Wednesday, April 6, 2016

လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး(အပိုင်း ၂) မောင်လှဝင်း

0 comments
လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး(အပိုင်း ၂)

မောင်လှဝင်း



ဒါထက်ပိုဆိုးတာကတော့ ဒီအယူအဆတွေ ဖြစ်ပေါ်လာတာကနေ အစောကပြောတဲ့အတိုင်း လူထုတိုက်ပွဲလှုပ်ရှားမှုတွေကို ဆန့်ကျင် ချေဖျက်တဲ့အထိ ဖြစ်တည်လာခြင်းပါပဲ။ လူထုတိုက်ပွဲခေတ်မမီတော့ဘူးလို့မပြောတော့ဘဲ ပုံစံတမျိုးနဲ့ (လူထုထိခိုက်နစ်နာမှာ မလိုလားဘူး။ လူထု သွေးထွက်သံယိုဖြစ်မှာကို မလိုလားဘူး) စတဲ့ လူထုအပေါ်စေတနာထားသယောင်ဆင်ခြေများနဲ့ လူထုတိုက်ပွဲများကို ဆန့်ကျင် လာကြခြင်း ဖြစ်ပါတယ်။ (ဒါပေမဲ့ လူထုတိုက်ပွဲတွေကတော့ အရင်က ဆက်တိုက်ပေါ်ထွက်ခဲ့သလို အခုလည်း ဆက်တိုက်ပေါ်ထွက် နေတာပါပဲ။



လက်ပံတောင်းတောင်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ သံဃာတော်တွေနဲ့လယ်သမားတွေကို မီးလောင်ဗုံးနဲ့ဖြိုခွဲတာ ခံရတယ်။ ဒေါ်ခင်ဝင်း သေနတ်အပစ်ခံရတယ်။ ရွာထဲက ရွာသူရွာသားတွေကို သေနတ်နဲ့လှမ်းပစ်တာအထိ ရှိခဲ့တယ်။ ဒါတောင် လူထုတိုက်ပွဲဟာ ရပ်တံ့မသွားဘူး။ လက်ပံတောင်းတောင်မှာရော တပြည်လုံးမှာရော လယ်သမားတိုက်ပွဲတွေ ဆက်ဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ကျောင်းသာားတွေဟာ ခရီးရှည်ချီတက်ပွဲဆင်နွှဲခဲ့ရုံမက အကျဉ်းထောင်နဲ့တရားရုံးတွေမှာပင်လျှင် မတရားမှုကို ခုခံရင်ဆိုင်တဲ့တိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေရတယ်။)


ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ မိမိတို့ရဲ့လမ်းစဉ်နဲ့ တိုက်ပွဲပုံသဏ္ဌာန် ပြောင်းလဲကျင့်သုံးရတဲ့အဖွဲ့အစည်းတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါတယ်။ တိုက်ပွဲနည်းနာနဲ့ကြွေးကြော်သံမှာကို သိသာထင်ရှားစွာပြောင်းလဲလာရတယ်။ (မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဆန့်ကျင်ကြ)ကို ဆက်လက်မကျင့်သုံးတော့ဘူး။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆက်လက် မရပ်ခံတော့ဘူး။ အရင်က လွှတ်တော်တွင်း င်ရောက်ခြင်းမပြုရာကနေ လွှတ်တော်တွင်း ဝင်-ပြင်လမ်းစဉ် ဖြစ်လာတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုမဝင်ခဲ့ရာကနေ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်လာတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို လေးစားလိုက်နာ ပါမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရတဲ့အခြေအနေအထိ တိုက်ပွဲနည်းနာပြောင်းသွားတယ်။


ဦးသိန်းစိန် စစ်အစိုးရရဲ့လွှတ်တော် ပေါ်လာပြီးတဲ့နောက်ပိုင်း အထူးသဖြင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ ဒီချုပ်ဝင်ရောက်ပြီး ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းရောက်သွားပြီးနောက်ပိုင်းမှာ လွှတ်တော်တွင်းတိုက်ပွဲကို အဓိကတိုက်ပွဲ ပုံသဏ္ဌာန်အဖြစ်ထားရေးဆိုတဲ့ အယူအဆတရပ် ပေါ်လာပါတယ်။ ဒီအယူအဆကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပေါ်စေ၊ ပျံ့နှံ့စေတယ်လို့ မဆိုပါ။ ဗမာပြည်နိုင်ငံရေးအဝန်းအဝိုင်းမှာ ဒီအယူအဆစိမ့်ဝင်လာတယ်ဆိုတာကိုပဲ ပြောချင်တာပါ။ ဒီအယူအဆကနေ လွှတ်တော်ပြင်ပ လူထုတိုက်ပွဲတွေ ဒီနေ့ကာလမှာ မအောင်မြင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ လွှတ်တော်တွင်းတိုက်ပွဲက အဓိက တိုက်ပွဲ သဏ္ဌာန်ဖြစ်လာလို့ပဲ-ဆိုတဲ့အထိပြောကြားလာတာဖြစ်လို့ ဒီအယူအဆကို ဝေဖန်ပြောကြားဖို့လိုအပ်လာတာပါ။


လွှတ်တော်တွင်းတိုက်ပွဲတွေက ပြည်တွင်းလူထုဆန္ဒတွေနဲ့ လူထုတိုက်ပွဲတွေကို ရောင်ပြန်ဟပ်ပြမှုတွေ အမှန်ပဲရှိပါတယ်။ ရောင်ပြန်ဟပ်မပြနိုင်တဲ့အချိန်ကာလလည်း ရှိတတ်ပါတယ်။ လွှတ်တော်တွင်းတိုက်ပွဲတွေက ပြင်ပလူထုတိုက်ပွဲတွေနဲ့ လူထု အခြေအနေတွေကို အကျိုးသက်ရောက်မှု တစုံတရာပြုတာတွေလည်း အမှန်ရှိပါတယ်။ အကျိုးမပြုတဲ့အပြင် လွှတ်တော်က ပြည်သူ့အကျိုးစီးပွားထိခိုက်စေတဲ့ ဥပဒေနဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဆုံးဖြတ်ချက်တွေပဲချမှတ်လို့ ပြည်သူလူထုက လွှတ်တော်ကိုဆန့်ကျင် သပိတ်မှောက်တာတွေလည်း ရှိပါတယ်။ လွှတ်တော်ကို စင်ပြိုင်လွှတ်တော်အဖြစ်အပြိုင်ကျင်းပပြီး တိုက်ပွဲဝင်ခဲ့တာလည်း ရှိခဲ့ဖူးတာပဲ၊(ပြင်သစ်ပြည်မှာ ၁၇၈၉ ခုနှစ်တုန်းက မတရားတဲ့ လူဝီ(၁၆)ဘုရင်ရဲ့ အထက်လွှာတွေပါဝင်တဲ့လွှတ်တော်၂ ရပ်ကို ဆန့်ကျင်ကာ တတိယလွှတ်တော်ထဲမှ ပြည်သူ့ကိုယ်စားလှယ်တွေက တင်းနစ်ကွင်းထဲမှာ အမျိုးသားလွှတ်တော်ကျင်းပပြီး တိုက်ပွဲဆင်ခဲ့ဖူးတယ်။ လွတ်တော်တွင်း လွှတ်တော်ပတိုက်ပွဲပေါင်းစပ်သွားပြီး ဘုရင်က အကြမ်းဖက်ဖိနှိပ်တဲ့အခါ လူထုကြီးတရပ်လုံးက လက်နက်နဲ့ ပြန်လည် ခုခံတွန်းလှန်ပြီး ပဲရစ်တမြို့လုံးနဲ့ ဗာစတီးအကျဉ်းထောင်ကိုပါ သိမ်းပိုက်နိုင်လိုက်တာလည်း ရှိပါတယ်။)


အဲသလိုပဲ လွှတ်တော်ကို နိုင်ငံရေးစကားပြောစင်မြင့်အဖြစ် အသုံးပြုခဲ့တာတွေလည်း ရှိတယ်။ ဗမာပြည်မှာ လွတ်လပ်ရေးခေတ်ဦးက ကွန်မြူနစ်အမတ်တွေ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာပါဝင်ကာ လွှတ်တော်ကို နိုင်ငံရေးစကားပြောစင်မြင့်အဖြစ် အသုံးချခဲ့တာရှိတယ်။ ရုရှားတော်လှန်ရေးမှာ လီနင်တို့ ဘော်ရှီဗစ်တွေက လွှတ်တော်ကိုသပိတ်မှောက်တာလည်း ရှိခဲ့တယ်။ စကားပြောစင်မြင့်အဖြစ် အသုံးချခဲ့တာလည်း တွေ့နိုင်တယ်။ (၁၉ဝ၅-၁၉ဝ၆)


ဆိုလိုတာက တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ၊ လူထုလှုပ်ရှားမှုအခြေအနေ၊ အုပ်စိုးသူရဲ့အနေအထား စသည်တို့ကိုတွက်ချက်ချိန်ဆပြီးမှ လွှတ်တော်ကို ဘယ်လိုသဘောထားမလဲ၊ လွှတ်တော်တွင်းတိုက်ပွဲအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ တွက်ချက်ဆုံးဖြတ်ရတယ်-ဆိုတဲ့အချက်ပါ။


ဒီနေရာမှာ ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုနဲ့တိုက်ပွဲပုံသဏ္ဌာန်ကို အဆုံးအဖြတ်ပြုသူဟာ အုပ်စိုးသူလူတန်းစားပဲ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း အလေးအနက်ထားရမှာပါ။ မိမိတို့က ငြိမ်းချမ်းတဲ့နည်းနဲ့၊ ဒါမှမဟုတ် ငြိမ်းချမ်းစွာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ တိုင်းပြည်ရဲ့ပြဿနာတွေကို ဖြေရှင်းလိုစိတ်ဘယ်လောက်ပဲ ရှိနေစေ၊ အုပ်စိုးသူက ဒါကို ခွင့်မပြုဘဲ လက်နက်နဲ့ ဖိနှိပ်မှုပြုလုပ်ရင် မိမိတို့ဆန္ဒသဘောထားအတိုင်း တိုက်ပွဲပုံသဏ္ဌာန်ကိုရွေးချယ်လို့ မရတော့ပါဘူး။


မျက်မှောက် အနေအထားကို ကြည့်ပါ။
တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာ ဖြစ်စေ၊ အလုပ်သမား၊ လယ်သမားနဲ့လူတန်းစားပေါင်းစုံပြည်သူတွေ မတရားဖိနှပ်ခံနေရတာ စစ်အုပ်စုက စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ထားလို့ဖြစ်တယ်။ စစ်အုပ်စုဟာ သူတို့ရဲ့ဖိနှိပ်အုပ်ချုပ်မှုကို တရားဝင်အောင် ၂ဝဝ၈ အခြေခံဥပဒေနဲ့အကာအကွယ်ယူထားတယ်။ အဲသလိုအခြေအနေမှာ တိုင်းပြည်ရဲ့အုပ်ချုပ်မှုစနစ်ဟာ ၂ဝဝ၈ အခြေခံဥပဒေအရဖြစ်သလို လွှတ်တော်နဲ့အစိုးရတို့ဆိုတာကလည်း လက်ရှိအနေအထားအရ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေအောက်မှာ ဖြစ်နေတယ်။



ဒါ့အပြင် တိုင်းပြည်ရဲ့အမြင့်ဆုံးအာဏာကိုရယူထားတဲ့ ကာလုံကလည်း ၂ဝဝ၈ အခြေခံဥပဒေနဲ့ပတ်သက်လို့ နည်းနည်းပါးပါးတောင် အတို့အထိမခံတဲ့အနေအထားမျိုးပါ။ ဒါကို လွှတ်တော်တွင်း တိုက်ပွဲဝင်တဲ့နည်းလမ်းတခုတည်းနဲ့ ဘယ်လိုမှ အောင်မြင်အောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ပုဒ်မ ၄၃၆ ပြင်ရေးနဲ့ပတ်သက်လို့ ပြင်ပလူထု သဘောထားဆန္ဒကောက်ခံရယူပြီး လွှတ်တော်မှာ တင်ပြတာတောင် ပယ်ဖျက်ခံလိုက်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ လွှတ်တော်တွင်းမှာ ၂ဝဝ၈ အခြေခံဥပဒေပြင်ရေးရဲ့ အရေးကြီးတဲ့ အောင်မြင်မှုတွေရနိုင်ဖို့ဆိုရင် လွှတ်တော်ပပြည်သူလူထုရဲ့အားနဲ့ လူထုတိုက်ပွဲတွေရဲ့အရှိန်အဟုန်တွေ ရရှိဖို့ မုချလိုပါတယ်။


ပိုရှင်းအောင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ (နှစ် ၂ဝ နိဂုံးချုပ်နဲ့ ရှေ့လုပ်ငန်း)ထဲမှာ အတိအလင်းဖော်ပြခဲ့တာကို ကိုးကားတင်ပြပါရစေ။


(ပါလီမန် လမ်းကြောင်းဖြင့် တစတစ ပြုပြင်ရေး NLD လုပ်မှာကို မိမိတို့ မကန့်ကွက်ပါ။ သို့သော် အောင်မြင်မည်ဟု မထင်ပါ။
NLD က ပါလီမန်ထဲဝင်ပြီး “၂ဝဝ၈ အခြေခံဥပဒေ”ကို ဘယ်ကစပြီး ပြုပြင်ဖို့လုပ်မလဲဆိုတာကို စောင့်ကြည့်ပါမည်။ ပါလီမန် ပြင်ပလမ်းကြောင်းမှနေပြီး အားပေးပါမည်။


ဗကပ သဘောထားကို ရှင်းအောင် တင်ပြပါမည်။
- ပါလီမန်ပလမ်းကြောင်းသည် အဓိကဖြစ်သည်။
- ပါလီမန်လမ်းကြောင်း၏ အရန်မဟုတ်၊ အစွယ်အပွားမဟုတ်ဟု ခံယူသည်။
- ပါလီမန်လမ်းကြောင်းအတွင်းမှ NLD ၏ လုပ်ဆောင်ချက်များကို အပြုသဘောဖြင့်ဝေဖန်သွားမည်။ ကဖျက်ယဖျက် လုပ်မည်မဟုတ်။)


(ပြီး)

လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး။ (အပိုင်း ၁) မောင်လှဝင်း

0 comments

လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး။ (အပိုင်း ၁)
မောင်လှဝင်း

ပါတီအဖွဲ့အစည်းအသီးသီးမှာ ကိုယ့်အမြင်နဲ့ကိုယ် လမ်းစဉ်သတ်မှတ်တာ လုပ်ကြရတာပဲ။ လမ်းစဉ်အတွင်းမှာ ဘယ်လမ်းကြောင်းနဲ့ လျှောက်လှမ်းပြီး ဘယ်တိုက်ပွဲပုံသဏ္ဌာန်ကိုအဓိကထားကာ ဘယ်တိုက်ပွဲပုံသဏ္ဌာန်ကို အရန်အဖြစ်ထားမယ်ဆိုတာ ကိုယ့်ဘာသာ သတ်မှတ်ပြဌာန်းထားလေ့ရှိကြတယ်။

ဒါကို ပေါ်လွင်အောင် ဥပမာအနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တိုက်ပွဲပုံသဏ္ဌာန်များသတ်မှတ်ပြဌာန်းပုံကို ဖော်ပြပါမယ်။ ဗကပဟာ ၇၉ လမ်းစဉ်မှာ လက်နက်ကိုင်တိုက်ပွဲကို အဓိကထား၊ တခြားတိုက်ပွဲပုံသဏ္ဌာန်နဲ့ပေါင်းစပ်ဆိုတာကို သတ်မှတ်ပြဌာန်းခဲ့တယ်။

ဒါပေမဲ့ တိုက်ပွဲသဏ္ဌာန်ဆိုတာ အချိန်ကာလအရ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့ မိမိအဖွဲ့အစည်းရဲ့အနေအထားအရ ပြောင်းလဲ သတ်မှတ်ရတာ ရှိတယ်။ ဗကပဟာ လက်နက်ကိုင်တိုက်ပွဲ အဓိကဆင်နွှဲတဲ့ပါတီအဖြစ်မှ မြေအောက်ပါတီအဖြစ် မိမိအနေအထား ပြောင်းလဲသွားတဲ့အောက်မှာ ဥပဒေပနည်းနဲ့ဥပဒေတွင်းနည်းကို ပေါင်းစပ်ကျင့်သုံးတဲ့ တိုက်ပွဲသဏ္ဌာန်ကိုတင်ပြခဲ့တယ်။

ဗကပ က ဥပဒေပ ပါတီဖြစ်တော့ ဥပဒေပတိုက်ပွဲဏ္ဌာန်တွေက အဓိကပဲ။ ဒါပေမဲ့ ဥပဒေတွင်းမှာ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂစတဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေ ဖြစ်ပေါ်ဖွံ့ဖြိုးရေးကို အားပေးလှုံ့ဆော်တယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ပြည်သူ့အင်အားစုစည်းရေးလမ်းကြောင်းအတိုင်း ဦးတည်လျှောက်လှမ်းသွားဖို့ ပိုင်းဖြတ်ချက်ချထားတယ်။

အုပ်စိုးသူလူတန်းစားက အုပ်စိုးခံလူတန်းစားအပေါ် လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်လာခဲ့လျှင် လက်နက်နဲ့ခုခံတော်လှန်တာဟာ တရားတယ်လို့ ယုံကြည်ယူဆတဲ့အလျောက် လက်နက်ကိုင်တိုက်ပွဲကိုလည်း အရန်ရွေးလမ်းအဖြစ်သတ်မှတ်တယ်။ (တကယ်က ပြည်သူလူထုကြီးရော၊ နိုင်ငံရေးအင်အားစုတွေကပါ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့တောင်းဆိုပြီး တရားမျှတမှုနဲ့ငြိမ်းချမ်းရေးကို ရလိုကြတာပါ။ ဒါပေမဲ့ အုပ်စိုးသူလူတန်းစားက ပြည်သူလူထုရဲ့လိုလားမှုတောင်းဆိုမှုတွေ၊ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေကို လက်နက်နဲ့ ဖိနှိပ်လာခဲ့ရင်တော့ နိုင်ငံရေးအင်အားစုတွေရော အဖိနှိပ်ခံပြည်သူလူထုတွေပါ မလွှဲမရှောင်သာ လက်နက်ကိုင်ဖိနှိပ်မှုကို လက်နက်ကိုင်ခုခံမှု ပြုလာကြရတာ ဖြစ်ပါတယ်။)

တခြားပါတီ အဖွဲ့အစည်းအသီးသီးဆိုရင်လည်း တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့ မိမိတို့အနေအထားအရ အဖွဲ့အစည်းရဲ့လမ်းစဉ်နဲ့ အဓိကတိုက်ပွဲပုံသဏ္ဌာန်ကို ပြောင်းလဲချမှတ်ရတာ ဖြစ်လေ့ရှိတာပါပဲ။ အရင်ကလည်း ရှိခဲ့တယ်။ ခုလည်း ရှိနေမယ်။ ဒါနဲ့ပတ်သက်လို့ အထူးတလည် မှတ်ချက်ပေးစရာ မရှိပါဘူး။

ဒါပေမဲ့ တတိုင်းပြည်လုံးဆိုင်ရာ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်တိုက်ပွဲပုံသဏ္ဌာန်က အဓိကဖြစ်တယ်လို့ သတ်မှတ်ပြောဆို တာမျိုးကျ ပိုမို အလေးအနက်ထား စဉ်းစားသုံးသပ်ဖို့ လိုလာပါတယ်။

ဒီလိုမျိုး ပြောဆိုချက်တွေ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းထဲမှာ စောစွာကတည်းက ပေါ်ပေါက်လာခဲ့တာ သတိပြုမိတယ်။ ဥပမာ- လမ်းပေါ်ထွက် နိုင်ငံရေးခေတ်ကုန်ပြီဆိုတာမျိုး။ ဒါဟာ ဗမာပြည်မှာ လူထုတိုက်ပွဲတွေ မတိုက်ကြနဲ့တော့၊ ခေတ်မမီတော့ဘူးလို့ ပြောလိုက်တာပဲ။ အရင်းစစ်လိုက်ရင် ဒါဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လူထုတိုက်ပွဲရဲ့အရှိန်အဟုန်ကို ရိုက်ချိုးပစ်လိုက်တဲ့ အတွေးအခေါ်ပဲ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ လမ်းပေါ်ထွက်တိုက်ပွဲဝင်ကြတဲ့ လူထုလှုပ်ရှားမှုတွေကနေ တိုင်းပြည်ရဲ့အပြောင်းအလဲကို ဆောင်ကြဉ်းးပေးတဲ့ လက်တွေ့ဖြစ်ရပ်တွေ ဆက်လက်ပေါ်ထွက်နေတာပဲ။ ဒါကြာင့် ဒီအတွေးအခေါ်အယူအဆတွေ မှန်ကန်မှုမရှိကြောင်း လက်တွေ့ဖြစ်ရပ်တွေက ရှင်းလင်းစွာဖော်ပြနေပါတယ်။ ဗမာပြည်နိုင်ငံရေးမှာလည်း အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားတွေရဲ့ လမ်းမပေါ်ထွက်လှုပ်ရှားတဲ့ လူထုတိုက်ပွဲတွေ စဉ်ဆက်မပြတ်ပေါ်ထွက်နေတာပဲ မဟုတ်ပါလား။ ဗမာပြည်မှာ ယခုလို ပါတိစုံစနစ်တွေဆိုတာပေါ်ပေါက်လာပြီး ပြည်သူလူထုတွေ ရွေးကောက်ပွဲမှာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်လာနိုင်တာကိုက တပြည်လုံး ပြည်သူတွေ လှည်းနေလှေအောင် မြင်းဇောင်းမကျန် လမ်းမတွေပေါ်မှာ ထွက်လှုပ်ရှားခဲ့ကြတဲ့ ၈ လေးလုံးအရေးတော်ပုံရဲ့ အောင်သီးအောင်ပွင့်တခုပဲ မဟုတ်လား။

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ဗမာပြည်တွင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ အင်အားစုတွေဟာ နယ်စပ်ကို ထွက်ခွာကာ လက်နက်ကိုင်တပ်တွေ ထူထောင်လာရတာတွေ ရှိခဲ့တယ်။ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်နဲ့ ဒီပီအေ (ဒီမိုကရေစီ ပြည်ချစ်တပ်မတော်)တို့လို လက်နက်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်တဲ့အဖွဲ့အစည်းတွေ ဖြစ်ပေါ် လာတယ်။ လက်နက်ကိုင်တပ် ထူထောင်တာမလုပ်ဘဲ ပြည်ပမှာ ပြည်ပရောက်အဖွဲ့အစည်းတွေဖွဲ့စည်းပြီး နိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းတွေ ဆက်လက်လှုပ်ရှားရတာတွေ ရှိလာခဲ့တယ်။

၈ လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ လူထုတိုက်ပွဲအရှိန်အဟုန်နဲ့ လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန်ကို သေးသိမ်မှေးမှိန်စေတဲ့ အနောက်ဥရောပက အတွေးအခေါ်အယူအဆတချို့ဟာ ပြည်ပနဲ့ နယ်စပ်အဖွဲ့အစည်းတွေထဲ ထိုးဖောက်စိမ့်ဝင်လာသလို ပြည်တွင်း နိုင်ငံရေးအင်အားစုတွေအတွင်းလည်း ပုံစံတမျိုးနဲ့ ပြန့်ပွားလာတယ်။ အဲဒီအတွေးအခေါ်အယူအဆတွေထဲမှာ အကြမ်းမဖက်တဲ့နည်း (တနည်းဆိုရင်) ငြိမ်းအေးတဲ့အပျော့နည်းနဲ့ အုပ်စိုးသူကိုဆန့်ကျင်သွားရေး အတွေးအခေါ်အယူအဆတွေလည်း ပါတယ်။

ပြည်ပနဲ့နယ်စပ်အဖွဲ့အစည်းတွေကို (လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေအတွင်းမှာကို)သင်တန်းပို့ချပြီး ဒီအတွေးအခေါ် အယူအဆတွေ သွတ်သွင်းပေးခဲ့တာအထိ ရှိခဲ့တယ်။ အဲဒါရဲ့အကျိုးဆက်အဖြစ် ပြည်တွင်းနိုင်ငံရေးအခြေအနေ အပြောင်းအလဲတချို့ ပေါ်ပေါက်လာချိန်မှာ(ပြည်တွင်းနိုင်ငံရေးအခြေအနေ အပြောင်းအလဲဆိုတာက အုပ်စိုးသူဘက်က ဒီမိုကရေစီမျက်နှာဖုံးစွပ်ပြီး အနောက်မျှော်တဲ့သဘောထားတွေ စတင်ဖြစ်တည်လာတဲ့ အနေအထားပဲ။) ပြင်ပနဲ့ နယ်စပ်ရောက်အဖွဲ့အစည်းတချို့ ပြည်တွင်းပြန်ဝင်ပြီး နိုင်ငံရေးလှုပ်ရှားမှုပုံသဏ္ဌာန်ပြောင်းလဲကာ လှုပ်ရှားလာတာတွေ ဖြစ်ပေါ်လာတယ်။

ဒီလို အနောက်နိုင်ငံက စနစ်တကျ ဖြန့်ဖြူးတင်သွင်းလာတဲ့ အယူအဆတွေအနက် ဂျာမနီက ဖောင်းဒေးရှင်းအဖွဲ့အစည်းတွေကနေ ဒီမိုကရေစီအင်အားစုများအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ အတွေးအခေါ်အယူအဆတခုကို သာဓကအနေနဲ့တင်ပြပါမယ်။ သင်တန်းတွေမှာ သူတို့ပို့ချတဲ့အယူအဆတွေကတော့- နှစ်ဖက် အတိုက်အခံဖြစ်နေတဲ့အင်အားစုတွေအတွင်း အောက်ပါနည်းနာများကို ချမှတ်ဆောင်ရွက်ရေးဖြစ်တယ်။

၁။ နှစ်သိမ့်ချွေးသိပ်ခြင်း Appeasement---A
၂။ သဘောတူညီချက်အသွင်သဏ္ဌာန်နဲ့ လက်နက်ချစေခြင်း Capitulation--C
၃။ ပူးပေါင်းဆောင်ရွက်ခြင်း Collaboration နဲ့ --C
၎။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်း Development--D

ဒီ (ACCD) အယူအဆနဲ့ နည်းနာတွေကို ဗမာပြည် ဒီမိုကရေစီအတိုက်အခံအင်အားစုတွေထဲက တချို့ စွဲကိုင်သုံးစွဲရုံသာမက အုပ်စိုးသူလူတန်းစားကလည်း အသုံးပြုလာတာတွေဟာ ယနေ့ကာလမှာ ပိုပြီး ပီပြင်ထင်ရှားလာတယ်။ အုပ်စိုးသူလူတန်းစားက သဘောတူချက်အသွင်သဏ္ဌာန် လက်နက်ချစေခြင်းနည်းလမ်းဆိုတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်စေခြင်းဆိုတဲ့နည်းလမ်းကို အဓိကအသုံးပြုလာတယ်။

ဒီမိုကရေစီအင်အားစုတွင်းက တချို့တလေကတော့ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းကို အသုံးပြုလာတယ်။ အဲဒီကနေ အုပ်စိုးသူ လူတန်းစားကိုပူးသတ်ရေးအယူအဆဟာ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုအတွင်းမှာ ပိုမိုလှိုက်စားလာတယ်။ ဒါနဲ့အတူ ဗမာပြည်နိုင်ငံရေး အဝန်းအဝိုင်းမှာ ဗဟုဝါဒအတွေးအခေါ် လှိုက်စားလာတာရှိသလို အနောက်နိုင်ငံက အတွေးအခေါ်အယူအဆတွေကို စွဲကိုင်ဖြန့်ဖြူးတဲ့ နိုင်ငံရေးအုပ်စုတွေလည်း ပေါ်လာပါတယ်။
(အပိုင်း ၂ ကို ဆက်ဖတ်ပါရန်)

ဓါးကြိမ်း ကြိမ်းသူများအကြောင်း(မျိုးမြင့်ချို)

0 comments
(ဓါးကြိမ်း ကြိမ်းသူများအကြောင်း)
ခု အင်န်အယ်လ်ဒီက စစ်ဗိုလ်လူထွက်အာဏာရှင်တချို့ကို စစ်တပ်နဲ့ပြေလည်ရေးခေါင်းစဉ်အောက်ကနေ အစိုးရအဖွဲ့၊ လွှတ်တော်အပါအဝင် တိုင်းပြည်ရဲ့အရေးပါတဲ့နေရာတွေမှာဆွဲခန့်နေတာ ထင်သာမြင်သာကိစ္စပါ။ ဒေါ်စုရဲ့ပုဂ္ဂိုလ်ရေးသြဇာနဲ့ ဒီလူတွေကို ထိန်းကြောင်းနိုင်မယ်လို့ တွက်ဆမှုမျိုး၊ သူ့လူကို ကိုယ့်လူဖြစ်အောင်လုပ်နိုင်မယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမျိုး အခြေခံတွေကနေ လုပ်တာဖြစ်နိုင်ပါတယ်။ နောက်တချက်က ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဥပဒေကြောင်းကိုပြပြီး ဖွတ်မြီးနဲ့ဖွတ်ချည်လို့ ရနိုင်ခြေရှိမယ်လို့ တွေးဆချက်လည်း ရှိနိုင်ပါတယ်။ ဒီဖြစ်ရပ်အပေါ် ကြေနပ်သဘောကျသူတွေရှိသလို ဘဝင်မကျ မနှစ်ခြိုက်သူတွေလည်း ရှိပါတယ်။ ၂ ဘက်လုံးမှာ ကိုယ်စီအကြောင်းပြချက်တွေ ခိုင်ခိုင်လုံလုံရှိတာအမှန်ပါ။ ကျနော်ကတော့ ဘဝင်မကျ မနှစ်ခြိုက်သူထဲပါပါတယ်။ ကျနော့်အကြောင်းပြချက်တွေကတော့ တလျှောက်လုံးရေးနေပြောနေတာမို့ ထပ်မပြောလိုတော့ပါ။

ကြေနပ်သဘောကျနေသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြည်ညိုရင်းစွဲ လေးစားမြတ်နိုးရင်းစွဲ အားကိုးအားထားပြုလိုမှု ချစ်ခင်စိတ် မေတ္တာထားမှုစတာတွေအခြေခံတဲ့အစုတွေ လူပုဂ္ဂိုလ်တွေက အများစုကြီးပါ။ လက်ရှိအခြေအနေအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စလို့ယုံကြည်ပြီး နိုင်ငံရေးအရ လက်ခံဘဝင်ကျနေသူတွေလည်း များပါတယ်။ အဲ့ဒီ ၂ မျိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီရဲ့ တော်တည့်မှန်ကန်ပြီး ကောင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ အခြားသူတွေက ချီးကျူးထောမနာပြုရင် ပီတိအဟုန်နဲ့ တုန်နေအောင်ကြည်နူးဝမ်းသာကြတာပါ။ သူတို့ကြည့်ပြီး အပျော်တွေ ကိုယ့်ဆီပါကူးပါတယ်။ လစ်ကွက်ဟာကွက် အားနည်းချက်တွေကို ဝေဘန်ထောက်ပြလာတာတွေရှိလည်း “ဟုတ်တော့ ဟုတ်သား ဒါလေးတော့ သတိထားနိုင်ရင်ကောင်းမယ်“ ဆိုတာမျိုးတွေးပြီး မိမိခေါင်းဆောင်အပေါ် ယုံကြည်မှုအပြည့်နဲ့ အပြုံးမပျက်နေနိုင်ကြပါတယ်။ တခါတလေ တဘက်သားက သိတ်လွန်ကဲလာမှသာ အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းလင်းတုန့်ပြန်တာမျိုးလုပ်ပါတယ်။ ဒါကိုမှ တဘက်လူက စွတ်တင်နေသေးရင် ပေယျာလကံသဘောထားပြီး ခတ်မဆိတ်နေလိုက်ကြတာမျိုးပါ။ နိုင်ငံရေးအရရင့်ကျက်တဲ့သဘောဆောင်သလို စိတ်အနေကောင်းသလို စိတ်အထားပါတတ်သူတွေလို့ ဆိုရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အင်န်အယ်လ်ဒီကို မထိနဲ့ ထိရင်ဓါးကြည့်ဆိုပြီး ဆတ်ဆတ်ထိမခံ ရုန့်ရုန့်ရင်းရင်း ဖရုသဝါစာတွေအပါအဝင် အဆဲပေါင်းစံနဲ့ မိုက်မိုက်ရမ်းရမ်းတုန့်ပြန်သူတချို့လည်းရှိပါတယ်။ ဒီလူတွေထဲကတချို့ဟာ တဘက်မှာလည်း စစ်အုပ်စုဝင်တွေနဲ့ အလိုတော်ရိတွေရေးသမျှပြောသမျှကို လိုက်ထောက်ခံ အားပေးနေတာတွေ့ရပြန်ပါတယ်။

တချို့ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီအထိ စစ်အုပ်စုဘက်မှာအပြတ်ရပ်ခံပြီးနေခဲ့ကြပေမယ့် ဒီဘက်ခေတ်ရောက်တဲ့အခါ အင်န်အယ်လ်ဒီနဲ့ဒေါ်စုကိုပါ စစ်အုပ်စုနဲ့တတန်းတည်းထားပြီး ပစ်ထောက်ခံကြတာ သတိပြုမိပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ စစ်တပ်နဲ့အင်န်အယ်လ်ဒီ လက်မောင်းလှဲကြတာမျိုးရှိတဲ့အခါ ဒီလူတွေ သတိလက်လွတ်ဖြစ် လေသံချက်ခြင်းပြောင်းပြီး မျက်နှာဖုံးကွာကြသွားတာလည်း သိသာပါတယ်။

ဥပမာတွေပေးရရင် များပါတယ်။ ၃ ခုလောက်တော့ ပြပါရစေ။ အစိုးရအဖွဲ့ဝင်တွေ ပိုင်ဆိုင်မှုကြေငြာပေးဖို့ ခုလွှတ်တော်ဥက္ကဌဖြစ်နေတဲ့ဦးဝင်းမြင့် အဆိုတင်တုန်းက ဝိုင်းဆဲကြတာလည်း ဒီလူတွေပါ။
အစိုးရအလွှဲပြောင်းခင်မှာ လုပ်လက်စစီမံကိန်းကြီးတွေရပ်ထားပေးဖို့ အဆိုတင်တုန်းကလည်း တင်ရကောင်းလားဆိုပြီး ဝိုင်းဆဲခဲ့တာလည်း ဒီလူတွေပါ။ ခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိစ္စမှာ စစ်တပ်ကတင်လာတာကိုပယ်ချပြီး ဥပဒေကိုအတည်ပြုပေးလိုက်တော့လည်း ဆဲရုံတင်မက “စစ်တပ်အာဏာသိမ်းသွားလိမ့်မယ်နော်“ဆိုပြီး သွယ်ဝိုက်ခြိမ်းခြောက်တာလည်း ဒီလူတွေပါပဲ။
ဒီလူတွေဟာ တပြိုင်နက်တည်းမှာ စစ်ဗိုလ်လူထွက်အာဏာရှင်တွေကို ဝန်ကြီးအပါအဝင် ရာထူးနေရာအကြီးကြီးတွေမှာ အင်န်အယ်လ်ဒီက နေရာပေးတာကိုတော့ အကြီးအကျယ် မမြိုနိုင်မသိပ်နိုင်ကို အိနြေ္ဒမရပစ်ထောက်ခံကြတာပါ။ အဲ့ဒီကိစ္စမျိုးမှာ ဝေဘန်ထောက်ပြလာရင် ထောက်ပြလာသူကို ဒေါ်အောင်ဆန်းစုကြည်နဲ့အင်န်အယ်လ်ဒီကို ဆန့်ကျင်သူဆိုတာအပါအဝင် ဆံဆိပ်မျိုးစုံတပ်ပြီး အမနာပပြောတော့ စွပ်စွဲတော့တာပါပဲ။ နိုင်ငံရေးအရရန်တိုက်ပေးတာမျိုး၊ ငယ်ကျိုးငယ်နာဖော် အတို့အထောင်လုပ်ပေးတာမျိုးတွေလည်းတွေ့ရပါတယ်။ ကျနော်တို့ သတိရှိကြဖို့ပါ။

ကျနော့်အသိတယောက်ဟာ မဆလခေတ်တုန်းက မြို့နယ်ပါတီယူနစ်ဝင်နဲ့ မြို့နယ်ကောင်စီဝင်ပါ။ ဘာမှ သိပ်မရပေမယ့် အာဏာတော့အတော်ရှိပါတယ်။ နဝတခေတ် နအဖ ခေတ်တွေမှာတော့ ရန်ကုန်တိုင်းက ခရိုင်အဆင့်ကြံ့ဖွံ့လူကြီးပါ။ အတော် ထောသွားပါတယ်။ သူဌေးလတ်စာရင်း ဝင်သွားပါတယ်။ ၂ဝ၁၂ နောက်ပိုင်းမှာ အင်န်အယ်လ်ဒီအမာခံ ဖြစ်လာပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ထိရင် ဓါးကြိမ်းကြိမ်းသူဖြစ်နေပါပြီ။

ကျနော် ဒီရောက်ပြီး သိတ်မကြာခင် သူနဲ့အဆက်အသွယ်ပြန်ရလို့ လက်စားချေရေး သင်ပုန်းချေရေးကိစ္စတွေစကားစပ်မိတော့ ကျနော်က “ပြစ်မှုကျူးလွန်သူတိုင်းဟာ မျှတမှန်ကန်တဲ့တရားဥပဒေရဲ့အစီအရင်အတိုင်း ခံထိုက်တယ်“လို့ဆိုတော့ သူက “မင်းတို့က ကေးဝဋ်ပုဏ္ဏားလို နဖူးကအမာရွတ် စမ်းမိတိုင်း မဟောသဓာကို နာကျည်းနေသူတွေပဲ“လို့ဆိုပါတယ်။

ဟုတ်ပါတယ် ကျနော်ဟာ ကေးဝဋ်ပုဏ္ဏားမဟုတ်ပေမယ့် ဒဏ်ရာတွေ အနာတွေနဲ့ပါ။ အကင်းမသေသေးပါဘူး။ အနာရွတ်ဖြစ်လောက်အောင်တောင် မကျက်သေးပါဘူး။ စစ်အုပ်စုကို မဟောသဓာနေရာ ပေးခဲ့တဲ့သူကတော့ ဘယ်ခေတ်မှာမှ ဒဏ်ရာမရခဲ့သူပါ။
မျိုးမြင့်ချို ဧပြီ ၆ ရက်။ ၂ဝ၁၆

Monday, April 4, 2016

ကြောက်အောင်လုပ်စို့(မျိုးမြင့်ချို)

0 comments
ခုတလော စစ်တပ်ရယ် စစ်တပ်ကိုတလက်ကိုင်လုပ်အသုံးချနေတဲ့
စစ်အုပ်စုရယ်ကို ခွဲခြမ်းစိတ်ဖြာပြီး အောက်ခြေထုတပ်မှူးတပ်သားတွေကို လူထုဘက်သားဖြစ်အောင် စည်းရုံးသိမ်းသွင်းရေးကိစ္စ သဏ္ဍန်ပေါင်းစုံနဲ့ အလွှာပေါင်းစုံ အတန်းအစားပေါင်းစုံက ပြောသံဆိုသံ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ ကောင်းတဲ့ကိစ္စမို့ ကြိုဆိုအပ်သလို တနိုင်လည်း ဝင်ထမ်းကြရမှာပါ။ ကိစ္စတခုလုံးကို ချုံ့ပြောရရင် Army Reform လို့ဆိုတဲ့ တပ်ပြုပြင်ရေးလို့ ဆိုရမယ်ထင်ပါတယ်။

“ပြည်သူသာအမိ ပြည်သူသာအဖ“တို့၊ “တပ်မတော်ကို တကယ့်ကျေးဇူးရှင်ဟာ ပြည်သူ“တို့၊ “တပ်မတော်သားတွေဟာ ကိုယ့်ကိုအသုံးချ ကိုယ်ကျိုးရှာနေတဲ့စစ်ခေါင်းဆောင်တွေကို နာခံစရာမလို၊ ပြည်သူနဲ့ ပြည်သူကရွေးချယ် တင်မြှောက်ထားတဲ့အစိုးရကိုသာ နာခံအပ်တယ်“တို့ စသည်ဖြင့်ပေါ့လေ တပ်ပြုပြင်ရေးလုပ်တဲ့နေရာမှာ ရေလဲသုံးတဲ့ ဝေါဟာရတွေလည်းများပါတယ်။ တကယ်လည်း အဲ့ဒီအတိုင်းဖြစ်ရမှာပါ။

တကယ်လည်း လူမျိုးစုအားလုံးလက်ခံနိုင်စွမ်းနဲ့ တာဝန်ယူနိုင်စွမ်းအပြည့်ရှိတဲ့ ပြည်ထောင်စုတပ်မတော်ဖြစ်လာအောင် နိုင်ငံရေးအရ မဖြစ်မနေပြောင်းလဲယူရမှာပါ။ ဒါတွေကလည်း ပြည်တွင်းစစ်ရပ်စဲနိုင်မှ ပြည်တွင်းငြိမ်းချမ်းရေးကို မှန်မှန်ကန်ကန်နဲ့ ရေရှည်တည်တန့်အောင်လုပ်နိုင်မှဖြစ်မယ့်ကိစ္စပါ။ ခု ကျနော်က နိုင်ငံရေးသိတ်ကျလွန်းတာတွေ ခနထားပြီး စစ်သားစိတ် စစ်သားအတွေးနဲ့ ခံစားမှုဘက်ကနေ ဇောင်းပေးတင်ပြချင်တာပါ။

တဖက်ကနေလည်း တပ်ကို တပ်နဲ့တူတူတန်တန်ဖြစ်အောင် တပ်မှူးတပ်သားတွေရဲ့အဆင့်အလိုက် စားဝတ်နေရေး ပြေလည်သောင်သာအောင်၊ စစ်လက်နက်၊ နည်းပညာတွေ အဆင့်မီမီဖြစ်အောင် လုပ်ပေးရမှာတွေလည်းရှိပါတယ်။ ခြေညှပ်ဖိနပ်၊ သေနတ်မီးကျိုးမောင်းပျက်၊ ယူနီဖောင်း စုတ်စုတ်ပြတ်ပြတ်နဲ့ စစ်သားတွေမြင်ရတာ ကျက်သရေမရှိသလို သူတို့ကိုယ်တိုင်လည်း လူမလေးခွေးမခန့်လိုခံစားမှုတွေဖြစ်ကြပါတယ်။ လက်ထဲသေနတ်ကိုင်ထားပြီး ဖြဲသာခြောက်နေရပေမယ့် လူတွေရဲ့အမြင်မှာ အထင်ကြီးအားကျချင်စရာ ဘာမှကို မရှိမှန်း သူတို့ဘာသာလည်းသိနေပါတယ်။ ရှက်လည်းရှက် သိမ်လည်းသိမ်ငယ်နေကြသလို ကိုယ့်ကိုယ်ကိုတောင် မလေးစားနိုင် မကြည်ညိုနိုင်တွေအထိဖြစ်ကြပါတယ်။

နိုင်ငံရေးအရရော၊ လူမှုစီးပွားရေးအရရော၊တပ်ကို တူတူတန်တန်တပ်ဖြစ်ရေးတွေရဲ့အခြေခံက “တပ်ဟာ လူထုတပ်၊ လူထုကရွေးကောက်ထားတဲ့အစိုးရကို နာခံတဲ့တပ်“ ဖြစ်လာဖို့ပါ။ ဒီလို ခြေဆင်းခံနေတာများလို့ လိုရင်းပြန်ကောက်ပြီး ချုံပြောပါရစေ။

တပ်ကို အဲ့ဒါတွေလည်း လုပ်ပေးပါ၊ သိမြင်နားလည်လာအောင်လည်း သင်ပြပေးပါ။ တပြိုင်နက်တည်းမှာ “စစ်သားဆိုတာ ယူနီဖောင်းဝတ်ထားတဲ့နိုင်ငံသားဖြစ်တယ်“ဆိုတဲ့ အယူအဆကို စွဲမြဲသိမြင်ကျင့်သုံးအောင် လုပ်ပေးပါ။

ဒီလိုလုပ်ပေးရာမှာ အခြေခံအကျဆုံးနဲ့ အခရာအကျဆုံးကိစ္စက “စစ်စည်းကမ်း စစ်ဥပဒေချိုးဖေါက်မှုမှတပါး နယ်ဘက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာပြစ်မှုတွေ ချိုးဖေါက်ကျူးလွန်သည့် မည်သည့် တပ်မှူးတပ်သားကိုဖြစ်စေ အခြား(အရပ်သား) နိုင်ငံသားများနည်းတူ အရပ်ဘက်တရားရုံးများက တရားစီရင်ပိုင်ခွင့်ရှိကြောင်း“ကို သိမြင်နားလည်လက်ခံလာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။

သဘောက “ပြည်သူဟာ ထမင်းရှင်၊ ပြည်သူဟာအမိအဖဆိုတာတင် မက ပြည်သူအပေါ်ကျူးလွန်တဲ့အမှုကို ပြည်သူကရွေးချယ်ခန့်အပ်ထားတဲ့တရားရုံးများက တရားစီရင်ခြင်းကိုပါခံယူရမယ်“ ဆိုတာပါပဲ။

စစ်တပ်ဟာ ပြည်သူ့ကျေးဇူးကိုသိရုံ၊ ပြည်သူကိုချစ်ရုံနဲ့တင် မလုံလောက်ပါ။ ပြည်သူ့ဥပဒေတွေနဲ့ ပြည်သူ့တရားစီရင်ရေးစနစ်ကိုပါ ကြောက်ရွံ့ရိုသေ ရပါလိမ့်မယ်။ ပြည်သူကို ကြောက်နေရပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်ပြောတဲ့ “ကြောက်“က မဟုတ်မမှန်တာလုပ်သူတွေ “အမှန်နဲ့တရားတဲ့ဥပဒေ“ ကို ကြောက်နည်း ကြောက်ဖို့ပါ။

ခု အောက်ခြေတပ်မှူးတပ်သားတွေ စစ်အုပ်စုကိုကြောက်နေကြရတာရဲ့ အရင်းခံအကြောင်းဟာ “စစ်တပ်ကကျူးလွန်သမျှ စစ်တပ်ကပဲစီရင်မယ်“ ဆိုတဲ့လုပ်ပိုင်ခွင့်ကြောင့်ပါ။ ဒီအကြောက်တရားနဲ့ အောက်ခြေထုကို “ကိုင်“ထားတာပါ။ တပ်ထဲမှာ တိုင်းပြည်နဲ့ဆိုင်တဲ့ ပြည်သူနဲ့ဆိုင်တဲ့အမှုအခင်းတွေ လဘ်ပေးလဘ်ယူတွေ တကယ်ကျူးလွန်နေဦးအောင် တရားသဖြင့်စီရင်မှု တရားခံဘက်ကရပိုင်ခွင့် အများပြည်သူမျက်မှောက်မှာ တရားစီရင်မှုစတာတွေ ဘာတခုမှမရှိပါ။ အုပ်စုဂိုဏ်းဂဏဖွဲ့ လက်ဦးမှုယူပြီး အရင်းလဲအဖျားထင်းဖြစ် လျှင်သူစား ဖြုတ်ထုတ်သတ်လုပ်နေတာကို
အောက်ခြေထုက ကြောက်နေကြတာပါ။

ဒါပေမယ့် ဒီ “အကြောက်“ဟာ ကျနော် အပေါ်မှာပြောတဲ့ “အမှန်နဲ့တရားတဲ့ဥပဒေ“ကို ကြောက်နည်းကား ကြောက်နေကြတာမဟုတ်ပါ။ မှန်မှန်မှားမှား ခံစရာရှိကိုယ်ပဲခံရမှာဆိုပြီး ထိတ်လန့်ကြောက်ရွံ့နေရတဲ့ အဖြစ်မျိုးပါ။ လူဟာ တခုခုကိုနာခံဖို့ အကြောက်တရား လိုတဲ့အခါလိုတယ်ဆိုပေမယ့် သိစိတ်ရှိရှိနဲ့ ကြောက်ရွံ့လေးစားပါမှဖြစ်မှာပါ။

ကျနော်တို့ဟာ “စစ်စည်းကမ်းနဲ့ စစ်ဥဒေ”ချိုးဖေါက်ကျူးလွန်တာကို စစ်တပ်ကစီရင်ဖို့ကိုသာ စစ်တပ်လက်ထဲထားပြီ၊ ပြည်သူအပေါ်၊ တိုင်းပြည်အပေါ်ကျူးလွန်တဲ့ အမှုအခင်းမှန်သမျှကို ပြည်သူက(နယ်ဘက်တရားရုံးတွေက) တရားစီရင်တာဟာ မှန်ကန်ကြောင်း၊ စစ်ခေါင်းဆောင်တွေမှာ စိတ်ထင်ရာ တရားစီရင်ခွင့်မရှိကြောင်း၊ စစ်ဘက်ကနေ တရားလက်လွတ် ထင်ရာစိုင်းလုပ်နေတာတွေဟာ မှားယွင်းကြောင်း၊ မှားယွင်းစီရင်ခံရသူတွေမှာ နစ်နာကြောင်း၊ စစ်သားဟာ ယူနီဖောင်းဝတ်နိုင်ငံသားဖြစ်လို့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရထိုက်သူဖြစ်ကြောင်း၊ နိုင်ငံသားပီပီ နိုင်ငံတော်ရဲ့ဥပဒေတွေနဲ့ တရားစီရင်ရေးကိုသာ လေးစားကြောက်ရွံ့ နာခံဖို့လိုကြောင်း၊ တကယ့်တရားစီရင်ခွင့်ဆိုတာ ပြည်သူတွေရဲ့လက်ဝယ်မှာပဲ ရှိကြောင်း၊ သူတို့လက်ခံနားလည်တဲ့အထိ ဆွေးနွေးပြောဆိုဖို့လိုပါမယ်။

စစ်သားဟာ မှန်ကန်ပြီးတရားတဲ့ဥဒေကိုပဲ ကြောက်ရွံ့လေးစားရမှာဖြစ်သလို မျှတပြီး နိုင်ငံသားအခွင့်အရေးအပြည့်အဝရှိတဲ့တရားစီရင်ရေးကို နာခံရမှာပါ။
အောက်ခြေထုတပ်မှူးတပ်သားတွေဟာ စစ်အုပ်စုထိပ်သီး စစ်အာဏာရှင်တွေကို “ကြောက်“မနေစေချင်ပါ။ ပြည်သူကို၊ တိုင်းပြည်ကို၊ မှန်ကန်ပြီး မျှတတဲ့ဥပဒေနဲ့ တရားစီရင်ရေးကိုပဲ “ကြောက်ရွံ့”ကြပါ။

ကျနော်က ကိုယ်တိုင်လည်းတပ်ထဲနေခဲ့သူပါ။ ကျနော်လည်း “ကြောက်“ခဲ့ဖူးပါတယ်။
ဧပြီ ၃၊ ၂ဝ၁၆

Sunday, April 3, 2016

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ၁ဝ- နှစ်ခရီး(၂ဝ၁၆-၂ဝ၂၅)မှန်းဆချက် ၁၁ ချက် (မြစမ်းအေး)

0 comments
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ၁ဝ နှစ်ခရီး (၂ဝ၁၆-၂ဝ၂၅) မှန်းဆချက် ၁၁ ချက်။
အမေရိကန်အခြေဆိုက် Stafford သုခမိန်အဖွဲ့ရဲ့ (၂ ဖေဖော်ဝါရီ ၂ဝ၁၆) မှန်းဆချက်ပါ။ ဒီအဖွဲ့ရဲ့ မဟာဗျူဟာသုံးသပ်ချက်များဟာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ် တစုံတရာ ဩဇာသက်ရောက်ပါတယ်။

ဥပမာ ယူကရိန်းအရေးအခင်းမှာ အမေရိကန်အနေနဲ့ နေတိုးနဲ့အတူ စစ်အင်အားပြတာပဲလုပ်၊ စစ်တပ်မလွှတ်နဲ့ ဂျာမနီနဲ့အတူ ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူ၊ မဟာမိတ်များနှင့်အတူဖိအားပေးဖို့ အခါပေးခဲ့တယ်။ ဆီးရီးယားအရေးအခင်းမှာ အီရတ် အာဖဂန်တို့မှာလို ကိုယ်တိုင်မဝင်နဲ့ ကိုယ်စားလှယ်ငှားတိုက် proxy war ၊ အာဆတ် ဖြုတ်ချရေးအတွက် အလယ်အလတ်ဝါဒီ moderate တွေကို လက်နက် ထောက်ပံ့ပြီး တိုက်ခိုင်း၊ ဆော်ဒီ၊ အီရတ်၊ တူရကီ အရှေ့ကအလယ်ပိုင်း ကြီးသုံးကြီးကို မျှထိန်းထားပြီး ရုရှားကိုတန်ပြန်ဖို့ ပင်လယ်နက်ကို ချုပ်ကိုင်ဖို့လုပ် စသဖြင့် နှပ်ကြောင်းပေးခဲ့တယ်။ ပထဝီနိုင်ငံရေးရဲ့အချက်အချာ ဒေသဟာ အာရှပစိဖိတ်မှတဆင့် အန္ဒိယသမုဒ္ဒရာနဲ့ အာဖရိက အရှေ့ပိုင်းအထိ ဖြစ်လာတယ်လို့ ဆိုခဲ့တယ်။ ယခု ရုရှား၊ ဥရောပ၊ တရုတ်၊ ဂျပန် အပေါ် သုံးသပ်ချက်များနှင့်အတူ အမေရိကန်ရဲ့အခန်းကို ပုံဖော်ထားတဲ့ သူတို့ရဲ့ အနုမာနမှန်းဆချက်များကို မှီငြမ်းကိုးကားနိုင်ဖို့တင်ပြလိုက်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး အလားအလာမကောင်းဘူး။ အမေရိကန် အင်အားဆုတ်ယုတ် တခြားရှေ့တန်းရောက်နိုင်ငံများလည်း ဖရိုဖရဲကျဆင်းဟု သုံးသပ်ထားတယ်။

ရုရှားပြိုကွဲမယ်။ မော်စကိုမှာ အုံကြွမှုများပေါ်ပေါက်မယ်။ ပံ့ပိုးထိန်းချုပ်နိုင်စွမ်း ကုန်ခန်းနေတဲ့အတွက် ရုရှားဖယ်ဒရေးရှင်းဟာ အစိတ်စိတ် အမြွှာမြွှာကွဲပြီး ကွက်လပ်တွေဖြစ်ပေါ်လာမယ်။

ဒဏ်ခတ်ပိတ်ဆို့မှု ရေနံဈေးကျဆင်းမှု ရူဘယ်ငွေတန်ဖိုးကျမှု စစ်ရေးအသုံးစရိတ်မြင့်မားမှုနှင့် ပြည်တွင်းရေးမတည်မငြိမ်ဖြစ်မှုများကြောင့် ရုရှားဗဟိုအစိုးရအဖို့ ကမ္ဘာ့အကြီးဆုံးနိုင်ငံကြီးကို ထိန်းချုပ်ဖို့ အားနည်းလာမယ်။ ရုရှားဟာ နိုင်ငံစုံအဖြစ် တရားဝင်ကွဲသွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစိပ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်လေးများအဖြစ် ရက်သီထားသော်လည်း တဦးနဲ့တဦး သဟဇာတ မဖြစ်တဲ့ နိုင်ငံအဖြစ် ရုရှားရဲ့အင်အားဟာ လျော့ပါးသွားမယ်။

မော်စကိုရဲ့အာဏာ သိသိသာသာအားနည်းသွားပြီး တရားဝင်ကော တရားမဝင်ပါ အစိပ်စိပ်အမြွှာမြွှာဖြစ်ဖို့ဦးတည်နေတဲ့အတွက်၊ ရုရှားဖယ်ဒရေးရှင်းဟာ လက်ရှိပုံစံအတိုင်းရှင်သန်ဖို့ ဖြစ်နိုင်ချေမရှိဘူး။

ဒါ့ကြောင့် အမေရိကန်အနေနဲ့ စစ်အင်အားသုံးပြီး (ရုရှားရဲ့)နျူကလီးယားလက်နက်များလုံခြုံရေးအတွက် လုပ်ဆောင်ရလိမ့်မယ်။ ရုရှားနျူကလီးယားလက်နက်အဆောက်အအုံဟာ ကျယ်ပြောတဲ့ ဒေသတလျှောက် ပြန့်ကျဲနေတယ်။ အကယ်၍ နိုင်ငံရေးအရအကွဲအပြဲ ဖြစ်လာရင် လက်နက်တွေ၊ လက်နက်အစိတ်အပိုင်းတွေ ဖြန့်ကျက်မှုစနစ်တွေနိဂုံးချုပ်သွားပြီး ကမ္ဘာ့အန္တရာယ်အကြီးဆုံး အင်အားကွက်လပ်ကြီး ဖြစ်ပေါ်လာမယ်။

ပေါ်ပေါက်လာမယ့် ရုရှားနျူကလီးယားအစုအပုံကြီးဟာ လာမယ့်ဆယ်စုနှစ်အတွက် အကြီးမားဆုံးအကျပ်အတည်း’ ဖြစ်လိမ့်မယ်။ အမေရိကန်အနေနဲ့ ဘာလုပ်မလဲဆိုတာတွက်ထားရမယ်။ လိုအပ်ရင် ပြန့်ကျဲနေတဲ့လက်နက်တွေ အစိတ်အပိုင်းတွေ ဒုံးတွေ လုံခြုံရေးအတွက် မြေပြင်တပ် စေလွှတ်ဖို့လည်းလိုမယ်။

ပြဿနာကို ကိုင်တွယ်နိုင်တဲ့အင်အားဟာ အမေရိကန်မှာသာရှိသော်လည်း စစ်ရေးအရ နေရာအကျယ်ကြီးကိုထိန်းချုပ်ဖို့နဲ့ ဒုံးတလုံးမှ မပစ်လွှတ်စေဖို့ အာမခံဖို့မလွယ်ဘူး။ အမေရိကန်အနေနဲ့ ဆိုးသွမ်းပစ်ခတ်မှုအန္တရာယ်ကိုလက်ခံပြီး လောလောဆယ် မမျှော်တွေးနိုင်သေးတဲ့ စစ်ရေးအရဖြေရှင်းမှုတရပ်ဖြင့် ဖြေရှင်းမလား၊ ဒါမှမဟုတ် ဒေသတွင်းတည်ငြိမ်ပြီး စီးပွားရေးဖြစ်ထွန်းသောအစိုးရအဖြစ် ဖန်တီးပေးပြီး ဒုံးလက်နက်ဖျက်သိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်စေမလား ရွေးရတော့မယ်။

ဂျာမနီမှာ ပြဿနာများမယ်
ဂျာမနီရဲ့ပို့ကုန်အပေါ်မှီခိုမှုစီးပွားရေးက ဥရောပတိုက်တဝှမ်း ကုန်သွယ်ရေးလစ်ဘရယ်ပြုမှုနှင့်အတူ ဥရောပသမဂ္ဂနဲ့ ယူရိုငွေကြေးမှတဆင့် အကျိုးအမြတ်ရ ကြွယ်ဝလာတယ်။ ဒါပေမဲ့ ဆိုးဝါးလာတဲ့ ယူရိုငွေကြေးကပ်နဲ့ ပေါ်ထွက်လာတဲ့ ‘ယူရိုသံသယဝါဒ’ Euroscepticism လှိုင်းကြောင့် ဂျာမနီဟာ အဆိုးဝါးဆုံးဆုံးရှုံးမယ့်နိုင်ငံ ဖြစ်လာတယ်။

နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအားက နစ်နေတဲ့ ဂျာမန်ပို့ကုန်စီးပွားရေးနဲ့ လူဦးရေကျဆင်းမှုကို ပြန်မဆယ်နိုင်ဘူး။ အကျိုးဆက်က ဂျပန်ပုံစံ စီးပွားရေးနှေးကွေးမှု ဖြစ်ပေါ်လာတယ်။

ဂျာမနီဟာ နောက်ဆယ်စုအတွင်း ဆိုးဝါးတဲ့ စီးပွားရေးနောက်ပြန်လှည့်မှုကို ခံစားရလိမ့်မယ်။ ပိုလန်ဟာ ဥရောပရဲ့ခေါင်းဆောင်တဦး ဖြစ်လာမယ်

ဂျာမနီရဲ့ အရှေ့ဘက်ကိုနည်းနည်းကြည့်ရအောင်၊ အခြေအနေ သိပ်မဆိုးလှပါဘူး။
စီးပွားရေးဖွံ့ဖြိုးမှုရဲ့အချက်အချာမှာရောက်နေပြီး နိုင်ငံရေးဩဇာတက်လာတာက ပိုလန်ပဲ။
ပိုလန်ရဲ့ လူဦးရေကျဆင်းမှုဟာ တခြားဥရောပနိုင်ငံများလောက် မများဘူး။ ပိုလန်ဟာ ရုရှားရဲ့ အနောက်ဘက်နယ်နိမိတ်ခြင်းကပ်နေတဲ့ ဥရောပရဲ့ အကြီးဆုံးနဲ့ စီးပွားဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်လာပြီး၊ ဒေသတွင်းခေါင်းဆောင်အဖြစ်ကိုးစားခံရကာ နိုင်ငံရေး စီးပွားရေးဂုဏ်သိက္ခာ မြင့်တက်လာလိမ့်မယ်။
ပိုလန်ဟာ အမေရိကန်နဲ့ နီးကပ်ပြီးရေရှည်တည်တံ့တဲ့ မဟာဗျူဟာမိတ်ဖက်ဖြစ်လာဖို့အကြောင်းရှိတယ်။

ဥရောပ ၄ မျိုး
သိပ်မကြာခင်ကာလက ဥရောပညီညွတ်ရေးဟာ တားမရတဲ့သမိုင်းတွန်းဆော်မှုအဖြစ် ရှုမြင်ခြင်းခံရတယ်။ နိုင်ငံများအကြား နိုင်ငံရေး စီးပွားရေးအတားအဆီးများဖယ်ရှားကာ ဥရောပတိုက်အတွင်း ဒေသစွဲ လူမျိုးစွဲကင်းစင်သွားလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ၁ဝ နှစ် အတွင်း ဒီအထင်ဟာ မှုန်ဝါးသွားခဲ့ပြီ။ လာမယ့်ဆယ်စုနှစ်မှာ တသီးတခြားပိုဖြစ်လာတဲ့ ဥရောပ ၄ မျိုး ဖြစ်လာခြေရှိတယ်။ အနောက်ဥရောပ အရှေ့ဥရောပ စကင်ဒီနေးဗီးယန်းနဲ့ ဗြိတိသျှကျွန်းစုတို့ဖြစ်တယ်။ သူတို့ဟာ ယခင်အိမ်နီးချင်းများအတိုင်း ရှိမြဲရှိမှာဖြစ်သော်လည်း ယခင်ကလို နီးနီးကပ်ကပ်ဆက်စပ်မှု ရှိမှာ မဟုတ်တော့ဘူး။

ဥရောပသမဂ္ဂဟာ ပုံစံတမျိုးနဲ့ရှိနိုင်သော်လည်း ဥရောပရဲ့ စီးပွားရေး နိုင်ငံရေး စစ်ရေး အဆက်အဆံပြုမှုဟာ နှစ်နိုင်ငံချင်းသော် လည်းကောင်း၊ အကန့်အသတ်ရှိတဲ့ နိုင်ငံစုံပုံစံအဖြစ်သော်လည်းကောင်း တည်ရှိမှာဖြစ်ပြီး အဝန်းအဝိုင်းလည်း ငယ်မယ်၊ မလုပ်မနေရမူလည်း ရှိမှာ မဟုတ်တော့ဘူး။ မြင့်မြင့်မားမား ပြုပြင်ထိန်းသိမ်းထားတဲ့ ဥရောပသမဂ္ဂထဲမှာ နိုင်ငံတချို့ဆက်ရှိနေနိုင်သော်လည်း ဥရောပကို ကိုယ် စားပြုနိုင်မှာ မဟုတ်တော့ဘူး။

မထင်မှတ်ဘဲ တူရကီနဲ့အမေရိကန် ရင်းချာတဲ့မဟာမိတ် ဖြစ်လာမယ်။
အာရပ်နိုင်ငံအများအပြားဟာ ပြိုလဲမယ့်အခြေအနေရှိတယ်။ ကာလတိုအတွင်း ဖရိုဖရဲဖြစ်မှုအဆုံးသတ်မယ့်ပုံ မပေါ်ဘူး။ ဒီ အပေါ်က အမြတ်ထွက်မှာက အင်အားတောင့်တင်းပြီး နှိုင်းယှဉ်ခြင်းအားဖြင့် တည်ငြိမ်ကာ ပင်လယ်နက်မှ ဆီးရီးယား အီရတ်အထိ နယ်နိမိတ်ရှိတဲ့ တူရကီပဲ။

တူရကီအနေနဲ့ သူ့နယ်စပ်မှာပေါ်ပေါက်နေတဲ့ ပဋိပက္ခများမှာ ပါဝင်စွက်ဖက်ဖို့တွန့်ဆုတ်နေသော်လည်း မလွှဲမရှောင်သာ ပါဝင်ရလိမ့်မယ်။ အင်ကာရာရဲ့ အင်အားနဲ့ပြောရေးဆိုခွင့်တိုးလာတာနဲ့အမျှ(တူရကီဟာ) အမေရိကန်ရဲ့ မရှိမဖြစ်တဲ့မိတ်ဖက်ဖြစ်လာမယ်။

ပင်လယ်နက်ရဲ့ တဖက်မှာတည်ရှိပြီး တစုံတရာ အင်အားကြီးမားကာ ရန်လိုတဲ့နိုင်ငံကြီးတခုရဲ့ စစ်အခြေဆိုက်စခန်းဟာ တူရကီရဲ့ အိမ်နီးချင်းဖြစ်တဲ့ အာမေးနီးယားမှာရှိနေတဲ့အတွက် တူရကီအဖို့ တစုံတရာသောကာကွယ်ရေးမျဉ်းကို ရယူချင်လိမ့်မယ်။ တူရကီအနေနဲ့ မော်စကိုရဲ့အန္တရာယ်ကို သူ့ရဲ့နောက်ကျောမှဖယ်ရှားပေးဖို့ အမေရိကန်အကူအညီကို လိုချင်လိမ့်မယ်။

တူရကီအနေနဲ့ နိုင်ငံရေး စီးပွားရေးအကြောင်းကြောင့် အမေရိကန်အကူအညီကို ဆက်လက်လိုအပ်နေမယ်။ အမေရိကန်ရဲ့ ကျေးဇူးပြုမှုအတွက် အဖိုးအခအနေနဲ့ ရုရှားကိုထိန်းချုပ်ရေးမှာ ပါဝင်လာရလိမ့်မယ်။ တူရကီအနေနဲ့ စစ်ခင်းတဲ့အထိလုပ်ဆောင်လာလိမ့် မယ်လို့ အမေရိကန်အနေနဲ့ မယူဆဘူး။ အဲဒီလိုဖြစ်ဖို့လည်း မရည်ရွယ်ဘူး။ ပင်လယ်နက်အရေးမှာ တနည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တော့ လိုလားပါတယ်။

တရုတ်ပြည် ရင်ဆိုင်ရမယ့်ပြဿနာကြီး
တရုတ်ပြည်အဖို့ ကြမ်းတမ်းတဲ့ ဆယ်စုနှစ်ကို ကြုံရလိမ့်မယ်။ စီးပွားဖွံ့ဖြိုးမှုနှေးကွေးလာတာနဲ့အမျှ အာဏာရကွန်မြူနစ်ပါတီအပေါ် မကျေနပ်မှုများ ကျယ်ပြန့်လာတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက လစ်ဘရယ်လမ်းကို လိုက်လိမ့်မယ်မဟုတ်ဘူး။ အဓိပ္ပာယ်က ဖရိုဖရဲဖြစ်မှုကို ထိန်းသိမ်းဖို့ အာဏာကိုဆက်လက်ဆုပ်ကိုင်ထားတာနဲ့အမျှ ပြည်တွင်းမှာ ဖိနှိပ်မှုတိုးပွားလာမယ်။

ပီကင်းဟာ ပိုကြီးကောင်းကြီးမယ့် နောက်ထပ်ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ တရုတ်ဖွံ့ဖြိုးမှုဟာ ပထဝီအရ ညီမျှမှုမရှိသေးဘူး။ ကမ်းရိုးတန်းမြို့ကြီးများ စည်ပင်ဖွံ့ဖြိုးနေသော်လည်း တရုတ်ပြည်အတွင်းပိုင်းကတော့ နိုင်ငံတကာဈေးကွက်သို့ ပေါက်ရောက်မှုနည်းပြီး နှိုင်းယှဉ်ခြင်းအရ ဆင်းရဲတယ်။ တရုတ်ပြည်မြို့ပြဖွံ့ဖြိုးရေးမှာ ဒီပြဿနာဟာ ပိုဆိုးလာမယ်။ ပိုမိုမြို့ပြဆန်လာတဲ့ ယန်စီမြစ်ဝကျွန်းပေါ် ဒေသမှအပ အတွင်းပိုင်းဒေသများဟာ ကမ်းရိုးတန်းဒေသများကဲ့သို့ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးမျှော်လင့်ချက်ဟာ ပျက်ပြားသွားပြီ။
ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းအကြား ကြီးထွားလာတဲ့ အက်ကြောင်းဟာ ပိုကြီးတဲ့အကွဲအပြဲအတွက် မကောင်းတဲ့နိမိတ်ပဲ။

ဒေသန္တရအကွဲအပြဲဟာ တရုတ်သမိုင်းတလျှောက် နိုင်ငံရေးဖရိုဖရဲဖြစ်ဖို့ တွန်းဆော်ပေးတဲ့အရာဖြစ်ခဲ့တယ်။ မပြေးသော်ကန်ရာရှိဆိုသလို ပီကင်းရဲ့ပေါ်လစီဖြစ်တဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကို ထိန်းဖို့အတွက် ကုန်းတွင်းပိုင်းသို့ ကြွယ်ဝမှုလွှဲပြောင်းရေးပေါ်လစီကို ကမ်းရိုးတန်း ဒေသများက နိုင်ငံရေးအကျိုးစီးပွားအရ ပုန်ကန်လာချေရှိတယ်။ အာရှရဲ့ ပေါ်ထွန်းလာမယ့်ရေတပ်အင်အားဟာ ဂျပန်ဖြစ်မယ်။

ဂျပန်ရဲ့ ရေကြောင်းအစဉ်အလာဟာ ရာစုနှစ်များစွာ ကြာခဲ့ပြီဖြစ်တယ်။ ကျွန်းနိုင်ငံဖြစ်တဲ့အလျောက် သွင်းကုန်အပေါ်အားပြုရတယ်။ တရုတ်က ကိုယ်ပိုင်ပုံစံနိုင်ငံတော်ရေတပ်ကို တည်ဆောက်နေတယ်။ ဂျပန်ကမှီခိုအားထားနေတဲ့ အရှေ့တရုတ်ပင်လယ် တောင်တရုတ် ပင်လယ် အန္ဒိယသမုဒ္ဒရာအတွင်းရှိ ရေကြောင်းလမ်းများကိုထိန်းချုပ်နိုင်ဖို့ တရုတ်ရဲ့ရန်လိုတဲ့သဘောထား ပိုမိုဖော်ပြလာနေတယ်။

ဂျပန်အဖို့ တခြားရွေးစရာလမ်း ရှိလိမ့်မယ်မဟုတ်ဘူး။ သူ့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းများကိုကာကွယ်ဖို့နဲ့ တရုတ်ကိုတန်ပြန်ဖို့အတွက် ဒေသတွင်းအင်အား တိုးချဲ့ရလိမ့်မယ်။ အမေရိကန်အင်အားကျဆင်းနေတဲ့အတွက် ကိုယ့်ဖာသာကိုယ် လုပ်ရလိမ့်မယ်။

လောလောဆယ်မှာ လမ်းကြောင်းလုံခြုံရေးအတွက် အမေရိကန်ကိုပဲ မှီခိုနေရသေးတယ်။ ဒါပေမဲ့ ပြည်ပအရေးအခင်းများမှာ အမေရိကန် ပါဝင်ပတ်သက်မှုအပေါ် ဂရုစိုက်ကြည့်ခဲ့ရင် အမေရိကန်က သွင်းကုန်အပေါ်အားပြုနေရတာ မဟုတ်တော့တဲ့အလျောက် အမေရိကန်အပေါ် မှီခိုဖို့ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဒါကြောင့် လာမယ့်နှစ်များမှာ ဂျပန်ဟာ သူ့ရဲ့ရေတပ်အင်အားကို တိုးမြှင့်လိမ့်မယ်။

တောင်တရုတ်ပင်လယ်ကျွန်းစုကြောင့် စစ်ဖြစ်မှာမဟုတ်ပေမယ့် စစ်ပွဲအဖြစ် ကူးဆက်သွားနိုင်တယ်။

ဒေသန္တရအင်အားများက တောင်တရုတ်ပင်လယ်ကျွန်းစုအငြင်းပွားမှုကြောင့် စစ်ရှိန်မြှင့်သင့်မသင့် ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီ ကျွန်းများဟာ ပေါက်ကွဲလွယ်တဲ့ပါဝါအငအားရဲ့လက္ခဏာကို ဖော်ပြနေတုန်းပဲ။

အရေးမပါတဲ့ကျွန်းများပေါ်မှ ထုတ်လုပ်ရေးစရိတ်နည်းပါးပြီး အမြတ်အစွန်းမရနိုင်တဲ့စွမ်းအင်အတွက် စစ်တိုက်ကြဖို့ဆိုတာ အဓိက အကြောင်းရင်း မဟုတ်ပါဘူး။ တကယ်တော့ ဟောင်းအိုနေပြီဖြစ်တဲ့သုံးပွင့်ဆိုင်ကစားပွဲပဲ ဖြစ်ပါတယ်။ အင်အားယုတ်လျော့နေတဲ့ရုရှားက သူ့ရဲ့ရေကြောင်းအကျိုးစီးပွားကို ကာကွယ်နိုင်စွမ်း ကျဆင်းနေတယ်။ တရုတ်နဲ့ဂျပန်က တဦးရန်မှတဦးကာကွယ်ဖို့ သူတို့ရဲ့စွမ်းရည်ကိုမြှင့်ဖို့ စိတ်ဝင်စားကြတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ လက်နက်ကိုင်ပဋိပက္ခ မဖြစ်ပွားသော်လည်း အန္တရာယ်များတဲ့ အင်အားကြီးများ အရှေ့အာရှသို့ ပြန်လာနေပြီ။

တရုတ်ပြည်အငယ်စား ၁၆ ခု ပေါ်လိမ့်မယ်
တရုတ်စီးပွားရေး နှေးကွေးကျဆင်းပြီး ထုတ်လုပ်ရေးစွမ်းရည်တိုးတက်မှုတန်းနေမယ်။ ဒါဟာ လက်တဆုပ်စာနိုင်ငံများအဖို့ သတင်းကောင်းပဲ။ တရုတ်က လောဘတကြီးဝါးမျိုထားတဲ့ ပဏာမအဆင့် စက်မှုလုပ်ငန်းများဟာ စုစုပေါင်းလူဦးရေ ၁.၁၅ ဘီလီယံ (သန်းထောင်ပေါင်း) ရှိ စီးပွားထွန်းသစ်စ နိုင်ငံ ၁၆ နိုင်ငံသို့ ရွှေ့ပြောင်းသွား လိမ့်မယ်။

တရုတ်စီးပွားရေးတုံ့ဆိုင်းနေခြင်းက မမျှော်မှန်းနိုင်တဲ့ နိုင်ငံရေး စီးပွားရေး အကျိုးဆက်များဖြစ်ပေါ်စေတယ်။ မက်စီကို၊ နိုက်ကရာဂွာ၊ ဒိုမီနီကန်ရီပတ်ပလစ်၊ ပီရူး၊ အီသီယိုးပီးယား၊ ယူဂန်ဒါ ကင်ညာ၊ တန်ဇန်နီးယား၊ ဘင်္ဂလားဒေ့ရ်၊ မြန်မာ၊ သီရိလင်္ကာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှားတို့ဟာ လာမယ့်ဆယ်စုနှစ်အတွင်း စက်မှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာပြီး စီးပွားရေး စန်းထလာမယ်။

အမေရိကန်အင်အား ကျဆင်းမယ်
နောက် ၁ဝ နှစ်မှာ ကမ္ဘာကြီးဟာ စည်းစနစ်ပိုမိုကင်းမဲ့လာပြီး မရေမရာဖြစ်လာတာနဲ့အမျှ ကမ္ဘာ့ပြဿနာများရဲ့စိမ်ခေါ်မှုများကို ရင်ဆိုင်ရာမှာ အမေရိကန်အနေနဲ့ အားတက်သရော ဦးဆောင်မှုပေးနေမယ့်အစား ဥာဏ်အမြော်အမြင်နဲ့ယှဉ်ပြီး တုံ့ပြန်ရလိမ့်မယ်။

စီးပွားရေးကြီးထွား ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှုမြင့်တက် ပို့ကုန်နိမ့်ကျပြီး ကမ္ဘာ့အတည်ငြိမ်ဆုံးနေရာမှာ လုံလုံခြုံခြုံရှိနေတဲ့အမေရိကန်အဖို့ ကမ္ဘာ့အကျပ်အတည်းမှ တသီးတခြားခွဲပြီး နှပ်လေို့ရပါတယ်။

ကမ္ဘာ့အရေးအခင်းများမှာ အမေရိကန်ပါဝင်မှုကို ထိန်းချုပ်ထားလေ ကမ္ဘာကြီးဟာ မှန်းရခက်လေဖြစ်မယ်။ စည်းစနစ်ကင်းမဲ့နေတဲ့ ကမ္ဘာကြီးအဖြစ် ဒေသအများအပြားမှာ အုပ်ထိန်းစောင့်ရှောက်မှု အပြောင်းအလဲတွေ ဖြစ်လာမယ်။ အမေရိကန်ရဲ့အင်အားက မပြောင်းမလဲ ဆက်လက်ကြီးထွားနေမှာဖြစ်ပြီး နောက်ဆယ်စုနှစ်အတွင်း သိပ်မြင်တွေ့ရမှာ မဟုတ်သလို သိပ်သုံးဖို့လည်းမလိုဘူး။
ရည်ညွှန်း ။ Startfor has 11 chilling predctions for what the world will look like in 10 years. မြစမ်းအေး (၇ မတ် ၂ဝ၁၆)
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)

စာတည်းအဖွဲ့အမှာ(အရေးတော်ပုံဂျာနယ် အတွဲ၂၊ အမှတ်၎)

0 comments
စာတည်းအဖွဲ့အမှာ
(၁)
အစိုးရဟောင်းနဲ့ အစိုးရသစ်
အဟောင်းထွက် အသစ်တက်လာတဲ့ပွဲက ပြေပြေချောချောကြီးတော့ မဟုတ်။ အများညီလိုက်ကြရပြီး ‘ဤ’ကို ‘ကျွဲ’ ဖတ်လိုက်ရတဲ့သဘော ဆောင်နေပါတယ်။

(သန့်ရှင်းသော)အစိုးရဟောင်းက အောင့်သက်သက်နဲ့ထွက်သွားရပေမယ့် ကိုယ့်အရှက်ကိုယ်ခွဲပြီး မြက်ပင်ပါမကျန် လက်ကုန်နှိုက်သွားခဲ့ကြတယ်။ ဒါ့အရင် လွတ်တော်တွင်းမှာ တင်လာသမျှဖော်ထုတ်ချက်တွေကို စစ်တပ်ကိုယ်စားလှယ်တွေက မတ်တတ်ရပ်တားရတဲ့အထိ အရှက် ဟက်တက်ကွဲခဲ့ပြီးလည်း ဖြစ်တယ်။

အစိုးရသစ်ဘက်မှာလည်း တာထွက်ကောင်းလှသည်တော့ မဟုတ်။ ဒုသမ္မတတဦးနဲ့ ဝန်ကြီးနှစ်ပါးကိစ္စကြောင့် ရှင်းရလင်းရလုပ်ခဲ့ရတယ်။

(၂)
စစ်အာဏာရှင်စနစ်က တည်ရှိဆဲ
အပေါ်ယံကြည့်ရင်တော့ စစ်အာဏာရှင်စနစ်က ခံစစ်ပဲ၊ နိုင်ငံရေးအရ ဥပဒေကြောင်းအရ အောက်စည်းမှာရောက်နေတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုက အစိုးရသစ်ဘက်မှာရှိတယ်။
ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေကြီးက စစ်အုပ်စုဘက်မှာရှိနေပြီး ဒီဥပဒေကို ဒီချုပ်ကလက်ခံထားရတယ်။ ဒါကြောင့်လည်း ဒီချုပ်ဥက္ကဋ္ဌကိုယ်တိုင်က ‘တပ်မတော်နဲ့ထိပ်တိုက်တိုးမယ့်ဟာဆို ဘာမှ မလုပ်ဘူး’ လို့ ပြောခဲ့ဟန်ရှိတယ်။

တဖက်မှာ စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို အကျအနပြင်ဆင်ထားတာဖြစ်လို့ အခွင့်သာတဲ့အခါ ပါဝါမာကို ကောင်းကောင်းအသုံးချလိမ့်မယ်ဆိုတာကို မမေ့ဖို့လိုတယ်။

နောက်- ကာချုပ်ပြောခဲ့တဲ့မိန့်ခွန်းတွေကို ကြည့်ရင်-
- ၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်သွားမယ်။
- တပ်မတော်ရဲ့ မူ ၆ ချက်အတိုင်းလုပ်ဆောင်သွားမယ်။
- တိုင်းပြည်အေးချမ်းစေဖို့ဆိုရင် လက်နက်ချမှဖြစ်မယ်... ဆိုတာတွေပဲ။

ခု မတ်လ ၂၇ မိန့်ခွန်းမှာ ‘ပြည်ထောင်စုပြိုကွဲမှုကိုဦးတည်လာမယ့် အခြေအနေမျိုးတွေကို တပ်မတော်အနေနဲ့ ရောက်ရှိခံမှာမဟုတ်’ဆိုတဲ့ အဆင့်အထိပြောပြီး ဒီချုပ်ကိုရော တိုင်းရင်းသားတွေကိုပါ သတိပေးသွားခဲ့တယ်။

ဒါ့အပြင် သဘောထားတင်းမာတဲ့ လက်မရွံ့ဗိုလ်ချုပ်ဟောင်းတယောက်ကို ဒုသမ္မတင်လိုက်တာကလည်း မပြေလည်ချင်တဲ့သဘော ပြနေတယ်။

NCA လက်မှတ်မထိုးတဲ့တိုင်းရင်းသားတွေကို ဖိတိုက်လာနေတာကလည်း သံသယရှိစရာတွေပါ။ ဒါတွေဟာ ဒီနေ့စစ်အုပ်စုသွားနေတဲ့ စစ်အာဏာရှင်စနစ် လမ်းကြောင်းဖြစ်တယ်။

(၃)
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလမ်းကြောင်း (၂) ခု
လစ်ဘရယ်လမ်းကြောင်းနဲ့ ရယ်ဒီကယ်လမ်းကြောင်း....တို့ အပြိုင်ပေါ်နေတယ်။ ပြည်သူတွေက နိုးကြားနေကြပြီဖြစ်တယ်။ မျှော်လင့်ချက်လည်း ကြီးတယ်။
တဖက်မှာ စစ်အုပ်စုက စစ်ရေးတိုးချဲ့နေကြတာကို ငြိမ်းချမ်းရေးလိုချင်သူတွေပီပီ ဆန့်ကျင်ကန့်ကွက်နေကြသလို၊ တပြိုင်တည်းမှာ အစိုးရသစ်က သူတို့ပေးထားတဲ့ကတိတွေ တည်ရဲ့လား၊ တည်နိုင်ပါ့မလား။ တမတ်သားက ဘယ်လိုများကန့်လန့်တိုက်လေမလဲလို့ စောင့်ကြည့်နေကြပါတယ်။

ဒီချုပ်သွားနေတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ မြင်နေပါပြီ။ တကယ်က

စစ်အစိုးရပြုတ်ကျသွားတာ ကောင်းတဲ့ကိစ္စဖြစ်တယ်။

အရပ်သားတပိုင်းအစိုးရ ဖြစ်တည်လာတာလည်း နှိုင်းယှဉ်ချက်အရ ကြိုဆိုနိုင်ပါတယ်။
ဒါပေမဲ့ ၂၀၀၈ ချုပ်ကိုင်မှုကိုနာခံလုပ်နေရမယ့်လမ်းကြောင်းနဲ့ ၂၀၀၈ ကိုဖျက်သိမ်းချင်သူတွေရဲ့ ဖျက်သိမ်းရေးလမ်းကြောင်းက မတူနိုင်ပါဘူး။ သို့တိုင် ဦးတည်ချက်တူညီကြတာမို့ မိတ်ဖက် ရပ်တည်သွားလို့ရပါတယ်။

အစိုးရသစ်ရဲ့လုပ်ဆောင်ချက်တွေကိုစောင့်ကြည့်ပြီး အားပေးစရာတွေ့ရင်အားပေးပါမယ်။ ဝေဖန်စရာရှိရင် ဝေဖန်ပါမယ်။

ဒီအချိန်မှာ စစ်ဗျူရိုကရက်လူတန်းစားရဲ့ ဖောက်ပြန်မှားယွင်းတဲ့ပေါ်လစီအရပ်ရပ်ကို နိုင်ငံရေးအရ အတွေးအခေါ်အရ စည်းရုံးရေးအရ လုပ်ရပ်အရ ဘက်စုံကနေတိုက်ရင်း လူထုအားကိုစုစည်းထားဖို့လိုတယ်။

ဖွဲ့စည်းပုံဥပဒေပြဿနာဆိုတာ အရင်းစစ်ရင် နိုင်ငံရေးပြဿနာပါပဲ။ ၄၃၆ တို့ ၅၉(စ) တို့ဟာ နိုင်ငံရေးတွေပဲ။ ပြည်တွင်းစစ်ပြဿနာဟာ ရေမရောတဲ့နိုင်ငံရေးပြဿနာဖြစ်တယ်။

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ နိုင်ငံရေးအင်အားစုတွေကို စမ်းသပ်တဲ့ စံဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ လျှောက်မယ့်လမ်းက အဆန်းမဟုတ်ဘူး။ သမိုင်းမှာ ဗကပ လျှောက်ခဲ့တဲ့လမ်းကြောင်းပဲ ဖြစ်တယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ပြည်နယ်ပြည်မ မရွေး တိုင်းရင်းသား-ဗမာ မခွဲခြားဘဲ တပြည်လုံးရှိ လူတန်းစား (၄)ရပ်(အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသားနဲ့ အမျိုးသားဓနရှင်)အကျိုးစီးပွားအတွက် ရပ်တည်သွားမယ်။

ပြည်သူကိုယုံကြည်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ် ပြိုပျက်သည်အထိ ဆက်လက်တိုက်ပွဲဆင်သွားကြပါမယ်။
စာတည်းအဖွဲ့ ၃၀၊ ၃၊ ၂၀၁၆
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတယ်)

စစ်အုပ်စုရဲ့အမျိုးသားနိုင်ငံရေးဝါဒ သဘောထား(ဌေးလွန်း)

0 comments
စစ်အုပ်စုရဲ့အမျိုးသားနိုင်ငံရေးဝါဒ သဘောထား
၂၀၁၀-၂၀၁၅ ကြံ့ဖွံ့အစိုးရလက်ထက်အခြေအနေတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ ဘာသာရေး-လူမျိုးရေး အဓိကရုဏ်းတွေ အုန်းအုန်းကျွက်ကျွက်ဖြစ်တာကို တွေ့ရတယ်။ အမျိုးသားရေး၊ အမျိုးဘာသာ သာသနာအရေးဆိုပြီး ဓားသွေးကြ အားမွေးကြ ခုတ်ကြထစ်ကြတာတွေရှိတယ်။ ဒီလူသတ်ပွဲတွေမှာ ပုလိပ်က ၀င်မတားရဲဘူး။ တပ်ကတော့ မိုးပေါ်ထောင် သေနတ်ဖောက်တယ် (တည့်တည့်ပစ်မိန့်မရလို့ ထင်ပါရဲ့)။

ဗိုလ်သိန်းစိန်အစိုးရက မျိုးချစ်အစိုးရအဖြစ် အမှတ်ယူ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးပမ်းတယ်။ ဒီကြားထဲမှာ အထိန်းသိမ်းခံဘဝကလွတ်လာတဲ့ ဗိုလ်ခင်ညွန့်က အမျိုးသားနိုင်ငံရေးလုပ်မယ်လို့ဆို ပြန်တယ်၊ ဝေဖန်တုံ့ပြန်သံတွေညံလာမှ ဘာနိုင်ငံရေးမှ မလုပ်ဘူးလို့ ပြင်ပြောတယ်။ ဒါတောင် အမျိုးသားနိုင်ငံရေးလုပ်မယ်ပြောတာ ပါတီနိုင်ငံရေးမဟုတ်ဘူးလို့ အတွန့်တက်ရှင်းပြပါသေးတယ်။ တခါ သူ့လိုပဲ လွတ်လွတ်လပ်လပ်ြုဖစ်လာကြတဲ့ ဗိုလ်နေ၀င်းမြေးတွေဆီကလည်း အမျိုးသားနိုင်ငံရေးစကား ကြားရတယ်။

အမျိုးသားနိုင်ငံရေးဆိုတာကတော့ သူတို့စစ်အုပ်စုကြားမှာ ရေပန်းစားတဲ့စကားပါပဲ။ ရေပန်းစားပေမပေါ၊့ ဗိုလ်နေ၀င်းကိုယ်တိုင် မျိုးစေ့ချပေးခဲ့တာကိုး။ စစ်အုပ်စုမကျဆုံးသေးသရွေ့ ဒီစကား၊ ဒီ သဘောတရားကိုအခြေပြုတဲ့ လှုပ်ခတ်မှုတွေရှိနေဦးမှာပါ။ တနေ့ကပဲ ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုအရေးအကြောင်းပြပြီး အလောင်းဘုရားစိတ်တွေ နိုးကြားတက်ကြွလာကြသေးတာကလား။

ခေတ်အဆက်ဆက် တက်လာသမျှ စစ်အုပ်စုခေါင်းဆောင်တွေပြောတာ စစ်တပ်က အမျိုးသားနိုင်ငံရေးပဲလုပ်မယ်ဆိုတာချည်းပါ။ ဗိုလ်သန်းရွှေလည်း ပြောတယ်၊ ဗိုလ်မင်းအောင်လှိုင်လည်း ပြောတယ်။ နိုင်ငံခြားအင်တာဗျူးတွေမှာတောင် ဗိုလ်မင်းအောင်လှိုင်က အမျိုးသားနိုင်ငံရေးလုပ်တဲ့တပ်မတော်အကြောင်း ပြောပါတယ်။ နိုင်ငံခြားမီဒီယာတွေကတော့ သူ အဲသလိုပြောတာကို ရယ်ချင်လိမ့်မယ်၊ အမျိုးသားနိုင်ငံရေးတင်မက ကမ္ဘာ့နိုင်ငံရေးမှာပါ ဗမာစစ်တပ်က ဝင်ပါချင်သေးတာလားလို့ မေးချင်လိမ့်မယ်။

တကယ်တော့ စစ်အုပ်စုခေါင်းဆောင်တွေပြောချင်တာ သူတို့က ပါတီနိုင်ငံရေးမလုပ်ပါဘူး၊ နိုင်ငံရေးပါတီတွေလို မိမိပါတီအဖွဲ့အစည်းရဲ့အကျိုးကိုဦးထိပ်ထားတာ မဟုတ်ဘဲ တိုင်းပြည်အကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား)ကိုသာ ဦးထိပ်ထားတာပါလို့ နာမည်ကောင်းယူချင်တာ၊ အပြောတမျိုးအလုပ်တမျိုးနဲ့ တကယ်တမ်းကျ တိုင်းပြည်ရဲ့နိုင်ငံရေးရာတွေမှာ စစ်တပ်က ဝင်စွက်ဖက်နေတာကို လှည့်ပတ်လိမ်ညာချင်တာ။ ဗမာစကားနဲ့သာ အဓိပ္ပာယ်ဗလုံးဗထွေး ဖြစ်နေပေမယ့် အင်္ဂလိပ်လိုပြောတော့ ဘွင်းဘွင်းကြီးပေါ်တာပေါ့၊ နိုင်ငံရေးမှာ စစ်တပ်က ဝင်စွက်ဖက်နေတယ်၊ နောင်လည်း ဝင်စွက်ဖက်နေမယ်ဆိုတာကို ဝန်ခံပြီးသား ဖြစ်သွားတယ်။
ပါတီနိုင်ငံရေးနဲ့ခွဲခြားပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ပြောလေ့ရှိပေမယ့် တလောကတော့ ပါတီနိုင်ငံရေးလို့မသုံးဘဲ အာဏာနိုင်ငံရေးလို့သုံးတာ ဖတ်ရပါတယ်။ ပြန်ကြားရေးတာဝန်ယူထားတဲ့ ဗိုလ်ရဲထွဋ် ပြောတာပါ။ ဒါလည်း ပါတီတွေက နိုင်ငံရေးအာဏာရရေးကိုသာ ဦးစားပေးလုပ်တယ် ဆိုတဲ့သဘော။

စစ်တပ်ဟာ ပါတီနိုင်ငံရေးရဲ့ပြင်ပကနေပြီး ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ အယူဝါဒစွဲမရှိဘဲ တိုင်းပြည်အကျိုးကို သမာသမတ်ကျကျလုပ်ခဲ့သလိုလို လုပ်နေသလိုလို နောင်အခါမှာလည်း အမျိုးသားနိုင်ငျံရေး ဦးဆောင်မှုအခန်းမှာ ရှိနေဖို့လိုအပ်တယ်ဆိုပြီး အာဏာကို ချက်ပိုင်ပိုင် ချုပ်ကိုင်ထားတယ်။ ဒီလို လက်တလုံးခြားလှည့်ပတ်မှုနဲ့ ဝေါဟာရအားဖြင့်၊ သဘောတရားအားဖြင့် လိမ်ညာမှိုင်းတိုက်ပြီး (လိမ်ညာ မှိုင်းတိုက်တာမှာ ပြည်သူလူထုကိုသာမက စစ်တပ်မျိုးဆက် အဆက်ဆက် တပ်သားထု တရပ်လုံးကို ဖြစ်ပါတယ်) စစ်တပ်က အာဏာကိုချုပ်ကိုင်ထားရေး အထက်စီးကနေ အုပ်စိုးနေရာယူရေးကြိုးပမ်းဖို့ အခွင့်ကောင်းရသွားတာ ဖဆပလ နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် အရှိန် မြင့်နေတဲ့ ကာလမှာပါ။

စစ်အုပ်စုပြောပြောနေတဲ့ ‘အမျိုးသားနိုင်ငံရေး’ ဆိုတာ ၁၉၅၀ နောက်ပိုင်းမှာပေါ်ထွက်လာတဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ သန္ဓေတည်ပါတယ်။ ၁၉၄၉ ခုနှစ်ကတည်းက စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းတွေ ရှိနေခဲ့ပေမယ့် ၁၉၅၂ ခုနှစ်မှ ဌာနတခုအဖြစ် တဆင့်တက် ပေါ်ထွက်လာတာပါ။ အဓိကလုပ်ငန်းကြီးနှစ်ခုက ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိဖို့နဲ့ စစ်တပ်ရဲ့တရားဝင်မူဝါဒတခု ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ ကွန်မြူနစ်ဆန့်ကျင်ဝါဒဖြန့်ချိရေး ပင်မယန္တရားအဖြစ် မြဝတီမဂ္ဂဇင်းကို စတင်ထုတ်ဝေပါတယ်။ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေတို့ရဲ့ခေါင်းဆောင်မှုအောက်က စိတ်ဓာတ်စစ်ဆင်ရေးရုံး (DPW)မှာ အဓိကအခန်းကပါဝင်တာ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ပါ။

၁၉၅၈ ခုနှစ် မိတ္ထီလာတပ်မှူးများညီလာခံမှာ တပ်မတော်ရဲ့လမ်းညွှန်ဝါဒဖြစ်လာမယ့် “နိုင်ငံတော်ဝါဒနှင့် ကျွန်ုပ်တို့တပ်မတော်”ဆိုတဲ့ ဝါဒရေးရာစာတမ်းတခုကို ဆွေးနွေးအတည်ပြုပါတယ်။ နောက် တနှစ် အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်မှာ ပါတီနိုင်ငံရေးနဲ့ မတူကွဲပြားတဲ့ ‘အမျိုးသားနိုင်ငံရေး’ ဦးတည်ချက်တွေကိုကြိုးပမ်းမယ်ဆိုတဲ့ “နိုင်ငံတော်ဝါဒနဲ့ တပ်မတော်လုပ်ငန်းစဉ်”ဆိုတာကို ကာကွယ်ရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။ ၅၈ ခုနှစ် တပ်ညီလာခံမှာ ဆွေးနွေးအတည်ပြုခဲ့တဲ့ စစ်အုပ်စုရဲ့ဝါဒပါပဲ၊ စစ်တပ် ကိုင်စွဲရမယ့်ဝါဒအဖြစ် တရားဝင်သွတ်သွင်းလိုက်တာပါ။ ဒီစာတမ်းကို အဓိက တာဝန်ယူရေးသားခဲ့တာ ဦးချစ်လှိုင်ပါ။ အခုလို တရားဝင် စစ်တပ်မူဝါဒတခု ပေါ်လာဖို့ ၁၉၅၄ တပ်မှူးများညီလာခံကတည်းက ဗိုလ်နေဝင်း ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပါတီနိုင်ငံရေးမလုပ်ဘူး၊ အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုတဲ့ ဗိုလ်နေဝင်းက အဲဒီစစ်တပ်ရဲ့  ‘ဝါဒသဘောထား’ ပေါ်ထွက်လာပြီး သိပ်မကြာဘူး၊ အာဏာသိမ်းတယ်၊ မဆလ တပါတီစနစ်ကို ထူထောင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးအရာရှိလည်းဖြစ် ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းမှာ သင်တန်းဆရာလည်းဖြစ်ခဲ့တဲ့ဗိုလ်သန်းရွှေလည်း အမျိုးသားနိုင်ငံရေးလုပ်မယ်တွင်တွင်ပြောပြီး ကြံ့ဖွံ့ပါတီ ထောင်ပေးခဲ့တာပါပဲ။ အခု ဗိုလ်မင်းအောင်လှိုင်လည်း အမျိုးသားနိုင်ငံရေးပဲလုပ်မယ် မကြာခဏပြောပါတယ်။ စစ်တပ်က အရာရှိပေါက်စတွေလည်း အမျိုးသားနိုင်ငံရေးဆိုတဲ့၊ သူတို့ပြောသလိုပြောရရင် ‘အမျိုးသားနိုင်ငံရေးဝါဒသဘောထား’ဆိုတဲ့ စစ်အုပ်စုရဲ့ဝါဒသဘောထားကို စစ်တပ်ရဲ့ဝါဒသဘောထားအဖြစ် ကိုင်စွဲထားတုန်းပါပဲ။

တကယ်တော့ ဒီဝါဒဟာ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ဖန်တီးထုတ်လုပ်လိုက်တဲ့ ရှော်ဗင်ဝါဒ၊ စစ်အင်အားကြီးထွားခိုင်မာရေးဝါဒ နဲ့၊ စစ်တပ်က အာဏာကိုချုပ်ကိုင်ထားရေး၊ လူထုအထက်မှ အုပ်စိုးထားရေးဝါဒတွေကိုပေါင်းစပ်ထားတဲ့ ဖက်ဆစ်လက္ခဏာတွေနဲ့ လက်ယာစွန်း ရောကျော်ဝါဒတခုသာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အင်အားတိုးချဲ့ရေး လုပ်တယ်၊ အမျိုးသားရေးအစွန်းရောက်အောင် လှုံ့ဆော်ဝါဒဖြန့်တယ်၊ တပ်မတော်သာကယ်တင်ရှင် သူတော်စင်ပုံဖမ်းပြီး နိုင်ငံရေးမှာ ဦးစီးခေါင်းကိုင်နေရာယူရေး လုပ်ပါတယ်။ ပါတီနိုင်ငံရေးကို အပုပ်ချထိုးနှက်ပြီး တကယ်တမ်းလက်တွေ့မှာတော့ စစ်တပ်ပါတီတွေ ထူထောင်ခဲ့ကြတယ်။

ပါတီနိုင်ငံရေးဆိုတာကလည်း ပါတီလုပ်ငန်းတွေနဲ့ ပါတီနဲ့သက်ဆိုင်တဲ့အရေးတွေကိုသာ ရည်ညွန်းတာပါ၊ သူတို့အပုပ်ချသလို မိမိပါတီအဖွဲ့အစည်းရဲ့အကျိုးကိုသာ ဦးထိပ်ထားတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ တချို့ ပါတီတွေ အဲသလိုလုပ်ကောင်းလုပ်ကြပါလိမ့်မယ်။
သူတို့စစ်အုပ်စုရဲ့ဝါဒကို တပ်မတော်ဝါဒအဖြစ် သွတ်သွင်းထားတာ၊ အမျိုးသားနိုင်ငံရေးဆိုတဲ့ဝေါဟာရကို ယူသုံးပြီး ခုတုံးလုပ်အမြတ်ထုတ်ရုံမက မူလအဓိပ္ပာယ်၊ အနှစ်သာရနဲ့ တိုင်းပြည်ရဲ့သမိုင်းကြောင်းကိုပါ ဖျက်ဆီးလိုက်တာကတော့ အင်မတန်ဆိုးဝါးလှပါတယ်။ ဗမာပြည်နိုင်ငံရေးမှာ ဗြိတိသျှကိုလိုနီအဖြစ်က လွတ်မြောက်ဖို့ ကြိုးပမ်းတိုက်ပွဲဝင်ကြတုန်းက အမျိုးသားနိုင်ငံရေးအနှစ်သာရနဲ့ သဘောသဘာဝ ထင်ရှားသိသာပါတယ်၊ ဘုံရန်သူကလည်း ဗြိတိသျှကိုလိုနီနယ်ချဲ့စနစ်ပါ။

၁၉၄၈ နောက်ပိုင်းမှာတော့ ပြည်တွင်းက အုပ်စိုးသူလူတန်းစားကို တိုက်ကြရတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ကြရတယ်။ ဒီအပြောင်းအလဲမှာ အမျိုးသားနိုင်ငံရေး (ဗမာပြည်နိုင်ငံရေး)က ကျူးကျော်သူနယ်ချဲ့ကို တိုက်ရတာ မဟုတ်တော့ဘူး၊ ကိုယ့်ပြည်တွင်းက စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကိုတိုက်ရတာ ဖြစ်လာတယ်၊ အမျိုးသားနိုင်ငံရေးမှာ အဖိနှိပ်ခံတိုင်းရင်းသားပြည်သူလူထုရဲ့ ဘုံရန်သူက စစ်အုပ်စု ဖြစ်လာပါတယ်။

ဒါကြောင့်လည်း သူတို့က အမြဲလိုလို ပစ်မှတ်ပြောင်းဖို့ကြိုးစားခဲ့တာပါ။ အမျိုးသားရေးအကြောင်းပြပြီး ထိုင်းနဲ့ပဲ တိုက်တော့မလိုလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ပဲ တိုက်တော့မလိုလို ဆွတယ်ဖွတယ်။ ပြည်တွင်းက ဘာသာခြားတွေကိုနှိပ်ကွပ်ပြီး လူသတ်ပွဲတွေအဓိကရုဏ်းတွေ ဖန်တီးတာတွေလုပ်လာတယ်။ အမျိုးသားနိုင်ငံရေးတံဆိပ်ကပ်ပြီး အစွန်းရောက်အမျိုးသားရေး အားကောင်းလာအောင် လုပ်တယ်။ အမျိုးသားနိုင်ငံရေး လုပ်တယ်ပဲပြောပြော၊ မျိုးချစ်တပ်မတော်ပဲဆိုဆို ပါတီနိုင်ငံရေးက မကောင်းဘူးဆိုပြီး စစ်တပ်က နိုင်ငံရေးလုပ်နေသရွေ့ စစ်တပ်က နိုင်ငံရေးလုပ်တာမှာဦးဆောင်အခန်းကဏ္ဍက ပါဝင်မယ်ဆိုပြီး လုပ်နေသရွေ့ကတော့ သူတို့သာ အမျိုးသားနိုင်ငံရေးမှာ အဖိနှိပ်ခံလူထုရဲ့ဘုံရန်သူ ဖြစ်မြဲဖြစ်နေမှာပါပဲ။

မျက်မှောက်ခေတ် ဗမာပြည်အမျိုးသားနိုင်ငံရေးမှာ စစ်အုပ်စုရဲ့အခန်းကဏ္ဍဟာ အဖိနှိပ်ခံလူထုရဲ့ ဘုံရန်သူနေရာမှာ ရှိတာပါ။ သူတို့က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းမှာနေမယ်ဆိုပြီး အာဏာကိုချုပ်ကိုင် လူထုကိုနှိပ်ကွပ်နေသရွေ့ အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုနဲ့အတူ အတိုက်အခံအင်အားစုတွေကလည်း တော်လှန်တဲ့အခန်းကဏ္ဍကပါဝင်နေဦးမှာ ဖြစ်ပါတယ်။
ဌေးလွန်း
၁၂၊ ၁၊ ၂၀၁၆။
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)

အစိုးရသစ်နဲ့လွှတ်တော်သစ်ရင်ဆိုင်ရမယ့် ပြဿနာ သုံးရပ်( မောင်ထွန်းကျော်မြိုင်)

0 comments
အစိုးရသစ်နဲ့လွှတ်တော်သစ်ရင်ဆိုင်ရမယ့် ပြဿနာ သုံးရပ်
ဒီကနေ့ကာလမှာ “ဖက်ဒရယ်”အကြောင်း ပြောဆိုဆွေးနွေးနေကြတဲ့အခါမှာ အန္တရာယ်နှစ်ခုရှိနေတာကို သတိပြုမိကြလိမ့်မယ်လို့ ထင်ပါတယ်။
ပထမတစ်ခုက “ခွဲထွက်ကြလိမ့်မယ်၊ ပြည်ထောင်စုကြီး ပြိုကွဲလိမ့်မယ်”ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုကအာဏာသိမ်းမယ့်အန္တရာယ်ဖြစ်ပြီး၊ ဒုတိယ တစ်ခုကတော့ “အတုအယောင်ဖက်ဒရယ်”ညွှတ်ကွင်းထဲ သက်ဆင်းကျရောက် သွားနိုင်တဲ့အန္တရာယ်တွေပဲဖြစ်ပါတယ်။
အဲဒီလို သတ်ကွင်းတွေ၊ ညွတ်ကွင်းတွေထောင်ထားတဲ့ အနေအထားအောက်မှာ လက်ရှိစစ်အုပ်စုက “ဖက်ဒရယ်စကား”ကို ပြောလာနေတာပါ။

သူတို့ပြောနေတဲ့ “ဖက်ဒရယ်”ဆိုတာက သမ္မတကပြောတဲ့အခါ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီး”လို့ဆိုပြီး။ ကာချုပ်ကပြောတဲ့အခါမှာ “ဒီမိုကရေစီနဲ့ Federalကို အခြေခံတဲ့ ပြည်ထောင်စုအရေး”ဆိုပြီးတော့ဖြစ်ပါတယ်။ ဘာမှ မကွဲဘူး အတူတူပဲ။
ဒီတူညီချက်အပြင် အရေးကြီးတဲ့အချက်က သူတို့ပြောနေတဲ့ ဖက်ဒရယ်ဆိုတာကို “၂၀၀၈ အခြေခံဥပဒေဘောင်”ထဲကနေသွားဖို့ဖြစ်တယ်။

ဒီလိုသွားဖို့ရာမှာလည်း ကြိုတင်ကန့်သတ်ချက်ထားက ရှိသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဆိုရင်(NCA) စာချုပ် လက်မှတ်ထိုးထားသူဖြစ်စေ/မထိုးရသေးသူဖြစ်ပါစေ (DDR/SSR) လုပ်ငန်းစဉ်ကို လိုက်နာကြရမယ်။ ဒါမှ “ဖက်ဒရယ် ပြည်ထောင်စုအရေး”ျဆွေးနွေးရာမှာ ပါဝင်ဆွေးနွေးနိုင်ခွင့်ရှိမှာ ဖြစ်တယ်။ ဒီအချက်ကို လက်ရှိကာချုပ်က “ငြိမ်းညီလာခံ”ဖွင့်ပွဲနဲ့ စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံရာမှာ အလေးတင်းပြီး ပြောသွားတာတွေ့ရတယ်။
ကာချုပ်ရဲ့ပြောဆိုချက် အနှစ်သာရက လက်နက်ကိုင်ပြီး နိုင်ငံရေးစကားမပြောရ/လက်နက်ချပြီးမှသာ/လက်နက်အပ်ပြီးမှသာ၊ လက်နက်ဖြုတ်သိမ်းပြီးမှသာ နိုင်ငံရေးစကား ပြောခွင့်ပေးမယ်ဆိုတာပါပဲ။ ဒီလို လက်နက်ချရမယ်ဆိုတာကို နှစ်ကြိမ်နှစ်ခါပြောနေတာဟာ
လက်နက်ကိုင်အင်အားစုတွေဘက်ကိုသာ ရည်ရွယ်ပုံမကဘဲ ပေါ်လာမယ့်“အစိုးရသစ်နဲ့လွှတ်တော်သစ်”ကိုပါ တမင်တကာရည်ရွယ်ပြီး သတိပေးတာဖြစ်မယ်လို့ ယူဆပါတယ်။

“လက်နက်အရင်ချရမယ်၊ ပြီးမှ နိုင်ငံရေးစကား ပြောခွင့်ပေးမယ်” ဆိုတာ အုပ်စိုးသူအစိုးရအဆက်ဆက် မပြောင်းမလဲ တစ်ဖက်သတ် အသေကိုင်စွဲခဲ့ကြတဲ့၊ ကိုင်စွဲနေကြဆဲဖြစ်တဲ့ သဘောထားနဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက် ရပ်တည်ကိုင်စွဲခဲ့ကြတဲ့ ငြိမ်းချမ်းရေးပေါ်လစီရဲ့ အတွင်းသဘောနဲ့ အနှစ်သာရလည်း ဖြစ်တယ်။
ဒါကြောင့်ကာချုပ်ကဒီသဘောထား၊ ဒီရပ်တည်ချက်အတိုင်း လိုက်နာကိုင်စွဲဖို့ “အစိုးရသစ်နဲ့လွှတ်တော်သစ်”ကို ဖိအားပေးနေတာ၊ လမ်းကြောင်းပေးနေတာပါ။

ဒီသဘောထား၊ ဒီရပ်တည်ချက်အတိုင်း အသေကိုင်စွဲထားလို့ကတော့ “ထာဝရငြိမ်းချမ်းရေး”ဟာ ထာဝစဉ် ဝေးကွာမြဲဝေးကွာနေမှာပဲဖြစ်တယ်ဆိုတာကို ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၇၀ နီးပါး ပြည်တွင်းစစ်သမိုင်းက လက်တွေ့သက်သေပြသနေပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့ကြတာဟာ ဒီသဘောထား၊ ဒီရပ်တည်ချက်ကို အလျော့မပေးစတမ်း တစ်ဖက်သတ်အသေကိုင်စွဲထားခဲ့ကြလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီပေါ်လစီရဲ့အကျိုးဆက်အနေနဲ့ (ဖဆပလ)အစိုးရမှ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအထိ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ “ငြိမ်းချမ်းရေး” မရရှိခဲ့ကြပါဘူး။ ပုံစံအမျိုးမျိုး၊ နာမည်လှလှလေးတွေတပ်ထားတဲ့ လက်နက်ချပွဲတွေ/လက်နက်စွန့်လွှတ် အပ်နှံပွဲဆိုတာတွေတော့ စည်စည်ကားကား ရှိခဲ့ဖူးပါတယ်။ နိဂုံးချုပ်လိုက်တော့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးလည်း တကယ်တမ်းမရခဲ့သလို၊ ဖက်ဒရယ်ပြည်ထောင်စုလည်း ပေါ်ပေါက်မလာခဲ့ပါဘူး။

အခုနောက်ဆုံးပေါ်နှပ်ကြောင်းကတော့ တိုင်းရင်းသားလူငယ်တွေက “လက်နက်မကိုင်ချင်ကြတော့ဘူး -Laptop ပဲကိုင်ချင်ကြတော့တယ်”ဆိုတာပါပဲ။ “လက်နက်အရင်ချရမယ်၊ ပြီးမှ နိုင်ငံရေးစကားပြောခွင့်ပေးမယ်”ဆိုတဲ့ပေါ်လစီရဲ့ ဒိုင်ကြောင်တစ်ခုဖြစ်ပါ တယ်။
ဖက်ဒရယ်စကားပြောလို့ရလာတော့ ဖက်ဒရယ်အကြောင်း ကိုယ့်ရှုထောင့်နဲ့ကိုယ်၊ အသီးသီးကိုယ်စီကိုယ်ငှ ပြောလာကြပါတယ်။ ဒါဟာ တစ်ဖက်ကပြောရင် ကောင်းတဲ့ကိစ္စပါ။ သဘောထားတွေ၊ အမြင်တွေ၊ ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း သိရတာမို့ ကြိုဆိုကြရမယ့်ကိစ္စပါ။ ဒီလိုပြောနေတာနဲ့တပြိုင်နက်တည်း အထက်မှာ သတိပေးခဲ့တဲ့ အန္တရာယ်နှစ်ခု တည်ရှိနေတာကိုလည်း အားလုံးက အသိအမှတ်ပြုထားကြဖို့ လိုပါတယ်။

ဒါ့အပြင် “၈ ပြည်နယ်မူနဲ့ ၁၄ ပြည်နယ်မူ”ဆိုတဲ့ ကွဲလွဲမှုတွေ၊ ပြည်နယ်ဖွဲ့စည်းပေးဖို့တောင်းဆိုနေတဲ့အသံတွေ၊ ဒါ့အပြင် “ပ လက်ဝ နယ်ထဲက ထွက်မသွားရင်တိုက်ထုတ်မယ်”ဆိုတဲ့ အပြောအဆိုမျိုးတွေ၊ ရှမ်းနီအမျိုးသားတပ်မတော်(SNA)ဆိုတာတွေ၊ (KRA- Kachin Republic Army)ဆိုတဲ့ ဖွဲ့စည်းလာမှုတွေ၊ မူလ(DKBA)အဖြစ် ပြန်လည်ဖွဲ့စည်းတယ် ဆိုတာတွေ၊ ကယန်းပြည်သစ်ပါတီရဲ့ “ကရင်နီပြည်နယ်/ကရင်နီပြည်၊ ကယန်းဒေသဟူ၍ ပြောဆိုနေခြင်းများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ဆိုတာတွေ ကြားနေသိနေ၊ ဖတ်နေကြရတယ်မဟုတ်ပါလား။

အခြားတစ်ဖက်ကနေပြောရရင် ဒီလိုပေါ်ပေါက်လာနေတဲ့ အကြောင်းအချက်တွေဟာ အထက်မှာတင်ပြခဲ့တဲ့ အန္တရာယ်အလားအလာ နှစ်ရပ်အတွက် အကြောင်းပြစရာ၊ လက်ညှိုးထိုးစရာ၊ ဆင်ခြေပေးစရာ အကွက်အကွင်းတွေအဖြစ်အသုံးချမယ်ဆိုရင် အသုံးချလို့ရနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးကဆုတ်ခွာလို့ မဖြစ်သေးဘူးဆိုတဲ့ ဆင်ခြေလိမ်ပေးစရာတွေအဖြစ်ပေါ့။
ဒီလို အကြောင်းအချက်တွေဗန်းပြပြီး “ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲစေမည့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးအပေါ်အခြေအနေ”အတွက် စစ်အုပ်စုက လိုအပ်သလိုအသုံးချ မသွားဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ စစ်တပ်နဲ့ကာချုပ်အဖို့ကတော့ “၂၀၀၈ အခြေခံဥပဒေ”ပုဒ်မ ၂၀(စ)ကို သုံးဖို့ ဆင်ခြေဆင်လက်တွေ ဖြစ်နေပါတယ်။

ဒါ့အပြင် ဒီအခြေအနေအကြောင်းအချက်တွေကို လက်ညှိုးထိုးပြပြီး “အတုအယောင်ဖက်ဒရယ်”ဆိုတဲ့ ညွတ်ကွင်းထဲ ဆွဲသွင်းနိုင်တဲ့အန္တရာယ်ကလည်း မသေးပါဘူး။ “စစ်တပ်ကကိုင်တွယ်ရင် လုံခြုံမှုရှိတယ်” ဗြောင်ဖွင့်ပြောနေတဲ့သူတွေလည်းရှိနေတယ် မဟုတ်ပါလား။
ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို လေးလေးနက်နက်စဉ်းစားမယ်၊ အကောင်အထည်ဖော်မယ်လို့ဆိုတဲ့အခါမှာ အဓိက ပထမဆုံးလိုအပ်ချက်ကတော့ အုပ်စိုးသူ အစိုးရအဆက်ဆက် တစ်ဖက်သတ်အသေ ရပ်တည်ကိုင်စွဲခဲ့ကြတဲ့ ငြိမ်းချမ်းရေးပေါ်လစီနဲ့ ပြတ်ပြတ်သားသားလမ်းခွဲနိုင်ဖို့ပဲဖြစ်ပါတယ်။

ဒီပေါ်လစီဟာ ပုံစံတမျိုးမျိုးနဲ့ နောင်တက်လာမယ့် “အစိုးရသစ်နဲ့ လွှတ်တော်သစ်” အပေါ်မှာ အရိပ်ထိုးနေမယ်/ လွှမ်းမိုးနေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးဟာ ရှည်ကြာမြဲ ရှည်ကြာနေမှာဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်ဆိုတာကို အသိအမှတ်ပြုရုံ၊ လက်ခံရုံနဲ့တင်မရပါဘူး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ တန်းတူရည်တူရှိပြီး ဒီမိုကရေစီနည်းလမ်းတကျဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။

(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်က“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်း”ဖို့ အသိအမှတ်ပြုတယ်၊ လက်ခံတယ်လို့တော့ တွင်တွင်ပြောနေတာပါပဲ။ “နိုင်ငံရေးယဉ်ကျေးမှုအသစ်”လို့တောင် လေလုံးထွားနေတာပဲ မဟုတ်ပါလား။ ဒါပေမယ့် သူတို့ပြောနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာက သူတို့စိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ ဘောင်” ထဲအရင်ဝင်ပြီးမှ/လက်နက်ချပြီးမှသာ ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတဲ့အချက်ကို လေးလေးနက်နက် သတိပြုကြဖို့ဖြစ်ပါတယ်။ “အရင် မပြောနိုင်တာတွေ အခုပြောခွင့်ရနေပြီ” ဆိုရုံလောက်နဲ့ ကျေနပ်တင်းတိမ်နေကြလို့ မဖြစ်သေးပါဘူး။
အဓိကအချက်က တန်းတူရည်တူပါဝင်ဆွေးနွေးနိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိဖို့ဖြစ်ပါတယ်။
ကျယ်ပြန့်လေးနက်တဲ့ တန်းတူရည်တူရှိမှုကို အဓိကဘက်အဖြစ် အလေးထားကြမယ်၊ဦးတည်ကြမယ်ဆိုရင် သွေးစည်းညီညွတ်မှုကိုဖော်ဆောင်တဲ့
ပုံစံရွေးချယ်ရေးပြဿနာဟာ သိပ်မခက်ခဲနိုင်သလို၊ ကျယ်ပြန့်လေးနက်တဲ့ တန်းတူရည်တူရှိမှုနဲ့ သွေးစည်းညီညွတ်မှုကသာလျှင် အရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး တတိုင်းတပြည်လုံးဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မင်းလမ်းမကြီးကိုလည်း အခိုင်အမာဖောက်လုပ် ချီတက်နိုင်ကြမှာဖြစ်ပါတယ်။

ပြည်တွင်းစစ်ပြဿနာကို ကိုင်တွယ်မယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမှာပါ။ ပြည်တွင်းစစ်ပြဿနာထဲမှာ အဓိကပါဝင်နေတဲ့အစိတ်အပိုင်းနှစ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီပြဿနာနဲ့ ဖက်ဒရယ်ပြည်ထောင်စုပြဿနာကို ဖြေရှင်းရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီပြဿနာနှစ်ရပ်ကို “၂၀၀၈ အခြေခံဥပဒေဘောင်”ကို အခြေခံပြီး စဉ်းစားနေရင် လုပ်ဆောင်နေမယ်ဆိုရင် ဘယ်လိုမှအဖြေမရနိုင်ပါဘူး။

ဒီတော့ ပေါ်ပေါက်လာမယ့် “အစိုးရသစ်နဲ့လွှတ်တော်သစ်” အနေနဲ့ ပြည်တွင်းစစ်ပြဿနာကို တကယ်တမ်းဖြေရှင်းနိုင်ဖို့ဆိုရင် ဒီမိုကရေစီပြဿနာ၊ ဖက်ဒရယ်ပြည်ထောင်စုပြဿနာနဲ့ ၂၀၀၈ အခြေ ခံဥပဒေပြဿနာဆိုတဲ့ သုံးနားညီတြိဂံသဖွယ်ဖြစ်နေတဲ့ ပြဿနာသုံးရပ်စလုံးကို တပြိုင်နက်တည်း ဖြေရှင်းရမယ်ဆိုတဲ့အနေအထားကို ရောက်ရှိနေပါတယ်။
“အစိုးရသစ်နဲ့လွှတ်တော်သစ်”အတွက် လွှဲဖယ်လို့မရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းပဲဖြစ်ပါတယ်။
“အမှန်တကယ်ပြောင်းလဲဖို့” ဆိုတဲ့ကြွေးကြော်သံအတွက် လက်တွေ့အကောင်အထည်ဖော်ရမယ့်အရာဟာလည်း အဆိုပါ ပြဿနာသုံးရပ်ပဲဖြစ်ပါတယ်။
မောင်ထွန်းကျော်မြိုင်
(ဗမာပြည် ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)