Tuesday, January 24, 2012

အရိုးစု (နှင်းခါးမိုး)

0 comments

အရိုးစု

နှင်းခါးမိုး


ကျနော့်အရိုးတွေကို ကျနော်ကျေးဇူးတင်တယ်
သူတို့ကအခုထိ ကျနော့်အပေါ်ကောင်းတုန်းပဲ
ကျနော့်ခါးက အခုထိမတ်တုန်းပဲ
ကျနော့်ခြေထောက်တွေက အခုထိအမြင့်ကိုတက်တုန်းပဲ
ကျနော့်လက်ဖျံတွေက အခုထိမြန်ဆန်သွက်လက်တုန်းပဲ
ကျနော့်စိတ်သွားရာနောက်ကို သူကလိုက်တုန်းပဲ။

ကျနော့်အရိုးတွေက ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့သေးဘူး
ကျနော်သတိလက်လွတ်ဖြစ်လို့
ကျနော်ကံမကောင်းလို့
ကျိုးတုန်းကကျိုးခဲ့ဘူး
ပြီးတော့ပြန်ကောင်းတာပဲ။

နှစ်ပေါင်းရာထောင် အရိုးတွေ ပြန်တူးဖော်တော့
အရိုးတွေက လူတယောက်ရဲ့ပုံပန်းကိုပြောပြသတဲ့
အရိုးတွေက လူတယောက်ရဲ့ဘ၀ကိုပြောပြသတဲ့
သူတို့သန်မာခဲ့တာ
သူတို့ချည့်နဲ့ခဲ့တာ
သူုတို့ပျော်ရွှင်ခဲ့တာ
သူတို့ကြေကွဲခဲ့တာ
သူတို့ငြိမ်းချမ်းခဲ့တာ
သူတို့တိုက်ပွဲဝင်ခဲ့တာ...
အရိုးတွေက မလိမ်ဘူး။

အရိုးသားဆုံးနှလုံးသားများ၏အစုအဝေးကို
အရိုးစုဟုခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ ကဗျာစာအုပ်ကလေး
တခါကကျနော်တို့တည်ဆောက်ခဲ့ဘူးတယ်
နံရိုးတူသူချင်း။

မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတထပ်အသားတထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော်မုန်းတယ်
လေးတွဲ့ထိုင်းမှိုင်းစွာရပ်လို့
ကျနော့်ရှေ့ကမှန်ထဲမှာ..
သူ့အရိုးတွေကနေ သူထွက်ပြေးနေတဲ့ကောင်။

အရိုးအရင်း
အသားလိုလို့အရိုးတောင်း
အရိုးပေါ်အရေတင်
အရိုးကွဲမှအသဲစွဲ
အရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးကအရိုးတွေကိုတော့
မမေ့ကြပါနဲ့။

ကမ္ဘောဒီးယားကအရိုးတွေ
ရ၀မ်ဒါကအရိုးတွေ
ဘောစနီးယားကအရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့အရိုးတွေ
လူမသိသူမသိအရိုးတွေ..။

ကိုယ့်ခြေထောက်အောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော်ဘယ်သူ့အရိုးပေါ်ရပ်နေမိသလဲလို့။

မင်းဟာငါ့ရဲ့နံရိုးတချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး
ကျနော့်အရိုးတွေကို ကျနော်ချစ်တယ်။ ။

(ဒီနေရာကယူပါတယ်) http://www.nykomme.blogspot.com/2008/12/blog-post_12.html

ကတ္တီပါလမ်းခွဲ ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

0 comments

ဒီနေ့အချိန်ဟာ နိုင်ငံရေးအမြင်အလွန်ရှုပ်ထွေးတဲ့ ကာလတခုဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါလို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ် မေတ္တာထားပြီး ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ်ပါတယ်။ အတွေးအခေါ်ရှုပ်ထွေးရင် နိုင်ငံရေးရှုပ်ထွေးပြီး ညီညွတ်ရေးပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေးပြိုကွဲရင် ရန်သူဘက်က အနိုင်ရအသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။

စစ်အာဏာရှင်အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို “ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ” ဆောင်းပါးမှာ ကျနော် ပြောခဲ့ဖူးပါတယ်။ အပျော့အမာတွေကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက် အထားနဲ့ သေသေချာချာပြောနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်က စစ်အာဏာရှင်အဆက် ဆက်လုပ်ခဲ့သလို ရာထူးဖြုတ်တာ တောရှင်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို တောရှင်းတာ မျိုးမတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေး မှန်းဆနေတာကို စစ်အစိုးရကနှစ်သက်နေသလားလို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံနဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက်ဆိုပြီး ဇာတ်တိုက်ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်းနဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက်ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။

သူတို့ထဲမှာ အပျော့အမာ ကွဲမကွဲတော့ မသိဘူး။ ကျနော်တို့ထဲမှာတော့ အပျော့အမာ ကွဲနေပါပြီ။ ဗြန်းကနဲ နှစ်ခြမ်းကွဲထွက်တာမျိုးကို မျက်ဝါးထင်ထင်မတွေ့မြင်ရသေးပေမယ့် အတွေးအခေါ်အရ ကွဲနေပါပြီ။ စိတ်ဝမ်းကွဲနေကြပါပြီ။

ဒီလိုကွဲနိုင်တာမျိုးကို တွေးမိလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေးမဆုံးဖြတ်ခင်တုန်းကရေးတဲ့ ကျနော့်ရဲ့“ကျုံးသွင်းခံရသော ဆင်ကြီးတကောင်” ဆောင်းပါးမှာ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မူအရကွဲလာတဲ့အခါ လူအရတွဲဖို့ဆိုတာလည်း ခက်လာပါတယ်။ မလွဲမရှောင်သာ ကွဲလာကြပါတယ်။

အတွေးအခေါ်အကွဲရဲ့ အဓိကအက်ကြောင်းနေရာက ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်တဲ့အုပ်စုကို ခေါင်းမာသူတွေလို့ တခြားဒီမိုကရေစီသမားတွေက ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပြတ်သားသူတွေလို့ ခံယူကြပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေကို လေးစားလိုက်နာမယ့်သူတွေကိုတော့ တခြားဒီမိုကရေစီအုပ်စုက ပျော့ညံ့သူတွေလို့ ခေါ်ကြပါ တယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပျော့ပျောင်းသူတွေလို့ ခံယူကြပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မယ့် ပြတ်သားသူနဲ့ပျော့ပျောင်းသူ အပျော့နဲ့အမာလို့ပဲ ကျနော် သုံးစွဲပါမယ်။

တချို့က ညီညွတ်ရေးရှေးရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြမယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင်ကြီးမားတဲ့ အမြင်ပါ။ ဒါပေမယ့် တကယ် လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယဖြစ်မိပါသလဲ။ ကျနော် ပြောပါမယ်။

ဒေါ်နော်အုန်းလှက လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပီပီ မီဒီယာနေရာမနေဘဲ ဒီအချိန်မှာ ပွဲဖျက်နှောက်ယှက်လာရင် ဘယ်သူ့မှသည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီးလူကောင်းဆန်ဆန်လုပ်ရမယ့်အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဆရာဦးစိန်ဝင်းလိုပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုး ပြောထွက်လာတာကိုတွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ ဒီလောက် ဒီမိုကရေစီစကားပြောခွင့်ရလာတယ်ဆိုတာကိုတော့ သတိမေ့သွား သယောင်ယောင်ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။

မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူသံဃာတော်ငါးပါးကို ကြံ့ဖွံ့စစ်အစိုးရက ဖြိုခွဲတဲ့ကိစ္စမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက်တော်သားများဟာ သူတို့ဘက်(သံဌာတွေဘက်)ကနေအားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကိုကူညီပြီး ဆန္ဒပြသံဃာတော်တွေရဲ့ရည်ရွယ်ချက်ပျက်ပြားအောင် လုပ်ဆောင် ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက်ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှပြောဖော်မရဘဲ နှာစေးနေခဲ့ပါတယ်။ ဒါဟာလည်း ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှုခဲ့တာရဲ့ နောက်ထပ် နမူနာပါ။

တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေးအတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှာစေးပြန်ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကိုတောင်မှ တချက်ကလေး ဝေဖန်ဖော်မရပါ။ ဒီမိုကရေစီအခွင့်အရေး အတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ် ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှုပျက်ပြား မှာစိုးလို့ နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူတွေ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်တွေ ဒီမိုကရေစီအတွက်စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီနောင်ရေးဟာ ရင်လေးစရာဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့အဖြစ်ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့အပြုအမူဖြစ်ပါတယ်။ တာဝန်မဲ့တဲ့အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရဖြစ်တာ ငါတို့နဲ့မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့လုပ်ရပ်ကို မကြိုက်လို့ မထောက်ခံနိုင်ဘူးဆိုရင်လည်း မထောက်ခံနိုင် ကြောင်း ဘာ့ကြောင့်မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ထောက်ခံတယ်ဆိုရင်လည်း ထောက်ခံကြောင်း ပြသသင့်ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့မရပါ။ လူထုခေါင်းဆောင်ဆိုတာ လူထုအရေးကို မသိချင်ယောင်ဆောင်နေရင် လည်း မသင့်တော်ပါ။ ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူတွေက ပြတ်သားသူတွေဘက်ကမရပ်ဘဲ ဦးသိန်းစိန်ဘက်ကရပ်ခဲ့တဲ့ နောက်ထပ်ဥပမာတခု ဖြစ်ပါတယ်။

ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အရိပ်အကဲကို အရိပ်တကြည့်ကြည့် ကြည့်ပြီး မပြောရဲမဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေးက အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင်မှာပါလား။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပြောင်းလဲရေးဆိုတာ ဘယ်လိုပြောင်းလဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီးဝင်နေခဲ့ပါတယ်။ နောက်ထပ် မတရား ချိတ်ပိတ်ခံထားရတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း သော့ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေချိုးဖောက်ရကောင်းလားဆိုပြီး အပြစ်တင်ကြပါတယ်။ မတရားတဲ့ ဥပဒေကိုလိုက်နာဖို့ တောင်းဆိုနေကြပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီအရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်နေကြသူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှဥပဒေကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲဝင်နေ စရာမလိုတော့ပါဘူး။ စစ်အစိုးရထုတ်ပြန်တဲ့ဥပဒေတွေနဲ့ ကိုယ့်ကိုယ်ကိုယ်တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ် ဆိုရင် ကျနော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေးကစားစရာအရုပ်ကလေးတွေလို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျနော်တို့ကိုဟန့်တားဖို့အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာမလိုဘဲ ဥပဒေတမျိုးပြီး တမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစားလိုက်နာမှုမရှိတဲ့ ဆရာစံကို ဗြိတိသျှနယ်ချဲ့အစိုးရက ပုန်ကန်သောင်းကျန်းသူ၊ သူခိုးဓားပြတွေလို့ ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေးသတ်ဖြတ်ခဲ့သူ ဒေါက်တာ ဘဦးကိုတော့ လူကြီးလူကောင်း ဥပဒေသမား တရားသူကြီးလို့သဘောထားပါတယ်။ ပြည်သူတွေရဲ့သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လိုဆုံးဖြတ်သလဲဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့အတိုင်းပါပဲ။

တကယ်တော့ ဆရာတော် ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရဲရဲတောက်အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေမလား။ သဘောထားတင်းမာသူတွေက စိုးရိမ်ပူပန်ကြရင် အပျော့သမားဆို တဲ့ သမ္မတဦးသိန်းစိန် ဒုက္ခရောက်မလား။ ဒေါ်စုရဲ့တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက်ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့စဉ်းစားကြဖို့က အပြောင်းအလဲဖြစ်လာဖို့အတွက် သူတို့ စိတ်ကောက်မှာကို စိတ်ပူနေကြရတယ်ဆိုရင် ကျနော်တို့ မျှော်လင့်နေကြတဲ့ အပြောင်းအလဲဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲဆိုတဲ့ အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်းခံနေလို့ ဒီမိုကရေစီရမယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါ ပေါက်မှပေးမယ့် ဒီမိုကရေစီမျိုးကို ကျနော်တို့ မမျှော်ကိုးပါ ဘူး။

အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျနော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့အတွက် ဒီလောက်အာမခံချက်ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။

ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာစိုးလို့ ကိုယ်လူ့အချင်းချင်းကို ဟို့လူ့ပါးစပ် လိုက်ပိတ်၊ ဒီလူ့ပါးစပ် လိုက်ပိတ်လုပ်နေတာဟာ ဘယ်သူတွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်ကလူထုတရပ်လုံးမှာ အတွေးအခေါ်တွေ ဘယ်လောက် ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန်ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေကုန်ပါပြီလဲ။

ဘယ်လောက် တွေဝေကုန်ပြီလဲဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြဖို့ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့တောင် ထင်လာပြောလာကြတဲ့ အထိပါပဲ။ လူထုအဖွဲ့အစည်းတွေဟာ ကျနော်တို့ရဲ့ အင်အားဖြစ်ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာဟာ လူထုအင်အားကိုပြသတာ ဖြစ်ပါတယ်။ လမ်းပေါ် ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင်စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့သဘောထား၊ လူထုရဲ့ဆန္ဒကို လုံးဝလျစ်လျူရှုပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်းနည်းနဲ့ လူထုထောက်ခံမှုကိုရယူဖို့ ကြိုးစားကြ ပြသကြရတာချည်းပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

တကယ်တမ်း စစ်အစိုးရကို ရွေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ်မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက် လာတာပါ။ ၂၀၀၇ ခု သံဃာ့အရေးအခင်းကြီးကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင် ထောင်ကလွတ်လာတော့ ဓားအိမ်ကိုကြည့်လို့ ဓားကောင်းမှန်းမသိရင်၊ ဓားကို ထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ပါတယ်။ လူထုက တခဲနက်ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါးစပ်ပိတ်ထားပေးမယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ့်အကြောင်း ဝန်ခံလက်မှတ်ရေးထိုး ချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာကို ထောက်ခံရ တာဟာ အင်မတန် စွန့်စားရတဲ့ထောက်ခံမှုလို့ ဆိုပါတယ်။ ဒါပေမယ့် ၈၈ မျိုးဆက်ထဲမှာ ဒေါ်စု ရွေးကောက်ပွဲ ဝင်တာကို နှစ်နှစ်ကာကာ ထောက်ခံသူတွေလည်း ရှိကြပါတယ်။

အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ဓားကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှု ပမာဏကလည်း သိပ်ကြီးမားလို့ အတိအလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။

ဒါပေမယ့် မစန္ဒာမင်းကို ထောင်ကလွတ်အလာ စောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျနော် မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက် ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲဆိုတာကတော့ အလွန်စိတ် ဝင်စားဖို့ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင်ဦးဆောင်ပါဝင် ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီသမားတွေအကြားမှာ အပျော့အမာလက်တွဲပြီး တအုပ်စုနဲ့တအုပ်စုအကြားမှာ အကူအညီပေးချီတက်ကြဖို့ဆိုတာဟာ အပြော လွယ်သလောက် လက်တွေ့သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယဖြစ်မိတယ်လို့ ကျနော်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချီတက်ရေးလမ်းကြောင်း ဟာ ကျနော်တို့အနေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ကိစ္စကို ဖြစ်အောင် လုပ်ကြရပါတော့မယ်။ တကယ်တမ်း ဒီလို သွားရတော့မယ်ဆိုရင် တဘက်နဲ့တဘက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဘက်နဲ့တဘက်ကူညီကြဖို့၊ အတွေးအခေါ်အရရော၊ လက်တွေ့အရပါ တဘက်ကိုတဘက် အနှောက်အယှက်မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။

ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့မတားရုံသာမက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါမယ်လို့တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေ ဘက်က ဒီလို သဘောထားကြီးကြသလို ပျော့ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့လိုပါ တယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက်တယ်လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာဆိုတာကို နားလည်ပေးဖို့လိုပါတယ်။

ပြတ်သားသူတွေနဲ့ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားကဝင်လာတာမျိုးဟာ ပြတ်သားသူတွေ အတွက် အခက်တွေ့စေနိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာ အကွယ်ပေးနေရင် ပြတ်သားသူတွေအခက်တွေ့စေနိုင်ပါတယ်။ အဲသလိုအခက်တွေ့ရင် စိတ်ဝမ်းကွဲပြား မှုတွေတိုးပွားလာပြီး ညီညွတ်ရေးပျက်ပြားမှာကို စိုးရိမ်ရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်သန်းရွှေကပြောကြောင်း သတင်းတခုထွက်ခဲ့ဖူးပါတယ်။ ဒီသတင်း မှန်နေသလား ဆိုတာ အခု ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာမျိုးတောင် စဉ်းစားစရာဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။ ၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စု မပါတဲ့ လူထုလှုပ်ရှားမှုတွေဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထုလှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံကို စားသုံးခွင့်ရသူသာ ဖြစ်ပါတယ်။ တကယ်တမ်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့အဆင်သင့်ပါ။ ဒါပေမယ့် ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှအားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင်လည်း မပါဝင်ဖူးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင်တယောက်အနေနဲ့ သူယုံကြည်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံပါ့မယ်။ ဒါပေမယ့် လူထုလှုပ်ရှားမှုတွေကို မဟန့်တားစေချင်ပါ။ ဒေါ်စုကိုယ်တိုင် ဟန့်တားတာမျိုးကို ကျနော် တွေ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်စုလုပ်သမျှထောက်ခံသူတွေက လူထုလှုပ်ရှားမှုကို ဟန့်တားကန့်ကွက် ရှုတ်ချလာတာမျိုးတွေ၊ တိုက်ခိုက်ထိုးနှက်လာတာမျိုးတွေရှိနေလို့ ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေဟာ ဒေါ်စု နှုတ်ဖျားကနေ တိုက်ရိုက်ထွက်မလာပေမယ့် ဒေါ်စုရဲ့ဆန္ဒ၊ ဒေါ်စုရဲ့အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။

ဒီအချိန် ဒီအခါမှာ ညီညီညွတ်ညွတ် ချီတက်ကြဖို့ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့လိုပါတယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ်သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုးမလုပ်ဖို့ လိုပါတယ်။

နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော် ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမယ့် ဒါဟာ တိုက်ခိုက်တာမဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ဝေဖန်ဦးမှာပါ။ ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက်ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေးပျက်ပြားအောင် ဝေဖန်တာမဟုတ် ပါဘူး။ ညီညွတ်ရေးမပျက်ပြားစေချင်လို့ ဝေဖန်တာဖြစ်ပါတယ်။

အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ ညီညွတ်ရေးမပျက်ပြားမထိခိုက်ဘဲ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက် နည်းအမျိုးမျိုးနဲ့ချီတက်နိုင်ရေးအတွက် ညှိနှိုင်းတဲ့သဘောပါ။

ကျနော်တို့အကြားမှာ အမြင်ကွဲတွေရှိနေတာကိုတော့ အရှိကိုအရှိအတိုင်း လက်ခံကြပါစို့။ ဒီနေ့ အချိန်မှာ ကျနော်တို့ လက်မခံလို့မရတော့ပါဘူး။ ဒါကို လက်ခံမှလည်း ကျနော်တို့ ရှေ့ဆက်လို့ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျနော်တို့ လမ်းခွဲလျှောက်ကြရအောင်ပါ။ ဒါပေမယ့် လမ်းခွဲ လျှောက်ကြတဲ့အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ခွဲဖို့၊ ရဲဘော်ရဲဘက်တွေလို ခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ညင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါလမ်းခွဲ ခွဲကြဖို့ဖြစ်ပါတယ်။

နောက်တပတ်ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှမဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာဆက်လုပ်စရာရှိသေးလို့လဲလို့ မေးခွန်းထုတ်ကြသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ကြမယ် ဆိုတာကို ပြောပါမယ်။ သဘောထားပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေအတွက် ရှေ့ဆက်လုပ်ကြရမယ့်အပိုင်းကို ဆက်ပြီးဆွေးနွေးချင်ပါတယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

(ယူတာက) http://drlunswe.blogspot.com/2012/01/blog-post_1624.html

Monday, January 23, 2012

၂၁-၁-၂၀၁၂ (မင်းကိုနိုင်၏အမှာစကား)

0 comments

၂၁--၂၀၁၂ နေ့လည် နာရီမှ နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင် စင်တာတွင် ကျင်းပခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏အဖွင့်အမှာစကား အပြည့်အစုံဖြစ်ပါသည်။
ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော်က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှပဲ့တင်သံတွေ ပြန်ထွက်လာတဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှကောက်ပင်စိမ်းတွေ သိမ်းတဲ့နေ့ပါ။ လောကဓမ္မတာအရပြောရင် ထိုက်တန်တဲ့တုံ့ပြန်မှုနဲ့ရလဒ်တွေကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။
ဆိုလိုတာကတော့ ခုလို သတင်းမီဒီယာသမားတွေရဲ့ရှေ့မှာ တဖျတ်ဖျတ်တောက်နေတဲ့ ဓာတ်ပုံမီးတွေရဲ့အောက်မှာ ကျွန်တော်တို့ရပ်ပြီးတော့ စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိသူမသိဘဝနဲ့ အသက်စွန့်သွားတဲ့ကျောင်းသားလူငယ်တွေ၊ ဘဝရဲ့အစိတ်အပိုင်းများစွာကို ချပေးခဲ့ရပြီးတော့ ဒီလောကကိုစွန့်လွှတ်သွားရသူတွေ၊ ကျောင်းသူပြည်သူတွေရဲ့ကိုယ်စား ကျွန်တော်တို့ မတ်တပ်ရပ်နေနိုင်သေးတဲ့အချိန်။ ဒီနေ့၊ ဒီအချိန်လိုအခင်းအကျင်းမျိုးမှာ အခု သတင်းလောကမှာရော ပြည်သူလူထုရဲ့ပြန်ကြားရေးလောကမှာရော ရေပန်းစားနေတဲ့မေးခွန်းတွေရှိပါတယ်။
အဲဒါက ဘာလဲဆိုတာ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ မေးခွန်းပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတာကို ဘယ်လိုမြင်သလဲဆိုတဲ့ ကိစ္စပါ။ တော်တော်ကို ကျယ်ကျယ်လောင်လောင် ကြားနေ ရပါတယ်။ အကောင်းမြင်သလား၊ အဆိုးမြင်သလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ဖန်ခွက်ထဲမှာ ရေတစ်ဝက်=အထူးသဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ လက်ရှိပကတိနိုင်ငံရေးအခြေ အနေ ဘယ်လိုမြင်သလဲဆိုတော့ ''တစ်ဝက်ကြီးများတောင်လို့လည်း အကောင်းမမြင်ပါဘူး။ တစ်ဝက်တည်း နည်းလိုက်တာလို့လည်း အဆိုးအမြင်ပါဘူး'' တကယ်တော့ ကျွန်တော်တို့က ရေရှိမှအသက်ရှင်မယ့် ငါးလိုပဲ။ ငါးတွေအတွက်ကတော့ တစ်ဝက်ကိစ္စမဟုတ်ပါဘူး၊ အသက်ကိစ္စပါ။ ရေများဖို့လိုပါတယ်။
ဒါကြောင့်လည်း သတင်းသမားတွေ၊ မီဒီယာသမားတွေ သိပါလိမ့်မယ်။ ၂၃ နှစ်တာ ပေးဆပ်ပြီးတဲ့နောက်မှာ ရလာတဲ့အသီးအပွင့်တွေအဖြစ် အမှန်တရားကိုဖော်ထုတ်ကြဖို့ သတင်းမီဒီယာသမားတွေ တာဝန်ကိုထမ်းနေ ကြတယ်လို့ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရလာသမျှကတော့ ပြည်တွင်းသတင်းငတ်မှုဆိုတဲ့ ပြဿနာမှာ အကြောင်းအရာတစ်ခုဆိုပါတော့၊ ၂ဝဝ၈၊ ၂ဝ၁ဝ အဲဒီတုန်းကဆိုရင် သတင်းမီဒီယာတွေရဲ့ ဖော်ပြနိုင်စွမ်းက ဘက် တစ်ဘက်တည်းကိုပဲ တင်ပြရပါတယ်။ အဲဒီအခါကျတော့ မတူကွဲပြားခြားနားတဲ့ အမြင်တွေ၊ အတွေးတွေကို ဖော်ပြခွင့်မရတဲ့အခါမှာ တစ်ဖက်သတ်ဖော်ပြတဲ့ အချက်အလက်တွေကပဲ အမှန်တရားဆိုတာ ဖြစ်ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်းမယ်ဗျာ။
ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော်တို့ဆန္ဒကို နားလည်ကြမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အတူတူ အဲဒီအပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ရည်ရွယ်တဲ့ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါပဲ။ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ်ပါသလို၊ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ အတွေးမျိုးနဲ့ဆိုရင်တော့ ဒီလောက ထပ်တက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထားရတာတွေ၊ အဲဒီလို တစ်ဖက်သတ်အမြင်တွေဖော်ပြလို့မကြိုက်တာတွေကို မိမိနဲ့သဘောမကျတာတွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။ သဘောထားတွေ၊ အယူအဆတွေ အမျိုးမျိုးတင်ပြနိုင်ကြပါစေဆိုတဲ့ လွတ်လပ်ခွင့်မျိုးကို စာပေလောကသမားတွေ ထပ်ပြီး ခြေလှမ်းလှမ်းကြဖို့ ထပ်ပြီးတော့ရေးကြ ထည့်ကြဖို့ ကျွန်တော်တိုက်တွန်း ပါရစေ။
တချို့က ပြောပါတယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ်လဲ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံးသိခဲ့တဲ့ လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင် ဆင်နွှဲခဲ့တဲ့ မျိုးဆက်အားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ အဲဒီ မျိုးဆက်တွေဟာ ၈၈ အရေးတော်ပုံကြီးပြီးတဲ့ အခါမှာ နယ်ပယ်အသီးသီးကို စိမ့်ပြီး ဖြာပြီးဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီးပါတယ်။ စီးပွားရေး လောက၊ အနုပညာလောက၊ သတင်းမီဒီယာ၊ နိုင်ငံရေး သီးသီးသန့်သန့်လုပ်မယ့်လောက၊ ဒီလိုပဲ အများ ပြည်သူအကျိုးကိုသယ်ပိုးမယ့် အသင်းအဖွဲ့တွေ၊ ပရဟိတလောကတွေထဲကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေအထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့အားနဲ့ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့ အသီးသီးသော အစိတ်အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင်အဖွဲ့အစည်းတွေထိ ရောက်ခဲ့ပါတယ်။ အဲဒီအင်အားစုတွေရဲ့စိတ်တွေ အဲဒီတုန်းက လူငယ်တွေ ၈၈ ရဲ့ပုံရိပ်တွေပါ။ ဒီနေ့ မြန်မာပြည်ထဲမှာ ဧရာဝတီ ဆိုတဲ့ ပင်မသွေးကြောကြီးထဲကလို တဆတ်ဆတ်ခုန်နေကြတုန်းပါ။
ဒီနေ့ သတင်းသမားတွေရှေ့မှာ ရပ်ရတဲ့ ၈၈ တွေဟာ ဘာလဲဆိုတော့၊ မကြာမီကမှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြင့်ရင် ၈၈ တွေ ဘာလုပ်မှာလဲ၊ မေးခွန်းရှိပါတယ်။ အရှင်းဆုံးပြောရရင်တော့ သမိုင်းမှာ ၈၈ ပြီးတော့မှ နယ်ပယ်အသီးသီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်ထဲကပြန်ထွက်လာပြီး ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ်နဲ့အားမရ နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့အားမရ သုံးကြိမ်ဆိုသလို၊ သံကောင်းမှန်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီးအတိုက်ခံ၊ ပေမှာ ထပ်ပြီးအထုခံတဲ့ဓားတွေအဖြစ် လောကကြီးထဲ ပြန်ရောက်လာတာပေါ့။ အဲဒီတော့ ၈၈ တွေက ဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းဟာ နယ်ပယ်အသီးသီးမှာရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ပြန်ပြီးလက်တွဲကြဖို့၊ ကျွန်တော်တို့နယ်ပယ်အသီးသီးကို ထပ်မံဖြန့်ကျက်ပြီးတော့ အများအကျိုး၊ တိုင်းပြည်အကျိုး၊ လောကပါလတရားသုံးပါး ထွန်းကားဖို့အရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါလို့။ အဲဒါကို ကျွန်တော်ပြောချင်ပါတယ်။
အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေးအခေါ်တွေ အယူ အဆတွေရှိခဲ့ပါတယ်။ ယေဘူယျအားဖြင့် မှန်ချင်မှန်ပါလိမ့်မယ်။ High Light အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလတရားသုံးပါးဖြစ်တဲ့ တရားမျှတရေး၊ လွတ်လပ်ခြင်း တန်းတူညီမျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလတရားသုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာတော့ ဘက်မလိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလတရားသုံးပါး တည်ထောင်သူဘက်ကနေ ပြတ်ပြတ်သားသား ဘက်လိုက်ရမှာ။ အဲဒါလေးကို အသိပေးပါရစေ။ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်မှာ လည်း အားလုံးကိုယ်စားပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စပါ။
ဒါ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာ ပြည်သူလူထုရဲ့ပေးဆပ်မှုရဲ့ နောက်ဘဝများစွာ အသက်များစွာစတေးပြီး တဲ့နောက် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ငြင်းပယ်လို့မရတဲ့ ပကတိမျက်မှောက်တရားအဖြစ် နောက်ဆုံး လက်ရှိအစိုးရကိုယ်တိုင်လက်ခံထားပါပြီ။ အဲဒါ ပြည်သူ့အောင်ပွဲ၊ လူထုအောင်ပွဲဆိုတာကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ အခွင့်ထူးခံခြင်းဆိုတဲ့ အဟောင်းကြီးကိုဖက်တွယ်ထားချင်တဲ့သူတွေကတော့ နေရာ တကာမှာရှိဦးမှာပါပဲ။ လွန်ဆွဲပွဲတစ်ခုလိုပါ။ လွန်ကြိုးနှစ်ဖက်ပဲရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင် ချင်တဲ့အင်အားစုတွေ၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့က တစ်ဖက်၊ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲနေမယ်ဆိုသူတွေကတစ်ဖက် အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ က ပြုပြင်ပြောင်းလဲရေး လုပ်လို သူများဘက်ကပဲ လွန်ဝင်ဆွဲဦးမှာဆိုတာကို ရှင်းရှင်လင်းလင်း ကတိပေးထားပါတယ်။
အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလို ရပ်ပြီးစကားပြောရတဲ့ ကာလ။ ဘာဖြစ်လဲဆိုတော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ ကမ္ဘာပျက်မယ့်နှစ်မှာ ကျွန်တော်တို့ ကျွန်ပြန်ဖြစ်ခဲ့ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဆိုတော့၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူတွေအများစုက တစ်ကယ်တမ်းသာဦးညွတ်မယ်ဆိုရင်တော့ ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံသစ်တည်ဆောက်ရုံတင်မကဘူး။ ကမ္ဘာသစ်ပါ တည်လို့ရမယ်ဆိုတာယုံပါတယ်လို့ပြောရင်း ကျွန်တော့်စကားကို အဆုံးသတ်ချင်ပါတယ်။
မင်းကိုနိုင်

ကျေးဇူးတင်စရာမလိုပါ။

0 comments

ကျေးဇူးတင်စရာမလိုပါ။

နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးတဲ့အတွက် ဗိုလ်သိန်းစိန်ကိုကျေးဇူးတင်ကြောင်းပြောသံတွေကြားနေရလို့ သိပ်အံ့သြမိပါတယ်။
နံပတ်တစ်- ဗိုလ်သိန်းစိန်တို့က ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတွေကို သာမန်ရာဇ၀တ်သားလို့ပဲ အသိအမှတ်ပြုပါတယ်။ နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်မပြုပါ။ လွှတ်တုန်းကအဲဒီအတိုင်းအတိအကျပြောခဲ့ပါတယ်။ ဒါဟာပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ပါ။ ဘယ်လိုပဲကိုယ့်ကိုသတ်မှတ်-သတ်မှတ် လွတ်တာလိုရင်းပဲလို့ဆိုလို့မဖြစ်ပါ။ သူတို့တတွေ မလွှတ်မဖြစ်လို့ လွှတ်ရတယ်ဆိုတာအားလုံးသိပါတယ်။ ဒါကိုပဲ ဗိုလ်သိန်းစိန်တယောက် စိတ်သဘောထားကြီးပေတယ်လို့ ထောမနာပြုနေကြတာဟာ အံ့သြ၀မ်းနည်းစရာကောင်းပါတယ်။ ကိုယ့်ကိုရိုက်တဲ့တုတ်ကို ကိုယ်ကပြန် ဦးတိုက်နေရတာနဲ့တူပါတယ်။
နံပတ်နှစ်- လွှတ်ပေးသူကိုကျေးဇူးတင်တယ်ဆိုတာ ကိုယ်ကအပြစ်ရှိမှကျေးဇူးတင်ရတာပါ။ ကျွန်တွေကို တခြားကျွန်ပိုင်ဆီက၀ယ်ပြီး လွှတ်ပေးတာမျိုးဆိုရင် ကျေးဇူးတင်ကောင်း တင်ရပါတယ်။ ဒါပေမဲ့အခုဟာက သူတို့ကအပြစ်မရှိပဲ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခဲ့တာပါ။ အရင်အစိုးရလက်ထက်လို့ပြောရင် အဲဒီတုန်းက၀န်ကြီးချုပ်ကြီးဟာ ဘာလို့နှုတ်ဆိတ်နေတာလည်း မေးစရာရှိပါတယ်။ 
ဗိုလ်သန်းရွှေတို့လုပ်တာကို သူကမကြိုက်မနှစ်သက်ပေမယ့် မတတ်သာလို့အောင့်နေခဲ့တာလို့ ဘယ်သူများပြောနိုင်ပါသလဲ။
နံပတ်သုံး- နှစ်ပေါင်းများစွာအပြစ်မရှိချုပ်နှောင် နှိပ်စက်ခဲ့တာတွေကိုမေ့ပစ်ရတော့မှာလား။ ထောင်ထဲမှာ၊ ထောက်လှမ်းရေးမှာ နှိပ်စက်တယ်ဆိုတာ ဘယ်လောက်လူမဆန်၊ ယုတ်မာရိုင်းစိုင်းရက်စက်တယ်ဆိုတာ ခံခဲ့ရသူတိုင်းကောင်းကောင်းသိပါတယ်။ အဲဒီလိုနှစ်ပေါင်းများစွာခံခဲ့ရတာတွေအတွက် သူတို့ကိုကျေးဇူးတင်တာလား။
သမတကြီးဗိုလ်သိန်းစိန်ဟာ လွှတ်ချင်တယ်ဆိုရင်ဘာဖြစ်လို့သူသမတဖြစ်တာနဲ့ အမြန်ဆုံးမလွှတ်တာလဲ။ ပထမအသုတ် လွှတ်တုန်းက ဘာဖြစ်လို့ ဒုတိယအသုတ်ကလူတွေကို မလွှတ်တာလဲ။ သူများနိုင်ငံမှာဆိုရင် ထောင်ထဲမှာ ရက်တရက်လွန်ချုပ်ရင် အစိုးရကိုတရားစွဲလို့ ရပါတယ်။
ဒီမှာကျတော့ ကျေးဇူးတောင်တင်နေရသေးပါကလား။
နံပတ်လေး- ပိုအရေးကြီးတဲ့အချက်က ပြည်သူလူထုကြီးအနေနဲ့ ဗိုလ်သိန်းစိန်တို့ကို နောင်မှာနိုင်ငံရေးအယူအ ဆမတူသူတွေကို မဖမ်းဆီးမချုပ်နှောင်တော့ပါဘူးလို့ ကတိအာမခံချက်ပေးခိုင်းကြပါ။
ဒီလိုမှမဟုတ်လို့ကတော့ အရင်အာဏာရှင်အဆက်ဆက်လိုပဲ ဖမ်းလိုက်-လွှတ်လိုက်-ဖမ်းလိုက်- ထောင်ထဲမှာသေ သွားလိုက်- ဒီသံသရာက လွတ်မှာမဟုတ်ပါဘူး။

ရဲဘော်ဖိုးသံချောင်း

အသက်ရှူမဝဖြစ်ရခြင်းအကြောင်း (နီယော်ဓာ)

0 comments

အသက်ရှူမဝဖြစ်ရခြင်းအကြောင်း


အမှောင်ကို ယဉ်ပါးခိုင်းဖို့၊
အမှောင်နဲ့ ပေကျံတတ်ဖို့၊
အမှောင်မှာကစားတတ်ဖို့ ပထမတဲ့

ဟုတ်ပါ့မလား..
အဲဒီနည်းဟာ
အလင်းဆီကိုပို့ဆောင်မယ်ဆိုတာ
သတိ။

နီယော်ဓာ
၂၀၁၂ခု ဇန်န၀ါရီလ ၁၆
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=34&Itemid=77

Sunday, January 22, 2012

တိမ်ပြာသောနေ့မှသည်အရုဏ်နီဆီသို့ (တာကောဒီ)

0 comments

"နယ်ချဲ့ အင်္ဂလိပ် ဖိနှိပ်မှုကြောင့်..လူမွေး လူတောင် မပြောင်တယ် x x ဆင်းရဲတွင်းသာနက်ခဲ့ပါလို့ x x သူပုန်မီးကိုမွှေးခဲ့ရတယ်..တိုက်မယ်x ခိုက်မယ်x နယ်ချဲ့အစိုးရပြုတ်အောင် ဒို့တိုက်မယ်"
             ဖက်ဆစ်ဂျပန်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသော ... လယ်သမားခေါင်းဆောင်များသည်၊ ဤသီချင်းလေးကိုဆိုရင်း ဗြိတိသျှ ဧကရီဘုရင်မင်းကြီးကိုပုန်ကန်မှုဖြင့် ကြိုးစင်တက်ခဲ့ကြရသည်။ တိုင်းပြည် လွတ်လပ်ရေးရလုဆဲဆဲ အခါတွင်လည်း ဆရာစံနှင့်လယ်သမားသူပုန်များကိုကြိုးပေးခဲ့သည့် ဧကရီဘုရင်မကြီး၏ ဆာဘွဲ့ရသူကောင်းပြု တရားသူကြီးတစ်ဦးက ပထမဆုံး သမ္မတဖြစ်လာပြန်ပါသည်။
             "လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့လိုတယ်" ဟူသော လက်ဝဲညီညွတ်ရေး မိန့်ခွန်းပြောပြီး မကြာမီ တွင်ပင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခေါင်းဆောင်ကြီးများ မရှိတော့သည်နောက်တွင်ကာ အကွဲအပြဲမှာထိန်းမရတော့။ လက်ဝဲညီညွတ်ရေးအတွက် ဦးနု၏ နုမူ (၁၄) ချက် ထွက်လာသည်။ ပြည့်သူရဲဘော်ကလည်း တင်ပြသည်။ ဦးနု၏အဆိုပြုချက်တွင် မတ်ဝါဒလေ့လာရေးအစုများ ဖွဲ့ရန်ပါသဖြင့် လန်ဒန်သတင်းစာများက ... အစိုးရ "နီ" သွားပြီဟု ရေးသားကြသည်။ ထိုအချက်ကို ပြန်ဖြုတ်လိုက်ရသည်။ ရဲဘော်မူနှင့် နုမူကွဲပြီး ပြည်သူရဲဘော်သည်လည်း ကွန်မြူနစ်ပါတီတောခိုသွားပြီးနောက် ရဲဘော်ဖြူ၊ ရဲဘော်ဝါကွဲကြပြီး၊ ရဲဘော်ဖြူများက ကွန်မြူနစ်ပါတီနောက် လိုက်သွားကြသည်။ ပြည်တွင်းစစ်မီးကြီးက ထွန်းသစ်စနိုင်ငံငယ်ကို ဝါးမျိုလိုက်ပြီ။
         ငိုချင်းရှည် အလွမ်းပြဇာတ်ကြီးနဲ့တူသော ဗမာပြည်သမိုင်းက ကျနော်တို့၏အသွေးအသားထဲဝယ် ကိန်းအောင်းနေသော တရားမျှတမှုနှင့်နိုင်ငံချစ်စိတ်တို့ကို လှုပ်နိုးလိုက်သည်။ သို့နှင့်ပင် ကျနော်တို့သည် ဗမာပြည်သမိုင်းနှင့်ဆက်နွယ်နေသော ကမ္ဘာ့သမိုင်းကို လေ့လာကြပြန်သည်။ ၁၉၁၄ - ၁၇ ပထမကမ္ဘာစစ်ကြီး အောက်တိုဘာ တော်လှန်ရေးကြီးနှင့် ဆိုဗီယက်ပြည်ထောင်စုပေါ်ထွန်းလာခြင်း၊ ၁၉၃၀ စီးပွားပျက်ကပ်ကြီး ဟစ်တလာနှင့် နာဇီပါတီအာဏာရလာခြင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းနှင့် ဝင်ရိုးတန်း နိုင်ငံ၊ ယော်လ်တာကွန်ဖရင့် ဝင်စတန်ချာချီ၊ ရုစ်ဗဲလ်တ်၊ စတာလင်သွာချီ သံမဏိကန့်လန့်ကာမိန့်ခွန်း စစ်အေး အမြောက်သံ အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများ ပေါ်ထွန်းလာခြင်း၊ ၁၉၄၉ တရုတ်ပြည်သစ်၊ မော်စီတုံး၊ ချူအင်လိုင်း၊ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ၊ ၁၉၅၅ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး၊ စတော့ဟုမ်းကွန်ကရက်၊ ဂျူးလီယော့ ကျူရီ၏ ငြိမ်းချမ်းရေးသဝဏ်လွှာ၊ ဆိုဗီယက်ကွန်မြုနစ်ပါတီ ၁၈-၂၀ ကြိမ်မြောက် ကွန်ကရက်များ စစ်နှင့်ငြိမ်းချမ်းရေးပြဿနာ၊ စတာလင်ပုဂ္ဂိုလ်ကိုးကွယ်မှု "Personality Cult" ပြဿနာ၊ "အနုမြူဗုံးဟာ စက္ကူကျားဖြစ်တယ်" မော်စီတုံး၏ ၁၉၇၀  မေ (၂၀) ကြေငြာချက်။
         ကျနော်တို့၏ သမိုင်းလေ့လာမှုပြီးဆုံးသည့်အခါတွင်ကား မူလ လူ၂၀ မျှ ပျော်ပျော်ပါးပါး လေ့လာခဲ့ကြရာမှ ထက်ဝက်ခန့်သာ ကျန်ပါတော့သည်။ ကျနော်တို့၏ လေ့လာရေးကိုလည်း မတ် - လီနင်ဝါဒ လေ့လာအစုအဖြစ် မြှင့်တင်လိုက်ကြသည်။ V.Afamadeyev  Marxist philosophy နှင့် O.yakhot Dialectical and Historical Materialism  စာအုပ်နှစ်အုပ်ကို အဓိကထားလေ့လာသည်။ မော်စီတုံး၏လက်ရွေးစင်ကျမ်း တွဲမှ အရေးကြီးသော ဆောင်းပါးများကို ညက်ညက်ကြေအောင် လေ့လာကြသည်။
         On Practice, on contradiction on New Democracy, Coalition government, Selected Military writings, Marx-angle selected work, Vol-I & II လီနင်လက်ရွေးစင်ကျမ်း မြန်မာပြန် တွဲနှင့် စတာလင်၏ အရေးကြီးသော Foundation of Leninism, The Problems of Leninism, Marxism and National Questions စသည်တို့ကို လေ့လာကြသည်။ သခင်လေးမောင်၊ အောင်လင်း၊ ဘဝင်း၊ ဆရာမြသန်းတင့်တို့၏ မတ်ဝါဒဆိုင်ရာ မြန်မာပြန်စာအုပ်များကိုလည်း လေ့လာကြပါသည်။ ကျနော်တို့သည် မတ်ဘောဂဗေဒဘာသာရပ်တွင်မူ အတော် အခက်အခဲ တွေ့ကြရသည်။
         မောင်စူးစမ်း၏ မတ်ဘောဂဗေဒ တွဲကို အားထားကြရသည်။ ကျနော်တို့၏ လေ့လာရေးပြီးဆုံးသည့်အခါ မတ်ဝါဒီများ အပြစ်ပြဿနာအရပ်ရပ်ကို သုံးသပ်ရှုမြင်ရန်နှင့် နိုင်ငံရေး စီးပွား ယဉ်ကျေးမှုအသစ်တို့ဖြင့် ဒီမိုကရေစီသစ် ဗမာပြည်ကို ကျနော်တို့ တည်ဆောက်ကြရမည်ဟု သဘောတူကောက်ချက်စွဲနိုင်သည့်အခါတွင်ကား ကိုကျော်ဝင်း၊ ကျနော် ကျနော့်ညီ ဖိုးချိုနှင့် တင်မောင်သန်းတို့ ဦးသာလက်တွဲမဖြုတ်တမ်းကျန်ရစ်ခဲ့ကြပါသည်။
         ဤလေ့လာရေး အစုအဝေးသည် ကျောင်းကလပ်စည်းဖြစ်လာပြီး နောင်တွင် ကျနော်တို့အားလုံးသည် ကျောင်းသားတိုက်ပွဲ၊ လူထုတိုက်ပွဲများကိုဖြတ်သန်းကာ ကွန်မြူနစ်များဖြစ်လာခဲ့ကြပါသည်။ ဖိုးချို နှင့် ကိုကျော်ဝင်း တို့က လက်နက်ကိုင်တော်လှန်ရေးဆီသို့ရောက်ရှိသွားကာ တင်မောင်သန်းက ကျောင်းထုတ်ခံခဲ့ရပါသည်။ သူလည်း ဆရာဝန်တစ်ယောက်ဖြစ်လာပြီင်္း ထင်ရှားသည့်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပါသည်။ သင့်ဘဝအောင်မြင်ရေး မဂ္ဂဇင်းကိုထုတ်ဝေခဲ့ပြီး ယခုအခါ USA တွင် ရောက်ရှိနေပါသည်။ RFA တွင် သတင်းဆောင်းပါးများ ရေးသားလျက်ရှိ ပါသည်။ ကျနော်ကတော့ လေးဘက်အုတ်နံရံနှင့် နရသိမ်စံအိမ်၏ ဧည့်သည်တော်။
         "တိမ်ပြာသောနေ့တွင် x အသည်းများ ဘ၀င် xx သာယာလန်းဆန်းကြည်လင်" ကျနော်က ပန်းနုအပြာ ဖျော့ရောယှက်ကာ လှပသောညနေဆည်းဆာ တိမ်ပန်းချီကားချပ်ကိုကြည့်ကာ "တိမ်ပြာသောနေ့" သီချင်းကို ညည်းနေသည်။ "ဟား ဟား ဟား ဟား" ကောင်လေးတော့ ထမင်းဆာတာနဲ့ စိတ်ဖေါက်သွားပြီနဲ့တူတယ် ကျောက်ကားပေါ်အတူပါလာသည့် အလုပ်သမားကြီးက ကျနော်ကိုစသည်။ လေက ဟူး ဟူး ရား ရား တိုက်ခတ် နေသည်။ ကျနော့်တို့စီးလာသည့်ကျောက်တင်ကားက မန္တလေးတောင်ကိုပါတ်ကွေ့ကာ အရှိန်ပြင်းစွာ မောင်းနှင် နေသည်။ ဆောင်းနှောင်း ညနေသည် နောက်တွင်ကျန်နေရစ်ခဲ့ပြီ။ ကျနော်၏ ကျောက်ကားတင် အလုပ်သမားဘ၀။
         ၁၉၇၃ နှစ်ဦးပိုင်းတွင် မန္တလေးဆေးတက္ကသိုလ် တတိယအကြိမ်နှစ်လည်မဂ္ဂဇင်းကော်မတီ အစည်းအဝေးတွင် မျက်နှာဖုံးဓါတ်ပုံနှင့်ပါတ်သက်၍ ဆရာများနှင့်ကျနော်တို့ အပြင်းအထန်ငြင်းခုန်ကြရသည်။ ယခုအကြိမ်တွင် ကိုလေးထွန်းက အယ်ဒီတာချုပ်။ ကျနော်၊ ကိုကျော်ဝင်းနှင့် ကိုကျော်သောင်းတို့က အယ်ဒီတာများ။ ကျနော်တို့ ရွေးထားသောအဖုံးမှာ ချေဂွေဗါးရားပုံပါသဖြင့် ကျောင်းအာဏါပိုင်အဖွဲ့ထဲမှ .. အလိုတော်ရှိ ဆရာ၊ ဆရာမများက ပယ်ချသည်။ ထိုဆရာများက ကျနော်တို့အုပ်စုကို ကြည့်မရ။ လမ်းစဉ်လူငယ်လှုပ်ရှားမှုကို ဦးဆောင်သောဆရာအချို့ကလည်း ကျနော့်တို့ကို မလိုလားအပ်သော ကျောင်းသားများဟု ယူဆနေသည်။ အထူးသဖြင့် ခန္ဓာဗေဒ (Anatomy) ပါမောက္ခနှင့်ဆရာများက ကျနော်တို့နှင့် မတည့်။
ဤသို့ဖြင့် ဒုတိယ အမ်ဘီဘီအက်စ် (အကြီးတန်း)စာမေးပွဲတွင် ခန္ဓာဗေဒဘာသာရပ်ကျရှုံးထားသော ကျနော်သည် ၁၉၇၃ ဇူလိုင်တွင်ကျင်းပသော စားမေးပွဲကြီးတွင် ခန္ဓာဗေဒဘာသာရပ် ရေးဖြေဘာသာရပ်များ အောင်မြင်ပါလျက် ၂ခါကျစံနစ်ဖြင့် ကျောင်းမှ ထုတ်ပယ်ခံရသည်။ ကျနော် လုပ်ကြံကျောင်းထုတ်ခံရသည်ကို မကျေနပ်သော ကိုကျော်ဝင်းနှင့် ကျောင်းသားများက စာသင်ခန်းမကြီးတခုကိုဝင်ရောက်စီးနင်းကာ ကျနော်၏ ခန္ဓာဗေဒ အဖြေလွှာများ ကို စစ်ဆေးကြည့်ရှုလိုကြောင်း တောင်းဆိုကြသည်။ ၁၉၇၃ ဇူလိုင် () ရက်နေ့တွင်ဖြစ်သည်။ ကျောင်းအာဏာပိုင် များက အဖြေလွှာများကို စစ်ဆေးစရာမလိုကြောင်း၊ ကျနော်သည် ခန္ဓာဗေဒဘာသာရပ်၏ ရေးဖြေစာမေးပွဲများနှင့် လက်တွေ့စာမေးပွဲကို အောင်မြင်ကြောင်း သို့ရာတွင် နှုတ်ဖြေစာမေးပွဲကို မအောင်မြင်ကြောင်း၊ နောက်နောင်တွင် နှုတ်ဖြေမအောင်လျင် ကျောင်းထုတ်သည့်စံနစ်ကို ပယ်ဖျက်ပေးရန်တင်ပြပေးမည်ဖြစ်ကြောင်း၊ ချွေးသိပ် ဖြေရှင်းပေး လိုက်ကြသည်။ သို့ဖြင့် ဖော်မလင်နံ့ထုံမွှန်းသည့် ခွဲစိတ်ခန်းထဲက လူသေကောင်များကြားမှာထက်၊ လရောင်အောက် တွင် စံပါယ်နံ့သင်းသင်းကိုရှုရှိုက်ရင်း အိုမာခယာမ်၏ကဗျာများကို ရွတ်ဆိုနေချင်ပါသည်ဆိုသော ကျနော်သည် ဆေးတက္ကသိုလ်ပရ၀ုဏ်ကို ကျောခိုင်းခဲ့ရပါသည်။
         ကျောင်းထုတ်ခံပြီးနောက် မကြာမီ အိမ်ထောင်ကျခဲ့သော ကျနော်သည် ဘ၀စာမျက်နှာများကို ဖြတ်သန်းရင်း၊ နာကျည်းကြေကွဲဘွယ် အောက်ခြေပြည်သူများ၏ဘ၀ကို လက်တွေ့ကျကျ သိရှိလာရပါသည်။ ဤနှစ်ကာလများက ကျနော်၏လောကအပြင်ကို အခိုင်အမာထုဆစ်ခဲ့ပြီး အတွေးအခေါ်အရသာမက လက်တွေ့ဘ၀ကိုပါ ပြောင်းလဲစေခဲ့ပါ သည်။
         ကျနော်သည် မြူနီစီပါယ်ရုံးမှကားပေါ်တွင် နေ့စားအလုပ်ကြမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ တနေ့ သုံးကျပ်ရှစ်ဆယ့်ငါးပြားရသည်။ တဖက်တွင် ကျူရှင်တခုခု၌စာပြခွင့်ရရန်ကြိုးစားရင်း၊ မန္တလေးတက္ကသိုလ် ရူပဗေဒဘာသာရပ်တွင် ဒုတိယနှစ် External ကျောင်းသားအဖြစ် စာရင်းတင်သွင်းထားပါသည်။ ကျနော့်တာဝန်မှာ တာဝန်ကျသည့်ကားဖြင့် အလုပ်ခွဲပေးသည့် work-Ticket အတိုင်း ကျောက်သယ်ခြင်း၊ မြေသယ်ခြင်းများ လုပ်ရာတွင် ခေါက်ရေနှင့်ပြီးစီးမှုကို လက်မှတ်ထိုးကြီးကြပ်ရသည်။ ကုလားမတောင် ကျောက်မိုင်းမှကျောက်များကိုသယ်ပြီး လမ်းခင်းရာသို့ပို့ရသည်။ ကုလားမတောင်ကျောက်မိုင်းမှာ မန္တလေး မိုးကုတ်ကားလမ်းနံဘေးတွင် တည်ရှိပြီး၊ ရာဇ၀င်လာ ဖောင်သမားလေး မောင်ရင်မောင်နှင့် ယက္ကန်းသမလေးမရွှေဥတို့၏ မေတ္တာဇာတ်လမ်းရာ ဒေသ ဖြစ်သည်။
         မနက်လင်းသည်နှင့် တရွာလုံးကျောက်မိုင်းမှာ ရောက်နေပြီ။ ကျောင်တောင်မှ ကျောက်စိုင်ခဲကြီးများကို ပေါက်ချွန်းဖြင့် ဖဲ့ချသည်။ ယင်းကျောက်တုံးကြီးများကို ခြောက်ပေါင်တူဖြင့်ထုခွဲပြီး အရွယ်ရွယ် အစားစားဖြစ်အောင် ထုနှက်ကြရသည်။ ကျောက်ကြီး၊ ကျောက်လတ် (" x ') နှင့် chipping ခေါ်ကျောက်သေးများ အဖြစ်ရောက်အောင် တူအရွယ်အစားစားဖြင့် စိတ်ရှည်လက်ရှည် ဂဲထုကြရသည်။ ကျောက်မိုင်းအတွင်းဝင်လိုက်လာလျင် တူထုသံ တဒက်ဒက်ကို အဆက်မပြတ်ကြားရမည်။ ဤကျောက်များကို သယ်ယူပြီးလမ်းခင်းကာ ကတ္တရာစေးလောင်းကြရ သည်။
         သူတို့၏လက်များမှ လမ်းခင်းကျောက်များ အဆက်မပြတ်ထုခွဲနေကြရသောလည်း သူတို့ရွာကလေးမှာ လမ်းကောင်းကောင်းမရှိ။ သူတို့မှာ ကျောက်ခေါင်းဟုခေါ်သော အလုပ်သမားခေါင်းရှိသည်။ ခွဲပြီးသောကျောက်များကို ကျောက်ခေါင်းမှတဆင့် ကန်ထရိုက်သို့သွင်းကြရသည်။ ကျောက်ကန်ထရိုက်တွင် G.M.C ကျောက်ကားများ ရှိသည်။ ယင်းကားများဖြင့် ကျောက်များကိုသယ်ပြီး ပုဂ္ဂလိကနှင့် အစိုးရအလုပ်ဌါနများသို့ ရောင်းချသည်။ သူတို့သည် ကျောက် ကန်ထရိုက်ထံမှ ဆန်၊ ဆီ၊ ဆား အ၀တ်အထည် အသုံးအဆောင်များကို ကြိုသုံးအဖြစ်ယူပြီး ကျောက်သွင်းကာ ပြန်ရှင်း ကြရသည်။ အဟောင်းပေးအသစ်ယူ ကြိုထုတ်စံနစ်ဖြင့် ကြွေးသံသရာ လည်နေကြသည်။ ခလေးများမှာကျောင်းမနေ ကြရ။ ခလေးထိမ်း၊ ထမင်းချက်၊ ရေနွေးတည်၊ တောလည်မှစ၍ အလုပ်သင်ကာ အရွယ်ရောက်သည်နှင့် ကျောက်ထု ကြရသည်။ နွေ၊ မိုး၊ ဆောင်း ကျောက်ထုရသည်။ ပိတ်ရက်မရှိ။ တူနှင့် ကျောက်ခဲများသည်သာ သူတို့ဘ၀။ သူတို့ မိုးကောင်းကင်။
         ကျောက်ကားပိုင်ရှင် ငွေရှင်တွေသာ ကားတွေတစင်းပြီးတစင်း ၀ယ်နိုင်လာသည်။ သူတို့ခမျာမတော့ ထမင်းကြမ်း၊ ထန်းလျက်ခဲနှင့် တူရိုးသာလဲခဲ့သည်  သူတို့ဘ၀ကား အပြောင်းအလဲမရှိ။ ထမင်းစားချိန်ဆိုလျင် နီးစပ်ရာဝိုင်းဖွဲ့ စားသောက်ကြသည်။ ကျနော်က အိမ်ကပါလာသော ထမင်းထုပ်ဖြင့် သူတို့နှင့်ဝင်စားသည်။ ဆန်ကြမ်းထမင်း ငပိဖုတ်နှင့်ငရုပ်သီးထောင်းမှာ ပင်တိုင်ဟင်း။ ရာသီပေါ်သီးနှံတွေကို ချက်ကြသည်။ ခရမ်းချဉ်သီး ပေါ်ချိန်ဆိုလျင် အားလုံး ခရမ်းချဉ်သီးဟင်း။ ခရမ်းသီးပေါ်ချိန်လျင် ခရမ်းသီးဟင်း။ တိုင်ပင်၍ ချက်ထားသည့်နှယ် အားလုံးဟင်းခွက်များမှာ အတူတူ။
         ဘ၀ကဆင်းရဲသော်လည်း သူတို့၏ စေတနာမေတ္တာမှာ ကြီးမားသည်။ တခါတရံ ကျနော်က ထမင်းထုပ် အချိန်မမှီ၍မပါခဲ့သဖြင့် ထမင်းစားချိန် တချောင်ချောင်ကပ်နေလျင် အတင်းဆွဲခေါ်ကာကြွေးကြသည်။ ကျောက်ကား ပေါ်သို့ ကျောက်အတင်အချ တခေါက် ငါးကျပ်ရသည်။ တကားလျင် နှစ်ယောက်တင်ရသည်။ တရက်လျင် အနည်းဆုံး ကျောက်ကား () စင်းတော့ အတင်အချလုပ်ရသည်။ ကား () စီး အတင်အချလုပ်လျင် တဦး (၁၀ိ/) ရသည်။ ကျနော်ရသည်ကမှ တနေ့ ၃ိ/ ထမင်းအ၀စား ( /) ခေတ်တွင် ငွေ (၁၀ိ/) က နည်းသည့် ငွေမဟုတ်။ သို့ရာတွင် ကျနော်နှင့် ကျောက်ကားအတူ တင်ချရသူက မသက်သာ။ ကျနော်က ဟုတ်ဟုတ်ငြားငြား တင်နိုင်သည်မဟုတ်။ ကားတစင်းလုံး၏ လေးပုံတပုံခန့်သာ တင်နိုင်သည်။ သို့ရာတွင် သူတို့သည် ကျနော့်ကို မတွက်ကပ်ကြ။ ကျနော်နှင့် အတူတွဲ၍ ကျောက်တင်ရန် အလုအယက်ပင် ဖြစ်နေသေးသည်။
         တခါတရံ နေ့လည်ထမင်းစားပြီး၊ မလှမ်းမကမ်းရှိစမ်းပေါက်တွင် ခြေလက်ဆေးကာ ဝါးရုံပင်ရိပ်တွင် ခဏမှေးရင်း အိပ်ပျော်သွားလျင် သူတို့သည် ကျနော့်ကို မနှိုးရက်ကြ။ ကျနော့်အစား ကျောက်အတင်အချဝင်လုပ်ပြီး ညနေအလုပ်သိမ်းလျင် ကျနော့်အတွက်ပါ ကျသင့်ငွေကို ခွဲပေးကြသည်။ တခါတရံ ကျောက်တောင်ဖြိုရင်း ကျောက် ကမ်းပါးပြိုကျသွား၍ လူပါသွားသည့်အခါ သွေးသံတရဲရဲ ဒဏ်ရာရကြသည်။ လူနာကို စောင်ပုခက်ဖြင့်ထမ်းပြီး ကားလမ်းရောက်အောင်သွားကာ အနီးဆုံး မတ္တရာဆေးရုံသို့ ကားကြုံဖြင့်ပို့ကြရသည်။ ကံဆိုးသဖြင့် အချိန်မှီ ကားမရလျင် သွေးလွန်သေဆုံးကြရသည်။ သူတို့အတွက် ဂုံနီအိပ်မှာ ချုံစောင်၊ ဖျားနာလျင် လျက်ဆားနှင့် ငန်းနီကျော်ဆေး၊ လင်းရိပ်ကျနေသော သူတို့ဘဝ ဖြတ်ပိုင်းပုံရိပ်များက တရားမျှတကင်းမဲ့သည့် လူမှုစံနစ်ကြီးကို မီးမောင်းထိုးပြနေသည်။
         သို့နှင်ပင် ၁၉၇၃ ဇန္နဝါရီ () ရက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ ရောက်လာသည်။ မဲရုံပေါက်ကို ဖေါက်ထွင်းမြင်ရသောခန်းဆီးဖြင့် ကာထားသည်။ ထောက်ခံမဲ အဖြူပုံးကို အပေါက်ဝတွင်ထားပြီး၊ ကန့်ကွက်မဲ အမဲပုံး ကို အဝေးဆုံးနေရာတွင်ထားသည်။ ကောလဟာလ တီးတိုးဝါဒဖြန့်နည်းများဖြင့် ကန့်ကွက်လျှင်ဘာလုပ်မည် ညာလုပ် မည်။ ဘယ်သူ အမဲပေးသည်ကို ထောက်လှမ်းမည်စသဖြင့် အကြောက်တရားဖြင့် ခြောက်လှန့်ကာ မဲရအောင်ယူ သည်။ အချို့မဲရုံများက ဗြောင်ကျကျပင် အမဲပုံးထဲမှမဲများကို အဖြူပုံးထဲ ပြောင်းထဲ့သည်။ ကန့်ကွက်ရဲသူမရှိ။ ၉၉.၉၉% ဖြင့်အတည်ပြုကာ ၁၉၇၄ တွင် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ကာ နိုင်ငံတော်ကောင်စီ၊ ပြည်သူလူ ထုလွှတ်တော်၊ အစိုးရအဖွဲ့ စသည်တို့ပေါ်ပေါက်လာသည်။ ထိုစဉ်က ပြည်သူလူထုက ၉၉.၉၉% မဲ ဖြင့် ရွေးချယ်ခံရပါ သည်ဆိုသော ဗိုလ်မှူးကြီးများ၊ ဗိုလ်ချုပ်များသည် ၁၉၉၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင်မူ လဖက်ရည်ဖျော်သူ၊ ကွမ်းယာသည်စသူတို့ကို မဲအပြတ်အသတ်ဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့ကြပါသည်။
မကြာမီ ပင် ၁၉၇၄ဇွန်လ အလုပ်သမားသပိတ်ကြီး ပေါ်ပေါက်လာသည်။

(ရေးတာက) တာကောဒီ
(ပန်းချီသရုပ်ဖော်က) ကိုထိုက်
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=article&id=703:2012-01-22-19-34-58&catid=37:2009-04-17-01-30-25&Itemid=64
(မှတ်ချက် ဆောင်းပါးခေါင်းစဉ်က အရုဏ်နီ မှမှန်မှာမို့ မူရင်း အာရုဏ်နီကို အရုဏ်နီလို့ပြောင်းလဲပေးပါတယ်)