Tuesday, June 18, 2019

မင်းဖို့ ကျည်ဆန်တစ်တောင့် (ဘာသာပြန်သူ - မောင်ထင်)

0 comments
မင်းဖို့ ကျည်ဆန်တစ်တောင့် (ဘာသာပြန်သူ - မောင်ထင်)ကျွန်တော်တို့သည် အမည်မဖော်လိုသော မြို့ကလေး တစ်မြို့တွင် စခန်း ချကြပါသည်။ စစ်ဖက်အရာရှိတို့၏ ဘဝဟူသည်မှာ အများ သိတော်မူကြသည့် အတိုင်းပင် ဖြစ်ပါသည်။ နံနက်၌ စစ်ရေးပြ၍ မြင်းစီးကြသည်။ ညနေ၌ တပ်မှူးနှင့်အတူ ညစာ စားကြသည်။ ထိုမြို့ကလေးတွင် ကျွန်တော်တို့အား လက်ခံမည့် အိမ်ဟူ၍ တစ်အိမ်မျှပင် မရှိပါ။ လက်ထပ်ရန် အရွယ်ရှိသော မိန်းကလေး ဟူ၍လည်း တစ်ယောက်တလေမျှပင် မရှိပါ။ ကျွန်တော်တို့ အချင်းချင်း၏ စစ်တန်းလျား အခန်းတို့တွင် တစ်လှည့်စီ စုဝေးတွေ့ဆုံ ကြရပါသည်။ ယင်းသို့ ဆုံမိကြရာ၌ ကြည့်ရှုစရာဟူ၍ ကျွန်တော်တို့ ဝတ်စား ဆင်ယင်ထားသော ဆင်တူဝတ်စုံသာ ရှိပါသည်။
ကျွန်တော်တို့အထဲတွင် စစ်ဖက်အမှုထမ်း မဟုတ်သူ တစ်ယောက်သာ ရှိပါသည်။ သူသည် အသက် သုံးဆယ့်ငါးနှစ်ခန့် ရှိပြီဖြစ်၍ သူ့ကို ကျွန်တော်တို့က လူကြီးဟု ယူဆပါသည်။ ထိုသူမှာ အတွေ့အကြုံ ဗဟုသုတ များသဖြင့် ကျွန်တော်တို့ထက် သာပါသည်။ ထိုမှတစ်ပါးလည်း မှုန်တေတေ နေတတ်သော အကျင့်၊ ကြမ်းတမ်းသော အမူအရာနှင့် ပါးစပ်ပေါက်ဆိုးသော အပြောတို့ကြောင့် ကျွန်တော်တို့ ကဲ့သို့သော လူငယ်များအပေါ်၌ အတော်ပင် လွှမ်းမိုးနိုင်ပေသည်။ သို့သော် သူ့ဘဝမှာ လျှို့ဝှက်ချက် တစ်ရပ် ဖြစ်နေသည်။ သူသည် ရုရှလူမျိုး ဖြစ်တန်ရာ၏။ သို့သော် သူ့အမည်မှာ တိုင်းတစ်ပါးသား၏ အမည်ဖြစ်သည်။ တစ်ချိန်က မြင်းတပ်တွင် ထူးထူး ချွန်ချွန် အောင်အောင်မြင်မြင်နှင့် အမှုထမ်းခဲ့ဖူးသည်။ သို့သော် ထို အမှုထမ်းဘဝမှ နှုတ်ထွက်၍ ယခုကဲ့သို့ နုံချာသော မြို့ကလေးတွင် နေထိုင်ကာ ဆင်းပင် ဆင်းရဲလျက်နှင့် သုံးစွဲနိုင်သော အခြေရှိသည်။ ညစ်ထေးသော စုတ်ပြတ်နေသော ဝတ်ရုံအကျႌကို ဝတ်၍ ခြေကျင်လျှောက် နေရလျက်နှင့် ကျွန်တော်တို့ တစ်တပ်လုံးရှိ အရာရှိ အရာခံတို့အား ပြုစုကျွေးမွေးနိုင်သော အခြေလည်း ရှိသည်။ ဤအချက်ကို မည်သူမျှ မည်သို့ကြောင့်ဟု တပ်အပ်သေချာစွာ မပြောနိုင်ကြချေ။ သူ ကျွေးသော ထမင်းပွဲ၌ ဟင်းလျာမှာ နှစ်မျိုး သုံးမျိုးထက် မပိုပါ။ ချက်ကျွေးသူ မှာလဲ စစ်ပြန်ရဲဘော် တစ်ယောက် ဖြစ်ပါသည်။ သို့ရာတွင် ထမင်းပွဲ၌ ရှမ်ပိန် အရက်မှာမူ အဆီးအတား မရှိ ဒလဟော စီးဆင်း နေဘိသို့ ရှိလေသည်။ သူ၏ ဥစ္စာပစ္စည်းနှင့် ဝင်ငွေ မည်မျှရှိသည်ကို မည်သူမျှ မသိကြပါ။ ထိုအကြောင်းနှင့် စပ်လျဉ်း၍လည်း သူ့ကို မည်သူမျှ မမေးဝံ့ကြချေ။ သူ့ထံ၌ သေနင်္ဂဗျူဟာ ဆိုင်ရာ စာအုပ်၊ ဝတ္ထုစာအုပ် စသည်တို့ အများဆုံး ပါဝင်သော စာအုပ် အမျိုးမျိုး ရှိသည်။ ယင်းတို့ကို သူတစ်ပါးအား ငှါးရန်လည်း ဝန်မလေး။ ငှါးလိုက်သော စာအုပ်ကို ပြန်တောင်းသည် ဟုလည်း မရှိ။ သူကိုယ်တိုင် ကလည်း သူတစ်ပါးပိုင် စာအုပ်ကို ငှါးဖတ်ပြီးလျှင် ပြန် မပေးတတ်။ သူ၏ အဓိက လုပ်ငန်း တစ်ရပ်ကား ပစ်စတို သေနတ်ပစ်ခြင်း ဖြစ်၏။ သူ၏ အခန်းနံရံမှာ ပျားသလက်များ၌ အပေါက် အပေါက် ရှိသကဲ့သို့ သေနတ်ရာများဖြင့် ပြည့်နှက် နေလေသည်။ သူနေထိုင်ရာ ရွှံ့မံထားသော တဲအိမ်၌ ပစ်စတို သေနတ်မျိုးစုံကို စုဆောင်း ထားရှိသည့် အရာ၌သာ စည်းစိမ်ရှင်တို့၏ အနေအထိုင်နှင့် တူသယောင်ယောင် ရှိသည်။ သေနတ် ပစ်ရာ၌ သူမတူအောင် လက်တည့်လှသည်။
တစ်စုံတစ်ယောက်သော သူ၏ ဦးခေါင်းထက်၌ သစ်သော့သီးကို တင်၍ သေနတ်ပစ် ပြမည်ဟု သူက ဆိုလိုက်လျှင် ကျွန်တော်၏ တပ်ထဲတွင် ယင်းသို့ သေနတ်ပစ် ခံရန် ဦးခေါင်း ထိုးပေးမည့်သူ မရှားချေ။ သေနတ် ပစ်ရာ၌ ဤမျှ ကျွမ်းကျင်လှ ပါပေသည်။ ကျွန်တော်တို့ စကားလက်ဆုံ ကျသည့်အခါ သေနတ်ချင်း ယှဉ်ပစ်သည့် အကြောင်းသို့ ရောက်သွား တတ်ပါသည်။ သို့သော် ဆစ်လဗီယိုသည် (သူ့ကို ကျွန်တော် ယင်းသို့ပင် ခေါ်ပါရစေတော့။) ထိုအကြောင်းအရာများ ပြောသည့် အထဲတွင် ဘယ်အခါမျှ ဝင်၍မပြောချေ။ “သေနတ်ချင်း ယှဉ်ပြိုင် ပစ်ဖူးပါသလား” ဟု သူ့ကို မေးကြည့်လျှင် “ပစ်ဖူးပါရဲ့” ဟု ခပ်တိုတိုပင် ပြန်ပြောတတ်သည်။ အကျယ်ဝိတ္ထာရကိုမူ ဘယ်နံရော အခါမျှ ပြောမပြဘူးပါ။ အသေးစိတ် ပြောခိုင်းပါလျှင်လည်း သူ မကြိုက်သည်မှာ သိသာလှပါသည်။ တစ်ရံရောအခါက သူ့လက်စွမ်းကြောင့် သူတစ်ပါး ဒုက္ခရောက်ဖူး ပေလိမ့်မည်။ ထို့ကြောင့် သူ စိတ်မလုံဘဲ ရှိပေလိမ့်မည်။ ကျွန်တော်တို့ကား ဤကဲ့သို့သာ တွေးမိပါသည်။ သူ့၌ သူရဲဘော နည်းသောစိတ် ရှိလိမ့်မည်ဟူ၍ ဒွိဟဖြစ်ဖွယ်ရာ အချက်မျိုးကို ကျွန်တော်တို့ ဘယ်နံရော အခါမျှ မတွေ့မိပါ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သူရဲဘော နည်း မနည်း ဆိုသည်ကို အပြင်ပန်း အမူအရာဖြင့် အကဲ မခတ်နိုင်ပါ။ သို့သော် ကျွန်တော်တို့ကို အံ့အားသင့်စေသည့် ကိစ္စ တစ်ရပ်သည် ပေါ်ပေါက် လာပါသည်။
တစ်နေ့သ၌ ကျွန်တော်တို့ အရာရှိထဲမှ ဆယ်ဦးခန့်သည် ဆစ်လဗီယို၏ နေအိမ်တွင် ညစာ စားကြပါသည်။ ကျွန်တော်တို့ ခါတိုင်းကဲ့သို့ပင် အရက် သောက်ကြသည်။ ခါတိုင်းကဲ့သို့ သောက်သည် ဆိုသည်မှာ များများ သောက်သည်ကို ဆိုလိုပါသည်။ ညစာ စားပြီးသော အခါ အိမ်ရှင်အား ဘဏ်ကစားရန် တောင်းပန်ပါသည်။ ထိုအခါ အိမ်ရှင် ဆစ်လဗီယိုက အတန်ကြာမျှ ငြင်းဆန်နေပါ၏။ သို့ရာတွင် နောက်ဆုံး၌ သူသည် ဖဲထုတ်ကို ယူခိုင်းပြီးလျှင် ရူဘယ်ဒင်္ဂါး တစ်ဆယ်တန် ငွေစက္ကူ အချပ် ငါးဆယ်လောက်ကို စားပွဲပေါ်တွင် ပြန့်ကျဲလျက် လက်သည် အဖြစ်ဖြင့် ဖဲကို ဝေပါသည်။ ကျွန်တော်တို့လည်း သူ့အနားသို့ ဝိုင်းလာပြီးလျှင် ဖဲကစားကြပါသည်။ ဖဲချသည့်အခါ ဆစ်လဗီယိုသည် စကားအလျှင်း မပြောပါ။ ငြင်းလည်း မငြင်းတတ်ပါ။ သူတစ်ပါးက ငြင်းလျှင်လည်း ပြန်မဖြေတတ်ပါ။ ဤကား သူ့ဝါသနာ ဖြစ်ပါသည်။ လောင်းသူများက မှားသွားလျှင် ဆစ်လဗီယိုသည် စိုက်၍ လျော်လိုက လျော်ပါသည်။ သို့တည်းမဟုတ် ပိုသွားသော ငွေကို စာရင်းတွင် တို့၍ ထားတတ်ပါသည်။ ဤအချက်ကို ကျွန်တော်တို့ ကောင်းကောင်း သိပြီးဖြစ်၍ သူ့စည်းကမ်း စနစ်အတိုင်း လုပ်ချင်သလို လုပ်ရန် ကျွန်တော်တို့က ခွင့်လွှတ် ထားပါသည်။ သို့သော် ကျွန်တော်တို့ထဲတွင် မကြာမီကမှ တပ်ထဲသို့ ပြောင်းလာသော အရာရှိတစ်ဦး ရှိပါသည်။ ထိုအရာရှိသည် ကစားနေရင်း မတ်တတ်က မေ့မေ့လျော့လျော့နှင့် ဘဏ်မှား၍ ခေါ်ပြီးလျှင် လောင်းကြေးကို ပိုထည့်ပါသည်။ ထိုအခါ ဆစ်လဗီယိုသည် သူ၏ ထုံးစံအတိုင်း မြေဖြူခဲ တစ်ခုကို ယူ၍ လောင်းကြေးကို အမှန်သို့ ရောက်အောင် ရေးမှတ်ပါသည်။ ဤသည်တွင် ဆစ်လဗီယို မှားသည်ထင်၍ အဆိုပါ အရာရှိက ရှင်းပြပါသည်။ သို့သော် ဆစ်လဗီယိုကား စကားမပြောဘဲ ဆက်၍သာ ကစားပါသည်။ အရာရှိလည်း စိတ်မရှည်နိုင်သဖြင့် သူမှားသည် ထင်သည့် ဂဏန်းကို ဖျက်လိုက်ရာ ဆီလဗီယိုသည် မြေဖြူခဲကို ကောက်၍ကိုင်ပြီး သူမှန်သည် ထင်သော ဂဏန်းကို ပြန်ရေးပါသည်။ အရာရှိသစ်မှာ အရက်ကြောင့် လည်းကောင်း၊ ဖဲကြောင့် လည်းကောင်း၊ အများက ဝိုင်း၍ ရယ်ကြခြင်းကြောင့် လည်းကောင်း သွေးဆူ လာပြီးလျှင် သူ့ကို စော်ကားသည်ဟု ယူဆကာ ဖယောင်းတိုင် ထွန်းသော ကြေးတံရှည်ကို စားပွဲပေါ်မှ ဆွဲယူပြီးလျှင် ဆစ်လဗီယိုကို ပေါက်လိုက်လေသည်။ ဆစ်လဗီယိုမှာ လွတ်အောင် ရှောင်နိုင်ရုံမျှ ရှိလေသည်။ ကျွန်တော်တို့ အားလုံး စိတ်နှလုံး တုန်လှုပ် သွားကြပါသည်။ ဆစ်လဗီယိုကား ဒေါသကြောင့် မျက်နှာထား ညိုကာ မျက်စိတို့လည်း ဝင်းဝင်းတောက် လာပြီးလျှင် ထိုင်ရာမှ ထ၍ “ကိုင်း၊ ရဲဘော် တဆိတ်ကလေး ပြန်ပါတော့ဗျာ။ ကျုပ်အိမ်မှာ ဒီလိုဖြစ်ရတာ ခင်ဗျားအတွက် ဘုရား မတယ်လို့ပဲ အောက်မေ့ လိုက်ပါတော့” ဟု ပြောလိုက်လေသည်။
ယခုကဲ့သို့ ဖြစ်ရသည့် အကြောင်းကြောင့် အကျိုး မည်သို့ ရှိလိမ့်မည်ကို ကျွန်တော်တို့ တပ်အပ် သေချာစွာ သိပါသဖြင့် ကျွန်ုပ်တို့၏ ရဲဘော်သစ်ကို သေရွာသို့ လားမည့်သူဟု အမှတ်ပြု လိုက်ကြပါ၏။ ကျွန်တော်တို့၏ ရဲဘော်ကမူ ဘဏ်တွင် လက်သည်ကိုင်သူ အိမ်ရှင် ဆစ်လဗီယို ကြိုက်သည့် အချိန်အခါတွင် ယခုကဲ့သို့ စော်ကားလိုက်သည့် အခြင်းအရာကို လက်တုံ့ ပြန်ရန် အသင့်ရှိကြောင်း ပြောပြပြီးလျှင် ထွက်သွားပါသည်။ ထို့နောက် မိနစ် အတန်ငယ်မျှ ဖဲကို ဆက်၍ ကစားကြပါသည်။ သို့သော် ကျွန်တော်တို့အား ဧည့်ခံသူ အိမ်ရှင်သည် ဖဲတွင် စိတ်မဝင်စားတော့သည်ကို သိရှိ ရိပ်မိကြသည့် အလျောက် ကျွန်တော်တို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ ပြီးလျှင် ဆိုင်ရာ ဆိုင်ရာ စစ်တန်းလျားသို့ ပြန်ကြ၍ စစ်တန်းလျား၌ မကြာမီ လူတစ်ယောက် လျော့မည့် အရေးကို ဆွေးနွေး ပြောဆိုကြသည်။
နောက်တစ်နေ့တွင် မြင်းစီးကျင့်သော ကျောင်း၌ ကျွန်တော်တို့သည် ဗိုလ်မှူးကလေးမှာ လောက၌ ရှိမှရှိပါ ဦးမည်လောဟု တစ်ဦးကိုတစ်ဦး မေးမြန်း ပြောဆိုနေကြစဉ် ဗိုလ်မှူးကလေးသည် ရုတ်ခြည်းပင် ဝင်လာပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မေးမြန်းနေသည့် အကြောင်းကို သူ့အား မေးကြည့် ပါသည်။ သူက ဆစ်လဗီယိုထံမှ ဘာအကြောင်းမျှ မပြန်သေးဟု ပြောပြပါသည်။ ကျွန်တော်တို့ များစွာ အံ့အားသင့်မိသည်။ ထို့နောက် ကျွန်တော်တို့ ဆစ်လဗီယိုအိမ်သို့ သွားသောအခါ ဆစ်လဗီယိုသည် ခြံတံခါးတွင် ချိတ်ထားသော ညှင်းတစ် ဖဲတစ်ချပ်ကို ညှင်းတည့်တည့် ခွဲအောင် ထပ်ကာ ထပ်ကာ သေနတ်ပစ်၍ နေသည်ကို တွေ့ရလေသည်။ သူသည် ယမန်နေ့က အဖြစ်အပျက် အကြောင်းကို တစ်ခွန်းတစ်ပါဒမျှ မပြောဘဲ ကျွန်တော်တို့အား ခါတိုင်းကဲ့သို့ပင် ဧည့်ခံပါသည်။ သို့နှင့်ပင် သုံးရက်တိတိ ကုန်ခဲ့သည်။ ဗိုလ်မှူးကလေးကား အသက်ရှင်တုန်းပင်။ ကျွန်တော်တို့ကား အံ့အားသင့်စွာဖြင့် ဆစ်လဗီယိုသည် သေနတ်ချင်း ယှဉ်၍ ပစ်ရန် ကြံမှ ကြံရွယ်ပါ ဦးမည်လောဟု တစ်ဦးကိုတစ်ဦး မေးမြန်းမိသည်။ ဆစ်လဗီယိုသည် ယခုတိုင် သေနတ်ချင်းယှဉ်၍ မပစ်သေး၊ ဗိုလ်မှူးကလေးအား အနည်းအကျဉ်း တောင်းပန်၍ သင့်မြတ် ကြေအေး လိုက်ပါသည်။
ဤကိစ္စမှာ လူငယ်များအဖို့ ဆိုလျှင် ဆစ်လဗီယို အပေါ်၌ အတော်ပင် အထင်သေး အမြင်သေး ဖြစ်သွားစေဟန် တူပါသည်။ သတ္တိရှိသူ၌ အပြစ်မရှိဟု ယူဆကြသော လူငယ်တို့အဖို့ သတ္တိကြောင်ခြင်းကို အလွယ်နှင့် ခွင့်လွှတ်နိုင်ကြသည် မဟုတ်ပါ။ သို့ရာတွင် တဖြည်းဖြည်း ဆိုသလို ဤကိစ္စ အလုံးစုံကို မေ့ပစ် လိုက်ကြလေသော် ဆစ်လဗီယိုလည်း ခါတိုင်းကဲ့သို့ပင် လူငယ်များ အပေါ်၌ ဩဇာရှိမြဲ ရှိလာပါသည်။
သို့သော် ကျွန်တော်တစ်ဦးတည်းသာ ဤကဲ့သို့ သူ့ကို အလွယ်နှင့် မေ့မပစ်နိုင် ဖြစ်မိပါသည်။ ကျွန်တော့်သဘာဝမှာ စိတ်ကူးယဉ်တတ်သော သဘာဝဖြစ်၍ ယခင်ကပင်လျှင် ဆစ်လဗီယိုကို အာဇာနည် ပုဂ္ဂိုလ်တစ်ဦးဟု ယုံမှတ်လျက် သူ့ကို အလွန် သိရခက်သော လူစားမျိုးဟူ၍ ယူဆထားလေရာ သူ့ကို ကျွန်တော်သည် သူတစ်ပါးတို့ထက် ကြည်ညိုမိပါ၏။ သူလည်း ကျွန်တော့် အပေါ်မှာ သံယောဇဉ် ကြီးခဲ့ပါ၏။ အမှန်မှာ သူသည် ကျွန်တော် တစ်ဦးတည်း ကိုသာလျှင် စိတ်နာလောက်အောင် ရန်စခြင်း မပြုဘဲထား၍ ဆွေးနွေးစရာ အကြောင်းရပ်များကို ရိုးသားစွာနှင့် အထူးသိမ်မွေ့စွာ ဆွေးနွေးလေ့ ရှိပါသည်။ သို့သော် ထိုကံအကြောင်း မလှသော တစ်နေ့၌ သူ၏ဂုဏ်ကို သူမဆယ်ဘဲ နေခဲ့သည့်အတွက် သူ့အား ကျွန်တော် မေ့ပစ်၍ မရပါ။ ထို့ကြောင့် သူ့ကို ခါတိုင်းကဲ့သို့ ဆက်ဆံရန် အတွက် နောက်တွန့် နေပါသည်။ ကျွန်တော်သည် သူနှင့် မျက်နှာချင်း ဆိုင်ရန်ပင်လျှင် ရှက်သလိုလို ဖြစ်မိသည်။ ဆစ်လဗီယိုမှာ အတွေ့အကြုံနှင့် အလိမ္မာတရား ပြည့်စုံပြီးသူ ဖြစ်လေရာ ဤအချက်ကို ဂရုမထားဘဲ မနေပါ။ အကြောင်းရင်းကို တွေးမိပါသည်။ ဤသို့ တွေးမိသောကြောင့် သူ စိတ်မကောင်းဟန် တူသည်။ အမှန်မှာ သူသည် ကျွန်တော့်အား သူ့စိတ်ထဲ ရှိသမျှကို ဖွင့်ပြောရန် ဆန္ဒရှိသည်ကို ကျွန်တော် တစ်ခါ၊ နှစ်ခါလောက် ဂရုပြုမိသည်။ သို့သော် ကျွန်တော်က ဤသို့ ပြောခွင့် မပေးခဲ့သဖြင့် ဆစ်လဗီယိုသည် ကျွန်တော့်အား ကျွန်တော့် အတွေးနှင့် ကျွန်တော် နေစေရန် လျစ်လျူရှုခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် သူ့အား တွေ့ဆုံမည့်အစား ကျွန်တော်၏ ရဲဘော်ရဲဘက် အပေါင်းနှင့်သာ တွေ့ဆုံ ပါတော့သည်။ ထို့ကြောင့် ရှေးယခင်က ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်းများသည် ဤတွင် တစ်ခန်းရပ် ပါတော့သည်။
ငါးပါးအာရုံ ကာမဂုဏ်၌ နစ်မွန်း နေကြရသော မြို့ကြီးသားတို့မှာ ကျေးလက် တောနယ်၌ နေထိုင်ကြသူတို့ ခံစားအပ်သော ဒုက္ခ သုခ ဝေဒနာတို့ကို သဘောပေါက်လိမ့်မည် မဟုတ်ပါ။ ဥပမာ တောနယ်၌ စာရောက်မည့် နေ့ကို မျှော်ရသည်မှာ မြို့ကြီးသားတို့ နားလည် နိုင်လိမ့်မည် မဟုတ်ပါ။ အင်္ဂါနေ့နှင့် သောကြာနေ့ ကျလျှင် စစ်တပ်ဌာနချုပ်၌ အရာရှိ အရာခံဗိုလ်များ ပြည့်နှက်လျက် ရှိပါသည်။ အချို့မှာ ငွေရောက်မည်ကို မျှော်ကြသည်။ အချို့ကား စာကို မျှော်ကြသည်။ အချို့ကား သတင်းစာကို မျှော်ကြသည်။ စာများကို တစ်ထိုင်တည်းတွင် ဖောက်ကြည့်ပြီးလျှင် ရရှိသော သတင်းစကားတို့ကို အလဲအလှယ် ဖောက်သည် ချကြသည်။ ထို့ကြောင့် ဌာနချုပ် အသက်ဝင် လှုပ်ရှား၍ လာတတ်သည်။ ဌာနချုပ်မှတဆင့် စာရလေ့ရှိသော ဆစ်လဗီယိုသည်လည်း ထုံးစံအားဖြင့် ထိုနေရာတွင် ရှိတတ်ပါသည်။ တစ်နေ့သောအခါ သူသည် စာတစ်စောင်ရ၍ စာအိတ် ချိပ်ပိတ် ထားသည်ကို ကမန်းကတန်း ဖောက်ပါသည်။ စာပါ အကြောင်းရပ် များကို ခပ်သုတ်သုတ် ဖတ်ရာ၌ သူ၏ မျက်စိသည် အရောင် တလျှမ်းလျှမ်း တောက်လာပါသည်။ အရာရှိတို့မှာ မိမိတို့၏ စာကိုသာ မဲ၍ ဖတ်နေခြင်းကြောင့် ဘာမျှ ဂရုမစိုက်မိကြပါ။
ထိုအတွင်း ဆစ်လဗီယိုက “ရဲဘော်တို့၊ အချက်ပေါ်လာတော့ ကျုပ် ဒီက အမြန် ထွက်ခွါသွားဖို့ ဖြစ်လာပြီ။ ကျုပ် ဒီည သွားရလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့ ကျုပ်အိမ်မှာ ညစာစားဖို့အတွက် ငြင်းကြလိမ့်မယ်လို့ မယူဆ ပါဘူး။ ခင်ဗျားတို့ကို မျှော်နေမယ်ဗျာ” ဟု အားလုံးကို ပြောရင်း ကျွန်တော့်အား “ခင်ဗျား လာရမယ်နော်” ဟု ဆိုပါသည်။ ဤသို့ ပြောပြီးလျှင် သူသည် ဌာနချုပ်မှ ထွက်သွားပါသည်။ ကျန်ရစ်သူ ကျွန်တော်တို့မှာ ဆစ်လဗီယိုအိမ်၌ ဆုံကြရန် သဘောတူ တိုင်ပင်ပြီးလျှင် အသီးသီး မိမိလိုရာသို့ သွားကြပါသည်။
ချိန်းထားသော အချိန်၌ ဆစ်လဗီယိုအိမ်သို့ ကျွန်တော် ရောက်သွားသော အခါ စစ်တပ် တစ်တပ်လုံးကိုပင် စုဝေးလျက် ရှိကြပါပြီ။ ဆစ်လဗီယို၏ အဝတ်အစား ပစ္စည်းတို့မှာ ထုပ်ပိုးထားပြီး ဖြစ်သည်။ ကျည်ဆန် မှန်ထားသော နံရံမှတစ်ပါး ဘာမျှ မကျန်တော့ပြီ။ ကျွန်တော်တို့လည်း စားပွဲ၌ ဝင်၍ ထိုင်ကြပါသည်။ ဧည့်ခံမည့်သူမှာ အလွန်ပင် စိတ်ရွှင်လန်း နေပါသည်။ ဤသို့ အားရဝမ်းသာ ဖြစ်နေခြင်းသည် သူ၏ ဧည့်သည်များထံသို့ ကူးစက် သွားပါသည်။ ကျွန်တော်တို့ကလည်း ခရီးထွက်မည့်သူ၌ ကံကောင်းပါစေဟု မရပ်မနား ဆုတောင်းဆဲတွင် ပုလင်းဖွင့်သံများ အဆက်မပြတ်တော့ပါ။ ဝိုင်အရက်မှာ အမြှုပ်စီစီ ပုစွန်ဆိတ်ခုန်ရင်း ပလုံ ပလုံ မြည်နေပါသည်။ ကျွန်တော်တို့ ထမင်းစားဝိုင်း သိမ်းသောအခါ ညဉ့်အတော် နက်ပြီ။ ပြန်ရန်အတွက် မိမိ ဦးထုပ်ကို မိမိတို့ ယူကြသောအခါ ဆစ်လဗီယိုသည် ကျွန်တော်တို့အား တစ်ဦးစီ တစ်ဦးစီ နှုတ်ဆက်ပါသည်။ ကျွန်တော် ပြန်မည် ပြုသောအခါ သူက ကျွန်တော့်လက်ကို ဖမ်း၍ ဆွဲထားပြီးလျှင် “ခင်ဗျားကို ကျုပ် ပြောစရာ ရှိတယ်” ဟု တိုးတိုး ပြောပါသည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ချန်၍ နေရစ်ခဲ့ပါသည်။
ဧည့်သည်များ ပြန်ကုန်ကြပြီ။ သူနှင့်ကျွန်တော် နှစ်ဦးသား စကား မပြောဘဲ ဆေးတံကို မီးညှိပြီးလျှင် မျက်နှာချင်းဆိုင် ထိုင်၍နေကြပါသည်။ ဆစ်လဗီယိုသည် အတွေးနယ်ထဲဝယ် နစ်မျော၍ နေပါသည်။ ယခင်က ဗြုန်းစား ပေါ်လာသော အားရဝမ်းသာ အမူအရာတို့ ဘယ်ရောက်ကုန်သည် မသိပါ။ သုန်မှုန်၍ ဖြူဖပ်ဖြူရော် နေသော မျက်နှာထားနှင့် တောက်ပသော မျက်လုံးအပြင် သူ့ပါးစပ်မှ ထွက်လာသော မီးခိုးလုံးတို့မှာ သူ့အား ကြောက်မက်ဖွယ်ရာ ဘီလူးနှင့် တူအောင် ဖန်ဆင်း၍ ပေးနေကြပါသည်။ မိနစ် အနည်းငယ်ခန့် ကြာလတ်သော် ဆစ်လဗီယိုသည် တိတ်ဆိတ်ခြင်းကို ခွင်းလိုက်လေသည်။
“ကျုပ်တို့တော့ နောက်ထပ် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတော့ဘူးလို့ ထင်ပါရဲ့။ ဒါကြောင့် လူချင်းမခွဲခင် ခင်ဗျားကို တစ်ခု ပြောချင်တယ်။ ကျုပ်ကို သူတစ်ပါးက ဘာထင်ထင် ကျုပ် ဂရုမစိုက်ဘူး။ အဲသလို ခင်ဗျားကို တစ်ခါတုန်းက ပြောခဲ့ဖူးပါလိမ့်မယ်။ နို့ပေမယ့် ခင်ဗျားကို ကျုပ်က ခင်တယ်ဗျာ့။ ဒီတော့ ကျုပ်အပေါ်မှာ အထင်အမြင် မှားပြီး ကျန်ရစ်အောင် ခင်ဗျားကို ကျုပ် မလုပ်ချင်ဘူး” သူက ဤသို့ ပြောပါ၏။
သူသည် တအောင့်လောက် ရပ်၍ ဆေးဆုံထဲ ဆေးထည့်ပြန်ပါသည်။
ကျွန်တော်ကား စကားတစ်ခွန်းမျှ မတုံ့ပြန်သေးဘဲ စောင့်ကြည့်နေပါသည်။
သူက ဆက်၍ ပြောပါသည်။
“ကျုပ်ဟာ ဟိုအကောင် အရူးအမူးကို လူချင်းချိန်းပြီး မချတဲ့အတွက် ခင်ဗျားက အဆန်းလို့ ထင်နေမှာပဲ။ ခင်ဗျားလဲ နားလည်ပါလိမ့်မယ်။ ကျုပ်က ကျုပ်ကြိုက်တဲ့ လက်နက်ကို ရွေးပိုင်ခွင့် ရှိနေတယ်။ ကျုပ်မှာတော့ ဘာမှ မဖြစ်နိုင်ဘူး။ သင်းရဲ့ အသက်ကတော့ ကျုပ်လက်ခုပ်ထဲမှာ ရှိနေပြီ။ ဒီတော့ ကျုပ်က အလျှော့ပေး လိုက်တာကို ခင်ဗျားကတော့ ကျုပ် သဘောထား ကြီးလွန်းလို့လို့ ထင်မလား မပြောတတ်ဘူး။ နို့ပေမယ့် ကျုပ်က ခင်ဗျားကို လိမ်မပြောချင်ဘူး။ ကျုပ်မှာ မှည့်တစ်ပေါက်မျှ မစွန်းရဘဲ သူ့ကို ကောင်းကောင်း ဆုံးမနိုင်မယ် ဆိုရင် ကျုပ် သူ့ကို ချမ်းသာ မပေးဘူး”
ကျွန်တော်သည် ဆစ်လဗီယိုကို အံ့အားသင့်စွာဖြင့် ကြည့်မိပါသည်။ သူ ယခုကဲ့သို့ ဖွင့်ပြောလိုက်တော့ ကျွန်တော့်မှာ မှင်တက်မိ နေရပါတော့သည်။
သူက ဆက်၍ “ဟုတ်တယ်လေ၊ ကျုပ်ကိုယ်ကို ကျုပ် မှဲ့တစ်ပေါက်စွန်း ခံနိုင်တဲ့အခြေ မရှိဘူး။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ကျုပ် ပါးရိုက် ခံရဖူးသဗျာ့။ အဲဒီ ပါးရိုက်တဲ့အကောင် ကျုပ်ရန်သူဟာ ယနေ့ထိ အသက်ရှင် နေသေးတယ်” ဟု ပြောသည်။
ကျွန်တော့်၌ သိချင်သောစိတ် ထက်သန်လာပါသည်။ “ဒါနဲ့တောင် ခင်ဗျားက ပြန်မချဘူးလား။ အင်း အခြေအနေကြောင့် ခင်ဗျားလဲ ပြန်မလုပ်ခဲ့ရဘူးနဲ့ တူတယ်” ဟု ကျွန်တော်က မေးသည်။
“သင်းကို ဆော်ခဲ့တာပေါ့။ ကြည့်လေ၊ ဟောဒီမှာ သူနဲ့ နှစ်ယောက်ချင်း ချကြတဲ့ အမှတ်အသား ရှိတယ်” ဟု ဆစ်လဗီယိုက ပြန်ဖြေပါသည်။
ဆစ်လဗီယိုသည် ထိုင်ရာမှ ထ၍ စက္ကူသေတ္တာ တစ်ခုထဲမှ ရွှေပန်းပွါးချ ပိုးချည်ထိုး ဦးထုပ်နီ တစ်လုံးကို ထုတ်ယူ၍ သူ့ဦးခေါင်းထက်၌ ဆောင်းပြပါသည်။ နဖူးစအထက် တစ်လက်မခန့် အကွာတွင် ဦးထုပ်၌ သေနတ်ရာ တစ်ခု ရှိသည်ကို တွေ့ရပါသည်။
“ခင်ဗျားလဲ သိမှာပေါ့၊ ကျုပ်အရင်တုန်းက မြင်းတပ်မှာ လုပ်ဖူးတယ် ဆိုတာ ခင်ဗျားအသိပဲ။ ပြီးတော့ ကျုပ်စိတ်လဲ ခင်ဗျားသိမှာပေါ့။ ကျုပ်က ဘယ်နေရာမှာ ဖြစ်ဖြစ် ရှေ့ဆုံး ထိပ်တန်းကချည်း နေလေ့ ရှိခဲ့တယ်။ ကျုပ်ငယ်ငယ်က ဆိုရင် ဒီလို ထိပ်တန်းကချည်း နေရဖို့ အင်မတန် ဝါသနာ ကြီးတယ်။ ကျုပ်တို့ခေတ်တုန်းက ဆူဆူပူပူ ရန်ဖြစ်တယ် ဆိုတာ အင်မတန် ခေတ်စားတာပဲ။ တပ်ထဲမှာဆိုရင် ကျုပ်ဟာ နှစ်ယောက်ချင်း ယှဉ်ပြီး တိုက်ရ ခိုက်ရမယ်ဆိုရင် ဝိတ်ပဲ။ ပြီးတော့ ဟိုတုန်းက အရက်မူးရတာကိုပဲ ဂုဏ်ယူကြ သဗျာ့။ ပြင်သစ်နဲ့ တိုက်ရတဲ့ အမျိုးသား စစ်ပွဲမှာ နာမည် ကျော်ကြားခဲ့တဲ့ မျိုးချစ် တပ်မတော်သား တစ်ဦးနဲ့ ကျုပ်ဟာ စားပွဲခုံအောက်မှာ အပြိုင် သောက်ခဲ့တာ ကျုပ် အနိုင်ရခဲ့တယ်။ ကျုပ်တို့ တပ်ထဲမှာဆိုရင် နှစ်ယောက်ချင်း ဓားချင်း ယှဉ်ခုတ်တာ၊ သေနတ်ချင်း ယှဉ်ပစ်တာဟာ မိနစ် မလပ်ပါဘူး၊ ခဏခဏပဲ။ အဲဒီပွဲတိုင်းမှာ ကျုပ်ဟာ ဦးဆောင်တဲ့လူလဲ ဖြစ်ရမယ်။ ဒါမှမဟုတ် သူများတကာ ရန်ဖြစ်တဲ့အထဲ ဝင်ကူတဲ့လူ ဖြစ်ရမယ်။ ကျုပ်ရဲဘော်တွေ ဆိုရင် ကျုပ်ကို အာဇာနည်လို ကိုးကွယ်ခဲ့ကြတာပေါ့။ ဒါပေမယ့် တပ်ဦးစီး အရာရှိတွေကတော့ ကျုပ်ကို မတတ်သာလို့ တွေ့ရတဲ့ လူဆိုးကြီးလို့ ယူဆကြသပေါ့ဗျာ”
“ဒီလိုနဲ့ပဲ ကျုပ်လဲ နာမည်ကြီး တစ်လုံးနဲ့ စိတ်ချလက်ချ နေခဲ့တာပေါ့။ ဒါပေမယ့် တကယ်တော့ ကိုယ့်ကိုယ်ကို တယ်ပြီး စိတ်မချရသေးဘူးဗျာ့။ ဘာကြောင့်ဆိုတော့ တစ်နေ့မှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ လူငယ်တစ်ယောက် တပ်ထဲ ဝင်လာတယ်။ သူ့မျိုးရိုးက အတော်ပဲ ကောင်းတယ်၊ အမည်နာမကိုတော့ ကျုပ် မပြောပါရစေနဲ့တော့။ ကျုပ်တော့ဖြင့် ဒီလောက် ကုသိုလ်ကံ ထောက်မပြီး ထက်မြက်တဲ့လူကို မကြုံဖူးသေးပါဘူး။ အရွယ်ကလဲ ကောင်းတုန်း၊ ဉာဏ်ကလဲ ထက်၊ ရုပ်ကလဲ မခေ၊ စိတ်ဓာတ်ကလဲ ရွှင်မြူး၊ သတ္တိလဲ ကောင်း၊ နာမည်လဲ ကြီး၊ ပိုက်ဆံလဲ ဖော၊ ဖောလိုက်တဲ့ ပိုက်ဆံ ကုန်တယ်လို့ကို မရှိ။ ကိုင်း ဒါတွေကိုသာ စဉ်းစားကြည့်တော့။ ဒီတော့ သူဟာ ကျုပ်တို့အပေါ်မှာ ဘယ်လောက် အထင်ကြီးစရာ ဖြစ်တယ်ဆိုတာ စဉ်းစားလို့သာ ကြည့်ပေတော့။ ကျုပ်က တပ်ထဲမှာ နာမည်ကြီး တစ်လုံးနဲ့ နေခဲ့သမျှ အလကား ဖြစ်သွားတာပေါ့။ ကျုပ် နာမည်ကြီးမှန်း သိလို့ သူက ကျုပ်ကို ပထမစပြီး မိတ်ဖွဲ့ပါတယ်။ ဒါပေမယ့် ကျုပ်က သူ့ကို အဖက် မလုပ်ဘူး။ ဒီတော့ သူက ကျုပ်ကိုရှောင်တယ်၊ ကျုပ်နဲ့ အသိ မလုပ်ရလို့လဲ သူ့မှာ အရေးမကြီးဘူး ဆိုတဲ့ သဘောပေါ့လေ။ အဲဒီတော့ ကျုပ်က သူ့ကို အမုန်းကြီး မုန်းတာပဲ။ တပ်ထဲမှာ သူ နာမည် ကျော်လာလေလေ၊ မိန်းမတွေထဲမှာ သူ့နာမည် ကြီးလာလေလေ၊ ကျုပ်လဲ ပိုပြီးတော့ ဒေါသ ဖြစ်မိလေလေပဲ။ ကျုပ်လဲ သူနဲ့ ရန်ဖြစ်ရအောင်လို့ ရန်စတယ်၊ ကျုပ်က ခနဲ့ရင် သူက ပြန်ပြီး ခနဲ့တယ်။ သူ ခနိုးခနဲ့ ပြောတာက ကျုပ်ထက်ပိုပြီး ထိတယ်။ ပိုပြီး ထက်ထက်မြက်မြက် ရှိတယ်။ ပိုပြီးတော့ ရယ်စရာလဲ ကောင်းတယ်။ သူကတော့ ပျော်စေဆိုတဲ့ သဘောလောက်ပါပဲ။ ကျုပ်ကတော့ သူ့ကို စရင် နာကြည်းအောင် ဆွပေးတယ်။ တစ်နေ့တော့ ပိုလန်လူမျိုး မြေပိုင်ရှင်တစ်ဦးက တစ်ညနေမှာ ကပွဲတစ်ခု ကျင်းပတယ်။ အဲဒီအိမ်မှာ ကျုပ်နဲ့ ဖြစ်ပျက်နေတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်။ ကပွဲမှာဆိုရင် အဲဒီ မိန်းကလေးနဲ့အတူ အားလုံးသော မိန်းမတစ်တွေဟာ သူ့ကို မျက်စိ ကျကြတယ်။ ဒါနဲ့ ကျုပ်က ရိုင်းရိုင်းပျပျနဲ့ ရန်စ စကားကို သူ့နားကိုကပ်ပြီး တိုးတိုး ပြောလိုက်တယ်။ သူလဲ မျက်နှာကြီး နီလာပြီး ကျုပ်ကို ပါးရိုက်တယ်။ ကျုပ်တို့လဲ ကိုယ့်ဓား ကိုယ် ဆွဲကြတာပေါ့၊ မိန်းမတစ်တွေဟာ ကြောက်လန့်တကြားနဲ့ မေ့သူမေ့ မြောသူမြောပဲ။ ကျုပ်တို့ နှစ်ဦးကိုလဲ ဝိုင်းပြီး လူချင်း ခွဲပေးကြတယ်။ ဒါနဲ့ အဲဒီ ညတွင်းချင်းမှာ သူနဲ့ ကျုပ်နဲ့ နှစ်ယောက် သေနတ်ချင်း ယှဉ်ပစ်ဖို့ ချိန်းလိုက်တယ်”
“ဒီအချိန်ကတော့ ရောင်နီလာတဲ့ အချိန်ပဲ၊ ကျုပ်လဲ ကျုပ်အဖော် သုံးယောက်နဲ့ ချိန်းတဲ့နေရာမှာ စောင့်တယ်။ ကျုပ်ရန်သူကို ကျုပ်စောင့်ရတာ စိတ်ကို မရှည်နိုင်ဘူး။ ရာသီကလဲ နွေဦးပေါက်ရာသီ ဆိုတော့ နေကလည်း စောစော ထွက်တယ်။ ဒါကြောင့် မိုးသောက်လို့ ဆိုပေမယ့် နေအတော်ပြင်းပြီ။ သူ ဝေးဝေးက လာတာကို ကျုပ်မြင်တယ်၊ သူ လမ်းလျှောက်လာတယ် သူ့ အပေါ်အကျႌက သူ့ဓားပေါ်မှာ ဖုံးနေတယ်။ သူ့မှာ အဖော် တစ်ယောက်လည်း ပါတယ်။ ကျုပ်တို့လဲ သူ့ကို ခရီးဦးကြို ပြုကြတာပေါ့။ သူကတော့ ချယ်ရီသီးတွေ ထည့်ထားတဲ့ သူ့ဦးထုပ်ကိုင်ပြီး ကျုပ်တို့ဆီကို လာတယ်။ ကျုပ်တို့ကို ကူမယ့် အဖော်တွေက ကျုပ်တို့ နှစ်ဦးကို တစ်ဦး တစ်ဦး ခြေလှမ်း ၁၂ လှမ်း ကွာမှာ နေကြဖို့ နေရာချပေးတယ်။ ကျုပ်က သူ့ကို အရင်ပစ်ရဖို့ စည်းကမ်း သတ်ကြတယ်။ နို့ပေမယ့် ကျုပ်ကတော့ ဒေါသကြောင့် ဆတ်ဆတ် တုန်နေတော့ ကျုပ် လက်ငြိမ်ပါ့မလားလို့ စိတ်မချ ဖြစ်မိတယ်။ ဒါကြောင့် သူက အရင်စပြီး ပစ်ပစေလို့ ပြောလိုက်တယ်။ ဒါပေမယ့် ကျုပ်နဲ့ ယှဉ်ပစ်ရမယ့် တစ်ဖက်က ရန်သူက ဒါကို သဘောမတူဘူးလို့ ငြင်းတယ်။ ဒီတော့ မဲချဖို့ ဖြစ်လာတယ်။
သင်းက ကျုပ်နဲ့ ယှဉ်ရင် အင်မတန် ကံကောင်းတဲ့လူ ဆိုတော့ သူအရင် ပစ်ဖို့ မဲကျတယ်။ ဒါနဲ့ သူလဲ သေသေချာချာ ချိန်ပြီး ပစ်လိုက်တာ ကျုပ် ဦးထုပ်ကို သေနတ် လာမှန်တယ်။ ကိုင်း ဒီတော့ ကျုပ်ပစ်ဖို့ အလှည့်ရောက်ပြီ။ သူ့ အသက်ဟာ ကျုပ်လက်ခုပ်ထဲမှာ။ ကျုပ်က သူဟာ သူ့အသက်ကို ဘယ်လောက် စိုးရိမ်နေသလဲလို့ သူ့ကို စိုက်ပြီး ကြည့်လိုက်တယ်။ ဘသားချောက သူ့ဦးထုပ်ထဲက ချယ်ရီသီးတွေကို ရွေးစားပြီးတော့ ကျုပ် သေနတ်ကို မျက်နှာချင်းဆိုင် ရပ်နေတယ်။ သူ ဒီလို မတုန်မလှုပ် နေတာကို ကျုပ်က ပိုပြီး ဒေါသထွက်မိတယ်။ ကိုယ့်အသက်ကို ကိုယ် တန်ဖိုး မထားတဲ့ လူရဲ့ အသက်တစ်ချောင်းကို ဖျက်ဆီးဖို့ဆိုရင် ဘာအရသာ ရှိတော့မှာလဲ။ အဲဒီလို ကျုပ် ပက်ပက်စက်စက် တွေးမိတယ်။ ဒါနဲ့ပဲ ချိန်ထားတဲ့ သေနတ်ပြောင်းဝကို အောက်စိုက်ချပြီးတော့ ကျုပ်က ပြောတယ်။
'မင့်မှာ သေဖို့အရေးကို မတွေးနိုင်လောက်အောင် အလုပ်များနေဟန် တူတယ်။ မင်း နံနက်စာ မစားရသေးလို့ စားချင်သပ ဆိုရင်လည်း ငါ မနှောင့်ယှက်ပါဘူး' အဲသလို ကျုပ်ကပြောတော့ သူက ပြန်ပြောတယ်။ 'မင်း ငါ့ကို အနှောင့်အယှက် ပေးတယ်လို့ သဘောမထားပါဘူး။ မင်း ပစ်မှာသာ ပစ်ပါ။ မင်း သဘောပါပဲ။ မင်းက ငါ့ကို သေနတ်နဲ့ တစ်ချက်ပြန်ပစ်ဖို့ အခွင့်ရှိနေတယ်။ ဘယ်အချိန် ဘယ်အခါမှာ ပစ်ပစ်၊ ငါ မင်းအတွက် အဆင်သင့်ပဲ'။
ဒီလို သူက ပြန်ပြောတော့ ကျုပ်က ကျုပ်အဖော်တွေဘက် လှည့်ပြီး 'ကျုပ် အခု မပစ်ချင်သေးဘူး' လို့ ပြောပြလိုက်တယ်။ ဒါနဲ့ပဲ ဒီရန်ပွဲ ဒီတွင် ပြီးကရော။
“ကျုပ်လဲ တပ်ထဲက ထွက်လိုက်တယ်။ ပြီးတော့ ဒီနေရာမှာ လာပြီး ခိုနေတာပဲ။ အဲဒီကတည်းက စပြီး ဘယ်လို လက်စားချေရ ပါ့မလဲလို့ ကျုပ် နေ့တိုင်း တွေးခဲ့တယ်။ ဟော အခု ကျုပ်အချိန် ကျလာပြီ”
ဆစ်လဗီယိုသည် နံနက်က ရသော စာကို သူ့အိတ်တွင်းမှ ဆွဲထုတ်၍ ကျွန်တော့်အား ဖတ်ရန် ပေးပါသည်။ သူ၏ ရှေ့နေနှင့်တူသော ပုဂ္ဂိုလ်တစ်ဦးက တစ်စုံတစ်ယောက်သော သူသည် လှပသော မိန်းကလေး တစ်ဦးနှင့် လက်ထပ်တော့မည်ဟု မော်စကိုမြို့မှ နေ၍ အကြောင်း ကြားလိုက်သော စာ ဖြစ်ပါသည်။
ဆစ်လဗီယိုက “ကိုင်း တစ်စုံတစ်ယောက်သောသူ ဆိုတာ ဘယ်သူလဲ ဆိုတာ ခင်ဗျား သိရောပေါ့။ သူ လက်ထပ်မယ့် နေ့မှာ တစ်ခါတုန်းက ချယ်ရီသီး ဦးထုပ်ထဲက နှိုက်စားရင်း သေဘေးကို ရင်ဆိုင်ရဲသလို ဒီတစ်ခါ မတုန်မလှုပ်နဲ့ ရင်ဆိုင်ဝံ့ပါ့မလား ဆိုတာ ကျုပ်တို့ သိရတော့မှာပေါ့ဗျာ” ဟု ပြောလိုက်ပါသည်။
ဤသို့ ပြောပြီးနောက် ဆစ်လဗီယိုသည် ထိုင်ရာမှ ထ၍ သူ့ဦးထုပ်ကို ကြမ်းပေါ်သို့ ပစ်ချပြီးလျှင် လှောင်အိမ်ထဲ မိနေသော ကျားကြီးပမာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေပါသည်။ ကျွန်တော်ကား မလှုပ်မယှက် ငြိမ်သက်စွာဖြင့် သူပြောချင်သမျှ စကားကို ပြီးအောင် နားထောင်ရင်း ရင်တွင်း၌ အမျိုးမျိုးသော စိတ်လှုပ်ရှားမှု၏ ဒဏ်ကို ခံစားလျက် နေရပါ၏။
ဤအတွင်း ခရီးထွက်ရန် မြင်းများ အရန်သင့် ရှိကြောင်းကို အစေအပါးတို့က လာ၍ ပြောကြပါသည်။ ဆစ်လဗီယိုသည် ကျွန်တော်၏ လက်ကို အားပါးတရ ဖမ်းကိုင် နှုတ်ဆက်ပါသည်။ ကျွန်တော်တို့ နှစ်ဦးသား ဖက်ယမ်း နှုတ်ဆက်သေး၏။ ထို့နောက် သူသည် မြင်းရထားပေါ်သို့ တက်သွားပါသည်။ ရထားထဲတွင် သေတ္တာနှစ်လုံး ရှိသည်။ တစ်လုံးမှာ သူ၏ အဝတ်သေတ္တာ ဖြစ်သည်။ ကျန်တစ်လုံးမှာ သူ၏ သေနတ်သေတ္တာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် နောက်ထပ်တစ်ဖန် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကြပြန်သည်။ ထို့နောက်၌ကား မြင်းများသည် ကဆုန်ပေါက်၍ ပြေးကြပြီ ဖြစ်ပါသည်။
နှစ်တို့သည် လွန်၍ သွားချေပြီ။ အိမ်တွင်းရေး ကိစ္စတို့ကြောင့် ကျွန်တော်သည် အမည်မဖော်လိုသော ခရိုင်တစ်ခုရှိ ဆင်းရဲသော ကျေးရွာ တစ်ရွာတွင် နေထိုင်ရပါသည်။ ကျွန်တော် ပိုင်ဆိုင်သော ပစ္စည်းပစ္စယတို့ကို ထိန်းသိမ်း စီမံနေရာမှ ယခင်က အပူအပင်မရှိ ဟစ်အော် ပျော်ရွှင်ကာ နေခဲ့ရသော ဘဝကို တမ်းတမိပါသည်။ ဆောင်းဦးနှင့် ဆောင်းရာသီတွင် အလွန်အမင်း တိတ်ဆိတ်လှသော ညနေခင်းများဖြင့် အချိန်ကုန်ရသည်မှာ ကျွန်တော်သည် မခံနိုင်အောင် ဖြစ်ရပါသည်။ သို့သော် ညစာမတိုင်မီ တစ်နည်းနည်းဖြင့် အချိန်ဖြုန်းရန် အလို့ငှါ ရွာခေါင်းနှင့် စကားစမြည် ပြောခြင်း၊ ကျွန်တော့ ပိုင်နက်အတွင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုခြင်း၊ လုပ်ငန်းသစ် ရှိရာ သွားရောက်ခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ သို့ပါလျက် နှင့်လည်း ညချမ်းအချိန် ရောက်လျှင် ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ဘဲ ရှိရှိသမျှသော အိမ်ခန်းနှင့် ပစ္စည်းထားခန်းတို့တွင် ရှိရှိသမျှသော စာအုပ်တို့ကို ဖတ်ရှုရင်းနှင့် စာပါ အကြောင်းအရာများကို အလွတ်နီးနီး အာဂုံဆောင်ပြီး ဖြစ်ပါသည်။ အိမ်တွင်းမှု ထိန်းသိမ်းသူ ကီရိလဗ္ဗနာ ဆိုသော မိန်းမကြီးမှာလည်း သူ ပြောလေ့ပြောထ ရှိသော ပုံဝတ္ထု မှန်သမျှကို ကျွန်တော့်အား ထပ်ကာ ထပ်ကာ ပြောပြ၍ ကုန်ပါပြီ။ အခြားမိန်းမများက သီဆိုပြသော သီချင်းတို့သည်လည်း ကျွန်တော့်အား စိတ်ညစ်အောင်သာ ဖန်တီးနိုင်ပါတော့သည်။
အရက်သောက်လွန်း၍ ခေါင်းမကိုက်ဟု ဆိုလျှင် ကျွန်တော် အရက်ကို ဖိ၍ သောက်မိပါလိမ့်မည်။ သို့သော် ပျင်းရိငြီးငွေ့သော အကြောင်း တစ်ခုကြောင့် အရက်သမား ဖြစ်ရမည်ကို စိုးရိမ်မိကြောင်း ကျွန်တော် ဝန်ခံရပါမည်။ ဤအကြောင်းကြောင့် အရက်သမား ဖြစ်ရခြင်းသည် အလွန် ဆိုးပါသည်။ ကျွန်တော် နေထိုင်ခဲ့ရာ ဒေသတွင် ဤသို့ဖြစ်ရခြင်း နမူနာတို့ကို ကျွန်တော် တွေ့ခဲ့ဖူးလှပါပြီ။ ကျွန်တော်နှင့် အိမ်နီးပါးချင်း ဆို၍ ကျွန်တော့်လို လူမျိုး နှစ်ယောက် သုံးယောက်မျှသာ ရှိပြီးလျှင် အားလုံးဆုံ၍ စကားဝိုင်း ဖွဲ့မိကြလျှင် သက်ပြင်းချ၍ ချောင်းတဟန့်ဟန့်နှင့် ပြီးကြရပါသည်။ စင်စစ် ဤကဲ့သို့သော သူများနှင့် အတူ နေရသည်ထက် တစ်ဦးတည်း အဖော်မဲ့သည့် ဘဝက ပို၍ ကောင်းလိမ့်ဦးမည်။
သုံးမိုင်ခန့် အကွာတွင် မြို့စားကတော် တစ်ဦး၏ မြေယာများ ရှိပါသည်။ သို့သော် ထိုမြေယာပေါ်တွင် စောင့်ထိန်းသူ တစ်ဦးက လွဲ၍ မည်သူမျှ မနေပါ။ မြို့စားကတော် ဆိုသူမှာ အိမ်ထောင်ကျစ နှစ်တွင် တစ်ခါလောက်သာ လာရောက်ပြီး တစ်လ ပြည့်အောင်မျှပင် မနေခဲ့ပါ။ သို့သော် ကျွန်တော် တစ်ဦးတည်း နေထိုင်၍ နွေဦးပေါက်ရာသီ နှစ်ခါလည်မျှ ရှိသောအခါ နွေရာသီ အတွင်းတွင် မြို့စားကတော်သည် သူ၏ ခင်ပွန်းနှင့်အတူ လာရောက်လိမ့်မည်ဟု သတင်းစကား ကြားသိရပါသည်။ ဇွန်လသို့ ရောက်သောအခါ သူတို့ နှစ်ဦး အကယ်ပင် ဆိုက်ရောက်လာကြပါသည်။
တောနေလူထု အဖို့ အိမ်နီးချင်း လူချမ်းသာတစ်ဦး ရောက်လာသည် ဆိုမှဖြင့် သူတို့၏ ဘဝတစ်သက်တာတွင် အခါကြီး ရက်ကြီး တစ်ရက်ပင် ဖြစ်ပါတော့သည်။ သူတို့ ရောက်မလာမီ နှစ်လခန့်က ကြိုတင်၍ မြေပိုင်ရှင်နှင့် ခြွေရံသင်းပင်းတို့သည် သူတို့ရောက်မည့် အကြောင်းကို ပြောဆိုကြ၍ သူတို့ ပြန်သွားပြီးနောက် သုံးနှစ် အတွင်းတွင် သူတို့ အကြောင်းကို ပြောမကုန်နိုင် ဖြစ်ရပါသည်။ ကျွန်တော့် အဖြစ်ကို ဖွင့်ဟ အစီရင်ခံရပါမူ ငယ်ငယ်ရွယ်ရွယ်နှင့် လှလှပပ ရှိသူ အိမ်နီးချင်းတို့ ရောက်လာလိမ့်မည် ဟူသော သတင်းသည် ကျွန်တော့်အား အတော်ပင် လွှမ်းမိုးခဲ့သည်ကို ဝန်ခံရပါမည်။ ကျွန်တော်သည် မြို့စားကတော်ကို တွေ့ချင်ဇောဖြင့် သူရောက်ပြီးနောက် တနင်္ဂနွေနေ့၌ ညစာ စားပြီးလျှင် ပြီးချင်း သူနေထိုင်ရာ ရွာကလေးသို့ ထွက်လာခဲ့ပြီးလျှင် အရှင်နှစ်ပါးတို့၏ အိမ်နီးချင်း ဖြစ်သော ကျွန်တော်မျိုးသည် ဂါရဝတရား ရှေ့ထားသောအားဖြင့် အရှင်တို့၏ အကျိုးကို သည်ပိုးမည့် အကြောင်း ပြောဆို မိတ်ဖွဲ့မိပါသည်။
မြို့စားကြီး၏ မင်းလုလင်သည် ကျွန်တော့်အား မြို့စားကြီး၏ အခန်းသို့ ခေါ်ဆောင် သွားပြီးလျှင် ကျွန်တော် လာရောက်ကြောင်း ပြောကြား၍ အခန်းမှ ထွက်သွားပါသည်။ အခန်းကျယ်ကြီးမှာ စည်းစိမ်ရှင်တို့၏ အိမ်ထောင် ပရိဘောဂဖြင့် မွမ်းမံထားပါသည်။ နံရံတွင် စာအုပ်များ ပြည့်နှက်နေသော စာအုပ်စင်များ ရှိ၍ ထိုစင်များပေါ်၌ ကိုယ်တစ်ပိုင်း ကြေးရုပ်များ ရှိပါသည်။ ကျောက်ဖြင့်ပြီးသော မီးလင်းဖို၏ အပေါ်ဆင့်၌ မှန်တစ်ချပ် တပ်ဆင် ထားပါသည်။ ကြမ်းပြင်၌မူကား ကော်ဇောစိမ်းကြီး ခင်းထား၍ ထိုကော်ဇော ပေါ်၌လည်း အခင်းများ ပြန့်ကျဲလျက် ရှိပါသည်။
ဤကဲ့သို့ ခမ်းနားသည့် စည်းစိမ်တို့မှ ဝေးရာ တဲစုတ်ငယ်၌ နေခဲ့ရသော ကျွန်တော့်မှာ တစ်ပါးသူတို့၏ စည်းစိမ်ချမ်းသာ ကိုလည်း မတွေ့ကြုံဘူး သည်မှာ ကြာပြီဖြစ်၍ အတန်ငယ် ရွံ့မိသောကြောင့် တောနယ်မှ အမှုသည် တစ်ဦးသည် ဝန်ကြီးတစ်ပါးကို တွေ့ရမည်ကဲ့သို့ မြို့စားကြီး ထွက်လာမည်ကို စောင့်မျှော်မိပါသည်။ တံခါးပွင့် လာသောအခါ အသက် သုံးဆယ်နှစ်နှစ်ခန့် ရှိသော အလွန်တရာ လှပတင့်တယ်သည့် ပုဂ္ဂိုလ်တစ်ယောက် ထွက်လာပါသည်။ မြို့စားကြီးသည် ခင်မင်ရင်းနှီးသော မိတ်ဆွေတို့၏ အမူအရာဖြင့် ကျွန်တော့် အပါးသို့ တိုးလာပါသည်။ ကျွန်တော့်မှာ မိမိ၏ ဣန္ဒြေကို ဆည်ရင်း ကျွန်တော် မည်သူမည်ဝါ ဖြစ်ကြောင်း ပြောကြားမည်အပြုတွင် မြို့စားကြီးက ကျွန်တော့်ကို နှုတ်ခွန်း ဆက်ပါသည်။ ကျွန်တော်တို့ နှစ်ဦးသား ထိုင်ပြီးလျှင် စကားပြောကြသော အခါ ကျွန်တော် တစ်ကိုယ်ရေ တစ်ကာယ နေခဲ့ရခြင်းကြောင့် ရှက်ကြောက်တတ်သော အမူအရာတို့မှာ သူ၏ ယဉ်ကျေးဖွယ်ရာ ပြောကြားသော စကားတို့ကြောင့် ပပျောက် သွားပါသည်။ ကျွန်တော် အတော်ကလေး နေသားထိုင်သား ကျသောအခါ မြို့စားကတော် ထွက်လာပါသည်။ ထိုအခါ ကျွန်တော့်မှာ ယခင်ကထက်ပင် ပို၍ အနေရ အထိုင်ရ ခက်လာ ပါတော့သည်။ မြို့စားကတော်မှာ အမှန်ပင် လှပယဉ်ကျေး ပါဘိသည်။ မြို့စားကြီးက မြို့စားကတော်ကို ကျွန်တော်နှင့် မိတ်ဆက် ပေးပါသည်။ ကျွန်တော်ကား အခြေ မပျက်အောင် ဘာမျှ မတုန်လှုပ်သည့် ဟန်ဖြင့် ဣန္ဒြေဆောင်လေလေ၊ ပို၍ ဣန္ဒြေပျက်လေလေ ဖြစ်ရပါတော့သည်။ မတွေ့ဘူး မကြံုဘူးသေးသော သူတို့နှင့် ရင်းနှီးမှု ရှိလာလေအောင် ကျွန်တော် သတိလက်လွတ် ဖြစ်သည်ကိုလည်း ပြန်၍ ဣန္ဒြေ ဆည်နိုင်လေအောင် သူတို့ လင်မယား နှစ်ဦးသား စကားစမြည် ပြောကြ၍ ကျွန်တော့်အား ကိန်းကြီး ခန်းကြီး မလုပ်ဘဲ အိမ်နီးချင်း မိတ်ဆွေကောင်း သဖွယ် ဧည့်ခံကြပါသည်။ ဤအတွင်း ကျွန်တော်ကား ထိုမှ ဤမှ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး စာအုပ်များ၊ ပန်းချီကားများကို ကြည့်ရှုပါသည်။ ကျွန်တော်သည် ပန်းချီကားများ အကြောင်းကို ဘာမှ မသိပါ။ သို့သော် ကားတစ်ချပ်ကို ကျွန်တော် အလွန် မျက်စိကျမိပါသည်။ ထိုပန်းချီကားမှာ ဆွစ်ဇာလန်နိုင်ငံ၏ ရှုခင်းတစ်ခုကို ခြယ်ထားသော ကားတစ်ချပ်မျှသာ ဖြစ်ပါ၏။ သို့သော် ကျွန်တော့်စိတ်ကို ဆွဲဆောင်သည်မှာ ထိုရှုခင်း မဟုတ်ပါ။ ကားချပ်ပေါ်တွင် သေနတ်ရာနှစ်ခု တစ်ခုပေါ်တစ်ခု ထပ်နေသည့် အချက်သည်သာလျှင် ကျွန်တော့်စိတ်ကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်တော်သည် မြို့စားကြီးဘက်သို့ လှည့်၍ “တယ်ဖြောင့်တဲ့ လက်ပဲ” ဟု ပြောလိုက်မိပါသည်။ မြို့စားကြီးက “ဟုတ်တယ်၊ အင်မတန် ဖြောင့်တဲ့ လက်ပဲ။ ခင်ဗျား သေနတ်ပစ် လက်ဖြောင့်ရဲ့လား” ဟု ကျွန်တော့်အား မေးပါသည်။
ကျွန်တော်သည် ကျွန်တော့်ဝမ်းထဲ၌ အနှစ်သက်ဆုံး ဖြစ်သော အကြောင်းကို ပြောဆိုခွင့် ကြုံလာ၍ ဝမ်းသာအားရ ဖြစ်ပြီးလျှင် ကျွန်တော်မှာ သေနတ်ပစ်ရာ၌ ပထမစွဲသူ ဖြစ်ကြောင်းကို ပြောပြလိုက်ပါ၏။ “ကျွန်တော် ပစ်နေကျ သေနတ်နဲ့သာ ပစ်ရမယ်ဆိုရင် ဖဲတစ်ချပ်ကို ခြေလှမ်း သုံးဆယ်လောက် အကွာက မလွတ်တမ်း ပစ်နိုင်ပါရဲ့” ဟု ကျွန်တော်က ပြောပြပါသည်။
ထိုအခါ မြို့စားကတော်သည် ကျွန်တော့်စကားကို အလွန် အာရုံစိုက်သော အမူအရာဖြင့် “တကယ်လားရှင့်” ဟု မေးပြီးလျှင် သူ၏ ခင်ပွန်းအား “ကိုကိုရယ်၊ ရှင် သူ့လို ခြေလှမ်း သုံးဆယ်ကွာက နေပြီး ဖဲချပ်ကို မှန်အောင် ပစ်နိုင်ပါ့မလား” ဟု မေးလေသည်။
မြို့စားကြီးကမူ “အေးကွယ် ... တစ်နေ့ကျတော့ စမ်းပြီး ပစ်ကြည့် သေးတာပေါ့” ဟု ဆိုပြီးလျှင် “ကျုပ်ခေတ်တုန်းက ဆိုရင် ကျုပ်ဟာ သေနတ်ပစ် မညံ့ခဲ့ပါဘူး။ ဒါပေမယ့် သေနတ်ကို မကိုင်တာ လေးနှစ်လောက် ရှိသွားပြီ” ဟု ကျွန်တော့်အား ပြောပြပါသည်။
ထိုအခါ ကျွန်တော်က “ဟာ ဒီလိုဆိုရင် အရှင်ဟာ ခြေလှမ်း နှစ်ဆယ်ကွာက နေပြီး ဖဲချပ်ကို မှန်အောင် ပစ်နိုင်ဖို့ ဝေးပါသေးတယ်။ ခြောက်လုံးပြူး သေနတ် ပစ်တယ်ဆိုတာ အကျင့်ရှိမှ ခင်ဗျာ့။ ကျွန်တော်က တွေ့ဖူး ကြုံဖူးလို့ သိတာပါ။ ကျွန်တော့် စစ်တပ်ထဲမှာ ဆိုရင် ကျွန်တော်ဟာ လက်အတည့်ဆုံးပါပဲ။ ဒါပေမယ့် တစ်ခါက ကျွန်တော့် သေနတ်ကို ပြင်နေရလို့ တစ်လလုံးလုံး သေနတ်ကို မကိုင်ခဲ့မိဘူး။ အဲဒီတော့ အရှင့်နှယ် ဘာဖြစ်သွားတယ် ထင်သလဲ။ ကျွန်တော် အဲဒီနောက် ပထမဆုံး သေနတ်ပစ် ကြည့်တယ် ဆိုရင်ပဲ ခြေလှမ်းနှစ်ဆယ် အကွာကနေပြီး ပုလင်း ထောင်ထားတာတောင် မှန်အောင် မပစ်နိုင်တော့ဘူး။ ကျွန်တော်တို့ အထဲမှာ အင်မတန် ပျော်တတ်ပြီး ခပ်ရွှန်းရွှန်း ဗိုလ်ကြီးတစ်ယောက် ရှိတယ်။ သူကတောင် ကျွန်တော့်ကို အေးကွယ် ... မင်းဟာ ပုလင်းကိုတောင်မှ သေအောင် သေနတ်နဲ့ မပစ်ချင်ဘူးဆိုတာ ဒို့သိပါတယ်လို့ ပြောင်ပြောသေးတယ်။ ဒီတော့ အရှင် မြို့စားကြီး ခင်ဗျား။ သေနတ်ပစ် ကျင့်တာကို လက်လွှတ်ပြီး ပေါ့ပေါ့တန်တန် မနေပါနဲ့။ မကြာခင် လက်ပျက် သွားပါလိမ့်မယ်။ ကျွန်တော်သိဖူးတဲ့ သေနတ်ပစ် လက်တည့်သူ မိတ်ဆွေ တစ်ယောက်ကတော့ နေ့တိုင်း သေနတ်ပစ် လက်တည့် စမ်းတာပဲ။ အနည်းဆုံး ညစာထမင်းစားချိန် မတိုင်မီ သုံးခါလောက် သေနတ်ပစ် ကျင့်တယ်။ သူ့အတွက်တော့ ထမင်းမစားခင် အရက်တစ်ခွက် သောက်သလို အကျင့် ဖြစ်နေတော့တာပါပဲ”
ဤသို့ ကျွန်တော် စကားအမျှင်မပြတ် ပြောနေလေရာ မြို့စားနှင့် မြို့စားကတော်တို့မှာ ယခုမှ ကျွန်တော် စကားစ ရှာ၍ တွေ့သည်နှင့် ဝမ်းမြောက်လျက် ရှိကြဟန် တူပါသည်။
“ကျုပ်ကို အဲဒီ သေနတ်ပစ်တဲ့ အကြောင်း ပြောပြစမ်းပါဗျာ” ဟု မြို့စားကြီးက စကားစပါသည်။ ထိုအခါ ကျွန်တော်က “ပြောပြဆို ဒီလိုပါ အရှင်၊ တစ်ခါ တစ်ခါမှာ အုတ်နံရံပေါ်မှာ ယင်တစ်ကောင် နားနေတာကို သူ တွေ့ရတယ်။ ဪ ... မြို့စားကြီး ကတော်က ကျွန်တော် ဒီလို ပြောပြတော့ ရယ်မိမှာပဲ။ နို့ပေမယ့် ကျွန်တော် အမှန်အတိုင်း ပြောတာပါ။ ဘုရားစူး ကျိန်ဝံ့ပါတယ်။ အဲ ... သူ ဒီလို ယင်တစ်ကောင်ကို မြင်ရင်ပဲ သူ့တပည့်ကို အော်ခေါ်ပြီး သေနတ်တောင်းတယ်။ သူ့တပည့်ကလဲ ယမ်းထိုးပြီးသား ခြောက်လုံးပြူးကို ပေးတယ်။ ပြီးတော့ ဒိုင်းခနဲ ဆိုရင်ပဲ ယင်ကောင်ကလေးဟာ နံရံမှာ ကြေမွပြီး ကပ်သွားတာပဲ” ဟူ၍ ပြောလိုက်ပါသည်။
ထိုအခါ မြို့စားကြီးက “တယ်ဟုတ်ပါကလား၊ သူ့နာမည်က ဘယ်သူတဲ့တုံး” ဟု မေးပါ၏။ ကျွန်တော်က “အရှင်ရယ် သူ့နာမည်ကတော့ ဆစ်လဗီယို ပါပဲ” ဟု ပြန်ပြော လိုက်သောအခါ မြို့စားကြီးသည် “ဆစ်လဗီယို” ဟု အော်ကာ ထခုန်လိုက်ပါသည်။
“မင်း ဆစ်လဗီယိုကို သိသလား”
“သိတာပေါ့ အရှင်၊ သူနဲ့ ကျွန်တော်ဟာ အင်မတန် ခင်တဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ တပ်ထဲမှာ ဆိုရင် ကျွန်တော်တို့ရဲ့ တပ်သားတစ်ဦးလိုပဲ အင်မတန် အရေးပေး ကြပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ငါးနှစ်လောက် ရှိသွားပါပြီ။ သူ့အကြောင်းကို မကြားရတာ။ ဪ ဒါထက် အရှင်ကလဲ သူ့ကို သိသကိုး”
“သိပါတယ်၊ သူ့ကို ကျုပ်သိသမှ သိပ်သိတာပေါ့ဗျာ။ သူက ခင်ဗျားကို ... အင်း ဖြစ်နိုင်မယ်တော့ မထင်ပါဘူး။ သူက ခင်ဗျားကို သူ့အကြောင်း ထူးထူးခြားခြား အဖြစ်အပျက် တစ်ခုခုများ ပြောပြဖူးသလား”
“အရှင် ပြောချင်တာက သူ့ကို လူပေါ်ကြော့ တစ်ယောက်က ပါးရိုက်ဖူးတဲ့ အကြောင်းလား”
“အဲဒီ လူပေါ်ကြော့ ဆိုတဲ့ လူရဲ့နာမည်ကို ခင်ဗျားကို ပြောဖူးသလား”
“ပြောတော့ မပြောဖူးပါဘူး၊ အရှင်ရယ်”
သည်တွင်မှ ကျွန်တော်လည်း အမှန်ကို ရိပ်မိပါတော့သည်။
“အို ... ဖြစ်မှ ဖြစ်ရပလေ ... အရှင်ရယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က အရှင်မှန်း မရိပ်မိပါဘူး။ အရှင်ပါပဲလား”
မြို့စားကြီးလည်း စိတ်မချမ်းမြေ့စွာဖြင့် “ဟုတ်တယ်၊ ကျုပ်ပဲဗျာ” ဟု ပြန်ပြောပါသည်။ ပြီးတော့လည်း “ဟောဟိုမှာ ရှိတဲ့ ပန်းချီကားရဲ့ အပေါက်ဟာ သူနဲ့ ကျုပ်နဲ့ နှစ်ဦးသား နောက်ဆုံးအကြိမ် တွေ့ရတဲ့ အထိမ်းအမှတ်ပဲဗျာ့” ဟု ဆက်၍ ပြောပါသေးသည်။
ဤတွင် မြို့စားကတော်က “အချစ်ရယ် ဒီအကြောင်း မပြောပါနဲ့တော့။ ကျွန်မ တောင်းပန်ပါရစေ။ ဒီအကြောင်းပြောရင် ကျွန်မ ရင်တုန်လွန်းလို့ပါ။ ရှင် အသိသားနဲ့” ဟု ဝင်၍ ပြောပြန်ပါသည်။
“ဟာ ဒါပေမယ့် ငါ အားလုံးကို ပြောပြမယ်။ သူက သူ့မိတ်ဆွေကို ငါ ဘယ်လို စော်ကားမော်ကား လုပ်မိတယ်ဆိုတာ သိသွားပြီ။ ဒီတော့ ငါ့ကို ဆစ်လဗီယိုက ဘယ်လို လက်စားချေတယ် ဆိုတာ ငါ ပြောပြ လိုက်တော့မယ်” ဟု မြို့စားကြီးက ပြောရင်း ကျွန်တော် ထိုင်ရန် ကုလားထိုင် တစ်လုံးကို ဆွဲယူ လိုက်ပါသည်။ ကျွန်တော်လည်း အောက်ပါ အဖြစ်အပျက်ကို သိချင်ဇောဖြင့် ကောင်းစွာ နားထောင်မိပါသည်။
“ဟိုလွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ် အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျစ ပထမလမှာ ကျုပ် ဒီရွာကို လာပြီး နေတယ်။ ကျုပ်တစ်သက်မှာ ကျုပ် ဒီအိမ်မယ် နေရတာ ပျော်လဲ အပျော်ဆုံးပဲ။ တွေးလိုက်တိုင်း ဝမ်းနည်းစရာလဲ အကောင်းဆုံးပဲ။
တစ်ညနေမှာ ကျုပ်တို့ လင်မယား နှစ်ယောက် မြင်းစီး ထွက်ကြတယ်။ ကျုပ်မိန်းမ စီးတဲ့ မြင်းဟာ ဂနာမငြိမ်ဘူး။ ဒါကြောင့် သူက ကြောက်ရွံ့ လာပြီးတော့ မြင်းဇက်ကြိုးကို ကျုပ်လက်ထဲ ထည့်ခဲ့ပြီး အိမ်ကို ခြေကျင်ပြန်တယ်။ ကျုပ်ကတော့ သူ့အရင် အိမ်ရောက်အောင် မြင်းနှင်ခဲ့တယ်။ အိမ်ရောက်တော့ အိမ်ဝင်းထဲမှာ မြင်းရထားတစ်စီး ဆိုက်ရောက်နေတာ တွေ့ရတယ်။ လူတစ်ယောက်က ကျုပ်နဲ့ ကိစ္စရှိလို့တဲ့။ သူ့နာမည်ကိုလဲ မပြောဘူးတဲ့။ ကျုပ်ရဲ့ စာကြည့်ခန်းထဲမှာ စောင့်နေတယ် ဆိုပဲ။ ဒါနဲ့ ကျုပ်လဲပဲ အခန်းထဲ ဝင်သွားတယ်။ မီးလင်းဖိုရဲ့ ဟောဒီအနားလောက်မှာ ဖုန် အလိမ်းလိမ်းနဲ့ အမွေးအမှင် မသရသေးတဲ့ လူတစ်ယောက်ကို မှောင်ရိပ်ထဲမှာ မြင်လိုက်ပါတယ်။ ဒါနဲ့ ကျုပ်ကလဲ အနားကပ်ပြီး သူ ဘယ်သူပါလိမ့်မလဲလို့ သတိရအောင် စဉ်းစားနေမိတယ်။
သူက အသံတုန်တုန်နဲ့ 'ဟေ့ မြို့စားကြီးရဲ့၊ ငါ့ကို မသိတော့ဘူးလား' လို့ မေးလိုက်တယ်။
ကျုပ်ကလဲပဲ 'ဆစ်လဗီယို' လို့ အော်ခေါ်လိုက်မိတယ်။ ကျုပ် မှန်တဲ့အတိုင်း ဖွင့်ပြောလိုက်မယ်။ ကျုပ် ဘယ်လောက် ကြောက်သလဲ ဆိုရင် ကြက်သီး မွေးညင်းတွေ ထလာတယ်။
'ဟုတ်ပါတယ်၊ ငါ ဆစ်လဗီယိုပဲကွ။ မင်းကို သေနတ်နဲ့ ပစ်ဖို့ ငါ့အလှည့် ရောက်လာပြီလေ။ ဒါကြောင့် လာခဲ့တာပဲ။ မင်း အဆင်သင့် ဖြစ်ပလား' သူက အဲသလို မေးလိုက်တယ်။
သူ့ရင်ပတ် အကျႌအိတ်ထဲက ခြောက်လုံးပြူး သေနတ်ကြီး ထွက်နေတယ်။ ကျုပ်ကလဲ ခြေလှမ်း ဆယ့်နှစ်လှမ်းတိတိ လှမ်းပြီး အခန်းထောင့်နားမှာ ကပ် နေလိုက်တယ်။ 'ကျုပ်မိန်းမ ပြန်မလာခင် မြန်မြန် ပစ်စရာရှိတာ ပစ်ပါ' လို့ မြန်မြန်သာ ကိစ္စတုံးစေဖို့ အတွက် သူ့ကို တောင်းပန်ပါတယ်။ သူက မီးထွန်း ပေးရဦးမယ် ဆိုပြီး အချိန်ကြာအောင် လုပ်နေတယ်။ ကျုပ်လဲပဲ ဖယောင်းတိုင်ကို ယူပေးတယ်။ အခန်းတံခါးကိုလဲ သော့ပိတ်ပြီး အပြင်က ဘယ်သူမှ ဝင်မလာဖို့ အမိန့်ပေးပြီး 'မြန်မြန်သာ ပစ်ပါလိုက်ပါတော့' လို့ သူ့ကို ပြောတယ်။ သူလည်း သေနတ်ကို ထုတ်ယူလိုက်ပြီး ကျုပ်ကို ချိန်တယ်။ ကျုပ်လဲပဲ ကုန်သွားတဲ့ အချိန်ကို တစ်စက္ကန့် နှစ်စက္ကန့်နဲ့ ရေကြည့်တယ်။ ကျုပ်မိန်းမကို သတိရမိတယ်။ ဒါနဲ့ပဲဗျာ စိတ်ထဲမှာ အင်မတန် ကြောက်စရာ ကောင်းတဲ့ မတင်မကျ အချိန်တွေဟာ လွန်သွားလိုက်တာ နောက်ဆုံးတော့ ဆစ်လဗီယိုက သူ့သေနတ်ကို ပြန်ချပြီး ...
'ဟေ့ ... ငါ့သေနတ်ထဲမှာ ချယ်ရီစေ့တွေ ထည့်ထားတာ မဟုတ်ဘူးကွ။ ကျည်ဆန်တွေ ... ကျည်ဆန်တွေ။ အင်မတန် အလေးချိန်စီးတဲ့ ကျည်ဆန်တွေ ဆိုတော့ ယခုလို ပစ်ရတာ နှစ်ယောက်ချင်း တိုက်ပွဲမျိုး မဟုတ်ဘဲ သက်သက် လူကို သတ်သလို ဖြစ်နေတယ်။ ဒါဟာ ဝမ်းနဲစရာပဲ၊ ငါကလဲ လက်နက် မပါတဲ့လူကို သေနတ်နဲ့ ချိန်တတ်တဲ့ လူစားမျိုး မဟုတ်တော့ ခက်သကွာ။ မင်းနဲ့ ငါနဲ့ ဟိုအရင် တစ်ခါတုန်းက လိုပဲ၊ ပထမ ဘယ်သူကစပြီး ပစ်ရမယ်ဆိုတာ မဲနှိုက်ရင် ကောင်းမယ်'
ဆစ်လဗီယိုက အဲသလို ပြောတော့ ကျုပ်ဦးနှောက်ဟာ ပတ်ချာ လည်သလို ဖြစ်သွားတာပဲ။ ကျုပ် မှတ်မိသရွေ့တော့ သူပြောတာကို ကျုပ် သဘောမတူဘူး။ နို့ပေမယ့် နောက်ဆုံးမှာ ကျုပ်လဲ သေနတ် တစ်လက်ကို နောက်ထပ် ယူပြီး ကျည်ဆန် ထည့်တော့ပါပဲ။ ပြီးတော့ မဲလိပ်နှစ်လိပ် လိပ်တယ်။ လိပ်ပြီးတော့ အရင်တုန်းက ကျုပ်သေနတ်နဲ့ ပစ်လို့ အပေါက် ပေါက်နေတဲ့ သူ့ဦးထုပ်ထဲကို မဲထည့်တယ်။ ဒီအကြိမ်မှာလဲ ကျုပ်ပဲ ကံကောင်းတယ်။ ပထမ စ ပစ်ဖို့ မဲကျတယ်။
'ဟေ့ ... မြို့စားရဲ့၊ မင်း ဒီတစ်ခါလဲ ကံကောင်းတာပဲ' လို့ ဆစ်လဗီယိုက ပြုံးပြီး ပြောတယ်။ သူပြံုးပုံမျိုးကို ကျုပ် တစ်သက်လုံး မမေ့နိုင်ပါဘူး။ ကျုပ်တော့ ဘယ်လိုဖြစ်သလဲ မပြောတတ်တော့ပါဘူး။ သူ စေရာကို ကျုပ် လိုက်လုပ်မိတော့ တာပဲ။ ဒါနဲ့ပဲ သူ စီမံတဲ့အတိုင်း ကျုပ်က စတင်ပြီး ပစ်တယ်။ ဟောဟိုမှာသာ ကြည့်ပါတော့။ ကျုပ်ကျည်ဆံက အဲဒီ ပန်းချီကားကို သွားမှန်တယ်။
(ဤနေရာတွင် မြို့စားကြီးသည် သေနတ်ကျည်ဆံ ဖောက်ထွင်းထားသော ပန်းချီကားရှိ အပေါက်ကို ကျွန်တော့်အား ပြသပါသည်။ သူ၏ မျက်နှာမှာ နီမြန်းလျက် ရှိပါ၏။ မြို့စားကတော်၏ မျက်နှာကား သူြုခုံထားသော စောင်ဖြူထက်ပင် ဖြူဖပ်ဖြူရော် ရှိနေသည်။ ကျွန်တော်ကား 'ဟယ်' ဟူသော အာမေဋိတ်သံကိုမျှပင် ပြုရန် သတိမရနိုင်ပါ။ မြို့စားကြီးကား ဆက်လက်၍ ပြောပြန်ပါသည်။)
ကျုပ်က သေနတ်နဲ့ ပစ်လိုက်ပေမယ့် ဘုရားသိကြား မလို့ မထိဘူးဗျာ။ ဒီတော့ ဆစ်လဗီယိုကတော့ အင်မတန် ကြောက်စရာကြီးပဲဗျို့။ သူက ကျုပ်ကို ပစ်ဖို့ ချိန်တယ်။ အဲဒီအခါမှာ ဗြုံးခနဲဆို တံခါးပွင့်လာတယ်။ ပွင့်လာပြီး ကျုပ်ဇနီး မာရှာ ပြေးဝင်လာတယ်။ ပြေးရင်းနဲ့ အော်ပြီး ကျုပ်ပခုံးကို ဖက်တွယ်ထားတယ်။ သူ့ကို မြင်တော့မှပဲ ကျုပ်လဲ တင်္ခဏုပ္ပတ္တိဉဏ်ကလေး ဘာကလေး ရလာပြီး 'အချစ်ရယ်၊ ငါတို့ ကျီစား နေကြတာကို မင်း မမြင်ဘူးလား။ မင်း ဘယ့်နှယ် ဖြစ်လာတာတုံး။ သွား သွား ရေကလေး တစ်ပေါက်လောက် သောက်ပြီးမှ တို့ဆီကို ပြန်လာခဲ့။ ပြီးမှ ငါ မင်းကို ဟောဒီက မိတ်ဟောင်းဆွေဟောင်း ရဲဘော်ဟောင်းနဲ့ မိတ်ဆက်ပေးမယ်'
အဲဒီလို သူ့ကို ကျုပ်က ပြောတယ်။ မာရှာကတော့ ကျုပ်ပြောတာ မယုံချင်ဘူး။ ဒါနဲ့ပဲ ကြောက်စရာ ကောင်းလှတဲ့ ဆစ်လဗီယို ဘက်ကို လှည့်ပြီး 'ရှင်တို့နှစ်ယောက် ကျီစား နေကြတယ် ဆိုတာ အဟုတ်ပဲလား' လို့ ကျုပ်ဇနီးက မေးတယ်။
ဆစ်လဗီယိုက 'ခင်ဗျား ခင်ပွန်းသည်ဟာ ဒီလိုချည်းပဲ ကျီစား နေကျပဲဗျာ။ ဟိုအခါတုန်းက သူဟာ ကျုပ်ပါးကို ကျီစားရင်းနဲ့ ရိုက်ခဲ့တယ်။ ပြီးတော့ ကျုပ်ဦးထုပ်ကို ပေါက်သွားအောင် ကျီစားရင်းနဲ့ သေနတ်နဲ့ ပစ်သဗျာ။ ယခုလဲပဲ ကျုပ်ကို ကျီစားရင်းနဲ့ သေနတ်နဲ့ မထိအောင် ပစ်သဗျာ့။ ဒီတော့ ကျုပ်လဲပဲ သူ့ကို ကျီစားချင်တဲ့စိတ် ပေါက်လာတယ်' လို့ ပြောပါလေရော။
အဲသလို ပြောပြီး သူက ကျုပ်ဇနီးသည်ရှေ့မှာ သေနတ်နဲ့ ပစ်တော့မလို ချိန်ပြန်ပါကရော။ ဒီတော့ မာရှာက သူ့ရှေ့မှာ တောင်းပန်တဲ့ သဘောနဲ့ ကိုယ်ကို ပစ်လှဲလိုက်တယ်။ ကျုပ်ကလဲ တုန်တုန်လှုပ်လှုပ်နဲ့ 'မာရှာ၊ ရှက်စရာကြီးကွယ်၊ ထ ထ' လို့ ပြောပြီး ဆစ်လဗီယိုဘက် လှည့်လို့မို့ 'ကိုင်း ... ဒီမယ် ခင်ဗျားဟာ ကံအကြောင်း မလှတဲ့ မိန်းမသားတစ်ဦး အပေါ်မှာ ဒီလိုပဲ ပြောင်ရ လှောင်ရ သလားဗျာ။ ကိုင်း ကျုပ်ကို ပစ်ချင်သလား၊ မပစ်ချင်ဘူးလား' အဲဒီလို မေးလိုက်တယ်။
ဒီတော့ ဆစ်လဗီယိုက ပြန်ပြောသဗျာ့။
'ငါ ကျေနပ်ပြီ။ ငါ မပစ်ချင်ဘူး။ ငါဟာ မင်း ထိတ်လန့် ကြောက်ရွံ့ပုံကို မြင်ရပြီ။ မင်း ငါ့ကို သေနတ်နဲ့ ပစ်အောင် ငါလုပ်ခဲ့ပြီ။ တော်ပါပြီ။ မင်း ငါ့ကိုသာ သတိရစမ်းပါ။ မင်းကိုတော့ မင်း အသိတရားနဲ့ မင်း ငါထားရစ်ခဲ့မယ်'
အဲဒီလို ပြောရာက သူပြန်မယ် လုပ်တယ်။ နို့ပေမယ့် တံခါးဝ ရောက်တော့ ကျုပ် သေနတ်နဲ့ မှန်တဲ့ ပန်းချီကားကို လှမ်းကြည့်ပြီး မချိန်ဘဲနဲ့ ပစ်လိုက်တယ်။ ပြီးတော့ သူလဲ ဘယ်ပျောက်သွားမှန်း မသိဘူး။ ကျုပ်ဇနီးလည်း တစ်ခါတည်း မေ့မျော သွားတာပဲ။ ကျုပ်အစေခံတွေလဲ ဆစ်လဗီယိုကို မဟန့်တားဝံ့ကြဘဲ ကြောက်အား လန့်အားနဲ့ ဒီအတိုင်း ကြည့်နေကြတယ်။ သူလည်း ဆင်ဝင်ဘက်ဆီကို သွားပြီး သူ့ရထားသမားကို သူခေါ်တယ်။ ပြီးတော့ ကျုပ်ဟာ ဘာဖြစ်သွားမှန်း မသိခင် ဆစ်လဗီယိုလည်း ထွက်သွားပါလေရော။
မြို့စားကြီးသည် နောက်ထပ် စကားကို မဆက်တော့ပါ။ ဤနည်းဖြင့် ကျွန်တော်လည်း အစတွင် အလွန် စိတ်ဝင်စားစေသော ဇာတ်လမ်း၏ အဆုံးသတ်ပုံကို တွေ့ရှိ ကြားသိခဲ့ရပေပြီ။ ကျွန်တော်သည် ဤဇာတ်လမ်း၏ ဇာတ်လိုက်ဖြစ်သူကို နောက်ထပ် မတွေ့ရတော့ပါ။ ဆစ်လဗီယိုသည် ဗိုလ်ချုပ် အယ်လက်ဇန္ဒာ အစ်ပဆီလန္တီ ဆိုသူ ကြီးမှူးသော စစ်ပွဲတစ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ရာ စကူလျာနီ တိုက်ပွဲ၌ ကျဆုံးသည်ဟုသာ ကြားသိရ ပါတော့သည်။
(The Shot by Alexander Pushkin)
-----------
မောင်ထင်
မြဝတီ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၅၆။
(မုန်တိုင်းထဲကနဖူးစာနှင့် အခြားဝတ္ထုတိုများ

Friday, June 14, 2019

(ယုံကြည်တယ်ဆို လုပ်လိုက်ရုံ)

0 comments
(ယုံကြည်တယ်ဆို လုပ်လိုက်ရုံ)
မိုက်ကယ်ကျော်မြင့်ပြောတဲ့စကားမျိုးနဲ့ ကျနော်တို့လည်း အားတင်းထားခဲ့ရပါတယ်၊ သူတကယ်ယုံကြည်လို့ လုပ်ခဲ့တာဖြစ်ပြီး သူ့ယုံကြည်ချက်ကို ဘယ်လိုအခြေအနေမှာမှ မစွန့်လွှတ်သူဆို သူတို့အဝန်းအဝိုင်းမှာ အသိအမှတ်ပြုခံတနေရာတော့ရမှာပါ။ ဒီနေရာ လုပ်ရပ်အပေါ် အတွေးအခေါ်အပေါ် ရပ်တည်ချက်အပေါ် အမှားအမှန်ကိုပြောဖို့ မရည်ရွယ်ပါဘူး။ နောက်တခုက သူတို့လိုလူတွေထဲက ကမ္ဘာချီနံမည်ကြီးတွေနဲ့လည်း သွားနှိုင်းစရာမရှိပါဘူး။ ထိုးဇာတ်လေးလုပ်ပြီး မသမာတဲ့ရည်ရွယ်ချက်နဲ့ အစိုးရအာဏာပိုင်တွေ စစ်အာဏာပိုင်တွေက တိုင်းပြည်ကိုလှည့်ဖျားနေခိျန်မှာ ဝီရသူတယောက် အကာအကွယ်ယူထားတဲ့ဆီကနေ ထွက်ချလာပြီး အဖမ်းအခံပြလိုက်ရင် စစ်အုပ်စု၊ အစိုးရ၊ ဝီရသူ သုံးပွင့်ဆိုင် လျှို့ဝှက်ချက်တွေ ထွက်လာမယ်ထင်ပါတယ်။ ဒီနေရာမွာ အစိုးရဆိုတာက ဘုန်းကြီးသိန်းစိန်အစိုးရရော ဒေါ်စုအစိုးရရောကို ဆိုလိုတာဖြစ်ပါတယ်။
ဝီရသူအနေနဲ့ စစ်အုပ်စုအပေါ် အပြန်အလှန်သစ္စာခံမှုအပေါ် ဘယ်အထိချိုးဖေါက်ဝံ့သလဲကတော့ သူ့အဆုံးအဖြတ်ဖြစ်မှာပါ။ သူ့ကို အကာအကွယ်ပေးထားသူတွေကတော့ အဲ့သလိုအဖြစ်ခံနိုင်မယ်မထင်ပါဘူး။ ဝီရသူထွက်လည်းလာလို့ အဖမ်းအခံလည်းပြလို့ အတွင်းရေးတွေ ဖွင့်လည်းချလို့ ဘုန်းကြီးလောက၊ စစ်အုပ်စု၊ အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးသမားတွေ စတဲ့ နယ်ပယ်စုံက ကိုယ်ကျိုးစီးပွားသမားတွေလည်း မျက်နှာဖုံးပွင့်ကျသလောက် ပွင့်ကျမှာပါ။ မသူတော်ချင်း လက်ဝါးရိုက်လုပ်တဲ့ အရှုပ်ထုတ်တွေလည်း တိုင်းပြည်က အနည်းဆုံး တစွန်းတစလေးတော့ သိရမှာပါ။
ဝီရသူကို ခိုးကြောင်ခိုးဝှက်ရော ဗြောင်ကျကျရော လူကိုယ်တိုင်သွားတွေတဲ့ အခြားနည်းတွေနဲ့လျှို့ဝှက်ဆက်သွယ် ဆွေးနွေးပြောဆိုခဲ့ကြတဲ့ နိုင်ငံရေးအသိုင်းထဲကလူတွေရှိပါတယ်။ သေသူ သေပါပြီ။ ရှင်သူတွေထဲမှာ ၈၈ ငြိမ်းပွင့်တအုပ်လုံးလည်းပါပါတယ်။ အခမ်းအနားတွေလုပ် ဂုဏ်ပြုမျတ်တမ်းတွေတောင် ဝမ်းမြောက်ဝမ်းသာအချီးမွမ်းခံခဲ့တာ မှတ်တမ်းမှတ်ရာအနေနဲ့ကိုရှိပါတယ်။ နောက်ပိုင်းမှာ အင်န်အယ်လ်ဒီက ဦးဝင်းတင်လည်းသွားတွေ့တာရှိသလို ပြည်သူ့ပါတီကိုကိုကြီးလည်း သွားတွေ့တာရှိပါတယ်။ တွေ့ပြီး ဘာတွေပြောတယ်ဆိုတယ် ဆွေးနွေးတယ်ဆိုတာတွေက အပေါ်ယံသဘောလောက်ပဲအပြင်ကိုထုတ်ပေးပေမယ့် အတွင်းသဘောအရ ဘယ်လောက် ပိရိသေသပ်လျှို့ဝှက် သမာ/မသမာစတာတွေကို ကာယကံရှင်တွေသာသိပါတယ်။ ဝီရသူဟာ ကာကယံရှင်တွေထဲက ကာယကံရှင်ပါ။ သူ့ဆီက အစထွက်မှ ထွက်မှာပါ။ ကျန်သူတွေကတော့ ရေငုံနှုတ်ဆိတ်လုပ်ပြီး ထိန်ချန်ထားရမယ့်အနေအထားတွေပါ။
ကျနော့်အမြင်မှာတော့ ဝီရသူထွက်လာပြီး သူနဲ့အတူကြိတ်ကြံစည် လုပ်ကိုင်ခဲ့တာတွေဖွင့်ချမှာ သူနဲ့ပတ်သက်သူတိုင်းက လန့်ကြမှာ တွေးပြီးသွေးပျက်ကြမှာဆိုပေမယ့် အခုမဟုတ်တောင် တချိန်ချိန်မှာဗူးပေါ်သလိုပေါ်လာမှာပါ။ လူတွေဘာမှ လုပ်မရတော့တဲ့အချိန်ကြမှပေါ်တာထက် ခုချိန်ပေါ်တာဟာ တိုင်းပြည်လူထုအတွက် အကျိုးပိုများစေနိုင်တာမို့ မိုက်ကယ်ကျော်မြင့်ပြောသလို ကိုယ်ယုံကြည်တာ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ထွက်ရပ္တည်ပြကြဖို့လိုပါတယ်။ ဒီအတွက် အရင်ဆုံးလုပ်ပေးရမှာက အကာအကွယ်ပေးထားတဲ့ စစ်အုပ်စုနဲ့ အစိုးရအာဏာပိုင်တွေက ဝီရသူကို ထုတ်ပေးဖို့လိုပါတယ်။ “ဝီရသူ ဘယ်နားမှာရှိနေတာ ကျနော် ကျမတို့ မသိပါဘူး“ ဆိုတဲ့စကားဟာ မုသားမှန်း တိုင်းသိပြည်သိကမ္ဘာသိပါ။
မျိုးမြင့်ချို
ဇွန် ၁၄၊ ၂ဝ၁၉

Thursday, June 13, 2019

(နည်းပညာနဲ့ဆောက်တဲ့စင်)

0 comments
(နည်းပညာနဲ့ဆောက်တဲ့စင်)
ဖင်ဂေါင်းကျယ်တာ မဟုတ်ပါ ကျနော် Apple Products တွေကို တခြားဟာတွေထက်ပိုကြိုက်ပါတယ်။ ဒါပေမယ့် အကုန်တော့ မသုံးနိုင် မဝယ်နိုင် မတတ်နိုင်ပါ။ ခု ကျနော်ကြိုက်တဲ့အက်ပဲလ်ဟာ နည်းပညာလက်ဝါးကြီးအုပ်တယ်ဆိုပြီး တရားအစွဲခံထားရပါတယ်။ နည်းပညာလက်ဝါးကြီးအုပ်မှု ပါချီပါချက်အုပ်မှုကလေးလို့ဆိုပေမယ့် သိထားရင်ကောင်းမယ်ထင်လို့ ပြောပြပါရစေ။
ဒီလိုပါ အက်ပဲလ်ပစ္စည်းတွေမှာ App Store ဆိုတာ ပါပါတယ်။ အဲ့ဒီ အပ်က်စတိုးကနေ မိမိလိုချင်တဲ့ဆော့ဖ်ဝဲတွေ ဒေါင်းလုဒ်လုပ် အင်စတောလ်လုပ် Run လို့ရပါတယ်။ အဲ့ဒီမှာ အက်ပဲလ်ကိုယ်ပိုင်ဆော့ဖ်ဝဲတွေအပြင် တခြားဆော့ဖ်ဝဲရေးသူ Developers တွေရဲ့ အပလီကေးရှင်းတွေလည်းရှိပါတယ်။ တချို့အသေးစားလေးတွေက Free ရပေမယ့် ပိုက်ဆံပေးဝယ်ရတာတွေက အကုန်လိုလိုပါ။ ခင်ဗျားက အပလီကေးရှင်းတခုရေးလိုက်မယ်။ အက်ပဲလ်ကလည်း သူ့ အော်ပရိတ်တင်န်းစစ္စတမ်နဲ့ကိုက်တယ် ကြိုက်တယ်ဆို သူ့ပရောဒတ်စ်တွေက App Store မှာ တင်ပေးပြီး ရောင်းချပေးပါတယ်။ အကျိုးအမြတ်ခံစားခွင့်တွေကတော အမျိုးမျိုးရှိပါတယ်။ အပြီးဝယ်လိုက်တာ၊ တင်ရောင်းခွင့်ပေးတာ စတာတွေပေါ်မူတည်ပြီး မူလရေးသူ(မှတ်ပုံတင်ထားသူ)အတွက် ခံစားခွင့်နဲ့ အက်ပဲလ်ရဲ့ဝေစုကို ခွဲခြားသတ်မှတ်ပါတယ်။
ဆိုတော့ ခင်ဗျားက အပလီကေးရှင်းတခုရေးလိုက်မယ် ပရိသတ်လည်း အထိုက်အလျှောက်ရှိမယ် အက်ပဲလ်ပရောဒတ်စ်တွေနဲ့ ကိုက်အောင်လုပ်ထားမယ် ဒါပေမယ့် အက်ပဲလ်ကုမ္ဗဏီက မကြိုက်ဘူးဆို သူ့ပရောဒတ်စ်တွေက App Store မှာ ဝင်ပြီးတင်လို့မရအောင် ရောင်းလို့မရအောင် သူ့ပစ္စည်းတွေနဲ့သုံးလို့မရအောင် လုပ်ထားပါတယ်။ သူသဘောကျတယ်ဆိုရင်တော့ တင်လို့ရမယ် အကျိုးအမြတ်လည်းခွဲယူကြမယ်၊ သူမကြိုက်ရင် သူ့ပစ္စည်းတွေမှာ အဲ့ဒီအပလီကေးရှင်းန်း ဘယ်လိုမှရောက်မလာနိုင်ဘူး သုံးလို့မရဘူးဆိုတဲ့သဘောပါ။ သဘောက ပိုက်ဆံဘယ်လောက်ရရ မရရ ပေးရရ မပေးရရ ငါ ဆောက်ထားတဲ့စင် ငါဘဝင်ကျမှ ဆိုခွင့်တီးခွင့်ပေးမယ်ဆိုတာပါဘဲ။ နည်းပညာအရ သူ့ iOS ပလက်ဖေါင်းမှာ လာကစားမယ်ဆို သူ့စည်းမျဉ်းနဲ့ညီမှ သူသဘောတူမှ ခွင့်ပြုမှဆိုပြီး လုပ်ထားတာပါ။ သူ မလိုရင် ဘယ်သူမှ သူ့ iOS ထဲ ဘယ်သူ့မှ ဝင်ကြော်ငြာခွင့် ရောင်းဝယ်ဖေါက်ကားခွင့်မပေးဘူးလို့ လုပ်ထားတာပါ။
အခု သူ့ပြန်တရားစွဲတဲ့ကုမ္ဗဏီကလည်း သူ့ပရောဒတ်စ်တွေအတွက် အပလီကေးရှင်းတွေရေးပြီး သူ့ App Store မှာ တင်ရောင်းနေတဲ့ကုမ္ဗဏီပါ။ တင်ရောင်းခွင့်နျစ်စဉ်ကြေးပေးရသလို ရောင်းရတဲ့ငွေပေါ်ကနေ ၂ဦး သဘောတူသတ်မှတ်ထားတဲ့ငွေပမာဏလည်း အဖြတ်ခံရပါတယ်။ ခု အဲ့ဒီကုမ္ဗဏီက ကလေးတွေနံမည်ရွေးပေးတဲ့အပလီကေးရှင်န်း၊ ဘတ်စ်ကက်ဘောကစားနည်းစတဲ့ အပလီကေးရှင်န်းတွေရေးပြီး အက်ပဲလ်ရဲ့ App Store မှာတင်ရောင်းချင်ပါတယ်။ အက်ပဲလ်က တင်ရောင်းခွင့်မပေးပါ။ တခြားနေရာတွေကနေ ဒေါင်းလုဒ်လုပ်ပြီး အက်ပဲလ်ပရောဒတ်စ်တွေမှာ အင်စတောလ်လုပ်မရ သုံးမရပါ။ ဒါကို အပီလီကေးရှင်းရေးတဲ့ Developer ကုမ္ဗဏီက မကျေနပ်တာပါ။ ဒါဟာ နည်းပညာလက်ဝါးကြီးအုပ်မှုဖြစ်တယ်ဆိုပြီး တရားစွဲတာဖြစ်ပါတယ်။
အလားတူ နည်းပညာလက်ဝါးကြီးအုပ်မှုတွေောကာင့် အပြန်အလှန်စွဲထားတဲ့အမှုတွေမနည်းသလို လွှတ်တော်တွေထဲခေါ်ယူသတိပေးတာ စုံစမ်းမေးမြန်းတာတွေလည်း တပုံကြီးပါ။ တချို့ cases တွေက အရေးယူလို့မရသေးပါ။ မရ ရတာက အရေးယူရမယ့်ဥပဒေ နည်းဥဒေတွေမရှိသေးလို့ပါ။ ခေတ်က ဘယ်လိုဖြစ်နေလဲဆိုတော့ နည်းပညာတွေကရှေ့ကသွားနေပြီး နိုင်ငံရေးသမားတွေ ဥပဒေပညာရှင်တွေက နောက်ကလိုက်နေရတာမျိုးပါ။ နည်းပညာတွေ တနေ့တမျိုးပေါ်နေသလောက် ဥပဒေတွေက အမီမလိုက်နိုင်သေးတာပါ။
(မှတ်ချက်။ တရားစွဲလိုက်တာနဲ့ အမှုတွေရှူံးပြီး ကုမ္ပဏီကြီးပြုတ် လူတွေထောင်ကျဘာညာတွေချည်းတော့ ဖြစ်မနေပါ)
မျိုးမြင့်ချို
ဇွန် ၁၃၊ ၂ဝ၁၉

(မီးလင်းတဲ့လူတွေရဲ့ မီးခိုးမဆုံးမိုးမဆုံး)

0 comments
(မီးလင်းတဲ့လူတွေရဲ့ မီးခိုးမဆုံးမိုးမဆုံး)
Green Energy ပြောနေတဲ့ ပြည်တွေတောင် အဲ့ဒီစွမ်းအင်ကို တကယ့်စက်မှုလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့အခြေအနေမရှိပါ။ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးလောင်စာ စတာတွေအပေါ် မှီခိုမှုလျော့လာတယ်ဆိုတာက အနုမြူဓာတ်ပေါင်းဖိုတွေတည်ပြီး လျှပ်စစ်ထုတ်ကြလို့ပါ။ ဒီလောက်တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေတောင် ရေအားလျှပ်စစ်နဲ့ကျောက်မီးသွေးလောင်စာကို လက်လွှတ်လို့မရသေးပါ။ လူလက်တဆုပ်စာလောက်နဲ့ ကြက်တဝတ်စာလောက်ပြည်လေးတွေကိုကြည့်ပြီး တို့ဆီလည်း ဒါလုပ်ရမယ်ပြောနေတာက ပိုက်ဆံယူပြီးဝါဒဖြန့်နေတဲ့ အင်န်ဂျီအိုသမားတွေပါ။ သူတို့ကိုငွေပေးထားတဲ့ နိုင်ငံတွေက ချမ်းသာပါတယ် တိုးတက်ပါတယ် နည်းပညာရော အရင်းအနှီးရောရှိပါတယ် ပြည်တွင်းစစ်မရှိပါ ပညာတတ်တွေများပါတယ်။ ဗမာပြည်နဲ့ အရာရာမှာဆန့်ကျင်ဘက်ပါ။
ပတ်ဝန်းကျင်သဘာဝကြီးကို ထိန်းသိမ်းတာ ကောင်းပါတယ်။ ဒါပေမယ့် တိုင်းပြည်ချမ်းသာမှ လူတွေသောင်သောင်သာသာရှိမှဆို ပိုကောင်းပါတယ်။ သူတို့ဆီမှာ ပိုက်ဆံအကုန်ခံပြီး မြစ်ကြီးတွေအလှမပျက်အောင်ထိန်းနေချိန်မှာ ကျနော်တို့မှာ လမ်းဘေးရေဆိုးမြောင်းထဲမှာ ငါးရှည့်နှိုက်စားနေရသူတွေ တပုံကြီးပါ။ သူတို့ဆီမှာ သန္တာကျောက်တန်းတွေကေို ငွေကုန်ခံထိန်းသိမ်းနေပေမယ့် ကျနော်တို့ဆီမှာ တံငါလှေကလေးနဲ့ ပင်လယ်ထဲငါးဖမ်းထွက်နေရတာပါ။ သူတို့ဆီမှာ မြက်ခင်းကိုရေလောင်းပေါင်းသင်ပြီး ရိပ်စက်နဲ့ရိပ်ပြီးအလှခံစားနေချိန်မှာ ကျနော်တို့ဆီမှာ ကျွဲနွားစားဖို့ စားကျက်မြေတောင် မြက်မပေါက်နိုင်ပါ။
မြိ့ုနေ ပညာတတ် လူချမ်းသာနဲ့ လူလတ်တန်းစားတွေထဲက လူရည်လည် လူပါးလူနပ်တချို့ ငွေပအောပေးပြီး မြစ်ကြီးမဖျက်နဲ့တို့ ချောင်းကြီး ထိန်းသိမ်းရမယ်တို့ ကျောက်မီးသွေးကင်းစင် ကောင်းကင်ပြင်တို့ ပလပ်စတစ်ကင်းစင်ပြည်တခွင်တို့ လုပ်နေကြသူတွေကို မြက်မြက်ကလေးပေးရတာက သူတို့ဆီက လူချမ်းသာတွေရဲ့ ကလေးမုန့်ဖိုးတောင်မရှိပါဘူး။ စက်မှုနိုင်ငံဖြစ်ဖို့ စက်မှုလယ်ယာဖြစ်ဖို့ဆို လျှပ်စစ်ဓာတ်အား အလျှံပယ်လိုပါတယ်။ အဲ့ဒီဓာတ်အား ကျနော်တို့ဘာသာ မထုတ်နိုင်ရင် ထုတ်နိုင်သူဆီက ဝယ်သုံးရပါလိမ့်မယ်။ အကုန်အကျပိုများပါတယ်၊ အမျိုးသားလုံခြုံရေး ထိပါးခံရပါမယ်၊ စီးပွားရေးအရ လက်ဝါးကြီးအုပ်ခံရပါမယ်။ တနွယ်ငင်တစင်ပါ အခြားနယ်ပယ်တွေမှာပါ အချယ်အလှယ်ခံရပါမယ်။ အဲ့သလို လက်ထိလက်ရောက်ချယ်လျယ်နိုင်ဖို့ အခုလောလောဆယ်မှာ အင်န်ဂျီတချို့ကိုမွေးပြီး တဆင့်ခံချယ်လှယ်နေကြတယ်ဆိုတာ သိတကြပ်ကြပ်ပြုနိုင်မှတော်ကာကြမှာပါ။
တိုင်းပြည်တပြည်ကို ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်အစွမ်းအစနဲ့ဖွံ့ဖြိုးတိုးတက်လာတာထက် ငွေကြေး နည်းပညာ အရင်းအနှီး စစ်လက်ပစ္စည်း စတဲ့နယ်ပယ်စုံမှာ သူတို့ကိုမှီခို သူတို့မျက်နှာကြည့်နေရ သူ့တို့လက်ဝေခံဘဝနဲ့ဘဲ ထားပြီးအုပ်စီးထားချင်တာ ခေတ်သစ်ကိုလိုနီစနစ်ပါ။ အမြောက်တင်သင်္ဘောကြီးနဲ့လာပြီး ဈေးကွက်ဖွင့်ခိုင်း နားထင်သေနတ်တေ့ပြီး သူတို့ပစ္စည်းဝယ်ခိုင်းတဲ့ခေတ် မဟုတ်တော့ပါ။ ကိုယ်က သူတို့အပေါ်မှီခိုရလေလေ ချော့လိုက်ဆွယ်လိုက် ဖျားယောင်းလိုက် အချိုသပ်လိုက် အချဉ်ကျွေးလိုက် တုတ်ပြလိုက် မုန့်ပြလိုက်နဲ့ တင်တင်စီးစီးအလုပ်ခံရလေဆိုတာ သတိချပ်ကြဖို့ပါ။
ကျနော်တို့ အင်နာဂျီလိုပါတယ်။ ကျနော်တို့ မီးမှန်မှန်လာဖို့လိုပါတယ်။ ကျနော်တို့ ငွေလိုပါတယ်။ ကျနော်တို့ နည်းပညာတွေလိုပါတယ်။ ငွေရှိသူ နည်းပညာရှိသူ အရင်းအနှီးရှိသူတွေနဲ့ ပေါင်းစည်းလုပ်ကိုင်ကြဖို့လိုပါတယ်။ ကျနော်တို့ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာ(ပြည်သူ့လက်မှာရှိတဲ့ အာဏာအစစ်အမှန်ကိုပြောတာပါ၊ စစ်တပ်ကြီးစိုးတဲ့အချုပ်အခြာအာဏာမဟုတ်ပါ)ကို ထိန်းဖို့လိုပါတယ်။ ကျနော်တို့ သူတို့မွေးတဲ့ လက်တဆုပ်စာ အင်န်ဂျီအိုကြေးစားသမားတွေစကားတိုင်းကို နားမယောင်မိဖို့လိုပါတယ်။
တို့တော့ ကျောက်မီးသွေးကင်းစင်တဲ့ကောင်းကင်အောက်မှာထိုင်ပြီး ဖယောင်းတိုင်မီးလေးနဲ့ မြစ်ကြီးအလှ သွားခံစားကြစို့ဆိုလည်း မိမိရွေးချယ်မှုပါဘဲ။ ဒါပေမယ့် သေချာတာကတော့ မြစ်ကြီးမဖျက်ဆီးနဲ့ဆိုတဲ့ ကြေးစားအင်န်ဂျီအိုသမားတွေကတော့ တညလုံးမီးထိန်ထိန်လင်းပြီး မအိပ်တဲ့ညတွေရှိတဲ့ပြည်တွေကို ဂရီးဂရီးသွားရင်း ဟိုတယ်ကြီးပေါ်ကနေ သဘာဝတရားကြီးကို သူတို့လောက် ဘယ်သူမှမချစ်ဘူးလို့ အသံကောင်းဟစ်နေကြမှာပါ။ သူတို့ဟာ မီးလင်းနေကြသူတွေဖြစ်သလို မိးခိုးမဆုံးမိုးမဆုံးလည်းပြောတတ်ကြပါတယ်။
မျိုးမြင့်ချို
ဇွန် ၁၃၊ ၂ဝ၁၉

Saturday, June 8, 2019

(အသက်ရှည်ရှည် ခင်ခင်မင်မင်)

0 comments
(အသက်ရှည်ရှည် ခင်ခင်မင်မင်)
နိုင်ငံတွေချမ်းသာလာတော့ အစားအသောက်အနေအထိုင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးသိပ္ဗံအတတ်တွေ ပိုကောင်းလာကြတယ်။ လူ့သမိုင်းမှာ ဘယ်တုန်းကမှနဲ့မတူအောင် လူ့သက်တမ်းတွေရှည်လာကြတယ်။ "ဖိုးသက်ရှည်ဖွားသက်ရှည်တွေ တို့နိုင်ငံမှာ အများဆုံး"ဆိုပြီးဂုဏ်ယူခဲ့ကြသလို ကမ္ဘာ့အသက်ရှည်ဆုံး ဖိုးဖိုး ဖွားဖွားကတော့ ဘယ်ပြည်မှာ၊ အသက်ဘယ်လောက်နေသွားရသတဲ့စသည်ဖြင့် မှတ်တမ်းတွေပြုကြ စံချိန်တွေချိုးကြနဲ့မို့ အားကျစရာ အားရစရာဖြစ်ခဲ့ကြတာ အထင်အရှားရှိပါတယ်။ နဂိုဗီဇသဘောကိုက အသက်ရှည်တဲ့လူမျိုးဆို ဘဝမှာပျင်းအောင်တောင်နေကြရသတဲ့ ဆိုပြီးတောင် ပြောသံကြားမိပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ဘေးသုံးဘေးသင့်လို့ သေကြေ ကြရတာကတမျိုး၊ ကပ်ဘေးကြီးတွေမဆိုက်တောင်ဆေးဖိုးဝါးခနဲ့ ကျန်းမာရေးစရိတ်တွေလည်း မတတ်နိုင် ခေတ်မီမီကျန်းမာရေးအသိအမြင်တွေကလည်း ခေါင်းပါးဆိုတော့ အဲ့ဒီ “ဆင်းရဲတဲ့ရောဂါ“ကြောင့် စောစောစီးစီးသေရတဲ့လူမှ သောက်သောက်လဲ။ တနှစ်တနှစ် နည်းမှမနည်းဘဲ။ လူ့သက်တမ်းဟာာ ဆင်းရဲလေတိုလေဘဲဆိုတာ စနစ်တကျပြုစုထားတဲ့ မှတ်တမ်းမှတ်ရာ အထောက်အထားတွေ ကွင်းဆင်းစစ်ဆေးမှုတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေ ကျန်းမာချင်တယ်၊ အသက်ရှည်ရာ အနာမဲ့ချင်တယ်။ ကျန်းမာတာဟာ လာဘ်တပါး အရောဂျပရမလာဘ လို့တောင် ရှေးလူတွေဆိုသမို့လား။ လူတွေ အသက်ရှည်ကြတယ် အနာမဲ့ကြတယ်ဆိုတာ အင်မတန်ကောင်းတယ်ဆိုပေမယ့် လက်တွေ့အရ အသက်ရှည်အောင်(ချမ်းသာလို့) လုပ်လို့ရဦးအောင် အနာကတော့ မဲ့လို့မရပါ။ အနာ နည်းနိုင်သမျှနည်းနည်း ကင်းနိုင်သမျှကင်းစင်အောင်သာ ကြံဆောင်ကြတာမဟုတ်လား။
ဟော အခု ကမ္ဘာမှာ လူ့သက်တမ်းကို ဆန့်ထုတ်လို့ရလာတယ်။ လူတွေ အသက် ပိုရည်လာကြတယ်။ အရင်ကထက် လူအိုလူမင်းအရည်အတွက်ဟာ များများလာတယ်။ ပင်စင်ယူပြီးနောက် နေရတဲ့အသက်တွေ နှစ်တွေရှည်လာတယ်။ ဒီတော့ ဘာတွေဖြစ်သလဲ။ ဂျပန်လို လူချမ်းသာတွေပေါပါတယ်ဆိုတဲ့ပြည်တောင် လူအိုလူမင်းတွေဟာ တိုင်းပြည်အတွက် ဝန်ထုံ့ဝန်ပိုတွေသဖွယ်ဖြစ်လာတယ်လို့ တာဝန်ရှိသူတွေက ထွက်ညည်းလာတယ်။ တချို့ကဆို ဝန်ထုပ်ဝန်ပိုးတွေဆိုတဲ့အထိပါ ပြောလာတယ်။ သူတို့အတွက် ပေးရတဲ့ပင်စင်လစာတွေဟာ ကြာလာတော့ အလုပ်လုပ်ခဲ့တဲ့သက်တမ်းတလျှောက် ပင်စင်လစာငွေအတွက် ဖဲ့ထုတ် စုဆောင်းထားတဲ့ ငွေပမာဏာထက်ပိုလာတယ်။ ပင်စင်လစာကို ၁၅ နှစ်စာလောက် တွက်ချက်ထားခဲ့ပေမယ့် တကယ်က အနှစ် ၂ဝ/၃ဝ လောက်အထိ ခံစားနေတော့ တိုင်းပြည်ကအပိုဆောင်းသက်သက်ပေးနေရသလိုဖြစ်လာတယ်။
တကယ်က ပင်စင်လစာငွေဆိုတာ ကိုယ်အလုပ် လုပ်နေစဉ်ကတည်းက ကိုယ်လုပ်ခထဲကနေလည်းဖြတ် အစိုးရ(ကုမ္ပဏီတွေ)ဘက်ကလည်း အချိုးကျထည့်ဝင်ထားတာမဟုတ်လား။ ဘယ်အသက်အရွယ်မှာ ပင်စင်ယူမယ် ဘယ်အသက်အရွယ်လောက်ဆို သေမယ်ဆိုတာ တပြည်ချင်းအလိုက် သက်တမ်းတွက်ချက်မှုတွေအပေါ်အခြေခံပြီး ချိန်ထားကြတာမဟုတ်လား။ အရင်တုန်းက အသက် ၆ဝ မှာပင်စင်ယူ။ ၇ ဆယ် ၇၅ လောက်ဆို ဆုံးကြတာများတာကိုး။ ၈ ဆယ်နဲ့ ၈ ဆယ်အထက်နေရသူဟာ ရှားပါတယ်။ ခု သက်တမ်းတွေရှည်လာတာကြောင့် ပင်စင်ပေးချိန်ကို နောက်ဆုတ်လာကြတယ်။ အမေရိကန်မှာ ၆၅ နှစ်ဆို သက်ပြည့်ပင်စင်ယူလို့ရပေမယ့် သြစတေးလျလိုပြည်ကျ ၆၅ နှစ်နဲ့အထက်မှ ယူလို့ရတယ်။ ဒါ့အပြင် ၂ နှစ်တိုင်း ၂ နှစ်တိုင်းမှာ ၆ လ ၆ လစီ တိုးတိုးသွားပြီး ဇူလိုင် ၁ ရက် ၂ဝ၂၃ ခုရောက်ရင် ပင်စင်ယူရမယ့်အသက် သတ်မှတ်ချက်ဟာ ၇၂ နှစ် မှ ဖြစ်တော့မှာပါ။ သတ်သတ်လေ့လာချင်ရင်တော့ အွန်လိုင်းမှာတင် အချက်အလက်တွေမှ မနည်းမနောတွေ့ရမှာဖြစ်ပါတယ်။ အလုပ် မလုပ်နိုင်လောက်အောင် ထိခိုက်ပျက်စီးသွားတာကတော့ တမျိုးပေါ့လေ။ သူက သီးခြားခံစားခွင့်ရှိပါတယ်။ အမေရိကန်မှာ သက်ပြည့်ပင်စင်ကို ၆၅ သတ်မှတ်ထားပေမယ့် နည်းနည်းစောယူလို့တော့ ရပါတယ်။ ပင်စင်လစာငွေတော့ နည်းနည်းလျော့တာပေါ့။ အခု ၆၅ နဲ့ပင်စင်ပေးတာစောတယ်ဆိုပြီး ပြောသူတွေ(ဥပဒေပြုအမတ်တွေ)ပြောသံကြားနေရပြီ။
ဆိုတော့ အသက်တွေရှည်လာတယ်။ အလုပ် လုပ်နေသူရဲ့အမြင်မှာ ဝန်ထုံ့ဝန်ပိုသဖွယ်ဖြစ်လာတယ်။ လူတွေ အလုပ်လုပ်ရတဲ့အသက်က ပိုများလာတယ်။ ဆင်းရဲတဲ့ပြည်ကလူတွေအတွက် အသက် ၇၂ နှစ်မှ သက်ပြည့်ပင်စင်ပေးမယ်ဆို တပြည်လုံးဆူပွက်ကုန်မှာသေချာတယ်။ တိုင်းပြည်တိုင်းဟာ သူ့အတွက်အချက်နဲ့သူ လုပ်နေကြတာဘဲမဟုတ်လား။
ပြန်ချုပ်ရရင် လူ့သက်တမ်းရှည်လာတာ လူတွေ အနာရောဂါပါးလျားလာတာဟာ မင်္ဂလာရှိတယ် ကောင်းတယ်ဆိုပေမယ့် လူမှုစီးပွားရှုထောင့်တွေကနေလည်း ကြည့်ကြဖို့လိုပါလိမ့်မယ်။ နောက်တချက်က တချို့တချို့သော ယုံကြည်မှုတွေကပြောသလို လူ့သက်တမ်းတွေတိုကုန်တယ်လို့ ဆုပ်ကပ်ကြီးတို့ဆိုတဲ့ အခြေအမြစ်မဲ့စကားတွေကိုလည်း ချိန်ချိန်ဆဆတွေးကြဖို့လိုပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ကတော့ ကျနော်တို့ဟာ အသက်တွေတော့ ရှည်ပါရဲ့ လူသားလူသားချင်း ချစ်ချစ်ခင်ခင် ခင်ခင်မင်မင်မနေကြဘူးဆို လောကနေပျော်မပျော် ခနထား မိမိကိုယ်တိုင် အရင် မပျော်တဲ့လူသားဖြစ်သွားမျာပါ။ အသက်ရှည်ရှည် ခင်မင်နေကြဖို့ပေါ့လေ။ တပြိုင်တည်းမှာ လူသားတွေ ချစ်ချစ်ခင်ခင် ခင်ခင်မင်မင်နေတာကို မရှုစိမ့်တဲ့ ဘာသာရေးလူမျိုးရေး အစွန်းရောက်အကြမ်းဖက်သမားတွေ အယူသည်းတွေ တဇောက်ကန်းတွေကိုလည်း အတွေးအခေါ်အရ ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမှာပါ။ ခင်ခင်မင်မင်နေသူတွေ တိုးပွားသထက်တိုးပွားအောင် ကြံဆောင်ကြရမှာပါ။ လူ့လောကကို အမုန်းတရား အမုန်းမီးတိုက်နေသူတွေကို နည်းသထက်နည်းအောင် ဝိုင်းဝန်လုပ်ဆောင်ကြရမှာပါ။
ကျနော်တို့ဟာ အသက်ရှည်ရှည် မရှည်ရှည် ရှည်သမျှမှာ ခင်ခင်မင်ရှိကြဖို့ပါ။ အသက်ပါရှည်ရှည်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့လို့ပြောရမယ်ထင်ပါတယ်။
မျိုးမြင့်ချို
ဇွန် ၈၊ ၂ဝ၁၉

Friday, June 7, 2019

(တခုခုဖြစ်ဖို့ဆို တခုခုအရင်ဖြစ်ရတယ်)

0 comments
(တခုခုဖြစ်ဖို့ဆို တခုခုအရင်ဖြစ်ရတယ်)
၁၉၈ဝနဲ့ ၈ဝ ပြည့်လွန်တဝိုက်ဆီက ဆရာဝန် ဆေးကျောင်းသား စတာတွေ စာရေးအလွန်သန်လာကြတယ်၊ ဝတ္ထုတိုတွေဆို အတော့်ကို ကောင်းခဲ့တယ်။ ကပျစ်ကညစ် ဆရာဝန်စာတွေလည်း တောခန ထလိုက်သေးတယ်။ နောက်တော့ ကိုယ့်နေရာကိုယ် ပြန်သွားကြသလားမပြောတတ်ဘူး မတွေ့ရတော့ဘူး။ တင်ကျန်တဲ့လူတွေထဲကတချို့ကတော့ ခုထိကျန်ပါတယ်။ အဲ့အချိန်က ကာတွန်းတခုမှာ လူငယ်တယောက်က ဆရာကြီးတယောက်ကိုမေးနေလေဟန်ပုံနဲ့စာရေးဆရာဖြစ်ချင်ရင် ဘာလုပ်ရမလဲဆရာကြီးတဲ့။ ဒီတော့ ဆရာကြီးက ဆရာဝန်ဖြစ်အောင်အရင်လုပ်ဆိုပြီး ပြန်ပြောတဲ့ဟန်နဲ့ သရော်တဲ့အထိပါဖြစ်တယ်။
NLD ထဲမှာ ဖွဲ့ဦးစကတည်းက တတ်သိပညာရှင်ဆိုတဲ့အစုကြီးတစုရှိခဲ့တယ်။ ဒေါ်စုဘက်က ပြတ်ပြတ်သားသားရပ်တဲ့အစုလို့ပြောလည်း မမှားပါဘူး။ ဆရာဝန်တွေဆိုတာထက် ကဗျာဆရာတွေ စာရေးဆရာတွေ ရှေ့နေရှေ့ရပ်တွေ ဂျာနယ်လစ်တွေ စသည်ဖြင့်ပေါ့။ ခု NLD အာဏာမစို့မပို့ရလာတော့ ဆရာဝန်တွေလည်းဖြစ်ကြ ၁၉၉ဝ ရွေးကောက်ပွဲထဲလည်းပါခဲ့ကြတဲ့ပုဂ္ဂိုလ်တွေ နိုင်ငံရေးရာထူးကြီးတွေရလာတယ်။ ပါတီပြောရေးဆိုခွင့်ရှိသူဆိုလည်း ဆရာဝန်ပါဘဲ။ ပါတီဘက်က တသမတ်ရပ်တည်ခဲ့ကြသူတွေထဲက ပညာတတ်တွေကို နေရာပေးလာတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ဒါကို အဆိုးအကောင်းဘာမှမပြောလိုပေမယ့် နိုင်ငံရေးအရပြောရမယ့်ကိစ္စတွေကျပြောပါတယ်။ နိုင်ငံရေးထဲ ပါတာချင်းအတူတူ ဆရာဝန်မို့ ဒီရာထူးရတာလို့ပြောလည်း အငြင်းတော့ သိတ်ထွက်မယ်မထင်ပါ။
ခု အင်န်အယ်လ်ဒီလုပ်တာကိုကြည့်ပြီး ကြံ့ဖွံ့ကလည်း လိုက်လုပ်ပုံရတယ်။ အရင်က ဒေါက်တာနန္ဒာလှမြင့်တယောက်တည်း။ ခု နောက်တယောက် ပွဲထုတ်လာပါတယ်။ ဒေါက်တာကျော်ဆွေတဲ့။ ထုတ်တဲ့ပွဲက သမ္မတလွတ်ငြိမ်းသက်သာကိုင်ပြီး ထွက်လာတာ။ လက်နီကြီးဆိုတဲ့စကားလုံးသုံးပြီး အင်န်အယ်လ်ဒီကိုဗြောင်တိုက်ခိုက် ပွဲဆူအေင်လုပ်ပြီး ထွက်လာတာပါ။ သမ္မတရုံးညွှန်မှူးဆိုတဲ့ ဇော်ဌေးကတောင် ထွက်ပြီး “နိုင်င့ရေးသခွပ်ပင်မလုပ်နဲ့“ဆိုပြီး ဟန့်သလိုလို ဘာလိုလိုလုပ်လာတာသတိထားမိပါတယ်။ ကြံ့ဖွံ့ကို စောင်းမြောင်းပြောမှန်း လူတိုင်းသိပါတယ်။ မရှင်းတာက ဇော်ဌေးက ဟိုတလောကလည်း (ကျနော်တို့ အာဏာရပါတီကို)ဆိုပြီး သုံးစွဲပြောဆိုသွားတယ်။ ခုလည်း ကျနော်တို့က အစိုးရ ဘာညာဆိုပြီးလုပ်ပြန်တယ်။ ခုဇော်ဌေးရာထူးက ဘာလဲ။ နိုင်ငံရေးရာထူးလား အစိုးရဝန်ထမ်းရာထူးလား မသဲကွဲတော့ဘူး။ လုံးလိုက်လာပြီ။ ပိုဆိုးတာက ကျနော်တို့အာဏာရပါတီဆိုတဲ့ အသုံးကိုထောက်တော့ တိတ်တိတ်ပုန်း NLD ပါတီဝင်တောင် ဖြစ်နေပြီလားမပြောတတ်ဘူး။
မျိုးမြင့်ချို
ဇွန် ၅၊ ၂ဝ၁၉

(ဗုံလုံတလှည့် ငါးပျံတလှည့်)

0 comments
(ဗုံလုံတလှည့် ငါးပျံတလှည့်)
ဒေါ်စုက ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ အသားကုန်အော်ပြီး အာဏာရည်မှန်းချက်ထားတဲ့အချိန်မှာ စစ်အုပ်စုက တဘက်ကနေ အမျိုးသားရေးလိုင်းတင်ပြီး ဘာသာရေး လူမျိုးရေးပြဿနာတွေ ပိုပြင်းပြင်းထန်ထန်ဖန်တီးတယ်။ မဘသ မွေးပြီး ဘုန်းကြီးတွေနဲ့ လှည့်တိုက်တယ်။ နောက်တဘက်ကတော့ ၅၉ (စ)ဘဲပြင်ပေးမှာလိုလို ထိုးဇာတ်လေးဖန်တီးပြီး ရိုဟင်ဂျာအရေးမှာ ကြံဖော်ကြံဘက်ဖြစ်ရုံမက ကမ္ဘာလှည့်ပြီးပါ စစ်အုပ်စုကို အရူးအမူးကာကွယ်တဲ့ဘဝရောက်တဲ့အထိ ကျုံးသွင်းယူတယ်။ ဒေါ်စုကလည်း သမ္မတဖြစ်နိုးနိုးနဲ့ ယူအင်န်အပါအဝင် ဒီမိုကရေစီ လူ့အခွင့်အရေးဇောင်းပေးတဲ့ နိုင်ငံကြီးတွေရဲ့ တံတွေးခွက်ပက်လက်မျောပြီး အဖယ်အကျဉ်ခံဘဝ ရောက်တဲ့အထိ မိုက်တွင်းဆက်တူးတယ်။
ဇာတ်က အဲ့လိုမြောနေတုန်း ဗြုန်းဆို AA ကို ချေမှုန်းခိုင်းတဲ့ကိစ္စကြီး ဖေါက်အချခံလိုက်ရတယ်။ ရှေ့ထွက်ပြီး လူကြမ်းမင်းသမီးလုပ်ပေးနေတုန်း နောက်ကနေ ထမိန်စဆောင့်အနင်းခံလိုက်တော့ မွှန်ထွန်ပြီး ဖွဲ့စည်းပုံပြင်မယ်ဘာညာနဲ့ သွေးရူးသွေးတမ်းထဖြစ်တယ်။ ဟိုကောင်တွေက လွှတ်တော်ထဲမှာ အစိတ်သားအမတ်တွေကိုကိုင်ပြီး လွှတ်တော်နည်းနဲ့ ဘယ်လိုမှပြင်မရတဲ့ဥပဒေဖြစ်နေသည့်တိုင် အဆင့်တိုင်းအဆင့်တိုင်းမှာပါ ကန့်လန့်တိုက်ပြတယ်။ ဒီလိုတိုက်ပြရင် လူပိုမုန်းမယ်ဆိုတာ မသိလို့မဟုတ်ပါ။ ပြချင်တာက “အင်န်အယ်လ်ဒီလုပ်တာမှာ ကောင်းတာလေးတော့ ပါပါသေးတယ်လေ“ဆိုတဲ့အမြင်မျိုး တပ်ထဲမှာ လုံးဝအဖြစ်မခံနိုင်တာကြောင့်ပါ။ ဒီလိုနဲ့ ၂ ဘက်လုံးက အသံကောင်းဟစ်ပြီး အပြန်အလှန်လည်း လှည့်ဖျား လူထုကိုလည်း လှည့်စားတဲ့ “ရင်ကြားစေ့ရေး“ဆိုတာကြီးက ပွင့်ကျသွားတယ်။ ၂ ဘက်လုံး ကိုယ်ရှိန်သတ်သွားတယ်။ စစ်အုပ်စုက ဖွဲ့စည်းပုံမပြင်ရေးအကြောင်းအချက်ကိုင်ပြီး မဘသအုပ်ကိုပွဲပြန်ထုတ်တယ်။ ဘာသာရေးလူမျိုးရေး ပွဲနည်းနည်းပြန်ဆူအောင် တပ်လှန့်ပြလိုက်တယ်။ လွှတ်တော်နည်းဖွဲ့စည်းပုံပြင်ရေး အာဘောင်အာရင်းသန်သူတွေကို ဖမ်းပြလိုက်တယ်။ ပြင်ရေးထောက်ခံပွဲတွေ အသံတိုးသွားတယ်။
ဒီလိုနဲ့ နိုင်ငံတကာအလယ်မှာ သိုးမဲအသင်းအပင်းဝင်ဖြစ်သွားတဲ့ ဒေါ်စုက ဥရောပသမဂ္ဂမှာ ဘာမှအရေးမပါ အရာလည်းမရောက်တဲ့အပြင် ဒေသတွင်းနဲ့ကမ္ဘာမှာလည်း ဘာနိုင်ငံရေး စီးပွားရေး သံတမန်ရေးသြဇာမှလည်းမရှိတဲ့ ဟန်ဂေရီတို့ ချက်တို့လိုနိုင်ငံတွေကို ပြေးကပ်တယ်။ အဲ့ဒီအစိုးရတွေက Popular Politics “ကြိုက်လုံးပစ်နိုင်ငံရေး“ အခြေခံထားတဲ့ လက်ယာအစွန်းရောက်တွေ။ အဲ့သလို အင်မီးဂရန့်နဲ့အစ္စလာမ်ဆန့်ကျင်ရေးသမားတွေနဲ့လုံးထွေးပြပြီး NLD ဦးဆောင်တဲ့ မဘသဗားရှင်းအသစ်နဲ့ ပွဲထွက်ဖို့ ခြေလှမ်းပြင်တယ်။ ဗမာပြည်အနာဂတ်မှာ အသစ်ပေါ်လာမယ့် ဘာသာရေးလူမျိုးရေးပြဿနာတွေဟာ မဘသဦးဆောင်မှာ မဟုတ်တော့ဘဲ အင်န်အယ်လ်ဒီဦးဆောင်မှာလားက တွေးစရာဖြစ်လာတယ်။
ဒေါ်စု သွားတွေ့တဲ့ ချက် ဝန်ကြီးချုပ် ဘားဘစ်ဟာ အကျင့်ပျက်ခြစားမှုတွေ အာဏာအလွဲသုံးစားမှုတွေအပြင် လူမျိုးရေးဘာသာရေး သပ်လျှိုသွေးခွဲ့လှုံ့ဆော်မှုတွေကြောင့်လည်း အကြီးအကျယ်နံမည်ပျက်နေသူဖြစ်တယ်။ ခု သူ ရာထူးကနှုတ်ထွက်ဖို့ ချက်ပြည်သူတွေ လမ်းပေါ်ထွက်လာကြပြီ။ ဒီဆန္ဒပြပွဲဟာ ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ ချက်နဲ့စလိုဗက်အကွွဲအခြေခံ ကတ္တီပါတော်လှန်ရေးနောက်ပိုင်း အင်အားအကြီးဆုံးလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြတယ်။ ဒေါ်စုဟာ ဒီလူတွေနဲ့တွဲပြီး အစ္စလာမ်ဆန့်ကျင်ရေး ခြေကုပ်ယူဖို့လုပ်လာတယ်လို့ ပြောကြတယ်။
ဟန်ဂေရီအစိုးရကြည့်ပြန်တော့လည်း မွတ်စလင်မ်ဆန့်ကျင်ရေး ရွှေ့ပြောင်းဝင်ရောက်လာသူများဆန့်ကျင်ရေး ဖိနှိပ်ဖမ်းဆီးမှုတွေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် ဥရောပတလွှားမှာ အဖတ်ဆည်မရအောင်နံမည်ပျက်နေတဲ့ လက်ယာစွန်းတွေဖြစ်တယ်။ တနည်းပြောရရင် ဟန်ဂေရီမဘသအစိုးပါ။ ဆိုတော့ ဒေါ်စုက ခု အဲ့ဒီအစွန်းရောက်အစိုးရတွေနဲ့ ရွှေလမ်းငွေလမ်းပြန်ဖေါက်ပြီး အစ္စလာမ်လူဦးရေကိစ္စနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူများပြဿနာဆွေးနွေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာအရေးကိုကပ်ထည့်ပြီး သေဖော်ညှိကြတယ်။ ဟိုဘက်ကလည်း ဂျင်ပဲ့ချင်းပေါက်တာဆိုတော့ ရိုဟင်ဂျာကိစ္စမှာ ဒေါ်စုအလိုကျ အိန္ဒြေမရကို ဟုတ်ပါ့ဟုတ်ပါ့ လုပ်ကြတယ်။ ဒါကို ဥရောပနိုင်ငံကြီးတွေက စက်ဆုပ်ရွံရှာတဲ့အကြည့်နဲ့ကြည့်တယ်။ ဒီ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့ ဒေါ်စုခရီးစဉ်ကိုလည်း မီဒီယာတွေမှာ ခပ်မဆိတ်နေပြခြင်းနည်းနဲ့ မနှစ်မြိ့ုကြောင်းဖော်ပြကြတယ်။ အီးယူထဲပါနေလို့ မလွှဲမကင်းသာဆက်ဆံနေရပေမယ့် နိုင်ငံကြီးတွေက ဒီနိုင်ငံတွေနဲ့ သိတ်ဖက်လှဲတကင်းမလုပ်ဘူး။ ဖြစ်နိုင်တဲ့အခါမျိုးတွေဆို သံခင်းတမန်ခင်းအရ ဆေးဖော်ကြောဘက် မလုပ်တဲ့အထိပါရှိတယ်။
ဒေါ်စု ဒီအစိုးရတွေနဲ့ သွားပလူးတော့ နိုင်ငံတကာအမြင်မှာ ပိုပြီး အဖယ်အကျဉ်ခံရစရာဖြစ်လာတယ်။ ရိုဟင်ဂျာအရေးကြောင့် နိုင်ငံကြီးတွေအလည်မှာ ဇီးရိုးဖြစ်သွားတဲ့ သူ့ပုံရိပ်ဟာ မိုင်းနပ်စ်အထိပါပြလာတယ်။ ဒီလိုဖြစ်လာချိန်မှာ စစ်အုပ်စုက ဘာလုပ်လဲ။
စစ်အုပ်စုက တောင်ဒဂုံကိစ္စပြပြီး လူ မဘသတွေကို ဖမ်းဝရမ်းထုတ်လိုက်တယ်၊ ဘုန်းကြီး မဘသ ဝီရသူတို့ကိုဖမ်းဝရမ်းအထုတ်ပြလိုက်တယ်။ အလင်္ကာကြယ်(ဦးသောဘိတ)ကို အမှုကနေ လွှတ်ပေးလိုက်တယ်။ ပြည်တွင်းမှာ စစ်အုပ်စုအပေါ် “ဒါတော့ မဆိုးပါဘူး“ဆိုတဲ့အမြင်တွေ လူထုကြားဖြစ်လာတယ်။ ဝီရသူကို မဟန ကနေပဲ သံဃာ့သြဝါဒပေးတော့မှာလိုလို၊ ပြီးတာနဲ့ သင်္ကန်းဆွဲချွတ်ပြီး ထောင်ထဲဘဲ ထည့်တော့မှာလိုလို ဟန်ရေးပြပေးလိုက်တယ်။ နောက်ကွယ်က တကယ့်အနက်က ဝီရသူ့နောက်လိုက်တွေ ဂိုဏ်းဝင်တွေကို “အေးဆေး ခန နေကြဦး“လို့ ပြောတာပါ။ ဝီရသူကို ဖမ်းဝရမ်းထုတ်ပြတာ၊ ဇော်ဌေးရှေ့ထွက်ပြောလာတာ၊ ဖြိုးမင်းသိမ်း အသံဝင်ထုတ်တာတွေဟာ စစ်အုပ်စု မီးစိမ်းပြလို့သာဖြစ်လာတာပါ။ ဒီတော့ စစ်အုပ်စုကို ဘယ်လိုမှအယုံအကြည်မရှိတဲ့နိုင်ငံကြီးတွေကပါ“စစ်အုပ်စုရဲ့ ဒီလုပ်ရပ်ကို ဆုံးတဲ့အထိတော့ စောင့်ကြည့်ရမယ်“ ဆိုပြီး နည်းနည်းသတိထားလာရတယ်။ ဇော်ဌေးဆို ကြံ့ဖွံ့ကိုပါ မန်မဲပြတဲ့အထိလုပ်ပြီး လူထုဆီကလက်ခုပ်သံချူတယ်။ ဒီမိုကရေစီဘက်လိုလို မျက်ရိပ်ပြတယ်။
ဘာဘဲဖြစ်ဖြစ် ဒီလောက်လေးလုပ်ပြတာနဲ့တင် ပြည်တွင်းမှာ သြဘာအပေးခံရပြီး ပြည်ပကနေ Wait and See အလုပ်ခံလိုက်ရတာနဲ့တင် နိုင်ငံရေးအမြတ်က စစ်အုပ်စုအတွက် ထွက်လှပါပြီ။ တပြိုင်တည်းမှာ လက်ယာအစွန်းရောက်တွေနဲ့သွားပြီး ပရောပယီလုပ်နေတဲ့ ဒေါ်စုလည်း “အစ္စလာမ်ဆန့်ကျင်ရေးသမား“ဆိုတဲ့သဏ္ဍန်ကို ဖော်ပြီးသားဖြစ်သွားပါတယ်။ “စစ်အုပ်စုက ဘာသာရေးလူမျိုးရေး အစွန်းရောက်သမားတွေကို သတိကြီးကြီးထားပြီး ပြတ်ပြတ်သားသား စကိုင်တွယ်နေချိန်မှာ ဒေါ်စုက ဘာသာရေးလူမျိုး လက်ယာအစွန်းရောက်တွေနဲ့ ပုလင်းတူဗူးဆို့လုပ်နေပါလား“ ဆိုတဲ့အမြင်တွေ ခေါင်းပြူလာနိုင်ပါတယ်။
အကြမ်းဖက် လုယက်သတ်ဖြတ် အမုန်းတရားဖြန့်ချိ သွေးထိုးလှုံ့ဆော်တဲ့ ဝိရသူ့ဂိုဏ်း သီတဂူ့ဂိုဏ်းနဲ့ လူမသဘတွေကို တိုင်းပြည်လူထု အများတကာ့အများစုကြီးက လက်မခံပါ။ ဒါပေမယ့် ဒီလူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေဟာ စစ်အုပ်စုရှိသရွေ့ရှိနေမယ့်အပြင် လက်ယာစွန်း အကြမ်းဖက် ခွဲခြားဖိနှိပ်တဲ့နိုင်ငံရေးအတွေးအခေါ်တွေ မလျော့ပါးသရွေ့လည်း အားကောင်းနေဦးမှာပါ။ ကျနော်တို့က နိုင်ငံတကာ လူမျိုးစုံ ဘာသာစုံချစ်ကြည်ရင်းနှီးရေးစိတ်ဓာတ်နဲ့ အတွေးအခေါ်တွေကို ဖြန့်ဖြူးရင်း ဘာသာရေး လူမျိုးရေးအစွန်းရောက်မှုတွေကို ဆန့်ကျင်တိုက်ဖျက်သွားရမှာပါ။
လောလောဆယ်မှာ ကျနော်တို့အနေနဲ့ စစ်အုပ်စုရော ဒေါ်စုပါ နိုင်ငံရေးလုပ်နေကြတာဆိုတာရယ်၊ အာဏာနဲ့ဓန အဝေမတည့်ခင်လေး ခနတဖြုတ် ရန်စောင်နေကြတာရယ်ဆိုတာရယ်ကို မေ့မထားမိကြဖို့ပါ။ ကျနော်တို့ သတိထားကြဖို့ပါ။
မျိုးမြင့်ချို
ဇွန် ၆၊ ၂ဝ၁၉

(ထရမ့်ပ်၊ အာဘေး၊ ခါမေနီ)

0 comments
(ထရမ့်ပ်၊ အာဘေး၊ ခါမေနီ)
ထရမ့်ပ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အမည်စာရင်းမှာ သူ့နံမည်ကိုတင်သွင်းပေးဖို့ ဂျပန်ကိုလက်သိပ်ထိုးပြောတယ်။ ဂျပန်ကလည်း ခိုးတင်ပေးတယ်။ အကြောင်းပြတာက မြောက်ကိုရီးယားနဲ့ နူလက်နက်ဖျက်သိမ်းရေးလုပ်နေလို့တဲ့။ နောက်တော့ လူမိသွားတာ ပေါင်းရိုက်တာပေါ်သွားတော့ ရှင်ဇိုအာဘေးက အရူးကွက်နင်းပြီး ဖြောင့်ကွယ် ကွယ်တယ်။
တလောက ဂျပန်ကို ထရမ့်သွားတယ်။ မသွားခင်ကတည်း ကုန်သွယ်ရေးမမျှတဘူး တဘက်စောင်းနင်းဖြစ်နေတယ်ဘာညာနဲ့ လေသံကြိုပစ်ထားတယ်၊ ဂျပန်က အက်ဖ် ၃၅ အစင်းတရာဝယ်မယ်လည်းဆိုရော ကုန်သွယ်ရေးကိစ္စ ခနခေါက်လိုက်တယ်။ သူ့ဘာသာသာမွှေးပြှီး ရှေ့ဆက်မတိုးဝံ့တဲ့ အီရန်အပေါ် နိုင်လိုမင်းထက်ပြုထားတာကြီးက ပဒိုင်းသီးကိုင်မိသလို ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတယ်။ စစ်တိုက်လိုက်တာနဲ့ နောက်ဆက်တွဲပြဿနာတွေက အကုန်လာတော့မယ်။
အီရန်က ဘာကြိုတင်သတ်မှတ်ချက်မှမထားတဲ့ဆွေးနွေးမှုမျိုးဆို အမေရိကန်နဲ့ အချိန်မရွေး ဆွေးနွေးမယ် တံခါးဖွင့်ထားတယ်ပြောပေမယ့် ထရမ့်က ဂုဏ်ခံပြီး အီရန်တွေက ဆွေးနွေးပါရစေပြောမှဆွေးနွေးမယ်လို့ အထက်စီးကနေ စကားဝိုင်းကိုခေါ်တယ်။ အီရန်က ဘာမှမတုန့်ပြန်ပေမယ့် ရုရှားက အမေရိကန်ကို ဝင်နှဲ့လာတယ်။ အိုဘားမားလက်ထက်က အီရန်အရေး နိုင်ငကြီးတွေနဲ့ချုပ်ခဲ့စာချုပ်ကနေ အမေရိကန်တဘက်နှုတ်ထွက်ပြီး သက်သက်ရန်လိုမှုရန်စောင်မှုအဖြစ် အီးယူကမြင်တယ်။ မြင်တဲ့အတိုင်းပြောလာတယ်။ ဒီတော့ ထရမ့်ပို အကျပ်ရိုက်သွားတယ်။ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်နဲ့ ရှီပတ်ဘလီကင်န်စစ်သွေးကြွတွေရယ် လက်နက်ကုမ္ပဏီကြီးတွေရယ် စစ်တပွဲလောက်တိုက်ချင်ပေမယ့် ထရမ့်ပ်အတွက်က နိုင်ငံတကာနဲ့ဆိုင်ရမယ့်ပြဿနာသစ်တွေဖြစ်လာနိုင်တယ်။ အရွှေ့မှားရင် သမ္မတနေရာပါ ကုလားထိုင်လှုပ်သွားနိုင်တယ်။
ဒါကို ဒုသမ္မတမိုက်ခ်ပန့်စ်ကသိတယ်။ သမ္မတကိုထောက်ခံသလိုလို ဂျွန်ဘော်လ်တန်ဂိုဏ်းသားတွေကိုယိမ်းသလိုလိုလုပ်ပြီး ချက်ကောင်းစောင့်နေတယ်။ ထရမ့်ပ်မှာက ပြဿနာကများလှပြီ၊ နံမည်ပျက်တွေလည်း တပုံကြီး၊ ကျော်မကောင်းကြားမကောင်းတွေကလည်း နေ့စဉ်နဲ့အမျှ။ လွှတ်တော်ကလည်း အယုံအကြည်မရှိအဆိုတင်မယ်မတင်ဘူး ယတိပြတ်မပြောပေမယ့် လူစိတ်ဝင်စားတဲ့ကိစ္စဖြစ်ဖြစ်လာနေတယ်။
အယုံအကြည်မရှိအဆိုတင်ခဲ့ရင် အဆိုနိုင်နိုင်လောက်အောင် ထောက်ခံမဲ လွှတ်တော်ထဲမှာရနိုင်ခြေနည်းလို့ လွှတ်တော်သဘာပတိနန်စီပလိုစီက ချိန်ဆနေတယ်။ သူ့သဘောအရဆို မတင်ရေးချမတင်ဘဲ။ တင်လို့ နိုင်ရင်ကောင်းတယ် မနိုင် ပိုဆိုးသွားမယ်။ ဂျိုတပ်ပြီးသားမြင်းကို အတောင်ပါ ထပ်တပ်ပေးလိုက်သလိုဖြစ်ပြီး လေသံတွေပိုမာလာမယ် ပိုတင်စီးလာမယ် ဖွဲ့စည်းပုံကို ပုံထိပါးလာမယ် လွှတ်တော်ကို ပိုသရော်မော်ကားလုပ်လာမယ်ဆိုတာ နန်စီကသိသလို ဒီမိုကရက်ခေါင်းဆောင်တွေကသိလို့ သူပြုတ်သွားတာမြင်ချင်တာမဟုတ်ဘူး ထောင်ထဲရောက်သွားတာမြင်ချင်တာလို့ ပြောနေကြတာ။ မိုက်ခ်ပန့်စ်ကတော့ သမ္မတနဲ့လွှတ်တော်ချလို့ သမ္မတရံ`ုးရင် သူပိုမြတ်မယ်။ သူ သမ္မတတက်လုပ်ရမယ်။ သမ္မတနိုင်လည်း သူကဒုသမ္မတဘဲ။ သူ့အတွက် အရှူံးမရှိတာနဲ့ အမြတ်ထပ်ထွက်တာဘဲမို့ ငြိမ်ပြီး ကျားချောင်းချောင်းနေတယ်။ အီရန်အရေးမှာလည်း ဘာသိဘာသာလိုလုပ်နေတယ်။ ဗင်နီဇွဲလားအရေးတုန်းလောက်တောင် ပြာပြာသလဲ ထဲထဲဝင်ဝင် အရေးတယူမပြောဘူး။
ခု ဂျပန်ခရီးစဉ်မှာ ရှင်ဇိုအာဘေးကို အီရန် အမေရိကန်ကြား ကြားဝင်စေ့စပ်ပေးဖို့ ထရမ့်ပ်က မေတ္တာရပ်ခံတယ်။ အာဘေးကလည်း အိုကေ လုပ်ပေးမယ်လို့ကတိပေးတယ်။ သိတ်မကြာခင်မှာ အာဘေး အီရန်သွားမယ်။ ခါမေနီနဲ့ရောအီရန်သမ္မတနဲ့ပါတွေ့မယ်။ သူ့နိုင်ငံခြားရေးဝန်ကြီးလည်းခေါ်သွားမယ်ဆိုတယ်။ နှစ် ၄ ဆယ်အတွင်း ဂျပန်အီရန်အဆင့်အမြင့်ဆုံးခေါင်းဆောင်တွေ တွေ့မယ့်ပွဲလို့ ပြောကြတယ်။ ဂျပန်ဝင်ပေးလို့ ငါတို့က အီရန်နဲ့ဆွေးနွေးရတာပါဆိုတဲ့အချိုးနဲ့ အလျှော့အတင်းလုပ်ပြီး အမေရိကန်က ဆွေးနွေးဝိုင်းရောက်တာတယ်ဆိုတဲ့ပံဖြမ်းဖို့ပါ။
ကြည့်တော့ ကြည့်ရမှာက ဒီ အရှေ့အလယ်ပိုင်းအရေးတွေ အီရန် အီရတ်ကိစ္စ ဆီးရီးယားကိစ္စ အာရဗ်ကမ္ဘာစတာတွေမှာ ဂျပန်ရဲ့နိုင်ငံရေး သံတမန်ရေးသြဇာနဲ့အရှိန်အဝါက လောက်လောက်လားလား ဘာမှမရှိခဲ့သလို ရှိလည်းရှိမနေတာဆိုတော့ သူ့စကား ဘယ်လောက် နားထောင်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါလိမ့်မယ်။ တွေးမိတာက ထရမ့်ပ်ကပြန်ပြီး ရှင်ဇိုအာဘေးကိုများ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အမည်စာရင်း တိုးတိုးတိတ်တိတ်သွင်းပေးဦးမလားဆိုတာပါဘဲ။
တကယ်တော့လည်း ဒီ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ ပေါပေါပဲပဲဖြစ်သွားတာ ကြာလှပါပြီ။
မျိုးမြင့်ချို
ဇွန် ၇၊ ၂ဝ၁၉

(ဝက်ဝံနဂါး ငွေဇယား)

0 comments
(ဝက်ဝံနဂါး ငွေဇယား)
တရုတ်ယွမ်ငွေနဲ့ ရုရှားရူဘယ်လ်ငွေကို ၂ နိုင်ငံကုန်သွယ်ငွေချေရာမှာ သုံးသွားတော့မယ်လို့ဆိုပါတယ်။ လေလောဆယ်မှာတော့ အစိုးရအစိုးရခြင်း၊ အစိုးရပိုင်ကုမ္ဗဏီတွေအချင်းကြားမှာဘဲ ထားဦးမယ်လို့ဆိုပါတယ်။ ပုဂ္ဂလိကကုမ္ဗဏီတွေလုပ်ငန်းတွေ ငွေချေကြတာကတော့ ဒေါ်လာဘဲဆက် ကြားခံထားရဦးမယ်လို႔ဆိုပါတယ်။
ဒေါ်လာကြားမခံတဲ့ကုန်သွယ်မှုလုပ်ဖို့ရာ ဘဏ်စနစ် ငွေကြေးစနစ်တွေအပြင် အခြားပြင်ဆင်လုပ်ဆောင်စရာတွေ အများကြီးကျန်သေးတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ တရုတ်က ရူဘယ်လ်ငွေကို သူ့ စတော့အိပ်ချိန်းထဲမှာ ဈေးကွက်ဖွင့်ပေးလိုက်သလို ယွမ်ငွေကိုလည်း ရုရှစတော့မာ့ကတ်တွေမှာ စတင်မိတ်ဆက်လိုက်ပါပြီ။ နိုင်ငံခြားအရန်ငွေ Foreign Reserve မှာ ဒေါ်လာအများစုထားတာကိုတော့ ၂ နိုင်ငံလုံးက သိသိသာသာလျှော့ချနေတာ ကြာပါပြီ။ လေလောဆယ်မှာကို အစိုးရငွေချေးစာချုပ်တွေ Government Bonds တွေ အပြန်အလှန် ဝယ်ကြသလို ရွှေလည်းအကြီးအကျယ် ဝယ်လှောင်နေကြတာပါ။ မနှစ်က ရုရှရွှေဝယ်လှောင်မှုဟာ စံချိန်တင်လောက်အောင်များပြားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာကုန်သွယ်စီးပွားမှာ ဒေါ်လာရဲ့ အရေးပါမှုကို ဖြည်းဖြည်းချင်းလျှော့ချတာနေတဆင့် ဖယ်ထုတ်ဖို့အထိပါ ရေရှည်ရည်မှန်းချက်ရှိတယ်လို့ ကြားပါတယ်။ တရုတ်ပါကစ္စတန်ကုန်သွယ်မှုကဏ္ဍတချို့မျာလည်း ဒေါ်လာကြားခံမှုကိုဖယ်ပေးပြီး ကိုယ့်နိုင်ငံငွေတွေ တန်ဖိုးသတ်မှတ်ချက်ညှိပြီးလုပ်နေကြတာပါ။ ကမ္ဘာ့ငွေကြေးဈေးကွက်နဲ့ ငွေကြေးစနစ်ကြီးတခုလုံးကို ရုတ်ချည်းပြောင်းလဲသွားအောင်လုပ်မရမှန်း ၂ နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ပညာရှင်တွေက သိကြလို့ သတိကြိးကြီးထားပြီးလုပ်နေကြတယ်လို့ဆိုပါတယ်။
သတင်းတခုမှာတော့ အနောက်အုပ်စုကကြီးစိုးထားတဲ့ ကမ္ဘာ့ဘဏ်တို့(World Bank) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization စတာတွေရဲ့ အခြေခံကျတဲ့ ကုန်သွယ်စီးပွားကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာ နည်းပညာတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းအသစ်တွေ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို အသစ်ရေးတန်ရေး အဟောင်းပြင်တန်ပြင် အစားထိုးတန်ထိုးတွေလုပ်ဖို့လိုလာကြောင်းလည်း တရုတ် ရုရှ ၂ နိုင်ငံလုံးက သဘောတူတယ်လို့ဆိုပါတယ်။
ကုန်သွယ်စီးပွားကြီးတဲ့နိုင်ငံတွေဖြစ်နေတာ၊ ဒေသအဝန်းအဝိုင်းတခုတည်းမှာရှိနေတာ လက်နက်နိုင်ငံကြီးတွေဖြစ်နေတာ နိုင်ငံငယ်တွေရဲ့ကံကြမ္မာ Destination ကိုပြောင်းလဲရာမှာ အရေးပါနေတာတွေကြောင့် အနောက်အုပ်စုအရင်းရှင် အစိုးရကြီးငယ်တွေသာမက ဘဏ်တွေ ငွေကြေးစနစ်တွေကပါ အကဲခတ်စောင့်ကြည့်နေကြတာတော့ သေချာပါတယ်။
(ခုရက်ပိုင်းရတဲ့သတင်းတချို့အပေါ်ကနေ ကောက်နှုတ်ချက်တွေပါ။)
မျိုးမြင့်ချို
ဇွန် ၇၊ ၂ဝ၁၉

Tuesday, June 4, 2019

(ဗမာပြည်မှာ Blimp လုပ်ဖို့တွေးမရသေးပါ)

0 comments
(ဗမာပြည်မှာ Blimp လုပ်ဖို့တွေးမရသေးပါ)
Blimp ဆိုတာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ထိုးထားတဲ့ ပလပ်စတစ်အရုပ်အကြီးစားကြီးတွေဘဲလို့ ယေဘုယျမှတ်စေချင်ပါတယ်။ အမေရိကန်မှာတော့ နူးယော့ခ်က မေစီကုန်တိုက်ကြီးက လှည့်လည်ပွဲတွေမှာတွေ့ရအများဆုံးဖြစ်မှာပါ။ လေထိုးပြီးဖောင်းကားနေတဲ့အရုပ်ကြီးတွေ မိုးပေါ်ပျံမတက်သွားအောင် ပုံမှန်အတိုင်း ဒေါင်လိုင်အလျားလိုက်ရှိနေအောင် အောက်ကနေ လူတွေက ဆိုင်းကြီုးနဲ့ဆိုင်းပြီးထိန်းရင်း ရှေ့ကို တဖြည်းဖြည်းချင်းလမ်းလေ ျှာက်ရင်း ရွှေ့ရင်း လမ်းအတိုင်းစီတန်းလှည့်လယ်ကြတာပါ။ အရုပ်ကြီးတွေက ဓရာမကြီးတွေပါ။
ခု ထရမ့်ပ် အင်္ဂလန်ကို နိုင်ငံ့ဧည့်သည်အဖြစ် ၃ ရက်ခရီး ရောက်နေတယ်။ ထရမ့်ပ်ရဲ့ နိုင်ငံခြားရေးပေါ်လစီ စီးပွားကုန်သွယ်ပေါ်လစီတွေကိုမကြိုက်တဲ့အင်္ဂလိပ်တွေက သူ့ကို မကြည်ဖြူဘူး။ အင်္ဂလိပ်အရင်းရှင်ကြီးတချို့ကလည်း မနှစ်မြိ့ုဘူး။ ဒီနေရာမှပြောတဲ့အင်္ဂလိပ်အရင်းရှင်ကြီးတချို့ဆိုတာက အင်္ဂလန်ကို အီးယူကနေခွဲထုတ်ပြီး တထီးတနန်းပြန်လုပ်ချင်တဲ့ အထည်ကြီးပျက်ဝေဒနာသည် မျက်နှာဖြူကြီးစိုးရေးဝါဒစွဲသန်တဲ့ Brexit သမားတွေဖြစ်တယ်။
ဘာလို့မနှစ်မြိ့ုရသလဲမှာ ၂ ပိုင်းရှိတယ်။ တပိုင်းက သူတို့မှာ ထီးမူးနန်းရာရှိတယ် ယဉ်ကျေးတယ် တော်ဝင်တယ် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငန်းဖြစ်တယ်။ မင်းစိုးရာဇာတွေဖြစ်တယ်။ အမေရိကန်မှာက အဲ့ဒါတွေဘာမှမရှိဘူး။ ဘူဇွာလူတန်းစားပေါ်ဦးက လက်ထဲငွေရွှင်ပြီး ပညာမတတ် မယဉ်ကျေး မသိမ်မွေ့ကုန်သည်လူတန်းရဲ့ စရိုက်ပျက်ပျက်ကြမ်းကြမ်း လက္ခဏာအပြည့်ရှိတယ်။ အလုပ် လုပ်မယ် သောက်မယ်စားမယ် ရမ်းကားမယ် လမ်းဘေးရန်ပွဲထဲလည်းပါချင်ပါမယ်။ အထက်တန်းလွှာ ပညာတတ် ယဉ်ကျေးတယ်ဆိုတဲ့ နန်းတော်ထက်ဖွား ကိန်းကြီးခန်းကြီးတွေကို လှောင်မယ်သရော် ထီမထင်တဲ့ဟန်နဲ့ မချေမငံဆက်ဆံမယ်။ ချုပ်ပြောရင် ဂေါ်ကီရဲ့ ဖိုးမာဂေါ်ဒီယက်တွေ။ ဒါက ပဒေသရာဇ်လူတန်းစားတွေ ကြီးစိုးထားတဲ့အာဏာထဲကနေဘဲ ကုန်သည်လူတန်းစားပေါ်လာကတည်းက ရှိလာတဲ့ ကျောင်းတော်ကရန်စ အပိုင်း။
နောက်တပိုင်း စစ်ကြီး ၂ စစ်အပြီး(အဆုံးသတ်ပေးလိုက်တာက ဆူးအက်တူးမြောင်းကိစ္စ) ဗြိတိန်ဟာ အထည်ကြီးပျက် ဖြစ်သွားတယ် အင်ပါယာနေဝင်သွားတယ် ပေါင်စတာလင်နေရာမှာ ဒေါ်လာဝင်တာတယ်။ အမေရိကန့်မြီစားဖြစ်သွားတယ်။ အမေရိကန် တကိုယ်တော်ကြိတ်တဲ့စစ်ပွဲတွေမှာ ကြွေးတင်လို့ဖြစ်တဲ့ကျွန်သဘောရော လက်နက်ဈေးကွက်လေးရဖို့ရော စစ်အပြီး တိုက်ရာပါဝေစုလေးရဖို့ရော အမေရိကန့်နောက်မြီးဘဝနဲ့ ဒယဉ့်တိုက်လိုက်ရတယ်။ ဒီတော့ ဖီလင်ငုတ်လာတယ်။ အငုံ့စိတ် သိမ်ငယ်စိတ်နဲ့အတူ ဇာတိပုည ဂုဏ်မာနတွေ တငြီးငြီးတောက်လာတယ်။ အနိုင်ကျင့်ခံနေရတယ်လို့ ခံစားကြရတယ်။ ဒီတော့ Brexit တွေ Britain First တွေဖြစ်လာတယ်။ တထီးတနန်းပြန်လုပ်ချင်တယ် ဘုန်းမီးနေလတောက်တုန်းက ရွှေပလ္လင်နဲ့ ကနက်ကဒန်ကို အမျိုးသားရေးလုပ်ပြီး ဇန်းပြန်တင်လာတယ်။ တပြိုင်တည်းမှာ ထရမ့်ပ့်ကလည်း America First တို့ Make America Great Again လုပ်လာတယ်။ လက်တွေ့မှာလည်း စစ်ရေးမဟာမိတ်တွေနဲ့လည်း အတိအလင်းလမ်းမခွဲပေမယ့် ခွာတော့ပြဲနေပြီ၊ စီးပွားရေးမှာလည်း ထင်ရာစိုင်းပြီး ငါတကော ကောနေတာတွေလုပ်တယ်။ ကမ္ဘာ့ဗိုလ်နေရာက မဆင်းနိုင်ဘူး။ တဂူတည်း ဘယ်ခြင်္သေ့မှ လာအောင်းတာကို မခံနိုင်ဘူး။ ဗြိတိန်ကလည်း အခြေအနေအရ ဗိုလ်လုပ်လို့မရနိုင်တော့မှန်းသိပေမယ့် ဟိုတုန်းကရွှေထီးလေး ဖုန်သုတ်ပြီး ပွဲခံချင်တယ်။ ဒီတော့ Britain First and America First တွေ ကြိတ်ပုန်းခုတ်ကြ စောင်းလားမြောင်းလားတွေပြောကြ ကလော်ကြဆော်ကြ ရိကြကလိကြတယ်။ ဒါက မကြည်ဖြူတဲ့ ဒုတိယအပိုင်း။
ထရမ့်ပ်က အမေရိကန်သမ္မတတွေထဲမှာ နံမည်အပျက်ဆုံး အပေါစားအဆန်ဆုံး စရိုက်ရောညာဉ်ပါဆိုးတဲ့အပြင် ဗီဇကိုက ပါးစပ်ရောလက်ပါသရမ်းတယ်။ အင်္ဂလိပ်တွေက သူ့ကို အထင်ပိုသေးတယ်။ ဒီကြားထဲ လန်ဒန်မြိ့ုတော်ဝန်ကို အလေနတောတွေပြော မီဂန်မာ့ခ်ကယ်ကို မသတီစရာလို့ ပြောလိုပြောဆိုတော့ ပိုပြီးဆိုးကုန်တယ်။
ဒီတော့ ထရမ့်ပ်လာတော့ အင်္ဂလိပ်တွေက ဘာလုပ်လဲ။ ချာတိတ်တယောက်က ကွင်းအကျယ်ကြီးတခုထဲမှာ မြက်တွေကို သေသေချာချာမွေးပြီး လေယဉ်ပေါ်ကနေမြင်ရလောက်အောင်ကြီးတဲ့ ယောက်ျားတန်ဆာပုံကြီးဖော်ပြီး ရိပ်ထားတယ်။ Trump ဆိုတဲ့ စာလုံးလည်း မြက်ရိပ်ပြီးဘဲထွင်းထားတယ်။ လမ်းကြောင်းကလည်း ထရမ့်လေယဉ်လမ်းကြောင်း အောက်တည့်တည့်ကြီးမှာ။ မြင်ရမှာသေချာသလောက်ဘဲ။ ဒါနဲ့မပြီးသေးဘူး၊ ထရမ့်တည်းခိုတဲ့နေရာကနေ လှမ်းမြင်နိုင်တဲ့အဆောက်အဦးမြင့်တခုရဲ့နံရံပေါ်မှာ အိုဘားမားနဲ့ထရမ့်ပ်နဲ့ပုံတွေဖော်ပြီး လူတွေဘယ်လောက် ကြည်ဖြူသလဲကို ကိန်းဂဏန်းနဲ့ပြထားတယ်။ အိုဘားမားအောက်မှာက ၇၂ ရာခိုင်နှုန်း၊ သူ့အောက်မှာက ၂၁ ရာခိုင်နှုန်း။ ဒါနဲ့လည်းမပြီးသေးဘူး။ ရွှေနဲ့လုပ်တဲ့ ဘိုထိုင်အိမ်သာခွက်ပေါ် အီအီးထိုင်ယိုရင်း တွစ်နေပုံ တော့ကင်းထရမ့်ပ်ဆိုပြီး မြိ့ုလည်ကောင်မှာချထားတယ်။ ဒါလည်း အားမရနိုင်သေးဘူး လန်ဒန်မြိ့ုမှာ လူ ၂ သိန်းခွဲကျော်က ခုနကျနော်ပြောတဲ့ Blimp ရုပ်ကြီးတွေကြိုးနဲ့ဆိုင်းပြီး မြိ့ုလုံးပတ်လည်တယ်။ အရုပ်ကို Angry Baby Trump လို့ အမည်ပြောင်ပေးတယ်။ ချေးခံသေးခံလိုဟာလေးဝတ်ထားပြီး ဒေါသထွက်နေတဲ့မျက်ခွက်နဲ့ ဆေးဆိုးဆံပင်အဝေါရာင်နဲ့။ အရုပ်ကိုက စောက်မြင်ကပ်စရာ အော်ဂလီဆန်စရာပုံပေါက်နေတယ်။ လက်ထဲမှာလည်း စမတ်ဖုန်းနဲ့။ သူက တွစ်တာမင်းသားကြီးကိုး။
ဒါက အမေရိကန်တို့ အင်္ဂလန်တို့ဖြစ်နေလို့မို့ လုပ်လို့ရတာပါ။ အဲ့ဒါ “သူတို့ဆီတောင် လုပ်လို့ရသေးတာဘဲ ဒါတို့လည်း ဘာလို့လုပ်မရမှာလဲ“မတွေးမိစေချင်ဘူး။ ဗမာ့လူ့အဖွဲ့အစည်းဆိုတာက အထင်အရှားပြောလို့ရတြ့သမိုင်းခေလတ်ကတည်းကစလို့ လူတွေကို(အအုပ်ချုပ်ခံတွေကို) ဘာသာရေးအာဏာ နိုင်ငံရေးအာဏာနဲ့ နှစ်ဖက်ညှပ်ပြီး အတွေးအခေါ်အရရော လူမှုစီးပွားဘဝအရပါ နာလန်မထူအောင်နှိပ်ကွပ်ထားတာ။ မင် း(အစိုးရ)ကို အနန္တောအနန္တထဲ မထည့်ရုံတမယ်ဘဲကျန်တာ။ မင်းကျင့်တရားဆိုတာကလည်း မင်းရဲ့ကြီးစိုးမှုနဲ့ လူညွန့်ခူးစားခွင့်ကို ဘာသာရေးဘက်နေ တရားဝင်ဖြစ်အောင်လုပ်ပေးထားတဲ့ ရှေးဟိန္ဒူလူ့အဖွဲ့အစည်း အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုရဲ့ ပဒေသရာဇ်အညှော်တိုက်မှုသက်သက်။ နောက်တခုက ဒီမကရေစီ ပြဿနာ။ ဗမာပြည်မှာက ခုရနေတာက စစ်အုပ်စုက အကန့်အသတ်ကြီးကြီးနဲ့ မတတ်သာလို့ခွင့်ပြုထားရတဲ့ စည်းကမ်းပြည့်ဝသောအမည်ခံ မသဓာရေစာ ဒီမိုကရေစီ။ အဲ့ဒီ ဒီမိုကရေစီနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ စစ်တပ်ကို ဝေဘန်လို့အဖမ်းခံရ ထောင်ချခံရတာမပြောနဲ့ ဒီမိုကရေစီအစိုးရတို့ ပြည်သူ့အစိုးရတို့ လူထုခေါင်းဆောင်တို့ နိုင်ငံတော်အတိုင်ပင်ခံတို့ကိုတောင် မထိတထိသွားပြောလို့မရဘူး။ ပြောလို့ အဖမ်းခံရသူတွေ တရားအစွဲခံနေရသူတွေလည်း ရှိနေတာငြင်းမရဘူး။ ဒီတော့ အေးအေးနေကြဦး။ မင်းအောင်လှိုင် Blimp ရုပ်ကြီး ဒေါ်အောင်ဆန်းစုကြည် Blimp ရုပ်ကြီး သီတဂူ ဝီရသူ Blimp ကြီးတွေလုပ်ဖို့ စိတ်ကူးမယဉ်ကြပါနဲ့ဦး။
ပြောမယ့်သာပြောရတာပါ။ မေအမေ့သားနီပေါတွေနဲ့စစ်ခွေးတွေကတော့ စစ်အုပ်စုကိုရော မေမေ့ကိုပါ အဲ့သလိုလုပ်ပါဆိုတောင် မလုပ်ပါဘူး။ တခြားပုံစံတွေနဲ့လုပ်နေတဲ့လူတွေကို ဖမ်းဆီးထောင်ချနေတာကိုကြည့်ပြီး အားပါးတရတောင်ရှိနေကြတာမဟုတ်လား။
မျိုးမြင့်ချို
ဇွန် ၄၊ ၂ဝ၁၉

Saturday, June 1, 2019

(ဘုန်းကြီးတွေ ဘုန်းကြီးဖို့) မ်ိဳးျမင့္ခ်ိဳ

0 comments
(ဘုန်းကြီးတွေ ဘုန်းကြီးဖို့)
ဗမာ့နိုင်ငံရေးသဘောက လူထဲမှာ သူ့လူကိုယ့်လူရှိသလို ဘုန်းကြီးထဲမှာလည်း သူ့ဘုန်းကြီး ကိုယ့်ဘုန်းကြီးဆိုတာ တောက်လျှောက်ရှိခဲ့တာပါ။ ဒီနေရာမှာ ဓသူဓ ဓကိုယ်ဓ စသည်ဖြင့်ပြောတာရတာက ဓသူ“က ဖိနှိပ်အုပ်စိုးသူ၊ “ကိုယ်“က ဖိနှိပ်အုပ်စိုးခံသဘောကို ညွှန်းပါတယ်။ လူထုဘုန်းကြီးနဲ့ အစိုးရဘုန်းကြီးလို့ဆိုလည်း မမှားပါ။
ဘယ်ဘက်မှမပါဘဲ မိမိဘာသာ ပရိယတ္တိ ပရိပတ္တ ပရိဝေဒနဲ့နေပြီး လွတ်လွတ်ကင်းကင်း သီတင်းသံုးတဲ့ကိုယ်တေ်ာတွေလည်း ရှိမှာပါ။ ရှိမှာပါလို့ပြောရတာက မသေချာလို့ပါ။ လူတွေကိုအမှီပြုပြီး ရပ်တည်ရှင်သန်ရတဲ့ပုဂ္ဂိုလ်တွေဆိုတော့ လူတွေဒုက္ခရောက်တဲ့အခါ လူတွေ(ဒကာ ဒကာမတွေ)ရဲ့လူမှုရေးဘဝ စီးပွားရေးဘဝ စားဝတ်နေရေးဘဝတွေကို ကိုယ်နဲ့မဆိုင်သလို လျှစ်လျှူရှုပြီး နေနိုင်အားမယ် မထင်လို့ပါ။
သမိုင်းဆိုင်ရာအထောက်အထားတွေအရ ပုဂံခေတ်ကစလို့ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ ကုန်းဘောင်စတဲ့ မင်းအဆက်ဆက်မှာလည်း “ကိုယ့်ဘုန်းကြီး“တွေကို တွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီခေတ်တွေက ကိုယ့်ဘုန်းကြီးဆိုတာတွေက ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ စစ်အစိုးရအဆက်ဆက်ခေတ်က ဘုန်းကြီးတွေနဲ့ တထပ်တည်းထားတွေးလို့တော့မရပါ။ ပဒေသရာဇ်ခေတ် ကိုယ့်ဘုန်းကြီးဆိုတာ မင်းဆိုးမင်းညစ်ဘက်ကမရပ်တဲ့ဘုန်းကြီးတွေလို့ ယေဘုယျပြောရမယ်ထင်ပါတယ်။
ဒီ့နောက်ပိုင်းပေ်ါထွက်လာတဲ့ ကိုယ့်ဘုန်းကြီးတွေထဲမှာ တပြည်လံုးဗြိတိသျှလက်အောက်ကျသွားတော့ လက်နက်ကိုင်ခုခံခဲ့တဲ့ ဦးဥတ္တမဆိုတဲ့ကိုယ်တေ်ာတပါးဆို အလွန်ထင်ရှားပါတယ်။ ရဟန်းက လက်နက်မကိုင်စကောင်းမို့ လူဝတ်လဲ ဗိုလ်ဥတ္တမဘွဲ့ခံခဲ့ပေမယ့် သူဟာ ကိုယ့်ဘုန်းကြီးပါ။ အလားတူစွာတဘက်မှာလည်း ကိုလိုနီခေတ်မှာ သူ့ဘုန်းကြီးဖြစ်ခဲ့တဲ့ဘုန်းကြီးတေမှ နည်းလား။ ကိုယ့်ဘက်မှာလည်း ဦးဥတ္တမကိုယ်တေ်ာကြီး အာဇာနည်ဦးဝိစာရစသည်ဖြင့် ကိုယ့်ဘုန်းတေ်ာကြီးတွေ အထင်အရှားရှိသလို မထင်မရှားကိုယ်တေ်ာတွေလည်း မနည်းပါ။
ဖက်ဆစ်ဂျပန်အုပ်စိုးတဲ့ ကာလတိုလေးမှာတောင် ကိုယ့်ဘုန်းကြီးကအများစုပေမယ့် သူ့ဘုန်းကြီးတချို့လည်း ရှိခဲ့ပါတယ်။ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ်၊ အိမ်စောင့်၊ တေ်ာလှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ၊ ကြံ့ဖွံ့၊ ၿီဴ စသည်ဖြင့် အစိုးရနံမည်တွေ ဘယ်လိုပြောင်းပြောင်း “သူ“ “ကိုယ်“ဆိုတဲ့သဘောက အထင်အရှားရှိပါတယ်။
နဝတ နအဖ ခေတ် ကိုယ့်ဘုန်းကြီးလှုပ်ရှားမှုတွေထဲမှာ သပိတ်ကံဆောင်မှုဟာ ထင်ရှားသလို ၂ဝဝ၇ ရွှေဝါရောင်တေ်ာလှန်ရေးဆိုလည်း ကမ္ဘာနဲ့ချီ ကြီးကျယ်ခဲ့တာပါ။ တဘက်မှာလည်း အစိုးရတွေက သူ့ဘုန်းကြီးတွေ အစွမ်းကုန်ပါဝပေး အနမတဂ္ဂမွေးပြီး ဖေ်ာခဲ့ စုခဲ့ လူထုကို အတွေးအခေ်ါအရ ပိပြားနေအောင်လုပ်ခဲ့တာလည်း မနေမနားပါ။
သူ့ဘုန်းကြီးတွေလှုပ်ရှားစုဖွဲ့မှုမှာ ၉၆၉၊ မဘသနဲ့ ဝီရသူဂိုဏ်းဟာ ဘာသာရေး လူမျိုးရေးအခြေခံအကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေမှာ နံမည်ဆိုးနဲ့အလွန်ကျေ်ာကြားပါတယ်။ ခုမှသာ ဂိုဏ်းခေါင်းဆောင်အဖြစ် ဝီရသူတယောက်တည်း ထီးတည်းကြီးလိုဖြစ်နေပေမယ့် ဝိုင်းလက်ညှိုးထိုးကြပေမယ့် လက်မွန်မဆွကတော့ သီတဂူတို့ ရွှေညဝါတို့ အင်းစိန်ရွာမကျောင်းဆရာတေ်ာတို့ မကွေးကျောင်းပါမောက္ခတို့ဟာ ထိပ်သီးကြီးတွေပါ။ အခြေအနေကြည့်ပြီး လက်လျှိုတန်လျှို အချိုသပ်တန်သပ် နောက်တန်းပြန်ဆင်းတန်ဆင်း လုပ်နေကြတာပါ။ ဒါတွေက လူတိုင်းသိပြီးသားပါ။
စေ့စေ့တွေးကြည့်ရင် ဘာမှ အဆန်းတကြယ်လည်း ဖြစ်စရာတော့မရှိပါ။ နိုင်ငံရေးသဘောမို့ သူ့ဘက်ကိုယ့်ဘက် သူ့လူကိုယ်လူကတော့ ခေတ်တိုင်းစနစ်တိုင်းမှာရှိရမှာပါ။ ဗမာ့လူ့အဖွဲ့အစည်းလို ဘာသာရေးရေးနဲ့နိုင်ငံရေး ဒွေးရောယှက်တင် နှစ်ပင်လိမ်နေတဲ့ပြည်မျိုး ထားပါဦး ဘာသာရေးနဲ့နိုင်ငံရေး တနည်းပြောရရင် ွနစေမေအငသည သ္ ဃ့ကမခ့ ေညိ ွအေအန လို့ဆိုတဲ့နိုင်ငံတွေမှာတောင် အဲ့ဒီ ၂ ခုဟာ အခြားပံုစံတွေနည်းတွေနဲ့ တကောင့်အမြီး တကောင်ချည်ထားတာမျိုးပါ။
တနည်းပြောရရင် နှစ်ဦးနှစ်ဖလှယ်ရဲ့ အကျိုးစီးပွားတွေပါ။ ဒီနေရာမှာ ဗမာပြည်ဗုဒ္ဓဘာသာဘုန်းတေ်ာကြီးတွေအနေနဲ့ဆိုရင်တော့ အကျိုးစီးပွားလို့ ဆိုတာက ဘုန်းကြီးဝတ်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ သင်္ကန်းဝတ်တွေကိုပြောတာလို့ မှတ်စေ့ချင်ပါတယ်။ အခွင့်ထူးခံ ဘုန်းကြီးခရိုနီတွေကို ဆိုလိုတာပါ။
ကိုယ့်ဘုန်းကြီးတွေမှာလည်း အကျိုးစီးပွားရှိပါတယ်။ သူတို့အကျိုးစီးပွားက အဖိနှိပ်ခံလူထု(ဒကာ ဒါယိကာမ)တွေရဲ့ အကျိုးစီးပွားကိုရှေးရှုပါတယ်။ သူတို့ တဦးချင်းပုဂ္ဂလသဘော ကိုယ်ကျိုးစီးပွားမဟုတ်ပါ။
ဆိုတော့ ကျနေ်ာတို့ဟာ သူ့ဘုန်းကြီး ကိုယ့်ဘုန်းကြီးဆိုတာကို ဘာသာရေးနဲ့နိုင်ငံရေး၊ အစိုးရနဲ့ပြည်သူပြည်သား၊ ဖိနှိပ်အုပ်စိုးသူနဲ့ ဖိနှိပ်ခံအုပ်ချုပ်ခံဆိုတဲ့သဘောကနေ ချဉ်းကပ်ရှုမြင်ဖို့လိုမယ်ထင်ပါတယ်။ အဲ့သလိုမြင်နိုင်မှသာ အတွေးအခေ်ါအရ ရှင်းလင်းသွားမှာပါ။ အဲ့သလိုရှင်းလင်းသွားမှ “ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းတယ်“တို့၊ “နိုင်ငံရေးသမားက ဘာသာရေးကို အသံုးချတယ်“တို့ ဆိုတဲ့ပြောစကားတွေဟာ အကာပြဲ့ပြဲ့အနှစ်မဲ့တွေမှန်း တွေ့မြင်လာမှာဖြစ်ပါတယ်။ အဲ့သလိုရှင်းလင်းသွားမှသာ “ဘာသာရေးနဲ့နိုင်ငံရေး မပတ်သက်ရဘူးတို့၊ ပတ်သက်ရမယ်တို့“ ဆိုတဲ့ကိစ္စဟာ လောလောဆယ်မှာ စကားလုပ်ပြောနေစရာအကြောင်းမဟုတ်မှန်း ထင်း သွားမှာပါ။
ကျနေ်ာတို့ ဒီမိုကရေစီရေးမှာ၊ လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဆန့်ကျင်ရေးမှာ၊ ၂ဝဝ၈ ဖွဲ့စည်းပံုဖျက်သိမ်းရေးမှာ၊ ချုပ်ပြောရရင် ကျနေ်ာတို့နိုင်ငံရေးမှာ၊ ကျနေ်ာတို့တိုင်းပြည်မှာ၊ ကျနေ်ာတို့ဗမာ့လူ့အဖွဲ့အစည်းမှာ “ကိုယ့်ဘုန်းကြီးတွေ ပါဝင်မြဲပါဝင်နေဖို့ လိုအပ်နေပါသေးတယ်“။
“ကိုယ့်ဘုန်းကြီးတွေ ဘုန်းကြီးဖို့လိုပါတယ်“
“ကိုယ့်ဘုန်းကြီးတွေ သက်ရှည်ဖို့လိုပါတယ်“
မျိုးမြင့်ချို
မေ ၃၁၊ ၂ဝ၁၉