Monday, December 19, 2016

ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင် (ရဲဘော်အောင်ထက်)

0 comments
ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင်
ကျူးဘားနိုင်ငံရဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးဖီဒယ်လ်ကာစထရို ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာ ကျွန်တော်တို့ဟာ အဖြစ်မှန်မို့သာ လက်ခံလိုက်ရတယ်ဆိုတဲ့ နှမြောတသ၊ ယူကျုံးမရမှုမျိုး လွှမ်းမိုးတာခံစားလိုက်ရပါတယ်။

အမေရိကတိုက် (မြောက်ပိုင်း+တောင်ပိုင်း)မှာ ပထမဆုံးသောဆိုရှယ်လစ်နိုင်ငံထူထောင်သူ၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဓနအင်အား၊ စစ်အင်အားတွေနဲ့ မောက်မာချင်တိုင်းမောက်မာနေတဲ့၊ ကမ္ဘာအနှံ့မှာငပွကြီးလို့ နာမည်ဆိုးနဲ့ကျော်စောနေတဲ့ အမေရိကန်နယ်ချဲ့ဘီလူးကို သူ့နှာခေါင်းအောက်ကနေ အန်တုခဲ့ရုံမက နှာခေါင်းကျည်ပွေ့ တွေ့စေခဲ့သူ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုအမျိုးမျိုးကြားကနေ တည်ငြိမ်ကြံ့ခိုင်တဲ့ ကျူးဘားနိုင်ငံကိုထူထောင်၊ ဘက်မလိုက်လှုပ်ရှားမှုတွေမှာ ဦးဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုံးပန်းရင်း သဘာဝတရားကိုမလွန်ဆန်နိုင်လို့ ကွယ်လွန်သွားပေမယ့် ကမ္ဘာ့ပြည်သူများရဲ့ရင်ထဲကတော့ ဖီဒယ်လ်ကာစထရိုဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

သတိရမိပါသေးတယ်။ ဗမာပြည်ထဲမှာ တရုတ်ဖြူကျူးကျော်မှုရှိနေသေးချိန်၊ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ ကြာခဏပေါ်နေချိန်၊ ကမ္ဘာအရပ်ရပ်မှာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကြွေးကြော်သံနဲ့လှုပ်ရှားမှုတွေ ခြိမ့်ခြိမ့်သဲကျင်းပနေချိန်မှာ ကျူးဘားမှာ ဘာတစ္စတာအာဏာရှင်ကိုဖြုတ်ချပြီး အောင်ပွဲခံလိုက်တာဟာ တကယ်ပဲ အနောက်က နေထွက်သလိုဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက တိုးတက်သူတွေရဲ့ပါးစပ်ဖျားမှာ ကာစထရိုရဲ့နာမည်ဟာ အလွန်ရေပန်းစားနေခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ကျူးဘားစီး-ယန်ကီးနိုး (Cuba-Si! Yankee-No!)) ဆိုတဲ့ ကြွေးကြော်သံပျံဝဲနေခဲ့သလို ဗမာပြည်ကစာပေလောကမှာလည်း ကျူးဘားတော်လှန်ရေးနဲ့ ကျူးဘားခေါင်းဆောင်ကြီးကို ချီးကျူးတဲ့ကဗျာတွေစာတွေ ပလူပျံခဲ့ပါတယ်။ အရွယ်အစားအားဖြင့် အမေရိကန်ကပြည်နယ်လေးတခုလောက် တောင်မှမရှိတဲ့၊ လူဦးရေအားဖြင့် နယူးယောက်မြို့နဲ့ မတိမ်းမယိမ်းသာရှိတဲ့နိုင်ငံတခုကို ကမ္ဘာ့ဗိုလ်ပုံအလယ်မှာအရှုံးပေးလိုက်ရတဲ့ အိမ်ဖြူတော်က ခေါင်းဆောင်တွေဟာ ကစထရိုကိုလုပ်ကြံဖို့ နည်းမျိုးပေါင်းစုံအကြိမ်ပေါင်း ၆ဝဝကျော် ကြံစည်ခဲ့တယ် (အဲဒီအထဲက တနည်းက ကာစထရိုသောက်တဲ့ဆေးပြင်းလိပ်မှာ အဆိပ်ထည့်ဖို့ကြိုးစားတာဖြစ်ပါတယ်) ဆိုတဲ့အချက်ကိုကြည့်ရင် ကျူးဘားတော်လှန်ရေးရဲ့ ဂယက်နဲ့ ဝါရှင်တန်ကခေါင်းဆောင်တွေရဲ့အရှက်ကို ခန့်မှန်းလို့ရနိုင်ပါတယ်။

နောက်ပြီး ၁၉၆၁ခုနှစ်၊ ဧပြီလ ၁၇ရက်နေ့မှာ အမေရိကန်က တနှစ်မျှလေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားတဲ့ ကျူးဘားက ပြေးလာတယ် ဆိုသူ ၁၅ဝဝ လောက်က ကာစထရိုကိုဖြုတ်ချဖို့အတွက် အမေရိကန် စစ်သင်္ဘောတစင်းပေါ်ကနေချပေးတဲ့လှေတွေနဲ့ ကျူးဘားနိုင်ငံကို တက်တိုက်တဲ့အရေးအခင်းပေါ်ခဲ့ပါတယ်။

ဒါတွေအားလုံးကို အိုက်စင်ဟာဝါအစိုးရ စီစဉ်ပြုလုပ်တာပါ။ စီအိုင်အေအစီအစဉ်နဲ့လုပ်ခဲ့တဲ့ အဲဒီကမ်းတက်တိုက်ပွဲကြီးဟာ ဧပြီလ၂ဝရက်နေ့ မှာပဲ သေသူသေ၊ အဖမ်းခံရသူခံရနဲ့ အဆုံးသတ်သွားပါတယ်။ ဒီအဖြစ်အပျက်ပေါ်ပေါက်ပြီးနောက် လပိုင်းအတွင်းမှာတက်လာတဲ့ ကင်နေဒီ ခမျာမတော့ ပြည်တွင်းရော ပြည်ပမှာပါ အကြီးအကျယ်အဝေဖန်ခံရပါတော့တယ်။ ဒီလိုနဲ့ကာစထရိုတို့က နောက်တနှစ်အကြာ၊ ၁၉၆၂ခုနှစ် ဒီဇင်ဘာလထဲမှာ အဲဒီဝက်ပင်လယ်အော် (Bay of Pigs)အရေးအခင်းမှာဖမ်းမိခဲ့တဲ့ သုံ့ပန်း ၁၁၁၃ ဦးကို ပြန်လွှတ်ပေးလိုက်တော့ ဝါရှင်တန် အဖို့ နှစ်ပြန်ရှက်-အခံခက် ဖြစ်ခဲ့ရ ပါတယ်။

ဖီဒယ်ကာစထရိုကို ၁၉၂၆ခုနှစ်မှာ ကျူးဘားကျွန်းအရှေ့ပိုင်းက ဘီရန်(Birán,)ဆိုတဲ့မြို့ကလေးမှာ မွေးဖွားခဲ့တာပါ။ သူ့မိဘများက မြေရှင်တွေပါ။ သူဟာ ငယ်စဉ်က စန်တီယာဂိုနဲ့ဟာဗာနာတို့မှာရှိတဲ့ ပုဂ္ဂလိကသာသနာပြုကျောင်းတွေမှာ ကျောင်းနေခဲ့ပြီး ဟာဗာနာ တက္ကသိုလ်မှာ ဥပဒေပညာဆည်းပူးခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအချိန်မှာ ပညာလေးတတ်လို့သာ မာ့က်စ်ဝါဒနဲ့ထိတွေ့နိုင်တယ်လို့ဆိုရမှာပါ။

တကယ်ကျတော့ ကျူးဘားဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ နောက်ဆုံးမှ တရားဝင်လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ စပိန်ကိုလိုနီလက်အောက်က လွတ်တယ်ဆိုတာနဲ့ပဲ ဒီကျွန်းနိုင်ငံလေးဟာ အသစ်ပေါ်ထွက်လာနေတဲ့ အမေရိကန်နယ်ချဲ့သမားရဲ့ လက်ခုပ်ထဲကို ရောက်ခဲ့ရပါတယ်။ အမေရိကန်ဟာ အဲဒီတုန်းက ကျူးဘားနိုင်ငံရဲ့စီးပွားရေးတခုလုံးလိုလိုနဲ့ နိုင်ငံရေးလောကတခုလုံးကို ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ကျူးဘားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲခဲ့တဲ့ ပလတ်ပြင်ဆင်ချက်(Platt amendment)ဆိုတာဟာ အမေရိကန်က ဒီနိုင်ငံထဲကိုစစ်ရေးအရ စွက်ဖက်ခွင့်ပြုတယ်ဆိုတာတောင် ပါရှိပါတယ်။

၂ဝရာစုနှစ် ပဌမတဝက်၊ နှစ်ပေါင်း ၅ဝကျော်တိုင် ကျူးဘားပြည်သူတွေ မကျေမနပ် အောင့်အည်းနေခဲ့ရတဲ့ခံစားချက်ဟာ ကာစထရိုတို့ရဲ့ တော်လှန်ရေးမှာ ပေါက်ကွဲထွက်လာတာပဲလို့ပြောရမှာပါ။

ကျူးဘားနဲ့ဖီဒယ်ကာစထရိုကို အနောက်နိုင်ငံတွေက အလွန်တရာမုန်းတီးတဲ့ နောက်အချက်တချက်က ဒီနိုင်ငံဟာ သူတို့တတွေ မတရား ပိတ်ဆို့ညစ်ပတ်ထားတဲ့အကြားကပဲ သူ့နိုင်ငံတွင်းမှာ အရင်းရှင်-မြေရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာ၊ စာမတတ်မြောက်မှုကို ပပျောက်အောင် လုပ်နိုင်ခဲ့တာ၊ လူတိုင်းအိုးနဲ့အိမ်နဲ့နေနိုင်အောင် ဖန်တီးပေးခဲ့တာ၊ ကမ္ဘာမှာ ပထမတန်းကျန်းမာရေးစနစ် (အမေရိကန်က ပိုက်ဆံရှိသူ တွေတောင် သွားပြီးအကုသခံကြတယ်)ထူထောင်ခဲ့တာ၊ ကျူးဘားနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကို အများကြီးဆွဲဆန့်နိုင်ခဲ့တာ (ကျူးဘားနိုင်ငံက ပျမ်းမျှလူ့သက်တမ်းဟာ ၇၉ ဒသမ ၃၉နှစ် ဖြစ်ပြီး ၇၈ ဒသမ ၉၄ နှစ်ဆိုတဲ့အမေရိကန်နိုင်ငံထက်တောင် သာပါတယ်)၊ ပညာရေး၊ ယဉ်ကျေးမှုရေး၊ အားကစားစတာတွေမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းလိုက်လာနိုင်တာ စတာတွေကြောင့်လည်း ဖြစ်ပါတယ်။

၁၉၅၂ခုနှစ်မှာ ဘာတစ္စတာက ဒုတိယအကြိမ်အာဏာသိမ်းတော့ ဖီဒယ်လ်နဲ့သူ့ရဲဘော်တွေ (အဲဒီအထဲမှာသူ့ညီရာအူးလ်၊ သူ့နှမဟေဒီးနဲ့ မယ်လ်ဘာတို့လည်းပါပါတယ်)ဟာ တိုက်ပွဲဝင်အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ၁၉၅၃ ခုနှစ် ဂျူလိုင်လ ၂၆ရက်နေ့မှာ စန်တီယာဂိုမှာရှိတဲ့ မွန်ကာတာ (Moncada)စစ်တန်းလျားတွေကို ဝင်တိုက်ကြပါတယ်။ သူတို့ရှုံးနိမ့်ပြီး ပါဝင်သူ လူငယ် ၁၂ဝ လောက်ထဲက တဝက်နီးပါးကို အာဏာရှင် အစိုးရက ဖမ်းမိပြီးနောက်မှာ သတ်ပစ်ခဲ့ပါတယ်။ အဲဒီတုန်းကအဖမ်းခံခဲ့ရတဲ့ ဖီဒယ်လ်ကာစထရိုက တရားရုံးမှာ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရင်း လေးနာရီကြာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲက နောက်ဆုံးမှာပါတဲ့ “သမိုင်းဟာ ငါ့ကိုအပြစ်မရှိဖော်ပြလိမ့်မယ်”("La historia me absolverá")ဆိုတဲ့မိန့်ခွန်းဟာ ကမ္ဘာတွင်ခဲ့တယ်လို့ဆိုရပါမယ်။

၁၉၅၈ ခုနှစ်က ဆီယက်ထရာမယ်စ်ထရာ (Sierra Maestra)တောင်တန်းတွေထဲမှာ လူ ၁၂ယောက်နဲ့ စတင်ခဲ့တဲ့တော်လှန်ရေးဟာ ၁၉၅၉ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှာ အာဏာရှင်ဘာတစ္စတာကို ကျူးဘားနိုင်ငံက ထွက်ပြေးသွားစေခဲ့ပါတယ်။ ဘာတစ္စ တာအစိုးရကို ပြုတ်ကျစေတဲ့တော်လှန်ရေးရဲ့အဆုံးပိုင်းမှာ ရက်သတ္တပတ်အကြာ မြို့ပေါ်က အလုပ်သမားသပိတ်ကြီးနဲ့လည်း ပေါင်းစပ်မိသွားလို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

သမိုင်းမှာ လူထုတွေအတွက် သူရဲကောင်းတွေ၊ စံနမူနာပြုစရာလူပုဂ္ဂိုလ် လိုအပ်တဲ့ကွက်လပ်တွေ ပေါ်လာလေ့ရှိပါတယ်။ ၂ဝရာ စုနှစ်အတွင်း ဥရောပမှာလီနင်-စတာလင်၊ အရှေ့အာရှမှာ မော်စီတုန်း-ဟိုချီမင်း၊ ဒီနောက်အနောက်တိုင်း အမေရိကတိုက်မှာ ကာစထရိုတို့ဟာ အဲဒီ ကွက်လပ်တွေကိုဖြည့်သူတွေလို့ပြောရပါမယ်။
ရဲဘော်အောင်ထက်

သတင်းနဲ့မှတ်ချက်(၁၉-၁၂-၂၀၁၆) စုဖုရား မလွမ်းဝံ့လို့ သီပေါလွမ်းရတဲ့အဖြစ်

0 comments
သတင်းနဲ့ မှတ်ချက်(၁၉-၁၂-၂၀၁၆)
စုဖုရား မလွမ်းဝံ့လို့ သီပေါလွမ်းရတဲ့ အဖြစ်

နှစ်ပေါင်း ၁၀၀ ကြာတော့မှ “ ရတနာဂီရိအကျဉ်းသား” ကွယ်လွန်ခြင်းအတွက် အခုလို ကောက်ကာငင်ကာ ရေးကြီးခွင်ကျယ်ထလုပ်ကြတာ ဘာကြောင့်လဲ။ အကြောင်းတော့ ရှိကို ရှိလိမ့်မယ်။
 

ရတဲ့အချက်အလက်တွေအပေါ်ကနေ ထင်မြင်ယူဆချက်ကို ဖော်ထုတ်ကြည့်ကြရအောင်။
အဆင့်နေရာဘက်ကပြောရင် ဒုတိယသမ္မတအဆင့်နဲ့ စစ်တပ်ထိပ်သီးကာချုပ် တက်တဲ့ပွဲဖြစ်တယ်။ အစိုးရဘက်က ဒုတိယသမ္မတ(၁) ဦး(ဗိုလ်)မြင့်ဆွေ၊ စစ်တပ်ဘက်က “ကာချုပ်”ကိုယ်တိုင်တက်တယ်။ ကာချုပ်အနေနဲ့ စစ်ဝတ်စုံ ဝတ်ပြီးတက်လို့တော့ မဖြစ်ဘူးဆိုပြီး ကြိုတင်ဆုံးဖြတ်ခဲ့ကြပုံပဲ။ နှစ်ယောက်စလုံးဟာ အငြိမ်းစားစစ်ဗိုလ်နဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်တွေဖြစ်တယ်။ ဒုတိယသမ္မတဗိုလ်မြင့်ဆွေကို ကာချုပ်စေလွှတ်တဲ့ စစ်ဗိုလ် (၁၆၆) ဦးအစုက ရွေးထားတာဖြစ်တယ်။ ပြီးတော့ ဒီနှစ်ယောက်စလုံးက အနားယူနေတဲ့ ကာချုပ် ဗိုလ်သန်းရွှေရဲ့အချစ်တော်တွေဖြစ်နေပြန်တယ်။
 

ဒီချုပ်ပါတီအစိုးရ ဒီကိစ္စနဲ့ကင်းကင်းရှင်းရှင်းနေချင်ပုံရပြီး စစ်တပ်(စစ်အုပ်စု) ဘက်က ရေးကြီးခွင်ကျယ်လုပ်ချင်တာဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ဒီကိစ္စမှာ ဒီချုပ်ပါတီအစိုးရနဲ့ သူတို့ချင်း နားလည်မှုရှိရှိ (သို့မဟုတ်) သင့်မြတ်ရေးစိတ်ထားနဲ့ မတူတာကို ခွဲလုပ်လိုက်ကြတဲ့ပုံပဲ။ မြန်မာ့အလင်းနဲ့ကြေးမုံက “လက်နက်ကိုင်ပူးပေါင်းအဖွဲ့”လို့ ရေးပြီး၊ မြဝတီသတင်းစာ “အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ” လို့ ခွဲပြီးရေးကြသလိုမျိုးပေါ့။
 

ဒီကနေ့ ဗြောင်ကျကျလုပ်နေကြတဲ့ “အမျိုးသားရေး”ဆိုတာဟာ လက်တွေ့အားဖြင့် “စစ်အုပ်စု” ပင့်ဖိတ်ခေါ်ယူဖို့အတွက် ဖြန့်ချိနေတဲ့ ဝါဒဖြန့်ကြွေးကြော်သံသာဖြစ်တယ်။ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်/ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်/ တပ်မတော်မရှိလို့မဖြစ်ဘူး/ သူ့ကျွန်ဘဝရောက်တာ တပ်မတော်မရှိလို့”ဆိုတဲ့ လော့ဂျစ်လိမ်တွေကို ဆင်ခြေကန်ဖို့ဖြစ်တယ်။ ၁၉၆၂ က စပြီး စစ်တပ်က တိုင်းပြည်နိုင်ငံရေးစီးပွားရေး ဘက်ပေါင်းစုံချုပ်ကိုင်ခဲ့တာပဲ။ ဘာဖြစ်ခဲ့သလဲ။ အဆင်းရဲဆုံး တိုင်းပြည်(LDC)ဖြစ်သွားခဲ့တယ်။ အခုထိ နာလန်မထူနိုင်သေးပါဘူး။ “ပါးစပ်နဲ့နယ်ချဲ့ဆန့်ကျင်ရေး/ကိုလိုနီလက်သစ် ဆန့်ကျင်ရေး”တွေအော်ပြီး လက်တွေ့မှာတော့ နိုင်ငံပေါင်းစုံကနေ အကူအညီမျိုးစုံယူခဲ့ကြတယ်။ ယူနေကြဆဲ။ ဒါဟာ လက်တွေ့ အကျဆုံး အဖြေပါပဲ။
 

တပ်မတော်ကို စစ်အုပ်စုက ရေရှည်ဂုတ်ခွစီးထားနိုင်ဖို့ဆိုရင် စစ်တပ်ထဲမှာ၊ အရပ်သားပြည်သူတွေထဲမှာ “အမျိုးသားရေး”အလံ ထူထားရလိမ့်မယ်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်စဉ်းစားပြီး ခပ်မိုက်မိုက်လုပ်နေပုံပဲ။ သီတဂူဘုန်းကြီးလို “ဆရာတွေ”ကလည်း ဒကာရင်းတွေအတွက် ဝိနည်းတို့၊ သိက္ခာပုဒ်တို့ကိုဘေးချိတ်ပြီး ခပ်မိုက်မိုက်တရားတွေဟောပြီး သွေးထိုးလှုံ့ဆော်ပေးနေတယ် မဟုတ်လား။
 

“ရတနာဂီရိအကျဉ်းသား”ကို အရင်းတစ်ခုပြုပြီး သူတို့ကို သူတို့ အမျိုးသားရေးသိက္ခာ ထပ်ကြတာပါ။ ဒါကြောင့် “ရတနာဂီရိ အကျဉ်းသား” ကွယ်လွန်ခြင်းရာပြည့်ပွဲနဲ့အတူ သူတို့ကိုယ်သူတို့ “မျိုးချစ်တွေ” ဖြစ်ကြောင်း ကြော်ငြာတဲ့ပွဲသာဖြစ်တယ်လို့ ယူဆပါတယ်။
“မင်းသားနီ” သာ သက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် သူ့ဘိုးလောင်းတော်ကို အသုံးချနေကြတာနဲ့ပတ်သက်ပြီး သူ့ဆီက ထက်မြက်စူးရှတဲ့ ဝေဖန်ချက်တော့ကြားရမှာ သေချာတယ်။
ဂျပန်ရောက်သွားတော့ ဖက်ဆစ်စစ်ဗိုလ် ကာနယ်ဆူဇူကီးအုတ်ဂူမှာ ပန်းစီးချ ဂါရဝပြုခဲ့တယ်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးကြီးဗထူးရာပြည့်ပွဲတုန်းက ဝတ်ကျေတန်းကျေ လုပ်ခဲ့တဲ့၊ “ကာချုပ်” ခမျာ အကျဉ်းစံပဒေသရာဇ်ဘုရင်ကျတော့မှ ပန်းခွေချပြီး လက်အုပ်ချီမိုးရှိခိုးကန်တော့နေရှာပါကလား။(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်)

Sunday, December 18, 2016

နောင်ကျော်၊ ရန်မျိုးသိမ်းနဲ့ တစ္ဆေခြောက်သူများ(မျိုးမြင့်ချို)

0 comments
ကိုဌေးသိန်း(နောင်ကျော်)နဲ့ (ရန်ကြီး)ရန်မျိုးသိမ်းတို့ကို စာတမ်းတင်ဖို့ဖတ်ဖို့ တရားဝင်ဖိတ်တယ်။ တင်တဲ့စာတမ်းကို ပယ်တယ်။ ဖတ်ခွင့်မပေးဘူး။

အဲ့ဒီကိစ္စက ပြန်ဝန် ဒေါက်တာဖေဖြင့်(ကြက်စွပ်ပြုတ်)က ခေါင်းရင်းပေးရတာ၊ ဗိုက်အငှားလိုက်ရတာ။ ဒေါက်တာဖေမြင့်မှာ ဘာအာဏာမှမရှိသလို ဒေါ်စုတို့ ဦးထင်ကျော်တို့ဆိုတာလည်း မင်းအောင်လှိုင်ပြုသမျှ နုရတဲ့အခြေအနေတွေနဲ့ နိုင်ငံရေးလုပ်နေရတာ။ စစ်တပ်ကစိတ်ကြိုက်ခင်းပေးထားတဲ့လမ်းကို မယိမ်းမယိုင် မသွေမဖည်ပဲလျှောက်လှမ်းနေကြရတာ။ မီးစင်ကြည့်ကနေရတာဆိုတာထက် ကြိုးစင်ကြည့်“လှုပ်“နေကြရတာဖြစ်ပါတယ်။

ဒီစာတမ်းတွေကိုဖတ်ခွင့်မပေးတာက စစ်အုပ်စုမငြိုငြင်ရေး စစ်အုပ်စုအလိုကျလိုက်လျောရေးဆိုတဲ့ “မူမဲ့“အမျိုးသားရင်ကြားစေ့ရေးအောက်ကလာတဲ့ အမြော်အမြင်နည်းပြီး တိုင်းပြည့်မျက်နှာမထောက်တဲ့ နိုင်ငံရေးအရ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းပြန်စွပ်တဲ့ ဉာဏ်ကင်းတဲ့လုပ်ရပ်လိုဖြစ်သွားတယ်။

ခုလိုပိတ်တော့ ဖတ်ခွင့်မပေးတော့ ဘာဖြစ်လဲ။ ပိုတောင် လူထုကြားထဲ ကျသွားသေးတယ်။ အရင်က အဲ့ဒါမျိုးတွေနဲ့ ဘာသိဘာသာနေသူတွေတောင် ဘာများလဲဟဆိုပြီး ခေါင်းထောင်ကြည့်လာကြတယ်။ စာတမ်းရှင်တွေကို စာတမ်းတွေကိုရော စိတ်ဝင်တစားဖြစ်လာသူတွေ ဆထက်ထမ်းပိုးဖြစ်လာတယ်။ မပေးမဖြစ်ဖွင့်ပေးထားရတဲ့ အင်တာနက်မီဒီယာတွေ လူမှုကွန်ယက်တွေရဲ့ စွမ်းပကားဟာ လန့်စရာကောင်းလောက်အောင်ကို ထက်မြက်ပါတယ်။ အင်တာနက်ခေတ်ဆိုတာ တခုခုကို ပိတ်ပင်ထိန်းချုပ်ဖို့အလွန်ခက်ခဲသလို ပြန့်နှံ့မှုနှုန်းကလည်း ကြောက်စရာကောင်းလောက်အောင်မြန်ပါတယ်။ ဒါကို အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရရော စစ်အုပ်စုရော မသိတာမဟုတ်
သိသိနဲ့မိုက်တွင်းနက်ကြတာ။ သေတွင်းတူးကြတာ။

နောက်တချက်က မပေးချင့်ပေးချင်နဲ့ပေးထားရတဲ့ မသဓာရေစာ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်။ ဒါကို ခုနေကြမှ အကြောင်းတခုပြပြီးပြန်ရုပ်ဖို့ လျှော့ချဖို့မဖြစ်နိုင်ဘူး။ အပြတ်ပိတ်ချင်ရင် စစ်တပ်က အရင်လိုဗြောင်ကျကျ သေနတ်ခါးထိုးပြီး အာဏာထဲပြန်ဝင်မှရမှာ။ ခုလို နောက်ကနေကိုင်ထားပြီး စေစားခိုင်းစားနေတဲ့အချိန်မှာ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို သွား“တိ“လိုက်ရင် စစ်အုပ်စုရော စစ်တပိုင်းအစိုးရရော ပိုပြီးအထိနာမှာပဲ။ ဒီ မသဓာရေစာလွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်လေးကိုပဲ ဖြဲရဲအသုံးချပြီး လူထုကြား ကျသထက်ကျအောင် လုပ်လို့ရတဲ့အကြောင်း ကိုဌေးသိန်းနဲ့ ရန်မျိုးသိမ်းက ပြလိုက်တာလို့မြင်ပါတယ်။

အခမ်းအနားမှာ မဖတ်ရတောာဘာဖြစ်လဲ။ အင်တာနက်မှာတင်မယ်။ ကမ္ဘာအရပ်ရပ်က ဗမာတွေဖတ်လို့ရသွားပြီ။ စာတမ်းဆိုရင်မှ ပြန်ဝန်ခွင့်ပြုချက်တို့ သက်ဆိုင်ရာခွင့်ပြုချက်တို့လိုနေဦးမယ်။ ခုက အင်တာနက်မှာတင်ရင် ပိုတောင်လွတ်လပ်သွားတယ်။ ဒီ့ထက်ပို ကမ္ဘာပြန့်ချင်ရင် အင်္ဂလိပ်လိုပြန်ပြီးသာ တင်လည်းတင်လိုက် စာအုပ်အဖြစ်လည်းထုတ်လိုက်ပါ။ ထုတ်လည်းထုတ်စေ့ချင်ပါတယ်။
တခါ ပြည်တွင်းကနေ ဒီစာတမ်းတွေကို ခုလို ဈေးချိုချိုနဲ့ စာအုပ်အဖြစ် ပြန်ရိုက်ထုတ်ဖြန့်ချိတော့ လူတိုင်းလိုလို ဝယ်နိုင်ဖတ်နိုင် သိမ်းနိုင်ဆည်းနိုင်သွားတယ်။ ပိုတောင် ကောင်းသွားသေးတယ်။ စာတမ်းဖတ်ပွဲတင်ဆိုမှ ချက်ခြင်းပုံနှိပ်ဖြန့်ချိဖို့အရေး မူပိုင်ခွင့်ဘာတို့က လာရှုပ်နေဦးမှာပါ။

ခုလိုစာမျိုး စာတမ်းမျိုး နိုင်ငံရေးစာပေမျိုးကို ကာယကံရှင့်အနေနဲ့ အင်တာနက်တင်တင် စာအုပ်အဖြစ်ထုတ်ထုတ် လက်ရှိ သူတို့ပြဌာန်းထားတဲ့ဥပဒေတွေအရ ဘာမှလုပ်မရဘူး။ စာတမ်းတွေကိုထုတ်ဝေပေးတဲ့ ထုတ်ဝေသူကိုလည်း ဗိုလ်ကြင်မောင့်ဆောင်းပါးတွေ ဗကပစာတွေထုတ်လို့ဆိုပြီး နှင်းဆီနီစာပေက မတင်တင်ချိုကိုလုပ်သလိုမျိုး လုပ်လို့မရဘူး။ ဖမ်းဖို့ဆီးဖို့ တရားစွဲဖို့မပြောနဲ့ လက်ဖျားနဲ့တောင်တို့မရဘူး။ နေသေးသပချုံထဲက ဂျိုသွေးတမြမြနဲ့ ခြေလှမ်းအမှားစောင့်ဖမ်း ဂွင်ရှာပြီး မသာအကွက်ဆင်လုပ်ကြံတာတွေတော့ လုပ်ရင်လုပ်လာနိုင်တယ်။ လူမိုက်ငှားပြီး ချောင်းရိုက်တာတို့၊ စာအုပ်တိုက်သွားဖျက်ဆီးတာတို့တွေလည်း လုပ်မယ်ဆိုလုပ်လာနိုင်တယ်။ ကာယကံရှင်တွေအနေနဲ့ သတိရှိကြဖို့တော့လိုပါလိမ့်မယ်။

စစ်အုပ်စုရော စစ်တပိုင်းအစိုးရရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကြက်စွပ်ပြုတ်ဒေါက်တာဖေမြင့်ရော ခုလောက်ဆို နိုင်ငံရေးကြိမ်မီးအုံးဖြစ်နေမလား ဖင်ကြားခဲညပ်နေမလားတော့ မပြောနိုင်ပေမယ့် မျက်ခွက်ပြောင်ပြောင်တွေနဲ့ ဒီမိုကရေစီတွေ လွတ်လပ်ခွင့်တွေဆိုတာကိုတော့ အသံကုန်ဆက်အော်ပြနေကြမှာကတော့ သေချာပါတယ်။
(စာကြွင်း။ စာတမ်းတွေကိုမဖတ်ရသေးတော့ စာတမ်းပါအကြောင်းအရာတွေကိုတော့ ဘာမှမပြောတတ်သေးပါ။ သေချာတာကတော့ စစ်အုပ်စုနဲ့အပေါင်းအပါတွေမကြိုက်ဘူးဆိုကတည်းက ပြည်သူ့အတွက်တိုင်းပြည်အတွက် အကျိုးရှိမယ့်စာတွေဖြစ်မှာပါပဲ)

Friday, December 16, 2016

ရှင်ဥက္ကဋ္ဌ (သို့ မဟုတ်) တော်လှန်သောပညာရှင် မောင်သာမည

0 comments
ရှင်ဥက္ကဋ္ဌ (သို့မဟုတ်) တော်လှန်သောပညာရှင်(မောင်သာမည)

၁၉၅၉ ခုနှစ်တွင် မြန်မာဗုဒ္ဓဘာသာလောကကို အကြီးအကျယ်ရိုက်ခတ်၏လှုပ်ရှားသွားစေသည့် စာအုပ်တအုပ် ထွက်ပေါ်ခဲ့သည်။ ယင်းစာအုပ်ကြောင့် စာရေးသူ၊ ထုတ်ဝေသူနှင့် ပုံနှိပ်သူတို့ မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည်။ တရားစွဲခံရသည်။ လေးနှစ်ကြာအောင် တရားရင်ဆိုင်ရသည်။ စာအုပ်ရေးသူမှာ ဗုဒ္ဓဘာသာဝင်ရဟန်းတပါးဖြစ်လေရာ စာအုပ်ပါအယူအဆကို သဘောမကျသော အခြားရဟန်းတချို့ ၏ဆန့် ကျင်မှုတို့လည်း ပေါ်ပေါက်ခဲ့သည်။

ဗုဒ္ဓဘာသာတွင် အကြီးမားဆုံးဆန့်ကျင်မှုဟုဆိုရမည့် ပကာသနိယကံဆောင်ပွဲများဖြင့် ဆန့်ကျင်သည်အထိ ရှိခဲ့သည်။ ယင်းစာအုပ်၏အမည်မှာ “လူသေလူဖြစ်”။ စာအုပ်ကိုရေးသူမှာ ပဉ္စမပေပင်အဖြစ် နာမည်ကျော်သော တောင်တွင်းကြီး နတ်မှီတောရဆရာတော်ရှင်ဥက္ကဋ္ဌ ဖြစ်သည်။
လူသေလူဖြစ်ဟုအမည်ပေးထားသည့် ယင်းစာအုပ်ကဖော်ကျူးသည့်အယူအဆကို စာရေးသူ ရှင်ဥက္ကဋ္ဌက စာတကြောင်းတည်းဖြင့် အနှစ်ချုပ်ထားသည်။
“လူသားဆိုတဲ့သတ္တ၀ါ သေဆုံးပြီးသွားတဲ့ နောက်အခါ၌အကယ်စင်စစ် ဖြစ်ခွင့်ဖြစ်စရာ
ဖြစ်ဖို့အလားအလာများရှိသေးခဲ့လျှင် လူမှတပါး အခြားဘာမျှဖြစ်စရာလည်းမရှိ” ဟူလို။

ယင်းစာကြောင်းက မိရိုးဖလာဗုဒ္ဓဘာသာဝင်များအပေါ် ဦးနှောက် မုန်တိုင်းကြီးတခုတိုက်ခတ်သကဲ့သို့  တုံလှုပ်ချောက်ချားစေခဲ့သည်မှာ ထူးလျက်နှင့်မဆန်းဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လူသေလူဖြစ် အယူအဆသည် မိရိုးဖလာဗုဒ္ဓဘာသာ၏မဏ္ဍိုင်ဖြစ်သော “သုံဆယ့်တဘုံ အယူအဆ” နှင့် လုံးဝခြားနား ဆန့်ကျင်သောကြောင့် ဖြစ်ပါသည်။

သုံးဆယ့်တဘုံအယူအဆ အရမှာ“ လူသေလျှင် သူပြုခဲ့သည့် ကံအလျောက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် စသည့်ဘ၀ဆိုးများသို့ဖြစ်စေ၊ လူ နတ် ဗြဟ္မာ စသော ဘ၀ကောင်းများသို့ဖြစ်စေ သုံးဆယ်တဘုံအတွင်းက ဘုံတခုဆီသို့ရောက်လိမ့်မည်” ဟူ၏။
လူသေလူဖြစ်ကျမ်းပြုဆရာရှင်ဥက္ကဋ္ဌက ယင်းသုံးဆယ့်တဘုံယုံကြည်မှုကို လူသားတို့၏အကြောက်နှင့် အမျှော်များ တိုးပွားရှင်သန်အောင် မြေဆီလောင်းပေးနေသည့်အရာအဖြစ်မြင်နေခဲ့ရာ လူသေလူဖြစ်စာအုပ်ဖြင့်ကုစားပေးခဲ့ခြင်းဟု ယူဆရပေသည်။
ယင်းသို့ကုစားရာတွင် ဆရာတော်ရှင်ဥက္ကဋ္ဌသည် ခေတ်သစ်သိပ္ပံ တွေ့ရှိချက်တခုဖြစ်သော
ဒါဝင် (Darwin)၏ ဆင့်ကဲဖြစ်စဉ်သဘောတရား (Theory of Evolution) ကိုလည်းကောင်း၊ ဖန်ဆင်းရှင် တန်ခိုးရှင်ကိုလက်သင့်မခံသည့် ဘုရားမဲ့ဝါဒ(Atheism) ကိုလည်းကောင်း၊ ဗုဒ္ဓဟောကြားခဲ့သည့် တရားကိုလည်းကောင်း အခိုင်အမာကိုးကားခဲ့သည်။

လူသေလူဖြစ်စာအုပ်တွင် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားကို အသေးစိတ်ထည့်သွင်းဖော်ပြထားသည်မှာ မြန်မာနိုင်ငံအတွင်းသို့ ကိုလိုနီစနစ်နှင့်အတူရောက်ရှိ ကျယ်ပြန့်လာသည့် ခရစ်ယာန်ဘာသာရေးကို စိန်ခေါ်လိုက်ခြင်းဖြစ်ပေသည်။ ဒါဝင်၏ဆင့်ကဲဖြစ်စဉ်သဘောတရားက အနောက်တိုင်းခရစ်ယာန်ဘာသာ၏ ဖန်ဆင်းရှင်ယုံကြည်မှုအား အခြေကကိုင်လှုပ်ခဲ့သည်ကို ဆရာတော်ရှင်ဥက္ကဌ ကောင်းကောင်းသိရှိပုံရသည်။ ဆရာတော်သည် နယ်ချဲ့ဝါဒကို လက်မခံသကဲ့သို့ နယ်ချဲ့ဝါဒနှင့်အတူပါလာသော ခရစ်ယာန်ဘာသာကိုလည်း လက်သင့်ခံပုံမရ။

ယင်းအချက်မှာ ကျောက်ကွင်းအရေးတော်ပုံဖြစ်ရပ်ဖြင့် ထင်ရှားသည်။ ကျောက်ကွင်း အရေးတော်ပုံဖြစ်ရပ်မှာ ဗုဒ္ဓဘာသာဝင်ရဟန်းတပါးက ခရစ်ယာန်ဘာသာအပေါ် ပြတ်ပြတ် သားသား ဝေဖန်သုံးသပ်ပြခဲ့သည့်ဖြစ်ရပ်ဟု ဆိုနိုင်သည်။

ဒါဝင်၏ဆင့်ကဲဖြစ်စဉ်သဘောတရားကဲ့သို့ပင် ဖန်ဆင်းရှင်အယူဝါဒကိုကိုင်လှုပ်ခဲ့သော အတွေးအခေါ်
တရပ်ကို ရောဘတ်အင်ဂါဆို (Robert Ingersoll) အမည်ရှိ တွေးခေါ်ရှင်က ဒါဝင်နှင့် မရှေးမနှောင်းပင်ဟောပြောတင်ပြခဲ့သည်။
ဘာသာရေးသမားတို့က လူတို့၏ဦးနှောက်အတွင်းသို့ ဖန်ဆင်းရှင် God ကိုလည်းကောင်း၊ ငရဲဘုံနှင့် နတ်ဘုံများကိုလည်းကောင်းသွတ်သွင်းပြီး အကြောက်အမျှော်တိုးပွားအောင်လုပ်ကာ စီးပွားရှာနေသည်ဟု ဆရာကြီးအင်ဂါဆိုက ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ပါသည်။ အင်ဂါဆို၏ဟောပြောချက်များမှ ကောက်နုတ် ဘာသာပြန်ပြီး လူသေလူဖြစ်ကျမ်းတွင်ဖော်ပြထားလေရာ ဆရာတော်၏ ပြောင်မြောက်လှသော ဘာသာပြန်အစွမ်းကြာင့် ဘာသာပြန်ဟုပင်မသိကြဘဲ ဆရာတော်၏ ယ်ပိုင်အယူအဆများအဖြစ် စွပ်စွဲကြသည်မှာ အံ့သြစရာကောင်းလှသည်။
(အင်ဂါဆို၏ဟောပြောချက်တချို့ ကို ဆရာပါရဂူက “ တော်လှန်သောအတွေးအခေါ်” အမည်ဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ဖူးသည်။ ယင်းစာအုပ်လည်း ထွက်ပြီးမှအပိတ်ခံခဲ့ရပါသည်)

ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားကိုလည်းကောင်း၊ အင်ဂါဆို၏ ဘုရားမဲ့အတွေးအခေါ်ကို လည်းကောင်း ကြားဖူးနားဝမရှိသည့်သူတို့ အတွက်မှာ လူသေလူဖြစ်စာအုပ်သည် လုံးဝအသစ်အဆန်း ဖြစ်နေပေလိမ့်မည်။

ဖန်ဆင်းရှင်အယူဝါဒကိုလည်းကောင်း၊ သုံးဆယ့်တဘုံအယူဝါဒကိုလည်းကောင်း စွဲမြဲသက်ဝင်နေသူတို့ အတွက်မှာလည်း အလွန်အန္တရာယ်ကြီးသော မိစ္ဆာအယူဝါဒဖြစ်နေပေလိမ့်မည်။ ဤသို့ ဖြင့်
ဆရာတော်ရှင်ဥက္ကဌကို ပကာသနိယကံဆောင်ကာ ခါးခါးသည်းသည်း ဆန့်ကျင်ခဲ့ခြင်းဖြစ်မည်။

သို့သော် လူသေလူဖြစ်အယူအဆကိုတင်ပြရန် ပန်ကြားခဲ့သူသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ဟူသော ပြောဆိုချက်များရှိခဲ့လေရာ ကျမ်းပြုဆရာ၏ရည်ရွယ်ချက်တွင် အမျိုးသားရေးနှင့် နိုင်ငံရေးလည်းပါဝင်ခဲ့မည်လားဟု စဉ်းစားစရာရှိသည်။

လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော်က အိုးဝေဂျာနယ်တွင် စတင်ဖော်ပြခဲ့သော စာရေးဆရာမင်းအောင်ရေးသားသည့်ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့တပ်မတော်သားများ
သေရဲတိုက်ရဲသည့်စိတ်ဓာတ်ရှိစေရန် ယင်းလူသေလူဖြစ်အယူအဆကို ကျမ်းတစောင်ပြုစုပေးပါဟု ဆရာတော်ရှင်ဥက္ကဌအားပန်ကြားခဲ့သည်ဟု ရေးသားထားသည်။

ဆရာတော်ကိုယ်တိုင်ရေးသားသည့် “ လူသေလူဖြစ်စစ်တန်းနှင့် ထောင်ကျမှတ်တမ်း” စာမူတွင် “ကွယ် လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တော်လှန်ရေးတပ်မတော်ကြီးကို တည်ထောင်ဖွဲ့စည်းခဲ့တယ် မဟုတ်လား - - - အဲဒီတပ်မတော်အတွက် တိကျပြတ်သားတဲ့ အဘိဓမ္မာကျောထောက်နောက်ခံရှိတဲ့ Slogan (၀ါ) ကြွေးကြော်သံတခုလိုနေတာ တွေ့ရတယ်။ အဲဒါကြောင့် လူသေလူဖြစ်အဘိဓမ္မာ ကျောထောက်နောက်ခံရှိတဲ့ လူသေလူဖြစ်၊ လူဖြစ်လူသေ၊ တိုးလိုက်ဟေ တိုက်လိုက်ဟေဆိုတဲ့ ဆလိုဂန်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်တယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ဖြစ်စေ လူသေလူဖြစ်စာအုပ်ကိုရေးသားခဲ့သည့် ဆရာတော်ရှင်ဥက္ကဌသည်ကား သူ အသက်ရှင်နေ စဉ်ကာလတွင် ပကာသနိယကံဖြင့် အကြဉ်ခံခဲ့ရသကဲ့သို့ ပျံလွန်တော်မူပြီးနောက်တွင်လည်း သူ၏ လူသေလူဖြစ်အယူအဆကို အဓမ္မ၀ါဒအဖြစ်သတ်မှတ်ခံခဲ့ရသည်။
(ဤနေရာတွင် အဓမ္မ၀ါဒဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည်ဟူသောအနက်ကိုသာ ရည်ညွှန်းပါသည်။ အဓမ္မအဖြစ် သတ်မှတ်သူများမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၏ သံဃနာယကအဖွဲ့ဝင်များသာ ဖြစ်သောကြောင့်ပင်။ မူရင်းမူလဗုဒ္ဓဘာသာနှင့် ခြားနားသည်ဟူသောအနက် မရှိပါ။ ထေရ၀ါဒသည် ဂိုဏ်းခွဲတခုသာဖြစ်သည်။ ဗုဒ္ဓလွန်ပြီး အတော်ကြာမှပေါ်လာသည့်ဂိုဏ်းတခု ဖြစ်သည်။ ထေရ၀ါဒတွင် ဟိန္ဒူ အယူဝါဒများစွာပါဝင်နေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် အဓမ္မ၀ါဒဆိုလျှင် မှားယွင်းသောအရာများဟု မမှတ်သင့်။ ထေရဝါဒနှင့်ဆန့်ကျင်သော အယူအဆဟုသာ ဆိုလိုပါသည်။ ဘာသာရေးအယူအဆအများစုမှာ မှန်မမှန် သက်သေပြနိုင်သော အရာများမဟုတ်ဘဲ ယုံကြည်မှုသက်သက် တရားသေအယူအဆသာ များပါသည်။)

ဆရာတော်ရှင်ဥက္ကဋ္ဌသည်ကား ယင်းကဲ့သို့သော ဆန့်ကျင်ဝေဖန်မှုများကို ကြိုတင်မျှော်လင့်ပြီးသား ဖြစ်ပုံရသည်။ ဆရာတော်၏ဘ၀တလျောက်လုံး ယင်းကဲ့သို ဆန့်ကျင်ခံရမှုများမှာ အများအပြားရှိခဲ့သည်။

သိသာသောဖြစ်ရပ်တခုမှာ ၀န်ကြီးချုပ်ဟောင်းဦးနုဦးဆောင်ခဲ့သည့်
ဆဋ္ဌသံဂါယနာတင်ပွဲတွင် ဖြစ်သည်။ ဆရာတော်၏အမြင်တွင် သံဂါယနာတင်ပွဲဆိုသည်မှာ မှတ်တမ်းတင်ထားသည့် ဗုဒ္ဓ၏တရားတော်များကို ပြန်လည်စိစစ်ပြီးတည့်မတ်အောင် ပြင်ဆင်ရေးဖြစ်သည်။
ဗုဒ္ဓခေတ်က နှုတ်ဖြင့်ဆေင်ထားခဲ့သည့် တရားများကို ကျောက်ထက်အက္ခရာဖြင့်လည်းကောင်း၊ စာပေ ကျမ်းစာဖြင့်လည်းကောင်း မှတ်တမ်းတင်ကြရာတွင် နှစ်ကာလကြာရှည်သည်နှင့်အမျှ တိမ်းစောင်းသည်များလည်းရှိသကဲ့သို့  တရားမသိ တရားမရှိသူများက လိုသလို ဖြည့်စွက်နုတ်ပယ်ပြုပြင်သည်များရှိသည်ဟု ဆရာတော်ကယူဆသည်။ နငယ် အမြီးတိုသည်ကို ရှည်အောင်လုပ်ပေးရုံထက်မကသော သာသနာရေးဆိုင်ရာမဟာတာဝန်ကြီးအဖြစ် ယူဆသည်။
သို့သော် ဆဋ္ဌသံဂါယနာတင်ပွဲတွင် ပါဝင်ဦးဆောင်သူအများစုမှာ မင်းတုန်းမင်းကြီးတင်ခဲ့သည့် ပဉ္စမသံဂါယနာမူအတိုင်းပင် ပုံနှိပ်မှတ်တမ်းတင်လိုရာ ဆရာတော်ရှင်ဥက္ကဋ္ဌနှင့်
လုံးဝသဘောကွဲလွဲခဲ့ပုံရသည်။

ဆရာတော်က သံဂါယနာအစည်းအဝေးများကိုမတက်ဘဲ သပိတ်မှောက်ခဲ့ပြီး အစာငတ်ခံဆန္ဒပြသည် အထိ ဖြစ်ခဲ့သည်ဟုဆိုသည်။

နောက်ထပ်ဖြစ်ရပ်တခုမှာ ဖက်ဆစ်ဂျပန်များလွှမ်းမိုးခဲ့သည့်ကာလတွင် ညီညွတ်သောသာသနာ့တပ်ဦး ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းသည့်အတွက်
ဖက်ဆစ်တို့၏ဖမ်းဆီးမှုကိုခံရခြင်း ဖြစ်သည်။ စစ်ဦးဘီလူး ခေတ်ဆိုးကြီးအတွင်း ဆရာတော်၏ကြိုးပမ်းမှုသည် ဖက်ဆစ်တို့အတွက် အကြီးမားဆုံးရာဇ၀တ်မှုကြီးဖြစ်လေရာ သေဒဏ်ပေးခံရတော့သည်။

သို့သော် ဆရာတော်နည်းတူ တော်လှန်သောဘာသာရေးပညာရှင်တဦးဖြစ်သူ ရှင်အာဒိစ္စ၀ံသ၏ ကြိုးပမ်းမှုဖြင့် သေဒဏ်လွတ်ခဲ့သည်။
(ရှင်အာဒိစ္စ၀ံသသည် ရဟန်းများ အင်္ဂလိပ်စာသင်ရေးနှင့် အမျိုးသမီးများကိုဘိက္ခုနီဝတ်ခွင့်ပြုရေးအတွက် ကြိုးပမ်းမှုကြောင့် ပကာသနိယကံဖြင့် ရှင်ဥက္ကဋ္ဌအရင် အကြဉ်ခံခဲ့ရသူဖြစ်ပါသည်) သေဒဏ်ကို ငံ့လင့်နေသောရှင်ဥက္ကဋ္ဌထံသို့ပေးပို့လိုက်သည့်ရှင်အာဒိစ္စ၀ံသ၏စာတစောင်မှာ တော်လှန်သော
ပညာရှင်တို့၏ဘ၀ခံယူချက်ကို ရည်ညွှန်းနေပါသည်။
“ဂျင်နရယ်အီဒါးထံ ရောက်အောင်သွား၍ သေဒဏ်ကိုဖျက်သိမ်းစေခဲ့ပြီ။ ကျန်တဲ့အပြစ်ဒဏ်ကိုတော့ ဗဟုသုတရအောင် ခံပါ“ ဟူလို။

ပိဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်နိုင်သော၊ ဗုဒ္ဓဘာသာကိုသာမက ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာများကိုပါ နက်နက်နဲနဲ လေ့လာသင်ယူထားသော၊ မြန်မာ၊အင်္ဂလိပ်၊ ဟိန္ဒူ၊ အာရဗီ၊ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ စသည့်ဘာသာစကားများကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသော၊ အင်္ဂလိပ်စာ ထွန်တုံးပေါ်ရောက်ရေးရည်ရွယ်ချက်ဖြင့်
ဗုဒ္ဓသာသနာပြုအမျိုးသားအထက်တန်းကျောင်းကြီးကို ထူထောင်ပြီး ကိုယ်တိုင်ကျောင်းအုပ်လုပ်ခဲ့သော၊ ကျမ်းစာအုပ်ပေါင်းများစွာကိုရေးသားပြုစုပြီး အသိပညာနယ်ပယ်ကိုချဲ့ထွင်ခဲ့သော တောင်တွင်းကြီး နတ်မှီတောရဆရာတော် ရှင်ဥက္ကဌသည် တော်လှန်သောပညာရှင်တို့တွေ့ကြုံရသည့်လောကဓံအမျိုးမျိုးကို အပြုံးမပျက်ဖြတ်သန်းကာ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၇ တွင် ပျံလွန်သွားခဲ့သည်။

ဆရာတော်သည် ဘာသာရေး၊သာသနာရေး၊အမျိုးသားရေး၊ နိုင်ငံရေး၊ ပညာရေး အစစတွင် ကိုယ်တိုင် ဆင်းရဲဒုက္ခခံကာ ပြုပြင်ပြောင်းလဲရေးကို အားစိုက်ခွန်စိုက်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံနှင့်ချီသော၊ တမျိုးသားလုံးနှင့်ချီသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမျိုးသည် စကားလှရုံ၊ ပါးစပ်က ပြောနေရုံလောက်နှင့် လည်းကောင်း၊ တော်ရုံတန်ရုံ စွန့်လွှတ်မှုနှင့်လည်းကောင်းမဖြစ်နိုင်ပုံကို ဆောင်းပါးရေး၍သတိပေးခဲ့သည်။ ကိုလိုနီခေတ်ကရေးခဲ့သောဆောင်းပါးဖြစ်သည်။
ယင်းသတိပေးစကားသည်ကား -
“ပြုပြင်ပြောင်းလဲရာ၌ တကယ့် သံမဏိခေါင်းဆောင်လိုချေသည်။ ယခုလက်ရှိ အပျော့စား၊ ဗန္ဓတ်ကပြား၊ ယောကျားမမည်၊ မိန်းမ မမည်၊ ပရိယာယ်များလှတဲ့၊ မနုဿီဟ ဖင်နှစ်ခွ၊ ခေါင်းဆောင်မျိုးဖြင့်ကား၊ ဘာမျှ အကျိုးမထင်ဘဲ၊ သောင်ပြင်ရေကျ၊ တထေ၀ ဖြစ်ပေလိမ့်မည်” ဟူလို။ ။

Nay Kaung Lar (မျိုးမြင့်ချို)

0 comments
ယာဟူးခေတ်၊ ဂျီတော့ခ်ခေတ်အလွန် ဖေ့စ်ဘွတ်ခ်ခေတ် ဗီဒီယိုချက်တင်န်းမှာ “ကျနော်က ဗမာလို မရိုက်တတ်ဘူးဗျ“လို့ ဂုဏ်ယူဟန်ပြောတဲ့
လူငယ်လေးတယောက်ကို “ဒါဆိုလည်း အင်္ဂလိပ်လိုရိုက်ပေါ့ဗျာ“ဆိုတော့
“အဲ့ဒါမှအဆင်ပြေမှာ ဦးလေးရ“ဆိုပြီး ရိုက်ပါလေရော အင်္ဂလိပ်လိုတွေ nay kaung lar, tha min sar pe be lar တွေ စုံလို့ပါပဲ။

တဘက်က သူ့အင်္ဂလိပ်ကို ကြိုးစားပမ်းစား နားလည်အောင်ဖတ်ရင်း 
မေးရင်းမြန်းရင်း အခြားတဘက်ကနေလည်း ကိုယ်က ဗမာလိုပြန်ရိုက်ရင်း
ဗမာဖေါင့်လေးတွေ လက်ကွက်လေးတွေပြောပြရင်း “ခင်ဗျား ဗမာလို
မရိုက်တတ်ရင် ခင်ဗျားတကယ်ပြောချင်တာတွေ ပြောဖို့ကြခက်လိမ့်မယ်ဗျ။

နောက်ပြီး ခေတ်ကြီးက သွားသုတ်သုတ် စားသုတ်သုတ်ခေတ်ကြီးလေ။
ခင်ဗျားရေးတဲ့ ဘားဂလီးရှ်တွေကိုနားလည်ဖို့ဆို တဘက်လူမှာ
အချိန်အတော်ပေးရသလို ခင်ဗျားအတွက်လည်း ဘယ်လိုပေါင်းရပါ့တွေးရတာနဲ့တင် အချိန်မနည်းကုန်မှာ။ ကြာတော့ အဲ့လိုတွေ ရေးရပြောတာ အချိန်ကုန်တာနဲ့မကာမိလို့ ဘယ်သူမှ ဖတ်ကြတော့မယ်မထင်ဘူး။ နောက်ဆုံး ခင်ဗျားကိုယ်တိုင်ပါ ကိုယ့်ဘာသာ စိတ်ပျက်လာလိမ့်မယ်ဗျ။ ခင်ဗျားစိတ်ထဲ အတွေးထဲ အသိထဲရှိတာတွေကို နှုတ်ကနေဆိုစကားနဲ့ လက်ကနေဆိုစာနဲ့ ပြောပြ ရေးပြမှ ရတာမဟုတ်လား။ အင်္ဂလိပ်လိုတတ်ဦးတောင် တကယ့်အင်္ဂလိပ်စကားပြောလူမျိုးတွေလို
နှိုက်နှိုက်ချွတ်ချွတ်ပြောတတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တောင် သူ့ဘာသာသူ အင်္ဂလိပ်လို ဘယ်လောက်ကျင်လည်ကျင်လည် တကယ့် အင်္ဂလိပ်အစစ်တွေလိုတော့ မတတ်လောက်ပါဘူးဗျ ဘာညာနဲ့
စိတ်ရှည်လက်ရှည်ပြောကြရင်း တယောက်ဆီကတယောက်သင်ယူကြရင်း
သင်ပေးကြရင်း လူချင်းရင်းနှီးခဲ့ကြတဲ့လူငယ်လေးဟာ ခု ကွန်ပြူတာမှာ
ဗမာဖေါင့် အတော်များများကို ကျင်ကျင်လည်လည် မြန်မြန်ဆန်ဆန် အမှားအယွင်းမရှိသလောက် ရိုက်တတ်ရုံမက ပါဠိပါဌ်သားတွေ အဆင့်တွေပါ အခက်အခဲမရှိ
ရိုက်တတ်နေပါပြီ။


အင်တာနက်နဲ့ လူမှုမီဒီယာတွေ ခုလောက် ဖောဖောသီသီမရှိခင်ကာလများဆီက nay kaung lar လို့ နှုတ်ဆက်တတ်ကြတဲ့ သူအပါအဝင် လူငယ်တော်တော်များများဟာ ခုဆိုရင် ဗမာလိုရိုက်နေကြတာ သတိထားမိပါတယ်။

ဝမ်းလည်းသာပါတယ်။ သူတို့ပြောချင်တာတွေ သူတို့ရင်ထဲ စိတ်ထဲ အတွေးထဲ
နှလုံးသားထဲရှိတာတွေကို ဗမာလို အိတ်သွန်ဖာမှောက် ပြောနေရေးနေကြပါပြီ။ အိုင်ဖုန်းတွေ စမတ်ဖုန်းတွေ တက်ဘလက်တွေ အိုင်ပက်ဒ်တွေမှာ ဗမာစာလုံးနဲ့လက်ကွက်တွေတီထွင်ပေးတဲ့ ပညာရှင်များရဲ့ကျေးဇူးလည်း ကြီးလှပါတယ်။

မြန်မာမှု မြန်မာစာ မြန်မာ့ယဉ်ကျေးမှုတွေဘာတွေ
ထိန်းသိမ်းမယ်ဘာညာ အသားလွတ်ကြွေးကြော်ဖို့ထက် ဗမာစာတတ်သူခြင်း
ဗမာစကားပြောသူချင်း ဗမာလိုပြောရ ရေးရ ဖတ်ရတာက
ပိုအဆင်ပြေတယ် မဟုတ်လား။ အတင်းတောင် ဗမာလိုပြောရမှ
အရသာက ပိုရှိတာမဟုတ်လား။
ဒီဇင်ဘာ ၁၆၊ ၂ဝ၁၆

နသားပါးယားဗမာမှု(မျိုးမြင့်ချို)

0 comments
ကျနော့်သဘောကတော့ နည်းပညာနဲ့ဆိုင်တဲ့ဝေါဟာရတွေ၊
လျှပ်စစ်ပစ္စည်းတွေ၊ ယဉ်တွေထဲကတချို့ကို ဇွတ်အတင်းကာရော ဗမာမှုပြုတာ ပြန်တာကိုမကြိုက်ပါ။ ပြုလို့ပြန်လို့ တွင်သွားရင်တော်သေးရဲ့၊ မတွင်တော့ အချိန်ကုန်လူပမ်း သဲထဲရေသွန်ဖြစ်တာပဲ အဖတ်တင်ပါတယ်။

ခေတ်က နည်းပညာနဲ့ပတ်သက်လို့ နည်းတွေရောပစ္စည်းတွေပါ တနေ့တမျိုးဆိုတာထက် တနေ့တနေ့အမျိုးပေါင်းများစွာ ဆန်းသစ်ဖြစ်ပေါ်နေတာ မဟုတ်လား။ ကိုယ်က နောက်ကလိုက်ပြီး အတင်းဗမာမှုပြုလိုက်ပြန်လိုက်လုပ်နေလည်း ပြုပြု ပြန်ပြန်ပဲရှိတာပါ။ အများတကာအများစုကြီးက မသုံးကြပါဘူး။

ဟိုးအရင်ခေတ်တွေကလို တခုခုတီထွင်ပြီး သုံးသက်ကြာကြာခံတာမျိုးက ဒီဘက်ခေတ်မှာ အတော်နည်းသွားပါပြီ။ တခုနောက်တခု တန်းစီပြီးထွက်နေသလို လူတွေကလည်း အသစ်အသစ်တွေနောက် ကောက်ကောက်ပါအောင်လိုက်ကြတာ မဟုတ်လား။ ဒီတော့ ဒီတခုအတွက် ကိုယ်ကဗမာမှုပြုလိုက်ပြန်လိုက်တယ်၊ ဟော ခနပဲကြာတယ် နောက်တခုထပ်ထွက်လာတော့ ဒီဗမာမှုပြုတာပြန်တာကြီးက ဘယ်နားသွားသုံးရမှန်းမသိတော့ဘူး ဖြစ်ကုန်တတ်ပါတယ်။

အရင်ခေတ်တွေကလို တခုခုတီထွင်ပြီးသုံးစွဲချိန်ကြာကြာခံတာမျိုးကတော့ ဗမာမှုပြုတာပြန်တာကောင်းသလို လုပ်လည်းလုပ်ရမယ်လို့မြင်ပါတယ်။ ဥပမာ လေယဉ်ပျံ၊ မီးရထား၊ ဓာတ်လှေကား စတာမျိုးတွေက ခုထိလည်း တွင်တွင်ကျယ်ကျယ်သုံးနေကြတော့ ဝေါဟာရကလည်း တိမ်ကော မသွားဘူးပေါ့လေ။ ဒါတောင် ဘူးလက်ထရိန်းဆိုပြီးပေါ်လာတော့ ကျည်ဆန်ရထားဆိုပြီး ပြန်ကြသေးတာ ဘယ်မှာကြာကြာခံလဲ။ လူတိုင်းက ဘူးလက်ထရိန်းလို့ပဲခေါ်ကြတာပါ။ ဒရုမ်းတွေပေါ်လာတော့လည်း
မောင်းသူမဲ့လေယဉ်ဆိုပြီး ပြန်ကြပြုကြပါသေးတယ်။ ခု ဘယ်သူမှ အဲ့လိုမခေါ်ကြပါဘူး။ ဒရုမ်းကို ဒရုမ်းလို့ပဲခေါ်ပါတယ်။

နောက်ပြီး ရုပ်မြင်သံကြားဆိုပါတော့ အလွန်လှပကျစ်လစ်တဲ့ ဗမာမှုဗမာပြန်ပါ။ အချိန်အတန်ကြာ ခံခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုများတော့ အစိုးရသတင်းစာတွေ ရုပ်သံလွှင့်ဌာနတွေကလွဲလို့ အပြင်မှာ ဘယ်သူမှ ရုပ်မြင်သံကြားလို့ မခေါ်ကြတော့ပါဘူး။ တီဗီဆို အင်္ဂလိပ်စာတတ်တတ် မတတ်တတ် သိကြပါတယ်။

ကွန်ပြူတာနဲ့ပတ်သက်ရင်လည်း အလားတူပါပဲ။ အပျော့ထည်တို့ အမာထည်တို့ဆိုပြီး လုပ်ကြသေးတာပဲ။ ဆော့ဖ်ဝဲတို့ ဟာ့ဒ်ဝဲတို့ဆို လူတိုင်းနားယဉ်ကြသလို လက်တွေ့မှာလည်း ဒီအတိုင်းပဲသုံးကြပါတယ်။ အသံထွက်မပီဦးတောင် လူတိုင်းနားလည်ပါတယ်။ တက်ဘလက်ကို သင်ပုန်းလို့ ဘယ်ကလေးကမှမခေါ်သလို ကွန်ပြူတာကိုလည်း စက်ဦးနှောက်လို့ ဘယ်လူကြီးမှ မပြောပါ။ ပြောရရင် ပြောစရာတွေများမှာပါ။ ဒါနည်းပညာနဲ့ လျှပ်စစ်ပစ္စည်းတွေ ယဉ်တွေလောက်ပဲကွက်ပြောကြည့်တာပါ။ အခြား အတွေးအခေါ်နယ်ပယ် စာပေနယ်ပယ် ယဉ်ကျေးမှုနယ်ပယ် နိုင်ငံရေးနယ်ပယ်တွေမှာလည်း အလားတူကိစ္စတွေရှိပါတယ်။

ကျနော့်သဘောကတော့ မလိုအပ်တဲ့ကိစ္စတွေမှာ မြန်မာ(ဗမာ) အတင်းဆန်ပြတာမျိုး၊ ဇွတ်အတင်း နသားပါးယားလုပ်ပြီး ဗမာမှုတွေ မြန်မာမှုတွေပြုနေတာမျိုးကိုရော မနှစ်မြို့ပါ။
ဒီဇင်ဘာ ၁၆၊ ၂ဝ၁၆

သတင်းသင်းသတ်ခံရခြင်း(မျိုးမြင့်ချို)

0 comments
သတင်းထောက်မှ မဟုတ်ဘူး ဥပဒေမဲ့လုပ်ကြံသတ်ဖြတ်ခံရသူတိုင်းကို
စာနာပါတယ်။ တရားရုံးတရုံးကနေ သေဒဏ်စီရင်ချက်ချတိုင်းလည်း
ဒါဟာ ဥပဒေနဲ့အညီတရားစီရင်တယ်လို့ပြောလို့မရပါ။
သူပြုတဲ့သူ့ဥဒေနဲ့ သူသတ်ချင်တဲ့လူကို သတ်ဖြတ်တာပါ။
ဥပဒေတိုင်းမှာ (လူတန်းစားဘက်)ရှိပါတယ်။ ဒီနေရာမှာ
သာမန်ရာဇဝတ်မှုကြီး/သေးတွေကိုပြောတာမဟုတ်ပါ။
ဒီရာဇဝတ်မှုတွေမှာတောင် လူတန်းစားသဘောမဆောင်တဲ့
အခြားဘက်လိုက်မှုတွေတင်းကြမ်းဖြစ်တာတွေရှိပါတယ်။
အာဏာနဲ့စပ်တဲ့၊ နိုင်ငံရေးနဲ့စပ်တဲ့၊ လူတန်းစားနဲ့စပ်တဲ့
အမှုအခင်းတွေမှာဆို အလွန်သိသာမြင်သာ ထင်ရှားပါတယ်။


ခုသတင်းထောက်လေးတယောက် အသတ်ဖြတ်ခံရတယ်။
သူ ဘယ်နောက်ခံကနေ အလုပ်လုပ်နေတာလဲ။
သူ ဘယ်သူ့အတွက် အလုပ် လုပ်နေတာလဲ။
သူ ဘာသတင်းတွေလိုက်သလဲ။
သူ ဘာတွေဖော်ထုတ်သလဲ။
သူ ပြောလို့တိုင်းပြည်နဲ့လူထု ဘာတွေသိခွင့်ရသလဲ။
သူ့ကြောင့် ဘယ်သူတွေ ဘာတွေ အကျိုးရှိခဲ့ နစ်နာခဲ့ကြသလဲ။
သူ့ကြောင့်အကျိုးရှိသူတွေက
သူ့ကို ဘယ်လိုဘယ်လောက်ဖေးမကြပြီး
သူ့ကြောင့်နစ်နာအကျိုးပျက်ရသူတွေ
သူ့ကို ဘယ်လိုဘယ်လောက် အညှိုးအတေးထားမုန်းတီးကြသလဲ
မေးစရာတွေအများကြီးပါ။
ကျနော်မသိတာတွေအများကြီးပါ။

နောက်ဆုံးကုန်ကုန်ပြောမယ်
သူ့ကို ဘယ်သူတွေကသတ်မှန်း
ကျနော်မပြောနဲ့
(ခုထိ) ဘယ်သူမှ အတိအကျမသိသေးပါ။
သိတာတခုကတော့ သူဟာ
အခု ၆၆(ဃ)နဲ့
ရန်ကုန်တိုင်းဝန်ကလေးချုပ်က
တရားလိုလုပ်ပြီးစွဲထားတဲ့
သတင်းမီဒီယာတခုအတွက်
အလုပ်လုပ်နေသူဖြစ်တယ်ဆိုတာလောက်ပါပဲ။
ဒီလောက်သိရုံလေးနဲ့
ဘာမှမပြောလိုပါ။

ဒါပေမဲ့
ခုလို
လူတယောက်ကို
ရိုက်သတ်ခွင့်လိုင်စင်မပြောနဲ့
တပြည်လုံးကို
စစ်အာဏာနဲ့ထင်သလိုလုပ်ခွင့်ရထားတဲ့နိုင်ငံမှာ
သူဟာ ဒုတိယကိုပါကြီးဖြစ်တယ်မဖြစ်ဘူး
ပြောဖို့တော့ စောပါသေးတယ်။

သူဟာ
ဒုတိယကိုပါကြီးမဟုတ်ရင်တော့
အမှုမှန်ပေါ်လာမှာပါ
လက်သည်ဆွဲထုတ်ပြကြမှာပါ။

သတင်းနဲ့မှတ်ချက်

0 comments
သတင်းနဲ့မှတ်ချက်
သင့်မြတ်ရေးဘတ်ဂျက် (သို့) တပ်တမျက်နှာကြည့်ဘတ်ဂျက်
ဒီဇင်ဘာ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကနေ “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း” အတည်ပြုလိုက်ကြပါတယ်။ ဝေဖန်သံ၊ ကန့်ကွက်သံ ဘယ်ဘက်ကမှ မကြားရပါဘူး။ ဘီဘီစီကပေးတဲ့ သတင်း မှာတော့ ဝန်ကြီးဌာန စုစုပေါင်းရဲ့ (ဖြည့်စွက်) တောင်းခံငွေ ကျပ်ဘီလီယံပေါင်း ၁၃၀၀ ကျော်ထဲကနေ ၆၀ ရာခိုင်နှုန်းကျော်ကို ဖြတ်တောက်ခဲ့သော်လည်း၊ စစ်တပ်က တောင်းတဲ့ ဖြည့်စွက်တောင်းခံငွေ ကျပ်ဘီလီယံ ၁၀၀ ကျော်ကို လွှတ်တော်က အတည်ပြု ပေးလိုက် တယ်လို့ဆိုပါတယ်။
ကာကွယ်ရေးဘတ်ဂျက် (ဝါ) စစ်အသုံးစရိတ်ဟာ ဘတ်ဂျက်တစ်ခုလုံးရဲ့ ၁၄ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ၈ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်းနှုန်းအသီးသီးဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရပိုင်သတင်းစာတွေမှာကြည့်တော့ ဝန်ကြီးဌာန ၁၁၊ ဗဟိုဘဏ်နဲ့ နေပြည်တောင်ကောင်စီတို့ရဲ့ ဖြည့်စွက်တောင်းခံငွေ တွေကို ဖော်ပြပြီး ဘယ်လောက်လျှော့ချရမယ်ဆိုတဲ့ ပမာဏကိုလည်း ယှဉ်တွဲဖော်ပြထားပါတယ်
ကာကွယ်ရေးဘတ်ဂျက် (ဝါ) စစ်အသုံးစရိတ် ကိုတော့ တလုံးတပါဒမျှဖော်ပြထားခြင်းမရှိပါဘူး။
- ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကျပ် သန်း (၃၆၉၂၈ ဒသမ ၅၇၉) မှ ငွေကျပ်သန်း(၉၀၇၈ ဒသမ ၁၈၄)လျှော့ချရန်၊
- နယ်စပ်ရေးရာဝန်ကြီးဌာန၊ ငွေကျပ်သန်း (၃၅၅၅)မှ ငွေကျပ်သန်း (၅၉၂ ဒသမ ၅၀၀)လျှော့ချရန်၊
- ပညာရေးဝန်ကြီးဌာန၊ ငွေကျပ်သန်း (၅၀၉၄၆ ဒသမ ၁၄၄)မှ ငွေကျပ်သန်း (၂၄၆ ဒသမ ၉၅၄)လျှော့ချရန်၊
- စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သာမန်သုံးငွေ ငွေကျပ် သန်း (၂၂၈၄၃၆ ဒသမ ၆၉၁)မှ ငွေကျပ်သန်း(၄၀) လျှော့ချရန်၊
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေလုံးငွေရင်းသုံးငွေ ငွေကျပ်သန်း(၁၂၃၈ ဒသမ ၇၂၃)မှ ငွေကျပ်(၃၅) သန်း လျှော့ချရန်၊
- ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သာမန်သုံးငွေငွေကျပ်သန်း(၁၃၄၆ ဒသမ ၃၂၃)မှ ငွေကျပ်သန်း (၂၆၁ ဒသမ ၀၃၃)လျှော့ ချရန်၊
- ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ငွေလုံးငွေရင်းသုံးငွေ ငွေကျပ်သန်း(၅၀၂၅၇ ဒသမ ၈၀၈)မှ ငွေကျပ်သန်း (၂၃၀၀)လျှော့ ချရန်၊
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကျပ်သန်း(၁၃၀၂၅၄ ဒသမ ၆၄၈)မှ ငွေကျပ်သန်း (၅၄၆၆၈ ဒသမ ၉၁၀) လျှော့ချရန်
ကိန်းဂဏန်း ၄ လုံးကနေ ၆ လုံးအကြားရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဘတ်ဂျက်တွေကို ကောက်နုတ်ပြလိုက် ပါ တယ်။ ဒီလိုဖော်ပြထားတာထဲမှာ ကျန်းမာရေးဝန်ကြီးဌာနအသုံးစရိတ်ပါ မလာဘူး။
ဘတ်ဂျတ်ရေးတာမှာ သုံးမျိုးရေးလေ့ရှိကြတယ်လို့ဆိုကြပါတယ်။ ပိုငွေပြဘတ်ဂျက်၊ ဘက်မျှဘတ်ဂျက်၊ လိုငွေပြဘတ်ဂျက် စသဖြင့်ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ ကြံ့ဖွံ့အစိုးရကတော့ လိုငွေပြဘတ်ဂျက်နဲ့အသုံးတော်ခံသွားတာပါ။
စစ်တပ်ရဲ့ ဘတ်ဂျက်တောင်းခံရေးမူက တောင်းသလောက်ပေး၊ လိုရင်ထပ်တောင်းမယ်၊ ဘယ်မှာဘာတွေသုံးသလဲဆိုတော့ မမေးနဲ့ မပြောနိုင်ဘူး၊ မပြနိုင်ဘူးဆိုတဲ့မူ ဖြစ်လိမ့်မယ် ထင်ပါတယ်။
လက်ရှိ ဒီချုပ်ပါတီအစိုးရရဲ့ဘတ်ဂျက်မူကတော့ အရပ်ဘက်ဝန်ကြီးဌာနတွေကနေ ဖြတ်တောက်၊ လှီးထုတ်လို့ရသမျှကို စစ်တပ်လိုသမျှ ဖြည့်စွက်ပေးဖို့ပဲလို့ထင်ပါတယ်။
ဒါကြောင့် ဒီလိုဘတ်ဂျက်မျိုးကို “သင့်မြတ်ရေးဘတ်ဂျတ် (သို့မဟုတ်) တပ်တစ်မျက်နှာကြည့်ဘတ်ဂျက်” လို့ ခေါ်ရမယ်လို့ ထင်ပါ တယ်။
(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြပါတယ်)

စစ်စိတ်ကြိုက်(မျိုးမြင့်ချို)

0 comments
လက်ရှိရထားတဲ့အနေအထားအောက်မှာ စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက်မှာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့အခွင့်အလမ်းတွေ ဖြစ်ထွန်းနေတယ်။ ရနေတယ်။

သမ္မတလေးထင်ကျော့်စစ်တပိုင်းအစိုးရရဲ့အာဏာကိုရော၊ နိုင်ငံတော်အတိုင်ပင်ခံဆိုသူရဲ့လမ်းကြောင်းကိုရော၊
စစ်တမတ်သားလွှတ်တော်ရဲ့ဆန္ဒမဲတွေကိုရော
စိတ်တိုင်းကြကစားလို့ရနေတယ်။ ကြိုးကိုင်ထားလို့ စေစားလို့ရနေတယ်။

စစ်အုပ်စုငါးတကာယိုတဲ့ချီးပုံဖို့ ပုဇွန့်ခေါင်းသမ္မတရှိတယ်။
စစ်တပ်ဖြုန်းဖို့ ကမ္ဘာလှည့်လက်ဝါးဖြန့်ပေးမယ့် အငှားသူဖုန်းစားရှိတယ်။
စစ်ဘတ်ဂျက်လိုသလောက်ချပေးရတဲ့ တမတ်သားလွှတ်တော်ရှိတယ်။
ဘာလိုသေးလဲ။

၂ဝဝ၈ ဖွဲ့စည်းပုံရဲ့အနှစ်သာရဟာ ဒါပဲ။

ဒီအခြေအနေမျိုးမှာ အာဏာသိမ်းပါလို့သွားပြောရင် ပြောတဲ့ကောင် ခွေးကတက်သွားနေရမယ်။ ဟိုတလောက ပွဲလှန့်ပေးပြီးဖျာခင်းဖို့အကြံအစည်နဲ့ စစ်အုပ်စုရဲ့နိုင်ငံရေးဒူးမနာသားလုပ်ချင်တဲ့ ၁၃ ပါတီဆိုတဲ့အချောင်သမားတွေ အာဏာသိမ်းဖို့ ကြောင်းပေးတာ ကံကောင်းလို့ ပါးအရိုက်မခံလိုက်ရတာ။

ဗမာပြည်ရဲ့ပြဿနာအရပ်ရပ်ရဲ့လက်သည်ဟာ တရားခံဟာ စစ်အုပ်စုပဲ။ စစ်အုပ်ဟာ ပြဿသနာတိုင်းရဲ့အရင်းပဲ။
စစ်အုပ်စုအလိုကြအသုံးတော်ခံပေးရတဲ့ စစ်လက်ပါးစေတွေ စစ်အလိုတော်ရိတွေကတော့ အရင်းလဲရင် ထင်းဖြစ်မယ့်အဖျားတွေဆိုပေမယ့်
ကျနော်တို့ဟာ အရင်းကိုလှဲရင်း အဖျားတွေကိုလည်း တိ တိ တော့ပေးရမှာပဲ။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၅။ ၂ဝ၁၆

Sunday, December 11, 2016

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့တော်လှန်ရေးဘဝများ ရဲဘော်ခင်မောင်ဝင်း

0 comments
နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ
ရဲဘော်ခင်မောင်ဝင်း
၁၉၇ဝ ခု ရန်ကုန်တက္ကသိုလ် ရွှေရတုအထိမ်းအမှတ်လှုပ်ရှားမှုကြောင်း ကျွန်တော် ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး ၁၉၇၃ ဧပြီ (၁၃) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီး ၆ လကျော်လောက်ရှိတော့ လာရှိုးကားလမ်းကနေ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးအခြေခံဒေသ ကိုးကန့်ခရိုင်သို့ ပြည်သူဒီမိုကရေစီတော်လှန်ရေးမှာပါဝင်ဖို့ တောခိုခဲ့တယ်။ ကိုးကန့်ခရိုင် ရှေ့တန်းတပ်မှူး ရဲဘော်ညွန့်မောင်ကူညီမှုနဲ့ ကိုးကန့်ခရိုင်ရုံးကို ရောက်ခဲ့တယ်။ ခရိုင်မှူး ရဲဘော်ရဲဒင် (ရဲဘော်ထွန်းလွင်၊ နောင် ၇၅ ဗဟိုကော်မတီ၊ ၈၅ တတိယအကြိမ်ကွန်ဂရက် ဗဟိုကော်မတီ)ရဲ့လုံခြုံရေးဌာနမှာ ခေတ္တနေပြီး ခရိုင် လက်ဖက်ခြောက်စက်ရုံနဲ့၊ အရက်ချက်စက်ရုံမှာ ရဲဘော်မောင်ကြည်ဆိုတဲ့ မြင်းခြံသားတယောက်နဲ့အတူနေထိုင်ရင်း ရဲဘော်များနဲ့အတူ ထင်းခွေရေခပ် နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ ကိုးကန်းခရိုင်ပါတီရဲ့ဆက်သွယ်ပေးမှုနဲ့ ပါတီဗဟိုနဲ့ အဆက်အသွယ်ရလာပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ၊ ကွတ်ခိုင်ခရိုင်၊ ရှေ့တန်းလျှို့ဝှက်စခန်း (ဖိုင်ကောင်စခန်း) မှာ ရဲဘော်မြအောင်နဲ့အတူ လျှို့ဝှက်ဝါဒဖြန့်ချိရေး ရန်သူဒေသလှုပ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့ပါတယ်။ ၁၉၇၄ ဇန်နဝါရီလ မှာတော့ အရှေ့မြောက်စစ်ဒေသ (သံလွင် အနောက်ခြမ်း) ဒုနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းရဲ့ မုံဂူ နိုင်ငံရေး၏ဌာနစခန်းကို ရောက်ပါတယ်။ ဒါ ရဲဘော်စိုးသိမ်းနဲ့ စတင်တွေ့ခဲ့ခြင်းပါပဲ။

ရဲဘော်စိုးသိမ်းက နွေးထွေးခင်မင်စွာပဲ သူတို့စခန်းမှာ တာဝန်ယူသွားဖို့ ပြောပါတယ်။ ဗဟို အလုပ်အဖွဲ့စခန်းကိုတော့ မသွားပါနဲ့ဦး။ ကျွန်တော်တို့မှာ ကေဒါ မလုံလောက်ဘူး။ ဒီမှာပဲလုပ်ပါလို့ဆွေးနွေးပြီး ဗဟိုရဲ့သဘောတူညီမှုအရ သူ့ရဲ့အတွင်းရေးမှူးတာဝန်ကို ပေးလို့ ဒီတာဝန်ကိုပဲ ပထမဆုံး ယူခဲ့ရပါတယ်။

ရဲဘော်စိုးသိမ်းရဲ့ နေထိုင်စားသောက်မှုဟာ ရိုးစင်းပါတယ်။ မျက်မှန်ထူထူနဲ့ ဟန်ပန်ကင်းပြီး လယ်သမားကေဒါကြီးတယောက်နဲ့ တူပါတယ်။ အဲဒီအချိန်က အရှေ့မြောက်စစ်ဒေသဟာ လူအင်အား၊ လက်နက်အင်အား အပြည့်အဝနဲ့ ရန်သူ့ရှေ့တန်းစခန်းတွေကို ချေမှုန်းရေးတိုက်ပွဲများ ဖော်နေတဲ့ကာလပါ။ တချိန်တည်းမှာ ကြူကုတ်၊ ပန်ဆိုင်း၊ ဝနယ်တောင်မြောက်တို့ကို ရန်သူ့ထံမှသိမ်းပိုက်ပြီး လွတ်မြောက်ရေးအခြေခံဒေသ ထူထောင်တာ သိပ်မကြာသေးတော့ ဒေသလုပ်ငန်းတွေ အပူတပြင်း တိုးချဲ့လုပ်ကိုင်နေရတယ်။ မုန်းဝေ၊ မိုးကုတ်ပြောက်ကျားဒေသ တိုးချဲ့ရေး၊ ၂ဝ၂ စစ်ဒေသနဲ့ ပူးပေါင်းလှုပ်ရှားရေးစတဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်နေပါတယ်။ ရဲဘော်စိုးသိမ်းဟာ နေ့မအိပ်ညမအိပ် အလုပ် လုပ်တတ်ပါတယ်။ မုံဂူနိုင်ငံရေးဌာနမှာ တပတ်အတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေပညာပေး အစည်းအဝေးများကို ရဲဘော်စိုးသိမ်း အစဉ်အမြဲလုပ်လေ့ရှိပါတယ်။ တခါတရံ ရှေ့တန်းကို တပ်စုတစုလောက်နဲ့ တောင်ပေါ်ခရီးကြမ်း ထွက်ရပါတယ်။ ကျွန်တော်လည်း ရဲဘော်စိုးသိမ်းနဲ့အတူ၊ အခြေခံဒေသ တည်ဆောက်ရေးလုပ်ငန်းတွေ၊ အစည်းဝေးမှတ်တမ်းတွေ ပြုစုရပါတယ်။ စစ်ရေးလိုအပ်ရင်လည်း ရဲဘော်စိုးသိမ်း ကိုယ်ရံတပ်ဖွဲ့နဲ့အတူ လှုပ်ရှားရပါ တယ်။

ရဲဘော်စိုးသိမ်းရဲ့ ငယ်နာမည်ဟာ ချစ်သိန်းဖြစ်တယ်။ သူ့ဖခင်ကဦးပါ။ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာမှာနေပြီး လက်မှုလုပ်ငန်း၊ ဆင်ရုပ်၊ ကျွဲရုပ်စတဲ့ ကလေးကစားစရာတွေ၊ လက်ပန်သားနဲ့ ပန်းပုရုပ်တု ထု၊ ခုံဖိနပ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်းတယ်လို့ သိရတယ်။ ငယ်စဉ်ကဘဲ ပါတီခေါင်းဆောင်တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးထဲပါဝင်ခဲ့သူ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်သားဖြစ်တယ်။ ဂျပန်တော်လှန်ရေးပြီးတဲ့နောက် ပါတီကထုတ်ဝေတဲ့ ပြည်သူ့အာဏာနဲ့ကွန်မြူနစ်နေ့စဉ်သတင်းစာကို ပါတီရန်ပုံငွေ အတွက် လမ်းတကာလှည့်လည် ရောင်းချခဲ့သူဖြစ်တယ်။

၁၉၄၈ ခုနှစ် မတ်လ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအစပိုင်းမှာ ဗိုလ်ရန်အောင်ရဲ့တာဝန်ပေးချက်အရ ဗဟိုဆက်သားအဖြစ် ကျောက်ဆည် သခင်တင်ရွှေကို ရှာဖွေဆက်သွယ်ရန်ရောက်ရှိပြီးနောက် ကျောက်ဆည်တဝိုက်အခြေခံပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ရတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ပါတီဗဟိုရဲ့တာဝန်ပေးချက်အရ တရုတ်ပြည်သို့ ပညာတော်သင်အဖြစ် ရောက်ရှိသွားခဲ့ရပြီး မာ့က်စ်လီနင်ဝါဒတက္ကသိုလ် မှာ ၅ နှစ်တင်းတင်း ပညာသင်ယူခဲ့ရသူ ဖြစ်တယ်။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ မူလက မူလတန်းအဆင့်လောက်သာ ပညာသင်ယူခွင ရရှိခဲ့သူဖြစ်ခဲ့ရာက ပါတီရဲ့မွေးမြူမှုအောက်မှာ နိုင်ငံခြားဘာသာတရုတ်စာတတ် မာ့က်စ်လီနင်ဝါဒတက္ကသိုလ်ဆင်း ပညာတတ်တယောက် ဖြစ်လာသူဖြစ်ပါတယ်လို့ နားလည်သိရှိခွင့်ရရှိပါတယ်။

၁၉၆၄ ခုနှစ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီက တရုတ်ပြည်၊ ကွေ့ကျိုးပြည်နယ်မှာ ရောက်ရှိနေတဲ့ “ရဲဘော်နော်ဆိုင်း” ခေါင်းဆောင်တဲ့ ကချင်တပ်ဖွဲ့တွေကို ဗမာပြည်ကွန်မြူနစ်ပါတီထံ လွှဲပြောင်းပေးအပ်ပါတယ်။ အဲဒအခါ ပါတီက အဲဒီတပ်ဖွဲ့ကို မာ့က်စ်လီနင်ဝါဒ ပညာပေးရေး အတွက် ရဲဘော်စိုးသိမ်းကိုတာဝန်ပေးအပ်ခဲ့လို့ ကွေ့ကျိုးပြည်နယ်သွားရောက်နေထိုင်ကာ အဲဒီတပ်ဖွဲ့ရော အဲဒီတပ်ဖွဲ့ဝင်မိသားစု သားသမီးများပညာပေးရေးပါ ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့ နယ်စပ်ရောက်ရှိ တော်လှန်ရေးတာဝန်ယူရတဲ့ ကာလတွေမှာ ဒါကြောင့် နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့ ကွေ့ကျိုးရဲဘော်များနဲ့မိသားစုဝင်တွေအကြား အထူးရင်းနှီးကျွမ်းဝင်မှုတွေကို တွေ့မြင်ခဲ့ရတာလို့ ဆိုနိုင်မယ် ထင်ပါတယ်။

၁၉၆၇ ခုနှစ်ရောက်တော့ နိုင်ငံတကာအခြေအနေ အပြောင်းအလဲတရပ်ပေါ်ပေါက်ခဲ့ပြီး ဗမာပြည်နဲ့တိုက်ရိုက်ပတ်သက်တာကတော့ ဗိုလ်နေဝင်းက တရုတ်-ဗမာအရေးအခင်းကို အနောက်အုပ်စုအားကိုးနဲ့ ဖန်တီးလိုက်ခြင်းပါပဲ။ ဒီအချိန်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ပစ္စည်းမဲ့လူတန်းစား နိုင်ငံတကာစိတ်ဓာတ်အရ တော်လှန်ရေးများကိုအကူအညီ အထောက်အပံ့တွေပေးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတုန်းက ဒုဥက္ကဋ္ဌသခင်ဗသိန်းတင်ခေါင်းဆောင်တဲ့ တရုတ်ပြည်ရောက်ရဲဘော်များ ဗမာပြည်တော်လှန်ရေး ပြန်လည်ဝင်ရောက် လုပ်ကိုင်ရေး အခွင့်အလမ်းတခုပေါ်ပေါက်လာပါတယ်။ အဲဒီအခြေအနေအောက်မှာ အဝေးရောက်ခေါင်းဆောင်များအဖွဲ့က ရဲဘော်သန်းရွှေ (တပ်မှူး) ရဲဘော်စိုးသိမ်း(နိုင်ငံရေးမှူး) ရဲဘော်နော်ဆိုင်း(ဒု-တပ်မှူး)နဲ့ ဦးဇော်မိုင်း(နိုင်ငံရေး ဌာနမှူး)တို့ ခေါင်းဆောင်ပြီး ၃ဝ၃ တပ်ဖွဲ့ကို လူအင်အား ၂ဝဝ ကျော်နဲ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ လေ့လာသိရှိမှတ်သားခဲ့ရဖူးပါတယ်။ ဒီတပ်ဖွဲ့ဟာ ၁၉၆၈ ဇန်နဝါရီတရက်မှာ မုန်ဂူ၊ မုန်လုံ၊ ကောင်းလုံ၊ ဝေါချုံရွာများကိုအခြေပြုပြီး ပြောက်ကျားစစ် စတင်လှုပ်ရှားခဲ့ကြပြီး ဒီတပ်ဖွဲ့တွေက မုန်ဂူ၊ မုန်လုံ၊ ဖောင်းဆိုင်စတဲ့ ရွာတွေကို စတင်တိုက်ခိုက်သိမ်းပိုက်ကာ နယ်စပ်အခြေခံဒေသကိုဖွင့်လှစ်ခဲ့တဲ့ ဗွေဆော်ဦးလုပ်ငန်းတွေကို ပါဝင်လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးအဖြစ်လည်း လေ့လာမှတ်သားထား ဖူးပါတယ်။

ကျွန်တော်ဟာ ၇၃ ခုနှစ်နှောင်းပိုင်းမှာ နယ်စပ်အခြေခံဒေသကိုရောက်လာသူဖြစ်တော့ အဲဒီအချိန်မှာ နယ်စပ်အခြေခံဒေသဟာ ခိုင်မာတဲ့ အခြေခံဒေသကြီးဖြစ်နေပြီ၊ လူအင်အားလက်နက်အင်အား အင်မတန်တောင့်တင်းတဲ့ကာလဖြစ်တယ်လို့ ဆိုရမယ့်အနေအထားပါ။ ဒိုင်နယ်၊ မြို့နယ်၊ ခရိုင်စသဖြင့် ဖွဲ့စည်းထားပြီး အရှေ့မြောက်စစ်ဒေသ(သံလွင်မြစ်အနောက်ခြမ်း) တာဝန်ခံ၊ အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် ရဲဘော်စိုးသိမ်းက တာဝန်တွေကို နေ့မအား၊ ညမနားလုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတိုးချဲ့အစည်းအဝေးမှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ အရန်ဗဟိုကော်မတီဝင် ဖြစ်လာပါတယ်။ ကျွန်တော်ဟာ ၇၄ မှ ၇၈ အထိ နိုင်ငံရေးမှူးနဲ့အတူနေထိုင်ပြီး မိမိကျရာ တော်လှန်ရေးတာဝန်များကို လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှူးဟာ စစ်ရေး၊ နိုင်ငံရေး၊ ဒေသလုပ်ငန်း ဘက်စုံလုပ်ကိုင်နိုင်သူဖြစ်တာကို သူနဲ့အတူဖြတ်သန်းရင်းမှ သိရှိနားလည်ခွင့်ရပြီး ကျွန်တော့်အတွက် တော်လှန်ရေးလုပ်ငန်းအတွေ့အကြုံ သင်ခန်းစာကောင်းများကို ရရှိစေခဲ့ပါတယ်။ ရဲဘော်စိုးသိမ်းဟာ ဒေသလုပ်ငန်းဖြစ်တဲ့ လူထုစည်းရုံးရေးလုပ်ငန်းကိုလည်း အခါအခွင့်ရတိုင်း ပညာပေးလှုံ့ဆော်စည်းရုံးခဲ့တယ်။ ဒေသခံ ကချင်၊ ရှမ်း၊ တိုင်းရင်းသား ကိုးကန့် တရုတ်များကိုလည်း အမြဲမပြတဆက်သွယ်လှုပ်ရှားခဲ့တယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးထုတ်လုပ်ရေးဘဝ၊ နေထိုင်စားသောက်ရေး ဘဝမြှင့်တင်ရေးအတွက် သင်တန်းများပို့ချပေးတယ်။ တချိန်တည်းမှာလည်း လှေကားထစ်လယ်များ ဖော်ထုတ်စိုက်ပျိုးစေတယ်။ လူထုအဖွဲ့အစည်းများဖြစ်တဲ့ လယ်သမားသမဂ္ဂများ၊ ပြည်သူ့စစ်အဖွဲ့များကို ကျေးရွာ၊ ဒိုင်နယ်အလိုက် ကွင်းဆင်းစည်းရုံးဖွဲ့စည်းပါတယ်။ သီးစားခလျှော့ပေါ့ရေး၊ အတိုးနှုန်းလျှော့ပေါ့ရေး၊ လုပ်ခတိုးမြှင့်ရေးစတဲ့ တောင်တန်းဒေသနဲ့ကိုက်ညီတဲ့ မြေယာပေါ်လစီများကို ချမှတ်ဆောင်ရွက်ခဲ့တယ်။

၁၉၆၈ မတိုင်မီက မုန်းဂူကွင်း၊ မုန်းယားကွင်းစတဲ့ဒေသများဟာ ကချင်ဒူးဝါးဆိုးတွေနဲ့ နယ်ခံဗိုလ်ကျ ကူမင်တန်ဗိုလ်တွေ၊ ဗိုလ်နေဝင်း စစ်သားတွေရဲ့ မတရားသွေးစုပ်ဖိနှိပ်တာတွေကို ကြိတ်မှိတ်ခံခဲ့ရတဲ့ဒေသတွေ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်က ဝင်ရောက်လှုပ်ရှားပြီး ဖိနှိပ်မှု၊ သွေးစုပ်မှုနဲ့စနစ်ဆိုးများကိုတိုက်ဖျက် ပြည်သူလူထုကို လွတ်မြောက်စေလိုက်တော့မှ လူထုဟာ ပြည်သူ့တပ်မတော်ကို ပိုမိုထောက်ခံကာ ပြည်သူ့တပ်မတော်ထဲပိုပါဝင်လာပြီး တပ်သားရေသောက်မြစ်လည်း ပိုမိုခိုင်မာလာခဲ့တယ်။ စစ်ရေးလုပ်ငန်းတွေလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာတော့ ဒေသခံ ကချင်အမျိုးသမီးငယတွေဖြစ်တဲ့ ပြည်သူ့တပ်မတော်သား ၃ ဦးကို မူဆယ်မြို့တွင်း ဝင်ရောက်ထိုးဖောက်ထောက်လှမ်းကာ ရန်သူ့အခြေအနေကိုသိရှိဖို့ ကင်းထောက် လွှတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ မူဆယ်မြို့ရဲစခန်းကိုဝိုင်းထားပြီး ရန်သူ့တပ်မှ ပြည်သူ့တပ်မတော်သို့ကူးပြောင်းလာသူ ကူးပြောင်း စစ်သားများကို ရန်သူ့တပ် ဒုဗိုလ်၊ ဗိုလ်ကြီးအဆင့် ယူနီဖောင်းများဆင်မြန်းပေးပြီး မူဆယ်ရန်သူ့ကင်းစခန်းကို ဝင်ရောက် လျှပ်တပြက် တိုက်ခိုက်ခဲ့တယ်။ ရန်သူ့စခန်းကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပစ်လိုက်နိုင်ပြီး၊ ရန်သူ့ရဲတပ်သား အမြောက်အမြား ကျဆုံးစေခဲ့တယ်။ ဒါဟာ ရဲဘော်စိုးသိမ်းနဲ့ ရဲဘော်ထွန်းတင်တို့ရဲ့ အမြန်တိုက်၊ အမြန်အဆုံးသတ် ချေမှုန်းရေးစစ်ပွဲ တပွဲဖြစ်တယ်။ ဒီစစ်ပွဲဟာ ရန်သူကို တုန်လှုပ် ခြောက်ခြားသွားစေခဲ့တယ်။ မိမိတပ်တွေဟာ မုန်းဂူ နယ်စပ်အခြေခံဒေသကနေ နေ့ညမအိပ်ဘဲခရီးပြင်းချီတက်ပြီး မူဆယ်မြို့ကို ဝိုင်း၊ ရွှေလီမြစ်ကိုညအချိန်ဖြတ်ပြီး မုန်းဂူတပ်က ထိုးဖောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
အဲဒီကာလတွေမှာ နိုင်ငံရေးမှူးရဲဘော် စိုးသိမ်းဟာ မြို့ပေါ်ကလာတဲ့ကျောင်းသားများကို ဗော်လံတီယာတပ်အဖြစ် စုစည်းလေ့ကျင့် ပေးထားတဲ့ တပ်ဖွဲ့တဖွဲ့လည်း ရှိပါတယ်။ ဒီတပ်ဖွဲ့ကို ၁၉၇၆ ဇူလိုင်အစောပိုင်းမှာ တောင်ကုန်းတခုမှာ တင်လိုက်တယ်။ မုန်းပေါ်၊ ရွှေကျင်ဝမ်းမှာ တပ်မဟာ ၂ နဲ့ မုန်းပေါ်ခရိုင်တပ်က တောင်ထိပ်မှာစခန်းထိုင်ပြီး ၁ဝ၅ မိုင်ကားလမ်းကို ထိန်းသိမ်းထားပါ တယ်။ ရဲဘော် (ဗိုလ်)သန်းရွှေ၊ ရဲဘော်ထွန်းတင်နဲ့ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းစတဲ့ ညွှန်ကြားရေးအဖွဲ့ဟာ ရန်သူနဲ့အနီးဆုံးစခန်းမှာ တက်နေရာယူပြီး ရန်သူကားလမ်းစောင့်တပ်ခွဲစခန်းကို ချေမှုန်းရေးလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ရှေ့တန်းကင်းတပ်နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ ကင်းထောက် ပြန်လာတဲ့ ရဲဘော်တွေက ရဲဘော်သန်းရွှေနဲ့ ရဲဘော်စိုးသိမ်းတို့ထံ အစီရင်ခံကြပါတယ်။ မနက်လင်းအားကြီးမှာ မုန်တိုင်းတပ်ဖွဲ့ဟာ ရန်သူ့ကားလမ်းစောင့်စခန်းကို ထိုးစစ်ဆင်ပါတော့တယ်။ ရန်သူတပ်သားများရဲ့ အော်သံဟစ်သံများ ကြားနေရပါတယ်။ လက်နက်ကြီးတပ်ဖွဲ့ ကလည်း ရန်သူ့စခန်းနဲ့ကားလမ်းကို ပစ်ခတ်ထိန်းချုပ်ထားတယ်။ ဒီတိုက်ပွဲမှာ ရန်သူအများအပြားဒဏ်ရာရပြီး မူဆယ်ဆေးရုံမှာ လူနာများနဲ့ ပြည့်လျှံသွားတယ်လို့ ပြန်လည် သတင်းရရှိပါတယ်။

ရဲဘော်စိုးသိမ်းဦးဆောင်ပြီး ၇၅၁ဝ စီမံကိန်း မိုးမိတ်-မိုးကုတ် ဒေသတိုးချဲ့ရေး၊ ကေ-အိုင်-အေနဲ့ တပ်ပေါင်းစုတိုးချဲ့ရေးတို့ကို လုပ်ဆောင် နိုင်ခဲ့တယ်။ ၇၆၊ ၇၇၊ ၇၈ ခုနှစ်များကတော့ စစ်ရေးတိုက်ပွဲတွေ ခြိမ့်ခြိမ့်သဲအောင်ပွဲခံနေတဲ့ကာလ ဖြစ်တယ်။ ရဲဘော်စိုးသိမ်းက ပြောက်ကျား ဒေသတိုးချဲ့ရေးစီမံကိန်းနဲ့ အခြေခံဒေသတည်ငြိမ်ရေး၊ လူထုဘဝမြှင့်တင်ရေးတို့ကိုလည်း ဂရုတစိုက် ကြီးကြပ်နိုင်ခဲ့တယ်။ တချိန်တည်းမှာ ရဲဘော်စိုးသိမ်းဟာ ဒေသဖြူလုပ်ငန်းကိုလည်း လက်မလွှတ်ပါ။ ၁၉၇၄ မေ-ဇွန်အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းနဲ့ မှိုင်းရာပြည့် အရေးအခင်းနဲ့ပတ်သက်တဲ့ ဝါဒဖြန့်စာရွက်စာတမ်းများကို မြို့တွင်းဖြန့်ဝေရင်း အထူးတပ်ရင်းရဲ့ ကားလမ်းဖြတ်တိုက်ပွဲကို ပေါင်းစပ်ပေးခဲ့တယ်။

နောက်မြို့ပေါ်က တောခိုလာတဲကျောင်းသားများနဲ့ဖွဲ့စည်းထားတဲ့ အထူးတပ်ကို စစ်ရေးလေ့ကျင့်တာ၊ ရှေ့တန်းစစ်မြေပြင် လက်တွေ့ ဖြတ်သန်းစေတာတွေလည်း လုပ်ခဲ့တယ်။ ၇ ရက်ဇူလိုင်အထိမ်းအမှတ် ဟိုဖျက်-မန်ပင်းစခန်းသိမ်းတိုက်ပွဲကိုလည်း အောင်မြင်စွာစည်းရုံး အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တယ်။ ရဲဘော်သစ်တွေ အထူးသဖြင့် မြို့ပေါ်ကတောခိုလာသူ ရဲဘော်တွေအပေါ် မှာ အထူးဂရုစိုက် အကူအညီပေးတတ်ပါတယ်။ ကျွန်တော်အပါအဝင် ရဲဘော်တွေကို စာအုပ်ထဲက မာ့က်စ်ဝါဒလေ့လာတာနဲ့ လက်တွေ့ကွန်မြူနစ်ပါတီထဲ ဖြတ်သန်းရတာမတူညီကြောင်း ပဲခူရိုးမပြောက်ကျားဒေသနဲ့ နယ်စပ်ဒေသရဲဘော်တွေရဲ့ နေထိုင်စားသောက်မှုဘဝ မတူနိုင်မှု လက်တွေ့ အခြေအနေကိုပညာပေးရင်း မိမိကိုယ်ကိုယ် ပစ္စည်းမဲ့တပ်သားကောင်းဖြစ်အောင်တည်ဆောက်ရေးမှာ အလွန်အကျွံတောင်းဆိုမှုတွေကို ပညာပေးလေ့ရှိပါတယ်။

ရဲဘော်စိုးသိမ်းရဲ့အားကောင်းချက်ကတော့ လေ့လာရေးလုပ်ဟန် ဖြစ်တယ်။ ဘယ်လောက်အလုပ်များများ အလုပ်ပြီးတာနဲ့ ခဏနားပြီးရင် မှတ်စုစာအုပ်ထုတ်ပြီး ရေးမှတ်ပါတယ်။ ဒီလုပ်ဟန်ဟာ နယ်စပ်ဒေသအရေးအခင်းဖြစ်ပေါ်ပြီးနောက် ကျွန်တော်တို့နဲ့အတူ နောက်ဆုံး တရုတ်ပြည်ထဲက ဂျင်းဖောရွာလေးတရွာမှာနေတော့လည်း တွေ့နေရပြီး နောက်ဆုံးကျွန်တော်တို့နဲ့ခွဲသွားပြီး အနားယူရတဲ့အထိတိုင် သူဖတ်မိသမျှ တရုတ်စာနယ်ဇင်းတွေထဲကအချက်အလက်တွေ မှတ်စုထုတ်ပေးတာ၊ ဆောင်းပါးတွေရေးပေးသွားတာ နောက်ဆုံးအထိလိုပဲ ဆိုနိုင်ပါတယ်။ နယ်စပ်ဒေသ သံလွင်မြစ်အနောက်ဘက် နိုင်ငံရေးဌာနကိုတာဝန်ခံစဉ်ကလည်း တပတ် ၂ ဧကြိမ်လောက် လေ့လာဆွေးနွေးပွဲ လုပ်နိုင်ရေးကို စခန်းမှူးကို မှန်မှန်ဆော်ဩလေ့ရှိပါတယ်။ ရှေ့တန်းတပ်မှူးတွေ ရောက်လာရင်လည်း စစ်ရေးဆွေးနွေးပွဲတွေမှာ ပြောက်ကျားစစ်၊ ချေမှုန်းစစ်စတဲ့ စစ်ရေးလှုပ်ရှားမှုများကို ပညာပေးဆွေးနွေးတယ်။ အထူးသဖြင့် နေရာယူစစ်မျိုးမတိုက်မိဖို့ ပညာပေးတယ်။ ပြောက်ကျားစစ်နဲ့လှုပ်ရှားစစ်လုပ်ပြီး ရန်သူသက်ရှိအင်အားကိုချေမှုန်းရေးစစ်ကိုတိုက်ကြဖို့ ဟောပြောတယ်။ နောက်ခရိုင်၊ မြို့နယ်၊ ဒိုင်နယ် ဒေသလုပ်ငန်းကေဒါတွေ ရောက်လာရင်လည်း လူထုအခြေအနေ၊ လူထုလုပ်ငန်း၊ ထုတ်လုပ်ရေးဘဝ၊ နေထိုင်စားသောက်ရေး ဘဝအခြေအနေအစီရင်ခံချက်တွေကို နားထောင်၊ သူတို့ထံမှ လေ့လာမှတ်သားပြီး ဒေသလုပ်ငန်းများဖြစ်တဲ့ ရှေ့တန်းကူညီရေးလုပ်ငန်း၊ တပ်မတော်သားအိမ်ထောင်များ ကူညီရေးလုပ်ငန်း၊ အာဇာနည်အိမ်ထောင်များမေးမြန်းရေး လုပ်ငန်းဆောင်ရွက်မှု အခိုင်အမာ အခြေအနေများကို မေးမြန်းသုံးသပ်ဝေဖန်ပါတယ်။

စခန်းအသီးသီးရှိရဲဘော်များကိုလည်း ပြည်သူလူထုရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများကို ဝင်ရောက်ကူညီရေးကို လှုံ့ဆော်ပါတယ်။ လုပ်အားခက်ခဲတဲ့အိမ်ထောင်များကို ကျွန်တော်တို့ရဲဘော်တွေဟာ တက်တက်ကြွကြွကူညီကြတယ်။ တောင်ယာခင်းပေါင်းနုတ်၊ ပျိုးနုတ်၊ လယ်စိုက်၊ စပါးရိတ်၊ စပါးပုံ၊ အိမ်ဆောက်စသဖြင့် လူထုလုပ်ငန်းများကို ရာသီအလိုက်ကူညီလုပ်ဆောင်ပေးခဲ့ကြတယ်။ ဒါကြောင့် ၇၄-၇၅-၇၆ ကာလတွေမှာ ဒေသခံပြည်သူများနဲ့အတူ ရဲဘော်များဟာ လွတ်မြောက်ဒေသတခွင် နေရာအနှံ့ တက်တက်ကြွကြွလှုပ်ရှား အခြေခံဒေသ တည်ဆောက်ရေး၊ ခိုင်မာရေး၊ တိုးချဲ့ရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဒေသလုပ်ငန်း ဘက်စုံလုပ်ဆောင်နေတာကို တွေ့မြင်နိုင်ပါတယ်။ တနည်းအားဖြင့် နယ်စပ်ဒေသရဲ့တော်လှန်ရေးလုပ်ငန်းတွေ အညွန့်တလူလူ သက်ဝင်လှုပ်ရှားနေတဲ့ကာလလို့ ဆိုနိုင်ပါတယ်။

နိုင်ငံရေးမှူးနဲ့ပတ်သက်ရင် ကျွန်တော်တို့ရဲဘော်အားလုံး အသိအမှတ်ပြုလေ့လာထိုက်တာတခုကတော့ သူ့ရဲ့ စိတ်ရှည်စွာ ပညာပေး ဖျောင်းဖျတတ်မှုပါပဲ။ ဒါနဲ့ပတ်သက်လို့ အမှတ်ရစရာအဖြစ်အပျက်တခုကို နမူနာတင်ပြပါရစေ။ အချိန်ကာလ နေ့ရက်အတိအကျတော့ မမှတ်မိတော့ပါဘူး။ ၇၅ ခုနှစ် နှောင်းပိုင်းလောက်လို့ ထင်ပါတယ်။

မုန်းဂူ စစ်ဒေသခွဲ၊ နိုင်ငံရေးဌာနခွဲရုံးခန်းကို ၄၈ -၄၉ ကေဒါကြီးတဦးဖြစ်တဲ့ လုံခြုံရေးဌာနတာဝန်ခံ ရဲဘော်(ဦး)ဖိုးချို ရောက်လာတယ်။ သူက နိုင်ငံရေးမှူးကို ကိုစိမ်းမောင်ကြီး မုန်ဂူဈေးထဲက အိမ်တအိမ်မှာရောက်နေတယ်လို့ သတင်းပို့ပါတယ်။ ဒါနဲ့ နိုင်ငံရေးမှူးဟာ ရဲဘော်ဖိုးချိုနဲ့အတူ ကိုယ်ရံရဲဘော်လေး ၂ ယောက်ခေါ်ပြီး မုန်ဂူဈေးဘက်ကိုထွက်သွားပါတယ်။ ဈေးထဲက ကိုစိမ်းမောင်ကြိုက်တတ်တဲ့ ပေါင်မုန့်၊ မုန့်ကြွပ်စတဲ့ မုန့်ပဲသရေစာများဝယ်သွားပြီး ဒိုင်နယ်ရုံးကအိမ်တအိမ်မှာ စီစဉ်ဧည့်ခံပါတယ်။ ကိုစိမ်းမောင်ကလည်း အထက်အဖွဲ့အစည်းကိုတင်ပြဖို့ စာရွက်စာတမ်းတွေကို ရဲဘော်စိုးသိမ်းထံအပ်ပါတယ်။ အရှေ့မြောက်စစ်ဒေသရဲ့ ဟာကွက်ပျော့ကွက်တွေကို နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းကို အားမနာတမ်းပြောပါတယ်။ တခါတရံ စိတ်လိုက်မာန်ပါပြောတာမို့ အသံတွေဆူညံကျယ်လောင်လွန်းလှပါတယ်။ နိုင်ငံရေးမှူးက ဘာမှ ပြန်မပြောပါ။ စိတ်ရှည်ရှည်နား ထောင်ပါတယ်။ ကိုစိမ်းမောင်ရဲ့အမြင်သဘောထားတွေ၊ လူမျိုးစုနွယ်တွေနဲ့ပတ်သက်တဲ့ ထင်မြက်ချက်တွေကို ဗဟိုကို တင်ပြပေးဖို့သာတာဝန်ရှိကြောင်း၊ နေရေးထိုင်ရေး၊ လုံခြုံရေးတို့ကိုတာဝန်ယူကြောင်း၊ ဒါပဲပြောနိုင်ပါတယ်လို့ ခပ်တိုတိုပဲပြောပြီး စကားဝိုင်းကို နိုင်ငံရေးမှူးကအဆုံးသတ်လိုက်ပါတယ်။ ရဲဘော်စိမ်းမောင်လည်း သူ့ကိုထားတဲ့ သူ့စခန်းရှိရာကို ညနေဘက်မှာ ပြန်သွားပါတယ်။

ကိုစိမ်းမောင်ဆိုတာ မင်းလတ်ရဲခေါင်ပါ။ သူ့ကို မုန်ဂူကွင်းမှ တနာရီခွဲ ၂ နာရီခရီးလောက် တောင်ပေါ်တနေရာမှာ ကချင်ပုံစံ သပ်သပ်ရပ်ရပ် အိမ်ကလေးတလုံး ဆောက်ပေးထားပါတယ်။ သူနေတဲ့အိမ်ကလေးကနေကြည့်လိုက်ရင် မုန်ဂူကွင်းက လယ်ကွင်းစိမ်းစိမ်းတွေနဲ့ တရုတ်ဗမာ နယ်စပ် ဖြတ်ဆင်းသွားတဲ့ မုန်ဂူချောင်းကိုလည်းမြင်ရတယ်။ ရှုခင်းက လွမ်းမောစရာပါ။ သူနဲ့မလှမ်းမကမ်းမှာ ဂျင်းဖောရွာလေးတရွာ ရှိပါတယ်။ ရွာသားကချင်တွေနဲ့လည်း မိတ်ဆွေဖြစ်နေပြီး ရွာသားတွေကလည်း မကြာမကြာ သူ့ထံလာလည်တတ်ပါတယ်။ သူက ဘာသာဗေဒစိတ်ဝင်စားသူမို့လားတော့ မပြောတတ်ပါ။ အဲဒီသူနေတဲ့စခန်းလေးရောက်ပြီး လတချို့ကြာတော့ သူက ကချင်စကား ပြောတတ် နေပါပြီ။ အဲဒီအိမ်ကလေးမှာနေရင်း စာတမ်းတွေပြုစုပြီး နိုင်ငံရေးမှူးကတဆင့်တင်ပြလိုက်တာတော့ ကြားသိရဖူးပါတယ်။ လျှို့ဝှက်ကိစ္စများဖြစ်လို့ ဘာမှ စူးစမ်းလေ့လာခွင့်မရှိလို့ ဘာမှတော့ သိခွင့်မကြုံဘူးလို့ဆိုရမှာပါ။

နောက် လတချို့ကြာတဲ့အခါ ရဲဘော်ဖိုးချို တခေါက်ပြန်လာပါတယ်။ ဒီတခါတော့ သူက မုန်ဂူကွင်းမှာ ရဲဘော်စိမ်းမောင် “ပိုစတာတိုက်ပွဲ ဆင်နေကြောင်းပြောပြလို့ နိုင်ငံရေးမှူးက ဗဟိုကိုအစီရင်ခံ အကြောင်းကြားပါတယ်။ “ပိုစတာ စာလုံးကြီး တိုက်ပွဲဆင်တာမလုပ်ဖို့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်က အကြောင်းကြားတာဖြစ်တယ်။ ဒါကိုဆန့်ကျင်ပြီးမလုပ်ဖို့ စစ်ဒေသကတားမြစ်ပေမယ့် သူက နားမထောင်တော့ပါ။ စစ်ဒေသအမိန့်နဲ့ နိုင်ငံရေးမှူးက ပိုစတာတွေကိုခွာချပစ်စေပြီး မင်းလတ်ရဲခေါင် ခေါ် ကိုစိမ်းမောင်နဲ့ အချိန်အတော်ကြာ ဆွေးနွေးပါတယ်။ ရဲဘော်စိုးသိမ်းက သူပြောသမျှနားထောင် စိတ်ရှည်ရှည်နဲ့သည်းခံနားထောင်ပါတယ်။ တချိန်တည်းမှာ ပါတီရဲ့ညွှန်ကြားချက်များကို ခပ်ပြတ်ပြတ်ပြောဆိုပြီး သူ့နေထိုင်ရေးကိစ္စများ၊ လိုအပ်ချက်များကို ကောင်းကောင်းမွန်မွန်စီစဉ်ပေးပါတယ်။

ပိုစတာတိုက်ပွဲဆင်ပြီး တပတ်လောက်ကြာတော့ ဗဟိုလည်း ပန်ဆန်း၊ ဝနယ်ကိုပြောင်းတော့မယ်။ ကိုစိမ်းမောင်လည်း ဝနယ်ကို ပြောင်းရမယ်လို့ ညွှန်ကြားချက်ရောက်လာတယ်။ ဒါကြောင့် နိုင်ငံရေးမှူးဟာ ကိုစိန်းမောင်နဲ့ အချီအချပြောဆိုရပြန်ပါတယ်။ နောက်ဆုံး ညွှန်ကြားချက်အရ ပြောင်းရွှေ့ရေးကိုစီစဉ်ရပါတယ်။ လုံခြုံရးတပ်စုတစုနဲ့ လုံခြုံရေးမှူးရဲဘော်ဖိုးချိုတာဝန်ယူပြီး ဝနယ် မြောက်ပိုင်းကို ပြောင်းရွှေ့နေရာချထားလိုက်ပါတယ်။ လမ်းခရီးမှာ ကိုစိမ်းမောင်ရဲ့လုံခြုံရေးကို မှဲ့တပေါက်မှမစွန်းစေရအောင် လုံခြုံရေးဌာနက တာဝန်ယူရမယ်လို့ လုံခြုံရေးဌာနကိုတာဝန်ပေး သေချာအပ်နှံ စီစဉ်ပေးခဲ့တယ်။

လမ်းခရီးအတွက် မြင်း၂ ကောင်နဲ့ ရိက္ခာအပြည့်အစုံ၊ လမ်းတလျှောက်အတွက် ထမ်းစင်ပါ ပြင်ဆင်ပေးလိုက်ပါတယ်။ သူက ပထမ မြင်းမစီးဘဲလမ်းလျှောက်တယ်။ ခရီးကလည်းဝေး၊ တောင်ဆင်းတောင်တက်နဲ့ ခရီးကလည်းကြမ်းတော့ ရက်တချို့ရှိတဲ့အခါ လမ်းမလျှောက်နိုင်တော့ပါ။ မြင်းစီးရန်ပြောပေမယ့် မြင်းမစီးပါ။ သူ့ကို ဒီလိုပို့တာမကျေနပ်လို့ ခရီးဆက်မသွားရေးနဲ့ နောက်ကြောင်း ပြန်ရေးကို လမ်းမှာ အစာမစားဘဲဆန္ဒပြပါတယ်။ လုံခြုံရေးဌာနကလည်း ညွှန်ကြားချက်အရ ဝနယ်မြောက်ပိုင်းရောက်အောင် မဖြစ် ဖြစ်အောင် ပို့ရမှာပါ။ ဆန္ဒမပြရန်ဖြောင်းဖြပေမယ့် မရပါ။ အိပ်လှဲဆန္ဒပြတယ်။ ခေတ္တခရီးတထောက်နားတော့ ရှေ့ဆက်မသွားလိုကြောင်း ဆန္ဒပြတယ်။ နောက်ဆုံးတော့ ထမ်းစင်စီစဉ်ပြီး တပတ်အတွင်း ဝမြောက်ခရိုင်ရုံးအရောက် ချီတက်ခဲ့ကြတယ်။

ရဲဘော်စိုးသိမ်းက သူကိုယ်တိုင်လည်း စိတ်ရှည်သည်းခံပြီး ပါတီဗဟိုရဲ့ညွှန်ကြားချက်ကို အကောင်အထည်ဖော်ခဲ့သလို ကျန် ရဲဘော်များကိုလည်း ဒီရဲဘော်ကြီးဟာ ပညာတတ်ဝါရင့်ရဲဘော်ကြီးတယောက်ဖြစ်တယ်လို့ သေချာရှင်းပြမိတ်ဆက်ပေးပြီး ဝမြောက် ခရိုင်ပို့ပေးရေးကို တာဝန်အပ်နှင်းခဲ့တယ်။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းရဲ့ အခိုင်အမာစီစဉ်ပေးမှုနဲ့ လုံခြုံရေးတာဝန်ခံရဲဘော်ဖိုးချို တာဝန်ခံကာ မင်းလတ်ရဲခေါင်(ခေါ်)ကိုစိမ်းမောင်ကို မြစ်အနောက်ဘက်ကနေ ဝမြောက်ခရိုင်ပို့ပေးခဲ့တာကို ပြန်လည်သတိရနေမိတယ်။

ဒီဖြစ်စဉ်နဲ့အတူ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ မြစ်အနောက်ဘက်မှာ တာဝန်ယူနေရာကနေ ဗဟိုစခန်းပြောင်းရွှေ့ရေးအတွက် စီစဉ်ဆောင်ရွက်ဖို့၊ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အနှစ် ၃ဝ မြောက်အခမ်းအနားနဲ့ နယ်စပ်အခြေခံဒေသ ၁ဝ နှစ်မြောက်အခမ်းအနားကြီး ဝှဲချီးကျင်းပရေးအတွက် ဝတောင်ခရိုင် ပန်ဆန်းကို ၁၉၇၈ ခုနှစ်ထဲမှာ ပြောင်းရွှေ့ သွားရတယ်။ ကျွန်တော်လည်း ပန်ဆန်းကိုပြောင်းရွှေ့ခဲ့ရတယ်။ လုပ်ငန်းတာဝန်အရလည်း အပြောင်းအလဲဖြစ်သွားပြီး နိုင်ငံရေးမှူးနဲ့ ယာယီကွဲသွားပါတယ်။

ပန်ဆန်းမှာ ၁၉၇၅ ဗဟိုကော်မတီရဲ့ ၇၉ ဗဟိုကော်မတီစုံညီအစည်းအဝေး ကျင်းပပြီး ၇၉ လမ်းစဉ်ထွက်လာတဲ့အခါ ဗဟိုကော်မတီအတွင်း တာဝန်အပြောင်းအလဲတွေ ပေါ်ပေါက်လာပါတယ်။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ အရှေ့မြောက်စစ်ဒေသ ဒုနိုင်ငံရေးမှူး (မြစ်အနောက်ဘက် တာဝန်ခံကနေ) တပ်မ ၄၈ ရဲ့ နိုင်ငံရေးမှူးအဖြစ် အပြောင်းအလဲဖြစ်သွားပါတယ်။ ကျွန်တော်လည်း လုပ်ငန်းလိုအပ်ချက်အရ ရှမ်းပြည် အလယ်ပိုင်း ၁ဝ၈ စစ်ဒေသသို့ ၁ဝ၈ စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်ခင်ညိုနဲ့အတူဆင်းသွားခဲ့ရလို့ ပန်ဆန်းနဲ့ ယာယီခွဲရပြန်ပါတယ်။ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဟာ တပ်မ ၄၈ ရဲ့ အင်အားတချို့နဲ့အတူ မြစ်အနောက်ဘက် ပြန်ရွှေ့သွားရပြန်ပါတယ်။ ဒီလိုနဲ့ စပယ်တောမှာ နှစ်တချို့ နေထိုင်ရင်း ၁ဝ၈ စစ်ဒေသကို ဆင်းလိုက်တက်လိုက် လုပ်ကိုင်ခဲ့ရပြန်ပါတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပြည်လုံးကျွတ်ကွန်ဂရက် ကျင်းပပါတယ်။ ကွန်ဂရက်ပြင်ဆင်ရေးလုပ်ငန်းဖြစ်တဲ့ တည်ဆောက်ရေးဆပ်ကော်မတီမှာ ပါဝင်လုပ်ကိုင်ခွင့် ရပါတယ်။

အဲဒီ ၈၅ တတိယကွန်ဂရက်မှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ ဗဟိုကော်မတီအဖြစ် ပြန်လည်ရွေးကောက်ခံရပြန်ပါတယ်။ ဒီအခါ ရဲဘော်စိုးသိမ်းဟာ အရှေ့မြောက်စစ်ဒေသရဲ့ ပါတီကော်မတီအတွင်းရေးမှူးနဲ့နိုင်ငံရေးမှူး ဖြစ်လာပါတယ်။ ကျွန်တော်လည်း မိမိသက်ဆိုင်ရာ အထက်အဖွဲ့အစည်းကို တင်ပြတောင်းဆိုမှုအရ လုပ်ငန်းတာဝန်အပြောင်းအလဲဖြစ်ပြီး အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ရောက်ရှိ လာပါတယ်။ သိပ်မကြာလိုက်ပါ။ နိုင်ငံရေးမှူးက ကျွန်တော့်ကို ဝမြောက်ခရိုင်ကော်မတီဝင်တယောက်အဖြစ် ဝမြောက်ခရိုင်ကို လွှဲပြောင်းပေးပြီး တာဝန်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံရေးမှူးရဲ့ အရှေ့မြောက်စစ်ဒေသထဲမှ ဝမြောက်ခရိုင် နိုင်ငံရေးဌာနတာဝန်ခံ တယောက်အဖြစ် ဝမြောက်ခရိုင်ရုံးစိုက်ရာ ရှင်တိဖန်းမှာ အချိန်တချို့နေထိုင်လုပ်ကိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ဒေသဆိုင်ရာလုပ်ငန်းတွေလုပ်ကိုင်နေရင်း ဝမြောက်ခရိုင် ပြန်လည်ဖွဲ့စည်းရေးအတွက် စစ်ဒေသကော်မတီရဲ့ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ခရိုင်ကွန်ဂရက် ကျင်းပပါတယ်။ စစ်ဒေသအလုပ်အဖွဲ့အဖြစ် ရဲဘော်စိုးသိမ်းတာဝန်ခံကာ ရဲဘော်အောင်လွင်၊ မနီထွေး ပါဝင်ဖွဲ့စည်းပြီး ခရိုင် ကွန်ဂရက်ကို ဦးစီးကျင်းပပေးပါတယ်။ ကွန်ဂရက်မှာ ခရိုင်ကော်မတီအဖြစ် ကျွန်တော် ပြန်လည်အရွေးခံရပြီး ခရိုင်နိုင်ငံရေးဌာန လုပ်ငန်း တာဝန်များကို ဆက်လက်လုပ်ကိုင်နေပါတယ်။

ဒီအတောအတွင်းမှာပဲ ဗမာပြည်ရဲ့အခြေအနေဟာ ဆိုးဝါးဆုတ်ယုတ်သထက်ဆုတ်ယုတ်လာလို့ လူထုကြီးဟာ စစ်အာဏာရှင် စိုးမိုးအုပ်ချုပ် ဖိနှိပ်မှုကိုဆန့်ကျင်တွန်းလှန်တဲ့ “၈ လေးလုံးလူထု အုံကြွမှုကြီး”ဟာ တပြည်လုံးနေရာအနှံ့ တောရောမြို့ပါမကျန် အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ပေါက်ခဲ့တယ်။ ၈၈ စက်တင်ဘာမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြန်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်လိုတဲ့ လူငယ်အင်အား တချို့ ပါတီအခြေခံဒေသ ပန်ဆန်းနဲ့မြောက်ပိုင်းဗျူရိုဌာနချုပ်တို့မှာ ရောက်ရှိလက်ခံခဲ့ကြရပေမယ့် လူထုအုံကြွမှုဒီရေကိုစီးပြီး၊ တော်လှန်ရေးကို တွန်းမတင်နိုင်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် အခြေခံဒေသအတွင်းရှိ ကိုးကန့်အမျိုးသားများ စတင်ပုန်ကန်တယ်။ ဒီအခါ ဗဟိုကော်မတီ အစည်းအဝေးစိတ်ဓာတ်နဲ့ ဗဟိုရဲ့အခိုင်အမာလုပ်ငန်းများချပြရေးနဲ့ ပြင်ဆင်ရေးကို စစ်ဒေသနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းအပေါ် တာဝန်ကျလာ ပါတော့တယ်။ ဒါကြောင့် နိုင်ငံရေးမှူးဟာ ဝမြောက်ခရိုင်နဲ့ စစ်ဒေသဌာနချုပ်ပန်ဆန်း ကူးချီသန်းချီ လွန်းထိုးဆောင်ရွက်နေပါတယ်။

ဝအမျိုးသား အရန်ဗဟိုကော်မတီများဖြစ်တဲ့ ကျောက်ညီလိုင်နဲ့ ပေါက်ယိုချမ်းတို့ရဲ့ “ဝ အမျိုးသားများအနေနဲ့ ပါတီအပေါ် မကျေနပ်စရာ ဘာမှမရှိပါဘူး၊ ပါတီနဲ့အတူရပ်တည်သွားမယ်” ဆိုတဲ့ ပါတီဗဟိုအပေါ်တင်ပြချက်ကို လုံးဝယုံကြည်ထားမှုအောက်မှာ ဝ အမျိုးသားများ ပုန်ကန်မှုပေါ်ပေါက်ပြီး ဝမြောက်ခရိုင်သို့ လုပ်ငန်းတာဝန်အရအလာခရီးလမ်းမှာ ဖမ်းဆီးချုပ်နှောင်ခံရပါတယ်။ ကျွန်တော်လည်း ခရိုင်ရုံးစိုက်ရာ ရှင်တိဖန်းမှာ အဖမ်းခံလိုက်ရပါတယ်။ ပန်ဆန်းဗဟိုဌာနချုပ်လည်း ဝအမျိုးသားများက ပုန်ကန်သိမ်းပိုက်လိုက်လို့ စစ်ဒေသ အဖွဲ့အစည်းတွေ၊ ဗဟိုအဖွဲ့အစည်းတွေလည်းပျက်သုဉ်းသွားကာ ပါတီဗဟိုနဲ့ဗဟိုကိုထောက်ခံသူအင်အားစုတချို့ ဗဟိုနဲ့အတူ တဖက်နိုင်ငံသို့ ရောက်ရှိသွားတော့တယ်။ အခြေအနေတွေနဲ့လည်း ကျွန်တော် လုံးဝ အဆက်ပြတ်သွားရပါတော့တယ်။

နောင်မှာ ဇနီးရဲ့ဇာတိ၊ ဂျင်းဖောရွားလေးကို မောင်းထုတ်တာခံလိုက်ရပြီး အချိန်တချို့ ဇနီးရွာမှာ တောင်ယာခုတ်လုပ်ကိုင်စားရင်း နေထိုင်ခဲ့ရ ပါတယ်။ တဖက်ကလည်း ရေဒီယိုနားထောင်၊ ပါတီသတင်းတွေကိုလေ့လာနေခဲ့ရာ ဗဟိုဟာ ၁ဝ၁ ဒေသမှာ အခြေစိုက်နေတယ်ဆိုတဲ့ သတင်းရရှိလိုက်ပါတယ်။ ဇနီးသည်နဲ့အတူ လအနည်းငယ်သာရှိသေးတဲ့သမီးငယ်ကို ရင်ခွင်ပိုက်ပြီး ဗဟိုရှိရာကို လိုက်လာခဲ့ပါတယ်။
ဒီလိုနဲ့ ထိန်ချုံးအရောက်မှာ မမျှော်လင့်ဘဲ လမ်းကြားတခုမှာ ရဲဘော်စိုးချစ်၊ ရဲဘော်နိုင်ဦး၊ ရဲဘော်ချို၊ ရဲဘော်အောင်လွင်တို့ ၄ ယောက်နဲ့ ရုတ်တရက်ဆုံမိလိုက်ပြီး တယောက်နဲ့တယောက် ဝမ်းသာအားရဖက်ရမ်းနှုတ်ဆက်နိုင်ကြပြီး ပါတီဗဟိုနဲ့ ပြန်အဆက်အသွယ်ရပါတယ်။ တဆက်တည်း နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့လည်း အဆက်အသွယ်ရရှိလာပါတယ်။ သူက ပါတီတွင်းအခြေအနေ မိတ်ဆက်ပြ၊ ပညာပေး ပါတယ်၊ ပါတီဘက် ဆက်လက်ရပ်တည်သွားဖို့အားပေးပါတယ်။ ဒီနောက် ကျွန်တော် ပါတီရဲ့နေရာချထားမှုအရ ပန်ဝါမှာ အချိန်တချို့ နေထိုင်ခဲ့ရပြန်ပါတယ်။

အချိန်တချို့ ပန်ဝါမှာနေထိုင်ရင်း ဆက်လက်နေထိုင်ရန်မသင့်တော့ဘူးလို့ထင်တာနဲ့ တရုတ်ပြည်ထဲကို ဇနီးသည်၊ သမီး ၂ ယောက်တို့နဲ့အတူ ပြန်လည်ဝင်ရောက်လာခဲ့ရာမှ နောက်ဆုံးမှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်း စီစဉ်နေရာချထားပေးတဲ့ ကချင်ရွာလေးတရွာမှာ ရဲဘော်မိသားစုများနဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဒီကာလမှာတော့ နိုင်ငံရေးမှူးနဲ့အတူ ပြန်လည်နေထိုင်ရပြန်ပါတယ်။ သိပ်မကြာလိုက်ပါ။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့ ဗဟိုခေါင်းဆောင်များဟာ လုပ်ငန်းတာဝန်မှအနားယူရန် မိမိမိသားစုရှိရာ စစ်ချွမ်းပြည်နယ် ချင်တူးသို့ ပြန်သွားကြပါတယ်။

ကျွန်တော်တို့ကတော့ နယ်စပ်မှာပဲ မိသားစုအတွက်လုံးပန်းရင်း ပါတီဗဟိုရဲ့အမိန့်သံစောင့်ကာ မိမိယုံကြည်ချက်ပန်းတိုင်အတွက် မျှော်လင့်ချက်အပြည့်နဲ့ လုံးပန်းတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှူးကတော့ ကျွန်တော်တို့နဲ့ဝေးရာမှာ ရောက်ရှိသွားပေမယ့် ဘာမထီစိတ်ဓာတ်နဲ့ အဝေးကနေ ကျွန်တော်တို့အတွက် သဘောတရားရေးလိုအပ်ချက်တွေ၊ အားသစ်တွေကို သူရဲ့နောက်ဆုံး ထွက်သက်အထိ ဖြည့်ဆည်းပေးသွားခဲ့ပါပြီ။

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းအပါအဝင် ပထမမျိုးဆက် တော်လှန်ရေးခေါင်းဆောင်များရဲ့ ရာသက်ပန်တော်လှန်ရေးစိတ်ဓာတ် ဥဒါန်းတွင်ပါစေသတည်း။
နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းကို အလေးနီပြုလိုက်ပါတယ်။
၂၇ စက်တင်ဘာလ ၂၆။


ထန်ကုန်တဲ့ဆောင်း(မျိုးမြင့်ချို)

0 comments
၂ ရက်အတွင်း ရုတ်ချည်းပြောင်းသွားတဲ့ အအေးချိန်ဟာ ယုံနိုင်စရာကိုမရှိ။ တမြန်နေ့ကအထိ နှင်းလေး တဖွားနှစ်ဖွား၊ နေလေး မပွင့်တပွင့်၊ အနွေးငွေ့လေး မပြည့်တပြယ်နဲ့ သစ်ရွက်ကြွေတွေအပေါ် ဖြတ်လျှောက်နေတဲ့ဟေမန္တဟာ ဖျတ်ကနဲ စိတ်ပြောင်းသွားပုံပဲ။

နှင်းက ခုညကမှ စ ပီပီပြင်ပြင်ကျတာ။ ၄ လက်မလောက်တော့ ရှိမလားပဲ၊ ခြံစည်းရိုးအလှစိုက် ကိုင်းပွင့်တွေ ဖွားနေအောင်ဝေခဲ့တဲ့ မြက်ပင်ရှည်တွေအဖျားမှာ စနိုးတွေပွင့်နေကြပြီ။ အမြဲစိမ်းလို့ခေါ်တဲ့ ထင်းရှူးနွယ်ပင်တွေကလွဲလို့ သစ်ပင်တိုင်းဟာ အရွက်မရှိ ကိုယ်ချည်းစည်းနဲ့။ လှတာလား အကျည်းတန်တာလား သေချာဝေခွဲမရ။ ကိုင်းကြီးကိုင်းငယ် အသွယ်သွယ်ပေါ်က တင်လို့ရတဲ့နေရာမျန်သမျှ နှင်းတွေတင်နေတာ ဘာနဲ့တူသလဲဆိုတော့ တခြမ်းကိုဆေးအနက်ခြယ် တခြမ်းကိုဆေးအဖြူသားလွလွသထားတဲ့ အစာရေစာပြတ်လပ် အဆီအသားခမ်းခြောက်ပြီး ထွက်သက်ငင်နေတဲ့လူမမာတယောက်ရဲ့ လက်ဖျံရိုးတွေလိုလို။

စိမ်းခဲ့ဖူးတဲ့မြက်ခင်းပြင်တွေလည်း အအေးဒဏ်ကြောင့် ဝါကျင်သွေ့ယော်ကနေ ခုတော့ နှင်းနှိပ်စက်ခံရင်း ခေါင်းမဖော်နိုင်ကြတော့။ မနက်တိုင်း စိုးစိုစီစီ တီတီတာတာနဲ့ အစာရှာဖို့ အိပ်တန်းအထစောတဲ့ ငှက်ကလေးတွေတောင် အိမ့်တံစက်မြိတ်မှာ တကောင့်တကောင်ပူးကပ်ရင်း ကိုယ့်ငွေ့နဲ့အနွေးဓာတ်ကူးနေကြလေရဲ့။ ကိုယ်ထဲ ခေါင်းလေးတွေ ဝှက်တဲ့အကောင် ဝှက်လို့။

ခွေးလေး ၂ ကောင်လည်း ခါတိုင်းလို အပြင်ကြည့်ပြီး တဝုတ်ဝုတ်တောင်မဟောင်နိုင်ရှာကြ။ အပြင်က နှင်းတောကြီးကြည့်ပြီး စိတ်တွေ နည်းနည်းထွေသလားမပြောတတ်။ အဇ္ဇီက အိပ်ယာထကတည်းက ပေါင်ပေါ်တက်ထိုင်လိုက် ပြန်ဆင်းလိုက်၊ ပြူတင်းဝကနေအပြင်ကိုကြည့်လိုက် လူဆီပြန်လာလိုက်နဲ့ ခေါင်းလည်းငိုက်စိုက်။ ရော့ကီကတော့ ကျနော့်ဇနီးသည်ရင်ခွင်ထဲ ဖြူကောင်လိုလုံးနေအောင်ကွေးနေလေရဲ့။ ဟဲ့..ထ ရှူရှူးပေါက် အီအီးပါဆိုတော့ မျက်လုံးတချက်ဖွင့်ကြည့်ပြီး ပြန်နှပ်နေလေရဲ့။

ကြက်အိမ်တံခါးလေးဖွင့်လိုက်တော့ အထဲက သူတို့ ကိုယ်အနွေးဓာတ်လေးနဲ့ သူတို့အနံ့အသက်လေးတွေက နှာဖျားရောမျက်နှာပါ လာပွတ်သပ်ထိတွေ့သွားလေရဲ့။ အစာသစ်ထပ်ထည့်ပြီး ရေလဲမယ်ဆိုကြည့်လိုက်တော့ အပူပေးမထားတဲ့အပြင်ကရေခွက်အကြီးက ခဲနေပြီ။ မာနေပြီ။ ရေခဲနဲ့ကျပ်ပြီး ဘယ်လိုမှဖွင့်မရတော့။ ဒါနဲ့ အိမ်ထဲပြန်ဝင် အခြေကနေ လျှပ်စစ်ဓာတ်နွေးနွေးလေး အချိန်ပြည့်ပေးပြီး ရေမခဲအောင်လုပ်ထားတဲ့ ဆောင်းသောက်ရေခွက်ကိုထုတ် ရေဖြည့် ခလုပ်လေးနှိပ်ပြီးလည်းချပေးလိုက်ရော ရေ အလုအယက်ပြေးသောက်လိုက်ကြတာများ သနားစရာ။ အေးလေ မနေ့က တနေ့လုံး ရေခဲနေတော့ ရေငတ်ပြေနှင်းမွမွတွေချည်း ကောက်စားနေခဲ့ရတာကိုး။ ဥတင်းကာတွေဖွင့်ပေးတော့ ဘယ်ကမ္ဘာကတည်းက ဥချင်လို့စောင့်နေမှန်းမသိတဲ့ ကြက်ဖြူမလေးက လူကိုတွန်းတိုက်ပြီး တင်းထဲဝင်ချသွားလေရဲ့။ ခမျာမလည်း လွယ်ထားရတဲ့ဒုက္ခက သေးပုံမရဘူး။ ကိုယ်ကလည်း ဒီမနက် ခြံအဖွင့်နောက်ကျတာကိုး။

ဟိုးအနောက်ဘက် ခြံအစွန်းသစ်တောအုပ်လေးထဲက ယုန်သားအမိတွေလည်း ဘယ်လိုနေကြမယ်မပြောတတ်။ ဆောင်းတွင်း မြေအပြင်မှာ နှင်းဖုံး ရေခဲဖုံးပလားဆို ခမျာများ အစာရေစာရှားပါးကြတယ် မဟုတ်လား။ အောင်းနေတဲ့တွင်းထဲက မြေသားရဲ့အနွေးဓာတ် သူတို့ကိုယ်ကထွက်တဲ့အပူဓာတ်နဲ့ ရာသီဒဏ်ကာနိုင်ပေမယ့် ဆာတဲ့ဒဏ်တော့ ခံဖို့ခက်ကြမှာပဲ။ မနှစ်ကဆို ဗိုက်ဆာလွန်းလို့ စားစရာလည်း ဘာမှ မယ်မယ်ရရမရှိလို့ ၂ နှစ်သား ပန်းသီးပင်ပျိုလေးတွေရဲ့ ပင်စည်ကအခေါက်တွေ တပတ်လည်လုံးခွာခွာစားကြလို့ ပန်းသီးပင်တချို့သေကြပါရော။ ဒီနှစ်တော့ အပင်ခြေတွေမှာ ပလပ်စတစ်အမာသား အကာလေးတွေပတ်လိုက်တော့ သူတို့ အခေါက် လာခွာစားလို့မရတော့ဘူး။ ပြီးတော့ ဘယ်ရီပင်တွေကိုလည်း ယုန်ကာစည်းရိုးလေးတွေ ကာလိုက်တယ်။ မနှစ်က ဘယ်ရီပင်တွေအဖျားကနေစပြီး သူတို့ကိုက်နိုင်စားနိုင်သမျှသမျှအကုန် ကိုက်စားသွားကြလို့ နွေဦးပေါက်မှာ အညွန့်မလူနိုင်ကြ၊ နွေအခါမယ် မသီးမပွင့်နိုင်ကြဖြစ်သွားတာမှ မနည်းဘဲ။ ဒီတဆောင်းမှာ ကိုယ့်အပင်လေးတွေ ကာကွယ်လိုက်ရပေမယ့် စိတ်ထဲမကောင်းဘူး။ သူတို့ ငတ်ရှာကြရော့မယ်။ နွေဦးပေါက်တာနဲ့ ရေနည်းနည်းဝပ်တဲ့နေရာလေးရွေးပြီး သင်းတို့လေးတွေစားဖို့သက်သက် ကန်စွန်း ဖျာ ၃ ချပ်စာလောက် သပ်သပ်ကြဲပေးမယ်စိတ်ကူးထားတယ်။


မနေ့ညနေ အပြင်ကပြန်ရောက်တော့ ဇနီးက အိမ်ထဲတန်းမဝင်ပဲ ငါးကန်လေးဘက်ထွက်သွားတယ်။ ကန်ရေမျက်နှာပြင် ခဲနေတာကို ခတ်ဝေးဝေးကတောင် တွေ့နေရတာပဲဟာ သူက ဘာကိစ္စ အထူးအဆန်းလုပ်ပြီး ကန်နားသွားကြည့်သလဲလို့ တွေးမိနေတုန်းရှိသေး မျိုး မျိုး လာကြည့်စမ်း လာကြည့်စမ်းဆိုပြီး အပျော်သံနဲ့ အမောတကောလက်ယပ်ခေါ်တယ်။ ဒါနဲ့သွားကြည့်တော့ နှင်းတဖတ်တဖွားမှတင်မနေတဲ့ ခဲနေတဲ့ကန်မျက်နှာပြင်ဟာ ဖန်သားလိုကြည်ပြီး အောက်ခြေနားအထိ ဖေါက်ထွင်းမြင်နေရတယ်။ ငြိမ်သက်နေတဲ့ရေညှိရေမှော်တွေလည်း မြင်နေရတယ်။ ရေခဲပတ်ထားတဲ့ကြာရွက်တွေလည်း တုတ်တုတ်မှလှုပ်မရရှာကြ။ ဗေဒါဖုတ်ကလေးတွေလည်း ရေခဲဖမ်းညှစ်ထားလို့ အရောင်ပြောင်းပြီး ဈန်ကြွကုန်ကြပါပကော။

ဒါနဲ့ ဘာများလဲ မိန်းမရ လုပ်ပါဦးဆိုတော့ ဟိုမှာလေ ဟိုမှာ မင်းမမြင်ဘူးလား၊ ငါးလေးတွေ ရေကူးနေကြတာဆိုပြီး ရေခဲအကြည်ဆုံး ကန်အခြေအတော်နက်တဲ့အထိ ဖေါက်ထွင်းမြင်ရတဲ့ ကန်မျက်နှာပြင်နေရာကို ထိုးပြတယ်။ ဟုတ်သား သူပြောမှတွေ့တယ်။ ရွှေရောင်ငါးလေးတွေ၊ အနက်ကလေးတွေ၊ အနက်အနီစပ်ကြား၊ အနီအဖြူစပ်ကြားငါးလေးတွေ ရေခဲအောက်က မခဲသေးတဲ့ရေထဲမှာ ခတ်ဖြည်းဖြည်းခတ်လေးလေး ကူးခတ်ပျော်ရွှင် ဆော့ကစားနေကြပါလား။
ဒါနဲ့ ဂိုဒါင်ထဲပြန်ဝင် သံတူရွင်းယူချလာတော့ ဇနီးက ဘာလုပ်မလို့လဲတဲ့။ တနေရာလောက် ရေခဲဖေါက်ပြီး အစာချပေးရအောင်လေဆိုတော့ မလုပ်နဲ့တဲ့ မလိုဘူးတဲ့ အောက်မှာ အယ်လ်ဂျေးတွေ သဘာဝအစာတွေအများကြီးတဲ့ တဆောင်းလုံး ရေခဲအောက်မှာနေရင်းစားတောင်မကုန်ဘူး၊ သူ့သဘာအတိုင်းရှိပေ့စေလို့ဆိုတယ်။ ဒါနဲ့ သံတူရွင်းပြန်ချလိုက်တော့ ဘယ်အချိန်က အနားရောက်လာမှန်းမသိတဲ့ အဇ္ဇီနဲ့ရော့ကီတို့ကို ကန်ပေါ်ရေခဲမျက်နှာပြင်ပေါ်ဖြတ်ပြေးလိုက် တက်ဆော့လိုက် ပြေးလိုက်လွှားလိုက်နဲ့။ ခုမျ ရေကန်ပေါ်လမ်းလျှောက်ရတော့တယ်ဆိုတဲ့ မျက်နှာပေးလေးတွေနဲ့။ ခွေးမသားလေးတွေ။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၁၊ ဝ၁၆

နှစ် ၂ဝဝ အင်ဒီယားနား(မျိုးမြင့်ချို)

0 comments
မနက်ဖြန်ဆို ကျနော်တို့နေတဲ့ အင်ဒီယားနားပြည်နယ်ထူထောင်ခဲ့တာ
နှစ် ၂ဝဝ ပြည့်ပြီ။

ဒီကပြည်နယ်တိုင်းမှာ နံမည်ပြောင်တွေရှိသလို မြို့တိုင်းမှာလည်းရှိပါတယ်။
အင်ဒီယားနားပြည်နယ်ဆိုရင် Hoosier လို့ အမည်ပြောင်ရှိပါတယ်။
ဘာ့ကြောင့် ဟူရှာလို့တွင်ရတာလဲဆိုတာကတော့ တကျောင်းတဂါထာ
တရွာတပုဒ်ဆန်းပြောကြတာပါပဲ။


မိုက်ကယ်လ်ဂျက်ဆင် မွေးခဲ့ကြီးခဲ့တဲ့ ဂယ်ရီဆိုတဲ့မြို့သိမ်လေးကလည်း
အင်ဒီယားနားပြည်နယ်ထဲကပါဘဲ။ အဲ့ဒီမြို့ကလေးက ကျနော်နဲ့သိတဲ့
အသက် ၉ဝ နီးပါးအဖွားအို(ခုတော့ ဆုံးရှာပါပြီ)တယောက်ကတော့
“ပြည်တွင်းစစ်ကာလတုန်းက ညတိုက်ပွဲတွေဖြစ်တဲ့အခါ သူ့လူကိုယ့်လူထွေးပြီး
မှောင်ကြီးမည်းမည်းထဲ ချိုးချိုးချွတ်ချွတ်အသံကြားရင် အဲ့ဒါ ဘယ်သူလဲ
အဲ့ဒါ ဘယ်သူလဲ Who is there? who is there? လို့ အင်ဒီယားနားဒေသခံစစ်သားတွေက ဒေသလေသံနဲ့ မေးကြတယ်တဲ့။ Who's there? ကို
ဒေသအသံထွက်ရော စစ်သားလေသံရော စိုးရိမ်တကြီးဖြစ်တဲ့စိတ်ရောပါပြီး
ထြက္လိုက္တဲ့အခါ ဟူးဇ္ဇဲ ဟူးဇ္ဇဲလို႔ ထြက္တယ္တဲ့။ အဲ့ဒီကေနမွ
ကာလကြာတော့ ဟူရှာရယ်လို့ဖြစ်လာသတဲ့။
တခြားလည်းပြောကြတာတွေရှိပါတယ်။

မြို့တွေဆိုလည်း ကြီးကြီး သေးသေး နံမည်ပြောင်လေးတွေ ကိုယ်စီရှိကြပါတယ်။ ကျနော်နေတဲ့ ဖို့တ်ဝိန်းဆိုတာ အင်ဒီယားနားပြည်နယ်ရဲ့
ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ မြို့တဝန်းကျင်လုံး လူဦးရေက ၅ သိန်း
စွန်းစွန်းရှိပါတယ်။ မြို့တွင်းနေကတော့ ၂ သိန်းခွဲလောက်ရှိပြီး
ဘုရားရှိခိုးကျောင်းပေါင်း ၃ ရာကျော်ရှိလို့ City of Churches လို့ခေါ်ကြပါတယ်။ တခါ အင်ဒီယားနားပြည်နယ်ဟာ လွင်ပြင်လိုဖြစ်ပြီး ဖို့တ်ဝိန်းကတော့
အမြင့်ဆုံးနေရာမှာတည်ထားတာမို့ Summit City လို့လည်းခေါ်ကြပါတယ်။

ကျနော် သာယာဝတီထောင်နေတုန်းက ဒီဇင်ဘာ ၁ဝ ရက် လှုပ်ရှားမှု (10-D) နဲ့ ထောင်အချခံရတဲ့ ကိုကျော်ကျော်ဦးနဲ့ဆုံခဲ့ပါတယ်။ တရက်စကားစပ်မိကြရင်း
အင်ဒီယားနားပြည်နယ်အမည် ကျနော့်စကားထဲပါသွားပါတယ်။
ကိုကျော်ကျော်ဦးက “ဟုတ်လို့လား ကိုမျိုးမြင့်ရယ်၊ ကျနော်တော့ အမေရိကန်မှာ အင်ဒီယားနားပြည်နယ်ဆိုတာ မကြားဖူးပါဘူး“လို့ ပခုံးလေးတွန့်ပြီးပြောတာ
ပြန်အမှတ်ရတယ်။ အဲ့ဒီတုန်းက သူက နံမည်တောင်မကြားဖူးတာ။ ကျနော်ကတော့ နံမည်လောက် ကြားဖူးထားပြီ။ ခုတော့ လူအကောင်လိုက်ကြီး ရောက်နေပြီ။

၁၈၁၆ ဒီဇင်ဘာ ၁၁ ရက်မှာ စထောင်တဲ့ပြည်နယ်မို့ မနက်ဖြန် နှစ် ၂ဝဝ ပြည့်မှာပါ။ ၁၈၁၆ ခုဆိုတာ အမေရိကန်မှာတော့ စက်မှုခေတ်ထဲ ချဉ်းနင်းဝင်ရောက်စပြုတဲ့ အချိန်ဖြစ်ပါတယ်။
အဲ့ဒီအချိန်က ဗမာပြည်မှာ ပဒေသရာဇ်တွေ ဓားထက်တုန်း၊ ထီးပြိုင်နန်းပြိုင်တွေ
စစ်ခင်းကြတုန်း၊ သမီးဆက် မယားဆက်တွေလုပ်နေကြတုန်း၊
နန်းညွန့်နန်းလျာတွေ ပလ္လင်လုရင်း တယောက်နဲ့တယောက်
လုပ်ကြံသတ်ဖြတ်လို့ကောင်းတုန်း ကာလကြီးပဲ။
ဒီဇင်ဘာ ၁ဝ၊ ၂ဝ၁၆

စစ်အာဏာရှင်က သင်မရသူ (မျိုးမြင့်ချို)

0 comments
(စစ်အာဏာရှင်က သင်မရသူ)
ဘာလို့လည်း မသိဘူး။ ဒီမနက် အပြင်မှာ နှင်းတွေ ပိန်းပိတ်အောင်ကျနေတာကိုကြည့်ပြီး ဦးဝင်းတင်ကို သတိရလိုက်တာ။ သူနဲ့စစ်အာဏာရှင်စနစ်၊ သူ့နိုင်ငံရေးဘဝ၊ သတင်းစာဆရာဘဝ၊ ထောင်တွင်းရပ်တည်ချက်အကြောင်း စတာတွေကတော့ လူတိုင်းသိပြီးသားမို့ ဘာမှ ထပ်ဖြည့်စရာစွက်စရာမရှိပါ။ ကျနော် သူ့အကြောင်း တကွက်စာလောက်ကို ၂ဝဝ၅ ခုလောက်က “ကွိသို့မဟုတ် ယုံကြည်ရာ၌ရဲရင့်သူ“ဆိုပြီး တပုဒ်ရေးဖူးပါတယ်။ ခေတ်ပြိုင်မှာလို့ ထင်ပါတယ်။

ကမ္ဘာနီတွင်တဒင်္ဂတို့ဘာတို့နောက်ကိုင်းကစလို့ သူ့မှာ
လူတန်းစားဘက်သဘောရပ်ခံချက် ဝိုးတို့ဝါးတားဖြစ်သွားတယ်
ယွင်းသွားတယ်လို့ ထင်ပါတယ်။ နီတာလည်းမဟုတ် စိမ်းတာလည်းမဟုတ်
ပြာတာလည်းမဟုတ်တော့ဘဲ ရောင်စုံကာလာများဖြစ်သွားတာလား
မပြောတတ်ပါ။


သူ ဘယ်လိုပဲ ဒီမိုကရေစီ စီ ထောင်ထဲမှာတုန်းက ၉၀ အင်န်အယ်လ်ဒီအမတ်တချို့ တိတ်တိတ်ပုန်းတမျိုး ဗြောင်တမျိုးအုပ်စုဖွဲ့ဆန့်ကျင်ဒဏ် သူအတော်ခံခဲ့ရတယ်။ သတင်းစာနယ်ပယ် စာပေနယ်ပယ်နဲ့ နိုင်ငံရေးဝန်းကျင်က သူ့အရှိန်အဝါ
သူ့သြဇာကြီးနေ/ရှိနေလို့သာ ကိုယ်ထိလက်ရောက် မကျူးလွန်ကြတာပါ။

တချို့အမတ်တွေဆို သူ့ကို စိတ်နဲ့သတ်ပစ်ကြတာမှ အခါခါပဲ။ စစ်အစိုးရအပေါ် စစ်အာဏာရှင်စနစ်အပေါ် ထောင်တွင်းရပ်တည်ချက်အပေါ်လေးစားတဲ့ အင်န်အယ်အယ်လ်ထဲက အင်န်အယ်လ်ဒီပြင်ပက လူငယ်လူလတ်တွေ သူ့နောက်မှာ ရပ်နေရှိနေကြလို့သာ အမတ်တွေ လက်ဖျားနဲ့မတို့ဝံ့တာဘဲ။

တချိန်က သတင်းစာနယ်က သူ့တပည့်ဆိုတဲ့ သူ့ကျေးဇူးမကင်းတဲ့လူတချို့လည်း အမတ်ဖြစ်ပြီးနောက် သူ့ကို ပခုံးတိုင်းရုံမက အဖေထက်သားတလကြီးတွေလုပ်ကြ
မထော်မနှမ်းတွေပြောကြ ကလော်ကြဆော်ကြတာတွေလည်း ရှိခဲ့ပါတယ်။

သူ့ကို ဆန့်ကျင်တဲ့အမတ်တွေရဲ့စွဲချက်ကတော့ ကွန်မြူနစ်တဲ့၊ အနီ..တဲ့။ သူ နီမနီ ကွန်မြူနစ်မနစ် သူ့ဘာသာသူသိသလို အနီတွေ ကွန်မြူနစ်တွေကလည်း သိကြသဘောပေါက်ကြပါတယ်။ သူ့ကို ကွန်မြူနစ်လို့ဆိုတဲ့အမတ်တွေနဲ့
သူ့ကိုကွန်မြူနစ်လို့ဆိုတဲ့စစ်အာဏာရှင်တွေဟာ ခုတော့
နိုင်ငံရေးအကျိုစီးပွားတူရာမှာ ပလူးမိနေကြပါပြီ။
ဘက်တဖက်တည်းမှာ ရပ်သွားကြပါပြီ။

သူကတော့ ကွယ်လွန်ရှာပါပြီ ကျနော်တို့အတွက်နဲ့တိုင်းပြည်အတွက်တော့
ဆုံးရှူံးမှုကြီးပါတယ်။

ဒေါ်စုပြောတဲ့ လောကမှာ သင်ပေးလို့ရတဲ့သူနဲ့ မရတဲ့သူဆိုပြီး နှစ်မျိုးပဲရှိတယ်ဆိုတာ
တကယ်မှန်ရင်
“သူက စစ်အာဏာရှင်ရဲ့ အသင်မခံယူပါ“
“သူ့ကို စစ်အာဏာရှင်က သင်မရပါ“
“သူဟာ စစ်အာဏာရှင် သင်ပေးလို့မရတဲ့သူပါ“
ဒီဇင်ဘာ ၁၁၊ ၂ဝ၁၆