Tuesday, November 29, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့်သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁) ဒေါက်တာသန်းထွန်း

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁)
မာတိကာ
               ရေးသားပြုစုသူ၏အမှာ
               ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
               ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံ
               သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာအတွေးအမြင်အယူ
               မင်းမြတ်အနော်ရထာ
               မင်းမြတ်ကျန်စစ်သား
               မင်းမြတ်အလောင်းစည်သူ
               မင်းမြတ်တပင်ရွှေထီး
               မင်းမြတ်ဘုရင့်နောင်
               မင်းမြတ်အလောင်းဘုရား
               မင်းမြတ်ဆင်ဖြုရှင်
               မင်းမြတ်ဘိုးတော်ဘုရား
               မင်းမြတ်မင်းတုန်း

               ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လားဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာတစ်ခုပါ။ ဘဝဖြတ်သန်းမှုဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီးရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင် ပါတယ်။

ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာပြနေတဲ့ ကိုရီးယားဇာတ်ကား တွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရောအရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တုတစ်အုပ် ရေးနိုင်တဲ့သူတွေရှိပါတယ်။ ငွေရပြီး စတမ်း ဘာရေးရမလဲဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို  ပြီးအောင်ရေးနိုင်တဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ်အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကို ရေးသားဖို့၊ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့အကြောင်းအရာ အဖြစ် အပျက်ကို ပြုစုရမှာဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာတာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်း တစ်ပါးရဲ့အကြောင်းကို ပြုစုမယ်ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာစာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာအလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင်မရေးနိုင်တာတွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူမရှိပဲထားလို့ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာ မျိုးမို့ စေတနာနဲ့ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။


သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်းမရပါ။ စာမျက်နှာတွေများ အောင်ဆိုပြီး ရှိတာထက်ပိုပြီးချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါ တယ်။ ရသဖွဲ့သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်းပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန်မရေးပဲ လူပြိန်း ကြိုက်ဆိုတာမျိုးတွေထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာသွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။

ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာထားပါဦး။ အခုထိ သမိုင်း ဆောင်းပါးအချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာတွေ့နေရပါသေးတယ်။ တတိယ အကြိမ်ပြန်ရိုက်ပြီးရောင်းနေရတဲ့ ပုံဂံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီးတည်တံ့အောင်၊ တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ် တပါးဖြစ်တဲ့ မြန်မာတွေရဲ့ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင်မှားပြီး ရေးသားထားတာဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက် နစ်နာလှပါတယ်။

အဲ့ဒါကတော့...

နံပါတ် () ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင် ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှရတဲ့ ရာဇတမန်အမတ်ရဲ့သားဖြစ်တယ်။

နံပါတ် () လူမျိုးအနေနဲ့ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီကမွေးလို့ ရခိုင်မြန်မာလူမျိုး ဖြစ်တယ်။

နံပါတ် () အဲဒီလူမျိုးဖြစ်တဲ့အတွက် ကျန်စစ်သားက ကုလားကိုမုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်းဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။

အလွန်စိတ်မကောင်းစရာဖြစ်တဲ့အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ် တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။

ရှင်းရရင်တော့...

နံပါတ် () ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ် ပါ။ ဦးကုလားရဲ့မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီမင်းသမီးနဲ့ လူသားမဟုတ်တဲ့နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုး ကလည်း နိုင်ငံတကာလက်သင့်ခံတဲ့ သမိုင်းရှူထောင့်ကကြည့်ရင်ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာမရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲပါတဲ့ နေနတ်သားနဲ့နဂါးမဇံသီးကမွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက် မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့မိခင်အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျမပြောနိုင်သေးဘူးလို့ ပြောပါရစေ။

နံပါတ် () ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုးဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီဆိုတာက ဝေသာလီပြည် ရခိုင် ဘုရင်ရဲ့သမီးတော်မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ခေါ်တဲ့နယ်နဲ့ ဘင်္ဂလားနယ်အရှေ့ပိုင်းဒေသမှာ ရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသားဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကိုကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့သားဆိုတာလည်း မဟုတ်နိုင်တော့ပါ။

နံပါတ် () ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ပညာရှင်တွေလက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေမတွေ့ရတဲ့အတွက် ကျန်စစ်သားက ရခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကိုသတ်ပစ်တယ်ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။

တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေရေးတာတွေကို ဇာတ်ထုပ်ခင်းပြီးကပြခဲ့ကြတာ စာရေးသူ လည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန်လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီးတာဝန်မကျေဘဲ အုတ် () ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် () ဦးကို မလိမ္မာတစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်း လို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ် ထုပ်မှာ ကျန်စစ်သားကို အားလုံးကမုန်းကြတဲ့ ကုန်းရုပ်ကြီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ် မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာတင်ရေးတဲ့ ရသဖွဲ့ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ရပါတယ်။

စာရေးသူအနေနဲ့ စာရေးသူတို့ရဲ့နိုင်ငံသမိုင်းမှာထင်ရှားပြီး နိုင်ငံနဲ့လူမျိုးကိုအကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်း မြတ်တွေရဲ့အကြောင်းကို ဓာတ်ပုံတွေစုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာကြာပါပြီ။ အခုမှပဲ ရေးဖြစ်ပါတော့တယ်။

သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက်ကနေရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း () ပါးကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း () ပါးဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း () ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင်၊ဘိုးတော်ဘုရားနဲ့မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် () ပါး အကြောင်းပဲဖြစ်ပါတယ်။

ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းအတော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်း မှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကိုဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှား တွေပါလာမှာစိုးတဲ့အတွက် အချိန်ယူပြီးသတိနဲ့ရေးသားပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့ အစနဲ့ ပျုခေတ်မှာထင်ရှားခဲ့တဲ့ ပန်ထွာဘုရင်မနဲ့ ဒွတ္ထဘောင်မင်းတို့ရဲ့ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင် ငံတွေမတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့အကြောင်းကိုလည်း သုတေသနပြုကြတဲ့ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံး တွေ့ရှိချက်တွေနဲ့အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစုထားပါတယ်ဆိုတာကို ရေးလိုပါတယ်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဘာကြောင့် တရုတ်နိုင်ငံသွားရတာလဲ

0 comments

Wednesday, November 23, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၈) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၈) (၂ဝ၁၁ နိုဝင်ဘာ ၂၃ ရက်နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီး)

            ကျနော်တို့ကြားမှာ တပ်အာဏာသိမ်းမှုဖြစ်နိုင်တာကတော့ဟုတ်ပြီ၊ ဒါဆိုရင် ဘာဆက်လုပ်ကြမလဲဆိုတဲ့ စဉ်းစားမှုပေါ်မှာတော့ အမြင်ကွဲလွဲခဲ့ကြတာကလည်း အမှန်ပါပဲ။ ဒီနေရာမှာ အဲဒီတုန်းက အခြေအနေနဲ့အဖြစ်အပျက်ကိုမပြောခင်မှာ ညီညွတ်ရေးနဲ့ပတ်သက်တဲ့ ကျနော့်အမြင်နဲ့သဘောထားကို နည်းနည်းလောက် တင်ပြချင်ပါတယ်။

ကမ္ဘာ့သမိုင်းမှာဖြစ်ခဲ့ဖူးသမျှ လူထုတော်လှန်ရေးတွေရဲ့ဖြစ်စဉ်တိုင်းမှာ တိုက်ပွဲပုံသဏ္ဍန်ဟာ အာဏာလက်ဝယ်ရှိသူဘက် ကသာ ဖန်တီးနိုင်တာနဲ့ ပြဋ္ဌာန်းခဲ့တာကိုမြင်ရမှာဖြစ်ပါတယ်။ အနုနည်း၊ အကြမ်းမဖက်တဲ့နည်းနဲ့ လူထုရဲ့တောင်းဆိုလိုအပ်ချက်ကို လိုက်လျောဖို့ငြင်းဆန်ပြီး အကြမ်းဘက်လာပြီဆိုရင်တော့ လူထုဘက်မှာ အကြမ်းဖက်ပြီး ပြန်ခုခံတိုက်ပွဲဝင်ဖို့ကလွဲလို့ ဘာရွေးချယ်စရာလမ်းမှမရှိတော့ပါဘူး။ ကျနော့်အနေနဲ့က အကြမ်းမဖက်ရေး၊ လက်နက်ကိုင်လမ်းစဉ်နဲ့မသွားရေးကိုသာ အားသန်တာမှန်ပေမယ့် အဲဒါနဲ့ ဆန့်ကျင်ဘက်လမ်းကို လူတွေ ဘာကြောင့်လျှောက်ခဲ့ကြရတယ်ဆိုတာကို နားလည်သိမြင် ထားပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ရွေးချယ်ဆုံးဖြတ်မှုအတွက် ကိုယ်တိုင် မပါဝင်တာသာရှိပေမယ့် ဆန့်ကျင်ကန့်ကွက်ခဲ့ တာမရှိပါဘူး။

            နောက်တချက်က ကျနော်က Unity of Diversity နဲ့ Diversity in Unity လို့ဆိုရမယ့် ကွဲလွဲရင်းပေါင်းစည်း၊ ပေါင်းစည်း ရင်းကွဲလွဲဆိုတာကိုလည်း လက်ခံထားသူဖြစ်ပါတယ်။ တူတဲ့ပန်းတိုင်ကို မတူတဲ့နည်းနာနဲ့သွားကြမယ်ဆိုရင် ကွဲလွဲတဲ့လမ်းတွေ ကိုရွေးချယ်ခွင့် လူတိုင်းမှာရှိပါတယ်။ ရည်မှန်းချက်တူသူတွေချင်း လမ်းမတူရုံနဲ့မိတ်ဆွေမပျက်နိုင်သလို တချိန်ကျ စုရပ်မှာဆုံမိကြ မယ်လို့လည်း ယုံကြည်ထားသူဖြစ်ပါတယ်။ မတူတာတွေကို လွတ်လွတ်လပ်လပ်ကွဲလွဲခွင့်ပြုတာဟာ အလွန်သဘာဝကျပြီး ညီညွတ်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ မတူတာတွေကို ညီညွတ်ရေးမျှော်မှန်းချက်ဆိုတဲ့ ထောင့်တခုတည်းကကြည့်ပြီး အတင်းတူအောင်လုပ်ယူတာဟာ အန္တရာယ်အလွန်များပြီး ပေါင်းစည်းရေးကို ထိခိုက်တတ်တယ်လို့လည်း ယူဆသူဖြစ်ပါတယ်။

            တူတဲ့ပန်းတိုင်ကို မတူတဲ့လမ်းတွေကနေသွားကြမယ်လို့ ရွေးချယ်ဆုံးဖြတ်မှုတွေ ဟာ ကောင်းတဲ့လက္ခဏာလို့ လည်းမြင်ပါတယ်။ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်အောက်ကနေ ပေါင်းစည်းရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်းနိုင်ခြင်းဟာလည်း ဒီမိုကရေစီရဲ့အနှစ်သာရတခု ဖြစ်မယ်ထင်ပါတယ်။ ဘယ်လမ်း ဘယ်နည်းနာကိုပဲရွေးချယ်ရွေးချယ် မိမိရွေးချယ်ဆုံးဖြတ်မှုအတွက် မိမိပဲတာဝန်ယူရတာဖြစ်လို့  လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ဆိုတာဟာ လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တခု လည်း ဖြစ်မယ်ထင်ပါတယ်။ ကျနော့်အဖို့ကတော့ ကျနော့်ရဲ့ ပင်ကိုယ်ယုံကြည်ရပ်ခံချက်အရအပြင် ရုပ်ပိုင်းဘဝအခြေအနေအရပါ လက်နက်ကိုင်နည်းလမ်းကိုငြင်းပယ်ပြီး အနုနည်း၊ အာဏာဖီဆန်တဲ့ နည်းနဲ့လူထုလှုပ်ရှားမှုကိုရွေးချယ်ပြီး ထောင်ကျခံနိုင်ငံရေး ကလွဲလို့ ဘာမှမရှိပါဘူး။

            ကဲ - ညီညွတ်ရေးအပေါ် ကျနော့်သဘောထားအမြင်ကို တင်ပြပြီးတဲ့နောက် - ကျနော်ဆက်ပြောမယ့် ၁၉၈၈ လူထု အရေးတော်ပုံကြီးအတွင်းက ကျနော်တို့မြို့ကလေးဆီ ပြန်သွားကြပါဦးစို့။

           လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးနဲ့အတူမျောပါနေတဲ့ ကျနော်တို့တွေလည်း ဘာတွေများ ဆက်ဖြစ်လေဦးမလဲဆိုပြီး ရင်တမမ နဲ့ တွန်းထိုးလုပ်နေကြရတာပါ။ အခြေအနေတွေက ရှူပ်ထွေးပြီး၊ ဖြစ်စဉ်တွေကလည်း မြန်မြန်သွက်သွက် နဲ့အကြိမ်စိတ်စိတ် လာနေပါတယ်။   ပြီးတော့ သိရ၊ ကြားရသမျှတွေကလည်း ဘယ်ဟာက သတင်းအစစ်အမှန်၊ ဘယ်ဟာက ကောလဟာလ ဆိုတာက ဝေခွဲရခက်လှတဲ့ အချိန်လည်းဖြစ်နေပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်တွေ ဘာဆုံးဖြတ်ကြမလဲ ဆိုတာပေါ်မှာသာ အားပြုပြီး လုပ်နေရတဲ့သဘောမျိုး ပိုဆောင်နေပါတယ်။ အခြေအနေတွေအပေါ် မှန်မှန်ကန်ကန်သုံးသပ်ပြီး တခုခုကိုပြတ်ပြတ် သားသားဆုံးဖြတ်လို့ မရနိုင်အောင်ကိုပဲ ဖြစ်ခဲ့ရတယ်ဆိုတာကိုလည်း ဝန်ခံရမှာပါပဲ။  

ဆေးရုံကြီးကဒေါ်အောင်ဆန်းစုကြည်တရားပွဲ၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရဲ့ ပဒုမ္မာကွင်းက စစ်တပ်ကိုစိတ်နဲ့တောင် မပြစ်မှားနဲ့ဆိုတဲ့ခြိမ်းခြောက်မှု၊ အထွေထွေသပိတ်ကော်မတီ၊ အဖွဲ့ပေါင်းစုံက ထုတ်ပြန်ကြေငြာချက်ပေါင်းစုံ၊ ရွှေတိဂုံစေတီမြောက် ဘက်မုခ်က လူထုစည်းဝေးပွဲကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကြေငြာချက်၊ စည်းကမ်းရှိပါညီညွတ်ပါနဲ့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများပြန်လည်ဖွဲ့စည်းခြင်း၊ မင်းကိုနိုင်မိုးသီးဇွန်၊ တကသ၊ ရကသ သမဂ္ဂများ၊ ဗိုလ်ချုပ်ကြီးဟောင်းသူရတင်ဦးနဲ့ မျိုးချစ်ရဲဘော်ဟောင်းများ၊ အောင်၊ စု၊ တင် ပေါင်း စည်းမှု၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့စင်ပြိုင်အစိုးရနဲ့မိမိသာလျှင်ဝန်ကြီးချုပ်၊ လက်စားချေရေးနဲ့သင်ပုန်းချေရေး၊ လေ တပ်နဲ့ရေတပ်က စစ်ရုံးနဲ့လူကြီးတွေနေတဲ့ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်မယ်၊ လူသတ်ခေါင်းဖြတ်မှုတွေနဲ့လုယက်မှုမျိုးစုံ၊ တပ်ခေါင်းဆောင်တွေနဲ့ မဆလထိပ်သီးတွေရဲ့ အေဒီလမ်းကကြိတ်ဝိုင်း၊ သပိတ်တိုက်ပွဲနဲ့တန်ပြန်သပိတ် စတာတွေကြားမှာ မျက်စိလည်နေတာမှန်ပေမဲ့ လူထုတိုက်ပွဲအရှိန်ကိုတော့ ကျနော်တို့ဆက်ပြီးထိန်းထားနိုင်ခဲ့တယ်လို့ဆိုရပါမယ်။

အဲဒီအခြေအနေတွေကြားမှာပဲ ကျနော်နဲ့အတွေးအခေါ်အရ မနီးစပ်ပေမယ်လို့ လူချင်းရင်းတဲ့မိတ်ဆွေတချို့ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ဆက်သွယ်ဖို့ဆိုပြီး ကိုယ်ရောင်ဖျောက်သွားကြပါတယ်။ ဘယ်ကိုသွားကြ ဆက်သွယ်ကြတယ် ဆိုတာကိုသာ အတိအကျမသိရပေမယ့် သူတို့သွားမယ်ဆိုတော့ မတားတဲ့အပြင် သူတို့လိုမယ့်ခရီးစရိတ်ကလေးတွေတောင် ရှာဖွေပေးလိုက်ပါသေးတယ်။ တယောက်ကိုတယောက်နှုတ်ဆက်ချိန်မှာ ဘယ်တော့မှများပြန်ဆုံကြမလဲမသိ ဆိုတဲ့ အတွေးတွေကြောင့်ပဲ ထင်ပါတယ်။ ကျနော့်ရင်ထဲမှာ တခုခုကို ထိထိခိုက်ခိုက် နာနာနာကျင်နဲ့ခံစားရသလို မျက်ရည်လည်း ဝဲခဲ့မိပါတယ်။

အခု ကျနော်တို့တွေဟာ ကိုယ်လိုချင်တဲ့အရာကို အသာတကြည်ရဖို့တောင်းဆိုခဲ့ကြပေမယ်လို့ မလွဲသာတော့တဲ့အခြေ အနေရဲ့ တွန်းပို့မှုအောက်မှာ မိမိယုံကြည်ရာကိုရွေးချယ်ဖို့ ပိုင်းဖြတ်ချက်တွေချခဲ့ကြရပါပြီ။ သေကွဲရှင်ကွဲတွေအဖြစ်နဲ့ ချစ်သူခင် သူတွေခွဲကြရပြန်ပါပြီ။ ကျနော်တို့ရှေ့မှာ ပိုပြီးပြင်းထန်လာဦးမယ့် ပြည်တွင်းစစ်မီးလျှံတွေနဲ့ ထောင်နံရံတွေကလည်း အတိုင်း သားမြင်နေကြရပါပြီ။ ယုံကြည်ရာရွေးချယ်မှုတွေအတွက် ဘာတွေ ဘယ်လောက် ဘယ်အချိန်အထိ ပေးဆပ်ကြရဦးမှာလဲ ဆိုတာသာမသိရပေမယ့် လေးလံတဲ့ဖိစီးမှုတွေနဲ့အတူ ပိုင်းဖြတ်ချက်တွေကတော့ ပီပြင်သွားပြီလို့ပဲဆိုရမှာဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။ (၁၁/၂၃/၂ဝ၁၁)

ကုလသမဂ္ဂမှတ်တမ်းရုပ်ရှင်ပွဲတော်နဲ့ Burma Soldier film

0 comments

မိတ်ဆွေများခင်ဗျား

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၁၄ ကြိမ်မြောက်မှတ်တမ်းရုပ်ရှင်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက စတင်န်းဖို့တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၁ ကနေ ၃၀ အထိကျင်းပခဲ့ပါတယ်။ အဲဒီမှတ်တမ်းရုပ်ရှင်ပွဲတော်မှာ ကမ္ဘာတဝှမ်းကမှတ်တမ်းကားပေါင်း ၇၀ ကိုရွေးချယ်ပြသခဲ့ပါတယ်။ ပွဲတော်အပိတ်မှာ Grand Jury အဖွဲ့နဲ့ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ကားကို ရွေးချယ်ဆုံးဖြတ်ပြီး ဆုချီးမြှင့်ခဲ့ပါတယ်။
ကျနော့်ဘဝအကြောင်းနောက်ခံကို ရိုက်ကူးထားတဲ့ Burma Soldier documentary film ကို ဒီနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ အသေးစိတ်အချက်အလက်ကလေးတွေ သိချင်ရင်တော့ ဒီလင့်ခ် http://www.unaff.org/2011/awards.html မှာသွားရောက်ကြည့်ရှူနိုင်ကြောင်း ပြောပါရစေ။ ဒီလင့်ခ်တွေမှာတော့ http://vimeo.com/32036445  (In Burmese)
http://vimeo.com/32037933 (In English) ကျနော် နိုဝင်ဘာ ၁၂ ရက်နေ့ကမှ စီစဉ်ထုတ်လုပ်တဲ့ ဗမာ့တပ်မတော်ထဲက စစ်သည်များသို့ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကားတိုလေးကို အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ကြည့်ရှူနိုင်ကြောင်းပါခင်ဗျား။ မျိုးမြင့်ချို

Saturday, November 19, 2011

DASSK 18

0 comments
နိုဝင်ဘာ ၁၈ ရက် ၂၀၁၁ နေ့က ဒီ/ချူပ်ရဲ့သမိုင်းဝင်အစည်းအဝေးမှာ
မှတ်ပုံတင်/မတင်၊ ရွေးကောက်ပွဲဝင်/မဝင် အပြီးသတ်
ဆုံးဖြတ်ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏
အခမ်းအနားပိတ် နိဂုံးချူပ်မိန့်ခွန်း
DASSK 18

Wednesday, November 16, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၇)(မျိုးမြင့်ချို)

0 comments
ဆမ်ကလျာဏီ၊ စုစု၊ နစ်က်ဒန်းလော့ပ်၊ ကျနော်နဲ့ မိုက်ကယ်လ်
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၇)(မျိုးမြင့်ချို)(၁၀/၂၈/၂၀၁၁) အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
        စင်ပေါ်ရောက်သွားပြီး ကျနော်စကားအစချီလိုက်တယ်ဆိုရင်ပဲ အောက်ကလူထုပရိသတ်က သာမန်စိတ်ဝင်စားမှုနဲ့ တိတ်တိတ် ဆိတ်ဆိတ်နားထောင်နေပေမယ့် တပ်စည်းရိုးနောက်က စစ်သည်တွေကြားထဲမှာတော့ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွား တာကို သတိထားမိလိုက်ပါတယ်။ စောစောက လှောင် သလိုပြောင်သလိုမျက်နှာပေးနဲ့စစ်သည်တချို့လည်း အချင်းချင်း လက်တို့ပြီး တည်သွားကြပါတယ်။ အရာရှိတွေကတော့ စကားပြောစက်ကလေးတွေ ပါးစပ်နားကပ်ပြီး တခုခုသတင်းပို့နေပုံပါပဲ။

            စစချင်းတော့ အသံတွေနည်းနည်းတုန်၊ စကားတွေလုံးထပ်ပြီး လိုချင်တဲ့နေရာရောက်အောင်တည်လို့မရ ဖြစ်နေပါသေး တယ်။ နောက်တော့ ပြောရင်းပြောရင်းနဲ့အရှိန်ရလာပြီး ဖြောင့်သွားပါတယ်။  တပ်မတော်ထူထောင်ခဲ့တဲ့ရည်ရွယ်ချက်၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာတင်မက တရုပ်ဖြူကျူးကျော်မှုဆန့်ကျင်ရေး တိုက်ပွဲတွေအထိ ဗမာ့တပ်မတော်ရဲ့အစဉ်အလာကောင်းခဲ့ပုံ၊ ၁၉၆၂ခု ဗိုလ်နေဝင်းအာဏာသိမ်းမှုနဲ့အတူ တလက်ကိုင်တပ်အဖြစ် ပြောင်းလဲခံလိုက်ရပုံ၊ ဒီ့နောက် တပ်နဲ့လူထုကြားက အပြန်အလှန်ကိုးစားယုံကြည်မှုနဲ့ချစ်ခင်မှုတွေ တစတစလျော့ပါးလာခဲ့ရပုံ၊ ပြည်တွင်းစစ်ကိုလက်ညှိုးထိုးပြပြီး အစိုးရအဆက်ဆက်ဟာ ကယ်တင်ရှင်လုပ်ကိုယ်ကျိုးရှာနေပုံ၊ မဆလရဲ့စီးပွားရေးပေါ်လစီ နဲ့ပြည်တွင်းစစ်ကြောင့် အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့တဲ့တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေစာရင်းထဲဝင်သွားပုံ စတာတွေကို စင်ပေါ်ကနေတတ်နိုင်သမျှချုပ်ပြီး ကျနော်ပြောဖြစ်ခဲ့ ပါတယ်။

            အပြီးသတ်ခါနီးကျမှ လင်သေမုဆိုးမတွေ၊ သားပျောက်ရှာနေတဲ့မိခင်တွေ၊ ဖခင်မဲ့သားသမီးတွေ၊ ဒုက္ခိတဖြစ်သွားရရှာ သူတွေနဲ့ တိုင်းပြည်ကိုစိတ်မချမ်းသာစရာတွေဖြစ်လာစေတဲ့ အဓိကတရားခံဟာ စစ်တပ်ကိုလက်ကိုင်တုတ်လုပ်ပြီးကိုယ်ကျိုးရှာနေတဲ့ စစ်ခေါင်းဆောင်တွေပဲဆိုတာကို ကျနော့်ကိုယ်တွေ့နဲ့ နှိုင်းပြီးပြောချလိုက်ပါ တယ်။ ကျနော်ပြောနေရင်းကနေ စစ်သည်တွေဘက်ကို အကဲခတ်ကြည့်မိတော့ တကယ့်ကိုစူးစူးစိုက်စိုက်နဲ့နားထောင်နေတာတွေ့ရလို့ အတော်လည်းအားတက်မိပါတယ်။ တချို့ နားထောင်နေရင်း လက်ထဲကအသင့်အနေ အထားကိုင်ထားတဲ့သေနတ်တွေ အောက်ကိုမသိမသာလျှောကျသွားတာကိုတောင် သတိထားမိဟန်မတူပါဘူး။ ပြောနေတာတွေ မဆုံးခင်ကလေးမှာပဲ အမိန့်တခုရလိုက်ဟန်တူပါတယ်။ စစ်သည်တွေအားလုံး တပ်စည်းရိုးနောက်ကို တဖြည်းဖြည်းနဲ့ဆုတ်ဆုတ်သွားသွားပြီး ကျနော့် မြင်ကွင်းထဲကနေ ပျောက်သွားကြပါတော့တယ်။ ဒီလိုနဲ့ အဲဒီနေ့ကလုပ်ခဲ့ကြတဲ့ လူထုချီတက်ပွဲလည်း အေးအေးချမ်းချမ်းနဲ့ ပြီးခဲ့ရပါတယ်။

            နောက်တနေ့ နေ့လည်ပိုင်းလောက်ရောက်တော့ ကျနော်တို့နဲ့ကပ်လျှက်မြို့နယ်က သပိတ်ခေါင်းဆောင်တချို့လာပြီး သူတို့ဆီမှာ လိုက်ဟောပြောပေးဖို့ ကျနော့်ကိုဖိတ်ပါတယ်။ သူတို့မြို့နယ်ကလည်း ကျနော်တို့လိုတပ်နယ်ပဲဖြစ်ပါတယ်။ ဒါနဲ့ ကျနော်လိုက်သွားပြီး ပထမနေ့ကပြောခဲ့တာတွေကိုပဲ ပြန်ပြောဖြစ်ပါတယ်။ အတွေ့အကြုံတကြိမ်ရထားပြီးသားဆိုတော့ ဒီတခေါက် တော်တော်အဆင်ချောတယ်လို့ဆိုရ မှာပါ။ ကျနော့်ပြောခဲ့တာတွေဟာ တပ်မိသားစုတွေကြားထဲမှာ ဘယ်လောက်သက်ရောက်မှုရှိခဲ့ တယ်ဆိုတာကိုတော့ မသိခဲ့ရပါဘူး။

            နောက် ၂ ရက်လောက်ကြာတော့ ကျနော်သွားပြောခဲ့တဲ့ ကပ်လျှက်မြို့နယ်က သပိတ်ခေါင်းဆောင်တချို့ရောက်လာပြီး သူတို့မြို့ခံတပ်က ရဲဘော်တချို့ထွက်လာပြီး လာဆက်သွယ်တဲ့အကြောင်း၊ ဆန္ဒပြပွဲတွေမှာ ယူနီဖေါင်းဝတ်ပြီးလူထုနဲ့အတူ ပါဝင်လိုကြောင်း၊ တချို့ကတော့ လက်နက်တွေပါယူချလာပြီး လူထုဘက်ကနေဝင်တိုက်မယ် ဆိုတဲ့အကြောင်းတွေပြောပြပါတယ်။ ကျနော်တို့ အံ့သြဝမ်းသာဖြစ်ရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဆန္ဒထွက်ပြပြီးတပ်ထဲပြန်ဝင်ချိန်မှာ သူတို့ကိုတပ်ကအရေးယူလာမယ် ဆိုရင် ဘာလုပ်ပေးနိုင်မလဲဆိုတာက ပြဿနာပါပဲ။ ရှင်းရှင်းပြောရရင်တော့ စည်းရုံးရေးအမြင်နဲ့ တပ်ကိုလူထုဘက်ပါလာရေး သာပြောရပေမယ့် တကယ့်လက်တွေ့ပါလာချိန်ကျတော့ ကျနော်တို့ဘက်မှာ ဘာမှအဆင်သင့်ဖြစ်မနေခဲ့ကြပါဘူး။ အခြေအနေအရ လုပ်သာလုပ်နေရတာ အာဏာရှိသူတွေလည်းမဟုတ်တော့ ဘာအာမခံချက်မှလည်းမပေးနိုင်ကြပါဘူး။ ဒါနဲ့နောက်ဆုံး လူတွေချည်းပဲ ယူနီဖေါင်းနဲ့သာထွက်လာခဲ့ကြဖို့၊ တပ်ထဲမပြန်ပဲ သက်ဆိုင်ရာသပိတ်စခန်းတွေမှာနေထိုင်ကြဖို့၊ နောက်မှ အခြေအနေအရကြည့် လုပ်ကြဖို့ဆိုပြီး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

            နောက်နေ့တွေမှာ ကျနော်တို့မြို့ခံတပ်ထဲကလည်း ရဲဘော်တချို့လျှို့ဝှက်ပြီး ဆက်သွယ်လာကြပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ သေနတ်တွေယူမလာဖို့၊ သပိတ်စခန်းမှာနေဖို့ပဲပြောလိုက်ရပါတယ်။ တပ်ထဲကနေဆက်သွယ်လာသူ အရေအတွက်ဟာတနေ့ထက် တနေ့ များများလာပါတယ်။ လက်ရှိတပ်မတော်အရာရှိတွေထဲက ဗိုလ်ကြီးစိုင်းဝင်းကျော်တို့လို လူထုဘက်ကနေ ဗြောင်ဝင်ရပ်ပေး လာကြတဲ့အရာရှိတွေလည်းရှိလာပါပြီ။ ဒါတွေဟာ မြို့နယ်လူထုအတွက်အားတက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပါလာတဲ့ ရဲ့ဘော်တွေကို ကျနော်တို့ ရေရှည်ထိန်းမထားနိုင်တာက တကြောင်း၊ မြို့ထဲကနေဆို ပိုပြီးကျယ်ကျယ့်ပြန့်ပြန့် လုပ်နိုင်မယ်လို့ယူဆ တာကတကြောင်းမို့ သူတို့ကို  မြို့ထဲကသပိတ်စခန်းတွေနဲ့ ချိတ်ဆက်ပေးလိုက်ရပါတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့နားက လေထီး(၁၆)တပ်က ရဲဘော် (၁၆) ယောက် ကိုတော့ လူအရေအတွက်နဲ့တပ်အမှတ် တစ်ထပ်တည်းကျနေလို့ မှတ်မှတ်ရရရှိနေ ပါသေးတယ်။
           
            ကျနော်တို့ဆီကသွားတဲ့ရဲဘော်တွေရယ် မြို့ထဲကရှိနေတဲ့ လေတပ်၊ ရေတပ်၊ ရဲနဲ့စီအိုင်ဒီလူတွေပါပေါင်းမိသွားပြီး အင်အားတွေ အတော်စုမိလာပါတယ်။ ဆန္ဒပြပြည်သူတွေကလည်း ပါလာတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ပန်းကုံးတွေစွပ်ကြ ကြိုဆိုအားပေးကြနဲ့မို့ တပ်နဲ့ပြည်သူတော့ ဒီတချီမှာအမှန်ပဲ ပြန်တွဲမိကြတော့မလားလို့တောင် ထင်မှတ်မျှော်လင့်စရာဖြစ်လာ ကြပါတယ်။ ဒီလိုအခြေအနေအတွင်း ကျနော်တို့ကြားမှာ အရေးပေါ်ဆွေးနွေးစရာတချို့ စပေါ်လာတယ်လို့မှတ်မိနေပါတယ်။ လက်ရှိအနေအထားကို တပ်ကဘယ်လောက်အထိ ဆက်ခွင့်ပြုထားမလဲ။ ရေရှည်မှာ တပ်ကလူထုဘက်ပါသွားရင် တပ်ခေါင်းဆောင်တွေ ဘာလုပ်လာမလဲဆိုတာပါပဲ။ စစ်အာဏာသိမ်းမှု နောက်တကြိမ်ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ အားလုံးကတွက်မိကြပါတယ်။ ဒါပေမယ့်လို့ ဘာလုပ်မလဲ။ ဘာတွေပြင်ဆင်ကြမလဲဆိုတာမှာ တော့ အမြင်တွေမတူကြပါဘူး။

            တချို့က တပ်ထဲကရဲဘော်တွေကို လက်နက်တွေပါယူလာခိုင်းပြီး မြို့ပြပျောက်ကျား စတိုက်မယ်။ တချိန်တည်းထဲမှာ တောထဲက လက်နက်ကိုင်အင်အားစုတွေနဲ့ဆက်သွယ်မယ်။ အခုချိန်ကတည်းကစပြီး တောထဲသွားနှင့်သူက သွားထားနှင့်မယ်။ ဒီဘက်မှာ အဆင်သင့်ဖြစ် ချိန်လောက်မှာ လူထုဘက်ပါလာတဲ့တပ်တွေနဲ့ တောထဲကအင်အားစုတွေပေါင်းပြီးပြန်ချရင် အောင်ပွဲခံပြီဆိုတဲ့ အမြင်တွေရှိပါတယ်။ ကျနော် အပါအဝင်တချို့ကတော့ လက်နက်ကိုင်တိုက်ပွဲနည်းနာကို ရှောင်ချင်တယ်ဆိုတဲ့ အမြင်ရှိတာမှန်ပေမယ့် တပ်ကအာဏာသိမ်းလာခဲ့ရင် ဘာလုပ်မလဲလို့ မေးလာတာကိုတော့ ရေရေရာရာဘာမှပြန်မဖြေနိုင်ပဲ “ကြည့်လုပ်တာပေါ့” ဆိုပြီးသာ နေလိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။ (၁၀/၂၈/၂၀၁၁)
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။

           

Wednesday, November 9, 2011

ဖာစီယာ (အေးမင်းစော)

0 comments

စကုမြို့မှ စာရေးဆရာ၊ ကဗျာဆရာ အေးမင်းစောကို ရသအလင်းမှ ဂုဏ်ပြုငွေ ကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်
ဒီနေရာကယူပါတယ် http://drlunswe.blogspot.com/2011/11/blog-post_6097.html

ရသအလင်းဖောင်ဒေးရှင်းရဲ့ နိုဝင်ဘာလအတွက် ဂုဏ်ပြုငွေကျပ် ၃ သိန်းတိတိကို စာရေးဆရာ၊ ကဗျာဆရာအေးမင်းစောကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။

ဆရာအေးမင်းစောဟာ ၁၉၉၂ ခုနှစ်ကစပြီး ယနေ့အချိန်အထိ ခန္ဓာကိုယ်မလှုပ်ရှားနိုင်ဘဲ အိပ်ရာပေါ်မှာ ပက်လက်အနေအထားနဲ့ ရောဂါဝေဒနာခံစားနေရင်း ၀တ္ထုတို၊ ဆောင်းပါးနဲ့ ကဗျာတွေကို အစဉ်မပြတ်ရေးသားခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာတဦးဖြစ်ပါတယ်။

ဆရာအေးမင်းစောအတွက်ဂုဏ်ပြုငွေကို ပိတောက်ပွင့်သစ်အယ်ဒီတာ ကဗျာဆရာ မောင်စိမ်းနီရဲ့အိမ်မှာ ဆရာမောင်စိမ်းနီက ရသအလင်းကိုယ်စားပေးအပ်ပေးခဲ့ပြီး ကဗျာဆရာမောင်လင်းရိပ်က ဆရာအေးမင်းစော ကိုယ်စားလက်ခံပေးခဲ့ပါတယ်။ ဆရာအေးမင်းစောက စကုမြို့မှာနေတဲ့အတွက် ဆရာ့လက်ခံရရှိကြောင်းကိုတော့ ထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဆရာအေးမင်းစော၏ ကိုယ်ရေးအကျဉ်း

ကလောင်အမည် - အေးမင်းစော 
အမည်ရင်း - မိုးအောင်ဇော်
အဖအမည် - ဦးအောင်ဇော် + အမိအမည် - ဒေါ်ခင်စိုးဝင့်
ပညာအရည်အချင်း - တတိယနှစ် (ရူပဗေဒ)
မွေးသက္ကရာဇ် - ၁၇.၁၀.၁၉၆၈

ကျန်းမာရေးကြောင့် ၁၉၉၂ ကစပြီး အိပ်ရာထဲမှာပင် နေ့နေ့ ညည နေထိုင်လာခဲ့ရသည်မှာ ယနေ့အထိတိုင် ဖြစ်ပါသည်။ ခါးရိုးကျီးပေါင်းတက်ရောဂါဟုလည်း (တဆင့်စကားဖြင့်) သိရသည်။

၁၉၉၆ ခု ဇန်န၀ါရီလထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ အတွဲ ၁၂၊ အမှတ် ၁ တွင် ဖော်ပြပါရှိသည့် “ဘော့စနီးယား” ကဗျာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ပါသည်။ ယခုအချိန်အထိ ကဗျာ ၃၉ ပုဒ်၊ အက်ဆေး ၁၄ ပုဒ်၊ ၀တ္ထုတို ၃၁ ပုဒ်၊ ၀တ္ထုရှည် ၁၃ ပုဒ် ဖော်ပြပါရှိပြီးဖြစ်ပါသည်။

ဆရာအေးမင်းစောသည် အမှတ် ၁၂၀၊ ဖောင်တန်းရပ်၊ စကုမြို့၊ မကွေးတိုင်းဒေသကြီး နေအိမ်တွင် ဆွေမျိုးသားချင်းများနှင့် အတူနေထိုင်ရင်း စာပေအနုပညာများကို ဆက်လက်ဖန်တီးစွမ်းဆောင်လျက်ရှိပါသည်။

ဆရာ့အနေနှင့် ရေးခဲ့သမျှကဗျာများထဲမှ အနှစ်သက်ဆုံးနှင့် ကျေနပ်အားရဆုံးကဗျာမှာ ၂၀၁၀ ဇူလိုင်လ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင်ပါဝင်သော “ဖာစီယာ” ကဗျာဖြစ်ပြီး အကြောင်းအရာမှာ နိုင်ငံခြားအသံလွှင့်ဌာနတခုမှ သတင်းတစ်ပုဒ်ကိုကြားပြီး အစပြုခံစားမိရာမှ ထိုကဗျာကို ၂ လခန့် အချိန်ယူရေးဖွဲ့ခဲ့ရပြီး အခြားကဗျာများထက် အားထုတ်မှုပြုခဲ့ရသောကြောင့် အားရကျေနပ်မိပါကြောင်း ဆရာအေးမင်းစောမှ ပြောပါသည်။

*****

ဆရာကိုယ်တိုင် သူ့ဖန်တီးမှုတွေထဲမှာ အကျေနပ်ဆုံးလို့ ပြောတဲ့ “ဖာစီယာ” ကဗျာရှည်ကို ရသအလင်းပရိ သတ်များအတွက် မျှဝေပေးလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဂျူလိုင်လထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့ တဲ့ ကဗျာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွက် ထန်းရိပ်ညိုကဗျာဆု ရပါတယ်။ (ဒီကဗျာကို ရသအလင်း ၆ လ ပြည့်ပွဲမှာ Blogger မိုးမြင့်တိမ်ကလည်း ဆရာအေးမင်းစောရဲ့အနုပညာကို ဂုဏ်ပြုလေးစားသောအားဖြင့် ရွတ်ဆိုခဲ့ပါတယ်။)

ဖာစီယာ

ညနေစောင်းမှာ
ငှက်တွေ အိမ်ပြန်ကြတယ်
အဲဒီအချိန်မှာ
လေလှိုင်းက ငါ့ကို ဖြတ်ပိုင်းပြန်ပို့တယ်
ထွက်ခွာသွားတဲ့ ဘ၀ခြားတနေရာမှာ
နေသာထိုင်သာရှိပါရဲ့လား ဖာစီယာ။

ဒီကမ္ဘာမြေပေါ်
ပိုက်ဆံဝါလားတွေ
ကမ်းခြေမှာ အပန်းဖြေရေလှိုင်းစီးနေချိန်
ဒီကမ္ဘာမြေပေါ်
ကန္တာရဆိုတော့
လေရိုင်းရှိမယ်
အစိုးမရတဲ့ သဲမုန်တိုင်းရှိမယ်
ဟိုး ရှေးအစဉ်အဆက်
သဲကန္တာရကို အိမ်လုပ်နေသူတွေရှိမယ်
အခု အဲဒီ “ဘေဒိုအင်း” တွေရဲ့ အသွေးအသားတွေဟာ
သဲမုန်တိုင်းကြားမှာ ပန်းတပွင့်အဖြစ် မွေးဖွားခဲ့ပေါ့
ဖာစီယာ။

မင်းမွေးဖွားလာချိန်မှာ
ကောင်းကင်အဇဋာဟာ ပြာလဲ့နေခဲ့လိမ့်
လေရိုင်းတွေ အရှိန်တန့်
သဲမုန်တိုင်းတွေ ရပ်တန့်
မကြုံစဖူး
သဲတောင်ကုန်းများအလွန်
အနောက်ဘက်ကောင်းကင်ယံမှာ
အထွန်းလင်းဆုံး ကြယ်နက္ခတ်တစင်း
ကမ္ဘာမြေပေါ် ၀င်းပနေလိမ့်။

ငိုသံတွေထဲမှာ
လူ့လောက၀င်ခါစ ကလေးတယောက်ရဲ့ ငိုသံလောက်
အဓိပ္ပာယ်ရှိတာ မရှိဘူး
လေရိုင်းတွေ
ဟူးဟူးရားရား တိုက်စမ်းပါ
မင်းမိဘတွေရဲ့ လက်ပေါ်မှာ
မင်းမျက်လုံးတွေဟာ
အဖိုးထိုက်တဲ့ တွင်းထွက်ရတနာတပါး
မင်းအသံက
ဘုရားသခင်ရဲ့ အနူးညံ့ဆုံး ကောင်းခြီးပေးသံ
မင်းခန္ဓာကိုယ် သေးသေးလေးက
လောကမှာ အလေးလံဆုံး မေတ္တာတရား
မင်းပါးပြင်ကို နမ်းတဲ့အခါ
သူတို့ဟာ
ကမ္ဘာသစ်တခု ရှာဖွေတွေ့ရှိခဲ့သလား။

ဒါပေမယ့် ဖာစီယာ
ဒါပေမယ့်တွေသိပ်များတဲ့ ကမ္ဘာမှာ
ဘုရားသခင်ဟာ
ကောင်းခြီးပေးသံတခုအဖြစ်
မင်းကို မွေးဖွားခြင်း မဟုတ်ခဲ့တာ သေချာတယ်။

သစ်ပင်တွေ
စိမ်းလန်းပြီးရင် ညှိုးခြောက်
ကမ္ဘာဟာ ပွင့်လန်းပြီး ဆုတ်ယုတ်
အဲဒီအရှုပ်ထုပ်ထဲမှာ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
လက်ညှိုးညွှန်ရာ သေဖြစ်တယ်။

တကယ်ဆို
နို့နံ့မစင်သေးတဲ့ ကလေးငယ်တယောက်ဟာ
ကစားကွင်းထဲမှာ
သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားလို့ ကောင်းနေတုန်း
စာသင်ခန်းထဲမှာ
ထိတွေ့သမျှ စုပ်ယူလို့ ကောင်းတုန်း
မျှော်လင့်ခြင်းဟာ
နင်းထားတဲ့ သဲမှုန်တွေလို
မရေမတွက်နိုင်အောင် များပြားတုန်း
မနက်ခင်းရဲ့ပူနွေးတဲ့ နေရောင်ခြည်အောက်
ကျောပိုးအိတ်ထဲ
ကမ္ဘာကြီးတခုလုံး ပစ်ထည့်ပြီး
ကျောင်းကားဆီ ပြေးလွှားနေတဲ့ခြေထောက်တွေက
အိမ်တိုင်တွေလို သန်မာလို့
တိုးဝှေ့လာတဲ့ လေပြည်ဆီ
ခန္ဓာကိုယ်တခုလုံးကို ပစ်ထည့်လိုက်တော့
မျက်စိတဆုံး မင်းအနာဂတ်က
ပွင့်ချင်တိုင်းပွင့်မယ်။

မင်းစာကြည့်စားပွဲပေါ်က ပုံဆွဲစာအုပ်မှာ
တအားလှတဲ့ ပန်းတွေ
အပူအပင်မဲ့ ပျံသန်းနေတဲ့ငှက်တွေ
ပတ်ဝန်းကျင်ကိုအလှခြယ်ဖို့ ခဲတံချွန်နေချိန်
မင်းဟာ
သီချင်းတပုဒ်ကို တိုးတိုးဆိုညည်းလိမ့်။

အိပ်ရာဝင်ချိန်
ပိကျလာတဲ့ မျက်ခွံပေါ်မှာ
အနာဂတ်ဟာ
ရွှေအဆင်းနဲ့ အိပ်မက်မှာ ကိုယ်ထင်ပြလိမ့်။

ဒါပေမယ့် ဖာစီယာ
တကယ်တမ်းကျတော့
အဲဒီကျောပိုးအိတ်ထဲမှာ
မင်းကမ္ဘာက အနားတွေ ဖွာထွက်နေ
မင်းတည်မှီ်ရာ အခန်းလေးက
ပိန်းပိတ်မှောင်မည်းနေ
ဒီလို မင်းအနာဂတ်က
လူမမြင်ကွယ်ရာမှာ တတိတိ ပိုးကျနေ
ဘယ်လိုပဲ လေသလပ်ခံပေမဲ့
မခြောက်တဲ့ အဲဒီကမ္ဘာလေးဟာ နံစော်လို့
မျက်နှာပေါ်က အမွေးအမှင်တွေလို
ခေါင်းပေါ်မှာ ဆံပင်ဘုတ်သိုက်နဲ့ မင်းအဖေသတ္တိခဲက
ကြွက်သားတွေသန်မာပေမယ့် အဝေးမှုန်သူ
သူ့ကိုယ်ပေါ်က အမွှေးအမှင်တွေ ရှည်လျားသလောက်
သူ့အတွေးအခေါ်က စပါးလုံးတထောက်လောက် မနက်သူ
အဲဒီလို လူတယောက်
မင်းအဖေဖြစ်ခဲ့တာ
ကမ္ဘာမြေရဲ့ကျီစယ်မှုတခုလား။

မင်းရဲ့ အဖေက
မင်းရဲ့ရယ်မောသံကို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားခဲ့သူ
မင်းမျက်လုံးတွေရဲ့ အရောင်ကို
ဖမ်းယူဆုပ်ကိုင်ဖို့ မကြိုးစားခဲ့သူ
တတိယအရွယ်ရောက်တဲ့အခါ
သမီးဖြစ်သူရဲ့လက်ကိုတွဲလို့
ဆည်းဆာချိန်မှာ လေညင်းခံရတဲ့အရသာကို
သိနိုင်မစွမ်းသူ
အဲဒီလူတယောက် မင်းအဖေဖြစ်ခဲ့တာ
ဘုရားသခင်ရဲ့ဖန်ဆင်းမှုလား။

ဒါပေမယ့် ဖာစီယာ
လက်တွေ့ဟာ
သွေးကြောကိုလွန်ပြီး
အရိုးထိအောင် စိုက်တဲ့ဓား
အချိန်တန်လို့
အခန်းတံခါးကို ဖွင့်တဲ့အခါ
အခန်းထဲမှာ မြွေတကောင်က ခွေလို့။

ဖာစီယာ
အနားကို ဖြည်းဖြည်းတိုးစမ်းပါ
နားကို အံကြိတ်ရင်း ကြိုးစားပိတ်လိုက်ပါ
နို့နံ့မစင်သူရဲ့ဘေး
မွေးပွ ၀က်ဝံရုပ်ကလေး ရှိရမယ့်အချိန်
တရေးနိုးချိန် သူမ စမ်းမိတာက
အေးစက်နေတဲ့ မြွေတကောင်တဲ့။

မေတ္တာတရားဆိုတာ
အခါတပါးမှာ ခါးတတ်သလား။

မင်းအဖေရဲ့
ဆင်းရဲမွဲတေမှု ကုန်တိုက်ပေါ်မှာ
မင်းဟာ အနုပျိုဆုံး
ဈေးခေါ်လို့ကောင်းတဲ့ အရောင်းသွက်ပစ္စည်း၊

မင်းအဖေရဲ့
ချိနဲ့တဲ့ ဦးနှောက်စက်ရုံအတွက်
မင်းဟာ အကောင်းဆုံးနဲ့ တခုတည်းသော ထုတ်ကုန်။

အဲဒီညက
အသက်ပြင်းပြင်းရှူရင်း
အသက် ၁၁ နှစ်သမီးဟာ
အခန်းမီးကို ဘယ်လိုပိတ်ခဲ့သလဲ။

ကိုယ်ပေါ်ဖြတ်ကြိတ်သွားတဲ့
မီးရထားသံအောက်မှာ
မင်းဟာ ဘယ်အရာကို ဆွဲယူဆုပ်ကိုင်ခဲ့သလဲ။

ခုတော့ မွေးခန်းထဲ
နှစ်ထပ်သင်္ဘောမြုပ်သလို
အလဟဿ
ပျက်ကျသွားတဲ့ သားအိမ်တလုံးရယ်
ငါတို့ရဲ့ဆွံ့အမျက်လုံးတွေရယ်။

အဲဒီညနေထဲ
လွင့်လာတဲ့ လေလှိုင်းဟာ အညိုအမည်းစွဲလို့
ငါတို့ဟာ အပြိုပြိုအလဲလဲနဲ့ ကွဲပြဲလို့။

မိသားစုဆိုတာ
တယောက် နာရင် တယောက် လျှာနဲ့သပ်လို့
တယောက် ဆာရင် တယောက် ဖဲ့လို့
တယောက် လဲရင် တယောက် ထူရင်း
တယောက် လောင်ရင် တယောက် ငြှိမ်းရင်း
ခုတော့ ငါတို့ဟာ
ဆင်းရဲတွင်းကို လုံးလုံး ပုံချလိုက်မယ်။

အဲဒီတောင်ကြောဟာ မတ်စောက်တဲ့တောင်ကြော
အဲဒီဒဏ်ရာက ကမ္ဘာပတ်တဲ့အနာ
အဲဒီခရီးဟာလည်း
သမိုင်းဦးအစ အသက်ရှည်ကြာခဲ့လေတော့
ငါတို့ဟာ လုံးလုံး ပုံချလိုက်ကြမယ်။

ဖာစီယာ
ငါတို့ဟာ သိပ်တိုးတက်ယဉ်ကျေး
ငါတို့ဟာ ကြောက်ခမန်းလိလိ အောင်မြင်
ငါတို့ဟာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာ
ငါတို့ဟာ ဒီလိုနဲ့ မင်းကို ထားစရာရှာမရ ဖြစ်ခဲ့ပေါ့။

ငါတို့ကမ္ဘာက
ကလေးတယောက်ကို
သူဆွဲနေတဲ့ ပုံတွေ
ပြီးမြောက်အောင် ဆေးရောင်ခြယ်ခွင့်မရှိတဲ့ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အိတ်ကိုယ်ဖိရင်း
မျက်လုံးမှေးစင်းနေတတ်တဲ့ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အနာကိုယ်ဖိရင်း
ဘယ်ကိုမှ မကြည့်နိုင်တဲ့ကမ္ဘာ။

အဲဒီကမ္ဘာမှာ
သမိုင်းဝင် အောင်မြင်မှုအဖြစ်
ငါတို့ မင်းကို အခု အလံစိုက်မယ်။

ဖာစီယာ
သံသရာအဆက်ဆက်
နောက်တခါ လူပြန်ဖြစ်ရင်
ဒီကမ္ဘာကို မလာနဲ့
မင်းဟာ လူသားအဖြစ် အပြစ်ရှိလို့
နောက်တခါ ဒီကမ္ဘာကို မလာနဲ့
လွတ်ရာ ကျွတ်ရာ
တခြားကမ္ဘာတခုမှာ
အဆုံးမသတ်ရသေးတဲ့ ပုံတွေကို
ဆက်ပြီး ဆေးရောင်ခြယ်ပါ
ကစားကွင်းထဲက စိမ်းလန်းမြက်ခင်းတွေပေါ်
ရယ်မောပြေးလွှားပါ။

ညရောက်တဲ့အခါ
ကြယ်တွေကို လွယ်လို့
လရောင်ကို သီချင်းလုပ်ဆိုရင်း
လေညင်းကို နားစွင့်နိုင်စေကြောင်း
တိမ်တွေပြိုဆင်းနေတဲ့
ရာစုသစ်အ၀င် ညနေစောင်းမှာ ...

မင်းကို ငါ ခေါင်းလောင်းထိုးလိုက်တယ်

ဖာစီယာ

အလ္လာကောင်းခြီးပေးပါစေ ...။     ။

[ဖာစီယာ - အသက် ၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူ၏ ရောင်းစားမှုဖြင့် မိမိထက် အသက် ၂၄ နှစ်ကြီးသူနှင့် လက်ထပ် ခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်တွင် မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရသည့် ယီမင်နိုင်ငံသူ]

အေးမင်းစော