Thursday, March 17, 2016

ကာချုပ်ရဲ့မူ (၆) ချက် တည်ရှိနေသမျှ ပြည်တွင်းစစ်ရပ်စဲနိုင်မည်မဟုတ်ပါ (ကိုထွေး)

0 comments
ကာချုပ်ရဲ့မူ (၆) ချက် တည်ရှိနေသမျှ ပြည်တွင်းစစ်ရပ်စဲနိုင်မည်မဟုတ်ပါ
 
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတိယအကြိမ် တွေ့ဆုံခဲ့ကြသည့်သတင်းနှင့် ဒီသတင်းရဲ့နောက်ဆက်တွဲအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ရေးအလားအလာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ချေရှိမရှိတို့နှင့်ပတ်သက်သည့် ခန့်မှန်းခြေသတင်းများ ပြည်တွင်းရော ပြည်ပမှပါ ဆက်တိုက်ထွက်လာခဲ့ပါသည်။ 
 
မကြာခင် ဖွဲ့စည်းတော့မည့် အစိုးရသစ်ကိစ္စနှင့် ဒီအစိုးရသစ်ခေတ်မှာ လုပ်ဖို့လိုမည့်အရေးကြီးကိစ္စများအတွက် အပြန်အလှန်ထိန်းညှိ စေ့စပ်ဆွေးနွေးကြခြင်းဖြစ်နိုင်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ပြီးတက်လာတာကြောင့်
ပြည်သူလူထုများရဲ့ဘ၀ကို တိုးတက်ပြောင်းလဲပေးလိုတဲ့ဆန္ဒနှင့် ပြင်းပြစွာပြင်ဆင်မှု လုပ်နေတာဖြစ်နိုင်ပါသည်။ 

ဒါကြောင့် ဒီချုပ်ပါတီကဖွဲ့မည့် အစိုးရသစ် အဆင်ပြေစွာဖွဲ့နိုင်ပြီး ချောမောစွာ အာဏာလွှဲပြောင်းပေးနိုင်ရေးအတွက် စစ်အုပ်စုဘက်က အရေးပါတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းနေရခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။
သို့သော် ဤတတိယအကြိမ်တွေ့ဆုံပွဲ မတိုင်မီမှာပင် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့သက်တမ်းကို (၆၅) နှစ်ထိ တိုးပေးလိုက်ကြောင်း သတင်းထွက်လာပါသည်။ ဤသတင်းဆိုးမှာ ဖြစ်နိုင်ချေများကြောင်း နောက်ထပ်အခိုင်အမာသတင်းများ ထွက်မလာမီကတည်းက ကြိုတင်တွက်ဆ၍ရပါသည်။ အကြောင်းရင်းမှာ ကာချုပ်မူ (၆)ချက် ထုတ်ပြန်ပြီး စစ်အုပ်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသားရပ်ခံကာကွယ်ပေးသော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို စစ်အုပ်စုက ယုံကြည်စိတ်ချမှုအပြည့်အဝရှိကြောင်း အစောပိုင်းကပင် သိသာထင်ရှားခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ စစ်အုပ်စုက ယုံကြည်ရသူမှာ ပြည်သူလူထုနဲ့အတိုက်အခံအင်အားစုများရဲ့ အကျိုးစီးပွားကိုဆောင်ကြဉ်းပေးသူ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါ။ 


ကာချုပ်မူ (၆)ချက်ကို ကိုင်ဆွဲထားပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည့်သူမှာ ဒီမိုကရေစီအင်အားစုများလိုလားသောအချက်များကိုပြင်ပေးဖို့ လိုက်လျောမည့်သူ ဖြစ်နိုင်ချေ မရှိလောက်အောင်နည်းပါးမှာ သေချာပါသည်။ ကာချုပ်မူ (၆)ချက်မှာ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများကိုသာမက ဥပဒေတွင်းနဲ့ဥပဒေပက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုသူနဲ့ ဖျက်သိမ်းပြီးအသစ်ရေးဆွဲလိုသူများကိုပါ ထိပ်တိုက်ရင်ဆိုင်ပြီး စိန်ခေါ်ထားတဲ့သဘော သက်ရောက်တယ်ဆိုတာ အားလုံးကသိရှိနားလည်ကြပြီး ဖြစ်ပါသည်။
 

စစ်အုပ်စုရဲ့ကြံ့ဖွံပါတီ ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ပြီး ပေါ်ပေါ်လွင်လွင်ပွဲတက်နည်းသွားတဲ့ သမ္မတဦးသိန်းစိန်နေရာမှာ စစ်တပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပေါ်ပေါ်လွင်လွင် ပွဲထွက်ပြီး မိန်ခွန်းတွေပြောခဲ့တာ ၂၀၁၆ နှစ်စ (၆၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကတည်းက ဖြစ်ပါသည်။ 

ဒီနောက် ဆက်တိုက်ဆိုသလို ကလောစစ်ဦးစီးတက္ကသိုလ်မှာ၊ ဗထူးဗိုလ်သင်တန်းကျောင်းမှာ၊ ဟိုင်းကြီးကျွန်းရေတပ်စခန်းမှာ စစ်အုပ်စုရဲ့အခြေခံနိုင်ငံရေးသဘောထားတွေကို ဆက်တိုက်မိန့်ခွန်းတွေ ပြောခဲ့ပါသည်။ အသစ်အဆန်း လုံးဝမပါပါ။ စစ်အာဏာရှင်ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ ဆုပ်ကိုင်ခဲ့၊ ပြောဆိုခဲ့တဲ့အချက်တွေသာပြန်ပြောနေခြင်း ဖြစ်နေပါသည်။
 

 ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းချိန်မှာ တိုင်းပြည်ပြိုကွဲတော့မယ့်အန္တရာယ်ကို ကာကွယ်ခဲ့ရတာပါလို့ပြောခဲ့ပြီး စစ်အင်အားတိုးချဲ့တည်ဆောက်ကာ သူ အာဏာမြဲရေးကို တစ်သက်လုံးလုပ်ပြီး သူနဲ့သူ့အသိုင်းအဝိုင်းကောင်းစားဖို့ တိုင်းပြည်ရဲ့သယံဇာတအရင်းအမြစ်များကို ကိုယ်ပိုင်လိုသဘောထားပြီးသုံးဖြုန်းခဲ့ရာ နောက်ဆုံးမှာ တိုင်းပြည် ကမ္ဘာ့အဆင်းရဲအမွဲတေဆုံး အဆင့်ထိရောက်သွားခဲ့တယ် မဟုတ်ပါလား။ အမှန်က တိုင်းပြည်မပြိုကွဲဖို့၊ စည်းလုံးညီညွတ်ဖို့ဆိုတာ ပြည်တွင်းစစ် (၆၈)နှစ်ကြာ ကာလအတွင်း သဘောထားကွဲနေတဲ့နိုင်ငံရေးအင်အားစုများ၊ အခွင့်အရေးတန်းတူညီမျှမှုမရှိဘဲ ဗိုလ်ကျလွှမ်းမိုးခံရလို့ ခုခံတိုက်ခိုက်နေကြရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဝေဖန်တာ၊ တောင်းဆိုတာ၊ ကန့်ကွက်၊ ငြင်းခုန်တာတွေလုပ်ပြီး တရားအမျှတဆုံး၊ အများစုအကျေနပ်ဆုံးရလဒ်တခု ပေါ်ထွက်လာသည်အထိ ညှိနှိုင်းရယူဖို့ လိုပါသည်။ 

ဒီဆွေးနွေးပွဲမှာ စစ်တပ်က ဘာမှ ဝင်အာဏာပြစရာ၊ ဩဇာပေးစရာ၊ နိုင်ငံရေးအရ ဝင်ရောက်ဦးဆောင်မှုပေးစရာ မလိုအပ်ပါ။ စစ်တပ်ဟာ စစ်တန်းလျားမှာနေပြီး နိုင်ငံဝန်ထမ်းအဖြစ် ကျင့်ကြံနေထိုင်ဖို့သာလိုပါသည်။ စစ်တပ်ဟာ နိုင်ငံကို ပြည်ပရန်ကကာကွယ်ဖို့ ပြည်သူလူထုမှာ သဘာဝဘေးအန္တရာယ်တွေကျရောက်ရင် ကူညီကယ်ဆယ်ပေးသည့်တာဝန်များယူဖို့သာ လိုပါသည်။ ဒီလို ပုံမှန်စစ်တပ်တခု လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်ထက်ပိုပြီး တိုင်းပြည်မှာ နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကပါဝင်ဖို့လိုတယ်လို့ယူဆမှုကို အာဏာမက်တဲ့ဗိုလ်နေဝင်းက စခဲ့ပြီး သူ့အကွက်အတိုင်းလိုက်ကခဲ့တဲ့ဗိုလ်သန်းရွှေက ဆက်တီထွင်ခဲ့တာဖြစ်ပါသည်။ အာဏာကို ထာဝရဆုပ်ကိုင်ထားနိုင်ဖို့ မကျေနပ်လို့ဆန့်ကျင်တိုက်ခိုက်တဲ့ပြည်သူလူထုကို သတ်ဖြတ်ချေမှုန်းပြီး အကြိမ်ကြိမ်အာဏာသိမ်းနေရတဲ့ဘ၀က လွတ်မြောက်ဖို့၊ သူ့ခေတ်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုပြီးရေးဆွဲပြဌာန်းခဲ့ရာက ပေါ်လာခြင်းဖြစ်သည်။ ဗိုလ်နေဝင်းက ထုတ်မပြောခဲ့ဘဲ တစ်သက်လုံးလုပ်ခဲ့တဲ့ တပ်မတော်က အမျိုးသားနိုင်ငံရေးတွင်ဦးဆောင်မှုအခန်းကပါဝင်ခြင်းကို ဗိုလ်သန်းရွှေက ဗြောင်ထုတ်ပြောလာတာသာ ပိုလာခြင်းဖြစ်ပါသည်။ ခုတော့ ဗမာပြည်မှာ စစ်အုပ်စု ကာလရှည်ကြာစွာလွှမ်းမိုးအုပ်ချုပ်ခံနေရမှုနှင့်အတူ စစ်တပ်ရဲ့နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးခံရမှုမှာ ပုံမှန်ဖြစ်မှန်းမသိ ဖြစ်လာနေပါသည်။
 

ကမ္ဘာကြီးက ဖြစ်ပေါ်တိုးတက်နေပါသည်။ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတဲ့ တိုက်ပွဲအရှိန်ကလည်း ခေတ်ကြီးတိုးတက်ပြောင်းလဲလာမှုနဲ့အတူ ဖြစ်ပေါ်တိုးတက် လာနေပါသည်။ ဖောက်ပြန်တဲ့အုပ်စိုးသူများ လိမ်ညာမှိုင်းတိုက်တိုင်းယုံနေကြတဲ့ခေတ် မဟုတ်တော့ပါ။ 

ဒါကြောင့်လည်း ကာချုပ်မင်းအောင်လှိုင်ဟာ (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့က သူတာဝန်ပေးလို့ တိုက်ပွဲဝင်ရင်း သေဆုံးဒဏ်ရာရခဲ့ကြတဲ့တပ်မှုးတပ်သားတွေကို ချွေးသိပ်ဆုပေးတဲ့ပွဲမှာ သူအပါအဝင် တပ်မှုးတပ်သားတွေက တိုင်းပြည်ကိုကာကွယ်ဖို့ ဂတိသစ္စာပြုနေကြပါတယ်လို့ ဝင်ပြီး မာန်တင်းပေးနေရတာ ဖြစ်ပါတယ်။ 

အထူးသဖြင့် သမ္မတဦးသိန်းစိန်လက်ထက်မှာ စစ်အုပ်စုထိပ်သီးတွေနဲ့ခရိုနီတွေ တစ်ပြည်လုံးက မြေတွေလိုက်သိမ်းပြီး စီးပွားရေးလုပ်ငန်းကြီးတွေလုပ်၊ သယံဇာတတွေ ထုတ်ရောင်း၊ နိုင်ငံခြားတိုင်းပြည်များနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကာ ကျိကျိတက် ချမ်းသာကြွယ်ဝနေကြချိန်မှာ အောက်ခြေတပ်မှုးတပ်သားတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မလိုအပ်ဘဲတိုက်ခိုက်ဖို့ တာဝန်ပေးစေလွှတ်ခံကြရရင်း အသက်ခန္ဓာပေးဆပ်နေကြရတာရဲ့အဓိပ္ပာယ်မဲ့မှုကို ပိုမိုသဘောပေါက်နေကြပြီ ဖြစ်ပါတယ်။ 

ကာချုပ်မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုထိပ်သီးတွေ ချမ်းသာသထက်ချမ်းသာဖို့၊ သူတို့ရဲ့စည်းစိမ်ဥစ္စာများလုံခြုံအောင်ကာကွယ်ဖို့ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကာကွယ်ရေးအတွက် ရှေ့ဆက်ပြီး စစ်တိုက်ခိုင်းတာခံရဦးမယ့် အလားအလာကလည်း ကာချုပ်မင်းအောင်လှိုင် ဆက်တိုက်ပြောနေတဲ့မိန့်ခွန်းတွေအရ မြင်သာနေပြီ ဖြစ်ပါတယ်။ 

ဒီလို မလိုအပ်ဘဲစစ်တိုက်နေကြရတဲ့ဘ၀က လွတ်မြောက်နိုင်တဲ့နည်းလမ်းကတော့ စစ်တပ်က စစ်တန်းလျားပြန်ပြီး ပုံမှန်တပ်မတော်တခုရဲ့တာဝန်ကိုထမ်းဆောင်ပြီး နိုင်ငံရေးအင်အားစုအသီးသီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအသီးသီးက အားလုံးလက်ခံနိုင်တဲ့အဖြေတစ်ခုထွက်လာအောင် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့နည်းလမ်းသာ ရှိပါလိမ့်မည်။ ကာချုပ်မင်းအောင်လှိုင်က ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ရဲ့ခေရာအတိုင်းလိုက်နင်းရင်း စစ်အုပ်စုအကျိုးအတွက်သာ ဆက်လက်ပြီး ခေါင်းမာစွာ ရပ်တည်နေမည်ဆိုပါက ပြည်တွင်းစစ်မီး ပြန်လည်ကြီးမားကျယ်ပြန့်စွာ တောက်လောင်လာမည်သာ ဖြစ်ပါသည်။
ကိုထွေး
၁ – ၃ – ၁၆
အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။

မီးသတ်သူများ(မျိုးမြင့်ချို)

0 comments
ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်နဲ့အတူ ယုံကြည်အားကိုးကြသူတွေကို မျှော်လင့်ချက်အမှားတွေပေးပြီး ချွေးသိပ်နေကြသူတွေထဲမှာ အင်န်အယ်လ်ဒီ လူကြီးတွေကိုယ်တိုင်ပါနေတာ သတိထားမိတယ်။

”ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကိုဖြစ်ရမယ်”တို့။ “ဗိုလ်ချုပ်မှူးကြီးတောင်ရှိသေးတာ သမ္မတချုပ်မှူးကြီးလည်း ရှိရမှာပေါ့”တို့။ “သမ္မတမဖြစ်လည်း သမ္မတအထက်ကတနေရာ ဖန်တီးယူလို့ရတယ်”တို့ စတဲ့စကားတွေဟာ သာမန်ပြည်သူတွေကြား အတွေးအမြင်တွေ ဝေဝါးစေရုံမက မဲပေးရွေးချယ်လိုက်တဲ့လူထုရဲ့ တက်ကြွနိုးကြားနေတဲ့ နိုင်ငံရေးမီးတောက်ကလေးကို မီးလျှံကြီးဖြစ်မလာအောင် မီးစွယ်ပိစိကွေးလေးကတည်းက ဧရာမမီးသတ်ပိုက်ကြီးနဲ့ ထိုးချနေသလိုပဲ။

စစ်အုပ်စုအလိုကျ တဖက်လှည့်နဲ့ ဝါဒဖြန့်ဖို့တမင်များရည်ရွယ်ချက်ရှိရှိ ကူလုပ်ပေးနေတာလားတောင် ထင်ချင်စရာကြီး။

တကယ်ဆို စစ်တပ်နဲ့ဘာတွေပြောဆိုနေတယ်၊ ဘာအဖြေတွေထွက်တယ်၊ ကောင်းတဲ့အဖြေကဘာ၊ မကောင်းတာကဘာ၊ ညှိမရတာကဘာ၊ သဘောတူညီမှုရတာကဘာ။ ဘာကတော့ ဖြစ်နိုင်ခြေရှိ ဘာကတော့မရှိ။ ဘာတွေဖြစ်လာရင် ဘာတွေရင်ဆိုင်ရဖွယ်ရှိ စသည်ဖြင့် လူထုကို တိုင်းပြည်ကို ပွင့်လင်းနိုင်သမျှပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား တည်တည်ကြည်ပြောပြပြီး လူထုအနေနဲ့
ပြင်ဆင်တန်တာရှိ ပြင်ဆင်နိုင်အောင် မပြတ်ထိစပ်နေရမှာ။ ခုတော့ ပြောင်းပြန်။

ဘာတွေလုပ်လို့လုပ်နေမှန်း တိုင်းပြည်လူထုကမသိရ။ ပြီးမှ နောက်ကလိုက် မလွဲသာမရှောင်သာ ထောက်ခံနေရတဲ့အဖြစ်။

ခုနေခါမတော့ ဒီလုပ်ဟန် သိတ်မပြောကြသေးပေမယ့် နောင်သိတ်မကြာခင်မှာ ပြောသံဆိုသံတွေကြားရတော့မှာပါ။
ခုက စစ်အာဏာရှင်စံနစ်ကို တူးတူးခါးခါးရွံရှာ မုန်းတီးစိတ် မလိုလားစိတ် ဆန့်ကျင်စိတ်ပြင်းထန်နေတဲ့ကာလကြီးကိုး။

မုန်းရမယ့်သူရှိနေချိန်ကြီးကိုး။
မျိုးမြင့်ချို။ မတ် ၁၇ ရက်၊ ၂ဝ၁၆

မပျက်မချင်း ဒါမှမဟုတ် မဖျက်မခြင်း(မျိုးမြင့်ချို(

0 comments
လူထုမှာ လိုလားချက်တွေ လိုအပ်တာတွေ အများကြီး။
အဲ့သလိုပဲ မျှော်လင့်အားကိုးချက်တွေလည်း အနမတဂ္ဂ။ ဆယ်စုနှစ်တွေနဲ့ချီပြီး မပြည့်ဝခဲ့တဲ့ဆန္ဒတွေကလည်း တပုံတမ။

ခု ၂ဝဝ၈ ခြေမန်းကွင်းနဲ့ စင်ပေါ်တက်လာမယ့် အင်န်အယ်လ်ဒီအစိုးရအပေါ် အဲ့ဒီ လိုလားချက်တွေ၊ လိုအပ်တာတွေ၊ အားကိုးမှုတွေ၊ ပြည့်ချင်တဲ့ဆန္ဒတွေ ပစ်တင်ကြမှာ အသေအချာပဲ။ ဒါ အမှားမဟုတ်သလို အပြစ်လည်းမဟုတ်ဘူး။

အင်န်အယ်လ်ဒီဘက်မှာကြတော့ ၂ဝဝ၈ အောက်က သွားရမှာဖြစ်လို့ အကန့်အသတ်ကကြီးလှတယ်။ လူထုဘက်ကပစ်တင်လိုက်တဲ့ဝန်ကို အပြည့်အဝ(အပြည့်အဝ)ထမ်းနိုင်ဖို့ဆိုတာ စိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး။ တစိတ်တပိုင်းတော့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပေးဖို့ ကြိုးစားမယ်ဆိုတာတော့ ယုံပါတယ်။

ဥပမာဆိုပါတော့ လူထုက သမ္မတအနေနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးစေ့ချင်တယ်။ သမ္မတမှာက လွတ်ငြိမ်းသက်သာခွင့်ပဲ ပေးခွင့်ရှိတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးချင်ရင် ကာလုံအတည်ပြုထောက်ခံမှရမယ်။ ကာလုံ ၁၁ မဲမှာ စစ်တပ်က ၆ မဲ ဘိုင်သေယူထားပြီးသား။ နောက်ဥပမာ အပစ်ရပ်ကိစ္စ ဆက်ကိုင်မယ် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို ကာချုပ်မူ(၆)ချက်နဲ့သွားရမယ့်အနေအထား။

၂ဝဝ၈ အောက်ကအစိုးရမို့ ဘာမှမထူးပါဘူးကွာ ဒုံရင်းကဒုံရင်းပါ ဒီပုတ်ထဲက ဒီပဲပါဆိုတာလောက်အထိတော့ ကျနော့်အနေနဲ့ ချမတွက်ပါဘူး။ အရင်ကထက်စာရင် တချို့နယ်ပယ်တွေ နေရာတွေမှာ နိုင်ငံရေးခြေခင်းလက်ခင်းတော့ သာစရာရှိပါတယ်။

တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပွင့်လာမယ့်အပေါက်မှန်သမျှကနေ တိုးဝင်ချဲ့ထွင်ပြီး လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံပြင်ရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဖက်ဒရယ်လ်ပြည်ထောင်စုအရေးနဲ့ အခြား တရားမျှတမှုဆိုင်ရာကိစ္စတွေကို နိုင်ငံရေးလက္ခဏာပါပါ စည်းရုံးစုဖွဲ့မှုရှိရှိလုပ်ကြကိုင်ကြနိုင်ဖို့ပါပဲ။ သတိတော့ ကြီးကြရမှာပါပဲ။ စစ်တပ်က သေနတ်ကျည်ထိုးပြီး အာဏာထဲပြန်ဝင်မလာအောင်၊ အင်န်အယ်လ်ဒီအစိုးရအတွက် အကြပ်အတည်းမကြီးသွားအောင် ပါးပါးနပ်နပ် ကျင်ကျင်လည်လည်ထိန်းညှိနိုင်ဖို့ပါပဲ။ (စစ်အာဏာသိမ်းချင်ရင်တော့ ဘာမှမလုပ်ပဲ ထိုင်နေကြရင်တောင် “တွေ့လား ဟိုမှာ လူတွေထိုင်နေကြတာ”ပြောပြီး သိမ်းမှာပါပဲ)

ကိုယ့်ဘက်က အဲ့သလို ထိန်းညှိလုပ်နိုင်စွမ်းကြမယ်လို့လည်း(အပြည့်အဝ) ယုံကြည်ပြီးသားပါ။ ဒါဆို လွှတ်တော်ရော အစိုးရပါ လူထုဘက်ဗြောင်မျက်နှာမူ လူထုဘက် ဗြောင်ထွက်ရပ်လာမှာပါ။ ဒါမှ နတ်လူသာဓုခေါ်မယ့် တကယ့်ဒီမိုကရေစီနည်းကျအစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ မှန်ကန်မျှတတဲ့တရားစီရင်မှုစံနစ်၊ ကျောသားရင်သားမခွဲခြားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအစစ်တွေရလာမှာပါ။

ခုလောလောဆယ်တော့ ဒီဖွဲ့စည်းပုံကို မပြင်နိုင် မဖျက်နိုင်သရွေ့ကတော့ ဒီလိုပဲ လိပ်သွားသွားရင်း စစ်တပ်ကို မထိမ်းကျောင်းမပဲ့ပြင်နိုင်တဲ့အပြင် အစီးအပိုးပါတစုံတရာခံနေရတဲ့အဖြစ်ထဲ တဝဲလည်လည်နေနေဦးမှာပါပဲ။
မျိုးမြင့်ချို မတ် ၁၇ ရက်၊ ၂ဝ၁၆

Wednesday, March 16, 2016

ဦးထင်ကျော့်ကိစ္စ(မျိုးမြင့်ချိ)

0 comments
ဦးထင်ကျော် ဘယ်လိုနေမယ် ကျနော်လည်း မပြောတတ်သေးဘူး။ လူပုံပန်းကြည့်ရတာတော့ ရိုးဂုဏ်ပေါ်တယ်၊ နှိမ့်ချတတ်မယ်လို့လည်း ခန့်မှန်းလို့ရတယ်။ နိုင်ငံရေးအရ ဘယ်လောက် ထက်မြက်မယ် တွေးခေါ်စဉ်းစားနိုင်မယ် ဆုံးဖြတ်ချက်တွေကို ဘယ်မျှပြတ်ပြတ်သားသားချနိုင်မယ်တော့ မပြောတတ်သေးဘူး။ နောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်က သူဟာ ထက်ထက်မြက်မြက်ရှိဦးတောင် ကိုယ်စွမ်းကိုယ်စ ဘယ်မျှပြခွင့်ရမလဲက ရှိသေးတယ်။

ဒါပေမယ့် သူ့မှာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိဘူးတို့ ဘာတို့ ပြောနေကြတဲ့ စစ်အလိုတော်ရိတွေနဲ့ စစ်အာဏာရှင်ကောင်တွေသိဖို့တော့ ပြောမယ်။ မင်းတို့ကရော တိုင်းပြည်ကို အုပ်ချုပ်ဖူးလို့လား။ စစ်တပ်ကိုင်ပြီး လူထုကို တိုင်းပြည်ကို လက်နက်နဲ့ဖိနှိပ်စိုးမိုးဗိုလ်ကျတာဟာ တိုင်းပြည်အုပ်ချုပ်တာ မဟုတ်ဘူး။ တိုင်းပြည်အုပ်ချုပ်တာ နိုင်ငံရေးသမားအလုပ်ဖြစ်တယ်။ ပညာရှင်အလုပ်ဖြစ်တယ်။ အတွေးအခေါ်သမားအလုပ်ဖြစ်တယ်။ စစ်တပ်အလုပ်၊ စစ်ဗိုလ်စစ်သားအလုပ်မဟုတ်ဘူး။
စစ်တပ်အလုပ်ဘာလဲ မင်းတို့သိတယ်။

မင်းတို့ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ ဓနလောဘဇောတိုက် အာဏာရမက်ငန်းဖမ်းပြီး
နိုင်ငံရေးထဲဝင်စွက်လို့ ဗမာပြည်မှာ ဒီလောက် ပြဿပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာ။
ပြည်တွင်းစစ်ကို မင်းတို့ပဲဖန်တီး၊ မင်းတို့ပဲမွေးမြူ ၊ မင်းတို့ပဲကိုယ်ပိုင်ပစ္စည်းလုပ်ပြီး ပြည်တွင်းစစ်တော့ လာမထိနဲ့ မီးပွင့်သွားမယ်လုပ်နေတာ။ စစ်မီး မင်းတို့မွှေးတာ၊ စစ်မီး မင်းတို့ လောင်ခိုင်းထားတာ။ စစ်မီး မင်းတို့ မွေးထားတာ။ မင်းတို့ စစ်နဲ့လုပ်စားနေတာ။

နိုင်ငံရေးသမားက စစ်မီးငြှိမ်းဖို့ စစ်မီးသတ်ဖို့၊ တိုင်းပြည်အေးချမ်း တရားဥပဒေစိုးမိုးဖို့၊ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးတွေရဖို့၊ မှန်ကန်မျှတကောင်းမွန်တဲ့တရားစီရင်ရေးနဲ့ ခွင့်တူညီမျှနိုင်ငံဖြစ်ဖို့ လုပ်နေတာ။ အဲ့ဒါ အုပ်ချုပ်ရေးပဲ။ အဲ့ဒါ တိုင်းပြည်အုပ်ချုပ်ရေးပဲ။ အတတ်ပညာပိုင်း ကိုယ်ကျင့်တရားပိုင်း စိတ်ဓာတ်ရေးရာကြံ့ခိုင်မှုအပိုင်း ဦးဆောင်နိုင်မှုအပိုင်းစတာတွေမှာ အားနည်းရင်နည်းနေဦးတောင် နိုင်ငံရေးသမားအစစ်ဆိုတာ ကိုယ်ကျိုးမရှာဘူး၊ တိုင်းပြည်ကို အနိုင်မကျင့်ဘူး၊ လူထုကိုဗိုလ်ကျပြီး တိုင်းပြည်သယံဇာတရောင်းစား စီးပွားရေးမှန်သမျှလက်ဝါးကြီးအုပ်တာတော့ မလုပ်ဘူး။ လက်နက်နဲ့ဗိုလ်ကျစိုးမိုးရေးလုပ်ဖို့ ပိုတောင်ဝေးသေးတယ်။

မှတ်ထား ထပ်ပြောလိုက်မယ် အညံ့ဆုံးနိုင်ငံရေးအစစ်သမားတောင် မင်းတို့ထဲက အကောက်ကျစ်ဆုံး အရက်စက်ဆုံး အယုတ်ညံ့ဆုံး ကိုယ်ကျိုးအရှာဆုံး အာဏာရမက် ငမ်းအဖမ်းဆုံး နေဝင်းလို သန်းရွှေလို ခင်ညွန့်လို မင်းအောင်လှိုင်လိုလူတွေထက် တိုင်းပြည်အုပ်ချုပ်ရေးကိုနားလည်တယ်။ မင်းတို့လို ဗိုလ်ကျစိုးရေးကို ယောင်လို့တောင် စိတ်မကူးဘူး။ တိုင်းပြည်နဲ့လူထုအပေါ် ကောင်းတဲ့စေတနာထားတယ်။

နိုင်ငံရေးသမားမပြောနဲ့ ထောင်ထဲမှာတွေ့ခဲ့တဲ့ ရန်ကုန်ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်က အတန်းပညာအများကြီးမသင်ဖူးတဲ့ စိတ်အခြေအနေလည်း သိတ်ပုံမှန်မဟုတ်တဲ့ လက်လုပ်လက်စားတယောက် စစ်အာဏာရှင်စနစ်အလိုမရှိဆိုင်းဘုတ် လည်ပင်းဆွဲပြီး တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံရတယ်။ စစ်ရုပ်သေးတရားရုံးတရားသူကြီးက ထောင်မချခင် မင်းဘာလို့ အဲ့သလိုလုပ်ရသလဲလို့မေးတော့ "ကျနော်လည်း ဆင်းရဲတယ်။ ကျနော်တို့တရပ်ကွက်လုံးလည်း ဆင်းရဲတယ်။ အလုပ်တွေလည်း လုပ်နေကြရက်သားနဲ့ ထမင်းဟင်းကောင်းကောင်းလေးတောင် မစားရဘူး။ တခါလာလည်း ငါးပိရည်တို့စရာ တခါလာလည်းငါးပိရည်တို့စရာပဲ။ ကျနော်လည်း ထမင်းဟင်းကောင်းကောင်းလေးစားချင်တယ် ကျနော်တို့ရပ်ကွက်ထဲကလူတွေလည်း ဟင်းလေးဘာလေးနဲ့ နေ့တိုင်းထမင်းစားစေချင်တယ်။ စစ်တပ်အုပ်စိုးနေသမျှ ကျနော်တို့ ငါးပိရည်တို့စရာပဲစားနေရမှာ၊ ဒါ့ကြောင့် လုပ်တာ"လို့ပြန်ပြောခဲ့တယ်။

တွေးကြည့် ခေါင်းမကောင်းတဲ့လူတောင် အနည်းဆုံး သူ့ရပ်ထဲကဆင်းရဲသားတွေကို ဟင်းနဲ့ထမင်းစားစေချင်စိတ်လေးတော့ ရှိတယ်။

မင်းတို့မှာ အဲ့လောက် လူစိတ်လေးတောင်မရှိလို့ပြောနေတာ။
ထပ်ပြောမယ် တိုင်းပြည်အုပ်ချုပ်တာနဲ့ ဗိုလ်ကျစိုးမိုးတာ မတူဘူး။

(ဦးထင်ကျော်ဆိုပြီးပြောနေလို့ ပြောတာမဟုတ်။။ သူတို့ပြောနေတာက အရပ်သားမှန်သမျှကိုပြောနေတာဖြစ်လို့ ပြောရခြင်းဖြစ်ပါတယ်)
မျိုးမြင့်ချို မတ် ၁၆၊ ၂ဝ၁၆

Tuesday, March 15, 2016

ဗိုလ်မြင့်ဆွေကိစ္စ(၂) မျိုးမြင့်ချို

0 comments
ဗိုလ်မြင့်ဆွေကို ဆက်ပိတ်ဆို့ထားမယ်ဆို သူဒုသမ္မတတက်လုပ်နေတဲ့အစိုးရနဲ့ အမေရိကန်အစိုးအတွက် အစိုးရအစိုရခြင်းဆက်ဆံရေးလုပ်ဖို့မလွယ်ဘူး။ ပိတ်ဆို့ထားကို မပယ်ဖျက်ပဲ မျက်ခွက်ပြောင်ပြောင်နဲ့ စခန်းသွားဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒီတော့ မြင့်ဆွေကို နံမည်ပျက်စာရင်းကနေ ဖျက်ကိုဖျက်ပေးရလိမ့်မယ်။ မဖျက်ပေးလည်း အင်န်အယ်လ်ဒီက ဖျက်ပေးဖို့ပြောလာမယ်ဆိုတာ အမေရိကန်ဘက်က တွက်ပြီးသား။ အောင်သောင်းကိစ္စမှာကတည်းက အန်ကယ်လ်ဆမ်ကြီး သဘောပေါက်သွားပြီ ဒေါ်စုရဲ့ အင်န်အယ်လ်ဒီနဲ့စစ်တပ် ပြန်လည်သင့်မြတ်ရေးမူကို။ အဲ့သလို အင်န်အယ်လ်ဒီဘက်က တင်လာတဲ့အထိ သူစောင့်လိမ့်မယ်။ သူ့သဘောနဲ့ သူဖျက်တာမဟုတ် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ အနိုင်ရပါတီကတောင်းဆိုလို့ဖျက်ပေးတာဆို သူလည်းမျက်နှာလှတယ်။ ဘယ်သူ့မှ မျက်နှာပျက်စရာလည်း သိတ်မရှိလှဘူး
အင်န်အယ်လ်ဒီအဖို့ကတော့ သန်းကောင်ထက် ညည့်နက်စရာမရှိတော့ဘူး။ အောင်သောင်းကိစ္စမှာလည်း ဖွတ်ဖွတ်ကြေအောင် အပြောအဆိုခံခဲ့ရပြီးပြီ။ ဒေါ်စုထောက်ခံသူတွေနဲ့ အမေစုအမေစုလုပ်နေသူတွေကတော့ အမေဘာလုပ်လုပ်မှန်တယ်ဆိုပြီး မျက်စေ့မှိတ်ထောက်ခံကြမှာပဲ။ အဲ့ဒီလူအများစုမှာ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ အကြောင်းခြင်းရာတွေလည်းရှိနိုင်သလို ကောင်းနိုးအနိုးကောင်းနိုးနိုး ဟုတ်နိုးနိုးဟုတ်နိုးနိုးနဲ့ ရိုးရိုးသားယုံကြည်ကိုးစားရင်း အကောင်းကိုမျှော်သူတွေလည်းပါပါတယ်။ အင်န်အယ်လ်ဒီနဲ့ ဒေါ်စုအတွက်ကတော့ ဒီလောက်နဲ့ပြီးသွားမှာပဲ။
မပြီးမှာက ဗမာစစ်အုပ်စုနဲ့အမေရိကန်ပဲ။ စစ်အုပ်စုက မြင့်ဆွေကိုထိုးတင်လိုက်တည်းကိုက သေချာတွက်ချက်ပြီး ခြေလှမ်းရှိရှိလုပ်တာပဲ။ ဗိုလ်သန်းရွှေဇယားပဲ။ ဗိုလ်သန်းရွှေဟာ လူရွေးတဲ့နေရာနဲ့ လူနေရာချတဲ့နေရာမှာ အင်မတန်ကျင်လည်တယ်။ စစ်ထိပ်သီးတကာထက် ပါးနပ်အကွက်မြင်တယ်။ ကမ္ဘာ့အခြေအနေအခင်းအကျင်းနဲ့ ပြည်တွင်းအနေအထားကို ကျကျနနတွက်တတ်ရုံမက အင်န်အယ်လ်ဒီ့ အကြောကိုပါသိပြီး ဘယ်လိုကိုင်ကစားရမယ်မှန်း နပ်တယ်။ အစိုးရသစ်နဲ့ပြေလည်ဖို့ (အစိုးရသစ်နဲ့လွှတ်တော်ကြီးက တောင်းဆိုလို့) မြင့်ဆွေအပေါ်ဖွင့်ပေးလိုက်ရပါတယ်ဆိုရင် သန်းရွှေအပါအဝင် အပိတ်ဆို့ခံထားရဆဲလူတွေကိုပါ ဖွင့်ပေးဖို့အထိ အစိုးရသစ်ကတဆင့် တောင်းဆိုခိုင်းမယ့်ခြေလှမ်း လှမ်းလာလိမ့်မယ်။ အခြားပိတ်ဆို့ထားမှုတွေ (လက်နက်အရောင်းအဝယ်မလုပ်တာ အပါအဝင်)တွေပါ ဖွင့်ပေးဖို့ တရစ်ပြီးတရစ်ဆင့်ထက်ကဲတင်လာလိမ့်မယ်။
ဒါဆိုအမေရိကန်ဘာလုပ်မလဲ။ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီ ကြမ်းကြားလေတိုးတာပဲ။ ဖင်ကြားခဲခုတာပဲ။ အမေရိကန်ဘက်မှာ ဗမာပြည်အပေါ်ထားတဲ့ သူ့နိုင်ငံခြားရေးပေါ်လစီ၊ လူ့အခွင့်အရေးမှတ်တမ်း၊ ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှု၊ လူတဦးချင်းအလိုက် ပိတ်ဆို့တားမြစ်ချက် စတာတွေနဲ့ပတ်သက်လို့ အရှက်နည်းနည်း ကွဲရမယ့်ကိန်းရှိတယ်။ မျက်နှာနည်းနည်းအပူခံပြီး မျက်နှာပြောင်တိုက်ရမှာတွေ ရှိလာနိုင်တယ်။
မျက်နှာပြောင်ကဘယ်လိုတိုက်မလဲ ဘယ်လောက်တိုက်မလဲတော့ ရာခိုင်နှုန်းနဲ့မပြောနိုင်ပေမယ့် စစ်အုပ်စု အလိုကျနိုင်သမျှကျတဲ့အထိ လိုက်လျောပေးလိမ့်မယ်လို့မြင်တယ်။
ဒါကလည်း အကြောင်း(၂)ခုကြောင့်လို့ ပြောရမယ်ထင်တယ်။ တခုက ဒေါ်စု ရဲ့စေလိုရာစေသမ္မတဦးဆောင်တဲ့အစိုးရသစ်နဲ့(တနည်း ဒေါ်စု)နဲ့ မျက်နှာအပျက်မခံနိုင်တာပဲ။ သူဖွင့်မပေးလို့ ပိတ်ဆို့မြဲဆက်ပိတ်ထားမယ်ဆို ဒေါ်စုဘက်ကလည်း ဂျီတိုက်နေမယ်ဆို လိပ်ခဲတည်းလည်းနဲ့ ဆက်ဆံရေးမှာအဖုအထစ်ဖြစ်လာနိုင်တယ်။ အမေရိကန်သံ ဒဲရစ်မစ်ချယ်လ်နဲ့ ဒေါ်စု သိတ်အဆင်မပြေမှန်းသိလို့ စစ်တပ်နဲ့စိတ်ကြိုက်ပလူးလို့ဝပြီ လိုသလောက်လည်းသုံးပြီးပြီဆိုမှ ပြန်ရုပ်သွားတာလည်း သိသာတယ်။ သိတ် တဇောင်းစေးနဲ့မျက်ချေးဖြစ်နေရင် ပေါက်ဖော်ကြီးကလည်း ပျော်မှာပဲ။ ငြိမ်နေမှာမဟုတ်ဘူး။ ဒေါ်စုနဲ့ပေါက်ဖော်ကြီးဆက်ဆံရေးကလည်း အန်ကယ်လ်ဆမ့်အကြိုက်မျိုးတော့လည်း မဟုတ်ဘူး။ နောက်အကြောင်းတခုက အမေရိကန်အဖို့ ကွန်မြူနစ်ဆန့်ကျင်ရေးဒေါင်ဒေါင်မြည်ပြီး တပြားတချပ်မကုန်ပဲရခဲ့ဖူးတဲ့ ဒီဗမာစစ်တပ်ကို ဘယ်သောအခါမှ ဥပေက္ခာမပြုဘူး။ ဒီလောက် ကွန်မြူနစ်ဆန့်ကျင်တဲ့ တပ်မျိုးရဖို့ဆို တချို့နေရာတွေမှာ ဒေါ်လာဘီလီယံရာထောင်ချီပြီးသုံးမှရတာ။ ဗမာစစ်အုပ်ကို ပေါပေါပဲပဲ အလကားမတ်တင်းနီးနီးရထားတာ။
ဆိုတော့ ဗိုလ်မြင့်ဆွေကနေစပြီး တဦးချင်းအပေါ်ပိတ်ဆို့ထားတာတွေကို တစတစဖွင့်လိမ့်မယ်။ ဖြစ်နိုင်သမျှ သိုသိုသိပ်သိပ်နဲ့ လုပ်လိမ့်မယ်။ ဒေါ်စုနဲ့ကြိတ်ညှိမယ်။ (ဒေါ်စုဘက်ကလည်း ဒီဖဲလေးကိုင်ပြီး စစ်တပ်ဆီက ဈေးတော့နည်းနည်းဆစ်ကြည့်မယ် ထင်တယ်။ မရကာမှမရရောပေါ့။ မရလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့မူကိုင်ပြီးပေါ့) မြင့်ဆွေပွင့်သွားရင် စစ်အုပ်စုအတွက် ကျန်တဲ့ တကောင်ခြင်းအပိတ်အဆို့တွေ ပွင့်ဖို့လမ်းစရသွားပြီ။ ပြီးရင် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုလက်ကျန် အကုန်ပြန်ပွင့်သွားပြီး နှစ်ပြည့်တပြည် ရွှေလမ်းငွေလမ်းကြီးများပေါက်ဖို့ အလားအလာတွေ ပေါ်လာလိမ့်မယ်ထင်တယ်။ (အဲ့ဒါ ဟိုတနေ့က မြင့်ဆွေကိစ္စဗီအိုအေနဲ့ပြောတာမှာ ပါတယ်။ ရေဒီယိုအချိန်အကန့်အသတ်သဘောအရရော ဗီအိုအေရဲ့မူကိုနားလည်လို့ရော ခုလောက် ဖြည်ဖြည်ဖြန့်ဖြန့်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြောမရမှန်းသိလို့ ချုံ့ပြီး ဒီသဘောပါအောင်ပြောခဲ့တယ်။ (ဗီအိုအေဆိုတာ အမေရိကန်အစိုးရဲ့အာဘော်ဖြစ်ကြောင့် သူတို့အမြဲပြောတယ်မဟုတ်လား) ဒါပေမယ့် တရုတ်ဓားစာမိသွားတယ်။ ခုတော့ ကိုယ့်ဖေ့စ်ဘွတ်ခ်ကနေပဲ ကိုယ့်ဘာသာပြောပါတယ်။)
မျိုးမြင့်ချို
မတ် ၁၅၊ ၂ဝ၁၆

ဗိုလ်မြင့်ဆွေကိစ္စ(၁) မျိုးမြင့်ချို

0 comments
ဗိုလ်မြင့်ဆွေကိစ္စ ဗီအိုအေနဲ့ မနေ့ကပြောခဲ့တာတွေမှာ အချိန်အကန့်အသတ်ဆိုတဲ့ တရုတ်ဓားနဲ့ ပါးပါးလှီး နုတ်နုတ်စင်း တောက်တောက်ကြော်ပြီးသကာလ အသံလွှင့်ထုတ်လိုက်တာ နားထောင်ရပါတယ်။ မဆိုးပါဘူး။
ကိုယ်ပြောတာ အကုန်ပါရကောင်းစေလည်း တခါမှ မမျှော်လင့်ခဲ့ရိုးပါ။ ကိုယ်တိုင်လည်း ပြင်ပဆောင်းပါးရှင်အနေနဲ့ အာရ်အက်ဖ်အေမှာ ကာလတခု အသံလွှင့်ဆောင်းပါးတွေ ရေးခဲ့ဖတ်ခဲ့ဖူးသူဆိုတော့ အသံလွှင့်မီဒီယာရဲ့ အချိန်ဘောင်သဘောကို နားလည်စာနာပါတယ်။ တခါတလေမှာ အင်တာဗျူးယူသူရောပေးသူမှာပါ ဒီ အချိန်ဆိုတာကြီးကြောင့် အားမလိုအားမရတွေ ဖြစ်ကြရတာအမှန်ပါ။
ကျနော့်အနေနဲ့ကတော့ မိမိကို တကူးတကန့်လာမေးဖော်ရတဲ့မီဒီယာကို
ကျေးဇူးတင်သလို မိမိပြောချင်တာအကုန်မဟုတ်တောင် အတိုင်းအတာတခုအထိ ဖော်ပြခွင့်ရတာအတွက်လည်း ကျေးဇူးတင်ပါတယ်။
မီဒီယာတွေဘက်မလိုက်ရဘူးဆိုပေမယ့် "ငွေထုတ်"ချပေးထားတဲ့သူရဲ့ ဆိုင်ရာပေါ်လစီတွေနဲ့မူတွေကို လွန်ဆန်လို့မရသလို၊ သတင်းသမားကျင့်ဝတ်ကိုလည်း သူ့ဘောင်ထဲကနေ လိုက်နာရပါတယ်။ တချို့လည်း ကိုယ်လုပ်နေတဲ့မီဒီယာရဲ့ပေါ်လစီကို သိတ်မနှစ်ခြိုက်ပေမယ့် ဝမ်းရေးအတွက်မို့ ကျားပိန်တွယ် တွယ်ပြီး လုပ်နေကြရတာတွေ ရှိပါတယ်။
တခါတလေ အင်တာဗျူးတခုမှာ အချိန်အကန့်အသတ်ဘောင်ထဲ ကွက်တိဝင်နေဦးတောင် မိမိပေါ်လွင်ထားရှားစေ့ချင်တာကတခု မီဒီယာဘက်က တင်ချင်တာကတခုလည်း ဖြစ်နေတတ်ပါတယ်။ အဲ့အခါမျိုးမှာ မီဒီယာဘက်က သူပါစေချင်တာကို မိမိစကားထဲ မပါ မပါလာအောင် လှည့်ပတ်ကျုံးသွင်းရပါတယ်။ ဒါဆို ကိုယ့်ဘက်ကလည်း သဘောပေါက်ပြီး သူပါစေချင်တာလေး အထိုက်အလျှောက်ပါအောင် သူလိုချင်တဲ့အတိုင်း ကွက်တိမဟုတ်တောင် ထည့်တော့ပြောပေးရပါတယ်။ ဒါမှ အခံအအုပ်မိမှာ မဟုတ်လား။
မိမိက ၆၂ အာဏာသိမ်း စစ်ခေါင်းဆောင်ကို နေဝင်း၊ ဗိုလ်နေဝင်းစသည်ဖြင့် ခေါ်လို့ဖြစ်ပေမယ့် မီဒီယာဘက်ကတော့ ဦးနေဝင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းလို့ သုံးမှရပါတယ်။ မိမိက စစ်ဗိုလ်တချို့ကို စောက်မြင်ကပ်ကပ်နဲ့ "စစ်ခွေး"တွေလို့ ပြောလို့ရပေမယ့် မီဒီယာကတော့ ပြောလို့မဖြစ်ပါ။ ဒါဟာ မီဒီယာယဉ်ကျေးမှု Culture of Media လို့ပြောရမယ်ထင်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တချိန်တုန်းက ပြည်သူ့အသံမှာတော့ နေဝင်း၊ စန်းယုစစ်အုပ်စုစသည်ဖြင့်သုံးပါတယ်။ သူလည်း အသံလွှင့်ရေဒီယိုပါ။ ဒါပေမယ့် ခု ကျနော်ပြောတဲ့ မီဒီယာတွေနဲ့ တခြားစီပါ။ Political Propaganda နိုင်ငံရေးဝါဒ သိသိသာသာဖြန့်တာပါ။ ခုကျနော်ပြောတဲ့မီဒီယာတွေရော ဝဒါမဖြန့်ဘူးဆိုတော့ ဖြန့်တာမှ အကြီးအကျယ်ကိုဖြန့်တာပါ။ ဝါဒဖြန့်ဖို့ပဲ မီဒီယာထောင်ရတာပါ။ ဒါပေမယ့် သူက နိုင်ငံရေးလက္ခဏာအပြင် စီးပွားရေးသဘောပါ ပါနေတာမို့ ပိုပါးနပ် ပိုကျင်လည် ပိုချိန်ဆရပါတယ်။ နိုင်ငံရေးဝါဒဖြန့်သလို အတုံးလိုက်အတစ်လိုက်ကြီး လုပ်လို့မဖြစ်ပါ။ လက်ကို တတ်နိုင်သမျှဖုံးပြီး ဘက်လိုက်ရပါတယ်။
ကျနော် ဗိုလ်မြင့်ဆွေနဲ့ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်နဲ့ပြောရင်း သူ့ဘက်ကချန်လို့ ကျနော့်ဘက်က ပြောဖို့မေ့သွားလို့ ကျန်ခဲ့ချန်ခဲ့တာတွေ အချိန်တရုတ်ဓား၊ မီဒီယာယဉ်ကျေးမှုစတာတွေကြောင့် စကားကွင်းဆက် ပြတ်တောက်ခဲ့တာမျိုးတွေရှိပါတယ်။ နောက်မှ သတ်သတ်ရေးမလားတွေးပါတယ်။
ကျေးဇူးတင်ပါတယ် ဗီအိုအေက ဦးကျော်ဇံသာနဲ့ ကိုဇော်ဝင်းလှိုင်ခင်ဗျား။ ကျန်းမာကြပါစေ
မျိုးမြင့်ချို
မတ် ၁၃၊ ၂ဝ၁၆

Friday, March 11, 2016

ခေါင်းငုံ့ခံလေ အနိုင်ကျင့်လေ(ရွှေကြာ)

0 comments
ခေါင်းငုံ့ခံလေ အနိုင်ကျင့်လေ
RED LOTUS·THURSDAY, MARCH 10, 2016
(ရွှေကြာ)

ဗိုလ်မင်းအောင်လှိုင် မိန့်ခွန်းပြောတာတွေ ခုတလောကို မနည်းဘူး။

ခု နောက်ဆုံးပြောတာက သမ္မတလောင်းများအမည်စာရင်းမတင်သွင်းမီ တရက်အလိုမှာပြောတာ။ ၉ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ပြောတာ။

အရင်မိန့်ခွန်းလို စစ်တပ်အာဏာကိုင်ထားသူရဲ့ အစွယ်ငေါငေါစကားကို ထုတ်ဖော်တာမှတပါး ဘာအရည်အချင်းမှမရှိ။ ဘာပရိယာယ်မှ မရှိ။ ဘာသမိုင်းအမြင်မှ မရှိ။

တခါလာလည်း နိုင်ငံခြားသွေးနှော။ တခါလာလည်း နိုင်ငံခြားသွေးနှော ဆီသည်မလက်သုတ်ဖတ်လို ညစ်ပေနံစော်နေပြီ။ ကိုလိုနီနယ်ချဲ့စနစ်အုပ်စိုးမှုစနစ်ကို စနစ်အကြောင်း တိတိပပပြောဆိုပြတာမလုပ်နိုင်ဘဲ နိုင်ငံခြားသားသွေးနှော ကပြားများကြောင့်လိုလို ပြောတာ သူ့ဦးနှောက်သေးသိမ်၊ အမြင်တိမ်မှုကိုဖော်ပြလိုက်တာ။ လွတ်လပ်ရေးရပြီး တိုင်းပြည်အကျပ်အတည်းတွေအကြောင်းလည်း နိုင်ငံရေးအရ သမိုင်းကြောင်းအရ မှန်မှန်ကန်ကန်မပြောဘဲ နိုင်ငံခြားသွေးနှောအကြောင်းကိုပဲ လိုသလိုဆွဲပြောနေတာ ကာချုပ်တယောက်လုပ်ပြီး အင်မတန်ကို နုံချာကြောင်း၊ အရည်အချင်း တပြားသားမှမရှိကြောင်း ဖော်ပြနေတယ်။ ဒါ ထားတော့။

သူ တလျှောက်လုံးပြောနေတာ စစ်အုပ်စုကို မထိနဲ့၊ စစ်အာဏာရှင်စနစ်ကို မထိနဲ့။ တို့တာဝန်အရေးသုံးပါးကို မထိနဲ့။ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မထိနဲ့…ဆိုတာတွေက အနှစ်သာရပဲ။ အရှင်းဆုံးပြောရရင် တို့အကျိုးစီးပွားနဲ့ တို့အာဏာ မထိနဲ့ဆိုတာပဲ။
သူပြောတာတွေအရ ဘယ်အစိုးရတက်တက်--ပြည်တွင်းစစ်ဆိုတာ တို့ဖန်တီးထားတဲ့အခင်းအကျင်းပဲ။ ဘယ်သူတွေ ဝင်ရောက်ဆွေးနွေးနွေး တို့တိုက်ချင်တိုက်မယ်။ တို့မတိုက်ချင်တဲ့အခါ မတိုက်ဘူး။

ဘယ်သူတွေဖြစ်ဖြစ် ၂ဝဝ၈ ဥပဒေအောက် ခေါင်းငုံ့ဒူးထောက် အေးအေးနေရင် လုပ်ခွင့်တချို့တလေတော့ရမယ်။ စစ်အုပ်စုအာဏာတော့ လာမထိနဲ့။

ဘာမဆို သူတို့ကသာ ပလ္လင်ပေါ်က ဖြစ်ကြောင်း သံလျက်တဝင်းဝင်းနဲ့ ခြိမ်းခြောက်ပြနေတာ။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိမ်သိမ်မွေ့မွေ့လမ်းကြောင်းရွေးချယ်ပြီး စစ်တပ်နဲ့ ထိပ်တိုက်မတွေ့လိုဘဲ သင့်မြတ်ရေးလုပ်ချင်လေလေ သူတို့က အပေါ်စီးကတင်းမာလေလေ။ အမြတ်ထုတ်ချင်လေလေ။

ခု သူပြောတာ နောင်အစိုးရ ငါးနှစ်သက်တမ်းကို တရားဝင်အမိန့် ရာဇသံပေးလိုက်ပြီ။
လက်ရှိအခြေအနေများမှယိမ်းယိုင်မှုကို လက်မခံတဲ့။ လက်ရှိအခြေအနေဆိုတာ ဘာတိုးတက်မှုများရခဲ့တဲ့ လက်ရှိအခြေအနေလဲ။ အဖက်ဖက်ကဖိအားတွေကြောင့် ဒီမိုကရေစီလမ်းကြောင်းဆိုပြီး ဟန်ဆောင်ချင်ကြတာ။ ဒီမိုကရေစီနဲ့ကစားတာ သူတို့တွက်ကိန်းလွဲပြီး ရွေးကောက်ပွဲမှာ ဒီချုပ်အနိုင်ရသွားတာ။ ဒါကိုပဲ လက်မတထောင်ထောင်နဲ့ သူတို့ကပဲ ဒီမိုကရေစီဖခင်ကြီးတွေလိုလို။ မာဖီးယားဂုဏ်းခေါင်းဆောင်ကြီးက ပြောနေလိုက်တာ။

သူတို့က တကယ့်မာဖီးယားဂုဏ်းခေါင်းဆောင်တွေလိုပဲ ပြည်တွင်းပြည်ပ သူတို့လူမိုက်တွေအပေါင်းပါတွေနဲ့ တိုင်းပြည်အကျိုးစီးပွားကို ထင်သလို ရောင်းစားဝေစုခွဲနေကြတာ။ လက်ပံတောင်းတောင်ကိစ္စဆိုတာ သူတို့ဂိုဏ်းအုပ်စုရဲ့အကျိုးစီးပွား အဓိကပါနေလို့ ဝမ်ပေါင်ကို အကာအကွယ်ပေးတာ။ ဖားကန့်မှာ ကျောက်စိမ်းတွေ တူးချင်သလိုတူးနေတာ သူတို့က ဝါးစေစားစေ ခွင့်ပြုထားတာ။ အပစ်ရပ်ပြီး တို့နဲ့သာပေါင်း။ သစ်တောခုတ်စေ၊ ကျောက်တူးစေ။ ဘိန်းလုပ်စေ--ဆိုပြီး မာဖီးယားဆရာကြီးက ညွှန်ကြားထားတာ။

အားလုံး သူတို့စစ်အုပ်စုအကျိုးစီးပွားကြောင့် ဖြစ်ပျက်နေရတာတွေ။ ဘယ်တရုတ်ကိုမှ သူတို့ကြောက်နေတာ မဟုတ်ဘူး။ သူတို့အကျိုးစီးပွားထိပါးမှာသာ သူတို့အကြောက်ဆုံး။ ကုလား-တရုတ်မုန်းတီးရေးကို သူတို့က တစစမီးမွေးထားပြီး သူတို့လိုအပ်တဲ့အချိန် မီးတောက်ရှို့ပြီး ထုတ်အသုံးချဖို့ပြင်ထားတဲ့အကွက်တွေ။
ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ပွဲအနိုင်ရဒီချုပ်ကိုတော့ ငါးနှစ်သက်တမ်းအတွင်း ဒီအခြေအနေတွေကနေ မယိမ်းယိုင်စေနဲ့။ တို့အကျိုးစီးပွားတွေ မထိပါးစေနဲ့။ တို့သဘောမကျတာတွေ မလုပ်နဲ့။ တို့ငြိုငြင်မှာတွေ မလုပ်နဲ့။ တို့ခွင့်ပြုတာတွေကို တို့ခွင့်ပြုသလောက်ပဲလုပ်ကြလို့ပြောလိုက်တာ။

ခေါင်းငုံ့ခံလေ- အနိုင်ကျင့်လေ။

တက်လာမယ့် ဒီချုပ်အစိုးရကို ခင်ပုပ်နဲ့ကျီး ရန်မီးလို အငြိုးတကြီးနဲ့တိုက်ခိုက်ဖို့ပြင်ထားတယ်ဆိုတာ လက်တွြေု့ဖစ်ရပ်တွေက ပိုပြီးရှင်းအောင် ပြသလာနေတယ်။

သူ ရှေ့ကထွက်ပြောပြီးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်တပ်ပါတီ ကြံ့ဖွံ့နဲ့ သူမွေးထားတဲ့အပေါင်းပါးတွေ လူမိုက်အင်အားတွေက လိုအပ်ရင်လိုအပ်သလို တအာအာနဲ့ ဝိုင်းဝန်းထိုးဆိတ်ဖို့ အသင့်အနေအထားပြင်ထားကြမှာ မုချမလွဲပါပဲ၊
(Hla Win ဆီကနေတဆင့်ယူပါတယ်)

နိုင်ငံရေးအကြောင်း မပြောခြင်း(မျိုးမြင့်ချို)

0 comments
(နိုင်ငံရေးအကြောင်း မပြောခြင်း)
၅၈ ခုနှစ် အိမ်စောင့်အစိုးရအမည်နဲ့ ဦးနုဆီက အာဏာ အေးဓမြတိုက်ယူခဲ့ချိန်ကနေစလို့ ခုထိ ဗမာစစ်အုပ်စု တသမတ်တည်း အခိုင်အမာပြောဆိုနေတာတွေအားလုံးကို တချက်တည်းချုပ်လိုက်ရင် (ပြည်တွင်းစစ်ဟာ ငါတို့ဖန်တီးထားတဲ့ငါတို့ကိုယ်ပိုင်ပစ္စည်းဖြစ်တယ်) ဆိုတာပဲ။ ငါတို့ဟာတော့ လာမထိနဲ့၊ ကျန်တာလေးတော့လုပ်ကြ ဆိုတာပါပဲ။

စစ်အုပ်စုဆိုတဲ့သဘောဟာ လူခေါင်းဆောင်မှုသဘောလို့ အနက်မထွက်။ လူအုပ်စုတစုလို့ အဓိပ္ပါယ်မပွင့်။ စစ်တပ်လို့ ကောက်ယူမရ။ သေနတ်ကိုအမိန့်ပေးနိုင်တဲ့အာဏာ လက်ဆုပ်မဖြည်ရေးနဲ့ အဲ့ဒီအာဏာအရင်းတည်ပြီး စစ်ဗိုလ်ကြီးငယ် ဆွေစဉ်မျိုးဆက်ကြီးပွားချမ်းသာဖို့ စီးပွားရေး၊ နိုင်ငံရေးလက်ဝါးကြီးအုပ်ဓနရှင်စနစ်ကို ကိုယ်စားပြုခြင်းဆိုတဲ့အနှစ်သာရသဘောပဲဖြစ်တယ်။

ပြည်တွင်းပြည်ပအခြေအနေ အခင်းအကျင်းတွေအရ စစ်အာဏာ တလက်ကတလက်ကိုလွှဲပေးရတဲ့ခါ ခေါင်းခံသူပြောင်းရပါတယ်။ ဒီအခါ နေဝင်းအုပ်စု၊ စောမောင်အုပ်စု၊ သန်းရွှေအုပ်စု၊ မင်းအောင်လှိုင်အုပ်စု စသည်ဖြင့် ယာယီတွင်ပေးပါတယ်။

စနစ်အမည်ကိုလည်း ရာသီအလိုက် ပြောင်းပြောင်းပေးရပါတယ်။ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်၊ နဝတ၊ နအဖ၊ ပြုပြင် ပြောင်းလဲရေးလိုလားသောတပ်မတော် စသည်ဖြင့် ခေါင်းစည်းပြောင်းပေးပါတယ်။

စစ်တပ်ကိုလည်း ပြည်သူ့တပ်မတော်၊ အမျိုးသားရေးဦးဆောင်တပ်မတော်၊ ဖွဲ့စည်းအုပ်ချုပ်ပုံကာကွယ်သောတပ်မတော် စသည်ဖြင့် နဖူးစည်းပြောင်းတပ်ပေးပါတယ်။

ခေါင်းကိုင်ဘယ်သူဖြစ်ဖြစ်၊ စနစ်ဘာအမည်ပြောင်းပြောင်း၊ နဖူးစည်းဘာဖြစ်ဖြစ် အသွင်သဏ္ဍန်ဘယ်လိုရှိရှိ အနှစ်အသားဖြစ်တဲ့ စစ်တပ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သဘောကတော့ တည်မြဲနေတာဖြစ်ပါတယ်။ ခေတ်တိုင်းမှာ တိုင်းပြည်လူထု ဖွတ်ကျောပြာစုခဲ့သလို စစ်ဗိုလ်ကြီးများနဲ့ သူတို့အသိုင်းအဝိုင်းတော့ ဓနရှင်ကြီးတွေဖြစ်ခဲ့တာချည်းပါ။

ဆိုတော့ ဒီအာဏာ ဒီဓနတည်တန့် ပြန့်ပွား ဆက်ရှင်သန်နေရေးအတွက် တိုင်းပြည်နဲ့မဆံ့အောင်ကြီးတဲ့ စစ်တပ်ကြီးရှိနေဖို့လိုပါတယ်။ ဒီ ဧရာမစစ်တပ်ကြီးက အလကားရှိနေလို့တော့ မရပါ။ စစ်ပွဲရှိမှ စစ်တပ်ကြီးရှိလို့ဖြစ်ပါတယ်။ တခါ ရှိနေတဲ့ စစ်တပ်ကြီးကိုလည်း တကယ့် ပရော်ဖက်ရှင်နယ်လ်တပ်ကြီးအဖြစ် ရှိခိုင်းလို့မရပါ။ တလက်ကိုင်တပ်အဖြစ် ခါးပိုက်ဆောင်တပ်အဖြစ်လုပ်မှရပါတယ်။ ဒါမှ စစ်တပ်ထောင်ပြီး စီးပွားရှာလို့ရပါတယ်။ အဲ့ဒီနည်းနဲ့စီးပွားရှာတယ်ဆို စစ်တပ်ကိုအရင် ကာမပြန်ဝံ့အောင် လက်တွေ့နှိပ်ကွပ်ထားရပါတယ်။

(စစ်အုပ်စုတွင်းမှာ ကြီးနိုင်ငယ်ညှဉ်းသဘောဆိုထက် စီနီယာက ဂျူနီယာကိုဗိုလ်ကျတယ်ဆိုတာထက် သေနတ်လက်ထဲရှိတဲ့ကောင်က မရှိတော့တဲ့ကောင်ကို ကိုင်တဲ့သဘောကပိုပါတယ်။ တခါ သေနတ်လက်ထဲရှိကြဦးတောင် အုပ်စုဖွဲ့ဦးတဲ့ကောင်က လက်နှေးတဲ့ကောင်ကို တွယ်တာပါ။ အဲ့ဒီနည်းနဲ့ ကာပြန်ရိပ်လေး နည်းနည်းပြတာနဲ့ ဦးအောင်ကိုင်ပြီး နာလံမထူအောင် လုပ်ပစ်လိုက်တာပါ)

စစ်ပွဲတော့ရှိပါရဲ့၊ စစ်မီးလည်း မွှေးထားပါရဲ့၊ ဒါပေမယ့် အခန့်မသင့်လို့ စစ်မီးငြိမ်းသွားရင်လည်း ဗျာပွေရမှာပါ။ ဒါ့ကြောင့် စစ်မီးသေမသွားရေး အပတ်တကုပ်အားထုတ်ရပါတယ်။ ဒီတော့ စစ်မီးကို မွှေးရုံမက ငြိမ်းမသွားဖို့ပါ တရစပ်ထိန်းထားရပါတယ်။

စစ်မီးတော့ တောက်နေပါရဲ့ ဒီမီးတောက်က တပြည်လုံးလောင်ပြီး ပြည်ပျက်ထွက်သွားလောက်အောင်လည်း အဖြစ်ခံလို့မရပါ။ ပြည်ပျက်တယ်ဆိုတာ စစ်တပ်ထောင်စီးပွားရှာသူတွေ အအုပ်အစည်းပျက်တာပါ။ အအုပ်အစီး အဖျက်ခံရတာပါ။ ငြိမ်းသွားလို့လည်းမဖြစ် ပြည်ပျက်အောင် အလောင်ခံလို့လည်းမရဆိုတဲ့ကြားက လိုသလောက်အကန့်အသတ်နဲ့ စစ်ကို မပြတ်လောင်နေအောင်လုပ်ထားရပါတယ်။ စစ်ကို ဘယ်အချိန်မှာ၊ ဘယ်ဒေသမှာ၊ ဘယ်လူမျိုးစုကို၊ ဘယ်အကန့်အသတ်နဲ့ ဘယ်မျှတိုက်မယ်မတိုက်ဘူးကို စစ်တပ်ကသာလျှင် ဆုံးဖြတ်ပြဌာန်းရင်း ပြဌာရန်းရင်းနဲ့ ဗမာပြည်ပြည်တွင်းစစ်မီး ဒီမျှ သက်ဇိုးရှည်တာပါ။

ခေါင်းကိုင်ပြောင်း၊ စနစ်အမည်ပြောင်း၊ နံမည်ပြောင်းတွေများလှပါပြီ အနှစ်သာရ (စစ်တပ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်)ပြောင်းမသွားပါ။
ဒါပြောင်းသွားဖို့ဆို ပြည်တွင်းစစ်ကြီးမရှိမှ ဖြစ်ပါမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရမှဖြစ်ပါမယ်။ ဒီအတွက် ဒီမိုကရေစီလိုလားသူတိုင်း၊ တိုင်းပြည်လူထု ချမ်းသာကြီးပွား လွတ်လပ်ပျော်ရွှင်စေလိုသူတိုင်း ပြည်တွင်းစစ်ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ပြောကြဆိုကြ လုပ်ကြကိုင်ကြ အားထုတ်ကြပါတယ်။
ဒီလို အားထုပ်လုပ်ကိုင်ဆောင်ရွာင်မှုတိုင်းဟာ စစ်အုပ်စုနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် အားထုတ်မှုတိုင်း အားထုတ်သူတိုင်းကို လက်တွေ့မှာမှာလည်း သည်းသည်းမဲမဲချေမှုန်း၊ ရက်ရက်စက်စက်သုတ်သင်၊ သွေးချောင်းစီးသတ်ဖြတ်ခဲ့ သတ်ဖြတ်နေဆဲဖြစ်ပါတယ်။

ခု ပြုပြင်ပြောင်းလဲရေးနဲ့ဒီမိုကရေစီလိုလားသောတပ်မတော်တို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်သောတပ်မတော်တို့ ဘာတို့ညာတို့ ဘယ်လိုပဲ အသံကောင်းဟစ်နေပါစေ အချိန်တန်တော့လည်း မင်းသားခေါင်းစွပ်ချွတ်ပြရသလို ဘီလူးကြိမ်းလည်း ထွက်ကြိမ်းရပါတယ်။ မင်းဟာမင်း ပြည်သူက ရွေးချယ်တင်မြှောက်ရုံမကလို့ဘာဖြစ်ဖြစ် လူမျိုးစုတွေနဲ့ အပစ်ရပ်ကနေတဆင့် ငြိမ်းချမ်းရေးစကားပြောဖို့ ကာချုပ်မူ(၆)ချက်နဲ့ပဲ သွား။ ပြည်တွင်းစစ်ကတော့ တို့ စစ်အာဏာရှင်ဘိုးဘွားပိုင်အမွေဆိုင်မို့ ထိရင် မီးပွင့်သွားမယ်လို့ ဗိုလ်မင်းအောင်လှိုင် ထွက်ပြောတာပါ။
မျိုးမြင့်ချို
မတ် ၁၁ ရက်၊ ၂ဝ၁၆
(ရွှေကြာရဲ့ဆောင်းပါးဖတ်ပြီး ဆင့်ပွားတွေးမိတာ ချရေးလိုက်တာဖြစ်ပါတယ်)