(မြစ်မှာဆုံဖို့)ကျနော်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို
အာဏာမစို့မပို့ရထားသည့် အင်န်အယ်လ်ဒီ ဘယ်ပုံကိုင်တွယ်မည်နည်းကို
မျက်စေ့ဒေါက်ထောက်နေသူဖြစ်ပါသည်။ သို့သော် ကျနော် ဘာမှမတွေ့မမြင်ရပါ။
မြစ်ဆုံစီမံကိန်းစုံစမ်းရေးကော်မရှင်ဖွဲ့သည် အစိုးရကို အစီရင်ခံစာတင်သည်ဟု
ကြားသော်လည်း ဘာတွေစုံစမ်းတွေ့ရှိ၍ ဘယ်သို့အစီရင်ခံမှန်း ကျနော်အပါအဝင်
ဘယ်ပြည်သူမှ တရားဝင် သိခွင့်မရပါ။ စစ်အုပ်စုနှင့် စစ်တပိုင်းအစိုးရကြား
လက်သိပ်ထိုးနှင့်ကြိတ်ဝိုင်း လက်ဝါးရိုက်ထားမှုများ ရှိနေသည်ဆိုခြင်းကိုတော့
ခန့်မှန်းလို့ရပါသည်။
အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရအနေနှင့်
လူထုနှင့်တိုင်းပြည်ကို သွေးတိုမစမ်းသေးတာက ခြေကုပ်မမြဲသေး၍လည်း
ဖြစ်ပါလိမ့်မည်။ မြစ်ဆုံသွေးတိုးသည် တရုတ်ပြည်ကိုပါ စမ်းရမှာဖြစ်ပါသည်။
တရုတ်သည် အရင့်အရင် အမေရိကန်အစိုးရတွေ လက်ထက်ကထက် သွေးတိုး
ပိုအစမ်းခံနိုင်သည့် အနေအထားကိုရနေပါသည်။ ချမ်းသာလာခြင်း စစ်အင်အား
ပိုမိုတောင့်တင်းလာခြင်း သံခင်းတမန်ခြင်း ပိုပို
ထဲဝင်ထိရောက်လာခြင်းများသည် သွေးတိုးစမ်းမည့်သူများ
ချင့်တွက်ရမည့်ကိစ္စဖြစ်လာပါသည်။
ဒီကြားထဲ ဒေါ်နယ်လ်ထရမ့်ခေတ်
အမေရိကန်နိုင်ငံခြားရေးပေါ်လစီသည် အာရှပစိဖိတ်ဒေသမှ ခွာမသွားသေးသော်လည်း
အိုဘာမားလက်ထက်ကလောက် သည်းသည်းသန်သန် ပြင်းပြင်းထန်ထန် မဟုတ်ပါ။ ဂျပန်ကို
ဖက်ဆစ်လုပ်ခွင့်ပြန်ပေးပြီး တရုတ်တို့
မြောက်ကိုးရီးယားတို့ကိုထိန်းထားနိုင်ဖို့ အကြံအစည် တစုံတရာရှိပါသည်။
အစ္စရေးကို အနုမြူမဲပိုတင်းပေးပြီး အာရဗ်ကမ္ဘာကို
စီးပိုးဗိုလ်ကျထားဖို့ဖြစ်ပါသည်။ အချင်းချင်း ပြန်ချနေကြသည့်
အာဖရိကသားတွေကို ၂ ဘက်လုံးဆီ သေနတ်ရောင်းပြီး ယာလည်းညက်စေကြက်လည်းမောစေ
ကိုယ်လည်းထောစေ ပေါ်လစီဖြစ်ပါလိမ့်မည်။
အန်ကယ်လ်ဆမ်
အိပ်ကပ်ထဲကငွေထုတ်မသုံးချင်ပါ။ ဘတ်ဂျက်လိုငွေပြသနာကလည်း
ထရီလီယံနှင့်ချီပြီး ခေါင်းခဲစရာဖြစ်ပါသည်။ သူဌေးလည်း
သင်္ဘောအမှောက်များလျှင် ခွက်ပျောက်ရိုးသာဓကတွေ ကမ္ဘာမှာရှိပါသည်။
တရုတ်ကိုပေးရမည့် အကြွေးတွေကလည်း လည်ပင်းခိုက်နေပါသည်။ ထိုအနေအထားများတွင်
တရုတ်စွာခွင့် ရနေပါသည်။
သို့သော် တရုတ်သည် အတော့်ကို
သိုသိုသိပ်သိပ် သပ်သပ်ရပ်ရပ် နှုတ်မဖွာ အာမချောင်ပဲ
အငြိမ်လိုင်းလေးမှသွားနေတာကိုတွေ့ရပါသည်။ လိုအပ်သည့်အခါ နေမျိုးနွယ်ဆိုသည့်
ဖက်ဆစ်ဂျပန်ကို နည်းနည်း အဟောက်အခြောက်လေးတွေလုပ်တာတွေ့ရပါသည်။
ဖိလစ်ပိုင်တို့ တောင်ကိုးရီးယားတို့ကြ တရုတ်စာရင်းထဲတွင် သိတ်အသွင်းမခံရပါ။
ဂျပန်ကြတော့ နန်ကင်းလူသတ်ပွဲအပါအဝင် တရုတ်ကို အတိတ်မှာ
ဖက်ဆစ်ကျဖူးတာရှိသလို စီးပွားရေးတောင့်ခြင်းနှင် ရှင်ဇိုအာဘေးခေတ်
တပ်ထောင်တာဗိုလ်ထုတွေလုပ်လာခြင်းကိုလည်း သတိထားပုံပေါ်ပါသည်။ ဒါက တရုတ်၊
အမေရိကန်၏အာရှပစိဖိတ်၊ ဂျပန့်အရေး စသည်များအပေါ်မြင်သည့် ကျနော့်
ကောက်ချက်ဆွဲခြင်းများဖြစ်ပါသည်။ မမှန်လည်း ကိစ္စမရှိပါ။ ကျနော်သည်
တိုင်းပြည်တပြည်ပြည် အစိုးရတရပ်ရပ် သတင်းစာတစောင်စောင် အခြားမီဒီယာတခုခုကို
ကိုယ်စားပြုပြောနေခြင်း မဟုတ်ပါ။ နိုင်ငံရေးလူအလွတ်ဖြစ်ပါသည်။
ပြောချင်တာကို ပြန်ကောက်ပါမည်။
ကျနော်က မြစ်ဆုံစီမံကိန်းကို
လုပ်စေ့ချင်ပါသည်။ ရှေ့မှာလည်း ကျနော် ပြောဖူးပါသည်။ ၂ တိုင်းပြည်
(တရုတ်-ဗမာ)အကျိုးအမြတ် ရှည့်လည်းလျှေက်သာ ပျားလည်းစွဲသာဖြစ်ဖို့၊
ကချင်ပြည်နယ်က ဒေသခံတွေမနစ်နာဖို့၊ ဧရာဝတီမြစ်တကြော အညာအကြေနေသူတွေ
စီးပွားလူမှုဘဝ အထိအခိုက်နည်းဖို့၊ ပတ်ဝန်းကျင်သဘာဝ အပျက်အရှနည်းဖို့၊
နိုင်ငံတကာစံသတ်မှတ်ချက်တွေနှင့် ကိုက်နိုင်သမျှကိုက်ဖို့
ထွက်လာသည့်ဓာတ်အား သူမည်မျှကိုယ်မည်မျှ ခွဲဝေသုံးမည်ကို ပြန်ကြံဆဖို့
စသည်တို့ပါပါသည်။ မြစ်ဆုံသည် ကချင်ပိုင်မဟုတ်ပါ။ ထို့အတူ ဗမာပိုင်လည်း
မဟုတ်ပါ။ တိုင်းပြည်ပိုင်ဖြစ်ပါသည်။ ဖက်ဒရယ်လ်ပုံစံတိုင်းပြည်
ထူထောင်မိပြီးသည့်အခါ(ယခုကတည်းက ဆွေးနွေးပြင်ဆင် ထားရန်လိုပါသည်)
မြစ်ဆုံစီမံကိန်းမှ အကျိုးအမြတ်အား ပြည်နယ်အစိုးရက ဘယ်မှခံစား၊ ဗဟိုအစိုးရက
ဘယ်မျှခံယူစသည်တို့ ပီပြင်နေဖို့လိုပါသည်။
ရေကာတာတည်ဆောက်ပြီး
ရေတွေကို လှောင်ကာ လိုသလိုခိုင်းစားရခြင်းမှာ ရာနှုန်းပြည့် အန္တရာယ်ကင်းရန်
မည်သည့်အခါမှမဖြစ်ပါ။ ရေသည် ရေဖြစ်ပါသည်။ ရေသည် ရန်သူမျိုးငါးပါးတွင်
ပါပါသည်။ မိုးကလည်း သူရွာချင်သလို ရွာပါသည်။ တောင်ကလည်း သူပြိုချင်သလို
ပြိုပါသည်။ ပြတ်ရွေ့မြေကြောများကလည်း ပြတ်ချင်သလိုပြတ်
ရွေ့ချင်သလိုရွေ့နေပါသည်။ ငလျင်ဆိုတာကလည်း ဘာမပြောညာမပြော ထထလှုပ်တတ်ပါသည်။
ထိုအရာများသည် လူက လိုက်ထိန်းချုပ်လို့မနိုင်သေးသည့်အရာများ ဖြစ်ပါသည်။
အစိုးမရသည့်အရာများဖြစ်ပါသည်။
ဘာမှ အစိုးမရသည် မှန်သော်လည်း
တတ်နိုင်သမျှ အကောင်းဆုံးနည်းပညာများသုံးကာ ကြိုတင်ကာကွယ်မှုများအပါအဝင်
စံချိန်စံညွှန်းများပြည့် ရေအားလျှပ်စစ်ထုတ်မည့်
ဆည်ကြီး(ရေကာတာကြီး)တခုဖြစ်ဖို့တော့ လိုပါသည်။ ထိုသို့လုပ်ထားသည့်ကြားမှ
ခုနကျနော်ပြောသည့် လူမနိုင်သည့်အရာများဖြစ်ခဲ့လို့
ဆည်ကျိုးတာပေါက်တွေဖြစ်ခဲ့လျှင်လည်း မတတ်နိုင်ပါ။ လူတွေ သေကြကြေ
ပျက်စီးဆုံးရှူံးကြတွေ ရှိပါလိမ့်မည်။ ကမ္ဘာပေါ်တွင် ထိုကိစ္စများများ
ဖြစ်နေပါသည်။ နည်းပညာမြင့်ပါသည့်ဆိုသော ကျနော်နေသည့် အမေရိကန်မှာပင်လျှင်
လူမနိုင်ကိစ္စများကြောင့် ဆည်တွေကျိုးကြပါသည်။ လူတွေ
သေကြေပျက်စီးမှာကြောက်လျှင် ဖက်ဆစ်စနစ်ကိုတောင် တိုက်နေစရာမလို။
စစ်ဆိုသည်မှာ ပိုမသေအောင် ပိုအနှိပ်စက်မခံရအောင်
တိုက်နေရသည်များလည်းရှိပါသည်။
လျှပ်စစ်ဓာတ်အားဆိုသည်မှာ
နိစ္စဓူဝလိုအပ်ချက်ဖြစ်ပါသည်။ ခုလိုကလတွင် ဘယ်သူမှ ရေနံဆီမီးခွက်တို့
ဖယောင်းတိုင်နှင့် မနေလိုကြတော့ပါ။
ရပ်ကွက်ထဲက အိမ်ဆိုင်လေးတွင်
ဈေးဆစ်ပြီး တည့်သွားပြီးကာမှ မဝယ်တော့ဘူးဆိုလျှင် ဆိုင်ရှင့်
ရန်အထောင်ခံရပါသည်။ တိုင်းပြည်တပြည်နှင့်ကြတော့ စီးပွားရေး
ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်စာတမ်းများ၊
ပရိုတိုကော်လ်များရှိပါသည်။ နှစ်ဖက်လိုက်နာရပါသည်။ ချိုးဖေါက်လျှင်
လူအယုံအကြည်အမဲ့ခံရပါသည်။ တရုတ်ဘက်ကလည်း အကျိုးအမြတ်မျှော်ကိုး၍
စစ်အစိုးတွေနှင့်လုပ်ခဲ့တာ ချုပ်ခဲ့တာမှန်သော်လည်း ဗမာနှင့်တရုတ်သည်
တိုင်းပြည်များဖြစ်ကြပါသည်။ သူ့ဘက်က ရင်းထားသည့် ငွေပမာဏလည်း မသေးလှပါ။
ကျနော်တော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကျကျနနပြန်စစေချင်ပါသည်။
မတ်ခ်ျ ၁၅၊ ၂ဝ၁၇