Friday, April 27, 2012

အိုင်းစတိုင်းကိုစိန်ခေါ်ခြင်း အလင်းထက်မြန်တာရှိသလော (စိုးစိုး-အင်္ဂပူ)

0 comments
အိုင်းစတိုင်းကိုစိန်ခေါ်ခြင်း အလင်းထက်မြန်တာရှိသလော (စိုးစိုး-အင်္ဂပူ) (ယူတာက) http://www.maukkha.org/index.php/feature-article/2051-maukkha-albert-eistein
ရီလေတီဗီတီနှင့်အလင်းအလျင်
အဲလ်ဘတ်အိုင်းစတိုင်းရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့အရာဟာ အလင်းရောင် ဖြစ်ပါတယ်။ အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကိုဖြတ်သန်းသွားရင်တော့ အလင်းရဲ့အလျင်ဟာ အနည်းငယ်နှေး သွားပါမယ်။ လေဟာနယ်နဲ့လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင်ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျောင်းသူကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် .၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကိုသွားမယ်ဆိုရင် မိနစ်ပဲ ကြာပါမယ်။ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်းအထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄. နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမားကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့အနီးဆုံးကြယ်ဟာ အလင်းနှစ် . နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင်တစ်နှစ်ကြာ ပြေးလွှားရောက်ရှိနိုင်တဲ့အကွာအဝေးပါပဲ။ အလင်းနှစ် နှစ်မှာ  မိုင်ပေါင်း ကုဋေခြောက်သိန်းရှိပါတယ်။
ကျွန်ုပ်တို့ရဲ့နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခုပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေတစ်သောင်း ပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင်အသုံးပြုပြီးဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့သီအိုရီအရ အလင်းအလျင်ကို အောက်ပါ အတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။
- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့်ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့်နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်းမရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့်ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။
အဲဒီအယူအဆပေါ် အခြေခံပြီးအမွှာဝိရောဓိဆိုတဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကိုနှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမယ် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့သွားနှုန်းဟာ အလင်းအလျှင်ရဲ့  ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။
ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့အာကာသယာဉ်မှူး ကမ္ဘာမြေကိုပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈ နှစ် ဖြစ် နေပါပြီ။ အမွှာအစ်ကိုဖြစ်သူကိုလာကြိုဆိုတဲ့ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်ကဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။
အစ်ကို.အစ်ကိုရဲ့ရုပ်က နုလိုက်တာ.ဘာမှ သိပ်ပြောင်းမသွားဘူးနော်…” အစ်ကိုကလည်း ပြောလိမ့်မယ်။
ဟင် ခင်ဗျားက ကျုပ်ညီလား၊ ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ
အာကာသယာဉ်မှူးအစ်ကိုဖြစ်သူရဲ့အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့အမွှာညီရဲ့အသက်ဟာ ၇၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ်ရုပ်ရည် ဖြစ်နေပါပြီ။
အကယ်၍များ အာကာသယဉ်မှူးအစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကိုပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။ ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူတစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာအပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ခု နီးပါး ပြောင်းလဲနေပါပြီ။
ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကို ဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကိုပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည်အတိုင်းပါပဲ။ သူရဲ့သက်တမ်းကို အနန္တတိုင်ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။
ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူးအစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကိုပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန်  ဖြစ်နေပါတော့မယ်။
အထက်ပါအချက်တွေကိုအမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေများစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ်နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာမရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက်မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာ မဟုတ်ဘုးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့်အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန် ဆိုတာ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum) တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။
အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနို
နယူထရီနို (neutrino) ဟာ အခြေခံအမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်းထုတ်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အစမ်းသဘောဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။
နယူထရီနိုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထုသုည အလျင်းအလျင်နဲ့ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ်ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနိုအမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။
ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ကြောင်းကျိုးဆက်စပ်မှုဆိုတာ ပြိုပျက်ရတော့မယ်။သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစ်နေပြီလို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။
အထောက်အထားကတော့ အဆင့်မြင့်ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကိုဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံစူးစမ်းရေးစမ်းသပ်ခန်းက အမှုန်အာရုံခံစက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့အလျင်ဟာ အလင်းအလျင်ထက် .၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံစက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။
မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင်မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့အစိတ်အပိုင်း .၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။
ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာပြဋ္ဌာန်းထားတဲ့ရူပဗေဒသင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲလွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်းစည်းမျဉ်းတွေပါဝင်တဲ့စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာ ကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်းနားလည်လို့ပါပဲ။
ယခုတွေ့ရှိချက်ကို အထပ်ထပ်ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန်စစ်ဆေးရဦးမှာပါ။ အီတလီဓာတ်ခွဲခန်းရဲ့ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato ကသီးခြားလွတ်လပ်တဲ့  စမ်းသပ်ချက်တွေက တူညီတဲ့အဖြေကိုပဲ ရှာဖွေတွေ့ရှိပြီဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါလို့ ပြောခဲ့ပါတယ်။
ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကိုအတည်ပြုဖို့ ဒါမှမဟုတ် ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနိုနဲ့ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက်မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။
ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင်အားလုံးကတော့ ဥရောပရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုးသဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့သုတေသနစမ်းသပ်မှုတွေ ပြုလုပ်နေကြပါပြီ။
သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ထင်ခဲ့ရတဲ့အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့အကြိမ်ပေါင်း မနည်းပါဘူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွန်ုပ်တို့နားလည်ထားတဲ့ ကျွန်ုပ်တို့သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာဗဟုသုတအားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။
စိုးစိုး (အင်္ဂပူ)
ရည်ညွှန်း။ Time (Oct, 2011); Science Dictionary (OUP, 1997)

Thursday, April 26, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၆၀) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၆၀) မျိုးမြင့်ချို (ဧပြီ ၂၆ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်)
ရေချိုးပြီး အခန်းထဲပြန်သွင်း၊ အပြင်ကသော့ခတ်၊ ကျနော်လည်း အထဲမှာ ထိုင်လိုက်လှဲလိုက်၊ လမ်းလျှောက်လိုက်၊ တချက်တချက် အပြင်ကိုငေးလိုက်၊ ထမင်းလာပေးတဲ့အခါစားလိုက်၊ မိုးချုပ်ရင်အိပ်လိုက်၊ မိုးလင်းရင်ထလိုက်နဲ့ ၂ ရက်တိတိ အချိန်တွေကုန်သွားပါတယ်။ အဲဒီရက်တွေမှာ ဘာစစ်ကြောရေးမှထပ်မလုပ်သလို၊ ဘာမှလည်းထပ် ပြီးမေးတာမြန်းတာလည်းမရှိတော့ ကျနော်လည်း နည်းနည်းစိတ်သက်သာရာရနေပါတယ်။ နောက်ပြီး ပါးစောင်နဲ့ခံတွင်းထဲကအနာတွေလည်းကျက်ကုန်သလို မျက်လုံးကလည်း ပြန်သက်သာနေပါပြီ။ ကျနော့်ကို ဆေးလိပ်ခိုးခိုးတိုက်တဲ့ တပ်ကြပ်တယောက်တော့ အဲဒီ ၂ ရက်လုံးလုံး ပျောက်နေပါတယ်။ ကျနော်လည်း ဘာရယ်တော့မဟုတ်ပေမယ့် သူ့ကိုတော့မျှော်နေမိခဲ့ပါတယ်။ သူလာရင်အနည်းဆုံး ဆေးလိပ်လေးတော့သောက်ရမယ်။ နောက်ပြီး စကားလေးတခွန်းစနှစ်ခွန်းစတော့ လူလိုသူလိုပြောခွင့် ကြားခွင့်လေးလည်းရမှာမဟုတ်လား။
            ဒီလိုနဲ့ ၃ ရက်မြောက်တဲ့နေ့မနက်ခင်းမှာ တံခါးဖွင့်သံနဲ့အတူ သူပြန်ပေါ်လာပြန်ပါတယ်။ ခတ်နွေးနွေးစစ်မတ်ခွက်တခွက်ကို ကျနော့် လက်ထဲထိုးပေးရင်း မီးခြစ်နဲ့အတူ ဇင်ဇင်းစီးကရက် ၅ လိပ် လည်းပေးပါတယ်။ “ငါ ဒီနေ့တမနက်လုံး ဒီမှာရှိမယ်၊ အဲဒီမှာ လက်ဘက်ရည်၊ ဆေးလိပ်ကတော့ ငါမပြန်ခင်မှာအကုန်သောက်၊ ချန်မထားနဲ့၊ တလာစီလို့တွေ့သွားရင် မင်းရောငါပါ ကွိုင်တက်လိမ့်မယ်၊ မင်းအိမ်ကသိပြီလား မင်းဒီရောက်နေတယ်ဆိုတာကို၊ အခု မင်းရောက်နေတာ ရေကြည်အိုင်(ဗထလ)ပဲကွသိလား၊ ခဏနေရင် ဆေးမှူးကြီးရောင်းလှည့်လိမ့်မယ်၊ မင်း..နေတော့ကောင်းတယ်မဟုတ်လား” ဆိုပြီး စကားတွေဆက်တိုက်ပြောပါတယ်။ ကျနော်က “နေတော့ကောင်းပါတယ်ဗျာ၊ ကျောနဲ့ရင်ဘတ်တွေတော့ အောင့်နေတုန်းပဲ၊ ဒူးဂေါင်းမှာလည်း အနာတွေဖြစ်နေတယ်၊ ဒီလူတွေဗျာ ကျနော့်ကို မတရားသဖြင့် လုပ်ကြတာပဲ”လို့ပြန်ပြောတော့ သူက “လုပ်တာကတော့ လုပ်မှာပဲဟေ့ကောင်၊ မင်း အဲဒါတော့ သွားပြောမနေနဲ့၊ မင်းကလည်းမင်းပဲ၊ ကိုယ့်ဘာသာအေးအေးမှ မနေတာ၊ ငါလည်းမတတ်နိုင်ဘူး၊ ဆေးမှူးကြီးကတော့ သဘောကောင်းပါတယ်၊ မင်းပြောပြပေါ့ကွာ၊ ရုပ်ရှင်လေးဘာလေးနည်းနည်းရိုက်ပြီး အကိုက်အခဲပျောက်ဆေးလေး ဘာလေးတောင်းကြည့်ပေါ့၊ သူလာရင် ဆေးလိပ်နဲ့မီးခြစ်တော့ဖွက်ထားနော် ဟေ့ကောင်၊ ကဲ သွားမယ်၊ လိုတာရှိရင် ထုံးစံအတိုင်းတံခါးခေါက်လိုက်” လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ သူပြောတာတွေမှာ “တလာစီတာလို့” ဆိုတဲ့စကားကို ဘာမှန်းမသိပေမယ့် ရှာဖွေရေးလုပ်တာလို့ပဲ အကြမ်းဖျဉ်းနားလည်လိုက်ပါတယ်။ “ရုပ်ရှင်လေးနည်းနည်းရိုက်လိုက်“ ဆိုတာကိုတော့ အဲဒီအချိန်တုန်းက ဘာမှန်းမသိခဲ့တာအမှန်ပါပဲ။
            တအောင့်လောက်ကြာတော့ တံခါးပွင့်လာပြီး လက်မောင်းမှာဆေးတပ်တံဆိပ်နဲ့ အရာခံဗိုလ် တယောက်နဲ့အတူ တပ်ကြပ်တယောက်ဝင်ချလာပါတယ်။ တပ်ကြပ်ကသွေးတွေဘာတွေချိန်၊ နားကျပ်နဲ့ ဟိုထောက်ဒီထောက်လုပ်နေတုန်းမှာ ဆေးမှူးကြီးက ဘာဖြစ်သလဲလို့မေးတော့ ကျနော်က ဒူးဂေါင်းလှန်ပြ၊ ကျောနဲ့ရင်ဘတ်အောင့်နေတာတွေ ပြောပြပါတယ်။ ဒူးဂေါင်းနဲ့တံတောင်ဆစ်ကိုလည်းဆေးထည့် ပလာစတာကပ်ပေးသလို အကိုက်အခဲပျောက်ဆေးလည်းပေးပါတယ်။ စကားပိုတော့ တခွန်းမှ မပြောကြပါဘူး။ သူတို့ပေးတဲ့ဆေးကိုသောက် ပြီး ၅ မိနစ်လောက်ကြာတော့ အကိုက်အခဲအနာအကျင် အတော့်ကိုသက်သာသွားပါတယ်။ လက်ဘက်ရည်လေးသောက်လိုက်၊ ဆေးလိပ်လေးဖွာလိုက်၊ ဟိုတွေးဒီတွေး တွေးလိုက်နဲ့နေတုန်းမှာပဲ တံခါးပွင့်လာပြီး ကျနော့်မိတ်ဆွေကြီး ပေါ်လာပြန်ပါတယ်။ သုတ်သီးသုတ်ပြာပုံနဲ့ “ဟေ့ကောင် ဆေးလိပ်မီးခြစ်ပေး၊ မင်းကို လာထုတ်လိမ့်မယ်၊ သူတို့မေးတာ ကောင်းကောင်းဖြေ၊ ပြီးပြီနဲ့တူတာပဲ၊ တကယ်လို့ပြန်လွတ်လည်း ထပ်မလုပ်နဲ့တော့ကွာ” လို့ ပြောရင်း ပြန်ထွက်သွားပါတယ်။
        ကျနော်လည်း သူပြောတဲ့ “ပြီးပြီနဲ့တူတာပဲ” ဆိုတာကို စစ်ကြောရေးပြီးပြီလို့တွက်ပြီး၊ “တကယ်လို့ ပြန်လွတ်လည်း”ဆိုတာကတော့ ကျနော့်ကို ဆက်ဖမ်းမထားတော့ပဲ ပြန်လွှတ်လိုက်တော့မှာလို့ထင်ပြီး အတော့်ကိုဝမ်းသာမိပါတယ်။ သူ့ကိုလည်း စိတ်ထဲကနေကျေးဇူးတင်နေမိခဲ့ပါတယ်။ နောက်တော့ သိတ်မကြာလိုက်ပါဘူး “နောက်လှည့်ထား” ဆိုတဲ့အသံနဲ့အတူ လူတယောက်ဝင်လာ၊ နောက်ကနေ ခေါင်းစွပ် စွပ်ချပြီး ကျနော့်ကို တနေရာခေါ်သွားပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကျနော့်စိတ်တွေ ၂ ခွဖြစ်နေပါတယ်။ စစ်ကြောရေးပြီးသွားလို့ ပြန်လွှတ်ဖို့များဖြစ်နိုင်တယ်လို့တွေးမိသလို၊ ခေါင်းစွပ်စွပ်ပြီးခေါ်သွားတာဆိုတော့ စစ်ကြောရေးထပ်လုပ်မလို့လည်းဖြစ်နိုင်တယ်လို့ တွေးမိတာကြောင့်ပါပဲ။ လွှတ်မှာဆိုရင်တော့ ပျော်စရာဖြစ်ပြီး၊ စစ်ကြောရေးဆိုရင်တော့ အကြီးအကျယ်စိတ်ဆင်းရဲရတော့မှာပါလားလို့တွေးမိပြီး လန့်ဖျန့်သွားပါတယ်။
            အခန်းတခုထဲရောက်တော့ ကုလားထိုင်မှာထိုင်ခိုင်းပါတယ်။ ခေါင်းစွပ်တန်းလန်းနဲ့ပါပဲ။ တယောက်က “မင်း တပ်ထဲနေတုန်းက အခင်ဆုံးသူငယ်ချင်းတွေနံမည် သိချင်တယ်ကွာ၊ ပြောစမ်းပါဦး” လို့မေးပါတယ်။ ကျနော်က သူ့ကို တပ်ထဲမှာ အခင်ဆုံးသူငယ်ချင်းရယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိတဲ့ကြောင်း၊ လူပျိုလိုင်းမှာ အတူနေခဲ့သူတွေအားလုံးနဲ့တော့ခင်ကြောင်း ပြန်ပြောတဲ့အခါမှာ  သူက “မဟုတ်ဘူးလေကွာ လူဆိုတာ ဘယ်မှာနေနေ အခင်ဆုံးသူငယ်ချင်း မိတ်ဆွေဆိုတာတော့ ရှိကြတာပဲလေကွာ၊ ပြောကွာ၊ အများကြီးမဟုတ်တောင် တယောက်နှစ်ယောက်လောက်ပေါ့၊ မင်းပြောလို့လည်း ဒီကောင်တွေကို ငါတို့ ဘာမှလုပ်မှာမဟုတ်ပါဘူး၊ သိချင်ရုံလောက်ပါ၊ မင်းစဉ်းစားပေါ့ကွာ၊ ဘာမဟုတ်တာလေးနဲ့ အသားအနာမခံချင်စမ်းပါနဲ့၊ ခုလည်း စစ်ကြောရေးက ပြီးတော့မှာပဲဟာ၊ ငါတို့လည်း ထပ်မလုပ်ချင်တော့ဘူး”ဆိုပြီးပြောပါတယ်။
            ကျနော် တပ်ထဲနေခဲ့တဲ့တလျှောက်လုံးမှာ  အားလုံးနဲ့အတတ်နိုင်ဆုံး အဆင်ပြေအောင်နေခဲ့တာမှန်ပေမယ့် အခင်ဆုံးသူငယ်ချင်းရယ်လို့ တယောက်မှမရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါကို ဒီလူတွေဘယ်လိုမှ ကျေနပ်မယ့်ပုံမပေါ်တာနဲ့ နံမည်တခုနှစ်ခုတော့ပြောမှဖြစ်တော့မယ်လို့ ကျနော်တွေးမိလိုက်ပါတယ်။ ဒါနဲ့ ဘယ်သူ့နံမည်တွေပြောရင်ကောင်းမလဲလို့ အမြန်တွေးရပါတော့တယ်။ နောက်တော့ “ကိုခင်မောင်လတ်နဲ့ ကိုစိုးသိန်းပါ” လို့ ကျနော်ပြောချလိုက်ပါတယ်။ “အေး..ဟုတ်ပြီ၊ ဒီကောင်တွေက ဘာအဆင့်တွေလဲ၊ ကိုယ်ပိုင်နံပတ်တွေရောသိလား၊ ခု ဒီကောင်တွေ အဲဒီတပ်မှာပဲလား၊ မင်းနဲ့ အဆက်အသွယ်ရှိနေတုန်းလား” လို့ထပ်မေးပါတယ်။ ကျနော်က သူတို့ ကိုယ်ပိုင်နံပတ်တွေ မသိတဲ့အကြောင်း၊ နှစ်ယောက်စလုံး တပ်သားတွေဖြစ်တဲ့အကြောင်း၊ ခုလည်း အဲဒီတပ်မှာပဲရှိသေးလား မရှိတော့ဘူးလားဆိုတာလည်း မသိတော့ကြောင်းတွေ၊ ကျနော်တပ်ကထွက်လာပြီးကထဲက သူတို့နဲ့အဆက်အသွယ်မရှိတော့ကြောင်းတွေ ပြန်ဖြေလိုက်ပါတယ်။ သူတို့လည်း နည်းနည်းတော့ ကျေနပ်သွားပုံပါပဲ။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ မတော်လို့ ဒီလူတွေ ဟိုတပ်ကိုများ ခုနေလှမ်းမေးလိုက်လို့ကတော့ ငါ့တော့သေမှာပဲလို့ တွေးမိလိုက်ပါသေးတယ်။ ဘာလို့လဲဆိုတော့  ခု ကျနော် သူတို့ကိုပြောလိုက်တဲ့ ၂ ယောက်စလုံးဟာ တပ်ထဲမှာရော လူ့လောကမှာပါ မရှိကြတော့ပါဘူး။ သူတို့  နှစ်ယောက်စလုံးဟာ ကျနော် တပ်ကမထွက်ခင်ကထဲကပဲ ရှေ့တန်းမှာ မိုင်းကြောင့်ဒဏ်ရာတွေရပြီး တိုက်ပွဲကျသွားခဲ့ကြသူတွေ ဖြစ်နေလို့ပါပဲ။ သူတို့ ကျေနပ်သွားတဲ့လေသံကိုကြားရတော့ ကျနော့်စိတ်ထဲ လန့်နေတာမှန်ပေမယ့် ခေါင်းစွပ်ထဲကနေ တယောက်ထဲကြိတ်ပြီးပြုံးလိုက်မိပါတော့တယ်။   
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်ချို

Wednesday, April 25, 2012

ကဗျာနွေဦးတော်လှန်ရေး ခေတ်ပြိုင်ကဗျာနိဒါန်း (လွန်းဆက်နိုးမြတ်)

0 comments

ကဗျာနွေဦးတော်လှန်ရေး ခေတ်ပြိုင်ကဗျာနိဒါန်း (လွန်းဆက်နိုးမြတ်)
နှစ်သစ်တစ်နှစ် ကူးပြောင်းလာပြန်ပြီပေါ့။ ကျန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကဗျာရေစီးကြောင်းအပြောင်းအလဲတွေကို များစွာ ကြုံလာရပြန်ပြီပေါ့။ ဘယ်ပုံဘယ်နည်း ပြောင်းလဲမှုတွေကြုံလာရသလဲ ဆန်းစစ်ကြည့်မိရပြန်ပြီပေါ့။ ကုန်လွန်ခဲ့တဲ့နှစ်ကာလများမှာ ကဗျာရွက်ဟောင်းတွေကြွေပြီးနောက် ရောက်လာမယ့် နှစ်သစ်တွေမှာ ကဗျာရွက်သစ်တွေ ဝေပြန်ပြီပေါ့။ ဝေရ ဦးမှာပေါ့။
မနှစ်က ကုန်လွန်ခဲ့တဲ့မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ထုံးစံအတိုင်း ပင်မရေစီး ခေတ်ပေါ်ကဗျာတွေကိုပဲ အတွေ့များခဲ့ပါတယ်။ နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်ပြီး ခေတ်ပေါ်ကဗျာဟာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းဆန့်ကျင်ရေးလို ယုံကြည်ချက်အကျဉ်းသားလွတ်မြောက်ရေးလို ၀ါဒရေးရာဦးစားပေးမှုတွေအောက်မှာ အရောင်ပိုမှိန် သွားခဲ့ရတယ်။ အခြေအနေအချိန်အခါအရ ဒေါ်အောင်ဆန်းစုကြည်လို ကိုမင်းကိုနိုင်လို ပြည်သူချစ်နိုင်ငံရေး သမားတွေကိုယ်တိုင် ကဗျာတွေရေးသားပြီး ပြည်သူကို အမျိုးသားရေးစိတ်ဓာတ်အရှိန်မြှင့်တင်ပေးတာကို တွေ့ခဲ့ရတယ်။ ဒီလို ပြည်သူချစ်နိုင်ငံရေးသမားတွေအနေနဲ့ ၀ါဒရေးရာကဗျာတွေရေးတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ။ ကြိုဆိုရမယ့် ကိစ္စ။ အားပေးရမယ်။ ကဗျာလောကအတွက်လည်း ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရေးသမားတွေလိုလည်း နိုင်ငံရေးကိုဟုတ်ဟုတ်ငြားငြားလုပ်ခဲ့တာမျိုးမရှိ၊ ကဗျာဆိုင်ရာဖန်တီးမှုမှာလည်း ထွန်းထွန်းပေါက်ပေါက်မဟုတ်တဲ့လူ အတော်များများဟာ ၀ါဒရေးရာကဗျာတွေနင်းကန်ရေးပြီး မဂ္ဂဇင်းစာမျက်နှာတွေကို ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ ၀ါဒရေးရာကဗျာတွေကိုရေးသားတဲ့ ကဗျာဆရာ/မတွေထဲမှာ စစ်မှန်တဲ့ယုံကြည်ချက်နဲ့ရေးသားသူတွေရှိသလို မဂ္ဂဇင်းစာမျက်နှာပေါ်မှာပါရဖို့အတွက်အဓိကထား ရေးသူတွေလည်းရှိနေတယ်။ ခေတ်ပေါ်ကဗျာမှာ နေရာမရခဲ့တဲ့သူတစ်ချို့ဟာ ၀ါဒရေးရာကဗျာတွေမှာတော့ ဟုတ်လှပြီအထင်နဲ့ လှိမ့်ရေးကြပါတော့တယ်။ ဒါပေမယ့်လည်း ကဗျာဆိုင်ရာအရည်အသွေးလည်း မပြည့်မှီ၊ အမျိုးသားရေးစိတ်ဓာတ်လည်း မနိုးကြားတဲ့ကဗျာတွေပဲ ဖြစ်လာပါတော့တယ်။ မဂ္ဂဇင်းတချို့ကလည်း ၀ါဒရေးရာကဗျာတွေကို အမျိုးသားရေးလှုပ်ရှားမှုလှိုင်းတစ်ခုလိုသဘောထားပြီး စိစစ်မှုမရှိဘဲဗုန်းပေါလအော ဖော်ပြပေးနေတာကြောင့်လည်း ပါပါတယ်။ လက်ရှိ နိုင်ငံရေးဂယက်တွေကြောင့် ၀ါဒရေးရာကဗျာတွေ အားကောင်းလာတာဟာ ဖြစ်သင့်ဖြစ်ထိုက်တာမှန်ပေမယ့် အနုပညာဟာ နိုင်ငံရေးလက်အောက်ခံ မဟုတ်ကြောင်းကိုတော့ ကွဲပြားစေလိုပါတယ်။
ဝါဒရေးရာဦးစားပေးမဟုတ်တဲ့ အခြား မဂ္ဂဇင်းစာမျက်နှာတွေပေါ်က ကဗျာတွေဖက်ဦးလှည့်လိုက်ပြန်တော့လည်း ဆိုခဲ့ပြီးသလို အများစုဟာ ပင်မရေစီးခေတ်ပေါ်ကဗျာတွေပဲ ဖြစ်နေပြန်ပါတယ်။ ပြောရရင် ဒီကာလတွေမှာဖတ်ရှုခဲ့ရတဲ့ကဗျာတွေဟာ တစ်ဖက်မှာ ၀ါဒရေးရာဇောင်းပေးထားတဲ့ကဗျာတွေ၊ နောက်တစ်ဖက်ကျတော့ နှစ်၄၀ ကျော်ကြာတွေ့မြင်ပြီးဖြစ်တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာတွေဆိုပြီး အကြမ်းဖျဉ်း နှစ်မျိုးတွေ့ရတယ်လို့တောင်ပြောရမလိုပါပဲ။ ဒီအထဲမှာမှ ရှားရှားပါးပါး မဂ္ဂဇင်းစာမျက်နှာပေါ်ရောက်ရှိလာပြီး ခေတ်ပြိုင်ကဗျာဖြစ်နေတဲ့ကဗျာတစ်ချို့ ဖတ်ရှုခွင့်ရခဲ့ပေမယ့် အချိုးအစားအရတော့ အလွန်ပဲနည်းပါးနေသေးပါတယ်။ ဒါပေမယ့် ခေတ်ပြိုင်ကဗျာ(ဟန်) အတွေ့များတဲ့ အွန်လိုင်းပေါ်ကကဗျာတွေကတော့ အရှိန်အဟုန်ပြင်းပြင်း လွတ်လွတ်လပ်လပ်စီးမျောနေခဲ့တာဟာ ကဗျာလောကသားတွေအတွက် ကံကောင်းထောက်မမှုတစ်ခုလို့ ဆိုချင်ဆိုနိုင်ပါတယ်။
အွန်လိုင်းကဗျာလို့ဆိုရာမှာ အင်တာနက်မီဒီယာရဲ့လွတ်လပ်ခွင့်ကို အပြည့်အ၀အသုံးချပြီး ဖန်တီးရေးဖွဲ့ ထုတ်လုပ်ထားတဲ့ အစဉ်အလာနဲ့ခေတ်ပေါ်ရေးဟန်ကနေခွဲထွက်လာတဲ့ ဘယ်ကဗျာအမျိုးအစားမဆို အကျုံးဝင်ပါတယ်။ တစ်နည်းအားဖြင့် ဒီကဗျာတွေကို ခေတ်ပြိုင်ကဗျာတွေလို့လည်း ခေါ်ဆိုနိုင်မယ်ထင်ပါ တယ်။ (အွန်လိုင်းပေါ်မှာရေးမှ ခေတ်ပြိုင်ကဗျာဖြစ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ အွန်လိုင်းပေါ်မှာရေးနေတဲ့ အစဉ်အလာ၊ ခေတ်ပေါ်ကဗျာတွေကို ခေတ်ပြိုင်ဟုမသတ်မှတ်ပါ။ အစဉ်အလာ၊ ခေတ်ပေါ်ရေးဟန်များနဲ့ကွဲပြားတဲ့ ခေတ်ပြိုင်ကဗျာအရေးအသားတွေ အားကောင်းဖြစ်ထွန်းနေတဲ့ အွန်လိုင်းမီဒီယာကို ယေဘုယျ ဥပမာပေးတင်ပြခြင်းမျှသာ ဖြစ်ပါတယ်။) ဒီနေရာမှာ ခေတ်ပြိုင်ကဗျာရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး ပြောစရာရှိလာပါတယ်။ တကယ်တော့ Contemporary Poetry ရဲ့ အဓိပ္ပါယ်ဟာ ခေတ်ပြိုင်ကဗျာဆိုတဲ့ အသုံးအနှုန်းနဲ့တောင် မလုံလောက်နိုင်ပါ။ ခေတ်ပြိုင်ကဗျာဆိုတဲ့ စကားစုထက်လည်း အများကြီးကျယ်ဝန်းနက်ရှိုင်းပါတယ်။ ဖမ်းဆုပ်ရလည်း အင်မတန်ခက်ခဲပြီး တရားသေပြောဖို့ရန် မလွယ်ကူလှပါ။ ဒါပေမယ့်လည်း ဒီဆောင်းပါးမှာတော့ ခေတ်ပြိုင်ကဗျာကို ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ၊ ခေတ်ပေါ်စတဲ့ ခေတ်အဆက်ဆက်ကဗျာဗေဒများနဲ့ အလုံးစုံခြားနားတဲ့၊ မတူညီတဲ့ အခြားမည့်သည့်ကဗျာဗေဒကိုမဆို ခေတ်ပြိုင်လို့သတ်မှတ်တယ်ဆိုတဲ့အမြင်နဲ့ ချဉ်းကပ်မှာဖြစ်ပါတယ်။ ဒီအမြင်ကို ဆရာသစ္စာနီရဲ့မျက်မှောက်ခေတ် မြန်မာကဗျာရေစီးသစ်ကျွန်တော့်ကို မထင်မှတ်ဘဲ ရှော့ခ် ဖြစ်သွားစေသော” (စရဏ၊ နိုဝင်ဘာ၊၂၀၁၁)နဲ့ ဆရာ ဇေယျာလင်းရဲ့ခေတ်ပြိုင်ကဗျာရဲ့ပုံသဏ္ဍာန်” (ကဗျာ ဘ၀ရှာတော်ပုံ)“`ကဗျာဆိုတာဘာ …´ နဲ့ ဆက်လက် စဉ်းစားစရာများ”(K0NT3MP03TRY)နဲ့ အခြား ကဗျာဗေဒတွေကနေ အခြေပြုဆောက်တည်ယူပါတယ်။ စိတ်ကူးချိုချိုကထုတ်တဲ့ ဆရာငြိဏ်းဝေရဲ့ ကွန်ဆက်ချူရယ်ကဗျာဗေဒနဲ့ ခေတ်ပြိုင်ကဗျာဆရာ စာအုပ်ငယ် လေးမှာလည်း ခေတ်ပြိုင်ကဗျာဗေဒအကြောင်းကို အတော်ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတာ တွေ့နိုင်ပါတယ်။ (ဒီဆောင်းပါး လက်စသတ်နေစဉ်အတွင်းမှာပဲ အသစ်စက်စက်ထွက်ရှိလာတဲ့ ဆရာ ဇေယျာလင်းရဲ့ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာ အလားအလာများစာအုပ်မှာလည်း ခေတ်ပြိုင်ကဗျာဗေဒအကြောင်းကို တစ်ဝကြီး လေ့လာနိုင်ပါသေးတယ်) ခေတ်ပြိုင်နဲ့ခေတ်ပေါ်ကိုမကွဲပြားဘဲ အဓိပ္ပါယ်အတူတူလို့သတ်မှတ်ထားကြတဲ့ ကဗျာရေးသူတချို့လည်း ရှိပါတယ်။ ခေတ်ပေါ်ကဗျာတွေ အားကောင်းနေစဉ်ကတည်းကရေပန်းစားတဲ့ ခေတ်ပေါ်အာရုံခံစားမှုကို တချို့က ခေတ်ပြိုင်အာရုံခံစားမှုနဲ့ အဓိပ္ပါယ်တူတယ်လို့ယူဆကြရာကနေ နားလည်မှုစလွဲတယ်လို့မြင်ပါတယ်။ အမှန်တော့ ဒီကိစ္စကို ဆရာသစ္စာနီက ၁၉၉၅၊ အောက်တိုဘာလ၊ ရနံ့သစ်မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့မော်ဒန်ရှင်းတမ်းဆောင်းပါးမှာကတည်းက ခွဲခြားပြပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ပေါ်အာရုံခံစားမှုနဲ့ပတ်သက်ပြီး ဆရာဇေယျာလင်းကလည်းခေတ်ပေါ်အာရုံခံစားမှု” (ကဗျာဘ၀ ရှာတော်ပုံ)နဲ့ ကဗျာနဲ့နိုင်ငံရေး(၂၀၁၂၊ ဖေဖော်ဝါရီ၊ လှိုင်းသစ်)တို့မှာ ဆန်းစစ်ထားတာတွေ ရှိပါတယ်။
ခေတ်ပြိုင်မြန်မာကဗျာ ဖြစ်ထွန်းပေါ်ပေါက်လာပုံကို ဆက်လက်ဆွေးနွေးကြည့်လိုပါတယ်။ နှစ်ကာလသက်တမ်းရှည်ကြာနေတဲ့ ခေတ်ပေါ်ကဗျာရဲ့အရေးအဖွဲ့တွေအပေါ် အီအိုင်လာ/မေးခွန်းထုတ်လာတဲ့ ကဗျာရေးသူတချို့ဟာ ခေတ်ပေါ်ကဗျာအစား အခြားကဗျာတွေကို လွတ်လပ်စွာစမ်းသပ်ရေးသားလာကြတာ အားလုံးအသိပဲ ဖြစ်မှာပါ။ ခေတ်ပြိုင်ကဗျာနိဒါန်း စတင်ပြီလို့ဆိုကြပါစို့။
“၂၁ရာစု မြန်မာခေတ်ပြိုင်ကဗျာလောကဟာ အထင်ကရ ခေတ်ပေါ် ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စခဲ့ပါတယ်”
အထက်ပါစာကြောင်းဟာ ကဗျာဆရာမိုးဝေးရဲ့ သူပဲအကြမ်းသူပဲအချော ကဗျာစာအုပ်မှာပါရှိတဲ့ ဆရာ ဇေယျာလင်းရဲ့အမှာစာ ဖွင့်ဖွင့်ချင်းစာကြောင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ခေတ်ပြိုင်ကဗျာလောကစတင်ခြင်း တရားဝင်မှတ်တမ်းများ ဖြစ်မလားမသိပါ။ မဟုတ်ရင်လည်း တရားမ၀င်တဲ့ တရားဝင်မှတ်တမ်းအနေနဲ့ရော သတ်မှတ်နိုင်မလားမသိပါ။ အဆိုပါစာကြောင်းအရ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်းနဲ့စခဲ့တယ်ဆိုတော့ မောင်ချောနွယ်ကွယ်လွန်ခဲ့တဲ့ ၂၀၀၂ခုနှစ်ကနေ ခေတ်ပြိုင်ကဗျာဟာစတင်တယ်လို့ ဆရာဇေယျာလင်းက သတ်မှတ်လိုပုံပေါ်ပါတယ်။ ဒီအဆိုကြောင့် ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ(၀ါ) အစဉ်အလာနဲ့ခေတ်ပေါ်ရေးဟန်ကနေ ခွဲထွက်လာတဲ့ ခေတ်ပြိုင်ကဗျာအရေးအသားတွေဟာ မြန်မာကဗျာလောကထဲကို ခေတ်ပေါ်ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်တဲ့ ၂၀၀၂ ခုနှစ်မှာ ရောက်ရှိနေပြီလားဆိုတာကို ပြန်ဆန်းစစ်ကြည့်မိပြန်ပါတယ်။ ၂၀၀၂ခုနှစ်နဲ့ မရှေးမနှောင်း ၂၀၀၄-၅ခုနှစ် တွေမှာအစပြုခဲ့တဲ့ (ဒီ့ထက်လည်း စောနိုင်ပါသေးတယ်) ဆရာဇေယျာလင်း ဦးဆောင်တဲ့ LP ဆိုင်ရာ ကဗျာဗေဒလှုပ်ရှားမှုတွေနဲ့ ဆရာငြိဏ်းဝေရဲ့ Conceptual ကဗျာအရေးအသားတွေကို ကြည့်မယ်ဆိုရင် ခေတ်ပြိုင်ကဗျာဟာ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်းနဲ့ စတင်ခဲ့တယ်လို့ဆိုရမှာပါပဲ။ ဆိုနိုင်တာပါပဲ။
LP ကဗျာဗေဒဟာ အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ သိသိသာသာကွဲပြားခဲ့ပါတယ်။ အလားတူပဲ ဆရာငြိဏ်းဝေ စိုက်လိုက်မတ်တပ်လုပ်ဆောင်နေတဲ့ Conceptual ကဗျာဗေဒတွေဟာလည်း အစဉ်အလာနဲ့ ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ ခြားနားပါတယ်။ တစ်နည်းအားဖြင့် ဒါတွေဟာ ခေတ်ပြိုင်ကဗျာအရေးအသားတွေ ပါပဲ။ LP နဲ့ Conceptual ကဗျာဗေဒတွေတင်မကဘဲ အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ ကွဲပြားခြား နားတဲ့ မြောက်မြားလှစွာတဲ့ အခြားကဗျာဗေဒတွေ အခြားကဗျာအရေးအသားတွေကိုလည်း ခေတ်ပြိုင်လို့ ယူဆရမှာ ဖြစ်ပါတယ်။ Experimental Poetry LANGUAGE Poetry Post LANGUAGE Poetry Conceptual Poetry Flarf Poetry Cyber Poetry Visual Poetry Talk Poetry Hybrid Poetry Identity Poetry Anti-Poetry Digital Poetry စသဖြင့် အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ သိသာကွဲလွဲနေတဲ့ ခေတ်ပြိုင်ကဗျာအရေးအသားတွေအားလုံး အကျုံးဝင်ပါတယ်။ အစပိုင်းမှာတော့ ခေတ်ပြိုင်ကဗျာရေးသားသူတွေဟာ တစ်ယောက်စနှစ်ယောက်စမျှလောက်ပါပဲ။ နောက်တော့ တစ်ဖွဲ့စနှစ်ဖွဲ့စဖြစ်လာတယ်။ အွန်လိုင်းမီဒီယာကိုအသုံးချသွားနိုင်တဲ့နောက်ပိုင်းမှာကျတော့ ခေတ်ပြိုင်ကဗျရေးသားသူတွေဟာ အုံနဲ့ကျင်းနဲ့ထွက်ပေါ် လာကြပါတယ်။
ဘ၀င်မကျဖြစ်မယ်ဆိုရင် ဖြစ်စရာကောင်းတာတစ်ခုက အွန်လိုင်းပေါ်မှာ ခေတ်ပြိုင်ကဗျာတွေ အားကောင်းနပေမယ့် မဂ္ဂဇင်းစာမျက်နှာပေါ်မှာကျတော့ ခေတ်ပြိုင်ကဗျာဟာ အင်မတန် အားနည်းနေသေးတဲ့ ကိစ္စပါပဲ။ ၁၉၇၀ ကနေ စတင်ရေတွက်ကြည့်မယ်ဆိုရင် နှစ် ၄၀ကျော်သက်တမ်းနဲ့ ရပ်တည်ခဲ့တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာဟာ ဂုဏ်ယူတတ်မယ်ဆိုရင် ဂုဏ်တောင်ယူရဦးမှာပါ။ ခေတ်ပေါ်ကဗျာဟာ အဲသလို သက်တမ်းရှည်သလောက် ခေတ်ပြိုင်ကဗျာကတော့ ခေတ်ပေါ်ရဲ့သုံးပုံတစ်ပုံလောက်တောင် မဂ္ဂဇင်းစာမျက်နှာပေါ်မှာ နေရာမရ ဖြစ်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ဒီလိုမေးလိုက်လို့ ခေတ်ပြိုင်ဟာ ခေတ်ပေါ်ရဲ့နေရာကို လုယူတွန်းဖယ်ရန် ရည်ရွယ်ရင်းမဟုတ်ပါ။ တကယ်တမ်း မဂ္ဂဇင်းစာမျက်နှာပေါ် ခေတ်ပြိုင်ကဗျာများရောက်ရှိခြင်း မရောက်ရှိခြင်းဟာ အရေးမှ မကြီးတာပဲ။ ခေတ်ပြိုင်ကဗျာကို နေရာမပေးလည်း ခေတ်ပြိုင်ကဗျာကတော့ သူ့တန်ဖိုးအတိုင်း နေရာတစ်ခုမှာ ဆက်လက်ရပ်တည်နေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေတ်ပေါ် ကဗျာရဲ့ကဗျာဖြစ်မှုကို အသိအမှတ်ပြုသလို ခေတ်ပြိုင်ကဗျာရဲ့ကဗျာဖြစ်မှုကိုလည်း အသိအမှတ်ပြုသင့်တယ်လို့ မြင်မိပါတယ်။
ဒီနေရာမှာ မဂ္ဂဇင်းအယ်ဒီတာတွေရဲ့အခန်းကဏ္ဍကို မထည့်မဖြစ် ထည့်ပြောလိုပါတယ်။ ခေတ်ပြိုင်ကဗျာတွေ ဘာကြောင့် မဂ္ဂဇင်းစာမျက်နှာတွေပေါ် မရောက်ရှိနိုင်သလဲဆိုတဲ့ အဓိကအကြောင်းရင်းအတော်များများဟာ အယ်ဒီတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့်ပါ။ မဂ္ဂဇင်းအယ်ဒီတာအများစုမှာဖြစ်ပေါ်နေတဲ့ ခေတ်ပေါ်ကဗျာအစွဲအလန်းများ၊ ကဗျာဆိုင်ရာအကဲဖြတ်နိုင်စွမ်းချိန်ခွင်လျှာ မညီမျှမှုများ၊ ဆရာသမား၊ အပေါင်းအသင်း ပုဂ္ဂိုလ်စွဲမကင်းရှင်းမှုများ၊ ခေတ်ပေါ်ကလွဲလို့ အခြားကဗျာဗေဒများကို လွယ်လင့်တကူလက်မခံနိုင်မှုများ။ အနုပညာကို နိုင်ငံရေးလက်အောက်ခံပြုလိုမှုများ၊ ကဗျာနဲ့မသက်ဆိုင်တဲ့ အယ်ဒီတာများရဲ့ဖြတ်ထုံးများ စတဲ့အချက်တွေက ခေတ်ပြိုင်ကဗျာကို မဂ္ဂဇင်းစာမျက်နှာပေါ်တက်ဖို့ ခက်ခဲစေခဲ့တယ်ထင်ပါတယ်။ ဒါ့အပြင် ခေတ်ပြိုင်ကဗျာရေးသားသူများဘက်မှာ တွေ့မြင်နေရတဲ့အချက်တွေကိုလည်း တစ်ဆက်တည်း တင်ပြလိုပါတယ်။ အဲဒါတွေကတော့ ခေတ်ပြိုင်ကဗျာရေးသားနေသူများကိုယ်တိုင် မဂ္ဂဇင်းစာမျက်နှာများထက်မှာဖော်ပြခံလိုစိတ် မရှိခြင်း၊ ခေတ်ပြိုင်ကဗျာရေးသားသူတချို့ရဲ့ကဗျာတွေဟာ ခေတ်ပြိုင်ဖြစ်ခြင်းကလွဲရင် အနုပညာအားနည်းနေလွန်းသေးခြင်း၊ ကဗျာရေးသက် နုလွန်းနေခြင်း၊ အပျော်တမ်း ဆန်လွန်းနေခြင်းနဲ့ တရားလွန်လွတ်လပ်မှုရှိခြင်းတို့ကြောင့်လို့ မြင်ပါတယ်။ အဲသလိုအချက်တွေကြောင့် ခေတ်ပြိုင်ကဗျာဟာ မဂ္ဂဇင်းစာမျက်နှာတွေပေါ် အုံနဲ့ကျင်းနဲ့မရောက်ရှိနိုင်သေးတာလို့ယူဆရမှာဖြစ်ပြီး နောက်ဆုံးတစ်ချက် အနေနဲ့ကတော့ စာပေစိစစ်ရေးကြောင့်လို့ ပြောရမှာပါပဲ။
ဘယ် အနုပညာရပ်အမျိုးအစားမဆို ရွေ့လျားပြောင်းလဲတတ်တဲ့ သဘာဝရှိပါတယ်။ လက်တလော အနေအထားမှာ ခေတ်ပြိုင်ကဗျာအနေနဲ့ မဂ္ဂဇင်းစာမျက်နှာတွေပေါ် အုံကျင်းဖွဲ့ မရောက်နိုင်သေးသော်ငြားလည်း တစ်ချိန်ချိန်မှာတော့ ရောက်လာနိုင်တော့မယ်လို့ မြင်ပါတယ်။ အဲဒီ့ တစ်ချိန်ချိန်ဆိုတာလည်း သိပ်မကြာတော့ဘူးလို့ သုံးသပ်ချင်ပါတယ်။ အကြောင်းကတော့ ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာအတောအတွင်း နွယ်နီ၊ စံပယ်ဖြူ၊ Idea Beauty Mandalay Icon နဲ့ Look မဂ္ဂဇင်းတွေမှာ ခေတ်ပြိုင်ကဗျာတစ်ချို့ကို ထည့်သွင်းဖော်ပြခဲ့တာ တွေ့ရှိရလို့ပဲဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း ဆရာကောက်နွယ်(ကနောင်)ရဲ့ ရယ်စရာမဂ္ဂဇင်းမှာ ခေတ်ပြိုင်ကဗျာတွေကို တွေ့မြင်ရဖို့ရှိနေပါတယ်။ ခေတ်ပြိုင်ကဗျာနဲ့ပတ်သက်ပြီး အဆိုပါ မဂ္ဂဇင်းတွေကို ထည့်သွင်းချပြလိုက်ရတာဟာ ၀ါဒဖြန့် ချုပ်လုံးသွင်းနေခြင်း မဟုတ်ရပါ။ တစ်နှစ်တာအတောအတွင်း အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာမဟုတ်တဲ့ အခြားကဗျာတွေကို အဆိုပါမဂ္ဂဇင်းတွေမှာဖတ်ရှုခွင့်ရခဲ့ပြီး ချန်လှပ်မထားအပ်လို့ ကျေးဇူးမှတ်တမ်း တင်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ မဂ္ဂဇင်းတွေမှာတောင် ခေတ်ပြိုင်ကဗျာရဲ့လမ်းကြောင်းဟာ ပီပြင်မှုရှိဖို့ရာမှာတော့ လိုအပ်ချက်တွေ တွေ့မြင်နေရတုန်းပါပဲ။ အဆိုပါ မဂ္ဂဇင်းများက ခေတ်ပြိုင်ကဗျာဆိုင်ရာလှုပ်ရှားမှုတွေအပြင် သီးသန့်ထွက်ရှိထားတဲ့ ကဗျာစာအုပ်များ၊ အွန်လိုင်းကဗျာများအရ ခေတ်ပေါ်ကဗျာမဟုတ်တဲ့ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အဖြစ်နိုင်ဆုံးမျိုးဆက်တွေကို ဆက်လက်တင်ပြလိုပါတယ်။ အဖြစ်နိုင်ဆုံးလို့ပြောရခြင်းကတော့ ဒီလို မျိုးဆက်တွေခွဲခြားပြတဲ့နေရာမှာ ကွဲလွဲနိုင်/ငြင်းပယ်နိုင်တဲ့ နောက်ဆက်တွဲအကြောင်းတရားတွေကို မြင်နေရလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ နောက်ဆက်တွဲ နောက်ကိစ္စသာပါပဲ။ တတ်နိုင်သမျှ မေးမြန်းညှိနှိုင်းပြီး မျိုးဆက်တွေကိုချိတ်ဆက်ပြဖို့ ရည်ရွယ်ရင်းဖြစ်ပါတယ်။ အတိမ်းအစောင်းအနည်းငယ် မလွဲမသွေရှိနိုင်ပေမယ့် ခေတ်ပြိုင်မြန်မာကဗျာရဲ့မျိုးဆက်ကို အကြမ်းဖျဉ်းလောက်ဖြစ်ဖြစ် လက်လှမ်းမီသလောက်ထိစမ်း မှတ်တမ်းပြုလိုတဲ့ သဘောမျှသာပါပဲ။
ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်အနေနဲ့ ဇေယျာလင်း၊ ငြိဏ်းဝေ၊ မိုးဝေး၊ ၀င်းမြင့်၊ ခင်အောင်အေး၊ လူဆန်း၊ မောင်ယုပိုင်၊ ငုအိမ် ထက်မြက်၊ သည်မော်နိုင်၊ မောင်ဒေး၊ အောင်ပြည့်စုံနဲ့ အခြား ကဗျာဆရာအနည်းငယ် တွေ့ရပြီး ကာလအပိုင်းအခြားအနေနဲ့ ၂၀၀၅ ခုနှစ်လောက်ကနေ လက်ရှိအချိန်ထိဖြစ်ပါတယ်။ ဒီ ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်ဟာ မြန်မာနိုင်ငံရဲ့ခေတ်ပြိုင်ကဗျာလောကကို သြဇာသက်ရောက်စွာ ဦးဆောင်ထား/ နေတဲ့ ကဗျာရေးသူအုပ်စုလည်းဖြစ်သလို မူလ ခေတ်ပေါ်ကဗျာမှာကတည်းက အရည်အသွေးကိုယ်စီရှိတဲ့ ကဗျာဆရာအုပ်စုလည်း ဖြစ်နေပါတယ်။ ဒီ ပထမမျိုးဆက်ထဲက ကဗျာဆရာအများစု (ငြိဏ်းဝေ၊ သည်မော်နိုင်၊ ငုအိမ်ထက်မြက်နဲ့အချို့ကလွဲရင်) ဟာ ခေတ်ပြိုင်ကဗျာ အစကနဦးကာလမှာ LP ကဗျာဆရာတွေလို့ သတ်မှတ်ခံခဲ့ကြရပြီး နောက်ပိုင်းမှာတော့ LPကဗျာ ဗဟိုပြုရေးထက် ကဗျာဆိုင်ရာသိမှုသယံဇာတတွေကို လွတ်လပ်စွာဖော်ထုတ်လာရေးဆီ ဦးတည်လာတာတွေ့ခဲ့ရပါတယ်။ ဒီမျိုးဆက်ထဲက တချို့ဟာ တစ်ကိုယ်တော်ကဗျာစာအုပ်များနဲ့ တွဲဖက်ရေးသားတဲ့ကဗျာစာအုပ်များကို ထုတ်ဝေခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ သူတို့ရဲ့ခေတ်ပြိုင်ကဗျာတွေဟာ မြန်မာစာပေလောကမှာ ဝေဖန်မှုအများဆုံးခံခဲ့ရပြီး သူတို့ထဲက အများစုရဲ့ခေတ်ပြိုင်ကဗျာလက်ရာတွေဟာလည်း မဂ္ဂဇင်းစာမျက်နှာများထက်မှာ ယန့အထိ ဖော်ပြခံရမှုအရှိဆုံး ဖြစ်ခဲ့/ဖြစ်နေဆဲ ဆိုတာပါပဲ။
ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်ကိုတော့ Group နှစ်ခုခွဲပြီး တင်ပြရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယ မျိုးဆက်ရဲ့ A Group မှာပါဝင်တဲ့ ကဗျာရေးသူတွေဟာ ပထမမျိုးဆက်နဲ့လည်း ကာလအပိုင်းအခြားအားဖြင့် နည်းနည်းအလှမ်းကွာနေပြီး B Group မှာပါဝင်လာမယ့် ကဗျာရေးသူတွေနဲ့လည်း အခိုက်အတန့် အဆက်ပြတ်နေတဲ့သဘောကို တွေ့ရှိရလို့ပါပဲ။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက် ( A Group ) မှာ PEMSKOOL .ORG ကမ်းယံ၊ KZကေ၊ လွန်းဆက်နိုးမြတ်၊ မောင်ဖုန်းမြင့်၊ မြေမှုန်လွင်၊ Zephyr တောကျောင်းဆရာ၊ ဆူးခက်မင်း၊ သုဏော် စိုင်း၊ ဏီအဲဝိုင်၊ XY နဲ့ အခြား ကဗျာဆရာ အနည်းငယ် ပါဝင်ကြပြီး ကာလအပိုင်းအခြားအားဖြင့် ၂၀၀၈ ခုနှစ် အစောပိုင်းကနေ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ဒီခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက် (A Group) ဟာ ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်လောက် မြန်မာစာပေလောကမှာ ဝေဖန်မှုသိပ်မခံရတော့ပေမယ့် သူတို့ရဲ့အွန်လိုင်းကဗျာစာပေလှုပ်ရှားမှုတွေ၊ သူတို့ရဲ့တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့တဲ့ တစ်ကိုယ်တော်ကဗျာစာအုပ်များနဲ့ စုပေါင်းကဗျာစာအုပ်တွေကတော့ မြန်မာကဗျာလောကကို အထိုက်အလျောက် လှုပ်ခတ်စေခဲ့ပါတယ်။ ပထမမျိုးဆက်လောက် မဂ္ဂဇင်းစာမျက်နှာများပေါ်မရောက်ရှိခဲ့ပေမယ့် သူတို့ရဲ့အရေးအသားတွေဟာ ခေတ်ပြိုင်ကဗျာမျိုးဆက်သစ်တွေအတွက် ပြင်းထန်တဲ့နှပ်ကြောင်းပေးမှုကိုတော့ ပြုနိုင်ခဲ့တယ်ဆိုရမှာပါပဲ။ ဒုတိယမျိုးဆက် (B Group) နဲ့ နှောင်းမျိုးဆက်တွေရဲ့ခေတ်ပြိုင်ကဗျာ တရားလွန်ဖွံ့ဖြိုးမှုကိုကြည့်လိုက်ရင် ဒီအချက်ဟာ အင်မတန်မှကိုသိသာထင်ရှားလှပါတယ်။ ဒါဟာ ဒုတိယမျိုးဆက်( A Group) ရဲ့ အရေးကြီးတဲ့ထူးခြားချက်လို့ မြင်ပါတယ်။
ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်ရဲ့ (B Group) မှာတော့ ဟံလင်း၊ ဇာတိ(အန္တိမ) မောင်နေမြဲ၊ မောနွေ၊ ပန်းချီ၊ သကောင့်သား၊ ဖိုးခွား၊ NeLynn ပန်ဒိုရာ၊ မယ်ယွေး၊ ချိုပိန်းနောင်၊ သောတ၊ လောက၊ ညီဇံလှ၊ ရင်ခွင်ရှိန်း၊ အေးချမ်း၊ စိမ်းခက်စိုး၊ ဇာတိ(ဖျာပုံ) သူရဿဝါ၊ ဇောင်းလူ မောင်ရင်ညိုနဲ့ အခြား ကဗျာဆရာတချို့ ကို မြင် ပါတယ် ကာလအားဖြင့် ၂၀၁၀ အစောပိုင်းဝန်းကျင်ကနေ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ရဲ့နောက်ပိုင်းမှာ ခေတ်ပြိုင်ကဗျာရေးသားသူတွေဟာ အပြတ်အလပ်မရှိတော့ဘဲ တစ်စပ်ဆက်တည်းစီးဆင်းလာတဲ့သဘောကို တွေ့ရပါတယ်။ Xanthos လင်းဇင်ယော်၊ တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ နေအေဒီ၊ မွန်းသူအိမ်၊ နေပိုင် စတဲ့ စတဲ့ မရေမတွက်နိုင်တဲ့ ခေတ်ပြိုင်ကဗျာ (ဟန်)ရေးသားသူတွေကို အားရစရာကောင်းလောက်အောင် တွေ့လာရပါတယ်။ အချိန်ကာလအနေနဲ့ ၂၀၁၁-၂၀၁၂ ကနေ လက်ရှိအချိန်ထိ ဖြစ်မယ်ထင်ပါတယ်။ သူတို့ထဲက တချို့ရဲ့ခေတ်ပြိုင်ကဗျာရေးသက်ဟာ ဒုတိယမျိုးဆက် (A Group) နဲ့ သိပ်မကွာခြားပေမယ့်လည်း သိသာထင်ရှားတဲ့ ကဗျာလမ်းကြောင်းပေါ်ကို ရောက်ရှိချိန်အရ ဒုတိယမျိုးဆက် (B Group) ထဲ ရောက်ရှိသွားတာဖြစ်ပါတယ်။ (ဥပမာ-ဇာတိ(အန္တိမ) မောနွေ၊ ပန်းချီ၊ စသဖြင့်…) သူတို့ထဲက တချို့ကတော့ ခေတ်ပြိုင်ကဗျာ(ဟန်) ရေးသက်သိပ်မရှိသေးပေမယ့်လည်း အပြတ်အလပ်မရှိ တစ်စပ်ဆက်တည်းစီးဆင်းလာတဲ့သဘောအရ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ထဲ ရောက်ရှိလာသူတွေ ဖြစ်နေပါတယ်။ (ဥပမာ- နေမြဲ၊ ချိုပိန်းနောင်၊ စသဖြင့်) ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ရဲ့နောက်ပိုင်း အတော်ကြာမှာရေးသားနေတဲ့ ရေးသားလာမယ့် ခေတ်ပြိုင်ကဗျာရေးသားသူတွေကိုတော့ မျိုးဆက်အရခွဲခြားပြဖို့ အတော်ရှုပ်ထွေးနိုင်ပါတယ်။ ဒါကြောင့် ခေတ်ပြိုင်ကဗျာ နှောင်းမျိုးဆက်လို့ပဲ အလွယ်တေးထားလိုက်ချင်ပါတယ်။ (ဥပမာ-တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ စသဖြင့်) ဒီလို သိမ်မွေ့ရှုပ်ထွေးလွန်းတဲ့ အပြိုင်မျိုးဆက်တွေ တရစပ်စုပြုံထွန်းကားလာတာဟာ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) နဲ့ နှောင်းမျိုးဆက်တွေရဲ့ထူးခြားချက်အဖြစ် မှတ်ယူရမယ်ထင်ပါတယ်။ သုံးသပ်လိုတာက သူတို့အများစုရဲ့ခေတ်ပြိုင်ကဗျာ(ဟန်) အရေးအသားတွေဟာ ဖေ့စ်ဘွတ်စာမျက်နှာကိုသာ အဓိကထားနေရတဲ့အတွက် လုံလောက်တဲ့အခြေခိုင်မာမှုရရှိဖို့တော့ လိုအပ်နေသေးတယ်လို့ ယူဆမိတာပါပဲ။
နောက်ဆုံးတင်ပြချင်တာက မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ခေတ်ပေါ်ကဗျာခေါင်းစဉ်အောက်ကနေ ရေးသားနေပေမယ့်လည်း ခေတ်ပြိုင်ကဗျာဆီခြေလှမ်းစနေတဲ့ ကဗျာရေးသူတချို့ရဲ့အလားအလာ ဖြစ်ပါတယ်။ နာမည်တွေထုတ်နှုတ်ဖော်ပြလိုပေမယ့်လည်း ခေတ်ပြိုင်ကဗျာကိစ္စမှာ မလိုအပ်ဘဲရှုပ်ထွေးသွား/အငြင်းပွားသွားဖို့ပဲရှိတာကြောင့် မတင်ပြတော့ပါ။ အဲဒီ့အစား ရယ်(ရီစရာကောင်းတဲ့ အခေါ်အဝေါ်တစ်ခု တွေးမိပါတယ်။ တံဆိပ်ကပ်ခြင်း မဟုတ်ပါ။ ရယ်စရာလို့ပဲ သဘောထားပေးစေချင်ပါတယ်။ မော်ဒန်ကဗျာမှာ အစဉ်အလာလည်းမကင်း မော်ဒန်လည်းမဖြစ်တဲ့ကဗျာတွေကို Semi-Modren သုံးနှုန်းခဲ့ကြသလို တစ်ဝက်ခေတ်ပြိုင်ဆိုတဲ့ အခေါ်အဝေါ်ကိုသုံးစွဲရမလိုဖြစ်နေပါတယ်။ ခေတ်ပေါ်အစွဲလည်းမကျွတ် ခေတ်ပြိုင်ဆီလည်းမရောက်တဲ့ အရေးအဖွဲ့မျိုးတွေပါ။ ဘိုလိုတော့ Semi -Contemporary ခေါ်ရင် ရနိုင်မလားမသိပါ။ ပြောချင်တာက လက်ရှိမဂ္ဂဇင်းစာမျက်နှာများပေါ်မှာ(အဲသလို ကဗျာတွေကို အတွေ့ရများလာလို့ပဲ ဖြစ်ပါတယ်။ ဒီကြားထဲ နီယို-မော်ဒန်ကလည်း ရှိနေသေးပြန်ပါတယ်။ နီယို-မော်ဒန်ဟာ မူလမော်ဒန်ကဗျာ(၀ါ)ခေတ်ပေါ်ကဗျာရဲ့နောက်ဆက်တွဲလား။ အခြား ခေတ်ပြိုင်ကဗျာဗေဒတစ်ခုလားဆိုတာလည်း ငြင်းခုန်စရာဖြစ်လာမယ်လို့ မြင်ပါတယ်။ ပြန်ကောက်ရရင် လက်ရှိမဂ္ဂဇင်းစာမျက်နှာထက်မှာရေးသားနေကြတဲ့ ခေတ်ပေါ်ကဗျာရေးသူတွေအနေနဲ့ ခေတ်ပြိုင်ကို ဘယ်သူတွေစိတ်ဝင်စားပြီး ဘယ်အချိန်မှာ လုံးလုံးလျားလျား ကူးပြောင်းရေးသားလာကြမလဲဆိုတာ အထူးတလည် စောင့်ကြည့်ရမယ့်သဘော ဖြစ်နေပါတယ်။ သေချာတာက (အဲသလို ကဗျာတွေ) ရေးနေသူတွေဟာ ခေတ်ပေါ်ကဗျာရဲ့ရေးသက် အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ခေတ်ပြိုင်ကဗျာတွေကို အနှေးနဲ့အမြန် လက်တွေ့ရေးသားနိုင်လာမယ်လို့ ယူဆရပါကြောင်း။
လွန်းဆက်နိုးမြတ်
31.3.12
12:00နာရီ
(ဒီဆောင်းပါးအတွက် လိုအပ်တဲ့အချက်အလက တွေကို အပြုသဘော လမ်းညွှန်ပြသပေးကြတဲ့ ကဗျာဆရာ ဇေယျာလင်း၊ ကဗျာဆရာ ခင်အောင်အေး၊ ကဗျာဆရာ ငြိဏ်းဝေ၊ ကဗျာဆရာ လင်းရမ္မာနဲ့ ကဗျာဆရာ မောနွေတို့ကို ကျေးဇူးမှတ်တမ်း ပြုပါတယ်။ အထူးအားဖြင့် ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(A Group)နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တာဝန်ယူစုဆောင်းပေးတဲ့ ကဗျာဆရာ လင်းရမ္မာကို အထူး အထူး ကျေးဇူးတင်ရပါတယ်။)
(၂၀၁၂၊မတ်၂၁မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို ရည်ရွယ်ရေးသားပါတယ်)
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=763:article&catid=35:2009-04-17-01-29-53&Itemid=61