Tuesday, April 12, 2016

လူသားနဲ့ သမိုင်းတန်ဖိုး (လင်းခါး)

0 comments
လူသားနဲ့ သမိုင်းတန်ဖိုး(ရနံ့သစ်-ဝတ္ထုတို-ဇွန်လ 2012)
လင်းခါး
တစ်ညလုံး မိုးလေးဖွဲဖွဲရွာပြီးအေးချမ်းခဲ့သမျှ မနက်မိုးလင်းတော့ သံလမ်းဂိတ်မှာ လူတွေအုံနေတော့တယ်။ လူတစ်ယောက် ရထားကြိတ်ခံထားရတာ နှစ်ပိုင်းပိုင်းနေပြီ။ ဒါပေမယ့် လတ်လတ်ဆတ်ဆတ်ပဲ။ ရွာထားတဲ့မိုးရေနဲ့အတူ သွေးတွေကတော့ အတော်လေးပြန့်နေတာပေါ့။  ကြည့်မကောင်းဘူး။ ဘယ်သူကမှ ဘယ်လိုလုပ်ရကောင်းမလဲ စဉ်းစားနေတာ၊ စဉ်းစားထားတာ မရှိဘူး။ ဒီအတိုင်းပဲ ကြည့ရခဲလို့ ကြည့်နေကြတာပဲ။ ဒီအတိုင်းပဲ လူတစ်ယောက် နှစ်ပိုင်းပြတ်နေတာမမြင်ဘူးလို့ ကြည့်နေကြတာပဲ။ တစ်ချို့က ]အယ် . . .မကြည့်ရဲပါဘူး} ဆိုပြီး လက်ချောင်းတွေကြားက ပြန်ချောင်းတယ်။ တစ်ချို့က ရထားအပြစ် လူသားအပြစ် ခွဲခြမ်း စိတ်ဖြာတယ်။ တစ်ချို့က နှစ်ပိုင်းပြတ်ကိုယ်ပေါ်က စုတ်ပြတ်ဖာထေးညစ်တွနေတဲ့ အဝတ်စတွေကို ကြည့်ပြီး စုံထောက်ဆန်ဆန် ]ဒါ အိမ်ခြေအတည်တကျမရှိသူပဲ ဖြစ်ရမယ်} တွေးတယ်။ တစ်ချို့ကလည်း ]ပလတ်စတစ်ကောက်သူ}၊ ]အရက်သမား}၊ ]ကလေကလွင့်}၊ ]လူသား တစ်ယောက်ပါပဲ} အမျိုးမျိုးပေါ့လေ။ ရှုထောင့်အစုံစုံပေါ့။
ရုပ်ရှင်တွေထဲကလို ရထားအကြိတ်ခံရတဲ့လူရဲ့ ဝိညာဉ်ဟာ သူ့အလောင်းသူ အံ့ဩတကြီး ပြန်ကြည့်နေမလား။ လူက လူငယ်ပဲ ရှိသေးတယ်။ အသက်နှစ်ဆယ်နဲ့ နှစ်ဆယ့်ငါးခြောက်ကြား ထင်ရတာပေါ့။ မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲကလိုပဲ အတော်လေး ကြာမှ ဘူတာတာဝန်ရှိသူတွေ၊ ရဲသားတွေ ရောက်လာတယ်။ လူတွေကို အရင်ရှဲရတယ်။ ပြီးတော့ ]ဆေးရုံကိုအကြောင်းကြားဟေ့ လောလောဆယ် ပိုင်ရှင်မဲ့လား ပိုင်ရှင်ရှိလား စုံစမ်းရမယ်} လို့ ဘယ်သူ့ကိုပြောမှန်းမသိဘူး အသံကြားလိုက်တယ်။ ]ပိုင်ရှင်မဲ့ပဲ ဖြစ်မှာပါ} တဲ့။ နောက်ထပ်ပြောသံကြားသေးတယ်။ ဘယ်အချိန်လောက်ကဖြစ်မလဲ။ ဘာညာပေါ့။ ဓါတ်ပုံတွေ လည်း ရိုက်ကြသေးတယ်။ ဘူတာက လူတွေက နည်းနည်းတွေးတွေးဆဆတော့ ဖြစ်နေကြပုံပဲ။
ဆေးရုံက လူတွေရောက်လာတယ်။ အများကြီးတော့လည်း မဟုတ်ပါဘူး။ သုံးယောက်ပါပဲ။ အလောင်း ကောက်မယ့်လူက စောစောစီးစီး ရီရီဝေဝေ တည်တည်ငြိမ်ငြိမ်ပဲ။ လက်အိတ် သေချာစွပ်ပြီး ဆာလာအိတ်ထဲ တစ်စချင်း ကောက်ထည့်တယ်။ ပထမဆုံးအကြိမ် မဟုတ်တဲ့ စစ်သားတစ်ယောက်လိုပဲ။ အကြောက်အရွံ့ကင်း၊ မေးခွန်းမထုတ်၊ တွေဝေမှုမရှိ။ ထုပ်ပိုးပြီးသွားတော့ ဆေးရုံကားတွေ ဘာတွေရောက်လာပြီး တင်သွားမယ်မှတ်တာ မဟုတ်ဘူး။ လက်တွန်းလှည်းပေါ်တင် တွန်းသွားတယ်။ နောက်ကနေ လိုက်ကြည့်တဲ့သူကလည်း လိုက်ကြည့် ကြတာပေါ့။
ဘယ်အချိန်က ဘယ်လိုဖြစ်ရတာလဲ တွေးတဲ့သူလည်း တွေးမယ်၊ မတွေးတဲ့သူလည်း ရှိမှာပဲ။ ကံဆိုးလိုက်တာနော်လို့ တွေးတဲ့သူ ရှိချင်လည်းရှိမယ်။ ကမ္ဘာထဲက လူသားတစ်ယောက် ဆိုပေမယ့် ဘယ်သူနဲ့မှ မဆိုင်တဲ့ လူသားတစ်ယောက်ဖြစ်ပုံရပါတယ်။
Ò Ò Ò
ဒီလူ သူသေတာမှ သူသိလိုက်ပါ့မလား၊ ရထားအကြိတ်ခံရစဉ်က အော်ချိန်ရော ရလိုက်ရဲ့လား မသိဘူး။ ရတော့ရမှာပေါ့။ ရထားအကြိတ်ခံရတိုင်း တန်းသေကြတာချည်းပဲတော့ မဟုတ်ပါဘူး။ အော်လည်း ရထားအသံနဲ့ဆိုတော့ ဘယ်သူမှ ကြားမှာမဟုတ်ဘူး။ သူရဲ့ အသက်လုအော်သံက ဆူညံနေတဲ့ သံလမ်းနဲ့ဘီးပွတ်တိုက်သံတွေ၊ တွဲတွဲချင်း ရိုက်သံတွေ၊ မူလီချောင်နေတဲ့ ရထားပေါ်က ခုံတွေလှုပ်သံ အစစအရာရာ အသံနဲ့ ပျောက်သွားမှာပဲ။ သူ့ဘာသာသူ အသက်ပဲလုလု၊ အရှက်ပဲလုလု ဘာကိုပဲလုလု ရထားက သူ့အလုပ်သူလုပ်၊ သူ့အသံသူထွက်နေမှာပဲ။
သေတဲ့လူဟာ မူးနေမယ်။ တစ်ညလုံး မိုးဖွဲဖွဲလေးရွာနေပြီး လူတွေ ကိုယ့်ဘဝ အဆင့်အတန်း၊ ကိုယ့်လူနေမှုနဲ့ကိုယ် အေးချမ်းအောင်နေနေရမယ့်အချိန် ရထားလမ်းပေါ် အိပ်ရအောင် မူးနေတာပဲဖြစ်ရမယ်။ မူးနေတာလည်း ဟုတ်ချင်မှဟုတ်မှာပေါ့။ ရုပ်ရှင်ထဲက အဖြစ်အပျက်ထိုင်ကြည့်ပြီးပြောတာဆိုရင်တောင် အဲဒီအခန်း ဒါရိုက်တာထည့်ရိုက်မှ သိရမယ့်ကိစ္စ။ မူးနေတယ်ပဲ ဆိုပါစို့။ ပြီးတော့ ရထားလမ်းပေါ် လှဲချလိုက်မယ်။ ပစ်လဲသွားပြီး အဲဒီအချိန် ကတည်းက သံလမ်းနဲ့ခေါင်းနဲ့ရိုက်မိပြီး သေနေတာလည်း ဖြစ်နိုင်တာပဲ။ လှဲချလိုက်တယ်ပဲ ထားပါတော့။ ကောင်းကင်ကို မြင်ရမယ် ကောင်းကင်မှာက ကြယ်လည်းမြင်ရလိမ့်မယ်မထင်ဘူး။ မိုးကရွာနေတာဆိုတော့ မှောင်မှောင်မည်းမည်းကြီးထဲက မိုးစက်တွေ ကိုယ့်ဆီ ဆင်းဆင်း လာတာကိုမြင်ရမယ်။ ရာသီဥတုကလည်းအေး ညကလည်းမှောင် လူကလည်း လှဲရက်ဆိုတော့ ဘာမှ အခြားမတွေးရဘဲ အိပ်ပျော်သွားမယ်။ တွေးရင်လည်း ခဏပဲ။ ကြာကြာ တွေးခွင့်ရမယ့် ကာလဒေသမဟုတ်ဘူး။ တွေးရင်ကော ဒီလူ ဘာတွေတွေးမလဲ။ အိပ်ပျော်တယ်ပဲ ထားပါတော့။ အိပ်ပျော်နေတုန်း ရထားကလာ သံလမ်းပေါ်အိပ်နေတာဆိုတော့ ရထားနီးလာရင်တော့ သိမှာပဲ။ မူးနေရင်တော့ ရထားမကလို့ လေယာဉ်တွေ ငရဲတွေလာတောင် မသိတော့ဘူး။ ရထားကလာ တစ်ခါတည်းကိစ္စပြတ်။ အခုမနက်မှာ အခုလိုတွေ ဆူဆူညံညံရဲသားတွေ၊ လူတွေ၊ ရှုပ်ရှုပ် ယှက်ယှက်ဖြစ်လာမယ့် ကိစ္စတွေဟာ ကိစ္စပြတ်တာရဲ့ နောက်ဆက်တွဲဂယက်တွေပေါ့။
Ò Ò Ò
မျှော်လင့်မထားဘဲ သတင်းတစ်ခု ရှင်းရှင်းကြီး ကြားသိလိုက်တယ်။ ဘူတာတာဝန်ရှိ သူတွေဆီကပေါ့။ အဲဒီညက ဒီဘူတာမတိုင်ခင် တောင်ဘက် နှစ်ဘူတာကြားမှာ မိုးရေကြောင့် သံလမ်းချော်နေတယ် အဲဒီညက ဒီလမ်းပေါ်ကို မြောက်ဘက်ကဖြစ်ဖြစ် တောင်ဘက်ကဖြစ်ဖြစ် ဘယ်ဘူတာက ဘယ်ရထားမှ မလာဘူးတဲ့။ အဲဒီဘက်မှာက မိုးအရမ်းကြီးတယ်တဲ့။
အဲဒီမှာ အစောပိုင်းက လူသေအလောင်းလာရှုကြသူတွေ တွေးစရာအသစ်ရလာတာပဲ။ ဒါဆို ဒီလူငယ်အလောင်းဟာ အရင်ရက်ကတည်းက အကြိတ်ခံထားလိုက်ရတာလား။ မဖြစ်နိုင်ဘူး လူတွေသွားလာလှုပ်ရှားနေတဲ့ နေရာမျိုးပဲ။ နောက်ပြီး အလောင်းကလည်း လတ်လတ်ဆတ်ဆတ်။ ဒါဆိုရထားမကြိတ်ဘဲ ဘာအကြိတ်ခံရတာလဲ။ ရထားလမ်းပေါ်တော့ တခြားဘာမှမောင်းလို့လည်း မရဘူး။ ဘယ်လိုဖြစ်တာတုန်းဟ ဒါကပေါ့လေ။ တစ်ခါတလေ မြင်ရတတ်တဲ့၊ ဟို ရထား လမ်းပေါ်မောင်းတတ်တဲ့ ရထားအသေးစားလေးတွေလား နှစ်ယောက်သုံးယောက်ပဲ စီးရတဲ့ ဟာမျိုးလေးလေ။ ဒါလည်း လူတစ်ယောက်ခုလို နှစ်ပိုင်းပြတ်သွားရအောင်တော့ မဖြစ်နိုင်ဘူး။ နောက်ပြီး အဲဒါလေးတွေက တိုက်လည်းသိမှာပဲဥစ္စာ။ အခုက မနက်ကျမှ လူတိုင်းသိကြတာ။ ဒါဆို ဒီအလောင်းကို အစောကတည်းက ဓါးနဲ့ခုတ်ပိုင်းထစ်ပြီး ရထားလမ်းပေါ် ရထားအတိုက်ခံ ရသလို ဖြစ်အောင် လာစီစဉ်ထားတာလား။
ဒီလိုဆိုရင်တော့ ဒီအမှုကို ရဲတွေဆက်လိုက်ကြမှာပဲ။ ပြောသာပြောရတယ်။ အလောင်းက တကယ့်ကို ရထားကြိတ်လို့ပြတ်တဲ့ဒဏ်ရာမျိုးတွေပါတဲ့။ ဘူတာနောက်ဆက်တွဲ သတင်းအရ သိရတယ်။ ဟာ ဒါဆိုရင်တော့ ထူးဆန်းပြီ။ ဒီသတင်းကတော့ မှုခင်းဂျာနယ် မျက်နှာဖုံးသတင်းတွေ ဖြစ်တော့မှာပေါ့။
Ò Ò Ò
တစ်ကယ်ပဲ နောက်တစ်နေ့မှာ (_____)မြို့ဘူတာအနီး မည်သည့်ရထားမှ မဖြတ်သန်းဘဲ လူတစ်ဦး ရထားအကြိတ်ခံရပြီး သေဆုံးနေခြင်းဆိုတဲ့သတင်းကြီးပါလာတယ်။ သတင်းအသေးစိတ်ကတော့ အစုံပေါ့။ သတင်းထောက်တွေရဲ့ ထင်မြင်ချက်ကလည်း အစုံပဲ။ ဘူတာတာဝန်ရှိသူတွေကိုလည်း သတင်းထောက်တွေ တစ်ဦးပြီး တစ်ဦးလာမေးကြတယ်။ အစကတော့ ဘူတာကလူတွေက ဂျာနယ်ထဲ အင်တာဗျူးကို ကိုယ့်ဓါတ်ပုံနဲ့ပါမှာ ဆိုတော့ လိုလိုချင်ချင် ဖြေကြတယ်။ သတင်းထောက်တွေကလည်းများလာ ဖြေရတာလည်း ဒါချည်းပဲဆိုတော့ နည်းနည်း စိတ်ညစ်လာတယ်။
ရဲတွေလည်း ခေါင်းတောက်နေကြပြီ။ ဘာမှ အစအနလည်း လိုက်လို့မရဘူး။ ဆေးရုံနဲ့ဘူတာက လူတွေရဲ့ အလောင်းကိုစစ်ဆေးပြီး အတည်ပြုချက်အရ သေချာတယ် ဒါ ရထားကြိတ်ခံရတာပဲတဲ့။ ရထားမလာဘဲ ရထားအကြိတ်ခံရတယ်ဆိုတော့ ဘာဆက်လုပ်ရမှန်း မသိအောင်ကို ဖြစ်နေတာပေါ့။ တဖြည်းဖြည်း ဒီသတင်းက ကြီးလာတော့ မှုခင်းဂျာနယ်တွေ တင်မကဘဲ အနုပညာဂျာနယ်တွေ၊ နိုင်ငံရေးသတင်းဂျာနယ်တွေ၊ ဖက်ရှင်ဂျာနယ်တွေကပါ သတင်းထောက်တွေ လွှတ်ပြီး သတင်းတွေ ယူကြတယ်။ အလောင်းကတော့ ရက်ကြာကြာ မထားနိုင်ဘူးလေ။ သဂြိုလ်ပြီးပေါ့။ ဒီအလောင်းနဲ့ ပတ်သက်ပြီး လူပျောက်ရှာတွေ ဘာတွေလည်း မရှိဆိုတော့ သဂြိုလ်တာအပြင် ဘယ်သူမှလည်း ဆေးရည်စိမ်နေမှာ မဟုတ်ဘူး။
အခင်းဖြစ်တဲ့နေ့က အလောင်းကို ကိုယ်တိုင်သွားကြည့်သူတွေကတော့ လက်ဖက်ရည် ဆိုင်၊ အရက်ဆိုင်တွေမှာ နေရာကောင်းကောင်းယူပြီး ဝေဝေဆာဆာ ပြောနေကြပြီ။ ဘာလို့ဆို သူတို့က တပ်အပ်မြင်ခဲ့တာလေ။ ရှင်းရှင်းကြီးတွေ့ခဲ့တာလေ။ ရထားအကြိတ်ခံရတာမှ ရထားအကြိတ်ခံရတာ စစ်စစ်ပဲ။ သူတို့က သူတို့ မြင်ခဲ့ရတဲ့ အနေအထားကို အတိအကျ ပြန်ပြောပြကြတယ်။ ပိုတာတွေလည်း ပါတာပေါ့။ တစ်ချို့က အလောင်းရဲ့ မျက်နှာဟာ နာကျင်လွန်းလို့ အံတောင်ကြိတ်ထားတယ်ဆိုပဲ။
Ò Ò Ò
သုံးပတ်လောက်ကြာပြီး တစ်နေ့မှာ ဂျာနယ်တစ်ခုက ဒီလိုဖော်ပြလာတယ်။ ဒီအလောင်းဟာ ရထားအကြိတ်ခံရတာမှန်ကြောင်း ဒါပေမယ့် အဲဒီဘူတာနေရာမှာ မဟုတ်ကြောင်း။ အခင်းဖြစ်ဘူတာနဲ့ မိုင်(၈၀)လောက်ဝေးတဲ့ ဘူတာမှာဖြစ်နိုင်ကြောင်း ၎င်းဘူတာမှာ ၎င်းအခင်းဖြစ်ညက တစ်စင်းတည်းသော ရထားဖြတ်ကြောင်း အဲဒီရထားဟာလည်း ရှေ့ဆက်သွားဖို့ မြောက်ဘက်ပိုင်းမှာ ရထားလမ်းချော်နေခဲ့တာကြောင့် ရောက်ရာဘူတာမှာပဲ တစ်ည အိပ်လိုက်ရကြောင်း။ အဲဒီဘူတာမှာ အဲဒီရထားကြိတ်သွားအောင်လို့ သေသေချာချာ အကွက်ဆင်လုပ်ထားပြီး မိုင်(၈၀)အကွာကို ကားနဲ့တင် အခင်းဖြစ်ဘူတာမှာ ချထားသွားခြင်း ဖြစ်နိုင်ကြောင်း သေသူဟာ မသေခင် ကြိုးနဲ့အတုပ်ခံထားရနိုင်ကြောင်း။ လူသတ်မှုစစ်စစ် ဖြစ်ကြောင်း၊ စသည်ဖြင့် စသည်ဖြင့် ရန်ငြိုးရန်စတွေ၊ ရထားလမ်းကို တမင်ဖျက်ထားတာတွေ ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်လာတယ်။
အထင်တွေနဲ့ဖော်ပြတဲ့ ဂျာနယ်လည်း အဲဒီသတင်းပါတဲ့ အပတ်မှာတော့ အတော်လေး ရောင်းလိုက်ရတယ်။ နောက်အပတ်တော့ မဆင်မခြင်ဖော်ပြမှုနဲ့ နှစ်ပတ်အပိတ်ခံလိုက်ရတယ်။ ဒါပေမယ့် လူတွေကတော့ အဲဒီဂျာနယ်ရဲ့ ရေးသားချက်ဟာ ဖြစ်နိုင်ကြောင်း၊ သေသူဟာ ဒီမြို့ကမဟုတ်နိုင်ကြောင်း ပြောစရာဆက်ဖြစ်လာတယ်။ ဒီမြို့မှာ ဒီလူကို မမြင်ဖူးဘူး ဘာညာပေါ့လေ။ တကယ်တော့ အလောင်းကို သူတို့ သေချာမြင်လိုက်ရဲ့လားတောင် မသိပါဘူး။ ဘယ်သူကမှတော့ တိကျတဲ့ အဖြေကိုမရနိုင်ကြသေးဘူးပေါ့လေ။ အမှန်တကယ်ဖြစ်ခဲ့တာနဲ့ နီးစပ်ရဲ့လား၊ တလွဲကြီးလားဆိုတာတော့ သေသူက ထရှင်းမှပဲ သိနိုင်တော့မယ့်အချိန်ထိ ထင်မြင်ချက်တွေက များပြားလာတယ်။ စုံထောက်ဝတ္ထုရေးဆရာတွေတောင် ဇာတ်လမ်းဖန်တီးပြီး ရေးလာကြတယ်။ ဒီအဖြစ်အပျက်ကို ကျောရိုးထားပြီးတော့ပေါ့လေ။ တစ်ချို့ ဝတ္ထုလေးတွေများ အတော်ဖတ်ကောင်းတယ်၊ ဆွဲဆောင်မှုလည်းရှိကြတယ်။
သူတို့ရေးထားတဲ့ ဇာတ်လမ်းကတောင် ပိုပြီး လျှို့ဝှက်နက်နဲနေသေးတယ်။ ပိုပြီး လျှို့ဝှက်သည်းဖို ဖြစ်နေသေးတယ်။ ဝတ္ထုတစ်ပုဒ်မှာများဆို သေသူဟာ ဒုစရိုက်ခေါင်းဆောင် အဘိုးကြီးတဲ့။ သူ့ကြောင့်ဘဝပျက်သွားတဲ့ မိန်းမချောလေးရဲ့ အကွက်ကျကျ ဖန်တီးလုပ်ကြံ သွားခြင်းတဲ့။ တယ်လည်းလာတဲ့ဇာတ်လမ်းပါ။ အပြင်မှာတော့ သေသူက လူငယ်လေးတစ်ယောက် ဆိုတာတောင် ဝတ္ထုရေးဆရာ သိပုံမရဘူး။
Ò Ò Ò
ကိစ္စပြတ်ပြီး လေးငါးလအကြာမှာတော့ ဘာဆိုဘာမှ မဟုတ်တော့ပါဘူး။ လူတွေရဲ့စိတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေမှန် အဖြစ်မှန်ကို သိချင်ကြပေမယ့် မဖြစ်မနေမဟုတ်တော့ဘူး၊ အရေးတကြီးလည်း မဟုတ်တော့ဘူး။ အဲဒီကိစ္စမတိုင်မီက လူတွေရဲ့ နေ့စဉ် လုပ်ဆောင်ပုံတွေ၊ ဖြတ်သန်းသွားလာပုံမျိုးတွေပဲ ဖြစ်သွားတယ်။ လူတိုင်းမှာ ခက်ခဲကျပ်တည်းတဲ့ လူမှုဘဝတွေ ရှိနေကြသေးတယ်မဟုတ်လား။ ပြောရရင် အဲဒီအဖြစ်အပျက် က လူတွေကို အကြာကြီးဆွဲဆောင်မထားနိုင်ဘူး။ ဒီကိစ္စမျိုးက လူသားဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်တဲ့ နယူတန်၊ အိုင်းစတိုင်း၊ ကိုလံဘတ်တို့လို ရှာဖွေတွေ့ရှိမှုမျိုးလည်း မဟုတ်ဘူး။ စက်မှုတော်လှန်ရေးလည်းမဟုတ်၊ စံပယ်တော်လှန်ရေးလည်း မဟုတ်တော့ ဒါမျိုးရှိခဲ့တယ် ဆိုတာတောင် သံသယဝင်လောက်အောင် အခြေအနေက အရမ်းအေးခဲသွားကြပြီ။ ဥပေက္ခာပြုနိုင် သွားကြပြီ။
ရဲသားတွေအတွက်လည်း ဒီလို၊ ဘူတာဝန်ထမ်းတွေအတွက်လည်း ဒီလိုပဲ။ အချိန်က အရာရာကို ကုစားသွားကြပြီ။ ဝတ္ထုရေးဆရာတွေကမှ အတွေးတစ်ခု ဇာတ်လမ်းတစ်ခု ဖန်တီးဖြစ်သွားကြသေးတယ်။ ဒါလည်း ဒီလောက်နဲ့ရပ်တယ်။ ဝတ္ထုရေးတယ်၊ စာမူခ ရတယ်၊ ပြီးသွားပဲ။ (လုံးဝ)ဘာဆိုဘာမှ မဟုတ်တော့ဘူး။
Ò Ò Ò
ကျွန်တော်လည် အခုအချိန်ကျမှတော့ ဝတ္ထုရေးဆရာတွေဖန်တီးသလို ဇာတ်လမ်းကို ဖန်တီးမနေချင်ပါဘူး။ ကျွန်တော်လည်း အဖြစ်အမှန်ကို မသိဘူး။ မသိတဲ့အပြင် တွေးလို့ကို မရတာပိုသေးတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မလဲဗျာ။ ရထားလည်းမလာဘဲနဲ့ ရထားအကြိတ်ခံရ တယ်လို့။ ဒါပေမယ့် ဖြစ်ပြီးသွားခဲ့ပြီ။ ဘယ်သူမှလည်း မသိ၊ ဘယ်သူမှလည်း တွေးလို့မရ။ လူတွေကလည်း သူတို့ဘာသာ ဇာတ်လမ်းအမျိုးမျိုးဖန်တီးခဲ့ပြီးကြပြီ။ ဒီတော့ ကျွန်တော်က အသစ်ဖန်တီးမနေတော့ဘူး။ ဖန်တီးလို့လည်း ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ ဒါက ဘာမှမဟုတ်တော့တာကိုး။ ကြာလည်းကြာခဲ့ပြီကိုး။ အဲတော့ ဒီအတိုင်းပဲထားလိုက်တော့တယ်။ဒီဇာတ်လမ်းကို ခင်ဗျားတို့က မသိသေးဘူးဆိုရင်တော့ ခင်ဗျားတို့ဘာသာ ဆက်စပ်တွေး ကြည့်ပေါ့။ အချက်အလက်တွေ ကျွန်တော်ပေးထားတာပဲ။ ဒါလည်း ခဏပါ။ ကြာရင် ခင်ဗျားတို့လည်း မေ့သွားမှာပါ။ လူသားတစ်ယောက်အကြောင်း လူသားတွေ အကြာကြီး တွေးမနေနိုင်ပါဘူးဗျာ။ ။
လင်းခါး
ရနံ့သစ်မဂ္ဂဇင်း
ဇွန်လ ၂၀၁၂

အစာဖြေ(မျိုးမြင့်ချို)

0 comments
ကျနော် ဒီရောက်ကတည်း မနက်ပိုင်းအဆာပြေဆိုတာ အတော့်ကို စားခဲပါတယ်။ ကော်ဖီတခွက်လောက်နဲ့တင်ပြီးတာ များပါတယ်။ အိပ်ယာထ မနက်ခင်းဗိုက်ဆာတတ်တဲ့သဘာဝလည်း မရှိပါဘူး။

တခါတလေ ညီမအိမ်ဘက် မနက်စောစောရောက်ဖြစ်ရင်တော့ အမေကျွေးတဲ့ မနက်စာအဆာပြေကို ဗိုက်တဆန့်အပြည့်စားပါတယ်။ တခါတလေ ပဲပြုတ်ဆီဆမ်း ထမင်းကြမ်း၊ တခါတလေ ဟင်းကျန်အိုးကပ်၊ တခါတလေ ငါးပိချက်လေး ပဲကြီးနှပ်လေး၊ တခါတလေ ထမင်းပူပူ ငါးခြောက်ဖုတ်ဆီဆမ်းလေး စသည်ဖြင့်ပေါ့လေ။ အဲ့ဒီနေ့ အဲ့လိုတွေများ စားထားပြီးပလားဆို ကော်ဖီလေး အအေးလေးလောက် သောက်တာကလွဲလို့ တနေကုန်ဘာမှမစားပဲ သွားလာလုပ်ကိုင်နေနိုင်ပါတယ်။ မိုးချုပ် အိမ်ပြန်ရောက်မှ ညစာနည်းနည်းစားပါတယ်။

ဟိုတပတ်နှစ်ပတ်လောက်စပြီး ဗိုက်က ဘာဖြစ်တယ်မသိဘူး။ မနက်ခင်းမနက်ခင်းတွေ လှိမ့်လှိမ့်ချည်း ဆာဆာနေတော့တာ။ ဒါနဲ့ အိမ်မှာရှိတဲ့ ဇနီး မနက်တိုင်းစားတဲ့ စီရီယိုလို့ခေါ်တဲ့ တကြွပ်ကြွပ်နဲ့ ဝါးကောင်းစားကောင်း အနံ့အရသာလည်းကောင်းတဲ့ဟာလေးတွေကို သူစားနည်းကား နွားနို့စိမ်ပြီး စားကြည့်တော့ အတော်ခံတွင်းလိုက်သွားတယ်။

နောက်ပြီး ဒီကို ကျနော် ရောက်ကတည်း ဝမ်းနည်းနည်းချုပ်ရင် မနက်စောစော နွားနို့အစိမ်း တဖန်ခွက်သောက်ချလိုက် ခနပဲ၊ ဝမ်းပျော့ပျော့နဲ့ အကုန်စင်အောင်သွားပြီး ဗိုက်ထဲရှင်းသွားတာမို့ တနေကုန် နေလို့လည်းကောင်းတယ်။ ကျနော့်လိုပဲ ဗမာပြည်သားတချို့လည်း နွားနို့ကို ဝမ်းပျော့ဆေးသဘော သောက်တတ်ကြတယ်။ အမေရိကန်တွေကတော့ အဲ့နွားနို့သောက်ရင် သာမန်ပါပဲ။ တချို့ကြ ဝမ်းပါချုပ်တယ်တဲ့။ ထားပါတော့လေ နွားနို့ကိစ္စက။

ဒါနဲ့ကျနော် ၂ ပတ်လောက်ဆက်တိုက် စီရီယိုလက် ၂ ခုပ်စာလောက်ကို နွားနို့နဲ့စိမ်ပြီး မနက်တိုင်း စားဖြစ်တယ်၊ ဝမ်းလည်းမှန် လေလည်းလည်၊ ဗိုက်ထဲလည်း အတော်ကြာကြာအစာခံတာမို့ ကြိုက်လည်းကြိုက်သွားတယ်။

ဟိုနေ့က တလစာ ဈေးဝယ်သွားတော့ ကျနော်က အိမ်မှာ စီရီယိုနည်းနေပြီ ဝယ်ရအောင်ဆိုတော့ မျက်လုံးလှန်ကြီး မတ်တပ်ကြောင်အိမ်ထဲမှာ အထုတ်ကြီးတထုတ်ရှိသေးတယ်တဲ့။ ကျနော်လည်း ဟုတ်မှာပဲလေဆိုပြီး အိမ်ပြန်ရောက်တော့ ဖွင့်မကြည့်မိဘူး။

ဒီမနက်တော့ ကြောင်အိမ်ပေါ်က လက်ကျန်စီရီယိုအထုတ်လေးထဲကဟာကို ကျနော်က အကုန်စားလိုက်တယ်။ သူက စနေ တနင်္ဂနွေတိုင်း နေဖင်ထိုးအောင်အိပ်ပြီး အိပ်ယာကနိုးတော့ ထုံးစံအတိုင်း ဘရိတ်က်ဖာ့စ်စားရအောင်ဆို မီးဖိုထဲသွားတယ်။

ခနနေတော့ ဘာမှမရှိတော့ဘူးဆိုပြီး ဗမာလိုလှမ်းပြောတယ်။ ဘာ ဘာမှမရှိတော့တာလဲလို့ ကျနော်ပြန်မေးတော့ စီရီယိုလေ စီရီယိုတဲ့။ နင်ပဲ ကြောင်အိမ်ထဲမှာ အထုတ်ကြီးတထုတ်ရှိသေးတယ်ဆို ဆိုတော့။ အေးလေ ပြီးခဲ့အပတ်ကတောင် ငါတွေ့သေးတာတဲ့။ ဘာတံဆိပ်လည်းဆိုတော့ ပင်န်ဒါရုပ်ကလေးနဲ့လေတဲ့။ ဟာ..ဒါဆို ငါစားလို့ကုန်ပြီလည်းဆိုရော အံ့သြတဲ့မျက်လုံးနဲ့ကြည့်ပြီး ဒါဆိုလာ ဂဖာတို့ဆိုင်သွားပြီး ပဲပြုတ်နဲ့နံပြားဖြစ်ဖြစ် ထမင်းကြော်ဖြစ်ဖြစ် အာလူးပူရီဖြစ်ဖြစ် အီကြာကွေးဖြစ်ဖြစ် သွားစားရအောင်တဲ့။

ထမင်းကြမ်းကြိုက်တဲ့ကျနော်က စီရီယိုကိုမနက်တိုင်းဆွဲပြီး စီရီယိုမနက်တိုင်းဆွဲတဲ့သူက ဗမာမုန့်တွေ ကုလားမုန့်တွေ တရုတ်မုန့်တွေစွဲနေပြီ။ တနေ့ကလည်း ကုန်စုံဆိုင်ကနေ မုန့်လက်ကောက် ၄ ကွင်းပါတဗူး၊ ဘယာကြော် ၆ ခုပါ တဗူး၊ ခါဂျာမုန့် ၄ ခုပါ တထုတ်ဝယ်လာပြီးစားတာ မနေ့ညကမှကုန်တယ်။
ဧပြီ ၉၊ ၂ဝ၁၆

ကောင်ကြီးနဲ့အောင်ကြီး(မျိုးမြင့်ချို)

0 comments
ဟောင်ကောင်ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ခေါင်းဆောင်(ခဲ့တယ်)ဆိုတဲ့ အသက် ၁၇ နှစ်သား လူငယ်လေးက ခု နိုင်ငံရေးပါတီထောင်တယ်လို့ဆိုတယ်။

ပါတီထောင်နိုင်ငံရေးလုပ်တယ်ဆိုတာ ထင်သလိုမလွယ်မှန်း ၁၉၈၈ အပြီး ရေတက်ဦးငါးဇင်ရိုင်းတွေလို ဗမာပြည်မလည်း ပါတီတွေ နင်လားငါလားရှိခဲ့ဖူးတာကြည့်ရင် သိနိုင်ပါတယ်။ ပါတီအထောင်ပြိုင်ပွဲများ ကျင်းပသလားတောင် မှတ်ရတယ်။ အပြစ်တော့ မဆိုသာပါ။ စစ်အာဏာသိမ်းကတည်းက ဆိတ်သုဉ်းသွားတဲ့ ဒီမိုကရေစီကို ဘယ်မျှငတ်မွတ်ကြသလဲဆိုတာရဲ့ အတိုင်းအတာနဲ့ ပြယုဂ်လည်းဖြစ်ပါတယ်။

ခု ဟောင်ကေင်က လူငယ်လေး ပါတီထောင်တယ်ဆိုတာ သူ့အခြေအနေ နိုင်ငံရေးရာသီဥတု လူထုစိတ်အနေစိတ်အထား အစိုးရမျက်နှာရိပ်မျက်နှာကဲနဲ့ အခြားအခြေအနေ အချက်အလက်တွေလည်းပါပါလိမ့်မယ်။ 

ပါတီအနာဂတ် ဘာဖြစ်မလဲကတော့ မပြောတတ်သေးပေမယ့် လှုပ်ရှားမှုတခုမှာ သောင်းသောင်းဖျဖျ လက်ခုပ်သံရရုံနဲ့ ခေါင်းဆောင်ဖြစ်ဖို့ကြပြောရခက်ပါတယ်။

ထားပါတော့။ ပြည်တွင်းမှာ သိန်းစိန်အစိုးရရဲ့ဖိနှိပ်စော်ကားမှုတွေကိုတော့ ဘာရေးညာရေး ဒီမိုကရေစီမီးနေသည် စတာတွေ တဖွဖွရွတ်ရင်း မျက်နှာလွှဲရက်ကြသူတချို့ ဟောင်ကောင်အရေးလှမ်းပြီး သွေးတွေကြွပြ မျက်နှာလိုမျက်နှာရ အလုအယက် သူ့ထက်ငါ ပြေးထောက်ခံခဲ့ကြတာ မှတ်မိနေတယ်။

ဟိုနေ့က ဘိလပ်နေ ကိုအောင်ကြီး Aung Gyi က ကဲ ဟိုကောင်လေးတော့ ပါတီထောင်ပြီ။ ပါတီထောင်မယ်တကဲကဲဆိုနေကြတဲ့ ၈၈-ငြိမ်းပွင့်တွေရောလို့ လှမ်းတောက်နေတယ်။
ကျနော်ကတော့ ပါတီထောင်တာ ဟိုကောင်လေးလောက်မလွယ်မှန်း ဒီကောင်ကြီးတွေသိလို့နေမှာပါ ကိုအောင်ကြီးရယ်လို့ပဲ ပြန်ပြောချင်တာပါပဲ။

အင်း သူများသာ ကေင်ကြီးဘာညာပြောရတာ တကယ်တော့ ကျနော်ရော အောင်ကြီးပါ ခုဆို ကောင်ကြီးတွေထဲပါနေပြီမဟုတ်လား။
ဧပြီ ၁ဝ၊ ၂ဝ၁၆

ဗိုလ်ချုပ်ကြီး ဖူဆိုယီ (၁၈၉၅ – ၁၉၇၄) လှကျော်ဇော

0 comments
ဗိုလ်ချုပ်ကြီး ဖူဆိုယီ (၁၈၉၅ – ၁၉၇၄)လှကျော်ဇော –

“သေနတ်ပြောင်းဝက အာဏာထွက်တယ်” တဲ့။
တရုတ်ပြည်တော်လှန်ရေးကြီးကို ခေါင်းဆောင်ဆင်နွှဲပြီး တရုတ်ပြည်သစ်ကိုတည်ထောင်ပေးခဲ့သူ တရုတ်ကွန်မြူနစ်ပါတီရဲ့ဥက္ကဋ္ဌ မော်စီတုံးရဲ့ကျော်ကြားလှတဲ့ဆောင်ပုဒ်ပါ။ မော်ဟာ သူ့ဆောင်ပုဒ်နဲ့အညီ သူတို့ရဲ့တော်လှန်ရေးတပ်မတော်ကြီး (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)ကို အလွန်ခိုင်ခန့် ခိုင်မာအောင် ဘက်စုံကတည်ဆောက်ပြီး မိမိတို့ထက်အဆပေါင်းများစွာသာလွန်တဲ့ (အမေရိကန်ရဲ့ ဘက်စုံပံ့ပိုးထောက်ပံ့မှုကိုရထားတဲ့) ချန်ကေရှိတ်ရဲ့ကူမင်တန်တပ်ကြီးကို တိုက်ခိုက်အနိုင်ယူခဲ့ပါတယ်။

မော်အနေနဲ့သူ့ရဲ့ပါဝါအမာ (hard power)ကို အဲသလိုတည်ဆောက်ပြီး ရန်ဘက်တပ်ကို အပြတ်ချေမှုန်း ခဲ့တယ်ဆိုပေမယ့် တခြားနည်းပရိယာယ်ပေါင်းစုံကိုလည်း ဘက်စုံက ပေါင်းစပ်ကျင့်သုံးခဲ့ပါသေးတယ်။
ဒါကြောင့်ပဲ အခုခေတ်သစ်ပညာရှင်များ၊ သုတေသီများက၊ တရုတ်ပြည်တော်လှန်ရေးအောင်မြင်ရတဲ့ အကြောင်းများကိုလေ့လာရင်း မော်ရဲ့သေနင်္ဂဗျူဟာနည်းပရိယာယ်အဖုံဖုံကို ရင်သပ်ရှုမော အံ့သြတကြီး ဖြစ်ရပါတယ်။ တချို့ကဆိုရင် ဒီလိုတောင်ပြောပါတယ်။
မော်ဟာ ပါဝါအပျော့ (soft power)ဆိုတဲ့ ဝေါဟာရမပေါ်ခင်ကတည်းက
ဒီပါဝါ အပျော့အမျိုးမျိုးကိုသုံးခဲ့သူတဲ့။

အခုနောက်ပိုင်းထွက်လာတဲ့ သုတေသနစာတမ်းတစောင်မှာ တရုတ်ပြည်ရဲ့ ၁၉၄၉ ခုနှစ် တော်လှန်ရေးကြီးအောင်မြင်ရာမှာ
(၁)ကူမင်တန်တပ်ရဲ့သုံးပုံတပုံကို အသေအကျေစစ်ပွဲဆင်နွှဲပြီး တိုက်ရတယ်။ ဥပမာ ၁၉၄၈ – နိုဝင်ဘာမှစလို့ ၁၉၄၉ ဇန်နဝါရီလကုန်အထိတိုက်ခဲ့တဲ့ တရုတ်ပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်တခွင်က တိုက်ပွဲကြီး (၃) ပွဲ။
(၂) သုံးပုံတပုံကို ငြိမ်းချမ်းစွာအသွင်ကူးပြောင်းယူတယ်။ ဥပမာ ပီကင်း၊ ရှန်ဟဲစတဲ့ မြို့ကြီးများကို ငြိမ်းချမ်းစွာလွတ်မြောက်ခြင်း။
(၃) သုံးပုံတပုံကို အထက်လွှာတွေကိုဝယ်ယူတဲ့ပေါ်လစီကျင့်သုံးပြီး သိမ်းသွင်းတယ်။ ဥပမာ တိုင်းရင်းသားလူမျိုးစုအကြီးအကဲများကို လျော်ကြေးများပေးခြင်း။ လစာများ လုံလောက်စွာထောက်ပံ့ခြင်း။
စတဲ့ခေါင်းစဉ်ကြီး (၃)ခုအောက်မှာ အသေးစိတ်တွေပါလာပါတယ်။

တကယ်တော့ ဒီအကြောင်းအရာတွေအားလုံးဟာ တရုတ်ပြည်သူတွေအတွက်တော့ အထူးအဆန်း မဟုတ်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီအနေနဲ့ သမိုင်းကြောင်းအဖြစ်အပျက် တခုချင်းစီကို ရုပ်ရှင်ကားကြီးများအဖြစ်ရိုက်ကူးပြီး အထူးနှစ်ပတ်လည်နေ့များ (ဥပမာ- အနှစ် ၆၀ မြောက်နိုင်ငံတော်နေ့)မှာ တနိုင်ငံလုံးကို ပညာပေးရေးအစီအစဉ်အဖြစ် ပြသခဲ့ပြီးပါပြီ။

အခုသုတေသနစာတမ်းကတော့ အားလုံးကိုပေါင်းစပ်ပြီး ရေးသားထားတာပါ။
အဲဒီရုပ်ရှင်ကားများအကြား အလွန်ရေပန်းစားတဲ့ရုပ်ရှင်ကားတကား ရှိပါတယ်။ “ပီကင်းမြို့ငြိမ်းချမ်းစွာလွတ်မြောက်ခြင်း” Peaceful Liberation of Beijing တဲ့။ အဲဒီကားက ….
ဂျပန်ခုခံရေးစစ်ပွဲအတွင်း(၁၉၃၇-၄၅) တရုတ်ကွန်မြူနစ်ပါတီတပ်များနဲ့ ကူမင်တန်တပ်များဟာ တပ်ပေါင်းစုဖွဲ့ပြီး (တခါတရံ အချင်းချင်းပြန်တိုက်တဲ့ကာလများလည်းရှိခဲ့ပါတယ်။) အောင်ပွဲရပြီးနောက် (၁၅-၈-၁၉၄၅) မှာ တပြည်လုံးအတိုင်းအတာဆောင်တဲ့ ကူမင်တန်ကတဖက် ကွန်မြူနစ်တွေကတဖက်ဖြစ်တဲ့ ပြည်တွင်းစစ်ကြီး (၁၉၄၅-၄၉) အပြင်းအထန် တကျော့ပြန်ဖြစ်ခဲ့ပါတယ်။ အဲဒီပြည်တွင်းစစ်ပြီးဆုံးခါနီးကာလ (၁၉၄၈-၄၉)အတွင်းက အဖြစ်အပျက်ရုပ်ရှင်ကားပါ။
ဒီဇာတ်ကားကြီးရဲ့အဓိကဇာတ်လိုက်ဟာ ကူမင်တန်တပ်ကြီးရဲ့ အထင်ကရ“ဗိုလ်ချုပ်ကြီးဖူဆိုယီ” ဖြစ်ပါတယ်။

ပီကင်းမြို့ရဲ့ မြို့စောင့်တပ်မှူးကြီးပါ။ ကူမင်တန်ခေတ်က မင်းနေပြည်တော်ဟာ နန်ကျင်းဖြစ်ပါတယ်။ ရှေးဘုရင်များနန်းစိုက်ခဲ့တဲ့ ပီကင်းမြို့ကတော့ အဲဒီခေတ်က တရုတ်ပြည်မြောက်ပိုင်းမြို့တော်ပေါ့။ ကူမင်တန်သမ္မတချန်ကေရှိတ်က သူအလွန်စိတ်ချရသူကိုမှ တာဝန်ပေးတတ်တဲ့နေရာမျိုးပါ။ “ဗိုလ်ချုပ်ကြီးဖူဆိုယီ”ဟာ ဂျပန်ခုခံရေးစစ်ပွဲအတွင်းကတိုက်ပွဲများမှာ ရွပ်ရွပ်ချွန်ချွန်တိုက်ခိုက်ခဲ့လို့ အလွန်နံမည်ကောင်းရခဲ့သူတဦးပါ။ တရုတ်ပြည်သူများအကြား တိုင်းချစ် ပြည်ချစ် ဗိုလ်ချုပ်ကြီးတဦးအဖြစ် ထင်ရှားပါတယ်။ ချန်ကေရှိတ်ကလည်း သုံးလို့သာသုံးနေတာ သိပ်စိတ်ချပုံတော့ မရပါဘူး။ ဒါကြောင့် တရုတ်ကွန်မြူနစ်များကို စုံစမ်းဖော်ထုတ်ဖို့ဆိုတဲ့နံမည်နဲ့ အထူးထောက်လှမ်းရေးအဖွဲ့တဖွဲ့ကို အဲဒီဗိုလ်ချုပ်ကြီးနား ထားထားပါတယ်။

ထို့အတူပဲ မြေအောက်လုပ်ငန်းမှာထောင့်စေ့တဲ့ တရုတ်ကွန်မြူနစ်ပါတီက လူတွေကလည်း အဲဒီအချက်အချာနေရာက ဗိုလ်ချုပ်ကြီးနားမှာ ရောက်နေပါပြီ။
“ဗိုလ်ချုပ်ကြီးဖူဆိုယီ” ရဲ့အတွင်းရေးမှူးဟာ ကွန်မြူနစ်ပါတီ မြေအောက်ပါတီဝင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးရဲ့ ပီကင်းတက္ကသိုလ်ကျောင်းသူ သမီးကလည်း မြေအောက်ပါတီဝင်တဦးပါပဲ။

၁၉၄၅ ခုနှစ်မှာ ပြန်လည်တောက်လောင်လာတဲ့ ပြည်တွင်းစစ်ကြီးကို တပြည်လုံးကဆန့်ကျင်ပါတယ်။ ကူမင်တန်တပ်အတွင်းမှာကို ဆန့်ကျင်မှုတွေပေါ်ထွက်လာတာပါ။ ဒီကြားထဲစီးပွားရေးက ပိုမို ချွတ်ခြုံကျလာပါတယ်။ ဘက်စုံအထောက်အပံ့ပေးလာတဲ့ အမေရိကန်နိုင်ငံမျိုးကတောင် စိတ်ကုန်လာနေပါတယ်။ ပြည်သူတွေ ဆင်းရဲသထက်ဆင်းရဲပြီး ချန်ကေရှိတ်ဆွေမျိုးတစု (အထူးသဖြင့် ချန်ကေရှိတ်ကတော်-ဆွန့်မေလင်ဆွေမျိုးများ) အတိုင်းအဆမရှိ ချမ်းသာလာမှုတွေအပေါ် တိုင်းသူပြည်သားများသာမက စစ်တပ်တွင်းက တချို့ မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်များကလည်း မပြေမလည်ဖြစ်လာနေပါတယ်။ အဲဒီလိုဖြစ်နေချိန်မှာပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်လွတ်မြောက်ရေးတပ်မတော်က တပြည်လုံးလွတ်မြောက်ရေးထိုးစစ်ကြီးတွေကို စတင်ခဲ့ပါတယ်။ ဖဲချပ်တွေပြိုသလို တရုတ်ပြည်အရှေ့မြောက်ပိုင်းကမြို့ကြီးများကို တမြို့ပြီးတမြို့သိမ်းလာရာ မှာ ၁၉၄၈ ခုနှစ် နှောင်းပိုင်းမှာ ပီကင်းမြို့ကြီးကို ဝိုင်းပတ်ထားလိုက်ပါပြီ။

ပီကင်းမြို့ကြီးဟာ နှစ်ရာနဲ့ချီပြီး ရှင်ဘုရင်နန်းစိုက်ရာမင်းနေပြည်တော်ဖြစ်ခဲ့တာကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ ပြည့်နေပါတယ်။ လူဦးရေကလည်း သန်းနဲ့ချီရှိနေတာပါ။ ဒီတော့မြို့ပေါ်က မြို့မိမြို့ဖများက ဒီမြို့ကြီးကို စစ်ဒဏ်မှကာကွယ်ရေးအတွက်လှုပ်ရှားလာကြပြီး ဗိုလ်ချုပ်ကြီးကို တရုတ်ကွန်မြူနစ်တွေနဲ့စေ့စပ်ဖို့ ဖိအားပေးလာပါတယ်။ အနီးကပ်အနေနဲ့ နားချနေတဲ့သမီးနဲ့ အတွင်းရေးမှူးများကြောင့်ရော ပင်ကိုက ချန်ကေရှိတ်အပေါ်စိတ်ပျက်နေတာတွေပါပေါင်းပြီး မြို့မိမြို့ဖများရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ်ကြီးကလက်ခံပြီး ကွန်မြူနစ်များနဲ့စေ့စပ်ဆွေးနွေးဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီမှာတင် ဗိုလ်ချုပ်ကြီးရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့ အလွန်လျှို့ဝှက်စွာ စေ့စပ်ဆွေးနွေးမှုတွေ အပြန်ပြန်အလှန်လှန် ညှိနှိုင်းမှု – အပေးအယူတွေလုပ်ပြီးနောက် ၁၉၄၉ ခုနှစ် ဇန်ဝါရီလ (၃၁)ရက်နေ့မှာ ပီကင်းမြို့ကြီးကို ကူမင်တန်မြို့စောင့်တပ်မှူးကြီး ဗိုလ်ချုပ်ကြီးဖူဆိုယီက တရုတ်ကွန်မြူနစ်တွေရဲ့တပ်တွေလက်ထဲ ငြိမ်းချမ်းစွာလွှဲပြောင်းပေးလိုက်ပါတယ်။

ဒါကတော့ ဒီဇာတ်ကားကြီးရဲ့ ပင်မကျောရိုးဇာတ်လမ်းအကျဉ်းချုပ်ပါ။ အတွဲပေါင်း (၄၀)ကျော် ရိုက်ကူးထားတဲ့-ရုပ်မြင်သံကြားဇာတ်လမ်းတွဲကြီးထဲမှာ အလွန်စိတ်ဝင်စားဖွယ် သမိုင်းသင်ခန်းစာယူစရာ ဇာတ်ကွက်တွေ အများအပြားပါ။ ဒီကြားထဲ နှစ်တွေကြာညောင်းလာလို့ လျှို့ဝှက်မထားတော့ဘဲ ထုတ်ပြန်ပေးလိုက်တဲ့အစည်းအဝေးမှတ်တမ်းတွေ နှစ်ဖက်သဘောတူညီချက်တွေကိုလည်း ကိုးကားရိုက်ကူးထားတာကြောင့် သမိုင်းအချက်အလက်များအရလည်း အလွန်ခိုင်မာကောင်းမွန်လှပါတယ်။

အဲဒါတွေကြားမှာ မော်ရဲ့ပြောင်မြောက်လှတဲ့နည်းပရိယာယ်အကွက်တွေ ပါဝင်ပါတယ်။
ဒီဇာတ်လမ်းထဲက စိတ်ဝင်စားဖွယ်ဇာတ်ဝင်ခန်းအချို့ကိုပြောပြပါရစေ။
၁၉၄၈ ဆောင်းဦးမှာစတင်ခဲ့တဲ့ ကွန်မြူနစ်တို့ရဲ့ထိုးစစ်ဟာ တရုတ်ပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီး ရှေ့တိုးလာရာမှာ မယုံနိုင်လောက်အောင်မြန်ဆန်လာနေပါတယ်။ အထူးသဖြင့် ကွန်မြူနစ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကို (၃)ပတ်ခံနိုင်တယ်လို့ “ဗိုလ်ချုပ်ဖူဆိုယီ” က ချန်ကေရှိတ်ဆီမှာအာမခံထားတဲ့ ထျန်ကျင်း Tianjin မြို့ကြီး၂၁ နာရီ (၃ ရက်ပြည့်အောင် မခံနိုင်ဘဲ)နဲ့ ကျသွားပါတယ်။ “ဗိုလ်ချုပ်ဖူ”တွက်တာက ကွန်မြူနစ်တပ်တွေ မြို့ကို (၃)ပတ်လောက်ဝိုင်းတိုက်နေရင် ထောက်ပံ့ရေးများ(လက်နက်ခဲယမ်းရိက္ခာများ) ခက်ခဲလာနိုင်ပြီး မိမိတို့ရဲ့စစ်ကူတပ်များကလည်း အချိန်မီရောက်သွားနိုင်လိမ့်မယ် ဆိုတာပါ။ စစ်ကူတပ်များကိုလည်း စောပြီး ကြိုတင်ပြီးပို့မထားရဲပါဘူး။ မော်က သူ့တပ်တွေရဲ့လှုပ်ရှားမှုကို တဖက်ရန်သူတွေ မတွက်ချက်နိုင်လောက်အောင်ကို နည်းပရိယာယ်ပေါင်းစုံသုံးပါတယ်။ ဒါကြောင့် ဘယ်မြို့ကိုတိုက်မယ်ဆိုတာကို ကူမင်တန်များက မသိနိုင်ခဲ့။ ဒါပေမဲ့ ရန်သူရဲ့လှုပ်ရှားမှုအားလုံးကိုတော့ မော်က သိနေပါတယ်။ မြေအောက်လုပ်ငန်းက အတော်နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် ထားပြီးပါပြီ။

၃၁-၁-၁၉၄၉ နေ့က တရုတ်ကွန်မြူနစ်တပ်များ ပီကင်းမြို့ထဲဝင်လာစဉ် မော်က ရန်–ငါအကြောင်း (သူဘက်-ကိုယ့်ဘက်) မသိရင် အောင်ပွဲမရနိုင်လို့ဆိုထားဖူးပါတယ်။ (မော်တို့ဘက်ကလည်း ထျင်ကျင်းနဲ့ ပီကင်း ဘယ်မြို့ကိုတိုက်မလဲဆိုတာ ဆုံးဖြတ်ချက်ရှိပြီးသားပါ။ ပီကင်းက ရှေးဘုရင်မင်းများ စိုးစံရာမြို့တော်ဖြစ်ပြီး တရုတ်အမျိုးသားများရဲ့ယဉ်ကျေးမှုအမွေအနှစ်များရှိလို့ စစ်တပ်နဲ့တိုက်သိမ်းရင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးကုန်မယ်။ ဒါကြောင့် ပီကင်းကို မတိုက်သင့်ဘူး၊ ထျင်ကျင်းကို အရင်တိုက်သိမ်းမယ်။ ပီကင်းကို အတတ်နိုင်ဆုံးငြိမ်းချမ်းတဲ့နည်းနဲ့ရယူရေးကိုလုပ်ဆောင်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်က ရှိပြီးဖြစ်ပါတယ်။ မော်ဦးဆောင်တဲ့ကွန်မြူနစ်ပါတီဘက်မှာ အဲဒီလို အပြည့်အစုံသုံးသပ် ဆုံးဖြတ် စီမံထားတာပါ။)

၁၉၄၉ ဇန်နဝါရီလ (၁၄)ရက်နေ့မှာ ထျန်ကျင်းမြို့ကို တရုတ်ကွန်မြူနစ်များကသိမ်းလိုက်နိုင်ပြီး ပီကင်းမြို့ကိုဆက်သိမ်းဖို့ ချီတက်လာနေကြပါပြီ။ ဒီမှာတင် ပီကင်းမြို့ကမြို့မိမြို့ဖများ (ပီကင်းတက္ကသိုလ်က ပါမောက္ခများ နိုင်ငံကျော်အနုပညာရှင်များ -စသဖြင့်)က ပီကင်းမြို့စောင့်တပ်(အင်အား ၂ သိန်းခွဲရှိ) တပ်မှူးကြီးလည်းဖြစ် ပီကင်းမြို့တော်ဝန်လည်းဖြစ်တဲ့ “ဗိုလ်ချုပ်ဖူ ဆိုယီ”ဆီရောက်လာပြီး ပီကင်းမြို့ကိုကယ်တင်ဖို့ မေတ္တာရပ်ခံကြပါတယ်။ ဒီအခန်းဟာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ စစ်ပွဲကြီးဖြစ်ပွားလာရင် ပီကင်းရှေးမြို့တော်ကြီးရဲ့ရှေးဟောင်းအမွေအနှစ်အဆောက်အဦးတွေ (နန်းတော်တွေ-ဘုရားပုထိုးကျောင်းကန်တွေ) ပျက်စီးကုန်မှာဖြစ်လို့ နောင်တနေ့သမိုင်းမှာ မိမိတို့အားလုံး သမိုင်းတရားခံများအဖြစ် ကမ္ဗည်းထိုးခံရမှာဖြစ်ကြောင်း၊ မြို့နေလူဦးရေကလည်း သန်းကျော်ရှိတဲ့အတွက် လူအသေအကျေလည်းများနိုင်ကြောင်း၊ ဒါကြောင့် တိုက်ပွဲတွေမဖြစ်အောင်ရှောင်ရှားဖို့ ကွန်မြူနစ်များနဲ့စေ့စပ်ဖို့လိုအပ်ရင် မိမိတို့ကိုယ်တိုင် ကွန်မြူနစ်များနဲ့ဆက်သွယ်ဖို့-ကြိုးစားပါရစေလို့ ဝိုင်းတောင်းပန်ကြပါတယ်။

စစ်သားစိတ်ကြီးမားလှတဲ့ ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ သေနတ်တချက်မှ မပစ်ဖောက်လိုက်ရဘဲ လက်နက်ချလိုက်ဖို့ဆိုတာ ဘယ်လိုမှ မစဉ်းစားနိုင်ပေမယ့် တဖက်ကလည်း ပီကင်းမြို့တော်ကြီး ပျက်ယွင်းသွားမယ့်အရေးကလည်း ရှိနေပါသေးတယ်။ ဒီလူကြီးတွေရဲ့ပြောဆိုချက်တွေကလည်း အကျိုးအကြောင်းတွေဆီလျော်နေပါတယ်။ အဲဒီညက အတွေးအခေါ်အရှုပ်အထွေးတွေဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးနဲ့သမီးတို့ရဲ့ “ဘယ်သူ့အပေါ် သစ္စာရှိရမလဲ”ဆိုတဲ့ ဆွေးနွေးခန်းဟာ အလွန် စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

ဗိုလ်ချုပ်ကြီးဟာ ဆွန်ယက်ဆင်ထူထောင်ခဲ့တဲ့ကူမင်တန်ပါတီရဲ့ လက်ဟောင်းပါတီဝင်ကြီးပါ။ ဒါကြောင့် သူတသက်လုံးသစ္စာစောင့်ထိမ်းခဲ့တဲ့သူ့ပါတီအပေါ်သစ္စာဖောက်ပြီး ကွန်မြူနစ်ပါတီနဲ့ဆွေးနွေးဖို့ကို စိတ်ထဲမသိုးမသန့်ကြီး ဖြစ်နေဟန်ရှိပါတယ်။ ဒီမှာတင် သမီးလုပ်သူက ဆွန်ယက်ဆင်ရဲ့ကူမင်တန်ပါတီနဲ့ ချန်ကေရှိတ်အပိုင်စီးလိုက်တဲ့ကူမင်တန်ပါတီအကြား ကွာခြားချက်တွေကို ထောက်ပြပါတယ်။
တကယ်တော့ ဗိုလ်ချုပ်ကြီးကိုယ်တိုင်ကလည်း ချန်ကေရှိတ်အပေါ် စိတ်ကုန်လာနေပါပြီ။ လူထုအပေါ်ထားရှိတဲ့ ဘယ်သူသေသေ-ဆိုတဲ့စိတ်ထားတွေကိုလည်း တွေ့လာနေပါတယ်။ ချန်ကေရှိတ်မိသားစုအဝန်းအဝိုင်း (အခုခေတ်အခေါ်- ခရိုနီ)တွေပဲ အလွန်ချမ်းသာကြွယ်ဝ လာနေတာကိုလည်း မြင်တွေ့နေရတာပါ။ စစ်တပ်တွင်း အလွှဲသုံးစားမှုများကလည်း အလွန်အကျွံ ဖြစ်လာနေပါတယ်။ ဒါတွေပြုပြင်ဖို့ ဗိုလ်ချုပ်ကြီးအနေနဲ့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် တချိန်တခါက ပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်ပေးခဲ့တဲ့ ကူမင်တန်ပါတီကြီးဟာ နောက်ပိုင်း ပျက်စီးယိုယွင်းပြီး လက်တဆုပ်စာ လူနည်းစုလေးရဲ့စီးပွားကိုပဲ အကာအကွယ်ပေးနေတာကြောင့် သစ္စာစောင့်နေစရာ မလို။ ပြည်သူလူထုရဲ့အကျိုးစီးပွားပဲ ကြည့်သင့်တယ်။ (ပြည်သူအပေါ်ပဲ သစ္စာရှိသင့်တယ်) ဆိုတာကိုမြင်လာပြီးနောက် ကွန်မြူနစ်ပါတီနဲ့စေ့စပ်ဆွေနွေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဗိုလ်ချုပ်ကြီးကမ်းလှမ်းချက်အပေါ် မော်အပါအဝင် ထိပ်တန်း ကွန်မြူနစ်ခေါင်းဆောင်များ ခေါင်းခြင်းတိုက်ဆွေးနွေးကြပါတယ်။ ပြီးမှ-မော်ကသူတို့ဘက်ကလွှတ်မယ့်ကိုယ်စားလှယ်များကို လမ်းညွှန်ချက်များပေးပါတယ်။ မိမိတို့တပ်များ စစ်ရေးအရ အပေါ်စီးရနေပေမယ့် ဆွေးနွေးရာမှာ လေးလေးစားစား တန်းတူရည်တူသဘောထားဆွေးနွေးဖို့ (ပြည်သူများအပေါ်ထောက်ထားမှုကို အသိအမှတ်ပြုသင့်တယ်လို့ ဆိုပါတယ်။) ပုဂွိုလ်ရေးဂုဏ်သိက္ခာကိုထိခိုက်နိုင်တဲ့အပြောအဆို အပြုအမူများကို သတိထားဖို့။ တောင်းဆိုတင်ပြချက်တွေကို စိတ်ရှည်လက်ရှည်နားထောင်ပြီး လက်မခံနိုင်လည်း ချက်ချင်းမတုံ့ပြန်ဖို့ စတာတွေကို သင်ကြားပေးလိုက်ပါတယ်။ (သူတို့ဟာ တကြိမ်တခါက စစ်ဘုရင်ကြီးတွေနော်လို့လည်း သတိပေးလိုက်ပါသေးတယ်။)

ဒါပေမဲ့ မော်ဟာ မူကိစ္စများကိုတော့ လုံးဝမလိုက်လျောပါ။ ဥပမာ “ဗိုလ်ချုပ်ကြီး ဖူဆိုယီ”က သူတပ်များကို သူဆက်ကိုင်ထားပါရစေဆိုတာမျိုးပေါ့။ ဒါကို ငြင်းဆိုတာမျိုးမဟုတ်ဘဲ အလွန်ပျော့ပျောင်းစွာနဲ့ ဗိုလ်ချုပ်ကြီးလုံခြုံရေးအရဆိုတဲ့အကြောင်းပြချက်နဲ့ တပ်တွေကို တနေရာမှာစုစည်းရေးကိုပဲ သဘောတူပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးက လက်နက်ချတယ်ဆိုတဲ့စကားကို လက်မခံနိုင်ပါ။ ဒါ့ကြောင့် ပီကင်းမြို့ကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးခြင်းဆိုတဲ့စကားလုံး သုံးပေးပါတယ်။

ဒီဆွေးနွေးပွဲတွေကို အလွန်လျှို့ဝှက်စွာပြုလုပ်ကြပေမယ့် ဒီသတင်း ချန်ကေရှိတ်ဆီ ရောက်သွားပါတယ်။ ပီကင်းမြို့သာ ကွန်မြူနစ်လက်ထဲရောက်သွားရင် တရုတ်ပြည်မြောက်ပိုင်းဒေသတခုလုံး လက်လွတ် ဆုံးရှုံးမယ့်အရေး “ဖူဆိုယီ”သာ ကွန်မြူနစ်တွေဆီ လက်နက်ချလိုက်ရင် ကူမင်တန်တပ်ကြီးတတပ်လုံး ဖရိုဖရဲဖြစ်မယ့်အရေး စတာတွေကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ “ဖူဆိုယီ”ကိုလုပ်ကြံဖို့ သူ့လက်ရွေးစဉ်ထောက်လှမ်းရေးတပ်မှူးကို အမိန့်ပေးလိုက်ပါတယ်။ ချန်ကေရှိတ်က သူ့အပေါ်သစ္စာဖောက်ရင် ဘယ်လိုခံရမယ်ဆိုတာကို ကျန်တပ်မှုးများကိုပြချင်တာလည်း ပါပါတယ်။

ထိပ်တန်းလျှို့ဝှက်အဖြစ်ပို့တဲ့ ဒီအမိန့် မော်ရပါတယ်။(မော်က သူ့ထဲမှာလည်း ကိုယ့်လူရှိတယ်။ ကိုယ့်ထဲမှာလည်း သူ့လူရှိတယ်ဆိုတဲ့စကား အမြဲပြောတတ်ပါတယ်။) ဒါကြောင့် “ဖူဆိုယီ”ရဲ့လုံခြုံရေးကို အပြည့်အဝတာဝန်ယူဖို့ ပီကင်း မြေအောက်အဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

ကွန်မြူနစ်များအတွက်ကလည်း “ဖူဆိုယီ”လုံခြုံရေးဟာ အရေးကြီးပါတယ်။ “ဖူဆိုယီ”သာ တစုံတခုဖြစ်သွားရင် သူ့လမ်းလိုက်ချင်တဲ့ (ကွန်မြူနစ်များနဲ့ပေါင်းချင်တဲ့) တခြားကူမင်တန် တပ်မှူးများ နောက်တွန့်သွားနိုင်ပါတယ်။ ဒါကြောင့် မြေအောက်ပါတီဝင်တွေထဲက အဝေးကကြည့်ရင် ဖူဆိုယီနဲ့ တူသူတဦးကို “ဖူဆိုယီ”အိမ်မှာ နေခိုင်းထားပြီး “ဖူဆိုယီ”ကိုတော့ လုံခြုံတဲ့တနေရာမှာ ဝှက်ထားရပါတယ်။ ကူမင်တန်ထောက်လှမ်းရေးများကလည်း အဲဒီအိမ်ကို ဗုံးခွဲပြီးတိုက်ခိုက်လိုက်ပါတယ်။ “ဖူဆိုယီ”သေသွားပြီလို့ ချန်ကေရှိတ်တို့ယုံကြည်သွားလို့ ဖူဆိုယီကို ဘေးရန်ကင်းတဲ့နေရာကို ကယ်ထုတ်နိုင်ခဲ့တာပါ။ (ဒီဇာတ်ဝင်ခန်းတွေဟာ သဲထိတ်ရင်ဖို အခန်းတွေပါ။)

အဲသလို မြေအောက်ပါတီဝင်တယောက်က အသက်နဲ့လဲပြီး သူ့ကိုကယ်တင်လိုက်ပြီးတဲ့နောက်မှာတော့ “ဖူဆိုယီ”ဟာ အတော်ပြတ်သားသွားပြီး ကွန်မြူနစ်များနဲ့သဘောတူစာချုပ်တွေ အမြန်ချုပ်ဆိုလိုက်ပါတော့တယ်။ (အစောပိုင်း “ဖူဆိုယီ”က သူ့တပ်နဲ့ကွန်မြူနစ်တွေနဲ့ပေါင်းပြီး တရုတ်ပြည်မြောက်ပိုင်းရဲ့ညွှန်ပေါင်းအစိုးရဖွဲ့ရေး တင်နေသေးတာ)။

၁၉၄၉ ဇန်နဝါရီ (၃၁)ရက်နေ့မှာတော့ ကွန်မြူနစ်တပ်တွေ ပီကင်းမြို့ကိုဝင်လာပါတော့တယ်။ ကူမင်တန်မြို့စောင့်တပ်က ဝင်လာတဲ့တပ်ကို ကင်းလဲသလိုလွှဲပေးလိုက်ပါတယ်။ ကွန်မြူနစ်တပ်ရင်းတရင်းက မြို့စောင့်တပ်နေရာဝင်ယူပြီးမှ ကျန်တပ်များ မြို့ထဲဝင်လာပါတော့တယ်။ တမြို့လုံး အုံးအုံးကျက်ကျက် ထွက်ကြိုကြပါတယ်။ ကကြ ခုန်ကြ တီးကြဆိုကြနဲ့။ ကနေသူများရဲ့ကျောမှာ “လွတ်မြောက်ပြီ”—“မိုးလင်းပြီ”ဆိုတဲ့စာတမ်းတွေ ကပ်ထားပါတယ်။ (ဒီအခန်းတွေကို အဲဒီ ကာလက ရိုက်ကူးခဲ့တဲ့သတင်းကားများကနေ ဖြတ်ထည့်ထားပါတယ်။)

ပီကင်းမြို့သူမြို့သားတွေ ပျော်လည်းပျော်လောက်စရာပါ။ အဲဒီအချိန်ကပီကင်းရဲ့ ရှေ့ကာမြို့တမြို့ဖြစ်တဲ့ ထျန်ကျင်းကို ကွန်မြူနစ်တပ်များက စိစိညက်ညက်ကျေအောင် ဗုံးမိုးရွာပြီးတိုက်ပြထားပြီးပါပြီ။
ကူမင်တန်တပ်မှူးများအားလုံးကို တနေရာမှာလက်နက်ဖြုတ်ပြီး စုထားပြီးပါပြီ။

ကွန်မြူနစ်တပ်တွေ ပီကင်းမြို့ထဲကအချက်အချာနေရာတွေကိုယူပြီးမှ “ဖူဆိုယီ”က ထွက်လာပြီး သူနဲ့နေခဲ့ချင်သူတွေ နေခဲ့နိုင်တယ်။ ချန်ကေရှိတ်ဆီ ပြန်ချင်သူတွေကို လေယဉ်နဲ့ပြန်ပို့ပေးမယ်ဆိုပြီး သူတို့ဆန္ဒတွေအတိုင်း လုပ်ဆောင်ပေးလိုက်ပါတယ်။ အောက်ခြေတပ်သားများကိုလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေသပြန်ချင်သူများကို ခရီးစရိတ်ထုတ်ပေးပြီး ပြန်လွှတ်ပေးပါတယ်။ တပ်သားအများစုဟာ ကျေးလက်ဒေသကလယ်သမားများပါ။ ကွန်မြူနစ်များက သူတို့သိမ်းပိုက်လိုက်တဲ့ဒေသတွေမှာ -မြေယာဝေခြမ်းရေးတွေလုပ်ထားပြီးပါပြီ။ ဒီနည်းနဲ့ ကူမင်တန်တပ်ကလယ်သမားတွေအိမ်ပြန်ကုန်ကြလို့ ကူမင်တန်တပ် အများအပြားလည်း ပြိုသွားရတာပါ။

နောက်ဆုံးခန်း-၁၉၄၉ ခုနှစ် မတ်လထဲမှာ ပီကင်းမြို့ထဲဝင်လာတဲ့ ဥက္ကဋ္ဌမော်နဲ့ “ဗိုလ်ချုပ်ကြီးဖူဆိုယီ”တို့ တွေ့တဲ့အခန်း–ဇာတ်ကားရဲ့အထွတ်အထိပ်အခန်းပေါ့။ ဥက္ကဋ္ဌမော်ကို မြို့မိမြို့ဖများနဲ့အတူတွဲပြီး “ဗိုလ်ချုပ်ကြီးဖူဆိုယီ” ကကြိုဆိုတာပါ။ မော်နဲ့ လက်ဆွဲနှုတ်ဆက်ရင်း ဖူက-ကျွန်တော့်လက်မှာ ကွန်မြူနစ်တွေသွေး စွန်းနေပါတယ်။ ဝမ်းနည်းပါတယ်ခင်ဗျာ– လို့ တောင်းပန်စကားဆိုပါတယ်။ (ပြည်တွင်းစစ်ကာလကြီး အတွင်းတိုက်ပွဲများမှာရော -မြို့ပေါ်မှာဖမ်းမိတဲ့ မြေအောက်ရဲဘော်များကိုရော-ကူမင်တန်အစိုးရအနေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုများကို ဆိုချင်တာပါ။)
မော်ကပြုံးပြီး–“ပြီးတဲ့ကိစ္စတွေမပြောကြစို့လားဗျာ။ နောင်မသတ်တော့ရင် ပြီးတာပါပဲ။ ခင်ဗျားပြုတဲ့ကောင်းမှုက ပိုကြီးပါတယ်” တဲ့။ ဘဝင်ခိုက်သွားအောင်ပြောလိုက်တဲ့စကားပါပဲ။ (တကယ်တော့ ဒီပြည်တွင်းစစ်ကြီးအတွင်း မော်မိသားစုအတွင်းက မိသားစုဝင် (၇)ဦး ကျဆုံးခဲ့ပြီးပါပြီ။ တချို့က တိုက်ပွဲများအတွင်းကျသွားတာဖြစ်ပေမဲ့ တချို့ကတော့ ဒေသခံ စစ်ဘုရင်များရဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရပြီးမှ အသတ်ခံသွားရတာပါ။)
ကြိုဆိုပွဲအခမ်းအနားအပြီး- စကားဝိုင်းဖွဲ့ပြောဆိုနေကြရာမှာ-မော်က-ဖူကို — “ခင်ဗျား ရှေ့မှာဘာလုပ်ဖို့ စဉ်းစားထားပါသလဲ” —လို့မေးပါတယ်။ ဖူက- “ကျွန်တော့်မွေးရပ်မြေကို ပြန်မယ်။ ကျွန်တော်တို့အရပ်မှာ ရေရှားပါးလို့ လယ်သမားတွေသိပ်ဒုက္ခရောက်တယ်လို့ ဆိုကြတယ်။ အဲဒီကိစ္စလေးကို သွားဖြေရှင်းပေးချင်တယ်”– လို့ဆိုပါတယ်။ မော်က သူ့နဲ့အတူတူထိုင်နေတဲ့ –နောင်တက်မယ့်အစိုးရသစ်မှာ ဝန်ကြီးချုပ်ဖြစ်မယ့်ချိုအင်လိုင်းဘက်လှည့်ပြီး— “ကဲ-ဝန်ကြီးချုပ်ကြီးရေ — ခင်ဗျားအတွက်တော့ လုပ်ဖော်ကိုင်ဖက်တယောက်ရပြန်ပြီ။ ရေနဲ့ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးဖူကို ယူပေတော့”—လို့ဆို လိုက်ပါတယ်။ ဖူက–“ဒီလောက်ကြီးတဲ့တာဝန်ကြီး မယူပါရစေနဲ့။ ကျွန်တော် အဲဒီဘာသာရပ်တွေလည်း သိပ်သိတာမဟုတ်ပါဘူး”— လို့ပြာပြာသလဲပြော ငြင်းပါတယ်။ မော်က ချိုအင်လိုင်းကိုပဲကြည့်ပြီး– တို့ပါတီထဲက ဒီဘာသာရပ်ကျွမ်းကျင်သူ ၂ ယောက်ကို သူ့လက်အောက်မှာ ဒုဝန်ကြီးတွေအဖြစ် ခန့်ပေးလိုက်ပါလို့ဆိုပြီး အဆုံးအဖြတ်ပေးလိုက်ပါတယ်။

၁၉၄၉ ခုနှစ် အောက်တိုဘာ-၁-ရက်နေ့-တရုတ်ပြည်သစ်တည်ထောင်ကြောင်း ထျင်အန်မင်ပေါ်က မော် ကြေညာချိန်မှာ ဗိုလ်ရှုစင်ပေါ်မှာ “ဗိုလ်ချုပ်ကြီးဖူ”ကို တခြား ကွန်မြူနစ်ပါတီခေါင်းဆောင်များ- မျိုးချစ်ပြည်ချစ်ပုဂွိုလ်ကြီးများ၊ အထင်ကရဧည့်သည်ကြီးများနဲ့အတူ-ပြုံးပျော်ကြည်နူးစွာတွေ့ရပါတယ်။

နောက်ပိုင်းမှာလည်း ဖူကိုတရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် (အထက်လွှတ်တော်နဲ့ သဏ္ဌာန်တူ)ရဲ့ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒီလိုနည်းများနဲ့ မော် ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်များဟာ နည်းသဏ္ဌာန်ပေါင်းစုံ (လိုအပ်ယင် အသက်ပါစွန့်ပြီး) ကူမင်တန်ဗိုလ်ချုပ်ကြီးတချို့ရဲ့ မီးခဲပြာဖုံးမျိုးချစ်စိတ်ကို မရရအောင်ဖော်ထုတ်ပြီး ပြည်သူဘက်ကို ကူးပြောင်းလာစေခဲ့ပါတယ်။ စစ်ချည်းတိုက်ပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်ကြီးကို ချေမှုန်းအောင်မြင်ခဲ့တာမဟုတ်ပါဘူး။

ထို့အတူပဲ တရုတ်ပြည်သစ်ကို တည်ဆောက်ရာမှာလည်း ကူမင်တန်အစိုးရဟောင်းက လုပ်ရည်ကိုင်ရည်ရှိသူများကိုနေရာပေးပြီး တာဝန်တွေ စိတ်ချယုံကြည်စွာပေးအပ်ခဲ့ပါတယ်။
တာဝန်အပေးခံရသူတွေကလည်း စိတ်သစ်ကိုယ်သစ် မျိုးချစ်ပြည်ချစ်စိတ်နဲ့ နိုင်ငံတော်သစ်နဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုသွားခဲ့တယ်။ သမိုင်းသင်ခန်းစာယူမယ်ဆိုယင်တော့ ယူနိုင်စရာတွေများပါတယ်။
လှကျော်ဇော
၇-၄-၂၀၁၆
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆ ကနေ ပြန်ကူးယူဖော်ပြတာပါ

ဘာမှမလုပ်ရသေးပါ(မျိုးမြင့်ချို)

0 comments
ဦးထင်ကျော်ဦးဆောင်တဲ့အရပ်တပိုင်းအစိုးရ ဘာမှ မလုပ်ရသေးပါ။

လုပ်ဖို့ ပြင်ဆင်နေတာ အားထုတ်နေတာတွေ ရှိမှာသေချာပါတယ်။ လုပ်လိုစိတ်ရှိတာလည်း သိသာမြင်သာပါတယ်။ ဘယ်လောက် လုပ်နိုင်မလုပ်နိုင်ကတော့ အခြေအနေ ဘယ်လောက်ပေးမပေးပေါ် မူတည်မှာပါ။ ဖန်တီးယူလို့ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

နိုင်ကျဉ်းတွေလွှတ်တာက လွှတ်ရမယ့်ကိစ္စပါ။ အလုပ်မဟုတ်ပါ။ အစိုးရသစ်အတွက် နိုင်ငံရေးတွက်ခြေကိုက်သလို လွတ်သူတွေအတွက်လည်း ဝမ်းမြောက်စရာပါ။ အဆောတလျင်ဆောင်ရွက်တဲ့အတွက် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုရမှာပါ။

ဘာမှမလုပ်ရသေးဆိုတာက လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ မြေယာပြဿနာ၊ ပြည်တွင်းစစ်၊ ဖက်ဒရယ်လ်ပြည်ထောင်စု၊ ဖွဲ့စည်းပုံပြင်ရေးစတဲ့ ကိစ္စကြီးမျိုးတွေကို ဆိုလိုတာပါ။
စစ်အစိုးရအဆက်ဆက် တိုင်းပြည်နဲ့လူထုအတွက် ချန်ထားခဲ့တဲ့ဆိုးမွေမှန်သမျှ အမှောင့်မှန်သမျှကို ဖြည်ရရှင်းရ ဖြန်ရဖြေရ ဖာရထေးရတွေလည်းလုပ်ရမယ့်အထဲ ဝင်ရှုပ်လာမှာပါ။

ခု ဘာမှတောင်မလုပ်ရသေးဘူး နိုင်ကျဉ်းလွှတ်ရုံလေးရှိသေးတယ် အရပ်တပိုင်းအစိုးရ အစမ်းသပ်စခံရပါတယ်။ ခုချိန်ထိ အင်န်အယ်လ်ဒီက (တာဝန်ရှိသူက)တရားဝင် အဆိုးအကောင်း ဘာမှပြောသံမကြားသေးပါ။ ဆွပေးတဲ့သဘော မသင်္ကာစရာပေါ်လို့ “ပြစ်ထားလိုက်ပါ၊ ပြောစရာမလို”ဆိုပြီး ထားလိုက်တာဆို အလွန်ကောင်းပါတယ်။

ဒေါ်စုအမှူးပြု ဦးထင်ကျော်ဦးဆောင်တဲ့အရပ်တပိုင်းအစိုးရမှာ လုပ်စရာတွေ အများကြီးပါ။ ကျနော်တို့အားလုံး လုပ်စေချင်ဖြစ်စေချင်တာတွေချည်းပါ။ အဲ့ဒါတွေအားလုံးကို လုပ်မရဖြစ်မရအောင် အတားအဆီးပြုနေတာက စစ်အုပ်စုနဲ့သူ့အလိုတော်ရိတွေ အမြီးစားဘက် ခေါင်းစားဘက်တွေပါ။ သူတို့အားလုံးဟာ ၂ဝဝ၈ "ဖွဲ့စည်းပုံ"ကို “ဥပဒေ“လုပ်ပြီး ကာ တက် တက်နေတာပါ။
လွှတ်တော်ထဲကတမတ်သား၊ အစိုးရထဲက ဝန်သုံးပါး၊ ကာလုံထဲက စစ်လူ ၆ ယောက် အဲ့ဒါတွေအပြင် “အချိန်မရွေးအာဏာသိမ်းခွင့်”တွေဟာ သူ့ဖွဲ့စည်းပုံ တည်ရှိမှုနဲ့အတူ ဖြစ်ထွန်းနေတာပါ။

ချုပ်ရရင် ၂ဝဝ၈ ဖွဲ့စည်းပုံ ခြေရာလက်ရာမပျက်ရှိနေသမျှ ဒီမိုကရေစီကျတဲ့အုပ်ချုပ်ရေးနဲ့အစိုးရအပြည့် ဘယ်တော့မှမရပါ။ ၂ဝဝ၈ အောက်ကနေ ကျနော်တို့လုပ်စေ့ချင် ဖြစ်စေ့ချင်တာတွေကို အရပ်တပိုင်းအစိုးရမပြောနဲ့ သိကြားမင်းတောင် ဆင်းလာပြီးလုပ်ပေးလို့မရပါ။

၂ဝဝ၈ ကို ဒီမိုကရေစီကျဖွဲ့စည်းပုံဖြစ်အောင်လုပ်ရမှာက ကိစ္စအကြီးကြီးတွေထဲက အကြီးဆုံးနဲ့ အခရာအကျဆုံးကိစ္စပါ။ သူ့ကို ပြီးအောင်လုပ်နိုင်ရင် ကျန်တာတွေပြီးအောင်လုပ်ဖို့ လမ်းပွင့်ပြီးသားဖြစ်ပါပြီ။

ဒီကိစ္စကြီးဟာ အရပ်တပိုင်းအစိုးရတခုတည်း တတ်နိုင်တဲ့ကိစ္စလုပ်နိုင်တဲ့ကိစ္စ မဟုတ်ပါ။ ကျနော်တို့အားလုံး လွှတ်တော်တွင်း လွှတ်တော်ပ အစိုးရတွင်း အစိုးရပ မြေပေါ်မြေအောက် လူထုပါနိုင်သမျှပါမယ့် ဒီမိုကရက်တစ်လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။

ကျနော်တို့ ဒီမိုကရေစီကျကျ လှုပ်ရှားနေမှရမှာပါ။ အပြန်အလှန် ဒီမိုကရေစီပိုင်ခွင့်တွေ သတိပြုလေးနက်ကြပါမှ တန်ကာကျမှာပါခင်ဗျား။
ကပ်ပါးတွေတော့ ထားခဲ့ပါ။

"ပိတောက်ပန်းသို့ ဂုဏ်ပြုခြင်း" -မြသန်းတင့်-

0 comments
"ပိတောက်ပန်းသို့ ဂုဏ်ပြုခြင်း"
-မြသန်းတင့်-
ခေတ်သစ်ရုရှစာပေနဲ့ ပတ်သက်လို့ ပြောရာမှာ ဂေါ်ကီက 'ကျွန်တော်တို့သည် ကုတ်အင်္ကျီမှ ဆင်းသက်လာခဲ့ကြသည်' လို့ ပြောခဲ့ဖူးပါတယ်။ သဘောကတော့ ခေတ်သစ်ရုရှစာပေဟာ ဂိုဂိုးလ်ရဲ့ 'ကုတ်အင်္ကျီ'ဆိုတဲ့ ၀တ္ထုတိုကလေးကအစပြုခဲ့တယ်လို့ ပြောတဲ့သဘောပါ။ ဒီအတိုင်းပါဘဲ။ ကျွန်တော်တို့ရဲ့ မြန်မာခေတ်သစ်ကဗျာဟာလည်း ဇော်ဂျီရဲ့ 'ပိတောက်ပန်း' က ဆင်းသက်လာတယ်လို့ ပြောနိုင်ပါတယ်။

'ပိတောက်ပန်း' မတိုင်မီတုန်းက မြန်မာကဗျာဟာ သဘာဝအကြောင်း၊ ပန်းအကြောင်း၊ ရာသီအကြောင်း၊ နက္ခတ်အကြောင်း၊ တောတောင်ရေမြေအကြောင်းကို ခပ်ရိုးရိုးခပ်စင်းစင်းဖွဲ့သွားတဲ့ သရုပ်ပြအဖွဲ့လောက်ပဲ ရှိပါတယ်။ ဦးကြော့ရဲ့ ပိတောက်ပန်းအဖွဲ့ကိုကြည့်ရင် ဒီအချက်ကိုသိနိုင်ပါတယ်။ နားထောင်ကြည့်ပါ။
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တန်းသာဖြင့်
ဘယ်ပန်းသော်စံမတူဘု
နန္ဒမူဖန်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာရာ။

တနှစ်တွင် ဒီတလပေပ
တလတွင် တရက်တည်း
ခက်ခဲတဲ့ရက်ဗုဒ္ဓါ
ပွင့်ရှာကြစုံမြိုင်တွင်း။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံမတော့
ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နဲ့
ခါသင်္ကြန် ဂိမာန်ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတလျှောက်သင်းပါဘိ ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း။

ဦးကြော့ရဲ့ပိတောက်ပန်း ဖြစ်ပါတယ်။ လှပပြီး၊ ပန်းပွင့်ရဲ့ သင်္ခါရ၊ လောကရဲ့သင်္ခါရသဘောကိုဖော်ပြတဲ့ သရုပ်ပြ ကဗျာလေးတပုဒ်ပါပဲ။

ဇော်ဂျီရဲ့ ပိတောက်ပန်းကတော့ ရသသဘောတင် မကတော့ဘူး။ ဒဿန ပါလာပါတယ်။ ကျေးဇူးပြုပြီး နားထောင်ကြည့်စေချင်ပါတယ်။

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဘော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပေါ့
ကြွားချင်လှပေလိမ့်မယ်။

ပထမပိုဒ်ပါ။ ဒီအပိုဒ်မှာပဲ ဇော်ဂျီရဲ့ စိတ်ရင်းစိတ်ဓါတ်ကို ကျွန်တော်မြင်လိုက်ရပါပြီ။ အဲဒီစိတ်ရင်း၊ အဲဒီစိတ်ဓါတ်ကတော့ နားလည်ခွင့်လွှတ်ခြင်းပါပဲ။ ခွင့်လွှတ်ခြင်းဟာ ဇော်ဂျီ့စိတ်ဓါတ်ဖြစ်ပါတယ်။ ပိတောက်တွေ ပွင့်တော့မယ်တဲ့။ တလောကလုံး ရွှေရည်တွေဖုံးတော့မယ်။ ကြည့်လေရာရာမှာ ပိတောက်ငုံ၊ ပိတောက်ဖူးတွေကသူတို့လာတေ့မယ်၊ စောင့်ကြ၊ မျှော်ကြလို့ ကြေညာနေတဲ့ပုံမျိုး။
ခေါင်းမော့ပြီး ဝေေ၀ဆာဆာနဲ့ ကြွားဝါနေကြလေရဲ့။ ဩော် ကြွားချင်လည်း ကြွားပါစေ။ သူလည်း လောကီသားလို ကြွားချင်မှာပေါ့လို့ ဇော်ဂျီက ခွင့်လွှတ်ထားပါတယ်။ ဒီတော့ ပိတောက်ပန်းကဗျာရဲ့ ပထမအပိုဒ်ဟာ နားလည်ခွင်လွှတ်ခြင်းကိုပြတဲ့အပိုဒ် ဖြစ်ပါတယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ့ါ
ထူးပါဘိတယ်။

ကြည့်စမ်းတဲ့။ ဘယ်လောက်ကျက်သရေ ရှိသလဲ။ ပြာရီတိမ်တိုက်တွေကြားထဲက လေပြေကလေး သုတ်လိုက်တဲ့အခါမှာ ပိတောက်ဖူး၊ ပိတောက်ခိုင်တွေဟာ ဟိုဘက်ယိမ်းလိုက်၊ သည်ဘက်ယိမ်းလိုက်နဲ့ ငှက်တွေ လည်ချင်းယှက်နေကြသလိုပဲတဲ့။ မြူးနေလိုက်ကြတာ။ ဘယ်လောက်များ မြူးနေလိုက်ကြသလဲ။ ဘယ်လောက်များ ပျော်နေလိုက်ကြသလဲ။ ဘယ်လောက်များ ရွှင်နေလိုက်ကြသလဲ။ သူတို့လို ဘယ်သူတွေ မြူးနိုင်သလဲ။ သူတို့လို ဘယ်သူတွေ ပျော်နိုင်သလဲ။

ဇော်ဂျီဟာ မြူးနေတဲ့ပိတောက်ပန်းတွေကို မြင်တယ်။ ပျော်နေတဲ့ပိတောက်ပန်းတွေကို မြင်တယ်။ ဒီ ပိတောက်ပန်းတွေနဲ့အတူ သူ့စိတ်ဟာ မြူးနေတယ်။ ပျော်နေတယ်။ ပိတောက်တွေ မြူးနေတာကိုကြည့်ပြီး မုဒိတာပွါးနေတယ်။ သူတပါးပျော်တာ၊ သူတပါးမြူးတာ၊ သူတပါးချမ်းသာတာကိုကြည့်ပြီး မျှဝေခံစားတာဟာ မုဒိတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိတောက်ပန်းကဗျာရဲ့ ဒုတိယအပိုဒ်ဟာ ဇော်ဂျီရဲ့ မုဒိတာစိတ်ကို ပြနေပါတယ်။ ဒီမုဒိတာစိတ်ဟာလည်း ဇော်ဂျီ့စိတ်ရင်း၊ ဇော်ဂျီ့စိတ်ဓါတ် ဖြစ်ပါတယ်။

တတိယပိုဒ်ကတော့ ဇော်ဂျီရဲ့အကောင်းမြင်ဝါဒကိုဖော်ပြနေတဲ့အပိုဒ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုများ အကောင်းမြင်သလဲ။

တ၀ါဝါ ဆင်သင်္ဃန်းရယ်နဲ့
ကမ္ဘာမှာ ဘ၀င်ချမ်းစေဖို့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်ရော့သလား။

ပိတောက်ပန်းတွေ ဒိလောက် ၀ါဝင်းထိန်နေတာဟာ ဘာကိုရည်ရွယ်တာလဲ။ ဘာကြောင့်လဲဆိုတော့ ဇော်ဂျီဟာ သူ့ကိုယ်ကိုပြန်မေးပါတယ်။ ကမ္ဘာကြီးငြိမ်းချမ်းအောင်၊ ဗုဒ္ဓသာသနာ ရွှင်လန်းအောင်၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒစတဲ့ သာသနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်နိုင်အောင် လူတွေကို သတိပေးလှုံ့ဆော်ချင်တဲ့အတွက် ပိတောက်ပန်းတွေဟာ ဒီလောက် ၀ါဝင်းနေကြတာလား။ လူတွေကို ကပ်သုံးပါးကျော်နိုင်အောင်အားထုတ်ကြလို့ သတိပေးတဲ့အနေနဲ့ ဒီလို ရွှေရောင် တောက်တာများ ဖြစ်နေရော့သလားလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးနေပါတယ်။ ပိတောက်ရဲ့အ၀ါရောင်ထဲမှာ သင်္ဃန်းကိုမြင်လိုက်တဲ့ ဇော်ဂျီ့အမြင်ဟာ ငြိမ်းချမ်းမှုကိုလိုလားတဲ့ ဇော်ဂျီ့အမြင်၊ ဘာသာတရားကိုကိုင်းညွတ်တဲ့ ဇော်ဂျီ့အမြင်၊ အကောင်းအမွန်ကိုသာကြည့်တတ်တဲ့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေပါတယ်။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်လို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

ဇော်ဂျီရဲ့ စာနာစိတ်၊ ကရဏာစိတ်၊ သမ္ပဇဉ်စိတ်တို့ကိုပြလိုက်တဲ့ အပိုဒ်ပါပဲ။ ရွှေရောင်တွေခြယ်ထားတဲ့ ပိတောက်ပန်းဟာ နှစ်ဦးမှာပွင့်တဲ့ အခြားပန်းတွေလိုပဲ ပန်းပွဲတော်ကြီးထဲမှာပါချင်မှာပေါ့တဲ့။ သွားပြီး မခူးလိုက်ပါနဲ့တဲ့။ သူ့ခမျာ နှစ်ကုန်ပြီးအတာကူးချိန်မှာ ပျော်ဖို့အတွက် တနှစ်လုံးစောင့်ခဲ့ရတာပါတဲ့။ ခုလို အခွင့်အရေးကြုံမှ သူ့ဂုဏ်ပုဒ်ကလေးကို သူထုတ်ပြရတာမို့ မြူးခွင့်၊ ပျော်ခွင့်၊ ဖူးခွင့်၊ ပွင့်ခွင်၊ ၀င့်ခွင့်၊ ၀ါခွင့်ပေးလိုက်ပါလို့ ဇော်ဂျီက ကရုဏာစိတ်၊ စာနာစိတ်၊ သမ္ပဇဉ်စိတ်နဲ့ ပိတောက်ပန်းဘက်က ရှေ့နေလိုက်ပေးပါတယ်။ ဒါဟာ ဇော်ဂျီ့စိတ်ရင်း၊ ဇော်ဂျီ့စိတ်ဓါတ်ပါပဲ။

ပိတောက်ပန်းကဗျာဟာ (၁၉၂၈) ခုနှစ်က ရေးခဲ့တဲ့ ကဗျာဖြစ်တဲ့အတွက်၊ ခုဆိုရင် နှစ်ပေါင်း (၇၀) ကျော် ရှိသွားပါပြီ။ အနှစ် (၇၀) ကြာသည့်တိုင် ပိတောက်ပန်းဟာ လန်းဆန်းနေတုန်းပါပဲ။ မွှေးပျံ့နေတုန်း ပါပဲ။ ရွှေရောင်တောက်ပနေတုန်းပါပဲ။ ဒီကဗျာဟာ မြန်မာကဗျာသစ်မှာ ပထမဆုံးပေါ်ထွက်လာတဲ့ ကဗျာဖြစ်ပါတယ်။ အတွေးသစ် ကဗျာသစ်ကိုဖော်ပြလိုက်တဲ့ ပထမဆုံး ခေတ်သစ်ကဗျာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်သစ်မြန်မာကဗျာဟာ ပိတောက်ပန်းက ဆင်းသက်လာ တယ်လို့ ကျွန်တော် ပြောခြင်းပါ။
-မြသန်းတင့်-
(၁၉၉၇ ခု၊ စက်တင်ဘာ ၅ရက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဇော်ဂျီကြေးရုပ်ဖွင့်ပွဲ အခမ်းအနားတွင် ဟောပြောချက်မှ ကောက်နှုတ်ထားတာကို ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ်(၃)၊ ဧပြီ ၂၀၀၆ မှ တဆင့်ပြန်လည် ကူးယူဖော်ပြပါတယ်။)
http://mayaonlinemagazine.blogspot.com/…/…/blog-post_04.html

Sunday, April 10, 2016

ပင်နီ (မျိုးမြင့်ချို)

0 comments
အင်န်အယ်လ်ဒီအနေနဲ့ "တူညီဝတ်စုံဝတ်နိုင်ငံရေး" တော်လောက်ပြီလို့ ထင်ပါတယ်။

ပင်နီတို့ ယောထမီတို့ ကချင်လုံချည်တို့ဆိုတာ ယေဘုယျပြောရရင် ၈၈ ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးရဲ့သင်္ကေတပါ။ အမှတ်အသားပါ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ မပိုင်သလို ပိုင်လို့လည်းမဖြစ်ပါ။ ပြည်သူတွေ လမ်းမတွေပေါ်မှာ ချီတက်နေချိန်က ဒီဝတ်စုံဟာ လူတိုင်းပိုင်ပါ။ လူတိုင်း မြတ်နိုးတနာထားတာပါ။ "အဲ့ဒီအချိန်က အင်န်အယ်လ်ဒီတွေ" လည်း ပိုင်ပါတယ်။

ခုချိန်မှာ အင်န်အယ်လ်ဒီဟာနိုင်ငံရေးပါတီတခုဖြစ်သွားတဲ့အတွက် လူထုနဲ့ကင်းကွာသွားပြီလို့ပြောရင် မမှန်ပေမယ့် ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးတခုလုံးကို ကိုယ်စားပြုသင်္ကေတနဲ့တော့ မလိုက်ဖက်တော့တာ အမှန်ပါ။

နောက်တချက်က နိုင်ငံရေးအလှုပ်အရမ်းတခုခုရှိတိုင်း စိုးရိမ်တကြီးနဲ့ "အင်န်အယ်လ်ဒီဝတ်စုံတွေဝတ်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် အင်န်အယ်လ်ဒီနံမည်ပျက်အောင်လုပ်မယ့်သူတွေရှိတယ် သတိထားကြပါ သတိထားကြပါ"နဲ့ ပြောပြောနေရတဲ့ နိုင်ငံရေးသောကကလည်း မသေးပါဘူး။

နောက်တချက်က တူညီဝတ်စုံကြောင့် ကောင်းတာတွေရှိသလို ဆိုးကျိုးဆက်တွေလည်း မနည်းပါ။ တူညီဝတ်စုံကြောင့်ဖြစ်တဲ့ ကောင်းကျိုးဆိုးပြစ်နဲ့ လူ့စိတ်ပေါ်သက်ရောက်တတ်တဲ့သဘာဝတွေအကြောင်း ပညာရှင်တွေပြောတာလည်း များပါတယ်။

လူ့သမိုင်းမှာ တူညီဝတ်စုံဝတ်နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေကြောင့် ရောက်ခဲ့ရတဲ့ဒုက္ခတွေလည်း မနည်းတော့ပါဘူး။ စစ်တပ်ကတော့ စစ်တပ်မို့ ယူနီဖေါမ်းဖြစ်ရတာပါ။ ဒါတောင် ရေခံမြေခံပေါ်ခွဲပြီး ယူနီဖေါမ်းအရောင်ပြောင်းပါတယ်။

ပင်နီတို့ဘာတို့ဆိုတာလည်း ကောင်းကင်ကျဝတ်စုံလို ဘယ်သူမှ မတုပနိုင် ဘယ်သူမှမဝတ်နိုင်ဆိုလည်း တမျိုးပါ။ ခုက လူတိုင်း လွယ်လင့်တကူ ဝယ်ယူဆင်မြန်းနိုင်ပါတယ်။

ဒီက နိုင်ငံရေးပါတီတွေမှာတော့ ပါတီဆိုင်ရာအခမ်းအနားလိုဟာတွေမျာ ပါတီရင်ထိုးလိုဟာလောက် တပ်ကြတာမြင်ပေမယ့် ပါတီဝတ်စုံရယ်လို့ သပ်သပ်ကြီးရှိတာ မမြင်ဖူးပါ။

အပြင်မှာဖြစ်ဖြစ် လွှတ်တော်ထဲမှာဖြစ်ဖြစ် ပါတီအခမ်းအနားတွေမှာဖြစ်ဖြစ် အစိုးရပွဲတွေမှာဖြစ်ဖြစ် ဒူးနေရာဒူး တော်နေရာတော်ဝတ်တယ်ဆိုပြီးတာပါပဲ။

အသွေးအရောင်စုံစုံ တည်တည်ကြည်ကြည့် ခန့်ခန့်ငြားငြားဆို လူရောရှင်ပါ ရိုသေပါတယ်။ ပင်နီဝတ်မှမဟုတ်ပါ။

ပင်နီကို လူထုဆီထားခဲ့ပြီး အတွေးအခေါ်ရော လူရော အမြင်နဲ့နည်းနာရော ဝတ်စုံရော လွတ်လွတ်လပ်လပ် လွတ်လွတ်ကျွတ်ကျွတ် မတူကွဲပြားကြပြီး လူထုဘက်သား တိုင်းပြည့်ဘက်သားတွေအဖြစ် မကွဲမပြားရပ်ကြတာဆို နတ်လူသာဓုခေါ်မှာပါ။
ဧပြီ ၁ဝ၊ ၂ဝ၁၆

အာဏာသုံးဖို့ပါ(မျိုးမြင့်ချို)

0 comments
(အာဏာသုံးဖို့ပါ)
စစ်အစိုးရအဆက်ဆက် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေမှာ စစ်ဗိုလ်တွေပဲ တွင်ကျယ်ခဲ့တာပါ။ အသစ်ရောက်လာတဲ့လူကြီးအောက် ပြားပြားမှောက်ခဲ့ရတာက အရပ်သားပညာရှင်တွေ အမှုထမ်းအရာထမ်း စာရေးစာချီတွေပါ။

လူကြီးဆိုတဲ့လူ ဘာပြောပြော ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်ကဲ့လုပ်ခဲ့ရာတာချည်းပါ။
လူကြီးဆိုသူကလည်း ဝင်လာကတည်းက ဘီလူးဆိုင်းနဲ့ ဗိန်းမောင်းတိုက် ဝင်လာတာပါ။ ဘယ်အကောင် ဂျိုထောင်မလဲမှန်းပြီး "ကိုင်"ပြတတ်ပါတယ်။ ဒီနမူနာကြည့်ပြီး နောက်လူတွေထဲက ဟင့်အင်းမပြောရဲကြပါ။ မဟုတ်ကဲ့လောက်လုပ်မိရင်တောင် ထွက်စာတင်၊ ရာထူးချ၊ နယ်ပြောင်းလောက်တော့ ထိပါတယ်။ သဘောက လူကြီးသစ်မို့ အောက်လက်ငယ်သားက ပညာပေးဖို့ ပညာပြဖို့မပြောနဲ့ မော်တောင်မကြည့်ဝံ့အောင်လုပ်ထားတာပါ။ ပြန်လှန်တဲ့သူဆို အဆုံးစွန်မှာ ထမင်းအိုးခွဲခံရပါတယ်။ လူ ထောင်ကျပါတယ်။ မိသားစုဘဝပျက်ပါတယ်။ ဒီအခြေအနေကို တွန်းလှန်အာခံရဲသူ (ပညာရှင်တွေအပါအဝင်)ဟာ ရှိတော့ ရှိပါတယ်။ ရှားတော့အင်မတန်ရှားပါတယ်။

ခု ဘာပြောပြော နေရာတကာ စစ်လွှမ်းမိုးမှုကိုလျှော့ချဖို့ အရပ်သားတော်တည့်မှန်ကန်သူတွေနဲ့အစားထိုးဖို့ အားထုတ်မှုတွေရှိလာပါပြီ။ ကိုယ့်လက်ကိုယ့်ခြေ ပိုင်ပိုင်နိုင်နိုင်မလုပ်နိုင်သေးလို့ မြေစမ်းခရမ်းပျိုးနေရမှန်းလည်း သဘောပေါက်ပါတယ်။

ကျနော့်မှာ စိတ် "အထင့်" တချက်ရှိပါတယ်။ ဘာထင့်တာလဲဆိုတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ဌာနတခုရဲ့ထိပ်ဆုံးအကြီးအမှူးကတော့ ပြည်သူ့လူ တိုင်းပြည်လူဖြစ်ပါရဲ့။ သူ့အောက်တဆင့်နိမ့် နှစ်ဆင့်နိမ့်တွေက စစ်ဗျူရိုကရက်ဟောင်းတွေ ဆက်ဖြစ်နေသေးတယ်ဆို ဒီလူတွေက အရပ်သားဖြစ်တဲ့ပြည်သူ့လူကို ပညာပေးမှာ ပညာပြမှာကိုပါပဲ။

ကျနော်တို့ဟာ နိုင်ငံရေး အထိုက်အလျောက်နားလည်တယ်၊ အုပ်ချုပ်ရေးသဘော တီးမိခေါက်မိရှိတယ်၊ လူရည်လူသွေးလည်း တန်သလောက်ရှိတယ်၊ လူကဲခတ်လည်း မဆိုးဘူး၊ ဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်တယ်ဆိုစေဦး နှစ်ပေါင်းများစွာ ဗျူရိုကရေစီယန္တယားကြီးနဲ့ ကြီးနိုင်ငယ်ညှဉ်းလုပ်လာခဲ့တဲ့ အအုံအဖွဲ့ကြီးထဲမှာ ကာလတခုတော့ ချာချာလည်ကြရမယ်ထင်ပါတယ်။ ခေါင်းစား၊ ဦးနှောက်ခြောက် နားပူဒဏ်တွေလည်း ခံရမှာပါ။ ပညာပေးပညာပြတွေလည်း ခံရမယ်ထင်ပါတယ်။

ဒါတွေပြောလို့ စိုးရွံ့နောက်တွန့်သွားဖို့မဟုတ်ပါ။ ဘယ်မျှအထိ ပြင်ဆင်ထားဖို့ ဖြည့်ဆည်းထားဖို့ လေ့လာထားဖို့လိုမယ်ဆိုတာ ချင့်ချိန်နိုင်အောင်ပါ။

နောက်တချက်ကလည်း လုပ်ပိုင်ခွင့်နဲ့အာဏာကို ဘယ်နေရာမှာ ဘယ်လိုလူအတွက် ဘယ်ပုံဘယ်နည်း ဘယ်လောက်အချိန်အဆနဲ့ သုံးမလဲဆိုတာပါပဲ။

တကယ့်အုပ်ချုပ်ရေးဆိုတာ မေတ္တာတရားအရင်းခံတယ်ဆိုပေမယ့် အာဏာသုံးမှရပါတယ်။ အာဏာပြလို့မရပါ။

တိုင်းပြည်ကို လူထုကို တော်တည့်မှန်ကန် ကောင်းမွန်တဲ့အုပ်ချုပ်ရေးထူထောင်မယ်ဆို အစိုးရယန္တယားရဲ့အစိပ်အပိုင်းတိုင်း ခွေးသွားစိတ်တိုင်း အံဝင်ဂွင်ကျဖြစ်နေမှ ရမှာပါ။ ကလန့်နေတဲ့ ညပ်နေတဲ့အစိတ်အပိုင်းဆို ဖလှယ်ပစ်ရပါတယ်။

ဗိုလ်သိန်းစိန်အစိုးရကြွေးကြော်သံကိုတော့ တိုင်းပြည်က အကာပြဲ့ပြဲ့အနှစ်မဲ့အဖြစ် အမှိုက်ခြင်းထဲပစ်ခဲ့ကြပါပြီ။
ဧပြီ ၁ဝ၊ ၂ဝ၁၆

လွတ်ငြိမ်း မသက်သာ(မျိုးမြင့်ချို)

0 comments
ကျနော် ၄ဝ၁ အပိုဒ်(၁)ဖျက်ပစ်ရမယ်လို့ တခါမှမပြောဖူးပါ။

စစ်အစိုးရရဲ့ အဲ့ဒီ ပုဒ်မနဲ့ နိုင်ကျဉ်းတွေကိုလွှတ်ပေးတဲ့ပုံစံကို မနှစ်မြို့ကြောင်း လက်မခံကြောင်းပြောပါတယ်။

ကျနော်ကိုယ်တိုင် တတိယအကြိမ်လွတ်ခါနီး (၂)နှစ်လောက်အလိုမှာ ၄ဝ၁ နဲ့ စစ်ထောက်လှမ်းရေးက သာယာဝတီထောင်မှာ လာကမ်းလှမ်းတာခံရခဲ့ပါတယ်။ ကျနော် ငြင်းခဲ့ပါတယ်။ ငြင်းလို့ နောက်ဆုံးအကြိမ်ကျ ထောင် ၇ နှစ်ကို သတ်မှတ်ကာလကျော်အောင်နေခဲ့ရပါတယ်။ ၄ဝ၁ ထိုးပြီး ထွက်သူတွေကို ခုထိ အဆိုးအကောင်းမပြောပါ။ လူတိုင်းမှာ သူ့အကြောင်းနဲ့ သူ့ဘဝနဲ့ သူ့ခံနိုင်ရည်နဲ့ သူပါ။

ခုလည်း နိုင်ကျဉ်းတွေ ၄ဝ၁ နဲ့ပဲလွတ်ကြတာပါ။ ၄ဝ၁ မှာမှ ကာယကံရှင်က လက်မှတ်ထိုးပေးစရာမလိုတဲ့ ၄ဝ၁ နဲ့ပါ။

ဦးထင်ကျော်အရပ်သားတပိုင်းအစိုးရဟာ ဘာလို့ ဒီ ၄ဝ၁ နဲ့ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့လွှတ်ပေးရသလဲဆိုတာလည်း သဘောပေါက်ပါတယ်။ ကွင်းလုံးကျွတ်လွတ်ဖို့ အထွေထွေလွတ်ငြိမ်းချမ်းခွင့်သာက ကာလုံကထောက်ခံမှ ရတာပါ။ ကာလုံမှာ စစ်လူ ၆ ယောက်ကစီးထားတာပါ။ ကာလုံလည်းခေါ်မရ လွတ်ငြိမ်းချမ်းသာလည်းပေးမရဆိုတော့ ရတဲ့နည်းနဲ့ရှောင်ကွင်းပြီး ထောင်တံခါးဖွင့်ပေးတာပါ။ အကုန်တော့ ပွင့်မသွားသေးပါ။

ကျနော်ပြောတာက အဲ့ဒီ ၄ဝ၁ အပိုဒ်(၁)ကို ခုလည်း ဆက်ထားဖို့ပါ။ မဖျက်ဖို့ပါ။ တကယ် လူထုအစိုးရ၊ တကယ်လူထုကရွေးကောက်ထားတဲ့ အာဏာသုံးရပ် ပြည့်ပြည့်ဝဝပိုင်တဲ့အစိုးရဖြစ်သွားပြီဆိုရင်တောင် ဆက်ထားဖို့ပါ။ ဒါက ဥပဒေဆိုင်ရာရှူထောင့်ကနေပြောတာပါ။

ဒါပေမယ့် ဘယ်သူတွေအပေါ်ကျင့်သုံးမလဲ၊ ဘယ်ပုံစံကျင့်သုံးမလဲ၊ ဘယ်အမှုတွေအပေါ်မှာ ကျင့်သုံးမလဲက နိုင်ငံရေးပါ။ နိုင်ငံရေးရှူထောင့်ပါ။

ကာနယ်လ်ချစ်ကောင်း သေဒဏ်ကနေလွတ်တာ လေထီးခုန်ဘက် ဖက်ဆစ်တော်လှန်ရေးမဟာမိတ်တပ်သားကြီး သမ္မတမန်းဝင်းမောင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ပါ။

စစ်အစိုးအဆက်ဆက်မှာ ခြွင်းချက်နဲ့ခံဝန်လက်မှတ်ထိုးခိုင်းပြီး(တချို့တော့ ထိုးစရာမလို)လွှတ်တာလည်း အဲ့ဒီ လွတ်ငြိမ်းသက်သာတွေပါ။

ခုလွတ်လာတဲ့နိုင်ကျဉ်းတွေကို သိန်းစိန်အစိုးရလက်ထက်မှာ မလွှတ်ခဲ့တာလည်း အဲ့ဒီ လွတ်ငြိမ်းသက်သာနဲ့ပါပဲ။

ခုလွတ်လာတဲ့နိုင်ကျဉ်းတွေ ဘာခံဝန်မှထိုးစရာမလိုပဲ လွတ်လာကြတာလည်း အဲ့ဒီ လွတ်ငြိမ်းသက်သာနဲ့ပါပဲ။
စဉ်းစားဖို့ပါ။
ဧပြီ ၁ဝ၊ ၂ဝ၁၆

သွေးပျက်သူများ(မျိုးမြင့်ချို)

0 comments
ခုကျောင်းသားတွေအပါအဝင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ တရားမဲ့မှုမှန်သမျှကို မဟုတ်မခံတွန်းလှန်ခဲ့သူတွေ ထောက်ခံအားပေးသူတွေ
အကျဉ်းထောင်တွေကနေ ပြန်လွတ်လာတာကိုကြည့်ပြီး အစိုးရိမ်ကြီးစိုးရိမ် အလန့်ကြီးလန့်နေတာ စစ်အာဏာရှင်တွေဖြစ်တယ်။
လန့်လို့ပဲ ဖမ်းထားတာ။
လန့်လို့ပဲ မလွှတ်ဝံ့တာပါ၊

ဦးထင်ကျော်ဦးဆောင်တဲ့အရပ်သားတပိုင်းအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ကျဉ်းတွေလွတ်ရေး မဆိုင်းမတွအရေးယူဆောင်ရွက်မှုကို မနှစ်မြို့ကြသူတွေထဲမှာ ထိပ်ဆုံးကပါတာလည်း စစ်အလိုတော်ရိတွေပဲဖြစ်တယ်။

နိုင်ကျဉ်းတွေရှိနေတာမကြိုက်လို့ နိုင်ကျဉ်းတွေလွတ်လာမှာမစိုးရိမ်လို့ လွှတ်ပေးတဲ့လုပ်ရပ်ဟာ သတ္တိရောဗျတ္တိပါပါတယ်လို့ ယုံကြည်ပါတယ်။

နောင်လည်း (နိုင်ငံရေးလှုပ်ရှားသူဟာ မိမိနဲ့ဆန့်ကျင်ဘက်ဖြစ်နေဦးအောင်) တရားမဲ့ဖမ်းဆီးချုပ်နှောင်ထောင်ချ အပြစ်ပေးအရေးယူတာတွေမလုပ်ပဲ ဥပဒေကြောင်းအရ တရားမျှတစွာစီရင်မှု၊ ခုခံချေပခွင့်နဲ့ နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်တွေရှိတဲ့ တရားခွင်မျိုးတွေသာတွေ့ရဖို့ မျှော်လင့်ပါတယ်။

လူ့အခွင့်အရေးဟာ အစိုးရတိုင်း တနည်းမဟုတ်တနည်းနဲ့ ချိုးဖေါက်ကြပါတယ်။ ဒါပေမယ့် ချိုးဖေါက်သူတိုင်းကို၊ ချိုးဖေါက်တဲ့အစိုးရကို၊ အစိုးရအရာရှိကို၊ အာဏာပိုင်တွေကို ဥပဒေကြောင်းအရ စီရင်ဆုံးဖြတ်ခံယူစေတာနဲ့ မခံယူစေတာမှာအခြေခံပြီး အာဏာရှင်အစိုးရနဲ့ ဒီမိုကရေစီအဆိုးရဆိုပြီး ယေဘုယျခွဲပြောကြတာပါပဲ။

ခုလည်း စစ်အာဏာရှင်တွေ ကျောင်းသားတွေလွတ်လာတာမြင်ပြီး လန့်ဖြတ်ကုန်တာ သိသာပါတယ်။

ဒါ ဘာမှမဆန်းဘူး။ စစ်အာဏာရှင်အဆက်ဆက်ဟာ
မတရားမှုကိုဆန့်ကျင်တဲ့ကျောင်းသားဆို သေအောင်ကြောက်တာပဲ။

ကြောက်လည်း ကြောက်ရမှာပဲ။ ခုလည်း ကြောက်လို့ တန်ပြန်ဖြိုခွဲရေးတွေ မီးစဖက်ရေမှုတ်တဖက်တွေ လှည့်ဖျားစကားနဲ့ ရန်တိုက်ပေးတာတွေ သွေးခွဲသပ်လျှိုတာတွေ လုပ်နေတာပါပဲ။
ဒါသဘာဝပဲ။ တရားမဲ့သူလုပ်သမျှဟာ တရားလက်လွတ်ချည်းဖြစ်တာပါပဲ။

ဒီနေရာမှာ သဘာဝမကျဘူးလို့ထင်ချင်စရာတခုက ဒီမိုကရေစီရေး ကျောင်းသားအရေး ပညာရေး လူ့အခွင့်အရေးစတာတွေ လုပ်ခဲ့သူတွေထဲကတချို့ပါ ကျောင်းသားတွေလွတ်လာတာမြင်ပြီး
သွေးပျက်နေကြ ထိတ်လန့်တုန်လှုပ်ကြ သွေးပျက်စပြုလာကြတာတွေပါပဲ။

အစိုးရကမလန့်ပဲ သူတို့ကလန့်နေတာ၊ အစိုးရကသွေးမပျက်ပဲ သူတို့ပျက်နေတာ၊ အစိုးရက မကြောက်ပဲ သူတို့ကြောက်နေကြတာ ဘာ့ကြောင့်လဲ။ ချင့်ချိန်တွေးဆကြည့်ကြဖို့ပါ။
ဧပြီ ၁ဝ၊ ၂ဝ၁၆

နှစ်ကူးဆန္ဒ(မျိုးမြင့်ချို)

0 comments
ဦးထင်ကျော်ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လုပ်နေတဲ့ အရပ်သားတပိုင်းအစိုးရလက်ထက်မှာ ဗကသရဲ့တရားဝင်တည်ရှိမှုကို အသိအမှတ်ပြုတာမျိုး၊ ကျောင်းသားသမဂ္ဂအဆောက်အဦဆောက်ပေးတာမျိုး၊ အရင်ရွှေမန်းလွှတ်တော်ထဲမှာ ဇေယျာသော်နှုတ်ကတဆင့် “သမဂ္ဂ”ကို ကျောင်းသားနဲ့ခွဲပြစ်ဖို့အားထုတ်ခဲ့တာကို
ကြေရာကြေကြောင်း ပြန်ဖြည်ပေးတာမျိုးတွေလုပ်မယ်ဆို
အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပဲ။

ဒီမိုကရေစီပညာရေးစနစ်ဖော်ဆောင်ရေးလည်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းသွားကြမယ်ဆိုပေမယ့် အဆုံးအဖြတ်ပေးနိုင်မှုဟာ ကျောင်းသားဘက်မှာမရှိတာမို့ အစိုးရဘက်ကပြုလာမယ့် ကတိကဝတ်တွေ တည်တည်ကြည်ကြည်နဲ့ ခိုင်ခိုင်မာမာအကောင်အထည်ဖော်မှာတွေ မြင်ပါရစေ။

နှစ်ကူးဆန္ဒပြုမိတာပါ။
ဧပြီ ၁ဝ၊ ၂ဝ၁၆

Saturday, April 9, 2016

ကွက်ဆန်း(မျိုးမြင့်ချို)

0 comments
အကွက်က ၂ မျိုးရှိပါတယ်။

တကွက်က ကျနော့် ငယ်သူငယ်ချင်း တရုတ်ကလေး အကွက်ရဲ့အိမ်နံမည်(တရုတ်အမည်)ပါ။ ကျောင်းနံမည်(ဗမာနံမည်)က သန်းဝင်းပါ။
ကျနော်တို့ကတော့ အကွက်ပဲခေါ်ပါတယ်။

နောက်တကွက်က ထောက်ကြန့်မှာ အနာကြီးရောဂါကုဆေးရုံ (ကျနော်တို့အခေါ် ဆေးရိပ်သာ ဒါမှမဟုတ် အနူရုံ)က လက်ပရိုစီလို့ဆိုတဲ့ အနာကြီးရောဂါသည်တွေရဲ့ ကိုယ်ပေါ်မှာပေါ်တဲ့အကွက်ပါ။

ကျနော့်သူငယ်ချင်းတွေထဲမှာ အနာကြီးရောဂါသည်မိဘတွေကမွေးတဲ့ သူတွေလည်း မနည်းပါ။ အများစုကတော့ ခုထိ ရောဂါမဖြစ်ကြပါဘူး။ တချို့ကတော့ နူကုန်ကြတာရှိပါတယ်။ ကျနော်ကတော့ အနာကြီးရောဂါဆိုတာ ဘယ်အခြေအနေမှာမှကူးစက်တာလို့ ဆရာဝန်တင်ရွှေ ပညာပေးတာကို သိနားလည်တာကတကြောင်း ငယ်သူငယ်ချင်းတွေမို့ နူနူဝဲဝဲ ခင်မင်စွဲရှိတာကတကြောင်းမို့ သူတို့နဲ့အတူစား အတူကစား အတူကျောင်းပြေးခဲ့ပါတယ်။ ခုထိတော့ ကျနော်လည်း မနူသေးပါ။

ဒါပေမယ့်ဒဏ်ရာတွေရပြီး ဘယ်ဘက်လက်ချောင်းတွေ မညီမညာ ငုံးတိငုံးတိုတွေနဲ့ဆိုတော့ ၈၈ မဖြစ်ခင် တကြိမ်မြို့ထဲသွားပြီးအပြန် ၉ ကားစီးချိန်မှာ စပယ်ယာကလက်မှတ်ဖြတ်တော့ “ဘယ်လဲ“ “ထောက်ကြန့်“
ဆိုတော့ ဘေးကလူတွေက ကျနော့်လက်ငုံးတိုတွေလည်းကြည့် ကျနော့်နားကလည်း မသိမသာလေး ရှဲသွားကြဖူးပါတယ်။ ကျနော် လက်ပရိုစီမဟုတ်ပဲ ခုလို အပြုအမူခံရတာတောင် စိတ်ထဲတမျိုးပဲ ခံစားရပါတယ်။

“ကျုပ်အနူမဟုတ်ဘူးဗျ စစ်သားဗျ စစ်သားလူထွက်ဗျ ဒါက ဒဏ်ရာတွေဗျ“ ဘာညာနဲ့ အော်ဟစ်ပြီး ရန်လုပ်ပစ်လိုက်ချင်စိတ်တောင်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ပါ။ မလုပ်ဖြစ်တာက (ငါလည်း အနူတယောက်နား မတော်တဆကပ်မိလို့ အနူမှန်းသိသွားရင် အဲ့လိုလုပ်မိလေမလား။ လုပ်မိရင်ရော ကောင်းပါ့မလား။ အနူလည်းလူပဲ လူ့ဂုဏ်သိက္ခာနဲ့ စာနာစိတ်နဲ့ ကျန်းမာရေးအသိအခြေခံနဲ့ ပြုမူဆက်ဆံအပ်တာပဲလို့ တွေးမိသွားလို့ပါ)

ပြောရင်းချော်ထွက်သွားလို့ အကွက်ဆီပြန်ကောက်ပါ့မယ်။ အဲ့ဒီလူတွေ ကျနော့် လက်ချောင်းငုံးတိုတွေကြည့်ပြီး အနူလို့မှတ်ကြတာ။ တကယ်ဆို ကျနော့်မျက်မှာ လည်ပင်းနဲ့ အင်္ကျီလွတ်နေတဲ့နေရာက အသားတွေကိုကြည့်ပါတော့လား။ ကျနော် အနူဆို အဲ့နေရာတွေမှာ အကွက်တွေတွေ့မှာပေါ့။ ဒါဆို ကျနော် လက်ပရိုစီပေါ့။

ခုလည်း အကွက်တွေ ထုတ်ထုတ်ပြနေတာတို့ အကွက်တွေရွှေ့နေတာတို့
တကွက်ပြီးတကွက်မရိုးရအောင် ပညာပေးနေတာတို့ချည်း ကြားကြားနေရတယ်။

အင်း အကွက်တော့အကွက် ကျနော့်သူငယ်ချင်းသန်းဝင်းနဲ့ အနာကြီးရောဂါသည်ကိုယ်ပေါ်ကအကွက်တွေမဟုတ်ရင် ပြီးတာပါပဲ။
ဧပြီ ၆၊ ၂ဝ၁၆

ဥပဒေမသိလို့ပါ(မျိုးမြင့်ချို)

0 comments
နေဦးဗျ ဥပဒေအကြောင်းမသိလို့ မေးပါရစေ။

ခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခန့်အပ်တာက ဥပဒေဖြစ်သွားပြီမဟုတ်လား။ အဲ့ဒီဥပဒေကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲ ထပ်ထည့်ရမှာလား။ ထည့်စရာမလိုဘူးလား။ လွှတ်တော်ကပြဌာန်း သမ္မတက အတည်ပြုပေးတဲ့ဥပဒေမှန်သမျှ ဖွဲ့စည်းပုံထဲ ထပ်ထပ်ဖြည့်ရတာလား။ သိသူတွေ ပြောပြရှင်းပြပါဦးဗျ။

ကျနော် ဘုမသိဘမသိတွေးနေမိတာက အဲ့သလို လွှတ်တော်ကပြဌာန်း သမ္မတကလက်မှတ်ထိုးထိုးပြီး အတည်ဖြစ်ဖြစ်သွားတဲ့ဥပဒေတွေကို ဖွဲ့စည်းပုံထဲ ထပ်ထပ်ထည့်လို့ရတယ်ဆို ကောင်းတယ်ထင်လို့ပါ။

လောလောဆယ် ပြင်ဖို့လည်းမဖြစ်နိုင် အစားထိုးဖို့လည်းမလွယ် ဖျက်ဖို့လည်းဝေးစွဖြစ်နေတဲ့ ဒီ ၂ဝဝ၈ စစ်စိုးမိုးဖွဲ့စည်းပုံထဲက ဒီမိုကရေစီမကျ မမျှတ စစ်-ဗိုလ်ကျလွန်းတဲ့ပုဒ်ထီးပုဒ်မတွေ (သူတို့စကားနဲ့ဆို အခြေခံမူ ၁ဝ၄ ချက်ဆိုလား)ကို အပြည့်မဟုတ်တောင် တစုံတရာလွှမ်းမိုးနိုင် ကျော်လွှားနိုင် ကွေ့ပတ်သွားနိုင်မယ့်ဥပဒေမျိုးတွေ 
များများပြဌာန်းအတည်ပြုပြီး ၂ဝဝ၈ ဖွဲ့စည်းပုံထဲ ထပ်ထပ်ထည့်ရင် ဘယ့်နှယ်နေမလဲဗျ။

သဘောက “မပြင်ဘူး ထပ်ဖြည့်မယ်”

မနေ့က ကျနော်ပြောသလို ကာလုံကိုလည်း သူ့အတိုင်းထား (စစ်ဘက်အရပ်ဘက် ဆက်ဆံရေးရှိတယ်ဆိုတဲ့အနေအထား မယွင်းရအောင်)လူထုရွေးကောက်ခံအစစ်တွေနဲ့ချည်းဖွဲ့စည်း နိုင်ငံတော်၏အတိုင်ပင်ခံဂ္ဂိုလ်ကဦးစီးတဲ့ အမျိုးသားလုံခြုံရေးကောင်စီဖွဲ့တာမျိုးပေါ့ဗျာ။

စိတ်ထဲရှိတာ တွေးမိတွေးရာ တွေးမိတာတွေပါ။

နိုင်ငံရေးအရကြည့်ရင် ကြည့်လို့မြင်လို့ နားလည်လို့ရစေဦး လက်ရှိ(သူတို့ပြောတဲ့)
တည်ဆဲဥပဒေတွေအရ လုပ်လို့ရ/မရ၊ လုပ်လို့ဖြစ်/မဖြစ်တွေတော့ မပြောတတ်ပါ။

သေချာတာ တခုကတော့ မိမိကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပါ့မယ်လို့
ကျမ်းကျိန်သစ္စာပြုထားတဲ့အရာကို ခုလိုမျိုးလုပ်တာ မကာကွယ် မစောင့်ရှောက်ရာမရောက်လို့ ကျမ်းမစူးပါဘူး။

ပိုသေချာတာကတော့ ဒီဖွဲ့စည်းပုံ သစ္စာခံရမယ့်အရာမဟုတ်တဲ့အတွက် ဘယ်ထောင့်ကကြည့်ကြည့် သစ္စာစူးတာမဖြစ်သလို သစ္စာဖေါက်လည်းမမြည်ပါဘူး။
ရတယ်ဆို ရဲရဲသာလုပ်ကြပါဗျ။

ဧပြီ ၈၊ ၂ဝ၁၆

ဘုံပေါ်ကချော်မကျဖို့(မျိုးမြင့်ချို)

0 comments
၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး ဒါမှမဟုတ် ဒီမိုကရေစီကျ မျှတတဲ့ဖွဲ့စည်းပုံဖြစ်အောင်ပြင်ဆင်ရေးရဲ့အနှစ်သာရက စစ်အာဏာရှင်စနစ် အကြွင်းမဲ့ဖျက်သိမ်းရေးပဲဖြစ်ပါတယ်။

အင်န်အယ်လ်ဒီရဲ့ မူလကြွေးကြော်သံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အချက်တချက်ဖြစ်သလို အရပ်သားတပိုင်းအစိုးရကိုဦးဆောင်နေတဲ့ သမ္မတဦးထင်ကျော်ရဲ့ ပထမဆုံးမိန့်ခွန်းထဲမှာလည်း ဒီကိစ္စကိုအလေးထားပြောသွားတာတွေ့ရပါတယ်။

လောလောဆယ်မှာ ဒီဖွဲ့စည်းပုံမပြင်နိုင်သေးတော့ တနည်းပြောရရင် ဖြုတ်ပြစ်ရမယ့်ဟာတွေ မဖြုတ်နိုင်သေးတော့ ရှောင်ကွင်းကျော်ခွသွားနိုင်မယ့် နည်းလမ်းတွေရှာနေတာလို့ မြင်ပါတယ်။ လွှတ်တော်တွင်းနည်းတခုတည်းနဲ့ ပြင်လို့မရနိုင်မှန်း သူတို့သိသလို တပြည်လုံးလည်း သိပါတယ်။

အားလုံးဟာ ရင့်မှည့်လာမယ့်အချိန်နဲ့ အခွင့်အခါနဲ့ကိုစောင့်ရင်း အတွေးအခေါ်ပိုင်း အတတ်ပညာပိုင်း နည်းနာပိုင်းတွေ ရင့်ကျက်ရုံမက ခေတ်နဲ့ဆီလျော်မယ့်လုပ်ဟန်တွေအမြင်တွေပါ တည်ဆောက်နေကြတာပါ။

လွှတ်တော်တွင်းလွှတ်တော်ပ ၂ စုသဘောဆန်ဆန် လူနေရာချထားမှု မတူပေမယ့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး/ပြင်ဆင်ရေးဟာ ဘုံရည်မှန်းချက်ဖြစ်လို့ ရှေ့လျှောက်လည်း အလုပ်အတူလုပ်နေရဦးမှာပါ။

၂ဝဝ၈ ဖွဲ့စည်းပုံဆန့်ကျင်ရေးလုပ်တာ စစ်တပိုင်းအရပ်သားအစိုးရဆန့်ကျင်ရေးလုပ်တာ မဟုတ်ပါ။
အစိုးရ မတော်မတည့်လုပ်လို့ဆန့်ကျင်ရင် အစိုးရလုပ်ရပ်ကိုဦးတည်ပြီး တိုက်ရိုက်ဆန့်ကျင်ရမှာပါ။ ၂ဝဝ၈ အောက်က အစိုးရပေမယ့် ၂ဝဝ၈ ဆန့်ကျင်ရေးနဲ့ရောထွေးမသွားဖို့ သတိကြီးကြီး ပါးပါးနပ်နပ်နဲ့သွားရမှာပါ။ အဲ့လိုမဟုတ်ရင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ၂ဝဝ၈ ဖွဲ့စည်းပုံ ဆန့်ကျင်ရေးတွေနဲ့ အရပ်သားတပိုင်းအစိုးရဆန့်ကျင်ရေးတွေ ဒွေးရောယှက်တင်ဖြစ်ပြီး ရှုပ်ထွေးသွားမှာပါ။ အဲ့ဒီအခြေအနေဟာ စစ်အုပ်စု မျှော်လင့်တွက်ဆထားတဲ့ အခြေအနေပါ။

ခု စစ်အလိုတော်ရိတွေ စစ်အလံရှူးတွေသုံးနေတဲ့နည်းနာက အဲ့ဒီ ၂ ခုကို ရောထွေးသွားအောင်လုပ်နေတာပါ။ အဲ့ဒီ ၂ စုကို ခွဲပြီး အိုးမည်းသုတ် ခွပ်ခိုင်းနေတာပါ။ ၂ ဘက်လုံးမှာ အသုတ်ခံရသူတွေလည်း ခံရပါတယ်။ ခွပ်သူတွေလည်း ခွပ်ကြပါတယ်။ ခုထိတော့ ဘယ်သူမှ အတက်မစူးသေး မျက်လုံးမထွက်ကြသေးပါ။

၂ဝဝ၈ ဖွဲ့စည်းပုံကိုဆန့်ကျင်ရေးရဲ့အနှစ်သာရဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးပါ။ အရပ်သားတပိုင်းအစိုးရရဲ့ အမြီးအမောက်မတည့်လုပ်ရပ်တွေ အပြောအဆိုအပြုအမူတွေကို ဆန့်ကျင်တာ ဝေဘန်တာ ပြစ်တင်ရှုတ်ချတာဟာ ကိုယ့်အစိုးရဖြစ်ရေး ကိုယ့်လူဖြစ်ရေးရည်မှန်းချက်ပါ။ အဲ့ဒီကနေ သွေဖည်သွားလို့မဖြစ်ပါ။

နောက်ဆုံး စကားကုန်ပြောရရင် သူ့ဘာသာဝင်ချင်လို့ စစ်ရင်ခွင်ထဲဝင်သွားဦးတောင် ကိုယ့်ပယောဂကြောင့်လို့ ရမယ်အပြမခံရအောင် ဂရုတမရှိကြစေချင်တာပါ။
ဧပြီ ၉၊ ၂ဝ၁၆

အင်န်အယ်လ်ဒီသတင်းစာ(မျိုးမြင့်ချို)

0 comments
အင်န်အယ်လ်ဒီအနေနဲ့ ပါတီစာစောင်(ဒီလှိုင်း)ကို ပါတီ့အာဘော်ကိုဖန်တီးတဲ့ ပါတီ့မူကိုင်စွဲတဲ့ နေ့စဉ်ထုတ်သတင်းစာအဖြစ် ပြောင်းလဲနိုင်ရင်ပိုကောင်းမယ်။

အဲ့ဒါမှ ကိုယ်အစိုးရမဖြစ်တော့တောင် ကိုယ့်ပါတီမူတွေ အာဘော်တွေကို စဉ်ဆက်မပြတ်ဖြန့်ချိနေလို့ရတယ်။ စီးပွားရေးအရ အောင်မြင်အောင်လုပ်နိုင်ရင် ပါတီရန်ပုံငွေအတွက်တောင် အခရာကျတဲ့ဌာနဖြစ်လာမယ်။

ခုလို အစိုးရခေါင်းဆောင်(သမ္မတ ကိုယ့်လူ)ဖြစ်နေတုန်း၊ လွှတ်တော်ကို ကိုယ်စီးထားနိုင်တုန်း နိုင်ငံပိုင်သတင်းစာကို အစိုးရအာဘော်တွေ အစိုးရပေါ်လစီတွေနဲ့ထုတ်ဝေနေတာကို ကိုယ့်မှာလုပ်ခွင့်ရှိနေခိုက် ဥပဒေနဲ့ပြဌာန်းပြီး အပြီးသတ်ပိတ်ပင်ပစ်ဖို့ကောင်းတယ်။

ခုလို လုပ်နေတာဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အရလည်းပြောစရာဖြစ်သလို၊ မီဒီယာစီးပွားရေးအရလည်း မလျော်ကန်ဘူး။ အဆိုးဆုံးက လူထုငွေ အလွဲသုံးစားလုပ်ပြီး အစိုးရကို တရားဝင်ဝါဒဖြန့်ခွင့် ပြုထားရတာပဲ။

အာဏာရှင်စနစ်ကိုမကြိုက်ဘူး ဆန့်ကျင်တယ်ဆို အာဏာရှင်တွေ လက်ကတုံးတောင်ဝှေးကို ကိုယ် ဆက်မထောက်မိဖို့ပါပဲ။
ဧပြီ ၉၊ ၂ဝ၁၆