Saturday, May 7, 2011

မြစ်သံလွင်နှင့် စကားပြောခြင်း

0 comments
မြစ်သံလွင်နှင့် စကားပြောခြင်း

သံလွင်ရေ ...
ငါဟာ မင့်ရဲ့
အရင်းနှီးဆုံး မိတ်ဆွေခရီးသည်တဦးပါ။

မင့်ဆီလာရာလမ်းမှာ
ဒုက္ခသည်စခန်းတွေကလည်း
ဒုက္ခတွေနဲ့ ကျကျနန လှလို့။

လမ်းတွေကလည်း ကွေ့ကောက်
မြေပြင်လွှာကလည်း တွန့်ခေါက်
မရောက်ဖြစ်တာကြာနေခဲ့တဲ့ ငါ့ကို
မင်း စိတ်များကောက်နေမလားပဲ
ခါတိုင်းလို တောပန်းလေးတွေခမျာ
ပွင့်ဖို့ကို မေ့လျော့နေသလိုပဲ။

တလမ်းလုံး
အမြစ်မခိုင်တော့တဲ့ သစ်ပင်တွေကလည်း
ယိုင်ခွေချည့်နဲ့
ဆောင်းနှောင်းနှင်းတွေကလည်း
ဖွက်ထားတဲ့လမ်းကို မပြချင်ပြချင်နဲ့
အဲဒီလမ်းပေါ်မှာ
ခါတိုင်းလို မြင်နေကျမျက်နှာတွေ
ငါ တွေ့ခွင့်ရမှ ရပါလေစ။

ခုတခေါက် မင့်ဆီလာရာလမ်းဟာ
မျှော်လင့်မထားတဲ့ သူစိမ်းဆန်မှုတွေနဲ့
တကယ်တော့
မင်းဘက်က မငြင်းဆန်နိုင်လို့သာ
မင်းငါ့ကို ပြန်လက်ခံရတယ်
စိတ်ထဲတော့ သိပ်လိုလိုလားလား မရှိတော့ဘူးလို့
ငါ ထင်မှတ်ခံစားနေရတယ်။

ဟိုတုန်းကလိုပဲ
မင်းရဲ့ နံဘေးမှာထိုင်ပြီး
မပြတ်တမ်း ခရီးနှင်နေတဲ့
မင်းရဲ့ရေအလျင် စီးဆင်းနေမှုကို ငါထိုင်ငေးတယ်
မင်းသီဆိုနေကျ ဘ၀သီချင်းကို ငါနားထောင်တယ်
မင်းသင်ကြားတဲ့ လောကအဘိဓမ္မာကို ငါနာယူတယ်
ဒါပေမယ့် ...
မင်းဟာ ငါ့အပေါ်
အရင်လို နွေးနွေးထွေးထွေး ရှိနေသေးတာ
ငါ အံ့သြနေမိတယ်။

ငါမပြန်ခင် တညမှာ
ငါ မင်းနဲ့ စကားပြောခွင့်ရခဲ့တယ်
သဲသောင်ပြင်ကို လက်နဲ့ထိုးဆွခဲ့တဲ့
ကိုထက်မိုး ထိုင်ခဲ့တဲ့ နေရာလေးကို ...
ကိုနေလ ဂစ်တာထိုင်တီးခဲ့တဲ့ ကျောက်ဆောင်ကလေးကို ...
သူတို့ ... သူတို့တွေရဲ့ အိမ်အလွမ်း
တိုက်ပွဲနဲ့ လွတ်မြောက်ရေးသီချင်းတွေဆိုရာ
အမှတ်တရ နေရာကလေးတွေကို ...
ဘယ်လောက် ခက်ခဲ ခက်ခဲ
ကျောက်ဆောင်နဲ့ သဲသောင်ပြင်ပေါ်မှာ
အမြစ်စွဲရှင်သန်နေတဲ့ မိုးမခပင်ကလေးတွေကို
မင်းက တခုတ်တရငါ့ကို ပြခဲ့တယ်။

မနက်ဖြန်မှာ
ငါပြန်ရဦးမယ်ဆိုတော့
မင်းက လှိုက်လှိုက်လှဲလှဲ ရယ်မောတယ်
ပြီးမှ ... ငါ့ကို နှုတ်ဆက်စကား ပြန်ပြောတယ်
"
သဘောပဲ
လာတယ်၊ ပြန်တယ်ဆိုတာ
ငါ့အဖို့ ရှိလည်းမရှိဘူး၊ သိလည်းမသိဘူး" တဲ့
အဲဒီလိုပြောပြီး မင်း ဆက်လက်စီးဆင်းနေခဲ့တယ်။

သံလွင်ရေ ...
မင့်ဆီက အပြန်လမ်းမှာ
ဒုက္ခသည်စခန်းတွေကလည်း
ဒုက္ခတွေနဲ့ ကျကျနန လှလို့ ။

ကမာပုလဲ
၂၀၊ ၀၃၊ ၂၀၀၉

Tuesday, March 24, 2009


ဒုက္ခ … မြို့ကလေး(ကမာပုလဲ)

0 comments
ဒုက္ခ..မြို့ကလေး
ဒုက္ခ မြို့ကလေး
ကမာပုလဲ

ဒုက္ခတဲ့
ငါတို့မြို့ကလေးပေါ်
ကပ်ရောဂါလို
မညှာမတာ ကျရောက်နေပေါ့

အဲဒီမြို့ကလေးမှာ
တချို့တွေက
လူအချင်းချင်း အမဲလိုက်ကစားလို့

အဲဒီမြို့ကလေးမှာ
စစ်အတွင်းက ကျကျန်ရစ်တဲ့
ပိုင်ရှင်စွန့်ပစ် အရိုးစုတွေကလည်း
မိုးတိုးမတ်တတ်ပေါ်လို့

အဲဒီမြို့ကလေးမှာ
ဒဏ်ရာတွေကလည်း
ထပ်ကာထပ်ကာ မွေးဖွားလို့

အဲဒီမြို့ကလေးမှာ
မိရိုးဖလာယဉ်ကျေးမှုတွေကိုလည်း
လျှော့ဈေးနဲ့ မျက်နှာသေသေ ချရောင်းလို့

အဲဒီမြို့ကလေးမှာ
ဘ၀တူချင်း ဇာတ်တူသားစားလိုက်ရတာကို
တခမ်းတနားအောင်ပွဲတွေအဖြစ် စီရင်ကျင်းပလို့

အဲဒီမြို့ကလေးမှာ
တချို့သော လူတွေဟာ
တွားသွားသတ္တ၀ါတွေအဖြစ်နဲ့
ကမ္ဘာကို ရွာအဖြစ်တည်ဆောက်လို့

အဲဒီမြို့ကလေးမှာ
အရူးစစ်စစ်တယောက်ရဲ့ စကားကို
ပုဂ္ဂလအကျိုးစီးပွားအတွက်
အတိတ်တဘောင်တွေ ကောက်လို့

အဲဒီမြို့ကလေးမှာ
ဟစ်တလာလက်သစ်နဲ့ သူ၏နောက်လိုက်တွေက
မိုးဦးကျ ဖားတွေလို အဓမ္မမင်းမူလို့

အဲဒီမြို့ကလေးမှာ
သွေးစစ်စစ်တွေအစား
ပျစ်ပျစ်နှစ်နှစ် အညစ်အကြေးတွေ လှည့်ပတ်စီးနေတဲ့
လူ့အန္ဓတွေက
အများပြည်သူတွေရဲ့ အနာဂတ်ကို
မျက်နှာပြောင်ပြောင်နဲ့
ခပ်တည်တည် ထုဆစ်လို့

အဲဒီမြို့ကလေးမှာ
စက်ရုံ၊ အလုပ်ရုံနဲ့ လမ်းမတွေပေါ်မှာ
သနပ်ခါးရနံ့ကလေးတွေခမျာ
တရားမ၀င်မှုတွေနဲ့ သိမ်သိမ်ငယ်ငယ် သင်းပျံ့လို့

အဲဒီမြို့ကလေးမှာ
လက်ဆိတ်ခံ ညှိုးလျော်ကျုံလှီနေတဲ့
အိမ်အလွမ်း ခရေပင်ကလေးတွေကလည်း
သူ့အချိန်ရောက်ရင်
သူ့အစွမ်းရှိသမျှ လှလှပပ ပွင့်လို့

အဲဒီမြို့ကလေးမှာ
သစ္စာတရားကိုယ်တိုင်က
သစ္စာတရားကို ရှာဖွေလို့

အဲဒီမြို့ကလေးဟာ
မနေ့ကတင်ပဲ
ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ
လင်ပစ်မယားတယောက်လို
နာနာကြည်းကြည်း ရယ်မောလို့

အဲဒီမြို့ကလေးပေါ့
သူကိုယ်တိုင် မသေချာမရေရာမှုတွေနဲ့
တနေ့တခြား
သွေးလေချောက်ချားနေတော့တယ် ။

ကမာပုလဲ

Monday, December 15, 2008


အနှစ်နှစ်ဆယ် စိတ်အခြေအနေကိစ္စ(ကမာပုလဲ)

0 comments
အနှစ်နှစ်ဆယ်စိတ်အခြေအနေကိစ္စ
ကမာပုလဲ
ခုတလော
စိတ်တွေလေးလံနေတယ်
မရှင်းဘူး၊ မလင်းဘူး
မတွေးဘဲနေလို့လည်း မရပြန်ဘူး
ခုတလော စိတ်တွေ ထိန်းမနိုင်သိမ်းမရကို လေးလံနေခဲ့တယ်။

စီးနေတဲ့ ကားကို အသစ်ပြောင်းလိုက်တယ်
စိတ်ကို အသစ်ပြောင်းလို့ မရဘူး
ကားကို အရှိန်မြှင့်မောင်းလိုက်တယ် ရတယ်
စိတ်ကို အရှိန်မြှင့်မောင်းကြည့်တယ်
ဘက်(နောက်ကြောင်းတွေဆီ)ကို ပြန်ပြန်သွားနေတယ်
အိပ်မက်တွေထဲထိ
ချောက်ထဲ အကြိမ်ကြိမ်ကျ
ဘာကောင်တွေမှန်းမသိရတဲ့
အစွယ်ဖွေးဖွေးနဲ့ ကောင်တွေက နောက်ကလိုက်
နတ်မိမယ် အလှအပတွေကလည်း
ချက်ချင်းကို မိစ္ဆာအသွင်ပြောင်းလို့
အမြင့်တခုခုပေါ်က အခါခါ လိမ့်လိမ့်ကျ
နက်လိုက်တဲ့ ချောက်ကမ်းပါးတွေကလည်း
အောက်ကို မရောက်နိုင်လောက်အောင်ကို နက်ရှိုင်းလို့
ရင်တလှပ်လှပ် ချွေးစေးတွေကပြန်
ငယ်သံပါအောင် ကုတ်ခြစ်အော်ကြည့်တယ်
အသံကပဲ ထွက်မလာနိုင်တာလား
ကိုယ့်အနားမှာ ကိုယ့်မိတ်ဆွေ တယောက်မျှ မရှိတော့လောက်အောင်
အထီးကျန်ဆန်ခဲ့ရပြီလား

ဒီလို ပိတ်ဆို့နှိပ်စက်နေတဲ့ စိတ်ဒုက္ခကို
ထွက်ပေါက်ကလေးများ ရလိုရငြားဆိုပြီး
ယစ်ရွှေရည်တွေ မှီဝဲကြည့်တယ်
ခေါင်းကိုက်၊ လည်ချောင်းကွဲ၊ မျက်နှာနဲ့ ကိုယ်ခန္ဓာအပိုင်းအစတွေ
ဖောရောင်လာတာပဲ အဖတ်တင်ကျန်ခဲ့တယ်
မရှိမဲ့ရှိမဲ့ ချို့တဲ့မိတ်ဆွေတွေရဲ့ ကရုဏာသက်တဲ့ အကြည့်အောက်မှာ
အရာရာ ဆုံးရှုံးနေပြီဆိုတာကိုသာ ခါးသီးစွာ အမြတ်ရရှိလိုက်တယ်
ဖြစ်နိုင်ရင် ဖြစ်များဖြစ်နိုင်ရင်ပေါ့လေဆိုပြီး
ခုချိန်မှာ မရှိတော့တဲ့ အမေ့ရင်ခွင်ထဲ
ခေါင်းဝှေ့ကာ ငိုကြွေးလိုက်ချင်တော့တယ်

ဟုတ်တယ်
ဟုတ်ပါတယ်
ဘယ်သူမပြု မိမိမှု
မိမိအမှု မိမိပြုခဲ့တာပါပဲ
ကဲ
အပြစ်မဲ့ ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့
ကြွယ်ဝနေတဲ့ မိုးကောင်းကင်ကြီးရေ
ငါ့လို လူ့`ဗာလ´တွေကို အပြီးတိုင်ဆေးကြောဖို့
မြေကမ္ဘာပေါ်ကို
တအုံတမကြီးသာ ရွာချလိုက်ပါတော့

ကမာပုလဲ
၂ ၀ ၀ ၈ ၊ နို ၀င် ဘာ ( )

နာဂစ် … လပြည့်ည (ကမာပုလဲ)

0 comments
နာဂစ် လပြည့်ည
ကမာပုလဲ

လရောင်ရဲ့ အထိအပွေ့မှာ
ဘ၀ဟာ လမင်းနဲ့ ဝေးနေခဲ့

ဘယ်လိုကြမ္မာမျိုးလဲ
မြစ်တွေတောင် ငိုချင်းရှည်ဖွဲ့လို့
ဟောဒီ
ရေပြင်ကန္တာရကြီးမှာ

ဒို့တတွေအတွက်
ကမ္ဘာကြီးဟာ
ကိုယ်ချင်းစာ ငိုကြွေးခဲ့လေသတဲ့
အဲဒီနေ့တွေတုန်းကတဲ့
ခုတော့လည်း

တမိုးတွင်းလုံး
မိုးစက်မြားတံတွေက
အကာအကွယ်မဲ့ခဲ့ရတဲ့
ဒို့ရဲ့ အသားအရေတွေကို ဖောက်ထွင်း
ဒို့ရဲ့ အညတရဘ၀တွေကို ပစ်ခွင်း
အောင်သေအောင်သား စားနေကြသလို
လရောင်ရဲ့ ပွတ်သပ်ယစ်မူးနေမှုအောက်မှာ

ခုတော့
ကြွေစရာ တောလည်းမရှိ
ဝေစရာ မျက်ရည်တွေလည်း ခမ်းခြောက်ခဲ့
သီတင်းကျွတ် လပြည့်ညတဲ့
သိခဲ့သားပဲ
ဒီည
လမင်း ဘယ်လိုသာမယ်ဆိုတာ ။

ကမာပုလဲ

Saturday, November 1, 2008

ညများ … အနှစ်နှစ်ဆယ် (ကမာပုလဲ)

0 comments
ညများ အနှစ်နှစ်ဆယ် (ကမာပုလဲ)
ကမာပုလဲ

တညလုံး
မအိပ်ဘဲ ထိုင်စောင့်နေခဲ့တာ
လေချွန်သံကလေး ကြားရနိုးနိုး
ခြေသံလျှပ်လျှပ်
ရင်တလှပ်လှပ် ခုန်ရနိုး
တညလုံး ထိုင်စောင့်နေခဲ့တယ်။

အင်္ကျီနဲ့ လုံချည်ကလေးတွေလည်း
ပရုပ်လုံးရနံ့နဲ့ ခေါက်ရိုးကျိုးပြီးသား
အိပ်ရာကိုလည်း ဖုံမခစေရဘူး
စာအုပ်စင်ကလေးဆို
သပ်သပ်ယပ်ယပ်နဲ့ လည်ပင်းရှည်အောင် မျှော်လို့
အားလုံးဟာ အချိန်နဲ့အမျှ ပင်လယ်ထဲ
ယုံယုံကြည်ကြည် စီးဝင်နေကြတယ်။

စာသင်ကျောင်းကလေးကလည်း
ပျောက်သွားတဲ့ သူ့ကို
ဘယ်ကိုမှ မရွေ့တဲ့အလွမ်းနဲ့ ဖွေရှာလို့
လမ်းကလေးတွေကလည်း
သူ့ခြေဖ၀ါးနဲ့ ခတ်နှိပ်ခဲ့တဲ့ ဒဏ်ရာကလေးတွေကို
တယုတယ ပွတ်သပ်ရင်း
သူပြန်လာမယ့် လမ်းကို သစ္စာရှိရှိငေးလို့ ….

`
ဘယ်သူမှ မျက်ရည်မကျရဘူးတဲ့´
အမေ မသေခင်က အားလုံးကို မှာခဲ့တာ
ခုတော့
အမေ့ကိုယ်စား
သူနေခဲ့တဲ့ အိမ်ကလေးဟာ
စုတ်ပြတ်ယိုင်နဲ့နေရင်းက
တညလုံး မအိပ်ဘဲ
အနှစ်နှစ်ဆယ်တိုင်အောင် သူ့ကို စောင့်မျှော်နေဆဲကို ။

(ဒီမိုကရေစီရေးတိုက်ပွဲဝင် ကျဆုံးသူများသို့ …)
ကမာပုလဲ


Wednesday, October 15, 2008

လွမ်းဆွတ်အမှတ်တရ စနေ (ကမာပုလဲ)

0 comments

လွမ်းဆွတ်အမှတ်တရ စနေ


အဲဒီနေ့က
ကမ္ဘာကြီးဟာ စနေနေ့ ဖြစ်သွားတယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်ဖြစ်တယ်
စက်ဘီးကလေးတစီးဖြစ်တယ်
သနပ်ခါး ပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးလည်းဖြစ်တယ်
(
ကျနော့်ဘက်က တဘက်သတ်ချစ်နေလို့ ဖြစ်ချင်ဖြစ်မှာပေါ့)

အဲဒီစနေနေ့ဟာ
မနက်ဖြန်ကို ချရောင်းနေတဲ့လူတွေကို ထမ်းပိုး
စကားကြီးစကားကျယ်ပြောနေတဲ့
လူ့လျှောမွေးတွေ အလေ့ကျပျော်ရာ
မြိုင်သာယာလည်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဘဝကို
ရင်းစားစရာ ခန္ဓာကိုယ်ကလွဲလို့
တလွဲဆံပင်ကောင်းနေတဲ့လူတွေ
တွင်ကျယ်နေတဲ့အရပ်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ရေလောင်းပေါင်းသင်ဖို့ကို မေ့နေတဲ့
ဥယျာဉ်မှူးတယောက်ရဲ့လက်ထဲ
နွမ်းလျရင်ကွဲနာကျနေတဲ့
ပန်းတပွင့်ရဲ့ အနာဂတ်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဖူးရမလို ပွင့်ရမလို
ငုံရမလို မြုံရမလို
ရေမဝတဲ့ မိခင်နို့အုံကို
အတင်းငုံကာ စို့နေတဲ့
ကလေးတယောက်လို ခရေပွင့်လေးတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
လွတ်မြောက်ရေးတိုက်ပွဲတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အလံတလက်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သမိုင်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အသစ်အသစ်တွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
တိုင်တည်သစ္စာတေးတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သူရဲကောင်းတွေ ကျဆုံးတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
လမ်းခွဲတွေဝေ အဆိပ်သင့်ညနေတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သေတနေ့ ရှင်တနေ့ကို
ငတ်မွတ်စိမ်ခေါ်နေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ညောင်ညိုပင် လမ်းခွဲနေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်ကို
ခွဲခြားနေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အနာဂတ်စစ်စစ်ကို မွေးဖွားဖို့
သစ္စာတရားကို ကိုယ်ဝန်ဆောင်တဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အနှစ်နှစ်ဆယ်မြောက်ခဲ့ပြီလည်းဖြစ်တယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်
စက်ဘီးကလေးတစီး
သနပ်ခါးပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးတယောက်လည်းဖြစ်တယ် ။

ကမာပုလဲ
၂၀၀၈

Monday, September 29, 2008

မိုးစိမ်း (ကမာပုလဲ)

0 comments

မိုးစိမ်း


မိုးတွေ
သည်းသည်းလှုပ်အောင် ရွာသွန်းခဲ့တဲ့
လွန်ခဲ့သော အနှစ်နှစ်ဆယ်က

ငါတို့
ဆုလာဘ်အဖြစ် ရထားတဲ့
မြေကမ္ဘာပေါ်
ဘဝတွေ ရွှဲရွှဲစိုအောင်
ရွာခဲ့ဖူးတယ်။

အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ

ခုတော့
မိုးက
ရွာပုံလည်း မရိုးဘူး
သည်းပုံကလည်း တိုရေရှားရေ
ဒီလို တစစနဲ့
ရှားပါးပျောက်ကွယ် ပျော်ရွှင်ဖွယ်ရာနေ့ရက်များ
အချစ်ရေ
မိုးကပဲ ကန္တာရဆန်နေသလား
ဒို့တတွေကပဲ
အိပ်မက်တွေအပေါ် သစ္စာဖောက်နေတာလား
ဖြေကွယ်

ကမာပုလဲ

Monday, September 8, 2008

သနပ်ခါး (ကမာပုလဲ)

0 comments

သနပ်ခါး  

သဘာဝရဲ့ 

အဖိုးမဖြတ်နိုင်တဲ့ ရတနာ 

အညာကျေးလက် တပ်မက်ဖွယ်ရာ။


နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွန်မြဆူးတွေထုတ်လို့ အာခံ
ဘဝကို ဒီလိုရှင်သန်တယ်။

အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘဝကို မှတ်ကျောက်တင် အသွေးခံလို့

အိုမင်းတွန့်ရွ
အမေ့အသားအရေပေါ်မှာဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင်ကလေးပေါ်မှာဖြစ်စေ
သူဟာ
ပန်းတွေနဲ့အပြိုင် မွှေးတယ် ။

ကမာပုလဲ

Saturday, September 6, 2008

လရောင်တမ်းချင်း (ကမာပုလဲ)

0 comments
လရောင်တမ်းချင်း (ကမာပုလဲ)
ကမ္ဘာ့ဒုက္ခတွေ ထိုင်ရှုနေတာထက်တော့
တိရိစ္ဆာန်တကောင် ဒုက္ခလျော့တာက မြတ်ရဲ့*

သူ
အခက်ဆုံး သူ့အတ္တတွေကို
အချိန်နဲ့အမျှ ငြင်းဆန်ချေဖျက်နေရရင်း

သိုးအုပ်ရဲ့ ဆွံ့အတဲ့နှုတ်ခမ်းမှာ သူ့အသနားခံစကား ထည့်ပေးကာ
နတ်တို့ဆီ အသနားခံတဲ့သူဟာ အသနားကင်းတယ်*

မေမေရယ်
မေမေ သိပ်မြတ်နိုးတဲ့ ပဒုမ္မာကြာပန်းတွေ
ခု ကျနော်ရောက်နေတဲ့ အရပ်မှာ
နေစရာ ပန်းအိုးကလေးတွေ မဲ့လို့ ။

ကမာပုလဲ

(*) ဆရာကြီး ဆာအက်ဒွင်အန်းလ်ဒ်၏ အာရှတိုက်မှ အလင်းရောင် ကဗျာမှ (မောင်သာနိုး ဘာသာပြန်)

Saturday, August 23, 2008