Monday, October 31, 2016

နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ (ဗကပ ဝဘ်ဆိုက်မှကူးယူဖော်ပြတာပါ)

0 comments
နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ
 (၁)
သြဇာနဲ့အာဏာ
ပြည်တွင်းပြည်ပ နှစ်နေရာလုံးမှာ ဒေါ်အောင်ဆန်းကြည် သြဇာရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါ။ ရွေးကောက်ပွဲကလည်းနိုင်ထားပြီးဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သူအာဏာရပြီ….ပေါ့၊ ဒါပေမဲ့ ဗမာပြည်မှာ ဒါမျိုး ဖြစ်မလာခဲ့ဘူး။

သြဇာရှိလို့ အာဏာရှိတာလား၊ အာဏာရှိလို့ သြဇာရှိတာလား၊ ဗမာပြည်စစ်အုပ်စုကတော့ အာဏာရှိခဲ့လို့ သြဇာရှိခဲ့ကြတာအထင်အရှားပဲ။ ဒေါ်အောင်ဆန်းစုကြည်အဖို့တော့ သြဇာရှိတာနဲ့အာဏာရှိတာ တခြားစီဖြစ်နေတယ်၊ သူကိုယ်တိုင် သူ့ပါတီ NLD မှာ သြဇာလည်းရှိတယ်၊ အာဏာလည်း ရှိတယ်၊ ဒါပေမဲ့ တိုင်းပြည်နိုင်ငံရေးမှာကျတော့ သြဇာက အာဏာကို လက်ညှိုးမညွှန်နိုင်ဘူး၊ ၂ဝဝ၈ ခြေဥက ဒါကို ခွင့်မပြုဘူး။

ဒါကို ဆုပ်မိကိုင်မိရှိကြတဲ့ ပြည်ပနိုင်ငံတွေက(နိုင်ငံချင်းဆက်ဆံရေးမှာ) သတိထားဆက်ဆံလာကြတာ တွေ့ရတယ်၊ ကာချုပ်ကို သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ထပ်တူ ဦးတိုက်ခံစာရင်းထဲထည့်ထားကြရတယ်။ ကာချုပ်ကလည်း ၂ဝဝ၈ ခြေဥထဲက အနှစ်အသားဖြစ်တဲ့ တို့တာဝန်အရေးသုံးပါး၊ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ဦးဆောင်မှု အခန်းအပြင် တပ်မတော်ရဲ့မူ ၆ ချက်ဆိုတာတွေကို အလျဉ်းသင့်သလို ပြောလွှတ်တတ်တယ်။ သူတို့ကလည်း အစိုးရနဲ့စစ်တပ်ကို အတွဲလိုက်လိုချင်နေကြတာဆိုတော့ အိနြေ္ဒရရနားထောင်ပေးခဲ့ကြတယ်။
အာဏာဟာ ပြည်သူ့ဆီကဆင်းလာတာ မဟုတ်။ ၂ဝဝ၈ ခြေဥက စီးဆင်းလာတာဖြစ်လို့ ဒီပြဿနာဟာ သောင်မတင်ရေမကျ ဖြစ်မြဲဖြစ်နေပါတယ်။

(၂)
လွှတ်တော်နဲ့အစိုးရ
လွှတ်တော်ပိုင်းမှာ ကိုယ်စားလှယ်တချို့ ဥပဒေအသစ်ပြဋ္ဌာန်းတာ၊ ဥပဒေဟောင်းအချို့ပယ်ဖျက်တာ။ ပြင်တာ ဖြည့်စွက်တာတွေ အားသွန်ခွန်စိုက်လုပ်ကြပါတယ်။ အကျိုးရှိတန်သလောက်လည်း ရှိပါတယ်၊ ဒါပေမဲ့ မလုံလောက်ပါဘူး။ ဆင့်ပါးစပ် နှမ်းပက်ပဲ။ အခြေအနေကြည့်ရတာက လွှတ်တော်လမ်းကြောင်းပေါ်က အာဏာကိုတိုးချဲ့ယူလို့ရတယ်လို့ တရားသေသတ်မှတ်ထားပုံပဲ။ စန္ဒဂုတ် စစ်တိုက်ထုံး ပုံပြုပြီး ၂ဝဝ၈ ခြေဥကို မုန့်ပျားသလက်စားသလို အဖျားအနားသားက လှည့်ပတ်ဝါးနေလို့ကတော့ စစ်အာဏာရှင်စနစ်က ဒူးနှန့်နေပါလိမ့်မယ်။

ကြာရင် ‘ရ’ထားပါတယ်ဆိုတဲ့ ပရုပ်လုံး လေသလပ်တာနဲ့ လုံးပါးပါးတော့မှာပါ။
အစိုးရယန္တရားမှာလည်း ဘာမှလုပ်မရတဲ့ အခြေအနေပဲ။ NLD ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က အမြဲတမ်း အတွင်းဝန်တွေ တရွတ်ဆွဲ ကန့်လန့်တိုက်နေတာကို နတ်သံနှောပြောထွက်လာတယ်။ ဖြုတ်လည်း မပစ်ရဲဘူး။ အများစုက စစ်ဗိုလ်လူထွက်တွေဖြစ်လို့ ဓာတ်လိုက်ခံရမှာ စိုးရိမ်ပုံရတယ်။

ဒါ့အပြင် အချိန်မရွေးနဲ့ အချိန်ကိုက်ပေါက်ကွဲလာနိုင်တဲ့ဗုံးတွေက အစီအရီ ရှိနေသေးတယ်။ မြစ်ဆုံကိစ္စ၊ အနောက်ခြမ်းမှာ ရိုဟင်ဂျာ/ ဘင်္ဂါလီ/ အကြမ်းဖက်ဆိုတဲ့အရေး။ တောင်၊ အရှေ့မြောက်ခြမ်းက တိုက်ပွဲတွေစိပ်လာတဲ့ အရေး၊ NCA လက်မှတ်ထိုးကြရေးနဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိစ္စတွေ တန်းစီနေပါတယ်၊ ဒါတွေဟာ စစ်တပ်ဘက်က သူတို့ဖြစ်စေချင်သလို ဖွထားလိုက်တဲ့ပြဿနာတွေပဲ။ NLD က ဖြေရှင်းနိုင်ရင် ဖြေရှင်းပေတော့ပဲ၊ မဖြေရှင်းနိုင်ရင်တော့ တပ်မတော်ကပဲ တိုင်းပြည်ကို ငြိမ်အောင်ထိန်းပြပါလိမ့်မယ်။ စစ်အုပ်ချုပ်ရေးနယ်မြေတွေ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်တာတွေ များသထက်များလာမှာပါ၊ ခု ဝ-မိုင်းလားကိစ္စ ရာဇသံပေးပြီးအကဲစမ်းထားတာရှိတယ်၊ စောစောပိုင်းကတည်းက ‘ဘော့စနီးယားလို ဖြစ်သွားမယ်’၊ ‘ဘော်လကန်လို ဖြစ်သွားမယ်’ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေလည်း မမေ့ဖို့လိုတယ်။

အခုလည်း အစိုးရနာမည်ခံထားတဲ့သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ခြေတိုအောင် နိုင်ငံတကာထွက် ချေးငှားတောင်းရမ်း လက်ခံနေကြချိန်မှာ သူတို့က အိမ်မှာနေရင်း ဖြုန်းမလောက်စစ်ကို တိုက်နေကြတယ်၊ ရလာသမျှ ဘဏ္ဍာငွေကြေးနဲ့ အထောက်အပံ့မှန်သမျှဟာ စစ်တပ်ထိုင်ဖြုန်းနေတာနဲ့တင် သဲထဲရေသွန်ဖြစ်နေပါပြီ။

(၃)
တနိုင်ငံလုံး အပစ်ရပ်ရေးကိစ္စ
ဒေါ်အောင်ဆန်းစုကြည် ခုနောက်ပိုင်း ပြောတဲ့စကားတွေအပေါ် တိုင်းရင်းသားတွေအာရုံစိုက်နေကြတယ်။ လက်တွေ့ကျ မကျကြည့်ကြတယ်။ စစ်တပ်အပေါ် သူဘယ်လောက်တာဝန်ခံနိုင်မလဲ သိချင်ကြတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်သဘောထားနဲ့ဆန့်ကျင်ပြီး တိုက်ပွဲတွေတိုးချဲ့နေတာလို့ထင်သူက အများစုဖြစ်တယ်။ စစ်တပ်ကိုတော့ မယုံကြဘူး။ စစ်အုပ်စုဟောင်း/ သစ်တွေနဲ့ ခရိုနီတွေအပေါ်ချမှတ်ထားတဲ့ဆိုင်ရှင်တွေ ရုပ်သိမ်းပြီးပြီးချင်း ပြည်ထဲရေးဝန်ကြီးက လက်လွှတ်ထားပြီးသား အုပ်ချုပ်ရေးအာဏာတွေ ပြန်တောင်းယူတဲ့ကိစ္စကြည့်တာနဲ့ ဗလောင်းဗလဲစစ်တပ်ဆိုတာရှင်းနေပြီပဲ။

တကယ်က စစ်တပ်နဲ့အစိုးရရဲ့အကျိုးစီးပွားဟာ တခါတရံ တထပ်တည်းကျတယ်။ တခါတရံ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်တယ်။ ဒီအခါ စစ်တပ်အလိုကျ လိုက်လုပ်ပေးရတာတွေရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အရာရာကို အေးအေးချမ်းချမ်းဖြစ်စေချင်တဲ့သဘောထား ဖော်ပြတယ်။ စစ်တပ်က မလိုက်နာဘူး။ ပြဿနာရဲ့ ဆုံချက်က အဲဒီမှာရှိတယ်။ ဘာလုပ်နိုင်သလဲ။ ဘာမှ လုပ်မပြနိုင်ဘူး။

ပြောချင်တာက-
နိုင်ငံအနေနဲ့ တလုံးတစည်းတည်း ဆက်လက်တည်ရှိရေးမှာ ခုလိုသွားနေလို့ကတော့ အလုပ်မဖြစ်ဘူး။ စစ်တပ်က နောက်ဆုတ်ချင်ဆုတ်- NLD က ရှေ့တိုးချင်တိုး၊ ဒါပဲရှိတော့တယ်။
လက်ရှိအနေအထားကြီးကိုဖြင့် စစ်တပ်ကလွဲပြီး ဘယ်သူမှ မကြိုက်ပါကြောင်း တင်ပြလိုက်ပါတယ်။
စာတည်းအဖွဲ့
(၂၈၊ ၁ဝ၊ ၂ဝ၁၆)

နန်းမတော်မယ်နု (အတီး-ဝါးလုံးရှည်)

0 comments
နန်းမတော်မယ် နု

နန်းမတော် မယ်နု ဟု အသိများသည့် ရှင်မင်းနုကို မြန်မာ သက္ကရာဇ် ၁၁၄၆ ဝါဆိုလဆုတ် ၅ ရက် အင်းဝမြို့၌ဖွားမြင်သည်။ မိဘများမှာ ထောင်မှူးဦးလွှတ်နှင့် ဇနီးမယ်မှန်တို့ဖြစ်သည်။ မွေးချင်းနှစ်ယောက်ရှိပြီး အကြီးမှာ မောင်အို(စလင်းမင်းသားကြီးဖြစ်လာမည့်သူ)ဖြစ်သည်။ 
နန်းမတော်မယ်နု၏မျိုးရိုးမှာ ထောင်မှူးသမီး ၊ငါးစိမ်းသည်၊ ကုန်သည်မျိုးရိုး၊ မင်းမှူထမ်းမျိုးရိုးဟု အကွဲကွဲအပြားပြား ပေါက်ပန်းလေးဆယ်ပါးစပ်ရာဇဝင်များဖြင့်ရေးသားကြသော်လည်း တူညီစွာတူသည့် သေချာသည့်အချက်မှာကား မင်းမျိုးမင်းနွယ် နန်းတွင်းသူမဟုတ်ခြင်းပင်ဖြစ်သည်။ မယ်နု ငယ်စဉ်က အိမ်မှ လူကြီးမိဘများနှင့် တရွာမှတရွာသို့သွားလာရာ လမ်းတွင် ဇရပ်တစ်ခု၌အိပ်ကြ၏။

မယ်နုက ထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာ မနက်မိုးလင်းသော အခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့်ပေါက်လာရာ လူကြီးများက အံ့ဘွယ်နိမိတ်ကောင်းဟု မှတ်ယူကြသည်။ 
မယ်နု နန်းတွင်းရောက်လာပုံမှာ ဘယ်သူမှ အတိအကျမသိသော်လည်း ရာဇဝင်များအရ ထူးခြားလှ၏။ အသက် ၁၂နှစ်သမီး မယ်နု မြစ်ဆိပ်၌ရေချိုးချိန်တွင် ရေလဲလုံချည်ကို စွန်ရဲတစ်ကောင်မှ ဘာမှတ်သည်မသိ၊ ချီယူသွားပြီး နန်းတော်အတွင်းရှိ မိဖုရားများစံပယ်ရာတောင်နန်းဆောင်၌ ပစ်ချထားခဲ့သည်။ ဘိုးတော်မင်းတရားက လုံချည်ပိုင်ရှင်ကိုရှာဖွေစစ်ဆေးကာ တောင်နန်းအပျိုတော်အဖြစ် ခန့်ထားလိုက်၏။

ဘိုးတော်ဘုရား၏ အမှတ်မထင်မြှောက်စားလိုက်သောလုပ်ရပ်မှာ အပျိုတော်တစ်ဦးအား
ခန့်ထားလိုက်သည်သာမဟုတ်ပဲ မြန်မာရာဇဝင်ကို ပြောင်းပြန်လှန်ကာ အရှုပ်တော်ပုံဖန်တီးမည့် အဓိက ဇာတ်ဆောင်နှင့်ဒါရိုက်တာတစ်ဦးအား " နန်းတွင်းကို လာမွှေစမ်းဟေ့" လို့ လက်ယက်လှမ်းခေါ် လိုက်သလိုသာဖြစ်ပြီး ထိုမှ အစပြု၏။ ထိုသို့ရောက်ရှိလာရာမှ မှန်နန်းရှင်ခေါ် ဘကြီးတော်စစ်ကိုင်းမင်းက အပျိုတော်များကြားထဲတွင် ထင်ထင်ရှားရှားဖြစ်နေသောမယ်နုကို ခေါ်ယူမြှောက်စားခြင်းဖြစ်သည်။ နန်းမတော်မယ်နု၏ ရုပ်ရည်လက္ခဏာမှာ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိသော်လည်း ကိုယ်ဟန်အနေအထားမှာမှူ ပြေပြစ်လှပတောင့်တင်း၍ သွားလာလုပ်ရှားမှူ ကိုယ်ဟန်အမှူအရာမှာလည်း သိမ်မွေ့၍ ထီးဟန်နန်းဟန်ရှိကြောင်းကိုတော့ ရာဇဝင်စာပေများ၊ အင်းဝရောက်အင်္ဂလိပ်သံအဖွဲ့များ၊ ကုန်သည်များ၏မှတ်တမ်းတင်ချက်များတွင် ညီညွတ်စွာမှတ်တမ်းတင်ခဲ့ပါသည်။

မယ်နုကိုမြှောက်စားစဉ်က ဘကြီးတော်စစ်ကိုင်းမင်းမှာအိမ်ရှေ့မင်းရာထူးသာရှိသေးပြီး မိဖုရားခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ မိဖုရားကြီးဆင်ဖြူရှင်မယ်ရှေ့မှ ဘိုးတော်ဦးဝိုင်းမှာ (၁၇၈၂-၁၈၁၉)ထိ ၃၇ နှစ်တိုင်အောင် တဝကြီးနန်းစံသွားလို့ မိဖုရားခေါင်ကြီးမဖြစ်လိုက်ပဲ သူကဦးအောင် အရင်သေရှာသည်။ ထို့ကြောင့် ဘိုးတော်ဦးဝိုင်းက အိမ်ရှေ့မင်းအား မဟာဆီမဟာသွေးအချင်းချင်း အိမ်ထောင်ပြုလိုသည့် သဘောဖြင့် မက္ခရာမင်းသားကြီး၏သမီးတော်ဖြစ်သူ ပန်းတောင်းမင်းသမီးလေးနှင့် အိမ်ထောင်ပြုစေသည်၊ သို့သော်လည်း ထိုအချိန်က ပန်းတောင်းမင်းသမီးလေး၏အသက်မှာ (၈နှ)စ်အရွယ်သာရှိသောကြောင့် လက်ထပ်ပွဲမှာ လက်ထပ်ပွဲနှင့်မတူပဲ ကလေးထိန်းပွဲနှင့်တူသည်ဟု နန်းတွင်း၌ ရယ်စရာသာဖြစ်တော့သည်။ ထို့ကြောင့်လည်း ဘကြီးတော်စစ်ကိုင်းမင်းကောင်းစားသည့်အခါ ဘိုးတော်ဦးဝိုင်းမှာကြားချက်ကို လျစ်လျှူရှူကာ မယ်နုကိုပင် တောင်ညာစံမိဖုရားကြီးအဖြစ် မြှောက်စားခဲ့ခြင်းဖြစ်ဟန်တူသည်။

"မြန်မာ့သမိုင်းတွင် ထိုသို့ အသက် (၈နှ)စ်အရွယ်ကလေးဘဝနှင့် အတင်းအကြပ်အိမ်ထောင်ပြုရခြင်းမှာ ဤ ပန်းတောင်းမင်းသမီးလေးမှာ ပထမဆုံးတော့ မဟုတ်ပါပေ။ အင်းဝခေတ်မှ အိမ်ထောင်ငါးဆက်ပြုခဲ့သည့် မိဖုရားကြီးရှင်ဘို့မယ်သည်လည်း အသက်(၈)နှစ်အရွယ်မှာပင် အင်းဝဘုရင်မင်းခေါင်နှင့် ပထမအိမ်ထောင်ကိုပြူခဲ့ရကြောင်းကို သတိချပ်သင့်သည်။

ထိုသို့ ပန်းတောင်းမင်းသမီးလေးမှာ ဤမျှငယ်ရွယ်သော်လည်း မယ်နုအဖို့ မိမိ၏ရာဇပလ္လင်ကို ထိပါးလာနိုင်မည့်ဆူးငြှောင့်ခလုတ်လေးကိုတော့အလွတ်မပေး အခွင့်အခါရတိုင်း သတ်ဖြတ်ရန်သာ ချောင်းနေလေတော့သည်။ တစ်ခါသော် မယ်နု၏လူများဖြစ်ကြသော မင်းလုလင်များမှ ပန်းတောင်းမင်းသမီးလေးအားဖမ်းကာ ကျွန်းသေတ္တာကြီးထဲထည့်၍ပိတ်ထားရာ ဘယ်သူမှ ရှာမရဖွေမရနှင့် နန်းတော်တစ်ခုလုံးယောက်ယက်ခတ်ကုန်ပါတော့သည်။ နောက်ဆုံး မယ်နု၏ရန်ဘက် သာယာဝတီမင်းသားကြီးကိုယ်တော်တိုင် လိုက်ရှာသည့်အခါတွင်တော့ သေတ္တာကြီးအတွင်းတွင် အသက်မျော့မျော့လေးသာကျန်တော့သည့် နှမတော်မင်းသမီးလေးကိုတွေ့ကာ ကယ်တင်နိုင်တော့လေသည်။ သို့သော်လည်း ပန်းတောင်းမင်းသမီးလေးမှာ မယ်နုမှ လုပ်ကြံသည့်အထောက်အထားသာရှိပြီး လုပ်ကြံခံရပြီးသေသွားသည့်အထောက်အထားများကိုတော့ မတွေ့ရပါ။ နန်းတွင်းမှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာတော့ ဓားထက်လို့သာကြောက်ရတယ် ဘယ်သူကမှ မယ်နုကို မကြည်ဖြူ မချစ်ခင်ပါဘူး။

ဒါ့အပြင် မယ်နုက သူ့မောင်အရင်းဖြစ်တဲ့ မောင်အိုကို စလင်းမြို့စားအရာထားပြီး နန်းတော်တွင်းမှာ သူရဲ့အာဏာစက်ကို ခိုင်မာအောင်တည်ထောင် အားမွေးပါတော့တယ်။ "တို့ဘုရားလည်းမယားဘက်ခပ်ပါပါဆိုသလို" ဘကြီးတော်မင်းဟာလည်း သူ့ယောက်ဖကို မယားမျက်နှာနဲ့မြှောက်စားလိုက်တာမှ ထိပ်တန်း မင်းညီမင်းသားစာရင်းသွင်း၊ လွှတ်တော်တက်ခွင့်ပေးတဲ့အပြင် ရွှေထီးရှစ်ချက်မိုးခစားခွင့်ပေးပါတယ်။ ရှေးခေတ်က မင်းသားတွေရဲ့အဆင့်အတန်းကို ဒီလို ထီးဆောင်းအရေအတွက် အနည်းအများကိုလိုက်ပြီး ခွဲခြားလေ့ရှိပါတယ်။ ညီတော် သာယာဝတီမင်းတောင်မှ ထီးဆယ်ချက်ပဲမိုးခွင့်ရှိတာဆိုတော့ သူ့ယောက်ဖမောင်အိုဟာ သူ့ညီအိမ်ရှေ့မင်းထက် မဆိုသလောက်သာနိမ့်တယ်ဆိုတဲ့ သဘောပေါ့။၊ ဒီလိုနဲ့ မဟာဆီ မဟာသွေး မျိုးရိုးလည်းမပါ၊ အရည်အချင်းကြောင့် မြှောတ်စားခံတာလည်း မဟုတ် အမတော်မျက်နှာတစ်ခုတည်းကြောင့် နန်းတွင်းရောက်လာတဲ့ အရှင်မွေးလို့နေ့ချင်းကြီးမောင်အိုဟာ တန်ခိုးထွားလာလိုက်တာမှ ကုန်းဘောင်မျိုးဆက်ကိုအပြုတ်နှံပြီး သူကိုယ်တိုင်ဘုရင်တက်လုပ်ဖို့ ကြံပါတော့တယ်။ ဒါ့အပြင် နန်းမတော်မယ်နုကိုမကျေနပ်သူတွေထဲမှာ ထိပ်သီးများဖြစ်တဲ့ ဆင်ဖြူမယ် ခမည်းတော်ပြည်မြို့စားနဲ့ ဘထွေးတော်တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တဲ့နောက်ပိုင်းမှာတော့ မည်သူမျှ တုပ်တုပ်မလှုပ်ဝံ့တော့ပါဘူး။ မိဖုရားနဲ့ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြားသွားခဲ့ပါတယ်။ နန်းမတော်မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံးနီးပါဟာ နိုင်ငံရေး လုံးဝ မငြိမ်သက်ခဲ့ပါဘူး။

ဒီနေရာမှာ စာရှူသူတို့နားမရှင်းမှာစိုးလို့ အဲဒီခေတ်က နိုင်ငံရေးအခင်းအကျင်းနဲကြီးသုံးကြီးတို့ ပါဝါပြိုင်ကြပုံကို ကြိုရှင်းထားပါရစေ။ ဘကြီးတော်မင်းပြီးနောက် နန်းညွန့်နန်းလျာဆက်ခံဖို့အခွင့်အရေးရှိသူထဲမှာ သာယာဝတီမင်းကတော့ ထိပ်ဆုံးကပင်။ သူ့မှာ သူကိုယ်တိုင်လဲ လက်ရုံးရည်နဲ့ပြည့်စုံသလို နောက်လိုက်အင်အားမိုက်ခဲများမှာလည်း ဇ မသေးလှ၊ သူ့ကိုသစ္စာခံသည့်နယ်ပယ်များမှာလည်း အများကြီးပင်၊ ထို့ကြောင့် ယနေ့ခေတ်စကားနဲ့ပြောရရင် လက်နက်အာဏာ(Military Power) ပိုင်ဆိုင်သူပေါ့။

နံပတ်နှစ်ကတော့ မယ်နု၏မောင် စလင်းမင်းသားကြီးမောင်အို။ သူကတော့ နန်းတွင်းမှာ လွှတ်ရုံးတတ် အခွင့်အရေး ရာထူးအတင်အချကိုလည်း စိတ်ကြိုက်ပြုလုပ်နိုင်သည့်အပြင် ဓားထက်လှသည့်အတွက် မှူးမတ်များ၊ အရာရှိအရာခံများကိုပါ အိတ်ထဲထည့် လက်ခုပ်ထဲကရေဖြစ်အောင်
စီရင်ထားနိုင်သည့် နိုင်ငံရေးအာဏာ(Political Power) ပိုင်ဆိုင်သူ

နံပါတ်သုံး စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးမှာတော့ မွေးဖွားစဉ်က စကြဝတေးမင်းတို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်၊ လက်ဝါးများတွင် ..ခရုပတ်.. နှင့် ..မှဲ့ရှင်.. များ ထူးခြားထင်ရှားစွာ တွေ့ရ။ အချင်းစလွယ်သိုင်း။ ခုနစ်ရက်ရလျှင် မယ်တော်ကွယ်လွန်။ ဖွားဖက်တော် ခုနစ်ဦးလည်း ပေါ်။ ရုပ်ရည်လက္ခဏာအနေဖြင့်လည်း အင်မတန်ချောမောလှပ၍ နန်းတွင်းသူနန်းတွင်းသားများ၊ အောက်ခြေပြည်သူများက အလွန် ချစ်ခင်နှစ်သက်ကြသည့်မင်းသားလေး၊ တနည်းဆိုရသော် ပြည်သူ့အင်အား ၊လူထုအင်အား(People Power) ရှိတဲ့ သူ

သို့သော်လည်း နောက်ဆုံးမှာတော့ အချင်းချင်း အာဏာရူးနှင့် စိတ်ကူးယဉ်မှူတို့ကိုသာအခြေခံသည့် မောင်အို၊ မယ်နုနှင့် စကြာမင်းသားလေးတို့မှာ ရေချကွပ်မျက်ခြင်းသာ ခံလိုက်ရပြီး လက်တွေ့ဆန်လှသည့် သာယာဝတီမင်း၏လက်နက်အာဏာ(Military Power) သည်သာလျှင် အားလုံးကိုသိမ်းကျုံးကာ ဆော်ပလော်တီးသွားသည်ကိုတွေ့နိုင်သည်၊ ခေတ်တွေ အလီလီပြောင်းလာခဲ့ပြီဖြစ်သော်လည်း သဘောသဘာဝမှာမူ လက်တွေ့ဆန်ဆန်ရှိနေသေးသည်ကို ကျွန်တော်တို့မြန်မာပြည်သူများ သတိကြီးစွာထားသင့်ပေသည်။ ဤကား စကားချပ်

"မယ်နုနှင့် ကောလဟာလ"
အချို့သောမှတ်တမ်းမှတ်ရာများတွင် မယ်နုသည် စုန်းမကြီးဖြစ်သည်။ စုန်းအတတ်နှင့် လင်ဖြစ်သူ ဘကြီးတော်စစ်ကိုင်းမင်းအား ပြုစားထားသည်။ စလင်းမင်းသားကြီးမောင်အိုမှာလည်း မောင်အရင်း မဟုတ်၊ ငယ်ရည်းစားဖြစ်သည်ဟု ပါးစပ်ရာဇဝင်များဖြင့် အတော်ပင် ပြောကောင်းဆိုကောင်းရှိကြ၏။တကယ့်တကယ်တမ်း ဆင်ခြင်သုံးသပ်ကြည့်ရာတွင် ထိုခေတ်ထိုအခါကတည်းက မိမိ၏ နိုင်ငံရေးပြိုင်ဘက်ကိုအလဲထိုးရာတွင် ဝါဒဖြန့်မှူများ(propaganda)လည်း ရှိရ၏။ ယနေ့ခေတ်လို မီဒီယာ၊ဂျာနယ်၊ အင်တာနက်တို့၊ ဖေ့စ်ဘုတ်တို့ မပေါ်သေးသောကာလဖြစ်သောကြောင့် ဖေ့စ်ဘုတ်ပေါ် ပို့စ်တင်ရုံဖြင့် မဖြစ်နိုင်။

အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ လူများအကြား အတင်းလည်တုတ်တတ်သောလူများ ငှါးရမ်း၍ အရပ်တကာလှည့်ကာ မိမိပြိုင်ဘက်၏ငယ်ကျိုးငယ်နာဖော် အတင်းတုတ်ပြီး ကောလဟာလဖြန့်ခြင်းပင်ဖြစ်သည်။ ထိုထက်ကောင်းသောနည်းလမ်းတစ်ချို့မှာကား လက်စလက်နရှိသော တေးထပ်ဆရာ သီချင်းရေးဆရာများကိုအသုံးပြုကာ ကိုယ်အလိုရှိရာကို အတိတ်နိမိတ်ပြ တဘောင်လိုလိုတေးထပ်လိုလိုဖြင့် လူအများပါးစပ်ဖျားတွင် စွဲသွားအောင်ပြုလုပ်ခြင်း၊ နန်းတွင်း ရုပ်စုံအငြိမ့်များတွင် သီချင်းလုပ်ဆိုစေ၍ ရှင်ဘုရင်နားထိပေါက်ရောက်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုကောလဟာလများမှာ သာယာဝတီမင်းဘက်မှ မယ်နုအားနည်းလျော့ပါးစေရန်ပြုလုပ်ခဲ့သောကောလဟာလများကို
နှေင်းလူတို့မှအဟုတ်ကြီးမှတ်ကာပြောဆိုနေခြင်းသာဖြစ်တန်ရာသည်။ မယ်နုတို့ဘက်မှလည်း သာယာဝတီမင်းအား သူခိုး၊ဓားပြ တေလေဂျပိုးများအား နောက်လိုက်အဖြစ်မွေးစားကာ ရှင်ဘုရင်ကို ပုန်ကန်ဖို့ကြံစည်နေကြသည်ဟု သတင်းလွှင့်ခဲ့ကြသည်မဟုတ်ပါကလား။

"နန်းတွင်းထိုင်ခုံလုပွဲနှင့် ပထမ အင်္ဂလိပ် - မြန်မာစစ်"

ဘကြီးတော်မင်း ဘိသိက်မင်္ဂလာဆင်ယင်သောအခါ၌ မဏိပူရ ရာဇာမတက်ရောက်ခြင်းသည် မြန်မာတို့ကိုမထီလေးစားပြု၍ ပုန်ကန်ခြင်းဖြစ်သည်ဟု နန်းတွင်းကလွဲ၍ ပထဝီနိုင်ငံရေးမသိရှာပဲ သွေးနားထင်ရောက်နေကြသော မယ်နု၊ မောင်အိုတို့လူစုမှလည်း စစ်ကိုင်းမင်းအား ကျပ်ပေးကြ၏။ ထိုသို့ဆေးထိုးခံ၊ အောက်စီဂျင်အပေးခံပြီး ဉာဏ်နည်းလွန်းလှသော ဘုရင်လုပ်သူကလည်း နောင်ကျဉ်သွားစေရန် မဏိပူရစော်ဘွားကို သင်ခန်းစာပေးရမည်ဖြစ်၍ မြန်မာတပ်ကြီးကို မဏိပူရသို့ "သွားကာ တိုက်စေ"ဆိုပြီး အမိန့်ပေးပါတော့သည်။ ထို စော်ဘွား နောင်ကျဉ် မကျဉ်တော့ မသိ၊ ထိုပြဿနာမှ အစပြုကာ အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ အစပျိုး၍ ပထမ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ရကာ အာသံ၊ မဏိပူရသာမက ရခိုင်နှင့် တနင်္သာရီဒေသပါ အဆစ်ပေးလိုက်ရသည့်အပြင် စစ်လျော်ကြေး ၁ ကုဋေ အရစ်ကျနှင့် ရန္တပိုစာချုပ်ပါ အချက်များကို အောင့်သက်သက်နှင့်လိုက်နာခဲ့ရသည်သာ အဖတ်တင်သွားရ၏။

စစ်စဖြစ်ချိန်က သာယာဝတီမင်းသားက အောက်ပြည်အောက်ရွာကိုကာကွယ်လိုကြောင်း သူစုဆောင်းထားသည့်လူသူများနှင့် ရန်ကုန်သို့ချီတက်လာသည့် အင်္ဂလိပ်စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်းတင်ပြ၏။ နောင်တော်ဘုရင်ကလည်းသဘောတူကာ အမြန်စေလွှတ်စေချင်၏။ သို့သော်လည်း ရန်ဘက် စလင်းမင်းသားကြီးမောင်အိုနှင့်မှူးမတ်များက သာယာဝတီမင်းသားအား လက်နက်ဆင်၍လွှတ်လိုက်လျှင် ပုန်ကန်ကာ မိမိတို့ခေါင်းပြတ်မည်ကို အင်္ဂလိပ်အရေးထက် ပိုပြီးကြောက်ကြ၏။

သဘောမတူကြ။နောက်ဆုံးတွင်တော့ ယောက်ဖတော် ဦးအိုတို့ဘက်မှ စကားအနိုင်ရကာ သူတို့လူ မဟာဗန္ဒုလ ပြန်လာသည်အထိစောင့်ပြီးမှ သွားရောက်တိုက်ခိုက်စေဟု မယုတ်မလွန် အမိန့်ချလိုက်လေသည်။ သို့ဖြင့်ပင် ရခိုင်မှပြန်လာသည့်ဗန္ဒုလကိျုေစာင့်ရင်း ၅လ မကြာသင့်ပဲ ကြာသွားခဲ့သည်။ ထိုသို့အချိန်အတွင်း အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံကုန်းတော်တစ်ဝိုက်ကို အခိုင်အမာတပ်စွဲပြီးဖြစ်ကာ အထက်မှဆင်းလာသည့်မြန်မာတပ်များကို အမြောက်နှင့် ဆီးကာထုရုံနှင့်ပင် အသာစီးရသွားတော့သည်။ လက်တွေ့တွင်မူ သာယာဝတီမင်းလို မင်းသားကြီးတစ်ပါးက သူ့လူတစ်သောင်းနှင့် အောက်အရပ်မှလှည့်ဝင်လာသောအင်္ဂလိပ်တပ်များကို ဆီးကြိုတိုက်ခိုက်ပါမူ မြန်မာတို့ဘက်မှ အလုံးစုံ မနိုင်စေကာမူ ဤမျှလောက် သိက္ခာကျစရာအကြောင်းမရှိ။

မြန်မာတို့ထက် သာလွန်ကောင်းမွန်သော အင်္ဂလိပ်တို့၏လက်နက်များကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရသော သာယာဝတီမင်းသားကြီးက စောစောစီးစီး စစ်ပြေငြိမ်းရန် နောင်တော်ဘုရင်ထံတင်ပြ၏၊ သို့သော်လည်း မောင်အို၊မယ်နုတို့မှလက်မခံပဲ စစ်ကိုသာထပ်တိုးတိုက်ရန် နန်းတွင်းမှ အခန့်သား အမိန့်သာတွင်တွင်ပေး၏။ ထိုမျှမကသေး ဖမ်းမိသောအင်္ဂလိပ်စစ်သုံ့ပန်းများအား သာယာဝတီမင်းသားက ကောင်းစွာထားလိုသော်လည်း မယ်နုတို့မှ တိတ်တဆိတ်သတ်ရန်ကြံသည်။ ထို့အတွက် နောက်ဆုံးရလဒ်ကား အပြောကြီးသောဗန္ဒုလလည်း ဓနုဖြူမှာ ကျ၊ အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင်၄၀သာဝေးသည့် ရန္တပိုရွာသို့ ရောက်တော့မှသာလျှင်
ညီတော်သာယာဝတီမင်း၏စကားကိုနာခံပြီး အပြေးအလွှား စစ်ပြေငြိမ်းရေးစာချူပ်ချုပ်ရတော့၏။

ထို အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် ထူးခြားချက်မှာကား ရခိုင်တိုင်းရင်းသားတို့သည် အင်္ဂလိပ်တို့ဘက်မှ စစ်ကူပေး၍ မြန်မာတို့အား ပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် မြန်မာတို့အားတိုက်ခိုက်မည့် ရခိုင်စစ်တပ် တတပ်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ထွက်ခွာသွားစေရန်ကိုသာအလိုရှိသူများဖြစ်၍ မြန်မာတို့ဆုတ်ခွာရလျင်ပင် ဗြိတိသျှအုပ်ချုပ်မှုကိုလည်း အလိုမရှိဖြစ်ကြသော်လည်း အလွန်နောက်ကျသွားပြီဖြစ်ကာ ရခိုင်သားတို့မှာ ဘကြီးလည်း မမှီ ၊ထီးတင်ပွဲလည်း မတွေ့ဖြစ်သွားရရှာတော့သည်။

"မယ်နုတို့တန်ခိုးထက်ပြီ"
သာမန်အရပ်သူမှ ပြည့်ရှင်မင်း၏အချစ်တော်ဖြစ်ပြီးနောက်ပိုင်း တန်ခိုးထက်ပုံကတော့ မြန်မာတစ်နိုင်ငံလုံး" နု "ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင့် မရှိခဲ့ပါဘူး။ မန်ကျည်းရွက်တွေကိုခေါ်ရင်တောင်မှ နုနုထွဋ်ထွဋ်ဆိုတဲ့ စကားလုံးအစား အိအိထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ်ဆိုသတဲ့။ အဲဒီအရင် ဘိုးတော်ဘုရားလက်ထက်တုန်းကတော့ ပလ္လင်ပေါ်မှာ ဘုရင်နဲ့မိဖုရားနှစ်ပါး လူရှေ့သူရှေ့မှာတွဲထိုင်ပြီး အပူဇော်ခံလေ့မရှိပါဘူး။ အဲဒီဓလေ့ထုံးစံလည်း မယ်နုလက်ထက်လောက်မှာတော်လှန်ခဲ့လို့ ပျက်ရတယ်နဲ့တူပါတယ်။ အင်္ဂလိပ်သံအဖွဲ့လာရောက်စဉ်က ပလ္လင်ပေါ်မှာ ဘုရင်၊မိဘုရားပါမကလို့ ကြားမှာ သမီးတော် ဘုစုခရုလေးပါတက်ထိုင်နေတာကို မှတ်တမ်းတင်သွားခဲ့တယ်။

ဘကြီးတော်စစ်ကိုင်းမင်းနှင့် နန်းမတော်မယ်နု၌ သားသမီးသုံးပါးထွန်းကား၏၊
(၁) သမီးတော်ကြီး ငယ်စဉ်က လွန်
(၂) ပလိုင်းရွာစားလေး ကျောက်ရောဂါဖြင့်ပင် အသက် ၆နှစ်၌ ကွယ်လွန်ပြန်
(၃) ငယ်အမည် မယ်သဲ( နောင်အခါ မင်းတုန်းမင်း၏မိဘုရား ဆင်ဖြုမရှင်ဟု ဖြစ်လာမည့်သူ) တို့ပင်ဖြစ်သည်။

မယ်နုအနေဖြင့် အတ္တကြီးခြင်း၊ မကောင်းကြံစည်ခြင်းတို့ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော်လည်း သာသနာတော်အတွက်ချီးမြှင့်ခဲ့သော ကုသိုလ်တော်များလည်း မနည်းလှပါ။
(၁) အမရပူရ ပုထိုးတော်ကြီး
(၂) အင်းဝနန်းတွင်းမှ အုတ်ကျောင်း
(၃) မဟာသကျသီဟ ရုပ်ပွါးတော်
(၄) စစ်ကိုင်းမှ ရှင်ဖြူ ရှင်လှစေတီနှင့် စောင်းတန်း
(၅) အမရပူရမှ ကြေးချိန်တစ်သိန်း ခေါင်းလောင်း
(၆) ဖလံခုံရွာအနောက်တိုက် ဘုရားကြီး
(၇) ဗုဒ္ဓဂယာမှ မြန်မာဇရပ်တို့ပင်ဖြစ်သည်။

"မယ်နု၏ဇာတ်သိမ်း"
ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲနောက်ပိုင်းတွင် စိတ်နောက်ရှုပ်ထွေးကာ သူ့လက်ထက်တွင်မှ ကုန်းဘောင်ဆက်မြန်မာနိုင်ငံတော်ကြီး တစစီပဲ့ထွက်ရပါသည်ဟု စိတ္တဇဝေဒနာစွဲကပ်ကာ အုပ်ချုပ်ရေးပိုင်းကိုမကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ မိမိရဲ့ဆူးငြှောင့်ခလုတ်ဖြစ်တဲ့ သာယာဝတီမင်းကိုရှင်းချင်နေတဲ့မောင်အိုတို့လူစုအတွက်တော့ အကြိုက်ပေါ့။ ထုံးစံအတိုင်း ပါပဲ။ ဓားမြမှူဖြင့် အမှူဆင်ကာ သာယာဝတီမင်း၏ညီမတော်အရင်း ပုဂံမင်းသမီး၏ကျွန်အား မောင်အိုတို့လူစုမှ အမှူဆင်ဖမ်းရာတွင် ပါးနပ်သောသာယာဝတီမင်းက မောင်အိုတို့လူစုလက်မဦးခင် ရွှေဘိုသို့ သွားရောက်ရှောင်တိမ်းကာ စတင် ပုန်ကန်ပါတော့သည်၊ အဆုံးတွင်တော့ ပုန်ကန်မှူအောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း နန်းကျ၊ မယ်နုနှင့်အတူ အကျယ်ချုပ်စံရ၊ မောင်အိုတို့လူစုမှာလည်း ထောင်ထဲရောက်နှင့် ဇာတ်သိမ်းရတော့သည်။ ဒါတောင်မှ အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့အလိုရှိသမျှ အကုန်ပေးပါ့မည်။ ညီတော်အား အမြန်လာတိုက်၍ ဘကြီးတော်အား ပြန်လည်နန်းတင်ပေးရန် အကြံကြီးလိုက်ကြသေး၏၊

သို့သော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်တပါးအနေဖြင့် ဂရုပင်မစိုက်တော့ပဲ ဘာအကြောင်းမှ မပြန်တော့သဖြင့် ခဲလေသမျှသဲရေကျရလေတော့သည်။ သာယာဝတီမင်းလည်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း အငြိမ်မနေ။ အပြင်မှ မောင်အိုတို့နောက်လိုက်များကပုန်ကန်ကြသောကြောင့် အမရပူရမြို့အကျဉ်းထောင်တွင်ချုပ်ထားသော စလင်းမင်းသားကြီးမောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေသာ၊ ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ တသီတတန်းကြီး ကွပ်မျက်လိုက်ခြင်းခံရပါသည်

အကောင်းမြင်ရှူထောင့်နဲ့ကြည့်ရရင် မယ်နုကိုတော့ သေခါနီး မင်းမျိုးမင်းနွယ်အဖြစ် အသိအမှတ်ပြုလိုက်ပြီး မဟာဆီမဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်တော်ရှိ၏။ မယ်နုကို ရေချဖို့ လမ်းတွင်ခေါ်လာရာတွင် တငိုငိုနှင့်လိုက်ပါလာသော သမီးတော်မယ်သဲလေး(နောင်တွင် ဆင်ဖြူမရှင်)အား လမ်းတွင် ပုဂံမင်း၏နှမတော်၊ မင်းတုန်းမင်း၏မိဘုရားခေါင်ကြီးဖြစ်လာမည့်စကြာဒေဝီမိဘုရားမှ လမ်းတွင်ဆွဲယူကာ မွေးစားခဲ့ရလေသည်။ နောက်ဆုံးအနေဖြင့် မယ်နုမှာ မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အားဖူးမြှော်ခွင့်ကို မြို့ဝန်နှင့်အာဏာပါးကွက်သားတို့အားခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ကျောင်းသို့ရောက်အောင်ပို့ဆောင်လေ၏။ မယ်နု ကျောင်းသို့ရောက်သောအခါ ဆရာတော်မှာ စာကြည့်နေခိုက်ဖြစ်၏။ မယ်နုမှ ဆရာတော်အား နောက်ဆုံးဖူးမြှော်ရအောင် လာရခြင်းဖြစ်ကြောင်းလျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင်တွင်မည့်တရားကို ဤသို့ တိုတိုတုတ်တုတ် ဟောတော်မူ၏။

"ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်" ဟူသတဲ့။

မယ်နုလည်း ဦးချပြီးပြန်ဆင်းလာရာ လှေကားအရောက်တွင် "တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာကိုးကွယ်လာတာ ဘယ်အခါမှ ငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ငါ့ဘက်သို့လှည့်၍ ကြည့်သည်ဟူ၍လည်းမရှိ၊ သည်ကနေ့မှပဲ ငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော်မူတယ်။ ဟောလိုက်တဲ့တရားကလည်း ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည် တဲ့။ တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ" ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ခေါ်ဆောင်ရာကို ပျော်ပျော်ကြီးလိုက်ပါသွားလေတော့သည်။

တစ်ချိန်က နန်းတွင်း၌ဓားထက်ခဲ့သော မိဖုရားခေါင်ကြီးနန်းမတော်မယ်နုမှာကား သူနှင့် သူ၏ လင်တော်မောင် ဘကြီးတော်စစ်ကိုင်းမင်း၏အကျယ်ချုပ်စံမြန်းရာ နန်းတွင်းအိမ်တော်နှင့်သိပ်မဝေးလှသော တောင်သမန်အင်းရေပြင်ရဲ့အရှေ့မြောက်ထောင့် မယ်ဘယက်ကုန်းကမ်းစပ်မှာ ကတ္တီပါအိတ်အနီအတွင်းထည့်သွင်းပြီး ရေချကွပ်မျက်ခဲ့ပါတော့သည်။ ။ ဆက်ရန်

ကိုးကား
-မြန်မာနိုင်ငံရေး သမိုင်း ဒုတိယတွဲ၊ပထမပိုင်း
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရာတနာပုံ၏ နိဒါန်းနှင့် နိဂုံး)

လေးစားစွာဖြင့်
အတီး(ဝါးလုံးရှည်)

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော် (မင်းဝေ)

0 comments
ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော်
မင်းဝေ
(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇)
 “ရာနှုန်းပြည့်သာ အနိုင်ရအောင်မဲပေးပါ၊ ကျန်တာ ကျွန်မတို့ ကြည့်လုပ်ပါ့မယ်”ဆိုတဲ့ ဒီချုပ်အစိုးရ ကြည့်လုပ်နေရတဲ့ပုံပါပဲ။

လတ်တလောပေါ်ပေါက်ဖြစ်ပွားလာနေတဲ့အခြေအနေတွေရဲ့ဖိအားမျိုးစုံက
ဒီချုပ်အစိုးရအဖို့ (ကာလုံ)အစည်းအဝေးမဟုတ်သော်လည်း ကာလုံကိစ္စတွေကို
အဆုံးအဖြတ်ပေးကြတဲ့ အထူးအစည်းအဝေးခေါ်ကြရတဲ့အနေအထားကို
ဆိုက်ရောက်သွားစေပါတယ်။

အစည်းအဝေးအစီအစဉ်ကို ကြည့်ပြန်တော့လည်း
စစ်တပ်နဲ့သက်ဆိုင်တာတွေချည်းအဓိက ဖြစ်နေတယ်။
ကြည့်ရတာ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အထူးအစည်းအဝေး”ဆိုတဲ့ ဒီအစီအမံကို
ဒီချုပ်အစိုးရဘက်က အရေးပေါ် ထွင်လိုက်ရတာပဲလို့ယူဆပါတယ်။

ဒါဟာ လက်တွေ့အားဖြင့် ၁၁ ဦးပါ(ကာလုံ)ကို ရှောင်လွှဲလိုက်တဲ့သဘောလို့မြင်တယ်။ (ကာလုံ) အစည်းအဝေးသာခေါ်ရင် ဒီချုပ်အစိုးရရဲ့အဆုံးအဖြတ်အခန်းက အားနည်းလှတယ် မဟုတ်လား။ ၁၁ ဦး(ကာလုံ)မှာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးပဲ ဒီချုပ်အစိုးရဘက်က ပီပီပြင်ပြင်
ရပ်တည်မယ့်သူရှိတာ မဟုတ်လား။ အကယ်၍ ၁၁ ဦးပါ (ကာလုံ)အစည်းအဝေးသာခေါ်လိုက်ရင် အစည်းအဝေးရလဒ်ဖြစ်တဲ့ “သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၆)” ထဲက ဝေါဟာရတွေ၊ အသုံးအနှုန်းတွေ၊ လေသံတွေက အခုလိုမဟုတ်ဘဲ၊ တမျိုးတမည်ပြောင်းလဲသွားနိုင်တယ်လေ။

စစ်တပ်ဘက်က“အကြမ်းဖက်တိုက်ခိုက်မှု”ကို မီးကုန်ယမ်းကုန်လုပ်ချင်ပုံရတယ်။ ဒါမျိုးတွေကို ဒီချုပ်အစိုးရက ပါးချပ်တပ်ပေးရတာလား၊ အမြီးဆွဲရတာလား တစ်ခုခုပဲ။ ဒါတွေကို ညှိပြီးမှ ဒီသတင်းထုတ်ပြန်ချက် ထွက်လာတာပါ။ ဒီလိုညှိကြရတယ်ဆိုတာကို အစိုးရပြောခွင့်ရက ဖုံးကွယ်မထားပါဘူး။
“အစိုးရနဲ့တပ်မတော် ကြေကြေလည်ဖြစ်အောင်ဆွေးနွေးပြီးမှထွက်လာတာ”
လို့ဆိုပါတယ်။

ကြံ့ဖွံ့ပါတီဥက္ကဋ္ဌသစ် (ဗိုလ်)ဦးသန်းဋ္ဌေးရဲ့သဘောထား၊ အရေးအသားနဲ့
သုံးနှုန်းထားတဲ့စကားလုံးတွေကိုပဲ သာဓကဆောင်ပါရစေ။
- “ပဒေသရာဇ်ခေတ် ပြည်ထောင်စုတပ်မတော်က ရာမူးပန်းဝါဒေသထိ
အောင်မြေချဲ့ကာ ကုလားဖြူကုလားနက်တို့၏ ခန့်ညားလေးစားမှုရယူခဲ့သည် ”--- တဲ့။
- “မြန်မာအင်္ဂလိပ်တတိယစစ်ပွဲကာလ၊ ကျူးးကျော်သူကိုခုခံချေမှုန်းရန် စနစ်တကျစုဖွဲ့စစ်ပြင်နေသည့် မြန်မာ့တပ်မတော် ရှေ့တန်းတပ်မှူးတပ်သားများထံ ရွှေနန်းတော်က အမိန့်စာတစ်စောင် ရောက်ရှိခဲ့သည်၊ ‘အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ခြင်း မပြုရ ၊ ခုခံသူကို သူပုန်ဟုသတ်မှတ်မည်’ နယ်ချဲ့ပရိယာယ် စစ်ပရိယာယ်များကိုနားမလည်သောနိုင်ငံရေးသမား၏ မိုက်မဲမှားယွင်းသောအဆုံးအဖြတ်နှင့်ညွှန်ကြားမှုက တစ်မျိုးသားလုံးကို အလွယ်တကူ ကျွန်ဖြစ်စေခဲ့သည်” တဲ့။

ဗိုလ်သန်းဋ္ဌေး ဒီသဘောထားနဲ့အသုံးအနှုန်းတွေက ဗိုလ်သန်းဋ္ဌေးတစ်ဦးချင်းရဲ့
သဘောထားသာမကဘူး၊ စစ်အုပ်စုဝင်အားလုံးရဲ့သဘောထားကိုပါ တိုက်ရိုက်ထင်ဟပ်ပြနေတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့အခြေခံသဘောထားပါပဲ။ ကြံ့ဖွံ့ပါတီဟာ ဒီသဘောထားကိုကိုင်စွဲပြီးလှုပ်ရှားနေမှာလည်း သေချာပါတယ်။
ကြံ့ဖွံ့ပါတီသာအာဏာရထားချိန်ဆိုရင် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရဲ့ဒီသဘောထားတွေဟာ
ကြံ့ဖွံ့အစိုးရသဘောထားနဲ့ လက်တွေ့ကျင့်သုံးမယ့်ပေါ်လစီတွေဖြစ်လာမှာသေချာပါတယ်။ ဒီသဘောထားနဲ့ပေါ်လစီတွေကို စစ်တပ်ဘက်ကလည်း နှစ်ကိုယ့်တစ်စိတ် ပစ် ထောက်ခံမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်ထားရတဲ့အနေအထားမို့သာ ဆိုရှယ်မီဒီယာပေါ်ကနေ
အခုလိုမဖြစ်ညစ်ကျယ် ရေးသားနေတာပါ။ စစ်အုပ်စုချင်းဆိုတော့ ဘယ်စကားလုံး သုံးရမယ်ဆိုတာ သိတယ်။ သူရေးတာထဲမှာ ဖုံးကွယ်မထားနိုင်တဲ့အချက်တစ်ခုကတော့ နိုင်ငံရေးသမားတွေကိုမုန်းတီးတဲ့အာဃာတကို
ဖုံးကွယ်မထားဘူးဆိုတဲ့အချက်ပါပဲ။
ဗိုလ်သန်းဋ္ဌေးတို့ အာဃတထားတဲ့ နိုင်ငံရေးသမားဆိုတာတွေထဲမှာတော့
“ဂျီဟတ်စစ်ပွဲ”လို့ သဘောထားထုတ်ပြန်ချက်ထဲထည့်ရေးတဲ့ နိုင်ငံရေးပါတီနဲ့
နိုင်ငံရေးသမားတွေတော့ မပါဘူးထင်ပါတယ်။ ဒီပါတီက ကြံ့ဖွံပါတီနဲ့
ညီနောင်မဟာမိတ်တွေမဟုတ်လား။

သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ အချက် ၁၂ ချက်ပါသော်လည်း တိတိကျကျ
ကိန်းဂဏန်းနဲ့ဖော်ပြတာဆိုလို့ သေကျေ ဒဏ်ရာစာရင်း၊ လက်နက်ဆုံးရှုံးစာရင်း၊
ဖမ်းမိသူ၊ သိမ်းဆည်းရတဲ့လုပ်သေနတ်ပစ္စတို (သုံးမရ)တစ်လက်ဆိုတာမျိုးတွေလောက်သာ ပါရှိတာပါ။ ကျန်တာတွေကတော့ ဝေဝေဝါးဝါးပဲ။

အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှု
အလုံးအရင်းယူခဲ့တယ်လို့ဆိုသော်လည်း ဘယ်နိုင်ငံ၊ ဘယ်သူလို့ တိတိကျကျမဖော်ပြပါဘူး။ ငွေကြေးထောက်ပံ့မှုဆိုတာမှာလည်း လူတဦးဆက်သွယ်မှုဖြင့်
လျို့ဝှက်ဆောင်ရွက်ခဲ့တယ်လို့ လုံးထားပြန်တယ်။ သိမ်းဆည်းရမိတဲ့လက်နက်တွေဆိုလို့ ကြည့်ပြန်တော့လည်း ဓားတွေပဲ တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကနေ ငွေကြေးထောက်ပံ့မှု အလုံးအရင်းနဲ့ယူထားတယ်ဆိုတဲ့ “(RSO) အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်သော အကာလ်မူလ် မူဂျာဟီဒင်န် (Aqa Mul Mujahidin ) အဖွဲ့” ဟာ ဒီလို ဓားလွတ်တွေပဲကိုင်နိုင်သလားလို့မေးခွန်းထုတ်စရာနဲ့ ရယ်ပွဲ ဖွဲ့စရာဖြစ်လို့နေပါတယ်။
ဓားလွတ်ကိုင်ပြီး စခန်းဝင်စီး၊ လူသတ်၊ သေနတ်သိမ်းသွားတယ်ဆိုတဲ့အဖြစ်ကလည်း ဗိုလ်သန်းဋ္ဌေး၊ ဗိုလ်ခင်ရီ၊ တက္ကသိုလ်မြတ်သူတို့ရဲ့ ရာမူးပန်းဝါဇာတိမာန်ကို အိုးမဲသုတ်ခံရတာမို့ အလွန်ကိုပဲ မချိမခံသာဖြစ်ကြမှာပါ။

ဒီချုပ်အစိုးရနဲ့စစ်တပ်အကြားမှာ အမြင်မတူတာတွေ၊ ပွတ်တိုက်မှုတွေက ပြဿနာတိုင်း၊ ဖြစ်ရပ်တိုင်းမှာ ရှောင်လွှဲမရနိုင်ဘဲ ထိပ်တိုက်ကိုကြုံနေရတာပါ။
ဆက်ပြီးတော့လည်း ကြုံနေကြရဦးမှာပါ။

ဒီချုပ်အစိုးရဘက်က “သင့်မြတ်ရေး/သဟဇာတဖြစ်ရေးမူ”ဆိုတာနဲ့ လျှော့လျှောပေါ့ပေါ့လုပ်ပြီး ကိုင်တွယ်နေတာကိုလည်း သတိပြုမိပါတယ်။

လွှတ်တော်ထဲမှာလည်း အလားတူပါပဲ။ “ တပ်မတော်သားတွေပါဝင်နေမှုကြောင့် လွှတ်တော်လုပ်ငန်းတွေ အခက်အခဲမရှိပါဘူး” ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးဦးဝင်းမြင့်ရဲ့လေပြေထိုးသံကိုလည်း ကြားလိုက်ကြရမှာပါ။

အစိုးရနဲ့လွှတ်တော်ဟာ “ ကာချုပ်နဲ့စစ်တပ်” ရဲ့မျက်နှာကိုကြည့်ပြီး လုပ်နေရတယ်ဆိုတာကလည်း စည်းကမ်းပြည့်ဝသောဒီမိုကရေစီစည်းဝိုင်းထဲမှာ လွှဲရှောင်လို့မရတဲ့ ပကတိအခြေအနေတစ်ရပ်ပဲ မဟုတ်ပါလား။

သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ အပိုင်း - ၂ ကြည်ဝင်း

0 comments
သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ
အပိုင်း - ၂
ကြည်ဝင်း
(အရေးတော်ပုံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
တဆက်တည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းပြမြေပုံ ၇ ဆင့်ဆိုတာကို ထုတ်လာတယ်။ အဲဒါတွေကတော့
(၁) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ခြင်း၊
(၂) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊
(၃) ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကျင်းပခြင်း၊
(၄) ၂၁ ရာစု ပင်လုံညီလာခံရလဒ်များအားစုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement)လက်မှတ်ထိုးခြင်း၊
(၅) ပြည်ထောင်စုသဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊
(၆) ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊
(၇) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း။
တို့ပဲ ဖြစ်တယ်။ ဒါကို စစ်တပ်ကလည်းသဘောတူထားပုံ ရပါတယ်။

အဲဒီ နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ရေးအဆင့်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာနိုင်အောင် ပြင်ဆင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အခုအချိန်အထိတော့ (NCA) လက်မှတ်ထိုးမှညီလာခံတက်လို့ရမယ်လို့ပြောနေတာ ဖြစ်တယ်။ အထက်မှာပြောသလို ရခိုင်၊ ပလောင်နဲ့ ကိုးကန့်အဖွဲ့တွေအနေနဲ့ လက်မှတ်ထိုးမယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပါမယ်ဆိုပြီး အရင်ကြေညာရမှာ ဖြစ်ပါတယ်။

ဖြစ်စဉ်တွေကိုကြည့်ရင် စစ်တပ်ကသဘောတူမှ (NLD) က လုပ်နိုင်တာတွေ့ရမယ်။ (NLD) က အစိုးရဖြစ်ပေမယ့် ၂၀၀၈ ခြေဥရဲ့ခြေမန်းကွင်းအစွပ်ခံထားတာဖြစ်လို့ စိတ်သွားတိုင်းကိုယ်မပါနိုင်ဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းပြမြေပုံ (၇) ဆင့်မှာလည်း စစ်တပ် (စစ်အုပ်စု) က အမျိုးမျိုးပညာပြတာကို တွေ့ကြရပါဦးမယ်။
၂၀၀၈ ခြေဥအရ အာဏာပိုင်အစစ်ဟာ ကာချုပ်ပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအထက်မှာနေနိုင်ပေမယ့် ကာချုပ်အထက်မှာတော့မနေနိုင်ဘူး။ နိုင်ငံတော်တန်းစီဇယားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာချုပ်အထက် နံပါတ် ၂ နေရာမှာရှိပေမယ့် ဒါဟာ စာရွက်ပေါ်မှာပဲဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၀၈ ခြေဥပြင်ရေးကိစ္စမှာ လူထုကရွေးချယ်တင်မြှောက်တဲ့အစိုးရလက်အောက်မှာ စစ်တပ်ကိုထားရှိဖို့ပြင်ဆင်ရမယ်လို့ အဓိကထားပြောနေကြတာပဲ။ စစ်တပ်က အစိုးရကိုအမိန့်ပေးတာမဟုတ်ဘဲ အစိုးရက စစ်တပ်ကိုအမိန့်ပေးတာဖြစ်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဥက္ကဋ္ဌမော်ကတော့ “ပါတီက သေနတ်ကိုအမိန့်ပေးရမယ်။ ပါတီကို သေနတ်ကအမိန့်ပေးတာ မဖြစ်စေရဘူး” လို့ ပြောခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ဗမာပြည်ရဲ့ပြဿနာအဝဝကို ဖြေရှင်းရေးရဲ့သော့ချက်ဟာ စစ် (၃) စစ် (စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား) ကို အပြီးအပိုင်ဖျက်သိမ်းနိုင် မဖျက်သိမ်းနိုင်ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ခေတ်အဆက်ဆက် လူထုရဲ့သွေးမြေကျ တိုက်ပွဲဝင်ခဲ့တာတွေကြောင့် စစ်အုပ်စုဟာ တပါတီအာဏာရှင်စနစ်နဲ့ ဆက်မအုပ်ချုပ်နိုင်တော့ဘူး။ ဒါကြောင့် ပါတီစုံဆိုတာကိုဟန်ပြလုပ်လာရတယ်။ စစ် (၃)စစ်ကို ၂၀၀၈ ခြေဥနဲ့ အကာအကွယ် ယူထားတာ ဖြစ်တယ်။

စစ် (၃) စစ်ကို ဖျက်သိမ်းဖို့ဆိုရင် စစ်တပ်ကိုပြုပြင်ပြောင်းလဲရေး (RAM) လုပ်ရမယ်။ စစ်အုပ်စုရဲ့ တလက်ကိုင်စစ်တပ်အဖြစ်ကနေ အခြေခံလူထုကြီးအပေါ်သစ္စာခံတဲ့တပ်မတော် ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရမယ်။ ပြောင်းလဲလို့လည်း ရနိုင်တယ်။ စစ်တပ်ထဲမှာ ထိပ်သီးတစုကလွဲလို့ အောက်ခြေအများစုကြီးက အခြေခံပြည်သူလူထုရဲ့သားသမီးတွေ ဖြစ်ကြတယ်။ သူတို့ဘတွေဟာလည်း အများပြည်သူတွေလိုပဲ ဆင်းရဲနုံချာနေကြတာပဲ။ အခါအခွင့်သင့်တိုင်းလည်း စစ်အုပ်စုကို မလိုလားဘူးဆိုတာ ပြခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့ကို ကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စစ်တပ်ကိုပြောင်းလဲနိုင်မှဖြစ်မယ်ဆိုတာကို သဘောပေါက်ပုံ ရပါတယ်။ သူ့နည်းသူ့ဟန်နဲ့ကြိုးစားနေပုံပါပဲ။ တွေ့မြင်နေရသလောက်ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံပြီး ရင်းနှီးမှုယူ၊ ဖြည်းဖြည်းချင်းဆွေးနွေးနားချနေတယ်လို့ ဆိုရမလားပဲ။ ပြောရရင်တော့ ချော့မြှူရေး (appeasement) ဆန်တယ်။ (အခု အမေရိကန်ခရီးမှာ ဆန်ရှင်ပြုတ်အောင်လုပ်လာနိုင်ခဲ့တယ်။ အမေရိကန်ကလည်းဖြုတ်ချင်နေတာမို့ ထီးလိုမင်းလို လို့ပြောရမှာပဲ။)

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထိပ်တိုက်တွေ့ရေးလမ်း မလိုက်ဘူး၊ လူထုအနာမခံတော့ဘူး၊ တွေ့ဆုံဆွေးနွေးရေးလမ်းပဲသွားမယ်လို့ ပြောထားတယ်။ ဒါကြောင့်လည်း ရွှေဂုံတိုင်ရပ်တည်ချက်ကနေ ဂငယ်ကွေ့ ကွေ့ပြီး ၂၀၀၈ ခြေဥလက်ခံ၊ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်တယ်။ ဒီလမ်းလိုက်ဖို့ အခါတော်ပေးနေသူတွေလည်း မနည်းပါဘူး။ 'ထိပ်တိုက်တွေ့ရေးလမ်းလိုက်လို့ တိုင်းပြည်နဲ့လူထုနာလှပြီ။ အကျိုးမရှိဘူး။ သမ္မတဒေါက်တာမောင်မောင်လက်ထက်ကလည်း တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲ ထိပ်တိုက်တွေ့လို့ အကျိုးနည်းခဲ့တယ်။ စစ်တပ်ကို အတိုက်အခံမလုပ်နဲ့။ စစ်တပ်က ပေးထားချက်ကိုပဲယူ၊ နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုလုပ်တာ (အခု ကာချုပ်ကလည်း ဒါကို ထည့်ပြောသွား)' စတဲ့စတဲ့ သြဝါဒလမ်းညွှန်တွေ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က အတော်များများ တွေ့ခဲ့ရတယ်။
မိမိကတော့ တပ်ပြုပြင်ရေးဟာ လူထုအားပါမှသာအောင်မြင်နိုင်မယ်လို့ ယုံတယ်။ ထိပ်တိုက်တွေ့တာ၊

လူထုနာတာ စတာတွေနဲ့ပတ်သက်ပြီးတော့လည်း ပြောချင်ပါတယ်။
(၁) ထိပ်တိုက်တွေ့ရေးတို့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးတို့ဆိုတာတွေဟာ လူထုကြီးက ရွေးချယ်နိုင်တာ မဟုတ်ဘူး။ ဖိနှိပ်အုပ်စိုးသူတွေကသာ ရွေးချယ်တာဖြစ်တယ်။ လူထုကြီးကတော့ အခြေခံအားဖြင့် ငြိမ်းချမ်းတဲ့လမ်းကိုပဲရွေးချယ်ချင်ကြတာပါ။ အဲဒီလမ်းကို အုပ်စိုးသူတွေကပိတ်ထားလို့သာ တခြားလမ်းရွေးရတာ ဖြစ်တယ်။
(၂) လူထုကြီးကို လမ်းပေါ်ထွက်ကြပါလို့ပြောတိုင်းလည်း လမ်းပေါ်ထွက်လာမှာမဟုတ်သလို မထွက်ကြပါနဲ့လို့ပြောတိုင်းလည်း မထွက်ဘဲနေကြမှာ မဟုတ်ပါ။ ထွက်တာ မထွက်တာဟာ သူတို့ရဲ့ လက်တွေ့ရုပ်ဘ၀ကပြဋ္ဌာန်းတာ ဖြစ်တယ်။ အခုလည်း အလုပ်သမားတွေ လုပ်ခတိုးရဖို့ လမ်းပေါ်ထွက်နေကြသလို လယ်သမားတွေလည်း သိမ်းဆည်းလယ်ပြန်ရရေး ထွန်တုံးတိုက်ပွဲတွေ နွှဲနေကြရတယ် မဟုတ်လား။
လူထုတိုက်ပွဲသဏ္ဌာန်ဟာ လမ်းပေါ်ဆန္ဒပြတာတခုတည်းရှိတာ မဟုတ်ပါ။ ပုံစံမျိုးစုံ ရှိပါတယ်။ အခြေအနေအချိန်အခါလိုက်ပြီး အမျိုးမျိုးပြောင်းလဲကျင့်သုံးရမှာ ဖြစ်ပါတယ်။
(၃) ထိပ်တိုက်တွေ့လို့အကျိုးမရှိဘူးလို့ ပြောနေသူတွေအနေနဲ့ မိမိတို့ဟာ ခေတ်အဆက်ဆက် အသက်ပေးတိုက်ပွဲဝင်သွားသူတွေရဲ့အရိုးပုံပေါ်မှာ ထိုင်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဒီကနေ့ အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်၊ ပြောဆိုရေးသားခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့် စသဖြင့်ရနေတာတွေဟာ ပြည်သူတွေသွေးမြေကျခံပြီးတိုက်ပွဲဝင်ခဲ့လို့ ရခဲ့တဲ့ အသီးအပွင့်တွေပါ။ စစ်အုပ်စုကသဘောကောင်းပြီးပေးခဲ့တာ မဟုတ်ပါဘူး။ ဒီအသီးအပွင့်တွေကို ဆက်ခံကာကွယ်ထိန်းသိမ်းရမှာဖြစ်သလို ဆက်လည်းတိုးချဲ့ရပါမယ်။
(၄) လူထုနာမှာစိုးတယ် ဆိုကြတယ်။ လမ်းပေါ်ထွက်ဆန္ဒပြလို့ အကြမ်းဖက်ဖြိုခွဲခံရပြီး လူထုတွေ အသက်ဆုံးရှုံးသွေးမြေကျမှာကိုမဖြစ်စေချင်ဘူးလို့ ဆိုလိုဟန်တူပါတယ်။ စစ် (၃)စစ် အောက်မှာ လူထုကြီးဟာ နေ့စဉ်နဲ့အမျှဆင်းရဲဒုက္ခခံနေကြရတာပါ။ စစ်ဖြစ်နေတဲ့နေရာတွေမှာ အသက်ဆုံးရှုံးရတာ၊ ကျီးလန့်စာစားနေရတာ၊ နေရပ်ဒေသမပြန်နိုင်ဘဲ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ဆယ်စုနှစ်များစွာ နေနေကြရတာ စတာစတာတွေဟာ ပြောမကုန်ရေးမကုန်ပါ။
ဒါ့အပြင် စစ်အုပ်စုထိပ်သီးနဲ့အပေါင်းအပါတသိုက်က တိုင်းပြည်ရဲ့သယံဇာတတွေကို စည်းမရှိကမ်းမရှိ ထုတ်ယူရောင်းချလို့ သဘာဝပတ်ဝန်းကျင်တွေပျက်စီးကုန်တယ်။ ရာသီဥတုတွေဖောက်ပြန်ပြီး ကပ်ဘေးတွေ ကျတယ်။ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်သတိပေးတာ၊ လုံခြုံရာရွှေ့ပေးတာ စတဲ့ လုပ်ရမယ့်အစိုးရတာဝန်တွေပျက်ကွက်လို့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် မပျက်စီးမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းမှာဆိုရင် သိန်းနဲ့ချီအသက်ဆုံးရှုံးရတယ် မဟုတ်လား။
လတ်တလောထုတ်ပြန်တဲ့ ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျော့ကျရေး UNISDR ရဲ့ အစီရင်ခံစာအရ သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းတွင် ဟေတီကထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး
မြန်မာနိုင်ငံကတတိယနေရာမှာ ရှိနေတယ်။ အဲဒီအစီရင်ခံစာမှာပဲ သဘာဝဘေးအန္တရာယ်ဆုံးရှုံးမှုတွေဟာ လူမှုစီးပွားဘဝတွေနဲ့ဆက်စပ်တယ်လို့လည်း ဖော်ပြထားတယ်။ လူမှုစီးပွားဘဝနိမ့်ကျလေ ဆုံးရှုံးမှုကြီးလေလို့ ပြောတာပါ။

လူထုကြီးအနေနဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် သွားရေးလာရေးမှာလည်း ယာဉ်အိုယာဉ်ဟောင်းတွေကိုပဲ အားကိုးကြရတယ်။ အိုဟောင်းရုံမက ယာဉ်စီးရေမလောက်ငတော့ စုပြုံတိုးဝှေ့စီးကြ သွားကြရတယ်။ ဒါကြောင့် သဘောင်္မှောက်ကားမှောက် သေရတာတွေလည်း မကြာမကြာကြားနေရတယ်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်ကချွတ်ခြုံကျနေတယ်။ လူထုကြီးဟာ နေ့စဉ်နဲ့အမျှနာကျင်ခံစားနေကြရတာ ဖြစ်ပါတယ်။ လူထုကြီးခံစားနေရတဲ့ ဒုက္ခအပေါင်းဟာ ရေးလို့ကုန်နိုင်ဖွယ်မရှိပါဘူး။ အခုအခြေအနေက တိုင်းပြည်ဖြစ်ရှုံး တိုင်းပြည်ရာမဝင်တဲ့အခြေအနေ ဖြစ်နေပါပြီ။ စစ် (၃)စစ် တရက် အသက်ပိုရှည်လေ လူထုကြီးက တရက် ပိုဒုက္ခရောက်လေပါ။

ချုပ်ရရင်တော့ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရှိတဲ့ပြည်ထောင်စုကို ထူထောင်ဖို့အတွက် အဓိကအဟန့်အတားက စစ် (၃) စစ်ပဲ ဖြစ်ပါတယ်။ စစ် (၃) စစ် ဖျက်သိမ်းဖို့ဆိုရင် စစ်တပ်ကို အရင်ဆုံးပြုပြင်ပြောင်းလဲရမယ်။ လူထုအားနဲ့သာ ပြောင်းလဲနိုင်မယ်။ သေနတ်က လူထုကိုအမိန့်ပေးတာ မဟုတ်ဘဲ လူထုက သေနတ်ကိုအမိန့်ပေးတာဖြစ်အောင် ပြောင်းလဲရမှာ ဖြစ်ပါကြောင်း။
ပြီး

သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ အပိုင်း - ၁ ကြည်ဝင်း

0 comments
သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ
အပိုင်း - ၁
ကြည်ဝင်း
(အရေးတော်ပုံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ 'ပြောင်းလဲချိန်တန်ပြီ' ဆိုတဲ့ကြွေးကြော်သံနဲ့ ဝင်ရောက်အရွေးခံခဲ့ပြီး တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်။ ဒါကြောင့် (NLD) ဟာ အစိုးရအဖွဲ့ကိုလည်း လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ခြေဥကြောင့် ဒေါ်အောင်ဆန်းစုကြည် (DASSK) ကတော့ သမ္မတလုပ်ခွင့်မရပါဘူး။ သမ္မအထက်မှာနေမယ်လို့ကြွေးကြော်ခဲ့တဲ့ (DASSK) ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို တီထွင်ရယူခဲ့တယ်။

(NLD) အစိုးရဖြစ်လာပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို အဓိကဦးစားပေးဆောင်ရွက်လာတာကို တွေ့ရတယ်။ ဦးသိန်းစိန်တို့ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဆက်ပြီးအမွေခံ လုပ်ကိုင်ရတာဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မာရသွန်ဆွေးနွေးပွဲတွေလုပ်ခဲ့ပြီး ပြည်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ဆိုတာ ပေါ်ထွက်လာတယ်။ ဒါပေမဲ့ တကယ်လက်မှတ်ထိုးတဲ့အခါမှာတော့ (၈) ဖွဲ့ပဲ လက်မှတ်ထိုးတာဖြစ်တယ်။ အဖွဲ့တချို့ (KIA, NMSP) က အဖွဲ့အားလုံးမပါဝင်တဲ့အတွက်ဆိုပြီး လက်မှတ်မထိုးကြဘူး။ သူတို့ပြောတဲ့ ပါဝင်ခွင့်မရတဲ့အဖွဲ့တွေဆိုတာက ရခိုင်တပ်မတော်၊ တအာင်းပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့ (AA/TNLA/MNDAA/ ) တို့ ဖြစ်တယ်။ ဒီ (၃) ဖွဲ့လက်မှတ်ထိုးဖို့ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပါတယ်လို့ ကြေညာချက်ကိုအရင်ထုတ်ရမယ်လို့ စစ်တပ်က ရပ်ခံထားတယ်။ ဝနဲ့မိုင်းလား (UWSA, NDAA) အဖွဲ့တွေကတော့ သူတို့ဟာအစိုးရနဲ့ အပစ်ရပ်စာချုပ်တွေချုပ်ထားပြီးဖြစ်လို့ ထပ်လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောပါတယ်။ (NLD) အစိုးရက ဒီအခြေအနေကို ဆက်ခံရတာ ဖြစ်တယ်။

(NLD) အစိုးရက ၂၁ ရာစုပင်လုံညီလာခံကျင်းပမယ်ဆိုပြီး စတင်စိုင်းပြင်းပါတယ်။ အားလုံးပါဝင်ခွင့်ရှိရမယ်လို့လည်း ဆိုတယ်။ ဒီအတွက် ကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဖွဲ့တယ်။ အဖွဲ့အစည်းအသီးသီးဆီကို ကိုယ်စားလှယ်တွေလွှတ်ပြီး ဆွေးနွေးတယ်။ အတော်များများကတော့ အဆင်ပြေတယ်။ တက်ကြမယ်ဆိုတဲ့ အဖြေရတယ်။ ရခိုင်၊ ပလောင်နဲ့ကိုးကန့်အဖွဲ့တွေနဲ့လည်း ဆွေးနွေးတယ်။ အဲဒီ (၃) ဖွဲ့ကလည်း တက်ချင်တဲ့ဆန္ဒရှိကြောင်း ပြောတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ (၃) ဖွဲ့အပေါ် စစ်တပ်ရဲ့တောင်းဆိုချက်ဖြစ်တဲ့ လက်နက်ကိုင်နည်းလမ်းကိုစွန့်လွှတ်ကြောင်း ကြေညာချက်အရင်ထုတ်ရမယ်ဆိုတဲ့ ဘူတာကိုပဲ ပြန်ဆိုက်ပါတယ်။ အဲဒီ (၃) ဖွဲ့က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဆောင်ရွက်သွားမယ်ဆိုတာနဲ့အစားထိုးဖို့ ညှိသေးပေမယ့် စစ်တပ်က လက်မခံလို့ အဆင်မပြေတော့ဘူး။ တက်ချင်တိုင်းတက်ရအောင် တောင်ပြုံးပွဲမဟုတ်ဘူးလို့တောင် ဦးခင်ဇော်ဦး (ဒုဗိုလ်ချုပ်ကြီးဟောင်း) က ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ (NLD) အစိုးရပြောတဲ့ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံလည်း အားလုံးမပါဝင်နိုင် ဖြစ်ခဲ့ရတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လထဲ နေပြည်တော်မှာကျင်းပခဲ့တယ်။ တက်ရောက်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနာမည်ကို ရာထူးအမည် ဒါမှမဟုတ် ဦး စသဖြင့် အရှေ့မှာမတပ်ဘဲ ဒီအတိုင်းပဲရေးခဲ့တာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ မကျေမနပ်ဖြစ်ကြတယ်။ ဒီနေရာမှာလည်း 'တပ်မတော်ရဲ့သဘောထားအမှန်' ကို တွေ့ကြရပြန်ပါတယ်။ ဝအဖွဲ့ကလည်း ကိုယ်စားလှယ်ကတ်ပြားထုတ်ပေးရာမှာ လေ့လာသူကတ်ပြားတွေထုတ်ပေးတာကြောင့် အဆင့်အတန်းခွဲခြားခံရတယ်ဆိုပြီး ညီလာခံမှာတင်မယ့် သူတို့စာတမ်းပေးခဲ့ပြီး ညီလာခံဆက်မတက်ဘဲ ပြန်သွားကြတယ်။

၂၁ ရာစုညီလာခံပြီးတော့ နောက် ၆ လ အကြာမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ်လို့ ဒီချုပ်အစိုးရက စီစဉ်ထားတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတက်မယ်ဆိုရင် (NCA) ကိုလက်မှတ်ထိုးထားတဲ့အဖွဲ့တွေပဲတက်ရမယ်ဆိုတဲ့ကန့်သတ်ချက်ကို ချမှတ်ထားတာတွေ့ရတယ်။ ဒါဟာ စောစွာကတည်းက စစ်တပ်ကပြောနေတာ ဖြစ်တယ်။ ဒီအချက်ကို (NLD) ကလည်း လက်ခံထားရပုံရတယ်။

ပိုဆိုးတာက ၂၁ ရာစုပင်လုံညီလာခံအပြီးမှာ ဗမာပြည်မြောက်ပိုင်းမှာ သေနတ်သံတွေ ပြန်ညံလာတာပဲဖြစ်တယ်။ အဓိက ကေအိုင်အိုကို ထိုးစစ်တွေ ဆင်တာဖြစ်တယ်။ ဒီနောက် တောင်ပိုင်းရှမ်းနဲ့လည်း ဖြစ်တယ်။ ကရင်ပြည်နယ်မှာလည်း ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။ စစ်ဘေးဒဏ်ကိုမခံနိုင်တော့တဲ့ ပြည်သူတွေရဲ့ ထိုးစစ်တွေရပ်ဖို့ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ (NLD) အစိုးရဘက်ကတော့ ရေငုံနှုတ်ပိတ်နေတာ တွေ့ရတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်မောင်းတောမှာ စစ်တပ်ဘက်က ဘင်္ဂါလီလို့ဆိုတဲ့သူတွေက အုပ်စုဖွဲ့ပြီး ရဲကင်းစခန်းတွေဝင်စီးတဲ့ ဖြစ်ရပ်တွေပေါ်လာတယ်။ ရဲ ၉ ဦးကျပြီး လက်နက်တွေလည်း ၅၀ ဝန်းကျင် ပါသွားတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုင်ငံတောကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး လုပ်တယ်။ ရခိုင်အရေး၊ ကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲတွေကိစ္စဆွေးနွေးကြတယ်လို့ ဆိုတယ်။ အသေးစိတ်တော့ မထုတ်ပြန်ဘူး။

အောက်တိုဘာ ၁၅ ရက်နေ့မှာ (NCA) လက်မှတ်ထိုးတာ တနှစ်ပြည့်တဲ့အခမ်းအနား လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ မိန့်ခွန်းပြောကြတယ်။ ဗိုလ်မင်းအောင်လှိုင်က (NCA) လက်မှတ်ထိုးမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတက်ခွင့်ရမယ်ဆိုတာကို ထပ်ပြီးအတည်ပြုပြောတယ်။ (NCA) ဟာ တပ်မတော်တခုတည်းကချမှတ်ထားတာ မဟုတ်ဘူး။ ကျန်လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူ ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း ဆိုတယ်။ ဒီမတိုင်ခင်မှာ ထွက်လာတဲ့ (UWSA) မှ ကျောက်ကော်အမ်းနဲ့ မီဒီယာတွေတွေ့ဆုံမေးမြန်းရာမှာတော့ (NCA) ကို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ထပ်ပြောထားတယ်။
ဆက်တင်ပါ့မယ်။

စိတ်ဝင်စားစရာ သတင်းတိုထွာ(၃) မြစမ်းအေး

0 comments
စိတ်ဝင်စားစရာ သတင်းတိုထွာ
မြစမ်းအေး
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
ကမ္ဘာ့စည်းစနစ်သစ်နဲ့ပတ်သက်၍ တရုတ်-အမေရီကန် ကွဲလွဲချက်
(နိုင်ငံတကာ့နယ်ပယ်မှာ တရုတ်-အမေရိကန်တို့ဟာ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း ပုံမှန်ဆက်ဆံရေးသစ် new normal အတွက် မူဝါဒနှင့်စည်းမျဉ်းပိုင်းတွင် ရည်ရွယ်ချက်ခြင်း ကွဲပြားနေတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ တရုတ်ပညာရှင် Wang Jisi (ပီကင်းတက္ကသိုလ် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန ဥက္ကဋ္ဌ) နှင့် Kenneth Lieberthal(ဘရုတ်ကလင်းတက္ကသိုလ် တရုတ်-အမေရိကန်ရေးရာပညာရှင်)တို့ ပူးတွဲရေးသားတဲ့ တရုတ်-အမေရိကန် မဟာဗျူဟာပိုင်းဆိုင်ရာ သံသယ China-US Strategic Distrust စာတမ်းမှ လိုရင်းကောက်နှုတ် ဖော်ပြလိုက်ပါတယ်။)
နိုင်ငံရေးအားဖြင့် တရုတ်က ‘ဒီမိုကရေစီကျတဲ့ နိုင်ငံတကာဆက်ဆံရေး’ကို ရပ်ခံတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများစုဖြစ်တဲ့အတွက် နိုင်ငံကိုအခြေပြုတဲ့ဒီမိုကရေစီနည်းကျ နိုင်ငံတကာစနစ်ကို ကျင့်သုံးတယ်။ အမေရီကန်က ‘လစ်ဘရယ်နိုင်ငံတကာစည်းစနစ်’ကို ဆော်ဩပြီး ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကအခွင့်အရေးရှိတဲ့ ‘ဒီမိုကရေစီကမ္ဘာကြီး’ကို လှုံ့ဆော်တယ်။ အထက်ပါအယူအဆ နှစ်ရပ်ကွဲလွဲမှုက မကျော်လွှားနိုင်တဲ့အတားအဆီးကို ဖြစ်စေတယ်။
စီးပွားရေးအားဖြင့် အမေရိကန်ဟာ နိုင်ငံတကာစည်းမျဉ်း 
တပုံကြီးကိုပြဋ္ဌာန်းပြီး နိုင်ငံပိုင်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်တယ်၊ အလုပ်သမားစံနှုန်းကိုမြှင့်တယ်၊ သတင်းလွတ်လပ်စွာစီးဆင်းစေတယ်၊ သဘာဝဝန်းကျင်ဂေဟစနစ်ကို ကာကွယ်ဖို့ပြောတယ်၊ နိုင်ငံတကာမူပိုင်ခွင့်ကိုကာကွယ်ဖို့ပြောတယ်။ ပစိဖိတ်ကျော် ပူးပေါင်းဆောင်ရွက်မှု (ကုန်သွယ်ဝန်ဆောင် သဘောတူညီချက်)TPP ၊ အတ္တလန်တိတ်ကျော် ပူပေါင်းဆောင်ရွက်မှု (ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု နှင့် ဝန်ဆောင်မှုကူးသန်းရောင်းဝယ်ရေး သဘောတူချက်) TAP အတွက် စေ့စပ်ဆွေးနွေးတယ်။
အဲဒီထဲက တချို့စည်းမျဉ်းတွေကို (ဥပမာ၊ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများအပေါ် ခွဲခြားဆက်ဆံတာ) တရုတ်က လက်မခံနိုင်ဘူး။ တရုတ်ကလုပ်ဆောင်နေတဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB မှာ အမေရိကန်က မပါဘူး။ တရုတ်ကဆော်ဩနေတဲ့ ခါးပတ်လမ်းကြောင်း One Belt One Road ကိုလည်း စောင့်ကြည့်အနေအထားပဲရှိတယ်။ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် ညှိနှိုင်းဆွေးနွေးနေတာ မချောမွေ့သေးဘူး။ နည်းပညာမြင့်ပို့ကုန်တွေ တရုတ်ကိုတင်ပို့ရာမှာလည်း အတားအဆီးတွေ ရှိနေသေးတယ်။ အမေရိကန်ဒေါ်လာရဲ့စိုးမိုးမှုအနေအထားကို ထိန်းသိမ်းထားဖို့အတွက် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများအတွင်း တရုတ်ရဲပ့မဲပေးခွင့်တိုပွားလာမှာနဲ့ တရုတ်ယွမ်ငွေ နိုင်ငံတကာသုံးဖြစ်လာမှာကို အမေရိကန်က အပြုသဘောမတုန့်ပြန်ဘူး။ အမေရိကန်နိုင်ငံအတွင်း တရုတ်စီးပွားရေး (ပုဂ္ဂလိကအပါ)လှုပ်ရှားလာမှုအပေါ် အမျိုးသားလုံခြုံရေးရှုထောင့်နဲ့ ကန့်သတ်မှုတွေလုပ်တယ်။
ဒါတွေက အမေရိကန်အနေနဲ့ တရုတ်ရဲ့ပြည်တွင်းပြည်ပစီးပွားရေးပေါ်လစီကို ဘောင်ခတ်ပြီး အမေရိကန်အတွက်သာအကျိုးရှိမည့် စည်းမျဉ်းများချမှတ်ဖို့ ကြိုးစားခြင်းပဲဖြစ်တယ်။ နိုင်ငံနှစ်ခုရဲ့စီးပွားရေးပုံစံ သဟာဇာတမဖြစ်မှုဟာ အတားအဆီးတွေပိုများလာတယ်။
နိုင်ငံတကာလုံခြုံရေးနယ်ပယ်တွင် တရုတ်က တောင်တရုတ်ပင်လယ်ကို မိရိုးဖလာပင်လယ်ပြင်အဖြစ်မြင်ပြီး တောင်တရုတ်ပင်လယ်နဲ့ပတ်သက်တဲ့မူဝါဒ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အမျိုးသားအချုပ်အခြာနဲ့ ပိုင်နက်နယ်မြေတည်တန့်မှုအဖြစ် သဘောထားတယ်။ 
ဒါပေမဲ့ အမေရိကန်က တောင်တရုတ်ပင်လယ်အများပိုင်းကို နိုင်ငံတကာရေပြင်အဖြစ် ‘နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာရေကြောင်းသွားလာခွင့်’ကို ကိုင်စွဲတယ်။
ဒီလိုမူဝါဒအငြင်းပွားမှုတွေရဲ့နောက်ကွယ်မှာ ပထဝီနိုင်ငံရေးအကြောင်းအချက်တွေ ရှိတယ်။
အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံစလုံးက ဆိုက်ဘာလုံခြုံရေးကို မြင့်မြင့်မားမားအလေးထားပြီး တဦးရဲ့ဆိုက်ဘာလုံခြုံရေးကို တဦးကအန္တရာယ်ပြုနေတယ်လို့ မြင်ကြသော်လည်း သူတို့တဦးချင်းရဲ့ အလေးထားမှုချင်းကွာခြားပြန်တယ်။ တရုတ်က ပြည်တွင်းကွန်ရက်အတွင်း နိုင်ငံရေးအရထိုးဖောက်ပြီး ခေါင်းဆောင်မှုအာဏာကို တိုက်ခိုက်လာမှာကို စိုးရိမ်တယ်။ 
အမေရိကန်က online hackers တွေရဲ့ စီးပွားရေးအချက်အလက်တွေခိုးယူမှုနဲ့ လုံခြုံရေးအေဂျင်စီကွန်ရက်ကို တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်။
ပုံမှန်ဆက်ဆံရေးသစ် ဘာလဲ
နှစ်ဖက်အစိုးရ ပညာရှင် အရပ်ဖက်အဖွဲ့အစည်းတွေ ပုံမှန်တွေ့ဆုံဆွေးနွေးလာခဲ့သော်လည်း သံသယနဲ့မယုံကြည်မှုကို မချေဖျက်နိုင်ရုံတင်မက ပိုလို့တောင်တိုးပွားလာတယ်။
၂၀၁၇ မှာ အိမ်ဖြူတော်ကို ဘယ်သူရောက်လာမလဲဆိုတာထက် အမေရိကန်က ဖိအားပိုပေးလာမှာကိုပဲ တရုတ်ကစိုးရိမ်တယ်။ အမေရိကန်ဘက်ကလည်း တရုတ်ရဲ့နိုင်ငံရေးနဲ့၏စီးပွားရေးအပေါ် ရှုပ်ထွေးတဲ့ပူပန်မှုရှိတယ်။ တိန့်ရှောင်ဖင်ရဲ့ ‘သိုသိုသိပ်သိပ်နေ မလောနဲ့’ ဆိုတဲ့ မဟာဗျူဟာအယူအဆအစား ပိုစွာတဲ့သဘောထားနဲ့အစားထိုးလာမှာကို စိုးရိမ်တယ်။ 
မဟာဗျူဟာသံသယတိုးပွားမှုဟာ တရုတ်-အမေရိကန်ပုံမှန်ဆက်ဆံရေးသစ်ကို ထိခိုက်စေတယ်။
ပုံမှန်ဆက်ဆံရေးသစ်ထူထောင်ဖို့အတွက် နှစ်ဖက်စလုံးက ပဋိပက္ခနဲ့ထိပ်တိုက်တိုးမှုကိုရှောင်ရှားပြီး ပူးပေါင်းဆောင်ရွက်ရေးကိုလိုလားတဲ့ မဟာဗျူဟာရည်မှန်းချက်ရှိကြောင်း မိမိတို့ပြည်သူများကို ရှင်းပြရုံတင်မက၊ နှစ်ဖက်အစိုးရများအကြား မကြာခဏဆက်သွယ်ညှိနှုင်းခြင်းဖြင့် အထင်အမြင်ရှုပ်ထွေးမှုကိုလျော့နည်းစေပြီး ကျယ်ပြန့်တဲ့သဘောထားညီညွတ်မှုကို ရရှိစေပါတယ်။
ဟင်နရီကစ်ဆင်းဂျားက ‘တရုတ်ပြည်’ ON China ဆိုတဲ့စာအုပ်မှာ ယခုလိုတင်ပြခဲ့တယ်။ အမေရိကန်- တရုတ် ‘ပူးပေါင်းဆောင်ရွက်တဲ့ တစတစပြောင်းလဲရေး ’ co-evolution ဆိုတဲ့ ဆက်ဆံရေးကို ထူထောင်ရမယ်။ နှစ်နိုင်ငံစလုံးက ပြည်တွင်းရေးကို ကောင်းအောင်လုပ်၊ ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်၊ ပဋိပက္ခကို နည်းအောင်လုပ်ရမယ်။
ကစ်ဆင်းဂျားပြောတဲ့ co_evolution ဆိုတာ ငြိမ်းချမ်းစွာယှဉ်ပြိုင်ခြင်း peaceful competition ကိုပြောတာလို့ထင်တယ်။ ဘယ်နိုင်ငံက မိမိရဲ့ပြည်တွင်းရေးကို ကောင်းအောင်လုပ်နိုင်သလဲ မိမိပြည်သူတွေကို ကျေနပ်မှုပေးနိုင်သလဲဆိုတဲ့အပေါ် ပြိုင်ဆိုင်ခြင်းသည်သာ အမေရိကန်နဲ့တရုတ်အကြား အဓိပ္ပာယ်ရှိတဲ့ ပြိင်ဆိုင်မှုဖြစ်ပါလိမ့်မယ်။
ရည်ညွှန်း။ As Distrust Mounts, U. S and China Battle Over New Rules of Global Order.
(၁၀ အောက်တိုဘာ ၂၀၁၆)

စိတ်ဝင်စားစရာ သတင်းတိုထွာ(၂) မြစမ်းအေး

0 comments
စိတ်ဝင်စားစရာ သတင်းတိုထွာ (မြစမ်းအေး)
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
ကိုလံဘီယာ စစ်အေးလွန် ငြိမ်းချမ်းရေး
၅၂ နှစ်ကြာ ကိုလံဘီယာပြည်တွင်းစစ်အဆုံးသတ်ရေး သဘောတူညီချက်ကို ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ် နှင့် လက်ဝဲသူပုန်တပ်ဖွဲ့FARC (Revolution Armed Force of Colombia) ခေါင်းဆောင် တင်မိုချန်ကို တို့ ၂၆ စက်တင်ဘာ ၂၀၁၆ တွင် ဟားဗားနားမြို့၌ လက်မှတ်ရေးထိုးတယ်။ လက်မှတ်ရေးထိုးပွဲသို့ ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ကျူးဘားသမ္မတ ရောလ်ကက်စထရိုနဲ့ လက်တင်အမေရိကနိုင်ငံခေါင်းဆောင်အများအပြား တက်ရောက်တယ်။ 

၁၉၉၀ နှစ်များက အယ်လ်ဆာဖေဒိုး နှင့် ဂွာတီမာလာစစ်ပွဲများ အဆုံးသတ်ခဲ့သည့်အတိုင်း ဖြစ်တယ်လို့ဆိုတယ်။ FARC သူပုန်တပ်သား ၇၀၀၀ နဲ့ နောက်လိုက် ၁၇၀၀၀ ပါဝင်တယ်။
 

သဘောတူညီချက်တွင် စစ်ကာလအတွင်း နှစ်ဖက်ကျူးလွန်ခဲ့တဲ့ပြစ်မှုများကို နှစ်ဖက်ရွေးချယ် တင်မြှောက်ထားတဲ့တရားခုံရုံးကစစ်ဆေးရန်၊ FARC ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်ဖို့ အစိုးရမှကူညီရန်တို့ ပါဝင်တယ်။ 

ယခုသဘောတူညီချက်ကို အောက်တိုဘာ ၂ တွင် သဘောတူမတူ လူထုဆန္ဒခံယူပွဲလုပ်မယ်။
ဂျွန်ကယ်ရီက သမိုင်းဝင်နေ့၊ ခက်ခက်ခဲခဲစေ့စပ်ရ၊ ရှေ့မှာလုပ်စရာအခက်အခဲတွေ အများကြီးရှိသေးကြောင်းပြောတယ်။
 

ကျူးဘားနဲ့ ပြန်လည်သင့်မြတ်ပြီးနောက် အမေရိကတိုက်မှ စစ်အေးတိုက်ပွဲလက်ကျန်ပဋိပက္ခ အဆုံးသတ်နိုင်ခဲ့မှုအတွက် အိုဘားမားက အမေရိကန်နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုတရပ်အဖြစ် ချီးကျူးပြောကြားတယ်။
 

ဒါပေမဲ့ (အောက်တိုဘာ ၃၊ ၂၀၁၆) လူထုဆန္ဒခံယူပွဲ ၉၉ ရာခိုင်နှုန်း မဲရုံများရေတွက်ပြီးစာရင်းအရ ၅၀ဒဿမ၂ ရာခိုင်နှုန်း ဆန့်ကျင်၊ ၄၉ ရာခိုင်နှုန်းထောက်ခံကြောင်း ဖော်ပြတယ်။ 

အစိုးရနဲ့သူပုန် နှစ်ဖက်စလုံးက လေးနှစ်ကြာစေ့စပ်ခဲ့ရတဲ့ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားတယ်။ (၄ အောက်တိုဘာ ၂၀၁၆)

စိတ်ဝင်စားစရာ သတင်းတိုထွာ(၁) (မြစမ်းအေး)

0 comments
စိတ်ဝင်စားစရာ သတင်းတိုထွာ (မြစမ်းအေး)
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
အိုင်ယာလန်ဘိုးဘိုးအောင် Apple
၂၀၁၅ အိုင်ယာလန် GDP ၂၆ဒဿမ ၃ ရာခိုင်နှုန်း တိုးကြောင်း အိုင်ယာလန်ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်က စီးပွားရေးပညာရှင်များအကြား ရယ်စရာဟာသတပုဒ် ဖြစ်နေတယ်။ စီးပွားရေးနိုဘယ်ဆုရှင် ပေါလ်ခရုမန် က ‘ဘိုးဘိုးအောင်စီးပွားရေး’ Leprechaun economics လို့လှောင်တယ်။ ကုန်စည် တိုးထုတ်လို့လား။ လူထုဝင်ငွေ တိုးလာလို့လား။ နိုင်ငံတော်ထုတ်ကုန် တိုးလာလို့လား။ တခုမှမဟုတ်ပါ။ တကယ်တော့ EU အဖွဲ့ဝင် အိုင်ယာလန်ဟာ ကြွေးဝန်ပိနေတဲ့ စီးပွားရေးကပ်ဒဏ်သင့် PIIGS (ပေါ်တူကီ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂရိ ၊ စပိန်) စာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်တယ်။ လူဦးရေ ၅သန်းခန့်သာရှိပြီး ကျွန်းငယ်လေးသာဖြစ်တဲ့ အိုင်ယာလန်ဟာ ဗြုန်းစားကြီး GDP တနှစ်တာဝင်ငွေ တိုးလာကာ $၂၅၇ ဒဿမ ၄ ဘီလီယံ (၂၀၁၅ ခန့်မှန်း) ဖြစ်လာတယ်။ အကြောင်းက အိုင်ယာလန်ဟာ အမေရိကန်ကော်ပိုရိတ်များရဲ့ ဗလောင်းဗလဲလုပ်ရာ (စာရင်းဖျောက်ရာ) အရပ် ဖြစ်နေလို့ပဲ။ ဥပမာဆိုပါစို့ အမေရိကန်ကုမ္ပဏီ Maltronicနဲ့ အိုင်ယာလန်ကုမ္ဂဏီ Coridien ပေါင်းကာ အိုင်ယာလန်မြို့တော် ဒူဗလင်မှာ ရုံးစိုက်တယ်။ Maltronic ရဲ့ ပုံသေပိုင်ပစ္စည်းတန်ဖိုး assets $ ၄၃ ဘီလီယံကို အိုင်ယာလန်သို့ပြောင်းတယ်။ တကယ်ပြောင်းတာ မဟုတ်ဘူး။ စာရင်းအရသာ ပြောင်းတာဖြစ်တယ်။ ရုံးချုပ် အလုပ်သမား ပရိဘောဂ လှုပ်ရှားမှု ဘာမှမရှိဘူး။ ဒီလိုနဲ့ အိုင်ယာလန် GDP ဟာ ရုတ်ချည်းမြင့်သွားပါတော့တယ်။
မကြာခင်ကပဲ ဥရောပသမဂ္ဂ EU က အမေရီကန် နည်းပညာ Apple ကုမ္ပဏီကို ၁၀ နှစ်စာ အခွန်ရှောင်မှုနဲ့ ယူရို ၁၃ ဘီလီယံ (ဒေါ်လာ ၁၄ ဒဿမ ၅ ဘီလီယံ) နှင့် အတိုးငွေကို ပေးလျော်ဖို့ တရားစွဲတယ်။ ၂၀၁၄ မှာApple က အမြတ်ငွေ ယူရိုတသန်းတိုင်းအတွက် အိုင်ယာလန်အစိုးရသို့ (စာရင်းပြောင်းခ)အခွန် ယူရို ၅၀ သာပေးခဲ့ကြောင်း ဖော်ပြတယ်။ အမေရိကန် ကုမ္ပဏီ ၇၀၀ လောက်ဟာ အင်္ဂလိပ်စကားပြော အိုင်ယာလန်နိုင်ငံကို အိမ်လုပ်ကာ အိုင်ရစ်အလုပ်သမား ၁၄၀၀၀၀ ကို အလုပ်ပေးထားကြောင်း အိုင်းရစ် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး Charles Flanagan က ထုတ်ဖော်ပြောကြားပါတယ်။ (၂၀ -၉-၂၀၁၆)

ငခုံးမ (ဆလိုင်းဝင်းရွှေ)

0 comments
ငခုံးမ (ဆလိုင်းဝင်းရွှေ)
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၆
လတ်တလောဖြစ်နေတဲ့ ဝ-မိုင်းလား ‘ပြဿနာ’ အတွက် NDAA ဒုစစ်ဦးစီးချုပ် ဝ နယ် ပန်ဆန်းမှာ သွားဆွေးနွေးတာ အားလုံးပြေလည်ခဲ့တယ်လို့သိရတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ကာချုပ် မင်းအောင်လှိုင်နဲ့ ဒုကာချုပ်စိုးဝင်းတို့က ဒေါ်စုနဲ့ ဦးထင်ကျော်တို့နဲ့ဆွေးနွေးပြီးတော့ မင်းအောင်လှိုင်က တင်မျိုးဝင်းကို ဝ-မိုင်းလား သွားခိုင်းခဲ့တယ်။ ငြိမ်းချမ်းရေး-ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ အကြောင်းပြခိုင်းခဲ့တယ်။ တကယ်တော့ အခုကိစ္စမှာ ဝ လုပ်တာ လုပ်နည်းလုပ်ဟန်မမှန်ပေမဲ့ အချင်းချင်းပြဿနာသာဖြစ်လို့ အပြင်ကဝင်ပါစရာမလိုသလို ရာဇသံပေးရအောင်လဲ ဗမာစစ်တပ်နယ်မြေမဟုတ်ပါဘူး။ ဝ အနေနဲ့ လက်ရှိတပ်စွဲထားတဲ့ မိုင်းလားစခန်းတွေက အင်အားတွေ ပြန်လျှော့ချဖို့အစီအစဉ်ရှိပြီးသားဖြစ်တယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ရည်မှန်းချက်ပြည့်ဝပြီးနောက် သင့်တော်တဲ့အချိန်မှာ ပြန်ထုတ်မှာဖြစ်တယ်လို့ ဝ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချထားတယ်။

တဖက်မှာတော့ ဝ နဲ့ မိုင်းလား ပြဿနာကို အမြတ်ထုတ်ဖို့ချောင်းနေတဲ့ ဗမာမဟုတ်တဲ့ရန်သူဟောင်း RCSS နဲ့ အပေါင်းအပါရှမ်းအဖွဲ့တချို့၊ ရှမ်းသတင်းဌာနတချို့ကလဲ စိတ်ကူးယဉ်အိပ်မက်မက်ပြီး တို့မီးရှို့မီး လုပ်နေကြတယ်။ ဒါပေမဲ့ အဆိုးဆုံးကတော့ မိုင်းလားထဲမှာ အခွင့်ကောင်းစောင့်ပြီး မင်းအောင်လှိုင် ရင်ခွင်ထဲဝင် တကိုယ်တော်ကြီးပွားရေးလုပ်ချင်နေတဲ့ ကြည်မြင့်လိုလူက ရှိနေတာဖြစ်တယ်။
ဒါကြောင့် အခု အသံကျယ်နေတဲ့ ကြည်မြင့်အကြောင်းလေ့လာဖို့လိုလာတယ်။

ကြည်မြင့်(ခေါ်)ကျန်းစစ်မင်ဟာ ယူနန်ပြည်နယ် ဝမ်တိန်မြို့သား တရုတ်နိုင်ငံသားဖြစ်တယ်။ ဝမ်တိန်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ရှိတဲ့ ကျူကုတ်-ပန်ဆိုင်းမြို့သား စိုင်းလင်းနဲ့ ငယ်သူငယ်ချင်းဖြစ်တယ်။ ၁၉၆၇ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ နိုင်ငံတကာကူညီရေးဆိုပြီး တရုတ်တပ်နီလူငယ်တွေ ဗကပ ထဲဝင်တော့ ပါလာတာဖြစ်တယ်။

အစောပိုင်းမှာတော့ စစ်ရေးတက်တက်ကြွကြွထမ်းဆောင်ပြီး ထူးထူးချွန်ချွန်တိုက်ခဲ့တယ်။ မိုးမိတ်မြို့သိမ်းတိုက်ပွဲကိုခေါင်းဆောင်ခဲ့ပြီး ဗမာစစ်တပ်က သူရကျော်ကျော်ချို ကျတဲ့ပွဲ၊ စီစီဝမ်-တာပန်တိုက်ပွဲတွေမှာအရေးပါခဲ့တယ်။ ဗမာဆန့်ကျင်ရေး-တရုတ်လူမျိုးကြီးဝါဒအခြေခံစိတ်ဓာတ်နဲ့ တိုက်ခဲ့တာဖြစ်တယ်။ စီစီဝမ်-တာပန်တိုက်ပွဲရှုံးပြီးနောက် ကိုယ်ကျိုးစီးပွားလုပ်ဖို့ဘဲ ပိုအားသန်လာတယ်။ ဗကပ မြောက်ပိုင်းဗျူရိုရဲ့ဘိန်းဖြူထုတ်လုပ်ရေးတာဝန်ခံလုပ်ခဲ့တယ်။
ဒါပေမဲ့ တဖက်မှာတော့ ဗကပထဲမြှုပ်ထားတဲ့ တရုတ်ထောက်လှမ်းရေးအလုပ်လုပ်နေပြီး သတင်းတွေပို့ပေးနေခဲ့တယ်။ ကိုယ်ကျိုးအတွက်လဲ ဗကပခေါင်းဆောင် ဗမာအဖိုးကြီးတွေကို တအားဖားယားခဲ့လို့ တခြားကေဒါတွေ၊ အောက်ခြေရဲဘော်တွေနဲ့ အဆင်မပြေဖြစ်ခဲ့တယ်။။
၁၉၈၉ မှာ ဗကပကို ကိုးကန့်နဲ့ဝတွေပုန်ကန်ပြီး အာဏာသိမ်းချိန်မှာ မြောက်ပိုင်းဗျူရို ဒုစစ်ဦးစီးမှူးလုပ်နေတဲ့ ကြည်မြင့်ဟာ သူ့နယ်မြေမုန်းကိုးမှာအခြေစိုက်ခဲ့တဲ့ ဗကပ ယူဂျီ ၄၈၂၈ အဖွဲ့အချက်အလက်တွေ ခင်ညွန့်တို့ကိုပေးခဲ့တယ်။ ဒါကြောင့် ၄၈၂၈ အဖွဲ့မိသွားတဲ့ကိစ္စမှာ သူ့လက်ချက်အများကြီးပါတယ်။ ဒါ့ အပြင် ဗကပ ဥက္ကဌသခင်ဗသိန်းတင်စကားပြောတာပါတဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးဆိုတဲ့ ဗီဒီယိုခွေနဲ့ တခြားစာရွက်စာတမ်းတွေ အချက်အလက်တွေကိုလဲ စစ်အစိုးရဆီအပ်ခဲ့တယ်။ ဒါကြောင့် သခင်တင်မြ၊ ဘခက်၊ မောင်မြတို့ပြီးတဲ့နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေထဲမှာ၊ ဗကပထဲမှာ အကြီးဆုံးသစ္စာဖောက်ဖြစ်လာတယ်။ စစ်အုပ်စုအတွက် အဖိုးအတန်ဆုံးသစ္စာဖောက်ဖြစ်ခဲ့တယ်။ ဖုံကျားရှင်း၊ ကျောက်နီလိုင်-ပေါက်ယိုချန်၊ စိုင်းလင်း၊ ဇခုံတိန့်ယိန်းတို့က ဗကပ ကို ပုန်ကန် ဘက်ပြောင်းရုံဘဲလုပ်ခဲ့ပေမဲ့ ကြည်မြင့်ကတော့ ရန်သူကို အချက်အလက်တွေထိုးအပ်ပြီး သစ္စာဖောက်ခဲ့သူ၊ ရန်သူနဲ့ပေါင်းခဲ့သူဖြစ်တယ်။

၁၉၈၉-၉၀ မှာဘဲ ကြည်မြင့်ဟာ ကိုးကန့်တပ်မှူး ဖုန်ကျားဖူးဆီမှာ (သူ့ကိုယ်ပိုင် ဘိန်းချက်စခန်းတွေရှိခဲ့တဲ့) မုံးစီး-တာမိုးညဲဘက် နေရာတောင်းပြီး သီးခြားငြိမ်းအဖွဲ့၊ သီးခြားငြိမ်းနယ်မြေထောင် လုပ်စားဖို့ရည်ရွယ်ခဲ့ပေမယ့် ကိုးကန့်က လက်မခံတဲ့အခါ ကိုးကန့်ကိုကာပြန်ပြီး ကားပေါ် နံပတ်ဖိုး အထုတ်လိုက်တင်၊ တရုတ်ပြည်ထဲကဖြတ် မုန်းလားကိုသွားပြီး ငယ်သူငယ်ချင်းစိုင်းလင်းဆီ နေရာတောင်းလို့ အထူး-၄ ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်လာတယ်။ ဒါပေမဲ့ ဒေသခံတွေနဲ့ရော၊ တရုတ်အချင်းချင်းနဲ့ပါ ဘယ်သူနဲ့မှမတည့်လို့ ၁၉၉၅ လောက်မှာ မိုင်းလားမှာမနေတော့ဘဲ မူဆယ်မှာ စီးပွားရေးသွားလုပ်တယ်။ စတား ခရီးသွားလာရေးဆိုတဲ့ကုမ္ပဏီထောင်ပြီး ခင်ညွန့်ထောက်လှမ်းရေးတွေနဲ့ပေါင်း စီးပွားရေးသောင်းကျန်းခဲ့တယ်။ မိုင်းလားမှာတော့ သူ့တပည့်မင်းအိမ်ကို ထားခဲ့တယ်။ ၂၀၁၀ မှာ နယ်ခြားစောင့်တပ်လုပ်ချင်တဲ့ မင်းအိမ် အသတ်ခံရပြီးနောက် ၂၀၁၂ လောက်မှာ ကြည်မြင့်ဟာ မိုင်းလားပြန်လာတယ်။ စိုင်းလင်းက သူ့ကို အတွင်းရေးမှူး ပြန်ခန့် ခဲ့တယ်။

ကြည်မြင့် မူဆယ်မှာရှိတုံး ဆိုးဆိုးဝါးဝါးလုပ်ခဲ့တာက ၂၀၀၀ ခုနှစ် နိုဝင်ဘာ မုန်းကိုးလူသတ်ပွဲဖြစ်တယ်။ ဒီပွဲမှာ ကြည်မြင့်ဟာ ထောက်လှမ်းရေးစန်းပွင့်၊ စကခ-၁၆ တပ်မမှူး မြင့်လှိုင်၊ ရမခတိုင်းမှူး တင်အောင်မြင့်ဦး၊ ဒုချုပ်မောင်အေးတို့နဲ့ပေါင်းပြီး ဝ ခေါင်းဆောင် လင်နီမင်နဲ့ လူပေါင်း ၂၅၀ ကိုသတ်ခဲ့တယ်။ ဒီထဲမှာ ရဲဘော် ၁၇၀ ဟာ တန်းစီပြီး ပစ်သတ်ခံရတာဖြစ်တယ်။ (၁၉၇၉ တုံးက ကြည်မြင့်အစ်ကို ကျန်စီကျင်း ဗကပ တပ်ရင်း ၄၀၄၈ ဒုနိုင်ငံရေးမှူးဖြစ်ချိန် မုန်းမ-မန်သျှိုးမှာ မိန်းမကိစ္စဖြစ်လို့ တပ်ရင်းမှူး လင်နီမင်က အရေးယူခဲ့တာကို အခုလို ဗမာတပ်အကူအညီနဲ့ ပြန်ဂလဲ့စားချေတာဖြစ်တယ်။) ကြည်မြင့်ဟာ ဗကပ ဟောင်း အိုဗာဆီးတရုတ် ကိုရဲအောင်ကို လင်နီမင်အဖွဲ့ထဲမှာ သတင်းပေးအဖြစ်မြှုပ်ထားခဲ့ပေမဲ့ သတ်ဖို့တန်းစီခိုင်းချိန်မှာတော့ သူ့လူ ရဲအောင်ကို ပြန်ခေါ်မထုတ်ဘဲ သတ်တဲ့ထဲ ထည့်ပေးလိုက်တယ်။

တရုတ်လူမျိုးကြီးဝါဒရှိပြီး ဗမာဆန့်ကျင်ရေးစိတ်ကြီးတဲ့အတွက် ဗမာစစ်ဗိုလ်တွေကိုတွေ့ရင် ဗကပခေတ် တိုက်ပွဲတွေမှာ ဗမာတပ်ကိုဘယ်လိုချခဲ့တာ ဆော်ခဲ့တာ စသဖြင့် အာဘောင်အာရင်းသန်သန်နဲ့ပြောလို့ သူ့ကို မျိုးချစ်စိတ်တစုံတရာရှိတဲ့ဗမာစစ်ဗိုလ်တွေက တအားမုန်းကြတယ်။ ဒါပေမဲ့ ဗမာဆန့်ကျင်ရေးစိတ် ပြင်းထန်လေ၊ ဗမာနဲ့ပေါင်းပြီးစီးပွားရေးလုပ်လေဆိုတဲ့တရားအတိုင်း ခင်ညွန့်ထောက်လှမ်းရေးကို အကြီးအကျယ်ဖားယားပြီး မဟုတ်တာအကုန်လုပ်ခဲ့တယ်။

၂၁ ပင်လုံမှာ ဥက္ကဌ စိုင်းလင်းမပြောခိုင်းဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေကို အပြည့်အဝထောက်ခံကြောင်း၊ NCA အလံအောက် အားလုံးဝင်ဖို့၊ အားလုံးလက်မှတ်ထိုးဖို့တိုက်တွန်းကြောင်းတွေ ထည့်ပြောခဲ့တယ်။ NCA အမာခံတွေလို့စွပ်စွဲခံရတဲ့ KNU RCSS တို့တောင် ဒီလိုမပြောခဲ့၊ မထောက်ခံခဲ့ပါဘူး။ ဒီအချက်ဟာ အခု နောက်ဆုံး ဝ-မိုင်းလားပြဿနာရဲ့ အရေးပါတဲ့အကြောင်းရင်းတချက် ဖြစ်တယ်။

တကယ်တော့ ကြည်မြင့်ဟာ မိုင်းလားဒေသ (ယခင်အခေါ် ဗကပ ၈၁၅ စစ်ဒေသ) ကို ၁၉၉၀ မတိုင်ခင်က တခါမှမရောက်ခဲ့ဖူးပါဘူး။ မိုင်းလား-မိုင်းမ-မဲခေါင်ဒေသတခုလုံးကို လွတ်မြောက်အောင် ၁၉၇၃-၁၉၇၅ ခုမှာ ဝ တွေ အဓိကပါတဲ့ ဗကပ တပ်မဟာ ၈ နဲ့ တပ်မဟာ ၅ တို့က SSIA ရှမ်းသူပုန် တပ်မဟာ ၇၆၈၊ အခါ ပျောက်ကျားသူပုန်တွေကိုစည်းရုံးလက်တွဲပြီး တိုက်ယူခဲ့တာဖြစ်တယ်။ ရှင်းရှင်းပြောရရင် မိုင်းလားဒေသအတွက် ကြည်မြင့် သွေးချွေးတွေစွန့်လွှတ်ခဲ့တာ လုံးဝမရှိခဲ့ဖူးပါဘူး။ အခု တပ်စွဲထားတဲ့ ဆီလူးဒေသဆိုရင်လည်း ၁၉၈၉ နောက်ပိုင်းမှ UWSA က NDAA ကို ပေးလိုက်တာဖြစ်တယ်။
ဒါ့ကြောင့် ညီနောင်အဖွဲ့အစည်းတွေ၊ မဟာမိတ်တိုင်းရင်းသားတွေလဲ လက်မခံနိုင်၊ ဒေသခံလူထုတွေနဲ့လဲ အဆင်မပြေသူကို အတင်းလက်ခံထားပြီး ကျန်းစစ်မင်ဆိုတဲ့ ငခုံးမတကောင်ကြောင့် မုန်းလားတလှေလုံး အပုပ်ခံမလား။ ၂၀၀၉ တုန်းက ကိုးကန့်မှာ ပယ်စောက်ချိန်ပေါ်ခဲ့သလို မိုင်းလားမှာအဖြစ်ခံမလား။ အဖက် ဖက်ကသစ္စာဖောက်ခဲ့တဲ့ ကြည်မြင့်ကိုနေရာပေးထားတဲ့ ဦးစိုင်းလင်း ဘယ်ကို ဘယ်လိုချီတက်သွားမလဲ။

ငြိမ်းချမ်းရေးလား၊ တိုက်ပွဲဝင်နေတယ်(ထွန်းဝင်းငြိမ်း)

0 comments
ငြိမ်းချမ်းရေးလား၊ တိုက်ပွဲဝင်နေတယ်(ထွန်းဝင်းငြိမ်း)
(မြန်မာသံတော်ဆင့်ဂျာနယ်) မိုးမခ၊ အောက်တိုဘာ ၂၄၊ ၂၀၁၆
ရုန်းကန်လှုပ်ရှားနေရဆဲ
ကျနော်တို့နိုင်ငံဟာ ဒီနေ့အချိန်ထိ ငြိမ်းချမ်းရေးရဲ့အရသာကို မခံစားရသေးပါဘူး။ ပိုပြီး တိတိကျကျပြောရရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆီဦးတည်နိုင်မယ့်အခြေအနေကို အစပျိုးနေရတဲ့ကာလဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိသေးတော့ တိုင်းပြည်ထူထောင်ရေး၊ တည်ဆောက်ရေးတွေ ကောင်းကောင်းမလုပ်နိုင်။ ဒါကြောင့် တည်ဆောက်ရေးကာလဆိုတာထက် ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေရဆဲကာလ မပြီးဆုံးသေးဘူးလို့ မြင်မိပါတယ်။

အခုခေတ်စားနေတဲ့ အာဘော်က ဒီမိုကရေစီရေးအတွက် အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြသူတွေကို သစ်ခုတ်သမားတွေနဲ့ခိုင်းနှိုင်းကြပြီး၊ တော်လှန်ရေးကာလလွန်မြောက်လို့ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်မယ့်သူတွေကို ပန်းပုဆရာတွေလို့ တင်စားပြောဆိုနေကြပါတယ်။ တည်ဆောက်ရေးကာလ ရောက်လာပြီဖြစ်တဲ့အတွက် လမ်းရှင်းတဲ့သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး။ အသေးစိတ် ထုလုပ်ဖန်တီးနိုင်စွမ်းရှိတဲ့ ပန်းပုဆရာတွေသာ ပိုပြီးလိုအပ်ပါတယ်လို့ ပြောဆိုနေကြတာတွေရှိပါတယ်။ အဲဒီအယူအဆက လက်တွေ့နိုင်ငံရေးအခြေအနေတွေနဲ့ ကိုက်ညီတယ်ပြောလို့မရပါဘူး။ တရားမျှတမှု မထွန်းကားသေးတဲ့၊ ဥပဒေစိုးမိုးမှု မရှိသေးတဲ့၊ လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့အနေအထားမှာ ပန်းပုဆရာတွေလည်း လက်ရာမြောက်အောင်ထုဆစ်ဖို့ အခွင့်မသာပါဘူး။ ဒါကြောင့် ပြည်သူလူထုကြီးဟာ သစ်ခုတ်သမားစိတ်ဓါတ်နဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားရုန်းကန်တိုက်ပွဲဝင်နေရဆဲပါ။

စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး နှစ်ခုစလုံး စစ်စစ်မှန်မှန်တည်ဆောက်နိုင်မှ ရရှိမယ်လို့မြင်ပါတယ်။ အဲဒီ အရေးနှစ်ခုစလုံးအတွက် အဓိကအတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့သာဖြစ်ပါတယ်။ ဒီနေ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ခံရမှုတွေ ကြုံတွေ့နေရဆဲပါပဲ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေ လုပ်ခလစာ၊ ထွန်တုံးတိုက်ပွဲ၊ ဒီမိုကရေစီပညာရေးစနစ် စတဲ့အရာတွေအတွက် လမ်းမပေါ်ထွက်ဆန္ဒပြနေရတုန်းပါ။ ဒါကတိုင်းပြည်ရဲ့လက်ရှိအခြေအနေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ
NCA လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဘယ်သူတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်သလဲ၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကိုမလိုလားဘူးဆိုတာ ပြည်သူတွေ မကြာခင်မှာမြင်ရမှာပါ။” လို့ ပြောကြားတာကိုတွေ့ရပါတယ်။
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့မိန့်ခွန်းထဲကနေ အစိုးရသစ်ရဲ့ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်ကို အခုလို တွေ့ရတယ်။
၁။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ဖို့
၂။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်ပြင်ဆင်ဖို့
၃။ ပြင်ဆင်အတည်ပြုပြီးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပဖို့
၎။ ကျင်းပပြုလုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံရလဒ်တွေကို စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement) လက်မှတ်ထိုးဖို့
၅။ ပြည်ထောင်စုသဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားအတည်ပြုဖို့
၆။ ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပဖို့
၇။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီအချက် ၇ ချက်ဟာ လက်ခံနိုင်တဲ့အချက်တွေပါ။ ဒီနေ့ နိုင်ငံရေးအရလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းဖြစ်တယ်။ တခုရှိတာက အစိုးရသစ်ရဲ့ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ကြမှာလဲ။ တိုက်ပွဲတွေမဖြစ်ပွားအောင် ဘယ်ပုံဘယ်နည်း တားဆီးကြမှာလဲဆိုတာ မတွေ့ရပါဘူး။ စစ်တပ်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်ခွင့်ကန့်သတ်ခံထားရတဲ့ AA, MNDA, TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို ဘယ်လိုသဘောထားကြမှာလဲဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်။

လမ်းပွင့်သွားတယ်ဆိုတဲ့ လက်မှတ်ရေးထိုးနိုင်ရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာပဲ "ကျမပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးဟာ ဘယ်သူတွေက သဘောထားပိုကြီးနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးတော့ခွင့်လွှတ်သည်းခံနိုင်လဲ၊ ဘယ်သူတွေက ပိုပြီးတော့နိုင်ငံရ့အနာဂတ်ကို အဓိပ္ပါယ်ပိုပြီးတော့တန်ဖိုးထားနိုင်လဲဆိုတာကိုပဲ ပြိုင်ကြပါလို့ ပြောချင်ပါတယ်၊ တိုက်ခြင်း၊ ခိုတ်ခြင်း၊ တိုက်နိုင်ခြင်းကိုပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့်အင်အားကိုပြိုင်ကြပါလို့ ပြောချင်ပါတယ်" လို့ ဆိုခဲ့ပါသေးတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ NCA စာချုပ် ထွက်ပေါ်လာအောင်ကြိုးစားပေးခဲ့တဲ့ လွန်ခဲ့တဲ့အစိုးရသက်တမ်းက သမ္မတဦးသိန်းစိန်နဲ့ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ဖို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အစိုးရကို အချက် ၈ ချက် တောင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်း နေပြည်တော်ကဆွေးနွေးပွဲမှာ အချက် ၄ ချက်ကို ညှိနှိုင်းနိုင်ခဲ့ပြီး၊ ကျန်၎ ချက်ကို ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့အကြား တွေ့ဆုံဆွေးနွေးမှုက သဘောတူညီချက်တချို့ရရှိခဲ့လို့ နှစ်ဖက်နားလည်မှုပိုမိုတည်ဆောက်နိုင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးနိုင်ရေး လမ်းပွင့်သွားကြောင်း နှစ်ဖက်လုံးက မီဒီယာတွေကို ပြောကြတယ်လို့လည်းဆိုပါတယ်။

အခွင့်အရေးတွေ ဆုံးရှုံးနေရလို့
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအရရှေ့ဆက်သွားနိုင်ဖို့ စိတ်စောနေပုံရပါတယ်။ တိုင်းရင်းသားတွေကတော့ မိအေး အကြိမ်ကြိမ်နာခဲ့ကြတာမို့ နိုင်ငံရေးအရအာမခံချက်မရှိရင် တပ်မတော်နဲ့လက်မှတ်ထိုးဖို့မဖြစ်နိုင်ဘူးဆိုတာ သမိုင်းအရ၊ သူတို့ဘ၀အရ စွဲစွဲမြဲမြဲသိနေတာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လ က “ဗမာမဟုတ်တဲ့ ကျနော်တို့တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီးတော်လှန်မှုတွေ ပြုလုပ်နေကြတာဟာဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျနော်တို့ဟာ ၁၉၄၇ခုနှစ် ပင်လုံမှ ပြုလုပ်ခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့စာချုပ်ပါသဘောတူညီချက်တွေကို ပြီးပြည့်စုံစေဖို့ အကောင်အထည်မဖော်နိုင်ခဲ့လို့ ကျနော်တို့ လိုလားတောင်းတတဲ့ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုအာမခံတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပါပဲ”ဟု ၂၁ ရာစုပင်လုံညီလာခံ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

၂၁ရာစုပင်လုံ အဖွင့်မိန့်ခွန်းမှာလည်း ကာချုပ်ပြောကြားတဲ့ လက်နက်ကိုင်လမ်းစဉ်ကိုဖက်တွယ်ပြီး လူမျိုးစွဲဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်နေခြင်းဟာ ဒီမိုကရေစီနဲ့ဆန့်ကျင်နေတယ်လို့ဆိုတဲ့အပေါ် လက်ရှိအနေအထားမျိုးမှာ အခြေအနေနဲ့မကိုက်ညီသေးဘူးလို့ မွန်ပြည်သစ်ပါတီ NMSP ဒုတိယဥက္ကဌ နိုင်ဟံသာက တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီစနစ်ကိုလက်ခံပါက အရပ်သားအစိုးရရဲ့ဦးဆောင်မှုအောက်တွင် ခံယူသင့်ကြောင်း၊ လက်ရှိတပ်မတော်ဟာ အစိုးရရဲ့လက်အောက်ခံအဖြစ်မနေဘဲ သီးသန့်အခွင့်အာဏာရယူထားခြင်းမှာ ဒီမိုကရေစီမဆန်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့လည်း နိုင်ဟံသာက တပ်မတော်အပေါ် ပြန်လည်ထောက်ပြခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ညီညွတ်ရေးအလုပ်
တကယ်တော့ NLD အစိုးရက တပ်မတော်ကိုထိန်းနိုင်တာနဲ့ အပစ်ရပ်ပြီသားဖြစ်သွားမှာ အသေအချာပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ရိုးရိုးသားသား တန်းတူညီမျှစွာနဲ့ဖြေရှင်းနိုင်ခဲ့ရင် မပြေလည်စရာအကြောင်းမရှိပါဘူး။ ဒီတော့ ဗမာ့တပ်မတော်က ထိုးစစ်အားလုံးကိုရပ်ပစ်ရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ အာဏာရထားတဲ့အင်အားကြီးသူက ပိုကြီးသဘောထားကြီးရစမြဲပါ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးအလုပ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရရှိဖို့ စစ်မှန်တဲ့ညီညွတ်ရေးလုပ်ငန်းစဉ်ကို မလွဲမသွေဖြတ်သန်းရမှာ ဖြစ်ပါတယ်။

ညီညွတ်ရေးအစပြုဖို့ ယုံကြည်မှုကိုစတင်တည်ဆောက်လေ့ရှိပါတယ်။
ယုံကြည်မှုကိုတည်ဆောက်ရာမှာ တနိုင်ငံလုံးအပစ်ရပ်စဲကြောင်းကျေညာချက်တွေ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးတွေ၊ အလုပ်တူပူးပေါင်းဆောင်ရွက်မှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတာတွေနဲ့အစပျိုးကြပါတယ်။ အာဏာရအစိုးရနဲ့ တပ်မတော်တို့ရဲ့ ဘယ်လောက်သဘောထားကြီးမလဲဆိုတာ ပြည်သူတွေစောင့်ကြည့်နေကြပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကြားမှာ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ တန်းတူရေးအခြေခံတွေကို လိုက်နာကြရပါတယ်။ ယုံကြည်မှုခိုင်မြဲမှ ညီညွတ်ရေးတည်တံ့မှာ ဖြစ်ပါတယ်။ တန်းတူရေးကိုအခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရလဒ်ကို တိုးတက်ဖြစ်ပေါ်စေပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး
ညီညွတ်ရေးကိုဆောင်ရွက်ရာမှာ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မဖြစ်မနေတည်ဆောက်ကြရမှာပါ။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ မူမဲ့အညံ့ခံရေးမဟုတ်ပါဘူး။ အမျိုးသားအကျိုးစီးပွားတရပ်လုံးအပေါ်မှာအခြေပြုတဲ့ သင့်မြတ်ရေး ဖြစ်ရပါမယ်။ အုပ်စုတစု၊ အဖွဲ့အစည်းတခုအတွက် အခြေမပြုရပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူအင်အားစုအသီးသီးရဲ့ ဒီမိုကရေစီရပိုင်ခွင့်တွေကို လုံးဝ အသိအမှတ်ပြုရပါမယ်။ ပေါင်းချင်သူနဲ့ပေါင်း၊ မပေါင်းချင်သူကို ၀ိုင်းပယ်ဆန့်ကျင်သွေးခွဲတာမျိုး မဖြစ်ရပါဘူး။ ပြုမူဆောင်ရွက်ချက်မှန်သမျှဟာ ရိုးသားပြီးပွင့်လင်းဖြောင့်မတ်ရပါမယ်။ ဒီမိုကရေစီကျရပါမယ်။ လိမ်ညာလှည့်ဖြားတာမျိုး၊ အကောက်ကြံတာမျိုး မဖြစ်စေရပါဘူး။ အဲဒီအခြေခံတွေကိုမူတည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအစစ်နဲ့အတုကို ခွဲခြားရမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြဿနာ
ကျနော်တို့နိုင်ငံရဲ့ ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ပိုပြီးနက်ရှိုင်းစေတဲ့အကြောင်းတရပ်လည်းရှိပါတယ်။ ဒါကတော့ ကျနော်တို့တိုင်းပြည်မှာ လွတ်လပ်ရေးနဲ့အတူ အရေးအကြီးဆုံးဖြေရှင်းရမယ့်ပြဿနာကြီးတရပ်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုပြဿနာ ဖြစ်ပါတယ်။ အရင်းခံကတော့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပြဿနာပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်
အစိုးရတွေက အမျိုးသားရေးအခြေခံသဘောထားတွေဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးပြဿနာတွေအပေါ်မှာ မှန်ကန်စွာမဖြေရှင်းနိုင်ခဲ့ကြပါဘူး။
ဒီလိုမဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့မွေးရာပါအခွင့်အရေးတွေဖြစ်ကြတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။

ဒါကို ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဖြေရှင်းသလိုမဖြေရှင်းနိုင်ဘဲ ဖိနှိပ်ရေးကိုသာ အလေးပေးခဲ့တဲ့အတွက် လူမျိုးစုတွေနဲ့ပဋိပက္ခပိုမိုပြင်းထန်လာခဲ့ရပါတယ်။ ဆက်လက်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာခဲ့ရပါတယ်။ ဒီနေရာမှာ အဆိုးဆုံးကတော့ စစ်အစိုးရအဆက်ဆက်ဟာ ဒီပဋိပက္ခတွေကိုအသုံးချပြီး သူတို့အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ကြလို့ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်နေတာ အားလုံးအသိဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနဲ့ လက်တွေ့နိုင်ငံရေး
လွန်ခဲ့တဲ့အစိုးရ ငါးနှစ်သက်တမ်းမှာ သမ္မတဦးသိန်းစိန်ရဲ့အစိုးရကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းမှုဖေါ်ဆောင်ရေးကော်မတီ MPC ကိုဦးဆောင်ခဲ့တဲ့ ဦးအောင်မင်းကာလကတည်းက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ဘယ်တော့လက်မှတ်ထိုးနိုင်ကြမလဲဆိုတာကိုသာ ထပ်ခါတလဲလဲ ပြောဆိုခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါတိုင်း လက်မှတ်ထိုးရေးသည်သာ ပထမ၊ လက်မှတ်ထိုးရေးသည်သာဒုတိယ၊ လက်မှတ်ထိုးရေးသည်သာတတိယအနေနဲ့ ဆက်လက်ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ အပစ်ရပ် NCA လက်မှတ်ထိုးလိုက်ရင်ပဲ ငြိမ်းချမ်းရေး ရသွားတော့မလိုလို တနိုင်ငံလုံးကိုထင်ယောင်မှားစေခဲ့တာပါ။

“မဆွေးနွေးဘဲ နေတာထက်စာရင် ဆွေးနွေးကြတာကောင်းတယ်၊ ဒါဟာ Process လုပ်ငန်းစဉ်ဖြစ်တယ်။” ဆိုတဲ့အသံတွေကလည်း ကျယ်ကျယ်လောင်လောင် ထူထောင်ဖြန့်ကျက်ထားတာပါ။ တကယ်တော့ ဥပဒေစိုးမိုးရေးအခြေခံမှာ နိုင်ငံရေးမူဘောင်လမ်းကြောင်းမှန်ပေါ်မှာ ဆွေးနွေးကြမှသာ အကျိုးရှိမှာဖြစ်ပါတယ်။ မှားယွင်းတဲ့ နိုင်ငံရေးမူဘောင်အကန့်အသတ်တွေထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့ရင် နှစ်ပေါင်းရာချီကြာအောင်ဆွေးနွေးပေမယ့် တိုင်းရင်းသားပြည်သူလူထုအတွက် ကောင်းကျိုးမမြင်နိုင်ပါဘူး။

စစ်ရေးမှာ အအောင်မြင်ဆုံးညွှန်းကိန်း
စစ်တပ်က သူတို့ရဲ့အားသာချက်က စစ်ပွဲတွေကိုဖန်တီးတာ စစ်တိုက်တာလို့ယူဆကြပါတယ်။ စစ်ရေးအန္တရာယ်ရှိရင်၊ လုံခြုံရေးခြိမ်းခြောက်မှုရှိရင် စစ်တပ်ရှိနေဖို့လိုအပ်တယ်။ စစ်တပ်အင်အားကြီးဖို့လိုအပ်တယ်လို့ လူတွေကယူဆကြမယ်။ အဲဒီအခါမျိုးမှာ စစ်တပ်ရဲ့အရေးပါမှုအခန်းကဏ္ဍက ပိုမိုမြင့်မားလာမယ်လို့ စစ်ခေါင်းဆောင်တွေက တွက်ဆတတ်ကြပါတယ်။

ဒါပေမဲ့ တချို့သောသမိုင်းအတွေ့အကြုံတွေအရ အဲဒီတွက်ဆမှုအမှားတွေနဲ့ မလိုအပ်ဘဲ အရဲစွန့်ပြီး စစ်ပွဲတွေဖန်တီးရာကနေ စစ်တပ်ကိုအထိနာစေတဲ့သာဓကတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ၁၉၈၅ ခုနှစ်က အာဂျင်တီးနားပါပဲ။ စစ်အာဏာရှင်စနစ်အောက်မှာရှိတုန်းက အာဂျင်တီးနားစစ်ခေါင်းဆောင်တွေဟာ ဖေါ်ပြခဲ့တဲ့တွက်ဆမှုအမှားတွေနဲ့ ဖောက်ကလန်စစ်ပွဲမျိုးကို တိုက်ခဲ့ပါတယ်။ ရလဒ်က စစ်ရှုံးပြီး စစ်အာဏာရှင်စနစ်ပါအဆုံးသတ်သွားစေခဲ့တာကို တွေ့ရပါတယ်။

ဒါကြောင့် စစ်ရေးမှာ အအောင်မြင်ဆုံးညွှန်းကိန်းဆိုတာ စစ်ပွဲကိုရှောင်ရှားပြီး ကိုယ့်ရည်ရွယ်ချက်ကိုပေါက်မြောက်အောင်လုပ်နိုင်တာပဲ ဖြစ်တယ်လို့ ပညာရှင်တွေဆိုကြပါတယ်။ ဒီနေ့ ကျနော်တို့တိုင်းပြည်မှာလိုအပ်နေတာက စစ်တိုက်တဲ့ဗိုလ်ချုပ်တွေထက် စစ်မှန်တဲ့ငြိမ်းချမ်းရးကိုဆောင်ကျဉ်းပေးမယ့် စစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီနေ့အထိတော့ ကျနော်တို့နိုင်ငံမှာ အလားအလာမတွေ့ရသေးပါဘူး။

ငြိမ်းချမ်းရေးကို လူထုအားနဲ့သာတည်ဆောက်နိုင်မှာဖြစ်တယ်
ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ပြီဆိုရင် အဓိကအင်အားစုကြီးဟာ ပြည်သူလူထုဘဲဖြစ်ပါတယ်။ ဘယ်သမိုင်းမှာမဆို ကြီးကျယ်တဲ့ပြောင်းလဲမှုကြီးတွေဟာ ပြည်သူလူထုရဲ့တိုက်ပွဲနဲ့ကင်းပြီး မဖြစ်ခဲ့ပါဘူး။ ပြည်သူလူထုဟာ မိမိတို့အကျိုးအတွက် စည်းရုံးညီညွတ်ကြပြီးတိုက်ပွဲဝင်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုစည်းရုံးမှုနဲ့တိုက်ပွဲဝင်မှုမပါတဲ့ ပြောင်းလဲမှုတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ရဲ့ လက်ရှိအကြပ်အတည်းကလွတ်မြောက်အောင် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးလိုလားကြတဲ့ပြည်သူလူထုကြီးကို စည်းရုံးပြီး အဲဒီသူတွေကိုယ်တိုင် နိုးကြားတက်ကြွစွာနဲ့ သဘောထားအမြင်ထုတ်ဖေါ်မှုတွေ၊ ဆွေးနွေးပွဲပြင်ပ၊ ညီလာခံပြင်ပလူထုလှုပ်ရှားမှုတွေ အင်အားကောင်းကောင်း ပေါ်ထွက်လာမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထွန်းဝင်းငြိမ်း ၁၇-၁၀-၂၀၁၆
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ ၅၊ အမှတ် ၃၂၊ အောက်တိုဘာ ၂၂-၂၈၊ ၂၀၁၆ နေ့ ထုတ်တွင်ဖေါ်ပြ ခဲ့သော ဆောင်းပါး။

ပူးဝင်နေတဲ့သရဲတစ္ဆေ ဆိုတာ (စိုးထွန်းအောင်)

0 comments
ပူးဝင်နေတဲ့ သရဲ တစ္ဆေ ဆိုတာ
(စိုးထွန်းအောင်)
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂- အမှတ် ၇ )
မယမင်း - အသက် ( ၈ လ ) (သေဆုံး)
မလှနှင်းရွှေ - အသက် (၂) နှစ် (သေဆုံး)
မောင်နေလလင်း (ခ) တစ်တို - အသက် (၃ ) နှစ် (သေဆုံး)
မသင်းသင်းစိုး - အသက် (၄) နှစ်
ဖော်ပြပါ ကလေးငယ် ၄ ယောက်ဟာ ပိန်းကြာဖက်ပေါ်က ရေစင်ရေပေါက်ကလေးတွေလို ပီဘိ ကလေးငယ်လေးများသာ ဖြစ်ပါတယ်။ အဲဒီကလေး ၄ ယောက်အနက် မယမင်း၊ မလှနှင်းရွှေ၊ မောင်နေလလင်း(ခ)တစ်တိုတို့ကတော့ ကြေကွဲဖွယ် သေဆုံးသွားခဲ့ကြရရှာပါပြီ။
(၄)နှစ်အရွယ်သမီးလေး သင်းသင်းစိုးတစ်ယောက်ပဲ မသေကောင်းမပျောက်ကောင်း အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ အခုချိန်မှာတော့ သမီးလေးသင်းသင်းစိုးဟာ တွံတေးမြို့နယ်ဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကြီးသို့ပြောင်းပြီး အတွင်းလူနာအဖြစ် ဆေးကုသခံနေရပါတယ်။
အပြစ်ကင်းစင်တဲ့၊ ဖြူစင်လှတဲ့သူတို့လေးတွေအပေါ် ဘယ်လို အငြိုးအတေးကြောင့်များ ဒီလိုကံဆိုးမိုးမှောင်ကျမှုက ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကျရောက်လာခဲ့ရတာလဲ။
မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေးအန္တရာယ်ကျရောက်လို့လား၊ မဟုတ်ပါဘူး။ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲလို့လား၊ မဟုတ်ပါဘူး။ မြွေကိုက်ခံရတာလား၊ လျှပ်စစ်ဓာတ်လိုက်တာလား၊ မဟုတ်ပါဘူး။ လူမှန်းသူမှန်းမသိတော့တဲ့ ဖခင်အရက်သမား/ဖခင်ဆေးသမားက အရက်ကြောင်/ဆေးကြောင်ပြီး သတ်ဖြတ်ပစ်လိုက်တာလား၊ ဒါမျိုးလည်း လုံးဝမဟုတ်ပါဘူး။ ဒါဆို ဘာဖြစ်တာလဲ။
“သရဲတစ္ဆေဝင်ပူးတယ်”ဆိုတဲ့ သွေးဆာနေတဲ့အစွဲအလမ်းဟောင်းရဲ့သားကောင်တွေအဖြစ် လည်စင်းပေးလိုက်ကြရတဲ့အဖြစ်ဆိုးနဲ့ တည့်တည့်တိုးခဲ့ကြရတာပါ။
(၄)နှစ်နဲ့ (၈ လ)ဆိုတဲ့ လူမမယ်အအရွယ်လေးတွေကို ခြေထောက်နဲ့ကန်၊ တက်နင်း၊ လက်သီးနဲ့ထိုး၊ ပုဆိန်နဲ့ထုခဲ့သတဲ့။
ဘယ်လောက်မိုက်မဲပြီးအသိဉာဏ်မွဲတေလှတဲ့လုပ်ရပ်ဖြစ်ပါသလဲ။ အခုတော့အဲဒီ ရက်စက်မိုက်မဲမှုကို ကျူးလွန်ခဲ့တဲ့ ထွန်းနိုင်ဆိုသူကို သက်ဆိုင်ရာကဖမ်းဆီးထားပါပြီ။
ဒါဟာ ဒီပြစ်မှုကိုကျူးလွန်ခဲ့သူ “ထွန်းနိုင်” တဦးတယောက်ချင်းရဲ့မိုက်မဲမှု၊ အသိဉာဏ်မရှိမှု သက်သက်ပဲလား။ မဟုတ်ပါဘူး။ တကယ်တော့ ထွန်းနိုင်ကျူးလွန်ခဲ့တဲ့ပြစ်မှုကနေ ကျွန်တော်တို့ ဗမာပြည်လူ့အဖွဲ့အစည်းဟာ အသိဉာဏ်မိုးမှောင်ကျမှုအောက်မှာ ကျရောက်နေပြီဖြစ်တယ်ဆိုတာကို အကျယ်လောင်ဆုံး ခေါင်းလောင်းထိုးဖော်ပြလိုက်တာသာဖြစ်ပါတယ်။
ကလေး (၄)ယောက်နဲ့ထွန်းနိုင်တို့သာ ဒီမိုးမှောင်ကျမှုကြီးထဲ ကျရောက်နေတာမဟုတ်ပါဘူး။ ကလေးတွေရဲ့မိဘ၊ ကလေးမိဘတွေနေထိုင်တဲ့ ကျေးလက်တောရွာကလူတွေအားလုံးမှာ ဒီမိုးမှောင်ကျမှုကြီး စိုးမိုးကျရောက်နေတာပါ။ 
ဒါဟာ တွံတေးမြို့နယ်တစ်ခုတည်းရဲ့သီးခြားလက္ခဏာမဟုတ်ပါဘူး။
တကယ်တော့ ဗမာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မကျန် ကျရောက်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကနေ ပေါက်ဖွားလာတဲ့ မိုးမှောင်ကျမှုကြီးဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ ဆင်းရဲမွဲတေမှုနဲ့အသိပညာမဲ့မှုက အဆက်မပြတ်မွေးထုတ်ပေးနေတဲ့ ကြေကွဲဖြစ်ရပ်တွေထဲက အချို့မျှသာဖြစ်ပါတယ်။ ဒီလိုမျိုးတုန်လှုပ်ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဗမာပြည်အနှံ့ တောင်ပေါ်မြေပြန့် မတူတဲ့အတိုင်းအတာနဲ့ ဖြစ်ပွားနေတာပါ။ လူအများသိရှိလိုက်ကြတာနဲ့ လူအများမသိလိုက်ကြတာပဲခြားနားပါတယ်။ (ခုတလောမှာကိုပဲ နဂါးပူးတယ်ဆိုပြီး ဘုရားရင်ပြင်မှာ မြင်မကောင်းရှုမကောင်း လူးလှိမ့်နေတဲ့ မိန်းမကြီးငယ်တွေကို ရေဖျန်းလောင်းပေးနေရတဲ့ ဖြစ်ရပ်တွေကလည်း တချိန်တည်း ထွက်ပေါ်လာနေတာ သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်။ ရှမ်းရေကျော်ကျေးရွာမှာ သူရဲစီးတယ်ဆိုတဲ့ အထက(ခွဲ)မှာ တာဝန်ရှိသူအာဏာပိုင်တွေ လာရောက်၊ အမိန့်ပြန်တမ်းထုတ်၊ ရဲအဖွဲ့ သေနတ် ၁၈ ချက် ပစ်ဖောက်ပြီး ပရလောကသားတွေကိုနှင်ထုတ်တဲ့သတင်းကလည်း ဆက်တိုက် အကျယ်အပြန့်ပေါ်ထွက်လာနေတယ်။ ဒါသာမက လောက်ကိုင်မြို့မှာ “သေသော် ငရဲမလား”ဆိုတဲ့ ကျဆုံးစစ်သည်တွေရော၊ ကျန်အရပ်သားတွေပါ မကျွတ်လွတ်သေးတဲ့သဘော ဖော်ပြတဲ့သတင်းတွေလည်း ထွက်ပေါ်လာပြန်ပါတယ်။ )
“သရဲ၊ တစ္ဆေ” ဆိုတာ တကယ်တော့ မရှိပါဘူး။ ရှိတယ်လို့ ပြောနေတာဟာ ရိုးအပြီး အညှာလွယ်သူတွေထံကနေ လှည့်ဖြားလုယက်ဖို့ အကြံအစည်ရှိနေသူတွေ၊ လက်တွေ့လုပ်ကိုင်တွေသူတွေရဲ့ဖြီးလုံးဖြန်းလုံး၊ ခြောက်လုံးလှန့်လုံးတွေသာဖြစ်ပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက်၊ စစ်အုပ်စုနဲ့ချမ်းသာကြွယ်ဝသူတွေမှာ ကိုယ်ပိုင်ဆရာဝန်/မိသားစုဆရာဝန်သာ မရှိချင်နေမယ်။ ကိုယ်ပိုင်ဗေဒင်ဆရာ၊ ယတြာဆရာ၊ နတ်ဆရာ၊ ဂိုဏ်းဆရာတော့ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါတော့ အာဏာရမ္မက်ကြီးနဲ့ အစွဲအလမ်းဟောင်းတို့ရဲ့ မိုက်ဖော်ဆိုးဖက်မဟာမိတ်ပြုမူ လက္ခဏာချက်ပါပဲ။ အဆက်ဆက်သောအုပ်စိုးသူများရဲ့ တူညီတဲ့ ဘုံလက္ခဏာလို့ ပြောရမှာပါ။
တကယ်တော့ “သရဲ၊ တစ္ဆေတွေရှိနေတယ်၊ သရဲဝင်ပူးနေတယ်”ဆိုတာ ဆင်းရဲမွဲတေမှု၊ အသိပညာမဲ့မှုဆိုတဲ့ သရဲတစ္ဆေတွေ ပဲဖြစ်ပါတယ်။
အဲဒီ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုဆိုတဲ့သရဲတစ္ဆေတွေဟာ သေဆုံးသွားကြရတဲ့ ကလေးငယ်တွေကိုပူးဝင်နေတာမဟုတ်ဘဲ ကလေးသူငယ်တွေရဲ့မိဘများနဲ့ ပယောဂကုပေးမယ်ဆိုတဲ့ (တကယ်တော့ လူသတ်သမား)ထွန်းနိုင်ဆိုသူရဲ့အသိဉာဏ်နဲ့ဦးနှောက်ထဲမှာပါ ပူးဝင်စွဲကပ်နေတာပါ။ ဆင်းရဲမွဲတေလှတဲ့ ဗမာပြည်လူ့အဖွဲ့အစည်းတစ်ခုလုံးကို မတူတဲ့အတိုင်းအတာနဲ့ကို ပူးဝင်စွဲနေတာလည်း ဖြစ်ပါတယ်။
ဒီလို ပူးဝင်စွဲကပ်ခံရမှုဟာ တွံတေးက လူတချို့မှာတင်မဟုတ်ဘူး၊ ဗမာပြည်အနှံ့ကျေးလက်မြေပြန်တောင်ပေါ်အားလုံးမှာ ပုံစံမျိုးစုံနဲ့ပူးဝင်စွဲကပ်နေတာပါ။
ဒါကြောင့် ဒီဖြစ်ရပ်မှာ ထွန်းနိုင်တစ်ဦးချင်းကို အပြစ်ပေးအရေးယူလိုက်တာမှာတင် ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ ရပ်နားနေလို့မရပါဘူး။ ဒီလိုမသိနားမလည်မှုကို အခွင့်ကောင်းယူအမြတ်ထုတ်နေမှုတွေရဲ့ဇာစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့အသိပညာမဲ့မှုကို ဘက်ပေါင်းစုံကနေ တွန်းလှန်တိုက်ဖျက်ပစ်ဖို့လိုပါတယ်။ 
ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကို ရေလောင်းပေါင်းသင်ပေးနေတာဟာ ပြည်တွင်းစစ်ပါပဲ။ ပြည်တွင်းစစ်နဲ့ ကျိကျိတက်ချမ်းသာကြွယ်ဝလာသူတွေဟာ အဓိကအားဖြင့်အုပ်စိုးသူအစိုးရအဆက်ဆက်နဲ့ 
စစ်အုပ်စုမျိုးဆက် သားစဉ်မြေးဆက်ပါပဲ။
ဒီဇာစ်မြစ်ကို အကုန်အစင် တူးထုတ်ရှင်းလင်းပစ်ရပါလိမ့်မယ်။
စစ်အုပ်စုနဲ့ ပြည်တွင်းစစ်ဆိုတဲ့ ဒီပယောဂ၊ ဒီသရဲတစ္ဆေကို မရှင်းနိုင်သရွေ့၊ မောင်းထုတ်မပြစ်နိုင်သရွေ့၊ ဒီသရဲတစ္ဆေတွေရဲ့ပူးဝင်စွဲကပ်မှု၊ သွေးစုပ်လုယက်မှု၊ သတ်ဖြတ်မှုတွေကို လည်စင်းခံနေကြဦးမှာပဲဖြစ်ပါတယ်။ 
ဒါကို “တရားဥပဒေစိုးမိုးမှု” တစ်ခုတည်းနဲ့ မတိုက်ဖျက်နိုင်သလို၊ “ပြန်လည်သင်မြတ်ရေး ရေစင်ရေမန်း”နဲ့လည်း မောင်းထုတ်ဖယ်ရှားပစ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။
အစွဲအလမ်းဟောင်းဖြစ်တဲ့ သရဲတစ္ဆေလုပ်ကြံဇာတ်လမ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ဘာသာရေး လူမျိုးရေးသွေးခွဲ ရန်တိုက်ပေးမှုတွေဟာစစ်အုပ်စုနဲ့ပြည်တွင်းစစ်ဆိုတဲ့ သရဲတစ္ဆေသွေးစုပ်ဖုတ်ကောင်ကြီးတွေရဲ့ ဆိုးဖော်မိုက်ဖက် အပေါင်းအဖော်တွေပဲဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း လူမျိုးပေါင်းစုံပြည်သူများ နိုးနိုးကြားသတိရှိကြဖို့နဲ့ တညီတညွတ်တည်း ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြဖို့ဖြစ်ပါတယ်။

မသေခင်က (မျိုးမြင့်ချို)

0 comments
(မသေခင်က)

သေတာရဲ့ဟိုဘက်မှာ ဘာရှိတယ်မရှိဘူးဆိုတာကို ငယ်ငယ်က ခနခန တွေးဖူးတယ်။ ရှိတယ်ဆိုတဲ့သူတွေပြောပြတာတွေမှာတော့ လိုချင်စရာတွေတပုံကြီးပဲ။ ဒါပေမယ့် အဲ့ဒါတွေရချင်ရင် ဒီဘဝဆိုတဲ့ဟာနဲ့ အလဲအလှယ်လုပ်မှရတဲ့။ ဒီဘဝရဲ့ ဘာတွေနဲ့လဲလှယ်ရမတုန်းဆိုတော့ ဘဝတဏှာအပါအဝင် သူတို့သတ်မှတ်ထားတဲ့ “မကောင်းမှု“ဆိုတာတွေအကုန်လုံးနဲ့တဲ့။ ကိုယ်က ဘဝကိုတပ်မက်တွယ်တာစိတ်အပြည့်နဲ့ဖက်တွယ်ထားသူဆိုတော့ မလဲနိုင်ဘူး။ မလဲရက်ဘူး။ ဒါနဲ့ သေတာရဲ့ဟိုဘက်မှာ ရှိသေးတယ်ဆိုတာကို ခင်ဗျားကို ဘယ်သူပြောတာလဲဆိုတော့ ဘုရားဟောကွ ဘုရားဟော၊ ကျမ်းဂန်တွေထဲမှာလည်းပါတယ်တဲ့။ ဘုရားဟောဆိုတာကိုမှန်တယ်လို့ ခင်ဗျားက ဘာလို့အတိအကျပြောပြီးလက်ခံရတာလဲ၊ ဘယ်လိုလုပ်သိသလဲလို့မေးကြည့်တော့ ဆွဲထိုးတော့မတတ်ဒေါသတွေထွက်သွားတယ်။ 
ဒီတော့ တွေးမိတယ် လူတွေဟာ ဘာမှန်းမသိခင် မိခင်ဝမ်းကကျွတ်ကတည်းက အဆင်သင့်ရှိပြီးသားယုံကြည်ရာမှာ ကိုးကွယ်ဖို့ အသွန်သင်ခံရတာပဲ။ အသွပ်သွင်းခံရတာပဲ။ သူတို့ မသိခင်ကတည်းက သေသည်၏အခြားမဲ့ဆိုတာ ရှိနှင့်ပြီးသားပဲ။ သူတို့ယုံကြည်တဲ့ပုဂ္ဂိုလ်တဦးဦးကပြောရင် ပြောသမျှအကုန်မှန်တယ်လို့ အသေစွဲမှတ်ပြီးသားပဲဆိုပြီး။ သူတို့အဖို့ရာ ဘဝဆိုတာ သေချာပြီးသား။ သူတို့နေမယ်။ ပြီးရင်သေမယ်။ သေပြီးရင်လည်း ဟိုဘက်မှာ လားရာက အဆင်သင့်ရှိပြီးသား။ ဘာပြီးရင် ဘာဖြစ်မယ်။ ဘာလုပ်ရင် ဘာရမယ်ဆိုတာ ကျိန်းသေပြီးသား။ ဘဝဟာ ဘယ်လောက် စိတ်လက်ချမ်းသာစရာ ကောင်းလဲ။ တသက်လုံး သူတို့ပြောတဲ့မကောင်းမှုတွေလုပ်ခဲ့သူတောင်မှ မသေခင်လေးအချိန်ရလို့ နောင်တရခဲ့ရင် ဒါမှမဟုတ် ဆောက်တည်ရာမှာ ခနလေးစွဲမြဲမိလိုက်ရင် လားရာဟာ သုဂတိဖြစ်တာပဲ။ ကိုယ့်မှာသာ ခုထိ ဟိုဖတ် ဒီဖတ် ဟိုမေးဒီမေး ဟိုတွေးဒီတွေးနဲ့ လေအတိုက်မှာ လဲအိပ်ဖွင့်လိုက်သလို ဘဝဟာအတွေးတွေနဲ့ ဖွားကနဲဖွားကနဲ။
အောက်တိုဘာ ၂၇၊ ၂ဝ၁၆
မျိုးမြင့်ချို

မိုးသည်းသည်း၌ကားမောင်းခြင်း (မျိုးမြင့်ချို)

0 comments
(မိုးသည်းသည်း၌ကားမောင်းခြင်း)

တနေ့က ရှီကားဂိုးကို တခေါက်ပြန်ရောက်တယ်။ ၅ ရက်အတွင်း ၂ ခေါက်ရောက်ဖြစ်သွားတာပါ။ ဆီယက်တဲလ်ပြန်မယ့် ဧည့်သည်တယောက်ကို အိုဟဲယားလေဆိပ်ကို လိုက်ပို့တာပါ။ အပြန်မှာ မိုးတွေသည်းလိုက်ပုံက လန့်စရာကြီး။ အသွားတုန်းကတော့ ဇနီးကမောင်းတာ။ မိုးကလေး ခတ်ဖွဲဖွဲဆိုတော့ ဘာမှသိတ်ကိစ္စမရှိဘူးပေါ့။ အပြန်လည်းကြရော လေဆိပ်ကထွက်ကတည်းက ရွေပစ္စုန်က သည်းကြီးမည်းကြီးကိုချနေတာ။ မိုးချုပ်နေဝင်လို့ မှောင်လည်း မှောင်နေပြီ။

ဒါနဲ့ ကိုယ့်စိတ်ထဲ ညဘက်မှောင်မည်းကြီး မိုးသည်းသည်းထဲမှာ ကားမောင်းချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ ငါတလှည့်မောင်းမယ်ကွာ ဖို့တ်ဝိန်းအထိဆိုတော့ ဇနီးက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဖြစ်ပါ့မလား။ မိုးချုပ်နေပြီ မိုးတွေကလည်း ဒီလောက်ကြီးနေတာတဲ့။ ရပါတယ် ခါတိုင်းထက် သတိ ၂ ဆ ထားပြီးမောင်းမယ်။ ဒီလိုမှ မမောင်းရင် ဒီအခွင့်အရေးမျိုး ဒီအတွေ့အကြုံမျိုး ရဖို့မလွယ်ဘူးလေ။ ငါက ညဘက်တော့မောင်းတာတွေတော့ ရှိပါရဲ့။ ဒါပေမယ့် ခုလိုမျိုး မိုးသည်းသည်းမှာမှမဟုတ်တာ။ ခု အခွင့်အလမ်းလေးရတုန်း မောင်းကြည့်ချင်တယ်။ ချောချောမောမော ဖို့တ်ဝိန်းပြန်ရောက်သွားတော့လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာပေါ့။ တကယ်လို့ မချောမောတော့ဘူးထင်ရင် နင့်ကို ငါပြောမယ်လေ၊ နင်ဆက်မောင်းပေါ့ဆိုတော့ အေးကောင်းသားပဲဆိုပြီး ရှိကားဂိုးကထွက်ပြီး ယူအက်စ် ၃ဝ နားလည်းရောက်ရော အရေးပေါ်မီးဖွင့် လမ်းဘေးခနထိုး လူချင်းနေရာလဲပြီး ကိုယ်စမောင်းလာလိုက်တာ ဖို့တ်ဝိန်းက ညီမအိမ်အထိပဲ။ မောင်းချိန် ၂ နာရီကျော်ပဲ။

လမ်းမှာ အခက်အခဲတွေတော့ အများသားပဲ။ မိုးသည်းတာ၊ လမ်းက မီးရောင်ရောင်ပြန်ဟပ်တာ၊ နောက်ကားမီးက နောက်ကြည့်မှန်ကတဆင့် မျက့်စေ့ကိုထိုးတာ၊ မျက်နှာချင်းဆိုင်း ကားရှေ့မီးကြီးတွေ စူးတာ၊ ကျော်တက်တဲ့ ထရပ်ကားကြီးတွေဆီက စင်ထွက်လာတဲ့ ရေမှုန်ရေမွှားတွေကြောင့် ရှေ့မြင်ကွင်းပျောက်သွားတာ၊ တချို့နေရာတွေမှာ ရေဝပ်လို့ ဘီးနည်းနည်းချော်ချင်တာ စတာတွေပါ။

လက်တဘက်ခြေတဘက် မျက်စေ့တလုံးတည်းဆိုတော့ ခြေကောင်းလက်ကောင်းမျက်စေ့ကောင်းတွေထက် ပိုပင်ပမ်းတာတော့ အမှန်ပါပဲ။ တခါတလေ မိုးလေးတချက်အပါးမှာ တနာရီ မိုင်ခြောက်ဆယ်မောင်းရမယ့်နေရာတွေမှာ မိုင် ၇ ဆယ်လောက်အထိ တင်မောင်းတော့ ဇနီးက မိုင်ခွက်ကြည့် မိုင်ခွက်ကြည့်လို့သတိလှမ်းလှမ်းပေးတယ်။ ကိုယ်ကလည်း မိုးပါးတုန်းလေးမို့ ဖိနင်းတာ။ သူစိုးရိမ်တော့လည်း ပြန်လျှော့ရတာပါပဲ။ တခါတလေများ ထရပ်ကားကြီးတွေ လေးငါးခြောက်စီးကို ဆက်တိုက်ကျော်တက်ရရင် စတီယာရင်ကိုင်ထားတဲ့လက်တင်မက မျက်နှာ လည်ပင်း ရင်ဘတ်တွေမှာပါ ချွေးစီးတွေနဲ့ ထန်းလာတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ဖို့တ်ဝိန်းကို ဘေးမသီရန်မခပြန်ရောက်လာကြတယ်။

ညီမအိမ်ရောက်လို့နာရီကြည့်တော့ ဆယ်နာရီခွဲနေပြီ။ လူလည်း ချွေးပြန်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ တိုးခဲ့တာပါပဲ။
အောက်တိုဘာ ၂၈၊ ၂ဝ၁၆
(မျိုးမြင့်ချို)

လခစားနဲ့နာရီစား (မျိုးမြင့်ချို)

0 comments
(လခစားနဲ့နာရီစား)
တနှစ်ဝင်ငွေ ဒေါ်လာလေးသောင်း ခွန်နှစ်ထောင်အောက်ရနေတဲ့ စက်ရုံအလုပ်ရုံအလုပ်သမားတွေ၊ ကုန်တိုက်တွေဘာတွေက မန်နေဂျာတွေ စူပါဗိုက်ဇာတွေ၊ အေဂျင်စီတွေက ရုံးဝန်ထမ်းတွေအကုန်လုံးနဲ့အကြုံးဝင်တဲ့ ပြည်ထောင်စုဥပဒေ Federal Law တခုထွက်လာပါတယ်။

ခုနှစ် ဒီဇင်ဘာကစပြီး ဥပဒေအသက်ဝင်မှာ ဖြစ်ပါတယ်။ ဥပဒေအဆိုအရ တနှစ်လုပ်ခဝင်ငွေ ၄၇၀၀၀ အောက်ရနေတဲ့ လခစားအလုပ်သမားနဲ့ ဝန်ထမ်းမှန်သမျှရဲ့လုပ်ခကို နာရီနဲ့ရှင်းပေးရမယ်လို့ဆိုတယ်။

လခစားနဲ့ နာရီစား ဘာကွာလဲဆိုတော့ ဆိုပါတော့ တပတ်အလုပ်ချိန် နာရီလေးဆယ်(အချိန်ပြည့်)သတ်မှတ်ထားပေမယ့် လခစားတွေက နာရီ ၄၀ ထက်ပိုလုပ်ရတာမျိုးတွေရှိပါတယ်။ ဝေါလ်မတ်လိုကုန်တိုက်မျိုးမှာဆို မန်နေဂျာတွေအကုန်လုံးလိုလိုဟာ လခစားတွေပါ။ တပတ်နာရီလေးဆယ်ဆိုပေမယ့် တကယ်တမ်းမှာ နာရီ ငါးဆယ်လောက်အထိလုပ်နေရတာမျိုးတွေရှိပါတယ်။ ဒါကလည်း ဥပမာအနေနဲ့သာ ဝေါမတ်ကိုပြတာပါ။ တကယ့်လက်တွေ့မှာ ကုမ္ဗဏီအတော်အများများ အေဂျင်စီတော်တော်များများမှာ အဲ့ဒီအတိုင်းဖြစ်နေတာများပါတယ်။

လခစားဆိုတော့ နာရီပို(အချိန်ပို)လုပ်ပေးနေရပေမယ့်(လုပ်ခ)လခကတော့ တိုးမရပါဘူး။ နာရီစားကြတော့ ပိုလုပ်တဲ့နာရီ(အချိန်ပို)လုပ်ခရကြပါတယ်။ ဒါက အကြမ်းဖျဉ်းသဘောပြောတာပါ။ တကယ်ပြောကြကြေးဆိုရင် အချိန်ပိုလုပ်ရတဲ့ကိစ္စမှာ ပြောစရာ အသေးစိတ်တွေအများကြီးပါ။ ဟိုးအရင်တုန်းကတော့ အချိန်ပိုဆင်းမယ် မဆင်းဘူးဆိုတာ အလုပ်သမား ဝန်ထမ်းဘက်ကရွေးချယ်ခွင့်ပါ။ အလုပ်ရှင်နဲ့ညှိရပါတယ်။ ခုတော့ တချို့ကုမ္ဗဏီတွမှာ အလုပ်သမားဝန်ထမ်းဘက်က ရွေးချယ်ခွင့်မရှိပါ။ အချိန်ပိုမဆင်းရင် အကြောင်းအမျိုးမျိုးပြပြီး အလုပ်ဖြုတ်ပစ်တာတွေအထိ ရှိလာပါတယ်။ အချိန်ကပိုဆင်းတာ လုပ်ခ ပိုရတာပဲဟာ ဘာလို့မဆင်းချင်ရတာလဲလို့ ပြောလာခဲ့ရင် ပြန်ဖြေပြန်ရှင်းပြရမှာက တသီတတန်းကြီးမို့ နောက်ပိုင်း အဆင်သင့်တဲ့အခါ ရေးမယ်တွေးမိပါတယ်။

ခုတော့ နာရီစားနဲ့ လခစားကိစ္စလေးဆက်ပြောပါ့မယ်။ လူမှုကူညီရေးအေဂျင်စီတွေဆိုပါတော့ ကေ့စ်မန်နေဂျာလို စုပါဗိုက်ဇာလိုရာထူးတွေကို များသောအားဖြင့် လခစားအဖြစ်ထားတတ်ကြပါတယ်။ လခစားဆိုတော့ အချိန်ပိုလုပ်လည်း လခကတိုးမရပါ။ တခါတလေ အချိန်မတော် အချိန်တော်ကြီး လေဆိပ်သွား လူကြိုရတာမျိုးတွေ နှစ်ချုပ် လချုပ်စာရင်းတွေလုပ်ရတာ ရုံးမှာမပြီးလို့ ရုံးကွန်ပြူတာ အိမ်သယ်လာပြီး ညည့်နက်သန်းကေင်အထိ လုပ်ရတာမျိုးတွေရှိပါတယ်။ အဲ့ဒါတွေအတွက်လည်း အချိန်ပိုလုပ်ခမရပါ။ နာရီစား(ကေ့စ် ဝေါကားလိုဝန်ထမ်းတွေ)ကြတော့ တပတ်အတွက် သတ်မှတ်နာရီလေးဆယ်ကျော်တာနဲ့ အချိန်ပိုလုပ်ခရကြပါတယ်။ တခါတလေမှာ ကေ့စ်မန်နေဂျာ စူပါဗိုက်ဇာတွေက ရာထူးအရကြီးပေမယ့် လုပ်ခကြတော့ ကေ့စ်မန်နေဂျာထက်နည်းနေတဲ့လတွေလည်းရှိတတ်ပါတယ်။

ခုတော့ တနှစ်ဝင်ငွေနဲ့ချိန်စက်ပြီး လုပ်ခ လခကိုပေးရမယ်လို့ဥပဒေထွက်လာတော့ လေးသောင်းခွန်နှစ်ထောင်အောက် လခစားတွေအတွက်တော့ ကောင်းဖို့ဖြစ်လာတယ်လို့ဆိုရမလားပဲ။

ဒီမှာက ပြည်နယ်တခုနဲ့တခု ဆင်းရဲချမ်းသာ အလုပ်အကိုင်အခြေအနေ
ကုန်ဈေးနှုန်း စတာတွေအပေါ်အခြေတည်ပြီး အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်မတူပါဘူး။

ဆိုတော့ လေးသောင်းခွန်နှစ်ထောင်အောက်လခစားတွေကို နာရီစားအဖြစ်ပြောင်းပေးရမယ်ဆိုရင် သူတို့တွေ အချိန်ပိုလုပ်ခတွေခံစားကြရမှာမှန်ပေမယ့် ကုမ္ဗဏီတွေ အေဂျင်စီတွေဘက်ကရော သူတို့ တနာရီလုပ်ခကို ဘယ်လိုသတ်မှတ်ပေးမလဲ။ နောက်ပြီး ကျန်းမာရေးအာမခံအပါအဝင် အခြားအကျိုးခံစားခွင့်တွေအပေါ်အမှာရော ဘာတွေဘယ်လို ပြင်ဆင်ပြောင်းလဲသတ်မှတ်မှာလဲက စိတ်ဝင်စားစရာပါ။

လောလောဆယ်တော့ တနှစ်ဝင်ငွေ လေးသောင်းခွန်နှစ်ထောင်အောက်ရပြီး နာရီလေးဆယ်ဆိုပေမယ့် နာရီငါးဆယ်လောက်လုပ်ပေးနေရတဲ့ လခစားတွေအတွက်တော့ နာရီစားဖြစ်တော့မယ်ဆို အချိန်ပိုလုပ်ခတွေရကြမှာမို့
စိတ်ကူးယဉ်ချင်စရာဖြစ်ပါတယ်။
မျိုးမြင့်ချို

(အောက်တိုဘာ ၃ဝ၊ ၂ဝဝ၁၆)