Saturday, December 10, 2016

တက္ကသိုလ်ဘုန်းနိုင်(သို့မဟုတ်)ညီမလေးရယ်စိုးရိမ်မိတယ် (ဒဂုန်တာရာ)

0 comments


(၁၉၇၄) က ကျွန်တော် ပုသိမ်ရောက်သွားသည်။ ပထမဦးဆုံးအကြိမ်။ ကျွန်တော် ပုသိမ်မရောက်ဘူး၍ သွားခြင်းပင်။ အဖော်များကတော့ ပါရဂူ၊ မင်းယုဝေ၊ တက္ကသိုလ်ဝင်းမွန်၊ တက္ကသိုလ်ဝင်းမွန်က ကျောင်းဆရာမြန်မာစာဌာနမှ လက်ထောက်ကထိက။ သူက ခေတ်သစ် မြန်မာကဗျာမိတ်ဆက်စာရေးသူ။ ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး ဦးခင်မောင်တင့်နှင့် သိသူ။

ပုသိမ်သွားညအိပ်ရေလမ်း ဗန္ဓက ခရီးကလည်း ရှတယမကာနံ့သင်း။ ဟင်းလျာကလည်း အရသာရှိ။ မှတ်မိနေသေးသည်။ ကျွန်တော်တို့ ရောက်ပြီးမကြာမီပင် တက္ကသိုလ်ဘုန်းနိုင်ရှိရာ ပုသိမ်ကောလိပ်သို့ သွားလည်ကြသည်။ သူနှင့် အဆင်သင့်တွေ့ရသည်။ ကျွန်တော် သူ့ကို ပထမဦးဆုံးတွေ့ဖူးခြင်း။ သူ့ဝတ္ထုတွေနှင့် ရင်းနှီးနေခဲ့သည်မှာ ကြာပါပြီ။ သူ၏ ကြော်ကြားသော ညီမလေးရယ်စိုးရိမ်မိတယ် ဝတ္ထုကို မှတ်မိနေသည်။ စစ်ပြီးခေတ် တက္ကသိုလ်အချစ်ဇာတ်လမ်း၊ ကျွန်တော်က ဘုန်းနိုင်ကို ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီးအဖြစ်မမြင်၊ ဗန်းမော်တင်အောင်၏ "ဘုန်းမောင်တယောက်တည်းရယ်" ဝတ္ထုထဲမှ တယောရှင်ကိုဘုန်းနိုင်ကို မြင်နေသည်။ ကိုလံဘီယာတက္ကသိုလ်တွင် စိတ်ပညာမဟာဝိဇ္ဇာတန်းအောင်သူ ဟူ၍လည်း မမြင်၊ သို့သော် ဗန်းမော်တင်အောင်၏ ဇာတ်လိုက်၊ ပညာရှင်၊ ပညာတတ်၊ ရုပ်ပုံလွှာက ကျွန်တော့်ကိုလွှမ်းမိုးနေသည်။ ကိုဘုန်းနိုင်ကို ဗန်းမော်တင်အောင်၏ဇာတ်လိုက်အဖြစ် ကျွန်တော်ခံစားနေမိသည်။

ကိုဘုန်းနိုင် တယောလေးနှင့် နွဲ့သည် မနွဲ့သည်ကိုတော့မသိ။ ကဗျာတော့ စပ်သည်။ ဗန်းမော်တင်အောင်၏ဇာတ်လိုက်ကတော့ အနုပညာရှင် တယောဖြင့်နွဲ့သူ။ တက္ကသိုလ်ပညာတတ် ပါမောက္ခလည်း ဖြစ်သည်။

(ခ)
ဒုတိယကမ္ဘာစစ်ကြီးတွင် ကျွန်တော်ဖြတ်သန်းခဲ့သောမြန်မာ့သမိုင်းကို ပုဒ်မခြားလိုက်သည်။ စစ်ပြီးသောအခါ ကျွန်တော်တို့ တတွေလည်း လွတ်လပ်ရေးရသည်။ ယခင်က အင်္ဂလိပ်ဘုရင်ခံ၏အိမ်တွင် ဖြူနီပြာ ယူနီယံဂျက်အလံ မရှိတော့။ သမ္မတအိမ်တော်တွင် ကြယ်ပွင့်ဖြူလေးများ မွှန်းပြောက်ထားသော အဖြူ၊ အပြာ၊ အနီ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အလံ။

လွတ်လပ်စ ဖွံ့ဖြိုးစပြုလာသည်။ စာပေတွင်လည်း ဖွံ့ဖြိုးစ ပြုလာသည်။ စစ်ပြီးစကတော့ တင့်တယ်၊ သန်းဆွေ စသော စာရေးဆရာများ၏ ဝတ္ထုများ စာဖတ်ပရိသတ်ကို ဖမ်းစားသည်။ သည့်နောက် (၁၉၅ဝ)ကကျော်သောအခါ ဗန်းမော်တင်အောင်၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး စသော ဝတ္ထုရေးဆရာတို့၏ဝတ္ထုများ တလက်လက်ပြိုးပြက်။

တက္ကသိုလ်ဘုန်းနိုင်၏ ညီမလေးရယ်စိုးရိမ်မိတယ်ဝတ္ထုမှာ လူငယ်များကြားတွင် ဆွဲဆောင်နိုင်သောရသဝတ္ထုအဖြစ် ထင်ရှားစ ပြုလာပေသည်။ ညီမလေးရယ်စိုးရိမ်မိတယ်တွင် တက္ကသိုလ်ဖာတ်လမ်း၊ အချစ်ဇာတ်လမ်း၊ ဇာတ်ကောင်များတွင် ထိုအခါက ရှိဆဲဖြစ်သော ဆိုရှယ်လစ် ကွန်မြူနစ်များပါဝင်သည်။ ယင်းသည်လည်း သမိုင်း၏ပုံကားချပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်အေးဟူသော စကားရပ်ပေါ်ခဲ့သည်။ ယင်းစစ်အေးအရ အရင်းရှင်အုပ်စုနှင့် ဆိုရှယ်လစ်အုပ်စုတို့ သဘောတရားခြင်းဝါဒဖြန့်ချိရေးစစ်ပွဲ အဟုန်ပြင်းကာ လှုပ်ရှားလျက်ရှိသည်။ ဖဆပလအစိုးရကို ဆိုဗီယက်က လက်ယာဆိုရှယ်လစ်ဟုခေါ်ဝေါ်၍ဝေဖန်သည်ကို ဖတ်ရသည်။ ထိုအခါကတော့ ယနေ့ခေတ်နှင့်မတူ၊ လက်ဝဲလက်ယာဟူသောအသုံးအနှုန်းဖြင့် အင်အားစုများကိုခေါ်ဝေါ်တတ်ကြသည်။ ယနေ့တွင်တော့ လက်ဝဲလက်ယာဟူသော အသံများ မကြားရတော့။

ထိုအခါက ကိုဘုန်းနိုင်သည် သူ၏သမိုင်းအတွေ့အကြုံ၊ ကျောင်းသားဘဝ အတွေ့အကြုံဖြစ်သော လူငယ်များ၏ဇာတ်ကောင်များကို ခြယ်ရေးသည်။ သူမကြိုက်သောဇာတ်ကောင်များတွင် လက်ဝဲသမားများ ပါသည်။ သူမကြိုက်သော၊ သူမခင်မင်သော လက်ဝဲသမား ဇာတ်ကောင်များပါ၍ ကျွန်တော်မဖတ်ပဲ မနေ။ ဖတ်သည်။ သူ၏ ရသဖွဲ့နွဲ့မှုက ဆွဲဆောင်နိုင်သည်။ ကိစ္စမရှိ။ ဝတ္ထုဆိုသည်မှာ သူ့ခေတ်၊ သူ၏ ခေတ်ပြိုင်ခေတ်တွင် တကယ်ရှိသောဇာတ်ကောင်များကို ဖွဲ့နွဲ့မြဲဖြစ်သည်။ ညီမလေးရယ်စိုးရိမ်မိတယ် ဝတ္ထုကို ရုပ်ရှင်လည်းရိုက်သည်။ ရုပ်ရှင်ကိုတော့ ကျွန်တော် သိတ်ကြိုက်လှသည် မဟုတ်။ ထို့နောက် သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ဝတ္ထုသည် ထင်ရှားလာသည်။ ထို (၁၉၆ဝ) ကျော်ကာလက လူကြိုက်များသောဝတ္ထုတပုဒ်။ အုပ်ရေသောင်းကျော်သည်ဟု ကြားရသည်။ ထိုအခါ အုပ်ရေသောင်းကျော်သော စာဖတ်ပရိသတ်ရှိသူမှာ သူတယောက်ပင်ရှိမည်လားမသိ။ ထို့ကြောင့် ကျွန်တော်သူ့ကို စိတ်ဝင်စားသည်။ သို့သော် လူချင်းက မတွေ့ဘူး။ အခု ပုသိမ်ကျောင်းအုပ်ကြီးအဖြစ် တွေ့မြင်ရသည်။ သို့သော် ကျွန်တော်က သူ့ကို ဗန်းမော်တင်အောင်၏ဇာတ်လိုက် ကိုဘုန်းနိုင်အဖြစ်သာ မြင်နေမိသည်။

ဗန်းမော်တင်အောင်သည် ဝတ္ထုရေးဆရာအဖြစ်သာမက နောင်အခါ အိန်းစတိန်း၏ နှိုင်းးယှဉ်မှုသဘောတရားအပါအဝင် သိပ္ပံပညာရှင်များကို ရေးသားသူအဖြစ် ထင်ရှားလာခဲ့သည်။ အစကတော့ ဗန်းမော်တင်အောင်၏ဝတ္ထုများကို စိတ်ကူးယဉ်အဖြစ် ကျွန်တော်သတ်မှတ်ထားသည်။ ယခု သူ စိတ်ကူးသည့်အတိုင်ပင် ဒေါက်တာရေချမ်း အစရှိသော ပါမောက္ခများ၏ပုံကားချပ်များကို ဖွဲ့သည်။ တက္ကသိုလ်ဘုန်းနိုင်သည် ဗန်းမော်တင်အောင်ဖွဲ့နွဲ့သော ဇာတ်လိုက်အတိုင်းပင် ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် ပုံကားချပ်၊ စိတ်ကူးရုပ်ပုံမြင်နေရသည်။
ကိုဘုန်းနိုင်သည် သူ၏ကလောင်အမည်ကို ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်ဝတ္ထုထဲမှယူကြောင်း တွေ့တိုင်းပြောသည်။ ကျေးဇူးသိသူဖြစ်သည်။ ရိုးသားစွာပင် ပြောသည်။ တချို့က မိမိမည့်သည့်ဝတ္ထုကိုအတုခိုးသည်ကို ရေးလေ့မရှိကြ။ ကိုဘုန်းနိုင်ကတော့ အချစ်စိတ်ဖြင့် ရိုးသားစွာဖော်ထုတ်သည်ဟု ကျွန်တော်ခံစားမိသည်။ သူတင်ပြသော စာပေနှီးနှောဖလှယ်ပွဲစာတမ်းတွင်လည်း ဤအတိုင်းပင် ဖော်ပြခဲ့သည်။ ကျွန်တော်၏ မေဝတ္ထုကိုပင်လျှင် စာပေလောက၏မှတ်တိုင်ထူသူဟုရေးသည်ကို မှတ်မိနေသည်။

(ဂ)
ကျွန်တော်သည် (၁၉၈၄) မှစ၍ မြို့တော်မှခွာကာ တောကျေးလက်သို့ ရောက်သွားသည်။ ကျွန်တော်က တောရိပ်တောင်ရိပ်ကို နေချင်သည်။ မြို့ပြ၏ မော်တော်ကားနှင့် ကတ္တရာလမ်းဖိတိုက်သံများနှင့်ဝေးရာသို့ သွားချင်သည်။ မှော်ဘီကလည်း ကျွန်တော်ကြိုက်သောနေရာ၊ ရေကန်၊ သစ်ပင်၊ ဘဲငန်းမျိုး၊ လရောင်၊ ပင်လယ်ကဗွီးပင်၊ ဒန့်ဒလွန်ပင်၊ မြက်ခင်းစိမ်းမြေတို့နှင့်ပွေ့ဖက်နေရသော တောကျေးလက်၊ စက်ရုံကျေးလက်ဖြစ်၍ ကျွန်တော် ကျေနပ်နေမိသည်။ ထိုအခါက ကျွန်တော်သည် မိမိကိုယ်ကိုမဲဇာပို့ခြင်းကဗျာကို ရေးဖွဲ့ခဲ့သည်။ ကဗျာထဲတွင် မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိယူသော အချစ်ခံစားမှုကိုရေးဖွဲ့သော ကဗျာစာလုံး။

ထို့နောက် ကျွန်တော် (၁၉၉၅)တွင် ရှမ်းရဌသို့ ရောက်သွားသည်။ ကလောသို့ ရောက်သွားသည်။ တူမနှင့် သွားနေသည်။ ကျွန်တော် ကြိုက်သော ထင်းရူးပင်ရနံ့သင်းသော၊ တောရိပ်တောင်ရိပ်နေရာ၊ ရှမ်းရဌ။ (၁၉၉၉)တွင် အောင်ပန်းသို့ ရောက်သွားသည်။ စာဆိုတော်ရက်တွင် စာရေးဆရာများ ကျွန်တော့်ထံဝင်လာတတ်သည်။ ထိုထဲတွင် တက္ကသိုလ်ဘုန်းနိုင်ပါသည်။ သည်အရင်ကလည်း ကျွန်တော်သူနှင့် ရန်ကုန်တွင် တွေ့တတ်သည်။ သန်လျင်သို့မပြောင်းမီ ဦးဝိစာရလမ်းအနီးရှိအိမ်တွင်ဆုံဖြစ်ကာ စာပေအကြောင်း နေ့ဝက်လောက် ပြောဖြစ်ကြသည်။ သူက စိမ်းသောသစ်ပင်အောက်မှာဆိုသော ကျွန်တော်၏ မေဝတ္ထုထဲမှစကားလုံးကိုယူ၍ ပြောသည်။ ကျွန်တော့်ကို နားလည်သူ၊ ခင်မင်သူဟု ခံစားခဲ့သည်။ ထို့နောက် အောင်ပန်းသို့ သူရောက်လာသည်။ စာဆိုတော်နေ့ ဟောပြောသူများနှင့်အတူ ထိုအခါက ခေတ်ပေါ်ကဗျာအကြောင်းပြောဖြစ်သည်။ ခေတ်ပေါ်ကဗျာဆိုသော်လည်း ထိုအခါက မော်ဒန်ဟု အင်္ဂလိပ်လိုခေါ်နေသော ကဗျာအဖွဲ့အနွဲ့အကြောင်းပြောဖြစ်သည်။ သူက ယင်းသို့ ကာရန်မပါသောစကားပြေကဗျာများကို အသိုင်းအဝိုင်းတခုကစိတ်ဝင်စားသည်ဟု ပြောသည်။ လူ့အသိုင်းအဝိုင်းဟူသောစကားကို အင်္ဂလိပ်ဘာသာဖြင့် coterie (အကြိုက်တူ လူနည်းစုအသိုင်းအဝိုင်း)

ကျွန်တော်သည် ရုပ်ရှင်တေးကဗျာတွင်လစဉ်ပါသော သူ၏ (ဂရိခေတ်ကစ၍ကောက်ထားသော အနောက်နိုင်ငံကဗျာသမိုင်းကို မြန်မာကဗျာနှင့်နှိုင်းယှဉ်ဖော်ပြသော လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ) ဆောင်းပါးရှည်ကို ဖတ်သည်။ သူသည် တကယ်စာဖတ်ပြီး နားလည်သူ ဖြစ်သည်။ လူငယ်များ ဖတ်သင့်သောဆောင်းပါးများ။
မျိုးဆက်ကွာဟနေသောလူငယ်များကို သူက ဖြည့်ပေးချင်သောအချစ်စိတ်ဖြင့် နှိုင်းယှဉ်ဖွဲ့ခြင်းဖြစ်သည်ဟု ခံစားမိသည်။ ကာရန်နှင့်ပါတ်သက်၍ပြောသောအခါ ကျွန်တော်က ကဗျာမှာ ဝန်ဆောင်မှုတခုပဲဗျဟုပြောတော့ ခေါင်းညိတ်သည်။ ဝန်ဆောင်မှုဟူသော စကားလုံးကို သဘောကျသွားဟန်တူသည်။ ကာရန်သည် ကဗျာ၏ဝန်ဆောင်မှု တရပ်။

မနှစ်က ကျွန်တော် ရန်ကုန်တွင်ရောက်နေစဉ် သန်လျင်သို့ သူနှင့် တွေ့ရအောင်သွားသည်။ ရုပ်ရှင်တေးကဗျာမှတင်တင်ဦးက လိုက်ပို့ခြင်း ဖြစ်သည်။ သို့သော် မတွေ့။ မနက်ကပင် မော်လမြိုင်သို့ပါသွားကြောင်း သူ့သမီးကပြော၍ လှည့်ပြန်ခဲ့ရသည်။ သို့သော် နတ်ရှင်နောင်၏ အုတ်ဂူသို့ရောက်သွားသည်။ ပဒေသရာဇာ၏အုတ်ဂူသို့ပင် ရောက်သွားသည်။

(ဃ)
တက္ကသိုလ်ဘုန်းနိုင်ကို ကျွန်တော်က အချစ်စိတ်ဓာတ်ကိန်းအောင်းနေခဲ့သူဟု ထင်နေခဲ့သည်။ သူနှင့် ကျွန်တော်သည် အရာရာတွင် ထပ်တူချင်မှ တူမည်။ ဒဿနဗေဒလည်း တူချင်မှတူမည်။ သို့သော် သူ့အချစ်စိတ်ရှိသည်ကိုကား ကျွန်တော်က ကျေနပ်နေခဲ့သည်။ သူသည် တကယ်ပင် အနုပညာရှင်၊ ပါမောက္ခပညာရှင်၊ သူစွဲလမ်းကိုယ်ပွါးလုပ်ချင်သော ဗန်းမော်တင်အောင်၏ဇာတ်လိုက် ဘုန်းမောင်တယောက်ထဲရယ်မှ မင်းသားကိုဘုန်းနိုင်၊ ပါမောက္ခကိုဘုန်းနိုင်။

ဒဂုန်တာရာ။
ဟန်သစ်မဂ္ဂဇင်း၊ မေလ၊ ၂ဝဝ၄။
Posted by Maung Aye Win
    

သခင်နုနှင့် စာရေးဆရာအသင်း (ဒဂုန်တာရာ)

0 comments
သခင်နုနှင့် စာရေးဆရာအသင်း (ဒဂုန်တာရာ)
'နာမည် ဘယ်သူလဲ'
'စာရေးဆရာအသင်း ဥက္ကဌ ဒဂုန်တာရာပါ'
သေနတ်ကိုင်စစ်သားက လက်ပြကာခွင့်ပြုလိုက်မှ မော်တော်ကားကို သံဆူးကြိုးဝိုင်းထဲသို့ မောင်းဝင်ရလေသည်။
'ဟော ဝင်နိုင်ပြီ တဲ့' ဟု ဒဂုန်နတ်သျှင်က ဆိုသည်။ ဇော်ဂျီကမူကား မရန်းပင်များဖြင့်မှိုင်းညှို့သော ဝင်ဒါမီယာဘက်သို့ငေးကာ 'ဟော ဟိုမှာ သခင်နုပုတီးစိပ်တဲ့ နေရာ' ဟု ပြလေသည်။ မုလေးရုံ တောစ၊ ဒေါနလမ်း မြေညီ။

အိမ်ဝင်းထဲတွင် ကားများရပ်ထားသည်ကို တွေ့ရသည်။ ကက်ဘိနက်အစည်းအဝေးရှိသဖြင့် ဧည့်ခန်းတွင်ထိုင်စောင့်နေကြရသည်။
ဧည့်ခန်းမှာ ရိုးရိုးကလေးဖြစ်သည်။ အဆန်းအပြားမရှိ။ လွတ်လပ်ရေးကျောက်တိုင် ဓါတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံမှာ ပုံကြီးဖြစ်၍ ပေါ်ထင်သည်။ အခြား ဝါဒဖြန့်ချိရေးဌာနမှကားများ။ တထောင့်တွင် မြန်မာမှုလက်ရာ စဥ့်အတတ်ပညာဖြင့်လုပ်ထားသော ပန်းစိုက်အိုးကြီး။
အတန်ကြာသောအခါ ကော်ဖီလာချသည်။ သာမန်အိမ်များတွင်တွေ့နေကျ သာမန်လက်ဖက်ရည် ပန်းကန်အပြာ။ ဂျာနယ်ကျော်မမလေးမူကား သကြားပါသဖြင့် မသောက်ပေ။


လေတိုက်သဖြင့် ပန်းပွင့်ခန်းဆီးသည် ဖောင်းကာ ရွက်တိုက်နေသည်။ မကြာမီ အပါးတော်မြဲက 'အပေါ်ထပ်ကို ကြွပါတဲ့' ဟု လာပြောသည်။ ဒါနှင့် အပေါ်သို့ တက်ကြသည်။

သခင်နုက 'အစည်းအဝးတွေက ဆက်နေတာ။ တော်တော်များ စောင့်နေရသလား' ဟုဆိုကာ ကျွန်တော်တို့အား နှုတ်ဆက်လေသည်။
သခင်နု၏ နှုတ်ဆက်သောအကြည့်ကိုတုန့်ပြန်ခံယူ၍မရအောင် ဖြစ်နေသည်။ သည်အတွက်မူ လှိုက်ဖိုခြင်းမဖြစ်မိ။ သခင်နုကို ၁၉၄၆ ခုနှစ် ကုန်လောက်က တာရာမဂ္ဂဇင်းတွင် ဆောင်းပါးတောင်းစဉ်က မြန်မာ့အလင်းသတင်းတိုက်တွင် နောက်ဆုံးတွေ့ခဲ့၏။ 'ကျွန်တော်တို့က စာပေဝါသနာပါတယ်ဆိုပေမယ့် မီးလောင်နေတာတွေ့တော့ မီးကိုဝင်ငြိမ်းရသေးတယ်' ဟု သူက ပြောခဲ့သည်။ သည့်နောက် တခါမျှ သူနှင့်မတွေ့။ တွေ့စရာလည်းအကြောင်းမရှိ။ ယခု တွေ့ရသောအခါ များစွာပြောင်းလဲနေသည်ကို မြင်ရ၏။ ယခင်ကမူ တဦးစီကို တဦးစီကို နှုတ်ဆက်သောအကြည့်ရှိ၏။ ထိုအကြည့်မှာ ကြည်နူးစရာ။ ယခုမူ အားလုံးကို မှေးကာ ကြည့်၏။ အသေးစိပ် မြင်ဟန်မရှိ။ အားလုံးကို တခါတည်းခြုံ၍ ကြည့်၏။ ထိုအကြည့်မှ သဘင်ဆန်နေပေသည်။ ထို့ကြောင့် သူ၏ မှေးသောအကြည့်ကိုခံယူရာ၌ ဖိုလှိုက်ခြင်း မဖြစ်မိ။ စွဲလမ်းသောကချေသည်တဦးက ဇာတ်ခုံပေါ်မှ ပရိသတ်ကိုကြည့်သော အကြည့်ကိုခံယူရသည့် အခါမျိုး ဖြစ်၏။ အကယ်၍သာ အိမ်တအိမ်၌ ထိုစွဲလမ်းသောကခြေသည်ကို ဆုံတွေ့ရချေက ဖိုလှိုက်မိပေမည်။ ရင်ခုန်မိပေမည်။ ဤ ဖိုလှိုက်ခြင်းရင်ခုန်ခြင်းက ကြည်နူးစရာ။

ထိုသို့ ပြောင်းလည်းလာသည်ကို နားလည်နိုင်ပါ၏။ သခင်နုသည် ၄ နှစ်အတွင်း မုန်တိုင်းထဲကသစ်ရွက်လို လွင့်မျောနေရှာသည်။ စဉ်မကျသွားအောင် တွယ်ကပ်ထားရ၏။ ပရိသတ်များကို တိုးဝှေ့ကာရှင်းရ၏။ ထို့ကြောင့် ပရိသတ်အားလုံးကို ဇာတ်ခုံပေါ်မှကြည့်သော မှေးကြောင်ကြောင်အကြည့်ကို ရရှိလာဟန်တူ၏။ ထိုသို့ မှေးကြောင်သောအကြည့်ဖြင့် ကြည့်ကာ စကားပြောနေသဖြင့် ဇော်ဂျီက ကျွန်တော့်ကို သခင်နု မမှတ်မိဘူးထင်ကာ 'ဒဂုန်တာရာကိုသိတယ် မဟုတ်လား'ဟု ပြောရ၏။ 'ဘယ်နှယ့် မသိဘဲ ရှိပါ့မလဲ။ ကောင်းကောင်းသိတာပေါ့' ဟု ပြုံးကာ ပြန်ဖြေသည်။ ထိုအပြုံးနှင့်အကြည့်မှ ကြည်နူးစရာကောင်းသည်။ သို့သော် လျှပ်ပြက်လိုက်ခြင်းမျှသာ။

သံဆူးကြိုးထဲမှ မီးခိုးမှိုင်း
သခင်နု၏ အကြည့်သာ မဟုတ်။ ပြောသည့်စကားဝါစာ၊ လက်ဟန်အမူအရာတို့မှာ ဇာတ်သဘင် ဆန်နေလေပြီ။ စင်မြင့် နိုင်ငံရေးသမားဟန် ပါနေလေပြီ။ ဤ ဟန်ပန်ဖြင့် ကရဖန် များလာသဖြင့် အမူအရာမှာ စက်ယန္တရားလိုလည်နေလေပြီ။ ကျွန်တော်ကမူ ၁၉၃၆ သပိတ်က သိဖူးသည့် 'ကိုကြီးနု' သဏ္ဍာန်နှင့် နှိုင်းယှဉ်ကြည့်နေမိသည်။

ဇော်ဂျီက စတင်၍လားမသိ။ စာဆိုတော်ပွဲနေ့ကိုတက်ရောက်ဖွင့်ရန် ပြောသည်။ ဂျာနယ်ကျော်မမလေးကလဲ ထပ်ပြော၏။ 'မတက်နိုင်ဘူး ထင်တယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး မန္တလေးက သင်းဘောနဲ့ထွက်လာမှာ။ စာဆိုတော်နေ့မှာက လမ်းမှာရှိလိမ့်မယ်။ တိုင်း ကွန်ဖရင့် အတွက် အရေးကြီးတယ်။ နောက်ပြီး တချို့မြို့တွေမှာ သူပုန်က လွတ်စရှိသေးတယ်။ ဒီမြို့တွေရဲ့စိတ်ဓာတ်ကို မြှင့်တင်အားပေးရမယ်'
သူ၏ လင်္ကာဝါစာမှာ ပြေပြစ်လှသည်။ ကျွန်တော်တို့က ဇွတ်ပြောကြရသော်လည်း သူ၏အကြောင်းပြချက်တို့မှာ ခိုင်လုံသည်။ ဒါနှင့် ဘာမျှ မတတ်နိုင်။ သခင်နုက 'အခြေအနေကိုက ဒီလိုဖြစ်နေတာ။ ကျွန်တော်ကလဲ တက်ချင်ပါတယ်။ ဘယ်နှယ့်လုပ်မလဲ' ဟု ဆိုသည်။ တရာတန် လက်မှတ် ၅ဝ ရောင်းပေးရန် အလွယ်တကူ တာဝန်ယူလိုက်သည်။ နောက်ဆုံး သခင်နုက စာဆိုတော်နေ့တွင် ခါတိုင်းနှစ်များလို လာရောက် မဖွင့်လှစ်နိုင်ခြင်းကိုအားနာသွားသဖြင့် 'ကဲ အကြံတခုရတယ်။ ဒီလို လုပ်ပါ။ မန္တလေးကိုလာလည်ဖို့ ကျွန်တော်ဖိတ်လိုက်မယ်။ ဟိုမှာရှိတဲ့ စာရေးဆရာတွေနဲ့ မိတ်ဆက်ကြပေါ့။ ဘယ့်နှယ်လဲ။ ကျွန်တော် အသွားအပြန် လေယာဉ်ပျံနဲ့ပို့ပေးမယ်။ ဟိုကျတော့ တည်းဖို့နေဖို့တော့ ခင်ဗျားတို့ပဲ ကြည့်စီစဉ်ကြပေါ့။ မန္တလေးမှာ ၃ ရက်လောက် နေကြပေါ့'

ကျွန်တော်တို့က နားထောင်နေကြသည်။
'လေယာဉ်ပျံတစီးစာဆိုရင် လူနှစ်ဆယ်လောက်တော့ လိုက်နိုင်မယ်။ အဲ စာရေးဆရာအသင်းအမှုဆောင်က ဘယ်နှစ်ယောက်ရှိသလဲ'
'ဆယ့်ခြောက်ယောက်' သခင်နုက ပြတင်းပေါက်ဘက်ကို ငေးနေပြီးမှ 'သတင်းစာဆရာအသင်းလဲ ခေါ်ပါအုံးလေ။ အဲဒါ ဒဂုန်တာရာကပဲ တာဝန်ယူပါ။ သတင်းစာဆရာအသင်းကို မေးပြီး မော်လမြိုင်ကအပြန် စနေနေ့ အကြောင်းပြန်ပေးပါ'

ထိုအခိုက် အောက်ထပ်မီးဖိုမှ မီးခိုးများ အပေါ်သို့တက်လာကာ အခန်းထဲသို့ဝင်လာသည်။ သခင်နုလည်း မီးခိုးသဖြင့် လက်နှင့်ယပ်နေရာက ထပြီး အောက်သို့ငုံ့ကြည့်ကာ 'ကိုကြူစိန်ရေ'ဟု အပါးတော်မြဲကို လှမ်းခေါ်သည်။
'မီးခိုးတွေ လုပ်ပါအုန်း။ အပေါ်တက်နေတယ်။ မီးမခိုးအောင် လုပ်ပေးပါ'
ဇော်ဂျီက ပြုံးရယ်နေသည်။ သို့သော် မီးခိုးသည် ကျွန်တော်တို့ထံသို့ မရောက်ပေ။

'ရန်ကုန်က သံအမတ်တွေလည်း ဖိတ်မယ်။ မန္တလေးမှာလဲ နိုင်ငံရေးအားဖြင့် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြရမှာပဲ။ အိုင်ဆေး နောက် ဒိပြင် ဘယ်သူတွေကိုခေါ်ရကောင်းမလဲ။ အကြံပေးပါအုံး' ကျွန်တော်က 'ပန်းချီဆရာတွေ၊ ဂီတဆရာတွေကော' ဟု အကြံပေးသည်။ သခင်နုကား ငြိမ်သက်နေသည်။
ထို့နောက် သခင်နုက မန္တလေးသို့သွားရောက်မည့်အကြောင်း ပြောပြနေသည်။ 'လူထုအောင်သံ' ပြဇာတ်အကြောင်းလည်း ညှပ်ကာ ပြောသည်။ ရှိတ်စပီးယား၏ပြဇာတ်ကို မြန်မာလိုပြန်၍ ကရန်လည်း ပြောသေးသည်။

နောက်တနေ့တွင် သတင်းစာဆရာအသင်း အတွင်းရေးမှူး ကိုတက်တိုးနှင့်တွေ့ကာ ပြောရာ လိုက်ပါမည်ဟုပြော၍ သခင်နုသို့ အကြောင်း ပြန်ကြားလိုက်သည်။ နှစ်ဆယ်လိုက်မည်ဆိုကာ ဆယ်ဦးစီလိုက်ရန် ကျွန်တော်က အကြံပေးသည်။
၁၄-၁၁- ၅ဝ နေ့တွင် ပြန်ကြားရေးဝန်ကြီး ဦးယောထံမှ မန္တလေးလိုက်ရန် စာရေးဆရာအသင်းမှရှစ်ဦး နာမည်စာရင်းပေးသွင်းရန် စာရရှိသည်။ နောက် သတင်းထောက်အသင်းပါ ပါသည်ဟုသိရသည်။ နောက် အစီအစဉ်များကို ပြန်ကြားရေးဌာနမှ လုပ်လေသည်။ ကျွန်တော်တို့ ဘာမှ မသိရတော့ပေ။

မင်္ဂလာဒုံမှ ချမ်းမြသာစည်သို့
၁၇-၁၁-၅ဝ။
တွန့်လိမ်ကောက်ကွေ့၍နေသော ငွေမျဉ်းကြောင်းမှာ မြစ်များပင်။ လယ်ကွင်းတို့ကား ကတ္တီပါကောဇော။ သစ်တောကြီးကား မှိုင်းညို့၍ နေလေသည်။ ရိုးမတောင်ပေါ်မှ မြူမင်းလွင်တို့သည် ယှက်သန်းလျက်။ နံနက်ခင်း နေရောင်ဝယ် အင်းအိုင် ချောင်းမြောင်းတို့သည် တဖိတ်ဖိတ် တောက်ပနေကြသည်မှာ ခမ်းနားလှသည်။ တိမ်တိုက်တို့သည်ရွေ့ရှားကာ မှန်ပေါက်ကိုလာတိုးနေကြကုန်သည်။
မှိုင်းညို့သော တောအုပ်တောင်တန်းကြီးများကို ဖြတ်လာရလေပြီ။ ညိုမှောင်သောအရိပ်များကား သန်းလျက်။ အောက်သို့ ငေးကြည့်နေသော ညိုမြအား ကျွန်တော်က လှမ်း၍ 'လင်းယုန် စခန်းရောက်ရင်ပြောပါ' ဟု နောက်သည်။

စကားလှမ်းပြောလိုက်ကြ၊ သောလုံးထုတ်လိုက်ကြ၊ လိမ္မော်သီး နွှာစားလိုက်ကြနှင့်ပင် မန္တလေးသို့ရောက်လေပြီ။ ဘုရားပုထိုး ဖြူဖြူ လှိုင်ဂူမုခ်ဝတို့ဖြင့်ဆင်ယင်သော မန္တလေးသို့ ရောက်လေပြီ။

လေယာဉ်ပျံကွင်းတွင် ကြိုဆိုကြသော ကလောင်မိတ်ဆွေလူအုပ်ကြီးထဲမှ လူထုကိုလှ၊ မြမျိုးလွင် စသောသူများကို လှမ်းမြင်ရသည်။
ဟာသဝတ္ထုများကိုရေးလေ့ရှိသော စာရေးဆရာမ မာလာ မှာ ကုတ်အင်္ကျီတိမ်မီးခိုရောင်နှင့် ဂျစ်ကားကို ကိုယ်တိုင်မောင်းကာလာကြိုသည်။
ဖုံလွင့်သောလမ်းမတလျှောက်မှ မြို့ထဲသို့သွားကြသည်။ ကျုံးဘေးသို့ရောက်သောအခါ မြို့ရိုးရှေ့ရှိမဏ္ဍပ်ကြီးများ စီရရီကိုတွေ့ရသည်။
ကားမောင်းသူက 'မနေ့ကပဲ သခင်နု ကထိန်ပွဲ ပြီးသွားတယ်။ သိပ်စည်တာပဲ။ နိဗ္ဗာန်ဈေးဆိုတာလည်း တိုးမပေါက်ဘူး' ဟု ပြောပြသည်။
ကျန်ရစ်ခဲ့သော ပဒေသာပင်အခွံများကိုကြည့်ခြင်းအားဖြင့် ကထိန်ပွဲမှာ မည်မျှကြီးကျယ်ကြောင်း သိနိုင်သည်။ သခင်နုမှာ သာသနာ့ ဒါယကာဘွဲ့ကိုခံယူရန် ကြိုးစားနေပုံရသည်။

ကျုံးကိုဖြတ်သောတံတားအသစ် ဖြူဖြူကို တွေ့ရသည်။
'ဒီတံတားက ဝန်ကြီးချုပ်လာမယ်ဆိုလို့ ချက်ချင်းလုပ်ရတာ'
'သြော် သြော်'
စိမ်းညို့သောကျုံးလယ်၌ ရောင်ပြားတို့ဖြင့်လက်နေသော ကရဝိတ်ဖောင်ကြီးကို တွေ့ရပြန်သည်။
'ဝန်ကြီးချုပ် ရေသဘင်ခံတာ'
'သြော် သြော်'
ထိုကရဝိတ်ဖောင်၌ ရွှေနားတော်သွင်းတေးကို နားထောင်သည်။ ထီးခေတ်နန်းခေတ်ကမူ ပဒေသရာဇ်မင်းကို ဖြေဖျော်ယုယခဲ့ကြ၏။ ယခုမူ ဝန်ကြီးချုပ်ကို ယုယကြသည်။ မန္တလေးကား ပဒေသရာဇ်မင်း၏ မြို့တော်ဟောင်းပေကား။
မန္တလေးကလောင်ပေါင်းချုပ်အဖွဲ့၏စီစဉ်ချက်အရ ဈေးချိုတော်အနီး ငပိတန်း လက်ကြားအရပ်ရှိ တိုက်တွင် တည်းခိုရလေသည်။

အမေရိကန် ဝါဒဖြန့်ချိရေး
နံနက်စာကို ဝင်းလိုက်ရုပ်ရှင်ရုံတွင် စားရသည်။
ထောပတ်ထမင်း စားပြီးသောအခါ သီပေါလိမ္မော်သီး၊ ရွှေငှက်ပျောနှင့် ကာဖီကိုသောက်ရင်း ရုပ်ရှင်ကြည့်ရသည်။ လိမ္မောနံ့သင်းသင်းနှင့် ရုပ်ရှင်ပိတ်ကားပေါ်မှ ကိုးရီးယားစစ်သတင်းကို ရှုမြင်ရသည်။
ကုလသမဂ္ဂတံဆိပ်ကပ်ထားသော အမေရိကန်ဗုံးကြဲလေယာဉ်ပျံက ဗုံးတွေဘယ်လောက်ကြဲချလိုက်သလဲဆိုတာကို မြင်ရသည်။ ရက်ရက်စက်စက် ကြဲချသည်။ ကိုးရီးယားလူထုမှာ မည်မျှပျက်စီးဆုံးပါးမည်နည်း။ မည်မျှ သေကြေ ကြမည်နည်း။
ကိုးရီးယားတွင် အမေရိကန်က မည်မျှရက်စက်စွာ ဗုံးကြဲချသည်ကိုပြပြီးနောက် သူတို့အရင်းရှင်နိုင်ငံရှိ ယုဝတီ အလှပြိုင်ပွဲသတင်းကို ကြည့်ရပြန်သည်။

ကိုးရီးယားလူထုတွင် နိုင်ငံခြားစစ်တပ်တို့၏ ရက်စက်စွာဗုံးကြဲခြင်း၊ နှိပ်စက်ခြင်းကိုခံနေရစဉ် ဖင်ကလေးကော့ကာ တင်ကလေးမော့ကာ ကြော့နေသော အမေရိကန်အလှပြိုင်ပွဲသတင်းကားကို ကြည့်ရရာ ရင်ထဲက မသက်သာလှ။ ဒါနှင့် လိမ္မော်သီးကိုသာ နွှာစားနေရသည်။
ကျွန်တော်ကမနေနိုင်၍ ညိုမြအား 'ဘယ်နှယ်လဲဗျ။ မန္တလေးရောက်လာလဲ ဒီအမေရိကန်ဝါဒဖြန့်ချိရေးကိုပဲ တွေ့နေရတာပါပဲလား။ လွတ်ကို မလွတ်ဘူးနော်' ဟု ပြောမိသည်။ ညိုမြက ထုံးစံအတိုင်း မတုန်မလှုပ်နှင့် 'အင်း ဟင်' ဟု ဆိုသည်။

ဝင်းလိုက်၏ကျေးဇူးကြောင့် မန္တလေးအခြေအနေကို အကဲခတ်မိသည်။ မန္တလေးတွင် ဤမျှ အမေရိကန်ဝါဒဖြန့်ချိခွင့်ရနေသည်။
ရန်ကုန်တွင်ကား အမေရိကန်ဝါဒဖြန့်ချိရေးသည် အသွင်အမျိုးမျိုးဖြင့်ရှိသည်။ သံရုံးမှထုတ်သော သတင်းလွှာ၊ စာအုပ်စာတမ်းများအပြင် မဂ္ဂဇင်း၊ ဂျာနယ် ရုပ်ရှင်တို့ပါ ပါသည်။ မဂ္ဂဇင်းဂျာနယ်များထဲတွင် ဒိုင်ဂျက်(စ်)၊ လိုက်(ဖ်)များမှာ အဆိုးရွားဆုံးပင်။ ရုပ်ရှင်မှ ကွန်မြူနစ် ဆန့်ကျင်ရေးများကို တွင်တွင်လုပ်ကြံကာ ဝါဒဖြန့်ချိနေကြ၏။ ဟိုးလီးဝုဒ်ကားတို့ကား အရင်းရှင်ဘဝကိုအပြစ်မမြင်အောင် ဖုံးဖိကာ 'နိုင်လွန်ကန့်လန့်ကာ' ဖြင့် ကွယ်ထားကြသည်။ ကိုးရီးယားတွင် အမေရိကန်က ဘယ်လောက် ဗုံးကြဲနိုင်သည်ကို ပြ၏။ သို့သော် အမေရိကန် လူမိုက်ဝါဒကိုသာ မြင်နေသည်။ မန္တလေးတွင် ဤဝါဒဖြန့်ကားတွေက တင်းကျမ်းပါတကား။ မန္တလေးသတင်းစာဆရာအသင်းမှတဆင့် သခင်နု၏ နိုင်ငံခြားသံများဧည့်ခံပွဲသို့ တက်ရောက်ရန်ဖိတ်စာရသည်။ သို့သော် တက်ချင်စိတ်မရှိ၍ မတက်တော့ပေ။

ယော အတွင်းဝန်၏ရုပ်ထု
ထိုနောက် မဟာမြတ်မုနိဘုရားသို့ သွားကြ၏။ ဘုရားကြီးဈေးမှာ စည်ကားလှသည်။ မြန်မာမှုပန်းပုလက်ရာများကို တွေ့ရ၏။ ရန်ကုန်နှင့် ကွာခြားလှသည်။ ဘယ်ကြည့်ကြည့် မြန်မာမှုကိုသာမြင်ရသည်။ ဖိုးဝရုပ်ကအစ ဘုရား တံကဲကလေးများနှင့် ဆရာမြ၏ပန်းချီကားအထိ မြန်မာမှုလက်ရာများကိုသာ တွေ့မြင်ရသည်။ ပန်းတွန့်တိုင်း မြန်မာဆန်ဆန်တွန့်ရှက်သည်။

ဂျာနယ်ကျော်မမလေးက ဘုရားကပ်ရန် နှင်းပန်းများလိုက်ပေးသည်။ မဟာမြတ်မုနိကား ရွှေဖြင့်အိလွန်းနေသည်။ မန္တလေးသားအချို့က 'စစ်အတွင်းက ဘုရားကြီးကိုအသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြတာပဲ။ လူကလဲ တော်တော်တောင့်တယ်။ ဘယ်သူလာလာ ဒီအထဲကနေပြီး ချမှာပဲ' ဟု ပြောပြနေသည်။

ပြတိုက်ထဲတွင် ယောအတွင်းဝန်နှင့် အခြားမှူးမတ်များ၏ရုပ်ထုများကို တွေ့ရသည်။ ဒဂုန်နတ်ရှင်က 'တော်တော်တူတယ်' ဟု မှတ်ချက် ချသည်။
ဤကဲ့သို့ ရှေးဟောင်းပစ္စည်း မြန်မာမှုများကိုထိန်းသိမ်းရာတွင် ယခုထက် ကြီးကျယ်ခမ်းနားသင့်သည်။
ရှေးမြန်မာမှုများကို စနစ်တကျထိန်းသိမ်းထားရမည်။ သို့မှသာ အစဉ်အလာ ယဉ်ကျေးမှုအဟောင်းမှ ထက်သန်သောယဉ်ကျေးမှုသစ်သည် ပေါ်ထွန်းနိုင်ပေမည်။ ယခုမူ ပြီးစလွယ်သာထိမ်းထားဟန် တူသည်။ အကယ်၍ အမျိုးသားပြတိုက်မျိုး ကျကျနနဖွင့်လှစ်ထားရှိလျှင် ထိန်းသိမ်းမှု၌ စနစ်ရှိပေမည်။ အမျိုးသားမှု၌သန်စွမ်းခြင်းရှိမှလည်း နိုင်ငံခြားလွှမ်းမိုးမှုကို ခံနိုင်မည် ဖြစ်ပေမည်။
မဟာမြတ်မုနိမှထွက်သောအခါ ညိုမြ နှင့် ကိုလှတို့က 'သံအမတ်ဧည့်ခံပွဲ နေ့လည်စာစားပွဲ လိုက်အုံးမလား' ဟု ခေါ်သည်။
'မလိုက်ချင်ဘူးဗျာ။ မန္တလေးတောင်ပဲ သွားမယ်'

ဘုရားနီ
မန္တလေးတောင်ခြေတွင် ဦးခန္တီရသေ့အလောင်းကို ဘုရားဖူးများက ပူဇော်သည်ကိုတွေ့ရသည်။ ရွှေချမှန်ခေါင်းကြီးထဲ၌ ရသေ့ကြီး၏ အလောင်းကို တွေ့ရသည်။ ဆေးထိုးကာစီရင်ထားသဖြင့် ပုံမပျက်။ သို့သော် မျက်နှာကိုရွှေချထားသည်မှာ အကြည့်ရ ဆိုးလှသည်။
ဘုရားဖူးလာသောကလေးများ၊ မိန်းမများသည် မှန်စီရွှေချမှန်ခေါင်းထဲရှိအလောင်းကြီးကို ဝတ်ချနေကြသည်။ တချို့ကလည်း အထူးအဆန်းအဖြစ် လာရောက်ကြည့်ရှုကြသည်။

မန္တလေးတောင်သို့တက်သော သံစောင်းတန်း၊ သံတန်ဆောင်းကြီးများမှာ ခမ်းနားလှပါသည်။ သို့သော် နိုင်ငံခြားအရင်းရှင် သံကုမ္ပဏီများ၊ အင်္ဂတေကုမ္ပဏီများသည် အတော်ငွေရလိုက်ကြပေသည်။ ဟိုခေတ်က မီးရထားကုမ္ပဏီနှင့်သံကုမ္ပဏီများက ဦးခန္တီကို အတော်အရေးတယူ ရှိကြသည်ကို သွားအမှတ်ရသည်။

၏သံတံဆောင်းလှိုင်ဂူများ၌ အလှူ့ရှင်၏အမည်စာရင်းများကို တွေ့ရသည်။ မြမျိုးလွင်က ဤ အမြို့မြို့အရွာရွာမှ စာရင်းအမည်များကိုပြကာ 'ကျွန်တော့် ဝတ္ထုဇာတ်လမ်းက ဇာတ်တည်သူတွေဟာ ဒီကရတာပေါ့' ဟု ရယ်မောကာ ပြောနေသည်။ မြမျိုးလွင်ဝတ္ထုများကိုစွဲခဲ့သော ငယ်စဉ်အခါက သူ့ဝတ္ထုထဲရှိနာမည်များကိုပင် တသသ စွဲလန်းနှစ်သက်သည်ကို သတိရမိသည်။

မန္တလေးတောင်ကိုတက်ရသည်မှာ တပျော်တပါးကြီးပင်။ သို့သော် မောလှသည်။ အဆင့်ဆင့်တို့တွင် နားစရတန်ဆောင်များနှင့် စေတီပုထိုး။ တောင်ပေါ်မှ ဆီး၍မြင်ရသော မန္တလေးမြို့ရှုခင်းကား လှပသည်။ မြူတွေကြားဝယ် ရန်ကင်းတောင်ကို မြင်ရသည်။ သံလက်ရမ်းကိုမှီကာ မှိုင်းညို့သောတောင်တန်းများကို ငေးကြည့်နေစဉ် ကျောင်းသားတဦးက 'သူပုန်တွေ ဒီတောထဲမှာရှိတာပဲ' ဟု ပြသည်။ 'ဟာ ကပ်လို့ပါလား' ဟု ကျွန်တော်က အံ့သြရသည်။

ထို့နောက် တဖြည်းဖြည်းတက်ကြရင်း တောင်ထိပ်ရှိ တန်ဆောင်းသို့ရောက်ကြသည်။ ဒဂုန်နတ်ရှင်ကား မောသည်ဆို၍ အပေါ်ထိပင် မလိုက်။ သတင်းထောက်များမှာ တဖျပ်ဖျပ် ဓါတ်ပုံရိုက်ကြသည်။
တောင်ထိပ် ရုပ်ပွါးတော်ဘုရားများနီနေသည်ကိုတွေ့ရ၍ မေးကြည့်ရသည်။
'ရွှေမချရသေးလို့ နီနေတာပါ။ စစ်စေးက နီနေတာ'
'ဒီနေရာက တလောကပဲ စစ်ဘက်က ပြန်ရတာ၊ အရင်ကဆိုရင် စစ်တပ်လက်ထဲမှာ၊ တောင်ပေါ် ဘယ်သူမှ မတက်ရဘူး' ဟု မန္တလေးက ကလောင်တဦးက ရှင်းပြသည်။ အခြေအနေအရ ရုပ်ပွါးတော်များပင် နီနေကြလေပြီ။ ဘုရားဖူးများသည် ငွေကြေးချောင်လည်က ရွှေတွေဝင်းနေအောင် ရွှေချချင်ကြပေမည်။ ယခုမူကား အခြေအနေအရ ရွှေပြားမခတ်နိုင်သဖြင့် ကိုယ်တော်များမှာ စစ်စေးရောင်ဖြင့် နီနေကြပေသည်တကား။

မှန်စီရုပ် ယွင်းပျက်လေပြီ
မန္တလေးတောင်ကအပြန်တွင် နန်းတော်ထဲသို့ ခန့်ခန့်ကြီးဓါတ်ပုံတိုက်ရှင် မခင်မကြီး(ပတ္တမြားခင်)က ကား ကိုယ်တိုင်မောင်းကာ လိုက်ပို့ ပေးသည်။ မြို့ရိုးနန်းတော်တွင်းသို့ ဝင်ခွင့်လက်မှတ်ရှိမှ ဝင်ရသည်။ သူမထံတွင် ဝင်ခွင့်လက်မှတ်ရှိ၍ အလွယ်တကူဝင်ခွင့်ရပေသည်။
နန်းတော်ထဲတွင် သခင်နု တည်းနေပေသည်။ အမြောက်တပ်၊ ခြေလျင်တပ် စသော စစ်တပ်ကြီးများလည်း နန်းတော်ထဲတွင် ရှိသည်။ စစ်သားများတင်ဆောင်ထားသောထရပ်ကားကြီးများ ဖြတ်သွားလျက်။

၁၉၃၉ ခုက သခင်ဗဟိန်းနှင့်အတူ နန်းတော်ကို ကြည့်ဖူးသည်။ ယခု လုံးဝ မရှိတော့။ အုတ်ခုံသာကျန်တော့သည်။ မခင်မကြီးက 'ဟောဒါက ဗုတ်တလုပ်ရေကန်၊ ဒါက ပွဲကြည့်ဆောင်၊ ဒါက နန်းမြင်၊့ ဒါက ဗြဲတိုက်' စသည်ဖြင့် မြက်ရိုင်းတို့ဖြင့်ထူထပ်သောနေရာများကို ပြသည်။
စိတ်ထဲကမူ သိပ်မထိခိုက်လှ။ သြော် အရင်က တို့ဗမာရှင်ဘုရင်များနေခဲ့တဲ့ နန်းတော်ပဲဟုသာ သိရပေသည်။ ဘားနဒ်ရှော၏ 'ဆီဇာနှင့် ကလီယိုပါထရာပြဇာတ်' ၌ စာကြည့်တိုက်ကြီး မီးဟုန်းဟုန်းလောင်ကာနေသောအခါ ပညာရှိ သီရိုဒိုးတပ်စ်က 'ဘယ်နှယ်လဲဆီဇာ၊ အဟောင်းတွေ မီးလောင်စေမလို့လား' လို့ ညည်းသတဲ့။ အဲဒီတော့ ဆီဇာက 'အတိတ်ကနေ အနာဂတ်ထွက်လာမှာပေါ့။ အဟောင်း ပြာပုံထဲက အသစ်တည်ဆောက်မှာပေါ့' ဟု ပြန်ပြောလိုက်သည်။

ယခုမူကား သခင်နုသည် နန်းတော်အပျက်အစီးဘေးရှိဗိုလ်အိမ်များ၌ နေသည်။ ရောင်ပြားကပ်ကရဝိတ်ဖောင်ဖြင့် ရေသဘင်ခံသည်။ နိုင်ငံခြားသံတမန်တို့ကို ကျုံးဘေးမဏ္ဍပ်၌ ဧည့်ခံသည်။ ကထိန်ပွဲကြီးကို အကြီးအကျယ်ကျင်းပသည်။ နန်းတော်ပုံသဏ္ဍန်ကလေးများသာ ကျန်ရစ်ခဲ့သည့်အဆောင်ဆောင်အခန်းခန်းကို ပြတိုက်ထဲ၌သာ တွေ့ရတော့သည်။
မခင်မကြီးက 'မိဖုရားဆောင်တွေက သိပ်များတာပဲ' ဟု ပြုံးကာ ပြောသည်။

မယ်ဇယ်ပင် အောက်ဝယ်
မယ်ဇယ်ပင်ကိုင်းများမှာယှက်ကာ အောက်သို့ ညွတ်ကွေးကျနေရာ အရိပ်အာဝါသကောင်းလှသည်။ မယ်ဇယ်ရွက်တို့မှာ စိမ်း၍ နေသည်။ တဖက်တွင် လယ်ကွင်းရှိသည်။ ရေစပ်မှာ နွားများ ခွေးများကို တွေ့ရသည်။

စစ်ကိုင်းတံတားမှာအပြန် အမရပူရရှိ တောင်သမန်ဦးပိန်တံတားဦး မယ်ဇယ်ပင်များအောက်ဝယ် ငှက်ပျောရွက်ခင်းကာ ထမင်းစားကြသည်မှာ မြိန်ရှက်လှသည်။ ပန်းတနော်ဦးသန့်က ဦးပိန်တံတားအကြောင်း အဘိုးကြီးတဦးအား မေးနေသည်။ စစ်ကိုင်းတံတားလောက်ပင် ရှည်လျားသည်။ သစ်သားလုံးကြီးများကိုတိုင်ထူကာ မြန်မာ့ဗိသုကာအတတ်ဖြင့်ဆောက်ထားသော တံတားကြီးပင်။ မြန်မာမင်းလက်ထက်က ထိုတံတားကြီးများကို ဆောက်ခဲ့သည်။ ယခုကား သစ်လုံးတိုင်လောက်သာ လှလှပပမြင်ရတော့သည်။ အထူးအဆန်း လာရောက်ကြည့်ကြသောသူများသည် တံတားပေါ်လျှောက်ကာ ကြည့်နေကြသည်။ အမယ်အိုများလည်း တံတားပေါ်မှ တဖက်သို့ လျှောက်သွားသည်ကို မြင်ရသည်။

'ဟိုဘက် တံတားအဆုံးအထိ လျှောက်ကြည့်ရအောင်' ဟု ကျွန်တော်က အဖော်လိုက်ညှိသည်။ မန္တလေးက သတင်းစာဆရာတဦးက 'မဖြစ်ဘူး၊ စိတ်မချရဘူးဗျ။ သူပုန်နယ်နဲ့ ကပ်နေတယ်' ဟု ပုခုန်းတွန့်ကာ ဆိုသည်။ အပြန်တွင် အမရပူရ ပိုး ရက္ကန်းစင်များသို့ ဝင်ကြည့်ကြသေးသည်။ ရက္ကန်းစင်တို့တွင် မြန်မာချိတ်ဆင် တို့သည် ဖိတ်ဖိတ်တောက်ကာ အရောင်အသွေးတို့သည် လှိုင်းထနေသည်။

ဈေးချိုမြို့တော်
မန္တလေးမြို့၏ဈေးချိုကား ထင်ရှားကျော်စောသည်။ စင်စစ်အားဖြင့် မန္တလေးမြို့သည် ကုန်သည် မြို့တော်ပင်။ ရှမ်းပြည်ဘက်မှ ကုန်သွယ်ရာ လမ်းဆုံလည်း ဖြစ်သည်။ တရုတ်ပြည်ဘက်မှလည်း ကုန်များလာသည်။ အောက်အကြေဘက်မှကုန်များလည်း ရောက်သည်။ တရုတ် ကုလားစသော ကုန်သည်တိုက်များ တင်းကျမ်းရှိသည်။ အညာအကြေ ကုန်အရောင်းအဝယ်အချက်အချာဖြစ်သော ကုန်သည်မြို့တော်။ စစ်ဒဏ်ကြောင့်ပျက်စီးနေသောနေရာများတွင် ပွဲရုံတိုက်တာများ အစားရောက်နေသည်ကို တွေ့ရသည်။ ဘယ်သွားသွား အရောင်းအဝယ်ကိုသာ မြင်ရပေသည်။

မန္တလေး စာပေနှင့်အနုပညာ
ရှေးမြန်မာစာပေအတ္ထုပ္ပတ္တိတွင် မန္တလေးခေတ်စာပေဟူ၍ ရှိသည်။ ယခုကား သီးခြားဟန်ပန်နှင့် မရှိပေ။ အမေ၊ လွတ်လပ်ရေး၊ ခေါင်းလောင်း စသော ဘာသာပြန်ဝတ္ထုများကိုရေးသော ချစ်ညို ကို တွေ့သည်။ ရောက်သည့် ညနေစောင်းတွင် ကျွန်တော်တို့တည်းခိုသော ငပိတန်း လက်ကြားသို့ လာကာစောင့်နေသဖြင့် တွေ့ရသည်။ တာရာတွင် ဝတ္ထုဆောင်းပါးများရေးသူဖြစ်၍ စာချင်းသိနေသူ ဖြစ်သည်။
'အခု ဘာတွေရေးနေသလဲ' ဟု ကျွန်တော်က မေးသည်။
'မအားပါဘူးဗျာ။ သတင်းစာနဲ့ တနေ့လုံးအချိန်ကုန်တာပါပဲ။ ညကျတော့လဲ မောလို့မရေးနိုင်ပါဘူး' ဟု ချစ်ညိုက ညည်းသည်။ သူသည် လူထုသတင်းစာ လက်ထောက်အယ်ဒီတာ ဖြစ်သည်။
'သတင်းစာလုပ်တာ ကျွန်တော့်စာပေလုပ်ငန်းကို လက်လွှတ်ရတာပါပဲ'
သူ၏အဖြစ်ကို ကျွန်တော် နားလည်သည်။ စာပေဆန်းသစ်မှုများဖန်တီးလိုလျှင် အချိန်အားရမှ ဖြစ်ပေမည်။ ကျွန်တော်က ဝတ္ထုစာအုပ်များကို ကိုယ်တိုင်ထုတ်ရန် အကြံပေးသည်။ ဂေါ်ကီ၊ လူရွှန်း စသော ပြည်သူ့စာရေးဆရာများ၏ဝတ္ထုတို့ကို ဘာသာပြန်ရန်လည်း တိုက်တွန်းခဲ့သည်။
အခြား မန္တလေးမှ စာရေးသူများဖြစ်သော နှင်းဦး၊ ကြည်မြ စသူများကို တွေ့ရသေးသည်။ သို့သော် မိတ်ဆက်ပွဲအစီအစဉ်မှာ ရင်းနှီးနီးကပ်စွာ တွေ့ဆုံပြောဆိုခွင့်မရ၍ လက်ပွန်းတတီး မဆုံဖြစ်ခဲ့ရပေ။ အချိန်ကလည်း မရပေ။

စစ်ကိုင်းတံတားပေါ်တွင် 'မမအုန်း၊ အမ်အေ' နှင့် တွေ့သည်။
'ဒဂုန်တာရာဆိုတာ ဘယ်သူလဲလို့ မအုံးက မေးနေတယ်' ဟု မအမာက ရယ်မောကာပြောသည်။ မမအုံးမှာ ပွင့်ရိုက်လည်စည်းကို ခေါင်းစည်းထားသည်။ ပြုံး၍ နှုတ်ဆက်လိုက်သည်။

မန္တလေးဟန်နှင့်ဝတ္ထုရေးသူကား မြမျိုးလွင်ပင် ဖြစ်သည်။ သူ၏ ဝတ္ထုထဲမှာလိုပင် စကားကို ဝေဝေဆာဆာနှင့် မန်းဆန်ဆန် ပြောသည်။
စာပေအကြောင်း စကားစပ်မိလေတိုင်း 'လေနုအေးသည် နော့နေသည်' ဟူ၍ရွတ်ဆိုကာ ကျွန်တော့်အား နောက်သည်။ ချမ်းမြသာစည် ထမင်းစားပွဲတွင်လည်း သတင်းထောက်တဦးက 'အပြုံး၏လုလင်' ဟူ၍ နောက်သည်ကို မြမျိုးလွင်က 'အဲဒီ အဓိပ္ပါယ်ကို ဝေါဟာရသစ်တွေ ထွင်နေတဲ့ တာရာကို မေးပါ' ဟု လှမ်းတိုင် လိုက်သေးသည်။
ကျွန်တော်က သူ၏ 'တခုလပ်' ဝတ္ထုထဲမှ 'အမှောင်တို့သည် သန်းနေကြလေသည်။ တောင်တို့သည် တန်းနေကြလေ၏' ဟူသော အပိုဒ်ကို ရွတ်ဆိုပြသည်။ ငယ်စဉ်က မြမျိုးလွင်၏ဝတ္ထုများကို အတော်စွဲခဲ့သည်။ ထိုခေတ်က သူ၏ဟန်ကိုလိုက်တုသူများ ပေါ်ပေါက်ခဲ့သည်ကို အမှတ်ရမိ၏။

မေမြို့ကအပြန် တလမ်းလုံး သူတို့ခေတ်က စာပေလောကအကြောင်းပြောသည်မှာ နားထောင်၍ မငြီး။ မြမျိုးလွင်ကို ဧည့်ခန်းဆောင်က အပျိုမကလေးများက စွဲလန်းစဉ်၊ ခေတ်ကောင်းစဉ်က ကျွန်တော်တို့မှာ စာပေဝါသနာပါစ ချာတိတ် ဖြစ်ပေ၏။

ဇဝန၊ ပန်းချီ ကိုအုန်းလွင်၊ ရွှေလင်းယုန်၊ ပီမိုးနင်း စသောသူများအကြောင်း ပြောပြနေ၏။ သော်တာဆွေမှာ မျက်လုံးကြီးနီကာ ဂေါ်ရခါးသီးကို အစိမ်းဝါးစားရင်း အိပ်မက်ထဲမှာလို နားထောင်နေ၏။

မြမျိုးလွင်၏စကားသံများကို ကြားရသောအခါ သူ၏ဝတ္ထုများကို သွားအမှတ်ရ၏။ ယခုကား မန်းဆန်ဆန်ရေးလေ့ရှိသော မြမျိုးလွင်သည် စာပေကိုပစ်ကာ ဟံသာဝတီကိုယ်စားလှယ် ဖြစ်နေလေပြီ။

ကျွန်တော်က နတ်ရှင်နောင်၊ ပျို့မှာတမ်း သီချင်းများ ရေးစပ်သူ မြို့မငြိမ်းအကြောင်း မေးကြည့်သည်။ မြို့မငြိမ်းမှာ ဆန်းသစ်သော အသံများနှင်


ခြေထောက်ဗွေပေါက်နေတဲ့ကောင် (မျိုးမြင့်ချို)

0 comments
ဖေဖေဒေါ့်အကြောင်း အကောင်းတွေချည်းရေးနေရာက တခါတလေတော့လည်း မကောင်းဘက်ကရေးဦးမှနဲ့တူတယ်လို့ကြံရုံရှိသေး မနေ့ မနက် ၁၁ နာရီလောက်ကစပြီး အိမ်က အင်တာနက်ကြီး ပျက်သွားပါလေ။

ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး အူယားဖားယားနဲ့ ရောက်တာတွေ၊ မုဒမ်းတွေ၊ ဝိုင်ယာလက်စ်တွေ၊ ချိတ်ထားတဲ့ကြိုးတွေ အစအဆုံးလိုက်ကြည့်၊ ပြန်ချိတ်တန်တာချိတ်၊ ရီစတပ်ပေးတန်တာပေး၊ ရီဆက်လုပ်တန်တာလုပ် လုပ်လည်း လုပ်လုပ်ဘဲ။ အင်တာနက်က ရကိုမရဘူး။ သူနဲ့သူဆိုင်တဲ့ ကိရိယာတွေက အယ်လ်အီးဒီမီးလေးတွေလည်း ပုံမှန်အတိုင်း တလစပ်လင်းရမယ့်အကောင်လင်း ပုတ်ခတ်ပုတ်ခတ်လုပ်ရမယ့်အကောင်လည်း လုပ်နေတာပဲ။ ကိုယ်လည်း ကိုယ်တတ်သမျှမှတ်သမျှ အကုန်လုပ်တာပဲ။ ဥုံဖွတွေ အပ်ချလောင်းတွေလည်း လုပ်တာပဲ။ ဒါပေမဲ့ မရဘူး။ ဒါနဲ့ ဒီလောက်တောင်ရှိလှတာ နေပေ့စေဆိုပြီး တို့လို့တန်းလန်းတွေအကုန်လုံး အပုံလိုက်ပစ်ထားခဲ့ပြီး နေ့လည်ပိုင်းတပိုင်းစာ နဝရတ်ဆိုင်မှာ လဘက်ရည်ပေါ့ကျတခွက်မှာပြီး ဝိုင်ဖိုင်ဖရီး အလကားသွားသုံးပလိုက်တာပေါ့ ဘယ်ရမလဲ။

နောက်တော့ မဖြစ်သေးပါဘူးလေ ငါဘယ်လောက် အပြင်ထွက်ထွက်ပြီး သူများ ဝိုင်ဖိုင်သုံးနေနိုင်မလဲ။ ဆောင်းတွင်းကြီး အေးတာကလည်း သွေးတင်မကဘူး ဂွေးပါခဲမတတ်ကြီး။ ဆီဖိုးလည်းကုန် အချိန်လည်းကုန် လွတ်လည်းမလွတ်လပ် အသိတွေဝင်လာပြန်တော့လည်း သူတပြန်ကိုယ်တပြန်နှုတ်ဆက်ရနဲ့ စိတ်တိုချင်စရာကြီး။

ဒါနဲ့ အိမ်ပြန်လာ ကုမ္ပဏီကိုဖုန်းခေါ် ၊ ဖုန်းပေါ်ကနေ သူတို့ပြောတဲ့အတိုင်းတွေ လိုက်လုပ်ရင်းလုပ်ရင်း နောက်ဆုံး ကိုယ်လည်းချွေးပြန် သူတို့လည်း စိတ်မရှည်တဲ့အသံ ထွက်လာတယ်။ ကဲကွာ ထားလိုက်ဦးဆိုပြီး တညလုံး ထပ်ပစ်ထားလိုက်တယ်။ ဒီမနက် ထပ်ကလိတယ် မရဘူး။ အပြင်သွားစရာကလည်း ရှိနေတယ်။ အင်တာနက်သုံးရမယ့်အလုပ်တခုကလည်း ရှိနေတာတယ်။ ဒါနဲ့ ဖုတ်ဖက်ခါထတည့်ပြီး နဝရတ်ပြေး လဘက်ရည်ပေါ့ကျတခွက်မှာ ဝိုင်ဖိုင်ဖရီးသုံး၊ အလုပ်ကိစ္စပြီးတော့ အိမ်ပြန်မလို့လုပ်တုန်း အသိတယောက်ဝင်လာပြီး တော်ကီပွား ထိုင်နားထောင်၊ ပြီးတော့ လဘက်ရည်ဖိုးသူကရှင်းသွား။ တခွက် ၂ ဒေါ်လာ။ လဘက်ရည်သောက်ရင်း ဒေါက်တာအောင်သူ့ သောက်ခွက်ကြီးပေါ်လာလို့ ပျို့ချင်အန်ချင်စိတ်တွေပေါက်လာတာနဲ့ ခွက်တဝက်နဲ့ အသောက်ရပ်လိုက်ရတယ်။

အသိကိုနှုတ်ဆက်ပြီး ထလည်းထ အလုပ်လျှောက်ထားတဲ့အေဂျင်စီက ဖုန်းဝင်လာတယ်။ ဘက်ဂရောင်းချက်အတွက် မင်းလက်ဗွေနှိပ်စစ်ဆေးချက် အဆင်မပြေဘူးတဲ့။ လက်ဗွေနှိပ်စစ်ဆေးပေးတဲ့(အက်ဖ်ဘီအိုင်)ဌာနခွဲက ကလေးသူငယ်ဝန်ဆောင်မှုဌာနကိုပို့လိုက်တာမှာ မှတ်ချက်ပါလာတယ်။ မင်းလက်ဗွေ သူတို့နှိပ်မရဘူးတဲ့။ လက်ဗွေနှိပ်မရတော့ အက်ဖ်ဘီအိုင် ဘက်ဂရောင်းချက် လုပ်လို့မရဘူးတဲ့။ အဲ့ဒါ မင်းလက်ဗွေပြန်နှိပ်ရမယ်တဲ့။ လက်ဗွေနှိပ်ကြေးတော့ ထပ်သွင်းစရာ မလိုဘူးတဲ့။ ကလေးသူငယ်ဝန်ဆောင်မှုဌာနကနေ လက်ဗွေနောက်ခံဘက်ဂရောင်းချက်မှာ အမှုအခင်းကင်းရှင်းကြောင်းထောက်ခံပေးမှ တို့အေဂျင်စီက မင်းကိုအလုပ်ခန့်လို့ရမှာတဲ့..ဆိုပြီး တတန်းကြီးပြောချတယ်။ ကိုယ်ကလည်း ဒါတွေဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။

ထိုင်းကနေမထွက်ခင် လက်ဗွေနှိပ်တုန်းကတခါ၊ ဒီရောက်ပြီး တနှစ်အကြာ ဂရင်းန်းကဒ်လျှောက်တုန်းကတခါ လက်ဗွေနှိပ်တဲ့ကိစ္စမှာ ရီစရာရောမောစရာပါဖြစ်ခဲ့ဖူးတယ်။ ပရောဆက်မှာ ခိုင်လုံတဲ့အကြောင်းပြမှတ်ချက်ထွက်လာဖို့ အချိန်အတော်ကြာစောင့်လည်း စောင့်ခဲ့ရဖူးတယ်။

ကိုယ်ကလည်းကိုယ် အမိမြေလုံခြုံရေးဝန်ကြီးဌာနကအရာရှိနဲ့ လူဝင်မှုကြီးကြပ်ရေးကအရာရှိကို နောက်သလို ပြောင်သလိုနဲ့ ငါ့မှာ လက်ဗွေနှိပ်စရာလက်ချောင်းထိပ်တွေမှမရှိတော့ ဘယ်လိုနှိပ်မလဲ။ ဒါမှမဖြစ်ဘူး နှိပ်ရမှာပဲဆိုရင်တော့ ဘယ်ဘက်ခြေထောက်မှာ ခြေချောင်း ၅ ချေင်း အကောင်းပကတိရှိတယ်၊ ခြေဗွေသာနှိပ်ပေတော့ဆိုပြီး စားပွဲပေါ်ခြေထောက်ပစ်တင်ခဲ့တာကိုး။ နောက်ဆုံးတော့ ဟုမ်းလန်းဒ်ဆီကျူရယ်တီကရော လူဝင်မှုကြီးကြပ်ရေးကပါ နှိပ်စရာလက်ဗွေမရှိတဲ့ကောင်ဆိုတဲ့မှတ်ချက်နဲ့ ကိစ္စပြီးသွားတယ်။

အခုလည်း ဒါပဲ။ ဟိုနေ့က သွားနှိပ်ကတည်းက အဲ့ဒီကအရာရှိကိုပြောလည်းပြော ပြလည်းပြတယ်။ သူလည်းကြည့်ပြီး ဘာဖြစ်တာလဲတွေဘာတွေမေးပြီး စိတ်မကောင်းဟန်ရော အံ့အားသင့်တဲ့အမူအယာရော မျက်နှာမှာပေါ်လာတယ်။ ဒါပေမယ့် အလုပ်သဘောက အလုပ်သဘောမို့ပါ၊ လက်ဗွေတော့နှိပ်မယူထားလိုက်ဘူး။ ဒါပေမယ့် မင်း ငွေသွင်းပြီးကြောင်းပြေစာရယ် နှိပ်စရာလက်ဗွေမရှိကြောင်းရယ်မှတ်ချက်ရေးပြီး ကလေးသူငယ်ဝန်ဆောင်မှုဌာနကို တွဲတင်ပေးလိုက်မယ်။ ငါလုပ်ပေးနိုင်တာကတော့ ဒီလောက်ပဲပြောပြီး ဘာဗွေမှမနှိပ်ပဲ ပြန်လွှတ်လိုက်တယ်။ ဟော ဒီမနက်လည်းကြရော ခုနအတိုင်းဖုန်းဝင်ချလာတယ်။

ဒါနဲ့ အလုပ်ပေးမယ့်အေဂျင်စီက မမအဖြူမကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးပါဦး၊ ငါတော့ မလုပ်တတ်တော့ဘူး။ လက်ဗွေနှိပ်တဲ့ဌာန နောက်တခါထပ်သွားလည်း နှိပ်စရာမရှိဘူး၊ နှိပ်မရဘူးပြောပြီးပြန်လွှတ်လိုက်မှာပဲ။ အဲ့လိုနဲ့ တိုင်ပတ်ပြီး ပြီးတော့မှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ နှစ်ယောက်သား နားချင်းပါးစပ်ချင်းဆိုင်ကြတယ်၊ တယ်လီဖုန်းပေါ်မှာဆိုတော့ ခေါင်းချင်းတွေ မျက်နျာချင်းတွေမှ ဆိုင်မရဘဲကိုး။ နောက်ဆုံး ၂ ခေါင်းပေါင်း လောင်းကျော်မယ့်အဖြေထွက်လာတယ်။

အဖြေက ကျနော့်မိသားစုဆရာဝန်ဆီသွား၊ အကျိုးအကြောင်းပြောပြ၊ ဆရာဝန်ကနေ ဟုတ်ပါတယ် ဒီငတိမှာ လက်ဗွေနှိပ်စရာလက်ချောင်းထိပ်တွေမရှိတဲ့အပြင် ခြေချောင်းကလည်း ၅ ချောင်းပဲရှိတဲ့ကောင်ပါ၊ ငါသူ့ကို ကောင်းကောင်းသိပါတယ်၊ ငါ့လူနာဖေါက်သည်ပါ ဘာညာဆိုတဲ့ ဆရာဝန့်ထောက်ခံစာ ကျနော်ကသွားယူ၊ ရပြီဆိုရင် အဲ့ဒီစာကို မမဖြူကြီးကယူပြီး သက်ဆိုင်ရာဌာနတွေကို သွားပို့မယ်၊ ပါးစပ်ကနေလည်း အကျိုးအကြောင်းရှင်းပြမယ်၊ မင်း ဘာမှမပူနဲ့ မင်းကို အဲ့ဒီဌာနကလူတချို့လည်း သိတာပဲ၊ မင်းလည်း သူတို့နဲ့အလုပ် လုပ်ဖူးတာပဲ စိတ်အေးအေးထား၊ ငါကြည့်ကျက်လုပ်ပေးမယ်ဆိုပြီး။

ဒါနဲ့ပြနေကြဆရာဝန်ရှိတဲ့ဆေးရုံသွားတော့ ဒီနေ့ အဲ့ဆရာဝန်အလုပ်မဆင်းဘူးတဲ့။ ကံကောင်းပုံများမပြောနဲ့။ ဒါနဲ့ နာ့စ်ပရက်တင်န်ရှင်န်နာကို တွေ့ခွင့်တောင်း၊ နားပေါက်အောင်ပြောပြတော့ မယ်မင်းကြီးမက မတ္တာရှင်မလေးပေါ်လီယာနာလိုလို မာသာထရီဇာလိုလို စတိုင်လ်နဲ့ အိုကေလေ မင်းဆရာဝန်မရှိလည်းအခြားဆရာဝန်တယောက်ယောက်ကို ပြောပြပြီး
ထောက်ခံစာရအောင် တောင်းပေးမယ် မင်းဖုန်းနံပတ်ပေးခဲ့၊ ရတာနဲ့ ဖုန်းလှမ်းခေါ်လိုက်မယ် လာယူလှည့်တဲ့။ ရက်စ်တွေ သိုင်းခယူးတွေ မိုးမွှန်အောင်ပြောပြီး ထွက်လာတော့ ဗိုက်ကဆာနေပြီ။

ဒါနဲ့ သစ်သီးဆိုင်ဘက်သွား အသီးအနှံဝယ်မယ်လုပ်တော့ ပဲသီးစိမ်းလတ်လတ်ဆတ်ဆတ် ၂ ပေါင်ထုတ်တွေ တထုတ်မှ ၃ ဒေါ်လာ ဆင့်ကိုးဆယ်တဲ့။ တထုတ်ဝယ်တယ်။ ပန်းဂေါ်ဖီစိမ်းလို့ ကျနော်တို့ခေါ်တဲ့ ဘရိုကိုလီအပွင့်သေး ၃ ပွင့်ပါတစည်းဝာယ်တယ်။ ငှက်ပျောသီး ၆ လုံးပါ တတွဲဝယ်တယ်။ အမေ့အိမ်ဘက် မောင်းခဲ့တယ်။ အမေ့ကို ပဲသီးကြော်လေးစားချင်လို့ဆိုတော့ အဲ့ဒါလုပ်နေရင်ကြာမယ်၊ မင်းအခုဗိုက်ဆာနေပြီမဟုတ်လား၊ လာ ရှိတာနဲ့စားနှင့်ဆိုပြီး ငါးပိရည်ကျို တို့စရာ၊ ငါးပတ်မွှေ၊ ဗူးသီးကြော်ချက်တွေနဲ့ ခူးခပ်ကျွေးတော့ မဆန့်မပြဲစားတယ်။

၏စားပြီးပြန်ကာနီးတော့ ယောက်ဖဖြစ်တဲ့ ရဲမော်ထူးက အပြင်သွားဖို့ အိမ်ပေါ်ကဆင်းလာတယ်။ သူ့ကို အင်တာနက် အဆင်မပြေတဲ့အကြောင်း ရောက်တာ၊ မုဒမ်း၊ ဝိုင်ယာလက်စ်တွေ ဝယ်ရမလားမသိဘူးဆိုတော့ သက်တမ်းပြည့်ရင် ဒါမှမဟုတ် ပျက်သွားရင် ကုမ္ပဏီက အလကားပေးပါတယ်အကိုရ လို့ပြောတယ်။ ဟေဟုတ်လား မသိပါဘူး၊ ကျနော်က ဝယ်ရမယ်မှတ်တာ၊ ဒါဆို ခနနေ ဖုန်းဆက်ဦးမှဆိုတော့ ကျနော့်မှာ မုဒမ်း၊ ရောက်တာဝိုင်ယာလက်စ် ကွန်ဘိုင်နေးရှင်န်းတခုရှိတယ်၊ ဖရန်တီယာကုမ္ပဏီကဟာ၊ အသစ်ပဲ၊ အကိုက ဗရိုင်ဇုံဆိုတော့ သုံးရမရတော့ မပြောတတ်ဘူး၊ အကိုယူသွားပြီး ဆင်ကြည့်စမ်းကြည့်ပေါ့၊ ရရင် ယူသာထားလိုက်ဆိုပြီး ပေးလိုက်တယ်။

ဒါနဲ့စားသောက်ပြီး အဲ့ဒါကြီးယူပြီးအိမ်ပြန်လာတယ်။ အိမ်ရောက်တော့ ကိုယ့်ဘာသာဆင်တယ်။ ပထမတော့ မရဘူး။ နောက်တော့ ဟိုလုပ်ဒီလုပ် ဆက်တင်ပြန်ပြောင်းဘာညာနဲ့ နောက်ဆုံးအဆင်ပြေသွားတယ်။

ခုအင်တာနက်လည်းပြန်ရပြီ။ အဟောင်းအစုပ်ပလုပ်တွေလည်း အမှိုက်ခြင်းထဲပစ်လိုက်ပြီ။ လဘက်ခြောက်ကျကျနဲ့ ရေနွေးကြမ်းတခွက်နှပ်ပြီး စက်ရှေ့ထိုင် ဖေဖေဒေါ့်မကောင်းကြောင်းရေးမယ် ပြန်ကြံရုံရှိသေး စားပွဲစောင်းက ရေနွေးကြမ်းခွက် ခွေးလေးအဇ္ဇီပဒပ်ရပ်ဟပ်လိုက်တာ ဒက်စ်တော့ပ်နဲ့သုံးတဲ့ကီးဘုတ်ကြီးပေါ်တခွက်လုံးမှောက်ကျပြီး ကြွသွားပါလေရော။ တော်သေးတယ် လက်မြန်ခြေမြန်နဲ့ကြိုးတွေ ဆွဲဆက်ဖြုတ်မိလို့။ နို့မို့ဆို စီပီယူပါ ထိမလားမသိဘူး။

ခုတော့ သိလည်းသိ အမြင်မှန်လည်းရသွားပါပြီ၊ ဖေဖေဒေါ့်ရှေ့မှောက်မှာ လက်နက်ရောခြေနက်ရော အကုန်ချလိုက်ပါပြီ။ နောက်နောင် ဖေဖေ့အကြောင်း မကောင်းရေးဖို့မပြောနဲ့ စိတ်နဲ့တောင် မပစ်မှားမိအောင်ဆင်ခြင်ပါ့မယ် ဖေဖေဒေါ်။
ဒီဇင်ဘာ ၈၊ ၂ဝ၁၆

ပြုပြင်ရေးလမ်းကြောင်း

0 comments
ပြုပြင်ရေးလမ်းကြောင်း(ပြည်သူ့အာဏာဂျာနယ် အမှတ် (၄၀) ဆောင်းပါး)
နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုနဲ့ ပြည်သူ့တော်လှန်ရေးတွေရဲ့သမိုင်းမှာ တည်ရှိနေတဲ့အနေအထားတွေကို တော်လှန်ပြောင်းလဲမလား၊ ပြုပြင်ပြောင်းလဲမလား ဆိုတဲ့အယူအဆနှစ်ရပ်ရဲ့အတိုက်အခံဖြစ်မှုဟာ မကြာခဏ ရှေ့တန်းရောက်ခဲ့ပါတယ်။ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ အစချီတဲ့တိုက်ပွဲ၊ အဆုံးအဖြတ်တိုက်ပွဲ၊ နေရာတကာမှာရင်ဆိုင်ရတတ်ပါတယ်။ မဆန်းတော့ ဘူးလို့တောင် ပြောရမလိုဖြစ်နေပါပြီ။

သမိုင်းသဘောပြောရရင် ဓနရှင်လူတန်းစားက ပဒေသရာဇ်လူတန်းစားဆီကအာဏာကိုသိမ်းယူတဲ့ ဓနရှင်တော်လှန်ရေးတွေဆိုတာ ဓနရှင်လူတန်းစားတခုတည်းက ဆင်နွှဲခဲ့တာမဟုတ်ပါဘူး။ အဲဒီတုန်းက စတင်ပေါ်ပေါက်နေပြီဖြစ်တဲ့ အလုပ်သမားလူတန်းစားနဲ့လယ်သမားတွေလည်း ပါဝင်ပါတယ်။ ၁၇၈၉ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တုန်းက ပြင်သစ်တော်လှန်ရေးကြီးမှာ ဘာစတီးလ်ထောင်ကြီးကို ဝင်စီးကြတာဟာ အလုပ်သမား၊ လယ်သမားနဲ့ မြို့နေဆင်းရဲသားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဘာမှမကြာလိုက်ဘူး၊ အရင်းရှင်စနစ်ရဲ့လူတန်းစား ဘက်လိုက်မှုဒဏ်ကိုခံကြရတဲ့သူတွေက အရင်းရှင်စနစ်ကိုတွန်းလှန်ဖို့၊ အဲဒီထက်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတရပ်ကိုထူထောင်ဖို့ စဉ်းစားကြတဲ့အခါကျတော့ မတူကွဲပြားတဲ့စဉ်းစားမှုတွေ ပေါ်လာပါတယ်။ ဒါဟာ မာ့က်စ်ဝါဒ-ကွန်မြူနစ်ဝါဒလို့ ပီပီပြင်ပြင် မပေါ်ပေါက်သေးခင်ကာလပါ။ ဒီတော့ လူထုအုံကြွမှုကြီးတွေ၊ တော်လှန်ရေးတွေဖြစ်ပေါ်လာရင် လူတန်းစားခံယူချက်အသီးသီးကိုရောင်ပြန်ဟပ်တဲ့ အယူအဆကွဲလွဲမှုတွေ ပေါ်တတ်တယ်ဆိုတာ ဓမ္မတာပဲလို့ပြောရတော့မှာပါ။

ဒီတော့ ၁၉ရာစုနှစ်က ဆိုရှယ်လစ်စနစ်-ဆိုရှယ်လစ်လောကထူထောင်ရေးကို အမျိုးမျိုးအဖုံဖုံ စဉ်းစားကြသူတွေထဲမှာ အထိအခိုက်အနာအကျင်မဲ့စွာထူထောင်ရေး၊ ဘယ်သူနဲ့မှ ကဏ္ဍကောဇမဖြစ်ရေး၊ လူ့ဘောင်သစ်တခုကို ရှောရှောရှူရှူထူထောင်ရေး စတဲ့အယူအဆတွေအမျိုးမျိုး ပေါ်လာခဲ့ကြပါတယ်။ တည်ရှိနေတဲ့စနစ်ကို ပြုပြင်ပြောင်းလဲယူလို့ရမယ်ဆိုတဲ့ အယူအဆတွေလည်း အသွင်အမျိုးမျိုးနဲ့ ပေါ်ခဲ့ပါတယ်။

ဆိုရှယ်လစ်ဝါဒသမိုင်းမှာ အဦးဆုံးပေါ်ခဲ့သူတွေထဲမှာပါဝင်တဲ့ ဖူးရီးယားနဲ့အိုဝင် (Charles Fourier and Robert Owen) တို့ရဲ့အယူအဆကို မာ့က်စ်နဲ့အိန်ဂယ်တို့က စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒဖြစ်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ ဒီလို ပြောရတဲ့အဓိက အကြောင်းရင်းကတော့ သူတို့နှစ်ဦးဟာ သူတို့မျက်စိအောက်မှာတင် အရှိန်ရလာနေတဲ့ အရင်းရှင်စနစ်ကြီးရဲ့ဆိုးဝါးမှုကို တွေ့မြင်နိုင်ကြပေမယ့် ဆိုရှယ်လစ်စနစ်အတွက် တော်လှန်ရေးမပြောနဲ့ ပြုပြင်မှုတောင်မလိုဘဲ ကိုယ့်ဖာသာ
သီးခြားလူ့အဖွဲ့အစည်းလေးတွေတည်ထောင်ပြီး နေထိုင်သွားရင်ရတယ်လို့ ဆိုခဲ့တာကြောင့်ပါပဲ။ အိုဝင်ဆိုရင် သူပြောတဲ့ဆိုရှယ်လစ်ဝါဒဟာ အထက်တန်းစား၊ အောက်တန်းစား၊ သူကြွယ်၊ သူဆင်းရဲတွေအတွက် အကျိုးရှိစေမှာပါလို့ရေးခဲ့ပါတယ်။ သူက သူ့ရဲ့အဓိက ရေးသားချက်တွေကို“ဝီလျံအရှင်မင်းမြတ်ထံသို့”ဦးတိုက် ရေးလေ့ရှိပါတယ်။

လီနင်နဲ့ထိပ်တိုက်တွေ့သူတွေထဲက ဘန်းစတိန်း Bernstein ရဲ့နောက်လိုက်များကျတော့ သူတို့ကိုယ်သူတို့ “ပြုပြင်ရေးသမား” (Reformists) လို့တောင်မပြောရဲလို့ ပြန်လည်ပြင်ဆင်ရေးသမား (Revisionists)လို့ ကိုယ့်ကိုယ်ကို နာမည်ပေးခဲ့ကြပါတယ်။ သူတို့ကရှိနေတဲ့အယူအဆတွေကို တော်လှန်ဖို့နေနေသာသာ ပြုပြင်တယ်လို့တောင်မဖြစ်ဝံ့လို့
ပြင်ဆင်တာပါလို့ သမိုင်းရေးသူတွေက ရေးကြပါတယ်။ လီနင်ရဲ့လက်ထက်၊ ၁၉၂၀ ခုနှစ်မှာ တတိယအင်တာနေရှင်နယ်ကိုခေါ်ဆိုတော့ လီနင်က “ကွန်မြူနစ်အင်တာနေရှင်နယ်ထဲ ပါဝင်ရေးအတွက် သတ်မှတ်ချက်များ” (Terms of Admission into Communist International) ဆိုတာကိုရေးခဲ့ပါတယ်။ အဲဒီအထဲမှာပါတာတချက်က- “တတိယအင်တာနေရှင်နယ်ကိုထောက်ခံသူများဟာ သူတို့လက်လှမ်းမီရာ စင်မြင့်မှန်သမျှ- သတင်းစာဂျာနယ်၊ လူထုစည်းဝေးပွဲ၊ အလုပ်သမားသမဂ္ဂ၊ သမဝါယမ အဖွဲ့အစည်းတွေ-မှာ ဓနရှင်လူတန်းစားကိုသာမက သူ့ရဲ့အပေါင်းပါဖြစ်တဲ့ ပြုပြင်ရေးသမားအသွင်မျိုးစုံကိုလည်း စနစ်တကျနဲ့ မပြတ်ဖွင့်ချရ မယ်”လို့ ရေးခဲ့ပါတယ်။

ပြောရရင် မာ့က်စ်နဲ့အိန်ဂယ်တို့ နိုင်ငံရေးလမ်းကြောင်းပေါ်တက်ခဲ့တဲ့အချိန်မှာ ခေတ်သစ်အလုပ်သမားလှုပ်ရှားမှုတွေ စပေါ်နေပါပြီ။ သူတို့နှစ်ဦးဟာ သူတို့အရင်ပေါ်နှင့်နေတဲ့ စိတ်ကူးယဉ်ဆိုရှယ်လစ်စနစ်နဲ့ ဂျေကိုဘင် (Jacobin) လမ်းကြောင်းတွေကိုမလိုက်ဘဲ တော်လှန်တဲ့လမ်းကြောင်းကို လိုက်ခဲ့ကြပါတယ်။ တည်ရှိနေတဲ့ အဆောက်အအုံဟောင်းနဲ့ ရေလိုက်ငါးလိုက်နေသွားဖို့အယူအဆကို သူတို့က ငြင်းပယ်ခဲ့ကြပါတယ်။ သူတို့ခေါင်းထဲမှာ ပြုပြင်ရေးလမ်းကြောင်းကိုတောင်မှ သူတို့မထည့်ခဲ့ပါဘူး။ ၁၈၄၈ ခုနှစ်မှာထွက်လာတဲ့ သူတို့ရဲ့ကွန်မြူနစ်ပါတီကြေညာစာတမ်းရဲ့ ငါးပုံနှစ်ပုံဟာ လုံးဝအသစ်ဖြစ်တဲ့ဆိုရှယ်လစ်စနစ်ကို မိတ်ဆက် ရှင်းပြထားတာဖြစ်ပါတယ်။ သူတို့ခေတ်အနေအထားနဲ့အညီ ချီတက်ရာလမ်းကြောင်းသုံးကြောင်းအဖြစ် သူတို့တင်ပြခဲ့တာက အလုပ်သမားလှုပ်ရှားမှု- တော်လှန်ရေးအသိနိုးကြားမှု-တော်လှန်ရေးရယ်လို့ ဖြစ်ပါတယ်။

တိုင်းပြည်အနှံ့မှာ ကြဲကွဲနေတဲ့၊ အယူအဆတွေလည်း မတူညီကြတဲ့သူတွေဟာ အလုပ်သမားသမဂ္ဂတွေဖွဲ့ရင်းစုစည်းမိလာကြ၊ ဒီကနေ တော်လှန်ရေးဆင်နွှဲကြမယ်လို့ထောက်ပြပါတယ်။
တကယ်တော့ လီနင်-စတာလင်တို့ရဲ့ရုရှားတော်လှန်ရေးဟာ ပါတီတည်ထောင်ကာစအချိန်ကစလို့ ၁၉၀၅ ခုနှစ် တော်လှန်ရေး၊ ပထမကမ္ဘာစစ်ကာလလို ပါတီအရှိန်ရလာချိန်၊ အောက်တိုဘာတော်လှန်ရေးအောင်ပွဲရကာနီး၊ ရကာစ၊ ရပြီးနောက် အဆင့်တိုင်းမှာ ပြုပြင်ရေးသမား၊ ပြုပြင်ရေးအယူအဆတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သမိုင်းကပြသခဲ့တာကတော့ ဒီဟာတွေကို အောင်မြင်ကျော်လွှားနိုင်မှ မိမိတို့ရဲ့အရေးတော်ပုံအောင်ပွဲခံတယ်ဆိုတာပါပဲ။

သမိုင်းတစ်လျှောက်မှာ နိုင်ငံတကာအလုပ်သမားလူတန်းစားလှုပ်ရှားမှုဟာ အနှစ်သာရအားဖြင့် ပဒေသရာဇ်၊ လက်ဝါးကြီးအုပ်-ခရိုနီအရင်းရှင်စနစ်၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးဖြစ်တဲ့ ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ လယ်သမား၊ အမှုထမ်း၊ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ ဓနရှင်ပေါက်စလူတန်းစား၊ စာပေးအနုပညာရှင်များစတဲ့ အခြားသော အဖိနှိပ်ခံပြည်သူတွေရဲ့လှုပ်ရှားမှုတွေနဲ့ သဘောသဘာဝအရကိုပဲ တဆက်စပ်တည်းဖြစ်နေခဲ့ပါတယ်။ အောင်ပွဲရခဲ့တဲ့တော်လှန်ရေးတိုင်းမှာ အလုပ်သမားလူတန်းစားဟာ အဲဒီတခြားမဟာမိတ်အင်အားစုတွေနဲ့ လက်တွဲတိုက်ပွဲဝင်နိုင်လို့သာ အောင်ပွဲရခဲ့တယ်ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။

ဒီလိုဆိုတဲ့အတွက် ကွန်မြူနစ်တွေဟာ ပြုပြင်ရေးကိုလုံးဝလက်မခံတာမဟုတ်ပါဘူး၊ ကိုယ်က အာဏာရရင် ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲမှာဖြစ်သလို ကိုယ်အာဏာရမထားတဲ့ကာလမှာလည်း မှန်ကန်၊ သင့်တော်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံသွားမှာသာဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စိုးသူတွေက သူတို့အာဏာတည်မြဲရေးကိုရည်ရွယ်ပြီး ပြည်သူလူထုကို မျက်စေ့လည်အောင်လှည့်စားတဲ့၊ သူတို့မပုန်ကန်အောင် မဗေဒါရေခပ်ခိုင်းသလိုလုပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုတော့
မူအရကိုပဲ ဆန့်ကျင်ရမှာဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာက အချိန်အကြာကြီးယူ ပြင်ဆင်ပြီး အချက်အလက်တွေအများကြီးပြည့်စုံမှ ဆင်နွှဲနိုင်တာပါ။ ဒီလိုတော်လှန်ရေးကြီးတရပ်မဖြစ်ပေါ်မီ အောင်ပွဲမခံမီကာလတခုအတွင်း
ပြည်သူလူထုရဲနေထိုင်စားသောက်မှု၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေး စတဲ့ ဘက်မျိုးစုံမှာ သူတို့အခက်အခဲတွေကိုဖြေရှင်းဖို့၊ တိုးတက်ကောင်းမွန်စေဖို့ ပြုပြင်မှုတွေလုပ်ရပါတယ်။ ဒီလိုပြုပြင်ရေးမျိုးကို ကွန်မြူနစ်တွေက မဆန့်ကျင်ပါဘူး။ ဒီလိုအခွင့်အရေးတွေ တိုးတက်စေရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တာတွေကိုလည်း ကွန်မြူနစ်တွေက မဆန့်ကျင်ပါဘူး။ ထောက်ခံပါတယ်။ ကွန်မြူနစ်တွေ အဓိကဆန့်ကျင်တာက တော်လှန်ရေးတွေကို လှီးလွှဲဖို့အတွက်၊ ပြည်သူတွေကို မျက်စိလည်အောင်လုပ်တဲ့၊ ဝါဒဖြန့်တဲ့အုပ်စိုးသူလူတန်းစားတွေနဲ့ သူတို့ကို အကာအကွယ်ပေးသူ၊ ရှေ့နေလိုက်ပေးသူတွေရဲ့လုပ်ရပ်တွေကို ဖြစ်ပါတယ်။ တချို့က စနစ်တခုလုံးကို တော်လှန်ပစ်ရမယ်လို့မမြင်နိုင်သေးဘဲ ပြုပြင်ပြောင်းလဲယူရမယ်လို့ယူဆနေတာတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေကို ကွန်မြူနစ်တွေက လက်ခံ- လက်တွဲနိုင်ပါတယ်။ တကယ်က တချို့အနေအထားမှာ ဖိနှိပ်သူတွေနဲ့အဖိနှိပ်ခံတွေကွဲပြားနေတဲ့စနစ်တခုကို မကြိုက်တာ၊ မကျေနပ်တာကိုက မဆိုးတော့ဘူးလို့ပြောရမှာပါ။ တော်လှန်ရေးသမားတွေရဲ့ အဓိကရန်သူဟာ စနစ်ဆိုးကြီးကိုမှီခိုပြီး ကြီးပွားချမ်းသာ၊ နောက်ပြီးအဲဒီစနစ်ကို
နည်းမျိုးစုံနဲ့ကာကွယ်နေသူတွေသာဖြစ်ပါတယ်။

ပြုပြင်ရေးဝါဒရဲ့အန္တရာယ်ဟာ ပြည်သူလူထုရဲ့အုံကြွမှုတွေ အရှိန်ယူချိန်၊ အရှိန်ကောင်းနေချိန်၊ အောင်ပွဲရကာနီးချိန်တို့မှာ ပြည်သူတွေကိုဝေဝါးမှုအမျိုးမျိုးဖြစ်စေတာလည်း ပါပါတယ်။ ဦးတည်တိုက်နေသူကို တိုက်သင့်ရဲ့လားလို့ဝေဝါးလာစေတာ၊ ဒီလို အနစ်နာခံစွန့်လွှတ် တိုက်ပွဲဝင်နေမယ့်အစား အေးအေးဆေးဆေး တောင်းယူဖြေရှင်းလို့မရနိုင်ဘူးလားလို့ စဉ်းစားလာစေတာ စတဲ့ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ဖော်ပြတတ်ပါတယ်။

တချို့က ဒီပြုပြင်ရေးအယူအဆကို ရိုးရိုးသားသား ထင်မြင်ဖော်ထုတ်ကြတာပါ။ ဒါပေမဲ့ တချို့ကတော့ လူထုတိုက်ပွဲတွေကိုဖျက်ဆီးဖို့၊ လူထုရဲ့ဦးတည်ရန်သူကိုကယ်တင်ဖို့ အကြံအစည်ဆိုးနဲ့
တင်လာကြတာဖြစ် ပါတယ်။

လူထုလှုပ်ရှားမှုတွေထဲကို ပြုပြင်ရေးဝါဒဟာ နည်းမျိုးစုံနဲ့ဝင်လာတတ်ပါတယ်။ လှုပ်ရားမှုက ဦးတည်တိုက်ခိုက်တာခံရသူ၊ အဲဒီ ဦးတည်တိုက်ခိုက်ခံရသူတွေကိုအကာကွယ်ပေးနေတဲ့ အုပ်စိုးသူအစိုးရ၊ ဒါမှမဟုတ် ကိုယ့်လိုဘ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုတွေကို တိုက်ပွဲလမ်းကြောင်း မလိုက်စေလိုသူ (ပြည်တွင်း-ပြည်ပ)ရဲ့ဆန္ဒအတိုင်း လူထုလှုပ်ရှားမှုတွေကို အညွန့်တုံးအောင်လုပ်တာဟာ အဆိုးဆုံးဖြစ်ပါတယ်။ ဒီလိုလူ တော်တော်များများ ကာလတခုကြာတော့ ရန်သူ့ဘက် ပါသွားတာမျိုးတွေ မကြာခဏတွေ့ရပါတယ်။

ပြုjပြင်ရေးသမားတွေနဲ့က တော်လှန်ရေးသမားတွေအကြားမှာ လုပ်နည်းကိုင်နည်း-သွားတဲ့လမ်းကြောင်းသာ ကွဲပြားတာ၊ ရည်မှန်းချက်ဦးတည်ချက်မှာတော့ အတူတူပဲလို့ တချို့က ပြောတတ်ကြပါတယ်။ ဒါ မှားပါတယ်။ ပြုပြင်ရေးသမားနဲ့တော်လှန်ရေးသမားဟာ ဦးတည်ချက်ကိုပဲ ကွဲပြားခြားနားပါတယ်။

တကယ်တော့ တခုက အရေးတော်ပုံအောင်ပွဲခံရေးအတွက်လုပ်တာဖြစ်ပြီး နောက်တခုကတော့ အရေးတော်ပုံ မပေါ်ပေါက်ရေး၊ အောင်ပွဲမရရေးအတွက် လုပ်တာဖြစ်ပါတယ်။ သူတို့အတွက် အစပြုချက် ၏ တွေထဲမှာ အများဆုံးတွေ့ရတာကတော့ တည်ရှိနေတဲ့၊ အားကောင်းနေတဲ့လူထုလှုပ်ရှားမှု၊ အင်အားစုတွေကို ဂိုဏ်းခွဲဖို့လုပ်တာပါပဲ။ အလုပ်သမားထဲမှာဆိုရင် အလုပ်သမား မင်းညီမင်းသားတွေမွေးသလို၊ ကျောင်းသားထဲမှာဆိုရင်လည်း- တခေတ်က ဖဆပလအစိုးရရဲ့ ဒီအက်စ်အို(DSO)လို- စုန်းပြူးတွေကို မွေးတာတွလုပ်ပါတယ်။ ငွေ-အခွင့်အရေးစတာတွေပေးပြီး ဝယ်ယူတာ၊ ဖျက်ဆီးတာတွေလုပ်ပါတယ်။

တော်လှန်ရေးသမားတွေကတော့ အခြေအနေ၊ အချိန်အခါကိုလိုက်လို့ ဒီအင်အားစုကို ပြန်လည်သိမ်းသွင်းဖို့ကြိုးစားရတာ၊ အနည်းဆုံး တပ်ပေါင်းစုအဖြစ်လက်တွဲလုပ်နိုင်အောင် လုံးပန်းရတာတွေရှိပါတယ်။

မှန်ပါတယ်။ ကွန်မြူနစ်တွေဟာ စေ့စပ်ဖြေရှင်းနည်းကို မပစ်ပယ်ပါဘူး။ မလိုလားအပ်တဲ့ စွန့်လွှတ်ဆုံးရှုံးမှုတွေကို မလိုလားပါဘူး။ ဒါပေမဲ့ ပြဿနာက အာဏာရထားသူတွေက သူတို့ရှုံးနိမ့်ကြောင်း အလွယ်တကူ လက်ခံအလျှော့ပေးလေ့မရှိရုံမက လက်နက်နဲ့တုံ့ပြန်တာ၊ နှိမ်နင်းတာတွေ လုပ်လေ့ရှိလို့ဖြစ်ပါတယ်။ အာဏာရှင်တွေကို တရားပြ၊ တရားချတာလောက်နဲ့ ပြောင်းလဲပစ်နိုင်ရင် ကမ္ဘာစစ်ကြီးတွေ ဖြစ်ခဲ့မှာမဟုတ်ပါဘူး။
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးပါ)

Tuesday, December 6, 2016

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား

0 comments

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား

အရေးတော်ပုံဂျာနယ်မှ

(ဖောင်ပိတ်)

ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။
(၁)
ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု
ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့ အဖြစ်အပျက် တခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ မောင်းတောဘက်က ရဲကင်းစခန်း ဝင်စီးခံရတဲ့ ကိစ္စ ဖြစ်တယ်။ ရဲ ၉ ဦးသေဆုံးသွားပြီး သေနတ် ( နောက်ဆုံးစာရင်းအရ ၆၄ ) လက်နဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်သွားခဲ့တယ်။ ခုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာ ဖြစ်သွားပါပြီ။ ဒီဆောင်းပါးမှာ စစ်တပ်၊ အစိုးရ၊ ကုလသမဂ္ဂနဲ့ ပါဝင်ပတ်သက်မှုရှိတဲ့ နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြနေမှာ မဟုတ်ဘူး။ အကြမ်းဖက်မှု မြစ်ဖျားခံရာ သမိုင်းကို ခြေရာကောက်ပြချင်တာပါ။ မမေ့သင့်တာ ပြောပါမယ်။
၁။ အကြမ်းဖက် ထိပ်ခေါင် အိုစမာဘင်လာဒင်တို့ တာလီဘန်တို့ ဆိုတာ အမေရိကန် CIA ကမွေးဖွားပေးလိုက်တဲ့ သူတွေ ဖြစ်တယ်။ အလားတူ အဖွဲ့တွေ အများကြီး ရှိပါသေးတယ်။ ဘက်ကန်သွားသူတွေလည်း တပုံတခေါင်းကြီး ….
၂။ ပူပူနွေးနွေး တူရကီ အာဏာသိမ်းပွဲရဲ့ လက်သည်ဟာ CIA ကမွေးထားပြီး အမေရိကန်မှာ အခြေစိုက်နေထိုင်တဲ့ မူဆလင်ဘာသာရေး ခေါင်း ဆောင် ဂူလင်ဖြစ်တယ်။
၃။ ခု အစိုးရ၊ စစ်တပ်ဘက်က လက်ညှိုးထိုးပြနေတဲ့ RSO, ARIF အဖွဲ့ဆိုတာတွေကကော ဘယ်သူမွေးထားတာလဲ၊ သူတို့တတွေ အင်အား သေးသွားပြီး နယ်စပ်မှာ လျှိုနေရချိန် – တရုတ်အစိုးရနဲ့ ဗမာစစ်အစိုးရ အပေးအယူမျှကာ ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်တည်လာတော့မှ အမေရိကန်ဘက်က ခြေလှမ်းပြင်လာတာပါ၊ ဒါကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်ရေးအတွက် ကုလတို့ NGO တို့စတဲ့ ဆိုင်းဘုတ်တွေ ချိတ်ပြီး လှုပ်ရှားလာရာက ပေါ်လာတဲ့ အရေးအခင်းအဖြစ် သုံးသပ်လို့ရပါတယ်။ မူလ သူ့ မြားဦးက တရုတ်နဲ့ စစ်အစိုး ရကို ချိန်ထား တာဖြစ်တယ်။
ဒါပေမဲ့ အစိုးရ အပြောင်းအလဲဖြစ်လာတော့ အချိုးတမျိုး ပြင်ရပါတယ်။ မောင်းတော အရေးအခင်းပေါ်လာတော့ စစ်တပ်က အမျိုး၊ ဘာသာ။ နိုင်ငံ ကာကွယ်သူကြီး ဂိုက်ဖမ်းပြီး စစ်တပ်တွေ လွှတ်ပါတယ်။ ထုံးစံအတိုင်း စစ်တပ်ဝင်ပြီဆိုတာနဲ့ နေဝင်မီးငြှိမ်းလုပ်မယ်၊ ရွာတွေ မီးရှို့ခံရမယ်၊ လူဖမ်းတဲ့ သတ်တဲ့အမှုတွေ ပေါ်မယ်။ တခြားမဟုတ်တရုတ် မှုခင်းတွေလည်း ပေါ်တော့တာပါပဲ။
ဒီနေရာမှာ အမေရိကန်အဖို့ အခက်အခဲတရပ်ဖြစ်သွားတာ တွေ့ရတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ အော်ဟစ် ထားတာကိုလည်း ရပ်လို့မရ၊ OIC မျက်နှာလည်းကြည့်ရ၊ ဗမာအစိုးရနဲ့ စစ်တပ်ကိုလည်း လက်လွှတ်မခံနိုင် ဖြစ်နေတယ်။ သံအမတ်ကြီး စကော့မာစီရယ်ဟာ ‘စစ်ပွဲတွေ ရပ်စဲရေး’ ပါးစပ်ကအော်ပြီး ပြည်တွင်းနေရာအနှံ့ အလှုပ်ရှားဆုံး သံအမတ်ဖြစ်နေတယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကစလို့ အာဏာရလာတဲ့အစိုးရအဆက်ဆက်ဟာ ဒီနယ်စပ်ကိုကိုယ်ကျိုးအတွက်၊ ကိုယ့် ထောက်ခံသူ မွေးရေး အမျိုးမျိုးလုပ်ကိုင်ခဲ့ကြတာ ကနေ့အထိပါပဲ။
(၂)
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု
တနေ့မဟုတ်တနေ့၊ တနေရာမဟုတ် တနေရာ ဖြစ်ကိုဖြစ်ရမယ့်ကိစ္စပါ။ အင်မတန်ကို ဆုံးရှုံးမှုကြီးတဲ့ ဖြစ်ရပ်ကြီးတခုပဲ။ ခုဖြစ်သွားပြီ၊ ဖြစ်ပြီးခဲ့ တာတွေလည်း များလှပြီ၊ ပြုပြင်ပြောင်းလဲချိန် မရောက်သေးလို့ မပြုပြင်ရင် နောင်လည်း ကြုံကြရလိမ့်ဦးမယ်။
ခုဖြစ်ရပ်မှာ နှစ် ၆၀ စစ်အုပ်စု စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း စားရသမျှစား၊ ဝါးရသမျှ ဝါးခဲ့ကြလို့ အခွံချည်းကျန်တဲ့ ဝန်ကြီးဌာန၊ အကြွေးများသာ ထားခဲ့တဲ့ ဝန်ကြီးဌာနစသဖြင့် ရှိခဲ့ကြရာမှာ သယ်ယူပို့ဆောင်ရေး(-နဲ့ ဆက်သွယ်ရေး) ဝန်ကြီးဌာနလည်း အပါအဝင်ဖြစ်တယ်။
စုတ်ပြတ်သတ်နေတဲ့ ရေယာဉ်အနည်းအကျဉ်းသာ ရှိတော့တဲ့ ဒီဌာနဟာ တိုးပွားလာနေတဲ့ ခရီးသည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေး နိုင်တာ ကြာပါပြီ။
ဒီတော့ ပြည်သူတွေက ပုဂ္ဂလိကပိုင် အမြန်ယာဉ်တွေကိုပဲ အားကိုးရပါတော့တယ်။ ခုလည်း သီတင်းကျွတ်ကျောင်းပိတ်ရက်ကလေး အမီ ပြန်ရမှာမို့ အလုအယက် ပြုံတိုးစီးရာက ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်တခုပါပဲ။ နိုင်ငံ့အညွန့်အဖူး ကျောင်းသူကျောင်းသားတွေ၊ အနန္တော အနန္တ ဂိုဏ်းဝင် ဆရာဆရာမတွေနဲ့ အပြစ်မဲ့ပြည်သူတွေ (စာရင်းတွေ့ ၇၀ ကျော်) သေဆုံးကြရပါတယ်။ ကျန်ရစ်သူ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေ ရင်ကွဲကြရပါပြီ။ ခု ဗမာပြည်မြောက်ပိုင်းမှာ (အချင်းချင်းတိုက်နေတဲ့) တိုက်ပွဲကြီးတခုရဲ့ အသေအပျောက်နဲ့ ချိန်ထိုးကြည့်သင့်တယ်။ ပြော ချင်တာက တပြည်လုံးမှာ (မသေသင့်ဘဲ) သေနေကြရတယ်ဆိုတာပဲ။ ၂ နေရာစလုံး မသေထိုက်ဘူး။
ခုဒီကိစ္စ ပြောဆိုနေကြတာတွေမှာ ယာဉ်ပိုင်ရှင် ယာဉ်မောင်းနဲ့ ရေယာဉ်သမားများကိုပဲ တရားခံအဖြစ် ‘ဇောင်း’ပေး ဖော်ပြနေကြ တာက များတယ်။ သူတို့လည်း တာဝန်ရှိတာ အမှန်ပါ။ တချို့က သမ္မတကြီး မေးမြန်းဖော်မရလို့ အပြစ်ဆိုကြတယ်။သမ္မတကြီး မေးတော့ မေးတယ်။ နောက်ကျတာ ရှိတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေ နာဂစ်တုန်းက လျှိုနေခဲ့တာနဲ့တော့ မတူဘူးထင်ပါတယ်။
တော်လှန်ရေးကောင်စီခေတ်က ‘ဝန်ကြီး’တာဝန်ပေးထားတဲ့သူတွေကို ‘တာဝန်ခံ’လို့ သုံးတယ်။ အခုလည်း တာဝန်ရှိတဲ့သူတွေ တာဝန်ခံသင့်ပါတယ်။ ရခိုင်ကိစ္စမှာ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ တာဝန်ယူရမယ်။ အောင်စိုးမိုးကျော်ကိစ္စမှာ ပို့ဆောင်/ ဆက်သွယ် ရေးဝန်ကြီး တာဝန်ယူရမှာပါ။
နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားပြီး အလျှိုလျှို နုတ်ထွက်ကုန်ကြပြီပေါ့။ ဒါပေမဲ့ တာဝန်ယူထဲ့ အစဉ် အလာဟာ ဗိုလ် နေဝင်းကတည်းက မရှိတာပါ။ တာဝန်ယူကြေးဆိုရင် ၆၂ ဇူလိုင် အရေးအခင်းကစပြီး နောက်အရေးအခင်းတွေအထိ စက်တိုင်တက်ရမယ့်သူတွေ လျက်ချိုးရေလို့ မကုန်နိုင်ဘူး။ သူများကို လွှဲချတဲ့ အစဉ်အလာသာ ထွန်းကားခဲ့တာကလား။
(၃)
ဆိုင်ရှင်ရုပ်သိမ်းခြင်းနဲ့ ခရိုနီပြဿနာ
ဒီနေ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ၆၇ ဘီယီယံကျော် ရှိတဲ့ ဗမာပြည်ရဲ့ GDP ကို ကျော်နိုင်တယ်လို့ တွက်သူက တွက်တယ်။ ဦးသိန်းစိန်လက်ထက် ဗမာပြည်မှာ ဒေါ်လာ ၁ ဘီလီယံအထက် ချမ်းသာသူ လုပ်ငန်းရှင်၂၀ မပြည့်ဘူး။ အခုအချိန်တော့ ၂၀ နဲ့ ၅၀ ကြားအထိ တိုးများလာတယ်။ ဒီလိုဖြစ်သူတွေဟာ လွှတ်တော်အတွင်း လုပ်ပိုင်ခွင့်ရှိသူတဦးနှင့် NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ နီးစပ်သူတွေ ဖြစ်နေကြတာ တွေ့ရကြောင်း ဖော်ထုတ်သူက ဖော်ထုတ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်အတွက် အသုံးချချင်နေတယ်။ ကောင်းသော ခရိုနီနဲ့ မကောင်းသော ခရိုနီလို့ သရုပ်ခွဲခဲ့တယ်။ အခုပြောတာက “မိမိတို့အတွက် လုပ်ခဲ့ပြီးပြီ။ တိုင်းပြည်အတွက် မိမိတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြပါ” လို့ ဖိတ်ခေါ်ခဲ့တယ်။ တိုင်းပြည်စီးပွားရေးအခြေအနေ မကောင်းတာက ‘ရက် ၁၀၀ အတွင်း စီးပွားရေး ကောင်းလာ စေရမယ်’လို့ အာမခံတဲ့ ဝန်ကြီးတပါးရဲ့ စကားကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ခု ၆ လ ကျော်လာခဲ့တော့ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ကပါ ဝန်ခံတောင်းပန်ခဲ့ရတယ်။
တိုင်းပြည်မှာ စီးပွားရေးကွာဟမှုက ကြီးသထက် ကြီးလာနေတယ်။ ဝင်ငွေ တရက် ၂၀၀၀ ကျပ်မကျော်တဲ့ သူက ၁၅ သန်းကျော် ရှိလာပါပြီ။ ဒီလို ကွာဟမှု ဖြစ်သွားတာမှာ သူတို့လက်ချက် မကင်းလို့ သူတို့ကို မဏ္ဍိုင်ထား တည်ဆောက်မှာကိုတော့ ပြည်သူတွေက ဘဝင်ကျ လှမယ် မထင်ဘူး။ ကောင်းသောခရိုနီလို့ အရုပ်ရေးကြည့်ရင် ပါးဖောင်း ဗိုက်ပူကြီးတွေပဲ တွေ့ရလိမ့်မယ်။
ဇေကမ္ဘာကြီးက ကြိုပြောထားတာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို (တိုင်းပြည်အတွက်) အသုံးချရမယ်….တဲ့။
ခုတော့ အသုံးကျလာပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးမှာ ဒေါ်လာ ၈ ဘီလီယံခန့် (၇ ဒဿမ ၇၃ ဘီလီယံ) အကူအညီ ရလာခဲ့တယ်။ ဂျပန်-မြန်မာ စီးပွားရေး ဖိုရမ်တက်ကြဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၃၀ ကျော် အဆင်သင့်ဖြစ်ကြပါပြီ။ တိုင်းပြည်ကိုကောင်းအောင် ဘယ်လို လုပ်ကြမလဲ။ စောင့်ကြည့်ပါမယ်။ ဂျပန်ကတော့ အမယ်များလှတဲ့ စီးပွားရေးလုပ်ငန်းတွေ နိုင်ငံအနှံ့ ထူထောင်ထား နိုင်ခဲ့ကြပြီ။
ဆိုင်ရှင်တွေ ရုပ်သိမ်းပြီးတဲ့နောက် ခရိုနီတွေ ခြေလှမ်းစိပ်လာခဲ့တယ်။ မူဆယ်လေယာဉ်ပျံကွင်း ဆောက်လုပ်ခွင့်ရရေးအတွက် ဦးနေဝင်း မြေး ၂ ယောက်ရယ်၊ (ထူး) တေဇနဲ့ ဦးစိုင်းအိုက်ပေါင်းတို့ အပြိုင်ကြဲကြတာ တွေ့လိုက်ရတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လုပ်တော့မယ်။ လူကြားကောင်း ပိတ်လိုက်တဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဝေဝေစည်စည် ဖြစ်လာတယ်။
ဖဆပလခေတ် ဝန်ကြီးချုပ်ဦးနုက အစိုးရဌာနတချို့ ခြစားမှုတွေများလာလို့ (အဲဒီလူတွေကြား) ထင်ရူးသေတ္တာတလုံး ချပေးလိုက်ရင် တခဏနဲ့ သေတ္တာကြီး ပျောက်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။ အခုလည်း စားချင်စရာ အကွက် (ထင်းရှုးသေတ္တာ) တွေ တကွက်ပြီးတကွက် ပေါ်လာနေပါတယ်။ခရိုနီဦးရေလည်း တိုးသထက် တိုးလာတယ်။ ခြကောင်ရေလည်း ပွားသထက်ပွားလာမှာကတော့ အသေအချာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာတော့ ဝန်ကြီးချုပ်တွေ နုတ်ထွက်ပေး ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ကြားလာရပြီ။
(၄)
တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ မြန်မာ့ နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နိုင်ငံတကာ ခရီးထွက်နေကြတာ သိပ်များပါတယ်။ ပြည်တွင်းမီးတွေဘက် မလှည့်နိုင်သေး၊ တခြားနိုင်ငံတွေကတော့ ပြည်တွင်းမီးပေါ်တာနဲ့ ခရီးစဉ်တွေ ဖျက်လေ့ရှိကြတယ်။ ဒါကို ကြည့်ခြင်းဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှု၊ ဘဏ္ဍာငွေကြေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပေါ် အခြေစိုက်ထားပြီး ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ထောက်ခံမှု၊ ဖိအားပေးမှုတွေကို အတော် မျှော်ကိုးထားပုံရပါတယ်။
တရုတ်အနေနဲ့ ဘက်စုံက အခြေချထားပြီးပြီ၊ ဂျပန်ကလည်း ထဲထဲဝင်ဝင် လုပ်ထား/ လုပ်နေပါတယ်၊ အိန္ဒိယက တိုးဝင် နေဆဲဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ အမေရိကန်က အချိန်ယူရပါဦးမယ်။
စုံစုံညီညီဖြစ်လာချိန် ဗမာပြည်ရဲ့ လူမှုဘဝကို မှန်းမျှော်ကြည့်မိတယ်။ (၁) ခရိုနီတွေ ပိုချမ်းသာလာမယ် (၂) ပြည်သူတွေအနေနဲ့ ဆလံပေးရမယ့်သူများလာမယ်၊ ပြည်တွင်းပြည်ပ သူ့တပည့် ကိုယ်တပည့် ခံယူကြပြီး အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်တယ် (၃) တိုင်းပြည်အတွင်း တည်ရှိခဲ့/ တည်ရှိတိုးပွားလာနေဆဲ လူဆိုးလူမိုက် (မာဖီးယား) ဂိုဏ်းတွေ အင်အားကောင်းလာမယ်၊ လက်ရဲဇက်ရဲ ပိုလုပ်လာလိမ့်မယ်။ (ခုတောင် ရာဇဝတ်မှုခင်းတွေများလွန်းလို့ တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြရပြီ မဟုတ်လား)။
(က) ပြည်နယ်/ နယ်စပ် ပါတီနိုင်ငံရေး – လက်နက်ခဲယမ်းဆိုတာ အလကား ထားလို့ မရ(နိုင်ငံရေးအကျိုး စီးပွားအတွက်) အသုံးချနေ ရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပေါ်လစီကြောင့် တိုက်ပွဲတွေ အဆက်မပြတ်ပေါ်နေတယ်။ တိုင်းရင်းသားပါတီတွေရဲ့ အဓိက လုပ်ငန်းက ကိုယ့်အမျိုး သားတွေကို ကယ်ဆယ်ရေး၊ ပြုစုစောင့်ရှောက်ရေးနဲ့ စစ်ပွဲတွေ မဖြစ်ရေး မေတ္တာရပ်ခံတဲ့ ကိစ္စတွေပဲ တဝဲလည်လည် ဖြစ်နေတယ်။ စစ်ဖြစ် နေလေတော့ လူထု တိုးတက်ရာ တိုးတက်ကြောင်း စီမံကိန်းချပြီး မလုပ်နိုင်ကြပါဘူး။
(ခ) ပြည်မပါတီ နိုင်ငံရေး – ပါတီကြီးတွေက ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာ ရှိတယ်။ ဒီအထဲက စိတ်ဝင် စားစရာပါတီကြီးအချို့ရဲ့ အခြေအနေကို တင်ပြချင်ပါတယ်။
ဒီချုပ်။ ။ အာဏာ (တစိတ်တပိုင်း) ရတာ ၆လ ကျော် ၇လ နီးပါး ရှိပြီ။ ရွေးကောက်ပွဲနိုင်တာ တနှစ် ရှိတော့မယ်။ ကတိစကားတွေနဲ့ ထုတ်ပြန် ချက်တွေပဲ ရလိုက်တယ်။ ဆင်းရဲမွဲတေမှုတွေပဲ ရလိုက်တယ်၊ ဒီချုပ်တက်လာပြီးနောက်မှာ ဒီမိုကရေစီကို မျှော်လင့်ထားတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ဒီချုပ်က ကိုမျိုးရန်နောင်သိန်းပင် ဖမ်းဆီးခံရတာ၊ ထောင်ကျခံရတာ စတဲ့ ဒီမိုကရေစီ ပိတ်ပင်ခံရမှုတွေပဲ ရလိုက်တယ်။ အနာဂတ် မျှော်မှန်းချက်တွေ ဘယ်ရောက်ကုန်ပြီလဲ။
ဒီချုပ်အနေနဲ့ အစိုးရပိုင်းနဲ့ ပါတီအပိုင်းရယ်လို့ ၂ ပိုင်းရှိရာမှာ အစိုးရအပိုင်းက တာဝန် မကျေတာ ဝန်ခံသွားကြပြီ။ ပါတီအပိုင်းမှာ ကြည့်တော့ ညီညွတ်မှု ပြိုကွဲနေတာ အထင်အရှားတွေ့နေရတယ်။ လူသိထင်ရှား ရှမ်းပြည်နယ်ဒီချုပ်တွေ ထုတ်လိုက်ရတာ-ဒီချုပ်အမှုဆောင် တွေထဲက တယောက် တပေါက်ကိစ္စ၊ အစိုးရနဲ့ ပါတီထဲမှာ အောက်ခြေလွတ် ဘဝင်မြင့်နေတဲ့သူတွေကြောင့် လူထုရဲ့ ဒဏ်ခတ်ခံရလိမ့်မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောနေရတာတွေဟာ စစ်တပ်အကြိုက်၊ ကြံ့ဖွံ့အကြိုက်ဖြစ်နေတယ်။ ပိုထင်ရှားတဲ့ စာရင်းဇယားတခုက “ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး ရှိတဲ့အနက် ၃၀ ကျော်လောက်က မသင့်မတင့် ဖြစ်နေတယ်”လို့ ထုတ်ပြန်လာ ပါတယ်။(ကိုယ့်ပါတီကိုတောင် ရင်ကြားမစေ့နိုင်ပါလား။) ဒါပေမဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေရာစေ့ဝင်ပြိုင်မယ်၊ နေရာတိုင်းမှ နိုင်ရမယ်လို့ ပြောထားခဲ့တယ်။
ကြံ့ဖွံ့။ ။ သူလည်း နေရာစေ့ ဝင်ပြိုင်မယ့် အဖွဲ့ဖြစ်တယ်။ လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာအနက် အခုကျင်းပမယ့် ၁၉ နေရာစလုံး ဝင်ပြိုင်မယ့် ကိုယ်စားလှယ်အားလုံး အနိုင်ရအောင် စီမံထားတယ်လို့ ပြောပါတယ်။ ဒီပါတီအကြောင်း ခုအချိန် ပြောရာမှာ စိတ်ဝင်စားစရာ ၂ ချက် ရှိပါတယ်။ (၁) က ၂၀၁၅ ရွေးကောက်ပွဲမှာ ဖရိုဖရဲဖြစ်သွားပြီးတဲ့နောက် ဥက္ကဋ္ဌ အသစ်တယောက် တက်လာတာ ဖြစ်တယ်။ စစ်ဗိုလ်ဟောင်းပါပဲ။ (၂) နောက်တချက်က သူ့ပါတီရဲ့ ပေါ်လစီ ကြေညာချက်ဖြစ်တယ်။ ဒီအထဲမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးစတာတွေဟာ လက်တွေ့မှာ ကို့ယို့ ကားယားတွေချည်းပဲ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှု ဟူသည့် အသုံးအနှုန်းများသည် လက်တွေ့မကျဘဲ လူ့အခွင့်အရေး ကို အကြောင်းပြပြီး အမျိုး ဘာသာ သာသနာကို ထိခိုက်နိုင်သည်/ မိမိတို့ပါတီ၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်သည် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်သည်/ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လုံခြုံရေးသည် ဒုတိယ ဦးစားပေးဖြစ်ပြီး လူ့အခွင့်အရေးထက် အရေးကြီးသည်…. လို့ သူ့အင်တာဗျူးမှာ ပြောခဲ့ တယ်။ ကွယ်လွန်သူဝန်ကြီး ဦးအောင်သောင်းရဲ့ လုပ်ငန်းစဉ်တွေမို့ အသစ်မဟုတ်ပါဘူး၊ စစ်တပ်ရဲ့ မူဝါဒတွေနဲ့ စည်းမကွဲလှပါဘူး။ ဦးအောင်သောင်း လက်ထက်က ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ထိပ်တိုက်တွေ့မှုများ အကြမ်းဖက်သတ်ဖြတ်မှုများဆီ ဦးတည်ထားမို့ အန္တရာယ် ကြီးလှပါတယ်။
တစည။ ။ ကလည်း နေရာစေ့ပြိုင်မယ်လို့ ဆိုပါတယ်။ သူတို့လည်း တနိုင်ငံလုံး ပြိုင်ခဲ့ပြီ။ ၁ နေရာသာ ရခဲ့ပေမယ့် ဘဏ္ဍာရေး တောင့်တဲ့ပါတီမို့ ပြိုင်နိုင်ကြပါတယ်၊ အမာခံ ကေဒါကြီးတွေကလည်း အသက်အရွယ် ကြီးကုန်ကြပါပြီ။ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်လိုက်ကြပေမယ့် နုပျိုသစ်လွင် မလာပါဘူး။ ကြံ့ဖွံ့က နောင် ၅ နှစ် နောင် ၁၀ နှစ် ကြွေးကြော်သံတင် စိတ်ကူးယဉ်ထားကြပေမယ့် သူတို့ စိတ်ကူး မယဉ်နိုင်ကြပါဘူး။
ပြည်မထဲက ကျန်တဲ့ပါတီတွေကတော့ အိမ်ဖြည့်အဆင့်ပဲ ရှိပါတယ်။ ပါတီကြီးတွေ အဓိက ပြိုင်ရမှာက တိုင်းရင်းသား ပါတီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိဒီချုပ်အနေအထားအရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလောက်တော့ မနိုင်နိုင်ဘူး….လို့ တွက်ပါတယ်။ မနိုင်လည်း သူတို့အဖို့ လွှတ်တော်နဲ့ အစိုးရ အဖွဲ့အနေအထားကို ဒီအတိုင်း ဆက်ထိန်းထားနိုင်မှာပါ။
(၅)
တိုင်းရင်းသားများနဲ့ NCA ကိစ္စ
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ထက်ရောက်ခွင့်ရမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ချန်လှပ်ထားတဲ့ ၃ ဖွဲ့ကို ဖိတ်ကြားဖို့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီစည်းဝေးပွဲမှာ တိုက်တွန်းခဲ့ကြတယ်။
- ဒေါ်အောင်ဆန်းစုကြည်က UNFC ကို လက်မှတ် အရင်ထိုး၊ ကျန်တာတွေ နောက်မှ ဖြေရှင်းဆိုတဲ့သဘောထား
- ကာချုပ်ကတော့ လက်နက်အရင်စွန့်ဖို့ ပြောထားခဲ့တယ်
- ဒီ ၃ ဦးရဲ့ အမြင်အယူအဆတွေ မတူကြတာကတော့ မြင်တဲ့အတိုင်းပဲ။ သိပ်သိသာတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် ၅ နှစ် ကြာဦး မယ်လို့ NCA တာဝန်ခံတဦးက ပြောခဲ့တာဖြစ်မယ်။
ဒီအခြေအနေမှာ စစ်တပ် ဘာလုပ်နေသလဲ။ တိုက်ပွဲတွေ ဆက်တိုက်ဖော်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်း သပ်လျှိုတဲ့ လုပ်ငန်းလုပ်တယ်။ ဝနဲ့ မိုင်းလားကိစ္စ၊ RCSS နဲ့ TNLA ထိပ်တိုက်တိုးမှု၊ DKBA အတွင်း ခလောက်ဆန်မှုစတာတွေမှာ သူ့လက်ရာတွေ မကင်းဘူး။ အားနည်းသွားတဲ့အပိုင်းကို ဝင်စားတယ်။ ချုပ်လိုက်ရင် တပြည်လုံး မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်။
ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စကားတခွန်း ကျွံထွက်သွားတာ ရှိတယ်။ ဂျပန်ပြည်မှာ ပြောခဲ့တာ ဖြစ်တယ်။ “ပြည်တွင်းစစ် မရပ်စဲတာရဲ့ အဓိက အခက်အခဲက စစ်မရပ်ချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဖြစ်တယ်”….ဆိုတဲ့စကား၊ မှားသလား ဆိုတော့ မမှား ဘူး။ ပညာရှိ ဆန်ဆန် ပြောလိုက်တာပါ။ ပြဿနာတက်သွားတာက အဲဒီစိတ်ဓာတ်မျိုး ဘယ်သူ့ဆီမှာ ရှိသလဲ ….ဆိုတာ ထည့်ပြောမသွား တာပဲ။ ဒီစိတ် ဓာတ်မျိုးက စစ်နဲ့အကျိုးရှိနေတဲ့ စစ်ကြောင့် အာဏာကိုင်ထားနိုင်တဲ့ စစ်အုပ်စုဆီမှာပဲ ရှိတာဖြစ်တယ်။ တိုင်းရင်းသား တဦးက တော့ “ထိုးစစ် လုပ်နေတဲ့ သူဟာ ငြိမ်းချမ်းရေး မလိုလားလို့ပဲ” …. လို့ ထောက်ပြသွားတယ်။
(၆)
နိဂုံး
ဒေါ်အောင်ဆန်းစုကြည်က “ဗမာပြည်ဟာ သမိုင်းသစ်ကို ရေးထိုးချိန်” လို့ သတ်မှတ် ပြောဆိုထားတယ်။
ကျွန်တော်တို့ စိုးရိမ်နေတာက ခရိုနီကိစ္စ။ လယ်ယာ အခြေခံနိုင်ငံမှာ စိုက်ရသမျှ အကုန်စိုက်၊ စားရသမျှ အကုန်စား၊ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ရှိတဲ့ လယ်သမားအရေးကို အဓိက အာရုံစိုက် ဖြေရှင်းရမယ့်အစား ခရိုနီတွေက စားရသမျှ အကုန်စား၊ ဝါးရသမျှ အကုန်ဝါးခဲ့ တယ်။ လေယာဉ်ကွင်းလည်း မရှောင်၊ တံတားတွေ၊ လမ်းတွေ၊ ဓာတ်သတ္တုတွေ၊ လက်နက်ခဲယမ်း၊ လေယာဉ်၊ သံချပ်ကာကား၊ အမြောက်၊ တင့်ကား အကုန် ဝါးခဲ့တယ်။ မြေကြီးတွေတောင် အလွတ်မပေး ဧကသိန်းချီ ဝါးခဲ့တယ်။ ခုလည်း ဝါးကြတော့မယ်။ လူတန်းစား ကွာဟချက် ကြီးပြီး မခံမရပ်နိုင်ဖြစ်ကြ မှာ စိုးရိမ်ပါတယ်။
နောက်တခုက NCA ကိစ္စမှာ စစ်တပ်သဘောထားအတိုင်း သတ်မှတ် အကောင်အထည်ဖော်လိုက်မှာကို ဖြစ်တယ်။
ဆင်းရဲတွင်းနက်သထက် နက်လာပြီဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ဆင်းရဲဒဏ်ကို ခံနိုင်ကြတော့မယ် မထင်ဘူး၊
‘သမိုင်းသစ်’ဆိုတာ ကောင်းသောသမိုင်း ဖြစ်ဖို့လိုပါတယ်။
သမိုင်းသစ်ကို ၂၀၀၈ အောက်က ရေးထိုးလို့မရကြောင်း ဒီချုပ်ခေါင်းဆောင်များ မြင်သိလာတဲ့အထိ လူထုကစိတ်ရှည်သည်းခံ စောင့်ဆိုင်းနေလိမ့်မယ်လို့ ယူဆနေရင်တော့ သမိုင်းသင်ခန်းစာ မယူတတ်တာပဲ ဖြစ်ပါလိမ့်မယ်၊
အေးငြိမ်း
(၇၊ ၁၁၊ ၂၀၁၆)

Saturday, December 3, 2016

လက်နက်ရောင်းနည်းသစ်(မျိုးမြင့်ချို)

0 comments
(လက်နက်ရောင်းနည်းသစ်)
အခု ကမ္ဘာ့စစ်လက်နက်ပစ္စည်း အထုတ်လုပ်အရောင်းချဆုံးနိုင်ကြီးတွေ တနည်းပြောရရင် အချမ်းသာဆုံးနိုင်ငံကြီးတွေက သူတို့ စစ်လက်နက်တွေကို အရင်လို အပုံလိုက်ရောင်းရမယ့်နည်းက သိတ်မလွယ်တော့မှန်း သိလာကြပြီ။

စစ်အေးခေတ်တုန်းက ထိုးပြစရာ အိုင်ဒီယော်လော်ဂျီအရရန်သူရှိတယ်။ ခြောက်လှန့်ပြစရာ ကွန်မြူနစ်တစ္ဆေ အကောင်လိုက်ကြီးရှိနေတယ်။ လူမွေး အစိုးရမွေး ပြည်မွေးပြီး စစ်လက်နက်တွေ သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချကြ တပ်ဆင်ကြလုပ်ကြတယ်။ ရောင်းလိုက်ရမှာ သောက်သောက်လဲပဲ။ စစ်ပွဲတွေကလည်း စစ်အေးသာဆိုတယ် ပူသလားမမေးနဲ့။ လက်နက်ရောင်းဖို့က အပြင်ထွက်ရှာစရာမလိုဘူး။ ဈေးကွက်ကြီးကိုက ကိုယ့်လူတွေပြန်ဖြစ်နေတာမျိုး။ ကိုယ့်အချင်းချင်း ပြန်ရောင်းကြတာမျိုး။ ဆိုတော့ရောင်းရဝယ်ရတာလွယ်တယ်။ ပွဲစားမလိုတော့ ပွဲခတွေ ပွဲညွန့်တွေလည်း ပေးစရာမလိုဘူး။ လူလည်း မသိဘူး။ လက်သိပ်ထိုးလည်း လုပ်စရာမလိုဘူး။ ဗြောင်ပဲ ရှင်းတယ်၊ လုပ်ရလွယ်တယ်။

ဆိုဗီယက်ယူနီယံပြိုပြီးနောက်ပိုင်း လက်နက်ဈေးကွက် ယိုင်ချင်လိုဖြစ်လာတော့ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာပေါ်က ယဉ်ကျေးမှုအရပြဿနာပေါ်နိုင်တဲ့နေရာတွေမှာ ရန်တိုက်သွေးထိုးဘေးတီးပေးပြီး ဒေသန္တစစ်တွေဖန်တီးပေးပြီး ထချကြတဲ့ငမိုက်သား ၂ ဘက်လုံးကို လက်နက်ရောင်းတဲ့နည်း ကျင့်သုံးတယ်။ ဟိုကောင်တွေကလည်း ဝယ်တာပဲ။ ချကြတာပဲ။ ချကြတာမျ ရစရာမရှိအောင်ကို ချကြတာ။ တချိန်က တိုင်းပြည်မကွဲခင် ဒေသမကွဲခင်က တအိမ့်တအိမ် ထမင်းအိုးလှန်နှိုက်စားနေကြတဲ့ကောင်တွေ အခုရန်သူဖြစ်ကြပြီဆိုပြီး အပြန်အလှန် သူ့ထမင်းအိုးကိုယ့်ထမင်းအိုး ရိုက်ခွဲကြတော့တာပဲ။ နောက်တော့ အမြင်မှန်ရသူရ လက်သည်ရင်းသိသူသိတွေဖြစ်ကြပြီး စစ်တွေ အသတ်အဖြတ်တွေရပ်ဖို့ လုပ်ကြတယ်။

ဒီတော့ စစ်ကုန်သည်ငပွကြီးတွေ အသက်ရှူကျပ်လာတယ်။ လက်သည်ပေါ်ကုန်တော့ ဗူးပေါ်သလိုပေါ်လာတော့ အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ထိုးကျွေးရမယ့်ကောင် ထိုးကျွေး၊ လုပ်ကြံရမယ့်ကောင် လုပ်ကြံ၊ သုတ်သင်ရမယ့်ကောင် သုတ်သင်၊ ကြိုးစင်ပို့ရမယ့်ကောင် ကြိုးစင်ပို့၊ နိုင်ငံရေးခိုလှုံခွင့်ပေးရမယ့်ကောင် ခိုလှုံခွင့်ပေး၊ ကဲ့ထုတ်ရမယ့်ကောင် ကဲ့ထုတ်၊ သူကောင်းပြုရမယ့်ကောင် သူကောင်းပြုပြက်ပြီး ချောလဲရောထိုင်လုပ်ပလိုက်တယ်။ ဒီနည်းလည်း အလုပ်သိတ်မဖြစ်လိုက်ဘူး။

အဲ့ဒီကာလတွေတုန်းက လက်နက်ရောင်းတယ်ဆိုတာ အပုံလိုက်ကြီးတွေရောင်းတာ။ လက်ကားရောင်းတာ။ ဝယ်လက်ကလည်း မျက်စေ့မှိတ်ပြီး အပုံလိုက်ကြီး မချသွားတာ။ ဈေးစကားနောက်မှပြောဆိုတာချည်းပဲ။ ဝယ်လက်က ကြီးလည်းကြီးတယ်။ အစိုးရတွေလည်း ဖြစ်တယ်။ လက်လီစိတ်တာ မဟုတ်တော့ စကားလည်း ဘာမှသိတ်ပြောနေစရာမလိုဘူး။ တခါတလေများ စက်ရုံကြီးပါ ချရောင်းပေးလိုက်တာ။ လူတွေပါ အဆစ်ထည့်ပေးလိုက်သေးတယ်။

ခု အဲ့ဒီနည်းတွေလုပ်ဖို့ နည်းနည်းခက်လာပြီ။ ဒီတော့ နည်းသစ်တွေကြံဆလာကြတယ်။ လိုလျှင်ကြံဆတော့ နည်းလမ်း ၂ ခုရလာတယ်။
နည်းသစ်လို့ဆိုရမယ့်ဟာက ပုံစံ ၂ မျိုးနဲ့ ပေါ်လာတယ်။ တမျိုးက သူတို့ အကာအကွယ်ပေးထားတဲ့ သူတို့ကိုပြန်အကာအကွယ်ပေးနေတဲ့ နိုင်ငံတွေကိုတော့ စစ်ရေးအရ ဘယ်နှဘီလီယံထောက်ပံ့လိုက်သည်ဆိုပြီး အဲ့ဒီထောက်ပံ့ငွေတပြားမကျန် သူတို့ကုမ္ပဏီတွေဆီကနေ လက်နက်ပြန်ဝယ်ရတာမျိုး။ အရင်ကဆို စစ်ရေးအရထောက်ပံ့ငွေရဲ့ဘယ်လောက်ကို သူတို့ဆီကနေပြန်ဝယ်၊ ဘယ်လောက်ကို ဘယ်သူ့ဆီကဝယ်၊ ဘယ်လောက်ကို ပြည်တွင်းမှာထုတ်လုပ်ဆိုတာမျိုးပဲ။ ခုတော့မဟုတ်တော့ဘူး ငါတို့ပေးတဲ့ငွေ ငါတို့ဆီကအကုန်ပြန်ဝယ်ဆိုတာမျိုးပဲ။ အခု ဒီနည်းကို အမေရိကန်က အစ္စရေးကို ဟိုတလောလေးကပဲ ၃၅ ဘီလီယံစစ်ရေးအထောက်အပံ့ပေးလိုက်သည်ဆိုတာနဲ့
စပွဲထွက်လာတယ်။ ပွဲစားမလိုဘူး။ မှောင်ခိုဈေးကွက်မဟုတ်ဘူး။ မြက်မြက်ကလေး ပြန်ရတယ်။ ကျေးဇူးလည်းအတင်ခံရတယ်။
အိုဘားမားလက်မှတ်ထိုးပြီးပြီ။

နောက်တမျိုးက တလက်ချင်း နည်းနည်းချင်း လက်လီစိတ်ရောင်းတာ။ ကိစ္စရှိနေတဲ့နေရာတွေ(ပြဿနာဖြစ်နေတဲ့ဒေသတွေ)ကို ဒေသခံလူခံတွေသုံးပြီး တဖက်လှည့်နဲ့ ရောင်းတာ။ ပြဿနာဖြစ်နေတာတွေလည်း နိုင်ငံနဲ့ချီဖြစ်နေတာမဟုတ်တော့ တိုက်လေယဉ်တွေ တင့်ကားကြီးတွေတော့ ဈေးကွက်နဲ့မဆန့်ဘူးပေါ့။ သေနတ်လောက် ပခုံးထမ်းလောင်ချာလောက် ဖေါက်ခွဲဖျက်ဆီးရေးပစ္စည်းတွေလောက် ယူနီဖေါင်းအီကွပ်မင်န့်လောက် စတာတွေများပါတယ်။ အရေအတွက်ကလည်း နည်းနည်းချင်း လီ လီ ပြီးရောင်းရ၊ ဝယ်လက်ကလည်း အစိုးရမဟုတ် ဘာမဟုတ်၊ တော်လှန်ရေးမဟုတ် ဘာမဟုတ်တွေဆိုတော့ ဇောတိကတွေမဟုတ်ကြဘူး။ သိတ်လည်း မဖြုံးနိုင်ဘူး။ ခြစ်ခြစ်ခြုပ်ခြုပ်တပြားကို နှစ်ပြားခွာနေရသူတွေ။ ပြီးတော့ တခါတလေ ဂဂျီဂဂျောင်ကများ ဈေးကဆစ်သေးဆိုတော့ စိတ်မရှည်ချင်စရာပဲ။ ဒါပေမယ့် မတတ်နိုင်ဘူး ဒီလိုပဲ စိတ်ရှည်ရှည်ထားပြီး လီရောင်းရမှာပဲ။ ဆီးရီးယားက အာဆဒ်အစိုးကိုဆန့်ကျင်တဲ့ လူမျိုးစုပိစိကွေးလေးအထိ ချိတ်ဆက်ပြီးရောင်းပေးသလို အီရတ်က ကာ့ဒ်တွေဘက်လည်း မလွတ်စေရဘူး။

ဒါက အခု သူတို့ ကြံဆရုံမက လက်တွေ့ချသုံးကြည့်နေကြတဲ့ နည်းလမ်းပဲ။ ဒီနည်း ဘယ်လောက်ခံမယ် မခံဘူး၊ အလုပ်ဖြစ်မယ် မဖြစ်ဘူးကတော့ ပြောဖို့စောဦးမယ်လို့လည်း ပြောကြတယ်။

ဘာပဲဖြစ်ဖြစ်ပါ ဒီနည်း အလုပ်မဖြစ် အသုံးမတည့်လည်း နောက်တနည်းတော့ ပေါ်ရ ဖော်ရမှာပဲမဟုတ်လား။

လက်နက်ဆိုတာ စစ်မရှိရင် ဘယ်သူ့သွားရောင်းရမှာလဲ။ လက်နက်ဆန်းဆိုတာ စမ်းသတ်ပစ်ခတ်ပြဖို့ စစ်ပွဲတွေနဲ့သေပေးရမယ့်လူတွေ လိုတယ်မဟုတ်လား။

Friday, December 2, 2016

သတင်းနဲ့မှတ်ချက်(အရေးတော်ပုံဂျာနယ်မှ)

0 comments
သတင်းနဲ့မှတ်ချက်
(၁-၁၂- ၂၀၁၆)
ဗိုလ်ဇော်ဋ္ဌေး၊ ဦးဝင်းထိန်နဲ့ “ကာလုံ” ပူဆာသူတွေ
“ကာလုံ” အစည်းအဝေးခေါ်ပေးပါလို့ ပူဆာကြတဲ့ ၁၃ ပါတီကြေညာချက်အပေါ် အစိုးရ ပြောခွင့်ရ ဗိုလ်ဇော်ဌေး ပြန်ပြီး ဖြေရှင်းလိုက်တော့မှ ပုံကပေါ်လာတယ်။ သူပြန်ဖြေပုံက -
“လက်ရှိပြဿနာတွေကို အထွေထွေ အကျပ်အတည်း General Crisis လို့ မယူဆပါဘူး” တဲ့။
သူ့အဖြေက အဓိပ္ပာယ်တမျိုးနဲ့တွေးရင် ဟုတ်တုတ်တုတ်ပါပဲ။
(General) “ဂျင်နရယ်”ဆိုတဲ့ ဗိုလ်ချုပ်တွေမှာ ဘာအကျပ်အတည်းရှိမှာမို့လဲ။ ဆရာဦးဝင်းတင်က “ဂျင်နရယ်” ဆိုတာကို “သေနာ” လို့ သုံးသွားဖူးတာပဲ။
အခုဟာက ထိုင်းဘက်ကသွင်းလာတဲ့ (M 150) အားဖြည့် အချိုရည်ပုလင်းလေးတွေဖောက်ခွဲပြီး “ကာလုံ” ခေါ်ပေးပါတော့ လို့ ပူဆာနေတာကတော့ “တပ်မတော်အတွက်” ဂိုက်ပဲ့စရာဖြစ်တာပေါ့။
လက်တစ်လုံးအကျပ်အတည်းတွေ စိတ်ကြိုက်ဖန်တီးပြီး လက်တစ်လုံးလောက် လိုပြီဆိုတော့မှ “၂၀၀၈ အခြေခံဥပဒေ၊ အခန်း ၁၁” မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ချသုံးလိုက်ရုံပဲမဟုတ်လား။
တာဝန်ထမ်းဆောင်ဆဲ “ဂျင်နရယ်”တွေအတွက်တော့ အကျပ်အတည်းမရှိပေမယ့်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်အရှေ့မြောက်တိုက်ပွဲခွင်တွေထဲက စစ်ဗိုလ်စစ်သားတွေကတော့ မြေသြဇာဘဝရောက်နေကြရတယ်လို့ မီဒီယာ သတင်းတွေထဲမှာ မပြတ်ကြားနေရပါတယ်။
ဒီလိုဆိုရင် “အငြိမ်းစားဂျင်နယ်ရယ်တွေ” ရဲ့ ပါတီတွေဖြစ်တဲ့ (ကြံ့ဖွံ့ပါတီ) နဲ့ (တစည) အဖို့တော့ အကျပ်အတည်း ရှိနေပုံပါပဲ။
သမ္မတထက် မြင့်ထက်ရာထူးရှိရင်တောင် လုပ်မယ်လို့ ဆိုဖူးတဲ့ ဗိုလ်ရွှေမန်းတစ်ယောက်တော့ ဖေ့စ်ဘွတ်ဆယ်လီဘဝနဲ့ ယောနိသောနေပုံပါပဲ။ ၁၃ ပါတီတောင်းဆိုမှုနဲ့ပတ်သက်ပြီး ဗိုလ်ရွှေမန်း လေသံ မဟဝံ့ဘူးထင်ပါတယ်။
ကာလုံခေါ်ခိုင်းတဲ့ကိစ္စကို ဗိုလ်ဇော်ဋ္ဌေးဖြေပုံက သင်းတယ်။ ပစ်ပစ်ခါခါလုပ် မပစ်ဘူး။
“ ကာလုံခေါ်ခိုင်းတဲ့ ကိစ္စကလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်တဲ့ လိုရင်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့ ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည်တယ်” တဲ့။ ဘယ်လောက်ရှင်းသလဲ။
ဒီချုပ်ပါတီပြောခွင့်ရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အပြောအဆိုကလည်း ထူးခြားတယ်။
ဒီတောင်းဆိုချက်ကို ဦးဆောင်တဲ့ (ကြံ့ဖံွ့ပါတီ) နဲ့ (တစည)ကို တလုံးတပါဒမှ ထည့်ပြော မသွားဘူး။ ဝေဖန်ဖို့ ဆိုတာ ဝေး လာဝေး။ ဟိုနှစ်ယောက်ကိုပဲ မဲပြီး ဖိထောင်းသွားတာဖြစ်ပါတယ်။ တကယ်တော့ ၁၃ ပါတီကြေညာချက်ကို ဦးဆောင်တာ ( ကြံ့ဖွံ့ပါတီ) နဲ့ (တစည)ပဲဖြစ်တယ်။ ဦးဝင်းထိန် ဖိထောင်းနေတဲ့ ဟိုနှစ်ယောက်နဲ့အခြားဟာတွေက“ဒို့လူလေးများ”လို့ တိုင်ပေးလိုက်လို့ “ဝေလေ လေ” ကြတာပါ။
၁၃ ပါတီထဲမှာ တိုင်းရင်းသားအမည်ပေါက် ပါတီ ၂ ခုပဲပါတယ်။ ရှမ်းပြည်နယ်အခြေပြုတဲ့ အခြား ရှမ်း၊ ဝ၊ လားဟူ၊ လီးစူးနဲ့ ရခိုင်တို့လို တိုင်းရင်းသားပါတီတွေ ပါတာမတွေ့ရဘူး။ ဒီလိုမပါကြတာမှာ အကြောင်းနှစ်ခု ရှိနိုင်တယ်လို့မြင်ပါတယ်။ ပထမတစ်ခုက တချို့တိုင်းရင်းသားပါတီတွေက နှစ်ပါတီပေါင်းထားတာ ( ဥပဒေ - ANP)၊ တချို့က တပါတီတည်းအဖြစ် ပေါင်းဖို့ကြိုးစားနေတာ ( ဥပ မာ - ရှမ်းပြည်အခြေစိုက်တိုင်းရင်းသားပါတီတွေပေါင်းဖို့ကြိုးစားနေတဲ့ SNDP) ဒီတော့ ဒီကိစ္စထဲမှာ ဝင်ပါလိုက်ရင် အဲဒီလို ရည်မှန်းချက်တွေ ပျက်ပြီး အချင်းချင်းကွဲအက်၊ ကွဲထွက်ကုန်မယ့် အတွင်းပိုင်းအကြောင်းအချက်ရှိနေတာနဲ့ ဒုတိယအချက်ကတော့ ၂၀၁၇၊ ဧပြီကြား ဖြတ် ရွေးကောက်ပွဲမျှော်မှန်းချက်ကြောင့်လို့ ယူဆပါတယ်။
(ကြံ့ဖွံ့ပါတီ)တို့၊ (တစည)တို့နဲ့ တွဲပြီး ခုတ်လိုက်ရင် လာတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲတွေထိခိုက်သွားနိုင်မယ်လို့ တွက်ပုံပါပဲ။
နောက်ပြီး ဒီကိစ္စကို သဘောမတူနိုင်တဲ့အချက်လည်း ပါချင်ပါမှာပေါ့။ ဒါကြောင့် အမည်စာရင်းမှာ မဖော်ပြကြ တာဖြစ်ပါလိမ့်မယ်။
(အရေးတော်ပုံဂျာနယ်မှကူးယူဖော်ပြပါသည်။)

အမည်မဖော်အရက်စွဲသူများ (မျိုးမြင့်ချို)

0 comments
အမည်မဖော်အရက်စွဲသူများ (မျိုးမြင့်ချို)
သမ္မတလုပ်နေတုန်း သေတဲ့၊ အသတ်ခံရတဲ့ အမေရိကန် ၈ ယောက် အကြောင်း ပြောနေရင်းတန်းလန်း ဖေဖေဒေါ်များ နဝမမြောက်ဖြစ်သွားရင် ခက်ရချည်ရဲ့လိုတွေးပြီး စိတ်လက်မချမ်းသာတာနဲ့ အရက်ခွက်ဘက် လက်ရောက်မိတော့မလိုလိုဖြစ်သွားတာနဲ့ ဟာ မဖြစ်သေးပါဘူးလေဆိုပြီး ဒီစာအုပ်ကောက်ဖတ်မိတာပဲ။ ဒါနဲ့ ကြားဖြတ်လေး လက်တည့်စမ်းလိုက်မိတာပဲ။ ဟို ၈ ယောက်အကြောင်းလည်း ဆက်ပြန်ဖြစ်မှာပါ။ ဒီထဲက အရက်သမား အမှားတရာ ဘာညာသရကာဇာတ်လမ်းတွေလည်း ထုံ့ပိုင်းထုံ့ပိုင်းလေးပြန်မယ်တွေးတာပဲ။ တက်ကျမ်းလိုလို၊ လူငယ်ကြီးပွားရေးလိုလို၊ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့တို့လေလေ ဆရာတွေဖတ်မိပြီး မျိုးမြင့်ကြီး ဘာအရူးထနေတာလဲလို့ ထင်မှာလည်း စီုးရသေး။
Preface of the Fourth Edition of Big Book, the Basic Text for Alcoholics Anonymous
စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေသည့် အမည်မဖော်အရက်စွဲသူများစာအုပ်၏ စကားဦး
ဒီ အမည်မဖော်အရက်စွဲသူများ Alcoholics Anonymous- A.A စာအုပ်ဟာ စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်းဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ် ဧပြီလထဲမှာ ပထမဆုံးအကြိမ်ပုံနှိပ်စာအုပ်ထွက်ပေါ်ခဲ့ပြီး ၁၆ နှစ်အတွင်း အုပ်ရေသုံးသိန်းကျော်(၃ဝဝဝဝဝ)အထိ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် ဒုတိယအကြိမ် တည်းဖြတ်ထုတ်ဝေတော့ အုပ်ရေ တသန်းတသိန်းငါးသောင်းငါးထောင်(၁၁၅ဝ၅ဝဝ)ကျော်အထိ ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် တတိယအကြိမ်တည်းဖြတ် ထုတ်ဝေတဲ့အခါမှာ သုံးကြိမ်ပေါင်းအုပ်ရေစုစုပေါင်း ဆယ့်ကိုးကုဋေငါးသိန်းငါးထောင်(၁၉၅၅ဝဝဝဝ)ထိ ရောက်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းမှာ ဒီစာအုပ်ဟာ အခြေခံသင်ရိုးညွှန်းတမ်းဖြစ်လာခဲ့တာအပြင် ကျား/မအရက်သမားတပုံတခေါင်းကြီး လူတလုံးသူတလုံးနဲ့ ပုံမှန်ဘဝ ပြန်ရောက်ရေးအတွက် အထောက်အကူလည်း အကြီးအကျယ်ပေးခဲ့ပါပြီ။ ဘယ်လောက်ခက်ခဲ့တဲ့အပြောင်းအလဲကိုမဆို အောင်အောင်မြင်မြင် လုပ်ပြလိုက်မဟဲ့ဆိုတဲ့ ခိုင်မာတဲ့သံန္နိဌာန်ကြောင့် ဒီစာအုပ်ဟာ ခုတိုင်တည်ရှိနေတာဖြစ်ပါတယ်။ အရက်သမားကနေ ပုံမှန်ဘဝပြန်ရောက်ရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့်မို့ ဒီစာအုပ်ရဲ့ အစပိုင်းမှာဖော်ပြထားတဲ့ A.A Recovery လို့ဆိုတဲ့ ပုံမှန်ဘဝပြန်ရောက်ရေးအစီအစဉ်ကို တည်းဖြတ် မွမ်းမံတဲ့အခါ သိတ်အများကြီး တို့တာထိတာ သုတ်သင်တာမလုပ်ပဲ ရှေ့ကထုတ်ခဲ့တဲ့ ပထမ၊ ဒုတိယ၊ တတိယအကြိမ်ထုတ်တွေထဲကအတိုင်း ချန်ထားခဲ့ရပါတယ်။ သမားတော်ရဲ့အမြင် The Doctor’s Opinion ဆိုတဲ့ကဏ္ဍကိုဆိုရင် မူလခြေရာလက်ရာမပျက်ကို ထားခဲ့ပါတယ်။ ဒီကဏ္ဍကိုရေးခဲ့သူဟာ လူ့အဖွဲ့အစည်းအပေါ် ဧရာမကျေးဇူးပြုခဲ့ပြီး ဆုံးပါးရှာပြီဖြစ်တဲ့သမားတော်ကြီး ဒေါက်တာ ဝီလျံ ဒီ ဆစ်လ်ဝေါ့သ် Dr. William D. Silkworth ဖြစ်ပါတယ်။ သူက ဒီကဏ္ဍကို ၁၉၃၉ ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ်တည်းဖြတ်တဲ့စာအုပ်ကို ဒုတိယမြောက်ပုံနှိပ်ဖြန့်ချိတဲ့အခါ ဝိဉာဉ်ဆိုင်ရာအတွေ့အကြုံ Spiritual Experience ကို နောက်ဆက်တွဲအဖြစ် ပေါင်းထည့်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ်တည်းဖြတ်ထုတ်ဝေတဲ့အခါ အမည်မဖော်အရက်စွဲသူများအစဉ်အလာ နောက်ဆက်တွဲ the Appendices on A.A Tradition, အမည်မဖော်အရက်စွဲသူများ၏ဆေးဘက်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာအမြင် the medical view and the religious view of A.A, လက်စကာဆုချီးမြှင့်ခံရခြင်းနှင့် အမည်မဖော်အရက်စွဲသူများနှင့်ဆက်သွယ်ရမည့် သတင်းအချက်အလက် the Lasker Award and information on how to contact A.A စတာတွေကို ထပ်ပေါင်းထည့်ခဲ့ပြီး အရက်သမားများဖောင်ဒေးရှင်း Alcoholic Foundation ကိုတော့ ဖြုတ်ချထားခဲ့ပါတယ်။ အဓိက အပြောင်းအလဲကတော့ ပုဂ္ဂိုလ်ရေးဇာတ်လမ်းများ Personal Stories များကဏ္ဍဖြစ်ပါတယ်။ ပထမအကြိမ်တည်းဖြတ်ထုတ်ဝေခြင်းမှာပါတဲ့ ပုဂ္ဂိုလ်လိက ရာဇဝင် Personal History, ဒေါက်တာဘော့ဘ်၏ခြောက်အိပ်မက် Doctor Bobs Nightmare, ဘီလ်ရဲ့ဇာတ်လမ်း Bill’s Story စတာတွေကို လက်ရာမပျက် ထားခဲ့ပေမယ့် နောက်လိုက်နောက်ပါများ ဖွံ့ထွားမြင့်မားရေးကိုထင်ဟပ်မိစေဖို့ ဒီကဏ္ဍကိုထပ်ချဲ့ထွင်ခဲ့ပါတယ်။ ချဲ့ထွင်ရာမှာ သုံးပုဒ်ကိုတည်းဖြတ်တာလုပ်ပြီး အဲ့ဒီ သုံးပုဒ်ထဲကတပုဒ်ကို နံမည်ပြန်ပေးခဲ့ပါတယ်။ ဇာတ်လမ်းတွေထဲက ၂ ပုဒ်ကိုတော့ သဏ္ဍန်သစ်နဲ့ပြင်ရေးခဲ့ပါတယ်။ တပုဒ်ကို နံမည်ပါ အသစ်ပေးလိုက် ပါတယ်။ အားလုံး ဇာတ်လမ်းအပြည့်အစုံအပုဒ်သုံးဆယ် ထည့်ဖြည့်ထည့်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကဏ္ဍကိုလည်း သုံးပိုင်း ပိုင်းလိုက်ပါတယ်။ ကဏ္ဍတူ အောက်မှာ အပိုင်း သုံးပိုင်း ပိုင်းလိုက်တာဖြစ်ပါတယ်။
တတိယအကြိမ်တည်းဖြတ်စာအုပ်ရဲ့အပိုင်းတစ်ဖြစ်တဲ့ ကနဦး အမည်မဖော်အရက်စွဲသူများ Pioneers of A.A, ကို ဒုတိယအကြိမ်တည်းဖြတ်စာအုပ်ထဲက အတိုင်း ဘာအပြောင်းအလဲမှမလုပ်ပဲ ထားခဲ့ပါတယ်။ အပိုင်းနှစ်ဖြစ်တဲ့ သူတို့ အချိန်မီရပ်လိုက်ကြပြီ They Stopped, ထဲက ကိုးပုဒ်က ဒုတိယအကြိမ် တည်းဖြတ်စာအုပ်ထဲကနေ ဆက်ယူထားတာဖြစ်ပြီး အသစ်ရှစ်ပုဒ် ထပ်ဖြည့်ထားပါတယ်။ တတိယပိုင်းဖြစ်တဲ့ သူတို့ အားလုံးနီးပါးဆုံးရှူံးရလေပြီ They lost Nearly All, မှာ ဇာတ်လမ်းရှစ်ပုဒ်က မူလဟာတွေဖြစ်ပြီး အသစ်ငါးပုဒ် ထပ်ဖြည့်ထားပါတယ်။
ခု စတုတ္တအကြိမ်တည်းဖြတ်ထုတ်ဝေစာအုပ်မှာ ကမ္ဘာ့ဝန်ဆောင်မှု အယူအဆ ၁၂ ချက် Twelve Concepts for World Service, နဲ့ ပုဂ္ဂိုလ်ရေးဇာတ်လမ်း များကဏ္ဍထဲကသုံးခုကို ပြန်သုံးသပ်ပြုပြင်ထားပါတယ်။ ဇာတ်လမ်းသစ်တခုကို အပိုင်းတစ်ထဲပေါင်းထည့်လိုက်ပါတယ်။ တတိယအကြိမ်တည်းဖြတ်စာအုပ် အပိုင်းသုံးမှာဖော်ပြခဲ့တဲ့ ၂ ပုဒ်ကို ဒီစာအုပ်အပိုင်းသုံးမှာပဲ ရှေ့နောက်နေရာပြန်ချထားပြီး ၆ ပုဒ်ကိုတော့ ဖြုတ်ချခဲ့ပါတယ်။ တတိယအကြိမ်တည်းဖြတ်စာအုပ် အပိုင်းနှစ်ထဲက ၆ ပုဒ်ကို ဒီစာအုပ်အပိုင်းနှစ်မှာ ဆက်လက်ဖော်ပြထားပြီး ဇာတ်လမ်းအသစ် ၁၁ ပုဒ် ထပ်ဖြည့်ထားသလို ဇာတ်လမ်းဟောင်း ၁၁ ပုဒ်ကိုလည်း ဖယ်ထုတ်ခဲ့ပါတယ်။ ခုစာအုပ်ရဲ့ ပုဂ္ဂိုလ်ရေးဇာတ်လမ်းများအပိုင်းသုံးမှာ ဇာတ်လမ်းသစ် ၁၂ ပုဒ်ပါဝင်ပါတယ်။ တတိယအကြိမ်တည်းဖြတ်စာအုပ် ပုဂ္ဂိုလ်ရေး ဇာတ်လမ်းများကဏ္ဍ အပိုင်းသုံးထဲက ၈ ပုဒ်ကို ဖယ်ထုတ်ခဲ့တဲ့အပြင် ၂ ပုဒ်ကို အပိုင်းတစ်ထဲ ရွှေ့ပစ်လိုက်ပါတယ်။
ဒီစာအုပ်ကို စာအုပ်ကြီး Big Book လို့ အမည်ပြောင်သဘောပေးတာကို အသင်းသားတွေနှစ်ခြိုက်ကြပါတယ်။ နှစ်ပေါင်းများစွာ ဒီစာအုပ်ကြီး Big Book ထဲမှာ အပြောင်းအလဲများလုပ်ခဲ့ရခြင်းရဲ့ တူညီတဲ့ရည်ရွယ်ချက်ကတော့ အမည်မဖော်အရက်စွဲသူများ Alcoholics Anonymous A.A တွေကို ပိုပြီး တိကျသေချာ သိစေ့ချင်တာရယ်၊ အဲ့သလို သိသိလာမှ အမည်မဖော်အရက်စွဲသူများ လက်လှမ်းမီလာစေချင်တာရယ်ကြောင့်ဖြစ်ပါတယ်။ သင့်မှာ အရက်သောက်လို့ ပြဿနာတခုခုရှိလာပြီဆိုရင် ပုဂ္ဂိုလ်ရေးဇာတ်လမ်း ၄၂ ပုဒ်ထဲက တပုဒ်ပုဒ်ကိုဖတ်မိပြီး အသောက်ခနရပ်သွားလိမ့်မယ်၊ ပြီးရင် နဖူးပေါ်လက်တင်ပြီး အင်း ဒီအဖြစ်မျိုး ငါလည်းဖြစ်ခဲ့တာပါလားလို့ အတွေးဝင်လာနိုင်လိမ့်မယ်၊ ဒါမှမဟုတ်လည်း အင်း ငါလည်း ဒီဇာတ်လမ်းထဲကလို ခံစားခဲ့ရပါလားလို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်၊ ဒါအရေးကြီးပါတယ်၊ အရေးအကြီးဆုံးကတော့ ဒီပရိုဂရမ်ဟာ သူများနည်းတူ ငါ့အတွက်လည်း အကျိုးရှိနိုင် အလုပ်ဖြစ်နိုင်တယ်လို့ အတွေးဝင်သွားတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ မိမိတို့အနေနဲ့မျှော်လင့်မိပါတယ်။
။ီဇင်ဘာ ၁၊ ၂ဝ၁၆

လက်နက်ရောင်းနည်းသစ် (မျိုးမြင့်ချို)

0 comments
လက်နက်ရောင်းနည်းသစ် (မျိုးမြင့်ချို)
အခု ကမ္ဘာ့စစ်လက်နက်ပစ္စည်း အထုတ်လုပ်အရောင်းချဆုံးနိုင်ကြီးတွေ တနည်းပြောရရင် အချမ်းသာဆုံးနိုင်ငံကြီးတွေက သူတို့ စစ်လက်နက်တွေကို အရင်လို အပုံလိုက်ရောင်းရမယ့်နည်းက သိတ်မလွယ်တော့မှန်း သိလာကြပြီ။
စစ်အေးခေတ်တုန်းက ထိုးပြစရာ အိုင်ဒီယော်လော်ဂျီအရရန်သူရှိတယ်။ ခြောက်လှန့်ပြစရာ ကွန်မြူနစ်တစ္ဆေ အကောင်လိုက်ကြီးရှိနေတယ်။ လူမွေး အစိုးရမွေး ပြည်မွေးပြီး စစ်လက်နက်တွေ သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချကြ တပ်ဆင်ကြလုပ်ကြတယ်။ ရောင်းလိုက်ရမှာ သောက်သောက်လဲပဲ။ စစ်ပွဲတွေကလည်း စစ်အေးသာဆိုတယ် ပူသလားမမေးနဲ့။ လက်နက်ရောင်းဖို့က အပြင်ထွက်ရှာစရာမလိုဘူး။ ဈေးကွက်ကြီးကိုက ကိုယ့်လူတွေပြန်ဖြစ်နေတာမျိုး။ ကိုယ့်အချင်းချင်း ပြန်ရောင်းကြတာမျိုး။ ဆိုတော့ရောင်းရဝယ်ရတာလွယ်တယ်။ ပွဲစားမလိုတော့ ပွဲခတွေ ပွဲညွန့်တွေလည်း ပေးစရာမလိုဘူး။ လူလည်း မသိဘူး။ လက်သိပ်ထိုးလည်း လုပ်စရာမလိုဘူး။ ဗြောင်ပဲ ရှင်းတယ်၊ လုပ်ရလွယ်တယ်။
ဆိုဗီယက်ယူနီယံပြိုပြီးနောက်ပိုင်း လက်နက်ဈေးကွက် ယိုင်ချင်လိုဖြစ်လာတော့ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာပေါ်က ယဉ်ကျေးမှုအရပြဿနာပေါ်နိုင်တဲ့နေရာတွေမှာ ရန်တိုက်သွေးထိုးဘေးတီးပေးပြီး ဒေသန္တစစ်တွေဖန်တီးပေးပြီး ထချကြတဲ့ ငမိုက်သား ၂ ဘက်လုံးကို လက်နက်ရောင်းတဲ့နည်း ကျင့်သုံးတယ်။ ဟိုကောင်တွေကလည်း ဝယ်တာပဲ။ ချကြတာပဲ။ ချကြတာမျ ရစရာမရှိအောင်ကို ချကြတာ။ တချိန်က တိုင်းပြည်မကွဲခင် ဒေသမကွဲချင်က တအိမ့်တအိမ် ထမင်းအိုးလှန်စားနှိုက်စားနေကြတဲ့ကောင်တွေ အခုရန်သူဖြစ်ကြပြီဆိုပြီး အပြန်အလှန် သူ့ထမင်းအိုးကိုယ့်ထမင်းအိုး ရိုက်ခွဲကြတော့တာပဲ။ နောက်တော့ အမြင်မှန်ရသူရ လက်သည်ရင်းသိသူသိတွေဖြစ်ကြပြီး စစ်တွေ အသတ်အဖြတ်တွေရပ်ဖို့ လုပ်ကြတယ်။ ဒီတော့ စစ်ကုန်သည် ငပွကြီးတွေ အသက်ရှူကျပ်လာတယ်။ လက်သည်ပေါ်ကုန်တော့ ဗူးပေါ်သလိုပေါ်လာတော့ အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ထိုးကျွေးရမယ့်ကောင် ထိုးကျွေး၊ လုပ်ကြံရမယ့်ကောင် လုပ်ကြံ၊ သုတ်သင်ရမယ့်ကောင် သုတ်သင်၊ ကြိုးစင်ပို့ရမယ့်ကောင် ကြိုးစင်ပို့၊ နိုင်ငံရေးခိုလှုံခွင့်ပေးရမယ့်ကောင် ခိုလှုံခွင့်ပေး၊ ကဲ့ထုတ်ရမယ့်ကောင် ကဲ့ထုတ်၊ သူကောင်းပြုရမယ့်ကောင် သူကောင်းပြုပြက်ပြီး ချောလဲရောထိုင်လုပ်ပလိုက်တယ်။ ဒီနည်းလည်း အလုပ်သိတ်မဖြစ်လိုက်ဘူး။
အဲ့ဒီကာလတွေတုန်းက လက်နက်ရောင်းတယ်ဆိုတာ အပုံလိုက်ကြီးတွေရောင်းတာ။ လက်ကားရောင်းတာ။ ဝယ်လက်ကလည်း မျက်စေ့မှိတ်ပြီး အပုံလိုက်ကြီး မချသွားတာ။ ဈေးစကားနောက်မှပြောဆိုတာချည်းပဲ။ ဝယ်လက်က ကြီးလည်းကြီးတယ်။ အစိုးရတွေလည်း ဖြစ်တယ်။လက်လီစိတ်တာ မဟုတ်တော့ စကားလည်း ဘာမှသိတ်ပြောနေစရာမလိုဘူး။ တခါတလေများ စက်ရုံကြီးပါ ချရောင်းပေးလိုက်တာ။ လူတွေပါ အဆစ်ထည့်ပေးလိုက်သေးတယ်။
ခု အဲ့ဒီနည်းတွေလုပ်ဖို့ နည်းနည်းခက်လာပြီ။ ဒီတော့ နည်းသစ်တွေကြံဆလာကြတယ်။ လိုလျှင်ကြံဆတော့ နည်းလမ်း ၂ ခုရလာတယ်။
နည်းသစ်လို့ဆိုရမယ့်ဟာက ပုံစံ ၂ မျိုးနဲ့ ပေါ်လာတယ်။ တမျိုးက သူတို့ အကာအကွယ်ပေးထားတဲ့ သူတို့ကိုပြန်အကာအကွယ်ပေးနေတဲ့ နိုင်ငံတွေကိုတော့ စစ်ရေးအရ ဘယ်နှဘီလီယံထောက်ပံ့လိုက်သည်ဆိုပြီး အဲ့ဒီထောက်ပံ့ငွေတပြားမကျန် သူတို့ကုမ္ပဏီတွေဆီကနေ လက်နက်ပြန်ဝယ်ရတာမျိုး။ အရင်ကဆို စစ်ရေးအရထောက်ပံ့ငွေရဲ့ဘယ်လောက်ကို သူတို့ဆီကနေပြန်ဝယ်၊ ဘယ်လောက်ကို ဘယ်သူ့ဆီကဝယ်၊ ဘယ်လောက်ကို ပြည်တွင်းမှာထုတ်လုပ်ဆိုတာမျိုးပဲ။ ခုတော့မဟုတ်တော့ဘူး ငါတို့ပေးတဲ့ငွေ ငါတို့ဆီကအကုန်ပြန်ဝယ်ဆိုတာမျိုးပဲ။ အခု ဒီနည်းကို အမေရိကန်က အစ္စရေးကို ဟိုတလောလေးကပဲ ၃၅ ဘီလီယံစစ်ရေးအထောက်အပံ့ပေးလိုက်သည်ဆိုတာနဲ့
စပွဲထွက်လာတယ်။ ပွဲစားမလိုဘူး။ မှောင်ခိုဈေးကွက်မဟုတ်ဘူး။
မြက်မြက်ကလေး ပြန်ရတယ်။ ကျေးဇူးလည်းအတင်ခံရတယ်။
အိုဘားမားလက်မှတ်ထိုးပြီးပြီ။
နောက်တမျိုးက တလက်ချင်း နည်းနည်းချင်း လက်လီစိတ်ရောင်းတာ။ ကိစ္စရှိနေတဲ့နေရာတွေ(ပြဿနာဖြစ်နေတဲ့ဒေသတွေ)ကို ဒေသခံလူခံတွေသုံးပြီး တဖက်လှည့်နဲ့ ရောင်းတာ။ ပြဿနာဖြစ်နေတာတွေလည်း နိုင်ငံနဲ့ချီဖြစ်နေတာမဟုတ်တော့ တိုက်လေယဉ်တွေ တင့်ကားကြီးတွေတော့ ဈေးကွက်နဲ့မဆန့်ဘူးပေါ့။ သေနတ်လောက် ပခုံးထမ်းလောင်ချာလောက် ဖေါက်ခွဲဖျက်ဆီးရေးပစ္စည်းတွေလောက် ယူနီဖေါင်းအီကွပ်မင်န့်လောက် စတာတွေများပါတယ်။ အရေအတွက်ကလည်း နည်းနည်းချင်း လီ လီ ပြီးရောင်းရ၊ ဝယ်လက်ကလည်း အစိုးရမဟုတ် ဘာမဟုတ်၊ တော်လှန်ရေးမဟုတ် ဘာမဟုတ်တွေဆိုတော့ ဇောတိကတွေမဟုတ်ကြဘူး။ သိတ်လည်း မဖြုံးနိုင်ဘူး။ ခြစ်ခြစ်ဖြုပ်ဖြုပ် တပြားကို နှစ်ပြားခွာနေရသူတွေ။ ပြီးတော့ တခါတလေ ဂဂျီဂဂျောင်ကများ ဈေးကဆစ်သေးဆိုတော့ စိတ်မရှည်ချင်စရာပဲ။ ဒါပေမယ့် မတတ်နိုင်ဘူး ဒီလိုပဲ စိတ်ရှည်ရှည်ထားပြီး လီရောင်းရမှာပဲ။ ဆီးရီးယားက အာဆဒ်အစိုးကိုဆန့်ကျင်တဲ့ လူမျိုးစုပိစိကွေးလေးအထိ ချိတ်ဆက်ပြီးရောင်းပေးသလို အီရတ်က ကာ့ဒ်တွေဘက်လည်း မလွတ်စေရဘူး။
ဒါက အခု သူတို့ ကြံဆရုံမက လက်တွေ့ချသုံးကြည့်နေကြတဲ့ နည်းလမ်းပဲ။ ဒီနည်း ဘယ်လောက်ခံမယ် မခံဘူး၊ အလုပ်ဖြစ်မယ် မဖြစ်ဘူးကတော့ ပြောဖို့စောဦးမယ်လို့လည်း ပြောကြတယ်။
ဘာပဲဖြစ်ဖြစ်ပါ ဒီနည်း အလုပ်မဖြစ် အသုံးမတည့်လည်း နောက်တနည်းတော့ ပေါ်ရ ဖော်ရမှာပဲမဟုတ်လား။
လက်နက်ဆို စစ်မရှိရင် ဘယ်သူ့သွားရောင်းရမှာလဲ။ လက်နက်ဆန်းဆိုတာ စမ်းသတ်ပစ်ခတ်ပြဖို့ စစ်ပွJaတွနဲ့သေပေးရမယ့်လူတွေလိုတယ်မဟုတ်လား။
ဒီဇငသ်ဘာ ၂၊ ၂ဝ၁၆