Thursday, January 21, 2021

ကာနယ်လ်ချစ်ကောင်းရဲ့ “အနှစ် နှစ်ဆယ်” စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ

0 comments

ကာနယ်လ်ချစ်ကောင်းရဲ့ အနှစ် နှစ်ဆယ် စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ

ဗိုလ်မှူးချစ်ကောင်းစာအုပ်ပြန်လည်ထုတ်ဝေရာမှာ အမှာစာရေးပေးဖို့တောင်းခံတော့ ချက်ချင်းပဲ လိုလိုချင်ချင် ရေးပေးမယ်လို့ပြောခဲ့ပါတယ်။ သူတို့အပေါ်မှာ အကြွေးဆပ်စရာရှိနေလို့ပါ။

 

ပထမဦးဆုံးရေးတာလည်းြစ်၊ နောက်ဆုံးရေးတာလည်း ဖြစ်ချင်ဖြစ်ပေမယ့် အမှာကို ရှည်ရှည်ရေးခွင့်ပြုပါ။ စာရေးသူအကြောင်း၊ စာအုပ်အကြောင်းက အားလုံးသိနေပြီးကြပြီဖြစ်လို့ မှာစရာသိတ်မရှိလှပါ။ ဆပ်စရာကြွေး မရေးခင် ပုဂ္ဂိုလ်အကြောင်း သိသလောက်တော့ ရေးပါမယ်။

 

ကိုချစ်ကောင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလှုပ်ရှားမှုအတွင်းမှာ တွေ့ကြတာနည်းပါတယ်။ တနေရာစီမှာ တာဝန်ယူနေရ လို့ပါ။ တခါတလေ တွေ့ကြတော့လည်း ပါတီရဲ့လမ်းစဉ်အကြပ်အတည်းကိစ္စကိုပဲ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတာ များပါတယ်။ သူဟာ ရိုးသားသူ၊ ပွင့်လင်းသူ၊ အကောက်မကြံသူ၊ ပြည်သူ့အကျိုးကိုဦးထိပ်ထားသူလို့ တထစ်ချ ပြောနိုင်ပါတယ်။ အဲဒီဂုဏ်ုဒ်တွေအပြင် လူထု၊ တပ်ထု၊ အောက်ခြေထုနဲ့ အလွန်နီးစပ်သူ၊ ဟာသရှိသူလည်း ဖြစ်ပါတယ်။

 

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးပြီးစက ပါတီဌာနချုပ်မှာ လူစည်ကားပါတယ်။ ကွန်မြူနစ်တွေချည်း စည်ကားနေတာမဟုတ်ပါ။ လေထီဆင်းတွေ၊ ဖက်ဆစ်တော်လှန်ရေးသမားတွေ အတော်လေးစုံပါတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီဆိုတာ မရှိသေးပါ။ ဖဆပလနဲ့ ကွန်မြူနစ်ပဲရှိပါတယ်။ ဒါ့ကြောင့် စစ်အပြီး နိုင်ငံရေးသမားလူငယ်တွေရဲ့မိတ်ဆုံပွဲကြီးလို ဖြစ်နေပါတယ်။ နောင်အခါမှာ ဖဆပလအစိုးရ အဖွဲ့အတွင်းနဲ့ တခြားအစိုးရဌာနတွေမှာ ထိပ်တန်းတာဝန်ယူသူတွေပါ ရှိနေကြပါတယ်။ လူစုံတာကို ပြောချင်တာပါ။

 

အဲ့ဒီကာလကို ဗမာပြည်နိုင်ငံရေးလောကမှာ နောင် လူသုံးများလာမယ့် နိုင်ငံရေးဝေါဟာရတွေတီထွင်ကြတဲ့ ကာလပိုင်းလို့ ဆိုနိုင်ပါတယ်။ အတွေ့အကြုံလည်းစုံ၊ လူမျိုလည်းစုံ၊ ခေတ်ပညာလည်းတတ်ကြတော့ တီထွင် ကြပါတယ်။ အငြင်းအခုန်တွေလည်း များပါတယ်။ တနေ့မှာ လူထုဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး အငြင်းအခုန် ဖြစ်ပါတယ်။ People ကို ပြည်သူ၊ Mass ကို လူထုလို့ အများသဘောကြိုက်ညီကြပါတယ်။ စောစောက ဒီနှစ်ခု ရောနေပါတယ်။ မန္တလေးမှာတုန်းက People ကို လူထုလို့လည်းပြန်ခဲ့ကြပါတယ်။ အခုထက်ထိတော့ လူထုတိုက်ရဲ့ အထိမ်းအမှတ် (Logo)ကိုကြည့်ပါ။ အဲ့ဒီအတိုင်း ပြန်ထားပါတယ်။ သူက သမိုင်းပစ္စည်းမို့ ပြင်ဖို့မလိုပါ။

ရန်ကုန်ရောက်ကြတော့မှ ပါတီက ပြည်သူနဲ့လူထု ဝေါဟာရဘာသာပြန် ပြောင်းသွားတာဖြစ်ပါတယ်။ မန္တလေးမှာတုန်းကတော့ အားလုံး တသဘောထဲပါ။ ကြီးပွားရေးဦးလှက အဲ့ဒီ လူထုကို သိပ်စွဲလမ်းနှစ်သက်ပြီး လူထုဦးလှဖြစ်သွားပါတယ်။

 

ရန်ကုန်ရောက်တော့ ဝေါဟာရပြောင်းတာအများညီပေမယ့် လူထုကိုဘယ်လိုစာလုံးပေါင်းမလဲဆိုတာမှာ ကွဲပါတယ်။ ကိုချစ်ကောင်းနဲ့တချို့က ဒုလို့ပေါင်းချင်တယ်။ အများက ထုကိုပဲကြိုက်ကြတယ်။ အငြင်းအခုန်ပြင်းထန်တဲ့တညမှာ သူဟာ တိုက်နံရံမှာ ဒုဆိုတာတွေ မြေဖြူနဲ့လျှောက်ရေးပါတယ်။ ဒါပေမဲ့ ကိုဗဟိန်းတို့ပါတီခေါင်းဆောင်တွေက ထုကိုပဲအတည်ပြုပေးလို့ သူဟာ ထုပဲ တသက်လုံးရေးသွားပါတယ်။ ပြောချင်တာက ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သူ့ရဲ့ပါတီသက်တသက်လုံး လေးစားလိုက်နာတာပါပဲ။ ဘယ်လောက်အထိ လိုက်နာသလဲဆိုရင် သူ့ အနှစ် ၂၀ စာအုပ်အပေါ် အမြင်မကြည်လင်သူတွေက သူ့ကို နေရာချထားမှုမှားနေတာတောင် အသက်သေသည်အထိ သူ လိုက်နာသွားပါတယ်။      

 

သူ့အကြောင်း ဒီလောက်နဲ့နားပါမယ်။ ဆပ်စရာကြွေးကိစ္စဆက်ပါမယ်။ ပါတီရဲ့ တတိယကွန်ဂရက်စ်မတိုင်မီ ၁၉၇၅ ကတည်းက လက်ဝဲစွန်း အမှားနဲ့ပတ်သက်တဲ့ဆပ်စရာကြွေးတွေကို ဆပ်ပြီပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းက သဗ္ဗေသတ္တာဆပ်ထားတာဖြစ်လို့ အခု အတိအကျ အပြေအလည်ဆပ်ချင်တာပါပဲ။

 

လက်ဝဲစွန်းအမှားဆိုတာကို ဖြုတ်ထုတ်သတ်လမ်းစဉ်အမှားကို ပြောတာပါ။ ဒီ ဖြုတ်ထုတ်သတ်ဆိုတာ ပါတီတွင်းက သီးသန့်သုံးတဲ့ Jargon (အသုံးအနှုံး)ပါ။ တရားဝင်အမည်က ပါတီတွင်းတော်လှန်ရေးလမ်းစဉ်ပါ။ ဘရောက်ဒါဝါဒ လမ်းစဉ်၊ ၅၅ လမ်းစဉ်၊ ၆၄ လမ်းစဉ် စသည်ဖြင့် သုံးသလိုမျိုးပါ။ ဒါပေမယ့် ပါတီတွင်း သီးသန့်ဝေါဟာရက သစ္စာဖောက်နဲ့စစ်အစိုးရပေါင်းပြီး တပြည်လုံးကိုဖြန့်လိုက်တော့ ပြန့်သွားပါတယ်။ ဒါ့ကြောင့် တိုတိုပဲ ဖြုတ်ထုတ်သတ်လို့ သုံးလိုက်တာပါ။ ကွန်မြူနစ်တွေက ဝေါဟာရကို မကြောက်ပါဘူး။ ပါတီကို အလံဖြူလို့ သခင်စိုးက သမုတ်ခဲ့တယ်။ ဘယ်သူက အလံဖြူရုံနဲ့အားမရပဲ ရန်သူနဲ့ပေါင်းသွားသလဲဆိုတာ သမိုင်းက ပြပြီးပြီပဲ။

ပါတီက ဆပ်စရာအကြွေးတွေအားလုံးလောက် ဆပ်ပြီးပါပြီ။ နိုင်ငံခြားတင်တဲ့ကြွေးတောင် ပါပါတယ်။ ဒါလည်း ဆပ်ပြီးပါပြီ။ ဥပမာ ရဲဘော်ဂိုရှယ်ကိစ္စဆိုရင် အိန္ဒိယပြည်ကွန်မြူနစ်ပါတီအပေါ်တင်တဲ့အကြွေးပါ။ ကြွေးအားလုံး ကြေခဲ့ပါပြီ။

 

အခုဆပ်မယ့်အကြွေးက ရဲဘော်ချစ်ကောင်းနဲ့ ကိုသက်၊ ကိုဗဆွေလေး၊ ကိုစိုးဝင်း၊ ကိုကျော်ခင်၊ ကိုအောင်သိန်းနိုင်၊ ကိုခင်ဝင်း စသူတွေအပေါ် တင်ခဲ့တဲ့ကြွေးပါ။ ရှေ့ကရဲဘော် ၃ ယောက်ဟာ လက်ဝဲစွန်းလမ်းစဉ်မှားရဲ့ ပါတီ တည်ဆောက်ရေးနဲ့စစ်ရေးလမ်းစဉ်မှားမှုကြောင့် ကျဆုံးတာပါ။ ကာယကံမြောက် လက်ဝဲစွန်းအမှားရဲ့သတ်ဖြတ်ခြင်း ခံရတာ မဟုတ်ပါဘူး။ နောက် ရဲဘော်တချို့သာ ကာယကံမြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရန်သူကသတ်၊ အချင်းချင်းကသတ်နဲ့ ပါတီရဲ့ ပြည်တွင်းမြေအောက်အဖွဲ့အားလုံးနဲ့ အခြေခံဒေသအားလုံးဆုံးရှုံး ခဲ့ပါတယ်။ တကယ့်ကို အားလုံးပါ။ တော်လှန်ရေးအဆက်ဆက် အခြေခံခဲ့ရာတွေ ဆုံးရှူံးသွားပါတယ်။ နယ်စပ်မှာပဲ အခြေခံကျန်ပါတယ်။ တပါတည်း ကိုယ့်အားကိုယ်ကိုးအခြေခံလည်း ဆုံးရှူံးသွားပါတယ်။

 

ဒါတွေဟာ ၈၉ ထိခိုက်နစ်နာမှုရဲ့ ခပ်ဝေးဝေးက အကြောင်းတရားတွေပါ။ အနီးဆုံးအကြောင်းတရားကတော့ စစ်အေးခေတ်ြီးဆုံးခြင်းပါ။ နဝတ စစ်အစိုးရတို့၊ ဗိုလ်ခင်ညွန့်တို့ရဲ့ ကျွမ်းကျင်လိမ္မာမှုကြောင့် ငြိမ်းအဖွဲ့တွေ ပေါ်လာတာမဟုတ်ပါဘူး။

 

ဗကပ ၈၉ မှာ ထိခိုက်နစ်နာတာရဲ့ အဓိကတရားခံက လက်ဝဲစွန်းလမ်းစဉ်နဲ့ ကိုယ့်အားကိုယ်ကိုးအခြေခံ ပျက်ပြားမှုပါပဲ။

တရုတ်ပြည်တော်လှန်ရေးကာလက လီလီစန်း၊ ဝမ်မင် လက်ဝဲစွန်းအမှားကြောင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိခိုက်တာမျိုးဖြစ်ပါတယ်။ တရုတ်ပြည်မှာဆိုရင် ဒေသဖြူက မြေအောက်အဖွဲ့အားလုံး အခြေခံဒေသ တော်တော် များများဆုံးရှုံးပြီး ခရီးရှည်ချီတက်ရတာမျိုးပါပဲ။

ကျနော်တို့ရဲ့ လက်ဝဲလမ်းစဉ်အမှားက တရုတ်ပြည်ထက်ပိုကြာပါတယ်။ ဘာ့ကြောင့်လဲ။ အမှားကိုမြင်ခွင့်နဲ့ ပြင်ခွင့်မရတာ နောက်ကျလို့ပါ။ ခါတိုင်းမှားရင် ဥက္ကဌသခင်သန်းထွန်းပဲမှားပြီး သူပဲစပြီး ပြင်ခွင့်ရခဲ့တာချည်းပါပဲ။ ၆၈ မှာတော့ သူကျဆုံးသွားလို့ အမှားမြင်ခွင့်၊ ပြင်ခွင့် သူ မရလိုက်ပါ။ ဥက္ကဌသခင်ဇင်လည်း အဲ့ဒီလိုပါပဲ။ ပြင်ခွင့်ရမသွားပါ။ သူက မှားနေတာကို မမြင်လို့မဟုတ်ပါ။ မြင်ပါတယ်။ ပြင်ဖို့အချိန်မရတာပါ။

 

တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးလုပ်တာကြတော့ ဘာ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီလောက် မနာသလဲ။ ရှင်းပါတယ်။ အခြေအနေခြင်း မတူကြလို့ပါ။ တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေးကို ကြိုက်သလောက်လုပ်၊ ပါတီကို ရန်သူက မချေမှုန်းနိုင်ပါ။ ကေအမ်ဒီက ထိုင်ဝမ်ပြေးနေရပြီ။ အမေရိကန်ရဲ့နယ်ချဲ့အောက် ခိုလှုံနေရတာ ကြာပါပြီ။ အမေရိကန်ကလည်း ၁၉၅၀-၅၃ မှာ ကိုးရီးယားစစ်ပွဲနဲ့ အားစမ်းထားပြီးသား။ အကြောင်းသိဖြစ်နေတယ်။ လောလောဆယ်လည်း ဗီယက်နမ်မှာ မရှူနိုင်မကယ်နိုင်ဖြစ်နေတယ်။ ပြီးတော့ တခြားစပါပါဝါကလည်း ရှိနေသေးတယ်။ သူ လုပ်ချင်ဦး မလုပ်နိုင်ပါ။

 

တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးကို သူတို့ဆက်လုပ်နေလည်း တတိတိ တဖြည်းဖြည်းထိခိုက်တာပဲရှိမယ်။ ဗမာပြည်လို မဖြစ်နိုင်ဘူး။ ဗမာပြည်မှာက ရန်သူအင်အား အများကြီးရှိနေတယ်။ လုပ်နေတာကလည်း ရန်သူအားကြီးရာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည် ဝိုင်းပတ်နေတဲ့ပဲခူးရိုးမမှာ

ရန်သူကို တဖက်ကတိုက်ရင်း ဆန်သယ်စားပြီး တောထဲမှာလုပ်နေရတဲ့ဘဝပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်ကို တရုတ်ပြည်ပါတီက လုပ်ခိုင်းနေတာလို့ရေးထားတဲ့စာအုပ် ဖတ်ရပါတယ်။ သူရေးတာနဲ့ ပြောင်းပြန်ပါပဲ။ အခြေအနေမသိပဲ အဝေးကနေ အကြံပေးမှားတာကိုခံရဖူးတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဘယ်တော့မှ အဲ့ဒီ အကြံပေးတာမျိုးမလုပ်ပါ။ တကယ့်ဖြစ်ရပ်မှန် မသိလို့သော်လည်းကောင်း၊ တရုတ်ပြည်နဲ့ တရုတ်ပါတီဆန့်ကျင်ရေး ရေးမှ စားသာမှာမို့ သော်လည်းကောင်း၊၊ နှစ်ခုစလုံးသော်လည်းကောင်း အဲ့ဒီလူက လူတတ်လုပ်ပြီးရေးတာ ဖြစ်ပါလိမ့်မယ်။

 

တဖန် ပဲခူးရိုးမမှာ မှားနေတာကို နယ်စပ်က ထိုင်ကြည့်နေသလားလို့မေးရင် ထိုင်မကြည့်ဘူး၊ လုပ်စရာအားလုံး လုပ်တယ်လို့ပဲ ဖြေရပါမယ်။ ၁၉၆၈ တုန်းက ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းဆီ ထောင်ထဲကနေစာပို့တယ်။ စာရဲ့အချုပ်သဘောကတော့ နယ်စပ်ကနေ ပဲခူးရိုးမကို ဟိုချမင်းလမ်းဖွင့်ခွင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုမပေးပါနဲ့၊ ပေးမိရင်သွားပြီ၊ သူတို့စစ်အုပ်စုရှုံးပြီလို့ရေးတာပါပဲ။ ဒါ့ကြောင့် အဲ့ဒီလမ်းမပွင့်အောင် နည်းမျိုးစုံနဲ့လုပ်တယ်။ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ အင်းလေး၊ ပျဉ်းမနား၊ ရွှေကျင်နယ်၊ ညောင်လေးပင် ရှေ့မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ၊ အဲ့ဒါကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ တဖက်ကလည်း ပါတီထဲမှာ လမ်းစဉ် ၂ ခု၊ ဗဟို ၂ ခုမဖြစ်အောင်လည်း ထိန်းရပါတယ်။လက်ဝဲလမ်းစဉ်များကိစ္စ ဒီလောက်ပဲရေးပါ့မယ်။

 

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုမှာ ဖွဲ့တော့ဘယ်သူတွေပါကြသလဲ။ ဗကသ ဟောင်းတွေချည်းလို့ ဆိုရ မလောက်ပါပဲ။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ဂိုရှယ် စသူများအပြင် နယ်က ဗကသဟောင်းတွေချည်းပါပဲ။

ရဲဘော်ချစ်ကောင်းလည်း အဲ့ဒီမျိုးဆက်က ဗကသဟောင်းပါပဲ။ ကျောင်းသားမျိုးဆက်ဆိုတာ မျိုးဆက်ပြောင်းတာ မြန်ပါတယ်။ ကျောင်းဆွေးဆွေး နေတဲ့သူကလွဲရင် တက္ကသိုလ်ပဲဖြစ်ဖြစ်၊ အထက်တန်းကျောင်းပဲဖြစ်ဖြစ် ၄-၅ နှစ်တကြိမ် မျိုးဆက်ပြောင်းနေတာပါပဲ။

 

ဖက်ဆစ်တော်လှန်ရေးအထိ အဲ့ဒီလိုပဲ ပါတီအတွက်အားသစ်တွေ ဗကသ ကနေ လာနေတာပါ။ ဗကသဟောင်းဟာ နိုင်ငံရေးသာ ဆက်လုပ်ဖြစ်ရင် ဗကပပဲအဖြစ်များပါတယ်။ ဗကသ သမိုင်းကိုပဲ လေ့လာကြည့်ပါ။ တရားဝင်ဗကသဟာ ၁၉၆၂ မှာ တကသအဆောက်အဦးနဲ့အတူ အဆုံးသတ်သွားပါတယ်။ အဲ့ဒီ ၁၉၆၂ ဗကသ နောက်ဆုံးမျိုးဆက် တောခို ကြတော့ ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်နဲ့ တိုးမိပါတယ်။ ထိခိုက် ကျဆုံးပါတယ်။ အဲ့ဒါကိုပဲ ပါတီအပေါ်တင်တဲ့အကြွေးလို့ ကျနော် ယူဆပါတယ်။ ဒါ့ကြောင့် ကြွေးဆပ်တယ်လို့ သုံးလိုက်တာပါပဲ။

 

ဒါဟာလည်း ယာယီပြတ်တောက်သွားတဲ့မျိုးဆက်ပါ။ ကျောင်းသားလှုပ်ရှားမှုရှိရင် ဗကသရှိပါတယ်။ တရားဝင်ပုံစံနဲ့မဟုတ်ရင်လည်း မြေအောက်ပုံစံရှိပါတယ်။ မဆလ စစ်အစိုးရခေတ်၊ နဝတ နအဖ စစ်အစိုးရခေတ်လှုပ်ရှားမှုသမိုင်းမှာ လက်နက်ကိုင်ဗကပနဲ့ မြေအောက်ဗကသ လက်တွဲခဲ့တာချည်းဖြစ်ပါတယ်။ လက်ဝဲစွန်းလမ်းစဉ်မှာ ပါတီတည်ဆောက်ရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်၊ မြေယာလမ်းစဉ် စသည်ဖြင့်ရှိပါတယ်။ အားလုံး လက်ဝဲစွန်းချည်းပါ။ အဲ့ဒီကြွေးတွေတင်နေတာကိုဆပ်ဖို့ ပါတီမှာ တာဝန်ရှိပါတယ်။ လူသိရှင်ကြားမှားခဲ့တဲ့အမှားကို လူသိရှင်ကြားပြင်ချင်လို့ အမှာရေးလိုက်တာပါ။

 

ဗိုလ်(ဒေါက်တာ)မောင်မောင် ၁၉၈၈ တုန်းက တကသအဆောက်အဦးကို ပျော်တပါးတည်ဆောက်ကြပါစို့လို့ ပြောခဲ့ပါတယ်။ သူတို့ဆောက်ပေးမှ မဟုတ်ပါ။ ကျောင်းသားများရဲ့ တရားဝင်ဖြစ်လာတဲ့ ဗကသကပဲ တည်ဆောက် ကြရပါ့မယ်။ ဒီမိုကရေစီရှိမရှိ ပြဒါးတိုင် တိုင်းချင်ရင် သမဂ္ဂကြီး(၄)ခု ရှိမရှိနဲ့တိုင်းရမယ်လို့ ယူဆပါတယ်။ ဗကသ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ လုပ်ငန်းအလိုက်သမဂ္ဂများ ဒီလေးခုကို ဆိုလိုပါတယ်။

 

ရဲဘော်ချစ်ကောင်းဟာ ဗကပ ပထမဦးဆုံးထုတ်တဲ့ပြည်သူ့အာဏာမှာ စာတည်းအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ကျောင်းသား ဘဝကလည်း စာရေးဖူးတဲ့ လက်စလက်နရှိလို့ အရေးအသားကျွမ်းကျင်ပါတယ်။ သူရေးခဲ့တဲ့ အနှစ် နှစ်ဆယ် ပြန်ထုတ်တဲ့ရဲဘော်များကို ကျေးဇူးတင်ပါတယ်။

 

ရဲဘော်ချစ်ကောင်းဟာ ဗဟိုချုပ်ကိုင်မှုကိုနာခံရင်း ကျဆုံးပါတယ်။ ဂုဏ်ရောင်ပြောင်တဲ့ကျဆုံးမှုပါ။

ဗဟိုချုပ်ကိုင်မှုကို ရဲဘော်ချစ်ကောင်း နာခံတာဟာ မျက်ကန်းနာခံမှုမဟုတ်ပါ။ ပါတီရဲ့အများဟာ ရပ်တည်ချက်အမှားမဟုတ်တာကို သူ သိပါတယ်။ ပါတီရဲ့အမှားက မူကိုပစ်ပယ်ပြီး ရန်သူနဲ့ပေါင်းတဲ့အမှား မဟုတ်ပါဘူး။ ဗကပဟာ ပါတီသက် (၆ဝ)ကျော်အတွင်း ရပ်တည်ချက် အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။ မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား၊ နည်းနာအမှားများဖြစ်ပါတယ်။ ရပ်တည်ချက်၊ အမြင်နဲ့နည်းနာ ဒီ ၃ ခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ။ ဒါ့ကြောင့်လည်း ရဲဘော်ချစ်ကောင်းဟာ ရန်သူကိုအမုန်းလွန်သွားပြီး အစွန်းရောက်တဲ့အမှားကို သည်းညည်းခံပြီး ဗဟိုချုပ်ကိုင်မှုကို နာခံခဲ့တာပါပဲ။

ရဲဘော်ချစ်ကောင်းဟာ ရပ်တည်ချက်မှားသွားရင် ဘယ်သူမှားမှား သည်းညည်းခံငြိမ်နေမှာမဟုတ်တဲ့လူစားမျိုး၊ မူအပေါ်မှာ အလွန်ကြံ့ခိုင်တဲ့ကွန်မြူနစ်ကောင်းရဲဘော်ကြီးဖြစ်ပါကြောင်း။

ရဲဘော်ကျင်မောင်

၃ လပိုင်း ၂ ရက် ၂ဝဝ၁ ခု

အမျိုးသားညီညွတ်ရေးတဲ့လား

0 comments
(အမျိုးသားညီညွတ်ရေးတဲ့လား)
အမေရိကန်မှာက ရွေးကောက်ပွဲပြီးလို့ သမ္မတအသစ်တက်လာရင် သူက အမျိုးသားညီညွတ်ရေးကိစ္စကို ဦးစွာပထမပြောရ လုပ်ရပါတယ်။ ပြောရတာက မိန့်ခွန်းထဲမှာဖြစ်ပြီး လုပ်ရတာက ရွေးကောက်ပွဲကြောင့် အထိုက်အလျှောက် စိတ်ဝမ်းကွဲကြတဲ့ပြည်သူတွေကို ဘယ်သူ့မှသာစေနာစေသဘောမထားပဲ အားလုံးရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေရအောင် အာမခံပေးလက်တွေ့လုပ်ပေးရတာပါ။ တခါတလေဆို ရွေးကောက်ပွဲမှာရှုံးသွားတဲ့ဘက်က လူတွေကိုတောင် အစိုးရရာထူး(နိုင်ငံရေးရာထူး)တွေမှာ ပြန်ခန့်ပေးတာမျိုးရှိပါတယ်။ ဒါကို အမျိုးသားစည်းလုံးရေး ဒါမှမဟုတ် အမျိုးသားညီညွတ်ရေးလုပ်တယ်လို့ သုံးပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရတို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့တယ်တို့ စသည်ဖြင့်တော့ မသုံးကြပါ။
ခု ဗမာပြည်မှာက ရွေးကောက်ပွဲအနိုင်ရပါတီ NLD က အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ အတိအလင်းပြောထားတာရှိပါတယ်။ ပြီးတော့ အထူးဆက်သား ၃ ယောက်ကိုရွေးချယ်ပြီး လူမျိုးစုဒေသတွေသွားခိုင်း လူမျိုးစုတွေပြောတာကို သွားနားထောင်ခိုင်းထားပါတယ်။
ဒီနေရာမှာ စဉ်းစားစရာရှိတာက ဗမာပြည်မှာ အမျိုးသားညီညွတ်ရေးဟာ တကယ်ပဲပြိုကွဲနေသလား။ ကွဲနေတယ်ဆိုရင် ဘယ်အချိန်ကစပြီး ဘယ်သူတွေနဲ့ဘယ်သူတွေကွဲခဲ့ကြတာလဲ ဘာ့ကြောင့်ကွဲတာလဲ ဘယ်အခြေခံတွေပေါ်မှာကွဲတာလဲ ကွဲတော့ ဘာတွေဖြစ်ခဲ့သလဲ စတာတွေဖြစ်ပါလိမ့်မယ်။ ဒါကို ကျနော်လည်း ကျနော်တွေးမိ ဖတ်မိ မှတ်မိ လေ့လာမိသမျှနဲ့ ရေးခဲ့တာတွေလည်းရှိသလို သူများတွေရေးတာတွေကိုလည်း လက်လှမ်းမီသမျှ ဖတ်ရှုလေ့လာဆွေးနွေးပါတယ်။
အမျိုးသားညီညွတ်ရေး ဘယ်သူ့ကြောင့်ပြိုကွဲ ဘာ့ကြောင့်ပြိုကွဲ ဘယ်အခြေခံပေါ်မှာပြိုကွဲစတာတွေကတော့ ဘက်အသီးသီးက အမြင်အသီးသီး ရှုထောင့်အသီးသီး ရပ်ခံချက်အသီးသီးနဲ့ တင်ပြနေကြတာမို့ ဘယ်ဟာတခုတည်းအမှန်လို့ ယတိပြတ်ပြောရတာခက်မှာပါ။ သေချာတာကတော့ အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့ရတာဟာ ဒီမိုကရေစီနဲ့တန်းတူမှုမရှိခဲ့လို့ဆိုတာကတော့ ကောက်ချက်ဆွဲလို့ရပါတယ်။ ဒီမိုကရေစီတို့တန်းတူရှိမှုတို့ဆိုတာ နိုင်ငံရေးပြဿနာတွေပါ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရတဲ့အခါ လက်နက်စွဲကိုင်တိုက်ခိုက်ကြရပါတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်ဖြစ်ပြီး ဖြစ်နေတဲ့ဘက်အသီးသီးမှာ သူသေကိုယ်ရှင် အတောမသတ်တိုက်လာခဲ့ကြရတာကတော့ မျက်မှောက်ကာလအထိပါပဲ။ ကမ္ဘာ့ဖိုးသက်ရှည်ပြည်တွင်းစစ်မီးကလည်း တောက်နေဆဲပါပဲ။ NLD ကို အာဏာရအစိုးရလို့ ဘယ်လိုပဲပြောပြော စစ်အာဏာရှင်စနစ်ကလည်း သက်ဇိုးရှည်နေဆဲ၊ စစ်ဗျူရိုကရေစီယန္တယားကြီးကလည်း အခိုင်အဖြီးရှိနေဆဲပါပဲ။
အဲ့သလိုအခြေအနေအောက်မှာ ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးဖြစ်မလဲ၊ ဘယ်သူတွေနဲ့ပါဝင်ဖွဲ့စည်းထားမလဲ၊ တကယ်ရော အမျိုးသားညီညွတ်ရေး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတွေကို အကောင်အထည်ဖော်ခွင့်ရမယ့်အစိုးရမျိုး ဖြစ်လာမလား၊ ဘယ်ပုံ ရှေ့ခရီးဆက်မလဲဆိုတာတွေက တွေးဆစရာတွေပါ။
ဗမာပြည်ရဲ့ လက်ရှိ အဓိကပဋိပက္ခက ဒီမိုကရေစီလိုလားသူဘက်နဲ့ ဒီမိုကရေစီဆန့်ကျင်သူဘက်ကြားမှာရှိနေပါတယ်။ ဒါကိုရှင်းအောင်ပြောရရင် ဒီမိုကရေစီရေးနဲ့တန်းတူခွင့်ကိုဆန့်ကျင်တဲ့စစ်အုပ်စုကတဘက် ဒီမိုကရေစီနဲ့တန်းတူခွင့်ကိုလိုလားတဲ့လူမျိုးစုံပြည်သူတွေကတဘက်ဖြစ်နေတဲ့ ပဋိပက္ခပါ။ စစ်မှန်တဲ့အမျိုးသားညီညွတ်ရေးကို လိုလားတဲ့ဘက်နဲ့ မလိုလားတဲ့ဘက်ကြားကပြဿနာပါ။ ပြည်တွင်းစစ်ကိုလိုလားတဲ့ဘက်နဲ့ စစ်ဆန့်ကျင်တဲ့ဘက်မှာဖြစ်နေတဲ့ပြဿနာပါ။
လောလောဆယ်အနေအထားမှာတော့ စစ်အုပ်စုဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အထိုင်ကျနေပါပြီ။ ဘယ်တုန်းကမှမရခဲ့ဖူးတဲ့ အာဏာအထိုင်တခုကို ကျကျနန ကိုင်ထားနိုင်ပါပြီ။ သေချာတာတခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အထိုက်အလျှောက်ပြင်ခွင့်ရဦးတောင်(ကုန်ကုန်ပြောရရင် ဖျက်သိမ်းနိုင်ခဲ့ဦးတောင်) စစ်အာဏာရှင်ဇာစ်မြစ်ကိုအပြီးတိုင်မဖြတ်နိုင်သမျှ စစ်ဗျူရိုကရေစီယန္တယားကြီးကို အကုန်အစင်မဖျက်သိမ်းနိုင်သမျှ ဒီမိုကရေစီနဲ့တန်းတူရေးအပြည့်ရှိတဲ့အမျိုးသားညီညွတ်ရေးတည်ဆောက်ဖို့က လေထဲတိုက်ဆောက်သလိုပဲဖြစ်နေမှာပါ။ တချိန်မဟုတ် တချိန်ချိန်မှာ သေနတ်ခါးထိုးပြီး စစ်အာဏာသိမ်းပွဲမျိုးတွေဖြစ်လာဦးမှာပါ။။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၉၊ ၂၀၂၁

Saturday, January 16, 2021

တော်လှန်ရေး တဖန် ရှင်သန်ထမြောက်စေဖို့

0 comments
တော်လှန်ရေး တဖန် ရှင်သန်ထမြောက်စေဖို့
ရဲဘော်ကြင်မောင်
၂၁- စာစဉ် ဆောင်းပါး(၂)

၂၁- စာစဉ်၊ အမှတ်(၇) မှာ ရဲဘော်ညိုမင်းနာမည်နဲ့ ရေးခဲ့တာပါ။
၁၉၀၅ ခု၊ ရုရှားတော်လှန်ရေးရှုံးတော့ လီနင် (၁၉၀၇) ခုနှစ်မှာ နိုင်ငံခြား ထွက်ပါတယ်။ ဆွစ်ဇာလန်ဂျီနီဗာ သွားနေပါတယ်။ နိုင်ငံခြားမထွက်ခင် ၁၉၀၆ မတ်လမှာ ဆောင်းပါးတပုဒ် ရေးသွားပါတယ်။ အဲဒီဆောင်းပါးမှာ“တော်လှန်ရေးကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ရပြီ။ အခုလောက်ဆိုရင် လောက်တဖွားဖွားတက်နေရော့မယ်။ ဒါပေမဲ့တော်လှန်ရေးဆိုတာ ရှင်သန်ထမြောက်တာ မြန်တတ်တယ်။ ကောင်းကောင်း ပြုပြင် ပြင်ဆင်ထားတဲ့ မြေပေါ်မှာရှင်သန်ပွင့်လန်းလာအောင် လုပ်ရမယ်”လို့ ရေးပြီး ပြည်ပ ထွက်သွားခဲ့တာ ဖြစ်တယ်။ဂျီနီဗာ ရောက်တော့ တော်လှန်ရေး တဖန်ရှင်သန်ထမြောက်ဖို့ လုံးပန်းပါတယ်။ အဓိက လုပ်ရတာက“တော်လှန်ရေးသစ်” အတွက် ပြည်တွင်းမှာ ကေဒါမွေးမြူရတာပါပဲ။တန်ပြန်တော်လှန်ရေးကလည်း ငြိမ်နေတာ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒကို တိုက်ခိုက်တဲ့ ခါတော်မီစာရေးဆရာတွေ မွေးပါတယ်။ တော်လှန်ရေးကို သရော်စေပါတယ်။ သစ္စာဖောက်သူကို မြှောက်စားပါတယ်။ အဲဒီလိုနဲ့စိတ်ဓာတ်ကျရောဂါ လူထုထဲ ပြန့်ပွားစေပါတယ်။ကျွန်တော်တို့ ဗမာပြည်တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လောက်တူလိုက်ပါသလဲ။ မတူတာကနိုင်ငံတကာ့အခြေအနေပါ။
မတူတဲ့ နိုင်ငံတကာ့ အခြေအနေ
ကြီးကြီးကျယ်ကျယ် နိုင်ငံတကာ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာတာ လုပ်မှာ မဟုတ်ပါဘူး။ လီနင်နဲ့ကျွန်တော်တို့ မတူတဲ့ အခြေအနေမှာ လုပ်ရတာကို ပြောမလို့ပါ။ လီနင်က ဆွစ်ဇာလန်မှာ ကူညီမယ့်သူ မရှိ ရပ်တည်ရင်း “တော်လှန်ရေးသစ်”အတွက် ကေ ဒါမွေးရတာပါ။ သက်တမ်းမရှည်တဲ့ စာစောင်တွေ တခုပြီးတခု ထုတ်တယ်။ရုရှားပြည်တွင်း ခိုးသွင်းတယ်။ ဒူးထောက်ရင်း “တော်လှန်ရေး”လုပ်နေကြတဲ့ လှေကြုံစီး “တော်လှန် ရေးသမား”တွေနဲ့အတွေးအခေါ်တိုက်ပွဲ တိုက်တယ်။ကျွန်တော်တို့ လီနင်လောက် မခက်ပါဘူး။ အသံလွှင့်ရုံတွေ ပေါ်နေတဲ့ခေတ်၊ အိမ်တိုင်းစေ့လောက် ရေဒီယိုနားထောင်နိုင်တဲ့ခေတ်၊ ကွန်ပြူတာခေတ်။ ဗမာပြည်သားတွေ သန်းချီပြီး နိုင်ငံခြားထွက်နေတဲ့ခေတ်မှာ အိမ်ရှင်က ( အကြောင်းအမျိုးမျိုး ကြောင့်) ကျွန်တော်တို့ကို လက်ခံထားတဲ့ခေတ်မှာ လုပ်နေရတာပါ။
ခက်တာက ဘာလဲ။
ကေဒါတွေကို တော်လှန်တဲ့လက်နက် တပ်ဆင်ရတာ ခက်ပါတယ်။ ပထမကမ္ဘာစစ်တောင် မဖြစ်သေးတဲ့ခေတ်ကနဲ့ အခု ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အတွေးအခေါ် ရှုပ်ထွေးပုံချင်း သိပ်ခြားနားပါတယ်။နောက်တခုက လီနင်က ဘယ်သူ့ကိုမှ မှီခိုပြီး နေထိုင်စားသောက်တာ၊ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ကျပ်တည်းတယ်။ ဒါပေမဲ့ လွတ်လပ်အမှီခိုကင်းတယ်။ နိုင်ငံခြားရောက် ရုရှားတွေကလည်း ကိုယ့်အသိုင်းအဝန်းနဲ့ကိုယ်စည်းခြားနေကြတာ ဖြစ်တယ်။ ရောရောနှောနှော မဟုတ်ဘူး။ လီနင်ဆန့်ကျင်ရတဲ့ နိုင်ငံရေးသမားကလည်း ကိုယ်လိုဆိုရှယ်ဒီမိုကရက်( ကွန်မြူနစ် ) တွေချည်းပဲ။ ကျွန်တော်တို့ခေတ်မှာလို အရောရော အထွေးထွေး မဟုတ်ဘူး။ ငြင်းကြခုံကြ ရန်ဖြစ်ကြရင်လည်း အဘိဓမ္မာ ကိစ္စလို ကြီးကြီးကျယ်ကျယ်တွေချည်းပဲ။ကျွန်တဲ့လူကလည်း စတန့် ထပြီး လုပ်နိုင်တာပဲ။ရှည်ရှည်ဝေးဝေးကကိစ္စ ထားလိုက်ပါ။ အခုတလောမှာ သမ္မတ စောဝ်ရွှေသိုက် သားကြီး စတန့် ထွင်လိုက်တာ အတော် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ ကြည့်ပါ။ “ဗျူး”ကြ၊ “ဖြေ”ကြနဲ့ အတော် လှုပ်ခတ်သွားပါတယ်။ အဲဒီလိုဘာကြောင့် ဖြစ်တာလဲ။ ပြည်တွင်းမှာ ငြိမ်နေလို့ပါ။
လူထု အခြေအနေလူထု
မစို့မပို့ လုပ်လို့ကတော့ သရဲမရဲစီးနေတဲ့ စစ်အစိုးရကို မနိုင် နိုင်ဘူးဆိုတာ လူထုက ဘဝပေးအသိအရသိနေတယ်။ (၁၇-နှစ်ပဲ ရှိတော့မယ်။ မသိဘဲနေပါ့မလား။) ဒါကြောင့် ငြိမ်နေတယ်။လူထု လိုချင်တာက ကြွေးကြော်သံ မဟုတ်ဘူး။ ပြည်ပက စတန့်မဟုတ်ဘူး။ လူထုထဲမှာ နေပြီး လူထုကိုစည်းရုံးတဲ့သူကို လိုချင်တာ ဖြစ်တယ်။လီနင် ပြည်ပ မထွက်ခင်ကတည်းက ပြည်တွင်းမှာ လူထုထဲနေပြီး လူထုကို စည်းရုံးမယ့် ယူဂျီ ကလာပ်စည်းတွေ အများကြီး ဖွဲ့ပေးထားတယ်။ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားတယ်။ အဲဒါတွေ ပြင်ပြီးမှ သူပြည်ပထွက်တာပဲ။ ကျွန်တော်တို့ရဲ့ ဂျပန်ဖက် ဆစ်တော်လှန်ရေးတုန်းကလည်း ပြည်ပမှာ ပါတီကိုယ်စားလှယ်ပဲထားတယ်။ ဗဟိုက ပြည်တွင်းမှာ နေပြီး ယူဂျီ လုပ်တယ်။ နယ်တွေမှာ ယူဂျီတွေ ဖွဲ့တယ်။ကျွန်တော်တို့ရဲ့ ၁၉၈၈-၈၉။ ၉၀ အဖြစ်နဲ့ တခြားစီပဲ။ စိတ်ကူးနဲ့ လက်တွေ့ ကွာဟသွားတော့ ကျွန်တော်တို့မှာ တတိယ နိုင်ငံထွက်ရေးလမ်းပဲ ပွင့်နေတော့တယ်။ အဲဒီတော့ ပြည်ပရောက်တဲ့ ကိုယ်စားလှယ် အဖွဲ့ တွေကများသွားတယ်။ အပြစ်ပြောတာ မဟုတ်။ အဖြစ်ကို ပြောတာပါ။ပြည်တွင်းမှာ လုပ်မယ့်လူ ကေဒါက နည်းသွားတယ်။ ပြည်တွင်းမှာ နေလို့ ဘာမှ မလုပ်နိုင်ဘူး။ ပြည်ပထွက်တာကမှ လုပ်နိုင် ဦးမယ်ဆိုတဲ့ အတွေးအခေါ်ဝင်တော့ ‘အဂ္ဂ’တွေ ပြည်ပထွက်တယ်။ လူထုကတော့ ပြည်ပထွက်နိုင်တာ မဟုတ်ဘူး။ ထွက်ရင်လည်း ဘယ် တိုင်းပြည်ကမှ လက်ခံမှာ မဟုတ်ဘူး။
လူထုနဲ့ ကင်းကွာတော့
ကြွေးကြော်သံပဲ ထုတ်နိုင်တယ်။ “၁၀ နှစ် ပြည့်လို့ ရှမ်းပြည်ခွဲထွက်လိုက်ပြီ ”ဆိုတာဟာ ၁၉၅၈-၅၉ မှာနွံစစ်ဟန်ပေါ်ကတည်းက ပေါ်တာပါ။ မြို့ပေါ်က ဗမာအစိုးရတပ်ကို ရန်မရှာဝံ့ပါဘူး။ တောထဲက ဗကပ တပ်ကို ရန်လုပ်ပါတယ်။ “နောင်ချိုနဲ့ မေမြို့ကြား နယ်ခြားဟိုဘက်အထိ ဆုတ်ပေးရမယ်။ မဆုတ်ရင် တိုက်မယ်”လို့ ရာဇသံပေးလာပါတယ်။ ဗကပ တပ်က ၁၉၄၉-၅၀ ကတည်းက ရောက်နေတာပါ။ ဗကပ က ပြန်ပြီး “မဆုတ်ဘူး။ လာရင်တိုက်မယ်” လို့ ရာဇသံ ပြန်ပေးပါတယ်။ သူတို့ မလာလို့ မတိုက်ရပါဘူး။ ယောင်ပြ ဟန်ရေးပြပြီး တိုက်လွှတ် လိုက်တာနဲ့ တပ်လန်ပြီး ပြန်ပြေးပါတယ်။ သစ်ခုတ်လွှဆွဲ ဗမာအလုပ်သမားတွေတော့ တချို့ အသတ်ခံရရှာပါတယ်။စစ်အုပ်စု (ဗမာ လူမျိုးကြီး ဝါဒ) က အဲဒီလို သင်္ကြန်အမြောက်ဖောက်တာကို မကြောက်ရုံမက ကြိုက်ပါတယ်။
လူထုနဲ့ ကင်းကွာရင်
သင်္ကြန်အမြောက်ပဲ ဖောက်နိုင်ပါတယ်။လူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးတတိယနိုင်ငံရောက်နေသူတွေ ဗမာပြည် ပြန်မှ အဆက်ရတာ မဟုတ်ပါဘူး။ နည်းမျိုးစုံနဲ့ အဆက်ရနိုင်ပါတယ်။ ဗမာပြည်ထဲမှာ ၃ ဦးပါတဲ့ ယူဂျီကလာပ်စည်းတခု ဖွဲ့နိုင်တာဟာ ကြေညာချက် သောင်း-သိန်း ထုတ်တာထက် အကျိုးများပါတယ်။အဲဒီ ယူဂျီကလာပ်စည်း လူထု၊ စစ်တပ်ထု၊ ကျောင်းသားထုထဲမှာ တထောင်ရှိရင် စစ်အစိုးရကို ထိထိမိမိထိုးနှက် ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။။

Friday, January 15, 2021

နိုင်ငံခြားသားကြောက်ရောဂါ (Xenophobia) ပြဿနာ

0 comments
“နိုင်ငံခြားသားကြောက်ရောဂါ (Xenophobia) ပြဿနာ”ရောဂါလက္ခဏာ(ဗကပ)
ဒီရောဂါလက္ခဏာက ရှုပ်ရှုပ်ထွေးထွေးပါ။ ကြောက်စိတ်အခြေခံလို့သာ ကြောက်တဲ့ရောဂါလို့ နာမည် ပေးရတာပါ။ ကြောက်ကန် ကန်တာ၊ ရန်လုပ်တာ၊ ကျိုးနွံတာ အဲဒီလို တခုကတခုပြောင်းပြီး သံသရာလည်နေတတ်ပါတယ်။ ရောဂါ အမြစ်မပြတ်သမျှ ဒီသံသရာလည်နေမှာပါပဲ။
ဒီရောဂါ ဘယ်လိုဗမာပြည်မှာ စရတယ်။ ရောဂါရဲ့ဖြစ်စဉ်၊ ဗမာပြည်ရဲ့ထူးခြားတဲ့ဖော်ပြချက် အသေးစိတ်လေ့လာထားမှ အမြစ်ပြတ် ကုနိုင်မှာပါ။ ရောဂါရလာပုံ ရောဂါစရတာက အရင်းရှင်နယ်ချဲ့တွေနဲ့ ထိတွေ့ရတော့မှာ ရတာပါ။ ကုန်းဘောင်မင်းဆက်အစပိုင်းမှာ အရင်းရှင်းနယ်ချဲ့နဲ့ စတွေ့ပါတယ်။ ကုလားဖြူကို မုန်းပါတယ်။ ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် ခပ်ကြမ်းကြမ်းကိုင်ကြပါတယ်။ အလောင်းဘုရားက စပြီးလုပ်ခဲ့တာပါ။ နောက်ပိုင်းမင်းဆက်တွေလည်း ကုလားဖြူကို အပြတ်နှိမ်ခဲ့ကြပါတယ်။ နောက်ပိုင်းစစ်ရှုံးတော့မှ မာန်လျှော့ပြီး ဆက်ဆံကြတာပါ။
နဂိုက ဒီရောဂါ မရှိနိုင်ပါဘူး။ မရှိဘူးဆိုတာထက် ဒီရောဂါ နာတာရှည်စွဲကပ်မနေဘူးလို့ပြောမှ ပိုပြီးတိကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တခါတခါ လူမျိုးခြားတပ်ကြီးတွေ ရောက်လာတတ်လို့ပါ။ ဒီတပ်ကြီးတွေက ကြာကြာမနေပါ။ ပဒေသရာဇ်ချင်း လုပ်စရာရှိတာလုပ်ပြီးရင် ပြန်ပါတယ်။ ကျောက်ချပြီး နေလေ့မရှိပါ။ အာရှပဒေသရာဇ်လုပ်နည်းလို့ပြောနိုင်သလို ဥရောပနဲ့မတူတဲ့ အာရှရဲ့ထူးခြားချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အာရှနဲ့ဥရောပ မတူညီကြပုံ ပထမဆုံး ပထဝီချင်းမတူတာက စရပါမယ်။ အာရှက ဥရောပထက် လေးဆခွဲကြီးပါတယ်။ အာရှမှာက သဘာဝအတားအဆီးကြီးပါတယ်။ ဟိမဝန္တာတောင်တန်းအပါအဝင် တောင်တန်းအသွယ်သွယ် မြစ်ကြီးအသွယ်သွယ်နဲ့ သဲကန္တာရကြီးတွေ ရှိပါတယ်။ ဟိုခေတ်က ဖြတ်ကျော်လို့မရတာတွေပါ။ သဘာဝကိုက တသီးတခြားစီနေကြပေရော့ဆိုပြီး လုပ်ထားသလို ဖြစ်နေပါတယ်။ နည်းနည်းပါးပါး ဝင်ရောက်နေထိုင်ရင်လည်း များတဲ့လူမျိုးနဲ့ သွေးနှောသွားကြတာပါပဲ။
နောက်ပြီး ဒုတိယက နိုင်ငံရေးသမိုင်းချင်း မတူတာပါ။ ဥရောပမှာက ရောမအင်ပါယာကြီး ရှိခဲ့ပါတယ်။ အာရှမှာ မရှိပါ။ အာရှတတိုက်လုံး လွှမ်းသွားတဲ့အင်ပါယာ မရှိပါ။ အာရှမှာ ရောမနဲ့ခေတ်ပြိုင် ပါရှားအင်ပါယာရှိဖူးပါတယ်။ ဒါပေမဲ့ တတိုက်လုံး မလွှမ်းပါ။ ရောမအင်ပါယာက အခုအထိ ခရစ်ယာန်ဘာသာရေးကို ဥရောပတတိုက်လုံးနီးပါးလွှမ်းအောင် လုပ်သွားနိုင်ပါတယ်။ ပါရှားအင်ပါယာက မလုပ်နိုင်ရုံမက သူ့ Zoroaster ဘာသာတောင် ပျောက်သလောက်ဖြစ်နေပါပြီ။ ရောမအင်ပါယာနဲ့ နှစ်(၁ဝဝဝ) ကျော်ခြားပြီး မွန်ဂိုအင်ပါယာလည်း အာရှမှာ ပေါ်ဖူးပါတယ်။ တရုတ်ပြည်တပြည်တလုံးနဲ့ ပါရှားရော ဗမာပြည်ပါမကျန် သူ့အောက်ရောက်ဖူးပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ သူ့ရဲ့နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးသြဇာကို အဓွန့်ရှည်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ရောမအင်ပါယာကတော့ အခုအထိ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး အဓွန့်ရှည်အောင် လုပ်ခဲ့နိုင်ပါတယ်။
အာရှက အင်ပါယာတွေ ဘယ်လောက်ပဲ ကျယ်ပြန့်တယ်ဆိုစေ တရုတ်၊ ကုလားနဲ့ ပါရှားကို တပြိုင်တည်း သိမ်းသွင်းမထားနိုင်ခဲ့ပါ။ မွန်ဂို အင်ပါယာ တရုတ်၊ ပါရှားကို သိမ်းနိုင်ပါတယ်။ ကုလားကို မရခဲ့ပါ။ နောက်ပိုင်းမှာ မွန်ဂိုမျိုးဆက်တွေဖြစ်တဲ့ မွန်ဂိုမင်းတွေ တန်ခိုးထွားတော့ လည်း ကုလားပြည်ကိုတော့ ရပါတယ်။ တရုတ်ပြည်ကို မရပါဘူး။ မွန်ဂိုတွေက မူဆလင်တွေဖြစ်ကြပါတယ်။ ကုလားတပြည်လုံး မူဆလင် ဖြစ်အောင် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ရောမအင်ပါယာမျိုး အာရှမှာ မရှိခဲ့ဘူးလို့ပြောနိုင်ပါတယ်။ ဥရောပမှာ အားကြီးလာသူတိုင်းက ရောမအင်ပါယာမျိုး ထူထောင်ချင်ကြပါတယ်။ ဟစ်တလာ နာဇီအထိ ဒီလောဘရှိပါတယ်။
ဥရောပမှာ အင်ပါယာပိုင်ရှင် ဖြစ်ဖူးသူတွေကလည်း ပြွတ်သိပ်နေပါတယ်။ စပိန်၊ ပရပ်ရှား၊ ပြင်သစ်၊ ရှရှား၊ တူရကီ စသဖြင့် ရှိပါတယ်။ အင်ပါယာတွေကြားမှာနေရတဲ့ တိုင်းပြည်ကလေးတွေဟာ ဝင်ခလုတ်ထွက်ခလုတ် အတိုက်ခံရပါတယ်။ အသိမ်းခံရရင်လည်း တော်တော်နဲ့ မလွတ်ပါဘူး။ သိပ်ကြာတတ်ပါတယ်။ အရှေ့ဥရောပနဲ့ ဘော်လ်ကန်နိုင်ငံငယ်တွေဟာ ရာစုနှစ်နဲ့ချီပြီး အသိမ်းခံရဖူးပါတယ်။ အခုအထိ အဲဒီ ဒုက္ခက မလွတ်သေးပါ။ ဘာသာရေးစစ်ကလည်း ဥရောပမှာ မပြတ်ခဲ့ပါ။ မူဆလင်နဲ့တိုက်လိုက်၊ ခရစ်ယာန်ချင်းတိုက်လိုက် တိုက်ကြပါတယ်။ ခရုဆိတ်စစ်ပွဲတွေ ၁၁ ရာစုကနေ ၁၃ ရာစုအထိ ရှိခဲ့ပါတယ်။ နောက်ကျတော့ ခရစ်ယာန်ချင်းတိုက်ကြပါတယ်။ အင်္ဂလိပ်နဲ့ပြင်သစ် နှစ်(၁ဝဝ) တိုက်တာလည်း ဥရောပမှာပါ။ နှစ် (၃ဝ) စစ်လည်း သူတို့ဆီမှာပါပဲ။ မင်းဆွေမင်းမျိုးတွေက ရောထွေးယှက်တင်ဖြစ်နေတော့ ထီးမွေနန်းမွေ လုရင်း စစ်တိုက်ကြပါတယ်။
အာရှမှာက အဲဒါမျိုးလုံလုံး မရှိပါဘူး။ ကုလားပြည်၊ တရုတ်ပြည်ဆိုတာ ဧရာမတိုင်းပြည်ကြီးတွေ၊ ဒါပေမဲ့ သူ့မင်းဆက်နဲ့သူပါ။ ရောနှော ယှက်တင် မဖြစ်ကြပါ။ ထီးမွေနန်းမွေလုစရာ အကြောင်းမရှိပါ။ ဟိမဝန္တာခြားနေတဲ့ကျေးဇူးကြောင့် သူတို့ချင်းလည်း ဟိုတုန်းက စစ် မဖြစ်ခဲ့ဖူးပါ။ ကုလားရော တရုတ်ပါ ခရစ်မပေါ်မီခေတ်တွေကတည်းက အနောက်ဘက်ကလာမယ့်ရန်ကိုပဲ သူတို့သတိထားနေကြပါတယ်။ ဗာ့စ်ကိုဒါဂါမာ(Vasco Da Gama) ရဲ့ သင်္ဘောမရောက်မီအထိ ပင်လယ်ကလာမယ့်ရန်ကို မကြောက်ကြရပါ။ ဥရောပမှာတော့ စစ်က ပြတ်တယ်မရှိ တိုက်နေကြတာပဲ။ အဲဒီလို ဥရောပနဲ့မတူတဲ့အတွက် ဗမာပြည်ဟာ ဟိုတုန်းက အနေချောင်ခဲ့ပါတယ်။ ကိုယ်နဲ့ အင်တူအားတူ တိုင်းပြည်ချင်းလို့ပြောနိုင်တဲ့ ယိုးဒယား၊ အာသံ၊ လေ (ခပ်လွယ်လွယ် လူထုသုံးဝေါဟာရ ယိုးဒယား၊ အာသံ၊ လေဟု သုံးလိုက်ပါသည်။ ထိုခေတ်က ဗမာပြည်ဆိုတာလည်း မရှိပါ။ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝစတဲ့ တိုင်းပြည်တွေသာ ရှိပါသည်။ သူတို့ဆီမှာလည်း အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်း၊ ကချာ၊ မဏိပူရ စတာတွေသာ ရှိပါသည်)တို့နဲ့စစ်ဖြစ်ရင်လည်း နိုင်တဲ့လူက ဆင်ဖြူတို့ လက်ဆောင်ပဏ္ဏာတို့ရရင် ပြန်ပါတယ်။ တခါတလေ မင်းညီမင်းသားနဲ့ ပညာတတ်တွေ သုံ့ပန်းအဖြစ်ခေါ်လာပါတယ်။ အထက်ဗမာပြည်မှာ အဲဒီလို သုံ့ပန်းတွေ ခေါ်လာပြီးထားတဲ့ အရပ်တွေ၊ ရွာတွေရှိပါတယ်။ ပြန်တဲ့လူပြန် ကျန်တဲ့လူကျန်ပါတယ်။ လင်းဇင်း၊ ကသည်း၊ ဗရင်ဂျီတွေရပ်နဲ့ရွာနဲ့ နေကြပါတယ်။ လူမျိုးရေး ပဋိပက္ခမရှိခဲ့ပါ။ သူ့စည်းကိုယ့်စည်းနဲ့ လေးလေးစားစား နေခဲ့ပါတယ်။ ဗမာပြည်က အလေးထားဆက်ဆံရတာက ကုလား(အိန္ဒိယ) နဲ့ တရုတ်ပါ။ ဗမာပြည်က တရုတ်နဲ့စစ်တိုက်ဖူးပေမယ့် ကုလားပြည်နဲ့ တခါမှ စစ်မတိုက်ဖူးပါ။
လူမျိုးပျောက်မှာကြောက်ခြင်း လူမျိုးပျောက်မှာစိုးတာဟာ ရောဂါရဲ့လက္ခဏာတခုပါ။ ဓနရှင်ပေါက်စ ပညာတတ်တွေ နိုင်ငံရေးဇာတ်ခုံပေါ် တက်လာကတည်းက “တို့တိုင်းပြည် တို့စာ တို့စကား” ကြွေးကြော်ပါတယ်။ လူမျိုးရေးလှုံ့ဆော်တဲ့သီချင်းတွေ ပေါ်ပါတယ်။ ပဒေသရာဇ် ခေတ်ကို “ရွှေခေတ်” လို့ တမ်းတပါတယ်။ “ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက် ပါတော့သည်။ - - ”လို့ သီချင်းရေးပါတယ်။ ဒီလိုဖြစ်တာ တို့ဗမာဘုရင် မရှိလို့ပဲ၊ ကြာရင်နစ်မွန်းတော့မယ်လို့ ရေးပါတယ်။ ဒါဟာ “တို့ဗမာဝါဒ” ပါ။ နိုင်ငံခြားသားကြောက် ရောဂါပါ။
“တို့ဗမာဝါဒ”နဲ့ လမ်းခွဲသူတွေက မာ့က်စ်ဝါဒလေ့လာသူတွေပါ။ နိုင်ငံခြားသားကြောက် ရောဂါကို ဆန့်ကျင်ပြီး လူတန်းစားချစ်ကြည်ရေးကို တင်ပြပါတယ်။ “တို့ဗမာဝါဒ” “မာ့က်စ်ဝါဒ”တိုက်ပွဲဟာ အစောကြီးကတည်းက ဖြစ်နေတာပါ။ တို့ဗမာဝါဒက လူမျိုးရေးဝါဒပါ။ ၁၉၃ဝ ကုလား ဗမာ အဓိကရုဏ်းအပြီး ပေါ်ပေါက်လာတဲ့ တို့ဗမာဝါဒကို မာ့က်စ်ဝါဒက စိန်ခေါ်လာရင်း ၁၉၃၈ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းကျတော့ လုပ်ဟန်ချင်းပါ ပြတ်ပြတ်ကွဲပါတယ်။ ဘယ်တော့မှလည်း ပြန်လည်ရင်ကြားမစေ့တော့ပါ။ လုပ်ဟန်ချင်းကွဲပုံက တို့ဗမာဝါဒက ၁၉၃၈ ကုလား ဗမာအဓိကရုဏ်းမှာ ကိုယ်ထိလက်ရောက် ဝင်ပါခဲ့တယ်။ ကိုယ်တိုင်ခေါင်းဆောင်ပြီး ကုလားတွေလိုက်သတ်ပါတယ်။ ကုလားဆိုင်တွေ လုပါတယ်။ ကုလားပေမယ့် ဟိန္ဒူပါဆိုပြီး ဆိုင်တွေအလုမခံရအောင် “သံဃာသြဝါဒခံဟိန္ဒူဆိုင်” ဆိုတဲ့ဆိုင်းဘုတ်တွေ ဟိန္ဒူတွေက တင်ကြ ပါတယ်။ မူဆလင်နဲ့ ဘာသာရေးအဓိကရုဏ်းသမိုင်း အဲဒီကစခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာက ရန်မဖြစ်ခဲ့ပါ။ မူဆလင်ဘာသာနဲ့သာ ရန်ဘက်ဖြစ်လို့ ကုလားလူမျိုးဆန့်ကျင်ရေးမှာ ဟိန္ဒူ - မူဆလင်ခွဲပြီး ရန်လုပ်ပါတယ်။ ဘာသာရေး အဓိကရုဏ်းသဏ္ဌာန် ဖြစ်သွားပါတယ်။
အသတ်ခံရတဲ့ ကုလားရော ဗမာပါအားလုံးက လမ်းသွားလမ်းလာတွေပါ။ အိမ်ထဲဝင်သတ်တာ မရှိသလောက် ရှားပါတယ်။ ဒါကြောင့် တနေ့လုပ်မှ တနေ့စားရတဲ့ဆင်းရဲသားတွေပဲ သေကြပါတယ်။ သူဌေးတွေ စားနိုင်သောက်နိုင်သူတွေက အိမ်တွေထဲ တလကိုးသီတင်း ရိက္ခာအပြည့်နဲ့ နေနိုင်ပါတယ်။ သူတို့အသတ်မခံရပါဘူး။ လူအုပ်နဲ့ဝိုင်းတာတို့ ဘာတို့ပဲခံရပါတယ်။ သူဌေးတွေကို အင်္ဂလိပ်အုပ်ချုပ်ရေး ကလည်း အကာအကွယ်ပေးပါတယ်။ မာ့က်စ်ဝါဒသမားတွေက အဝိုင်းခံရတဲ့အိမ်တွေ ဘေးလွတ်ရာသို့ပြောင်းပေးတာ လုပ်ပါတယ်။ ကုလားအရပ်ထဲ ဗမာအိမ်၊ ဗမာအရပ်ထဲရောက်နေတဲ့ ကုလားအိမ် အဲဒါတွေကို လွတ်ရာသို့ပြောင်းပေးပါတယ်။ လူမျိုးရေးခွဲပြီး မဆက်ဆံ ပါဘူး။ အဓိကရုဏ်းထဲမပါပါဘူး။ ဦးသိန်းဖေမြင့်ရဲ့ စာအုပ်တအုပ်မှာ စိတ်ကူးလား ကိုယ်တွေ့လားမသိနိုင်တဲ့ ကုလားအဝိုင်းခံနေရတဲ့ ဗမာအိမ်က လင်ရှိအမျိုးသမီးကြီးနဲ့ ကယ်ဆယ်သူ ရှုပ်တဲ့ဇာတ်လမ်းရေးထားတာ တွေ့ဖူးကြပါလိမ့်မယ်။
ကုလားမုန်းတီးတာရဲ့အစ ဗမာပြည်သိမ်းတပ်က အင်္ဂလိပ်ဗိုလ်ဦးစီးတဲ့ ကုလားကြေးစားတပ်ပါ။ ကိုယ်နဲ့ရန်သူဖြစ်တဲ့ ကြေးစားစစ်သား ကုလားကို မုန်းတာဟာ သဘာဝအရဖြစ်လာတာပါ။ တကယ့် ကုလားမုန်းတီးရေးသမိုင်းရဲ့အစက အင်္ဂလိပ်-ဗမာ စစ်ပွဲသုံးပွဲက စပါတယ်။ အနာကို ဆားသိပ်ပေးလိုက်သလို အင်္ဂလိပ်က ဗမာပြည်ကို ကုလားပြည်အောက်ထိုးထည့်လိုက်တော့ ပိုပြီးနာ ပိုပြီးမုန်းပါတယ်။ အင်္ဂလိပ် ကလည်း စစ်ပွဲသုံးပွဲတိုက်ပြီး အာခံရကောင်းလားဆိုပြီး နံနှိမ်လိုက်တာပါ။ တိုင်းပြည်ပျောက်အောင် ဒဏ်ခတ်လိုက်တာပါ။ ကုလားတို့၊ တရုတ်တို့က တိုင်းပြည်ကြီးတွေပါ။ သူတို့ရဲ့ပြည်နယ်ဆိုတာက ဗမာပြည်ထက်ကြီးတာတွေ အများကြီးပါ။ သူတို့ရဲ့ ပြည်နယ်တခု ဖြစ်သွားရင် ထင်ပေါ်ဖို့ထက် မြုပ်သွားဖို့ပဲရှိပါတယ်။ ကုလားပြည်ရဲ့ ပြည်နယ်ဖြစ်တာက နှစ်(၅ဝ) ကျော်ကြာပါတယ်။
တို့ဗမာအစည်းအရုံးမှာ ကုလားကြောက်ရောဂါရှိတာ မဆန်းပါ။ နယ်ချဲ့ဆန်ကျင်ရေးကို ကုလားဆန့်ကျင်ရေးနဲ့တွဲမိတဲ့အမှားကို သူတို့ဒါကြောင့် မှားမိတာပါပဲ။ ဗမာပြည် တိမ်မြုပ်သွားတာ ဘယ်လောက်အထိ ကြာသွားသလဲဆိုရင် ဘားမား(Burma) လို့ပြောရင် ဘဟားမား(Bahama) လို့ ကမ္ဘာက နားလည်သွားကြတဲ့အထိပါ။ ဘဟားမားက ဗမာပြည်ထက် အဆ(၅ဝ) ငယ်ပြီး လူဦးရေအဆ(၁၇ဝ) နည်းပါတယ်။ ဒါပေမဲ့ သူက ထင်ပေါ်ပါတယ်။ ၁၉၃၆ ဘာလင်အိုလံပစ်ကို ဦးဇော်ဝိတ် သွားပြိုင်တော့ ကုလားအဖြစ် သွားရတာပါ။ နိုင်ငံရေးအရနာကျည်းမှု မီးတောက်ကို ဓာတ်ဆီလောင်းပေးတဲ့ စီးပွားရေး၊ လူမှုရေးနာကျည်းမှုတွေကလည်း အများကြီးပါ။ အင်္ဂလိပ်ဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုသာ ဝင်မပြိုင်ခဲ့ရင် ကုလားဓနရှင်ကို ဦးစားပေးပါတယ်။ (တရုတ်က အင်္ဂလိပ်ကိုလိုနီမဟုတ်ဘဲ ထုံးတို့ထားရုံသာရှိသေးလို့ ကုလားနဲ့စာရင် တရုတ်ကို ဦးစားမပေးပါ) ကုလားသူဌေး ‘မနှင်းဆီ’လို ဧရာဝတီကို ဝင်ပြိုင်တာမျိုးတော့ လက်မခံပါ။ ချိုးနှိမ်ပစ်ပါတယ်။ မပြိုင်ရင် နေရာပေး ပါတယ်။ BOC ရဲ့ လက်ဝေခံကုလား ‘နတ်ဆင်း’ရဲ့ ရေနံကုမ္ပဏီ(NOC) ကို လက်ခံထားပါတယ်။ စတီးဘရားသားကိုမပြိုင်ရင် ‘မိုးလာ’ တို့လို ကုလား ဝါစက်တွေကို အားပေးပါတယ်။ ဗမာ ဝါစက်ကို အားမပေးပါ။ ကုလား ဝါစက်ပိုင်က ဗမာ ဝါစက်ပိုင်ကို ပြိုင်ဘက်လိုသဘောထားပြီး နှိမ်ပါတယ်။ ဗမာ ဝါစက်က ဂျပန်နဲ့ပဲ နည်းနည်းပါးပါးရောင်းဝယ်ရပါတယ်။ အင်္ဂလိပ်က ဗမာလက်ဝေခံကို စတီးပွဲစားအဖြစ်ပဲမွေးပါတယ်။ တောထဲဝင်ပြီး လက်လီစိတ်ရတာအပြင် လုံခြုံရေးလည်းမရှိလို့ အင်္ဂလိပ်ရော ကုလားပါ ဒီအလုပ်မျိုး မလုပ်ဝံ့ပါဘူး။ ဝါထွက်ရာဒေသတွေ ကလည်း မင်းလောင်းတွေ(မောင်သန့်တို့၊ ဗန္ဓကတို့) ပေါ်ရာဒေသပါ။ စပါးတွေ၊ ဝါတွေနဲ့သစ်တွေက ကျေးလက်နဲ့ တောထဲကယူရတာပါ။ အင်္ဂလိပ်နဲ့ကုလားက တပ်မပါဘဲ မသွားဝံ့ပါဘူး။ ဒါကြောင့် မြန်မာက ‘ပွဲစားကြီး’တွေပဲ ဖြစ်လေ့ရှိပါတယ်။ ရိုး (Rowe)တို့ ဝှိုက်တဝေး (Whiteway) တို့လို ကုန်တိုက်ကြီးတွေနဲ့မပြိုင်ရင် ကုလားကုန်တိုက်တွေ ရှင်သန်နိုင်ပါတယ်။ မြန်မာပိုင် ‘မြန်မာအဆွေ’ ဆိုတာကတော့ ဂျပန်ပစ္စည်း အဓိက ထားရပါတယ်။ ဂျပန်ပစ္စည်းက အဲဒီတုန်းကညံ့ပါတယ်။ ဥရောပကုန်ကို မမီပါဘူး။
လက်ဝေခံကိုမွေးရာမှာ ကုလားကို ဦးစားပေးသလို ဗျူရိုကရေစီယန္တရားမှာလည်း သူတို့ကိုပဲ ဦးစားပေးပါတယ်။ မြန်မာပညာတတ်တွေ ဝင်မတိုးနိုင်တဲ့ အစိုးရဌာနတွေအများကြီးပါ။ ဗမာဓနရှင်ပေါက်စ ပညာတတ်က ကုလားမုန်းတီးတာ ကြောက်တာဟာ အဲဒီအခြေခံနဲ့ပါ။ အကြီးတန်းဗျူရိုကရက်တွေကို အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း ICS လို့ပဲ ခေါ်ပြီး အင်္ဂလိပ်နဲ့ကုလားကိုပဲ ရွေးပါတယ်။ မြန်မာက နောက်မှ ဝင်ရတာပါ။
မြန်မာတွေဟာ စီးပွားရေးမှာ ကြီးကြီးကျယ်ကျယ် ဝင်မပါခဲ့ရတာရဲ့အကျိုးဆက်က လွတ်လပ်ရေးရတဲ့အထိ ပါလာပါတယ်။ လွတ်လပ်ရေး ခေတ်မှာလည်း ဖဆပလအစိုးရက ဒါဝတ်တို့၊ မဒါးတို့ကိုပဲ မှီခိုပါတယ်။ စီးကရက်လို၊ နိုင်လွန်လို အသစ်တည်ဆောက်ရတဲ့ နယ်ပယ်ကျမှ တရုတ်တွေ၊ မြန်မာတွေကို မှီခိုပါတယ်။ တရုတ်က အရင်းအနှီးရှိပြီး အဆက်အသွယ်ကောင်းလို့ဦးစားပေးခံရပါတယ်။ ကိုလိုနီခေတ်တုန်းက မြန်မာတွေဟာ လက်ဝေခံအရင်းရှင်လုပ်ငန်းမှာ ဝင်တိုးလို့မရပေမယ့် နိုင်ငံရေးမှာတော့ဝင်တိုးနိုင်ပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ အလိုတော်ရိ နိုင်ငံရေးသမားတွေအဖြစ် ပါကြပါတယ်။ ကုလား တရုတ် အလိုတော်ရိနဲ့ မြန်မာအလိုတော်ရိပဋိပက္ခ ရှိပါတယ်။
ဒီလောက်နဲ့ ကုလားတရုတ် မုန်းတီးတဲ့(ကြောက်တဲ့)ရောဂါ မရနိုင်ပါဘူး။ မြန်မာလူထုကြီးကို အဲဒီရောဂါရစေတာက ဆူးအက်(Suez) တူးမြောင်းဆောက်ပြီးမှ ရတာပါ။ ဆူးအက်တူးမြောင်း ပေါက်သွားတော့ ဆန်တွေရောင်းကောင်းပါတယ်။ လယ်တွေ အသစ်တီ ရပါတယ်။ လယ်သမားတွေ လိုပါတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အထမ်းသမားတွေလိုပါတယ်။ ဒီနှစ်ခု(လယ်သမားနဲ့အလုပ်သမား)ကို ဖြည့်တင်း ပေးတာက အိန္ဒိယက ပြည်နယ်တွေပါ။ ကုလားတွေဟာ ဗမာပြည်ထဲ ဒလဟော ဝင်လာကြပါတယ်။ အိန္ဒိယရဲ့ ပြည်နယ်တခုဖြစ်တဲ့ ဗမာပြည်ကိုဝင်ဖို့ ဘာအတားအဆီးမှ မရှိဘူး။ ဗီဆာ(Visa) မလိုဘူး။ ဒီတော့ တံခါးမရှိ ဝင်ကြတာပါပဲ။ ဆယ်စုနှစ်တခုလောက်လည်းကြာရော ရန်ကုန်က ကုလားမြို့ ဖြစ်သွားတယ်။ မြန်မာတွေ ချောင်ကပ်ရတယ်။ မြစ်ဝကျွန်းပေါ်မှာ ကုလားလယ်သမားတွေ များလာတယ်။ စိုက်ချိန် ပျိုးချိန် ရိတ်သိမ်းချိန်မှာရောက်လာပြီး ပြန်သွားတဲ့ကုလားတွေ များလာတယ်။ သင်္ဘောကြီးကုန်တင်ကုန်ချ အလုပ်သမားကလည်း ကုလား ချည်းပါပဲ။ ကုလားနဲ့မြန်မာ လယ်သမားချင်း အလုပ်သမားချင်း ပဋိပက္ခဖြစ်တယ်။ ချစ်တီးမြေရှင်စနစ်ပေါ်လာတော့ ပိုဆိုးသွားတယ်။ ကြွေးနဲ့ မြေသိမ်းခံရပါတယ်။ မြေတွေ ချစ်တီးလက်ရောက်ပါတယ်။ ဦးစောလို ဗမာမြေရှင်ကလည်း ကုလားမုန်းတီးရေး လှုံ့ဆော်ပါတယ်။
ပထမဆုံး ကုလားဗမာ အဓိကရုဏ်း ၁၉၃ဝ မှာ ဖြစ်တာဟာ အလုပ်သမားချင်း အဓိကရုဏ်းပါ။ မြန်မာအလုပ်သမားတွေက ကုလား အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲကိုဝင်ဖျက်သလို ဖြစ်သွားပါတယ်။ အင်္ဂလိပ်ရဲ့လှည့်ကွက်မှာ အမိခံရပြီး ကုလားနဲ့ အဓိကရုဏ်း ဖြစ်ရ တာပါ။ ဒုတိယ ကုလားဗမာအဓိကရုဏ်းက ၁၉၃၈ ကျမှပါ။ အင်္ဂလိပ်ရဲ့ သွေးခွဲနိုင်ငံရေးကြောင့်ဖြစ်ရတဲ့ အဓိကရုဏ်းပါ။ အင်္ဂလိပ်နဲ့ အလိုတော်ရိအစိုးရရဲ့လှည့်ကွက်ထဲ အမိခံရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့မူဆလင် ဘာသာရေးအဓိကရုဏ်းသဏ္ဌာန်ဟာ အဲဒီတုန်းက စခဲ့တာ ဖြစ်ပါတယ်။ အခု စစ်အစိုးရခေတ်အထိ အဲဒီရောဂါက ဒုက္ခပေးဆဲ ဖြစ်ပါတယ်။
၁၉၃၈ က ကုလား-ဗမာ ဘာသာရေးအဓိကရုဏ်းဟာ အင်္ဂလိပ်၊ ကုလား(မူဆလင်)နဲ့ မြန်မာ ဒီသုံးဦးသုံးဖလှယ်ရဲ့ကိစ္စဖြစ်ပေမယ့် အခု ခေတ်မှာတော့ သုံးဦးသုံးဖလှယ်ကိစ္စ မဟုတ်နိုင်တော့ပါ။ နိုင်ငံတကာကိစ္စအဖြစ် တက်သွားနိုင်ပါတယ်။ စစ်အုပ်စုအနေနဲ့ တနပ်စားကြံရင် အမေရိကန်ရဲ့အကွက်ထဲ ဝင်သွားနိုင်ပါတယ်။ တရုတ်-ဗမာ အဓိကရုဏ်း၊ ၁၉၃၁ တုန်းက ကုလားဗမာအဓိကရုဏ်းရဲ့ နောက်ဆက်တွဲ အဓိကရုဏ်းကလေး ခဏဖြစ်ဖူးပေမယ့် မကျယ်ပြန့်ပါ။ ကျယ်ပြန့်စရာအကြောင်းအချက် မရှိပါ။ တခြားအရှေ့တောင်အာရှ တိုင်းပြည် တွေလောက် ဗမာပြည်မှာ တရုတ်တွေ မများသေးပါ။ နည်းနည်းချင်း တစိမ့်စိမ့်ရောက်လာပြီး မြန်မာတွေနဲ့ ရောနှောသွားကြတာ များပါတယ်။ တချို့တလေက တရုတ်နာမည် ပျောက်သွားပါတယ်။ စာရေးဆရာကြီး ဦးထင်ဖတ်လို၊ ဆရာမကြီး ဒေါ်ရီကြိန်လို တရုတ်နာမည်ဆက်ရှိပြီး မြန်မာစိတ်ဓာတ် ဖြစ်သွားသူတွေလည်း ရှိပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲမှာ ပိုများပါတယ်။ လူမျိုးနှစ်ခုအကြားမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှု ကွာခြားမှု မရှိတာရယ်၊ ကုလားလိုဇာတ်စနစ် တရုတ်နဲ့မြန်မာမှာ မရှိတာရယ်ကြောင့် ရောနှောသွားတာပဲလို့ ထင်ပါတယ်။ ဒီလိုပြောလို့ တရုတ်နဲ့မြန်မာ လုံးလုံးပြဿနာမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါ။ ပြဿနာ ရှိပါတယ်။ ပြဿနာရဲ့ဇာစ်မြစ်က နိုင်ငံရေးပေါ် တည်ပါတယ်။
ဗမာပြည် လွတ်လပ်ရေးရတာနဲ့ တရုတ်ပြည်မှာ ကွန်မြူနစ်တွေအနိုင်ရတာ မရှေးမနှောင်းပါ။ နိုင်ငံရေးစနစ်ချင်း မတူကြပါဘူး။ စစ်ပြေး KMT တရုတ်ဖြူတပ်တွေ ဝင်လာတာတို့၊ ကိုးရီးယားစစ်တို့၊ ဗီယက်နမ်စစ်တို့ဖြစ်တာရယ်၊ အမေရိကန်ဦးဆောင်တဲ့ ဆီးတိုး(SEATO) ကွန်မြူနစ် ဆန့်ကျင်ရေး စစ်အုပ်စုဖွဲ့တာရယ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး အာဆီယံ ASEAN ပေါ်တာရယ် စတဲ့စတဲ့ကိစ္စတွေက ဗမာပြည်နိုင်ငံရေးကို ဂယက်ရိုက်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်တွင်းစစ်ကလည်း ၁၉၄၈ ကတည်းက ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ နွယ်တဲ့ တရုတ်ကြောက်ရောဂါ အစိုးရထဲမှာ အမြဲမပြတ်ရှိနေပါတယ်။ ၁၉၆၇ မှာတော့ ကွန်မြူနစ်တရုတ်ပြည် ဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင် ရေးအဓိကရုဏ်းကို နေဝင်းက ဖန်တီးမိပါတယ်။ ပြဿနာ သိပ်ကြီးသွားပါတယ်။
“မြေမြိုလို့လူမျိုးမပျောက် လူမြိုမှ ပျောက်မယ်”ဆိုတဲ့ ကြွေးကြော်သံပေါ်တာ အဲဒီတုန်းကပါ။ ဒီတခါ အမျိုးပျောက်မှာ စိုးကြောက်တာက ကုလားဘက်မဟုတ်ဘဲ တရုတ်ဘက် လှည့်လာပါတယ်။ (ဗကပ)လည်း “အမျိုးသားသစ္စာဖောက်”ဘွဲ့ထူး အပေးခံရပါတယ်။ နိုင်ငံ့ဂုဏ်ရည်တို့ ဘာတို့ သူများတွေကို ဖောဖောသီသီပေးနေချိန်မှာ ဗမာပြည်ကွန်မြူနစ်တွေက “အမျိုးသားသစ္စာဖောက်”ဘွဲ့ ရတာပါ။ အဲဒီဘွဲ့ကို ၁၉၈၉/၉ဝ ကျမှ ကွန်မြူနစ်တွေ ဆုံးရှုံးသွားပါတယ်။ NLD ကို ပေးလိုက်လို့ပါ။ ဒီလိုဖြစ်တာကလည်း စစ်အေးလွန်ကာက နိုင်ငံရေး အပြောင်းအလဲကြောင့် ပါပဲ။
“နိုင်ငံခြားသားကြောက်ရောဂါ” ကတော့ ပျောက်သွားတာ မဟုတ်ပါ။ အမေရိကန်ကြောက်ရောဂါ အရှိန်တက်နေဆဲမို့ တရုတ်ကြောက်ရောဂါ ငုပ်သွားတာသာ ဖြစ်ပါတယ်။ ဘယ်တော့ပြန်ပေါ်မယ် မပြောတတ်ပါ။ နိုင်ငံရေးရာသီဥတုပေါ်မူတည်ပြီး ဖြစ်တတ်တဲ့ရောဂါဖြစ်လို့ နိုင်ငံရေး ရာသီဥတုပြောင်းလဲရင် ပေါ်နိုင်ပါတယ်။ ဗမာပြည်ရဲ့ကံကောင်းမှု လွတ်လပ်ရေးကို တိုင်းပြည်တစည်းတလုံးတည်း အခြေအနေမှရခဲ့လို့ ကံကောင်းပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးနိုးကြားမှုရေချိန်မြင့်တာနဲ့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုကြောင့် တိုင်းပြည် တကွဲတပြားဖြစ်မသွားပါ။ တိုင်းပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရခဲ့ပါတယ်။
အိန္ဒိယပြည်ကြီးဟာ လွတ်လပ်ရေးရတော့ ကံမကောင်း ပါ။ တိုင်းပြည်နှစ်ပြည် ဖြစ်သွားပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန် တကျက်ကျက်ပါ။ နဂိုက တတိုင်းပြည်ထဲသားတွေဟာ လွတ်လပ်ရေးရတော့ အပြန်အလှန် နိုင်ငံခြားသားတွေ ဖြစ်သွားပါတယ်။ အိန္ဒိယသားက ပါကစ္စတန်သားကို နိုင်ငံခြားသားလို့သတ်မှတ်ပြီး မုန်းတီးကြောက်ရွံ့သလို ပါကစ္စတန်သားကလည်း အိန္ဒိယသားကို မုန်းတီးကြောက်ရွံ့ပါတယ်။ အစိုးရတွေ ကလည်း သူဖြူရင်ကိုယ်မဲ ဖြစ်ကုန်ပါတယ်။ စစ်အေးခေတ်ဆိုလည်း စစ်အေးခေတ်မို့၊ အခု စစ်အေးလွန်ခေတ်ဆိုလည်း စစ်အေးလွန်ခေတ်မို့ အင်အားကြီးသူတွေကို ကပ်ကြပါတယ်။ တဦးကိုတဦး တိုင်းပြည်ပြိုကွဲအောင် ချောက်ချကြပါတယ်။ တဦးကောင်းစားရင် မနာလိုမရှုစိမ့်ဖြစ်ပြီး ဒုက္ခရောက်နေရင် ဝါးကူပြီးထိုးပါတယ်။ နှစ်ဘက်စလုံးမှာ အဓိကရုဏ်းတွေလည်း ဖန်တီးပါတယ်။ ဒီသံသရာ ဘယ်တော့ဆုံးမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
တရုတ်ပြည် ကြည့်ပြန်တော့လည်း သူက တမျိုးပါ။ တရုတ်ပြည်မကြီးနဲ့ထိုင်ဝမ်ဆိုပြီး ကွဲနေဆဲပါ။ ကြားလူ ဝင်မွှေနိုင်ဖို့ ဟာကွက်ကြီး ဖြစ်နေ ပါတယ်။ အာရှငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပင် အန္တရာယ်ပေးနိုင်တဲ့ပဋိပက္ခ ဖြစ်လာပါတယ်။ အိန္ဒိယနဲ့တရုတ်ကြားမှာရှိတဲ့ ဗမာပြည်ဟာ တိုင်းပြည် တစည်းတလုံးတည်းလွတ်လပ်ရေးရခဲ့လို့ ကံကောင်းရုံမက နယ်နိမိတ်ပြဿနာလည်း ဖြေရှင်းပြီးဖြစ်နေလို့ ဒုတိယံပိ ကံကောင်း ပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်တို့နဲ့က နယ်နိမိတ်ပြဿနာ အင်္ဂလိပ်က အခြေခံအားဖြင့် ရှင်းပေးထားခဲ့ပြီးဖြစ်လို့ ကြွင်းကျန်ခဲ့တဲ့သမိုင်းပြဿနာ မရှိပါ။ တရုတ်ပြည်နဲ့ကတော့ ရှိပါတယ်။ ပြဿနာ မကြီးကြီးအောင်လည်း အမေရိကန်နယ်ချဲ့သမားက သွေးထိုးပေးပါတယ်။ ဦးကျော်ငြိမ်းတို့ အလိုအရဆိုရင် ဒီပြဿနာပြေလည်ဖို့ ခက်ပါတယ်။ ဦးနုရဲ့ အမြော်အမြင်ရှိမှုကြောင့် ဒီပြဿနာပြေလည်သွားတာကို မှတ်တမ်းတင်ရပါတယ်။
စစ်အေးလွန်ခေတ်အထိ ဒီပြဿနာ ပါမလာတာက တတိယ ကံကောင်းခြင်းပါ။
စတုတ္ထ ကံကောင်းခြင်းကတော့ အင်္ဂလိပ်က ၁၈၂၄ - ၅၂ - ၈၅ စစ်ပွဲတွေရဲ့နောက်ပိုင်း ခေါ်လာပြီး နေရာချပေးခဲ့တဲ့ ကုလားအမျိုးသားတွေကို ၁၉၄၂ မှာ ဂျပန်ထိုးစစ်ကြောင့် ခွာစစ်ဆင်ရတော့ တပါတည်း ခေါ်ပြေးသွားလို့ပါ။ ကုလားတွေ သိန်းသန်းချီပြီး ပြေးကြတာပါ။ ပြေးစရာ မရှိသူပဲ ကျန်ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ နောက်ပိုင်းမှာဖြစ်တဲ့ “ကုလားဗမာအဓိကရုဏ်း”ဆိုတာတွေက စစ်အစိုးရ တမင်ဖန်တီးတဲ့ ကိုယ့် ပြည်တွင်းသား(ပြေးစရာမရှိသူ) မူဆလင်တွေကို ရန်ရှာတာသက်သက် ဖြစ်ပါတယ်။ အဓိကရုဏ်းလို့တောင် ခေါ်လို့မရပါဘူး။ ၁၉၆၇ တရုတ်ဗမာ အဓိကရုဏ်းလောက်လည်း မကျယ်ပြန့်ပါ။ နေဝင်းစစ်အစိုးရကိုယ်တိုင် ပေါ်လစီချပြီး သတင်းစာထဲကနေလှုံ့ဆော်လို့ တရုတ်ဗမာ အဓိကရုဏ်းက ကျယ်ပြန့်ပါတယ်။ အခု စစ်အစိုးရခေတ်မှာလည်း “ကုလားဗမာ အဓိကရုဏ်း”ဆိုတာဖြစ်အောင် ဖန်တီးနေပေမယ့် မကျယ်ပြန့်ပါ။ နိုင်ငံခြားကလာသူတွေမဟုတ်တဲ့ ဗမာပြည်မှာ ဗမာရှင်ဘုရင်တွေ လက်ထက်ကတည်းကနေခဲ့တဲ့ ‘မူဆလင်’ တွေကို ဆွဲထုတ်ပြီး နှိပ်စက်တာဟာ အလွန်အမြော်အမြင်မဲ့ပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။
နေဝင်းက တရုတ်ဗမာအဓိကရုဏ်း ဖန်တီးတာနဲ့တောင် မတူပါဘူး။ နေဝင်းလုပ်ခဲ့တာက ၁၉၆၇ မှာပါ။ “စစ်အေးခေတ်” ဖြစ်ပါတယ်။ စူပါ ပါဝါတခုကိုဆန့်ကျင်ဖို့ တခုကိုခိုလို့ရတဲ့ခေတ်ပါ။ အခု “စစ်အေးလွန်ခေတ်” ပါ။ အမေရိကန် အကဲစမ်းနေချိန်ပါ။ အိုစမာဘင်လာဒင်ကို နှိမ်ဖို့ဆိုပြီး စစ်အင်အားစုစည်းတာ သိပ်များပါတယ်။ သတ္တဝါနဲ့လက်နက် မမျှပါ။ဘင်လာဒင်ကိုနှိမ်ဖို့ ဒီလောက်မလိုပါ။ တခြား ရည်ရွယ်ချက် တွေရှိတာ သေချာပါတယ်။ (ဖိလစ်ပိုင်မှာ အမေရိကန်တပ် ရောက်နေပါပြီ) လန်ဒန်ထုတ် ဂျိန်း (Jane) စာစောင်က ဘင်လာဒင်ရဲ့ အဆက် အသွယ်တွေ ဗမာပြည်မှာရှိတယ်လို့ ရေးပါတယ်။ ဟုတ်မဟုတ် အတည်မပြုနိုင်ပါဘူး။ စစ်အစိုးရကိုအခဲမကြေတဲ့ မူဆလင်တစုတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဘဏ္ဏာရေးမှီခိုချင်တာ အဓိကပါ။ ဒါကို ပုံကြီးချဲ့ပြီးရေးတာပဲ ဖြစ်ပါလိမ့်မယ်။ အိုစမာဘင်လာဒင်ကိုသာ ဒဏ်မခတ်ပါနဲ့၊ တပါတည်း ဗမာပြည်စစ်အစိုးရကိုပါ ဒဏ်ခတ်လိုက်ပါ။ မူးယစ်ဆေးဝါးဂိုဏ်းတွေလည်း အပြတ်ရှင်းပေးခဲ့ပါဆိုတဲ့လေသံ ကြားရပါတယ်။ ဒါက မူဆလင်တွေဆီက မဟုတ်ပါဘူး။ တထောင့်က လေသံပါ။ ကြွတ်မနိုင်ကျီမီးရှို့ခိုင်းတဲ့ပေါ်လစီလုပ်လို့ မဖြစ်ပါဘူး။ ကံကောင်းခဲ့တဲ့ ဗမာပြည် ကံမဆိုးပါစေနဲ့။(ဗမာပြည်ကွန်မြူနစ်ပါတီဆောင်းပါးများထဲမှ)

Monday, January 11, 2021

ဂျာအေးသူ့အမေရိုက်

0 comments
(ဂျာအေးသူ့အမေရိုက်)
ရခိုင်လွှတ်တော်မှာ AA ကို ကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည်ကို ပယ်ဖျက်ပေးရေး ပြည်ထောင်စုအစိုးအား တိုက်တွန်းသည့်အဆိုကို မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်၏။ ကန့်ကွက်သူမရှိသောကြောင့် အဆိုကိုဆက်လက်ဆွေးနွေးသွားမည်ဟုဆို၏။ ပြည်နယ်လွှတ်တော်မှာ အဆိုအောင်ပြီး အတည်ဖြစ်သွားခဲ့လျှင်တောင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ရေးမဖျက်ရေးမှာ ပြည်ထောင်စုအစိုးရကသာဆုံးဖြတ်ရမည်ဖြစ်သဖြင့် အဆိုမှာ ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်သဘောထက်ပိုစရာမရှိပါ။
AA အားအကြမ်းဖက်အဖွဲ့အစည်းဖြစ် အစိုးရကကြေညာစဉ်က စစ်အုပ်စုသဘောထား ဘယ်မျှအထိပါဝင်ကြောင်း တိုင်းပြည်က မသိရသော်လည်း ယခု ပယ်ဖျက်ပေးရန်အစဖော်လာတော့ အင်န်အယ်လ်ဒီမှ ဒေါက်တာမျိုးညွန့်က “တပ်မတော်က သဘောထား ပေးလာမှ၊ တပ်မတော်က အဓိကထောက်ခံတင်ပြမှ၊ လုံခြုံရေးနဲ့ဆိုင်တဲ့ပြဿနာကို အဓိကသက်ဆိုင်တဲ့ တပ်မတော်ရဲ့ထောက်ခံချက် အရ ဆက်လက်ဆောင်ရွက်သင့်ပါတယ်”တို့တွေ လုပ်လာ၏။ ဤစကားကိုထောက်၍ နောက်ကြောင်းပြန်ကြည့်လျှင် AA နှင့်ပတ်သက်၍ ရှေ့မှာလုပ်ခဲ့တာအကုန်လုံး စစ်အုပ်စုနှင့်အစိုးရ တကြိတ်တည်း တဉာဏ်တည်းလုပ်ခဲ့သည်ဟု တွက်ဆလို့ရပြီး ယခု ပယ်ဖျက်ရေးကိစ္စကျမှ တဘက်နှင့်တဘက် ဘော်လီဘောပုတ်ပြနေသလားဟု တွေးစရာရှိ၏။ စစ်အုပ်စုကလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတာရော ပယ်ဖျက်တာပါ “အစိုးရအလုပ်၊ တို့အလုပ်မဟုတ်”ဟု တောက်လျှောက် ရပ်ခံထားသည်မဟုတ်လား။
ထို့အတူ ယခု စစ်အုပ်စုနှင့် AA တွေ့သည့်ကိစ္စမှာတော့ အစိုးရပါဝင်ပတ်သက်မှု ရှိမရှိနှင့်၊ ရှိသည်ဆိုလျှင် ဘယ်လောက်ရှိမှန်း ပြည်သူတွေ ခုထိမသိရသေး။ အကယ်၍ အစိုးရသဘောထားယူပြီးမှ တွေ့ကြတာဆိုလျှင် ကိစ္စမရှိ။ သမ္မတအမိန့်ဖြင့် ကင်းလွတ်စွာ တွေ့ခွင့်ထုတ်ပေးနိုင်၏။ ဗိုလ်သိန်းစိန်သမ္မတလုပ်တုန်းက ဗိုလ်အောင်မင်းတို့ကို ထိုအမိန့်ထုတ်ပေးပြီး “မတရားသင်း” ပေါင်းများစွာနှင့် တွေ့ဆုံခိုင်းခဲ့သည့် သာဓကရှိ၏။ အကယ်၍အစိုးရ လုံးဝမပတ်သက်ခဲ့ဘူးဆိုလျှင် စစ်ခေါင်းဆောင်များသည် အကြမ်းဖက်အဖွဲ့အစည်းမှ လူများနှင့် တွေ့ဆုံခြင်းဖြစ်သဖြင့် ဥပဒေရှုထောင့်မှကြည့်လျှင် “ငြိ”နေ၏။ နိုင်ငံရေးသဘောနှင့် တရားစီရင်မှုအာဏာမှန်တမ်းကျနေသည့် လူ့အဖွဲ့အစည်းများတွင်မူ အကြမ်းဖက်အဖွဲ့အစည်းနှင့် သွားပတ်သက်သဖြင့် ဖမ်းလို့ဆီးလို့တရားစွဲလို့ရ၏။ ဗမာပြည်က မှန်တမ်းမကျ။
AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပင် သတ်မှတ်ထားသော်လည်း မတွေ့ဆုံမဆွေးနွေးဟု အစိုးရတွင်ရော စစ်အုပ်စု တွင်ပါ “မူ” ရှိနေဟန်မတူပါ။ ယင်းသတ်မှတ်ချက်ကြောင့် တွေ့ဆုံဆွေးနွေးရေးမဖြစ်နိုင်ဆိုသည့် အခြေခံလည်း မရှိဟုဆိုရမည် ထင်၏။ ထို့ကြောင့်ပဲ စစ်အုပ်စုက အစိုးရကို “ခေါက်” ပြီး သူတို့သဘောနှင့်သူတို့ AA နှင့်တွေ့တာလည်း ဖြစ်နိုင်နေပြန်၏။ ဤသို့မှန်လျှင် နိုင်ငံရေးလက်ဦးမှုယူပြီး နိုင်ငံရေးအမြတ်ထုတ်တာဟု ဆိုနိုင်၏။ သို့သော် ဤကိစ္စလည်း မသေချာ။ အစိုးရသဘောထား မပါဟု ဘာမှ ယတိပြတ်ပြောမရ။ ကိစ္စ ဂျာအေး သူ့အမေရိုက်။
ပြည်သူတွေဂျာအေး သူ့အမေရိုက်ရခြင်းမှာ စစ်အုပ်စုရော အစိုးရကပါ တိုင်းပြည်နှင့်လူထုအပေါ် စေတနာမမှန်ခြင်း မရိုးသားခြင်း၊ ပွင့်လင်းမြင်သာစွာ မရှင်းလင်းမဖော်ပြခဲ့ခြင်းတို့ကြောင့်ဖြစ်၏။ ဤသို့ဖြစ်နေသည်မှာ ယခုမှမဟုတ်။ စစ်အုပ်စုအဆက်ဆက် အစိုးရအဆက်ဆက် ဖြစ်နေကြ။ ဤသို့ဖြစ်နေသည်မှာ AA နှင့်ကိစ္စတခုတည်းမှာမှမဟုတ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနှင့် ဖြစ်နေကြ။ ထို့ကြောင့် “ယုံကြည်မှု” ဘယ်သူနှင့်မှ တည်ဆောက်လို့မရ။ ထို့ကြောင်း ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဝေးစွ၊ အပစ်အခတ်ရပ်စဲရေး စစ်ပြေငြိမ်းတို့ပင်လုပ်မရ။
ယခု ရခိုင်ပြည်နယ်လွှတ်တော်မှအဆို ဘယ်အထိခရီးပေါက်မည်မှန်းလဲ မှန်းဆမရ။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၁၊ ၂၀၂၁

Saturday, January 9, 2021

ဒီအတိုင်းတော့ မသေစေချင်

0 comments
(ဒီအတိုင်းတော့ မသေစေချင်)
ဗိုလ်ခင်ညွန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသယောင်ယောင် ဟိုမှသည်မှကြားနေရ၏။ ဟုတ်ချင်လည်းဟုတ်လိမ့်မည်။ ဟုတ်ဟုတ်မဟုတ်ဟုတ် လူတွေက သူ့ကို သက်တမ်းအတိုင်းနေပြီး သေသွားတာလည်း မမြင်ချင်သလို ရောဂါတခုခုဖြင့် မြန်မြန်သေသွားမှာလည်း မလိုလားကြ။ လူထုခုံရုံး သို့မဟုတ် ပြည်သူ့အစိုးရတရားရုံးတခုခုတွင် သူနှင့် သူ့လူများ ကျူးလွန်ခဲ့ကြသည့် အပြစ်များကို ထိုက်ထိုက်တန်တန်ခံယူပြီးမှ ဘဝကူးကြစေချင်မှန်း သိသာ၏။ အနည်းဆုံးတော့ "ကျနော် မှားခဲ့ပါတယ်၊ လက်လွန်ခြေလွန်တွေ ကျူးလွန်မိခဲ့ပါတယ်၊ နောင်တရပါပြီ" အစရှိသဖြင့် တိုင်းပြည်နှင့်လူထုကို နိုင်ငံသိတရားဝင် တောင်းပန်ဝန်ချသွားစေချင်ကြ၏။
သူ ဘုန်းမီးနေလတောက်ပ၍ သူ့လူများတန်ခိုးထွားချိန်က တိုင်းပြည်နှင့် လူထုအပေါ် ကျူးလွန်ခဲ့သည်များကလည်း သက်သေသာဓကအစုံအလင် ရှိနေကြ၏။ လူသက်သေတွေပြပါဆိုလျှင် နဝတ/နအဖခေတ်နိုင်ငံရေးအကျဉ်းသား (ဟောင်း)အားလုံး ရှေ့ဆုံးကနေ ထွက်လာမှာသေချာ၏။ ထပ်တိုးသက်သေတွေအဖြစ် ဘဝဒုက္ခမျိုးစုံ ခါးစည်းခံခဲ့ရသည့် မိသားစုဝင်များလည်းပါ၏။ ထို့အတူ သူတို့ ဒုက္ခပေးခဲ့သည့် အခြား အစိုးရအရာထမ်းအမှုထမ်းများနှင့် ပြည်သူပြည်သားများလည်း အနမတဂ္ဂရှိနေ၏။
စစ်အာဏာရှင်စနစ်/စစ်အစိုးရပေးသောဒုက္ခတွေ မချိမဆန့်ခံကြရတာချင်းအတူတူ ဗိုလ်ခင်ညွန့် တယောက်တည်းကိုမှာ ဘာလို့ကွက်ပြီး ပိုစက်ဆုတ်ကြ ပိုမုန်းကြရသလဲဆိုတာတော့ တွေးစရာရှိ၏။ အကြောင်းဇစ်မြစ် သုံးချက်ရှိမည်ထင်၏။ တခုက လုပ်သူဘက်။ တခုက တိုက်ရိုက်ခံရသူဘက်။ တခုက ယခုမှ “ငါးတကာယိုသည့်ချေး ပုဇွန်ခေါင်းပုံချ”ပြီး ကိုယ်လွတ်ရုန်းသူများဘက်။
လုပ်သူဘက်ကတော့ ရှင်းသည်။ စစ်ထောက်လှမ်းရေးအလုပ်က ပြည်တွင်းနေပြီး နိုင်ငံရေးအရ ဆန့်ကျင်အံတုနေကြသည့် ပြည်သူများကို နှိပ်ကွပ်ရန်သက်သက်ပင်။ အထက်ကချပေးသည့်ပေါ်လစီတွေကို တသွေမတိမ်းအကောင်အထည် ဖော်ရသူများ။ ဗိုလ်ခင်ညွန့်က ထို “အထက်က”ဆိုသူများထဲကတယောက်။ မလွဲသာမရှောင်သာ အမိန့်နာခံပြီး လုပ်ရသူမဟုတ်။ သူကိုယ်တိုင်ပေါ်လစီချသူနှင့် ဆုံးဖြတ်ချက်ပေးသူ Policy maker and decision maker။ ကိုယ်တိုင် တက်တက်ကြွကြွ စိတ်လိုလက်ရ အကောင်အထည် ဖော်ခဲ့သူ။ ထို့ကြောင့် လက် ပို “ပေါ်”၏။ သိသာမြင်သာ၏။
တိုက်ရိုက် ခံရသူတွေဘက်ကတော့ နိုင်ငံရေးသမားများ နိုင်ငံရေးနှင့် တနွယ်ငင်တစင်ပါသူများ။ ပြောနိုင်ဆိုနိုင် ရေးနိုင် ဖွင့်ချနိုင်သူများ။ ပြောတတ်ဆိုတတ် ရေးတတ်ဖော်ထုတ်တတ်သူများ။ ကိုယ့်အသံ လူကြားအောင် လုပ်နိုင်/လုပ်တတ်သူများ။ လုပ်ခွင့်ရှိသူများ။ နိုင်ငံရေးထဲနယ်ပယ်ထဲမှသာမက စာပေနှင့်ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ်များပါဖြစ်နေ၏။ ထိုသူများက ကိုယ်ခံရတာတွေကိုရော သူတပါးခံခဲ့ရတာတွေကို နည်းမျိုးစုံသုံးပြီး ပြောလည်းပြော၏။ ပြောလည်း ပြောတတ်ကြ၏။ ဖွင့်လည်း ချကြ၏။ ထို့ကြောင့် လူထုကြားတွင် စစ်ထောက်လှမ်းရေး၏လုပ်ရပ်တို့ ပို “ပွင့်ကျ”၏။ လူတွေပိုသိကြ၏။
တတိယအကြောင်းအချက်ဖြစ်သည့် “ငါတို့မပါ သူချည်းသာ”လုပ်သူများကတော့ စစ်ဗိုလ်ကြီးငယ် အဟောင်းအသစ်များနှင့် စစ်အာဏာရှင်စနစ်ကိုကာကွယ်သူများပင်။ လုပ်တုန်းက တကြိတ်တည်း တဉာဏ်တည်း တသွေးတည်းတသံတည်း လုပ်ခဲ့ကြပြီး ခုချိန်ကျမှ ကိုယ်လွတ်ရုန်းရင်း ရန်တိုက်ရင်း အဆင်းဘီးတပ်ပေးရင်း လက်သီးပုန်းထိုးသူများကြောင့်ပင်။ စစ်အုပ်စုက ဗိုလ်ခင်ညွန့်နှင့် သူ့ဂိုဏ်းကို ဖြုတ်ထုတ်ရှင်းလုပ်ခဲ့ကြသည်မှာ တိုင်းပြည်အပေါ်ကျူးလွန်တာတွေကြောင့် မဟုတ်ပဲ သူတို့ချင်း စားမန်ခုတ် စားခွက်လုပွဲတွေကြောင့်မှန်း လူတိုင်းသိသော်လည်း တိုင်းပြည်အပေါ်မဟုတ်တာတွေလုပ်၍ အာဏာတွေအလွဲသုံးစားလုပ်၍ ဖမ်းဆီးအရာချ ထောင်ချရသယောင်ယောင် ဝါဒ တွင်တွင်ဖြန့်ထား၏။ ထိုအချိန်က ဗိုလ်ရွှေမန်းပြောခဲ့သည့် “ဥပဒေအထက်တွင် ဘယ်သူမှမရှိ”ဆိုသည်ကို ဟုတ်လိမ့်နိုးနိုး ဘယ်သူမှ မထင်ကြသော်လည်း ဗိုလ်ခင်ညွန့်တို့ပြုတ်တာကို လူတိုင်းဝမ်းသာကြ၏။ ဘယ်အချိန်မှာဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဗိုလ်ခင်ညွန့်ဒဏ် တိုက်ရိုက်ခံရသူတွေအဖို့ ကမ္ဘာမကြေနိုင်စရာပင်။
ထိုအကြောင်းဇစ်မြစ် ၃ ချက်ကြောင့် ဗိုလ်ခင်ညွန့်နှင့်သူ့လူများကို လူရွံလူမုန်းပိုများ၏။ လူ့ အစက်အဆုတ်ပို၏။
ယခု ဗိုလ်ခင်ညွန့် ကိုဗစ်ဖြစ်နေသည်ဆို၏။ လူတွေက သူ့ကို ဒီအတိုင်းသေမသွားစေချင်။ ထိုအထဲ ကျနော်လည်း ပါ၏။
မျိုးမြင့်ချို။
ဇန်နဝါရီ ၉၊ ၂၀၂၁

Thursday, January 7, 2021

ပြဿဒ်က စလောင်တာလား

0 comments
(ပြဿဒ်က စလောင်တာလား)
လွှတ်တော်ထဲဝင် ဆူပူသောင်းကျန်းဖျက်ဆီးကြတာကို "ထရမ့်မြှောက်ပေးလို့ ဒေါသထွက်နေသောလူအုပ်ကြီးက အတင့်ရဲရဲလုပ်လာကြတာ"လို့လောက်နဲ့တင်ပဲ သုံးသပ်ချက်ကိုရပ်မထားစေချင်ပါ။ ရပ်မသွားစေချင်ပါ။
သေချာတွေးကြည့်ရင်(လက်တွေ့အရလည်း မြင်သာထင်သာရှိလာနေတဲ့) အမေရိကန်လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတချို့မှာအမြစ်တွယ်နေတဲ့ လက်ယာအစွန်းရောက်၊ လူဖြူကြီးစိုးရေး၊ လူမျိုးရေးဝါဒနဲ့ ဖက်ဆစ်ဆန်ဆန်ပြုမူလှုပ်ရှားမှုတွေ ခေါင်းထောင်ထလာတာကို ထင်ထင်ရှားရှားမြင်ကြရမှာပါ။ ထရမ့်ကိုယ်၌ကလည်း အဲ့သလိုအတွေးအခေါ်တွေရှိသူဆိုတော့ ဒီလူမျိုးရေးဘာသာရေးလှိုင်းစီးပြီး လူတွေကိုမြှောက်ထိုးပင့်ကော်လုပ်တာ သွေးထိုးလှုံ့ဆော်ပေးတာတွေလုပ်ပါတယ်။
ဒီလိုနဲ့ သူတက်လာပြီးနောက်ပိုင်းမှာ လူမျိုးရေးအစွန်းရောက်လှုပ်ရှားမှုတွေ တင်းကြမ်းဖြစ်လာတာပါ။ ဒီကြားထဲဖွဲ့စည်းပုံအခြေခံအရကို လူတိုင်းလက်နက်ကိုင်ဆောင်ခွင့်ကရှိထားလေတော့ လက်နက်ကိုင်ပစ်ခတ်သတ်ဖြတ်မှုတွေ ခြိမ်းခြောက်မှုတွေလည်း သူ့လက်ထက်မှာ မနိုင်ရင်ကာဖြစ်နေတာတွေ့ရမှာပါ။ လူဖြူလူမည်းပြဿနာလို့ အတင်းကာရောမပြောချင်ပေမယ့် လူမည်းတွေအပေါ်ရဲတပ်ဖွဲ့က မတရားဖြင့်လုပ်တဲ့လုပ်ရပ်တွေလည်း မကြားချင့်အဆုံးဖြစ်နေတာပါ။ ဒါ့ကြောင့်ပဲ Black Lives Matter လိုလှုပ်ရှားမှုတွေ ပေါ်လာတာဖြစ်ပါတယ်။
သူ့လက်ထက်မှာ အရင်ကတည်းက အမေရိကန်နိုင်ငံရေးအပေါ် ဩဇာကြီးတဲ့ NRA ခေါ် အမျိုးသားရိုင်ဖယ်လ်အသင်းကြီးရဲ့အရှိန်အဝါက ပိုကြီးထွားလာပါတယ်။ ဒီလောက် ပစ်မှုခတ်မှုတွေဖြစ်နေလည်း လက်နက်ကိုင်ဆောင်ခွင့်တင်းကျပ်ရေးကိုမလုပ်ခဲ့ပါဘူး။ ဒီသက်ရောက်မှတွေကိုထင်ဟပ်နေတာက အလံတွေပါ။ မနေ့ကဖြစ်ခဲ့တဲ့ပွဲမှာ ထောင်ခဲ့တဲ့အလံတွေကိုကြည့်ပါ။ အဲ့ဒီအထဲမှာ တောင်ပိုင်းကွန်ဖက်ဒရိတ်အလံတွေ၊ Hate Groups ခေါ်တဲ့အစွန်းရောက်အုပ်စုတွေရဲ့အလံတွေ(အဲ့ဒီအထဲမှာ Proud Boys အဖွဲ့လည်းပါပါတယ်)တွေ့ရမှာဖြစ်သလို The God, Guns and Trump ဆိုတဲ့အလံတွေလည်း တွေ့ရပါတယ်။ တကယ်က ဒီအလံတွေကို ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နေရာတကာမှာတွေ့လာနေရတာပါ။ အလံဆိုတာက ကြွေးကြော်သံ သဘောထားနဲ့ရပ်တည်ချက်တွေကို ဖော်ပြပါတယ်။
တကယ်တော့ မနေ့ကဖြစ်ခဲ့အဖြစ်အပျက်ကိုကြည့်ရရင် အာဏာရှင်ဆန်ဆန်အုပ်ချုပ်ရေးကိုလိုလားတဲ့ အစိတ်အပိုင်းတွေရဲ့ ဟန်ချက်ညီ ထကြွလှုပ်ရှားလာမှုပါ။ ထရမ့်က အခါတော်ပေးတာနဲ့ အချိန်းအချက်လုပ်ပေးတာပါ။ အချိန်းအချက်ပေးနိုင်ရတာက ဖြစ်လာနိုင်​ခြေဆိုတဲ့အချက်အလက်ရှိနေလို့ပါ။ အချက်အလက်မရှိရင် အချိန်းအချက်ပေးလည်း အလကားပါပဲ။ ကျနော်တို့ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီရေးအုံကြွမှုကြီးနဲ့ ချိန်ထိုးကြည့်ပါ။ ရှစ်လေးလုံးနေ့မှာ တပြည်လုံး လမ်းပေါ်ထွက်လာတာဟာ ဘီဘီစီအပါအဝင် ပြည်မီဒီယာတွေက လှုံ့ဆော်ပေးလို့မဟုတ်ပါ။ လူတွေ လမ်းပေါ်ထွက်လာမယ့် အခြေအနေ(အချက်အလက်)ရှိနေတာကြောင့် သူက ရက်ချိန်းပြောရတဲ့သဘောပါ။ ခုလည်း ထရမ့်က အချက်ပြပြီး အခါတော်ပေးရုံလောက်ပဲလုပ်ရတာပါ။ တကယ့်ဇစ်မြစ်က အမေရိကန်လူ့အဖွဲ့အစည်းအတွင်းက တချို့သောအစိပ်အပိုင်းတွေမှာ တည်နေတာဖြစ်ပါတယ်။
အမေရိကန်မှာလည်းနေ အမေရိကန်နိုင်ငံသားလည်းဖြစ်နေကြတဲ့ ကျနော်တို့ဟာ အဲ့ဒီအစိပ်အပိုင်းတွေရဲ့ လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ် သတိဝိရိထားပြီးစောင့်ကြည့်ရင်း လူမျိုးရေး ဘာသာရေး လက်ယာအစွန်းရောက်ဖက်ဆစ်ဝါဒတွေကို ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းမှန်သမျှနဲ့ ဆန့်ကျင်ဖော်ထုတ်ရှုတ်ချသွားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ အမေရိကန်တနိုင်ငံတည်း အမေရိကလူ့အဖွဲ့အစည်းတခုတည်းရဲ့အကျိုးစီးပွားအတွက်လို့ပြောရင် မှားပါလိမ့်မယ်။ ဒီမီးဟာ ကူးစက်ပါတယ်။ ကမ္ဘာ့ဘယ်နေရာမှာ ဒါမျိုးဖြစ်ဖြစ် ကျနော်တို့ ဆန့်ကျင်ရမှာပါ။ တိုးတက်တဲ့ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲရမှာပါ။ အမေရိကန်က စလောင်ရင် လစ်ဘရယ်လ်ဒီမိုကရေစီပြဿဒ်ကြီးက စလောင်တဲ့မီးဖြစ်သွားမှာပါ။ ဒါ့ကြောင့် ဒီ လက်ယာစွန်း အမျိုးသားရေးအစွန်းရောက်ဝါဒကိုဆန့်ကျင်တိုက်ဖျက်ဖို့ရာ ဒီမိုကရေစီလိုလားသူတိုင်းရဲ့ဝတ္တရားဖြစ်ပါတယ်။
မျိုးမြင့်ချို
ဇန်နဝါရီ ၇၊ ၂၀၂၁

Friday, January 1, 2021

နိုင်ငံခြားအထောက်အပံ့ခံ CSO ၊ NGO များသတိရှိဖို့

0 comments
“နိုင်ငံခြားအထောက်အပံ့ခံ CSO ၊ NGO များသတိရှိဖို့”
(မောင်ရိုးရှင်း)
တနေ့ကဖေ့စ်ဘုတ် လူမှုစာမျက်နှာပေါ်မှာကျောင်းသူမလေးတယောက်ကဒီလိုရေးလိုက်တယ်။ သူ့ဆရာကပြောတယ်။ သူတပါးကိုကူညီတယ်ဆိုတာဘာကိုမှမျှော်လင့်မထားဘဲကူညီတာအကောင်းဆုံးလို့။ ဒါပေမဲ့ ကလေးမလေးကသူ့စဉ်းစားမှုကို ပြန်ရေးတယ်။ သမီးကလူတယောက်ဖြစ်လို့ တုံ့ပြန်မှုကိုလိုလားတယ်တဲ့။ ဘယ်အတွေးအခေါ်ကပိုမှန်လဲ။ လက်တွေ့နဲ့ ပိုနီးစပ်လဲဆိုတာစဉ်းစားစရာ ဖြစ်လာတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှုး ရဲဘော်ထွန်း(ဗိုလ်ကြင်မောင်)က ပြောဖူးတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကိုတရုတ်ပြည်ကအကူအညီပေးနေတာနဲ့ ပတ်သက်လို့ပါ။ ထိုစဉ်ကဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌဖြစ်တဲ့ သခင်ဘသိန်းတင်နဲ့အဖွဲ့ တရုတ်နိုင်ငံမြို့တော်ပီကင်းကိုရောက်နေချိန် ပါ။ တရုတ်ပြည်ကွန်မြူနစ်ပါတီဥက္ကဌကြီးမော်စီတုန်းကလက်ခံတွေ့ဆုံပါတယ်။ သခင်ဘသိန်းတင်ကဗမာ ပြည်ကွန်မြူနစ်ပါတီကိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်။ အဲဒီအခါမှာဥက္ကဌကြီးမော်စီတုန်းကကျေးဇူးတင်စရာမလိုကြောင်း၊ခင်ဗျားတို့ကိုအကူအညီပေးတာ ကျွန်တော်တို့မှာလည်းအကျိုးရှိလို့ ပေးတာဖြစ်ကြောင်း၊ အကူအညီပေးတယ်ဆိုတာပေးတဲ့သူကလည်းအကျိုးရှိမှ ပေးတာဖြစ်ကြောင်း၊ အကျိုးမရှိဘဲဘယ်သူမှ အကူအညီမပေးကြောင်းပြောပြပါတယ်။ဒါဟာဥက္ကဌကြီးမော်ရဲ့ ဗမာရဲဘော်တွေကိုသွန်သင်ပေးချက်တခုလည်း ဖြစ်ပါတယ်။ ဒီသွန်သင်ပေးချက်နဲ့ကင်းလွတ်တဲ့ အကူအညီဆိုတာရှိနိုင်ပါသလား။ ဆန်းစစ်ကြည့်ရအောင်ပါ။
အကူအညီဆိုတာပုံစံအမျိုးမျိုးရှိတာပါ။ လူမှုရေးအရ၊ဘာသာရေးအရ၊ နိုင်ငံရေးအရ၊စီးပွားရေးအရအမျိုးမျိုးရှိနိုင်ပါတယ်။ ဘာသာရေးအရလုပ်တဲ့ အလှူအတမ်းတွေမှန်သမျှ၊အကူအညီမှန်သမျှဟာအကျိုးရလာဒ်အနေနဲ့ ကောင်းမှုကုသိုလ်ဆိုတဲ့ အကျိုးအမြတ်ကိုမျှော်ကိုးပြီးလှူကြတမ်းကြတာပါ။ အခုဘဝကုသိုလ်၊ နောင်ဘဝကုသိုလ် စတာတွေကိုရရှိခံစားစံစားရမယ်လို့ ယုံကြည်ကြတာပါ။ တချို့ကလည်းအလှူ့ရှင်ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ၊နာမည်ကျော်ကြားမှုတွေကိုရယူပိုင်ဆိုင်လိုကြတာပါ။ အနိမ့်ဆုံးအခုဘဝဆင်းရဲနေရင်တောင် နောင် ဘဝကျချမ်းသာမှာဆိုတဲ့ ပီတိကိုတော့ ခံစားချင်ကြတာပါ။
ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတခုကိုမဲပေးတာဟာလည်းအဲဒီနိုင်ငံရေးပါတီအနိုင်ရဖို့၊အာဏာရဖို့ နိုင်ငံသားတွေကပေးတဲ့အကူအညီပါပဲ။ ဒီပါတီကပေးထားတဲ့ ရွေးကောက်ပွဲမက်လုံးတွေကိုရယူလို၊ခံစားစံစားလိုတဲ့ စိတ်နဲ့ ပေးကြတာပါ။ ဒီပါတီကရွေးကောက်ပွဲနိုင်ပြီးအစိုးရဖြစ်လာတဲ့အခါ ရွေးကောက်ပွဲမှာပေးထားတဲ့ ကတိတွေ၊မက်လုံးတွေကိုအကောင်အထည်မဖော်နိုင်ဘဲချောင်ထိုးထားလိုက်တဲ့အခါကျမှ ငါတို့မဲပေးလိုက်တာအလဟဿဖြစ်ပြီဆိုတာသိကြရတာပါ။
နိုင်ငံရပ်ခြားကဥပမာတခုကို ကြည့်ရအောင်ပါ။ ကမ္ဘာကျော်အစ္စလမ်အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကိုဖမ်းဆီးသုတ်သင်ဖို့လုပ်ဆောင်စဉ်က ဖြစ်ပါတယ်။ ဘင်လာဒင်သတ်ဖြတ်သုတ်သင်ရေးကိုနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ အမေရိကန်ထောက်လှမ်းရေး CIA က ပါကစ္စတန်နိုင်ငံအတွင်းမှာလျှို့ဝှက်စစ်ဆင်ရေးလုပ်ဆောင်နေတာပါ။ သူတို့ရဲ့လျှို့ဝှက်စစ်ဆင်ရေးကိုလုပ်ဆောင်ပေးရတဲ့သူတွေကပါကစ္စတန်နိုင်ငံသားကျန်းမာရေး NGO တခုကဝန်ထမ်းတွေပါ။ ဘင်လာဒင်လိုမွတ်စလင်ဘာသာရေးခေါင်းဆောင်တယောက်ကိုဖမ်းပေးဖို့ဆိုရင် ဘယ်ပါကစ္စတန်နိုင်ငံသားကမှ လုပ်ပေးမှာမဟုတ်ပါဘူး။ ဘာအကူအညီမှလည်းပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘင်လာဒင်ရှိတယ်လို့ သတင်းရထားတဲ့ နေရာတဝိုက်ကိုကျန်းမာရေးအရသွေးဖောက်စစ်ဆေးဖို့ အစီအစဉ်တခု CIAက ဒေသခံကျန်းမာရေးNGOတခုကိုလျှို့ဝှက်လုပ်ဆောင်စေခဲ့ပါတယ်။ ဒေသခံကျန်းမာရေးNGO ဝန်ထမ်းတွေက CIA ရဲ့ လျှို့ဝှက်စစ်ဆင်ရေးမှန်းမသိဘဲသွေးရိုးသားရိုးနဲ့ မိမိနိုင်ငံ၊မိမိပြည်သူအကျိုးအတွက်လို့ ယူဆပြီးလုပ်ဆောင်ပေးခဲ့ကြတာပါ။ အဲဒီစီမံကိန်းရဲ့လုပ်ဆောင်မှုကြောင့် ဘင်လာဒင်နေတဲ့နေရာကိုအတိအကျဖေါ်ထုတ်ရရှိသွားပြီးဘင်လာဒင် လုပ်ကြံခံခဲ့ရတာပါ။ နောက်ဆက်တွဲအနေနဲ့ ဒေသခံကျန်းမာရေး NGO ဝန်ထမ်းတွေကြောင့် ဘင်လာဒင်အသတ်ခံရတယ်လို့ တာလီဘန်အဖွဲ့ကသဘောထားပြီး NGO ဝန်ထမ်းတွေကိုလိုက်လံသတ်ဖြတ်တာတွေ၊တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။
ဒီနေ့ခေတ် ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာနိုင်ငံတကာအထောက်အပံ့တွေ ပုံစံမျိုးစုံနဲ့ဝင်ရောက် နေရာယူထားကြပါတယ်။ နိုင်ငံတွေ၊အဖွဲ့အစည်းတွေ များသလောက် ဦးတည်ချက်၊ရည်ရွယ်ချက်တွေကလည်းကွဲပြားခြားနားလှပါတယ်။ သေချာတာကတော့ ဗမာနိုင်ငံ၊ဗမာပြည်သူလူထုနဲ့ တိုင်းရင်းသားတွေကိုချစ်လွန်းလို့ပေးနေကြတာမဟုတ်ပါဘူး။ သူတို့အကျိုးစီးပွားတွေကိုအဓိကထားပြီးပေးကြတာပါ။ အပြင်ဘန်းကြည့်ရင် သူတို့ပေးနေတဲ့အကူအညီတွေကအဓိကလို့ ထင်ရပါတယ်။ သူတို့အကျိုးစီးပွားတို့၊ရည်ရွယ်ချက်တို့ကိုတော့ ဖျောက်ထားတတ်ကြပါတယ်။
ဟိုတလောကတိုင်းရင်းသားဒေသတခုမှာ ဖြစ်သွားတာကိုပဲ ကြည့်ပါ။ ဘာသာရေးအဖွဲ့အစည်းနာမည်နဲ့ နိုင်ငံခြားကအကူအညီတွေပေးထားပါတယ်။ ဒါပေမဲ့ ဘာသာရေးထက်ပိုပြီးလုပ်ဆောင်တာတွေရှိလာတော့ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းကသည်းညည်းမခံနိုင်တော့ဘဲအင်အားသုံးရှင်းလင်းရသည်အထိ ဖြစ်လာတာကိုတွေ့ကြရမှာပါ။ နယ်ချဲ့စနစ်ပေါ်ထွန်းစအချိန်ကတည်းကနယ်ချဲ့စနစ်မှာအဓိကလက်နက် ၃ခုရှိပါတယ်။ စစ်ရေး၊ကုန်သွယ်ရေးနဲ့ ဘာသာရေးတို့ပါ။ အဲ့ဒီအချိန်ကတည်းကနယ်ချဲ့နိုင်ငံကြီးတွေဟာကိုလိုနီနိုင်ငံတွေကိုထိုးနှက်ဖို့ ဘာသာရေးမစ်ရှင်တွေကိုကောင်းကောင်းအသုံးချခဲ့ကြတာပါ။ ဒီနေ့အထိလဲပုံစံပြောင်း၊အသွင်ပြောင်းသွားတာပဲရှိတာပါ။ အနှစ်သာရကတော့ မပြောင်းလဲပါဘူး။
နိုင်ငံခြားအထောက်အပံ့နဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ များလှပါတယ်။ အဖွဲ့အစည်းတိုင်းလိုလိုငွေကြေးထောက်ပံ့ပေးတဲ့ နိုင်ငံခြားအဖွဲ့အစည်းကိုသူတို့တောင်းဆိုတဲ့ ဒေတာတွေ၊အချက်အလက်တွေ စုဆောင်းပေး ကြရပါတယ်။ လုပ်သမျှအလုပ်တွေကိုအစီရင်ခံစာပေါင်းများစွာနဲ့ အမြဲတမ်းအစီရင်ခံနေကြရတာပါ။ သူတို့ ဖြန့်ဖြူးချင်တဲ့ အတွေးအခေါ်အယူအဆတွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖြန့်ဝေပေးနေရတာပါ။ ဒီအတွက်လည်းလိုအပ်တဲ့ငွေကြေးကိုထောက်ပံ့ပေးထားပါတယ်။
ဒီနေ့ မြန်မာနိုင်ငံရဲ့ ဒေတာအချက်အလက်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေကိုစီးဝင်ရောက်ရှိနေတာပါ။ လက်ရှိအစိုးရကလက်ခံရရှိတဲ့ ဒေတာတွေထက် ပိုများပြီးပိုအသေးစိတ်ကျမယ်လို့ ယူဆရပါတယ်။ ဒီဒေတာတွေကိုလက်ခံရရှိတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေကရော၊စီအိုင်အေလိုကမ္ဘာကိုခြိမ်းခြောက်နေတဲ့၊ကိုင်လှုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဆီကိုလက်ဆင့်မကမ်းဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ မြန်မာနိုင်ငံအကြောင်းကို မြန်မာအစိုးရထက်၊ မြန်မာနိုင်ငံရေးသမားတွေထက် သူတို့ကပိုသိ၊ပိုနားလည်နေတာမျိုးတောင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့အားနည်းချက်၊အားကောင်းချက်တွေကိုကိုယ့်ထက်ပိုသိပြီးကိုယ့်ကိုပြန်ချုပ်ကိုင်လာတာရောမဖြစ်နိုင်ဘူးလား။ စဉ်းစားစရာတွေ အများကြီးပါ။
ဒါဆိုရင် နိုင်ငံခြားအထောက်အပံ့ဆိုတာတွေအပေါ်မှာအရင်ကထက်ပိုပြီးအလေးအနက်ထားဖို့ ဆင်ခြင်ကြဖို့ လိုအပ်လာပြီပေါ့။
(မောင်ရိုးရှင်း)
17.1.2019