် အတွက် သင်ခန်းစာဖြစ်စေလိုကြောင်း စသဖြင့်လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျပြု လုပ်သွားကြရမှာဖြစ်ပါတယ်။
လူမျိုးပေါင်းစုံပြည်သူလူထုကြီး ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်ခါးသီးလှတဲ့ နာကျင်မှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို “ခွင့်လွှတ်တယ်/သင်ပုန်းချေတယ်” ဆိုတဲ့စကားတွေကို ဘယ်သူကမှ ကိုယ့်သဘောနဲ့ကိုယ် ပြောလို့မဖြစ်နိုင်ပါဘူး။ မဖြစ်သင့်ပါဘူး။ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာ ခိုင်ခံ့တည်ကြည်တဲ့ အစပြုချက်တွေနဲ့စတင်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမယ့် ဖြစ်စဉ်တစ်ရပ်လည်းဖြစ်ပါတယ်။
စနစ်ဆိုးစနစ်ရိုင်းတွေ၊ ဆိုးသွမ်းယုတ်မာတဲ့ ပြုမူမှုတွေကို မျိုးဆက်သစ်တွေက အတွေးအခေါ်အရ ရွံရှာမုန်းတီးပြီး ဆန့်ကျင်တိုက်ဖျက်ပစ်ရမယ်ဆိုတာကို လေးလေးနက်နက် သဘောပေါက်နားလည်ပြီး အတိတ်သမိုင်းကနေ သင်ခန်းစာကောင်း ယူနိုင်ရမယ်။
အထက်မှာ အဆင့်ဆင့် တင်ပြခဲ့တာတွေဟာ ကျနော်စတင်လိုတဲ့ သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးခရီးရှည်ကြီးရဲ့ လှပပြီးလေး နက်တည်ကြည်တဲ့မုခ်ဦးအစဖြစ်ပါတယ်။ ဒီလိုအစချီချက်တွေပါဝင်တဲ့ သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မျိုးကို ကြိုဆိုနေကြမယ့်သူတွေထဲမှာ ကျနော် အသေအချာပါဝင်နေမယ်ဆိုတာကို သံသယမရှိကြပါနဲ့။
ရိုသေစွာဖြင့်
မောင်ကျော်မော်
၁၂ - ၁၂ - ၂၀၁၅

အမှိုက်ကောက်ခြင်းအနုပညာ(မျိုးမြင့်ချိ)

0 comments
(အမှိုက်ကောက်ခြင်းအနုပညာ)
အမှိုက်ကောက်တာ ကောင်းပါတယ်။ သန့်ရှင်းရေးပေါ့။  လူတွေ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လည်းဖြစ်တာပေါ့လေ။ ဒါပေမယ့် ခက်တာက တခါကောက်ပြီး ပြီးသွားတာဆိုရင်တော့ မကောင်းဘူးထင်တာပဲ။ ဘာလို့လည်းဆိုတော့ ခုကောက်ပြီး နောက်ထပ် မကောက်တော့ဘူးဆို ပြန်ပွဦးမှာပဲ။ လူတွေမှာ အမှိုက်ကို စနစ်တကျ စွန့်ပစ်စရာစနစ်မရှိရင်၊ စနစ်ရှိလာဦးတောင် လူတွေမှာ အမှိုက်ကို ကြုံ ကြုံသလို ပစ်တတ်တဲ့ဉာဉ် ရှိနေသေးရင်ပေါ့လေ။

ကျနော်နေတဲ့ ဖို့တ်ဝိန်း(အင်ဒီယားနားပြည်နယ်) မြို့စွန်ကျေးလက်အပိုင်းမှာတော့ ပြန်အသုံးပြုပစ္စည်း ထည့်တဲ့ပုံးနဲ့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းထည့်တဲ့ပုံးဆိုပြီး ပုံးကြီး ၂ ပုံးခွဲပေးထားတဲ့အပြင် ပရိဘောဂ အဟောင်းအပျက်တွေပါ အလေးချိန်ဘယ်မျှအထိ ပစ်လို့ရတယ်ဆိုတဲ့သဘောတူညီချက်နဲ့ တလကို အမှိုက်ရှင်းကြေား ၁၈ ဒေါ်လာ ပေးထားရပါတယ်။

သူတို့ဘက်က အပတ်စဉ် အင်္ဂါနေတိုင်း မနက် ၆ နာရီမထိုးခင် အမှိုက်သယ်ကားကြီးတွေနဲ့ လာသယ်သွားတာပါပဲ။ ကိုယ်က ပုံးကြီးတွေကို အိမ်ရှေ့ ခြံစည်းရိုးစပ် ကားလမ်းဘေး ချထားလိုက်ရုံပဲ။ လာသယ်သွားတာမှ လူတောင် မသိလိုက်ရဘူး။ ကိုယ့်ဘက်က အမှိုက်သိမ်းကြေး တလ ပေးဖို့ပျက်တာနဲ့ နှိုးဆော်စာရောက်လာတယ်။ ဘယ်နေ့နောက်ဆုံးပေးပါဆိုပြီး။ အဲ့နေ့မှမပေးရင် အဲ့အပါတ်အင်္ဂါကစပြီး လာမသိမ်းပေးဘူး။ ဒီမှာတော့ ဒီအလုပ်လည်း သက်ဆိုင်ရာက ကန်ထရိုက်ချပေးထားတဲ့ ပုဂ္ဂလိက ကုမ္ဗဏီတွေကပဲ လုပ်တာပါ။ ဒီမှာက ထောင်လိုဟာမျိုးတောင် အချို့ပြည်နယ်တွေမှာ ပုဂ္ဂလိကလက်အပ်ပြီး Run နေကြတာကိုး။

အမှိုက်ကို စနစ်တကျစွန့်တဲ့စနစ်ဖြစ်အောင်က အစိုးရတာဝန်ပဲ။ ပုဂ္ဂလိကပဲ ကန်ထရိုက်ချချ အစိုးရမြူနီစီပယ်ကပဲ တာဝန်ယူယူပေါ့။ တန်အောင်ယူ တန်အောင်ဝန်ဆောင်တယ်ဆို ဘာပြောစရာရှိမလဲ။ ရွှေပြည်ကြီးမှာက မီတာဘောက်စ် ထိန်းသိမ်းခကြတော့သာ ပုံမှန်ယူတာ မီတာဘောက်ပျက်စီးတော့ ကိုယ့်ဘာသာပြင်နေရတာမျိုး မဟုတ်လား။ အခွန်သာစည်းကြပ်တာ တာဝန်ကြ မယူသလောက် မဟုတ်လား။

ဆိုတော့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး (စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး ထည့်မပြောပါ)တွေလည်း လုပ်ပါ။ အမှိုက်လေးလည်း ပုံမှန်ကောက်ကောက်ပေးပါ။

အနည်းဆုံး လွှတ်တော်ထဲ မဝင်ရခင်အချိန်လေးအထိပေါ့။ လေလောဆယ် ဘာအလုပ်မှလည်း သိတ်မရှိကြသေး ဆိုတာကိုး။ နောက်ကြရင်တော့ သင်တန်းတွေဘာတွေ တက်ကြရတော့မှာ မဟုတ်လား။ လွှတ်တော်ထဲတွေ ဘာတွေရောက် ဝန်ကြီးဝန်ကလေးဖြစ်သွားရင်တော့ ပိုတောင် အလုပ်တွေရှုပ်မှာရော အရှုပ်တွေလုပ်ရမှာကောက ရှိတယ်မဟုတ်လား။ ဘယ့်နှယ်လို့ အားအားယားယား အမှိုက်လိုက်ကောက်နေစရာ လိုလိမ့်မလဲ။ အဲ့ဒီအချိန်ကြ ဒေါ်စုက ကောက်ခိုင်းဦးတောင် မကောက်နဲ့တော့ပေါ့။ သူကလည်း ကောက်ခိုင်းတော့မယ် မထင်ပါဘူး။

တခါပြီး ပြီးရောဆိုပြီး ကောက်တာမျိုးတော့လည်း မဖြစ်စေ့ချင်ပါ။
လူတွေကိုလည်း အမှိုက်စနစ်တကျစွန့်ပစ်တဲ့အလေ့ ထုံသွားအောင် လုပ်ပေးပါ။
အစိုးရကိုလည်း အမှိုက်စနစ်တကျစွန့်ပစ်တဲ့စနစ် စီစဉ်ပေးဖို့ လောဆော်ပေးပါ။
ကဲ အမတ်တွေ အမှိုက်စကောက်ကြစိုရဲ့။
မျိုးမြင့်ချို ၁၂/၁၂/၂ဝ၁၅

နတ်ကကျွမ်းသူများ(မျိုးမြင့်ချို)

0 comments
“နတ်ကကျွမ်းသူများ”
အခြေခံရမယ့်မူ (၁ဝ၄)ချက်ဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ ဝိဉာဉ်ကိုချုပ်ထားတဲ့ ပင်စည်ပင်မ အသက်သွေးကြောတွေဖြစ်တယ်။ ဒါတွေကိုပြင်မယ်ဆိုရင် ၄၃၆ မှာပြောထားတဲ့အတိုင်း

(တစ်)လွှတ်တော်တွင်း အဆိုတင်သွင်းရင် အမတ် ၂ဝ ရာခိုင်နှုန်းက သဘောတူမှ လွှတ်တော်က အဲ့ဒီဆိုကို စဉ်းစားမယ်။

(နှစ်) အဲ့ဒီလက်ခံပြီးသားအဆိုကို မဲခွဲဆုံးဖြတ်ရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံရမယ်။ ဥပဒေမဖြစ်သေးဘူး။

(သုံး) အဲ့ဒီ ထောက်ခံပြီးသားကို ဥပဒေဖြစ်အောင် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ်ရမယ်။

(လေး) အဲ့ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူစုစုပေါင်းရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ကထောက်ခံရမယ်လို့ ဆိုတယ်။ အဲ့နောက်မှ သမ္မတလက်မှတ်ထိုးတာတို့ဘာတို့လာမှာ။ သမ္မတလက်မှတ်ထိုးပြီးမှ ဥပဒေအတည်ဖြစ် အသက်ဝင်မှာ။

ဒါ ကျနော်လို ဥပဒေသမားမဟုတ် လူသာမန်တဦးရဲ့နားလည်ချက်ပါ။

ဒီတော့ အဆိုတင်တာလည်း ၂ဝ ရာခိုင်နှုန်းသဘောတူတယ်ပဲထား။ လွှတ်တော်တွင်းမဲခွဲတော့လည်း ကြံ့ဖွံ့အပါအဝင် ရှိသမျှပါတီတွေက အမတ်မင်းပေါင်းစုံထောက်ခံတဲ့အပြင် စစ်ဗိုလ်တယောက်က ယောင်ယက်ပြီး ထောက်ခံခလုပ် နှိပ်မိလိုက်တယ်ပဲထား။ လူထုဆန္ဒခံယူပွဲကြ ပွဲကပြတ်ပြီ။

ဗမာပြည်မှာ လူဦးရေ တစ်ရာရှိတယ်ထား။ အဲ့ဒီတရာလုံး ဗမာပြည်ထဲမှာပဲနေကြတယ်ပဲထား။ အဲ့ဒီတရာထဲမှာ မဲပေးပိုင်သူက သုံးဆယ်ရှိတယ်ပဲထား၊ အဲ့ဒီ သုံးဆယ်လုံး မဖြစ်မနေ မဲလာပေးရမယ်။
နှစ်ဆယ့်ကိုးယောက်လာပေးရုံနဲ့ ဆန္ဒခံယူပွဲအထမမြောက်ဘူး။ ဘာလို့ဆိုတော့ မဲပေးပိုင်သူစုစုပေါင်းရဲ့ ထက်ဝက်ကျော်ထောက်ခံမဲ လိုတာကိုး။ ၂၉ ယောက်ဆိုကတည်းက တယောက်လျော့ပြီ။ ပဲပေးပိုင်သူအားလုံးဆိုတဲ့သဘော မဟုတ်တော့ဘူး။

ကဲပါ ထားပါ။ လူ သုံးဆယ်လုံးတော့ မဲလာပေးပါရဲ့ ထောက်ခံ ၁၅ ကန့်ကွက် ၁၅ ဆိုလည်း ကွိုင်ကရှိပြီ။ ထောက်ခံက ၅ဝ ရာခိုင်နှုန်းပဲရှိတာကိုး။

ဟိုးအပေါ်ကနေ ပြန်ကောက်ရရင် လွှတ်တော်တွင်းအဆိုတင်ရာ အမတ် ၂ဝ ရာခိုင်းကတော့ ရနိုင်တယ်။ လွှတ်တော်တွင်း ထောက်ခံကန့်ကွက်မှာ ဘယ်နည်းနဲ့မှ ၇၅ ရာခိုင်နှုန်းအထက် မရနိုင်၊ စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းအပြင် မတူတဲ့ပါတီတွေနဲ့ အသားထဲက လောက်ထွက်တွေလည်း ရှိဦးမယ်။

တခါ ဆန္ဒခံယူပွဲလုပ်တော့လည်း ဗမာပြည် လူဦးရေ တစ်ရာလုံးက ပြည်တွင်းမှာချည်း မဟုတ်။ အတိုင်းတိုင်းအပြည်အပြည်မှာ ကွဲလို့ကြဲလို့။ အဲ့ဒီမှာ မဲပေးပိုင်သူ စုစုပေါင်းရဲ့ ၅ဝ ရာခိုင်နှုန်း မဲလာပေးဖို့ မဖြစ်နိုင်။

(ဥပမာ) မဲပေးပိုင်သူ သန်း ၂၀ ရှိတယ်ဆိုပါတော့။ အဲ့ဒီသန်းနှစ်ဆယ်အနက် တယောက်က နိုင်ငံခြားကနေ ဗမာပြည်ကို မဲပေးဖို့ပြန်လာရင်း ပင်လယ်ထဲမှာ သင်္ဘောပျက်လို့ အရောက် နောက်ကျသွားတယ် ဆိုပါတော့။ သွားပြီ။ အဲ့ဒီ သင်္ဘေပျက်လို့နောက်ကျသူကြောင့် လူထုဆန္ဒခံယူပွဲကြီး အထကို မမြောက်တော့ဘူး။ မြောက်တယ်ဆိုဦးတောင် ရလဒ်က ရေစုံမျောပြီ။

ဆိုတော့ ဒီဖွဲ့စည်းပုံဟာ သူတို့ပေးထားတဲ့နည်းနဲ့ ဘယ်လိုမှ ပြင်ဖို့မဖြစ်နိုင်တဲ့ ဖွဲ့စည်းပုံပဲ။ ဒီတော့ ဖျက်ရင် ဖျက်၊ မဖျက်ရင် အခြားဖွဲ့စည်းပုံတခုခုနဲ့ အစားထိုးရမယ်။ လောလောဆယ် ဖျက်မရသေးခင်စပ်ကြား လွှတ်တော်တွင်းနည်းအရလုပ်လို့ရတာက “အခြားဖွဲ့စည်းပုံတခုနဲ့ အစားထိုးဖို့”ပဲ။ ၂ဝဝ၈ ထဲမှာ အခြားဖွဲ့စည်းပုံတခုခုနဲ့ အစားထိုးလို့ရ/မရတွေမပါသလို ရရင် ဘယ်ပုံအစားထိုးရမယ်ဆိုတာလည်း မပါထားဘူးလို့ မှတ်မိဖူးတယ်။

သူရအောင်ကိုက ၅၉(စ)ကို ယာယီဆိုင်းငံ့ထားဖို့ပြောတယ်။ အဲ့ဒီ ၅၉(စ)က ခုနပြောတဲ့ ၁ဝ၄ ချက်ထဲမှာ ပါတယ်။ သူတို့ဖွဲ့စည်းပုံမှာ အဲ့ဒီ ၁ဝ၄ ချက်ကို သူပြောသလို ဆိုင်းငံ့ထားလို့ရတယ် မရဘူးပြောထားတာ
ပါ/မပါ ကျနော်တော့မသိပါ။ ပါတယ်ဆို လုပ်ပါ။ မပါလည်း တို့ဟာ စစ်အုပ်စုဖြစ်တယ်။ ငါတို့လက်နဲ့ စိတ်ကြိုက်ရေးထားတဲ့ဖွဲ့စည်းပုံမှာမပါလည်း အာဏာက တို့ဆီမှာ၊ လုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး ခြေနဲ့ပြန်ဖျက်လည်း ဖျက်ပါ။

တွေးမိတာက သူရအောင်ကိုဟာ ရွှေမန်းလိုပဲ ဘယ်အချိန်မှာ ဘယ်လိုလေမျိုး လည်ပေးရင် ဘယ်သူတွေဝမ်းသာမယ်ဆိုတာ ကောင်းကောင်းသိသလို ဘယ်နတ်မျိုးကို ဘယ်အချိုးနဲ့ကရင် ဘယ်သူတွေ ကြည့်မောမိမယ်ဆိုတာလည်း သိတယ်။ လက်မှတ် ၅ သန်း လွှတ်တော်ထဲရောက်လာအောင် အချိုသပ်သွင်းခိုင်းပြီးမှ ဖွဲ့စည်းပုံအတိုင်းလုပ်ကြတာပေါ့နဲ့ ပွဲဖြတ်လိုက်တာမှာ ကျနော်တို့လုတွေ ကော့ထွက် သွားဖူးတယ်မဟုတ်လား။

သူရအောင်ကို တကယ်ပဲ ဒေါ်စုသမ္မတဖြစ်ဖို့ လိုလားသူဆိုရင် တကယ်ပဲ ဒီဖွဲ့စည်းပုံနဲ့ အလုပ်မဖြစ်နိုင်တာကို ယုံသူဆိုရင် ၅၉(စ) ဆိုင်းငံ့ထားရေးပြောမယ့်အစား အနိမ့်ဆုံးအနေနဲ့ “အခြားဖွဲ့စည်းပုံသစ်တခုခုနဲ့ အစားထိုးရေး”ပြောဖို့လိုလိမ့်မယ်။
မျိုးမြင့်ချို ၁၂/၁၂/၂ဝ၁၅

ရွှေကြီး စာဖတ်နားသည် (မျိုးမြင့်ချို)

0 comments
ရွှေကြီး စာဖတ်နားသည်(မျိုးမြင့်ချို)
သန်းရွှေနဲ့ဒေါ်စုတွေ့ကြတဲ့ကိစ္စက ဒေါ်စုပြောလို့ဟုတ်မှန်ကြောင်း အခိုင်အမာပြောလို့ရပြီ။ တွေ့ပြီး ဘာတွေပြောကြကတော့ ဒေါ်စုပြောသလိုဆို သန်းရွှေသွားမေးမှ သိရမှာပဲ။ သူကတော့ မပြောဘူးတဲ့။ နှစ်ယောက်ကြားက ကိစ္စတဲ့။ သွားမေးရအောင်လည်း အဲ့ငနဲကြီးနဲ့တွေ့ဖို့ မဖြစ်နိုင်၊ တွေ့ပြန်တော့လည်း သူက အဖက်လုပ်ပြီး စကားပြန်ပြောဦးမှ။ နဂိုကမှ နှုတ်နည်းရတဲ့ကြားထဲ ခုနောက်ပိုင်း စာချည်းလှိမ့်ဖတ်နေတာ မဟုတ်လား။

သူဘာစာတွေဖတ်လဲတော့ မသိပါဘူး စာတတ်ပါတယ်ဆိုတဲ့လူတွေ စကားကြွယ်လှချည်ရဲ့ဆိုသူတွေ သန်းရွှေနဲ့တွေ့ရင် ဘာသံမှကိုထွက်မလာတော့လာ။ တခါတည်း နှုတ်ပိတ် လွှတ်လိုက်သလား အာစေးခွံ့ လိုက်လေသလား မပြောတတ်။ တချို့ကြ ထွက်တော့ထွက်ပါရဲ့ ဒါပေမယ့် ဝူးဝူးဝါးဝါးနဲ့ ခွေးအ လှည်းနင်းဖြစ်ကုန်တယ်။ အသံကို မပီတော့တာ။

ရွှေကြီးကလည်း ရွှေကြီး နှုတ်နည်းတဲ့နေရာ ပြောစမှတ်တွင် သြချလောက်တယ်။ သေနတ်ခါးထိုးပြီး နှစ် ၂ဝ ကျော်ဗိုလ်ကျသွားတာ တိုင်းပြည်ကို စကားလေးတခွန်းတောင် ပြောဖော်မရဘူး။

ရွှေကြီးဟာ စစ်ဗိုလ်ငယ်လေးဘဝက နံမည်ကြီး သခင်နိုင်ငံရေးသမားတယောက်ရဲ့ လက်အောက်ကနေပြီး တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချိရေးမှာ တာဝန်ကျဖူးတယ်လို့ သိရတယ်။

စစ်တပ်ထဲမှာ စစ်တိုက်ကောင်းရုံသက်သက်နဲ့ နံမည်ကြီးတဲ့ဗိုလ်တွေထဲက နံပတ်ဝမ်းဖြစ်ခဲ့တဲ့သူ၊ နံပတ်ဝမ်း ခွဲဖြစ်ခဲ့ဖူးသူ၊ နံပတ်တူးဖြစ်ခဲ့ဖူးသူ တယောက်မှမရှိဘူး။ ဖြစ်ခဲ့ရင်လည်း ဘုန်းမီးနေလက ကြာကြာ မတောက်ပဘူး။ အဲ့ဒီလူတွေထဲမှာ သူရဦးတင်ဦးတို့၊ သူရကျော်ထင်တို့၊ ဗိုလ်စောမောင့်တို့အပါအဝင် တခြားသူတွေလည်း ရှိသေးတယ်။

နေဝင်းတို့ မျက်မှန်တင်ဦးတို့ သန်းရွှေတို့ ခင်ညွန့်တိုကြည့်။ လူပါးတွေချည်းပဲ ပုလင်းကွဲ ထိခါမှထိရော အတော်ကြာကြာတော့ ဗိုလ်ကျသွားနိုင်တာပဲ။

နေဝင်းနဲ့သန်းရွှေမှာ ဘာအခွင့်အရေးကွာသွားလဲဆိုတော့ နေဝင်းက တခုခုလုပ်မယ်ကြံတိုင်း လွတ်လပ်ရေးမှာအတူလုပ်ခဲ့တာတို့၊ ဖက်ဆစ်တော်လှန်ရေးမှာပါခဲ့သူတွေမို့လို့တို့၊ ရဲဘော်သုံးကျိပ်ဝင်အချင်းချင်းမို့ စတဲ့ ထောက်ထားစရာမျက်နှာတွေ ငဲ့ညှာရမယ့်မိသားစုတွေအပြင် နိုင်ငံရေးငယ်ကြောက် ကြောက်ရမယ့်သူတွေကိုပါ ထည့်ထည့် တက်နေရတယ်။ တခါတလေ စိတ်သွားတိုင်းကိုယ်ပါ လုပ်မရဘူး။ ဒါ့ကြောင့် တပယ်ပြီးတပယ် အပယ်ပေါင်းများစွာကို အသုတ်လိုက် အသုတ်လိုက်ခွဲခွဲပြီး ရှင်းရင်းရှင်းရင်းနဲ့အချိန်ကုန်ပြီး သူ့နေဝင်ချိန်အထိ သူ့အာဏာ သူ့မိသားစုစီးပွား သူ့သားမြေးများကို စနစ်တကျကာကွယ်ချိန် မမီလိုက်ဘူး။ ဒါ့ကြောင့်ပဲ ရွှေကြီးအရှင်း ခံလိုက်ရတာပဲ။

ရွှေကြီးကြ ဘယ်မျက်နှာမှထောက်ထားစရာမလို၊ ဘယ်ကောင့်မှ သောက်ဂရုစိုက်စရာ မလို၊ ဘယ်သူ့မှ ငဲ့ကြည့်နေစရာမရှိ၊ ဘာနိုင်ငံရေးငယ်ကြောက်ရော ကြီးကြောက်ပါမရှိတော့ ထင်တိုင်းကြဲလို့ရတယ်။ ဝုန်းချင်ရင် အကုန်ဆွဲဝုန်းပြီး စားချင်ရင် အကုန်ဆွဲစားလို့ ရသွားတယ်။ ကြဲလည်းကြဲ ဝုန်းလည်းဝုန်း ဆွဲလည်းစားခဲ့တာချည်းပဲ။ ဒီတင် ခင်ညွန့်တို့အုပ် အမြီးကုပ်သွားတာပဲ။ နောက်ဆုံး ဂဏန်းငြိမ်လောက်ပြီဆိုမှ ၂ဝဝ၈ နဲ့ သူ့အကျိုးစီးပွား သူ့မိသားစုအကျိုးစီးပွားအပြင် သူ့လက်ထက်ပွား စစ်အုပ်စုအကျိုးစီးပွားကြီးကိုပါ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရှင်သန် ဆက်လက်ကြီးပွားနေအောင် လုပ်ခွင့်ရခဲ့တာပဲ။

နောက်တချက်အရေးကြီးတာက ရွှေကြီးက နေဝင်းလို သူလုပ်တာ ဟိုလူ့လွှဲချ ဒီလူ့လွှဲချလည်း မလုပ်ဘူး။ သူမလုပ်ဘူးလည်း မပြောဘူး၊ လုပ်တယ်လည်း မပြောဘူး။ နေဝင်းက လက်ပူးလက်ကြပ်မိတာတောင် မုန်လာဥပါလုပ်တဲ့လူမျိုး။ ရွှေကြီးက သူ့လက်ထက်မှာ သတ်ဖြတ်သုတ်သင်ခဲ့သမျှ နှိပ်စက်ညှဉ်းပမ်းသမျှ မတရားမှုမှန်သမျှ သူ့မှာတာဝန်မရှိဘူးလို့ တခွန်းမှ မပြောဘူး။ ရှိတယ်လည်း ဝန်မခံဘူး။ ဒါပေမယ့် သူတာဝန်ခံဖြစ်တယ်၊ သူနံပတ်ဝမ်းဖြစ်တယ်၊ သူခိုင်းလို့ ကျန်တဲ့အကောင်တွေပါ အကုန်အလိုတူအလိုပါ လုပ်ကြတာဖြစ်တယ်၊ ဒါ့ကြောင့် သူရော သူနဲ့အတူလုပ်ခဲ့ကြတဲ့ အကောင်တွေရော ဘယ်တကောင်တမြီးကိုမှ လက်ဖျားနဲ့တောင်မတို့စေရဆိုပြီး ဖွဲ့စည်းပုံနဲ့ ကိုယ့်ကိုယ်ကို လွတ်ငြိမ်းခွင့်ပေးပြီးသား။ သူတော်ကောင်း လုပ်ယူပြီးသား

ရွှေကြီး စကားနည်းတယ်။ လုပ်စရာရှိတာ လုပ်တယ်။ တခါတလေများ လုပ်သွားတောင် လူတောင် မသိလိုက်ရဘူး။ ပြီးမှ ဟာကနဲ ဟင်ကနဲတွေဖြစ်ကုန်ကြ လက်ဖျားတွေခါကြ၊ လက်သီးတွေဆုပ်ကြ၊ လက်မောင်းတွေတန်းကြ၊ အံတွေကြိတ်ကြ၊ တက်တွေခေါက်ကြ၊ လက်ခုပ်တွေတီးကြနဲ့ တုန့်ပြန်သံတွေ ထွက်လာတာ။ ဒါတွေကိုလည်း ရွှေကြီးကကြိုက်ပုံပဲ။ တယောက်တည်း ကြိတ်ပြီး အရသာတွေတောင် ခံချင်ခံနေဦးမှာ။

ခုလည်း သူ့မှာ ရွှေစရာဇယား တခုခုရှိလာတာသေချာတယ်။ သူရွှေ့တဲ့ဇယားတိုင်းဟာ စစ်အုပ်စုဘုံအကျိုးစီးပွားချည်းမို့ ဒီတကွက်အတွက်လည်း ဘာမှန်းရေရေရာရာ မသိကြဦးတောင် အားလုံး ကြိတ်အူမြူးကြမှာပါပဲ။

ဒါကြောင့် ဗိုလ်ချုပ်မှူးလေးနေရွှေသွေးအောင်နဲ့ ”ငါ့လာတွေခိုင်းစမ်းကွာ” လုပ်ပြီး နောက်တကွက် ထပ်ရွှေ့တာပဲ။ စစ်အုပ်စုအကြိုက်ပါ။ သမ္မတမသိဘူးတို့ ကာချုပ်မသိဘူးတို့ ရွှေမန်းကပွဲစားလုပ်တာတို့ အာဏာလွှဲမယ့်ကိစ္စအပေါ် ဘာသက်ရောက်မှုမှဖြစ်မှာမဟုတ်ဘူးတို့ ဆိုတာတွေကလည်း ”ငါ့ဇယားထဲ မင်းတို့ကို ညှပ်မရအောင် မင်းတို့တာဝန်ကင်းကြောင်းထင်အောင် မင်းကဒါပြော မင်းကဒါပြော” လုပ်ထားတာလို့ မြင်တယ်။

တနည်းပြောရရင် ရွှေကြီးက လက်ရှိကာချုပ်တွေ သမ္မတွေဘာတွေကို ”လူလည်ကျပြီး ကွက်ကျော်ရိုက်သွားတယ်တို့ မော်စီတုန်း ယန်စီမြစ်ထဲဆင်း ရေလက်ပစ်ကူးပြသလိုမျိုး ငါမသေဘူး ရေကူးတတ်တယ်” လုပ်ပြတာတို့ဆိုတဲ့ အမြင်ဝေဝါးရှုပ်ထွေးမှုတွေ လူတွေကြား မဖြစ် ဖြစ်အောင် တမင်ဆင်တဲ့အကွက်မဟုတ်ဘူးလို့ ခင်ဗျား ကျနော် ယတိပြတ် ငြင်းနိုင်ပါ့မလား။

နိုင်ငံရေးသမားဆိုးတွေနဲ့ အနေနီးဖူးတဲ့စစ်ဗိုလ်မျိုး၊ စစ်ထောက်လှမ်းရေး လုပ်ခဲ့ဖူးတဲ့စစ်ဗိုလ်မျိုး၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးကိုင်ဖူးတဲ့စစ်ဗိုလ်မျိုးဟာ ကောက်ကျစ်တဲ့နေရာ သွေးအေးအေးနဲ့ရက်စက်တဲ့နေရာ အာဏာရမက်ပြင်းတဲ့နေရာ ဓနဥစ္စာလောဘဇောတိုက်တဲ့နေရာမျိုးမှာ ပြိုင်စံရှားတာပဲ။
မျိုးမြင့်ချို ၁၂/၁၂/၂ဝ၁၅